အပေါ်ပိုင်း ဗလာကျင်းနဲ့ မြို့ပတ်နေတဲ့ အနုပညာရှင်တစ်ဦး





နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ ဒီမီမိုရီနဲ့ ဘရုဝီလီစ် တို့ရဲ့ အရွယ် ၂၂ နှစ်အ ရွယ်သမီးဖြစ်သူ စကော့ ၀ီလီစ် က ယခုတစ်ပတ် ကြာသာပတေးနေ့ နယူးယောက်မြို့ တော်လမ်းတစ်လျှောက်မှာ အပေါ်ပိုင်း ဗလာကျင်းပုံစံနဲ့ စိတ်အေးလက်အေးလမ်း လျှောက်ထွက်လာက လမ်းပေါ်မှာရှိတဲ့ လူတွေအားလုံးကို ဟာခနဲဖြစ်သွားလေရဲ့။

ကိုယ်တိုင်လည်း celebrityတစ်ယောက်လည်းဖြစ်တဲ့ သူမအနေနဲ့ ဒီလိုလုပ်လိုက်တာ က မြို့တော်မှာ ပြဌာန်းထားတဲ့ အမျိုးသမီးများ အဖော်အချွတ်များနဲ့ လူမြင်ကွင်းမှာ မ ထွက်ရဆိုတဲ့ ဥပဒေကို ဆန့်ကျင်ချင်တာကို လူသိရှင်ကြားဖော်ပြလိုက်တာလည်းဖြစ် ပါတယ်။ လုံးဝကို အပေါ်ပိုင်းမှာ ဗလာအကျင်း၊ အောက်ပိုင်းပန်းပွင့်ပုံရိုက်နှိပ်ထားတဲ့ ဒူးအတိစကတ်အကွဲ၊ ဖိနပ်အပါးတစ်ရံ၊ ပခုံးမှာလည်း စလင်းဘတ်အိတ် တစ်လုံးကို ခပ်တွဲတွဲလွယ်ထားကာ ယုံကြည်ချက်အပြည့်နဲ့ မြို့တော်တွင်းလမ်းမတစ်လျှောက်မှာ သွားနေတာပါ။


ပြီးတော့ သူမက ဈေးဝယ်စင်တာတစ်ခုရဲ့ ပန်းစည်းအရောင်းတန်းမှာ ပန်းတွေကို အကျအန၀ယ်ယူနေတဲ့ ပုံတွေကိုလည်း မြို့တော်ရဲ့ ဆိုရှယ်ဝဘ်ဆိုက်နဲ့လူမှုကွန်ရက် ၀က်ဘ်ဆိုက်၊တွစ်တာတို့မှာ ဖော်ပြထားပါတယ်။ ဒီလိုတင်လိုက်တဲ့ သူမရဲ့ပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ထားတာတွေလည်း အများအပြားရှိပါတယ်။

သူမရဲ့ တွစ်တာစာမျက်နှာမှာ သူမအနေနဲ့က ဒီလိုလုပ်လိုက်တာအတွက် ဘယ်လိုမှ အပြစ်မခံစားရကြောင်း၊ မြို့တော်မှာပြဌာန်းထားတဲ့ ဥပဒေကိုလည်း ဆန့်ကျင်ချင် တာရယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာမဖြစ်ဖို့က ပိုပြီးတော့ အရေး ကြီးတဲ့အတွက်ကြောင့်လို့ခံယူပြီး အခုလိုလုပ်ရတာဖြစ်ကြောင်း၊ ဝေဖန်ပြစ်တင် သူတွေရဲ့ဘယ်လိုတုန့်ပြန်ဝေဖန်မှုမျိုးကို မဆိုကြည်ဖြူစွာနဲ့လက်ခံကြောင်း၊ အမျိုးသမီး ထုလည်း သူမရဲ့လုပ်ရပ်ကို ထောက်ခံအားပေးနိုင်မှာပါဖြစ်ကြောင်း လို့ ရေးသားဖော်ပြ ထားပါတယ်...


ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Credit: ဖိုးသူတော် (www.phothutaw.com)

မြစ်ကြီးနား၌ ပြင်းအား အဆင့် ၆ နီးပါးရှိ ငလျင် လှုပ်သော်လည်း အပျက်အစီး မရှိ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၃၀ ရက် နံနက်တွင် ပြင်းအား ရက်စ်ချက်တာစကေး ၅.၉ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး မရှိဟု မြစ်ကြီးနား ဒေသခံများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် ရဲစခန်းတို့က မဇ္ဈိမကို အတည်ပြု ပြောသည်။

“မနက်ကတော့ လှုပ်တယ်လေ၊ ကျွန်တော်တို့ ဆီကိုတော့ အပျက်အစီး သတင်း ဘာသတင်းမှ မတက်လာသေးဘူး” ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် လုံခြုံရေး ဌာနမှ အရာရှိ တစ်ဦးက မဇ္ဈိမသတင်းဌာနသို့ မေလ ၃၀ ရက်ညနေ (၄) နာရီ ခွဲတွင် ပြောကြားခဲ့သည်။

အလားတူ ကချင်ပြည်နယ် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး စန်းထွေးကလည်း “ ပြင်းအားကတော့ ရက်စ်ချက်တာ စကေး ၅.၉ ရှိတယ်၊ အပျက်အစီး မရှိပါဘူး၊ လူတွေ ထိခိုက် ဒဏ်ရာရမှုလည်း မရှိပါဘူး” ဟု ပြောသည်။

ယခု လှုပ်ခတ်သွားသည့် ငလျင်၏ ဗဟိုချက်သည် ကချင်-တရုတ် နယ်စပ်ရှိ နယ်ခြားမှတ်တိုင် ပန်ဝါ ဒေသ၏ တစ်ဖက်ကမ်း၊ တရုတ်အပိုင် နယ်မြေ၌ ရှိသည်ဟု မြန်မာ့ မြေငလျင် ကော်မီတီမှ ဦးစိုးသူရထွန်းက မဇ္ဈိမကို ပြောသည်။

“ယေဘူယျ ပြောရင်တော့ တရုတ်မြန်မာ နယ်စပ်၊ တရုတ် ဖက်ခြမ်း ကျတယ်၊ အဲဒီ ဒေသသက ငလျင် ခဏ ခဏ လှုပ်တယ် ဆိုတဲ့ အနေအထား ရှိပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ် ကလည်း လှုပ်ပါတယ်၊ အခုလည်း ငလျင် အလတ်စားလို့ ပြောရမှာပေါ့ ပြင်းအား ၅.၉ ရက်စ်ချက်တာ နဲ့ လှုပ်သွားတယ်” ငလျင် ကော်မီတီမှ ဦးစိုးသူရထွန်းက ပြောသည်။

ထို့အတူ မြစ်ကြီးနား ဒေသခံတစ်ဦး ဖြစ်သူ မချောကလည်း “လှုပ်တော့ လှုပ်တာပဲ၊ မနက်က ၈ နာရီလောက်ကနေ ခဏလေးပဲ၊ အပျက်အစီးက ဘာမရှိဘူး၊ လူတွေလည်း ဘာမှ မဖြစ်ဘူး၊ ပြီးခဲ့တဲ့ တစ်ပတ်လောက် တုန်းကလည်း တစ်ခါ လှုပ်သေးတယ်” ဟု ပြောသည်။

ထိုသို့ ငလျင် လှုပ်ခတ်သွားခဲ့ သော်လည်း အပျက်အစီး မရှိခြင်းမှာ တောင်တန်း ထူထပ်ခြင်း မြေသား သိပ်သည်းမှု ကောင်းခြင်းကြောင့် ထိခိုက်မှု နည်းခြင်း ဖြစ်ကြောင်း ဦးစိုးရသူထွန်းမှ ရှင်းပြသည်။

“ပြီးခဲ့တဲ့ (၅) နှစ်လောက်တုန်းက တစ်ခါ လှုပ်တာ တရုတ် ဘက်မှာ အပျက်အစီး တော်တော် များတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံက တရုတ်ထက် စာရင် အပျက်အဆီး နည်းမယ်၊ တောင်ထန်း ထူတာလည်း ပါတယ်၊ ကုန်းမြင့်မှာ ရှိနေတဲ့ အနေအထားကြောင့်လည်း ဖြစ်တယ်၊ မြေပြန့်မှာ ရှိတဲ့ ဒေသတွေမှာ ငလျင်လှုပ်ခတ် ရင်တော့ ပိုပြီးတော့ ပျက်စီးမှု ဖြစ်နိုင်ခြေ ရှိပါတယ်” ဟုလည်း ဆရာ ဦးစိုးသူရထွန်းက ရှင်းပြခဲ့သည်။

ငလျင်၏ ဗဟိုချက်သည် မြစ်ကြီးနား မြို့၏ အရှေ့ တောင်ဘက် ၃၈ မိုင် အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုး/ဇလ မြေငလျင်ဌာနမှလည်း သတင်း ထုတ်ပြန်ထားသည်။

ဟင်္သာနီ (မွန်မြေ)
Mizzima - News in Burmese

ကြက်ဥ စားမယ် ဆိုရင်



 ကြက်ဥ များဟာ ထူးခြား သော အာဟာရ ဓာတ်များ နှင့် သိပ်သည်း ပြည့်ဝလျက် ရှိသည့် စားစရာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥထဲမှာ အသား ဓာတ် ကောင်းကောင်း ပါဝင်တယ်။ ချက်ပြုတ်ကြော်လှော်ရန် လွယ်ကူ တယ်။ ဈေးလည်း သက်သာတယ်။ ကြက်ဥအနှစ် (Yolk) ထဲမှာ အဆီတွေ ပါဝင်နေတာ မှန်ပါတယ်။

အဲဒါကြောင့် သင့်အနေနဲ့ ကြက်ဥအကာတွေကိုသာ စားရမယ်လို့ အဓိပ္ပာယ် ဆိုလိုခြင်း မဟုတ်ပါ။ အဆီအမျိုးအစားတွေ အားလုံး ပါဝင်သည့်နည်းတူ ကြက်ဥအနှစ်ထဲမှာ ကြက်ဥတစ်ဥလုံး၏ အသားဓာတ် ၃ ပုံ ၂ ပုံလည်း ပါဝင်နေတာ ဖြစ်ပါ တယ်။ ဒါ့အပြင် ကြက်ဥအနှစ်ထဲမှာ ပဲ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် Antioxidants များ ပါဝင်နေ တာဖြစ်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊ ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် E တို့ ပါဝင် ပါတယ်။

ကြက်ဥ အကာထဲမှာတော့ ဗီတာမင် B ပမာဏအနည်းငယ်မျှသာ ပါဝင်ပြီး ပိုတက်စီယမ်၊ ကြက်ဥ တစ်ဥလုံးမှာပါဝင်တဲ့ အသား ဓာတ်၏ ၃ ပုံ ၁ ပုံသာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥစားမယ်ဆိုရင်အနှစ်ရောအကာပါ တစ်ဥလုံးကိုပဲစားလိုက်ပါ။ ကောင်းခြင်း အဖြာဖြာတွေအားလုံး တစ်ခါတည်းနဲ့ ရရှိသွားပါလိမ့်မယ်။

Credit : Health Digest

ဆောင်းဟေကျို၏ အချစ်ရေး ကောလာဟလ သတင်းများကို အေဂျင်စီ ရှင်းလင်း




တွဲဖက်သရုပ်ဆောင် မင်းသားတစ်လက်နှင့် ဆောင်းဟေကျိုတို့ ချစ်သူဖြစ်နေကြောင်း သတင်းများကို သူမ၏ အေဂျင်စီက ငြင်းဆန်ခဲ့သည်။ ပြင်သစ်တွင် ဟေကျိုနှင့် မင်းသား ကန်ဒေါင်ဝမ်တို့ နှစ်ဦးအတူ ရှိနေသည့် ဓာတ်ပုံကို တရုတ်ပရိသတ် တစ်ဦးက အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့်နောက် ယင်းတို့စုံတွဲ ပဲရစ်သို့ အပျော်ခရီး ထွက်နေခြင်းဟု ကောလာဟလများ လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။ ဟေကျိုနှင့် ဒေါင်ဝမ်တို့သည် (၂၀၁၀)ပြည့်နှစ်က ရိုက်ကူးသည့် Love For Sale ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ဖူးသလို လက်ရှိရိုက်ကူးထားပြီး မပြသရသေးသည့် Pit-A-Pat-My-Lifeတွင်လည်း တစ်ကျော့ပြန် တွဲဖက်ထားသည်။

(ကန်ဒေါဝမ်နှင့် ဆောင်ဟေကျို)
ဒေါင်ဝမ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဟေကျို၏ အေဂျင်စီဖြစ်သော United Artistနှင့် စာချုပ်ခဲ့သူ ဖြစ်သည်။ ယင်းတို့နှစ်ဦးသည် ယခင်ကတည်းက ရင်းနှီးပြီး ပွဲလမ်းသဘင် အချို့သို့ အတူတွဲ တက်ရောက်ဖူးသော်လည်း ပြင်သစ်တွင် နှစ်ဦးအတူ တွေ့ရှိရခြင်းမှာမူ ချစ်သူများ ဘဝထိ တက်လှမ်းထား၍ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။ ဟေကျိုသည် ယခင်ကလည်း တွဲဖက်သရုပ်ဆောင် မင်းသားများနှင့် ချစ်ကျွမ်းဝင်ဖူးသည့် မှတ်တမ်းရှိနေရာ ယင်းသတင်းများကို ပိုမိုတွန်းအားပေး သကဲ့သို့ ဖြစ်လာသည်။

(Pit-A-Pat-My-Life တွင် ကန်ဒေါင်ဝမ်နှင့် ဆောင်းဟေကျိုတို့ အတူတွဲဖက် သရုပ်ဆောင်ထားစဉ်)
သို့သော်လည်း ယခုအခါ United Artistက ဟေကျိုနှင့် ဒေါင်ဝမ်တို့မှာ အလုပ်ကိစ္စအတွက် ပြင်သစ်သို့ ရောက်နေခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ “ဟေကျိုနဲ့ ဒေါင်ဝမ်တို့က ဓာတ်ပုံရိုက်ကူးဖို့ အစီအစဉ် တစ်ခုအတွက် ပဲရစ်ကို ရောက်နေတာပါ။ သူတို့ချည်းပဲ မဟုတ်ဘဲ အေဂျင်စီက ဝန်ထမ်းတချို့လည်း ရှိနေခဲ့ပါတယ်”ဟု အေဂျင်စီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဟေကျိုသည် Autumn In My Heart၊ All In ဇာတ်လမ်းတွဲများဖြင့် အာရှတလွှား နာမည်ကျော်လာခဲ့ပြီး All Inမှ တွဲဖက်သရုပ်ဆောင် မင်းသား လီဗြောင်ဟွမ်းနှင့်လည်း ချစ်သူဖြစ်ခဲ့ဖူးသည်

Planet Myanmar Network

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့တွေ အကြားစတင်တိုက်ပွဲဖြစ်ပွား



မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်ဘက်တပ်ဖွဲ့အကြား ယနေ့ညနေ ၄ နာရီခန့်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို ဘင်္ဂလာဒေခ်ျ့ အွိုင်လိုင်း သတင်းများတွင် ဖေါ်ပြသည်။

တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အကျအဆုံး အထိအခိုက်ကို မသိရသေးကြောင်း BGB ဘင်ဒရိုဘင် ခရိုင် တပ်မှူး ဗိုလ်မှူးကြီး Col KM Saiful Islam က ပြောကြောင်း သတင်းများတွင် ဖေါ်ပြသည်။

ယင်းပြင် တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့မှ အရာရှိ တစ်ဦး ကျဆုံးသွားခြင်းအပေါ် မြန်မာဘက်သို့ ကန့်ကွက်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် အခြေအနေမှာ အထူးရှုတ်ထွေးနေကြောင်း၊ သတိထားရမည့် အခြေအနေလည်း ရှိနေကြောင်း ကော့စ်ဘဇားမြို့မှ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

နိရဉ္စရာ

တစ်နေ့(၇)ဒေါ်လာ လုပ်ခအတွက် မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်သူများ





ရှေ့တည့်တည့်တွင် ငြိမ်သက်နေသည့် မိကျောင်းကြီးကို မျက်ခြေမပြတ် သတိထားနေရသည်။ ၎င်း၏ မေးရိုးသာ တစ်ချက်မျှ လှုပ်ရှားလိုက်လျှင် မိမိအနေဖြင့် ဦးခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်ကို ထိုသူအနေဖြင့် အသေအချာ သိထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုင်းနိုင်ငံ၊ ပတ္တယားမှ မိကျောင်းမွေးမြူရေးစခန်း ဝန်ထမ်းနှင့် ၎င်း၏ အမျိုးသမီး အဖော်တို့သည် ဝမ်းရေးအတွက် မိကျောင်းတစ်ကောင်၏ ပါးစပ်ထဲသို့ မိမိတို့၏ ခေါင်းများကို မိုက်ရူးရဲဆန်ဆန် ထိုးထည့်နေရဆဲသာ ဖြစ်သည်။

အဆိုပါ ပုံရိပ်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့သည့် အီယန်မက္ကလင်းက “တစ်နေ့ကို (၇)ဒေါ်လာ ပေးမယ်ဗျာ။ ခင်ဗျားသာဆိုရင် အဲဒီလို လုပ်ပြရဲမလား”ဟု မေးခွန်းထုတ်ခဲ့သည်။ ကမ္ဘာလှည့် ခရီးသည် အများအပြားကို ဆွဲဆောင်နိုင်သည့် ယင်းပြကွက်အတွင်း မိကျောင်းမွေးမြူရေးစခန်းမှ လုပ်သားများ၏ တစ်နေ့လုပ်ခသည် (၇)ဒေါ်လာမျှသာ ဖြစ်သည်။ မိကျောင်းကြီး တစ်ကောင်၏ ဟထားသော ပါးစပ်ထဲရှိ သွားစွယ်ဖွေးဖွေးများကြား ဦးခေါင်းကို ထိုးထည့်ပြလိုက်၊ မိကျောင်း၏ နှုတ်သီးကို နမ်းရှုပ်လိုက်နှင့် အလုပ်ရှုပ်နေသော အဆိုပါ ဝန်ထမ်းသည် ယမန်နှစ်က မိကျောင်းကိုက်ခံရပြီး အချက်(၃၀) ချုပ်ခဲ့ရသေးသည်။

ပတ္တယား မိကျောင်းမွေးမြူရေး စခန်းတွင် လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတစ်ဦးသည် မိကျောင်း၏ ပါးစပ်ထဲတွင် ခေါင်းတစ်ခုလုံး ကြေမွသေဆုံးသွားသည့် ဖြစ်ရပ်မျိုး အမှန်တကယ် ကြုံခဲ့ဖူးသည်။ အလွန်အန္တရာယ်များသည့် အလုပ်တစ်ခု ဖြစ်သည့်တိုင် ပတ္တယားတွင် မိကျောင်းလေ့ကျင့်ရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူ အရေအတွက် တစ်စထက်တစ်စ တိုးပွားလာနေဆဲဟု သိရသည်။ ဖလော်ရီဒါရှိ စိန့်အော်ဂက်စတင်း မိကျောင်းမွေးမြူရေးနှင့် ဇီဝဗေဒ ဥယျာဉ်တွင် မိကျောင်းတစ်ကောင်၏ ကိုက်အားအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ဖူးသည်။

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသော မိကျောင်းတစ်ကောင်၏ ကိုက်အားသည် တစ်စတုရန်းလက်မ အကျယ်အဝန်းတွင် ပေါင်ချိန်(၃၇၀၀)မျှ သက်ရောက်နိုင်သည်။ လူတစ်ဦး၏ ခေါင်းသည် တစ်စတုရန်းလက်မလျှင် ပေါင်ချိန် (၁၅၀)နှင့် (၂၀၀)ကြား ဖိအားမျှဖြင့် ကြေမွသွားနိုင်ကြောင်း သိရသည်။ ပတ္တယားမှ ဝန်ထမ်းသည် လက်ချော်ပြီး မိကျောင်း၏ ပါးကို ထိမိသဖြင့် တွားသွားသတ္တဝါကြီးက လှည့်ကိုက်ခဲ့ရာ နားအနီးတွင် အချက်(၃၀)ထိ ချုပ်ခဲ့ရဖူးသည်။

Planet Myanmar Network

Sewol သင်္ဘောပျက်မှ ရုပ်အလောင်းများ ရှာဖွေရင်း ရေငုပ်သမားတစ်ဦးသေဆုံး




တောင်ကိုရီးယား နိုင်ငံတွင် နစ်မြုပ်ခဲ့သည့် ကူးတို့ရေယာဉ်မှ ရုပ်အလောင်းများ ရှာဖွေနေရင်း ရေငုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ လူပေါင်း(၃၀၀)မျှ သေဆုံးခဲ့သည့် Sewol ရေယာဉ် နစ်မြုပ်မှုတွင် လက်ကျန် အလောင်းများကို ရေငုပ် ရှာဖွေနေရင်း အသက်(၄၆)နှစ်အရွယ် လူတစ်ဦး သေဆုံးကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ကင်မ်ဟုသာ အမည်ဖော်ပြသည့် ရေငုပ်သမားသည် သင်္ဘောကိုယ်ထည်တွင် အပေါက်ဖောက်နေရင်း အသိမဲ့ မေ့မြောသွားသလို ၎င်း၏ မျက်နှာတဝိုက်မှ သွေးများ ထွက်လာသဖြင့် ရေပြင်ပေါ်သို့ အရေးပေါ် သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း ဆေးရုံအရောက်တွင်မူ ၎င်းသေဆုံးသွားခြင်း ဖြစ်သည်။

သောကြာနေ့က ဖြစ်ရပ်တွင် ကင်မ်အနေဖြင့် အဘယ်ကြောင့် သေဆုံးရသည် ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း ကြေညာချက် ထွက်ပေါ်မလာသေးချေ။ (၆၈၂၅)တန် အလေးချိန်ရှိ ရေယာဉ်ကြီး နစ်မြုပ်ပြီးသည့်နောက် ရုပ်အလောင်းများ ရှာဖွေနေရာတွင် ကင်မ်သည် ဒုတိယမြောက် အသက်ပေးခဲ့ရသည့် ရေငုပ်သမားလည်း ဖြစ်လာခဲ့သည်။ Sewol နစ်မြုပ်မှုတွင် အလောင်း(၂၈၈)လောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်သော်လည်း မေလ(၂၁)ရက်နေ့နောက်ပိုင်း မည်သည့် ရုပ်အလောင်းမျှ ထပ်မံမတွေ့ရသေးဘဲ ဖြစ်နေသည်။ လက်ရှိအချိန်ထိ ပျောက်ဆုံးစာရင်းဖြင့် အလောင်းမတွေ့သေးသူ အရေအတွက်မှာ (၁၆)ဦး ရှိနေကြောင်းလည်း သိရှိရသည်။
planet Myanmar Network

နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုး


       ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုးကို ဟောတော်မူပါတယ်။
       သစ္စံ ဘဏေ နကုဇ္စျေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
       ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။ (ဓမ္မပဒ၊ ၂၂၄၊ နှာ ၄၁)
       မှန်ကန်တဲ့စကား ပြောပါ။ အမျက်မထွက် သည်းခံခွင့်လွတ်ပါ။ နည်းများမဟူ တောင်းသူလာရင် ပေးကမ်းစွန့်ကြဲပါ။ ဒါဟာ နတ်ပြည်ရောက်ကြောင်း တရားသုံးမျိုးပါပဲ။

       မှန်ကန်စွာပြောလေ့ရှိသူဟာ နတ်ရွာကို ရောက်ရတယ်။ ဘာကြောင့်လဲဆိုရင် မှန်မှန်ကန်ကန်ပြောလေ့ရှိသူဟာ မှန်ကန်တဲ့ အလုပ်ကို လုပ်လေ့ရှိသူ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပဲ ဘုရားရှင်က ကောင်းတဲ့အရသာအားလုံးထဲမှာ သစ္စာတရားဟာ အကောင်းဆုံး အရသာဖြစ်တယ်လို့ ဟောတော်မူပါတယ်။
       အမျက်ထွက်စရာအာရုံနဲ့ ကြုံတဲ့အခါ အမျက်ထွက်ခွင့်မပေးပဲ အေးအေးဆေးဆေးနဲ့ သည်းခံလေ့ရှိတာဟာလည်း နတ်ရွာ လားကြောင်း အကျင့်ကောင်းတစ်ခုပါပဲ။ ဘာလို့လဲဆိုရင် အမျက်ထွက်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ အပြစ်တွေ၊ ဆိုးကျိုးတွေကို ဖြစ်ခွင့်မပေးလိုက်လို့ပါပဲ။ ဒါ့အပြင် အမျက်ထွက်ဖွယ်အာရုံကိုပင် နှလုံးသွင်းဆင်ခြင် မေတ္တာအသွင် ကူးပြောင်းပေးနိုင်လိုက်တယ်။ ဆိုလိုတာကတော့ အကိုသိုလ်ဖြစ်မယ့်အာရုံကို ကုသိုလ်အသွင်ပြောင်းယူနိုင်လိုက်တာပါပဲ။
       အနည်းငယ်သောအရာကိုပင် တောင်းလာသူကို သဒ္ဓါကြည်ဖြူ  ပေးလှူခြင်းဟာလည်း နတ်ရွာရောက်ကြောင်း အကျင့်ကောင်းပါပဲ။ နည်းနည်းလေးကိုပင် စေတနာစင်စွာ ပေးလှူခြင်းဟာ နတ်ရွာကို ရောက်စေနိုင်တယ်ဆိုရင် များများပေးလှူ  သဒ္ဓါကြည်ဖြူလိုက်ပါက ဆိုဖွယ်မရှိပါ။ ဘ၀ဟာ ပိုပြည့်စုံသွားပါလိမ့်မယ်။
       ဒါကြောင့် စာချစ်သူများ နတ်ပြည်လားချင်တယ်ဆိုရင် သစ္စာစကားပြောရပါမယ်။ အမျက်မထား မေတ္တာပွားရပါမယ်။ အနည်း ငယ်ပင်ဖြစ်စေကာမူ စေတနာစင်စွာ ပေးလှူတတ်ရပါမယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အမြန်လမ်းခရီးသည်တင် ယာဉ်မောင်းများ မွမ်းမံသင်တန်း တက်ရမည်ဟုဆို




ရန်ကုန်၊ မေ ၂၉

မော်တော်ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ဖြတ်သန်း ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းအားလုံး ရန်ကုန်မြို့တော်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံတွင် တစ်ရက်တာ မွမ်းမံသင်တန်း မဖြစ်မနေ တက်ရောက်ရမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တစ်ရက်ကြာ အဆိုပါ သင်တန်းကို မေလ ၃၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မော်တော်ယာဉ်လိုင်းများ အခက်အခဲ မရှိစေရန် အတွက်လည်း ညှိနှိုင်းဆွေးနွေးပြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မထသတို့ အဝေးပြေးယာဉ်လိုင်း တို့နဲ့ ညှိနှိုင်းပြီးသွားပါပြီ။ ခရီးသည်တင်ယာဉ်လိုင်းတွေအတွက်ပါပဲ။ ကိုယ်ပိုင် ယာဉ်မောင်းတွေမပါဘူး” ဟု ၎င်းင်းကပြော ဆိုသည်။

ယင်းမွမ်းမံ သင်တန်းတွင် မေးခွန်း ၁၀၀ ဖြေဆိုရမည် ဖြစ်ပြီး မျက်စိစမ်းသပ်ခြင်း၊ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် ကိုယ်လက်အင်္ဂါ စစ်ဆေးခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သင်တန်း တက်ရောက်ရမည် ဆိုခြင်းကို မသိသေးကြောင်း၊ အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း ရွှေမန္တလာ ရန်ကုန်-မန္တလေး အဝေးပြေး ယာဉ်လိုင်းမှ ဂိတ်မှူး ဦးအောင်မြင့်ဆွေက ပြောကြားသည်။

ယင်းသင်တန်းများကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို) ကလည်း သုံးလလျှင် တစ်ကြိမ်ခန့် ပြုလုပ်လျက်ရှိပြီး ခရီးသည်တင် ယာဉ်မောင်းများ ပါဝင်ကြောင်း အဆိုပါဌာန ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းက ပြောဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လအတွင်းမှ စတင်၍ ယခုအထိ ငါးနှစ်ကျော်အတွင်း မော်တော်ယာဉ် မတော်တဆမှု ၇၃၂ မှု ဖြစ်ပွားခဲ့ရာမှ သေဆုံးသူ ၃၆၈ ဦး၊ ဒဏ်ရာရရှိသူ ၁၀၈၄ ဦး ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

စဥ့်ကူးတွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်မှုဖြင့် ရွာလုံးကျွတ် တရားစွဲခံရ




မန္တလေး၊ မေ ၂၉

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ကတက်ချဉ်ကျေးရွာ ထုံးကြီးကွင်းတွင် မူလမြေသိမ်းခံ တောင်သူများက လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် မေလအတွင်း ထွန်တုံးတိုက်ပွဲများ ပြုလုပ်မှုကြောင့် ကျေးရွာလုံးကျွတ် အမှုဖွင့် တရားစွဲဆိုခြင်း ခံရကြောင်း အဆိုပါ ကတက်ချဉ်ကျေးရွာ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

“ရွာလုံးကျွတ် ထွန်တုံးတိုက်ပွဲ ပြုလုပ်လို့ ရွာလုံးကျွတ် အမှုဖွင့်တရားစွဲဆို ခံရတာပါ။ မေလ ၉ ရက်နေ့က လက်ပံလှ ရဲစခန်းမှာ ပုဒ်မ ၄၄၇ နဲ့ အမှုဖွင့်ခံရတာပါ” ဟု ယင်းကျေးရွာဒေသခံ ဦးမင်းမင်းက ဆိုသည်။

အဆိုပါ သိမ်းဆည်းထားသည့် လယ်ယာမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ဆောင်ရွက်သော ကျေးရွာတောင်သူ ၅၆ ဦးကို အမှုဖွင့်ထားကြောင်း စဥ့်ကူးမြို့နယ် လက်ပံလှ ရဲတပ်ဖွဲ့စန်း ဒုတိယ ရဲအုပ်လှနိုင်က ပြောကြားသည်။

ယင်းစဥ့်ကူးမြို့နယ် ကတက်ချဉ်ကျေးရွာ ရေထွက်ကြီးကွင်းရှိ ဧက ၅၆၀ ကျော်ကို တောင်သူ ၅၆ ဦးက တောင်ယာ ခုတ်ထွင်ရှင်းလင်းကာ သီးနှံစိုက်ပျိုး လုပ်ကိုင်ခဲ့ရာ ၁၉၉၆ ခုနှစ်တွင် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်က သိမ်းယူခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ကတက်ချဉ် ကျေးရွာတွင် အိမ်ခြေ ၅၆ လုံးရှိပြီး မိမိပိုင်မြေကို သီးစားအငှားဖြင့် ပြန်လည် လုပ်ကိုင်ရကြောင်း ယင်းဒေသခံများက ပြောကြားသည်။

အဆိုပါ ကျေးရွာ၏ ထွန်တုန်းတိုက်ပွဲကို မေလ ၄၊ ၅ ရက်နေ့နှင့် မေလ ၂၈ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ရာ ဧက ၂၅၀ ခန့် ထွန်ယက်ပြီးဖြစ်ကာ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တောင်သူများအနေနှင့် မိမိလယ်ကို ပြန်လည် ထွန်ယက်ခြင်း ဖြစ်သည့်အတွက် တရားမျှတကြောင်း ပြင်ဦးလွင်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်သူလယ်သမားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြဝင်းက မှတ်ချက်ပြု ပြောကြားသည်။

The Voice Weekly

လွှတ်တော်အထက်တွက် တပ်မတော်ရှိနေသကဲ့သို့ဖြစ်နေသဖြင့် ပုဒ်မ၄၃၆ကိုပြင်ဆင်လိုခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


နေပြည်တော် ၊ မေ၃၀

တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်းဖြစ်သည်ဟုအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''တပ်မတော်ကိုယ်စားလှယ်တွေက သဘောမတူရင် မပြင်နိုင်ဘူး ၊ တပ်မတော်ကိုယ်စားလှယ်တွေ သဘောတူတာမတူတာက တပ်ချုပ်အပေါ်မှာ မူတည်နေတယ် အဲ့ဒီဘက်အပိုင်းမှာ တပ်မတော်က လွှတ်တော်အထက်မှာ ရှိသလိုဖြစ်နေတယ်''ဟု ၄င်းက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ခေတ္တခဏနားချိန် သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးပြည်သူဆန္ဒလက်မှတ်ရေးထိုးရေး လူပ်ရှားမူဟောပြောပွဲများတွင် တပ်မတော်အပေါ် ပြောကြားချက်များနင့် ပတ်သတ်၍လည်း ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်သော အခွင့်အရေးကို တပ်မတော်မှ ယူထားသည့်အတွက် ဖိအားပေးရခြင်း ဖြစ်ကြောင်း အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဒါကတော့ ဖိအားပေးရမှာပဲ ဖိအားပေးတယ်ဆိုတာ အနိုင်ကျင့်တာ မဟုတ်ဘူး ဖိအား မပေးလို့ လဲ မရဘူး တပ်မတော်က ဒီတာဝန်ယူထားတာကိုး တကယ်တော့ ဒါအခွင့်အရေးပါ တပ်မတော်က ဒါကို ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကိုယူထားတာကိုး အဲဒီတော့ အခွင့်အရေးယူထားတဲ့ အဖွဲ့ အစည်းကိုပဲ တိုက်တွန်းရမှာပေါ့"ဟု ၄င်းကထပ်မံဆိုသည်။
တပ်မတော်၏ ဆုံးဖြတ်ချက်သာ ချမှတ်မည်ဆိုပါက တစ်ရက်ထဲနှင့် ပြောင်းလို့ရမည်ဖြစ်ပြီး တပ်မတော်ကဆုံးဖြတ်ချက်သာအဓိကကျသည်ဟု ၄င်းကထပ်မံပြောကြားခဲ့သည်။

စိုင်းလမင်း

Popular Myanmar News Journal

မှုခင်းကြိုတင်ကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေး


မုံရွာ၊ မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ကန္နားလမ်း၊ ကျောက်ဆောင်ဆိပ်ကမ်းနေရာ ချင်းတွင်း မြစ်ဘေးတွင် ညဦးယံအချိန်များ၌ လာရောက်အပန်းဖြေအနားယူလျက်ရှိသော မိန်းမလျာများအား မှုခင်းကြို တင်ကာကွယ်ရေး လုပ်ငန်းများအတွက် လှည့်ကင်းရဲအဖွဲ့များက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဘွယ်ရာအကြောင်းများရှိသည့်အတွက် ယင်း ကဲသို့ခေါ်ယူစစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု ရဲမှူး ကြူအင်းမှ ဆိုသည်။
မုံရွာမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းမှ ညဦးပိုင်းလှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များစုပေါင်းကာ ပြစ်မှုကျူးလွန်းနိုင်ဘွယ်ရာ အခြေအနေရှိသည်ဟု ယူဆရသည့် မသင်္ကာသူများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ရှေ့မှောက်တွင် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှ မသင်္ကာဖွယ်ရာ အခြေအနေရှိသူများအား မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်း များအတွက် ခေါ်ယူစစ်ဆေးမေးမြန်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း မုံရွာမြို့ပေါ်ရှိ ဖုန်းဟန်း စက် အရောင်းဆိုင်အချို့နှင့် နေအိမ်အချို့ ဖောက်ထွင်းခိုးယူခံရသည့် ပြစ်မှုဖြစ်စဉ်များအတွက် စုံးစမ်းဆဲ ကာလသာလျင်ဖြစ်ကြောင်း နယ်ထိန်းရဲအရာရှိတစ်ဦးထံမှ သိရသည်။
ထိုမျှမက ယာဉ်အချက်ပြ အယ်အီးဒီ မှိတ်တုတ် မီးခွက်များ ရိုက်ချိုးဖျက်စီးခံရသည့် အမှုများလည်း ဖော် ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း

ရုရှားတွင် အရွယ်မလွန်ခင်သေစေသည့် ဗော့ဒ်ကာ အရက်



ရုရှားမှာ စစ်တမ်း အရ ဗာ့ဒ်ကာကြောင့် သေဆုံးသူဟာ ထက်ဝက်ဝန်းကျင် ရှိပြီး ယင်းထဲမှာမှ အသက် ၅၅ နှစ်အောက် နဲ့ သေဆုံး ရသူက ၂၅ ရာခိုင်နှုန်း ရှိကြောင်း ဆိုပါတယ်။

အမေရိကန် မှာဆိုရင် ၁ ရာခိုင်နှုန်းပဲ ရှိတာမို့ သိသိသာသာကို ကွာဟ နေပါ တယ်။ ဗော့ဒ်ကာ အရက်ဟာ ဆိုဗီယက်၊ ပိုလန်၊ ဆွီဒင် တို့လို ဥရောပ နိုင်ငံ များမှာ မွေးဖွား ပေါ်ပေါက်ခဲ့တဲ့ ချက်အရက် တစ်မျိုး ဖြစ်ပြီး အယ်လ်ကိုဟော ပမာဏ ၄၀ ရာခိုင်နှုန်း ဝန်းကျင် ပါဝင် ပါတယ်။ ဂျုံ၊ အာလူး၊ ပြောင်း အစရှိ သဖြင့် တို့နဲ့ ချက်လုပ်တဲ့ ယင်း အရက်ဟာ ၁၃ ရာစု၊ ၁၄ ရာစု လောက် ကတည်းက ပေါ်ပေါက်လာတဲ့ အရက် ဖြစ်ပါတယ်။ ရုရှားမှာ ရေပန်း အစား ခေတ် အစားဆုံး ဖြစ်ပြီး ရုရှား ဗော့ဒ်ကာဟာ ကမ္ဘာကျော် ပဲ ဖြစ်ပါ တယ်။

ရုရှားနိုင်ငံသားတို့ သောက်သုံးနေတဲ့ ၉၀ ရာခိုင်နှုန်းကျော်သော အရက် ပမာဏ ဟာ ဗော့ဒ်ကာ (Vodka) ဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ် ကျော် က ဈေးကြီးနေတဲ့ Vodka ကို သာမန်လူ ဆင်းရဲသားများ ပါ သောက် သုံးနိုင်အောင် အစိုးရကိုယ်တိုင် ဈေးချပေးခဲ့ခြင်း ဖြစ် ပါတယ်။ ထုတ်လုပ်တဲ့ ကုမ္မဏီ များဟာလည်း အစိုးရနဲ့ ဆက်စပ်မှု ရှိပြီး တိုင်းပြည် ဝင်ငွေ တစ်ခု အဖြစ် တည်ရှိ နေကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာ အုပ်စု (ဂ) မှာတော့ ကမ္ဘာ့ဖလားမှာ ရေပန်းမစားတဲ့အသင်းတွေချည်း ပါဝင်နေပါတယ်။

ခံစစ်နာမည်ကြီးတဲ့ ဂရိ၊ ကိုလံဘီယာ၊ မြန်မာဘောလုံးပရိသတ်ကြိုက်တဲ့ ဒရော့ဘာတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ အာရှက ဂျပန်အသင်းတိုတအုပ်စုထဲ ကျနေပါတယ်။

အိုလံပစ်အားကစား ဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုထဲပါတဲ့ အသင်းတွေ ခြေစွမ်းက တသင်းနဲ့ တသင်း သိပ်မကွာလှဘူးလို့ မှတ်ချက်ပေးပါတယ်။

“အဲဒီအုပ်စုကတော့ ၄ သင်းစလုံးက သိပ်မကွာဘူး။ တသင်းနဲ့ တသင်း ခြေစွမ်းပိုင်းက သိပ်ကွာတဲ့ အသင်းမဟုတ်ဘူး။ ကစားပုံတွေကတော့ ဒေသတခုချင်းစီက ကစားပုံတွေ ကွာတယ်။ ဒီအုပ်စုမှာ အမေရိကတိုက်ကို အခြေစိုက်တဲ့ ကိုလံဘီယာရယ်၊ အာဖရိကကို အခြေစိုက်တဲ့ အိုင်ဗရီကို့စ်ရယ်က ကျနော့်စိတ်ထင်က ဂရိနဲ့ ဂျပန်ထက် နည်းနည်းသာမယ်လို့ ထင်တယ်။ ထုံးစံအတိုင်းပေါ့ ကစားမယ့် မြေအနေထားရယ်၊ ကစားရမယ့် အချိန်အနေအထား ရယ်တွေက စကားပြောသွားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် တချက်စောင့်ကြည်ရမှာက ဂရိပေါ့။ ဂရိက ဒီရာသီမှာ ခြေစစ်ပွဲအောင်လာတဲ့ အနေအထားက ခံစစ်ကို အားပြုပြီးတော့ အောင်လာတဲ့ အသင်းတသင်းဖြစ်တယ်။ ဒီခံစစ်အားနဲ့ သူတို့ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ ကျနော့်စိတ်ထင်တော့ အဲဒီအုပ်စုက အုပ်စု ပထမနေရာကို ကိုလံဘီယာ ရဖို့များပြီးတော့ ဒုတိယနေရာကိုတော့ အိုင်ဗရီကို့စ်နဲ့ ဂရိ တသင်းသင်း လုလိမ့်မယ်လို့ ထင်တယ်။”

ဒီအုပ်စုမှာ ပရိသတ်စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ အိုင်ဗရီကို့စ်က ယာယာတိုရေးနဲ့ ဒရော့ဘာတို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန် ၁၄ ရက်မှာ ကိုလံဘီယာနဲ့ ဂရိ၊ အိုင်ဗရီကို့စ်နဲ့ ဂျပန်တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

DVB Burmese

နေထီးဆောင်းမှုဖြစ်စဉ်ကြောင့် နိုင်ငံရေးတွင် အပြောင်းအလဲကြုံမည်ဟုဆို



နေထီးဆောင်းသည်ဟု လူအချို့ယုံကြည်သောဖြစ်စဉ် ဖြစ်ပွားနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မေလ ၂၈ ရက် နံနက်က နေထီးဆောင်း သည့်ပုံစံ နာရီဝက်ခန့်ကြာအောင် ဖြစ်ခဲ့ပြီး ရှေးဟောင်းကျမ်းဂန်စာ အုပ်များ၌ ယင်းကဲ့သို့ဖြစ်ပေါ်ပါ က နိုင်ငံရေး အပြောင်းအလဲနှင့် စားနပ်ရိက္ခာ ကျပ်တည်းမှုဘေး ကျနိုင်ကြောင်း ဖော်ပြထားသလို အမှန်တကယ်လည်း အပြောင်း အလဲတစ်ခု ဖြစ်လာနိုင်ကြောင်း နက္ခတ်ဗေဒင် ပညာရှင်အချို့က ပြောသည်။

ပြည်မြို့တွင် မေလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အထိ နေထီးဆောင်းမှု ဖြစ်စဉ်ဖြစ်ခဲ့ပြီး မိုးအုံ့သွားသကဲ့သို့ အနည်းငယ်မှောင်သွားသည်မှအပ ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

‘‘ကျမ်းဂန်တွေမှာလည်း ရှေးပညာရှင်တွေက ရေးသား ထားခဲ့တယ်။ နေထီးဆောင်းတဲ့ အချိန်မှာလည်း ကြာသပတေး ဂြိုဟ်၊ တနင်္ဂနွေဂြိုဟ်၊ သောကြာ ဂြိုဟ်နဲ့ စနေဂြိုဟ်တွေ အား ကောင်းနေလို့ ဇူလိုင် ၁၅ ရက်နဲ့ ဩဂုတ် ၁၅ ရက်ကြားမှာ နိုင်ငံ တော်အတွက် မင်းလောင်းရင် သွေးရတနာပေါ်ပေါက်လာနိုင် တယ်လို့ နက္ခတ်ပညာအရ ခန့် မှန်းထားတယ်။ ဒါကလည်း အပြောင်းအလဲတစ်ခု ဖြစ်နိုင်ပါ တယ်’’ ဟု မြန်မာနိုင်ငံနက္ခတ်နှင့် သိပ္ပံအဖွဲ့အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။

၂၀၁၀ ပြည့်နှစ်ကလည်း မြန်မာနိုင်ငံတွင် နေထီးဆောင်းမှု ဖြစ်စဉ်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အစိုး ရအပြောင်းအလဲဖြစ်ခဲ့ကြောင်း ဦးဇေယျာကိုက ပြောသည်။ ထို့အပြင် နေထီးဆောင်းသည့် အချိန်မှာ နေမင်းအလင်းရောင် အားကောင်းသည့် မွန်းတည့်ချိန်တွင်ဖြစ်ခဲ့သောကြောင့် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်နိုင်ခြေများကြောင်း ဦးဇေယျာကိုက ဆိုသည်။

နေထီးဆောင်းသည့်ဖြစ်စဉ် ကြောင့် သဘာဝဘေးအန္တရာယ် များရင်ဆိုင်ရနိုင်ပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့ရတတ် ကြောင်း ရှေးဟောင်းကျမ်းဂန်များ တွင် ရေးသားထားပြီး မြန်မာနိုင်ငံ တွင် နေထီးဆောင်းချိန်၌ အမြိတ္တကောလိဓာတ် (နက္ခတ်ပညာ အယူအဆအရ ကျေလည်ခြင်း သဘော) ကို ရောက်နေသော ကြောင့် ကဏ္ဍပေါင်းစုံတွင်အဆိုး ဘက်မှ အကောင်းဘက်သို့ဖြည်းဖြည်းချင်း ရောက်ရှိနိုင်ကြောင်း ပြည်မြို့၊ ကြည်သာအေးမြကျောင်းတိုက်ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

‘‘မြို့ထဲမှာတော့  နေထီး ဆောင်းရင် အငတ်ဘေးကျမယ် တို့၊ မင်းပြောင်းမင်းလွဲ ဖြစ်နိုင် တယ်လို့ လူတိုင်းနီးပါးက ပြော နေကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ် လုပ်မှကိုယ်စားရမှာ။ နိုင်ငံရေး အပြောင်းအလဲဖြစ်တော့လည်း ကျွန်တော်တို့အတွက် ထူးကောင်း မယ် မထင်ပါဘူးဗျာ။ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ ကောင်းပါတယ်’’ဟု ပြည်မြို့ဒေသခံ ဦးနေမိုးက ပြောသည်။

နေထီးဆောင်းသည့် ဖြစ်စဉ် မှာ မိုးလေ၀သသဘာဝအရဖြစ် လေ့ရှိပြီး ရေခဲပါသော တိမ်များ ဖြစ်ထွန်းမှုများပြီး နေကို ဗဟိုပြု၍ အုံ့ဆိုင်းသောအခါ အလင်းပြန် သည့် နေရောင်ခြည်ကို မြင်ရခြင်း ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြော ကြားသည်။

‘‘ရေခဲပါတဲ့တိမ်တွေ တက် လာလို့ဖြစ်တာပါ။ နေမှ မဟုတ် ဘူး။ အဆောက်အအုံအမြင့်တွေ ကို အဲဒီလိုတိမ်တွေ အုံ့ဆိုင်းမိရင် လည်း အလင်းပြန်နိုင်ပါတယ်။ အအေးဓာတ်ပါတဲ့ တိမ်တွေ တက်လာရင်တော့ မုတ်သုံအားနည်းမယ့် အခြေအနေရှိတယ်’’ ဟု ဒေါက်တာထွန်းလွင်ကပြောသည်။

နေထီးဆောင်းခြင်းဖြစ်စဉ် မှာ နေနှစ်ထပ်ဖြစ်သွားသည့် သဘောဖြစ်ပြီး နေအနားစွန်းတွင် အစိမ်းရောင်လွှမ်းမိုးပါက မင်းစိုး ရာဇာသစ်ပေါ်ထွန်းခြင်း၊ အပြာ ရောင်လွှမ်းမိုးပါက ပြည်သူလူထု တွင် ဘေးဒုက္ခ ကျရောက်ခြင်း၊  အနီရောင်လွှမ်းမိုးပါက မင်းစိုးရာ ဇာတို့ ဒုက္ခရောက်ကာ ထီးကျိုး စည်ပေါက်ခြင်း၊ လိမ္မော်ရောင် လွှမ်းမိုးပါက မှူးမတ်စစ်သည်တို့ က မင်းကိုဖယ်ရှား၍ အာဏာ သိမ်းခြင်းတို့ဖြစ်နိုင်သည်ဟု ပေါ ရာဏကျမ်းတွင် ဖော်ပြထား ကြောင်း ဗေဒင်နှင့် လက္ခဏာ ပညာရှင် ဆရာစံဇာဏီဘိုက ပြောသည်။

နေထီးဆောင်းသည့် နေနှင့် အချိန်တွင် ကျရောက်သော ဂြိုဟ် စီးဂြိုဟ်နင်းများအရ မှူးမတ်စစ် သည်တို့က မင်းကို ဖယ်ရှား၍ အာဏာသိမ်းခြင်းမှာ ရာခိုင်နှုန်း အများဆုံးဖြစ်နေကြောင်း ဆရာ စံဇာဏီဘိုက ပြောသည်။

သို့သော်နေသည် တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင်နေပြီး အိမ်နီး ချင်းထိုင်းနိုင်ငံတွင် စစ်တပ်က အာ ဏာသိမ်းမှုဖြစ်ခဲ့ခြင်းသည် တိုက် ဆိုင်မှုဖြစ်ပြီး အဆိုပါဖြစ်စဉ်မျိုး မြန်မာနိုင်ငံတွင် မဖြစ်ရန် ဗေဒင် ပညာအယူအဆရ ကျိန်းကျေ သည်ဟု မျှော်လင့်ကြောင်း ၎င်း က ပြောသည်။

အောင်သစ်လွင်
7day daily

မြစ်ဆုံ လမ်းလျှောက် အဖွဲ့ဝင်များ အကြား ငွေကြေးနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်

photo credit: RFA


မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် ရန်ကုန်မှ မြစ်ဆုံသို့ လမ်းလျှောက် ရာတွင် လမ်းလျှောက် အဖွဲ့ဝင်များ အကြား ငွေကြေးနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ အငြင်းပွားမှု ဖြစ်စဉ်မှာ ယမန် နေ့က Central Hotel တွင် ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေး သတင်းစာ ရှင်းလင်းပွဲတွင် လမ်းလျှောက် အဖွဲ့ဝင် အချို့နှင့် ခေါင်းဆောင်ပိုင်းတို့ အကြား အလှူငွေ သုံးစွဲရာတွင် ပွင့်လင်း မြင်သာမှု မရှိခဲ့ခြင်းမှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
““ကျွန်မတို့ လမ်းလျှောက် အဖွဲ့တွေ ပုဂံ မှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားတယ်။ ကိုမောင်မောင်သန်းရဲ့ ပြောပြချက် အရ ကိုသီဟကို လမ်းလျှောက် အဖွဲ့အတွက်ဆိုပြီး မန္တလေးမှာ (၂၅) သိန်း၊ မြစ်ကြီးနားမှာ (၂၅) သိန်း ထုတ်ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီ ထောက်ပံ့မှုကို ကျွန်မတို့ အနေနဲ့ ဘာမှ မရသလိုပါပဲ””ဟု လမ်းလျှောက် အဖွဲ့တွင် ပါဝင်သူ ဒေါ်သက်သက်မာက ပြောသည်။
ထို့အပြင် လမ်းခရီး တစ်လျှောက်တွင် ကြိုဆိုကြသော ပြည်သူများက လှူဒါန်းသော သောက်ရေ၊ အစားအစာများ ကိုသာ စားသောက်ခဲ့ရပြီး၊ ရန်ကုန်သို့ အပြန်လမ်း ခရီးတွင် ငွေကြေး အခက်အခဲများ ကြုံတွေ့ ရသော် လည်း ကူညီ ဖြေရှင်းမှုလည်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
““ပထမ ကျွန်တော်တို့ အဖွဲ့ မကွဲသေးတဲ့ အချိန်မှာ အဲဒီထောက်ပံ့ငွေ တွေကို နိုင်ကျဉ်းအဖွဲ့ချုပ်က တစ်ဦးက တာဝန်ယူထား ပါတယ်။ ကိုသီဟ အနေနဲ့ ဘာလို့ (၂၅) သိန်းကုန်လဲ ဆိုတာတော့ မော်တော်ယာဉ် ငှားခတွေ၊ တခြားစရိတ်တွေ ရှိလို့ဖြစ်မှာပါ။ ဒါပေမဲ့ သူ့ကို ပေးတာက ငွေသားကြီး သက်သက် ခုနစ်သိန်းပဲ ပေးလိုက်တာပါ””ဟု မြစ်ဆုံ လမ်းလျှောက်ရာတွင် ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး ဦးရဲထွဋ်ခေါင် ကပြောသည်။
အဆိုပါ ငွေကြေး အငြင်းပွားမှုနှင့် ပတ်သက်သူ နိုင်ငံရေး အကျဉ်းသားဟောင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူထံ တယ်လီဖုန်းဖြင့် နှစ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ၎င်း၏ မိသားစုဝင်များ နှင့်သာ တွေ့ဆုံခဲ့ပြီး ဖြေရှင်းချက် တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိပေ။
မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းပေးရန် ရန်ကုန်မှ မြစ်ဆုံသို့ ၂၀၁၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် စတင် လမ်းလျှောက်ခဲ့ပြီး၊ ဧပြီလဆန်း ပိုင်းတွင် ပုဂံမြို့ ၌ အဖွဲ့ဝင်များ အကြား သဘောထား ကွဲလွဲကာ တစ်ဖွဲ့တစ်လမ်းဆီဖြင့် မြစ်ဆုံသို့ ဆက်လက် ချီတက်ခဲ့ ကြသည်။



messenger news journal

ဘရာဇီး အပူချိန်နှင့်စိုထိုင်းမှုက အင်္ဂလန်အသင်းအတွက် အခက်ကြုံနိုင်ဟုဆို


ဓာတ်ပုံ – ရိုက်တာ
ကမ္ဘာ့ထိပ်တန်း ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းက လီဗာပူးနဲ့ ဥရုဂွေး ကစားသမား လူးဝစ် ဆွာရက်ဇ်ကို ဘဲလေး ကချေသည်တဦးအဖြစ် ဝေဖန်ခဲ့ပြီး ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အခြေအနေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ပထမဆု ရယူနိုင်ခဲ့တဲ့ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားကနေ လက်ရှိအခြေအနေထိ ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး သုံးသပ်လိုက်တာ ဖြစ်ပါတယ်။
ဘရာဇီလ်းနိုင်ငံရဲ့ အပူချိန်နဲ့ စိုထိုင်းမှုဟာ အင်္ဂလန်အသင်းအတွက် ကောင်းတဲ့ နိမိတ်မဟုတ်ဘူးလို့ ပြောပါတယ်။

အပူချိန် ၅ ဒီဂရီ ဆင်တီဂရိတ် မြင့်တက်မယ်ဆိုရင် အင်္ဂလန်အသင်း နိုင်ခြေက ၅၉ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွား နိုင်ပါတယ်လို့ ဆိုပါတယ်။

ပင်လယ်ရေမျက်နှာပြင် အမြင့် ၅၀၀ မီတာ အထက်မှာ ကစားရရင် အနိုင်ရနိုင်ချေ ၂ ဆ ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် တခြားသော ဒိုင်လူကြီးတွေထက် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ဟန်ဆောင်လှဲအိပ်တဲ့ ပရိယာယ်ကို ပိုပြီး သဘောပေါက်တဲ့ ဥရောပဒိုင်လူကြီးရရင်တော့ ဥရုဂွေးအသင်းနဲ့ ကစားတဲ့အခါမှာတော့ အခြေအနေ ပိုကောင်းနိုင်တယ်လို့ ဟော့ကင်းက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားကို ရရှိခဲ့စဉ်က အနီရောင်ဂျာစီကို ၀တ်ဆင်ခဲ့တာဖြစ်ပြီး အခု ၀တ်ဆင်နေတဲ့ အဖြူရောင် ဂျာစီရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ဟော့ကင်းက အနီရောင်က ပိုပြီး အောင်မြင်မှုကို ရစေတယ်လို့ ဂျာမနီ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်ဖြစ်တဲ့ အနီက ယုံကြည်မှုရှိသလို မာန်ပါတက်ကြွ လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကိုးကားပြီး ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ၄-၄-၂ ပုံစံထက် ၄-၃-၃ ပုံစံကို ကစားသင့်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းရဲ့ ပင်နတီကန်ချက်နဲ့ ပတ်သက်ပြီးတော့ ဂိုးအဖြစ် မဖန်တီးနိုင်ဘူးလို့ ပြောပါတယ်။

အသက် ၇၂ နှစ်အရွယ် ပါမောက္ခဟော့ကင်း ရေးသားတဲ့ အချိန်ရဲ့သမိုင်းကြောင်း စာအုပ်ဟာ ကမ္ဘာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်ခဲ့သလို သူဟာ လက်ရှိ ကမ္ဘာ့ထိပ်တန်း ရူပဗေဒပညာရှင် တဦးလည်း ဖြစ်ပါတယ်။


DVB Burmese

ဧပြီလက ဖမ်းယူရခဲ့သည့် အသံလှိုင်းများသည် MH370 မှ မဖြစ်နိုင်ကြောင်း သတ်မှတ်





ဖမ်းယူရရှိနေခဲ့သည့် အသံလှိုင်း ရိုက်ခတ်မှုများသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်၏ သေတ္တာနက်မှ ထွက်ပေါ်လာခြင်းဆိုသော ခန့်မှန်းချက်များကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်နေသည့် ပညာရှင်များက အပြီးတိုင် ပယ်ချလိုက်ပြီ ဖြစ်သည်။ ဧပြီလ အတွင်းက အိန္ဒိယ သမုဒ္ဒရာ အတွင်း၌ အချက်ပေး ထုတ်လွှင့်သည့် အသံလှိုင်းများကို ဖမ်းယူရရှိခဲ့သော်လည်း ယင်းသည် မိမိတို့ ရှာဖွေနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်၏ နောက်ဆုံးခိုနားရာ နေရာနှင့် ဆက်စပ်မှု မရှိနိုင်ဟု ဩစတြေးလျက ဦးဆောင်သည့် ပူးပေါင်းရှာဖွေရေး လှုပ်ရှားမှုစင်တာ (JACC)က ငြင်းချက်ထုတ်ခဲ့သည်။

“အသံလှိုင်း ထုတ်လွှင့်မှုတွေ ဖမ်းယူရရှိခဲ့တဲ့နောက် အဲဒီနေရာနဲ့ ပတ်ဝန်းကျင် ဇုန်တစ်ခုလုံးကို ရေငုပ်သင်္ဘောငယ် တစ်စင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်နဲ့ ဆက်စပ်တဲ့ ဘာအပျက်အစီး အပိုင်းအစကိုမှ ရှာမတွေ့ခဲ့ဘူး”ဟု JACC၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထိုစဉ်က ဖမ်းယူရရှိခဲ့သည့် အသံလှိုင်းများသည် MH370ထံမှ မဟုတ်ဘဲ အခြားသော လူလုပ်ကိရိယာ တစ်ခုခုထံမှဟု ယူဆရကြောင်းလည်း သိရသည်။ ဩစတြေးလျ ပို့ဆောင်ရေး လုံခြုံမှုဗျူရိုကလည်း “ခုချိန်မှာတော့ အဲဒီနေရာဟာ MH370ရဲ့ နောက်ဆုံးနားခိုရာ သတ်မှတ်ဇုန်အဖြစ် တွေးတောနေဖို့ မလိုတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ကြောင့်လည်း မတ်လ(၈)ရက်နေ့ ကတည်းက အကြောင်းရင်း မသိဘဲ အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားသည့် လေယာဉ်၏ ကံကြမ္မာမှာ ပိုမို၍ ပဟေဠိ ဆန်လာခဲ့သည်။ ဩစတြေးလျသင်္ဘော Ocean Shieldသည် အမေရိကန်လုပ် Bluefin-21 မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်ကို ထိန်းချုပ်စေခိုင်းကာ ရေအောက်ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေမည် ဖြစ်သည်။ MH370သည် လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ကာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း ပစိဖိတ် သမုဒ္ဒရာ ရေပြင်ထက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းနှင့် ပတ်သက်သည့် ဂြိုဟ်တုမှတ်တမ်းများ၊ အခြားအချက်အလက်များကို အခြေခံပြီး လေယာဉ်အနေဖြင့် အကြောင်းရင်း တိတိကျကျ မသိရဘဲ အိန္ဒိယ သမုဒ္ဒရာဘက် ဦးလှည့်ပျံသန်းသွားပြီး ပျက်ကျသွားခြင်းအဖြစ် ပညာရှင်များက ယူဆထားသည်။
planet Myanmar Network

ခရစ္စတန်နှင့် အဆက်အသွယ် ရှိနေဆဲဟု ရောဘတ်ပက်တင်ဆန် ဝန်ခံ




မိမိနှင့် ချစ်သူဟောင်း ခရစ္စတန် စတီးဝပ်တို့ကြားတွင် မိတ်ဆွေဆန်သော ဆက်ဆံရေးမျိုး တည်ရှိနေဆဲဟု ရောဘတ်ပက်တန်ဆန်က ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၂၈)နှစ်ရှိ မင်းသားသည် Twilight ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသမီး ခရစ္စတန်နှင့် ချစ်သူများ ဖြစ်ခဲ့သော်လည်း ခရစ္စတန်၏ ရှုပ်ထွေးမှုများကြောင့် လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးကြား ပြတ်လိုက်ဆက်လိုက် အခြေအနေမျိုးဖြင့် ရှေ့ဆက်ခဲ့သော်လည်း လွန်ခဲ့သော (၇)လကမူ နှစ်ဦးသား လုံးဝဥဿုံ ကင်းကင်းရှင်းရှင်း နေထိုင်လာခဲ့သည်။ (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက ခရစ္စတန်သည် သူမပါဝင် သရုပ်ဆောင်ထားသည့် Snow White and The Huntsman ဇာတ်ကားမှ ဒါရိုက်တာ ရူးပတ်ဆန်းဒါးစ်နှင့် ငြိစွန်းခဲ့ကြောင်း သတင်းများကြောင့် ရောဘတ်နှင့် သံယောဇဉ် ပြတ်ခဲ့ရခြင်း ဖြစ်သည်။

The Roverစတား မင်းသားအား ခရစ္စတန်နှင့် အဆက်အသွယ် ရှိမရှိ Hollywood Reporter သတင်းဌာနက မေးမြန်းရာ ၎င်းက “သေချာတာပေါ့။ ကျွန်တော်တို့ကြားမှာ မိတ်ဆွေဆန်တဲ့ ဆက်ဆံရေးတော့ ရှိနေဆဲပါ”ဟု ဖြေကြားခဲ့သည်။ ၎င်းက လက်ရှိတွင်မူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပြီး အနုပညာဘဝ ပိုမိုအောင်မြင် ချောမွေ့စေရန်သာ အာရုံစိုက်ထားကြောင်းလည်း ဆိုသည်။ “မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ ကျွန်တော့်ကို မေးသွားသေးတယ်။ အလုပ်တွေ အရမ်းလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲသလို ဖြစ်နေမလား ဆိုတာပါ။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ အားလုံး Okပါပဲ”ဟု ရောဘတ်က ပြောကြားသွားသည်။

ရောဘတ်က ခရစ္စတန်နှင့် အတူနေထိုင်ခဲ့သည့် နေအိမ်ကို အရောင်းစာရင်း တင်ထားခြင်းနှင့် ပတ်သက်ပြီးလည်း “သိပ်ကြီးလွန်းတယ်လေ။ အိမ်ထက်စာရင် ဗာဆိုင်းလ်စ် နန်းတော်ကြီးလို ဖြစ်နေတယ်။ ပန်းခြံကလည်း တော်တော်ကြီးလှတယ်။ ခက်တာက လူတစ်ယောက်တည်းအတွက်ကျတော့ အခန်းတစ်ခန်းလောက်ပဲ နေစရာလိုအပ်တာ မဟုတ်လား။ ကျွန်တော်ကတော့ အခန်းကျဉ်းလေးတစ်ခုရယ်၊ ပြတင်းပေါက်လေးရယ် ရှိရင်တောင် ရောင့်ရဲတတ်တဲ့ လူမျိုးပါ”ဟု ရှင်းပြသွားခဲ့သည်။

Planet Myanmar Network

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံကုန်ကျမည့် ကျွန်းတုတည်ဆောက်ရေး တရုတ်စီစဉ်


မေ၊၂၉။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင်အထူးစီးပွားရေးဇုန် (EEZ)မိုင် ၂ဝဝ အကွာအဝေးအတွင်းရှိ စပရတ်တလီ ကျွန်းစု၌
အမေရိကန် ဒေါ်လာ ၅ ဘီလီယံကုန်ကျမည့် ကျွန်းတုတစ်ခုတည်ဆောက်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း၏ အမှတ်(၉)ဒီဇိုင်းရေးဆွဲရေးနှင့် သုတေသနရေးဌာနသည် စပရတ်တလီ
ကျွန်းစုအတွင်းရှိတရုတ်ကထိန်းချုပ်ထားသော Fiery Cross ကျောက်တန်းတွင် တည်ဆောက်မည့် ကျွန်းတုပုံစံကို ဒီဇိုင်းရေးဆွဲခဲ့ခြင်း
ဖြစ်ကြောင်း Qianzhan အွန်လိုင်းသတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အဆိုပါ Fiery Cross ကျောက်တန်းအနီးတွင်ပင်လယ်ရေမျက်နှာပြင်အထက် ၃ မီတာမြင့်ပြီး ၅ စတုရန်း ကီလိုမီတာကျယ်ဝန်းသော
စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်မှုကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံရှိမည်ဖြစ်ပြီး
၁ဝ နှစ်တာကာလအတွင်းအပြီးသတ်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းနှင့်အဆိုပါတည်ဆောက်မှုမှာ အလေးချိန်တန် ၁ဝဝ,ဝဝဝ ရှိ နျူကလီးယား
စွမ်းအင်သုံးလယာဉ်တင်သင်္ဘော တစ်စင်းတည်ဆောက်မှု ကုန်ကျစရိတ်နှင့်တူညီနေကြောင်း ၎င်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။ အဆိုပါကျွန်းတုမှာ
တရုတ်နိုင်ငံအတွင်းမဟာဗျူဟာမြောက် အရေးပါသော စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီးအရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏
ရပ်တည်မှုကဏ္ဍကိုခိုင်မာစေမည်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းသြဇာချဲ့ထွင်ရေးကြီးမားသည့် အခွင့်အလမ်းရရှိစေမည်ဖြစ်ကြောင်း
၎င်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံPalawan ပြည်နယ် အနီးရှိ Panganiban (Mischief) ကျောက်တန်းတွင်လည်းကျွန်းတုတစ်ခု
တည်ဆောက်ရေး စီစဉ်ထားကြောင်းနှင့် အဆိုပါကျွန်းကိုစစ်ရေးရည်မှန်းချက်အတွက် အသုံးပြုရေးအပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ
ငါးဖမ်းလုပ်ငန်းစင်တာတစ်ခုအသွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ၎င်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်ဟု သိရသည်။

Source; Qianzhan
ဘာသာပြန် David
The Myanma Age

အငြင်းပွား ရေပိုင်နက်အတွင်း ဗီယက်နမ် ငါးဖမ်းသင်္ဘောတစ်စင်းကို တရုတ်သင်္ဘောတစ်စင်းက ဝင်တိုက်


မေ၊၂၉။

နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပိုင်နက်အတွင်းရှိ ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စင်းသည် တရုတ်သင်္ဘော တစ်စင်း၏
ဝင်တိုက်ခြင်းကိုခံရပြီးနောက်၎င်းငါးဖမ်းသင်္ဘောမှာ နစ်မြုပ်သွားခဲ့ကြောင်း ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့မှအကြီးအကဲတစ်ဦးက
ပြောကြားသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုသည်တာင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက် အတွင်း တရုတ်နိုင်ငံကတည်ဆောက်ခဲ့သော ရေနံတူးစင်မှ
ရေမိုင် ၁၇ မိုင်အကွာတွင်ဖစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ အကြီးအကဲငုယင်ကွမ်ဒမ်းက ပြောကြားသည်။ ၎င်းသင်္ဘော
နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ငါးဖမ်းသမား ၁ဝ ဦးကို အနီးအနားရှိ အခြားဗီယက်နမ်ငါးဖမ်းသင်္ဘောများက
ကယ်ဆယ်ခဲ့ကြောင်း၊အဆိုပါနစ်မြုပ်မှုမဖြစ်ပွားမီ ဒနောင်မြို့မှလာသော ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စင်းကို တရုတ်ငါးဖမ်းသင်္ဘော
အစင်း ၄ဝ က ဝန်းရံထားခဲ့ကြောင်းဒမ်းက ရိုက်တာသတင်းဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှတုံ့ပြန်ပြောကြားချက်များ ထွက်ပေါ်လာခြင်းမရှိကြောင်း၊ ထို့ကြောင့်
ဗီယက်နမ်အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆိုတရားနည်းလမ်းကျကျ ခုခံကာကွယ်နိုင်မည့်နည်းလမ်းများကို
စဉ်းစားသုံးသပ်လျက်ရှိကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်းကပာကြားခဲ့သည်။

Source;Reuters
ဘာသာပြန် David
The Myanma Age

မွမ်ဘိုင်းမြို့ရှိ လေတပ်စခန်းတွင် လုံခြုံရေးတစ်ဦး၏ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံး


မေ၊၂၉။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လေတပ်စခန်းတစ်ခုတွင် မေ ၂၇ ရက် နံနက်အစောပိုင်းက လုံခြုံရေးတစ်ဦး၏ ပစ်ခတ်ခဲ့မှုကြောင့် ၎င်း၏
အပေါင်းအဖော်နှစ်ဦးသေဆုံး၍ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုသည်မွမ်ဘိုင်းမြို့ရှိ Santacruz လေတပ်စခန်းတွင် ဒေသစံတော်ချိန် နံနက် ၁နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်အဆိုပါလုံခြုံရေးအစောင့်မှာ ထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း
သိရသည်။ ရဲတပ်ဖွဲ့သည်ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းလျက် ရှိကြောင်း သိရသည်။

Source;AP
ဘာသာပြန် David
The Myanma Age

ဗယ်လန်စီယာနှင့် ဗန်ဒါဘတ် ကမ္ဘာ့ဖလားနှင့်လွဲချော်ပြီ

ဗယ်လန်စီယာ(၀ဲ)နှင့် ဗန်ဒါဘတ် (ယာ)

ကိုလံဘီယာ လက်ရွေးစင်ဘောလုံးအသင်းရဲ့ ကွင်းလယ်သမား အက်ဝင် ဗယ်လန်စီယာ ဒဏ်ရာကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ လွဲချော်သွားပြီလို့ နည်းပြ က ပြောဆိုလိုက်ပါတယ်။

ကိုလံဘီယာအသင်းဟာ ပြိုင်ပွဲဝင်ဖို့အတွက် လေ့ကျင့် ခြေစမ်းဖို့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းမှာ ကွင်းလယ်သမား ဗယ်လန်စီယာဟာ နာမည်ကြီး တိုက်စစ်မှူး ဖယ်ကာအိုနဲ့အတူ ရွေးချယ်ခံထားရတာပါ။

ကိုလံဘီယာအသင်းဟာ ပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် ဆီနီဂေါ၊ ဂျော်ဒန်တို့နဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်။

ကိုလံဘီယာဟာ အုပ်စု (စီ) ဂရိ၊ အိုင်ဗရီကို့စ်၊ ဂျပန်တို့နဲ့ တအုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

နယ်သာလန် လက်ရွေးစင်အသင်းမှာတော့ အားထားရတဲ့ ကွင်းလယ်သမား ဗန်ဒါဘတ် ဟာ လေ့ကျင့်ရေးကွင်းမှာ ရတဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဂျာမန်ကလပ်အသင်း ဟမ်းဘတ်ရဲ့ ကွင်းလယ်သမားဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်တော့မှာ မဟုတ်ကြောင်း နယ်သာလန် ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဗန်ဒါဘတ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုမှာ ပါဝင် ကစားခဲ့ပြီး နယ်သာလန် လက်ရွေးစင်အသင်းတွက် ပွဲပေါင်း ၁၀၉ ပွဲ ကစားပေးထားပါတယ်။

ကွင်းလယ်သမားဟာ အေဂျက်၊ ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်ဟော့စပါးစ် အ သင်းတို့မှာ ကစားခဲ့ဖူးပါတယ်။

ဗန်ဒါဘတ်ရဲ့ နယ်သာလန်အသင်းဟာ အုပ်စု (ဘီ)မှာ လက်ရှိချန်ပီယံ စပိန်၊ ချီလီ၊ သြစတြေးလျအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး ဇွန် ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲမှာ စပိန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

DVB Burmese

တရုတ် ကြက်ငှက်တုပ်ကွေး Bird Flu မြန်မာကို ကူးစက်လာနိုင်ဟု FAO သတိပေး (မေးမြန်းချက်)


တရုတ်မှာ ပျံ့နှံ့ကူးစက်ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး (H7N9)ဟာ မြန်မာနိုင်ငံကို ကူးစက်လာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (အက်ဖ်အေအို)က သတိပေး လိုက်ပါတယ်။

ဒီ သတိပေးချက် ရရချင်း အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲတွေရဲ့ ရလဒ်ပေါ် မူတည်ပြီး ကာကွယ်တားဆီးရေးလုပ်ငန်းတွေ ဆက်လုပ်သွား မယ်လို့ မွေးမြူရေးနဲ့ ကုသရေးဝန်ကြီးဌာနရဲ့ အကြံပေးပညာရှင် ဒေါက်တာအောင်ကြီး က ပြောပါတယ်။

မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးတာမို့ ဘာတွေ ဘယ်လို ကြိုတင် လုပ်ဆောင်ရမယ်ဆိုတာ အတွေ့အကြုံရှိကြပါတယ်လို့လည်း သူက ပြောပါတယ်။

ကြက်မွေးသူတွေအနေနဲ့ ရောဂါကြောင့်သေဆုံးတဲ့ ကြက်တွေကို ကိုယ့်အကျိုးစီးပွား တခုတည်း ကြည့်ပြီး ဈေးကွက်ထဲ မဖြန့်ဖို့လည်း သတိပေး ပြောပါတယ်။

အကြံပေးပညာရှင် ဒေါက်တာအောင်ကြီးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင် နားဆင်ရန်




DVB Burmese

အင်္ဂလန်အသင်း ပြင်ဆင်နေမှု ၀န်ကြီးချုပ် ကြည့်ရှုအားပေး


ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်မယ့် အင်္ဂလန်အသင်းရဲ့ လေ့ကျင့် ပြင်ဆင်နေမှုတွေကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မေ ၂၉ ရက်နေ့က သွားရောက် ကြည့်ရှုအားပေးသွားပါတယ်။

အင်္ဂလန်ဟာ ၀င်ဘလေကွင်းမှာ သောကြာနေ့ကျရင် ပီရူးအသင်းနဲ့ ဒီနေ့ ခြေစမ်းပွဲ ကစားပြီးရင် အီကွေဒေါ၊ ဟွန်ဒူးရစ်စ်တို့နဲ့ ထပ်မံခြေစမ်းဖို့ အမေရိကန်နိုင်ငံ မိုင်ယာမီကို ထွက်ခွာမှာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ လက်ရွေးစင်အသင်း လေ့ကျင့်နေတဲ့ကွင်းကို ရောက်ရှိလာပြီး နည်းပြ ရွိုင်ဟော့ဆန်၊ အသင်းခေါင်းဆောင် စတီဗင် ဂျရတ်တို့နဲ့ တွေ့ဆုံ အားပေးစကား ပြောဆိုခဲ့ပါတယ်။

ပီရူးနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဟော့ဆန်က အင်္ဂလန်အသင်းရဲ့ လက်ရှိ ပြင်ဆင်နေမှုနဲ့ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ့ အခြေအနေအပေါ်ကို ကျေနပ်မိတယ်လို့ ပြောပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ် ၂၃ ယောက် လူစာရင်းကိုတော့ ပီရူးနဲ့ ခြေစမ်းပွဲ အပြီးမှာ ထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် စတီဗင် ဂျရတ်က “ပထမဆုံးအနေနဲ့ ခြေစွမ်းအပေါ် လေးစားအထင်ကြီးအောင် ကြိုးစားရမှာပါ။ လူတိုင်းက ပွဲထွက်ခွင့် ၁၁ ယောက်စာရင်းမှာ ပါဖို့အတွက် တွန်းအားပေး ကြိုးစားနေကြပါတယ်။ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းက အမြင့်ဆုံးမှာ ရှိနေပါတယ်။ အဲဒီ ခြေစွမ်းမျိုးအတိုင်း ကစားနိုင်ဖို့ပဲ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု (ဒီ) မှာ ဥရူဂွေး၊ ကော်စတာရီကာ၊ အီတလီတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ ဇွန် ၁၄ ရက်နေ့ ကျရင် မာနူရက်စ်မှာ အီတလီအသင်းနဲ့ ပွဲဦးထွက် စတင်ကန်ရမှာ ဖြစ်ပါတယ်။

DVB Burmese

လွှတ်တော်အမတ်တွေလစာ တိုးပေးသင့် မသင့် (သတင်း သုံးသပ်ချက်)


ပြည်ထောင်စုအဆင့် အမတ်တွေ ရတဲ့ လစာနဲ့ အခြားစရိတ်တွေဟာ လုပ်ငန်းတာဝန်နဲ့ လိုက်လျောညီထွေ မဖြစ်ဘဲ အလွန့်ကို နည်းပါးနေတယ်လို့ လွှတ်တ်ာအခွင့်အရေး ကော်မတီက လွှတ်တော်မှာ အစီရင်ခံပါတယ်။

 မေလ ၂၈ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံတာ ဖြစ်ပြီး လွှတ်တော်အမတ် အတော်များများကလည်း ထောက်ခံပြောဆိုကြပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေဟာ ၁ လ လစာ ကျပ် ၃ သိန်း၊ နေပြည်တော်မှာ လွှတ်တော်တက်စဉ် တည်းခိုခ၊ စားစရိတ်နဲ့ အထွေထွေ တနေ့ ကျပ် ၁ သောင်း ရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မေလ ၂၈ ရက် လွှတ်တော်တွင်းဆွေးနွေးခဲ့ကြပုံကို အခုလို ပြောပါတယ်။

“ဒါလွှတ်တော် အခွင့်အရေးကော်မတီကသာ ဒီကိစ္စတွေကို ဒီလိုတွေ့နေရတဲ့အတွက် ဆွေးနွေးပါလို့ ပြောပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုယ့်ရဲ့ချီးမြှင့်ငွေကိုတော့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တာ မတွေ့ရပါဘူး။ မဲဆန္ဒတွေ ဆင်းတဲ့အခါမှာ ခရီးစရိတ်ကဏ္ဍတွေ ရှိတယ်။ အဲဒါ အမှန်အကန် ကုန်ကျတဲ့ စရိတ်ကို ထည့်သွင်းပေးဖို့ကိုပဲ အထူးပြုဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက် ၀န်ထမ်းတွေ လခမတိုးပဲနဲ့ ကျမတို့ တိုးတယ်ဆိုရင်လည်း မသင့်တော်ဘူး ဆိုတာ ထည့်သွင်းဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကျမတို့ကတော့ ဘယ်လိုပဲ ပြောပြောပါ၊ ဒီစရိတ်တွေ တိုးတာ မတိုးတာ ကျမတို့အတွက် အဓိက မဟုတ်ပါဘူး။ ပြည်သူတွေ ဆင်းရဲတာမို့လို့ ကျမတို့လည်း ပြည်သူတွေနဲ့အတူ သွားရမယ်ဆိုတာ နားလည်ပါတယ်။ ဒီကဏ္ဍကို ကျမတို့လည်း မဆုံးဖြတ်လိုပါဘူး။ လူထုရဲ့ အမြင်တွေကိုလည်း နားထောင်ဦးမှာ ဖြစ်ပါတယ်။”
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ လွှတ်တော်အမတ်တွေရဲ့ လစာ၊ သာမန်ဝန်ထမ်းတွေရဲ့ လစာနဲ့ အစိုးရ၀န်ကြီးတွေရဲ့ လစာတွေဟာ ကွာခြားချက် များလွန်းတယ်လို့ ပြောပါတယ်။
“လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ၃ သိန်း ရတယ်ပေါ့နော်။ ဒါပေမယ့် သာမန်ဝန်ထမ်း တွေနဲ့စာရင် များသလိုတော့ အတိုင်းအတာရှိတာပေါ့။ ဒါပေမယ့် အထက်အောက် ကွာခြားမှုကတော့ တော်တော့ကို များပါတယ်။ သာမန် ၀န်ထမ်းတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ များသလို ယူဆနိုင်သလို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း သမ္မတက အစ ပြည်ထောင်စုဝန်ကြီးအဆင့် တွေနဲ့ သိပ်ပြီးတော့ ကွာသွားတယ် ခင်ဗျ။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက နိုင်ငံတကာမှာလည်း ၃ သိန်းလောက်ဆိုတာ ဒေါ်လာ ၃၀၀ လောက်ပဲရှိတဲ့ ကိစ္စက နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် ဘယ်လိုမှ မကိုက်ညီပါဘူး။ လက်တွေ့ နယ်ပယ်မှာကျပြန်တော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက နယ်တွေကို ဆင်းတဲ့အခါမှာ ကိုယ့်စရိတ်နဲ့ ကိုယ် ဆင်းရတာခင်ဗျ။ ကိုယ့်စရိတ်နဲ့ကိုယ် ဆင်းရတယ်၊ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ရတယ်။ သူတို့ ကျွေးတာ မွေးတာကအစ လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတော့ နည်းနည်းဝိုင်းပြီးတော့ စိုက်ခံပေးရတာပေါ့။ နောက် ဖုန်းကတ်တွေကော စာစီစာရိုက် ကအစ အများကြီးပါ။ နောက်ပြီးတော့ ကိုယ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ အလှူကအစ မင်္ဂလာဆောင်ကအစ ဖိတ်တဲ့အခါမှာ အရင်တုန်းက သာမန်ပုဂ္ဂိုလ်ဆိုတော့ ၂ ထောင် ၃ ထောင်လောက်နဲ့ရတယ်၊ အခုဆိုရင် ၁ သောင်းလောက်က အနည်းဆုံး။ အဲဒီလိုမျိုးပေါ့ဗျာ ကျားကြီးရင် ခြေရာကြီးတာမျိုး အဘက်ဘက်က ကုန်ကျစရိတ်တွေ တကယ်များပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ခြိုးခြိုးခြံခြံနဲ့ပဲ သုံးနေရတဲ့ အနေအထား မျိုးပေါ့နော်။ တကယ်လို့ လစာတွေ ချေးငွေတွေ တိုးပေးမယ်ဆိုရင် ပိုပြီးတော့ နယ်တွေကို ဆင်းရာမှာလည်း အဆင်ပြေမယ်၊ ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်ပေါ့။ အဲဒီလို အတိုင်းအတာမျိုးကြောင့် ကျနော်တို့က နိုင်ငံတကာစံနှုန်း အနေနဲ့ရော ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ချိန်ထိုးလိုက်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီထက် ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး တိုးဖို့လိုမယ်လို့ မြင်ပါတယ်။”
ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ ဥက္ကဋ္ဌ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကို ပါလီမန်ခေတ်အမတ်တွေလစာနဲ့ ခံစားခွင့်တွေအကြောင်းမေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ဟိုတုန်းက လွှတ်တော်အမတ်တွေဟာ လစာ ၃၀၀ ပဲရတယ်။ နေ့တွက်ရတယ်။ လွှတ်တော်ရှိတဲ့အချိန်မှာ တနေ့ကို ၂၅ ကျပ်ရတယ်။ အဲတုန်းက ဒုဝန်ကြီးက ၈၀၀ ပဲ ရတယ်။ ဒါပေမယ့် လုံလောက်တယ်၊ ပြဿ နာ မဖြစ်ဘူး။ ရွှေ ၁ ကျပ်သားကို ၁၀၀ မရှိသေးဘူး။ ရွှေ ၃ ကျပ်သားလောက် ရမှာပေါ့။ အဲဒီခေတ်တုန်းက အနိမ့်ဆုံးက ၇၅ ကျပ်ရတယ်။ အထက်တန်းစာရေးတောင်မှ ၁၁၀ ပဲရတယ်။ အဲဒီကာလတုန်းက မိသားစုတွေ လုံလောက်တယ်။”

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်း ကတော့ နိုင်ငံတကာနဲ့ယှဉ်ပြီး အခုလို သုံးသပ် ဆွေးနွေးပါတယ်။

“အထူးသဖြင့် လုပ်ငန်းတွေကို အထောက်အကူပြုဖို့ ၀န်ထမ်းတွေ ခန့်အပ်ပေးထားတာပေါ့။ အမေရိကားမှာဆိုရင် လွှတ်တော်အမတ်တယောက်ဆိုရင် ၀ါရှင်တန်မှာလည်း ကွန်ဂရက်အဆောက်အဦမှာ သူ့အတွက် ရုံးခန်းရှိတယ်။ အနည်းဆုံး ၀ါရှင်တန်က ရုံးမှာ တကယ်ဥပဒေရေးအရ အတိုင်ပင်ခံပုဂ္ဂိုလ်တွေအပါအ၀င် စာရေးစာချီနဲ့ ရုံးဝန်ထမ်းက ၁ ဒါဇင်လောက်ရှိတယ်။ အဲဒါအပြင် မဲဆန္ဒနယ်တွေမှာလည်း မဲဆန္ဒရှင်ပြည်သူနဲ့ ဆက်သွယ်လုပ်ဖို့ ရုံးတရုံးနဲ့ ၀န်ထမ်းတွေ ရှိတယ်။ ၀န်ထမ်းတွေရဲ့လခကို နိုင်ငံတော်ကပဲ ပေးအပ်ပါတယ်။ ဒီအဆင့်ထိက ချက်ချင်း မလိုသေးပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ ဥပဒေပြုစုတဲ့နေရာမှာ လိုအပ်တဲ့အထောက်အကူပေးနိုင်ဖို့ ရေးရာကော်မတီမှာ ၀န်ထမ်းတွေ ခန့်ထားသင့်သလို နေထိုင်တဲ့နေရာမှာလည်း အင်တာနက်ကြည့်တာကအစ၊ ဖတ်ရှုလေ့လာစရာ လိုင်ဘရီကအစ အလွယ်တကူရနိုင်အောင် ကွန်ပျူတာတွေ အသုံးပြုနိုင်ဖို့ ပိုပြီး အထောက်အကူပြုတဲ့ပစ္စည်းတွေ၊ ၀န်ထမ်းတွေ ထားပေးဖို့ လိုမယ်လို့ ထင်တယ်။ တယောက်ချင်း ထားမပေးနိုင်ရင်တောင် ကော်မတီလိုက်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနေတဲ့ တည်းခိုခန်းတွေမှာပဲ ဖြစ်စေ အများအသုံးပြုနိုင်တဲ့ အင်တာနက်၊ ကွန်ပျူတာ၊ ပရင်တာ စတဲ့ကိရိယာတွေ ပံ့ပိုးပေးသင့်တယ်လို့ ထင်ပါတယ်။”

မြန်မာ့လွှတ်တော်မှာ အမတ်ပေါင်း ၆၀၀ လောက်ရှိပြီး ဒီထဲ တပ်ကိုယ်စားလှယ်တွေ ဖယ်လိုက်ရင် အမတ်ပေါင်း ၄၀၀ လောက် ရှိနေပါတယ်။

dvb burmese

အိန္ဒိယတွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသည့် ညီအစ်မ ၂ ဦး ဆွဲကြိုးချ


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥသာပရာဒေ့ရှ်ပြည်နယ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရသူ ၀မ်းကွဲညီအမ ၂ ဦး ဆွဲကြိုးချ အဆုံးစီရင်ခဲ့ကြတယ်လို့ ဒေသခံရဲဌာနက ဆိုပါတယ်။

ညီအမ ၂ ဦးဟာ အသက် ၁၄ နှစ်နဲ့ အသက် ၁၅ အရွယ် ဖြစ်ကြပြီး အိန္ဒိယ ဇာတ်နိမ့်မိသားစုက ဖြစ်ပါတယ်။

မိန်းကလေး ၂ ဦးကို လူ ၅ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ကြပြီး ၂ ဦးဟာ ရဲသားတွေ ဖြစ်တယ်လို့ ဒေသခံရဲအရာရှိက ပြောပြီး တရားခံတချို့ကို ဖမ်းဆီးရမိထားပြီးလို့လည်း ပြောဆိုပါတယ်။

ဆေးစစ်ချက်အရ မိန်းကလေး ၂ ဦးဟာ အဓမ္မပြုခံခဲ့ကြရပြီးနောက် ဆွဲကြိုးချမှုကြောင့် သေဆုံးရတယ်လို့လည်း ရဲအရာရှိက အတည်ပြုပြောဆိုပါတယ်။ တာဝန်ပျက်ကွက်ခဲ့တဲ့ ရဲဝန်ထမ်း ၃ ဦးကိုလည်း တာဝန်မှ ရပ်ဆိုင်းခဲ့ကြပါသေးတယ်။

အိန္ဒိယမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဟာ အိန္ဒိယနိုင်ငံတ၀ှန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အိန္ဒိယဇာတ်နိမ့်တွေနဲ့ ဆင်းရဲသူတွေကြားများမှာ ပိုမို ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ တိုင်ကြားမှုတွေလည်း နှစ်စဉ် ၄ ဆတိုးနေတယ်လို့လည်း အိန္ဒိယ အမျိုးသမီးအခွင့်အရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

အဓမ္မပြုကျင့်ခံသူတွေကို အမှုတိုင်ကြားမှုတွေ မလုပ်ဖို့၊ ရဲတွေကိုယ်တိုင်က ဟန့်တားကြပြီး တရားခံနဲ့ တရားလို ပြေလည်မှုရယူဖို့ကိုပဲ တိုက်တွန်းကြတယ်လို့ ဆိုပါတယ်။

အခုလို အဓမ္မပြုကျင့်မှုမျိုးတွေကို အိန္ဒိယရဲဌာနတွေက အရေးယူဆောင်ရွက်တာမျိုး မရှိသလောက်ပါ။

dvb burmese

ဒဂုံဆိပ်ကမ်းမြို့နယ် ကမ်းနားရှိ အိမ်ခြေ ၂၀ကျော် ယနေ့နံနက်သုံးနာရီကျော်တွင် အင်အားသုံးဖြိုဖျက်ခံခဲ့ရ



ရန်ကုန်၊ မေ ၃၀

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကမ်းနား ၆၇ ရပ်ကွက်ရှိ အိမ်ခြေ အလုံးနှစ်ဆယ်ကို ယနေ့မေလ ၃၀ရက်နေ့နံနက် သုံးနားရီခွဲကျော်တွင်အင်အားသုံးဖြိုဖျက်ခြင်းခံခဲ့ရကြောင်း ၄င်းနေအိမ်ဖြိုဖျက်ခံရသူများက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

နေအိမ်လာရောက်ဖြိုဖျက်သူများတွင်တုတ်၊ဓါး၊ပုဆိန်စသည့်လက်နက်များပါရှိခဲ့ပြီး လူအင်အားသုံးရာကျော်နီးပါးဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြိုဖျက်ခံခဲ့ရပြီး မျက်မြင်တွေ့ရှိခဲ့ရသူ ဦးကြိုင်ကပြောသည်။ " လော်စပီကာကြီးနဲ့လာအော်တယ် ဘယ်နှစ်မိနစ်တွင်း အပြီးဖယ်ပေးပါဆိုပြီး။

ပြီးတော့ သိပ်မကြာပါဘူး အိမ်တွေကို အတင်းဝင်ဖျက်တော့တာပဲ။ ပစ္စည်းတစ်ချို့
လည်း ဖျက်တဲ့သူတွေယူသွားကြတယ်။" ဟု ၄င်းကဆက်ပြောသည်။ ယနေ့နံနက် အဖျက်အဆီးခံခဲ့ရသည့် ၄င်းနေအိမ်များမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်း စတင် တည်ဆောက်နေပြီဖြစ်သည့် တန်းဖိုးမျှတအိမ်ရာအနီးတွင်ဖြစ်ပြီး ကြက်ဘဲဈေး တည်ဆောက်ရေးစီမံကိန်းမြေနေရာအဖြစ် ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကပင် သတ်မှတ်ထားပြီးဖြစ်သည်ဟုလည်းသိရသည်။

အစိုးရအနေနှင့် ၄င်းနေအိမ်များအား ဖယ်ရှားပေးရန်ပြောဆိုထားမှုများရှိသော်လည်း အိမ်ဆောက်လုပ်နေထိုင်သူများအနေနှင့်နှစ်ပေါင်း လေးဆယ်ကျော် အဆိုပါ ဆိပ်ကမ်းမြေနေရာတွင်ပင် နေထိုင်လာကြခြင်းဖြစ်ပြီး လက်ရှိတွင်ပြောင်းရွှေ့ပေးရ
မည်ဆိုပါကအိမ်ခြေနှစ်ဆယ်ကျော်နှင့်လူဦးရေ ရှစ်ဆယ်ကျော်အတွက် နေထိုင်နိုင် မည့် မြေနေရာ ဖန်တီးပေးရန်တောင်းဆိုထားသည်ဟုလည်း
သိရသည်။

၎င်းမြေနေရာတွင်နှစ်ပေါင်း လေးဆယ့်ငါးနှစ်ကျော် နေထိုင်ခဲ့သည့် ဦးခင်ဇော်ကမူ " သင့်တော်မဲ့ ကျောချစရာနေရာလေးသာ ဖန်တီးပေးမယ်ဆိုရင် ကျွန်တော်တို့ ဘာမှမပြောပဲထွက်သွားမှာပါ။ ခုတော့ အတင်းကြီး ၀င်ဖျက်ဝင်လုပ်တာ" ဟု ဆိုသည်။

အိမ်ခြေဖျက်ဆီးခံရသည့် ၄င်းတို့ အနေနှင့် လက်ရှိတွင် ယာယီ ဒုက္ခသည်စခန်းပုံစံ ဖွင့်လှစ်၍ နေထိုင်စားသောက်ရန်စီစဉ်ကြရမည်ဖြစ်
သည်ဟုလည်း ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ ပေါ်ပြူလာနယူးစ်သတင်းဂျာနယ်အနေနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ နံနက် ၁၀နာရီ ၁၀ မိနစ်တွင်သွားရောက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးအနေနှင့် အစည်းအဝေးတစ်ခု သွားရောက်နေခြင်းကြောင့်ရုံးတွင်တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပေ။

သုတလင်း

Popular Myanmar News Journal

ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ



(မေ-၃၀)

ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်း
ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။

လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။

ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ်လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။

" လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ်ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်'' ဟု သုတေသနပြုလုပ်သူများက ပြောသည်။

KTZO
Ref: The Telegraph
Popular Myanmar News Journal

အလုပ်များလွန်းတာကြောင့်



အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည် ။
“ ဒေါက်တာ ၊ကျွန်မ ယောက်ျားဟာ သူ့ရဲ့ ယောက်ျားတာဝန်ကို ကျွန်မ
ကျေနပ်အောင် မဖြည့်ဆည်းနိုင်ဘူးရှင့်”
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည် ။

“ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ။ ရှင့် အမျိုးသားက
ဘာအလုပ် လုပ်သလဲ”
“လွှတ်တော်အမတ်ပါ”
“အင်း… လွှတ်တော်အမတ်ဆိုတော့ အလုပ်များတာကြောင့်ဖြစ်မယ်။
သူ့ကိုစစ်ကြည့်ရမှာပဲ၊ နောက်တစ်နေ့ ယောက်ျားကို ခေါ်လာခဲ့ပါ”
နောက်တစ်နေ့တွင် ယောက်ျား ရောက်လာသည် ။ ၄င်းကို ဆရာဝန်မ စစ်ဆေးသည်။
ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည် ။

“တစ်နေ့တစ်နေ့ အချိန်ဘယ်လို ကုန်တယ်ဆိုတာ ပြောပြစမ်းပါ”
“မနက် ရုံးကို သွားတယ် ။ လမ်းမှာ အသိအမျိုးသမီး တစ်ယောက်က
သူ့ကားကိုရပ်ပြီး ၊ ရှင် ရုံးသွားမှာလား ၊ ဒါမှမဟုတ်.. ဆိုပြီး
အဓိပ္ပါယ်ပါပါ မေးတယ် ။ ကျွန်တော် “ဒါမှမဟုတ်” ကိုရွေးလိုက်တယ် ။
ရုံးရောက်တော့ အတွင်းရေးမူးမက ကြိုနေပြီး အစ်ကိုကြီး …အလုပ်လုပ်မှာလား
၊….. ဒါမှမဟုတ်…. ဆိုပြီးပြောပြန်ရော။ ကျွန်တော် “ဒါမှမဟုတ်”
ကိုရွေးလိုက်တယ် ။ ညနေကျတော့ ကျွန်တော် အိမ်ကိုပြန်လာတယ်။

ကိုယ့်အိပ်ခန်းကို မဝင်ခင်မှာ ဘေးခန်းက အမျိုးသမီး ထွက်လာပြီး
ဘယ့်နှယ်လဲ… အိမ်ကို တန်းဝင်မှာလား ၊… ဒါမှမဟုတ်… လို့မေးတယ် ။
“ဒါမှမဟုတ်” ကိုပဲ ကျွန်တော် ရွေးလိုက်တယ် ။ ကိုယ့်အိပ်ခန်းထဲ ရောက်တော့
မိန်းမက ရှင်အိပ်မှာလား ၊…..ဒါမှမဟုတ် ဆိုပြီး ကျွန်တော့်အဖြေကို
စောင့်တယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် ထိုးအိပ်လိုက်တော့တယ် ”
အမျိုးသမီး ဆရာဝန်က ချက်ချင်း မေးခွန်းထုတ်သည် ။
“ ကိုင်း ၊ ရှင် အခု ဆေးသောက်မှာလား..၊.. ဒါမှမဟုတ်…….”

ရဲစတိုင်း
The Myanma Age

ကျိုင်းတုံ မိုးသက်လေပြင်း အဆောက်အအုံ ၂၀ ကျော်ပျက်စီး၊ တစ်ဦးဒဏ်ရာရ


ကျိုင်းတုံ၊ မေ ၂၈

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မေလ ၂၇ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် အဆောက်အအုံနှင့် လျှပ်စစ်မီးတိုင်များအပေါ် သစ်ပင်ကြီးများ ပြိုကျကာ စာသင်ကျောင်းတစ်ခု အပါအဝင် အဆောက်အအုံ ၂၀ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ နွားကိုးကောင် သေဆုံးခဲ့ကြောင်း မြို့နယ် ဒေသခံများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ထံမှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီခန့်က မိုးစတင် ရွာသွန်းပြီးနောက် လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း၊ ယင်းမိုးသက် လေပြင်းကြောင့် ကျိုင်းတုံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင် အပါအဝင် မြို့ပေါ်ငါးရပ်ကွက်ရှိ နေအိမ်နှင့် ဈေးဆိုင်ခန်းပေါင်း ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ-တောင်ကြီးလမ်း၊ ကျိုင်းတုံ-လွိုင်မွေလမ်းနှင့် ကျိုင်းတုံ-လေယာဉ်ကွင်းလမ်းတို့တွင် လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များ အပေါ်သို့ သစ်ပင်ကြီးများ လဲပြိုကျသဖြင့် လမ်းပိတ်ဆို့မှုများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောကြားသည်။

“ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ တွက်ချက်နေဆဲပါ။ လမ်းတွေပေါ်မှာ သစ်ပင်ကြီးတွေ ပိတ်ဆို့နေတာကိုတော့ မနေ့ညနေကတည်းက ရှင်းလင်းထားပါတယ်။ ကျန်တဲ့ လဲနေတဲ့ သစ်ပင်တွေကိုလည်း ဒီနေ့ ရှင်းလင်းနေပါတယ်။ မနေ့က ဖြစ်စဉ်မှာတော့ အ.ထ.က (၂) က ဆရာမတစ်ဦးရဲ့ ခေါင်းပေါ်ကို သစ်သားလွင့်စဉ် ထိခိုက်မိလို့ ဆေးရုံတင်ထားရတယ်။ ယန်းခကျေးရွာအုပ်စု၊ ပန်ကုလားရွာမှာတော့ အိမ်ငါးလုံး ပျက်စီးပြီး နွားကိုးကောင် မိုးကြိုးပစ်ခံရလို့ သေသွားတယ်” ဟု ၎င်းကဆိုသည်။

သင်္ကြန်ကာလပြီး နောက်ပိုင်းတွင် မိုးရွာသွန်းမှု မရှိသည့်အတွက် အပူဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း၊ ယခုကဲ့သို့ မိုးရွာသွန်းပြီး နောက်ပိုင်း အပူချိန် အနည်းငယ် လျော့ကျခဲ့သော်လည်း လေပြင်း တိုက်ခတ်မှုကြောင့် မြို့တွင်းနှင့် မြို့အပြင်ရှိ အရိပ်ရ သစ်ပင်အချို့နှင့် သက်တမ်းရင့် သစ်ပင်ကြီးများ လဲပြိုခဲ့ကြောင်း အမှတ် (၁) ရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

“မိုးရွာနေတဲ့အချိန်မှာ စာတိုက်ရှေ့က ဈေးဆိုင်တန်းမှာ ကွမ်းယာ ဝယ်နေတာ။ အဲဒီအချိန်မှာ ညောင်ပင်ကြီးက တိုက်တန်းပေါ်ကို ဝုန်းဆိုပြီး ကျိုးကျလာတယ်။ ကံကောင်းတာက တိုက်တန်းမှာ နေတဲ့လူတွေ တစ်ယောက်မှ မထိခိုက်မိဘူး။ ဒါပေမဲ့ တိုက်တန်းက အခန်းသုံးခန်းတော့ ညောင်ပင်ပိလို့ လုံးဝပျက်စီးသွားတယ်” ဟု ၎င်းကဆိုသည်။

လေပြင်း တိုက်ခတ်မှုကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က ဆောက်လုပ်ထားသည့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ပေ ၁၅၅၊ ပေ ၅၀ ရှိ သံလွင်ခန်းမဆောင် အမိုးများ လွင့်စဉ်ပျက်စီး ဆုံးရှံးခြင်း၊ ပေ ၈၀၊ ပေ၃၀ ဝန်ထမ်းအိမ်ရာ အုတ်ကြွပ်အမိုး ပျက်စီးဆုံးရှုံးခြင်းနှင့် ၂၀ ပေပတ်လည် နှစ်ထပ်ကျောင်းဆောင် သွပ်အမိုးတို့ ပျက်စီးခဲ့သဖြင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၈၂၁ သိန်းခန့် ရှိကြောင်း ယင်းကျောင်းအုပ်ကြီး ဦးခင်မောင်သန်းက ပြောကြားသည်။

မေလ ၂၇ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မိုးစတင် ရွာသွန်းခဲ့ပြီး ၃ နာရီ ၅၅ မိနစ်ခန့်တွင် လေပြင်းများ စတင်တိုက်ခတ်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အထိ ကြာမြင့်ကြောင်း၊ ယင်းလေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၀ မိုင်မှ ၃၅ မိုင်အထိရှိပြီး ဘက်ပေါင်းစုံမှ တိုက်ခတ်သည့် စိုက်ဆင်းလေ အမျိုးအစား ဖြစ်ကြောင်းနှင့် မိုးရေချိန်လက်မသည် ၁ ဒသမ ၇၀ လက်မရှိပြီး ယင်း မိုးရေချိန်သည် မိုးဦးကာလ၌ ပုံမှန် ရွာသွန်းသည့် မိုးရေချိန်သာ ဖြစ်ကြောင်း ကျိုင်းတုံခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးအောင်ကိုကိုက ပြောကြားသည်။

The Voice Weekly

လင်မယားချင်း စကားများရာက ဓါးဖြင့်ထိုး၍ ဇနီးဖြစ်သူသေဆုံး


နေပြည်တော်၊ မေ ၂၉
၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ၀၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဗိုလ်ကုန်းကျေးရွာတွင် ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ ငဖဲမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၂၇-၅-၂၀၁၄ ရက်နေ့ ည ၉ နာရီခွဲ အချိန် ငဖဲမြို့နယ်၊ ပန်းထိမ်းအုပ်စု၊ ဗိုလ်ကုန်းကျေးရွာနေ ဒေါ်မြစပယ်(၅၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ စိန်ကြည်(၆၁)နှစ်သည် အရက်မူးပြီးရောက်ရှိလာကာ ဒေါ်မြစပယ်အား လင်ငယ် နေသည်ဟု စွပ်စွဲသဖြင့် စကားများကြစဉ် စိန်ကြည်မှ နေအိမ်ဘုရားစင်အောက်ရှိ အရိုးအသွား (၂)ပေ(၆)လက်မခန့်၊ ဗျက်(၁)လက္မခွဲခန့် ဓါးဦးချွန်အားယူ၍ ဒေါ်မြစပယ်အားထိုးခဲ့ရာ ၀ဲပေါင်အလယ် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိပြီး သွေးထွက်လွန်ကာ သေဆုံးသွားကြောင်းသိရှိရပြီး စိန်ကြည်အား ငဖဲမြို့မရဲစခန်း(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၁၆၈ ချက် NLD အကြံပြု


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြည်ထောင်စုလွှတ်တော်မှာ "ရွေးကောက် တင်မြှောက်ခံရတဲ့" ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်က ပြင်ဆင်ဖို့ သဘောတူရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူ ထက်ဝက်ကျော်ရဲ့ ဆန္ဒမဲနဲ့ ပြင်ဆင်သင့် တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အကြံပြုထား ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့် ပယ်ဖျက်သင့်တဲ့ အချက် ၁၆၈ ချက်ကို ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ အန်အယ်လ်ဒီရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မ တီဝင် ဦးထွန်းထွန်းဟိန် က အခုလို ပြောပါတယ်။

"ရှေ့နောက် မညီတဲ့အချက်တွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတဲ့အချက်တွေ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ဆန့်ကျင်တဲ့အချက်တွေ၊ တိုင်းရင်းသားတွေကို တန်းတူညီမျှမှု ဆန့်ကျင်တဲ့အချက်တွေ အဲဒါတွေကို ကျနော်တို့ ပြုပြင်ခိုင်းတာပါ၊ ၁၆၈ ချက်ကို ကျနော်တို့ စိတ်ကြိုက်ပြောမယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာမှာပေါ့ဗျာ"

အဲ့ဒီ အချက် ၁၆၈ ချက်ထဲမှာ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) ၊ (ဃ)၊ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ် စတဲ့အချက်တွေကို ပယ်ဖျက်သင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သမ္မတက တရားသူကြီးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်ထားနိုင် ခွင့် ပေးအပ်ထားတာကိုလည်း ပြင်ဆင်သင့်ကြောင်း ထည့်သွင်းထားပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ အရဆိုရင် ဖွဲ့စည်းပုံပါအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုရရှိရမှာ ဖြစ်ပါတယ်။

အဲဒီမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အတွက် ပုဒ်မ ၄၃၆ ကို လက်ရှိ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအရ ပြင်ဆင်ဖို့ မဖြစ်နိုင်ကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဦးထွန်းထွန်းဟိန်နဲ့ မေးမြန်းချက်

RFA Burmese

တောင်သူ ၅ ဦး ရိုက်နှက်ခံရမှု အရေးယူပေးဖို့ သမဂ္ဂ တောင်းဆို


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူလယ်သမား  ၅ ဦးကို လူ ၉ ယောက်က ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးဖို့  မြန်မာနိုင်ငံ တောင်သူလယ် သမားသမဂ္ဂက ဒီနေ့ ကြေငြာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

တောင်သူ ငါးဦးကို ရိုက်နှက်ခဲ့သူတွေဟာ ရည်ရွယ်ချက် နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ မစုစုနွေးက အခုလို ပြောပါတယ်။

"အခုလိုမျိုး နိုင်ငံရေးအရ ပဋိပက္ခဖြစ်အောင် ကျမတို့ လယ်သမားတွေကို အသုံးချပြီးတော့ ဖန်တီးတာကို ကျမတို့ တောင်သူလယ်သမားသမဂ္ဂက မလိုလားဘူး၊ ရိုက်တဲ့လူ ၉ ယောက်က ဖုန်းနဲ့ ဆက်ပြီးတော့ အဘလို့ခေါ်တဲ့လူကို ခေါ်ထုတ်ပေးပါ၊ ပြင်ဦးလွင်မြို့သားတွေလည်း မဟုတ်ဘဲနဲ့ ရန်ကုန်၊ မန္တလေး၊ မြင်းခြံဘက် ကနေ တစ်ယောက်စီငှားလာတဲ့ လူတွေဖြစ်တယ်၊ ဒီလူတွေကို ဒီလိုလုပ်ပါလို့ခိုင်းတဲ့ တရားခံအစစ်အမှန်ကို ထုတ်ပေးပါလို့ ကျမတို့က ဥပဒေကြောင်းအရ တောင်းဆိုပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာက တောင်သူ ၅ ဦးကို အငြင်းပွားနေတဲ့မြေယာ ကိစ္စ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ပြီး လူမိုက် ၉ ဦးက ဖမ်းဆီးရိုက်နက်ခဲ့တာလို့  သိရပါ တယ်။

အဲဒီထုံးဘိုကျေးရွာကခြံကို အာရောဂျံ ပုဂ္ဂလိကဆေးရုံပိုင်ရှင်က ပိုင်ဆိုင်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။ ဂျာနယ်တစ်စောင်မှာ ဖေါ်ပြချက်အရ အဲဒီခြံကို အာရောဂျံက မပိုင်တော့ကြောင်းနဲ့ လွှဲပြောင်းပေး ပြီးဖြစ်ကြောင်း၊ ရိုက်နှက်မှုနဲ့ အာရောဂျံကုမ္ပဏီ ပတ်သက်မှုမရှိကြောင်း ပြောထားပါတယ်။

ရိုက်နှက်ခံရတဲ့ တောင်သူ ၅ ဦးထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထုံးဘိုကျေးရွာမှာ ဧက ၂၀၀ လောက်ရှိမယ့် ယာမြေတွေကို တောင်သူ ၃၀ကျော်က သူတို့ရဲ့ဘိုးဘွား ပိုင်မြေတွေဖြစ်ကြောင်း ပြောနေသလို လက်ရှိမှာ အာရောဂျံ ပုဂ္ဂလိကဆေးရုံပိုင်ရှင် ဒေါက်တာ ဒေါ်မိမိလေးက လုပ်ကိုင်နေတာဖြစ်ကြောင်းနဲ့ လူမိုက်တွေကို ငှားရမ်းပြီး ရိုက်နှက်ခိုင်းတာဖြစ်ကြောင်းလည်း မစုစုနွေးတို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

RFA Burmese

ယူကရိန်းခွဲထွက်ရေး သူပုန်တွေ ပြင်ပ အထောက်အပံ့ရဟု အမေရိကန်ယူဆ

ယူကရိန်းခွဲထွက်ရေးသူပုန်တပ်သားများ လုံခြုံရေးယူထား။ (မေ ၂၉၊ ၂၀၁၄)

ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက အစိုးရ ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်တာကို ကြည့်မယ်ဆိုရင် သူပုန်တွေက ပြင်ပကနေ လက်နက်ပစ္စည်း အထောက်အပံ့တွေ ရနေတယ် ဆိုတာ ပြတာပဲလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ သူပုန်တွေဟာ လေယာဉ်ပစ် ပုခုံးထမ်းလောင်ချာနဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ ယူကရိန်း ယာယီသမ္မတက ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က အခုလို မှတ်ချက်ပြောခဲ့တာပါ။

ရဟတ်ယာဉ်ဟာ အရှေ့ဖက်ခြမ်း Slovyansk မြို့အနီးမှာ ပျက်ကျသွားတာဖြစ်ပြီး၊ အစိုးရတပ် ဗိုလ်ချုပ်ကြီးတဦးအပါအ၀င် စစ်ဖက်ဝန်ထမ်း ၁၄ ဦး သေဆုံးသွားတယ်လို့ ယာယီသမ္မတက ကြေညာခဲ့ပါတယ်။

အခုလို ယူကရိန်းမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာနဲ့အတူ၊ ရုရှားနယ်မြေကနေ ယူကရိန်းကိုဖြတ်ပြီး နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ ၀င်ရောက်နေတယ်ဆိုတဲ့ သတင်းအပေါ်မှာ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ပြောဆိုခဲ့ပါတယ်။

voa burmese

မြောက်ကိုရီးယား မြန်မာ စစ်ရေး ဆက်ဆံမှု အမေရိကန် စိုးရိမ်ဆဲ


မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ လုံးလုံး မပြတ်သေးဘူးဆိုတဲ့ သဘော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လက်နက် မပြန့်ပွားရေး ဆိုင်ရာ လိုက်နာရမယ့် နိုင်ငံတကာဆုံးဖြတ်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စဉ်ဆက်မပြတ် သတိပေး တိုက်တွန်းနေတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေကို Email က တဆင့် ပေးပို့ အကြောင်းပြန်ခဲ့တာပါ။ မြောက်ကိုရီယားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နဲ့ ၂၀၉၄ တို့ကို မြန်မာ အနေနဲ့ လေးစား လိုက်နာဖို့ဖြစ်တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် West Point စစ်တက္ကသိုလ်မိန့်ခွန်းထဲ သမ္မတအိုဘားမား ပြောရာမှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့ ထိစပ်ဆက်ဆံဖို့ မြောက်ကိုရီးယားနဲ့ မိတ်ဖက် အဖြစ်ကနေ ခြေလှမ်းခွာ လာပြီလို့တော့ ချီးကျူးထားပါတယ်။ သမ္မတအိုဘားမားရဲ့ အခုလို ပြောဆိုချက် အပြီး နောက်တနေ့မှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဌာနက အခုလို ထုတ်ပြန်ခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လေးစား လိုက်နာပါ့မယ်လို့ သမ္မတဦးသိန်းစိန်က လူသိရှင်ကြား ကတိပေးပြောခဲ့ သလိုပဲ၊ မြန်မာအစိုးရအနေနဲ့ ဒီ ကတိက၀တ်အတိုင်း လိုက်နာဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ဒုံးလက်နက်အစီအစဉ်တွေ ရှေ့တိုးဆောင်ရွက်လို့မရဖို့၊ လက်နက်ပြန့်ပွားမှုတွေ မဖြစ်လာအောင်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် လိုက်နာအကောင်အထည်ဖော်ရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ အခြားမိတ်ဖက်နိုင်ငံတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာန
ကြေညာချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိသွားနေတဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ချီးကျူးပြောနေကြသလို တချိန်တည်းမှာပဲ ဒီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်ဖို့ တိုက်တွန်းလျှက်ရှိပါတယ်။ ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားတို့အကြား စစ်ရေးဆက်ဆံမှုတွေ မပြတ်သေးဘူးဆိုတဲ့ သတင်းတွေအပေါ်မှာ၊ အမေရိကန်အစိုးရပိုင်းရော လွှတ်တော်မှာပါ မကြာမကြာ စိုးရိမ်မကင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

voa burmese

အက်စ်အန်အယ်လ်ဒီ ရပ်ကျေးပါတီခေါင်းဆောင် ပြန်လွတ်


ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကျေးရွာ ဥက္ကဋ္ဌနဲ့ စည်းရုံးရေးမှူး စိုင်းအိုက်ကိန်ဟာ မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီလို့ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က သူ့ကို ကျိုင်းတုံမြို့နယ်တရားရုံးမှာ မတရားသင်းဆက်သွယ်မှု ၁၇/၁ နဲ့ တရားစွဲဆိုထားပြီး ရှေ့နေရှာထားဖို့နဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့ ရုံးချိန်း ချိန်းဆိုထားပြီး အဲဒီရက် မတိုင်ခင်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

စိုင်းအိုက်ကိန်ဟာ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက ဖြစ်ပြီး သူ့ကို ခလရ ၂၄၅ အစိုးရတပ်က မေလ ၅ ရက်နေ့မှာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျိုင်းတုံအကျဉ်းထောင်မှာ ၁ လနီးပါး ချုပ်နှောင်ခံခဲ့ရတာပါ။

နိုင်ငံရေးပါတီဝင်တဦးကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ခုလိုတရားစွဲဆိုတာဟာ နိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ တတိုင်းပြည်လုံး အပစ်ခတ်ရပ်ရေးပေါ် ထိခိုက်မှုရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

DVB Burmese

ကုန်တင်ယာဉ်မှ အရှိန်လွန်ကာ ရှေ့မှဆိုင်ကယ်အားတိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ (သွေးလန့်သူများ ဓာတ်ပုံ မကြည့်ပါနှင့်)


ရန်ကုန်၊ မေ ၂၉

၂၈.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် သုံးခွမြို့နယ်၊ အောင်ပန်းစိန်
ကျေးရွာနေသူများဖြစ်သည့် ကိုရဲဝင်းနိုင် (၂၈)နှစ်မောင်းနင်ပြီး

ယူကရိန်းခွဲထွက်ရေးတွေ ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ်တစီး ပျက်ကျ၊ ၁၄ ဦး သေဆုံး


ဓာတ်ပုံ – ရိုက်တာ

ယူကရိန်းအရှေ့ပိုင်းက စလာဗီရန်မြို့မှာ ယူကရိန်းခွဲထွက်ရေးတွေက ပစ်ချလိုက်လို့ ယူကရိန်းစစ်ရဟတ်ယာဉ်တစီး မေ ၂၉ ရက်နေ့က ပျက်ကျခဲ့ပါတယ်။

ထောက်ပံရေးတာဝန်နဲ့ ယူကရိန်းအရှေ့ပိုင်းကို သွားရောက်စဉ် စလာဗီရန်မြို့အနီးမှာ လေယာဉ်ပစ်ဒုံးကျည်နဲ့ ပစ်ချခံရတာ ဖြစ်တယ်လို့ ယူကရိန်းယာယီသမ္မတ တာချီနော့်က ဆိုပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ယူကရိန်းဗိုလ်ချုပ်ကြီးတဦးအပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုက်ကယ်လို ကိုဗလ်က “ယူကရိန်းသမတသစ် တက်လာ တာနဲ့ ယူကရိန်းအရှေ့ပိုင်းက အကြမ်းဖက်တွေကို အရှိန်မြင့် တိုက်ခိုက်နှိမ်နင်းမယ်လို့ ပြောဆိုပြီး အကြမ်းဖက်စစ်ဆင်ရေးမပြီးမချင်း ယူကရိန်းစစ်လေယာဉ်တွေ ဆက်လက်ပျံသန်းနေမှာ ဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းအစိုးရဟာ ခွဲထွက်ရေးသူပုန်တွေအရေးနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် ယူကရိန်းသမ္မတသစ် ရွေးချယ်ခံရအပြီး မေ ၂၆ ရက်နေ့ကစပြီး စစ်အင်အားပြည့်နဲ့ အရှိန်မြင့် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတပတ်အတွင်း ယူကရိန်းခွဲထွက်ရေးသူပုန် အယောက် ၅၀ လောက် သေဆုံးခဲ့ကြ ပါတယ်။

ယူကရိန်းသမ္မတသစ်အဖြစ် ရွေးကောက်ခံရတဲ့ ပိုရိုရှန်ကိုဟာ ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေအရေးကိစ္စကို အထိရောက်ဆုံး အရေးယူဖြေရှင်းသွားမယ်လို့ ယူကရိန်းပြည်သူတွေကို စည်းရုံးမဲဆွယ်ခဲ့ပြီး ၁၉၉၁ နောက်ပိုင်း လူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ တက်လာတဲ့ ပထမဆုံး ယူကရိန်းသမ္မတသစ်လည်း ဖြစ်လာပါတယ်။

DVB Burmese

ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတာတွေ လွဲနေတယ် ...


ဦးဆန်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ကူးခြင်းကို ဘယ်အချိန်ကစပြီး တာဝန်ယူခဲ့တယ်ဆိုတာ ပြောပေးပါ။

ကျွန်တော် စတင်ရိုက်ကူးခဲ့တာက ဘွားဒေါ်ခင်ကြည် ဈာပနမှာ စတင်ပြီး မှတ်တမ်းရိုက်ကူးခဲ့ပါတယ်။ ကိုစိန်အုန်းနဲ့ တွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ရောက်ခဲ့တယ်။ ၉၀ ရွေးကောက် ပွဲကာလ စည်းရုံးရေးခရီးစဉ်တွေ တော်တော်များများ မှတ်တမ်းယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမတစ်ခေါက် အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့ ၉၅/၉၆ မှာ ရိုက်နှက်ဖမ်းဆီးနေတဲ့အချိန်မှာ ကျွန်တော် မှတ်တမ်းတွေ ရိုက်ကူးခဲ့ပါတယ်။ အခုနောက်ဆုံး လွတ်လာတဲ့နောက်တစ်နေ့မှာ ပြန်ပြီးတော့ မှတ်တမ်းယူခဲ့ရတယ်။ မှတ်တမ်းဓာတ်ပုံရိုက်ဖို့လိုရင် မှတ်တမ်းရိုက်ခဲ့ပြီးတော့ လုံခြုံရေး လိုချင်လည်း လုံခြုံရေးယူပေးခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့အချိန်မှာ အစ်ကို့အနေနဲ့ ၀င်ထွက်ခွင့်ကိုတောင်းခဲ့တာလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူခဲ့တာလား ဆိုတာကို ပြောပေးပါ။

ပထမပိုင်းတုန်းကတော့ ကိုစိန်အုန်းနဲ့ ပတ်သက်ပြီးတော့ ကိုစိန်အုန်းက ဓာတ်ပုံရိုက်ရင် ကျွန်တော်က vedio ရိုက်တယ်။ ကျွန်တော်က ဓာတ်ပုံရိုက်ရင် ကိုစိန်အုန်း က vedio ရိုက်ခဲ့တယ်။ ၉၅/၉၆ မှာ ကိုစိန်အုန်း ထောင်ကျသွားတဲ့အချိန်မှာ ကျွန်တော်ပဲ ရှိတယ်။ ကျွန်တော်တစ်ယောက်ထဲ ဆက်လက်တာဝန်ယူခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၇ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ကရင်ဒုက္ခသည်စခန်းနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းရိုက်ကူးခဲ့တဲ့အတွက် ဖမ်းဆီးထောင်ကျခဲ့တယ်။ အဲဒီအချိန်မှာ ဒီလိုမှတ်တမ်းတွေကို ဘယ်သူမှ မရိုက်ရဲဘူး။ ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။ ကျွန်တော့်ကို အဲဒီကိစ်္စနဲ့ ဖမ်းပြီးတော့ ထောင်ကျခဲ့တဲ့အချိန်မှ ကျွန်တော်က အင်းစိန်၊ ကလေး၊ လွိုင်ကော်၊ ခနီ်္တးအကျဉ်းထောင်တွေမှာ အကျဉ်းကျခဲ့တယ်။ ၂၀၀၄ မှာ ပြန်ပြီးတော့ လွတ်မြောက်ခဲ့တယ်။ အခုတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အချိန်မှာ ကျွန်တော် သွားတွေ့တယ်။ ကျွန်တော်က burmavj မှာ လုပ်နေတယ်။ burmavj မှတစ်ဆင် Dvb ကို ရုပ်သံအတွက် လုပ်နေတယ်လို့ ပြောပြခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို ပညာအရည်အချင်းတွေ မေးပြီးတော့ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးဖို့အတွက် ပြန်ခေါ်ခဲ့ပါတယ်။

ကိုဆန်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မှတ်တမ်းယူတဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာ မှတ်မှတ်သားသား ဖြစ်ပျက်ခဲ့တာတွေရှိရင် ပြောပြပေးပါ။

ကျွန်တော်တို့ ၉၅/၉၆ ကာလတုန်းက ကုကိ္ကုင်းထိပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကို ပိတ်ပြီးတော့ လူအုပ်စုကြီးက ၀ိုင်းပြီးရိုက်ခံရတဲ့အချိန်မှာ ကျွန်တော်က ရှေ့ဆုံးကားမှာ ပါတယ်။ ကျွန်တော့်နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ နောက်ပြီး ဦးတင်ဦးရဲ့ကား ပါတယ်။ အဲဒါတွေကို အခုချိန် ပြန်တွေးကြည့်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ မှတ်မှတ်သားသား ဖြစ်ခဲ့တာတွေပဲလို့ ပြောချင်ပါတယ်။

အခုလို ကိုဆန်နီကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ထွက်ခွင့်မရတာတွေက အစ်ကိုအနေနဲ့ တာဝန်ဝတ်္တရား ပျက်ကွက်လို့လား။ ဘာတွေဖြစ်ခဲ့လို့ ၀င်ထွက်ခွင့် မရတော့တာလဲ အဲဒါကို ပြောပြပေးပါ။

ကျွန်တော့်ကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်ထဲကို ၀င်ထွက်ခွင့်မပေးတော့တဲ့ ပြဿနာက အချင်းချင်း ကိုယ့်တာဝန်နဲ့ ကိုယ်စည်းကမ်းတကျ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ် နေထိုင်သူတွေက အန်တီရဲ့ သြဇာအာဏာအရှိန်သုံးပြီးတော့ အချင်းချင်း နှိပ်ကွပ်မှုတွေ ရှိနေတယ်။ ဒါတွေကြောင့်လည်း တချို့သော လူများ ဘေးကို ရောက်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်လုပ်တဲ့ အလုပ်အပေါ်မှာ တာဝန်လစ်ဟင်းတာတွေ မရှိပါဘူး။ ကျွန်တော် ခြံထဲမှာ ပြဿနာတစ်ခုဖြစ်ခဲ့တာတော့ ရှိတယ်။ ဒေါ်ခင်ခင်ဦးနဲ့ ပြဿနာတွေ တက်ခဲ့တာတော့ရှိတယ်။ ကျွန်တော်က ဓာတ်ပုံမှတ်တမ်းယူတဲ့ လူဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်လုပ်ရတဲ့အပိုင်းတွေ ရှိတယ်။ ဥပမာ ဒီလှိုင်းမျက်နှာဖုံးအတွက် ကျွန်တော် ရိုက်ထားတဲ့ ပုံတွေကို ထုတ်ပေးရတယ်။ ကျွန်တော် ထုတ်ပေးတဲ့ ဓာတ်ပုံတွေကို အန်တီကိုယ်တိုင် ရွေးတယ်။ ပြီးတော့မှ ဘယ်ဟာ သုံးမယ်။ ဘယ်ဟာ မသုံးဘူးလို့ ဆုံးဖြတ်တယ်။ ဒီကိစ္စတွေမှာ ဒေါ်ခင်ခင်ဦးက သူနဲ့မဆိုင်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး ကျွန်တော်တို့လုပ်ငန်းတွေကို လာပတ်သက်တယ်။ ဒီလိုလာလုပ်တာကို ကျွန်တော်က မကြိုက်ဘူး။ မလုပ်ပါနဲ့လို့ပြောတော့ ကျွန်တော်နဲ့ ပြဿနာနည်းနည်းဖြစ်သွားတယ်။ ကျွန်တော် ပြောချင်တာက သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ဆိုရင် ဒီပြဿနာတွေ ဖြစ်လာမှာမဟုတ်ဘူး။ အခုဖြစ်ခဲ့တာက ကိုယ့်အလုပ်မဟုတ်ဘဲ ဘောင်ကျော်တဲ့ကိစ္စတွေကြောင့် ဖြစ်ခဲ့တာ။ ဒေါ်ခင်ခင်ဦးနဲ့ ပြဿနာ ဖြစ်တဲ့လူတိုင်း ထွက်ခွာသွားကြရတယ်။ အရှေ့တွေမှာ အစဉ်အလာ ရှိခဲ့တယ်။ ဒီလို မောင်းထုတ်ခံရတဲ့အထဲမှာ သန်းထိုက်အောင်(ခ)ကြက်ဖကြီးဆိုရင် အခု မရှိတော့ပါဘူး။ သေခါနီးအချိန်မှာ လည်ကတုံးနဲ့ ကချင်ပုဆိုးကို လုံးဝ မ၀တ်သွားခဲ့ပါဘူး။ သူက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်မြတ်နိုးတယ်။ သူ့ကို ဒီလိုမောင်းထုတ်ခဲ့တဲ့ လူတွေကို တော်တော်နာကြည်းသွားပုံရတယ်။ ဒါတွေ ကျွန်တော် မပြောချင်တော့ဘူး။ ဒီကိစ္စကို သိတဲ့လူတွေကို မေးကြည့်ရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော် ပြောချင်တယ်။ ကျွန်တော်က ကိုယ့်အလုပ်ကို ကိုယ်လုပ်ခဲ့တယ် ဆိုတာကို ပြောချင်ပါတယ်။

ကိုဆန်နီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို ၀င်ထွက်ခွင့် မပေးတော့တဲ့အကြောင်းက မရိုက်သင့်တဲ့ပုံတွေကို ရိုက်ပြီးတော့ ရောင်းစားခဲ့တယ်လို့ ပြောဆိုနေသံတွေ ကြားနေရပါတယ်။ အဲဒီအပေါ် ဘယ်လို ပြောချင်ပါသလဲ။

ဒီလိုတွေ ပြောဆိုနေတာက ကျွန်တော့်ကို တစ်ဖက်သတ် တမင်သက်သက် စွပ်စွဲပြောဆိုတာပဲဖြစ်တယ်။ မရိုက်ရတဲ့ပုံတွေကို ရိုက်တာ လုံးဝမရှိပါဘူး။ တရားဝင်လမ်းကြောင်းတွေမှာ ရိုက်တာပါ။ တချို့ လူမှုရေးအရ သတင်းမတင်ရတဲ့ ပုံတွေကို မတင်ဘူး။ ကျွန်တော်မှာ စည်းဆိုတာ ရှိတယ်။ ဒီလိုပြောနေမယ့်အစား၊ တစ်ဖက်သတ် စွပ်စွဲပြောနေမယ့်အစား ကျွန်တော်နဲ့ အချိန်မရွေး ရှင်းလို့ရတယ်။ ကျွန်တော့်လုပ်ရပ်တွေအပေါ် ယုံကြည်တယ်။ သန့်ရှင်းခဲ့တယ်လို့ ပြောချင်တယ်။ ကျွန်တော့်ကို စွပ်စွဲပြောဆိုနေသူတွေကို ကျွန်တော်အနေနဲ့ အချိန်မရွေး ဖြေရှင်းဖို့အတွက် အမြဲစောင့်ကြိုနေပါတယ်။

ကိုဆန်နီအနေနဲ့ အင်တာနက် ဖေ့ဘွတ်ခ်စာမျက်နှာတွေမှာ ရှိနေတဲ့ ခွန်ဒီယမ်အကြောင်းကို ပြောပေးပါ။

ခွန်ဒီယမ်ဆိုတာ လိုင်းပေါ်မှာ တွေ့နေတဲ့ အကောင့်တစ်ခုဖြစ်တယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိပါဘူး။ သို့သော် နော်စီဖိုးရာတို့နဲ့ တွေ့တဲ့နေ့တုန်းက ကျွန်တော် ရိုက်ကူးပြီးလို့ ဧည့်ခန်းထဲက ထွက်လာပြီး ကျွန်တော့်အခန်းကိုတောင် မရောက်သေးဘူး။ အဲဒီပုံတွေက ခွန်ဒီယမ်အကောင့်မှာ ချက်ချင်းတက်နေတယ်။ အဲဒါတွေက ဘယ်လိုနည်း၊ ဘယ်လိုဟန်တွေနဲ့ တက်လာတယ်ဆိုတာတော့ မသိဘူး။ ဒီပုံတွေမြင်တော့ ကျွန်တော်လည်း တော်တော်တွေဝေသွားတယ်။ အိမ်ထဲမှာဆိုရင် ကျွန်တော် ရိုက်တယ်။ သူတို့ရိုက်တယ်။ ဒါပဲရှိတယ်။ ကျွန်တော်တောင် ကင်မရာထဲက ကတ်တွေ မထုတ်ပေးခင်မှာ ပုံတွေ တက်လာတယ်ဆိုတော့ တော်တော်အံ့သြသွားတယ်။ ဒီလိုတွေ ပြောနေတာက ကျွန်တော်ဆီမှာ သက်သေအထောက်အထားတွေ ရှိပါတယ်။ ဒီပုံတွေ တက်လာတဲ့ကိစ်္စကို ကျွန်တော် အဖြေရှာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ၀င်ထွက်ခွင့် မရတော့တဲ့အပေါ် ကိုဆန်နီအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ကျွန်တော့်ကို ဦးဝင်းထိန်က ခေါ်ပြောတယ်။ ပြစ်မှုတစ်စုံတစ်ရာ မရှိဘူးလို့ ပြောတယ်။ ကိစ်္စရပ်အားလုံးကို တာဝန်ယူ ဖြေရှင်းသွားမယ်။ နောက်နေ့တော့ မလာနဲ့တော့လို့ ပြောတယ်။ ဒီလိုလုပ်လိုက်တဲ့ လုပ်ရပ်ဟာ တစ်ဖက်သတ်ကြီး တရားမဲ့စွာ လုပ်လိုက်တဲ့ကိစ္စလို့ပဲ မြင်တယ်။ လူကြီးတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အရာကိစ္စပါ။ နောက်ဆုံး တစ်စုံတစ်ရာ ပြဿနာ ရှိခဲ့တောင် ကျွန်တော့်ကို မေးမြန်းရမယ်။ စစ်ဆေးရမယ်။ ပြန်ဖြေရှင်းချက်ကို နားထောင်သင့်တယ်။ ပြီးရင် ဆုံးဖြတ်သင့်တာကို ဆုံးဖြတ်ပြီး အန်တီကို တင်ပြပြီးတော့ ကျွန်တော့်ကို ၀င်ထွက်ခွင့် ပိတ်လိုက်ရင်တောင် ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးပြီး ထွက်လာမှာပါ။ အခု ဦးဝင်းထိန် ဆုံးဖြတ်လိုက်တာက တစ်ဖက်နားကို နားထောင်ပြီး လုပ်ခဲ့တယ်လို့ မြင်တယ်။ ကျွန်တော်တို့က အာဏာရှင်ကို တော်လှန်ပြီး ဒီမိုကရေစီတောင်းနေပေမဲ့ ကျွန်တော့်ကိစ္စကို ဆုံးဖြတ်လိုက်တာကတော့ အာဏာရှင်ဆန်နေတယ်။ ဒီလိုလုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Image ကို အများကြီး ထိခိုက်တယ်။ ဒီလိုလုပ်တာတွေဟာ အစဉ်လာလို ဖြစ်နေတယ်။ အရင်တုန်းက ကိုကျော်ဆန်းတို့ကို လုပ်ခဲ့တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကား မောင်းတဲ့ ရာဖီးကိုတောင် မောင်းထုတ်ခဲ့တယ်။ ဒီလိုပြုမူဆောင်ရွက်နေတာကို မကြိုက်ဘူး။ ဒီလိုလုပ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အန္တရာယ်တွေ ရှိနေတယ်။ အဲဒါကိုတော့ စိုးရိမ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေကို အမှန်ပြောနိုင်မယ့်သူ မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ် ဘယ်လို မြင်တယ်ဆိုတာ ပြောပေးပါ။

ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ ခံစားချက်တွေကို တင်ပြဖို့ လိုတယ်။ ဒီလိုတင်ပြတဲ့ လူတွေက နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအမြော်အမြင်ရှိတဲ့ လူတွေဖြစ်ဖို့ လိုတယ်။ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအမြော် အမြင်မရှိတဲ့လူတွေ ဆိုရင်တော့ ဘယ်ဟာ အရေးကြီးတယ်။ ဘယ်ဟာ အရေးမကြီးဘူးဆိုတာကို မခွဲခြားတတ်တော့ တင်ပြနေတာတွေ လွဲချော်နေတာတွေ ရှိနေတယ်လို့ ပြောချင်တယ်။

ကိုဆန်နီအနေနဲ့ ခုနက ပြောသွားသလို ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ ဆန္ဒတွေကို ပြောနိုင်မယ့်လူတွေက ဘယ်လို လူမျိုးတွေ ဖြစ်သင့်တယ်ဆိုတာ ပြောပေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သိသင့်သိထိုက်တာတွေကို သိအောင် လုပ်ရမယ်။ လိုအပ်တာတွေကို အမှန်အတိုင်း အကြံပေးနိုင်တဲ့ ပုဂ်္ဂိုလ်မျိုးတွေ လိုအပ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ ကိုဆန်နီကို ၀င်ထွက်ခွင့်မပေးတဲ့အပေါ် တချို့က ကောင်းတယ်။ တချို့က မကောင်းဘူးလို့ ပြောနေကြတယ်။ ဒီလိုဝေဖန်မှုတွေကို ဘယ်လိုပြောချင်ပါသလဲ။

နိုင်ငံရေးအခြေအနေဆိုတာက ဒီနေ့ ကောင်းချင်ကောင်းမယ်။ နောက်နေ့ ပြောင်းချင်ပြောင်းသွားနိုင်တယ်။ ပြောင်းချင်မှလည်းပြောင်းမယ်။ အနေအထားတွေ အမျိုးမျိုးရှိတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီအပြောင်းအလဲကာလမှာ ခက်ခဲစွာ ရုန်းကန်နေရတဲ့အချိန်မှာ အန်တီဘေးနားမှာရှိတဲ့ လူတွေအားလုံးက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး၊ တိုင်တိုင်ပင်ပင်ရှိပြီးတော့ အန်တီအတွက် ဘာလုပ်ကြမလဲဆိုတာကို အားလုံးလုပ်သင့်တယ်။ အခုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည် ဘေးနားမှာ ရှိတဲ့လူတွေက အုပ်စုဖွဲ့ပြီး လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်နေတာတော့ မကောင်းဘူးလို့ မြင်ပါတယ်။

ကိုဆန်နီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို ၀င်ထွက်ခွင့် မပြုတော့ဘူးလို့ ပြောခဲ့တဲ့ ဦးဝင်းထိန်က ပြန်လည်ဖြေရှင်းမှုမလုပ်တဲ့အပေါ် ဘယ်လို သုံးသပ်တယ်ဆိုတာ ပြောပေးပါ။

ကျွန်တော့်ကို သူကိုယ်တိုင်က ဘာကိစ္စမှမရှိပါဘူး။ ဒီကိစ္စကို တာဝန်ယူတယ်လို့ ပြောခဲ့တာပဲ။ သူ ရှင်းရမှာပေါ့။ သူ့မှာ တာဝန်ရှိတယ်။ သူ ရှင်းပြနိုင်တဲ့ အကြောင်းပြချက်မရှိရင်တော့ သူ့ရဲ့လုပ်ဆောင်ချက် လုံးဝမှားနေတယ်။ မှန်တယ်ဆိုရင် သူ ရှင်းပြဖို့ လိုတယ်လို့ ပြောချင်တယ်။

ကိုဆန်နီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ကူးပေးတာလည်း ကြာခဲ့ပြီ။ ကိုဆန်နီမရှိတော့ရင် ဒေါ်အောင်ဆန်းစုကြည်က မသိနိုင်ဘူးလား။ အစ်ကိုအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကျွန်တော် ခုနက ပြောခဲ့သလိုပဲ။ ဘေးနားက ဖုံးတာကွယ်တာတွေ၊ သိသင့်တာကို မသိအောင် လုပ်နေတဲ့လူမျိုးတွေ ရှိနေလို့ ဖြစ်နေတာပါ။ ဒါပေမဲ့ အချိန်တန်တော့ သိတာပဲ။ အန်တီအနေနဲ့ သိလိုက်တဲ့အချိန်မှာ အချိန်လွန်သွားပြီ။ အထုတ်ခံရတဲ့ လူတွေက သူတို့ရဲ့ဂုဏ်သိက္ခာအတွက် ပြန်ပြီးတော့ ဖြေရှင်းခွင့်မရခဲ့ဘူး။ သို့လော၊ သို့လောနဲ့ ထွက်ခဲ့ရတယ်။ တကယ်လို့ ခြံထဲကို ၀င်၊ထွက်ခွင့် အပိတ်ပင်ခံရတဲ့ လူတွေကို လမ်းမှာတွေ့ရင် အန်တီ နှုတ်ဆက်ပါမလား။ အဲဒီလူတွေကို ဖက်လှဲတကင်း နှုတ်ဆက်တယ်။ အဲဒီ လူတွေကလည်း ယနေ့အချိန်ထိ အန်တီကို လေးစားတုန်း ရှိနေသေးတာ တွေ့ရတယ်။ ကျွန်တော့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိအောင် လုပ်သွားမှာဖြစ်တယ်။ ကျွန်တော့်မှာ အန်တီဆီကို ရောက်တဲ့နည်းလမ်းတွေ ရှိပါတယ်။ ကျွန်တော် ကြိုးစားနေပါတယ်။

ကျွန်တော် မေးခဲ့တဲ့ မေးခွန်းတွေအပေါ် တစ်စုံတစ်ရာ ထပ်မံဖြည့်စွက် ပြောစရာရှိရင် ပြောပေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားဝင် ခန့်ထားတဲ့ ဦးဝင်းထိန်ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ တရားမဲ့စွာ လုပ်ခဲ့တာတော့ မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့အလားအလာမကောင်းဘူး။ ဒါတွေကို ကျွန်တော်က ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ပြောချင်တယ်။

ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။

http://hotnewsweekly.com/