ကျေးဇူးပြု၍ ပစ်မထားပါနှင့်ခင်ဗျား... - ဖိုးစမ်းချောင်း (GG)



ချမ်းအေးလှသော ဒီဇင်ဘာ ည ၁၀နာရီခန့်တွင် ဖိုးစမ်းချောင်း တစ်ယောက် စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ အမရပူရမြို့အ၀င် ဖြစ်သော ရတနာဂူ အောက်နန်းမရောက်ခင် တပြခန့် အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦး လဲနေသည် ထင်ပြီး ကျော်သွားသည်။ နာရီ ကြည့်တော့ ၁၀နာရီ ၁၅မိနစ်ရှိလေပြီ။ ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီး ဟောင်နေသဖြင့် သတိပေးရန် နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ ဆိုင်ကယ်မှာ ဒူးကာများ ကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွား ပျက်စီးနေကာ တိုက်ခံရသော လူမှာလည်း သတိမေ့နေသည်။ ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ၊ သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ... သေပြီလားဟု တွေးမိသည်။ အနားလည်း အရမ်းကြီး မကပ်ရဲ... ဆိုင်ကယ်မီး ထိုးကြည့်သည်။ ရွှေဆွဲကြိုးတစ်ကုံး ၀တ်ထားသည်။ အနွေးထည် အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တစ်အိတ်ကို တွေ့သည်။

သူစဉ်းစားသည်...ရဲကို ဖုန်းဆက်ခေါ်ရမည်။ ဖုန်းက ဘက်ထရီကုန်နေသည်။ ဘယ်လိုမှ ဆက်မရ။ သို့နှင့် လာသမျှကားကို လက်တားသည်။ တစ်စီး.. နှစ်စီး ဆယ်စီးကျော်သွားပြီ...ဘယ်သူမှ ရပ်မပေး။ ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။ သို့သော် အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြှင့်၍ မောင်းထွက်သွားသည်။ သူဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသော လူနားတွင် ရပ်ထားလိုက်သည်။ စိုးရိမ်သည်က တခြားမဟုတ် ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ အနည်းငယ် လမ်းလျှောက်သွားပြီးနောက် မီးလင်းနေသည့် တိုက်အိမ်တစ်အိမ်သို့ ၀င်နှိုးသည်။ ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတစ်ယောက် ဆိုင်ကယ် တိုက်ခံရသဖြင့် ဖုန်းတစ်ချက်လောက် ဆက်ခွင့်ပေးပါ။ ဖုန်းမရှိ လျှင် မီးပလပ်ပေါက် ခဏသုံးပါရစေ... ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။ တံခါးဖွင့်မပေးပါ။ ဘာတဲ့.. ကိုယ့်ပြဿနာကိုယ် ရှင်းပါလို့တောင် အပြောခံလိုက်ရသည်။ ကဲကွာ...ဟု ရေရွတ်ရင်း နောက်ထပ် ဘာမှ ဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ ဖုန်းဘက်ထရီ ဖြုတ်သည်။ ပြန်တပ် ကြည့်သည်။ အားနည်း နည်းပေါ်လာသည်။ ထုံးစံအတိုင်း ၁၈၇၆ ရတနာပုံ တယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ အပိုတွေ မပြောပါနဲ့။ “အမရပူရ ရဲစခန်းဖုန်း နံပါတ်၊ ယာဉ်ထိန်းရုံး ဖုန်းနံပါတ်နဲ့ ချမ်းမြသုခ အသင်း ဖုန်းနံပါတ်ကို အမြန်ရှာပေးပါ။ သေရေးရှင်ရေး ကိစ္စမို့ပါ”ဟု ပြောရသည်။ နို့မို့ဆိုလျှင် ယင်းဖုန်းဖြေသူများက အပိုတွေ ပြောလွန်းသည်ကိုး။ ဟိုဖက်ကလည်း နားလည်ရှာသည်။ အစ်ကို... ခဏစောင့်ဟု ပြောပြီး ဖုန်းနံပါတ် ချက်ချင်းရှာပေးသည်။ တစ်မိနစ်သာ ကြာသည်။ နာရီ ကြည့်လိုက်တော့ ၁၁နာရီ ၁၆မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈သို့ ဖုန်းဆက်သည်။ ချက်ချင်း ကောက်ကိုင်သည်။ အကျိုးအကြောင်း ပြောပြတော့ ခဏစောင့်ပါ။ ယာဉ်ထိန်းရုံးနှင့် ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ လူမှုကူညီရေး အသင်း ဖြစ်သော ချမ်းမြသုခ ဖုန်း ၀၂၅၉၁၆၄သို့ ဖုန်းဆက်သည်။ ချက်ချင်းလာခဲ့မည်ဟု ပြောသည်။

ထိုသို့ သူအလုပ်များနေခိုက် ကုန်တင်ကားတစ်စီး မောင်းလာသည်။ ထုံးစံအတိုင်း သူတားသည်။ မှတ်မှတ်ရရ အစီးသုံးဆယ်မြောက် မရပ်ပေးပါ... သူတားသည့် နေရာမှ တော်တော်လေး ကျော်သွားသည်။ ပြီးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ ဘာဖြစ်တာလဲဟု မေးပြီး ထိုလူနားတွင် နေပေးသည်။ တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ ကားတစ်စီး ရပ်ပေးတယ်။ ဘာဆက်လုပ်ရမလဲဟု မေးရာ ခဏစောင့်ပါ...သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ ခဏအကြာ ပွမ်ပွမ်ဖြင့် ချမ်းမြသုခ အရေးပေါ်တင်ကား ရောက်လာချေပြီ။ ရောက်ရောက်ချင်း လူနာတင်ကား ယာဉ်မောင်းက လူနာလဲကျနေသည့် ပုံစံကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူ ဓာတ်ပုံရိုက်သည်။ ထို့နောက် မိမိနှင့်ညှိသည်။ ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။ လူနာအား ဆေးရုံကြီးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ၀ိုင်းဝန်း သဘောတူလိုက်သည်။ ဘေးဒရိုင်ဘာက တားသည်။ မင်းအမှုပတ် လိမ့်မည်တဲ့...ကိစ္စမရှိဟု ပြောလိုက်သည်။

ထိုစဉ် ရဲတစ်ယောက် အရက်မူးပြီး ရောက်လာသည်။ အရပ်ဝတ်ဖြင့် ဆိုင်ကယ်အား ဒယိမ်းဒယိုင် မောင်းလာသည်။ မိမိတို့အား ပေါက်တက်ကရ လာမေးသည်။ လူတွေ ရုံးစုရုံးစုဖြစ်ခိုက် ယင်းအခင်း ဖြစ်နေရာ ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်း စသည့်လူများ ထွက်လာသည်။ ထိုရဲက တာဝန်ဖြင့် မဟုတ်။ ဆေးခွင့်ယူထားသည်ဟု မိမိတို့ မေးမြန်းချက်အရ သိလိုက်ရသည်။ ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအား အဖက်မလုပ်၊ လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီး ကားပေါ်တင်သည်။ မိမိလည်း လျှိုလို့မရတော့...ဂျာနယ်တစ်ခုမှ သတင်းထောက်ပါဟု အသိပေးလိုက်သည်။ ထိုအရပ်ဝတ် နှင့်ရဲ ပြန်လှည့်သွားသည်။ အဖြစ်အပျက်ကား မြန်လွန်းပေစွ။ ငါးမိနစ်ခန့်သာ ကြာမည်။ ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှူးရုံး သို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့် တွန်းလာခဲ့သည်။ ဘီး သုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ ဆိုင်ကယ်သုံးစီး အမြန်မောင်းလာသည်ကို တွေ့ရသည်။ မှန်ပါ့ တောင်မြို့ ရဲစခန်းမှ စခန်းမှူးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ ဒုရဲအုပ်လည်းပါသည်။ တခြားအဆင့် လည်းပါသည်။ မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။ အကြောင်းစုံပြောသည်။ ဆိုင်ကယ် တူးဘောက်အား ဖွင့်ကြည့်မှ ထိုဆိုင်ကယ် အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ လိုအပ်သည်များ မေးမြန်းပြီး မိမိအား ချက်ချင်း ပြန်လွှတ်လိုက်သည်။ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ပြောသည်။ ဘေးကလူများအား နာမည်နှင့် လိပ်စာ မေးသော အခါ ပြဿနာ စလေပြီ။ ထိုလူများကား တစ်ယောက်နှင့် တစ်ယောက် နာမည် လွှဲချနေသည်။

မိမိစိတ်မကောင်းမိ။ သူတို့ကိုလည်း အပြစ်မပြောလို။ သူတို့သည်လည်း ရဲ၊ ယာဉ်ထိန်းရဲများ နှင့်ပတ်သက်၍ ဇာတ်လမ်းမျိုးစုံ ကြားဖူးပေလိမ့်မည်။ တရားရုံးနှင့် မပတ်သက်လိုသည်ကိုလည်း ကောင်းကောင်း နားလည်သည်။ မြန်မာနိုင်ငံအနှံ့တွင် သူတို့ကဲ့သို့ လူပုဂ္ဂိုလ်များ အများအပြား ရှိပါလိမ့်မည်။ လမ်းဘေးတွင် ယာဉ်မတော်တဆမှု တစ်ခုခုကြောင့် သွေးထွက်သံယိုဖြစ်ကာ ဒုက္ခ ရောက်နေသော လူများကိုတွေ့လျှင် မြန်မာ လူမျိုးတိုင်းလိုလို ကူညီချင်ကြပါသည်။ သို့သော်လည်း ယင်းသို့သော်သည် အရေးကြီးပါသည်။ ယင်းသို့သော်ကြောင့် မဆုံးရှုံးသင့်သော အသက်များစွာ နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေရပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဒုက္ခရောက်နေသည့် လူတစ်ယောက်ကို ကိုယ်ရောစိတ်ပါ ကူညီရန် ဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန် ခက်ခဲ့သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ နောက်တစ်ချက်မှာ ပြောင်းလဲလာသော လူနေမှုစနစ်ကြောင့်လည်း ဖြစ်နိုင်သည်။ ယနေ့ မြန်မာ့လူ့ဘောင်တွင် ကိုယ်နှင့်မဆိုင်လျှင် မသိသလို နေတတ်သော၊ မသိချင်ယောင်ဆောင်နေ တတ်သည့် အကျင့်ဆိုးတစ်ခု တဖြည်းဖြည်းနှင့် အမြစ်တွယ်လာသည်ဟု သုံးသပ်လျှင် လွန်အံ့မထင်။ ထိုကဲ့သို့ နေထိုင်ရခြင်းကို အသားကျနေသော လူများကိုလည်း အပြစ်မတင်လို။ ယခင် စစ်အစိုးရ လက်ထက်တွင် ဘာသိဘာသာ မနေတတ်သူများ၊ အများအကျိုး အတွက် သူရဲကောင်း လုပ်သူများ ဒုက္ခပွေရသည်ကို ကြားရမြင်ရသည်မှာလည်း များလှပြီ မဟုတ်ပါလော။ သို့သော် စာရှုသူ သတိချပ်ပါ။ မြန်မာနိုင်ငံသည် အပြောင်းအလဲများ စတင်လုပ်ဆောင်နေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ ယခင် ခေတ်ကဲ့သို့ အရာရာကို ကြောက်အားပိုကာ မဆိုင်လျှင် မျက်နှာလွှဲ မနေပါနဲ့တော့။ အင်တာနက် ခေတ်တွင် အစိုးရ၀န်ထမ်းများလည်း ယခင်ကကဲ့သို့ ခြိမ်းခြောက် မာန်မောင်းမှုများနဲ့ သွားပါချေပြီ။ အသက်တစ်ချောင်း ကယ်ကောင်းပါသည်။ လမ်းဘေးတွင် သွေးသံရဲရဲနှင့် အချိန်မီ ဆေးရုံပို့ရန် လိုအပ်နေသော လူနာတွေ့လျှင် ပစ်မထားပါနှင့်။ ထိုအသက်တစ်ချောင်း ကယ်လိုက်သောကြောင့် ရဲများက သင့်ကိုအနည်းငယ် မေးကောင်း မေးနိုင်ပါလိမ့်မည်။ ယာဉ်ထိန်းအရာရှိက ဖြစ်စဉ် ပြောကောင်း ပြောခိုင်းပါလိမ့်မည်။ အလွန့်အလွန် လိုအပ်လှပါမူ တရားရုံးတွင် အချိန်တစ်ရက်ခန့် ပေးကာ သက်သေထွက်ဆိုရကောင်း ထွက်ဆိုရနိုင်ပါသည်။ သို့သော် ထိုကဲ့သို့... ထိုကဲ့သို့သော အနည်းငယ် ကြုံတွေ့ရကောင်း၊ ကြုံတွေ့နိုင်မည့် နောက်ဆက်တွဲ ဒုက္ခများနှင့် မိမိကယ်တင် လိုက်သော လူတစ်ယောက်၏ ရရန်ခက်ခဲလှသော ဘ၀တစ်ခု ရှင်သန်သွားမည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ် ကြည့်လိုက်ပါလျှင် ထိုကိစ္စရပ်များသည် ပမွှားမျှသာ ဖြစ်ပါသည်။

ကား၊ ဆိုင်ကယ်ဈေးနှုန်းများ ကျဆင်းလာသည်နှင့်အမျှ အလွှာ ပေါင်းစုံမှ လူအသီးသီးသည်လည်း ယာဉ်များကို ပေါပေါများများ စီးလာနိုင်ကြသည်။ မန္တလေးမြို့ပေါ်တွင် ၂၀၁၃ နှစ်ကုန်ပိုင်းအထိ မှတ်ပုံတင်ထားသည့် ဆိုင်ကယ် နှစ်သိန်းခန့်၊ မော်တော်ယာဉ် ခုနစ်သောင်းခန့်ရှိသည်ဟု ကုန်းလမ်း ပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းစာရင်းတွင် သောင်းနှင့် ချီရှိနိုင်သော လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၏ အရေအတွက်ပါ ထည့်ပေါင်းဖို့ လိုပါသေးသည်။ နောက်တစ်ချက်မှာ ယာဉ်မောင်းလိုင်စင် လွယ်လွယ်ကူကူ ရခြင်း၏ အကျိုးဆက် အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မသိနားမလည်စွာ မောင်းနှင် သကဲ့သို့ သိသိကြီးနှင့် မိုက်ရူးရဲဆန်ဆန် မောင်းနှင်သူ အရေအတွက်လည်း တိုးပွားလာသည်။ မိမိဘက်မှ လမ်းမှန်နည်းမှန်အတိုင်း စီးနင်းသော်လည်း စည်းကမ်းမဲ့စွာ မောင်းနှင်သူတစ်ဦးနှင့် တွေ့ဆုံမိလျှင် ယာဉ်တိုက်မှုနှင့် ကြုံတွေ့ရဖို့ လက်တစ်ကမ်း အကွာတွင် ရှိပါသည်။ ယခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း ယာဉ် တိုက်မှုပေါင်း ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး ၁၃၀ ဦးရေ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကာ ၄၆ဦး သေဆုံးခဲ့သည်ဟု ကိုးလုံးတကာ ယာဉ်ထိန်းရုံးထံမှ သိရသည်။ ထို့အတူပင် ယခုနှစ် မန္တလေးသင်္ကြန်တွင်း ယာဉ်တိုက်မှု လူနာဦးရေကို ကြည့်လျှင် သင်္ကြန် လေးရက်အတွင်း ယာဉ်တိုက်မှု လူနာ ၉၀၀နီးပါး (၈၈၀)ရောက်လာ သည်ကို တွေ့နိုင်သည်။

ယင်းပမာဏမှာ ယမန်နှစ် လူနာဦးရေထက် ၂၀၀ နီးပါး ပိုသကဲ့သို့ သေဆုံးသည့် ဦးရေမှာလည်း ပိုများပါသည်။ ဆေးရုံဆေးခန်း ရောက်မလာဘဲ မန္တလေးထုံးစံအတိုင်း မိမိဘာသာ တိုးတိုးတိတ်တိတ် ကြိတ်ဖြေရှင်းကြသည့် ယာဉ်တိုက်မှုပမာဏမှာလည်း မနည်းလှပါ။ ထိုကိန်းဂဏန်းများကိုကြည့်လျှင် လမ်းပေါ်တွင် ယာဉ်စီးနင်းနေသည့် မည်သည့် ပုဂ္ဂိုလ်မဆို ယာဉ်မတော်တဆဖြစ်မှုနှင့် အချိန်မရွေး ကြုံတွေ့နိုင်သည်ဆိုသည့် အချက်အား မမေ့ထားအပ်ပေ။

ယာဉ်တိုက်မှု ဖြစ်ပွားသည်ကို တွေ့လျှင် တတ်အားသမျှ ကူညီသင့်ပြီး နီးစပ်ရာ ယာဉ်ထိန်းရုံး၊ ရဲစခန်း၊ နာရေးကူညီမှုအသင်း စသည်တို့အား ဖုန်းဆက်အကြောင်း ကြားသင့်ကြောင်း၊ လူနာသွေးထွက် လွန်နေပါက သွေးတိတ်စေရန် တစ်ခုခုနှင့် စည်းနှောင်ပေးသင့်ပြီး မကြောက်လန့်စေရန် အားပေး သင့်ကြောင်း၊ ထို့အတူ မော်တော် ပီကယ်များ၊ ရဲများနှင့် ပတ်သက် ဆက်နွှယ်ရမည်ကို တွေးကြောက်ကာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရနေသူအား ပစ်မထားစေလိုကြောင်း၊ ထိုကဲ့သို့ ကူညီပေးမှုကြောင့် ရဲ၊ ယာဉ်ထိန်း တစ်စုံတစ်ဦးမှ ပြဿနာရှာပါက မိမိ ဖုန်းနံပါတ် ၀၉၂၀၀၉၃၀၆သို့ အချိန်မရွေး ဆက်ကာ အကြောင်းကြား စေလိုကြောင်း၊ အခင်းဖြစ်ပွားရာ ဒေသရှိ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း ချိတ်ဆက်ကာ ယင်းကဲ့သို့ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဖြေရှင်း ပေးသွားမည်ဟု အမရပူရ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အတည်ပြု ပြောကြားပါသည်။ မိမိတို့အနေဖြင့် မိမိမြို့နယ် မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များအား ယခုထက်ပို၍ အလုပ်ပေးရန်၊ အသိပေးရန်၊ အပူကပ် ရလိုပါသည်။ ၄င်းတို့ကလည်း ကူညီရန် အသင့်ရှိကြပါသည်ဟု ပြောလိုပါသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများအား ကူညီပြီး ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးသည့် ပြည်သူများ၊ ယာဉ်မောင်း ပိုင်ရှင်များအား အခင်းဖြစ်ပွားသည့် နေရာတွင်သာ မေးမြန်းလေ့ရှိပြီး ယာဉ်ထိန်းရုံး၊ ရဲစခန်း၊ တရားရုံးစသည်များသို့ ဆင့်ခေါ်မေးမြန်းမှု ပြုလုပ်လေ့ မရှိပါကြောင်း၊ အမှားအမှန် ခွဲခြားရန် ခဲယဉ်းသည့် အမှုမျိုးအား တရားတဘောင် ရင်ဆိုင်ရသည့် အခါမှသာ မျက်မြင်သက်သေများကို တရားရုံးသို့ တစ်ကြိမ်မျှ ရုံးချိန်း ခေါ်ကြောင်း၊ သို့သော်လည်း ထိုကဲ့သို့ သက်သေကို ရုံးခေါ်သည့်ကိစ္စများမှာ ရှားပါးလှသည်ဟု မန္တလေးမြို့ ကိုးလုံးတကာ ယာဉ်ထိန်းရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက ပြောသည်။

“ဒဏ်ရာ မကြီးကျယ်ဘူးဆိုရင်တော့ တာဝန်ရှိသူ တစ်ဦးဦး လာတဲ့အထိ စောင့်ပေးသင့်ပါတယ်။ ဒဏ်ရာက သွေးထွက် အရမ်းလွန်နေပြီး ဆေးရုံကို အမြန်ဆုံးပို့သင့်တဲ့ အခြေအနေဆိုရင်တော့ ကျွန်တော်တို့ကို ဖုန်းဆက် အကြောင်းကြားပြီး လူနာတင်ကားနဲ့ ပို့သင့်ပါတယ်။ အခင်းဖြစ်နေရာကို ဓာတ်ပုံလေး ရိုက်ထားနိုင်ရင်တော့ ပိုကောင်းတာပေါ့”ဟု ၄င်းအရာရှိမှ အကြံပြုသည်။

ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းကျန်းမာရေး ဦးစီးဌာနအောက်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းများတွင် စစ်ဆေး ကုသပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပို့ဆောင်ပေးရပါကြောင်း၊ အရေးပေါ် အခြေအနေများတွင် ရဲတပ်ဖွဲ့ဝင်များ မရောက်ရှိသေးမီမှာ လူနာ၏ အသက်အန္တရာယ် ဘေးကင်းရေး အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင် ကုသပေးရပါကြောင်း၊ ဒဏ်ရာမှာ ကြီးကျယ်ပြီး သေမည်/ ရှင်မည်ကို မသိနိုင်သည့်အခါ လူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ရန်လည်း အခက်အခဲ ရှိသည့်အခါ အခင်းဖြစ်ပွားရာ အရပ်တွင် လက်မှတ်ရ ဆရာဝန် သို့မဟုတ် ကျန်းမာရေးမှူး ရှိလျှင် ၄င်းတို့ကို လူနာအား အရေးပေါ် ကုသပေးရန် တောင်းဆိုရမည်။ ထို့နောက် ယင်းလူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း စသည်တို့ကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းမှ ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကို၏ အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြန်လှန်ဖြေကြားခဲ့ သော်လည်း အပြင်တွင်မူ ထိုသို့ လုပ်ဆောင်ရန် ခဲယဉ်းတုန်းပင် ဖြစ်သည်။

ကိုယ်ရည်သွေးသည်ဟုပြောလျှင် ခံပါမည်။ မိမိအနေဖြင့် ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွင်းမှာပင် ယာဉ်တိုက်မှုဖြစ်ကာ ဒဏ်ရာရနေသော လူများအား ၀င်ရောက် ထူမပေးခြင်း၊ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်း၊ ယာဉ်ထိန်းရဲသို့ ဖုန်းဆက် အကြောင်းကြားပေးခြင်းတို့အား ကြုံလျှင်ကြုံသလို လုပ်ဆောင်ခဲ့သည်မှာ ခြောက်ဦး၊ ခုနစ်ဦးခန့် ရှိလာပြီဖြစ်သည်။ ယနေ့အချိန်ထိ မည်သည့် ယာဉ်ထိန်းရဲကမှ စခန်းသို့ ခေါ်ယူ စစ်ဆေးခြင်းမရှိပါ။ လုပ်ထုံးလုပ် နည်းအတိုင်း မိမိနာမည်၊ လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကိုသာ တောင်းယူခြင်းတော့ ရှိပါသည်။ ကျန်သည့် နောက်ဆက်တွဲ ပြဿနာ အရှုပ်အရှင်း ဘာတစ်ခုမှ မကြုံရသေးပါချေ။ ၀န်ခံရလျှင် မိမိကြောင့်လည်း ဆိုင်ကယ်တိုက် ခံရသည့် လူနာတစ်ဦး ပိုက်ဆံအိတ် ပျောက်ဖူးပါသည်။ သို့သော်လည်း ယင်းလူနာ သတိရလာသောအခါ မိမိကို အပြစ်လုံးဝမဆိုပါ။ သူ့အသက်ရှင်သည့် အတွက်သာ ထပ်ခါ ထပ်ခါ ကျေးဇူးတင် စကားဆိုပါသည်။

သေချာ စဉ်းစားကြည့်လျှင် မည်သူမဆို ပစ္စည်းပစ္စယထက် သူ့အသက်ကိုသာ နှမြောမည် ဖြစ်ပါသည်။ စေတနာ အရိုးခံဖြင့် ကူညီသောကြောင့် တစ်စုံတစ်ခု လွဲချော်သွားလျှင်လည်း ပစ်ပစ်ခါခါပြောမည် မဟုတ်ပါ။ မိမိကတော့ ရှင်းသည်။ ပြောလျှင်လည်း ခေါင်းငုံ့ခံပါမည်။ ထိုကဲ့သို့ အပြောခံရခြင်းထက် အသက်တစ်ချောင်း ကယ်လိုက်ရသော ကုသိုလ်အကျိုးကို ဗုဒ္ဓဘာသာ တစ်ဦးပီပီ ပိုတန်ဖိုးထားပါသည်။ တကယ်တော့ သူ့အနေဖြင့်လည်း ယခုကဲ့သို့ ကူညီခဲ့သည်မှာ သိပ်တော့ မကြာသေးပါ။ သူနှင့် ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး ယမန်နှစ် ၀ါဆိုလပြည့်နေ့တွင် ပြင်ဦးလွင် ခြောက်ထပ်ကွေ့ အနီး၌ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ရာမှ သွေးလွန်ကာ သေဆုံးရှာသည်။ အသက် ၂၀ကျော်သာ ရှိသေးသည့် တက္ကသိုလ် ကျောင်းသား လူငယ်တစ်ဦး ဖြစ်ပါသည်။ ယင်းနေ့တွင် မန္တလေး-ပြင်ဦးလွင် လမ်းတစ်လျှောက် သွားလာနေသည့် ဆိုင်ကယ်၊ ကားအစင်းများစွာ ရှိသော်လည်း တာဝန်သိသိဖြင့် ၀င်ရောက် ကူညီကာ ဆေးရုံပို့ပေးမည့် ပြည်သူ တစ်ဦးရဖို့ အတွက် အချိန်များစွာ စောင့်လိုက်ရသောကြောင့် ယခုကဲ့သို့ ကြွေလွင့်သွားရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ကြုံတွေ့ရပြီးနောက် မိမိသူငယ်ချင်းကဲ့သို့ အဖြစ်ဆိုးများ အခြားလူများလည်း မကြုံတွေ့စေချင်သော စေတနာဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ စာရှုသူများကိုလည်း တစ်ခု တောင်းဆိုချင်ပါသည်။ ဟုတ်ကဲ့...ကျေးဇူးပြု၍ ပစ်မထားပါ နှင့်ခင်ဗျား...။ ။

ဖိုးစမ်းချောင်း(GG)

http://tomorrow.com.mm/?q=articles%2F703



ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်။



ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန်အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

News Eleven

သင့်ရဲ့လက်ကိုင်ဖုန်းကြောင့် သင်တို့ရဲ့ချစ်သူဘဝ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာများ


လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို  စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Ref:seventeen.com

Trend Myanmar

ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များနှင့် နိုင်ငံတော်သမ္မတ ပထမဆုံးအကြိမ် တွေ့ဆုံမည်


သမ္မတသက်တမ်း သုံး နှစ်ကျော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် ဇူ လိုင် ၁၂ ရက်တွင် အနုပညာရှင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက အနုပညာအသိုင်း အ၀ိုင်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခွင့် တောင်းထားသော် လည်း မည်သို့မျှ အကြောင်းမ ပြန်ခဲ့ပေ။ ယခုအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင် လှုပ်ရှားနေသည့် ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးမှုများ အရှိန်မြင့်လာ ချိန်တွင်မှ သမ္မတက တွေ့ဆုံရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု သရုပ်ဆောင်ဇာဂနာက ဆို သည်။

 ‘‘ဒီမနက်မှာ  သမ္မတက နောက်အပတ် စနေနေ့ (ဇူလိုင် ၁၂)မှာ တွေ့ခွင့်ပြုမယ်လို့ ပြော ပါတယ်။ ကိုလူမင်းတို့ဆို သုံးလပိုင်းကတည်းက စာတင်ထားတာ။ တွေ့မယ့်တွေ့တော့ ရုပ်ရှင်တစ် ခုတည်း မဟုတ်ဘဲ ဂီတနဲ့ သဘင်ကိုပါ တွေ့ဖို့စီစဉ်လိုက်တာ။ သမ္မတတက်လာပြီးတည်းက အနုပညာသမားတွေဟာ အခက်အခဲတွေ၊ ပြောချင်တာတွေတစ် ခုမှ တွေ့ပြီး ပြောခွင့်မရသေးဘူး။ အခု ၄၃၆ ကိစ္စကလည်း ရှိနေတော့ကဲ . . . မင်းတို့ဘာရင်ဖွင့်ကြမလဲ ဆိုပြီး သူ့ဘက်ဆွဲခေါ်ချင်လို့ တွေ့ ခွင့်ပေးတာလို့ ကျွန်တော်ထင် တယ်’’ဟု ဇာဂနာကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းနှင့် မြန်မာ့ငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှစ်နေရာအနက် အဆင်ပြေသည့် နေရာတွင် တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် လက်ထက်အ တွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပ ညာရှင်များသည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်ခြံဝင်းအတွင်း နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်ဆန္ဒရှိသည့် ပညာရေး၊ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲများတွင် အနုပညာရှင် များက၀န်းရံခဲ့သည်။

အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လက်မှတ်ရေးထိုးလှုပ် ရှားမှုတွင် အနုပညာရှင်များ ပါဝင်လက်မှတ်ရေးထိုးသည့် ပုံရိပ်များ အွန်လိုင်း စာမျက်နှာများ တွင် နေရာယူခဲ့ပြီး လက်မှတ်ရေး ထိုးသူပေါင်း သုံးသန်းကျော်ရရှိ ထားသည်ဟု NLD က ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ရန်ကုန်တွင် အနုပညာရှင်များနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

7day daily

ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် မြန်မာအဆင့် ၁၂ ၌ ရပ်တည်


ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ်ကွာခြားနေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နိုင်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

‘‘အစိုးရသစ်လက်ထက်မှာ လည်း ဘာမှပြောင်းလဲ မလာဘူး။ အားမနာတမ်းပြောရရင် ပိုဆိုး လာသလိုပဲ။ လှိုင်သာယာလို နေ ရာမျိုးသွားကြည့်ရင် အလုပ်သ မားတွေ အလုပ်ရဖို့ ထိုင်စောင့်နေ ကြတယ်။ နေ့စားအလုပ်သမား တွေ အရမ်းပိုများလာတယ်။ အဲ ဒါကောင်းတဲ့ လက္ခဏာမဟုတ် ဘူး။ အဓိက အချက်ကတော့ ပညာရေးနိမ့်ကျသွားတဲ့အတွက် တိုင်းပြည်နိမ့်ကျသွားတာပါပဲ’’ ဟု စီးပွားရေးအကြံပေးပညာရှင် ဦးရဲမြင့် (စွန့်ဦးတီထွင်) က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံ၏ နှစ် စဉ် GDP သည် ၂၀၁၀ပြည့်နှစ်မှစ၍ မြင့်တက်လာခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုးတက်ကြီးထွားမှု အတက်၊ အကျမရှိ ပုံမှန်အတိုင်းဖြစ်တည်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

သမ္မတဦးသိန်းစိန်၏ စီးပွား ရေးနှင့် လူမှုရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အထိ ၀င်ငွေနိမ့်ကျသော နိုင်ငံများစာရင်းတွင် ပါဝင်နေဦးမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား များ၏ တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုသည် အိမ်နီးချင်း နိုင်ငံများထက် နိမ့်ကျနေသကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တွင်လည်း အိမ်နီးချင်းနိုင်ငံများ ထက် လျော့ကျနေသည်။

ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့အချမ်း သာဆုံး ထိပ်တန်းနိုင်ငံများနေရာ တွင် လူဇင်ဘတ်၊ နော်ဝေး၊ ကာတာ၊ မကာအို၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ စင်ကာပူ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အစဉ်အတိုင်း ရပ်တည်နေသည်။

7day daily

ယုံကြည်မှုရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် မြင်တွေ့စေချင်တဲ့အေးချမ်းမိုး


ရဲရင့်မင်းခန့်၊ ရန်ကုန်၊ ဇူလိုင်-၅

မော်ဒယ်လ်၊ အစီအစဉ်တင်ဆက်သူ၊ ဇာတ်လမ်းတွဲလည်း ရိုက်ကူး နေတဲ့ အေးချမ်းမိုးကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့
မိန်းမတစ်ယောက် အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။
'အစ်မက ဇာတ်လမ်းတိုတွေမှာ သရုပ်ဆောင်ဖူးတယ်။ ပညာပေး
ကားတွေသရုပ်ဆောင်ဖူးတယ်။ သရုပ်ဆောင်မှုတိုင်းတော့ ကိုယ့်
ကိုယ်ကိုယ် အားရတယ်လို့မရှိပါဘူး။ သင်ယူမှုတွေအများကြီး လိုသေးတယ်။အတွေ့အကြုံတွေ အများကြီးလိုသေးတယ်'
လို့ သူကဆိုပါတယ်။ သရုပ် ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ အေးချမ်းမိုးက လက်ရှိမှာတော့ကျောင်းတက် ရင်း တခြားအနုပညာနဲ့ဆက်စပ်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်နေပါတယ်။

'အစ်မ အခုလက်ရှိကတော့ ကျောင်းတက်ရင်းနဲ့ အစီအစဉ်တင် ဆက်သူအဖြစ်လုပ်နေတယ်။နောက်ပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ပေးနေတယ်။ အစီအစဉ်တင်ဆက်သူလုပ်ဖြစ်တဲ့အကြောင်း
ကတော့ အစ်မဆရာမတီချယ်မိုးက ဒီလောကထဲကို ဆွဲခေါ်လာတာပါ'ဟု
မော်ဒယ်လ်သရုပ်ဆောင် အေးချမ်းမိုးက ပြောသည်။

အစီအစဉ်တင်ဆက်သူအဖြစ် သင်တန်းတက်ထားတာမရှိပေမယ့် မတင်မိုး
လွင်ရဲ့သင်ပြမှုတွေနဲ့ ဆက်လုပ်ဖြစ်တာလို့ဆိုပါတယ်။ အနုပညာ အလုပ်
တွေက သူ့အတွက်တော့ ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ အဆင့်တွေ ဖြစ်တယ်
လို့ ဆိုပါတယ်။

'အစ်မမော်ဒယ်လ်အလုပ်လုပ်ချင်တုန်းကလည်း မော်ဒယ်လ် အလုပ်က အရမ်းခက်ခဲတယ်။ Miss ပြိုင်ပွဲတွေဝင်ပြိုင်တဲ့အခါ အဆင်မပြေဘူး။ ကိုယ့်မှာလိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ကိုယ့်ရဲ့လိုအပ်ချက်တွေ ပြင်ရင်းပြင်ရင်းနဲ့နောက်ပိုင်း Miss ဆုတွေရ လာတယ်'လို့ ဆိုပါတယ်။ အစီအစဉ်တင်ဆက်သူဖြစ်လာဖို့ကလည်း
သူ့အတွက် အတော်လေးကြိုးစားခဲ့ရတယ်လို့ အေးချမ်းမိုးက
ဆိုခဲ့ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မန္တလေးမြို့အခြေအနေ ပြန်လည်တည်ငြိမ်စပြု ၁၆ ဦးကို ဖမ်းဆီးထားသော်လည်း လူသတ်မှု ကျူးလွန်သူများ ဖမ်းမမိသေး


ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများ ဖြစ်ပေါ်နေသော မန္တလေးမြို့တွင် ဇူလိုင် ၄ ရက်ည မှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွား မှုမရှိတော့ဘဲ ပြန်လည်တည်ငြိမ် စပြုလာပြီဖြစ်သည်။

ဇူလိုင် ၄ ရက်ညမှ စတင် ၍ ဇူလိုင် ၅ ရက် တစ်ရက်လုံး အုပ်စုဖွဲ့အကြမ်းဖက်သည့် ထူး ခြားဖြစ်စဉ်များ ဖြစ်ပွားမှုမရှိတော့ ဘဲ အခြေအနေ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

‘‘အခုလက်ရှိအနေအထား အတိုင်း ပြောပါမယ်။ ဒါ ကျွန် တော်တို့ ရရှိထားတဲ့ အခြေအနေ ကတော့ ထိန်းနိုင်တယ်လို့ ယူဆ လို့ရပါတယ်’’ ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ဇူလိုင် ၅ ရက် တစ်နေ့လုံး မန္တလေးမြို့တွင် အေးအေးချမ်း ချမ်းရှိနေပြီး ဈေးများ၊ ကျောင်း များ ပုံမှန်အတိုင်း ဖွင့်လှစ်ထား ကြောင်း၊ အုပ်စုဖွဲ့အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့သော မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အနောက် ခြမ်းရှိ နေရာများနှင့် ဈေးချိုတော် အနီးတစ်ဝိုက်တွင်လည်း အစ္စ လာမ်ဘာသာဝင်များ၏ ဈေးဆိုင် အချို့မှလွဲ၍ ပုံမှန်အတိုင်းသွား လာလှုပ်ရှားမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

‘‘ဈေးပိတ်လိုက်ရတဲ့အထိ မဖြစ်ပေမယ့် လူက တော်တော် ကျဲသွားတယ်။ နယ်တွေကလည်း ကောလာဟလတွေကြောင့် မ လာကြဘူး။ အရင်ကတည်းက အရောင်းအဝယ်အေးနေတာ။ အ ခုလို ဖြစ်လိုက်တော့ ပိုဆိုးသွား တယ်။ ဈေးချိုတော်ကတော့ အစ ကနေ ပြန်စရမယ့် အခြေအနေရှိ တယ်’’ဟု မန္တလေးဈေးချိုတော်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

အနည်းငယ်တည်ငြိမ်မှု ရှိ လာပြီဆိုသော်လည်း အစ္စလာမ် ဘာသာဝင်အများစုမှာ စိုးရိမ်နေ ဆဲဖြစ်ပြီး အချို့မှာ ပြင်ဦးလွင်မြို့ အပါအဝင် နီးစပ်ရာမြို့များသို့ သွားရောက်နေထိုင်မှုများ ရှိနေ သည်ဟု သတင်းရရှိသည်။

မန္တလေးမြို့အနှံ့တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် နေပြီး ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ည ၉ နာရီမှ နံ နက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည်။

ရက်အကန့်အသတ်မရှိ ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း မြို့၏ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်သုံးသပ်ကာ ပြန်လည်ရုပ် သိမ်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

 သို့သော်လည်း အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့သူများကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး’’ ဟု ဝန်ကြီးချုပ်ကပြောပြီး အုပ်စု ဖွဲ့ လူသတ်မှုကျူးလွန်သူများအား ဖြစ်နိုင်ခြေ အနေအထား၊ ဆက် စပ်သတင်းများအပေါ် အခြေခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးစား ဆဲဖြစ်သည်ဟု ပြောသည်။ အုပ်စု ဖွဲ့သတ်ဖြတ်ခံရသူ ကိုထွန်းထွန်း နှင့်အတူ ဆိုင်ကယ်အတူစီးပြီး အ သက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကိုထွေး (ခ) ကိုသိန်းနိုင်ထွေး မျက်မြင်သက်သေရှိသော်လည်း အ ခင်းဖြစ်ပွားပြီး သုံးရက်ကြာသည့် တိုင် တရားခံမဖော်ထုတ်နိုင်သေး ဟုဆိုသည်။

မန္တလေးအဓိကရုဏ်းဖြစ်စဉ် များအပေါ် အစိုးရအဖွဲ့၏ ကိုင် တွယ်မှုနှင့် အရေးယူမှုတွင် အားနည်းချက်များစွာ ရှိနေသည် ဟု မြို့ခံအချို့က ဝေဖန်သည်။ အုပ်စုဖွဲ့ အကြမ်းဖက်သူများကို ထိ ထိရောက်ရောက် ဖမ်းဆီးအရေး ယူစေလိုကြပြီး ထိုသို့လုပ်ဆောင် မှသာ နောင်တွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ ရှောင်ကြဉ်ပြီးမြို့တည်ငြိမ်မည်ဟု မြို့ခံများက ပြောသည်။

7day daily

အင်တာနက်စာမျက်နှာပေါ်က အာရုံစိုက်စရာ လူသားဘာဘီအရုပ် မလေး အလီနာ



စံနဒီ ၊

လူသားဘာဘီရုပ်လေးအဖြစ် နာမည်ကျော်ခဲ့တဲ့ ၂၈နှစ်အရွယ် ယူကရိန်းအမျိုးသမီးလေးဗယ်လ်ဘာရီယာရဲ့လူသားဘာဘီရုပ်
ကလေးဆိုတဲ့ဂုဏ်ပုဒ်ကို သူ့ရဲ့ညီမငယ်လေးဖြစ်တဲ့ အလီနာ ကိုဗက်စကေယာက သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။ အသက်
၂၁နှစ်သာရှိသေးတဲ့အလီနာကို အင်တာနက်စာမျက်နှာပေါ်ကနေ စိတ်ဝင်စားသူတွေ များပြားလျက်ရှိပါတယ်။ အလီနာဟာ အင်တာနက်စာမျက်နှာပေါ်က အာရုံစိုက်စရာ လူသားဘာဘီရုပ်လေး
အဖြစ်နာမည်ကျော် နေပါတယ်။

အလီနာဟာ သူ့အစ်မ ဗယ်လ်ဘာရီယာထက် ဘာဘီရုပ်လေးနဲ့
ပိုတူပါတယ်။ ဒါကြောင့်အလီနာဟာ စကားပြောတတ်တဲ့၊ လမ်းလျှောက်
တတ်တဲ့ သက်ရှိဘာဘီရုပ် လေးအဖြစ်ထင်ရှားလာတာဖြစ်ပါတယ်။
အလီနာရဲ့ ချစ်စဖွယ်လှုပ်ရှားမှုဟန်ပန်ကို ရိုက်ကူးထားတဲ့
ဗီဒီယိုဖိုင်ကလေးကို ၀င်ရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရှိနေပါပြီ။ ရုရှားနိုင်ငံမှာလူသုံးများတဲ့လူမှုကွန်ရက်VK မှာလည်း အလီနာရဲ့ဓာတ်ပုံတွေ၊ အလီနာ တင်တဲ့စာတွေကို ဖတ်ချင်လို့ follow လုပ်သူတွေများပြားနေပါတယ်။

အလီနာဟာ အော်ဒီဆာတက္ကသိုလ်မှာ စိတ်ပညာနဲ့လူမှုလုပ်ငန်းဘာ
သာရပ် အထူးပြုနဲ့ပညာသင်ယူလျက်ရှိပါတယ်။ သူဟာပြီးပြည့်စုံတဲ့ ခင်ပွန်းသည်တစ်ယောက်ကိုရှာဖွေလျက်ရှိပြီး အနာဂတ်မှာ ကလေးနှစ်ယောက်နဲ့ မွေးစားကလေးတစ်ယောက်တို့ကို
စောင့်ရှောက်ချင်တယ်လို့ ဆိုပါတယ်။

အလီနာဟာ ရှည်လျားတဲ့ ရွှေရောင်ခပ်ဖျော့ဖျော့ ဆံကေသာနဲ့
အမြဲတစေတပ်ဆင်လေ့ရှိတဲ့ မျက်ကပ်မှန်ခပ်ကြီးကြီးတို့ကြောင့် ဘာဘီရုပ်အသွင် ပိုပေါက်စေပါတယ်။ အထူးတလည်
ခွဲစိတ်ခံထားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။ ၂၀၁၂ခုနှစ်က
အောင်မြင်ခဲ့တဲ့ လူသားဘာဘီရုပ် ဗယ်လ်ဘာရီယာကတော့ ဘာဘီရုပ်နဲ့တူအောင် ရင်သား၊ ခါးအစရှိတဲ့ ခွဲစိတ်ကုသမှုများစွာ
ခံယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ဗယ်လ်ဘာရီယာကတော့ သူဟာရင်သားခွဲစိတ်မှုတစ်မျိုးသာ ခံယူထားတယ်လို့ ငြင်းဆိုခဲ့ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ

နေ့ခင်း ကြောင်တောင် လော့ကက်မျိုးစုံ ၁၃၀ ကျော် ခိုးယူမှု ဖြစ်ပွား


ကော့ကရိတ် ဇူလိုင် ၅

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်တွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက အမှတ် (၆)ရပ်ကွက် ဈေးကြီးလမ်းရှိ ရွှေလင်းယုန် ရွှေဆိုင်၌ ရွှေထည်ပစ္စည်းများ ခိုးယူခံရကြောင်း သတင်းရရှိသဖြင့် စခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မွန်းတည့် ၁၂ နာရီတွင် မရှုရီ(ခ) မီးမီးသည် မိသားစုပိုင် ရွှေလင်းယုန်ရွှေဆိုင်တွင် ရွှေထည် ပစ္စည်းများ ရောင်းချနေရာ အရပ်မြင့် ခန္ဓာကိုယ်ပိန်ပါး ဆံပင်ရှည် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ဆွဲကြိုး လုပ်မည်ဟု ပြောရာ မရှုရီက ဆွဲကြိုး အမျိုးအစားများကို ပြသခဲ့သည်။ ၎င်းအမည်မသိ အမျိုးသမီးက နားကပ်ကို ပေါင်နှံလိုကြောင်း ပြောသဖြင့် မရှုရီက အပေါင်ခံပြီး ငွေကျပ် ၃ဝဝဝဝ ပေးလိုက်ရာ ၎င်းအမျိုးသမီး ပြန်သွားခဲ့သည်။

ယင်း အမျိုးသမီး ပြန်သွားပြီးနောက် မရှုရီက ၎င်းခင်းကျင်းထားသည့် ရွှေထည် ပစ္စည်းများကို စစ်ဆေးရာ ရွှေထည် ပစ္စည်းများ ထည့်ထားသည့် ကော်ဘူး အဖြူရောင်မှာ ပျောက်ဆုံးနေသဖြင့် ကော့ကရိတ် မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့်အဖွဲ့က လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ရာ နှင်းဆီအေး(ခ)လစီဒါ (၂၇နှစ်) ဘုရင့်နောင်လမ်း အမှတ်(၃) ရပ်ကွက်နေသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းနေအိမ် ခြံဝန်းကို ရှာဖွေခဲ့ရာ နေအိမ်အောက် လွှစာမှုန့်ထဲတွင် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် အဝတ်ထုပ်ကို ရှာဖွေတွေ့ရှိပြီး ၎င်းအ၀တ်ထုတ်ထဲတွင် ဒေါ်ရှုရီ ပျောက်ဆုံး သွားသော ရွှေထည် ပစ္စည်းများ ဖြစ်သည့် လော့ကက် ဆိုက်စုံ ၂၈ စုံ ၂၀ ကျပ်သား ခြောက်ပဲခွဲ (တန်ဖိုးငွေကျပ် ၁၄၃၀၀၀၀)၊ လော့ကက် ပန်းခက်စုံ ၂၂ ခု နှစ်ကျပ် ၁၀ ပဲ (တန်ဖိုးငွေကျပ် ၁၅၇၅၀၀၀)၊ အသည်းပုံ ဆိုက်စုံ ၃၇ ခုနှစ်ကျပ် နှစ်ပဲ လေးရွေး (တန်ဖိုးငွေကျပ် ၁၂၉၃၀၀၀)၊ ကျောက်ဆူးဝါးပုံ လေးထောင့်ပုံ ဆိုက်စုံ ၁၉ ခု တစ်ကျပ် ခြောက်ပဲတစ်ရွေး (တန်ဖိုးငွေကျပ် ၈၃၀၀၀၀)၊ လော့ကက်ထုဝိုင်း ကြီး/ သေး ခြောက်ခု ၁၄ ပဲ ငါးရွေး (တန်ဖိုးငွေကျပ် ၅၅၀၀၀၀)၊ လော့ကက်ကြုတ် ဆိုက်စုံ ၁၄ ခု တစ်ကျပ်သား ရှစ်ပဲခြောက်ရွေး (တန်ဖိုးငွေကျပ် ၉၃၀၀၀၀)၊ လော့ကတ် ကျောက်စုံ ဆွဲပြား ၁၂ ခု နှစ်ကျပ်သား ငါးပဲသုံးရွေး (တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀) စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်ရှစ်သိန်းနှင့် ရှစ်ထောင် ကျပ်ဖိုးကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် ဆက်လက် ရှာဖွေခဲ့ရာ ရွှေထည် ပစ္စည်းများ ထည့်ထားသည့် ကော်ဘူး အဖြူရောင်အခွံကို နှင်းဆီအေး၏ အိမ်နောက်ဖေး ရေစပ်တွင် တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

စားသောက်ဆိုင်မှ စာရင်းကိုင် နိုင်ငံခြားသူအား အဓမ္မပြုရန် ကြံစည်သူကို ဖမ်းဆီးမိ




မေ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်ရှိ VK ဗီယက်နမ် Coffee +
 Fast Food စားသောက်ဆိုင်တွင် ဆိုင်စာရင်းကိုင် နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးကို အမျိုးသား
တစ်ဦးက အဓမ္မ ကြံစည်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ယင်းနေ့၌ ဆိုင်ရှိ စာရင်းကိုင် နိုင်ငံခြားသူကို ဆိုင်တာဝန်ခံ ကိုယ်စားလှယ်က လေအေးစက် ပြုပြင်မည့်သူ ရောက်လာပါက လေအေးစက်များကို ပြသပေးရန် မှာထားမှုကြောင့် ကြားဖြတ် ရောက်လာသူ အမျိုးသားကို လေအေးစက် ပြုပြင်သူဟု ထင်မှတ်ပြီး ဒုတိယ အထပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

၎င်းအမျိုးသားမှာ အမှန်တကယ် ပြုပြင်သူ မဟုတ်ကြောင်း သိလိုက်ရသည့် အတွက် မြေညီထပ်သို့ ပြန်ခေါ်လာစဉ် ထိုအမျိုးသားက နိုင်ငံခြားသူကို နီးရာ အခန်းအတွင်းသို့ တွန်းထိုး ခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။

အမျိုးသမီးက ရုန်းကန်မှုကြောင့် ထိုသူက အနီးရှိကြိတ်သား လျှပ်စစ်မီးဖိုဖြင့် ထုရိုက်ခဲ့ရာ အမျိုးသမီးက ပြန်လည် ခုခံခဲ့သည့် အတွက် အမျိုးသားမှာ ဒဏ်ရာဖြင့် စားသောက်ဆိုင် အတွင်းမှ ထွက်ပြေးသွားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး ဝင်းကြည်၊ ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသင်၊ မြို့မစခန်းမှူး ဒုတိယရဲမှူး တိုးရွှေနှင့်အဖွဲ့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ တာဝန်သိ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အဓမ္မကြံစည်ရန် ကြိုးပမ်းခဲ့သူ လှိုင်သာယာမြို့နယ်နေ ကျော်ကျော်ဦး အသက် (၃၃နှစ်)ကို အင်းစိန်မြို့နယ် အောင်ဆန်း ရပ်ကွက် ကံဦး ဘုန်းတော်ကြီးကျောင်း အနောက်ဘက် ရထားလမ်းပေါ်၌ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ရဲအုပ် အောင်ကိုကိုနှင့် အဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

၎င်းအား ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရန် အတွက် ကြည့်မြင်တိုင်မြို့မ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar

ကျပ် (၆၃)သိန်း တန်ဖိုးရှိ ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိ


သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ရှိ ကမ်းနီးစိန်ပိုက်လုပ်ငန်းရှင် ဦးဖေလှိုင်၏ငါးဖမ်းလှေမှ (၃-၇-၂၀၁၄)ရက်နေ့ ကျိုက္ခမီမီးပြအနီး၊ တပ်မြေမှ (၈)မိုင်ခန့်အကွာတွင်
ကမ်းနီးစိန်ပိုက် (ကက္ကူရံပိုက်) ဖြင့် တန်ဖိုးရှိကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသည်။

ငါး၏အရွယ်အစားမှာအလျား(၄)ပေ၊ အနံ(၁၁)လက်မရှိပြီး အလေးချိန်မှာ(၁၇)ပိဿာ (၅၀) ကျပ်သား ရှိပြီး အဆိုပါ ငါးအား အကောင်လိုက်ရောင်းချခဲ့ရာ ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးခင်ဝင်းမှ တန်ဖိုး ကျပ် (၆၃)သိန်းပေး၍ ၀ယ်ယူခဲ့ကြောင်းသိရှိရပါသည်။

မွေးရေ/ကျေးလက် ၀န်ကြီးဌာန
Government Organization

ဆင်၊ ကြံ၊ ခြင်္သေ့၊ ကျားသစ်၊ မြင်းကျား၊ ကြံ့ဖြူတွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ ၁၉ နှစ်အရွယ် မုဆိုးတစ်ပိုင်း မိန်းမရိုင်း


အေသင်အောင်

အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ်မှာရှိတဲ့ အသက် (၁၉) နှစ်အရွယ် မိန်းမမုဆိုး တစ်ဦးရဲ့ လုပ်ရပ်ကို တိရိစ္ဆာန်ချစ်တဲ့ အဖွဲ့အစည်း တွေက ဝေဖန် ကန့်ကွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကင်ဒဲလ်ဂျုံးစ်ဟာ အသက်သာ ငယ်ပေမယ့် အာဖရိကတိုက် တစ်လွှား သွားရောက်ပြီး တောရဲ တိရိစ္ဆာန်တွေကို သတ်ဖြတ်မှု ပြုလုပ်ခဲ့ပါ တယ်။ ကင်ဒဲလ်ဂျုံးစ် သတ်ဖြတ်ခဲ့တဲ့ သားရဲ တိရိစ္ဆာန်တွေထဲမှာ ရှားပါးသတ္တ၀ါတွေ ပါဝင်ခဲ့တာမို့ တိရိစ္ဆာန်ချစ်သူတွေက ဒေါသထွက်ခဲ့ပါတယ်။ အထူးသဖြင့် ကင်ဒဲလ်ဂျုံးစ်ဟာ တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီးတဲ့ နောက်မှာ ဓာတ်ပုံ အတူတွဲရိုက်မှုပြု လုပ်ပြီး Facebook မှာ လွှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်ချစ်သူတွေကဒီ Facebook အကောင့် ကို ဖျက်သိမ်းဖို့ အွန်းလိုင်းပေါ် မှာ ဆန္ဒမဲ ကောက်ခံခဲ့ရာ တစ်ပတ်အတွင်း ဆန္ဒပြုသူ (၄၀၀၀၀) ကျော် ရှိခဲ့ပါတယ်။ ကင်ဒဲလ်ဂျုံးစ်ဟာ အားကစားပြိုင်ပွဲ တွေမှာ အက တင်ဆက်သူအဖြစ် ဆောင်ရွက်နေပေမယ့် နှလုံးသားက မာကျောပါတယ်။ သူဟာ ရုပ်သံအစီအစဉ် တစ်ခုဖန်တီးဖို့ မှတ်တမ်းတင်ရိုက်ကူးမှုတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ သူသတ်ဖြတ်ခဲ့တဲ့ သားရဲတိရိစ္ဆာန်တွေမှာ ဆင်၊ ကြံ၊ ခြင်္သေ့၊ ကျားသစ်၊ မြင်းကျားတွေ ပါဝင်ပြီး ရှားပါး စာရင်းဝင် ကြံဖြူကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဝေဖန် ခဲ့ကြပါတယ်။ ကင်ဒဲလ်ဂျုံးစ်က သူ့ရဲ့လုပ်ရပ်က မျှတမှု ရှိတယ်လို့ ပြောကြားခဲ့ခြင်းကြောင့် တိရိစ္ဆာန်ချစ်သူတွေ အတွက် ပိုဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကင်ဒဲလ်ဂျုံးစ်ကို အာဖရိကသွားရောက်ခွင့် ပိတ်ပင်ဖို့လည်း ၀ိုင်းဝန်းတောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

The Messenger

ပြင်သစ်တောင်ပိုင်းတွင် မိဘတစ်ဦးက ကလေးငယ်များ ရှေ့တွင်ပင် ဆရာမကို ဓားဖြင့်ထိုးသတ်

photo - internet


ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ကျောင်းသားမိဘ တစ်ဦးက ဆရာမ တစ်ဦးကို ကျောင်းသူကျောင်းသား ကလေးငယ်များ ရှေ့မှောက်တွင်ပင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

အသက်(၃၄)နှစ်ရှိ ဖေဘီယန်နီ တာရဲလ်ကဲလ်မက်စ်သည် အယ်လ်ဘီမြို့ရှိ Edouard Herriot မူလတန်းကျောင်းတွင် ဇူလိုင်(၄)ရက် နံနက်ပိုင်းက တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်။ အသက်(၄၈)နှစ်ရှိ သံသယ တရားခံကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း သူမ၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲများက ဆိုသည်။

ပညာရေးဝန်ကြီး ဘင်နွိုက်ဟေမွန်က သံသယ တရားခံ အမျိုးသမီးသည် ပြင်းထန်သော စိတ်ကစဥ့်ကလျား အခြေအနေမျိုး ကြုံနေရသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ ကျောင်းဆရာမ ကဲလ်မက်စ်ကို ဓားဖြင့်ထိုးရသည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။

အဆိုပါ အမျိုးသမီးသည် အသက်(၅)နှစ်၊ သို့မဟုတ် (၆)နှစ်မျှသာ ရှိသေးသည့် သမီးဖြစ်သူကို ခေါ်ဆောင်လာကာ ကျောင်းသို့ ရောက်လာသည်။ ထို့နောက်တွင်မူ ရှည်လျားချွန်မြသည့် ဓားတစ်လက်ကို ထုတ်ကာ ကဲလ်မက်စ်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သံသယ တရားခံ၏ အမည်ကိုမူ ပြင်သစ်သတင်းဌာနများက မဖော်ပြခဲ့ချေ။

ကဲလ်မက်စ် ကိုယ်တိုင်မှာလည်း ကလေးနှစ်ဦး၏ မိခင်ဖြစ်ပြီး အသက်(၅)နှစ်ဝန်းကျင် မူလတန်း ကျောင်းသူ ကျောင်းသားလေးများကို ပညာသင်ကြားပေးနေသည်။ သံသယ တရားခံ အမျိုးသမီးသည် ကဲလ်မက်စ်ကို ဓားဖြင့်မထိုးမီ “ငါက သူခိုးမဟုတ်ဘူး”ဟု စူးစူးဝါးဝါး အော်ဟစ်ခဲ့ကြောင်း မျက်မြင်အချို့၏ အဆိုကို ကိုးကားပြီး သတင်းများက ဖော်ပြခဲ့သည်။

ကဲလ်မက်စ်သည် ရင်ဘတ် (သို့မဟုတ်) ဝမ်းဗိုက်တွင် ထိထိမိမိ ဓားဖြင့် တစ်ချက်ထိုးခံခဲ့ရပြီး သတင်းဌာနများ၏ ဖော်ပြမှုမှာ ကွဲလွဲချက်များ ရှိနေသည်။ သံသယ တရားခံသည် သမီးငယ်ကို စောင့်ရှောက်မှုပိုင်း ပျက်ကွက်မှုများကြောင့် ရဲမှတ်တမ်းတွင် ဖော်ပြခံရဖူးသူ တစ်ဦးဟုလည်း သိရသည်။


Credit: 7day news

ရှမ်းထမင်းချဉ် လုပ်စားရအောင်နော်



ဒီတခါ ထမင်းရော၊ အသားရော၊ ဟင်းသီးဟင်းရွက်ပါ ပါတဲ့ ရှမ်းထမင်းချဉ်
လုပ်စားရအောင်။
လိုအပ်တာတွေကတော့
ငါး
ခရမ်းချဉ်သီး
ငရုပ်ဆီ
ငရုပ်သီးအခြောက်တောင့်
ကြက်သွန်ဖြူ ဆီချက်
ငံပြာရည်
နံနံပင်
သံပုရာသီး
Knorr ကြက်သားအမှုန့် (သို့) Knorr ကြက်သား အတုံး
ထမင်းဖြူ တို့ဖြစ်ပါတယ်။

အရင်ဆုံးထမင်းကိုချက်ပါတယ်၊ ထမင်းချက်နေတုန်းမှာပဲ ထမင်းကျက်ရင် ရောရမယ့်
လိုအပ်တဲ့ အဆာတွေကိုအသင့်ပြင်ထားရပါမယ်။
ခရမ်းချဉ်သီး (အလုံးကြီး)လေးငါးလုံးလောက် ပြုတ်ထားရပါမယ်။ ခရမ်းချဉ်သီး အခွံလေးတွေအက်လာရင် ချလို့ ရပါပြီ။ နည်းနည်းအေးအောင် စောင့်ပြီး ခရမ်းချဉ်သီး အခွံတွေခွာရပါမယ်။ ခရမ်းချဉ်သီး အစေ့တွေပါ ထုတ်ပစ်ရပါတယ်။ ခရမ်းချဉ်သီးကို နည်းနည်းထပ်ချေ
လိုက်ပါနော်။

ငါးကို ဂျင်း၊ ဆား နဲနဲ နဲ့ ပြုတ်ရပါမယ်။ ငါး ကျက်တာနဲ့ အအေးခံပြီး အရိုးများထွင်းပြီး အသား
များကိုချေထားပါ။

ကြက်သွန်ဖြူ ကိုအ၀ိုင်းလေးတွေလှီးပြီး ဆီချက် ချက်ထားရပါမယ်။
အဲဒီအတိုင်းပဲ ငရုပ်ဆီ ဆီချက်ကို ငရုပ်သီးအရောင်တင်မှုန့်နဲ့ချက်ပါ။
မီးသိပ်မပြင်းဖို့ နဲ့ ငရုပ်သီးမှုန့် မကျွမ်းသွားအောင် ဂရုပြုရပါမယ်။
အားလုံးအဆင်သင့်ဖြစ်နေလောက်ရင် စနယ်လို့ရပါပြီ။
ယောင်းမ ၊ဒါမှမဟုတ် ဇွန်း ကိုသုံးလို့ရပါတယ်။

အရေးအကြီးဆုံးကတော့ ထမင်း ပူနေတုန်း နယ်ရမှာပါ။ ထမင်းကျက်တာနဲ့
ထမင်းကို ဖွပေးပါ။ထမင်း ပူနေတုန်း အငွေ့ထောင်းထောင်း ထနေတုန်းမှာ
နယ်ရမှာဖြစ်ပါတယ်။
စောစောက ချေထားတဲ့ ငါး နဲ့ ခရမ်းချဉ်သီး ကိုထည့်ရပါမယ်။
တဆက်တည်း ငရုပ်သီးဆီချက်ကိုပါထည့်ပါ။
ကြက်သားအမှုန့် ထည့်ပါ။
ထမင်း ကို အဆာတွေနဲ့သမအောင် နယ်ပါ။ အပေါ့အငံ မြည်းရင်း လိုအပ်ရင် ဆား
နဲနဲထည့်ပါ။ ထမင်းတွေ ပုံစံခွက်ထဲထည့်လို့ ရလောက်အောင်စီးကပ်လာပါလိမ့်မယ်။

ပြီးတာနဲ့ မိမိလိုချင်တဲ့ ပုံစံခွက် ထဲကို ထမင်းကိုထည့်ပါ။
များသောအားဖြင့် ဟင်းချိုခွက်လေးတွေထဲထည့်တတ်ကြပါတယ်။
ထမင်းကိုအတင်းဖိပြီးမထည့်ပါနဲ့နော်၊ အသာအရာထည့်ပြီးတာနဲ့ ပန်းကန်းကြီးကြီး ၊
ဒါမှမဟုတ် လင်ပန်း ကိုရေခြောက်နေအောင် သုတ်ပြီး အပေါ်ကနေ ပုံစံခွက်ကို
မှောက်ချပါ။

အသာအရာ မ လိုက်ပါ။ လှလှပပ ရှမ်းထမင်းချဉ် လေးထွက်လာပါလိမ့်မယ်။
ထမင်းတွေကုန်တဲ့အထိ ပုံသွင်းပါနော်။

စားခါနီးမှာ ထမင်းပုံလေးတွေပေါ်မှာ နံနံပင်၊ ငရုပ်သီးခြောက်ကျော်၊ ကြက်သွန်ဖြု
ဆီချက် တိုနဲ့ပြင်ဆင် စားသုံးနိုင်ပါတယ်။ အအီပြေအနေနဲ့ ထမင်း ပေါ်မှာ သံပုရာသီးညစ်
ပြီးပေါ့နေရင် ငံပြာရည်စတာတွေ သင့်သလို ထည့်ပြီး တော့လဲစားသုံးနိုင်ပါတယ်။

ရှမ်းထမင်းချဉ် နဲ့ အတူ တွဲဖက် စားသုံးဖို့လိုက်ဖက်တဲ့ အမယ်များကတော့
ရှမ်းချဉ်၊ ဂျုးမြစ်ကြော် နဲ ပဲပုပ်ကြော် ၊ ငရုပ်သီးကြော် နဲ့ ရေနွေးခြမ်းတို့ပဲဖြစ်ပါတယ်။


Credit: smokenspice

တားဆေး အားကိုးနဲ့ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူများ




တစ်ခါက အွန်လိုင်း အကူအညီ တောင်းခံသူတွေ အမေးများတဲ့ ဆေးဝါးတွေကို လေ့လာ ဖူးတယ်။ အမေး အများဆုံး ဆေးဝါးတွေကို စာရင်း ချကြည့်တဲ့အခါ-
၁။ အဆီကျဆေး၊ ပိန်ဆေး၊
၂။ အသားလှဆေး၊
၃။ တားဆေး၊
၎။ ကိုယ်ဝန်ဖျက်ဆေး၊
၅။ အမျိုးသားအားဆေး၊
ဆိုပြီး တွေ့ရပါတယ်။ ရှေ့ဆုံး သုံးခုက အမျိုးသမီးတွေ အမေး အများဆုံး မေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ခုက အမျိုးသားတွေ အမေးများတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ မြန်မာနိုင်ငံမှာ မလိုအပ်ဘဲ ကိုယ်ဝန်ဖျက်ချ ပေးဖို့ ဥပဒေပြဋ္ဌာန်း ထားတာ မရှိသေးဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်သူ ဦးရေဟာ လျော့ပါး မသွားဘဲ ပိုများ လာပါတယ်။ ကြားထဲမှာ အလုပ် ဖြစ်သူတွေက အရပ် လက်သည်တွေ၊ ရမ်းကုတွေ ဖြစ်ပါတယ်။

လူနာတွေလဲ နေ့စဉ်ပေါများ လျက်ပဲ။ အလုပ်ရှုပ် သူတွေက ဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေ ဖြစ်ပါတယ်။ ဖြစ်သလို ဖျက်ချပြီး မရှူနိုင်၊ မကယ်နိုင် ဖြစ်လာတဲ့အခါ ဆေးရုံ ရောက်လာ ပါတယ်။ ဆရာဝန် လဲ လူမို့ စိတ်တိုတတ် လာပါတယ်။ အစကတည်းက မယူနိုင်ရင် အတူမနေနဲ့ ဆိုတဲ့ ခံယူချက်မျိုး ဆရာဝန် အများစုမှာ ရှိပါတယ်။ ပြဿနာက လူတွေရဲ့ ခံယူချက်နဲ့ အသိအမြင် နည်းပါးမှုပါ။ တချို့ကလဲ အရေးပေါ် တားဆေး အားကိုးနဲ့ မိုက်ရဲတယ်။ ဖြစ်လာရင် ရှင်းလင်းရဲ သူတွေလဲ ဖြစ်ကြတယ်။ ကိုယ်မကြိုက်လို့ ကိုယ်ဖျက်တာ ဘာဖြစ်သလဲ။ ဒီမိုကရေစီ ခေတ်ရောက်နေပြီ ဆိုသူတွေလဲ ရှိပါတယ်။ မှန်တာ၊ မှားတာတွေ က အဓိက မကျပါ။ အမြင် နှစ်ဖက်ရဲ့ မတူညီတဲ့ လားရာတွေကို ထောက်ပြ ဝေဖန်တာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်တဲ့ ပြဿနာက နက်နဲလွန်း ပါတယ်။ ကိုင်တွယ်ရ ခက်တယ်။ ဘယ်ရှုထောင့်က ကြည့်သလဲပေါ် မူတည်ပါတယ်။ ဆေးပညာ ရှုထောင့်က ကြည့်မှာလား။ ဘာသာရေး ရှုထောင့်ကလား၊ လူမှုရေး ရှုထောင့် ကလား။ ဒီကြားထဲမှာ စီးပွားရေး အခြေအနေ ဆိုတာလဲ ပါသေးပါတယ်။ ရှုထောင့် အမျိုးမျိုးက ကြည့်တာ ဖြစ်လို့ အယူအဆ တွေ ကွဲပြားသွား ပါတယ်။ နောက်ဆုံးတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အတိုင်းပဲ လုပ်ဆောင် ရပါတယ်။ ဆရာဝန် တွေမှာ ethic ခေါ်တဲ့ ကျင့်ဝတ်ကို လိုက်နာရတဲ့ အပိုင်းတွေ ရှိပါတယ်။ မလိုအပ်ဘဲ ကိုယ်ဝန် မဖျက်ရဘူး။ ဘာသာရေး ရှုထောင့်က ကြည့်ရင်လဲ အလားတူ ပါပဲ။ အသက် တစ်ချောင်း ဖြစ်လို့ ပါဏာတိပါတာကံ ကျူးလွန်ရာ ရောက်ပါတယ်။ တရုတ်နိုင်ငံ ကတော့ လူမှုရေးနဲ့ စီးပွားရေး ရှုထောင့်က ကြည့်ပြီး ကလေး တစ်ယောက်ထက် ပိုမယူရ ဆိုတဲ့ စည်းကမ်း သတ်မှတ် လိုက်တယ်။ ကိုယ်ဝန် ဖျက်ခိုင်းတာ မဟုတ်ပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့တော့ ဟုတ်တယ်။

သူတို့လူမျိုးမှာ အမျိုးသားရဲ့ မျိုးရိုးက အရေးကြီးတယ်။ အမျိုးသား ဖြစ်သူရဲ့ မျိုးရိုးစဉ်လာ ဆက်ခံ ရတာကြောင့် တစ်အိမ်ထောင် တစ်ယောက် စည်းကမ်းအရ ကိုယ်ဝန် ဖျက်ချသူ ဦးရေ အပေါများဆုံး နိုင်ငံ ဖြစ်လာ ပါတယ်။ မြန်မာနိုင်ငံက အခုမှ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစား နေရုံသာ ရှိသေးပါတယ်။ တရုတ်နိုင်ငံမှာ မျိုးစောင့် သီအိုရီကို ကျင့်သုံး လာတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ ကလေးပေါင်း မရေမတွက် နိုင်အောင် ဆုံးရှုံးခဲ့ ရပြီ။ အမျိုးသား မဟုတ်ရင် ဖျက်ချ ပစ်တယ်။ တိုင်းပြည် တိုးတက် ဖွံ့ဖြိုး လာတာတော့ ဟုတ်ပါတယ်။ တစ်ဖက်မှာတော့ အမျိုးသမီး ဦးရေ နည်းလာပါတယ်။ ကမ္ဘာကို အုပ်စိုးနိုင်တဲ့ လက်တွေ ပိုနည်း လာပါတယ်။ အသက်အရွယ် ကွာခြားချက် ကြီးမားလာပြီး သက်ကြီး ရွယ်အိုတွေ ဒုက္ခရောက် ရပါတယ်။ ဒါကြောင့်လဲ ပေါ်လစီကို ပြန်လည် ပြုပြင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရောက် တရုတ်လူမျိုး တွေကတော့ အထူး ကံကောင်းသူတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အရ ကံဆိုတာ အလုပ်တစ်ခုရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးဆက် ကတော့ တန်ပြန်လာမှာ ဖြစ်ပါတယ်။ ကလေး မယူချင် သေးပါဘူး။ ဟုတ်ပြီ၊ ရတယ်။ အဲဒီအတွက် တားဆေး၊ ထိုးဆေး၊ သောက်ဆေး၊ ကပ်ခွာဆေး အမျိုးမျိုး ရှိပါတယ်။ တစ်ခါတစ်ရံ မှားယွင်း သလား ရသေးတယ်။ အရေးပေါ် တားဆေးကတ် အဆင်သင့် ရှိပါတယ်။ ဘယ်လို သောက်ရမလဲ။ သူတို့က ပိုလို့ ကျွမ်းတယ်။ ဆရာဝန် ကို ဆရာပြန်လုပ် နိုင်သူတွေ ဖြစ်ကြတယ်။ ဒီလို အဆင့်ဆင့် ရှိနေတာ တောင် ဘာကြောင့် ကိုယ်ဝန်ရရ ပါသလဲ။ လေ့လာကြည့် တဲ့အခါ အခြေခံ ကျတဲ့ အချက်တွေကို တွေ့ရပါတယ်။

ကိုယ်ဝန် ဖျက်ချင်သူ အများစုဟာ ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ကြ ပါတယ်။ ကျန်းမာရေး အသိ၊ တာဝန်ယူစိတ် နည်းကြတယ်။ ကိုယ့်စိတ် ကို မနိုင်နင်း သူတွေလဲ ဖြစ်တယ်။ အချိန်ကို မကြည့်ကြဘူး။ လိုချင်တာ ကို ရအောင် ယူတယ်။ ကွန်ဒုံးလို အကာအကွယ် မသုံးစွဲ ချင်ဘူး။ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အတွက် ထုတ်လုပ် ထားတဲ့ အရေးပေါ် တားဆေး ( emergency contraceptive ) ကို ပဲကြီးလှော်လို ဝါးတယ်။ စားတယ်။ တချို့မှာ တားဆေးကတ် ကို ဖာလိုက် ဝယ်ထားတာ ထိ ရှိပါတယ်။ တားဆေး အားကိုးနဲ့ တစ်ခါတစ်ရံ ပေါင်း မရေမတွက် နိုင်အောင် မှားယွင်း ကြတယ်။ ဒီအချက်က ပညာတတ် ဖြစ်တာနဲ့လဲ မဆိုင်ဘူး။ တချို့လူတွေ ငယ်ငယ် ရွယ်ရွယ်နဲ့ ပညာ ထူးချွန်တယ်။ အားနည်းချက် တစ်ခုက နားမလည်တာ ထက် နားလည်အောင် မကြိုးစား ချင်တာ ဖြစ်ပါတယ်။ ကြားရက်တွေ နားမလည်ဘူး။ ရှောင်ရက်တွေ မသိဘူး။ ကလေးဆို မကြားချင်ဘူး။ အကြောင်း ပြချက်က စီးပွားရေး အခြေအနေ ကြောင့်၊ မမွေးချင် တာက ဂုဏ်သိက္ခာ ကြောင့်၊ အဆင်မပြေ တာတစ်ခုက ငယ်နေသေး လို့တဲ့၊ နောက်လက် ညှိုးထပ်ထိုး တာက အတူနေ သူကိုပါ သူ့ကြောင့် ဒီလိုဖြစ် ရတယ်ပေါ့။

ပြဿနာကို တွေ့ရင် အဖြေရှာ နိုင်တယ်လို့ လူအများစုက ပြောကြ ပါတယ်။ အခြေအနေက ဒီလောက်ထိ မလွယ်ကူ ပါဘူး။ အနောက်နိုင်ငံ တွေလို ငယ်စဉ် ကတည်းက လိင်ပညာပေး သင်ခန်းစာ ထည့်မှာလား။ ကိုယ်ပိုင် အမြင်အရ ပြောရရင် အဆင်မပြေ နိုင်ဘူး။ လမ်းကြောင်းပေး သလို ဖြစ်နိုင် ပါတယ်။ လက်တည့် စမ်းတာမျိုး ဖြစ်လာနိုင် ပါတယ်။ ဆရာ့ထက် လက်စောင်းထက် သူ ပေါ်ထွက် လာနိုင်တယ်။ စတုတ္ထ မဏ္ဍိုင် နာမည်ခံ မီဒီယာတွေမှာ ကြော်ငြာတွေ၊ ရုပ်ပုံ တွေကြောင့် ကလေးတွေ ရဲ့ အမြင်ကို ပြောင်းလဲ သွားနိုင် ပါတယ်။ ဆေးလိပ်ဘူး ကြော်ငြာတွေမှာ ကပ်ထားသလို ''ဆေးလိပ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်'' ဆိုတာမျိုးက အသုံးမဝင် လှပါ။ လူတိုင်းသိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဆေးလိပ်ကြိုက်လို့ သောက်တာ ဖြစ်လို့ နောင်ခါလာ နောင်ခါဈေး သဘောပဲ ခံယူကြပါတယ်။ ပြဿနာ နောက်တစ်ခုက ပွင့်လင်း မြင်သာတဲ့ ခေတ်ဖြစ်လို့ အင်တာနက်၊ အွန်လိုင်းတွေ ခေတ်စား နေတယ်။ လက်ရှိအချိန်မှာ လူရွယ်၊ လူမမယ်၊ ကလေးသူငယ် အရွယ်တွေထိ ဖုန်း၊ ကွန်ပျူတာ ကလိ နေကြပြီ။ အင်တာနက် သုံးနေကြပြီ။ ဒီမိုကရေစီ နာမည်ခံ ထားတာဖြစ်လို့ ပိတ်ပင်ဖို့လဲ ခက်ခဲပါတယ်။ ပိတ်မယ်ဆိုရင် ကျော်မယ့်၊ ခွမယ့် ပညာရှင်တွေ ပေါ်ပေါက် လာအောင် ပျိုးထောင် ပေးရာ ရောက်မယ်။ အဆင်မပြေ နိုင်ပါ။ ကံကောင်းတာ တစ်ခုက အင်တာနက်လိုင်း တွေ သိပ်မကောင်း သေးတာ ဖြစ်ပါတယ်။ လူကြီးတွေ သာမက ကလေးတွေပါ ငယ်ငယ် ကတည်းက သည်းခံတတ်တဲ့ အကျင့် ရှိလာတယ်။

ခေတ်က တိုးတက် လာတယ်။ နာမည်ခံ ထားပေမယ့် ဆုတ်ယုတ်မှု တွေ ဘယ်လောက်များ လာမလဲ မချိန်ဆ နိုင်သေး ပါဘူး။ ရာစုနှစ်ကြာမှ သမိုင်းက အဆုံးဖြတ် ပေးမှာမို့ပါ။ ၂ဝ ရာစုမှာ စက်မှုပညာ တိုးတက်လာ တယ်လို့ အများစုက သတ်မှတ် ကြတယ်။ လက်တွေ့မှာ ဆိုးမွေကို ဆက်ဆံရ သူတွေက ၂၁ ရာစုက လူတွေ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို ရာစုနှစ် အစမှာပဲ အလူးအလဲ ခံစား နေကြရပြီ။ တိုင်းပြည် အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ အင်တာနက် အကျင့် စာရိတ္တ၊ ကိုယ်ကျင့်တရား ကောင်းမွန်အောင် မပြုပြင် နိုင်သေးတာ သေချာ ပါတယ်။ တိုင်းပြည် အနာဂတ် တိုးတက်ဖို့ စက်ပစ္စည်းတွေ အပေါ်မှာ အခြေခံရင် အမှားကြီး မှားလိမ့်မယ်။ အရေးကြီးတာ စိတ်ဓာတ်နဲ့ ခံယူချက် ဖြစ်တယ်။ ငယ်စဉ် ကတည်းက သင်ကြား ပေးရမှာ လိင်ပညာပေး မဟုတ်။ တာဝန် ယူစိတ်နဲ့ ကျန်းမာရေး၊ အသိပညာ ဖြစ်ပါတယ်။ အဆိုးအကောင်း၊ အမှားအမှန် ဝေဖန်နိုင်ဖို့ ဘယ်လိုပြု ပြင်မလဲ။ စိတ်ကို ဘယ်လို ထိန်းချုပ်မလဲ။ ပညာပေး ကဏ္ဍက ပိုလို့ အရေးကြီး လာပါတယ်။ ဖြစ်သင့်တာက ထိထိ ရောက်ရောက် ဘယ်လို ပညာပေးမလဲ။ သတိပေး မလဲ။ သူငယ် ပညာရေး အရေးကြီး သလို ကျန်းမာရေး အသိ၊ သတိရှိအောင် ဘယ်လို လုပ်ဆောင် ကြမလဲ အရေးကြီး နေပြီ ဖြစ်ပါတယ်။


Credit : Yadanarpondaily

နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား


ကျတော်တို့ အသုံးပြုနေတဲ့ နည်းပညာရဲ့ အကျိုးဆက်ကို အနည်းငယ် တင်ပြပါရစေ။ အဓိက နုနယ်တဲ့ ကလေးတွေကြားမှာပေါ့။ ခေတ်ရဲ့ ရေစီးကြောင်းအရ ကျတော်တို့ အပါအ၀င်ကလေးသူငယ်တွေ တော်တော် များများဟာ အင်တာနက်၊ ဂိမ်း၊ စာရိုက်ခြင်း တွေကြားမှာ သူတို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျတော်တို့ ပြည်တွင်းကတော့ ကလေးတွေကြားမှာ
(ပတ်ဝန်းကျင်မှာ ) တွေ့နေရတာပေါ့ဗျာ..

အဓိက ဂိမ်းဆော့လို့ မျက်စိ ပြသနာပါပဲ။ ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင်က ငယ်ငယ်က ဂိမ်းဆိုင်မှာပဲ အနေများလို မျက်မှန် တပ်ခဲ့ရတာ အခုထိပါ။ ပုံမှန်အရွယ်ရောက် ပြီးသား လူတွေအတွက် ကတော့ ပြသနာ ကြီးကြီးမားမား မဆိုနိင်ပေမဲ့ အခုမှ ကြီးထွားဖွံ့ဖြိုးမူကို အားယူနေတဲ့
ကလေးတွေအတွက်ကတော့ စိုးရိမ်စရာပါ။ သူတို့ မိဘတွေ အတွက် ပြောပါတယ်။ အဲ ဘယ်လို ဖြစ်သလဲဆိုတော့ အဖြစ်ကဒီလိုပါ။ အဓိက က မိဘတွေရဲ့သွန်သင်မူကလည်း သိပ်ကို အရေးကြီးပါတယ်။

အိမ်မှာ တီဗီက တစ်လုံးတည်းရှိတော့ ကာတွန်းလိုင်းက မကြာခဏလာနေတဲ့ ကာတွန်းကားကိုလည်း သားတော်မောင်က အလွတ်မပေး၊ ဦးဦးတွေ၊မမေတွေကလည်း ကိုးရီးယားကား ကိုက်နေကြတာ ဆိုတော့ သားသားလေးကို ဂျီမကျအောင် ဂိမ်းစက်လေးတွေနဲ့ ချော့ရတော့တာပေါ့။ အဲဒီမှာ ကောင်လေးက ကာတွန်းကားရယ်၊ တီဗီဂိမ်းရယ် လိုင်းနှစ်လိုင်း ပူးပြီး မျက်စိက အများတကာ အလယ်မှာ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာပါတယ်။ ဆရာဝန်ပြ ကြည့်တော့ မျက်စိ အာရုံကြော အားနည်းတာ ပါလို့ ပြောပါတယ်။ ဒါကတစ်ချက်ပါ။

ကျန်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဂိမ်းတွေထဲ အင်တာနက်တွေထဲ စိတ်ရောက်နေတဲ့ အခါ အမေ (သို့ ) အဖေက တစ်ခုခုကို
စေခိုင်းတဲ့ အခါ ပြောတဲ့ အခါ ဂိမ်းကို သဲကြီးမည်းကြီး ဆော့နေတော့ အလေးမမူစရာတွေ နဲ့ ဖြစ်လာပြီး ကြာလာရင် မိသားစု ဆက်ဆံရေးမှာ ထိခိုက်စေပါတယ်။

နောက်တစ်ခုက စိတ်မရှည်တော့ခြင်း
ဆုံး ဖြတ်ချက်တိုင်းဟာ စိတ်ရှည်မူနဲ့အတူလာတာဖြစ်ပြီး ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ သည်းခံမူက သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် အခုမှ ဘ၀ကို အစပျိုး သင်ယူနေတဲ့ ကလေးတွေဆီမှာပေါ့။ လေ့လာမူတွေအရ နည်းပညာကို မမှန်မကန်စွာ အသုံးပြုနေခြင်းကြောင့် ကလေးတွေမှာရှိတဲ့ သည်းခံမူဟာ လျှင်မြန်စွာ ပျောက်ကွယ် လာနေပြီးလို့ သိရပါတယ်။ ဟုတ်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့ အင်တာနက် သုံးတဲ့ အခါ ပေ့ခ်ျတွေကို ကြည့်ဖို့ Load အချိန်ကိုကျော်ပြီး မြန်မြန်ရတာတွေ များလာတဲ့ အခါ သူတို့ရဲ့ ငယ်ရွယ်တဲ့ အသိမှာ ဒါတောင် မြန်မြန်ရသေးတာ တစ်ခြား ကိစ္စတွေက ဘာလို့ မရတာလဲလို့ မသိစိတ်မှာ စွဲသွားပါတော့တယ်။ ဒါဟာ ကြီးပြင်လာတဲ့ အခါ ပြန်ဖျက်ဖို့ ခက်တဲ့ အသိနက်နက် တစ်မျိုးပါပဲ။

နောက်ကျန်တာတွေကတော့ စာမရေးလိုတော့ခြင်းပါ။
ဒါကတော့ အွန်လိုင်း ချက်တင်၊ Shortcuts တွေဆီက နေ ပေါက်ဖွားလာတဲ့ ဆိုးကျိုးတစ်ရပ်ပါပဲ။ သူတို့ဟာ တိုးတက်လာတဲ့ ဒီဂျစ်တယ်
ကွန်မြူနစ်ကေရှင်ပေါ်မှာ မှီခိုသထက် မှီခိုလာပြီး ခက်ခဲတဲ့ စကားလုံးတွေကို မပေါင်းလို၊ မသိလိုကြတော့ပါဘူး။ ဒါအပြင် သဒ္ဒါကျကျရေးသားမူတွေကိုလည်း
ငြင်းပယ်လာကြပါတယ်။

ဒါကြောင့် နည်းပညာ တိုးတက်လာမူနဲ့ လိုအပ်လာမူရဲ့ နောက်မှာ ရှင်သန်ရင်း အသက်အရွယ်တစ်ခုရဲ့ နောက်မှာ မိဘတွေကလည်း သူတို့ကလေးတွေကို
မျက်စိနဲ့ အခြား အရာတွေ ထိခိုက်အောင် လွန်လွန်ကျွံကျွံ မသုံးစေဘဲ ဆင်ခြင်စေသင့်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Credit : YoYarLay

ကံကောင်းခြင်း ဒဿ န



နေ့လယ် ထမင်းစား ဆင်းချိန်မှာ သားတို့ကျောင်းက ဆရာမက ကျွန်မကို ဖုန်းလှမ်း ဆက်တယ်။
" 'အံ့အံ့'တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဘက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"

ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။
ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်" ပြောတယ်။

အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။
"ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား၊ ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့"

"သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ" နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ်ကခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ကျွန်တော်တို့နဲ့ ဘောလုံးမကစားခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေးတစ်ယောက်ပါ" လို့ လေသံပြောင်းသွားခဲ့တယ်။
ညနေကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မသွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကိုတွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက်လိုက်တယ်။

"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာရခဲ့တာတောင် သူ့ကို စိတ်မဆိုးဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။ "မဆိုးပါဘူး မေမေကလဲ... သူတမင်လုပ်တာမှ မဟုတ်တာ" ကလေးငယ်ရဲ့စိတ်က အညှိုးအထေးမရှိ ဖြူစင်လွန်းခဲ့တယ်။

 "ဒါပေမယ့် အံ့အံ့သွေးတွေ အများကြီးထွက်ပြီး ဆရာမကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင်လွဲသွားတယ် မဟုတ်လား။ ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော်မရခဲ့ဘူး" ကျွန်မ မကျေမနပ်ဆိုတော့.....

"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမသိသွားတာပဲ မဟုတ်လား။ ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံးကစားတဲ့ ကျောင်းသားတွေ အပြစ်ပေးမခံရတာ" ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မကျောပေါ်ကပ်ပြီး...
 "မေမေ.. သိလား။ ဂျယ်ဂျယ်မှာ မေမေမရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက်တတ်တယ်။ ကံကောင်းလို့ သူ့ကို မေမေမျက်မှန်မလျှော်ခိုင်းတာ.. သူ့ဖေဖေသာသိရင် သူအရိုက်ခံရမှာ"

ကျွန်မခါးကို အံ့အံ့တင်းတင်းလေး တိုးဖက်လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေမေမေရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုးထဲကနေစုပြီး ဝယ်လိုက်မယ်နော်" အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကိုကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမိတယ်။
 သားရယ်.... သားကို မေမေအားနာလိုက်တာ... သားမလိမ္မာဘူးလို့ ဆရာမ အထင်လွဲမှာကိုပဲ မေမေတွေးခဲ့မိတယ်၊ တခြားသူကြောင့် သား ဒဏ်ရာရ နာကျင်တာကိုပဲ အမေမြင်ခဲ့မိတယ်။ သားရဲ့ "ကံကောင်းလို့" ဆိုတဲ့စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ တန်ဖိုးထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက် သလိုပါပဲ။ ကျေးဇူးတင် ပါတယ် သားရယ်....


Credit : Nine Nine Sanay

သီပေါ စော်ဘွား စ၀်ကြာဆိုင် နှင့်သုစန္ဒီ မင်းသမီး



သီပေါ စော်ဘွား စ၀်ကြာဆိုင်သည်သီပေါ စော်ဘွား စော်ဘွား စ၀်အိုနှင့် စ၀်စိန်လွှာမှ 1924 ဖွားမြင်တော်မှုပြီး မွေးချင်းများဖြစ်ကြသော စ၀်ကြာဆုန်၊ စ၀်မမ၊ စ၀်ကြည်စု၊ စ၀်ယဉ်နုတို့၏ မောင်အငယ်ဆုံး ဖြစ်သည်။

1932 – 1935မေမြို့ ဂျိုးဇက်ကျောင်းတွင် (St.Joseph)ပညာသင်ကြား၍1935 – 1941သျှမ်း ချိ့စ်ကျောင်းတွင်၎င်း( Shan Chief` School)။ 1941 ခနှစ်တွင် အခြေခံပညာ အထက်တန်းမောင်မြင်၍ အိန္ဒိယနိုင်ငံ တာဂျီလိန် (St. Paul)၎င်း ဆက်လက်၍( Senior Cambridge)။ 1947 (January) သီပေါစော်ဘွားဖြစ်ကို ခံယူလေသည်။1949 (October) ထိုနောက် အမေရိကန်(Colorado) ပညာသင်ကြား။ 1953 (Mining Engineer)။ 1953 (March) (Austria) (Inge)အင်ဂျီးနှင့်တွေ့ဆုံ 1954 (January) စ၀်ကြာဆိုင်သည် အင်ဂျီး(Inge)နှင့်အတူ သီပေါ သို့ပြန်လည် ရာက်ရှိလာသည်။

အနာဂတ် သျှမ်းပြည်တွက် ဆားရရှိရန် ဘောကြိုဒေသမှ ဆားထွက်ရှိသည့် ဒေသတို့ ကိုယ်တိုင်ကွင်းဆင်း လေ့လါသုတေသနများ ပြုလုပ်ခဲ့သည်။ ဘော်ကြိုဘုရားပွဲတွင် သျှမ်းအမျိုးသားများသည် အလေါင်းအစား ခုံမင်းနှစ်သက်သည်ကို ကြိုက်နှစ်သက်ခြင်းမရှိ၍ နောင်အနှစ်ပွဲတော် ကျင်းပချိန်တွင် ဘော်ကြို ဘုရားပွဲတော်တွင်း အလေါင်းစားများ ပြုလုပ်ခြင်းများ ပိတ်ပင်သည်ဟု သိရှိပါသည်။ စော်ဘွားကြီး စ၀်ကြာဆိုင်သည် သျှမ်းအမျိုးသားများ ချစ်ခင်လေးခြင်း ယုံကြည်ကိုးစားခံရသော စော်ဘွားတဦးဖြစ်သည်။

1948 ခုနှစ် မိုင်းရှုးစော်ဘွား စ၀်မန်ဖ၏ နေအိမ်တွင် စော်ဘွားကြီးများ တံခါးပိတ်အစည်းဝေး၌ ပထမ အချက်ဖြစ်သည့် သျှမ်းပြည်ပြည်သူ့ အစိုးရသို့ အာဏာစွန့်လွှတ်ရေးဆိုသည်ကို အားလုံးလိုလို လက်ခံခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ မဟာရာဂျာ ( ) စော်ဘွားများသည် ပင်၎င်းတို့၏ အာဏာကို အစိုးရထံသို့ ပေးအပ်စွန့်လွှတ်လိုက်ပြီဖြစ် သောကြောင့်ပင်။ ကမ္ဘာနှင့် အ၀ှမ်းထူးခြားစွာဖြစ်ပျက် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေကို မလွန်ဆန်နိုင်တော့ဟုလည်းကြောင်းပြုကြသည်။

ဒုတိယ- အချက်ဖြစ်သည့် လျော်ကြေးငွေယူရန် မယူရန်ကို မှု အငြင်းအခုံဖြစ်ခဲ့ကြ၏ ပြည်ထဲရေးဝန်ကြီး စ၀်မန်ဖက ဖြစ်နိုင်လျှင် လျော်ကြေးငွေကို မယူရန်တင်ပြခဲ့ပါသည်။ နောင်သောအခါတွင် သျှမ်းပြည်၏ ပြည်သူလူထုသားစဉ်မြေးဆက်တို့ အနေဖြင့် သျှမ်းပြည်ကြီးကို သျှမ်းစော်ဘွားများက ငွေကြေးဖြင့် လဲလှယ်၍ ရောင်းစားသွားခဲ့ကြသည်ဟူသော သမိုင်းအမည်း စက်ကြီးစွန်းထင်းကျန်ရစ် နေခဲ့မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပေသည်။ ထိုအဆိုတင်သွင်းချက်ကို သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အချို့သော စော်ဘွားငယ် (နယ်ငယ်သောစော်ဘွားများကိုဆိုလိုသည်) များတဦး နှစ်ဦးခန့်ကသာ ထောက်ခံခဲ့ကြပါသည်။

သီးပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အင်ဂျီ တဖြစ်လည်း မဟာဒေဝီ စဝ်သုစန္ဒီ သျှမ်းမင်းသမီးလေး သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။ အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။

အင်ဂျီ ကို ၁၉၃၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့တွင် သြစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွါးခဲ့သည်။ ၆နှစ်သမီး အရွယ်တွင် နာဇီကျူးကျော်မှုကို ကြုံတွေ့ခဲ့ရပြီး၊ သူမ၏ အမေကိုယ်တိုင် နာဇီများ၏ ဖမ်းဆီးမှုကို သုံးကြိမ်ခံခဲ့ ရဖူးသည်။ ဒုတိယကမ္ဘာစစ်အပြီး သြစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောကြောင့် အမေရိကန်တွင် ပညာဆက်လက် သင်ယူရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright ပညာသင်ဆုရရှိသူ ပထမဆုံးသော သြစတြီးယားလူမျိုး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒို၊ အမျိုးသမီးကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။

အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေစဉ် Colorado school of Mining မှ မိုင်းတူးအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြသည်။ ၁၉၅၃-ခုနှစ်တွင် ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြသည်။

သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ…. “There is something I have to tell you, my dear.” လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ… သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ပြီး…ပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။

သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီ ဟူသော ရှမ်းအမည်ကို ရရှိခဲ့သည်။ သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာတော့တယ်။

စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။

သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့သည်သာကမ၊ သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦးအဖြစ် လက်ခံလာကြသည်။ ထို့အပြင် စဝ်သုဒေဝီသည် ခင်ပွန်းဖြစ်သူနှင့် တွဲဖက်ကာ သီပေါဒေသ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာသုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်း ကိုတည်ထောင်ရင်း ကိုယ်တိုင် လုပ်အားပေးခဲ့သည်။

မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။

ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး..ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။

အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါ ဟော်မှာပဲ.. အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း.. သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. “I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk… Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng.” ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့. စာလေးတစောင်က လွဲလို့.. ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။

၂ နှစ်လောက်.. အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း.. နောက်ဆုံးမှာတော့. .သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

သီပေါစော်ဘွားစောဝ်ကြာဆိုင်ဟာ.. ၁၉၆၂ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရပြီးနောက် အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးလေး ဟာသမီးငယ် နှစ်ယောက်နှစ်အတူ မြန်မာပြည်မှ ထွက်ခွါလာခဲ့ရပါသည်။ သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ဟော်တည်ရှေ့ မျက်ခင်းစိမ်းစိမ်းကို ဖြတ်၍ အထဲသို့ ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. ကိန္ဒရာ နဲ့ အမရာ (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။

သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. လန်ဒန်မြို့မှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ) ဖြစ်ပါသည်။ အဖြစ်အပျက်တွေက..ဆယ်စုနှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။

ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်ပါတယ်။ ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။ တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။

Credit: သျှမ်းနီလူငယ်

ပါလက်စတိုင်း ဆယ်ကျော်သက် လက်စားခြေ သတ်ဖြတ်ခံရသလား


လက်စားခြေသတ်ဖြတ်ခံရတယ်လို့ယူဆရတဲ့ အာရပ် ဆယ်ကျော်သက်ဟာ
 ရင်ခွဲစစ်ဆေးမှုတွေအရ မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ပါလက်စတိုင်းရှေ့နေချုပ်က
 ပြောကြားခဲ့ပါတယ်။



ဗုဒ္ဓဟူးနေ့တုန်းက ကားတစီးပေါ် အတင်းခေါ်ဆောင်ခံသွားရတဲ့ Abu Khudair ရဲ့ အလောင်းကို တနာရီလောက်အကြာ ဂျေရုဆလင်မြို့က တောအုပ်ထဲမှာ တွေ့ရှိခဲ့တာပါ။ Khudair ရဲ့အသက်ရှူလမ်းကြောင်းထဲမှာ မီးခိုးငွေ့တွေကို တွေ့ရှိတဲ့အတွက် သူဟာ မီးရှို့ခံနေရချိန်မှာ အသက်ရှူနေဆဲဖြစ်တယ်လို့ ပါလက်စတိုင်း မှုခင်းစစ်ရဲ့ တရားဝင် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီဆယ်ကျော်သက်အမျိုးသားရဲ့ ခန္ဓာကိုယ်ဟာ မမှတ်မိနိုင်လောက်အောင် မီးလောင်ကျွမ်းနေခဲ့ပြီး DNA စမ်းသပ်မှုကြောင့်သာ သူ့သားဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ သူ့ရဲ့ ဖခင်က ပြောပါတယ်။ ပါလက်စတိုင်းရှေ့နေချုပ်ကလည်း Khudair ရဲ့ ခန္ဓာကိုယ်နေရာ ၉၀% ကျော် မီးလောင်ဒဏ်ရာတွေ တွေ့ရတယ်လို့ စနေနေ့က ပြောကြားပါတယ်။

အစ္စရေးရဲတပ်ဖွဲ့ဖက်ကတော့ ဒီကောင်လေးကို သတ်ခဲ့သူဟာ ဘယ်သူလဲ၊ ဘာကြောင့် သတ်ဖြတ်ခဲ့သလဲဆိုတာကို မပြောသေးပါဘူး။ အစ္စရေးဆယ်ကျော်သက် ၃ ယောက် ဖမ်းဆီး သတ်ဖြတ် မြှုပ်နှံခံခဲ့ရမှုအပေါ် လက်တုံ့ပြန်တဲ့ သတ်ဖြတ်မှုလားဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်း Abu Khudair ရဲ့ဦးလေးဖြစ်သူကလည်း သူ့သားကို အစ္စရေးရဲတပ်ဖွဲ့က မဖမ်းဆီးခင် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။

VOA (မြန်မာပိုင်း)


ကယ်လီဖိုးနီးယား ပြည်နယ်တွင် မျက်စိ နှစ်လုံး မပါသည့် အမြွှာ ကလေး နှစ်ဦး မွေးဖွား


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မျက်စိနှစ်လုံး မပါရှိသည့်
အမြွှာယောက်ျားလေး နှစ်ဦးကို မွေးဖွားခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်သည် ကြုံတောင့်ကြုံ
ခဲသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။


အဆိုပါ ကလေးငယ်နှစ်ဦး၏ အမည်ကို ဂျိမ်းဆင်နှင့် ဂျက်ဆင်ဟု အမည်ပေးထားသည်။ ၎င်းတို့နှစ်ဦးသည် ရှားပါးသော Anoph-thalmia ရောဂါကို ခံစားနေရခြင်းကြောင့် ယခုကဲ့သို့ မွေးဖွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျိမ်းဆင်သည် မျက်စိတစ်ဖက် မြင်ရသော်လည်း အခြားတစ်ဖက်မှာ အမြင်အာရုံ ချို့ယွင်းလျက်ရှိသည်။

ယခုအခါ အဆိုပါ ကလေးငယ်နှစ်ဦးကို ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးရန်အတွက် ၎င်းတို့၏ မိဘနှစ်ပါး ဖြစ်သူ ဆမ်းမားဟော်လင်ဆော့သ်နှင့် မိုက်ကယ်လ်လိုပက်ဇ်တို့က Gofund Me ဝက်ဘ်ဆိုက်တွင် အလှူငွေ များကို ရှာဖွေလျက် ရှိကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ် ယင်းကဲ့သို့ ရှားပါးသည့် ဝေဒနာ ခံစားနေရသူ ကလေး ၇၈ဝ ဦးခန့် မွေးဖွားလေ့ ရှိကြောင်း သိရသည်။

မြ၀တီ


လုပ်သေနပ်ကိုင်ဆောင်သူအား ထောင်ချခြင်းအပေါ် ပြန်လည်စိစစ်ပေးမည်ဟု ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းပြောကြား


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့
နယ်ခွဲ၊ သဲချောင်းအုပ်စု၊ ကျွန်းတောင်ရွာဟောင်းတွင် တစ်ဦးတည်းနေထိုင်ကာ တူးမီး လုပ်သေနတ်
 တစ်လက်ဖြင့် ၎င်း၏ ဘိုးဘွားပိုင် လယ်မြေကို


ကာကွယ်နေသူကိုသန်းထိုက်အား ရဲများက ဖမ်းဆီး ထောင်ချလိုက်ခြင်းနှင့်ပတ်သက်၍ မြို့မိမြိ့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက တင်ပြသဖြင့် ယင်းအပေါ် ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ယနေ့တွင်ပြော ကြား လိုက်သည်။

“လုပ်သေနပ်ကိုင်တယ်ဆိုတာကလည်း အကြောင်းအမျိုးမျိုးရှိတယ်။ တောပစ်ဖို့ကိုင်တာ၊ လုံခြုံရေး အတွက် ခုခံကာကွယ်ဖို့ကိုင်တာ၊ အစရှိသည်ဖြင့်ရှိတယ်။ သေနပ်ကိုင်တိုင်းလည်း အဖြစ်မဟုတ် ပါဘူး”ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့ပါသည်။

ကိုသန်းထိုက်အား ဇွန်လ ၂၆ ရက်နေ့က ထောင်ဒဏ် (၁) နှစ် ချမှတ် လိုက်ခြင်းဖြစ်ပြီး ယင်းသို့ ချမှတ်ခြင်းသည် ဒေသတွင်း နေထိုင်သော တိုင်းရင်းသားများအတွက် အခက်အခဲများစွာဖြစ် စေ ကြောင်းနှင့် ဘင်္ဂလီများ လက်ထဲသို့ ရောက်ရှိနေသော နေသပ်များကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်း ဆီး နိုင်ခြင်းမရှိကြောင်း၊ ဒုချရားတန်းကိစ္စတွင် ဘင်္ဂလီများဘက်မှ ခေတ်မီလက်နက်များဖြင့်ပစ်ခတ်ခဲ့မှု များလည်း ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့မှသိရသည်။ သို့သော်လည်း ယင်းသတင်းကို သက် ဆိုင်ရာမှ ဖုံးဖိထားခဲ့ကြောင်းလည်း သိရသည်။

ကိုသန်းထိုက်သည် မိမိလုံခြုံရေးနှင့် မိသားစုလုံခြုံရေးအတွက် လက်လုပ်သေနပ် အား ကိုင် ဆောင်ထားခြင်းဖြစ်သော်လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်ပြိုမြို့နယ်ခွဲ ရဲစခန်းတွင် တာဝန်ကျနေသူ ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေမှ ၎င်းရွာသို့ သွားရောက်ပြီး ဖမ်းဆီးခဲ့ကာ တရားမ၀င် သေနတ်ကိုင်ဆောင်မူဖြင့် တရားစွဲဆိုခဲ့သည်။

ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေ သည် မကြာသေးမီကလည်း တရားခံတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူး လွန်မှုဖြင့် တရားခံအား ငွေငါးသိန်းကျပ် လျော်ကြေးပေးထားရသူဖြစ်သည်။ တရားခံဖြစ်သူမှာ စစ်တွေ ဆေးရုံသို့ တက်ရောက်ကုသခံရ သည်အထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ယင်းအတွက် တိုင်းရင်း သားများအပေါ် အခဲမကျေဖြစ်နေသူတစ်ဦးလည်းဖြစ်သည်။

ကိုသန်းထိုက်အား ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ၎င်းအမူဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ရာ မိသားစုက မကျေနပ်၍ မြိ့နယ် တရားရုံးသို့ အယူခံဝင်ရာ ဇူလိုင်လ ၃ ရက်နေ့ ပြစ်ဒဏ်ကို (၆)လ ဟု လျှော့ချ ပြင်ဆင် သတ်မှတ် ပေးလိုက်သည်ဟု သိရသည်။

(သတင်း-မောင်တောသား)
Arakan News Online

အစ္စလာမ်သင်္ချိုင်းအား မီးရှို့သူများနှင့် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ရမ်းကားသူ ခုနစ်ဦးကို ပုဒ်မ ၅၀၅(ခ)၊(ဂ) နှင့် ပုဒ်မ (၂၅၄/၁၄၇) တို့ဖြင့် အမှုဖွင့် အရေးယူ


အေးရိပ်ငြိမ်သုသာန်နယ်မြေရှိ အစ္စလာမ်သချိုင်းအား မီးရှို့သူများနှင့် တုတ်၊ ဓား၊ လက်နက်
ကိုင်ဆောင်ရမ်းကားသူ ခုနစ်ဦးကို ပုဒ်မ ၅ဝ၅(ခ)(ဂ)နှင့်ပုဒ်မ ၂၅၄/၁၄၇ တို့ဖြင့် အမှုဖွင့်အရေး
ယူထားကြောင်း သတင်းရရှိသည်။



ဇူလိုင် ၁ ရက်ညမှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် အသတ်ခံရသူ ကိုထွန်းထွန်းနာရေး၌ အခြားဘာသာဝင်များ၏ သုသာန်မီးရှို့သူများနှင့် တုတ်၊ ဓား လက်နက်ကိုင်ဆောင်ရမ်းကား ဖျက်ဆီးသူ ခုနစ်ဦးကို ဘာသာရေးနှင့် ကိုးကွယ်သည့်ဘာသာကို စော်ကားဖျက်ဆီးမှု၊ နိုင်ငံတည်ငြိမ်မှု ပျက်ပြားစေပြီး အထိတ်တလန့်ဖြစ်စေမှု၊ ဘာသာအချင်းချင်း မသင့်မြတ်အောင် ဆောင်ရွက်စေမှု စသည့်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ပထမညတွင် တည်ငြိမ်အေးချမ်းသော်လည်း ဇူ လိုင် ၄ ရက် ၁ နာရီနောက်ပိုင်း၌ အသတ်ခံရသူ ကိုထွန်းထွန်း၏ ဈာပနအခမ်းအနားကို လူတစ်သောင်းခန့် လိုက်ပါပို့ဆောင်ရာ လမ်း ၈ဝ တွင် ဗလီဘေးတွင် ရပ်ထားသော ကားနှင့်ဆိုင်ကယ်ကို ဖျက်ဆီးခြင်း၊ အေးရိပ်ငြိမ်သုသာန်(ကြာနီကန်)ရှိ ဘာသာခြားသုသာန်များကို မီးရှို့ခြင်း၊ တုတ်၊ ဓား လက်နက်များဖြင့် ရမ်းကားမှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ အေးရိပ်ငြိမ်သုသာန်တွင် ဖြစ်ပွားနေစဉ် မန္တလေးမြို့တွင်းရှိ ဗလီများဖျက်ဆီးမည်ဟူသော သတင်းစကားကောလာဟလများ ပျံ့နှံ့နေပြီး ဈေးများ၊ ဆိုင်ခန်းများ မွန်းလွဲ ၃ နာရီနောက်ပိုင်း ပိတ်သိမ်းခဲ့သည်။

လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှာလည်း ဈာပနအခမ်းအနားပြုလုပ်နေစဉ်အချိန်တွင် နံဘေးလိုက်လံစောင့်ကြည့်နေပြီး နာရေးချအပြီး နန်းရှေ့ ၁၅ လမ်း၊ ၆၆ နှင့် ၆၁ လမ်းကြား တစ်လျှောက် ထပ်မံသောင်းကျန်း ဖျက်ဆီးဆူပူသူများကို ဖမ်းဆီး အရေးယူခဲ့သည်။

“နာရေးအခမ်းအနားမှာ ဘာသာခြားတွေရဲ့ သုသာန် မီးရှို့ဖျက်ဆီးသူတွေကို တရားခံပြေးအဖြစ် အမှုဖွင့်ထားတယ်။ နာရေးကအပြန်တော့ တုတ်၊ ဓားနဲ့ ဆူပူအော်ဟစ်ဖျက်ဆီးသူတွေကို စောင့်ကြည့်ဖမ်းဆီးခဲ့တာ နန်းရှေ့ ၁၅ လမ်းဘက်မှာ ဖမ်းမိပါတယ်။ တချို့ထွက်ပြေးတဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီးနေပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူးက ပြောကြားသည်။

ဈာပနအပြန် နာရေးရှင်အိမ်ရှိရာ နန်းရှေ့ ၁၅ လမ်းနှင့် ၆၂ လမ်းထောင့်တွင် သုံးဦး၊ ၁၅ လမ်း၊ ၆၃ နှင့် ၆၄ လမ်းကြားတွင် လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၂၉၅/၁၄၇၊ ၅ဝ၅(ခ)(ဂ)ဖြင့် အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ ဇူလိုင် ၂ ရက် ညကလည်း လူလေးဦးကို ဆူပူမှုဖြင့် အရေးယူထားသည်။

Eleven media Group

Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်တွင်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့်  Viber
မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့်  ရွှေထည်များ
ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ပြစ်မှုကျူးလွန်တဲ့သူက ဇာနည်ဆိုတဲ့သူ ဖြစ်ပါတယ်။ အောင်မိုးဇော်ဆိုတဲ့သူကတော့  ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဖုန်းအမည်ပေါက်ပိုင်ရှင်ဖြစ်နေတော့ သူက ငါဒီလိုပြဿနာတက်ပြီ။ မင်းပါလိုက်ခဲ့မှ ရမယ်ဆိုပြီး အတူတူထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ပုန်းနေတဲ့နေရာက ရဲတွေအလှမ်းဝေးတဲ့နေရာ ဖြစ်တယ်။ သူတို့ဆီကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မင်္ဂလာဒုံရဲစခန်းမှာပဲ ချုပ်ထားပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ဝါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူမှာ  မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အဝတ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ် ဖြစ်ကြောင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အဝတ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့ မှာ Viber တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး အသတ်ခံရကာ ပစ္စည်းများ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၂၅၈/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Eleven Media Group

မန္တလေးရုန်းရင်းဆန်ခတ်မှု လုပ်နေကျလူတွေ အစီအစဉ်တကျ လုပ်သွားတာ (မေးမြန်းချက်)


ဇူလိုင်လဆန်းပိုင်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်ဆန်ခတ်မှုတွေဟာ အစီအစဉ်တကျ လုပ်နေကျလူတွေက လုပ်သွားတာလို့ မြို့ခံသတင်းစာဆရာနဲ့ စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

အာဏာပိုင်တွေ ကိုင်တွယ်မှု အားနည်းချက် ရှိတာကိုလည်း တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဆရာ ကျော်ရင်မြင့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။


DVB Burmese

ဝိတ်ကျချင်သလား နာနတ်သီးစား



ဗီတာမင်အေ၊ စီ၊ အသားဓာတ်၊ အမျှင်ဓာတ်၊ မဂ္ဂနိစ်နဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ   စတာတွေ ကြွယ်ဝတဲ့ နာနတ်သီးက ကိုယ် အလေးချိန် လျှော့ချလိုသူတွေအ တွက် မိတ်ဆွေကောင်းပါပဲ။

နာနတ်သီးက အစာချေဖျက် အားကောင်းဖို့ ထောက်ကူပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း အကျိုးပြုကာ   ၀မ်းချုပ်တာကို ကာကွယ်ပေးနိုင်တဲ့ သဘာဝ ၀မ်းနုတ်ဆေး တစ်လက်ဖြစ်တဲ့အ ပြင် သန်ကောင်ရောဂါတွေကို လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ  ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိပြီး အအေးမိ၊ တုပ်ကွေး၊ နားရောဂါတွေနဲ့ တခြားကူးစက် ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါ တယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကင်ဆာရောဂါဖြစ်ပွားတာ၊ ခန္ဓာကိုယ်တွင်း ဆဲလ်တွေပျက်စီး တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားတာတွေကို ကာ ကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါတွေ၊ ရောင်ရမ်းတာတွေ လျော့ပါးသက်သာ စေပါတယ်။

နာနတ်သီးမှာပါတဲ့ ဗီတာ မင်အေက အမြင်အာရုံအတွက် အကျိုးပြုတဲ့အပြင် အရိုးကျန်းမာ ရေးအတွက်ပါ ကောင်းစေပြီး အရိုးပွတာကိုလည်း ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နာနတ်သီးက အကောင်းဆုံးကူ ညီပေးနိုင်မှာဖြစ်ပြီး ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေ၊ တစ်ရှူးတွေ ကို ပြန်လည်ပြုပြင်ပေးပြီး အသား အရောင်ဖြူဝင်းစေနိုင်ကာ အ ရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ ကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။ ဒါ့အပြင် သွားတွေခိုင်မာ စေပြီး ခံတွင်းကျန်းမာရေးအတွက် လည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ အခုဆို နာနတ်သီး ပေါ်ချိန်လည်း ဖြစ်တာကြောင့် ကောင်းကျိုးတွေ တစ်ပုံကြီးရှိတဲ့ နာနတ်သီးကို မမေ့မလျော့စား ရင်း ကျန်းမာသော ဘ၀ကိုဖြတ် သန်းကြရအောင်ပါ။

Ref; stylecraze.com


7day daily

အနုပညာလောကထဲ ခြေချလာတဲ့ မင်းသန့်မောင်မောင်


သားဖြစ်သူ မင်းသန့်မောင်မောင်၏  ပထမဆုံးအနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာတစ်ခုကို မကြာမီရက်ပိုင်းအတွင်း ရိုက်ကူးသွားမည်ဟု ဒါရိုက်တာစင်ရော်မောင်မောင်ကပြောသည်။

‘‘Birthday ကော်ဖီကြော်ငြာ ကို ဟန်သီနဲ့ ရိုက်မှာပါ။ နောက် ဆယ်ရက်လောက်နေရင် ရိုက်ဖြစ်မယ်’’ဟု ၎င်းကပြောသည်။

မင်းသန့်မောင်မောင်သည် ဇူလိုင်လ ၃ ရက်တွင် အသက် (၁၇) နှစ်ပြည့်မြောက်ခဲ့ပြီး လက် ရှိအချိန်မှစတင်၍ အနုပညာလှုပ် ရှားမှုများစတင်ပြုလုပ်တော့မည် ဟု ဒါရိုက်တာ စင်ရော်မောင်မောင်ကပြောသည်။

‘‘လောလောဆယ်တော့ မင်းသန့်ကို Directing တွေ၊ Com-puter Editing တွေ၊ Software တွေ၊ ကင်မရာယူပုံယူနည်းတွေ၊Lighting ပေးပုံပေးနည်းတွေ၊ 2D၊ 3D တည်ဆောက်တာတွေ သင်ပေးနေတာတော့ နှစ်လလောက်ရှိပြီ။ နောက်ခြောက်လလောက်နေရင်တော့ ပြည်ပမှာကျောင်းသွားတက်ဖို့ အစီအစဉ်ရှိတယ်’’ဟု စင်ရော်မောင်မောင်ကပြောသည်။

ပြည်ပသို့ မသွားရောက်မီ ကြော်ငြာများ ရိုက်ကူးသွားရန် အစီအစဉ်ရှိပြီး ပြည်ပတွင် သွား ရောက်ပညာသင်သည့် ကာလပြီးဆုံးမှသာမိဘနှစ်ဦး၏အမွေကို ဆက်ဆံသောအားဖြင့် ဒါရိုက် တာ၊ သရုပ်ဆောင်တစ်ဦးအဖြစ်လှုပ်ရှားသွားရန် အစီအစဉ်ရှိ ကြောင်း ၎င်းကဆိုသည်။

‘‘ကျောင်းသွားတက်တာက သုံးနှစ်လောက်တော့ကြာမယ်။ အဲဒီက ပြန်လာမှ ဒါရိုက်တာလုပ် မယ်။ မင်းသားလုပ်မယ်’’ဟု စင် ရော်မောင်မောင်ကပြောသည်။

7day daily

ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်လူငယ်များကိုပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်- ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိရန်လွယ်သော်လည်း ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရန်မှာ ခက်ခဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက် နံနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံတွင် ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပါတီစတင်တည်ထောင်စဉ်ကပင် အမိန့် အာဏာရာထူးများရှိသည့် ပါတီမဟုတ်ဘဲ ပြည်သူလူထုက ဒီမိုကရေစီကိုရရှိအောင်ယူပေးနိုင်မည့် ပါတီဖြစ်သည်ဆိုသော ယုံကြည်ချက်ကိုသာ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပနေသော ပါတီ၏ပထမအကြိမ် လူငယ်ညီလာခံတွင် ပြည်နယ်နှင့်တိုင်းများမှ လူငယ်ကိုယ်စားလှယ်များကို ပြောကြားခဲ့ သည်။


‘‘ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စပါ။ ဒီလိုရရှိထားတဲ့ဟာကို ထိန်းသိမ်းရမယ့်ဟာက ပိုပြီးတော့လည်း အရေးကြီးပါတယ်။ ပိုပြီးတော့လည်း ခက်ခဲပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် ယခုပစ္စုပ္ပန်တွင် မည်သည့်အရာများလိုအပ်နေသည်၊ မည်သို့လုပ်ရမည်ဆိုသည်ကို လူငယ် များအနေဖြင့် သေချာစွာသိရှိရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံသို့ တက်ရောက်လာသူ လူငယ် ၁၅၀ ကို ပြောကြားလိုက်ခြင်းဖြစ်သည်။



 7day daily

မန္တလေးဈေးချိုတော် ဖွင့်ချိန် ပိတ်ချိန်များ ပြောင်းလဲ




ဈေးချိုအနီး လုံခြုံရေးယူထားသော ရဲကားတစ်စီးကိုတွေ့ရစဉ်* ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့တွင် ဖြစ် ပွားနေသည့်   အခြေအနေများ ကြောင့် မန္တလေးဈေးချိုတော် ဈေးဖွင့်ချိန်၊ပိတ်ချိန်များ ပြောင်း လိုက်ကြောင်း သတင်းရရှိသည်။

အထက်မြန်မာပြည်၏ ကုန် စည်အရောင်းအ၀ယ်ပြုလုပ်ရာ အချက်အချာကျသည့် မန္တလေးဈေးချိုတော်တွင်  ယခင် နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဈေးဖွင့်ကာ အရောင်းအ၀ယ်ပြု လုပ်ခဲ့ရာမှ ယနေ့ဇူလိုင် ၅ ရက် မှစတင်ကာ   ဈေးဖွင့်ချိန်ကို နံနက် ၈ နာရီသို့လည်းကောင်း၊ ဈေးပိတ်ချိန်ကို  ညနေ ၄ နာရီ သို့လည်းကောင်း ပြောင်းလဲကာ ဈေးဖွင့်ချိန်  ၁ နာရီလျှော့လိုက် ကြောင်း   မန္တလေးဈေးချိုတော် အကျိုးတော်ဆောင် အဖွဲ့ဝင်များ က ပြောသည်။

 အဆင့်မြင့်  ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့မှ အတွင်းရေးမှူး ဦးမင်းမင်းက ‘‘ဈေးချိုထဲကဆိုင်တွေ အခုဖြစ်နေတဲ့ မန္တလေး အနေအထားနဲ့  စိုးရိမ်စိတ်ပူကြ တာပေါ့။ ဈေးပါထိန်းလို့ အဆင် ပြေပါ့မလားပေါ့။ ဆိုင်ရှင်တွေ ကိုလည်း သေချာရှင်းပြထား တယ်။ စိုးရိမ်ကြောင့်ကြမှု မရှိကြ ဖို့။ ဈေးဖွင့်ချိန် ပိတ်ချိန် ပြောင်း တာကလည်း ယာယီရက်ပိုင်း လေးပါပဲ။ မကြာခင် အရင်အ တိုင်း ပြန်ဖွင့်သွားမှာပါ’’ ဟု ပြော ကြားသည်။

မန္တလေးဈေးချိုတော်ကဲ့သို့ ပင် တောင်၊ မြောက်တိုက်တန်းကြီးနှင့် မန်းမြန်မာပလာဇာတို့တွင် လည်း    ဈေးဖွင့်ချိန်   ပိတ်ချိန် ပြောင်းလဲလိုက်ကြောင်း ဆိုင်ခန်း ရှင်များက ပြောသည်။

ပဋိပက္ခများ စတင်ဖြစ်ပွား သည့် ည၏နောက်တစ်နေ့နံနက်  ဇူလိုင် ၂ ရက်တွင် မန္တလေးဈေးချို တော်တွင် ဗုံးတွေ့သည်ဆိုသည့် ကောလာဟလများ ပျံ့ခဲ့ပြီး ဗုံး မဟုတ်ဘဲ အမှိုက်ထုပ်သာဖြစ်နေ ခဲ့သော်လည်း  ဆိုင်ခန်းအများအ ပြား လာရောက်ဖွင့်လှစ်ခြင်း မရှိ တော့ပေ။

ဇူလိုင် ၃ ရက်တွင်လည်း မန္တလေးဈေးချိုတော်မှ ဆိုင်ခန်း အများစု ပိတ်သိမ်းထားဆဲဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် ဥပုသ်နေ့ဖြစ် သဖြင့် ပုံမှန်အတိုင်း ဈေးပိတ်ခဲ့ သည်။ ယနေ့ ဇူလိုင် ၅ ရက်တွင်မူ ဈေးဆိုင်ခန်းအများစု လာရောက် ဖွင့်လှစ်ရောင်းချနေကြကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။

ဈေးပုံမှန်ဖွင့်လှစ်ထားသော် လည်း နယ်မှ လာရောက်ဝယ်ယူ သူ မရှိသဖြင့် အရောင်းအ၀ယ်များ လည်း    ကျဆင်းနေကြောင်း မန္တလေးဈေးချိုတော်မှ ဆိုင်ရှင် များက ပြောသည်။

‘‘အမှန်ကတော့ ဒီလိုအခါ က ၀ါဝင်ခါနီးဆိုတော့  အရောင်း အ၀ယ်ပါးနေကြပါ။    ဒါပေမဲ့ လက်ရှိမန္တလေးအခြေအနေတွေ ကြောင့် နယ်ဝယ်လက်လည်း မဆင်းတော့ဘူး။ ပိုပြီးအရောင်း အ၀ယ်ကျသွားတာပေါ့’’ ဟု မန္တလေးဈေးချိုတော် မြေညီထပ် မှ အထည်ဆိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် ဈေးချိုတော်သို့ ကုန်ဝယ်လာရောက်သူ နည်းပါး ခြင်းကြောင့် ဈေးချိုတော်နှင့် ဆက်စပ်နေသည့် ကုန်ပစ္စည်းတင် ပို့သူများ၊ အနှေးယာဉ်လုပ်သား များ၊ ဘတ်စ်ကားလိုင်းဝန်ထမ်း များလည်း အခက်အခဲနှင့် ကြုံ တွေ့နေရကြောင်း ၎င်းတို့က ပြောသည်။

‘‘ဈေးဝယ်မလာတော့ ဘာ ကုန်ပစ္စည်းမှ မပို့ရဘူး။ ဈေးချို လာတဲ့ ကုန်ထမ်းသမားတွေ၊ ထမင်းဖိုးယူလာရတယ်။ မယူ လာရင်    ထမင်းငတ်မှာ’’   ဟု မန္တလေးဈေးချိုတော်မှ ကုန်စည် ပို့ဆောင်ပေးသူ  ဦးဝင်းက ပြော သည်။

မန္တလေးဈေးချိုတော်မှ ဈေး ဖွင့်ချိန် ပိတ်ချိန် ပြောင်းလဲလိုက် ပြီးနောက် ဈေးချိုတော်နှင့် ဆက် စပ်နေသည့် ရတနာပုံဈေးအပါ အ၀င် ဈေးအချို့လည်း အချိန် စောစွာ ပိတ်ခဲ့ကြသည်။ ထို့အ ပြင်    ကုမ္ပဏီလုပ်ငန်းအချို့က လည်း ၀န်ထမ်းများကို  အလုပ်ချိန်စောစီးစွာ ဆင်းပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။   ဈေးချိုတော် ၀န်းကျင်မှ ဆိုင်အချို့မှာမူ    ပြန်လည်ဖွင့်လှစ်ရောင်းချခြင်း   မရှိ သေးပေ။

7day daily