ကိုင်ရိုမှာ ဗုံးကွဲမှု ၂ မှုဖြစ် ရဲမှူးချုပ် သေဆုံး

တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးပြီးဖြစ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့လို့ ရဲမှူးချုပ် တစ်ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် ရဲဝန်ထမ်း ၅ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ကိုင်ရို တက္ကသိုလ် က အင်ဂျင်နီယာ ပညာရပ် ဌာန ဘက်မှာ အဓိကရုဏ်း ထိန်းသိမ်းတဲ့ ရဲတွေကို ရည်ရွယ်တဲ့ လမ်းဘေး ဗုံး ၂လုံး နဲ့ တိုက်ခိုက်တာ လို့ အီဂျစ် လုံခြုံရေး အရာရှိတွေ က ပြောပါတယ်။

အရင် သမ္မတ မော်စီ ကို စစ်တပ်က ဖြုတ်ချပြီးတဲ့နောက် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကို ထောက်ခံတဲ့ အဲဒီ တက္ကသိုလ်က ကျောင်းသားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြား အမြဲလို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

စစ်တပ်က သမ္မတကို ဖြုတ်ချ ခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက် တာတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကတော့ ဒါတွေဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

BBC Burmese

စစ်တွေမှာ ဖမ်းဆီးမှုတွေ စတင်


ဓာတ်ပုံ - April Maung Maung

ရခိုင်ပြည်နယ် စစ်တွေမှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်ကဖွဲ့စည်းပေးခဲ့ပြီးတဲ့နောက်မှာတော့ အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားခြောက်ဦးကို ဖမ်းဆီးအရေးယူထားတဲ့အကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ အပြောကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာရေးပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းက နောက်ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်လုပ် မလုပ်ကတော့ စုံစမ်းစစ်ဆေးမှု အခြေအနေ တိုးတက်မှုတွေပေါ် မူတည်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့က ဦးဝင်းမြိုင်ကတော့ ဖမ်းဆီးတာမဟုတ်ဘဲ စုံစမ်းစစ်ဆေး မေးမြန်းနေတာသာဖြစ်ပြီး အရေအတွက်ကိုတော့ သိရှိရခြင်းမရှိဘူးလို့ ပြောပါတယ်။

“သူတို့ကခေါ်လိုက်တယ်။ သူတို့ သတင်းရလို့ စစ်လိုက်တယ်။ နောက် ပေါ်လို့ ထပ်ခေါ်တယ် ပြန်လွှတ်တယ်။ အဲဒီလိုမျိုးပဲ ရှိပါသေးတယ်ခင်ဗျ။ ၁ ရက်နေ့ကစပြီး စစ်ဆေးနေပါတယ်။ ဖမ်းတယ်လို့တော့ မဟုတ်သေးဘူး။ ဒီလူဟုတ်လား၊ ပါတယ်ဆို သူက ထပ်ခေါ်ရပ် နောက်ထပ်ခေါ် မဟုတ်ဘူးဆို ပြန်လွှတ် အဲဒီလိုမျိုးပါပဲခင်ဗျ။”

မတ်လ ၃၁ ရက်နေ့ကစတင်တဲ့ စစ်ဆေးမှုမှာ မပတ်သက်သူတွေကို ပြန်လွှတ်ပေးနေတယ်လို့ လည်း သူက ပြောပါတယ်။

ဒီကော်မရှင်ဟာ စုံစမ်း တွေ့ရှိချက်တွေကို မတ်လ ၇ ရက်နေ့ထက် နောက်မကျစေဘဲ သမ္မတထံ  အစီရင်ခံရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမှာ မတ် ၂၆ ရက်နဲ့ ၂၇ ရက်တွင်ဖြစ်ပွားခဲ့တဲ့ လူအုပ်စုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ရုံးတွေ နေအိမ်တွေကို တိုက်ခိုက်မှု ၃၅ ကြိမ်မှာ နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တိုက်ခိုက်မှုအတွင်း သေနတ်ကျည် မတော်တဆ ထိမှန်တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။

DVB Burmese

စွန့်စွန့်စားစား မော်စကိုက ဓာတ်ပုံဆရာများ


ရုရှား နိုင်ငံ မော်စကို မြို့မှာ နှစ် အနည်းငယ် အတွင်း နာမည်ကြီး လာတဲ့ ယဉ်ကျေးမှု တစ်ခု ကတော့ စွန့်စွန့်စားစား ဓာတ်ပုံ ရိုက်ခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။

သူကတော့ Kirill Oreshkin လို့အမည်ရတဲ့ မော်စကိုက လူငယ် ဓာတ်ပုံ ဆရာ တစ်ဦး ဖြစ်ပြီး သူ့လိုပဲ သူ့ထက် ငါ အပြိုင် ပိုမြင့်တဲ့ နေရာကို တက်လို့ ဓာတ်ပုံ ရိုက်နေတာတွေလည်း အများအပြား ရှိပါတယ်။ အပေါ်တက်ရန် ခွင့်မပြုပဲ တားဆီး ထားတဲ့ တာဝါတွေ၊ ကျောက်တိုင်တွေ၊ အမှတ် အသား လက္ခဏာတွေ ပေါ်ကို တတ်လို့ ဓာတ်ပုံ ရိုက်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး ကိုယ့်ပုံ ကိုရိုက် Selfie မှတ်တမ်း ကို Kirill ရရှိခဲ့ ပါတယ်။ အပေါ်တက်တဲ့ အခါမှာလည်း ဘာ ခါးပတ်ကြိုးနဲ့ သက်ကယ် ကြိုးမှ မပါ ပါဘူး။

သူ့လိုမျိုး စွန့်စားမှုများကို ရုရှားမှာတင် မက ဥရောပ နိုင်ငံများက တားမြစ် ထားကြောင်း သိရ ပါတယ်။
.
Ref: dyknow
International news for Myanmar 

မိုက်ကယ်လ်ဂျက်ဆင် အယ်လ်ဘမ်အသစ် မေလတွင် ထွက်မည်


နယူးယောက်၊ ဧပြီ ၁

တစ်ခေတ်တစ်ခါက ပေါ့ပ်ဘုရင်လို့ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ တေးအယ်လ်ဘမ် အသစ်ကို လာမယ့် မေလထဲမှာ ဖြန့်ချိသွားမယ်လို့ နာမည်ကျော် အမေရိကန် တေးထုတ်လုပ်ရေး ကုမ္ပဏီ Epic Records က ကြေညာလိုက်ကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မေလ ၁၃ ရက်နေ့မှာ ထွက်ရှိမယ့် အဲဒီ အယ်လ်ဘမ်ထဲမှာ မိုက်ကယ်လ်ဂျက်ဆင် မကွယ်လွန်ခင်က သီဆိုထားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ဈေးကွက်ထဲကို ထုတ်လုပ်ဖြန့်ချိရခြင်း မရှိသေးတဲ့ သီချင်းရှစ်ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

အဆိုပါ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ အယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းရှစ်ပုဒ်ကို Epic Records ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အယ်လ်အေရိဒ်က မိုက်ကယ်လ် ဂျက်ဆင် ကိုယ်တိုင် အပြည့်အစုံ သီဆိုခဲ့ပြီး အချောသတ် ထုတ်လုပ်ရခြင်း မရှိသေးတဲ့ သီချင်းများစွာထဲကနေ ပိုက်စိပ်တိုက် ရှာဖွေထားတာဖြစ်ကာ အယ်လ်ဘမ် အမည်ကိုတော့ XSCAPE လို့ပေးထားကြောင်း Epic Records ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

XSCAPE အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး မစ္စတာရိဒ်က “ဒီသီချင်းတွေကို ကမ္ဘာကြီးဆီ အရောက်ပို့ဆောင်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ အလွန့်အလွန် ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Epic Records တေးထုတ်လုပ်ရေး ကုမ္ပဏီဟာ၂၀၁၀ ပြည့်နှစ်တုန်းကလည်း မိုက်ကယ်လ် ဂျက်ဆင် သီဆိုထားခဲ့ပြီး ဈေးကွက်ထဲကို ဖြန့်ချိရခြင်း မရှိသေးတဲ့ သီချင်းကိုးပုဒ်ကို စုစည်းကာ Michael လို့အမည်ရတဲ့ မိုက်ကယ်လ်ဂျက်ဆင် ကွယ်လွန်ခြင်း အမှတ်တရ အယ်လ်ဘမ်တစ်ခွေ ထုတ်လုပ်ခဲ့ပါသေးတယ်။

Jacksons အဖွဲ့နဲ့အတူ ဆယ်ကျော်သက် အရွယ်မှာတင် ဂီတလောကထဲကို စတင်ခြေချခဲ့ပြီး အနုပညာ သက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ မိုက်ကယ်လ်ဂျက်ဆင်ဟာ အသက် ၅၀ အရွယ် ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

သန်းခေါင်းစာရင်းမှာ ဂေါ်ရခါးလူမျိုး ထည့်သွင်းကြဖို့ တိုက်တွန်း


မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေတဲ့အပေါ် ဂေါ်ရခါးလူမျိုးတွေအနေနဲ့ နီပေါ၊ နီပါလီဆိုပြီး မထည့်ကြဘဲ ဂေါ်ရခါးလူမျိုးလို့သာ ထည့်သွင်းကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေက ဂေါ်ရခါးလူမျိုးဆိုပြီး ထည့်သွင်းလို့ရကြောင်း ပြောထားသလို ဂေါ်ရခါးလူမျိုးတွေဘက်ကလည်း မှန်မှန်ကန်ကန် ဖြည့်သွင်းနိုင်အောင် အခုလို တိုက်တွန်းလိုက်ရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များအစည်းအရုံး ဥက္ကဌ ကိုရာဂျန်းလင်ဘူးက ပြောပါတယ်။

“တချို့နယ်တွေမှာ မသိသေးတဲ့ ဂေါ်ရခါးတွေက ဇဝေဇ၀ါဖြစ်ပြီး တချို့မြို့နယ်မှာ နီပေါလို့ ထည့်ထားတယ်၊ တချို့မှာ နီပါလီလို့ ထည့်ထားတယ် အဲ့လိုမျိုးပေါ့နော်၊ တိတိကျကျ ဂေါ်ရခါးလူမျိုးပဲ ထည့်စေချင်တာပေါ့နော်၊ အဲ့ဒီအတွက်ကြောင့် ကျနော်တို့က ဂေါ်တခါး လူမျိုးတွေကို ဒီကနေ တိုက်တွန်းလိုက်တာပေါ့ဗျာ၊ မထည့်ရသေးတဲ့လူတွေကို ဂေါ်ရခါးလို့ထည့်ပါ ဆိုပြီးမှလေ”

မြန်မာနိုင်ငံမှာ ဂေါ်ရခါးလူမျိုး ၅ သိန်းနီးပါး နေထိုင်နေကြပြီး သူတို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကုတ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ တောင်ကြီး၊ လွိုင်လင်စတဲ့ ဒေသတွေအပါအ၀င် နေရာအနှံ့အပြားမှာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြောင်းနဲ့ ဂေါ်ရခါးလူမျိုးဆိုတာ ပျောက်ပျက်သွားမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့လည်း ကိုရာဂျန်းလင်ဘူးက ဆက်ပြောပါတယ်။

“ပထမက သူတို့က ၉၀၃ မှာ နီပေါလို့ ထည့်ခိုင်းတာ၊ ကျနော်တို့ လူကြီးတွေကလည်းသွားပြီး တခါသူတို့ တင်ပြခဲ့တယ်ဗျ၊ အဲ့ဒါကို နီပေါ လို့ ထည့်ပါပေါ့နော်၊ နောက်မှ ကျနော်တို့  စဉ်းစားပေးမယ်လို့ ပြောတော့ ကျနော်တို့က အဲ့နောက်မှဆိုတဲ့ဟာကြီးကို မရချင်ဘူးဗျာ၊ အခုကတည်းက ဟိုအရင်ရှိပြီးသား နှစ်ပေါင်း နှစ်ရာနဲ့ နှစ်ဆယ်ကျော်ဆိုတာ နည်းတဲ့ရာဇ၀င် မဟုတ်ဘူးဗျ၊ ကျနော်တို့ရဲ့ ဘိုးဘွားတွေထားခဲ့တဲ့ နာမည်ကောင်းသတင်းကို ပြန်ပြီး ထိန်းသိမ်းချင်တာပေါ့ဗျာ၊ အခုမှလာပြီးတော့ နီပေါလို့ထည့်ခြင်းအားဖြင့် ကျနော်တို့က တိုင်းတပါးသားလို တခါတည်း ခံစားရတယ်ဗျ၊ နီပေါထည့်ရင် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆို ကျနော်တို့ရဲ့ ဂေါ်ရခါးသမိုင်းက ပျောက်သွားမှာကိုလည်း စိုးရိမ်တယ်ဗျ”

ဟိမ၀န္တာတောင်တန်း၊ နီပေါနိုင်ငံ နီပါလီလူမျိုးကနေ ဆင်းသက်လာကြသူတွေကို မြန်မာနိုင်ငံမှာ ဂေါ်ရခါးလို့ လူသိများပြီး သူတို့ဟာ စစ်တိုက်တဲ့ ၀ါသနာထုံသူတွေဖြစ်တဲ့အတွက် ကိုလိုနီခေတ်မှာ ဗြိတိသျှနယ်ချဲ့တွေကနေ ဂေါ်ရခါးတပ်ရင်းတွေဖွဲ့ပေးပြီး မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက်ခဲ့ရာက ဂေါ်ရခါးလူမျိုးတွေ ကျန်ရစ်ခဲ့တာလို့လည်း သိရပါတယ်။

RFA Burmese

ပရိသတ်များကို လက်မှတ်ခ စိုက်ပေးရန် နောဝစ်ခ်ျ စီစဉ်ထား


ဆွမ်ဆီးကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လိုက်ပါအားပေးခဲ့သည့် ပရိသတ်များကို တောင်းပန်သည့်အနေဖြင့် ဖူလ်ဟမ်နှင့် ကစားမည့်ပွဲတွင် လက်မှတ်ခ စိုက်ပေးရန် နောဝစ်ခ်ျ အသင်းသားများ စီစဉ်ထားသည်ဟု ဒုတိယ အသင်းခေါင်းဆောင် ရက်ဆယ်မာတင်က ပြောသည်။ နောဝစ်ခ်ျမှာ ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်(၁၈)နေရာမှ ကာဒစ်ဖ်နှင့် (၆)မှတ်သာ ကွာဟပြီး အဆင့်(၁၅)နေရာသို့ ရောက်ရှိခဲ့သည်။

ဆွမ်ဆီးနှင့်ပွဲတွင် နောဝစ်ခ်ျအသင်းကို လိုက်ပါအားပေးသည့် ပရိသတ် ၈၉၉ဦး ရှိခဲ့ပြီး ၎င်းတို့၏ လက်မှတ်ခများကို ပြန်လည်ပေးချေသည့် အနေဖြင့် ဖူလ်ဟမ်နှင့်ပွဲတွင် လက်မှတ်ခပေးရန် မလိုဘဲ ကြည့်ရှုနိုင်ရန် နောဝစ်ခ်ျအသင်းသားများက စီစဉ်နေခြင်းဖြစ်သည်။

@z (ရိုးရာလေး)

လယ်တီသိမ် ဖြိုဖျက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက် (ရုပ်သံ)




လေယာဉ်ပျောက် ခရီးသည်တွေ သံသယဖြစ်ဖွယ် မရှိ


လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေ မတွေ့ရသေး

လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်က ပျောက်ဆုံး သွားခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း MH 370 ပေါ်မှာ ပါသွားတဲ့ ခရီးသည် အားလုံးကို သံသယရှိသူ စာရင်းက ထုတ်ပယ်လိုက်ပြီလို့ မလေးရှား ရဲချုပ်က ပြောပါတယ်။

ရဲချုပ် ခါလစ်အဘူ ဘက်ကာက ခရီးသည် ၂၂၇ ဦး ထဲမှာ လေယာဉ် ပြန်ပေးဆွဲမယ့်သူ၊ ဖျက်ဆီး တိုက်ခိုက်မယ့်သူတွေ တစ်ယောက်မှ မပါဘူးလို့ ဆိုပါတယ်။

လေယာဉ်က လမ်းကြောင်း ဘာလို့ ပြောင်းသွားခဲ့လဲ၊ မရိုးမသား ကြံစည်မှုတွေ ရှိခဲ့လား ဆိုတာနဲ့ ပတ်သက်လို့တော့ လေယာဉ် အမှုထမ်းတွေ အထူးသဖြင့် လေယာဉ်မှူးတွေကို အာရုံစိုက်ပြီး ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။

BBC Burmese

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံး၊ ၂၀ ဒဏ်ရာ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး ၂၀ ဒဏ်ရာရတယ်လို့ ဘန်ကောက် အီရာဝန် ဆေးဌာနက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဗုံးကို ဘန်ခန်မြို့နယ်၊ လတ်ပလာခွာ လမ်း အမှတ် ၇၁ မှ ရှိတဲ့ မှာ ရှိတဲ့ ပစ္စည်းဟောင်းတွေ ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်တဲ့ ဂိုဒေါင်မှာ ထားရင်း ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကို ဆောက်လုပ်ရေး ၀န်ချီစက်မောင်းတဲ့ ဆောက်လုပ်ရေး အလုပ်သမားတယောက်က မြေတူးရင်း တွေ့ရှိခဲ့ပြီး ဂိုဒေါင်က ၀ယ်ယူသွားတာပါ၊ ဗုံးပေါက်မှုကြောင့် ဂိုဒေါင်မှာ မီးလောင်သွားပြီး အနီးအနားက အိမ်တွေ ဒါဇင်နဲ့ချီပြီး ပျက်စီးသွားခဲ့ပါတယ်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အနက် သုံးမီတာ၊ အကျယ် ၈ မီတာ ရှိတဲ့ တွင်းကြီး ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေက ဗုံးကို အပိုင်းပိုင်းဖြစ်သွားအောင် ခွဲဖို့ တိုက်တွန်းရာကနေ အခုလို ပေါက်ကွဲသွားတာပါ။

DVB TV News

Hepatitis A အသဲရောင် အသားဝါ (အေ)


ဆရာဝန်လုပ်သက်ရလာတဲ့အချိန်မှာ အမှတ်မထင် သတိပြုမိလာတာလေးတွေရှိတယ်။ (ဂျွန်းဒစ်) လို့ခေါ်တဲ့ အသားဝါ ရောဂါ လူနာတွေ လာရင် သူတို့ ဝတ်လာတဲ့အဝတ်အစားက လူနာ ၅ ယောက်မှာ ၃ ယောက်က အဝါရောင် အဝတ်ကို ဝတ်စားလာတယ်။ မြန်မာပြည်မှာ အသားဝါက ပေါမှပေါ။ ရီစရာသဘောလဲ ပြောမိတယ်။ ဆနွင်းမှုံ့မစားနဲ့ လို့။

အသဲရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၆ မျိုးရှိသည်။ A, B, C, D, E, G တို့ဖြစ်ကြသည်။ (ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြား ရောဂါများမှာ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့သော ကင်ဆာရောဂါများ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ဝက်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက် တို့ဖြစ်ကြသည်။ အဝတ်အစားနဲ့မဆိုင်ပါ။

အသဲ၏အလုပ်များ
• အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
• အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
• အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
• (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
• ကိုလက်စထရော၊ သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။

စမ်းသပ်ခြင်း
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါခြင်း၊
• အသဲကြီးခြင်း၊
• အသဲနေရာက နာခြင်း၊
• LFT အသဲလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေမည်။

Hepatitis A အသဲရောင် အေ = Viral Hepatitis/Infectious Hepatitis
• ကူးစက်ရောဂါဖြစ်သည်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးသည်။
• အသေအပျောက်ရှိသည်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ
• အားနည်းခြင်း ခံစားရသည်၊
• မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊
• ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာသည်။ Jaundice ဟုခေါ်သည်။
• ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။
• အသဲရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။

ကာကွယ်ပုံ
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။ ဆနွင်းမှုံ့နဲ့မဆိုင်ပါ။
• Hepatitis A အသဲရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

အခြားနည်းများ
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။

ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• ဝါတာမလျော့ရင် Drip သွင်းပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊ (ဆေးကို နောက်ဆုံးမှာရေးတာက အထက်ကလုပ်စရာတွေကို ပိုပြီး အားကိုးစေဘို့ ဖြစ်ပါတယ်။)

ဒေါက်တာတင့်ဆွေ
၂-၄-၂ဝ၁၄

လူကိုသစ်ပင်ဖြစ်စေသောရောဂါ


လူကို သစ်ပင်ဖြစ်စေတဲ့ ရောဂါ တကယ်ရှိပါတယ်။ သစ်ပင်ဖြစ်စေတယ် ဆိုတာထက် သစ်မြစ်ဖြစ်စေတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်ကိုယ်လုံးကနေ သစ်ပင်ကဲ့သို့ အမြစ်အသားပိုများ အဆမတန်တိုးပွား လာခြင်းမျိုး ဖြစ်ပါတယ်။

ရောဂါ အကြောင်း

ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်များ သွေးနဲ့ တစ်ရှူးမှာ အဆမတန်တိုးပွားလာခြင်း ဖြစ်ပါတယ်။ ဒီတော့ Carcinoma ကို မထိန်းချုပ်နိုင်တဲ့ ရောဂါလို့လည်း တစ်မျိုးခေါ်ပါတယ်။ နာမည်အရှည်ခေါ် လိုက်တော့ Epidermodysplasia verruciformis လို့ အမည်ရ ပါတယ်။

ရောဂါဖြစ်ရသည့် အကြောင်းအရင်း

ဒါက ပုံသေပြောလို့မရပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိ ရင် သွေးဆဲလ်ကနေ ကင်ဆာဖြစ်နိုင်မယ့် တစ်ရှူးတွေ ဖြစ်ပေါ်လာတတ်စေ မယ့် ဘယ်သူကမှ သစ်ပင်ဖြစ်မသွားပါဘူး။ ရှားရှားပါးပါး ဖြစ်သွားသူများ ကတော့ မွေးရာပါ ကင်ဆာဆဲလ်ပါတယ်လို့ ဆိုရမလားပါပဲ။ ငယ်ငယ်တုန်းက အသားပိုတုံးလေး သေးသေးလေး ရှိရာကနေ အသက်ကြီးတော့ အတုံးကြီးအထိ ဖြစ်ပြီး နောက်ဆုံး လူကို လမ်းလျှောက်လို့မရတော့အောင်ကို တိုက်ခိုက်ပါတော့တယ်။

ကုသမှု

ကုသမှု အတွက် အမေရိကန်၊ အင်္ဂလန်နဲ့ ဂျပန်မှ ပညာရှင်များ ကြိုးစားရှာဖွေပါတယ်။ အကောင်းဆုံး အဖြေကိုရှာဖွေ ပေးလာနိုင်သူ ကတော့ ဂျပန် ဖြစ်ပြီး သစ်မြစ်လို တစ်ကိုယ်လုံး ဖုံးလွမ်းနိုင်မယ့် အသားပိုတွေကို ဖယ်ထုတ်ဖို့ ဆေးကောင်းကို ဖော်ထုတ်နိုင်တော့မယ်လို့ ဆိုပါတယ်။ ယခင် ဖြစ်ပွားတဲ့ သူ ၂ ဦးကို ဒီလိုပဲ ခွဲစိတ်လိုက်၊ ဖြတ်ပေးလိုက် လုပ်ခဲ့ပေမယ့် ပြန်ပြန်ပွားလာတော့ နှစ်အနည်းငယ်ကြာရင် အရင် အတိုင်း ပြန်ဖြစ်ပါတယ်။ ဒါကိုမှ ဆက်မထိန်းထားနိုင်ရင် ထင်တာ ထက်တောင် ပိုများနိုင်ပါတယ်။ အင်ဒိုနီးရှားက သစ်ပင်လူသားဆိုရင် ၂၀၀၈ ခုနှစ်က ၉၅ ရာခိုင်နှုန်းလောက် ခွဲထုတ်ခဲ့ပေမယ့် နောက်တော့ အရင် လို ပြန်ပွားလာတာပါပဲ။

ဆိုးကျိုး

ဆိုးကျိုးကတော့ သေတဲ့အထိပါပဲ။ အမြစ်က အပြင်မှာ တက်နေရုံမကတော့ ပဲ အသားအတွင်းထိပါ တွယ်စေပါတယ်။ ဒီတော့ သွေးလည်ပတ်မှု လမ်းကြောင်းတွေကိုက အစ အသားပိုများနဲ့ ဖုံးဖိစေပြီး နောက်ဆုံး သေတဲ့ အထိတောင် ဖြစ်စေပါတယ်။ အသားပိုဆိုတာ ခန္ဓာကိုယ်က မလိုအပ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ မလိုအပ်တဲ့အပြင် ဖယ်တောင်ထုတ်သင့်ပါတယ်။ သူက ဘာအကျိုးမှ မပေးတဲ့အပြင် သွေးဆဲလ်နဲ့ တစ်ရှူးတွေကိုတောင် အနှောက်အယှက်ပေးပါတယ်။ မျိုးပွားမှုနှုန်းမြန်ပြီး နောက်ဆုံး တစ်ကိုယ်လုံး ကို သစ်မြစ်လို ဖြစ်သွားစေနိုင်ပါတယ်။

ရောဂါသည်

ရောဂါသည် နှစ်ဦးတော့ လူသိများပါတယ်။ ရိုမေနီးယားနိုင်ငံက သစ်ပင် လူသားကိုမတ်လ ၂၀၀၇ က လူသိများလာပြီး အင်ဒိုနီးရှားက သစ်ပင် လူသား ကိုတော့ ၂၀၀၇ နိုဝင်ဘာလက စလို့ လူသိများသွားပါတယ်။ ပုံမှာ ပြသထားတဲ့ သူကတော့ အင်ဒိုနီးရှား နိုင်ငံက သစ်ပင်လူသား ဖြစ် ပါတယ်။ သူ့အနေနဲ့ လမ်းလည်းမလျှောက်နိုင်၊ တစ်ချိန်လုံးလည်း နာကျင်နေလို့ ထုံဆေးနဲ့အသက်ရှင်ရတဲ့အထိကို ဆိုးခဲ့ပါတယ်။ အသားပိုမို့ ဓားနဲ့သွားဖြတ်လို့တောင်မရပါဘူး။ ခံစားမှုအာရုံကြောများနဲ့လည်းဆက် စပ်နေပြီး သူ့ကိုထိရင် အသားထိသလိုပဲ နာကျင်ခံစား ရပါတယ်။ ဖြတ်မိ ၊တောက်မိရင်သွေးထွက်ပြီး သေလုမတတ် နာကျင်စေတယ်လို့ ဆိုပါတယ်။

သစ်ပင်လူသားနှင့် အနာဂတ်

ကင်ဆာရောဂါမျိုးကို ပြန်ခွဲရင်အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ သစ်ပင် လူသားဖြစ်သွားတဲ့ အသားပိုဖုံး ရောဂါကလည်း ကင်ဆာ တစ်မျိုးပါပဲ။ ကိုယ်တွင်းမဟုတ်ပဲ ကိုယ်ပြင်ပ အသားပိုတိုးစေတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဒီလို ရောဂါက ရှားပါးတယ်ဆိုပေမယ့် သတိထားရမယ့် အရာ ဖြစ် ပါတယ်။ ပြောမယ်ဆို ဝဋ်ကြွေး တစ်ခုပါပဲ။ သစ်ပင်လူသားများ အတွက် ဖြေဆေးကို ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Ref: wiki
www.facebook.com/Blesspeace

ဦးဝင်းတင် ကျန်းမာရေး အမြန်ဆုံး ကောင်းလာဖို့ လူငယ် ၃ဝ ခန့် ရွှေတိဂုံမှာ ဆုတောင်း (ရုပ်/သံ)



၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်၊ နေ့လည် ၁၂ နာရီ သတင်းစာဆရာကြီး အဘဦးဝင်းတင်၏ အခြေအနေမှာ ယနေ့နေ့လည်ပိုင်းတွင် သွေးဝမ်းသွားမှုကို အကြောင်းပြုလျက် စိုးရိမ်ရသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရသည်။

သမားတော်ကြီးများပါဝင်သော အဖွဲ့မှ အနီးကပ်ကြပ်မတ်ကုသလျက်ရှိပြီး၊ သွေးထွက်သည့်
အကြောင်းအရင်းကို ရှာဖွေနေဆဲဖြစ်သည်။ သွေးမှာ fresh blood ဖြစ်ပြီး၊ သွေးပေါင်ချိန်
နှင့် သွေးခုန်နှုန်းမှာ ကောင်းမွန်သည်ဟု သိရှိရသည်။

ရန်ကုန်ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်အနေဖြင့်၊လိုအပ်ပါက သွေးသွင်းကုသနိုင်ရန်
အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း သိရှိရသည်။သွေးဝမ်းဓာတ်ခွဲစစ်ဆေး မှုကို အရေးပေါ်ပြုလုပ်လျက်ရှိသည်။ သွေးထွက်ရသည့်အကြောင်းအရင်းကို ရှာဖွေနေဆဲ
ဖြစ်သည်။

ညနေပိုင်းတွင်အဘဦးဝင်းတင်ကို သွေးသွင်းကုသပေးလျက်ရှိသည်ဟု သိရှိရသည်။ နာယကကြီး ဦးတင်ဦး ထပ်မံလာရောက် သတင်းမေး၊ အားပေးခဲ့သည်။
ပြည်သူလူထု၏ ဆုတောင်းသံများ ပိုမိုကျယ်လောင်လာရန် လိုအပ်လျက်ရှိနေသည်။

သမားတော်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ နှင့် ၀န်ထမ်းများအနေဖြင့် အစွမ်းကုန်
ကြိုးစားကုသပေးလျက်ရှိသည်။ ၀ိုင်းဝန်းဆုတောင်းကြရန် ဆော်သြလိုပါသည်။

(ဒေါက်တာရန်မျိုးသိမ်း)


ပုဂ္ဂိုလ်စွဲ နိုင်ငံရေးမှ အဖွဲ့အစည်းအခြေပြု နိုင်ငံရေးသို့


နားဆင်ရန်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာ့နိုင်ငံရေးမှာ လူပုဂ္ဂိုလ်ရေးဆန်တဲ့ နိုင်ငံရေးကနေ အဖွဲ့အစည်းအခြေပြုတဲ့ နိုင်ငံရေး ဖြစ်တည်ပြောင်းလဲလာနိုင်မယ့် အခြေအနေ၊ အလားအလာတို့ကို မြန်မာ့အရေးလေ့လာ စောင့်ကြည့်နေသူ ဝါရှင်တန်ဒီစီ Georgetown တက္ကသိုလ်မှ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။  မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ တနှစ်ပဲလိုပါတော့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဘယ်လို နိုင်ငံအကြောင်းအရာတွေ၊ ဘယ်လို issue တွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ ပြောသံဆိုသံကို သိပ်မကြားရဘဲနဲ့ ဘယ်သူနဲ့ ဘယ်သူဟာ မဟာမိတ်ဖွဲ့ကြတယ်။ ဘယ်သူနဲ့ဘယ်သူဟာ သိပ်မတည့်ကြဘူး။ ဘယ်သူနဲ့ဘယ်သူ ပြိုင်မယ်စသဖြင့် ဒီလူပုဂ္ဂိုလ်ရေးရာတွေပဲ လွှမ်းမိုးနေတာကို တွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရင် မြန်မာနိုင်ငံရဲ့  လက်ရှိနိုင်ငံရေးဟာ personalized politics ဖြစ်နေတယ်။ Institutionalized politics ဖြစ်မနေပါဘူး။ အဲဒါ ဘာကြောင့်လို့ -

Prof. Steinberg ။ ။ ဒါကတော့ ဟိုအစကတည်းက မြန်မာ့နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့အာဏာ ဆက်စပ်နေပါတယ်။ ဒီနိုင်ငံရဲ့  အာဏာဆိုတာ လူပုဂ္ဂိုလ်အပေါ် သိပ်ကိုမူတည်နေပါတယ်။ လူ့အဖွဲ့အစည်းတွေဟာ ပိုမိုရင့်ကြပ်တဲ့ နိုင်ငံရေးစနစ်ကို ရောက်ရှိလာတာနဲ့အမျှ အာဏာဆိုတာ အဖွဲ့အစည်းကို အခြေခံလာတတ်ပါတယ်။ အုံနဲ့ကျင်းနဲ့ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အာဏာဆိုတာ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့  ကိုယ်ရေးကိုယ်တာ မဟုတ်တော့ဘဲ အဲဒီပုဂ္ဂိုလ် ပါဝင်တဲ့အဖွဲ့အစည်းတခုလုံးနဲ့ ပတ်သက်လာပါတယ်။ ဥပမာ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တွေပါလာတယ်ဆိုရင် အဲဒီ ကွန်ဂရက်တခုလုံး ပိုမိုအင်အားကြီးလာတတ်ပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ခွဲခြားနားလည်းဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာဟာ လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်နေတယ်ဆိုတာကတော့ သိပ်အံ့သြစရာတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး personalized politics ကနေပြီးတော့ အုံနဲ့ကျင်းနဲ့ အဖွဲ့အစည်းကို အခြေပြုတဲ့ institutionalized politics ဖြစ်လာဖို့အတွက် အချိန်ဘယ်လောက်ကြာအုံးမယ်လို့ ခန့်မှန်းနိုင်ပါသလဲ။

Prof. Steinberg ။ ။ ဒါကတော့ အတော်ကို ကြာအုံးမှာပါ။ ဒီအဆောက်အအုံတွေကို ဖွံ့ဖြိုးအောင် လုပ်ရအုံးမှာပါ။ လူထုအနေနဲ့ကလည်း ဒီအဆောက်အအုံ၊ အဖွဲ့အစည်းတွေကို မှီခိုရပ်တည်လာကြရမှာ ဖြစ်ပါတယ်။ အာဏာကြီးမားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီအဆောက်အအုံ အဖွဲ့အစည်းဆိုတာဟာ လူပုဂ္ဂိုလ်တဦးချင်းထက် ပိုမိုအဓွန်ရှည် ခိုင်မြဲတယ်ဆိုတာကို နားလည်းသဘောပေါက်ကြရပါလိမ့်မယ်။ သူတို့ဟာ သူတို့လူ့အဖွဲ့အစည်းရဲ့  အကျိုးစီးပွားကို တကယ်တမ်း မျှော်မှန်းတယ်၊ လိုလားတယ်ဆိုရင် ဒီ institution တွေ အဆောက်အအုံတွေကို ခိုင်မာကြီးထွားအောင် လုပ်ပေးကြဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီတခုရဲ့  ဂုဏ်အင်္ဂါတရပ်ဟာ pluralism ကွဲလွဲထွေပြားတဲ့ အယူအဆကို အခြေခံတယ့်အချက်ပါ။ ဒါကြောင့် အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေပြုကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့အကြား တစုံတခုသော အတိုင်းအတာအထိ ကွဲလွဲမှု ရှိတတ်ပါတယ်။ တင်းမာမှုဆိုတာလည်း အထိုက်အလျောက် ရှိနိုင်ပါတယ်။ ဒါကို မကောင်းတဲ့အချက်လို့ မဆိုနိုင်ပါဘူး။ မြန်မာပြည်ဆိုရင် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင် ပြောင်းနေတဲ့ကာလဆိုတော့ တင်းမာမှုကို ပိုပြီးတော့ တွေ့ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံဟာ အခုလက်ရှိ ပုဂ္ဂိုလ်တဦးချင်း အခြေပြုတဲ့နိုင်ငံရေးကနေ နောက်တဆင့် လှမ်းနေတာဟာ အဆောက်အအုံကို အခြေပြုတဲ့နိုင်ငံရေးဆီကို ပြောင်းလဲနေတယ်လို့ မှန်မှန်ကန်ကန် ပြောနိုင်ပါရဲ့ လား။ တနည်းအားဖြင့် အဲဒီလို မဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု cult of personality ခေါ်တဲ့ ဘက်ကို ဦးတည်သွားတယ်ဆိုတာကော မဖြစ်နိုင်ဘူးလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံဟာ အဆောက်အအုံအခြေပြု နိုင်ငံရေးဆီကို ဦးတည်နေတယ်လို့ ကျနော်အနေနဲ့ မပြောနိုင်ပါဘူး။ ဖြစ်ပါစေလို့ပဲ ကျနော် မျှော်လင့်ပါတယ်။ တိုင်းပြည်ရဲ့  အနာဂတ်အတွက် ဒီလိုပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ပုဂ္ဂိုလ်တဦးချင်းကို ဦးတည်အခြေပြုနေတာကို တွေ့နေရပါတယ်။ အတိုက်အခံပဲဖြစ်ဖြစ်၊ အစိုးရဖက်မှာပဲဖြစ်ဖြစ် အခိုင်အမာဆုံး၊ အတောင့်အတင်းဆုံးဖြစ်တဲ့ စစ်တပ်မှာတောင် ပုဂ္ဂိုလ်တဦးချင်းဆီ ဗဟိုပြုနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ ဒီအတိုင်း လုပ်လာတာပါ။ ဒါဟာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် အံ့သြစရာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။  ဒီလိုမျိုး ပုဂ္ဂိုလ်တဦးတယောက်ကို အခြေပြုနေတဲ့ နိုင်ငံရေးသာ ဖြစ်နေမယ်ဆိုရင် တိုင်းပြည်အနာဂတ်အတွက် ကောင်းပါရဲ့ လား။

Prof. Steinberg ။ ။ တိုင်းပြည်အနာဂတ်အတွက် ဒါကို ပြောင်းလဲပြစ်ရပါလိမ့်မယ်။ ခင်များပြောတဲ့ လက်ရှိ အဓိကဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မျက်နာချင်းဆိုင်ထိုင်ပြီးတော့ ဒီအချက်၊ ဒီအချက်တွေကိုပြင် ငါတို့ကတော့ သဘောမတူဘူး။ ဒါပေမဲ့ တိုင်းပြည်အနာဂတ်အတွက် တူညီတဲ့ပန်းတိုင်တရပ်ဆီကို ငါတို့ ဦးတည်ကြမယ်။ ဥပမာဆိုပါစို့ လူနည်းစု ပြဿနာတွေကို ဘယ်လိုကိုင်တွယ်မယ်။ မူစလင်တွေကိစ္စ ဘယ်လိုကိုင်တွယ်မယ်။ ဒါတွေကို ဘယ်လိုရှုမြင်သုံးသပ်မယ်ဆိုတာတွေကို ညှိကြရပါလိမ့်မယ်။ အနောက်တိုင်းရဲ့ အမြင်နဲ့ ကိုင်တွယ်စရာ မလိုပါဘူး။ မြန်မာ့ရှုထောင့်ကပဲကြည့်ပြီး မျှမျှတတ လုပ်ကြဖို့ လိုပါတယ်။ မြန်မာတွေပဲ ဆုံးဖြတ်ကိုင်တွယ်ကြရမှာပါ။

ဦးကျော်ဇံသာ ။ ။  အခုမြန်မာပြည်မှာတော့ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေက အခုန ဆရာကြီးပြောတဲ့အတိုင်း တိုင်းပြည်ကိစ္စကို ထိုင်ပြီးတော့ ညှိနှိုင်းဖို့၊ ပြောဆိုကြတာ သိပ်မကြားရပါဘူး။ ကြားနေရတဲ့ သတင်းတွေအရဆိုရင် ဘယ်သူဟာဖြစ် ဘယ်သူနဲ့ အလွမ်းသင့်တယ်။ ဘယ်သူနဲ့ မဟာမိတ်ဖြစ်နေတယ်။ ဘယ်သူကတော့ ဘာလိုချင်လို့ ဘယ်သူကို ကပ်နေတယ်။ ဒါမျိုးတွေပဲ ကြားနေရပါတယ်။

Prof. Steinberg ။ ။ ကောင်းပါပြီ။ ဒါဆိုရင် ဗမာပြည်မှာက အခုအခါမှာ သတင်းစာလွတ်လပ်ခွင့်တွေကလည်း အတော်အသင့် ရှိနေပါပြီ။ ဒီလို ကိုယ်ရေးကိုယ်တာတွေထားပြီး တိုင်းပြည်အရေးကိစ္စတွေကို ပြောကြပါစို့ဆိုပြီး သတင်းစာတွေက ဘာကြောင့် မပြောကြတာလဲ။ ဒီလို မီဒီယာတွေကတဆင့် လူထုဟာ နိုင်ငံရေးအထင်ကရ ပုဂ္ဂိုလ်တွေကို ဖိအားပေးကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အခွင့်အရေးပါ။ ပြောတဲ့နေရာမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူဘယ်ဝါဆိုပြီး ပုဂ္ဂိုလ်စွဲနဲ့ ပြောဖို့မဟုတ်ပါဘူး။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ လူနည်းစုကိစ္စ၊ လူထုကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွှမ်းပါးမှုစတဲ့ ဒီလိုပြဿနာတွေကို ပြောကြဖို့၊ ဆွေးနွေးကြဖို့ကို တွန်းအားပေးကြရမှာပါ။  

ဦးကျော်ဇံသာ ။ ။  ခက်တာက မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ဆိုတာ အကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မီဒီယာ တော်တော်များများဟာ အခုန အထင်ကရ ပုဂ္ဂိုလ်တွေထဲက တချို့ ဆိုရင် မဝေဖန်ရဲဘူးခင်များ။ သူတို့ရဲ့  လူကြိုက်များမှုဟာ မီဒီယာထက်ကို များစွာအရှိန်အဝါ ကြီးမားနေတာ တွေ့ရပါတယ်။

Prof. Steinberg ။ ။ ဟုတ်ပါတယ်။ ဒါကလည်း ပြဿနာတခုပါ။ ဒါပေမဲ့ အခုဟာက အသွင်ကူးပြောင်းရေးကာလပါ။ ၁၉၆၂ ခုနှစ်ကတည်းက ဆင်ဆာဖြတ်တောက်မှု ရှိလာခဲ့ပါတယ်။ အခုလွတ်လပ်ခါစ သိပ်တော့အကဲဆတ်နေပါသေးတယ်။ နားလည်းရဖို့လည်း ခက်နေပါတယ်။ လွတ်လပ်ခွင့်တွေမှာ အကန့်အသတ်တွေကတော့ ရှိနေပါတယ်။ ဘယ်အထိ ဆက်သွားမယ်ဆိုတာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင် ပြောမယ်ဆိုရင်တော့ သက်ဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်တွေကိုယ်၌က ဒီအခက်အခဲတွေကို သိမြင်နားလည်းရမယ်။ ကျော်လွှာနိုင်အောင်လည်း ကြိုးစားကြရမယ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။  နောက်တချက်က မြန်မာနိုင်ငံမှာ ဒီလို ပုဂ္ဂိုလ်ရေးကို အခြေပြုတဲ့ နိုင်ငံရေးထွန်းကားနေတာဟာ မြန်မာနိုင်ငံမို့လို့များ ပိုဖြစ်နေတာလား။ ကျနော် စဉ်းစားမိတာက မြန်မာလူမျိုးတွေရဲ့  အစဉ်အလာကို၌က ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုကို သိပ်ပြီးတော့ နှစ်သက်မြတ်နိုးကြတယ့်သဘောမျိုး ကျနော် တွေ့ရလို့ပါ။ အဲဒီလို ယဉ်ကျေးမှုနဲ့များ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာပဲ ဒီလို ဖြစ်နေသလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံမှာပဲ ဒီလို ထူးထူးခြားခြား ဖြစ်နေတယ်လို့တော့ ကျနော် မထင်ပါဘူး။ နိုင်ငံတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ သူ့ပုံစံနဲ့သူ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ အနောက်နိုင်ငံလူ့အဖွဲ့အစည်းတွေမှာ ယေဘုယျအားဖြင့်တော့ အဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ကြီးတဦးချင်းထက် အာဏာပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ချွင်းချက်တချို့ တော့ နိုင်ငံအလိုက် ရှိနေပါတယ်။ ဒီနေရာမှာ အတွေးအခေါ်ဆန်တဲ့ သဘောထားတရပ် ရှိနေပါတယ်။ အာဏာဆိုတာ အကန့်အသတ်မရှိ ကျယ်ပြန့်တယ်လို့ ယူဆတဲ့လူ့အဖွဲ့အစည်းတွေမှာ အာဏာကို ခွဲဝေဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါပေမဲ့ အာဏာဆိုတာ အကန့်အသတ် ရှိတယ်လို့ မြင်ကြရင်တော့ ဘယ်သူနဲ့မှ ခွဲဝေမယူချင်ကြပါဘူး။ ဒါဟာ အတွေးအခေါ် အယူအဆ တရပ်ပါ။

ဦးကျော်ဇံသာ ။ ။  နောက်တခု မြန်မာပြည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ပုံရိပ်ဟာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်ဟာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုဖြစ်တယ်ဆိုပြီးတော့ ဖြစ်နေတာပါ။ လူတိုင်းက လက်ခံထားကြပါတယ်။ ဆိုတော့ သူတို့ပါတီက ဘာလုပ်လာမလဲ။ သူ အာဏာရရင် ဘာလုပ်လာမလဲဆိုတာကို လူတွေ စိတ်မဝင်စားကြတော့ဘူး။ ဒါကို စမ်းစစ်နေစရာ မလိုဘူးဆိုပြီးတော့များ လက်ခံထားကြတာလား။

Prof. Steinberg ။ ။ ကျနော်တော့ မသိပါဘူး။ ကျနော် သိတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်း တခုမှ မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ NLD လည်း ဒီမိုကရေစီနည်းကျတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီလည်း ဒီမိုကရေစီ မဆန်ပါဘူး။ တရားစီရင်ရေးလည်း လွတ်လပ်မှု မရှိပါဘူး။ စစ်တပ်ဆိုတာကတော့ အစကတည်းက ဒီမိုကရေစီ မရှိတာပါ။ ဒါကြောင့် အချိန်ယူရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ စိတ်ပျက်စရာကောင်းတယ် ဆိုပေမယ့်လည်း အံ့သြစရာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။  ဆရာကြီးက NLD က ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတော့ ဒါကို NLD က လက်ခံပါ့မလား။

Prof. Steinberg ။ ။ လက်ခံမယ် မထင်ပါဘူး။ ကျနော် ပြောတာက ဘယ်သူမှ လက်ခံကြမှာတော့ မဟုတ်ပါဘူး။ ကျနော်ကလည်း သူတို့ လက်ခံဖို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လူတွေဟာ တိုင်းပြည်တခုလုံး အကျိုးရှိတဲ့ကိစ္စဟာ ဘာလဲဆိုတာ ပုဂ္ဂိုလ်ရေးတွေ ဘေးဖယ်ထားပြီး စဉ်းစားသင့်ပါတယ်။ အဓိကတော့ မြန်မာတွေ လုပ်ကြရမှာပါ။ တချို့ မြန်မာတွေ လုပ်ကြတာတွေလည်း ရှိပါတယ်။ မြန်မာပြည်အပေါ်မှာ စေတနာရှိတဲ့ နိုင်ငံခြားသားတွေလည်း ဒါကို စဉ်းစားကြရပါမယ်။ နားဝင်မချိုပေမယ့် အမှန်ကို ပြောကြရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။  အဲဒီတော့ NLD ကို ဒီမိုကရေစီ မဆန်ဘူးလို့ ဘာလို့ ပြောရသလဲဆိုတာကိုလည်း နည်းနည်းရှင်းပြပါ။

Prof. Steinberg ။ ။ ဆုံးဖြတ်ချက်တွေကို ခေါင်းဆောင်ပိုင်းက ချမှတ်တယ်။ ခေါင်းဆောင်မှုတဖွဲ့လုံးက ဒီဆုံးဖြတ်ချက်ကို ချမှတ်ကြတာမျိုး မဟုတ်ပါဘူး။ NLD ဟာ ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်းအဖြစ် တခုကိုတော့ ရောက်လာမှာပါ။ မဖြစ်နိုင်ဘူးလို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဆုံးဖြတ်ချက်တွေကို အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကပဲ ချမှတ်နေတာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကို မကြိုက်ရင် ပါတီကထွက်ပြီး ပါတီသစ် ထောင်နိုင်ပါတယ်။ တချို့ ဆိုရင် ဒီအတိုင်းပဲ လုပ်ခဲ့ကြတာပါ။ ကျနော်က ဘယ်သူကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ကွက်ပြီးဝေဖန်နေတာမျိုး မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဒီလူ့အဖွဲ့အစည်းမှာ ဖြစ်နေတာကို ပြောတာပါ။

ဦးကျော်ဇံသာ ။ ။  ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလို လူပုဂ္ဂိုလ်အပေါ်မှာ အခြေပြုပြီးတော့ မဲပေးခဲ့ကြမယ်။ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာမယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲ။

Prof. Steinberg ။ ။ ပါတီတခုချင်းဆီက သီးခြားမူဝါဒတရပ်ဆီ ကြေညာလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို မူဝါဒ ကြေညာချက် platform ဆိုတာ ပညာရေး ပိုကောင်းအောင်၊ ကျန်းမာရေး ပိုကောင်းအောင် လုပ်မယ်ဆိုတာနဲ့ မပြီးသေးပါဘူး။ ဒါတွေ ပိုကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်နဲ့တကွ ချပြရပါလိမ့်မယ်။ အခုတော့ ကျန်းမာရေး၊ ပညာရေး နဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝအခြေအနေကိုပဲ ပြောနေကြပါတယ်။ ဒါတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်ပါဘူး။

သမီးလေးရွာသားများကို ရှေ့ဆက်သွားခွင့်မပြုဟု ကရင်ပြည်နယ် နယ်/လုံဝန်ကြီး အမိန့်ထုတ်





ကေဇူး ရန်ကုန်(မဇ္ဈိမ)။ ။

DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာ သားများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော
တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က
တားဆီးလိုက်ပြီးနောက် ဆက်လက်သွားခွင့်မပြုကြောင်း ကရင်ပြည်နယ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးက အမိန့်ထုတ်လိုက်သည်ဟု ယင်းအဖွဲ့နှင့်လိုက်ပါသွားသည့် လူထုအခြေပြုအဖွဲ့မှ ဦးအောင်လွင်ကပြောသည်။

“ရွာသားတွေကတော့ ဆက်မသွားရဘူးဆိုရင် အဲ့ဒီနေရာမှာပဲနေမယ်လို့ ဆုံးဖြတ်ပြီးတော့ စုဝေးပြီးထိုင်နေကြတယ်” ဟု ညနေ ၃နာရီ ၅၀မိနစ်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးအောင်လွင်က ပြောခြင်းဖြစ်သည်။

DKBA နှင့်လိုက်ပါသွားသော သမီးကလေးကျေးရွာမှ ရွာသားအရေအတွက်မှာ လူပေါင်း ၃၀၀ ခန့်ရှိပြီး လူမှုအဖွဲ့အစည်းမှ
လိုက်ပါပို့ဆောင်သူ ၁၀၀ ဦးခန့်ရှိသည်။

ရွာဖျက်ခံခဲ့ရသည့် သမီးကလေးရွာသားများမှာ DKBA ၏ ဖိတ်ဖေါ်မှုအရ ကရင်ပြည်နယ်ရှိ ဆုံဆည်းမြိုင်ရွာသို့ လိုက်ပါသွားစဉ် ယခုကဲ့သို့ တားဆီးခံရခြင်းလည်းဖြစ်သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ သမီးကလေးရွာကို ဖေဖေါ်ဝါရီလ ၄ ရက်က ဖျက်ဆီးခံခဲ့ရသည့်အတွက် ရွာသူရွာသားများ နေစရာကင်းမဲ့နေသည်။

Mizzima မဇ္ဈိမ
Photo From Thet Khaing & Coko Dmoe

နှစ်ပေါင်း ၅၀ ခန့်ထိန်းချုပ်ထားသော လက်နက်တင်ပို့ ရောင်းချမှုကို ဂျပန်က ပထမဆုံး ဖြေလျှော့မည်



တိုကျို ၊ ဧပြီ ၁

ဂျပန်နိုင်ငံက နှစ်ပေါင်း ၅၀ ခန့် ထိန်းချုပ်ထားသော လက်နက်တင်ပို့ ရောင်းချမှုများကို ပထမဆုံးအကြိမ် ဖြေလျှော့တော့မည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် ဦးဆောင် ရေးဆွဲပေးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိနိုင်ငံကို ကာကွယ်သည့် အခြေအနေမှအပ စစ်မက်ဖြစ်ပွားခြင်းကို တားမြစ်ထားသည်။

ထို့ပြင် ဂျပန်နည်းပညာများကို အမေရိကသို့ ဖြန့်ဝေပေးခြင်းများ ရှိသော်လည်း စစ်လက်နက် တင်ပို့ရောင်းချခြင်းကိုမူ တားမြစ်ထားသည်။

ယခုပြင်ဆင်ရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဂျပန်၏ မဟာမိတ် နိုင်ငံများနှင့် လက်နက်များ ပူးတွဲထုတ်လုပ်ခွင့်ရှိမည် ဖြစ်သကဲ့သို့ ဂျပန်၏ ကာကွယ်ရေးလုပ်ငန်း များကိုလည်း ဈေးကွက်သစ်များ၊ နည်းပညာ အသစ်များကို လက်ခံရယူနိုင်ခွင့်ကိုလည်း ခွင့်ပြုမည် ဖြစ်သည်။

ဂျပန်သည် လက်နက်တင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ ကွန်မြူနစ် နိုင်ငံများ၊ ကုလသမဂ္ဂက လက်နက်တင်ပို့ ရောင်းချခြင်းမှ ပိတ်ပင်ခံထားရသည့် နိုင်ငံများနှင့် နိုင်ငံတကာ ပဋိပက္ခများတွင် ပါဝင်သော သို့မဟုတ် ပါဝင်ရန် အလားအလာရှိသော နိုင်ငံများသို့ လက်နက် ရောင်းချမှု မပြုခြင်းဟူသော မူသုံးချက်ပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်။

ဂျပန်သည် အဆိုပါ မူသုံးချက်သည် ၁၉၆၇ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လက်နက် တင်ပို့မှုကို မိမိသဘောထားဖြင့် ပိတ်ပင် တားမြစ်မှု ပြုလုပ်ထားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်အမျိုးသား လုံခြုံရေးကို မြှင့်တင်ရန်နှင့် ဒုတိယကမ္ဘာစစ်အပြီး မိမိသဘောဖြင့် ချမှတ်ထားသော တားဆီး ပိတ်ပင်မှုများကို ပြန်လည် လျှော့ချရန် လိုလားလျက်ရှိသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေသော အရေးကိစ္စများနှင့် ဂျပန်လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်လာသည့် အခြေအနေများတွင် လက်နက် တင်ပို့ရောင်းချမှုကို ခွင့်ပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် Kyodo သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။

ဂျပန်က လက်နက်တင်ပို့ ရောင်းချခြင်းနှင့် ပတ်သက်သော ထိန်းချုပ်မှုများကို ဖြေလျှော့ရာတွင် လက်နက် တင်ပို့မှုများကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံက တင်ပို့ရောင်းချသော လက်နက်များကို တတိယအဖွဲ့ သို့မဟုတ် နိုင်ငံကို ထပ်မံရောင်းချခွင့်ပေးမည် မဟုတ်ကြောင်း အဆိုပါ သတင်း အေဂျင်စီက ပြောကြားသည်။

ဂျပန်နိုင်ငံက ယခုကဲ့သို့ လက်နက် တင်ပို့ရောင်းချခြင်းနှင့် ပတ်သက်၍ ထိန်းချုပ်မှုများကို ဖြေလျှော့မည့် ကိစ္စအပေါ် တရုတ်ကသံသယဖြင့် ရှုမြင်ဖွယ်ရှိသည်။

ဂျပန်နိုင်ငံရေးသည် အမျိုးသားရေးဝါဒီ လက်ယာယိမ်းများဘက်သို့ ရောက်ရှိ သွားပြီးနောက် ယခုကဲ့သို့ လက်နက် တင်ပို့ခြင်းအပေါ် ထိန်းချုပ် ထားမှုများကို ဖြေလျှော့ ပေးလိုက်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးဆက်သည် လူအများအတွက် စိုးရိမ်စရာကိစ္စ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ရင်းက ပြောကြားသည်။

ဂျပန်နိုင်ငံသည် ယမန်နှစ်ကလည်း အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ကို လည်းကောင်း၊ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ခြင်းကို လည်းကောင်း ဂျပန် အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့သည်။
ယင်းလုပ်ရပ်သည် တရုတ်၏ စစ်အင်အား ကြီးထွားမှုကို တန်ပြန်ရန် ရည်ရွယ်သည့် လုပ်ရပ်အဖြစ် ရှုမြင်ခံခဲ့ရသည်။

ဂျပန်နိုင်ငံသည် လာမည့် ငါးနှစ်အတွင်း မောင်းသူမဲ့ လေယာဉ် များ၊ ရေဒါပျောက် တိုက်လေယာဉ်များနှင့် ကမ်းတက် စစ်ရေယာဉ်များကို ဝယ်ယူမည် ဖြစ်သည်

The Voice

အယောင်ဆောင် သတင်းပေး၊ သတင်းယူသူများကို အရေးယူသွားမည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ဆို


မန္တလေး၊ ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသည် ပြင်ပသတင်းပေး၊ သတင်းရယူသူများကို ခန့်အပ်ထားခြင်း မရှိသဖြင့် အယောင်ဆောင် သတင်းရယူသူ များကို စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီးမြင့်ဦးက ပြောကြားသည်။

အဆိုပါ သတင်းပေး၊ သတင်းယူသူများကို ဌာနအနေနှင့် ခန့်အပ်ထားခြင်း မရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင် များကလည်း သတင်းရယူရာတွင် ယူနီဖောင်း ဝတ်ဖြင့်သာ ဆောင်ရွက်ကြောင်း၊ အရပ်ဝတ်ဖြင့် သတင်းယူရာတွင် သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့မှ သတင်းယူသူများလည်း ပါဝင်ပြီး ယင်းတို့မှာ မိမိတို့ဌာနနှင့် သက်ဆိုင်မှု မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မန္တလေးမြို့ပေါ်ရှိ ဆန္ဒပြပွဲများတွင် သတင်းရယူသော ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာ သတင်းပေးများ၊ သတင်းရယူသူများသည် ပြင်ပသတင်းလုပ်ငန်း လုပ်ကိုင်သော မြို့ခံ သတင်းထောက်များ၏ ကင်မရာများကို လက်နှင့် ပုတ်ထုတ်ခြင်း၊ တွန်းဖယ်ခြင်းများ မကြာခဏ ပြုလုပ်ခံရကြောင်း ယင်းသို့ပြုမူ ခံရသူများနှင့် မြို့ခံ မီဒီယာသမားများထံမှ သိရှိရသည်။

မန္တလေးမြို့တော်တွင် မတ်လ ၃၁ ရက်နေ့ ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သော ဆန္ဒပြပွဲတွင် အမျိုးသမီး သတင်းထောက်တစ်ဦး သတင်းဓာတ်ပုံ ရိုက်ကူးစဉ် တွန်းဖယ်ခြင်း၊ ဆွဲဖယ်ခြင်းများ ခံရကြောင်း ယင်းသို့ပြုမူ ခံရသူ သတင်းထောက် အမျိုးသမီးက ပြောကြားသည်။

ယင်းအပြင် Living Color Media မန္တလေးရုံးခွဲမှ အကြီးတန်း သတင်းထောက် တစ်ဦးကိုလည်း လုံခြုံရေးတာဝန် ထမ်းဆောင်သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဒိုင်းဖြင့် တွန်းထုတ်ခြင်း ခံခဲ့ရသည်။

တာဝန်ထမ်းဆောင်ရင်း ထိခိုက်မိခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပါ အကြီးတန်း သတင်းထောက်က ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေးမြို့ခံ မီဒီယာသမား စုပေါင်း လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာသို့ အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ မီဒီယာသမားများထံမှ သိရှိရသည်။

ယင်းသို့ သတင်းရယူကြရာ၌ ဌာနဆိုင်ရာ သတင်းပေး၊ သတင်းရယူသူများ၏ အရေအတွက်သည် ပြင်ပမီဒီယာ သမားများထက် နှစ်ဆ၊ သုံးဆခန့် ရှိနေကြောင်း မြို့ခံ သတင်းသမားများက ပြောကြားသည်။

The Voice Weekly

ခရမ်းမြို့အချုပ်ခန်းတွင်းမှ အမျိုးသားတစ်ဦးသေဆုံးမှု အလောင်းရင်ခွဲပြီးမှသာ မိသားစုသိရှိခဲ့


ခရမ်းမြို့ အချုပ်ခန်းအတွင်းမှ အမျိုးသားတစ်ဦးသေဆုံးမှု မိသားစုမှ သက်ဆိုင်ရာအလောင်းရင်ခွဲရုံရောက်မှသာသိရှိခဲ့ရကြောင်း သေဆုံးသူ၏ဇနီးက ပြောသည်။ မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီ ခွဲခန့်တွင် ခရမ်းမြို့ (၁)ရပ်ကွက်၌ နေထိုင်သော မစံပယ်မှ ၎င်း၏အမျိုးသား အသက် ၄၁နှစ်ရှိ ကိုဖိုးဇော်မှာ အရက်မူးပြီး သောင်းကျန်းနေသောကြောင့် ရဲစခန်းမှ ထိန်းသိမ်းပေးပါရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့်အပ်နှံခဲ့သည်။

ထိုသို့အပ်နှံပြီးနောက်နေ့နံနက် ၉ နာရီ ကျော် အချိန်တွင်၎င်း၏အမျိုးသားအား ရဲစခန်းမှ ဆိုက်ကား ဖြင့်မြို့နယ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း၊ မြို့နယ် ဆေးရုံ ရင်ခွဲရုံတွင်ထားကြောင်း မောင်ဝမ်းကွဲတော်စပ်သူမှ လာရောက်ပြောကြားသဖြင့်သွားရောက် ကြည့်ရှု ရာ ကိုဖိုးဇော် အားရင်ခွဲရုံတွင်ရင်ခွဲပြီးပြီဟု သေဆုံးသူ၏ဇနီး မစံပယ်မှ ပြောသည်။

''ကျွန်မဖြင့် ယုံတောင်မယုံဘူး။ ဘာရောဂါမှလည်း ရှိတာမဟုတ်ဘဲနဲ့။ တစ်ညလောက် အချုပ်ခန်းထဲမှာနေပြီး မနက်ကျတော့သေပြီတဲ့။ ရင်ခွဲရုံလိုက်သွားလို့ အ လောင်းကိုတွေ့မှယုံတော့တယ်''ဟု မစံပယ်ကပြောသည်။ သေဆုံးကြောင်း ကြားသိရချင်းမှာပင် ၎င်း၏သားဖြစ်သူမှာသွားရောက်ကြည့်ရှုသော်လည်း ဝင်ခွင့်မပေးခဲ့ဘဲ ရဲများအား အစောင့်အဖြစ်ထားရှိကာ ရင်ခွဲပြီး အလောင်းပြန် ထုတ်ခွင့်ရှိပြီဟုပြောမှသာ အလောင်းအား ပြန်ထုတ်ခဲ့ရကြောင်း မစံပယ်ကဆက်ပြောသည်။

ထို့နောက် ကိုဖိုးဇော်၏ ရုပ်ကလာပ်အား သယ်ဆောင်ရန် လက်မှတ် ထိုးခိုင်းပြီး ရုပ်ကလာပ်အား ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း၊ ကိုဖိုးဇော်သေဆုံးမှု နှင့် ပတ်သက်၍ ရဲစခန်းမှအသိပေးခြင်းမရှိကြောင်း၊ ကိုဖိုးဇော်အလောင်းအားရင်ခွဲရာတွင်လည်း ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိကြောင်း ၎င်းမိသားစုထံမှ သိရသည်။

ထိုသို့ ပြန်လည်သယ်ဆောင်လာစဉ် ကိုဖိုးဇော်မှာ ဝမ်းဗို က်နံစောင်းနှင့်နောက်ကျောတို့တွင် ညိုမည်းဒဏ်ရာများနှင့် သွား ဖုံးရောင်ဒဏ်ရာများရရှိထား သည်ကိုတွေ ရှိရကြောင်း မစံပယ်က ပြောသည်။ ထိုသို့ ရဲစခန်းအတွင်းသေဆုံးမှုနှင့်ပတ်သက်၍ ခရမ်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက သေဆုံးသူ ကိုဖိုးဇော်သည် မနက်ပိုင်းတွင် ကျပ်တယ်ကျပ်တယ် ဟုပြောဆိုပြီးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း မစံပယ်က ပြောသည်။

ကိုဖိုးဇော်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရဲ စခန်းသို့ ပို့ဆောင်စဉ် မည်သည့်ဒဏ်ရာတစ်စုံတစ်ရာ မှ မရှိဘဲ ပို့ဆောင်အပ်နှံခဲ့ကြောင်း မစံပယ်၏ ပြောပြချက်အရ သိရသည်။

ခရမ်းမြို့ ရဲစခန်းမှ သေဆုံးသူ ကိုဖိုးဇော်အား အချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉ်အချုပ်သားများ ဘုရားရှိခိုးချိန်တွင် ကိုဖိုးဇော်မှာမူး၍
ဘုရားစာများကိုကျော်ဆိုခြင်းကြောင့် အချုပ်သား ရဲလင်းထွန်းဆို သူမှ ဘုရားစာကိုဘာလို့ကျော်ဆိုတာလဲဟု ပြောကာ ခြေထောက်ဖြင့်ထကန်
ခဲ့ကြောင်း၊ ထိုသို့ ခြေထောက် ဖြင့် ထကန်ခဲ့သောကြောင့်တာဝန် ကျရဲအရာရှိတစ်ဦး မှ တားခဲ့ပြီးရပ်တန့်စေခဲ့ကြောင်း၊ ထို့နောက် ကိုဖိုးဇော် မှာ အသက်ရှူသံမမှန်သောကြောင့် ဆေးရုံသို့တင်ပို့ စဉ်
သေဆုံးသွားသောကြောင့် ရဲလင်းထွန်းအား ပုဒ်မ ၃ဝ၄(က)ဖြင့်
အရေးယူ အမှုဖွင့်ထားကြောင်းသိရသည်။

ကိုဖိုးဇော်သေဆုံးမှုနှင့်ပတ်သက်၍ ဆေးရုံ၏ဆေးစာတွင် ကိုဖိုးဇော်မှာ တုံးသောအရာဝတ္ထုတစ်ခု နှင့်အရိုက်ခံရသောကြောင့် အသည်း ကွဲကြေဒဏ်ရာ ရရှိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ရေး သား ဖော်ပြ ထားသည်။ ခရမ်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမြင့်လှိုင်က

''အချုပ်ထဲမှာတုံးတဲ့လက်နက် မပြောနဲ့ ဘာလက်နက်မှမရှိဘူး။ ဒီကိစ္စက မဖြစ်နိုင်ဘူး။ အစ်ကိုတို့ ဆရာဝန်ကြီးကို မေးတော့ ဆရာဝန်ကြီးက ပြော တာကတော့ ဒီကိစ္စက ရိုးရိုးလူသေမှု မဟုတ်ဘူး။ လူသတ်မှုပါ လို့ ပြောခဲ့တယ်''ဟု ပြောသည်။

ကိုဖိုးဇော်သေဆုံးမှုနှင့်ပတ်သက်၍ ခရမ်းမြို့ နယ်နေ ပြည်သူပြည် သားများကလည်း အလွန်စိတ်ဝင် စားနေကြောင်း သိရသည်။

ဖိုးလပြည့်၊ ဇေဝေယံ

Popular Myanmar News Journal 

သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား ပြည်ပထွက်ခွာခွင့် တားမြစ်


Wednesday, April 2, 2014
ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှသန်းခေါင်စာရင်း
ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့ အလံအား မဖွယ်မရာပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

“အခု လောလောဆယ် ရန်ကုန် ပို့ထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး တိုင်ကြားချက်ကို သေချာ စစ်ဆေးသွားမယ်။ ဟိုဘက်က ဖြစ်တဲ့ ကျူးလွန်မှုတွေကိုလည်း စုံစမ်း စစ်ဆေးသွားမယ်။ ပြည်နယ် အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှုကိုလည်း စုံစမ်း စစ်ဆေးသွားမယ်၊ INGO အားလုံးကတော့ သူတို့ရဲ့ ဘက်မလိုက်မှုတွေ၊ လူသားချင်း စာနာမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေရှိပြီးသားပါ၊ ဒါပေမယ့် ၀န်ထမ်း အချို့မှာတော့ ဘက်လိုက်မှုတွေ၊ အားနည်းချက်တွေ ရှိတယ်”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။

သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်နေသည့် အမျိုးသား အမျိုးသမီးတို့အား လူပုဂ္ဂိုလ် လုံခြုံရေး အတွက် ပထမဦးဆုံး ဖြစ်သည့်နေ့နောက်တစ်ရက်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်ထားပြီး ဖြစ်စဉ် အထောက်အထားများအား ပြန်လည် စစ်ဆေး၍ အဖြစ်မှန် ပေါ်ပေါက်ပါက ဥပဒေအကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် INGO အဖွဲ့များ အနေဖြင့် စည်းမျဉ်း စည်းကမ်းများနှင့် အညီ လုပ်ဆောင်ရန် လိုအပ်ပြီး ခရီးသွား ဗီဇာများ၊ စီးပွားရေး ဗီဇာများဖြင့် ၀င်ရောက်လာပြီး ၄င်းအဖွဲ့တို့ လုပ်ဆောင်နေသည့် ဒေသများသို့ သွားရောက် နေထိုင်ခြင်းများ ရှိနေသည်ဟုလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
“၀န်ထမ်းတွေ အများကြီးရှိ လာရင် ဒေသခံတွေက သို့လော သို့လော ဖြစ်တာပေါ့”ဟု ၄င်းကဆိုသည်။
ရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း ပြည်ပ၀န်ထမ်း လုပ်ဆောင်သည့် အမှားများအား ဥပဒေ အကြောင်းအရ တိတိကျကျ တိုင်ကြားရမည် ဖြစ်သော်လည်း စိတ်လိုက်မာန်ပါဖြင့် လက်တုံ့ပြန် ခဲ့သည့် အတွက် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်အား ထိခိုက်စေခဲ့သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ သုံးသပ်သည်။

“ခံစားချက်ကို ဦးစားပေးပြီး ဥပဒေမဲ့ လုပ်လိုက်တော့ အကျိုးဆက်က ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက တရား လက်လွတ် လုပ်တယ်။ ဥပဒေမဲ့ လုပ်ချင်တယ်။ ဘယ်ဘာသာက ဘယ်လို ဖြစ်တယ်ဆိုတဲ့ အမြင်က ပိုပြီးတော့ပဲ ဆိုးသွားတာပေါ့။ စောစောက ၀န်ထမ်း တစ်ယောက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်က ပျောက်သွားပြီး ဒီပုံရိပ်က ပိုထင်သွားတာပေါ့”ဟု ၄င်းက မှတ်ချက်ပေးသည်။
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၆) ပါသတင်း )
Kyaw Swar Myint
Myanmar Journal

မော်တော်ယာဉ် ‘၁က’ အက္ခရာများ ဧပြီ ၄ စအပ်ခွင့်ပြုမည်


ရန်ကုန်၊ ဧပြီ ၁

မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံခွင့်ပြုသည့် စနစ်အရ ဧပြီလအတွင်း သက်တမ်းနှစ် ၂၀ ကျော်လွန်မည့် ‘၁က’ အက္ခရာ မော်တော်ယာဉ်များကို ဧပြီလ ၄ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။

‘၂က’ အက္ခရာ များကိုလည်း အောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
‘အ’ အက္ခရာများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ခြောက်လခန့် ကြာမြင့်ခဲ့သော်လည်း နံပါတ်အားလုံး ကုန်ဆုံးသည်အထိ လာရောက် အပ်နှံခြင်း မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ‘အ’ အက္ခရာများမှာ အပ်နှံရန် အစီးရေ ၈၆၁၈ စီးရှိပြီး မတ်လ ၂၈ ရက်နေ့ထိ လာရောက် အပ်နှံထားသော အစီးရေမှာ ၇၂၄၇ စီးရှိကာ ၁၃၇၁ စီး အပ်နှံရန် ကျန်ရှိကြောင်း ယာဉ်အိုယာဉ်ဟောင်း ဌာန၏ စာရင်းဇယားများအရ သိရသည်။

လတ်တလော မော်တော်ယာဉ် ဈေးကွက်အတွင်း ‘အ’ အက္ခရာ မော်တော်ယာဉ်များ ကုန်ဆုံးလုနီး ဖြစ်ပေါ်နေခြင်းကြောင့် စလစ်ဈေးများ မြင့်တက်လျက် ရှိပြီး စလစ်ဖျက်သိမ်းမည်ဆိုသော သတင်းများကြောင့်လည်း စလစ်ဈေးနှုန်း များမှာ ယခုရက်ပိုင်းအတွင်း မတည်မငြိမ် ဖြစ်နေကြောင်း မော်တော်ယာဉ် ဈေးကွက် အတွင်းထံမှ သိရသည်။

အက္ခရာအသစ်များ ထပ်မံလက်ခံပါက စလစ်ဈေးနှုန်းများ ကျဆင်းစေမည် ဖြစ်ပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ပြန်လည် ရောက်ရှိနိုင်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူအချို့က ပြောဆိုသည်။

“အမှန်တကယ်က သက်တမ်းပြည့်မှ အပ်နှံရတာကိုက မဟုတ်တာပါ။ တိုက်သွားတဲ့ ကားတို့၊ ပိုင်ရှင်က မော်ဒယ်လ် နိမ့်နေလို့ မစီးချင်တော့တဲ့ ကားတို့ကိုလည်း အပ်နှံခွင့် ပြုသင့်ပါတယ်” ဟု Farmer Auto မော်တော်ယာဉ် အရောင်းပြခန်း အမှုဆောင် အရာရှိချုပ် ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

The Voice Weekly

Ovulation မျိုးဥကြွေဆေး နှင့် စမ်းသပ်နည်း



(၁) သွေးပေါ်တာ ၁ ရက်နေ့ စတယ်ဆိုရင် မမျိုးဥက ဘယ်ရက်မှာ ကြွေနိုင်ပါသလဲ ဆရာ။ မမျိုးဥ ကြွေနိုင်တဲ့ရက်ကို ဘယ်လိုတွက်ရပါသလဲဆရာ။
(၂) သားသမီးရအောင် အမျိုးသမီးက ရာသီမှန်ရမယ်။ လတိုင်း မျိုးဥထွက်နေရမယ်။ (အီစထိုဂျင်) ဟော်မုန်း မှန်နေရမယ်။ ဟော်မုန်းတွေထွက်ရာ (ပစ်ကျူထရီ) ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။ ဆေးစစ်တာတွေ စုံအောင် လုပ်ရမယ်။ ကျန်းမာရေးရာဇဝင် ကျကျနနယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ သုတ်ပိုးစစ်ဆေးမယ်။ ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ မရှိတာစစ်မယ်။

အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အထိ မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကိုသိမှ စိတ်ချနိုင်တယ်။
• ၃ဝ% လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Ovulation test မျိုးဥထွက်-မထွက် စမ်းသပ်ကိရိယာ
• တစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။
• အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေ တွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ စမ်းသပ်လိုင်းက အကိုးအကားလုပ်ရမဲ့လိုင်းတက် နဲနဲမှိန်တယ်။ အပေါင်းပြတယ်ဆိုတာ LH ဟော်မုန်း တက်လာလို့ ခေါ်တယ်။ မှားပြီး အပေါင်းပြတာ ရှားတယ်။

LH ဟော်မုန်းအနည်း-အများကို သွေးစစ်ရင်သိတယ်။
အရွယ်ရောက် အမျိုးသမီးတယောက်မှာ LH ဟော်မုန်းပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။

LH တွေ ပုံမှန်ထက် များနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anorchia ယောက်ျားအစိမရှိသူ၊
• Hypogonadism ရောဂါ၊
• Klinefelter syndrome ရောဂါ၊
• Menopause သွေးဆုံးပြီးချိန်၊
• Ovarian failure မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊
• Polycystic ovary disease မျိုးဥအိမ်အကျိတ်များရောဂါ၊
• Precocious puberty အသက်ငယ်လွန်းပြီး အရွယ်ရောက်သူ၊
• Turner syndrome ရောဂါ၊

LH တွေ ပုံမှန်ထက် နည်းနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anovulatory bleeding မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊
• Infertility ကလေးမရနိုင်သူ၊
• Multiple endocrine neoplasia (MEN) (အင်ဒိုခရိုင်မ်) ရောဂါ၊
• Ovarian cysts မျိုးဥအိမ်အကျိတ်။

Clomiphene Citrate မျိုးဥထွက်ဆေး
မျိုးဥမထွက်သူတွေကိုပေးတဲ့ Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ Selective estrogen receptor modulator လို့ ခေါ်တယ်။ ဒီဆေးမျိုးကို မျိုးဥမထွက်သူ၊ ဒါမှမဟုတ် မျိုးဥထွက် မမှန်သူတွေကိုသာ ပေးတယ်။

အမျိုးသမီးက အလွန်ဝပြီး (PCOS) ရောဂါလဲ ရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင်ချခိုင်းရမယ်။ အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းမယ်။ မရသေးရင် (အင်စူလင်) လုပ်ငန်းကို ပြင်တဲ့ဆေး ပေးရမယ်။ Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ သုတ်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။

ရာသီစလာတဲ့နေ့ရဲ့ နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ 50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ အဲလို ၃ လ ပေးပေမဲ့ မျိုးဥမထွက်သေးရင် 100 mg ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ 100 mg ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲ ဖြစ်တယ်။ ဆေးကို မနက်မှာ သောက်ရင် ၅ ရက်လုံး မနက်မှာ သောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ ၆ လနေလို့မှ ကိုယ်ဝန် မရသေးရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။ ဇွဲမလျှော့ပါနဲ့အုံး။

မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥလုံးဝမထွက်သူတွေကို ဆေးပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လ ရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် ကလေးပျက်ကျနှုန်း ပိုတော့များတာ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲလို မဟုတ်ပါဘူးလို့ ပြောလာတယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ ပျို့ချင်-အန်ချင် ဖြစ်မယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ ရှားရှားပါးပါးဆိုးဝါးသူတွေမှာ အသက်ကို အန္တရာယ်ပေးနိုင်တယ်။

ဒီနည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ ကလေးအမွှာ ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။

မျိုးဥထွက်-မထွက်စမ်းနည်းကို ရက်သိပ်စောပြီး စမ်းရင် မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။ ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။ တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။ အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။ ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။

Cassettes (ကက်ဆက်) အမျိုးအစားက Strips အချောင်းထက်ကောင်းတယ်။ အိန္ဒိယမှာ ၅ ခုပါ (ကက်ဆက်) ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ (ကက်ဆက်) တခု၊ Pipette (ပီပက်) တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။ ၃ မိနစ်နဲ့ အဖြေထွက်တယ်။

မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးဘဲ အတူနေရမယ်။ တလနဲ့ မရသေးရင် နောက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။ ဒီဆေးကနေ အပြင်မှာ မျိုးစပ်ပြီးနောက် IUI သူ့သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၄
၂-၄-၂ဝ၁၄

သမ္မတဦးသိန်းစိန် မလေးရှားသွားမည်


ရန်ကုန်၊ ဧပြီ ၁

အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် အစိုးရသစ်တွင် တာဝန်ယူပြီး နောက်ပိုင်း မလေးရှားနိုင်ငံသို့ တစ်ကြိမ်မျှ သွားရောက်ဖူးခြင်း မရှိခဲ့ဘဲ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်လေ့ ရှိသဖြင့် ယင်းခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်မည့် မလေးရှားခရီးစဉ် အသေးစိတ်ကို လတ်တလော အတည်မပြုနိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောဆိုသော်လည်း ဧပြီလ ၈ ရက်နေ့တွင် သွားရောက်ဖွယ် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့ ဖေဖော်ဝါရီလအတွင်း မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့စဉ် သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရပြီး ယင်းဖြစ်ရပ်အတွက် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

The Voice Weekly 

သာကေတ ငါးသေတ္တာစက်ရုံ ကိစ္စကို နိုင်ငံတကာသို့ ချပြသွားမည်


ရန်ကုန်၊ ဧပြီ ၁

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဘက်မှ သာကေတ ငါးသေတ္တာစက်ရုံနှင့် ပတ်သက်သည့် ပြဿနာတွင် အပြုသဘော ဆောင်သည့် တုံ့ပြန်မှုများပြုခြင်း မရှိပါက အဆိုပါကိစ္စကို နိုင်ငံတကာအဆင့်အထိ သိရှိအောင် ချပြသွားမည်ဟု အဆိုပါ ရယ်ဒီငါးသေတ္တာ ထုတ်လုပ်နေသည့် Myanmar Makro ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က The Voice သို့ ပြောကြားသည်။

“ကျွန်တော်တို့ကို ဒီမှာနေလို့ မရဘူးလို့ နှင်ထုတ်တဲ့ နို့တစ်စာ ပို့ထားတယ်။ ဒီကနေ ထွက်သွားတာနဲ့ ကျွန်တော်တို့ အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်ကုန်မှာ။ ဒါဆိုရင် ILO အထိ တက်တိုင်မယ်။ ကျွန်တော်တို့ စက်ရုံကိစ္စကိုလည်း မျှမျှတတ ဖြစ်အောင် ပြည်တွင်းမှာ မလုပ်နိုင်ရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအထိ တင်ပြအကူအညီ တောင်းခံမယ်။ ကျွန်တော်တို့က အမှန်တရားပဲ လိုချင်တာ” ဟု ၎င်းကဆိုသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေနှင့် လက်ရှိအတိုင်း မတရား နှင်ထုတ်နေမည်ဆိုပါက ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာမှ ကုန်သွယ်၊ စက်မှုအသင်းများနှင့် အဖွဲ့အစည်းများ၊ ပြည်ပက နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များမှ ပုဂ္ဂိုလ်များကိုပါ ဆက်သွယ် အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း UMFCCI မှ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးမိုးမြင့်ကျော်က ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ချထားပေးသည့် လုပ်ငန်းပါမစ် ရရှိပြီးသား လုပ်ငန်းများသည် ပြဿနာ အမျိုးမျိုးကြောင့် တရားရင်ဆိုင်ရာတွင် ပြည်တွင်းမှ တရားရုံးများသာမက နိုင်ငံတကာ တရားရုံးများမှလည်း တိုင်ကြား တရားစွဲဆိုနိုင်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက Myanmar Makro ကုမ္ပဏီကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေပုဒ်မ ၃ အရ ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့မှစ၍ ၁၅ ရက်အတွင်း အဆိုပါ စက်ရုံဝင်း အတွင်းမှ ထွက်ခွာသွားရန် နို့တစ်စာ ပေးပို့ထားပြီး မတ်လ ၃၁ ရက်နေ့တွင် ၁၅ ရက်ပြည့်မည်ဖြစ်ကာ ဥပဒေအတိုင်း အရေးယူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

“ဖြစ်နိုင်ရင် အေးအေးဆေးဆေးနဲ့ ပြီးသွားဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ကျွန်တော်တို့က ဒီစက်ရုံကို လိုချင်လို့ ပြောနေတာ မဟုတ်ဘူး။ သက်တမ်းပြည့်အောင် လုပ်ကိုင်ခွင့်ရဖို့ပဲ ကျွန်တော်တို့ ကြိုးစားနေတာပါ။ ကျွန်တော်တို့ဘက်က ညှိညှိနှိုင်းနှိုင်း လုပ်ချင်တယ်။ သူတို့ဘက်က အညှိမခံဘူး။ ၁၉၅၅ ဥပဒေအရ နှင်ထုတ်ရအောင်လည်း ဒီကုမ္ပဏီက တရားမဝင် နေထိုင်နေတဲ့ ကျူးကျော်လည်း မဟုတ်ပါဘူး” ဟု Myanmar Makro ကုမ္ပဏီဘက်မှ လိုက်ပါ ဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးထွန်းအေးက ဆိုသည်။

Myanmar Makro ကုမ္ပဏီ အနေနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို သက်တမ်းနှစ် ၂၀ လုပ်ကိုင်ခွင့် ရရှိစေရန် ရန်ကုန်တိုင်းဒေသကြီး တရားရုံးတွင် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေဆဲ ဖြစ်သောကြောင့် ဥပဒေကြောင်းအရ နှင်ထုတ်ပိုင်ခွင့် မရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရယ်ဒီငါးသေတ္တာ စက်ရုံကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၁၉၉၇ ခုနှစ်တွင် Myanmar Makro ကုမ္ပဏီက ယခင်မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနထံမှ မူလလုပ်ကိုင်ခွင့် နှစ် ၂၀ နှင့် သက်တမ်းတိုးကာလ ၅ နှစ်စီ နှစ်ကြိမ် စုစုပေါင်းနှစ် ၃၀ လုပ်ကိုင်ခွင့်ဖြင့် ငှားရမ်း လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယခင်အစိုးရ လက်ထက်တွင် သာကေတ စည်သွတ်ဘူး စက်ရုံကို ငှားရမ်းလုပ်ကိုင်ခဲ့သည့် Myanmar Macro Industry ကုမ္ပဏီသည် အစိုးရသစ် လက်ထက်တွင် အဆိုပါ စက်ရုံကို လေလံဝင်ဆွဲခဲ့သော်လည်း အောင်မြင်မှု မရခဲ့ဘဲ မူလစာချုပ်ပါ သဘောတူညီချက်အတိုင်း လုပ်ကိုင်ခွင့်ရရန် တင်ပြမှုအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ယခုကဲ့သို့ စီစဉ်လာခြင်း ဖြစ်သည်။

သာကေတ စည်သွတ်ဘူးစက်ရုံကို လေလံအောင်မြင် ခဲ့သော်လည်း လုပ်ကိုင်ခွင့် မရရှိသောကြောင့် ၎င်းတို့ နစ်နာရကြောင်း လေလံအောင်မြင်ခဲ့သည့် Mega Marine ကုမ္ပဏီပိုင်ရှင် ဒေါ်မေအေးမွန်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

The Voice Weekly 

ဒါတွေသိပြီးမှ ကျိုက်ထီးရိုး သွားပါ။



2.4.2014

ယခုကာလသည်အခြေခံကျောင်းများ၊တက္က သိုလ်များပိတ်ချိန်၊
ကုမ္ပဏီများအ စုဖွဲ.လိုက်လည်ပတ်မှုအများဆုံးချိန်
၊တောင်သူလယ်သမားများသီးနှံပေါ်ချိန်ဖြစ်သောကြောင့်
ခရီးသွားမှုအများဆုံးရာသီဖြစ်ပါသည်။
ထိုသို. ခရီးသွားရာတွင်သွားလာရေးလွယ်ကူသော
ကျိုက်ထီးရိုးကိုတော်တော်များများရွေးကြသည်။ညတိုင်း
ခရီးသွားယာဉ်များထွက်ခြင်း၊ဈေးနှုန်းမှာ အသွားအပြန်
၁ သောင်းဝန်းကျင်သာရှိခြင်း၊ကိုယ်ပိုင်ကားဖြင့်သွားပါကလည်း
ရန်ကုန်မှ၎နာရီသာကြာမြင့်ခြင်းစသည့်အချက်များကြောင့်ဖြစ်သည်။

တည်းခိုခန်းနှင့်ဟိုတယ်

ယခုအချိန်ရင်ပြင်တော်ပေါ်တွင်လာေ ရာက်သောဧည့်သည်နှင့်
အခန်းလုံလောက်အောင်မရှိပါ။စနေ၊တနင်္ဂနွေရုံးပိတ်ရက်များနှင့်
ဥပုပ်နေ.များတွင်တိုးမပေါက်အောင်ဖြစ်နေပါသည်။
ဒါကိုအခွင့်အရေးယူပြီးတစ်ချို. သောတည်းခိုဆောင်များမှာ
အလွန်ဆိုးရွားစွာဧည့်သည်များအပေါ်ခေါင်းပုံဖြတ်နေပါသည်။
ဆက်ဆံရေးမှာလဲလွန်စွာဆိုးရွားပါသည်။

ကျွန်တော့်ကိုယ်တွေ.ပြီးခဲ့သည့်စနေနေ.ကအဖြစ်အပျက်ကို
ပြောပြပါမည်။ရုံးအားလပ်ရက်လဲဖြစ်၊ကလေးများကျောင်းပိတ်ရက်လဲဖြစ်
သဖြင့်စနေနေ. သွားကြရန်ဆုံးဖြတ်ပါသည်။ရင်ပြင် တော်ပေါ်တွင်ရှိသော "တိဿ ဆောင်"တည်းခိုခန်းတွင်သွားလာရေးလွယ်ကူရန်ရွေးပါသည်
။ငွေကိုလည်းရန်ကုန်မှငွေလွှဲပြီးအပြည့်ပေးရပါသည်။
အခန်းခ၇သောင်းခွဲဖြစ်ပါသည်။မသွား ခင်စုံစမ်းသည့်အခါတွင်
၃ယောက်ကော င်းကောင်းနေလို.ရကြောင်း၊၄ယောက်
ဖြစ်ပါကကုတင်ပိုထိုးလို. ရကြောင်း၊၁သောင်းခွဲဖိုး
ပေးရမည်ြ ဖစ်ကြောင်း၊ရေပူရေအေး၊အဲကွန်း၊
တီဗွီပါကြောင်းပြောပါသည်။

တကယ်တည်းခိုခန်းသို. ရောက်သောအခါအခန်းမှာ၎ယောက်မပြော
နှင့်၂ယောက်ပင်ကောင်းကောင်းအိပ် လို.မရပါ။
အခန်းမှာ၁၀ပေပတ်လည်ပင်မပြည့်ပါ၊ကုတင်တစ်လုံး
၊၁ပေခွဲစားပွဲတစ်လုံးသာပါပါသည်။
ကုတင်ခြေရင်းတွင်၁ပေခွဲ၊ကုတင်ဘေးတစ်ဖက်တွင်
၇လက်မခန်.သာကျန်ပါတော့သည်။ပြတ င်းပေါက်လိုက်ကာ
ကိုဖွင့်လိုက်ရာအပြင်မှမြင်ကွင်းမှာကြွက်များပိုးဟပ်များပြေးလွှားနေသော
အမှိုက်ပုံဖြစ်ပါသည်။ရေချိုးခန်းတွင်ရေပူစက်ရှိပါသည်။
သို.သော်ရေပန်းခေါင်းမရှိပါ။စက်မှစတီးပိုက်တန်းလန်းကို
ပလက်စတစ်ဇလုံထဲတွင်ရေပူရေအေးစပ်ရပါသည်
။ရေမှာအမှိုက်များပါသဖြင့်ရေပိုက်ခေါင်းတွင်အ၀တ်စစည်းထားပါသည်။
ဘိုထိုင်အိမ်သာအိုးမှာဂျိုးအလိမ်းလိမ်းဖြစ်ပါသည်။
တစ်ရှူးတစ်လိပ်ပင်ပေးမထားပါ။သဘက်မှာအကျယ်တစ်ထွာ၊
အရှည်တစ်ထောင်နှစ်ထည်သာဖြစ်ပါသည်။
မည်သည့်ဆပ်ပြာ၊သွားတိုက်ဆေးမှပေးမထားပါ။ရေဘူး
၊ရေခွက်တစ်ရှူးဘူးဘာတစ်ခုမှမရှိပါ။
အိမ်မှအကုန်ထည့်သွားလို. သာတော်တော့သည်။

ကျွန်တော်တို.ဘိုကင်လုပ်ထားသောအခန်းမှာလူကြီး၃ယောက်
ကလေးတစ်ယောက်မည်သို.မှနေရန်မဖြစ်သဖြင့်အခန်းလဲပေးရန်
ပြောပါသည်။နဲနဲပိုကျယ်ပြီးမွေ.ယာတစ်လုံးပိုထိုးလို.ရ၊အဲကွန်းမပါ
ခန်းကိုမွှေ.ယာဖိုး၁သောင်းခွဲထပ်တောင်းပါသည်။၎ယောက်ခန်းရှိ
သေးသည်ဟုပြောပါသည်။၎ယောက်ခန်းရိုးရိုးကို၈သောင်း၊
အဲကွန်းတီဗွီပါကို၁သိန်း၁သောင်းတောင်းပါသည်။

ပိုက်ဆံ၇သောင်းခွဲကလဲပေးပြီးပြီဖြစ်သဖြင့်ထိုအခန်းကိုပင်
ယူရန်ကျွန်တော့်ယောက်ဖမှဆုံးဖြတ်ပြီး reception သို.လာကြပါသည်။
Receptionတွင်အခုမှရောက်လာသောသူကိုကိုယ့်လို၇သောင်း
ခွဲအခန်းကို၅သောင်းသာယူပါသည်။တခြား "ရိုးရိုးလေး"
၁တွင်ရိုးရိုးခန်း၃သောင်းခွဲ၊ "ရိုးရိုးလေး"၂တွင်အဲကွန်းပါ၊
TVပါခန်းကို၆သောင်းသာယူပါသည်။တိဿဆောင်ထက်တော့
အများကြီးသာပါသည်။ကျွန်တော်တို.မှာပိုက်ဆံကပေးပြီးဖြစ်နေသဖြင့်
လက်လျှော့လိုက်ရပါသည်။တကယ်ဆိုဈေးတန်းတူဖြစ်သင့်ပါသည်။
အခန်းမမြင်သေးသူကိုမတန်တဆယူထားပြီးငွေပြန်မအမ်းခြင်းမှာ
ဓါးပြတိုက်သကဲ့သို.ဖြစ်နေပါသည်
။ဘောက်ချာဖွင့်ပြီးအခန်းများငွေပြန်မအမ်းပါဟုဆိုင်းဘုတ်ချိတ်ထားပါသည်။

နောက်တစ်ခုဆိုင်းဘုတ်အနီဖြင့်receptionတွင်ရေးထားသောစာမှာ
လာတည်းသူများကိုမတူမတန်ရိုင်းပြရာရောက်ပါသည်
။ရေးသားထားသောစာမှာ"တိဿသ ဆောင်သည်လေလံတန်ဖိုးသိန်း၃၈၀ဖြင့်
ငှားရန်းထားသောအငှားဆောင်ဖြစ်ပါသည်တဲ့။
တစ်နှစ်သိန်း၃၈၀ဆိုလျှင်တစ်လ၃၁သိန်း၆သောင်းကျော်ရှိပါသည်
။ရန်ကုန်တွင် star မရသောအခန်း၁၆ခန်းခန်. ဟိုတယ်ဖွင့်ရန်မြေငှားရမ်းခမှာတစ်လသိန်း၅၀ခန်.ရှိပါသည်
။ကိုယ့်ဘာသာပြင်ဆင်စရိတ်မှာသိန်း၂၀၀၀၀န်းကျင်းရှိပါသည်
။ထိုဟိုတယ်များပင်နိုင်ငံသား၃၀၀၀၀ကျပ်ဝန်းကျင်
၊နိုင်ငံခြားသား U$70 ၀န်းကျင်သာယူပါသည်။အဲကွန်း၊ရေပူရေအေး၊ TV၊စားပွဲ၊ကုလားထိုင်၊ရေခဲသေတ္တာ၊ဗွီဒိုပါပါသည်။အနည်းဆုံး၁၂ပေ
ပတ်လည်ရှိပါသည်။တာဝါတစ်ရှူးအပြင်၊သောက်ရေသန်.ဗူး၊
ဖန်ခွက်ပေးပါသည်။ဝန်ထမ်းများမှာသင်တန်းဆင်း skilled workers များဖြစ်ပါသည်။တိဿဆောင်တွင်ကျွန်တော့်အထင်အခန်း၄၀ကျော်ပါမည်။
A, B,C,Dဟုခွဲထားပြီးကျွန်တော်တို. တည်းသော
B တွင်ပင်အခန်း၁၃ခန်းရှိပါသည်။

ကျွန်တော်နိုင်ငံခြားသားအတည်းများသောကျိုက်ထိုဟိုတယ်တွင်
စုံစမ်းကြည့်ပါသည်။နိုင်ငံသား၅သောင်း၊၆သောင်းခွဲ၊၈သောင်းဖြစ်ပါသည်။
foreignerU$60,85,120ဖြစ်ပါသည်။ရိုးရိုးလေးမှာတည်းခိုခန်းနှင့်
ဟိုတယ်ပေါင်း၃ခုရှိပြီးဟိုတယ်မှာရင်ပြင်တော်မြောက်ဖက်လှေကား
ဆင်းဆင်းချင်းတွင်ရှိပါသည်။အခန်းများ လေ၀င်လေထွက်ကောင်းပြီး
၂ယောက်အိပ်ကုတင်တစ်လုံး၊တစ်ယောက်အိပ်တစ်လုံး၊ TV၊အဲကွန်း၊ရေခဲသေတ္တာစသဖြင့်အစုံပါပါသည်။
တစ်ခန်းကို၁သိန်းတောင်းပါသည်။ foreigner U$120 ဖြစ်ပါသည်။ကျိုက်ထိုဟိုတယ်နှင့် Mountain Top တွင်
foreignerအမြဲပြည့်နေပါသည်။ရန်ကုန်ရုံးတွင်ကြိုတင်ဝယ်သွားရန်လိုပါသည်။
ကျွန်တော်သွားသည့်နေ.တွင်ကျိုက်ထိုတွင်၆သောင်းခွဲတန်၂ခန်းသာ
ကျန်ပါတော့သည်။ရိုးရိုးလေးဟိုတယ်တွင်တော့၅ခန်းလောက်ကျန်ပါသည်။
အချိန်မှာမနက်၁၁နာရီခန်. ဖြစ်ပါသည်။

ကျွန်တော်အဖြစ်မှန်ကိုတင်ပြခြင်းသာဖြစ်ပြီးမည်သူ.ကိုမှ ဘက် မလိုက်ပါ။။တစ်ခြားဘာဆောင်ညာဆောင်တွင်တည်းနေသူများကို
စုံစမ်းကြည့်ရာအခန်းများကျဉ်းကြောင်းပျမ်းမျှ၅သောင်းခန်.ပေးရကြောင်း၊
အဲကွန်းပါ၇သောင်းခန်. ပေးရကြောင်း၊အလုံပိတ်ခန်းတရုတ်
ကပ်မှန်သာပါကြောင်းပြောပါသည်။

ကျွန်တော်အကြံပေးချင်သည်မှာအဆင့်အတန်းအလွန်နိမ့်သောအခန်းတွင်
foreignerထက်ပင်ဈေးကြီးပေးနေမည့်အစားဟိုတယ်များတွင်သာ
ကြိုတင်ဘိုကင်လုပ်ပြီးညအိပ်ချင်ပါကတည်းသင့်ပါသည်။

ရာသီဥတု

TV နှင့်ရေဒီယိုများတွင်ကြေငြာနေသလိုအပူချိန်မှာ၄၀ဒီဂရီကျော်ပြီး
ခရမ်းလွန်ရောင်ခြည်အညွှန်းမှာစိုးရိမ်မှတ်ထက်များစွာပိုနေပါသည်။
ရင်ပြင်တော်ပေါ်၁၀နာရီလောက်ရောက်တာပင်အသားကျက်မတတ်ခြေဖျား
များပူပါသည်။အပေါက်ပါပလတ်စတစ်ကြမ်းခင်းပေါ်မှသာသွားနိုင်ပါသည်။
လူတွေတိုးသဖြင့်ရံဖန်ရံခါကျောက်ပြားပေါ်နင်းသွားရပါသည်
။ရေနွေးအိုးကိုခြေထောက်ဖြင့်ထိသကဲ့သို.ခံစားရပါသည်။
ညနေ၅နာရီကျော်အထိနေပြင်းတုန်းဖြစ်သည်။၆နာရီခွဲခါနီးမှ
နေ၀င်ပြီး၈နာရီခန်.မှကျောက်ပြားများအေးပါသည်။ညတွင်ရင်ပြင်
ပေါ်အိပ်သူအလွန်များပြီး၃နာရီခွဲလောက်တွင်အားလုံးနီးပါးထပြီး
၅နာရီကျော်တွင်ခရီးသွားယာဉ်များဖြင့်လာသူများပြန်ဆင်းကြပါသည်။
မနက်၅နာရီမှ၇နာရီလောက်အထိလူနဲနဲရှင်းပါသည်။

ဆိုးရွားသောအလှူခံများနှင့်ဓာတ်ပုံဆရာများ

အလှူခံများကိုလေလံပြစ်ထားသဖြင့်အလှူခံလို.ပင်ထင်စရာမရှိပဲ
ဓားပြငါးစိမ်းသည်သာသာဖြစ်နေပါသည်။
လက်များလိုက်ဆွဲ၊အတင်းကန်တော့ခိုင်း၊ပြီးရင်ပိုက်ဆံမထည့်ကကျိန်ဆဲပါသည်။
အဆိုးဆုံးတစ်ခုကိုတင်ပြပါမည်။ကျီးကန်းပါးစပ်လှိုဏ်ဂူတွင်ဖြစ်ပါသည်။
ကျီးကန်းပါးစပ်သို.ရင်ပြင်မှ၁၅မိနစ်ခန်. လှေကားထစ်များအတိုင်းဆင်းသွားရပါသည်။လှိုဏ်ဂူမရောက်ခင်အကွေ.တစ်ခုကိုပိတ်ပြီးအမိုးမိုးပြီးအလှူခံလုပ်ထားပါသည်
။တွေ.နေကြကျောက်ဆင်းတုတော်နှစ်ဆူချထားပါသည်
။နောက်ကော်ဇောများခင်းထားပြီးလူ၎ယောက်ကအလှူခံဖြတ်ပိုင်းကိုယ်စီ၊
ဖလားကိုယ်စီနှင့်ဖြစ်ပါသည်။အလှူခံမဏ္ဏပ်ကိုမျက်စိမှားစေရန်ဗွီနိုင်းဖြင့်
သမိုင်းဝန်ကျီးကန်းပါးစပ်စေတီတော်နှင့်လှိုဏ်ဂူတော်သို. လို. နဖူးစီးရေးထားပါသည်။နောက်ဆုံးစာလုံး "သို. "မှာကွယ်သလိုဖြစ်နေသဖြင့်ကျီးကန်းပါးစပ်ရောက်ပြီဟုထင်စရာရှိပါသည်။
မဏ္ဏပ်မရောက်မှီလှေကားထစ်၎ထစ်လောက်တွင်ဖိနပ်ချွတ်ပါဟု
၃ပေပတ်လည်သံပန်းဖြင့်လှေကားတစ်ဖက်ပိတ်ပြီးဆိုင်းဘုတ်ထောင်ထားပါသည်။
အတက်ဘက်တွင်လည်းထိုသို.ဆိုင်းဘုတ်ကိုကျန်တစ်ဖက်မှပိတ်ပြီးထောင်ထားပါသည်။ဆက်သွားရန်လှေကားထစ်ပေါက်တွင်သွပ်ပြားများကာထားပြီး
လူတစ်ယောက်ကိုယ်တစ်ခြမ်းစောင်းသာထွက်လို. ရရုံအပေါက်လေးလုပ်ထားပါသည်။သူသွားလူလာရှုပ်သွားအောင်
တမင်ဖန်တီးထားခြင်းဖြစ်ပါသည်။

ထို.ထက်ဆိုးသည်မှာသူတို. ခေါင်းဆောင်လားလေလံပိုင်ရှင်မဏ္ဏပ်ပိုင်ရှင်လား
မသိသူကပလတ်စတစ်ပလက်ကုလားထိုင်တွင်အကျအနဘုရားလူကြီးပုံ
ဖမ်းထိုင်ပြီးဘုရားသွားများကိုအမိန်. ပေးစော်ကားနေခြင်းဖြစ်သည်။
သူပြောသောစကားများမှာ"ကဲဖိနပ်လေးတွေချွတ်မယ်ဟုတ်လား၊
စာရေးထားတယ်။စာဖတ်ကြပါ။လိုဏ်ဂူထဲဝင်မယ်
အကြွေပြစ်မယ်ဆိုရင်ဒီဘုရားကိုအရင်ရှိခိုးသွား၊ရှေ.တိုးကန်တော့၊
ပွဲလမ်းသဘင်ဆိုတိုးဝှေ. နေကြတယ်၊ဘုရားကြတော့ရှေ.တိုးမကန်တော့ဘူး၊
ကဲအပေါ်ပြန်တက်တဲ့လူတွေဖိနပ်စီးလို.မရသေးဘူးနော်စာရေးထားတာဖတ်"

နောက်တစ်ခုအမြင်ဆိုးသည်မှာဓာတ်ပုံဆရာများဖြစ်ပါသည်။
ဘုရားအားပတ်ပြီးဖူးမျှော်နိုင်ရန်ကျောက်တုံးအောက်ဖက်ကိုပတ်ပြီး
စင်္ကြလုပ်ပေးထားပါသည်။အဲ့စင်္ကြလမ်းတစ်နေရာတွင်လူစုခိုင်းပြီးတစ်ဖွဲ.
ပြီးတစ်ဖွဲ.ဓာတ်ပုံရိုက်ပါသည်။တခြားဘုရားဖူးများကိုလည်းနောက်ကပြီးမှာလား။
မြန်မြန်လျှောက်၊ကဲဖယ်စရာရှိဖယ်၊ဒီနေ.ပြီးအုံးမှာလားစသဖြင့်ပြောပါသည်။
ထိုနေရာမှာဘုရားပုံကိုညအလင်းရောင်ဖြင့်အကောင်းဆုံးရိုက်နိုင်သောေ
နရာဖြစ်သဖြင့်တခြားသူများရိုက်မည်ဆိုပါကသူတို.နှင့်ရိုက်မည့်
customer များကိုနောက်မှတန်းစီခိုင်းပြီးရန်လုပ်ပါသည်။ "ငါတို.ကလေလံဖိုးပေးပြီးလုပ်စားနေတာ" တဲ့။

ကျွန်တော့်မှာမူလကဂေါပကရုံးသို.သွားပြီးကွန်ပလိန်းတက်မည်ဟု
စဉ်းစားပါသည်။သို. သော်ထိုဂေါပကမှလေလံများပေးထားခြင်းဖြစ်ပြီး
ဗွီနိုင်းများဖြင့်မည်သည့်နိုင်ငံရေးအဖွဲ. အစည်း၊လူမှုရေးအဖွဲ. အစည်းနှင့်ပတ်သက်သောလူပုဂ္ဂိုလ်များမှစည်းရုံးခြင်း၊
လှုံဆော်ခြင်းမပြုရ။ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက
ဘဏ္ဏာတော်ထိန်းရဲ. ဆုံးဖြတ်ချက်သာအတည်လို. ရေးထားပါသည်၊
ကိုယ်သွားတိုင်မှကိုယ့်ကိုနိုင်ငံရေးပါတီနဲ. ပတ်သက်ပါတယ်ဆိုပြီးအမှုဆင်နေမည်ပင်စိုးရိမ်ရပါသည်။
ကျွန်တော်မှာသာမန်အရပ်သားဖြစ်ပါသည်။
မည်သည့်ပါတီဝင်မှမဟုတ်သလိုနိုင်ငံရေးလုံးလုံးစိတ်မ၀င်စားပါ။
စားသုံးတစ်ယောက်အနေဖြင့်ကိုယ်ချင်းစာတရားထားကာေ
နာက်လူများကိုယ့်လိုမခံရအောင်တင်ပြခြင်းသာဖြစ်ပါသည်။

နိဂုံးအနေဖြင့်ပြောလိုသည်မှာမြန်မာနိုင်ငံသားများသည် complain တက်ရမည်ကိုအလွန်ဝန်လေးသည်။ Review ရေးကျင့်မရှိပါ
။ကောင်းသည်ဆိုးသည်ဟုသူတစ်ပါးအားအတင်းလောက်ပြောပြီး
မေ့မေ့ပျောက်ပျောက်နေလိုက်ကြသည်။ထိုအချက်ကိုအကြောင်းပြုပြီး
ဝိသမလောဘသားများကခေါင်းပုံဖြတ်ရုံမကကိုယ့်ထမင်းရှင်ကိုပ
င်စော်ကားလွန်းနေပြီဖြစ်သည်။ဒီလိုဖြစ်နေတာကြာပြီလည်းဖြစ်သည်။
လမပြောနှင့်နှစ်ပင်ချီနေပြီဖြစ်ကြောင်းစုံစမ်းမှုအရသိရပါသည်။
ကျိုက်ထီးရိုးဘုရားဆိုသည်မှာကမ္ဘာကျော်ဖြစ်သည်။နိုင်ငံတော်မှလည်း
မျက်စိမှိတ်မနေပဲသက်ဆိုင်ရာသံဃအဖွဲ.အစည်းများမှလည်း
သင့်လျော်သလိုမိန်.ကြားသင့်သည်။ပြည်သူများကလည်း
ကိုယ့်ကိုလူလိုသူလိုမဆက်ဆံသောတည်းခိုခန်း၊အလှူခံ၊ဓာတ်ပုံဆရာများကို
အားမပေးခြင်းဖြင့်ကျိုက်ထီးရိုးစေတီတော်ကြီးအရှည်တည်တံ့ရေး၊
ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာဝင်များအထင်မသေးစေရေး၊
မြန်မာပြည်ကိုတိုင်းတစ်ပါးသားများအထင်မသေးစေရေးပူးပေါင်းကြပါ
ဟုနှိုးဆော်တင်ပြလိုက်ရပါသည်။

Credit to Pytha Poe .


Touch စနစ်သုံးဟန်းဆက်များ ရေဝင်၊ ရေစိုပါက ဘက်ထရီကို ချက်ချင်းဖြုတ်ထားသင့်ပြီး သတိထားပြုပြင်ရန်လို



သင်္ကြန်ကာလအတွင်း ဟန်းဆက်ကိုင်ဆောင် အသုံးပြုသူများအနေဖြင့် ရေဝင်ခြင်း၊ ရေစိုခြင်းများဖြစ်လာပါက မည်သည့် Touch စနစ်အမျိုးအစား ဟန်းဆက်မဆို ဘက်ထရီ ချက်ချင်းဖြုတ်ထားသင့်ကြောင်း ဆားဗစ်ပညာရှင်တချို့ မှ အကြံပြုပြောကြားသည်။

“ရေစိုခံ အိတ်သုံးထားရက်နဲ့ ရေဝင်တယ်ဆိုရင် ဟန်းဆက်ကို ဘက်ထရီ ချက်ချင်းဖြုတ်ထားတာ အကောင်းဆုံးကာကွယ်တာပါပဲ။ ဖြုတ်လို့ရတဲ့ SIM ကတ်တို့၊ မက်မိုရီကတ်တို့ကအစ အရင်ဖြုတ်ထားရင် ပိုကောင်းပါတယ်။ တချို့ဘက်ထရီ ဖြုတ်လို့မရတဲ့ ဟန်းဆက်တွေဆိုရင်တော့ စမ်းသပ်မှုအမျိုးမျိုး မလုပ်ဘဲ နီးစပ်ရာဆားဗစ်ဆိုင်ကို အမြန်ပို့တာက ပိုပြီးစိတ်ချနိုင်ပါတယ်။ ဟန်းဆက်ကို ဒီအတိုင်း ပါဝါပိတ်ထားလို့ရှိရင် အလုပ်မလုပ်တော့ဘူးလို့ တချို့က ထင်ကြတယ်။ ဒါပေမဲ့ ဟန်းဆက်ရဲ့ ဆားကစ်ပြားကို တိုင်းကြည့်ရင် Volts တွေ ရှိနေတာတွေ့ရလိမ့်မယ်။ ဒီတော့ ဘက်ထရီဖြုတ်လို့ရလို့ ဖြုတ်ထားလိုက်ရင် ဆိုင်မှာသွားပြင်တဲ့အခါ ပြန်ကောင်းဖို့ ရာခိုင်နှုန်း တော်တော်များပါမယ်” ဟု Techvilla မှ ဆားဗစ်ပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။

“တချို့က ဟန်းဆက်ရေဝင်ရင် ဆန်အိုးထဲ ထည့်တာတို့၊ ဆံပင် အခြောက်ခံစက် (Hair Dryer) နဲ့ ဒီအတိုင်းမှုတ်တာတို့ ကိုယ့်ဟာကိုယ် လျှောက်လုပ်ကြတော့ နောက်မှပိုပျက်ပြီး ဆိုင်လာပြင်တာတွေ ပိုတွေ့ရတတ်တယ်။ ဆန်အိုးထဲထည့်လို့ မျက်စိအမြင်မှာ စကရင်မှာ ရေမရှိတော့ပေမဲ့ ဆန်မှာပါဝင်တဲ့ အမှုန့်လေးတွေက ရေနဲ့ရောပြီး ဆားကစ်မှာ ရွံ့ကပ်သလိုမျိုးတွေဖြစ်ပြီး ဟန်းဆက်ဆားကစ် ပျက်စီးတတ်ပါတယ်။ တချို့က ဟန်းဆက်ကို ဒီအတိုင်း ဘက်ထရီလေးဖြုတ်ပြီး Dryer နဲ့ မှုတ်တာမျိုးတွေကြောင့် Touch နဲ့ Display ထိတောင် ပျက်စီးတတ်ပါတယ်” ဟု ဆားဗစ်ဆရာတစ်ဦးဖြစ်သူ ကိုမျိုးကပြောသည်။

“ရာသီဥတုက တော်တော်လေးပူနေတော့ တချို့ဆို ဟန်းဆက်ရေစို/ ရေဝင်လို့ နေပူထုတ်လှမ်းရာကနေ အပူချိန်များပြီး Touch Display တောင် ကြောင်သွားတတ်တာမျိုးလည်း မနှစ်က သင်္ကြန်မှာဖြစ်ကြတာတွေ ရှိတယ်။ အထူးသဖြင့် ရေစိုခံအိတ်ထည့်ထားတယ်ဆိုပြီးတော့ ၁၀၀ ရာခိုင်နှုန်း စိတ်ချလို့ မရဘူး။ ရေစိုခံအိတ်အပြင်ဘက်မှာ ရေစိုနေပြီးတော့ အပူချိန်အရမ်းများရင် ရေငွေ့ပျံပြီး အိတ်အတွင်းဘက်ကို ရေခိုးရေငွေ့အဖြစ်ပြောင်းပြီး ဝင်သွားတတ်တာကြောင့် ရေစိုခံအိတ်အပြင်ဘက်ကိုလည်း ဂရုစိုက်ပြီး ရေစင်အောင် မကြာခဏ ပြုလုပ်ထားဖို့ လိုအပ်ပါမယ်” ဟု TECHVILLA မှ ဆားဗစ်ပညာရှင်က ထပ်မံအကြံပြု ပြောကြားသည်။

ယခင်နှစ်သင်္ကြန် ကာလပြီးဆုံးသွားတိုင်း ဆားဗစ်ဆိုင်များသို့ ဖုန်းဟန်းဆက်အများအပြား ရေဝင်ခြင်းကြောင့် ရောက်လာခဲ့ကြပြီး အချို့မှာမူ ကိုယ်တိုင်နားမလည်ဘဲ စမ်းသပ်ပြုပြင်ခြင်းများကြောင့် လုံးဝပျက်စီးသွားကာ သုံးမရတော့သော အခြေအနေ ရောက်သွားသော ဟန်းဆက်အချို့များပင် ရှိခဲ့ကြောင်း မန်းမိုဘိုင်း ဆားဗစ်သမားထံမှ သိရှိရသည်။ သင်္ကြန်ကာလ ဟန်းဆက်များ ပြင်ပယူဆောင် အသုံးပြုလိုသူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ပြီး ရေဝင်လာပါက ကြားဖူးနားဝလက်တွေ့စမ်းသပ် ပြုပြင်ခြင်းများ ရှောင်ရှားသင့်ပြီး အနည်းဆုံး ဟန်းဆက်ဘက်ထရီ၊ ဆင်းကတ်၊ SD ကတ်များကို အစောတလျင် ဖြုတ်ထားသင့်ကာ နားလည်သူများဖြင့် အမြန်ဆုံးပြုပြင်သင့်ကြောင်း ဆားဗစ်ဆရာတချို့မှ အကြံပြု ပြောကြားခဲ့သည်။

internet journal

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်


ရန်ကုန်၊ ဧပြီ ၁

မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှု ဒါရိုက်တာ ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။
“၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထားပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ်များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ကြေညာထားသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း အစိုးရထုတ် ရွှေဒင်္ဂါးပြားများမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး ရန်ကုန် ရွှေဈေးကွက်ရှိ ဒင်္ဂါးပြားမှာ ၁၆ ဒသမ ၆၀၆ ဂရမ်နှင့် မန္တလေးဈေးကွက်ရှိ ဒင်္ဂါးပြားမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ ဂရမ်ဖြင့် ဈေးကွက်အတွင်း အလေးချိန် မတူညီမှုများ ရှိနေသည်။

အများပိုင်ကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ်မည့် ရွှေဂရမ်ပြားများမှာ ၁၀၀ ဂရမ်တစ်ပြားလျှင် ၆ ကျပ်သားဝန်းကျင် ရှိကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။

The Voice Weekly 

ရေစိုအ၀တ် ၀တ်လျက်ဖြင့် မီးချောင်းတပ်ဆင်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဧပြီ ၂

၂.၄.၂၀၁၄ရက်နေ့ ၀၁၄၅အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် ကြည့်မြင့်တိုင်မြို့နယ်၊ နတ်စင်လမ်းရှိ မြသီတာငါးဒိုင်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုမင်းမင်း(ခ)ကိုလူအေး၊ (၃၀)နှစ်၊
(ဘ)ဦးသိန်းမြင့်၊ (၇၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူ
ဖြစ်ပြီး ရင်ဘတ်တွင် အပူလောင်ဒဏ်ရာ (၂)ချက်ရရှိထားသည်ကို တွေ့ရှိ
ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၁၃၀ အချိန်ခန့်က ကြည့်မြင့်တိုင်
မြို့နယ်၊ နတ်စင်လမ်းရှိ မြသီတာ ငါးဒိုင်၌ ရေစိုနေသည့်အ၀တ်အစားကို
ဝတ်ဆင်ထားလျက်ဖြင့် လျှပ်စစ်မီးချောင်းတပ်ဆင်ရာမှ ဓါတ်လိုက်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၃/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကမ္ဘာ့ ဈေးအကြီးဆုံးမြို့ စင်္ကာပူ ဈေးအပေါဆုံးမြို့မှာ မွမ်ဘိုင်းမြို့


စင်္ကာပူမြို့သည် ၂၀၁၄ ခုနှစ်အတွင်း စားသောက်နေထိုင်ရန်ဈေးအကြီး ဆုံးမြို့ဖြစ် လာကြောင်း စီးပွားရေးထောက်လှမ်းရေးအဖွဲ့ (EIU) ၏ ဆန်းစစ်လေ့လာမှု က ဖော်ပြ သည်။

ကုန်ကျစရိတ်များခြင်း ၊ ဘက်စုံဝန်ဆောင်ခများမြင့်မားခြင်းနှင့် ခိုင်မာ သောငွေကြေး စနစ်ကြောင့် စင်္ကာပူမြို့သည်ကမ္ဘာ့ မြို့ကြီး ၁၃၁ မြို့ အနက် ဈေးအကြီး ဆုံးမြို့တော် အဖြစ် သတ်မှတ်ခြင်းခံရသည်။ စင်္ကာပူသည် အဝတ်အစားများ ဝယ်ရန် လည်း ကမ္ဘာ့ ဈေး အကြီးဆုံးမြို့ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် နေထိုင်ရန်ဈေးအကြီးဆုံး ကမ္ဘာ့ မြို့ကြီးငါးမြို့မှာ စင်္ကာပူ၊ ပါရီ၊အော်စလို၊ ဇူးရစ်နှင့် ဆစ်ဒနီတို့ဖြစ်ကြပြီး ကာရာကတ်စ်၊ ဂျီနီဗာ၊ မဲလ်ဘုန်းနှင့် တိုကျိုတို့သည် ပူးတွဲနံပါတ် (၆) နေရာကိုရရှိ ခဲ့ကာ ကိုပင်ဟေဂင်မြို့ သည် နေ ထိုင်ရန်ဈေးအကြီးဆုံးနံပါတ် (၁၀) ဖြစ်လာခဲ့သည်။ စင်္ကာပူမြို့သည် ၂၀၁၃ ခုနှစ် တွင် နေထိုင်ရန် ကမ္ဘာ့ ဈေးအကြီးဆုံးမြို့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသော တိုကျိုမြို့နေရာ ကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။

(EIU) ၏ ၂၀၁၄ ခုနှစ်နေထိုင်မှုစရိတ်စစ်တမ်းသည် ကမ္ဘာ့ မြို့ကြီး (၁၃၁) မြို့ ကိုလေ့လာ ခဲ့ရာ အိန္ဒိယနိုင်ငံ၏အဓိကမြို့ကြီးများဖြစ်သော မွမ်ဘိုင်းနှင့် နယူးဒေလီမြို့ တို့သည် နေထိုင်စရိတ်အသက်သာဆုံး မြို့များအဖြစ် သတ်မှတ်ခြင်းခံရသည်။ (EIU) ၏ နေထိုင်စရိတ် အသက်သာဆုံးမြို့ကြီး (၁၀) မြို့စာရင်းတွင် မွမ်ဘိုင်း၊ ကရာချိ၊ နယူးဒေလီ၊ ဒမတ်စကတ်စ်မြို့များက ထိပ်ဆုံးမှရပ်တည်နေကြသည်။

Smart Pro Journal

၁(က) ကားတွေ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နိုင်တော့မည်


၁(က) နံပါတ်တပ်ကားတွေကို လာမယ့် ဧပြီ ၄ ရက်နေ့ကစ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းခွင့်ရ ကားတွေအဖြစ် သတ်မှတ်ပေးသွားမယ်လို့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒါအပြင် ၂(က) နံပါတ်တပ် ကားတွေကိုလည်း လာမယ့် အောက်တိုဘာ ၆ ရက်နေ့ကစ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်း စီမံချက်အဖြစ် သတ်မှတ်လက်ခံမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကားတင်သွင်းခွင့် စနစ်မှာ ယာဉ်အိုယာဉ်ဟောင်းအပ်သူတွေကို ပါမစ် တစောင် ထုတ်ပေးပြီး တပတ်ရစ် ကားတစီး တင်သွင်းခွင့် ပေးပါတယ်။ ကျန် ပြည်သူတွေကိုတော့ ကားအသစ်တွေပဲ တင်သွင်းခွင့်ပေးထားပါတယ်။

ဒီအတွက် တပတ်ရစ်ကား တင်သွင်းလိုသူတွေဟာ ယာဉ်ဟောင်းအပ် စလစ်ကို ၀ယ်ယူကြ ရပြီး လက်ရှိ ကျပ် သိန်း ၁၀၀ ကျော် ပေါက်ဈေး ရှိနေကြောင်း စုံစမ်းသိရပါတယ်။

DVB Burmese 

ထိုင်းအစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးတင်းမာမှု မြင့်တက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရတဲ့ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးတင်းမာမှုတွေ ပိုဆိုးသွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဧပြီ ၁ ရက်နေ့က အဖြစ်အပျက်မှာ ဆန္ဒပြသမားတွေ လူစုနေတဲ့နေရာကို သေနတ်သမားတွေက သေနတ်နဲ့ လှမ်းပစ်ခဲ့ပြီး ကားမောင်းထွက်ပြေးသွားခဲ့ပါတယ်။

လနဲ့ချီ ကြာနေပြီဖြစ်တဲ့ နောက်ဆုံး နိုင်ငံရေးထိပ်တိုက်တွေ့မှုအတွင်း အခုလို ပစ်ခတ်မှုတွေ မကြာခဏ ပေါ်ပေါက်ခဲ့ပေမယ့် ဘယ်သူ့လက်ချက်ဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။

နိုဝင်ဘာလက စခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဧပြီ ၁ ရက်နေ့အထိ သေဆုံးသူ ၂၄ ယောက် ရှိသွားပြီး ဖြစ်ပါတယ်။

သေနတ်သမားတွေက ကားပေါ်ကနေ သေနတ်တွေ အဆက်မပြတ် ပစ်ခဲ့တယ်လို့ မျက်မြင်တယောက်က ပြောပြပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တယောက်ဖြစ်တဲ့ နီတာသွန် လမ်လူရာက ယင်းလပ်အစိုးရ ပြုတ်ကျသွားတဲ့အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

ယင်းလပ်ကို ထောက်ခံတဲ့ ရှပ်နီအုပ်စုကလည်း လာမယ့် ဧပြီ ၆ ရက်နေ့ကျရင် ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲကြီး တခု ဆင်နွှဲကြဖို့ စီစဉ်နေတဲ့အတွက် နောက်ထပ် ထိပ်တိုက် တွေ့မှုတွေ ပေါ်ပေါက်မှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဒီအတောအတွင်းမှာ ၀န်ကြီးချုပ် ယင်းလပ်ဟာ အစိုးရ စပါးဝယ်ယူရေးမှာ ခြစားမှုတွေ ရှိခဲ့တာကို သေချာ မကိုင်တွယ်ဘဲ တာဝန်လစ်ဟင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ရှေ့မှောက်မှာ ဖြေရှင်းချက် ပေးနေရပါတယ်။

ဝန်ကြီးချုပ်ဟာ လွှတ်တော်တွင်း အယုံအကြည်မရှိ အဆိုနဲ့ နောက်တကြိမ် ရင်ဆိုင်ရနိုင်ချေရှိတဲ့ အခြေအနေမှာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာတော့ အစိုးရကို ထောက်ခံတဲ့ဘက်က အများစု အနိုင်ရတယ်လို့ ကနဦး ရလဒ်တွေမှာ ပြသနေပါတယ်။

DVB Burmese 

အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ



"ကောင်းမွန်သော ပတ်ဝန်းကျင်ကိုရှာဖွေပါ"


“မိတ်ဆွေ ..တကယ်လို့ သင်ဟာကျောင်းသား တစ်ယောက် ဖြစ်တယ်ဆိုရင်၊ သင်ဟာ သင့်ရဲ့ အတန်း (class) ထဲမှာ အလွယ်တကူ သက် သောင့်သက် သာ နဲ့ ပထမ ခဏခဏ ရနေပါသလား။ ဒါဆိုရင် သင် အတန်း (class) မှားနေပါပြီ။”

စာရေးသူအနေနဲ့ မေးခွန်းအမေးအဖြေ ကဏ္ဍတွေမှာ မကြာ ခဏ မေးမြန်းခြင်းခံရတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ..

“အခုလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ဟာ တိုးတက်မှုရှိသင့်သလောက် မရှိဘူး။ ရပိုင်ခွင့် ရှိသင့်သလောက် မရှိဘူးလို့ ခံစားရပါတယ်။ အလုပ်ပြောင်း လုပ်သင့်ပါသလား”

ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မှန်ပါတယ်။ လူတစ်ယောက်အနေနဲ့ သူ့အတွက် စိန်ခေါ်မှုမရှိ သလို အခွင့်အလမ်းလည်း မရှိတဲ့ လုပ်ငန်းခွင် တစ်ခုမှာ ဘယ်လိုမှ ရေရှည်မပျော်ပိုက်နိုင်ပါဘူး။
အလုပ်ကောင်းကောင်းတစ်ခုကို ရလိုသူ တွေအနေနဲ့ မိမိနဲ့ သင့်တော်တဲ့ အလုပ်အကိုင် ကို ရှာဖွေတဲ့နေရာမှာ လစာကောင်းကောင်းရဖို့၊ အခွင့်အရေး၊ ရပိုင်ခွင့်ရဖို့ စတာတွေကို ထည့် သွင်းစဉ်းစားသလို ကောင်းမွန်ပြီး ဖွံ့ဖြိုး တိုးတက် နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) ဖြစ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားကြရပါမယ်။

“ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) ဆိုတာ ဘယ်လိုပတ်ဝန်းကျင်မျိုးလဲ”

သင့်အနေနဲ့ အရာရာလွယ်ကူနေတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘယ်တော့မှ မနေပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်အနေနဲ့ ရေအိုင် ငယ်ထဲက အလတ်စားငါးတစ်ကောင် (A medium sized fish in a very small pond) ဖြစ်နေ နိုင်လို့ပါပဲ။ စိန်ခေါ်မှုသစ်တွေကို အမြဲမပြတ် ရှာဖွေပြီး မိမိရဲ့အလားအလာကို မြှင့်တင်ပါ။

သင့်ရဲ့လက်ရှိပတ်ဝန်းကျင်၊ လက်ရှိအလုပ် အကိုင်ဟာ သင့်အတွက် ...
- အလွန်လွယ်ကူနေပါသလား။
- မိမိကိုယ်ကို စိန်ခေါ်မှုမရှိဘူးလို့ ခံစားနေရပါသလား။
- မိမိအတွက် ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေပါသလား။

ဒါဆိုရင် အဲ့ဒီပတ်ဝန်းကျင်ကနေ သင့်အနေနဲ့ ပြောင်းလဲဖို့ မဖြစ်မနေ ကြိုးစားရပါမယ်။

ပတ်ဝန်းကျင်တစ်ခုဟာ သင့်အတွက် ..
- စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်နေရပါသလား။
- စိန်ခေါ်မှုတွေ စဉ်ဆက်မပြတ် ရှိနေပါသလား။
- မိမိရဲ့သက်သောင့်သက်သာနယ်ပယ် (Comfort Zone)ရဲ့အပြင် ဘက်ကို ရောက်အောင် စဉ်ဆက်မပြတ် ကြိုးစားနေရပါသလား။
- မနက်မိုးလင်းတိုင်း ရင်ခုန်မှုအပြည့်ဖြင့် နိုးထနေရပါသလား။
- အရှုံးဆိုတာ ကိုယ့်ရဲ့ရန်သူမဟုတ်ဘဲ မိတ်ဆွေသဖွယ် ရင်းနှီးနေပါ သလား။
- စဉ်ဆက်မပြတ် ပြောင်းလဲနေပါသလား။

ဒီလို ပတ်ဝန်းကျင်မျိုးဟာ သင့်အတွက် ဖွံ့ ဖြိုးတက်တက်နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) ဖြစ်ပါတယ်။

ကြီးထွားမှု (Growth) = ပြောင်းလဲမှု (Change)

ဆိုတဲ့ ညီမျှခြင်း (Equation) လေးကို အမြဲတမ်းသတိရပါ။ စာရေးသူ တို့အနေနဲ့ ဘ၀မှာ တစ်ခါတစ်ရံ ကြီးထွားမှု (Growth) မရှိဘဲနဲ့ ပြောင်း လဲနိုင်ပေမဲ့ ဖွံ့ဖြိုးတိုးတက်ကြီးထွားဖို့ (Growth) ဖြစ်ဖို့ဆိုရင်တော့ မပြောင်း လဲဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုး တက်လိုသူ တစ်ယောက်အနေနဲ့ စဉ်ဆက်မပြတ် ပြောင်းလဲနိုင်အောင် ကြိုးစားရပါတယ်။

တစ်ခါတလေမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ အလုပ်အကိုင်စတာတွေ ကို ပြောင်းလဲဖို့ ကြိုး စားကြတဲ့နေရာမှာ ကန့်သတ်ဟန့်တားမှုတွေ၊ ပြစ် တင်ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ကြရနိုင်ပါတယ်။ အဲ့သလို ကြုံတွေ့လာ ကြရတဲ့အခါမှာ မိမိရဲ့ယုံကြည်မှုကို မပျက်ယွင်း မလျော့ပါးပါစေနဲ့။ မိမိဘ၀ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှဟာ မိမိနဲ့ သာသက်ဆိုင်ပြီး မိမိမှာသာ အလုံးစုံ တာဝန် ရှိတယ်ဆိုတာ သတိပြုပါ။

တစ်ခါတစ်ရံ မိမိကိုယ်ကိုသာ ဖွံ့ဖြိုးတိုး တက်အောင် ကြိုးစားပြီး မိမိရဲ့ပတ်ဝန်းကျင်ကို မပြောင်းလဲရင် တိုးတက်မှုဟာ ခက်ခဲပြီး နှေးကွေး တတ်ပါတယ်။ အဲ့သလိုပါပဲ မိမိရဲ့ပတ်ဝန်း ကျင်ကိုသာ ပြောင်းလဲဖို့ကြိုးစားပြီး မိမိကိုယ်ကို မပြောင်းလဲရင်လည်း တိုးတက်မှုဟာ ခက်ခဲပြီး နှေးကွေးပါလိမ့် မယ်။ မိမိကိုယ်ကို စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေသလို မိမိရဲ့ပတ်ဝန်းကျင်ကိုလည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်ပါမှ တိုးတက်မှု ဟာ မြန်ဆန်ပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ..
- သူလုပ်နေတဲ့ အလုပ်အကိုင်
- သူနေထိုင်နေတဲ့ ပတ်ဝန်းကျင်
- သူပေါင်းသင်းနေတဲ့ အပေါင်းအသင်း
- သူ ဖတ်နေတဲ့ စာအုပ်တွေ
- သူ နေ့စဉ်အချိန်အကုန်ခံ နေထိုင်သွားလာ ကျက်စားတဲ့နေရာတွေ
- သူတက်ရောက်တဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေ
စတာတွေနဲ့ များစွာ ဆက်စပ်ပတ်သက်နေတာ မို့ ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုး တက်နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) တွေကို အသိ ဥာဏ် ရှိစွာ ရွေးချယ်နိုင်ကြဖို့ လိုအပ်ပါတယ်။

See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်



 Photo
ဥက္ကာကိုကို
အတွဲ (၁၃)၊ အမှတ်(၅)
‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှုကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

တကယ်တမ်းတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါ။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ လျစ်လျူရှုခံထားရသည့် မြို့ပြစီမံကိန်းကြီးတစ်ရပ်ပဲ ဖြစ်ပါသည်။ ရေစီးရေလာ ကောင်းမွန်မှုအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း၏ အကျိုးဆက်ကို ပြည်သူများသာလျှင် ခံစားခဲ့ရပါသည်။

ယခုတော့ ထိုကိစ္စကို သမ္မတဦးသိန်းစိန်က ပြန်လည်ဖော်ထုတ်လိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းကို ယခုနှစ်ဇန်န၀ါရီမှ မေလ ၃၀ ရက်အထိ နိုင်ငံတော်က ဘတ်ဂျက် ၁၂ ဘီလီယံကျော် သုံးစွဲခွင့်ပြု၍ ဆောင်ရွက်ခိုင်းထားသည်။ များပြားသည့် ငွေကြေးများ သုံးစွဲထားသည့် စီမံကိန်းဖြစ်သောကြောင့် ယခုတစ်ကြိမ်ပြီးလျှင် နောက်ထပ်တစ်ကြိမ် ပြန်မစရအောင် ဆောင်ရွက်နေသူများက စနစ်တကျလုပ်ဆောင်သွားရန်လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

နှစ်စဉ်ရေကြီးရေလျှံ၍ သွားလာရခက်ခဲရသည့် အခြေအနေများကို တွန်းလှန်နိုင်ရန် သမ္မတက ဒုတိယ၀န်ကြီးသုံးဦးကို တာဝန်ပေးအပ်ခဲ့သည်။ ရေရှည်စီမံကိန်းမဟုတ်ဘဲ လေးလအတွင်း အကောင်အထည်ဖော်ရမည့် အထူးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။

မြို့ပြလူထုအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်မိုးမကျမီ အပြီးသတ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအင်အား၊ စက်အင်အားများစွာ သုံးစွဲ၍ ရန်ကုန်တိုင်းအတွင်း အဓိက မြောင်းများ၊ ချောင်းများကို နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

‘‘ကျွန်တော်တို့ဆီမှာ စီမံကိန်းတစ်ခုလုပ်ရင် စနစ်တကျလုပ်လေ့မရှိဘူး။ ဒါကြောင့် တစ်ခုပြင်ရင် တစ်ခုကပျက်နေရတယ်။ ရေမြောင်းပြင်တော့ လမ်းပျက်၊ လမ်းပြင်တော့ ဖုန်းလိုင်းပျက်။ အဲဒီလိုပေါ့။ ဒါကြောင့် ရေတိုမှာ လူမြင်ကောင်းဖို့ထက် ရေရှည်အတွက် အဘက်ဘက်က စနစ်တကျပြင်ဆင်ပြီး ပြုပြင်သင့်တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် စာရေးဆရာဦးဟန်ဇော်ကပြောသည်။

ရန်ကုန်မြို့၏လမ်းများသည် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့်အတွက် မိုးတွင်း၌ သွားလာရခက်ခဲလေ့ရှိသည်။ မိုးများသည့်အချိန်တိုင်း မြို့၏ လမ်းဘေးမြောင်းများမှာ ပိတ်ဆို့နေသည့် အမှိုက်များကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဘဲ လမ်းပေါ်သို့ လျှံထွက်လာတတ်သည်။ ထိုအခြေအနေကို အစိုးရက ထိရောက်စွာပြုပြင်ဆောင်ရွက်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ပင်ကျော်ခဲ့ပြီ။

လမ်းဘေးမြောင်းအတွင်းရှိ ပိတ်ဆို့အမှိုက်များ တူးဖော်ဖယ်ရှားခြင်းများကို မြို့တော်စည်ပင်က ဆောင်ရွက်ပါသော်လည်း အဓိကကျသည့် ရေတံခါးများ၊ နုန်းတင်နေသည့် ချောင်းမြောင်းများကို ထိရောက်စွာ ရှင်းလင်းနိုင်ခြင်းမရှိခဲ့သဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလျှံမှုက ပုံမှန်ဖြစ်တတ်စမြဲပင်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ဤကိစ္စကို အထူးအရေးကြီးစီမံကိန်းအဖြစ် သတ်မှတ်၍ ယခုနှစ်မှစတင်ကာ မိုးမကျမီအတွင်း အပြီးသတ်ဆောင်ရွက်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒုတိယ၀န်ကြီးသုံးဦး ခေါင်းဆောင်သည့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရန် ထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‘‘မိုးမကျမီတော့ မပြီးနိုင်ဘူး။ တစ်နှစ်လောက်နဲ့ကို မပြီးနိုင်ဘူး။ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေအောက်မြောင်းတော်တော်များများက အင်္ဂလိပ်လက်ထက်ကအတိုင်းပဲ။ အဓိက မြေအောက်မြောင်းကြီးတွေ ပြင်ရမယ်။ လမ်းဘေးမြောင်း အနက်နဲ့ အကျယ်တွေပြင်ရမယ်။ မြောင်းတွေပြင်ဖို့ မြေနေရာလိုဦးမယ်။ ပလက်ဖောင်းမြင့်မြင့်တွေ လိုဦးမယ်’’ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကိုမိုးချိုက သူ၏အမြင်ကိုပြောသည်။

သို့သော် ‘‘လာမယ့်မိုးတွင်းမှာ သိသာတဲ့ အကျိုးခံစားရမယ်လို့ ယုံတယ်’’ဟု လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်က ယုံကြည်ထားသည်။ မကြာမီကျရောက်မည့် သင်္ကြန်တွင်အဖွဲ့အားလုံးအနေဖြင့် မိမိတာဝန်ယူထားသည့် နယ်ပယ်အလိုက် ဖိဖိစီးစီး ဂရုတစ်စိုက် လုပ်ဆောင်ပေးကြရန်လည်း ဒုဝန်ကြီးက မေတ္တာရပ်ခံထားသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီဥက္ကဋ္ဌမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်ဇော်၊ လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဦးကျော်စိုးတို့ ပါဝင်ကြသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဌာနမှူးများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာနတို့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီသုံးဆယ်ခန့်ကလည်း ၀င်ရောက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

လက်ရှိဆောင်ရွက်မှုအနေဖြင့် မြို့တွင်းခြောက်မြို့နယ်၏ ရေထွက်ပေါက်များ၊ မြစ်ထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို အမှိုက်နှင့်နုန်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောက်လုပ်ခြင်းများကို အချိန်မီပြီးစီးရန် ဆောင်ရွက်နေပြီး မြို့နယ်အလိုက် လုပ်ငန်းရှင်များကိုလည်း ပါဝင်ကူညီရန် တာဝန်ပေးထားသည်ကို တွေ့ရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း လမ်းအလိုက် ရေနုတ်မြောင်းများ တူးဖော်လျက် ဆင်ဖုံချောင်း၊ ငမိုးရိပ်ချောင်း၊ တိုးကြောင်ကြီးရေတံခါး စသည့် အဓိကကျသည့်နေရာများရှိပြီး တူးဖော်ခြင်းကို စက်ယန္တရားကြီးများဖြင့် လုပ်ဆောင်နေပြီး ချောင်းကြီးများအတွင်း သောင်တူးစက်ရေယာဉ်ကြီးများဖြင့် ချဲ့ထွင်တူးဖော်လျက်ရှိသည်။

‘‘ရပ်ကွက်တွေ အကူအညီယူပြီး ဆောင်ရွက်နေပါတယ်။ သင်္ကြန်တွင်းမှာ တူးဖော်မှုကို ရပ်နားမှာမဟုတ်ပါဘူး။ တစ်မိုးတွင်းလုံးလည်း ဆက်တူးသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက်လူထုက ပြောစရာမလိုအောင် ကူညီကြတယ်။ သဘောကျကြပါတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်၊ လမ်း/တံတားဌာနမှူး ဦးတင်မောင်ကြည်ကဆိုသည်။

မြို့ရွာအိုးအိမ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးကလည်း ‘‘မကြာခဏပြိုကျတတ်တဲ့ မြောင်းတွေကို အုတ်မြောင်းတွေအဖြစ် ပြုလုပ်ပါတယ်။ ရေနစ်မြုပ်လေ့ရှိတဲ့ ရပ်ကွက်တွေ အဆင်ပြေသွားမှာဖြစ်ပါတယ်။ တချို့နေရာမှာ ရပ်ကွက်နဲ့ ညှိနှိုင်းဆဲအခြေအနေ ရှိပါတယ်။ လမ်းပေါ်က ဆိုင်ခန်းတွေ မပျက်စီးအောင် သတိထားရပါတယ်’’ဟု ပြောသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီက ဌာနအသီးသီးဖြင့် ပေါင်းစပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို မေလ ၃၀ ရက်နေ့ ရည်မှန်းချက်ထားရှိသော်လည်း အချိန်မီပြီးစီးနိုင်ခြင်း ရှိနိုင်မည်ကို ပြည်သူများအနေဖြင့် သံသယ၀င်မှုတချို့ရှိသည်။ စီမံကိန်းအတွက် ချထားပေးသော နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း အလဟဿ အလေအလွင့်ဖြစ်မည်ကိုလည်း ပြည်သူတို့က စိုးရိမ်ကြသည်။

လုပ်ငန်းအားလုံးကို ခြုံငုံကြည့်ပါက ပြီးစီးမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလကုန် (သို့မဟုတ်) မေလလယ်ခန့်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရန် ကတိပြုထားကြသည်။ ကတိအတိုင်းသာ အချိန်မီပြီးစီးပါက ယခုမိုးရာသီတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အစိုးရက ကြိုးပမ်းအားထုတ်နေချိန်တွင် ပြည်သူများကလည်း ပါဝင်ကူညီရန် လိုအပ်ပေသည်။ ထို့အတွက် ကော်မတီကလည်း မြို့တော်နေပြည်သူများကို စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများကို လိုအပ်သလို ထုတ်လွှင့်စည်းရုံးပညာပေးရန် လိုအပ်နေသည်။

ရေနုတ်မြောင်းများအနီး ရောင်းချသည့် ဈေးဆိုင်များ၏ စွန့်ပစ်အမှိုက်များ စနစ်တကျရှိစေရန် လေ့ကျင့်ပညာပေးခြင်း၊ တိုက်ခန်းနောက်ဖေးလမ်းကြားများရှိ မြောင်းများကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် သတ်မှတ်ရက်တစ်ခုထား၍ ရှင်းလင်းပြီး ကားဖြင့် တစ်ပါတည်းသိမ်းယူခြင်း၊ ရေနုတ်မြောင်းများရှိ အမှိုက်ထားသည့်နေရာများကို မြို့နယ်အလိုက် သိသာသည့် သင်္ကေတလမ်းညွှန်မှုများ စိုက်ထူ၍ ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

‘‘အရင်နှစ်တွေထက်ပိုပြီး ထိထိရောက်ရောက် လုပ်နေသလိုပဲ။ မလုပ်တာနဲ့စာရင်တော့ အရမ်းကောင်းတာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ အကျိုးခံစားရမှာပါ။ တဖြည်းဖြည်းသွားရမှာပေါ့။ အင်အားအလုံးအရင်းနဲ့ မြန်မြန်လုပ်ချလိုက်ရင်တော့ ပိုထိရောက်မယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက်(၃၉)နှစ်အရွယ် ကျူရှင်ဆရာဦးမျိုးသန့်က မှတ်ချက်ပေးသည်။

နှစ် ၂၀ ကျော်တိုင် မပြုပြင်လာခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် အခက်အခဲများစွာရှိနိုင်မည်ဖြစ်သကဲ့သို့ ချထားပေးသည့် ရန်ပုံငွေကိုလည်း အဖိတ်အစဉ်မရှိစေရန် ဆောင်ရွက်သင့်ပြီး ကုမ္ပဏီများ၏ဆောင်ရွက်မှုကို ကော်မတီက ကြီးကြပ်စိစစ်သင့်ပါသည်။

‘‘ကော်မတီဥက္ကဋ္ဌအနေနဲ့တော့ မြေပြင်လုပ်ငန်း ကွင်းဆင်းစစ်ဆေးတိုင်း တာဝန်တစ်ရပ်လိုအပြင် ကုသိုလ်ဖြစ်လုပ်ငန်းလို့ နှလုံးသွင်းလုပ်ဖို့ တာဝန်ခံများကို အမြဲမှာကြားလေ့ရှိပါတယ်’’ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းကရှင်းပြသည်။

ရေစီးရေလာကောင်းမွန်ရေးသည် ပြည်သူများအတွက် လူမှုဘ၀နှင့် ကျန်းမာရေးအတွက်ပါ အကျိုးရှိသည့်ကိစ္စရပ်ဖြစ်သည်။ သတ်မှတ်ထားသည့်ကာလ ပြီးဆုံးပါက အရေးပေါ်ကော်မတီ၏ တာဝန်များကို မြို့တော်စည်ပင်က လွှဲပြောင်းယူ၍ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ရာ ယခင်ကဲ့သို့ ပြန်မဖြစ်စေရန် စေတနာနှင့် အစဉ်အမြဲ လုပ်ဆောင်နေသင့်သည့်လုပ်ငန်း ဖြစ်သည်။ သို့မှသာ ဘဏ္ဍာငွေကုန်ကျစရိတ် ထပ်မံမသုံးစွဲရတော့မည်ဖြစ်သည်။ နှစ်၂၀ ကျော် မဆောင်ရွက်ခဲ့သည့်အတွက် ယခုမှ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ် ကြီးမားသွားရသည်။

‘‘ရန်ကုန်လူဦးရေက ငါးသန်းဆိုပါစို့။ ဒီလူတွေ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါရဲ့လား၊ စည်းကမ်းတွေ ဥပဒေတွေကို ဘယ်လောက်လိုက်နာသလဲဆိုတာက အရေးပါတယ်။ စည်းကမ်းမဲ့နေဦးမယ်ဆိုရင်တော့ ငွေကုန်ခံပြီး ဘယ်လောက်ပဲလုပ်လုပ် ရေစီးရေလာမကောင်းတဲ့ မြောင်းရေလျှံတာတွေဖြစ်နေဦးမှာပဲ’’ဟု ရေကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုဆောင်အင်ဂျင်နီယာ ကိုအောင်စိုးမိုးကသုံးသပ်သည်။

မကြာမီ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုရန် ရှိပါသည်။ သမ္မတ လာရောက်စစ်ဆေးမည့်အချိန်တွင် လုပ်ငန်းအောင်မြင်ပြီးစီးမှုရှိရန် အမြန်ဆုံးလုပ်ကိုင်ကြရသော်လည်း အပေါ်ယံအမြင်ကောင်းအောင် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် စနစ်တကျ ဖိစီးဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ ဒါမှသာ မြို့ပြပြည်သူများသာမက နောင်လာနောက်သားများအတွက်လည်း အဆင်ပြေပေလိမ့်မည်။

မိုးရာသီ၌ မြောင်းရေလျှံခြင်းသည် မြို့တော်ဝန်ဟောင်း မှတ်ချက်ပေးသကဲ့သို့ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်ပါ။ ရေစီးရေလာကောင်းမွန်ရေးကို လျစ်လျူရှုခဲ့ကြ၍ ပြည်သူများသာခံစားရသည့် အကျိုးဆက်သာ ဖြစ်ပါသည်

7day daily