လူမျိုးရေး၊ ဘာသာရေးနှင့်ဆက်နွှယ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသည့်စာများ ဖြန့်နေ



ပုဒ်မ ၄၃၆ မပြင်ဆင် ရေးအပါအဝင် ဒေါ်အောင်ဆန်း စုကြည်ကို ပုတ်ခတ်ရေးသားထား သည့် စာရွက်များ မန္တလေးမြို့ နယ်ခြောက်ခုတွင် တိတ်တဆိတ်ဖြန့်ဝေမှုများရှိခဲ့ကြောင်း သတင်း ရရှိသည်။

ပုဒ်မ ၅၉(စ)ဟု ရေးသား ထားသည့် လေးထောင့်ပုံးပေါ် တွင် ကြီးမြတ်သူတို့ထိုင်ရန်ထိုင်ခုံ တစ်ခုံတင်ထားပြီး ထိုင်ခုံရှေ့ရှိ ပုဒ်မ ၄၃၆ ဟုရေးထားသည့် လေးဖက်ကုန်းနေသော လူတစ် ဦး၏ ကျောပေါ်မှတစ်ဆင့် အစ္စ လာမ်ဘာသာဝင်ဟု ယူဆရသူ တစ်ဦးက ထိုင်ခုံဆီသို့ ဖြတ် လျှောက်နေသည့်ဟန်ရေးသား ထားသည့် သရုပ်ဖော်ပုံတစ်ကွက် နှင့် ဘာကြောင့် ပုဒ်မ ၄၃၆ ကို ဒေါ်အောင်ဆန်းစုကြည်ပြင်ချင် သလဲ။ ပုဒ်မ ၄၃၆ကိုမပြင်သင့် သလဲဟူသည့် အကြောင်းများရေးသားထားသည့်စာရွက်များ မန္တလေးမြို့တွင်းရှိ အောင်မြေ သာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်များတွင် မေလ ၃၀ ရက်နံနက်အစောပိုင်း အချိန်များက တိတ်တဆိတ်ဖြန့် ဝေမှုများပြုလုပ်ခဲ့ကြောင်းမန္တလေး တိုင်းဒေသကြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ဖြန့်ဝေခဲ့သည့် စာရွက်များ မှာ သာမန်စာရွက်များထက် ဆယ် ဆခန့်ထူပြီး အလွယ်တကူဆွဲဖြဲ၍ မရနိုင်အောင်ပြုလုပ်ထားခြင်းဖြစ် ကြောင်း စာရွက်ထဲတွင် ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ချင်သည့်စိတ်တစ်ခုတည်းကြောင့် သာ ပုဒ်မ ၄၃၆ ကိုပြင်ချင်ရခြင်း သာဖြစ်ပြီး နိုင်ငံအကျိုး၊ လူထု အကျိုးအတွက် ပြင်ရန်စီစဉ်နေ ခြင်းများမဟုတ်ကြောင်း စသည်ဖြင့် ပုတ်ခတ်ရေးသားထားကြောင်း မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ကိုကိုကပြောသည်။

‘‘စာရွက်သားကလည်း အကောင်းစား။ အများကြီးလည်း ဖြန့်နိုင်တယ်ဆိုတော့ တော်ရုံ ကျောထောက်နောက်ခံ အဖွဲ့အစည်းမရှိရင်မရဘူး။ ဘယ်အဖွဲ့ က လုပ်တာလဲဆိုတာကိုတော့ မခန့်မှန်းချင်ဘူး။ ဒါပေမဲ့ ဒီကိစ္စ ကို လွတ်လပ်စွာသဘောထားကွဲ ပိုင်ခွင့်ရှိတာကို ရဲရဲတင်းတင်း မဖော်ထုတ်ဘဲ ဒီလိုတိတ်တဆိတ် လုပ်တာကတော့ ပြည်သူအပေါ် မရိုးသားတာပဲ’’ဟု ဦးတင်ကိုကို ကပြောသည်။

‘‘ဒီလို စာတွေဝေတာကို ကြည့်ပြီးတော့ ဘာသာရေးကိုခုတုံးလုပ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကို နှောင့်ယှက်တယ်လို့တော့ပြောလို့မရဘူး။ အမှန်ဆိုရင်တော့ ဒါကိုသေချာစုံစမ်းဖော် ထုတ်ပြီးတော့ အရေးယူသင့် တယ်’’ ဟု နိုင်ငံရေးလေ့လာသုံး သပ်ချက်ဆောင်းပါးများရေးသား နေသူ ဦးစည်သူအောင်မြင့်က ပြောသည်။

ယခုကဲ့သို့ ဝါဒဖြန့်စာရွက် များ ဝေငှသောကိစ္စရပ်သည် လူထုကြားထဲ အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်သောကိစ္စရပ်များဟုသာရှုမြင်ပြီး နောက်ကွယ်မှ ဆောင်ရွက်သူရှိပါက စုံစမ်းဖော်ထုတ်အရေးယူသင့် ကြောင်း ၎င်းကဆိုသည်။

‘‘ဒီကိစ္စကတော့ ပြည်သူတွေ ကြားထဲမှာ အထင်အမြင်လွဲမှား မှုတွေဖြစ်အောင်လုပ်တယ်လို့ပဲ မြင်တယ်။ ဘာသာရေးပုံစံမျိုးကို ခုတုံးလုပ်ပြီး ဒီလိုစာတွေဝေတယ် ဆိုတာက ရုတ်တရက်ဆိုအထင် လွဲနိုင်တယ်။ ကျုပ်တို့အနေနဲ့က မျိုးစောင့်ဥပဒေပေါ်ထွက်ဖို့နဲ့ ပဋိ ပက္ခတွေ နောက်ထပ်ဖြစ်မလာ အောင်ကာကွယ်ဖို့ပဲလုပ်ဆောင် နေတယ်’’ဟု အမျိုးဘာသာစောင့် ရှောက်ရေးအဖွဲ့မှ ဆရာတော် တစ်ပါးကမိန့်ကြားသည်။

မြို့နယ်ခြောက်မြို့နယ်ရှိ လူစည်ကားရာနေရာအချို့တွင် ပြန့်ကျဲနေသော ယင်းစာရွက်များ ကို နံနက်လင်းသည့်အချိန်မှသာ တွေ့ရှိခဲ့ရသောကြောင့်ညအချိန် ကတည်းက ကြိုတင်အကွက်ချ စီစဉ်ပြုလုပ်ခြင်းမျိုးဖြစ်နိုင်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍   ဒီချုပ်(ဗဟို)ထံသို့ အကြောင်းကြားစာတင်ပြထားပြီးဖြစ်ကြောင်း တိုင်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင် ရန် ပြည်သူလူထုများ အားလုံး ပါဝင်သည့် လက်မှတ်ရေးထိုးရေး အစီအစဉ်ကို မြန်မာတစ်နိုင်ငံ လုံးရှိမြို့များတွင် ယခုမေလ ၂၇ရက်မှ ဇူလိုင် ၁၉ ရက်ထိ ပြုလုပ်နေစဉ် ယခုကဲ့သို့ ပုဒ်မ ၄၃၆ ကိုမပြင်ဆင်ရန် ဆန့်ကျင်သည့် စာရွက်များဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အေးမွန်ရာပြည့်
7day daily

ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော



မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။

ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။

လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။

‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။

ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။

ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။

 ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။

ဥက္ကာကိုကို
အောင်သစ်လွင်
7day daily

အထူးကုဆရာဝန်ကြီးတွေ အခမဲ့ကုသပေးတဲ့ သင်္ဃန်းကျွန်းက ရောင်ခြည်သစ်ဆေးခန်း


အခမဲ့ ဆေးခန်းဆိုတာ နှာစေးချောင်းဆိုးနဲ့ အပရိက ဖျားနာတာလောက်ပဲ ကုသတာလို့ အားလုံးက သိထားကြပါတယ်။ အခုတော့ အထွေထွေရောဂါကု အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် စမ်းသပ်စစ်ဆေးပေးတဲ့ အခမဲ့ဆေးခန်းတစ်ခု ရန်ကုန်မှာ ရှိပါတယ်။

သင်္ဃန်းကျွန်း စံပြဈေး ၁လမ်းမှာ ဖွင့်ထားတဲ့ ရောင်ခြည်သစ် အခမဲ့ဆေးခန်းဟာ ၂ဝ၁၃ကစပြီး စေတနာ့ဝန်ထမ်း အလှူရှင်တွေ၊ လုပ်အားပေးတွေနဲ့ ထူထောင်ထားတာဖြစ်ပြီး မီးယပ်သားဖွား၊ ကလေး၊ အရေပြား၊ အရိုးအကြော၊ သွားနဲ့ခံတွင်း၊ အထွေထွေ စတဲ့ ရောဂါတွေအတွက် အထူးကု ဆရာဝန်ကြီး ၆ယောက်က အလှည့်ကျ တာဝန်ယူနေပါတယ်။

ဘွဲ့ရပြီးခါစမှာ အတွေ့အကြုံလိုချင်လို့ လုပ်အားဝင်ပေးနေတဲ့ ဒေါက်တာ ဝင်းမင်းသက်ကတော့ ဆေးကုသ စားရိတ်တွေ မြင့်တက်နေချိန်မှာ အခုလို အထူးကုဆရာဝန်ကြီးတွေနဲ့ အခမဲ့ပြသခွင့်ရတာဟာ ပြည်သူတွေအတွက် အကျိုးရှိတယ်လို့ ယုံကြည်နေပါတယ်။

တောင်ဒဂုံကနေ ရောင်ခြည်သစ်ဆေးခန်းကို လာပြတဲ့ ဒေါ်ဝင်းက ဒီဆေးခန်းကိုလာပြတာ ၄ခေါက်ရှိသွားပြီလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း နွေးထွေးပျူငှာသလို ဒီလို အခမဲ့ဆေးခန်းတွေရှိတာကြောင့် အတော်ပဲ အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပြည်သူ့ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင်ချင်လို့ ငွေကြေးအခက်အခဲရှိပေမယ့်လည်း စေတနာနဲ့ လုပ်ရမှာပဲလို့ ဆိုလာသူက ဒေါက်တာကျော်စွာဦးပါ။ ဆေးခန်းတာဝန်ခံလည်းဖြစ်တဲ့သူကတော့ စေတနာ့ဝန်ထမ်းအားတွေ လိုသေးတယ်လို့ ရှင်းပြပါတယ်။

အထူးကုဆရာဝန်ကြီးတွေနဲ့ ကုသတဲ့ တစ်နှစ်ကျော်အတွင်းမှာ လူနာ ၇ထောင်ကျော်ကို ကုသနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
kamaryut media

နီနီခင်ဇော်ရဲ့ image က ဒါပါလားရယ်လို့ သိသွားစေမယ့် နီနီခင်ဇော်ရဲ့ မာရီယိုဗီစီဒီ




ခင်ဆွေသက် on 2014-05-30 18:21    
မကြာခင် အချိန်အတွင်းမှာ ပရိသတ်တွေမျှော်လင့်တောင့်တနေတဲ့ မာရီယို အမ်တီဗီကို အထူးခြားဆုံး နဲ့ အဆန်းပြားဆုံး ရိုက်ကူးထားပြီး ပထမထွက်ရှိခဲ့တဲ့ အခွေထက်စာရင် အများကြီးကြိုးစား အားထုတ်ထားတယ်လို့ပြောလာတဲ့ နီနီခင်ဇော်နဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ သူမက “မာရီယို ဗီစီဒီလေးက ရှေ့လထွက်ပါမယ်။ မီဒီယာပွဲလဲ လုပ်ပါဦးမယ်။ အဲဒီအခွေလေးကို အဆန်းပြားဆုံးနဲ့ အလှပဆုံးဖြစ်အောင် ရိုက်ထားတယ်။ နီနီခင်ဇော်ဆိုပြီး image ကို ထူးခြားစွာမြင်ရမယ့် အပုဒ်တွေလဲပါမယ်။ သူဒီလိုလဲ လုပ်ရဲပါလားဆိုတဲ့ အတွေးတွေ ထင်ဟပ်စေမဲ့ အပုဒ်လဲပါတယ်။ လေယာဉ်ပျံသီချင်းကိုလဲ လေယာဉ်ပျံအစစ်နဲ့ ရိုက်ထားပါတယ်။ ဒါရိုက်တာတွေကတော့ ဇော်ကိုကို၊ ၀င်းလွင်ထက်၊ အောင်မြတ်၊ အာကာ၊ ကိုဝေဖြိုး၊ မမွန်း၊ ကိုမောင်သာမြင့်တို့ပါ။ သရုပ်ဆောင်ထားတာ မကိုယ်တိုင်များတယ်။ တခြားသူဆိုရင် ၀င့်ယမုံလှိုင်ပါတယ်။ Patricia ပါတယ်။ မင်းသားတွေကတော့ နာမည်ကြီး သရုပ်ဆောင် အစ်ကိုတွေ၊ မော်ဒယ်လ်တွေ တော်တော်များများ ပါပါတယ်။ နီနီ အားစိုက်ပြီးရိုက်ထားရတဲ့ သီချင်း ၃ပုဒ်လောက်ပါတယ်။ အဲ့တော့ အဲဒီသီချင်းတွေသည် ပရိသတ်လက်ထဲကို အဓိပ္ပါယ်ရှိရှိနဲ့ရောက်သွားစေချင်တယ်။ ပေါက်ဖို့ထက်ပေါ့နော်။ မရော  ၊ ဒါရိုက်တာတွေရော အရမ်းကို ကြိုးစားထားတယ်။ အထပ်ထပ် ပြန်ရိုက်ရတာတွေလဲရှိတယ်။ အဲဒီတော့ အပြစ်ပြောစရာတွေလဲ ထွက်လာမှာပေါ့လေ။ အပြစ်တွေထဲက အကောင်းတွေကိုတော့ ကြည့်နူးပြီးခံစားရမှာပေါ့နော်။ နောက်အယ်ဘမ်တစ်ခုအတွက် အဲဒီထဲကနေပြီး သင်ခန်းစာယူသွားမယ်။ ရိုက်ကူးထားတာက ကမ်းခြေတွေပါမယ်။ တောင်ကြီးဖက်တွေပါမယ်။ နောက်ပြီးတော့ ရန်ကုန်မှာကြိုက်တာများမယ်။ အမ်တီဗီပြီးရင်တော့ နီနီတခြားဟာတွေကို ဆက်run ရမှာပေါ့နော်”တဲ့။

ပုဒ်မ ၄၃၆ နဲ့ပတ်သတ်ပြီးတော့လဲ “အစ်မကြိုးစားပြီးတော့ လေ့လာနေပါတယ်။ မတို့လုပ်သင့်၊ မလုပ်သင့် ပါဝင်သင့်၊ မပါဝင်သင့် စဉ်းစားနေပါတယ်။ အနုပညာရှင်တွေ နိုင်ငံရေး လုပ်တယ်ဆိုတာက ကိုယ့်စိတ်ပေါ်မှာမူတည်တယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ပေါ့။ သူက နိုင်ငံရေးလုပ်ချင်လုပ်မယ်။ တခြားသူ စိတ်ပါရာတစ်ခုခု လုပ်ချင်လဲလုပ်မယ်။ ဘယ်သူက ဘာလုပ်မယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပဲပေါ့လို့ပြောပြခဲ့ပါတယ်။”လို့ သူမက ဖွင့်ဟပါတယ်။

Trend Myanmar

လိုင်စင်အတုဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်မောင်းနှင်သူ တစ်ရက်အတွင်း သုံးဦး ဖမ်းဆီး



ရန်ကုန်၊ မေ ၃၁

ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှု မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ပြေးဆွဲနေသော အဝေးပြေး ခရီးသည်တင် ယာဉ်များတွင် ယာဉ်မောင်းလိုင်စင် အတုဖြင့် ခရီးသည်တင်ယာဉ် မောင်းနှင်နေသူများကို ဖော်ထုတ် ဖမ်းဆီးလျက် ရှိရာ မေလ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် ခရီးသည်တင် ယာဉ်မောင်းသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြို့ဝင်ကြေး ပေးဆောင်သည့် ဂိတ်တွင် မေလ ၂၅ ရက်နေ့က အဆိုပါ လိုင်စင်အတု ကိုင်ဆောင်ထားသည့် ခရီးသည်တင် ယာဉ်မောင်းသုံးဦးကို အမြန်လမ်း ပူးပေါင်း ယာဉ်စစ်အဖွဲ့က စစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ုကုန်မှ ကလေးသို့ ထွက်ခွာမည့် တက်လမ်းယာဉ်လိုင်း ယာဉ်ပေါ်တွင် င/ ၂၅၅၀၉ / ၁၂ နံပါတ်လိုင်စင် အတုကိုင်ဆောင်ထားသူ အကူယာဉ်မောင်း ဦးဇော်မျိုးအောင်ကို ဖမ်းဆီးရမိခဲ့ပြီး င/ ၀၀၃၁၁ / ၁၂ နံပါတ်လိုင်စင် အတုကိုင်ဆောင်ထားသူ ယာဉ်မောင်းအကူ ဦးအောင်သူကို မန်းရွှေလီ ယာဉ်ပေါ်တွင် ဖမ်းဆီးရမိကာ ရန်ကုန်-တောင်ကြီးသို့ ပြေးဆွဲနေသည့် ရွှေလွန်းပျံယာဉ်လိုင်းမှ ဦးဇော်ဇော်လတ်ကို ခ/ ၂၆၂၄ / ၀၃ လိုင်စင်အတုဖြင့် မောင်းနှင်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

“ယာဉ်မောင်းတွေကို ဖမ်းဆီးပြီး လိမ်လည်မှု ပုဒ်မ ၄၂၀၊ စာရွက်စာတမ်း အတုလုပ်မှု ပုဒ်မ ၄၆၈ နဲ့ တရားစွဲထားတယ်။ လိုင်စင်အတု ကိုင်တဲ့သူတွေက နယ်မှာနေတဲ့သူတွေ ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ယာဉ်လိုင်းများက ယာဉ်မောင်းလိုင်စင် အတုများဖြင့် ယာဉ်မောင်းခွင့် ပေးနေခြင်းမှာ ခရီးသွားပြည်သူကို မလေးစားခြင်း ဖြစ်ကြောင်း နယ်ဝေးများသို့ မကြာခဏ ခရီးသွားလေ့ ရှိသည့် ဒေါ်မြတ်ကေခိုင်က ပြောဆိုသည်။
“ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ မမောင်းခိုင်းခင်ကတည်းက လိုင်စစ် အစစ်အတု ဆိုတာ စစ်ဆေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်-နေပြည်တော်လမ်း စတင် ဖွင့်လှစ်ချိန်၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃၆၇ ဦးနှင့် ဒဏ်ရာရသူ တစ်ထောင်ကျော် ရှိခဲ့ပြီး ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် ယာဉ်မောင်းသူ၏ ပေါ့ဆမှုမှာ ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

သံလွင်မြစ်တွင် တရုတ်နှင့် ရေအားလျှပ်စစ်ထုတ်ရန် မြန်မာအစိုးရ သဘောတူလိုက်ပြီ


လှပသောသံလွင်မြစ်တစ်နေရာ(ဓာတ်ပုံ−အိဖြူမွန်)
ကရင်ပြည်နယ် သံလွင်မြစ်အထက်ပိုင်းတွင် မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ်နိုင်သော ရေအားလျှပ် စစ်စက်ရုံတည်ဆောက် ရန် မြန်မာလျှပ်စစ်စွမ်းအားဝန် ကြီးဌာနနှင့် တရုတ်ကုမ္ပဏီဖြစ် သည့် Hanergy အုပ်စုတို့က သဘောတူလက်မှတ်   ရေးထိုး လိုက်သည်။

ပြည်တွင်းမှ ဆောင်ရွက်ပေး မည့် ကုမ္ပဏီမှာ အေးရှားဝေါလ် ဖြစ်သည်။

အထက်သံလွင် ရေအား လျှပ်စစ်စီမံကိန်းအရ တရုတ်ကုမ္ပ ဏီက မြန်မာနိုင်ငံတွင် အနှစ် လေးဆယ်ကြာ ရေအားလျှပ်စစ် ထုတ်လုပ်ခွင့်ရှိမည်ဖြစ်ပြီး ထွက် ရှိမှု၏ ၁၀ ရာခိုင်နှုန်းကိုလည်း တ ရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံ Hanergy အုပ်စုနှင့် မြန်မာအစိုးရတို့သည် ၂၀၁၀ ပြည့်နှစ်ကတည်းက လက်မှတ် ရေးထိုးထားခဲ့သည်ဟု Hanergy အုပ်စုက ပြောကြားသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် တရုတ်၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် အေးရှားဝေါလ်နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီ များက ဧရာဝတီမြစ်ဆုံဆည် ဆောက်လုပ်ရေး ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည် ဟု Hanergy အုပ်စုက ဆိုသည်။

(ကိုးကား hydroworld)
7day daily

ယီမင်ထောက်လှမ်းရေးအရာရှိကို အယ်ကေဒါစစ်သွေးကြွလို့ သံသယရှိသူတဦးက ပစ်သတ်


ယီမင်နိုင်ငံတောင်ပိုင်း လာဟေးဂ်ျခရိုင်မှာ အယ်ကေဒါစစ်သွေးကြွလို့ သံသယရှိသူတယောက်က ထောက်လှမ်းရေး အရာရှိတယောက်ကို မေလ ၃၁ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ဒေသခံ အရာရှိတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒါဟာ နိုင်ငံတွင်း စစ်ရေး ဦးတည်ချက်တွေကို တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။

AQAPထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး နတ်ဆား အယ်လ် အစ်စိုင်းက ကားထဲမှာထိုင်နေတုံး စစ်သွေးကြွတွေက စက်သေနတ်နဲ့ ပစ်ခဲ့တာလို့အရာရှိက ပြောပါတယ်။

ယီမင်နိုင်ငံတွင်းက အာရေဗျကျွန်းဆွယ် အယ်ကေဒါအဖွဲ့ AQAP တွေကို အရင်လက တောင်ပိုင်း ခြေကုပ်စခန်းဖြစ်တဲ့ အဘ်ယံနဲ့ ရှာဘွားခရိုင်တွေထဲကနေ ယီမင်စစ်တပ်က မောင်းထုတ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ပစ်ပြီး ထွက်ပြေးတဲ့ တိုက်ခိုက်မှုအတော်များများကို ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီနှစ်အတွင်း တခြားအကြီးတန်း အရာရှိ ၂၂ ယောက်ကျော်လည်း အသတ်ခံခဲ့ရပါတယ်။

အနောက်နိုင်ငံတွေကတော့ အယ်ကေဒါ AQAP တပ်တွေဟာ နိုင်ငံတကာ တိုက်ခိုက်မှုတွေ အတွက် ယီမင်နိုင်ငံကို အခြေစိုက်စခန်းအဖြစ် ထားရှိမှာ စိုးရိမ်နေကြတာပါ ယီမင်ဟာ အဓိကရေနံထုတ်လုပ်သူ ဆော်ဒီအာရေဗျနိုင်ငံနဲ့ နယ်နိမိတ်ချင်း ကပ်နေပါတယ်။

ယီမင်အစိုးရ ကတော့ အယ်ကေဒါတွေကိုသာမက တောင်ပိုင်းခွဲထွက်ရေးသမားတွေရဲ့ လွတ်လပ်ရေး ပေးဖို့တွန်း အားပေးမှုကိုပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် မြောက်ပိုင်းကို ထိန်းချုပ်ရေး ကြိုးစားနေတဲ့ ရှီးယိုက် မွတ်စလင် လှုပ်ရှားမှုထဲက သူပုန်တွေနဲ့လည်း တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

DVB Burmese

မူးနေတဲ့အချိန် မှားမပို့သင့်တဲ့ SMS များ




 
မူးလာပြီဆိုရင် ဖုန်းလေးကောက်ကိုင်ပြီး ဟိုဆက် ဒီဆက်၊ sms တွေ ဟိုပို့ဒီပို့ လုပ်တတ်တဲ့သူတွေအတွက်တော့ မနက်ရောက်တဲ့အခါ နောင်တရစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဖုန်းခတွေလည်း ကုန်၊ ရှက်စရာ ကိစ္စတွေလည်းဖြစ်ဆို သောက်ရတာ တန်ရောတန်ပါဦးမလား။ ကဲ ဒီတော့ သောက်ထားတဲ့အချိန်မှာ မပို့သင့်တဲ့ sms တွေကတော့

၁။ရည်းစားဟောင်းကို လွမ်းတယ်ဆိုပြီး sms ပို့တာမျိုး။

ရည်းစားနဲ့ပြတ်ထားတာ မကြာသေးလို့ ခံစားချက်တွေကို မူးတော့မှ ဖောက်ထုတ်တာမျိုးတွေ မလုပ်ပါနဲ့။ တကယ်လို့ ရည်းစားဟောင်းမှာ ကောင်းမလေး/ကောင်လေး အသစ်ရနေပြီဆိုရင် ကိုယ့်အတွက် ရှက်စရာကိစ္စတွေဖြစ်စေပါတယ်။ မူးလာပြီဆိုရင် ရည်းစားဟောင်းကို လွမ်းလိုက်တာ၊ တွေ့ချင်တယ်၊ နင်မရှိရင် မနေနိုင်ဘူး ဆိုတာမျိုးတွေ မပို့မိပါစေနဲ့။

၂။ကိုယ်နဲ့ခုမှ ဒိတ်လုပ်နေတဲ့သူကို ချစ်တယ်လို့စဖွင့်ပြောတာမျိုး။

တစ်ယောက်နဲ့တစ်ယောက် ခုမှ လေ့လာတုန်းအခြေအနေမှာ ကောင်လေးဘက်ကတောင် စမပြောသေးပဲ ကိုယ့်ဘက်ကစပြီး ချစ်တယ်လို့ sms မပို့လိုက်ပါနဲ့။

၃။လူမှားပြီး မကောင်းကြောင်း ပြောမိတာမျိုး။

ကိုယ်မကောင်းကြောင်း ပြောချင်တဲ့သူဆီကိုမှ နာမည်တပ်၊ အကျင့်မကောင်းတဲ့သူဆိုပြီး မှားပို့မိလိုက်ရင် နောက်ပိုင်း ဆက်ဆံရေးကတော့ အခြေအနေတော်တော်ဆိုးသွားပြီလို့ မှတ်လိုက်ပါ။ ဆိုလိုတာက ရိုစီ့ဆီကို .. ဟဲ့ ဟိုဟာမ ရိုစီက နည်းနည်းမှ အကျင့်မကောင်းဘူးဆိုတာမျိုးပေါ့။

၎။မဖြစ်နိုင်တာတွေကို ချိန်းဆိုမိတာမျိုး။

မူးနေတဲ့အချိန် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို sms ပို့ပြီး မနက်ဖြန် မနက်စာတူတူစားမယ်ဆိုပြီး ချိန်းဆိုတာတွေ၊ မနက်ဖြန်မနက် ဘယ်နေရာမှာဆုံမယ်ဆိုပြီး ချိန်းဆိုမိတာမျိုးတွေ မလုပ်မိပါစေနဲ့။ နောက်နေ့မနက်ရောက်တော့ တစ်ဖက်လူက ဖုန်းတွေခေါ်ထားတာကို နေ့လည်ကိုယ်နိုးတဲ့အချိန်မှ တွေ့မယ်ဆိုရင် အားနာစရာတွေ ဖြစ်ကုန်ပြီပေါ့။

၅။ငါတို့ လမ်းခွဲကြရအောင်ဆိုပြီး ချစ်သူကို ပို့မိတာမျိုး။

ငါအရမ်းပင်ပန်းနေပြီ၊ ငါနင့်ကို စိတ်ကုန်နေတာကြာပြီဆိုပြီး ကိုယ့်လက်ရှိတွဲနေတဲ့ ချစ်သူကို sms ပို့တာမျိုးတွေကလည်း သူ့ကို စိတ်မကောင်းဖြစ်အောင် လုပ်တာနဲ့အတူတူပါပဲ။

Ref:cosmopolitan.com
Trend Myanmar

ချောင်းဦးမြို့မီး နေအိမ် ၅၇ လုံး ဆုံးရှုံး



မုံရွာခရိုင် ချောင်းဦးမြို့၊ မြောက်ရပ်ကွက်၊ ရွာမရပ်တွင် မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီခန့် က ထမင်းချက်ပြုတ်ရာမှ နေအိမ် ၅၇ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

‘‘မီးစလောင်တဲ့ အချိန်က နေ့လယ် ၂ နာရီကျော်မှာပါ။ လေပြင်းတိုက်နေတုန်းမီးလောင်တာဆိုတော့ မီးကူးစက်လောင်ကျွမ်းမှုက ပိုမြန်တယ်’’ဟု ချောင်းဦးမြို့ မြောက်ရပ်ကွက် မီးလောင်ဆုံးရှုံးခံရသော နေအိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘မီးလောင်လောင်ချင်း ပစ္စည်းတွေ သယ်ကြ၊ပြုကြနဲ့ ကိုယ်ပစ္စည်းပြန်ရတဲ့သူရတယ်။ တချို့က ၀ိုင်းကူတာလိုလိုနဲ့ လု ယူတဲ့သူတွေလည်းရှိတယ်’’ ဟု မီးဘေးဒုက္ခကြုံတွေ့ခဲ့ရသူတစ်ဦး ကဆိုသည်။

ချောင်းဦးမြို့ မြောက်ရပ် ကွက်ရှိ နေအိမ်တစ်အိမ် မီးဖိုဆောင်တွင် ထမင်းချက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နေ့လယ် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး ညနေ ၅ နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားသည်။

မီးလောင်ရာသို့ မုံရွာမြို့နယ် ဗဟိုမီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ် ၂ စီး၊ အရန်မီးသတ်တပ် ဖွဲ့မှ မီးသတ်ယာဉ် ၃ စီး၊ မြင်းမူ မြို့မှ မီးသတ်ယာဉ် ၂ စီး၊ ချောင်း ဦးမြို့မှ မီးသတ်ယာဉ် ၄ စီး၊ မုံ ရွေး၊ ကြေးမုံ၊ ခင်မွန်ကျေးရွာများ မှ မီးသတ်ယာဉ်များနှင့် စည်ပင် သာယာရေး အဖွဲ့ပိုင် ရေသယ် ယာဉ်တစ်စီး၊ ပုဂ္ဂလိက ရေသယ် ယာဉ်တစ်စီးတို့ ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့သည်။ မီးလောင်မှုကြောင့် နေ အိမ် ၅၇ လုံး၊ အိမ်ထောင်စု ၄၅ စု၊ ကျား ၇၂ ဦး၊ မ ၈၈ ဦး မီး ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။

အဆိုပါမီးဘေးဒုက္ခကြုံ တွေ့ရသူများကို ချောင်းဦးမြို့ မြောက်ရပ်ကွက်ရွာမရပ်ရှိ မဟာ အောင်မြေသာစံဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း မီးဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

7Day Daily

ကော်မရှင်ကို သရော်ချင်တယ်



ရွှေပြည်ကြီးမှာ ဒီရက်တွေဟာဖြင့် တကယ့်ကို အုန်းအုန်းကျွက်ကျွက်ပါပဲခင်ဗျာ။ ၄၃၆ ဆိုတာကြီးပြင်ဖို့ နိုင်ငံရေးသမားတွေကလည်းဟော၊ ရပ်ကွက်ထဲမှာလည်း ဒီ အကြောင်းပဲပြောနဲ့ လူထုတွေ ဟာ နိုးကြားနေသဗျာ။ အနှီပုဒ်မ ၄၃၆ ကိုပြင်ဖို့အရေး ဆန္ဒပေး လက်မှတ်ထိုးတာကလည်း တကယ့်ကိုမှ အလွှာစုံပါပဲ။စုံလိုက်သမှ အနုပညာရှင် များကလည်း တစ်တပ်တစ်အားပဲဗျာ။ ဟိုစဉ်အာဏာရှင်ခေတ်အခါ တုန်းက ပေါ်လစီကားတွေကို သူ တို့ခမျာ မလွှဲသာလို့ရိုက်ခဲ့ရတယ် ဆိုတာ ကျုပ်ဖြင့်အခုကျမှပဲ ယုံ တော့တယ်။ အရေးကြုံတော့ ထမင်းရှင်ပြည်သူတွေဘက်က ရပ်ရမယ်ဆိုကိုး။ ကြားရတာနဲ့ တင် ကျုပ်တို့ ထမင်းရှင်ပြည်သူ များကလည်း နားဝမှာ ချမ်းသာလှ ပါရဲ့ဗျာ။ သို့ငြားလည်း ဟိုလူငယ် ကြိုက် အဆိုတော်လေးက ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးဖို့ရာ သူ့မှာ မနိုင်ဝန် ဖြစ်ရပါတယ်ဆိုတဲ့ သဘောပြောမိ၊ ရေးမိလို့ ဝိုင်း သမတာ အတော်ခံလိုက်ရသတဲ့။ နောက်ဆုံးလက်မှတ်ထိုးလိုက်မှပဲ သူ့အမြင်အပေါ်မှာ ကြိတ်မနိုင်ခဲ မရတဲ့ ပရိသတ်များက ဘဝင်ကျ သွားတယ်ဆိုပဲ။
အဲ.. ဖေ့စ်ဘွတ်ခ်ပျော် အစ်ကိုတော်၊ အစ်မတော်များကလည်း အနှီ ၄၃၆ ပြင်ရေးအတွက် သူတို့ လက်မှတ်ထိုးကြတဲ့ ဓာတ်ပုံ ကလေးတွေကိုလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ အသီးသီးသကာလ တင် နေလေရဲ့ဗျ။ ကျုပ်တို့ဖြင့် ကြွား ချင်လို့ တင်တာရယ်လို့ မထင် ပေါင်ဗျာ။ တိုင်းနိုင်ငံ ပြည်အရေး မှာ လက်မနှေးတာကို ရပ်နီးရပ် ဝေးက ဆွေသဟာများကို သိကြား စေသက်သေညွှန်းတယ်လို့သာ မှတ်ပါတယ်။ ဟုတ်တယ်ဟုတ်။

သို့ပေတဲ့ တစ်ခုတော့ဖြင့် သိချင်သားဗျ။ အခုလို လူထုတစ် ရပ်လုံးဖွဲ့စည်းပုံကို အကြောင်းပြု ပြီးသကာလ စည်စည်ကားကားနဲ့ သွားကြလာကြ၊ ပြောကြဟော ကြ၊ ရေးကြထိုးကြတာတွေကို ကျုပ်တို့ရဲ့ ရွေးကောက်ပွဲကော် မရှင်က လူကြီးမင်းများမြင်ရင် ဘာများမြွက်ဆိုမလဲလို့။ ဘာ ကြောင့် သိချင်တာလဲဆိုတော့ ကာ အနှီကော်မရှင်ရဲ့ ဥက္ကဋ္ဌကြီး ဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ပြောင် မြောက်စွာ မှတ်ချက်ချဖူးတာ သတိရလို့ပါဗျာ။

ဒီနှစ်ထဲမှာပဲခင်ဗျ။ အနှီရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက တိုင်းခန်းလှည့်လည်တဲ့အခါ ပုသိမ်ကို ရောက်သွားခဲ့သတဲ့ဗျာ။ သို့ကလို လူထုကြား လှည့်လည်တဲ့အခါ စစ်သားတုန်းကတော့ စစ်သား စကားပြောရသလို အခုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ရပြန်တဲ့အခါ ရွေးကောက်ပွဲစကား ပြောရတာပေါ့လေ။ အဲဒီမှာ သူက ဒေသခံတွေကို ပြောတာ။ ဘာပြောသလဲဆိုတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ သူ့ဆီကို နိုင်ငံတကာက သံအမတ်တွေ၊ ဘာတွေလာတွေ့ကြသတဲ့။ တွေ့တော့ကာ အနှီသံတမန်များဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဟာဖြင့် လွတ်လပ်မျှတတဲ့အကြောင်းဥက္ကဋ္ဌကို လာရောက်ထောမနာပြုကြတယ်ဆိုပဲ။

ဥက္ကဋ္ဌကြီး သူကတော့ဖြင့် ဘာမှပြန်မပြောပါဘူးတဲ့။ သို့ပေ တဲ့ သူ့ပါတီတွေနဲ့တွေ့တော့ အခု လိုပြောဖြစ်တယ်ဆိုပဲ။ ဘာတဲ့ ဗျာ။ ၂၀၁၂ ကြားဖြတ်ဟာ လွတ် လပ်လိုက်သမှ တစ်ခါတည်းရွေး ကောက်ပွဲ၊ မဲဆွယ်ပွဲနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလားမှတ်ရ တယ်တဲ့။ သူဖြင့် ၈၈ အရေး အခင်းများ ပြန်ရောက်နေလေ သလားတောင်မှ အထင်ရောက် သွားသတဲ့။ ကိုင်း.. အဲဒါကြည့်ပေါ့ ဗျာ။ ဘစီတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟာ ဘယ် လောက်လွတ်လပ်ခွင့်ပေးထားခဲ့ တယ်ဆိုတာ။ အခုလည်း ၄၃၆ လက်မှတ်ထိုးပွဲ လူထုက ခြိမ့်ခြိမ့် သဲနွှဲနေတာ ခမျာဘာများပြော မလဲလို့ သိချင်တာ။

သို့သော်ငြား အဲဒီ သူ့ရဲ့ ပုသိမ်ခရီးစဉ်မှာကတည်းက တစ် ခါတည်း ကြိမ်းသွားတယ်။ နောက် များတော့ အနှီလိုအခွင့်မျိုးဟာ ရတော့မှာ မဟုတ်ဘူးတဲ့ဗျာ။ ရွေး ကောက်ပွဲကို ကန့်သတ်ပစ်မယ် တဲ့။ မဲဆန္ဒနယ်မှာ မဆိုင်တဲ့သူ တွေလာမပြောနဲ့။ အရွေးခံမယ့် ကိုယ်စားလှယ်ပဲ လာပြောကြပေ တော့တဲ့။ အဲဒါကို ကျေနပ်ရင် ဝင်၊ မကျေနပ်ရင်မဝင်နဲ့။ အချိန် ကန့်သတ်မယ်။ နေရာကန့်သတ် မယ်။ လူကန့်သတ်မယ်။ အနှီ လုပ်ပိုင်ခွင့်တွေဟာ သူ့လက်ထဲ မှာတဲ့။

အဲသလိုပြောပြီး ဘာကြာ သတုံးဗျာ။ လာမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြား ချက်မူကြမ်းဆိုတာ ဟိုတစ်လော က ထွက်လာပါရောလား။ အဲဒီ မူကြမ်းမှာ ပါတဲ့အချက်တွေက တော့ ကျုပ်တို့ကော်မရှင်ဥက္ကဋ္ဌ ပုသိမ်မှာပြောခဲ့တာတွေနဲ့ သိပ် မကွာလှပါဘူး။

မဲဆွယ်စည်းရုံးခွင့်ကို ရွေး ကောက်ပွဲမတိုင်မီ တစ်လအလို မှာ ခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်တဲ့ နေရာတွေမှာ ဟောရမှာတဲ့။ တစ် နည်းအားဖြင့် စည်းကမ်းကလနား နဲ့ပေါ့လဗျာ။ နောက်ပြီးတစ်ခါ စုဝေးဟောပြောခွင့်ရှိတဲ့သူဟာ လည်း ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင် အရွေးခံမယ့် စာရင်းပေါက်ပြီး သား ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် အနှီကိုယ်စားလှယ် လောင်းရဲ့ တရားဝင်ကိုယ်စား လှယ်ကိုသာ ခွင့်ပြုမှာတဲ့။ အခြား သော ကန့်သတ်ချက်အပြည့်အစုံ ကိုတော့ ညွှန်ကြားချက်မှာပါပြီး သားမို့ ကျုပ်တို့အရှည်သဖြင့် မပြောတော့ပါဘူး။

အနှစ်ချုပ်ကာ ပြောရမယ် ဆိုရင်ဖြင့် အနှီညွှန်ကြားချက်ဟာ တစ်ဖက်သတ်ဆန်လွန်းတာပဲ ဖြစ်တယ်ခင်ဗျ။ ဒီမိုကရေစီရွေး ကောက်ပွဲဆိုပေတဲ့ လုပ်နည်းလုပ် ဟန်တွေကတော့ အာဏာရှင် ဟန်ပဲဗျ။ ဗိုလ်ချုပ်ကြီးများ ပြော ဖူးတဲ့ စည်းကမ်းပြည့်ဝသော ဒီမို ကရေစီဆိုတာ အဲဒါမျိုးလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ် တို့ ခံစားနေရတာတော့ ခေါင်က စပြီး မိုးမလုံတဲ့ကိစ္စပါပဲ။ တရား မျှတတဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ‘‘ငါ့သားမယားဘက် ခပ်ပါပါ’’လုပ်နေတာပါပဲ။

သိကြတယ်ဟုတ်။ ကော် မရှင်က ဘာကြောင့် အဲသလို ညွှန်ကြားချက်ကို ထုတ်သလဲဆို တာ။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတုန်းက ဒေါ်အောင် ဆန်းစုကြည်ဟာ သူ့ပါတီက ကိုယ်စားလှယ်လောင်းများရဲ့ မဲဆန္ဒနယ်မှာလိုက်ပြီး တရား ဟောခဲ့တာ ရှိခဲ့သကိုးဗျ။ ဆိုတော့ ကာ ဒေါ်စုမျက်နှာနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြား ဖြတ်မှာ ပြည်ခိုင်ဖြိုးပါတီကိုကျော် တက်အနိုင်ရသွားတယ်လို့ ရွှေ ဉာဏ်တော်စူးရောက်စွာနဲ့ ဆင် ခြင်ကြည့်ကြမှာပေါ့။

နောင်လာမယ့် ရွေးကောက် ပွဲမှာ သို့ကလိုသာဖြစ်လို့ကတော့ ဗိုလ်ချုပ်ဟောင်းများရဲ့ ပြည်ခိုင် ဖြိုးပါတီဟာ ရှုံးချက်နာဦးမှာဆို တော့ကာ ပြိုင်ဘက်ပါတီတွေ အပေါ်မှာ ကန့်သတ်လိုက်တာပဲ ခင်ဗျ။ ဟုတ်တာ မဟုတ်တာ အပထား မီကိုကွေကာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြသည် ဆိုတဲ့ ကြော်ငြာလိုပဲ၊ တစ်ခါက ဗိုလ်ချုပ်ဟောင်းတစ်ယောက် ဥက္ကဋ္ဌဖြစ်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူ့အတွေးနဲ့ သူဟုတ်လှပြီ ထင်နေမှာပေါ့လေ။

သို့ပေတဲ့ အရပ်သားပါတီ များကို အနှီလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ချည်ပြီးတုပ်ပြီး အမိန့်များဆင့်ကာထုတ်ပေတဲ့ ပြည်ခိုင်ဖြိုးကျတော့ ကော်မရှင် က လုပ်ချင်ရာလုပ်ခွင့်လိုင်စင်များ ပေးထားသလားလို့။ သိတယ် လား။ ချစ်ရင်အပြစ်မမြင်ဆိုသကိုး။ တစ်ဖက်ကလည်း ကော် မရှင်ရဲ့မေတ္တာကို သိတတ်လိုက် တာသမှ။ ကိုယ်စားလှယ်လောင်း များ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ် ခွင့် ကန့်သတ်တဲ့ညွှန်ကြားချက် မူကြမ်းကို ပြည်ခိုင်ဖြိုးပါတီက အပြည့်အဝထောက်ခံတယ်ဆိုပြီး လုပ်သေးတာ။ တပ်မှူးတပ်သား ဟောင်းများအကြား မေတ္တာ ရောင်ပြန်ဟပ်တာ ထင်ပါရဲ့။

အခြားနိုင်ငံရေးပါတီတွေ ကျတော့ ရန်ပုံငွေဘယ်ကရတယ် ကအစ လိုက်ပြီးကန့်သတ်နေပေတဲ့ ပြည်ခိုင်ဖြိုးက ပါတီဝင်များသွား သွားလာလာ လုပ်နေတာက ဘယ်သူ့ဝင်ငွေတွေလဲခင်ဗျ။ ဒါတင်မကသေးဘူး ရွာဖျက်ခံရတဲ့ သမီးလေးကျေးရွာသားတွေ နေဖို့အတွက် မြေကွက်တောင် ဝယ် ပေးမယ်လုပ်သေးတာ။ ဘယ်က နေ ပါတီရန်ပုံငွေတွေ သောက် သောက်လဲရနေတာလဲ ကျုပ်တို့ မသိပါဘူးဗျာ။

သို့ပေတဲ့ ကော်မရှင်ဟာ မျှတပါတယ်။ အခုနောက်ဆုံး ထွက်လာတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ နိုင်ငံရေးပါတီတွေကို မြေကွက်တွေ၊ ကားပါမစ်တွေပေးမတဲ့။ ဆိုတော့ တချို့ အမြော်အမြင်ရှိသူများက ပါတီထောင်ဖို့တောင် စိတ်ကူးနေပြီဗျ။ မလိုသူတွေကတော့ ပြောတာပေါ့ဗျာ။ ကော်မရှင်ဟာ အယူမခိုင်မာတဲ့ ပါတီငယ်လေးများကို တိုက်နဲ့ကားပေးပြီး ခါးပိုက်ထဲ ထည့်နေပြီလို့။ ကျုပ်တို့ကတော့ အဲသလိုမထင်ရက်ဘူးဗျာ။ ကော်မရှင်ဟာ‘သားတူညီများ’အခွင့်အရေးပေးချင်တာ ဖြစ်မှာပါရယ်။

ရွေးကောက်ပွဲကော်မရှင်ဆို တာ တရားမျှတရမယ်မဟုတ် လား။ ဘယ်ပါတီကိုမှ မျက်နှာ သာမပေးဘဲ ခွင့်တူညီမျှဖြစ်စေရ မယ်ဆိုတော့ကာ နိုင်ငံရေးပါတီ များကို မုန့်ကျွေးရမယ့်သူ မုန့် ကျွေး၊ တုတ်ပေးရမယ့်သူ တုတ် ပေးလုပ်နေတာပဲလို့ ကျုပ်တို့ထင် သဗျ။ လိမ္မာတဲ့ ပါတီများဟာ ကော်မရှင်က ကျွေးတဲ့မုန့်များကို စားရကံကြုံမှာပေါ့ဗျာ။

အဲ.. မလိမ်မိုးမလိမ်မာတဲ့ ပါတီများကျ တုတ်ရကြမှာ ခင်ဗျ။

ကြည့်ဗျာ။ ဟိုတစ်လောက ဖွဲ့စည်းပုံပြင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ် မတော်ကို စိန်ခေါ်တဲ့စကားများ ပြောသွားလို့ ကော်မရှင်က သတိ ပေးအကြောင်းကြားစာပို့လာ သတဲ့။ ပါတီတွေ၊ နိုင်ငံရေးသမား တွေ အဲဒါခက်တာပဲဗျာ။ လိမ္မာ ရင် ကော်မရှင်က ဘာဝင်ပါစရာ ရှိသလဲ။ တိုက်ခန်းနဲ့ ကားပါမစ် တောင်ပေးဦးမယ့်ဥစ္စာ။ အခုကျ တော့ တပ်မတော်ကိုသွားပြီး စိန် ခေါ်ရတယ်လို့။

တကယ်တော့ စိန်ခေါ်တာ ကလည်း အရပ်ထဲမှာလို ချမယ် နှက်မယ် သတ္တိရှိရင်ထွက်ခဲ့လို့ ခုနစ်သံချီဟစ်တာမဟုတ်ပါဘူး ဗျာ။ လွှတ်တော်ထဲမှာရှိတဲ့ တပ် မတော်သားကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ဟာ အာဏာမက် မောလို့၊ အထူးအခွင့်အရေးမက် မောလို့ လုပ်နေတာမဟုတ်ဘူးဆို တာ သက်သေထူပါလို့ တိုက် တွန်းတယ်ဆိုတဲ့ စကားလေးပဲ ပြောတာ။ ဒါကိုများ ကော်မရှင်က တပ်မတော်ကို စိန်ခေါ်တယ်လို့ အမှတ်ထားတာ အံ့ဩစရာကြီး မဟုတ်လား ကိုယ့်လူတို့ရာ။

နို့ပေတဲ့ တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ အမိအဖကိုခင်ဗျ။ အနန္တနောအနန္တ ငါးပါးထဲမှာ မပါ သော်ငြား တပ်မတော်သာ အမိ တပ်မတော်သာအဖဆိုတော့ တပ်မတော်ကိုသွားပြီး ကလိရင် ကော်မရှင်နဲ့ ငြိမှာပဲ။ တပ်မတော် ဟာ ဒီတိုင်းပြည်မှာ နတ်နေကိုင်း ခင်ဗျ။ သွားပြီးမထိနဲ့ ကော်မရှင် နဲ့ငြိမယ်။ ကော်မရှင်ဟာ ဒါမျိုး တွေ ထိန်းကျောင်းဖို့ဖွဲ့ထားတာ။ အရပ်သားများ စကားမမှားကြနဲ့ ပေါ့ဗျာ။ အထက်တစ်နေရာမှာ ကျုပ်တို့ပြောခဲ့သလိုပဲခင်ဗျ။ တချို့ကိစ္စတွေမှာ ကော်မရှင်ဟာ သူ့အတွေးနဲ့သူနေမှာပါ။

ကဲဗျာ။ နိဂုံးကမ္မတ် အဆုံး သတ်ရရင်တော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ အခုနေခါ ရွေး ကောက်ပွဲများနဲ့ပတ်သက်ရာ အမိန့်ညွှန်ကြားစာဆိုတာမျိုးတွေ တစ်ခုပြီးတစ်ခုထုတ်ပြန်နေတာ ဟာ ဘာရည်ရွယ်ချက်နဲ့လဲဗျာ။ ထွက်လာတဲ့ ညွှန်ကြားချက်မူ ကြမ်း၊ မူချောဆိုတာတွေကလည်း တစ်ဖက်မှာ မက်လုံးနဲ့၊ တစ်ဖက် မှာ ခြောက်လုံးနဲ့၊မီးစနဲ့ ရေမှုတ် ကို ပြိုင်တူထုတ်လုပ်နေတာ ကျုပ် တို့ ပြည်သူတွေအကျိုးလားခင် ဗျာ။ သို့မဟုတ်ရင် တပ်မှူးတပ် သားယူနီ ဖောင်းဝတ်များရဲ့ ထာဝရအကျိုးစီးပွားအတွက်လား ဗျာ။ ကော်မရှင်လုပ်သမျှ အခုထိ မြင်ရတာတော့ ကျုပ်တို့ဘဝင်မှာ လေဟပ် ကျေနပ်လာတဲ့အထိ မဖြစ်သေးတာ အမှန်ပဲဗျာ။ နိုင်ငံ ရေးပါတီတွေကိုကန့်သတ်ထိန်း ချုပ်ရမယ်လို့ တွေးနေတာကို က ဘယ့်နှာ ဒီမိုကရေစီဖြစ်မှာ ပါလဲဗျာ။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ တပ်မတော် အပေါ်မှာ မေတ္တာမကင်းတာ ကျုပ်တို့နားလည်ပေးပါတယ်။ နို့ပေတဲ့ လက်နက်အင်အား၊ လူ အင်အားနဲ့ ဥစ္စာဓန ပေါကြွယ်ဝ နေတဲ့ တပ်မတော်က ကြီးကြီးမာ စတာများကို မေတ္တာရေစီးကမ်း ပြိုလိုက်နေသလို ဒီမိုကရေစီဆို တဲ့စကား မစားရအညှော်ခံဖြစ်နေ ရတဲ့ လူထုများအတွက်လည်း မေတ္တာရေကြည်တစ်ပေါက် ငေါက်ခနဲ ပန်းထွက်လာရင်ကိုပဲ ရွေးကောက်ပွဲကော်မရှင်လူကြီး မင်းများကို ကျုပ်တို့ဟာ ကျေးဇူး တင်နေမှာပါဗျာ။ လာမယ့် ရွေး ကောက်ပွဲတွေမှာ မဟာဗျူဟာ မြောက်ခြိမ်းခြောက်ခြင်းကင်းတာ ပဲ မြင်လိုပါတယ်ဗျာ။ သို့ကလို လည်း တိုက်တွန်းပါတယ်ခင်ဗျ။

အခုပြောတာတွေဟာ ကော်မရှင်ကို စိန်ခေါ်တာမဟုတ် ရပါဘူးခင်ဗျာ။ အဲ.. ကျုပ်တို့က သရော်စာသမားတွေဖြစ်တော့ ကာ ပြောရင်းနဲ့ ဒေါတွေပါကာ ကော်မရှင်ကို သရော်သလိုဖြစ် သွားရင်လည်း မတတ်နိုင်ဘူးပေါ့ ခင်ဗျာ။ စိတ်ထဲရှိတာ အရင်းတိုင်း ပြောရရင်တော့ အဘတို့ရဲ့ ကော် မရှင်ကို ကျုပ်တို့သိပ်သရော်ချင် တာပဲ။ သို့ပေတဲ့ အောင့်ထားရ တယ်။ တော်ကြာကော်မရှင်ကို သရော်ပါတယ်ဆိုပြီး သတိပေး စာ အထုတ်ခံထိမှာ ကြောက်လို့ ရယ်သာ။

7day

ယနေ့ သင်္ဃန်းကျွန်းမြို.နယ်တွင် ရပ်ကွက်လူထု အုံကြွမှုတစ်ခုဖြစ်



အမှတ် ၃၃၅ ဗိုလ်တေဇ လမ်းသွယ် ၂စံပြ စီမံကိန်း ၇ ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်တွင်
ယနေ့  နေ့ လည် ၁၂ နာရီအချိန်တွင်ရပ်ကွက်လူထု အုံကြွမှုပုံစံ တစ်ခုဖြစ်ပေါ်
ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ် မှာ ၎င်းအိမ်ပိုင်ရှင် ဒေါ်ခင်ရီ အသက် ၈၀ နှင့် မိသားစုစုစုပေါင်း ၇ ဦး နေထိုင်ရာ အိမ်အား ပြီးခဲ့သည့်တစ်ပတ်က အကြွေးရှင်ဟုဆိုကာ လူအင်အားများစွာဖြင့် အိမ်အတွင်းဝင်ရောက်၍ ပစ္စည်းများဆွဲချခြင်း မိသားစုဝင်များအား အတင်းအဓမ္မချူပ်နှောင် ဆွဲထုတ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ထိုသို. ဥပဒေမဲ့ လူမိုက်ဆန်ဆန်လုပ်ရပ်ကြောင့် ရပ်ကွက်နေပြည်သူများအနေဖြင့် တရားဥပဒေစိုးမိုးရေး အပိုင်းတွင် စိုးရိမ်လျက်ရှိနေခဲ့ကြောင်း၊ ထိုသို့ ဖြစ်နေပါလျက် ယနေ.နေ့ လည် ၁၂ နာရီအချိန်တွင် လိုက်ထွက်ကားဖြင့် လူဦးရေ ၁၀ဦးခန်.ပါဝင်ကာ ထိုဖြစ်စဉ်နေရာသို့ ဆက်လက်ရောက်ရှိလာပြီး  အဆိုပါ မိသားစုအား                          ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သဖြင့်ရပ်ကွက်ပတ်ဝန်းကျင်နေပြည်သူများအတွက်                 တရားဥပဒေစိုးမိုးရေးအား ထိခိုက်စေခဲ့ပါသည်။

ရပ်ကွက်နေ ပြည်သူများမှ လာရောက်စော်ကားမှုအပေါ်မကျေနပ်ကြပြီးမကြာခင် အချိန်တွင် ပြသာနာကြီးထွားမှုဖြစ်ပေါ်လာနိုင်ကြောင်းသိရပါသည်။

အာဏာပိုင် အဖွဲ့စည်းများဖြစ်သော ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်၊
မြို.နယ် အုပ်ချူပ်ရေးမှူးများအားအသိပေးအကြောင်းကြားသော်လည်း
ဖြေရှင်းပေးနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါသည်။

Shwe Myanmar Media

တပ်မတော်၏ တာဝန်သည် တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ် ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ကောက်နုတ်ချက်



[ Voice of the Day ]
“တပ်မတော်ရဲ့ တာဝန်ဟာ ပြည်သူကို အုပ်ချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖေဖေက ဒီတပ်မတော်ကို ထူထောင်ခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မက ပြောချင်တယ်။ တပ်မတော်သားတွေ သတ္တိရှိရှိနှင့် အမှန်တရားကို ရင်ဆိုင်ပါ။ စစ်သားတွေပဲ ဒီလောက်တော့ သတ္တိရှိရမှာပေါ့။ သေနတ်ကို ကိုင်ပြီးတော့ သေနတ်မရှိတဲ့ သူတွေကို ရင်ဆိုင်တာထက် အများကြီး ပိုပြီး အရေးကြီးပြီးတော့ သိက္ခာရှိပြီးတော့ သတ္တိရှိတဲ့ကိစ္စဟာ အမှန်တရားကို ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။

ကျွန်မတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်လိုက်ပါ။ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက၊ လွှတ်တော်အတွင်းက ကျုပ်တို့တစ်တွေ ပြင်ဆင်သွားမယ်။

ကျုပ်တို့တစ်တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာ သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်လို့ ဆိုရင် တစ်နည်းအားဖြင့် ပြောရင်လည်း စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။

ကျွန်မ စိန်ခေါ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အောင်ပင်လယ်ကွင်းတွင် လူထုအား ဤကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မေလ ၂၆ ရက်နေ့ထုတ် Street View ဂျာနယ်ပါ
“တပ်မတော်၏ တာဝန်သည် တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ် ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

The Voice Weekly


သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ် ကိုက်ချီ





ထားဝယ်၊ မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မြလေးလမ်းတွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ်က ဝိုင်းကိုက်ကာ စားရန်အတွက် ချီသွားခဲ့ကြောင်း ကလေး၏ မိသားစုများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ယင်းလမ်း မူလတန်းကျောင်းဘေးရှိ နေအိမ်တစ်အိမ်မှ သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် ငါးနှစ်အရွယ် ကလေးတစ်ဦးသည် လမ်းပေါ်ထွက်ကာ မိုးရေချိုးနေစဉ် အဆိုပါ ကျောင်းဝင်းအတွင်းမှ ခွေး လေး၊ ငါးကောင်ခန့် ပြေးထွက်လာကာ သုံးနှစ်အရွယ် ကလေးတစ်ဦးကို ကိုက်ချီသွားကြောင်း ကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။

“ကိုက်သွားတော့မှ သူ့အစ်ကိုက အိမ်ကိုလာပြီး ပြောတယ်။ လူကြီးတွေ လိုက်သွားတော့ ကလေးမှာ ဒဏ်ရာတွေ ရနေပြီ။ အဲဒီခွေးက လူကြီးတွေကိုတောင် ရန်ရှာသေးတယ်။ ဘေးက လူတွေလာမှ ပြေးသွားတာ” ဟု ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောဆိုသည်။

လက်ရှိတွင် ခွေးကိုက်ချီခံရသည့် ကလေးငယ်မှာ ထားဝယ်ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း ကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။

ယင်းခွေးများမှာ အထက်ပါ ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြီးခဲ့သည့် နှစ်ကတည်းက အုပ်စုဖွဲ့နေပြီး တွေ့သည့်သူကို ရန်ရှာတတ်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

“လူကို မကိုက်ခင်ကတည်းက ကြက်တွေ၊ ဝက်တွေကို ကိုက်နေတယ်။ ကိုက်သွားလို့ သွားကြည့်လိုက်ရင် ဘာမှ မရှိတော့ဘူး၊ အရိုးပဲ ကျန်တော့တယ်” ဟု အထက်ပါ ဦးလေးတော်စပ်သူက ပြောဆိုသည်။

အထက်ပါ ဖြစ်ရပ် ဖြစ်ပြီးချိန်မှ စပြီး ရပ်ကွက်သားများက အဆိုပါခွေးများကို လိုက်လံ သတ်ဖြတ်လျက် ရှိရာ မူလတန်းကျောင်းအောက်တွင် ခွေးလေခွေးလွင့် ကောင်ရေ ၁၀ ကောင်ခန့် ရှိသည့်အနက် လက်ရှိတွင် ခွေးကောင်ရေ လေးငါးကောင်ခန့် သတ်ထားပြီး ဖြစ်ကြောင်း ရပ်ကွက်အတွင်း နေသူများထံမှ သိရသည်။

(Dawei Watch)


The Voice Weekly

ြုပည်နယ်က တိုင်းရင်းသားတွေ ကားစီးနိုင်အောင် လုပ်ပေးလို့ မရဘူးလား




ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ်(၂) အမျိုးသားလွှတ်တော်အမတ် ဦးဇုံလှယ်ထန်းက နယ်စပ်တွေကနေ ကားတင်သွင်းတဲ့အခါ ကောက်ခံတဲ့ အခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု မေးပါတယ်။

သူ့မေးခွန်းဆိုလိုရင်းက ကားတင်သွင်းလာရင် အကောက်ခွန်၊ ကညန အခွန်လို့ ခေါ်တဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေး စတာတွေ ကောက်လို့ ကားဈေးနှုန်းတွေ အလွန်ကြီးမြင့်နေတဲ့အကြောင်း၊ ဒါကြောင့် ချင်းပြည်နယ်လို ဆင်းရဲတဲ့ပြည်နယ်က တိုင်းရင်းသားတွေ ကားမစီးနိုင်တဲ့အကြောင်း၊

မြန်မာနိုင်ငံဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် မော်တော်ယာဉ် အခွန်ကို တစ်တိုင်းပြည်လုံး တစ်ပြေးညီ မကောက်ခံဘဲ ပြည်နယ်တွေကို
လျှော့ချကောက်ခံပေးဖို့ မဖြစ်နိုင်ဘူးလား လို့ မေးလိုက်တာပါ။

သူမေးလိုက်တာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘာတွေ ပြန်ဖြေသွားသလဲ၊ အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီဟာ ဘယ်လိုမျိုးလဲ၊ အဲဒီကနေ ဘာအကျိုးဆက်တွေ ဖြစ်ပေါ်နေသလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ဦးဇုံလှယ်ထန်းရဲ့မေးခွန်းကို ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း ဖြေပါတယ်။ သူက ဒီမေးခွန်းဟာ ဝန်ကြီးဌာန (၃) ခုနဲ့ ဆိုင်တာဖြစ်တဲ့အတွက် အားလုံးကို မေးပြီးတော့မှ ဖြေတာပါလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ကားတစ်စီးတင်သွင်းလာရင် စီးပွား-ကူးသန်း ဝန်ကြီးဌာနက သွင်းကုန် လိုင်စင်အဖြစ် ကားမော်ဒယ်အလိုက် ဒေါ်လာ ၂၅ဝ ကနေ ဒေါ်လာ ငါးသောင်း အထိ ကောက်ခံတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ဆလွန်းနဲ့ ဆီဒင်ကားတွေကို ဆိပ်ကမ်းအရောက် တန်ဘိုးရဲ့ ၂၅ %၊ လေးပုံတစ်ပုံတန်နဲ့ အထက် လုပ်ငန်းသုံးကားတွေကို ကားတန်ဘိုးရဲ့ ၅ % ကောက်ခံတယ်လို့ ပြောပါတယ်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ လုပ်ငန်းသုံးယာဉ်၊ ကုန်တင်ယာဉ် နဲ့ ခရီးသည်တင်ယာဉ်တွေကို ကားတန်ဘိုးရဲ့ ၅ %၊ လူနဲ့ ကုန်တင်တဲ့ ပစ်ကပ်လို ကားတွေကို ၄၀ %၊ လူစီးကားဆိုရင် စက်စွမ်းအားကိုလိုက်ပြီး ၃၀ %ကနေ ၂၂၀ % အထိ ကောက်ခံတယ်လို့ ရှင်းပြပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ဒုဝန်ကြီး ရှင်းပြသလောက်ဆို မြန်မာနိုင်ငံထဲ ကားတစ်စီးသွင်းလာရင် ဘယ်လောက် အခွန်အကောက် များမလဲ ခန့်မှန်းနိုင်ပါပြီ။ အစိုးရ စာရင်းဇယားတွေကလည်း ဒီအချက်မှန်ကြောင်း သက်သေပြနေပါတယ်။

၂၀၁၁ အောက်တိုဘာ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းပြီးနောက်
ပိုင်း ပြည်တွင်းကို တင်သွင်းလာတဲ့ ကားအစီး ၂ သိန်း ၈ သောင်းကျော်ကနေ အခွန် ဘီလျံ ၈ဝဝ ကျော်ရခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။

ကားတစ်စီးကို ပျမ်းမျှ အခွန် ကျပ် သိန်း ၃၀ လောက် ကောက်ထားတယ် ဆိုတဲ့ သဘောပါ။ ဒါဟာ ရထားဝန်ကြီးဌာနက ကောက်တဲ့ မော်တော်ယာဉ် မှတ်ပုံတင်ခ မပါသေးပါဘူး။ အဲဒါပါ တွက်ရင် ကားတစ်စီး ပျမ်းမျှ အခွန် ကျပ် သိန်း ၅၀-၆၀ ကောက်ခဲ့တဲ့ သဘောပါ။

ဒါကြောင့်လည်း မြန်မာပြည်ထဲက ကားဈေးနှုန်းတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲက ကားဈေးနှုန်းထက် ၃ ဆ ကနေ ၅ ဆ အထက် ဈေးနှုန်းမြင့်နေတာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ပြည်တွင်းမှာ အသုံးပြုနေတဲ့ ကားအချိုးအစား မမျှတတာ၊ ကားပျံ့နှံ့မှု အချိုးမညီတာ၊ ပြည်သူတွေ ကားပိုင်ဆိုင်မှု အလွန် နည်းနေသေးတာ စတဲ့ ပြသနာတွေ ဖြစ်ပေါ်လာစေပါတယ်။

လက်ရှိအစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီအရ ပြည်သူတွေကို ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ်အကြား မော်ဒယ် ကားတွေကို တင်သွင်းခွင့်ပေးပါတယ်။ အိုဟောင်းစာရင်းဝင်ပြီး ဖျက်သိမ်းခံရမယ့် ကားပိုင်ရှင်တွေကိုတော့ ကားသွားအပ်ရင် ၁၉၉၈ ကနေ ၂၀၀၈ အကြားမော်ဒယ် တစ်ပတ်ရစ်ကားတွေ တင်သွင်းခွင့်ပေးပါတယ်။

ပြောရရင် အဲလို တစ်ပတ်ရစ် ကားတင်သွင်းနိုင်ဖို့ ကားဟောင်းအပ် စလစ် တစ်ခု လိုပြီး လက်ရှိ ကျပ် သိန်း ၁၁၀ ကျော် ဈေးပေါက်နေပါတယ်။ ဒါကြောင့် တစ်ပတ်ရစ်ကားတစ်စီးရဲ့ ရန်ကုန် ပေါက်ဈေးဟာ ကားတန်ဘိုး၊ ဘာ အခွန်အခမှ မပါဘဲ ကျပ် သိန်း ၁၁၀ ကျော် ကုန်ကျနေပြီဆိုတဲ့ သဘောပါ။ အလွန်ဈေးမြင့်နေပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ဒါကြောင့်လည်း ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် တင်သွင်းလို့ရတဲ့ ၂၀၀၉ နောက်ပိုင်းထုတ် ကားသစ်၊ အဲဒီ အထဲကမှ အခွန်အခ သက်သာတဲ့ ၁၃၀၀ စီစီအောက် အိမ်စီးကားငယ်တွေကိုပဲ သွင်းကြပါတော့တယ်။ ၂ နှစ်ခွဲအတွင်း မြန်မာနိုင်ငံထဲကို ဂျပန်ကနေ ကားအစီး ၂ သိန်း ၈ သောင်းလောက် သွင်းလာတာမှာ အင်ဂျင်ပါဝါငယ်တဲ့ တိုယိုတာ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်နဲ့ တိုယိုတာ ဘယ်လ်တာ ကားတွေဟာ အရည်အတွက် အများဆုံး ထိပ်ဆုံး ငါးမျိုးထဲမှာ ပါ ပါတယ်။

ပရိုဘောက်စ် ဆိုရင် အစီးရေ လေးသောင်းကျော်တောင် ရှိပါတယ်။ အကျိုးဆက်အဖြစ် အဲဒီ ကားငယ်လေးတွေဟာ ရန်ကုန်မှာပဲ စုပုံနေပြီး နယ်က လမ်းတွေမှာ သုံးလို့ မရတဲ့ ကားတွေ ဖြစ်နေတာပါပဲ။

ကားပျံ့နှံ့မှုကို ကြည့်လိုက်ရင်လည်း ရန်ကုန်မှာ ကားတွေများလာပြီး ယာဉ်ကြောပိတ်ဆို့နေသလောက် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ကားတွေကို မတွေ့ရသလောက်တောင် ရှားပါတယ်။ အဓိကကတော့ ပြည်သူတွေ ကားဝယ်မစီးနိုင်တာပါ။

ခြွင်းချက်အနေနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နေရာတစ်ချို့မှာတော့ ထိုင်းနယ်စပ်ဘက်က ခိုးသွင်းလာတဲ့ ဈေးပေါပေါနဲ့ ဝယ်လို့ရနိုင်တဲ့ ကားတွေကို သုံးကြပါတယ်။ ရန်ကုန်မှာ တစ်စီး သိန်းတစ်ရာ ကျော်တဲ့ ဂျပန် တစ်ပါတ်ရစ်ကားတွေ ကရင်ပြည်နယ် နယ်စပ်တွေမှာ ကျပ်ငွေ ၁၅ သိန်း၊ သိန်း ၂၀ ကျော်လောက်နဲ့ ရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလို ရန်ကုန်မှာ ကားတွေကြပ်နေသလောက် နယ်တွေမှာ ကားမရှိ ဖြစ်နေသလို ကားပိုင်ဆိုင်မှုမှာဆိုရင်လည်း အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး အဆင့်ကနေ မတက်နိုင်သေးပါဘူး။

လူဦးရေ သန်း ၆ဝ နဲ့တွက်ရင် လက်ရှိအခြေအနေ ကားအရည်အတွက် ၄ သိန်းခွဲလောက်ပဲ ရှိဦးမှာ ဖြစ်တဲ့အတွက် လူ ၁,၀၀၀ မှာ ကား ၈ စီးတောင် မပိုင်နိုင်သေးပါဘူး။ အာစီယံမှာ ကားပိုင်ဆိုင်မှု၊ ဒုတိယ အနည်းဆုံး ဗီယက်နမ်ဟာ ၂၀၁၁ ကတည်းက လူ ၁,၀၀၀ ကား ၁၂ စီး၊ ကမ္ဘောဒီးယားက အစီး ၂၀ ပိုင်နေပါပြီ။

ဦးစည်သူအောင်မြင့်။ ။ တကယ်တော့ ဦးဇုံလှယ်ထန်း မေးတာ ရိုးရိုးလေးပါပဲ။ ရန်ကုန်မှာ ကားတွေ များနေတယ်၊ ဒါပေမယ့် အခွန်အကောက်တွေ အလွန် မတန်တဆ များလို့ ပြည်နယ်က တိုင်းရင်းသားတွေ ကားဝယ်မစီးနိုင်ဖြစ်နေတာကို ဖြေရှင်းပေးဖိုြ့ဖစ်ပါတယ်။ တကယ်ဆို လိုင်စင်ကို ရန်ကုန်လိုင်စင်၊ နယ်လိုင်စင် နှစ်မျိုး၊ အခွန်နှုန်းထား နှစ်မျိုးနှစ်စား လုပ်ရင်၊ နယ်အတွက် ကားတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာလောက်ပဲ အခွန်ကောက်ရင်ကို အဆင်ပြေနိုင်ပါတယ်။

ဒါပေမယ့် အစိုးရအဖွဲ့ဟာ ဌာန တစ်ခုနဲ့တစ်ခု ညှိနှိုင်းမှု မရှိ၊ အစိုးရအဖွဲ့ကိုယ်တိုင် တိုင်းပြည်စီးပွားရေး၊ ပြည်သူတွေ လိုအပ်နဲ့ လျော်ညီတဲ့ ကားတင်သွင်းခွင့်ပေါ်လစီ မချမှတ်နိုင်သေးတဲ့ အခြေအနေအောက်မှာ ခုလိုပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံတွေ့ရဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့်, အင်ကြင်းနိုင်
VOA Burmese


တစ်သောင်းတန် ငွေစက္ကူအတု အမှုစစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်ကြောင်း ပေါ်ပေါက်



မန္တလေး၊ မေ ၃၁

အမရပူရမြို့နယ် မြစ်ငယ်မြို့ မြို့မဈေးအတွင်း မေလ ၂၈ ရက်နေ့က ဈေးလာဝယ်သူ အမျိုးသမီးနှစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို စစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်နေကြောင်း မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းမြို့ မင်းဝံတောင်တက်လမ်းရှိ ခြင်္သေ့ကြီးနှစ်ကောင် အနီးတွင် အသားခြောက် ရောင်းချသည့် အမျိုးသမီးနှစ်ဦးသည် ငွေစက္ကူအတု ကိုင်ဆောင်ကာ မြစ်ငယ်မြို့မဈေးတွင် တစ်သောင်းတန် ငွေစက္ကူအတု ခုနစ်ရွက်ဖြင့် ဈေးဝယ်ခဲ့ကြောင်း၊ ဈေးသူဈေးသားများက မသင်္ကာ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ၎င်းတို့ကို မြစ်ငယ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးခဲ့စဉ် တစ်သောင်းတန် ငွေစက္ကူအတု ခြောက်ရွက်ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ ဖြင့် အမှုဖွင့်ပြီး ယင်းငွေများကို ခင်ပွန်းဖြစ်သူနှင့် ဖခင်ဖြစ်သူတို့ထံမှ ရရှိခဲ့ကြောင်း ထွက်ဆိုသဖြင့် ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ ကျောက်ဆည်မြို့နယ် သံရွာ လက်နက်ခဲယမ်း စစ်ဆေးရေးတပ်မှ တပ်သားတစ်ဦးထံမှ ရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းတစ်သောင်းတန် ငွေစက္ကူအတု ၁၃ ရွက်မှာ နံပါတ်တူ ဖြစ်ကြောင်း တွေ့ရှိကာ ကာလာပရင်တာနည်းဖြင့် ထုတ်ယူပြီး တန်ဖိုးရေစာနှင့် ရုပ်ပုံရေစာ မပါရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“သူတို့တွေ နေအိမ်ကို သွားစစ်တော့ အိမ်က တဲလေးလိုမျိုးပါပဲ။ ဘာမှ မရှိဘူး။ သူတို့ရဲ့ ပုံစက သာမန်အောက်ခြေ လူတန်းစားပါ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်သောင်းတန် ငွေနဲ့ ဈေးလိုက်ဝယ်နေတာ။ ပိုက်ဆံကလည်း ကာလာပရင်တာနဲ့ ထုတ်ထားတာ။ အုပ်လိုက်ထဲမှာ ညှပ်ပြီး သုံးရင်တော့ မသိသာဘူး။ တစ်ရွက်ချင်းစီ သုံးတော့ သိသာနေတယ်။ ပြည်ပက လာတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ထုတ်တဲ့ ပုံစံမျိုးပဲ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသမီးနှစ်ဦးကို ငွေစက္ကူအတု ကိုင်ဆောင် သုံးစွဲခဲ့သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ နှင့် အမှုဖွင့်ထားပြီး အမျိုးသားနှစ်ဦးကို ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲနေသည်ကို စိစစ်ပေါ်ပေါက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၆/၁၀၅ ဖြင့် အမှုဖွင့်ထားကြောင်း၊ တပ်သားကိုမူ မှုခင်းတပ်ဖွဲ့က စစ်ဆေးနေကြောင်း မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

သူ့ iPod ကို သိမ်းခဲ့လို့ အဖေနဲ့ အမေကို သတ်မိခဲ့တာဖြစ်ကြောင်း ဆယ်ကျော်သက် ၀န်ခံ




Angel on 2014-05-30 18:30    
လူသတ်တရားခံဟု ယူဆရတဲ့ ဆယ်ကျော်သက်ဟာ သူ အမေနဲ့ အဖေဟာ သူ့ iPod ကို သိမ်းယူ ခဲ့တဲ့ အတွက် သတ်မိခဲ့တာဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။

အသက် ၁၆ နှစ်အရွယ် Vincent Parker ဟာ ခရစ်စမတ်မတိုင်ခင်တစ်ပတ်က သူ့ ရဲ့ မိဘတွေကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Vincent ဟာ သူ့ ရဲ့ MP3 ဖွင့်စက် ကို သူ့ ဆီက သိမ်းတာမျိုးလို အပြစ်ပေးခြင်းတွေ ခဏခဏခံရတာကို စိတ်ပျက်မိပြီး သူတို့ ကို သတ်မိခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

Virginia ပြည်နယ်၊ Norfolk မြို့ က ဆယ်ကျော်သက်ဟာ အမေဖြစ်သူ Carol ရေချိုးခန်းကထွက်လာတုန်း မှုတ်ဆေးဘူးနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် မျက်လုံးကို ထိုးဖောက်ခဲ့ပါတယ်။ နောက် သူမရဲ့ ခေါင်းနဲ့ မျက်နှာတွေကို ဘတ်စကတ်ဘောရိုက်တံနဲ့ သူမအသက်ရှူရပ်သွားတဲ့အထိ ရိုက်ပစ်ခဲ့တယ်လို့ WTKR-TV သတင်းချန်နယ်က တင်ပြခဲ့ပါတယ်။

သိပ်မကြာခင် အဖေဖြစ်သူ Wayne အိမ်ပြန်ရောက်တဲ့အခါမှာလည်း Vincent ဟာ အဖေကို သံတူရွင်းနဲ့  ရိုက်ခဲ့ပြီး တူရွင်းနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ခဲ့တယ်လို့ သိရပါတယ်။

Mr.Parker ဟာ အရေးပေါ်ဌာနကို ဖုန်းဆက်ပြီး ဖြစ်ရပ်ကို အကြောင်းကြားနိုင်ခဲ့ပေမယ့် ဆေးရုံရောက်မှာ သေဆုံးသွားခဲ့ပါတယ်။ အမေဖြစ်သူ Mrs.Parker ကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

Vincent ကတော့ သူ့ အဖေက သူ့ ကို အရင်တိုက်ခိုက်ခဲ့တာလို့ ပထမ ထွက်ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ မိဘတွေကို သတ်ခဲ့မိတာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ Vincent ဟာ သူ့ အပြစ်ကို အသနားခံခဲ့ပေမယ့် တရားရုံးကတော့ ပယ်ချခဲ့ပါတယ်။

စစ်ဆေးရေးအရာရှိတွေကို သူ ပြောခဲ့တာကတော့ “ ကျွန်တော် တော်တော်ဒေါသထွက်သွားတာကိုပဲ မှတ်မိတယ်။ ဒါတွေအားလုံးက ကျွန်တော့်အဖေကြောင့်။ သူပဲ ကျွန်တော့် iPod နဲ့ ပစ္စည်းတွေ သိမ်းခဲ့တာ”

သူ့ ရဲ့အဖွားဖြစ်သူ Carol ရဲ့အဖေ Allen Taylor ကတော့ သူ့ မြေးဘာလို့ အခုလို ကြမ်းကြုတ်ခဲ့တဲ့ဆိုတာ နားလည်ဖို့ တော်တော်ခက်ခဲခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

‘ သူက ကျောင်းမှာတော်တဲ့ကလေးပါ။ ဘာတွေဖြစ်ခဲ့လဲ့ ကျွန်တော် မသိဘူးဗျာ”

Parker ကို စက်တင်ဘာမှာ အမိန့် ချမှာပါ။

Ref: Mirror.co.uk
Trend Myanmar

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း မြန်မာအစိုးရ သတင်းထုတ်ပြန်



ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၃၀ ရက်က ကင်းလှည့်နေသည်ကို တွေ့ရစဉ် (THEDAILYSTAR)
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။

နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါးလျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။

မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ကင်းလှည့်စဉ် မြန်မာဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ကြပ်မိုဟာမက်မီဇာနူရာမန်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စွပ်စွဲသည်။ အမှန်တွင် ပိုင်နက်ကျော်ဝင်ရောက်လာ၍ပစ်ခတ်ခြင်းဖြစ်ပြီး ၎င်းတို့က နယ်ခြားစောင့်တပ်ဖွဲ့ဟုပြောသော်လည်း ပိုင်နက်ကျူးကျော်လာသူနှစ်ဦး၏ယူနီဖောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၏ ယူနီဖောင်း မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပါဖြစ်ရပ်အပေါ် မေလ ၂၈ ရက်တွင် သံတမန်စာပေးပို့ခဲ့သည်။

ထို့အပြင် မေလ ၃၀ ရက်ညနေတွင် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး၌ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များကြား မိနစ် ၂၀ ခန့်ကြာပစ်ခတ်မှု ဖြစ်ပွားသည်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအလောင်းအား ပြန်လည်လက်ခံရယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် ၅၀ တွင်စောင့်ဆိုင်းစဉ် မြန်မာဘက်မှ စတင်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲသည်။

အသေဖမ်းဆီးရမိသောအလောင်းကို မေလ ၃၀ ရက်တွင်အခင်းဖြစ်ပွားသည့်နယ်နိမိတ်မှတ်တိုင်အမှတ် ၅၂ အနီး လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ခြင်းသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က မိုင်တိုင်အမှတ် ၅၀ အနီး၌စောင့်ဆိုင်းသည်ဆိုခြင်းမှာ ဆီလျော်မှုမရှိဘဲ မြန်မာဘက်မှစတင်ပစ်ခတ်ခဲ့ခြင်းမရှိပါ။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သံတမန်စာများတွင်ဖော်ပြထားသည့်အချက်အလက်များသည် လက်တွေ့ဖြစ်ပွားခဲ့သည်နှင့် လုံးဝကွဲလွဲနေသောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုခေါ်ယူ၍ ဘင်္ဂလားဒေ့ရှ်မှပြောကြားချက်များမမှန်ကန်ကြောင်း ငြင်းဆိုဖော်ပြထားသည့် သတိထောက်လွှာကိုပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

7day daily

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတပ်များ ကျည်အချက် ၆၀၀ ခန့် အပြန်အလှန် ပစ်ခတ်ဟုဆို




ရန်ကုန်၊ မေ ၃၁

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အရာရှိတစ်ဦး ပျောက်ဆုံးနေသည်ကို ရှာဖွေရာမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ မေလ ၃၀ ရက်နေ့က ကျည်အချက်ပေါင်း ၆၀၀ ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အကြီးအကဲ Maj Gen Aziz က ပြောကြားသည်။

ပျောက်ဆုံးနေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ အရာရှိတစ်ဦးဖြစ်သူ Mizanur Rahman ဆိုသူကို ဘင်္ဂလားဒေ့ရှ်ပိုင်နက် Naikkhang-chhari မြို့နယ် Painchhari အရပ်ဒေသတွင် ရှာဖွေရာမှ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲသည် နံနက် ၁၁ နာရီဝန်းကျင်မှ ညနေ လေးနာရီ ဝန်းကျင်အထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စုစုပေါင်း ကျည်အချက် ၆၀၀ ခန့် ပစ်ခတ်ခဲ့ကြကြောင်း ၎င်းကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star ၏ မေလ ၃၁ ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။

မြန်မာတပ်မတော်သားများ၏ ညွန်းဆိုချက်အရ အရာရှိအလောင်းကို ရရှိရန် နေရာအချို့ကို သွားရောက် ရှာဖွေရာတွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း BGB ၏ အကြီးအကဲ Maj Gen Aziz က The Daily Star ကို ပြောဆိုထားသည်။

ပျောက်ဆုံးနေသည့် အရာရှိကို မေလ ၃၁ ရက်နေ့ မွန်းလွဲ တစ်နာရီ ဝန်းကျင်အထိ ပြန်လည်ရရှိခြင်း မရှိသေးသည့်အပြင် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်နေပြီး ဘင်္ဂလားဒေ့ရှ်က နယ်စပ်တွင် တပ်အင်အား တိုးမြင့်ထားကာ လက်နက်ကြီးများလည်း တပ်ဆင်ထားကြောင်း၊ မြန်မာဘက်လည်း အလားတူ နယ်စပ်တွင် တပ်အင်အား တိုးမြှင့်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ် ဦးမျိုးမြင့်သန်းကို ၃၁ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်ခြားစောင့်တပ်များ အကြား မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ မေလ ၃၁ ရက်နေ့ ညနေ ငါးနာရီ ဝန်းကျင်အထိ မြန်မာအစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ရင်း (၂) ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကင်းစခန်းများ ရောက်ရှိနေသည်ဟု ၎င်း၏ လက်ကိုင်ဖုန်းကို ကိုင်သူက ပြန်လည်ဖြေကြားသည်။

မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်နှစ်ဦးသည် မိုင်တိုင်အမှတ် ၅၂ အနီးသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ကြောင်း မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ကျဆုံးသွားသူမှာ BGB အရာရှိ ဖြစ်နိုင်သည်ဟု ဆိုကာ စစ်ဆေးရန် အလောင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။

မိုင်တိုင်အမှတ် ၅၂ တွင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် လက်နက်ကိုင်နှစ်ဦးသည် နယ်စပ်ခြံစည်းရိုးကို တရားမဝင် ချဉ်းကပ်လာပြီး ၎င်းတို့၏ လက်မောင်းတွင် BGB တံဆိပ်လည်း မပါဝင်သည့်အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့ကို စတင်ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သီဟန်က ပြောဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်စေရန် နိုင်ငံခြားရေး မူဝါဒနှင့်အညီ သံတမန် နည်းလမ်းဖြင့် ဖြေရှင်းနေပြီး နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသည့် မူဝါဒများ ဖြစ်သည့် အချုပ်အခြာအာဏာ အထိခိုက်မခံ၊ ပြည်သူများ အကျိုးစီးပွား အထိခိုက်မခံ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အထိခိုက်မခံကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောဆိုထားသည်။

အခြားကိစ္စရပ်များကို နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး ကိစ္စရပ်များ ဖြစ်၍ ထုတ်ပြန်ရန် မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုထားသည်။

မောင်တောခရိုင်ရှိ အဆိုပါ မိုင်တိုင် အမှတ် (၅၂) တွင် မေလ ၁၇ ရက်နေ့က ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ (RSO) က ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၃ နေ့ကလည်း မိုင်တိုင်အမှတ် ၃၈၊ ၃၉ ကြားတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးကျဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောင်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


The Voice Weekly

အသည်းရောင် အသားဝါအတွက် နည်းလမ်းကောင်း



အသည်းရောင် အသားဝါ ရှိသူများ အတွက် မျှဝေပေးလိုက် ရခြင်း ပင်ဖြစ်ပါတယ်။ ထိုရောဂါ အတွက် မြန်မာ့ဆေးဘက်ဝင် ကြက်ဟင်းခါးရွက်နှင့် ဖန်ခါးသီး စတာတို့နှင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ကြက်ဟင်းခါးရွက် အချို့ကို အရည်ညစ်လိုက်ပါ။ ထိုအရည်များကို
ဖန်ခါးသီးနှင့် သွေးသောက်ခြင်း အားဖြင့် ရောဂါ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ကြက်ဟင်းခါးရွက် အရည်ပဲ သောက်မယ်ဆိုရင် အူတွင်းရှိသော ရောဂါပိုးများကို သေစေနိုင်ပါတယ်။

ကျော်လင်းနိုင်

တာလီဘန်ဖမ်းထားတဲ့ အမေရိကန်စစ်သား ပြန်လွတ်မြောက်


တာလီဘန်တွေ ပြန်လွှတ်ပေးလိုက်တဲ့ တပ်ကြပ် Bowe Bergdah ရဲ့ မိဘနှစ်ပါးကို အိမ်ဖြူတော် နှင်းဆီခြံမှာ သမ္မတအိုဘားမားနှင့်အတူ တွေ့ရစဉ်။ (မေ ၃၁၊ ၂၀၁၄)


အာဖဂန်နစ္စတန်နိုင်ငံမှာ ၅ နှစ်နီးပါးကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန် စစ်သားတယောက်ကို တာလီဘန်အဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

ကျူးဘားမှာရှိတဲ့ ဂွာတာနာမိုဘေး အကျဉ်းစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားသူ ၅ ယောက်ကို အမေရိကန်က ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ဆာဂျင် ဘိုဝီ ဘတ်ဂ်ဒဲလ် Bowe Bergdahl  ကို အမေရိကန် ပြည်ထောင်စုထံ ပြန်ပြီး လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

အခုလို အမေရိကန် ပြည်ထောင်စုနဲ့ တာလီဘန်အဖွဲ့အကြား အပြန်အလှန် အကျဉ်းသားလွှဲပြောင်းမှုတွေဟာ ကာတာ အစိုးရက ကြားဝင် ကမကထ ပြုလုပ်ပေးတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ကာတာနိုင်ငံက ဖမ်းဆီးထားသူတွေကို တာဝန်ယူထားပေးပြီး သူတို့တွေအနေနဲ့ ကာတာနိုင်ငံအတွင်းမှာ အနည်းဆုံး တနှစ်နေထိုင်ရမယ်လို့ ဆိုပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိတဲ့ ဆာဂျင် ဘဂ်ဒဲလ် ရဲ့ ကျန်းမာရေးအခြေနေဟာ ကောင်းမွန်တဲ့အနေအထားရှိပြီး လမ်းလည်း ကောင်းကောင်းမွန်မွန် လျှောက်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ အခုဆိုရင် အမေရိကန်စစ်တပ်ရဲ့ စောင့်လျှောက်မှုအောက်မှာ ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

အိုဟိုင်းယိုးပြည်နယ်သား ဆာဂျင် ဘဂ်ဒဲလ် ဟာ အာဖဂန်နစ္စတန်နိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိပြီး ၂ လအကြာ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

ဗွီအိုအေ (မြန်မာဌာန)

မင်းလေးပါးနှင့် လားရာဂတိ


       ဗုဒ္ဓစာပေထဲမှာ အလွန်ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့လို့ ကြီးလေးတဲ့ မကောင်းကျိုးကို ခံစားနေရသော မင်းလေးပါးအကြောင်းကို ဖော်ပြထားပါတယ်။ ဒီမင်းလေးပါးဟာ မကောင်းတဲ့ဘက်မှာ သမိုင်းတွင်အောင်ကို မိုက်ခဲ့ကြတဲ့ သမိုင်းဆိုးဝင် မင်းလေးပါးပဲပေါ့။ ဘယ်သူတွေလဲဆိုရင် ဒဏ္ဍကီမင်း၊ နာဠိကေရမင်း၊ အဇ္ဇုနမင်းနှင့် ကလာဗုမင်းတို့ပါပဲ။
       အဆုံးစွန်အောင်မိုက်ခဲ့ကြတဲ့ မင်းလေးပါးတို့ရဲ့ လက်ရှိခံစားနေရတဲ့အခြေအနေကို သိချင်တဲ့အတွက်
သိကြားမင်းက သရဘင်္ဂရသေ့ကို မင်းလေးပါးတို့ရဲ့ လားရာဂတိကို မေးပြန်ပါတယ်။
       “အရှင်ရသေ့...၊ ဒဏ္ဍကီမင်း၊ နာဠိကေရမင်း၊ အဇ္ဇုနမင်းနှင့် ကလာဗုမင်းတို့ဟာ အလွန်ကြီးမားသော မကောင်းမှုရှိကြပါတယ်။ ထိုမင်းလေးပါးတို့ရဲ့ လားရာကို ဖြေတော်မူပါဘုရား။ ရသေ့ရဟန်းတို့ကို ညှင်း ဆဲနှိပ်စက်တတ်ကုန်သော ထိုမင်းလေးပါးတို့ဟာ အဘယ်အရပ်မှာ ဖြစ်ကြပါကုန်သလဲဘုရား။”
        သိကြားမင်းရဲ့ အမေးကို ရှင်ရသေ့က အောက်ပါအတိုင်းဖြေကြားတော်မူပါတယ်။
        “သိကြားမင်း....၊ ဒဏ္ဍကီမင်းဟာ ကြုံလှီသောကိုယ်ရှိသော အရှင်ဝစ္ဆရသေ့ကို တံထွေးဒန်ပူ ဖတ်တို့ဖြင့် သွန်းလောင်းခဲ့တယ်။ ဒါကြောင့် အခြံအရံများနှခါင့်တကွ တိုင်းနိုင်ငံပါပျက်ဆီးပြီး သေလွန်တဲ့ အခါမှာ ပြာပူတောငရဲမှာ လောင်ကျွမ်းခံရပါတယ်။ ဒဏ္ဍကီမင်းရဲ့ ကိုယ်ပေါ်ကို ပြာပူမီးတွေ တဖွားဖွား ကျရောက်လောင်ကျွမ်းနေပါတယ်။
        သိကြားမင်း...၊ နာဠိကေရမင်းဟာ ကာယဒွါရအစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်အပ် ကုန်သော ကိလေသာတို့ကို ငြိမ်းစေတတ်ကုန်သော အပြစ်မရှိတဲ့ ရဟန်းတို့ကို သတ်ဖြတ်ညှဉ်းဆဲခဲ့တယ်။ ဒါကြောင့် အဲဒီမင်းဟာ သေလွန်တဲ့အခါမှာ ငရဲခွေးတွေရဲ့ ကိုက်ခဲခြင်းကို ခံနေရပါတယ်။
        သိကြားမင်း...၊ အဇ္ဇုနမင်းဟာ ကြာမြင့်စွာ အကျင့်ကျင့်လေ့ရှိတဲ့ ဂေါတမအနွယ်ဖြစ်သော အင်္ဂီရသ ရသေ့ကို ညှင်းပန်းနှိပ်စက်ခဲ့လို့ ယခုအခါ လှံတံကျင်ငရဲမှာ ဇောက်ထိုးမိုးမြော်ကျရောက်ပြီး ပြင်းထန်တဲ့ ဆင်းရဲဒုက္ခကို ခံစားနေရပါတယ်။
        သိကြားမင်း...၊ ကလာဗုမင်းဟာ ကိလေသာတွေကို ငြိမ်းစေတတ်သော ခန္တီဝါဒီရသေ့ကို အပိုင်း အပိုင်းဖြတ်ခဲ့တယ်။ ဒါကြောင့် ထိုမင်းဟာ အလွန်မတန်ပူပြင်းတဲ့ ကြောက်မက်ဖွယ် အ၀ီစိငရဲသို့ ကျခံနေ ရပါတယ်။
        ဒါကြောင့် သိကြားမင်း..၊ ဒီမင်းလေးပါးတို့ရဲ့ မကောင်းမူနှင့် ၄င်းတို့ကျခံနေရတဲ့ ငရဲများအပြင် အခြားသော ဆိုးရွားတဲ့ ငရဲတို့ကို ကြားနာသိရှိပြီး ထိတ်လန့်ခြင်းရှိတဲ့ အကြင်သူဟာ မြတ်သောအကျင့်ကို ကျင့်နေတဲ့ ရသေ့ ရဟန်းတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ရပါမယ်။ ၄င်းတို့ဟောကြားအပ်သော တရားမြတ် ကို နာယူကျင့်သုံးရပါမယ်။ ထိုသို့ တရားကျင့်သုံးခြင်းဖြင့် နတ်ရွာ သုဂတိသို့ ရောက်ရပါမယ်။”
        စာဖတ်သူအားလုံးလည်းပဲ ဒီမင်းလေးပါးတို့ရဲ့ မကောင်းမူများကို သတိသံဝေဂယူပြီး မပြစ်မှား ထိုက်သော ရဟန်းမြတ်များနှင့်တကွ မိဘဆရာသမား ကျေးဇူးရှင်များကို မပြစ်မှားမိအောင် ဆင်ခြင်ကြကာ တရားနှလုံးကျင့်သုံးခြင်းဖြင့် ကောင်းမြတ်တဲ့ဘ၀သို့ ရောက်ရှိနိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

ဘရုစကီပြောတဲ့ မှတ်သားဖွယ်ရာ စကားများ


(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

(၂) သင့်ဘဝကို ချစ်တယ်ဆိုရင် အချိန်တွေကို မဖြုန်းမိပါစေနဲ့။ ဘာလို့ဆိုတော့ အချိန်နဲ့ ဘဝဆိုတာ လေးကို တည်ဆောက်ထားလို့ပါ။

(၃) အခွင့်အရေးရပြီ ဆိုတာနဲ့ အသုံးချတတ်အောင် ကြိုးစားပါ။ ဘာလို့ဆိုတော့ အခွင့်အရေးဆိုတာ ခဏခဏမရလို့ပါ။

(၄) ခက်ထန်မာကြောနေတဲ့ မာန်မာနတွေကို လျော့ချလိုက်ပါ။ ဥပမာ - ဝါးပင်တွေ အရမ်း အပင်မြင့်သောလည်း လေယူရာကို တိမ်းပြီး ယိမ်းနွဲ့လိုက်ပါ တတ်ကြပါတယ်။ လေကြောင့် ကျိုးကြသွားတယ်ဆိုတာ မရှိပါဘူး။

(၅) အနာဂတ်မှ ဘာလုပ်ရမလဲဆိုတာ အမြဲတွေးထားပါ။

ကျော်လင်းနိုင် (ရိုးရာလေး)

ထိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် အချိန်တစ်နှစ်ကျော် ကြာမည်ဟု ကာကွယ်ရေးဦးစီးချုပ် ကြေညာ


ဘန်ကောက်၊ မေ ၃၁

စစ်တပ်က အာဏာသိမ်းမှု ခံနေရသော ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများ ပြုလုပ်ရန် အချိန်တစ်နှစ်ကျော် ကြာဦးမည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက ကြေညာလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့ ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ရုပ်သံကြေညာချက်တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ်က အဆင့်သုံးဆင့် ပါသော လမ်းပြမြေပုံကို ချပြခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် အချိန် ၁၅ လခန့် ကြာဖွယ်ရှိသည်။

လမ်းပြမြေပုံ ပထမအဆင့်တွင် အချိန်နှစ်လမှ သုံးလခန့် ယူ၍ တိုင်းပြည်လုံခြုံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လမ်းပြမြေပုံ ဒုတိယအဆင့် အနေနှင့် ဥပဒေ ပညာရှင်များက ယာယီ အခြေခံဥပဒေကို ရေးဆွဲပြီး အမျိုးသားညီလာခံ ဖွဲ့စည်းကျင်းပ၍ ဝန်ကြီးချုပ်ကို ရွေးချယ်မည်ဖြစ်ရာ ယင်းအဆင့်အတွက် အချိန်တစ်နှစ်ခန့် ယူဖွယ်ရှိသည်။

လမ်းပြမြေပုံ တတိယအဆင့်တွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ မကျင်းပမီ ကြားကာလတွင် ထိုင်းပြည်သူများနှင့် နိုင်ငံတကာအနေနှင့် နားလည်ပေးကြရန် ထိုင်းကာကွယ်ရေးဦးစီးချုပ်က ပန်ကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မကျင်းပမီ ၂၀၁၅ ဘတ်ဂျက်ကို လမ်းပြမြေပုံ ဒုတိယအဆင့်တွင် ဖွဲ့စည်းမည့် ကြားဖြတ်အစိုးရက စီမံခန့်ခွဲသွားမည် ဖြစ်သည်။

“တိုင်းပြည်က ပထမ ဦးစားပေးပါ။ ဒီမိုကရေစီက နောက်က လိုက်လာပါမယ်။ ကျွန်တော်တို့အတွက် အချိန်လိုပါတယ်။ ဒီမစ်ရှင်ပြီး သွားရင်တော့ ကျွန်တော်တို့ စစ်တပ်ရဲ့ မူလတာဝန်တွေကို ပြန်ထမ်းဆောင်မှာပါ။” ဟု ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက ပြောကြားသည်။

The Voice Weekly

နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေငြိမ်သက်နေ

ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)



မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။

သို့သော် နယ်စပ်အခြေအနေမှာတင်းမာနေကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ယမန်နေ့ (မလေ ၃၁ ရက်နေ့) နံနက်က သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။

သို့သော်လည်း နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေကြသဖြင့် အထူးစိုးရိမ် ပူပန်နေကြပြီး ညဥ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ သွားအိပ်ကြသည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။

မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲသည်။

လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ဖြစ်ပွားပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။

မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။

သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့ ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင် ယမန်နေ့က ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့် ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြသနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။



Narinjara

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပြုလုပ်သည့် Miss Asia Pacific World 2014 ပြိုင်ပွဲ၏ Winner ဆုကို မြန်မာအလှမယ် မေမြတ်နိုး ဆွတ်ခူးရရှိ




မေလ ၃၁ ရက် ည ၇ နာရီတွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပြုလုပ်သည့် Miss Asia Pacific World 2014 ပြိုင်ပွဲ၏ Winner ဆုကို မြန်မာအလှမယ် မေမြတ်နိုး ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများစွာသို့ မြန်မာအလှမယ်များစွာ သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ထိပ်ဆုံး Miss ဆုကို မြန်မာအလှမယ် တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ဥရောပနှင့် အာရှနိုင်ငံများမှ အလှမယ်များမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အလှမယ် ၅၀ ကျော်အနက်မှ အဆင့်ဆင့် ရွေးချယ်မှုတွင် မြန်မာအလှမယ်မှာ ဆုရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအလှမယ် မေမြတ်နိုးမှာ နိုင်ငံတကာအလှမယ်များကို ကျော်ဖြတ်ပြီး Miss Asia Pacific World 2014 ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ 1st runner up ဆုကို ကိုရီးယားအလှမယ်၊ 2nd runner up ဆုကို မကာအိုအလှမယ်၊ 3rd runner up ဆုကို ဖိလစ်ပိုင်အလှမယ်၊ 4th runner up ဆုကို အိန္ဒိယအလှမယ်၊ 5th runner up ဆုကို စင်ကာပူအလှမယ်၊ 6th runner up ဆုကို ထိုင်းအလှမယ်တို့က ရရှိခဲ့သည်။Best in National Costume ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့သည်။

မြန်မာအလှမယ် မေမြတ်နိုးသည် Miss Asis Pacific World 2014 ပြိုင်ပွဲတွင် ဒီဇိုင်နာ ဌေးဌေးတင် ဖန်တီးထားသည့် National Costume ၊ swim suit ၊ Talent Show တို့ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Top 15 ၊ Top 7 အဆင့်ဆင့် ရွေးချယ်ခံခဲ့ရကာ နောက်ဆုံးအဆင့်တွင် ဗဟုသုတမေးခွန်း ဖြေဆိုခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။ ယင်းသို့ အဆင့်ဆင့်ယှဉ်ပြိုင်မှုများအပြီးတွင် Miss Aisa Pacific World 2014 ဆုကို မြန်မာအလှမယ်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအလှမယ် မေမြတ်နိုးသည် ယင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မေ ၁၈ ရက်တွင် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မေ ၁၉ ရက်မှ ၃၁ ရက်အထိ အခြားပြိုင်ပွဲဝင်များနှင့်အတူ Camp သွင်းလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ မေမြတ်နိုး သည် မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် Talent show ပြိုင်ပွဲတွင်လည်း Popularity award ကို ရရှိခဲ့သည်။ ထို့ပြင် Missology ၀က်ဘ်ဆိုက်မှ ရွေးချယ်သည့် People’s Choice Award အတွက် အွန်လိုင်းမှ တစ်ဆင့် မဲများကောက်ခံရာတွင်လည်း မဲအရေအတွက် အများဆုံးဖြင့် ဆုရရှိခဲ့သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် အသက် ၁၉ နှစ် ရှိပြီဖြစ်ပြီး အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကာ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် Miss International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြု အလှမယ်များ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Eleven Media Group

အိပ်စက်ခြင်းအကြောင်း သိကောင်းစရာ



အိပ်စက်ခြင်းဟာ လူတစ်ယောက်အတွက် အရေးပါပါတယ်။ အိပ်ရေးပျက်တာများတဲ့သူ၊ အိပ်ချိန်ပြည့်ဝအောင် မရှိတဲ့သူတွေဟာ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်မြင်အောင် မစွမ်းဆောင်နိုင်ပါဘူး။ အလှအပပိုင်းအနေနဲ့ ကြည့်တဲ့အခါမှာလည်း အသားအရေ မလှပတော့တာ၊ မျက်နှာမှာ ၀က်ခြံတွေ ထွက်လာတာ စသဖြင့် ဆိုးကျိုးတွေ ခံစားရမှာမို့ ညဘက်တွေမှာ အိပ်ရေး၀၀ နှစ်နှစ်ခြိုက်ခြိုပ် အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ညဘက်ကောင်းစွာ အိပ်ပျော်နိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပါ။

အေရိုးဗစ်ဆော့တာ၊ ပြေးတာ၊  jogging ခုန်တာ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ပေးပါ။ လေ့ကျင့်ခန်းတစ်ခါလုပ်ရင် အနည်းဆုံး နာရီဝက်ကနေ မိနစ် ၄၀လောက်ကြာအောင် လုပ်ပေးပါ။ တစ်ပတ်ကို ၄ကြိမ်လုပ်ပေးတာနဲ့တင် အရင်ထက် ပိုနှစ်ခြိုက်စွာ အိပ်ပျော်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက အိပ်ခါးနီးတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲပစ်လိုက်တာမို့ ပုံမှန်ခန္ဓာကိုယ်အပူချိန် ကို ပြန်ရောက်ဖို့ဆိုရင် ခြောက်နာရီလောက် ကြာမြင့်တာကြောင့်ပါ။

၂။အိပ်ရာဝင်ချိန် ပုံမှန်ဖြစ်ပါစေ။

ပုံမှန် အိပ်ရာဝင်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အဲ့ဒီအချိန်ရောက်တာနဲ့ အိပ်ရာဝင်ဖြစ်အောင် အကျင့်လုပ်ပေးပါ။

၃။လူကြီးတွေကလည်း လူငယ်တွေအိပ်ချိန်အတိုင်း ရှိသင့်ပါတယ်။

လူကြီးတွေဆို၇င် အိပ်ချိန်နည်းနည်းနဲ့ လုံလောက်တယ်လို့ ပြောဖူးကြပါတယ်။ အမှန်တော့ လူကြီးတွေရဲ့ အိပ်ချိန်ကလည်း လူငယ်တွေလိုပဲ တစ်နေ့ကို ၇နာရီကနေ ၉နာရီအတွင်းရှိသင့်ပါတယ်။

၎။အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် မဟုတ်ပါ။

ကိုယ့်ဦးနှောက်ကို အနားပေးဖို့အတွက် အိပ်စက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ အမှန်တော့ ကိုယ့်ခန္ဓာကိုယ်အတွက် အိပ်စက်ခြင်းက လိုအပ်တာပါ။ ဦးနှောက်ကတော့ ကိုယ်အိပ်နေတဲ့အချိန်မှာလည်း ခန္ဓာကိုယ်အတွက် အလုပ်လုပ်နေရဆဲပါပဲ။ အိပ်နေရင်း ကိုယ်အသက်ရှုနိုင်တာကိုပဲကြည့်ပေါ့။

၅။တရေးနိုးတဲ့အခါ အတင်းပြန်အိပ်ဖို့ မကြိုးစားပါနဲ့။

ညသန်းခေါင်းကြီး တရေးနိုးလာတဲ့အခါ ပြန်အိပ်ဖို့အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ လွယ်လွယ်ပြန်အိပ်လို့ မရတာကို အတင်းဖျစ်ညစ်အိပ်နေမယ့်အစား အိပ်ယာပေါ်ကဆင်းပြီး သီချင်းနားထောင်တာ၊ စာဖတ်တာ စသဖြင့် ပြန်အိပ်ချင်လာအောင် တစ်ခုခုလုပ်နေလိုက်ပါ။

၆။အိပ်ယာပေါ်မှာ ကွန်ပျူတာတွေတင်၊ အိပ်ယာဘေးမှာ တီဗီတွေ ထားပြီး အိပ်စက်ခြင်းဟာ အကျိုးမရှိပါဘူး။

ကိုယ်အိပ်တဲ့ အိပ်ယာဟာ အိပ်စက်ဖို့ပဲဖြစ်သင့်ပါတယ်။ ကွန်ပျူတာသုံးဖို့အတွက်၊ တီဗီကြည့်ဖို့အတွက်ဆို၇င် အဲ့ဒီအရာတွေကို အိပ်ယာဝေးဝေးမှာ ထားဖို့လိုပါလိမ့်မယ်။

၇။မလိုအပ်ပဲ စောင်ခြုံပြီး မအိပ်ပါနဲ့။

ကိုယ်အိပ်စက်မယ့် အခန်း၊ နေရာရဲ့ အပူချိန်လျော့သွားတဲ့အခါ လူက သူ့အလိုလိုအိပ်ချင်လာပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် လေကောင်းလေသန့်လေးတွေ ရှုရှိုက်ရင်း အိပ်တာ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

၈။ဟောက်တာဟာ အိပ်ရေးပျက်စေပါတယ်။

အိပ်ရင်ဟောက်တယ်ဆိုတာ သိပ်တော့ မကြီးကျယ်ပါဘူး။ ဒါပေမယ့် တစ်အိမ်လုံးကြားတဲ့အထိ ဟောက်နေပြီးဆိုရငတော့ အသက်ရှုလမ်းကြောင်းပြဿနာရှိနေပြီလို့ ထင်မြင်ရတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ကောင်းကောင်းမွန်မွနိ အိပ်ပျော်စေဖို့ အရက်သောက်ပြီး အိပ်တာမျိုး မလုပ်ပါနဲ့။

အရက်သောက်ထားလို့ မူးဝေေ၀ဖြစ်လာပြီး အိပ်လိုက်ရင် တန်းအိပ်ပျော်သွားတာမျိုးကတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ညသန်းခေါင် နိုးလာပြီး ရေငတ်တာ၊ ရင်ပူတာတွေကြောင့် ပြန်အိပ်လို့မရတတ်တာကိုတော့ သိထားရမှာပါ။

Ref:womenshealthmag.com

မေသော်
Trend Myanmar



ဒေါ်အောင်ဆန်းစုကြည်၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲအပြီး ၁၀ ရက် အကြာတွင် အောင်ပင်လယ်အားကစားကွင်းအား မန်းစည်ပင်က အုတ်တံတိုင်းကာရံမှု ပြုလုပ်


(ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲများပြုလုပ်ခဲ့သည့် အောင်ပင်လယ်အားကစားကွင်းအား အုတ်တံတိုင်းကာရံနေမှုကို တွေ့ရစဉ်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအပြီး ၁ဝ ရက်အကြာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည့် မန္တလေး အောင်ပင်လယ်အားကစားကွင်းအား စည်ပင်သာယာက အုတ်တံတိုင်းကာရံမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ်အားကစားကွင်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မေ ၂၉ ရက်မှ စတင်ကာ အုတ်တံတိုင်းကာရံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အုတ်တံတိုင်းများ ကာရံနေသည့် အောင်ပင်လယ်အားကစားကွင်းမှာ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အဆိုပါ ကွင်းအတွင်း၌ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယခု ၂ဝ၁၄ ခုနှစ်၊ မေ ၁၈ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)ပါ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည့်နေရာ ဖြစ်သည်။

“အောင်ပင်လယ်အားကစားကွင်းကို အုတ်တံတိုင်း ကာရံနေတယ်ဆိုတာ ကျွန်တော်မသိရသေးပါဘူး။ ကျွန်တော့်ဆီကိုလည်း ဘာမှ လာမပြောသေးပါဘူး။ စည်ပင်သာယာမှာ ဌာနတွေက အများကြီးရှိပါတယ်။ တခြားဌာနက လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်ဌာနကိုတော့ မေးကြည့်လိုက်ပါဦးမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဌာနမှူး ဦးစိုးမိုးသိမ်းက ပြောကြားခဲ့သည်။

အဆိုပါ အောင်ပင်လယ်အားကစားကွင်းအား အုတ်တံတိုင်းကာရံနေမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးနှင့်အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနသို့သာ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့သည်။

အောင်ပင်လယ် အားကစားကွင်းအား စည်ပင်သာယာမှ အုတ်တံတိုင်းကာရံခြင်းဖြစ်ကြောင်းကို ယင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ် အားကစားကွင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် လူထုဟောပြောပွဲအပြီး ၁ဝ ရက်အကြာတွင် ယင်းကဲ့သို့ အားကစားကွင်းအား အလုံပိတ် အုတ်တံတိုင်းကာရံမှုကို စည်ပင်သာယာက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေး အောင်ပင်လယ်အားကစားကွင်းအတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲများ ကို ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလက ဟောပြောမှုများပြုလုပ်ခဲ့ရာတွင် လူဦးရေ သိန်းဂဏန်းဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပြီး ယခု ၂ဝ၁၄ ခု နှစ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲသို့ လူဦးရေ သုးံသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။



Eleven Media Group

ရင်ခုန်မိတာ သေမလို့



“စူဠနိဒ္ဒေသအဋ္ဌကထာ” နဲ့ “အပါဒါနအဋ္ဌကထာ”တို့မှာ
“ကိလေသာမီး” ကြောင့် အသက်ပါ ဆုံးသွားရတဲ့
“သီဟိုဠ်က ဝတ္တု” တစ်ခုကို ထုတ်ပြထားတယ်။
“မဟာဝိဟာရကျောင်းတိုက်”က ရဟန်းငယ်တစ်ပါးဟာ
ရုပ်ကလည်းချော၊ အသံကလည်းကောင်း၊
တရားဟောတာကလည်းကောင်းတော့ သီဟိုဠ်မှာ
တအားနာမည်ကြီးနေတာပေါ့။

တစ်ခါတော့ ဘုရင်မင်းမြတ်ဟာ မိဖုရားကြီးနဲ့
သမီးတော်ကိုပါ ခေါ်ပြီး ဒီကိုယ်တော်လေးရဲ့
တရားပွဲကိုလာကြတယ်။ မင်းနဲ့ မိဘုရားဆိုတော့
သူတို့ဟာ ရှေ့ဆုံးက နေရာရတာပေါ့။
ဘုရင့်သမီးတော်ဟာ တရားနာရင်းနဲ့ ကိုယ်တော်လေးကို
မသိမသာစိုက်စိုက်ကြည့်တယ်။
ကိုယ်တော်လေးကလည်း သူနဲ့အနီးဆုံးမှာ
တရားနာနေတဲ့မင်းသမီးလေးကို အမှတ်မဲ့ခိုးကြည့်မိလိုက်တယ်။
အကြည့်ချင်းဆုံတော့ ရင်ခုန်တာပေါ့ကွာ။

အဲဒီမှာတင် ကိုယ်တော်လေးဟာ သတိလွတ်သွားပြီး
တရားကို ဆက်မဟောဘဲ မင်းသမီးလေးကို
စိုက်ကြည့်မိတဲ့အထိဖြစ်သွားတယ်။
မင်းကြီးဟာ ငယ်ရာက ကြီးလာတာဆိုတော့ သမီးတော်နဲ့
ကိုယ်တော်လေးအဖြစ်ကို ရိပ်မိတယ်။
ကိုယ်ချင်းလည်းစာဟန်တူပါရဲ့။
သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်ဆွေးနွေး
တိုင်ပင်ကြပါစေ။ တင်းတိမ် (ကန့်လန့်ကာ)
ကာ ပေးလိုက်ကြလို့ အမိန့်ပေးလိုက်တယ်။

ကိုယ်တော်လေး လူဝတ်လဲမယ်ဆိုရင်လည်း
သဘောတူမယ့် သဘောထင်ပါတယ်။ တင်းတိမ်လည်း
ကာပြီးရော ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ
တစ်ယောက် လည်ပင်း တစ်ယောက်ဖက်ပြီး ငြိမ်သွားကြသတဲ့။
အတန်ကြာလို့ တင်းတိမ်ဖွင့်ကြည့်လိုက်တော့ နှစ်ဦးလုံး
“ရာဂမီး” လောင်ပြီး၊ ပွေ့ဖက်ရင်း သေဆုံးနေတာကို
တွေ့ကြရတယ်။

မင်းလည်း လူငယ်တစ်ယောက်ပဲ။
မင်းနှစ်သက်တဲ့ မိန်းကလေးကို မြင်ရရင် ရင်မခုန်ဘူးလား။
ခုန်တာပေါ့ဘုရား။
ကိုယ်ချစ်တဲ့မိန်းကလေးကို သေချာမြင်လိုက်ရတဲ့နေ့ဆိုရင်
ထမင်းတောင် မစားချင်တော့ဘူးဘုရား။
အဲဒါ ဘာသဘောလဲ မသိဘူး။

အေး…အဲဒါရှင်းပြချင်လို့ မေးတာ။
ကိုယ်ချစ်တဲ့သူကို မြင်ရရင် ရင်ခုန်သွားတာကိုပဲ
“စာရေးဆရာတွေ၊ ဒါရိုက်တာတွေ”က “အချစ်”လို့
တင်စားပြီး အချစ်ဝတ္တုတွေ ရေးကြတယ်။
အချစ်ဇာတ်ကားတွေ ရိုက်ကြတယ်။
ကြားလိုက်ဖူးပါသေးတယ်။ ရုပ်ရှင်ကား တစ်ကားနာမည်။
ဘာတဲ့ “ရင်ခုန်မိတာ အချစ်လား” တဲ့။
မင်းကြားဖူးတယ်မဟုတ်လား။

“ကြားဖူးတယ်ဘုရား။”

တကယ်တော့ ရင်ခုန်တယ်ဆိုတာ
“လောဘမီးက နှလုံးကိုသွားလောင်တာ”။
ဒါကြောင့် နှလုံးဟာ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်
တအားမြန်သွားတာပဲ။ စောစောက ကိုယ်တော်လေးနဲ့
မင်းသမီးလေးဟာ ရင်ခုန်ရင်းကနေသေသွားတာပဲ။
ဒါကြောင့် “ရင်ခုန်မိတာ အချစ်လား”လို့ မပြောနဲ့။
“ရင်ခုန်မိတာ သေမလို့”လို့ပြောကြ။
မသေချင်ရင် ရင်မခုန်ကြနဲ့ပေါ့ကွာ။

【(မေတ္တာရှင်-ရွှေပြည်သာ)၏ “လူငယ်များအတွက်
ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ -】

ရွေးကောက်ပွဲလုပ်ရန် ကြေညာပြီးနောက် ထိုင်းတွင် စစ်တပ်များ ပိုတိုးချထား


ဆန္ဒပြမှုများကို နှိမ်နင်းရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့က စစ်သားနှင့် ရဲများကို မြို့ထဲသို့ ပိုမိုတိုး၍ ချထားလိုက်ပြီဖြစ်သည်။

မေလ ၃၀ ရက်က ရုပ်သံမှ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က စစ်တပ်အနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး ကွဲပြားမှုများကို ရင်ကြားစေ့ရန်နှင့် ပြုပြင်ရေးလုပ်ရန် အချိန်လိုသည်ဟု ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ယင်လပ်ကို ဖြုတ်ချခဲ့သည့် ပရာယွတ်က ထိုင်းနိုင်ငံကို ပြန်လည်ပြုပြင်မည့် ၎င်း၏ အစီအမံများအတွက် စိတ်ရှည်ကြရန် နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

သို့သော်လည်း နိုင်ငံတကာအစိုးရများကမူ ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန် ထိုင်းအစိုးရကို ဖိအားပေးနေကြသည်။

စင်ကာပူနိုင်ငံတွင် ညီလာခံတစ်ခု၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်လ်က လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲများမှတစ်ဆင့် ထိုင်းပြည်သူများအား အာဏာပြန်ပေးပါဟု တိုက်တွန်းခဲ့သည်။

သြစတြေးလျအစိုးရကမူ ထိုင်းစစ်ခေါင်းဆောင်များကို သြစတြေးလျသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားလိုက်သည်။

ထိုင်းဗိုလ်ချုပ်ကြီး ပရာယွတ်က ‘‘ကျွန်တော်တို့လည်း ဒီမိုကရေစီကမ္ဘာကြီးမှာ နေတာပါ။ ကျွန်တော်အခုတောင်းဆိုနေတာက ကျွန်တော်တို့ကို ပြုပြင်မှုလုပ်ဖို့ အချိန်ပေးပါဆိုတာပါပဲ’’ဟု ထိုင်းဘုရင်နှင့် မိဘုရားပုံများ ချိတ်ဆွဲထားသည့် နံရံကို နောက်ခံထားသည့် ထိုင်ခံတွင် ထိုင်ပြီး မိန့်ခွန်းပြောကြားသွားသည်။

Ref: REUTERS

7day

အမြန်လမ်းတွင် ငါးလအတွင်း သတ်မှတ်မိုင်ကျော်မောင်းသော ကားငါးရာကျော်ကို အရေးယူ

နေပြည်တော် အမြန်လမ်းမကြီးတစ်နေရာ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)



အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို စစ်ဆေး  ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ဇန်န၀ါရီမှ မေလကုန်အ ထိ ယာဉ်စီးရေ ငါးရာကျော်အား အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

 ရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေး တွေ့ရှိချက်များအရ ငါးလအ တွင်း သတ်မှတ်ချက်ထက်ကျော် လွန်မောင်းနှင်သော ယာဉ် ၅၈၆ စီးကို စစ်ဆေးအရေးယူမှုများ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

  ‘‘သတ်မှတ်နှုန်းထက် မမောင်းဖို့ကို ယာဉ်မောင်းတွေရော ယာဉ်ပိုင်ရှင်တွေကိုပါ ပညာပေးတာတွေကို လက်ကမ်းစာစောင်တွေကတစ်ဆင့် ဆောင်ရွက်ပါတယ်။ ဒါတောင် မောင်းနေတဲ့သူတွေ ရှိနေလို့ အခုလို ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေတာပါ။ အရှိန်တိုင်းကိရိယာနဲ့ ဖမ်းဆီးနေတဲ့အတွက် အခုနောက်ပိုင်း ပြစ်မှုတွေ လျော့ကျ လာတာတွေ့ရတယ်။ အရင်ကထက် တစ်ဝက်ကျော် ပြစ်မှုတွေကျဆင်းလာတာဖြစ်ပါတယ်’’ ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေ၀င်းက ပြောသည်။

 ယခုနှစ်ဇန်န၀ါရီမှ မေလ အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုများမှာ ယာဉ်မောင်း အိပ်ငိုက်၍ ဖြစ်ပွားမှုမှာ ၁၁ မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှုကြောင့်  သုံးမှု၊ တိရစ္ဆာန်များကြောင့် သုံး မှု၊ ဆိုင်ကယ်များနှင့် တိုက်မှု ၁၈ မှု၊ အနှေးယာဉ်ပေါ့ဆမှု တစ်မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၂ မှု မဆင်မခြင် မောင်းနှင်မှု ၃၄ မှု၊ ကားဘီးပေါက်မှု ၆၁ မှု၊ စက် ချို့ယွင်းမှု ၁၁ မှု၊ လမ်းချော်မှု တစ်မှုနှင့် ရာသီဥတုကြောင့် ဖြစ် ပွားခဲ့ရသော ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။

‘‘ယာဉ်ပိုင်ရှင်တွေကလည်း ငွေကြေးသိန်းပေါင်းများစွာ ရင်းထားရတဲ့အတွက် ကိုယ့် မောင်းကဘာလိုင်စင်ရထားသလဲဆိုတာကိုစိစစ်တာတွေကို အဓိကလုပ်သင့်တာပေါ့။  ခရီးသည်တွေ အန္တရာယ်ကို ကာကွယ်ဖို့ ယာဉ်ပေါ်မှာ တာဝန်ရှိသူက ဘယ်နေရာမှာတူရှိတယ်။ ဘယ်နေရာမှာ အသက်ကယ်အိတ်ရှိတယ်ဆိုတာ ကြိုလုပ်ပေးသင့်တယ်။ ခရီးသည်တွေအတွက် မိုးပြိုခဲ့သည်ရှိသောကာကွယ်မှုကို ကြိုလုပ်ထားသင့်တယ်’’ ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

မေလအတွင်း ယာဉ်မောင်း များ သတ်မှတ်လိုင်စင်မဟုတ်ဘဲ မောင်းနှင်မှုကြောင့် ယာဉ်မောင်း ၁၀၆ ဦးကို ပြစ်မှုထင်ရှား၍ ယာဉ်မမောင်းနှင်ရန်အထိကို အရေးယူမှုများ ရှိနေကြောင်း၊ တိုးချဲ့စစ်ဆေးမှုများကိုပါ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သူရကျော်
7day daily

လေးယောက်မြောက် လူနာ




(တစ်)
မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင် ထိုင်သည်ဆိုသည့် အလေ့အထက နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးအကြားအမြင်များ ဖလှယ်ရာ အသေးစား အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ဖြစ်နေသည်။

 တစ်ရက် လက်ဖက်ရည် ဆိုင်ထိုင်ရင်း လက်ရှိမြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များ ခေါင်းစဉ်အောက်သို့ ရောက် သွားသည်။ သီလ၀ါစက်မှုဇုန် စီမံ ကိန်း၊ ထားဝယ်နှင့် ကျောက်ဖြူ ရေနက်စီမံကိန်း၊ မဟာရန်ကုန် မြို့ပြမြှင့်တင်ရေး စီမံကိန်း၊ ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀  ပေးမည့် ပညာရေးမြှင့်တင်မှု စီမံကိန်းတွေအကြောင်း ပြောကြရင်း မိတ်ဆွေတစ်ဦးက ‘‘အေးဗျာ..အဲဒါတွေ ကျွန်တော်တို့တော့ မမီတော့ပါဘူး။ ကျွန်တော်တို့သားသမီးတွေသာ အဲဒီအသီးအပွင့်တွေ ခံစားရရင်ပဲတော်ပါပြီ’’ ဟု ပြောဆိုရာ နောက်မိတ်ဆွေတစ်ဦးက ဘာမဆိုင်ညာမဆိုင်နှင့် ‘‘ခင်ဗျားအဲဒါတွေမျှော်လင့်မနေနဲ့ ထိုင်းမှာတောင် စစ်တပ်က အာဏာသိမ်းသွားပြီ’’ ဟု ၀င်ပြောလိုက်သဖြင့် စောစောကပြောခဲ့သော ဘာစီမံကိန်း ညာစီမံကိန်းတွေမှာ လေထဲ တွင် တိုက်အိမ်ဆောက်သလို ဖြစ်သွားရတော့သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ် စဉ် စာရေးသူ ဒုတိယနှစ်ကျောင်း သားဘ၀က ဖခင်ကြီးပြောပြသော စကားကို သွားသတိရမိသည်။ ‘‘အဖေတို့ကတော့ ပါလီမန်ခေတ်မှာ ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရပြီး မဆလ ခေတ်မှာလည်း စီးပွားရေးကျပ်တည်းခဲ့ရပြီးပြီ။ အခုဒီမိုကရေစီရတော့မယ်ဆိုတော့ မင်းတို့ခေတ်တော့ ကောင်းပြီပေါ့ကွာ’’ ဟု ဆိုခဲ့၏။ သူပြောပြီး သိပ်မကြာစစ်တပ်မှာ အာဏာသိမ်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြု ဘဲ စစ်တပ်ကပင် အုပ်ချုပ်ခဲ့ရာ ပြည်သူများ ဆင်းရဲမွဲတေမှုနှင့် အနှစ် ၂၀ ကျော်ကြာ ရင်ဆိုင်ခဲ့ရ ပါတော့သည်။

(နှစ်)

ကမ္ဘာ့နိုင်ငံများအားလုံးကို ကြည့်ပါက စစ်အစိုးရ တက်တက်၊ ဒီမိုကရေစီအစိုးရ တက်တက် တက်သမျှ အစိုးရတိုင်း ကြွေးကြော်သည့် လေသံမှာ တိုင်း ပြည်တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်တွင် မြန်မာပြည်၏ လူဦး ရေသည် ၁၇ သန်းကျော်သာ ရှိ ပါသည်။ ၁၉၄၂ မှ ၁၉၄၅ ခုနှစ် အတွင်း စစ်ဘေးဒဏ်နှစ်ကျော့ ခံစားရသဖြင့် တိုင်းပြည်အတွင်းရှိ အခြေခံ အဆောက်အအုံများမှာ လည်း ပျက်စီးယိုယွင်းနေပြီ ဖြစ် သည်။ ဖဆပလ အစိုးရ၏ ဘတ် ဂျက်မှာ အကြွေးများနှင့် စခဲ့ရပြီး ဗြိတိသျှကို ပေးဆပ်ရန် ကျပ်ငွေ ၃၅ ကုဋေ ၆ သန်း အမေရိကန် ကိုဆပ်ရန် ဒေါ်လာ ၅ သန်းစသည်ဖြင့် အကြွေးကျပ်ငွေ ကုဋေ ၆၀ ကျော်ရှိခဲ့ကာ အစိုးရအသုံးစရိတ် လည်ပတ်ရန်အတွက် ထိုခေတ် အစိုးရအဖွဲ့ အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဟင်္သာတဦးမြမှပင် ၎င်း၏ ကိုယ်ပိုင်ငွေများအား အစိုးရအသုံးစရိတ်ထဲသို့ စိုက် ထုတ်သုံးစွဲခဲ့ရသည်ဟု ဆိုကြပါ သည်။

ထိုသို့သော အခြေအနေမျိုး မှ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှု ကို အရှေ့တောင်အာရှ နိုင်ငံများ မှ အတုယူရသည့် အခြေအနေသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ပြည် တွင်းစစ်ကြီးဟုန်းခနဲ ထတောက် မှုကြောင့် ပြည်သူများ ဆင်းရဲ ကျပ်တည်းမှုနှင့် တွေ့ကြုံခံစားခဲ့ ရပါသည်။ အမေရိကန်စာရေး ဆရာကြီး ဗတ်ဝဲ (But Well) ၏ စုဆောင်းဖော်ပြချက်အရ ၁၉၄၈ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အတွင်း ပြည်တွင်းစစ်ကြောင့် လူဦးရေ သုံး သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ပြည် သူ ၂၂၀၀၀ ကျော် စစ်ဘက်၊ မြို့ပြဘက်ဝန်ထမ်း ၅၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ အစိုးရ ပစ္စည်းဒေါ်လာ ငါးသန်းနှင့် ပြည် သူလူထုပစ္စည်းဒေါ်လာ ၉၅ သန်း ဆုံးရှုံးခဲ့ရသည်ဟု သိရှိရပါသည်။ ပါလီမန်ခေတ်တွင် ကျော်ကြား သော စီမံကိန်းမှာ အိမ်ထောင်စု တစ်စုလျှင် တိုက်တစ်လုံးကား တစ်စီးပိုင်ဆိုင်နိုင်ရမည်ဆိုသည့် ပြည်တော်သာ စီမံကိန်းပင် ဖြစ် ပါသည်။ ထိုစီမံကိန်းမှာလည်း ပြည်ပပို့ကုန်ဆန်ဈေးနှုန်း ကျ ဆင်းမှု၊ ပြည်တွင်းစစ်အရှိန်မြင့်မှု တို့ကြောင့် ပျက်သုဉ်းခဲ့ရပါသည်။

၁၉၆၂ ခုနှစ်တွင် စစ်တပ် မှ အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီအစိုးရတက်ကာ ပုဂ္ဂလိကပိုင် ပစ္စည်းများအား ပြည်သူပိုင်သိမ်းခြင်းဖြင့် ဆိုရှယ်လစ် စီးပွားရေး စနစ်သို့ ဦးတည်ခဲ့ပြန် ပါသည်။ အထူးခြားဆုံးမှာ နယ် ချဲ့နှင့် နိုင်ငံခြားအရင်းရှင်ကြီးများ ပိုင်ဘဏ်နှင့် ကုမ္ပဏီကြီးများကို ပြည်သူပိုင်သိမ်းစဉ်က မတန်တဆ လျော်ကြေး အမျိုးမျိုးပေးခဲ့ရ သော်လည်း ၁၉၆၄ ခုနှစ် ဧပြီ ၉ ရက်တွင် ရန်ကုန်အပါအ၀င် တစ်နိုင်ငံလုံးမှ တိုင်းရင်းသားပိုင် လက်လီလက်ကားဆိုင်ပေါင်း ၁၂၇၆၄ ဆိုင်ကို ပြည်သူပိုင်သိမ်းသောအခါ တစ်ပြားတစ်ချပ်မှ လျော်ကြေးမပေးဘဲ သိမ်းယူလိုက်ခြင်းပင် ဖြစ်သည်။

ပြည်သူပိုင်သိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင်ရှိသမျှ စက်ရုံ အလုပ်ရုံဘုတ်၊ ကော်ပိုရေးရှင်း စသော စီးပွားရေးလုပ်ငန်းများ တွင် စစ်တပ်အရာရှိများကသာ နေရာယူ တာဝန်ခံလာကြ၏။ ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကုန်ပစ္စည်းအမျိုးပေါင်း ၆၀ ကျော်အား နိုင်ငံတော် အစိုးရ မှသာ ၀ယ်ယူဖြန့်ချိခွင့်ရှိသော ကန့်သတ်ကုန်များအဖြစ် ကြေညာ လိုက်ပါသည်။ မှောင်ခိုစီးပွားရေး ဆိုသည်မှာ ထိုအချိန်မှစကာ သန္ဓေတည်လာခဲ့ရပြီး ဆိုရှယ်လစ် စီးပွားရေး၏ သမ၀ါယမလုပ်ငန်း များမှာလည်း ခြစားမှု၊ လာဘ် ပေး လာဘ်ယူမှုတို့နှင့် လုံးပါးပါး ခဲ့ရပါသည်။ ထိုသို့ဖြင့် ပြည်သူ များသည် အစိုးရ၏ ငွေမဲမှုများကို လည်း အကြိမ်ကြိမ်ခံခဲ့ရပြီး အထွေထွေ မကျေနပ်မှုများသည် ဒီမိုကရေစီ ကြွေးကြော်သံများဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ် ကာ နောက်ဆုံးစစ်တပ်မှပင် အာ ဏာသိမ်းသွားခဲ့ရပြန်ပါတော့ သည်။

၁၉၈၈ ခု အာဏာသိမ်းစစ် အစိုးရ၏ နိုင်ငံစီးပွားရေးပေါ်လစီ မှာကားေ ဈးကွက်စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုကောင်းမွန်စေ ရေးပင်ဖြစ်တော့သည်။ ဆောက်လိုက်သည့် တံတား၊ ဖောက်လိုက်သည့်လမ်းနှင့် ပြည်သူလူထုမှ ပေးလိုက်ရသည့် လုပ်အားတွေမှာ မနည်းလှပါ။ ဈေးကွက်စီးပွားရေး ၏ အကျိုးအမြတ်ကို ရရှိသွားသူ များမှာကား လတ်တစ်ဆုပ်စာ ခရိုနီလုပ်ငန်းရှင်များပင် ဖြစ်ပါ သည်။ တစ်ဦးတည်းသစ်ခုတ်လှဲ ရောင်းချခွင့်၊ တစ်ဦးတည်း စား အုန်းဆီသွင်းခွင့်၊ တစ်ဦးတည်း ကျောက်မျက်ရတနာ တူးဖော်ခွင့် စသည်ဖြင့် အစိုးရထံမှ အခွင့်အ ရေးရနေသည့် ပြိုင်စံမပေါ် နိုင်ငံ ကျော်စီးပွားရေးလုပ်ငန်းရှင်များ အား မည်သည့် ပြည်သူပြည်သား ကမှ ယှဉ်ပြိုင်နိုင်ခွင့် မရရှိခဲ့ပါ။ စီးပွားရေးလုပ်ငန်းအများစုကို လည်း စစ်တပ်ပိုင်လုပ်ငန်းများအ ဖြစ် အသွင်ပြောင်းခဲ့ကာ အခြေခံ ပြည်သူများခမျာ အကြောက် တရားဖြင့်ပင် ချို့တဲ့စွာ စစ်အစိုးရ ခေတ်အား ဖြတ်သန်းခဲ့ရပြန်ပါ သည်။

(သုံး)

တစ်ခါက ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလို၊ အရပ်စကားလိုလိုနှင့် မိတ်ဆွေတစ်ဦး ပြောပြသော ဇာတ်လမ်းလေးတစ်ခုကို မှတ် သားခဲ့ဖူးပါသည်။

လူတစ်ယောက်သည် ကျန်း မာရေးမကောင်းသဖြင့် တစ်ရွာ ၀င် တစ်ရွာထွက် ဆေးဆရာများ ကို ရှာဖွေကာ ကုစားနေသော် လည်း တိုးတက်မှု ရှိမလာသဖြင့် ဆရာကောင်းကို ရှာဖွေနေရသည် ဟူ၏။ ထိုသို့နှင့် ရောဂါဝေဒနာ ကို ခံစားရင်း အင်အားချည့်နဲ့စွာ ခရီးဆက်ခဲ့ရာ ရွာတစ်ရွာသို့ ရောက်ရှိခဲ့ပါသည်။ ကံကောင်း ထောက်မစွာဖြင့် ထိုရွာမှာ တစ်ရွာလုံးလိုလို ဆေးကုသသော ဆေး ဆရာများ နေထိုင်သည့် ဆေးရွာ ကြီးဖြစ်နေတော့၏။ လူနာမှာ လည်း အားအင်များ လန်းဆန်း လာကာ ဒီရွာမှာတော့ ငါနေ ကောင်းရချည့်ဟု တွေးလိုက်မိ တော့သည်။

 ထို့ထက်ပို၍ လူနာအား တက်ရသည်မှာ ဆေးဆရာများ၏ ယခုခေတ်အခေါ် ပွင့်လင်းမြင် သာမှုကြောင့်ပင် ဖြစ်၏။ ဆေး ဆရာများ၏ အိမ်ရှေ့၌ အုန်းသီး လေးများ ချိတ်ဆွဲထားရာ အုန်း သီးအရေအတွက်မှာ ထိုဆရာ၏ ဆေးကုသမှုခံယူရင်း အဖိတ်အ စဉ်ဖြစ်ခဲ့ရသူများကို ညွှန်းဆိုနေ သည်ဆိုသောကြောင့် လူနာသည် အုန်းသီးအရေအတွက် အနည်း ဆုံး ချိတ်ဆွဲထားသည့် ဆေးဆရာ အား လိုက်ခံရှာဖွေရာ နောက်ဆုံး အုန်းသီးသုံးလုံးသာ ချိတ်ဆွဲထား သော အိမ်ကိုတွေ့ရသဖြင့် အား တက်စွာပင် ထိုဆရာထံသို့ ၀င် ရောက်တော့၏။

 ဆေးဆရာက လူနာ၏ ရောဂါဝေဒနာအား စမ်းသပ်ကာ ဆေးဝါးများပေးပြီးနောက် လူနာ ရှင်ကလည်း ကျေးဇူးတင်ကြောင်း နှင့် ဆရာဟာ ဒီရွာမှာ အတော် ဆုံးဆေးဆရာဖြစ်ကြောင်း၊ မိမိ တစ်ရွာလုံးရှိ ဆေးဆရာများအား လိုက်လံစုံစမ်းရာ ဆရာသာလျှင်  ဆေးကုသသမျှတွင် အသေအ ပျောက်အနည်းဆုံး ဆေးဆရာ ဖြစ်ကြောင်းတို့ကို ချီးမွမ်းခန်းဖွင့် လေရာ ဆေးဆရာပြန်ပြောလိုက် သော စကားကြောင့် လူနာမှာ မျက်လုံးပြူးလျှာထွက်ဖြစ်ရလေ တော့သည်။ ဆေးဆရာ၏ စကား မှာကား ‘‘ကျွန်ုပ်ဒီရွာမှာ အကောင်းဆုံး ဆေးဆရာမဟုတ်ပါဘူး။ မိတ်ဆွေ အသင်သည်ကျွန်ုပ်ကုသသော လူနာများ အနက်မှလေးယောက်မြောက် လူနာသာ ဖြစ်ပါတယ်’’ ဟူ၏။

(လေး)

မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းဌာနကို တည်ထောင်ခဲ့သူ စီးပွားရေး ပညာရှင် အက်စ်သာဒပ်ဖလို (Esther Dvflo) ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ယနေ့ခေတ်စားနေသော အသေးစား ချေးငွေထုတ်ပေးသောနည်းဖြင့် ထင်သလောက် မအောင်မြင်ရခြင်းမှာ လူတိုင်းသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် မွေးဖွားလာခြင်း မဟုတ်ဟူသော   အချက်ကြောင့်ဟု ဆိုပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ် ရေးရပြီးနောက် ပါလီမန်ခေတ် မဆလခေတ်၊ န၀တ၊ နအဖ ခေတ် စသည်ဖြင့် ခေတ်ကြီးသုံးခေတ် ကို ဖြတ်သန်းခဲ့ရာ ပြည်သူများ မျှော်လင့်တောင့်တခဲ့သော စား ၀တ်နေမှု ပြည့်စုံရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ကျေနပ်လက်ခံနိုင်သည့် အဆင့် သို့ ရောက်အောင် အစိုးရတိုင်းက မစွမ်းဆောင်နိုင်ခဲ့ကြပါ။ မကြာမီ သက်တမ်းတစ်ခုပြည့်တော့မည့် ဒီမိုကရေစီအစိုးရသစ်မှလည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို ချေးငွေ အမျိုးမျိုးဖြင့် အကူအညီ ပေးနေသော်လည်း နည်းပညာပံ့ ပိုးမှုနှင့် စီမံခန့်ခွဲမှု စနစ်ကောင်း မွန်မှုတို့ကလည်း နောက်မှ လိုက် ဖို့လိုနေပါသည်။ အနှစ် ၂၀ စီမံ ကိန်းနှင့် အနှစ် ၃၀ စီမံကိန်းများ အောင်မြင်ပြီးမြောက်ရန်ဆိုသည် မှာလည်း နိုင်ငံရေးစနစ်က နောက်ကြောင်း ပြန်လှည့်မသွားရန် လိုပါသေးသည်။

သို့ဖြစ်ပါ၍ အစိုးရမှ ကြွေး ကြော်ထားသော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ ရောက်၊     မရောက်ဆိုသည်ကိုဖြင့် လေး ယောက်မြောက်လူနာဖြစ်သည့် ပြည်သူများ ရင်တမမ စောင့်စား ရဦးမည်သာ ဖြစ်ပါတော့သည်။

ဗညားလှိုင်ဦး
7day daily