ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး




နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။

ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။

ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။

Tomorrow News

၁ မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောနိုင်မည့် မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု


၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင်မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။

ADSLဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။

မက်ဆေ့ပေးပို့ပြီးတာနဲ့ ၁ လအတွင်း အဲဒီနံပါတ် ၃ ခုဆီ ၁ မိနစ် ၂၅ ကျပ်နှုန်းနဲ့ ကြိုက်သလောက် ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ၀န်ဆောင်ခ ကျပ် ၂၅၀၀ သတ်မှတ်ထားတာကြောင့် ကိုယ်ပေးထားတဲ့ နံပါတ်တွေဆီ ၁ လအတွင်း မိနစ် ၁၀၀ အထက် ခေါ်ဆိုသူတွေမှသာလျင် ဈေးနှုန်းသက်သာတဲ့ အကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုကို ဂျီအက်စ်အမ် အမျိုးအစား ဖုန်းသုံးသူတွေကပဲ ရယူနိုင်ပြီး စီဒီအမ်အေ ၈၀၀ နဲ့ ၄၅၀ ဖုန်းကိုင်ဆောင်သူတွေအတွက် အကျုံးမ၀င်ဘူးလို့ ဖော်ပြထားပါတယ်။

DVB Burmese

ဒီမိုကရေစီ ပုံရိပ်သစ်



မကြာသေးမီ ရက်များအတွင်းကမ္ဘာ့ဖလားဘောလုံးပွဲနှင့် အပြိုင် ကျွန်တော်တို့၏အာရုံကို ဖမ်းစားလှုပ်ခတ်စေသော ပွဲတစ်ခုရှိခဲ့ပါသည်။ အခြားမဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကျွန်တော်တို့ အားပေးသည့် အသင်းတွေက မှန်းသည့်အတိုင်းဖြစ်မလာသဖြင့် စိတ်ပျက်ရသည့်တိုင် အဆိုပါ ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင်တစ်ဦး အနိုင်ရရှိခဲ့သည့်အတွက်မူ အားတက်ပျော်ရွှင်ရပါသည်။

အာဏာရှင် ဆူဟာတို ပြုတ်ကျအပြီး ၁၆ နှစ်အကြာမှာ ကျင်းပသည့် အဆိုပါ သမ္မတရွေး ကောက်ပွဲကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲလိုပင် ပြိုင်ဆိုင်မှု ပြင်း ထန်ခဲ့သည်။ သို့သော် ဒီမိုကရေစီ စံနှုန်းတွေအောက်မှာ ပြိုင်ဆိုင်မှု၊ ငြင်းခုံမှုတွေက ငြိမ်းချမ်းစွာ ဖြစ် ပေါ်နေခြင်းမျှသာ။ ယခုနှစ် ရွေး ကောက်ပွဲတွင် သမ္မတလောင်း များအဖြစ် ဂျကာတာမြို့တော်ဝန် ဂျူကိုဝီဒိုဒိုနှင့် အာဏာရှင် ဆူဟာတို၏ သားမက်၊ ဗိုလ်ချုပ်ကြီး ဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့အပြိုင် အရွေးခံကြခြင်း ဖြစ်သည်။

ဂျကာတာမြို့တော်ဝန် ၀ီဒိုဒိုသည် သူ၏ရိုးရှင်းသော နေမှု ထိုင်မှုဘ၀၊ ပြည်သူ၏ အကျိုးအ တွက် စွမ်းစွမ်းတမံ ဆောင်ရွက် တတ်မှု၊ လာဘ်ပေးလာဘ်ယူ ကင်းမှုစသော ပုဂ္ဂိုလ်ရေးသန့်စင် မှုများကြောင့် လွန်ခဲ့သည့် နှစ်အ နည်းငယ်မှစ၍ စာနယ်ဇင်းများ တွင် ထင်ရှားခဲ့သည်။ လူချစ်လူ ခင်လည်း များသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် လူထုက သူ့ အား အသည်းကြားက မဲတစ်ပြား ဖြင့် အနာဂတ်အင်ဒိုနီးရှား၏ သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မ ရှင်ကလည်း ၀ီဒိုဒိုအနိုင်ရကြောင်း အတည်ပြုကြေညာသည်။

သို့သော် ပြိုင်ဘက် ဗိုလ်ချုပ် ကြီးဟောင်း ပရာဘိုဝီက ၀ီဒိုဒို၏ လူများက ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ဟူ သော စွပ်စွဲချက်ပေါ်လာသည်။ ထိုသို့သော ဗိုလ်ချုပ်ကြီးဟောင်း ၏ စွပ်စွဲမှုများကြောင့် အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ လှုပ်ခတ်သွားရ ခြင်း ဖြစ်သည်။ လက်ရှိသမ္မတ ယူရိုယူနိုကမူ သမ္မတလောင်းနှစ် ဦးအနေဖြင့် ရွေးကောက်ပွဲ ကော် မရှင်၏ တရားဝင် မဲရလဒ်ကို အ သိအမှတ်ပြုလက်ခံရန် ကြေညာ ထားသော်လည်း ဖွဲ့စည်းပုံတရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရသေးသည်။ သို့သော် အဖြေမှာ ထင်ရှားပြီး ဖြစ်ပါသည်။ ပရိဘောဂလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော ၀ီဒိုဒိုသည် အင်ဒိုနီးရှား၏ ပထမဆုံးအရပ်သားစစ်စစ် သမ္မတဖြစ်လာမည်။

ပြည်သူသန်းပေါင်း ၁၃၀ က မဲပေးခဲ့ကြသော အင်ဒိုနီးရှား၏ ရွေးကောက်ပွဲမြင်ကွင်းနှင့် အရပ် သားစစ်စစ်တစ်ယောက် သမ္မတ အဖြစ် တင်မြှောက်ခံရခြင်းက ဖိနှိပ်ချုပ်ချယ်မှုနှင့် နိုင်ငံရေး ရှေ့ မတိုး နောက်မဆုတ် ဖြစ်နေသည့် ကမ္ဘာ့နိုင်ငံအချို့မှ ပြည်သူများ အတွက် အားတက်စေသည့် ပုံရိပ်တစ်ခု ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကကော ဘယ်လိုလဲ။

နိုင်ငံရေးလေ့လာသူ အများ အပြားကပင် မြန်မာ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အင်ဒိုနီးရှား ပုံစံကို နမူနာယူထားသည်ဟု ကောက်ချက်ချလေ့ရှိသည်။ အမှန်လည်း မြန်မာနှင့် အင်ဒိုနီး ရှားတို့မှာ သမိုင်းကံကြမ္မာချင်း ဆင်တူကြသည်။ နှစ်နိုင်ငံလုံးက ကိုလိုနီဖြစ်ဖူးသည်။ မြန်မာက အင်္ဂလိပ်ကိုလိုနီ၊ အင်ဒိုနီးရှားက ဒတ်ခ်ျ(နယ်သာလန်)၏ ကိုလိုနီ၊ ပြီးတော့ နိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေ များပြားတာချင်းမှာ လည်း တူသည်။ အင်ဒိုနီးရှားတွင် တိုင်းရင်းသား လူမျိုးပေါင်း ၃၀၀ နီးပါးရှိသည်။ ကိုလိုနီ လက် အောက်ခံဘ၀မှ လွတ်လပ်ရေးရ သည့် နှစ်ချင်းကလည်း သိပ်မကွာ၊ မြန်မာက ၁၉၄၈၊ အင်ဒိုနီးရှားက ၁၉၄၉ တွင် လွတ်လပ်သော အ ချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ် လာသည်။ ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာ၏ လွတ်လပ်ရေးအ တွက် သခင်အောင်ဆန်းက ဂျပန် နှင့် ပူးပေါင်းခဲ့ဖူးသလို လွတ်လပ် သော အင်ဒိုနီးရှားနိုင်ငံ၏ ပထမ ဆုံးသမ္မတဖြစ်လာမည့် ဆူကာနို ကလည်း သူ၏အမိနိုင်ငံလွတ် လပ်ရေးအတွက် ဂျပန်နှင့်လက် တွဲခဲ့သော ဖြစ်ရပ်တွင်လည်း ဆင် တူသည်။

အင်ဒိုနီးရှားနှင့် မြန်မာတို့၏ သမိုင်းဖြတ်သန်းမှု တူညီခြင်းမှာသည်လောက်နှင့် မရပ်တန့်သေး ပါ။ လွတ်လပ်ပြီးစ ပြည်တွင်းရေးရှုပ်ထွေးမှုများကို ရင်ဆိုင်ရပုံချင်း မှာလည်း တူကြသည်။ အဆိုပါ ပြည်တွင်းရေးအရှုပ်အရှင်းများကို အကြောင်းပြ၍ အရပ်သား အစိုးရ ထံမှ စစ်တပ်က အာဏာသိမ်းယူ ပုံချင်းမှာလည်း သိပ်မကွာ။ မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းခေါင်းဆောင်သည့် စစ်တပ်က ၂ မတ် ၁၉၆၂ မှာ အာဏာသိမ်းသလို အင်ဒိုနီးရှားတွင် တပ်မတော်အရာရှိအချို့က အာဏာကို သိမ်းယူပြီး ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတဆူကာနို၏ လက်ထဲမှ အာဏာကိုရယူဆုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်တွင် အာဏာရှင်ဗိုလ်ချုပ် ကြီးများ အစိုးရကို ဆန့်ကျင်သည့် လူထု အရေးတော်ပုံ ဖြစ်ပွား သည်။ သို့သော် အာဏာရှင်စနစ် ၏ အပေါ်ယံအဆောက်အအုံဖြစ် သည့် အစိုးရအဖွဲ့ကိုသာ ဖြုတ်ချ နိုင်ခဲ့ပြီး မျိုးဆက်သစ် စစ်အာဏာရှင်စနစ်၏ ခါးသီးမှုကို ဆက် လက်ခံစားခဲ့ရသည်။ အင်ဒိုနီးရှား မှာ အာဏာရှင်ကို ဆန့်ကျင်သည့် လူထုအုံကြွမှုက မြန်မာထက် ဆယ်နှစ်တိတိ နောက်ကျပြီး ၁၉၉၈ ခုတွင်မှ ပေါ်ပေါက်သည်။ သို့သော် မြန်မာနှင့် ခြားနားသည် မှာ အင်ဒိုနီးရှားက ဆူဟာတိုကို ဖြုတ်ချအပြီး ဒီမိုကရေစီသို့ စော စီးစွာ တစ်ရစ်ချင်းပြန်လည်လှမ်း တက်နိုင်ခြင်း ဖြစ်သည်။

သို့ဖြင့် အာဏာရှင် ဆူဟာ တိုပြုတ်ကျအပြီး ၁၃ နှစ်နီးပါး အ ကြာမှာ အင်ဒိုနီးရှားတွင် စစ်တပ် ထဲကလည်း မဟုတ်၊ နိုင်ငံရေးမျိုးရိုး အဆက်အနွှယ်ထဲကလည်း မဟုတ်သည့် သာမန်အရပ်သား တစ်ယောက်ကို လူထုက ရွေးချယ်တင်မြှောက်နိုင်သွားပြီ။ မြန်မာကတော့ ဒီနေရာမှာ အင်ဒိုနီးရှားထက် ဆယ်နှစ်ကျော်ကြာ နောက် ကျနေပြီး အခုမှ ဒီမိုကရေစီသို့ သွားမည်ဟု ပြောနေတုန်း။ ထိုသို့သွားရာတွင် လွန်ခဲ့သည့် ၁၃ နှစ်၊ ဆူဟာတိုအလွန် အင်ဒိုနီးရှားမှာ ကျင့်သုံးခဲ့ဖူးသည့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ပါဝင်နိုင်ခွင့် နမူနာယူကာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ထည့်ထားသည်။

ပြီးတော့ အင်ဒိုနီးရှား၏ ဒီမို ကရေစီသို့ ချီတက်စ ကနဦးနှစ် များကအတိုင်း အာဏာရှင်စနစ် ၏ လောင်းရိပ်များကိုလည်း သိ သိသာသာ ဖန်တီးထားသည်။ ထို့ ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေး၏ ဒီမိုကရေစီအသွင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း တပ်မတော်နှင့် တပ်မတော်သားဟောင်းများ၏ စွက်ဖက်ဖန်တီးမှုများနှင့် လုံးလား ထွေးလားဖြစ်နေခြင်း ဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သည့် ၁၃ နှစ် က အင်ဒိုနီးရှား၏ ဒီမိုကရေစီပြု ပြင်ရေးနေ့ရက်များနှင့် သိပ်မကွာ ပေ။ သို့သော် အင်ဒိုနီးရှားက အဆိုပါ နိုင်ငံရေး ရှုပ်ထွေးမှု၊ စနစ် ဟောင်းနှင့် စနစ်သစ်အားပြိုင်မှု ကို ရည်ရွယ်ချက်ရှိရှိဖြင့် တရွေ့ ရွေ့ ကျော်လွှားသွားနိုင်ခြင်းဖြစ် ပြီး လက်ရှိမြန်မာနိုင်ငံရေးက တော့ ၀င်္ကပါထဲမှာ တ၀ဲလည် လည် ဖြစ်နေဆဲ။

ဆူဟာတိုအလွန် အင်ဒိုနီး ရှား၏ သမ္မတအဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့သူ ဆူစီလိုဘန် ဘန်း ယူရိုယူနိုမှာလည်း ဗိုလ်ချုပ် ကြီးဟောင်း တစ်ယောက်ဖြစ်ပါ သည်။ သို့သော် လက်ရှိမြန်မာ၏ ဒီမိုကရေစီအစိုးရနှင့် ကွာခြား ချက်မှာ ယူရိုယူနိုက အမှန်တ ကယ် ဒီမိုကရေစီသို့ အင်ဒိုနီးရှား ကို ချီတက်စေခဲ့တာဖြစ်ပြီး ယခင် စစ်အာဏာရှင် အမူအကျင့်များ နှင့် လမ်းခွဲထွက်နိုင်ခြင်း ဖြစ် သည်။ ပြီးတော့ လွှတ်တော်ထဲမှာ ထည့်ထားသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏ အခန်းကဏ္ဍကို လည်း တဖြည်းဖြည်းနှင့် သိသိ သာသာ လျှော့ပေါ့ဖယ်ရှားပစ်နိုင် ခဲ့သည်။ အင်ဒိုနီးရှားဖွဲ့စည်းအုပ် ချုပ်ပုံမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတော်အာ ဏာကို အချိန်မရွေး သိမ်းယူနိုင် ခြင်းလည်း မပါပါ။ အရပ်သား တစ်ယောက်ကို သမ္မတမဖြစ်စေ နိုင်ရန် ရည်ရွယ်ကန့်သတ်ချက် မျိုးလည်း မရှိ။ သမ္မတက စစ်ရေး အမြင်ရှိစရာလည်း မလို။

ဒီနေ့ မြန်မာကို ဒီမိုကရေစီ အသွင်ပြောင်းနေသည့် ဗိုလ်ချုပ် ကြီးဟောင်းများ၏ အစိုးရအဖွဲ့က ကော ထိုသို့ ဟုတ်ပါရဲ့လား။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံရေးစင်မြင့်တွင် ယခင်ကလို စစ်ယူနီဖောင်းဝတ်များ မမြင်ရ တော့သော်လည်း အရပ်သား တစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံရေးတွင် လွှမ်းမိုးနေဆဲ ရှိသေးသည်။ ပြီးတော့ လွတ်လပ် စွာ ပြောဆိုရေးသားခွင့်၊ စီတန်း လှည့်လည်ခွင့်စသော အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ထားပြီး အတိုက်အခံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ဘောင်ကိုလည်း ချုပ်ကိုင်ထားသည်။ ဒီမိုကရေစီသို့ရွေ့လျားစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအချို့ကို ပြင်
ဆင်နိုင်ရေးအတွက် လူထုနှင့်အတိုက်အခံက အင်တိုက်အားတိုက် တောင်းဆိုနေသည့်တိုင် အစိုးရဘက်က လိုလားသည့် စိတ်ဆန္ဒ မပြသေးပါ။

အပေါ်ယံအားဖြင့် မြန်မာ နှင့် အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးပုံချင်း၊ ဒီမိုက ရေစီသို့ သွားပုံချင်းမှာ ကျွမ်းကျင် သူများ အကဲဖြတ်သလို တူညီမှု ရှိသယောင် ထင်ရသော်လည်း နိုင်ငံရေးတွင် ပါဝင်ဦးဆောင်သူ များ စေတနာနှင့် ပန်းတိုင်သို့ ချီ တက်ပုံခြင်းမှာ ကွဲပြားပါသည်။ ဆိုခဲ့သည့်အတိုင်း အင်ဒိုနီးရှား က ဒီမိုကရေစီကို တစ်နေ့တခြား ရင့်ကျက်အောင် စွမ်းဆောင်နိုင် ခဲ့သော်လည်း မြန်မာက ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးလုပ် မည်ဟု ကြွေးကြော်အပြီး ငါးနှစ် နီးပါး ကြာလာသည့် ယခုအခါမှာ သိပ်ပြီး မရေရာပါ။ အများစိုးရိမ် သလို နောက်ကြောင်းမပြန်သော် လည်း ရှေ့သို့ တိုးတက်ခြင်း မရှိ ပါချေ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရေး ပြောင်းလဲမှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သော အရပ်သားတစ်ယောက် ကို သမ္မတမဖြစ်နိုင်အောင် ကန့် သတ်ထားခြင်း၊ စစ်တပ်က နိုင်ငံ ရေးတွင် နက်ရှိုင်းစွာ ပါဝင်ပတ် သက်နေဦးမည့် လက္ခဏာရှိခြင်း၊ ရွေးကောက်ပွဲမဲပေးစနစ်ကို နိုင် သူအကုန်ယူစနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲရန် စိုင်းပြင်းနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးရရှိရန် မရေရာသေးခြင်း၊ လူထု၏ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်အပါအ၀င် စာနယ်ဇင်း များ၏ လွတ်လပ်သော အရေး အသားများအပေါ် တည်ဆဲဥပဒေ တွေနှင့် ခြိမ်းခြောက်ခံနေရခြင်း စသည်တို့ရှိနေပါသည်။

မည်သို့ဖြစ်စေ ‘‘ဒီမိုကရေစီ ဘာမှားနေသလဲ’’ဟု အီကော် နောမစ် မဂ္ဂဇင်းက မေးခွန်းထုတ် ရေးသားရသည်အထိ အာရပ်နွေ ဦးနိုင်ငံများတွင် ဒီမိုကရေစီထူ ထောင်ရေး မအောင်မမြင်ဖြစ်နေ ချိန်၊ အချို့တိုင်းပြည်များတွင် စစ်
တပ်က အာဏာသိမ်းမှု လှိုင်း ဂယက်များ ရှိနေချိန်မျိုးတွင် အင် ဒိုနီးရှားရွေးကောက်ပွဲရလဒ်က ကမ္ဘာကြီးအတွက် အားတက်စ ရာ ဖြစ်ရသည်။ ဒီမိုကရေစီစနစ် အောက်တွင် ပြည်သူလူထုအနေ ဖြင့် သူတို့ကို အုပ်ချုပ်မည့် ခေါင်း ဆောင်အား သူတို့ကိုယ်ပိုင်ဆန္ဒ ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိ ကြောင်း၊ လူထုထောက်ခံပါက နိုင်ငံသားတစ်ဦးအနေဖြင့် မည် သူမဆို သမ္မတဖြစ်နိုင်ကြောင်း အာဏာနှင့် ကိုယ်ကျိုးစီးပွားအ တွက် ဒီမိုကရေစီ ပုံဖျက်နေကြ သူများရှိနေသော ကမ္ဘာကြီးကို အင်ဒိုနီးရှားက သက်သေပြလိုက် ခြင်း ဖြစ်ပါသည်။

7daydaily

+959 ဖုန်းနံပါတ်များသို့ ခေါ်ဆိုမှုတစ်မိနစ် တစ်ထောင်ကျပ်ဖြတ်နေခြင်းမဟုတ်ဟုဆို


ရန်ကုန်− မိုဘိုင်းဖုန်းများသို့ ဖုန်း ခေါ်ဆိုမှုများတွင် +959 ဖြင့် ဝင်ရောက်နေမှုများရှိပြီး ယင်းနံပါတ်အား ပြန်လည်ခေါ်ဆိုပါက နိုင်ငံခြားသို့ ခေါ်ဆိုခနှုန်းထားကဲ့သို့ တစ်မိနစ်လျှင်ကျပ် ၁,၀၀၀ ဝန်းကျင်ကောက်ခံခြင်းမှာ မဟုတ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နိုင်ငံတကာကဲ့သို့ ဖုန်းခေါ်ဆိုသည့်စနစ်ဆောင်ရွက်ရန် စမ်းသပ်ရန်အတွက် ပြောင်းလဲမှုများ ပြုလုပ်နေခြင်းများကြောင့် ဖုန်းခေါ်ဆိုမှုများနှင့် SMS များဝင်ရာတွင် +959 နံပါတ်များဖြင့် ဝင်ရောက်မှုများရှိနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ အွန်လိုင်းပေါ်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ခေါ်ဆိုသူအချို့က ငွေကျပ်တစ်ထောင်ဖြတ်တောက်ခံရသည်ဟု ရေးသားမှုများ ပျံ့နှံ့နေပြီး သတိပေးမှုများပြုလုပ်ကြသည်။

‘‘Internation ပုံစံလုပ်မလို့ စမ်းသပ်နေတာပါ။ +959 နဲ့ ပြန်ခေါ်ခေါ် အရင်ဖုန်းနံပါတ် 09 ဆိုပြီးပဲပြန်ခေါ်ခေါ် အရင်နှုန်း တစ်မိနစ် ၅၀ ပဲဖြစ်တာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းအဝင်ခေါ်ဆိုမှုများနှင့် SMS အဝင်များတွင် +959 နံပါတ်ဖြင့် မိုဘိုင်းဖုန်းအားလုံးတွင် ဝင်ရောက်ခြင်းမဟုတ်ဘဲ ပြန်လည်ခေါ်ဆိုခြင်းနှင့် SMS ပြန်လည်ပေးပို့ခြင်းများကို ယခင် မြန်မာ့ဆက်သွယ်ရေး၏ နှုန်းထားဖြင့်သာ အသုံးပြုနိုင်ခြင်းဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ဖုန်းနံပါတ် အချို့အား 09 အစား +959 ဖြင့် စမ်းသပ်ခေါ်ခေါ်ဆိုကြည့်နိုင်ပြီး လက်ရှိခေါ်ဆိုထားသူအချို့ ယင်း သို့ဖြတ်တောက်ခံရမှုမရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းများမှ နိုင်ငံတကာသို့ ယူဆောင်သွားသည့် မိုဘိုင်းဖုန်းများတွင် SMS စနစ်အသုံးမပြုနိုင် သေးကြောင်း လက်ရှိ +959 များဖြင့် စမ်းသပ်နေခြင်းသာဖြစ်ပြီး လက်ရှိပြည်တွင်းရှိ ပြည်ပအော် ပရေတာများမှလည်း စမ်းသပ်မှု များဆောင်ရွက်နေခြင်းကြောင့် SMS အများစုတွင် +959 ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

7daydaily

ဆံညှပ်အခုတစ်ရာ



ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက “မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား” လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက “သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်”လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့ သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျောကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့အလှကို မင်းသားရင်သပ်ရှုမောသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့…..

ဆံညှပ်အခုတစ်ရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ဆိုရင် ဆံညှပ်တစ်ခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ဘဝဟာ နောင်တစ်ချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်။
ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေနေတော့မလား…
လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ….

မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာမဟုတ်ပါဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ပါဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ပါဘူး။
ရယူပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရတည်မြဲတာမဟုတ်ပါဘူး။
ရှုံးဆုံးပြီဆိုတိုင်း နောက်တစ်ဖန်မပိုင်ရတော့တာ မဟုတ်ပါဘူး။
လှည့်ထွက်ခဲ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ပါဘူး။

ရွေးချယ်စရာလမ်းမရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။
လောကမှာ အမှားနဲ့အမှန်ပဲရှိတယ်လို့ မထင်လိုက်ပါနဲ့။
ကိစ္စတော်တော်များများရဲ့အဖြေဟာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။
ကျွန်မတို့မှာလျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။
လက်လွှတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။
မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။
စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့အတွက်ကိုလည်း သင်ဆင်ခြင်ရှာနိုင်ပါတယ်။

မူရင်းလင့် – http://www.christianstudy.com/data/illu/sic0104.html

နိုင်းနိုင်းစနေ (Monday, December 12, 2011)

တည်းခိုခန်းတွင် အချင်းများပြီး ဓားဖြင့်ထိုးကာ အင်းလျားကန်အတွင်း ပစ်ချခဲ့


ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ်တည်းခိုခန်းမှ ပျောက်ဆုံးသွားပြီး နှစ်ရက်အကြာတွင် အင်းလျားကန်အတွင်း အလောင်းပြန်လည်တွေ့ရှိရသူကို သတ်ခဲ့သူမှာ တည်းခိုခန်း မန်နေဂျာဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ် (၂)ရပ်ကွက်၊ (၈)လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်မျိုးထွန်းသည် ဇူလိုင် ၂၀ ရက်၊ ည ၁၀ နာရီအချိန်တွင် အပြင်ခဏသွားမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ဇူလိုင်လ ၂၂ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ကြည့်မြင်တိုင် မြို့မရဲစခန်းက အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်၏ဖုန်းကို ဆက်သွယ်ကာ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရန် အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးရန်နောင်ကျော် ရောက်ရှိသွားစဉ်တွင် ညီဖြစ်သူ ကိုကျော်မျိုးထွန်းကို မတွေ့ဘဲ ၎င်း၏ဖုန်းကိုသာ တွေ့ရှိခဲ့ပြီး အခန်းအတွင်းရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများ ပေကျံနေကာ တည်းခိုခန်းမှ တာဝန်ရှိသူများက ကိုကျော်မျိုးထွန်းမှာ ဇူလိုင်လ ၂၀ ရက်တွင် လာရောက်တည်းခိုခဲ့ပြီး ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းတွင် အပြင်သွားမည်ဟုဆိုကာ ထွက်သွားခဲ့သည်ဟု ပြောသဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် လူပျောက်အမှု ဖွင့်ခဲ့သည်။

ထိုသို့ အမှုဖွင့်ပြီးနောက် ဇူလိုင် ၂၃ ရက်၊ ည ၆ နာရီခွဲ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်ရှိ အင်းလျားကန်အတွင်း အမျိုးသားတစ်ဦးမှာ ၀မ်းဗိုက်နှင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသဖြင့် ဆက်စပ်စုံစမ်းရာတွင် ကိုကျော်မျိုးထွန်း၏ အလောင်းဖြစ်နေ၍ အစ်ကိုဖြစ်သူက တရားလိုပြုတိုင်တန်းကာ ကြည့်မြင်တိုင်မြို့မ ရဲစခန်းတွင် (ပ) ၅၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ထို့နောက် တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့ကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့၏ ထွက်ဆိုချက်အရ ကိုကျော်မျိုးထွန်းသည် ဇူလိုင်လ ၂၁ ရက်၊ ည ၁၀ နာရီခန့်တွင် အခန်းတံခါးထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာမှ ၀င်ရောက်တားဆီးရာမှ ရန်ဖြစ်ခဲ့ပြီး ဦးမောင်မောင်မှ စတီးဓားဖြင့် ကိုကျော်မျိုးထွန်း၏ ၀မ်းဗိုက်နှင့် လည်ပင်းကို ထိုးခဲ့ရာမှ သေဆုံးသွားခဲ့ပြီး အလောင်းကို အင်းလျားကန်အတွင်းသို့ ပစ်ချခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည် ဦးမောင်မောင်အပါအ၀င် ငါးဦးကို စစ်ဆေးလျက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

mizzima

Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ



နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာရှိတယ်။ မရိုးနိုင်အောင်ဆန်းပြားတာတွေလဲ ကြာရတယ်။ စိတ်ကူးယဉ်ပုံပြင်တွေထက် ထူးခြားတာတွေလဲပါတယ်။ အရိုးစွဲအယူအဆများစာအုပ်က အဲလိုအယူမှားတွေကို Absurdities အဓိပ္ပါယ်မရှိတာတွေလို့ ဆိုလိုက်ပါတယ်။ မိခင်တွေကနေ သမီးတွေကို မှန်တာတွေကိုသာ သင်ပေးပါလို့ အကြံပြုလိုက်ပါတယ်။

မှားတဲ့အယူအဆ နမူနာတွေ -
• You can’t go swimming during your period ရေမကူးရ။
• It’s unhealthy to have sex during your period ခင်ပွန်းနဲ့အတူမနေရ။
• Don’t wash your hair when you’re menstruating ခေါင်းမလျှော်ရ။
• Girls shouldn’t use tampons during their first periods ရာသီစလာတဲ့မိန်းကလေး စုပ်ယူတဲ့ပစ္စည်းမသုံးရ။
• You shouldn’t exercise အားကစားမလုပ်ရ။
• You won’t get pregnant if you have sex during menstruation ရာသီလာနေစဉ်ဆက်ဆံရင် ကိုယ်ဝန် သေချာပေါက်မရဘူးဆိုတာလဲ % ပြည့်မမှန်ပါ။ မျိုးဥထွက်တာ မတူကြပါ။
• Only mothers have heavy bleeding ကလေးမွေးဘူးမှသာ ရာသီအဆင်းများတယ်။
• Menstruating women are prone to cold so do not take shower အအေးမိတတ်လို့ရေမချိုးနဲ့။

တချို့ဟာတွေကို မမှန်ပါဘူးလို့ အသားလွတ်ငြင်းရတာခက်လို့ နည်းနည်းပါးပါး မှန်တယ်ဘဲထားပါအုံး ကောင်းတဲ့ အကြံဥာဏ်ကိုတော့ လက်မလွတ်ပါနဲ့။ အစားအသောက် ကောင်းကောင်းစားတာ၊ ကိုယ်လက် လှုပ်ရှားမှုလုပ်တာ၊ စိတ်ကို အပြုသဘောဆောင်တာတွေက မလွဲမသွေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၄

မလေးရှား ပျက်ကျလေယာဉ် ဒုံးကျည်စထိမှန်ကြောင်း Black Box မှတ်တမ်းတွေ ပြသ



ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာနားတ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်းစစ်တပ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ထိုးစစ်တွေဆင်နေတဲ့တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko က ကိယဗ်မြို့တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျသွားတဲ့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေဟာ အဲဒီနားတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ၂ ရက်ဆက်တိုက်ဖျက်ခဲ့ရပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို လေ့လာသုံးသပ်နေတဲ့ ဗြိတိန်နိုင်ငံက စုံစမ်းစစ်ဆေးသူတွေကတော့ Shrapnel ဒုံးကျည်ထိခဲ့တာလို့ Lysenko ပြောတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောကြားခဲ့ခြင်းမရှိဘဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးသူတွေကလည်း ဒါကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


2NE1 အဖွဲ့ ဖျော်ဖြေမည့်စင်မြင့် သိန်းနှစ်ထောင်ကျော် ကုန်ကျ



သြဂုတ် ၂ ရက် တွင် ပြုလုပ်မည့် ကိုရီးယား အဆိုတော် 2NE1 အဖွဲ့ ဖျော်ဖြေ မည့် စင်မြင့် တည်ဆောက်မှုသည် ငွေကျပ်သိန်းနှစ်ထောင် နှင့် နှစ်ထောင့် ငါးရာဝန်း ကျင်ခန့် ကုန်ကျသည်ဟု LivingSoundEntertainmentမှCEO JawMaranက ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီက တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်သည့် 2NE1 In Myanmar Galaxy Stage စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျန်တဲ့ ကုန်ကျမှုတွေလည်း အများကြီးပါဘဲ။ တိတိကျကျတော့ မပြောချင်သေးပါဘူး။ သောက်ရေသန့်ကအစ သူတို့ အတွက် သီးသန့် စီစဉ်ပေးရပါတယ်။ တော်တော်လေး အကုန်အကျခံပြီး ကြိုးစား ပြီးတော့လုပ်ဆောင် ထားပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းပွဲ၌ စပွန်ဆာ ပေးထားသည့် SKY NET ရုပ်သံလိုင်းကို ယင်းရှိုးပွဲ၌ 2NE1 သီဆို ဖျော်ဖြေမှု ကို သုံးပုဒ်သာ ရိုက်ကူးခွင့်ပြုမည်ဖြစ်ပြီး တစ်ခြားမီဒီယာများ အနေနှင့်လည်း သတ်မှတ်ထားသည့် အချိန်တွင်းသာ ဓာတ်ပုံများ ရိုက်ကူးရမည် ဖြစ်သည်။

အဆိုပါ ပွဲကို လာရောက် ကြည့်ရှု ကြည့် ပရိသတ်များ အနေဖြင့် ဓာတ်ပုံ ရိုက်ကူး ခွင့်ပြုမည် မဟုတ်ပဲရိုက်ကူး သည်ကို တွေ့ရှိပါကပစ္စည်းများကို သိမ်းယူ သွားမည် ဖြစ် ပြီး ရှိုးပွဲ ပြီးဆုံး သွားပါကယင်းရှိုးပွဲ အကြောင်း ကိုဗီဒီယို အဖြစ် ထွက်ရှိမည် မဟုတ်ပေ။

ကိုရီးယား အဆိုတော် 2 NE1 အဖွဲ့သည် ဇူလိုင် ၃၁ ရက် ညပိုင်းတွင် ကိုရီယားလေကြောင်း လိုင်းဖြင့် ရောက်ရှိ မည် ဖြစ်ပြီး သြဂုတ် ၁ ရက်တွင် SKY NET Studio ၌အမေး ၊အဖြေ ကဏ္ဍကိုလုပ်ဆောင် သွားမည်ဖြစ်သည်။ယင်းအပြင်မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ Myanmar Event Park တွင် စာနယ်ဇင်း ရှင်းလင်းပွဲကို ပြုလုပ် သွားမည် ဖြစ်သည်။

သြဂုတ်၁ရက်ည ၈ နာရီ မှ၁၁ နာရီ အထိ တွင်ကိုရီးယား အဆိုတော် 2 NE1 အဖွဲ့ကိုPre Welcome Party အနေဖြင့် တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ် သွားမည် ဖြစ်သည်။ သြဂုတ် ၂ ရက် တွင် Myanmar Event Park ၌ ၇နာရီမှ ၉နာရီထိ ဖျော်ဖြေပြီးပါက ၎င်းအဖွဲ့သည် မြန်မာနိုင်ငံမှပြန်လည် ထွက်ခွာ မည်ဖြစ်သည်။

Mizzima Burmese