အသက်ပါနုတ်ယူနေသော သေမင်းအပူဒဏ်



 အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အောက်တွင် ဦးမျိုးချစ် တစ်ယောက် ချွေးတဒီးဒီး ကျနေသော်လည်း ဝမ်းရေးအတွက် ဆိုက်ကားကို အားတင်းနင်းနေရသည်။ သို့သော် သူတောင့်မခံနိုင်တော့။ ထိုအပူချိန်အောက်တွင် ချွေးထွက်လွန်ပြီး မူးလဲရာမှ မန္တလေး ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။

အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်သော ဦးမျိုးချစ်ကို မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာဌာနသို့ မိတ်ဆွေ အပေါင်းအသင်းများက လိုက်လံ ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည်။

ဆေးရုံသို့ ရောက်ချိန် ၁၀၄ ဒီဂရီ စင်တီဂရိတ်အထိ ကိုယ်အပူချိန် ရှိနေသော ဦးမျိုးချစ်ကို အပူချိန် ကျသွားစေရန် ရေခဲရေများ ထပ်ကာထပ်ကာ လောင်းချိုးပေးခဲ့ရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ အပူလျှပ် (Heat Stroke) ဖြင့် ရောက်ရှိလာသော လူနာများကို ကိုယ်အပူချိန်အလိုက် ရေခဲရေ စိမ်ထားသည့် အဝတ်များဖြင့် ပတ်ပေးခြင်း၊ ဆေးပုလင်း ချိတ်ကာ ဆေးသွင်းပေးခြင်း၊ ရေခဲရေများ လောင်းချိုးပေးခြင်း၊ ရေခဲစိမ်ထားသည့် ဇလုံထဲသို့ ခေတ္တမျှနေစေခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။
“နေပူထဲထွက်ရင် အပူလျှပ်မယ်လို့ ကြေညာထား ပေမယ့်လည်း ဝမ်းစာအတွက် မလုပ်မဖြစ် လုပ်ရတာပါပဲ၊ ဖြစ်မှ ဖြစ်ရောပဲ ဒီလိုမှ မလုပ်ရင်လည်း ဘာနဲ့စားကြမလဲ” ဟု ဦးမျိုးချစ်က မျက်လွှာကို အောက်ချကာ ဝမ်းနည်းသည့် အသံဖြင့် ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့မှစ၍ မန္တလေးမြို့ အပူချိန်သည် ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိလာသည့်အတွက် နေပူထဲတွင် လုပ်ကိုင် စားသောက်သည့် နေ့စားဝန်ထမ်းများ၊ အသက်ကြီးရွယ်အိုများ၊ အရက်သောက်သူ အများစုသည် အပူဒဏ်ကြောင့် အပူလျှပ်ဝေဒနာ (Heat Stroke) ဖြစ်ပွားပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့မှ စတင်ကာ ညနေ ၆ နာရီ ၃၀ မိနစ် အချိန်နောက်ပိုင်းတွင် ရောက်ရှိလာတတ်ကြသည်။

မန္တလေးတိုင်းဒေသကြီးတွင် နေ့အပူချိန်မှာ တဖြည်းဖြည်း တိုးလာပြီး အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားဆုံးရှုံးမှု များပြားခြင်းကြောင့် မိတ်နှင့် ယားယံဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် အခြေအနေ စိုးရိမ်ဖွယ်အထိ ဖြစ်နိုင်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

“Heat Stroke ဆိုတာက နေ့အပူချိန် များနေတဲ့အချိန်မှာ ချက်ချင်းဖြစ်တာ မဟုတ်ဘူး။ လူကတော့ Heat Stroke ဖြစ်တာမသိဘူး။ ညနေပိုင်းကျမှ မူးလဲတာတွေ၊ အဲဒီလိုမျိုးဖြစ်ပြီး ရောက်လာကြတာ” ဟု မန္တလေးဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

မန္တလေးမြို့ အပူချိန်သည် ဧပြီလ ၂၁ ရက်နေ့မှ ၂၄ ရက်အထိ အပူချိန် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ဝန်းကျင်တွင် ရှိနေသဖြင့် အပူဒဏ်ကြောင့် ဆေးရုံ ရောက်ရှိသူများ၊ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်တွင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဆေးရုံတက် ကုသသူ ၆၅ ဦးရှိပြီး သေဆုံးသူ ခုနစ်ဦးရှိပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အပူလျှပ်လူနာ ၅၂ ဦး ရောက်ရှိလာပြီး အရက်ကြောင့် သေဆုံးသူတစ်ဦး၊ အပူဒဏ်ကြောင့် သေးဆုံးသူသုံးဦး ရှိကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းအရ သိရသည်။

မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးခန်း များတွင်လည်း အပူဒဏ်ကြောင့် မျက်စိနာခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်း ယားယံခြင်း၊ အရေပြားများ ယားယံခြင်း၊ မူးမော်ခြင်း၊ ချွေးထွက်လွန်ခြင်း တို့ကြောင့် ရောက်ရှိလာသည့် လူနာအများအပြား ရှိကြောင်း မန္တလေးမြို့ရှိ ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးခန်းများထံမှ စုံစမ်းသိရှိရသည်။
“အရက်သမားတွေ၊ နေပူထဲမှာ အလုပ်လုပ်တဲ့သူတွေ၊ ကုန်ထမ်းသမားတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေ၊ အသက်ကြီးတဲ့ သူတွေဆိုရင် ဒီအပူဒဏ်ကို မခံနိုင်ကြဘူး။ ဆေးခန်းကို အပူကြောင့် တစ်နေ့ ၁၀ ယောက်လောက် လာပြကြတယ်။ နေပူထဲထွက်ရင် အကာအကွယ်တွေနဲ့ ထွက်သင့်ပါတယ်” ဟု ချမ်းအေးသာစံ မြို့နယ်ရှိ အေးဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ စိုင်းထွန်းအောင်က ပြောကြားသည်။

နေ့အပူချိန် မြင့်မားနေချိန်တွင် ရေတွင်း တူးသမားများအတွက် အလွန် အန္တရာယ်များသည့် အနေအထားဖြစ်ပြီး အပူပြင်းပြင်း အောက်တွင် ခန္ဓာကိုယ် ရေစိုနေ၍ ရေခဲရေ မသောက်ရဲဘဲ ဓာတ်ဆားရေ သောက်နေရကြောင်း မန္တလေးမြို့ပေါ်တွင် ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်သည့် ဦးမြဆောင်က ပြောဆိုသည်။

အိမ်ခြေမဲ့ သွားလာနေထိုင်သူ အများစုသည်လည်း အပူဒဏ်ကြောင့် အစာရေစာ ပြတ်လပ်ခြင်း၊ အရက်သေစာ အလွန်အကျွံ သောက်စား မူးယစ်ခြင်းကြောင့် သေဆုံးရခြင်းတို့ ဖြစ်ပွားကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိသည်။

ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့၏ နေ့အပူချိန်မှာ ၄၂ ဒသမ ၀ ဒီဂရီ စင်တီဂရိတ် ရှိနေသည်။ ယင်းနေ့တွင် စဥ့်ကူးမြို့နယ် ကျောက်ငနွားကျေးရွာ အရှေ့ဘက် ၁ မိုင် ၄ ဖာလုံအကွာ ကျောက်ငနွား-မကွေး လူသွားလမ်းအနီး တောစပ်တွင် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦး ပုပ်ပွနေသည့် အလောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးနေသည့် အလောင်းဘေးတွင် အရက်ပုလင်းခွံ တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက်သမားတွေက နေပူလည်း အရက်သောက်တာ မလျှော့ဘူး၊ သောက်တာပဲ၊ ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးသွားတာ” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အရက်ကြောင့် ၁၃ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

အပူကြောင့်  လူများဆေးရုံ ရောက်ရှိမှု၊ သေဆုံးမှုများ ဖြစ်ပွားနေသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အသွားအလာ ဆင်ခြင်ခြင်း၊ နေ့ခင်းအချိန်တွင် အရက်သောက်ရန် ရှောင်ကြဉ်ရန်၊ ချွေးထွက် လွန်ပါက ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆား ဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းနိုင်ရေး ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် နိုင်နိုင်တိုက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေနှင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုးတွင် နားနေခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်လျှင် ဆေးရုံ အရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံး သွားရောက်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အပူဒဏ် ကာကွယ်ရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာထားသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော Heat Stroke ကဲ့သို့ ဖြစ်ပွားခဲ့လျှင် ကုသပေးနိုင်ရန် ကြိုတင် ပြင်ဆင်ထားကြောင်း၊ ဆေးဝါးများ စုဆောင်းထားခြင်း၊ ဝန်ထမ်း အင်အားများ တိုးမြှင့်ထားခြင်း၊ လူမှုကူညီရေး အသင်းများနှင့် ချိတ်ဆက်ထားခြင်း၊ မန္တလေးမြို့ပေါ်ရှိ ရေခဲစက်များမှလည်း ရေခဲအခမဲ့ ကူညီပေးခြင်းများ ပြုလုပ်ထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် Heat Stroke ဖြစ်ပွားသည့် အချိန်တွင် တစ်နေ့လျှင် လူ ၂၀၀ နီးပါး သေဆုံးခြင်း၊ တောင်မြင့် သုသာန် မီးသင်္ဂြိုဟ်စက်တွင် အလောင်းများ များပြားသည့်အတွက် ခေါင်းတိုင် ကျိုးကျသည်အထိ ဖြစ်ပွားခဲ့ကြောင်း စိမ်းရောင်စို Activities မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။
“မန္တလေးတိုင်းထဲမှာ အပူဒဏ် ကာကွယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ ဆေးဂျူတီတွေ ချထားတယ်” ဟု တိုင်းကျန်းမာရေး ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတွင် ဧပြီလ ၃၀ ရက်နေ့ နေ့အပူချိန်မှာ ၃၈ ဒသမ ၀ ဒီဂရီတင်တီ ဂရိတ်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အပူချိန် လွန်ကဲမှုကဲ့သို့ ရာသီဥတု ပြောင်းလဲမှုများ တစ်နှစ်ထက်တစ်နှစ် သိသာဆိုးရွားစွာ ခံစားလာရပြီ ဖြစ်သည်။ ထိုဆိုးကျိုးများအတွက် ကုသရန် နည်းလမ်းများ ရှိသည်။
“အခုဖြစ်မှ သစ်ပင်စိုက်လို့ရတာ မဟုတ်ဘူး၊ အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသအတွက် သစ်ပင်စိုက်တာ အကောင်းဆုံးပါပဲ။ ရေတိုအပိုင်းနဲ့ ရေရှည်အပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်၊ ရေတိုအပိုင်းကတော့ အခုကျန်းမာရေး ဝန်ကြီးဌာနရဲ့ အပူဒဏ် သတိပေး ကြေညာချက်တွေပါ။ ရေရှည် အနေနဲ့ကတော့ သစ်ပင်စိုက်တာ အကောင်းဆုံးပါပဲ၊ မိုးလေဝသကနေ နောင်အတွက် ထုတ်ပြန်တဲ့ သတင်းတွေက ကောင်းတာတစ်ခုမှ မပါဘူး၊ အဲဒါတွေကြောင့် အရိပ်ရသစ်ပင်တွေ စိုက်သင့်တယ်” ဟု ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အပင်ပေါင်း သုံးသောင်းကျော် စိုက်ပျိုးခဲ့သည့် စိမ်းရောင်စို Activities အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

နိုင်ငံတကာတွင် တောအုပ်များ၊ သစ်တောများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်းဖြင့် ရာသီဥတုဒဏ်ကို ကာကွယ်မှုများ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ အနေနှင့် တိုင်းဒေသကြီး အသီးသီးအလိုက် လုပ်ဆောင်သင့်ကြောင်း၊ NGO များမှလည်း ပူးပေါင်း ဆောင်ရွက် လုပ်ဆောင်သင့်ကြောင်း၊ အစိုးရအဖွဲ့ အနေနှင့် ဖြစ်လာမှ ပြုလုပ်ခြင်းထက် မဖြစ်ခင်မှ ကြိုတင်ကာကွယ် ပြုလုပ်သင့်ကြောင်း စိမ်းရောင်စို Activities မှ အတွင်းရေးမှူးက ထပ်မံပြောကြားသည်။
မြန်မာနိုင်ငံ ဒေသအချို့တွင် စံချိန်သစ် တင်သည်အထိ အပူချိန် မြင့်တက်မှုများလည်း ဖြစ်ပေါ်နေပြီး ကလေး၊ မုံရွာ၊ ရွှေဘို အပါအဝင် ဒေသအချို့တွင်လည်း အပူလျှပ် ဝေဒနာကြောင့် ဆေးရုံတက် ကုသရသည်များ ရှိသကဲ့သို့ ရောဂါအခံ ရှိနေသော အပူဒဏ် မခံနိုင်သော သက်ကြီးရွယ်အိုအချို့ သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

လူ့အသက်ကိုပါ ချွေယူနေပြီ ဖြစ်သော ရာသီဥတု ပြောင်းလဲမှုများ မြန်မာနိုင်ငံတွင် ကြုံတွေ့လာရပြီဖြစ်ရာ ယင်းနှင့်ပတ်သက်၍ စိမ်းရောင်စို Activities အတွင်းရေးမှူး ဦးမောင်မောင်ဦး က အောက်ပါအတိုင်း ပြောဆိုသည်။
“ရာသီဥတု ပိုပူလာရခြင်းက မြို့ပြကို အလွန်အကျွံ ချဲ့ထွင်ခြင်းပဲ။ မြို့ပြကို ချဲ့ထွင်မယ်ဆိုရင် သစ်ပင်တွေခုတ်မယ်၊ သစ်ပင်တွေ မရှိတော့တဲ့အတွက် ရာသီဥတုက ပိုပြီးပူလာမယ်။ ပိုက်ဆံရှိတဲ့ သူတွေ အတွက်ကတော့ အပူဒဏ်ကို ကာကွယ်ဖို့ အဲယားကွန်း၊ ပန်ကာတွေနဲ့ နေလို့ရတယ်။ အခြေခံ လူတန်းစားတွေ၊ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ဖို့ ငြင်းဆန်လို့ မရတဲ့ လူတွေအတွက်ကတော့ မြို့ပြ ချဲ့ထွင်လာခြင်းရဲ့ အကျိုးဆက်ကို ခံစားရတာပါ”

The Voice Weekly

Written by  ဖြိုးဖြိုးဇော်

သီချင်းစာသားတွေ ခိုးယူမှုနဲ့ အပြုံလိုက် တရားစွဲဆိုခံလိုက်ရတဲ့ နာမည်ကြီးကြီးများ




သီဟနိုင် on 2014-05-03 12:08    


ခင်ဗျားသာ နာမည်ကြီးကြီး တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လူထုရဲ့စိတ်ဝင်စားမှု ခံနေရခြင်းဟာ အဓိပ္ပါယ်မရှိတဲ့ အရာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ဖြစ်သွားတဲ့ Beyonce နဲ့ Jay Z တို့ရဲ့ အမှုလိုပေါ့။ လူတစ်ယောက်က သံတိုင်တွေရဲ့နောက်မှာ ကျရောက်နေတုန်း သူ့ရဲ့ သီချင်းစားသားတွေကို Jay Z နဲ့ Beyonce တို့က ခိုးယူပါတယ်လို့ တရားစွဲပြီး ကန်ဒေါ်လာ သန်း ၂ထောင်အတွက် လို့သိရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင် Corcoranမှာ လက်ရှိအချုပ်ကျနေတဲ့ Richard Dupreeဟာ ဧပြီ ၂၁ရက်နေ့က ခရိုင်တရားရုံးမှာ  Beyonce နဲ့ Jay Z တို့စုံတွဲ၊ Chris Brown, Kanye West နဲ့ Rihanna တို့ကို တရားစွဲဆိုမှုတစ်ရပ် ပြုခဲ့ပါတယ်။

Richard Dupree ရဲ့ ပြောကြားချက်အရ Jay Z နဲ့ Beyonce တို့ဟာ CIA, FBI နဲ့ ပြည်တွင်းလုံခြုံရေး တို့နဲ့ပေါင်းပြီး သူနဲ့ သူ့ရဲ့ သီချင်းတွေကို ထောက်လှမ်းစုံစမ်းနေခဲ့ကြောင်းနဲ့ Chris Brown, Kanye West, Rihanna တို့ဟာ ယင်းကိစ္စမှာ ပူးပေါင်းကြံစည်သူတွေ အဖြစ်ပါဝင်ကြောင်း သိရပါတယ်။

Richard Dupreeဟာ ကန်ဒေါ်လာ သန်း ၂၀၀၀ ကိုလိုချင်တဲ့အပြင်၊ သူ့ကို ထောင်ကနေချက်ခြင်း လွှတ်ပေးဖို့ကိုလည်း အလိုရှိနေပါတယ်။

ဒီအဖြစ်အပျက် တစ်ခုလုံးဟာ ရူးကြောင်ကြောင်နိုင်သလောက် Jay Zဟာလည်း တရားစွဲဆိုခံရမှုတွေနဲ့ စိမ်းသူတစ်ယောက် မဟုတ်တော့ပါဘူး။

Ref:theboombox.com
Trend Myanmar

Bangerz နယ်လှည့်ဖျော်ဖြေပွဲအတွက် ဗီဒီယိုတစ်ခုမှာ အ၀တ်အစားတွေချွတ်၊ ခန္ဓာကိုယ်ကို ဆီလိမ်းပြီးသရုပ်ဆောင်ခဲ့တဲ့ Miley Cyrus




Jack the Ripper on 2014-05-03 12:01  


Miley Cyrus တစ်ယောက်ကတော့ အမွှေဇာတ်ထပ်ခင်းလိုက်ပြန်ပါပြီ။ Quentin Jones ရိုက်ကူးတဲ့ ဗီဒီယိုအသစ်မှာ အ၀တ်အစားတွေချွတ်ပြီး သရုပ်ဆောင်ခဲ့ပါတယ်။

Miley Cyrus: Tongue Tied လို့ အမည်ရပြီး နှစ်မိနစ်ခန့်ကြာတဲ့ ဗီဒီယိုမှာ အဆိုတော်ဟာ အောက်ခံဘောင်းဘီနဲ့ သားမြတ်ခေါင်းကိုဖုံးထားတဲ့ အမည်းရောင် တိပ်တွေကလွဲပြီး ဘာကိုမှဝတ်ဆင်ထားခြင်းမရှိဘဲ ကခုန်ယိမ်းထိုး သရုပ်ဆောင်ထားပါတယ်။

ကြောင်တောင်တောင်နိုင်တဲ့ မျက်လုံးတွေ နှာခေါင်းတွေလိုမျိုး ကာတွန်းဖန်တီးမှုတွေကိုလည်း အဆိုတော်ရဲ့မျက်နှာပေါ်မှာတွေ့ရမှာဖြစ်ပါတယ်။

ဒီဗီဒီယိုဟာ Miley ရဲ့ Bangerz နယ်လှည့်ဖျော်ဖြေပွဲတွေမှာ အဆိုတော်စင်ပေါ်မတက်ခင် ပရိတ်သတ်တွေကို စိတ်လှုပ်ရှားစေမယ့် အဖွင့်တေးဂီတအဖြစ် အသုံးပြုမှာဖြစ်ပါတယ်။

Ref:starpulse.com
Trend Myanmar

မူးယစ်ဆေးဝါး ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်စဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး လက်နက်ခဲယမ်း ၊ မူးယစ်ဆေးဝါး နှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ




မူဆယ် ၊ ၃-၅-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ၊ နမ့်အွမ်ကျေးရွာ ရွာလယ်ဈေး အနီးတွင် ဧပြီလ ၂၉ ရက် နေ့လယ် ၁၁ နာရီ ခန့်တွင် မူးယစ်ဆေးဝါး နှင့် လက်နက်ခဲ့ယမ်း များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီး အဖွဲ့သည် မူဆယ်မြို့နယ် ၊ နမ့်အွမ် နှင့် တီးမရွာ သွားကားလမ်း နမ့်အွမ်ရွာ ရွာလယ်ဈေး အနီးတွင် ရှောင်တခင် ပိတ်ဆို့ ရှာဖွေနေစဉ် တီးမရွာ မှ နမ့်အွမ်ရွာ သို့ ယာဉ်မောင်း စိုင်းပူးဝါ ၅၂ နှစ် (ဘ) ဦးခေးဆိုင် ( က-၇၈ ၊ ကောင်းနောင် ရပ်ကွက် ၊

မူဆယ်မြို့နယ် နေသူ ) မောင်းနှင်ပြီး အိုက်ထွန်း ၄၂ နှစ် (ဘ) ဦးဂွမ်ဆွမ်း ( ဟန်ကိုင်းရွာ ၊ ကွတ်ခိုင်မြို့နယ် နေသူ ) နှင့် အမည်မသိ အမျိုးသား တစ်ဦးတို့ လိုက်ပါလာသည့် ပါဂျဲရိုးယာဉ် ကို ရပ်တန့် ရှာဖွေ စစ်ဆေးရာ အဆိုပါ အမည်မသိ စိစစ်ဆဲသူ မှာ ယာဉ်ပေါ်မှ ဆင်းလာပြီး လွယ်အိတ် အတွင်းမှ သေနတ်အား ထုတ်၍ ပစ်ခတ်မည် ပြုစဉ် ရဲတပ်ကြပ် မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင် တို့မှ လုံးထွေးဖမ်းဆီး ရာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် မျိုးပိုင် သည် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ တစ်ချက် ရရှိ၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ကုသစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်အား ဆက်လက် ရှာဖွေရာ ယာဉ်နောက်ခန်း တူးဘောက် အတွင်းမှ ဘိန်းဆီခဲ ၂၅၆ ဒသမ ၃ ဂရမ် ၊ M-22 မောင်းပြန် ရိုင်ဖယ် ၂ လက် ၊ ၄င်းကျည် ၁၅၅ တောင့် ၊ ကျည်အိမ် ၆ ခု ၊ ဆလင်ဒါပုံ တိုက်မိုင်း တစ်လုံး ၊ SSA တပ်မဟာ(၁) နှင့် ကျားခေါင်း လက်မောင်းတံဆိပ် တစ်ဖက်စီပါ ယူနီဖောင်း တစ်စုံ ၊ အီကွေ့မင့် ၂ ခု ၊ စစ်စိမ်းရောင် ချိတ်ခါးပတ် တစ်ချောင်း တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

၎င်း ဖမ်းဆီးရမိ တရားခံ များအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Themyawadydaily

ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်



ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီ နဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးမူတွေကို မနေ့က စတင်ပြု လုပ်နေပြီလို့ အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေး ဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။

နေပြည်တော် အမြန်လမ်းကြီးဟာ မြန်မာပြည်တွင်းရှိ လမ်းမကြီးတွေထဲမှာ မတော်တဆမှု အများဆုံးဖြစ်နေ တဲ့ လမ်းတစ်ခုဖြစ်ပြီး အခုနှစ်အတွင်း မတော်မတဆ မှုတွေ ပိုမိုများပြားလာတာကြောင့် ပြင်ဆင်ထိန်းသိမ်း မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမြန်လမ်းမ ကြီး ပြင်ဆင်ထိမ်းသိမ်းရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ ပြင်ဆင်မှုတွေ အတွက် အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေး ဌာနဖြစ်တဲ့ USAID ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေ တာဖြစ်တယ်လို့ သူက ပြောပါတယ်။

"ဒီနေ့ဆိုရင် ကျနော်တို့ဆီကို USAID ကနေ နည်းပညာကူညီဖို့အတွက် လာရောက်ဆွေးနွေးတယ်၊ လက်ရှိ အမြန်လမ်းမကြီးကို Road Safety အတွက် ကျနော်တို့ကို Technical Training ပေးပြီးမှ ၁ဝ ကီလိုမီတာကို  Pilot Project ပေါ့နော်၊ ကျနော်တို့အနေနဲ့ Road Safety အတွက်ကို သူတို့ကဒီဇိုင်းထုတ်ပြီးလုပ်ပေးမယ်၊ ဒီဇိုင်းထုတ်တဲ့ နည်းပညာတွေကိုလည်း ကျနော်တို့ကို သင်တန်းပေးမယ်လို့ ဒီနေ့အတွက် ကျနော်တို့ဆွေးနွေး ထားတယ် "

မတော်တဆမှုတွေ ကာကွယ်ရေးအတွက် လမ်းဒီဇိုင်းထုတ်တဲ့ ပညာရပ်တွေကို သင်ကြားပေးပြီး မြန်မာ အင်ဂျင်နီယာတွေက လမ်းအရှည် ၁၀ ကီလိုမီတာကို စမ်းသပ်ဒီဇိုင်းထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ USAID  ထံက အမေရိကန်ဒေါ်လာ တစ်သန်းခွဲလောက် အကူအညီရရှိဖို့ရှိတယ်လို့ သိရပါတယ်။

အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကို  RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်ထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese

စစ်ကိုင်းမြို့နယ်အတွင်း၌တရားမဝင်သစ်ခွ(စို)များနှင့်တမလန်းသစ်ဓါးရွေတုံးများသိမ်းဆည်းရမိ




စစ်ကိုင်း မေ ၃

စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်-၂၊နှင့် သစ်တောဝန်ထမ်းများသည်၊ စစ်ကိုင်းမြိုမရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်လူဇော်နှင့် အဖွဲ့တို့ ပူးပေါင်း၍ မေလ(၂)ရက်(၀၃:၃၀) နာရီကနယ်မြေ သတင်းအရ တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းကိုစစ်ကိုင်း-မုံရွာ-ရွှေဘိုကားလမ်း တစ်လျှောက် ရှာဖွေစစ်ဆေးရာပင်လည်ဘူးမှမန္တလေးဘက်သို့မောင်းနှင် လာသော ယာဉ်အမှတ်၂ခ/၉၄၂၃(၆) ဘီးရွှေနိုင်ငံမှန်လုံခရီးသည်တင်ဖြူ၊ ပြာ၊ စိမ်း၊ ဝါရောင် ကားအား စစ်ကိုင်းမြို့ ကံတလူရွှေတောင် တိုးဂိတ် အနီးတွင်ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင်ခရီးသည်များ နှင့်အတူသစ်ခွစိုများ ကိုအိတ်များအတွင်း ထည့်၍တမလန်းသစ်ဓါးရွေတုံးများတင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိသဖြင့် စစ်ကိုင်းမြို့နယ် ပိုးတန်းသစ်တောရုံးသို့မောင်းနှင်ချတိုင်း စစ်ဆေးချိန်တွယ်ကြည့်ရာ တရားမဝင် သစ်ခွပင် (စို)(၂၃) အိတ်(၂၈၀)ပိသာနှင့်တမလန်းသစ်ဓါးရွေ(၃၀)တုံး(ဝဒသမ၉၂၄၂) တန်အား ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်သစ်ခွပင်(စို)နှင့်တမလန်းသစ်ဓါးရွေတုံးများ သယ်ဆောင် မောင်းနှင်လာသူ ယာဉ်မောင်းမောင်ဦး၊ ၅/ရဥန(နိုင်)၀၂၈၇၉၁၊(ဘ)ဦးချစ်တင်၊ ရေဦးမြို့ယာဉ်နောက် လိုက်များ ဖြစ်သောမောင်ဝင်း၊ (ဘ)ဦးဖိုးဇော်၊ သက်သာပန်းတောင်းစံပြကျေးရွာ (ကားဆိပ်) ၊ခင်ဦးမြို့နယ်နှင့်ဇော်ဖြိုး၊ အင်တိုင်းကျေးရွာ၊ခင်ဦးမြို့နယ်နေသူအား စစ်ကိုင်းမြို့မရဲစခန်းက ပြစ်မှုကြီးအမှတ်၊ပ-၁၉၉/၂၀၁၄၊ ၆(၁)ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး၊ ဖမ်းဆီးရမိပစ္စည်းများကိုပိုးတန်း သစ်တောရုံး တွင်သိမ်းဆည်း ထားပြီးဖြစ်ကြောင်းသိရသည်။

MOI Webportal Myanmar

ရှိခိုးနည်းလေးတော့ မှန်စေချင်




မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။

ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို ဗုဒ္ဓက တီထွင်ခဲ့တာလား။ ဗုဒ္ဓကို ကိုးကွယ်တဲ့လူတွေက တီထွင်ခဲ့တာလား။ ဘာအတွက်လဲ။

ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ မလွတ်မြောက်တဲ့အခါကျတော့ မမြင်ရတဲ့ နတ်၊ ဗြဟ္မာများကိုပါ ကိုးကွယ်လာကြတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ဆိုတာ ဖြစ်လာခဲ့ပါတယ်။

လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။

နောက်ပိုင်းရောက်တဲ့အခါကျတော့ နယ်မြေကွာသွားတာအမျှ ပုံစံတွေလည်း ကွာခြားလာကြပါတယ်။ ခုခေတ်မှာကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရှိခိုးပုံတွေက မတူညီတာကို တွေ့နေရပါတယ်။ ဥပမာ-တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့အခါ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားကာ မြေကြီးပေါ်မှာ ခန္ဓာကိုယ်ကိုမှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက်နဲ့ ရှိခိုးကြပါတယ်။

ရှိခိုးတဲ့အပြုအမှုဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ မဟာဗုဒ္ဓ၀င်မှာ ဘုရားလောင်း သိဒ္ဓတ္တမင်းသားအား ကာဠဒေ၀ိလရသေ့ကို ရှိခိုးခိုင်းခြင်း၊ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းက သားဖြစ်သူဘုရားလောင်းကို ရှိခိုးခဲ့ခြင်းတို့ ပါဝင်နေတာကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတာကို တွေ့ရပါတယ်။ တချို့က လက်အုပ်ချီပြီး မတ်တပ်ရပ်ရှိခိုးတာတို့၊ တချို့က ပျင်ပလ္လင်ခွေထိုင်ပြီး ရှိခိုးတာတို့ မျိုးစုံပါပဲ။ အဲဒီတော့ ပြင်ပရှိခိုးနည်းတွေကို မပြောတော့ဘဲ ဗုဒ္ဓစာပေမှာ ရှိခိုးခြင်းနဲ့ပတ်သတ်ပြီး ဘယ်လိုဟောထားတယ်ဆိုတာသိရှိဖို့က အဓိကကျတာမို့ ဗုဒ္ဓစာပေတွင် လာရှိတဲ့ ရှိခိုးနည်းများကို ရေးသားတင်ပြပေးပါမယ်။ ဗုဒ္ဓစာပေမှာ ရှိခိုးနည်းနဲ့ပတ်သက်လို့ (၁) ကာယဝန္ဒနာ။ (၂) ၀ါစာဝန္ဒနာ။ (၃)မနောဝန္ဒနာဆိုပြီး ရှိခိုးခြင်း (၃)မျိုးရှိပါတယ်။

၁။ နှုတ်ကမဆိုဘဲ လက်အုပ်ချီ ဦးညွတ်ဝတ်ချ ရှိခိုးတာကို ကာယဝန္ဒနာ။
၂။ နှုတ်ကနေ သြကာသ၊ နမောတဿစတာ တစ်ခုခုရွတ်ဆိုပြီး ရှိခိုးတာကို ၀ါစာဝန္ဒနာ။
၃။ ကိုယ်ရော နှုတ်ရောမပါဘဲ စိတ်နဲ့အာရုံပြု ရှိခိုးတာကို မနောဝန္ဒနာလို့ ခေါ်ပါတယ်။ (အံ၊ ၁၊ ၂၉၈)။ (ခုဒ္ဒမူလ၊ သိက္ခာ၊ ၂၃၉)

အဲဒီသုံးအပါးအနက် ကိုယ်ဖြင့်ရှိခိုးရတဲ့ (ကာယဝန္ဒနာ)မှာ
(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ (၂) ပဉ္စပတိဋ္ဌိ ဝန္ဒနာ။ (၃) အတိဂါရ ဝန္ဒနာ။ (၄) ထေရ ဝန္ဒနာလို့ (၄)မျိုးရှိကြောင်း ကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။

(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ ။ ထိခြင်းကြီးငါးပါးနဲ့ ရှိခိုးခွင့် မဖြစ်နိုင်တဲ့အခါများမှာ လက်အုပ်လေးချီပြီး ရှိခိုးခြင်းကို ဆိုလိုတာပါ။ ဥပမာ-သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ပေါ်ပျံနေတဲ့အတွက် မြတ်ဗုဒ္ဓကို ကောင်းကင်ပေါ်ကနေ လက်အုပ်ချီ ရှိခိုးခြင်းမျိုး၊ တစ်ခါ ရှင်ဒေ၀ဒတ်နဲ့သူ့ဖခင်တို့ မြေမျိုတဲ့အခါ မြတ်ဗုဒ္ဓအား ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့အခွင့်မသင့်တဲ့အခါ မတ်တပ်ရပ်လျက်ပင် ရှိခိုးရတဲ့အခါမျိုးတို့မှာ ရှိခိုးခြင်းတို့ကို အဉ္ဇလီကမ္မ၀န္ဒနာလို့ ခေါ်ပါတယ်။ တချိုနေရာတွေမှာ ရဟန်းတော်များကို ဖူးမြင်ရတဲ့အခါ ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့ အခွင့်မသာဘဲ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ အဉ္ဇလီကမ္မဝန္ဒနာနဲပဲ ရှိခိုးရပါတယ်။ အကျယ်သိချင်ပါက သုတ္တနိပါတ်အဋ္ဌကထာ၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ဋ္ဌ၊ ၂၊ ၇၇)တွင် ကြည့်ရှု့နိုင်ပါတယ်။

(၂) ပဉ္ဗပတိဋ္ဌိ ဝန္ဒနာ။ ။ ခြေ၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်၊ ဦးခေါင်းငါးခုတို့ကို အညီအမျှပြုပြီး ကိုင်းညွှတ်ကာ ရှိခိုးအပ်တဲ့အမူအရာကို ပဉ္စပတိဋ္ဌိဝန္ဒနာလို့ ခေါ်ဆိုကြောင်း (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)မှာ ဖွင့်ဆိုပြထားပါတယ်။ (၁) ခြေဖျားတို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၂)ဒူးဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၃) တံတောင်ဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၄)လက်ဖ၀ါးတို့ မြေ(ကြမ်းပြင်)မှာတည်ရှိရမယ်။ (၅) နဖူးကို မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ အဲဒီ(၅)ချက်နဲ့ပြည့်စုံတဲ့ ရှိခိုးခြင်းကို ပဉ္စပတိဋ္ဌိ ရှိခိုးခြင်းလို့ ခေါ်ပါတယ်။ ခြေ၊လက် ၊ နဖူး ၊တစ်တောင်၊ ဒူး ငါးဦးညီမှသာလို့ဆိုတဲ့အတိုင်းပါပဲ။

(၃) အတိဂါရ ဝန္ဒနာ။ ။ အတိဂါရ ဝန္ဒနာဆိုတာက တည်(ထိ)ခြင်းကြီးငါးပါးနဲ့ ရှိခိုးပြီးတဲ့နောက် ခြေကိုဖက်ခြင်း၊ ပွတ်ခြင်း၊ မျက်နှာနဲ့ အပ်ခြင်းတို့ဖြင့် လွန်လွန်ကဲကဲ ရိုသေမြတ်နိုးတဲ့အမူအရာနဲ့ ရှိခိုးခြင်းကို အတိဂါရ ဝန္ဒနာလို့ ခေါ်ပါတယ်။

ထိုအတိဂါရ ဝန္ဒနာ နဲ့စပ်လို့ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့မှာ အလွန်မာနကြီးတဲ့ ပုဏ္ဏားတစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည်က မာနတ္ထဒ္ဓလို့ ခေါ်ပါတယ်။ သူဟာ အခြားခြားသော မိတ်ဆွေသူငယ်ချင်းများအပေါ်မှာ မာနကြီးရုံတင်မက ကိုယ့်ရဲ့ မိခင်ဖခင်တို့အပေါ်မှာတောင် မာနမချ။ ဒါကြောင့် မိဘများကိုလည်း ရှိမခိုး၊ ဆရာသမားကိုလည်း မရိုသေ၊ အစ်ကိုကြီး အစ်မကြီးများကိုလည်း မလေးစားဘဲ ရှိနေတယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို တရားဟောတော်မူနေပါတယ်။ ထိုအခိုက် တရားပွဲရှိရာသို့ မာနတ္ထဒ္ဓပုဏ္ဏား ရောက်လာပါတယ်။

“ငါ့ကို ရဟန်းဂေါတမက စတင်ပြီးစကားပြောမှ ငါ စကားပြန်ပြောမယ်” လို့ စိတ်အကြံနဲ့ စကားမပြောဘဲ နေခဲ့ပါတယ်။ ဘုရားရှင်ကလည်း မာနနဲ့ထိုင်နေတဲ့ ပုဏ္ဏားကို စကားမပြောဘဲနေလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ရဟန်းဂေါတမဟာ ငါလို ဇာတ်မြင့်တဲ့သူက တရားနာလာတာတောင် နှုတ်ဆက်စကား ပြောခြင်းမရှိ၊ ငါ့ရဲ့စိတ်အကြံကိုလည်း သိပုံမရပါဘူး။ သိစရာအားလုံးကို သိတယ်ဆိုတာ ဟုတ်ဟန်မတူပါဘူးလေ” လို့တွေးပြီး ထပြန်ဖို့ ဟန်ပြင်ပါတော့တယ်။

အဲဒီအခါကျမှ ဘုရားရှင်က ပုဏ္ဏားရဲ့စိတ်အကြံကို သိတော်မူတဲ့အတွက် “အသင်ပုဏ္ဏား….မိမိအကျိုးလိုလားတဲ့သူများဟာ မာန်မာနထောင်နေလို့ ဘာအကျိုးထူးလာမှာလဲ၊ အကျိုးမရတဲ့အပြင် အရှုံးသာအဖတ်တင်မှာပေါ့။ မိမိက အကျိုးလိုလားလို့ လာခဲ့တယ်ဆိုရင် ထိုအကျိုးတရားများ တိုးပွားအောင် ပြုလုပ်ဖို့လိုတာပေါ့” လို့ မိန့်တော်တော်မူလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ငါ့ရဲ့စိတ်အကြံကို ဘုရားရှင် သိတော်မူနေပါလား” ဆိုပြီး စိတ်အားတက်ကြွ ဝမ်းသာကြည်ညိုမှုတွေ ဖြစ်ခဲ့ရပြီး၊ ဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ရဲ့ဦးခေါင်းနဲ့ပွတ်တိုက်၊ ပါးစပ်နဲ့လဲ စုပ်ကာ လက်နဲ့လဲ ဆုပ်နယ်ပြီး ရှိခိုးနေပါတော့တယ်။ အဲဒီလိုရှိခိုးခြင်းကို အတိဂါရဝန္ဒနာလို့ ခေါ်ပါတယ်။ တဖန် အညာသိကောဏ္ဍညမထေရ်က ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့အကြောင်း လျှောက်ထားပြီးတဲ့နောက် ရှိခိုးတဲ့အခါမှာလည်း အတိဂါရဝန္ဒနာဖြင့် ရှိခိုးခဲ့တာကို တွေ့ရပါတယ်။ (သံ၊ ၁၊ ၁၈၀)

(၄) ထေရဝန္ဒနာ။ ။ သီတင်း(သိက္ခာဝါ)ငယ်တဲ့ရဟန်းက မထေရ်ကြီးများအား ရှိခိုးတာကိုတော့ ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ ထိုရှိခိုးနည်းမှာ (စံပယ် လက်အုပ် ခြေဆုပ် ချစ်ခင် ရိုသေထင် ငါးအင်ရှိခိုးနည်း)ဆိုတဲ့ လင်္ကာနဲ့အညီ ရဟန်းငယ်များက သိက္ခာဝါကြီးသော ဆရာတော်ကြီးများကို ရှိခိုးတဲ့အခါ (၁)လက်ယာပုခုံးကိုသင်္ကန်းနဲ့ မခြုံရုံရ လက်ယာပုခုံးကို ဖေါ်ပြီး လက်ဝဲလက်ပေါ်မှာ လက်ကတော့ စံပယ်တင်ရုံရပါမယ်။ (၂) လက်အုပ်ချီရမယ်။ (၃) ရှိခိုးတဲ့အခါ မထေရ်ကြီးရဲ့ခြေကို လက်ဖြင့် ဆုပ်ကိုင်ရမယ်။(၄) ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေရပါမယ်။ (၅) လေးစားမြတ်နိုးတဲ့ အမူအရာရှိရမယ်။ ထိုအင်္ဂါ (၅)ချက်နဲ့ ရဟန်းငယ်က မထေရ်ကြီးများ ရှိခိုးခြင်းကို ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ (သုတ္တနိပါတ်ပါဠိတော်၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ပါ၊ ၃၃၀)။ (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)၊ (မဟာသုတဒီပနီကျမ်း၊ ပထမတွဲ)

ယခု ဖော်ပြခဲ့တဲ့ ရှိခိုးနည်းများကတော့ ကျမ်းဂန်လာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ကျင့်သုံးတဲ့နည်းများ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ရှိခိုးနည်းနဲ့ပတ်သက်ပြီး ပြည့်စုံလောက်ပြီမို့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ရင်း ရှိခိုးနည်းလေး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်..........။

အရှင်ကောမလ ဆန်နီနေမင်း ငသိုင်းချောင်းကျေးရွာ၊ အိုက်စောက်ကျေးရွာတွင် ဟောကြားခဲ့သောတရားမှ အွန်လိုင်းစာဖတ်ပရိတ်သတ်များအတွက် ပြန်လည်တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Myawady

လင်မယားချင်း စကားများရာက လက်ပစ်ဗုံးနဲ့ထပစ်




လင်မယားချင်း စကားများကြတဲ့ နောက်ဆက်တွဲအနေနဲ့ ယောကျာ်းဖြစ်သူက လမ်းထဲမှာရှိနေတဲ့ မိန်းမကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တယ်ဆိုတဲ့ အမှုတစ်ခုတက်လာပါတယ်။ အဲ့ဒီ့နောက်မှာတော့ မိန်းမဖြစ်သူရဲ့ ၀မ်းဗိုက်က ဗုန်းဆန်တွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

Switzerland, Aargau ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အမှုနဲ့ပတ်သတ်ပြီး အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ Bosnia နိုင်ငံသားဟာ အစစ်ဆေး အမေးမြန်းခံနေရပါတယ်။

SDA သတင်းအေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ အသက် ၅၉နှစ်ရှိ အမျိုးသမီးဟာ သူ့ယောကျာ်းရဲ့ ခပ်တန်းတန်း ဆက်ဆံမှုကို ခံခဲ့ရပါတယ်။ သူမဟာ အခင်းဖြစ်ပြီး ၁နာရီလောက် ကြာမှ ရဲတွေဆီ အကြောင်းကြားတယ်လို့ သိရပါတယ်။

သူမဟာ အစပိုင်းမှာတော့ လက်ချောင်း တစ်ချောင်းပဲ ဒဏ်ရာရတာပါဆိုပြီး အမှုကို သေးအောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဆေးရုံးရဲ့ ဖြောင့်ချက်မှာတော့ သူမရဲ့ ၀မ်းဗိုက်မှာ ဗုံးဆန်များထိထားပြီး ဝေဒနာ ခံစားနေရတယ်လို့ တင်ပြထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ လမ်းပေါ်က လက်ပစ်ဗုံး အစအနတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ့ လက်ပစ်ဗုံးရဲ့ ပေါက်ကွဲမှုအားပြင်းလွန်းလို့ အနီးအနားက ပြူတင်းပေါက်ကိုပါ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Ref:dailymail.co.uk

ွှtrend Myanmar

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း


ဆရာရှင့် သမီး အသက် အခု 26 နှစ်ရှိပါပြီ။ အခုလက်ရှိ 1 နှစ်အရွယ်သမီးလေးတယောက် ရှိပါတယ်။ သမီးလေးကိုမွေးပြီး ရက် (30) လောက်နေတော့ အင်ပြင်လိုမျိုး အဖုလေးတွေထွက်လာပါတယ်။ အဲလိုစဖြစ်တော့ သူများတွေက ရှေးထုံးစံ ချွေးမအောင်းလို့၊ ဆနွင်းမလိမ်းလို့ ဘာတို့ညာတို့ ပြောပါတယ်။ သမီးလဲ အဲလိုမျိုးတွေ မလုပ်ပါဘူး။ သူများတွေ မီးယပ်စွဲစွဲတယ်လို့ ပြောကြပါတယ်။ အခုသမီးလေး အသက်တစ်နှစ်ရှိနေပါပြီ။ စဖြစ်ကထဲက တစ်ပတ်မှာ 3 ကြိမ်လောက်ဖြစ်တတ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးလဲ နေ့စဉ်ပုံမှန်တိုင်းလုပ်ပါတယ်။ အဝတ်အစားကြောင့်ဆိုရင်လဲ မဖြစ်နိုင်ပါဘူး။ အဝတ်အစားဆိုရင်လဲ တစ်မိသားစုလဲဖြစ်ရမှာပါ။ အခုသမီးတယောက်ထဲဖြစ်နေတာပါ။ သမီးစိတ်အထင် သွေးသားကြောင့်လို့ ထင်ပါတယ်။ အခုအင်ပြင်ပေါက်ရင် ပျောက်တဲ့ဆေး သောက်နေပါတယ်။ ဆေးက သခွားစေ့ပုံစံ အဖြူရောင် ရှည်ရှည်လေးတွေပါ။ ဆရာဝန်က အဲ့ဆေးတွေက ကြာကြာသောက်ရင် အစာအိမ်ကိုပါ ထိခိုက်တယ်ဆိုလို့ အစာအိမ်ဆေးလဲ တွဲပေးပါတယ်။ သမီးဖြစ်ချင်တာက အဲ့ဆေးတွေက ရေရှည်စွဲသောက်လို့ ကောင်းမကောင်းနဲ့ ပြီးတော့ သမီးလေးကို နို့တိုက်နေတော့ ကလေးကိုပါ အဲ့ဒီဆေးရဲ့ဒဏ်တွေ ခံရမှာစိုးပါတယ်ရှင့်။ ပြီးတော့ တစ်နှစ်လောက် ဆေးကို စွဲသောက်နေရတာ မပျောက်ဘူးဆိုတော့ တစ်ခြား ဘယ်လိုကုသလို့ရနိုင်မလဲ သိချင်ပါတယ်ရှင်။

2. Jul 24, 2011 at 6:45 PM
ကျနော် လွန်ခဲ့တဲ့ ၂ လလောက်စပြီး အသားအရေ ယားယံတဲ့ ဝေဒနာ ခံစားနေရပါတယ်။ ယားလို့ ကုတ်လိုက်တဲ့ အခါတိုင်း (Allergic) တွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် အသိမိတ်ဆွေ တစ်ယောက်ရဲ့ အညွှန်း အတိုင်း Lergi (Cetrizine 10mg) ဆေးကို တစ်နေ့ တစ်လုံးကျ သောက်ပါတယ်။ ထိုဆေး သောက်ဖို့ တစ်ရက် ပျက်ကွက်ပါက နောက်တစ်နေ့တွင် ယားယံခြင်းကို ပြန်လည်ခံစားရပါတယ်။ သို့ပါကြောင့် ထိုဆေးကို ရေရက်ဆက် သောက်သင့်၊ မသောက်သင့်၊ ရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်းနှင့် ကုသခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည် ဖြေကြား ပေးစေလိုပါတယ် ခင်ဗျာ။

3. Sat, Aug 10, 2013 at 9:09 AM
ကျနော့်သားလေးရဲ့ Allergic Reaction အကြောင်းသိချင်လို့ပါ။ အမည့့်။ အသက် ၈ နှစ်။ နေရပ် ရန်ကုန်။ လက္ခဏာ ညနေ ၄ နာရီမှ ညအိပ်ရာမဝင်ခင် ၉ နာရီ အတွင်း အဖုအပိမ့်များထွက်ခြင်း။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကစပြီး ညဦးပိုင်းတွေမှာ ထွက်လာတတ်ပါတယ်။ ပထမရက်တွေမှာ အနီးအနားက ဆေးခန်းမှာ ကုသမှုခံယူတော့ ဓာတ်မတည့်တတ်တာတွေ၊ အစားအသောက်မှ ယားယံမှုဖြစ်ပေါ်စေတာတွေ၊ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့ စသဖြင့် ကုသမှုပေးခဲ့ပါတယ်။ သောက်ဆေးများလည်း ပေးခဲ့ပါတယ်။ အဲဆေးတွေ သောက်နေရတဲ့ရက်တွေမှာတော့ ဖြစ်လေ့မရှိပါဘူး။ ပေးထားတဲ့ဆေးပတ် ပြီးသွားပြီး နောက်တစ်ရက်ခြားလောက်ဆို ထပ်ဖြစ်တတ်ပါတယ်။ နောက်တစ်ခေါက် ရန်ကုန်ကို ပြန်ရောက်နေတာနဲ့ အရင်ကလေးငယ်တုန်းက ပြနေကျ ကလေးအထူးကုနဲ့ ပြဖို့ စီစဉ်တဲ့အခါမှာ ဆရာဝန်မကြီးက နေပြည်တော်ကို အရေးပေါ်သွားရလို့ မပြဖြစ်ဘဲ အဲဆေးခန်းက အထွေထွေရောဂါကု ဆရာဝန်တစ်ယောက်နဲ့ပဲ ကုသမှုခံယူခဲ့ပါတယ်။ ကလေးသန်မချတာ ခြောက်လကျော်နေလို့ သန်ချဆေးတိုက်ပါတယ်။ ပြီးတော့ ယားယံလာရင် အဖုအပိမ့်ပေါ်လာရင် သောက်ဖို့ဆိုပြီး ဆေးပေးပါတယ်။ ဆေးတွေ သောက်နေတဲ့ရက်ပိုင်းတွေမှာ သက်သာပါတယ်။ ပြီးတော့ အရင်လိုပဲ ဆေးမသောက်တော့တဲ့အချိန်ကျရင် ညနေဘက်တွေဆို ယားယံအဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ ဒါနဲ့ ကလေးအထူးကုဆရာဝန်တစ်ယောက်နဲ့ ထပ်ပြဖြစ်ပါတယ်။ အပေါ်ကလိုပဲ ဆေးသောက်တာ ဆေးပတ်ကုန်သွားရင် နောက်တစ်ရက်ခြားလောက်ဆို ထပ်ဖြစ်ပါတယ်။ အခုလက်ရှိကတော့ တကိုယ်ရည်သန့်ရှင်းရေးကို ကျနော်ကိုယ်တိုင် ဂရုစိုက်ပေးနေပါတယ်။ အစားအသောက်ပိုင်းကတော့ ဘာကိုမစားစေဘူးဆိုတာမျိုးမရှိသေးဘဲ သင့်တင့်မျှတအောင်ပဲ စားခိုင်းထားပါတယ်။ ဆရာ့ဆီက အကြံပြုချက်တွေကို တောင်းခံအပ်ပါတယ်ခင်ဗျာ။

Allergy (အလာဂျီ) ရရင် ဘာတွေ ဖြစ်သလဲ။ ၂ မျိုးဖြစ်မယ်။
၁။ Hay Fever ဆိုတာ ဖြစ်ရင် Sneezing နှာချေ၊ Allergic rhinitis နှာခေါင်းယား၊ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။
၂။ Urticaria (Hives) ဆိုတာ အနီပြင် (အင်ပြင်) တွေထွက်တာဖြစ်တယ်။

အကြောင်းရင်းတွေ ရှာရင် ရက်တိုခဏ ဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။
• ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulphonylurea glimepiride (Amaryl)၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides (Septein) နဲ့ Anticonvulsants အတက်သက်သာဆေးတွေ ပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ်ဖြစ်တတ်တယ်။
• မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေပါတယ်။ မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာမဟုတ်သလို၊ ကိုယ့်ပဲ မတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ တချို့မှာ အကြောင်းတရားတခုမကတွဲမှ ဖြစ်တာလဲ ရှိပါတယ်။ (ကျွန်တော်ဆိုရင် ဆေးကျောင်း တက်ရကာစာ မန္တလေး ဘူတာကြီးကရတဲ့ ကျောက်မီးသွေးအနံ့နဲ့ ဆောင်းရာသီ အအေးဓါတ် တွဲနေတာကို သိပ်သဘောမကျဘူး။)
• ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်)
• စိတ်ဖိအားကနေဖြစ်တာ၊
• အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုံခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊
• အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။

အများဆုံးသုံးရတဲ့ဆေး
Generic name ဆေးနာမည် Cetirizine နဲ့ Brand name ဆိုင်တင်နာမယ် Zyrtec စတဲ့ နာမည်တွေ အများကြီးရှိတယ်။ (စီထရက်ဇင်း) ဟာ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးခေါ်တယ်။ (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။

ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲ ရပါတယ်။ Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ၁၄% မှာ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။

Hives အနီပြင် (အင်ပြင်) ထနေတာကို Cetirizine ဆေးတမျိုးထဲနဲ့ မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါ ပေးရတတ်တယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေးအုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ Topical creams လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန်မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။

ဒီစာတွေကိုလဲ တွဲဖတ်ပါ၊ လိုက်နာပါ။ ကြာရင် (အလာဂျီ) ကို ဆရာဝန်ထက်ပိုသိသူ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အကြောင်းကို သိတာပါ။
• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

ဒေါက်တာတင့်ဆွေ

Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ


ဆရာခင်ဗျာ ကျနော်လွန်ခဲ့တဲ့ ခြောက်လခန့်က အတော်ကိုနာမကျန်း ဖြစ်ပါတယ်။ ဒါနဲ့ ဆေးကုသစစ်ဆေးတဲ့အခါ အသည်းရောင်တယ် (Mild Hepatitis)လို့ သိရပါတယ်။ အရက်သောက်လွန်လို့ ဖြစ်တာလို့ပြောပါတယ်။ ဒီအပြင် အသည်းအင်ဇိုင်း LFT စစ်တော့ အာလုံးက ပုံမှန်ပါပဲ။ ခုအရက်လုံးဝ မသောက်တာ ၆ လ လောက်ရှိပါပြီ။ ဒီနေ့ Ultrasound ပြန်ရိုက်ကြည့်တော့ Chronic Hepatitis ပြတယ်။ အသည်းရောင်တာ အရက်မသောက်ဘဲ နေလို့ ပြန်မကောင်းနိုင်ဘူးလားဆရာ။ အသည်းအတွက် ဆေးဝါးများ ကူစရာလိုသေးလား သိချင်ပါတယ်ဆရာ။ ပြန်ကောင်းအောင် အချိန်ဘယ်လောက်ကြာ စောင့်ရမလဲဆိုတာသိချင်ပါတယ်။ အသက် ၂၇ နှစ်ပါ။

အသဲရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၆ မျိုးရှိသည်။ A, B, C, D, E, G တို့ဖြစ်ကြသည်။ (ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြား ရောဂါများမှာ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့သော ကင်ဆာရောဂါများ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ဝက်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက် တို့ဖြစ်ကြသည်။

အသဲ၏အလုပ်များ
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
5. ကိုလက်စထရော၊ သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။

စမ်းသပ်ခြင်း
1. အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါခြင်း၊
2. အသဲကြီးခြင်း၊
3. အသဲနေရာက နာခြင်း၊
4. LFT အသဲလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေသည်။

Hepatitis A အသဲရောင် အေ = Viral Hepatitis/Infectious Hepatitis
• ကူးစက်ရောဂါဖြစ်သည်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးသည်။
• အသေအပျောက်ရှိသည်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ
• အားနည်းခြင်း ခံစားရသည်၊
• မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊
• ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာသည်။ Jaundice ဟုခေါ်သည်။
• ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။
• အသဲရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။

ကာကွယ်ပုံ
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။
• Hepatitis A အသဲရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

အခြားနည်းများ
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။

ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊

Hepatitis B Hepatitis B virus (HBV)
• ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်သည်။
• အသဲကင်ဆာ၊ အသည်းခြောက် ရောဂါနှင့်၊ အသဲအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်သည်။
• HIV ကဲ့သို့ သွေး-ဆေးထိုးအပ် မှတဆင့်၎င်း၊ ကိုယ်ကထွက်သော အရည်များက၄င်း၊ မိခင်က ကလေးသို့၎င်း၊ လိင်ဆက်ဆံခြင်းမှ၎င်း ကူးစက်နိုင်သည်။
• သို့သော် HIV ထက် အဆ ၁ဝဝ ပို၍ ကူးစေသည်။
• အချို့မှာ လက္ခဏာများ ဆိုးစေကာမူ ပျောက်ကင်း သွားသည်။
• ကလေးများဖြစ်လျှင် ပိုဆိုးနိုင်သည်။ ၆ လ အောက် ရက်တိုနှင့် ၆ လအထက် နာတာရှည် ၂ မျိုးဖြစ်နိုင်သည်။
• Signs and symptoms ရောဂါလက္ခဏာများ လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်သည်။
• ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။
• အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊
• Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်သည်။
• ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။
• Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများပေးနိုင်သည်။
• Liver transplantation အသဲအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis C
• (စီ) ပိုးသည် လက္ခဏာမပေါ်ဘဲ ပိုးရှိနေတတ်သည်။
• Hepatitis C virus (HCV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက် ရောဂါ အပြင်းစား ဖြစ်သည်။
• ဥပမာ အသဲကင်ဆာ၊ အသည်းခြောက်ရောဂါနှင့် အသဲအလုပ် မလုပ်တော့ခြင်း တို့ကို ဆက်ဖြစ် စေနိုင်သည်။
• လိင်မှတဆင့် မကူးစက်၊ ဆေးထိုးအပ်ကတဆင့် ကူးစက်သည်။
• မိခင်မှ ကလေး ကူးသည်။
• ကာကွယ်ဆေး မရှိသေး။
• အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အနည်းငယ် အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊
• သွေးစစ်၍ သိနိုင်သည်။
• အချို့က ပျောက်သွားနိုင်သည်။ အချို့က နာတာရှည်ဖြစ်မည်။
• Weekly injections of a drug called pegylated Interferon alfa combined with Ribavirin (Rebetol) BD ဆေးများ ပေးနိုင်သည်။
• အသဲ အစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis D
• (HDV) သည် လိင်-သွေးမှတဆင့် ကူးသည်။
• (B) ပိုးရှိနေမှ (D) ပိုးကူးသည်။
• အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာ နာခြင်း၊
• ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊
• (B) ပိုး ကာကွယ်ဆေး ထိုးသင့်သည်။
• Interferon-alfa ဆေးပေးခြင်း၊
• အသဲအစားထိုးခြင်း လုပ်ပေးနိုင်သည်။

Hepatitis E
• နာတာရှည်မဖြစ်၊
• (A) ကဲ့သို့ အစား-ရေကတဆင့် ကူးစက်သည်။
• ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။

အသဲရောင်ရောဂါများ၏ ကူးစက်ပုံများ၊
• (A) နှင့် (E) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ဝင်သည့် လမ်းကြောင်းက ကူးစက်သည်။
• (B) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ သွေး၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးသည်။
• (C) သည် ဆေးထိုးအပ်မှ ကူးသည်ကများသည်။
• (D) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးသည်။ (B) ရှိနေလျှင် ဖြစ်တတ်သည်။
• (စအို) မှထွက်၍ (ပါးစပ်) သို့ဝင်သည့် လမ်းကြောင်းက ကူးစက်သည့် အခြားရောဂါများမှာ ဝမ်းပျက်ခြင်း၊
ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားခေါ် တိုက်ဖွိုက် (Typhoid) ရောဂါ တို့ဖြစ်ကြသည်။

B ပိုးအတွက် သွေးစစ်လျှင် အောက်ပါတို့ကိုစစ်သည်။
• HBsAg = ရောဂါပိုးဝင်နေပြီ။ အစပိုင်းမှာသာတွေ့ရသည်။ ၆ လကျော်အထိတွေ့နေရလျှင် အသဲမှာ နာတာရှည်ဖြစ်နေပြီ။
• Anti-HBs = ကာကွယ်ဆေးထိုးပြီးသူ၊ HBsAg မရှိတော့ဘဲ၊ Anti-HBs ရှိနေသူသည် နလံထလာသူ။ သူများကိုမကူး။ ခံနိုင်ရည်ရှိသွားပြီ။
• Anti-HBc = HBsAg တွေ့ပြီးနောက် ရှိလာသည်။ သူ့ချည်းမတွေ့။ Acute hepatitis B ဘီပိုးဝင်နေတာ မကြာသေး။ ၃-၆ လ ကြာအထိ ရှိနိုင်။ ပိုလည်းကြာနိုင်။ နာတာရှည်ဖြစ်နေရာက ပြန်ထလာလျှင်လည်း တွေ့နိုင်။
• HBeAg = HBsAg တွေ့ပြီးနောက်တွေ့ရ။ ၃ လမကတွေ့ရလျှင် chronic hepatitis B နာတာရှည်ဟုထင်နိုင်။

ကုသခြင်း
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊
• (B) ပိုးနှင့် ထိတွေ့ရပါက Hepatitis B immune globulin injection ကို ၁၄ ရက်အတွင်း ထိုးပါ။ Hepatitis B ကာကွယ်ဆေး ၃ ခါ ထိုးပါ။
• (C ) ဖြစ်လျှင် (A) ၂ ခါ၊ (B) ၃ ခါ ကာကွယ်ဆေးများ ထိုးပါ။
• (C) အတွက် Pegylated Interferon and Ribavirin ဆေးပေးရသည်။

ဒေါက်တာတင့်ဆွေ
၃-၅-၂ဝ၁၄

Google က Rangespan ကုမ္ပဏီကိုဝယ်ယူလိုက်ပြီ


Google က အင်တာနက်ဈေးကွက်စီးပွားရေးစနစ်လုပ်ဆောင်သည့် Rangespan ကိုဝယ်ယူလိုက်ပြီဖြစ်ကြောင်းသိရသည်။

ယင်း ကုမ္ပဏီကို Amazon ကိုတည်ထောင်သည့်သူဌေးများစုပေါင်းကာ တည်ထောင်ထားသောကုမ္ပဏီတစ်ခုဖြစ်ပြီး Users တွေထံကို ကုန် ပစ္စည်းတွေလက်လီရောင်းချနိုင်ဖို့ရည်ရွယ်ချက်ဖြင့်တည်ထောင်ထား သည်ဟုသိရသည်။

Rangespan က “ Google နှင့်ပူးပေါင်းလုပ်ကိုင်ရသည့်အတွက် အလွန်ပင်ဝမ်းသာမိကြောင်း ၊ မိမိတို့၏အလုပ်ကိုအရင်ကထက်ပိုမို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း “ ပြောဆိုခဲ့သည်။

Rangespan ဟာ Matt Henderson နှင့် Ryan Regan နှစ်ဦးတို့က ၂၀၁၁ခုနှစ်တွင်စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး Mr.Henderson ဟာ Amazon ၏ Merchant Serivec Director အဖြစ်UK တွင်တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး Mr.Regan ကတော့ Amazon ၏ Managing Director အဖြစ် ၈နှစ်ကြာအလုပ်လုပ်ခဲ့သူဖြစ်သည်။

Ref :BBC
Wai Phyo Aung (TSJ Team)
TechSpace Journal

Locker Master (Android app)


Locker Master ဆိုတဲ့ App ကတော့ ကိုယ်အသုံးပြုတဲ့ Android OS သုံးဖုန်းပေးမှာကိုယ်ပိုင် Lock Screen တွေကိုဖန်တီးပေးနိုင်ဖို့အတွက် အထောက်အပံ့ပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ Lock Screen Theme တွေပါဝင်မှာဖြစ်ပြီး၊ မိမိစိတ်ကြိုက်ကို ထည့်သွင်းပြီး အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီ Locker Master ကိုရယူအသုံးပြုချင်သူတွေ အနေနဲ့ အောက်က ပေးထားတဲ့ လင့်မှာ Download လုပ်ယူနိုင်မှာဖြစ်ပြီး Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 6.4 MB ရှိမှာဖြစ်ပါတယ်။ Android Version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download လုပ်ရန် (Google play)

တိုက်ရိုက် Download လုပ်ရန် 

-သီဟ
Internet Journal 

သူနဲ့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိနိုင်တဲ့ အချက် (၅)ချက်




မေသော် on 2014-05-03 11:05    
လူအမျိုးမျိုး  စိတ်အထွေထွေမို့ ကိုယ်ချစ်ရသူ၊ ကိုယ်နဲ့တွဲနေတဲ့ ကိုယ့်ရည်းစားမှာလည်း ကိုယ်မကြိုက်တဲ့ အမူအကျင့်၊ စိတ်နေစိတ်ထားတွေ ရှိနိုင်ပါတယ်။ နှစ်ဦးသား တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ တွေးမိတဲ့အခါ သုံးသပ်မိလေ့ရှိတဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူနဲ့ဆို ဘာလုပ်လုပ် ပြောဆိုခံနေရတာပဲ။

သူနဲ့ဆို ကိုယ်လုပ်နိုင်တယ်လို့ ထင်တဲ့အရာတွေတောင် မလုပ်နိုင်တော့လောက်အောင် ဖြစ်လာတယ်။ ယုံကြည်ချက်မရှိတော့ဘူး။ တစ်ခုခုလုပ်လိုက်တိုင်းလည်း ကိုယ့်ကို စသလိုလို၊ နောက်သလိုလိုနဲ့ လှောင်ပြောင်နေတော့တာပဲ။ အဆိုးဆုံးကတော့ ကိုယ့်ချစ်သူဖြစ်ပြီး ကိုယ့်ကိုအသားကုန် ဝေဖန်တာမျိုးကိုပဲ။

၂။သူကပဲအမှန်၊ သူကပဲအကောင်း။

နှစ်ယောက်ပြဿနာဖြစ်ပြီဆို ကိုယ့်ဘက်က ဘယ်တော့မှ ဖြေရှင်းခွင့်မရဘူး။ သူအမှန်ဆိုတာချည်းပဲ။ ရန်မဖြစ်တဲ့အချိန် ကိုယ်တစ်ခုခုခံစားနေရပြီဆိုရင်လည်း သူဘယ်တော့မှ နားထောင်ပေးလေ့ မရှိဘူး။ နှစ်သိမ့်ပေးဖို့ဆိုတာကလည်း ဝေးလာဝေးပဲ။ တစ်ဖက်သတ် ဆန်လွန်းတယ်။

၃။သူနဲ့နေရတာ မပျော်တော့ပါဘူး။

တစ်ရက်၊ တစ်ရက် သူနဲ့အတူတူရှိနေရခြင်းကို စိတ်ပျက်လာတယ်။ ငြီးငွေ့တယ်ဆိုတာထက် သည်းမခံနိုင်တော့သလို ခံစားချက်မျိုးကြီး ဖြစ်လာတာ။ ပျော်လည်း မပျော်တော့ပါဘူး။ ဒီလိုမျိုးရှေ့ဆက်ရင် နှစ်ဦးစလုံးအတွက် ပိုဆိုးကုန်တော့မယ်။

၎။သူနဲ့အတူ ရှိနေချိန်တွေ ကိုယ့်အတွက် ဘယ်တော့မှ စိတ်သက်သက်သာသာ မဖြစ်ဘူး။

စကားပြောရင်လည်း ထိန်းထိန်းသိမ်းသိမ်း ပြောနေရတယ်။ မျက်နှာထားကိုလည်း အမြဲပြင်ထားရတယ်။ ကိုယ့်ကိုကိုယ်တော့ ငါချစ်လို့ သူစိတ်ချမ်းသာအောင် နေပေးနေတယ်ပေါ့။ ဘေးက သူငယ်ချင်းတွေ၊ မိသားစုတွေကတောင် မင်းတို့နှစ်ယောက်ကြည့်ရတာ တစ်မျိုးပဲလို့ မေးလာကြပြီ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရှိချိန်ဆို ကိုယ့်ပုံက တစ်မျိုး၊ သူနဲ့ဆို တစ်မျိုး၊ သူနဲ့ရှိနေချိန်ဆို စိတ်သက်သက်သာသာကို မရှိခဲ့တာပါ။

၅။ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးဖို့၊ ပြောင်းလဲမှုတွေအတွက်လည်း ထိန်းချုပ်ခံထားရသလိုပဲ။

ကိုယ့်ဘာသာကိုယ် တိုးတက်ရာ၊ တိုးတက်ကြောင်းလေး လုပ်ချင်ရင်တောင် သူက မလုပ်စေချင်သလိုလို အမြဲပြောတယ်။ အိပ်မက်တွေ အကောင်အထည်ဖော်မယ်ဆိုရင် လှောင်ပြောင်တော့တာပဲ။ သူ့ဆီက ဘာခွန်အားမှ မရတဲ့အပြင် နင်ပြောင်းလဲလို့ မရပါဘူးဟာ ဆိုတဲ့ အထင်သေးတဲ့ စကားတွေပဲ ရနေခဲ့တာ။

Ref:womenshealthmag.com
Trend Myanmar

ဘက်တီးရီးယားများက မျက်ကပ်မှန် သန့်စင်ဆေးရည်၌ ပြဌာန်းထားသည့်အချိန်ထက် ပို၍ကြာကြာ အသက်ရှင်နိုင်


UK   မှ တရားဝင်အစိုးရထုတ် ပြန်ကြေညာချက်များအရ အင်္ဂလန်၌ နှစ်စဉ် microbial keratitis   ဟုခေါ်သည့်  မျက်ကြည်လွှာတွင် အနာဖြစ်ပြီး အမြင်အာရုံဆုံးရှုံးသည့် ဝေဒနာရှင်ပေါင်း ၆၀၀၀ခန့် ကြုံတွေ့ရကြောင်း သိရသည်။ လီဗာပူးတွင် ကျင်းပသည့် ပိုးမွှားဗေဒနှစ်ပတ်လည်အစည်းအဝေး၌ ယင်းကဲ့သို့ ဖြစ်ပွားရသည့် အဓိကအကြောင်းမှာ မျက်ကပ်မှန်မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ပြီး မျက်ကပ်မှန်သန့်စင်ဆေးရည်အား ယဉ်ပါးနေသော ပိုးမွှားအသစ်များ ထွက်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ University of Liverpool  မှ သုတေသီများက Keratitis က ဖြစ်စေသော Pseudomonas aeruginosa   အမျိုးအစား ကိုးမျိုးအား  ပုံမှန်သုံးနေကျ မျက်ကပ်မှန်သန့်စင်ဆေးရည်၌ ဆယ်မိနစ် စိမ်ထားရာ အများစုမှာ  ဆယ်မိနစ်အတွင်း သေသွားသော်လည်း P.aeruginosa 39016 အမျိုးအစားမှာ သေဆုံးခြင်းမရှိဘဲ လေးနာရီကြာထိ ဆက်လက်ရှင်သန်နေကြောင်း တွေ့ခဲ့ရသည်။ အင်္ဂလန်၌ မျက်ကပ်မှန်သုံးစွဲသူ သုံးသန်းကျော်ရှိပြီး သင့်လျော်သည့် မျက်ကပ်မှန်ဆေးရည် ရရှိရန် လေ့လာမှုများ ဆက်လုပ်သွား မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အပိန်လေး
ref: Medindia
Health Updates Journal

သတ္တ၀ါများ၏ခန္ဓာကိုယ်အတွင်း၌ နှလုံးခုန်မှုလုပ်ငန်းအား လုပ်ဆောင် နိုင်သောနှလုံးကြွက်သားအတု တီထွင်နိုင်ခဲ့


Harvard     ဆေးပညာတက္ကသိုလ်မှ ဗီဇအင်ဂျင်နီယာများက သဘာဝ နှလုံးသားနှင့် အသွင်တူသော တစ်သျှူးများကို တီထွင်နိုင်ခဲ့ပြီး ယင်းနှလုံးအတုကို ဓာတ်ခွဲခန်းထဲတွင်  သာမက သတ္တ၀ါများတွင် ထည့်သွင်းသုံးကြည့်ရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။ ပျက်စီးနေသော နှလုံးကြွက်သားများအား အစားထိုးခြင်းဖြင့် ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာ အသက်ရှည်ရှည် နေနိုင်မည်ဖြစ်ပြီး နှလုံးကြွက်သား၌ ပြင်းထန်စွာထိခိုက်ထားသော သူများတွင် အကောင်းဆုံးနည်းမှာ နှလုံးအစားထိုးခြင်းဖြစ်သည်။ သို့သော်လည်း နှလုံးအစားထိုးရန်အတွက် အလှူရှင်စောင့်ဆိုင်းနေသော အရေအတွက်မှာ အလှူရှင်ထက် အဆမတန်ပိုများနေသည်။ နှလုံးအစားထိုးခွင့်ရသည်ထားဦး အခြားဘေးထွက် ဆိုးကျိုးများ ရရှိနိုင်သေးသည်။ ထို့ ကြောင့် အကောင်းဆုံးနည်းမှာ နှလုံး၏ ပျက်စီးသွားသော အစိတ်အပိုင်းများအား အစားထိုးခြင်းဖြစ်သည်။ ယင်းနှလုံးကြွက်သားအတု တည်ဆောက်နိုင်ရန်အတွက် Brigham and Women’s  Hospital , Harvard Medicinal School  နှင့် University  of Sydney  မှ ဗီဇအင်ဂျင်နီယာများ ပူးပေါင်း၍ အ ဆင်မြင့်နည်းပညာသုံး Hydrogel တစ်မျိုးကို တီထွင်ခဲ့ကြသည်။ ယင်း gel မှာ နှလုံးကြွက်သား သာမက (ပြုပြင် ပြောင်းလဲပေးခြင်းအားဖြင့်)ခန္ဓာကိုယ်ရှိ လိုအပ်သောအခြား တစ်သျှူးများပါ ထုတ်လုပ်နိုင်ရန် အလားအလာရှိကြောင်းသိရသည်။

အ၀င်း
ref: Medindia
Health Updates Journal

ဂျိုးဖြူချောင်းရထားလမ်းကူးတံတားမှ ဖြတ်သွားသူအမျိုးသမီး ပြုတ်ကျသေဆုံး




ရန်ကုန်၊ မေ ၃

၂.၅.၂၀၁၄ရက်နေ့ ၁၃၂၀ အချိန်ခန့်တွင် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည်တိုက်ကြီးမြို့နယ်၊ဂျိုးဖြူအုပ်စု၊ဂျိုးဖြူရွာမြောက်ပိုင်း၊ရန်ကုန်-ပြည်ရထား
လမ်း၊ဂျိုးဖြူချောင်းရထားလမ်းကူးတံတားပေါ်မှဂျိုးဖြူချောင်းအတွင်းသို့အမျိုးသမီး
တစ်ဦးပြုတ်ကျ သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ ဂျိုးဖြူရွာမြောက်ပိုင်းနေ ဒေါ်ဌေးရီ(ခ)ဒေါ်ပွေလီ၊ (၆၇)နှစ်
ဖြစ်ပြီး ချောင်းအတွင်း၌ခါးကျိုး၊၀ဲပေါင်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၂၃၀ အချိန်ခန့်က အခင်းဖြစ်တံတားအနီး ရထားလမ်းဘေးရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီးနောက် နေအိမ်သို့
ပြန်ရန် ဂျိုးဖြူချောင်းရထားလမ်းကူးတံတားအမှတ်(၁၁၅)ပေါ်မှဖြတ်သန်း
သွားစဉ် တံတားအလယ်အရောက်၌ အနက်ပေ(၂၀)ခန့်ရှိ ရေခန်း
ခြောက်နေသော ဂျိုးဖြူချောင်း အတွင်းသို့ပြုတ်ကျသွားခဲ့ရာ ချောင်းအတွင်းရှိ
ကျောက်တုံးများနှင့် ထိခိုက်မိခဲ့သဖြင့် ဒဏ်ရာရသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍တိုက်ကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။


Yangon Police

လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် ပေါင်တစ်သန်းကျော် ဗြိတိန်ထောက်ပံ့



ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ အကူအညီအတွက် စတာလင်ပေါင် တစ်သန်းကျော်ကို ဗြိတိန်နိုင်ငံက ထောက်ပံ့ရန် သဘောတူလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းသို့ ထောက်ပံ့ရန်အတွက် ဧပြီလ ၃၀ ရက်နေ့က အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဗြိတိန်အစိုးရတို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ဗြိတိန်အစိုးရ နည်းပညာ အထောက်အကူ အဖွဲ့မှ အကြံပေးများနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ သင့်တင့်မျှတပြီး ပွင့်လင်းမြင်သာသော ပုဂ္ဂလိက မြှုပ်နှံမှုများ ပေါ်ထွက်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ သဘောတူညီချက်အရ ၂၀၁၅ အထိ စီမံခန့်ခွဲရေး အကူအညီများအတွက် စတာလင်ပေါင် ၁ ဒသမ ၀၂၆ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်သံရုံးမှ သိရသည်။

“မြန်မာအစိုးရကို ကူညီတဲ့အခါ လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုလည်း ရလာမယ်။ လူထုရဲ့ နေ့စဉ်ဘဝနဲ့ စီးပွားရေးမှာပါ အကျိုးသက်ရောက်မှု ကောင်းတွေ ဖြစ်လာစေမှာပါ” ဟု ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဌာန မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Gavin McGillvray က ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီး ရရှိနေပြီး လက်ရှိ အသုံးပြုနေသော မဟာဓာတ်အား လိုင်းများမှာလည်း အကြီးစား ပြုပြင်မှုများ လိုအပ်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စစ်တမ်းများတွင် ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီများက လွှဲပြောင်း လုပ်ကိုင်နေမှုများ ရှိပြီး ငါးနှစ်သက်တမ်း လုပ်ကိုင်ခွင့်အတွက် တစ်နှစ်လျှင် တစ်ကြိမ် စာချုပ်ချုပ်ဆိုရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly

ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဟာ မီဒီယာ ဥပဒေရဲ့ ဟာကွက်ကြောင့်လို့ ပြန်ကြားရေးဝန်ကြီးပြောဆို


သမ္မတလက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ မီဒီယာဥပဒေရဲ့ ဟာကွက်ဖြစ်နေတုန်းမှာ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်

သမ္မတလက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး နည်းဥပဒေတွေ မထွက်လာသေးတဲ့ မီဒီယာဥပဒေရဲ့ ဟာကွက်ကြောင့် သတင်းသမားတွေကို ဖမ်းဆီးထောင်ချအရေးယူတာတွေ ဖြစ်နေတာပါလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောပါတယ်။
“အဓိကတော့ ဒီလိုကိစ္စလေးတွေ ဖြစ်လာရတဲ့ တကယ့် အကြောင်းအရင်းကတော့ မီဒီယာဥပဒေ ဟာကွက်လေး ဖြစ်နေတဲ့အချိန်မှာ ဖြစ်သွားတာလေ။ အခု မီဒီယာဥပဒေတွေက နိုင်ငံတော် သမ္မတကြီး လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီထွက်ပေါ်လာတဲ့ ဥပဒေတွေကို ကျနော်တို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ဆက်လက်ပြီး ရေးဆွဲနေပါတယ်။ အဲဒါကို အမြန်ဆုံး လုပ်နေပါတယ်။”

ရန်ကုန်မြို့က ချက်ထရီယမ် ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောသွားတာပါ။ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကိုတော့ ၀န်ကြီးက အခုလို ဖြေကြားပါတယ်။

“ကျနော်တို့ ၀န်ကြီးဌာနအနေနဲ့ ဒါကို အရေးယူဆောင်ရွက်တာ မဖြစ်ပါဘူး။ နစ်နာတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အရ သူ့ရဲ့အခွင့်အရေးအရ တရားစွဲဆိုခြင်းသာလျှင် ဖြစ်ပါတယ်။ ဒီတရားစွဲဆို ခဲ့တာဟာလည်း သက်ဆိုင်ရာ တရားရုံးတွေက နည်းလမ်းတကျ စစ်ဆေး စီရင်ခဲ့မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်စဉ်ဖြစ်ရပ် ဖြစ်ပွားရတာဟာ သတင်းသမားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ် မဟုတ်ဘူး ဆိုတာ ကျနော် နားလည်ပါတယ်။”

မီဒီယာဥပဒေမှာ သတင်းစာဆရာတွေကို အကာအကွယ်ပေးဖို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားသလို သတင်းစာဆရာတွေအနေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဆီက သတင်းတွေ တောင်းဆိုပိုင်ခွင့် ရကြမယ်လို့လည်း ၀န်ကြီး ဦးအောင်ကြည်က သူ့ရဲ့ အဖွင့်အမှာစကားမှာ ပြောပါတယ်။


DVB Burmese

တံတားပေါ်တွင်ဂစ်တာတီးနေစဉ် ရန်ပြုကာ ဓါးဖြင့်ထိုးခံရ၍ ဒဏ်ရာရ



ရန်ကုန်၊ မေ ၃

၂.၅.၂၀၁၄ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်နေ ဦးဝင်းစိန်မှ ၎င်း၏သားဖြစ်သူ ကျော်ကိုကိုမှာ ဓါးထိုးခံရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့
ရောက်ရှိနေကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ သားဖြစ်သူ
တွင် ၀ဲချိုင်းအောက်၌ပေါက်ပြဲဒဏ်ရာ(၁)ချက်ရရှိကာ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေသည်ကိုတွေ့ရှိရကြောင်း၊ဖြစ်စဉ်
အားမေးမြန်းသည့်အခါ အခင်းဖြစ်ပွားချိန်က သားဖြစ်သူ ကျော်ကိုကိုမှာ သာကေတမြို့နယ်၊ ကမာကြည်တံတားလူသွားလမ်းပေါ်တွင် သူငယ်ချင်း
များနှင့်အတူ ဂစ်တာတီးနေကြောင်း၊ ၎င်းတို့အနီးတွင် မင်းပိုင်စိုးပါ(၃)ဦးမှာ အရက်သောက်နေကြကြောင်း၊ ခဏအကြာတွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်နေရဲထွေး ဆိုသူရောက်ရှိလာပြီး အရက်သောက်နေသူများနှင့် စကားများရန်ဖြစ်ရာ အရက်သောက်နေသူများမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုစဉ်ရဲထွေးမှ ကျော်ကိုကိုထံသို့ရောက်ရှိလာပြီး မင်းတို့လည်းပါတယ်
ဟုဆိုကာ ချွန်ထက်သောအရာဖြင့် ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည် ကိုသိရှိရကြောင်းနှင့် ယင်းကဲ့သို့ သားဖြစ်သူကိုဒဏ်ရာရရှိအောင်ပြုလုပ်သူ ရဲထွေးအား အရေးယူးပေးပါရန်တိုင်တန်း လာခဲ့ပါသည်။

တိုင်တန်းချက်အရ ရဲထွေးအားသာကေတနယ်မြေရဲစခန်း (ပ)၂၅၈/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

SEA Games တွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း လေးမျိုး ပါဝင်ခွင့်ရ




ရန်ကုန်၊ မေ ၂

စင်ကာပူနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း လေးမျိုး ပါဝင်ခွင့်ရခဲ့ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၊ အတွင်းရေးမှူး-၂ ဦးကိုကိုအောင်က ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ပဏာမ ထုတ်ပြန်ထားသည့် စာရင်းတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း နှစ်မျိုးသာ ပါဝင်ခွင့်ရပြီး မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် အနေနှင့် ပြိုင်ပွဲအမျိုးအစား လေးမျိုး ပါဝင်နိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အောက်ရှိ အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးပြည့်စုံမြင့်တို့သည် စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် အားကစား ဝန်ကြီးအဆင့် နောက်ဆုံးအကြိမ် အစည်းအဝေးတွင် ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဦးကိုကိုအောင်က ဆိုသည်။

ပါဝင်ခွင့် ရခဲ့သော ပြိုင်ပွဲများမှာ အမျိုးသားပြိုင်ပွဲများ ဖြစ်ပြီး မျိုးကွဲပြိုင်ပွဲ မူလအဆင့်နှင့် ဒုတိယအဆင့်၊ မျိုးတူပြိုင်ပွဲ မူလအဆင့်၊ အတွဲပြိုင်ပွဲ မူလအဆင့်တို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို အာရှအဆင့်မှ နိုင်ငံတကာ အဆင့်ထိ ရောက်အောင် ကြိုးပမ်း လုပ်ဆောင်နေပါတယ်” ဟု အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က ဆက်လက် ပြောဆိုသည်။

၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပမည် (၂၉) ကြိမ်မြောက် SEA Games တွင်လည်း မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း ပါဝင်ရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

စင်ကာပူ အိုလံပစ် ကော်မတီက ဧပြီလ ၃၀ ရက်နေ့က အားကစား ဝန်ကြီးအဆင့် နောက်ဆုံးအကြိမ် အစည်းအဝေး အပြီးတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း အပါအဝင် အားကစားနည်း ၃၆ နည်းကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

The Voice Weekly

အငှားယာဉ်မောင်းနှင့် အတူပါအမျိုးသားတို့က ခရီးသည်ထံမှ ရွှေဆွဲကြိုးနှင့် ပစ္စည်းများကိုလုယက်မှုဖြစ်ပွား



ရန်ကုန်၊ မေ ၃

လှိုင်သာယာမြို့နယ်နေ ကိုကျော်မင်းထက်မှ ၎င်းသည် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ ၂.၅. ၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ရောက်ရှိခဲ့ကြောင်း၊
နေအိမ်သို့သွားရန်အတွက် အဝေးပြေးဝင်းရှိ ZEE တံဆိပ်စတေကာများ ကပ်ထားသော AA-1488 အနီရောင်အငှားယာဉ်ကို ငှားစီးပြီး ထွက်ခွာလာ
ခဲ့ကြောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲကျော်ကာ ဘောလုံးကွင်း အနီးအရောက် ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသားတို့
မှတံခါးများကိုမှန်တင်၍အလုံပိတ်ပြီး အဲယားကွန်းဖွင့်သဖြင့် မသင်္ကာ၍
ကြည့်စဉ် ယာဉ်ပေါ်လိုက်ပါ လာသူအမျိုးသားမှ ၎င်းကိုဓါးဖြင့်ထိုးခဲ့ကြောင်း၊
ထိုသို့ဓါးဖြင့်ထိုးသဖြင့် ၎င်းမှ ဓါးအားလုယူနေစဉ် ယာဉ်မောင်းမှလည်း
သားရေအနက်ရောင်ပတ်ထားသည့် တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း၊ထိုသို့
လုံးထွေးသတ်ပုတ်နေပြီး ၎င်းမှယာဉ်၏ယာဘက်တံခါးမှန်အားတံတောင်ဖြင့်
ထုခွဲ၍ခုန်ချဆင်းမည်ပြုစဉ်၎င်း၏လည်ပင်းတွင်ဆွဲထားသောအလေးချိန်
(၁)ကျပ်သားခန့်ရှိရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုးငွေကျပ် (၇၁၀၀၀၀)ခန့်နှင့်
ကျောပိုးအိတ်အတွင်းထည့်ထားသောအ၀တ်များနှင့်ဖုန်းအားသွင်းစက်တို့
အား လုယူသွားခဲ့ကြောင်း၊ ရွှေပြည်သာမြို့နယ် ဇီးကုန်ကျေးရွာ ဘုန်းကြီး
ကျောင်း မှတ်တိုင်အရောက်တွင် ၎င်းမှခုန်ဆင်းကျန်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွား
ခဲ့သည့်အတွက် ၎င်းတွင် ၀ဲ၊ ယာလက်မတို့၌ပြတ်ရှဒဏ်ရာ၊ ၀ဲပါးပေါက်ပြဲ
ဒဏ်ရာ၊ ၀ဲလက်ခလယ်၊ လက်ခုံတို့၌ပြတ်ရှဒဏ်ရာတို့ရရှိခဲ့၍ ရွှေပြည်သာ
ဆေးရုံတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ ရကြောင်းနှင့် ယင်းကဲ့သို့ကျူးလွန်ကြ
သူများကို အရေးယူပေးပါရန် တိုင်တန်းခဲ့လာပါသည်။

တိုင်တန်းချက်အရ ရွှေပြည်သာမြို့မရဲစခန်း (ပ)၃၀၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူး လွန်းသူများဖြစ်သည့် အငှားယာဉ်မောင်း
နှင့် အတူပါသူအမျိုးသားတို့ကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လားရှိုးမြို့အတွင်းက လူနေရပ်ကွက်တစ်ချို့ရဲ့ လမ်းကျိုလမ်းကြားတွေထဲမှာ မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ဖြန့်ဖြူးရောင်း ချသုံးစွဲနေ (ရုပ်သံ)

လားရှိုးမြို့အတွင်းက လူနေရပ်ကွက်တစ်ချို့ရဲ့ လမ်းကျိုလမ်းကြားတွေထဲမှာ မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ဖြန့်ဖြူးရောင်း ချသုံးစွဲနေကြလို့ တာဝန်ရှိသူ တွေအနေနဲ့ထိထိရောက်ရောက်တိုက်ဖျက်ပေးဖို့ ဒေသခံတွေကလိုလားနေကြပါတယ်။ ခွန်ဇော်ဦးပေးပို့ထားပါတယ်။

DVB TV News






အင်ဂျင်ပါဝါ ၁၃၀၀ နှင့် ၁၅၀၀ စီစီကားများ နယ်အဝယ်လိုက်နေ


ဖြိုးဝေလင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ အခွန်ကောက်ခံမှုနှုန်းထားများ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းတွင် ရန်ကုန်ကားဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ နှင့် ၁၅၀၀ စီစီကားများ နယ်အဝယ်လိုက်နေသည်ဟု မင်းရဲကျော်စွာ ကားဝယ်ရောင်းစခန်းမှ ကားဝယ်၊ ရောင်းလုပ်ကိုင်သူ ဦးသိန်းထွန်းက မဇ္ဈိမကိုပြောသည်။

“အခုနောက်ပိုင်း အင်ဂျင်ပါဝါ ၁၃၀၀ နဲ့ ၁၅၀၀ ကားဈေးတွေကလည်း ကျလာတော့ နယ်သမားတွေ အဝယ်လိုက်တယ်။ သူတို့က ဟိုမှာ သိန်း ၁၀၀ လောက်နဲ့ ရောင်းပြီး ဒီမှာ ၈၅ လောက်နဲ့ ပြန်လာဝယ်ကြတာ။ အများစုကတော့ ခိုင်းဖို့အတွက်ပဲ ဝယ်ကြတာ” ဟု ၎င်းကဆိုသည်။

လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်မြို့များမှ အဝယ်လိုက်နေပြီး တစ်ရက်လျှင် PRO BOX နှင့် NISSAN AD Van ကားအစီး ရေ ၁၀ စီးမှ ၁၅ စီးအထိအရောင်းအဝယ်ဖြစ်နေသည်ဟု ဦးသိန်းထွန်းက ဆက်လက်ရှင်းပြသည်။

အထက်ပါ ကားများအဝယ်လိုက်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်ပြီး နံပါတ်ထွက်ပြီးသား NISSAN AD Van တစ်စီးလျှင် ကျပ် ၆၇၊ ၆၈ သိန်း၊ PRO BOX တစ်စီးလျှင်ကျပ် ၇၅ သိန်း ခန့်သာရှိကြောင်း ၎င်းကပြောသည်။

လက်ရှိကားဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလာသော အင်ဂျင်ပါဝါ ၁၃၀၀ နှင့် ၁၅၀၀ စီစီကားများသာ အဝယ်လိုက်နေပြီး အင်ဂျင်ပါဝါ ၁၈၀၀ စီစီကားများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိသဖြင့် အဝယ်အေးနေကြောင်း၊ ယခုအရောင်းသွက်နေသော ကားများမှာလည်း မေလဒုတိယပတ်ခန့်တွင် အရောင်းအဝယ်ပြန်အေးနိုင်သည်ဟု သီရိမင်္ဂလာဈေးဟောင်း ကားဝယ်/ရောင်းစခန်းမှ လုပ်သက်ရင့်ကားဝယ်/ရောင်း လုပ်ကိုင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

“အင်ဂျင်ပါဝါကြီးတဲ့ ကားတွေက ဈေးမကျတော့ သိပ်မရောင်းရဘူး။ အခုရောင်းနေရတဲ့ ကားတွေကလည်း နောက်တစ်ပတ်လောက်ဆို အဝယ်ပြန်ကျလာနိုင်တယ်။ အခုတောင်ကားအစီး သုံး လေးဆယ်လောက် ရောင်းထွက်သွားပြီဆိုတော့ နောက်တစ်ပတ်လောက်ဆို ဈေးကွက်ပြန်ငြိမ် နိုင်တယ်”ဟု ၎င်းကဆိုသည်။

Mizzima Burmese

ဂျပန်ကားများ ကျပ်သိန်း ၇ဝ ဝန်းကျင်ဖြင့် ဝန်ကြီးဌာနတံဆိပ်တပ်ရောင်းရန် သေချာပြီ


ဝန်ကြီးဌာနတံဆိပ်ဖြင့်ရောင်းမည့် သိန်း ၇ဝ ဝန်းကျင်ခန့်ရှိကားမှာ ဂျပန်ကားများဖြစ်သည်ဟု စက်မှုဝန်ကြီးဌာနမှ သိရသည်။” ကုမ္ပဏီတွေလာပြတဲ့ကား အမျိုးအစားနှစ်မျိုး ထဲက တစ်မျိုးကိုရွေးလိုက်တာပါ။ တရုတ်ကတော့ ကွာလတီအပြင် ဈေးပါကြီးတဲ့အတွက် ဂျပန်ကား ကိုပဲ ရွေးဖြစ်တာပါ”ဟု စက်မှုဝန်ကြီးဌာနမှ အရာရှိ တစ် ဦးက ပြောသည်။
အဆိုပါ ဂျပန်ကားများကိုလာမည့်ဇွန်နှင့်ဇူလိုင်လအတွင်း ထုတ်လုပ်ရောင်း ချရန် မျှော်မှန်းထားကြောင်း၊ မကြာခင်ကာလတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း ထုတ်လုပ် မည့် ဂျပန် ကားကုမ္ပဏီကို စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ”နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်နိုင်ဖို့ စီးပွားရေးကော်မတီရုံးကို စာတင်ထားပါတယ်။ ခွင့်ပြု ချက်ကျတာနဲ့ ချက် ချင်း လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
ကားများထုတ်လုပ်သည့်အပိုင်းတွင် ဝန်ကြီးဌာနအနေဖြင့် စက်အင်ဂျင်ပိုင်းများကို တာဝန်ယူသွားမည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီအနေဖြင့် ကားဘော်ဒီနှင့် အခြားလိုအပ် သည် များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်အင်ဂျင်ပိုင်းကို လုပ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ ဂျပန်အမျိုးအစား ကားဖြစ်သော်လည်း ဝန်ကြီးဌာန အနေဖြင့် ကျပ်သိန်း ၇ဝ ဝန်းကျင်ခန့် ရောင်းနိုင်အောင် အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီမှ လာရောက်ပြသသည့် ကားသုံး မျိုးအနက်မှ တစ်မျိုးကို ရွေးချယ်ထုတ်လုပ်ရောင်း ပေးသွားမည်ဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းထုတ် လုပ်ရောင်းချသော်လည်း ဝန်ကြီးဌာနမှ တာဝန်ယူလုပ်ကိုင် သည့်အတွက် ဝန်ကြီးဌာနတံဆိပ်ဖြင့်သာ ရောင်းမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ထပ်မံအတည်ပြု ပြောသည်။စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာမီနီမော်တော်ကားများကို ဝန်ကြီးဌာနတံဆိပ်ဖြင့် ရောင်းချခဲ့ဖူးပြီး လက်ကျန်ကားမရှိအောင် ဈေးကွက်တွင် ရောင်းပေးနိုင်ခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

အောင်ဇော်
Popular Journal

ကမ္ဘာ့ဖလားအတွက် အရူးအမူး ပြင်ဆင်နေသည့် ဆက်ဂ်ညာ၏ ဇနီးသည်


ပြင်သစ် လက်ရွေးစင် ဘောလုံးသမား ဘာကလေဆက်ဂ်ညာ၏
ဇနီးဖြစ်သူကမူ ခင်ပွန်းသည်ထက်ပင် ကမ္ဘာ့ဖလားနှင့် ပတ်သက်၍ မျှော်လင့်ချက် ပြင်းပြနေဟန် ရှိသည်။


မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း ခရီးသည်တင်မှန်လုံကားတစ်စီး မီးလောင်


သတင်း ၊ ကိုတိုးကြိး
ကနီ၊ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း ၅၂ မိုင်နေရာ တွင် ယခုလ ၂ ရက်နေ့ ညနေပိုင်းက မုံရွာ - ကလေးမြို့သွား ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ခဲ့ ကြောင်း ကနီမြို့မရဲစခန်းမှ သိရသည်။
“ ကားပေါ်မှာ ဆိုင်ကယ်တင်လာတယ်..။ အဲ့ဒီဆိုင်ကယ်က ဓာတ်ဆီတွေယိုစိမ့်ပြီး ကားနောက်ပိုင်းက ဂျင်အင်ပေါ်ကိုကျတယ်..။ တောင်ပေါ်လမ်းဖြစ်တာကြောင့် အင်ဂျင်အပူရှိန်နဲ့ ဆိုတော့ မီးကူးဆက်လောင် သွားတာမျိုးဖြစ်ပါတယ်…” ဟု ကနီမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်အောင်မှ ပြောပြသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင်မှန်လုံကားမှာ မုံရွာမှ - ကလေးမြို့သို့ ပြေးဆွဲလျက်ရှိသော အောင်ကမ္ဘာကားအသင်းမှဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် ၂၅ ပါရှိကြောင်း ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
“ တောင်ပေါ်မှာဆိုတော့ မီးငြိမ်းစရာ ရေလည်းမရှိဘူး..။ ဒီအတိုင်းဘဲကြည့်နေလိုကရတာပါ..။ ကားက တော့ အရိုးအတိုင်းဘဲကျန်တော့တယ်..။ ခရီးသည်အားလုံးကတော့ ဘေးလွတ်ခဲ့ပါတယ်…” ဟု ယာကြီး ကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ ပြောပြသည်။
အဆိုပါ ခရီးသည်တင်ကား မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိ ခြင်းမရှိသော်လည်း ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဘိုးအား အ သေးစိတ်တွက်ချက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

ယူကရိန်းနိုင်ငံတွင် ရုရှားထောက်ခံသူနဲ့ ဆန့်ကျင်သူကြား ပဋိပက္ခဖြစ်၊ လူ ၄၃ ဦး သေဆုံး


ယူကရိန်းတောင်ပိုင်း အိုဒစ်စာမြို့မှာ မေလ ၂ ရက်နေ့က အလုပ်သမားသမဂ္ဂရုံး မီးတင်ရှို့ခံရမှုနဲ့ ရုရှားထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား တိုက်ခိုက်မှုတွေကြောင့် လူ ၄၃ ဦးသေဆုံးခဲ့တယ်လို့ ကီယက်မြို့အခြေစိုက် အင်တာဖက်စ် ယူကရိန်း သတင်းဌာနက ဆိုပါတယ်။ သေဆုံးသူ ၄၀ ကျော်ထဲက အနည်းဆုံး ၃၁ ဦးဟာ အလုပ်သမားသမဂ္ဂရုံး မီးလောင်မှုအတွင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိုဒစ်စာ ရဲဌာနက ဆိုပါတယ်။

မီးလောင်နေတဲ့ အလုပ်သမားသမဂ္ဂရုံးအတွင်း ပိမိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ မီးသတ်သမား တွေ မီးငြိမ်းသတ်မှုမှာ ကူညီဖို့ နှစ်ဖက်ညီညွတ်ရေးမြို့ခံတွေက ကြိုးစားခဲ့ကြပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာ အငြိမ်မသက်ဖြစ်နေတာကနေ ယူကရိန်းတောင်ပိုင်းကို ကူးစက်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာတော့ ဆလားမီးရန့်မြို့ တိုက်ပွဲတွေအတွင်း ယူကရိန်းစစ်ဖက်ရဟတ်ယာဉ် နှစ်စီးကို ရုရှားလိုလားသူတွေက ပစ်ချခဲ့ပါတယ်။ ရဟတ်ယာဉ်ပစ်ချခံရမှုမှာ ရဟတ်ယာဉ်ပိုင်းလော့ ၂ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုပြောဆိုပါတယ်။

အိုဒစ်စာမြို့တွင်းတိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး ယူကရိန်းတပ်သားနှစ်ဦး မေလ ၂ ရက်နေ့ညနေက သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောဆိုပါတယ်။

ယူကရိန်းခွဲထွက်ရေးတွေက ဆလားမီးရန့်မြို့တိုက်ပွဲတွေအတွင်း သူတို့တပ်ဖွဲ့ဝင် ၃ ဦး နဲ့ အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။ အိုဒစ်စာမြို့ဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံကသိမ်းပိုက်ခဲ့တဲ့ ခရိုင်မီယာရဲ့ အနောက်ဖက် သိပ်မဝေးပါဘူး။ အိုဒစ်စာမြို့မှာ အရင်ကလည်း ဆန့်ကျင်ဖက်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် အခုလို ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ယူကရိန်းအရေးမှာ ရုရှားနောက်ကွယ်ကနေ ပါနေတယ်ဆိုပြီး အမေရိကန်နဲ့ အီးယူတို့က စီးပွားရေးပိတ်ပင်မှုတချို့လုပ်ပေမယ့် ထိရောက်မှုတော့ သိပ်မရှိလှပါဘူး။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကလ်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့က မေလ ၂၅ ရက်နေ့မှာ ကျင်းပတော့မယ့် ယူကရိန်းသမ္မတ ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဖျက်လိုဖက်ဆီး၊ ၀င်ရောက်နှောင့်ယှက်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

DVB Burmese 

လက်ပံတောင်းတောင် လယ်တီသိမ် ရွှေ့ပြောင်းခြင်းအပေါ် ဒေသခံများနှင့် သံဃာအချို့ ဆက်ဆံရေး ရုံးထံမှ ဖြေရှင်းချက်တောင်း


မုံရွာ၊ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ဒေသ၌ ဧပြီလ နောက်ဆုံးပတ်အတွင်း ပြောင်းရွှေ့နေပြီ ဖြစ်သော လယ်တီသိမ်အား ရွှေ့ပြောင်းမှုတွင် တာဝန်ရှိသူများအနေနှင့် ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ် ဖြေရှင်းချက်ပေးရန် မေလ ၁ ရက်နေ့ ညနေပိုင်းက ဆည်တည်းရွာနှင့် တုံရွာတို့မှ ဒေသခံ လူအင်အား တစ်ရာခန့်နှင့် သံဃာအချို့သည် ဆည်တည်း-ဇီးတော ရွာသစ်ရှိ ဆက်ဆံရေးရုံးသို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်ဆံရေးရုံးသို့ သွားရောက်ခဲ့သော်လည်း ရုံးပိတ်ထားပြီး လူမရှိ၍ ဒေသခံများအနေနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရခြင်း မရှိကြောင်း တွေ့ဆုံရန် သွားရောက်ရာတွင် ပါဝင်သည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

ဒေသခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် လက်ပံတောင်းတောင် စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ ဆက်ဆံရေးရုံးကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ဆည်တည်း-ဇီးတော ရွာသစ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“အစီရင်ခံစာမှာ ပါတဲ့အတိုင်း ဆောင်ရွက်ပါမယ်လို့ ဖော်ဆောင်ရေး ကော်မတီအနေနဲ့ ကတိပေးခဲ့တာတွေ ရှိပါတယ်။ လယ်တီသိမ် ရွှေ့တဲ့နေရာမှာလည်း လက်ပံတောင်း ဒေသခံတွေနဲ့ အများပြည်သူ သိရှိအောင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပါ့မယ်လို့ ကတိပေးခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အခုတော့ ရွှေ့ပြီးမှ သိရတယ်။ ဒါကြောင့် ဖြေရှင်းချက် လာတောင်းတာပါ” ဟု ဆည်တည်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင်ကြားရှိ လယ်တီသိမ် ရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဧပြီလကုန်ပိုင်းက စတင်ခဲ့ရာ လက်ရှိတွင် စေတီတော်နှင့် သိမ်တော်မှာ မူလနေရာတွင် မရှိတော့ဘဲ ယင်းနေရာမှ မြေများကို မြေကော်ယာဉ်ကြီးများဖြင့် သယ်ဆောင်နေသည့် အဆင့်သို့ ရောက်ရှိနေပြီး မည်သို့ ရွှေ့ပြောင်းမည် ဆိုသည့် အစီအစဉ်များကိုလည်း မသိရှိခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

လယ်တီသိမ် ရွှေ့ခြင်းလုပ်ငန်းများကို နေ့၊ ည ဆောင်ရွက်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် သာသနာရေး ဝန်ကြီးက ပြောဆိုခဲ့သော်လည်း သိမ်ပြောင်းရွှေ့ခြင်းကို ညပိုင်းမှသာ ပြုလုပ်သည်ဟု ဒေသခံအများစုက ဆိုသည်။

မတ်လ ၃၀ ရက် နံနက်ပိုင်းနှင့် ညပိုင်း အချိန်များတွင် လက်ပံတောင်းတောင် ဒေသရှိ သံဃာအများစု ပါဝင်သော သံဃာ ၂၇ ပါးဖြင့် လယ်တီသိမ် နုတ်ခြင်းကို ပြုလုပ်ခဲ့ပြီး ဧပြီ နောက်ဆုံးပတ်မှ စ၍ ပြောင်းရွှေ့ခြင်း ဖြစ်သည်။

The Voice Weekly

Samsung ကုမ္ပဏီမှ Apple ကုမ္ပဏီသို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန် တရားရုံး စီရင်ချက်ချ



မေ ၃။

မူပိုင်ခွင့် နှစ်ခုအားချိုးဖောက်မှုဖြင့် Samsung သည် Apple သို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန်အတွက် အမေရိကန်
တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။

ကာလီဖိုးနီးယား ဂျူရီမှ နည်းပညာ ကုမ္ပဏီကြီး နှစ်ခုပါဝင် ပတ်သက်နေသည့် နောက်ဆုံး တရားစီရင်မှုများနှင့် ပတ်သက်ပြီး ၎င်းစီရင်ချက်ကို
ဆန်ဂျိုဆေးရှိ ဗဟိုတရားရုံးသို့ သောကြာနေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

လနှင့်ချီ ကြာမြင့်ခဲ့သော တရားစွဲဆိုမှုတွင် Apple မှ ရရှိထားသော စမတ်ဖုန်း အင်္ဂါရပ်အချို့၏ မူပိုင်ခွင့်ကို Samsung မှ ဖောက်ဖျက်နေကြောင်း စွပ်စွဲ
ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ၎င်းရုံးမှပင် Apple သည် Samsung ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး နစ်နာကြေးအတွက် အမေရိကန်ဒေါ်လာ
၁၅၈၀၀၀ ကို ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။

Apple ကုမ္ပဏီသည် “Slight to Unlock” စသည့် လုပ်ဆောင်မှုမျိုး ပါဝင်သော ၎င်း၏ မူပိုင်ခွင့် ၅ ခုအား Samsung မှ ဖောက်ဖျက်ခြင်းအတွက် နစ်နာကြေး
အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံကို တောင်းဆိုထားခဲ့သည်။ မည်ကဲ့သို့မျှ မှားယွင်းလုပ်ဆောင်မှုမျိုး မရှိခဲ့ကြောင်း Samsung မှ ငြင်းပယ်ထားပြီး ၎င်းမူပိုင်ခွင့်
ရရှိထားသည့် ကင်မရာ အသုံးပြုမှု၊ ဗွီဒီယို ထုတ်လွှင့်မှုများနှင့် ဆက်နွယ်၍ Apple မှ ချိုးဖောက်ခဲ့ကြောင်း ပြန်လည် စွပ်စွဲထားပြီး နစ်နာကြေး အမေရိကန်
ဒေါ်လာ ၆ မီလျံကို တောင်းဆိုထားသည်။

“ ပုံမှန် စံနှုန်းတွေအရဆိုရင် စီရင်ချက် ပမာဏဟာ များပြားလွန်းပေမဲ့လည်း ဒီရလဒ်ဟာ Apple ရဲ့ အောင်မြင်မှုလို့တော့ ပြောဖို့ ခက်ပါတယ် ” ဟု Samsung
ပေးဆောင်ရမည့် လျော်ကြေးနှင့် ပတ်သက်ပြီး စန်တာကလဲရာ တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ ဘရိုင်ယန်လဗ်မှ ပြောဆိုခဲ့သည်။ ၎င်းပမာဏသည် Apple မှ
တောင်းဆိုထားသည့် နစ်နာကြေး၏ ၁၀ ရာခိုင်နှုန်းအောက်ပင် လျော့နည်းပြီး တရားစွဲဆိုမှု ကုန်ကျစရိတ် ပမာဏကိုပင် ကျော်ဖြတ်ရန် မလွယ်ကူကြောင်းလည်း
ပြောဆိုသွားခဲ့သည်။

Apple ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့သည် နိုင်ငံပေါင်းများစွာတွင် မူပိုင်ခွင့်များနှင့် ပတ်သက်ပြီး နှစ်အနည်းငယ်ခန့်ကတည်းက အပြန်အလှန် တရားစွဲဆို
မှုများကို ပြုလုပ်လျက် ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကလည်း Samsung မှ Apple သို့ နည်းပညာ အသုံးပြုမှု နစ်နာကြေး အမေရိကန်ဒေါ်လာ ၉၃၀ မီလျံကို
ပေးဆောင်ရန် သီးခြား တရားရုံးမှ ချမှတ်ခဲ့သေးသည်။ ၎င်းစီရင်ချက်အား Samsung မှ ယနေ့ထက်တိုင် ဆက်လက် တိုက်ခိုက်လျက် ရှိသည်။

Ref: BBC

The Myanma Age

မိကရင်ရွာအနီးက ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်


ဓာတ်ပုံ – KIC

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်ကို Myanmar Jidong Cement ကုမ္ပဏီက ၁ ရက် တန် ၅ ထောင် ထုတ်လုပ်နိုင်မယ် ဘိလပ်မြေတည်ဆောက်ဖို့ ဒေသခံတွေက သဘောတူညီလိုက်ပြီလို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။



မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်မှာ ၁ ရက်ကို ဘိလပ်မြေ တန် ၅ ထောင် ထုတ်လုပ်နိုင်မယ့် ဘိတ်လပ်မြေ စက်ရုံတည်ဆောက်ဖို့ ဒေသခံတွေရဲ့ သဘောတူညီမှု ရရှိပြီဖြစ်ပြီး ပြည်နယ်နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) ဆီက ခွင်ပြုချက်ကျရင် စက်ရုံကို တည်ဆောက်မယ်လို့ Myanmar Jidong Cement ကုမ္ပဏီလီမိတက် ရဲ့ ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ပြောပါတယ်။
“ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားအားလုံး ရပြီ။ ရပြီဆိုတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို သဘောထားတင်ပြထားတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့နေက သဘောတူညီကြောင်း သဘောထားရပြီဆိုရင် MIC ကို ဆက်တင်မယ်။ MIC က ခွင့်ပြုပြီးတာနဲ့ စက်ရုံတည်ဆောက်မှာပါ။ ”

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ကုမ္ပဏီ၊ ကရင်ပြည်နယ်ဝန်ကြီးတွေ၊ ကေအန်ယူတပ်မဟာ ၁ တာဝန်ရှိသူတွေနဲ့ ဒေသခံရွာသားတွေ တွေ့ဆုံတုန်းက ဒေသခံအများစုက စက်ရုံကို လက် မခံကြပါဘူး။
ဒါပေမယ့် လက်ရှိမှာ ဒေသခံတွေက သဘောတူတယ်ဆိုတဲ့ပေါ် မေးမြန်းရာမှာတော့ အဲဒီနေ့က ဘေးက ပရောဂတွေလည်း ရှိတဲ့အတွက် အတည်ပြုလို့မရဘူးကြောင်း ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဘိလပ်မြေ ထုပ်လုပ်မယ့် တောင်ဟာ ဒေသခံတွေ အသက်မွေးဝမ်း ကျောင်းပြုတဲ့ တောင်မဟုတ်ဘူးလို့ ဦးစိုင်းမျိုးဝင်းက ပြောပါတယ်။
“အစောပိုင်းကလည်း ရယူထားပြီးပြီ။ ၂၈ ရက်နေ့ကတော့ ဘေးက ပယောဂတွေလည်း ပါတာပေါ့နော်။ ၂၈ ရက်နေ့က အခြေအနေကိုတော့ အတည်ယူလို့ မရပါဘူး။ အဲဒီတောင်မှာတော့ အသက်မွေးဝမ်းကြောင်း ပြုတာတော့ မရှိဘူး။ အဲဒီတောင်က အရမ်း မတ်စောက်တယ်။ အရမ်းမတ်စောက်တော့ လူကလည်း တက်လို့မရဘူး။ နောက် ဘာအပင်မှလည်း မပေါက်ဘူး။ အဲဒီနေ့က ရေးပေးတဲ့သူကလည်း ဒီဒေသ ဒီတောင်ရဲ့ အခြေအနေကို မသိဘူးနဲ့တူပါတယ်။ မျှစ်ချိုးတာတို့၊ ၀ါးခုတ်တာတို့ လျှောက်ပြောနေတယ်။ တကယ်တော့ ဒီတောင်မှာ ဘာမှ မရှိပါဘူး။”

မိကရင်တောင်ရွာအနီး ဘိလပ်မြေတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လက မြန်မာပြည်တွင်းအခြေစိုက် Myanmar Ji Dong Cenment ကုမ္ပဏီနဲ့ ကရင်အမျိုးသားအ စည်းအရုံး (ကေအန်ယူ) သထုံခရိုင်၊ တပ်မဟာ ၁ တို့ ပဏာမ သဘောတူညီခဲ့ပါတယ်။

ကုမ္ပဏီဘက်ကတော့ စက်ရုံတည်ဆောက်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင်နဲ့ ဒေသခံတွေနစ်နာမှုမရှိအောင် အနီးတဝိုက် ကျေးရွာတွေကို ရေ၊ မီး၊ ပညာ ရေးစတဲ့ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးသွားမှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်အောင်လည်း လုပ်ဆောင်ပေမယ်လို့ ကတိပြုထားပါတယ်။


DVB Burmese

အာဖဂန်နစ္စတန်နိုင်ငံတွင် တောင်ပြို၊ လူ ၁၀၀ ကျော် သေဆုံး


အာဖဂန်နစ္စတန်မြောက်ပိုင်း တောင်ထူထပ်ပြီး သွားလာရခက်ခဲတဲ့ ဘာသာကရှန် Badakhshan ပြည်နယ်တခုမှာ မေ ၂ ရက်နေ့မနက်က တောင်ပြိုကျပြီး လူရာကျော်သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

တပတ်ကြာ မိုးအသည်းအသန် ရွာခဲ့တာကြောင့် မြေပျော့ပြီး အခုလို တောင်ပြိုကျခဲ့တာ ဖြစ်တယ်လို့ ပြောဆိုပြီး ရွာသားတွေဟာ ကိုယ်ပိုင်ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ပဲ ရွံ့တွေ၊ ကျောက်တွေ အောက်ပိနေသူတွေကို ရှာဖွေနေကြရတယ်လို့ အာဏာပိုင်တွေက ဆိုကြပါတယ်။

Afganistan မြေအောက်ပိနေတဲ့လူတွေကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ အာဏာပိုင်တွေက ဆိုကြပါတယ်။ ဘာသာကရှန်ပြည်နယ် ရဲမင်းကြီးက တောင်ပြိမှုကြောင့် ထိခိုက်သူပြည်သူတွေကို ထောက်ပံ့ကူညီကြဖို့ အာဖဂန်ဒေသခံတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အာဖဂန်အစိုးရက အကူအညီတောင်းခံခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ကြိုးစားကြပေမယ့် တပတ်ကြာ မိုးရွားသွန်းထား တာကြောင့် သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသဖြစ်နေလို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ကဘူလ်းမြို့တော်က ကုလသမဂ္ဂရုံးကတော့ တောင်ပြိုမှုဖြစ်ပွားတဲ့ဒေသအထိ လမ်းကြောင်းက ပွင့်နေပေမယ့် ကယ်ဆယ်ရေးယာဉ်တန်းတွေ၊ ၀န်ချီစက်တွေ သွားဖို့ကတော့ အဆင်မပြေဘူးလို့ ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းကူညီထောက်ပံ့ရေးရုံးကတော့ သေဆုံးသူဦးရေ ၃၅၀ လို့ ဆို ထားပြီး အပျက်အစီးနဲ့ ထိခိုက်သေဆုံးစာရင်းအတိအကျကို သိနိုင်ဖို့ အချိန်ယူရအုံးမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၁၀၀ ကျော်ကိုလည်း ဆေးကုသမှုတွေပေးနေတယ်လို့ ဘာသာကရှန် ဒုရဲမှူးကြီးက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ နေတိုးတပ်တွေ တောင်ပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ဖို့ အာဖဂန်အာဏာပိုင်တွေနဲ့ ညိနှိုင်းနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။

DVB Burmese

ရုရှားလိုလားသူ လက်နက်ကိုင်တွေ ယူကရိန်း စစ်ဖက်ရဟတ်ယာဉ်တစီးကို ပစ်ချ၊ ၁ ဦးသေဆုံး


ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဆလားဗီယန့်မြို့ (Slaviansk) မှာ ရုရှားလိုလားသူလက်နက်ကိုင်တွေက ယူကရိန်း စစ်ဖက်ရဟတ်ယာဉ်တစီးကို မေလ ၂ ရက်နေ့က ပစ်ချခဲ့ကြပါတယ်။

ဓာတ်ပုံ – ရိုက်တာ

မေလ ၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၄ နာရီခွဲမှာ ယူကရိန်းခွဲထွက်သူတွေ အခိုင်အမာ သိမ်းပိုက်ထားတဲ့ ဆလားဗီယန့်မြို့ကို ယူကရိန်းလေတပ်က စစ်ဆင်ရေးစတင်ခဲ့ပြီး ရုရှား လိုလားသူတွေရဲ့ လုံခြုံရေးဂိတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း စစ်ဖက်ရဟတ်ယာဉ် ပစ်ချခံရမှုကို ယူကရိန်းပြည်ထဲရေးဝန်ကြီး အာဆင် အေဗာကောဗ့် ကလည်း အတည်ပြုခဲ့ပြီး ရဟတ်ယာဉ်ပိုင်လော့တဦး သေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။
ယူကရိန်းခွဲထွက်ရေးတွေက အဆင့်မြင့်လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပေါ့စား လေယာဉ်ပစ်ဒုံးကျည်ထိမှန်ခဲ့လို့ ရဟတ်ယာဉ်ပျက်ကျခဲ့တာလို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးက ဆက်ပြောခဲ့ပါတယ်။ အခြားစစ်သားတွေလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားလိုလားသူ ဆလားဗီယန့်မြို့ဝန်က ရဟတ်ယာဉ်နှစ်စီးပစ်ချခံခဲ့ရပြီး ပိုင်းလော့တဦးကို ဖမ်းဆီးရမိထားတယ်လို့ ပြောဆိုခဲ့ပေမယ့် အတည်မပြုနိုင်သေးပါဘူး။ ယူကရိန်းအရှေ့ပိုင်းကို ယူကရိန်းစစ်တပ်က အင်အားသုံးလာရင်တော့ ဆိုးဝါးတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့က သတိပေးခဲ့ပါတယ်။

ယူကရိန်းယာယီသမ္မတ အလက်ဆန်ဒါ တာချီနောဖ့်က ရုရှားတပ်တွေ ကျူးကျော်လာနိုင်တဲ့ အတွက် ယူကရိန်းစစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားတယ်လို့ ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ ရုရှားနိုင်ငံက တပ်အင်အား ၄ သောင်းလောက်တပ်ချထားပါတယ်။

DVB Burmese

ပါဝါအဖွင့်အပိတ် ချို့ယွင်းနေတဲ့ iPhone 5 တွေကို Apple ပြန်လဲပေးမယ်




iPhone 5 တွေကို ပြန်လဲပေးမယ့် ရှားပါးအစီအစဉ်တစ်ရပ်ကို iPhoneက အစပျိုးနေပါပြီ။ တချို့သော iPhone 5 တွေရဲ့ ပါဝါခလုတ် ချို့ယွင်းမှုရှိနေတဲ့အတွက် ကောင်းကောင်း အလုပ်မလုပ်တဲ့ iPhone 5 တွေကို ပြန်လဲပေးမယ်လို့ Apple က ဧပြီ၂၅ရက်နေ့မှာ ထုတ်ပြန်ပြောကြားသွားပါတယ်။

ဒီလိုပြဿနာ ကြုံနေရတဲ့ iPhone 5 ပိုင်ရှင်တစ်ယောက်အနေနဲ့ Apple’s support ၀ဘ်ဆိုဒ်မှာ ဖုန်း serial နံပါတ်နဲ့ ၀င်ရောက်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ Apple က အခမဲ့ ပြုပြင်ပေးသွားမှာပါ။

ပါဝါအဖွင့်အပိတ်ခလုတ်နေရာဟာ မထိတထိဖြစ်နေတာမျိုး၊ အလုပ်မလုပ်တော့တာမျိုး ဖြစ်တဲ့ ပြဿနာဟာ iPhone အသုံးပြုသူ ရာခိုင်နှုန်းအနည်းငယ်ပေါ်သာ သက်ရောက်မှုရှိပါတယ်။

Ref:cnet.com
Trend Myanmar


ခန္ဓာကိုယ် သွယ်လျသော အမေရိကန် နိုင်ငံသား အချို့၏ အလေ့အထ ခြောက်မျိုး


အမေရိကန် လူမျိုး အများစုဟာ ကိုယ်အလေးချိန်များပြီး ထွားကျိုင်းကြပါတယ်။ ဒါပေမယ့် ကော်လိုရာဒို လူမျိုးတွေကတော့ ခန္ဓာကိုယ် သွယ်လျလှပတာကြောင့် သူတို့တွေရဲ့ အတုယူဖွယ်ရာ အလေ့အထတွေကို ရေးသားလိုက်ရပါတယ်။


နေ့တိုင်း တက်ကြွစွာ သွားလာလှုပ်ရှားခြင်း

သူတို့တွေဟာ အခြားသူတွေထက် နေ့စဉ် ခြေလှမ်းတစ်ထောင် ပိုလှမ်းလေ့ရှိတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။ အ၀လွန်တာက နေ့စဉ်လျှောက်လှမ်းတဲ့ ခြေလှမ်းအရေအတွက်နဲ့လည်း ဆက်စပ်ပါတယ်။ ပုံမှန်လှုပ်ရှားမှု မရှိရင် ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်က နှေးကွေးလေးလံလာပြီး ပျော့ပျောင်း သန်စွမ်းမှု မရှိတော့ပါဘူး။ ဒီနည်းအားဖြင့် မလွဲမရှောင်သာ ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။

အတုယူပါ – ခွေးနဲ့ လမ်းလျှောက်တာ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တောင်တက်တာ၊ အားကစားခန်းမမှာ လေ့ကျင့်တာစတဲ့ လှုပ်ရှားမှုကို တစ်နေ့တာ လု့ပ်မယ့် စာရင်းမှာ မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်ပါ။

စစ်မှန်သော အစာများကို စားခြင်း

ကော်လိုရာဒိုလူမျိုးတွေက အစားအသောက်နဲ့ ပတ်သတ်ပြီးလည်း ရွေးချယ်စားသောက်ပါတယ်။ သူတို့ဟာ ပြုပြင်ထားတဲ့ အစာတွေကို စားတာနည်းပြီး သဘာဝအပင်ထွက် အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ် ရယူစားသောက်လေ့ရှိပါတယ်။ အထူးသဖြင့် အိမ်မှာ ချက်ပြုတ်စားသောက်ကြပါတယ်။

အတုယူပါ- စားသောက်ဆိုင်မှာ စားသောက်မယ်ဆိုရင် လတ်ဆတ်ပြီး အရသာရှိတဲ့ အစားအသောက်ကို တတ်နိုင်သမျှ ရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်ကောင်းတဲ့ အဆီ၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တဲ့ အစာမျိုး ဖြစ်ရဲ့လားလို့ စဉ်းစားကာ ရွေးချယ် စားသုံးပါ။

ကျန်းမာရေးနဲ့ ညီညွတ်သော ပတ်ဝန်းကျင် ဖန်တီးခြင်း

ကော်လိုရာဒိုဟာ အလှပဆုံး ရှခင်းတွေနဲ့ ပြင်ပပတ်ဝန်းကျင်ကို ဖန်တီးထားပါတယ်။ ကော်လိုရာဒို လူမျိုးအများစုက နံနက်တိုင်း သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပြီး လေကောင်းလေသန့် ရှူရှိုက်တဲ့ အလေ့အထကောင်းတွေ ရှိကြပါတယ်။

အတုယူပါ – သင့်ပတ်ဝန်းကျင်မှာ အဆီပိုမရှိဘဲ ကျစ်လျစ်သန်စွမ်းတဲ့ သူတွေရှိနေရင် သင့်အနေနဲ့လည်း ပိုကျန်းမာလာပါလိမ့်မယ်။

သင့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်း

ကော်လိုရာဒို လူမျိုးတွေဟာ အမြဲတတ်ကြွလှုပ်ရှားတာကြောင့် စွမ်းအင်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးပွားပြီး မိသားစုအတွက် အကောင်းဆုံး အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ လူ့သက်တမ်းစေ့ နေနိုင်ပြီး မိသားစုနဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် နိုင်ဖို့ ကျန်းမာရေးကို ဦးစားပေးလေ့ ရှိပါတယ်။

အတုယူပါ – ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ သင့်ဘ၀အတွက် အရေးပါတဲ့ အရာက ဘာလဲ။ ကျန်းမာဖို့လား။ အောင်မြင်ဖို့လား။ ပျော်ရွင်ဖို့လား။ ဘ၀ရည်မှန်းချက်ဆီ အရောက်သွားရာမှာ ကျန်းမာရေး မကောင်းရင် ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ရည်မှန်းချက် ပန်းတိုင်ချမှတ်ပြီး နေထိုင်ပါ။

စိတ်ဓါတ်ခိုင်မာခြင်း

သူတို့တွေက တစ်ချိန်လုံး ပျော်ရွှင်နေတာ မဟုတ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သဘာဝ ရှိကြပါတယ်။ သူတို့မှာ အကောင်းမြင်တဲ့ စိတ်ထားရှိလို့ပါ။ အပြုသဘောဆောင်တဲ့ စိတ်ထားကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အလုပ်မှာ စွမ်းဆောင် နိုင်စွမ်းကောင်းကာ စိတ်ဓါတ်ကျနှုန်း လျော့ကျပါတယ်။

အတုယူပါ – အမြဲတမ်း အကောင်းတွေနဲ့ချည်း မတွေ့နိုင်ပါဘူး။ အဆိုးနဲ့ အကောင်းကြုံတွေ့တဲ့အခါ အကောင်းမြင် စိတ်နဲ့ အကောင်းဆုံး ဖြေရှင်းပါ။

ပျော်ရွင်စွာ နေထိုင်ခြင်း

ကော်လိုရာဒို လူမျိုးတွေက ကိုယ်အလေးချိန် လျော့ချပြီး ကျန်းကျန်းမာမာ နေထိုင်လေ့ရှိကြပါတယ်။ ကိုယ်အလေးချိန် လျော့ချရာမှာ အောင်မြင်ဖို့ ပူပင်သောကတွေကို မေ့ပစ်လေ့ရှိပါတယ်။

အတုယူပါ – ပူပင်စိတ်များတာကြောင့် လူအများစုဟာ အစားအသောက်တွေကို လိုတာထက် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် ပူပင်သောကတွေကို တတ်နိုင်သလောက် လျော့ချပါ။


ဇွန်ခိုင်ဦး (ဆေးဝါး)

သိသားဘဲ --ဇာဂနာ



ကဲဘာပဲဖြစ်ဖြစ် သက်ြန် ဆိုတာကြိးတော့ပြီးသွားပြီ။သက်ြန်ရေဆိုတာ အန္တရယ် ကင်းတယ် ပက်စမ်းခင်ရယ် ဆိုပြီးပက်လိုက်ကြတာငါးနှစ်အတွင်းလူုအသေဆုံးသက်ြန် ဖြစ်သွားပါလေရော။ဒါပေမဲ့ ထိုင်းသက်ြန် ကိုတော့မမျီဖူးပေါ့လေ။ထိုင်းမှာကတော့ ၁၆၁ ယောက်တောင်သေတာဆိုတော့ ဇာ၈နာ တို့ မြန်မာပြည်မှာ၅၁ယောက် က အစွန်းထွက်တောင် မမှိပါဖူး။
သံချပ်အသင်းတွေလဲအများကြီး ပြန်ထွက်လာတယ်ခမျ။ဇာ၈နာ တို့ ကတော့ ကြိုက်တယ်။ကိုယ် က သာမပြောရဲတာကိုး။သူတို့ တွေ အစိုးရကိုပယ်ပယ် နယ်နယ် ပြောနေတာတွေ နားထောင်ရတာတယ် ကြက်သီးစိမ့် လှသဗျာ။(ေ၇ခဲရေ နဲ့ေ၇ပက်တာလဲ ပါမှာပေါ့လေ)။တစ်နှစ်အတွင်းခေတ် အစားဆုံးစကားလုံးတွေထဲမှာနံပါတ်(တစ်)နေရာယူသွားတာကတော့ နယ်လှည့် ပါးရိုက်မယ် ဆိုတာပါပဲခမျာ။
ထွက်သမျှ သက်ြန် အသင်းရဲ့  သံချပ်တွေထဲမှာပါးရိုက်တာကတော့ မပါမဖြစ်ပဲ။တစ်ချို့ကတော့ ခတ်ကြမ်းကြမ်းကိုသံချပ်တိုင်သွားသဗျ။ငါးစိမ်းသည် တွေကပါးပြိုင်ရိုက်မလားစိမ်ခေါ်တယ် ဆိုတာမျိုးရော၊(မ၇ိုသေ စကားကန်တော့ပါရဲ့ခမျာ)ေ-ာက် တွေ မိုးမွှန်နေအောင် ကိုသံချပ် သီချင်းလုပ်ဆိုသွားသေးတယ်။

ဇာဂနာ တို့ ငယ်ငယ် က ရန်ကင်းမှာဗဇိဗဇပ် ဆိုတဲ့ သံချပ်ကားလာပြိုင်ဖူးပါတယ်။ဇာ၈နာ့အဖေ တို့ ၊ဆရာဒေါင်းနွယ်ဆွေ တို့၊ ဂီတာဝိဇ္ဇာ ဦးဘစောကြည် တို့ က ဒိုင်လူကြီးတွေ လုပ်ကြတာပေါ့လေ။ဇာ၈နာ မှတ်မိနေတာကတော့ အဲဒီဗဇိဗဇပ် သံချပ်အသင်းရဲ့( ကောင်စီ ၀င်) ဆိုတဲ့ သံချပ်ကိုပါ။အဲဒီအခါ ကလဲကောင်စီတွေ ခေတ် ထ ချိန်ကိုး။ရပ်ကွက်ကောင်စီတွေ မြို့နယ်ကောင်စိတွေ တယ် မျက်နှာပန်းပွင့်သဗျ။ကောင်စီကတော် ဆိုလဲဖိနပ်ကိုင် ပေးတဲ့လူတောင် ရှိတယ်။

ဒါကိုဗဇိဗဇပ် အသင်း က လှောင်တာ၊သရော်တာ။ဇာ၈နာ မှတ်မိနေတာလေးတစ်ခုတော့ရှိပါသေးရဲ့။
(အလိုက် က မသိ ကြိုက်လှချည့်  ကြက်သားဟင်းတစ်ခွက် နှစ်ခွက် ပြင် တဲ့။မြို ဆို့ ပြီးလဲကောင်းကောင်းမပြန် ချင် ဒူးယားလဲဘူးလိုက်ဖြောင်ချင် )တဲ့။ဆိုသွားကြပုံများ။ဇာ၈နာ ကတော့ ကလေးဆိုတော့ လွှတ်ကြိုက်ပေါ့။ဒါပေမဲ့ ဒိုင်လူကြီးတွေကအဲဒီအဖွဲ့ ကိုအမှတ် မပေးဖူးခင်မျ။ဇာ၈နာ ပေါက်ကွဲခန်းပေါ့ခမျာ။ဒိုင်တွေ မတရားဖူး၊မတော် မတည့်လုပ်တယ် ဆိုပြီးစွပ်စွဲတော့တာပေါ့။အဲဒီမှာမှတ်မှတ်သားသားစကားတစ်ခွန်းရခဲ့ပါတယ်။ဂီတာဝိဇ္ဇာ ဥိးဘစောကြည် ကပြောတာပါ။
(ဒီမှာသား၊သံချပ် ဆိုတာသရော်ဖို့ ၊လှောင်ဖို့ ကွ၊ဆဲဖို့ မဟုတ်ဖူး)တဲ့။

ဒိစကားကို ဇာ၈နာ့ နားထဲခုထိစွဲနေတုန်းပါ။ဇာဂနာတို့ ကတော့ သရော် တာလှောင်တာမထိတထိပြောတာလေးတွေ သိတ် ကြိုက်ပါတယ်။ခုလိုဒဲ့ကြီးပြောပေါ်တင်ကြီးဆဲဆိုတာတော့ မလုပ်ရဲပါဖူး။ကြောက်ပါတယ်။

စပ်မိလို့ ပြောပါရစေအုန်း။သင်္ကြန်သံနဲ့ ဆိုရင်တော့
(သူများအကြောင်းလဲမပြောတတ်ပါ စပ်မိစပ်ရာဘာညာကွိကွ)ပေါ့လေ။သက်ြန် မတိုင်ခင်က NLD ပညာရေးကွန်ယက် ဆိုလားပွဲ လုပ်သွားသဗျ။ရန်ပုံငွေ ပွဲပေါ့လေ။အဲဒီမှာ HIP HOP ဆိုတဲ့ ကလေး နှစ်ယောက် စင်ပေါ် စတက် ကတည်း ကေ-ာက် တွေ မိုးမွှန်နေအောင် ပြောတော့တာပဲ။အဆိုးဆုံးကတော့ အားလုံး -ီးပဲဆိုတာကိုပယ်ပယ် နယ်နယ် တစ်တစ် ခွခွ အော် ဆဲပြသွားပါသေးတယ်။လုပ်နေတဲ့ ပွဲ က ပညာရေးကွန်ယက်။ကြည့်နေတာကတစ်နိုင်ငံလုံး။။ကိုယ့်ထက် အသက်ကြီးတဲ့သူ။ဝါ ကြီးတဲ့သူတွေ၊ဆရာတော် သံဃာတော် တွေ၇ှိပါတယ်။ခေတ်လူငယ်များပွင့်လင်းတာ ကြိုက်ပါတယ်။ ဆဲတဲ့အထိတော့ မပွင့်လင်းကြနဲ့ပေါ့ဗျာ။ဒါပေမဲ့ ဘယ်သူကမှ ဒါကိုမရေးကြဖူးခမျ။ဒီမိုကရေစီ ၀ိုင်းတော်သားတွေ လဲဂရင်းရွိုင်ယယ် က ယိုးဒယားမကလေးတွေ ဖင် လန် တာလောက် ကိုပဲအရေးပေးအရာသွင်းနေကြတာကိုး။
NLD ပညာရေးစင်ပေါ်ကနေတစ်နိုင်ငံလုံးကို -ီးပဲဆဲသွားတာတော့ SKIP လုပ်လိုက်ကြုံ့ပုံပေါ်ပါတယ်။ကလေးတွေဖက်ကလဲပြောမှာပေါ့လေ။တစ်နိုင်ငံလုံးလှည့်ပြီးပုဆိုးလှန်ပြမဲ့ ၀န်ကြီးတောင် ရှိသေးတာပဲဗျာလို့ ။

သက်ြန် ပြိးသွားလို့ စာရင်းချုပ်လိုက်ရင်တော့ အရက် နဲ့  ဘီယာရောင်းအားအကောင်းဆုံးဆိုတာတော့ ပစ်မလွဲပဲခမျ။ပြည်သူ့ ရဲ ကြီးတွေကဖမ်းမယ် ဖမ်းမယ် လို့  ညာသံပေးနေတာကိုး။တစ်ခါ ဖမ်းမယ် ပြောလိုက် ဈေး က တစ်ရာတက်သွားလိုက် နဲ့  မဏ္ဍပ်နားကဘီယာဆိုင်လေးတွေကတော့ အိမ်မိုးဖို့ သွပ်ဖိုးရသွားရှာလေတယ်။

ဗမာ့ဓလေ့ဆိုတော့ နှစ်ဆန်းတစ်ရက် နေ့ မှာစတုဒီသာလဲကျွေးကြသဗျ။ အယုတ် အလပ် အမြတ် မရွေး၊အားလုံးတန်းတူပဲ။ပဲဟင်းနဲ့  ငါးခြောက်ကတော့ပေါ်ပြူလာအဖြစ်ဆုံးပေါ့လေ။တန်းစီ တိုးဝှေ့  စားနေလိုက်ကြတာများ ကြည်နူးစရာ။မြန်မာပြည်သူပြည်သားတွေကချစ်စရာကောင်းပါတယ် ဗျာ။လုယက် မစားပါဖူး။တန်းစီဆိုလဲတန်းစီပါတယ်။နောက် တစ်ခါ မလာနဲ့ ဆိုလဲမလာပါဖူး။လက်မှာတံဆိပ်တုန်းရိုက် ဆိုလဲ အ၇ိုက်ခံကြရှာပါတယ်။

ဒါပေမဲ့ တိုင်းပြည်ကိုစတုဒီသာလုပ်စားနေတဲ့သူတွေကတော့ တန်းလဲမစီဖူး၊တံဆိပ်တုံးလဲ အ၇ိုက် မခံ ကြ ဖူးခမျ။သူတို့အတွက်ကစတုဒီသာတောင် မဟုတ် တော့ လောက်ပါဖူး။ဒသဒီသာ ဖြစ်နေပါပြီ။အရပ် ရှစ်မျက်နှာ ရယ် အပေါ် နဲ့ အောက် ရယ် ပေါင်းလိုက်ရင် ဆယ် မျက်နှာပေါ့။ဒါတောင်လောက်သေးရဲ့လားမသိဖူး။

နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် ဖာဂနာတို့ ဗမာ့ ဓလေ့မှာ မကောင်းဆိုးဝါးတွေ ကိုသံပုန်းတီးနှင်လေ့ရှိတယ်လေ။တကယ် တမ်းအဲသလို နှင် ရင် ပြေးထွက်ကုန် သလားထွက်မပြေးကြဖူးလားဆိုတာတော့ ဇာ၈နာ လဲတိတိကျကျ မသိဖူးခမျ။တကယ် ကြီးပြေးထွက်တယ် ဆိုလို့ ကတော့ သိတ် ကောင်းမှာပဲဗျာ။ဇာ၈နာလေ သံပုန်းတပ်ကြီးဖွဲ့ ပြီးကိုတိးချင်တာပါ။မိုက်ကယ်၈ျက်ဆင် ရဲ့ ဘင်ခရာတပ်လိုပေါ့လေ။

သိမ်းတပ်တပ် သိမ်းတပ်တပ်(သံပုံးဆိုတော့ ဘင် တီးသလိုဒိန်းလို့  မမြည်ဖူးပေါ့လေ)
ဘာမှ မရှိတော့ဖူး.၊တကယ်ပါ ဘာမှ မရှိတော့ဖူး
(မကောင်းသောလူတွေ ညောင်းညောင်း
သြောင်းနမောဒူရေဗျောင်းဗျောင်း)

ဆိုပြီးကွေးနေအောင် က ချင်တာပဲလေ။ကစရာနေရာကတော့ မရှိဖူးရယ်။ နေပြည်တော် က ရွှေသံလွင် မဏ္ဍပ် မဖျက်သေးဖူးဆိုရင်တော့ အဆင်ပြေတာပေါ့။သိသားဘဲ၊ခင်ဗျားဘာပြောမယ် ဆိုတာကို။

ဇာဂနာ
၁၇၊၄။၂၀၁၄
ဇာဂနာ၏ "သိသားပဲ" ဆောင်းပါးမှ
ပဲ့တင်သံဂျာနယ်



Dawnmanhon( ဒေါင်းမာန်ဟုန်) 

ဟိုင်းလတ်ယာဉ်များ မြို့တွင်းဝင်နိုင်သည့် လမ်းကြောင်းတွင် ဖမ်းဆီးရေးအဖွဲ့များ ချထား


ကျော်စိုးမိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်များကို ဖမ်းဆီးအရေးယူမှုများကို မေလ ၁ရက်မှ စတင်ဆောင်ရွက်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးက သိရသည်။

ဟိုင်းလတ်ယာဉ်များကို ဖမ်းဆီးနိုင်ရန် မေလ ၁ရက်နေ့မှစကာ လှော်ကားလမ်းဆုံ၊ ရွှေပြည်သာ၊ သာကေတဘက်ရှိ သန်လျင်တံတားထိပ်၊ ပဲခူးအနီးတို့တွင် ဖမ်းဆီးရေးအဖွဲ့များ ချထားပြီး ယင်းအဖွဲ့မှ လွတ်လာသော ယာဉ်များကို စော်ဘွားကြီးကုန်း၊ ရွှေညောင်ပင်ထိပ်နှင့် ခရေပင်လမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီးသည့် အဖွဲ့များ ထပ်မံချထားသည်ဟု ဆိုသည်။

"ဒီဟိုင်းလပ်တွေကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲတာ သိပ်မသင့်တော်ပါဘူး။ နောက်ပြီး တွယ်စီးတာတို့ ခေါင်မိုးပေါ် ထိုင်တာတို့ ဝိတ်မမျှရင် တိမ်းမှောက်တာတွေ ဖြစ်နိုင်ပြီး အန္တရာယ်များပါတယ်"ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင် ဟိုင်းလပ်ခရီးသည်ယာဉ်များ ပြေးဆွဲခြင်းသည် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သောကြောင့် ဧပြီလ ၃၀ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

သည့်အပြင် ယာဉ်များကို ညပိုင်းဖမ်းဆီးအရေးယူမှုများပါ ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ တစ်ခုတည်းသာမက သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး၊ မထသ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်မှ တာဝန်ရှိသူများပါ ပူးပေါင်းသွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က မေလ ၂ရက်က ပြောသည်။

"ညပိုင်း ဖမ်းဆီးရေးဆောင်ရွက်တဲ့အခါ အလွယ်တကူ မောင်းပြေးလို့ မရအောင် အန္တရာယ်မပြုနိုင်အောင် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ဖမ်းဆီးရေးအဖွဲ့ ဖွဲ့ထားပါတယ်"ဟု ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

Mizzima Burmese

တောင်ကိုရီးယား သင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် ကျောင်းသားတစ်ဦး ရိုက်ကူးထားခဲ့သော ဗွီဒီယို ထွက်ပေါ်လာ


တောင်ကိုရီးယားသင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် သင်္ဘောပေါ်ရှိ အခြေအနေကို အသက် ၁၇နှစ် အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ Park Su-hyeon က
လက်ကိုင်ဖုန်းဖြင့် ဗွီဒီယို ရိုက်ကူးထားခဲ့သည်။ Park Su-hyeon ၏ ရုပ်အလောင်းနှင့်အတူ ထိုလက်ကိုင်ဖုန်းကို တွေ့ခဲ့ရခြင်းဖြစ်ကား၊ ထိုလက်ကိုင်ဖုန်းဖြင့်
ရိုက်ကူးထားခဲ့သော ဗွီဒီယိုကို သူ၏ ဖခင်ဖြစ်သူက ဖြန့်ခဲ့ခြင်း ဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသော ထိုဗွီဒီယိုမှာ အင်္ဂလိပ်ဘာသာ စာတမ်း
ထိုးဖြင့်လည်း အင်တာနက်တွင် ပျံ့နှံ့လျက်ရှိသည်။

တောင်ကိုရီးယား သင်္ဘော စတင် တိမ်းစောင်းသွားချိန်တွင် သင်္ဘောပေါ်ရှိ ဆယ်ကျော်သက်အရွယ် အထက်တန်း ကျောင်းသားများထဲ၌ တုန်လှုပ်ခြောက်ခြားစွာ
ရယ်မောသူများ ရှိခဲ့သည်။ ထို ကနဦး အခြေအနေတွင်၊ သင်္ဘောမှာ အကြီးအကျယ် ဒုက္ခကြုံနေပြီဟု ထိုကျောင်းသားများ သဘောမပေါက်ခဲ့ကြသေးပေ။

ကျောင်းသားတစ်ဦးက သင်္ဘောတိမ်းစောင်းသွားကြောင်း အော်ပြောခဲ့သည်ကို ဗွီဒီယိုထဲတွင် တွေ့ရသည်။ ထို့နောက်တွင် ခရီးသည်များအနေဖြင့် လက်ရှိ
နေရာများတွင် ငြိမ်ငြိမ်နေကြရန်နှင့် ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များကို လိုက်နာဖို့ ပြင်ဆင်ထားကြရန် သင်္ဘောပေါ်မှ အရာရှိများက ကြေညာခဲ့သည်ကို
ဗွီဒီယိုထဲတွင်တွေ့ရသည်။

ထို့နောက်တွင် ကျောင်းသားတစ်ဦးက “သင်္ဘော တကယ်နစ်တော့မှာလား။ သင်္ဘောက အရမ်းကို လှုပ်ရမ်းနေပြီ” ဟု ပြောဆိုသံကို
ဗွီဒီယိုထဲတွင် ကြားခဲ့ရသည်။

ထို့နောက်တွင် ကျောင်းသားတစ်ဦးက သင်္ဘောတစ်ဘက်သို့ တိမ်းစောင်းလာကြောင်း နှင့် လှုပ်ရှားရွှေ့ပြောင်း၍ မရတော့ကြောင်း
ပြောခဲ့သည်ကို ဗွီဒီယိုထဲတွင် ကြားရသည်။ ထို့နောက်တွင် သင်္ဘောအရာရှိများထံမှ သတိပေးချက် ထပ်မံထွက်ပေါ်လာခဲ့သည်။ အသက်ကယ်အင်္ကျီဝတ်နေသော
ကျောင်းသားတစ်ဦးအား အခြားတစ်ဦးက အပြစ်တင်သံကို ကြားခဲ့ရသလို၊ “ကျွန်တော်တို့ မသေချင်သေးဘူး” ဆိုသော ပြောဆိုသံများလည်း ဗွီဒီယိုထဲတွင် ကြားခဲ့ရသည်။ နောက်ဆုံးအမှတ်တရအဖြစ် ဓာတ်ပုံများ ရိုက်ကူးကြမည်ဟု ပြောဆိုသံကိုလည်း ကြားရသည်။ တိုင်တန်းနစ် သင်္ဘောကဲ့သို့ ဖြစ်လာပြီဟု ပြောသံနှင့် တိုင်တန်းနစ်ဇာတ်ဝင်သီချင်း တစ်ပိုင်းတစ်စကို ညဉ်းညူသံအားလည်း ကြားခဲ့ရသည်။ လူ ၄၇၆ ဦးလိုက်ပါသွားခဲ့သော တောင်ကိုရီးယား
သင်္ဘောသည် ဧပြီလ ၁၆ ရက်က တိမ်းမှောက်နစ်မြုပ်သွားခဲ့ရာ စုစုပေါင်း လူ ၃၀၀ ကျော် သေဆုံး/ပျောက်ဆုံး သွားခဲ့သည်။



မဇ္ဈိမ