အငြင်းပွားဖွယ် ပါဝင်ပစ္စည်းတစ်မျိုးကို Coca Cola ဖယ်ရှားသွားမည်


ဘရိုမင်းဓာတ် ဖြည့်စွက်ထားသည့် ဟင်းသီးဟင်းရွက်ဆီ၊ တစ်နည်းအားဖြင့် BVOကို Coca Cola၏ ထုတ်ကုန်အချို့တွင် ထည့်သွင်းထားကြောင်း တွေ့ရှိသည့်နောက် ယင်းအခြေအနေအပေါ် ဝေဖန်မှု အမျိုးမျိုး ရှိလာသည်

ကမ္ဘာကျော် အဖျော်ယမကာ လုပ်ငန်းစုကြီး Coca Cola အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များတွင် အသုံးပြုနေသည့် အငြင်းပွားဖွယ် ပါဝင်ပစ္စည်း တစ်မျိုးကို အပြီးသတ် ဖယ်ရှားသွားတော့မည်ဟု အတည်ပြုခဲ့သည်။ ဘရိုမင်းဓာတ် ဖြည့်စွက်ထားသည့် ဟင်းသီးဟင်းရွက်ဆီ၊ တစ်နည်းအားဖြင့် BVOကို Coca Cola၏ ထုတ်ကုန်အချို့တွင် ထည့်သွင်းထားကြောင်း တွေ့ရှိသည့်နောက် ယင်းအခြေအနေအပေါ် ဝေဖန်မှု အမျိုးမျိုး ရှိလာသည်။ BVOကို မီးလောင်မှုကို တားဆီးသည့် ဓာတ်ပစ္စည်းများ၊ ပလပ်စတစ် ထုတ်လုပ်သည့် လုပ်ငန်းကဲ့သို့ အခြေအနေများတွင် ထည့်သွင်း အသုံးပြုလေ့ ရှိသည်။ Coca Cola Fruit၊ Fantaနှင့် Poweradeတို့ကဲ့သို့ ထုတ်ကုန်များတွင် BVO ပါဝင်နေကြောင်း သတင်းများက ဆိုသည်။

BVOသည် အန္တရာယ် ကြီးမားခြင်း မရှိသော်လည်း စားသောက်ကုန်များတွင် ထည့်သွင်းရန် မသင့်တော်ဟု ယူဆခြင်း ခံရသည့် ဓာတ်ပစ္စည်းတစ်ခု ဖြစ်သည်။ မစ္စစ္စပီမှ ဆာရာ ကာဗာနာဆိုသော ဆယ်ကျော်သက် မိန်းကလေး တစ်ဦးက အားကစားသမားများ သောက်သုံးသည့် ဖျော်ရည်အချို့တွင် BVOပါဝင်နေခြင်းမှာ မသင့်တော်ကြောင်း စတင်၍ စည်းရုံးလှုံ့ဆော်ခဲ့ပြီး သူမကို ထောက်ခံသူ အမြောက်အမြား ရှိလာသည်။ Coca Cola၏ ခြေလှမ်းသည် အဖျော်ယမကာ လုပ်ငန်းစုကြီး အများအပြားက BVOအပေါ် ဆန့်ကျင်မှုအား အလေးထား အာရုံစိုက်လာသည့် အထောက်အထားသစ်လည်း ဖြစ်လာခဲ့သည်။

Coca Colaသည် ရနံ့စွဲဆီသဖွယ် အသုံးပြုသည့် BVOနေရာတွင် ထင်းရှူးဆီမှ ထုတ်လုပ်သည့် ဂလိုင်စီရော အက်စ်တာဖြင့် အစားထိုးရန် စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။ (၁၉၇၀)ပြည့်နှစ်က အမေရိကန် အစားအသောက်နှင့် ဆေးဝါး စီမံကွပ်ကဲရေး ဌာနသည် BVOအား အစားအသောက်များတွင် ဖြည့်သွင်းသည့် ပစ္စည်းစာရင်းမှ ကန့်သတ်ခဲ့သော်လည်း အဖျော်ယမကာ ထုတ်လုပ်မှုများတွင် အရည်၏ အပုံ(၁)သန်း၌ BVO (၁၅)ပုံ ထည့်သွင်းရန် ခွင့်ပြုပေးခဲ့သည်။ Coca Cola၏ ပြိုင်ဘက် Pepsiသည်လည်း ၎င်းတို့၏ ထုတ်ကုန်ဖြစ်သော Gatoradeမှ BVO ထည့်သွင်းမှုကို ယမန်နှစ်အတွင်း စတင်ရပ်ဆိုင်းခဲ့ပြီး အခြားထုတ်ကုန်များတွင်ပါ အသုံးမပြုတော့ရန် အစီအစဉ် ရေးဆွဲနေကြောင်း သိရှိရသည်။

PLanet

အသက်အရွယ်ကြီးရင့်မှု ဖြစ်စဉ်ကို ပြောင်းပြန်လှန်နိုင်မယ့် ‘သွေးစုပ်ဖုတ်ကောင်ကုထုံး’


ငယ်ရွယ်သူရဲ့ သွေးကို အသက်အရွယ်ကြီးရင့်သူရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်းဖြင့် အသက်အရွယ်ကြီးရင့်မှု ဖြစ်စဉ်ကို ပြောင်းပြန်လှန်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။


ဘယ်လို သင် Botox ထိုးနေတာကိုတော့ အလျှင်စလို မရပ်လိုက်ပါနဲ့။ ခုထက်ထိ ဒီလုပ်ဆောင်ချက်ဟာ ကြွက်တွေမှာပဲ ဖြစ်ထွန်းပါသေးတယ်။

‘သွေးစုပ်ဖုတ်ကောင် ကုထုံး’ နဲ့ သွေးသွင်းခံထားရတဲ့ ဓာတ်ခွဲခန်းကြွက်တွေကို water maze လို့ခေါ်တဲ့ လမ်းကြောင်းပြရေစည်ပိုင်း ထဲမှာ ထည့်ပြီး စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့တာပါ။ ကြွက်တွေရဲ့ သဘာဝ သက်တမ်း ကုန်ဆုံးခါနီးဖြစ်တဲ့ ၁၈လသား ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို ၃လသားကြွက်ရဲ့သွေးတွေ အထပ်ထပ်အခါခါ ထိုးသွင်းခဲ့ပါတယ်။ သက်ကြီးပိုင်းကြွက်တွေရဲ့ မှတ်ဉာဏ်နဲ့ သင်ယူမှု စွမ်းဆောင်ရည် တိုးတက်ရုံမကဘဲ ဦးနှောက်တည်ဆောက်မှုပိုင်း၊ မော်လီကျူးပိုင်း နဲ့ အလုပ်လုပ်ဆောင်မှု အပြောင်းအလဲတွေကို သူတို့ဦးနှောက်ထဲမှာ တွေ့ရပါတယ်။

သက်ကြီးကြွက်ရဲ့ သွေးကို သက်ငယ်ကြွက်ထဲထိုးသွင်းတာတော့ သက်ရောက်မှု တစ်စုံတရာ မရှိပါဘူး။

သက်ငယ်သွေးမှာ ကြီးရင့်ဦးနှောက်ကို နုပျိုစေမယ့် သဘာဝ ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

သုတေသန နောက်တဆင့်မှာတော့ သက်ကြီး လူသားတွေ ပါဝင်လာဖို့ရှိပါတယ်။

Trend Myanmar


ဖုန်းနှင့် အင်တာနက်လိုင်းမကောင်းခြင်း ကိစ္စ အဖွဲ့အစည်းနှစ်ခု တွေ့ဆုံဆွေးနွေး


Written by အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးတိုင်းအတွင်း တယ်လီဖုန်းလိုင်းများ ဆက်သွယ်မှုမကောင်းခြင်းနှင့်အင်တာနက်လိုင်းများ အသုံး ပြုရာတွင် သုံးစွဲသူပြည်သူများ အခက်အခဲများဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ဒီမိုကရေစီအရေး စဉ်ဆက်မ ပြတ်လှုပ်ရှားမှုအင်အားစု (Movement for Democracy Currentb Forces)က မန္တလေးတိုင်းမြန်မာ့ဆက် သွယ်ရေးလုပ်ငန်း တိုင်းအထွေထွေမန်နေဂျာနှင့် မေ ၅ ရက် နံနက် ၁၁ နာရီတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးသည်။


“ကျွန်တော်တို့က ပြည်သူတွေငွေပေး ပြီးခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်လို့ တွေ့ဆုံဖို့စီစဉ်ရတာပါ။ ဆက်သွယ်ရေးရဲ့ အခက်အခဲတွေကိုလည်း သိချင်တယ်။ငွေယူပြီးဘာကြောင့် ကောင်းအောင် လုပ်မပေး နိုင်တာလည်း သိချင်တယ်။ ဆယ်စု နှစ်သုံးစုလောက် ပြည်သူတွေရဲ့ ငွေကိုယူ ခဲ့ကြတယ်။ ပြည်သူကို တန်ရာတန်ကြေး ပေးဖို့ကျတော့ မစဉ်းစားဘူး။ ဖုန်းတွေက တော့ လူမြင်ကောင်းအောင် ပေါနေတယ်။လိုင်းကဘယ်လိုမှသုံးစားလို့ မရဘူး။ ဒါ တွေကို တာဝန်ယူဖြေရှင်းပေးဖို့က ဆက်သွယ်ရေးမှာ တာဝန် ရှိတယ်။ ဒါကို အဓိက ထားမေးသွားမယ်”ဟု အဆိုပါ အဖွဲ့၏ အထက်မြန်မာပြည်တာဝန်ခံကိုသိန်း အောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က အခုလိုလာတွေ့ပြီး ဆွေးနွေးတာ ကြိုဆိုတယ်။ လက်သင့်ခံတယ်။ ကျွန်တော်တို့ဘက်မှာ လည်း အ ခက်အခဲတွေ ရှိပါတယ်။ ပြည်သူတွေခံစားနေရတာကိုလည်း သိပါတယ်။ ပြည်သူတွေ ခံစားနေ ရသလို ကျွန်တော်တို့လည်း ခံစား နေရတာပါပဲ။ အကောင်းဆုံးဖြစ်အောင်တော့လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေး ဝန်ထမ်းတွေနဲ့ပြည်သူ တစ်သားတည်းကျအောင်လည်း ဆောင်ရွက်နေ ပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ စနစ်ကိုလည်း ဖျက်နေပါတယ်”ဟု တိုင်းအထွေထွေမန်နေဂျာဦးစောထူးသာက ပြောသည်။

မိုဘိုင်းဖုန်းလိုင်းများ ကောင်းမွန်စွာ ပြည်သူများ အသုံးပြုနိုင်ရန် တာဝါတိုင် ၁၂ဝထောင်ရန် လုပ်ဆောင်နေ ကြောင်း၊ မန္တလေးမြို့တွင် ၅၅တိုင်ပါဝင်နေသောကြောင့် မကြာခင် လိုင်းအသုံးပြုမှုကောင်း မွန်လာမည်ဖြစ် ကြောင်း၊ လိုင်းများ တိုးချဲ့ တပ်ဆင်အသုံးပြုခွင့်များပေးနေသာကြောင့် လိုင်းကျပ်သည့် ပြဿနာမှာဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ တာဝါတွေ ထောင်တဲ့ နေရာမှာလည်း အခက်အခဲအမျိုးမျိုး ရှိတယ်။ အဓိက မြေပြဿနာပဲ။ ဒါကြောင့် မြို့ပေါ်ဆို အထပ်မြင့်အဆောက်အအုံ တွေပေါ်တက်ထောင်နေရတယ်။ ဖုန်းပေးတာတွေ ခဏရပ်ထားလျှင်တော့ လိုင်းအသုံးပြုရတာ ကောင်းလာမှာပါ။ အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ဖုန်းတွေကို နင်းချပေးလိုက်တယ်။ ပြီးမှပြောလို့ရ အောင်လိုက်တိုင်ထောင်သလိုဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် နားလည်ပေးစေချင်တယ်။ အရင်ကိစ္စနဲ့တော့ ဘာမှမဆိုင်ဘူး။ အခုပြောရဆိုရတာ ကောင်းနေပြီး တချို့ကျေးရွာတွေဆို အခုချိန်ထိ ဖုန်းမသုံးနိုင်ကြသေးဘူး။ ဒါတွေ လည်းရအောင် လုပ်ပေး နေရတယ်။အခု ချိန်မှာချက်ချင်းကြီးလိုင်းတွေ ကောင်း အောင်လုပ်ဖို့ကြတော့ အခြေအနေအချိန် အခါအရ ခက်နေသေးတယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ရှိရင် အချိန်မရွေးလာ ရောက်ပြောဆိုဆွေးနွေးမှုတွေ လုပ်နိုင်ပါ တယ်။ဆန်္ဒပြတောင်းဆိုတာ ထက်စာရင် အခုလိုတွေ့ဆုံဆွေးနွေးမှုက ပိုကောင်း ပါတယ်””ဟု ဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

မန္တလေးတိုင်းအတွင်းတွင် အိတ်ချိန်း ရုံး ၅၄ ရုံရှိရာတွင်လည်းဝန်ထမ်းအင်အား မလုံလောက်ကြောင်း သိရသည်။

ယခုလိုတွေ့ဆုံခွင့်ရခြင်းမှာ ပထမအ ကြိမ်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုအတွက် ကျေနပ်လောက် သည့်အဖြေမရသော်လည်း ပွင့်လင်းမြင် သာမှုရှိရန် မျှော်လင့်၍ရကြောင်း ကိုသိန်း အောင်မြင့်က ပြောသည်။

အခုလို တွေ့ဆုံဆွေးနွေးခွင့်များ မကြာခဏပြုလုပ်လာလျှင် ပြည်သူနှင့် ဝန်ထမ်းများ ပိုမိုရင်းနှီးလာမည်ဖြစ်သည်။

Mizzima Burmese

ကျိန်စာတိုက်သူ သဲကုန်းလယ်သမားငါးဦးကို ပုဒ်မ၅ဝ၅(ခ)ဖြင့်ရုံးတင်


Written by ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ လယ်ယာမြေ သိမ်းဆည်းမှုတွင် ပါဝင်ပတ်သက် နေသူများကို ကျိန်စာတိုက်ခဲ့သည့် လယ်သမားငါးဦးကို ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် တရားရုံးတွင် မေလ(၆)ရက်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လှုံ့ဆော်မှု ပုဒ်မ၅ဝ၅(ခ)ဖြင့် ရုံးတင်စစ်ဆေးခဲ့သည်ဟု တရားဆွဲခံရသူများကပြောသည်။

“အသေဆိုးနဲ့ သေပါစေ၊ သားမယားကွဲပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ ပါဖောမန့်တစ်ခု အနေနဲ့လုပ်လိုက်တာ။ ဒါမှကမ္ဘာကသိမယ်” ဟုတရားဆွဲခံရသူ ကိုသန့်ဇင်ထက် က ပြောသည်။

ဧပြီလ(၁၁)ရက်တွင် သဲကုန်းမြို့အပြင်ဘက် ရွှေကြိုးပင်နတ်စင်၌ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ တာဝန်ရှိသူ သဲကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်၊ လယ်ယာမြေများတွင် ငါးကန်လုပ်ငန်းများ လုပ်ကိုင်နေသူ စီးပွားရေးလုပ်ငန်းရှင် ဦးထိုင်ထိုင်၊ သဲကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ် သမဦးစီးမှူးတို့အား လယ်ယာမြေသိမ်းဆည်းခံရသူ လယ်သမားငါးဆယ်ကျော်က ကျိန်စာတိုက်ခဲ့သည်ဟု ၎င်းကပြောသည်။

ကျိန်စာတိုက်ခဲ့သူများဖြစ်သည့် သန့်ဇင်ထက် ၊ဒေါ်ညို ၊ ဒေါ်မုန်း ၊ ကိုပေါက်စ ၊ ကိုအောင်သူ တို့ငါးဦးကို သဲကုန်းမြို့နယ် လက်ထောက် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးက တရားလိုပြုလုပ်ကာ ဆွဲဆိုခဲ့သည်။ အမှုကို မြို့နယ်အထူးအာဏာရ တရားသူကြီးဦးဝင်းမြင့်က တာဝန်ယူစစ်ဆေးမည်ဖြစ်ပြီး လယ်သမားများ ဘက်က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လိုက်ပါဆောင်ရွက်မည်ဟုလည်း တရားဆွဲခံရသူများကပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက “ဗမာ့ ဓလေ့ထုံးတမ်းမှာလည်း မကျေနပ်တဲ့လူကို ကျိန်စာတိုက်တယ်ဆိုတာ ရှိတာပဲ။ အဲဒါနိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မထိခိုက်ဘူး။ ဒီလိုတရားဆွဲတာ မမှန်ကြောင်း ဥပဒေနဲ့ မညီကြောင်း ရုံးတော်ကို လျှောက်လဲသွားမယ်” ဟုပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ (၁၁၅၉.၅၅)ဧကကို ၂ဝဝ၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကား သမဝါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ(၁၁)ရက်တွင် တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်တွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲခြင်းခံခဲ့ရပြီး ယခုလက်ရှိ အောင်ကုန်း ကျေးရွာ ဒေါ်မုန်း၏ နေအိမ်တွင် ယာယီသပိတ်စခန်းဖွင့် ဆန္ဒပြလျှက်ရှိသည်။

ကျိန်စာတိုက်ပွဲအား သပိတ်စခန်း(၂)လပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဧပြီလ(၂၂)ရက်ကလည်း အောင်ကုန်းရွာ သုသာန်တွင် လယ်သိမ်းသူ အင်းမစစ်တပ်၊ လယ်ယာမြေအား လက်ရှိလုပ်ကိုင်နေသူ ၊ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့အား ရည်စူးပြီး အခေါင်းသုံးခုကို မီးရှို့ခဲ့သေးသည်။

Mizzima Burmese
Image: Irrawaddy

မြန်မာနိုင်ငံတ၀န်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေရာချီ ပျက်စီး


မြန်မာနိုင်ငံတ၀န်းမှာ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်းက လေပြင်းတိုက်လို့ အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာအတွက် အကူအညီတွေ လိုအပ်နေပါသေးတယ်။


ပင်လောင်းမြို့

လေပြင်းတိုက်ခတ်ခဲ့လို့ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ အိမ်တွေ ရာနဲ့ချီပြီး ပျက်စီးခဲ့ကြတာပါ။
တချို့နေရာတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သွားရောက် ကူညီခဲ့ကြပေမယ့် ပျက်စီးဆုံးရှုံးသွားသူတွေအတွက် အကူအညီတွေ လိုအပ် နေပါသေးတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ လိန်းလီရွာသစ်မှာ ဧပြီ ၂၇ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ ၁၀၀ လောက် ပျက်စီးခဲ့ပါတယ်။

သူတို့ရဲ့ လက်ရှိအခြေအနေကို ပင်လောင်းက ကြည်ဖြူချမ်းမြေ့ လူမှုကူညီရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းအောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“အခုချိန်ထိတော့ မဆောက်ပေးသေးဘူးဗျ။ ရက်ပိုင်းပဲ ရှိသေးတော့ သူတို့မှာ မပြည့်အစုံနဲ့။ ကျနော်တို့ဆီက လှူပေးတဲ့ဟာနဲ့ပဲ စလုပ်ကြမှာခင်ဗျ။ တကယ်တမ်းလိုမှာက သွပ်က ၂ ထောင်၊ ၃ ထောင်လောက် လိုမှာပေါ့။”

ဒါ့အပြင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာလည်း ဧပြီလ တတိယပတ်က လေပြင်းတိုက်ခတ် လို့ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ပါသေးတယ်။

မန္တလေးတိုင်း မြင်းခြံနဲ့ ၀မ်းတွင်းမြို့နယ်တွေက လေပြင်းကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က သွားရောက်ကူညီခဲ့တာကိုတော့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးရာ ၀န်ကြီး ဦးအောင်ဇံက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ရွာတွေက ပျက်စီးသွားတာတော့ ရှိတာပေါ့။ ဒုက္ခတော့ မရောက်ပါဘူး။ ဘာလို့လဲဆိုတော့ ရပ်ဆွေရပ်မျိုးတွေနဲ့ တရွာတည်း အတူနေကြတာဆိုတော့ ၀ိုင်းဝန်းပြီး လုပ်ကြတာပေါ့။ ကျနော်တို့ အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီရမယ့်ဟာ သွားပြီး ကူညီတာပေါ့။ ဖြစ်ဖြစ်ချင်း သံတို့၊ ၀ါးကတ်တို့၊ သွပ်တို့ လိုတာပေါ့။ ကိုယ့်ဝင်းကိုယ့်ခြံနဲ့ ၀ိုင်းဆောက်ပြီး ပြန်ကောင်းသွားကြတာပေါ့။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်က ပေါက်တောကျေးရွာမှာလည်း အခုလ ၁ ရက်နေ့က လေပြင်းကြောင့် အိမ် ၂၀၀ လောက် ထိခိုက် ပျက်စီးသွားခဲ့ပြီး တိုင်းဒေသကြီး အစိုးရက သွားရောက် အားပေးခဲ့သလို ဆက်ပြီး အကူအညီပေးနိုင်ဖို့ အစီရင်ခံထားတယ်လို့ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးဦးရဲမြင့်ထွန်းက ပြောပါတယ်။


DVB Burmese 

ရာဂပူးသည့် လူငယ် ဥာဏ်ရည်မမီသည့် ဆယ်နှစ်အရွယ် ဝမ်းကွဲ ညီမကို အဓမ္မကျင့်



(ရန်ကုန်၊ မေ ၆)

ဥာဏ်ရည် မမီသည့် ၁ဝ နှစ်အရွယ် မိန်းကလေး အား တစ်ခြံထဲနေ အစ်ကိုနှစ် ဝမ်းကွဲတော်သူ ဆယ်တန်းကျောင်းသား က အဓမ္မ ပြုကျင့်မှု တစ်ခု မင်္ဂလာဒုံတွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ သိရသည်။

သမီးဖြစ်သူအား မိခင်ဖြစ်သူမှ တစ်ခြံထဲရှိ မောင်....၏ ဆိုင်တွင် အအေး ဝယ်ခိုင်းရာ ပြန်မလာသဖြင့် မိခင်ဖြစ်သူ သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူ ၏ဖိနပ်အား အိမ်အပေါ် တက်သည့် လှေကားအောက်တွင် တွေ့ ရသည်။ ထို့ကြောင့် သွားရောက် ကြည့်ရှု ရာ သမီးဖြစ်သူအား တူဝမ်းကွဲတော်စပ် သူမောင် ....က အဓမ္မမပြုကျင့်နေ သည်ကိုတွေ့ခဲ့ကြောင်း ကလေး၏ မိခင် ဖြစ်သူထံမှ သိရသည်။

''အစ်မက ကလေးဖိနပ်တွေ့လို့ အငယ်မရေဆိုပြီး အိမ်ပေါ်တက်ကြည့်တာ။ သူ့ကို ရဲလက် အပ်မယ်လို့ပြောပြီး အစ်မက ပြန်ခေါ် လာတာပါ''ဟု ကလေး မိခင်ဖြစ်သူက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အထက်တန်းရှေ့နေ ဒေါ်ဝင်းမာလာ က ''ဥပဒေက ဥပဒေ အတိုင်းပဲကောင်း ပါတယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုရင်ပေါ့''ဟု ပြောသည်။

အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံရဲ စခန်းမှ မောင် .... အား ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထား ပြီး လက်ရှိတွင် ကလေးသူငယ် ဥပဒေ အရ မိဘ လက်အပ်ထားကြောင်း အမှု စစ်ဦးခင်သိန်းထံမှ သိရသည်။

''ကလေးကငယ်သေးတော့ ကလေး သူငယ် ဥပဒေအရ မိဘလက်ထဲ အပ် ထားပါတယ်''ဟု အမှုစစ်ဦးခင်သိန်းထံ က ပြောသည်။

လက်ရှိတွင် အမှုကို ဓာတု ဗေဒဌာနသို့ တင်ထားပြီး ပြန် ကြားစာ ရလျှင် တရားရုံးသို့ ဆက် လက်တိုင်ကြား သွားမည်ဖြစ်ကြောင်း အမှုစစ်ဦးခင်သိန်း ထံမှ သိရသည်။

ဇေဝေယံ

Popular Myanmar News Journal

ကင်မ်ဂျုံအန်း၏ဦးလေး သေဒဏ်ပေးခံရသည် ဆိုခြင်းကို ရော့ဒ်မန်းငြင်းဆို



ရော့ဒ်မန်းသည် အမေရိကန် နိုင်ငံသားများအနက် ကွန်မြူနစ် နိုင်ငံအတွင်း တရားဝင် သွားရောက်လည်ပတ်ခွင့်ရသည့် ရှားရှားပါးပါး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအန်းအနေဖြင့် ၎င်း၏ဦးလေးကို သေဒဏ်ပေးခဲ့သည် ဆိုခြင်းမှာ သတင်းမှားသာဖြစ်ကြောင်း အမေရိကန် ဘတ်စကက်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းက ပြောကြားလိုက်သည်။ ရော့ဒ်မန်းသည် အမေရိကန် နိုင်ငံသားများအနက် ကွန်မြူနစ် နိုင်ငံအတွင်း တရားဝင် သွားရောက်လည်ပတ်ခွင့်ရသည့် ရှားရှားပါးပါး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် ကင်မ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေပြီး မကြာသေးမီက မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့သည်။ ကင်မ်သည် ဦးလေးဖြစ်သူ စစ်ဘက် ထိပ်တန်း အရာရှိ ဂျန်ဆွန်သိုက်ခ်အား သေဒဏ်ပေးကာ ခွေးစာကျွေး သတ်ဖြတ်ပစ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အနောက်နိုင်ငံ မီဒီယာများက ဖော်ပြခဲ့သော်လည်း ရော့ဒ်မန်းကမူ ယင်းကို ငြင်းဆန်ခဲ့သည်

Planet

ဦးဝင်းချိုအား သံခြေကျင်းခတ်၍ ရုံးထုတ်စစ်ဆေးခဲ့သောကြောင့် ကျောက်တံတားမြို့နယ်တရားရုံးရှေ့တွင် (Performance)တစ်ခုပြုလုပ်


ရန်ကုန်၊မေ ၆။

ဦးဝင်းချိုအား (ယနေ့) ကျောက်တံတားမြို့နယ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် သံခြေကျင်းခတ်၍ ရုံးထုတ်စစ်ဆေးခဲ့သောကြောင့် လယ်သမားအရေးဆောင်ရွက်သူများနှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများ ကလည်း (Performance)တစ်ခုကို မေ ၆ရက်က ကျောက်တံတား
မြို့နယ်တရားရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ခြေကျင်းဝတ်ခတ်ပြီးတော့ ရုံးထုတ်စစ်ဆေးတာမဖြစ်သင့်ဘူး။ နှစ်ကြီးကျတဲ့လူတွေကိုခြေကျင်းဝတ်ခတ်လို့ရတယ်။ အခုဦးဝင်းချိုက နှစ်ကြီးကျတာမဟုတ်ဘူး။သူရဲ့ပြစ်မှုတွေ အားလုံးကလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြီးဆုံးသွားပြီ၊အခုက ပုဒ်မ ၁၈နဲ့တရားစွဲခံတားရတဲ့
ကိစ္စလေးနဲ့ ရုံးထုတ်စစ်ဆေးတာကို သံခြေကျင်းခတ်ပြီးစစ်ဆေးတယ်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာပြဌာန်းထားတဲ့ ပုဒ်မ-၃၅၄ အပိုဒ်ခွဲ(က)မှာ
နိုင်ငံသားတိုင်းသည် လွတ်လပ်စွာရေးသားခွင့်ရှိတယ်၊ဖော်ပြခွင့်ရှိတယ်။ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဦးဝင်ချိုကို သံခြေကျင်းခတ်ပြီးတော့
ရုံးထုတ်စစ်ဆေးတဲ့အတွက် အခုလို Performance တစ်ခု လုပ်တာပါ ဒါကိုတမျိုးထင်ပြီးတော့ တရားစွဲမယ်ဆိုရင်လည်း ကျွန်တော်တို့ဘာမှ
မပြောလိုပါဘူး”ဟု ကိုဝေဠုက ပြောသည်။

“သူတို့အခုလို့ လုပ်တာကို အထက်ကခိုင်းတဲ့အတွက် ကျွန်တော်တို့လာစောင့်ကြည့်ရတာပါ ဆန္ဒပြတာမဟုတ်တဲ့ အတွက် ကျွန်တော်တို့အရေးယူမှု
တွေလုပ်ဖို့အစီစဉ်မရှိပါဘူး Performance သတ်သတ်ပဲဆိုတော့ ပြဿနာမရှိပါဘူး။သံခြေကျင်းခတ်ပြီးတော့ ဦးဝင်းချိုကို ရုံးထုတ်စစ်ဆေးတာကလည်း
အရင်က ပစ်မှုတွေကြောင့် သူကိုအခုလို လုပ်ဆောင်ပြီးတော့စစ်ဆေးရတာပါ ။အရင်က အပစ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ခဲ့ပေမယ့်
နောက်ထပ် ဖမ်းဆီးခံရမယ်ဆိုရင် ဒီလူကို အခုလို သံခြေကျင်း ခတ်ပြီးတော့ ရုံးထုတ်စစ်ဆေးလို့ရတယ်။အရင်က အပြစ်အတွက် ပြန်လည်ခြေကျင်းဝတ်ခတ်ခံရတာပါ”ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးယုကြည်ကဆိုသည်။

၎င်းလယ်သမားအရေးဆောင်ရွက်သူများနှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများသည် အင်းစိန်ထောင်အတွင်း၌ရှိသောအကျဉ်းသား (၆၀၀၀)နှင့်အတူ ဗိုလ်မှူးဟောင်း နေမျိုးဇင်တို့တောင်းဆိုခဲ့သော ထောင်တွင်း ရေဒီယိုရရှိရေး၊နိုင်ငံရေးအကျဉ်းသားများခြေကျင်းဖြုတ်ပေးရေး၊ငြိမ်းညီပုဒ်မ ဥပဒေကြမ်းသစ် သမ္မတအတည်ပြုရေး၊အစိုးရနှင့်နိုင်ငံသားများ ထာဝစဉ်သင့်မြတ်ရေး၊ တန်းတူညီမျှဥပဒေဖော်ဆောင်ရေး  ၊စသည့်အချက်များကိုလည်းတောင်းဆိုသွားခဲ့သည်။

ယခု ရုံးချိန်းသည် ဦးဝင်းချို၏ တတိယမြောက် ရုံးချိန်ဖြစ်ပြီး မေလ ၂၀ ရက်နေ့တွင် ပြန်လည်ရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း ကိုဝေဠုထံမှ သိရသည်။

ချစ်မင်းထွန်း

The Myanma Age

မိုးကြိုးပစ်၍ နေအိမ်မီးလောင်


နေပြည်တော်၊ မေ ၆
၂၀၁၄ ခုနှစ်၊ မေလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ၀ဲကျွန်းညောင်ရမ်းရပ်ကွက်၊ မင်္ဂလာသီတာလမ်းနေ ဒေါ်မြမြစန်း(၄၅)နှစ်၏နေအိမ်အား မိုးကြိုးထိမှန်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထားဝယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး (၁x၁၂x၁၅)ပေရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း သုံးပင်နေအိမ်အရှေ့ဘက်ခြမ်း မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

သားသမီးများအား ခေါင်ဆောင်ဖြစ်ခြင်းမှ လွဲချော်စေမည့် မိဘများ၏ စောင့်ရှောက်နည်းမှား ၇ချက်



မိဘများအနေနဲ့ သားသမီးတွေကို အလိုလိုက်လွန်းတာတွေ၊ ချုပ်ချယ်ထားတာတွေ အပါအဝင် ယနေ့ခေတ်မှာ စောင့်ရှောက်နည်းမှားတွေနဲ့ စောင့်ရှောက်နေတာကြောင့် ကလေးများဟာ ခေါင်းဆောင်တွေဖြစ်လာဖို့ မလွယ်ကူပါဘူး။ဒီကိစ္စနဲ့ပက်သက်ပြီး Forbes မဂ္ဂဇင်းကြီးရဲ့ ဆောင်ပါးရှင် ကေသီကတ်ပရီနိုဟာ ခေါင်းဆောင်မှုစွမ်းရည်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပြီး စာအုပ်နှစ်ဆယ့်ငါးအုပ်ကျော် ရေးသားထားတဲ့ အရောင်းရဆုံးစာရေးဆရာတစ်ဦးလည်းဖြစ်သူ ဒေါက်တာ တင်အယ်မိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ခေါင်းဆောင်ဖြစ်ခြင်းကနေ ကလေးတွေကိုလွဲချော်စေမဲ့ မိဘများရဲ့ အပြုအမူမှား ၇ ချက်ကို ဒေါ်တာတင် က မျှဝေ ခဲ့ပါတယ်။

1.အခက်အခဲအကြောင်း ကလေးများကို မသိအောင်လုပ်ထားခြင်း

ကျွန်တော်တို့ဟာ ကလေးတွေကို နေရာတကာမှာ လိုက်ကာကွယ်မပေးသင့်ပါဘူး။ ဥရောပက စိတ်ပညာသမားတွေရဲ့ အဆိုအရ ကလေးတစ်ယောက်ကို အပြင်မှာ ပေးမဆော့ဘူးဆိုရင် ဒီကလေးဟာ ကြီးလာတဲ့အခါ လူကြောက်တဲ့ရောဂါ ရလာပါတယ်တဲ့။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကိုရလာဖို့ ဆယ်ကျော်သက်အရွယ်မှာ သူတို့ရဲ့ကောင်လေးတွေ၊ ကောင်မလေးတွေနဲ့ ကွဲကြတာမျိုးတွေကလည်း အကူအညီဖြစ်နိုင်ပါတယ်။

2.မြန်မြန်ဆန်ဆန် အကူညီပေးခြင်း

ကျွန်တော်တို့က မြန်မြန်ဆန်ဆန်ဝင်ကူမယ်၊ အကူအညီတွေပေးပြီး အလိုတွေလိုက်မယ်ဆိုရင် သူတို့ဘဝမှာ သူတို့ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက် လိုအပ်နေတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့က ဖျက်ဆီးပစ်လိုက်တာပါပဲ။ ငါမဟုတ်တာလုပ်လည်း အကူအညီရှိတယ်ဆိုပြီး အကျင့်ဖြစ်လာတဲ့ကလေးတွေဟာ အရည်အချင်းပြည့်ဝတဲ့ လူကြီးတစ်ယောက် ဖြစ်မလာနိုင်တော့ပါဘူး။

3.အလွန် လွယ်လွယ်ကူကူနှင့် ချီးကျူးခြင်း

ကျွန်တော်တို့က အလွန်လွယ်လွယ်ကူကူနဲ့ ချီးကျူးမယ်၊ သူတို့ရဲ့ မကောင်းတဲ့အကျင့်တွေကို မသိချင်ယောင် ဆောင်နေမယ်ဆိုရင်တော့ အဆုံးမှာ ကလေးတွေဟာ မကောင်းတာမရှိရအောင် လိမ်တာတွေ၊ ပုံကြီးချဲ့တာတွေကို သင်ယူပါလိမ့်မယ်။ မိဘတွေရဲ့ ပြောကြားချက်ကို သံသယရှိလာပါလိမ့်မယ်။ ပြောလိုက်တဲ့အချိန်မှာ ကောင်းပေမဲ့ တကယ့်ဘဝအစစ်နဲ့တော့ ပက်သက်မှုမရှိပါဘူး။

4.အလို လိုက်လွန်းခြင်း

မိဘတစ်ယောက်အနေနဲ့ သူတို့လိုချင်တဲ့အရာတွေနဲ့ သူတို့ကိုဆုချလေ့ရှိပါတယ်။ ဒီတစ်ခုမှာတော့ ဆုချတာတွေ၊ ချီးကျူးတာတွေလုပ်ပြီး ဟိုတစ်ခုမှာတော့ ဘာမှမရဘူးဆိုရင် မတရားဘူးလို့ခံစားရပါတယ်။ အမှတ်ကောင်းဆိုတာ ကုန်တိုက်သွားပြီး ဝယ်ချင်တာ ဝယ်ရတဲ့အရာလို့ ကလေးတွေကို မသင်မိဖို့ ဂရုစိုက်ပါ။ခင်ဗျားနဲ့ ခင်ဗျားကလေးရဲ့ဆက်ဆံရေးကို ရုပ်ဝတ္ထုဆုတံဆိပ်တွေပေါ်မှာ တည်ဆောက်ထားတယ်ဆိုရင်တော့ ခင်ဗျားရဲ့ကလေးဟာ အချစ်ဆိုတာကို ခံစားရမှာ မဟုတ်သလို ဘယ်လို လှုံဆော်မှုမျိုးမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။

5.ကျွန်တော်တို့၏ အတိတ်ကအမှားများကို မျှဝေမှု မရှိခြင်း

ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့အတောင်ပံကို ဖြန့်လိုက်ချင်ပါပြီ။ ကိစ္စတွေကို သူတို့ကိုယ်တိုင် ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေအနေနဲ့ ကျွန်တော်တို့ဟာ သူတို့ကိုကူညီရပါမယ်။ သူတို့ကို ကူညီလမ်းပြရပါမယ်။ ဆုံးဖြတ်ချက်တွေချပြီး ဆုံးဖြတ်ချက်တွေရဲ့ရလဒ်ကို ကလေးတွေက ရင်ဆိုင်ရမှာဖြစ်တာကြောင့် သူတို့အရွယ်တုန်းက ခင်ဗျားလုပ်ခဲ့တဲ့အမှားတွေကို ဝေမျှရပါမယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ကလေးတွေပေါ်မှာ သြဇာလွှမ်းမိုးသူတွေ ဖြစ်ရုံမကဘူး သြဇာလွှမ်းမိုးသူကောင်းလည်း ဖြစ်ရပါမယ်။

6.ဥာဏ်ကောင်းမှု၊ ပါရမီပါမှုများကို အရွယ်ရောက်ခြင်းနှင့် မှားယွင်းခြင်း

ကလေးရဲ့အရွယ်ရောက်မှုကို တစ်ခါတစ်ရံညဏ်ကောင်းမှုနဲ့ တိုင်းတတ်ပါတယ်။ ရလဒ်အနေနဲ့ ညဏ်ကောင်းတဲ့ကလေးကို လောကကြီးအတွက် အသင့်ဖြစ်ပြီလို့ မိဘတွေက မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ညဏ်ကောင်းတဲ့ ပညာရှင်တွေ၊ ပါရမီပါတဲ့ဟောလီးဝုဒ်က စတားတွေလည်း မဟုတ်တာလုပ်လို့ ဖမ်းခံနေရဆဲပါ။ ကလေးတစ်ယောက် လုံးဝလက်လွှတ်လို့ရပြီလို့ သတ်မှတ်ထားတဲ့ အရွယ်မရှိပါဘူး။ အကောင်းဆုံးစမ်းသပ်နည်းကတော့ ခင်ဗျားကလေးကို သူ့အရွယ် တခြားကလေးတွေနဲ့ အတူ ထားကြည့်ပါ။ တခြားကလေးတွေအားလုံးက ခင်ဗျားကလေးထက် သူတို့ကိုသူတို့ ပိုစောင့်ရှောက်နိုင်တယ်ဆိုရင်တော့ ခင်ဗျားကြောင့် ခင်ဗျားကလေးရဲ့ ကိုယ်ဘာသာရပ်တည်နိုင်မှုဟာ နှောင့်နှေးနေတာ ဖြစ်နိုင်ပါတယ်။

7.ကျွန်တော်တို့ဆုံးမတဲ့အတိုင်း ကျွန်တော်တို့ကိုယ်တိုင် မလုပ်ဘူး

ကိုယ်ကျင့်တရားရှိပြီး ကိုယ့်ကိုကိုယ် တာဝန်ယူနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့ကို ကျွန်တော်တို့က ကူညီရမှာပါ။ အခြားလူတွေ သတိပြုမိလောက်တဲ့ ကိုယ့်ကျင့်တရားလိုကိစ္စတွေမှာ ခင်ဗျားကိုခင်ဗျားလည်း သတိပြုပါ။ ခင်ဗျားကလေးတွေကလည်း ကြည့်နေပါတယ်။ လူတွေ၊ ပတ်ဝန်းကျင်တွေကို ကောင်းမွန်စွာဆက်ဆံပါ။ ခင်ဗျားကလေးကလည်း ခင်ဗျားလုပ်သလို လိုက်လုပ်ပါလိမ့်မယ်။



Myanmar Star Media

တောင်တန်းသာသနာပြု ဆရာတော် ကြေးရုပ်တုဖွင့်ပွဲ လူတစ်သိန်းကျော်တက်



မန္တလေး၊ မေ ၅
ရှမ်းပြည်နယ် တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ၏ ကြေးရုပ်တု ဖွင့်ပွဲကို မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် တန့်ယန်းမြို့ လွယ်တိမ်ခမ်းကျောင်းတွင် ပြုလုပ်ရာ ပရိသတ် တစ်သိန်းခန့် တက်ရောက်ခဲ့ကြောင်း ယင်းဖွင့်ပွဲအရ သိရှိရသည်။

“ဒီကျောင်းကို ရောက်တဲ့အခါ ဆရာတော်ကို မဖူးတွေ့ရပေမယ့် ဆရာတော် ဟောကြားခဲ့တဲ့ တရားတော်တွေကို ဆင်ခြင်တဲ့အနေနဲ့ ရုပ်တုရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်လို့ပဲ ဖြစ်ဖြစ် ဆရာတော်ကို ဖူးတွေ့တာပဲ ဖြစ်ဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (တန့်ယန်း) က မိန့်ကြားသည်။

ယင်းကြေးရုပ်တုကို မန္တလေးမြို့တော်တွင် သွန်းလုပ်ခြင်း ဖြစ်ပြီး အမြင့် ၈ ပေခန့် ရှိကာ ရုပ်တု အပါအဝင် ကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ ရှိကြောင်း တောင်တန်းသာသနာပြု ဆရာတော်၏ မိသားစုဝင် ဒေါ်နန်းကြည်ကြည်သိန်းက ဆိုသည်။

ယင်းဆရာတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဖွားမြင်ပြီး ၁၉၈၀ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း ဝိပဿနာ အလုပ်ပေး တရားစခန်းများ ဖွင့်လှစ်၍ သာသနာပြုလျက် ရှိကြောင်း ယင်းဆရာတော် အတ္ထုပ္ပတ္တိအရ သိရှိရသည်။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒသည် ရှမ်းပြည်နယ် မူဆယ်မြို့ လွယ်တိမ်ခမ်းကျောင်းတွင် သီတင်းသုံးကာ တောင်တန်းသာသနာပြုလျက် ရှိသည်။

ယင်းတောင်တန်းသာသနာပြု ဆရာတော်၏ ကြေးရုပ်တု ဖွင့်ပွဲ၊ မဟာမြတ်မုနိကျောင်း ထီးတော်တင်ပွဲသို့ မြန်မာပြည်အရပ်ရပ်ရှိ မြို့ ၃၀ ကျော်က ရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

The Voice Weekly

မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသူ ရွှေချောင်း (၆)ချောင်းနှင့်ဖမ်းမိ




(ဖမ်းမိသောရွှေချောင်းများ)

ဘင်္ဂလာဒေခ်ျ့သို့ အလည်ပတ်သွားရောက်သူများကို ထုတ်ပေးသည့် မြန်မာနိုင်ငံကူး လက်မှတ်အတုဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုး တစ်ဦးကို ရွှေချောင်း (၆) ချောင်းနဲ့အတူ စစ်တကောင်းမြို့တွင် ဘင်္ဂလာရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီး ခံရသူမှာ မိုဟာမတ် ဆာလာမ် (၄၅) နှစ်ဆိုသူဖြစ်ပြီး၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဖြစ်ကြောင်း စစ်တကောင်းရဲတာဝန်ရှိသူက သတင်းထောက်များသို့ ပြောကြားသည်။

စစ်တကောင်းမြို့ ရှောဟောလ်အာမင် တံတားအနီးတွင် မသင်္ကာမကင်းရာမှ ရဲကစစ်ဆေးစဉ် သူစီးလာသော  ဖိနပ်အထဲမှ အလေးချိန် ၁၀ ဂရမ်စီရှိသော ရွှေချောင်း ၆ ချောင်းကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

သူသည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ကို တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် ၀င်ရောက်လာသူ ဖြစ်သည်ဟု ဆိုသည်။



နိရဉ္စရာ

ရဲတပ်ဖွဲ့ဝင်မောင်းနှင်လာသောယာဉ်မှ လမ်းဖြတ်ကူးသူများနှင့် လမ်းဘေးတွင်ရပ်ထားသောယာဉ်များကို တိုက်မိ




ရန်ကုန်၊ မေ ၆

၅.၅.၂၀၁၄ ရက်နေ့ ၁၄၁၅ အချိန်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ
လမ်းအတိုင်း ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကျော်ကျော်(တိုင်းအကူတပ်ဖွဲ့ခွဲ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး) မောင်းနှင်လာသော 5F---- ပရိုဘောက်စ် အဖြူရောင်ယာဉ်သည် မဟာဗန္ဓုလလမ်းမှ မဟာဗန္ဓုလပန်းခြံ
လမ်းဘက်သို့ ချိုးကွေ့မောင်းနှင်စဉ်

လမ်းဖြတ်ကူးသူ ဒဂုံမြို့သစ်
(မြောက်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ဦးအောင်လွင်နှင့် ဒေါ်ကျင်ရွှေတို့
အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးတွင်ရပ်ထားသော 6E---- ဟိုင်းလတ်
အဖြူရောင်ယာဉ်နှင့် 1E---- ဟွန်ဒါဖစ် ခဲရောင်ယာဉ်တို့အား ဆက်လက်
တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးပျက်စီးကာ ဦးအောင်လွင်တွင် ယာ
လက်ပြင်နာကျင်၊ ယာခြေသလုံးရိုးကျိုး ဒဏ်ရာနှင့် ဒေါ်ကျင်ရွှေတွင် ၀ဲလက်မောင်းဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲတပ်ကြပ်ကြီး ကျော်ကျော်
အား ကျောက်တံတားမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၃၃၈
ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လက်ရှိခန္ဓာကိုယ်အချိုးအဆက်ကို ပိုမိုဂုဏ်ယူသည့် ကယ်လီဘရွတ်ခ်


သူမအနေဖြင့် ပိန်ပိန်လှပ်လှပ် မိန်းကလေးမျိုး ဖြစ်ရသည်ထက် လက်ရှိအခြေအနေကိုသာ သဘောကျ ဂုဏ်ယူကြောင်း ကယ်လီဘရွတ်ခ်က ပြောကြားခဲ့သည်။ အသက်(၃၄)နှစ် အရွယ်ထိ ဘီကနီမော်ဒယ်လ်

ခန္ဓာကိုယ် အောက်ပိုင်းအလှကို လူအများ သတိပြုမိစေလိုသည့် ကိတ်အပ်တန်


သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းအလှသည် လူအများ အာရုံစိုက်မှုကို ခံရလေ့မရှိကြောင်း ကိတ်အပ်တန်က ဝန်ခံပြောကြားခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ လုံးကြီးပေါက်လှ အမေရိကန် စူပါမော်ဒယ်လ်က သူမ၏

အီတလီ မြို့ငယ်လေးတစ်ခုမှ ထူးခြားသော မြွေပွဲတော်


မြင်ကွင်းက အသည်းယားစရာဖြစ်သည်။ သူတော်စင် ရုပ်တုတစ်ခုကို လူအများက ထမ်းပိုးသယ်ဆောင်လာကြသည်။ ယင်းရုပ်တုပေါ်တွင် မြွေအရှင်များက လူးလွန့်လှုပ်ရှားရင်း

လေထဲဝဲလာသည့် အိမ်သာကမုတ် ထိမှန်ပြီး ဘောလုံးပရိသတ် သေဆုံး


ဘိလပ်မြေသားဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ အိမ်သာအစိတ်အပိုင်း ထိမှန်ပြီး လူတစ်ဦး သေဆုံးကြောင်း ဆန်တာခရုဇ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့

ဘောလုံးကွင်းထဲတွင် အရာဝတ္ထု တစ်ခုခု ထိမှန်သဖြင့် ပရိသတ်များ ထိခိုက်အနာတရ ဖြစ်ခဲ့သည့် သတင်းမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲ ဆိုသော်လည်း အဆန်းတကြယ် အခြေအနေမျိုးဟု ဆိုနိုင်မည် မဟုတ်ချေ။ သို့သော်လည်း ဘရာဇီးလ် ဒုတိယတန်း ဘောလုံးပွဲစဉ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုမှာမူ မျက်လုံးပြူးလောက်စရာ ဖြစ်သည်။ ဘောလုံးကွင်း ပွဲကြည့်စင်တွင် အားပေးနေသည့် ပရိသတ် တစ်ဦးသည် လေထဲလွင့်ပျံလာသည့် အရာဝတ္ထုတစ်ခု တိုက်ရိုက်ထိမှန်ကာ သေဆုံးခဲ့သည်။

၎င်းကို ထိမှန်သည့် အရာဝတ္ထုမှာ အိမ်သာကမုတ်တစ်ခု ဖြစ်နေကြောင်း သိရသည်။ ဘိလပ်မြေသားဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ အိမ်သာအစိတ်အပိုင်း ထိမှန်ပြီး လူတစ်ဦး သေဆုံးကြောင်း ဆန်တာခရုဇ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းသည် ဆန်တာခရုဇ်နှင့် ပါရာနာတို့ ကစားသောပွဲတွင် လာရောက်အားပေးသည့် ပါရာနာ ပရိသတ် တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေသူအမည်ကို ပေါ်လိုရီကာဒိုဂိုမက်ဇ် ဒါဆေးလ်ဗားဟု ကြေညာသည်။

ထိုဖြစ်ရပ်နောက်ပိုင်း ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ဆန်တာခရုဇ်၏ အိမ်ကွင်းပွဲစဉ် ကစားခွင့်ကို တရားရုံး စိစစ်ဆုံးဖြတ်ချက်များ မပြီးမချင်း ဆိုင်းငံ့ထားလိုက်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ယင်းပွဲစဉ်တွင် ရဲများက ပါရာနာအသင်း ပရိသတ်များအား ပြဿနာတစ်စုံတစ်ရာ မရှိအောင် အတန်ငယ်စော၍ အိမ်ပြန်ကြရန် တိုက်တွန်းခဲ့သော်လည်း အိမ်ခံအသင်း၏ လူရမ်းကား ပရိသတ်အချို့က ရမ်းကားတိုက်ခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သေးကြောင်း သိရှိရသည်။

Planet Myanmar Network

ကားသွင်းခွင့်ကနေ အခွန် ကျပ် ဘီလီယံ ၈၀၀ ကျော် ရရှိ


အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ဖြေလျော့ပေးခဲ့ပြီးနောက် အကောက်ခွန် ဦးစီးဌာနဟာ စုစုပေါင်း အခွန် ကျပ်ငွေ ဘီလီယံ ၈၀၀ ကျော်ရခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

၂ နှစ်ခွဲအတွင်း တင်သွင်းခွင့်ပြုခဲ့တဲ့ ကားအစီးရေ ၂ သိန်း ၈ သောင်းကျော် ရှိတဲ့အတွက် ကားတစီးကို ပျမ်းမျှ အခွန် သိန်း ၃၀ ၀န်းကျင် ကောက်ခံခဲ့တဲ့ သဘော ဖြစ်ပါတယ်။ ဒီအထဲမှာ မော်တော်ယာဉ် မှတ်ပုံတင်ခ မပါသေးတဲ့အတွက် မော်တော်ယာဉ် မှတ်ပုံတင်ခပါ ပေါင်းရင် ကား ၁ စီးကို ကျပ်ငွေ သိန်း ၅၀ ကနေ ၆၀ အထက် အခွန်ယူခဲ့တဲ့ သဘော ဖြစ်ပါတယ်။

ဒီအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ကားဈေးတွေဟာ ၂ ဆ ကနေ ၅ ဆ အထက် မြင့်တက်နေပြီး လူ ၁ ထောင်မှာ ကားပိုင်ဆိုင်မှု ၈ စီးနှုန်းလောက်ပဲ ရှိ ပါသေးတယ်။

DVB Burmese 

နှစ်မကုန်မီ e-Commerce လုပ်ငန်းများ စတင်နိုင်မည်ဟုဆို


ရန်ကုန်၊ မေ ၅

မြန်မာနိုင်ငံတွင် ယခုနှစ် မကုန်မီ မိုဘိုင်းလ်နှင့် အင်တာနက် အခြေပြု ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ (e-Commerce) စတင်နိုင်မည် ဖြစ်ကြောင်း ကာတာကုမ္ပဏီ အော်ရီးဒူးနှင့် ဂျာမနီ အင်တာနက် စီးပွားရေး လုပ်ငန်း Rocket Internet တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသည့် Asia Internet Holding ထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီသည် မိုဘိုင်းလ်အခြေပြု e-Commerce ဝန်ဆောင်မှုများကို မြန်မာအပါအဝင် ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် သြစတေးလျ စသည့် အာရှဒေသတွင်း ဈေးကွက် ၁၅ ခုတွင် ဝင်ရောက် လုပ်ကိုင်သွားရန် ပြင်ဆင်နေပြီး ယင်းနိုင်ငံများ၏ စည်းမျဉ်း ဥပဒေများပေါ် မူတည်ကာ ၂၀၁၄ ဒုတိယ လေးလပတ် မတိုင်မီ ဝန်ဆောင်မှု ပေးသွားမည်ဟု အော်ရီဒူးက ထုတ်ပြန်ထားသည်။

“လူတွေက သူတို့ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မူတွေကို ဝယ်လာကြတယ်။ ဒါဟာ မြန်မာအပါအဝင် အာရှဈေးကွက်တွေမှာ သိသာလာတယ်။ ကျွန်တော်တို့ရဲ့ ဖက်စပ်လုပ်ငန်းက အာရှတလွှားမှာ e-Commerce ဈေးကွက် ဦးဆောင်သူ ဖြစ်လာဖို့ မျှော်လင့်တယ်” ဟု အော်ရီးဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ဆိုသည်။

e-Commerce လုပ်ငန်းသည် မြန်မာပြည်အတွက် နည်းပညာလုပ်ငန်းမှ တစ်ဆင့် အကျိုးအမြတ်များ ဖော်ထုတ်ရရှိနိုင်ပြီး စီးပွားရေး တိုးတက်မှု အခွင့်အလမ်းများ၊ လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ဝင်ငွေများနှင့် အင်တာနက် အသုံးချနိုင်မူများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းလုပ်ငန်းသည် အလားအလာကောင်းများ ရှိနေသည့်အတွက် Ooredoo နှင့် Rocket Internet တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ မိုဘိုင်းလ် ဖုန်းပေါ်မှ တစ်ဆင့် ငွေပေးချေမှု စနစ်များ၊ ကုန်ပစ္စည်း ဝယ်ယူမှုနှင့် ရောင်းချမှု အပါအဝင် e-Cormmerce လုပ်ငန်း အမျိုးအစားများစွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း Rocket Internet ကို ပူးတွဲတည်ထောင်သူ Oliver Samwer က ဆိုသည်။

“လက်ရှိလည်း လုပ်နေကြတာပဲ။ သူတို့ကတော့ ငွေကြေးရော၊ နည်းပညာပါ အင်နဲ့အားနဲ့ လုပ်ကြမှာဆိုတော့ တိုင်းပြည်အတွက်လည်း ဈေးကွက်သစ် တစ်ခု ဖန်တီးနိုင်တာပေါ့။ ဆက်သွယ်ရေး နည်းဥပဒေ ထွက်လာရင်တော့ လုပ်ရကိုင်ရတာ ပိုရှင်းရှင်းလင်းလင်း ရှိလာမယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Rocket Internet ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည့် motor.com.mm ကို တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပြီး အော်ရီးဒူး မြန်မာသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

The Voice Weekly 

မန္တလေးတန်ဖိုးနည်းအိမ်ရာများကို ပွင့်လင်းမြင်သာစွာ ရောင်းချမည်ဟုဆို

တည်ဆောက်ဆဲဖြစ်သည့် တန်ဖိုးနည်းအိမ်ရာများကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)

မကြာမီ ပြီးစီးတော့မည့် မန္တလေးမြို့ချမ်းမြသာစည်မြို့ နယ်တွင် တည်ဆောက်လျက်ရှိ သည့်   တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းမှ  တိုက်ခန်းများကို  ပွင့် လင်းမြင်သာစွာ ရောင်းချနိုင်ရန် အစီအစဉ်ရေးဆွဲနေကြောင်း သ တင်းရရှိသည်။

တစ်ခန်းလျှင် ကျပ်သိန်းတစ်ရာအောက် လျော့နည်းမည်ဟု ပြော ကြားထားသော တန်ဖိုးနည်းအိမ်ရာတွင် တိုက်ခန်းပေါင်း ၁၃၀၀ကျော်   ပါဝင်ပြီး   မြန်မာနိုင်ငံ ဒေသအသီးသီးမှ ၀ယ်ယူခွင့်လာ ရောက်လျှောက်ထားနေကြသည် မှာ လျှောက်လွှာပေါင်း တစ် သောင်းကျော်ပြီဖြစ်ကြောင်း၊ ဌာနအနေဖြင့် လျှောက်ထားမှု ကို   လက်မခံသေးဘဲ   ၀ယ်လို အားနှင့် ရောင်းလိုအား မမျှတသ ဖြင့်   ရောင်းချပေးမည့်ပုံစံအား စနစ်တကျဖြစ်စေရန် စီမံရေးဆွဲ နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး  ဦးမျိုးအောင်က ပြော ကြားသည်။

‘‘တိုက်ခန်းကို အမှန်တ ကယ် နေစရာမရှိတဲ့သူကို ရောင်း ချင်တာ။ ဘယ်လိုစိစစ်ရမလဲဆို တာ ခေါင်းစားနေတယ်။ ပွင့်လင်း မြင်သာစွာ ရောင်းချနိုင်အောင် စီ စဉ်နေပါတယ်’’ ဟု ဌာနမှူးက ဆို သည်။ တန်ဖိုးနည်းအိမ်ရာ ရောင်း ချမည့်ပုံစံကို   ယခုရက်ပိုင်းအ တွင်း ကော်မတီအစည်းအဝေး တွင် တင်ပြသွားမည်ဖြစ်ကြောင်း၊ ကော်မတီမှတစ်ဆင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ ဆက်လက် တင်ပြမည်ဖြစ်ပြီး တိုင်းအစိုးရမှ ရောင်းချရန် မူဝါဒတစ်ခုခု ချမှတ် ခွင့်ပြုပေးလိုက်ပါက သတင်းစာ များမှတစ်ဆင့် ကြေညာခေါ်ယူ ကာ ရောင်းချပေးမည်ဟု ဌာနမှူး က ဆိုသည်။ ယင်းတန်ဖိုးနည်း အိမ်ရာများ   ရောင်းမှားဝယ်မှား ဖြစ်ခဲ့ပြီး မြေဆုံးရှုံးခဲ့သူများအား ဦးစားပေးရောင်းချပေးမည်ဖြစ် ကြောင်း  မန္တလေးမြို့တော်ဝန်က ပြောကြားထားသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်း မှာ မူလက မေလကုန်ပြီးစီးမည် ဟု ခန့်မှန်းထားသော်လည်း တိုက် ခန်းအချို့ ပြီးစီးရန် ကျန်ရှိနေ ကြောင်း၊ ဆောက်လုပ်ရေးကုမ္ပ ဏီအချို့မှ လုပ်ငန်းဆောင်ရွက်မှု ကို     နှစ်လခန့်   ထပ်တိုးဆောင် ရွက်ခွင့်ပြုရန် တောင်းဆိုထားသ ဖြင့် စီမံကိန်းတစ်ခုလုံး ပြီးစီးရက် အနည်းငယ်နောက်ကျနိုင်ကြောင်းဌာနမှူးကပြောသည်။

ထိုတန်ဖိုးနည်းအိမ်ရာမှာ မန္တလေးမြို့ အရှေ့တောင်ဘက် ချမ်းမြသာစည်မြို့နယ် မြရည် နန္ဒာရပ်ကွက်နှင့် ကန်သာယာရပ် ကွက်များရှိ မြေဧက ၁၃ ဧက ကျော်ပေါ်တွင် တည်ဆောက်နေ ခြင်းဖြစ်ပြီး အခန်းပေါင်း ၁၃၄၄ ခန်း ပါဝင်သည်။ ယင်းတန်ဖိုး နည်းအိမ်ရာ တည်ဆောက်မည့် မြေပေါ်တွင် ၂၀၁၂ ခုနှစ် သြဂုတ်က ကျူးကျော်များ  ၀င်ရောက် နေထိုင်ခဲ့ပြီး ရဲတပ်ဖွဲ့မှ ဖယ်ရှား ရာတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

7Day Daily

မြိတ်မြို့ နယ်၌ အိမ်ခြံမြေ ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်


တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ အိမ်ခြံမြေ ဈေးကွက်သည် ယခုရက်ပိုင်း အတွင်း သိသိသာသာ မြင့်တက်ခဲ့ပြီး မြို့တွင်း မြို့ပြင် မြိတ်ဒေသ တစ်ဝိုက် မြေကွက်များ အရောင်းအဝယ် ဖြစ်ထွန်းလျက် ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ကိုအင်ငယ် (ပန်စရာ)ထံမှ သိရသည်။

အိမ်ခြံမြေ လုပ်ငန်း ရင်းနှီး မြှုပ်နှံရာ၌ တခြား စီးပွားရေး လုပ်ငန်းများထက် ပိုမိုခိုင်မာမှု ရှိပြီး ဘဏ်ချေးငွေများလည်း ရရှိခြင်း တို့ကြောင့် ယခုလပိုင်း အရောင်းအဝယ် ဖြစ်ထွန်းနေခြင်း ဖြစ်ကြောင်း မြိတ်အိမ်ခြံမြေ အရောင်းစင်တာ(ကန်ခေါင်း) ဦးဘကီက ပြောသည်။

လက်ရှိ အနေအထားအရ အိမ်ခြံမြေ ဈေးကွက်သည် ကမ်းနားလမ်း မြိတ်ကုန်တိုက် ဧရိယာ ဝန်းကျင် ပေ ၈ဝx ပေ ၈ဝ တစ်ကွက်လျှင် ငွေကျပ်သိန်း ၂၅ဝ ဝန်းကျင်၊ နိုင်ငံတကာ အဆင့်မီ ဂျပန် နည်းပညာဖြင့် ဆောက်လုပ်ထားသော သုံးထပ်တိုက် မြေကွက် ငွေကျပ်သိန်း ၃၃ဝ ဝန်းကျင်၊ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက် အဝေးပြေး ကားဝင်း-မြိတ်တောင်လေဆိပ် အောက်ဘက် ဧရိယာ ဝန်းကျင်တွင် ပေ ၁ဝဝ ပတ်လည် တစ်ကွက်လျှင် ငွေကျပ်သိန်း ၁၅ဝ ဝန်းကျင်ခန့်၊ ရှမ်းချောင်း- စန္ဒဝတ်- ကျွဲကူး လမ်းမကြီးတွင် ပေ ၈ဝx ပေ ၈ဝ တစ်ကွက်လျှင် ငွေကျပ် သိန်း ၁ဝဝ ဝန်းကျင်ခန့်၊ ကျောက်ဖျာ စက်မှုဇုန် ဝန်းကျင် ပေ ၁ဝဝ x ပေ ၁ဝဝ ပတ်လည် တစ်ကွက်လျှင် ငွေကျပ်သိန်း ၁၂ဝ ဝန်းကျင်ခန့်၊ သမုတ် ပတ်ဝန်းကျင်တွင် ပေ ၁ဝဝ x ပေ ၁ဝဝ တစ်ကွက်လျှင် ငွေကျပ်သိန်း ၈ဝ ဝန်းကျင်ခန့်နှင့် တနင်္သာရီ-တကူ-မောတောင်ဒေသ ဝန်းကျင် ပေ ၁ဝဝx ပေ ၁ဝဝ တစ်ကွက်လျှင် ငွေကျပ်သိန်း ၃ဝ ဝန်းကျင်ခန့် အထိ ရှိသည်ဟု မြိတ်ဒေသခံ ဦးအေးဝင်း (မြိတ်ဟာလဝါ) က ရှင်းပြသည်။

အထက်ပါ အိမ်ခြံမြေ ဈေးနှုန်းများသည် ယခင်က နေရာဒေသ အလိုက် ကျဆင်းခဲ့သော ဈေးနှုန်းများမှာ ငွေကျပ်သိန်း ၂ဝ မှ ငွေကျပ်သိန်း ၃ဝ ဝန်းကျင်ခန့်သာ ရှိသော်လည်း မောတောင် ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ခြင်း၊ ရန်ကုန်- မြိတ်- မောတောင်-ပရာချွတ် (ပကျွတ်)- ဗန်ကောက်- ရန်ကုန် ခရီးသည်တင် ဘတ်စကား- Yangon- Bangkok Air Bus -Taxi ဘတ်စကား ပြေးဆွဲနေခြင်းနှင့် Boeing 737 -Cargo Air Line - မြိတ်- ဗန်ကောက် တိုက်ရိုက်ပျံသန်း ပြေးဆွဲပေးခြင်း၊ နိုင်ငံဖြတ်ကျော် ခရီးသွား ကုန်သွယ်ရေးဂိတ် ဖွင့်လှစ် ပေးနိုင်ခြင်း၊ နိုင်ငံကူး လက်မှတ် ပတ်စပို့များ၊ ပြည်ဝင်ခွင့် ဗီဇာများ အခမဲ့ ဝန်ဆောင်မှုနှင့် ဗီဇာသက်တမ်း တိုးပေးခြင်း၊အထောက်အထား လက်မှတ် ထုတ်ပေးခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ရုံးခန်းများ ဖွင့်လှစ် ထားရှိနိုင်၍ အခြေချ နေထိုင်သူ စီးပွားရေး လုပ်ငန်းကုမ္ပဏီ ပိုင်ရှင်များ ရောက်ရှိ ရုံးစိုက် အခြေချ နေထိုင်ခြင်း၊ ဒေသဖွံ့ဖြိုး တိုးတက် လာမှုနှင့် အတူ ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံလိုသူများ တဖွဲဖွဲရောက်ရှိ ရုံးစိုက်နေမှုများကြောင့် ယခင်နှစ်များက အရောင်းအဝယ် ထူးခြားမှု မရှိခဲ့သည့် ရန်ကုန်-မြိတ်-တနင်္သာရီ-တကူ-မောတောင် -ပရာချွတ်(ပကျွတ်)- ဗန်ကောက်ဟိုင်းဝေး လမ်းမကြီးပေါ်ရှိ အကွက်ကျယ် ဧကအကွက် များမှာလည်း ပြန်လည် အရောင်းအဝယ် ဖြစ်ထွန်းလျက် ဂရန်မြေများ သာမက လယ်ယာမြေများပါ မကျန် အရောင်းအဝယ် အားကောင်းလျက် ရှိရာ ထိုင်းနိုင်ငံ စီးပွားရေး ကုမ္ပဏီ ပိုင်ရှင်များက စက်ရုံ၊ အလုပ်ရုံ တည်ဆောက်နိုင်ရေး အဆိုပါ လယ်ယာမြေများကို တစ်ဧကလျှင် ငွေကျပ်သိန်း ၃ဝအထိပေးချေ ၍ ဈေးကောင်းပေး ဝယ်ယူလျက်ရှိကြောင်း ဒေသခံမြို့မိမြို့ဖ ဦးပေါစိန်(မောတောင်)၏ ပြောကြားချက် အရ သိရသည်။

မြ၀တီသတင်းစာ (၅-၅-၂၀၁၄)
မြိတ်ပုလဲမြေ 

ရန်ကုန်တွင် ဧပြီလအတွင်း လူသတ်မှုနှင့် မုဒိမ်းမှု ယခင်လထက် နှစ်ဆကျော် မြင့်တက်


ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြိုနယ်ပေါင်း ၄၅ မြို့နယ်၌ ဧပြီလတွင်း ဖြစ်ပွားသော လူသတ်မှုနှင့် မုဒိမ်းမှုမှာ မတ်လထက် နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းများအရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် ၂၀၁၄ ခုနှစ် မတ်လ တစ်လတာ ကာလအတွင်း လူသတ်မှု ၁၁ မှု၊ မုဒိမ်းမှု ၁၄ မှု ဖြစ်ပွားခဲ့ပြီး သင်္ကြန်ကာလအတွင်း ဖြစ်ပွားသော လူသတ်မှု ကိုးမှု အပါအဝင် ဧပြီလတွင်း လူသတ်မှု ၂၉ မှု၊ မုဒိမ်းမှု ၁၉ မှုအထိ ဖြစ်ပွားခဲ့ကြောင်း၊ ရိုက်နှက်မှု ဖြစ်ရာက ဒဏ်ရာရရှိကာ သေဆုံးသွားသောကြောင့် လူသတ်မှုဖြင့် ပြောင်းလဲ ဖွင့်လှစ်သော အမှု ခုနစ်မှုခန့် ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် မုဒိမ်းမှုများမှာ မြို့စွန်နေရာများတွင် အများဆုံး ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူ အများစုမှာ အရက်သေစာနှင့် မူးယစ်ဆေးဝါးများ သုံးစွဲထားသူများ ဖြစ်သည်ကို စစ်ဆေး တွေ့ရှိရကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံအတွင်း ဧပြီလတွင် လူသတ်မှု ၁၄၇ မှုအနက် ရန်ကုန်တိုင်းဒေသကြီးမှာ လူသတ်မှု ၂၉ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် လူသတ်မှု ၁၉ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် လူသတ်မှု ၁၆ မှုနှင့် မန္တလေးတိုင်းဒေသကြီးတွင် လူသတ်မှု ၁၅ မှုအထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ မှုခင်းစာရင်းများအရ သိရှိရသည်။

အလားတူ ဧပြီလအတွင်း မြန်မာနိုင်ငံတွင် မုဒိမ်းမှု ၈၈ မှု ဖြစ်ပွားခဲ့ရာ၌ ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှု ၁၉ မှုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် မုဒိမ်းမှု ရှစ်မှုထိ ဖြစ်ပွားခဲ့ကြောင်း၊ မုဒိမ်းမှုဖြစ်စဉ် အများစုမှာ အရွယ် မရောက်သေးသော အမျိုးသမီးငယ်များကို အဓမ္မကျူးလွန်မှု အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရှိရသည်။

“ကလေးငယ်တွေရဲ့ အားနည်းမှုတွေကို အခွင့်ကောင်းယူပြီး ကျူးလွန်တဲ့သူတွေက ပစ်မှတ်ထားတယ်။ အရက်၊ စိတ်ကြွဆေးတွေ၊ ညစ်ညမ်းခွေတွေကြောင့် ကျူးလွန်တဲ့သူက ပုံမှန်သူတွေထက် စိတ်ကြွမြန်တယ်။ ဒီအချိန်မှာ အရှက်အကြောက်နဲ့ သားသမီးချင်း ကိုယ်ချင်းစာစိတ်ပါ ပျောက်ကုန်တာ” ဟု ရန်ကုန်မြို့တော်တွင် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

The Voice Weekly 

အွန်လိုင်းမဲပေးခွင့်ရ အလှမယ်ပြိုင်ပွဲတွင် မြန်မာအလှမယ် ဗိုလ်စွဲနေ



 လေးကြိမ်မြောက် ကျင်းပသော Miss Asia Pacific World 2014 ပြိုင်ပွဲဝင် အလှမယ်များကို Missosology ၀က်ဘ်ဆိုက်၌ ဧပြီ ၂၄ ရက်ကပင် မဲပေးရွေးချယ်နိုင်ခဲ့ရာ ခုနစ်ရက်အကြာတွင် မြန်မာကိုယ်စားပြု အလှမယ် မေမြတ်နိုးက ပထမနေရာ၌ ရပ်တည်နေကြောင်း သတင်းရရှိသည်။

နာမည်အကျော်ကြားဆုံး အလှမယ် ၀က်ဘ်ဆိုက်ဖြစ်သည့် Misssosology တွင် မေမြတ်နိုး သည် မြန်မာပရိသတ်များ၏ အား ပေးမှုကြောင့် မတ်လတစ်ရက်မှ စတင်၍ ပထမနေရာ၌ ရပ်တည် နေကြောင်း မြန်မာကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရန် စီစဉ်သူ မလှနုထွန်းကပြောသည်။

‘‘ပထမနေရာမှာရှိနေတဲ့ အတွက် အရမ်းဝမ်းသာပီတိဖြစ် မိပါတယ်။ ပြိုင်ပွဲဝင်ပြိုင်ပြီဆိုတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးပါတယ်။ အဲဒါမှ ကိုယ်က အလှဆုံးပေါ်လွင်မှာပါ။ အဲဒါကြောင့် ထရိန်နင်ပိုင်းကို သေချာလုပ်နေပါတယ်။ ပြိုင်ပွဲမှာဘာဆုရမယ်ဆိုတာ မဟုတ်ဘဲနဲ့ အကောင်းဆုံးဘယ်လိုလုပ်နိုင်မ လဲဆိုတဲ့ ဦးတည်ချက်ထားပြီး ပြိုင်သွားမှာပါ’’ဟု မေမြတ်နိုးက ပြောသည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၀ ခန့်မှ အလှမယ်များဝင် ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံ က  ယခုနှစ်တွင် ပထမဆုံးဝင် ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ မေလ၁၉ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ဖိုင်နယ် ပွဲကို မေ ၃၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ဝက်ဘ်ဆိုက်တွင် ပြိုင်ပွဲ နောက်ဆုံးနေ့အထိ မဲပေးနိုင်ပြီး ပထမရရှိသူကို ‘‘Missosology Choice Award’’ချီးမြှင့်မည်ဖြစ် ပြီး ယင်းဝက်ဘ်ဆိုက်ကအခြား သော နိုင်ငံတကာပြိုင်ပွဲများမှ အလှမယ်များကို ထိုကဲ့သို့ ရွေး ချယ်ကာ ဆုပေးအပ်လေ့ရှိသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံအသီးသီးသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအလှမယ်များက ယင်းဆုကို ရရှိခဲ့ကြသည်။

7day

အမြန်လမ်းတွင် အိမ်စီးကားတစ်စီး ဘရိတ်ပေါက်ပြီး သစ်ပင်ဝင်တိုက်




မေလ ၅ ရက် ညနေ ၄ နာရီခွဲခန့်က အမြန်
လမ်းပေါ်ရှိ မိုင်တိုင် ၁၆၈ အနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသော
စူပါကာစတန်အမျိုးအစား ယာဉ်တစ်စီးသည်
အရှိန်မထိန်းနိုင်ဘဲ ဘရိတ်ပေါက်ကာ လမ်းဘေးရှိ ကုက္ကိုပင်ငယ်ကို ၀င်တိုက်၍ လမ်းအောက်ရှိ စပါးခင်းအတွင်းသို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။

‘‘ဘရိတ်ပေါက်တာလို့ပြော တယ်။ ဒါပေမဲ့ အနေအထား အရ အရှိန်များတယ်။ ကုက္ကိုပင်က အမြစ်လန်ပြီး ကျန်ခဲ့တယ်’’ ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးဖြစ်သည့်ဦးသန်းထွေးဇော် က 7 Day Daily အားပြောသည်။

မိုင်တိုင် (၁၆၈) ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ဘရိတ်ပေါက်ပြီး စပါးခင်းအတွင်းသို့ ထိုးကျသွား သည့်စူပါကာစတန်ယာဉ်မှာ တစ်စီးလုံးပျက်စီးသွားခဲ့သော်လည်း ကားပေါ်ပါသူများမှာ ဒဏ်ရာသာရရှိခဲ့သည်။

7Day Daily

အစိုးရ၀န်ထမ်း ပြန်လွှတ်ပေးရန် ကေအိုင်အေ သဘောတူထား

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဖမ်းဆီးထားသည့် အစိုးရ၀န်ထမ်းတစ်ဦးကို ပြန် လွှတ်ပေးရန် ကေ အိုင်အေဘက်မှ သဘောတူပြီးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

တပ်မတော်မှ ကချင်ဒုက္ခသည် ၁၄ဦး ဖမ်းဆီးသွားသည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ က သတင်းထုတ် ပြန်လိုက်သော မေလ ၃ ရက်တွင်ပင် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေး တစ် ဦးအပါအ၀င် စုစုပေါင်းအရပ်သား ၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ သိရ သည်။

မေလ ၃ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ဆုံဘက်သို့ အသွားကချင်ချောင်းသာ အပန်းဖြေ စခန်းသို့ သွားလည်ပတ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးနှင့် အရပ် သားအမျိုးသားတစ်ဦးကို ကေအိုင်အေက ဖမ်းဆီးသွားသည်ဟုဆိုသည်။

“ကေအိုင်အေက ပြောတာက တပ်ပြေးတွေကို လိုက်ဖမ်းရင်းနဲ့ ဒီပြည်နယ် စာရေးက ညပ်ပါသွားတာပါ။ ဒီနေ့မဟုတ် နက်ဖြန်လွှတ်ပေးဖို့ကို ကေအိုင်အေက သဘောတူပြီးပါပြီ” ဟု ပြောသည်။

ယင်း မေ ၃ ရက် မွန်းလွဲ ၂ နာရီတွင်ပင် ကချင်ချောင်းသာအပန်းဖြေစခန်း၌ မြစ်ကြီးနားမြို့နေ အရပ်သား ခြောက်ဦးကို သေနတ်အတို လေးလက်၊ အရှည်လေးလက်ဖြင့် လူရှစ်ဦးက လာရောက်ဖမ်းဆီး သွားသည် ဟု မပခမှ အထက်တန်းအရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါဖမ်းဆီးခံ ခြောက်ဦးထဲကမှ တစ်ဦးမှာ လက်ကျိုးနေသည့်အတွက် ပြန်လွတ်လာပြီး ဖြစ်စဉ်အသေး စိတ်ကို ပြန် ပြောပြ ခြင်းဖြစ်သည်ဟု ဆိုသည်။

မေလ ၃ ရက်တွင် စုစုပေါင်း ရှစ်ဦး ဖမ်းဆီးခံရပြီး တစ်ဦး ပြန်လွတ်လာသည့်အတွက် ခုနစ်ဦး ကျန်ရှိနေ သေးသည်။ ပြန်လွတ်လာသူ၏ ပြောကြားချက်အရ တောထဲတွင်ဖမ်းထားသည့် လူဦးရေ စုစုပေါင်း အယောက် ၂၀ ၀န်းကျင်ကို မျက်မြင်တွေ့ခဲ့ရပြီး မိန်းကလေးလေးဦး ပါဝင်သည်ဟု မပခမှတစ်ဆင့် သိရ သည်။

အစိုးရ၀န်ထမ်းအပါအ၀င် ခုနစ်ဦးကို တပ်မဟာ(၁)၊ တပ်ရင်း(၄) တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး အစိုးရ ၀န်ထမ်း မဟုတ်သည့် ကျန် ခြောက်ဦးကိုတော့ ကေအိုင်အေ၏ တပ်ပြေးဟုတ်မဟုတ်စစ်ဆေးပြီး အရပ် သားဆိုလျှင် ပြန်လွှတ်ပေးမည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှတစ်ဆင့် သိရသည်။

၂၀၁၃ အောက်တိုဘာ ၁၀ ရက် တပ်မတော်နှင့် ကေအိုင်အိုတို့၏ အစည်းအဝေးမှ ထုတ်ပြန်ထားသည့် သဘောတူညီချက်တွင် နှစ်ဖက်တပ်များလိုက်နာရမည့် အချက်များပါဝင်သည်။ အဆိုပါ သဘောတူ ညီ ချက်များအရ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တပ်မတော်ဘက်မှ တောင်းဆိုသွားမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများအရေးကို တပ်မတော်နှင့် ကေအိုင်အေ နှစ်ဖက်တွေ့ ဆုံမည့် မေလ ၁၃ ရက် တွေ့ဆုံပွဲတွင် လည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆွေး နွေးဖွယ်ရှိသည်ဟု မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်မှ သိရသည်။

Mizzima - News in Burmese

မွတ်စလင် ညီအကိုတော်များ အဖွဲ့ မရှိစေရဟု စီစီ ဆို


မေ ၆။

အီဂျစ်ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားသော ကိုယ်စားလှယ်နှင့် စစ်တပ်အကြီးအကဲဟောင်း ဖြစ်သူ အဗ္ဗဒူလ်ဖာတာအယ်လ်စီစီ မှ
ပိတ်ပင်ထားသည့် မူစလင် ညီအကိုတော်များအဖွဲ့ မရှိစေရဟု ပြောဆိုလိုက်သည်။

အီဂျစ် ရုပ်မြင်သံကြားနှင့် ပထမဆုံး ပြုလုပ်သော အင်တာဗျုးတွင် ယခုလို ပြောကြားခဲ့ပြီး သူ့အား လုပ်ကြံရန် အစီအစဉ် နှစ်ခုကိုလည်း
ေေ ဖော်ထုတ်နိုင်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

မစ္စတာ စီစီသည် အီဂျစ်၏ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားသော သမ္မတ မိုဟာမက်မော်စီအား ပြီးခဲ့သောနှစ် ဇူလိုင်က
ြ ဖြုတ်ချခဲ့သည်။

မစ္စတာ စီစီသည် မေ ၂၆-၂၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် အနိုင်ရရှိရန် မျှော်လင့်လျက် ရှိသည်။

သမ္မတ မိုဟာမက်မော်စီအား ဖြုတ်ချပြီး မွတ်စလင် ညီအကိုတော်များ အသင်းကို ပြီးခဲ့သောနှစ်က ဖြိုခွဲခဲ့စဉ်တွင် နိုင်ငံရေး ရည်မှန်းချက်များ
သူ့တွင် မရှိကြောင်း ငြင်းဆိုထားခဲ့သည်။

အီဂျစ်၏ ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားလိုင်းများ ဖြစ်သည့် CBC နှင့် ONTV တို့မှ တနင်္လာနေ့က ပူးပေါင်း ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်
“ ပြောချင်တာကတော့ ခင်ဗျားတို့ကို ဖယ်ရှားခဲ့တာ ကျွန်တော် မဟုတ်ပါဘူး။ အီဂျစ်နိုင်ငံသားတွေက ဖယ်ရှားခဲ့တာပါ “ဟု မွတ်စလင်
ညီအကိုတော်များ အသင်းကို ရည်ရွယ်၍ မစ္စတာစီစီမှ ပြောဆိုခဲ့သည်။

အကယ်၍ မစ္စတာ စီစီသာ သမ္မတနေရာ ရရှိခဲ့ပါက မွတ်စလင်ညီအကိုတော်များ အသင်းကို အဆုံးသတ်သွားစေမည်လား ဟူ၍ မေးမြန်းခဲ့ရာတွင်
စစ်တပ်အကြီးအကဲဟောင်းမှ “ ဟုတ်ကဲ့ ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

စစ်တပ်မှ ကိုယ်စားလှယ်လောင်းဟူသော ပြောဆိုမှုများကို မစ္စတာစီစီမှ ငြင်းပယ်ခဲ့ပြီး အီဂျစ်နိုင်ငံ၏ အုပ်ချုပ်မှုပိုင်းတွင် စစ်တပ်မှ ပါဝင်မည်
မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဆန္ဒပြန်မှုများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် အငြင်းပွားဖွယ်ရာ ဥပဒေဘက်မှလည်း ကာကွယ်ပြောဆိုခဲ့သည်။

အကယ်၍ မစ္စတာ စီစီသည် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါက ၁၉၅၀ ခုနှစ်ကတည်းက စတင်ပြီး စစ်တပ်မှ လာပြီး အုပ်ချုပ်သူများတွင် နောက်ဆုံး
ြ ဖြစ်လာမည် ဖြစ်သည်။

လူအခွင့်အရေး စောင့်ကြည့်မှု အဖွဲ့များမှ စစ်တပ်ကျောထောက်နောက်ခံ ပြုသော အာဏာပိုင်များသည် သတင်းမီဒီယာများနှင့် နိုင်ငံရေး အတိုက်အခံ
များကို ရန်လိုသော အပြုအမူများ ပိုမို ပြသလာလျက် ရှိကြောင်း ပြောဆိုခဲ့ကြသည်။

မစ္စတာ မော်စီအား ဖြုတ်ချပြီး နောက်ပိုင်းတွင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး မစ္စတာ မော်စီ၏ မွတ်စလင် ညီအကိုတော်များ အသင်းမှ လူထောင်
ပေါင်းများစွာမှာ အကြမ်းဖက် အစ္စလာမ်မစ် လှုပ်ရှားမှုဖြင့် ကြားဖြတ်အစိုးရ အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းမှု ခံရလျက် ရှိသည်။

မစ္စတာ စီစီ၏ ထောက်ခံသူများကမူ ဆန္ဒပြမှုများနှင့် နိုင်ငံရေး အကြမ်းဖက်မှုများကြောင့် မတည်ငြိမ်မှုများ ဖြစ်ပွားနေသည့် နိုင်ငံအား တည်ငြိမ်မှု ရရှိစေရန်
ထိန်းသိမ်းနိုင်မည့် ကြံ့ခိုင်သော ပုံရိပ်တစ်ခုအဖြစ် စီစီအား မြင်ကြသည်။

Ref: BBC
ဘာသာပြန်-ကိုဒူး
The Myanma Age 

မင်းကွန်းပုထိုးတော်ကြီးပေါ် မတက်ရန် သတိပေး


ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ မင်းကွန်းဒေသက ပုထိုးတော်ကြီးအပေါ်ကို မတက်ရောက်ဖို့ ရှေးဟောင်းသုတေသနက သတိပေးတားမြစ်ချက် ထုတ်ထားပေမယ့် ဘုရားဖူးလာတဲ့ လေ့လာသူတွေအချို့ကတော့ ပုထိုးတော်ကြီးပေါ်ကို တက်ရောက်နေကြလို့ အန္တရာယ် ရှိလာနိုင်တယ်လို့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်မှူးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်မှူး ဦးမြင့်စိုးအောင်က “၂၀၁၂ နိုဝင်ဘာမှာ ငလျင်လှုပ်တယ်။ အန္တရာယ်ရှိလို့ မတက်ရဘူးလို့ တားမြစ်ထားတယ်။ လိုက်နာဖို့ပဲရှိတယ်။ တားမြစ်ထားတာကို သူတို့က ဥပဒေမဲ့စွာနဲ့ စည်းကမ်းမလိုက်နာတာကိုတော့ ဘယ်လို တာဝန်ယူရမလဲ။ ရာဇသတ်ကြီး ပုဒ်မနဲ့ ထုတ်ထားတာ မဟုတ်ဘူး။ ပြည်သူလူတု ဒီပေါ်တက်ရင် အချိန်မရွေး အန္တရာယ်ဆိုတာ မမြင်နိုင်ဘူး၊ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

ပုထိုးတော်ကြီးပေါ် တက်ရောက်လေ့လာသူတွေ စဉ်ဆက်မပျက် ရှိနေတယ်လို့ ပုထိုးတော်ကြီး ဘုရားရှေ့မှာ မင်းကွန်းအမှတ်တရ အင်္ကျီတွေ ရောင်းတဲ့ ပစ္စည်းအရောင်းဆိုင်ရှင် ဒေါ်ခင်မင်းရီက ပြောပါတယ်။

“တခါတလေ အုပ်စု အများကြီးတက်ရင် တားမြစ်တယ်။ တခါတလေကျတော့ ရဲတွေက မမြင်ချင်ယောင်ဆောင်ရတယ်။ တချို့ကလည်း လှေကားကြီး တပ်ထားတော့ တက်ရမယ်ထင်လို့ တက်ကြတာ နေမှာပေါ့။ တခါလေကျ အားနာလို့ မပြောကြဘူးလေ” လို့ ပြောပါတယ်။

လှုပ်ခတ်ခဲ့ပြီးတဲ့ ငလျင်ဒဏ်အမျိုးမျိုးကြောင့် မင်းကွန်းပုထိုးတော်ကြီး အဆောက်အအုံဟာ ပျက်စီးယိုယွင်းနေပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာမှာ လှုပ်ခဲ့တဲ့ သပိတ်ကျင်းငလျင်ကြောင့် ပုထိုးတော်ကြီးပေါ်ကို တက်ရောက်ဖို့ အန္တရာယ်ပိုများလာပါတယ်။

ဒါကြောင့် သတိပေးတားမြစ်ချက် ဆိုင်းဘုတ်တွေ ထုတ်ပြန်ထားပါတယ်။ ပုထိုးတော်ကြီး အနီးမှာ ရှိတဲ့ဌာနဆိုင်ရာ ၀န်ထမ်းနဲ့ လုံခြုံရေးရဲတွေက တက်ရောက်နေသူတွေကို တွေ့ပါက တာဝန်သိစွာ တားမြစ်သင့်
တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

DVB TV News

ဗိုလ်မှူးတစ်ယောက်ထံမှ ခိုးယူလာသော ပစ္စတိုအား စမ်းသပ်ပစ်ခတ်ရာမှ အမျိုးသမီးတစ်ဦးအား သေနတ်ထိမှန်


၅၊၅၊၁၄ရက်နေ့ နေ့လည် (၁၂)နာရီ(၃၀)မိနစ် အချိန်က အင်းတော်မြို့နယ်
အပိုင် နောင်မိုးကျေးရွာ တွင် အမျိုးသမီးတစ်ဦး သေနတ်ထိမှန်မှု
တစ်ခုဖြစ်ခဲ့ကြောင်းသိရှိရပါသည်၊

ဖြစ်စဉ်မှာ နောင်မိုးကျေးရွာအရှေ့တောင်ဘက်(၂)ဖါလုံခန့်အကွာကားလမ်းနဘေးရှိ လယ်ကွက်အတွင်း နောင်မိုးရွာနေ မသောင်းမြိုင်(၄၀)နှစ်၏
ညာဘက်ရင်သားအောက်သို့ သေနတ်ထိမှန်ခဲ့ရာ သေနတ်ပစ်ခတ်သူမှာ (၁၄)နှစ်သားအရွယ်ရှိ ---(ခ)-------ဖြစ်ကြောင်းစစ်ဆေးဖေါ်ထုတ်နိုင်ခဲ့ပါသည်၊

(၁၄)နှစ်သားအရွယ်ရှိ ---(ခ)------- အားအသေးစိပ်စစ်ဆေးခဲ့
ရာ သူသည် ၂၀၁၃ခုနှစ် ရန်ကုန်မြို့သို့ အလုပ်သွားလုပ်ရာမှ ဗိုလ်မှူးထက်ထက်နိုင်၊ ခမရ (၁၀၅)၊ဆားမှော်၊၏တပ်သားသစ်စုဆောင်းခြင်း ခံရပြီး အသက်မပြည့်သေးသည့်အတွက်ဗိုလ်မှူးထက်ထက်နိုင်၏ တပ်တွင် ထမင်းချက်လုပ်ကိုင်နေခဲ့ကြောင်း၊

ထိုသို့ထမင်းချက်လုပ်ကိုင်ရာမှ ဗိုလ်မှူးထက်ထက်နိုင်ကိုင်ဆောင်သည့် T6586 Burma Army ၉မမ ပစ္စတိုသေနတ်ကိုခိုးယူ၍ ၄၊၅၊၁၄ရက်နေ့မီးရထားဖြင့် ထွက်ပြောလာခဲ့ပြီး နဘာဘူတာအရောက်တွင် ရထားပေါ်မှဆင်း၍ သေနတ်ကိုခါးကြားထိုးခါ လမ်းလျှောက်လာခဲ့ပြီး နောင်မိုးရွာအနီးအရောက်တွင်ခိုးယူခဲ့သော ပစ္စတိုသေနတ်အား စမ်းသပ်ပစ်ခတ် ကြည့်ရာမှ အနီးရှိမသောင်းမြိုင်
ကို ထိမှန်သွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖေါ်ဖြေကြားခဲ့ပါသည်၊

ထိုဖြစ်စဉ်အပေါ် အင်းတော်ရဲစခန်းမှ ---(ခ)-----အား ညနေ(၄)နာရီ(၅၀)မိနစ်တွင် (ပ)၄၇/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ဖြင့်အမှုဖွင်ထားကြောင်း
သိရှိရပါသည်၊-------(ခ)------ ပစ်ခတ်ခဲ့သော ၉မမ ပစ္စတိုတစ်လက်၊၄င်းကျည်အိမ် (၁)ခု၊ကျည်(၈)တောင့်နှင့် ပစ်ပြီး ကျည်ခွံ(၁)တောင့်တို့အား သက်သေခံအဖြစ် သိမ်းဆည်း
ထားကြောင်း သတင်းရရှိပါသည်။

ဟာဂျူလီ-ကသာ

စစ်ဘက်လျှို့ဝှက်ချက် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသားတဦးကို ထောင် ၁၀ နှစ်ချမှတ်


တရုတ်စစ်ဘက်လျှို့ဝှက်ချက်တွေကို ပြင်ပနိုင်ငံတခုကို ရောင်းချခဲ့မှုအတွက် တရုတ်နိုင်ငံသားတဦး ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ရပါတယ်။

ထောင်ဒဏ်ချခံရသူ လီကို ပြည်ပနိုင်ငံတနိုင်ငံက ထောက် လှမ်းရေး တယောက်က တရုတ်လူမှုကွန်ရက်တခုကနေ အရင် ခင်မင်မှုရယူခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ဆိုပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အဆင့် ၂ ရှိတဲ့ အချက်အလက် ၁၃ ခုနဲ့ လျှို့ဝှက်ချက်အဆင့် ၃ ရှိတဲ့ လျှို့ဝှက်ချက် ၁၀ ခု ကို နိုင်ငံခြားကို ရောင်းချခဲ့တယ်လို့ နိုင်ငံပိုင် တရုတ်နေ့စဉ်သတင်းစာက ဆိုပေမယ့် ဘယ်နိုင်ငံကို ရောင်းချခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ်မှာ ရှိတဲ့ တရုတ်လေတပ် စစ်အခြေစိုက် စခန်းတွေရဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ အများအပြား ပါဝင်ခဲ့တယ်လို့ အမည်မဖော်လိုသူ တရုတ် အမျိုးသားလုံခြုံရေးဌာန၀န်ထမ်းတဦးက ဆိုပါတယ်။

ထိပ်တန်း တရုတ်ဆက်သွယ်ရေးကုမ္ပဏီတခုကို အမေရိကန်ထောက်လှမ်းရေးတွေ ထိုးဖောက် ၀င်ရောက်မှုတွေ စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း တရုတ်အစိုးရဟာ နိုင်ငံရဲ့ အင်တာနက်လုံခြုံရေးအဆင့်ကို မြှင့်တင်ခဲ့ပါတယ်။

စစ်ဘက်လုံခြုံရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ တရုတ်စစ်တပ်က ထုတ်ဖော်ပြောဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။

DVB Burmese 

ထိုင်းဝန်ကြီးချုပ် ဖွဲ့စည်းပုံခုံရုံးတွင် အမှုရင်ဆိုင်


ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ အာဏာအလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့အမှုကို ဒီနေ့ ရင်ဆိုင်ပါတယ်။

ဒီအမှုဟာ မေလအတွင်း ၀န်ကြီးချုပ်ရာထူးကနေ ပြုတ်သွားနိုင်တဲ့ အမှု ၂ မှုထဲက  ၁ မှု ဖြစ်ပါတယ်။

ယင်းလပ်ကို ထောက်ခံတဲ့သူတွေက တကယ်လို့ တရားရုံးက ၀န်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားလိုက်ရင် တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့အတွက် ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၆ လလောက် ကြာနေပြီ ဖြစ်ပါတယ်။

နောက် ၁ ပတ်ထဲမှာ အစိုးရထောက်ခံသူတွေရော၊ အစိုးရ ဆန့်ကျင်တဲ့အဖွဲ့တွေရော ဘန်ကောက်မှာ အလုံးအရင်းနဲ့ ဆန္ဒပြပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။

ဝန်ကြီးချုပ် ယင်းလပ် ရင်ဆိုင်နေရတဲ့အမှုက ၂၀၁၁ ခုနှစ်တုန်းက အမျိုးသား လုံခြုံရေးရေးကောင်စီ အကြီးအကဲ သော်ဝီ ပရီရန်စရီကို အာဏာလွှဲပြောင်းပေးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒီလို လွှဲပြောင်းပေးခဲ့တာဟာ ယင်းလပ်ရဲ့ ပွေ့ထိုင်းပါတီကို အကျိုးရှိစေတယ်လို့ အတိုက်အခံတွေက ဝေဖန်ပါတယ်။

ဒီအမှုမှာ ပြစ်မှုထင်ရှားရင် ၀န်ကြီးချုပ် ယင်းလပ်ဟာ ရာထူးကနေ ဖယ်ရှားခံရရုံသာမက အစိုးရတဖွဲ့လုံး ဖျက်သိမ်းရနိုင်တယ်လို့တောင် တချို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။

ဒီနေ့မှာ ခုံရုံးက စီရင်ချက် ချဖို့ မရှိသေးပေမယ့် သိပ်မကြာခင် ကာလအတွင်းမှာ အမိန့်ချဖွယ် ရှိပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ အာဏာအလွဲသုံးစားမှုအပြင် စပါးဝယ်ယူရေးကိစ္စနဲ့ ပတ်သက်တဲ့ အမှုတခုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

စပါးဝယ်ယူရေးမှာ အဂတိလိုက်စားမှုနဲ့ အကြီးအကျယ် အရှုံးပေါ်ခဲ့တာကို ၀န်ကြီးချုပ်က တာဝန်လစ်ဟင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။

ဒီအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်ပြီး မေလအတွင်းမှာပဲ စီရင်ချက် ချဖွယ် ရှိပါတယ်။

ပြစ်မှုထင်ရှားရင်တော့ ၀န်ကြီးချုပ်ယင်းလပ်ဟာ ရာထူးကနေ ဖယ်ရှားခံရပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ် ရှိပါတယ်။

DVB Burmese 

ယူကရိန်းတပ်နှင့်ခွဲထွက်ရေးတပ် တိုက်ပွဲ ၁၂ ဦး သေဆုံး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရ


ယူကရိန်းနိုင်ငံ ဆလာဗီယံမြို့မှာ မေ ၅ ရက်နေ့က ယူကရိန်းစစ်တပ်နဲ့ ဒေသခံ ခွဲထွက်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး ယူကရိန်း စစ်ဘက်ရဟတ်ယာဉ် ၁ စီး ပစ်ချခံခဲ့ရပါတယ်။

ဆလာဗီယံမြို့ တိုက်ပွဲတွေအတွင်း သေဆုံး သူတွေထဲမှာ ယူကရိန်းစစ်သား ၄ ဦး ပါဝင်ပြီး နောက်ထပ် အယောက် ၃၀ လည်း ဒဏ်ရာတွေရရှိခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။

မေ ၅ ရက်နေ့ မနက်က ဆလာဗီယံမြို့ထဲ ၀င်ဖို့ကြိုးစားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ချုံခို တိုက်ခိုက်ခံရလို့ အခုလို သေဆုံးရတာလို့ သတင်းတွေက ဆိုပါတယ်။

ယူကရိန်းအစိုးရကတော့ တပ်ဖွဲ့ဝင် ၈၀၀ ရှိတဲ့ ယူကရိန်းခွဲထွက်ရေးတွေနဲ့ အကြမ်းဖက် စစ်ဆင်ရေး လုပ်နေပြီး နှစ်ဖက်စလုံး ထိခိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

မေ ၅ ရက်နေ့က ယူကရိန်းစစ်ဘက် အမ်အိုင် ၂၄ ရဟတ်ယာဉ် ၁ စီး ဆလာဗီယံမြို့အနီးမှာ ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်က ပြောဆိုပြီး လေယာဉ်မှူးတွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မေ ၅ ရက်နေ့က ပစ်ချခံခဲ့ရတဲ့ စစ်ဘက်ရဟတ်ယာဉ်ဟာ ယူကရိန်း အရှေ့ပိုင်းစစ်ဆင်ရေးတွေ စတင်ပြီး ၃ စီး မြောက် ပစ်ချခံရတာလည်း ဖြစ်ပါတယ်။

ဆလာဗီယံမြို့ဟာ လူဦးရေ ၁ သိန်း ၂ သောင်းခွဲရှိတဲ့ ယူကရိန်းနိုင်ငံက ခွဲထွက်ရေး တောင်းဆိုနေကြတဲ့ ယူကရိန်းအရှေ့ပိုင်းက အဓိကမြို့တမြို့ ဖြစ်ပါတယ်။

ယူကရိန်းတောင်ပိုင်းက ပင်လယ်နက်ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ အိုဒစ်ဆာမြို့မှာလည်း မေ ၅ ရက်နေ့က အစိုးရနဲ့ ခွဲထွက်ရေးတွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က တိုက်ပွဲတွေအတွင်း လူ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တာကြောင့် ယူကရိန်းအရေးအခင်း စဖြစ်ပြီးနောက်ပိုင်း အိုဒစ်ဆာမြို့မှာ လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ခွဲထွက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က အိုဒစ်ဆာမြို့ရဲစခန်းကို သိမ်းပိုက်ပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တဲ့အပြင် တင်းမာမှုတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ အစိုးရဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေကို ရုရှားလိုလားသူ ခွဲထွက်ရေးတွေ သိမ်းပိုက်ခဲ့ကြပါတယ်။

DVB Burmese 

နောက်ဆက်တွဲ ငလျင်များ သတိထားရန် ပညာရှင်များ သတိပေး


ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် မေလ ၅ ရက်ညနေက အင်အားရစ်ခ်ျတာစကေး ၆ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ကနဦးသတင်းများအရ မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ မရှိသော်လည်း နောက်ဆက်တွဲငလျင်များကို သတိထားရန် ဘူမိဗေဒ ပညာရှင်များနှင့် မိုးလေ ၀သပညာရှင်များက သတိပေးပြောကြားသည်။

အဆိုပါငလျင် လှုပ်ခတ်သည်ကို  ရန်ကုန်မြို့အပါအ၀င် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူး၊ ကရင် စသော  နိုင်ငံဧရိယာအများစုငလျင်အဖျားခတ်မှုကြောင့် ငလျင်လှုပ်သည်ကို မေ ၅ ရက် ညနေတွင် သိရှိခံစားခဲ့ရသည်။

အမေရိကန် ဘူမိဗေဒလေ့လာတိုင်းတာရေးဌာန(US Geo−logical Survey) ၏ ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ်မှ မိုင် ၃၀ ခန့်အကွာ ချင်းရိုင်ခရိုင်အတွင်း ရစ်ခ်ျတာစကေး ၆ အဆင့် အင်အားပြင်းငလျင်သည် မြေအောက်အနက် ၄ ဒသမ ၆ မိုင်မှ လှုပ်ခတ်ခဲ့ရာ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နောက်ဆက်တွဲ ငလျင်များကို သတိထားရန်လိုအပ်သည်ဟု ဖော်ပြခဲ့သည်။

‘‘ငလျင်ရဲ့ သဘောက နောက်ဆက်တွဲနည်းနည်းတော့ ရှိကြတယ်။ အခုက မြန်မာနဲ့နည်းနည်းတော့ဝေးတယ်။ ဒါပေမဲ့ဒီဟာက ငလျင်အကြီးကြီးတစ်ခုရဲ့ ရှေ့ပြေးနိမိတ်လားဆိုတာကိုလည်း မပြောနိုင်ဘူး။ ဘာပဲပြောပြော မြန်မာက ငလျင်ကြောတွေပေါ်မှာချည်းပဲ မြို့တွေကရှိနေတော့ ကြိုတင်သတိတော့ထားရမယ်’’ဟု ငလျင်နှင့် ပတ်သက်၍ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကပြောသည်။

‘‘ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာ နေတဲ့ ပြည်သူတွေအနေနဲ့ နောက်ဆက်တွဲငလျင်တွေကို သတိထားဖို့လိုတယ်’’ဟု ယခုလှုပ်ခတ်ခဲ့သော ငလျင်နှင့် စပ်လျဉ်း၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

‘‘ညနေ ငါးနာရီသုံးဆယ့်ငါးမိနစ်မှာ လှုပ်တာ၊ ဆိုးဆိုးရွားရွားကြီး ပျက်စီးတာတော့ မရှိသေးဘူး။ ဟိုတစ်ခါ တာလေငလျင်ထက်စာရင် အများကြီး သက်သာတယ်။ ဘာမှ ဖြစ်တာမတွေ့သေးဘူး’’ ဟု ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ ပဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးကပြောသည်။

မေလ၅ ရက်ညနေ ငါးနာရီခွဲခန့်အချိန်၌ပင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်းအတွင်းရှိ မြို့ နယ်များ၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် မြေငလျင်လှုပ်သည်ကို သိရှိခံစားရပြီး၊ ပြည်တွင်း၌လှုပ်သော ငလျင်ဟု ထင်ခဲ့ကြကာ စိုးရိမ်ခဲ့ကြသည်။ ငလျင်လှုပ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ငလျင်နှင့်ပတ်သက်သော ပျံ့နှံ့သွားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်မှ ကိုမင်းသူက ‘‘ဒီဘက်မှာက ခါခါတက်ပြီး လူးသွားတယ်။ နည်းနည်းတော့ ကြမ်းတယ်။ အပျက်အစီးတော့ မတွေ့ရသေးဘူး’’ ဟု ပြောသည်။

ပဲခူးတိုင်း တောင်ငူမြို့နယ်မှ ကိုဝေဖြိုးကလည်း ညနေ ငါးနာရီခွဲခန့်က ငလျင်လှုပ်ခတ်ခဲ့ကြောင်း အပျက်အစီးမရှိကြောင်း ပြောကြားသည်။

နိုင်ငံပိုင် ရုပ်သံမီဒီယာများက မန္တလေး မြေငလျင်စခန်း၏ အရှေ့ဘက် ၂၀၉ မိုင်အကွာ မြန်မာနိုင်ငံ ပြင်ပနေရာကို ဗဟိုပြု၍ ရစ်ချတ်တာစကေး ၅ ဒသမ ၈ အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွား သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရာအချို့၌ လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းကပြောကြားသည်။

‘‘ကြီးကြီးကျယ်ကျယ်မဖြစ်ပေမယ့် စတိုးဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ ပစ္စည်းတွေ ပြုတ်ကျတာတွေတော့ရှိတယ်။ တာလေငလျင်မှာ ကိုယ်တွေ့ကြုံထားတော့ ငလျင်ဆိုရင် ကြောက်ကိုကြောက်တယ်’’ဟု တာချီလိတ်မြို့ခံ ကိုဖြိုးကိုက ည ၈နာရီခွဲခန့် တွင် ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင် ခရိုင်အတွင်း ယခု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အအုံ အပိုင်းအစများ ပြုတ်ကျခြင်း၊ ဘုရားစေတီအချို့ပြိုလဲခြင်း၊ အဝေးပြေးလမ်းအချို့မြေပြို၊ မြေကျွံမှုများဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတကာနှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၀၁၁ ခုနှစ်က အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာတွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်း တစ်သောင်းရှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့အပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း သပိတ်ကျင်းငလျင်ကြောင့် လူဦးရေ နှစ်ဆယ်ခန့်သေဆုံးခဲ့ရပြီး ရှစ်ဆယ်ကျော် ဒဏ်ရာရခဲ့သည်။

‘‘ရန်ကုန် ငလျင်ကြောက မလှုပ်တာ နှစ် ၈၀ ကျော်နေပြီ။ ၁၉၃၀ နောက်ပိုင်း ကြီးကြီးမားမားမရှိခဲ့ဘူး။ အဲဒီလောက်ကြီးကြီးလှုပ်မယ်ဆိုရင် အန္တရာယ်ရှိတယ်။ အသေအပျောက်များသွားမယ်’’ဟု ငလျင်များနှင့် စပ်လျဉ်း၍ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက သတိပေးပြောကြားလိုက်သည်။

7Day Daily

မပြောသင့်တာကို ပြောလို့ သရဲအခြောက်ခံရတဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ် (နှလုံးရောဂါရှိလျှင် မဖတ်ပါနှင့်)


လွန်တာလေးများရှိရင် တောင်းပန်ပါတယ်..

ကျွန်တော် ကိုယ်တွေ့ လေးရေး ပေးပါရစေဗျာ... ကျွန်တော် အခု အသက်၃၀ ရှိပါပြီ... နာမည် ကတော့ ကိုထူး လို့ ခေါ်ကြပါတယ်... ကျွန်တော် ဆေးကျောင်းသားဘ၀တုန်းက သရဲခြောက်ခံခဲ့ ရတဲ့ အကြောင်းလေး ပြောပြပါ့ မယ်.. ဆေးကျောင်းသား ဘဝက ကိုယ်တွေ့ လေးပေါ့ နော်... ကျွန်တော်တို့ ကျောင်းက သူများဆေးကျောင်းတွေလိုမဟုတ်ပါဘူး... ထူးတာက ကျောင်းဆောင်ဘေးမှာ ရင်ခွဲရုံ တည်ဆောက်ထားတာပါ... ကျွန်တော် 2nd MB စတက်တဲ့ နှစ်မှာ နာနာဘာဝ ဆိုတာကို ကိုယ်တွေ့စပြီးမြင်ဘူးခဲ့တာ ဘဝ နဲ့ ချီပြီးပြောရင်လဲ ပထမဆုံးကိုယ်တွေ့ ပါ...

ကျွန်တော်တို့  ဒုတိယနှစ် ကျောင်းသင်ခန်းစာမှာ ခန္ဓာဗေဒ ဘာသာရပ်ပါပါတယ်... လူ တစ်ကိုယ်လုံးဖွဲ့စည်းပုံ ကို ခေါင်းအစ ခြေအဆုံး စာတွေ့ ရော လက်တွေ့ပါ သင်ကြားရတာပါ... လက်တွေ့ ချိန်ဆို ကျောင်းဘေး က အလောင်းတွေ (ဖော်မလင်)စိမ်ထားတဲ့ ရင်ခွဲ ရုံ မှာ သွားပြီး တစ်လောင်းကို ၅ယောက်နှုန်းနဲ့ ဆရာတွေလဲ ခွဲစိတ်ပြပြီး သင်တဲ့ ကျွန်တော်တို့ လဲ ကိုယ်တိုင် ခွဲ ခြမ်းပြီး လူ့ ခန္ဓာဗေဒကို အကြွမ်းတဝင် ဖြစ်အောင်၊ ကြည့်ချင်တဲ့ ကလီစာ တွေဖြတ်၊ မလိုတဲ့ ကြွက်သားတွေလှီးထုတ်၊ အကြော အရိုး ပါမကျန် လေ့လာ ကြရပါတယ်... အလောင်းတွေ ခမျာလဲ အသက်မဲ့နေပေလို့ ပဲ.. အသက်သာရှင်ရင် ကျွန်တော်တို့ကို ထတောင်ရိုက်လောက်တယ်.. ဟဟ .. ကျွန်တော်တို့  လက်တွေ့ ၃ ပတ်အပြီးမှာတော့ တစ်စစီ နီးပါးဖြစ်လို့  ရောက်ခါစနဲ့မတူတော့ဘဲ တော်တော်လည်း ပုံပျက်သွားပါပြီ..

တကယ့်အဖြစ်အပျက်ကတော့ အလောင်း အသစ်ရင်ခွဲရုံ ရောက်တဲ့နေ့ နဲ့ ကျွန်တော်တို့ Pratical စတဲ့နေ့ မှာပေါ့... ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ် စာသင်ချိန်ပြီးပြီးချင်း ရင်ခွဲရုံဘက် ထွက်လာခဲ့တယ်... ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော်က စိတ်တူ ကိုယ်တူဗျ... စာသင်ချိန်သာ အိပ်ငိုက်ချင်ငိုက်တာ လက်တွေ့ဆိုလို့  ကတော့ အလောင်းတွေကို လှီးလိုက် ချွတ်လိုက် ထိုးလိုက် ဆွလိုက်နဲ့ တော်တော်တက်ကြွသဗျ... ဟဟ.. အစောဆုံးရောက်သွား တဲ့ အတွက် ကောင်းတာက လတ်လတ်ဆတ်ဆတ် အဖြစ်ဆုံး အလောင်းကို ရွေးခွင့် ရတာဗျ... ရင်ခွဲရုံလည်း ရောက်ရော အဲဒီမှာ လူနာတင်ကား တစ်စီး ရပ်ထားတာဗျ... ဟာ.. ပွပြီပေါ့ အလောင်းအသစ် လာပို့ ပြီပေါ့... ဝမ်းသာအားရနဲ့ လူနာတင်ကားဆီ သွားကြည့်ကြတာပေါ့...


စတာက အဲဒီမှာ... အလောင်းကတော့ ဖွားသီလရှင်တစ်ပါးရဲ့  အလောင်းဗျ... ကျောင်းပေါ်မှာ တစ်ပါးထဲ ပျံတော်မူ နေတာတဲ့... အပုပ်နံ့ရလို့ သွားကြည့်မှ ပျံလွန်တော်မူတာကို သိကြပြီး ခန္ဓာလှူ ထားမှန်းသိလို့  ကျောင်းကို တိုက်ရိုက်သယ်လာကြတာတဲ့...
ဟုတ်တော့ဟုတ်တယ်.. တော်တော် အနံ့  ပြင်းတယ်... လူရဲ့ အပုတ်နံ့က တစ်ခြားသတ္တဝါတွေထက် ၁၀ ဆ လောက်ကိုပြင်းတယ်... နှာခေါင်းထဲကို တန်းတိုးတာပဲ... ဖွားသီလရှင်ကြီးက နေမကောင်းလို့  ဆံမပယ်ဖြစ်တာ ကြာပြီထင်တယ်... ဆံပင်တွေက ငုတ်စိ လေးတွေ ထိုးထိုးထောင်ထောင်နဲ့ တော်တော်ရှည်နေတယ်... အဝတ်အစားကလဲ အိမ်နေရင်း... အဲလေ ကျောင်းနေရင်းဝတ်တဲ့ဟာ ထင်ပါတယ်... ယောဂီရောင်အတွင်းခံ ခပ်နွမ်းနွမ်းလုံချည်လဲ ခပ်စုတ်စုတ်လေး လွှမ်းလို့ပေါ့... ကျွန်တော်လည်း ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ ရလိုက်တဲ့အပုပ်နံ အီအီကြီးကြောင့် စိတ်ရှုပ်သလို စိတ်ပျက်သလို ဖြစ်ပြီး ပါးစပ်ကမပြောသင့်တဲ့ စကားတွေ ရုတ်တရက်ထွက်လာပြီး ဘေးက သူငယ်ချင်းကို ပြောလိုက်မိတယ်..


" ကျော်ကြီး ကြည့်ပါဦးကွာ... မယ်သီလရှင်လည်း ပြောသေးတယ်.. ဆံပင်ကလည်း ကျို့တို့ ကျဲတဲ.. အဝတ်စား ကလဲစုတ်ပြတ်သတ်နေတာပဲ... သီလရှင်ဝတ်စုံလည်း မဟုတ်... အရပ်ကလဲ ပုတက်တက်နဲ့... ဘာမှကို ကြည်ညိုစရာ မရှိဘူး... လန်ကြုတ်သီလရှင်ဘဲနေမှာပါကွာ... " ဆိုပြီး ပြောလိုက်မိတယ်...
ပြီးတော့  ဆရာတွေရောက်လာလို့  ရင်ခွဲရုံထဲဝင် ထုံးစံအတိုင်း ခွဲစရာရှိတာ ခွဲပြီး အဆောင်ပြန်လာကြတာပေါ့... ညရောက်တော့ မှ နောင်တရဖို့အကြောင်း ဖန်လာတော့တာပဲ...
ညရောက်လာတော့ ထုံးစံအတိုင်းစာကျက်ပြီးတဲ့ အချိန်မအိပ်ကြသေးဘဲ သူငယ်ချင်းကျော်ကြီးနဲ့ ထွေရာလေးပါးပြောနေလိုက်တာ တော်တော်လေးညဉ့် နက်မှ စကားစပြတ်သွားတယ်... ကျွန်တော်တို့က အဆောင်နေကျောင်းသားတွေ ဆိုတော့ သူငယ်ချင်းနဲ့က ကုတင်ချင်းကပ်ရပ်ပေါ့... ကျွန်တော်တို့နေတာက ဒုတိယထပ် အဆောင်က Hall ဆိုတော့ တစ်ခန်းမှာ ၁၀ ယောက် လောက်နေကြရတာ ... ကုတင်တွေကလည်း ကပ်လို့ပေါ့... ကုတင်တစ်လုံးပေါ်ကနေ တစ်လုံး ခုန်ကူးသွားလိုက်ရင်တောင် အခန်းအဝင်ဝကို ရောက်ပါတယ်... နောက်ပြီး ကျွန်တော့် ကုတင်ခေါင်းရင်းတည့်တည့်မှာ မှန်ပြတင်းပေါက်ရှိတယ်... ညဆို လေ အရမ်းဝင်လို့  ပိတ်ထားတတ်ပါတယ်...

အဲဒီညမှာပဲ အခန်းမီးတွေ ပိတ် အိပ်တဲ့လူကလည်း အိပ်နေပါပြီ... ကျွန်တော်လည်း ချက်ချင်းအိပ်လို့  မပျော်သေးတော့ လက်ကလေး ရင်ဘတ်ပေါ်တင် အတွေးနယ်ချဲ့ နေမိတာ ဘယ်အချိန်ထိကြာသွားလည်း မသိပါဘူး.. ခြင်ထောင် အပြင်က အမှောင်ရိပ်ထဲမှာ ကုံးကုံးကွကွနဲ့ မဲမဲ သဏ္ဍန် တစ်ခု.... အသက်ရှူသံလို တရှုးရှူးအသံပြုပြီး ကျွန်တော့်သူငယ်ချင်း ကျော်ကြီး ရဲ့ခြင်ထောင်ဘေးမှာတလှုတ်လှုတ်လုပ်နေပါတယ်... ခဏအကြာမှာ သူငယ်ချင်းရဲ့ခြင်ထောင်ထဲမပြီး ဝင်သွားသယောင် ဝိုးတိုးဝါးတား စိတ်ထဲမှာ ထင်လိုက်မိလို့  ရုတ်တရက်သူငယ်ချင်းအတွက်စိတ်ပူသွားပြီး ခေါင်းအုံးအောက်က ဓါတ်မီးကို ဖြေးဖြေးလေးဆွဲလိုက်တယ်... ကိုယ်တိုင်ကလဲ တော်တော် လေးလန့်သွားပြီး ချွေးစေးတွေတောင် ထွက်နေတယ်... လှုပ်ရှားမှုကလည်း တကယ့်ကို နှေးနှေးလေးပါ...

လက်က ခေါင်းအုန်းအောက်ရောက်ဖို့ကို တော်တော်ကြာနေတယ်လို့ ခံစားရတယ်... ဓါတ်မီးကိုလည်း စမ်းမိရော အရမ်းအားတက်သွားပြီး ခလုတ်လေးကို အသာလေးဖိပြီး ဖွင့်... ပွင့်လည်း ပွင့်ရော... ရုတ်တရက် ဗြူံးဆို.. ကျွန်တော့် ခြင်ထောင်ထဲ က ချက်ခြင်းပြီး စောစောက မဲမဲသဏ္ဍန်ကြီး ဝင်သွားတဲ့နေရာလောက်ကနေ သူငယ်ချင်း ခြင်ထောင်ကို ဆတ်ခနဲ မပြီး မီးထိုး ကြည့်တော့ သကောင့်သားမောင်ကျော်ကြီးက စောင်ကြီးခေါင်းမြီးခြုံလို့  တုပ်တုပ်မှ မလှုပ် အိပ်နေလိုက်တာ.. ကျွန်တော်လည်း သက်ပြင်းချ.ပြီး တခြားလူတွေနိုးသွားမှာစိုးလို့ လေသံလေးနဲ့ ..
" ဟေ့ကောင်.. ဟေ့ကောင်... " ဆိုပြီး ခေါ်လည်းခေါ် ... စောင်လည်း ဆွဲချလိုက်တော့မှ.. ကိုယ့်ဆရာက မအိပ်သေးဘူးဗျ... တစ်ခါမှ မစိတ်တဲ့ သူ့ခေါင်းရင်းက လူရှိန်ပုတီးကြီး လည်ပင်းမှာစွပ်လို့  ကျွန်တော့်ကိုလည်း ပုတ်ခပ်ပုတ်ခပ်မျက်လုံးအစုံ နဲ့ ကြည့်နေတာ များ ရီတောင်ရီချင်စရာ.. ရုပ်ကိုက.. ကျွန်တော် အခုပြန်တွေးကြည့်ရင် ပြန်မြင်ယောင်ပြီး အခုရယ်ချင်စိတ်ပေါက်တယ်... ကျွန်တော်လဲ လေသံနဲ့...


" စောစော က မင်းကုတင်ထဲ မည်းမည်းအရိပ်ကြီး ဝင်သွားလို့ငါ စိတ်ပူလို့ ကွ " လို့ လဲပြောရော.. မောင်ကျော်ကြီး က ငေါက်ကနဲ ထပြီး တခစ်ခစ်နဲ့ အသံအုပ်ပြီး ရယ်ပါလေရော... ဒါနဲ့ကျွန်တော်လည်း ဒီကောင်အပများမှီနေသလား... ငါပြောတာ ဘာရယ်စရာပါလို့လဲ ဆိုပြီး တွေးလဲတွေး ကြောက်လဲကြောက်ပေါ့.. နောက် လေသံအုပ်ပြီးမေးတော့မှ..
".. စောစောက အပြင်မှာ မင်းတွေ့တာက ငါကွ.. ငါဘာလို့  အပြင်ထွက်ပြီး တရှုးရှူးလုပ်ရသလဲ ဆိုတော့ အပုပ်နံရလို့  ကုတင်ပတ်ပြီး ရှာရင်းရှုကြည့်နေတာတဲ့... ပြီးမှ အနံ့ က မင်းကုတင်ဘက်ကမှန်းလဲသိရော ငါလည်း လန့်ပြီး စောင်ခေါင်းမြီးခြုံ ပုတီး လည်မှာ ပတ်ပြီး ဘုရားစာရွတ်ပြီး ကြိုးစားပြီးအိပ်ဖို့  လုပ်နေတာ... " တဲ့..


ကျွန်တော်လည်း... " အဲဒီအပုပ်နံ့ .. ငါ့ကုတင်ဘက်က ရတာနဲ့ပဲ အရမ်းကြောက်ရရောလား.. " ဆိုပြီး မေးပြန်တော့မှ ကျော်ကြီး က သူတွေ့လိုက်တဲ့ အကြောင်းအရာကို စ ဆုံး ပြော ပြတာ...
" ညက ဒို့ နှစ်ယောက် ပေါက်ကရပြောပြီး အိပ်ရာ ဝင်တော့ ချက်ခြင်းအိပ်မပျော်သေးတာနဲ့ ဟိုလှိမ့် ဒီလှိမ့် လုပ်နေတုန်း အခန်းဝ တစ်ယောက်ယောက် ဝင်လာသလို စိတ်ထင်မိလို့  မျက်စိ တဝက်လောက် ဖွင့် ကြည့်လိုက်တော့  လူမှလူရိပ်စစ်စစ် .. ဒါပေမယ့် ဝင်လာတဲပုံက လမ်းလျှောက်သလို မဟုတ်ဘဲ ဘုတ်စကိတ် ပေါ် လူတက်စီးလာသလို တောင့်တောင့်ကြီး ရွေ့ လာတာကွ... ထူးခြားတာက အဲဒီအရိပ်က တော်တော်ပုပု သေးသေးလေး... ခန့် မှန်း ငါတို့ ရင်ခေါင်းလောက်ဘဲရှိမယ်ကွ... ပြီးတော့ မင်းနဲ့ငါ့ ခြေရင်းလောက်လဲရောက်ရော ရုတ်တရက်ရပ်နေပြီး ငါ မျက်တောင်တစ်ခါလေး ခတ်မိပါတယ် ပျောက်သွားရော... ငါလည်း ကြောက်တာမှ အသက်တောင်မရှုမိဘူးထင်တာပဲ... ပြီးလဲပြီးရော အပုပ်နံကြီးရလာတာပဲကွာ... နေ့လည်က ရတဲ့အနံ့လိုမျိုးကြီး ရလာလို့ ငါ့ စိတ်ပုတီးကို လည်ပင်းကောက်စွပ် အရိပ်ကြီးက တို့ခြေရင်းမှာ ပျောက်သွားတာဆိုတော့ ငါလဲတုန်နေတဲ့ ဒူးနှစ်ဖက်ကို အနိုင်နိုင်ထိန်းပြီး ခြင်ထောင်ထဲက ကြိုးစားထွက်... ဘေးပတ်လည်ကို လေ့လာ ကြည့်တာနေတာကွ... ဒါနဲ့ မင်းကုတင်ဘက်ဆီ က အပုပ်နံ့ စူးခနဲ တစ်ခါလဲထပ်ရရော ငါလည်း ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ ခြင်ထောင်ထဲ ပြန်ဝင်ပြီး အခုလို ကွေးနေတာ မင်းရောက်လာတဲ့အထိပဲကွ... " ဟု ရှည်လျှားစွာရှင်းပြပြီး ကျွန်တော် နာရီကြည့်လိုက်မိတော့ နံနက် ၃ နာရီ ရှိလေပြီ။


ကျွန်တော်လည်း သူငယ်ချင်းပြောပြသမျှကို ယုံရခက် မယုံရခက် တွေဝေနေပြီး ကိုယ့်ခုတင်ကိုယ်ကြောက်ကြောက်နဲ့ ပြန်အိပ်ရတာပေါ့.. မှေးခနဲ အိပ်ပျော်မယ်ကြံတုန်း ကျွန်တော်သတိထားမိလိုက်တာ ကျွန်တော့်ခေါင်းအုံး အလွန်အမင်း ပျော့ပြောင်းနေခြင်းပါ.. ကျွန်တော်လဲ မသင်္ကာံတာနဲ့ ခေါင်းအုံးအစွန်ဘက်ကို ခေါင်းရွေ့ကြည့်ပေမယ့် ခေါင်းအုံးက မဆုံးနိုင်ဘဲ ခုတင်အစွန်းကို လူသာ ရောက်သွားတယ် ခေါင်းအုံးက အဆုံးဆိုတာမရှိဘူး.. ဒါနဲ့ ဒီဘက်ပြန်လှိမ့်ကြည့်တော့လဲ မဆုံး... သိလိုက်ပါပြီ ... ငါ့ခြင်ထောင်ထဲ ငါမရှိတုန်း ဟိုပုကွကွ အရိပ်ဆိုတာကြီး ဝင်နေပြီဆိုတာကိုပေါ့... ပထမဆုံး သိလိုက်ပြီဆိုတာနဲ့ သတိရမိတာက ထွက်ပြေးဖို့ပေါ့... အားကုန်ထလိုက်တယ်...

ဒါပေမယ့် ခေါင်းက ခေါင်းအုံးနဲ့မခွာနိုင်ဘူး... တစ်ကိုယ်လုံး လှုပ်နိုင်တယ်.. ခေါင်းလုံးဝ မထောင်နိုင်ဘူး ကပ်နေတယ်... နောက်တော့အော်ဖို့ သတိရလာတယ်... ပါးစပ်ဟပြီး ကျော်ကြီးရေ လုပ်ပါဦးဟ လို့  ရင်ခေါင်းသံနဲ့ အသားကုန်အော်ပေမယ့် လည်ခေါင်းကြီးက ပျော့စိစိဖြစ်ပြီးတော့ တစ်ခုခုက ဆုတ်ညှစ်ထားသယောင်ပေါ့... နောက်မှ ဘုရားစာ ရွတ်ဖို့  သတိဝင်လာတာ.. အဲဒီအချိန်မှာ စရွတ်ဖို့စဉ်းစားတာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပေါ့... ဒါပေမယ့် အစကို မေ့နေပြန်ရော.. စိတ်ထဲမှာရွတ်နေပြီ.. ပါးစပ်ကြီးက အစ ရှာမရတာ... ဘယ်လိုကြီးလဲ မသိပါဘူးဗျာ.. ခံစားချက်က စိတ်နဲ့ လူမကပ် သလိုလို... ကိုယ်ကိုကိုလဲ အားမရ ဒေါသထွက်လာတယ်.. စိတ်ထဲမှာဖြစ်ပြီး အသံမထွက်တဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းလာတယ်.. အဲဒီခံစားချက်ကြီးက စက္ကန့်ပိုင်းအတွင်းအမျိုးမျိုး ဖြစ်နေတာနော်...

 နောက်ထပ်အတွေးက အမေ အဖေ ဆိုပြီး အော်ဖို့  ကြိုးစားမိပြန်ရော.. လုံးဝ အသံ မထွက်ဘူးဗျာ.. ထွက်လာတာက မျက်ရည်တွေနဲ့ လက်မဝက်လောက်ရှိမယ့် ကြက်သီးလုံးကြီးတွေ တစ်ကိုယ်လုံးပဲ.. နောက်ဆုံး ခြေကုန်လက်ပန်းကျလုလုဖြစ်တော့မှ ရုတ်တရက် ပါးစပ်က ထွက်လာတဲ့ စကားလုံးက ကျွန်တော့်ကိုကယ်လိုက်တာ.. ကျွန်တော် အကျယ်ကြီး အော်မိတာက (မြတ်စွာဘုရား ကယ်တော်မူပါ)...တဲ့ ... ဘယ်လောက်တောင်အံသြဖို့ကောင်းသလဲဆို လူက ငေါက်ခနဲ ထိုင်နိုင်သွားတယ်ဗျာ... တစ်ယောက်ထဲ ကြောက်လည်းကြောက် မျက်ရည်တွေလည်းကျမိလို့  ရှက်လဲရှက် ဒေါသကလဲထွက် နဲ့ ပြဿနာဒီလောက်ရှာတဲ့ ခေါင်းအုန်းတွေ့ရောပေါ့ကွာ ဆိုပြီး ခေါင်းရင်းတံခါးမှန်ကို ဖွင့် ခေါင်းအုံးကို မ ပြီး ကော်ရစ်တာကို လွှင့်ပြစ်လိုက်တာ ဖုတ်ဆိုတဲ့ အသံနဲ့ ခေါင်းအုံးက ကော်ရစ်တာကြမ်းပြင်မှာ လိမ့်ခနဲ လျောကျသွားတယ်... ပထမတစ်လိမ့်က ခေါင်းအုံး ပုံ...ဒုတိယတစ်လိမ့်မှာတော့ ကော်ရစ်တာမီးရောင်ဖျော့ဖျော့ အောက်မှာ မြင်လိုက်ရတာကတော့
 ယောဂီရောင် အောက်ခံအကျီကြီးဖြစ်နေတယ်ဗျ... ကျွန်တော်လဲ တံခါးအမြန်ပြန်ပိတ်.. အခန်းထဲရှိရှိသမျှ မီးချောင်းတွေ အကုန်လိုက်ဖွင့်ပြီး ကုတင်ပေါ်မှာထိုင်ပြီးရသမျှတွေ ရွတ်ဖတ်နေလိုက်တာ အခန်းဖော်တွေနိုးလာတဲ့ မနက်ဝေလီဝေလင်းထိပေါ့...

မနက် ၆ နာရီလောက်ရောက်တော့မှ လူတွေနိုးထ လှုပ်ရှားတာ သေချာမှ ကော်ရစ်တာကို အရဲစွန့်ပြီး ညက လွှင့်ပြစ်လိုက်တဲ့ ခေါင်းအုံးကို သွားပြန်ကြည့်တော့ရဲတော့တယ်.... ထူးဆန်းတာနောက်တစ်ခု တွေ့ ပြန်ပါရော... ခေါင်းအုံးဆီကနေ မနေ့ က ကျွန်တော်ရခဲ့ တဲ့ ပုပ်အက်အက် အနံကြီး ထောင်းထောင်းထနေလိုက်တာဗျာ... မနက်စောစောစီးစီး စိတ်ထဲမှာတောင် နဲနဲအော်ကလီဆန်သွားသလိုပဲ.. ဒါပေမယ့် ထူးခြားတာက ကျွန်တော်ကလွဲရင်ဘယ်သူမှ ဒီအနံ့ကို မရကြတာပဲ...နောက်တစ်ခုက ခွဲစိတ်တဲ့နေရာမှာထားတဲ့ ဖွားသီလရှင်အလောင်းမှာလည်း အပေါ်ကလွှမ်းထားတဲ့ ယောဂီရောင် အကျီကလည်း အောက်ကိုလွင့်ကျနေတယ်.. တိုတို ပြောရရင် ဒီခေါင်းအုန်းကို ကျော်ကြီး အကူအညီနဲ့ပဲ ဖွားသီလရှင် အလောင်းရဲ့  ခေါင်းအောက်ပြန်ထည့်ပြီး လှူဒါန်းပါတယ်...

စော်ကား မိတဲ့အတွက်လဲခွင့်လွှတ်ပါလို့ ပြောပြီးကြောက်ကြောက်နဲ့ ခေါင်းကိုအသာမ ခေါင်းအုံးကိုထိုးထည့် ပါးစပ်ကလည်း တောင်းပန် ဇောချွေးလဲနှစ်ယောက်သား ပြန်နေကြပေမယ့် အသက်မဲ့ ဖွားသီလ ခန္ဓာကိုယ်ကြီးကတော့ အေးစက်တောင့်တင်းငြိမ်သက်ပြီး ညက သူမဟုတ်သလိုနဲ့ နောက်လာမယ့် PRATICAL group တွေအတွက်အသင့်အနေထားပေါ့ဗျာ....

By Htoo Myat

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ကွန်ကရစ်တုံးချသူများကို အရေးယူ


မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ခရီးသွားယာဉ် အန္တရာယ်ဖြစ်စေနိုင်သည့် ကွန်ကရစ်တုံးချထားသူများကို ဖမ်းဆီး စစ်ဆေးပြီး အရေးယူနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ယခုနှစ်အတွင်း အမြန်လမ်းပေါ်တွင် ကွန်ကရစ်တုံးချခြင်းကဲ့သို့  ခရီးသည်များယာဉ်အန္တရာယ်ဖြစ် စေရန် လုပ်ဆောင်မှု ၁၁ မှုကို အရေးယူခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးရုံးမှ ရဲမှူးကြီးနေ၀င်းကပြောသည်။

‘‘အမြန်လမ်းပေါ်မှာ ခရီးသွားတွေ ယာဉ်အန္တရာယ်ဖြစ်အောင်လုပ်တဲ့ တရားခံအားလုံးကို ထိထိရောက်ရောက်ဟန့်တားတဲ့ အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်’’ဟု ရဲမှူးကြီးနေ၀င်းကပြောသည်။

ဧပြီ ၂၉ ရက်တွင် အမြန်လမ်းမကြီးဘေးရှိ ကွန်ကရစ်တုံးများကို ဖျက်ဆီး၍ ခရီးသွားများအန္တရာယ်ဖြစ်စေရန် ကားလမ်းပေါ်ချထားသည့် အမျိုးသားတစ်ဦးကို ရေတာရှည်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်အရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ညနေပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၃ /၆ နှင့် ၁၈၃/၇)ကြားတွင် လူတစ်ဦးက ကွန်ကရစ်တုံးများ ကန့်လန့်ချနေကြောင်း သတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ နတ်မောက်မြို့နယ် ပေါကံ္ကရွာနေ အသက်(၃၀) အရွယ်အမျိုးသားတစ်ဦး အရက်သေစာများ သောက်စားမူးယစ်ပြီး လမ်းဘေးရှိ ကွန်ကရစ်တုံးများကို ဖျက်ဆီးကာ လမ်းတွင်ကန့်လန့်အနေထားချနေသည်ကို တွေ့ရှိခဲ့သဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

အဆိုပါအမျိုးသားအား ရေတာရှည်မြို့နယ် တရားရုံးက ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေပုဒ်မအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်၊ အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်သုံးလပြစ်မှုနှစ်ရပ်ပေါင်းကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဧပြီလကပင် ဖြူးမြို့နယ်အတွင်း အမြန်လမ်းပေါ်တွင် အမျိုးသားနှစ်ဦး ကွန်ကရစ်တုံးချထားမှုဖြစ်ခဲ့၍ ၎င်းတို့ကိုလည်း အရေးယူဆောင်ရွက်မည်ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

7day daily

အမျိုးစောင့်ဥပဒေကို အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ခန့် အပြင်းအထန် ကန့်ကွက်


နိုင်ငံတော်သမ္မတရဲ့  အမျိုးစောင့်ဥပဒေရေးဆွဲရေး ကြိုးပမ်းချက်ဟာ အမျိုးသမီးတွေ အပေါ်မှာ ကန့်သတ်ချုပ်ချယ်တဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်တဲ့အတွက်   အမျိုးသမီးအဖွဲ့အစည်းတွေနဲ့  အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ လောက်က  အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက  ရဟန်းရှင်လူနဲ့ ပြည်သူတို့ရဲ့  တောင်းဆိုချက်အရဆိုပြီး သမ္မတ ဦးသိန်းစိန်က  အမျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီကို  ပြီးခဲ့တဲ့မတ်လက  ဖွဲ့စည်းကာ အမျိုးစောင့်ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီလို သမ္မတရဲ့ အမျိုးစောင့်ဥပဒေရေးဆွဲရေးကြိုးပမ်းမှုနဲ့ ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်မှုကို မြန်မာနိုင်ငံတ၀န်းက  အမျိုးသမီးအရေး၊ တိုင်းရင်းသားအရေး၊ ကျောင်းသားလူငယ်အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက် အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့က  ပူးပေါင်းပြီး အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာလိုက်တာ လိုက်ပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားသူ  ဒေါ်မေစပယ်ဖြူကတော့ အမျိုးစောင့်ဥဒေဟာ  အမျိုးသမီးတွေ အပေါ် ကန့်သန့်ချုပ်ချယ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့  ပြောပါတယ်။

“အမျိုးစောင့်ဥပဒေ ရေးဆွဲဖို့ စပြင်ဆင်လာတဲ့အချိန်တုန်းက ထွက်လာတဲ့ အချက်တွေကို ကြည့်ရင် အမျိုးသမီးတွေကို အမျိုးသားတွေထက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာ နိမ့်ကျပြီး အမျိုးသမီးတွေဟာ တစုံတယောက်ရဲ့ အကာကွယ်ပေးမှုကို လိုအပ်တဲ့ လူသားတွေအဖြစ် ပုံဖော်ထားတာ တွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုပဲဖြစ်ဖြစ်၊ လက်ထပ်ထိမ်းမြားမှုပဲဖြစ်ဖြစ်၊ သားသမီး ဘယ်နှဦး ယူမယ်မယူဘူးကပဲဖြစ်ဖြစ် အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေဟာ အမျိုးသမီးတွေကိုယ်တိုင်က ဆုံးဖြတ်ခွင့် ရရမှာဖြစ်ပါတယ်။ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ရွေးချယ်ခွင့်ကို တားဆီးပိတ်ပင်ရာရောက်တယ်လို့ ကျမတို့ ထင်မြင်ယူဆတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်တယ်။ ”

သူတို့ရဲ့ ထုတ်ပြန်ချက်မှာလည်း  မျိုးစောင့်ဥပေဒရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့   အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လှုံ့ဆော်မှုတွေဟာ အစွန်းရောက် အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးကာကွယ်ရေးနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးနဲ့  လုံးဝကိုက်ညီမှု မရှိဘူးလို့လည်း ထောက်ပြထားပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး  ဦးအောင်မျိုးမင်းကလည်း ဒီ အမျိုးစောင့်ဥပဒေဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနိုင်မယ့် ဥပဒေ တွေ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

“လူတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ အဲဒီနေရာမှာ ဘာသာတရပ်ကို ပြောင်းလဲဖို့အတွက် အထူးသဖြင့် ဗုဒ္ဓဘာသာအမျိုးသမီး ယူမယ်ဆိုရင် ဘာသာကူးပြောင်းပြီးမှ ယူရမယ်ဆိုတဲ့အချက်က အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ထိခိုက်တာရှိတယ်။ ဒီလို လုပ်ဆောင်ခြင်းက အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်တယ်ဆိုတာထက် လွန်ကဲပြီး တခြားသူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်တယ်ဆိုတဲ့ အချက်ကို ကျနော်ပြောလိုပါတယ်။”

ဒါ့အပြင် ခုလို အချိန်မှာ အမျိုးစောင့်ဥပဒေရေးဆွဲတာဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို အာရုံလွှဲမှု ဖြစ်တဲ့အကြောင်း၊  ပြည်သူအများစု လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှု အရှိန်နှောင့်နှေးစေတယ်လို့လည်း ဆိုပါတယ်။

အစိုးရအနေနဲ့ မျိုးစောင့်ဥပဒေ ရေးဆွဲရေးထက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တမျိုးသားလုံးအတွက် အရေးပေါ်ဦးစားပေးကိစ္စအဖြစ် အားစိုက်လုပ်ဆောင်သင့် တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်း တိုက်တွန်းထားပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီဥပဒေ ရေးဆွဲတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင်ကို မထိခိုက်စေဘဲ ရေးဆွဲဖို့ သမ္မတက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

    “သမ္မတကြီးရဲ့ ညွှန်ကြားချက်ထဲမှာ ပါပြီးသားပါ။ အဓိကကတော့ လက်ထပ်ထိမ်းမြားတဲ့အခါမှာ ဘယ်ဘာသာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့အခွင့်အရေး ကာကွယ်နိုင်ဖို့၊ နောက်တခါ အခြေခံဥပဒေက ပေးထားတဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ ရွေးချယ်ခွင့်တို့ဆိုတဲ့ အခွင့်အရေးတွေကို မထိခိုင်စေဘဲနဲ့ မိမိရဲ့အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် ရေးဆွဲခိုင်းတာဖြစ်တဲ့အတွက် သူတို့ပြောတာမှားပါတယ်။ သူတို့စိုးရိမ်ပူပန်မှုတွေ ရှိတယ်ဆိုရင်လည်း စိုးရိမ်တဲ့ အချက်အလက်တွေကို ဥပဒေကြမ်းရေးဆွဲနေတဲ့ ကော်မတီကိုပို့ရင် ဥပဒေကြမ်းရေးဆွဲရေးကော်မတီက ထည့်သွင်းစဉ်းစားမှာပေါ့။”

အမျိုးစောင့်ဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့ ကြိုးပမ်းချက်တွေဟာ  မိတ္ထီလာနဲ့ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခအပြီးမှာ   ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေမှာ  လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေကြမ်း၊ ဘာသာရေးကူးပြောင်းခွင့်နဲ့ လူဦးရေတိုးပွားရေး ဥပဒေကြမ်းတို့ ပါဝင်ပြီး သမ္မတက အမျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီကို မတ် ၇ ရက်ကဖွဲ့စည်း တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

အိမ်ထောင်ပြုဖို့ ကျွန်တော့်ခေါင်းထဲ ရောက်နေပြီ ဆိုတဲ့ နေတိုး




နေတိုးက ပြင်ဦးလွင်မှာ ဗီဒီယို ၅ ကားရိုက်ဖို့ ရောက်နေပါတယ်။ နေတိုး ကတော့ အခုအခါမှာ ခေတ်နဲ့လျော်ညီ နဲ့ဇာတ်တွေကိုပဲ ရိုက်ဖြစ်တယ် လို့ ပြောပြီး သူ့ရဲ့ ရိုက်ကူးမှု နဲ့ပတ်သက်ပြီး

“၂ဝ၁၄ နဲ့ လိုက်ဖက်မယ့် ဇာတ်ပုံစံ တွေပဲရိုက်ဖြစ်တယ်။ အချစ်ကား ဆို ခေတ်နဲ့ညီတဲ့ အချစ်ကား၊ ဟာသ ကားဆို လည်း ခေတ် နဲ့အံဝင်မယ့် ဟာသ ကားတွေ ရိုက်တယ်။ ဟာသ ဆိုရင်လည်း ရယ်ရပြီးရော မရိုက်ဘူး။ ရယ်စရာ လည်း ပါမယ်၊ အသိပညာပေးမယ့် စကား လုံးတွေ၊ ဘဝအတွက် ခွန်အား ဖြစ်စေ မယ့် စာသားတွေ ကို ဇာတ်ကားတွေ ထဲမှာ ၂ဝ ရာခိုင်နှုန်း ကနေ ၅ဝ ရာခိုင်နှုန်း လောက် အထိ ထည့်ပြီး ရေးတာမျိုး ကိုသဘောကျ တယ်”လို့ဆိုပါတယ်။

နေတိုးက အခုအခါမှာ ဒါရိုက်တာရော၊ မင်းသမီးရော သူတို့အတွက် လိုအပ်နေ တာမို့ ဒါရိုက်တာ အသစ်တွေ နဲ့တွဲရိုက်ဖြစ်ကြောင်း ၊လူငယ် ဒါရိုက်တာ တွေ မို့ ခေတ်နဲ့ ညီတဲ့ အမြင်ရှိတာမို့ သူ့အနေနဲ့ သူတို့ရဲ့ အရည် အချင်းတွေ ထုတ်ပြခွင့် ရအောင် လက်တွဲပြီး ရိုက်ကူးကြတာ ဖြစ်ကြောင်းပြောပါ တယ်။ မြန်မာပြည်မှာ ထင်ရှားတဲ့ လူတွေရဲ့ အတ္ထုပ္ပတ္တိ ကိုကော နေတိုး မရိုက်ချ င်ဘူးလား မေးတော့ “ရိုက်ချင် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုပ်ရှင်လောကမှာ လိုအပ်ချက် တွေများစွာ ရှိပါသေးတယ်။ အခု ရိုက်နေကြ တာက ပြည်တွင်း အတွက်ပဲ လုံးပန်းနေကြတာပါ။ ပြင်ဆင်မှု နဲ့ ရိုက်ကူးမှု ပုံစံက နိုင်ငံတကာ အဆင့် မမီသေးဘူး။ နည်းပညာ အားနည်းနေသေး တယ်။ အတ္ထုပ္ပတ္တိ ရိုက်တယ် ဆိုတာက သေချာ အသေးစိတ် အတိ အကျပြင်ဆင် ရိုက်မှပါ။ လွဲလို့လည်း မရဘူး။ နောက်ပိုင်း ၁နှစ်၊ ၂နှစ် အတွင်း တိုး တက်ပြောင်း လဲလာ ရင်တော့ ရိုက်ဖြစ်မှာပါ” လို့ ပြောပါတယ်။

နေတိုးက ရုပ်ရှင် စတူဒီယို တစ်ခုကိုလည်း ဆောက်လုပ်ဖို့ အတွက် စီစဉ်နေ ပြီး နိုင်ငံခြား က ပညာရှင်တွေနဲ့ ဆွေးနွေး တိုင်ပင်နေတယ် လို့ ပြောပါတယ်။ လုပ်ဖော် ကိုင်ဖက် မင်းသား၊ မင်းသမီးတွေ အိမ်ထောင်ပြု ကုန်ကြပြီ ၊နေတိုး ကော ဘယ်တော့လဲ လို့မေးတော့ “ကျွန်တော့်စိတ်ထဲမှာ အခုအခါမှာ အိမ်ထောင်ပြု ရမယ့် အရွယ် ရောက်နေပြီလို့ ၂ဝ၁၄ ထဲမှာ အသိတစ်ခု ဝင်လာတယ်။ ဟိုးတုန်းကတော့ အလုပ်ထဲ မှာပဲ အာရုံစိုက် ထားခဲ့တာ။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ အိမ် ထောင်ပြုမလဲ ပဲ မသိသေးတာ။ အိမ်ထောင်ပြုဖို့ က တော့ ကျွန်တော့် ခေါင်းထဲ ရောက်နေပါပြီ” လို့ ပြောပါတယ်။

Popular Journal

အစိုးရတပ်နှင့် ကေအိုင်အေ မန်ဝိန်းကြီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်




အစိုးရတပ်နှင့် ကေအိုင် အေတို့ မန်ဝိန်းကြီးဒေသတွင် မေလ ၅ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မန်ဝိန်းကြီးဒေသဘွမ်လင်း ဒိန်ဆာကျေးရွာအနီးတွင် အစိုးရ တပ် တပ်မ(၈၈)လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းနှင့် ကေအိုင် အေတပ်မဟာ(၃)လက်အောက်ခံတပ်ရင်း(၂၇)တို့ တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေလ ၅ ရက် နံနက် ၆နာရီ ခွဲမှ ၇နာရီကျော်အထိ တစ်ကြိမ်၊ နံနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီ အထိ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ကေအိုင်အေ ထိပ်ပိုင်းအရာရှိတစ်ဦးကပြော သည်။

‘‘သူတို့ဘက်က စ၀င်လာလို့ ဖြစ်တာပါ။ အင်အားတစ်ရာ ကျော်လောက်ရှိမယ်’’ဟု အထက်ပါအရာရှိကဆိုသည်။

အဆိုပါသတင်းကို မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်သို့  ဆက် သွယ်မေးမြန်းရာ တိုက်ပွဲဖြစ်ပွား ခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

‘‘ကောင်းမှုယန်ကျေးရွာရဲ့ မြောက်ဘက်မှာဖြစ်တာ။ မနက် ၆ နာရီခွဲက ၉ နာရီခွဲအတွင်းမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်စီကြာ တဲ့ တိုက်ပွဲငယ် သုံးကြိမ်ဖြစ်ခဲ့ပါ တယ်’’ဟု မပခထိပ်တန်း အရာရှိ တစ်ဦးကဆိုသည်။

အစိုးရတပ်နှင့် ကေအိုင်အေ တို့သည် မေလ၃ ရက်က နမ့်ယား ကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားခဲ့ပြီး မေလ ၄ ရက်ကလည်းရှမ်းပြည်နယ်(မြောက်)ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်။  လတ်တလောဖြစ်ပွားခဲ့ သော တိုက်ပွဲများနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးရန် ကေအိုင်အို က အစိုးရထံ ဧပြီ ၂၉ ရက်က အကြောင်းကြားစာပို့ခဲ့သော်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ခြင်းဖြစ်သည်။

တစ်ကျော့ပြန်  ဖြစ်ပွားခဲ့ သော တိုက်ပွဲများနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ မေလ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

7Day Daily


မန္တလေးတိုင်းဒေသကြီး အတွင်း မိုးကြိုးထိမှန်၍သေဆုံးမှုများဖြစ်ပွား


နေပြည်တော် မေ ၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ကျွန်းဟိုင်းကျေးရွာတွင် မေ ၃ ရက် မွန်းလွဲ ၁ နာရီက မိုးကြိုးထိ မှန်၍ သေဆုံးသူတစ်ဦး ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ ပိတ်ချင်းမြောင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယင်းကျေးရွာနေ ဦးညာ လိန်(၆၁)နှစ်ဖြစ်ပြီး ယင်းနေ့နံနက် ၁ဝ နာရီက ရွာတောင်ဘက်နှစ်ဖာလုံ ခန့်အကွာ အာလူးခင်းတွင်ရှိနေစဉ် မိုးကြိုးထိမှန်၍ သတိလစ်သွားသောကြောင့်ဆေးရုံသို့တင်ပို့ရာ လမ်းတွင် သေဆုံးသွားကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ် အင်းပုပ်ကျေးရွာတွင် မိုးကြိုးလျှပ်စီး လက်ရာမှ လျှပ်စစ်ရှော့ဖြစ်၍ ကလေး ငယ်တစ်ဦးသေဆုံးကြောင်း သတင်း အရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ မှာ ယင်းကျေးရွာနေ မောင်ကျော်စွာ ဝင်း (၁ဝ)နှစ်ဖြစ်ပြီး ယင်းနေ့ နံနက် ၁ဝ နာရီခွဲက မိုးဖွဲများကျ၍ လျှပ်စီးလက်စဉ် နေအိမ်ဝင်းအတွင်း မြေကြီးပေါ်သို့ လဲကျသွားသောကြောင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ တင်ပို့ ရာ ဆေးရုံအရောက်တွင် သေဆုံး သွားကြောင်း သိရသည်။

(ရဲပြန်ကြား)
Myanmaalinn