SMEs များကို ငွေကြေး ထောက်ပံ့နိုင်ရန် ဂျာမနီကူညီမည်


25.1.2014

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးအတွက် ငွေကြေး ထောက်ပံ့နိုင်ရန် ဂျာမနီ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(GIZ) က ပြည်တွင်းဘဏ် သုံးခုကို နည်းပညာ အထောက်အပံ့ပေးမည် ဖြစ်ကြောင်း Giz In Myanmar မှ ဦးဆောင်ပညာရှင် ဦးစံသိန်းက ပြောကြားသည်။

ကမ္ဘောဇဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်နှင့် ရိုးမဘဏ်တို့ကို နည်းဗျူဟာ ချမှတ်ခြင်း၊ ဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း တို့ကို နိုင်ငံတကာနှင့် မြန်မာပညာရှင်များက သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“အထောက်အပံ့ပေးမယ် ဆိုတာက နည်းပညာပေးမှာ။ ငွေချေးပုံနည်းစနစ်၊ ဘယ်လို အဖွဲ့အစည်းမျိုးကိုဆိုရင် ယုံကြည် စိတ်ချရမယ် ဆိုတာတွေကို သင်တန်းပေးမှာ” ဟု အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ပြောကြားသည်။

GIZ သည် ဂျာမန်အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာ-ဂျာမနီနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice

တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး


Specialized Turbo Electric Bike လို့ အမည်ပေးထားတဲ့ စက်ဘီး ဖြစ် ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အားအဖြစ် တစ်နာရီ ၂၈ မိုင်အထိ တောင် မြင့်တင်ထားပါတယ်။

လျှပ်စစ်ဂီယာ စက်ဘီး ဖြစ်ပြီး တစ်ခါ အားသွင်းပြီးရင် မိုင် ၃၀ လောက်ခရီး ကို နှင်းစရာမလိုပဲ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက ၂၅၀ ဝပ်အား ပါ။ Full Charging အတွက် တစ်နာရီဝန်းကျင်လောက်သာ ကြာမြင့်မှာ ဖြစ် ပါတယ်။ စက်ဘီးရဲ့ အလေးချိန်က ပေါင် ၅၀ ရှိပါတယ်။ အနောက် က မော်တာက ၁၂ ပေါင်လေးလို့ပါ။ မော်တာ ကလည်း နောက်ဘီး ကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၀၀ ဝန်းကျင်မှာ ရှိပါတယ်။ အမေရိကန်မှာ ထုတ်လုပ်တဲ့ စက်ဘီး ဖြစ်ပါတယ်။ အစီးရေလည်း သိပ်များများ စားစားမရှိပါဘူး။ သွားရေးလာရေး ကားကြပ်တည်းတဲ့ မြို့ လမ်းမ တွေမှာ အသုံးပြုလို့ အဆင်ပြေအောင် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

ရန်ကုန်အပါအဝင် မြို့ကြီးအချို့ ဇန်နဝါရီ နောက်ဆုံးပတ်တွင် အအေးပေါ့မည်


25.1.2014

ကမ္ဘာ့မြောက်ဘက်ခြမ်း ဒေသများတွင် ဆောင်းရာသီကာလ အားကောင်းပြီး အအေးလွန်ကဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်ပါ အအေးပိုနေရာမှ ဇန်နဝါရီ လနောက်ဆုံးပတ်တွင်မူ ရန်ကုန် အပါအဝင် မြို့ကြီးအချို့တွင် အအေးပေါ့မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ညအပူချိန်များ ပျမ်းမျှအပူချိန်အောက် လျော့နည်းကာ အအေးပိုနေရာမှ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်မူ ပျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅ စင်တီဂရိတ်အထိ မြင့်တက်လာပြီး အအေးလျော့နည်းဖွယ် ရှိကြောင်း ၎င်းကခန့်မှန်း ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပျမ်းမျှအပူချိန်အောက် ကျဆင်းရောက်ရှိကာ အအေးပိုခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

“ပင်လောင်း၊ လွိုင်လင်၊ ဟားခါးနဲ့ ပြင်ဦးလွင်မြို့တွေမှာတော့ ဒီရက်ပိုင်း တစ်ရက်နှစ်ရက်မှာတော့ အအေး ဆက်ပိုနိုင်သေးတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice Weekly

မမြင်ရစေနဲ့


ကုမ္မဏီပိုင်ရှင် သူဌေးတစ်ဦးက သူ့စက်ရုံကို ဝင်ရောက်လေ့လာပါတယ်။ လူတစ်ဦးဟာ အလုပ်မလုပ်ပဲ နံရံမှီနေတာတွေ့တော့ သူဌေးဟာ အင်မတန် စိတ်ဆိုးပြီး သူ့ကို ယခုလို စကားအေးအေးဆေးဆေးပဲ ပြောပါတယ်။

သူဌေး - ဒီမယ် မောင်ရင်၊ မင်းရဲ့  တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ.

လူငယ် - ဒေါ်လာ ၂ထောင်ပါ ခမျာ.

သူဌေး - ရော့ဒီမှာ မင်းအတွက် ဒေါ်လာ ၆ ထောင်၊ သုံးလ အတွက် လောက် တယ်မလား၊ နောက်ခါ ဒီစက်ရုံနဲ့ ငါ့မျက်စိရှေ့ မှာ ဘယ်တော့မှ မမြင်ရစေနဲ့၊ သွားတော့

လူငယ် - ဟုတ်ကဲ့ပါ ဆရာ .

ဒီလိုနဲ သူဌေးက အလုပ်လုပ်နေတဲ့ အခြားအလုပ်သမား တစ်ဦးကို ထွက်သွားတဲ့ လူငယ်အကြောင်းကို မေးတော့ ဒီလိုဖြေပါတယ်။

" သူက ပီဇာပို့သမားပါစရာ။ ဒီစက်ရုံက မဟုတ်ပါဘူး "

သူဌေး - ဟေ............

--
Ref: funylol
အောင်ခမ်း ( ရိုးရာလေး )

ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်များ အပေါ် စိုးရိမ်မှုကြောင့် ရှယ်ယာဈေးများ ထိုးဆင်း


ဇန်နဝါရီ ၂၅။

ဒေါင်ဂျုံးရှယ်ယာ ဈေးကွက်သည် ခုနှစ်လအတွင်း အဆိုးဝါးဆုံး ဆုံးရှုံးမှုဒဏ်ကို ခံစားရလျက် ရှိသည်။

ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်များ၏ စီးပွားရေး နှေးကွေးလာမှုကြောင့် စတော့ရှယ်ယာ ဈေးကွက်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေသကဲ့သိုပင် ဝေါစထရိ၌ နှစ်ရက်ဆက်တိုက် ဆိုးဝါးစွာ ဆုံးရှုံးခဲ့သည်။

သောကြာနေ့တွင် ဒေါင်ဂျုံးစက်မှုဆိုင်ရာ ပျမ်းမျှ အညွှန်းကိန်းသည် ၃၁၈.၂၄ သို့ သောကြာနေ့တွင် ကျဆင်းခဲ့ပြီး ပြီးခဲ့သောနှစ် ဇွန်လ နောက်ပိုင်း တစ်ရက်တာ အဆိုးဆုံး ထိုးဆင်းမှု ဖြစ်ခဲ့သည်။ ဘလူးချပ်စ်ဟု ခေါ်ဆိုပြီး ခိုင်မာသောရှယ်ယာများဟု ယုံကြည်ကြသည့် ရှယ်ယာများ အညွှန်းကိန်းမှာ နှစ်ရက်တာအတွင်း အမှတ် ၅၀၀ နီးပါး ကျဆင်းခဲ့ပြီး ဥရောပနှင့် အာရှ ဈေးကွက်များ ကဲ့သို့ပင် ကြီးများသော ကျဆင်းမှုများနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာတစ်ဝှမ်းရှိ ပြဿနာများ ဖြစ်သည့် ညှို့မှိုင်းနေသော တရုတ်အတွက် စီးပွားရေး အစီရင်ခံစာများ၊ တူရကီရှိ နိုင်ငံရေး မငြိမ်သက်မှုများနှင့် အာဂျင်တီးနားရှိ ဘဏ္ဍာရေး မငြိမ်မသက်များကို အရင်းခံ၍ ရင်းနှီးမြှုပ်နှံသူများမှ အဆက်မပြတ် လှုပ်ရှားနေရသည်။ သို့ရာတွင် အကြီးမားဆုံး ပတ်သက်မှုမှာ ဗဟိုငွေကြေး ရန်ပုံငွေအဖွဲ့၏ ငွေကြေးဆိုင်ရာ ပေါ်လစီများ တင်းကျပ်လာမှု၏ တိုးတက်လာသည့် ဈေးကွက်များ အပေါ်တွင် သက်ရောက်မှု ဖြစ်သည်။

ပြီးခဲ့သောနှစ် အတွင်းက ဗဟိုငွေကြေး ရန်ပုံငွေအဖွဲ့၏ ငွေကြေးထိန်းသိမ်းမှု အစီအစဉ်များသည် စွန့်စားရသော စတော့ရှယ်ယာများ အတွက် အကျိုးအမြတ် ရရှိစေခဲ့ပြီး ဒေါင်ဂျုံး အညွှန်း ၂၇ ရာခိုင်နှုန်းသို့ တိုးတက်စေခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ စတော့ရှယ်ယာ ဈေးများကိုလည်း မြင့်တက်စေခဲ့သည်။ သို့ရာတွင် ယခုနှစ် ဗဟိုဘဏ်၏ ပြန်လည်ရုတ်သိမ်းမှုက တိုးတက်နေဆဲ ဈေးကွက်များအပေါ်တွင် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ပူပန်စေခဲ့ခြင်း ဖြစ်သည်။

ဝေါစထရိမှ တစ်ချို့သူများက ကာလရှည်ကြာ ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ဒေါင်ဂျုံး အညွှန်းကိန်းသည် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဝီလ်ရှိုင်းယား ၅၀၀၀ စုပေါင်းဈေးကွက်မှ အညွှန်းကိန်းအရ ယခုလအတွင်း ရင်းနှီးမြှုပ်နှံသူများသည် အားလုံးသော ရှယ်ယာများမှ ဒေါ်လာ ၆၂၅ ဘီလျံကို ပြန်လည် ထုတ်ယူခဲ့ကြောင်း သိရှိရသည်။

The broader Standard & Poor’s 500 မှ အမှတ် ၁၇၉၀.၂၉ တွင် ၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပင်လယ်ရပ်ခြား ဒေသများရှိ ဈေးကွက်များတွင်လည်း ဈေးနှုန်းကျဆင်းခဲ့ပြီး Stoxx Europe 600 မှ အညွှန်းကိန်း ၂.၄ ရာခိုင်နှုန်း၊ Nikkei တွင် ၂ ရာခိုင်နှုန်း သို့ ကျဆင်းခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံသူများမှ ရှယ်ယာများ၊ ငွေကြေးများနှင့် ဖွံ့ဖြိုးဆဲ ဈေးကွက်များ၏ စာချုပ်များကို လက်လွှတ်ခဲ့ကြပြီး စိတ်ချရသည့် ဒေသတွင်း ရင်နှီးမြှုပ်နှံမှုများသို့ ပြောင်းလဲခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အထောက်အကူ ဖြစ်နိုင်ဖွယ်ရာ စတော့ရှယ်ယာများ ဈေးနှုန်းအတွက် တစ်နှစ်တာ၏ လေးပုံ တစ်ပုံကာလကို အနီးကပ် စောင့်ကြည့်ခဲ့ကြသည်။

S&P 500 တွင် ပါဝင်သည့် ကုမ္ပဏီများ၏ တစ်နှစ်တာ ယေဘုယျ ရရှိမှုနှုန်းကို ၅.၉ ရာခိုင်နှုန်း အဖြစ် စိစစ်သူများက သတ်မှတ်ခဲ့ကြကြောင်း သုတေသနအဖွဲ့ S&P Capital IQ မှ ထုတ်ပြန်ခဲ့သည်။ ၎င်းနှုန်းမှာ အောက်တိုဘာလ အတွင်း ခန့်မှန်းခဲ့သော ၉.၆ ရာခိုင်နှုန်းထက် များစွာ လျော့နည်းခဲ့သည်။

“ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ ကမ္ဘာ့ဗဟိုဘဏ်တွေကနေ ငွေဖြစ်လွယ်မှုအတွက် ဘဏ္ဍာရေးစံနစ်ကြီးကို ထောက်ပံ့ခဲ့ကြတယ်။ ဒီအတွက် အခက်အခဲ တော်တော်များများကိုလည်း ကျော်လွှားနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒီလိုမျိုး ဖြစ်မလာနိုင်တော့ပါဘူး။ အခက်အခဲတွေ အများကြီးကို ဆက်လက် ရင်ဆိုင်ကြရတော့မှာပါ ” ဟု နယူးယောက်ရှိ ConvergEx အဖွဲ့မှ ဈေးကွက်ဗျူဟာ ချမှတ်သူ အကြီးအကဲ နီကိုလတ် ကိုလာမှ ပြောကြားသွားခဲ့သည်။

REF: Los Angeles Times
The Myanma Age

အမှိုက်မှ လျှပ်စစ်ထုတ်မည့် ကိုရီးယားကုမ္ပဏီ ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်


25.1.2014

စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် လုပ်ဆောင်နေသည့် ကိုရီးယားနိုင်ငံ အခြေစိုက် Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

ယင်းကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်ဟု ဦးထွန်းလင်းက ပြောကြားသည်။

ယင်းသို့ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လုပ်ဆောင်မှုကြောင့် အသုံးမဝင်ဘဲ စွန့်ပစ်ထားသည့် အမှိုက်များ ပပျောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းဝင်းက ဆိုသည်။

Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်း၏ ကနဦး ဆောင်ရွက်ချက်အဖြစ် ထိန်ပင် အမှိုက်ပုံတွင် ကွင်းဆင်း သုတေသနပြုချက်များ လုပ်ဆောင်လျက် ရှိကြောင်း၊ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ရာတွင် နိုင်ငံတကာ၌ အမှိုက်အသစ်များကိုသာ သုံးစွဲလေ့ ရှိသော်လည်း အဆိုပါ ကုမ္ပဏီသည် စွန့်ပစ် အမှိုက်အဟောင်းများကိုပါ သုံးစွဲမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင်အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဘီအိုတီ (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိပြီးလာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများထံ ပြန်လည် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီက YCDC သို့ရောင်းချမည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ်အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက် ၈၄၇ တန် ဝန်းကျင်ကို စွန့်ပစ်လျက် ရှိကြောင်းနှင့် ယင်းအမှိုက်ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ပြီးနောက် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Chasson International Korea နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Zaya and Association နှင့် ဟွန်ဒိုင်းရိုတန် ကုမ္ပဏီတို့က ရရှိခဲ့သည်။

The Voice Weekly

အစုရှယ်ယာဈေးတွေ ကျဆင်း

Dow Jones index အတက်အကျပြတဲ့ ဇယား

ကမ္ဘာတလွှားမှာ အစုရှယ်ယာဈေးတွေ ပြုတ်ကျသွားခဲ့ပြီး ဒါဟာ ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှု နှုန်း နှေးကွေးကလာတဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေတယ် ဆိုတာကို ထင်ဟပ်နေပါတယ်။

အမေရိကန်မှာ ဒေါင်းဂျုံး ဇယားဟာ နှစ်ရာခိုင်နှုန်း နီးပါး ကျဆင်း သွားခဲ့တာ ဖြစ်ပါတယ်။

ငွေကြေး မြုပ်နှံသူတွေဟာ အမေရိကန် အစိုးရ ငွေတိုက်စာချုပ် ၊ ရွှေနဲ့ ဂျပန် ယန်း အစား ပိုပြီး စိတ်ချရတဲ့ ပိုင်ဆိုင်မှုတွေကိုသာ ဝယ်ယူ စုဆောင်းနေပုံ ရပါတယ်။

၂ဝဝဂ ခုနှစ် စီးပွားရေး ကျဆင်းမှုနောက်ပိုင်း ကမ္ဘာ စီးပွားရေးကို ဖွံဖြိုးစ နိုင်ငံတွေက ဦးဆောင်ခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တရုတ် ၊ တူရကီ နဲ့ တောင်အာဖရိက တို့ရဲ့ တိုးတက်မှုနှုန်းက အားရဖွယ် မရှိဘူး ဖြစ်နေတယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

BBC Burmese

April Fool's Day ဖြစ်ပေါ်လာပုံ


သမိုင်းတစ်လျှောက် ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့  အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။

အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့  အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့  ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး Apirl Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dyknow

အောင်ခမ်း ( ရိုးရာလေး )

အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra


အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။

သတင်းဘုရင်

အသုံးဝင်သော website များနှင့် download လုပ်နိုင်သော website များ









Internet Journal

ကျောင်းစာနဲ့ ပြင်ပ နည်းပညာကွာဟမှု ပေါင်းကူးဖို့ IT Camp ရန်ကုန်တွင်ပြုလုပ်


အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ အိုင်တီနည်းပညာတွေအကြောင်း ကျောင်းသင်ရိုးညွှန်းတမ်းတွေက မလိုက်နိုင်တာကြောင့် ပြည်တွင်းပြည်ပက အိုင်တီနည်းပညာကျွမ်းကျင်သူတွေနဲ့ IT Campကို ရန်ကုန်မြို့မှာ ဇန်နဝါရီ ၂၄ရက်နေ့က စတင်ခဲ့ပါတယ်။

တက္ကသိုလ်တွေမှာ အိုင်တီနည်ပညာရဲ့ အခြေခံသီအိုရီတွေကိုသာ သင်ကြားရတာဖြစ်ပြီး ပြင်ပမှာ တိုးတက်နေတဲ့ လက်တွေ့နည်းပညာတွေနဲ့ ထိစပ်နိုင်ဖို့ ကျောင်းသားတွေက ဦးဆောင်ပြီး ပညာရှင်တွေနဲ့ ဆွေးနွေးဖလှယ်ကြ တာလို့ ပါမောက္ခချုပ်က ဆိုပါတယ်။

ဒီလို အိုင်တီကမ့်မှာ ပြင်ပကပညာရှင်တွေနဲ့ ထိတွေ့ခွင့်ရတာကြောင့် အကျိုးလည်းရှိသလို ရှေ့ဆက်ရမယ့် အနာဂတ်လမ်းကြောင်းကိုလည်း ပိုပြီးနားလည်လာစေတယ်လို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ဝေဖြိုးအောင်က ဆိုပါတယ်။

Rebbiz ကုမ္ပဏီက ကိုမြတ်မင်းဟန်ကတော့ Version Control System ကို ကျောင်းသားတွေနဲ့ လာဆွေးနွေးတာဖြစ်ပြီး ကျောင်းစာနဲ့ ပြင်ပနည်းပညာလောက အရမ်းကွာဟလွန်းနေတာကြောင့် အနာဂတ်အတွက် လေ့လာထားသင့်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပ အိုင်တီနည်းပညာ ပညာရှင် ၆ဝလောက်နဲ့ ပထမဆုံး ပူးပေါင်းဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

Kamayut Media

မမျှတတဲ့ အလုပ်သမားနည်းဥပဒေ ပြင်ဆင်ဖို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် တိုက်တွန်း


မြန်မာအစိုးရသစ် ပြဌာန်းထားတဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းဥပဒေကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဇန်နဝါရီ ၂၄ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို တရားစွဲဆိုနိုင်တဲ့အခွင့်အလမ်း ကင်းမဲ့ တာကြောင့် အစိုးရရဲ့ နည်းဥပဒေကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဥပဒေသစ် ပြင်ဆင်ရေးဆွဲဖို့ လွှတ်တော်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ပလိပ်၊ မန္တလေးက ချည်မျှင်နဲ့ အထည်ချုပ်ရုံတွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အလုပ်က ထုတ်ပစ်ခံနေရတဲ့ပြဿနာတွေတွေကို အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ)မှာ ဆွေးနွေးခဲ့ကြပြီး အစိုးရဦးဆောင်တဲ့ ပညာရေးအဆင့်မြှင့်ဆွေးနွေးပွဲကို ဆရာတွေနဲ့ ကျောင်းသား သမဂ္ဂတွေ သပိတ်မှောက်ခဲ့တာကိုလည်း ထောက်ခံခဲ့ကြပါတယ်။

Kamayut Media

မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာဥပဒေ ယခုနှစ်အတွင်းထွက်ပေါ်လာရန်ရှိနေ


ရန်ကုန်၊ ဇန်နဝါရီ ၂၅။

မြန်မာနိုင်ငံ၏ နည်းဆုံးလုပ်ခလစာဥပဒေ ယခုနှစ်အတွင်းထွက်ပေါ်လာရန် ရှိနေကြောင်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး အမျိုးသားကော်မတီနှင့် အလုပ်သမား၊ အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၄ ရက်က သိရသည်။

နည်းဆုံးလုပ်ခလစာဥပဒေ အား ၂၀၁၄ ခုနှစ် ဇွန်လ တွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ယခုနှစ်ကုန် တွင်သတ်မှတ်ပြဌာန်းရန်ရှိကြောင်း အလုပ်သမား၊ အလုပ်ကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“ဇွန်လမှာ လွှတ်တော်ကိုတင်ပြနိုင်အောင် လုပ်ထားတယ်။ ယခု နှစ်အတွင်းတော့ သတ်မှတ်နိုင်လိမ့်မယ်လို့  ထင်တယ် ဒီလိုသက်မှတ်ပေးတဲ့ အခါမှာလည်း အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြေလည်အောင် ပြည်နယ်တိုင်း အသီးမှာ အလုပ်သမားနဲ့ အလုပ်ရှင် အလုပ်ရုံဆွေးနွေးပွဲတွေ များများလုပ်ရဦးမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းကဲ့သို့  ထွက်ပေါ်လာစေရန်အတွက်  MRDI နှင့် နိုင်ငံခြားအဖွဲ့အစည်းများသည် မန္တလး၊ ရန်ကုန်၊ ပဲခူး ၊ တိုင်းများတွင် စစ်တမ်းများ ကောက်ယူခြင်းနှင့် အချက်အလက်ကောင်ယူရာတွင် လူတစ်ယောက်၏ တစ်နေ့ ၈ နာရီ လုပ်ခသည် ၇၀၀၀ အထက်တွင် ရှိနေပြီး အခြေခံလူတမ်းများ၏ တစ်လ လုပ်ခသည် ၂၀၀၀၀၀ အထက် တွင် ရှိသင့်ကြောင်း အဆိုပါစစ်တမ်းများက ထွက်လာသည်။

“ကျွန်တော်တို့  ကတော့  အခြေခံလူတမ်းစားတွေဖြစ်တဲ့သူတွေဆီမှာ လိုက်ကောက်တယ် ကောက်တဲ့အခါမှာလည်း ယောင်္ကျား တစ်ယောက်ရဲ့ တစ်လုပ်ခလစာက အိမ်မှာရှိတဲ့ မိန်းမနဲ့  မူလတန်း ကလေးအတွက် လုံလောက်ရမယ် ဒါတွေကိုလည်း အလုပ်သမားရေးဝန်ကြီးဌာနကို တင်ပြထားတယ် ” ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် မှ ကိုနော်အောင် က ဆိုသည်။

လက်ရှိ ၂၀၁၁ ခုနှစ်မှ စတင်ကာ အစိုးရဝန်ထမ်းများ၏ လုပ်ခလစားများနှင့် ခံစားခွင့်များသည့် တိုးလားလျက်ရှိ သော်လည်း ပုဂ္ဂလိကဝန်ထမ်းများ၏ လစာသည် သာမန်သာရှိနေပြီး ယင်းတို့ ၏လုပ်ခလစာအား အမြန်ဆုံးတိုး ပေးသင့်ပြီး မြင့်တက်လာမည့် ကုန်ဈေးနှုန်းကိုလည်း ထိန်းချုပ်သင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့် လင်းအဖွဲ့အစည်းမှ အလုပ်သမားအရေး ကူညီဆောင်ရွှက်ပေးနေသူ မသက်သက်အောင်က ပြောသည်။

“အနည်းဆုံး လုပ်ခလစာကို အမြန်ဆုံးသတ်မှတ်ပေးသင့်တယ် ဘာလို့ လည်းဆိုတော့ အစိုးရဝန်ထမ်းတွေ လစာတိုးပြီဆိုတာနဲ့  ကုန်ဈေးနှုန်းကတက်လာတယ် ဒါတွေကို အစိုးရဝန်ထမ်းတွေက ခံစားရတာမဟုတ် ဘူး အောက်ခြေလူတန်းစားတွေသာ ခံစားရတာ” ဟု မသက်သက်အောင်က ဆိုသည်။

၁၉၅၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လုပ်ခလစာသည် အာဆီယံနိုင်ငံများတွင် အမြင့်ဆုံးတွင် ရှိခဲ့ပြီး ယင်းအချိန်က အခြေခံလူတစ်ယောက်၏ လုပ်ခလစာသည် ၎င်း၏မိသားစု ၅ ယောက် ထိုင်စားနိုင်ခဲ့ပြီး ၁၉၆၂ ခုနှစ် နောက် ပိုင်းတွင် မြန်မာနိုင်ငံ၏ လုပ်ခလစာသည် နိမ့်ကျသွားခဲ့သည်။

နှင်းနွယ်
The Myanma Age

လက်မှတ်အတုဖြင့် အမွေဆိုင်အိမ်ကို ရောင်းချခံရပြီး တရားစွဲခံရသော မိသားစု အမှုမှန်ပေါ်ရန် လိုလားနေ


ရန်ကုန်၊ ဇန်နဝါရီ ၂၅။

ပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသော အမူကိုရင်ဆိုင်နေရခြင်းနှင့် လက်မှတ်အတုဖြင့် အမွေဆိုင်အိမ်အား ရောင်းချခဲ့သော အမူတို့ကို တရားဥပဒေမှ အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် ပြန်လည်စိစစ်ပေးရန် မီထ္တီလာခရိုင် သာစည်မြို့နယ်၊ အမှတ်(၄)ကျောင်းကြီးရပ်ကွက်တွင် နေထိုင်သော ဒေါ်မြင့်မြင့်တင်မှ ဇန်နဝါရီ ၂၅ရက်က MJN ရုံး၌ ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်တင်က “ကျွန်မတို့အမွေဆိုင်အိမ်ကို လက်မှတ်အတု ထိုးပြီးတော့ ဦးဝင်းတိုးကို ရောင်းလိုက်တယ် လက်မှတ်အတုကို ဘယ်သူကထိုးလိုက်တာလည်းတော့ ကျွန်မတို့သေသေ ချာချာတော့ မသိဘူး ဒါပေမဲ့ လက်မှတ်က  ကျွန်မအဖေ ဦးဝင်းမောင်ကြည်ရဲ့လက်မှတ် မဟုတ်ဘူး အတုဖြစ်နေတယ် အဖေကလည်း အဲဒီလက်မှတ်ကို မထိုးဘူး ဒီအိမ်ရဲ့ဂရန်စာချုပ်ကိုလည်း ဦးဝင်းအောင်ကြည် ကိုင်ထားတာ အဖေသဘော မတူဘဲနဲ့ သူတစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ ရောင်းသွားတာပါ ကျွန်မတို့ကတော့ ဒီအိမ်ကို မရောင်းနိုင်ပါဘူး ရောင်းလိုက်မယ်ဆိုရင် ကျွန်မတို့မှာနေစရာအိမ် မရှိတော့ပါဘူး”ဟု ပြောသည်။

ယင်းအမွေဆိုင်အိမ်အား ၂၀၁၂ခုနှစ်က သိန်း(၁၃၀)ဖြင့် ဦးဝင်းအောင်ကြည်က ရောင်းချခဲ့ပြီး ပိုက်ဆံတဝက်ကို ယူဆောင်သွားသည်။ ဒေါ်မြင့်မြင့်တင်တို့မှာ ယခုအချိန်ထိ ပိုက်ဆံတဝက်အား ရရှိချင်း မရှိပေ။ ယင်းအမွေဆိုင်အိမ်ကို ၂၀၀၆ခုနှစ်တွင် ဦးဝင်းအောင်ကြည်က အမွေပုံစံခန့်ခွဲပေးစေလိုမူဖြင့် မိတ္ထီလာခရိုင် တရားရုံးသို့လျှောက်ထားစဉ် ခရိုင်တရားသူကြီး ဦးမျိုးတင့်မှ အိမ်ကို  ကျပ်သိန်း(၅၀)ဖြင့် ရောင်းချရန်၊ ဝိုင်းမြေအား အညီအမျှခွဲဝေရန် အမိန့်ချခဲ့ပြီး ဒီဂရီအား၊ တရားလို တရားပြိုင်နှစ်ဦးတို့မှ လက်ခံကြောင်း နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးပေးခဲ့ပြီးဖြစ်သော်လည်း သာစည်မြို့နယ် တရာသူကြီး ဒေါ်ခင်မွှေးမှ ခရိုင်ရုံးတော်မှ ချမှတ်သည့် ဒီဂရီသည် အမှုကြန့်ကြာမည်ဖြစ်၍ ခရိုင်ရုံးအမိန့်အား ပယ်ဖျက်ပြီး အိမ်နှင့်ဝိုင်းမြေအား ကြမ်းခင်းဈေး သိန်း(၁၂၀)ဖြင့် ရောင်းချရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းအမိန့်ချမှတ်ခဲ့ရာကို ဦးဝင်းမောင်ကြည်က မသိရှိခဲ့ပေ။ ဆင့်စာလုလင်မှ ဦးဝင်းမောင်ကြည်၏ လက်မှတ်အတုရေးထိုး၌ လိမ်လည်ရောင်းချရာ လေလံမအောင်မြင်ဘဲ ကျပ်သိန်း(၁၃၀)မှသာ လေလံအောင်မြင်ခဲ့သည်။

၎င်းလက်မှတ်အတုထိုး လေလံတင်ရောင်းချခြင်းအား ကန့်ကွက်ခဲ့သော်လည်း ပယ်ချခံရပြီး ရောင်းချငွေအား ယနေ့အချိန်ထိ ဦးဝင်းမောင်ကြည်မှ မရရှိသေးကြောင်း သိရသည်။ ယခုအခါ ဦးဝင်းမောင်ကြည်အား ပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသည်။

ယင်းပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသော အမှုကိုလည်း တိုင်းတရားရုံးချုပ်မှ အဖြစ်မှန်ပေါ်ပေါက်စေ ရန်အတွက် စိစစ်ပေးရန် ဒေါ်မြင့်မြင့်တင်က လျှောက်ထား ထားသည်ကိုလည်း တွေ့ရသည်။

ချစ်မင်းထွန်း
The Myanma Age

ဓါးမဦးချမြေများသိမ်း၍ မမှန်/မကန် မြေကွက်များ ပြန်လည်အပေးခံထားရသည်ဟု ဒေသခံများဆို


လားရှိုး၊ ဇန်န၀ါရီ ၂၅။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနမှ အာဏာပိုင်များက ဓါးမဦးချ လုပ်ကိုင်ခဲ့သော လားရှိုးဒေသခံ တောင်သူများ၏ လယ်ယာ စိုက်ပျိုးမြေများကို ဖျက်သိမ်းယူခဲ့ပြီး ယခုအခါမြေနေရာ အစားထိုး ပြန်လည်ချထားပေးရာ၌ ၎င်းအုပ်ချုပ်ရေး အာဏာပိုင်များက ယခင်မြို့နယ် အုပ်ချုပ်ရေးမှုး၏ ပေးထားသည့် ကတိအမိန့်အား ချေဖျက်ပြီး မမှန်/မကန်မြေကွက် ချထားသည်ဟု ယမန်နေ့နှစ်ရက်၌ တောင်သူများ စုဝေးပြောဆိုသည့် နေရာမှ သိရသည်။

ဖြစ်စဉ်မှာ၂၀၁၀ခုနှစ်၌ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)တွင်ရှိသော နားမခေါ်အရပ်ဖြစ်သည့် မောရ၀တီ(၁) ခေါ်မောက်ခေါင်ဝတီ (၁)စိုက်ပျိုး မြေနေရာတွင် တောင်သူ(၃၂)ဦး၏ စိုက်ပျိုးလယ်မြေများကို လားရှိုးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးရုံးမှ အာဏာပိုင်များက သိမ်းယူခဲ့ပြီး ၎င်းနားမခေါ်အရပ် ယခုကားကြီးဝင်းနေရာတွင် မြေပြန်လည် အစားထိုးပေးခဲ့ကာ ၂၀၁၁ခုနှစ်အရောက် လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုတိယဦးစီးမှူး ဦးတင်ထွန်းဇော်မှ တောင်သူများကိုခေါ်ယူညှိနှိုင်းကာ တစ်ဦးလျှင်(၆၀)ပတ်လည်မြေကွက် ပိုင်ဆိုင်ခွင့် မြေပေးမိန့် ပြေစာထုတ်ပေးခဲ့ကြောင်း၊ ယင်းနှစ်ဇူလိုင်လတွင် ၎င်းဌာနမှ စိုက်ပျိုးမြေနေရာချထားရေးဥက္ကဋ္ဌ ဦးထိန်လင်းက တောင်သူပိုင်ဆိုင်သည့် မြေဧကအပေါ်မူတည်၍ တစ်ဦးလျှင်(၆၀)ပတ်လည် မြေကွက်တစ်ကွက်အပြင်၊ နှစ်ကွက်၊ သုံးကွက်နှင့်ဆယ်ကွက်အလိုက် မြေပေးမိန့်ပြေစာများ ထုတ်ပေးခဲ့သောကြောင့် သိမ်းဆည်းခံ တောင်သူများ ကျေနပ်သဘောတူညီမှုရခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့မှ စုစုပေါင်းအစားထိုးမြေကွက်(၂၈၂)ကွက်ကို တောင်သူနှင့် ၀န်ထမ်းများရောနှော ချပေးသော်လည်း တကယ်တမ်း တောင်သူများ၏ရမည့် မြေကွက်မှာအကွက်၄၀ကျော်ရှိပြီး ၀န်ထမ်းများ၏ရရှိသည့် အကွက်များက ပိုများနေကြောင်း၊ ၂၀၁၂ခုနှစ်၊ဧပြီလတွင် အထက်မြေနေရာ ချထားနိုင်ရေးအတွက် လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က တောင်သူများကို ခေါ်တွေ့ပြီး တစ်ဦးလျှင်(၆၀)ပတ်လည် တစ်ကွက်သာရမည်ဟု ပြောဆိုကာ ယူလည်းရ/မယူလည်း မတတ်နိုင်ဘူးဟု ၎င်းကပြောခဲ့ကြောင်း၊ ယင်းတွေ့ဆုံစဉ် အဆိုပါအုပ်ချုပ်ရေးမှုးနှင့် တောင်သူတစ်ချို့ စကားများခဲ့ကြောင်း သိရသည်။

ယင်းကြောင့် တောင်သူများကနဂိုမူလ လုပ်ကိုင်ခဲ့သောမြေနေရာ၌ ကိုယ့်မြေ၊ကိုယ့်ခြံခတ်ပြီးဆန္ဒပြတောင်းဆိုခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပေါ်လာခြင်းမှာလည်း ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေပြီးမှ ထွက်ပေါ်လာသည့် ပြဿနာများဟု တောင်သူများကသုံးသပ်ထားသည်။

ယင်းအပြင်မောရ၀တီမှ မောက်ခေါင်ဝတီဖြစ်ပေါ်လာခြင်းမှာလည်း အဆိုပါသမ္မရောက်လာမှ အမည်ပြောင်းခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။ ၂၀၁၃ခုနှစ် ၊စက်တင်ဘာ ဆုံးဖြတ်ချက်အရ တောင်သူအတွက် အစားထိုးမြေနေရာဖေါ်ရေးကို အကောင်အထည်ဖေါ်ရန် ယခုနှစ်ဇန်န၀ါရီ၂၂ရက်နေ့တွင် စတင်မြေကွက်ရိုက်ပေးရာမှ တောင်သူများနှင့် အာဏာပိုင်များအဆင်မပြေမှုများ ယနေ့တိုင်ဖြစ်နေဆဲဟု တောင်သူများထံမှ သိရသည်။

“ကျွန်မတို့က မောရ၀တီ(၁)မှာ ဓါးမဦးချလုပ်ကိုင်ခဲ့တာ နှစ်သုံးဆယ်ရှိပြီ၊ မြေခွန်၊ စိုက်ပျိုးခွန်ဆောင်ပြီးလုပ်ခဲ့တာပါ၊ သူတို့ကပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ာကက်ဆူုနဲ့ သိမ်းတယ်၊ စီမံကိန်းနဲ့သိမ်းတယ်၊ တကယ်သိမ်းပြီးရသွားတာက ၀န်ကြီးအမျိုးတွေ၊ သူတို့ဝန်ထမ်းအသိုင်းအ၀ိုင်းတွေပဲ ဖြစ်တယ်၊ တကယ်မရှိလို့ လုပ်စားလာခဲ့တဲ့ တောင်သူနင်းပြားတွေကို လူသူဝေးတဲ့တောင်ထိပ်ပေါ်မှာ အကွက်ချပေးတယ်ဆိုတော့ စဉ်းစားကြည့်တော့၊ ပြောတော့ဆင်းရဲနွမ်းပါးလျှော့ချရေးတဲ့ အခုတော့ဆင်းရဲနွမ်းပါး ဒုက္ခရောက်ရေးဖြစ်နေတယ်၊ ကျွန်မတို့က အရင်အုပ်ချုပ်ရေး ဦးထိန်လင်းချမှတ်ပေးတဲ့ အတိုင်းလိုချင်တယ်၊ အခုချပေးတဲ့ မြေနေရာ၂၈၂ကွက်အနက် တောင်သူရမှာက အကွက်၄၆ကွက်ရှိတယ်၊ ဒါပေမယ့်မရဘူးလေ ကျန်တဲ့သူတို့ ၀န်ထမ်းပိုင်းကလူတွေ ဘယ်လောက်ယူထားလဲဆိုတာ စဉ်စားတာကြည့်တော့၊ တောင်သူကို အကြောင်းပြပြီးသူတို့မြေကွက်ရရေးအတွက် လုပ်စားနေတယ်လို့မြင်ပါတယ်၊ ကျွန်မကတောင်သူကိုယ်စား ပြောခြင်းဖြစ်ပါတယ်”ဟု တောင်သူမစုလေးငယ်က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်အား မေးရာ“သူတို့ကိုအစားထိုးပေးတာ မဟုတ်ပါဘူး၊ သူတို့စိုက်ထားတဲ့ မြေနေရာအပေါ်ပြန်လည်မြေကွက်ချပေးတာဖြစ်ပါတယ်၊ သူတို့မှာကအရင်ထဲက လယ်ယာလုပ်ကိုင်ခွင့် မှတ်ပုံတင်မရှိဘူး၊ သူတို့သဘောနဲ့စိုက်နေကြတာ၊ ယာယီစာထွက်ထားသည့်အတိုင်း ကျွန်တော်တို့ကေ မြနေရာချပေးတာပါ”ဟု ၎င်းက ပြောသည်။

ယင်းကြောင့် အဆိုပါတောင်သူများမှာ အထက်ပါသိမ်းဆည်းလယ်မြေနှင့် ပတ်သက်၍ လားရှိုးမြို့နယ် အုပ်ချုပ်ရေးရုံးသို့ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင်လည်း အသနားခံစားတိုင်ကြားခဲ့သည့်အတိုင်း အဆိုပါရုံးရှိ အုပ်ချုပ်ရေးမှူးများနှင့် အကြိမ်ကြိမ်တွေ့ဆုံတောင်းဆိုခဲ့ကြောင်း၊ တကယ်တမ်းတောင်သူများ၏ နစ်နာမှုအပိုင်းကိုကြည့်ပြီး မြေနေရာရပိုင်ခွင့် ပေးသင့်ကြောင်း ၎င်းတောင်သူများက ဆိုထားသည်။

ထွန်းထွန်း၊စိုးမင်းနိုင်။

The Myanma Age

ဝါးချစ်သူများအသင်း ထူထောင်မည် (မေးမြန်ချက် အသံဖိုင်)


မြန်မာနိုင်ဟာ ကမ္ဘာ့ထိပ်တန်း ၀ါးထွက်ရှိတဲ့နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံခြားဝင်ငွေရအောင် စနစ်တကျ စီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်း မရှိသလို ထိန်းသိမ်းစောင့်ရှောက်မှုလည်း အားနည်းနေတဲ့အတွက် ၀ါးချစ်သူများအသင်းကို ဖွဲ့စည်းပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက စတင်ကြိုးပမ်းနေပါတယ်။

ဒီအသင်းဖြစ်မြောက်ရေး ဦးဆောင်စီစဉ်နေတဲ့ မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေ၀ီသန့်စင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အပြည့်အစုံ နားဆင်နိုင်ပါတယ်။



DVB Burmese

MNTV ရုပ်သံလိုင်း ရန်ကုန်တွင် Free to air အခမဲ့ လွှင့်မည်


အခြေခံအဆောက်အဦတွေ တည်ဆောက်နေတာကြောင့် စကိုင်းနက်က တာဝန်ယူ ထုတ်လွှင့်နေတဲ့ Myanmar National TV ကို လာမယ့် ဧပြီလလောက်မှ Free to air အခမဲ့ ထုတ်လွှင့်နိုင်မယ်လို့ MNTV တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးရဲမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ရှေ့ပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ MRTV-4 နဲ့ Channel 7 တို့ကတော့ မြန်မာ့ရုပ်သံ တာဝါတိုင်နဲ့ လွှင့်ထုတ်စက်ရုံတွေကို အသုံးပြုခဲ့လို့ မြန်မြန်ဆန်ဆန် အခမဲ့ ထုတ်လွှင့်နိုင်ပေမယ့် MNTV ကတော့ အခြေခံအဆောက်အဦတွေကို ကိုယ်တိုင် တည်ဆောက်နေရလို့ အချိန်ကြာမြင့်ခဲ့ရ တယ်လို့ သူက ရှင်းပြပါတယ်။

MNTV ဟာ အစိုးရနဲ့ စပြီး စာချုပ်ချုပ်စဉ်ကတည်းက Free to air ထုတ်လွှင့်ဖို့ သဘောတူ ထားပေမယ့် အခြေခံအဆောက်အဦတွေ မပြီးသေးလို့ စကိုင်းနက်ဂြိုလ်တု ရုပ်သံဖမ်းစက်နဲ့ ဖမ်းယူကြည့်ရှုရတဲ့ လိုင်းတွေထဲမှာပဲ ဖမ်းယူကြည့်နိုင်တာလို့ သူက ပြောပါတယ်။

DVB Burmese

ချယ်ဆီးကစားသမား ဟွန်မာတာ ကို ၀ယ်ယူရန် မန်ယူ ကမ်းလှမ်းချက် လက်ခံ


ချယ်ဆီးကစားသမား ဟွန်မာတာ ဟာ သူ့ကိုဝယ်ယူဖို့ မန်ယူ အသင်းရဲ့ကမ်းလှမ်းချက်ကို ချယ်ဆီးသင်းက လက်ခံခဲ့တာကြောင့် ပျော်ရွှင်နေတယ်လို့ ချယ်ဆီးအသင်းမန်နေဂျာ ဂျိုဆေး မိုရင်ညို က ဇန်န၀ါရီလ ၂၄ ရက်နေ့က လန်ဒန်မြို့က ချယ်ဆီးအသင်းလေ့ကျင့်ရေးကွင်းမှာ ပြောကြားခဲ့ပါတယ်။

ဟွန်မာတာ ချယ်ဆီးအသင်းက ထွက်ခွာသွားတာ အတွက် စိတ်မကောင်းပေမယ့် ချယ်ဆီးမှာ ကစားခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိခဲ့ပါတယ် လို့ဆိုခဲ့ပါတယ်။
ဟွန်မာတာအပြောင်းအရွေ့တာ တကယ်ပြီးပြတ်ခဲ့ရင် ဇန်န၀ါရီလထဲမှာ ချယ်ဆီးကစားသမား နှစ်ဦး အသင်းကထွက်ခွာခဲ့တာဖြစ်ပါတယ်။ အသင်းက ကစားသမားနှစ်ဦး ထုတ်ရောင်းနိုင်ခဲ့တာ ဟာ အသင်းရဲ့ ဘဏ္ဍာရေး တောင့်တင်းလာစေတယ်လို့လည်း ဆိုပါတယ်။

ဒီလထဲမှာပဲ ဆားဗီးယား လက်ရွေးစင် နေမန် ရမာတိခ်ျ ကို ပေါ်တူဂီကလပ် ဘင်ဖီကာ ကနေ ၀ယ်ယူခဲ့ပါတယ်။ နောက်ထပ်ကစားသမားတဦး ထပ်မံဝယ်ယူအားဖြည့်ရာမှာ အီဂျစ်ကွင်းလယ် ကစားသမား မိုဟာမက် ဆာလာကို ဘားဆလ်အသင်းက ၀ယ်ယူလျှက်ရှိပြီး မိုရင်ညို တည်ဆောက်ချင်တဲ့ အသင်းပုံစံထဲကို ၀င်တယ် လို့လည်းဆိုပါတယ်။

ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတုတ်စီးတီးအသင်းနဲ့ ကစားဖို့ရှိရာမှာ ပြီးခဲ့တဲ့လက ချယ်ဆီး အသင်းကို အနိုင်ယူခဲ့တဲ့အသင်းဖြစ်တာကြောင့် တောင့်တင်းတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

DVB Burmese

Nautilus ကိုမှ Google Drive ကို အသုံးပြုခြင်း


အတွဲ (၁၅)၊ အမှတ် (၄)

Nautilus ဆိုတာ Ubuntu OS မှာ အသုံးပြုတဲ့ Gnome File Manager တစ်ခုဖြစ်ပါတယ်။ Nautilus ကို ၂၀၀၁ ခုနှစ်မှာ စတင်ပြီး ဖြန့်ချိခဲ့တာဖြစ်ပြီး အမျိုးအစားကတော့ File Manager အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Google Drive ကို Ubuntu OS ပေါ်မှာ အသုံးပြုချင်သူတွေအတွက် Nautilus ကို အသုံးပြုပြီး Google Drive ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google Drive ကို အသုံးပြုဖို့အတွက် Ubuntu OS မှာ ထည့်သွင်းအသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကိုပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Google Drive ကို Install ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်း ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့ -

sudo add-apt-repository ppa:invernizzi/google-docs-fs

sudo apt-get update && sudo apt-get install google-docs-fs ဆိုတဲ့ Command တွေပဲဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Google Drive ကိုစတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Google Drive ကို အသုံးပြုဖို့အတွက် ပထမဆုံး Home ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် Drive ဆိုတဲ့ ဖိုဒါကို ဖန်တီးရမှာ ဖြစ်ပါတယ်။ Drive ဆိုတဲ့ ဖိုဒါကို ဖန်တီးပြီးသွားရင် Terminal မှာ gmout Drive [email protected] ဆိုတဲ့ Command ကို ရိုက်ထည့်ရပါမယ်။ User Name နေရာမှာ ကိုယ်အသုံးပြုတဲ့ Google Account ရဲ့ Name ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် အဲဒီအကောင့်ရဲ့ Password ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အားလုံးပြီးစီးသွားပြီဆိုရင်တော့ အချိန်ခဏလောက် စောင့်ပေးလိုက်ရင် Google Drive ဟာ Nautilus ထဲမှာ Mount ဖြစ်သွားပြီဖြစ်ပါတယ်။ ဒါဆိုရင် Google Drive ကို Nautilus မှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

သီဟ
Internet Journal

ဒီမိုက ရေစီပြုပြင်ပြောင်းလဲရေးမှာ လူတွေ ရဲ့ အသိပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ချက်ထက်ပိုပြီး အရေးကြီးတဲ့ လုပ်ငန်းဟာ အနည်း ငယ်သာရှိမယ်ထင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြောကြား



Reader Channel အခမဲ့ ဒီ ဂျစ်တယ်ရုပ်သံလိုင်း၏ အဓိကကူညီ ပံ့ပိုးမှုဖြင့်
မြန်မာနိုင်ငံစာပေထုတ် ဝေသူနှင့် ဖြန့်ချိသူများအသင်းက ကျင်းပသည့်
ဒုတိယအကြိမ်အ ကောင်းဆုံးထုတ်ဝေသူဆု၊ အကောင်းဆုံးစာအုပ်အရောင်းဆိုင်
ဆုပေးပွဲအခမ်းအနားနှင့် စာပေဖြင့် ဘဝကို အောင်မြင်တိုးတက်သူတို့၏ ဟောပြောပွဲနှင့်
စာအုပ်ဈေးပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ မနက်၉နာရီက ရှင်စောပု လမ်းရှိ
Myanmar Event Park (MEP)၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင် ကြည်နှင့် ဌာနဆိုင်ရာအကြီးအကဲ များက အခမ်းအနားကို ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးအောင်ကြည်က
''မြန်မာနိုင်ငံစာပေထုတ်ဝေသူ နဲ့ ဖြန့်ချိသူများအသင်းက Reader Channelရဲ့ပူးပေါင်း
ကူညီမှုနဲ့ အခု လို အခမ်းအနားများပြုလုပ်ခြင်း အတွက် ဝမ်းသာကြိုဆိုဂုဏ်ယူပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့
ဒီ အသင်းအဖွဲ့ကြီးဟာ လူတိုင်းအသိ ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ စာဖတ်ရှိန်မြင့်တင်ရေးအတွက်
နောက်ကျွန်တော်တို့ လူထုကြားမှာ မီဒီယာလမ်းကြောင်းကနေ အသိ ပညာတွေဖွံ့ဖြိုးတိုးတက်ရေးဖို့ အတွက်
လမ်းပွင့်ပေးဖို့ဆိုတဲ့ကိစ္စ တွေမှာ အင်တိုက်အားတိုက်ဆောင် ရွက်နေတာ သတိထားမိပါတယ်။
ကျွန်တော်တို့အနေနဲ့ အထူးတလည် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။ တစ်ဆက်တည်းမှာပဲ
ပြော ကြားလိုတာကတော့ လူတိုင်းရဲ့ အသိပညာဟာ တခြားတစ်စုံတစ် ယောက်ဆီကနေ တစ်ဆင့်သင်ယူပြီး
တော့ ရရှိလာကြတာ ဖြစ်ပါတယ်။ အဲတော့ ဒီလိုသင်ယူမှုတွေက များ သောအားဖြင့် အခုလို
စာအုပ်စာ တန်းတွေ တခြားမီဒီယာပလက် ဖောင်းအသီးသီးက ပေးတဲ့အသိပ ညာရပ်တွေ ဒီပညာရပ်တွေကနေ
တစ်ဆင့်သင်ယူပြီးတော့မှ ကိုယ်ပိုင် အသိပညာဖွံ့ဖြိုးတိုးတ်ကအောင် ဆောင်ရွက်ခဲ့ကြရတာဖြစ်ပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒီ မိုကရေစီဖော်ဆောင်မှုလုပ်ငန်းတွေ ကို အင်တိုက်အားတိုက်ဆောင်ရွက် နေ
တဲ့အခါမှာ နိုင်ငံတော်အစိုးရသာ မက လူထုအဖွဲ့အစည်းကပါ ခုလို လူထုအသိပညာမြင့်တင်ရေးကိစ္စ တွေမှာ
ဝိုင်းဝန်းပြီးဆောင်ရွက်ကြ တာ အလွနအားရစရာကောင်းပါ တယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုက ရေစီပြုပြင်
ပြောင်းလဲရေးမှာ လူတွေ ရဲ့ အသိပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ချက်ထက်ပိုပြီး အရေးကြီးတဲ့
လုပ်ငန်းဟာ အနည်း ငယ်သာရှိမယ်ထင်ပါတယ်။ ဒီလို အရေးကြီးတဲ့တာဝန်ကို မြန်မာနိုင် ငံ
စာပေထုတ်ဝေသူများအသင်း အနေနဲ့ ဦးစီးပြီးတော့ Reader Channel ရဲ့အထောက်အကူနဲ့
မြန် မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူတိုင်း အတွက် အသိပညာမြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခြင်း
အတွက် အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်''ဟု အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် Forever Group မှ CEO ဦးဝင်းမော်မှ ကြိုဆို
နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်
ဖြန့်ချိသူများအသင်းဥက္ကဋ္ဌဒေါက် တာသာထွန်းဦးမှ အမှာစကားပြော ကြားခြင်း၊
အသင်း၏ဆောင်ရွက်များ နဲ့ ပတ်သက်ပြီး ဦးမြင့်ထွန်းမှ ပြောကြားခြင်းနှင့် အသင်း၏
အတွင်းရေးမှူးဦးသိမ်းစိုးမှ ဒုတိယ အကြိမ်အကောင်းဆုံးထုတ်ဝေသူဆု နှင့် အကောင်းဆုံး
စာအုပ်အရောင်း ဆိုင်ဆုများ ရွေးချယ်ခဲ့ရခြင်း အကြောင်းများကို ရှင်းလင်းပြော ကြားခဲ့သည်။
ဒုတိယအကြိမ် အကောင်းဆုံးထုတ်ဝေသူဆုကို ပါရ မီစုစာအုပ်ကရရှိခဲ့ပြီး အကောင်းဆုံး
စာအုပ်အရောင်းဆိုင်ဆုကို အင်းဝ စာအုပ်တိုက်မှ ရရှိခဲ့သည်။ အဆိုပါ စာအုပ်ဈေးပွဲတော်ကြီးနှင့်
စာပေ ဟောပြောပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၈ရက်နေ့အထိ ၄ရက် တိုင်တိုင် ကျင်းပမည်ဖြစ်ရာ
စာရေး သူတို့၏ဝတ္ထုတိုဖတ်ပွဲ အနုပညာရှင် များဖြစ်တဲ့ တင်မိုးလွင်၊ နန်းဆုကေ ဆွမ်၊ နန်းခင်ဇေယျာ၊ အရိုး၊
နိုင် ဇော်(Lazy Club)၊ ဦးကျော်ကျော် လှိုင်(Smart)တို့၏ ဟောပြောပွဲများ နဲ့အတူ စာရေးဆရာများ၏
စာအုပ် လက်မှတ်ရေးထိုးပွဲများ၊ ကလေးများ အတွက် ပျော်ရွှင်စရာ အစီအစဉ်များ ကျင်းပသွားမည်ဖြစ်သည်။
သိမ့်သိမ့်

Popular Myanmar News Journal

ပုလဲဝင်းရဲ့ မွေးနေ့


ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ဟာ အဆိုတော်ပုလဲဝင်းရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Popular Myanmar News Journal

အသိဥာဏ်အားနည်း ချို့ယွင်းတဲ့ ထိုင်းကလေးငယ်တွေကို အနုပညာသုံး ကုသ


ထိုင်းနိုင်ငံက ဆေးရုံတစ်ရုံမှာ အသိဥာဏ်အားနည်း ချို့ယွင်းတဲ့ ကလေးငယ်များကို ကူညီပေးဖို့ ကောင်းမွန်ပြည့်စုံတဲ့ ကုထုံးတစ်ရပ်ကို သုံးစွဲနေပါတယ်။ အဲဒီရောဂါကုထုံးဟာ ကလေးတွေရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ ပြဇာတ်အနုပညာ တင်ဆက်မှုတွေကို အသုံးပြုထားပါတယ်။

အသက် ၄၅ နှစ်အရွယ် နာခွန်နဲ့ သူ့ဇနီးတို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆွန်ခလာကနေ ချင်းမိုင်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့သားဖြစ်သူအတွက် အကူအညီ ရရှိဖို့ ချင်းမိုင်က ရတ်ချနဂရင်း ကလေးသူငယ်ဖွံ့ဖြိုးမှုဌာနကို ရောက်လာခဲ့ကြပါတယ်။

သူတို့သားလေးမှာ မွေးလာကတည်းက ဦးနှောက်ချွတ်ယွင်းလို့ ကိုယ်အင်္ဂါတချို့ မလှုပ်ရှားနိုင်တဲ့ ရောဂါ ပါလာတာကြောင့် စကားပြောတတ်ဖို့ လမ်းလျှောက်တတ်ဖို့ အခက်အခဲ ဖြစ်နေရတာပါ။

“ကျနော်တို့ကို ဥပေက္ခာမပြုပဲ၊ စေတနာ ထားလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လူတစ်ယောက်ချင်းစီရဲ့ လက်တွေ လာတွဲထားပြီးတော့ ကျနော်တို့ရဲ့ အထီးကျန်ခြင်းတွေကို ဝေမျှပေးပါ။”

အနုပညာကုထုံးရဲ့အကူအညီနဲ့ အကြောင်းအရာတွေက စပြီး ပြောင်းလဲလာပါတယ်။ ခုဆို ရောဂါသည် သားဖြစ်သူဟာ ဘီးတပ်ကုလားထိုင်ကိုသုံးပြီး လွတ်လွတ်လပ်လပ် ရွှေ့လိုက် လှုပ်ရှားလိုက်နဲ့ သူငယ်ချင်း အသစ်တွေ ရနေသလို စင်ပေါ်တက်ပြီး သီချင်းဆိုတာတွေတောင် လုပ်နိုင်နေပါပြီ။

ဒီသင်တန်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး ဂျင်းနီကာလ်ဗစ်က ပြဇာတ်အနုပညာ ရောဂါကုထုံးကို သင်ကြားပေးနေတာ အနှစ် ၃၀ ကျော် ရှိနေပါပြီ။ ဂျင်းနီဟာ ဖွံ့ဖြိုးမှုပြသနာရှိတဲ့ အနုပညာရှင်တွေကို ကူညီတဲ့ ဌာနတစ်ခု အမေရိကန်မှာ တည်ထောင်ထားပါတယ်။

အမေရိကန်ရုပ်ရှင်မင်းသမီး ဂျင်းနီကာလ်ဗစ်က “စကားမပြောတတ်တဲ့ လူငယ်တစ်ယောက် ရှိခဲ့ပါတယ်။ ကျမတို့ သူနဲ့ ဒီမှာ ၂ လလောက် ရှိခဲ့တာပေါ့။ သူက စကားလဲ မပြောဘူး။ သူ့မျက်နှာမှာလဲ ခံစားမှု မပြဘူး။ ဒါပေမယ့် တလလောက် ကြာသွားတဲ့အခါမှာတော့ သူ သီချင်း စ ဆိုလာတယ်။ သူနဲ့အတူ အမြဲတမ်းရှိနေတဲ့ သူ့ရဲ့အထိန်းတော်ကဆို ငိုတောင် ငိုတယ်။ ဘာလို့လဲဆိုတော့ အရင်က အဲဒီကလေး သီချင်းဆိုတာကို သူတို့ တစ်ခါမှ မကြားခဲ့ရဖူးဘူးလေ။ အဲဒါနဲ့ နောက်ကျတော့ စကားတွေ စပြောလာတယ်။ ကျမတို့က ပြဇာတ်တင်ဆက်တဲ့နေရာမှာ ရှိနေတာလေ။ အဲမှာ သူက မိုက်ကရိုဖုန်းကို ဆွဲယူလိုက်ပြီး ပရိသတ်တွေကို စကားပြောပါလေရောရှင်”လို့ ပြောပါတယ်။

ဒီရောဂါကုထုံးဟာ သင်တန်းသားတွေရဲ့ စွမ်းရည် တိုးတက်စေဖို့ သီချင်းဆိုတာ၊ သရုပ်ဆောင်တာတွေလို ပြဇာတ်ဆိုင်ရာ အနုပညာတွေကို သုံးစွဲကုသတာပါ။ ဒါပေမယ့် ဂျင်းနီအတွက်ကတော့ ဒါထက် ပိုသာတာတွေ အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။

“ဒါက မသန်မစွမ်း ဖြစ်ကြရတဲ့လူတွေ ဖောက်ထွက်လေ့ မရှိကြတဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ဖောက်ထွက်တာပေါ့လေ။ အများအားဖြင့်တော့ သူတို့ကိုယ်တိုင်ရဲ့ လက်တွေ့လုပ်ဆောင်မှုအပေါ်ပဲ အရာရာက စုဆုံသွားတာပါ။ အဲဒါမျိုးပေါ့။ အိုး– သူတို့တွေ လမ်းတွေကို ဖြတ်ပြီး လျှောက်နိုင်ကြပြီ။ အ၀တ်တွေ ၀တ်စားတတ်ပြီ။ ဘယ်လိုစားရ သောက်ရတယ် ဆိုတာ သူတို့သိလာကြပြီ။ သူတို့နေရာတွေကို ဘယ်လိုသန့်ရှင်းရမယ်ဆိုတာလဲ သိလာပြီ။ သူတို့ ဖန်တီးတီထွင်နိုင်စွမ်း ရှိကြပြီးတော့ လုပ်ဖို့ကိုလဲ အိုင်ဒီယာတွေ ရှိကြတယ်။”

ပြီးခဲ့တဲ့နှစ်ကတော့ မွေးရာပါ မသန်မစွမ်းကလေးငယ် ၄ သောင်းလောက် ရှိတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ၂၀၀၇ ခုနှစ် အမျိုးသားစစ်တမ်းအရဆိုရင် ထိုင်းကလေးငယ် ၃၀ ရာခိုင်နှုန်းကျော်ဟာ ဘာသာစကားနဲ့ အပြောအဆိုပိုင်းမှာ ပြဿနာတွေ ရှိနေတာပါ။ အဲလိုကလေးမျိုး အရေအတွက် များလာတယ်လို့ ဆေးရုံညွှန်ကြားရေးမှူး ဆမိုင် ဆီရီသွန် သာဝမ်က ပြောပါတယ်။ သူ့ဆေးရုံဟာ ခုဆို လူနာတွေနဲ့ ပြည့်နေပြီး လူဝင်ဆန့်တဲ့ပမာဏ ၂ ဆ လောက်ထိကို များနေပါတယ်။ ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးငယ်အရေအတွက် တိုးလာတာကို ဒရာမာ ကုထုံးနဲ့ ကူညီဖြေရှင်း ကုသပေးနိုင်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

ဆေးရုံညွှန်ကြားရေးမှူး ဆမိုင် ဆီရီသွန် သာဝမ်က “ဖွံ့ဖြိုးမှု နောက်ကျအားနည်းနေတဲ့ ကလေးတွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့ နည်းပညာက တကယ့်ကို အသစ်စက်စက်ပါ။ ဒါကို စံထားစရာတခုလို့ သတ်မှတ်လိုက်ရင် ကောင်းတာပေါ့။ နောက်ပြီး တနိုင်ငံလုံးက တခြားဝန်ဆောင်မှုဌာနတွေကိုလည်း အဆင့်မြှင့်ပေးသင့်ပါတယ်”လို့ ဆိုပါတယ်။

အနုပညာကုထုံးဟာ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ပြနေပြီဆိုတာ ယုံကြည်နေတဲ့ ဂျင်းနီက “ကျမတို့ မနှစ်က စ လုပ်တုန်းက သူတို့တွေကို စကားပြောလာဖို့ ကျမတို့ ကြိုးစားကူညီခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က တိုးတိုးလေးပဲ ပြောကြတယ်။ ကျမတို့ သူတို့ကို သီချင်း အကျယ်ကြီးဆိုခိုင်းလို့လဲ မရ၊ သူတို့ကို ပြုံးပြုံးလေး နေခိုင်းလို့လဲ မရသေးဘူးပေါ့။ ဒါပေမယ့်လေ သီတင်းပတ် နည်းနည်းလောက်ကြာပြီးနောက်မှာတော့ သူတို့ သီချင်းတွေ ဆိုလာတယ်။ စကားတွေလဲ အကျယ်ကြီးပြောလာတယ်။ နောက် အမူအရာတွေပါ ပြလာကြတယ်။ သူတို့နဲ့ အတူတူ လုပ်ဆောင်ပေးနေလေလေ၊ သူတို့ကိုယ်တိုင် ပိုပြီး တက်ကြွလုပ်ဆောင်လာတွေကို မြင်ရလေလေပါပဲ။ သူတို့တွေ နိုးထလာကြသလိုပေါ့ရှင်”လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ ဦးနှောက်နဲ့အသိဥာဏ် ဖွံ့ဖြိုးမှု နောက်ကျအားနည်း ချို့ယွင်းမှုရှိကြတဲ့ ကလေးငယ်တွေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားကြတဲ့ စင်တင်ပြဇာတ် တင်ဆက်မှုတစ်ခုကို ဆေးရုံက ကျင်းပပေးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်အတွင်း တောရိုင်းတိရစ္ဆာန်တွေကို ကြိုးစားကယ်တင်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းပါ။

အသက် ၂၀ အရွယ် လူနာတယောက်ဖြစ်ပြီး စင်ပေါ်မှာ ရဲရဲဝံ့ဝံ့ စွမ်းရည်ပြနေတဲ့ အွန်မ်ဆင်က “ကျနော်က ခေါင်းဆောင်မင်းသားပါ။ ကျနော် သီချင်း ဆိုပြရပါတယ်။ သီချင်းဆိုတဲ့ အမျိုးသားအဆိုတော်ပေါ့။ … နောက် ကျနော် အင်္ဂလိပ်စကားလဲ ပြောတတ်ပါတယ်”လို့ ဆိုပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ကန်နီကာ ပတ်ခ်ျကယောက်က ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားတာပါ။
DVB Burmese

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ထိုင်းအစိုးရ သဘောတူပေမယ့် ဆက်လက်ဆန္ဒပြ

Anti-government protesters gather during a rally at Victory Monument in Bangkok

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပဖို့ ကြေညာထားတဲ့ ထိုင်းရွေးကောက်ပွဲအစီအစဉ်ကို ထိုင်းဖွဲ့စည်းပုံခုံရုံးက ရွှေ့ဆိုင်းဖို့ ဇန်န၀ါရီလ ၂၄ ရက်နေ့က ခွင့်ပြုခဲ့ပေမယ့်လည်း ထိုင်းဆန္ဒပြသူတွေကတော့ ဇန်န၀ါရီလ ၂၅ ရက် ဒီကနေ့မှာလည်း အစိုးရကို ဆက်လက် ဖိအားပေး ဆန္ဒပြနေကြပါတယ်။

ဥပဒေတွေ ပြုပြင်ပြောင်းလဲပြီးမှ ကျင်းပမမယ့်ရွေးကောက်ပွဲကိုပဲ လက်ခံမယ်လို့ ဆန္ဒပြသူတဦးက ဆိုပါတယ်။

ထိုင်းရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ရလောက်အောင် တည်ငြိမ်မှုမရှိသေးတာကြောင့် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းဖို့ ထိုင်းဖွဲ့စည်းပုံခုံရုံးကို ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ ၀န်ကြီးချုပ် ယင်လပ်ကတော့ ရွေးကောက်ပွဲမှာ အနိုင်ယူပြီး တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့ပါတယ်။

ဖွဲ့စည်းပုံခုံရုံးကတော့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းနိုင်ပေမယ့် နောက်ကျင်းပမယ့်ရက်ကိုတော့ အစိုးရနဲ့ သဘောတူညီချက်ရယူပြီး ကြေညာရမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖြစ်ရင် သေချာပေါက်အနိုင်ရမယ့် လက်ရှိထိုင်းအစိုးရကတော့ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းတာကို လက်မခံပါဘူး။ ဘန်ကောက်မြို့တော်မှာတော့ ဗုဒ္ဓဟူးနေ့ကစပြီး ရက် ၆၀ အရေးပေါ်ဥပဒေ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘန်ကောက်မြို့မှာ ဗုန်းနှစ်လုံးပေါက်ကွဲခဲ့မှုအပါအ၀င် သေနတ်ပစ်ခတ်အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာလက ပြန်လည်ဖြစ်ပွားနေတဲ့ဘန်ကောက်မြို့ဆန္ဒပြပွဲတွေအတွင်း စုစုပေါင်း လူ ၉ ဦးသေဆုံးခဲ့ပြီဖြစ်ပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီဖြစ်ပါတယ်။
DVB Burmese

နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရန် အကူအညီလိုကြောင်း ယူကရိန်း အတိုက်အခံ ပြော


ယူကရိန်းအတိုက်အခံတွေဟာ ဖြစ်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အနောက်နိုင်ငံတွေရဲ့ အကူအညီလိုမယ်လို့ အီးယူအဖွဲ့နိုင်ငံ တိုးချဲ့ရေးကော်မရှင်နာ စတယ်ဖဲန် ဖူးလ်နဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။ စတယ်ဖဲန် ဖူးလ် ဟာ ယူကရိန်းသမ္မတ ရနိုကိုဗစ်နဲ့လည်း အစောပိုင်းက တွေ့ဆုံခဲ့ပါသေးတယ်။

အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ ရပ်ဆဲန်ရခ် က အနောက်နိုင်ငံတွေရဲ့ ကြားဝင် ဖျန်ဖြေမှု မပါပဲနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကနေ ထွက်နိုင်ဖို့ ခက်လိမ့်မယ်ဆိုတာ သေချာတယ်။ ဒါကြောင့် ကျနော်တို့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ အရေးကြီး တယ်လို့ ပြောဆိုခဲ့ပါတယ်။

အီးယူကိုယ်စားလှယ်ကတော့ ယူကရိန်းအစိုးရနဲ့ အတိုက်အခံနှစ်ဖက်စလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ့် သမတ ရနိုကိုဗစ် အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ကြားဝင်ဖျန်ဖြေမှုကို လက်ခံမယ် မထင်ဘူးလို့ အတိုက်အခံခေါင်းဆောင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

သမတ ရနိုကိုဗစ်က နောက်အပတ်မှာ အစိုးရတွင်း အပြောင်းအလဲတွေကို လုပ်ပေးဖို့နဲ့ ဆန္ဒပြပွဲတွေကို ပိတ်ပင်တဲ့ဥပဒေကို ပြန်ပြီး ပြင်ဆင်ပေးမယ်လို့ ဇန်န၀ါရီလ ၂၄ ရက်နေ့က ကြေညာ ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ကလစ်ခ်ျကို ကတော့ အခြေခံနိုင်ငံရေးအပြောင်းအလဲတွေကို လူထုကလိုချင်တာပါ။ အစိုးရတွင်း အပြောင်းအလဲ လုပ်တာလောက်နဲ့ မလုံလောက်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၄ ရက်နေ့ ညကလည်း ကိဗ်မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေဟာ သူတို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ ကားတာယာတွေကို မီးရှို့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို တားဆီးထားခဲ့ကြပါတယ်။
DVB Burmese

ငွေကြေးဖောင်းပွမှု လျှော့ချရန် စီးပွားရေးလုပ်ငန်းတွေ ထိန်းချုပ်သင့်


ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့အတွက် စီးပွားရေးလုပ်ငန်းတွေက ထိန်းချုပ်သင့်တယ်လို့ သမ္မတစီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့် က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြန်မာနို်င်ငံတွက် မက်ခရိုဘောဂဗေဒ သင်ခန်းစာ ဟောပြောပွဲမှာ ပြောခဲ့တာပါ။

“ဆိုပါတော့ စီးပွားရေးက မြန်နေတက်တော့ inflation တွေက ဖြစ်နေပြီ။ တိုင်းပြည်မှာ ငွေဖောင်းပွမှုတွေက အကြီးအကျယ် ဖြစ်နေပြီဆိုတော့ ဘာလုပ်ရမလဲဆိုတော့ ဝယ်လိုအားက တိုးနေတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှုကလည်း အများကြီးဖြစ်နေတယ်။ ငွေဖောင်းပွမှုကလည်း ထိန်းမရ ဖြစ်နေတယ် အဲ့တော့ ပေါ်လစီအရ စီးပွားရေးကို တုန့်ပြန်ရမယ်။ ခုမြန်မာပြည်က ဒုက္ခရောက်နေတာက ဒီ inflation ပါပဲ inflation က ဘယ်သူဖန်တီးလဲဆိုတော့ အစိုးရပါပဲ၊ အစိုးရကြောင့် inflation ဖြစ်ရတာပါ။ ဘက်ဂျက် defences က အမြဲတမ်းဖြစ်နေတော့ အဲတာက သူတို့က ကောင်းမှန်းသိနေတာပေါ့။ ဘက်ဂျက် defense ဖြစ်ရင် ငွေစက္ကူရိုက်လိုက်ကွာ ဆိုတော့ ကျနော်တို့အပေါ်လာပြီး ဖိစီးတာပေါ့”

အစိုးရအနေနဲ့ GDP တိုးတက်အောင် ဆောင်ရွက်နည်းလမ်းတွေကိုလည်း သူက ဆက်ပြော ပါတယ်။

“အစိုးရ အနေနဲ့ကလည်း GDP မှာ အများကြီး လုပ်ဆောင်နို်င်တယ် ဘက်ဂျက်ကိုသုံးပြီး လုပ်လို့ရတဲ့ အနေအထားတွေ ဘက်ဂျက်ကို တိုးလိုက်တာနဲ့ သူ့အနေနဲ့က GDP တက်ပြီ အစိုးရအနေနဲ့ ပြောင်းချင်အလွယ်လေး ပို့ကုန် သွင်းကုန်တွေ ပိတ်လိုက်လို့ရတာပဲ အတ်စပို့ လုပ်ရင်လည်း လိုင်စင်တွေ အများကြီး လုပ်လို့ရတာပဲ ဒီဟာ အားလုံးကလည်း အစိုးရက ကိုင်ထားတာပဲ။ စီးပွားရေး ကျဆင်းတဲ့ အခါမှာ အလုပ်အကိုင်တွေ ကျဆင်းတဲ့အခါမှာ အစိုးရ အနေနဲ့ ဝင်ရောက် ဆောင်ရွက်လို့ရတယ်။ ဆေးရုံတွေဆောက်မယ်၊ ကျောင်းတွေဆောက်မယ်၊ ကျေးရွာ လမ်းတွေ ဆောက်မယ်၊ ဆည်မြောင်းဆောက်မယ်၊ ကျေးလက်ချေးငွေတွေ တိုးမယ်၊ ဒါတွေ လုပ်မယ်ဆိုရင်တော့ gdpတက်သွားမှာပေါ့ ဒါ တိုက်ရိုက်လုပ်လို့ရတယ် တိုင်းပြည် တပြည်က နှေးကွေးနေမယ် ဆိုရင် တက်စ်တွေကိုလျော့ပေါ့။”

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၂ ဒဿမ ၈ ရာခိုင်နှုန်းဘဲရှိခဲ့ပေမယ့် ၂၀၁၃ ခုနှစ် သြဂုတ်လမှာတော့ ၇ ဒဿမ ၂ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့လို့ ဒီအခြေအနေ အတိုင်းသာဆိုရင် လာမယ့် ဘဏ္ဍာနှစ်မှာ ၇ ဒဿမ ၇၅ ရာခိုင်နှုန်းအထိ မြှင့်တက် လာနိုင်တယ်လို့ IMF သတိပေးထားတာပါတယ်။

DVB Burmese

မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲဝန်ဆောင်မှုစတင်


ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဘဏ်ဝန်ဆောင်မှုများကို သုံးစွဲမှု နည်းပါးသေးသော မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဖြင့် ငွေထည့်သွင်း လွှဲပြောင်းခြင်း၊ ကုန်စည် ဝယ်ယူခြင်းများ ပြုလုပ်နိုင်သည့် Myanmar Mobile Money ဝန်ဆောင်မှုကို အင်းဝဘဏ်တွင် စာရင်းသွင်း၍ သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း အင်းဝဘဏ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားသည်။

အင်းဝဘဏ်နှင့် ချိတ်ဆက်ထားသော အေးဂျင့်များမှ တစ်ဆင့် ငွေလွှဲပြောင်းရမည့် အဆိုပါ ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ အင်းဝဘဏ်နှင့် Myanmar Telecommunation Services တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ဘဏ်မရှိသည့် နေရာများ၌ပါ ငွေလွှဲပြောင်းနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ကျေးလက်ဒေသများရှိလူများ စရိတ်သက်သာစွာဖြင့် သုံးစွဲနိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အားပေးကူညီသည့် သဘောဖြင့် ဗဟိုဘဏ်က မိုဘိုင်းလ် ဘဏ်လုပ်ငန်းကို ခွင့်ပြုချက်ချပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

ယင်းဝန်ဆောင်မှု ပေါ်ပေါက်လာခြင်းကြောင့် ငွေလွှဲပြောင်းရာတွင် အဆင်ပြေမည် ဖြစ်သော်လည်း ထည့်သွင်းထားသောငွေ လုံခြုံရေးကို စိုးရိမ်မိကြောင်း သုတေသန ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ် ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

Myanmar Mobile Money ဝန်ဆောင်မှုကို ကမ္ဘောဒီးယားနိုင်ငံရှိ Wing Mobile Money ၏ပုံစံကို အတုယူ၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး လုံခြုံရေးအတွက် ကမ္ဘာကျော် Oberthur Technologies ကုမ္ပဏီနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အင်းဝဘဏ်ထံမှ သိရသည်။

အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုရန် မှတ်ပုံတင်ကြေး ကျပ် ၅၀၀ ပေးသွင်း၍ အင်းဝဘဏ်တွင် စတင်သုံးစွဲနိုင်ပြီ ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၁၀ သိန်းအများဆုံး လွှဲပြောင်းနိုင်ပြီး တစ်ကြိမ်လျှင် ငါးသိန်းအထိ လွှဲပြောင်းနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

သမဝါယမဘဏ် လီမိတက်ကလည်း မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှုကို စမ်းသပ်လုပ်ကိုင်နေကြောင်း ဇန်နဝါရီလဆန်းပိုင်းက ကြေညာထားသည်။

ပြည်တွင်းတွင် မိုဘိုင်းလ်ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ဘဏ်ခုနစ်ခုနှင့် အသေးစား ချေးငွေလုပ်ငန်းတစ်ခုက တင်ပြထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
The Voice Weekly Myanmar

အခြေခံဥပဒေပြင်ရန် နမ့်စန်တွင် ၉၅ရာခိုင်နှုန်း ထောက်ခံ


မဇ္ဈိမသတင်းဌာန| စနေနေ့၊ ဇန်နဝါရီလ ၂၅ရက်၊ ၂၀၁၄ခုနှစ်။

နမ့်စန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၅ရက် နံနက် ၉နာရီ ခွဲခန့်တွင် နမ့်စန်ဘောလုံးကွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ရာ တက်ရောက်သူ ၉၅ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို နမ့်စန်ဒေသခံ ၄၀၀၀ခန့် တက်ရောက်ခဲ့သည်။
Mizzima Burmese

ကင်ဆာရာဂါကို နှစ် ၃၀ နီးပါး ရင်ဆိုင်အံတု ခဲ့တဲ့ ခင်ယုမေ


Q. ကျန်းမာရေးနဲ့ ပတ်သက်ပြီး အန်တီမေမှာ ဘယ်လိုမျိုး ဝေဒနာတွေ ခံစားနေရပါသလဲ။

A. အန်တီမေက ၁၉၈၂ ခုနှစ်မှာ ရင်သားကင်ဆာ ရောဂါ စဖြစ်ခဲ့တယ်။ အဲဒီကနေ ၁၉၉၅ လောက်မှာ ကင်ဆာဆဲလ်တွေက သားအိမ်ကို ကူးပြန်တာကြောင့် သားအိမ်ကို ဖြတ်ထုတ်
ခဲ့ရတယ်။ နောက်ပြီး ကင်ဆာရဲ့ နောက်ဆက်တွဲ ဝေဒနာတွေနဲ့ အရိုးပွ၊
အရိုးပါးတာတွေ ခံစား နေရပါတယ်။
Q. ကင်ဆာဖြစ်မှန်း သိတော့ ဘယ်လိုမျိုး ကုသမှု ခံယူခဲ့ ပါသလဲ။
A. စသိသိချင်းတုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ပါတယ်။
ဓာတ်ကင်ခဲ့ရတယ်။ ကင်ဆာဆေးတွေလည်း သောက်ခဲ့ရ ပါ တယ်။ အဲဒီကတည်းက ဆရာဝန်နဲ့
သေချာပုံမှန် ပြဖြစ်ခဲ့ပါတယ်။

Q. ရင်သားကင်ဆာ စတင် ခံစား နေရချိန်မှာ ဘယ်လိုရောဂါ လက္ခဏာ တွေကို ခံစားရပါသလဲ။

A. အန်တီမေက အရမ်း အကြမ်း ခံနိုင်တဲ့သူပါ။ ရိုက်ရတာလည်း ဇာတ်ကြမ်းကား တွေပေါ့။ အန်တီမေ တစ်ခါမှ ပင်ပန်းတယ်၊ မောတယ် မရှိခဲ့ဘူး။
နောက်ပိုင်းကျတော့ အပင်ပန်းလည်း မခံနိုင်၊ ညဘက် တွေလည်း အိပ်မပျော်၊
အသားအရေကလည်း တဖြည်းဖြည်း ခြောက် လာတယ်။ နေမကောင်းဘူး ပေါ့ကွယ်။ ရင်သား
ကင်ဆာရယ်လို့တော့ မသိခဲ့ပါဘူး။ နေမကောင်းလို့ အားဆေး သွားသွားထိုးနေတဲ့ ဆေး
ခန်းက ဆရာဝန်မလေးက အထူးကု ဆရာဝန်နဲ့ ပြဖို့ ပြောတယ်လေ။ အန်တီမေ ရင်သားမှာ
မန်ကျည်းစေ့လောက် အကျိတ်လေး ဖြစ်နေ တာပေါ့။ အန်တီမေကတော့ ဒီလို
အကျိတ်မျိုးဆိုတာ လူတိုင်းရှိတယ်ပဲ ထင်ပြီး ပေါ့ခဲ့တယ်။ ပြီးတော့ ဆရာဝန်ကို
ကိုယ့်ရင်သား ပြရမှာ လည်း ရှက်ခဲ့တာပေါ့။ အဲဒါတွေကြောင့် ကြန့်ကြာသွားပြီး
မန်ကျည်းစေ့လောက် အကျိတ်လေးကနေ ခုံညင်းဒိုးလောက်ထိ ဖြစ်လာတယ်။ အဲဒီ
အချိန်ကျမှ သွားပြတော့ အသားစ ထုတ်ပြီး စစ်ဆေးတယ်။ ကင်ဆာ တွေ့တယ်။
အဲဒီအချိန်ကျတော့ ထုတ်ရုံတင် မရတော့ဘူး။ ရင် သားပါ ဖြတ်ထုတ် လိုက်ရတယ်။
Q. ရင်သားကင်ဆာ ဝေဒနာ ရှိနေတော့ အန်တီမေ ရဲ့ အနုပညာ လုပ်ငန်းမှာ ဘယ်လောက်ထိ ထိခိုက်ပါသလဲ။
A. ထိခိုက်တာ မဟုတ်ပါဘူး။ လုံးဝကို မလုပ်နိုင် တော့တာပါ။ ကားရိုက်တယ်
ဆိုတာက ကြည့်တော့သာ လွယ်ပေမယ့် စိတ်ပန်း လူပန်း လေ၊ အန်တီမေ အဲဒီဒဏ်တွေကို
မခံနိုင်တော့တာနဲ့ ၀ါသနာပါတဲ့ အလုပ် ကို စွန့်လွှတ် လိုက်ရတယ်။ ဇာတ်ကားတွေ
မရိုက် ဖြစ်တော့ ပါ ဘူး။
Q. ကျန်းမာရေး မကောင်းတော့ အနုပညာ အလုပ်အပြင် အခြား လူမှုရေး၊ စီးပွားရေး တွေမှာပါ ဘယ်လို အခက်အခဲ ကြုံရပါ သေးလဲ။

A. မကျန်းမမာနဲ့ နေမကောင်းတဲ့ အချိန်မှာ သေချာ သိလိုက်ရတာက လူဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ် ဆိုတာပါပဲ။ အန်တီမေ တို့ က သားအမိ နှစ်ယောက်ပဲ
ရှိတာလေ။ သားလေးက အမေရိကားမှာ ဒီကိုပြန်လာဖို့ မလွယ်ဘူး။ အန်တီမေ
တစ်ယောက်တည်းပေါ့။ အရင် က ရုပ်ရှင်ထုတ်လုပ်ရေး ရှိခဲ့တယ်လေ။ အဲဒါတွေ လည်း
မကျန်းမာတော့ ဆက်မလုပ်နိုင် တော့ပါဘူး။ တခြား အန်တီမေရဲ့ အိမ်တွေ၊ ခြံ
တွေဆိုတာလည်း ကိုယ်နေမကောင်း တော့၊ ကိုယ်တိုင် မလိုက်နိုင် တော့တာနဲ့ လူတွေ
လိမ်လိုက်၊ ညာလိုက်ကြတာ..တရားကျဖို့ ကောင်း ပါတယ်ကွယ်။
Q. အဲဒီအခါ အန်တီမေ ကြုံရတဲ့ ဝေဒနာတွေ၊ ပြဿနာတွေ နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု မဖြစ်အောင် ဘယ်လို ပြုမူပါသလဲ။

A. တချို့ကတော့ ကင်ဆာဆိုတာနဲ့ လန့်ပြီး တစ်ဝက်လောက် သေသွားပြီ။ အန်တီမေ ကတော့ မကြောက်ပါဘူး။ ကြောက်နေလို့ ပျောက် မှာတဲ့လား။ ရဲရဲရင်ဆိုင် ရုံပေါ့။
ဆေးကုစရာ ရှိတာ ကုတယ်။ စိတ်ကို ဖြေတယ်။ အဓိက ကတော့ တရားနဲ့ ဖြေတာပါပဲ။
အန်တီမေက ရိပ် သာမှာ တရားသွားထိုင်ဖို့ အဆင်မပြေဘူး။ ရောဂါတွေ ရှိနေတော့
ထိုင်ရထရတာ၊ အိမ်သာ သွားရတာ အစစ အရာရာ အန်တီမေ့ အတွက် မလွယ်ဘူး။
အဲဒါကြောင့် ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်တွေ ဖတ်တယ်။ TV က လာတဲ့
တရားတွေနာတယ်။ စာရေးဆရာမ ခင်စောတင့်ရဲ့ ၀တ္ထုလေးတွေ ဖတ်တယ်။ စိတ်ကို
အဲဒီလိုလေးပဲ ဖြေရပါတယ်။ အန်တီမေ ပြောချင်တာက ဥပမာ-လူဆိုတာ ကင်ဆာဖြစ်
နေပြီ၊ နောက်လပိုင်းလောက်ပဲ အသက်ရှင်နိုင်တော့မယ် ဆိုရင် သူ့မှာ
ဘယ်သူ့ကိုမှ ရန်လို မုန်းတီးတာတွေ ရှိမှာ မဟုတ်ဘူး။ မိသားစုနဲ့ လည်း
စည်းစည်းလုံးလုံးလေး နေချင်မှာပဲ။ အများကောင်းကျိုး အတွက် ကိုလည်း
သူစဉ်းစား မှာပဲ။ သူက သေခြင်းတရားနဲ့ နီးနေတာကိုး။ ပတ်ဝန်းကျင်မှာ အန်တီမေ
တွေ့ရ သလောက်တော့ လူအချင်းချင်း နိုင်ထက်စီးနင်း ပြုတာတွေ၊ လိမ်ညာတာတွေ၊
လက်စားချေတာတွေ၊ မောက်မာတာတွေ တော်တော်တွေရတယ်။ တစ်သက်လုံးပဲ အသက်ရှင်
နေတော့မယ့်အတိုင်း၊ မသေတော့မယ့် လူတွေလိုပဲ သတိလက် လွတ် နေနေကြတာ တွေ့ရတယ်။
တကယ်တော့ တရားဆိုတာ အဝေးကြီးမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်မှာကို ရှိနေတာပါ။
အန်တီမေဆို
တစ်ခါတလေ မင်းသမီး ဘ၀က ပုံလေးတွေ ပြန်ကြည့်တယ်။ ငါအဲဒီ အရွယ်တုန်းက နာတယ်၊
မောတယ်ဆိုတာ ဘာမှန်း မသိခဲ့ပါလား ဆိုပြီး ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်တဲ့
သဘောတွေ ကို တွေ့ရတယ်။ အခုချိန်မှာတော့ ကျော်ကြားမှု၊ အောင်မြင်မှု၊ လှပ
နုနယ်မှုတွေဟာ ဘာမှ မဟုတ်တော့တာ ကိုယ်တွေ့ပဲလေ။

Q. အန်တီမေတို့ ခေတ်တုန်းက လည်ပင်းမှာ ပ၀ါလေး ပတ်ခဲ့တဲ့ ဖက်ရှင်က အန်တီခင်ယုမေ ဖက်ရှင်ရယ်လို့ အခုချိန်ထိ ခေတ် စားနေတုန်းပါပဲ။ ဖက်ရှင်တို့၊ အလှအပတို့နဲ့ ပတ်သက်ပြီး အန်တီမေ အတွေ့အကြုံ တွေကို ပြောပြပေးပါ။

A. အန်တီမေက လည်ပင်းမှာ ပ၀ါလေး စည်းရတာကို အရမ်း ကြိုက်တာလေ။ တခြားလည်း အန်တီမေ Fashion ဆိုပြီး အင်္ကျီလေးတွေ လည်း ရှိခဲ့ပါတယ်။ အလှအပက အန်တီမေတို့
ခေတ်မှာ ဘာမှ သိပ်မရှိဘူး။ မျက်ခုံးမွေးဆွဲ ခဲတံရယ်၊ ပေါင်ဒါနဲ့
နှုတ်ခမ်းနီရယ်ပဲ ရှိခဲ့တာ။ တော်တော်လေးကြာမှ မျက်တောင်တု ပေါ်လာတာလေ။
မိတ်ကပ် ဆိုတာလည်း ပန်ခရို မိတ်ကပ် ခေါ်တာပေါ့။ မျက်နှာဖုံးကြီး စွပ်ထားတဲ့
အတိုင်း ရေလဲမစိုဘူး။ အဲဒီလို မိတ်ကပ်တွေ သုံးခဲ့ရတာ။ အန်တီမေ ကတော့
မလိုအပ်ရင် မိတ်ကပ် မလိမ်းဘူး။ သနပ်ခါးပဲ လိမ်းတယ်။ ရိုက်ကွင်းပြီးတာနဲ့
မိတ်ကပ် ချက်ချင်းဖျက်တယ်။ အဲဒါတွေက တင်းတိပ်တို့၊ ၀က်ခြံတို့ ဖြစ်တယ်လေ။
Q. ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ အန်တီမေ ဘာတွေ လုပ်ဖြစ်သေးလဲ။

ဲA. အိမ်အလုပ်တွေ လုပ်တယ်လေ။ တံမြက်စည်း လှည်းတာ၊ ကြမ်းတိုက်တာ တွေပေါ့။ အခု နောက်ပိုင်းတော့ လက်တွေက ရောင်ပြီး အ ရိုးအဆစ်တွေ နာတော့ သိပ်မလုပ်
ဖြစ်တော့ဘူး။ ဟိုးအရင် မင်းသမီး ဘ၀တုန်း ကတော့ မနက်တိုင်း မြင်းစီးတယ်။
မြင်းစီးတာက ကျန်းမာရေးအတွက် သိပ်ကောင်းတာ။ သူက ကိုယ်၊ လက်၊ ခြေထောက်
တစ်ခုမှ မအားရဘူး။ အကုန် လှုပ်ရှားနေရတာ ဆိုတော့ အဆီ လည်း မတက်ဘူး။ မနက်
အစောကြီးဆိုတော့ လေကောင်းလေသန့် လည်းရတယ်။
Q. အန်တီမေတို့မှာ ကင်ဆာ မျိုးရိုးကော ရှိလား။

A. အန်တီမေတို့မှာ ကင်ဆာမျိုးရိုး မရှိခဲ့ဘူး။ ဒါပေမဲ့ အန်တီမေ့မှာ ရင်သားကင်ဆာ ဖြစ်သလို အန်တီမေ့ ညီမကျတော့ သားအိမ် ကင်ဆာ ဖြစ်တယ်။ သူကတော့
သိတာလည်း မြန်ပြီး ချက်ချင်း ကုသလိုက် တော့ ဓာတ်ကင်ရုံနဲ့ ပျောက်သွားတယ်။
Q. အန်တီမေ့မှာ ရင်သားကင်ဆာ ဝေဒနာ ခံစားရတာ ဘာ အကြောင်းကြောင့်လို့ ထင်လဲ။

A. အန်တီမေက ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော် အလှော်စာတွေ အစားများတယ်။ အဲဒါတွေကြောင့် လို့ထင်တယ်။
Q. ဒါဆို အန်တီမေ အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပေး စကားလေး ပြောစေချင်ပါတယ်။
A. အဲဒါကတော့ အန်တီမေ့လို ရင်သားကင်ဆာ မဖြစ်အောင် ပေါင်မုန့်မီးကင်၊
ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော်အလှော် စာတွေ သိပ်မစားဖို့နဲ့
အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ များများ စားပါ။ ကိုယ့်ရင်သားမှာ
မသင်္ကာစရာ အလုံးအကျိတ် တွေ့ရင် မ ရှက်ပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး
ကုသမှု ခံယူပါလို့ ပြောချင်ပါတယ်။

Good Health

မလေးရှားအစိုးရက ပြန်ပို့မည့် ဖမ်းဆီးခံမြန်မာနိုင်ငံသားများအား မြန်မာသံရုံး ကူညီဆောင်ရွက်ပေးမည်ဟုဆို

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့်တရားမ၀င်နိုင်ငံခြားသားများ valuewalk.com

မလေးရှားနိုင်ငံတွင် တရားမ၀င်နိုင်ငံခြားသားများ ဖမ်းဆီးရေးစီမံချက်ဖြင့် အင်တိုက်အားတိုက်ဖမ်းဆီးနေခြင်းကို မလေးရှားစီးပွားရေးလုပ်ငန်းရှင်များက ကန့်ကွက်ထားပြီး ဖမ်းဆီးခံရသူများကို ခုနစ်ရက်အတွင်း ပြန်ပို့မည်ဖြစ်သောကြောင့် ပြန်ပို့ခံရမည့် မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ခုနှစ်သည် မလေးရှားနိုင်ငံ၏ ခရီးသွားနှစ်ဟု သတ်မှတ်ထားသောကြောင့် လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများကို အနှောင့်အယှက်မဖြစ်စေရန် တရားမ၀င် လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားများကို ဇန်န၀ါရီ ၂၁ရက်တွင် စတင်ဖမ်းဆီးရာ ထို့နေ့တွင် တရားမ၀င်လုပ်သား ၁၅၆၅ ဦး ဖမ်းဆီးခံရသည်။ ထိုထဲတွင် မြန်မာနိုင်ငံသား ၁၅၇  ဦး ပါဝင်သည်။

ဖမ်းဆီးခံရသောသူများကို ခုနှစ်ရက်အတွင်း အမိနိုင်ငံသို့ ပြန်ပို့မည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသည်။
““အဖမ်းခံရတဲ့သူတွေကို ခုနစ်ရက်အတွင်း ပြန်ပို့မယ်လို့ ပြောထားတယ်။ စတဲ့နေ့က မြန်မာ ၁၅၇ ယောက် အဖမ်းခံရပါတယ်။ နောက်နေ့တွေမှာ ဘယ်လောက်အဖမ်းခံရတယ်ဆိုတာ မသိသေးပါဘူး။ ပြန်ပို့ဖို့အတွက် သံရုံးကိုအကြောင်းကြားရင် အစစအရာရာ ကူညီပေးသွားမှာပါ။ စရိတ်ခံပြီး ပြန်ပို့ဖို့ဆိုရင် လူကြီးတွေကို စာတင်ရပါဦးမယ်””ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံမှူး ဦးစိုးဝင်းက ဇန်န၀ါရီ ၂၃ ရက် မွန်းလွဲပိုင်းတွင်ပြောသည်။

ဇန်န၀ါရီ ၂၁ ရက်မှ စတင်ပြီး မလေးရှားနိုင်ငံရှိ တရားမ၀င်နိုင်ငံခြားသားများကို ကြမ်းတမ်းစွာ ဖမ်းဆီးနေ၍ မလေးရှားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များက ဖမ်းဆီးမှုများကို ဝေဖန်ခဲ့ပြီး တရုတ်နှစ်သစ်ကူးပွဲတော်ထိ ဖမ်းဆီးခြင်းကို ဆိုင်းငံ့ပေးရန် မလေးရှားအစိုးရထံ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

““စီးပွားရေးလုပ်ငန်းရှင်တွေကတွေကတော့ အလုပ်သမားရှားပါးမှုကြုံတွေ့နိုင်လို့ ဖမ်းဆီးမှုတွေမလုပ်ဖို့ တောင်းဆိုထားတယ်။အစိုးရကတော့ အကြောင်းပြန်တာ မကြားသေးဘူး””ဟု ဦးစိုးဝင်းက ပြောသည်။ထိုသို့ ဖမ်းဆီးမှုများပြုလုပ်နေ၍ ဇန်န၀ါရီ ၂၁ ရက်မှစပြီး မလေးရှားနိုင်ငံတွင် လုပ်ကိုင်သော မြန်မာလုပ်သားအချို့ အလုပ်နားထားရပြီး မြန်မာဆိုင်အချို့ကိုလည်း ပိတ်ထားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ပြောသည်။

““အခုအဖမ်းခံရတဲ့သူတွေ ပြန်ခေါ်ဖို့ အဆင်မပြေသေးပါဘူး။ ထောင်ကျပြီး Camp ထဲမှာနေတဲ့သူတွေကို ကျွန်တော်တို့က ပြန်ခေါ်နေတာပါ။ Camp ထဲမှာကို ပြန်ခေါ်ရမယ့်သူတွေက အများကြီးပါ။ ပြန်ပို့ခံရမယ့်သူတွေတော့ မဖြစ်နိုင်သေးပါဘူး””ဟု သီတဂူအထောက်အကူပြုအဖွဲ့ (မလေးရှား)မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူကပြောသည်။

မလေးရှားနိုင်ငံတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်း တရားမ၀င်နိုင်ငံခြားသားများဖမ်းဆီးရေး (6P) စီမံချက်တစ်ခု ပြုလုပ်ခဲ့ပြီး အစီအစဉ်တွင် တရားမ၀င်နေထိုင်သည့် မြန်မာလုပ်သား လေးရာကျော် ဖမ်းဆီးခံခဲ့ရသည်။


Author:  ငြိမ်းချမ်း
7 Day Daily

ညောင်ကန်ခေတ် ယဉ်ကျေးမှုနယ်မြေအတွင်း အရိုးစုများ ထပ်မံတွေ့ရှိ

ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုဒေသ၀န်းကျင်ကို တွေ့ရစဉ် ဓာတ်ပုံ - စိုးမိုးအောင် / 7day Daily

မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စုရှိ ကုလားပဲစိုက်ယာခင်းအတွင်း ကြေးခေတ်ယဉ်ကျေးမှုနယ်မြေသစ် အရိုးစုများ ထပ်မံတွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနက တူးဖော်ရေးလုပ်ငန်းများကို ယခုနှစ် ဇန်န၀ါရီမှ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

““အရင် ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုနယ်မြေ အရိုးစုတွေကို အုတ်အိုင်ကျေးရွာရဲ့ မြောက်ဘက်မှာ တွေ့ရှိခဲ့တယ်။ အခု နောက်ထပ်တူးဖော်တွေ့ရှိတာက အုတ်အိုင်ကျေးရွာရဲ့ အရှေ့တောင်ဘက် အုတ်အိုင်-တွင်း တောင်လမ်းဘေးမှာရှိတဲ့ ကုလားပဲစိုက်ခင်းထဲမှာ တူးဖော်နေတာပါ””ဟု ဘုတလင်မြို့နယ်၊ အုတ်အိုင်ကျေးရွာဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အုတ်အိုင်ကျေးရွာအနီး ကြေးခေတ်ယဉ်ကျေးမှုနယ်မြေသစ် တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ ““လတ်တလော တူးဖော်နေဆဲကာလဖြစ်တဲ့အတွက် သတင်းထုတ်ပြန်ပေးလို့မရသေးပါဘူး။ လုပ်ငန်းသိမ်းချိန်ကာလမှာ သတင်းအတိအကျ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

ကြေးခေတ်ယဉ်ကျေးမှုနယ်မြေသစ်ကို အုတ်အိုင်ကျေးရွာတွင် နေထိုင်သော တောင်သူကြီး ဦးဘတင်၏ ကုလားပဲစိုက်သော ယာခင်းအတွင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သုတေသနပြု တူးဖော်ရေးလုပ်ငန်းများကို တစ်လနီးပါးကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုနယ်မြေတည်ရှိရာဒေသသည် ဘုတလင်မြို့၏ အနောက်ဘက် ငါးမိုင်လေးဖာလုံခန့်အကွာတွင် တည်ရှိပြီး ညောင်ကန်ကျေးရွာအုပ်စု၏အကျယ်အ၀န်းမှာ ၇၆၂၂ ဧက ရှိကာ အဆိုပါဒေသခံတောင်သူများ လယ်ယာလုပ်ငန်း ထွန်ယက်စိုက်ပျိုးချိန်တွင် လူအရိုးများ မကြာခဏတွေ့ရှိခဲ့ရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ ယခင်က ထိုဒေသတွင် တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ခဲ့ပြီး ရှေးဟောင်းကျေးရွာဟောင်းကြီးတစ်ခုဖြစ်ကြောင်း ညောင်ကန်ကျေးရွာဒေသခံများ ခန့်မှန်းပြောကြားချက်အရ သိရှိရသည်။


Author:  မျိုးမင်းဦး
7 Day Daily

ဒေါ်အောင်ဆန်းစုကြည် နမ့်စန် လူထုတွေ့ ဆုံပွဲ

နမ့်ဆန်ကွင်းမှာ အမေအလာကို ကရင်းခုန်ရင်းကြိုဆိုနေ။ ဓါတ်ပုံ - ထင် လင်း ဦး

နမ့်စန်မြို့  ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ ပြည်သူတစ်ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ပေးရင် ပြည်သူတွေ ဘာလုပ်သင့်လဲ ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေက တကယ်ဆိုရင် လူတစ်စုလေးက ရေးထားတဲ့ ဥပဒေဖြစ်တယ်။ ဘာဖြစ်လို့ ကျွန်မတို့ ပြည်သူလူထုက မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ် လို့ ပြောပါတယ်။

ပုဒ်မ ၅၉ (စ) ကို ပြင်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အောက်မှာပဲ ရှိနေမှာလားလို့ ပြည်သူတစ်ဦးက မေးတဲ့မေခွန်း ကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူ့အုပ်ချုပ်မှုအောက်မှာမှ ခံပြီးတော့ ဒီနိုင်ငံကို အုပ်ချုပ်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဟောပြောပွဲကို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော နမ့်စန် မိုင်းရှုး ရပ်စောက် ဟိုပုံး ပင်းတယ ဆီဆိုင် ကွမ်လုံမြို့နယ်က ပြည်သူပေါင်း ၄၀၀၀ ကျော်တက်ရောက်ခဲ့ ပြီး ဆန္ဒတောင်းခံခဲ့ရာ ၉၅ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ၅ရာခိုင်နှုန်းက အသစ်ရေးဆွဲချင်တယ်လို့ ဆန္ဒကောက်ယူရရှိခဲ့ပါတယ်။

Author နန်းလွင်
Kumudra

ပရိတ်သတ်တစ်ယောက်သေဆုံးမှုအတွက် ၀မ်းနည်းစကားဆိုလိုက်တဲ့ One Direction အဖွဲ့


One Direction အဖွဲ့သားတွေဟာသူတို့ရဲ့ အရေးပါဆုံး ပရိတ်သတ်တစ်ယောက်သေဆုံးခဲ့မှုအတွက် ၀မ်းနည်းကြေကွဲနေရပါတယ်။

Magda လို့လူသိများတဲ့ အသက် ၁၆ နှစ်အရွယ် Magdalena Szablinska ရုတ်တရက်သေဆုံးခဲ့တဲ့သတင်းက သူတို့အဖွဲ့ကို ထိခိုက်ကြေကွဲစေခဲ့တာပါ။

Magda ဟာဒီအပါတ်ရဲ့အစောပိုင်းက heart attack ခံစားခဲ့ရတာပါ။

ဒီဆယ်ကျော်သက်ကောင်မလေးဟာ London မြို့ကသူမရဲ့ကျောင်းနားမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်မှာ မေ့လဲကျပြီးတဲ့နောက်ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေက သူမရဲ့အသက်ကိုမကယ်တင်နိုင်ခဲ့ပါဘူး။

“Magda ရဲ့သီတင်းကိုကြားရတာ မယုံနိုင်လောက်အောင် ၀မ်းနည်းစရာကောင်းပါတယ်။ သူမဟာ အလွန်ချစ်စရာကောင်းပါတယ်။ ကျွန်တော်သူမနဲ့ သူမရဲ့မိသားစုအကြောင်းစဉ်းစားနေပါတယ်” လို့ Magda နဲ့ဓာတ်ပုံတွဲရိုက်ဖူးတဲ့ Harry Styles ကသူ့ရဲ့ twitter စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

“ကျွန်တော်တို့ဒီကိစ္စနဲ့ပါတ်သတ်ပြီးသဘောတူညီမှုရရှိဖို့ကြိုးစားနေပါတယ်။ သူမဟာ နတ်သမီးတစ်ပါးဖြစ်ပြီး အားလုံးကလဲဒီလိုပဲပြောပါတယ်။ လူတော်တော်များများ ဟာသူတို့ရဲ့လေးစားမှုကိုပြသဖို့ကျွန်တော်တို့ကို ဆက်သွယ်ကြပါတယ်။ သူမ ချစ်ခင်နှစ်သက်ခြင်းခံရပါပြီ” လို့ Madga ရဲ့ဖခင် Tadeusz ကပြောပါတယ်။

One Direction ရဲ့အခြားပရိတ်သတ်တွေကလဲ လေးစားမှုကိုပြသခဲ့ကြပါတယ်။ Magda ရဲ့ @1DCrew account မှာ follower ပေါင်း ၁၀၀၀၀ ရှိလာပါတယ်။

Ref:starpulse.com
Trend Myanmar

ဈေးကွက်ဂျာနယ် အမှတ်(၈၄၉)

အကျယ်ချဲ့ကြည့်ရန်





နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း တိုင်းရင်းသား လက်နက်ကိုင်များ အတည်ပြု လက်မှတ်ထိုးမည်


လေးဝါး၊ ဇန်နဝါရီ ၂၄

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဓိက အဖြေတစ်ခုဟု ပြောဆိုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းသစ်ကို ကရင်ပြည်နယ် လော်ခီးလာ (စခန်းသာ) ညီလာခံက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အတည်ပြုလိုက်ပြီး ယနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) တွင် လက်မှတ်ထိုးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ KNU ထိန်းချုပ်နယ်မြေ လေးဝါး စခန်းတွင် ပြုလုပ်နေသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ (လော်ခီးလာ) ပဉ္စမနေ့တွင် အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောဆိုသည်။
“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (Nationwide Ceasefire Accore – NCA) ကို ညီလာခံက အတည်ပြုလိုက်ပါပြီ။ မနက်ဖြန်မှာ သဘောတူညီချက်ကို ညီလာခံ ကိုယ်စားလှယ်တွေ လက်မှတ်ထိုးကြမယ်” ဟု ၎င်းက ရှင်းပြသည်။

ယနေ့ အတည်ပြုသည့် NCA မူကြမ်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် တွင် ပြလုပ်ရန် လျာထားသည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ဦးစွာညှိနှိုင်းမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အများစု သဘောတူထားသည့် အပစ်ရပ် မူကြမ်းကို အစိုးရနှင့် ကနဦး ညှိနှိုင်းပြီးမှသာ ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အပြီးသတ် စာချုပ်ချုပ်ဆိုရန်မှာမူ အချိန်ထပ်မံ ကြာမြင့်ဦးမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဘားအံ ဆွေးနွေးပွဲမှာတော့ လေ့လာသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးခွန်ထွန်းဦးကိုပါ ဖိတ်ကြားဖို့ ညီလာခံက ဆုံးဖြတ်ပါတယ်” ဟု နိုင်ဟံသာက ဆိုသည်။

နိုင်ငံလုံးချီ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရာတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့အထိ ပါဝင်ရန် လျာထားကြောင်း၊ အခြားထပ်တိုး အဖွဲ့များအတွက် ထပ်မံဆုံးဖြတ် သွားမည် ဖြစ်ကြောင်း နော်စီဖိုးရာစိန်က ပြောဆိုသည်။

အပစ်အခတ် ရပ်စဲရေးမှသည် နိုင်ငံရေး ဆွေးနွေးပွဲများဆီသို့ သွားရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဒုတိယအကြိမ် ထိပ်သီးညီလာခံကို KNU နယ်မြေ လေးဝါးစခန်းတွင် သုံးရက်ကြာ ပြုလုပ်ရန် လျာထားခဲ့သော်လည်း အပြီးသတ် ဆွေးနွေးစရာ များကြောင့် ညီလာခံ ကျင်းပချိန်ကို ခြောက်ရက်အထိ တိုးမြှင့်ခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှသာ ပြီးဆုံးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုသည်။

The Voice Weekly Myanmar

တရုတ်နိုင်ငံတွင် iPhone ကြိုတင်မှာယူမှု တစ်သန်းပြည့်ခဲ့


အတွဲ (၁၅)၊ အမှတ် (၄)

ကမ္ဘာပေါ်တွင် အသုံးပြုသူအများဆုံး မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီ China Mobile Ltd က ယခုရက်သတ္တပတ် အကုန်တွင် စတင်ရောင်းချတော့မည့် Apple iPhone ကိုကြိုတင်မှာယူမှု အရေအတွက်တစ် သန်းရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

China Mobile ဥက္ကဋ္ဌ Xi Guohua နှင့် Apple အမှုဆောင်အရာရှိချုပ် Tim Cook တို့သည်ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီးအနာဂတ်တွင် ပူးပေါင်းမှုပြုလုပ်ရန် ဘုတ်အဖွဲ့ဆိုင်ရာ သဘောတူညီ မှုများရရှိခဲ့ကြောင်း China Mobile ကပြောကြားခဲ့သည်။ သို့သော် သဘောတူညီမှု အသေးစိတ်ကို ဖော်ပြခြင်းမရှိခဲ့ပေ။ China Mobile နှင့် Apple တို့သည်လစဉ် ကြေးပေးသွင်းပြီး မိုဘိုင်းဖုန်းအ သုံးပြုသူ ၁.၂ ဘီလီယံရှိသည့် ဈေးကွက်တွင်နှစ်ဖွဲ့လုံး ညှိနှိုင်းမှုကို ၆ နှစ်ကြာပြုလုပ်ပြီးနောက် ပြီးခဲ့လကမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် China Mobile က ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်၍ အွန်လိုင်းတွင် iPhone ကြိုတင်မှာယူနိုင်သည့် အစီအစဉ်ကိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

-စိုးထက်၊
Ref: SFGATE
Internet Journal

ရတနာပုံနေ့စဉ်သတင်းစာ (၂၅-၁-၂၀၁၄) စနေနေ့

အကျယ်ချဲ့ကြည့်ရန်





နိုင်ငံတော်ကာကွယ်ရေးကို တပ်မတော်က တာဝန်ယူထားသောကြောင့် ကြည်း၊ ရေ၊ လေ ရဲအရာရှိများ မလိုအပ်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၄

နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း တာဝန်များကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်နေသောကြောင့် အခြားနိုင်ငံများကဲ့သို့ ကြည်း၊ ရေ၊ လေ ရဲအရာရှိများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန် မလိုအပ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက နိုင်ငံတကာ အဆင့်မီ Police Academy တက္ကသိုလ် ဖွင့်လှစ်ပြီး ကြည်း၊ ရေ၊ လေ ရဲအရာရှိများ မွေးထုတ်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနက ပြည်တွင်း လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေရပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ လက်ရှိ အခြေအနေမှာ နိုင်ငံတကာအဆင့်မီ ရဲအရာရှိတွေ မွေးထုတ်ပေးဖို့ မလိုအပ်ပါသေးဘူး” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ ပြည်တွင်း လုံခြုံရေးကို အကာကွယ်ပေးရန်အတွက် တက္ကသိုလ်များ ဖွင့်လှစ်ပြီး အဆင့်မြင့် ရဲအရာရှိများကို မွေးထုတ် ပေးသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

“ရဲသင်တန်းကျောင်းတွေလို မဟုတ်ဘဲ ကျွမ်းကျင်မှုအလိုက် စွမ်းရည် မြင့်တက်အောင် နှစ်ရှည် သင်တန်းတွေပေးပြီး သက်ဆိုင်ရာ ဘွဲ့တွေကို ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လမှစတင်ကာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအကြပ် အတတ်သင်ကျောင်း၊ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်း ၊ အမှတ် (၄) ရဲလေ့ကျင့်ရေး ကျောင်းများကို တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

The Voice Weekly Myanmar

ချစ်သူများနေ့မှာ အရင်နှစ်တွေတုန်းကလို ရောက်လာမယ့် လက်ဆောင်ကို မျှော်နေမိမယ်လို့ ဖွင့်ဟလိုက်တဲ့ နန်းမြတ်ဖြိုးသင်း


ချစ်သူများနေ့ နီးလာပြီဆိုတော့ ချစ်စရာသွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ အချစ်ရေးနဲ့ ဗယ်လင်တိုင်းကို ဘယ်လိုကုန်ဆုံးမယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ သူမက ‘၂၀၁၄ ကျရင် မ၀ိုင်းစု မင်္ဂလာဆောင်မှာ ဗန်းကိုင်ပေးဖြစ်ပါမယ်။ ပြီးရင် ညကျရင်ရှိုးဆိုပါမယ်။ နေ့လည်းပိုင်းကတော့ ဘာလုပ်ဖြစ်မလဲ မသိသေးဘူး။ အရင်တုန်းက ရဖူးတဲ့ လက်ဆောင်တွေအနေနဲ့ကတော့ နန်းမြတ်မမျှော်လင့်ထားလောက်အောင်ထိ နှင်းဆီပန်းတွေ အများကြီး ရခဲ့ဖူးပါတယ်။ အဲဒါရတာ၂နှစ်ရှိပြီ။ အချစ်ရေးကတော့ နန်းမြတ်တို့က ခုချိန်ထိ အလုပ်လုပ်နေစဉ်အတွင်းဆိုတော မစဉ်းစားဖြစ်သေးဘူး။ ရွေးချယ်ဖြစ်မှာကတော့ နန်းမြတ်ကိုချစ်တဲ့သူ၊ နန်းမြတ်က ချစ်တဲ့သူကိုပဲ ရွေးချယ်ဖြစ်မှာပါ။ ချစ်သူများနေ့မှာ အရင်နှစ်တွေကအတိုင်း နန်းမြတ်ဆီရောက်လာမဲ့ လက်ဆောင်ကို မျှော်လင့်နေမိမယ်ထင်တယ်’တဲ့။
Trend Myanmar

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေး


မောင်းတောမြို့နယ် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး အနီးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေတဲ့ သူတွေကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးတဲ့ ဒူချီရာတန်းကျေးရွာက ရွာခံယောက်ျားသားတွေအားလုံး အနီး ၀န်းကျင်ရွာတွေမှာ ထွက်ပြေးတိန်းရှောင်နေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးစစ်ဆေးနိုင်အောင် မောင်းတောမြို့နယ်ရှိရွာတွေမှာ စိစစ် နေပါတယ်။

ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၉ နာရီခန့်မှာ မောင်းတောမြို့နယ် ခရေမြိုင်ရဲကင်းမှ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့ လှည့်ကင်းဆောင်ရွက်နေစဉ် အုပ်ချုပ်ရေးပိုင်တာဝန်ရှိသူ သုံးဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် လေးဦးတို့ကို ဒူချီရားတန်းကျေးရွာမှာ ဘင်္ဂလီများက အုပ်စုဖွဲ့ပြီးအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းမှာ လူစုကွဲပြီး ရွားထဲမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

တရားခံကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အနီးဝန်းကျင်ရွာတွေကို ထွက်ပြေးနေတဲ့ ဒူချီရာတန်း ကျေးရွာက ယောက်ျားသားတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရှာဖွေ စိစစ် နေတယ်လို့ မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ယောက်ျားသားတွေက သူတို့ ပါဝင်ပတ်သက်လို့ ထွက်ပြေးနေတာ ဖြစ်မှာပေါ့။ ထွက်ပြေးနေတဲ့ အခါကြတော့ ပတ်ဝန်းကျင်ကျေးရွာနဲ့ နီးစပ်ရာတွေကိုပဲ ရှာဖွေစိစစ်နေရတဲ့ အပိုင်းပဲ ဖြစ်နေတာပေါ့။ အဓိကတော့ ဖမ်းထားတဲ့အနေအထားပဲရှိတာပေါ့။ အရေးကြီးဆုံးကတော့ တရားခံဖော်ထုတ်ဖို့၊ ပျောက်နေတဲ့ လက်နက်တွေ ပြန်လည်ရရှိဖို့ပါ။”

ဒူချီရာတန်းကျေးရွာဟာ အိမ်ခြေတရာကျော်ရှိပြီး မောင်းတောမြို့နယ်ရဲ့ တောင်ဘက် ဘင်္ဂါလီ လူမျိုးတွေ နေထိုင်တဲ့ ရွာတရွာဖြစ်ပါတယ်။

တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင်လုပ်နေတယ်လို့ ပြည်နယ်ဝန်ကြီးရဲ့ ပြောရေး ဆိုခွင့်ရှိသူ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက အခုလိုပြောပါတယ်။

“လုံခြုံရေးတော့ ယူထားတာပေါ့။ ကျေးရွာက တရားခံကို လက်နက်လည်း ယူသွားတယ်၊ လူကလည်းသေသွားတယ်။ အလောင်းလည်း ရှာမရဘူးဆိုတော့ တရားခံကို လိုက်ပြီး စုံစမ်း စစ်ဆေးဖို့ ရဲတပ်ဖွဲ့ကနေပြီးတော့ သွားလာတာတော့ ရှိတယ်။ ယောက်ျားတွေက တယောက်မှ မရှိတော့ဘူး။ အရွယ်မရောက်တဲ့ ကလေးတွေနဲ့ မိန်းမတွေကတော့ တခြားရွာမှာ သူ့တို့ဆွေမျိုးတွေဆီ သွားနေနေတာ တွေ့တယ်။”

မနေ့ ညနေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ဦးဆောင်ပြီး စီမံရေးနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဦးမောင်စန်းရွှေ၊ သစ်တော၊ သတ္တုဝန်ကြီးဦးကျော်သိန်း၊ ပြည်နယ်လ၀ကမှူး ဦးကျော်ယဉ်ဦးတို့နဲ့အတူ ပညာရေးကျန်းမာရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းမှ တာဝန်ရှိသူတွေက ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်ခဲ့ပါတယ်။

မောင်တောမြို့နယ် ဒူချီရာတန်းကျေးရွာမှာ လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုကို အလျင်အမြန်နဲ့ ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့နဲ့ သေဆုံးသူမိသားစုတွေအတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီ ပီလေးက ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါ။

မြန်မာအစိုးရကတော့ အရပ်သားတွေ သေဆုံးခဲ့ရမှု မရှိကြောင်းနဲ့ ရဲတပ်ကြပ်ကြီးတဦးသာ လက်နက်နဲ့အတူ ပျောက်ဆုံးနေတာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် နိုင်ငံခြား သတင်း ဌာနတွေက ထုတ်လွှင့်နေတဲ့ ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေကို သတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းတွေဟာလည်း လုံးဝ မဟုတ်မှန်ကြောင်း နိုင်ငံပိုင် မီဒီယာတွေကနေ ရှင်းလင်း ပြောကြားထားပါတယ်။

DVB Burmese

Focus Online Journal ( Vol-18, Issue-75 )

အကျယ်ချဲ့ကြည့်ရန်





မြ၀တီ နေ့စဉ် သတင်းစာ (၂၅-၁-၂၀၁၄) စနေနေ့

အကျယ်ချဲ့ကြည့်ရန်





အများပြည်သူတို့အတွက် မီးသင်္ဂြိုဟ်စက် အလှူ






၂၃.၁.၂ဝ၁၄ ကြာသပတေးနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပဲခူးတိုင်ဒေသကြီး ပျဉ်ပုံကြီးမြို့ရှိ မိဘပြည်သူများ၏ နာရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အများ ပြည်သူတို့၏ စေတနာ သဒ္ဓါတရားတို့ဖြင့် လှူဒါန်းထားသော အလှူငွေတို့ဖြင့် ထပ်ဆင့်ပြန်လည်တည်ဆောက် လှူဒါန်းထားခဲ့သော “မီးသင်္ဂြိုဟ်စက်” ရေစက်သွန်းချ လှူဒါန်းပွဲအား ပျဉ်ပုံကြီးမြို့ ဘုံသာဝေယာန် ဓမ္မဗိမ္မာန် တော်၌ ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ သွားရောက်ခဲ့ကြပြီး ပျဉ်ပုံကြီးမြို့ မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေး နာယက ရာတော်ကြီးများ၊ ရပ်မိ/ဖများနှင့် အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များမှ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုတို့အား ဆပ်ကပ်လှူဒါန်းပေးခဲ့ပြီးနောက် မီးသင်္ဂြိုဟ်စက်အား အများပြည်သူတို့ကိုယ်စား ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။

မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူခဲ့ပြီး လှူဒါန်းရခြင်းနှင့် ပါတ်သတ်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။ ထို့နောက် ပျဉ်ပုံကြီးသုဿန်သို့သွားရောက်ကာ မီးသင်္ဂြိုဟ် စက်အား သွားရောက်လေ့လာကြပြီး အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ ပရဟိတ ညီအစ်ကို မောင်နှမများနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါခဲ့သည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငွေကျပ်သိန်း (၉ဝ) ကျော် အကုန်ကျခံ ၍ မတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် အများပြည်သူတို့အား ပြန်လည် လှူဒါန်းပေးခဲ့သော ကောင်းမှုအစုစုတို့အား မိဘပြည်သူအပေါင်း တို့ မုဒိတာပွားနိုင်ကြ၍ သာဓုအနုမောဒနာ ကြိမ်ကြိမ် ခေါ်ဆိုနိုင်ကြပါစေသော်ဝ်။

အများပြည်သူတို့အတွက် အများပြည်သူကောင်းမှု။

Dawnmanhon

မျိုးဆက်သစ် Nexus tablet တွင် Android 4.5 အသုံးပြုဖွယ်ရှိ


အတွဲ (၁၅)၊ အမှတ် (၄)

Nexus 10 ၏မျိုးဆက်သစ် tablet သည် Android 4.5 အသုံးပြုထားသည့် ပထမဆုံး tablet ဖြစ်လာဖွယ်ရှိကြောင်း evleaks ၏ Twitter account မှဖော်ပြချက်အရ သိရသည်။

Samsung ကအသစ်ထပ်မံ ထုတ်လုပ်မည့် အထက်ပါ tablet တွင် 2,560x1,600 pixel displayကို အသုံးပြုဖွယ်ရှိပြီး ကျောဘက်တွင် 5 megapixel နှင့်အရှေ့ဘက်တွင် 3 megapixel ကင်မရာတို့ကို ထည့်သွင်းအသုံးပြု ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် Samsung Exynos 5 ပရိုဆက်ဆာ၊ RAM 3GB တို့ပါဝင်လာဖွယ်ရှိပြီး storage16GB နှင့် 32 GB ဟူ၍ နှစ်မျိုးထုတ်လုပ် သွားဖွယ်ရှိကြောင်း သိရသည်။

Samsung သည် Nexus 10 ၏မျိုးဆက်သစ် tablet အားထောက်ပံ့ရန် ကောလာဟလများထွက်နေသည့် တစ်ခုတည်းသော ကုမ္ပဏီမဟုတ်ဘဲ ၎င်း tablet ကို Asus (သို့မဟုတ်) LG မှထောက်ပံ့မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ထို့အပြင် Nexus 10 မျိုးဆက်သစ် tablet ၏ 16GBနှင့် 32GB ဗားရှင်းများကိုမကြာမီ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း Google Play စတိုးတွင်ဖော်ပြထားသည်။

-စိုးထက်
Ref: CNET
Internet Journal

နှစ်နိုင်ငံပေါင်းစည်းရေး တောင်ကိုရီးယားကို မြောက်ကိုရီးယား အိတ်ဖွင့်ပေးစာပို့

မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un။

24.01.2014

မြောက်ကိုရီးယားအစိုးရအနေနဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်
သင့်မြတ်ပြီး ပေါင်းစည်းတဲ့ အနေအထားဖြစ်လာအောင် ဖန်တီးဖို့အတွက် ဆုံးဖြတ်ထားတယ်ဆိုတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးကော်မရှင်က တောင်ကိုရီးယား တာဝန်ရှိသူတွေကို ပေးလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် KCNA ကိုရီးယားဗဟိုသတင်း သတင်းအေဂျင်စီက ဒီစာကို သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်မှုတွေကို လုံးဝ ရပ်တန့်ဖို့၊ ကွဲကွာနေတဲ့ မိသားစုတွေပေါင်းစည်းဖို့ အတွက် ကိစ္စ အကောင်အထည်ဖော်ဖို့ နဲ့ တောင်နဲ့ မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ဖလှယ်မှုတွေအများအပြား ပြန်ပြီး အားကောင်းလာအောင် လုပ်သွားဖို့လည်း ပြောထားပါတယ်။

ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲပြုလုပ်ဖို့ရှိနေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန့်ဖို့ ဒီစာထဲမှာ တောင်းဆိုထားပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဒါဟာ ကိုယ့်ဘာသာကိုယ်ကာကွယ်ဖို့ ဖြစ်တယ်ဆိုပြိး ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့ တောင်ကိုရီးယားအစိုးရကို တိုက်တွန်းတဲ့အဆိုပြုချက်တွေ အများအပြားကို မြောက်ကိုရီးယားအမျိုးသားကာကွယ်ရေးကော်မရှင်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပေးပို့ခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရဘက်ကတော့ဒါဟာ ၀ါဒဖြန့်ချီဖို့အတွက်လုပ်နေတာဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။

VOA Burmese News

ကွန်ပြူတာအဘိဓါန် V1.0 Apk For Android


ကွန်ပြူတာအကြောင်းလေ့လာနေသူတွေအတွက် သွားလေရာယူသွားနိုင်မဲ့

အိတ်ဆောင် အဘိဓါန်ပါ။တော်တော်လေးမိုက်တယ်။ကွန်ပြူတာနဲ့ ပါတ်သတ်

တာလေးတွေကို ရှင်းပြထားတာပါ။ဖိုင်ဆိုဒ်ကလည်း KB ပဲရှိတာ။အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

Download လုပ်ရန်

အနုပညာရှင် ဒေါ်ခင်ယုမေ ကွယ်လွန်




အကယ်ဒမီများရှင် နာမည်ကြီး အနုပညာရှင် ဒေါ်ခင်ယုမေ ( အသက် ၇၇ နှစ်) ဟာ မနေ့ည ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာ အေးဘုရားလမ်း၊ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်၊ အမှတ် ၂၉ (အေ)  နေအိမ်မှာ
ကွယ်လွန် သွားပါတယ်။

“ယနေ့ ည(၉း၀၀)ခန့် က အမေ ဒေါ်ခင်ယုမေ ဆုံးသွားပြီတဲ့ဗျာ။ ကျွန်တော် ရုပ်ရှင်လောကမှာ အမေ အဖြစ်တွဲပြီး မရိုက်ခဲ့ ရတဲ့၊ ကျွန်တော့် အမေနဲ့ ရုပ်ရည်တူတဲ့၊ ကျွန်တော်လေးစားရတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး အနုပညာရှင် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ဦးပါဗျာ” လို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက မနေ့ညက သူ့ဖေ့စ်ဘုတ်မှာ အခုလို တင်ခဲ့ ပါတယ်။

ဒေါ်ခင်ယုမေဟာ အကယ်ဒမီ ဆုကို ၂ ကြိမ်တိုင်ရခဲ့ဖူးပြီး ကိုယ်ပိုင် မေတ္တာ (၁၉၆၁ ခုနှစ်)၊ ရွှေခြည်
ငွေခြည် တန်းပါလို့ (၁၉၇၅ ခုနှစ်) ဆိုတဲ့ ဇာတ်ကားတွေနဲ့ အမျိုးသမီး သရုပ်ဆောင် အကယ်ဒမီတွေ ရခဲ့တာလည်းဖြစ်ပါတယ်။



တကယ်တော့ ဒေါ်ခင်ယုမေဟာ စွယ်စုံရ အနုပညာရှင်တဦးလည်းဖြစ်ပြီး သီချင်းဆိုတာမှာလည်း နာမည်ကြီး၊ သူ့ရဲ့ ဝတ်စား ဆင်ယင်မှု၊ ဖက်ရှင် စတာတွေမှာလည်း နာမည်ကျော်တဦးဖြစ်ပါတယ်။

ခင်ယုမေ ဖက်ရှင်ဆိုတာ တချိန်က အလွန်ရေပန်းစားခဲ့တာပါလို့ ရန်ကုန်မြို့က ဒေါ်ခင်ယုမေရဲ့ ပရိသတ် တဦးက ပြောပါတယ်။

ဒေါ်ခင်ယုမေဟာ ပန်းချီကို မြတ်နိုးတတ်သူ ပီပီ မေပန်းချီဆိုတဲ့သီချင်းနဲ့ ဂီတအနုပညာလောကကို စတင်ခြေဆန့်လာရင်း စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့ စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ ဓာတ်ပြားသီးချင်းတွေမှာလည်း လူကြိုက်များ ပါတယ်။

၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပြီး သားတဦးထွန်းကားပါတယ်။ အဲဒီ သားဖြစ်သူ ဦးအောင်ကျော်မိုးဟာ အခု လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး သူ့မှာ  Airica Moe နဲ့  Russell Zachery Moe ဆိုတဲ့ သားသမီး ၂ ဦး ရှိပါတယ်။

ဒေါ်ခင်ယုမေရဲ့ ချွေးမဖြစ်သူ ဝင်ဒီ ကလည်း သူ့ဖေ့စ်ဘုတ်မှာ အခုလို စတေးတပ်စ် ရေးထားပါတယ်။

"သမီးနဲ့ သားတို့ရဲ့အဖွား ဒေါ်ခင်ယုမေ မနေ့ည ၉ နာရီက ဆုံးပါးသွားခြင်း သတင်းကို ဝမ်းနည်းစွာ ကြားသိလိုက်ရပါတယ်။ မားမား ကောင်းရာ သုဂတိ လားပါစေ"  လို့ သူက ဆုတောင်းထားပါတယ်။

ဦးကျော်သူက သူ့ဖေ့စ်ဘုတ်မှာ ဒေါ်ခင်ယုမေရဲ့ ဈာပနနဲ့ ပတ်သက်ပြီး မနေ့ညက အခုလို ရေးထားပါ တယ်။

"အမေဒေါ်ခင်ယုမေ ကမှာခဲ့တယ်။ ချက်ခြင်းသာသင်္ဂြိုင်္လ်လိုက်ပါတဲ့။ အမေကတော့ ကြိုမြင်လို့  မှာခဲ့တာ
နေမှာပေါ့ဗျာ။ အမေ့စကားကို လိုက်နာသော အားဖြင့် မနက် (၉း၀၀) နာရီမှာ အမေ့အိမ် ကမ္ဘာအေးဘုရား လမ်း ကို သွားပြီးအမေ့ကို ကိုယ်တိုင်သယ်ပိုးပြီး ရေဝေးသုသ၁န်ကိုသွားပြီး တိုက်ရိုက်မီးသဂြိင်္ုလ်လိုက်တော့မယ်။ လိုက်ပါပို့ ချင်သူအမေ့ရဲ့ အနုပညာကို ချစ်ခင်လေးစားကြတဲ့ပရိသတ်နှင့် တကွအနုပညာ မျိုးဆက်
ဟောင်း/ သစ်များကို အသိပေးလိုက်ပါတော့သည်" လို့ ဆိုထားပါတယ်။

အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း