Facebook မှာ ဒုဝန်ကြီးဦးရဲထွဋ်ကို နောက်ယောင်ခံမှု



မြန်မာပြည်မှာ အင်တာနက်သုံးသူ ၁ဝ သိန်း ရှိမယ်လို့ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

"ကျနော်တို့မှာ တိတိကျကျ သုတေသန ပြုထားတော့ မရှိပါဘူး၊ ဒါပေမယ့် ရနိုင်တဲ့ အချက်အလက်တွေကနေ ကြည့်မယ် ဆိုရင် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ပုံမှန် အင်တာနက်လိုင်းကနေ အင်တာနက်သုံးနေတဲ့သူ ၁.ဝ၅ သန်း ရှိပါတယ်" တဲ့။


ဒီမနက် ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဦးရဲထွဋ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

သောကြာမနက် ရန်ကုန်မြို့မှာလုပ်တဲ့  အမုန်းပွားစေသော ပြောဆိုရေးသားမှုများ ဆိုင်ရာ  ဆွေးနွေးပွဲမှာ သူက ပြောတာပါ။

Facebook အသုံးပြုမှုရော ဘယ်လောက် ရှိနိုင်ပါသလဲ။

မြန်မာပြည် အွန်လိုင်းတက်သူ  ၈ဝ% ဟာ Facebook သုံးတယ်လို့ ဒုဝန်ကြီးက ခန့်မှန်းပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ Facebook  အကောင့် ၈ဝဝ,ဝဝဝ ရှိနေတယ်၊ အဲဒီအကောင့်တွေထဲ ထက်ဝက်က ဘယ်သူဘယ်ဝါမှန်း မသိရဘူးလို့ ဆိုတယ်။

ဒါဆိုရင် .... အကောင့်အတုတွေ ဘာကြောင့်ထားကြတာလဲ။

"အရင်ခေတ်တုန်းက အရင်အစိုးရလက်ထက်တုန်းက အင်တာနက်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့တယ်၊
အီလက်ထရွန်နစ်ဥပဒေလို ဥပဒေမျိုးတွေနဲ့ ပြစ်ဒဏ်ပေးတာတွေ ရှိခဲ့တဲ့အတွက် လူတွေမှာ  မိမိရဲ့ identity အမှန်ကို ဖုံးကွယ်တဲ့အကျင့် စွဲလာတယ်လို့ ယူဆပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။



အမေရိကန်သံရုံးက စီစဉ်တဲ့ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဦးရဲထွဋ် (ဓာတ်ပုံ - ဧရာဝတီ)
 Facebook  အကောင့် တခုထက်မနည်း ဖွင့်ပြီး လက်စွမ်းပြကြတဲ့ အတွက် အွန်လိုင်းမှာ အမုန်းပွားစေသော ပြောဆိုရေးသားမှုများက ပလူပျံနေပါပြီ။
"ဒီလို identity ကို  ဖုံးကွယ်ပြီးတော့ ပြောဆို ဆွေးနွေးလာတာတွေဟာ ကျနော်တို့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ လို့ ပြောလို့ရပါတယ်" ဆိုပြီး သူက ဆက်ပြောပါတယ်။

ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ Facebook သူရဲကောင်း ဆိုတာက စာနယ်ဇင်းသမား၊  လုပ်ငန်းရှင်၊ ကျောင်းသား၊ အစိုးရအရာရှိ၊ လခစား Facebook သမား၊ နိုင်ငံရေးသမား၊ အစွန်းရောက်သမား၊ တက်ကြွလှုပ်ရှားသူ စသည်ဖြင့် စသည်ဖြင့် မည်သူမဆို ဘယ်အလွှာကမဆို ဖြစ်နိုင်တာပါပဲ။

အထက်ဖော်ပြပွဲ ရန်ကုန်မြို့ ဆွေးနွေးပွဲ အပြီးမှာတော့ ဧရာဝတီက ဒုဝန်ကြီးဦးရဲထွဋ်ကို  မေးဖြစ်ပါတယ် -
ဦးရဲထွဋ်မှာရော Facebook  အကောင့် ဘယ်လောက် ရှိပါသလဲ လို့။
သူက ရဲထွဋ်၊ ဗညားအောင် ဆိုပြီး ကလောင်နာမည် နှစ်ခု ရှိပေမယ့် Facebook  အကောင့်ကတော့ တခုတည်း ရှိပါတယ်လို့ ပြန်ဖြေပါတယ်။



 ဦးရဲထွဋ်ကို Facebook မှာ တရင်းတနှီး ဖြစ်လိုရင်တော့ သူ့စာမျက်နှာမှာ ရှိတဲ့ Follow ခလုတ်ကို တချက် နှိပ်လိုက်ရုံပါပဲ။ အဲဒီလိုနှိပ်ထားသူ လေးသောင်းကျော် ရှိနေပါပြီ။

 Facebook မှာ သူ့ကို နောက်ယောင်ခံလိုက်နေသူ လေးသောင်းကျော်ထဲက ထက်ဝက်ဟာ သူတို့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားကြတယ်လို့ ဦးရဲထွဋ်က ခန့်မှန်းပါတယ်။

တနည်းအားဖြင့် ပြောရရင် .... Facebook မှာ ရုပ်ဖျက်ပြီး ဒုဝန်ကြီးကို နောက်ယောင်ခံသူတွေ နှစ်သောင်း၊ ဗြောင်လိုက်နေသူ နှစ်သောင်း ရှိနေတယ်ဆိုတဲ့သဘောပေါ့။

 Facebook မှာ ဒုဝန်ကြီး ဘာတွေ ရေးခဲ့တယ် ဆိုတာကို မှတ်တမ်းတင်နေသူတွေ၊ ဖတ်ရှုနေသူတွေ အရေအတွက်က မနည်းမနောပါလားလို့ ဆိုနိုင်ပါတယ်။

ဧရာဝတီ

သီရိလင်္ကာနိုင်ငံကလည်း TIME မဂ္ဂဇင်းကို ပိတ်ပင်လေမလား


သီရိလင်္ကာရှိ အပြည်ပြည်ဆိုင်ရာ ကိုလံဘိုလေဆိပ်မှာ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း ကို
လေဆိပ် အကောက်အခွန်ဌာနက ဇွန်လ ၂၉ ရက်နေ့က သိမ်းလိုက်တယ်ဆိုပါတယ်။

ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်း၊  ဓာတ်ပုံ- ဧရာဝတီ

သီရိလင်္ကာ အကောက်အခွန်ဌာန ပြောခွင့်ရသူက ပြောတာတော့ အကောက်အခွန် ညွှန်ကြားရေးမှူးချုပ်ရဲ့ ညွှန်ကြားမှုအရ အခုလို သိမ်းဆည်းတာလို့ ပြောပါတယ်။

တကယ်လို့ ဒီ မဂ္ဂဇင်းကို ပိုင်ရှင်က ပြန်လိုချင်တယ်ဆိုရင် အကောက်အခွန်ညွှန်ချုပ်ရဲ့ ခွင့်ပြုချက်ရ မှ ပြန်ပေးမယ်လို့ သူက ပြောတာကို ကိုးကားပြီး Colombo Page အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံရေးလောက သူတွေရဲ့ အဆိုအရ သီရိလင်္ကာအစိုးရဟာ မြန်မာနိုင်ငံက သတင်းဆောင်းပါး ကို ဖော်ပြထား တာဖြစ်ပေမယ့် ဒီတိုင်းမ် မဂ္ဂဇင်းကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် စစ်သွေးကြွတွေ အရှိန်
မြင့်စေမယ့် မျက်နှာဖုံးဆောင်းပါး ပါတဲ့ နောက်ဆုံးထုတ် တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ဖွယ်ရှိတယ်လို့ ပြောကြ တယ် လို့လည်း ရေးသားထားပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးဟာ "The Face of Buddhist Terror" လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာအစွန်းရောက် ရဟန်းတပါးဖြစ်တဲ့ ဦးဝီရသူကို ပုံဖော်ရေးသားထား တယ်လို့ အဆိုပါ သတင်းက ဆိုပါတယ်။

ဦးဝီရသူကိုလည်း မြန်မာ ဘင်လာဒင်လို့ ခေါင်းစဉ်ပေးထားပြီး မွတ်စလင် ဆန့်ကျင်ရေး လုပ်နေတဲ့ ၉၆၉ ဗုဒ္ဓ ဘာသာဝင် အမျိုးသားရေး လှုပ်ရှားမှု ခေါင်းဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။

သီရိလင်္ကာအစိုးရကတော့ နိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာအစွန်းရောက်ဝါဒမြင့်တက်လာမှာကို စိုးရိမ်လာတယ် လို့ လည်း အဆိုပါ ကိုလံဘို စာမျက်နှာ သတင်းက ရေးသားဖော်ပြထားပါတယ်။

မြန်မာပြည်က ကိစ္စဟာ အခုတော့ သီရိလင်္ကာနိုင်ငံကို ရိုက်ခတ်မှု တခုပါ။


အိမ့်သံစဉ် ~

အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး


အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။

ကာကွယ်ရေးဌာနက ၀န်ထမ်းထောင်ပေါင်းများစွာနဲ့ အင်ဒို-တိဘက်တန် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့၊ အမျိုးသား သဘာဝဘေးအန္တရာယ် ကိုင်တွယ်ရေး တပ်ဖွဲ့ (NDRF) တို့ဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ၂၄ နာရီပတ်လုံး မနားမနေ လုပ်ဆောင်နေကြရပါတယ်။

ဟိမ၀န္တာတောင်တန်းတွေမှာ ဘုရားဖူးရောက်နေကြတဲ့ ဟိန္ဒူဘုရားဖူးတွေ၊ နိုင်ငံသွား ခရီးသွားတွေ အပါအ၀င် ဒုက္ခရောက်နေသူ အများအပြားကို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း တစ်သိန်းငါးထောင်ကို ကယ်ဆယ် ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယရဲ့အရှည်လျားဆုံး ဂင်္ဂါမြစ်ဝှမ်းက နေအိမ်တွေ၊ တိုက်ခန်းတွေ လည်း ရေထဲပြိုကျကုန်ပြီး ကားတွေ၊ ထရပ်ကားတွေပါ ရေနဲ့မျောပါ သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

နော်ဝေအခြေစိုက် Telenor အုပ်စု ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်

ပြည်ပနိုင်ငံ တစ်ခုရှိ Telenor အဆောက်အအုံအား တွေ့ရစဉ် (commons.wikimedia.org)

မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်သော Telenor အုပ်စုသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ၀န်ထမ်းများနှင့် နည်းပညာ ကျွမ်းကျင်ပညာရှင်များကို မကြာမီ ခေါ်ယူသွားမည်ဖြစ်ကြောင်း Telenor Myanmar က သတင်းထုတ်ပြန်ခဲ့သည်။
Telenor သည် အရှေ့တောင်အာရှ နိုင်ငံဈေးကွက်အတွင်း တတိယမြောက် ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဇွန် ၂၇ ရက်က ရရှိခဲ့သည်။ Telenor သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄ တွင် ရပ်တည်လျက် ရှိသည်။
ဆက်သွယ်ရေးမိုဘိုင်း အော်ပရေတာအဖြစ် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဆားဘီးယား၊ ယူကရိန်း၊ ဟန်ဂေရီ၊ မွန်တီနီဂရို၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့တွင် လုပ်ကိုင်လျက်ရှိသည်။ Telenor အုပ်စု၏ အဓိက ၀န်ဆောင်မှုများမှာ Internet Broadband ၀န်ဆောင်မှု၊ Mobile Telecommunication ၀န်ဆောင်မှု၊ Internet TV ၀န်ဆောင်မှု၊ IPTV ၀န်ဆောင်မှု စသည်တို့အပြင် အခြားဝန်ဆောင်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Telenor သည် HSPA သို့မဟုတ် 3G နှင့် LTE အဆင်သင့်ဖြစ်နေသော နည်းပညာများကို အသုံးပြုပြီး ငါးနှစ်တာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်မည့် Mobile Network တစ်ခုကို တည်ဆောက်မည်ဖြစ်ပြီး Mobile ၀န်ဆောင်မှုများ အပါအ၀င် အသံနှင့် အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ၀န်ဆောင်မှုများကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။
Telenor မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် မဟာဗျူဟာ အချို့မှာ နည်းပညာ အဆင့်မြင့်ခြင်း၊ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြစ်ခြင်း၊ ယုံကြည်မှုနှင့်အတူ အကောင်းဆုံး ၀န်ဆောင်မှု ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။
Telenor Mobile Communication သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၁၈၅၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး ၀န်ဆောင်မှုများအား နော်ဝေနိုင်ငံတွင်းသာ မကဘဲ ဥရောပနိုင်ငံ အချို့နှင့် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယနိုင်ငံများတွင်ပါ မိုဘိုင်းအော်ပရေတာအဖြစ် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၃ ခုနှစ်အထိ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈ သန်း ရှိသည်။

From: EMG

မိတ္ထီလာဒေသခံ သတင်းထောက် ထောင်ဒဏ် ၂ နှစ် ချခံရ

မိတ္ထီလာ၊ ဇွန် ၂၉

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာဒေသခံ သတင်းထောက်တစ်ဦးကို မြို့နယ်တရားရုံးက ဇွန်လ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်တွင် နေထိုင်သော မိတ္ထီလာဒေသခံ သတင်းထောက် ဦးကျော်ကျော် (၄၇) နှစ်ကို ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာမြို့နယ် တရားရုံးက ရာကြီးအမှုအမှတ် ၁၃၀၅/ ၂၀၁၃ အရ ကြားနာ စစ်ဆေးခဲ့ရာ ဇွန်လ ၂၄ ရက်နေ့က ပုဒ်မ ၂၉၅ (က) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

သတင်းထောက် ဦးကျော်ကျော်သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းယူစဉ် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော် ပြောဆိုခဲ့သည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့က မိတ္ထီလာမြို့ အမှတ်(၂) ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့ပြီး (ပ) ၁၀၈/၂၀၁၃ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ဒဏ် ချမှတ်ရာတွင် နယူးဝိန့်စိန် ရွှေဆိုင်အမှုနှင့် ဆရာတော် ဦးသောဘိတ သတ်မှုပြီးပါက ယခုသတင်းထောက်အမှုသည် တတိယမြောက်အမှု ဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားသော ပဋိပက္ခများကြောင့် လူ ၄၀ ကျော် သေဆုံးပြီး အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

The Voice Weekly

လမ်းစည်းကမ်း ထိန်းသိမ်းရေးတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင်နေ


ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံသော လမ်းဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ပင်စင်စား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တော်၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင် နေသည်ဟု သတင်းရရှိသည်။
ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေး စီမံချက်အရ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပေါ့အလေး စွန့်ပစ်သူများကို စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရပင်စင်စား ၀န်ထမ်းများကို ခန့်အပ်သွားရန် ပြီးခဲ့သည့် ၂၀၁၁ နှစ်လယ်ပိုင်းက စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ပင်စင်စားများကို ခန့်အပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရာပြတ်ဌာနတွင် ခန့်အပ်ခဲ့ပြီး လမ်းစည်းကမ်း ထိန်းသိမ်းရေးကို အဓိက ပြုလုပ်စေသည်ဟု သိရသည်။ လစာအနေဖြင့် စတင်ခန့်အပ်စဉ်က နေ့စားတစ်နေ့လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပေးခြင်းဖြစ်ပြီး ယခုလက်ရှိ တစ်နေ့လျှင် ကျပ် ၂၆၀၀ နှုန်းဖြင့် နေ့စားလရှင်းနှုန်းဖြင့် ပေးခြင်းဖြစ်ကြောင်း၊ အလုပ်မဆင်းသည့် နေ့အတွက် နေ့စားခ မရကြောင်း သိရသည်။
ပင်စင်စားများ လမ်းစည်းကမ်း ထိန်းသိမ်းရသည့် နေရာများမှာ လူစည်ကားသည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံမီးပွိုင့်၊ ဆူးလေဘုရားပတ်လည် မြို့တော်ခန်းမအနီး၊ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းအနီး၊ မြေနီကုန်းနှင့် မဟာမြိုင် ကားမှတ်တိုင်အကြား၊ လှည်းတန်း၊ ကမ္ဘာအေး စသည့်နေရာများတွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများတွင် ယာဉ်စည်းကမ်းကိုမူ ယာဉ်ထိန်းများက ထိန်းသိမ်းကာ လမ်းစည်းကမ်းကို ပင်စင်စား သက်ကြီးများက ထိန်းသိမ်းပေးခြင်း ဖြစ်သည်ဟု သိရသည်။ ၀င်ရောက်လုပ်ကိုင်နေသည့် ပင်စင်စားများတွင် တပ်မတော် ပင်စင်စားများ များပြားပြီး ရန်ကုန်မြို့တွင်းရှိ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ဒဂုံမြို့သစ် နေရာများအပြင် ဆိပ်ကြီးခနောင်တို ဘက်မှပင် လာရောက်လုပ်ကိုင် သူများပင် ရှိကြောင်း သိရသည်။

From: EMG

အစားထိုးဝင်ရောက်ရန် အသင့်ရှိဟု Orange ဆို

ရန်ကုန်၊ ဇွန် ၂၉

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာတင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ရွေးချယ်ထားသော လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုထဲမှ ကုမ္ပဏီတစ်ခုခု အဆင်မပြေမှုများ ရှိခဲ့ပါက ၎င်းတို့ နေရာတွင် အစားထိုး ဝင်ရောက်ရန် အဆင်သင့် ရှိသည်ဟု Orange ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။

လိုင်စင် ရရှိခဲ့သော ကုမ္ပဏီနှစ်ခု အနေဖြင့် တင်ဒါကော်မတီသို့ တင်ပြထားသော လိုအပ်ချက်များကို ရက် ၁၀၀ အတွင်း ပြည့်မီအောင် မဆောင်ရွက်နိုင်ပါက အစားထိုးရန် အသင့်ရှိနေပြီး အလုံးစုံပြင် ဆင်ပြီး ဖြစ်ကာ စတင်လုပ်ကိုင်ရန်လည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဆိုသည်။

Orange သည် လွန်ခဲ့သော လအနည်းငယ်က မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုများနှင့် ပတ်သက်သော ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ခြင်း၊ အရောင်းမြှင့် တင်ရေးနှင့် လူထု၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းစသည့် ကိစ္စရပ်များကိုလည်း လေ့လာထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Orange နှင့် ၎င်း၏မိတ်ဖက် ကုမ္ပဏီ Marubeni တို့၏ လုပ်ကိုင် ဆောင်ရွက်ပုံများအပေါ် သဘောကျကြောင်း ပြည်တွင်းရှိ IT ပညာရှင် တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က ဆိုသည်။

“Orange မှာက နည်းပညာပိုင်း အားသာချက်တွေ အများကြီး ရှိတယ်။ အဆင်သင့် ရှိနေမယ်ဆိုတော့ ရသွားတဲ့ ကုမ္ပဏီတွေကိုလည်း Balance လုပ်ရာ ရောက်တာပေါ့။ လုပ်ချင်တိုင်းလုပ်လို့ မရတော့ဘူးလေ” ဟု သူကမှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းက စတင်၍ Orange နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့သည် အတူတကွ ပူးပေါင်းကာ MPT ၏ ရှိရင်းစွဲ လေလှိုင်း ဆက်သွယ်မှုများနှင့် ကမ္ဘာ့ နိုင်ငံပေါင်းများစွာရှိ နိုင်ငံတကာ လေလှိုင်းဆက်သွယ်မှုများကို ချိတ်ဆက်နိုင်သော ကွန်ရက် (International Roaming) တည်ဆောက်နိုင်ရန် စီစဉ်နေပြီး အဆိုပါ စီမံကိန်းပြီးစီးပါက နိုင်ငံတကာ အဆင့်အတန်းများနှင့် ကိုက်ညီသော လျင်မြန်သည့် လေလှိုင်း ဆက်သွယ်မှုစနစ်ဖြင့် MPT သည် နိုင်ငံပေါင်း ၁၅၀ ခန့်ရှိ ကွန်ရက်များကို လျင်မြန်စွာ ဆက်သွယ် ချိတ်ဆက်နိုင်မည်ဟု Orange ထံမှ သိရသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေ အစိုးရနှင့် ပတ်သက်မှုရှိသော Telenor နှင့် ကာတာ အစိုးရပိုင် Q Tel ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီ အနေဖြင့် လိုင်စင် ချထားပေးခြင်း ခံရသော ကုမ္ပဏီများ အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသည့် တာဝန်ကို မထမ်းဆောင်နိုင်ပါက အစားထိုး အနေနှင့် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်းတို့ ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ်ထားသည်။

The Voice Weekly

ဖြူးမြို့နယ်တွင် အမျိုးသမီး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်မှ လက်ဗွေရာများ ရရှိလာသဖြင့် ကျူးလွန်သူများကို ရှာဖွေနေ

တောင်ငူခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး တံတားအောက်တွင် ဖေဖော်ဝါရီလ အတွင်းက တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့် အမှုဖြစ်စဉ်မှ လက်ဗွေရာများကို ရရှိလာသဖြင့် ကျူးလွန်ခဲ့သူများကို ဆက်စပ်ရှာဖွေ ဖော်ထုတ်စစ်ဆေးနေပြီဖြစ်ကြောင်း ဇွန် ၂၉ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဇဟားကျေးရွာ ချောင်းတံတားအောက် အနောက်ဘက် ကမ်းစပ်အနီးတွင် ပီနံအိတ် အဖြူရောင်ဖြင့် ထည့်ထားသော ခေါင်းပြတ်ခန္ဓာကိုယ်အား တွေ့ရှိခဲ့ရပြီး စစ်ဆေးရာမှတစ်ဆင့် ဦးခေါင်းအား ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂/၁၃၈ ရှိလမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းအား တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်း စစ်ချက်အရ သိရသည်။

ဖြူးမြို့နယ် ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဒီအမှုကိုတော့ CID က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေတယ်။ အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကတော့ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်နဲ့ အခင်းဖြစ်စဉ် အနီးကနေ လက်ဗွေရာတွေကို စစ်ဆေးရရှိ နေပါပြီ။ အဲ့ဒီ လက်ဗွေရာတွေကို လ.၀.က ဌာနနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟုဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သူ မဟုတ်ကြောင်းနှင့် တခြားတစ်နေရာမှ လာရောက်စွန့်ပစ်သွားခြင်း ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးမြ၀င်းက ပြောကြားခဲ့သည်။ ဖြူးရဲစခန်းမှ(ပ) ၃၆/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂  ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်၊ ခြံ၊ မြေ ဈေးကစားသူများကြောင့် စီမံကိန်း နေရာများ မထုတ်ပြန်ရဲဟု သမ္မတရုံးဝန်ကြီးဆို


နေပြည်တော်၊ ဇွန် ၂၉

ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

စက်မှုဇုန် စီမံကိန်း၊ အိမ်ရာစီမံကိန်း၊ လေဆိပ် စီမံကိန်းစသည့် စီမံကိန်း သတင်းများကြောင့် ယင်းစီမံကိန်း ဧရိယာဝန်းကျင် အနီးရှိ မြေယာဈေးများ အဆမတန် မြင့်တက်သွားလေ့ ရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များမှာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် အစိုးရစီမံကိန်း ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမြဲတမ်း ဖြစ်ပေါ်လေ့ ရှိသဖြင့် အစိုးရ စီမံကိန်းများကို အမှန်အတိုင်း မကြေညာဝံ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

“စီမံကိန်းက တောင်မှာလုပ်မယ်ဆို မြောက်လို့ ပြောနေရတယ်။ ခု ဒလဆိုလည်းကြည့် မြေဈေးတွေ အဆမတန် တက်ကုန်တယ်။ အဲဒါကြောင့် စီမံကိန်း နေရာကို အမှန်အတိုင်း မပြောရဲတော့ဘူး” ဟု ဦးစိုးသိမ်းက ဆိုသည်။

လတ်တလော ကာလတွင် ညောင်တုန်းမြို့ အနီးတစ်ဝိုက် စက်မှုဇုန် တည်ထောင်မည်ဆိုသည့် သတင်းများကြောင့် မြေဈေးများ မြင့်တက်နေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံပွဲတွင် ထောက်ပြခဲ့သည်။

ညောင်တုန်းမြို့တွင် ဘဏ်ခွဲသစ်နှစ်ခု လတ်တလော ဖွင့်လှစ်ခဲ့ပြီး စက်မှုဇုန်သစ်တစ်ခု တည်ထောင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း အဆိုပါ သတင်းထောက်က ပြောကြားခဲ့ကာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဆိုပါ သတင်းများ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

“လောလောဆယ်တော့ ညောင်တုန်းမှာ စက်မှုဇုန် စီမံကိန်း မရှိသေးပါဘူး။ အဲဒီကိစ္စ ကျွန်တော်တို့ ဘာမှပြောထားတာ မရှိဘူး” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့သစ်စီမံကိန်း စတင်မည်ဆိုသည့် သတင်းများနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒလမြို့နှင့် ယင်းမြို့ အနီးရှိ မြေယာ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့သည်။

ဆိုင်ကယ် အန္တရာယ်


ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ဆိုင်ကယ်တိုက်မှုဟာ ကျွန်တော့်ရှေ့မှာ ဖြစ်သွားခဲ့တာပါ။ မနေ့ည ၇ နာရီကျော်မှာ ရုံးကနေ ကိုယ်တိုင်ကားမောင်းပြီး ပြန်လာခဲ့ပါတယ်။ သပြေကုန်း အဝိုင်း ကျော်လာတော့ ကျွန်တော့်ကားကို လမ်းလယ် မျဉ်းဝါတိုင်း ကပ်ပြီး အရှိန်ပြင်းပြင်းမောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကျော်တက်သွားပါတယ်။

ဆိုင်ကယ်ပေါ်မှာ ဂျင်းဘောင်ဘီနဲ့ လူငယ်နှစ်ဦးပါသွားပါတယ်။ ဦးထုတ် မပါဘူး။ ရှေ့က လမ်းဆုံမီးပွိုင့်က မီးစိမ်းနေပါတယ်။ သံဃာတော်တစ်ပါး နောက်က ထိုင်နေတဲ့ ဆိုင်ကယ်က ဘယ်ဘက်ကို ကွေ့ဖို့ အတွက် အချက်ပြမီးဖွင့်ပြီး ရပ်ထားတယ်။

လူငယ်နှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က အဲဒီဆိုင်ကယ်ကို ကျော်လိုက်တဲ့အချိန်မှာ ချိတ်မိ ပြီး ဘယ်ဘက်ကို ထွက်သွားရင်း တစ်ဖက်က မီးစီမ်းလို့ မောင်းလာတဲ့ ယာဉ် ဘယ်ဘက်အခြမ်းကို ၀င်တိုက်မိသွားပါတယ်။ ရပ်ထားတဲ့ဆိုင်ကယ်ပေါ်က မောင်းသူနဲ့ လိုက်တာတဲ့ ဦးဇင်းကတော့ လမ်းပေါ်လွင့်သွားပေမယ့် နည်းနည်းပဲ ပွန်းပဲ့သွားပါတယ်။ ဆိုင်ကယ်ဝင်တိုက်တာခံလိုက်ရတဲ့ ကားပေါ်မှာ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ဦးပါ ပါတယ်။ သူတို့လည်းအတော်တုန်လှုပ်သွားပါတယ်။

ကျွန်တော်ပဲ ယာဉ်ထိန်းခေါ်ဖို့ စီစဉ်ပေးခဲ့ပြီး အချိတ်ခံရတဲ့ဆိုင်ကယ်ပေါ်ကလူကိုလည်း ရောက်လာတဲ့ ယာဉ်ထိန်းရဲကို အခြေအနေရှင်းပြဖို့ အကူအညီတောင်းခဲ့ရပါတယ်။ ဒဏ်ရာရတဲ့နောက်တစ်ယောက် ကတော့ ကျန်ပြည်သူများက ကူညီပြီးဆေးရုံပို့ပေးခဲ့ရပါတယ်။

ဒီနေ့မနက်ရုံးကို ထွက်လာတော့ ပုံမှာ ပါတဲ့အတိုင်း ဆိုင်ကယ်တွေက လမ်းလယ်မှာ အပြည့်တက်မောင်းနေတာတွေ့ရပါတယ်။ ဒါက အမြဲတမ်း ကြုံနေရတဲ့အခြေအနေပါ ။တကယ်တော့ ဆိုင်ကယ်နဲ့ ထွေလာဂျီလို ယာဉ်များဟာ လမ်းညာဘက် ကွန်ကရစ် လမ်းဘက်က မောင်းဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်ထိန်းရဲနဲ့ ဝေးပြီဆိုတာနဲ့ မြင်တဲ့အတိုင်း လမ်းပေါ်၊ လမ်းလယ် အပြည့်တက်ပြီး မောင်းတော့တာပါပဲ။ ဒါ့ကြောင့် ငါတို့ပဲ ညာဘက်ဆင်းမောင်းပေးရင် ကောင်းမလားလို့တောင်စဉ်းစားမိပါတယ်။

စည်းမဲ့ကမ်းမဲ့မောင်းနေတဲ့ ဆိုင်ကယ်တွေဟာ ပြဿနာတစ်ခုပါ ညဘက်ဆိုရင် ကျွန်တော်တို့ ရုံးတွေဘက်မှာ လမ်းပြောင်းပြန်မောင်းတဲ့ဆိုင်ကယ်၊ မီးမပါဘဲ မောင်းတဲ့ဆိုင်ကယ်တွေကို ရှောင် မောင်းနေရပါတယ်။ တစ်ခါကတော့ ရွဲ့ပြီး ကားကို ရပ်ပေးထားတော့ ဆိုင်ကယ်ဆရာသမားက ××× ပဲ လမ်းအကျယ်ကြီး၊ မမောင်းတတ်ဘူးလားဆိုပြီး ဆဲသွားပါသေးတယ်။

ဆိုင်ကယ်တွေဟာ နေပြည်တော်နေပြည်သူများအတွက်အရေးပါတဲ့ပို့ဆောင်ရေး ယာဉ်ပါ။ ဒါပေမယ့် စည်းကမ်းနဲ့ ဖြေးဖြေးအေးအေးမောင်းကြရင် အားလုံး အတွက် အန္တရာယ်ကင်းမှာပါ။ အခုတော့ ကားက ဆိုင်ကယ်ကို ပြန်ရှောင်နေရတဲ့အခြေ အနေရောက်နေပါပြီ။

ဆိုင်ကယ်တိုက်ထားတဲ့ပုံက ကျွန်တော်ရိုက်လာခဲ့တာပါ။ ဒီလိုပုံမျိုးကို မတင်ချင်ပါ ဘူး။ သို့သော်ဆိုင်ကယ်မောင်းသူများ မြင်ရင် ပိုပြီး သတိထားနိုင်စေဖို့ အတွက် တင်ပေးလိုက်တာဖြစ်ပါတယ်။



ဦးရဲထွဋ် (ပြန်ကြားရေး ဒုဝန်ကြီး) - facebook

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို


ဒိုင်တွေက အနိုင် ရသူကို လူမှားပြီး ကြေညာ မိရာ ကနေ ဒုတိယ ရတဲ့ သူက အလှ ဘုရင်မ သရဖူ ရရှိ ခဲ့သူကို ဝင်ပြီး နပန်း လုံးခဲ့ တာပါ။ BBC Burmese - ၂၉.၀၆.၂၀၁၃ (စနေနေ့)


ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း


ဆန်တီယာဂို ဇွန်   ၂၈
ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း  သူမမျက်နှာ ပေါ်တွင်  သွေးမျက်ရည်များ စီးကျလာကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင်  ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား ထားသည်။

သို့ရာတွင် သွေးယိုစိမ့်မှုကြောင့် မျက်လုံးအိမ် အတွင်း နာကျင်မှု ဝေဒနာကို သက်သာ စေရန်အတွက် မျက်စဉ်းဆေး တစ်မျိုးကို အသုံးပြုရန် ဆရာဝန်များက ညွှန်ကြား ပြသခဲ့သည့် အတွက် ယခုအခါတွင် သက်သာလာပြီ ဖြစ်ကြောင်း ဟာရစ်တ်ဇာက ပြောကြား ခဲ့သည်ဟု သိရသည်။

ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို မူးယစ်ဆေးမှု စစ်ဆေး


ရန်ကုန်- အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်ဟု မူးယစ်တရားခံများက ထုတ်ဖော်ဝန်ခံသောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို နေပြည်တော်မှ ရဲမှူးကြီး ကိုယ်တိုင်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပျော်ဘွယ်နှင့် သာစည်မြို့နယ်များမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲ သူများကို မန္တလေးတိုင်းတောင်ပိုင်း မူးယစ်အဖွဲ့အထူးတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာမှ တရားခံများက ထုတ်ဖော်သောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိသုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးကြီးအောင်မြတ်မိုးကိုယ်တိုင် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့နယ်ထွေ/ အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရဲစခန်းရော သံသယရှိတဲ့ အိမ်တွေကို ပါဝင်ပြီး ရှာဖွေပါတယ်။ ရဲမှူးကြီးနဲ့ အတူ ရဲတပ်ရင်းတစ်ရင်းပါပါလာတယ်။ အရာရှိ သုံးယောက်ကိုလည်း ရဲမှူးကြီး ကိုယ်တိုင်စစ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူစစ်ဆေးနေသော ရဲအရာရှိ သုံးယောက်မှာ ပျော်ဘွယ်မြို့နယ်ရဲစခန်း ဒုရဲအုပ် အောင်မြတ်ဦး၊ မြို့နယ်သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် နီနီလင်းနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်းမင်းထွန်းတို့ဖြစ်သည်။

မူးယစ်ဆေ၀ါး၊လက်နက်နှင့် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များ သယ်ဆောင်ရောင်းဝယ်မှုတွင် ရဲအရာရှိများပါဝင်ပတ်သက်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့်တမူးခရိုင်များတွင် ဇွန် ၁၅ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကတိုက်ရိုက်စစ်ဆေးအရေးယူခဲ့သည်။ သတင်းပေးတိုင်ကြားသော ဒေသများသို့လည်းရှောင်တခင် စစ်ဆေးအရေးယူနိုင်ရန် ရဲအရာရှိအင်အား တစ်ရာခန့်ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပျော်ဘွယ်မြို့နယ် ရဲအရာရှိများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရေးယူစစ်ဆေးနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး ပြဿနာများတွင် အုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျှုရှုထားသည်ဟု ထင်မြင်ကြောင်း ပြောဆိုပြီးနောက် နေပြည်တော်မှ ဒုတိယအကြိမ်မြောက် အရေးယူခြင်းဖြစ်သည်။ မေ ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ကော်မတီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

7Day News Journal

ကျောက်ဆည်တွင် ဆိုင်ကယ်ဦးထုပ်ဖမ်းရာမှ ဘိန်းမဲများဖမ်းမိ


(28-6-2013)ရက်နေ့ မနက်(၉း၃၀)အချိန် ကျောက်ဆည်မြို့ ၀င်းသူဇာအနီး မီးပွိုင့်တွင် ဆိုင်ကယ်ဦးထုပ်များ ဖမ်းဆီးရာတွင် ထွက်ပြေး မောင်းနှင်ရန် ကြိုးစားသူ တစ်ဦးအား တားဆီးရာ မသင်္ကာစရာ အထုပ်များ တွေ့သဖြင့် ရှာဖွေရန် ပြုလုပ်စဉ် ထွက်ပြေး သွားသဖြင့် ၀ိုင်းဝန်း ဖမ်းဆီး၍ ရှာဖွေရာ လူနှင့် ဆိုင်ကယ်ပေါ်မှ ဘိန်းမဲ(၂၂)ပိသာ ဖမ်းဆီး ရမိခဲ့ပါတယ်။ သယ်ဆောင်လာသူမှာ အသက်(၃၅)နှစ်ခန့်ရှိပြီး ရှမ်းပြည် တောင်ပိုင်း မိုးဗြဲမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး ဖားကန့်သို့ သွားရောက်ရန် ဖြစ်ကြောင်း စစ်ဆေးချက် အရသိရှိရ ပါသည်။

Myanmar News Now

ဖန်ပြားနဲ့ထုပြီးဖိနပ်နဲ့အရိုက်ခံရတဲ့ ကလေးငယ် ဥပဒေအတိုင်း ဖြစ်ချင်လို့ တရားရုံးတိုင်ကြား

ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ ပျံကျဈေးတွင်(၂၁.၆.၂၀၁၃)နံနက်(၈)နာရီ
တွင် စည်ပင်သာယာ လေလံချထားသော စက်ဘီးအပ် စခန်းစောင့် လုပ်သား ကလေးငယ်တစ်ဦးအား ပျံကျဈေးသည် အမျိုးသမီးမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ(၂၁.၆.၂၀၁၃)၊ နံနက်(၈)နာရီ အချိန်တွင် စက်ဘီးအပ်စခန်းသို့ စက်ဘီးတစ်စီး လာရောက်
အပ်နှံရာ စက်ဘီးအပ် စခန်းနောက်တွင်ရှိသော ပျံကျဈေးဆိုင်ခန်း မှ အမျိုးသမီးက ၎င်းတို့ဆိုင်နှင့်မလွတ်ဟုဆို၍ စက်ဘီး စခန်းစောင့် ကလေးလုပ်သား (မောင်အောင်ရဲထွန်း)ကို ရွှေ့ခိုင်းခဲ့သည်။

မောင်အောင်ရဲထွန်းမှာ ခြေတစ်ဘက်မသန်စွမ်းသူ ဖြစ်နေသဖြင့် ၎င်းမရွှေ့ပေးနိုင်ကြောင်း ပြောသဖြင့်ပျံကျဈေးဆိုင် အမျိုးသမီးမှ ကလေးငယ်၏ ပါးကိုလက်ဖြင့် လာရောက်ရိုက်နှက်ခဲ့သည်။

အရိုက်ခံရသော ကလေးငယ်မှ ဈေးတာဝန်ခံနှင့် တိုင်ကြားမည်ဟု အော်ဟစ် ပြန်လည် ပြောဆိုသဖြင့် အမျိုးသမီးမှ ဖိနပ်ချွတ်၍ ကလေးငယ်၏ ပါးကို အချက်ပေါင်းများစွာ ရိုက်ပြီး ကလေး လဲကျသွားသော အခါသူမ၏ ခန္ဓာကိုယ်ဖြင့် အပေါ်မှဖိ၍ အနီးအနားရှိ ခုံပေါ်မှ ပိုက်ဆံဖိသော ဖန်ပြားဖြင့်ကလေးခေါင်း ကိုထုရိုက်ခဲ့ရာ ဦးခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိခဲ့ရသည်။

မောင်အောင်ရဲထွန်းမှ နီးစပ်ရာ ဈေးတာဝန်ခံရုံးမှ တဆင့် ရေကင်းရုံးသို့တိုင်ကြားခဲ့သဖြင့် ရေကင်း တာဝန်ကျသူများက အိမ်မဲမြို့ ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ပြီး ၎င်းဖြစ်ပွားသော အမှုမှာ ရဲအရေးမပိုင်သဖြင့်တရားရုံးသို့ ဦးတိုက်လျှောက်ထား စေခဲ့သည်။

အရိုက်ခံရသော ကလေးငယ်မှာ ဦးခေါင်းပေါက်ပြဲခြင်းနှင့် ခန္ဓာကိုယ် အနှံ့ရထားသော ဒဏ်ရာများကြောင့် အိမ်မဲမြို့ ပြည်သူဆေးရုံတွင် (၃)ရက် တက်ရောက် ကုသခဲ့ရကြောင်း၊ အဆိုပါ ကလေးငယ်မှာ အသက်(၁၄)နှစ်သာ ရှိသေးကြောင်း သိခဲ့ရသည်။

မောင်အောင်ရဲထွန်းအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ “သားအခုလို ဒဏ်ရာရလို့ဆေးရုံတက်ရတာကို ရိုက်တဲ့အမကြီးကည ဒဏ်ရာ မဖြစ်စလောက်လေးနဲ့လျှော်ကြေးလိုချင်လို့ဆိုပြီးပြောတယ်။ သားကိုသူတို့ဘာပေးပေး မလိုချင်ပါဘူး ဥပဒေအတိုင်းဘဲ ဆောင်ရွက်ပေးတာဘဲ သားလိုချင်ပါတယ်။“ဟုပြောကြားခဲ့သည်။

မောင်အောင်ရဲထွန်း အိမ်မဲမြို့ တရားရုံးသို့ ဦးတိုက်တိုင်ကြား လျှောက်ထားသော အမှုကို(၂၄.၆.၂၀၁၃)တွင် တရားရုံးမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ၊ လျှောက်ထားခံရသူများ လာရောက်ခြင်း မရှိတဲ့အတွက်(၈.၇.၂၀၁၃)နေ့တွင် ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့ကြောင်းနှင့် (၂၉.၆.၂၀၁၃)တွင် အဆိုပါ ကလေးအားသူ့၏အမှုနှင့် ပတ်သတ်၍ တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါအမှုမှာ ဟိုလှည့် ဒီလှည့်နှင့် ပြီးဆုံးသွားမှာဖြစ်ကြောင်း အရပ်ထဲတွင် ပြောဆိုနေကြသဖြင့် ဥပဒေအတိုင်း ဖြစ်စေချင်သော ကလေးငယ်မှာ စိတ်အားငယ်မှု ဖြစ်နေကြောင်း သိခဲ့ရသည်။

ဇော်လင်းထွေး

by Myanmar News Now

စတုတ္ထတန်း ကျောင်းသူကို ကြိုးတုပ်ရိုက်နှက်သူ ကလေးသူငယ် ဆိုင်ရာ ကော်မတီ အမှုဖွင့်

အသက် ကိုးနှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးကို ၎င်း၏ အစ်မဝမ်းကွဲ တော်စပ်သူ (အသက် ၃၅ နှစ်အရွယ်) ဒေါ်မိုးဇာဇာက တိုင်တွင်ကြိုးတုပ်၍ ရိုက်နှက် ဆုံးမသဖြင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဇွန်လ ၂၇ ရက်နေ့က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

လှိုင်မြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ရိုက်နှက်ခံရသည့် ကျောင်းသူသည် စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။

ဇွန်၂၇ ရက်နေ့က ၎င်းမှာနေမကောင်း ဖြစ်နေ၍ ဆရာမက မေးမြန်း ကြည့်ရှုရာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်ထားသည့် အညိုအမဲ ဒဏ်ရာများ တွေ့ရှိသဖြင့် ဆက်လက်မေးမြန်းရာ ဇွန်လ ၂၆ ရက်နေ့က ကျောင်းပြန် နောက်ကျသည်ဟုဆိုကာ ဒေါ်မိုးဇာဇာက နေအိမ်ရှိ အလယ်တိုင်ကို ဖက်ခိုင်း၍ လက်နှစ်ဖက်ကို ကြိုးချည်ပြီး တံမြက်စည်းဖြင့် ရိုက်နှက်ကြောင်း၊ ယင်း အပြင် လက်သီးနှင့်လည်း ထိုးကြောင်း အဆိုပါ ကျောင်းသူက ပြောကြားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ရိုက်နှက်ဆုံးမမှုကို စမ်းချောင်း အထက (၂) ကျောင်းက လှိုင်မြို့နယ် (၇) ရက်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားခဲ့ကြောင်း၊ ယင်းကြောင့် ရိုက်နှက်ဆုံးမသူ ဒေါ်မိုးဇာဇာကို ကလေးသူငယ်ဆိုင်ရာ ကော်မတီက စေတနာ လူမှုဝန်ထမ်း အရာရှိနှင့် ရပ်ကွက် အမျိုးသမီးရေးရာ ကော်မတီဝင်များရှေ့တွင် မေးမြန်းရာ ရိုက်နှက်ဆုံးမမိသည်ဟု ဝန်ခံခဲ့ကြောင်း၊ ကလေးသည် ငွေများ နှိုက်ယူ သုံးစွဲတတ်ခြင်းကြောင့် အကျင့်စာရိတ္တ ကောင်းမွန်စေရန်အတွက် ဆုံးမရခြင်း ဖြစ်သည်ဟု ဒေါ်မိုးဇာဇာက ပြောကြားကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ရိုက်နှက်ဆုံးမမှုကြောင့် ထိုကျောင်းသူတွင် မျက်လုံးအောက် ညိုမဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲနှင့် ဝဲ/ယာ ပခုံး၊ လက်ခုံ၊ ဒူးဖူးနှင့် တင်ပါးတို့တွင် ညိုမဲဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာ အဖြစ် တက်ရောက် ကုသခဲ့ရကြောင်း ကလေးသူငယ်ဆိုင်ရာ ကော်မတီ အရာရှိက ပြောကြားသည်။

ယင်းကလေးငယ်၏ မိဘများသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြပြီး ၎င်းဖခင်၏ တူမဖြစ်သူ ဒေါ်မိုးဇာဇာထံတွင် မိဘများက အပ်နှံထားခြင်း ဖြစ်သည်။

အရွယ်မရောက်သေးသည့် ကလေးငယ်ကို ရိုက်နှက်သဖြင့် ဒေါ်မိုးဇာဇာကို ကလေးသူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲစခန်းတွင် မှုခင်းအမှတ်စဉ် (ပ)၂၇၄/၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၂၅/၃၄၂ တို့ဖြင့် ဇွန်လ၂၇ရက်နေ့တွင် အမှုဖွင့်ခဲ့သည်။

The Voice Weekly

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။

ယင်းကဲ့သို့တိုင်တန်းပြီး မိမိရွှေဆိုင်သို့ပြန်လာစဉ် အခြား ဆိုင်တစ်ဆိုင်က ပိုင်ရှင်ဖြစ်သူသည် ပလတ်စတစ်ထိုင်ခုံဖြင့် ထွက်ရိုက် ကာ အရိုက်ခံရသူ ဆွဲထားသော ခုနစ်ပဲသားရှိ ရွှေဆွဲကြိုးကို ဇွန် ၂၂ရက်က လုယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်း၏ ဖော်ပြချက်အရ သိရသည်။

ယင်းဖြစ်စဉ် ကြောင့် ရွှေ ဆိုင်တစ်ဆိုင်မှ အရောင်းစာရေး သုံးဦးသည် အခြားရွှေဆိုင်ပိုင်ရှင် ဖြစ်သူကိုဝိုင်းချုပ်ကာ ဘယ်လက် တွင်ဝတ်ဆင်ထားသော တစ်ကျပ် သားဟန်းချိန်းကိုလုယူ၍ ရိုက် နှက်နေစဉ် အမည်မသိ အမျိုး သား ၂၅ဦး တို့က ယင်းရွှေဆိုင်ပိုင် ရှင်ကို ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင် တွင်းမှ ရွှေထည်ပစ္စည်းများကို ယူသွားခဲ့သည်။

ယင်းဖြစ်စဉ် ကြောင့် အဆိုပါဆိုင်မှ ကျပ်သိန်း ၃ဝခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပျောက်ဆုံးခဲ့ကြောင်းသိရ သည်။ သာကေတမြို့နယ် အမှတ် (၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ''လက်ရှိအထိတော့ အမှုဖွင့် ထားတုန်း ပဲရှိသေး တယ်။ ဆက် လက်စုံစမ်းစစ်ဆေးနေပါတယ်။ သတင်းအချက်အလက် သေချာ သိချင်ရင်တော့ ရဲတပ်ဖွဲ့ကွပ်ကဲ ရေးရုံးကိုပဲ စုံစမ်းပါ''ဟု ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းမ်သတင်းစာ ၏မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။ ယင်းနှင့် ပတ်သက် ၍ သာ ကေတမြို့နယ်ရဲစခန်းက ပြစ်မှု ပုဒ်မ-၃၂၅/၃၈၂/၁၁၄ဖြင့် အမှု ဖွင့်ထားကာ စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

ဝေဝေနှင်း

Yangon Times Daily

မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ ရိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

မုံရွာ ၊ ဇွန် ၂၆

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်၊ ကျောက္ကာလမ်းရှိ ရွှေမင်းသမီးအမျိုးသမီးဘော်ဒါဆောင်ရှေ့တွင် ယခုလ (၂၅)ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ဂစ်တာတီးခတ်နေသော ကျောင်းသားလူငယ်တစ်စုနှင့် ဆိုင်ကယ်စီးနင်း လာသော လူငယ်အုပ်စု တစ်အုပ်စုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မှ လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲဌာနပိုင်မှတ်တမ်းများမှ ဖော်ပြထားကြောင်း သိရှိရသည်။

အဆိုပါ မှတ်တမ်းများတွင် သလ္လာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းရှိမောင်အောင်မျိုး၊ မောင်ထွန်းလင်း အောင်၊ မောင်ဇော်ဖြိုးအောင်၊ မောင်ဇင်မင်းအောင်၊ မောင်အောင်ဝိုင်းချစ်သူ၊ မောင်ဝေဖြိုး၊ မောင်ရဲရင့်အောင်(ခ) ဖိုးခွား ဆိုသူ သူငယ်ချင်းတစ်စုမှ ၎င်း အဆောင်ရှေ့တွင် ၀ိုင်းဖွဲ့၍ ဂီတာတီးနေစဉ် ဆိုင်ကယ်လေးစီးနှင့် အမည်မ သိလူဆယ်ယောက်ခန့် ရောက်ရှိလာပြီး စကားများရန်ဖြစ်ရာမှ လူဆယ်ဦးခန့်က အသင့်ယူဆောင်လာသော သစ် သားချောင်းများဖြင့် ရိုက်နှက်သတ်ပုတ်ရာ ဂီတာတီးနေသူများအနက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်း ဖြစ်စဉ်တွင် သေဆုံးသူမှာ မုံရွာ စီးပွားရေ တက္ကသိုလ်ကျောင်း၌ စာရင်းအင်းဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ်တန်းခွဲတွင်ပညာသင်းယူနေသူ မောင်အောင်ဝိုင်းချစ်သူ အသက်(၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော်မြို့နယ်၊ မော်သစ်ကျေးရွာအုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူတစ်ဦးလည်းဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသားမှတ်တမ်းထိန်း စာ ရင်းများက ဖော်ပြထားသည်။

“ မောင်ရန်ပိုင်ထွန်း နဲ့ မောင်ရဲရင့်အောင် ဆိုသူနှစ်ယောက်ကတော့ ပွန်းပဲ့နာကျင်ဒဏ်ရာများပဲ ရရှိခဲ့ပါတယ်” ဟု ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသူ အကြီးတန်းရဲအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူက ရိုက်နှက်သတ်ပုတ်ခဲ့သည်ကို စုံစမ်းဆောင်ရွက်နိုင်ရန်အ တွက် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင်ထွန်းမှ မုံရွာအမှတ်(၂)ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုရေးဖွင့်လက္ခံခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး ချင်းတွင်း (ဖေ့စ်ဘုတ်)

Myanmar News Now

ယာဉ်လိုင်းများပေါ်တွင် သောင်းကျန်းနေသည့် ခါးပိုက်နှိုက်များအား ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်ကား မှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှ ဆင်းလာသူ ခါးပိုက်နှိုက်မှတ်တမ်းဝင် မြင့်ဦး(ခ)စိုးမြင့်
(ခ)ဂျပန်ကြီး၊ (ဘ)ဦးမောင်ချစ်၊ ကဒုံးစီးရပ်ကွက်၊ ပေါင်မြို့ နေသူအား စစ်ဆေးရှာဖွေရာ ၎င်းသည် အမှတ်၄၃ လိုင်းယာဉ်အား အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ လိုက်ပါစီးနင်းခဲ့ပြီး
ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ GFIVE အမျိုးအစား ဟန်းဆက် ၁ လုံးနှင့် ငွေကျပ် ၉၂၀၀ကျပ် အားနှိုက်ယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သိမ်းဆည်း ရမိသဖြင့်
မြင့်ဦး(ခ)စိုးမြင့် (ခ)ဂျပန်ကြီးအား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၁၅/၂၀၁၃ ၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိပါသည်။

အလားတူ ၀၄၃၀ အချိန် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်မှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှဆင်းလာသူ ခါးပိုက်နှိုက် မှတ်တမ်းဝင်များ ဖြစ်သည့် လှိုင်သာယာမြို့နယ် နေသူများဖြစ်ကြသော ဌေးမောင်မောင်၊(ဘ)ဦးမောင်အေး၊ (၅)ရပ်ကွက်၊ ချစ်လွန်း၊ (ဘ)ဦးလှဘော်၊(၁၉)ရပ်ကွက်၊ သန့်ဇင်ဦး(ခ)ပေါက်စီ ၊ (ဘ)ဦးလှဦး၊ (၁၉) ရက်ကွက်နှင့်ရဲဝင်းကို၊ (ဘ)ဦးမြင့်ကို၊ (၁၉)ရပ်ကွက် တို့(၄)ဦးအား စစ်ဆေးရှာဖွေရာ ၎င်းတို့သည့် အမှတ်(၄၃)လိုင်းယာဉ်အား သမိုင်းလမ်းဆုံ မှတ်တိုင်မှ စီးနင်းလိုက်ပါခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်း မှငွေ ၁၅၄၀၀ကျပ်
အား ၎င်းတို့၏ ဘေးလွယ်အိတ်များဖြင့် အကာအကွယ် ပြုလုပ်ကာ ဇစ်ဖွင့်နှိုက်ယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့် ဌေးမောင်မောင်၊ ချစ်လွန်း၊သန့်ဇင်ဦးနှင့် ရဲဝင်းကိုတို့အား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၁၆/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားပါသည်။

Myanmar News Now

သရုပ်ဆောင် ဘုန်းလျှံ အား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိ


ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း နှင့် သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊ ကျောက်တံတားမြို့နယ် နေသူတို့နှစ်ဦး အားတွေ့ရပြီး မူးယစ်ဆေးဝါး များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သရုပ်ဆောင် ဘုန်းလျှံ တည်းခို နေထိုင်သည့် အခန်း ခုတင်ခေါင်းရင်း ယာဘက်ဘေး ကြမ်းပြင်ပေါ်မှ ခရီးဆောင် လက်ဆွဲအိတ် အတွင်း၌ Red Ruby စီးကရက်ဘူး အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့် ကပ်လျက် တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ် ဖမ်းဆီးရမိခဲ့သည်။

၎င်းအပြင် စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိ ဖမ်းဆီးရမိသဖြင့် ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

Myanmar News Now

၅၀၀၀/-ကျပ်တန်ငွေစက္ကူအတုနှင့်အစစ်တို့အား အလွယ်တကူ နှိုင်းယှဉ်ခွဲခြားသိရှိနိုင်သော အချက်အလက်များ

၅၀၀၀/-ကျပ်တန်ငွေစက္ကူအတုနှင့်အစစ်တို့အား အလွယ်တကူ နှိုင်းယှဉ်ခွဲခြားသိရှိနိုင်သော အချက်အလက်များ


Central Bank of Myanmar

ဇာတ်ကား တစ်ကားတည်းကို ဒါရိုက်တာ ၃ ဦး ပေါင်းပြီး ရိုက်ကူးမည်

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာဝိုင်းနဲ့ ဒါရိုက်တာ နေနော်တို့ ၃ယောက် ပေါင်းပြီး နေနော်ရဲ့ “လမ်းလျှောက်သူများ” ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင် ဇာတ်ကား အဖြစ် ဖန်တီးဖို့စီ စဉ်နေတယ်လို့ သိရပါတယ်။ ဇာတ်ကောင် ၃ ခုဖြစ်တာကြောင့် ဒါရိုက်တာ ၃ဦး ရိုက်ကူးမှာဖြစ်ပြီး ဘယ်ဇာတ်ကောင်ကို ရိုက်မလဲ ဆိုတာ ကိုတော့ မဲခွဲပြီး ဆုံးဖြတ် မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါရိုက်တာ ၃ဦး ရိုက်ကူးမယ့် အပေါ် နေနော်က “သူက ဇာတ်ကောင် ၃ ခုရဲ့ဘဝကို ပြတာပေါ့။ တစ်ယောက် ကဆရာဝန်၊ ဒါပေမဲ့ ဆရာဝန် အလုပ်ကို မယုံကြည်တော့ဘဲ မူလတန်းပြ ဆရာလေးလုပ်ပြီး အရက် သမား ဖြစ်သွားတဲ့ တစ်ယောက်ရှိတယ်။ တစ်ယောက်က ဘုန်းကြီး ကျောင်း သား ကနေ သူဌေးဖြစ်သွားတဲ့ တစ်ယောက် ရှိတယ်။ နောက် တစ်ယောက် က မန္တလေးမှာ ဆိုင်ကယ် ကယ်ရီ လိုက် မောင်းတဲ့ ကောင်မလေး။ သူတို့ ၃ယောက် စလုံးက ပတ်သက် နေ တယ်။ ဒါရိုက်တာ တစ်ယောက်တည်း ရိုက်ရင်လည်း ကောင်းမှာ မဟုတ်ဘူး။ အဲဒါကို ရိုက်ဖို့ပြောတာ တော်တော် များများ ရှိတယ်။ ကျွန်တော် တစ်ယောက်တည်း ရိုက်လည်း နိုင်မှာ မဟုတ်ဘူး။ ဇာတ် ရုပ် ၃ခုပြ ရမှာဆိုတော့ တစ်ယောက် ချင်းစီမှာ ဒါရိုက်တာ တစ်ယောက် ဆီက စိတ်ကြိုက် ဘာလုပ်မလဲပေါ့။

ဇာတ်ညွှန်း ကတော့ ကျွန်တော် ရေး ပေးမှာပါ။ သရုပ်ဆောင်တွေ ကတော့ ဘယ်သူဖြစ်ဦးမလဲ မသိ ဘူး။ စီစဉ်နေတုန်းပဲ ဆိုတော့ တရားဝင်တော့ ပြော လို့ မရသေးပါ ဘူး။ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ဦးမျိုးမင်း ကတော့ ပရိုဂျူဆာ ရှာနေပါတယ်” လို့ပြောပြပါတယ်။ လတ်တလောမှာ စာပေဘက် မှာရော၊ ရုပ်ရှင် ဘက်မှာပါ ပရိသတ် စိတ်ဝင်စားမှု တော်တော် လျော့ကျနေ တဲ့ အတွက် ဘာလုပ်လို့ လုပ်ရမှန်း မသိပေမယ့် စာရေးဆရာ၊ ဒါရိုက်တာ နေနော် ကတော့နောက်ဆုံး ထွက်သက် အထိ အနုပညာနဲ့ပဲ အသက် ရှင်ချင်ကြောင်း ပြောပြီး ကံဇာတာ မပေးရင်တော့ တခြား စီးပွားရေး ကို ပြောင်း ရတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

သထုံ ကွန်ပျူတာ တက္ကသိုလ်တွင် Ubuntu operation system အကြောင်း ရှင်းလင်းပွဲ ပြုလုပ်

သထုံ ဇွန် ၂၈

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ သထုံ ကွန်ပျုတာ တက္ကသိုလ်၏ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက့် Ubuntu Operation System နှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က သထုံ ကွန်ပျူတာ တက္ကသိုလ်  ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် သထုံ ကွန်ပျူတာ တက္ကသိုလ် ကျောင်း အုပ်ကြီး ဒေါက်တာ ဝင်းဌေးက အမှာစကား ပြောကြားပြီး Ubuntu Operation System မှ အဖွဲ့ခေါင်းဆောင် ဦးကိုကိုရဲနှင့် အဖွဲ့ဝင်များက Ubuntu Operation System အကြောင်း မိတ်ဆက်၍ အသေးစိတ် ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသူများ၏ သိလိုသည်များကို ရှင်းလင်း ဖြေကြားခဲ့သည်။

နေပြည်တော်က အဆင့်မြင့်ပညာရေး ဆွေးနွေးပွဲ NLD ဥက္ကဋ္ဌ တက်ရောက်

နေပြည်တော်မှာ ကျင်းပတဲ့ Empowering Higher Education ဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားပါတယ်။



 ဓာတ်ပုံ- NLD

ပညာရေး စနစ်၊ ပညာရေးကဏ္ဍဟာ နိုင်ငံတနိုင်ငံအတွက်သာမက ဘယ်နိုင်ငံအတွက်ပါမဆို အလွန် အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတယ်လို့ သိရပါတယ်။

သင်္ဂဟ ဟိုတယ်မှာ ဒီမနက်ပိုင်းက စတင်ကာ အဆင့်မြင့်ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ကျင်းပရာ မှာ ပညာရေး ၀န်ကြီးဌာနက ဒေါက်တာ မျိုးမြင့်၊ ဒေါက်တာ ချမ်းငြိမ်းအစရှိတဲ့ ပုဂ္ဂိုလ်တွေ၊ NLD ပါတီ ပညာရေး ကွန်ရက်က ဒေါက်တာ သိန်းလွင်အပါဝအ၀င် အစရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ၊ လူငယ်ကျောင်းသားတွေ၊ ပညာရေး စိတ်ဝင်စားကြ သူတွေ၊ အစိုးရမဟုတ်တဲ့ လူထုအခြေပြု လူ့အဖွဲ့ အစည်းတွေ တက်ရောက်ကြပါတယ်။

အဆိုပါ ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲကို အာရှဖွံ့ဖြိုးရေးဘဏ် - ADB၊ သြစတြေးလျ အကူအညီပေးရေး အဖွဲ့ Australia AID နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ယူနက်စကို UNESCO တို့က အတူပူးပေါင်း လက်တွဲကာ British Council က ကြီးမှုးကျင်းပနေတာဖြစ်ပြီး ယနေ့ ဇွန်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ ၂ ရက်တာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

From: EMG

ပေါက်တော ဘင်္ဂါလီအချင်းချင်း အုပ်စုလိုက်အကြမ်းဖက်မှု နှစ်ဦးသေ

ရန်ကုန်၊ ဇွန် ၂၈

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး အချင်းချင်း လူအုပ်စုလိုက် အကြမ်းဖက်မှု ဇွန်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ထိန်းသိမ်းရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန့်ကပြောကြားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်များအတွက် ယာယီတဲကြီးများ ဆောက်ရန် ကြိမ်နီပြင်ကျေးရွာ ဒုက္ခသည်စခန်း လုပ်သားတာဝန်ခံ ဦးလာလုကို လုပ်သားငှားရမ်းစေရာတွင် အလုပ်မရှိသူများက မကျေနပ်ကြကြောင်း၊ ယင်းအပြင် ဒုက္ခသည်များအတွက် ယာယီတဲ ဆောက်လုပ်သည့်နေရာတွင် အလုပ်မလုပ်ရန် ဘင်္ဂါလီအုပ်စု အချို့က ဟန့်တားမှုများ ရှိခဲ့ကြောင်း ဦးမျိုးသန့်ကဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက အလုပ်သမားခေါင်းဆောင် ဦးလာလုဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည် အချို့ လုပ်သားအခကြေးငွေကိစ္စ မပြေမလည်ဖြစ်ရာမှ ယာယီတဲကြီးများ ဆောက်လုပ်နေသည့် ဦးလာလုနှင့် လုပ်သားများကို လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လူစုကွဲရန် ပစ်ခတ်ထိန်းသိမ်းရာ နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်သည်။
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာ တွင်လည်း ဇွန်လ ၄ ရက်နေ့က ဘင်္ဂါလီဒုက္ခသည် များအတွက် နေအိမ် ဆောက်လုပ်နေမှုကို ပရိန်ကျေးရွာမှ ဘင်္ဂါလီများက ကန့်ကွက်ခဲ့ကြပြီး နေအိမ် ဆောက်လုပ်သူများကို လူအုပ်စုလိုက် အကြမ်းဖက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ထိန်းသိမ်းခဲ့ရာ ဘင်္ဂါလီသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

ဂစ်တာတီး လူငယ်အဖွဲ့ကို ဆိုင်ကယ်စီး လူငယ်အဖွဲ့က ဝင်ရိုက်ရာမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး

မုံရွာမြို့၏ တက္ကသိုလ်ကြီးများသို့ သွားရာ လမ်းမကြီးဖြစ်သော ကျောက္ကာလမ်းမကြီး ဘေးရှိ အမျိုးသမီး ဘော်ဒါဆောင် တစ်ဆောင်ရှေ့တွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်း ၁၀ နာရီ ၃၀ မိနစ်ခန့်က ဂစ်တာထိုင်တီးနေသော လူငယ်အဖွဲ့ကို ဆိုင်ကယ် စီးလာသည့် လူငယ်အဖွဲ့က ဝင်ရိုက်ရာမှ အသက် ၂၁ နှစ်အရွယ် စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံး ခဲ့ကြောင်း မိသားစုဝင်များနှင့် မုံရွာမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သေဆုံးသူသည် အင်းတော်မြို့နယ် မော်သစ်ကျေးရွာအုပ်စု ရွာသာရွာတွင် နေထိုင်ပြီး ညီအစ်ကိုသုံးဦး ရှိသည့်အနက် ဒုတိယသားဖြစ်ကာ တိုင်းရင်းဆေးရုံ လမ်းမဘေးရှိ ပြင်ပဆောင်တွင် နေထိုင်၍ စီးပွားရေးတက္ကသိုလ် တက်နေခြင်း ဖြစ်ကြောင်း၊ သားဖြစ်သူ သေဆုံးခြင်းကို မုံရွာမြို့ပေါ်ရှိ ဆွေမျိုးသားချင်းများက အကြောင်းကြား၍ သိရှိခဲ့ရပြီး ဇွန်လ၂၇ ရက် နေ့နံနက် ၉ နာရီတွင် မုံရွာ မြနန္ဒာသုသာန်တွင် သဂြုင်္ိဟ်ခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။

“ညပိုင်း ၈ နာရီလောက်က ထမင်းစား သွားမယ်ဆိုပြီး ထွက်သွားတာပဲ။ အဆောင်က ကောင်လေး တစ်ယောက်ကိုတော့ ဒီည အဆောင်ပြန်မအိပ်ဘူးလို့ ပြောသွားတယ်၊ ကျွန်မက စာသင်နေတော့ ကျွန်မကို လာမပြောဘူး။ အဲဒီညပိုင်း ၂ နာရီလောက်မှ ရဲအရာရှိတွေ ရောက်လာပြီး မောင်အောင်ဝိုင်း ချစ်သူ ဆုံးပြီဆိုတဲ့ အကြောင်း လာပြောမှ ဆုံးမှန်း သိရတယ်” ဟု သေဆုံးခဲ့သည့် နောက်ဆုံးနှစ် ကျောင်းသား နေထိုင်ခဲ့သည့် အဆောင်ပိုင်ရှင်က ဆိုသည်။

လူငယ်ရှစ်ဦးသည် မုံရွာ စီးပွားရေးတက္ကသိုလ်အနီး ကျောက္ကာ လမ်းမဘေးရှိ ရွှေမင်းသမီး အမျိုးသမီးဆောင် ရှေ့တွင် ဂစ်တာတီးနေစဉ်၊ ဆိုင်ကယ်လေးစီးဖြင့် အမည်မသိ လူ ၁၀ ဦး ရောက်လာပြီး အသင့် ယူဆောင်လာသည့် သစ်သားများဖြင့် ရိုက်နှက်ကြရာ ဂစ်တာတီးနေသူ များအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဘာရန်ငြိုးမှ မရှိဘဲ ဒီလိုအသတ်ခံရတဲ့ သူတွေက တက္ကသိုလ် အနီးအနား ဝန်းကျင်တွေမှာ ဖြစ်နေတာ အရင်က သာဓကတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တုန်းက ဆိုလည်း ညဆိုအပြင် မထွက်ဝံ့ဘူး” ဟု မုံရွာတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးမှာ ယခင်ကာလများ ကလည်း ဖြစ်ခဲ့ဖူးပြီး လွန်ခဲ့သော သုံးလခန့်ကလည်း မုံရွာ စီးပွားရေးတက္ကသိုလ် အနီးတွင် ယခုကဲ့သို့ပင် သစ်ပင်အနောက်မှ ကွယ်၍ ဆိုင်ကယ် စီးသွားသူတစ်ဦး အရိုက်ခံခဲ့ရကြောင်း မုံရွာ စီးပွားရေးတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။

The Voice Weekly

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခနှုန်းထားများ လျှော့ပေးမည်



နေပြည်တော်၊ ဇွန် ၂၈

တစ်မိနစ် ၅၀ကျပ်နှုန်းဖြင့် လက်ရှိ ကောက်ခံနေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချထားပေးသည့် မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ နှုန်းထား များကို၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် (ယခုနှစ်) အတွင်း လျှော့ချပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က တစ်မိနစ် ငါးဆယ်ကျပ်နှုန်းဖြင့် ကောက်ခံနေသော တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများ ငါးကျပ်အထိ လျှော့ချပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တယ်လီဖုန်း ပြောဆိုခများ အပါအဝင် အခြားအခွန်အခ များမှာလည်း ခေတ်နှင့်လျော်ညီမှု မရှိတော့သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကာ ပြန်လည် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ငါးကျပ်နဲ့ ဝန်ဆောင်မှု ပေးမယ်လို့ အဆိုပြုတဲ့ ကုမ္ပဏီ မရှိသေးဘူး။ အခြားနိုင်ငံတွေနဲ့ တန်းတူလျှော့ပေးမယ်” ဟု ဦးသောင်းတင်က ရှင်းပြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခွင့်ကို Telenor နှင့် Orredoo ကုမ္ပဏီနှစ်ခု ရရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်အပြီး နာရီပိုင်း အတွင်းမှာပင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုများကို ၂၀၁၄ မတ်လကုန်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာလိုက်သည်။

တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။


ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)


“သမီးကို မိဘတွေက ကျောင်းဆက် မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစား ကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေး စည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့ အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေ အစပြုပြီး မဲဆောက်မှာ အရောင်းစား ခံရပြီး ဒ်ီဘ၀ကို ရောက်လာ ရတာပါ။

ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာ ခံရတယ်လို့ပဲ သဘောထား လိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ် အရွယ် ပဲခူးမြို့သူ တဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေး ကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာ အမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။

လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။

ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။

 နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။

ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။

 ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။

သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။

ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။

 ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။

ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။

သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။

ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။

 ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။

အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။

 ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။

သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။

 လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။

 ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။

ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။

ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။

အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။

 ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။

 ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။

 ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။

 ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။

 ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။

ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။

အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။

 ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။

 ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊

အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။

အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။

ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။

စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။

ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

 :Myanmar Online News

မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်


မန္တလေး-ဇွန်၂၉

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ
ဝန်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား)
ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား
TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်း
Mandalay City Development Committeeမှသိရသည်။

Iron Man 3 Android ဂိမ်းဆော့မယ်


ဂိမ်းက ဆိုဒ်ကြီးတယ်။ 838 MB ဖြစ်တဲ့အတွက် CPU ကောင်းတဲ့ Android ဖုန်း များအတွက် အဆင်ပြေမှာပါ။ အခမဲ့ ပေးတဲ့ ဂိမ်းပါ။

Runner ဂိမ်းပါပဲ။ 3D Runner ပေါ့။ နောက်ခံတီးလုံးကောင်းတယ်။ Marvel က ထွက်ရှိခဲ့တဲ့ ရုပ်ရှင် Iron Man 3 ကိုပဲ အမည်ပြန်ယူသုံးပါတယ်။ အထဲမှာ ရင်ဆိုင်ရတဲ့ လူဆိုးများကတော့ ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး။ စက်ရုပ်တွေ ဖြစ်ပါတယ်။

Runner ဂိမ်းဖြစ်ပြီး Iron Man ဖြစ်တဲ့အတွက် မိုးပေါ်ပျံရမှာပါ။ စမတ်ဖုန်း ဘယ်စောင်း၊ ညာစောင်းနဲ့ အပိတ်အဆို့အတားအဆီးများကို ရှောင်တိမ်း ရပါမယ်။ ရန်သူတွေကို Touch Screen မှာ (touch) ပစ်ခတ်ရပါမယ်။ Story Mode ဆန်ဆန်ဖြစ်အောင် အကောင်းဆုံး ဖန်တီးပေးထားပါတယ်။

ဇာတ်လမ်းထဲက တိုနီစတာ့ခ်လိုပဲ ဘီလျံနာဖြစ်ပြီး Iron Man ဝတ်ဆုံတွေ တစ်ခုပြီးတစ်ခု Unlock လုပ်ရမှာ ဖြစ်ပါတယ်။ Resolution တော်ေ တာ် ကောင်းတဲ့ ဂိမ်းပါ။ Engine လည်းစားတဲ့အတွက် တော်ရုံ ဖုန်းနဲ့ဆိုရင် ဆော့နေရင်း error ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ Gameloft ကထုတ်တဲ့ size ကြီးဂိမ်းဖြစ်ပြီး Google Play မှာ Rating ငါးလုံးအပြည့် နီးပါး အဆင့်ပေးထားကြတဲ့ ဂိမ်းပါ။

နောက်ခံ Sound Track နဲ့ စကားတွေကိုလည်း Iron Man 3 က တိုနီစတာ့ခ်နဲ့ သူ့စက်ရုပ်တွေလိုပဲ ထည့်ပေးထားပါတယ်။ Sound နဲ့ Video ကောင်းတဲ့ ဂိမ်းကိုကြိုက်သူများအတွက် သင့်တော်မှာပါ။

အောက်ပါ လခ့်မှာ အခမဲ့ Download လုပ်နိုင်ပါတယ်။

http://bit.ly/ZmVKLZ

Aung Kham (TSJ team)

Google က Network Engineer


ပုံမှာ မြင်တွေ့နေရတာကတော့ Google ဌာနချုပ် Data Center မှာ အလုပ်လုပ်နေတဲ့ Denise Harwood အမည်ရ အမျိုးသမီး Network Engineer တစ်ဦး ဖြစ်ပါတယ်။ 

Trouble Shooting လုပ်နေတာပါ။ အပူချိန်လွန်ကဲနေတဲ့ ကွန်ပြူတာ processor ကို အဖြေရှာဖို့အတွက် Diagnoses လုပ်နေပုံ ဖြစ်ပါတယ်။ 

ကမ္ဘာတစ်လွှားက Request လုပ်သမျှ၊ ပို့သမျှ Data များကို သိမ်းဆည်းထားပေးတဲ့ ဧရာမ ကွန်ပြူတာခန်းကြီးမှာ ပါ။ ရေခဲတိုက် လိုပဲ အေးနေအောင် ထားရပြီး Stand by Device တွေအမြဲရှိရပါတယ်။ Network Engineer များကလည်း ပုံမှာ မြင်တွေ့ရတဲ့ Denise လိုပဲ နေ့ရောညပါ မနားတမ်းအလုပ်လုပ်ရတာပါ။ တာဝန် ကျတဲ့အချိန်အတွင်း ၂၄ နာရီပတ်လို့ ဖြစ်ပေါ်တဲ့ ကိစ္စအရပ်ရပ်တိုင်းကို ချက်ချင်းဖြေရှင်းပေးရပါတယ်။

Operation လုပ်နေရပြီး Implement လုပ်ပြီးသား Data Center ကို ဆက်လက် run နေအောင် ထိန်းသိမ်းပေးရခြင်းဖြစ်ပါတယ်။ ဒီမှာ ကွန်ပြူတာ အင်ဂျင်နီယာများလည်း ပါဝင်ပါတယ်။ အခြားသော ပညာရှင် များလည်း Data Center မှာ တာဝန်ထမ်းဆောင်ရပါတယ်။

Google မှ ခေါ်ဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို လိုအပ်ချက်များနဲ့ တကွ သိရအောင် အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

www.google.com/about/jobs/

Ref:AP
Aung Kham (TSJ team)

ကာယဗလမောင်နဲ့ ကာယကြံခိုင်မှုမယ်ပြိုင်ပွဲ ဗီဒီယို - Model Physique video



စည်ပင်သက်တမ်းတိုးမပေး၍ ရေခဲကမ္ဘာပိတ်မည်


မြေငှားသက်တမ်း တစ်နှစ်ခြောက်လ ထိသာခွင့်ပြုခဲ့သော ကန်တော်ကြီး အမျိုးသားဥယျာဉ် အတွင်းရှိ ရေခဲကမ္ဘာ (ငွေနှင်းကမ္ဘာ)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထပ်မံသက်တမ်း မတိုးပေးသဖြင့် ဇွန်လကုန်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ခိုင်က ပြောကြားသည်။

ကျပ်သိန်းပေါင်းတစ်သောင်း ခြောက်ထောင် အကုန်အကျခံဆောက်လုပ် ထားသော ရေခဲကမ္ဘာ(ငွေနှင်းကမ္ဘာ) ကို စည်ပင်သာယာရေးကော်မတီက ဆက်လက် လုပ်ကိုင်လိုလျှင် အခမဲ့လွှဲပြောင်း ပေးမည်ဖြစ်ပြီး နည်းပညာ အကူအညီလည်း ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရန်ကုန်မြို့တွင် သတ်မှတ်ထားသော ပန်းခြံများအပါအဝင် ကန်တော်ကြီး၊ အင်းလျားကန် ဘေးပတ်လည်ရှိ ဧရိယာ များကို အစိမ်းရောင်ဧရိယာအဖြစ် သတ်မှတ်လိုက်သဖြင့် အဆောက်အအုံအသစ်များ ထပ်မံဆောက်လုပ်ခွင့်ကို ကန့်သတ်သွားရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး ဦးနေဝင်းက ပြောကြားသည်။
"ဆောက်ပြီးသား အဆောက်အအုံ တွေကို ဖျက်ဖို့မရှိပါဘူး"ဟု ၄င်းကဆိုသည်။

ဆဲလ်ဆီးယပ် အနုတ် ၅ ဒီဂရီ မှ ၁၀ အထိအေးမြသော ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတန်း အရသာကို မြန်မာနိုင်ငံတွင် ခံစားနိုင်ရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ပထမဆုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ဝန်ထမ်း ၅၅ ဦးခန့် အလုပ်ခန့်ထားသည်။

ယခုလ ကျန်ရှိရက်များအတွင်း ကျောင်းသားများကို အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း၊ လူကြီးဝင်ကြေး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်ဖြင့် ပြသမည် ဖြစ်ကြောင်း ဦးကျော်ခိုင်က ဆိုသည်။

လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံထွက်ရှိ


အခုလ ၂၈ ရက်နေ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံဆိုပြီး ပုန်းတွေနဲ့ ခပ်ကာ ဆီပီပါတွေထဲကို ထည့်နေတာ ဖြစ်ပါတယ်။

စည်ပင်ကတာဝန်ရှိသူ တယောက်ကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာ အရင်က အဲ့ဒီ့အောက်မှာ ရေနံပိုက်လိုင်း မရှိဘူးလို့ ပြန်လည် ဖြေကြားပါတယ်။

ရပ်ကွက်နေပြည်သူတဦးကတော့ အခု ရေနံထွက်တယ်ဆိုတဲ့နေရာမှာ အရင်က ဆီဆိုင်တဆိုင် ဖွင့်ခဲ့ဘူးတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ တပါတ်လောက်တည်းက ရေပေါ်မှာဆီတွေဝေ့နေတာတွေ့ရပြီး ဒီနေ့မှ အပေါက်တစ်ပေါက်ကနေ ရေနံလို့ထင်ရတဲ့ဆီတွေ အများအပြားထွက်လာတာကြောင့်ခပ်ထည့်နေကြတာ ဖြစ်တယ်လို့ အဲ့ဒီ့နေရာနဲ့ ကပ်လျက်ဈေးရောင်းနေတဲ့ ဈေးသည်တစ်ဦးက ပြောပြပါတယ်။

မီးဘေးအန္တရာယ် ရှိနိုင်တာကြောင့် မီးသတ်ကားနှစ်စီးကတော့ အဲ့ဒီ့နေရာမှာ အဆင်သင့်စောင့်ပေးနေကြတာပါ။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနံဟုတ်မဟုတ်ဆိုတာကို နောက်ရက်တွေမှပဲ စစ်ဆေးအတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။






နေရီရီ
RFA

မျိုးစောင့် ဥပဒေ သဘောမတူခြင်းသည် လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး၏ သဘောထားဖြစ်

မျိုးစောင့်ဥပဒေကြမ်းတွင် ပါရှိသည့် အချက်အချို့ကို သဘောမတူကြောင်း အမျိုးသား လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၏ပြော ဆိုမှုသည် ကော်မရှင်ကို ကိုယ်စားပြု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းတစ်ဦးတည်း ၏ သဘောထားသာဖြစ်ကြောင်း ဦးစစ်မြိုင်က မဇ္ဈိမကိုပြောသည်။

မျိုးစောင့်ဥပဒေဟုခေါ်ဆိုသည့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းတွင်ပါသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာအင်အဖြစ် ကူးပြောင်း ပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆိုသော အချက်အား သဘောမတူကြောင်း ဦးစစ်မြိုင်က ဇွန်လ ၂၅ ရက်တွင် မဇ္ဈိမ ကိုပြောကြားထားခဲ့မှုကို ပြန်လည်ရှင်းလင်း လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်သာဖြစ်ပြီး လူမျိုးခြား၊ ဘာသာခြားအား လက်ထပ်ခြင်း၊ ကိုးကွယ်ခြင်းသည် ပြည်သူများ၏ ခံယူချက်သာဖြစ်ကြောင်းနှင့် ထိုဥပဒေကြမ်းသည် လူပုဂ္ဂိုလ်များ၏ အရေးသာဖြစ်၍ သံဃာများအနေဖြင့် ရေးဆွဲခြင်းထက် လူပုဂ္ဂိုလ်များက ရေးဆွဲခြင်းက ပိုမိုသင့်လျော်သည်ဟုလည်း ပြောကြားခဲ့သည်။

Myawady News

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ


ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရာ၌   နိုင်ငံတော်အလံကို မှားယွင်းစွာလွှင့်ထူခဲ့သဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။

ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပခဲ့ရာ၌ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ချိန်တွင် အလံမှာ မြေပေါ်သို့ ပြုတ်ကျခြင်း၊ ဇောက်ထိုးဖြစ်နေ ခြင်းများကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမင်းလှဦးသည် နိုင်ငံတော်အလံအား လွှင့်တင်ရာတွင် အလံတိုင်၏ တစ်ဝက်ခန့်အရောက်တွင် နိုင်ငံတော်အလံမှာ မြေကြီးပေါ်သို့ ပြန်လည်ပြုတ် ကျ ခဲ့ကြောင်းနှင့် အလံကိုပြုတ်ကျစေခဲ့သူ ဦးမင်းလှဦးအား ဦးစိန်သန်းဆိုသူမှ ၀င်ရောက်ကူညီ၍ ထပ်မံလွှင့်ထူခဲ့ရာ ၌လည်း  နိုင်ငံတော်အလံမှာ ဇောက်ထိုးဖြစ်နေခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလေးအမြတ်ထားရသော အလံတော်ကို နမော်နမဲ့လွှင့်တင်ခဲ့မှုကို ဆူးကလပ်ကျေးရွာ ရွာသူရွာသား (၅၀)ဦးခန့်မှ ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံသို့ တိုင်ကြားစာ ရေး သား၍ ပေးပို့ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ဆေးခဲ့သည်။

နိုင်ငံတော်အလံအား လွှင့်ထူရာ၌ မြေပေါ်သို့ ပြုတ်ကျအောင်လွှင့်ထူခြင်း ၊ ဇောက်ထိုးလွှင့်ထူခြင်းတို့   ပေါ်ပေါက်ခဲ့ သောကြောင့် ဦးစိန်သန်းနှင့် ဦးမင်းလှဦးတို့အား နိုင်ငံတော်အလံနှင့် ပတ်သက်သော ဥပဒေပုဒ်မ-၁၆ ဖြင့် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၆ ရက်နေ့က အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ဇန်န၀ါရီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့မှသာ အရေးယူ ဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ရွှေမြစ်မခ

တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြနှင့်


သံဃာတော် များ တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြရန် သီတဂူ ဆရာတော် ရှင်ဉာဏိဿရက သံဃာတော်များသို့ ဇွန်၂ရရက် က ဩဝါဒမိန့်ကြားခဲ့သည်။ အင်းစိန်မြို့နယ် မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အောင်ဆန်း တောရ တပ်ဦးကျောင်းတိုက်တွင် ကျင်းပသည့် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များဆွေးနွေးပွဲ နှင့် ဩဝါဒခံယူပွဲတွင် သီတဂူဆရာ တော်ကြီးမှ သံဃာ တော်များ သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရာဇဝတ် မှုမှအစပြုခဲ့သည့် လူမျိုးရေးပဋိပက္ခများတွင် သည်းမခံနိုင်ခြင်း ကြောင့် ယခုကဲ့သို့ဘာသာကြီး နှစ်ခုကြား လူမျိုးစုများတွင် ပဋိ ပက္ခများ ဖြစ်ပွားခဲ့ ရခြင်း ကြောင့် ဆရာတော်ကြီးမှ အထက်ပါအ တိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

သီတဂူဆရာတော် ရှင်ဉာဏိဿရက ''သံဃာတော်တွေက ငြိမ်းချမ်းရေးဖော်ဆောင်သူ (Peace Maker)များ ဖြစ်သင့်တယ်။ ဆူပူမှုတွေကို လှုံ့ဆော်သူတွေတော့ မဖြစ်သင့်ဘူး။ သူများ တိုက်ပေး တိုင်း မြှောက်ပေးတိုင်း ဒေါသမ ထွက်ကြဖို့ ပန်ကြားလိုပါတယ်'' ဟု မိန့်တော်မူသည်။ ဆရာတော်ကြီးက သံဃာ တော်များ သည်းခံခြင်းသည် အ ကောင်းဆုံးဖြစ်ကြောင်း၊ မည်သူ ပြောပြော သည်းခံရမည်ဖြစ်ပြီး မဟုတ်လျှင်မဟုတ်ကြောင်းရှင်းပြ ရမည်ဖြစ် ကြောင်း၊ စသည်တို့သည် လူ့အခွင့်အရေးသာဖြစ်ကြောင်း ထပ်လောင်းမိန့်ကြားခဲ့သည်။

ဖြစ်ပွားခဲ့သည့်ပဋိပက္ခများ သည် မတော်တဆဟုဆိုသော် လည်း ရည်ရွယ်ချက်ရှိရှိလုပ်သ ကဲ့သို့ဖြစ်နေခြင်းကြောင့် လှုံ့ဆော် သူများ၏အသုံးချခံမဖြစ်ရန်၊ သေး ငယ်သည့်ကိစ္စရပ်များအား အ ကျယ်မချဲ့ရန်၊ ဒေါသမဖြစ်သင့် သည့်ကိစ္စများ ဒေါသမဖြစ်ရန်နှင့် ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားနေပါက ငြိမ်းချမ်း ရေးဟူ၍ ကြားဝင်စေ့စပ်သည့် အဖွဲ့များနှင့် လှုပ်ရှားဆောင်ရွက် သူများသာ အမြတ်ထွက်သွားမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

နန်းသီတာ ၊ ရွှေရည်မဉ္ဖူ
Yangon Media Group

တစ်နိုင်ငံလုံးရှိ တပ်သိမ်းလယ်မြေများ ဇူလိုင်လအတွင်း ပြန်ပေးမည်

။ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး မှတစ်နိုင်ငံလုံးတွင်ရှိ တပ်သိမ်း လယ်ယာမြေများအား ဇူုလိုင်လ အတွင်းမှစပြီး ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော ကြားခဲ့သည်။ ဇွန် ၂ရရက်နေ့ တွင် ကျင်းပပြုလုပ်သော ပထမ အကြိမ် အမျိုးသား လွတ်တော် သတ္တမပုံမှန်အစည်းအဝေး၊ နံနက် ပိုင်းခေတ္တ အနားပေးစဉ် ယင်းက ရန်ကုန်တိုင်းမ် သတင်းစာ သို့ ပြောကြားခြင်းဖြစ်သည်။

''အခု မနက် ၉နာရီ လယ် ယာမြေအစည်းအဝေးမှာ လယ် ယာမြေကော်မရှင်ဥက္ကဋ္ဌ  ဦးတင်ထွဋ်ကို ကာကွယ်ရေးပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ဝေလွင်က တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်သိမ်း လယ်ယာမြေတွေကို ဆိုက်ပလင် ကလွဲရင် ပေါ့။ ဆိုက်ပလင် ဆိုတာ က ဒီနေရာမှာ ဘာအဆောက် အဦးဆောက်မယ်၊ ဟိုနေရာမှာ ဘာဆောက်မယ်၊ မဆောက်ဖြစ် သေးတာကလွဲပြီး တပ်သိမ်းလယ် ယာမြေတွေအားလုံး ဒီလကုန်ရင် ပြန်ပေးမယ်။ ဒုတိုင်းမှူး တွေအား လုံးနဲ့လဲ ဆွေးနွေး ပြီးပြီ လို့ပြော တယ်။ ကျုပ်တို့ ဥက္ကဋ္ဌဦးတင်ထွဋ် က ကော်မရှင်အဖွဲ့ဝင်တွေအား လုံးကို ခေါ်ပြောတယ်''ဟုယင်းမှ ပြောသည်။

မကွေးတိုင်း ဒေသကြီး အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က တစ်တိုင်းပြည်လုံးမှာ ရှိသည့် လယ်ယာမြေ အသိမ်းခံ ထားရသော တောင်သူလယ်သ မားများအား ပြောကြားလိုသည် မှာ ''ထွန်တုံးတိုက်ပွဲတွေ လုပ်နေ တာတွေက အရေး မပါဘူး။ အခု ဘာလုပ်ရမလဲဆိုတော့ အသိမ်း ခံထားရ တဲ့ ကိုယ့်ရဲ့ လယ်ယာ မြေ အထောက် အထားတွေ၊ မြေပြေ စာတွေ ရှာစရာရှိရင် ရှာထား၊ လက်ထဲမှာ သေချာကိုင်ထား။ တပ်ကနေ ပြန်ပေးပြီ ဆိုတာနဲ့ ဒါ ကျွန်တော့် မြေပါလို့ ပြောလို့ရ အောင်။ ထွန်တုံးတိုက်ပွဲလုပ်တာ က ကိုယ့်မြေ ကို မပိုင်ဘူး။ ကိုယ့် မြေကို ပိုင်ချင်ရင် နဂိုရှိတဲ့ မြေ ပိုင်ဆိုင်ကြောင်း အထောက်အ ထား၊ မြေအခွန်ဆောင် ပြေစာ တွေ၊ ရောင်း ထား ဝယ်ထားတဲ့ အထောက်အထားတွေ အခုထဲ ကရှာဖွေပြီး လက်ထဲမှာကိုင်ထား ကြ။ ဒီလကုန်ရင် ပေးဖို့ အဆင် သင့်ဖြစ် နေပြီလို့ ပြောတယ်။ ဒီ လကုန်ရင် ပြန်ပေးလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

တောင်သူ လယ်သမား၊ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂအဖွဲ့အထွေထွေအတွင်း ရေးမှူးဦးမောင်ဌေးက ''အခုလို တပ်ကသူတို့သိမ်းထားတဲ့လယ် မြေတွေကို ပြန်ပေးမယ်ဆိုတာ ဝမ်းသာပါတယ်။ ဧရာဝတီတိုင်း မှာ တပ်က သိမ်းထားတဲ့ လယ်မြေ အများစုက အဲ့ဒီလယ်သမားတွေ ကိုပဲ သီးစားပြန်ချပေးပြီးလုပ်ခိုင်း တော့ လယ်သမားတွေကကိုယ့် လယ်လဲ အသိမ်းခံရပြီးကိုယ့်လယ် တွေမှာပဲ သီးစားခပြန်ပေးပြီး လုပ် နေရတယ်။ အစိုးကလဲ တပ်က ပြန် ပေးတဲ့အခါမှာ မှန်မှန်ကန်ကန် လယ်သမားလက်ထဲ ပြန်ရောက် အောင် ဆောင်ရွက်ပေးဖို့ လိုပါ တယ်။ လယ်သမားတွေ လက်ထဲ လယ်မြေတွေပြန်ရောက်မှာဖြစ် တဲ့အတွက် တိုင်းပြည်ကုန်ထုတ် လုပ်ငန်းအတွက်လဲ အများကြီး အကျိုး ဖြစ်ထွန်းပါတယ်။ အထူး သတိထားဖို့ကတော့ အဲ့ဒီပြန်ပေး မယ်ဆိုတဲ့ လယ်မြေတွေ လယ်သ မားတွေလက်ထဲ မှန်မှန်ကန်ကန် ရောက်ရှိဖို့ လယ်သမားတွေ ယုံ ကြည်ကိုးစားရတဲ့ အဖွဲ့တွေနဲ့ အ စိုးရနဲ့ပူးပေါင်းပြီး အမြန်ဆုံး  ပြန် ပေး နိုင်ဖို့လိုပါတယ်''ဟုပြောသည်။

ဧရာဝတီ တိုင်းဒေသကြီး တွင် ပုဂ္ဂလိကကုမ္ပဏီများမှသိမ်း ယူထားသည့် လယ်မြေဧက ၄၀၀၀ ကျော်အား လယ်သမားများထံသို့ ပြန်လည်ပေးအပ်ပြီဟုဆိုသော် လည်း လက်ရှိတွင် အစိုးရမှပြန်လည်ပေးအပ်ခြင်းမရှိသေးခြင်း ကြောင့် တောင်သူလယ်သမား များက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်တောင်းဆိုလျက်ရှိကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း တပ်မတော်မှသိမ်းယူ ထားသည့် လယ်မြေများ အား ပြန် လည်ပေးအပ်သွားမည်ဟု မိန့်ခွန်း တစ်ရပ်တွင်ပြောကြားခဲ့သည်။

မောင်ပိုင်
Yangon Media Group

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ


လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံးရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။

netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

http://therealsingapore.com/content/prc-couple-fell-death-while-having-sex-window မှ သတင်းကို Myanmar CNN မှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြပါသည်။



လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို

GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ တစ်ချိန်ပြီး တစ်ချိန် ဈေး နှုန်းတွေ ကျဆင်းလာမှာ ဖြစ် ပါတယ်။ တစ်ချိန်ချိန် မှာ တော့ ၅ကျပ် နှုန်း အထိကျဆင်းကောင်း ကျဆင်းလာနိုင်ပါတယ်" ဟု ဒု ၀န်ကြီးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် က "လက်ကိုင်ဖုန်းများ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင်(၅၀)ကျပ်နှုန်းမှ (၅)ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင် လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းကာ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် ဒု ၀န်ကြီးက "ကျွန်တော် တို့ ဝန်ကြီးဌာန က လွှတ်လပ်စွာဈေးကွက်ယှဉ် ပြိုင် မှု အရ ဈေးနှုန်းကိစ္စကို သတ်မှတ်မှာ မဟုတ်ပါဘူး
သူတို့ အနေ နဲ့ လွှတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြောကြားသည်။
လက်ရှိတွင် GSM ၊CDMA လက်ကိုင်ဖုန်း များ၏ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် (၅၀)ကျပ် နှုန်းမှ (၅) ကျပ်နှုန်းသို့လျှောချပေးရန်ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္မဏီများ
မရှိသေးကြောင်း ဒု ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

Popular Myanmar