ချစ်သူဟောင်းများကြောင့် နောင်တရနေသည့် တေလာဆွစ်ဖ်


နာမည်ကျော် လူငယ်ကြယ်ပွင့်များ အပါအဝင် အမျိုးသား အတော်များများနှင့် ခေတ္တမျှသာ တွဲလေ့ရှိခဲ့ဖူးသူ Countryဂီတ အဆိုတော်မလေးက အသည်းကွဲ ဝေဒနာသည် သူမ၏ ဂီတဘဝတွင် အောင်မြင်အောင် အထောက်အပံ့ ပေးကြောင်းလည်း ဖွင့်ဟခဲ့

ချစ်သူဟောင်းများကြောင့် နောင်တရနေသည့် တေလာဆွစ်ဖ်
သူမ၏ ချစ်သူဟောင်း အတော်များများနှင့် ပတ်သက်လျှင် သူမအတွက် ကျန်ရှိခဲ့သော အရာသည် နောင်တတရားသာ ဖြစ်ကြောင်း တေလာဆွစ်ဖ်က ဖွင့်ဟပြောကြားလိုက်သည်။ နာမည်ကျော် လူငယ်ကြယ်ပွင့်များ အပါအဝင် အမျိုးသား အတော်များများနှင့် ခေတ္တမျှသာ တွဲလေ့ရှိခဲ့ဖူးသူ Countryဂီတ အဆိုတော်မလေးက အသည်းကွဲ ဝေဒနာသည် သူမ၏ ဂီတဘဝတွင် အောင်မြင်အောင် အထောက်အပံ့ ပေးကြောင်းလည်း ဖွင့်ဟခဲ့သည်။ We Are Never Ever Getting Back Together သီချင်းဖြင့် အောင်မြင်မှုများ ရရှိနေသည့် တေလာသည် ဂျွန်မေယာ၊ ဂျက်ဂါလင်ဟားလ်၊ တေလာလော့တ်နာ၊ ဟယ်ရီစတိုင်းလ်တို့ အပါအဝင် အမျိုးသား အချို့နှင့် တွဲခဲ့ဖူးသည်။

အသက်(၂၃)နှစ်ရှိ ဂရမ်မီဆုရှင် အဆိုတော်မလေးက စက်တင်ဘာလထုတ် Marie Claire မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် "ကျွန်မ တွဲခဲ့တဲ့ အမျိုးသားတွေဆီက ရလာတာကတော့ နောင်တတရားပါပဲ။ အဲဒီ နောင်တကပဲ ကျွန်မကိုယ်တိုင် ဖန်တီးထားတဲ့ ဂုဏ်ယူလောက်စရာ သီချင်းတွေ ဖြစ်လာစေတယ်။ အချစ်ဆိုတာ အညှာအတာ ကင်းမဲ့တဲ့ ကစားပွဲမျိုးပါ။ ဒါကို ရှင့်အနေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ကစားတတ်ဖို့တော့ လိုလိမ့်မယ်"ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။ I Knew You Were Trouble အဆိုတော်က "အသည်းကွဲတဲ့အခါ ဂီတကို သာမန်အချိန်တွေထက် ပိုလိုအပ်လာတတ်တယ်"ဟုလည်း ဆိုသည်။

သူမက "အသည်းကွဲနေသူ တချို့အတွက် လှပတဲ့ သက်ရောက်မှုတွေလည်း ရှိတတ်ပါတယ်။ ကိုယ်က ပျော်ရွှင်နေတယ်၊ ချစ်ခင်မှုကို ရနေတယ်ဆိုရင် ထိရှခံစားမှုတွေကို တွေးနေစရာ မလိုဘူးလို့ ကျွန်မထင်တယ်။ ကောင်းနေရင် ဘာမှ မတွေးဘူး။ အချစ်ကြောင့် အဆိုးတွေ ကြုံလာရင်တော့ အထီးကျန်လာမယ်၊ တစ်ယောက်ယောက်ကို လွမ်းမိမယ်။ ကိုယ်ဘာတွေ ခံစားရတယ် ဆိုတာကို သီချင်းအနေနဲ့ ရေးချမိလိမ့်မယ်။ ကျွန်မအတွက်တော့ ဒီခံစားချက်က ကျေနပ်စရာ ဖြစ်လာပါတယ်။ ကျွန်မရဲ့ ဂီတဖြတ်သန်းမှုမှာ ဒီလို အခြေအနေကနေ အထောက်အကူတွေ အများကြီး ရစေခဲ့တယ်လေ"ဟုလည်း ပြောဆိုသွားသည်။

ဦးသန်းရွှေရဲ့ ကိုယ်ရံတော်က သေနတ်နဲ့ ခြိမ်းခြောက်


ရန်ကုန် ၊ သြဂုတ် - ၁၃ ။   ။ တောင်သူလယ်သမားများကို သေနတ် ပြကာ ခြိမ်းခြောက်ခဲ့သည်ဟု တိုင် ကြားခံရသည့် အငြိမ်းစားဗိုလ် ချုပ်မှူးကြီး၏ ကိုယ်ရံတော်ဗိုလ် မှူးချုပ်တစ်ဦးဖြစ်သူ၏အမှုကို လယ်ဝေးရဲစခန်းက ဩဂုတ် ၁၂ ရက် မှ စတင်ကာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် လက်ရှိအချိန်၌ အဓိကတိုင်ကြား ခြင်းခံရသော ဗိုလ်မှူးချုပ်စိုးရှိန်၏ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်းကို စစ်ဆေးနေခြင်းဖြစ်ကာ ဇူလိုင် ၆ရက်နေ့က လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု အင်း တိုင်သာရွာရှိ ကိုအောင်သန်းဦး ၏လယ်မြေသို့သွားရောက်ကာ ဗိုလ်မှူးချုပ်စိုးရှိန်က လယ်သမား များကိုသေနတ်ပြပြီး ''ငါ့လယ် မြေကိုဝင်လုပ်ရင် ပစ်သတ်မယ်'' ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ နောက် ၄င်း၏တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်း ကတောင်သူ မခင် တင့်၏ လယ်ကို ရောက်လာပြီး မခင်တင့်၏ရင်ဘတ်ကိုဆွဲကာ လက်သီးဖြင့်ထိုး ရန်ကြံစည်ခဲ့သော ကြောင့် ကာယကံရှင်နှစ်ဦးက သက်သေများနှင့်အတူလယ် ဝေး ရဲစခန်းသို့ စာရေးကာတိုင်ကြား ခဲ့ကြောင်း မှုခင်းအထူးရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာ ရှိ တစ်ဦးက ရန် ကုန်တိုင်းသတင်းစာသို့ ထုတ် ဖော်ပြောကြားလိုက် သိရသည်။

ယင်းအမှုကို လယ်ဝေးရဲစ ခန်းကလက် ခံစစ်ဆေးပေးလျှက် ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ တိုင်ကြား မှုကိုစစ်ဆေးခြင်းနှင့် ပက်သက်ပြီး နေပြည်တော်မှုခင်း အထူး ရဲတပ်ဖွဲ့မှတာဝန်ရှိသူက ''လက်ရှိဦးစိုးရှိန်ရဲ့တပည့်ကိုစစ် တယ်။ နောက်ကျမှ ဦးစိုးရှိန်ကို ခေါ်စစ် မှာ။ လယ်ဝေးမြို့နယ်ရဲ တပ်ဖွဲ့မှ စခန်းမှူးကအသေးစိတ် စုံစမ်းတင်ပြနေပါတယ်။ သူကို တော့မြို့နယ်မှူးက တာဝန်ပေး ပြီးစစ်ခိုင်းတာ။ တင်ပြလာတာ တွေနဲ့ပတ်သက်ပြီးတော့မှ ရဲချုပ် ရုံးကစစ်တာ။ အသေးစိတ် တော့ စစ်နေတယ်။ဒီအမှုမှာပါဝင်ပတ် သက်တဲ့သူတိုင်းကိုစစ်မှာပါ''ဟုပြောသည်။

ယခင်ကလည်းဗိုလ်မှူးစိုးရှိန်နှင့်တပည့်များသည် ယင်းကဲ့သို့လယ်မြေများကို ၄င်းတို့ပိုင်ဆိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ပင်တောင်သူများကို ခြိမ်းခြောက် မှုများပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ ယင်းနှင့်ပတ် သက်၍ တရားလွှတ်တော်ရှေ့နေ ဦးမြင့်ကြိုင် က''ဖြစ်နိုင်ရင်ဒီလို အနိုင်ကျင့်ခံရတဲ့တောင်သူတွေ စုပြီး ဆန္ဒတောင်ဖော်ထုတ်သင့် တယ်။ ဒါမတရားမှုပဲ။ နိုင်ငံတော် အစိုးရအနေ နဲ့ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ပဲ တောင်းဆိုချင် ပါတယ်''ဟု ပြောသည်။အဆို ပါအမှု၏ ထူးခြားဖြစ်စဉ်များကို ရဲချုပ်ရုံးသို့ အစီရင်ခံစာတင်ရ ကြောင်းလည်းသိရသည်။ တိုင်းတန်း သူများနှင့် တိုင် ကြားခံရသူများအား ရန်ကုန်တိုင်းမ် နေ့စဉ်မှ ဖောင်ပိတ်ချိန်အမှီဆက် သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ကျော်မြတ်ဇံ

Yangon Media Group

အလေးမ လေ့ကျင့်ခန်းပြုလုပ်နိုင်သည့် O2 Magnetic Dumbbell


တောင်ကိုရီးယား နိုင်ငံမှ ဉာဏ်ပြေးသော ကျောင်းသားအချို့ တီထွင်ခဲ့သည့် ပစ္စည်းလေးသည် အမှန်တကယ် အလေးတုံးကြီးများ မလိုအပ်ဘဲ အလေးမ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေမည်ဟု သိရသည်။

အလေးမ လေ့ကျင့်ခန်းပြုလုပ်နိုင်သည့် O2 Magnetic Dumbbell
O2 Magnetic Dumbbellဟု အမည်ပေးထားသည့် ကိရိယာငယ်လေး တစ်ခုသည် ခန္ဓာကိုယ်တွင် ပေါ့ပေါ့ပါးပါး တပ်ဆင်နိုင်သည့် အားကစားရုံကြီးအဖြစ် တင်စား ညွှန်းဆိုလောက်စရာ တီထွင်မှု ဖြစ်လာသည်။ တောင်ကိုရီးယား နိုင်ငံမှ ဉာဏ်ပြေးသော ကျောင်းသားအချို့ တီထွင်ခဲ့သည့် ပစ္စည်းလေးသည် အမှန်တကယ် အလေးတုံးကြီးများ မလိုအပ်ဘဲ အလေးမ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေမည်ဟု သိရသည်။ အဆိုပါ ပစ္စည်းလေးမှာ ကွင်းငယ်လေး (၄)ခုသာဖြစ်ပြီး လက်များတွင် တစ်ဖက် (၂)ကွင်း တပ်ဆင်ရန် လိုအပ်သည်။ ထိုသို့ တပ်ဆင်ရာတွင် တံတောင်ဆစ်၏ အထက်နားတွင် (၁)ကွင်းနှင့် တံတောင်ဆစ်၏ အောက်နားတွင် (၁)ကွင်း တပ်ဆင်ရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ ကွင်းလေးများကြား ဖြာထွက်လာသည့် သံလိုက်စက်ကွင်းများ၏ သက်ရောက်မှုကြောင့် အလေးတုံးကို မထားသကဲ့သို့ လက်အကွေးအဆန့်ကို အားစိုက်စေရသည်။

သံလိုက်စက်ကွင်း၏ စွမ်းအားကို ခလုတ်ဖြင့် အလွယ်တကူ အတိုးအလျှော့ ပြုလုပ်နိုင်ရာ အမှန်တကယ် အလေးတုံး မရှိဘဲနှင့် အရွယ်အစား အမျိုးမျိုးသော အလေးတုံးများနှင့် လေ့ကျင့် ကစားသည့်နှယ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ လျှပ်စစ်ဓာတ် ဖြည့်တင်းအားသွင်းပေးရသော အဆိုပါ ကိရိယာငယ်လေးသည် သံလိုက်စက်ကွင်း အတိုးအလျှော့ ချိန်ညှိမှုဖြင့် (၃)ကီလိုဂရမ်မှ (၂၄)ကီလိုဂရမ်ကြား အလေးချိန် အမျိုးမျိုးနှင့် လေ့ကျင့်သကဲ့သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ O2 Magnetic Dumbbellသည် သံလိုက်စက်ကွင်း၏ သဘောသဘာဝကို အထိရောက်ဆုံး အသုံးချကာ ဖန်တီးထားသည့် ကိုယ်ပျောက် အလေးတုံးဟု ညွှန်းဆိုနိုင်သည်။



ယင်းကို အသုံးပြုခြင်းဖြင့် အားကစားရုံတွင် အလေးမသည့် လေ့ကျင့်ခန်းများ ပြုလုပ်သည့်အခါ အလေးချိန် အတိုးအလျှော့အတွက် တကူးတက ရွှေ့ပြောင်း တပ်ဆင်ရမှုမျိုး မလိုတော့ချေ။ ထို့အပြင် မိမိ အလေးမ ကစားနေသည့် အကြိမ် အရေအတွက်ကို ယင်းကိရိယာငယ်လေးက အာရုံခံ မှတ်သားပေးသဖြင့် အလေးမ ကစားသည့် လှုပ်ရှားမှု မည်မျှရှိသည်ကို မှတ်သားရန် မေ့လျော့တော့မည် မဟုတ်ချေ။ ယခုပစ္စည်းကို ဈေးကွက် တင်ရန် စီစဉ်နေဆဲဖြစ်ပြီး သေးငယ်ကျစ်လစ်သည့် တည်ဆောက်ပုံကြောင့် သွားလေရာ အလွယ်တကူ ယူဆောင်သွားနိုင်မည်ဟုလည်း ဆိုသည်။ အဆိုပါ ပစ္စည်းလေးကို ကွတ်မင်း တက္ကသိုလ်မှ ကျောင်းသားများဖြစ်သည့် ဆူဟွန်ယွန်း၊ ဟွန်ဆုတ်ခ်ကင်မ်နှင့် ဂျွန်ယွန်လီတို့က ဖန်တီးခဲ့ခြင်းဟုလည်း သိရှိရသည်။

သိန်းပေါင်း များစွာကုန်ကျမယ့် ဆေးရုံ ကြီးတည်ဆောက်နိုင်ဖို့ နိုင်ငံတော်ကို ခွင့်ပြုချက်တင်ထားတဲ့ ဝေဠုကျော်


ဝေဠုကျော်က သွေးမေတ္တာ ပရဟိတ အသင်း (ရန်ကုန်) ဆိုတဲ့ ၂၄ နာရီ သွေးလှူဒါန်းနေတဲ့ အသင်း တစ်သင်းရှိသလို လူမှုကူညီရေး အသင်း (ရန်ကုန်) နဲ့ နာရေးကိစ္စများကို အကူအညီပေးနေတဲ့ အသင်း တစ်သင်း ကိုလည်း ဆောင်ရွက် နေပါတယ်။ လူမှုကူညီရေးအသင်း (ရန်ကုန်) ကို ဆက်သွယ်ချင်ရင်တော့ ဖုန်း နံပါတ်- ဝ၉ ၄၂ဝဝ၁၁၁၈၁ ကို ဆက်သွယ် နိုင်ပြီး ပြည်သူတွေအပူမီးလောင် ကျွမ်းနေတဲ့အချိန်မှာ ဘယ်နေရာက ကူညီလို့ရမလဲ ဆိုတဲ့ စိတ်ကလေးတစ် ခုနဲ့ ဒီအသင်းကို ထူထောင်ခဲ့ခြင်းဖြစ် ကြောင်း ဝေဠုကျော်ကပြောပါတယ်။

ဝေဠုကျော်က အခမဲ့ဆေးရုံတွေကို ဆောက်ဖို့စီစဉ်နေပြီး ခွင့်ပြုချက်ရ ဖို့ နိုင်ငံတော်ကို တင်ပြထားကြောင်းကိုလည်း "ကျွန်တော်ဆောက်ချင် တဲ့ ဆေးရုံ က ရန်ကုန်မှာဆိုရင် ၃ နေရာ လောက်ဆောက်ချင်တယ်။ အဓိက လှိုင်သာ ယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နဲ့ မင်္ဂလာဒုံလို နေရာမျိုးတွေ မှာ ဆောက်ချင်ပါ တယ်။ အရင်ဆုံးတော့ လှိုင်သာယာမှာ စပြီးဆောက် ဖို့ ပြင်ဆင်နေပါပြီ။ နိုင်ငံ တော်ကို ခွင့်ပြုချက် တောင်းထားပါတယ်။ ကျွန်တော့် ဆေးရုံ အတွက် ကုန်ကျစရိတ် အားလုံး ဟာ သိန်းပေါင်း နှစ်သိန်း လောက် ကုန်ကျပါမယ်။ အဲဒီငွေကိုကျွန်တော် အလှူ မခံ ပါဘူး။ ကျွန်တော် တစ်ယောက်တည်းလည်း အဲဒီငွေကို မနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအတွက် အလုပ်တွေပိုလုပ် ပါမယ်။ အဲဒီငွေကြေးနဲ့ ရလာတဲ့ အမြတ်အစွန်းတွေကို ကျွန်တော်လှူလိုက်ပါမယ်။ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ ဆေးရုံတစ်ရုံ ဆောက်လှူတယ်ဆိုတာ ဆေးရုံကြီး ဆောက်လှူလိုက်ရုံ နဲ့တင်မပြီးသွားဘူး။ ဒီဆေးရုံကို အခမဲ့ဖြစ်အောင် လည်ပတ်နိုင်ဖို့ အတွက် ကုသစရိတ်ရော၊ ဆေးဝါးရော၊ ခွဲခန်းစရိတ်၊ မွေးဖွားစရိတ်ဆိုတာ အားလုံးက အခမဲ့ဖြစ် အောင်လုပ်ချင်ပါတယ်။အဲဒီအတွက် သိန်း ပေါင်း တစ်သိန်းခွဲလောက်ကို ဘဏ်ထဲမှာ ထည့်လိုက်ပါပြီ။ ငွေပဒေသာပင်ပေါ့။ တစ်လကိုသိန်းပေါင်းကိုးရာလောက် အတိုးထွက်ပါမယ်။ အဲဒီငွေနဲ့ လစဉ်လည် ပတ်ဖို့အတွက်ကျွန်တော်ကြိုးစားပါ မယ်။ ဆေးရုံဆောက် ဖို့ကသိန်း ပေါင်း ၅ သောင်း လောက် ဆိုရင်ရပြီလေ။ နိုင်ငံတော်အနေနဲ့ ခွင့် ပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ခွင့်ပြုချက်ရဖို့ အတွက်ပြည်သူလူထုက ဝိုင်းဆုတောင်းပေးကြပါ။ ခွင့်ပြုချက်ရတာ နဲ့ ၂နှစ် အတွင်းဆေးရုံကို အပြီး ဆောက်ပါမယ်"လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

မျက်နှာပြင် ၁ ဖက်ပါ Samsung ခေါက်ဖုန်း Hennessy


Samsung က ခေါက်ဖုန်းထွက်မယ်လို့ ကောလဟာ ထွက်ခဲ့ရာမှ ယခု တကယ် ထွက်ရှိလာပါပြီ။

ပုံမှာ တွေ့မြင်ရတဲ့ စမတ်ဖုန်း ဖြစ်ပြီး တရုတ်ပြည်နဲ့ တောင်ကိုရီးယား မှာပဲ အဓိက ရောင်းချသွားမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ Samsung Hennessy လို့ အမည်ပေးထားပါတယ်။ CDMA, GSM နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့အတွက် တရုတ်ပြည် ဈေးကွကကို အဓိက ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။

၃.၃ လက်မ ဖန်သားပြင်ကို ရှေ့ နောက် နှစ်ခု တပ်ထားပြီး ခေါက်ဖုန်းမို့လို လှန်လိုက်ရင် အတွင်းမှာ Keypad ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ OS ကလည်း Android ပါပဲ။ Android 4.1 Jelly Bean ကိုပဲ အသုံးပြု ထားခြင်း ဖြစ်ပါတယ်။

RAM 1GB, 1.2 GHz quad core processor ပါဝင်တဲ့ အတွက် လုပ်ဆောင်ချက် မြန်ဆန်မယ့်ဖုန်း ဖြစ်ပါတယ်။ Internal memory လည်း 8GB မှ 32GB အထိ ပါဝင် နိုင်ပြီး SD ကဒ်လည်း ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

screen resolution ကတော့ သိပ်မကောင်းပါဘူး။ 320 x 480 touchscreen display ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ကင်မရာ တော့ ကောင်းပါတယ်။ 5 megapixel ကို အသုံးပြုထားပြီး Flash လည်း ပါဝင်ပါတယ်။ , USB 2.0, Bluetooth, GPS, WLAN အစရှိသဖြင့် တို့ ပါဝင်ပြီး လက်ရှိ Samsung ရဲ့  Galaxy စီးရီးထဲကလိုပဲ Feature တော်တော် များများကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သို့ပေမယ့် Galaxy မျိုးရိုးအောက်ကို ဝင်မယ့် စမတ်ဖုန်းတော့ မဟုတ် ပါဘူး။ Samsung ရဲ့  ခေါက်ဖုန်းထဲက နောက်ဆုံးမျိုးဆက်အနေနဲ့ သာ ရောင်းချမှာ ဖြစ်ပြီး Hennessy ရဲ့  ဈေးနှုန်း ဘယ်လောက် ရှိမယ် ဆိုတာကို မကြေညာ ရသေးကြောင်း သိရပါတယ်။
.
Ref: pocketlint

Aung Kham (TSJ team)

တယ်လီနော ဝန်ထမ်းစခေါ်


ရန်ကုန်၊ သြဂုတ် ၁၃

ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသော တယ်လီနော မြန်မာ ကုမ္ပဏီတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများ စတင် လျှောက်ထားနိုင် ပြီ ဖြစ်ပြီး ဝန်ထမ်း ခေါ်ယူမှု စတင်ကြောင်း ယင်းကုမ္ပဏီ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က ပြောကြားသည်။

တယ်လီနော မြန်မာ ကုမ္ပဏီက ၂၀၁၃၊ ၂၀၁၄ ခုနှစ်အတွက် ဝန်ထမ်း ခေါ်ယူမှုကို သုံးပိုင်း ခွဲထားပြီး ဝန်ထမ်း အရေအတွက် သုံးထောင် ခန့် ခန့်အပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ်မှာ ဒေသခံ စီမံခန့်ခွဲမှု ဝန်ထမ်း ၂၅ ယောက် စခေါ်ပါမယ်။ ဘာလို့ ဒီရာထူးတွေကို စခေါ်လဲဆိုတာ့ လိုင်စင် မရခင်မှာ အုပ်ချုပ်မှု အဖွဲ့ကို စနစ်တကျဖြစ်အောင် ပြင်ဆင်ထားဖို့ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုမ္ပဏီအနေနှင့် သြဂုတ်လမှ စက်တင်ဘာလအတွင်းတွင် စီမံခန့်ခွဲမှု ဝန်ထမ်း ၂၅ ဦး ခေါ်ယူသွားမည် ဖြစ်ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း နည်းပညာနှင့် စက်မှုပိုင်းဆိုင်ရာ ဝန်ထမ်းများ ခေါ်ယူ မည် ဖြစ်ကာ ၂၀၁၃ ခုနှစ် နှစ်ကုန်မှ ၂၀၁၄ ခုနှစ်အထိ အခြား ရာထူး နေရာ များအတွက် ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီထံမှ သိရသည်။

“အစပိုင်းမှာ ပြည်ပက နည်းပညာ ကျွမ်းကျင်တဲ့သူတွေ လိုအပ်ပါတယ်။ အရေအတွက် ဘယ်လောက် ခန့်ရမလဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ အဓိကကတော့ မြန်မာ ဝန်ထမ်းတွေကိုပဲ ခန့်မှာပါ။ ပြည်ပ ရောက်နေ တဲ့ မြန်မာလူမျိုး ကျွမ်းကျင်သူတွေကို ခန့်မှာပါ”ဟု Ms.Tipayarat က ပြောဆိုသည်။

ဝန်ထမ်းများ၏ လစာကို ငွေလဲနှုန်းကြောင့် လစာ အတိုးအလျော့ မရှိစေရန် ဝန်ထမ်းများ အဆင်ပြေမည့် ပုံစံဖြင့် ပေးချေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဝန်ထမ်းများ၏ လုပ်ငန်း ကျွမ်းကျင်မှုအတွက် Telenor Myanmar Academy ကို ဖွင့်လှစ်မည် ဖြစ်ပြီး အရောင်း၊ ဈေးကွက်၊ အင်ဂျင်နီယာနှင့် ဖောက်သည် ဝန်ဆောင်မှု အပိုင်းများကို ပြည်တွင်း တွင် လေ့ကျင့် သင်ကြားပေးမည် ဖြစ်ပြီး အချို့သော လုပ်ငန်း အပိုင်းများ ကို ပြည်ပတွင် သွားရောက် သင်ယူစေမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောသည် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်း အရေအတွက် ၃၀၀၀၀ ကျော်ဖြင့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ သုံးစွဲသူပေါင်း ၁၄၈ သန်းကျော်ကို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်။

တယ်လီနော၏ မြန်မာနိုင်ငံမှ ဝန်ထမ်း ခေါ်ယူမှု အသေးစိတ် အချက်အလက်များကို www.telenor.com ထဲမှ Vacant Positions in Myanmar တွင် အသေးစိတ် ကြည့်ရှုနိုင်မည် ဖြစ်သည်။
The Voice Weekly

ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ


ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြ

ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ
ဆွီဒင်နိုင်ငံရှိ ရေလက်ကြား ဒေသတစ်ခုတွင် အမျိုးသားများအတွက် အထူးအန္တရာယ်များသည့် ငါးမျိုးစိတ် တစ်ခုကြောင့် ရေဆင်းကူးမှုမျိုး မပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။ ၎င်းတို့တွင် လူ့သွားနှင့် ပုံသဏ္ဍန်ဆင်ပြီး ထက်မြက်အားကောင်းသော သွားများရှိပြီး ပင်ကိုယ် သဘာဝအရပင် လူများ၊ တိရစ္ဆာန် အထီးများ၏ ဝှေးစေ့ကို ဦးတည်ကိုက်ဖြတ် စားသောက်ရန် နှစ်ခြိုက်လေ့ ရှိကြသည်။

ဆွီဒင်တောင်ပိုင်း ကမ်းခြေဒေသရှိ ရေလက်ကြားတွင် (၂၁) စင်တီမီတာ အရှည်ရှိသော ပါကူငါး တစ်ကောင်ကို တံငါသည် တစ်ဦးက စတင်ဖမ်းမိခဲ့သည်။ ပါပူအာ နယူးဂီနီတွင် "ဘောဖြတ်ငါး"ဟု နာမည်တွင်သော ပါကူငါးများသည် အဆိုပါ ရေလက်ကြားထဲတွင် မည်၍မည်မျှထိ ပျံ့နှံ့ ရောက်ရှိနေသည်ကို မိမိတို့ မသိရသေးကြောင်း ဒိန်းမတ်ရှိ သဘာဝ သမိုင်းပြတိုက်မှ ပညာရှင်များက သတိပေးခဲ့သည်။ ပါပူအာတွင် ယခုနှစ်အတွင်း အဆိုပါ ငါးများ၏ ကိုက်ဖြတ်မှုကြောင့် အမျိုးသားနှစ်ဦး သွေးလွန်သေဆုံးခဲ့သည်။

ရေချိုတွင် နေထိုင်သော ငါးမျိုးစိတ် တစ်ခုဖြစ်သူ ပါကူငါးတို့သည် အကြီးဆုံး စင်တီမီတာ (၉၀)မျှထိ တွေ့ရှိရတတ်သည်။ အကြီးဆုံး ပါကူငါး တစ်ကောင်သည် (၂၅)ကီလိုမီတာထိ အလေးချိန် ရှိတတ်ကြောင်းလည်း သိရသည်။ သဘာဝအားဖြင့် ပါကူငါးတို့သည် သစ်စေ့များ၊ သစ်ရွက်များ၊ ရေတွင်ပေါက်ရောက်သည့် အပင်များနှင့် ခရုများကို စားသောက်လေ့ရှိသော်လည်း လူသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်ဝါးမြိုတတ်သည့် အကျင့်ဆိုးကြောင့်လည်း နာမည်ကြီးသည်။ တာဝန်ရှိသူများက ဆွီဒင်ရှိ အခြားမြစ်ချောင်း အင်းအိုင်များတွင်လည်း ယင်းငါးများ ကျက်စားနေမည်ကို မိမိတို့ စိုးရိမ်ကြောင်း ဝန်ခံထားသည်။

"ရေလက်ကြားမှာ ခုရက်ပိုင်းတွေ ရေကူးမယ်ဆိုရင် ကိုယ်လုံးတီး ရေကူးတာမျိုးကို လုံးဝ ရှောင်သင့်ပါတယ်။ အဲဒီမှာ နောက်ထပ် ပါကူငါးတွေ ရှိနေနိုင်တယ်။ သဘာဝအတိုင်းတော့ သူတို့ဟာ လူတွေအတွက် ဒုက္ခပေးတဲ့ မျိုးစိတ် မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကိုက်တာက အားပြင်းတယ်။ ပါပူအာ နယူးဂီနီနဲ့ တချို့နိုင်ငံတွေမှာ သူတို့ကိုက်လို့ ဝှေးစေ့ ပြတ်ထွက်သွားဖူးတဲ့ အမျိုးသားတွေ ရှိခဲ့ဖူးတယ်"ဟု ဒိန်းမတ် သဘာဝ သမိုင်းပြတိုက်မှ ငါးမျိုးစိတ် ကျွမ်းကျင်သူ ဟင်းနရစ်ခ်ကားလ်က ဆွီဒင်ထုတ် The Local သတင်းစာသို့ ပြောကြားခဲ့သည်။

ကားလ်က ဆွီဒင်ရှိ သဘာဝ မြစ်ချောင်းများတွင် ပါကူငါးများ ရှိကောင်း ရှိနေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။ "သူတို့က ပရန်းညားတွေနဲ့ ဆင်တယ်။ ရုတ်တရက်ဆိုရင် ခွဲရခက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားတွေက ပရန်းညားတွေနဲ့ မတူဘူး။ ပိုပြားပြီး ပိုသန်တယ်။ ကိုက်အားက တော်တော်ပြင်းတယ်"ဟု ၎င်းက ဆိုသည်။ လက်ရှိ အချိန်ထိ ဥရောပတိုက်တွင် ပါကူငါး တိုက်ခိုက်မှုမျိုး မဖြစ်ပေါ်ဖူးသေးချေ။ မည်သို့ပင်ဖြစ်စေ သတိထားသင့်ကြောင်း ကားလ်က နှိုးဆော်ခဲ့သည်။ "မထင်မှတ်ဘဲ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လေ။ တစ်ခါတစ်လေ ကိစ္စတစ်ခုက ပထမဆုံး ဖြစ်လာပြီးရင် နောက်ဆုံး မဟုတ်နိုင်တော့တာကို မမေ့သင့်ဘူး"ဟုလည်း ကားလ်က ပြောကြားသွားသည်။
Planet Myanmar Network

မူးယစ်ရောင်းဝယ်သူများနှင့် အပြန်အလှန်ပစ်ခတ်ဖမ်းဆီး တစ်ဦးအသေမိ၊ အဓိကတရားခံတစ်ဦးလွတ်မြောက်နေ

ရန်ကုန်- မူးယစ်ဆေးဝါးရောင်းဝယ်သူများက ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးကိုအသေရမိပြီး အဓိကတရားခံမှာ လွတ်မြောက်သွားကြောင်း ဘားအံမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

သြဂုတ် ၁၁ ရက်က ဘားအံမြို့နယ် လိုင်ကားကျေးရွာအနောက်ဘက် တောတွင်းရှိနေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဟူသော သတင်းအရ ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ၀ယ်လက်ဟန်ဆောင်၍ စုံစမ်းရှာဖွေစဉ် အိမ်ပိုင်ရှင် ကြာကူး(ခ) မုဆိုးဆိုသူက M-16သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဘားအံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရဲမှန်းရိပ်မိပြီး စပစ်တာပါ။ အိမ်ထဲမှာ အရောင်းအ၀ယ်လုပ်နေတဲ့သူ နှစ်ယောက်ရှိနေပြီး တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ အဓိကအလိုရှိနေတဲ့ ကြာကူးဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်”ဟု အဆိုပါရဲအရာရှိကပြောသည်။

ကြာကူး(ခ)မုဆိုးဆိုသူသည် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များက ကျူးလွန်ခဲ့သော မူးယစ်ဆေးဝါးမှုသုံးမှုဖြင့် ဘားအံမြို့နယ်၊ ရဲစခန်းက အလိုရှိနေသော တရားခံပြေးတစ်ဦးဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားရာနေအိမ် မှ M 16 သေနတ်တစ်လက်အပါအ၀င် လုပ်သေနတ်အတို သုံးလက်၊ ပြောင်းရှည်တူမီးသေနတ် သုံးလက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည် ၁၇ တောင့်နှင့် ကျည်ကတ် နှစ်ခု သိမ်းဆည်းနိုင်ခဲ့သည်။
ထို့အပြင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၄၅ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းအချို့ပါ သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါအမှုကို ဘားအံမြို့ နယ်ပိုင် အိန္ဒုရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၁၉ (က) ၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်သွားသူ ကြာကူး(ခ) မုဆိုးကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
7day News

အိမ်တွင်းဓါတုပစ္စည်း ညစ်ညမ်းမှု လျှော့ချနိုင်ရန်


-သန့်ရှင်းရေးသုံးပစ္စည်းများမှာ အိမ် တွင်းအဆိပ်အတောက်ဖြစ်မှု (၁၀) ရာခိုင်နှုန်းအထိဖြစ်ပွားစေပြီး air freshener ကဲ့သို့ အမွှေးဖြန်းဆေး များကြောင့် ဓါတုပစ္စည်းများ၊ ပရိ ဘောဂများတွင် တွယ်ကပ်စေသည်။
-ဆပ်ပြာမှုန့်၊ အစွန်းချွတ်ဆေးများသည် အရေပြားယားယံစေသည်။ sodium lauryl sulfate ကဲ့သို့ အစွန်း ချွတ် ဆေးများသည် သန္ဓေ သားကိုယ်အင်္ဂါ ချွတ်ယွင်းစေတတ်သည်။ ၄င်းအပြင် ပါဝင်သော phenol ဒြပ်ပေါင်းများက လည်း ကင်ဆာကဲ့သို့ရောဂါဆိုးများဖြစ်ပွားစေသည်။
- အိမ်သုတ်ဆေး၊ ကော်၊ ဖိနပ် တိုက်ဆေး၊ အစွန်းချွတ်ဆေး၊ ကော် ချွတ်ဆေး၊ ချောဆီ၊ သစ်သားပေါလစ် တို့အသုံးပြုရာတွင် ပါဝင်ပစ္စည်းအညွှန်းကိုသေချာစွာဖတ်ကြည့်ပြီးmethylene chloride မပါသည့် ပစ္စည်းကိုဦးစားပေးအသုံးပြုပါ။ ခြောက်သွေ့ပြီး လေထန်သည့်နွေ ရာသီရောက်မှ အိမ်ကိုဆေးသုတ်မွမ်း မံခြင်းပြုပါ။ နွေရာသီ၏ခြောက်သွေ့ သောလေထုကြောင့် အိမ်သုတ်ဆေး များအခြောက်မြန်ပြီး အနံ့ကင်းစင် စေသည်။
- လိမ်းဆေးများ၊ အလှကုန်များအသုံး ပြုရာ၌ အနံ့မပြင်းသောပစ္စည်းများဦး စားပေးပါ။
- ဖယောင်းတိုင်များ၊ အမွှေးတိုင်များ သည် လေထဲသို့ခဲသတ္တုများပျံ့နှံ့စေသည်။
- အိမ်စီးဖိနပ်နှင့် အပြင်စီးဖိနပ်ခွဲ ထားပါ။ ပြင်ပပတ်ဝန်းကျင်မှ အဆိပ် အတောက်များအိမ်တွင်းမပါစေရန် အိမ်ရှေ့ရောက်သည်နှင့် ဖိနပ်ချွတ် လဲပါ။
- မီးဖိုများကို ကျပ်ခိုး၊ ပြာမှုန့်နှင့် အမှိုက်များကင်းစင်အောင် မကြာ ခဏသန့်စင်ပါ။
- ခေါင်းအုံးစွပ်၊ အိပ်ရာခင်းများတစ်ပတ်တစ်ခါလျှော်ပါ။
ဇော်ကို
Source:Care2
Health Updates Journal

ကချင်ပြည်နယ်တွင် ဖိုင်ဘာဆက်ကြောင်း တည်ဆောက်မည်

ကချင်ပြည်နယ်အတွင်း တယ်လီဖုန်း ဆက်သွယ်မှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်း (Fibre Optic Cable) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကချင်ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ မြစ်ကြီးနားသို့ ဆက်သွယ်မည့် ယင်းဖိုင်ဘာ ဆက်ကြောင်းကို တည်ဆောက်ရန်အတွက် ယခင်က ကချင်ပြည်နယ်အတွင်း ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Nexus Network Company က တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာက ရှင်းပြသည်။

“ဖိုင်ဘာဆက်ကြောင်း ရသွားပြီဆိုရင် အခုလက်ရှိ ဖြစ်နေတဲ့ ဖုန်းလိုင်း မိနေပေမယ့်လည်း ခေါ်ဆိုလို့မရတာမျိုး၊ ဖုန်းလာရင် ကိုင်လို့မရတာမျိုး၊ အင်တာနက် အသုံးပြုလို့ မရတာမျိုးတွေ၊ ဖုန်းခေါ်ရင် အသံတုန်ခြင်း၊ ခါခြင်းတွေ မရှိတော့ဘူး။ 3G လည်း အပြည့်သုံးနိုင်လာမယ်။ ADSL လိုင်းတွေ အရမ်းကောင်းလာမယ်” ဟု ဦးအောင်ဖြိုးမြတ်က ဆိုသည်။

လက်ရှိ ကချင်ပြည်နယ် တစ်ဝန်းတွင် တယ်လီဖုန်း ခေါ်ဆိုမှုများမှာ အဆင်မပြေ ဖြစ်လျက် ရှိကြောင်း ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ မြိုခံများထံမှ သိရသည်။
“ပူတာအိုမှာဆို GSM ဖုန်းလိုင်းက တစ်ရက်ကို ၁၅ မိနစ်လောက်ပဲ ရတယ်။ ကျန်တဲ့ CDMA တွေလည်း ခေါ်ရတာ သိပ်အဆင်မပြေဘူး” ဟု ပူတာအိုမြို့ခံ ကိုထွယ်အောင်က ဆိုသည်။

အဆိုပါ ဖိုင်ဘာဆက်ကြောင်း တည်ဆောက် ပြီးစီးသွားသည နောက်ပိုင်း ကချင်ပြည်နယ်တွင် တယ်လီဖုန်းလိုင်းများကို ပိုမိုတိုးချဲ့ တပ်ဆင်သွားနိုင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်လူဦးရေ၏ ၈၀ ရာခိုင်နှုန်း တယ်လီဖုန်း အသုံးပြုနိုင်ရေး ရည်မှန်းချက်ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းနှင့် လက်ရှိအသုံးပြုနေသော မိုက်ခရို ဆက်ကြောင်းကိုလည်း အရန်အဖြစ်ထားရှိ အသုံးပြုသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေးရုံးမှ အကြီးတန်း အရာရှိတစ်ဦး ပြောကြားသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် မိုက်ခရိုဝေ့စခန်း ၂၈ ခုခန့်နှင့် CDMA/GSM တာဝါတိုင်ပေါင်း ၁၆ ခုခန့်ရှိပြီး ခမ်းခမ်းတောင်၊ ခေါက်ဆင့်၊ ကိုက်ထိပ်ဒေသတွင်ရှိသော တာဝါတိုင်သုံးခုမှာ ကချင်ပြည်နယ် တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် ပျက်စီးသွားခဲ့ပြီး ယနေ့ထိတိုင် ပြန်လည် ပြင်ဆင် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

အမေရိကန်မှ တစ္ဆေသရဲများ လိင်ဆက်ဆံသည်ကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့


အ​​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော ဓာတ်ပုံတစ်ခုတွင် အိမ်​​ရှေ့​​ ဧည့်​​ခန်း​​အတွင်း​​ အချစ်ပလူး​​​နေသည်ဟု ယူဆရသည့်​​ အရိပ်များ​​၏ ဓာတ်ပုံကို ​​တွေ့​​ရှိခဲ့​​ရသည်။

“သူတို့​​ ဘာလုပ်​​နေတယ်ဆိုတာကို ​​တွေ့​​နိုင်ပါတယ်။ အမျိုး​​သမီး​​က ​​ဒေါက်မြင့်​​ဖိနပ် စီး​​ထား​​တာ​​တောင် မြင်ရပါတယ်”ဟု ဒိုင်ယာနီက ဆိုသည်။ အမျိုး​​သမီး​​တစ်ဦး​​၏ ​​ခြေ​​ထောက်နှင့်​​ အမျိုး​​သား​​ တစ်ဦး​​၏ ခန္ဓာကိုယ် ​​အောက်ပိုင်း​​တို့​​၏ အရိပ်များ​​ ပါရှိ​​သော ဓာတ်ပုံကို ၄ နှစ်သမီး​​​လေး​​က ရိုက်ကူး​​ခဲ့​​မိခြင်း​​ဖြစ်သည်။ မိမိအ​​နေနှင့်​​ တ​​စ္ဆေသရဲများ​​ ရှိခြင်း​​ကို ယုံကြည်​​သော်လည်း​​ ၎င်း​တို့​​အ​​နေနှင့်​​ ခံစား​​ချက်ရှိသည်၊​ လိင်ဆက်ဆံမှု ရှိသည်ကို မသိခဲ့​​​ကြောင်း​​လည်း​​ ဆိုသည်။ သူမပြသ​​သော ဓာတ်ပုံနှင့်​​ ပတ်သက်ပြီး​​ တိတိကျကျ အ​​ဖြေထုတ်နိုင်မှု မရှိ​​သေး​​​ချေ။

က ​​လေး​​ ၃ ဦး​​၏ မိခင်ဖြစ်​​သော ဒိုင်ယာနီကမူ ဓာတ်ပုံနှင့်​​ ပတ်သက်၍ သူမ၏ ထင်မြင်ယူဆမှု ​​ကောက်ချက်သည် ​​သေချာ​​ပေါက် အမှန်ဖြစ်​​ကြောင်း​​ အခိုင်အမာ ​​ပြောဆိုလျက်ရှိသည်။
 
Daily Mail 

အမျိုးသမီးအယောက် ရာပေါင်းများစွာရဲ့ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများ ရိုက်ခဲ့သူ





ကင်ဆာရောဂါ အဖြစ်အများဆုံး (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ဓာတုဆေး အသုံးပြုထားသော စားသောက်ကုန်များကြောင့် အဖြစ်အများဆုံးဟု သိရ


အရောင်တင်ဆေး အသုံးပြုထားသော နနွင်းမှုန့်၊ ငရုတ်သီးမှုန့်များကို တွေ့ရစဉ် (ဓာတ်ပုံ-မို့မို့)
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံသည် ကင်ဆာရောဂါ အဖြစ်အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဓာတုဆေးဝါး မလွတ်ကင်းသော စားသောက်ကုန်များကြောင့် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဓာတုဆိုးဆေးများ၊ အရောင်တင်ဆေးများဖြင့် ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ၀ယ်ယူသူများအောင် ပြုလုပ်နေကြပြီး ထိုစားသောက်ကုန်များကို ကြာရှည်စားသုံးပါက အစာအိမ် အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်အများစု တိုက်ကျွေးလျက်ရှိသော နို့မှုန့်များသည် တရုတ်နိုင်ငံမှ အ၀င်များပြီး အန္တရာယ်များသော အကြောဆွဲနိုင်သည့် မယ်လမင်းဓာတ်များ ပါဝင်နေကြောင်း၊ ကော်ဖီမစ်နှင့် Creamer များတွင်လည်း ကဖိန်း၊ အုန်းသီးခွံအမှုန့်များ ထည့်သွင်းထားသောကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးများ ကိုယ်ဝန်မဆောင်နိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
"ယခုနောက်ပိုင်း တချို့ပြည်တွင်းထုတ်ကုန်တွေမှာ Expire Date ကို ပြန်ပြင်ပြီးတော့ ဆိုင်တွေမှာ တင်တာတွေ ရှိလာတယ်။ စားသုံးသူတွေက Date ကိုကြည့်ပြီး ၀ယ်စားတာ များတဲ့အတွက်ကြောင့် အထဲမှာ မှိုတက်နေတာကို မသိနိုင်ပါဘူး။ အဲတော့ ဖြစ်စေချင်တာက Date လွန်နေတဲ့ဟာ ၀ယ်မိပြီဆိုရင် ဆိုင်ကိုချက်ချင်း ပြန်ပြောပါ။ ပြန်ပြောမှ ဆိုင်ကနောက်ဆိုရင် သေချာစစ်ပြီး ကုန်ပစ္စည်းကို ဆိုင်ပေါ်တင်ရင် စားသုံးတဲ့သူလည်း အန္တရာယ် မရှိနိုင်တော့ဘူး။ Date ပြောင်းတဲ့ ကုမ္ပဏီကလည်း နောက်ဆိုမလုပ်ရဲ တော့ဘူးပေါ့။ အဓိက နယ်စပ်က ၀င်လာတဲ့ ကုန်ပစ္စည်း အများစုကို မသိဘဲ စားမိတဲ့သူတွေ၊ ဆိုင်ပေါ်တင်မိတဲ့ သူတွေကြောင့် ကင်ဆာရောဂါ ရှိသူဦးရေ တိုးပွားလာရတာပါ" ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း အတွင်းရေးမှူး၊ ဒေါက်တာရီလွင်ကျော်ဇော၏ ပြောကြားချက်အရ သိရသည်။
ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ကျနိုင်စေရန် ဓာတုပစ္စည်း ပါဝင်သည့် စားသောက်ကုန်များအပြင် ကင်ဆာဓာတ်ကို ဖြစ်ပွားစေနိုင်သော လူသုံးကုန် ပစ္စည်းများဖြစ်သည့် ပလတ်စတစ်အိတ်၊ တစ်ခါသုံးဖော့ဘူးများ၊ ခြင်ဆေးခွေ၊ ဖိုက်ဘာပစ္စည်းများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းမှ တိုက်တွန်းအကြံပြုထားကြောင်း သိရသည်။
Eleven Media Group

မြို့နယ် ထွေ/အုပ်များ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဥပဒေချိုးဖောက်

ရန်ကုန်- ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် တာဝန်ရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများသည် ဥပဒေနှင့်အညီရွေးချယ်ပေးခြင်းမရှိဘဲ ဥပဒေချိုးဖောက်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူလူထုက ယုံကြည်ထောက်ခံမှုဖြင့် ဥပဒေနှင့်အညီ ရွေးချယ်ပြီးသူများကိုလည်း ၎င်းတို့လိုလားသူများမဟုတ်သည့်အတွက် ခန့်အပ်မှုမရှိကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့တင်ပြခဲ့သည်။

အုပ်ချုပ်ရေးမှူးများသည် ၀န်ထမ်းများဖြစ်၍ ပြည်သူလုထုကို ဗဟိုမပြုဘဲ အထက်လူကြီးများကိုသာ ဗဟိုပြုနေသည်ဟုလည်း အစီရင်ခံစာက ထောက်ပြထားသည်။

ထို့အပြင် ရပ်ကွက်အုပ်ချုပ် ရေးမှူးအချို့သည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တပျက်ပြားမှုကိုဖြစ်စေသော ကေတီဗီဆိုင်များကို အုပ်ချုပ်ရေးပိုင်းမှ ရဲနှင့် စည်ပင်တို့က သိလျက်နှင့် လျစ်လျူရှုထားခြင်း၊ လောင်းကစားမှုများကို မသိကျိုးကျွံပြုမှုများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြလိုက်သည်။

“ကော်မတီဝင်တွေရဲ့တွေ့ရှိချက်ရော၊ ကျွန်တော့်ဆီလာတဲ့ တိုင်စာတွေအရရော ကျွန်တော်တို့ ကွင်းဆင်းတဲ့အခါမှာတွေ့တဲ့ အချက်တွေပါ။ ဒါတွေက တကယ်ရှိနေတာပဲ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ် ၁၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသော ယင်းအစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း လာရောက်နားထောင်သွားကြောင်းသိရသည်။
7Day News Journal

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ


တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာများကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ
အင်ဒိုနီးရှား နိုင်ငံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးတောင်သည် အန္တရာယ် ကြီးမားစွာ ဆက်လက် နိုးကြား လှုပ်ရှားနေဆဲဟု သိရှိရသည်။ တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာများကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော မီးတောင်သည် လက်ရှိအချိန်ထိ အန္တရာယ် ကြီးမားနေဆဲဟု အာဏာပိုင်များက သတိပေးထားသည်။ ယင်းမီးတောင် ပေါက်ကွဲမှုအတွင်း ချော်ရည်ပူများ လွင့်စင်ထိခိုက်မှုကြောင့် အနည်းဆုံး လူ(၆)ဦးမျှ သေဆုံးခဲ့ပြီး ဖြစ်သည်။ ပါလူအာ ကျွန်းငယ်လေးပေါ်ရှိ မီးတောင်နှင့် (၃)ကီလိုမီတာ ပတ်ပတ်လည်ရှိ ဒေသခံများကို တာဝန်ရှိသူများက ရွှေ့ပြောင်းပေးသော်လည်း အစောပိုင်းက ငြင်းဆိုနေမှုများကြောင့် အခက်အခဲအချို့ ကြုံခဲ့ရသည်။



ယခုအခါ ပါလူအာကျွန်းမှ လူပေါင်း(၅၀၀)ခန့်ကို အနီးရှိ ဖလောရက်စ်ကျွန်းသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ မူတီအာရာ မူဘွိုင်က ပြောကြားခဲ့သည်။ "သေဆုံးသွားသူ တချို့ရဲ့ အလောင်းတွေကို ပြန်မရဘူး။ လောလောဆယ် ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ရတာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပဲ ဖြစ်သွားပြီ"ဟု ၎င်းက ဆိုသည်။ မူဘွိုင်က "ပါလူအာက ရွာ(၈)ရွာစလုံးကို လောလောဆယ် ပြောင်းရွှေ့ပေးထားတယ်"ဟုလည်း ပြောဆိုသွားသည်။ တနင်္လာနေ့က မီးတောင်တွင် ပေါက်ကွဲမှု အသေးစားလေးများသာ ထပ်မံ ဖြစ်ပွားသော်လည်း ဘေးမကင်းသေးဟု ပညာရှင်များက ပြောကြားထားသည်။



မီးတောင်ပညာရှင် ဆူရိုနိုက "အခြေအနေက စိုးရိမ်ရဆဲ အဆင့်ပါပဲ။ မီးတောင်ရဲ့ လှုပ်ရှားမှုတွေက ကျဆင်းသွားမယ့် အရိပ်အယောင် မရှိသေးဘူး"ဟု ဆိုသည်။ အင်ဒို တစ်နိုင်ငံလုံးတွင် လှုပ်ရှားသက်ဝင်နေသည့် မီးတောင် (၁၂၉)လုံးရှိပြီး ရိုကာတန်ဒါသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ မီးတောင် လှုပ်ရှားမှုနှင့်အတူ တနင်္လာနေ့က အင်ဒိုနီးရှား အရှေ့ဘက် ကမ်းလွန်တွင် ရစ်ခ်ျတာစကေး (၆.၀)အဆင့်ရှိ ငလျင်တစ်ခုလည်း လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပြီး ၁၂ ရက်အကြာ ပလောင်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်


ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး ၁၂ ရက်အကြာ သြဂုတ်လ ၁၂ ရက်နေ့ မနေ့ညနေပိုင်းက အစိုးရတပ်တွေနဲ့ TNLA တပ်တွေ တိုက်ပွဲပြန်ဖြစ်ပွားခဲ့တာကြောင့် ထပ်မံတွေ့ဆုံဆွေးနွေးမှုတွေအတွက် ထိခိုက်ကြန့်ကြာနိုင်ကြောင်း PSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကွန်စလန်းရွာအနီးမှာ TNLA ပလောင်တပ်ရင်း ၇၁၇ က တပ်ရင်းမှူး ဗိုလ်ကြီး တာအိုမ်တာမောဝ် ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကျောက်မဲအခြေစိုက် အမှတ် ၁၇ ခြေမြန်တပ်ရင်းက အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PSLF အဖွဲ့က အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

"ကျွန်တော်တို့ အဖွဲ့က မူဆယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံရှင်းလင်းပွဲရယ် ပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ရှင်းလင်းပွဲကို မနေ့က ကွန်စလန်းရွာမှာ လုပ်တယ်၊ ရှင်းလင်းပွဲလုပ်ပြီးတာနဲ့ သူတို့ကလည်းလိုက်လာတယ်၊ ရွာရဲ့ အပေါ်ဘက် လမ်းခွဲရောက်တဲ့အချိန်မှာ သူတို့နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်ကြတာပါ၊ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်လိုက် ကျွန်တော်တို့ဘက်က ပြန်ပစ်လိုက်နဲ့ တိုက်ပွဲကနာရီဝက်လောက်ကြာတယ်၊ သူတို့ဘက်က နှစ်ယောက် ဒဏ်ရာရသွားတယ်၊ သေမလားရှင်မလား၊ ဘယ်လောက်ထိဒဏ်ရာရလဲ မသိဘူး၊ အဲဒီနောက်ပိုင်းတော့ တိုက်ပွဲပြီးသွားတာပေါ့"

လောလောဆယ် တိုက်ပွဲပြန်ဖြစ်ပွားတာမရှိသေးပေမဲ့ အစိုးရတပ်ဖက်က ကွန်စလန်းကျေးရွာအတွင်းမှာ တပ်အင်အား ၁ဝဝ ကျော် ဖြည့်ဆည်းထားကြောင်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဆက်ပြောပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံခဲ့ချိန်က ယုံကြည်မှုတည်ဆောက်ဖို့နဲ့ နောက်ထပ်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပပြုလုပ်သွားဖို့ သဘောတူညီချက်ရရှိထားပေမဲ့ ၁၂ ရက်အကြာမှာ အခုလို တိုက်ပွဲပြန်ဖြစ်လာတာဟာ တွေ့ဆုံဆွေးနွေးမှုတွေအတွက် ထိခိုက်လာနိုင်တယ်လို့လည်း PSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါတယ်။

"ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက်က သူတို့ဘက်က ဒီစစ်ရှိန်ကို လျှော့ချဖို့၊ ပြီးတော့ ဒီ ၂ဝ၁၁ ကနေ ၂ဝ၁၃ ကြားကာလထဲမှာ သူတို့ တိုးချဲ့တဲ့တပ်တွေကိုလည်း သူတို့ရဲ့ မိခင်တပ်တွေ ပြန်ဆုတ်သွားဖို့ တောင်းဆိုထားတာရှိတယ်လို့ ပြောပါတယ်"

PSLF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ ဆုံခဲ့ပြီး အခုနှစ် ၂ဝ၁၃ ဇူလိုင် ၃၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
RFA Burmese

နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီး ၉ ဦး အဖမ်းဆီးခံရ


မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဒေသန္တရဆေးခန်းကြားမှာ ဒီနေ့မွန်းလွဲပိုင်းက ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒေါ်နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီး၉ ဦးကို မုံရွာမြို့အမှတ် (၁) ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရပါတယ်။ 

ဒေါ်နော်အုန်းလှနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတာကို မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။ 

“သူ့ရဲ့လျှောက်ထားချက်ကို ငြင်းပယ်တဲ့အခါမှာ ဘာပဲဖြစ်ဖြစ်သူကတော့ တစ်ကိုယ်တော် ဆန္ဒပြမှာပဲဆိုပြီးတော့ မုံရွာဘက်ကမ်းကို ရောက်ပါတယ်၊ လက်ပံတောင်းတောင် ဒေသခံတွေကတော့ နေ့လည် ၁၂ နာရီခွဲနောက်ပိုင်းမှာ အုပ်စုအသေးသေးလေးတွေဖွဲ့ပြီးတော့ ကြိုကြားကြိုကြား ရောက်လာတာတွေရှိတယ်၊ နော်အုန်းလှကတော့ ၂ နာရီခွဲလောက်ကမှရောက်တယ်၊ ရောက်တဲ့အခါမှာစီတန်းဖို့ ဒေါ်နော်အုန်းလှက သွားလိုက်တယ်၊ ဒေသခံတွေက လိုက်သွားတယ်၊ အဲဒီအခါက လမ်းတွေပိတ်ဆို့သွားတဲ့အထိ ရုန်းရင်းဆန်ခတ်ပေါ့ဗျာ၊ ၃ နာရီခွဲလောက်မှ နော်အုန်းလှအပါအဝင် လူ ၁ဝ ဦးကို ဖမ်းဆီးသွားတာတွေ့ရတယ်”

ဒေါ်နော်အုန်းလှဟာ ပြီးခဲ့တဲ့ လဆန်း ၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို နှိပ်စက်ညှင်းပမ်းသော ရဲများအရေးယူပေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖေါ်ထုတ်ခွင့်ပြုဖို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ တရားဝင်လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရဲစခန်းက ဆန္ဒပြခွင့်ကို ပယ်ချခဲ့တာကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်ဖို့အတွက် မုံရွာမြို့ကိုရောက်ရှိလာစဉ်မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဒေါ်နော်အုံးလှ အပါအဝင် ၁၀ ဦးကို လက်ရှိမှာ မုံရွာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့ဝင်တွေက စခန်းကိုပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဒေသခံ တောင်သူ ၆၀ ခန့်ကလည်း စခန်းရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေတယ်လို့ သိရပါတယ်။
RFA Burmese

အော်ရီဒူး ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မည့် ကုမ္ပဏီကို လာမည့်သီတင်းပတ် ကြေညာမည်


ရန်ကုန်၊ သြဂုတ် ၁၂

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ကာတာဆက်သွယ်ရေး ကုမ္ပဏီ အော်ရီဒူးက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဆက်သွယ်ရေး စီမံကိန်းများအတွက် ကွန်ရက် တည်ဆောက်မည့် ကုမ္ပဏီ (Telecom Equipment Supplier) ကို သြဂုတ်လ တတိယပတ် အတွင်း ကြေညာမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူရက ပြောကြားသည်။

အော်ရီဒူးကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ခြင်းနှင့် ကွန်ရက် တည်ဆောက်ရာတွင် အသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်း ပေးသွင်းသည့် ကုမ္ပဏီကို အကြမ်းဖျင်း ရွေးချယ်ထားပြီး လာမည့် သီတင်းပတ်တွင်မှ တရားဝင် ကြေညာမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။

လက်ရှိတွင် အော်ရီဒူး၏ Telecom Equipment Supplier လုပ်ကိုင်ခွင့်ကို ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းတွင် အတွေ့အကြုံရှိသော Huawei ရရှိရန် အလားအလာ ကောင်းနေကြောင်း ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝန်း အတွင်းမှ စုံစမ်းသိရှိရသည်။

Huawei သည် အခြားဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သော တယ်လီနော၏ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ရန် အဓိက Supplier အဖြစ် ရွေးချယ်ထားကြောင်း သက်ဆိုင်ရာ ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

တင်ဒါအောင် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုက ယခုတစ်ကြိမ်ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေသည့် ဆက်သွယ်ရေး ဥပဒေသစ် အတည်ပြုပြီးပါက အော်ပရေတာလိုင်စင် တရားဝင် ရရှိမည်ဖြစ်ပြီး လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်နိုင်ရမည် ဖြစ်ကြောင်း တင်ဒါစည်းကမ်းချက်များအရ သိရသည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် မြန်မာအစိုးရထံမှ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ထားပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည်။
The Voice Weekly

မူးယစ်ဆေးသုံးစွဲသူများကိုသာဖမ်းဆီး ရောင်းဝယ်သူများကို ရဲတပ်ဖွဲ့ မျက်ကွယ်ပြု

ရန်ကုန်- မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးသုံးစွဲသူများကိုသာ ဖမ်းဆီးပြီး အဓိကကျသော ရောင်းချနေသူများကိုမူ မျက်ကွယ်ပြုထားကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းတွင် မူးယစ်ဆေးဝါးပြဿနာများ ကြီးထွားလာသော်လည်း ဖမ်းဆီးတရားစွဲဆိုခြင်းများ နည်းပါးနေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

“မူးယစ်ဆေးဝါးဆိုလည်း မြင်တွေ့နေတာပဲ။ ဥပမာ ကျွန်တော်တို့တောင်ကြီးသွားတယ်။ လမ်းမှာလူငယ်တွေသုံးတာ မြင်တွေ့နေတာပဲ။ ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ အရှိအတိုင်းတင်ပြတာပဲ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကိစ္စရပ်များတွင် အာဏာပိုင်များပါ ၀င်ရောက်လုပ်ဆောင်နေမှုများ ရှိနေကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားဖူးသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစီရင်ခံစာတွင် ပြည်သူ့ရဲများအနေဖြင့် လူသတ်မှုများ၊ ဖောက်ထွင်းမှုများတို့ကို မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်း စသည်တို့အတွက် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ကြပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဦးတည်ရမည်ဟု ထောက်ပြထားသည်။

သို့သော် ယခုနှစ်အတွင်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှုများ ယခင်ထက် ပိုမိုဖော်ထုတ်ဖမ်းဆီးနေပြီး၊ ယခုသုံးလအတွင်းမှာပင် ကလေး၊ တမူး၊ ပျော်ဖွယ်၊ မိတ္ထီလာ၊ မန္တလေး၊ လားရှိုးမြို့များတွင် မူးယစ်မှုများနှင့် ပါဝင်ပတ်သက်သော ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖော်ထုတ်ဖမ်းဆီးခဲ့ရသည်။
7Day News Journal

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေး

နေပြည်တော်-သြဂုတ်၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊
ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်း ချက်များ အရယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန
အသီးသီး တွင် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်းနိုင်ငံတော်သမ္မတရုံးမှ
ယနေ့သတင်းထုတ်ပြန်လိုက်သည်။

၁-ဦးတင်ဦးလွင်
နိုင်ငံခြားရေးဝန်ကြီးဌာန

၂-ဒေါက်တာအောင်မြတ်ဦး
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန

၃-ဒေါ်လဲ့လဲ့သိန်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန
Popular Myanmar News Journal

ကိုထင်ကျော်နဲ့ အဖွဲ့ကို အာမခံပေးဖို့ တရားရုံးက ငြင်းဆို


အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ "ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့"ခေါင်းဆောင် ကိုထင်ကျော်နဲ့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်က မြေသိမ်းခံရသူ ၃ ဦး စုစုပေါင်း ၄ ဦးကို ဒီနေ့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တရားရုံးက သူတို့အားလုံးကို အာမခံပေးဖို့ ငြင်းပယ်လိုက်ပါတယ်။

ဒီကနေ့ မြောက်ဥက္ကလာပမြို့နယ်မှာ စစ်ဆေးခဲ့တဲ့ ကိုထင်ကျော်တို့ အမှုရုံးချိန်းနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့က နိုင်ငံခြားရေးတာဝန်ခံ ကိုဇာနည်က RFA ကို အခုလိုပြောပါတယ်။

"အခုလောလောဆယ်ကတော့ ကျနော်တို့အနေနဲ့ ပုံမှန်အနေအထားထက် လျော့သွားတာက ဘာလဲဆိုတော့ ပထမအချက်က အရင်က ကိုထင်ကျော်အမှုစစ်တာကို အများပြည်သူအားလုံးက ကြားနာခွင့်ရှိပါတယ်၊ ဒီနေ့မှာတော့ အကန့်အသတ်နဲ့ပေးတာကို တွေ့လိုက်ရပါတယ်၊ ဒုတိယအချက်က ပုဒ်မ ၅ဝ၅(ခ)ကို အာမခံလျှောက်တာကို ပယ်ချပြီးတော့ ကိုထင်ကျော်ကို အင်းစိန်ထောင်ကို ပြန်ပို့လိုက်ပါတယ်၊ တခြားလူတွေက ၅ဝ၅(ခ)နဲ့ ပတ်သက်ပြီးတော့ အာမခံရနေပေမယ့် ကိုထင်ကျော်တို့က မရဘူးဆိုတာက ဒီတရားစီရင်ရေးမှာ ၅ဝ၅(ခ)နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးကွဲပြားခြားနားမှုတွေ ရှိနေသလဲဆိုတာကို ကျနော်တို့ ပြန်လည်စမ်းစစ်ရမည့်အပိုင်းရှိပါတယ်”

ကိုထင်ကျော်တို့ ၄ ဦးကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅-ခ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သူတို့ အမှုရုံးချိန်းကို သြဂုတ်လ ၂ဝ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပါတယ်။
RFA Burmese

တရုတ် နို့မှုန့်အရေးနှင့် သောကမအေးသော မိခင်များ


သြဂုတ်လ ၇ ရက်နေ့ တီဗီ သတင်း တစ်ပုဒ်တွင် ဘေဂျင်း၌ အစိုးရသည် ကလေး နို့မှုန့် ရောင်းသည့် ကုမ္ပဏီကြီး ခြောက်ခုကို ဒဏ်ငွေ စုစုပေါင်း ဒေါ်လာ ၁၀၉ သန်းခန့် ရိုက်လိုက်ကြောင်း သတင်း ပါလာသည်။ နို့မှုန့် ပြဿနာ မကြာခဏ တက်နေသော တရုတ်ပြည်၏ ဈေးကွက်ကလည်း စိတ်ဝင်စားစရာ ကောင်းလာသည်။ မည်သည့် ကုမ္ပဏီများ ပါနေသနည်းဟု နားစိုက် ကြည့်လိုက်သော အခါတွင် နိုင်ငံခြား ကုမ္ပဏီကြီး ငါးခုနှင့် ဟောင်ကောင် ကုမ္ပဏီ တစ်ခု ဖြစ်နေသည်။ နိုင်ငံခြား ကုမ္ပဏီများ ဆိုရာတွင် အမေရိကန်မှ Mead Johnson Nutrition၊ ပြင်သစ် Danone ကုမ္ပဏီ လက်အောက်ခံ Dumex Baby Food၊ နယူးဇီလန်နိုင်ငံမှ Fonterra Co-operative Group၊ အမေရိကန်မှ Abbott Laboratories နှင့် ဟောင်ကောင် ကုမ္ပဏီ တစ်ခု ဖြစ်သည်။

တရုတ် အစိုးရသည် အခြား ကုမ္ပဏီများဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ Nestle ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Wyeth Nutrition နှင့် တရုတ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Zhejiang Beingmate Technology Industry and Trade ကုမ္ပဏီအပြင် ဂျပန်နိုင်ငံမှ ကုမ္ပဏီတို့ကိုမူ အရေးယူခြင်း မရှိပေ။ ထိုကုမ္ပဏီများကို အရေးမယူရခြင်းမှာ ယင်းကုမ္ပဏီများသည် အစိုးရ၏ စုံစမ်း စစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်သည့်အပြင် အရေးကြီးသည့် အထောက်အထားများကို ထုတ်ပေးခြင်း၊ တိုင်းတာ စစ်ဆေးမှုများတွင် ပါဝင် ကူညီခြင်းကြောင့်ဟု သတင်းများက ထုတ်ပြန် ကြေညာခဲ့သည်။

နို့မှုန့်အစ

မွန်ဂိုမျိုးနွယ် တာတာ လူမျိုးတို့သည် ကူဘလိုင်ခန်း လက်ထက်ကတည်းက စစ်ထွက်လျှင် နို့ခဲများ ယူဆောင်သွားတတ်ကြောင်း ထိုစဉ်က စစ်သည်များသည် နွားနို့ကို နေလှမ်းပြီး အပေါ်ယံကိုကဲ့ကာ အနှစ်များအဖြစ် ပြုလုပ်၍ ခရီးကြမ်း ချီတက်ရာတွင် စားသောက်တတ်ကြောင်း မာကိုပိုလိုက ရေးသား ဖူးသည်။

နို့မှုန့်ကို ပထမဆုံး တီထွင်သူမှာ ရုရှား ရူပဗေဒ ပညာရှင် အော့ဆစ် ကရီချက်စကီ ဖြစ်ပြီး ၁၈၀၂ ခုနှစ် ကတည်းက တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမဦးဆုံး စီးပွားဖြစ် ထုတ်လုပ်ခြင်းကို ရုရှား ဓာတုဗေဒ ပညာရှင် အမ်ဒရီကော့ဖ်က ၁၈၃၂ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့သည်။ ၁၈၅၅ ခုနှစ်တွင် တီအက်စ် ဂရင်းမ်ဝိတ်က နို့မှုန့်ကို တရားဝင် မှတ်ပုံတင်ပြီး မူပိုင်ခွင့် ရယူခဲ့သည်။ သို့သော် လေလုံခန်းအတွင်း နို့မှုန့် ထုတ်လုပ်ခြင်းကိုမူ ၁၈၃၇ ခုနှစ်တွင် ဝီလျံနယူတန်ဆိုသူက မူပိုင်ခွင့် ယူထားပြီး ဖြစ်သည်။

မယ်လမင်း

၂၀၀၈ ခုနှစ်ကတည်းက တရုတ်တွင် မယ်လမင်း ပြဿနာ စတင်ခဲ့သည်။ မယ်လမင်းသည် ပန်းကန် ခွက်ယောက်များနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရာတွင် ထည့်သွင်း အသုံးပြုရသည့် စက်မှု လုပ်ငန်းသုံး ဓာတုပစ္စည်း တစ်မျိုး ဖြစ်သည်။ မယ်လမင်းသည် နိုင်ထရိုဂျင် ကြွယ်ဝ ဓာတ်ပစ္စည်း တစ်မျိုးဖြစ်ပြီး၊ ယင်းဓာတ်သည် ပြိုကွဲမှုနှုန်းနှေးကာ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်သွားပါကလည်း ပြိုကွဲမှုနှုန်း နည်းပြီး အဆိပ်အဖြစ် ကိုယ်ခန္ဓာကို ဒုက္ခပေးတတ်သည်။

၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အမေရိကန် အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA) က တရုတ်နိုင်ငံ Xuzhou ကထုတ်သည့် တိရစ္ဆာန် အစားအစာများတွင် မယ်လမင်းဓာတ်များ ပါဝင်နေကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းအစားအစာများကို စားသုံးမိသည့် တိရစ္ဆာန်များ သည် ဆီးကျောက်တည်ခြင်း၊ ဆီးသွားလျှင် သွေးပါခြင်းများ ဖြစ်ကြောင်း FDA က ဆိုသည်။

တရုတ် ကွန်မြူနစ်ပါတီက ထုတ်ဝေသည့် ပြည်သူ့ နေ့စဉ်သတင်းစာတွင်လည်း ၂၀၀၈ ခုနှစ်ကတည်း က တရုတ် ပြည်တွင်းသို့ နိုင်ငံခြားမှ တင်သွင်းသော နို့မှုန့်များကို ၃၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ကြောင်း ရေးသားထားသည်။ အဘယ်ကြောင့် တရုတ်တွေ နို့မှုန့် မထုတ်ဘဲ နိုင်ငံခြား တိုင်းပြည်များက တင်သွင်းနေရသနည်း ဆိုသည့် အကြောင်းကလည်း ရှိနေသည်။ ၂၀၀၈ ခုနှစ်လောက်က တရုတ်ပြည် ထွက် နို့မှုန့်များတွင် ပြဿနာ အကြီးအကျယ် ပေါ်ခဲ့ပြီး တရုတ် နို့မှုန့် သောက်သုံးခြင်းကြောင့် နာမကျန်းဖြစ်ခြင်း၊ သေဆုံးမှုများ ရှိခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

မယ်လမင်းဓာတ် ပါဝင်သည့် သက်တမ်းလွန် နို့မှုန့် ၂၆ တန်ခန့်ကို တရုတ်ပြည် အလယ်ပိုင်း ဟူနန်နှင့် ဟီနန် ပြည်နယ်များက ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ပြီး နို့ထွက် လုပ်ငန်းတွင် တာဝန်ရှိသူ အထွေထွေ မန်နေဂျာ တစ်ဦး အပါအဝင် လူပေါင်း ၇ ဦးကို ဖမ်းဆီး အရေးယူခဲ့သည်။ မယ်လမင်းမှုန့်များကို နို့မှုန့်များ အထဲတွင် ရောစပ်ကာ ထုတ်လုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ၂၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကာ ၂ ဦးကို သေဒဏ် ချမှတ်ခဲ့သည်။

၂၀၀၈ ခုနှစ် တရုတ် နို့မှုန့် အရေးသည် ကမ္ဘာကို ရိုက်ခတ်သွားခဲ့သည့် မယ်လမင်း (Melamine) အရေး ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် မယ်လမင်းကြောင့် ကလေး ခြောက်ဦးသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းများဖြစ်ကာ သေဆုံးခဲ့သည်။ ကလေး ပေါင်း ၅၄,၀၀၀ ဦး ဆေးရုံတက်ရပြီး၊ မယ်လမင်းကြောင့် ဝေဒနာ ခံစားရသူပေါင်း ၃ သိန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ပြဿနာက ၂၀၀၈ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ လောက်ကတည်းက စတင်ခဲ့သည်။ ဂန်ဆုပြည်နယ်တွင် ကလေး ၁၆ ဦးခန့် ကျောက်ကပ်တွင် ကျောက်တည်သည့် ဝေဒနာများ ခံစားခဲ့ရ ပြီးမှ စုံစမ်း စစ်ဆေးမှုများကို စတင် လုပ်ဆောင်ခဲ့ရသည်။

နို့မှုန့် ပြဿနာအစ

နို့ထွက် ပစ္စည်းများကို ထုတ်လုပ် ရောင်းချနေသည့် နယူးဇီလန်နိုင်ငံမှ Fonterra ကုမ္ပဏီသည် သူတို့ ကုမ္ပဏီထုတ် နို့မှုန့်များကို စစ်ဆေး ကြည့်ရာတွင် Botulism ဟုခေါ်သည့် ဗက်တီးရီးယားများ စွဲကပ်နေကြောင်း တွေ့ရှိကြရသည်။ Botulism ဆိုသည်မှာ ရှားပါးသည့် ရောဂါပိုးမွှား တစ်မျိုး ဖြစ်ပြီး ယင်းကို Clostridium Botulinum ဟုလည်း ခေါ်သည်။ ထိုပိုးမွှားများ ကူးစက်ခံရသူသည် အဆိပ် မိသလို ဖြစ်ကာ၊ အသက်ရှူလမ်းကြောင်းနှင့် ကြွက်သားများတွင် ပြင်းထန်စွာ နာကျင်မှု ခံစားရတတ် သည်။ အထူးသဖြင့် လူကြီးများတွင် ဖြစ်ပြီး၊ ကလေးများတွင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သည်။

ထိုရောဂါပိုးများ စွဲကပ်နေသည့် ဒိန်ချဉ်များကို Fonterra ကုမ္ပဏီသည် တစ်ဆင့်ခံ ပြန်ယူပြီး ကလေး နို့မှုန့်နှင့် အားကစားသမားများ သောက်သုံးရန် ပြုပြင်ကာ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ တစ်ဆင့် ပြန်လည် ရောင်းချခဲ့သည်။ စုစုပေါင်း တန်ချိန် ၁၀၀၀ ခန့် ရောင်းချခဲ့ပြီးမှ ပြဿနာပေါ်သဖြင့် နိုင်ငံပေါင်း ၇ နိုင်ငံမှ တစ်ဆင့် ထိုနို့မှုန့်များနှင့် ဒိန်ချဉ်များကို ပြန်သိမ်းခဲ့ရသည်။ သို့သော် စားသုံးသူများ မည်မျှအထိ ပြဿနာတက်ခဲ့ကြောင်း၊ ဝေဒနာများ ခံစားခဲ့ရကြောင်းကိုမူ ဖော်ထုတ် ခဲ့ခြင်း မရှိပေ။ တရုတ်နိုင်ငံသည် နယူးဇီလန် Fonterra ကုမ္ပဏီထံမှ နို့မှုန့် အများဆုံးကို တင်သွင်း နေသော နိုင်ငံဖြစ်ပြီး လက်ရှိ အနေအထားတွင် နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံများမှ နို့မှုန့်များ တင်သွင်းခြင်းကို တားမြစ်လိုက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်။

နယူးဇီလန်နိုင်ငံ Fonterra ကုမ္ပဏီသည် ကမ္ဘာ့ နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများထဲတွင် စတုတ္ထလိုက်သည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်သည်။ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံဖိုးခန့် နိုင်ငံခြားသို့ နို့မှုန့်နှင့် နို့ထွက်ပစ္စည်းများ တင်ပို့နေရပြီး၊ နယူးဇီလန်၏ စီးပွားရေးသည် လည်း ယင်းကုမ္ပဏီများနှင့် လုပ်ငန်းများ အပေါ်တွင် မီခိုနေရသည်။ နိုင်ငံ နို့ထွက်ပစ္စည်း ၉၅ ရာခိုင်နှုန်း (တန် ၁၅ သန်း) ခန့်ကို နိုင်ငံခြားသို့ တင်ပို့ပြီး ယင်းမှ ဝင်ငွေနှင့် အကျိုးအမြတ်များ ရရှိနေခဲ့သည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် နယူးဇီလန် စက်မှုဝန်ကြီးဌာနက Fonterra ကုမ္ပဏီထုတ် နို့ထွက် ပစ္စည်းများကို ပြန်သိမ်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။ ၂၀၁၂ ခုနှစ် မေလ ကတည်းက နိုင်ငံခြားသို့ တင်ပို့ထားသည့် နို့ထွက်ပစ္စည်း သုံးကြိမ်က မက်ထရစ်တန် ၃၈ (၄၂ တန်) ခန့်ရှိသည်။

မိမိတို့ တင်ပို့သည့် နို့မှုန့်များတွင် ဗက်တီးရီးယား ပိုးများ စွဲကပ်နေကြောင်းကို Fonterra က သတိထား မိသည်မှာ ယခုနှစ် မတ်လက ဖြစ်သည်။ နို့ထွက် ပစ္စည်းများတွင် Clostridium ပိုးတွေကို တွေ့ရှိကြ ရသည်။ သာမန် ပိုးမျိုးမဟုတ် အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ကြောက်စရာ ပိုးများ ဖြစ်သည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် Clostridium botulinum ရောဂါလက္ခဏာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံခြားရောက် နို့မှုန့်အားလုံးကို ပြန်သိမ်းရန် ဆုံးဖြတ်လိုက် ရသည်။ ပြန်သိမ်းရန် ဆုံးဖြတ်လိုက်သည့် နိုင်ငံများထဲတွင် သြစတြေးလျ၊ တရုတ်၊ မလေးရှား၊ နယူးဇီလန်၊ ဆော်ဒီ အာရေဘီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်သည်။ သို့သော် မည်သည့် နို့မှုန့်များ၊ မည်သည့် ကုမ္ပဏီများ ဖြစ်ကြောင်းကိုမူ နယူးဇီလန် စက်မှုဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံ စားသုံးသူ စောင့်ကြည့်ရေး အဖွဲ့ကမူ မိမိတို့ ပြည်တွင်း၌ Dumex Baby Food ကုမ္ပဏီ၊ Wahaha Group ကုမ္ပဏီခွဲ နှစ်ခု၊ hanghai Sugar, Toba-cco and Alcohol ကုမ္ပဏီထုတ် နို့မှုန့် များသည် အန္တရာယ်ရှိသော နို့မှုန့်များ ဖြစ်ကြောင်း ကြေညာခဲ့သည်။ Fonterra ကုမ္ပဏီကမူ တရုတ်နိုင်ငံ ရုံးခွဲထုတ် Coca-Cola များတွင်လည်း ထိုပိုးများ ကူးစက်နေ ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် Coca-Cola ကုမ္ပဏီကမူ သူတို့ အချိုရည်ထဲတွင် ထည့်သွင်းသည့် နို့မှုန့် ကီလိုဂရမ် ၄၈၀၀ အနက်၊ ၄၇၇၅ ကီလိုဂရမ်ကို ရောဂါ ပိုးမွှားများ သေစေရန် ပိုးသတ်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံတကာ ထိတ်လန့်မှုများ

တရုတ်ပြည်အတွင်း သုံးလတစ်ကြိမ် အရည်အသွေး စစ်ဆေးရေး အဖွဲ့သည် နယူးဇီလန်ထုတ် နို့မှုန့်များနှင့် ပတ်သက်သမျှကို ပြန်လည် သိမ်းယူခဲ့သည်။ ၂၀၀၈ ခုနှစ်ကတည်းက နို့မှုန့်နှင့် ပတ်သက်ပြီး အထိနာခဲ့သဖြင့် တရုတ်တို့သည် ယခုတစ်ကြိမ်တွင် အလွန် သတိထားနေရသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် တရုတ်သည် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ အတွင်းမှ တင်ပို့သမျှ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်ကုန် အားလုံးကို တင်သွင်းမှုအား ရပ်ဆိုင်းလိုက်သည်။ နယူးဇီလန် ကုန်သွယ်ရေးဝန်ကြီး တင်မ်ဂရော့စ်ဆာက ထိုဆုံးဖြတ်ချက်ကို ထောက်ခံပြီး၊ Fonterra ကုမ္ပဏီကလည်း တရုတ်ကို တောင်းပန်ခဲ့သည်။ တရုတ်သည် နှစ်စဉ် နို့မှုန့်များကို နိုင်ငံခြား တိုင်းပြည် များမှ အမေရိကန် ၁ ဒသမ ၉ ဘီလီယံခန့် တင်သွင်းနေရသည့် နိုင်ငံဖြစ်ပြီး အထူးသဖြင့် ပြည်တွင်းသို့ တင်သွင်း နို့မှုန့် အရေအတွက်၏ ၉၀ ရာခိုင်နှုန်းမှာ နယူးဇီလန်က ဖြစ်သည်။ စီးပွားရေးပညာရှင်များက ယခုကဲ့သို တရုတ်က ဆုံးဖြတ်လိုက်ခြင်းသည် ပြည်တွင်း နို့မှုန့်များကို ပြတ်တောက်သွားစေနိုင် ကြောင်း သုံးသပ်ထားသည်။

ထိုင်းနိုင်ငံသည် Fonterra ကုမ္ပဏီထုတ် နို့မှုန့်များကို ပြည်တွင်းသို့ တင်သွင်းခြင်းအား ယခုနှစ် မေလကတည်းက ရပ်ဆိုင်းခဲ့သည်။ ရုရှားနိုင်ငံကမူ ယနေ့တိုင် ထိုနို့မှုန့်များကို တရားဝင် တင်သွင်းမှု ပိတ်ပင်ကြောင်းကို ကန့်သတ်ထားမှု မရှိသေးကြောင်း RIA Novosti သတင်းဌာနက ထုတ်ပြန် ကြေညာသည်။ သီရိလင်္ကာနိုင်ငံကလည်း နယူးဇီလန်နိုင်ငံ Anchor ကုမ္ပဏီကတစ်ဆင့် နို့မှုန့်များကို တင်သွင်းနေသဖြင့် လက်ရှိ ခေတ္တ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန် ကြေညာသည်။ မြန်မာနိုင်ငံတွင်မူ လက်ရှိ အိမ်နီးချင်းနိုင်ငံများ ထိတ်လန့်နေသည့် ရောဂါပိုးပါ Fonterra နို့မှုန့်များနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်နေကြောင်း ထုတ်ပြန်မှု မရှိသေးပေ။ ဗီယက်နမ် နိုင်ငံကလည်း သြဂုတ်လ ၉ ရက်နေ့ကတည်းက Fonterra ထုတ် နို့မှုန့်များကို သေချာစွာ စစ်ဆေးပြီး သိမ်းယူနေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

လူနို့ ရောင်းနေရသော တရုတ်များ

တရုတ်နိုင်ငံတွင် နို့မှုန့်များကို ပိတ်လိုက်သောကြောင့် စိုးရိမ်သောက ရောက်နေကြရသည့် မိခင်နို့ မတိုက်သူများမှာ သောကရောက်ကြရသည်။

ယန်သည် မိခင်နို့ တိုက်ကျွေးနေသူ တစ်ဦးဖြစ်သည်။ အခြေအနေကို သူမက လေ့လာ သုံးသပ်ပြီး ငွေရှာရန် ဆုံးဖြတ်လိုက်သည်။ သူမတွင် ငါးလသားအရွယ် ကလေးတစ်ယောက် ရှိသည်။ နို့ရွှင်သော မိန်းကလေး တစ်ဦးဖြစ်သဖြင့် သူမက-
“ကျွန်မအနေနဲ့ ကျွန်မကလေး မသောက်နိုင်လို့ ပိုနေတဲ့ နို့တွေကို အလကားတော့ အဖြစ်မခံနိုင်ဘူး။ တချို့တွေ အွန်လိုင်းကနေ နို့ရောင်းနေကြတယ် ကြားတယ်။ ဒါကြောင့် ကျွန်မလည်း ရောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ဒါကြောင့် Website တစ်ခု ဖန်တီးပြီး နို့ရောင်းရန် ရှိသည်လို့ ကြော်ငြာထားတယ်” ဟု CNN သတင်းဌာနသို့ ပြောကြားသည်။

လူနို့ ရောင်းချခြင်းကို 58.com တရုတ် အွန်လိုင်းပေါ်တွင် တွေ့နိုင်သည်။ ကလေးနို့ ပိုလျှံသည့် မိခင်တိုင်း လာရောက် ဆက်သွယ်နိုင်သည်။ ယခုအခါ လူနို့ရောင်းသည့် လုပ်ငန်းသည် တရုတ်တွင် ခေတ်စားစ ပြုနေပြီး တစ်လ နို့တိုက်ကျွေးခမှာ တရုတ် ဝမ်ငွေ ၅၀၀၀ (အမေရိကန် ၈၁၄ ဒေါ်လာ) ခန့် ဈေးပေါက်သည်။ တရုတ်တွင် နို့မှုန့် တိုက်ကျွေးနေရသည့် ကလေးတစ်ယောက် တစ်လ ကုန်ကျငွေမှာ ၀မ် ၂၀၀၀ (၃၂၅ ဒေါ်လာ) ခန့် ဖြစ်သဖြင့် ဒေါ်လာ ၅၀၀ ခန့် ကွာခြားချက်ကို မိဘများ စဉ်းစားပြီး ဘေးကင်းရန် နို့ အငှားခေါ်ခြင်းဖြင့် ဖြေရှင်းနေကြသည်။

အွန်လိုင်းပေါ်တွင် မိခင်နို့အစစ် ဝယ်ယူခြင်း ခေတ်စားလာပြီး အချို့လိုင်းများသည် နို့ရောင်းမည့် မိခင်နှင့် နို့စို့မည့် ကလေးရှင်တို့ကို ကြားခံ ပွဲစားလုပ်ပေးသည့် လုပ်ငန်းများကိုပင် လုပ်ဆောင်ပေး လာကြသည်။ အခြား လူမှုရေး Website များကလည်း မိခင်နို့ စစ်စစ်ကို စရိတ် မတတ်နိုင်သူများ အတွက် မျှဝေပေးရန် ယုံကြည်ရသော နေရာများအဖြစ် ဖန်တီးထားကြသည်။ သူတို့နှင့် ဆက်သွယ်လျှင် စိတ်ချရမည့် မိခင်နို့စစ်စစ်ကို ပေးမည်ဟုလည်း ကြေညာထားကြသည်။

တရုတ်တွင် မိခင်နို့ ရောင်းဝယ်ခြင်းသည် တရားမဝင်သည့် လုပ်ငန်းတစ်ခု ဖြစ်သလိုလိုနှင့် တရားဝင် ဆောင်ရွက်နေကြသော မီးခိုးရောင် ဈေးကွက်တစ်ခု ဖြစ်လာသည်။ အမှန်တော့ လူနို့ကို ရောင်းကုန် မဟုတ်ကြောင်း၊ မရောင်းရကြောင်း တရားဝင် ထုတ်ပြန်ထားသည့် ဥပဒေတော့ မရှိ။

ဘေဂျင်းက ဒေါက်တာ ဝမ်ယန်လူးကမူ ယခုကဲ့သို့ နို့ရောင်း နို့ဝယ် လုပ်နေခြင်းကို မကန့်ကွက်လို သော်လည်း သိမ်းဆည်းထားသည့် နို့များကို ကလေးများအား ပြန်လည် တိုက်ကျွေးရခြင်းမှာမူ အန္တရာယ် ရှိနိုင်ကြောင်း ပြောဆိုသည်။
“မိခင်ရဲ့နို့ကို သိမ်ဆည်းပြီးထားတယ် ဆိုတာကတော့ သိပ်မကောင်းဘူးဗျ။ ကျွန်တော့် အထင် ကတော့ ဥပဒေ တစ်ခုခု ထုတ်ပြန်သင့်ပြီ ထင်တယ်” ဟု ဝမ်ယန်က ဆိုသည်။

တရုတ်ပြည်တွင် ယခုကဲ့သို့ နို့မှုန့် ပြဿနာ ဖြစ်လာခြင်းသည် အဆိုးထဲက အကောင်း ဖြစ်သည်။ လူတိုင်းကို ကျန်းမာရေးသတိ ဖြစ်လာစေရုံမက မိခင်နို့ တိုက်ကျွေးခြင်းကသာ အကောင်းဆုံး ဖြစ်စေနိုင်ကြောင်း တပ်လှန့်ပေးလိုက်သလို ဖြစ်ခြင်းကြောင့် အမြတ်ထွက်သည်ဟု ဆိုရမည် ဖြစ်သည်။

“တစ်သက်လုံး နို့မတိုက်ချင်တဲ့ မိန်းမတွေ ခုမှ ပြူးပြူးပျာပျာ ဖြစ်လာကြတယ်။ နို့မှုန့် တိုက်ရင် ကလေး ဒုက္ခရောက်မယ်။ မတိုက်ပြန်ရင်လည်း သူတို့မှာ အခြား နည်းလမ်း ရှာမရတော့တာကြောင့် ခုမှ ကိုယ့်နို့လေး လှန်ပြီး ကလေးတွေကို တိုက်ရမှန်း သိလာတာ ကျွန်တော်တော့ ဝမ်းသာတယ်” ဟူသော ဝမ်ယန်၏ စကားကို ကလေးများလည်း ဝမ်းမြောက်ကြမည် ထင်သည်။

(အယ်ဒီတာ တစ်ဦး)
မှတ်ချက်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အင်တာနက်ရှိ သတင်း Website များ၏ သတင်းစုံကို ကိုးကား ရေးသားပါသည်။
The Voice Weekly

သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ အရေးကြီးပုံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် ပြည်သူ့ လွှတ်တော် ကော်မတီရေးရာအဆောင်(၁၂) မှာ တွေ့ဆုံစဉ် ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့ ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်ဖို့ သတင်းသမားတွေမှာ အများကြီးတာဝန်ရှိပါတယ်၊ ဘယ်လိုကျမတို့မှာ အဆင့်တွေထားသင့်တယ်၊ ဘယ်လိုကျမတို့မှာ အဆင့်မီသင့်တယ်၊ ဘာဖြစ်လို့လဲဆိုရင် သတင်းသမားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ ပြည်သူလူထုထဲက ပေါက်လာတာပဲ၊ မိုးကျရွှေကိုယ်တွေမှ မဟုတ်ဘဲ၊ အဲတော့ ကျမတို့ပြည်သူလူထု ဘယ်လိုစံနှုန်းထားတွေ ဘယ်လိုအဆင့်ရှိသင့်တယ်ဆိုတာ ဝိုင်းပြီးလုပ်တဲ့အထဲမှာ သတင်းတွေ အင်မတန်အရေးကြီးပါတယ်"

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်တင်ပြကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စောစောပိုင်းကလဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာကြတဲ့
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၅၀ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရမဟုတ်ပေမဲ့ တိုင်းပြည်အကျိုးအတွက် တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ကြိုးစားသွားမှာဖြစ်တဲ့အတွက် ပါတီဝင်အချင်းချင်း စည်းလုံးညီညွတ်ကြဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၅ဝကျော်ဟာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောကြားခဲ့တာပါ။

ဒီမိုကရေစီစနစ်မှာ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားပိုင်ခွင့်ရှိသလို အေးအေးချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းတိုင်ပင်ပြီးလုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယ်ဒေသတွေက ပါတီဝင်တွေဟာ ဒီနှစ်ပိုင်းအတွင်း လွှတ်တော်ကို မကြာခဏ လာရောက်လေ့လာကြပါတယ်။
RFA Burmese

လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ လူဆယ်ဦးအား ဒေသဆိုင်ရာ အာဏာပိုင်းများမှ ဖမ်းဆီး ခေါ်ဆောင်


မုံရွာမြို့ပေါ်တွင် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ လူဆယ်ဦးအား ဒေသဆိုင်ရာ အာဏာပိုင်းများမှ ဖမ်းဆီး ခေါ်ဆောင်နေသည်ကို သြဂုတ်လ ၁၃ ရက်က တွေ့ရစဉ်။ (ဓါတ်ပုံ - ကိုတိုးကြီး) 

အဆိုပါ ဖမ်းဆီးမှုတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှ အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး၊ ပြည်သူလူထုအား နှိပ်စက်သော ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူပေးရေးအတွက် မုံရွာမြို့ရှိ မြို့မဂါတ်ကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်သည်။
Mizzima - News in Burmese

ရန်ကုန်တိုင်းဒေသကြီး၌ တစ်လလျှင် ပျမ်းမျှကားငါးစီးနှုန်း အခိုးခံနေရ

ရန်ကုန်မြို့ လသာလမ်းမပေါ်တွင် ညအိပ်ရပ်နားထားသော ယာဉ်များအား တွေ့ရစဉ်

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်လလျှင် ပျမ်းမျှကားငါးစီးနှုန်း အခိုးခံနေရကြောင်း သိရသည်။
ယခုနှစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားခိုးမှု ၃၁ မှု ဖြစ်ပွားခဲ့ပြီး ထက်ဝက်ကျော် ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းမမိသေးဘဲ စုံစမ်းစစ်ဆေးနေသည့် အဆင့်သာ ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ ကားခိုးခံရမှု ၃၁ မှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားခိုးခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "ယာဉ်ပိုင်ရှင်အနေနဲ့ မိမိရဲ့ကားကို အလွယ်တကူ လမ်းဘေးမှာ မရပ်ထားသင့်ဘူး။ ကားထဲမှာလည်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မြင်သာအောင် ထားခဲ့တာမျိုး မလုပ်သင့်ပါဘူး။ အခု ကားခိုးခံရတဲ့ ဖြစ်စဉ်အများစုတွေရဲ့ ယာဉ်တွေက မော်ဒယ်နိမ့် ကားအမျိုးစားတွေ ဖြစ်ပါတယ်။ အဲဒီကားတွေက သော့တုနဲ့ ဖွင့်လို့လွယ်ကူတဲ့အတွက် ဖြစ်တယ်လို့ ယူဆတယ်။ ဒီလိုဖြစ်စဉ်တွေကို ကျူးလွန်သွားလို့ မမိသေးတဲ့ သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ရဲ့ နည်းလမ်းတွေအတိုင်း ဆောင်ရွက်နေပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကားခိုးခံရမှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ရန်ကုန်မြို့နေ ယာဉ်ပိုင်ရှင်များက နေ့စ စိုးရိမ်မှုများ ဖြစ်ပွားနေကြောင်းလည်း ယာဉ်ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။
လသာမြို့နယ်တွင် နေထိုင်သူ ယာဉ်ပိုင်ရှင် ကိုကျော်ကျော်ဦးက "အခု ရန်ကုန်မြို့မှာ လူနေတိုက်ခန်းတွေ အများအပြား ဆောက်လုပ်လာတယ်။ ဒါပေမဲ့ ယာဉ်ရပ်နားဖို့ သီးသန့်နေရာ မရှိတဲ့အတွက် ကြုံသလို လမ်းမပေါ်မှာပဲ ရပ်ထားရတယ်။ ဒါကြောင့် ကိုယ့်ကားဆီ ပြန်သွားတဲ့အခါမှာ ဘယ်အချိန် အခိုးခံရမလဲဆိုတာ ရင်တမမနဲ့ နေ့တိုင်းစိုးရိမ် နေရပါတယ်" ဟု သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီခန့်က မြန်မာနိုင်ငံသားများဘဏ် လီမိတက်၏ အကြီးတန်း အထွေထွေမန်နေဂျာ ဦး......(၄၅) နှစ်သည် ယာဉ်မောင်းဖြစ်သူ ဦး..... (၄၀) နှစ်နှင့် မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှ တိုယိုတာဗန် အဖြူရောင် ကားကိုစီး၍ ပန်းဘဲတန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ရွှေဘုံသာလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ တိုင်းဦးစီးရုံးသို့ အစည်းအဝေး တက်ရောက်နေရာ ကားပေါ်၌ ယာဉ်မောင်းသာကျန်ခဲ့ပြီး အစည်းအဝေးတက်အပြီး  မွန်းလွဲ ၂ နာရီခန့်တွင် ယာဉ်မောင်းဖြစ်သူက ရုံးထဲသို့ လိုက်လာကာ အိတ်အားကူသယ်ပေးပြီး ကားရှိရာသို့ ပြန်လာစဉ် ကားမှာရပ်ထားရာနေရာတွင် မရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
Eleven Media Group

Telenor (တယ်လီနော်) မှ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှုအဆင့် ၀န်ထမ်း စတင်ခေါ်ယြူ


Telenor (တယ်လီနော်) မှ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှုအဆင့် ၀န်ထမ်း စတင်ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် သြဂုတ်လ (၁၃) ရက် မွန်းလွဲ (၁) နာရီက ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) 

အဆိုပါ ရှင်းလင်းပွဲသို့ တယ်လီနော်မှ မြန်မာနိုင်ငံ အတွက်ခန့်အပ်ထားသော လူမှုဆက်ဆံရေးအရာရှိ Tipayarat Kaewsringarm (ထစ်ပန်ရာရတ် ခ၀ီစရီးဂရမ်) မှ ၀န်ထမ်းများ လေ့ကျင့်သင်ကြားရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် Telenor Myanmar Academy အား တည်ထောင်သွားမည်ဖြစ်ပြီး၊ အလုပ်အကိုင်ခေါ်ယူခြင်းကို ယခုနှစ်အတွင်း (၃) သုတ်ခွဲပြီး လုပ်ဆောင်သွားမည်ဟု သိရပြီး အောက်တိုဘာနှင့် ဒီဇင်ဘာလများတွင် ဆက်သွယ်ရေးနှင့် နည်းပညာကျွမ်းကျင်သူများကို ဦးတည်ခေါ်ယူသွားမည်ဖြစ်သည်။
Mizzima - News in Burmese

လူမျိုးစုတွေကို သီးခြားခွဲထားတာ မသင့်ဘူးလို့ ကင်တားနား ပြော


ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို သီးခြားစီခွဲထားခြင်းဟာ တစ်ဖက်နဲ့တစ်ဖက် လူမှုဆက်ဆံရေးမရှိအောင် ခွဲခြားထားသလိုဖြစ်နေကြောင်း ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ Tomas Quintana က ဒီနေ့ ပြောကြားလိုက်ပါတယ်။

စစ်တွေမြို့ ရွှေစေတီဆရာတော် အရှင်အရိယဝံသနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် မစ္စတာ ကင်တားနားက

"အရင်လာတဲ့ ခရီးစဉ်တွေတုန်းကလို မြင်တွေ့ရတာ မဟုတ်တော့ဘဲ အခုဆိုရင် အပြောင်းအလဲတွေကို မြင်တွေ့နေ ရကြောင်း၊ လူ့အဖွဲ့အစည်းနှစ်ခုကို သီးခြားစီထားခြင်းဟာ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်ကူးလူးဆက်ဆံမှုကို တားမြစ်ထားသလိုဖြစ်နေကြောင်း" ပြောသွားပါတယ်။

မစ္စတာကင်တားနားဟာ စစ်တွေအကျဉ်းထောင်နဲ့ စစ်တွေဆေးရုံကြီးတို့ကို သွားရောက်ကြည့်ရှုပြီး စစ်တွေ အောင်မင်္ဂလာရပ်ကွက်က ဒေသခံမွတ်စလင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
RFA Burmese