ထိုင်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့တွင်း စစ်တပ်လုံခြုံရေး ထူထပ် (မေ ၂၃၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအ၀င် နိုင်ငံတကာနဲ့ ဒေသတွင်းက ဝေဖန်သံတွေ စိုးရိမ်မကင်းသံတွေ အကြီးအကျယ် ထွက်ပေါ်လာပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေဟာ အသင်းတခုလုံးကို ထိခိုက်လာမှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အာဆီယံ အသင်းဝင် နိုင်ငံတခုမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ မရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းတခု ထူထောင်ဖို့ ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်တဲ့အကြောင်းနဲ့ အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆ လလောက်ကြာမြင့်နေပြီဖြစ် တဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုသွားတာပါ။

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေး ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။ တခြား အာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံတွေကလည်း အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြသလို လုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာနိုင်ငံသားတွေကို ထိုင်းနိုင်ငံခရီးစဉ်ဖျက်ဖို့ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ မနေ့တုန်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အထူးစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတရပ် ပေါ်ပေါက်အောင် အမြန်ဆုံး ကြိုးပမ်းဖို့ တိုက်တွန်းခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကလည်း ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ အာဏာသိမ်းဖို့ မလိုဘူး ဆိုပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာပါ။

ထိန်းသိမ်းထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပါအ၀င် အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တိုက်တွန်းခဲ့ပါတယ်။ အလားတူ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန် အပါအ၀င် နိုင်ငံအတော်များများက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

voa burmese

အမေရိကန် ဒေါ်လာ၁ဒသမ ၆၇သန်း ကုန်ကျမည့် သားသတ်ရုံ မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည်


ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ညွှန်ကြားချက်အရ အစားအစာလုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ သန်း ကုန်ကျမည့် ခေတ်မီ သားသတ်ရုံများကို မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

“စည်ပင်အနေနဲ့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ်ဆောက်ရမှာဖြစ်ပါတယ်။ အဓိကတော့ ဈေးနှင့်သားသတ်ဌာနက ဆောင်ရွက်သွားမှာပါ။ အဆောက်အအုံအတွက် နေရာလျာထားပြီးပြီဆိုတော့ နေရာသေချာပြီဆိုတာနဲ့ တင်ဒါခေါ်မယ်။ ပြီးရင် စက်ပစ္စည်း၊ ရေပေးရေးစနစ်တို့၊ ၀န်ထမ်းအိမ်ရာတို့ ထားရှိမှာဖြစ်ပါတယ်။ ၂၀၁၆ မှာ အပြီးတည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းသားသတ်ရုံတည်ဆောက်ပြီးစီးပါက နေ့စဉ် ကျွဲ၊ နွားအကောင်ရေ ၂၀၀ ခန့်သတ်နိုင်မည်ဖြစ်ပြီး အသားကိုလည်း အအေးခန်းဖြင့်ထားကာ စက်ဖြင့် အရေခွံခွာ၊ အသားထုတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ခေတ်မီသားသတ်စက်ရုံကို တောင်အင်းမြောက်အင်းတွင် တည်ဆောက်ပြီးပါက မန္တလေးမြို့ စိန်ပန်းရပ်ကွက်ရှိ သားသတ်ရုံကို မြို့နှင့်နီးသဖြင့် ထိုနေရာသို့ ရွှေ့ပြောင်းစေမည်ဖြစ်သည်။

မန္တလေးမြို့အပါအ၀င် ရန်ကုန်နှင့် နေပြည်တော်မြို့များ၌ ခေတ်မီသားသတ်ရုံတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ယခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ စီမံကိန်းကာလကို သုံးနှစ်သတ်မှတ်ထားသည်။ မန္တလေးမြို့တွင် တည်ဆောက်မည့် ခေတ်မီ သားသတ်ရုံကို တောင်အင်း မြောက်အင်းတွင် လျာထားပြီး စည်ပင်မှ အကုန်ကျခံတည်ဆောက်မည်ဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ် သိန်း ၅၀၀ ခန့်လျာထားသည်။

Mizzima Burmese

ထိုင်းနိုင်ငံရေးခေါင်းဆောင်တွေ စစ်တပ်က ခေါ်ယူ ထိန်းသိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် လိုက်ပါလာတယ်လို့ ယူဆရတဲ့ အလုံပိတ်ကား စစ်တပ်ဝင်းထဲ ဆိုက်ရောက်လာ။ (မေ ၂၃၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ စစ်တပ်က ဆင့်ခေါ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ မိသားစုဝင်တချို့ကို ထိန်းသိမ်းလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ စီစဉ်စရာတွေ ရှိနေတဲ့အတွက် ၀န်ကြီးချုပ်ဟောင်းကို ခေတ္တထိန်းသိမ်းလိုက်ပေမဲ့ သီတင်းတပတ်ထက် ပိုမှာမဟုတ်တဲ့အကြောင်း အမည်မဖော်လိုသူ စစ်အရာရှိတဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

စစ်တပ်က ဆင့်ခေါ်ခံခဲ့ရတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဆက်နွယ်သူတွေနဲ့ အတိုက်အခံ ၁၀၀ ကျော်မှာ ဒီကနေ့နှောင်းပိုင်းအထိ ပြန်လွှတ်ပေးခဲ့သူ အနည်းအကျဉ်းသာ ရှိပါသေးတယ်။ ဆက်လက် ထိန်းသိမ်းထားသူတွေ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ ထင်ရှားတဲ့ နိုင်ငံရေးသမား ၁၅၅ ယောက် ကို နိုင်ငံကနေ ထွက်ခွာခွင့် တားမြစ် ထားကြောင်း ဖော်ပြ ထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ရှေ့ရှုပြီး တိုင်းပြည် အာဏာကို ထိန်းချုပ်လိုက်တဲ့အကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့မှာ လူပေါင်းရာနဲ့ချီပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ကြုံခဲ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက်သလို၊ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်တွေကလည်း ထုန်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေ အပါအ၀င် သတင်းမီဒီယာတွေကိုလည်း ပိတ်ပင်တားမြစ်မှုတွေ လုပ်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲလာပြီး နောက်ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခေါက်နဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။

voa burmese

ဟံသာဝတီဦးဝင်းတင်၏ မွေးနေ့ (သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး အကျဉ်းသားများနေ့အဖြစ် သတ်မှတ်ရန် လိုလား


မြန်မာနိုင်ငံ၏ ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ မွေးနေ့ (သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး အကျဉ်းသားများနေ့အဖြစ် သတ် မှတ်ရန် သင့်တော်ကြောင်း နိုင်ငံရေးအင်အားစုများက မေလ (၂၁) ရက်နေ့က မဟာစည် သာသနာ့ရိပ်သာ၌ ပြုလုပ်သော ဟံသာဝတီဦး ၀င်းတင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကျွေးအလှူ၌ သုံးသပ်ခဲ့ကြသည်။
ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာ ဆရာ ကြီး ဟံသာဝတီဦးဝင်းတင်သည် အကျဉ်းထောင် အတွင်း ရောက်ရှိ နေစဉ်သာမကထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း နိုင်ငံရေးသမားများ အားလုံး၏ စံပြပုဂ်္ဂိုလ်တစ်ဦးအဖြစ် နေထိုင်နိုင်ခဲ့ပြီး ဆရာကြီး၏ မွေးနေ့(သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး သမားများနေ့အဖြစ် သတ်မှတ်ပါက အကောင်းဆုံးဟု ယူဆ၍ရနိုင်ကြောင်း ဆရာကြီးရှိနေစဉ် အနီး ကပ်စောင့်ရှောက်ခဲ့သူ ကိုဇော်မျိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။…
““ဘဘကထောင်ကနေ ခံဝန်ထိုးပြီး ထွက်ပါဆိုတောင်သူ မထွက်ခဲ့ဘူး။ နိုင်ငံရေး အကျဉ်းသားတိုင်းလည်း သူ့လို စိတ်ဓာတ်မျိုးရှိဖို့ လိုတယ်ဆိုတာ သာဓကပြခဲ့တာရှိတယ်။ သူကိုယ်တိုင်ပြောပါတယ်။ ကျွန်တော် လက်မှတ်ထိုးပြီးထွက် အပြင်မှာ နိုင်ငံရေးလုပ် ရင်ရတာပဲတဲ့။ လက်မှတ်က နိုင်ငံရေးမလုပ်ပါ ဘူးဆိုပြီး ထိုးပြီးထွက်မှာကိုအဲတော့ သို့သော် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကို ထူထောင်ထားတဲ့ သူ တစ်ယောက်က သူ့လို မလုပ်ကောင်း ဘူးလို့ သူယူဆတယ်တဲ့။ အဲတော့ အဲလိုပုဂ်္ဂိုလ်မျိုးကိုစံထားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်း သားများနေ့အဖြစ် သတ်မှတ်မယ်ဆိုရင် ပိုသင့် လျော်ပါတယ်””ဟု ကိုဇော်မျိုး အောင်က ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများနေ့အား သတ်မှတ်ရန် ခက်ခဲသော်လည်း ဆရာကြီးဟံသာဝတီ ဦးဝင်း တင်၏ မွေးနေ့(သို့မဟုတ်) ကွယ်လွန်သည့်နေ့အား သတ်မှတ်လျှင် ဆရာကြီးအားဂုဏ်ပြုရာ ပိုရောက် ကြောင်း၊ ဒီလှိုင်းစာစောင်မှ တာဝန် ခံအယ်ဒီတာ ဖျာပုံနီလုံဦးကလည်း ““ဆရာဦးဝင်းတင် မသေဆုံးမီ တည်းက နိုင်ငံရေးအကျဉ်းသား နေ့ကို သတ်မှတ်ဖို့ သဘောထား ပေးတာတွေရှိတယ်။ ဆရာဦးဝင်း တင်က အတိအကျ တော့ပေးမသွားဘူး။ ဒါပေမဲ့ ဆရာဦးဝင်းတင်ရဲ့ ကွယ်လွန်တဲ့နေ့ကိုနိုင်ငံရေး အကျဉ်းသားနေ့ပေး မယ်ဆိုရင် တော့ ပိုပြီးတော့ ဂုဏ်ပြုရာရောက်တာပေါ့””ဟု မြန်မာသံတော်ဆင့်သို့ ပြော သည်။
နိုင်ငံရေးအကျဉ်းသားများ နေ့ဆိုသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အားလုံးနှင့် သက်ဆိုင်သော ကြောင့်နိုင်ငံရေး အကျဉ်းသားများ အားလုံးပူးပေါင်းဆွေးနွေး ဆုံးဖြတ်လျှင်ပိုမိုသင့်တော်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ပြောခဲ့သည်။
““ဦးဝင်းတင်ဆိုတာ သက်ရှိ ထင်ရှားရှိစဉ်ကတည်းက လေးစား ခဲ့ရတဲ့၊ အားကျခဲ့ရတဲ့ ပုဂ်္ဂိုလ်တစ် ယောက် အဖြစ်နဲ့ ဂုဏ်ပြုနေပြီးသားပါ။ အရင်ကလည်း အကျဉ်းသားများနေ့အဖြစ် အကျဉ်းထောင် ထဲမှာ မတရားမှု တွေကို ဆန့်ကျင်ရင်းနဲ့ ကျဆုံးသွားတဲ့သူတွေရဲ့ ကျဆုံးသွားတဲ့ရက်တွေကို နိုင်ငံရေး အကျဉ်းသားနေ့အဖြစ် သတ်မှတ်ဖို့ အဆိုပြုခဲ့ကြတာတွေ အများကြီး ရှိတာပေါ့။ ဒါကြောင့်မို့လို့ အားလုံး စုံညီဆွေးနွေး နိုင်ရင်တော့ ပိုကောင်း တာပေါ့””ဟု ဦးကိုကိုကြီးက ပြော သည်။သတင်းစာဆရာကြီး ဟံသာ ၀တီဦးဝင်းတင်အား ၁၉၃၀ ပြည့် နှစ် မတ်လ၁၂ရက်တွင် မွေးဖွားခဲ့ကာ အသက် (၈၅)နှစ်၂၀၁၄ခုနှစ်ဧပြီလ (၂၁)ရက်နေ့က ကွယ်လွန် ခဲ့သည်။
ဆရာကြီးဟံသာဝတီဦးဝင်း တင်သည် အကျဉ်းထောင်အတွင်း ၌ ၁၉ နှစ်ကျော်ကြာနေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာချိန်တွင် ဦးဝင်းတင်ဖောင်ဒေးရှင်း ထူထောင်ကာ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊နှင့် ထောင်ကျဆဲ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ထောင်ကျဆဲနိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ အား ကူညီထောက်ပံ့မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဆရာကြီး ဦးဝင်းတင်အား ဂုဏ်ပြုသည့်အနေဖြင့် ပြင်သစ်နိုင်ငံ၏ လမ်းတစ်လမ်းအား “၀င်းတင်လမ်း” ဟုအမည်ပေးထားသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်

နိုင်ငံပြုပြင်ပြောင်းလဲမှုများအား တပ်မတော်က ပေးထားခြင်းဖြစ်၍ အလွယ်တကူ အာဏာပြန်သိမ်းမည် မဟုတ်ဟု ဦးဌေးဦးပြော


မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအား တပ်မတော် က ပေးထားခြင်း ဖြစ်သောကြောင့် အလွယ်တကူ အာဏာ ပြန်သိမ်းမည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မီဒီယာ များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖွဲ့အစည်း အသီးသီးမှ နည်းလမ်း မျိုးစုံဖြင့် ကြိုးစား ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက တပ်မတော်က အာဏာ ပြန်သိမ်းကာ တိုင်းပြည် နောက်ကြောင်း ပြန်လှည့်ရန် စိုးရိမ်ရသည်ဟု သုံးသပ်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ သဘောထား မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော် ထင်ပါတယ်။ တပ်ကတော့ တော်ရုံတန်ရုံနဲ့ မလာပါဘူးဗျာ။ လုပ်လည်း မလုပ်ပါဘူး။ မလုပ်ချင်လို့ ပေးထားတာပဲ။ အရင် အစိုးရက တပ်မတော် အစိုးရလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော် အစိုးရလေ။ သူဆက်လိုချင်ရတာပဲ။ သူကနေပြီးတော့ ရသင့်ရထိုက်တဲ့ အချိန်ရောက်ပြီ ဆိုပြီးတော့ ပေးခဲ့တာ မဟုတ်လား။ ပြန်မယူပါဘူး၊ ကျွန်တော် ထင်ပါတယ်””ဟု ဦးဌေးဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများသည် ပင်ပန်းဆင်းရဲ နှိပ်စက်ခံကာ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အသီးအပွင့်ဖြစ်ပြီး တပ်မတော်သည် ၎င်းတို့၏ အကျိုး တည်တံ့ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားဆဲ ဖြစ်သည်ဟု ၁၉၆၀ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးလှရွှေက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

““စစ်တပ်က ခဏခဏ အာဏာ မသိမ်းချင်လို့ ဖွဲ့စည်းပုံနဲ့ အာဏာ သိမ်းထားတာပဲ။ တပ်မတော်က နိုင်ငံတကာရဲ့ Political Trend က Change လာတော့ အဲဒီ Change လာတဲ့အထဲကို ၀င်ပြီးကစားတာပဲ။ စစ်တပ်က ခုလုပ်နေတာ Democratic Reform ဆိုတာ အလုပ်ကို ကျွန်တော်မပြောဘူး။ ရည်ရွယ်ချက်ကို ကျွန်တော်ပြောတာ။ အလုပ်ကတော့ ပြောလို့ရအောင် လုပ်တာတွေလည်း ရှိတာပေါ့””ဟု ဦးလှရွှေက သုံးသပ်ခဲ့သည်။

မြန်မာတပ်မတော်သည် လူတစ်စု၏ အသုံးချ ခုတုံးလုပ်ခြင်းအား ခံခဲ့ရခြင်းဖြစ်ပြီး ကန့်သတ်မှုများ ဆက်လက် ရှိနေသေးကြောင်းကို လူမှုတရားမျှတ ဖော်ဆောင်ရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောသည်။

““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေ ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြည်သူလူထုက လိုလားပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှလည်းပဲ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူနဲ့ တစ်သားတည်းဖြစ်မယ့် တပ်မတော်ဖြစ်မှာပါ””ဟု ဒေါက်တာ သောင်းထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးအတွက် လူထုသဘောထား တောင်းခံသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နှင့် ၂၄ ရက်တွင် ကျင်းပ ပြီးစီးခဲ့သည်။ ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦး အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲ ပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ယင်းဥပဒေ အတည်ပြုရေးကို ထောက်ခံခဲ့သည်။
မြန်မာသံတော်ဆင့်

သတိထားရမည့် လိင်ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှုများ


ကွန်ဒုံးများသည် သန္ဓေတားဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေး လိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံး အသုံးပြုမှု သုတေသန အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော်အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လေ့လာချက်များကို လေ့လာ ခဲ့ကြသည်။

သူတို့သည် ကွန်ဒုံး အထုပ်ကို ဖောက်ရာတွင် ချွန်ထက်သော ပစ္စည်းများကို အသုံးပြုခြင်း၊ ကွန်ဒုံးကို အလွန် နောက်ကျမှ ချွတ်ခြင်း၊ ကွန်ဒုံးကို အလွန်စောစွာ ချွတ်ခြင်းနှင့် ရေကို အခြေခံသော ချောဆီများ အသုံးပြုရန် ပျက်ကွက်ခြင်းတို့ အပါအ၀င် မှားလေ့ မှားထရှိသည့် အမှားများစွာကို တွေ့ရှိ ခဲ့ကြသည်။ ယခု လေ့လာချက်များတွင် တစ်လင် တစ်မယား စနစ် ကျင့်သုံးသည့် လက်ထပ် ထားသည့် စုံတွဲ များမှသည် ပြည့်တန်ဆာများ အထိ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ လေ့လာချက်အရ ကွန်ဒုံးများကို လိင်ဆက်ဆံ နေစဉ် တစ်လျှောက်လုံး အသုံးပြုလေ့ မရှိကြောင်း၊ ၁၇ မှ ၅၁ ဒသမ ၁ ရာခိုင်နှုန်းသည် လိင်ဆက် ဆံမှုစတင်ပြီး နောက်မှသာ ကွန်ဒုံး စွပ်လေ့ ရှိပြီး ၁၃ ဒသမ ၆ မှ ၄၄ ဒသမ ၇ ရာခိုင် နှုန်းသည် လိင်ဆက်ဆံခြင်း ပြီးမြောက်မှု မရှိမီ ကွန်ဒုံးကို စောစောစီးစီး ချွတ်ပစ်လေ့ရှိကြောင်း တွေ့ရှိရသည်။ အမျိုးသားများ အနေဖြင့် ကွန်ဒုံးကို အသုံးပြုရာ၌ ကွန်ဒုံးအတွင်း၌ သုက်ရည်အတွက် နေရာလပ်ချန် ပေးမထားကြောင်း၊ ကွန်ဒုံးကို တပ်ဆင်ခြင်းမရှိမီ မမှန်မကန် အလိပ်ဖြေလေ့ ရှိကြောင်း၊ ကွန်ဒုံး တစ်ခုလုံး၌ မည်သည့် ပြဿနာ ရှိကြောင်း စစ်ဆေးခြင်းမရှိဘဲ ကွန်ဒုံးကို ကောက်စွပ် လိုက်ကြောင်း တွေ့ရှိ ရသည်ဟု ဆိုသည်။

၅၀ ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံးကို စွပ်ပြီးနောက် လေထုတ် ပစ်လေ့ မရှိကြောင်း တွေ့ရှိရသည်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိကြောင်း တွေ့ရသည်။ ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာခြင်းအားဖြင့် ရောဂါ ကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင်ရှား နိုင်လိမ့်မည် ဖြစ်ကြောင်း သတိ ပေးခဲ့သည်။
 မြဝတီ

နယ်စပ်လုံခြုံရေး မြန်မာ ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမည်



ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံကြား နယ်စပ် လုံခြုံရေး ဆွေးနွေးကြမယ်လို့ ဘင်္ဂလားဒေ့ ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသပြဿနာတွေ ဆွေးနွေးကြဖို့ အတွက် လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲကျင်းပရေး အဆိုကို မြန်မာအစိုးရဘက်က အပြုသဘောတုံ့ပြန် ခဲ့ကြောင်း၊ အစည်းအဝေး ကျင်းပနိုင်ပြီဆိုရင်နှစ်နိုင်ငံ လုံခြုံရေးနဲ့ နယ်စပ်တပ်ဖွဲ့တွေကိစ္စ ထဲထဲဝင် ဝင်ဆွေးနွေး မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေး ဝန်ကြီး Shahidul Haque က ပြောဆိုပါ တယ်။

BIISS ခေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန က ကမကထပြုကျင်းပခဲ့ပြီး၊  မြန်မာ နိုင်ငံ တကာ မဟာဗျူဟာ လေ့လာရေးဌာန ပါဝင်တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေး ပွဲမှာ ပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် မြန်မာ ဆက်ဆံရေးဟာ တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုချို့တဲ့နေမှု နဲ့ ရင်ဆိုင်နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် က လူမျိုးရေးပြဿနာကြောင့် ထောင်နဲ့ချီတဲ့ မူဆလင်တွေ ဝင်ရောက်လာ နေတာ ကို ဘင်္ဂလားဒေ့ရှ်က စိုးရိမ်နေကြောင်း၊ ဒါပေမဲ့ တစ်ဖက်ကိုတစ်ဖက် အပြစ်ဖို့နေမယ့်အစား ပြဿနာကို အတူတကွ ပူးပေါင်းဖြေရှင်းကြရမှာဖြစ်ကြောင်း လည်းပြောပါတယ်။

RFA Burmese


စွန်းဝူခုန်း ပုဂံဘုရား ဖူးမည်


မန္တလေး-မေ၂၃

မြန်မာနိင်ငံသို့ရောက်ရှိနေသော မျောက်မင်း စွန်းဝူခုန်း မင်းသားသည်
မန္တလေးကိုယ နေ့ ညနေပိုင်း ရောက်ရှိမည်ဖြစ်ပြီး
မေ ၂၄ ရက် နေ့ တွင် အမျိုးသားကဇာတ်ရုံမှာ အဖွဲ့အစည်းအချို့နှင့်ကျောင်းသားကျောင်းသူ များအပါအဝင် လူ၅၀၀ခန့် နှင့်တွေ့မည်ဟု မြန်မာ တရုတ် ချစ်ကြည်ရေးအသင်းမှ သိရသည်။
နက်ဖြန် ၂၃ ရက် နေ့  နေပြည်တော်မှာ လူကြီးတွေ့နဲ့ တွေ့ဆုံပြီး ည နေ ပိုင်း မှာ မန္တလေးကိုကူးလာမယ် ညအိပ်မယ် ၂၄ ရက်မှာ ပြည်သူ လူထုနဲ့တွေ့မယ် တွေ့ပြီးရင် ပရဟိတကို အလှုပေးမယ် နောက်တခါ ပြည်သူလူထုမေးတာကို ဖြေ ပေါ့ဗျာ သူတို့ တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီးရင် ည နေပိုင်း မှာ ဧရာဝတီမြစ်ထဲက သဘောင်္ပေါ်မှာ sight seeing ကြည့်ရင်းညစာ စားပွဲလုပ်မယ် ပြီးရင် ၂၅ ရက် နေ့ မှာ ပုဂံသွားမယ် ပုဂံမှာ ဘုရားဖူးမယ် ပြီးရင် ၂၆ ရက် နေ့  မန်းကို့ ပြန်လာပြီး မန္တလေးက နေ လေယာဉ်နဲ့ ပီကင်းကို ပြန်မယ် အထက်ပါအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
မန်းတွင် မည်သည့်အဖွဲ့အစည်းများနှင့်တွေ့ ဆုံမည်ကို အတိအကျမသိရဘဲ ကျောင်းသား ကျောင်းသူ အချို့နှင့်လည်း တွေ့ဆုံသွားဖို့ ရှိကြောင်းလည်းသိရသည်။ အဖွဲ့တွေက တော့အသေးစိတ် မသိသေးဘူးလူငါးရာလောက်တော့တက်မယ်ကြားတယ် ။ကျောင်းသားကျောင်းသူတွေရောပါမှာပေါ့ တွေ့ မယ် ယဉ်ကျေးမှုကဇာတ်ရုံမှာတွေ့မယ် ထမင်းကျတော့ oriental house မှာစားမယ်ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ခက်ဆစ်
Popular Myanmar News Journal

မိုးသီးဇွန် ပြည်တွင်းမှ ပြန်လည်ထွက်ခွာမည်


ရန်ကုန်၊ မေ ၂၃။

မြန်မာနိုင်ငံ ရောက်ရှိနေသည်မှာ ၈လခန့် ကြာမြင့်နေပြီဖြစ်သည့် အမေရိကန်နိုင်ငံသား ခံယူထားသူ မိုးသီးဇွန်ကို ဗီဇာသက်တမ်း ဆက်လက်
တိုးပေးခြင်း မရှိသောကြောင့် လာမည့် မေလ ၂၅ ရက်တွင် ပြည်တွင်းမှ ပြန်လည် ထွက်ခွာတော့မည် ဖြစ်ကြောင်း သိရသည်။

မိုးသီးဇွန် က “ထိုင်းကို တနင်္ဂနွေနေ့ မနက်သွားဖို့ စီစဉ်ထားပါတယ်၊ ဟိုရောက်ရင် မြန်မာသံရုံးမှာ ဗီဇာလျှောက်ပြီး အမြန်ဆုံးပြန်ရဖို့ မျှော်လင့်တယ်၊
ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နိုင်ငံရေးအခြေအနေတွေအားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါတယ်” ဟု
ယနေ့မနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်ကတည်းက ၎င်း၏ ဗီဇာသက်တမ်း ကုန်သွားခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ သတင်းပို့ထားခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘဲ
နိုင်ငံသားအဖြစ် လျှောက်ထားသည့် ကိစ္စမှာလည်း ထူးခြားမှု မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဗီဇာသက်တမ်းရက် ကျော်လွန်နေတာကြောင့် ထွက်ခွာဖို့ကို Myanmar Peace Center က တဆင့် အကြောင်းကြားလာတော့ အဲဒီက တာဝန်ရှိသူတွေနဲ့
ဆွေးနွေးပါတယ်၊ ရက်ကျော်ကြေး တစ်ရက် သုံးဒေါ်လာပေးပြီး ဆက်နေလို့ရပေမယ့် အဲတာကိုလည်း လက်မခံချင်တဲ့သဘော တွေ့ရပါတယ်”ဟု
မိုးသီးဇွန်က ပြောသည်။

ပြည်တွင်း၌ နေထိုင်စဉ်ကာလများတွင် မြောက်ပိုင်းလူသတ်သမားအဖြစ်လည်းကောင်း၊ ၂ဝဝ၇ သံဃာ့အရေးအခင်းတွင် တာလီဘန်များနှင့် ပေါင်း၍
သံဃာများအား သတ်ဖြတ်ရန် ကြံစည်ခဲ့သူဟု လည်းကောင်း ပြောဆိုနေမှုများနှင့် ပတ်သက်၍ စွပ်စွဲနေမည့်အစား တရားဝင် တိုင်ကြားနိုင်ကြောင်း
ABSDF ဥက္ကဌဟောင်း က ဆက်လက်ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ “အကုန်လုံးက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကို ပြောနေကြတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ဦးသိန်းစိန်ပဲ
အုပ်ချုပ်ချုပ်၊ မင်းအောင်လှိုင်ပဲ အုပ်ချုပ်ချုပ်၊ ဒေါ်စု ပဲ အုပ်ချုပ်ချုပ် ဂရုမစိုက်ဘူး၊ အုပ်ချုပ်လို့ရတယ်၊ ဒါပေမယ့် Concert ကိုပဲ ပြောင်းဖို့လိုတယ်၊ အဲဒီ Concert ကို
ကျွန်တော်တို့ သိဖို့လိုတယ်၊ အဲတာက ဘာလဲဆိုတော့ နံပါတ်တစ်က နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးဖို့၊ နံပါတ်နှစ်က တိုင်းရင်းသားအခွင့်အရေးပါ၊
တိုင်းရင်းသားတွေက သူတို့ကိုယ်ပိုင် ပြဌာန်းခွင့် အုပ်ချုပ်ခွင့်ရှိရမယ်၊ နံပါတ်သုံးအနေနဲ့ တပ်မတော်က စီပွားရေး၊ နိုင်ငံရေးတွေမှာ အခွင့်ထူးခံ လုပ်နေတာတွေကို
ရုတ်သိမ်းပေးဖို့ပါ”ဟု မိုးသီးဇွန်က သုံးသပ်ပြောဆိုသည်။

မိုးသီးဇွန် အနေဖြင့် လက်ရှိအချိန်တွင် စက်မှုဇုန်သုံးတွင် နိုင်ငံရေးအကျဉ်းသားများ၏ ကလေးများကို အင်္ဂလိပ်စာနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များ
သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“ဗီဇာပြန်ရဖို့က ကြာနေမယ်ဆိုရင်တော့ ထိုင်း ကနေ အမေရိကန်နိုင်ငံ နယူးယောက်အထိ ကျွန်တော်ပြန်မှာပါ” ၎င်းက ဆက်လက်ပြောသည်။

ထက်နောင်နောင်
The Myanma Age

ယင်လတ်နဲ့ မိသားစုကို စစ်တပ်က ထိန်းသိမ်း


ယင်လတ်နဲ့ သူ့မိသားစုဝင်တွေအပြင် အစိုးရ ခေါင်းဆောင်ဟောင်းတွေကို ထိန်းသိမ်းထား

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့မိသားစုဝင်တွေကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပြီလို့ သိရပါတယ်။

ယင်လတ်နဲ့အတူ အစိုးရအဖွဲ့ဟောင်းက အခြား နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘန်ကောက်မြို့က စစ်စခန်းကို အစောပိုင်းက သတင်းပို့ခဲ့ကြရပါတယ်။

အဲဒီ စစ်စခန်းမှာ နာရီအတော်ကြာ ထိန်းသိမ်းခံထားရပြီး နောက်မှာ အတိအကျ မသိရတဲ့ နေရာကို ခေါ်ဆောင် ထိန်းသိမ်းခြင်း ခံလိုက်ရတယ်လို့ သတင်းရပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ပရာယွတ် ချန် အိုချာဟာ သူ့ရဲ့ တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲတွေ မစခင် ပြုပြင် ပြောင်းလဲရေးတွေ အရင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ရာထူးအကြီးဆုံး အရာရှိ ၆ ယောက်ကို ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးကို တာဝန်ယူဖို့အတွက် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

BBC

ချိုးဖာက်ပစ်ရမယ့် ဖက်ရှင်စည်းမျဉ်းများ (အပိုင်း -၁)




မေသော် on 2014-05-20 15:09    
ဟိုးအရင်ကတည်းက ဘာနဲ့ဘာတွဲဝတ်ရင် မလိုက်ဖက်ဘူး။ ဘယ်အရောင်နဲ့ဆို ဘယ်အရောင်နဲ့မှ လိုက်တယ်ဆိုတဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေရှိခဲ့ဖူးပေမယ့် ခုချိန်မှာ ဒါတွေ မလိုအပ်တော့ပါဘူး။ ကိုယ့်စိတ်ကူးထဲ မှာရှိတဲ့အတိုင်း၊ ကိုယ့်အိုင်ဒီယာအတိုင်း တွဲဖက်ဝတ်ဆင်ပြီး ကိုယ့်စိတ်ကြိုက်ဖက်ရှင်ကို ဖန်တီးနိုင်ပြီလေ။ အဲ့ဒီတော့ ခုချိန်မှာ ဖောက်ဖျက်ပစ်ရတော့မယ် စည်းမျဉ်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။အနီရောင်နဲ့ပန်းရောင်တွဲဝတ်တာမျိုး။

အရင်တုန်းက ဒီအရောင်နှစ်ရောင်ကို တွဲဝတ်လိုက်ရင် လူတွေဝိုင်းကြည့်ခံရမှာပါ။ ခုချိန်မှာတော့ ကိုယ့်စိတ်ထဲမှာရှိတဲ့ အရောင်တိုင်းကို အပေါ်၊ အောက်ဆင်မြန်းပစ်လို့ရနေပါပြီ။

၂။အဖြူဝမ်းဆက် ၀တ်ဆင်တာမျိုး။

အထက်၊ အောက် အဖြူဝမ်းဆက် ၀တ်မယ်ဆို ဖိုးသူတော်လို့ အခေါ်ခံရမှာ ကြောက်နေသေးလား။ ဒါတွေမလိုတော့ပါဘူး။

၃။လက်ပတ်ကြိုး၊ accesoory တွေ အိမ်ကမထွက်ခင် ချွတ်ခဲ့တာမျိုး။

ကိုယ်သွားရမယ့်နေရာက ပွဲတက်မို့လို့ လက်က ပုတီးစေ့တွေ ချွတ်ထားခဲ့ဖို့ မလိုတော့ပါဘူး။ ဒါဖက်ရှင်ပါပဲ။

၎။အပြာနဲ့အနက်ရောင်နဲ့ မလိုက်ဖက်ဘူးဆိုတာမျိုး။

ရှေးရိုးစွဲဖက်ရှင်အမြင်တွေ မေ့ပစ်လိုက်ပါ။ ဒီအရောင်တွေကို တွဲဆင်မြန်းချင်တယ်ဆိုတဲ့ စိတ်ခံစားချက်ရှိရင် ၀တ်ပစ်လိုက်ရုံပေါ့။

၅။ဒီဇိုင်းပါတဲ့အဆင်တွေဆို အထက်အောင် ရှုပ်ယှက်ခတ်အောင် မဆင်မြန်းပါနဲ့။

အမှန်တကယ်ဆို အပေါ်အောက် မတူတဲ့ ဒီဇိုင်းပါတဲ့ အဆင်တွေ ဆင်မြန်းတာဟာ လူငယ်အသွင်တောင် ပိုဆောင်ပါသေးတယ်။ fresh လည်းဖြစ်ပါတယ်။

၆။ရွှေ ဒါမှမဟုတ် ငွေနဲ့ပတ်သက်ပြီး accessory တွေကို ရောမ၀တ်ပါနဲ့။

ရွှေဆိုရင်ရွှေ၊ ငွေဆိုရင်ငွေ သပ်သပ်စီခွဲဝတ်တဲ့ခေတ်ကျန်ခဲ့ပါပြီ။ အားလုံးရောဝတ်ပြီး accessory ခပ်များများဆင်မြန်းပစ်တာကလည်း ဖက်ရှင်ပဲနော်။

၇။မင်္ဂလာဆောင်ကို အနီဝတ်မသွားရဘူးဆိုတာမျိုး။

အနီနဲ့အနက်ဆိုရင် မင်္ဂလာဆောင် ၀တ်မသွားသင့်ဘူးလို့ ဆိုကြပေမယ့် ဒီအယူတွေလည်း ခုချိန်မှာ ပျောက်ကွယ်ကုန်ပါပြီ။

၈။Sneaker ဖိနပ်တွေဟာ gym ဆော့တဲ့အချိန်မှာသာ ၀တ်ဆင်ရတယ်ဆိုတာမျိုး။

ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအတွက်သာမက ပွဲတက်တွေမှာပါ စီးလာကြတဲ့ Sneaker ဖိနပ်တွေဟာ gym ဆော့တဲ့အချိန်မှသာ ၀တ်ဆင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကတော့ မရှိတော့တာတောင် ကြာနေပါပြီနော်။

၉။အပေါ်အောက် ဂျင်းဝမ်းဆက်ဝတ်တာဟာ ကြည့်ရဆိုးတယ်ဆိုတာမျိုး။

အပေါ်အင်္ကျံကလည်း ဂျင်း၊ အောက်ကဘောင်းဘီကလည်း ဂျင်းမို့လို့ ကြောင်တောင်တောင်နိုင်တယ်ဆိုတာမျိုးလည် ခုချိန်မှာ မရှိတော့ပါဘူး။ အထာကျတယ်လို့တောင် ထင်နေကြသေး။

၁၀။ခါးပတ်ရယ်၊ ဖိနပ်ရယ်၊ အိတ်ရယ် အရောင်ကာလာတူနေရမယ်ဆိုတာမျိုး။

အရင်တုန်းကတော့ ဘယ်အရာတွေ ကွဲပြားနေပါစေ။ ဖိနပ် နဲ့ အိတ်၊ ဒါမှမဟုတ် ဖိနပ်နဲ့ ခါးပတ် ကာလာတူနေမယ်ဆိုရင် ကြည့်ရတာ မိုက်တယ်။ ဖက်ရှင်ကျတယ်ဆိုတာမျိုးလည်း မဟုတ်တော့ပါဘူး။ တစ်ရောင်စီခွဲဝတ်လည်း အထာကျတာပါပဲ။

Ref:stylecaster.com
Trend Myanmar

ကြောက်သူနှင့် ရဲရင့်သူ

               
   
        ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နေတဲ့သူတွေဟာ တကယ်တော့ သီလရှိလို့ပါ။ ဘုရားရှင်က ပြောထားပါ တယ်။ လူတွေ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံရင် ရဲ့ရင့်သူဖြစ်တယ်။ ငါးပါးသီလကို ဖောက်ဖျက်သူဟာ ဘယ်ရောက်ရောက် ကြောက်ကြောက်နဲ့ အသက်ရှင်နေရတယ်။

        ဘ၀ကို ရင်ဆိုင်တဲ့အခါမှာ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ဘ၀ကို အကြောက်တရားဖြင့် ဖြတ် သန်းနေရတာဟာ အရမ်းကို ဆင်းရဲလှပါတယ်။ ဘယ်နေရာရောက်ရောက် ကြောက်စိတ်ဝင်နေ တတ် တယ်။ ကိုယ့်စိတ်ကို မလုံခြုံဘူး။

       မှန်ပါတယ်။ သီလဆိုတာ ကိုယ်နဲ့ နုတ်ကို မကောင်းတာ မလုပ်ဖြစ်အောင် စောင့်ထိန်းတာပါ။ ကိုယ်နဲ့ နုတ်ဖြင့် မကောင်းတာကို မလုပ်တဲ့သူဟာ ဘယ်သွားသွား ရဲရင့်နေပါတယ်။ သေမယ်ဆိုရင်တောင် ရဲရဲရင့်ရင့်ပဲ သေရဲပါတယ်။ အကုသိုလ်အပြစ်ကင်းနေတဲ့သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ လိပ်ပြာ သန့်တယ်။ စိတ်လည်းချမ်း သာတယ်။

       သီလမလုံခြုံရင် မကောင်းတာလုပ်နေတဲ့သူပါပဲ။ ကိုယ်နဲ့နှုတ်ဖြင့် မကောင်းတာလုပ်ထားတဲ့သူဟာ ဘယ်သွားသွား ကြောက်နေပါတယ်။ ကိုယ့်အိမ်ထဲမှာ နေနေရင်တောင် ကြောက်စိတ်ဝင်နေပါတယ်။   သေဖို့ဆိုရင် ပိုတောင် ကြောက်သေးတယ်။ ဇိမ်ခံကားစီး၊ မွေ့ယာပေါ်မှာ လဲလျောင်းနေသော်လည်း ကိုယ့်ရဲ့မကောင်းကျိုးဟာ ဘယ်နေ့ဝင်လာမလဲ တွေးပြီး ပူပန်ကြောက်လန့်နေရတယ်။

       ဒါကြောင့် ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ရန်နှင့် သေခြင်းတရားကို ရဲရင့်စွာ ရင်ဆိုင်နိုင်ဖို့အတွက် သီလကို လုံခြုံအောင် စောင့်ထိန်းရပါမယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

မူးယစ်ဆေး ရောင်းဝယ်သည်ဟု သတင်းထွက်နေသည့်အိမ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းမိ




မြစ်ကြီနား၊ မေ ၂၁
မြစ်ကြီနားမြို့ မန်ခိန်ဆရာက ထောင်ရပ်ကွက် အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသည်ဟု ကျော်ဇော သတင်းထွက်နေသည့် နေအိမ်ကို ရပ်ကွက်နေသူ ၁၀၀ ကျော်ပါသည့်အဖွဲ့က မေလ ၂၁ ရက်တွင် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သူ မန်ခိန် ဆရာကထောင် ရပ်ကွက်မှ နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာ ထိန်နန်တူးက ပြောကြားသည်။

ယင်းရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသောကြောင့် ဒေသခံများ ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုအဖြစ် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်ဇောသတင်း ထွက်နေသည့် ဘောမ်ဇုန်း၏ နေအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊

ဘောမ်ဇုန်းမှာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် နီးစပ်သူ ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လုပ်ငန်းများတွင် အချို့သော ရဲတပ်ဖွဲ့ဝင်များမှ သွယ်ဝိုက်၍ ပါဝင်ပတ်သက် နေသည်ကို မန်ခိန်ဒေသခံများက သတင်းပေး၍ ယခုကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သင်းအုပ်ဆရာ ထိန်နန်တူးက ဆက်လက်ပြောကြားသည်။

“ဒေသခံတွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဖွဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဒီနေ့စလုပ်တယ်။ ဒီနေ့မှာ ဖမ်းမိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲတပ်ရင်း (၃၀) ကဖြစ်ပြီး အရပ်သားတွေကတော့ ရွှေစက်ကျေးရွာကလို့ သိရတယ်။

သူတို့ကို အသေးစိတ် ရှာဖွေခွင့် မရှိတော့ ဘာမှမရှာလိုက်ရတဲ့အတွက် သက်သေခံပစ္စည်းတော့ မရလိုက်ဘူး။ ရှာရင်တော့ တွေ့ရမှာပါ” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံခဲ့ရသည့် ရဲဝန်းထမ်း နှစ်ဦးမှာ အဆိုပါ မူးယစ်ဆေးဝါး ကျော်ဇောသတင်း ဘောမ်ဇုန်းထံမှ အကြွေးရရန်ရှိ၍ လာရောက် တောင်းယူခြင်း ဖြစ်သည်ဟု ထွက်ဆိုပြီး အခြားအရပ်သား နှစ်ဦးကမူ ဆိုင်ကယ်ဆီဖိုး လာတောင်းသည်ဟု အသီးသီး ထွက်ဆိုကြောင်း ဝိုင်းဝန်း ဖမ်းဆီးခဲ့သူများက ဆိုသည်။

မန်ခိန်ရပ်ကွက်တွင် နေထိုင်၍ မူးယစ်ဆေးဝါး ကျော်ဇောသတင်း ထွက်နေသူ ဘောမ်ဇုန်းမှာ ယခင်က မူးယစ်ဆေးဝါးမူဖြင့် လေးနှစ်ခန့် အကျဉ်းကျခံ နေရာမှ ပြန်လည် လွတ်မြောက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးကြောင်း မန်ခိန်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြားသည်။

“ဘောမ်ဇုန်း လွတ်လာတဲ့အချိန် နောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းအရမ်း ပြန်ထွက်လာတယ်။ လမ်းဆုံ လမ်းခွတွေမှာ ရောင်းနေတယ် သတင်းကြားလို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေနဲ့ ဖမ်းဆီးဖို့ လိုက်သွားရင် အစအနရှာလို့ မတွေ့တော့ဘူး။ နောက်ဆို ဒီနည်းတွေနဲ့ မဖမ်းတော့ဘူး။ ဒေသခံတွေ ပါဝင်တဲ့နည်းနဲ့ပဲ သွားမယ်” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မိခင်တပ်ရင်း ဖြစ်သည့် အမှတ် (၃၀) လုံခြုံရေး ရဲတပ်ရင်းသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ပြီး ဘော်မ်ဇုန်းနှင့် အခြားအရပ်သား နှစ်ဦးကိုမူ ခြေချုပ်ယူထားကြောင်း ဖမ်းဆီးခံခဲ့ရသူများကို လာရောက် လွဲပြောင်းလက်ခံခဲ့သူ စီတာပူရပ်ကွက် ရဲကင်းစခန်းမှူး ဒုရဲအုပ်က ပြောကြားသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းနှင့် မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသောကြောင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဧပြီလ ၂၅ ရက်က လူထုဆုတောင်းပွဲ ပြုလုပ်ကာ

ယင်းနေ့ကို ကချင်မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး လူထုပူးပေါင်း ပါဝင်သည့် မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိကြောင်း မူးယစ်ဆေးဝါး ဆန့်ကျင်လှုပ်ရှားမှုတွင် ပါဝင်သူများထံမှ သိရသည်။

The Voice Weekly

မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ


ယနေ့ တိုးတက်လာတဲ့ ခေတ်စနစ်နှင့် နည်းပညာများ နောက်ကိုအမီလိုက်ရင်း ကျွန်မတို့ရဲ့ ကလေးတွေ၊ လူငယ် မျိုးဆက်သစ်လေးတွေ ဟာ မျက်မှန်လေးတွေ ကိုယ်စီ နဲ့ ဖြစ်လာကြပါတယ်။ အဲဒီတော့ မိဘတွေ အနေနဲ့ရော မျက်မှန် တပ်ဆင် နေရသူများရော၊ မျက်မှန် မတပ်ရသေး သူများရော သိထားသင့်တဲ့ မျက်မှန် တပ်ရ ခြင်းနှင့် သိမှတ် ဖွယ်ရာများကို မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်နီလာ သိန်းနှင့် ဒီတစ်ပတ် မှာ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ အခုနောက်ပိုင်း လူငယ်တွေ၊ ကလေးတွေမှာ မျက်မှန် တပ်ရတာ များလာတာကို တွေ့ရပါတယ်။ အဲဒါ ဘယ်လို အကြောင်းရင်းတွေကြောင့် ပါလဲရှင့်။

ဖြေ ။ ။မျက်မှန်ပါဝါနဲ့ ပတ်သက်လို့ ပြောရရင် နံပါတ်တစ်က မျိုးရိုး ဗီဇ ခေါ် တာပေါ့။ မိဘက အပေါင်းအနုတ် ပါဝါတွေ တပ်ရရင် မွေးလာတဲ့သား သမီးတွေ ကလည်း အနုတ် ပါဝါတွေ တပ်ရတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် အနေ အထားအရတော့ ကလေးတွေက လမ်း မှာ အဝေးကို ကြည့်ရတဲ့ အလေ့အထ တအား နည်းသွားတယ်။ သူတို့က ဘာတွေကြည့်လဲ ဆိုတော့ ကွန်ပျူတာ ကြည့်တယ်။ လက်(ပ်)တော့ ကြည့်တယ်။ ဂိမ်းတွေ ဆော့တယ်။ သူတို့ရဲ့ ဖုန်းသေးသေးလေးတွေ ထဲကနေ အင်တာ နက်တွေ ကြည့်တယ်။ ဂိမ်းတွေဆော့ တယ်။ အဲဒီတော့ သူတို့က အနီးကိုပဲ အရမ်း ကြည့်နေတဲ့ အခါကျတော့ တဖြည်း ဖြည်း နဲ့အဝေးကို မှုန်လာကြတယ်။
ဂျပန်တို့ စင်ကာပူ တို့မှာဆိုရင် သူတို့နိုင်ငံမှာရှိတဲ့ လူငယ် အားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းက မျက်မှန် တပ်ထားကြ တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ က တိုက်နံရံ အတွင်း မှာပဲ အမြင်အာရုံ က ရှိကြတယ်။ အဝေးကို ကြည့်တာ အားနည်းတယ်။ သူတို့သည် ဘာလုပ် နေကြလဲဆိုတော့ တစ်နေ့လုံး ကွန်ပျူ တာရှေ့များ မှာပဲ နေကြ တယ်။၂၄ နာရီ အင်တာနက် ကြည့်နေတယ်။ ဂိမ်း ဆော့တယ်။ ကွန်ပျူတာ ကြည့်တယ်။ ဒီတီဗီလို ဖန်သားပြင်ကိုပဲ ကြည့်နေတဲ့ အခါကျတော့ တဖြည်းဖြည်း နဲ့ အဝေး မှုန်သွားကြ တယ်။
နောက်တစ်ခုက မျက်မှန်တပ် သင့်ရဲ့သားနဲ့ ကလေးကိုတော့ မျက်မှန် မတပ်ချင်ဘူး။ မတပ်ပါရစေနဲ့ ဆရာမ ရယ် ဆိုပြီးတော့ ငြင်းဆိုပြီးတော့ မတပ်ဘဲ ထားတဲ့ အခါမှာ ကြာလာ တော့ အဲဒီကလေးက ပါဝါတွေ ထပ် တက်လာပြီးတော့ အဲဒီ ကလေးတွေက မျက်မှန်လေးတွေ နဲ့ဖြစ်သွားတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်စနစ်တွေ တိုးတက်လာတာ နဲ့အမျှ မျက်မှန်တပ် ရတဲ့ ကလေးတွေက များလာမှာပဲ။ အစ်မတို့ ကလေးတွေကို ဂိမ်းမဆော့ ပါနဲ့လို့ တားလို့ မရဘူး။ ဒါ မိဘတိုင်း ရင်ဆိုင်ရတဲ့ ပြဿနာပဲ။ ခေတ်စနစ် ရဲ့အသီးအပွင့် တွေဖြစ်တဲ့အတွက် တား လို့လည်း မရဘူး။ တားရင်လည်း သူတို့က တခြား ကလေးတွေ နဲ့ ယှဉ်ရင် ကျန်ခဲ့မှာလေ။ အဲဒါတွေအတွက်က တော့ အစ်မတို့ ပညာပေးရမှာပေါ့။

မေး။ ။ မျက်မှန်ကတပ်ပြီးရင် အချိန် တစ်ခုကြာသွားရင် ချွတ်လို့ရပါသ လား။ ဒါမှမဟုတ် တစ်သက်လုံး တပ် သွားရမှာပဲလား။

ဖြေ ။ ။ မျက်မှန်ရဲ့ သဘော သဘာဝအရ တော့ အနုတ် ပါဝါတပ်ထားတဲ့ အဝေး မှုန်မျက်စိ ဆိုရင်တော့ တပ်ထားပြီးရင် ပါဝါက တိုးဖို့ပဲ ရှိတယ်။ ကလေးတွေ ရဲ့ အသက် ၁၈ နှစ် ၂ဝ နှစ် ယောက်ျား လေး၊ မိန်းကလေး စတာတွေပေါ်မူ တည်ပြီးတော့ အသက် ၁၈ နှစ်၊ ၂ဝ ထိအောင် ပါဝါက တက်လာမှာဖြစ်တဲ့ အတွက်ကြောင့် ပါဝါကို လျှော့ချလို့ မရ ဘူး။ ဒါကြောင့် အစ်မတို့က သူတို့ ရဲ့ နေထိုင် စားသောက်မှုပုံစံမှာက ငယ်ငယ်တည်း က အသီးအနှံ များများ စားရမယ်။ အစာအုပ်စု သုံးခုမှာပါတဲ့ အစာတွေကို စား ရမယ်။ သတ္တုဓာတ် များများ ပါတဲ့ အစားအစာတွေကို စားမယ် ဆိုရင်တော့ ပါဝါကို ရှေ့ဆက် မတိုးလာအောင် ထိန်းနိုင်တာပဲ ရှိတယ်။

မေး။ ။ တချို့ မျက်မှန်တပ်ပြီးတော့ ဆေးသောက်ပြီး မျက်မှန်ကျွတ်သွား ကြတယ်ပြောတယ်။ အဲလိုမျိုး ဆေး စားပြီးတော့ရော မျက်မှန်ချွတ်နိုင်ပါ သလား။

ဖြေ ။ ။ ဆေးစားပြီးတော့ မျက်မှန် ကျွတ်တယ်လို့ မရှိနိုင်ပါဘူး။

မေး။ ။ မိဘတွေ အနေနဲ့ရော ကိုယ့်သား သမီးတွေ မျက်မှန် မတပ်ရအောင် ထိန်း ကွပ်ပေးလို့ ရတဲ့ဆောင်ရန်၊ ရှောင်ရန် တွေလည်း ပြောပြပေးပါဦးရှင့်။

ဖြေ ။ ။သူတို့ တစ်နေ့တာ လှုပ်ရှားနေ တဲ့ ဆောင်ရန် ရှောင်ရန်ပေါ့။ အဲဒါက စာဖတ်တဲ့ အခါမှာ အိပ်မဖတ်ရဘူး။ အမှောင်ထဲမှာ မဖတ်ရဘူး။ ခြင်ထောင် ထဲမှာ မှောက် မဖတ်ရဘူး။ ကားစီးရင်း၊ ရထားစီးရင်း မဖတ်ရဘူး။ တီဗီကြည့် ရင် မျက်စိ နဲ့ တစ်တန်းတည်း ထား ကြည့်ရမယ်။ တီဗီကို အမှောင် ထဲမှာ ထားမကြည့်ရဘူး။ အလင်းနောက် ခံ ထားကြည့်ရမယ် ဆိုတာလေး နဲ့ သူတို့ ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ကို မိဘတွေက အနီးကပ် ပြုပြင် ပေးနိုင် မယ်ဆိုရင်တော့ ကောင်းသွားမှာပါ။

မြတ်စုငြိမ်း

Popular Myanmar News Journal 

ကျူးကျော်ဟုဆိုကာ ဖယ်ရှားခံရသော မန္တလေးတိုင်းအတွင်းရှိ စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ကလေးငယ်များအတွက် သောက်သုံးရေနှင့် အဆောက်အအုံများ လိုအပ်နေဆဲဖြစ်


(ဖယ်ရှားခံခဲ့ရသည့် စိမ့်စမ်းရည်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ကိုရင်များအား ယာယီတဲနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- ဌေးလှအောင်))

ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားခံခဲ့ရသည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာမှ စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့ကလေးငယ်များအတွက် သောက်သုံးရေနှင့် အခြားအဆောက်အအုံများ လိုအပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့မှ နှမ်းကြဲကျေးရွာရှိ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ကျူးကျော်နေထိုင်သည်ဟုဆိုကာ မေ ၁၆ ရက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အင်အားသုံး ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျူးကျော်နေထိုင်လို့ဆိုပြီး အရင်နေရာကနေ ဒီနေရာလေးကို ရောက်လာတဲ့ အချိန်မှာ အားလုံးကတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အလှူရှင်တွေ လာရောက်ပြီးတော့ လှူဒါန်းနေတာတွေလည်း ရှိနေပါပြီ။ လက်ရှိ လိုအပ်နေတာကတော့ ကလေးတွေအတွက် သောက်သုံးရေ၊ ပညာသင်ကြားဖို့အတွက် စာသင်ခုံတွေနဲ့ အခြားပရိဘောဂ ပစ္စည်းလေးတွေ လိုအပ်နေပါသေးတယ်” ဟု စိမ့်စမ်းရည် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။

ဖယ်ရှားခံခဲရသည့်နေရာအား ၂ဝ၁၂ ခုနှစ်အတွင်းမှ ကျောင်းပိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် ကျူးကျော်နေထိုင်သည်ဟု ဆိုကာ သက်ဆိုင်ရာမှ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဆရာတော်က မိန့်ကြားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ လာရောက်လှူဒါန်းသူများ ရှိနေပြီ ဖြစ်သော်လည်း မြေနေရာ ဝယ်ယူရန်နှင့် အခြားအဆောက်အအုံများ တည်ဆောက်ရန်အတွက် လိုအပ်နေဆဲဖြစ်ပြီး လက်ရှိအဆောက်အအုံများမှာ မိုးဒဏ်လေဒဏ် ခံနိုင်ရည်မရှိကြောင်း သိရသည်။

ဖယ်ရှားခံခဲ့ရသည့် မိဘမဲ့ကလေးငယ် ၁ဝဝ ဝန်းကျင်ခန့်မှာ ဒေသအသီးသီးမှ လာရောက်နေကြခြင်းဖြစ်ကာ ၎င်းတို့မှာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက် ပညာသင်ကြားနေကြကြောင်း သိရပြီး လက်ရှိနေထိုင်နေရသည့် အဆောက်အဦများမှာ ယာယီအမိုးအကာများသာ ဖြစ်နေသေးပြီး မိုးဒဏ်လေဒဏ် ခံနိုင်သည့် အဆောက်အအုံများ သောက်သုံးရေများနှင့် အခြားလိုအပ်ချက်များလည်း ရှိနေသေးကြောင်း သိရသည်။



Eleven Media Group

သာကေတ တံတားကျိုးဟု ကောလာဟလများထွက်ပေါ်


မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့ နယ် တို့အား ဆက်သွယ်ထားသော သာကေတ တံတား (အသစ်) ကျိုးသည် ဟု ကောလာဟလ များထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်မဟုတ်ကြောင်း တံတားစောင့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယမန် နေ့ည (၉) နာရီ ၀န်းကျင်တွင် အဆိုပါ တံတားကျိုးသွားသည်ဟု ပြည် တွင်းရှိ လူမှုကွန်ရက်စာမျက်နှာတွင် သတင်း များထွက်ပေါ်လာခဲ့သည်။

တံတားကို ပြုပြင်ဖို့အတွက် အစီအစဉ်ရှိတယ်။ ခဏပိတ်ထားပါလို့ မြို့နယ်က အကြောင်းကြားလာလို့ ည(၇)နာရီမှာ ပိတ်ခဲ့ပါတယ်။ ကားတွေကို ပေးမသွားတော့ပါ ဘူး။ တံတားက ပြင်ဆင်ဖို့ ပိတ်တာပါ၊ မကျိုးပါဘူး ဟု လုပ်သက်(၂၃)နှစ်ရှိသော တံတား စောင့်ကြည့်ရေး ရဲတပ်ဖွဲ့ဝင် တစ် ဦးက ဆိုသည်။ ယင်းတံတားသည် ၁၉၆၆ ခုနှစ်တွင် ကိုလံဘို စီမံကိန်း အရ ပြည်သူ့ လုပ်ငန်းကော် ပိုရေးရှင်းက တည်ဆောက်ခဲ့သော ခေါက်တံတား အမျိုးအစားလည်းဖြစ်သည်။

နှစ်တွေက ကြာလာပြီဆိုတော့ တံတား မှာသုံးထားတဲ့ မူလီတွေကို စစ်ဆေးတာတွေ၊ ပြုပြင်တာတွေလုပ်ဖို့ ခဏပိတ်တာပါ။ တံတားကျိုးတာ မဟုတ်သလို၊ ပိတ်ခဲ့တာက လည်း ညနေကပါ ဟု အဆိုပါတံတားမှ ရဲအရာရှိတစ်ဦးက ပြောသည်။ လက်ရှိတွင် တံတား ကြံ့ခိုင်မှု အခြေအနေကြောင့် အဆိုပါတံတားတွင် ဆယ်တန် အောက် မော်တော်ယာဉ်များကိုသာ ဖြတ်သန်း ခွင့်ပေးထားသည်။ သာကေတ တံတား(သစ်) ကျိုးပျက်သည်ဆိုသော သတင်းကြောင့် လာရောက်ကြည့်ရှုသူ တချို့ ရှိခဲ့သည်။

messenger news journal

တော်တော်လည်တဲ့ လူကြီး


ရွာသူကြီးရဲ့ အိမ်ဘေးကို လူသစ်တစ်ယောက်ပြောင်းလာပါတယ်။
လူသစ်နဲ့သူကြီးနဲ့ ပြဿနာက နောက်တစ်ရက်မှာ စတွေ့ပါတယ်။ သူကြီးက
ကြက်ကြိုက်တတ်သူဖြစ်တာကြောင့် ကြက်တွေမွေးထားပါတယ်။ မနက်ခင်းကျတော့
လူသစ်က သူ့ခြံထဲရောက်နေတဲ့ကြက်ဥကို သူ့ကြက်ဥလို့ ဖင်ပိတ်ငြင်းတော့တာပဲ။
သူကြီးကလည်း မင်းမှာ ကြက်တစ်ကောင်မှမရှိဘဲ ဘယ်လိုလုပ်ပြီး
ဥတာတုန်းလို့မေးတာပေါ့။ ဒီကောင်ကလည်း ခပ်ကြောင်ကြောင်ဆိုတော့ ငါ့ခြံထဲမှာ
အုတဲ့ဥ၊ ငါ့ကြက်မရဲ့ဥဆိုပြီး အဆိုတော်အရိုးရဲ့သီချင်းလေးတောင်
ပြန်ဆိုပြလိုက်သေးတယ်။ ရူးသလိုပေါသလိုလုပ်ပြတာလေ။ ဒါနဲ့ သူကြီးက
ပြောလိုက်ပါတယ်။
”ကဲကဲ၊ ဒါဆို ငါတို့ ရွာမှာ အငြင်းပွားတိုင်း ဖြေရှင်းတဲ့နည်းရှိတယ်။
အဲ့ဒါကတော့ တစ်ယောက်ပေါင်ကြားကို တစ်ယောက်က ကန်မယ်။
အမြန်ပြန်ထနိုင်တဲ့သူက ကြက်ဥကိုပိုင်မယ်လေ။ ကဲ ဘယ်လိုလဲ..သဘောတူလား”
လူသစ်က သဘောတူလိုက်တယ်။ ဒါနဲ့ သူကြီးက အရင်ကန်ဖို့ ပြင်လိုက်တယ်။
အလေးဆုံးနဲ့ အမာဆုံး ခုံဖိနပ်ကိုစီးပြီး နောက်ကို ခြေ (၅)
လှမ်းလောက်ဆုတ်လို့ အရှိန်နဲ့ တအားပြေးကန်လိုက်တယ်။ လူသစ်လည်း
နာလွန်းလို့ ပေါင်ကြားကို လက်နဲ့အုပ်ပြီး အော်တော့တာပေါ့ ။
နာရီဝက်လောက်မှာ ပြန်ထလာပြီး သူကြီးကိုပြောလိုက်ပါတယ်။
”ကဲ .. ဒီတစ်ခါ သူကြီး အကန်ခံရမယ့်အလှည့်။ ကျွန်တော်ကန်မယ်”
သူကြီးက လေသံအေးအေးနဲ့ ပြန်ပြောလိုက်ပါတယ်။
”ကြက်ဥကို မင်းပဲ ယူလိုက်ပါတော့ကွာ”

ရဲစတိုင်း
The Myanma Age

ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၈ဝ ကျော် သေဆုံး


ပါကစ္စတန်စစ်ဘက်က နိုင်ငံမြောက်ပိုင်း မြောက်ဝါဇီရစ္စတန်ဒေသမှာလေကြောင်းထိုးစစ်ဆင်မှုတစ်ရပ် ပြုလုပ်ခဲ့ တာကြောင့် စစ်သွေးကြွ ၈ဝ ကျော်
သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ရဟတ်ယာဉ်နဲ့ဂျက်လေယာဉ်များဟာ အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်
အနီးမှာရှိတဲ့Miranshah Mir Ali နှင့် Boya မြို့ အပါအဝင် နေရာအများအပြားကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပြင် စစ်သွေးကြွလို့ယူဆရသူများ
ခိုအောင်းနေတဲ့ နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်  ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာများရှိ ဝင်လမ်း၊ထွက်လမ်းများကို ပိတ်ဆို့ခြင်း၊ အဆိုပါနေရာများတွင် ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ခြင်းတို့လည်း
ပြုလုပ်ခဲ့ပါတယ်။   စစ်သွေးကြွတွေဘက်ကမည်သူမည်ဝါ သေဆုံးဒဏ်ရာရတယ်ဆိုတာကို ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိပေမယ့်လည်း အဲဒီစစ်သွေးကြွ
တွေဟာအစိုးရတပ်ဖွဲ့ယာဉ်တန်းကိုတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူများဖြစ်ကြောင်းဒေသန္တရ သတင်း ဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

Source; Daily Mail
ဘာသာပြန် David
The Myanma Age

ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်

စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်ဝင်း လုံခြုံရေး ထူထပ် (မေမ ၂၂၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး အခုလို အာဏာသိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။

ဝါရင့် ထိုင်းနိုင်ငံရေးသမားတွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြာသပတေးနေ့ မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အဲဒီလူတွေကို ချက်ချင်း ပြန်လွတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို ပြန်အသက်သွင်း ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အခုလို အာဏာသိမ်းလိုက်တဲ့အတွက် ထိုင်းစစ်တပ်နဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးကို ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်လို့လည်း ၀န်ကြီးကယ်ရီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ၂ ရက်အကြာမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က ရုပ်မြင်သံကြားကတဆင့် မနေ့က ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ ၀န်ကြီးကယ်ရီက ၀ါရှင်တန်ဒီစီမြို့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ယာယီရပ်ဆိုင်းလိုက်တာဟာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ဖို့ အတွက်ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အနေနဲ့လည်း စစ်တပ်မှာ လာသတင်းပို့ကြဖို့ ကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က အမိန့် ထုတ်ပြန်ထားပါတယ်။

voa burmese

Pregnancy and Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း


အသက် ၂၉နှစ် သားဦးကိုယ်ဝန်၊ ၃၄ပတ်ထဲမှာပါဆရာ။ အားဆေးကို အိုဘီမင် သောက်ပါတယ်ရှင်။ အခုလပိုင်းထဲမှာ ပြနေတဲ့ ဆေးခန်းက ဆရာမက ထပ်သောက်ခိုင်းလို့ Vifron နဲ့ Folic Acid ပါ သောက်နေပါတယ်။ ဆီးအနည်ပါတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဆီးအနည်ပါတာ ဘာဖြစ်တတ်တယ်၊ ကောင်း မကောင်း၊ ဘာတွေ ဆောင်ရရှောင်ရမယ်၊ ဘာမှမပြောပြလို့ သိချင်ပါတယ်ဆရာ။ မေးလည်းမမေးရဲလို့ပါ။ အရင်အပတ်တွေကတော့ နေရထိုင်ရ သိပ်ပြဿနာမရှိပေမဲ့ ခု၂ ပတ်လောက်ထဲမှာ မိုးလင်းအိပ်ယာထတာနဲ့ လက်ဖဝါး လက်ဆစ် ခြေဆစ်တွေ ကိုင်လို့မကောင်း၊ လျှောက်လို့ မကောင်း ကွေးလို့ဆန့်လို့ မကောင်းဘူးဆရာ။ လက်သီးဆုပ်ကြည့်လို့လည်း ကောင်းကောင်းမရတော့ဘဲ တင်းပြီး နာနေပါတယ်။ အိပ်ယာပေါ်လှဲလိုက်ရင်လည်း မျက်နှာကြီးက တင်းတင်းကြီးလိုဖြစ်သွားပြီး တစ်ခါတလေ ခေါင်းက လေးလေးကြီးဖြစ်သွားတာရော ဓမ္မတာပဲလားဆရာ။ အထိုင်အထမှာလည်း မူးနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေတုံးမှာ (၁) ကိုယ်ရောင်မယ်၊ (၂) ဆီးထဲမှာ အနယ်တွေပါမယ်၊ (၃) BP သွေးဖိအားတက်မယ် ဆိုရင် ကိုယ်ဝန် သွေးဆိပ်တက်တာလို့ ခေါ်တယ်။ များသောအားဖြင့် ကိုယ်ဝန် ၂ဝ ပါတ်နောက်ပိုင်းမှာ ဖြစ်တတ်တယ်။ မတက်သေးတဲ့အဆင့်ကို Pre-eclamptic Toxemia (PET) လို့ခေါ်ပြီး၊ တက်ရင်တော့ Eclampsia လို့ ခေါ်တယ်။

သွေးတိုးတာ တခုထဲနဲ့ သွေးဆိပ်တက်တာလို့ မခေါ်ပါ။ အမေရိကားမှာ ကိုယ်ဝန်တွေရဲ့ ၆-၈% သွေးတိုးတယ်။ အဲဒီထဲမှာ သားဦးတွေက ၇ဝ% ရှိတယ်။ ၁၉၉၈ စာရင်းအရ သူတို့ဆီမှာ ကိုယ်ဝန် သွေးဆိပ်တက် လူနာ ၁၄၆၃၂ဝ ယောက် ရှိခဲ့တယ်။ ကိုယ်ဝန်မှန်သမျှထဲမှာ ၆-၈% က သွေးဆိပ်မတက်ခင်အဆင့် နဲ့ ဝ့ဝ၅-ဝ့၂% ဟာ သွေးဆိပ်တက်တဲ့ အဆင့် ဖြစ်တယ်။

ကျွန်တော်တို့ လူမျိုးတွေမှာလဲ အဖြစ်တော့ မများပါ။ ယမုန်နာဆေးခန်းမှာ အခုစာရေးတဲ့အထိ ကလေးမွေးဖွါးသူ ၂၂၆ ယောက် ရှိသွားတဲ့အထဲမှာ ပြီးခဲ့တဲ့ အပါတ်က ကိုယ်ဝန်လာအပ်တဲ့ မိန်းကလေးတယောက်မှာသာ သိသိသာသာ ကိုယ်ဝန်သွေးဆိပ်တက် ဖြစ်နေတယ်။ သူ့ခမြာ ခြေသလုံး နှစ်ဖက်လုံး ပြောင်နေအောင် ရောင်တယ်။ သွေးဖိအား အောက်ဂဏန်း ၁၁ဝ-၁ဝဝ အထိ တက်နေရှာတယ်။ ဆီးစစ်တော့ (အယ်လ်ဗြူမင် ++++) အများကြီး။

ဘာလို့ အဲလိုလာဖြစ်သလဲ အတိအကျတော့ မပြောနိုင်သေးဘူး။ ဖြစ်နိုင်တာတွေကတော့ -
• Autoimmune disorders (အော်တိုအင်မြူးန်) ရောဂါပြီးစနစ် မူမမှန် တုံ့ပြန်မှု၊
• Blood vessel problems သွေးကြောပြဿနာ၊
• Diet အစားအသောက် နဲ့
• Genes မျိုးဗီဇ တွေ ဖြစ်နိုင်တယ်။

အဖြစ်များသူတွေကတော့ -
• First pregnancy သားဦးကိုယ်ဝန်၊
• Multiple pregnancy အမွှာကိုယ်ဝန်၊
• Obesity လူအဝလွန်ရင်၊
• Older than age 35 အသက် ၃၅ နှစ်ကျော်ရင်၊
• Past history of diabetes, high blood pressure, or kidney disease အရင်က သွေးတိုး၊ ဆီးချို နဲ့ ကျောက်ကပ်ရောဂါရှိဘူသူတွေမှာ ပိုဖြစ်တတ်တယ်။

Symptoms ရောဂါလက္ခဏာတွေ -
• တချို့မှာ ဘာမှ သိပ်မခံစားရဘူး၊
• ခြေ-လက်-မျက်နှာ ထူးခြားပြီး ရောင်မယ်၊
• ကိုယ်အလေးချိန် တိုးသင့်တာထက် တိုးမယ်၊
• Oedema ကိုယ်ရောင်မယ်၊
• Urine albumin ဆီးထဲမှာ အနယ်တွေပါမယ်၊
• BP သွေးဖိအားတက်မယ်။ အထက်သွေးချိန်ဟာ 140mmHg ထက်ပိုမယ်၊ ဒါမှမဟုတ် ကိုယ်ဝန်မဆောင်ခင် (ဒီရောဂါ မဖြစ်ခင်က) ထက် 30mm ပိုမယ်၊ အောက်ဂဏန်း 90 mmHg ထက်ကျော်မယ်၊ ဒါမှမဟုတ် ကိုယ်ဝန် မဆောင်ခင် (ဒီရောဂါ မဖြစ်ခင်က) ထက် 15mm above ပိုမယ်။ BP သွေးဖိအားတိုင်းတာကို တခါနဲ့နောက်တခါ ၆ နာရီခြား တိုင်းသင့်တယ်။
• ခေါင်းကိုက်မယ်၊ ထိုးကိုက်တာမျိုး ဖြစ်တယ်၊
• ဗိုက်နာမယ်၊ ညာဘက် နံရိုးအောက်က ပိုနာတတ်တယ်၊ ညာပခုံးမှာလဲ နာတတ်တယ်၊ လေနာတာနဲ့ မှားတတ်တယ်၊
• ဆီးသွားတာ နည်းလာမယ်၊
• ပျို့-အန်မယ်၊
• မျက်စိကြည့်မကောင်း ဖြစ်လာမယ်၊

ဆေးစစ်ရင် -
၁။ High blood pressure သွေးဖိအား 140/90 mm/Hg ထက်များမယ်၊
၂။ Protein in the urine ဆီးထဲမှာ အနယ် (ပရိုတင်း) ပါနေမယ်၊
၃။ Swelling in the hands and face မျက်နှာ၊ ခြေထောက်၊ လက်တွေ ရောင်နေမယ်။
၎။ Weight gain အလေးချိန်တိုးတာ များမယ်၊
၅။ Platelet count less than 100,000 သွေးမှုံအရေအတွက် နည်းမယ်၊

အရေးကြီးတဲ့ ဆေးစစ်ချက်တွေ -
• Liver function tests အသဲ ကောင်း-မကောင်း စစ်ဆေးရာမှာ (အင်ဇိုင်းမ်) တွေ များနေတာ၊
• Severe headaches ခေါင်း မတရားကိုက်တာ၊
• Eclampsia တက်တာ၊
• Pulmonary edema အဆုတ်ရောင်တာ၊
• Low platelet count သွေးမှုန် အရေအတွက်နည်းတာ၊
• Decline in kidney function ကျောက်ကပ်အလုပ်တွေနဲ့ ဆိုင်တာတွေဖြစ်တဲ့ ဆီးသွားတာ နည်းလွန်းလာခြင်း၊ ဆီးထဲ (အယ်လ်ဗြူမင်) သိပ်များနေတာ၊ သွေးထဲမှာ creatinine များနေတာ၊
• HELLP syndrome (H = Hemolysis သွေးဥပျက်စီးခြင်း၊ + EL = Elevated liver enzymes (အင်ဇိုင်းမ်) တွေ များနေခြင်း၊ + LP = Low platelet count သွေးမှုံတွေ နည်းခြင်း၊) လို့ ခေါ်တယ်။

Treatment ဘယ်လိုကုသသလဲ -
• ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းကို ဆရာဝန်နဲ့ ပုံမှန်ပြသနေပါ။
• Mild PET မဆိုးတဲ့ သွေးဆိပ်တက်သူတွေကို အိပ်ရာမှာ နားစေရမယ်။ ည ၈ နာရီ၊ နေ့ ၂ နာရီ နားနေပါ။ ဘယ်ဘက် စောင်းအိပ်ပါ။
• ရေပိုသောက်ပြီး ဆားလျှော့စားပါ။ ဆိုဒီယမ်ပါတာတွေ (ငါးပိ၊ ငန်ပြာရည်။ ငါးခြောက်၊ ဟင်းချိုမှုံ့) မစားပါနဲ့
• Severe PET ဆိုးဝါးတဲ့ သွေးဆိပ်တက်သူတွေကို အိပ်ရာမှာ ဆေးရုံတက်နေသလို နားပါ။ အညစ်အကြေးစွန့်ချိန်သာ ထပါ။ လိုအပ်ရင် ထမသွားစေဘဲ ဆီးခြူပေးရမယ်။ လိုအပ်ရင် ဆေးရုံတင်ရမယ်။
• ကလေးမွေးပြီးမှသာ ကောင်းသွားတယ်။
• စောစောမွေးပေဘို့ လိုရင် ကလေးလဲ ဖွံ့ထွားမှု ကောင်းနေပြီဆိုရင် ဥပမာ ၃၇ ပါတ်ကျော်ရင် တနည်းနည်းနဲ့ မွေးအောင် လုပ်ပေးနိုင်တယ်။
• ရောဂါအခြေအနေ မဆိုးရင် နေ့စေ့လစေ့အထိ စောင့်နိုင်တယ်။
• သွေးဖိအားကျဆေး လိုနိုင်တယ်။ သွေးကျဆေးတွေက အထဲကကလေးကို သက်ရောက်စေနိုင်တယ်။ Methyldopa, Hydralazine နဲ့ Labetolol or Nifedipine တွေကို အများဆုံး သုံးတယ်။
• Antioxidants အဆိပ်ဖြေဆေးသဘောရှိတဲ့ Vitamin C and E ဗီတာမင် စီ နဲ့ အီး တွေကို ပေးနိုင်တယ်။ Vitamin D ဗီတာမင် ဒီ နည်းနေရင်လဲ ဒီရောဂါ ပိုဖြစ်တာ တွေ့ရတယ်။
• ကိုယ်ဝန် ၂၄ ပါတ်ကျော်ရင် ကလေး အဆုပ်ကောင်းဘို့အတွက် Steroid injections ထိုးဆေး ထိုးပေးနိုင်တယ်။
• Eclampsia သွေးဆိပ်တက်တာအတွက် Magnesium sulfate ဆားခါး IV ထိုးဆေးကို သုံးတယ်။
• Eclampsia တက်တဲ့အဆင့်ဖြစ်လာရတာက သွေးဖိအားများတာနဲ့ ဦးနှောက်ရောင်တာတွေကနေ ဖြစ်ရတယ်။
• Epilepsy ဝက်ရူးပြန်လို့ ခေါ်တဲ့ အတက်ရောဂါဖြစ်တာကို ပြုစုသလို လုပ်ရမယ်။ ပြုစုမဲ့သူက တည်ငြိမ်ပါ၊ လူနာကို တဖက်ဖက် စောင်းအိပ်နေစေပါ၊ အန္တရာယ်ရှိနိုင်တာ၊ အသက်ရှူလမ်းကို ဆို့နိုင်တာတွေ ဖယ်ရှားပါ။ ခေါင်းအောက်မှာ ခပ်ပြော့ပြော့အရာ ခုခံထားပေးပါ။ တက်နေတာကို ပြေစေအောင် လက်-ခြေ စတာတွေကို ဆွဲဆန့်တာ၊ ဆွဲဖြောင့်တာ၊ ချိုးဖဲ့တာတွေ မလုပ်ပါနဲ့။ ပါးစပ်ထဲကို ဘာမှ မထည့်ပါနဲ့။ တက်ပြီးရင် လူနာကို အားပေးနှစ်သိမ့်ပါ။
• Eclampsia တက်တဲ့အဆင့်ရောက်ရင် Hydralazine (5–10 mg IV every 15-20 min ပေးနိုင်တယ်။ ဒါမှမဟုတ်ရင် Labetalol (20 mg bolus IV followed by 40 mg if necessary in 10 minutes; then 80 mg every 10 up to maximum of 220 mg) ပေးနိုင်တယ်။
• BZD (Benzodiazepines) ဆေးကို သုံးနိုင်တယ်။ Psychoactive drug စိတ်ရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။ Tranquilizers ငြိမ်ဆေး ဖြစ်တယ်။ Anxiety စိုးရိမ်စိတ်ကဲတာ နဲ့ Insomnia မအိပ်နိုင်တာတွေအတွက် ပေးတယ်။ ကင်ဆာ-လူနာတွေမှာ ဆေးတွေကြောင့် ပျို့-အန်တာ သက်သာစေဘို့လဲ ဒီဆေး ပေးတယ်။

Complications နောက်ဆက်တွဲဖြစ်နိုင်တာတွေ
• မအေရော ကလေးပါ သေဆုံးရတယ်ဆိုတာ ရှားပါတယ်။
• Seizures မိခင်မှာ ၈-၃၆% တက်နိုင်တယ်။
• Premature ကလေးက နေ့မစေ့ဘဲမွေးတတ်တယ်။ တမင်တကာလဲ မွေးပေးရတတ်တယ်။ ၁၃-၃ဝ% စောမွေးနိုင်တယ်။
• Bleeding problems သွေးဆင်းတဲ့ပြဿနာ၊
• Placental Abruption အချင်းက အထဲမှာတင် ကွာနေတာဖြစ်နိုင်တယ်။ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါ ဖြစ်တယ်။
• Rupture of the liver အသဲကွဲထွက်တာ၊
• Stroke နှလုံး (စထုပ်ခ်) ရတာ၊
• ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို Gestational hypertension ခေါ်တယ်။ တခြား သွေးဆိပ်တက် လက္ခဏာတွေ မရှိဘူး။ ဒါပေမဲ့ သွေးတိုးတာ တခုထဲနဲ့ ကျောက်ကပ် နဲ့ တခြားအင်္ဂါတွေကို ထိခိုက်စေနိုင်တယ်။
• ကလေးကိုယ်အလေးချိန်မပြည့်တာ၊ စောမွေးတာတွေလဲ ဖြစ်စေနိုင်တယ်။ အသေမွေးတာလဲရှိတယ်။
• Preeclampsia ဖြစ်ရင် ကျောက်ကပ်၊ အချင်း၊ အသဲ နဲ့ ဦးနှောက်တွေကို သက်ရောက်စေတယ်။

Prevention ကာကွယ်ရေး
• Proper prenatal care ကိုယ်ဝန်အပ်ပါ။ အချိန်မှန်ပါစေ။ အသေအခြာ လိုက်နာပါ။
• အစာအဟာရ မျှတ၊ မှန်ကန်၊ လုံလောက်ပါစေ။
• ပြုပြင်ပြီးသား အသင့်ဝယ်စားလို့ရတဲ့ အစား-အသောက်တွေ ရှောင်ပါ။ (ကေဖင်း)၊ အရက် မတည့်ပါ။
• လိုတဲ့အားဆေးတွေ သောက်ပါ။
• ဆရာဝန် မညွှန်တဲ့ တခြားဆေးတွေ မသောက်ပါနဲ့။ (ဟာဗယ်)၊ တိုင်းရင်းဆေးတွေလဲ သတိထားရမှာထဲ ပါဝင်တယ်။

Prognosis အလားအလာ
• ကလေးဖွါးပြီးနောက် ၆ ပါတ်အတွင်းမှာ သွေးဖိအား များနေတာ၊ ဆီးအနယ်ပါနေတာ၊ ကိုယ်ရောင်တာတွေ လုံးဝ ကောင်းသွားမယ်။ တချို့မှာ ပိုကြာနိုင်တယ်။
• တခါဖြစ်ဘူးတဲ့ မိခင်တယောက်ဟာ နောက်ကိုယ်ဝန်တွေမှာလဲ ဖြစ်နိုင်သေးတယ်။ နောက်ဖြစ်တာက အရင်လောက် မဆိုးဘူး။
• အသက်ကြီးလာရင် သွေးတိုး ရှိလာတတ်တယ်။

Dr. တင့်ဆွေ

စုစုပေါင်း အလေချိန် ကီလို (၂၅၀) ရှိတဲ့ မြွေလေးကောင်နဲ့ တစ်ပြိုင်တည်းနှိပ်နယ်နိုင်တဲ့နေရာ


မြွေတွေနဲ့ နှိပ်နယ်ခြင်းဟာ သိပ်ပြီးမထူးဆန်းတော့ပေမယ့် မြွေလေးကောင် နဲ့ တစ်ပြိုင် ထဲနှိပ်နယ်ခြင်းမျိုး ကတော့ မရှိသလောက်ရှားပါး တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကြီးမားလှတဲ့ စပါးအုံးမြွေတွေ နဲ့ နှိပ်နယ်ခြင်း ၀န်ဆောင်မှုကို အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်နေတာ အတော်ကြာပြီ ဖြစ်ပြီး မြွေလေးကောင်နဲ့ တစ်ပြိုင်တည်း နှိပ်နယ်ခြင်းကို စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အနှိပ်ခံရမဲ့ သူဟာ သတိ္တရှိ ဖို့တော့ လိုအပ် ပါလိမ့်မယ်။ မြွေတစ်ကောင်ရဲ့ အရှည်ဟာ ငါး မီတာနီးပါးရှိပြီး၊ မွေလေးကောင်ရဲ့ စုစုပေါင်း ကိုယ်အလေးချိန် က ကီလို (၂၅၀) အထိရှိပါ တယ်။ ကြီးမားတဲ့ စပါးအုံး မြွေလေးကောင်ရဲ့ နှိပ်နယ်ခြင်းဖြစ်တာမို့ နှိပ်ခံထားရသူဟာ မြွေ တွေရဲ့ ရစ်ပတ်ထားမှုကြောင့် လှုပ်ရှားလို့မရတော့တဲ့ အခြေအနေမျိုးရင်ဆိုင်ရမှာ ဖြစ်ပါ တယ်။ ဒီလိုနှိပ်နယ်ပေးခြင်းကို အင်ဒိုနီးရှားနိုင်ငံ စီဘူးမြို့ရှိ တိရိစ္ဆာန်ရုံမှာ ပြုလုပ်ပေးနေ ပြီး အန္တရာယ်မဖြစ်အောင် စီမံပေးထားတယ် လို့ သိရပါတယ်။

စပါးအုံးမွေလေးကောင်ဟာ နှိပ်နယ်သူ ကို တစ်ဖြည်းဖြည်း ရစ်ပတ်သွားပြီး (၁၅) မိနစ်ခန့် အကြာမှာ တစ်ကိုယ်လုံးကို ရစ်ပတ် ပြီးသား ဖြစ် သွား ပါလိမ့်မယ်။ တစ်ကယ်လို့ နှိပ်ခံရသူဟာ ကြောက်လန့်တကြား အော်နေမယ်ဆိုရင် နှိပ်နယ်မှုက ထိရောက်မှုရှိတော့မှာ မဟုတ်ပါဘူး။ မြွေတွေမှာရှိ တဲ့ အရေပြားဟာ လူတွေရဲ့ ညောင်းညာမှုကိုလျော့ပါး သက်သာစေတယ်လို့ အယုံအကြည် ရှိကြတာမို့ နှိပ်နယ် မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။ နှိပ်နယ်မှု မပြု လုပ်ခင်မှာ မြွေကြီးလေးကောင်ကို ကြက် (၁၀) ကောင်စီ ကျွေးခဲ့တာမို့ ဆာလောင်မှု လုံးဝမရှိတော့ဘဲ အန္တရာယ်ပေးခြင်းနဲ့ ရင်ဆိုင်ရတော့မှာ မဟုတ်ပါဘူး။ တိရိစ္ဆာန်ရုံမန်နေဂျာ ရိုမာရာတီက မြွေတွေဟာအကောင်ကြီးပေမယ့် အဆိပ် လုံးဝမရှိတာမို့ ဘာအန္တရာယ်မှ မရှိကြောင်း၊ နှိပ်နယ်မှုမပြု လုပ်ခင်မှာ အစာဝအောင် ကျွေးထားလေ့ရှိကြောင်း မြွေတွေရဲ့နှိပ် နယ်မှုဟာ တစ်ကယ်အကျိုး ရှိကြောင်း ပြော ခဲ့ပါတယ်။ မြွေလေးကောင်နဲ့ ၀င်ရောက် နှိပ်နယ် ခံခဲ့တဲ့ ကင်မရာသမားမက္ကလင်က အလေးချိန် ကီလို ၂၅၀ ရှိတဲ့မွေတွေနဲ့အတူ ရစ်ပတ်ပြီး နေထိုင်ရတာ အလွန် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ဒီမွေလေးကောင်ဟာ မြန်မာစပါးအုံး မြွေအမျိုးအစား တွေဖြစ်တယ်လို့ သိရပါတယ်။

messenger news journal

တရုတ်နှစ်ဦးအား ဖမ်းဆီးမှုဖြင့် ကုမ္ပဏီက ဒေသခံများကို အမှုဖွင့်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသည့် NORBE-MCO ကုမ္ပဏီ၏
ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သော ဒေသခံ ခုနစ်ဦးအား ဆားလင်းကြီးမြို့နယ်
မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် တိုင်ကြားထားကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ မှ စီမံခန့်ခွဲရေး
မန်နေဂျာ မစ္စတာ ဒေါင်ယွန်ဖီက ပြောသည်။

"ဘယ်သူမဆို ဥပဒေကို ချိုးဖောက်ရင် ဥပဒေကြောင်းအရ အရေးယူရမှာပဲ။ ဒီလိုမလုပ်ရင်
ကျန်တဲ့သူတွေကလည်း အဲဒီအတိုင်း လိုက်လုပ် နေမှာပေါ့။ အခု မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ
ေေေ ေ ဖ်ာဆောင်နေပြီပဲ။ ဒီမိုကရေစီနိုင်ငံမှာလည်း စိတ်ကြိုက်လုပ်ချင်တာ လုပ်လို့မရဘူး။ ဥပဒေကို
  လေးစားလိုက်နာရမှာပဲ"ဟု မစ္စတာ ဒေါင်ယွန်ဖီက ပြောသည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း
မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော တရုတ်နိုင်ငံသား ဖြစ်ကြသည့် Mr.Lu Yunan
Hao နှင့် Mr.Miao Jie တို့အား ဒေသခံ ရွာသားများက ဖမ်းဆီးခေါ်ဆောင်ခဲ့ဟု မြန်မာ ၀မ်ပေါင်
ကုမ္ပဏီနှင့် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် ရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား အပြန်အလှန် တိုက်ခိုက်မှုများ
  ဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ရွာသားများနှင့်
  တွေ့ဆုံဆွေးနွေးပြီး နောက် မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံထားရသော
တရုတ်နိုင်ငံသား နှစ်ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လက်ထောက် အထွေထွေ
မန်နေဂျာ ဦးကျော်ဇေယျက ဆည်တည်းရွာဟောင်းနေ မရီရီဝင်း၊ ကိုသိန်းအောင်၊ မခင်ငြိမ်း၊
မ၀င်းဝေးဌေး၊ မစမ်းမော်၊ မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂအဖွဲ့ ဖြူနှင်းထွေးတို့အား ခိုးယူခြင်းခံရသူကို ၀ှက်သိမ်းမှု၊ ချူပ်နှောင်ထားမှု ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၃၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သို့သော် ၎င်းတို့ကို အမှုဖွင့်ခံထားရကြောင်း အသိပေးထားပြီး ယနေ့အချိန်အထိ ခေါ်ယူ
စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

"အမှန်တော့ ရွာသားတွေက တရုတ်လူမျိုး နှစ်ယောက်ကို ဖမ်းဆီးတာမျိုးမဟုတ်ပါဘူး။
  လျော်ကြေးမယူထားတဲ့ လယ်သမားတွေရဲ့ မြေပေါ်မှာ မြေတိုင်းတာတွေ လာလုပ်လို့ ဘာကြောင့်
မြေလာတိုင်းရတဲ့ အကြောင်းရင်းကိုမေးတာ။ ရွာသားတွေက သူတို့နဲ့ဆွေးနွေးဖို့ မူလတန်းကျောင်း
လေးကို ခေါ်သွားတာ။ ဒါကို အပြင်မှာ ရွာသားတွေက ဖမ်းသွားတယ်လို့ သတင်းလွှင့်ရာကနေ
အခုလို အကြမ်းဖက်မှု တွေဖြစ်သွားတာ"ဟု ရန်ကုန်ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ
လက်ပံတောင် စီမံကိန်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောသည်။

၂၀၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် တရုတ်နိုင်ငံသားများ
ဖမ်းဆီးခံရမှုနှင့် ဆက်နွှယ်နေသူများအား အမှုဖွင့် အရေးယူဖမ်းဆီးမှုများ မပြုလုပ်ရန်တောင်းဆိုခဲ့
သော်လည်း ဖမ်းဆီးထိန်းသိမ်းထားသူများအား အင်အားသုံး ၀င်ရောက်ကယ်ဆယ်ခြင်းပြုလုပ်ပါက
ဒေသခံများ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် ညှိနှိုင်းမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ဒေသခံများ၏
လုပ်ရပ်များသည် ဥပဒေမဲ့လုပ်ရပ်များဖြစ်သဖြင့် ဥပဒေနှင့် အညီ ဆက်လက်အရေးယူရမည်
ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒေသခံများကမူ အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဥပဒေအရ အရေးယူပါက ဆက်လက်
ရင်ဆိုင်သွားမည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မြေလျော်ကြေး ယူထားခြင်း မရှိသည့် မြေပေါ်တွင်
  ခြံစည်းရိုးခတ်ခြင်း၊ အဆောက်အအုံများ ဆောက်ခြင်း၊ မြေစာပုံခြင်းများ မပြုလုပ်ရန်
လိုအပ်ကြောင်း ပြောသည်။

"အမှုဖွင့်လည်း ရင်ဆိုင်ရမှာပဲ။ သူတို့ဘက်ကလည်း နောက်ဒီလိုမျိုးမလုပ်ဖို့လိုတယ်"ဟု
ကိုဝင်းကျော်က ပြောသည်။

ကုမ္ပဏီ မန်နေဂျာ မစ္စတာ ဒေါင်ယွန်ဖီကမူ ၀န်ထမ်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ယူရန်
မလွယ်ကူသော်လည်း ရွာသားများအနေဖြင့် မိမိတို့၏ လိုလားချက်များကို အကြမ်းမဖက်ဘဲ
ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးစေလိုကြောင်းပြောသည်။

"သူတို့ဖြစ်ချင်တာကို အဆင်ပြေအောင် ညှိနှိုင်းပေးဖို့ ကျွန်တော်တို့ဆန္ဒအမြဲရှိပါတယ်"ဟု ၎င်းက
  ပြောသည်။
Myanmar Times

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုအပေါ် အမှန်တကယ် ပြင်ဆင်နိုင်ပါ့မလားဟု တစ်နေ့တခြား သံသယပိုလာကြောင်းဆို


ဖွဲ့စည်းပုံအခြေခံဥပဒေ အမှန်တကယ် ပြင်ဆင်နိုင်ပါ့မလားဆိုသည့်သံသယ တစ်နေ့တခြား ပိုရှိလာကြောင်း လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ဒေါက် တာ အေးမောင် က မေ ၂၂ ရက်တွင် ပြောကြားသည်။ “ဒီနေ့ (မေ ၂၂ ရက်) လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော် မတီရဲ့ အစည်းအဝေးမှာ အခန်း(၂)ကို စပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့တွေ တခြား သူတွေ ဆွေးနွေးကြသလိုပေါ့ဗျာ။ တကယ်တမ်း အကောင်းဘက်ကအမြင်နဲ့ ဆွေးနွေးကြတာကို။ အကောင်း ဘက်ကအမြင်နဲ့ ကျွန်တော်တို့က ဆွေးနွေးတယ်။ ဒါပေမဲ့ အကောင်းဘက်က အမြင်ကလည်း တကယ့် တကယ် လက်တွေ့မှာ အဆိုးဘက်ကို ရောက်ရင် ရောက်သွားနိုင်တာပေါ့။ အဲဒါလေးတွေ လည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်ဖို့က အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော် တို့ကလည်း ကျွန်တော် တို့ရဲ့ကဏ္ဍအလျောက်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ကြည့်တာပေါ့ဗျာ။လက်တွေ့မှာ တကယ်တမ်းဖြစ် ချင်မှ ဖြစ်လာမယ်။အဲဒီတော့ မဖြစ်တော့ဘူးလို့ ကျွန်တော်တို့ဘက်က ယူဆတဲ့တစ်နေ့မှာတော့ဖြင့် ကျွန်တော် တို့ကလည်း နိုင်တဲ့ဝန်လောက်ပဲ ထမ်းနိုင်မယ်ဆိုတာကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ လည်း နိုင်တဲ့ဝန်တော့ အတတ်နိုင်ဆုံး ထမ်းပါမယ်။ ကျွန်တော်တို့က အင်မတန် အင်အားနည်းပါတယ်။

သမိုင်းဆိုတာတော့ ကျန်ခဲ့မှာပေါ့ဗျာ။ ပြင်ဖို့ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင် မှ ပြင်နိုင်ပါ့မလားဆိုတဲ့ သံသယလေးကတော့ ကျွန်တော်တို့မှာ တစ်နေ့ထက်တစ်နေ့ ပို ရှိရှိလာတယ်”ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော် မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစည်းအဝေးများ တွင် အဖွဲ့ဝင် များ အနေဖြင့် ပြည်သူအများ ပြင်ဆင်ရန် စိတ်ဝင်စားနေသည့်ပုဒ်မ ၄၃၆ ကို ဦးစွာဆွေးနွေး ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နှင့် အခန်း(၂)တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မေ ၂၂ ရက်တွင် ပြောကြားသည်။

ယခုကဲ့သို့ လွှတ်တော်ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ဆွေးနွေးလျက် ရှိသော် လည်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက် ရရှိပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည်ဖြစ် သဖြင့် အမှန်တကယ်ပြင်ဆင်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြ သည်။

Eleven Media Group

အသက် ၂ လတည်းနဲ့ စကားပြောနိုင်တဲ့ ထူးဆန်းအံ့ဖွယ် ကလေးလေး ဗီဒီယို You tube မှာ ပေါ်ပြူလာဖြစ်နေ (ရုပ်သံ)


  အေသင်အောင် 

  နှစ်လသားအရွယ် ကလေးအများစုဟာ ချစ်စရာကောင်းတဲ့ အပြုအမူတွေ ပြုလုပ်နိုင်ပေမယ့် စကားပြောဆိုဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းပါး လွန်းပါတယ်။ ဒါပေမဲ့ နှစ်လသား အရွယ် သမီးငယ်လေးဟာ စကားတစ်ခွန်းကို ပီပီသသနဲ့ အံ့အားသင့်စွာ ပြောဆိုနိုင်ခဲ့ပါ တယ်။ You Tube ၀က်ဘက် ဆိုက်မှာ နှစ်လ အရွယ် သမီးငယ်လေးဟာ ဖခင်ဖြစ်သူကို ပြုံးပျော်တဲ့ မျက်နှာ အနေအထားနဲ့ I Love You ဆိုတဲ့ စကားသုံးလုံးကို ပီပီသသပြောဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဟာ သမီးငယ်ရဲ့ စကားပီသစွာ ပြောဆိုနေပုံကို မိခင်ဖြစ်သူ အား ပြသနေခြင်းဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ကို You Tube မှာ လွှင့်တင်ခဲ့ရာမှာ ကြည့်ရှုသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်လအရွယ် သမီးငယ်လေး ဟာ အရွယ် နဲ့မလိုက်အောင် သင်လွယ်တတ်လွယ်ပြီး မိဘနှစ်ပါးပြောသမျှ စကားတွေကို နောက်ကနေ လိုက်ပြီး ပြောဆိုတတ် တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သမီးငယ်လေးရဲ့ I Love You ဆိုတဲ့ ပြောစကားဟာ မိဘနှစ်ပါး အတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စကားပြောဆို တတ်ခြင်းကိုလည်း ဂုဏ်ယူနေကြတယ်လို့ သိရပါတယ်။ 

The Messenger



စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ရေးသားပါက မည်သည့်လူမှုကွန်ရက်ကိုမဆိုပိတ်ပစ်ကာ ရေးသားသူကို တရားစွဲမည်ဟု ထိုင်းစစ်တပ်ထုတ်ပြန်


လူမှုကွန်ရက်များတွင် တပ်မတော်မှအာဏာသိမ်းမှုနှင့် တပ်မတော်ခေါင်းဆောင်များကိုကိုဝေဖန်ပြောဆိုခြင်း(သို့) ဆန့်ကျင်ခြင်း အစရှိသည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်လူမှုကွန်ရက်ကိုမဆို ပိတ်မည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့ကယနေ့သတိပေးသည်။

"လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အာဏာသိမ်းကောင်စီကိုဝေဖန်တာမျိုး ဆန့်ကျင်တာမျိုး လက်ရှိ ဥပဒေကိုချိုးဖောက်တာမျိုးတွေဖြစ်အောင်လှုံ့ဆော်တဲ့စာသားမျိုးတွေ မရေးကြပဲ ပူးပေါင်းဆောင်ရွက်ပေးကြစေချင်ပါတယ်။ တစ်ကယ်လို့ မလိုက်နာပဲဆန့်ကျင်တာတွေကို တွေ့ရင် လူမှုကွန်ရက် ၀န်ဆောင်မှုကို ချက်ခြင်းပိတ်ပစ်ပြီး၊ သက်ဆိုင်သူကိုလဲ ချက်ခြင်းဆင့်ခေါ်တရားစွဲမှာပါ"ဟုလည်း အာဏာသိမ်းကောင်စီမှဆိုသည်။

ထိုင်းနိုင်ငံ၏ စစ်တပ်သည် ၎င်းတို့အပေါ် နည်းနည်းလေးမှ ဝေဖန်ခြင်းကို လက်ခံခြင်းမရှိဘဲ အရေးယူသော်လည်း မြန်မာစစ်တပ်ကမူ လူမှုကွန်ယက်သုံးသူအချို့၏ စစ်တပ်အပေါ် အမျိုးမျိုး ပုတ်ခတ်ပြောဆိုမှုများကို ထိုင်းကဲ့သို့ အရေးယူမှုမျိုး ပြုလုပ်ခြင်းမရှိသည်မှာ ဒီမိုကရေစီဆန်သော စစ်တပ်ဟု
ဆိုနိုင်ကြောင်း ထိုင်းနိုင်ငံအရေးလေ့လာနေသူ တစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် Twitter နှင့် facebook လူမှုကွန်ရက်တို့ကို အထူးပင်လူကြိက်များကာ သုံးစွဲသူလည်း အလွန်များပြားပါသည်။

ref: AFP
Popular Myanmar News

ရေးမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးနှင့် တူတော်စပ်သူကို အဓမ္မကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီး


မော်လမြိုင်၊ မေ ၂၁

မွန်ပြည် ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးရဲလွင်နှင့် ၎င်း၏ တူတော်စပ်သူကို အဓမ္မ ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း  မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ကျောင်းရွာ ကျေးရွာအုပ်စု ကန်လှကျေးရွာတွင် ရေးမြို့နယ် NLD နာယက ဦးရဲလွင်သည် တစ်ရွာတည်း နေထိုင်သူအသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မကြံစည်သည်ဟု တိုင်ကြားခံရသဖြင့် စစ်ဆေးလျက်ရှိစဉ် မုဒိမ်းကျင့် ကြံစည်သည်ဟု စွပ်စွဲခံရသူ၏ နေအိမ်တွင် မေလ ၁၆ ရက်နေ့ ည ၇ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာတွင်း ပဋိပက္ခမဖြစ်စေရေးအတွက် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဦးရဲလွင်၏ တူတော်စပ်သူ ဦးအောင်မျိုးလွင်ထံမှ M-16 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ကတ်များနှင့် ဆက်သွယ်ရေး ကိရိယာများကို မေလ ၂၀ ရက်နေ့က သိမ်းဆီးရမိခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အဓမ္မ ကြံစည်မှုဖြင့် တိုင်ကြားခံရသူကို ကျောင်းရွာရဲစခန်း၌ စစ်ဆေးလျက်ရှိစဉ် ဒေသခံ ကျေးရွာသားများ စခန်းရှေ့သို့ ရောက်ရှိလာပြီး ရန်ပြုခဲ့ခြင်းကြောင့် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ပြည်နယ်၊ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ ကိုယ်တိုင် ဖြေရှင်းပေးခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောဆိုသည်။

ဦးအောင်မျိုးလွင်သည် ကျေးရွာအတွင်း သေနတ်တစ်လက် ကိုင်ဆောင် သွားလာလေ့ ရှိသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ယင်းအချိန်က ဖမ်းဆီးခြင်း မရှိဘဲ ဦးလေးတော်စပ်သူ အဓမ္မမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ သို့သော် ပြစ်မှုထင်ရှားပါက ပါတီစည်းကမ်းအရ ထုတ်ပယ်မည် ဖြစ်ကြောင်း ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။

ဒီကိစ္စတွေက ပါတီနဲ့တော့ မသက်ဆိုင်ဘူး၊ ပါတီဝင်တိုင်း ကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ သူတို့တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တယ် 

ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်၌ အဓမ္မကြံစည်သည် ဟု စွပ်စွဲခံရသူကို ရေးမြို့နယ် ရဲစခန်းတွင် ပ- ၁/၂၀၁၄၊ ပစ်မှုဆိုင်ရရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်လည်းကောင်း၊ ဦးအောင်မျိုးလွင်ကို ပ- ၅၉/၂၀၁၄ လက်နက် အက်ဥပဒေ ၁၉(စ) ဖြင့် အမှုဖွင့်ထားသည့်အပြင် တားမြစ်ထားသည့် ဆက်သွယ်ရေး စက်များ တွေ့ရှိခဲ့ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေ (၆၇) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

Written by  The Voice Weekly

မျိုးစောင့်ဥပဒေ မလိုအပ်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် ဆို


ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် မျိုးစောင့်ဥပဒေ မလိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်က The Messenger သတင်းစာသို့ ပြောကြားသည်။ ကျွန်တော်က ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ် အောင်အောင်မြင်မြင် ဖြစ်ဖို့ သွားနေကြ တာလေ။ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံမှာ မတူညီ တာတွေကို သည်းခံနိုင်တဲ့၊ မတူညီတာတွေနဲ့ ပေါင်းစပ်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်အောင် တည်ဆောက်နေတဲ့ အခြေအနေပေါ့။ ဒီလိုမျိုး မျိုးစောင့် ဥပဒေ ဆိုပြီးတော့ လူမျိုး အပေါ်အခြေခံပြီး၊ ဘာသာအပေါ် အခြေခံပြီး ပြဋ္ဌာန်းတာမျိုးတွေဟာ တကယ်တမ်း ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ မလိုအပ်ပါဘူး ဟု ကိုဌေးကြွယ် က ပြောသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) မှ လုပ်ဆောင်နေသော အမျိုးစောင့် ဥပဒေအား ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကန့်ကွက်ခဲ့ခြင်းကြောင့် မတ်လ (၁၆) ရက်နေ့တွင် ၎င်း အဖွဲ့အား နိုင်ငံရေး စားဖားအဖွဲ့အဖြစ် (မ.ဘ.သ) စစ်ကိုင်းတိုင်းမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မကြာသေးမီ ကလည်း မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး နှင့် လူမှုအဖွဲ့ အစည်းတစ်ခုမှ ခေါင်းဆောင် အမျိုးသမီးတစ်ဦးအား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မ.ဘ.သ (စစ်ကိုင်း) က လည်း ပြည်တွင်း သတင်းဂျာနယ် နှစ်စောင်အား အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်းကြေညာခဲ့သည်။

ဒီမျိုးစောင့်ဥပဒေကို အင်အားကြီးစွာ နဲ့ ကန့်ကွက်လာရင်၊ အင်အားကြီးစွာနဲ့ ဆက်လက် တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ပြည်သူ ပိုပြီး လိုက်ပါနိုင်အောင် အဲဒါတွေ ဆောင်ရွက်နေတာရှိပါတယ်ဟု မ.ဘ.သ (ဗဟို) မှ အလုပ် အမှုဆောင်၊ သုတေသနနှင့် မှတ်တမ်း ဌာနမှ ဦးအောင်မြိုင်က The Messenger သတင်းစာသို့ပြောသည်။ အဆိုပါမျိုးစောင့် ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှု အဖွဲ့အစည်း (၉၀) ကျော်က ကန့်ကွက် ထားသည်။ မျိုးစောင့်ဥပဒေ ရေးဆွဲရန်အတွက် အ မျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့မှ သမ္မတထံတင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပြန်လည် ပေးပို့ထားသည်။

  မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ၎င်းဥပဒေအား မပြဋ္ဌာန်းနိုင်မီ ကန့်ကွက်မှုများ၊ ထောက်ခံမှုများ ပြုလုပ်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးရဲထွဋ်က ပြောကြားထားသည်။ အဆိုပါ မျိုးစောင့်ဥပဒေသည် နိုင်ငံရေး အမြတ် ထုတ်နိုင်ရန်လုပ်နေခြင်း ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က The Messenger သတင်းစာသို့ မိန့်ကြားထားသည်။

The Messenger

အရမ်းဝသောကြောင့် ၇ နှစ်မှာမှ တစ်ကြိမ်သာ အိမ်အပြင်ထွက်ဖူးသည့် အမျိုးသမီး


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုး နီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ အ၀လွန်မှုကြောင့် ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ် မရှိတာ နှစ်ပေါင်း အတော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ လူမှုအဖွဲ့အစည်းတွေ နဲ့ အိမ်နီးချင်းတွေရဲ့ အကူအညီ ကြောင့် ခုနစ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြင်ပကမ္ဘာကို ထိတွေ့ ခွင့်ရသွားခဲ့ပါတယ်။ ဘွန်နီဟာ မိခင် ဖြစ်သူသေဆုံးသွားပြီးတဲ့နောက် နေအိမ်ကနေ အပြင်ကိုမထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်မှာလည်း ဖခင်ဖြစ်သူသေဆုံးသွားခဲ့လို့ သူ့အတွက် ၀မ်းနည်းစရာဖြစ်ခဲ့ရပါတယ်။

ဘွန်နီရဲ့ကိုယ်အလေးချိန်ဟာ ပေါင် (၆၃၀) ကျော်ရှိတာမို့ လှုပ်ရှားနိုင်ခြင်းမရှိ တော့ဘဲ အိပ်ရာထဲမှာ လဲလျောင်းနေရတဲ့အချိန် ကာလ က ငါးနှစ်အထိရှိခဲ့ပါတယ်။ ဘွန်နီရဲ့ သမီးဖြစ်သူ က အမေဖြစ်သူ ကျန်းမာရေးကို စိုးရိမ်တာမို့ ဆေးရုံမှာကုသဖို့ အကူအညီ တောင်းခဲ့ပါတယ်။ ဘွန်နီကို အပြင်ထုတ်နိုင်ဖို့ နေအိမ်နံရံတွေကို ဖြိုချခဲ့ရပါတယ်။ ဒီနောက် ထမ်းစင်နဲ့ ဘွန်နီကို သယ်ထုတ်လာရာမှာ ခုနစ်နှစ် အတွင်း ပထမဆုံး လေကောင်းလေ သန့်ကို ထိတွေ့ ခွင့်ရခဲ့လို့ ၀မ်းနည်းစွာ ငိုကြွေး ခဲ့ပါတယ်။ ဘွန်နီကို အိမ်နီးနားချင်းတွေ ကလည်း အားပေးစကားတွေပြောကြား ခဲ့ပါတယ်။ ဒီနောက် ဘွန်နီဟာ အားလုံးကို တောင်းပန်ပါကြောင်း ပြောကြားခဲ့တာမို့ ဒီလိုပြောစရာ မလိုဘူးလို့ လာရောက်ကယ် ဆယ်သူတွေက ပြောခဲ့ပြီး အားလုံးကို ကျေးဇူးတင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါ တယ်။ ဒီနောက် ဘွန်နီဟာ မြေးဖြစ်သူကို အပြင်သို့လျှောက်သွားမယ်လို့ ကျယ်လောင် စွာပြောခဲ့ပါတယ်။ ဘွန်နီဟာ ဆေးကုသမှု တွေ စနစ်တကျပြုလုပ်ပြီး ကိုယ်အလေးချိန် ကိုလျော့ချခဲ့တာမို့ တစ်လ အတွင်း (၇၅) ပေါင်ကျသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဘွန်နီဟာ ငါးနှစ်အတွင်း ပထမဆုံး အကြိမ် မတ်တပ်ရပ်နိုင်တော့မယ့် အနေအ ထားကို ရောက်ရှိလာမှာဖြစ်တယ်လို့ ဆရာဝန် တွေက ဆိုခဲ့ကြပါ တယ်။

The Messenger

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၀၀ နီးပါးရှိ၊ ကလေးသုံးဦးသေဆုံး


သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း အများဆုံး တိုင်းဒေသကြီး စာရင်းဝင် ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလဆန်းမှ မေလ တတိယပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၇၇ ဦးရှိပြီး အသက် ၅ နှစ်မှ ၉ နှစ်ကြားရှိ ကလေးသုံးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ်က သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင် ဖြစ်ပွားသူ သိသိသာသာ လျော့နည်း သွားခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းများသော ဧပြီလနှင့် မေလတွင် ဖြစ်ပွားသူ ၁၇၀ နီးပါးသာ ဖြစ်ပွားကြောင်း အဆိုပါ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“တစ်နှစ်ဖြစ်ပြီးရင် နောက်တစ်နှစ်က ကျသွားတတ်တယ်။ ဆေးရုံကို အဖျားရှိတဲ့ လူနာတွေ လာပေမယ့် သွေးလွန်တုပ်ကွေးတော့ မဟုတ်ဘူး။ မနှစ်နဲ့ယှဉ်ရင် ဖြစ်ပွားနှုန်းက သာမန်ပဲ” ဟု ရန်ကင်း ကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က The Voice သို့ ရှင်းပြသည်။

ကျန်းမာရေး အသိုက်အဝန်းကလည်း ၂၀၁၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း လျော့ကျနိုင်ကြောင်း သုံးသပ်ကြသည်။

ရန်ကင်း ကလေးဆေးရုံကြီးတွင် ၂၀၁၃ ခုနှစ်က သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၄၀၀ ကျော်ကို ကုသခဲ့ပြီး သေဆုံးသူ ၁၇ ဦးထိ ရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၄၀ ဦးသာ ရှိခဲ့ကြောင်း ဒေါက်တာအောင်မြင့်လွင်က ပြောကြားသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားနှုန်းသည် ဇန်နဝါရီလတွင် ၁၀၆ ဦး၊ ဖေဖော်ဝါရီလတွင် ၅၁ ဦး၊ မတ်လတွင် ၅၀ ဦး၊ ဧပြီတွင် ၅၉ ဦးနှင့် မေလ တတိယ သီတင်းပတ်အထိ ၁၁၁ ဦး ရှိခဲ့ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ် အတွင်းက သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၇၃၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၂ ဦးထိ ဖြစ်ပွားခဲ့၍ ခြောက်နှစ်အတွင်း ဆိုးရွားသော သွေးလွန်တုပ်ကွေး ဖြစ်ပွားသောနှစ်ဟု သတ်မှတ်ထားခဲ့သည်။

The Voice Weekly

မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားနေ


မုန်တိုင်းသတိပေးချက်

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၆း၃၀)နာရီအချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၁၆း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း
တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊

ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊

ကျောက်ဖြူမြို့၏အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်နှင့်

စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်သည် ကနဦးတွင်အရှေ့မြောက်သို့
ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားနေသည့်အတွက် လိမ္မော်ရောင်အဆင့်ဟု
သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံအပြား
မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ
(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊
သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

တစ်နေ့ ၂၀၀၀ ကျပ်ဖြင့် ဘ၀ရပ်တည်ရေး လုံလောက်သလား (အခြေခံ လူတန်းစားအလွှာမှ ရင်တွင်းစကားများ)


ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားခန်းမမှာလုပ်ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘ၀မြင့်တင်ရေး အခမ်းအနားတွင် ဒုသမ္မတဦးဥာဏ်ထွန်းက ပြည်သူများအနေဖြင့် တစ်နေ့ ၂၀၀၀ ကျပ်ရရှိလျှင် ဘ၀ရပ် တည်ရေး လုံလောက်သည်ဟု ပြောဆိုခဲ့သော သတင်းတစ်ပုဒ်ထွက်ပေါ်လာသည်။

အဆိုပါစကားအပေါ် ၂ ရက်အတွင်းမှာပင် ပြည်သူများအကြား ပျံ့နှံ့ခဲ့ပြီး အမှန်တကယ်ပင် တစ်နေ့ ၂၀၀၀ ကျပ် နှင့် လူတစ်ယောက် စားဝတ်နေရေးကို ရပ်တည်၍မလောက်ငဟုလည်း အခြေခံလူ တန်းစားများက တုံ့ပြန်ဝေဖန်မှုများ လုပ်ခဲ့သည်။

ရန်ကုန်မြို့တွင်းတွင် နေ့စဉ်ဝင်ငွေ ရရေးရှာဖွေစားသောက်နေရသော လူထု လူတန်းစားအလွှာအသီးသီးမှာ ပြည်သူများ အနေဖြင့် ဒုသမ္မတပြောသလို တစ်နေ့ ၂၀၀၀ နှင့် လောက်ငပါသလားဆိုသော အချက်ကို စောင့်ကြည့်သတင်းဂျာနယ် အဖွဲ့သားများအနေဖြင့် ကွင်းဆင်းမေးမြန်းမှုများ လုပ်ခဲ့ပါသည်။
…. …. …

ဦးမျိုးသိန်း(ပန်းဆိုးတန်း-ဆိပ်ကမ်းသစ်သီးဆိုင်)
---- --- --- ----
အနည်းဆုံး အိမ်ရဲ့အသုံးစရိတ်က ၆၀၀၀ လောက်ရှိမှ လောက်မှာပါ။ ကလေး မုန့်ဖိုး အနည်းဆုံး ၅၀၀ ပေးရပါတယ်။ ဆီ၊ ဆန်၊ ဆားရှိပြီးသား။ အိမ်ကမိသားစု များတော့ ပိုကုန်တာပေါ့။ မိသားစု ၁၂ ယောက်ရှိတော့ အားလုံးနီးပါးအလုပ်လုပ်မှ အိမ်စရိတ် ကာမိပါတယ်။

ကိုထွန်းနောင်လွင်(အနှေးယာဉ် လုပ်သား-၃၈ လမ်း)
---- --- --- ----
တစ်နေ့ကို ၂၀၀၀ မလောက်ပါဘူး။ အနည်းဆုံး ၅၀၀၀ ကျော်ကျော် ၆၀၀၀ လောက်ရမှဖြစ်မှာပါ။ မိသားစု ၄ ယောက် ရှိတယ်။ ကလေးကျောင်းစရိတ်ရှိတဲ့ အတွက် မလောက်ဘူး။ ကျောင်းစရိတ် မပေးရရင်တော့ တစ်နေ့ ၃၀၀၀၊ ၄၀၀၀ လောက်ရှိရင် လောက်ပါတယ်။

ဒေါ်ခင်ကြူ (ခေါင်းရွက်ဗျက်ထိုး ဈေးသည်)
---- --- --- ----
ဟင်းသီးဟင်းရွက်၊ အသားငါးဝယ် တာ ၂၀၀၀ လောက်ကျတယ်။ ထား။ ဆန်ဖိုး နဲ့ဆိုရင် တစ်နေ့ ၅၀၀၀ လောက်ကုန် တယ်။ မိသားစုကလည်းများတော့ တစ်နေ့ ၇၀၀၀၊ ၈၀၀၀ လောက်ရမှ လုံလောက်မှာပါ။ တစ်နေ့ ၂၀၀၀ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

ကိုမျိုးဝင်း (ဂွေးချိုသီးရောင်း- ပန်းဆိုးတန်းခုံးတံတား)
---- --- --- ----
တစ်နေ့ ၂၀၀၀ ကတော့ ဘယ် လောက်မလဲ။ မိသားစုစားဝတ်နေရေးက တော့ ၅၀၀၀ လောက်မှရမှာ။ ၅၀၀၀ ဆိုတာ အနည်းဆုံးနော်။ ၅၀၀၀ အောက် ဆင်းသွားရင် မိသားစုစားလို့မရဘူး။ ကလေး ၂ ယောက်ရဲ့ ကျောင်းစရိတ်ရှိ တယ်။ ဘယ်လိုမှအဆင်မပြေဘူး။ ဒါတောင် ၅၀၀၀ ဆိုတာ စားဖို့နဲ့ ကျောင်း စရိတ်အတွက်ပဲ။ အိမ်ငှားခပါဆိုရင် ၇၀၀၀၊ ၈၀၀၀ လောက်မှ အဆင်ပြေမှာပါ။

မစီစီအောင်(ကုန်စိမ်းသည်)
---- --- --- ----
မလောက်ဘူး၊ လုံးဝမလောက်ဘူး။ ကလေးမုန့်ဖို့ တစ်နေ့ ၃၀၀၀ ရှိပါတယ်။ မိသားစုကလည်းများတော့ တစ်နေ့ကို ၈၀၀၀ လောက်ရမှာ အဆင်ပြေမှာပါ။

ကိုထိန်လင်း(ကွမ်းယာဆိုင်- ၃၈ လမ်း)
---- --- --- ----
ကလေးကျောင်းစရိတ်နဲ့ စားရေး သောက်ရေးက တစ်နေ့ ၂၀၀၀ ရရုံနဲ့ မလောက်ဘူး။ တစ်ခါတလေ ဈေးဖိုးတင် ၃၀၀၀ လောက်ကုန်တယ်။ အိမ်ငှားခနဲ့ ဆိုရင် ဘယ်လိုနည်းနဲ့မှ မလောက်ဘူး။ အိမ်ငှားခတွေက ဈေးတက်တယ်။ တစ်လ ကို ၁၂၀,၀၀၀ ရှိတယ်။ အဲဒီမှာပဲ တစ်နေ့ ကို ၃၅၀၀ ဖြစ်နေတယ်။ မိသားစုက ၄ ယောက်ရှိတယ်။ ၈၀၀၀၊ ၁၀၀၀၀ ဆိုရင် တော့ လောက်ပါတယ်။

မသင်းသင်းကြည်(ပြည်မြို့ခရီးသည်တစ်ဦး)
---- --- --- ----
နိုင်ငံတော်ဒုသမ္မတ ဦးဥာဏ်ထွန်းကြောင့် တစ်ရက် ၂၀၀၀ ကျော်ရုံနဲ့ လောက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဆီတစ်ပုလင်းဝယ်ရင်တောင် ၁၅၀၀ ဖြစ်နေတယ်။ ဟင်းဝယ်ရင်အနည်းဆုံးဈေးဖိုး ၁၅၀၀ ကျပ်ဖြစ်နေတယ်။ ၀က်သားဆိုင်မှာ အရိုးဝက်သားတောင် အနည်းဆုံး ၁၀၀၀ ပေးရတာ။ ကျွန်မမှာ ကလေးက ၃ ယောက်ရှိတယ်။ အနည်းဆုံးတစ်ယောက်ကို မုန့်ဖိုး ၃၀၀ ကျပ်ပေးမှ အဆင်ပြေတာ။ အိမ်ရဲ့အသုံးစရိတ်ကလည်း ၅၀၀၀ ကျပ်ရှိမှဖြစ်ပါတယ်။ ဒါတောင် ချွေတာသုံးတာပဲ ရှိသေးတာ။

ကိုမောင်မောင်အေး (တက္ကစီယာဉ်မောင်း)
---- --- --- ----
နိုင်ငံတော်ဒုသမ္မတပြောတဲ့ တစ်ရက် ၂၀၀၀ ကျော်ရုံနဲ့ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အနည်းဆုံး ထမင်းကြော်အိမ်မှာ ကြော်ပြီး ကော်ဖီအိမ်မှာသောက်ရင်တောင် ၁၅၀၀ ကျပ်လောက်ကုန်နေတာ။ အိမ်မှာ မိသားစု ၅ ယောက်ရှိတယ်။ ကလေး ၃ ယောက်ကို မုန့်ဖိုးပေးရင်တောင် အနည်း ဆုံး ၁၀၀၀ ကျပ်ပဲ။ ဆီ၊ ဆန်၊ ဆားအပါအ၀င် ဈေးဖိုးအနည်းဆုံး ၅၀၀၀ ကျပ် ကျော်မှ မိန်းမမျက်နှာကြည်တာ။ တစ်ခါတလေ ဈေးဖိုး ၅၀၀၀ ကျပ်ပေးရင် ရှင် ဈေးသွားဝယ်ကြည့်ဦးလို့တောင် ပြောခံရတာ။

ကိုသိန်းဇော်ဦး(ထီအရောင်းသမား)
---- --- --- ----
''၂၀၀၀ နဲ့ မလောက်ဘူး။ ကလေး မုန့်ဖိုးတင် တစ်နေ့ကို ၅၀၀ လောက်ပေး ရတယ်။ မိသားစုက ၄ ယောက်ရှိပါတယ်။ တစ်နေ့ကို ၅၀၀၀ လောက်ရမှ လောက်မှာပါ''

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရန်ကုန်ရှိ နေရာတချို့အား ယာဉ်ကြောပိတ်ဆို့သည့် နေရာ အဖြစ် တရားဝင် သတ်မှတ်


ရန်ကုန်-မေ၂၂
ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း (၁၁)မြို့ နယ်ရှိနေရာ
တချို့အား ယာဉ်ကြောပိတ်ဆို့သည့် နေရာ အဖြစ် အမှတ်(၂)ယာဉ်ထိန်းရဲရုံး မှတရားဝင်သတ်မှတ်ကြောင်းသိရသည်။

ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်းယာဉ်ကြောပိတ်ဆို့ သည့်နေရာများမှာ

- မင်္ဂလာဒုံတွင် အောင်မင်္ဂလာအဝေးပြေး၊

- မရမ်းကုန်းတွင် ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ ချော်တွင်းကုန်း၊

- ဘုရင့်နောင်တွင် ဘုရင့်နောင်တံတား၊

- ဗဟန်းတွင် ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင် မီးပွိုင့်ဆုံ၊ ဦးထောင်ဘိုအ၀ိုင်း၊

- ဒဂုံတွင်နေတော်ဝင်စင်တာရှေ့၊

- မြေနီကုန်းတွင် မြေနီကုန်းလမ်းဆုံ၊

- ကမာရွတ်တွင် လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီအ၀ိုင်း၊

- တာမွေတွင် တာမွေတွင် တာမွေငါးခွဆုံ၊ ယုဇနပလာဇာရှေ့၊

- ကျောက်တံတားတွင် အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊

- ပန်းဘဲတန်းတွင် သိမ်ကြီးဈေးရှေ့ လာသာတွင်သံဈေးရှေ့ နှင့်

- ညောင်ပင်လေးဈေးရှေ့

တို့အားယာဉ် ကြောပိတ်ဆို့ သည့် နေရာများအဖြစ် သတ်မှတ်ခဲ့သည်။
ထို့ပြင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားသောနေရာများ အဖြစ်မင်္ဂလာဒုံတွင်ပြည်လမ်းနှင့် ထောက်ကြန့်လမ်း ဆုံ၊ ဗဟန်းတွင်ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံ၊ လှိုင်သာယာတွင် ရန်ကုန်-ပုသိမ်ကားလမ်းတို့အား သတ်မှတ်ခဲ့သည်။

ဇေဝေယံ
Popular Myanmar News Journal

လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သော MAI မှလေယာဉ် လေကြောင်းလိုင်းတွင် ပြန်လည် ပြေးဆွဲတော့ မည်မဟုတ်


ရန်ကုန် မေ ၂၁

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)နှင့် ရွှေမြန်မာ လေကြောင်းလိုင်း (Golden Myanmar) မှ လေယာဉ်တို့ မတော်တဆမှု ဖြစ်ပွားခဲ့ရာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း (MAI) မှ အဆိုပါ လေယာဉ်ကို ခရီးစဉ်များ ပြေးဆွဲရာတွင် ပြန်လည်အသုံးပြုတော့မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ဈေးကွက်နှင့် လူမှု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁၄ ရက် နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်က Golden Myanmar Airline (GMA)မှ A-320ç XY-AGT လေယာဉ်သည် လေယာဉ်ရွှေ့ပြောင်းရန် ဆွဲလာစဉ် Bay-8 တွင် ညအိပ်ရပ်နား ထားသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI), A319, Airbus XY-AGR ကို မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ရာ အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) အနေဖြင့် ၄င်းတို့၏ လေယာဉ်ကို ခရီးစဉ်များအတွင်း ပြန်လည် ပြေးဆွဲတော့မည် မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် အာမခံ ကုမ္ပဏီများနှင့် ဆွေးနွေး ညှိနှိုင်း လျက်ရှိကြောင်း သိရသည်။

''လေယာဉ် ပြင်ပြီးရင်လည်း လေယာဉ်ကုမ္ပဏီနဲ့ တိုင်ပင်ပြီးတော့ လေယာဉ်ကို ပြန်ရောင်းချင်ရင် လည်းပြန်ရောင်းမယ်။ ဒါပေမဲ့ မတော်တဆ ဖြစ်ပြီးသား လေယာဉ်ကိုတော့ ပြန်မသုံးတော့ပါဘူး။ အခုအာမခံ ကုမ္ပဏီနှစ်ခုနဲ့ လေယာဉ်လျော်ကြေး ကိစ္စတွေဆွေးနွေး နေပါတယ်။

လေယာဉ်ပြင်ဖို့ တွေကတော့ လေယာဉ်ကုမ္ပဏီနဲ့ တိုင်ပင်ပြီး လုပ်မှာပါ'' ဟု အပြည်ပြည်ဆိုင် ရာ မြန်မာ လေကြောင်းလိုင်း (MAI)မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားခဲ့သည်။

''အခု Airbus ကုမ္ပဏီကလာပြီး စစ်ဆေးနေပါပြီ။ ပထမမျက်မြင် စစ်ဆေးနေပါတယ်။ နောက်ကိုယ်ထည်တို့၊ ဘီးတို့ကို စစ်ဆေးပါမယ်။ အဲဒီလိုစစ်ဆေးပြီး နှစ်ပတ်အကြာမှာ ပြင်ရင် ဘယ်လောက် ကျမယ်ဆိုတာ သိရမှာပါ။ သူတို့က ငါးယောက်လာ စစ်တာပါ။

ပြင်ဆင်စရိတ် ဘယ်လောက်ကုန်မလဲတော့ မသိဘူး။ အခုစစ်ဆေးခတင် အမေရိကန် ဒေါ်လာ သုံးသိန်းလောက် ကုန်နေပါပြီ'' ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပအာမခံ ဌာနများနှင့် လေယာဉ် ထုတ်လုပ်သည့် Airbus Company များသို့ ဆက်သွယ် အကြောင်းကြား၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ဆဲဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကို တွက်ချက်နေဆဲ ဖြစ်ကြောင်းနှင့် လက်ရှိတွင် လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာမခံထား ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများက စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဇာညီသစ္စာ
မြ၀တီ

အမျိုးသားများလည်း သားအိမ်ခေါင်းကင်ဆာ အန္တရာယ်ခံရနိုင်ဟုဆို


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အမျိုးသမီးတွေပဲ ထိုးသင့်တယ်လို့ ထင်ထားပါသလား။ လေ့လာမှုတစ်ခုမှာတော့ HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသမီး ၁၈ ရာခိုင်နှုန်းလောက်ဟာ ဗိုင်းရပ်စ်ကို ယင်းတို့ရဲ့ အမျိုးသားတွေဆီ တစ်နှစ်အတွင်း ကူးစက်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ HPV ပိုး သယ်ဆောင်ထားတဲ့ အမျိုးသား ၇ ရာခိုင်နှုန်းသာ အမျိုးသမီးတွေကို ကူးစက်နေတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

HPV ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေတာဟာ အဓိကဖြစ်ပေမယ့် အခြားရောဂါများနဲ့လည်း တိုက်ရိုက်ပတ်သက်မှုရှိနေပါသေးတယ်။ “ယခင်က အမျိုးသမီးများသာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးရမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျားမနှစ်မျိုးလုံး ထိုးသင့်တယ်ဆိုတဲ့ ရလဒ်ကို မိမိတို့ဖော်ထုတ်နိုင်ခဲ့ပါတယ်”လို့ Texas ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ Nyitrary က ပြောကြားထားပါတယ်။

HPV ဗိုင်းရပ်စ်ကူးစက်ခံရပြီးရင် ရောဂါလက္ခဏာ ချက်ချင်း ပြသမှုနည်းပြီး စအိုဝ၊ လိင်အင်္ဂါများမှာ ကြွက် နို့ပုံစံအနာများပေါက်တတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာနဲ့ လည်ချောင်းကင်ဆာများကို ဖြစ်ပွားစေနိုင်ပါတယ်။

လေ့လာမှုမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ဘရာဇီး နိုင်ငံတွေက စုံတွဲ ၄၀၀၀ကျော်ပါဝင်ခဲ့ပြီး အမျိုးသား သို့မဟုတ် အမျိုးသမီးမှာ HPV ကူးစက်ခံထားရသူတွေဖြစ်ပြီး အသက် ၁၈နှစ်မှ ၇၀အထက်အထိ အသီးသီးဖြစ်ပါတယ်။ တွေ့ရှိရတဲ့ အချက်ကတော့ HPV ဟာ အမျိုးသမီးကနေ အမျိုးသားများကို ပိုမိုကူးစက်နိုင်ပြီး ကူးစက်မှုကြောင့် ရောဂါဖြစ်ပွားနိုင်ချေ ဆတူရှိနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပြီး အမျိုးသားများက HPV ကို မူလပင်မ သယ်ဆောင်သူများ primary carriers ဖြစ်တယ်ဆိုတဲ့ အချက်ကို ချေဖျက်နိုင်ခဲ့ပါတယ်။
ဒီသုတေသနကို Journal of Infections Disease မှာဖော်ပြထားတာဖြစ်ပါတယ်။
သက်ကို
Ref: ANI

Health Updates Journal

အင်းလေးကန် ဖွံ့ဖြိုးရေး ကျပ် သန်း ၇၅၀ လောက်သုံးမည်


၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေဆီကနေ ၀င်ငွေ ကျပ် ၁ ဘီလီယံခွဲလောက် ရခဲ့ပြီး အဲဒီထဲကတ၀က်ဖြစ်တဲ့ ကျပ်ငွေ သန်း ၇၅၀ ကို အင်းလေးကန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

လက်ရှိ အင်းလေးကန်ရဲ့ ရေဝေ ရေလဲ ဒေသတွေမှာ သစ်တောပြုန်းတီးမှုကြောင့် ကန်အတွင်း နုန်းပို့ချမှုများလာတာ၊ စိုက်ပျိုးမြေ များလာတာ၊ အမှိုက်နဲ့ အညစ်အကြေးစွန့်ပစ်မှု များလာတာ စတဲ့ ပြဿ    နာတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒီ ပြဿ  နာတွေ ဖြေရှင်းရာမှာ ကောက်ခံရငွေတွေကို အသုံးပြုသွားရမယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ်ကစ အင်းလေးကန် လာလည်တဲ့ နိုင်ငံခြားသား တဦးကို (၁၀) ဒေါ်လာ ကောက်ခံခဲ့ပြီး ၁ နှစ်အတွင်း နိုင်ငံခြားသား ၁ သိန်းခွဲလောက် လာရောက် လည်ပတ်ခဲ့ပါတယ်။

DVB Burmese

တောင်နှင့်မြောက် ကိုရီးယား ၂ နိုင်ငံ ရေတပ်သင်္ဘောများ ပစ်ခတ်မှုဖြစ်


တောင် နဲ့ မြောက်ကိုရီးယား ရေတပ်သင်္ဘောတွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ ပင်လယ်ရေပြင်မှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောဆိုပါတယ်။

နှစ်နိုင်ငံအငြင်းပွားနေတဲ့ ရေပြင်အနား ကင်းလှည့်နေတဲ့ တောင်ကိုရီးယားရေ တပ်သင်္ဘောကို မြောက်ကိုရီးယားရေ တပ်သင်္ဘောက အရင်ပစ်ခတ်ခဲ့တာဖြစ်ပြီး သင်္ဘောကိုထိမှန်ခဲ့ခြင်းတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။

တောင်ကိုရီးယားရေ တပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း နှစ်ဖက်ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုတွေမဖြစ်ခင် အရင်တရက်ကလည်း မြောက်ကိုရီးယားကင်းလှည့်သင်္ဘော ၃ စင်းကို တောင်ကိုရီးယားရေတပ်က ခြိမ်းခြောက်ပစ်ခတ်ခဲ့ပါသေးတယ်။

နှစ်နိုင်ငံရေတပ်တွေဟာ နယ်နိမိတ်အငြင်းပွားမှုတွေနဲ့ ၁၉၉၉၊ ၂၀၀၂ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ နှစ်နိုင်ငံ ရေတပ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမှာ  တောင်ကိုရီးယားတပ်တွေ တပ်စွဲထားတဲ့ နှစ်နိုင်ငံနယ်စပ်က ရွဝ်ဖုန်းကျွန်းပေါ် မြောက်ကိုရီးယားက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံသား ၄ ဦးသေဆုံးခဲ့ပါတယ်။

DVB Burmese