ရွှေစက်တော်ဘုရားကိုပြန်လည်ပြုပြင်ရာ အောက်စက်တော်ရာတွင် သီပေါမင်း လှူဒါန်းထားသော ကြေးသွန်းနဂါးကြီး၏ အမြီးပိုင်းထွက်ပေါ်


မကွေး၊ ဇွန် ၁၆။

မြန်မာနိုင်ငံ၏ နွေရာသီအပန်းဖြေခရီးစဉ်နှင့် ဘုရားဘူးသွားရောက်မှုများပြားသော မြန်မာနိုင်ငံအလယ်ပိုင်း
မြေလတ်ဒေသဖြစ်သော မင်းဘူးခရိုင်းအတွင်းရှိ မန်းချောင်းနှင့်ကပ်လျက်ရှိသော ဂေါတမမြတ်စွာဘုရား၏
ခြေတော်ရာစစ်နှစ်ဆူကို လာရောက်ဖူးမျှော်သူများအဆင်ပြေစေရန် အတွက် လှေကားထစ်များနှင့်
အာရုံခံတန်ဆောင်များ အပြင် ရှေးမင်းများလှူဒါန်းခဲ့သော အထိမ်းအမှတ်ပစ္စည်းများကို ပြန်လည်ပြုပြင်
ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်ရာတွင် အောက်စက်တော်ကို ၀န်းရံထားသော ကြေးသွန်း နဂါးကြီး
တစ်ကောင်း၏ အမြီးပိုင်း ပေါ်ထွန်းခဲ့ကြောင်း ဂေါပကအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ
ဦးကျော်စိန်ဝင်း ပြောကြားချက်အရ သိရှိရသည်။

“ဒီကြေးသွန်းနဂါးကြီးကို ထိန်းသိမ်းထားတာပါ အခုပြန်ပြုပြင်ပြီးဒီနဂါးရုပ်ကြီးကို အလွယ်တကူမြင်နိုင်အောင်
ကွန်ကဒစ်တွေသုံးပြီး ရေကာထားမှာဖြစ်ပါတယ် ကြေးနဂါးရုပ်ကြီးကအရင်က ချောက်က နက်ပြီး ရေတွေနဲ့
အုပ်နေလို့မမြင်ရတာပါ သတိထားကြည့်မှမြင်နိုင်ပါတယ်” ဟုယင်းက ပြောဆိုသည်။

အဆိုပါကြေးသွန်းနဂါးကြီးမှာ အပြင်မှ  တကိုယ်လုံးမမြင်နိုင်ပဲ အမြီးပိုင်းသာမြင်နိုင်ပြီး ယခုအချိန်တွင် ဘုရားဖူးများမှာ
၁၂ရာသီပတ်လုံးလာရောက်သောကြောင့် အဆိုပါ နဂါးအမြီးပိုင်းကို အလွယ်တကူမြင်နိုင်ရန် ရေကာတာငယ်လေ
ပြုလုပ်ခြင်းဖြစ်ပြီး လာမည့်ဘုရားပွဲရာသီးတွင် ဓာတ်ပုံ ပြသထားမည်ဖြစ်ကြောင်း လည်း သိရသည်။

ယင်းအလွန်ကြီးမားသော ကြေးသွန်းနဂါးကြီးကို သီပေါမင်းပါတော်မမူခင် ၃နှစ်တွင် သီပေါမင်း လှူဒါန်းထားခြင်းဖြစ်ပြီး
ဘုခုနစ်ဆင့်ကိုလည်း ရှေးမူမပြတ် ရွှေအစစ်ပြန်ချမည်ဖြစ်သည့်အပြင်မင်းတုန်းမင်းတရားကြီးလှူဒါန်းထားခဲ့သော
အထက်စက်တော်ရာနှင့် အောက်စက်တော်ရာများမှ ရှေးဟောင်း လက်ရာများကိုလည်း ရှေးမူမပြတ်ပြန်လည်ပြင်ဆင်ပြီး
ကမ္ဗည်း ကျောက်စာ ရေးထိုးမှုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လာမည့်ဘုရားဘူးရာသီတွင် အထက်စက်တော်ရာသို့တက်ရောက်သော လှေကားများမှာ ကလေးများနှင့် သက်ကြီးရွယ်များ
အတွက် အန္တရာယ်များသော ကြောင့် စက်လှေ တစိတ်တပိုင်း တပ်ဆင်ခြင်း ၊လှေကားထစ်များပြုပြင်ခြင်းများကို ပြုလုပ်မည်
ဖြစ်ကြောင်းလည်းသိရသည်။

စောကျော်ဝင်း(စလင်း)
The Myanma Age

ရန်ကုန်သို့ သွားရာလမ်း

ဟီလာရီကလင်တန်ကို ၎င်း၏စာအုပ်အမှတ်တရ လက်မှတ်ထိုးပွဲတစ်ခုတွင် တွေ့ရစဉ် JOSHUA ROBERTS/reuters



(၂)

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှ မဲခေါင်မြစ်ဝှမ်းဒေသအကြား မဟာဗျူဟာ အနေအထားတကျတည်ရှိပြီး လူဦးရေ သန်း ၆၀ ကျော်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အာရှ၏ ဆန်အိုးကြီးဟုလည်း တစ်ချိန်ကထင်ရှားခဲ့သည်။သပ္ပာယ်လှသော ရှေးဟောင်းဘုရားပုထိုးစေ တီများ၊လှပသော သဘာဝအလှများကြောင့်ခရီးသွားများနှင့် ဂျော့ခ်ျအော်ဝဲလ်၊ရုဒ်ကစ်ပလင်တို့လို စာရေးဆရာများကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလက မဟာမိတ်တပ်များနှင့် ဂျပန်တပ်တို့၏ စစ်တလင်းလည်းဖြစ်ခဲ့ဖူး၏။ ရှလကာရည်ချိုးဟု   နာမည်ပြောင်ပေးထားသည့်အမေရိကန်မဟာမိတ်စစ်တပ်မှ ဗိုလ်ချုပ်စတီးဝဲလ်က တရုတ်နိုင်ငံသို့ အဓိကတိုက်ရိုက်ပေါက်သည့် လီဒိုလမ်းမကြီးကို  ပြန်ဖွင့်ပေးခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည်။

နှစ်ပေါင်းများစွာကြာစစ်အာ ဏာရှင်များ၏ စီးပွားရေးစီမံခန့် ခွဲမှုညံ့ဖျင်းခြင်းက မြန်မာနိုင်ငံ ကို အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့သည်။ ယခုအခါမြန်မာက ကမ္ဘာတွင် လူ့အခွင့်အရေး အချိုး ဖောက်ဆုံးနိုင်ငံအဖြစ် ရပ်တည် နေသည်။ အရှေ့တောင် အာရှအ လယ်တွင် ပြဿနာမျိုးစုံဖြင့် မငြိမ်းချမ်းသောဒေသ ဖြစ်သည်။ မြန်မာနိုင်ငံမှ ပိုတွင်ကျယ်လာ သော မူးယစ်ဆေးဝါးကုန်သွယ် မှုနှင့် မြောက်ကိုရီးယားနှင့် ဆက် ဆံမှုတို့ကြောင့် ကမ္ဘာကြီး၏ လုံခြုံ ရေးကို ခြိမ်းခြောက်အန္တရာယ်ပေး လာသည်။

  ၂၀၀၉ ခုနှစ် ဇန်န၀ါရီက အမေရိကန် လွှတ်တော်အ ဆောက်အအုံထဲမှ ထုံးတမ်းစဉ် လာ မဆန်သည့် ဆွေးနွေးပွဲတစ်ခု ကနေ ကျွန်မအတွက် ရန်ကုန်သို့ သွားရန်လမ်းစပေါ်လာခဲ့ခြင်း ဖြစ် သည်။ အမေရိကန်လွှတ်တော်မှ လွှတ်တော်အမတ် မက်ကော်နယ်လ်ကို ကျွန်မသိနေသည်မှာရှစ်နှစ်ခန့်ရှိနေပြီ ဖြစ်သော်လည်းကျွန်မတို့နှစ်ဦးမှာ အရာရာတွင်သဘောထားချင်း မတိုက်ဆိုင်သူများဖြစ်၏။ ကင်တာကီပြည်နယ်ရီပက်ဘလေကန်ပါတီလွှတ်တော်အမတ် မက်ကော်နယ်လ်သည် ကျွန်မတို့ အိုဘားမားအစိုးရအဖွဲ့၏ မူဝါဒသဘောထားများကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်သူဖြစ်၏။ သို့သော်လည်း တစ်နေရာတွင်တော့ သူနှင့် ကျွန်မတို့အတူတကွ ပူးပေါင်းအလုပ်လုပ်၍ရနိုင်သည်ဟု ကျွန်မတွေးမိသည်။ လွှတ်တော်အမတ် မက်ကော်နယ်လ်က ၁၉၈၈ အရေးအခင်းပြီးကတည်းက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ စိတ်အားတက်ကြွစွာ ပါဝင်သူဖြစ်သည်။ သူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများပြုလုပ်ရန် နှစ်ပေါင်းများစွာဦးဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံမှ အတိုက်အခံများနှင့် အဆက်အသွယ်များ ပိုမိုလုပ်ဆောင်လာခဲ့သည်။

ကျွန်မနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသောအခါ မြန်မာနိုင်ငံအ ပေါ် ထားရှိသော မူဝါဒကို ပြန် လည်သုံးသပ်ရန် လိုအပ်နေပြီဟု ထင်မြင်မိသည်။ ထိုအချက်ကို မက်ကော်နယ်လ်လည်း သဘော တူလိမ့်မည်ဟု ကျွန်မစဉ်းစားမိ သည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာ စစ်အစိုးရက အခြေခံဥပဒေအ သစ်ကို  ကြေညာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲလုပ် ပေးမည်ဟု အသိပေးလိုက်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မအောင်မြင်ခဲ့သည့် နောက်ပိုင်း တွင် မြန်မာနိုင်ငံကို အကဲခတ် စောင့်ကြည့်သူများက ရွေးကောက်ပွဲအသစ်၏ အလားအလာကိုလည်း သတိကြီးကြီးထားပြီး စောင့်ကြည့်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း   ပါဝင်ခွင့်မရအောင် ကန့်သတ်ထားပြီး လွှတ်တော်ထဲတွင် စစ်တပ်က နေရာအများစုရအောင် စစ်အစိုးရက စီမံထားသည်။ သို့ရာတွင် ဖိနှိပ်ချုပ်ချယ်မှုများသည့် စစ်အစိုးရကဲ့သို့ အစိုးရမျိုးဆီမှ  ဒီမိုကရေစီကို အလိုလားဆုံးဟု ဆိုရမည့် အရိပ်အယောင်များ ပြလာသည်မှာ စိတ်ဝင်စားစရာပင်။

  အသေအချာပြောရလျှင် ယခင်တုန်းကလည်း ကျွန်မတို့ ဘက်က လွဲမှားစွာ မျှော်လင့်ခဲ့ဖူး သည့် အဖြစ်အပျက်များကလည်း ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တုန်းက စစ်အစိုးရက ဒေါ်အောင်ဆန်းစု ကြည်အား မမျှော်လင့်ဘဲ နေအိမ် အကျယ်ချုပ်မှ  လွှတ်ပေးခဲ့ဖူး သည်။ ထိုအခါ ကုလသမဂ္ဂဆိုင် ရာ အမေရိကန်သံအမတ်ကြီး မက်ဒဲလင်းအောဘရိုက်က စစ် အစိုးရက အလျှော့ပေးတော့မည်လားဆိုသည့်  အခြေအနေကို ရန်ကုန်မြို့သို့ သွားရောက်ပြီး သွားရောက်စနည်းနာခဲ့သည်။ သူကကျွန်မနှင့် လက်မှတ်ရေးထိုးထားသည့် ဘေဂျင်းကုလသမဂ္ဂအမျိုးသမီး ညီလာခံမှ ပိုစတာတစ်ခုကို သယ်ဆောင်သွားသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲရေးများကတော့ ဖြစ်မလာခဲ့ပါ။

၁၉၉၆ ခုနှစ်၌ မြန်မာနိုင်ငံ နှင့် အိမ်နီးနားချင်း ထိုင်းနိုင်ငံသို့ကျွန်မသွားရောက်လည်ပတ်ခဲ့ သည့်အခါတွင် ချင်းမိုင်တက္ကသိုလ် ၌ မြန်မာစစ်အစိုးရနှင့် ဒေါ်အောင် ဆန်းစုကြည်အကြားက စစ်မှန် သော တွေ့ဆုံဆွေးနွေးပွဲအတွက် တောင်းဆိုသည့် မိန့်ခွန်းတစ်ခုကို ကျွန်မ ပြောကြားခဲ့ပါသည်။ သို့ ရာတွင်  ၁၉၉၇  ခုနှစ်ကစပြီး မြန်မာစစ်ဗိုလ်ချုပ်များက ဒေါ်စု ၏  နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုတင်းကျပ်ကန့်သတ်လာခဲ့၏။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် သူ့ကို နေအိမ်အကျယ်ချုပ်ပင် ပြန်ချထားလိုက်သည်။သမ္မတ ဘီလ်ကလင်တန်က ဒေါ်စု၏စွမ်း ရည်သတ္တိကို  အသိအမှတ်ပြု သည့်အနေဖြင့် အမေရိကန်နိုင်ငံ သားများအတွက် အမြင့်ဆုံးဆုတံ ဆိပ်ဖြစ်သည့် သမ္မတ၏ လွတ် လပ်မှုဆိုင်ရာရွှေတံဆိပ်ဆုကို ချီး မြှင့်ခဲ့သည်။ ဒေါ်စုမှာ ထိုတံဆိပ် ကို  ကိုယ်တိုင်ပင်လက်ခံမယူနိုင် ခဲ့ချေ။  စေ့စပ်ညှိနှိုင်းမှုများလည်း ထိုကာလမှာ ရှုံးနိမ့်ခဲ့ရ၏။ သို့ရာ တွင် ၂၀၀၉ ခုနှစ်မှာတော့ မြန်မာ နိုင်ငံအပေါ် ကျွန်မတို့၏ ပိတ်ဆို့ အရေးယူမှုများက ထိရောက်ပါ သည်ဟု ငြင်းဆန်ရန် ခက်ခဲသည့် အခြေအနေများဖြစ်လာပြီ။ ကျွန်မတို့ လုပ်နိုင်စရာ  အခြားဘာများ ရှိပါသေးလဲ။

ကျွန်မက လွှတ်တော်အမတ် မက်ကော်နယ်လ်ကို မြန်မာနိုင်ငံ အပေါ်ထားသော အမေရိကန်၏ မူဝါဒကို အပေါ်ကနေ အောက် ခြေအထိ ပုံစံအသစ် ပြောင်း ကြည့်ချင်သည်ဟု ပြောကြားခဲ့ပြီး သူလည်း တစ်စိတ်တစ်ပိုင်းပါဝင် မည်ဟု  မျှော်လင့်ခဲ့သည်။  မက် ကော်နယ်လ်က  သံသယများရှိ သော်လည်း လှိုက်လှဲစွာထောက် ခံအားပေးခဲ့ပါသည်။ ကျွန်မတို့ နှစ်ဦး၏ မူဝါဒသုံးသပ်ချက်သည် လွှတ်တော်ထဲမှ ပါတီကြီးနှစ်ခုလုံး ၏ ထောက်ခံအားပေးမှုရခဲ့သည်။ သူ့ရုံးခန်း နံရံပေါ်မှာ မှန်ပေါင်သွင်းချိတ်ဆွဲထားသည့်  ဒေါ်အောင် ဆန်းစုကြည်၏  စာတစ်စောင်ကို မက်ကော်နယ်လ်က  ကျွန်မကို ဂုဏ်ယူဝံ့ကြွားစွာပြရှာသည်။ ထို့ ကြောင့် မြန်မာအရေးက သူ့အ တွက်ဘာကြောင့် စိတ်အားထက် သန်နေရသလဲဆိုတာကို သိသာ နေပါသည်။ မြန်မာအရေးနှင့်ပတ် သက်ပြီး သူနှင့် ပုံမှန်ဆွေးနွေး သွားမည်ဟု သူ့ကိုကျွန်မကတိ ပေးလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ မက်ကောနယ်လ်နှင့် ဟီလာရီကိုတွေ့ရစဉ်     MICHAEL REYNOLDS/EPA



နောက်ထပ်ကျွန်မတွေ့ရ မည့် လွှတ်တော်အမတ်တစ်ဦး ရှိ ပါသေးသည်။ သူက ဗီယက်နမ် စစ်ပြန် သမ္မတရေဂင်လက်ထက် က လေတပ်အကြီးအကဲ။

ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်။ အမေရိကန်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြား ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ်ဖြစ်ပါသည်။

သူက အမေရိကန်အစိုးရ၏ အရှေ့ တောင်အာရှဆိုင်ရာမူဝါဒနှင့်ပတ် သက်ပြီး ခိုင်မာပြတ်သားသော သဘောထားရှိသူ ဖြစ်သည်။ ဂျင်မ်ဝက်ဘ်က အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသည် ဆင်းရဲသော မြန်မာနိုင်ငံတွင် ထိရောက် အောင်မြင်ခဲ့သော်လည်း စစ်အစိုးရကို ပိုပြီးအထီးကျန်၊ ပိုပြီး တစ်ဇွတ်ထိုးဆန်လာစေခဲ့သည်ဟုဆိုသည်။ ထို့အတူ ကျွန်မတို့က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး၊နိုင်ငံရေး သြဇာ ပိုလွှမ်းမိုးလာအောင်အခွင့်အရေးပေးနေသလို ဖြစ်နေသည်ဟု သူက စိုးရိမ်နေသည်။

အဓိကသဘာဝရေနံပိုက် လိုင်းအပါအ၀င် ရေအားလျှပ်စစ် ဆည်၊ သတ္တုတွင်း၊ စွမ်းအင်စီမံ ကိန်းများမှာ တရုတ်ကုမ္ပဏီများ က မြန်မာနိုင်ငံတစ်ဝန်းတွင် အ မြောက်အမြားရင်းနှီးမြှုပ်နှံနေကြ သည်။ ဂျင်မ်ဝက်ဘ်က မြန်မာအ ပေါ်ထားသော မူဝါဒကိုသုံးသပ် ခြင်းသည် တကယ့်အကြံဉာဏ် ကောင်းဟု သူကလည်း ယူဆ သည်။ သို့ရာတွင် သူကတုံ့နှေးနှေး မလုပ်စေချင်။ သူ၏ရာထူးဖြစ် သည့် အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာ မူဝါဒကော်မတီ နေရာကနေ ကျွန်မကို မြန်မြန် ဆန်ဆန် လုပ်ဖြစ်အောင် တွန်း အားပေးကူညီပေးမည်ဟု ကတိ ပေးခဲ့သည်။

 အမေရိကန်အစိုးရလွှတ် တော်အဆောက်အအုံ၏ ပြင်ပ မှာလည်း ကျွန်မမိတ်ဆွေနယူး ယောက်ပြည်နယ်အောက်လွှတ် တော်အမတ် ဂျိုးခရောလီက မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှုများ ကြာရှည်စွာဦးဆောင်လှုပ်ရှားနေသည်ကို ကျွန်မကြားနေရသည်။ သူက နယူးယောက်ကွင်းန်အရပ်မှ ရှေးရိုးဆန်သည့် လူရိုးလူဖြောင့်ကြီးဖြစ်၏။ နယူးယောက်အခမ်းအနားများတွင် သူနှင့်မကြာခဏ ဆုံ ကြရာသူက အိုင်းရစ်ရိုးရာ သီချင်းတစ်ပိုင်းတစ်စကို ကျွန်မ အား ဆိုညည်းပြလေ့ရှိသည်။

ဂျိုးခရောလီ၏ မြန်မာနိုင်ငံလူအခွင့်အရေး ဆောင်ရွက် အားထုတ်မှုများနှင့်ပတ်သက်ပြီး သူ၏ ဆရာဖြစ်သော အမေရိကန် နိုင်ငံခြားရေးရာ ကော်မတီမှ ကွယ်လွန်သူ လွှတ်တော်အမတ် တွန်လန်တိုစ်ကိုယ်တိုင်က  ချီးကျူးရသူ ဖြစ်သည်။ ကျွန်မတို့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မှုများ လုပ်နေသည့် အချိန်တွင် ဂျိုး၏အားပေးမှုများ၊အကြံဉာဏ်များကလည်း တကယ့်ကို အရေးပါထိရောက်လှပါသည်။

(အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင် တန်၏ မကြာသေးမီက ရေး သားထုတ်ဝေခဲ့သော Hard Choices စာအုပ်ပါ  မြန်မာနိုင်ငံအကြောင်းကဏ္ဍဖြစ်သည့် Burma ဆိုသည့် အခန်းကို ထားထားမြင့် ဘာသာပြန်ဆိုပါသည်။)

( 7 Day Daily သတင်းစာတွင် ဆက်လက်ဖော်ပြသွားပါမည်။)
7day daily

ပြုပြင်ဖန်တီးထားသည့် အနီရောင်အသား များများစားခြင်းက နှလုံးကို ထိခိုက်စေနိုင်



တာရှည်ခံအောင် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားများကို ကာလရှည်ကြာ ပုံမှန်စားသောက်ခြင်းက နှလုံးကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားခဲ့သည်။

ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားဆားနယ်နှင့် ဟော့ဒေါ့ အစရှိသည့် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားများ ပါရှိသော အစားအသောက်များသည် ရေရှည်တွင် နှလုံးဖောက်ပြန်မှု ဖြစ်ပွားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ဆွီဒင်မှ ပညာရှင်များက ယုံကြည်နေသည်။

ပြုပြင်ပြောင်းလဲထားသော အသားများတွင် မီးကင်ခြင်း၊ ဆားနယ်ခြင်း၊ အခြောက်လှမ်းခြင်း၊ တာရှည်ခံ ဆေးဝါးများ ထည့်သွင်းခြင်း အစရှိသည့် နည်းလမ်းများ အသုံးပြုထားပြီးပြီး သဘာဝ အသားများထက် ဆိုဒီယမ် ပါဝင်မှုလည်း ပိုမိုများပြားသည်။

စတော့ခ်ဟုမ်းမြို့ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာဌာနမှ ဒေါက်တာ အေလိုင်ဂျာဝုခ်နှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများသည် နှလုံးရောဂါ ဖောက်ပြန်မှုနှင့် ကင်ဆာရောဂါ မှတ်တမ်း လုံးဝမရှိဖူးသည့် အသက်(၄၅)နှစ်မှ (၇၉)နှစ်ကြား လူပေါင်း (၃၇၀၃၅)ဦး၏ ကျန်းမာရေး မှတ်တမ်းများကို စောင့်ကြည့် လေ့လာခဲ့သည်။

(၁၂)နှစ်မျှ ကြာမြင့်ချိန်တွင် ယင်းစာရင်းအနက် လူပေါင်း(၂၈၉၁)ဦးသည် နှလုံးဖောက်ပြန်မှု ဝေဒနာများ ခံစားခဲ့ရပြီး (၂၆၆)ဦးမှာမူ နှလုံးထိခိုက်မှုဖြင့် သေဆုံးခဲ့ကြသည်။ လေ့လာမှုများအရ ယင်းကဲ့သို့ နှလုံးထိခိုက်သူ အများစုသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားပမာဏ (၇၅)ဂရမ်မျှ ပိုမိုစားသုံးလေ့ ရှိသည်ကို တွေ့ရှိလာရသည်။ ၎င်းတို့၏ နှလုံးထိခိုက်နိုင်ခြေသည် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားပမာဏ (၂၅)ဂရမ်အောက်သာ နေ့စဉ်စားသုံးသူများထက် (၂၈)ရာခိုင်နှုန်း ပိုမိုများပြားနေသည်။

ဒေါက်တာဝုခ်က “များသောအားဖြင့် ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေမှာ ဆိုဒီယမ်၊ နိုက်ထရိတ်နဲ့ ဖော့ဖရပ်စ်ဓာတ်တွေ ပါဝင်နေလေ့ရှိတယ်။ ပြီးတော့ အစားအသောက်ကို စွဲလမ်းစေတဲ့ ဓာတ်ပစ္စည်းတွေလည်း ဖြည့်တင်းထားလေ့ ရှိပါတယ်။ မီးကင်ထားတဲ့ အသားမျိုးကျတော့ ပိုလီဆိုက်ကလစ် အေရိုမက်တစ် ဟိုက်ဒရိုဂျင် ကာဘွန်တွေ ပါဝင်နေတတ်တယ်။ ဒီအချက်အလက်တွေ အားလုံးက နှလုံးထိခိုက်မှုကို သာမန်ထက် မြင့်တက်သွားစေတတ်ပါတယ်”ဟု ပြောကြားသွားသည်။

_Ref; Dailydigestnews
7day daily

Mobile Money ဝန်ဆောင်မှု ပေးရန် Ooredoo က CB Bank နှင့် ပူးပေါင်းထားကြောင်း ထုတ်ဖော် ပြောဆို


ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo မြန်မာသည် ၎င်းတို့၏ Mobile Money ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်နိုင်ရန် ပြည်တွင်း ဘဏ်တစ်ခုဖြစ်သည့် CB Bank နှင့် လက်တွဲ ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။



ဘဏ်စာရင်း မရှိသူများအနေဖြင့် ငွေကြေး လွှဲပြောင်းခြင်း၊ ငွေကြေး လက်ခံခြင်းများ ပြုလုပ်နိုင်ရန် Mobile Money ဝန်ဆောင်မှုကို စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာနှင့် ဘဏ်လုပ်ငန်းများ မဖြစ်မနေ ပူးပေါင်းရန် လိုအပ်ကြောင်း သိရသည်။



“Mobile Money ဆိုတာ ဘဏ်နဲ့ဆက်သွယ်စရာ မလိုဘဲ ငွေကြေးတွေ လွှဲနိုင်တယ်။ လက်ခံနိုင်တယ်။ ဈေးဝယ်ခြင်း၊ လခ လက်ခံခြင်းတွေလည်း လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုပါ။ မိုဘိုင်းဖုန်းထဲက ပိုက်ဆံအိတ်လို့လည်း ပြောလို့ရတယ်။ ဒီအတွက် Ooredoo က CB Bank နဲ့လက်တွဲထားပါတယ်” ဟု Ooredoo မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။



CB Bank သည် လက်ရှိအချိန်၌ ဘဏ်နှင့် ပတ်သက်သည့် တိုးချဲ့ လုပ်ကိုင်ခွင့် အများအပြားကို လုပ်ကိုင်ခွင့် ရရှိနေသည့် ပြည်တွင်းအခြေစိုက် ဘဏ်တစ်ခု ဖြစ်ပြီး မကြာမီက Mobile Banking စနစ်ကိုလည်း မိတ်ဆက် ပြသခဲ့သည့် ပထမဦးဆုံး ဘဏ်လည်း ဖြစ်သည်။



၎င်းသည် မိုဘိုင်းဖုန်း အသုံးပြု ၍ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ဝန်ဆောင်မှုကို ပေးအပ်နေသည့်အပြင် နိုင်ငံတကာ၌ အသုံးပြုနေသည့် visa ကတ်နှင့် Master ကတ်ဝန်ဆောင်မှုများကို လည်း ပြည်တွင်း၌ ဝန်ဆောင်မှု ပေးအပ်နေသည့် ဘဏ်ဖြစ်သည်။



နိုင်ငံခြား ငွေလွှဲလက်ခံသည့် လုပ်ငန်းများ၊ e Banking ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး ယခုအခါ၌ ပြည်တွင်းသို့ ဝင်ရောက်လာသည့် အင်အားကြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့်ပူးပေါင်း၍ Mobile Money ကို ဝန်ဆောင်မှုပေးရန် စတင်ခဲ့ခြင်းဖြစ်သည်။



မြင့်ကျော်လှိုင်
Internet Journal

Skin Care Tips ဆယ်ကျော်သက် မျက်နှာ



၁၅-၁၆ နှစ်အရွယ် သမီးလေး တယောက်ရှိတယ်။ နာမည်တွေဘာတွေ ထားပါ။ ပေါ်ပြူလာ Skin lotion နာမည်ကြီးလို့ ဝယ်လိမ်းတယ်။ ချွေးထွက်ပေါက်တွေ ပိတ်ကုန်ပြီး ဝက်ခြံတွေ ဗုံးပေါလအော ထွက်လာပါလေရော။ ဒီလိုမျိုး မဖြစ်ရလေအောင် နည်းနာတွေရှိပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ နည်းနည်းထည့်ရေးပါရစေ။

အရွယ်က ဆယ်ကျော်သက် မျက်နှာက အရေပြား၊ အမျိုးအစား သိပါသလား။ လေးမျိုး လေးစားမှတ်ထားပါ။ (၁) ခပ်ခြောက်ခြောက်၊ (၂) အဆီပြန်၊ (၃) ပုံမှန် နဲ့ (၄) အဲဒါတွေ ရောထွေးနေတာ။

၁။ Normal Skin Care ပုံမှန်အရေပြား
ညီညာ ချောမွေ့နေတယ်။ ပျော့ညက်တယ်။ အစက်အပျောက် ကင်းစင်တယ်။ ဘာမှ ကွာကျနေတာလဲ မရှိဘူး။ မွေးညင်းပေါက်လေးတွေကလဲ မြင်ယုံသာ မြင်ရတယ်၊ ကျယ်မနေကြဘူး။ ခြောက်လဲမနေ အစိုလဲမပြန်တာကို ပုံမှန်လို့ခေါ်တယ်။ နည်းနည်းပါးပါးတော့ ပြောစရာလေးတွေ ရှိချင်ရှိမှာပေါ့။ ဒါဆိုရင် တနေ့မှာ မျက်နှာ ၂-၃ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မွှေးလွန်းတာ ကောင်းလွန်းတယ်ဆိုတာ မသင့်ပါ။ ချွေးနဲ့ အညစ်အကြေး သန့်သွားဘို့သာ လိုတယ်။ အပိုမလိုပါ။

၂။ Dry Skin Care အရေပြား သွေ့ခြောက်နေသူ
ပြောင်လက်မနေဘူး။ ခပ်ကြမ်းကြမ်း၊ ယားချင်ချင်၊ အဖတ်သေးသေးလေးတွေ ကွာနေမယ်။ မွေးညင်းပေါက်တွေကိုလဲ မြင်နေရတယ်။ အရေပြား အပေါ်ယံ (ဆဲလ်) တွေက ပုံမှန်မဟုတ်ဘဲ ကွာထွက်နေလို့ဖြစ်တယ်။ ပုံမှန်ဆိုရင် ကိုယ့်သဘာဝအဆီကနေ ဒီလိုမဖြစ်အောင် လုပ်ပေးနေပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တနေ့ကို မျက်နှာ ၁-၂ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မျက်နှာသစ်ပြီးရင် အမွှေးအကြိုင်တွေ မပါ၊ အရက်ပြန် မပါတဲ့ Moisturizer လိမ်းပါ။ ရေနွေးနဲ့ ရေချိုးတာ များများ မလုပ်ပါနဲ့။ High temperatures အပူချိန်များတာ၊ Low humidity စိုထိုင်းမှု နည်းတာတွေကနေ ရှောင်ရှားပါ။ ဆပ်ပြာသုံးတာ၊ ဆေးကြောပွတ်တိုက်တာ မများပါစေနဲ့။ ဆောင်းရာသီမှာ ပိုဖြစ်တတ်တယ်။ ဒါဆိုရင် ရေခပ်နွေးနွေးမှာ မိနစ် ၂ဝ ကြာချိုးပါ။ ဆပ်ပြာ လျှော့သုံးပါ။ ခြောက်သွေ့အောင်လုပ်တာမျိုး မသုံးပါနဲ့။ ရေချိုးခန်းက ထွက်လာပြီးရင် ရေကို တဘက်သုံးပြီး ခြောက်စေပါ။ Mineral oil လိမ်းပေးပါ။ မွှေးတာတွေ မပါစေနဲ့။ အရက်ပြန်မပါတာ ရွေးသုံးပါ။

၃။ Oily Skin Care မျက်နှာအဆီပြန်နေသူ
ဝက်ခြံထွက်တတ်သူ ဖြစ်မယ်။ အပေါက်လေးတွေ ကျယ်နေတာ ရှိမယ်။ အလင်းရောင်မှာ ပြောင်နေပြီး ရောင်ပြန်ဟပ် နေမယ်။ Blackheads ခေါင်းနက်-ဝက်ခြံ၊ Pimples ဝက်ခြံပုန်းတွေ ရှိနေမယ်။ ဟော်မုန်းသတ္တိကြောင့် ဖြစ်နေတာပါ။ စိတ်ဖိအားများနေသလား လျှော့ပေးပါ။ လှချင်ရင် စာမေးပွဲ၊ လူမှုရေး တွေးမနေနဲ့။ တနေ့မှာ မျက်နှာ သုံးခါသစ်ပါ။ ဆပ်ပြာရိုးရိုးသာသုံးပါ။ ကျောင်းမှာ လုပ်ရတာဆိုရင် Cleansing pad သုံးနိုင်တယ်။ ဝက်ခြံပုန်းကို ညှစ်ဘို့ မလုပ်နဲ့။ အလှသုံးပစ္စည်းတွေဟာ Non-comedogenic ခေါ်တာဖြစ်ရမယ်။ အပေါက်လေးတွေကို မပိတ်စေတာမျိုး။ ဆံပင်ကလဲ အဆီမများအောင် ခေါင်းလျှော်ပေးပါ။

၎။ Normal/Combination Skin Care ပုံမှန် နဲ့ အဆီပြန် ရောနေသူ
နဖူး-နှာခေါင်း နဲ့ မေးတွေမှာ အဆီပြန်ပြီး ကျန်တာကခြောက်နေတာမျိုး။ T-Zone ခေါ်တယ်။ အပေါက်လေးတွေကျယ်၊ ခေါင်းနက်တွေ ရှိနေမယ်။ ပါးပြင်ကြမ်းနေမယ်။ ရာသီဥတုလဲ လိုက်ပြီး အနည်း-အများ မတူတတ်ဘူး။ တနေ့မှာ ၂-၃ ခါ မျက်နှာသစ်ပါ။ ရိုးရိုးဆပ်ပြာ၊ ရိုးရိုးရေသာသုံးပါ။ ခြောက်တဲ့နေရာကို Moisturizer သုံးပါ။ အဆီပြန်တဲ့နေရာချန်ထားပါ။

Best Practices နည်းလမ်း လေးသွယ်
ဆယ်ကျော်သက် မျက်နှာလေးတွေ လှပပြီး ကျန်းမာနေအောင် ရိုးရိုးနဲ့ ကောင်းတဲ့ နည်း (၄) မျိုး သုံးနိုင်ကြတယ်။

(၁) Cleanse သန့်ရှင်းရေး
အညစ်အကြေး၊ အဆီ နဲ့ သေသွားလို့ ကွာကျနေတဲ့ (ဆဲလ်) တွေကို ဖယ်ရှား သန့်ရှင်းပေးဘို့ လိုတယ်။ မျက်နှာသစ်တာက အဲဒါတွေအပြင် ပိုနေတဲ့ အဆီကိုရှင်းပေတာမို့ ဝက်ခြံထွက်မှာကိုပါ တားဆီးရာကျတယ်။ အခုလို မျက်နှာအရေပြားမျိုး ရှိသူတွေ Salicylic acid ပါတဲ့ Cleanser မျိုးသုံးသင့်တယ်။ Acne washes လို့လဲခေါ်တယ်။ ဥပမာ Neutrogena products မျိုး။ Glycolic acid ပါတာသုံးရင် (ဆဲလ်) တွေ သေလို့ကွာကျတာတွေကို ဖယ်ရှားပေးတယ်။ Retinoid creams (Retin-A and Renova) ကို မကြိုက်သူတွေလဲ သုံးနိုင်တယ်။ သုံးမဲ့ပစ္စည်းထဲမှာ ဘာတွေပါသလဲ ဖတ်ပါ။ Waterproof mascara လိုမျိုး Eye makeup ဖယ်ဘို့ရာ မွှေးတာမပါတဲ့ အမျိုးအစားသာ သုံးပါ။

(၂) Hydrate/Moisturize မျက်နှာစိုဆေး
ခြောက်နေတာအတွက် ရေဘဲလိုမယ်။ စိုစွပ်ချင်ရင် ဆီ နဲ့ ရေ လိုတယ်။ များသောအားဖြင့် မနက်တခါ၊ ညနေ တခါ။ (ခရင်မ်) တွေ ဆီတွေသုံးတာ ဘယ်တော့မှ များမသွားစေနဲ့။ ခြောက်နေတဲ့အရေပြားအတွက်သုံးမဲ့ Moisturizer ဟာ Oil-free ဆီမပါစေရဘူး။

(၃) Treat ကုသနည်း
မိန်းကလေးငယ် အတော်များများ ဝက်ခြံလိုဟာအတွက် အပိုလုပ်ပေးဘို့ လိုတတ်တယ်။ အပေါက်ငယ်တွေ ပိတ်နေရင် လုပ်ပေးရမယ်။ အဆီထွက်များရင်၊ အညစ်အကြေးနဲ့ ပိတ်နေရင် ဗက်တီးရီးယားတွေ ပျက်စီးနေတာတွေ အထဲမှာ အောင်းနေမယ်။ တခါတလေ ကိုယ်သုံးတဲ့ အလှသုံးပစ္စည်းတွေကြောင့်လဲ ဝက်ခြံကိုပိုဖြစ်စေတတ်တာ သတိထားပါ။ ဆံပင်ဆိုးဆေး၊ ဆံပင်လိမ်းဆီတွေကနေလဲ ဖြစ်စေနိုင်တယ်။ ဆပ်ပြာနဲ့ ဆပ်ပြာရည်တွေက အဆီကိုဖယ်ပေးတာ မှန်ပေမဲ့ အဆီထုတ်ပေးနေတဲ့ ဖြစ်စဉ်ကိုတော့ သက်သာပြောင်းလဲ မသွားစေနိုင်ဘူး။ အရေပြားကို ခဏခဏကုပ်တာ ဆိုးစေမယ်။
Benzoyl peroxide ပါတဲ့ဆေးကနေ နဖူး၊ နှာခေါင်းနဲ့ မေးဖျားနေရာတွေက တော်တော်တန်တန် ဝက်ခြံကို ညနေအချိန် တနေ့တခါ လိမ်းတာ ကောင်းတယ်။ Pimples ဝက်ခြံပုန်းတော့ မရဘူး။ ဆေးအသုံးများတာ မကောင်းပါ။ ဆေးလိမ်းများပြီး အနေရခက်သလိုဖြစ်ရင် မျက်နှာသစ်လိုက်ပါ။ နောက်နေ့ကျမှ Benzoyl peroxide ပြန်လိမ်းပါ။ ဒီဆေးက တလနေမှ အစွမ်းပြတာ သိသာတယ်။

(၄) Protect အကာအကွယ်
မျက်နှာကို ရေးခဲ့သလို သန့်စင်ပြီးတဲ့နောက် အကာအကွယ်လုပ်ပေးရမယ်။ ဘေးပတ်ဝန်းကျင်မှာ မသင့်တာ၊ မတည့်တာတွေ ရှိနေတယ်။ Moisturizer နဲ့ Foundation တွေဟာ Sunscreen SPF 15 အနည်းဆုံးရှိသင့်တယ်။ နေကောင်းကောင်း ထွက်နေချိန်တွေ နေရောင်နဲ့ ထိတွေ့တာကို ရှောင်နိုင်သမျှ ရှောင်ပါ။ Moisturize ကို ဘာလို့ သုံးရသလဲ။ ရေဟာ လူ့အသက်ဖြစ်တယ်။ အရေပြားရဲ့အသက်လဲဖြစ်တယ်။ အစိုဓါတ်က အောက်နေ အထက်ကို လာရတာဖြစ်တယ်။ ရေဓါတ်နည်းရင် အရေပြားခြောက်သွေ့နေမယ်။ Moisturize သုံးရတယ်။

ကိုယ့်အရေပြား အမျိုးအစားက ဘာဖြစ်နေနေ စိတ်တိုင်းမကျတာ ဖြစ်လာရင် ဆရာဝန်ပြပါ။ ဖြစ်နိုင်ရင် အရေပြား အထူးကု ပြပါ။ ရေးခဲ့တာတွေက တကမ္ဘာလုံးက စာဖတ်သူတွေအတွက် ခြုံရေးတာပါ။ မြန်မာပြည်သူတွေ အတွက်တော့ သဘာဝ သနပ်ခါးစစ်စစ် ထက်ကောင်းတာ မရှိပါ။ သခွါးသီးလို အသီးအနှံတွေသုံးတာကလဲ တံဆိပ် လှလှလေးတွေနဲ့ ဈေးကြီးကြီး ပေးရတာတွေထက် စိတ်ချရပါတယ်။

Credit : Dr. တင့်ဆွေ

အသန္တိသုခ




ဇွန်လ ၁၁ ရက် ည ၁၁ နာရီခွဲအချိန် ဖုန်းမြည်လာပြီး “အခြေအနေမကောင်းဘူး အမြန်လာ” ဟူသည့် သတင်းစကားက သတင်းသမားတစ်ဦးအတွက် ခေါင်း ထောင်မျက်လုံးပြူးစရာပင် ဖြစ်သည်။ ပြည်သူတို့ သိသင့်သိထိုက်သည့် အခင်းအကျင်းတစ်ခု၊
အဖြစ်အပျက်တစ်ခုကို တင်ပြရန် အခြေအနေတစ်ခု ဖြစ်လာ တော့မည်ဟုလည်း သိလိုက်သည်။

အငှားကားကို အမြန်ငှားရမ်းလျက် အခင်းဖြစ်ရာ တာမွေမြို့နယ်၊ သန္တိသုခ ကျောင်းတိုက်သို့ ဦးတည် သွားနေရာမှ ကားသမားက “အစ်ကို ဆက်သွားလို့ မရတော့ဘူး လမ်းပိတ်ထားပြီ” ဟုဆိုချိန်တွင် မသဲမကွဲ အလင်းရောင်အောက်သို့ ရောက်နေပြီ။
မှုန်ပြပြ အလင်းရောင်အောင်တွင် လမ်းကိုသံဆူးကြိုးများဖြင့် ဖြတ်ပိတ်လျက် အရပ်ဝတ်ဝတ်ထားသူ ၁၀ ဦးခန့်ကို လမ်းဘေးဝဲယာတွင် တွေ့ရသည်။ စားပွဲကဲ့သို့သော ခုံတစ်ခုကိုလည်း လမ်းလယ်ခေါင်တွင်ချထားပြီး ခုံပေါ်တွင် အရပ်ဝတ်နှင့် လူတစ်ဦးထိုင်လျက် တွေ့ရ သည်။

ခပ်တည်တည်နှင့် ထိုလမ်းတွင်းသို့ တိုးဝင်သွားသောအခါ “သွားသွား” ဟု ခုံပေါ်မှ ပုဂ်္ဂိုလ်ကဆိုသည်။ ခြေ လှမ်း ၁၅ လှမ်းခန့် တိုးဝင်လှမ်းလိုက်မိသည့်အခါ အမှောင်ထုထဲသို့ ရောက်ရှိသွားပြီး ထိုအမှောင်ထဲရှိ လမ်းဘေးဝဲယာတွင် သေနတ်ကိုယ်စီနှင့် ရဲတပ်သား ၃၀ ခန့်၊ လူ ၂၀ ခန့်စီဝင်ဆံ့မည့် ရဲကားသုံးစီး၊ ထို ကားများပေါ်တွင်လည်း ရဲတပ်သားများကို မပီဝိုးတ၀ါး အမှောင်ထဲတွင် တွေ့ရသည်။

ကင်းပုန်းဝပ် လုံခြုံရေးယူသူများဟု ယူဆရသည့် ထိုအုပ်စုကိုဖြတ်လာအပြီး ပေ ၁၀၀ ခန့် အကွာအဝေး အရောက် လမ်းမီးတိုင်အောက်တွင်မူ ရဲသား ၁၅ ဦး ခန့်က လမ်းကို ထပ်မံပိတ်ထားသည်။ ထိုရဲသားတို့က ဤလမ်းကို ပေးမ၀င်နိုင်ဟု ဆိုလာတော့သည်။

ဘာကြောင့်ပါလဲဟု မေးခွန်းထုတ်သည့်အခါ “လုံခြုံရေး” ဟု ဆိုသာဆိုပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးဘဲ “ခွင့်မပြု” ဟု တွင်တွင်ငြင်းနေသည်။ဆက်တိုး၍ မဖြစ်တော့သည့် အခြေအနေတွင် လာရာလမ်းအတိုင်း ပြန်လျှောက် လာရာ တိတ်ဆိတ်
ငြိမ်သက်နေ သည့် အမှောင်ထဲရောက်နေသော်လည်း ကင်းပုန်းချထားသည့် ရဲသားတို့ထံမှ စူးရှသည့် အကြည့်ကိုမူ သတိပြုမိခဲ့သည်။ လာရာလမ်း အ၀သို့ ပြန်ရောက်ချိန်တွင် “ဒီလမ်းကို ၀င်ချင်ရင် ခွင့်တောင်းရတယ်ကွ၊ သွားချင်တိုင်း သွားလို့မရဘူး” ဟူသည့် အသံတစ်သံက တိတ်ဆိတ်သည့်အမှောင်ညကို ဖြိုခွင်း သွားတော့ သည်။

“ခင်ဗျားဘယ်သူလဲ” ဟု မေးခွန်းထုတ်သည့်အခါ “ငါတို့ တာဝန်အရလုပ်တာ” ဟု မေးခွန်းနှင့်မသက်ဆိုင် သည့် အဖြေပေးသည်။ “ခင်ဗျားတို့ တာဝန်အရလုပ်တာ ဟုတ်ပြီ။ ဒီလမ်းကို ဘာ့ကြောင့် ပိတ်ထားသလဲ နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော် သိခွင့်ရှိပါတယ်”
ဟု ဆိုသည့်အခါ “ငါတို့ ဘာမှမသိဘူး။ မင်းသိချင်ရင် တာမွေ အုပ်ချုပ်ရေးမှူးကို သွားမေး” ဟု မာကျော ဘောက်ဆတ်သည့်အသံနှင့် ဘောင်းဘီအတွင်း ဘယ် ဘက်လက်ကိုနှိုက်လျက် ဒုတိယအဖြေကို ထပ်မံပေးသည်။

ခက်ချေပြီ။ ကမ်္ဘာ့ကုလသမဂ်္ဂ အဖွဲ့ ကြီးက ၁၉၄၈ ခုနှစ်တွင် ကြေညာခဲ့သည့် လူ့အခွင့်အရေး ကြေညာစာ တမ်း အပိုဒ် ၁၃ ပိုဒ်ခွဲ (၁) တွင်ပါရှိသည့် “လူတိုင်းသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်း လွတ်လပ်စွာသွား လာခွင့်၊ ရွှေ့ပြောင်းနေထိုင်ခွင့်ရှိသည်” ဟူသည့်
ပြဋ္ဌာန်းချက်နှင့် ယခုဖြစ်ပေါ်နေသည့် အခြေ အနေများက ဖီလာဆန့်ကျင်နေပြီ။

“လူတိုင်းဟာ လွတ်လပ်စွာ သွားလာခွင့် ရှိပါတယ်” ဟု စောဒက တက်သည့်အခါ “ဒီနေရာမှာ အငြင်း ပွားဖို့မရှိဘူး။ မင်းသိ ချင်တာရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သွားမေးပါ” ဟု ထပ်ဆင့် ဆိုလာသည်။ ရောက်လိုသည်က သန္တိသုခကျောင်းတိုက်၊ ပို့နေသည်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမို့ မဖြစ်ချေပြီ။အခြေ အနေနှင့် အချိန်အခါကို လေ့ လာလျက် မရောက်ရောက်အောင်သွားမည် ဟု ဆုံးဖြတ်ချက်ချကာ ထိုသူ တို့နှင့်ဝေးရာ ခမ်းလှမ်းလှမ်းသို့ လျှောက်လာမိတော့သည်။ “အစ်ကို” ဟု ခေါ်သံတစ်သံကြားပြီး စူးစမ်း လိုက်သည့်အခါ ထိုရပ်ကွက်နေသူတစ်ဦး ဖြစ်မှန်း သိလာသည်။ ထိုသူက “ဒီလမ်း အတိုင်းသွားပါ ရှေ့ ရောက်ရင် ဘယ်ဘက်ချိုး၊ အဲဒီမှာ ချောင်းလေးတွေ့လိမ့်မယ်။အဲဒီချောင်းရဲ့ တစ်ဖက်ခြမ်းက သန္တိသုခပဲ သွားချင်ရင်တော့ အဲဒီချောင်းကို ဖြတ်ရမယ်” ဟု လမ်းညွှန်သည်။

လမ်းညွှန်ချက်အတိုင်း မပီဝိုးတ၀ါး အလင်းရောင်အောက်တွင် ၁၀ မိနစ်ခန့် လျှောက်လာသည့်အခါ ရပ်ကွက်အခေါ် နတ်ချောင်းသို့ ရောက်ရှိလာခဲ့သည်။ နတ် ချောင်း၏ အခြားတစ်ဖက်တွင် သွားလိုလှ သည့် သန်္တိသုခကျောင်းတော်ကြီးကို တွေ့ ရသည်။ ချောင်းကို
ဖြတ်လျက် ကျောင်းတော် သို့ သွားရန်တော့ မဖြစ်နိုင်။

ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက် သည့်အခါ ချောင်းနံဘေးတွင် လမ်းကလေးတွေ့၏။ ဖြစ်နိုင်ခြေကတော့ ဤလမ်းအတိုင်း သွားရုံပင်ရှိသည်။ အမှောင်ကြားမှ လမ်းကြားလေးအတိုင်း ငါးမိနစ်ခန့် ဖြတ်လျှောက် လာသည့်အခါ လမ်းမီးတိုင်အောက်တွင် စုစုရုံရုံးနှင့် သံဃာတော်များ။ လမ်းသွားလမ်း လာကားများကိုဖြတ် တားကာ “ဘယ်သွား မှာလဲ” ဟု စစ်ဆေး၏။ “ဘယ်ကလာသလဲ” ဟု မေးမြန်း၏။ ညသန်းခေါင်ချိန်တွင် လမ်းပေါ်ရောက်နေသည့် ဘုရားသားတော် အပါး ၃၀ ခန့်က ခရီးသွားပြည်သူများကို စစ်ဆေး တားဆီးနေ ခြင်း ဖြစ်သည်။ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ လုပ်ရမည့်အလုပ်ကို ဘုရားသားတော် ရဟန်းများက ဗုဒ္ဓအဆုံးအမနှင့် ဆန့်ကျင်လျက် လောကီရေးရာများကို လုပ်ဆောင်နေခြင်းသည် မှုန်ပြပြ အလင်းရောင်အောက်မှ အရုပ်ဆိုးအကျည်းတန် လှသော မြင် ကွင်းတစ်ကွက်ပင် ဖြစ်သည်။

ထိုသံဃာတော်များအနီးသို့ ကပ်မိသည့် အခါ “ဘယ်သွားမှာလဲ” ဟု သံဃာတစ်ပါး က စစ်ဆေးသည်။ “သန္တိသုခပါဘုရား” ဟု လျှောက်သည့်အခါ “လမ်းပိတ်ထားတယ်” ဟု တိုတိုပြတ်ပြတ် ပြန်မိန့်သည်။ “အရှင် ဘုရားတို့က ဘယ်ကျောင်းတိုက်ကပါလဲ”ဟု လျှောက်တင်သည့်အခါ ခပ်ထေ့ထေ့ ပြုံးလျက် “ဘုန်း ကြီးပါဆို ဘုန်းကြီးကျောင်း ကပေါ့ကွ” ဟု အဖြေပေးသည်။

နူးညံ့သော၊ သိမ်မွေ့သော ဗုဒ်္ဓတရား တော်များ၊ အဆုံးအမများနှင့် ဆန့်ကျင်နေသည့် ဗုဒ္ဓသားတော်တစ်ပါး ၏ အဖြေ စကားကြောင့် ငယ်ထိပ်သို့ဆောင့်တက် လာသော ဒေါသကိုထိန်းလျက် သွားလိုလှသည့် သိန္တိသုခသို့ရောက်ရန် ထပ်မံအကြံ ထုတ်ရပြန်သည်။

တိုက်ဆိုင်စွာပင် အငှားကားတစ်စီး ရောက်ရှိလာခြင်းကြောင့် ကားငှားကာ ထိုသံဃာတော်များကို ဖြတ် ကျော်ရန် ကြိုးစားရပြန်သည်။ “ဘယ်သွားမှာလဲ” ဟူသည့် မေးခွန်းနှင့် ထပ်မံကြုံတွေ့ရသည့်အခါ“အိမ် ပြန်မှာပါဘုရား” ဟု မုသားစကား သုံးလိုက်ရသည်။

“အိုကေ” ဟု ခွင့်ပြုချက် နှင့် “ဓာတ်ပုံမရိုက်နဲ့” ဟူသည့် တားမြစ်ချက်က ကိုယ်တော်တစ်ပါးဆီမှ တစ်ဆက်တည်း ထွက်ပေါ်လာမှသာ သက်ပြင်းချနိုင် တော့သည်။

သံဃာတော်များ ပိတ်ဆို့တားဆီးထားသည့် နတ်ချောင်းတံတားကိုဖြတ်ကာ လမ်းကြိုလမ်းကြားထဲဝင်ကာ ကားသမားကို ရှေ့ တိုးနိုင်သမျှတိုးရန် ပြောဆိုမောင်းခိုင်းရသည်။ အတော်လေး မောင်းပြီးသောအခါ ကားသမားက ဆက်မမောင်းလိုတော့ဘဲ ခြေလျင်သွားရန်
တိုက်တွန်းသည်။ ကားပေါ်မှဆင်းကာ အမှောင် ကြားမှ လေးမိနစ် ခန့် လမ်းလျှောက်လာသည့်အခါ ရှေ့တွင် မှောင်မှောင်မဲမဲ အုပ်စုကြီးတစ်စုကို တွေ့ ရပြန်သည်။

အနားရောက်သည့်အခါ ရဲကား ၁၀ စီးခန့်နှင့် ရဲသားမြောက်မြားစွာက လမ်းကို ပိတ်ဆို့ထားသည်။ အထူး တိတ်ဆိတ်လျက် ရှိသည့် ညမှောင်မှောင်တွင် ရဲသားများနှင့် ရဲကားများကြားမှ ဖြတ်ကျော်လာခဲ့သော်လည်း သည်တစ်ခါတော့ ကံကောင်း ထောက်မစွာ တားမြစ်ခြင်းမခံရပါ။ ပေ ၃၀ ခန့် ထပ်မံ လျှောက်လာမိသည့် အခါ ရဲကားများနှင့် ရဲသားများကို ထပ်မံတွေ့ရပြန်သည်။

ဖြတ်ကျော်ရန် ကြိုးစားသည့်အခါ ကားပေါ်မှ “ဘယ်သွားမှာလဲ” ဟု အသံတစ်သံ ထွက်ပေါ်လာပြန်သည် “သန္တိသုခ သွားမ လို့ပါ။ သတင်းယူမလို့ မဇ်္ဈိမ သတင်းစာကပါ” ဟု ခပ်သွက်သွက် အဖြေပေးလိုက်သည်။ “အေးသွားချင်လည်းသွားကွာ၊ ဟိုမှာတော့ ရဲတွေကော၊ ဘုန်းကြီးတွေကော ရှုပ်ယှက် ခတ်နေပြီ” ဟု ခွင့်ပြုသည်။ သွားလိုသည့် နေရာသို့ ရောက်တော့မည်ဟူသည့် အသိ နှင့် ခပ်သွက်သွက် လှမ်းလာမိသည့် အခါ သန္တိသုခကျောင်းတော်ရှေ့သို့ ရောက်ပါပြီ။

သို့သော် ကျောင်းတော်သို့ ၀င်မရ။ကျောင်းတော်သို့ဝင်သည့်လမ်း အမှောင်ထုအတွင်း မိုးမရွာဘဲ ထီး ဆောင်းလျက် ကျောခိုင်းပိတ်ဆို့ထားသည့် သံဃာတော် များ၏ ပထမစည်း၊ ထိုသံဃာတော်များ၏ရှေ့ ၁၅ ပေ ခန့်အကွာတွင် လက်ချင်း ချိတ်လျက် ကျောခိုင်း
ပိတ်ဆို့ထားသည့် အရပ်ဝတ်များနှင့် ဒုတိယစည်း၊ ထိုသူများ နှင့် ၁၅ ပေခန့်ကွာလျက် နောက်ကျောခိုင်း ကာ လက်ချင်းချိတ်ပိတ်ဆို့ထားသည့် အရပ်ဝတ် များ၏ တတိယစည်းကို သတင်းသမား များ၏ ကင်မရာမီးရောင်အောက်တွင် လှမ်းမြင်နေရသည်။

သံဃာတော်များ တားဆီးထားသည့် ပထမစည်းတွင် သရုပ်ဆောင် ခင်သန်းနွယ်က အော်ဟစ်ငိုယိုလျက် “မတရား မလုပ် ကြပါနဲ့ဘုရား။ လူတောင်မှန်တာလုပ်ရင် ဘုန်းကြီးက ပိုတောင် မှန်တာ လုပ်ရဦး မယ်” ဟုဆိုကာ ပိတ်ဆို့တားဆီးထားသည့် သံဃာတော်များကို
တောင်းပန်နေသည်။ သံဃာတော်များက ထီးမိုး လျက် မီးရောင် ကို ကျောခိုင်းပြီး ရပ်ထားဆဲ။ ညအမှောင် ကလည်း သတင်းသမားများ၏ ကင်မရာ မီး ရောင် တစ်ချက်တစ်ချက်မှတစ်ပါး အခြား အလင်းရောင်မရှိဘဲ မည်းမှောင်လျက်ပင် ရှိနေသည်။

“လေးလွှာလေးလွှာ အဆင်ပြေလား။လေးလွှာ လေးလွှာအဆင်ပြေလား” ည မှောင်မှောင်တွင် လမ်းလျှောက် စကားပြော စက်မှထွက်ပေါ်လာသည့် အသံတစ်ခု ဖြစ်သည်။ သတင်းသမားများ၏ ကင်မရာမီးများအသံ လာရာသို့ ရောက်ရှိချိန်တွင် သက် တော် ၅၀ ကျော် အရွယ်ရှိ သံဃာတစ်ပါး ကိုင်ဆောင်ထားသည့် စကား ပြောစက်မှ အသံများ ဖြစ်သည်။ အဆိုပါ ကိုယ်တော်ကလည်း “အဆင်ပြေတယ်” ဟု မိန့်ကြားပြီးနောက် ခေတ်္တအကြာ သတင်းသမားများ ကို ကျောခိုင်းထားသည့် သံဃာတော်များ သန္တိသုခကျောင်းတော် ၀င်ပေါက်သို့ ပြန်လည်ဝင်ရောက်ရန် ခြေလှမ်းပြင်ကြသည်။

ထိုအချိန်တွင် “ဖယ်ပေးလိုက်ကြ။ဖယ်ပေးလိုက်ကြ သင်္ကန်းဝတ်တွေ၊ သင်္ကန်းဝတ်တွေ။ ဘာသင်္ကန်းဝတ် တွေလဲ၊ ဘာသင်္ကန်းဝတ်တွေလဲ။ ကတုံးတွေ၊ ကတုံးတွေ” ဟု အော်ဟစ်သံများကြားရပြီး ကင်မရာမီး ရောင်အောက်တွင် စူးစမ်းကြည့်သည့် အခါ
အရပ်ဝတ်များဖြစ်ပြီး ခါးထောက်လျက် မည်သည့် ခံစားချက်မျှ ရှိပုံမရဘဲ အော်ဟစ်နေခြင်း ဖြစ်သည်။

ပထမစည်းအဖြစ် ပိတ်ဆို့ထားသည့် သံဃာတော်များ သန္တိသုခကျောင်းတော်တွင်းသို့ ပြန်လည်ဝင်ရောက် သွားပြီး ခေတ္တအကြာ၊ ကျောင်းတော်အတွင်းမှ မီးရောင်များ လင်းလက်လာပြီး “ဘုန်းဘုန်းတွေကို ဖမ်း သွားပြီ။ ဘုန်းဘုန်းတွေကို ကားပေါ်တင်နေပြီ” ဟု
အော်ဟစ်ငိုယိုသံများ သန္တိ သုခကျောင်းတော်၏ အပြင် ဘက် အမှောင်ထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။

ကားမီးများလင်းလာလျက် ကျောင်း တော်တံခါးပွင့်လာပြီး ကျောင်းတော်အတွင်းမှ ပထမဆုံးထွက်လာ သည်က ရွှေစင်စကြာ မှန်လုံကား အမှတ် ၆ဃ/၉၃၃၅ ထိုကားပေါ်တွင် သန္တိသုခကျောင်းတိုက်မှ သံဃာ တော် အပါး ၂၀ ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လမ်းတစ်လျောက် အော်ဟစ်ငိုယိုသူများ၊ သံဃာ တော်များပါသွားသည့် ထိုကားကို ရပ်ကွက်အတွင်းမှသူများက ထိုင်ကန်တော့သူများကိုလည်း တွေ့ရ သည်။ ထို့နောက် ကားအမှတ် 2D/ 5416 ကားပေါ်တွင်လည်း သန္တိသုခကျောင်းတိုက်မှ မဟုတ်သည့် သံဃာတော်များပါဝင် သော အခြားမှန်လုံကားလေးစီးလည်း ကျောင်းတိုက်အတွင်းမှ ထွက်ခွာသွားသည်။

နောက်ဆုံး ရဲကားတစ်စီး၏ ခေါင်းခန်းတွင်မူ ပီနန်ဆရာတော်၏ တပည့်ရင်း ဖြစ်သူ လန်ဒန်ဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးဥတ်္တရကို သတင်းသမားများ ၏ ကင်မရာမီးရောင်အောက်တွင် ဖူးတွေ့ ရသည်။ ဆရာတော်ကိုဖမ်းဆီး ခေါ်ဆောင် သွားသည့် ကားနားချဉ်းကပ်လျက် မေး မြန်းမည်ပြုစဉ် ကား မောင်းသူက ကားလီဗာကို “၀ူး” ကနဲ ဆောင့်နင်းကာ မောင်း ထွက်ရန် ကြိုးစားသည်။

ဤတွင် “ဟေ့လူ ခင်ဗျား ဖြည်းဖြည်း မောင်းလို့မရဘူးလား” ဟု သတင်းသမား တို့၏ အော်ဟစ်သံ ကြောင့် ကားကိုအနည်း ငယ် လျှော့မောင်းရာမှာ ကားနောက်ပြေး လွှားအမီလိုက်ကာ အော်ဟစ် ဆူညံ သံများကြားမှ ဆရာတော်ကို နှစ်မိနစ်ခန့် မေးမြန်းလျှောက်ထားခွင့် ရခဲ့သည်။ကျောင်းတိုက်သို့ ၀င်ရောက် စီးနင်းမှု နှင့်ပတ်သက်၍ ဆရာတော်က “တော်တော့်ကို မင်းမဲ့စရိုက် ဆန်ပါတယ်။ အဲဒီတော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နေတဲ့ကိစ်္စတွေဟာ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်ရာလည်း
မရောက်ဘူးလို ဖြစ်နေတယ်” ဟု မိန့်ကြားသည်။

သမ္မတဦးသိန်းစိန် တက်လာပြီးနောက် သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးဆိုကာ ပြုပြင် ပြောင်းလဲရေးဟု တကြော်ကြော် ဟစ်ကြွေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲ ဒီမိုကရေစီမဆန် သည့် အကြမ်းဖက်မှုတစ်ခုသာ ဖြစ် သည်ဟု ဖမ်းဆီးခေါ်ဆောင်ရာ လိုက်ပါရင်း ဆရာတော်က မိန့်ကြား သည်။

“တိုင်းပြည်ရဲ့အကျိုး သာသနာရဲ့ အကျိုးတွေကတော့ အများကြီးပျက်စီးဆုံးရှုံးသွားတယ်လို့ ဘုန်းကြီးက တော့ ဒီလိုပဲ မြင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကတော့ ဘာမှ ပြုပြင်ပြောင်းလဲရေး မရှိနိုင်ဘူး။ သူတို့က အာဏာပိုင်တဲ့အခါကျတော့ သူတို့လုပ်ချင်သလို
လုပ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ” ဟု မိန့်ကြားသွားခဲ့သည်။ ဇွန်လ ၁၁ ရက်ညက သန္တိသုခ ကျောင်းတိုက်မှ ဆရာတော် အပါး ၂၀ ခန့် ထိန်း သိမ်းခံခဲ့ရပြီး နှစ်ရက် အကြာတွင် ဆရာ တော်ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို အတင်းအကျပ်လူဝတ်လဲကာ အင်းစိန်ထောင် သို့ အာဏာပိုင်တို့က ပို့ဆောင်ထားသည်။

သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုအတွက် အငြင်းပွားခြင်းကို စာစုတွင် မရေးသားလိုပါ။ သို့သော် သံဃာ တော် အပါး ၂၀ သာ သီတင်းသုံးနေထိုင်သည့် ကျောင်းတော် ကို ညအချိန်မတော်အမှောင်ထုကို အကာ အကွယ်ယူကာ နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့မှ
သံဃာတော် ၃၀၀ နီးပါးဖြင့် ၀င်ရောက်စီးနင်းခြင်း၊ ရဲတပ်သား လုံခြုံ ရေးများစွာဖြင့် ကင်းပုန်းဝပ်လျက် ၀င်ရောက် စီးနင်းခြင်း အရပ်ဝတ်များစွာ ပူးပေါင်း ပါဝင်ခြင်းစသည့် လုပ်ဆောင်မှုများ သည် ပြုပြင်ပြောင်းလဲရေး၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးဟု အော်ဟစ်
မြည်တမ်းနေသည့် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေး မဟုတ်ဘဲ၊ မင်းဆိုးမင်းညစ်တို့၏ အုပ်ချုပ်မှုပုံစံနှင့် စရိုက်လက္ခဏာ၊ အမူအအကျင့်များသာ ဖြစ်သည်။

အလားတူပင် သန့်ရှင်းသည့်အစိုးရဟု ဆိုခဲ့သော်လည်း ဘုရားသားတော် ရဟန်းများကို ရဲတပ်သားများ စွာဖြင့် ဖမ်းဆီးလျက် အတင်းအကျပ် လူဝတ်လဲစေကာ အကျဉ်း ထောင်ပို့ခဲ့သည့်လုပ်ရပ်သည် ဘာသာရေး ရှုထောင့်မှပင်ကြည့်ကြည့်၊ လူမှုရေး ရှုထောင့်မှပင်
ကြည့်ကြည့် သန့်ရှင်းသည့် အစိုးရတစ်ရပ်ဟုခေါ်ဆိုရန် ထိုက်တန်မည် မဟုတ်ပေ။

Mizzima Burmese

အုန်းလွဲခြင်း (Stiffness of Neck)အကြောင်း သိကောင်းစရာများ



ရောဂါမဟုတ်သော ဝေဒနာတစ်ခုဖြစ်ပါသည်။ အုန်းလွဲခြင်းသည် လူအ တော်များများဖြစ်ဖူးသော ဝေဒနာတစ်ခုဖြစ်သည်။ အိပ်ရာပေါ်တွင် အိပ်ပျော် နေစဉ် ခေါင်းနှင့် လည်ပင်းအနေအထား မမှန်ကန်မှု (Postural Defect) ကြာရှည်စွာ ခေါင်းငုံ့ လျက်ဖြစ်စေ ငဲ့စောင်းလျက်ဖြစ်စေ နေမိရာမှ ဖြစ်လေ့ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိသော ဝေဒနာတစ်ခုဖြစ်ရာ သာမန်အားဖြင့် အရေးမကြီးဟု ထင်ရသော်လည်း ဤဝေဒနာဖြစ်ပျက် လာပုံကို လည်းကောင်း၊ ကာကွယ်နိုင် ပုံကိုလည်းကောင်း၊ စနစ်တကျ ကုပုံကို လည်းကောင်း သိရှိနားလည်မှု မရှိကြသဖြင့် တစ်ရက်နှစ်ရက်နှင့် ပျောက်ရမည့်အစား တပတ်နှစ်ပတ်မှ တလအထိ ဝေဒနာကို ကြာရှည်စွာ ခံစားရခြင်းများ ရှိလေသည်။

အချို့သော လူနာများသည် ခေါင်းအုံးကို နေလှန်း၍ အုန်းခြင်းဖြင့်လည်း ကောင်း၊ ရေနွေးကပ်ပေးခြင်း ဖြင့်လည်းကောင်း၊ အကိုက်အခဲပျောက်ဆေး များကို သုံးခြင်းဖြင့် လည်းကောင်း အမှတ်မထင် သက်သာပျောက်ကင်းမှု ရတတ်ကြ သော်လည်း အုန်းလွဲသူတိုင်းထိုသို့ ပြုလုပ်၍ ပျောက်ကင်း ကြသည် မဟုတ်ချေ။ အထက်ဖေါ်ပြပါနည်းများမှ တနည်းနည်းကို သော်လည်း ကောင်း နှစ်နည်းသုံးနည်းကိုသော် လည်းကောင်းပြုလုပ်ပြီးမှ သက်သာမှု မရခြင်း၊ (သို့) ပို၍နာကျင်ခြင်းဖြစ်လာသဖြင့် အကြောအဆစ် ဆေးကုဌာန သို့ ရောက်လာကြသူများမှာ မနည်းလှပါ။ အကြောင်းမှာ အနှိပ်သည်၏ ကုသနည်းမမှန်၍သော်လည်းကောင်း၊ လည်ပင်းနှင့်ပတ် သက်၍ သတိပြု ဆင်ခြင်ရမည်များကို မသိ၍သော်လည်း ကောင်း၊ စနစ်မကျ ကုသနည်းကို သိရှိထားခြင်းမရှိ၍သော်လည်းကောင်း ဖြစ်နိုင်ပေသည်။

အုန်းလွဲခြင်းကို ကျား၊မ အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။ ဤဝေဒနာ အကြောင်းသိရှိပါက လူနာကိုယ်တိုင် ကုသရလွယ်ကူ၍ အပျောက်မြန်လေသည်။ ဆေးရုံဆေးခန်းသို့ သွားရန်မလိုပေ။ လည်ပင်းကြွက်သားများတည်ရှိပုံ(A natomy of Neck) ပုံတွင်ပြထားသည့်အတိုင်း လည်ပင်းရိုးများ (Cervical Vertebrae) ကိုဗဟိုပြုလျက် ကြွက်သားများသည် အဘက်ဘက်မှ လည်ပင်းအား အညီအမျှ ဖွဲ့စည်းထိန်း ကျောင်းထားကြသည်ဖြစ်၏။ ယင်းကြွက်သားများ၏ ရုန်းဆွဲခြင်းကြောင့် လည်ပင်းလှုပ်ရှားမှုများ ဖြစ်ရလေသည်။

ဝေဒနာဖြစ်ရခြင်းအကြောင်းအရင်းများ ခေါင်းအုံးထူထူမြင့်မြင့်ကိုလည်းကောင်း၊ ခေါင်းအအုံးမာမာကို လည်းကောင်း ကြာရှည်စွာ အသုံးချ အိပ်စက်ခြင်း။ သစ်သားတန်းပေါ်၌ဖြစ်စေ၊ ပက်လက်ကုလားထိုင်လက်တန်းပေါ်၌ဖြစ်စေ ပစ္စည်းထုပ်ပေါ်၌ ဖြစ်စေ ဖြစ်သလိုအိပ်စက်ခဲ့ခြင်း။ စာရေး စာဖတ်ခြင်း၊ လက်နှိပ်စက်ရိုက်ခြင်း၊ ဆန်ရွေးခြင်းကဲ့သို့သော အလုပ် များကို ကြာရှည်စွာခေါင်းငုံ့ လည်စောင်းလျက် အလုပ်လုပ်မိခြင်း။ အမှတ်မထင် ဗြုန်းစားလှည့်ကြည့်မိရာမှ လည်ပင်းပခုံးကြွက်သားများ မျက်သွားခြင်း။ ရောဂါ လက္ခဏာများ လည်ပင်းလှည့်မရခြင်း ဇက်စောင်းခြင်း လည်ပင်းနှင့် ပခုံးကြွက်သားများ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခြင်း။ ဇက်ကြော၊ ပခုံးကြောများ တင်းတောင့်နေခြင်း။ ခေါင်းငုံ့မရခြင်း၊ ခေါင်းငုံ့က ပိုနာခြင်း။ (ရောဂါလက္ခဏာများအရ လူနာ၏မျက်နှာပုံပန်းသည် မာနကြီးသူ၏ ပုံမျိုးဖြစ်နေတတ်ပေသည်။)

အုန်းလွဲခြင်းဟူသည်

အုန်းလွဲခြင်းသည် အထက်တွင်တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း ရောဂါမဟုတ် သော ဝေဒနာတမျိုးဖြစ်လေသည်။ ခေါင်းနှင့် လည်ပင်းအား စနစ်တကျ အနားယူသော အနေအထားဖြင့် အိပါစက်မှုမပြုခြင်း၊ အလုပ်တခုခုကို အကြောင်းပြုပြီး လည်ပင်းကြွက်သားများ မညီမမျှတာဝန် ထမ်းဆောင် စေခြင်းတို့ကြောင့် လည်ပင်းကြွက်သားအချို့ တင်းတောင့်လာကြခြင်း (Spasm) ဖြစ်ပြီး ဇက်ခိုင်လာခြင်းကို အုန်းလွဲခြင်းဟု ခေါ်ပါသည်။ ကြွက်သားများ တင်းလာသဖြင့် ကြွက်သားများအတွင်းရှိ အာရုံ ကြောများအား ညှစ်မိရာမှ နာကျင်ခြင်းဖြစ်ရလေသည်။

ကုသနည်းများ

(က) အနားယူခြင်း။ ။

အထက်တွင် ဖော်ပြထားသည့်အတိုင်း အုန်းလွဲခြင်းဖြစ်နေချိန်တွင် လည်ပင်းနှင့် ပခုံးကြွက်သားတို့သည် တင်းတောင့်ခြင်းဖြစ်နေကြရာ အားဖြင့်နှိပ်ခြင်း၊ နင်းခြင်း၊ ချိုးလှည့်ခြင်းအား ဖြင့် ကြွက်သားများ နာကျင်သွားနိုင်ပေသည်။ ထိုအခါ တရက်နှစ်ရက်နှင့် ပျောက်ကင်းရမည့်အစား တပတ်နှစ်ပတ်ထိကုသမှု ခံယူရတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ဤဝေဒနာရှင်များအဖို့ အနားယူရန် အရေးကြီး ပေသည်။ အနားယူခြင်းဆိုသည်မှာ စာရေးစာဖတ်ခြင်းကဲ့သို့ ခေါင်းငုံ့ပြီး အလုပ်မလုပ်ရခြင်း၊ မျက်နှာကို ငုံ့ခြင်း မော့ခြင်းမရှိစေပဲ တည့်တည့်အနေအ ထားရှိစေခြင်း၊ လည်ပင်းစောင်း၍မနေစေရန် မှန်ကြည့်လျက် ပြုပြင်ပေးခြင်း၊ အနင်းအနှိပ်မခံရခြင်း၊ ခေါင်းအုံးမြင့်မြင့်မားမားဖြင့်  မအိပ်စက်ခြင်း၊ ပက်လက်ကုလားထိုင်တွင် မထိုင်ရခြင်းတို့ ဖြစ်လေသည်။ အနားယူခြင်းကို ကုသနည်းကောင်းတစ်ခုအနေဖြင့် စွဲမြဲစွာ မှတ်ယူသင့် ပါသည်။

(ခ) အပူပေးခြင်း။ ။

ရောဂါစဖြစ်သည့်နေ့မှစ၍ အပူပေးခြင်းကို ပြုလုပ်နိုင်ပါသည်။ ရေနွေးအိတ်၊ ရေနွေးပုလင်း၊ အုတ်ပူ၊ ဆားကျပ်ထုပ် စသည့် အပူတမျိုးမျိုးအား လည်ပင်းနောက် ပိုင်း သို့ လည်းကောင်း၊ လက်ပြင်နှင့် လက်မောင်းများသို့လည်းကောင်း ကပ်ပေးပါ။ ဝေဒနာအဖြစ် များလျင် များသလို အကြိမ်များများ ကပ်ပေးပါ။ ဤရောဂါရှင်များအား အကြောအဆစ်ဆေးကုဌာန၌ S.W.D သို့ RH များဖြင့် အပူပေး လေ့ရှိသည်။ ဆေးရုံတွင် တစ်နေ့ တကြိမ်သာ စက်ဖြင့်အပူပေးပြီး ကျန်သော အချိန်များတွင် ရေနွေးကပ်စေပါသည်။ အပူပေးခြင်းဖြင့် တင်းနေသော ကြွက်သားများ ပျော့လာမည်။ အနာသက်သာမည်။ ခိုင်နေသော လည်ပင်းအား အနည်းငယ်လှုပ်ရှားမှု ပြုလုပ်လာနိုင်မည် ဖြစ်သည်။

(ဂ) လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။ ။

ဝေဒနာများစွာ ခံစားနေရသော ပထမ တစ်ရက်နှစ်ရက်တွင် လေ့ကျင့်ခန်းပြုလုပ်မပေးပဲ အနားယူခြင်း၊ အပူပေးခြင်းလောက်သာ ပြုလုပ်ပေးသင့်ပါသည်။ ထိုနောက် အပူပေးပြီးတိုင်း လည်ပင်းကို ဟိုဘက်သည်ဘက် တဖြည်းဖြည်းလှည့် ပေးရမည်။ တခြားသော လည်ပင်းလှုပ်ရှားမှုများ (ဥပမာ- ငုံ့ခြင်း) အား လုံးဝ မပြုလုပ်ရပေ။ လည်ပင်းလှည့်သောအခါ ပခုံးနှင့် ကိုယ်ပါ လိုက်ပါလှည့်မသွားစေရန် လက်ဖြင့်ခုံကို ကိုင်ထားလျက် လည်ပင်း သက်သက်ကိုသာ ဗယ်ညာလှည့်ပေးရမည်။ လည်ပင်းကို ပထမနေ့တွင် မနာခင်အထိသာ လှည့်ပေးရမည်။ နာသည်အထိ လှည့်ပေးခြင်းဖြင့် လည်ပင်းကြွက်သားများ ပို၍တင်းလာပြီး သက်သာတိုးတက်မှု မရဖြစ်တတ် သည်။ နောက်ရက်များ၌ ရောဂါအခြေအနေကိုကြည့်ပြီး တဖြည်းဖြည်းတိုး၍ လည့်ပေးရမည်။ လည်ပင်းလှည့်ခြင်းကို အတော်အတန်ပြုလုပ်၍ ရလာသောအခါ လည်ပင်း၊ ခေါင်းမော့ခြင်း နှင့် ဘေးသို့ စောင်းခြင်း (နားရွက်နှင့် ပခုံးသို့ထိခြင်း) များတဖြည်းဖြည်း ပြုလုပ်ပေးပါ။ အခြားသော လှုပ်ရှားမှုများအားလုံး အတော်အတန်တိုးတက်မှု ရလာပြီး နာကျင်မှုလည်း များစွာ သက်သာမှုရလာသော အခါ တွင်မှ ခေါင်းငုံ့ခြင်းကို တဖြည်းဖြည်း ချင်း လေ့ကျင့်ယူရမည် ဖြစ်သည်။ သိပ်နာသည်အထိ မပြုလုပ်ရပေ။ လည်ပင်းလေ့ကျင့်ခန်းများအား ရောဂါအခြေအနေအရ တနေ့လျင် ၁၀ခါ သုံးကြိမ်နှင့် အထက် ပြုလုပ်ပေးနိုင်သည်။

လည်ပင်းအားစိုက်လှည့်ခြင်း

လည်ပင်းလှုပ်ရှားမှုများ အဘက်ဘက်သို့ အတော်အတန်ပြုလုပ်လာနိုင် သောအခါ အားစိုက်၍ လှည့်ရသော လေ့ကျင့်ခန်းများသို့ တဆင့်တက် လှမ်းပြုလုပ်ရပေမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်ရောဂါကြောင့် အင်အား လျော့ပါးသွားသော ကြွက်သားများပြန်၍ သန်စွမ်း လာကြရန် ဖြစ်သည်။ ယင်းလည်ပင်းကြွက်သားများ ထာဝရသန်စွမ်းနေကြ မှသာ ဤရောဂါ ဝေဒနာမှာ ကာလကြာရှည်စွာ သက်သာပျောက်ကင်းနိုင်ပါမည်။ အကြောင်း မှာ လည်ပင်းကြွက်သားမသန်စွမ်းက လည်ပင်းရိုးများ အချင်းချင်း ကွာဟ မနေကြဘဲ လျော့ကျ ပူးကပ်နေမည်ဖြစ်ရာ အာရုံကြောအား ဖိမိညှပ်မိ နိုင်မည် ဖြစ်သည်။

လေ့ကျင့်ခန်းပြုလုပ်နည်း

(က) လည်ပင်းလှည့်ခြင်း ဥပမာ လည်ပင်းအား ဗယ်ဘက်သို့ လှည့်ကြည့်သည် ဖြစ်အံ့၊ လူနာသည် လည်ပင်းမလှည့်မီ သူ၏ဗယ်ဘက်မေးစေ့အား ညာဘက်သို့ တွန်းထားရမည်။ ထိုနောက် တွန်းထားသောလက်အား ဆန့်ကျင်လျက် ခေါင်းကို ဗယ်ဘက်သို့ အားစိုက်လှည့်ပေးရမည်။ တွန်းထားသော လက်သည် လည်ပင်းလှည့်နေစဉ် တချိန်လုံးတွန်းထားပါ။ လည်ပင်းလှည့်ရာတွင် တဖြည်းဖြည်းချင်း တသမတ်တည်းလှည့်ရမည်။ ရပ်လိုက် လှည့်လိုက်မလုပ်ရ။ အားဖြင့် ဆောင့်၍လှည့်ခြင်း ၊ ဖြုန်းစားလှည့်ခြင်းမပြုလုပ်ရ။ လည်ပင်းသည် ဗယ်ဘက်သို့ တဆုံးလှည့်ပြီးသောအခါ ဗယ်လက်ကို ဖယ်လိုက်ပြီး ညာလက်ဖနောင့်ဖြင့် ညာဘက်မေးအား ဗယ်ဘက်သို့ တွန်းထားလျက် ညာဘက်သို့ တဖြည်းဖြည်းချင်းပြန်လှည့်ပေးပါ ။ ဤသို့ဖြင့် တဘက်လျင် လေးငါးကြိမ် ပြုလုပ်ပေး ရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။

(ခ) လည်ပင်းစောင်းခြင်း ဥပမာ လည်ပင်းအား ညာဘက်သို့ စောင်းလိုသည်ဖြစ်အံ့၊ လူနာသည် ခေါင်းကို ဗယ်ဘက်သို့ အတန်ငယ်စောင်းထားပြီး ညာဘက်လက်ဖ၀ါးဖြင့် ညာဘက်နားရွက်၏ အထက်နားသို့ တွန်းထားပေးပါ။ ထိုနောက် တွန်းထားသော လက်ကို ဆန့်ကျင်လျက် လည်ပင်းကို ညာဘက်သို့ တဖြည်းဖြည်းချင်း စောင်းပေးပါ။ ဤသို့ဖြင့် ခေါင်းကို ညာဘက် စောင်းပြီးသောအခါ ညာဘက်နားရွက် အထက်နားသို့ ညာဘက်လက် ဖ၀ါးဖြင့် တွန်းထားလျက် ဗယ်ဘက်သို့ ပြန်စောင်းပေးပါ။ တဘက် ငါးကြိမ် ပြုလုပ်ပေးရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။

(ဂ) ခေါင်းငုံ့ခြင်း၊ မော့ခြင်း ပထမဦးစွာ ခေါင်းကို အရှေ့ဘက်သို့ အနည်းငယ် ၄၅ဒီဂရီခန့် ငုံ့ထားပါ။ မနာခင်အထိသာ ငုံ့ထားပေးပါ။ ထိုနောက်လက်ဖ၀ါး နှစ်ခုအား တခုပေါ် တခုကပ်လျက် လက်နောက်ပစ်ပြီး နောက်စိကို အုပ်၍ တွန်းထားပါ။ ထိုနောက် တွန်းထားသည့် လက်ဖ၀ါးကို ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း မော့ပေးရမည်။ အတတ်နိုင်ဆုံးမော့ပြီးသောအခါ နောက်စေ့မှ လက်များကိုဖယ်လိုက် ပြီး မော့ထားသော မေးစေ့အောက်၌ အပေါ်သို့ တွန်းတင်သည့် အနေအထားဖြင့် ထားပါ။ ထိုနောင် ယင်းတွန်းတင်ထားသော လက်နှစ်ဘက်အား ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း ငုံ့ ပေးပါ။ ပထအဆုံး အနေအထားအထိ ပြန်ငုံ့ပေးရမည်။ လေးငါးကြိမ်ထိ ငုံ့မော့ပေးပါ။ တနေ့ သုံးကြိမ်ပြုလုပ်ပေးပါ။ အုန်းလွဲ သောလူနာများသည် များသောအားဖြင့် လည်ပင်းဆွဲပေးရန် မလိုအပ်ပါ။

ရှောင်ရန် ဆောင်ရန်များ

၁-ခေါင်းအုံးထူထူမအုံးရ။ ခေါင်းအုံးမ မာစေရ။ ခေါင်းအုံးပါးပါး ပျော့ပျော့ဖြင့် အိပ်ပါ။
၂-ပက်လက်ကုလားထိုင် မထိုင်ရ။
၃-ခေါင်းငုံ့ အလုပ်မလုပ်ရ။ အကယ်၍ စာဖတ်ခြင်း၊ စာရေးခြင်း ပြုလုပ်လိုက ခေါင်းမငုံ့စေဘဲ စာအုပ်ကို မျက်နှာရှိရာ နေရာအထိ မြှင့်တင်လျက် ဖတ်ပါ၊ ရေးပါ။
၎-နင်းခြင်း၊ နှိပ်ခြင်း၊ လည်ပင်းချိုးခြင်း မပြုလုပ်ရ။
၅-ခေါင်းကို တတ်နိုင်သရွေ့ မော့ခြင်း၊ ငုံ့ခြင်း၊ စောင်းခြင်း မဖြစ်စေပဲ ရှေ့သို့ တည့်တည့်ကြည့်လျက် အနေအထားဖြင့် နေပါ။

အနားယူခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းများကို တိတိကျကျ လိုက်နာကျင့်သုံးပါ။ မိမိဘာသာပြုလုပ်ကြည့်၍ တပတ်အတွင်းသက်သာပျောက်ကင်းမှု မရှိက ဆေးရုံသို့ သွားရောက်ပြသရမည်ဖြစ်ပါသည်။

Credit to>>မွန်ပြည်နယ်ကျိုက္ခမီသားလေးခင်မောင်စိုးဘလော့မှ

လက်မထပ်မီ ဘ၀အဖော်ကို မေးမြန်းသင့်သော မေးခွန်း ဆယ်ခု



ဘဝအဖော်ကို သေချာရွေးချယ်ပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးတာက ကျန်းမာရေးအတွက်အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝအဖော်နှင့် အတူ မနေခင်မှာရော၊ တစ်လင်တစ်မယားစနစ် မကျင့်သုံးနိုင်ကြသူတွေနဲ့ ဆိတ်ကွယ်ရာမှာ မပေါင်းသင်းခင်မှာပါ သင့်အဖေါ်ရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝင်၊ ကျန်းမာရေးအခြေအနေ စတာတွေကို သိရှိအောင် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုပါတယ်။ တကယ်လို့ သင့်အဖော်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က HIV မရှိဘူးဆိုတဲ့ အဖြေရထားရင်တောင် သူ့မှာ HIV ပိုးမရှိဘူးလို့ တိတိကျကျမပြောနိုင်ပါဘူး။ HIV ပိုးရှိကြောင်း မပြောနိုင်သေးတဲ့ Window Period အတွင်းမှာ ဖြစ်နေနိုင်တဲ့အတွက် ဘယ့်သူကိုမှ ယုံကြည်စိတ်ချ လို့မရပါဘူး။ ဒါကြောင့် သင့်အဖော်ကို အတူမနေခင် မဖြစ်မနေ မေးမြန်းသင့်တဲ့မေးခွန်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်မှာ HIV ပိုးရှိသလား။

၂။ လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ရှိ၊မရှိ စစ်ဆေးကြည့်ဖူးရဲ့လား။ တကယ်လို့ ရောဂါရှိဖူးတယ်ဆိုရင် ကုသမှု ခံယူပြီးပြီလား။

၃။ အရင်က အပျော်အပါးလိင်ကိစ္စ လိုက်စားဖူးသလား။

၎။ လွန်ခဲ့တဲ့ ခြောက်လက လိင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိဖူးသလား။

၅။ ရေယုန် ဒါမှ မဟုတ် ကြွက်နို့ ပေါက်ဖူးတာကို ဆေးကုသဖူးသလား။

၆။ သင်ဟာ လိင်ဆက်ဆံတဲ့ အချိန်တိုင်း ကွန်ဒုံး သုံးခဲ့ရဲ့လား။

၇။ ကွန်ဒုံး(Latex) နဲ့ ဓာတ်မတည့်တာမျိုး ရှိသလား။

၈။ လွန်ခဲ့တဲ့ ခြောက်လအကြာက HIV ပိုးအန္တရာယ်ရှိဖူးလား။

၉။ သွေးသွင်းကုသမှုတွေရော ပြုလုပ်ဖူးသလား။

၁၀။ သန္ဓေတားနည်း တစ်မျိုးမျိုး သုံးနေသလား။

ဒီမေးခွန်းတွေကို မေးပြီးတဲ့အခါ သင့်အဖေါ်က အမှန်တိုင်းမဖြေဘဲ လိမ်ညာနေတယ်လို့ ထင်ရင် လိင်ဆက်ဆံမှု မပြုခင်မှာ သင့်ကိုယ်သင် လိင်ကနေ ကူးစက်တဲ့ ရောဂါတွေမရှိအောင် ကွန်ဒုံး သုံးပါ။

.
Ref: Good Health



မိကျောင်းဥရေခဲမုန့်စားကြမလား



ဖိလစ်ပိုင်နိုင်ငံ Davao မြို့က စားသောက်ဆိုင်တစ်ဆိုင်က သမရိုးကျမဟုတ်တဲ့ အရသာတစ်မျိုးနဲ့ သင့်ရဲ့အရသာခံကရိယာတွေကို ခြောက်လှန့်ဖို့လာပါပြီ။ အဲဒီ့စားသောက်ဆိုင်ဟာ အနီးနားမှာရှိတဲ့ မိကျောင်းမွေးမြူရေးဥယျာဉ်တစ်ခုက မိကျောင်းဥတွေရယူပြီး ရေခဲမုန့်ပြုလုပ်တာဖြစ်ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ Dino နဲ့ Bianca တို့က မိကျောင်းဥတွေဟာ ပုံမှန် ကြက်ဥတွေထက်ပိုပြီးအဟာရဓာတ်ပြည့်ဝကြောင်းဆိုပါတယ်။

အဲဒီ့ဥယျာဉ်ကမိကျောင်းတွေကို အသားနဲ့ သားရေရဖို့အတွက်မွေးမြူထားတာဖြစ်ပါတယ်။

ဒါပေမယ့် တိရိစ္ဆာန်ချစ်သူတွေအနေနဲ့ ပူပန်စရာတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့ရေခဲမုန့်ကို မိကျောင်းသားတွေနဲ့ပြုလုပ်တာမဟုတ်ဘဲ သားဖောက်တာမလုပ်ခဲ့တဲ့ ဥတွေနဲ့ ပိုလျှံနေတဲ့ ဥတွေနဲ့ပဲပြုလုပ်တာဖြစ်ကြောင်း ဆိုင်ပိုင်ရှင်တွေကပြောပါတယ်။

Sweet Spot အမည်ရှိတဲ့ဆိုင်ရဲ့ လက်ဖြစ် ရေခဲမုန့်တွေကို ကြက်ဥအစား မိကျောင်းဥတွေနဲ့ပုံမှန်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ နို့၊ ကရင်မ်၊ သကြားနဲ့ အရသာပစ္စည်းတွေနဲ့ အတူပြုလုပ်တာဖြစ်ပါတယ်။

အဲဒီ့ဆိုင်ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Dino နဲ့ Bianca Ramos တို့ဟာ Dino ရဲ့ဦးလေးဖြစ်သူ Davao မိကျောင်းမွေးမြူရေးဥယျာဉ်ပိုင်ရှင်ထံက မိကျောင်းဥတွေရခဲ့ပြီး ဘာလုပ်ပစ်ရမှန်းမသိဖြစ်နေချိန်မှာ Dino က ရေခဲမုန့်လုပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ရဲ့စီမံမှုနဲ့ အရသာရှိတဲ့ရေခဲမုန့်တွေဖြစ်ခဲ့ကြောင်း သိခဲ့ရပါတယ်။

‘ဒါပေါ့… ဒါဟာ မိကျောင်းအသားအရသာမရှိတဲ့ ပုံမှန်ရေခဲမုန့်ပါပဲ။ ကျွန်တော်တို့သုံးတဲ့ ဥနဲ့ပဲဆိုင်ပါတယ်။ ဒါတွေက အရသာရှိတဲ့ ရေခဲမုန့်ကိုဖြစ်စေတယ်’ လို့ Dino ကပြောပါတယ်။

‘မိကျောင်းတွေက အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်မျိုးစိတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အကောင်မပေါက်တဲ့ ဥတွေနဲ့ ပိုလျှံနေဥတွေပဲ ရယူပါတယ်’ လို့ပြောပါတယ်။

Sweet Spot ရဲ့အဆိုအရ မိကျောင်းဥတွေဟာ ၈၀ ရာခိုင်နှုန်းကအနှစ်ဖြစ်ပြီး ကြက်ဥတွေထက် အဟာရပိုဖြစ်တဲ့အတွက် သူတို့ရဲ့ရေခဲမုန့်အတွက် ပိုပြီးကျန်းမာရေးနဲ့သင့်တော်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း သိရပါတယ်။

Ref:dailymail.co.uk
trend myanmar

သီရိလင်္ကာ ဘာသာရေးပဋိပက္ခ ၃ ဦး သေဆုံး၊ ၇၅ ဦး ဒဏ်ရာရ


သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း
 မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရသွားပါတယ်။

ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။

အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် အိမ် ၇ လုံး မီးရှို့ခံရတယ်လို့ အရာရှိတွေနဲ့ နယ်ခံတွေက ပြောပါ တယ်။ သီရီလင်္ကာမှာ ၂၀၁၂ ခုနှစ်ကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေ တာ ပါ။

ဇွန် ၁၅ ရက်နေ့ ပဋိပက္ခမှာ ဆင်ဟာလီလူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး ဆန္ဒပြပွဲအတွင်း ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပြီးနောက် ရဲတွေ အလုံးအရင်း ချထားပြီး မွတ်စလင်တွေက ကျီးလန့်စာစား အခြေအနေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက်  ညမထွက်ည အမိန့်ကို ထုတ်ပြန်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ဒီနေ့ မနက်ပိုင်း ဗလီတလုံးနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ ရဲက စုံစမ်းနေပါတယ်။

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလို တိုက်ခိုက်နေတာကို အစိုးရက နောက်ကွယ်က ပါတယ်လို့ သုံးသပ်ကြပါတယ်။ အရင်က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဘယ်သူမှ အပြစ်ပေးမခံရတာကို ထောက်ပြ ကြပါတယ်။ အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

၁၉၈၃ ကနေ ၂၀၀၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်းကလည်း တမီးလ်ကျား သူပုန်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မွတ်စလင် ၁၄၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခဲ့ပြီး တမီးလ်သူပုန်တွေ လက်ချက်လို့ စွပ်စွဲကြပေမယ့် အဖွဲ့က ငြင်းဆန်ပါတယ်။

DVB (မြန်မာပိုင်း)


သံဃာတော်ငါးပါးအား လူဝတ်လဲ ရုံးထုတ်မည့် ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်ချိန် မတိုင်မီ တုံ့ပြန်သွားမည်ဟု ဆို


မဟာ သန္တိသုခ ကျောင်းတော်ကြီးမှ လန်ဒန် ဆရာတော် ဥူးဥတ္တရ အပါအ၀င် သံဃာတော် ငါးပါးအား လူဝတ်လဲ ရုံးထုတ်မည့် ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်ချိန် မတိုင်မီ တစ်စုံတစ်ရာ တုံ့ပြန် သွားမည် ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်သူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က The Messenger သတင်းစာ သို့ မိန့်ကြားသည်။ ယင်းသို့ တုံ့ပြန်သွားနိုင်ရန် အတွက် ရွှေည၀ါ ဆရာတော် ဥူးပညာဝံသ၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ နှင့် ရွှေဝါရောင် တော်လှန်ရေး ဆရာတော်များ နှင့် တိုင်ပင် ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း သိရသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေည၀ါ ဆရာတော်၊ ဦးဝီရသူ နဲ့ ဘုန်းဘုန်းတို့က သဘောထား အတူတူပဲ။ အခုချိန်မှာက ပြောရမှာ စောသေးတယ်။ အကြံပြု တင်ပြထားတယ်။ အဖြေမရ သေးလို့ စောင့်နေတာ ဟု ဆရာတော် ဦးပါမောက္ခ က ဆက်လက် မိန့်ကြားသည်။

ယမန်နေ့ က ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ်၍ တိုင်းသံဃာ့ မဟာနာယက အဖွဲ့နှင့် နိုင်ငံတော် သမ္မတ သာသနာရေး အကြံပေး ဦးအံ့မောင် အား ဖြုတ်ချပေးရန် တောင်းဆို သွားမည်ဆို သော်လည်း သတင်းစာ ရှင်းလင်းပွဲပြု လုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

လန်ဒန် ဆရာတော် တပည့် သာဝကတွေက အထက်ပိုင်း နည်းလမ်းနဲ့ သွားချင်တယ်။ သူတို့ကလည်း သူတို့ နည်းလမ်းနဲ့ လုပ်ချင်တော့ ဘုန်းဘုန်းတို့ က နောက်ဆုတ်ပေးလိုက်တဲ့ သဘောရှိတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒကာ၊ ဒကာမတွေက ကြောက်နေတဲ့ သဘောလည်းရှိတယ် ဟု ဆရာတော် က ထပ်လောင်း မိန့်ကြားသည်။

ယခုလ (၁၀) ရက်နေ့၊ နံနက် (၁) နာရီ အချိန်တွင် ပီနန်ဆရာတော် ဥူးပညာဝံသ၏ မဟာသန္တိသုခ ကျောင်းတော်ကြီးအား နိုင်ငံတော် သံဃာ့ နာယက အဖွဲ့၏ ညွှန်ကြားချက်ဖြင့် တိုင်းသံဃာ့ နာယက အဖွဲ့မှ တာဝန်ရှိသူများ၊ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ၊ ရဲတပ်ဖွဲ့ အင်အားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ပြီး ယင်းကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်သော သံဃာ (၇) ပါးအား ခေါ်ဆောင်သွား ခဲ့သည်။

အခုချိန်ထိတော့ ဆက်သွယ်ထားတာ မရှိသေးဘူ။ ဒီကိစ္စမှာ ပူးပေါင်းသွားမယ်။ ဒါမတရားခံရတဲ့ ကိစ္စ၊ ရှေ့ကနေ မားမားရပ်တည်ပေးသွားမယ် ဟု ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သတင်းစာသို့ မိန့်ကြားသည်။ မဟာ သန္တိသုခ ကျောင်းတော်ကြီးမှ အင်အားသုံး ခေါ်ဆောင် သွားသော သံဃာ ခုနစ်ပါးမှ လန်ဒန် ဆရာတော် ဦးဥတ္တရ အပါ ငါးပါးအား ယခု လ(၁၃) ရက်နေ့တွင် လူဝတ်လဲ၍ တာမွေမြို့မ ရဲစခန်းမှ တစ်ဆင့် တာမွေမြို့နယ် တရားရုံးတွင် တိုင်းသံဃာ့ နာယက အဖွဲ့မှ ဦးတိုက် လျှောက်ထားပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၎င်း တို့အား ယခုလ (၂၀) ရက် နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ဖြစ်ကြောင်း ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆရာတော် ဦးဝီရသူ အနေဖြင့်လည်း လူဝတ်လဲ ဖမ်းဆီးခံထားရသော သံဃာတော်များ၏ အခြေအနေအား စောင့်ကြည့် နေကြောင်း နှင့် ပြန်လည် မလွှတ်ပေးပါက ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း The Messenger ဂျာနယ် အင်တာဗျူးတွင် မိန့်ကြားထားသည်။

Messenger News Journal

ကစားသမားများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ထွက်ပေါ်မှုကြောင့် မီဒီယာများကို ခရိုအေးရှား ပိတ်ပင်


ခရိုအေးရှား လက်ရွေးစင် ကစားသမားများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ထွက်ပေါ်လာမှုကြောင့် အသင်းတည်းခိုနေသော ဟိုတယ်သို့ မီဒီယာများ လာရောက်သတင်းယူခွင့်ကို ပိတ်ပင်လိုက်သည်။

ဘရာဇီး နိုင်ငံသို့ ရောက်ရှိနေသည့် ခရိုအေးရှား အသင်းမှ ကစားသမားများ အဝတ်အစားများချွတ်ပြီး ရေကူးကန်တွင် စိတ်အေးလက်အေး အနားယူနေသော ဓာတ်ပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာခြင်း ဖြစ်သည်။

ရေကူးကန် နံဘေးရှိ ချုံပုတ်တစ်ခုအတွင်းမှ ချောင်းမြောင်း ရိုက်ကူးထားသည်ဟု ယူဆရသော ဓာတ်ပုံများနှင့် ပတ်သက်ပြီး ခရိုအေးရှားနည်းပြ နီကိုကိုဗက်က ဒေါသထွက်နေသည်။

“ခင်ဗျားတို့ မီဒီယာသမားတွေ ကျွန်တော့် ကစားသမားတွေနဲ့ သူတို့မိသားစုတွေအပေါ် လုပ်ခဲ့တဲ့ ကိစ္စကြောင့် ခုချိန်မှာ သူတို့က ခင်ဗျားတို့ကို မတွေ့ချင်ဘူး။ ကျွန်တော်ကလည်း သူတို့ကို ထွက်တွေ့လိုက်ပါလို့ ပြောမှာမဟုတ်ဘူး”ဟု ပရာရီရာဒို ဖော်တေး လေ့ကျင့်ရေးကွင်းတွင် ကိုဗက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“တစ်ယောက်ယောက်က ခင်ဗျားရဲ့ ဝတ်လစ်စားလစ် ဓာတ်ပုံတွေကို ရိုက်ယူသွားမယ်ဆိုရင် ခင်ဗျား ဘယ်လို ခံစားရမလဲ။ ကျွန်တော့် ကစားသမားတွေကတော့ ခင်ဗျားတို့နဲ့ စကားပြောဖို့ ခါးခါးသီးသီး ငြင်းနေကြပြီ။ သူတို့ အသံတိတ်နေတာ မနက်ဖြန်ထိပဲလား၊ ဒါမှမဟုတ် ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးတဲ့ အထိလား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့် ကစားသမားတွေရဲ့ အတွေးအမြင်ကို ကျွန်တော် လေးစားရမယ်။ ခင်ဗျားတို့ရဲ့ ပရော်ဖက်ရှင်နယ် အခွင့်အရေးကို ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကပဲ ဒီအခွင့်အရေးကို ဖျက်ဆီးခဲ့တာပဲလေ။ ခုတော့ ဒီဓာတ်ပုံတွေကို တစ်ကမ္ဘာလုံး မြင်ကုန်ပြီ”ဟုလည်း ကိုဗက်က ပြစ်တင်ပြောဆိုသွားသည်။

ခရိုအေးရှားသည် အုပ်စုအဖွင့် ပွဲစဉ်တွင် ဘရာဇီးကို အရေးနိမ့်ထားပြီးနောက် အုပ်စုတက်ရေး မဖြစ်မနေ အနိုင်ရရန် လိုအပ်သည့် ဒုတိယပွဲစဉ်ကို ကင်မရွန်းနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

_Ref; Dailymail
7day daily

အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ


အချိုမှုန့် ဆိုတာ ဘာလဲ ........

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

credit>>>Mg Mandalay
Myanma Spectrum

မန္တလေးတိုင်း ၀န်ကြီးချုပ်နေအိမ်အနီး ယမန်ည သန်းခေါင်မှစကာ ရပ်ထားသည် ကားကို မသင်္ကာမှုဖြင့် စစ်ဆေး


မန္တလေးမြို့ ၆၅လမ်း၊၂၃လမ်းနှင့် ၂၄လမ်းကြားရှိ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်
အနီးတွင် ဇွန်၁၅ ရက် ည၁၂ နာရီခန့်က စတင် ရပ်ထားခဲ့သော အဲဖတ်(Alphard)ကား အဖြူရောင်ကို မသင်္ကာသောကြောင့် ဇွန်လ ၁၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် အမှတ် ၂ ရဲစခန်းက စစ်ဆေးရာ ဂေါက်ဒုတ်များ၊ ခရီးဆောင်အိတ်နှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ရှာဖွေတွေ့ရှိသည်။

ယင်းကား ရပ်ထားခဲ့သည့် နေရာတွင် ရှာဖွေစစ်ဆေးမှု ၂ နာရီခန့် ပြုလုပ်ပြီးနောက် အမှတ် ၂ ရဲစခန်းသို့ ယူဆောင်၍ ဆက်လက်စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ကညနဌာနမှ စက်မှုကျွမ်းကျင် ၃ ဦးသူရလှိုင်က အဆိုပါကားကို စစ်ဆေးရာတွင် ကား၏နံပါတ်အရ ဘောင်အမှတ်မှာ Z/2010/AYTY/001/007 ဖြစ်ပြီး စက်အမှတ်1KZ-0722788 ဟု ကွန်ပျူတာ မှတ်တမ်း တွင်ပါရှိသည်။

လက်ရှိကားတွင် ဘောင်နံပါတ် မတွေ့ရှိရသေးသလို အင်ဂျင်အမျိုးအစားလည်း မတူကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံ မြို့နယ်ရှိ အမှတ် ၂ ရဲစခန်းမှ ညနေ ၅နာရီအထိ စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ပုံစာ- မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ်အနီးတွင် ဇွန်လ ၁၅ရက် ညမှ ၁၆ရက် နေ့လည်အထိ ရပ်ထားသည့် ကားကို မန္တလေးမြို့ အမှတ် ၂ရဲစခန်းတွင် စစ်ဆေးနေစဉ်။

(ဓာတ်ပုံ အောင်ကိုဦး)

Mizzima News Daily

ဦးသိန်းစိန်က ဒေါ်စုထက် လူထုထောက်ခံမှု ပိုများသတဲ့လား


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် သမ္မတဦးသိန်းစိန်ကို လူကြိုက်ပိုများတယ်လို့ ယူဆသုံးသပ်ချက်တွေပါတဲ့ International Republican Institute –IRI ရဲ့စစ်တမ်းဟာ မှန်ကန်ရဲ့လား။ စစ်တပ်နဲ့ အစိုးရကောင်းကွက်တွေကို ချီးမွမ်းပြောဆိုတဲ့ ဒီအစီရင်ခံစာအပေါ် ဘယ်လိုထင်ကြလဲ။

IRI ရဲ့ ဒီစစ်တမ်းဟာ မှားယွင်းနေပြီး ဒီစစ်တမ်းကောက်ခဲ့တဲ့ လူသုံးထောင်ကိုပဲ ဒီမေးခွန်းတွေ ပြန်မေးပြီး ကောက်မယ်ဆိုရင် မတူတဲ့အဖြေတွေထွက်လာမယ်လို့ စာရေးဆရာ ဖေမြင့်က ပြောပါတယ်။ ဒီစစ်တမ်းထဲ ပါနေတဲ့ အချက်အလက်တွေမှာ သိသိသာသာကို လွဲမှားနေတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က စီစဉ်တဲ့ ဒီဆွေးနွေးပွဲကို ဇွန် ၁၅ရက်နေ့က တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပြီး စာရေးဆရာဖေမြင့်၊ မောင်သံဒိုင် (ဘောဂဗေဒ)နဲ့ ကယန်းပြည်သစ်ပါတီက ဗိုလ်မှူးကြီးစောလွင်တို့ ၃ယောက်က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

IRI ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းအတန်ကြာ ကူညီခဲ့တာတွေကို လေးစားတန်ဖိုးထားပေမယ့် စစ်တမ်းကမှားယွင်းနေရင် မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒတွေပါ လွဲချော်သွားနိုင်တာကြောင့် ဒီစစ်တမ်းကို ချေဖျက်ဖို့ စစ်တမ်းအသစ်တစ်စောင် ကောက်ယူဖို့လိုတယ်လို့ ကိုတင်မောင်အုန်းက ပြောပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးအခြေအနေကို ကြည့်ရမယ်လို့ ဆိုပါတယ်။

ဧပြီ ၃ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ IRI စစ်တမ်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် ပြည်သူတွေက ထောက်ခံမှု ၇ဝ%ကျော်ရှိပြီး စီးပွားရေးတွေလည်း ကောင်းမွန်နေပြီ၊ တိုင်းရင်းသားတွေက

Kamayut Media

အကြမ်းဖက်မှုကိုကာကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက်ခြင်း ဟု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ကြေညာချက်ကို ဦးဝီရသူတုံ့ပြန်


ရဲလင်းထက် ၊ ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက်မှုကို ကာ ကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် မညီဟု ဆိုလာပါက ထောက်ပြရန် အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာ တော်ဦးဝီရသူက နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်၏ ကြေ ညာချက်ကို တုံ့ပြန်ပြောဆိုလိုက်သည်။

အမျိုးဘာသာ စောင့်ရှောက်ရေး မှ ဦးဝီရသူက ''ရဟန်းရှင်လူ ပြည်သူလူထု ရဲ့ လိုလားတောင်းဆိုတာကို ခုလိုဖိနှိပ်ချုပ် ချယ်တယ်လို့ ပြောဆိုခွင့်မရှိသလို လူ့အ ခွင့်အရေးနဲ့မညီဘူးဆိုရင် ထုတ်ပြပါ။ လူ့ အခွင့်အရေးနဲ့ညီအောင် လုပ်ပေးပါလို့ ပြော ချင်တယ်။ ဒီဥပဒေကြောင့် အကြမ်းဖက်မှု ဖြစ်မယ်ဆိုတာကို လက်မခံပါဘူး။ ဘာသာ ရေးအကြမ်းဖက်မှုတွေမဖြစ်အောင် ခုလို လုပ်ဆောင်တာပါ''ဟု ဖလားဝါးနယူးစ်ဂျာ နယ်သို့ မိန့်ကြားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်၏ ဇွန် ၁၂ ရက်က ထုတ်ပြန် သည့်ကြေညာချက်တွင် မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားသည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက် ပြီး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဖြစ်လာနိုင်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါကြေညာချက်တွင် မြန် မာနိုင်ငံ၌ ရေးဆွဲနေသည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်အ ပါအဝင်၊ ခရစ်ယာန်နှင့် အခြားလူနည်းစု ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံခံရ မှုနှင့် အကြမ်းဖက်မှုများကို ဦးတည်စေကြောင်း နှင့် အမေရိကန်အစိုးရအနေဖြင့် မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင်လည်း အဆိုပါအ ချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြပါရှိ သည်။

မြန်မာအစိုးရက မေ ၂၇ ရက် တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေမူကြမ်းကို ထုတ်ပြန်ထားပြီး ဘာသာကူးပြောင်းလိုသူများ အနေဖြင့် အ စိုးရမှဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကာ မိမိတို့၏ကိုးကွယ် ယုံ ကြည်မှုအတွက် အစိုးရက ဝင်ရောက်ဆုံး ဖြတ်သူနေရာတွင် ရောက်ရှိနေကြောင်း အ ဆိုပါကြေညာချက်အရ သိရသည်။

ဇွန် ၁၂ ရက်က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်)က အမျိုးစောင့်ဥပဒေကို ကန့် ကွက်နေသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် တစ်မျိုးသားလုံး ၏ အကျိုးစီးပွားအတွက် လူ့အခွင့်အရေး နှင့်ညီညွတ်စေရန် အပြုသဘောဆောင် ပူး ပေါင်းပါဝင်ကြရန် ကြေညာချက် ထုတ်ပြန် ထားသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက် ၍ နေပြည်တော်လွှတ်တော်အတွင်းရှိ တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီရုံးတွင် ဇွန် ၁၁ ရက်က ကော် မတီမှ တာဝန်ရှိသူများနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် ကန့်ကွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး သဘော ထား၊ အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။

Flower News Journal | အတွဲ(၁၀) အမှတ်(၂၃)
==========================================

Yangon Media Group | #YangonTimesJournal | #FlowerNewsJournal

အထူးချွန်ဆုံး ကျောင်းသား (၅)ဦးစီ ရွေးချယ်ကာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ မှ ပြည်ပသို့ ပညာတော်သင် စေလွှတ်မည်



ပထမဆုံးအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အထူးချွန်ဆုံး ကျောင်းသား (၅) ဦးစီ ရွေးချယ်ကာ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ နိုင်ငံခြား သို့ ပညာတော်သင် စေလွှတ် သွားမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း မှ သတင်းရရှိသည်။
မိမိ အနေနဲ့ ပညာသင်ဆု ပေးအပ်ကာ အနာဂတ် ကာလ တိုင်းပြည် အတွက် ပညာတော်သင် သွားမယ့် ကျောင်းသူ ကျောင်းသားများ အတွက် ၎င်းတို့ ကြိုက်နှစ်သက်ရာ ပါတီ နိုင်ငံရေး လုပ်ငန်းခွင်ကို လွပ်လပ်စွာ လုပ်ခွင့်ပေးမှာ ဖြစ်သလို သဘောတူညီမှု အနေနဲ့ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်း များအတွက် အမှန်တကယ် စိတ်ရော ကိုယ်ပါ နှစ်ပြီး ကြိုးပမ်း ဆောင်ရွက်ရန် ဖြစ်ပါတယ် ဟု ဦးတေဇက ၎င်း ၏ လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြားသည်။

၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အောင်မြင်ခဲ့သူများ ထဲမှ အထူးချွန်ဆုံး ကျောင်းသား(၅) ဦးစီကို ရွေးချယ် လေ့ကျင့်ပေးပြီး မိမိဒေသနယ်မြေ အတွက် အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာ စေရန် နိုင်ငံတကာ တက္ကသိုလ်များသို့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေပြု ဘာသာရပ်များ သင်ကြားစေနိုင်ရန် ပညာသင်ဆု အပြည့်အ၀ ပေးအပ် သွားမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း မှ သိရသည်။

ကျွန်တော်တို့ ပညာတော်သင် စေလွှတ်တာကတော့ အရှေ့မှာ အများကြီးပါ။ အခုလို ပြည်နယ်နှင့် တိုင်းကနေ ရွေးချယ်ပြီး ပို့တာကတော့ ပထမဦး ဆုံးအကြိမ်ပါ။ အစီအစဉ် တကျ ကတော့ ဥက္ကဋ္ဌကြီး ခရီးသွားနေတဲ့အတွက် ခရီးက ပြန်လာမှ အတိအကျ သိရမှာပါ ဟု ထူးဖောင်ဒေးရှင်းမှ အမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦး က The Messenger သတင်းစာသို့ ပြောသည်။

ပညာတော်သင် စေလွှတ်မည့် ကျောင်း သား/သူ များ ရွေးချယ် ပြီးပါက အင်္ဂလိပ်စာ အခြေခံ ကောင်းစေရန် ပြုစုပေးရမည်ဖြစ်ပြီး ယင်းအတွက် အသေးစိတ် စီစဉ်လျက် ရှိကြောင်း ၎င်း က ပြောသည်။ ပညာသင်ကြားမည့် ကျောင်းသား/သူများ အတွက် သြစတြေးလျနိုင်ငံရှိ University Of New South Walesမှ ဒုတိယ ကျောင်းအုပ်နှင့် ဆွေးနွေးတိုင်းပင်ထားပြီးဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

Messenger News Journal

ကောလ်စင်တာဖွင့်ပြီး ငွေလိမ်ယူသည့်ဂိုဏ်း ဖမ်းမိ

ဓာတ်ပုံ - maesainewsonline


 
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ တယ်လီဖုန်းကောလ်စင်တာ ဖွင့်ပြီး ခရက်ဒစ်ကတ် အတုတွေနဲ့ ငွေလိမ်ယူနေတဲ့ ဂိုဏ်းတဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မယ်ဆိုင်မြို့ ဘန့်မိုင်လုံးခွန်ရပ် ကွက်ထဲ မှာ တယ်လီဖုန်းကနေရော၊ ခရက်ဒစ် (ငွေထုတ်ကတ်) အတုတွေနဲ့ ပါ ငွေလိမ်စားနေတဲ့ အဖွဲ့ရှိကြောင်း သတင်းပေးချက်အရ အမှတ် ၄၃၆/၂၁ က သုံးထပ်တိုက်ကို ဇွန်လ ၁၅ ရက်နေ့က ၀င်ရောက်စစ်ဆေးပြီး ကျူးလွန်သူတွေကို ဖမ်းမိခဲ့တာလို့ ချင်းရိုင်းခရိုင် အမှတ် ၃ စစ်ဒေသ ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယုဒ် လော်ခစ်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေကြတဲ့ ထိုင်ဝမ်နိုင်ငံသား ၄၇ ဦး၊ မြန်မာ လူမျိုး ၂ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦး၊ စုစုပေါင်း ၅၁ ဦးကို သူတို့အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ ရေဒီယိုစကားပြောစက် အလုံး ၃၀ ကျော်၊ အင်တာနက်ကြိုး၊ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံခြားခရက်ဒစ်ကတ်မျိုးစုံတွေပါ သိမ်းဆည်းထားတယ်လို့ ဗျူဟာမှူးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ထိုင်းအာဏာပိုင်တချို့လည်း ပါဝင်ပတ်သက်နေတဲ့အတွက် အမှုကို ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ သွားရောက်စစ်ဆေးမယ်လို့ ဗျူဟာမှူးကပြောကြောင်း မယ်ဆိုင်သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

ဇွန် ၂၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပမယ့် ဂျီလတ်နဲ့ မဖူးသစ်ကျော်



ဂျီလတ်နဲ့ မဖူးသစ်ကျော် တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲကို ဇွန် ၂၁ ရက်၊ နေ့ခင်း ၁ နာရီ တွင် Western Park Royal (Kan Taw Gyi) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို တစ်ပွဲ ပဲပြုလုပ် မှာဖြစ်ပေမယ့် ဒီမင်္ဂလာပွဲ မှာတော့ သူငယ် ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲသွားဖို့ စိတ်ကူး ထားကြောင်း ဂျီလတ် ကပြောပါတယ်။ ဂျီလတ်နဲ့ မဖူး သစ်ကျော် တို့က ရည်းစားသက်တမ်း ၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

“၅ နှစ် အတွင်းမှာ သူနဲ့ကိုယ် ပြဿနာတစ်ခါမှ မတက်ဖူးဘူး။ မတက် ဖူးဘူး ဆိုတာကလည်း သူ့အိမ်ကို ဝင်ထွက်တာကလည်း မောင်နှမတွေ လိုပါပဲ။ သူနဲ့ကိုယ် နဲ့ အပြင် သွားတယ် ဆိုရင်လည်း သူ့အိမ်က တူမတွေ၊ ကလေးတွေ ပါ တယ်။ ခရီးတွေ ဘာတွေ သွားရင် သူက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ခရီး သွားရတာ အဆင်ပြေ လား၊ နေရတဲ့ အခန်း အဆင်ပြေလားပေါ့။ ဒီလောက် ပါပဲ။ ဒီခရီးမှာ ဘယ်သူတွေ ပါလာသလဲ၊ မိန်းကလေးက ဘယ်သူတွေလဲ ဆို တာမျိုးတွေ လည်း သူမမေးဘူး။ သူ့မှာ အဲဒီလို အကျင့်လည်း မရှိဘူး။ တကယ် တော့ လူတွေက သဝန်တို တာကို ချစ်တယ်လို့ ထင်ကြတယ်။ အစ်ကိုကတော့ အဲဒီလို မထင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် Privacy တွေကိုဝင်ပြီး ပတ်သက်နေတယ် လို့ထင်တယ်။ ဒါက ချစ်ခြင်းမေတ္တာ နဲ့ တော့မဆိုင်ဘူးလို့ ထင်တယ်။ တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာက တိုက် ရိုက်သိစေတဲ့ စကားပါပဲ” လို့ နှစ်ယောက်ကြား ထားရှိတဲ့ နားလည်မှု ချစ်ခြင်း တရားတွေကို ဂျီလတ်က ပြောပါတယ်။ ဂျီလတ်က ချစ်သူ ဖြစ်တဲ့ မဖူးသစ်ကျော်နဲ့ First Year မှာ စတင်တွေ့ခဲ့ ပြီး နှစ်ယောက်စလုံး က စာဖတ်တာ ဝါသနာပါတဲ့ အတွက် စာအုပ်တွေ ငှားဖတ်ကြရင်း ခင်မင် ရင်းနှီး ခဲ့တာဖြစ် ပါတယ်။ အိမ်ထောင် ရှင်ဘဝဖြစ်ပြီး တဲ့နောက်ပိုင်း မိသားစု Plan နဲ့ပတ်သက်ပြီး ဂျီလတ်က..

“အနုပညာက အစ်ကို့ရဲ့ အသက်မွေး ဝမ်းကျောင်းလို ဖြစ်နေပါပြီ။ ကိုယ်ဝါသနာ ပါတာရော၊ ကိုယ့်ရဲ့ စားဝတ်နေရေး အရရော အနုပညာ အလုပ်ကို လုပ်ရမယ့် အရာဖြစ် တယ်။ အဲဒီတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ဆက်လျှောက် သွားမှာပဲ။ မိသားစု Plan ကတော့ရှိပါ တယ်။ အခုလောလော ဆယ် အစ်ကို တို့နေမှာကတော့ အစ်ကို့ မိဘနဲ့ ကပ်လျက်ပေါ့။ ဒါကလည်း မိဘတွေ နဲ့ အမြဲ ထိတွေ့နေအောင်ပါ။ နောက် ၂ နှစ် အတွင်းမှာ ကလေးယူမယ်။ မိသားစု Plan တွေက တော့ တခြား အများ ကြီး ရှိပါသေးတယ်” လို့ ပြောပါတယ်။

ချစ်သူ ဘေးနား မှာရှိနေတဲ့ အချိန်တွေမှာ ပိုပြီး အားတက်ရတာ တွေ၊ ခွန်အား ပိုဖြစ်ရတာမျိုးတွေ လည်းရှိခဲ့ကြောင်း၊ ချစ်သူ ဘဝ၊ အိမ်ထောင်သည် ဘဝ မှာ တစ်ယောက် နဲ့ တစ် ယောက် တစ်သက်လုံး ချစ်နိုင်ကြဖို့ အတွက်ဦး တည်ကြောင်း၊ ချစ်သူလိုရော၊ ညီမတစ်ယောက် လိုရော ချစ်နိုင်အောင် ကြိုးစားပြီး လိုအပ်တာ ကို အမြဲတမ်း ဖြည့်ဆည်းပေးနိုင်အောင် လုပ်ပေးရမယ် ဆိုတာမျိုး အမြဲတမ်း စဉ်းစားဖြစ်ကြောင်း ဂျီလတ် ကပြော ပါတယ်။ ဂျီလတ် နဲ့ မဖူးသစ်ကျော်က ဟန်းနီးမွန်းကိုတော့ ဘန်ကောက် သွား ဖို့စီစဉ်ထားကြောင်း သိရပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-Andy

Popular Journal

သင် ဝနေရဆဲ အကြောင်းရင်း ငါးရပ်


အမျိုးသားတွေ ဝလာရင် ဗိုက်ပူလာတတ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်တွင်း ကျားဟော်မုန်းတွေ ဟန်ချက်ညီပြီး ကြွက်သားတွေ သန်စွမ်းနေဖို့ဆိုရင် အဝလွန်တာကို လျှော့ချဖို့လည်း လိုပါတယ်။ လတ်တလော လေ့လာမှုတွေအရ အမျိုးသားတွေ အနေနဲ့ ခန္ဓာကိုယ် အဆီကျပြီး ပိန်ဖို့ရာမှာ အတားအဆီး ဖြစ်စေတဲ့ အချက်တွေကို အောက်ပါအတိုင်း သိရပါတယ်။

(၁) အစာကို အမြန်စားခြင်း

ကိုယ်အလေးချိန် ကျချင်ရင် အစာကို ရှောင်ဖို့မလိုပါဘူး။ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးဖို့ပဲ လိုတာပါ။ လေ့လာမှုတစ်ခုအရ ကျန်းမာတဲ့ အမျိုးသား ၁၇ ဦးဟာ ရေခဲမုန့် တစ်ခွက်ကို ငါးမိနစ်အတွင်း ကုန်အောင် စားသူနဲ့ နာရီဝက်ကြာ စားသူ အုပ်စုနှစ်ခုကို ခွဲခြားလေ့လာခဲ့ပါတယ်။ မိနစ် ၃၀ ကြာစားတဲ့ အမျိုးသားတွေရဲ့ ဦးနှောက်မှာ ဗိုက်ပြည့်စေတဲ့ ဟော်မုန်းထွက်ရှိပြီး အစာစားဖို့ ရပ်တန့်အောင် သတိပေးခဲ့ပါတယ်။ ငါးမိနစ်အတွင်း ကုန်အောင်စားတဲ့ အမျိုးသားတွေမှာတော့ ဗိုက်မပြည့်ဘဲ ထပ်စားလိုကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အစာကို မြန်မြန်စားတာက ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အကြောင်းရင်း တစ်ချက်ပါ။

(၂) အစာရှောင်ခြင်း

အစာတစ်နပ်၊ နှစ်နပ်မစားဘဲ နေတာက အစာစားချင်စိတ် ထိန်းချုပ်နိုင်စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ အစာကို ပုံမှန်စားမှ ဦးနှောက်စွမ်းဆောင်ရည် ကောင်းကာ စွမ်းအင်ပြည့်ဝနေမှာပါ။ အစာကို ရှောင်တာကြောင့် အစာစားချင်စိတ်က ပိုတိုးလာပြီး စားတဲ့အချိန်မှာ အလွန်အကျွံ စားမိတတ်ပါတယ်။

(၃) အားလပ်ရက် ပွဲတော်ကြီးတွင် ဆင်နွှဲခြင်း

တစ်ပတ်လုံး အစာကို ထိန်းချုပ်စားခဲ့ပေမယ့် အားလပ်ရက် ပွဲတော်တွေနဲ့ ကြုံဆုံခိုက်မှာ အလွန်အမင်းစားရင် ပြည့်ဝဆီတွေက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်းရဲ့ စွမ်းရည်ကို ပိတ်ပင်တားဆီးပေးတာကြောင့် အစာကို ထိန်းချုပ်စားဖို့နဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ဖို့ ခက်သွားတတ်ပါတယ်။

(၄) ဆားကဲသော အစာများ စားခြင်း

ဆိုဒီယမ်က အစာတွေကို အရသာတိုးစေတာကြောင့် သတိလက်လွတ်ဖြစ်ပြီး အများအပြား စားဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အာလူးကြော်၊ ပြောင်းဖူးပေါက်ပေါက်၊ မြေပဲလှော်တွေ စားတဲ့အခါ အထိန်းအကွပ်မရှိဘဲ အများအပြား စားဖြစ်သွားရတာပါ။ ဆားကဲတဲ့ သရေစာတွေအစား သစ်သီး ဖျော်ရည်၊ သစ်သီးစိတ် စတာတွေကို အစားထိုး စားပေးပါ။

(၅) အရက်သောက်ခြင်း
အယ်လ်ကိုဟောပါတဲ့ ဘီယာ၊ အရက်၊ ဝီစကီတွေကို အများအပြား မသောက်မိဖို့ သတိထားပါ။ တစ်ညမှာ ဘီယာနှစ်ခွက် သောက်ရင် တစ်ပတ်မှာ ၈၄၀၀ ကီလိုဂျိုးကျော် ရရှိစေပါတယ်။ ဒီပမာဏကို လောင်ကျွမ်းဖို့အတွက် အချိန်နှစ်နာရီကျော် ပြေးဖို့လိုပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန်နဲ့ ဘောင်းဘီခါး အရွယ်အစားတို့ကို ပြန်ငဲ့ကြည့်ပြီး အရက်ကို ရှောင်ပါ၊ မရှောင်နိုင်ပါက ထိန်းချုပ် သောက်ပါလို့ သတိပေးချင်ပါတယ်။

.
Good Health

ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို လူကုန်ကူးတိုက်ဖျက်ရေးမှ ဝင်ရောက်စစ်ဆေး



ရန်ကုန်၊ ဇွန် ၁၆။

ဇွန်လ ၁၅ ရက်၊ ညနေလေးနာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ
တစ်ခုကို အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့နှင့် ဒေသခံနယ်မြေထိန်းတို့က ဝင်ရောက်
pစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

တိုက်ခန်း လေးလွှာတွင်ရှိသည့် အဆိုပါ LTPC ကုမ္ပဏီ၏ ရုံးခန်းအတွင်း ဝန်ထမ်းအမျိုးသမီးသုံးဦးနှင့် စင်ကာပူနိုင်ငံသို့
အိမ်အကူစေလွှတ်ရန် သင်တန်းလေ့ကျင့်ပေးနေသည့် အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိခဲ့ပြီး အသက် ၁၆နှစ်အရွယ်
တိုင်းရင်းသူနှစ်ဦးအပါအဝင် အသက်၁၈နှစ် မပြည့်သေးသည့် အမျိုးသမီးငယ် ၃ဦးပါ ပါဝင်ကြောင်း သိရှိရသည်။


၁၆နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို ကုမ္ပဏီက အသက်၂၄နှစ်ပြည့်ပြီဖြစ်ကြောင်း လက်မှတ်လိမ်လည်ထိုးစေခဲ့ကြောင်း
ယင်းကလေးငယ်နှစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

ယင်းအနက် ကလေးငယ်တစ်ဦးသည် စင်ကာပူနိုင်ငံသို့ သွားရောက်ရန်ရန် ပက်စ်ပို့ ရရှိထားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

“သမီးတို့နှစ်ယောက်က ဒီနှစ်ဆယ်တန်းကျလို့ စင်္ကာပူမှာ အလုပ်သွားလုပ်ဖို့ ဒီကိုရောက်လာတာပါ၊ သင်တန်းကြေးနဲ့ ကျန်တာ
aတွအတွက် ပိုက်ဆံမပေးရပါဘူး၊ ဟိုကိုရောက်တော့မှ လုပ်ခလစာထဲက ခြောက်လစာဖြတ်မယ်လို့ ကုမ္ပဏီကပြောပါတယ်”ဟု
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လယ်စောင်းကျေးရွာမှ ရောက်ရှိနေသည့် ၁၆နှစ်အရွယ် အမျိုးသမီးငယ်မှ ပြောပြခဲ့သည်။

၎င်းတို့နှင့်အတူ ရှမ်းပြည်နယ် ညောင်ရွှေ အင်းလေးဒေသမှ ၉ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ၄ဦး၊ စုစုပေါင်း အမျိုးသမီးငယ်
၁၃ဦးသည် ကုမ္ပဏီတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဝင်ရောက် စစ်ဆေးခဲ့သည့် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝေလွင် က
“ကလေးနှစ်ယောက်ကိုတော့ အုပ်ထိန်းသူတွေဆီ ပြန်အပ်ပေးပါ့မယ်၊ လက်တလော ဘာပုဒ်မနဲ့ အရေးယူမယ်ဆိုတဲ့ အနေအထား
မရှိသေးပါဘူး၊ ဧရာဝတီတိုင်းနဲ့ ညောင်ရွှေဘက်က ရရှိတဲ့ အချက်အလက်တွေ၊ နောက်ပြီး လဝက ရုံးက အချက်အလက်တွေနဲ့
တိုက်ဆိုင်စစ်ဆေးသွားရဦးမှာပါ”ဟု ပြောသည်။

ကုမ္ပဏီရှိ ဝန်ထမ်းအမျိုးသမီးသုံးဦး၏ ပြောပြချက်အရ ၎င်းတို့သည် ကလေးများ၏ သင်တန်းဆရာမများသာ ဖြစ်ကြောင်း၊ မန်နေဂျင်း
ဒါရိုက်တာမှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေကြောင်း၊ ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးသာ ရန်ကုန်မြို့တွင်ရှိကြောင်း သိရသည်။

အဆိုပါ အမှုဆောင်ဒါရိုက်တာ ဆိုသူသည် ဝန်ထမ်းများနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သော်လည်း စစ်ဆေးမှုပြီးဆုံးသည့် ညဆယ်နာရီ
ချိန်အထိ ကုမ္ပဏီသို့ ရောက်ရှိလာခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကုမ္ပဏီသည်
တရားဝင်လိုင်စင်ရ ကုမ္ပဏီဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှု ဥပဒေနှင့် မညှိစွန်းကြောင်း၊
အကယ်၍ ညှိစွန်းခဲ့ပါကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ တရားလိုပြုလုပ်ကာ တိုင်ကြားလာမည်ဖြစ်ကြောင်း ဒုရဲအုပ် လင်းထွဋ် က
ပြန်လည်ဖြေကြားခဲ့သည်။

“စင်္ကာပူရောက်နေတဲ့ MD အမျိုးသမီးနဲ့ ဖုန်းဆက်သွယ်တော့ လွန်ခဲ့တဲ့နှစ်လလောက်က ပဲခူးတိုင်းဘက်က ကလေးနှစ်ယောက်ကို
ပို့လိုက်တာ နောက်ဆုံးအသုတ်ပါတဲ့၊ ဒီက ကလေးတွေပြောတော့ ပြီးခဲ့တဲ့ ဆယ်ရက်လောက်က ဧရာဝတီတိုင်းဘက်က ကလေးသုံး
aယာက်ကို ပို့ထားတယ်ပြောတယ်၊ ဒီကွဲလွဲချက်တွေကို စစ်ဆေးတဲ့သူတွေလည်းသိတယ်၊ ကျွန်မတို့ကတော့ ပြည်ထဲရေး
လက်အောက်က ဥပဒေဘက်တော်သားတွေ ဒီကိစ္စမှာ ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်နေမှာပါ”ဟု
၈၈ငြိမ်း/ပွင့်မှ အမျိုးသမီးရေးရာဌာန ဒုတာဝန်ခံ မမီးမီး က ပြောသည်။

ထက်နောင်နောင်

The Myanma Age

မေးပါရစေ - ဟာသ


လူငယ်တစ်ယောက်သည် ဘောလုံးအကယ်ဒမီကျောင်းကိုဝင်ရန် လျှောက်လွှာတင်သည်။
အကယ်ဒမီကျောင်းအုပ်ကြီးက သူ့ကို မေးသည်။
“ဆိုကြပါစို့ မင်းဟာ ဘောလုံးကွင်းထဲမှာရှိနေမယ်။  ရှေ့မှာ
ပြိုင်ဘက်အသင်းက လူတစ်ယောက်ကိုတွေ့တယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို သူ မကန်နိုင်အောင် တအားကြုံးကန်ပစ်လိုက်ပါမယ်”
“မှန်တယ် ၊ နောက်အခြေအနေတစ်ခု၊ မင်းဟာ ဘောလုံးကွင်းထဲမှာဆိုပါစို့။
ရှေ့မှာ ပြိုင်ဘက်အသင်းက လူတစ်ယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း
တစ်ဖက်အသင်းက လူတစ်ယောက်စီရှိနေတယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို အဝေးကြီးရောက်အောင် ကန်ထုတ်ပစ်လိုက်ပါမယ်”
“ဟုတ်ပြီကွယ်။ နောက် အခြေအနေတစ်မျိုး၊ မင်းက ဘောလုံးကွင်းထဲမှာ၊ ရှေ့မှာ
ပြိုင်ဘက်အသင်းက လူသုံးယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း လူသုံးယောက်စီ၊
ဒီကြားထဲ သူတို့အသင်းရဲ့နည်းပြဖြစ်သူက မင်းဆီဦးတည်လာနေတယ်။ မင်း
ဘာလုပ်မလဲ”
“ဘောလုံး မကစားတော့ဘဲ ပြန်သိမ်းလာမှာပေါ့ ”
“မှန်တယ်။ ကိုင်း ၊ နောက်အခြေအနေတစ်မျိုးကို စဉ်းစားကြည့်။ မင်းဟာ
ဘောလုံးကွင်းထဲမှာရှိနေတယ်။ရှေ့မှာပြိုင်ဘက် အသင်းသားတွေ
အားလုံးရှိနေတယ်၊ ဘယ်နဲ့ ညာဘက်မှာလဲ တစ်ဖက်အသင်းရဲ့ အရံကစားသမားတွေ
စောင့်နေတယ် ဆိုပါစို့၊ မင်း ဘာလုပ်မလဲ”
လူငယ်ကအံကြိတ်ပြီး ပြောလိုက်သည်။
“မေးခွန်း တစ်ခု မေးလို့ရမလား”
“မေးနိုင်ပါတယ်”
“အခုကစားမယ့်ဘောလုံးအသင်းမှာ ကျွန်တော် တစ်ယောက်ထဲ ရှိတာလားဗျ ဟင်”

ရဲစတိုင်း
The Myanma Age

ဖုန်းဆိုင်အတွင်းမှ ပစ္စည်းများဝင်ရောက်ခိုးယူခဲ့သူများကို စုံစမ်းဖော်ထုတ် အရေးယူ



ရန်ကုန်၊ ဇွန် ၁၆

၁၂.၆.၂၀၁၄ ရက်နေ့ ၀၆၄၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
ကိုရဲဇော်အောင်သည် ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်
တွင်ဖွင့်လှစ်ထားသော ၎င်းပိုင် မိုဘိုင်းဖုန်းဆိုင်၏တံခါးပွင့်နေကြောင်း
ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ မှန်ဗီရိုအတွင်းမှ ဟန်းဆက်မျိုးစုံ
အလုံး(၂၀)၊ တက်ဘလက်(၂)လုံး၊ ငွေဖြည့်ကတ်များနှင့် ဆင်းကတ်(၃)ကတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၇၀၉၅၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း
(ပ)၃၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ခိုးမှုပြစ်ချက်ဟောင်းရှိသူ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်နေ မောင်ချစ်(ခ)
မောင်မာင်ချစ်၊ (၂၀)နှစ်၊ (ဘ)ဦးလှဝင်းနှင့် ဇင်ကိုဦး၊ (၂၅)နှစ်၊ (ဘ)ဦးမျိုးမြင့်တို့
(၂)ဦးမှာ ဟန်းဆက်များနှင့် ငွေဖြည့်ကတ်များလိုက်လံရောင်းချ နေပြီး ခိုးမှု
ကျူးလွန်ထားကြောင်း မသင်္ကာဖွယ်သတင်းအရစုံစမ်းခဲ့ရာ ၁၃.၆.၂၀၁၄ ရက်နေ့
၁၉၀၀ အချိန်တွင် ၎င်းတို့(၂)ဦးကို အင်းစိန်မြို့နယ်၊ ပိတောက်(၁)လမ်းပေါ်တွင်
တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ ပိုင်ပိုင်၊ အာနိုးဆိုသူတို့နှင့်(၄)ဦးအတူ ၁၂.၆.၂၀၁၄
ရက်နေ့ ၀၂၀၀ အချိန်ခန့်က အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းအတိုင်း
လမ်းလျှောက်လာစဉ် မိုးရွာသဖြင့် အခင်းဖြစ်ဖုန်းဆိုင်ရှေ့၌ မိုးခိုခဲ့ကြပြီး ဆိုင်အတွင်းမှပစ္စည်းများခိုးယူရန်တိုင်ပင်ခဲ့ကြကာ ဆိုင်ရှေ့သစ်သားတံခါးမကြီး
အားဖွင့်၍ အမှုမှပျောက်ဆုံးပစ္စည်းများအား ၀င်ရောက်ခိုးယူခဲ့ကြကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့ထံမှ အမှုမှပါဆုံးသွားသော ပစ္စည်းအချို့အားပြန်လည်သိမ်းဆည်းရမိ
ခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ပိုင်ပိုင်နှင့် အာနိုးတို့အား ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဂျပန်အသင်းရှုံးပေမယ့်


ဥရောပ ဘောလုံးလောကမှာ ပရိသတ်တွေ သောင်းကျန်းလို့ တစ်သင်းပြီးတစ်သင်း အိမ်ကွင်းပွဲကြည့်စဉ် ပိတ်ပင်ခံရလိုက်၊ ဒဏ်ရိုက်ခံရလိုက်ဖြစ်နေတဲ့အချိန် ဂျပန်ပရိသတ်တွေရဲ့ လုပ်ရပ်က မီဒီယာစာမျက်နှာတွေထက် ချီးကျူးခံရတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဘယ်အသင်း ပရိသတ်မဆို အသင်းရှုံးရင် ဒေါသထွက်တတ်ပြီးဒေါသအလျှောက် ပြုမူကြတာတွေ ရှိပါတယ်။


ဒါပေမဲ့ ဂျပန်ပရိသတ်တွေကတော့ အိုင်ဗရီကို့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သူတို့အသင်းကို အပြစ်မတင်သလို ဒေါသတကြီး ပေါက်ကွဲကြတာမျိုးလည်း မရှိခဲ့ပါဘူး။ ပါမန်ဘူချိုကွင်းက သူတို့ရဲ့အမှိုက်လေးတွေကို လိုက်သိမ်းပြီး စည်းကမ်းကြီးတဲ့ လူမျိုးဆိုတာကို ပြသလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာတင်မကဘဲ ဘယ်နေရာရောက်ရောက် စည်းကမ်းသေ၀ပ်တဲ့ လူမျိုးဆိုတာကို ပြသနိုင်ခဲ့တာဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ သူတို့ရခဲ့တဲ့ အမြတ်အစွန်းပါပဲ။

@z (ရိုးရာလေး)

မဟာသန္တိသုခကျောင်းတော်ကြီး သတင်းနှင့်ပတ်သက်ပြီး ဘုန်းကြီးကိစ္စတွေမှာ မင်းသားမင်း သမီးတွေနဲ.နိုင်ငံရေးပါတီတွေ ၀င်ရှုတ်နေတယ်လို့ မမိန့်ကြောင်း အလိုတော်ပြည့်ဆရာတော်ကြီး ငြင်းဆို (ရုပ်သံ)


မဟာသန္တိသုခကျောင်းတော်ကြီး သတင်းနှင့်ပတ်သက်ပြီး ဇွန်လ ၁၄ ရက်နေ.ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဘုန်းကြီးကိစ္စတွေမှာ မင်းသားမင်း သမီးတွေနဲ.နိုင်ငံရေးပါတီတွေ ၀င်ရှုတ်နေတယ်လို့ အလိုတော်ပြည့်ဆရာတော်ကြီးမိန်.ကြားခဲ့တယ်ဆိုပြီးဖော်ပြထားပါတယ်။ ဒါနဲ့ ပက်သက်လို့ အလိုတော်ပြည့်ဆရာတော်ကြီး ဘဒ္ဒန္တအရိယ၀ံသက ငြင်းဆိုလိုက်ပါတယ်။

ရိုက်ကူး-သူသူအောင်
DVB TV News



ရှင်းပြနိုင်ခွင့်မရှိလေတဲ့ သူတို့ရဲ့ဘ၀...


အသက် နှစ်ဆယ့်လေးနှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့တဲ့သူမဟာ အခုအသက် ၄၀ အရွယ်ရောက်တဲ့တိုင်အောင် ကလေး မရနိုင်ပဲဖြစ်နေခဲ့ပါတယ်..။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသခဲ့ပေမယ့်လည်း မထူးခြားခဲ့ပါဘူး..။ လက်ထပ်ပြီး ၁၆ နှစ်အကြာမှာတော့ ကလေး အရမ်းလိုချင်တဲ့ သူမအမျိုးသားက သူမကို ထားရစ်ခဲ့ပါတယ်..။

စိတ်ဓါတ်ကျပြီး အထီးကျန်နေတဲ့သူမဟာ သူမရဲ့အချိန်တွေကို တရားထိုင်ခြင်း၊ ဘာသာရေးလိုက်စာခြင်း၊ ခွေး၊ ကြောင်နဲ့ အနီးနားမှ ကလေးငယ်တွေနဲ့အတူ ကုန်ဆုံးစေခဲ့ပါတယ်…. အသက် ၄၃ နှစ်အရွယ်မှာတော့..သူမနဲ့ဘ၀တူ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး မေတ္တာမျှခဲ့ပါတယ်…။ အဆိုပါ အမျိုးသားရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မတော်တဆမှု တစ်ခုမှာ ဆုံးပါးသွားခဲ့ပြီး အထီးကျန်တဲ့ဘ၀ကို ဖြတ်သန်းနေရသူ ဖြစ်ပါတယ်..။

ကံကောင်းမှုတွေ သူမစတင်ကြုံတွေ့ခဲ့ပြီး အဆိုပါအမျိုးသားနဲ့ သူမ ကိုယ်ဝန်ရှိခဲ့ပါတယ်..။ သူမဟာ အခုဆို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးတစ်ဦးဖြစ်နေပါပြီ..။ သူမရဲ့ အရင်အမျိုးသားက သဘောထားကြီးစွာ ဂုဏ်ပြုတဲ့အနေနဲ့ ကမ်းခြေ မှာ အိမ်တစ်လုံးကို ၀ယ်ပေးခဲ့ပါတယ်..။ သူမဟာ သိပ်မကြာခင်မှာ အရမ်းချစ်စရာကောင်းတဲ့ "Merry" ဆိုတဲ့ သမီးလေး ကို ပိုင်ဆိုင်ခဲ့ပါတယ်..။ သမီးလေးဟာ သူမရဲ့ကမ္ဘာဖြစ်ခဲ့ပြီး သမီးလေးရဲ့ သုံးနှစ်မြောက် မွေးနေ့မှာ သမီးလေးအတွက် လိမ္မာတဲ့ ခွေးတစ်ကောင်ကို သူမ၀ယ်ပေးခဲ့ပါတယ်..။ အဲ့ဒီခွေးလေးဟာ သမီးလေးရဲ့ အဖော်ဖြစ်ခဲ့ပြီး ခွေးလေးက သမီးလေးကို အရမ်း သံဃောဇဉ်တွယ်ကာ မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်ခဲ့ရပါတယ်..။

တစ်နေ့မှာ… သူမဟာ ဈေးဝယ်ဖို့ ကုန်စုံဆိုင်တစ်ခုကို ထွက်လာခဲ့ပါတယ်.. သမီးလေးကိုတော့ ခွေးလေးနဲ့အတူ အိမ်ထဲက ပန်းခြံထဲမှာထားခဲ့ပါတယ်..။ ကုန်စုံဆိုင်က ပြန်လာတော့….. သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက အရမ်းကို ထိတ်လန့် ဖို့ ကောင်းပါတယ်..။ ခွေးလေးရဲ့ ပါးစပ်နဲ့ မျက်နှာမှာ သွေးတွေ စွန်းပေနေပြီး ခွေးရဲ့ လက်သည်းမှာ သမီးလေးရဲ့ အ၀တ်အစားတွေ စုတ်ပြဲ ကပ်ညှိနေတာကို တွေ့လိုက်ရပါတယ်..။

သူမ ချက်ချင်းပဲ အနီးနားမှာတွေ့ရတဲ့ ပေါက်တူးကို ဆွဲယူလိုက်ပြီး ခွေးကို အဆက်မပြတ် ရိုက်နှက်လိုက်ပါတယ်..။ လုံးဝ သေဆုံးပြီး မလှုပ်မယှက် ဖြစ်တဲ့အထိကို မနားတမ်း ရိုက်နှက်လိုက်ပါတယ်..။ သူမဟာ ငိုယိုပြီး သွေးစက်တွေနောက်ကို လိုက်ခဲ့ပါတယ်…။ နောက်ဆုံး သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက သူမရဲ့ သမီးလေး "merry" ဟာ အ၀တ်အစားတွေ စုတ်ပြဲပြီး ပျော်ရွင်စွာ ကစားနေတာကိုပါ…။ သမီးလေးရဲ့ ဘေးမှာတော့ ….. ကြီးမားလှတဲ့ စပါးကြီးမြွေ တစ်ကောင်ဟာ သွေးအိုင်ထဲမှာ သေဆုံးနေခဲ့ပါတယ်…။

တစ်ကယ်တော့ခွေးလေးဟာ သမီးလေးကို စပါးကြီးမြွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ကိုက်ဆွဲပြီး ဆွဲခေါ်သွားခဲ့တာပါ…။ သူမရဲ့ ချစ်သမီးလေးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကတော့ သူမရဲ့ တစ်ခဏာတာ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒကို ဦးစားပေးခဲ့မှု ကြောင့်…………..


သင်ခန်းစာ : ကိစ္စ.၊ အကြောင်းအရာတစ်ခုကို ဘယ်တော့မှ အပေါ်ယံ သွင်ပြင်ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး..။

Credit: အောင်ထွန်းဦး

“Psy Hangover” သီချင်း ဗွီဒီယိုဖိုင်ကို ၇၄နာရီအတွင်း ကြည့်ရှုသူ သန်း ၄ဝ ကျော်ထိ ရောက်ရှိ (ရုပ်သံ)


“Psy Hangover” သီချင်းဗွီဒီယိုဖိုင်ကို ယူကျုတွင် ကြည့်ရှုသူဦးရေမှာ ၇၄နာရီအတွင်း သန်း၎ဝကျော် ထိအောင်ရောက်ရှိခဲ့သည်ဟု ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်က ဇွန်လ၁၃ရက်တွင် ပြောကြားထားသည်။

ကြည့်ရှုချိန် ငါးမိနစ်ကြာသည့် ယင်းဗီဒီယိုဖိုင်ကို ဇွန်လ၉ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး၊ သတင်း ထုတ်ပြန်သည့်နေ့တွင် ကြည့်ရှုသူပေါင်း ၄ဝ၉၅၅၁၅၄ဖြင့် ကမ္ဘာ့တစ်ဝန်း အပတ်စဉ်အောင်မြင်မှု စာရင်းတွင် နံပတ်တစ် နေရာကို ရရှိခဲ့သည်။

၎င်း၏ ဗီဒီယိုဖိုင်သည် ဟာသ ရသမြောက်အောင် ဖန်တီးထားခြင်းဖြစ်သည်ဟု Billboard အဖွဲ့ကပြောကြားထားသလို Time magazine ကလည်း Psy ၏ ဗွီဒီယိုဖိုင်သည် အနုပညာမြောက်ပြီး ငါးမိနစ်အချိန်ကို ကောင်းစွာ အသုံးချသွားသည်ဟု မှတ်ချက်ပြု ပြောကြားထားသည်။

Hangover တေးသွားကို Psyနှင့် Snoop Dogg တို့ကရေးသားခဲ့ပြီး၊ “Gangnam Style” နှင့်“Gentleman” တို့ကို ရိုက်ကူးသူ ချိုဆူးယွန်ကို မရွေးဘဲ ချာယန်တေး ကိုရွေးချယ်ခဲ့ကြောင်း၊ အကြောင်းမှာ ယခုဗွီဒီယိုသည်  Electronic Dance Music ဖြစ်ပြီး 808 Hip Hop မဟုတ်ခြင်းကြောင့် ပရိသတ်ကို ထူးခြားစွာ ခံစားစေချင် သည်ဟု Psy က CNN အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

Psy သည် အရက်အလွန်သောက်သူဖြစ်ပြီး၊တစ်နှစ်တွင် ခြောက်လပတ်လုံး အရက်နာကျနေခြင်းကြောင့် ယခုဗီဒီယိုကို “Hangover” ဟု အမည်ပေး ထားခြင်း ဖြစ်ကြောင်း ၎င်းက ဖွင့်ဟပြောကြားခဲ့သည်။

Mizzima