သမီကလေး ကျေးရွာသားတွေကို အစိုးရ နေရာချထားပေးမည်


တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ က အိမ်ထောင်စု ၁၅၀ ကျော်ကို နေပြည်တော် အမြန်လမ်းမနားမှာ နေရာချထားပေးမယ်လို့ သက်ဆိုင်ရာက စီစဉ်တဲ့အကြောင်း ဒုက္ခသည်တွေ ယာယီခိုလှုံနေတဲ့ အလံနီကျေးရွာ အောင်သိဒ္ဓိကျောင်း တိုက် ဆရာတော်က ဒီနေ့ မိန့်ကြားပါတယ်။

ဘုန်းတော်ကြီးကျောင်းဝင်းမှာ ခိုလှုံနေသူတွေ အတွက် မြေ ၉ ဧကမှာ နေရာချထားပေးမှာလို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

"ဒီနေ့နေ့လည် ၂ နာရီခွဲမှာ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း ကိုယ်တိုင်လာပြီးတော့ ကြေညာသွားပါတယ်၊ ဒီသမီးလေးကျေးရွာ ဖျက်ခံထားတဲ့ အိမ်ထောင် စုပေါ့နော်၊ အိမ်ထောင်စု အကုန်လုံးတော့ မဟုတ်ဘူး၊ ဦးဇင်းကျောင်းမှာရှိနေတဲ့ အိမ်ထောင်စု ၁၅၇ အတွက်ကိုတဲ့ လှည်းကူးမြို့နယ် ဖောင်ကြီး မင်းကုန်ပေါ့၊ အဲဒီ မင်းကုန်းနားက ရွာဘေးနားမှာ မြေဧက ၉ ဧကပေါ်မှာ အားလုံးပဲ ရွာသားတွေ ကို မြေနေရာပြန်ချပေးပါမယ်ဆိုတဲ့ တရားဝင် ကြေညာသွားပါတယ်၊ ပေ ၄ဝ ပေ ၆ဝ လမ်းတွေရော ပါမယ်၊ ဆေးရုံဆေးခန်းနဲ့လည်း နီးတယ်တဲ့၊ အထက်တန်းကျောင်းတွေနဲ့ နီးတယ်လို့ပြော တယ်၊ နေပြည်တော် အမြန်လမ်းမကြီးဘေးနားမှာ"

အဲဒီ အိမ်ထောင်စု ၁၅၇ စု ကိုပဲ အပိုအလိုမရှိ အတိအကျ နေရာချထားပေးမယ်လို့လည်း ဆိုပါတယ်။
လှည်းကူးမြို့နယ်မှာ သမီးလေးကျေးရွာသာမက တခြားရွာတွေလည်း ရွှေ့ပြောင်းခံရပြီး ဒီရွာတွေထဲမှာ သမီးလေးရွာဟာ လူဦးရေ အများဆုံးနဲ့ ဖျက်ဆီးခံရတဲ့ အတိုင်းအတာက အကြီးမားဆုံးပဲလို့ လှည်းကူးမြို့နယ်က ဦးသက်ခိုင်က ပြောပါတယ်။

"ဖျက်ထားတဲ့ရွာက လက်ရှိ ၅ ရွာရှိတယ်ခင်ဗျ၊ အဲဒီလူတွေက နီးစပ်တဲ့ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တက်နေကြတာပေါ့နော်၊ သမီးလေးရွာက နည်းနည်းကြီးတယ်ဗျ၊ နောက် ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်တဲ့ အတိုင်းအတာပေါ့နော်၊ ဖျက်ဆီးတဲ့အခါမှာလည်း လူအင်အားသုံးတာလည်း များတယ်ခင်ဗျ၊ ရွာဖျက်ခံရတဲ့ အိမ်ထောင်စုရော လူဦးရေရော အများဆုံးရွာဖြစ်တယ်"

ဖေဖော်ဝါရီ ၄ ရက်နေ့က သမီးလေးရွာအဖျက်ခံရချိန်မှာ ရွာသူရွာသားတွေဟာ ရရာအထုပ်ဆွဲပြီးပြေးကြ ရပါတယ်။ စားရေးသောက်ရေးနဲ့ အလုပ်အကိုင်ရရှိရေးထက် နေစရာကပိုအရေးကြီးတာမို့ ခုလို နေရာချ ထားပေးမယ်ဆိုတဲ့အတွက် နေစရာအတွက် စိတ်အေးသွားရပြီး ဘ၀ရပ်တည်ရေးအတွက် နောက်ပိုင်းမှ ဆက်လက်ဆောင်ရွက်ရလိမ့်မယ်လို့လည်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

RFA Burmese

ပုညကိရိယဝတ္ထု (၁၀) ပါး


ပုညကိရိယ = ပြုထိုက်သည့် ကောင်းမူ၊
ဝတ္ထု = ကောင်းကျိုးတို့၏ တည်ရာ၊
ပုညကိရိယဝတ္ထု = ကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ပြုထိုက်သည့် ကောင်းမူများ။



၁။ ဒါန = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။
၂။ သီလ = ကိုယ်နှင့်နှုတ် အပြစ်ကင်းအောင် စောင့်စည်းထိန်းသိမ်းခြင်း၊ ငါးပါး၊ ရှစ်ပါးစသည့် သီလစောင့်ထိန်းခြင်း။
၃။ ဘာဝနာ = တရားအားထုတ်ခြင်း။
၎။ အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း။
၅။ ဝေယျာဝစ္စ = ကုသိုလ်လုပ်ငန်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ခြင်း။
၆။ ပတ္တိဒါန = မိမိပြုသည့် ကုသိုလ်အဖို့ကို အမျှဝေခြင်း။
၇။ ပတ္တာနုမောဒနာ = သူတစ်ပါးပြုသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း။
၈။ ဓမ္မသာဝန = သူတော်ကောင်းတရား နာကြားခြင်း။
၉။ ဓမ္မဒေသနာ = သူတော်ကောင်းတရား ဟောကြားခြင်း။
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒဖြောင့်မတ်အောင် ပြုခြင်း။

ပြုသင့်ပြုထိုက်သော ဤဖော်ပြပါ ကောင်းမူတို့ကို အခွင့်သင့်တိုင်းပြုလျှင် ကောင်းကျိုးချမ်းသာတိုးပွါးစေပါ၏။

D-eXistence မှ ချစ်မင်းသူ ရေးသားပြုစုသော "မှတ်သားဖွယ် သုတအလိမ္မာများ" စာအုပ် မှ ကောက်နုတ်တင်ပြသည်။

မွန် ဒေသခံ အမျိုးသမီး တဦးကို စစ်သား တဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား


မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် ဝဲရက် ကျေးရွာအုပ်စု ရွာသာယာ ကျေးရွာသူ တဦးဖြစ်သည့် မိချို ၄၃ နှစ် ကို အစိုးရ စစ်တပ်မှ ဒု တပ်ကြပ် အဆင့်ရှိသူ တဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှု တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြံစည်သူမှာ အမှတ် ၃၁၅ အမြောက် တပ်ရင်း မှ အသက်၂၃ နှစ်ရှိ ဒု တပ်ကြပ် ရဲလင်းထွန်း ဆိုသူ ဖြစ်ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချူပ်(WLB)က ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ မိချိုသည် ဇန်နဝါရီလ ၂၅ ရက်က ရာဘာခြံ၌ လုပ်ငန်းခွင် ၀င်နေစဉ် သူမအား အဓမ္မကျင့်ရန် ကြိုးစားသည့် ဒုတပ်ကြပ် ရဲလင်းထွန်းကို ပြန်လည် ခုခံစဉ် ဦးခေါင်း၊ မျက်နှာနှင့်လက်ချောင်းများ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင် ကုသရာတွင် မသက်သာ၍ ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ရသည်ဟု WLB က ပြောဆိုသည်။

“အခုတော့ ဆေးရုံကနေ ပြန်ဆင်းပါပြီ၊ ဒါပေမယ့် ခွဲစိတ်မှုတွေ ထပ်လုပ်ရမယ်၊ ပြီးတော့ သူနေတဲ့ နေရာ ဒေသကိုတော့ မပြန်ရဲ ဘူး၊ သူ့ဘဝ လုံခြုံမှုတွေ၊ သူ့ဘဝ စိတ်ပိုင်းဆိုင်ရာကိုပါ ပြုပြင် ပေးရဦးမယ်”ဟု ကူညီ ဆောင်ရွက် ပေးနေသည့် WLB မှ မစုစုဆွေက ဧရာဝတီသို့ ပြောသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မွန် ဒီမိုကရေစီ ပါတီနှင့် မွန်ပြည်သစ် ပါတီတို့က ပူးပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ထိရောက်သည့် တရားစွဲဆိုမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရား စီရင်ရာတွင် ပွင့်လင်း မြင်သာမှုရှိစွာ ပြည်သူအများ သိစေရန် ပြုလုပ်ပေး ရမည်ဖြစ်ကြောင်းလည်း မစုစုဆွေက ပြောဆိုသည်။

ယင်းသို့ အကြမ်းဖက်မှုကြောင့် မိချိုသည် ဦးခေါင်း သွေးခဲပြီး မျက်နှာဖူးရောင်၍ သွား နှစ်ချောင်းကျိုးသည့် ဒဏ်ရာ နှင့် ဘယ် လက်သန်း တွင်လည်း သွားကိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“တပ်ကြပ်ကြီး အမျိုးသမီးကတော့ မချိုကို ငွေလာပေး ပါတယ်၊ ဒါပေမယ့် မွန် ခေါင်းဆောင်တွေက မယူဖို့ ပြောထားတယ်၊ ဘာလို့လဲ ဆိုတော့ တပ်မတော်သားတွေက နယ်ဒေသက အမျိုးသမီးတွေကို အဓမ္မ ကျင့်တာတွေ များနေပြီ”ဟု အကူအညီပေးနေသူ တဦး ဖြစ်သည့် ကယန်း အမျိုးသမီး အစည်းအရုံးမှ အထွေအထွေ အတွင်းရေးမှူး ဒေါ်ဂလိုရီယာက ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် ပြည်သူ အမှု ဖြစ်သည့်အခါ နူညံ့စွာ ကိုင်တွယ်ရမည် ဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက် ကာကွယ်ရပ်တည် ပေး သည့် ဥပဒေ တရပ် ပေါ်လာရန် လိုအပ်ကြောင်း၊ ယခုဖြစ်သည့် ကိစ္စတွင် တပ်မတော်နှင့် ဖြစ်သည့် အတွက် စစ်ခုံရုံး တခုတည်းက အရေးယူမှု မလုပ်ဘဲ၊ ပွင့်လင်း မြင်သာမှုရှိမည့် အရပ်ဘက် စစ်ဆေးမှုကို လုပ်ဆောင်သင့်ကြောင်း WLB မှ အထွေအထွေ အတွင်း ရေးမှူး ဒေါ်တင်တင်ညိုကလည်း ဧရာဝတီသို့ ပြောသည်။

WLB အဖွဲ့၏ မှတ်တမ်း အစီရင်ခံစာ အရ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင် ပြောင်းလဲနေသည့် ကာလတွင် မြန်မာ့ တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်းခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ ယင်းဖြစ်ရပ်သည် တိုင်းရင်းသား ဒေသအတွင်း ရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခုကဲ့သို့ အသုံးပြုနေမှု ဖြစ်သောကြောင့် အဆိုပါ ဖြစ် ရပ်များ ရပ်တန့်စေရေး အတွက် WLB က ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သေးသည်။

ဧရာဝတီ

ရထားနှင့်ဆိုင်ကယ်တိုက်မိ၍ ၂ ဦးသေ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ထီးလှိုင်လမ်းနှင့်ရထားသံလမ်းဆုံ၊ ရန်ကုန်-မန္တလေးရထားလမ်း၊ ကြေးနန်း မိုင်တိုင်အမှတ်(၁၆၇/၉-၁၀)ကြားတွင် ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ တောင်ငူမြို့၊ (၁၇)ရပ်ကွက်နေ မြန်မာ့မီးရထားဂိတ်စောင့်လုပ်သား မြင့်ဦး(၃၄)နှစ်မှ ရထားလာမည်ဖြစ်၍ ရထားသံလမ်းဂိတ်မောင်းတံ အားပိတ်နေစဉ် တောင်ငူမြို့တွင်းမှ တောင်ငူမြို့၊ ပေါက်ကြီးရွာနေ သိန်းနိုင်(၃၀)နှစ် မောင်းနှင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောကဓမ္မရပ်ကွက်နေ ကျော်နိုင်ဝင်း(၃၄)နှစ်လိုက်ပါ လာသည့်ဆိုင်ကယ်သည် ရထားသံလမ်းဂိတ်မောင်းတံအောက်မှ ဖြတ်သန်းမောင်းနှင်ခဲ့ရာ တောင်ငူ ဘူတာမှထွက်ခွာလာသော အမှတ်(၃)အဆန် ရန်ကုန်-မန္တလေးရထားဖြင့် တိုက်မိခဲ့ကြောင်းတွေ့ရှိ ရသည်။ ထိုသို့ တိုက်မိမှုကြောင့် သိန်းနိုင်နှင့် ကျော်နိုင်ဝင်းတို့တွင် ဦးခေါင်းပေါက်ပြဲ၊ ပါးစပ်/နား သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ သိန်းနိုင်အား တောင်ငူမြို့မ ရဲစခန်း (ပ)၅၁/၂၀၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

သမ္မတ အိုဘားမားနဲ့ ဒလိုင်းလားမား တွေ့ဆုံမှု တရုတ်ကန့်ကွက်

အိုဘားမားနဲ့ ဒလိုင်းလားမားတွေ့ဆုံခဲ့ကြစဉ်က။ 

21.02.2014

တိဘက်ဘုန်းတော်ကြီး Dalai Lama ကို အမေရိကန်သမ္မတ Barack Obama က ဒီကနေ့ သောကြာနေ့ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံဖို့ ရှိနေပါတယ်၊ တရုတ်အစိုးရဖက်က အလေးအနက် သတိပေးမှုရှိပေမဲ့ အမေရိကန် သမ္မတက တွေ့ဆုံတာဖြစ်ပါတယ်၊ လေးစားစရာ ဘာသာရေးခေါင်းဆောင် ယဉ်ကျေးမှု ဆိုင်ရာ ခေါင်းဆောင်တယောက်အနေနဲ့
ဘုန်းတော်ကြီး Dalai Lama ကို သမ္မတအိုဘားမားက တွေ့ဆုံမှာဖြစ်တယ်လို့
အိမ်ဖြူတော်က ကြာသပတေးနေ့ နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံထဲမှာရှိနေတဲ့ တိဘက်လူမျိုးတွေအတွက်
အလယ်အလတ် ချဉ်းကပ်မှုလို့ ဆိုတဲ့ သီးခြားလွတ်လပ်ဖို့အတွက်လဲ မဟုတ် တသားထဲ အံဝင်ဖို့ အတွက်လဲ မဟုတ်တဲ့ ဘုန်းတော်ကြီး Dalai Lama ရဲ့
ရပ်တည်မှုဆောင်ရွက်မှုကို အမေရိကန်က ထောက်ခံတယ်လို့ အိမ်ဖြူတော်ရဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်၊ ဒီတွေ့ဆုံမဲ့အစီအစဉ်ကို ဖျက်ဖို့
တရုတ်နိုင်ငံခြားရေးဌာနက အမြန်အဆန်ပဲ တိုက်တွန်းခဲ့ပါတယ်။

တရုတ် အမေရိကန် ဆက်ဆံရေး အတွက် အကြီးအကျယ် ထိခိုက်မဲ့ သံတမန်ရေးအရ အကျိုးဆက်တွေ ရှိလာနိုင်တယ် လို့ တရုတ် နိုင်ငံခြားရေး ဌာနပြောခွင့်ရသူက သတိပေးခဲ့တာပါ၊ 2010 နဲ့ 2011 ခုနှစ်တွေ တုန်းကလဲ သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး Dalai Lama တို့တွေ့ဆုံခဲ့ အပြီး တရုတ်အစိုးရဖက်က အလားတူခြိမ်းခြောက်မှုမျိုး လုပ်ခဲ့ဖူးပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ Hachiko


Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ် ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူတာမှာ အမြဲ သွားစောင့်နေခဲ့တဲ့ ခွေး ဖြစ်ပါတယ်။

သူ့သခင်ကတော့ ၁၉၂၄ ခုနှစ်ကစလို့ တိုကျိုတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး နေ့စဉ် ရထားစီးပြီး သွားပါတယ်။ ပြန်လာတိုင်း သူ့ခွေးလေး ဟတ်ချီကို က ဘူတာနား လာလာစောင့်ပြီး ကြိုပါတယ်။ ၁၉၂၅ မေလ မှာတော့ ပရော်ဖက်ဆာဟာ ဦးနှောက်ထဲ သွေးယိုပြီး ကွယ်လွန်ခဲ့ပါတယ်။ ရထားနဲ့တောင် အိမ်ပြန်မလာနိုင်တော့ပါဘူး။ ခွေးလေး ကတော့ သခင် လာမယ် အမှတ်နဲ့ နေ့တိုင်း ဘူတာမှာ လာစောင့်ပါတယ်။

တစ်ရက်ပြီး တစ်ရက်စောင့်ဆိုင်းရင်း ၉ နှစ်ကျော်ကြာ (၁၉၃၅ ခုနှစ်၊ မတ်လ) မှာ သေဆုံးသွားပါတော့တယ်။ အသက် ၁၁ နှစ်အရွယ် မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သခင် ရှိစဉ် တစ်နှစ် လုံး ဘူတာမှာ လာကြိုပြီး သခင် မရှိတော့ပေမယ့်လည်း နောက်ထပ် ၉ နှစ်လုံးလုံး ဘူတာ မှာ လာစောင့်ပါတယ်။ ပုံမှန် ကျောင်းဆင်းချိန်ဆိုရင် ဟတ်ချီကိုကို ဘူတာ မှာ မြင်နေကြပြီ ဖြစ်ပါတယ်။

အနီးဝန်းကျင်လူများက သတိမထားမိပေမယ့် နှစ်တွေကြာလာတော့ မသိသူ မရှိတော့ပါဘူး။ နောက်တော့ သခင်ကို လာလာစောင့်မှန်း လူတိုင်းသိပြီး သနားကြပါတယ်။ ဘယ်သူခေါ်မွေးမွေး မလိုက်ပဲ သခင်ကိုသာ စောင့်ဆိုင်း ခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့ Shibuya မြို့  ငယ် လမ်းတစ်နေရာမှာ သေဆုံးနေ တဲ့ ဟတ်ချီကို ကို တွေ့မြင်ခဲ့ပြီး သူ့ရဲ့  သခင့် အပေါ် သစ္စာရှိမှုအတွက် ဂျပန်ပြည်သူ အားလုံး အသိအမှတ်ပြုခဲ့ပါတယ်။

ဒါကြောင့် National Loyalty အထိမ်းအမှတ်တစ်ခုအနေနဲ့ ခွေးကလေး ဟတ်ချီကို ကို ဂုဏ်ပြုခဲ့ပြီး ယနေ့တိုင် ဂျပန်တို့ အမြတ်တနိုးထားပါတယ်။ အုတ်ဂူ သီးသန့်ပြုလုပ်ထားပေးပြီး ပြတိုက်မှာလည်း ဖယောင်းရုပ်တု ပြုလုပ် ထားပေးပါတယ်။

ဟတ်ချီကိုရဲ့  သခင့်အပေါ် သစ္စာရှိမှုကို စံပြတစ်ခုအနေနဲ့ ဂျပန်မှာ ယနေ့တိုင် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သော လင်မယားနှစ်ဦး ဖမ်းမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးကို အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဟု လိမ်လည် ပြောဆိုကာ အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရသော လင်မယားနှစ်ဦးကို ဖမ်းမိထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းနှင့် ရင်းနှီးသော မသဲသဲ ဆိုသူက အထည်ချုပ် စက်ရုံတွင် လစာကောင်းဖြင့် အလုပ်ရမည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊ ၅၂ လမ်းအောက် ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ငါးလွှာတိုက်ခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းသို့ စေခိုင်းခံရစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၎င်းကို စတင်ခေါ် ဆောင်သူ မသဲသဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင်နေသူ ၎င်း၏ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ခေါ်ဆောင်လာခဲ့သော်လည်း ယင်းညီမဝမ်းကွဲမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အရေးပေါ် လှေကားထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
“တိုက်ခန်းထဲမှာ တံခါးပိတ်ပြီးထားတဲ့ အမျိုးသမီး ၁၀ ဦးလောက် ရှိတယ်။ သူတို့ကိုလည်း စစ်ဆေးနေပါတယ်။ ကားနဲ့ ဖုန်းဆက်တဲ့ နေရာတွေကို လိုက်ပို့ပြီး ပြည့်တန်ဆာ လုပ်ကိုင်နေတယ်လို့ ကနဦး စစ်ဆေးချက်တွေအရ သိရတယ်” ဟု ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဇန်နဝါရီလ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ရက်ကြာ ပျောက်ဆုံးခဲ့သော အမျိုးသမီးငယ်မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရပြီး နေအိမ်သို့ ပြန်လာစဉ် ၎င်း၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို တိုက်ခန်းအတွင်း ချုပ်နှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သူ ခြောက်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ငါးလွှာ တိုက်ခန်းအတွင်း အမျိုးသမီးများကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသည်ဟု တိုင်ကြားခံရသော အသက် ၄၄ နှစ်အရွယ် ဦးကျော်စိုးဝင်းနှင့် ဇနီးဖြစ်သူ အန်တီကြူ (ခ) မေသင်းကြူ (ခ) ဒေါ်ကြူတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး ကျန်လေးဦးကို စုံစမ်းရှာဖွေလျက် ရှိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၀ ကျော် အသစ်ပြန်ဆောက်ရန် လွှတ်တော်တင်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

အမှတ်(၂) အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် လက်အောက်ရှိ အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၃ ကျောင်းကို အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက အဆိုတင်သွင်းကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက တင်သွင်းထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၌ ယင်းကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် မပါရှိသဖြင့် ပညာရေး ဝန်ကြီးဌာနမှ အန္တရာယ်ရှိ ကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၂၂၀ ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ရန် လျာထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက တင်ပြလာသော စာသင်ကြားရန် မသင့်သည့် ကျောင်းပေါင်း ၈၃ ကျောင်းကို ထပ်တိုး ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောကြားသည်။
“ကော်မတီ အနေနဲ့ မဖြစ်မနေ အသစ်ဆောက်ရန် လိုအပ်နေတဲ့ ကျောင်းတွေကို ဦးစားပေး စိစစ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အသစ် ပြန်လည် ဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၁၃၃၃၆ ဒသမ ၃ သန်းကို လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ အန္တရာယ်ရှိ ကျောင်းများကို အချိန်မီ ပြင်ဆင်နိုင်ရန် အတွက် အခြေခံပညာ ဦးစီးဌာနသို့ တင်ပြမှုများသည် ကြန့်ကြာမှုများ ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိုးရိမ်ဖွယ် အခြေအနေများ ကြုံတွေ့နေရကြောင်း အသက် ၅၀ ကျော် မူလတန်းပြ ဆရာမ တစ်ဦးက ဆိုသည်။
“မြို့ပေါ်က ကျောင်းတွေကတော့ ကြီးကြီးမားမား မဟုတ်ရင် အလှူရှင်တွေနဲ့ ဆောက်လို့ ရပေမယ့် တချို့ရွာတွေမှာ ကိုယ့်ဝမ်း ကိုယ်ကျောင်းရတာ ဆိုတော့ ဖြစ်သလိုပဲ စာသင်ကြရတာ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ လွှတ်တော် ကိုယ်စားလှယ်များက ဒေသဆိုင်ရာ ကျောင်းများ လိုအပ်ချက်ကို ဘဏ္ဍာနှစ် မကုန်မီ တင်ပြပေးရန်နှင့် ဘဏ္ဍာငွေ ခွင့်ပြုမှုအလိုက် ဦးစားပေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

သို့သော်လည်း နိုင်ငံတော် လူ့စွမ်းအား အရင်းအမြစ်များ အတွက် အရေးပါသော ပညာရေး ဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာငွေ တောင်းခံမှုမှာ နည်းပါးနေသဖြင့် အခြား ဝန်ကြီးဌာနများ အနေနှင့် မျှဝေ သုံးစွဲပေးရန်အတွက် ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြထားသည်။

The Voice Weekly

ထိုင်းရှိ ၄ နှစ်ဗီဇာ သက်တမ်းကုန် မြန်မာ အလုပ်သမားများ မိခင်နိုင်ငံ ပြန်ရမည်


ထိုင်းရောက် မြန်မာလုပ်သားတဦး လုပ်ငန်းခွင် ၀င်ရောက်နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ထိုင်းနိုင်ငံတွင် ၄ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမားများသည် နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) အရ မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောသည်။

“လတ်တလော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံသားတွေကို တရားဝင် နေထိုင်ခွင့်ပေးထားတဲ့ လူဦးရေ ၂.၂သန်း ကျော် ရှိပြီး အိမ်နီးချင်း နိုင်ငံတွေက MOU နဲ့ လာကြတဲ့ သူတွေအားလုံး သက်တမ်းပြည့်သွားရင် ၃နှစ် ပြန်နေပြီးမှ ထိုင်းကို ပြန် ၀င် လာရမှာ ဖြစ်ပါတယ်”ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပရာဝစ် ကီပေါ် (Mr. Pravit Khiengpol) က ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်က လက်မှတ် ထိုးထားသည့် MOU အရ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများသည် လေးနှစ် ဆက်တိုက် အလုပ်လုပ်ပြီးပါက မိခင်နိုင်ငံသို့ ၃ နှစ် ပြန်လည် နေထိုင်ပြီးမှ ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့်ရမည် ဖြစ် သည်။

သို့သော် ယမန်နှစ်က ထိုင်း၊ မြန်မာ အလုပ်သမား ကိုယ်စားလှယ် အရာရှိများ ဆွေးနွေးချက်အရ အလုပ်သမားများကို ၃ နှစ် အစား ၁ လ ပြန်နေရန်၊ နောက်ဆုံး၌ နယ်စပ်ရုံးများတွင် ဗီဇာသက်တမ်းတိုးပြီး ပြန်လာရန် အဆင့်အထိ လျှော့ချ သဘော တူညီမှု ရခဲ့ကြောင်း သိရသည်။

ယင်း ကိစ္စနှင့် ပတ်သက်ပြီး  မစ္စတာ ပရာဝစ် ကီပေါ် က “အလုပ်သမားတွေ အနေနဲ့ ၃ နှစ် ပြန်နေစရာ မလိုပါဘူး၊ ထိုင်းမှာ ပြန်လာ အလုပ်လုပ်လို့ ရပါတယ်၊ ဒါပေမယ့် MOU နဲ့ ပြန်ဝင်လာဖို့ ကိစ္စကို ဆွေးနွေးနေပါတယ်”ဟု ပြောဆိုသည်။

မြန်မာ အလုပ်သမားများသည် သက်တမ်း ၂ နှစ်ခန့် ကျန်ရှိသည့် ယာယီ နိုင်ငံကူး လက်မှတ် အဟောင်းကို အသုံးပြုနိုင်ပြီး သက်တမ်း ၂ နှစ် အောက် ကျန်သောသူများက နိုင်ငံကူးလက်မှတ် အသစ် ပြန်လည် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း အစိုးရက ထိုင်း-မြန်မာ နယ်စပ် ၃ နေရာတွင် နိုင်ငံသား စိစစ်ရေးရုံးများ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်းလည်း မစ္စတာ ပရာဝစ် ကီပေါ် က ဆက်ပြောသည်။

“မြန်မာ နိုင်ငံသားတွေ ထိုင်း ကနေ ထွက်ပြီးတော့ MOU နဲ့ ပြန်ဝင်လာလို့ ရပါတယ်၊ နယ်စပ်ရုံးတွေက တဆင့် နိုင်ငံသား စိစစ်မှု လုပ်ငန်းကို မြန်မာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် ပေးမယ်”ဟုလည်း ၎င်းက ဆိုသည်။

လတ်တလော၌ ထိုင်းနိုင်ငံတွင် ၄ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်ဖြုတ်ခံရခြင်းနှင့် ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးခံခြင်းများကို ရင်ဆိုင် နေရကြောင်း သိရသည်။

ထိုင်း နိုင်ငံတွင် ၄ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ဦးရေ ၁၀၀၀၀ ခန့် ရှိနေပြီး ၂၀၁၄ ခုနှစ် အတွင်း သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမား ဦးရေ စုစုပေါင်း ၁၇ သိန်း ရှိနိုင်ကြောင်း အလုပ်သမား အရေး ဆောင် ရွက် နေသူများက ပြောသည်။

ထိုင်းနိုင်ငံ မုဒါဟန်(Mukdahan) မြို့နယ်တွင် အလုပ်သမား လက်မှတ် မရှိဘဲ အလုပ် လုပ်နေသည့် မြန်မာ နိုင်ငံသားများ အပါအ၀င် လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံသား ၃၄ ဦး တို့ကို ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

အဖမ်းခံရသူများ အထဲမှ ၄ ဦးသာ တရားဝင် အလုပ်သမား လက်မှတ်နှင့် စာရွက်စာတမ်းများ ရှိကြောင်း၊ ကျန် အလုပ်သမား များကို ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိသည်။

ထိုင်း နိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့် ရှိပြီး၊ ၁ သန်း ၇ သိန်း နီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင် ၍ တရားဝင် ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

မိုဘိုင်းဖုန်းနည်းပညာ စိတ်ဝင်စားသူများအတွက် ပညာဒါနသင်တန်း ဖွင့်လှစ်မည်


မိုဘိုင်းဖုန်းနည်းပညာ စိတ်ဝင်စားသူများအတွက် ပညာဒါနသင်တန်း အပတ်စဉ် (၄) ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း VIP Mobile Training မှ သိရသည်။ ယခု ပညာဒါန အဖြစ် Phone Software Basic Course ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြား Phone Software Course နှင့် Hardware Course တို့ကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

သင်တန်းတွင် အခြေခံမှ စတင်၍ ကျွမ်းကျင်သူ တစ်ဦးအဆင့်အထိ သင်ကြားနိုင်မည် ဖြစ်သည်။ Software သင်တန်းတက်ရောက်ပါကလည်း Hardware Basic Course အခမဲ့တက်နိုင်ပြီး Hardware သင်တန်း တက်ရောက်ပါက Software Basic Course တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ On job  Training အနေဖြင့် လက်တွေ့ လေ့လာလိုသူများ အတွက်လည်း သင်တန်းဖွင့်လှစ်ထားမည် ဖြစ်သည်။

သင်တန်း တက်ရောက်လိုသူများ အနေဖြင့် အသေးစိတ်အချက်အလက်ကို VIP Mobile Training (ဘီအိုစီမှတ်တိုင်အနီး) ဖုန်း-၀၉-၂၅၀၀၈၄၅၄၄၊ ၀၉၄၄၈၀၀- ၁၉၀၉ သို့ဆက်သွယ် နိုင်မည် ဖြစ်သည်။

Internet Journal

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင် သုံးမည်


Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။

Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။

အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။
.
Ref:pocketlint
Smart Pro Journal

ကမ္ဘာ့ပထမဆုံး ကားမောင်းနိုင်တဲ့ ခွေး


အလွန်တော်တဲ့ ခွေးလိမ္မာလေးလို့ ဆိုရမှာပေါ့။ ၎င်းခွေးဟာ ကွင်းတစ်ပတ် ကားမောင်းပြနိုင် ခဲ့လို့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ကားမောင်းနိုင်တဲ့ ခွေး အဖြစ် သတ်မှတ်ခံ လိုက်ရတာ ဖြစ်ပါတယ်။

ကွင်းတစ်ပတ် မမောင်းမီ ခွေးလေးကို နှစ်လကြာ ကာမောင်းနည်းကို သင်ကြားပေးခဲ့ ရတယ်လို့ သိရပါတယ်။ ၎င်းခွေးဟာ ကားကို တစ်လှိမ့်ခြင်း မောင်းနှင်တာ မဟုတ်ပါဘူး။ ပုံမှန် အနေအထားဖြင့် ကားမောင်းပြခဲ့ တာပါ။ ဒါကြောင့် ထိုခွေးကို ကမ္ဘာပေါ်မှာ ပထမဆုံး ကားမောင်းနိုင်တဲ့ ခွေး အဖြစ် စံချိန်တင် သတ်မှတ်ခဲ့ကြပါတယ်။

ဗီဒီယိုကို ကြည့်ချင်တယ် ဆိုပါက


ကျော်လင်းနိုင်
Smart Pro Journal

Energy Drinks တွေကို ရှောင်ရှားသင့်တဲ့ အကြောင်းရင်း(၄)ချက်


          အလုပ်က ပြန်လာချိန်တွေမှာ ပြုတ်ကျနေတဲ့ မျက်လုံးတွေနဲ့ ဒယီးဒယိုင်ကိုယ်နေဟန်ထားနဲ့ ရှုပ်ပွနေတဲ့ ဆံပင်ပုံစံနဲ့ ပြန်လာတဲ့သင့်ပုံစံကို မြင်ယောင်ကြည့်လို့ရပါတယ်။ ဒီအချိန် ရေခဲသေတ္တာဖွင့်ပြီး ထုတ်မိတဲ့အရာက Red Bull တစ်ဗူးပဲဖြစ်မှာပေါ့။ ဒီလို အားဖြည့်အချိုရည်တွေက ကျွန်ုပ်တို့ကို ရုတ်တရက် အားပြည့်သွားသလို ဖြစ်စေတာတော့မှန်ပါတယ်။ ဒါပေမယ့် ဒီခွန်အားက အတုအယောင်သာဖြစ်ပြီး တကယ့်ခွန်အားအစစ် မဟုတ်တဲ့အတွက် တာရှည်မခံပါဘူး။

          ဒီတော့ တချက်ပြန်ကြည့်ရမှာ သောက်သုံးပြီးနောက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကိုပေါ့။ အခုဖော်ပြပေးမယ့် အကြောင်းအရာတွေက သင်ဘာကြောင့် ခွန်အားဖြည့်အချိုရည်တွေကို ရှောင်ကျဉ်သင့်သလဲ ဆိုတာ ပြောပြပေးပါလိမ့်မယ်။

(၁)     ကဖင်းဓါတ် အပေါ် မှီခိုသူ ဖြစ်လာရခြင်း



          ခွန်အားဖြည့်အချိုရည် (energy drink ) တွေရဲ့ အဓိက ပါဝင်ပစ္စည်းက ကဖင်းပါပဲ။ ပြီးတော့ အားလုံးသိတဲ့အတိုင်း ကဖင်းက စွဲတတ်ပါတယ်။ လက်ဖက်ရည်တွေ ၊ ကော်ဖီတွေ ကြိုက်နှစ်သက်သူ တစ်ယောက်မဟုတ်သော်လည်း အားဖြည့်အချိုရည်တွေကို တစွတ်စွတ်သောက်နေတတ်သူ တစ်ယောက်ဆိုရင်တော့ ဒီကဖင်းဓါတ်တွေအပေါ်မှာ မှီခိုနေရပါလိမ့်မယ်။ ဒီလို ကဖင်းကို လိုအပ်တဲ့ပမာဏထက် ပိုသုံးစွဲမိနေပြီဆိုရင်တော့ အကျိုးဆက်က ကြောက်လန့်ဖွယ်နဲ့ မလိုလားတဲ့ အရာတွေပဲ ဖြစ်လာနိုင်ပါတယ်။

(၂)     အိပ်ချိန်တွေ ဆုံးရှုံးရခြင်း



          သင့်ရဲ့အလုပ်တွေကို ပိုပြီးမြန်မြန် ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ခန္ဓာကိုယ်အတွက် ပြန်တွက်ကြည့်တော့ သင့်ရဲ့ အိပ်ချိန်တွေကို အနှောင့်အယှက်ပေးပြီး insomnia လို့ခေါ်တဲ့ အိပ်မပျော်နိုင်ခြင်း ရောဂါ စွဲကပ်လာစေပါတယ်။

(၃)     စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ခြင်း



          ရုပ်ပိုင်းဆိုင်ရာတွေပဲ ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။ စွမ်းအားပြည့်အချိုရည်က သင့်ကို စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါသေးတယ်။ သောက်သုံးပြီးခါစ အချိန်မှာတော့ သင်ဟာ ကောင်းကင်ကို ပျံတက်ချင်လောက်အောင် စိတ်ဆန္ဒတွေ ဖျတ်လတ်တက်ကြွနေပြီး ခံစားရတာ ကောင်းမွန်လန်းဆန်း နေပါလိမ့်မယ်။ အဆုံးသတ်ရလဒ်ကတော့ အာနိဿင်ကုန်သွားတဲ့အခါ သင်ဟာ မကြည်မလင်နဲ့ စိတ်ဓါတ်ကျ ကျန်နေခဲ့ရပါလိမ့်မယ်။ ဆိုခဲ့တဲ့ အတာင်တဖျတ်ဖျတ် စိတ်တက်ကြွမှုတွေက သင့်ကို မလိုအပ်ဘဲ အားအင် ကုန်ခမ်းစေခဲ့တာသာ အဖတ်တင်ပါလိမ့်မယ်။

(၄)     မလိုအပ်ဘဲ သကြားဓါတ်များပြားနေရခြင်း



          ခန္ဓာကိုယ်မှာ သွေးတွင်းသကြားဓါတ်နည်းရင်မကောင်းသလို များရင်လည်းမကောင်းပါဘူး။ ခွန်အားဖြည့် အချိုရည်တွေက သကြားဓါတ်ပါဝင်မှု ပမာဏ အတော်လေးမြင့်မားတာကြောင့် အလွန်တကူပဲ ခန္ဓာကိုယ်အတွင်း သကြားဓါတ်မြင့်မားနေပါလိမ့်မယ်။ ဒီတော့ ရလဒ်အနေနဲ့ ရေဓါတ်ခမ်းခြောက်ပြီး ၀ိတ်ကျဖို့ ကြိုးစားနေသူများကို အနှောင့်အယှက်ပေးပါတယ်။

          ခွန်အားဖြည့်အချိုရည်တွေကို ပြန်လည်လန်းဆန်းဖို့ သုံးစွဲလိုသူတွေအတွက် သတိပြုဆင်ခြင်စရာ ဖြစ်ပါတယ်။ စွဲမသောက်ဖြစ်အောင် ဂရုတစိုက် ဆင်ခြင်ရမှာဖြစ်ပြီး သင့်အတွက် အကျိုးအမြတ် မဖြစ်ထွန်းတာမျိုးလည်း ရှိနေနိုင်တာကို သတိရဖို့လိုပါတယ်။

Ref:mensxp.com
Trend Myanmar

ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်ပေးရန် တောင်းဆို


ကလေး၊ ဖေဖော်ဝါရီ ၂၀

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စု အစိုးရထံသို့ တောင်းဆိုလိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇင်ကျုံးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် မင်းတပ်မြို့တွင်ကျင်းပသော (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး တရားဝင်ရုံး ပိတ်ရက် မဟုတ်သဖြင့် ချင်းအမျိုးသားအားလုံး ပါဝင် ဆင်နွှဲနိုင်ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။
“အဆင့်ဆင့်ပေါ့လေ၊ ဒီလိုတောင်း ဆိုချက်တွေကို ချင်းပြည်နယ် အစိုးရကနေပြီးတော့ နိုင်ငံတော်ကို တင်ပြဖို့ လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ပါလီမန် ဒီမိုကရေစီခေတ်က ရရှိခဲ့ဖူးသော အခွင့်အရေး တစ်ခုကို ပြန်လည် တောင်းဆိုခြင်း ဖြစ်ပြီး ပိတ်ရက်အဖြစ် သတ်မှတ် ပေးသင့်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

ယင်းကဲ့သို့ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်မှာ ပြည်နယ် အစိုးရတွင် တာဝန်အများဆုံး ရှိပြီး ဝန်ထမ်း အများစုမှာ တက်ရောက်နိုင်ခြင်း မရှိကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး ဖ.ဆ.ပ.လ အစိုးရမှ ချင်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

(၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား ပြည်နယ်အစိုးရ၊ ချင်းအမျိုးသား တပ်ဦးတို့မှ ဦးဆောင်ကာ အလှူရှင် ဦးထန်းရှိန်း (ထွဋ်ခေါင်ကြီး ကုမ္ပဏီ) ၏ မတည် လှူဒါန်းငွေဖြင့် ကျင်းပခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်သက်သက်ဇင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

The Voice Weekly

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ


ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Ref: Dailymail
Trend Myanmar

ပေါင် တစ်သိန်းတန် ရှားပါးပန်းရောင်စိန်ပွင့်ကို မျိုချခဲ့တဲ့ ဗြိတိသျှလူမျိုးကမ္ဘာလှည့်ခရီးသွားကို လေဆိပ်မှာ ဖမ်းဆီးရမိ


လေယာဉ်နဲ့ နယူးဇီလန်ကို ထွက်ခွာဖို့ လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဗြိတိလျှလူမျိုး မက်သရူး အော့်စ်ဘွန်း ကို သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ လေဆိပ်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်က တောင်ပိုင်းမြို့ Cairns က ရတနာပစ္စည်းဆိုင်မှာ ရှားပါးတဲ့ပေါင်တစ်သိန်းတဲ့ ပန်းရောင် စိန်ပွင့်ကို အလစ်သုတ်ခံရမှုအပြီးမှာ အခုလို ဖမ်းဆီးမှုပြုလုပ်နိုင်ခဲ့တာပါ။ ရတနာဆိုင်ကို အလစ်သုတ်ခဲ့တဲ့လူဟာ စက်ဘီးနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုင်ရှင်က ထွက်ဆိုထားပါတယ်။

စိန်ပွင့်ပိုင်ရှင် Keith Bird က အလစ်သုတ်တဲ့လူဟာ စိန်ပွင့်ကို မျိုချပြီး ခိုးပြေးခဲ့တာဖြစ်ကြောင်း ရဲတွေကို တိုင်ကြားခဲ့တာပါ။

မက်သရူးအော့်စ်ဘွန်းကို ဓာတ်မှန်ရိုက်စစ်ဆေးချက်တွေပြုလုပ်ထားပေမယ့် တိကျတဲ့အဖြေကို မရရှိသေးပါဘူး။

အကြီးတန်းရဲတပ်ကြပ် Greg Giles က “ အိတ်စရေးဓာတ်မှန်ရိုက်ထားတာက အခုအချိန်မှာ ခိုင်လုံတိကျတဲ့ အဖြေကို ပေးစွမ်းနိုင်ခြင်းမရှိသေးပါဘူး။ စိန်ပွင့်ကို သူမျိုချခဲ့ကြောင်း ခိုင်မာတဲ့အထောက်အထားကို မပေးနိုင်သေးတဲ့အတွက် ကျွန်တော်တို့ ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သူသာ ကျွန်တော်တို့ နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူ့ အတွက်လည်း အကျိုးရှိမယ်ဆိုတာ သူသိစေချင်ပါတယ်။” လို့  ပြောကြားခဲ့ပါတယ်။

အော့်စ်ဘွန်းကတော့ သူစိန်ပွင့်ကို မမျိုချခဲ့ဘူးလို့ ငြင်းဆန်ထားပေမယ့် မနက်ဖြန်မှာ အော့်စ်ဘွန်းကို Melbourne ကနေ Cairns မြို့ ရဲစခန်းကို ခိုးမှုနဲ့ လွှဲပြောင်းမှာဖြစ်ပါတယ်။

Ref:metro
Trend Myanmar

ဒိုင်လူကြီးကို ပါးရိုက်သည့် ဘောလုံးအသင်းပိုင်ရှင် ကျပ် ၁၅ သိန်း ဒဏ်ဆောင်ရမည်


MNL ဘောလုံး ပြိုင်ပွဲ ပွဲစဉ် တခု မြင်ကွင်း (ဓာတ်ပုံ – MNL)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပါးရိုက်ခဲ့သော ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး အမှုအတွက် ကျပ် ၁၅ သိန်း ဒဏ်ရိုက် အရေးယူကြောင်း သိရှိရသည်။

“ပါးရိုက်တဲ့ အမှုအတွက် ဒဏ်ငွေ ၁၅ သိန်း သတ်မှတ် ပါတယ်၊ အသင်းပိုင်ရှင်က ပါးရိုက်သော်လည်း သူ့စည်းကမ်း ဥပဒေအရ အသင်းကိုပဲ ဒဏ်ရိုက်လို့ ရပါတယ်၊ ဒဏ်ကြေးကိုတော့ အသင်းပိုင်ရှင်က ပေးဆောင်ရမှာ ဖြစ်တဲ့ အတွက် သူ့ကို ဒဏ်ရိုက် တယ် လို့ ပြောရင်လဲ ရပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်ထွေးက ပြော သည်။

ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့သည့် ရတနာပုံ ဘောလုံးအသင်းနှင့် ဇွဲကပင် ဘောလုံး အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဇွဲကပင် အသင်းက ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ရတနာပုံ အသင်းက ပင်နယ်လ်တီ ပြစ်ဒဏ်ဘောများမှ တဆင့် ချေပဂိုးများနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ၂ ဂိုး ၁ ဂိုးဖြင့် ရတနာပုံ အသင်းက အနိုင်ရရှိသွားသည်ကို မကျေနပ်သောကြောင့် ပွဲစဉ်အပြီး ထွက်လာသော ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းကို ဇွဲကပင် ဘောလုံးအသင်း ပိုင်ရှင် ဦးလှဌေး က ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့ခြင်း အပေါ် ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်ကမ်းထိန်းသိမ်းရေး ကော်မတီက ဇွဲကပင် အသင်းအား အရေးယူရာတွင် အစည်းအဝေး နှစ်ကြိမ် ထိုင်ခဲ့ပြီး ဇွဲကပင် အသင်းမှ တင်ပြလာသည့် အသနားခံစာနှင့် ဒိုင် ကော်မတီမှ တင်ပြလာသည့် အစီရင်ခံစာ၊ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများ ကြည့်ရှုပြီးနောက် ဒဏ်ငွေရိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာ နေရှင်နယ်လ် လိဂ်(MNL)ရှိ ဘောလုံးကလပ် အသင်းများတွင် အဆင့်ဆင့် တာဝန်ရှိသူများသည် သတ်မှတ် စည်းကမ်းချက် များ အတိုင်း လိုက်နာ စောင့်ထိန်းရန်၊ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ပေါ်ပေါက်ခဲ့ပါက ကြီးလေးသော ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ် ကြောင်း၊ ဒိုင်လူကြီးများ အနေဖြင့် ဘောလုံးပြိုင်ပွဲများ ချောမော ပြေပြစ်စွာ ကျင်းပ သွားနိုင်ရေးအတွက် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်လိုက်သည်။

ဒိုင်လူကြီး တဦး ကိုယ်ထိလက်ရောက် အရိုက်ခံရခြင်းသည် တရားဥပဒေ အရ ဖြေရှင်း၍ ရနိုင်သော်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ လူကြီးများကို လေးစားသောအားဖြင့် ယခု ဆုံးဖြတ်ချက်ကို ကာယကံရှင် ဒိုင်လူကြီးက လက်ခံကြောင်း ဒိုင် ကော်မတီ ဥက္ကဌ ဦးထွန်းလှအောင်က ဧရာဝတီသို့ ပြောသည်။

“ကိုယ့်ဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်တာ ဆိုတော့ သူလည်း ကျေနပ်ပါတယ်၊ လူကြီးတွေရဲ့ အဆုံးအဖြတ် ဆိုတော့ လိုက်နာရမှာပါ၊ ပြီးတော့ သူတို့နှစ်ယောက်က ဆရာ တပည့်တွေလေ၊ ဇွဲကပင် အသင်းဘက်ကလည်း တောင်းပန်တာမျိုး ရှိပါတယ်၊ ဒီလူတွေ ဒီမျက်နှာတွေက အမြဲ တွေ့နေရမှာ”ဟု ဦးထွန်းလှအောင်က ပြောသည်။

ကွင်းလယ် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သူ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးက မြန်မာ နေရှင်နယ်လိဂ်(MNL) ဘောလုံး ပြိုင်ပွဲများတွင် ဒိုင်လူကြီးများသည် အသင်းကြီးများကို ဦးစားပေးလေ့ ရှိပြီး အသင်းငယ်များကို နှိပ်ကွပ်လေ့ ရှိသောကြောင့် သည်းမခံနိုင်တော့ဘဲ ပါးရိုက်လိုက်မိခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်က ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့် ပြောဆိုခဲ့ သည်။

“အသင်းလေး၊ အသင်းငယ် ဆိုပြီးတော့ ဒီလို ဆက်ဆံတာ။ အသင်းလေးလဲ ပိုက်ဆံ အကုန်ခံပြီးတော့ လုပ်ရတာပဲကွာ၊ ကစား အား လည်း အဲဒီနေ့က အခွေတွေ တောင်းကြည့်ရင် သိနိုင်တယ်၊ ဒီကောင်တွေ ကျနော်တို့ကို လုံးဝ မယှဉ်နိုင်ဘူး၊ အခုက သက် သက်မဲ့ ယုတ်မာပြီး ရတနာပုံကို မနိုင် နိုင်အောင် လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ပေးလိုက်တာ၊ ပင်နယ်လ်တီတွေ လှိမ့်ပေး လိုက်တယ်၊ ဦးတို့ရမယ့် အလုံးကျတော့ ဘာလို့ မပေးတာလဲ၊ မတရားတာတွေ များလို့ စိတ်ထဲမှာ တော်တော်လေးလည်း ခံစားရတယ်၊ ၄ နှစ် လုံးလုံးရှိပြီ၊ တို့အသင်းငယ်တွေကို နှိပ်ကွပ်နေတာ”ဟု ဦးလှဌေးက ပြောပြခဲ့သည်။

ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက ငွေကြေး သိန်းပေါင်းများစွာ အကုန်အကျခံပြီး မြန်မာ နေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲများ ကျင်းပ ပေးခဲ့သော်လည်း မြန်မာ အမျိုးသား လက်ရွေးစင် အသင်း အောင်မြင်မှုမရသည့် အပြင် ယခုကဲ့သို့ ပြဿနာပေါင်းစုံ တက်နေခြင်းကို ဘောလုံး အားကစား အသိုင်းအ၀ိုင်းက မေးခွန်းထုတ်လျက် ရှိသည်။

ဧရာဝတီ

တွံတေးမြို့သို့ ပြေးဆွဲနေသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ ပုံမှန်တိုင်း ပြေးဆွဲခွင့်ပြုမည်


ရန်ကုန်၊ဖေဖော်ဝါရီလ၂၀

စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်များမှ တွံတေးမြို့သို့ ပြေးဆွဲနေသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များကို ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

လှိုင်သာယာနှင့် တွံတေးသို့ ပြေးဆွဲလျက်ရှိသော ရွှေရန်ကုန် ယာဉ်လိုင်း၊ ရဲမာန်ယာဉ်လိုင်းနှင့် ဒလနှင့် တွံတေးသို့ ပြေးဆွဲလျက်ရှိသော ရွှေရန်ကုန် ယာဉ်လိုင်းနှင့် တောင်ပိုင်းခရိုင် ယာဉ်လိုင်းများမှာ ပုံမှန်အတိုင်း ပြေးဆွဲသွားမည့်အပြင် မှော်ဘီ၊ တိုက်ကြီးမှလာသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ် များကိုလည်း ထောက်ကြန့် အထိ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ယာဉ်များမှာ တွံတေးနှင့် ရန်ကုန်မြို့တော်သို့ သွားလာနေသော ခရီးသည်များအတွက် အားထားရပြီး မီနီဘတ်စ်ဖြင့် ပြောင်းလဲ ပြေးဆွဲပါကလည်း ခရီးသည် ပိုရနိုင်ကြောင်း ဒလဆိပ်ကမ်းတွင် ဈေးရောင်းချသော ဈေးသည်များက ဆိုသည်။

တွံတေးနှင့် လှိုင်သာယာသို့ ရွှေရန်ကုန် ယာဉ်လိုင်းမှ ၂၄ စီး၊ ရဲမာန်ယာဉ် လိုင်းခြောက်စီး၊ တွံတေးနှင့် ဒလသို့ ရွှေရန်ကုန် ယာဉ်လိုင်း ရှစ်စီး၊ တောင်ပိုင်းခရိုင် ယာဉ်လိုင်းမှ ရှစ်စီး စသည့်ယာဉ်လိုင်းများ ပြေးဆွဲပေးလျက် ရှိကြောင်း မထသ (ဗဟို) ၏ စာရင်းများအရ သိရသည်။

၂၀၁၀နှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း (၆) မြို့နယ်သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ဖူးပြီး ယခုဒုတိယအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝဝ်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း မထသဗဟိုထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဒိုင်နာယာဉ် ရန်ကုန်မြို့တွင်းတွင် ၁၈၇၁ စီး၊ အဝေးပြေးတွင် ၁၀ စီး၊ စုစုပေါင်း ၁၈၈၁ စီးနှင့်ဟိုင်းလပ်ယာဉ် ရန်ကုန်မြို့တွင်းတွင် ၈၅၀ စီး၊ အဝေးပြေးတွင် ၂၈ စီး၊ စုစုပေါင်း ၈၇၈ စီး ရှိကြောင်း မထသ (ဗဟို) က တရားဝင် ထုတ်ပြန်သည်။

The Voice Weekly

Justin Bieberဟာ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တစ်ကောင် မဟုတ်လို့ အိမ်နားမှာ နေ့ညမပြတ် ရဲကင်းလှည့်နေ


Justin Bieber အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် သူ့ရဲ့အိမ်ကို ရဲတွေက တစ်နေ့ အကြိမ်ပေါင်းများစွာ ကင်းလှည့်နေပါတယ်။ ရဲတွေပြောတာကတော့ “Justin Bieberဟာ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တစ်ကောင် မဟုတ်ဘူးလေ။” တဲ့။

Justinဟာ Atlantaမှာရှိတဲ့ ကိုယ်ပိုင်ခြံဝန်းတစ်ခုကို ၃လစာ ငှားရမ်းနေထိုင်နေတာဖြစ်ပါတယ်။ Justin Bieber နေထိုင်ရာ နေရာတစ်ဝိုက် ကို Sandy Springs ရဲဋ္ဌာနက တာဝန်ယူစောင့်ရှောက်ထားပါတယ်။

လူတွေက Justin Bieberကို ပျော်စရာတွေ ဖန်တီးပေးတဲ့ နာမည်ခပ်ကြီးကြီး တစ်ယောက်လို စိတ်ဝင်တစားရှိကြတယ်။ အထူးသဖြင့် ခပ်ငယ်ငယ် ကောင်မလေးတွေပေါ့။ Justin Bieber ရဲ့ အိမ်နားမှာ ယောင်ပေပေ လုပ်မနေအောင်နဲ့ ကျူးကျော် ၀င်ရောက်တာမျိုး မရှိရအောင် နေ့ရော ညပါ အထူးကင့်လှည့်စနစ်နဲ့ တာဝန်ချထားကြောင်း ရဲမှူးက ပြောပါတယ်။ မဟုတ်တရုတ် လုပ်လာတာမှန်သမျှကို ရဲတွေက သည်းခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref:tmz.com

မြန်မာ့ရိုးရာနည်းပညာဖြင့် ဘုန်းကြီးကျောင်းကို အလုံးလိုက်ရွှေ့ပြောင်း


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကန်နီးကျေးရွာအုပ်စု ဂုဏ်မင်းအိုင်ဘုန်းကြီးကျောင်းသည် 8×4 ပင်
၉ပေခန်း အခန်း 20 ဖြင့်ဆောက်လုပ်ထားပြီး တောင်မြောက်အနေအထားဖြင့် တည်ရှိရာ အဆိုပါ ဘုန်းကြီး
ကျောင်းကို ဖေဖော်ဝါရီ13ရက် နံနက် ၉နာရီကစတင်၍ အရှေ့အနောက်အနေအထားသို့ မြန်မာ့ရိုးရာနည်း
ပညာဖြင့် လှည်းဘီး ၆၄ ဘီး ဒေသခံ ရွာသူရွာသား ၁၂၅ ဦးတို့က ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင်
နဂိုရှိအတိုင်း ပျက်စီးဆုံးရှုံးမှုမရှိဘဲ ရွေ့ပြောင်းလိုက်နိုင်ကြောင်းသိရသည်။

မြန်မာ့အလင်းသတင်းစာ

တမူးနယ်စပ်၌ ပျောက်ဆုံးသွားသူ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိ


POST 21 FEBRUARY 2014 BY မြတ်မိုးကျော်(မြစ်မခ)

မြန်မာနိုင်ငံ တမူးမြို့နယ်မှ ပျောက်ဆုံးသွားသော အိန္ဒိယနိုင်ငံသားကုန်သည်နှစ်ဦးအား အိန္ဒိယနိုင်ငံရှိ မဏိပူရမြို့နယ်စပ်၌ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက သေဆုံးလျက်တွေ့ရှိရကြောင်း The Telgraph သတင်းစာပါ ဖော်ပြချက် အရ သိရှိရသည်။

သေဆုံးသူနှစ်ဦးမှာ မီးရှို့ဒဏ်ရာများနှင့် အခြားဒဏ်ရာများပါရှိကြောင်းနှင့် သေဆုံးသူနှစ်ဦးမှာ Uttar Pradesh ဒေသမှ Sanvndar Singh အသက် ၃၀ နှစ်နှင့် Mumbai ဒေသမှ Daljeet Singh ၊ (၃၃) နှစ် တို့ဖြစ်ကြောင်း၊ ၄င်းတို့သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူရဲတစ်ဦးက ဆိုသည်။

ဆိုမာလီယာ သမ္မတအိမ်ကို စစ်သွေးကြွတွေ တိုက်ခိုက်

တိုက်ခိုက်ခံရချိန်မှာ ဆိုမာလီယာ သမ္မတ အိမ်တွင်းမှာ ရှိနေ

ဆိုမာလီယား နိုင်ငံမှာ မြို့တော် မိုဂါဒစ်ရှူးက သမ္မတ အိမ်တော်ကို အစ္စလမ္မစ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ ပထမ သမ္မတ အိမ်တော် ဝင်းနံရံကို ကားဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပေါက်ကွဲသံကြီးတွေနဲ့ သေနတ်သံတွေ ကြားခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု မအောင်မမြင် ဖြစ်ပြီး သူ အထိအခိုက် မရှိခဲ့ဘူးလို ဆိုမာလီ သမ္မတက ပြောကြားခဲ့ကြောင်း ဆိုမာလီ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နစ်ကေးက ပြောပါတယ်။

တိုက်ခိုက်ခဲ့သူ အချို့သေဆုံးခဲ့ပြီး တချို့ကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုမာလီ လုံခြုံရေးဝန်ကြီး အက်ဘဒီ ကရင် ဟူစိန်က ပြောပါတယ်။

ဒါပေမယ့် အယ်ရှယဘတ် စစ်သွေးကြွအဖွဲ့ ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ပြောနေပါတယ်။

BBC Burmese

ယူကရိန်း ဆန္ဒပြသူတွေ ပြန်လည် စုရုံး ဆန္ဒပြဆဲ

ဆန္ဒပြသူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ Lviv မြို့က ရဲအရာရှိတွေ

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်က လွတ်လပ်ရေး ရင်ပြင်မှာတော့ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေ ပြန်လည် စုရုံး ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို အစိုးရ ဆန့်ကျင်သူတွေဘက် ဘက်ပြောင်းလာခဲတဲ့ ယူကရိန်း အနောက်ဘက် Lviv မြို့က ရဲ အရာရှိတွေ ပူးပေါင်းလာနေပါတယ်။

သိပ်မကြီးတဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိပေမယ့် အခြေအနေတွေ အခုအချိန်အထိ အတော်လေး အေးဆေးနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကြာသပတေးနေ့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့တာကြောင့် လူ ရဝ ကျော် သေဆုံးခဲ့ရပါတယ်။

BBC Burmese

မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု


မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့လယ် အချက်အချာ ရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီးကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြားသည်။

အမရပူရမြို့နယ် တောင်မင်းကြီး ဘုရားဝင်းအတွင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် MCDC အကြံပေးအဖွဲ့နှင့် နိုင်ငံရေး ပါတီဝင်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ မြို့နယ် လူမှုရေး အသင်းများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အကြံပြု တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ဘူတာကြီးသည် ချမ်းအေးသာစံ မြို့နယ်အတွင်း မြို့လယ်ကောင်တွင် တည်ရှိရာ ချမ်းအေးသာစံ မြို့နယ်သည် မြို့ပေါ် ငါးမြို့နယ်ထက် လူဦးရေ သိပ်သည်းမှုနှုန်းမှာ ၆၉ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသဖြင့် မန္တလေး မြို့ပေါ်ရှိ လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်တွင် ပါဝင်သောကြောင့် ရေရှည်တွင် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနိုင်မည် ဖြစ်သဖြင့် မြစ်ငယ် ကျေးရွာရှိ မီးရထားများကို ပြုပြင် မွမ်းမံ ထိန်းသိမ်းသော အလုပ်ရုံများ ရှိသည့် နေရာသည် ပိုမို သင့်လျော်သည့် နေရာဖြစ်နိုင်သောကြောင့် ပြောင်းရွှေ့ရန် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မြို့ပေါ်တွင် နေ့စဉ် ပြေးဆွဲနေသော ယာဉ်အချို့ကို မြို့ပြင်သို့ ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်ကာ မြစ်ကြီးနား ရထားလိုင်းကိုမူ ရွာထောင်ဘက်သို့ ပြောင်းရွှေ့သင့်သည်ဟု အကြံပြုခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ခရီးသွားလာမှု ကျပ်တည်းရင် ဖြေရှင်းရမှာက အစိုးရမှာ တာဝန်ရှိတယ်လေ၊ ခုံးကျော် တံတားတွေ ထိုးပြီးတော့ ဖြေရှင်းရင်လည်း ရတာပဲ၊ နိုင်ငံတကာမှာလည်း ဘူတာတွေက မြို့လယ်မှာပဲ ရှိတယ်” ဟု မန္တလေးတိုင်း ဒေသကြီး NLD ပါတီ တိုင်းအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သန်းက ဆိုသည်။

မန္တလေး ဘူတာကြီးကို မြို့ဟောင်း ဘူတာသို့ ပြောင်းရွှေ့သင့်ကြောင်းကို ၁၉၄၉ ခုနှစ်က မန္တလေး မြူနီစီပယ်က တင်ပြခဲ့ဖူးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် မန္တလေး ဘူတာကြီးနှင့် တရုတ်တန်းဈေး စည်ကားမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်း၊ ဘူတာကြီးနှင့် ဈေးတစ်ဝိုက် သန့်ရှင်းမှု မရှိခြင်း၊ ရေမြောင်း ပိတ်ဆို့ခြင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဈေးဆိုင် တည်ခင်းခြင်း၊ အခြေအနေမဲ့များ ညအိပ် နေထိုင်ခြင်းတို့ကြောင့် တရုတ်တန်းဈေးနှင့် ဘူတာကြီးကို မြို့လယ်မှ ရွှေ့ပြောင်းသင့်ကြောင်းကို မြို့ခံလူထုက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ဘူတာကြီးမှာ မြို့လယ်တွင် ရှိနေဆဲ ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး အကြံပေး အဖွဲ့ဝင် အမရပူရမြို့သား ဦးသန်းမြင့်က ပြောကြားသည်။

“ဘူတာကြီး ပြောင်းရွှေ့မယ်ဆိုရင် မြို့ဟောင်း ဘူတာကို ပြောင်းရင် ပိုသင့်တော်တယ်။ သွားလာရေး လွယ်ကူမယ်။ မြစ်ငယ်က မြို့နဲ့ အလှမ်းဝေးတဲ့ အတွက်ကြောင့် သွားရေးလာရေး ခက်ခဲနိုင်တယ်” ဟု အမရပူရမြို့ခံ ရက်ကန်း လုပ်ငန်းရှင် ဦးသန်းနိုင်ထွန်းက ဆိုသည်။

မန္တလေး ဘူတာကြီး ပြောင်းရွှေ့ရန် လိုအပ်ချက်များကို ၁၉၉၃ ခုနှစ်တွင် ဂျပန်နိုင်ငံသား အတိုင်ပင်ခံ ရေးဆွဲ တင်ပြခဲ့သည့် Star Ruby Project ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲသည့် နှစ် (၃၀) စီမံကိန်း၊ မန္တလေးတိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက စုစည်း တင်ပြထားသည့် မန္တလေးမြို့ မြို့ပြ စီမံကိန်းနှင့် မြို့ဖွဲ့စည်း တည်ဆောက်ပုံ အစီရင်ခံစာများတွင် စီမံကိန်းကို ရေရှည် စဉ်းစားပြီး ဆောင်ရွက်ရန် အကြံပြုချက်များ တင်ပြထားခဲ့သည်ဟု MCDC တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေး ဘူတာကြီးသည် ၇၈ လမ်းနှင့် ၃၀ လမ်းထောင့်တွင် တည်ရှိပြီး မြစ်ငယ် ကျေးရွာရှိ မီးရထား ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံ စခန်းများသည် မန္တလေးနှင့် ၁၂ မိုင် ဝေးသည်ဟု အမရပူရမြို့နယ် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

လက်ပံတောင်းတောင်အနီးမြို့သစ်တည်ဆောက်ရေးအတွက် လယ်မြေများ သိမ်းဆည်းရောင်ချမှုများရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမပင်ခရိုင် လက်ပတောင်းတံကြေးနီစီမံကိန်းအနီး မြို့သစ် တည်ဆောက်ရေး အတွက် လယ်ယာမြေများအား သိမ်းဆည်း၍ ရောင်းချမှုများရှိကြောင်း ယင်းမပင် ခရိုင် အုံတုံပင်ကျေး ရွာနေ သိမ်းဆည်းခံ လယ်သမား (၁၇) ဦးက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြန်မာဂျာနယ်လစ်နက်ဝက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

သိမ်းဆည်းခံ လယ်ဧကအနေဖြင့် ၁၀၀ ကျော်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ် ရံပုံငွေအတွက်ဟု ဆိုကာ လယ်ယာမြေများအားသိမ်းဆည်းခြင်းဖြစ်ကြောင်း ယင်းမပင် ခရိုင် အုံတုံပင်ကျေးရွာနေ ရွာသူ တစ်ဦးဖြစ်သူ ဒေါ်ကြည်လေးက ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့က ကျွန်မတိုကိုအကြိမ်ကြိမ် အစည်းဝေးခေါ်တယ်။ ဒါကိုသွားတဲ့သူလဲ ရှိတယ် မသွားတဲ့သူလည်းရှိတယ် မသွားတဲ့သူတွေကို သူကိုဘက်လည်းရောက်ကော ကျေးရွာအုပ်ချုပ်ရေးမှူး၏ အဖေက ရောက်လာပြီးတော့ ခြိမ်းခြောက်ပြီးတော့ လက်မှတ်တွေကိုထိုးခိုင်းသည်” ဟု ဒေါ်ကြည်လေးက ဆိုသည်။

အဆိုပါမြေနေရာသည် အလောင်းတော်ကဿဖ နှင့် ဖိုးဝင်းတောင်သွားသည့် ကားလမ်းနဘေးတွင်ရှိပြီး ယင်းနေရာရှိ လယ်ဧက ၁၀၀ ကျော်အား အောင်ဇေယျမြို့သစ်  အမှတ် (၅။၆) အားအကောင်ထည်ဖော်ရန် ရည်ရွယ်ထားလျက်ရှိကာ မကြာမီအကောင်ထည် ဖော်သွားရန် ရှိကြောင်းကိုလည်း သိရသည်။

“သူတို့က အန်တီကို ခြံဝိုင်းပေးမယ်လို့ပြောတယ် ဘယ်လိုမှလက်မခံနိုင်ဘူးဘာလို့လည်းဆိုတော့ အန်တီတို့က ဒီဟာလေးနဲ့ ဘိုးစဉ်ဘောင်ဆက် တောင်ယာ လုပ်စားလာတာ ဒါမှမရှိရင် အန်တီတို့မိသားစု သွားစရာလည်း မရှိဘူး စားစရာလည်းမရှိဘူး ” ဟု ဒေါ်ကြည်ဌေးက ထပ်လောင်းပြောဆိုသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် “ အုံတုံပင်ကျေးရွှာဆိုတာ မြေစာရင်းမှတော့ ဒီရွာနံမည်ဟာ တကယ်မရှိ ပါဘူး ဒီ အောင်ဇေယျမြို့သစ်ဆိုတာ အခုမှအကောင်ထည်ဖော်တာ မဟုတ်ပါဘူး အရင်အစိုးရထဲကပါ”ဟု ဦးစိုးနိုင်က ဆိုသည်။

အရင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက်တွင် မြေယာသိမ်းဆည်းမှုများ တစ်စတစ်စဖြင့် ပိုမိုများပြား လာလျက်ရှိပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က လှည်းကူးမြို့နယ် သမီးလေးကျေးရွာ အိမ်ခြေ ၄၀၀ ဖျက်ဆီးခံရခြင်း သည်အထင်အရှားဖြစ်သည်။

နှင်းနွယ်
The Myanma Age

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၂၀-၂-၂၀၁၄)






















ဘီပိုးကုသဖို့ သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆေးသုတေသနကို သတိပေး


သွေးရည်ကြည်ကနေတစ်ဆင့် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထုတ်လုပ်မှု မြန်မာနိုင်ငံ ဆေးသုတေသန ရပ်ဆိုင်းသင့်ပြီလို့ ပါမောက္ခ ဦးခင်မောင်ဝင်းက သတိပေးလိုက်ပါတယ်။
သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်ရာမှာ နည်းစနစ်ချွတ်ချော်မှုနဲ့ ဆေးထိုးရာမှာ ဘီပိုး၊ စီပိုးအပြင် HIV ပိုးတွေပါ ပါသွားနိုင်တာကြောင့် အန္တရာယ်များတာမို့ ပြည်သူတွေ မသုံးကြဖို့နဲ့ ကမ္ဘာ့အဆင့်မီ တဆေးကနေထုတ်တဲ့ ကာကွယ်ဆေးလည်းရှိနေတယ်လို့ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။
အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထုတ်ရာမှာ Yeast လို့ခေါ်တဲ့ တဆေးကနေထုတ်တဲ့နည်းနဲ့ B Positive ဖြစ်လို့ စွန့်ပစ်ထားတဲ့ သွေးကနေတစ်ဆင့် ကာကွယ်ဆေးထုတ်တဲ့ နည်းနှစ်ခုထဲက သွေးရည်ကြည်ကနေ ထုတ်လုပ်မှုကို ၁၉၉၂ကတည်းကအမေရိကန်ပြည်ထောင်စုမှာ ရပ်ဆိုင်းထားလိုက်ပြီလို့ ဆိုပါတယ်။
အသည်းရောဂါနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ အသိပညာရစေဖို့ရည်ရွယ်ပြီး UMFCCI မှာကျင်းပတဲ့ ဟောပြောပွဲမှာ ဘီပိုးဟာ အသည်းကင်ဆာဖြစ်ဖို့ အဓိကအားပေးတာကြောင့် ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းတွေမှာ အားစိုက်လုပ်ကြဖို့၊ မြန်မာနိုင်ငံရဲ့ ဘီပိုးကူးစက်မှု ၉၅%ကျော်ရှိနေပြီးကမ္ဘာ့ အသည်းကင်ဆာ အဖြစ်အများဆုံး ၁ဝနိုင်ငံထဲပါနေတယ်လို့ ဆိုပါတယ်။
Kamayut Media

နှာစေးနေသော အေးနေ၀င်းသို့


ယုန်လေးနှာစေးနေတယ် .....
ရှေ့ကိုထွက်နှာမစေးနဲ့ယုန်လေးရယ်
ပြည်သူတွေ ငတ်ပြတ်နေတုန်းက မင်းတို့ သေနတ်ခါးကြားထိုးပြီ စံစားခဲ့တာ
သေနတ်တည့်တည့်ဖောက်တုန်းက မင်းတို့ နတ်စည်းစိမ်ခံစားနေကြတာ..
မင်းနှမ သွေးမစွန်းခဲ့ဘူး
.. နင့်အမေလည်း ထောင်ဝင်စာ သွားတွေ့စရာမလိုခဲ့ဘူး..

ကိုယ့်ပေါင်ကိုလှန်မထောင်းဘဲ တကယ်စိတ်ရှိရင် တိုင်းပြည်အကျိုး ပြည်သူ့အကျိုးအတွက် ကြိုးပမ်းလိုက်..
သမိုင်းကို မင်းအိမ်က ချိတ်ထားတဲ့ပန်းချီကားတချပ်လို စိတ်ရှိတိုင်း အရောင်ပြောင်းလို့မရဘူး..

Generation နှစ်ဆက်ခြားသွားပြီမို့
အဖိုးရဲ့မြေး အဖိုးခြေရာနင်းမယ် ဆိုတဲ့ ငါတို့အကြည့် မင်းစိတ်ဓာတ်မှန်ရင် မပာုတ်မှန်း သက်သေပြ..
အဖိုးဘက်က ကာမပြောနဲ့ကိုယ့်လူ ... မြန်မာ့တပ်မတော် ဘာတွေလုပ်ခဲ့လဲ ဆိုတာ
သွေးစွန်းခဲ့တဲ့လမ်းတွေ...ကွဲကြေသွားတဲ့ အသိုက်အမြုံတွေ...
အဆူဆူသောဘုရားတွေ သက်သေရှိတယ် ..

ဘုရားပေါ်တက်တိုင်း လိပ်ပြာလုံနိုင်ပါစေ..





The Irrawaddy

သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
၂၀.၂.၂၀၁၄ရက်နေ့ ၁၆၄၀အချိန် သာကေတမြို့နယ်၊
ယမုံနာလမ်းအတိုင်း သာကေတဘက်မှသန်လျင်ဘက်သို့
ယာဉ်မောင်း စိုးရန်နောင်(ဘ)ဦးလှညွန့်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-----တိုယိုတာပရာဒို ခဲရောင်ယာဉ်သည် မြင်တော်သာလမ်းထိပ် ဂိတ်ဟောင်းမှတ်တိုင်
အနီးအရောက် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် ကိုငယ်လေးချို (ဘ)ဦးသိန်းမောင်၊ သာကေတမြို့နယ်နေသူ စီးနင်းလာသော
ဆိုက္ကားနှင့် ကိုကြည်ဝင်း (ဘ)ဦးအေးလွင် သာကေတမြို့နယ်နေသူ စီးနင်းလာသော စက်ဘီးတို့အားတိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကိုငယ်လေးချိုနှင့် ဆိုက္ကားပေါ်ပါ
ဒေါ်ရီရီထွန်း၊ ဒေါပုံမြို့နယ်နေသူ တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးဆိုက္ကားပေါ်ပါ မနွေးယွန်းဖြူ (ဒေါ်ရီရီထွန်း၏သမီး)နှင့်စက်ဘီးစီးနင်းလာသူ ကိုကြည်ဝင်းတို့တွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင်အား သာကေတမြို့မရဲစခန်းယာဉ်(ပ) ၁၀/၂၀၁၄၊
ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နေပြည်တော်တွင် ပျဉ်းမနားရဲအချုပ်ထောင်အတွင်း မီးရှို့မှုဖြစ်ပွား


နေပြည်တော်ပျဉ်းမနားမြို့မ ရဲစခန်း ရဲအချုပ်ထောင်အတွင်း (၁၅.၂.၂၀၁၄)ရက်နေ့၊ နံနက် ပိုင်းအချိန်က အကျဉ်းသားအချို့မှ ဆူပူခြင်း၊ အ၀တ်အစားများကို မီးရှို့ခြင်းများပြုလုပ်ခဲ့သဖြင့် ရော်ဘာကျည်ဆံများဖြင့်သေနတ် ပစ်ဖောက်ထိန်းသိမ်းခဲ့ရသော ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့၌အချုပ်ထောင် တာဝန်ခံရဲအုပ်စံသိန်းတာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် အချုပ် ခန်းအမှတ်(၆)ရှိ နေပြည်တော် အမှတ်(၁)ရဲစခန်းပြစ်မှုပုဒ်မ ၃၀၂ အမှုမှ တရားခံမောင်နိုင်(ရာကြီး အမှတ် ၈/၂၀၁၃ဖြင့် ရုံးတင်စစ် ဆေးဆဲ)သည် စိတ်ဂရောင် ချောက်ချားဖြစ်ကာ အခန်းအတွင်း ရှိ အတူနေအချုပ်သားများကို ရန်မူခြင်း၊ အခန်းနံရံအားဦးခေါင်း ဖြင့်ဆောင့်ခြင်းများပြုလုပ်သဖြင့် မောင်နိုင်၏၀ဲဘက်ဂျိုစောင်းသွေး ထွက်ပေါက်ပြဲဒဏ်ရာရရှိခဲ့သော ကြောင့် ပျဉ်းမနားမြို့ကုတင်(၂၀၀) ဆေးရုံသို့ပို့ဆောင်ဆေးထည့်ပေးပြီး ရဲအချုပ်ထောင်သို့ပြန်ရောက်စဉ် အချုပ်ခန်းအတွင်းပြန်လည်ထား ရှိပါက အခြားသူများအားရန်ပြု အန်္တရာယ်ပေးမည့် အခြေအနေရှိ သဖြင့် အချုပ်ခန်းလျှောက်လမ်းရှိ ကုတင်တွင်ထားရှိရာမှ ဆူပူအော် ဟစ်ရုန်းကန်သည်ကို တပ်ဖွဲ့ဝင် များဝိုင်းဝန်းထိမ်းသိမ်းစဉ် အချုပ် ခန်းအတွင်းရှိ ရာကြီးအမှတ် ၅၆/၂၀၁၃ဖြင့် တရားစွဲတင်စစ် ဆေးနေသော အောင်အောင်ဆို သူမှ စတင်လှုံ့ဆော်ဆူပူအော်ဟစ် စေရာမှ အချုပ်ခန်းအမှတ် (၅/ ၆/၇/၈)ရှိ အချုပ်တရားခံများမှ ဆူပူအော်ဟစ်ခြင်း၊ အ၀တ်အစား များနှင့် သတင်းစာဂျာနယ်များ အား မီးရှို့ခြင်းများပြုလုပ်ခဲ့ကြ သည်ဟု ဆိုသည်။

အဆိုပါအချုပ်ခန်းကို မီးရှို့မှုအား မီးငြိမ်းသတ်ရန်အတွက် လာသော ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း အချုပ်ခန်းအတွင်းရှိသူများမှ အတွင်းရှိပစ္စည်းများဖြင့်ပစ်ပေါက် အန္တရာယ်ပြုနေသဖြင့် မီးငြိမ်း သတ်ရန်အခက်အခဲဖြစ်နေသော ကြောင့် ခြောက်လှန့်သေနတ် (၁၇)ချက်ပစ်ဖောက်ကာ အခြေ အနေထိန်းသိမ်းခဲ့ရာ နံနက် (၁၀း၄၀)နာရီအချိန်ထိ ဆူပူမှု ငြိမ်သက်အောင်စနစ်တကျထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဆုံးရှုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ ကြောင်း၊ ယခုအခါလုံခြုံရေးများ တင်းကြပ်စွာချထားလျက် ပျဉ်းမနားရဲအချုပ်ထောင်တွင် အချုပ်သားကျား(၂၃၆)ဦးနှင့် အမျိုးသမီးအချုပ်သား(၄၆)ဦး၊ စုစုပေါင်း(၂၈၂)ဦးချုပ်နှောင်ထား ရှိကြောင်းသိရပြီး မီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပြောသည်။

 မြင့်အောင် (နေပြည်တော်)
BY HOTNEWS

လမ်းပြောင်းပြန်မောင်းနှင်လာသောယာဉ်မှ အခြားယာဉ် (၃)စီးအားတိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

၂၀.၂.၂၀၁၄ရက်နေ့ ၂၀၃၀အချိန် စမ်းချောင်းမြို့နယ်နေ
ထက်အောင်ရှိုင်း၊ (ဘ)ဦးစိုးနိုင်သည် ၈ဂ/--- လိုက်ထရပ်
အဖြူရောင်ယာဉ်အား မြေနီကုန်းတောင်ရပ်ကွက်၊ ဓမ္မာရုံလမ်း
အတိုင်း လမ်းပြောင်းပြန် မောင်းနှင်လာရာ ဓမ္မာရုံလမ်း၊ အမှတ်(၅၉)ရှေ့တွင်ရပ်ထားသော CC/----ပရိုဘောက်အဖြူရောင် ယာဉ်အားတိုက်မိပြီး ယာဘက်သို့ဆွဲရှောင်စဉ် ၎င်းလမ်းအတိုင်း
ယာဉ်မောင်း ဦးအာကာမင်း မောင်းနှင်သည့် 2E/----ပရိုဘောက်
အဖြူရောင်ယာဉ်အားတိုက်မိကာ ဆက်လက်မောင်းနှင်သွားစဉ် ဗားကရာလမ်းနှင့် ဗိုလ်မိုးလမ်းထိပ်အရောက် ယာဉ်မောင်း ဦးထွန်းလွင်မောင်းနှင်သော ၄စ/----ပရိုဘောက် ခဲရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီး ပိန်ချိုင့်ပျက်စီးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ထက်အောင်ရှိုင်းအား စမ်းချောင်းမြို့မရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၂၇၉ဖြင့်
အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Credit: Original Owner