ဧရာဝတီ မြစ်တွင်း ကုန်တင်မော်တော် မီးလောင်မှု တစ်ဦး ထပ်မံသေဆုံး


မန္တလေး၊ နိုဝင်ဘာ ၁၆

မန္တလေးမြို့တော် မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ကုန်တင် မော်တော်ငယ်တစ်စင်း မီးလောင်ခဲ့မှုကြောင့် ဒဏ်ရာရသော လူနာများအနက် လူနာတစ်ဦးမှာ နိုဝင်ဘာလ ၁၅ ရက်နေတွင် ထပ်မံ သေဆုံးခဲ့ကြောင်း ယင်းလူနာနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
“နိုဝင်ဘာလ ၁၅ ရက်နေ မနက်အစောပိုင်းမှာ မီးလောင် ဒဏ်ရာတွေနဲ့ ဦးတင်ယု သေဆုံးသွားပါတယ်” ဟု ယင်းသေဆုံးသူနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှုကြောင့် ဒဏ်ရာရရှိသော ဦးတင်ယုသည် နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် ၀၀း၀၅ နာရီတွင် သေဆုံးခဲ့ကြောင်း မန္တလေးမြို့ အမှတ် (၅) ရဲစခန်းက အတည်ပြု ပြောကြားသည်။

မော်တော်ပေါ်သို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဓာတ်ဆီ ပီပါများ တင်နေစဉ် မီစက်နှိုးရာမှတစ်ဆင့် မီးလောင်မှုစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်ဒဏ် ခံရသူ ကုန်တင်ကုန်ချ လုပ်သား ဂျစ်တူးက The Voice သို့ ပြောကြားသည်။

မန္တလေး-ထီးချိုင့် ပြေးဆွဲနေသော စန္ဒာမင်း အမည်ရှိ ကုန်တင် မော်တော်ပေါ်သို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဓာတ်ဆီပီပါများ တင်နေစဉ် မီးစက်နှိုးရာမှတစ်ဆင့် ယင်းနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် ဆီကုန်သည် ဖြစ်သူ ဒေါ်ယဉ်ယဉ်မြင့်မှာ အခင်းဖြစ်ရာ၌ သေဆုံးခဲ့ကာ မီးလောင် ဒဏ်ရာများကြောင့် ထပ်မံသေဆုံးသူ ဦးတင်ယု အပါအဝင် သေဆုံးသူ နှစ်ဦးရှိပြီ ဖြစ်ကြောင်း သေဆုံး သွားသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ကျန် မီးလောင်ဒဏ်ရာ ရရှိသူ ခြောက်ဦးကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသပေးလျက် ရှိကြောင်း အဆိုပါ ဆေးရုံကြီး ပြင်ပလူနာဌာနထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့ ဧရာဝတီ မြစ်အတွင်းတွင် ၂၀၁၂ ခုနှစ် အတွင်းကလည်း လောင်စာဆီတင် မော်တော်တစ်စီး မီးလောင်ခဲ့ဖူးကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
The Voice Weekly

ချင်းအမည်ကို အမျိုးသား အမည်အဖြစ် အသုံးပြုရန် သဘောတူ


ကလေး၊ နိုဝင်ဘာ ၁၆

အမည် အခေါ်အဝေါ် အမျိုးမျိုး ကွဲပြားနေသော ချင်းလူမျိုးတို့၏ အမျိုးသား အမည်အဖြစ် ချင်းဟူသော အမည်ကို အသုံးပြုရန် လက်ခံပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံရာတွင် လူမျိုးနေရာတွင် ချင်းဟုသာ ထည့်သွင်းရန် ချင်းအမျိုးသား ညီလာခံတွင် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

“နိုင်ငံတော်က ချင်းလူမျိုးကို ၅၃ မျိုးလို့ သတ်မှတ်ထားတယ်။ ဇိုမီး ဒီမိုကရေစီ ပါတီက ချင်းအစား ဇိုမီးလို့ ပြောင်းဖို့ ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ အခုလုပ်ခဲ့တဲ့ ချင်းအမျိုးသား ညီလာခံမှာ ဇိုမီး၊ လိုင်မီး စတာတွေ မဟုတ်ဘဲ ချင်းဆိုတဲ့ အမည်ကိုပဲ အသုံးပြုဖို့ သဘောတူညီခဲ့ကြတယ်” ဟု ယင်းညီလာခံ ဖြစ်မြောက်ရေး ပူးပေါင်း ကော်မတီမှ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းငယ်ပီးက ပြောကြားသည်။

ဇိုမီး၊ လိုင်ဇို၊ လိုင် စသည်တို့မှာ ဒေသအခေါ်၊ မျိုးနွယ်စု အမည်များသာ ဖြစ်ကြောင်း၊ ချင်းဟူသော အမည်ကို နိုင်ငံတော်က တရားဝင် အသိအမှတ် ပြုထားသကဲ့သို့ လူမျိုး ၅၃ မျိုးကိုလည်း ကိုယ်စားပြုကြောင်း ချင်းလူမျိုးတို့ အကြောင်းကို အဓိကထား ရေးသား ထုတ်ဝေသော ချင်းဝေါလ် ဂျာနယ်၏ CEO ဦးဆလိုင်းမာန်က ပြောဆိုသည်။
“ညီလာခံ ကျင်းပတဲ့ အချိန်မှာ ပြည်တွင်းပြည်ပ၊ တောင်ပေါ်မြေပြန့်နေ ချင်းတိုင်းရင်းသားတွေ အားလုံးကို ချင်းလူမျိုးလို့ သတ်မှတ်ဖို့ ဆွေးနွေးတဲ့ အကြောင်းအရာက စိတ်ဝင်စားစရာ အကောင်းဆုံး၊ ဆွေးနွေးမှု အများဆုံး ဖြစ်ခဲ့တယ်။ ဘာလူမျိုး၊ ညာလူမျိုး ကွဲတာ။ တောင်ပိုင်း မြောက်ပိုင်း ကွဲတယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု ယင်းညီလာခံသို့ တက်ရောက်ခဲ့သူ ခူမီးချင်းလူမျိုး ဦးပီတာလွယ်လူးက သုံးသပ် ပြောကြားသည်။

နိုဝင်ဘာလ ၁၂ ရက်မှ ၁၅ ရက်ထိ ချင်းပြည်နယ် ဟားခါးမြို့ ကာဆင်ခန်းမတွင် ကျင်းပခဲ့သော ယင်းညီလာခံသို့ ပြည်နယ်တွင်း ပြည်နယ်ပနှင့် နိုင်ငံတကာရောက် ချင်းလူမျိုးများ၊ ချင်း နိုင်ငံရေးပါတီ များ၊ ချင်း လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၇၁ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ လေ့လာခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း၊ မြေယာနှင့် သဘာဝ သယံဇာတ ကိစ္စများ စီမံခန့်ခွဲမှုကို လေ့လာခြင်း၊ တရားဥပဒေရေးရာ လေ့လာသုံးသပ်ခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး၊ ချင်း မျိုးနွယ်စု ၅၃ မျိုး အရေး၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်၊ စီးပွားရေးဆိုင်ရာ အရေးကိစ္စများ (အခြေခံ အဆောက် အဦများ ဖွံ့ဖြိုး တိုးတက်ရေး)၊ စားနပ်ရိက္ခာ ဖူလုံမှုနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများ၊ ချင်း ဒုက္ခသည်များအရေး၊ အမျိုးသမီး အမျိုးသား တန်းတူ ညီမျှရေး၊ မူးယစ်ဆေးဝါးအရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ခဲ့ကာ ချင်း တစ်မျိုးသားလုံး စည်းလုံး ညီညွှတ်မှုကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ ကြောင်း ယင်းညီလာခံ တက်ရောက်သူများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ရွှေမှုံရတီ - ပရိသတ်ရဲ့အားပေးမှုကိုရတဲ့ လူတစ်ယောက်လို့ပဲစိတ်ထဲမှာ ခံယူထားတယ်


အနုပညာပျိုးခင်းက ရွှေမှုံရဲ့ အနုပညာဘ၀တစ်ခုပါပဲဆိုတဲ့သရုပ် ဆောင်ရွှေမှုံရတီက `လတ်တလော မှာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်နေ တဲ့ ဗီဒီယိုဇာတ်ကားမှာ အန်ကယ် လေး၊ မဇာလေး၊ သွန်းဆက်တို့နဲ့ အတူပါဝင်သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အိမ်လေးက သူများနဲ့ မတူ ဘူး ထူးခြားတယ်။ ရွှေမှုံရိုက်ဖူးတဲ့ ဇာတ်အိမ်တွေထက် ပိုဆန်းတယ်။ အရမ်းလည်းကောင်းတယ်။ အခက် အခဲကတော့ မရှိပါဘူး။ ဒါပေမဲ့ အံ ၀င်ခွင်ကျမဖြစ်တဲ့ ဇာတ်အိမ်မျိုးဆို တော့ ပထမတစ်ရက်လောက်တော့ နည်းနည်းလေးအဆင်မပြေဘူး။ နောက်ပိုင်းရက်တွေကျတော့အဆင် ပြေသွားပါတယ်။ ပြီးတော့ ရွှေမှုံက ဇာတ်လမ်းရွေးချယ်တဲ့နေရာမှာ အမေလည်းဖတ်တယ်။ ထုတ်လုပ် ရေးတွေက လာပေးတဲ့ဇာတ်လမ်း တွေက ကိုယ်ရိုက်ချင်တဲ့ပုံစံတွေနဲ့ ကွက်တိဖြစ်နေတဲ့အတွက် သိပ်ပြီး ရွေးစရာမလိုဘူး။ လက်ရှိမှာလည်း ကိုယ့်ကိုယ်ကိုယ်အောင်မြင်လာတဲ့ မင်းသမီးတစ်ယောက်လို့မသတ်မှတ် ပါဘူး။ ပရိသတ်ရဲ့အားပေးမှုကို ရတဲ့ လူတစ်ယောက်လို့ပဲ စိတ်ထဲမှာ မှတ် ယူထားတယ်။ အောင်မြင်တယ်လို့ လည်းမယူဆဘူး။ ရွှေမှုံခံယူချက်က တော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင် ပြီလို့ထင်တဲ့နေ့ဟာ ကျဆုံးတဲ့နေ့ပဲ ဆိုပြီးခံယူထားတယ်။ ဒီအလုပ်အ ပေါ်မှာကိုယ်ယူထားတဲ့ တာဝန်တစ် ခုကို ကျေအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်၊ မပြီးပြီးအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ကြိုးစားတယ်။ ဥပမာ တစ်ခု ပြောရရင် ရွှေမှုံအရမ်းနေမကောင်း ဖြစ်နေတဲ့အခါ ဇာတ်ကားရိုက်ခဲ့ရ တယ်။ ဒါပေမဲ့ ရိုက်ကွင်းပေါ်ရောက်သွားရင် အရမ်းနေကောင်း တဲ့လူတစ်ယောက်လိုဖြစ်သွားတဲ့ စိတ်မျိုးနဲ့ ကြိုးစားတယ်။ ပရိသတ် အားပေးမှုရလာတဲ့အတွက်လည်း ကြိုးစားရကျိုးနပ်ပါတယ်။ ပရိသတ် အမြင်မရိုင်းအောင်၊ မရိုးအောင် အမြဲတမ်း ကြိုးစားသွားမှာပါ။ ရွှေမှုံ က ဖက်ရှင်အနေနဲ့ လက်ရှိမှာ အမြဲတမ်း Free Style လေးတွေကိုပဲ တ စိုက်မတ်မတ်ဝတ်ဖြစ်တယ်။ စမတ် ကျကျဝတ်ရမယ့် နေရာမျိုးတွေသာ စမတ်ကျကျဝတ်တယ်။ ကျန်တဲ့အ ချိန်တွေမှာတော့ အဆင်ပြေသလိုပဲ ၀တ်ဖြစ်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

အမျိုးသမီးများ ဆီးအိမ်ရောင်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ


အမျိုးသမီးများ၏ ပင်ကိုသဘာဝကြောင့် အဖြစ်များသော ရောဂါများအနက် ဆီးလမ်းကြောင်း အတွင်း ပိုးဝင်ခြင်း (ခေါ်) ဆီးအိမ်ရောင် ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်ခြင်းမှာ အသက်အန္တရာယ်ကို မထိခိုက် စေနိုင်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်စေသော ရောဂါ တစ်မျိုးဖြစ်သည်။ အကြောင်းမှာ ဆီးအိမ်ရောင် သည်နှင့် အောက်ပါအတိုင်း ခံစားရတတ်သောကြောင့် ဖြစ်သည်။

ဆီးသွားလျှင် ဆီးပူခြင်း၊ ဆီးကျင်ခြင်းနှင့် နာကျင်ခြင်းများ ခံစားရသည်။ မထိန်းနိုင်လောက်အောင် ဆီးသွားချင်စိတ်များ ပေါ်လာပြီး ဆီးသွားသောအခါ လုံးဝ မထွက်ဘဲလည်း ရှိတတ်သည်။ တစ်ခါတစ်ရံ ဖျားခြင်း၊ ဆီးစပ်ကိုက်၊ ခါးကိုက်ပြီးနောက် နီသောဆီးများ သွားတတ်သည်။ ဆီးထဲ၌ သွေးများလည်း ပါလာတတ်သည်။ ဒွာရပေါက် တစ်ဝိုက်ရှိ ရောဂါပိုးများသည် ဆီးလမ်းကြောင်းမှ တစ်ဆင့် ဆီးအိမ်ထဲသို့ အလွယ်တကူ ရောက်သွားနိုင်သည်။ ဆီးအိမ်ရောင်စေသော အကြောင်းများမှာ တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းပါးသဖြင့် လည်းကောင်း၊ အလွန်ကျပ်သော ဘောင်းဘီများ ဝတ်ခြင်းကြောင့် လည်းကောင်း ရောဂါပိုးများ ဆီးလမ်းကြောင်းထဲသို့ ဝင်ရောက်တတ်သည်။ ရောဂါပိုးများသည် ဆီးအိမ်ထဲရောက်သည်နှင့် အလျင်အမြန် ပွားများပြီး ဆီးအိမ်ကို နာစေ၊ ရောင်စေနိုင်ပါသည်။ တစ်ခါတစ်ရံ စိုးရိမ်စိတ် လွန်ကဲခြင်း၊ စိတ်ဓာတ်ကျဆင်းမှု များကြောင့်လည်း ဆီးကျင်တတ်ကြောင်း တွေ့ရသည်။

ဆီးအိမ်ရောင်ခြင်းကို မိမိဘာသာ ပြုစုနည်းမှာ ပထမဦးဆုံး ရေတစ်ဘူး(တစ်လီတာ) ခန့်ကို ကုန်အောင် သောက်ပေးရမည်။ ထိုသို့သောက်လိုက်လျှင် ဆီးများများသွားပြီး ဆီးအိမ်ထဲရှိ ရောဂါပိုးများကို ရေနှင့်ဆေးချ လိုက်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိစေပါသည်။ ပြီးလျှင် ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေ သို့မဟုတ် ဖျော်ရည်ပျော့ တစ်ခုခုနှင့် တစ်ဖန်ခွက် စာ သုည ဒသမ ၅ လီတာဖျော်၍ တစ်နာရီခြား တစ်ကြိမ် သောက်ပေးရမည်။ ဤသို့ ဆော်ဒါရည် သောက်ပေးခြင်းဖြင့် ဆီး၏ငရဲမီးကို ပြယ်စေနိုင်သည်။ ဆီးပူခြင်းကို သက်သာစေနိုင်ပြီး ရောဂါပိုးများ ပွားများမှုကိုလည်း ရပ်တန့်စေသည်။ ခါးကိုက်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းများ နာကျင်ကိုက်ခဲခြင်း အတွက် ရေနွေးအိတ်ကို အဝတ်ပတ်၍ တင်ပေးနိုင်သည်။ ဤသို့ ပြုလုပ်၍မှ မသက်သာလျှင် အကိုက်ခဲပျောက်ဆေးပြား တစ်ပြား၊ နှစ်ပြားခန့် သောက်ပေးနိုင်သည်။ ဤသို့ပြုလုပ်ပေးပြီး သက်သက်သာသာ နားနေစဉ် ၁၅ မိနစ်တစ်ခါ သို့မဟုတ် မိနစ် ၅ဝတစ်ခါ ရေဘူးတစ်ဝက်ခန့် (သုညဒသမ ၅ လီတာ) သောက်ပေးရမည်။ သုံးနာရီကြာအောင် ရေကို မကြာမကြာ သောက်ပေးလိုက်လျှင် ဆီးလည်း မကြာခဏ များများသွားပြီး ဝေဒနာမှာ သိသိသာသာ သက်သာ သွားနိုင်ပါသည်။

မိမိဘာသာ ပြုစုကုသ၍ တစ်ရက်နှစ်ရက်အတွင်း မပျောက်လျှင် ဆရာဝန်ကို ပြသရန် လိုအပ်သည်။ ထို့အပြင် ဤသို့မကြာခဏ ဆီးပူတတ်၊ ဆီးကျင် တတ်သူများဖြစ်လျှင် လည်းကောင်း၊ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လျှင်လည်းကောင်း၊ ဆီးထဲသွေးပါလာလျှင် လည်းကောင်း ဆရာဝန်ကို မပျက်မကွက် ပြသရန် လိုအပ်သည်။ ယင်းအခြေအနေသည် ဆရာဝန်ကသာ လိုအပ်သလို ကုသပေးမှ ပျောက်ကင်းနိုင်သောကြောင့် ဖြစ်သည်။ ဆီးအိမ် မကြာခဏရောင်လျှင် ရောဂါပိုးများ ကျောက်ကပ်ဆီသို့ ဆက်လက် ပျံ့နှံ့သွားပြီး ကျောက်ကပ်များကိုပါ ဒုက္ခပေးတတ် ပါသည်။ ကျောက်ကပ်များ ထိခိုက်ပျက်စီးလျှင် လူ့ကျန်းမာရေးကို အလွန်ထိခိုက် စေနိုင်သည်။ ဤသို့ ဆီးအိမ်ရောင်ခြင်း၊ ဆီးပူ၊ ဆီးကျင်ခြင်း မဖြစ်ရန် ဆင်ခြင်ကာကွယ်ရမည်။ ထိရောက်သော ကာကွယ်နည်း တစ်ခုမှာ ရေများများသောက်၍ ဆီးသွားလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူး ဂရုစိုက်သင့်သည်။

မြ၀တီ

ဝါဆိုမိုးဦး - Facebook က Comment တွေဖတ်ပြီး စိတ်ပျက်တာမျိုးမရှိပါဘူး


Q ၀ါဆိုရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေ ပြောပေးပါ။
A၀ါဆိုခု ကိုကျော်ကျော်ဗို နဲ့ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်တဲ့ ကားမှာ သရုပ်ဆောင်နေတယ်။ အဲ ဒါမတိုင်ခင်က ကိုသူထူးစံနဲ့ တစ် ကားရိုက်ခဲ့တယ်။ ခုကြော်ငြာတစ်ခု အတွက် အကတိုက်နေတယ်။

Q .ခုနောက်ပိုင်း ၀ါဆိုကတဲ့ ပွဲတွေများလာတယ်နော်။
A. ဟုတ်...၀ါဆိုကငယ် ငယ်ကတည်းက ကတာဝါသနာပါ တယ်။ အဲဒီလိုမျိုးလည်း အရမ်းက ချင်တာ။ ကနေရရင်ကို သဘောကျ နေတာ။ ခုဝါဆို အဲဒီလိုလုပ်ခွင့် ရလာတယ်။ ပရိသတ်လည်းအား ပေးတယ်ဆိုတော့ ရွှေ FM ပွဲမှာ လည်း ၀ါဆို J-Lo ပုံစံ ကသလို ဆိုလည်းဆိုခဲ့တယ်။

Q. J-Lo ပုံစံက ဒါဒုတိယအ ကြိမ်နော်။ J-Lo ပရိသတ်လား။
A. ဟုတ်...၀ါဆိုငယ်ငယ် ကတည်းက J-Lo ကိုကြိုက်တယ်။ ခုချိန်ထိသူ့စတိုင်တွေ ၀ါဆိုခိုက်တုန်း ပဲ။

Q. Shwe FM သုံး ယောက်ကရတာဆိုတော့ ပြင်ဆင် မှုက
A. သုံးယောက်ဆိုပေမယ့်တစ် ယောက်ကလေဒီဂါဂါ၊ တစ်ယောက် ကရှာကီရာ၊ ၀ါဆိုက J-Lo ပုံစံ တင် ဆက်ကြတာဆိုတော့ တစ်ယောက် တစ်မျိုးစီပေါ့။

Q. မြန်မာ အကကရတာရော ကြိုက်လား။
A. မြန်မာအကကရတာ နည်း နည်းပင်ပန်းတယ်။ ၀ါဆိုမြန်မာ အကလည်းကတတ်ပါတယ်။ စင်္ကာ ပူမှာလည်း အငြိမ့်သွားကဖူးတော့ မြန်မာအကလည်း ကရတာကြိုက် ပါတယ်။ ၀ါဆိုကတော့သရုပ်ဆောင် လုပ်တယ်ဆိုတာ အဆိုအကတွေ လည်း နည်းနည်းချင်းတော့ တတ် ထားသင့်တယ်ထင်တာပဲ။

Q. အသည်းကွဲနေတာလား။
A. အသည်းကွဲနေတာလည်း မဟုတ်သလို၊ အသည်းလည်း မခွဲ ခဲ့ဘူး။ ၀ါဆို ရှေ့လျှောက်လုပ်စရာ တွေအများကြီးရှိပါသေးတယ်။ ၀ါဆို အသက်လည်း ငယ်ငယ်လေးရှိသေး တယ်။ လောကကြီးကနေတတ်ရင် ကျေနပ်စရာကြီးပါ။

Q. ၀ါဆိုက ဖက်ရှင်ပိုင်းဆိုရင် Cute ပုံစံသိပ်မတွေ့ရဘူးနော်။
A. Cute ကိုကြိုက်ကိုမကြိုက် တာ။ ၀ါဆိုနဲ့လည်း မလိုက်ဘူး။ ၀ါ ဆိုအဲဒါကြောင့် ကိုယ်နဲ့လိုက်တဲ့ ပုံစံ မျိုးပဲဝတ်ဖြစ်တယ်။ လူအမြင်ရိုင်းတဲ့ ဖက်ရှင်မျိုးဆိုရင်တော့ ၀ါဆို မ၀တ် ပါဘူး။

Q. J-Lo ပုံစံနဲ့ဝတ်ပြီး ရိုက်တဲ့ အခါ ဝေဖန်မှုတွေအပေါ်မှာရော ၀ါဆိုဘယ်လိုသဘောထားလဲ။
A. J-Lo ပုံစံရယ်တော့မဟုတ် ပါဘူး။ အနုပညာရှင်တိုင်း ဆိုးတာ ရော၊ ကောင်းတာရော ဝေဖန်ခံရ တာပါပဲ။ ၀ါဆိုခေနဘသသု မှာ Comment တွေ ဖတ်ဖြစ်ပေမယ့် အဲဒီ Comment တွေ ဖတ်ပြီး စိတ် ပျက်သွားတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ကို ဒီလိုဝတ်တာမကြိုက်ဘူး ပြင်စေချင်တယ်ဆိုရင် မှတ်ထားပြီး နောက်တစ်ခါသတိထားပြီးပြင်လိုက် ပါတယ်။

Q. ခုချိန်မှာ ကိုယ့်ရဲ့ဇာတ်ရုပ် တွေအတွက် သေချာရွေးချယ်ခွင့် ရှိပြီလား
A. ၀ါဆို နဂိုကတည်းက ရွေး ပြီးရိုက်ခဲ့တာပါ။ ကိုယ့်ကို ကမ်းလှမ်း လာတဲ့ကားတိုင်း ၀ါဆိုရိုက်ခဲ့တာ မဟုတ်ဘူး။ ဇာတ်ညွှန်းဖတ် ကိုယ်နဲ့ လိုက်မှပဲ ၀ါဆိုရိုက်ခဲ့တာပါ။ ခုချိန် မှာ ဒါကို ထွေထွေထူးထူး ညှိရတာ မျိုးမရှိတော့ဘူး။

Q. နယ်ကားမို့ မရိုက်ဘူးဆို တာရောရှိလား။
A. အဲဒီလိုမရှိပါဘူး။ ၀ါဆို နယ်ကားရော၊ မြို့ကားရော ရိုက်ပါ တယ်။ ၀ါဆိုနယ်သွားလို့ ၀ါဆိုမိုးဦး ဆိုတာဘယ်သူလဲမသိဘူး မဖြစ်ချင် ဘူး။ ၀ါဆိုက ပရိသတ်ကို နယ်က မြို့က မခွဲချင်ပါဘူး။ ဇာတ်လမ်း လည်းကြိုက်မယ်၊ ၀ါဆိုနဲ့လည်းလိုက် မယ်ဆို နယ်အတွက်ပဲရိုက်ရိုက် မြို့ အတွက်ပဲရိုက်ရိုက် ၀ါဆိုရိုက်မှာပဲ။

ကလောင် - Olive

8 DAYS A WEEK ENTERTAINMENT

ဆေးလောက ဖြစ်ရပ်မှန် ငါးရပ်


ဖြစ်ရပ်မှန်(၁)။ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်။

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း ၁၉၃၉ ခုနှစ်များ ကတည်းက တွေ့ရှိထားခဲ့ကြတယ်။ ဒါပေမဲ့ ဆရာဝန်အများစုနဲ့ ဆေးလိပ် ကုမ္ပဏီများက လက်မခံခဲ့ကြဘဲ ၁၉၆ဝ ပြည့်နှစ်ရောက်မှ လေထုညစ်ညမ်းမှုကြောင့် ကင်ဆာဖြစ်ပွားတတ်ကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း အားလုံး လက်ခံလာကြတာ ဖြစ်တယ်။

ဖြစ်ရပ်မှန်(၂)။ ဗက်တီးရီးယားကြောင့် အစာအိမ်အနာ ဖြစ်စေတယ်။

သြစတြေးလျ သမားတော်များဖြစ်တဲ့ ဒေါက်တာ ရော်ဘင်ဝါရင်နဲ့ ဒေါက်တာ ဘာရီမာရှဲတို့ဟာ အစာအိမ်အနာနဲ့ ဟယ်လီကိုဘက်တာ ပိုလိုရီ ဆက်စပ်မှုရှိကြောင်း ၁၉၈၂ ခုနှစ်ကတည်းက တွေ့ရှိထားခဲ့တယ်။ ဒါပေမဲ့ ဆေးပညာရပ်ဝန်း က စိတ်ဖိစီးမှု၊ အစားအစာနဲ့ အစာအိမ် အချဉ်ဓာတ်များလို့ ဖြစ်တာကိုပဲ လက်ခံ ကုသပေးနေကြတယ်။ ၁၉၉ဝ ပြည့်နှစ် ၎င်းတို့နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆုရပြီးနောက်ပိုင်းကျမှသာ အိပ်ခ်ျပိုင်လိုရီ ရောဂါပိုးကြောင့် အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ ဖြစ်ကြောင်း လက်ခံကာ ဆေးညွှန်း ပေးခဲ့ကြတယ်။

ဖြစ်ရပ်မှန်(၃)။ အက်စပရင်ဟာ နှလုံးရုတ်တရက် တိုက်ခိုက်ခြင်းကို နည်းစေတယ်။

အမေရိကန် ကယ်လီဖိုးနီးယား သမားတော်လော့ရင့် ကလေဗန်က အက်စပရင်ဟာ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရမှုကို နည်းစေကြောင်း ၁၉၅ဝ ပြည့်နှစ်များဆီက တွေရှိခဲ့တယ်။ အဲဒီအဆိုဟာ နှစ်ပေါင်း ၄ဝ ကျော်ကြာ နှစ်ဆယ်ရာစု ဝင်ခါနီးမှသာ နှလုံးထိန်းချုပ်ရေး စင်တာမှ အက်စပရင်စားဆေးကို နေ့စဉ် တစ်လုံးစားပေးရင် နှလုံးတိုက်ခိုက် ခံရမှု နည်းစေတယ်လို့ ဆေးအညွှန်း ပေးလာကြတာမို့ သိပ်မကြာသေးဘူး ဆိုရပါမယ်။

ဖြစ်ရပ်မှန်(၄)။ X-ray ရောင်ခြည်ဟာ လူကိုအန္တရာယ်ဖြစ်စေတယ်။

X-ray ဓာတ်မှန်ရိုက်ရင် X-ray ရောင်ခြည်က လူကိုကင်ဆာ ဖြစ်စေတယ်လို့ ၁၉၁၁ ခုနှစ်များကတည်းက ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘဲ လူသားတို့ ကုန်ပစ္စည်း ရှာဖွေရေးတွေနဲ့ လူဝင်၊ လူထွက်တွေ လက်နက်ခဲယမ်း ရှာဖွေတဲ့နေရာတွေမှာ အတားအဆီးမဲ့ သုံးခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်ရောက်မှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ဓာတ်မှန် အကြိမ်ကြိမ် ရိုက်ခဲ့ရာ သွေးကင်ဆာ ဆန်ဆန် ဖြစ်ပွားကြောင်း တွေ့ရှိရတဲ့ အခါမှသာ ဓာတ်မှန်ရိုက်ရင် အဖုံး၊ အကာအကွယ်များနဲ့ ရောင်ခြည်သင့်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင် လာကြတာတွေ့ရသလို မလိုအပ်ဘဲ ဓာတ်မှန်ရိုက်ခြင်းကို ဆန့်ကျင်လာကြတယ်။

ဖြစ်ရပ်မှန်(၅)။ ပယ်ပယ်လိုမား ဗိုင်းရပ်စ်ကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွား ရတယ်။

ဂျာမန်ဗိုင်းရပ်စ် ပညာရှင် ဒေါက်တာဟာရပ် ဖူဟန်ဆန်က အိပ်ခ်ျပီဗွီကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ်စေကြောင်း ၁၉၇ဝ ပြည့်နှစ် များဆီကတည်းက ပြောခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် ဆေးပညာနိုဘယ်လ်ဆု ချီးမြှင့်ပြီးမှသာ အိပ်ခ်ျပီဗွီ ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေကြောင်း ပြောဆိုလာကြတာ၊ ကင်ဆာ မဖြစ်အောင် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများ ထိုးလာခဲ့ကြတာ ဖြစ်တယ်။

မြ၀တီ

ထမင်းစားပြီးလျှင်ရှောင်ကြဉ်ရမည့် အချက်များ


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြ သည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အ ချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်း သည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများ ဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ်လျှော့ လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွား သည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီးအသက်(၉၉) နှစ်အထိအသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြ သည်ကို ကြားဖူးပါသည်။တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံး လိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်း မလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံး လိုက်သောအစာများ သည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။

ကျန်းမာပျော်ရွှင်နိုင်ပါစေဗျာ …….

Ref:Health Digest

သင်ဇာဝင့်ကျော် - အချစ်နဲ့ပတ်သက်ပြီး စိတ်ရှုပ်မခံချင်တော့တဲ့ အတွက် ကိုယ့်ဆီရောက်လာတဲ့ သူကိုပဲ အဆင်ပြေရင် ပြေသလို တွဲလိုက်တော့မယ်


ခေတ်ရေစီးကြောင်းအရရော ကိုယ်တိုင်ရောကြိုက်လို့ တက်တူး ထိုးတယ်။ ဒါပေမဲ့ သွားမှာစိန်တပ် တာခေတ်စားပေမယ့် သင်ဇာက သွားမှာ စိန်ဘာလို့မတပ်တာလဲဆို တော့ အဲဒီစိန်တပ်တာက အားမ ပေးဘူးမဟုတ်ပါဘူး။ အားပေးပါ တယ်။ ဒါပေမဲ့ တကယ့်စိန်တပ် တော့မယ်ဆို သွားကိုထွင်းပြီးတပ်မှ ရမှာလေ။ ပြီးတော့ စိန်အစစ်က သံ ပရာရည်နဲ့မတည့်ဘူး။ အတူတူတွဲ သောက်ရင် သေတယ်ဆိုတော့ ပြုတ်ထွက်ပြီး ဗိုက်ထဲရောက်ရင် ရော ဘယ်လိုလုပ်မလဲ။ ခန္ဓာကိုယ် ထဲမှာ တပ်တာတော့ မကြိုက်ဘူး။ တခြားသူတွေ တပ်တာကိုတော့ မပြောလိုပါဘူး။ သင်ဇာကကျန်းမာ ရေးအရကြောင့်သွားမှာ စိန်မတပ် တာလားဆိုတော့ ဟုတ်တယ်။ အရင်တုန်းကတော့ ပေါ်ကာစက ဖန်စီစိန်လေးတွေသွားမှာ တပ်ဖူး တယ်။ ဒါပေမဲ့ ပြုတ်မလား၊ ပြုတ် မလားဆိုပြီး လျှာနဲ့ထိုးနေရတာက အလုပ်တစ်ခုလေ။ အဲဒါကြောင့် မတပ်တော့တာ။ သင်ဇာချစ်သူမရှိ သေးဘူးဆိုတော့ မရှာတော့တာ လား၊ မရသေးတာလားဆိုတော့ ရှာမနေတော့ဘူး။ ကိုယ့်ဆီရောက် လာတဲ့သူကိုပဲ အဆင်ပြေရင် ပြေ သလို တွဲလိုက်တော့မယ်။ ဘာလို့ လဲဆိုတော့ ချစ်သူထားမယ်ဆိုတဲ့ စိတ်မရှိတော့ဘူး။ ဒီအချိန်မှာ ကိုယ့် မိဘ၊ ကိုယ့်အနုပညာရှိနေရင် ပြည့် စုံတယ်။ အဲဒီနှစ်ခုနေရာမှာ နောက် တစ်ခုရောက်လာရင် စိတ်ရှုပ်ရမှာ လေ။ အဲဒီအတွက် စိတ်ရှုပ်မခံတော့ ဘူး။ ရှိတဲ့ နှစ်ခုနဲ့ပဲရောင့်ရဲတင်းတိမ် ရမယ်။ သူများတွေက အချစ်က ဒရာမာများတယ်ပြောကြတယ်။ သင်ဇာအတွက်ရောဆိုတော့ သင် ဇာအတွက်ဒရာမာများပါတယ်။ ပျော်ရတဲ့ အချိန်တွေလည်း ရှိသလို ဒရာမာဖြစ်တဲ့အချိန်တွေလည်း အ များကြီးရှိတယ်။ အဲဒီလို ဘ၀မှာ ထပ်အဖြစ်မခံတော့ပါဘူး။

8 DAYS A WEEK ENTERTAINMENT

ချီကာဂို လေဆိပ်ထဲတွင် အမျိုးသမီးတစ်ဦး မိကျောင်း တစ်ကောင်ကို လွှတ်ပေး


ချီကာဂို၊ နိုဝင်ဘာ ၁၆

ချီကာဂို လေဆိပ်ထဲမှာ အမျိုးသမီးတစ်ဦးက နှစ်ပေလောက် ရှည်တဲ့ မိကျောင်းပေါက် တစ်ကောင်ကို လာလွှတ်သွားတာကို CCTV ကတစ်ဆင့် တွေ့ခဲ့ရလို့ သူ့ကို အရေးယူဖို့ ရဲက လိုက်ရှာနေတယ်လို့ sky news သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
“ဘူတာရုံထဲကို တမင် ဝင်လာတာ။ ဘတ်စ်ကားပေါ်မှာ ကြက်တွေ ပါလာတာကို ကျွန်တော် မြင်ဖူးပါတယ်။ ဒါပေမဲ့ လေဆိပ်ကို မိကျောင်း ရောက်လာတာတော့ ဒါပထမဆုံး တွေ့ဖူးတာပါ” ဟု ဒီအမျိုးသမီး စီးလာတဲ့ ရထားလိုင်းရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားပါတယ်။

ရထားပေါ်မှာ ဒီအမျိုးသမီးဟာ ဖုန်းပြောရင်း မိကျောင်းပေါက်ကို ချော့မြှူ နေတယ်လို့ မျက်မြင်သက်သေ များကရော CCTV ရုပ်ပုံများကပါ ဖော်ပြထားပါတယ်။
အမျိုးသမီးက ရထားပေါ်က ဆင်းသွားခဲ့ပြီး လေဆိပ်မှာ ရှိတဲ့ကင်မရာ များမှာတော့ သူ့မှာ မိကျောင်း ပါမလာတော့တာကို တွေ့ရပါတယ်။

နောက်တော့ မိကျောင်းကို လေဆိပ် အထုပ်အပိုး ရွေးတဲ့ စက်လှေကားနားမှာ တွေ့ခဲ့ပြီးတော့ လေဆိပ် ရဲတွေက အမှိုက်ပုံး တစ်ခုကို သုံးပြီး ဒီသားရဲတိရစ္ဆာန်ကို ဖမ်းခဲ့ပါတယ်။
အီလီနွိုက်စ် ပြည်နယ် ဥပဒေအရ အိမ်မှာ မမွေးရတဲ့ သတ္တဝါတွေထဲမှာ မိကျောင်းလည်း ပါတာမို့ ဒီလုပ်ရပ်ဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။
The Voice Weekly

ရေခဲဖြင့် ဆောက်သော ဟိုတယ်တွင် မီးအချက်ပေးစနစ် တပ်ရန် ညွှန်ကြား


စတော့ဟုမ်း၊ နိုဝင်ဘာ ၁၆

ဆွီဒင်နိုင်ငံမှာ ရေခဲများ၊ နှင်းများနဲ့ ဆောက်ထားတဲ့ ဟိုတယ်တစ်ခုကို နိုင်ငံခြားသား ဧည့်သည်တွေက စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ ရှိရာ အဲဒီရေခဲ အဆောက်အအုံကို မီးအန္တရာယ် ကင်းရှင်း ရေး အချက်ပေးစနစ် တပ်ဖို့ အာဏာပိုင်က ညွှန်ကြား လာတယ်လို့ Sky news သတင်း တစ်ပုဒ်က ဖော်ပြထားပါတယ်။

ဒီဟိုတယ် အဆောက်အအုံထဲက ပစ္စည်းတွေကို ရေခဲနဲ့ ပြုလုပ် တည်ဆောက်ထားပြီးတော့ အခန်းတွင်း အပူချိန်ဟာ အနုတ် ၈ ဒီဂရီ စင်တီဂရိတ် ရှိတယ်လို့လည်း ဒီသတင်းက ဆိုပါတယ်။

Ice Hotel လို့နာမည်ကြီးတဲ့ ဒီအဆောက်အအုံဟာ အာတိတ်ဒေသ ဂျက်ကက်စ်ဂျာဗီမြို့မှာ ရှိတာ ဖြစ်ပြီးတော့ နွေရာသီမှာ ဟိုတယ် အရည်ပျော်သွား တတ်လို့ ဆောင်းရာသီကို ရောက်တိုင်း ပြန်လည် တည်ဆောက် ရပါတယ်။

ခုတော့ ဒီရေခဲ အဆောက်အအုံကြီးကို မီးဘေးအန္တရာယ် ကင်းရှင်းအောင် ကာကွယ်ရမယ် ဆိုတဲ့ ဟိုတယ်လုပ်ငန်း စည်းမျဉ်းအရ မီးကာကွယ်စနစ် တပ်ဆင်ရတော့မှာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဒီဟိုတယ်ကို အာဏာပိုင်တွေက မီးဘေး ကာကွယ်ရေး မတပ်ဆင် ထားတာမို့ ဒီနှစ်မှ တပ်ဆင်ခိုင်းလိုက်တာ ဖြစ်ပါတယ်။
“ပထမပိုင်းတော့ ကျွန်မတို့လည်း အံ့အားသင့် သွားတာပေါ့။ နောက်မှ ပြန်တွေးကြည့်တော့ ခေါင်းအုံးတွေ၊ အိပ်ရာတွေနဲ့ သားမင်း အရေခွံတွေကတော့ မီးလောင် စေနိုင်ပါတယ်” လို့ ဟိုတယ် ပြောရေး ဆိုခွင့်ရ အမျိုးသမီး ဘီထရီဆီ ကာဆန်က ဆိုပါတယ်။

Ice Hotel ဟာ ကမ္ဘာပေါ်မှာ ရေခဲနဲ့ ဆောက်တဲ့ ပထမဆုံးဟိုတယ် ဖြစ်ပါတယ်။
The Voice Weekly

ထားထက်ထက် ယှဉ်ပြိုင်မှု တိုက်ရိုက်ကြည့်နိုင်


Miss Grand International 2013 ရဲ့ Preliminary Competition ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ကျင်းပပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထားထက်ထက် လည်း ယှဉ်ပြိုင်တာဖြစ်လို့ တိုက်ရိုက်ပြိုင်ပွဲကို ကြည့်ရှုအားပေးနိုင်ဖို့အတွက်ပါ။


 ဓာတ်ပုံ- လင်းသန့်/ ဧရာဝတီ

မြန်မာအလှမယ် ထားထက်ထက်ဟာ ချင်းမိုင်မြို့မှာ ကျင်းပသွား တဲ့ The Best National Costume ပြိုင်ပွဲ မှာ ဒီဇိုင်နာ မပုံ့ရဲ့ လက်ရာဖြစ်တဲ့ အင်းဝခေတ်မြန်မာ့ရိုးရာ ၀တ်စုံနဲ့ ၀င်ရောက် ယှဉ်ပြိုင်ရာမှာ Top 10 စာရင်းဝင်အဖြစ် ရွေးချယ်ခံထားရပါတယ်။

အောက်ပါ video တွင် ပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။


irrawaddy

သစ်မွှေးဈေးကွက် အမှန်တကယ် ဖြစ်လာတော့မည်လော


မြန်မာနိုင်ငံတွင် သစ်မွှေးဟုခေါ် သော အပင်မျိုးကို သဘာဝအတိုင်း မဟုတ်ဘဲ နည်းပညာများဖြင့် ဖော်စပ် စိုက်ပျိုးလျက် ရှိကြကာ ယင်းအပင်မျိုးကို အမြတ်အစွန်းကြီးစွာ ရောင်းချရသည် ဟူသော သတင်းသည် လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း ပျံ့နှံ့လာသည်။
သစ်မွှေးကို တောတောင်များတွင် ရှာဖွေသူများ ရှိသကဲ့သို့ စမ်းသပ် စိုက်ပျိုးသူများ ရှိကြသော်လည်း အောင်မြင် ဖြစ်ထွန်းကာ သစ်မွှေး ရောင်းချ၍ အမြတ်အစွန်း ရသူကိုမူ မတွေ့ရှိရသေးပေ။
အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းစသည့် နိုင်ငံများတွင် သစ်မွှေးပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခြင်းက မြန်မာနိုင်ငံရှိ သစ်မွှေး စိုက်ပျိုးသူများအတွက် မက်လုံးအဖြစ် ဆွဲဆောင်နေသည်။
သစ်မွှေးသည် အမှန်တကယ်မှာ သစ်ပင်တွင် သဘာဝအလျောက် သစ်မွှေးအနှစ်များ စုစည်းသော်လည်း သစ်ပင်တိုင်းတွင်တော့ သစ်မွှေးအနှစ်များ ရှိခြင်းမဟုတ်။ သစ်မွှေးအနှစ် လိုက်ရှာကြသော မုဆိုးများက သစ်မွှေးပင်တိုင်းကို ခုတ်ယူ ရှာဖွေခဲ့သောကြောင့် ကမ္ဘာပေါ်တွင် မျိုးတုံးမှု အန္တရာယ် ကျရောက်နေသော အပင်အမျိုးအစားလည်း ဖြစ်သည်။
သစ်မွှေးသည် အစေးပါဝင်သော အပင်ဖြစ်ပြီး Aquilaria မျိုးစုဝင်ဖြစ်ကာ ရေမွှေး၊ အမွှေးတိုင်နှင့် ဆေးများ ဖော်စပ်ရာတွင် အသုံးပြုရန် ဈေးကောင်းပေးဝယ်လျက် ရှိသည်။
ထိုအတွက် ပညာရှင်များက သဘာဝသစ်ပင်များ မျိုးမတုံးစေရန်နှင့် သစ်မွှေးပင်များ စိုက်ပျိုးနိုင်ရန် သုတေသန ပြုလုပ်ကာ အဆင့်မြင့် နည်းပညာများဖြင့် စိုက်ပျိုးနိုင်ရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် သစ်မွှေးပင်ကို စမ်းသပ် စိုက်ပျိုးနေကြသော်လည်း အောင်မြင်ခြင်း မရှိသေးဘဲ စမ်းသပ်ဆဲသာ ဖြစ်ကြောင်း သစ်မွှေး စိုက်ပျိုးသူများက တူညီစွာ ပြောဆိုကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း နိုင်ငံတကာ သစ်မွှေးလောကတွင် နာမည်ကျော် ပါမောက္ခများဖြစ်သော အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား တက္ကသိုလ်မှ Professor Robert A.Blanchtte နှင့် Professor Henry P.Heuveling တို့က သစ်မွှေး နည်းပညာ အကြောင်းကို ရန်ကုန် မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် လာရောက် ဟောပြောခဲ့သည်။
ထိုပညာရှင်များသည် မြန်မာ့သစ်မွှေး စိုက်ပျိုးသူများအတွက် CA Kit နည်းပညာဖြင့် ပြည်ပပို့ကုန် အမည်သစ် ထွက်ရှိရေးအတွက် လာရောက် ဟောပြောခြင်းလည်း ဖြစ်သည်။
CA Kit နည်းပညာကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ရရှိထားသူ CA Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစစ်မိုးက “သစ်မွှေးပင် ဆေးထိုးရင် အရင်က တစ်နှစ်လောက် အချိန် ပေးရပေမယ့် အခုနည်းပညာက လေးလတည်းနဲ့ သစ်မွှေးအဆီ ခဲပါပြီ” ဟု ဆိုသည်။
သစ်မွှေးပင်တစ်ပင် ဆေးထိုးပါက ငွေရှစ်သောင်း ဝန်းကျင် ကုန်ကျပြီး သစ်မွှေးအဆီ ထုတ်နိုင်ပါက သစ်မွှေးအဆီပေါ် မူတည်၍ ငွေကျပ် သုံးသိန်းဝန်းကျင် ရရှိနိုင်ကာ အရည်အသွေး ကောင်းမွန်ပါက ထိုထက်မက ရနိုင်ကြောင်း ၎င်းကရှင်းပြသည်။
သစ်မွှေးပင် ၅၀၀ ခန့် စိုက်ပျိုးပါက ပေါင်းသင် ရှင်းလင်းစရိတ်နှင့် ရေပေးဝေမှု စရိတ်တို့ တွက်ချက်ပါက ငွေကျပ် သိန်း ၆၀ ကုန်ကျကြောင်း ထန်တပင် ကျေးရွာတွင် သစ်မွှေးပင် စိုက်ပျိုးထားသူ တစ်ဦးက ပြောပြသည်။
“သစ်မွှေးပျိုးပင် တစ်ပင်ကို ၈၀၀ (ကျပ်) ပေးရတယ်။ တော်တော်လေးတော့ ပြုစုရတယ်” ဟု ၎င်းကဆိုသည်။
ယခင်က သစ်မွှေးတစ်ပင် ဖြစ်ရန် ခက်ခဲသော်လည်း လက်ရှိ အနေအထားတွင် သစ်မွှေးအဆီ ဖြစ်စေရန် မှိုဆေးများ၊ ပိုးများ၊ ဂျယ်လီများ၊ အင်ဇိုင်းများဖြင့် ထုတ်လုပ်သည့် နည်းပညာများ ပေါ်ထွက်လာသည့် အတွက် စိုက်ပျိုးသူ များလာခြင်း ဖြစ်ကြောင်း သစ်မွှေးပင် စိုက်ပျိုးသူတို့က ပြောကြားသည်။
အရည်အသွေးကောင်း သစ်မွှေးဆီ ၁ကီလိုဂရမ် (၆၀ ကျပ်သား) လျှင် နိုင်ငံတကာ ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ခန့် ရရှိနိုင်သဖြင့် ငါးနှစ်ဝန်းကျင်တွင် သစ်မွှေး တစ်ပင်လျှင် မြန်မာငွေ သိန်းတစ်ရာခန့် ရရှိမည်ဟု မက်လုံးပေးကာ သစ်မွှေးပျိုးပင် ရောင်းချမှု များကြသည်။


တနင်္သာရီတိုင်းဒေသကြီး ဘက်တွင် စိုက်ပျိုးထားသော သစ်မွှေးပင်များသည် မည်သည့် အချိန်တွင် ပိုက်ဆံရမည်ကို မသိရှိနိုင်သဖြင့် သစ်မွှေးပင်ကို ခုတ်ပစ်ကာ ရော်ဘာပင်များ ပြန်လည် စိုက်ပျိုးလာကြကြောင်း ယင်းဒေခံ များ၏ အဆိုအရ သိရသည်။
လက်ရှိ စိုက်ပျိုးနေသော သစ်မွှေးပင်များကို မှိုဆေး သွင်းခြင်းဖြင့် သစ်မွှေးဆီ အချိန်တိုအတွင်း ရရှိနည်းကို အများဆုံး လုပ်ဆောင်ကြကြောင်း သစ်မွှေး စိုက်ပျိုးသူက ဆိုသည်။
CA Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစစ်မိုးက “သစ်မွှေးပင် အပင်တိုင်း အဆီမဖြစ်ဘူး။ သစ်ပင်ရဲ့ ကြံ့ခိုင်မှု၊ မြေသြဇာ ကျွေးနိုင်မှု အပေါ်မှာလည်း မူတည်တယ်။ ငါးပင် ဆေးထည့်လို့ တစ်ပင်ဖြစ်ချင်မှ ဖြစ်တာ” ဟု ရှင်းပြသည်။
သို့သော် သစ်မွှေးကို စိုက်ပျိုးရာမှ အဆီစုအား ကောင်းသော သစ်မွှေး မျိုးစိတ်များ စိုက်ပျိုး၍ အာမခံချက်ရှိသော စိုက်ပျိုးနည်း အသုံးပြုခြင်းဖြင့် ပြည်ပပို့ကုန် အမည်သစ်များ ရရှိနိုင်သည့်အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာနေ ပြည်သူများ ဝင်ငွေတိုးစေပြီး ဂေဟစနစ်များအတွက် အထောက်အကူ ပြုစေကာ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး သစ်မွှေး ကုန်သည်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက် ရောင်းချနိုင်မည့် အခွင့်အလမ်းကောင်းများ ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ကို နည်းပညာပိုင်း ဝန်ဆောင်မှု ငှားရမ်းပြီး ထွက်လာတဲ့ သစ်မွှေးကို မရောင်းတတ်ရင် ကျွန်တော်တို့က ဝယ်မယ့် ကုန်သည်တွေနဲ့လည်း ချိတ်ဆက်ပေးမယ်” ဟု ၎င်းက အာမခံချက် ပေးသည်။
မြန်မာနိုင်ငံတွင် သစ်မွှေး စိုက်ပျိုးခြင်းမှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ကချင်ပြည်နယ်တွင်မူ တရုတ် သစ်မွှေး ကုန်သည်များ စတင်ခြေချင်း လိမ်လာပြီ ဖြစ်သည်။
ဝိုင်းမော်မြို့နယ် အတွင်းရှိ သစ်မွှေး စိုက်ပျိုးသူတစ်ဦးက “တစ်ခုခုတ်ပြီး တရုတ် ကုန်သည်တွေကို ရောင်းလိုက်တာ နှစ်သိန်းရတယ်” ဟု ဆိုသည်။
သစ်မွှေးပင်တွင် အဆီတည်ပါက သစ်မွှေးအချပ်၊ အမှုန့်၊ သစ်မွှေး၏ အာနိသင် ဝင်နေသော သစ်သားများကို ရောင်းချ နိုင်သော်လည်း မြန်မာနိုင်ငံတွင် စမ်းသပ်ရရှိသော လက်ရှိ သစ်မွှေးများမှာ အရည်အသွေး နိမ့်နေဆဲ ဖြစ်ကြောင်း သစ်မွှေး လေ့လာနေသူတို့၏ အဆိုအရ သိရသည်။
သစ်မွှေး၏ အဓိက ဝယ်လက်မှာ ဆော်ဒီအာရေးဘီးယား နိုင်ငံက အဓိက ဝယ်ယူခြင်း ဖြစ်ပြီး အချို့သော အစ္စလာမ် ဘာသာဝင်တို့သည် ဂျီဟတ် ခရီးစဉ်တွင် ဆပ်ပြာဘူးများ၌ ဆပ်ပြာများကို ထုတ်၍ သစ်မွှေးအဆီများ ထည့်ကာ ရောင်းဝယ်မှုများ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ပြုလုပ်ခဲ့ကြောင်း ဗီယက်နမ် သစ်မွှေး ကုန်သည်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ မြန်မာ့သစ်မွှေး စိုက်ပျိုးသူတစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံတွင် သစ်တော ဥပဒေအရ ကုန်သွယ်ခွင့် မရှိသော အမျိုးအစားတွင် သစ်မွှေးလည်း အပါအဝင် ဖြစ်သည်။ ထိုသစ်မွှေးသည် သဘာဝအလျောက် ဖြစ်တည်သော သစ်မွှေး ဖြစ်ပြီး လက်ရှိ စိုက်ပျိုးနေသော သစ်မွှေးသည် ရှားပါးသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (Non Timber Forest Produce-NTFB) ဖြစ်သည့်အတွက် တရားဝင် ရောင်းဝယ်ခွင့် ပြုသင့်ကြောင်း သစ်မွှေး စိုက်ပျိုးသူတို့က တူညီစွာ ပြောဆိုကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သစ်မွှေး စိုက်ဧက သုံးသောင်းနှင့် အထက် ရှိသော်လည်း နိုင်ငံတစ်ကာ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမျိုးတော့ ထွက်ရှိလာခြင်း မရှိပေ။ ထို့အတွက် မြန်မာ့သစ်မွှေး စိုက်ပျိုးသူများ၏ တစ်ကီလို ဒေါ်လာ ၂၅၀၀၀ အိပ်မက်သည် လွယ်လွယ် နှင့် ဖြစ်လာဦးမည် မဟုတ်။
နိုင်ငံတကာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နည်းပညာကို မြန်မာ့ သစ်မွှေးစိုက်သူတို့ အမိအရ ယူနိုင်မှသာ ဗီယက်နမ်၊ ထိုင်းတို့နှင့် ဈေးတူရနိုင်မည် ဖြစ်သည်။ မြန်မာ့ ထွက်ကုန်များသည် အခြားနိုင်ငံ ထွက်ကုန်များနှင့် ယှဉ်လျှင် နောက်ကျ ကျန်နေဆဲ ဖြစ်သည်။
သစ်မွှေးပင် စိုက်ပျိုးကာ သစ်မွှေး ထုတ်ရောင်းမည့် စီးပွားရေး လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ကနဦးအစသာ ဖြစ်နေသေးသောကြောင့် နိုင်ငံတကာ အရည်အသွေးအတိုင်း ထုတ်လုပ်ရန် အခွင့်အလမ်းများ ရှိနေဆဲ ဖြစ်သည်။
မိုးညှင်းမြို့မှ သစ်မွှေး စိုက်ပျိုးသူ တစ်ဦးကမူ အောက်ပါအတိုင်း ပြောကြားသည်။
“သူများတွေ သစ်မွှေး ဈေးကောင်းတယ် ပြောလို့ စိုက်ထားတာ။ ဘယ်လို ရောင်းကြမှန်းတော့ မသိဘူး”။
မင်းထက်စံ
The Voice Weekly

ကမ္ဘာမှာ မိမိလောက် အကကောင်းသူမရှိဟု ရှာရွတ်ခန်းပြော


နယူးဒေလီ၊ နိုဝင်ဘာ ၁၆

နာမည်ကျော် ဘောလိဝုဒ် သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ရှာရွတ်ခန်းဟာ ကမ္ဘာပေါ်မှာ မိမိလောက် အကကောင်းသူ မရှိဘူးလို့ ပြောကြားလိုက်ကြောင်း Times of India သတင်းက ဖော်ပြထားပါတယ်။

အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသားဖြစ်တဲ့ ရှာရွတ်ခန်းဟာ သူ့ရဲ့ Twitter လူမှုကွန်ရက် Website မှာ ရေးသားထားတာက “ကျွန်တော် ကောက်ချက် ချမိတာကတော့ ကမ္ဘာပေါ်မှာ ကျွန်တော့်လောက် အကကောင်းတဲ့သူ မရှိဘူး ဆိုတာပါပဲ” ဟု ရေးသားထားတာ ဖြစ်ပါတယ်။

နောက်ပြီး ရှာရွတ်ခန်းက ဆက်လက် ရေးသားရာမှာတော့ “ကျွန်တော်ရဲ့အကအဖွဲ့ဝင်တွေ ဖြစ်တဲ့ Abhishek, Boman, Sonu, Vivaan တွေကလွဲရင် ကျွန်တော့်လောက် အကကောင်းတဲ့သူ မရှိဘူးလို့” ရေးသားထားတာ ဖြစ်ပါတယ်။

ရှာရွတ်ခန်းဟာ Farah Khan's Happy New Year ဆိုတဲ့ ရုပ်ရှင်ကားမှာ အထက်မှာ ပြောခဲ့တဲ့ အကအဖွဲ့ဝင်တွေနဲ့အတူ တွဲဖက်ညီညီ ကပြသွားတာကို တွေ့ရတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ ရုပ်ရှင်လောက ဘောလိဝုဒ်မှာ နာမည်ကျော် မင်းသားဖြစ်တဲ့ ရှာရွတ်ခန်းဟာ ခင်မင်နှစ်လိုဖွယ် ကောင်းတာ၊ ကိုယ်ရည်ကိုယ်သွေး စတာတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
The Voice Weekly

OIC အဖွဲ့ ခရီးစဉ်ပြီးဆုံး၍ မြန်မာပြည်မှ အပြန် သံဃာတော်အချို့ တစ်နေကုန်ဆန္ဒပြ


အစ္စာလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဟာ သူ့တို့ဘာသာ၊သာသနာနဲ့ လူမျိုးပြန့်ပွားရေးကို အလေးထားနေပြီး အခြားလူမျိုးတွေကို လူလို့ မယူဆတာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ OIC ကို ဦးဆောင်ဆန္ဒပြသူ မကွေးကျောင်း တိုက်က ဦးပါမောက္ခက နိုဝင်ဘာ ၁၆ရက်နေ့မှာ ဆိုပါတယ်။




ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိခိုက်သွားသောဘ၀များ


ရေးသားသူ- အောင်သစ်လွင်၊ ဇွဲမာန်၊ အေးမြတ်သူ၊ ရှင်းရှင်း

ကမ္ဘာကျော်နယူးယောက်တိုင်း(မ်)သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာဟောင်းဂျွန်က သူ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်တွင် အံ့အားအသင့်ဆုံးက ဘာလဲဟုမေးသောအခါ ယာဉ်ကြောပိတ်ဆို့မှုပြဿနာဟု ပြောပါသည်။

ကမ္ဘာ့နိုင်ငံများစွာသို့ လှည့်လည်နေသော သူ့အတွက် မြန်မာကဲ့သို့ စီးပွားရေးမဖွံ့ဖြိုးသောနိုင်ငံငယ်တွင် ရန်ကုန်မြို့လူထုမှာ ဆိုးရွားလှသော ယာဉ်ကြောပိတ်ဆို့မှုကြား မည်သို့နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေကြသနည်းဟု သူအံ့သြစွာ မေးခွန်းပြန်ထုတ်သည်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးဦးဆုံးအကြိမ် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံပြီး အစားထိုးတင်သွင်းစနစ်နှင့် လွတ်လပ်စွာ မော်တော်ယာဉ်တင်သွင်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ၂ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်လာသည်။ ထိုပြဿနာ၏ နောက်ဆက်တွဲအဖြစ် မြို့တွင်းခရီးသည်တင်ဘတ်စ်ကားယာဉ်မောင်းများ၊ အငှားယာဉ်မောင်းများအပြင် အိမ်စီးကားမောင်းနှင်သူများသာမက မိမိတို့ ဘ၀ရပ်တည်မှုအခြေအနေအရ ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာနေရသည့် အလွှာအသီးသီးမှ လူတန်းစားပေါင်းစုံမှာ ယင်းပြဿနာကို နိစ္စဓူဝရင်ဆိုင်နေရသည်။

“အရင်တုန်းက တစ်နေ့ကို အုံနာခပေးပြီး တစ်သောင်းလောက် သာသာယာယာရှာလို့ရတယ်။ အခုက မရတော့ဘူး။ လမ်းပေါ်မှာတင် အချိန်တွေကုန်နေတာ”ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းကိုကျော်ဦးက ပြောသည်။

လွတ်လပ်စွာ ယာဉ်တင်သွင်းခွင့်ပြုပြီးနောက်ပိုင်း တက္ကစီယာဉ်အစီးရေမှာလည်း ရန်ကုန်မြို့လမ်းမများထက်တွင် ပိုမိုများပြားလာကာ ယာဉ်မောင်းများ၏ နေ့စဉ်တစ်ဦးချင်း ၀င်ငွေကိုလည်း ထိခိုက်လာပြီး မိသားစုစားဝတ်နေရေးအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့ကြောင်း ခရီးသည်တင်ဘတ်စ်ကား ယာဉ်မောင်းများနှင့် တက္ကစီယာဉ်မောင်းများက ပြောသည်။

“ဟိုတုန်းက တစ်နေ့ကို ပုံမှန်ငါးကြောင်းလောက်မောင်းရပြီး အုံနာအတွက် ပိုက်ဆံပိုရှာနိုင်တော့ ကားပိုင်သူဌေးက ကြည်ဖြူတယ်။ အခုနောက်ပိုင်း သုံးကြောင်းလောက်ပဲဆွဲနိုင်တော့ အုံနာကိုအပ်တဲ့ ပိုက်ဆံနည်းသွားလို့ အရင်လို မကြည်ဖြူတော့တဲ့အတွက် အလုပ်လုပ်ရတာ အဆင်မပြေဘူး”ဟု ဒညင်းကုန်းလမ်းဆုံနှင့် ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲသည့် ၂၀၂ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုသက်ဦးကပြောသည်။

ကိုသက်ဦးသည် ယာဉ်နောက်လိုက်အတွေ့အကြုံ ရှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ သူ၏လုပ်သက်တစ်လျှောက်လုံး ကားပိုင်ရှင်သူဌေးနှင့် အပေးအယူမျှကာ မိသားစုသဖွယ် ဆက်ဆံရေးရှိခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် နေ့စဉ်ပုံမှန်ပြေးဆွဲရသည့် အုံနာခမအပ်နိုင်သည့်အခါ သူ၏ယာဉ်နောက်လိုက်အလုပ်ကိုပင် စွန့်ခွာချင်ပြီဟု ကိုသက်ဦးကပြောသည်။ “ကားသမားအလုပ်က ထောင်နှုတ်ခမ်းကိုနင်းပြီး လုပ်နေရတာ။ ပုံမှန်ဝင်ငွေရနေပြီး ဒီအလုပ်ကို သံယောဇဉ်ဖြစ်နေပေမယ့် အုံနာကတစ်မျိုး၊ ပိုက်ဆံရတာနည်းလို့ မိန်းမက မကြည်ဖြူတာတစ်မျိုးနဲ့ နေ့တိုင်းစိတ်ညစ်ရတယ်။ လမ်းပေါ်က အခြေအနေတွေကို သူတို့သိတာမဟုတ်ဘူး”ဟု လက်ထဲမှ ယာဉ်စီးခငွေစက္ကူအရွယ်စုံကို ရေတွက်ရင်းပြောသည်။

ရန်ကုန်မြို့တွင်း အရေးကိစ္စမျိုးစုံကြောင့် နိစ္စဓူဝသွားလာနေသည့် ဘတ်စ်ကားအသုံးပြုသူ ခရီးသည်အရေအတွက်မှာ ၂ ဒသမ ၄ သန်းခန့်ရှိပြီး သွားလာရေးအတွက် နေ့စဉ်အသုံးပြုနေသည့် ဘတ်စ်ကားအရေအတွက်မှာ ၄၃၀၀ သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိန်းရေးကြီးကြပ်မှု ဗဟိုကော်မတီက စာရင်းထုတ်ပြန်ထားသည်။

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် ယခုအခါ ကားအစီးရေ သုံးသိန်းနှစ်သောင်းကျော် နေ့စဉ်အသုံးပြုနေသည်။ အဆိုပါ ယာဉ်များအနက်မှ မြို့တွင်းသွားလာရေးအတွက် ခရီးသည်တင်ဘတ်စ်ကားအဖြစ် အသုံးပြုနေသော ယာဉ်အရေအတွက်မှာ ၄၃၀၀ ကျော်၊ တက္ကစီစီးရေ လေးသောင်းကျော်ရှိသည်။ ထိုကြောင့် အများစုမှာ အိမ်သုံးကားများနှင့် လုပ်ငန်းသုံးကားများ ဖြစ်သည်။

သို့သော် ရန်ကုန်မြို့တွင် လမ်းအချိုးအစားနှင့် သွားလာနေသည့် ကားအရေအတွက်မှာ အချိုးအစားမမျှတကြောင်း မြို့ပြအင်ဂျင်နီယာ ပညာရှင်ဒေါက်တာကျော်လတ်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် လိုရာခရီးနှောင့်နှေးရသည့် အကျိုးဆက်ကို အခြေခံလူတန်းစား အလုပ်သမားများအပြင် မြို့ပြင်တွင် တည်ထားသည့် တက္ကသိုလ်များသို့ သွားလာနေရသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

“အိမ်ကနေ ရုံးကိုလာတာ ကားပေါ်မှာတင် တိုင်ပတ်နေတယ်။ တက္ကစီငှားစီးဖို့လည်း ပိုက်ဆံမတတ်နိုင်ဘူး။ ရုံးနောက်ကျရင်လည်း လစာက အဖြတ်ခံရဦးမယ်။ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတော့ဘူး”ဟု ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

“ကျောင်းကို အရင်က ၄၅ မိနစ်လောက် ကားစီးရပြီး အခု တစ်နာရီခွဲလောက်စီးမှ ရောက်တယ်။ ရုံးချိန်မီဖို့ အစောကြီးထပြီး ကားစီးရတဲ့အတွက် မိသားစုကိုတောင် အချိန်မပေးနိုင် ဖြစ်နေပြီ”ဟု ဒဂုံတောင်ပိုင်းမြို့နယ် စိတ်ကျန်းမာရေးဆေးရုံအနီးတွင် ဖွင့်လှစ်ထားသည့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့ သွားရောက်ရသည့် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကထိကဆရာမကပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မှ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)သို့ ဖယ်ရီဖြင့် ယခင်က ၄၅ မိနစ်ခန့်စီးလျှင် ရောက်နိုင်သော်လည်း ယခုအခါ ကားပေါ်တွင် တစ်နာရီခွဲခန့် အချိန်ဖြုန်းပြီးမှသာ ရောက်တော့ကြောင်း စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မဖြိုးသော်တာကပြောသည်။

“လမ်းပန်းဆက်သွယ်ရေး၊ ဒါမှမဟုတ် ပညာရေးဆိုတာတွေကို အစိုးရတာဝန်ရှိသူတွေ ဘယ်လိုစီမံကိန်းချတယ်ဆိုတာ ကျွန်မတို့မသိဘူး။ ဒါပေမဲ့ ကျောင်းသူ၊ ကျောင်းသားတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကိုတော့ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ ဒါဟာ ကျွန်မတို့အတွက် အရမ်းအရေးကြီးပါတယ်”ဟု မဖြိုးသော်တာက သူ၏လိုလားချက်ကိုပြောသည်။

မြို့ပြင်တွင် တည်ဆောက်ထားသော တက္ကသိုလ်များဆီသို့ သွားရောက်ကြသည့် ကျောင်းသားအများစုမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မိမိတို့စာသင်ခန်းသို့မရောက်မီ ကားပေါ်တွင် အချိန်ကုန်လူပင်ပန်းဖြစ်ကာ မိမိသင်ကြားမည့် ဘာသာရပ်အပေါ်တွင် အာရုံစူးစိုက်နိုင်မှုနည်းပါးသွားကြောင်း ဒဂုံတက္ကသိုလ် ပထမနှစ်ကျောင်းသား ကျော်ထက်အောင်ကပြောသည်။

“အိမ်ကထွက်ပြီး ကျောင်းရောက်တဲ့အချိန် လမ်းမှာကားပိတ်တာနဲ့ အနည်းဆုံးတော့ စာသင်ချိန်နှစ်ချိန်လောက် လွတ်သွားတယ်။ အဲဒီတော့ စာသင်ချင်စိတ်မရရှိတော့ဘဲ ကျောင်းကိုရောက်ပေမယ့် အပြင်မှာပဲနေတာများတယ်”ဟု ကျော်ထက်အောင်ကပြောသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုရှိ မြို့ကြီးများတွင် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို သက်ဆိုင်ရာနိုင်ငံအစိုးရများက မြေအောက်ရထား၊ ကောင်းကင်ရထားစနစ်နှင့် ဘီအာရ်တီကဲ့သို့သော အဆင့်မြင့်သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြု၍ ဖြေရှင်းလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယခုအချိန်မှသာ ဘီအာရ်တီစနစ်ကို စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

လက်ရှိအစိုးရအဖွဲ့အစည်းအနေဖြင့် ဘီအာရ်တီစနစ်ကို မဖော်ဆောင်မီကာလတွင် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်မည်ဟုဆိုသော ခုံးကျော်တံတားစီမံကိန်းသုံးခုကို အမြန်ဆုံးတည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ခုံးတံတားသုံးစင်းအနက် နှစ်စင်းမှာ စတင်အသက်ဝင်နေပြီ ဖြစ်သည်။ သို့သော် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်မစွမ်းနိုင်သေးပေ။ ဘတ်ဂျက်အခြေအနေပေါ်မူတည်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ခုံးကျော်တံတားများ တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်ကပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လတ်တလောဖြေရှင်းနိုင်ဖို့ မြို့တွင်းယာဉ်မရပ်ရဇုန်တွေသတ်မှတ်ပြီး စည်းကမ်းမဲ့ရပ်ထားတဲ့ ယာဉ်တွေကို ကရိန်းတွေနဲ့ဆွဲပြီး အရေးယူတာမျိုးတွေ လုပ်နေရတယ်”ဟု ၀န်ကြီးဦးအောင်ခင်ကပြောသည်။ တက္ကစီအငှားယာဉ်များမှာလည်း ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် နေ့စဉ်သွားလာနေပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု၏ နောက်ဆက်တွဲပြဿနာများကို ကြုံတွေ့နေသည်။

“အခု ဘယ်နေရာမှာပဲဖြစ်ဖြစ် လမ်းတွေကျပ်နေတယ်။ ချောင်ကြိုချောင်ကြားကအစ ကျပ်တယ်။ ကားတွေကျပ်တော့ အုံနာနဲ့ မောင်းတဲ့ယာဉ်မောင်းတွေဆိုရင် အလုပ်ချိန်တွေ ပြောင်းလာကြတယ်။ မနက်အစောကြီးထဆွဲ နေ့လယ်ပိုင်းခဏနားပြီး ညဘက်တစ်ညလုံး ပြန်ဆွဲတယ်”ဟု တက္ကစီယာဉ်မောင်းကိုဌေးလွင်ကပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ပြဿနာကြီးမားရခြင်းမှာ လမ်းတံတားကဲ့သို့ အခြေခံအဆောက်အအုံများ မလုံလောက်ခြင်းအပြင် လူအများစု၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂ မထသ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

“ကားတစ်စီးကို သိန်းရာနဲ့ချီပြီးတော့ ရင်းနှီးမြှုပ်နှံထားပေမယ့် အရင်လို ပိုက်ဆံမရတော့ဘူး။ လမ်းတွေပိတ်ဆို့ပြီး ယာဉ်တိုက်မှုမကြာခဏဖြစ်လို့ ရှင်းနေရတာနဲ့တင် ကားလောကကို စိတ်ကုန်နေပြီ။ ဒါပေမဲ့ ဘ၀ကိုရပ်တည်နေရတဲ့ အလုပ်သမားတွေက ရှိနေသေးတော့ ရသလောက် ကြိုးစားပြီးတော့ လုပ်နေဦးမယ်”ဟု အဆိုပါယာဉ်ပိုင်ရှင်ကပြောသည်။

ထို့အပြင် ရုံးဆင်း၊ ရုံးတက်အချိန်များ၌ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်များကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယင်းပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးစေချင်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့ကဆိုသည်။

ခရီးသည်နှင့် မော်တော်ကားအစီးရေ မမျှမတဖြစ်နေသည့်အပြင် တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရအနေဖြင့် ဖြေရှင်းမည်ဆိုပါက ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲခြင်းထက် မြို့ပတ်ရထားလမ်းများ တိုးချဲ့ကာ တစ်နေရာမှတစ်နေရာသို့ မီးရထားဖြင့် လွယ်ကူစွာသွားလာနိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း ယာဉ်မောင်းသက်တမ်း နှစ်လေးဆယ်ခန့် အတွေ့အကြုံရှိသော တက္ကစီယာဉ်မောင်းတစ်ဦးက အကြံပြုသည်။

လွန်ခဲ့သောမတ်လက အမေရိကန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့သော ကိုအောင်ဇော်မင်းမှာ နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုမှာ အမေရိကသို့မသွားမီ အခြေအနေနှင့် လွန်စွာကွာခြားသွားကြောင်း အံ့သြစွာပြောကြားသည်။

“လမ်းတွေပေါ်မှာ ကားတွေပိုကျပ်လာတယ်။ ကားတွေက ပိုကောင်းလာပြီး တက္ကစီတွေက ပိုများလာတယ်။ လမ်းတွေကတော့ အရင်လိုပဲ မကောင်းသေးဘူး”ဟု ခုနစ်လတာကင်းကွာခဲ့သော ရန်ကုန်မြို့၏ အခြေအနေကို ကိုအောင်ဇော်မင်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့ခြင်းပြဿနာမှာ သွယ်ဝိုက်သောနည်းလမ်းများဖြင့် မိမိတို့၏စားဝတ်နေရေးနှင့် မိသားစုဆက်ဆံရေးများအပေါ် ဆိုးရွားစွာလွှမ်းမိုးမှုများရှိနေကြောင်း ဒလမှ ရန်ကုန်သို့ နေ့စဉ်ပုံမှန် အလုပ်လုပ်ကိုင်ရန်လာသော နေ့စားအလုပ်သမားများကဆိုသည်။

“အလုပ်က ၈ နာရီဆိုရင် အရင်ကပုံမှန် ၇ နာရီလောက် အိမ်ကစောထွက်ရင်ရတယ်။ အခုအလုပ်ကို ၈ နာရီရောက်ဖို့ကို အိမ်ကနေ မနက် ၅ နာရီကျော်လောက်ကတည်းက ထရတယ်။ ပြန်ရောက်တော့လည်း ည ၁၁ နာရီလောက်မှဆိုတော့ အိမ်က ကလေးတွေက အဖေကိုတောင် မခင်တွယ်တော့ဘူး။ ဒီကြားထဲ မိသားစုများပြီး အလုပ်ကလည်းပါးတော့ ဘာမှကိုအဆင်မပြေပါဘူး”ဟု ဒလမှ နေ့စားဆောက်လုပ်ရေးအလုပ်သမား ကိုဝလုံးကပြောသည်။

အစိုးရသစ်လက်ထက် နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုနှင့် ပွင့်လင်းလာသည့်အခြေအနေများကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် အ၀င်အထွက်ပိုမိုများပြားလာသည်။

နေ့စဉ်ဝင်ငွေနည်းပါးလာသည့် အခြေအနေများကြောင့် အချို့တက္ကစီယာဉ်မောင်းများမှာ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်များအပေါ် ယာဉ်စီးခများ ပုံမှန်ထက် ပိုမိုတိုးတောင်းလာခြင်းမျိုး တွေ့ကြုံလာရကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုဇော်ဘုန်းလင်းကပြောသည်။

“ကားသမားတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ကားက ဆွဲမကောင်းတော့ နယ်မြေကျွမ်းကျင်မှုမရှိတဲ့ နိုင်ငံခြားသားခရီးသည်တွေအပေါ် အခုလို ပိုက်ဆံပိုတောင်းတာ။ ဒါပေမဲ့ တိုးရစ်တွေက လေယာဉ်ပေါ်ကဆင်းတာနဲ့ သူတို့နဲ့ အရင်တွေ့ရမှာ။ နိုင်ငံရဲ့ပုံရိပ်အတွက် မကောင်းဘူး”ဟု ကိုဇော်ဘုန်းလင်းကပြောသည်။

နိုင်ငံအများစုတွင် ကျင့်သုံးလာကြသည့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်းတို့နိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေ (GDP)ဖြင့် မတိုင်းတာဘဲ နိုင်ငံသားတစ်ဦးချင်းစီပျော်ရွှင်မှု (GNH)ဖြင့် တိုင်းတာလိုသည်ဟု ဘူတန်နိုင်ငံဘုရင်က ကမ္ဘာ့ကုလသမဂ္ဂသို့ ၂၀၁၃ တွင် တောင်းဆိုအသိပေး ကျင့်သုံးနေပြီဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂက လက်ခံခဲ့သည့် ဘူတန်နိုင်ငံ၏ အဆိုပါတောင်းဆိုချက်အတိုင်း မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက ရန်ကုန်မြို့တွင်း နေရာပေါင်းများစွာသို့ နိစ္စဓူဝသွားလာနေကြရသည့် ပြည်သူများ ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှုကြောင့် GNH ဖြင့် တိုင်းတာလျှင် အဆင့်နောက်နားရောက်နေပါလိမ့်မည်။ ။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

မယ်ဇလီဖူးတက်ခူးသူ လူငယ်(၂)ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၇

၁၇.၁၁.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ တမာလမ်းနေ မျိုးမင်းသိန်း (ဘ)ဦးမောင်သိန်းသည် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်းမကြီးဘေး မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးခူးရန်တက်ရောက်စဉ် သာကေတဓါတ်အားပေးစက်ရုံမှ သီတာဓါတ်အားခွဲရုံသို့သွယ်တန်းထားသော 66 KV ဓါတ်အားကြိုးမှ
ဓါတ်လိုက်ပြီး မယ်ဇလီပင် ပေါ်တွင် ချိတ်တွယ်သေဆုံးနေသဖြင့် သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၃ ဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ၁၂၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)နေ အောင်သူထွန်း(ဘ)ဦးလှစိုးသည် စက်မှုဇုံ(၂)၊ ဦးအောင်သူလမ်းနှင့်ဦးမိုးလမ်းထောင့်ရှိ မယ်ဇလီပင်ပေါ်သို့
မယ်ဇလီဖူးတက်ခူးစဉ် 11 KV ဓါတ်အားကြိုးကို ကိုင်ဆွဲမိကာ
မယ်ဇလီပင်ပေါ်တွင် ဓါတ်လိုက်သေဆုံးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၇၅/၂၀၁၃ဖြင့် ဖွင့်လှစ်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရန်ကုန်မြစ်တစ်လျှောက် မွန်းကျပ်မှုတွေ ဖြေလျှော့မယ်


အလုပ်များပြီး ကားကျပ်လူကျပ်နဲ့ ဆူညံနေတဲ့ မြို့ပြ အငွေ့အသက်ကနေ ခဏထွက်ပြီး အပန်းဖြေချင်နေတဲ့ လူတွေအတွက်၊ မြို့ပြ မွန်းကျပ်မှုတွေကနေ ခဏတာ ရုန်းထွက်ပြီး စိတ် အညောင်းအညာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ ကြည့်လိုသူတွေအတွက် ခရီးစဉ် အတိုလေးတစ်ခုကို ညွှန်ပေးလိုက်တယ်။ ရန်ကုန် မြစ်ကမ်းတစ်လျှောက် အပျော်စီး သင်္ဘောစီးပြီး နေဝင်ဆည်းဆာ ကြည့်နိုင်မယ့် အပြင် လေပြေလေညှင်းရဲ့ အငွေ့အသက်တွေနဲ့ စိတ်လန်းဆန်း သွားအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ ရန်ကုန် မြစ်ကမ်းတစ်လျှောက် Royal Green River သုံးထပ်ဇိမ်ခံ အပျော်စီးသင်္ဘော စီးပြီး နေဝင်ဆည်းဆာ အချိန်ကို သွားရောက် ကြည့်ရှုနိုင်မယ့် ခရီးစဉ်လေး ဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကိုတော့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ သွားရောက်နိုင်မှာ ဖြစ်ပြီး ဗိုလ်တထောင်ဆိပ်ခံ ဘောတံတားကနေ ညနေ ၄ နာရီခွဲမှာ စထွက်မှာ ဖြစ်ပြီး ကြာမြင့်ချိန်ကတော့ နှစ်နာရီမို့ ၆ နာရီခွဲလောက် ပြန်ရောက်မှာပါ။

ဗိုလ်တထောင် ဆိပ်ကမ်းကနေ ရန်ကုန်မြစ်ဝအထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်ကို လိုက်ပါလိုသူတွေ အနေနဲ့ တစ်ဦးကို ကျပ် ၂၀,၀၀၀ ကျသင့်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ စားသောက်ဖွယ်ရာ တွေကိုလည်း တည်ခင်း ပါသေးတယ်။ နေဝင်ဆည်းဆာ ကြည့်ရှုမည့် ခရီးစဉ်သာမကဘဲ မွေးနေ့ပါတီများ ကျင်းပခြင်း၊ စေ့စပ်လက်စွပ် လဲလှယ်ခြင်းများ၊ ကုမ္ပဏီများ သဘာတူစာချုပ် ရေးထိုးခြင်း ကိစ္စများကိုလည်း သင်္ဘောစီးရင်း မြစ်ကြောင်း တစ်လျှောက် ပြုလုပ်နိုင်မည် ဖြစ်ပြီး ခရီးရှည်၊ ခရီးတို အမျိုးအစား များကိုလည်း စင်းလုံးငှား စနစ်ဖြင့် ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုတယ်။

ဒီ Royal Green River သင်္ဘောမှာ Mini Bar၊ နှစ်ယောက်အိပ်ခန်း ရှစ်ခန်း၊ ရေချိုးခန်းတို့ ပါဝင်တာ ဖြစ်ပြီး TV, Wifi အခမဲ့ အသုံးပြုနိုင်ပါတယ်။

စင်းလုံးငှားမယ့် ဈေးနှုန်းတွေကိုတော့ ခရီးစဉ်နဲ့ လူဦးရေပေါ် မူတည်ပြီး ညှိနှိုင်း ဆောက်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ ဆိုတယ်။ အသေးစိတ် သိရှိချင်တယ်ဆို Royal Green River ကုမ္ပဏီ ဖုန်း- ၀၁-၅၀၅၈၃၈၊ ၀၉-၃၃၃၅၇၅၂၅၊ ၀၉-၂၅၀၀၈၆၅၇၁ ကို ဆက်သွယ်ရမှာ ဖြစ်တယ်လို့ ဆိုတယ်။
The Voice Weekly

လှည့်ကင်း ဆောင်ရွက် နေသည့် ရဲအရာရှိနှင့် အဖွဲ့အား အုပ်စုဖွဲ့ လူငယ်တစ်စုမှ လမ်းပိတ်ဆို့၍ ရိုက်နှက်


နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် ယခုလ ၁၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့် က နယ်မြေလှည့်ကင်းဆောင်ရွက်လျက်ရှိသော ရဲအရာရှိနှင့်အဖွဲ့အား အုပ်စုဖွဲ့ လူငယ်တစ်စုမှ လမ်းပိတ်ဆို့၍ ၀ိုင်းဝန်းရိုက် နှက်ခံရကြောင်း ၀က်လက်မြို့ခံ တစ်ဦးထံမှ သိရသည်။

ထိုသို့ ရိုက်နှက်ခံရသည့် ရဲအရာရှိနှင့်အဖွဲ့သည် ၀က်လက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇော်မင်းသူ ဆိုသူနှင့် ၀က်လက် မြို့မရဲစခန်းမှ ရဲတပ်ကြပ် ၀င်းနိုင်၊ ရဲတပ်သား နေသွေးကိုကို တို့ဖြစ်ကြောင်း အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြား ခဲ့သည်။

ထိုသူတို့သည် ၀က်လက်မြို့နယ်လုံးဆိုင်ရာ အာယုဂုဏ အဘယ စေတီ ဘူရာပွဲတော်နှင့် ၀က်လက်မြို့ပေါ် လုံခြုံရေးလှည့် ကင်းများဆောင်ရွက်ရန် ထိုနေ့ညက တာဝန်ကျခဲ့သသည်ဟု သိရသည်။ ထို့ကြောင့် မြို့ပေါ်လှည့်ကင်းဆောင်ရွက်ရန် မာလာ အမှတ်(၂)ရပ်ကွက်၊ ရုပ်ရှင်ရုံတောင်ဘက်လမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ် ဇော်မင်းသူမှ ဆိုသည်။

ထိုသို့သွားရောက်စဉ် အုပ်စုဖွဲ့လူငယ်တစ်စုသည် အဆိုပါ ကတ္တရားလမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ ပိတ်ဆို့ရပ်တန့်ထား သည့်အတွက် လှည့်ကင်းအဖွဲ့မှ ဆိုင်ကယ်များ လမ်းဘေးသို့ချ၍ရပ်ပေးရန် မေတ္တာရပ်ခံ ခိုင်းစေခဲ့ရာ အုပ်စုဖွဲ့လူငယ်တစ်စုမှ ရုပ်ရှင်ရုံခြံစည်းရိုးရှိ ၀ါးဒုတ်များဆွဲငှင်ယူဆောင်၍ လုံခြုံရေးလှည့်ကင်းအဖွဲ့အား ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒုရဲအုပ် ဇော်မင်းသူသည် ၀ဲဘက်နံဘေးနေရာ ဖုယောင်၊ ၀ဲဘက်လက် နာကျင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး၊ ရဲတပ်သား နေသွေးကိုကို၏ ၀ဲဘက်လက်တွင် ဖုယောင်နာကျင်ဒဏ်ရာများရ အသီးသီးရှိခဲ့ကြသည့်အတွက် ရဲစခန်းဆေး စာဖြင့် ၀က်လက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးကုသခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ရရှိဒဏ်များသည် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း မှုခင်းဆိုင်ရာ ဆရာဝန်ကြီးမှ ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို နေ့မအား၊ ညမနားစောင့်ရှောက်ပေးလျက်ရှိသော လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များအား အုပ်စုဖွဲ့၍ လမ်းပိတ်ဆို့ကာ ရိုက်နှက်ခဲ့သူများအား တရား ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဒုရဲအုပ် ဇော်မင်းသူမှ တရာလိုပြုလုပ်တိုင်တန်းခဲ့သည့်အတွက် ၀က်လက်မြို့မရဲ စခန်းမှ ယခုလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က (ပ) ၃၆၉ / ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၂/၁၁၄ အရ အမှုရေးဖွင့်ခဲ့သည်ဟု ရဲစခန်းမှ အတည်ပြုပြောကြားသည်။

အဆိုပါ အမှုအား ဒုရဲအုပ် ဝေမိုးမှဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ အုပ်စုဖွဲ့၍ ၀ိုင်းဝန်းရိုက်နှက်သူများဟုယူဆရ သူ ရဲမင်းစိုး၊ အေးမျိုးထက်၊ ဝေဖြိုးပိုင်၊ အောင်ဇော်ဖြိုးဆိုသူနှင့် အောင်မျိုးဦး ဆိုသူ လူငယ်ငါးဦးအား ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကိုလတ် ဆိုသူအား ဆက်လက်၍ အပူတပြင်းလိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ထိုနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(တောင်)ကျေးရွာအနီး မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းမကြီးအနီးတွင် လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဒေသခံရွာသား လူအင် အား ၁၅၀ ကျော်ခန့်က အုပ်စုဖွဲ့၍ ခဲများ၊ လောက်လေးခွများနှင့် ပစ်ပေါက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် (၉)ဦးမှ ဒဏ်ရာများရ ရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

ကသာမြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်


ကိုတိုးကြီး| စနေနေ့၊ နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်း ကသာခရိုင် တရားရုံးသို့ အမှုအားကြားနာစစ်ဆေးရန် ကသာအကျဉ်းထောင်မှ ရုံးထုတ်လာသည့် အချုပ်သားများအနက် မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး ယခုလ ၁၅ရက် ညနေ ၄နာရီခွဲခန့်က ထွက်ပြေးလွတ်မြောက်သည်ဟု ကသာတရားရုံးမှာ တရားရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထွက်ပြေးလွှတ်မြောက်သွားသည့် မူးယစ်အချုပ်သားမှာ ပင်လယ်ဘူးမြို့နယ်၊ ကညင်ကုန်းကျေးရွာနေ ကဒူး(ခ) ထွန်းထွန်းဝင်း ဖြစ်သည်ဟု အဆိုပါ တရားရေးဝန်ထမ်းက ပြောသည်။

ယခုလ ၁၅ရက်မွန်းလွှဲ ၃ နာရီအချိန်ခန့်က ကသာခရိုင်တရားရုံး၌ အမှုအား ကြားနာစစ်ဆေးရန် ကသာအကျဉ်း ထောင်မှ အချုပ်သား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁)ဦးရုံးထုတ်လာသည့်အနက် အမျိုးသား အချုပ်သား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးအား တရားရုံးသို့ ပို့ဆောင်ရန် ခေါ်လာခဲ့သည်။

ထို့နောက် ညနေ ၄ နာရီ မိနစ် ၄၀ခန့်တွင် ထိုအချုပ်သားများအား တရားရုံးမှ အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ရဲစခန်းဝင်းအတွင်း အချုပ်ခန်းနှင့် ပေ(၅၀)ခန့်အကွာ နေရာသို့ အရောက်တွင် သော့ခတ်ချုပ်နှောင်ထားသည့် သံကြိုးကိုဖြုတ်၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထိုသူသည် ပင်လယ်ဘူးမြို့မရဲစခန်း၏ မူးယစ်(ပ) ၅၀/ ၂၀၁၃ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) နှင့် (ပ) ၁၂၇/ ၂၀၁၃ ကြိုးမဲ့ကြေးနန်အက်ဥပဒေ ၆(၁)၊ (ပ) ၁၂၈/ ၂၀၁၃ ပို့ကုန်/ သွင်းကုန် ပုဒ်မ (၈) အမှုများနှင့် အချုပ်ကျနေသော အချုပ်သားတစ်ဦးဖြစ်သည်ဟု ကသာမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ မူးယစ် အချုပ်သား ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ကသာမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူး မြင့်လွင်၊ တာဝန်မှူး ဒု-ရဲအုပ် မင်းဆွေ၊ တရားရုံးထုတ်အဖွဲ့မှ ရဲတပ်ကြပ်ကြီး တင်ဆွေဦး၊ ရဲတပ်သား သန်းဦး တို့အား ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေများအရ ဆက်လက်၍ အရေးယူဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

Mizzima - News in Burmese

ဘာသာလူမျိုးမခွဲခြားဘဲ အကူအညီပေးလိုကြောင်း အိုအိုင်စီ ပြောကြား


အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ အတွင်းရေးမှူးချုပ် Dr. Eklemeddin Ihsanoglu က မိမိတို့ အိုအိုင်စီအဖွဲ့ဟာ အစ္စလာမ်ဘာသာရေးအဖွဲ့ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကိုလာရောက်ပြီး အစ္စလာမ်ဘာသာရေး ပြန့်ပွားအောင် ဆောင်ရွက်နေတာ မဟုတ်ကြောင်း ၊ မွတ်စလင်တွေကိုဘဲကူညီဖို့ လာတာမဟုတ်ကြောင်း ၊ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာရသူအားလုံးကို ခွဲခြားဆက်ဆံမမှုမပြုပဲ ကူညီသွားမှာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တွေနဲ့ မောင်တောမြို့တွေမှာ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့နားက ဒုက္ခသည်စခန်းတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သလို ဒေသခံရခိုင်တိုင်းရင်းသားတွေအပြင် အစ္စလာမ်ဘာသာဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

စစ်တွေမြို့နဲ့ ရန်ကုန်မြို့တွေမှာ ရခိုင်တိုင်းရင်းသားတွေက အိုအိုင်စီကို အလိုမရှိကြောင်း မနေ့က ဆန္ဒပြခဲ့ကြသလို ဒီကနေ့မှာလည်း ကျောက်ဖြူ၊ မြောက်ဦးနဲ့ မင်းပြားမြို့တွေမှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

အိုအိုင်စီအဖွဲ့ဟာ နေပြည်တော်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအပြင် လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာနဲ့လည်း တွေ့ဆုံခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အစ္စလာမ်အဖွဲ့တွေက ကိုယ်စားလှယ်နှစ်ဦးစီနဲ့ ဖွဲ့စည်းထားတဲ့ the Interfaith Friendship Group နဲ့လည်း နေပြည်တော်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အိုအိုင်စီအဖွဲ့ကို အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ၁၉၆၉ ခုနှစ်မှာ ဖွဲစည်းထားတာ ဖြစ်ပြီး လက်ရှိအိုအိုင်စီ အတွင်းရေးမှူးချုပ် Dr. Eklemeddin Ihsanoglu ဟာ တူရကီနိုင်ငံသားဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ခွင့်မပြုဖို့ မနေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုတစ်ရပ်တင်သွင်းခဲ့သလို OIC ကန့်ကွက်ဆန္ဒပြပွဲတွေ ဒီကနေ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့တွေမှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese

ဆက်သွယ်ရေး ဥပဒေနဲ့ လယ်သမား ဥပဒေ လွှတ်တော်မှာ ပြဌာန်း


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မနေ့က စပြီး ရပ်နားလိုက်ပြီဖြစ်ပါတယ်။

အခုတစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးက ၁ လခွဲကြာမြင့်ခဲ့တာဖြစ်ပြီး အဓိက ကတော့ အစိုးရရဲ့ ထပ်တိုးဘတ်ဂျက်အတွက်ဖြစ်ပါတယ်။

ဥပဒေပိုင်းဆိုင်ရာမှာတော့ အများနဲ့သက်ဆိုင်တဲ့ ၊ လက်ကိုင်ဖုန်းနဲ့သက်ဆိုင်တဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ လယ်သမားဥပဒေတွေအပါအ၀င် ဥပဒေအတော်များများကို အတည်ပြုနိုင်ခဲ့တယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ရှင်းပြရာမှာ အခု အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေတွေကို ပြဌာန်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု ကျင်းပခဲ့တဲ့ အဌမ အကြိမ်မှာ သမ္မတကြီး လက်မှတ် ထိုးနိုင်အောင် ဥပဒေ ခုနှစ်ခုကို အဆင်သင့် ဆောင်ရွက်နိုင်ခဲ့တယ် စုစုပေါင်း ၃၉ ခုထဲက ၂၀ ကို ဆောင်ရွက်နိုင်ခဲ့ပြီး ကျန် ၁၉ ခုကိုတော့ ဆောင်ရွက်ဆဲလို့ သူက ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်က ရုတ်သိမ်းခြင်း ဥပဒေကြမ်းကို အရင် တကြိမ်ကလည်း မတင်ခဲ့သလို အခု တကြိမ်မှာ ပြီးအောင် မလုပ်နိုင်ဘူး ဆိုတဲ့ ပြောဆိုချက်ကိုတော့ သူက ရှင်းပြရာမှာ အဲဒီ ဥပဒေကြမ်းကို တင်ပြီး ဖြစ်ပါတယ် ၊ န၀မ အကြိမ်မြောက် အစည်းအဝေးမှာ ဆောင်ရွက်နိုင်မယ်လို့ ယူဆရကြောင်း သူက ဆိုပါတယ်။

နောက်လွှတ်တော်အစည်းအဝေးကို ဇန်နဝါရီလလည်မှာကျင်းပဖို့ရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘတ်ဂျက်ကို အဓိကဆွေးနွေးမယ့် အပြင် အသင်းအဖွဲ့ ဥပဒေကြမ်း ၊ သတင်းမီဒီယာ ဥပဒေကြမ်း ၊ ပုံနှိပ် ဥပဒေကြမ်းနဲ့ အများပြည်သူ ဝန်ဆောင်မှု ဥပဒေကြမ်းတွေကို ဆောင်ရွက်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ


လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အင်အားပြင်း ဟိုင်ယန် (Haiyan) တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်ပြီး ၈ ရက်လောက် ကြာလာတဲ့အထိ တချို့ ဒေသတွေဟာ အကူအညီတွေမရသေးဘဲ ဖြစ်နေချိန် - ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တချို့ ဒေသတွေဆီကိုတော့ အကူအညီတွေ စတင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။

နိုင်ငံအလယ်ပိုင်းက ဖိလစ်ပိုင်ဒုက္ခသည် တော်တော်များများဆီကိုတော့ အစားအစာနဲ့ ရေတွေ စတင်ရရှိနေချိန်မှာ နေစရာမရှိ၊ သောက်ရေ၊ အစားအစာနဲ့ လျှပ်စစ်မီးမရှိ ဖြစ်နေတဲ့ ခန့်မှန်းခြေ သန်းနဲ့ချီတဲ့ ဖိလစ်ပိုင် ဒုက္ခသည်တွေဟာ အကူအညီတွေ နည်းနည်းပဲ ရရှိသေးသလို တချို့ဆိုရင်လည်း အခုထိ လုံးဝကို မရကြသေးပါဘူး။

ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းသင့်သူတွေကို သူတို့ဘက်က အကူအညီတွေ အတတ်နိုင်ဆုံး ဖြန့်ဝေပေးနေတဲ့အကြောင်း ပြောဆိုထားပါတယ်။ အခုလို အခြေအနေမျိုးမှာ အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ ဆိုတာဟာ အရေးကြီးဆုံးကိစ္စဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မား ရိုဆတ် (Mar Roxas) က ပြောပါတယ်။မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံလိုက်ရတဲ့ တာကလိုဘန်မြို့မှာ ပြည်ထဲရေးဝန်ကြီးက ပြောသွားခဲ့တာမှာတော့ ချက်ချင်း ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေဟာ ကြီးမားလွန်းပြီး လူတိုင်းဆီကို အကူအညီတွေ ရောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းကြောင့် တရားဝင်သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၃၆၂၁ ယောက်အထိ တိုးလာပြီလို့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဆိုင်ရာ အကြီးအကဲက သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်က ရဟတ်ယာဉ်တွေဟာလည်း ဝေးလံခေါင်ဖျားတဲ့ ရွာတွေက မုန်တိုင်းသင့် ဒုက္ခသည် တွေဆီ အစားအစာ၊ ရေနဲ့ ဆေးဝါး အကူအညီတွေကို သောကြာနေ့က စတင် ပေးပို့နေပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လက်ပံတောင်းမှာ ရွာသားတွေ ဆက်လက်ဆန္ဒပြ


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်က လက်ပံတောင်းတောင်ဒေသက လျော်ကြေးမယူထားတဲ့ ဒေသခံတွေဟာ သူတို့မြေယာတွေပေါ်မှာ ကြေးနီစီမံကိန်း တာဝန်ရှိသူတွေက ရဲကင်းတဲတွေ လာဆောက်ထားတာကို ဖယ်ရှားစေလိုတဲ့အတွက်ဆိုပြီး မိုးကြိုးပြင်တောင်ရွာမှာ ဒီနေ့နေ့လည်ပိုင်းက ရာချီရှိတဲ့ဒေသခံတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အခုလ၁၄ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် အခုပြုလုပ်တဲ့ဆန္ဒပြပွဲကို ခွင့်ပြုချက်မယူဘဲ ဒေသခံတွေလိုချင်တဲ့အချက်တွေနဲ့ တောင်းဆိုဆန္ဒပြခဲ့တာဖြစ်တယ်လို့ မိုးကြိုးပြင်တောင်ရွာက ကိုဝင်းကျော်က ပြောပါတယ်။

“ကျနော်တို့မြေယာပေါ်က ရဲကင်းတဲကို ဖယ်ရှားပေးဖို့ရယ်၊ မတရားဖမ်းဆီးထားတဲ့သူတွေကို ချက်ခြင်းလွှတ်ဖို့ရယ်၊ အကြမ်းဖက်ပစ်ခတ်မှုတွေ ရပ်ဖို့ရယ်၊ ဦးပိုင်ဝမ်ပေါင် အလိုမရှိ ဆိုတာတွေနဲ့ ဆန္ဒဖော်ထုတ်နေတာပါ၊ တာဝန်ရှိတဲ့သူတွေက ဖြေရှင်းပေးမှု မရှိသေးဘူး”

အခုလ ၁၄ ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား ဒဏ်ရာအပြန်အလှန်ရကြသည်အထိ ဖြစ်ပွားခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အခုလ ၁၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေကို မပြေမလည်ဖြစ်ခဲ့ရာက ဒေသခံတချို့ဒဏ်ရာရရှိလို့ မန္တလေးမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

RFA Burmese

ထောင်မှ လွတ်လာတဲ့ ရှမ်းလူငယ်တွေ ရှင်းချက်


နိုဝင်္ဘာလ ၁၅ ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ အထဲမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ က မန္တလေး ဈေးချို၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တွေ မှာ ဖြစ်ပွားခဲ့တဲ့ ဖေါက်ခွဲမှု တွေ နဲ့ ဆက်စပ်ပြီး ထောင်ချခံရတဲ့ ရှမ်းတိုင်းရင်းသား ငါးယောက် လည်း အိုးဘိုထောင် က လွတ်လာခဲ့ပါတယ်။

အဆိုပါ ရှမ်းတိုင်းရင်းသား ငါးယောက်ဟာ ဒီဖေါက်ခွဲမှု မှာ သူတို့ ပတ်သက်ခြင်း မရှိဘဲ တဖက်သတ် စွပ်စွဲ ထောင်ချ ခံရပုံ ကို မီဒီယာ နဲ့ တွေ့ဆုံပြီး ရှင်းလင်းခဲ့ပါတယ်။ အစိုးရ အနေနဲ့လည်း သူတို့မှာ အပြစ် မရှိတဲ့ အကြောင်း ကို ပြန်လည်ရှင်း ပြဖို့၊ စွပ်စွဲခံရတဲ့ အဖွဲ့ခေါင်းဆောင် ရတနာပုံ တက္ကသိုလ် ဒုတိယနှစ် ဘူမိဗေဒ ကျောင်းသား စိုင်းမိုးဟိန်း က ဘီဘီစီ ကို ပြောပါတယ်။

အခုလို မီဒီယာ က တဆင့် ရှင်းလင်းရခြင်းကလည်း နောင်ကို မတရား စွပ်စွဲမှု တွေ နဲ့ အများကို ထောင်မကျ စေလိုပုံ လည်း ရှင်းပြပါတယ်။ စိုင်းမိုးဟိန်း တို့ ငါးယောက် ဟာ RCSS-SSA ရှမ်း အဖွဲ့တွေ နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီး အဖမ်းခံရ အပြီး၊ စွပ်စွဲခံရတာ ကို သိရကြောင်း၊ စစ်ကြောရေး စခန်းမှာ လည်း အနှိပ်စက် ခံရပြီး၊ ပြစ်မှုကျူးလွန်ကြောင်း ကို ရိုက်နှက်ပြီး လက်မှတ်ထိုးခိုင်းကြောင်း ပြောပါတယ်။

တရားရုံးတော်မှာလည်း သက်သေထွက်ဆိုချက်တွေ ရှိပေမယ့်၊ အကြောင်းမထူးတဲ့ အတွက် တရားဥပဒေ စိုးမိုးမှု၊ ပွင့်လင်းမှု မရှိတာတွေ တွေ့ခဲ့ရတဲ့ အကြောင်း၊ အဲဒီ အတွက် အစိုးရ အနေနဲ့ စွပ်စွဲခံ ရသူတွေ ရဲ့ ဘဝ မှာ အမဲစက် စွန်းခဲ့ရတာကို ဖြေရှင်းပေးစေလို ကြောင်း စိုင်းမိုးဟိန်း က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တစ်အိမ်ထောင် ကလေးတစ်ယောက် အစီအစဉ် တရုတ်ပြင်မည်


တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို လျှော့ပေါ့ပေးတာနဲ့ အလုပ်ကြမ်းစခန်းတွေမှာ ပညာပေးတဲ့စနစ်ကို ဖျက်သိမ်းပစ်တာအပါအ၀င် ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ့် အကြောင်း ကြေညာလိုက်ပါတယ်။

အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ဒီကနေ့ သောကြာနေ့မှာ ကြေညာတဲ့ အခုလုပ်ဆောင်ချက်ဟာ ဒီသီတင်းပတ်အစော ပိုင်းမှာ ပြီးဆုံးခဲ့တဲ့ ကွန်မြူနစ်ပါတီ အဓိကအစည်းအဝေးတစ်ခုရဲ့ ဆုံးဖြတ်ချက်တွေကနေ ထွက်လာတာပါ။

မူဝါဒအသစ်အရ ခင်ပွန်း ဇနီး စုံတွဲတွေမှာ တစ်ဦးဦးဟာ သူ့မိသားစုထဲက တစ်ဦးတည်းသောကလေး ဖြစ်တယ်ဆိုရင် သူတို့ အိမ်ထောင်မှာ ကလေးနှစ်ယောက် ယူခွင့်ရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ်ထောင်စုအနည်းငယ်မှာပဲ ကလေးတစ်ဦး ထက် ပိုယူခွင့်ရပါတယ်။ ဒီ ကလေးတစ်ယောက်ပဲ ယူရမယ့်မူဝါဒကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေခဲ့တာကြာပါပြီ။

ဒီမူဝါဒ ကြောင့် တချို့ဖြစ်ရပ်တွေမှာဆိုရင် မဖြစ်မနေ ကိုယ်ဝန်ဖျက်ချရတာနဲ့ ကလေးမရအောင် အတင်းအဓမ္မ လုပ်ရတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် အဝေဖန်အခံရဆုံးဖြစ်နေတဲ့ အလုပ်ကြမ်းစခန်း စနစ်ကိုလည်း တရုတ်နိုင်ငံက ဖျက်သိမ်းပစ်တော့မယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

အဲဒီစနစ်အရ ပြစ်မှုကျူးလွန်သူတွေကို တရားရုံးတင် စစ်ဆေးတာမျိုးမလုပ်ဘဲ အလုပ်ကြမ်းစခန်း တွေမှာ ရဲတပ်ဖွဲ့က နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ပါတယ်။

ခန့်မှန်းခြေ လူပေါင်း ၁၉၀,၀၀၀ လောက်အထိရှိနေတဲ့ အလုပ် ကြမ်းစခန်းတွေနေရာမှာ ဘာနဲ့အစားထိုးမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာသမ္မတနဲ့ တွေ့ဆုံဆွေးနွေး


မြန်မာနိုင်ငံမှာရောက်နေတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ OIC နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ အပါအ၀င် ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်ဖို့ မရှိသေးပါဘူးလို့ အတွင်းရေးမှူး ချုပ်က ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ OIC အတွင်းရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဗုဒ္ဓဟူးနေ့ကတည်းက မြန်မာနိုင်ငံမှာရောက်နေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ်အဆုံးမသတ်ခင် တစ်ရက်မှာ ပဲ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့် ရခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ OIC အကြားဆက်ဆံရေးကိစ္စ၊ ပူးပေါင်းဆောင်ရွက် ရေးကိစ္စနဲ့ တခြားကိစ္စရပ်အများအပြားကို ဆွေးနွေး ပြောဆိုခဲ့ တယ်လို့ OIC အတွင်းရေးမှူးချုပ်က ဗွီအိုအေကို ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ မနေ့က ကျနော်တို့တွေ့ခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အတွေးစိတ်ကူးကို ပြောပြပါတယ်။ ပုံမှန် အခြေအနေ ပြန်ရောက်အောင် လုပ်နေတဲ့ အစိုးရရဲ့လုပ်ငန်းစဉ်အောင်မြင်စေဖို့ ကျနော်တို့ ဆုတောင်းပေးပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အင်မတန်ခက်ခဲပြီး စိတ်ရှည်သည်းခံမှုနဲ့ ဂရုတစိုက်ရှိဖို့ လိုတယ်လို့ ကျနော်တို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူကွဲပြားတဲ့အစုတွေကြား ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခကို ကျော်လွှား နိုင်အောင် ပြည်နယ်တစ်ခုလုံးကို အကူအညီပေးချင်တယ်ဆိုတာ ပြောခဲ့ပါတယ်။

မတူကွဲပြားတဲ့ လူမှု အ၀န်းအ၀ိုင်း နှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါဟာ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပြီး သိပ် အောင်မြင်တဲ့ခရီးစဉ်လို့ ကျနော်ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်က ဘာတွေ ပြန်ပြီး ဆွေးနွေးခဲ့တယ်ဆိုတာကို OIC အတွင်းရေးမှူးချုပ်က မပြောပါဘူး။ သမ္မတရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန်မယ်ဆိုတာကိုပဲ ပြောခဲ့ပါတယ်။ OIC ကိုယ်စားလှယ် အဖွဲ့ဟာ ကြာသပတေးနေ့က ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေက ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး နှစ်ဘက်စလုံးက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေကနေ သူတို့သိခဲ့ရတာကို အတွင်းရေးမှူးချုပ်က အခုလိုပြောပါတယ်။

“တကယ့်အစစ်အမှန် ပြဿနာ ဘယ်ကလာတယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒီလူတွေဟာ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းစွာနဲ့ လိုက်လျောညီထွေစွာ နေထိုင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ ရာဇ၀တ်ပြစ်မှု ဆိုင်ရာ ကျူးလွန်မှုတွေကနေ အခြေအနေတစ်ခုလုံးဟာ လူမှုအ၀န်းအ၀ိုင်း ပဋိပက္ခဆီ ကူးပြောင်းသွားခဲ့တာပါ။ ကျနော်တို့နားလည်ချက်အရ ဒါဟာ အစ္စလာမ်တွေ၊ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားမှာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် ဘာမှမရှိပါဘူး။ အဲဒီဖြစ်ရပ်တွေဟာ တရားရုံးတင် ဖြေရှင်းရမှာ ဖြစ်ပြီး လူမှုအ၀န်းအ၀ိုင်းနှစ်ခုအကြား နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သင့်ပါဘူး။ ဒီလူတွေကြားမှာ ငြိမ်းချမ်းစွာ ပြန်ပြီး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကျနော်တို့ ကူညီ လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။”

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံဆီ ရောက်မလာသေးခင်မှာရော ရောက်လာပြီးတဲ့နောက်ပိုင်းမှာရော ရန်ကုန်မြို့နဲ့ တခြား နေရာတချို့မှာ OIC ကိုယ်စားလှယ်အဖွဲ့ကို ကန့်ကွက် ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူထုရဲ့ ဆန္ဒပြပိုင်ခွင့် ဆန္ဒ ထုတ်ဖော်ပိုင်ခွင့်ကို သူတို့အနေနဲ့ လေးစားတဲ့ အကြောင်းနဲ့ ဒါဟာ ဒီမိုကရေစီနည်းလမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် အရေးကြီးပါတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ OIC ဟာ ဒီမိုကရေစီကို ထောက်ခံအား ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

ဆန္ဒပြသူတွေ အဓိက ကန့်ကွက်ကြတဲ့ကိစ္စထဲမှာ အတည်မပြုနိုင်တဲ့ သတင်းတွေပေါ် အခြေခံထားတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်မယ်ဆိုတာကို အဓိက ကန့်ကွက်ကြတာပါဝင်ပါတယ်။ ရုံးဖွင့်ဖို့ကိစ္စဟာ နားလည်လွဲမှု အများအပြားကြောင့် ပြောဆိုရတဲ့ ကိစ္စတစ်ခု ဖြစ်လာတာပါလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ တခြားလူတွေကို တိုက်ခိုက်ဖို့အတွက် OIC အဖွဲ့က မူစလင်တွေ ကို ငွေတွေပေးနေတယ်ဆိုတာမျိုး မှားယွင်းတဲ့ သတင်းတွေကို ယုံကြည်တဲ့လူ အနည်းစု ရှိနေတယ်ဆိုတာကို သူက ထောက်ပြပြီး တော့ သူတို့အနေနဲ့ ငွေတပြားတချပ်မှ ပေးမနေပါဘူးလို့ အခိုင်အမာပြောပြီး လက်ရှိအချိန်မှာ OIC ရုံးခွဲဖွင့်လှစ်ဖို့ မရှိပါဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

“လူတွေရဲ့ တောင်းဆိုချက်ကို ကျနော် လေးစားပါတယ်။ အဲဒါကို သူတို့ မလိုချင်ပါဘူး။ လက်ရှိအချိန်မှာ ဘယ်လိုရုံးမျိုးမှ ကျနော်တို့ဖွင့်ဖို့မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျနော်တို့ရုံးတွေ ရှိပါတယ်၊ နယူးယောက်မှာရှိပါတယ်၊ ဂျီနီဗာမှာရှိပါတယ်၊ ဘရပ်ဆဲလ်မှာရှိပါတယ်။ ကမ္ဘာပေါ်က နေရာအများအပြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ရုံးခွဲ မရှိသေးဘဲ ဒီ နားလည်လွဲမှားမှုတွေ ကျော်လွန်သွားတဲ့အထိ ကျနော်တို့ စောင့်နိုင်ပါတယ်။”

OIC အဖွဲ့ဝင်ခုနစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးငါးဦးနဲ့ OIC အတွင်းရေးမှူးချုပ်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမဲ့ သူတို့ တွေ့ဆုံပွဲတွေက နေပြည်တော်မှာပဲ ဖြစ်ခဲ့ပြီး အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့မှာရှိနေခဲ့တာကြောင့် တွေ့ဆုံဖို့ မဖြစ်ခဲ့ပါဘူးလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

သူတို့အဖွဲ့ဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပြီး မထွက်ခွာခင် မနက် ၆ နာရီ ၄၅ မိနစ် မှာ လေဆိပ်မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိတယ်လို့ ကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ် အူဖုခ် ဂေါ့က်ဆင်န် (Ufuk Gokcen) က ဗွီအိုအေကို ပြောပါတယ်ခင်ဗျား။

ကျော်ကျော်သိန်း (ဗွီအိုအေ)

KIA နဲ့ ဆက်သွယ်ကြောင်း စွပ်စွဲဖမ်းဆီးခံရသူ ၃ ဦးကို ထောင်ဒဏ်ချမှတ်


ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှာ တာဝန်ထမ်းဆောင်နေသူလို့ စွပ်စွဲခံရပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နဲ့ အမှုရင်ဆိုင်နေရသူ ကချင်တိုင်းရင်းသား လေးဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက နိုဝင်ဘာလ ၁၅ ရက် မနေ့က ပြစ်ဒါဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။

ကချင်တိုင်းရင်းသား ၄ ဦးရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဂျီမာခါးက သူတို့ လေးဦးကို အပြစ်မရှိပဲ အမိန့်ချမှတ်လိုက်တာလို့ ပြောပါတယ်။

“လေးယောက်ပေါ့၊ သူတို့က ဒုက္ခသည်တွေဖြစ်တယ်၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) အရပေါ့နော်၊ တရားသူကြီးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တာပေါ့နော်၊ ဒီဆုံးဖြတ်ချက်ကိုကြည့်တဲ့အခါ မျှတရဲ့တရားစီရင်ရေးစနစ်ကို မျက်ကွယ်ပြုပြီး တရားစီရင်သွားတာ တွေ့တယ်ပေါ့၊ အပြစ်မရှိဘူးဆိုတာ သိရဲ့သားနဲ့ ဒီတရားသူကြီးတစ်ယောက်အနေနဲ့ မရမက ထောင်ချတယ်လို့ပဲ ကျနော်ပြောချင်တယ်ပေါ့၊ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ တရားစီရင်ရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှု အပြည့်ရှိနေတယ်ဆိုတဲ့ဟာကို ကျနော်တို့သိရတယ်”

အဲ့ဒီ ကချင်တိုင်းရင်းသား လေးဦးဟာ မြစ်ကြီးနားမြို့ ရွှေစက်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့လေးဦးဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)အပြင် ဖောက်ခွဲမှုပုဒ်မတွေနဲ့လည်း တရားစွဲဆိုခံထားရတဲ့အတွက် အမှုဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

စိတ်ပိုင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်တက်လာသည့် အမျိုးသမီးလုံခြုံမှု


    အမျိုးသမီးများအဖို့ လိုင်းကားများပေါ်တွင် ပုရိသယောက်ျားများ၏ သားကောင်သဖွယ် စိုးရိမ်ကြီးစွာ ခံစားနေကြရသည် အမျိုးသမီးများ၏ စိတ်ရင်းခံ အရှက်တရား၊ အကြောက်တရားကို အသုံးချ၍ ယခုကဲ့သို့ ပြုမူနေခြင်းသည် အမျိုးသမီးများ၏ လုံခြုံမှုစည်းဘောင် ပျက်ယွင်းနေသည်ကို သက်သေတစ်ခုအဖြစ် မြင်တွေ့နေရခြင်းဖြစ်သည် . . .

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အနေဖြင့် ယောက်ျားများနှင့် တန်းတူ အခွင့်အရေး ရရှိကာ ရင်ပေါင်တန်း လုပ်ကိုင်လျက် ရှိသော်လည်း အသုံးပြု တတ်ခြင်း မရှိသည့်အတွက် အမျိုးသမီး များ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုများသည် ထိခိုက်မှု မြင့်တက်လျက် ရှိသည်ဟု အမျိုးသမီး အရေး လှုပ်ရှားနေသည့် အဖွဲ့ အစည်း များက သုံးသပ် ပြောဆို ခဲ့ကြသည်။

အမျိုးသမီး အများစုသည် ၁၀၀ ရာခိုင်နှုန်းတွင် ပျမ်းမျှအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှု လေးဆယ် ရာခိုင်နှုန်း၊ (လိင်ပိုင်းဆိုင်ရာ) ထိခိုက်မှုတွင် သိသာ ထင်ရှားခြင်းနှင့် မသိလိုက်သည့် ထိခိုက်မှုများသည် စုစုပေါင်း သုံးဆယ်ရာခိုင်နှုန်း ရှိနေသဖြင့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာများကို ကာကွယ်ပေးနိုင်မည့် ခုခံကာကွယ်နိုင်ခွင့် စသည့် လုံလောက်သော ဥပဒေများကို တိကျစွာပြဋ္ဌာန်းကာ ကောင်းစွာ အသုံးချ တတ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း …အမျိုးသမီးများ ကိုယ်စား အမျိုးသမီးဘ၀ မြှင့်တင်ရေး အဖွဲ့က တောင်းဆို ထားသည်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား စေရမှုများသည် ပတ်ဝန်းကျင် အနေအထားအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အထူးသဖြင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ၏ အရှက်သိက္ခာပိုင်း ဆိုင်ရာများကို ထိပါးပြောဆိုခြင်း၊ မဖွယ်မရာ ပြောဆိုခြင်း ပတ်ဝန်းကျင်တွင် အတူနေထိုင်သူများက မဟုတ်မမှန်သည့် သိက္ခာပိုင်းဆိုင်ရာ ပြောဆိုမှုများ (ဥပမာ- မကောင်းသည့် မိန်းကလေးအဖြစ် လုပ်ကြံပြောဆိုမှုများ)အပြင် ခြိမ်းခြောက် ပြောဆိုမှုများလည်း ပါဝင်သည်။

ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား နေရသည့် တာမွေမြို့နယ်၊ ကျောက်မြောင်းမှ အမျိုးသမီးငယ် တစ်ဦးက ““ကျွန်မက သာမန်ဝန်ထမ်း တစ်ယောက်ပါ။ ကျွန်မကို စိတ်ဝင်စားနေတဲ့ ကောင်လေး တစ်ယောက်က သူ့ကို ပျစ်ပျစ်နှစ်နှစ် ပြောလိုက်တော့ ကျွန်မကို ရပ်ကွက်ထဲမှာ ဟိုလိုမျိုး လုပ်စားနေတဲ့ မိန်းကလေးပါလို့ အဆင့်ဆင့် လိုက်ပြောတယ်။ ကျွန်မ ရုံးသွား၊ ရုံးပြန်ဆို ရပ်ကွက်ထဲက မခေါ်ချင် မပြောချင်နဲ့။ ကျွန်မ မဟုတ်တဲ့ အတွက် ဂရုမစိုက်ပါဘူး။ ကျွန်မကို ဒီလိုမျိုး ယုံကြည်ပြီး ဆက်ဆံနေတဲ့ အတွက် ကျွန်မ နေ့ရောညရော စိတ်ထိခိုက် ရတယ်။ အားငယ်ရတယ်။ ဒီလို ပြောနေတာ တွေကို ကျွန်မ ဘာမှပြန်လုပ်လို့ မရဘူးလား”” ဟူ၍ ရင်ဖွင့် ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် မနက်မိုးလင်း ရုံးသွားကြရသည့် အမျိုးသမီးများ အဖို့ လိုင်း ကားများ ပေါ်တွင် ပုရိသ ယောက်ျားများ၏ သားကောင်သဖွယ် စိုးရိမ်ကြီးစွာ ခံစားနေကြရသည်။ အမျိုး သမီးများ၏ စိတ်ရင်းခံ အရှက်တရား၊ အကြောက်တရားကို အသုံးချ၍ ယခုကဲ့သို့ ပြုမူနေခြင်းသည် အမျိုးသမီးများ၏ လုံခြုံမှုစည်း ဘောင်ပျက်ယွင်း နေသည်ကို သက်သေတစ်ခု အဖြစ် မြင်တွေ့နေရခြင်း ဖြစ်သည်။

အမျိုးသမီးများသည် အလားတူ ဖြစ်ရပ်များကို ရင်ဆိုင်နိုင်စေရန် အဓိက မိမိကိုယ်ကိုယ် ယုံကြည် မှုရှိရန် လိုအပ်ပြီး အကြမ်းဖက်မှုသည် အိမ်တွင်း၊ အိမ်ပြင် ဖြစ်ပွားနိုင်သဖြင့် ငယ်စဉ်မှ စိတ်အားငယ်သူ၊ ဖြတ်သန်း ရသည့် ဘ၀အတွေ့ အကြုံခါးသီးသူ များတွင် ပိုမိုဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရသည်။

ထိုကဲ့သို့ လေ့လာတွေ့ရှိမှု အပေါ် အမျိုးသမီးများ၏ လူမှုပိုင်းဆိုင်ရာ လူမှုအကြံပေးဖြစ်သူ ဒေါ်စုစုလှိုင်က ““အမှန်အတိုင်းဆိုရင် တခြားနိုင်ငံက အမျိုးသမီးတွေက အစ်မတို့ မြန်မာနိုင်ငံထက် အခွင့်အရေး ပိုဆုံးရှုံးပါတယ်။ အဲဒါကြောင့် အခွင့်အရေးရပြီး အသုံး မချတတ်ကြဘူး။ အမျိုးသမီးတွေက ကိုယ်ရည်ကိုယ်သွေး မြင့်မားမယ်၊ အသိဉာဏ် မြင့်မားမယ်ဆိုရင် ကာကွယ်နိုင်မယ်။ ကိုယ်ရည် ကိုယ်သွေး ဆိုတာလည်း အတတ်ပညာတွေ၊ ဘွဲ့တွေရဖို့ကို ပြောတာမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ အားနည်းသူကို ပြောတာပါ။ အဲဒီလို ကိုယ်ရည် ကိုယ်သွေး မြင့်မားနေတဲ့ သူတွေက ဘယ်မှာဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲ ဖြစ်ဖြစ် အကြမ်းဖက်ခံရမှု နည်းတာ တွေ့ရတယ်”” ဟူ၍ သုံးသပ်ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှု၊ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားရသည့် အကြောင်းရင်းများ Tringle Women Support ၏ တာဝန်ခံ ဒေါ်ခင်လေးက ““ဘယ်နိုင်ငံမှာမှတော့ ပပျောက်တယ်ဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာတော့ ပိုတယ်လို့ ပြောရမှာပါ။ ဥပမာ ဘတ်စ်ကားစီးရင် အစ်မ တို့နိုင်ငံရဲ့လိုင်းကားတွေက တစ်ဦးအသား တစ်ဦးကပ်နေတော့ မစီးလို့လည်း မရဘူး။ အဲဒီမှာ အခွင့်အရေး ယူချင်တဲ့ ယောက်ျားတွေ အတွက် အဆင်သင့် လို့ပေါ့။ အပျို မိန်းကလေး တန်မဲ့လည်း တိုးဝှေ့ စီး နေရတဲ့အတွက် မိမိကိုယ်ကိုယ် စိတ်ဓာတ်မြင့်မား နေဖို့လည်း လိုတယ်။ ပကတိမျက်နှာမှာ မလုံခြုံဘူးလို့ ခံစားနေရရင် သူတို့အတွက် သွေးတိုး စမ်းချင်စိတ်ကို ပိုဖြစ်ပေါ် စေနိုင်တယ်။ ဒါပေမဲ့လည်း အမျိုးသမီးတွေကို ကာကွယ်ထားတဲ့ ကာယိနြေ္ဒ ပျက်ပြားစေတာကို ကာကွယ်ထားတဲ့ ဥပဒေထုတ်ထားပေမယ့် တရားရုံးမှာ အဆင့်ဆင့် ရင်ဆိုင်ရတဲ့အတွက် သူတို့က အရှက်ကွဲမှာစိုးလို့ တိုင်တန်း တာတွေ၊ ဘာတွေ မလုပ်ရဲကြဘူး။ အရမ်းကို ဆိုးရွားမှပဲ တိုင်ကြ တာလေ။ ဒါ တောင် တချို့ မိဘတွေကသိမှ မိဘတွေက တိုင်တာရှိတယ်””ဟူ ၍ ပြောသည်။

အမျိုးသမီးများသည် အခွင့်အရေးများကို ကောင်းစွာ အသုံးချတတ်ရန် လိုအပ်ပြီး နိုင်ငံတကာတွင် နိုင်ငံအလိုက် ဦးဆောင်နေသည့် အမျိုးသမီးများနှင့် အတူ ယုံကြည်မှုရှိစွာ နေထိုင်နိုင်ရန် လိုအပ်လာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ကျော် ရှိရာ အမျိုးသမီး ဦးရေသည် လူဦးရေ၏ ၅၀ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ များပြားလှသည့် အမျိုးသမီးထုကြားတွင် အမျိုးသမီးအရေး လှုပ်ရှားသူများ၊ အမျိုးသမီး စွမ်းဆောင်ရည် အဖွဲ့များ ပေါ်ပေါက် လာကာ ဦးဆောင်လှုပ်ရှားနေကြ သော်လည်း ရှေ့တန်းသို့ ရောက်ရှိ သူအလွန် နည်းပါးကြောင်း တွေ့ရှိရသည်။

အမျိုးသမီး ကိုယ်စားပြု စွမ်းဆောင်ရည် လှုပ်ရှားသူများသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နယ်ပယ်စုံမှ ဦးဆောင်လျက်ရှိပြီး ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် လုပ်ကိုင်မှုများ အပေါ် အသိအမှတ်ပြု လက်ခံရန် လိုအပ်လာပြီ ဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ ခံယူချက်နှင့် စိတ်ထား ထားရှိမှုအပေါ် အမျိုးသမီး အခန်းကဏ္ဍ တိုးတက် မြင့်မားရေး ဆောင်ရွက်သူ၊ ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ““ကျွန်မ ကိုယ့်ကိုယ်ကိုယ် အလုပ်လုပ်တဲ့ နေရာမှာ မိန်းကလေးလို့ တစ်ခါမှ မတွေးဘူး။ မတွေးဘူး ဆိုပေမယ့် ပြောစရာ မရှိအောင် နေတယ်။ ယုံကြည်မှုရှိရှိ နေတယ်။ ငါက မြန်မာ မိန်းကလေးပဲလို့ တွေးလိုက်ရင် ယောက်ျားတွေနဲ့ ရင်ပေါင်တန်း တဲ့အခါ ရှေ့ရောက်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ထိန်းကျောင်းနိုင်ရမယ်။ ကိုယ်လုပ်ရတဲ့ အလုပ်၊ တာဝန်၊ အခန်းကဏ္ဍမှာ မိန်းကလေးမို့လို့ မလုပ်နိုင်ဘူး ဆိုတာ မရှိဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်ရ မယ်။ အမျိုးသမီးတစ်ဦး ဆိုပေမယ့် အစ်မက ဒါရိုက်တာ ဆိုတော့ အုပ်ချုပ်မှုပိုင်း လုပ်ရတယ်။ အဲဒါကြောင့် အမျိုးသမီး ဆိုပေမယ့် တစ်ခါတလေ ယောက်ျားလေးတွေ နဲ့တန်းတူ လုပ်နိုင်စွမ်း ရှိရမယ်။ ပြတ်သားရမယ်။ အဲဒီလိုလုပ်ဖို့ ယုံကြည်မှုရှိပြီး မှန်ကန်ရမယ်။ ဒါ ဆိုထက်မြက်တဲ့ အမျိုးသမီးတွေ အများကြီးရှိလာမှာပါ””ဟု သုံးသပ် ပြောကြားခဲ့သည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်

ဝ ဒေသမှာ အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်


၂၀၀၉ ခုနစ်နောက်ပိုင်းကတည်းက အစိုးရရုံးတွေ ပိတ်ခဲ့ရတဲ့ ၀ အထူးဒေသမြို့နယ် ၆ ခုမှာ အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က RFA ကို အတည်ပြုပြောပါတယ်။

အစိုးရရုံးတွေ ၀ ဒေသမှာ ခုလို ပြန်ဖွင့်နိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စတဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြီးခဲ့တဲ့ ၀ ဒေသခရီးစဉ်အတွင်းမှာ ၀ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ခုလို အတည်ပြုပြောဆိုပါတယ်။

“အရင် ဝန်ကြီး ဦးခင်ရီတို့၊ ဦးသိန်းဇော်တို့ သွားတုန်းကတော့ ဒီလုပ်ငန်းတွေစဖို့ သဘောတူထားတာတော့ရှိပါတယ်၊ အဓိကကတော့ ကျနော်သိသလောက်ကတော့ အရင်တုန်းက ကျနော်တို့ဖွင့်ထားခဲ့တဲ့ ရုံးတွေရှိတယ်လေ၊ အဲဒါတွေကို ကျနော်တို့ပြန်ပြီးတော့ လုပ်ငန်းပြန်စဖို့၊ နောက်ကျန်တဲ့ဟာတွေကတော့ လုပ်ငန်းစီမံချက်အပေါ်မူတည်ပြီးတော့ ဖြစ်မယ်ထင်တယ်”

ဝ ဒေသမှာ ပြန်လည်ဖွင့်လှစ်မယ့် ဌာနတွေကတော့ ပညာရေး ၊ ကျန်းမာရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနဲ့ စည်ပင်သာရေး၊ ပြန်ကြားရေးစတဲ့ ၀န်ကြီးဌာနတွေရဲ့ ရုံးတွေအပြင် လုပ်ငန်းလိုအပ်ချက်အလိုက် တခြားဝန်ကြီးဌာနတွေရဲ့ ရုံးတွေကိုပါ တိုးချဲဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

အမည်မဖော်လိုသူ ဆောက်လုပ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိတချို့ကိုလည်း လမယ့် ဒီဇင်ဘာလကစလို့ ၀ ဒေသမှာ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရမယ်လို့ ပြောပါတယ်။

ဝ အထူးဒေသမှာ ခုလို အစိုးရရုံးတွေ ပြန်လည်ဖွင့်နိုင်ဖို့အပြင် လာမယ့် ၂၀၁၄ ခုနစ် သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း ၀ ဒေသမှာ ကောက်ခံသွားဖို့ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၀န်ကြီး ဦးခင်ရီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ RFA ကို ပြောခဲ့ပါတယ်။

ဝ ဒေသမှာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတိုင်ခင်က အစိုးရရုံးခွဲတချို့ရှိခဲ့ပေမယ့် အစိုးရနဲ့ ၀တပ်ဖွဲ့တို့အကြား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စမှာ အဆင်မပြေဖြစ်ပြီး အစိုးရရုံးတွေ ရုတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

RFA Burmese

ပြန်လွတ်လာသူတွေထဲ ဦးနေဝင်းမြေး နှစ်ယောက် ပါဝင်


လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီက တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၉ ယောက်ကို မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သောကြာနေ့က ပြန်လွတ် လာကြသူတွေ ထဲမှာ ကွယ်လွန်သူ သမ္မတဟောင်း ဦးနေဝင်းရဲ့ မြေး နှစ်ယောက် ဖြစ်တဲ့ ကိုအေးနေဝင်းနဲ့ ကိုကျော်နေဝင်းတို့ လည်း ပါဝင်ပါတယ်။

ဦးနေဝင်းရဲ့ သားမက်နဲ့ မြေးသုံးယောက်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နိုင်ငံတော် အာဏာသိမ်းဖို့ ကြိုးပမ်းတယ် ဆိုပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်က သေဒဏ်ချမှတ် ခံခဲ့ကြရ ပါတယ်။

သားမက် ဖြစ်သူ ဦးအေးဇော်ဝင်းနဲ့ မြေးတစ်ယောက် ဖြစ်တဲ့ ကိုဇွဲနေဝင်းကတော့ ၂၁၀၂ ခုနှစ် နှစ်ဆန်း ပိုင်းက ပြန်လွတ် လာခဲ့ပြီး ဖြစ်ပါတယ်။

ထောင်ထဲက သီးသန့်ဆောင်မှာ ထောင်ကျနေတဲ့ ကာလ တစ်လျှောက်လုံး မိသားစုနဲ့ တွေ့ခွင့် မရဘဲ နှစ်ပတ် တစ်ခါ ထောင်ဝင်စာ ပေးပို့ခွင့်သာ ရခဲ့ကြတယ်လို့ ကိုအေးနေဝင်းက ဘီဘီစီကို ပြောပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေကို တစ်ခုမှ မကျူးလွန်ခဲ့တဲ့ အတွက် လိပ်ပြာ သန့်နေလို့ ထောင်ထဲကို ရောက်သွားချိန်ကစပြီး ပြန်လွတ်လာချိန် အထိ ၁၁ နှစ်ကျော် ကာလမှာ သူ့ကိုယ်သူ ဖမ်းဆီး ချုပ်နှောင် ခံထားရသူ အဖြစ် မခံစားရဘူးလို့လည်း ကိုအေးနေဝင်းက ပြောပါတယ်။

သူတို့ရဲ့ ညီဖြစ်သူ ကိုဇွဲနေဝင်းက အစ်ကို နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ကို လာရောက် တင်ပြတဲ့ အတွက် အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ တင်ပြပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ဝင် ကိုရဲအောင်က ပြောပါတယ်။
ပြန်လွှတ်ပေးရမယ့် အကျဉ်းသားတွေလည်း ကျန်နေသေး

ပြန်လွှတ်ပေးဖို့ တင်ပြထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၆၀ လောက် ရှိသေးတယ်လို့ သူက ဆိုပါတယ်။

ကျန်နေသေးတဲ့ အထဲမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ၊ အရင် အစိုးရခေတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ထိပ်တန်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ နိုဝင်ဘာလ ၂၀၀၈ ခုနှစ်ကမြောက်ကိုရီးယား နိုင်ငံ လှိျု့ဝှက် ခရီးစဉ် အကြောင်း သတင်း ပေါက်ကြားစေခဲ့သူ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ RCSS ရှမ်းပြည် တပ်မတော် တောင်ပိုင်း အမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ABSDF ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ကိုသံချောင်း ခေါ်ကိုမြင့်စိုး တို့လည်း ကျန်သေးတယ်လို့ ကိုရဲအောင်က ပြောပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပြင် နိုင်ငံရေး ပုဒ်မတွေ အမျိုးမျိုးနဲ့ ထောင်ကျ နေသူတွေ လည်း ပြန်လည် လွတ်မြောက် လာကြပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ပြောထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲ ရန်ရောက်နေသူနှစ်ဦးကို ဖမ်းဆီး


ပြည်တွင်းရှိ ဗလီများအား ဖောက်ခွဲမှုပြုလုပ်ရန် ရောက်ရှိနေသူနှစ်ဦးကို လှိုင်သာယာမြို့နယ်တွင်
ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

အဆိုပါနေ့တွင် လုံခြုံရေးတပ်ခွဲ ၁ မှ ဒုရဲမှူးမြင့်မောင်နှင့်အဖွဲ့သည် တပ်ဖွဲ့ဝင်များနှင့်အတူ ပြည်
တွင်းရှိ ဗလီများကို ဖောက်ခွဲရေးပြုလုပ်ရန် မြန်မာနိုင်ငံနယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်လာခဲ့ပြီး ပြည်တွင်းသို့ဝင်ရောက်လာသည့် မြောက်ဦးမြို့နယ်နေ ခိုင်နေမင်း(ခ)
တင်မောင်(၃၅ နှစ်)နှင့် သိန်းညွန့်(ခ)ဂျပန်ကြီး(ခ)တို့နှစ်ဦးလှိုင်သာယာ ပဒံကျေးရွာရှိ ဧည့်ရိပ်သာ တစ်ခုတွင်ရောက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်နေကြောင်းသတင်းအရ ၀င်ရောက်ရှာ
ဖွေခဲ့သည်။

ထိုသို့ဝင်ရောက်ရှာဖွေစဉ် ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ယမ်းများနှင့် စားပွဲတင်နာရီ
၊ဂက်စ်မီးခြစ်၊ ဒီဇယ်၊ဓာတ်ဆီ၊၀ါယာကြိုး၊မီးသွေး၊ ဓာတ်ခဲ၊ ခဲဂေါက်၊ ကွိုင်ကြိုး၊ နှင့်လေယာဉ်လက်
မှတ်တို့ကိုသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ သည်။

သောင်ကြီးနယ် မြေရဲစခန်း က(ပ)၇၀၀/၁၃ ပေါက်ကွဲစေတက်သော ၀တ္တုပစ္စည်းများ အက်ဥပဒေ
ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူခဲ့ပြီး လှိုင်သာယာမြို့နယ် တရားရုံးသို့ပို့အပ်ခဲ့ရာ တရားသူကြီးက
ချုပ်ရီမာန်ပေးခဲ့ကြောင်းသိရသည်။

တိုးဝေအောင် - မြန်မာတိုင်း(မ်)

မန္တလေး ဘုန်းကြီးကျောင်းဝင်းများ အတွင်း စီးပွားရေးလုပ်ငန်း တစ်ရာကျော် ရှိဟုဆို


မန္တလေး၊ နိုဝင်ဘာ ၁၄

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ဘုန်းကြီးကျောင်းဝင်း များအတွင်း ဖွင့်လှစ် လုပ်ကိုင်လျက်ရှိသော စီးပွားရေး လုပ်ငန်းများကို ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းခန့်က စာရင်း ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း တစ်ရာကျော် ရှိကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမှာ သင့်လျော်မှု မရှိခြင်းနှင့် လုပ်ကိုင်သည့် လုပ်ငန်းများကို လိုင်စင် ချထားပေးခြင်း မရှိသည့်အပြင် အရေးယူ၍ မရသောကြောင့် ထိန်းသိမ်းပေးရန် သံဃနာယက အဖွဲ့သို့လည်း စာပို့ အကြောင်းကြားမည် ဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်း စာရင်းများကို စစ်ဆေး ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း ၁၀၇ ခုရှိ ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“စာရင်းလုပ်ပြီးတော့ ဒီအပတ်ထဲပဲ မြို့တော်ဝန်ဆီ တင်ပြထားပြီးပါပြီ။ ဘယ်လို ညွှန်ကြားမလဲတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် စီးပွားရေး လုပ်ငန်းနဲ့ သာသနာ့ နယ်မြေနဲ့က ဘယ်လိုမှ အပ်စပ်မှု မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။

ဘုန်းကြီးကျောင်းဝင်းများတွင် လုပ်ကိုင်သည့် လုပ်ငန်းများမှာ ပုလင်းခွံ၊ သံတိုသံစ ရောင်းဝယ်ရေး၊ ကားဝပ်ရှော့ စသည့် လုပ်ငန်းများ ဖြစ်ပြီး အများစုမှာ ပုလင်းခွံ၊ အိတ်ခွံ ရောင်းဝယ်ရေး လုပ်ငန်းများ ဖြစ်ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

“ကိုယ့်ရပ်ကွက်နဲ့ ကိုယ်၊ ကိုယ့်ဘုန်းကြီးနဲ့ ကိုယ် ဆိုတော့ ဘုန်းဘုန်းကို ခွင့်တောင်းပြီး လုပ်ကြတာပါပဲ။ စည်ပင်က စာရင်းတွေ ကောက်နေတယ်။ သံဃနာယကက တစ်ဆင့် ဖယ်ခိုင်းမယ် ဆိုတာတော့ မသိပါဘူး” ဟု အောင်မြေသာစံ မြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ပုလင်းခွံ၊ အိတ်ခွံ ရောင်းဝယ်ရေး လုပ်ကိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

The Voice Weekly

အမှိုက်ကောက်တာ ရှက်စရာမဟုတ်ပါ


အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲအပြီး ရန်ကုန်အပါအဝင် ပဲခူးကို အင်္ဂလိပ်တို့ သိမ်းယူလိုက် ပြီဖြစ်ကြောင်းကြေညာသည့် အခမ်းအနားကိုဗိုလ်မှူးအာသာ ဖယ်ယာ(Major Arthur  Phayre)) က ဦးဆောင်ပြီး ၁၈၅၂ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ သမိုင်းမှတ်တမ်းများအရဆို လျှင်တော့ပထမဆုံးရန်ကုန်မြူနီ စီ ပယ်အဖွဲ့ကို ၁၈၇၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က (အင်္ဂလိပ်-မြန်မာ) ဒုတိယစစ်ပွဲ အပြီး ၂၂ နှစ်အကြာတွင် ဖွဲ့ စည်းခဲ့ခြင်း လည်းဖြစ်သည်။

အင်္ဂလိပ်တို့က ရန်ကုန်ကို သိမ်းပြီးနောက် ရန်ကုန်မြို့ အုပ်ချုပ်ရေးကို မြို့ဝန်(Town Magistrate)က တာဝန်ယူအုပ် ချုပ်ခဲ့ရာမှ မြူနီစီပယ်အဖွဲ့ ပေါ် လာပြီးထိုအဖွဲ့ က စည်ပင်သာယာ ရေးလုပ်ငန်းများကို မြို့ဝန်ထံမှ လွှဲယူခဲ့ခြင်းလည်း ဖြစ်သည်။ ပထမဆုံးမြူနီစီပယ်အဖွဲ့ တွင် အဖွဲ့ဝင် ၃၂ဦးရှိသည်။ ထို အဖွဲ့တွင် ပဲခူးကော်မရှင်နာမင်း ကြီး ကျန်းမာရေးအရာရှိ၊ လက် ထောက်မြို့ဝန်ဆရာဝန်ကြီး၊အင် ဂျင်နီယာအလုပ်ဝန်နှင့် မြို့ဝန် တို့က ရာထူးအလျောက် အဖွဲ့ဝင် များအဖြစ် ပါဝင်ရပြီး ကျန်၂၆ ဦး ကို မဟာဝန်ရှင် တော်မင်းကြီးက ခန့်သည်။ ထို ၂၆ဦး တွင် အစိုးရ အရာရှိ ၁၁ ဦးနှင့် မြို့သူ၊ မြို့ သား ၁၅ဦး ပါဝင်သည်။ ထိုအဖွဲ့ တွင် မြို့ဝန်က ဥက္ကဋ္ဌဖြစ်သည်။ ရန်ကုန် မြူနီစီ ပယ်အဖွဲ့ကို ၁၈၇၄ ခု နှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ရန်ကုန် မြူနီ စီပယ်အဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌ မှာ အရေးပိုင်အီဗာဆင် (Captain Evason) ဖြစ် သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးလုပ်ငန်းများကို ပို ၍ ဆောင်ရွက်နိုင်ရန်အတွက် Rangoon Development Trust  Act  အရ ၁၉၂ဝပြည့်နှစ် တွင် ရန်ကုန်စည်ပင် သာယာရေး အဖွဲ့ကို ဖွဲ့စည်းသည်။ ကျန်းမာ ရေးနှင့် ညီညွတ်သော၊ ခေတ်မီ သော၊ နေချင်စဖွယ်ဖြစ်သော မြို့တော်တစ်ခုဖြစ်ရန် ဖန်တီး နိုင်ခဲ့သည်။ မူလက ရန်ကုန်မြို့ သူ၊မြို့သားများသည် ရေတွင်း၊ ရေကန်များကိုသာ အသုံးပြု နေရာမှ အင်းလျားကန်၊ ကန်တော် ကြီး၊ လှော်ကားနှင့် ဂျိုးဖြူကန် မှရေများသုံးနိုင်ရန် ဆောင်ရွက် ခဲ့သည်။ လမ်းများကို မြေသား လမ်းမှ ကတ္တရာလမ်းဖြစ်အောင် လုပ်ဆောင်သည်။ မိလ္လာများကို ကားဖြင့်သယ်၍ မြစ်တွင်းသို့ စွန့် ရာမှမြို့လယ်မြေအောက် ပြွန်လမ်း များမှတစ် ဆင့် မြစ်တွင်းသို့ ပို့နိုင်သည်အထိ စီမံသည်။ ရေနံဆီဖြင့် ထွန်းညှိရသော လမ်းမီးများအစား လျှပ်စစ်မီးတိုင်များနှင့် လင်းထိန်စေခဲ့သည်။

၁၉၂၂ခုနှစ်ကိုရောက် တော့ ရန်ကုန်မြူနီစီပယ်အဖွဲ့ က မြူနီစီပယ်ကော်ပိုရေးရှင်း ဟု ပြင်ဆင်ဖွဲ့စည်းသည်။ မြန် မာတိုင်းရင်းသားများထဲမှ ဥက္ကဋ္ဌ အဖြစ်ပထမဆုံး တာဝန် ယူခဲ့သူ မှာ ပညာရေးဝန်ကြီးချုပ် ဟောင်း ဆရာဝန် ဦးဘရင်ဖြစ် သည်။ ဥက္ကဋ္ဌရာထူးကိုလည်း မြို့တော်ဝန်ဟု ပြောင်းလဲခေါ် ဝေါ်ခဲ့သည်။ ပထမဆုံး ရန်ကုန် မြို့တော် ဝန်မှာ ဝတ်လုံတော်ရ မစ္စတာမွန်ရှိဆိုသူဖြစ်သည်။ ခေတ်ဟောင်းရန်ကုန်သည် မြို့ တော် ရန်ကုန်အဖြစ် အချိန်တို အတွင်းမှာပင် ပြောင်းလဲ လာ ခြင်းလည်းဖြစ်သည်။ ထို အချိန် က ကောက်ယူခဲ့သော (၁၉၁၁ ခုနှစ်) သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တော်တွင် လူဦးရေ ၂၉၃၃၁၆ ဦးရှိသည် ဟုဆို သည်။

လွတ်လပ်ရေးရပြီး နောက် ပိုင်း တော်လှန်ရေးကောင်စီ အစိုးရတက်လာသည့် ၁၉၆၂ ခုနှစ်အထိလည်း ရန်ကုန်မြူနီစီ ပယ်ကော်ပိုရေးရှင်း၏ လုပ်ပိုင် ခွင့်နှင့်တာဝန်များကို မြို့တော် ဝန်တစ်ဦးတည်းက ကျင့်သုံး ဆောင်ရွက် လာခဲ့သည်မှာ ၁၉၇၂ ခု နှစ်အထိ ဖြစ်သည်။ ၁၉၇၄ခုနှစ် မတ်လ ၂၅ ရက်တွင် အမိန့်ကြေညာစာ အမှတ် ၃၉ ဖြင့် ပြင် ဆင်ဖွဲ့ စည်းခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ ကောင်စီ ဥက္ကဋ္ဌကိုရန်ကုန်မြို့ တော်၏ မြို့တော်ဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ဤကား ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး၏ခေတ် အဆက်ဆက် တာဝန်ယူလုပ် ဆောင်ခဲ့မှုကို အကျဉ်းမျှ တင် ပြခြင်းသာဖြစ်သည်။ ဆိုရလျှင် လွတ်လပ်ရေး မရမီ အချိန်က လူဦးရေ သုံး သိန်း ခန့်သာ ရှိသောအချိန်တွင် စည်ပင်သာယာရေးလုပ်ငန်းကြီး ကို စနစ်တကျအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်ဖြစ်ရာ စင်ကာပူလိုနိုင်ငံမျိုး ကပင်မြန်မာ နိုင်ငံ ရန် ကုန်မြို့ေ တာ် ၏ အခြေ အနေကို အားကျခဲ့ရသည်ဟု ဆိုသည်။ သန့်ရှင်းလှပခဲ့သော ဤမြို့တော်ကြီးကို စတင်သန့် စင်သူများသည် တံမြက်လှည်း လို အခြေခံလူတန်း စား များက စတင်ခဲ့သည်ဟုဆိုလျှင် စာဖတ် သူတို့ လက်ခံကြမည်ဟုလည်း ယုံကြည်ပါသည်။

အကယ်၍ နံနက်မိုးမလင်း မီ ကျန်းမာရေးလေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ဖူးသူ တစ်ဦးကသင်ဖြစ်သည်ဆိုလျှင် တော့ နံနက်လင်းအားကြီး အချိန်မှာ တံမြက်စည်း ကိုယ်စီ ဖြင့် အမှိုက်လှည်းလေးတွေ လမ်းဘေးမှာရပ်ပြီး အမှိုက် သိမ်းနေတာကို သင်တွေ့နိုင် မည်ဖြစ်ပါသည်။ ရံဖန်ရံခါ သူတို့ မွေးထားသော လူ မမယ် ကလေးငယ်များ ကို ပလက် ဖောင်းပေါ်တွင် သိပ်ထားခဲ့ပြီး မိခင်ဖြစ်သူက တံမြက်လှည်းနေ သည်ကို တွေ့ရကောင်းတွေ့ ရ နိုင်ပါသည်။ သည်လိုမှ မဟုတ် လျှင်လည်း အသက်အရွယ် အတော် လေး ကြီးရင့် နေသည့် လူကြီးပိုင်း တံမြက်လှည်းသူ လည်း ဖြစ်ချင်ဖြစ်ပါလိမ့် မည်။ယနေ့ ရန်ကုန်မြို့လူဦးရေ မှာခြောက်သန်းကျော်ပြီဟု သိရ ပါသည်။ တစ်နေ့ လျှင် လူဦးရေ သုံးသန်းခန့် မြို့တော်တွင်း ဝင်ထွက်သွားလာနေသည်ဟု လည်း စာရင်းများအရ သိရ သည်။ သူတို့တစ်တွေ စားခဲ့၊ သောက်ခဲ့သော စားကြွင်း စား ကျန်တွေ၊ အမှိုက်တွေ၊ လမ်း ပေါ်မှာ ပစ်ချခဲ့သော စွန့်ပစ် အပိုပစ္စည်းတွေက လမ်းမတွေ ပေါ်မှာ ဟိုတစ်စ၊ သည်တစ်စ။ သည်အမှိုက်တွေကို အများ တကာ အိပ်ပျော်နေချိန်မှာ သူ တို့သိမ်းဆည်းပေးနေကြသည်။ နံနက်လင်း၍ လူများပျား ပန်းခတ် လှုပ်ရှားလာသည့်အခါ မြို့တော်ကြီးမှာ သန့်ရှင်းနေပြီ ဖြစ်သည်။ ညဘက်ပိုင်းတွင် လည်း အမှိုက် သိမ်းနေကြသည့် သန့်ရှင်းရေးလုပ်သားတွေကို မြို့တော်အနှံ့ တွေ့နေကြရ သည်။ သူတို့ဘဝတွေ ဘယ်လို ရှင်သန်ရပ်တည်သလဲဆိုသည် ကတော့ မေးခွန်းထုတ်ပြီး ဆန်း စစ်ကြည့်မည့်သူ အတော်လေး နည်းမည်ဟုထင်ပါသည်။

စည်ပင်အရာရှိတစ်ဦးက ပြောဖူးသည်။ ” ရန်ကုန်မှာ သန့် ရှင်းရေးလုပ်သားရဖို့ အတော် ခက်သွားပြီဗျ။ ဘာလို့လဲဆိုရင် တော့ သာမန်အလုပ် ကြမ်းသမား တစ်ယောက် က တစ်နေ့လုပ်ရင် ဥပမာဗျာ-  ဆောက်လုပ်ရေး ဆိုက်တစ်ခုမှာ ဝင်လုပ်ရင် တောင် လေး၊ ငါးထောင် ရနေ တာဆိုတော့ သန့်ရှင်းရေး မလုပ်ကြတော့ဘူး။ အမှိုက် အိတ်တွေနဲ့ စနစ်တကျ စွန့်ပစ် ဖို့စည်းကမ်းချက်ထုတ်ခဲ့ဖူးတယ်။ အဲဒီအမှိုက်အိတ်တွေကိုဖြေပြီး သူတို့လိုချင်တာ ရှာခွင့်မရှိဘူး။ ရှာရင် အရေးယူမယ် ပြောတာ ကိုး။ ဒါက လည်း အမှိုက်တွေ မပွအောင်ထုတ်တဲ့ စည်းကမ်း ပါ။ ဒါပေမဲ့ တစ်ဖက်မှာက သူ တို့ရတဲ့ ဝင်ငွေဆိုတာက အဲဒီ အိတ်တွေထဲမှာ ပြည်သူတွေ စွန့်ပစ်လိုက်တဲ့ အထဲ က ပြန် ရောင်းလို့ရတဲ့ ကော်၊ ပလတ် စတစ်၊ ကြေးလိုဟာမျိုးတွေ ရှာ ဖွေပြီး ပြန်ရောင်းရတဲ့ ဝင်ငွေ ကိုလည်း မှီခိုရတာဆိုတော့ အခု နောက်ပိုင်းသန့်ရှင်းရေးဝန်ထမ်း ရဖို့မ လွယ်ဘူး” ဟု ပြောခဲ့သည်။

လူဦးရေ ၆ သန်းကျော်ရှိ သော ရန်ကုန်မြို့တော်ကြီးမှာ အမှိုက်က တစ်နေ့လျှင် တန် ၁၆ဝဝ ကျော် ထွက်ရှိနေသည်။ ဝန်ထမ်း ၄ဝဝဝ ရှိသည်ဆို လျှင်ပင် တစ်ဦးလျှင် အမှိုက် တန်ဝက်ခန့် သိမ်းဆည်းနေရ မည်ဖြစ်ရာ မည်သို့မျှ ဝန်ထမ်း ဦးရေ လောက်ငမှုရှိရန် လွယ် ကူမည်မဟုတ်ပေ။ အမှိုက်သိမ်း ဝန်ထမ်း သန့်ရှင်းရေးလုပ်သား ရရှိမှု ကိစ္စနှင့် စပ်လျဉ်း၍ မန္တလေး မှလာသော သတင်း တစ်ပုဒ် ကိုလည်း ဖတ်ရှုခဲ့ရဖူးသည်။ မန္တလေးမြို့တော်တွင် ကျူး ကျော်နေထိုင်သူ မိသားစုများ အလုပ်အ ကိုင်လို အပ်ပါ က စည် ပင်ဝန်ထမ်းအဖြစ် ခန့်အပ်ပြီး နေအိမ်စီစဉ်ပေးမည်ဆိုသည့် သတင်းဖြစ်သည်။ ထိုသတင်း အရ သန့်ရှင်းရေးလုပ်သား တစ်ဦးလျှင် ယာယီဝန်ထမ်း  လစာ တစ်လ ကျပ် ၃၃ဝဝဝ၊ ထောက်ပံ့ကြေး ကျပ် ၃ဝဝဝဝ၊ အညစ်အကြေးကိုင်တွယ်ခ ကျပ် ၁၂ဝဝဝ၊ စုစုပေါင်း ကျပ် ၇၅ဝဝဝ ရရှိမည်ဟုလည်း သိ ရသည်။ မန္တလေး လက်ရှိ လူဦး ရေက တစ်သန်းခန့်ရှိသည်။ ရပ်ကွက်ပေါင်း ၉၆ ခုမှ ထွက် ရှိသောအမှိုက်က တန်ချိန် ၅ဝဝ ခန့်ရှိသည်။ အမှိုက်သိမ်း ဝန် ထမ်းက ၁၄ဝဝ ခန့်ရှိသည်ဟု ဆိုသည်။

သို့ဆိုလျှင် အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသော  မြန်မာ စကားပုံသည် မူလအဓိပ္ပာယ်အရ အမှိုက်လေးတစ်စကစခဲ့သောမီးသည် တိုင်းပြည်မင်းလုပ်အုပ်ချုပ် သူ တို့ နေ ထိုင်သော နန်းတော် ပြာသာဒ်အထိပင် ကူးစက်လောင် ကျွမ်းသည်ဟုဆိုလိုရင်းဖြစ်သည်။ ဆင့်ပွားအနက်ကတော့ ” ဘယ် ဟာမဆို သေးသေးမွှားမွှားဟု အထင် မသေး ပါနှင့်။ထိုသေးသေးမွှားမွှား ပြဿနာသည်ပင် ကြီးကြီးမားမားဖြစ်လာနိုင်ပါသည်” ဆို သော အနက်လည်း ရပါသည်။

လူတိုင်းကိုယ်စီမှာ တာဝန်ရှိ

” အမှိုက်ကောက်တာ ရှက် စရာမဟုတ်ပါ။ စည်းကမ်းမဲ့ အမှိုက်စွန့် တာသာရှက်စရာပါ” ဟု မကြာခဏ ဖတ်ရ၊ မှတ်ရဖူးပါသည်။ မိမိတို့ အသိစိတ်ဓာတ် ကိုယ်စီဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကြမှသာ မြို့တော်တွေ သန့်ရှင်း ပါမည်။ မြို့တော်တွေ သန့်ရှင်း ပါမှ မြို့တော်နေပြည်သူတွေ ကျန်းမာရေး ကောင်းမည်ဟု လည်း ဆိုချင်ပါသည်။သေးသေးမွှား မွှားလေး တွေကို တစ်ဦးချင်း တာဝန်ယူ ဖြေရှင်းခြင်းဖြင့်သာ ပြဿနာ ကြီးကြီးမားမားဖြစ်လာမည့် အရေးကို ကာကွယ်နိုင်ကြ မည် ဟု လည်း ဆိုချင်ပါသည်။

သိန်းအေး
ရည်ညွှန်း-
(၁) အင်တာနက်ဝက်ဘ်ဆိုက်များ
(၂) ရန်ကုန်တိုင်း၏ ဖြစ်စဉ်သမိုင်းစာတမ်း (၁၉၈၂)

Popular Journal