ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သြစတြေးလျခရီးစဉ် စတင် (ရုပ်/သံ)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သြစတြေးလျ ခရီးစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဦးအောင်ကြီး သတင်းပေးပို့ ထားပါ တယ်



DVB

ဘင်္ဂလာဒေခ်ျ့ ရွှေးကောက်ပွဲ ဇန္န၀ါရီ ၅ ရက်နေ့ ပြုလုပ်ရန်ကျေညာ၊ အတိုက်အခံ ၄၈ နာရီ သပိတ်နှင့်အတူ လူနှစ်ဦး သေဆုံး


(နိရဉ္စရာ- ၂၆ နိုဝင်္ဘာ ၂၀၁၃)

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရွှေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်ပြီး လက်ရှိ အာဏာရပါတီနှင့် အတိုက်ခံ ပါတီတို့ အကြား သဘောထား အကြီးအကျယ် ကွဲလွဲနေချိန်တွင် ရွှေးကောက်ပွဲ ကော်မရှင်က နောက်လာမည့် ဇန္န၀ါရီလ (၅) ရက်နေ့တွင်  ရွှေးကောက်ပွဲကို ပြုလုပ်ရန် ယမန်နေ့က ကျေညာသည်။

ထိုသို့ ကျေညာပြီးနောက် ချက်ချင်း အတိုက်အခံ ပါတီ ဘီအန်အိုင်ပီမှ ၎င်းရွှေးကောက်ပွဲ အစီအစဉ်ကို သပိတ်မှောက်ရန် (၄၈) နာရီကြာ အထွေထွေ သပိတ်ခေါ်ယူလိုက်ရာ ဘီအန်ပီ ပါတီ ထောက်ခံသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မူများနှင့် အတူ လမ်းပေါ်တွင်သွားလာနေသော ကားများကို မီးရှို့တိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံးများဖြင့် ဖေါက်ခွဲ တိုက်ခိုက်ခြင်း၊ လမ်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ကြရာ အနည်းဆုံး လူ (၂) ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

၎င်းတိုက်ခိုက်မူများမှာ ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူ နှစ်ဦးမှာ ဒက္ကားမြို့နှင့် ကော်မီလာမြို့တို့မှ ဖြစ်ကြသည်။ ယခုအခါ ဒက္ကားမြို့တော် အပါအ၀င် ခရိုင်မြို့များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကျက် ချထားလိုက်ပြီဟု သိရသည်။

သို့သော်လည်း အတိုက်အခံ ပါတီ၏ အထွေထွေ သပိတ်ကြောင့် ယခုအခါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံး ရပ်တန့် သွားခဲ့ပြီး ကျောင်းများ၊ ဈေးဆိုင်များ၊ စက်ရုံ အလုပ်ရုံများကို ပိတ်ထားလိုက်ရပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လက်ရှိ အစိုးရပါတီ အ၀ါမီလိဂ်မှ နောက်လာမည့် ရွှေးကောက်ပွဲကို နိုင်ငံရေး ပါတီအားလုံးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အစိုးရ လက်အောက်တွင် ပြုလုပ်ရန် စီစဉ်နေပြီး အတိုက်အခံ ပါတီ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (ဘီအန်ပီ) ကမူ ကြားဖြတ် အစိုးရ လက်အောက်တွင် ပြုလုပ်ရန် တောင်းဆိုနေကာ လက်ရှိ အစိုးရကို နုတ်ထွက်ရန် တောင်းဆိုနေသည်။

ယခင်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ရွှေးကောက်ပွဲများကို ကြားဖြတ် အစိုးရ လက်အောက်တွင်သာ ကျင်းပ ခဲ့သော်လည်း  ယခုအစိုးရ မတက်မီ ၂၀၀၆ ခုနှစ်က ရွှေးကောက်ပွဲ ပြုလုပ်ရန် တက်လာသော ကြားဖြတ် အစိုးရသည် ရွှေးကောက်ပွဲကို မပြုလုပ်ဘဲ စစ်တပ်နောက်ခံဖြင့် နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ လာဘ်ပေး လာဘ်ယူမူ ပြုလုပ်သူများကို ထောင်ချခြင်းများပြုလုပ်ရာ ယခု ၀န်ကြီးချုပ် ဖြစ်နေသူ ရှိတ်ဟာဆီးနာနှင့် ယခု အတိုက်အခံ ဖြစ်နေသူ ခါလစ်ဒါဇီယာတို့ကိုပါ ဖမ်းဆီးပြီး အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားခဲ့သည်။

ဘင်္ဂင်္လာဒေခ်ျ့ ဖွဲ့စည်းပုံအရ ရွှေးကောက်ပွဲ ပြုလုပ်ရန် တက်လာသော ကြားဖြတ် အစိုးရသည် (၆) လအတွင်း ရွှေးကောက်ပွဲ ပြုလုပ်ပေးရမည်ဟု ပါရှိသော်လည်း ၂၀၀၆ ခုနှစ်က တက်လာသော ကြားဖြတ် အစိုးရသည် (၆) လအတွင်း ရွှေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးခြင်း မရှိဘဲ (၂ ) နှစ် ကျော်ထိ အာဏာကို ဆက်လက် ယူခဲ့ကာ ထိုအချိန် အတွင်း လာဒ်ပေး လာဒ်ယူမူ ပြုလုပ်သူ နိုင်ငံရေး သမားများ၊ ထိပ်ပိုင်း အစိုးရ အရာရှိများကို ပြင်းပြင်းထန်ထန် နှိမ်နှင်း နှိပ်ကွက်ခဲ့သည်။

၎င်းကြားဖြတ် အစိုးရသည် (၂) နှစ် နီးပါး ဘင်္ဂလာဒေခ်ျ့အား အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရွှေးကောက်ပွဲ ကျင်းပပေးခဲ့ရာ လက်ရှိ အ၀ါမီလိဂ်ပါတီ ဦးဆောင်သော ၁၄ ပါတီ မဟာမိတ်ညွှန့်ပေါင်း အနိုင်ရရှိသွားခဲ့သည်။

ယင်းနောက်ပိုင်း လက်ရှိ အစိုးရမှ ပါလီမန်တွင် ကြားဖြတ် အစိုးရ စနစ်ကို ဖျက်သိမ်းပြီး ပါတီ ပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သော အစိုးရအဖွဲ့ဖြင့် ရွှေးကောက်ပွဲပြုလုပ်မည့် စနစ်ကို အစားထိုးခဲ့သည်။

သို့သော်လည်း ဘီအန်ပီ ဦးဆောင်သော (၁၈) ပါတီ မဟာမိတ် အတိုက်အခံ အဖွဲ့မှ လက်ရှိ အစိုးရ၏ အစီအစဉ်ကို လက်မခံဘဲ ရွှေးကောက်ပွဲကို ကြားဖြတ် အစိုးရ လက်အောက်တွင် ပြုလုပ်ရန် တောင်းဆိုနေပြီး သက်တမ်းကုန်နေပြီ ဖြစ်သော လက်ရှိ အစိုးရကို ချွင်းချက်မရှိ နုတ်ထွက်ရန် တောင်းဆိုနေသည်။ သူတို့ အပြောအရ လက်ရှိ အစိုးရ နုတ်မထွက်ဘဲ ရွှေးကောက်ပွဲ ပြုလုပ်ပါက ၎င်းရွှေးကောက်ပွဲမှာ တရားမျှတ သော ရွှေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း အတိုက်အခံ ပါတီက ပြောဆိုထားသည်။

ထိုသို့ အတိုက်အခံတို့  တောင်းဆိုနေချိန်တွင် ရွှေးကောက်ပွဲ ပြုလုပ်ရန် အချိန်ဇယားကို ရွှေးကောက်ပွဲ ကော်မရှင်က ကျေညာလိုက်ရာ အတိုက်အခံ ပါတီအား မကျေနပ်မူများနှင့် အတူ ဒေါသဖြစ်စေခဲ့ပြီး ယခုကဲ့သို့ အထွေထွေ သပိတ်နှင့် အတူ ဆူပူမူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ လောလောဆယ်တွင် အထူး မတည်ငြိမ်မူများ ပေါ်ပေါက်နေပြီး တိုက်ခိုက် ဆူပူမူများလည်း မကြာခဏ ပေါ်ပေါက်နေသဖြင့် အတိုက်အခံ ဘီအန်ပီမှ ခေါင်းဆောင် အများအပြားကို လက်ရှိ အစိုးရမှ ဖမ်းဆီးထားပြီး ထောင်ထဲကို ပို့ထားသည်။

နောက်လာမည့် ရွှေးကောက်ပွဲတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မဲပေးနိုင်သူ အရေအတွက်မှာ ၉၁၉၆၆၂၉၀ ယောက်ရှိပြီး မဲရုံပေါင်း ၃၈၀၀၀ တွင် မဲပေးကြမည်ဟု ရွှေးကောက်ပွဲ ကော်မရှင်က ကျေညာထားသည်။

narinjara burmese news

ဇနီးဖြစ်သူနှင့် စကားများရာမှ နေအိမ်အား မီးရှို့ပြီး မီးငြှိမ်းသူများအား ရန်ပြုသူကို ဖမ်းဆီးထား


နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၅-၁၁-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ အောင်ဆင့်(၅၀)နှစ်သည် ဇနီးဖြစ်သူနှင့်စကားများ ရန်ဖြစ်ရာမှ နေအိမ်မြောက်ဘက်ခြမ်းတွင် အဖီချဆောက်လုပ်ထားသည့် ၃ x ၃ ပင် မြေစိုက်၊ ၀ါးကပ်မိုး၊ ထရံကာမီးဖိုဆောင်အား ဂက်စ်မီးခြစ်ဖြင့်မီးရှို့ခဲ့ကြောင်း၊ ကျေးရွာသူ/သားများမှဝိုင်းဝန်းငြှိမ်းသတ်စဉ် အောင်ဆင့်မှ ရွာသားများအား ကျောက်ခဲ၊ ဓါး၊ လေးဂွတို့ဖြင့်ပစ်ခတ်သဖြင့် ကိုထွန်းလွင်(၅၀)နှစ်ပါ (၂)ဦးတွင် ယာလက်မပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကိုအောင်နိုင်(၃၀)နှစ်ပါ(၆)ဦးတွင် ရင်ဘတ်အောင့်ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်းပို့ဆောင်ခဲ့ပြီး ၁၇၅၀ အချိန်တွင်မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အောင်ဆင့်၏နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်(၁၅၀၀၀ိ/-)ဆုံးရှုံးခဲ့ကြောင်းနှင့် လူ/ တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း၊ အောင်ဆင့်မှာ ကျေးရွာသူ/သားများ၏ပြန်လည်ခုခံမှုကြောင့် ဦးခေါင်းထိပ်၊ မေးစေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ မျက်နှာ၊ ၀ဲယာလက်နှင့်ခြေတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် မြိုင်မြို့နယ်ဆေးရုံသို့ပို့ဆောင်ကာ မြိုင်မြို့မရဲစခန်း(ပ)၁၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆/၃၂၆/၃၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မုဒိမ်းကျင့်ရန်ကြံသူအား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၅-၁၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ မxxxx (၁၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် အိမ်ခန်းခြင်းကပ်လျက်နေထိုင်သူ မင်းဇော်ထွေး(ခ)ဘေတာ(၂၈)နှစ်မှ ခြင်ထောင်အတွင်းသို့ဝင်ရောက်လာကာ မxxxx၏အပေါ်တက်၍ လက်တစ်ဖက်ဖြင့်ထမီကိုလှန်ပြီး ကျန်လက်တစ်ဖက်မှကိုင်ဆောင်ထားသောကတ်ကြေးဖြင့် လည်ပင်းအား ထောက်လျှက်“မအော်နဲ့”ဟုပြောစဉ် မxxxxမှအော်ခဲ့သောကြောင့် မိသားစုများလန့်နိုးလာပြီး မင်းဇော်ထွေး(ခ)ဘေတာမှာထွက်ပြေးသွားခဲ့သည်။

ထိုသို့ကတ်ကြေးဖြင့်ထောက်သဖြင့် မxxxxတွင် ၀ဲဘက်လည်ပင်းအရေပြား(၂)စင်တီမီတာခန့်ပွန်းခြစ် ဒဏ်ရာ(၁)ချက်ရရှိခဲ့သောကြောင့် ဘားအံပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဘားအံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မင်းဇော်ထွေး(ခ)ဘေတာအား လိုက်လံ ဖမ်းဆီးခဲ့ရာ ၀၅၃၀ အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ရော်ဘာခြံ(၁)လမ်းအတွင်း၌ ဖမ်းဆီးမိခဲ့၍ ဘားအံမြို့မရဲစခန်း(ပ)၂၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၅၆/၃၂၄/၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ


၁၉၉၅ ခုနှစ်မှ စတင်၍ ၂၀၁၂ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၂ သန်း ၈ သိန်း ၅ သောင်းကျော်သာ ရှိခဲ့သော်လည်း ယနေ့အချိန်၌ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၆.၂၈ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၁ သန်း ဝန်းကျင်သာ တိုးတက်လာခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အစိုးရသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို လစဉ်ပုံမှန်အရေအတွက် သတ်မှတ်၍ ရောင်းချပေးလာခဲ့သည့် နောက်ပိုင်းမိုဘိုင်းဖုန်း အသုံးပြုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင် မိုဘိုင်းဖုန်း အရေအတွက် ၃ သိန်းခွဲကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တစ်လလျှင် မိုဘိုင်းဖုန်းအရေအတွက် ၁ သောင်းခန့်ကို တိုးမြှင့်ချထားပေးခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၈.၇ သန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁.၃၈ စုလျှင် မိုဘိုင်းဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ဟု သိရသည်။ အစိုးရအနေဖြင့် တန်ဖိုးနည်းဖုန်းလိုင်းများကို ဧပြီလမှစတင်၍ လိုင်းအရေအတွက် ၂.၄၈ သန်းကို ရောင်းချနိုင်ခဲ့ပြီးလာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလမတိုင်ခင်၌ တန်ဖိုးနည်းဖုန်းလိုင်း အနိမ့်ဆုံး ၈ သန်း ပြည့်မီအောင် ချထားပေးမည်ဟုသိရှိရသည်။ အလားတူ ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ လိုင်းအင်အား ၁၈ သန်းကို တိုးချဲ့ချထားပေးမည်ြဖစ်သည့်အတွက် ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် အခြေခံတည်ဆောက်ရေးများ လုပ်ကိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတောအတွင်း GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်း ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခဲ့သော်လည်း ရောင်းချရန်မျှော်မှန်းထားရှိသည့် အရေအတွက်အတိုင်း ပြည့်မီအောင် ရောင်းချနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ် ၁၅၀၀ ကျပ်တန်စီမံကိန်း၌ ရောင်းချသည့်အရေအတွက်ထက် ဝယ်ယူလိုသည့်အရေအတွက် ပိုမိုများပြားခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

မညီညွတ်ရင် မြန်မာလူမျိုးဆိုတာ ပျောက်သွားနိုင်တယ်


ထိုင်းနိုင်ငံကိုဒီနေ့ရောက်ရှိလာတဲ့ ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ မင်းသားကြီးကျော်သူက မြန်မာတွေ မညီညွတ်ရင် မြန်မာလူမျိုး ပျောက်ကွယ်သွားတတ်တယ်ဆိုပြီး မဲဆောက်မြို့က မြန်မာလူမှုရေးအသင်းအဖွဲ့တွေကို ဒီနေ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မှာ ညီညွတ်မှုမရှိဘဲ အကွဲကွဲအပြားပြားဖြစ်နေကြတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မင်းသားကြီးကျော်သူက ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတွေ့ဆုံပွဲအပြီးမှာ ဧရာဝတီသတင်းဌာနကိုသီးသန့်ပြောဆိုတာက...
"ကျနော်ရောက်ခဲ့တဲ့ အမေရိက၊ မလေးရှား၊ သြစတေးလျက၊ မြန်မာတွေ တသင်းနဲ့တသင်း၊ တဖွဲ့နဲ့တဖွဲ့ မတည့်ကြဘူး ဒါတွေက စိတ်မကောင်းစရာတွေပဲ။
 မြန်မာပြည်သားချင်း စည်းစည်းလုံးလုံးနဲ့ ညီညွတ်မှုရှိရင် ဘယ်အရာမဆို အောင်မြင်မှာဖြစ်တယ်။
ကျနော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့အချိန်မှာ ညီညွတ်မှုက အရေးကြီးတယ်၊  မညီညွတ်ရင် မြန်မာလူမျိုးဆိုတာ ပျောက်သွားနိုင်တယ်" လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာဆိုရင် မြန်မာနာရေးကူညီမှုအသင်းတွေ သုံးခုထက်မနည်း ရှိနေပေမဲ့ သူတို့တတွေရဲ့ အနေအထားတွေက
ရန်ကုန်နာရေးကူညီမှု အသင်းဥက္ကဌပြောသလိုပဲ ညီညွတ်မှု လိုအပ်နေဆဲဖြစ်နေတယ်လို့ မဲဆောက်မှာ နှစ်ရှည်သီတင်းသုံးနေတဲ့ မြန်မာဘုန်းတော်ကြီး အရှင်သုမနက မိန့်ဆိုပါတယ်။

နာရေးဥက္ကဋ္ဌ မင်းသားကြီးနဲ့အဖွဲ့ မြ၀တီကနေ ထိုင်းဘက်ခြမ်း မဲဆောက်ကို တနေ့တာခရီးသွားလက်မှတ်နဲ့ နေ့ချင်းပြန် ကူးသန်းတာဖြစ်ပြီး  မဲဆောက်မြို့၊ ချင်းမိုင်မြို့တို့မှာ အခြေစိုက်တဲ့ မြန်မာနာရေးကူညီမှုအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဧရာဝတီ

ကွယ်လွန်သူ သတင်းထောက် မိုးသူအောင်


မကြာသေးခင်က ကွယ်လွန်သွားတဲ့ သတင်းထောက် မိုးသူအောင် နာရေးကြော်ငြာကို သတင်းစာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။  



မိုးသူအောင်အကြောင်း တစေ့တစောင်း ရေးသားထားတဲ့ မှတ်ချက်ကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။
Facebook မှာ သူ့မိတ်ဆွေ သတင်းသမား Thiha Thwe  ရေးထားတာတွေထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
မိုးသူအောင်ဆိုတာ ၊ ပဲခူးတိုင်း နတ္တလင်းမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်း တွေဖြစ်တုန်း ၊ သတင်းယူပြီး အပြန် ၊ အကာကွယ်မဲ့၊အကူအညီ မဲ့ဖြစ်ပြီး အသက်အန္တရယ် ပါရင်ဆိုင်နေ ရတဲ့ မွတ်စလင် အမျိုးသားတစ်ယောက်ကိုသူ့ ကားပေါ်မှာ ဖွက်ပြီးဘေးလွတ်ရာအထိခေါ်လာပေးခဲ့တဲ့ ဗုဒ္ဒ္မဘာသာ လူငယ်သတင်းထောက်ကလေးပေါ့ကွာ။
သူ့ အတွက်လည်း အန္တရယ်မကင်း မှန်းသိပေမယ့် အရွယ်လေးနဲ့ မလိုက်အောင် လူသားဆန်ပြီး စာနာစိတ်၊ ကူညီလိုစိတ်ပြင်းထန်လို့ ၊ သူသူ ကိုယ်ကိုယ် မလုပ်ရဲတဲ့ အလုပ်ကို ရဲရဲ ဝင့်ဝင့်သူလုပ်ခဲ့လို့ ညီမ ကိုယ်တိုင် ကျေးဇူးတင်ပါတယ် အကို လို့ ပြောခဲ့ တဲ့ ညီလေးပေါ့ ။
ဗမာလူမျိုး၊ ဗုဒ္မ္ဂဘာသာ၊ သတင်းထောက်စစ်စစ် ၊ အသက် ၂၃နှစ် ပဲရှိသေးတယ်။
မိုးသူအောင်က သူ့Facebookမှာ  နောက်ဆုံး ရေးသွားတာက ဒီလိုပါ...
လာမယ့် သုံးရက်အတွင်းကိုနေ့စဉ်ပုံမှန်အလုပ်
သုံးရက်ကြာတရားပွဲ
နိုင်ငံခြားသား ခရီးစဉ်
အသိတစ်ယောက်ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲနဲ့
အခုမှပြုံကျလာတာခက်တယ် ခက်တယ်။
ဒီကြားထဲသတင်းတွေက ထူးနေတော့ ခက်ပါ့ဗျဲာ

အဲဒီ ဒိုင်ယာရီဆန်ဆန် နောက်ဆုံးရေးသားချက်ကို ဖေ့စ်ဘုတ်မှာ မှတ်ချက် ၂ဝဝ လောက် ပေးထားတာ တွေ့ရပါတယ်။

Irrawaddy

ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် မြန်မာလုပ်သား တစ်ဦး အသတ်ခံရ


ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ။ ။ မြန်မာ နိုင်ငံမှ EPS စာမေးပွဲကိုအောင် မြင်ပြီး ကိုရီးယားနိုင်ငံသို့ သွား ရောက်အလုပ်လုပ် ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦးသည် ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် အသတ်ခံ ရကြောင်း သိရသည်။

အဆို ပါ အသတ်ခံရသူသည် မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်း မြို့နယ်ခွဲ ဗိုလ်ချုပ်လမ်း မြို့မ(၁) လမ်းတွင်နေထိုင်သူ အသက်၃၄ နှစ် အရွယ်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိ မြင့်သန်း က''အသတ်ခံရတာက ကျွန်မမောင်ဝမ်းကွဲပါ။ ဂျယ်ဂျူး ကျွန်းမှာ အလုပ်လုပ်ရတယ်လို့ ပြောတယ်။ လိမ္မော်ခြံမှာ လိမ္မော် သီးခူးရတာ။ အလုပ်သမားဆို လို့ သူတစ်ယောက်ပဲရှိတယ်လို့ ပြောတယ်။ ၂၃ရက်မှာ သူတို့ မန်နေဂျာလား၊ အလုပ်ရှင် လား တော့ မသိဘူး။ သူ့ကိုပြန်ဖို့ပြော ထားတာရှိတယ်။ တနင်္လာနေ့မှာ အဲဒီသူဌေးက ဆွဲထိုးတယ်လို့လဲ ပြောတယ်''ဟု ပြောသည်။

Employment Permit System (EPS)  အောင်မြင်ပြီး ကိုရီးယားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် အသတ်ခံရသူ မောင်လှမြင့်သည် ယခုလ၂၃ရက် မြန်မာစံတော်ချိန် ၅နာရီမှ ည ၁၁နာရီကျော်အထိ ဇနီးနှင့်ဖုန်း အဆက် အသွယ်ရခဲ့ကြောင်း ယင်း ၏ပြောပြချက်အရ သိရသည်။ ဒေါ်မိမြင့်သန်းက ''အဲလို အထိုးခံရတာကို ဟိုမှာရှိတဲ့ သူ့ ယောက်ဖပြောတယ်။ ပြီးတော့ သူစီးတဲ့စက်ဘီးကိုလဲ သိမ်းထား တဲ့အကြောင်းလဲ ပြောတယ်။ သူ့ ယောက်ဖက ဆိုးလ်မှာ နေတယ်။ ၂၄ရက်နေ့က သူ့ယောက်ဖနဲ့ ဖုန်း ပြောဖြစ်တယ်''ဟု ယင်းက ဆို သည်။

နိုဝင်ဘာ၂၄ရက် မြန်မာစံ တော်ချိန် နံနက်၅နာရီအထိ အ ဆက်အသွယ်ရရှိခဲ့သော်လည်း  ယင်းနေ့ နံနက်၉နာရီတွင် အ သတ်ခံရသူနှင့် အဆက်အသွယ် ပြတ်သွားကြောင်း၊ ပြန်လည်ဆက် သွယ်သည့်အချိန်တွင် ယင်းကိုင် ဆောင်သည့် ဖုန်းကို ကိုရီးယား တစ်ယောက်မှ ကိုင်ဆောင်ထား ကြောင်း၊ ညနေ ၄နာရီထိုးတွင် ကိုရီးယားတစ်ယောက်က မောင် လှမြင့်မှာ ချွန်ထက်သည့်အရာ များဖြင့် လုပ်ကြံသတ်ဖြတ်ခံထားရ ကြောင်းပြောမှသာ သိခဲ့ရကြောင်း အစ်မဝမ်းကွဲဖြစ်သူ ဒေါ်မိမြင့်သန်း ၏ပြောပြချက်အရ သိရသည်။

ဒေါ်မိမြင့်သန်းက ''အခု ဒီ ကိစ္စကို အလုပ်သမားရေးရာဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် အောင်တို့ကလဲ ကူညီဆောင်ရွက် နေတယ်လို့ပြောတယ်။ အချိန် တိုင်းမှာ သူတို့ဆီကို အစီရင်ခံစာ တွေ တက်နေတယ်လို့လဲ ပြော တယ်။ နှစ်နိုင်ငံ သံရုံး တွေနဲ့ အ ဆက်သွယ်လုပ်ပြီး ဆောင်ရွက်နေ တယ်လို့လဲပြောတယ်''ဟု ယင်းက ဆိုသည်။

အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက် တာဦးဝင်းမြင့်က ''မြန်မာနိုင်ငံ သား အသတ်ခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး ဟိုဘက်မှာရှိတဲ့အလုပ် သမားသံအရာရှိကိုယ်တိုင် အခင်း ဖြစ်တဲ့ဂျယ်ဂျူးကျွန်းကို လေယာဉ် နဲ့ သွားရောက် စုံစမ်းနေ ပါတယ်။ အခုကိစ္စက ရဲမှု ရဲခင်းဖြစ်တာ ကြောင့် ချက်ချင်းကြီး ဘာလုပ် မယ်ဆိုတာ ပြောလို့မရသေးဘူး။ အချိန်လေးနည်းနည်းနေရင် သိ ရမှာဖြစ်တယ်။ ဒါတွေပြီးသွားရင် အလုပ်သမားရသင့်ရထိုက်တဲ့အ ခွင့်အရေးကို ရအောင် ဆောင်ရွက် ပေးမယ်''ဟု ပြောသည်။

အောင်သူ(ဒေးဒရဲ)

Yangon Media Group

မန္တလေး နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူဟု ယူဆရသူ ၂၄ နာရီအတွင်း ဖမ်းမိ


မန္တလေး၊ နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၃၈လမ်း၊ ၈၃x၈၄ လမ်းကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟုဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုတွင် အခင်းဖြစ်ပွားခဲ့သည့် နေအိမ်၌ အဝင်အထွက် ပြုလုပ်သည့် သက်သေခံများ၏ ထွက်ဆိုချက်များဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ နှစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်း ဖြစ်ပွားနေစဉ် အချိန်က အဆိုပါ နေအိမ်တွင် ဆိုင်ကယ် အဝင်အထွက်ရှိသူ နှစ်ဦးနှင့် သွေးပေနေသော ဓားကို စက္ကူဖြင့် သုတ်နေသူကို ဘေးပတ်ဝန်းကျင်က မြင်တွေ့ခဲ့ပြီး အမှုကွင်းဆက် အတိုင်း လိုက်လံဖမ်းဆီး ဖော်ထုတ်ရမိခဲ့ကြောင်း ၎င်းကပြောကြားသည်။
“အဓိကတော့ သေဆုံးသူ ဦးမြင့်သိန်းနဲ့ စကားများပြီး ဖြစ်တာလို့ သိရတယ်။ အဲဒီအချိန်မှာ စကားပြော အဆင်မပြေ ဖြစ်ပြီး ဈေးကနေ ဓားဝယ်လာပြီးနောက် တစ်ခေါက် လာခုတ်တာ။ ဘေးပတ်ဝန်းကျင် ကလည်း ဆိုင်ကယ်နဲ့ အဝင်အထွက်ကို မြင်တယ်။ နောက်ပြီး သွေးပေနေတဲ့ ဓားကို စက္ကူနဲ့ သုတ်နေတာကိုလည်း မြင်တယ်။

ဆိုင်ကယ်စီးတဲ့သူ နှစ်ယောက်၊ တစ်ယောက်က ပိန်ပိန်နဲ့၊ တစ်ယောက်က ခပ်ဝဝဆိုတဲ့ အထောက်အထား တွေကနေတစ်ဆင့် ကျော်ကြီး (၂၄ နှစ်) ကို အခင်းဖြစ်တဲ့နေ့ ကတည်းက ခေါ်ယူ စစ်ဆေးနေတာ။ နောက် ကိုလင်း (၄၁ နှစ်) ကိုတော့ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ဖမ်းမိတယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။

အဆိုပါ နေအိမ်၌ လောင်းကစားဒိုင် ပြုလုပ်သည် ဆိုသည်ကိုမူ သေချာစွာ ပြော၍ မရသေးကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

ကျော်ကြီး (ခ) ကျော်မျိုးလွင်သည် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ကျ ခဲ့ပြီး ထောင်မှ ထွက်လာသည်မှာ တစ်လခန့်သာ ရှိသေးကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က အခင်းဖြစ်ပွားရာ နေအိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသဖြင့် ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်အတွင်း ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း (၅၀ နှစ်) သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါ ရပ်ကွက် နေထိုင်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းတွင် (ပ) ၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

ဖားကန့် ဒေသမှာ ရေမဆေးကျောက် ရှာဖွေသူများ ဖမ်းဆီးခံရ


၂၄.၁၁.၂ဝ၁၃ ရက်နေ့  တွင် ကချင်ပြည်နယ် ဖားကန့် မြို့ နယ် နတ်မှော် နလနမ လုပ်ကွက်မှာ ရဲတပ်ဖွဲ့ မှ အင်အား (၂ဝ)ခန့် နှင့် မြန်မာ့တပ်မတော်မှ အင်အား (၄ဝ)ခန့် သည် နေ့ လည် (၁၂)နာရီခန့် တွင် ကျောက်ကျင်း လုပ်ကွက်များ အတွင်းသို့  ဝင်ရောက်၍  အလုပ်သမားများကို ဖမ်းဆီးခဲ့ကြောင်း ကျောက်တွင်း လုပ်ကိုင်သူများက Myanmar News Now ကို ပြောပါသည်။

အဆိုပါ ဖမ်းဆီးမှုတွင် ၄င်းတို့ ပိုင်ဆိုင်သည့် ဆိုင်ကယ်အစီး(၄ဝ)ခန့် ကို သိမ်းယူသွား ခဲ့ကြပါသည်။ ၄င်းအပြင် မီးစက်များ၊ ကားများ၊ ကျင်းသားများ ရရှိထားသော ကျောက်စိမ်းများကို သိမ်းဆည်းသွားပါသည်။

၂၅.၁၁.၂ဝ၁၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသော ကျင်းသားများကို လာရွေးရန် လာရွေးယူရာတွင် တစ်ဦးလျှင် ငွေ (၁)သိန်းကျပ်နှင့် လာရောက် ရွေးယူရမည်ဖြစ်ပြီး မရွေးနိုင်ပါက မိုးကောင်းမြို့ 
သို့  ပို့ မည်ဟု ဆိုပါသည်။

သိမ်းယူသွားသော ဆိုင်ကယ်များအားလည်း တစ်စီးလျှင် (၅)သောင်းကျပ်စီဖြင့် လာရောက် ရွေးယူရပါသည်။

ကျောက်ရှာဖွေရှာတွင် အသုံးပြုသည့် ကျန်ပစ္စည်းများ အားလုံးကိုလည်း  သိမ်းယူသွားခဲ့ပါသည်။

by Thit Htoo Lwin

အရွယ်မရောက်သေးသည့် ကလေးသူငယ်အမျိုးသမီးအား သားမယားပြုကျင့်သူ၊ ပြည့်တန်ဆာခိုင်းစေသူများကို ထိရောက်စွာအရေးယူ


နေပြည်တော်၊ နိုဝင်ဘာ ၂၆

မသိနားမလည်သည့် ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား ပထွေးဖြစ်သူမှ သားမယား အဖြစ်ပြုကျင့်ကာ ငွေကြေးရယူ၍ ပြည့်တန်ဆာအိမ်တွင်ထားခဲ့သဖြင့် ပထွေးဖြစ်သူ ဦးဝင်းနိုင်၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေသူ မော်လမြိုင်ကျွန်းမြို့နေ သံမဏိ(ခ)ကျော်ချစ်ဦး၊ မမေဖူးတို့နှင့် ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ပုသိမ်မြို့နေ ထွန်းထွန်းနှင့်မဇာလွင်မြင့်တို့အား အသီးသီးအမှုဖွင့် အရေးယူခဲ့ပြီး ထိရောက်သောပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လလယ်ခန့်၊ ရက်မမှတ်မိ၊ ညအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နေ ၁၃နှစ်အရွယ် မxxxx ဆိုသူ အမျိုးသမီးငယ်တစ်ဦးအား ပထွေးဖြစ်သူဦးဝင်းနိုင်မှ ကာမဆိုင်ရာပြုကျင့်ခဲ့သည့်အပြင် ပြည့်တန်ဆာခေါင်းအိမ်များသို့ ပြည့်တန်ဆာ အဖြစ်ရောင်းချခဲ့သဖြင့် တရားဥပဒေအရဆောင်ရွက်ပေးရန် အုပ်ထိန်းသူအဖွားမှ ဘိုကလေးမြို့၊ အမှတ်(၇)ရပ်ကွက်လူထုအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သို့ စာဖြင့်ရေးသား အကူအညီတောင်းခံခဲ့မှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏လမ်းညွှန်မှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စိစစ်ဖော်ထုတ်ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့နယ်ရဲတပ်ဖွဲ့မှ တိုင်ကြားစာပါဖြစ်စဉ်အားစိစစ်ခဲ့ရာ (၁၃)နှစ်အရွယ် အမျိုးသမီးငယ်အား ပထွေးဖြစ်သူဝင်းနိုင်မှ သားမယားအဖြစ်ပြုကျင့်ကာ မော်လမြိုင်ကျွန်းမြို့ရှိ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ သံမဏိ(ခ)ကျော်ချစ်ဦးနှင့်မမေဖူးတို့ထံ ငွေကျပ်(၂၀၀၀၀)ရယူ၍လည်းကောင်း၊ ပုသိမ်မြို့ရှိ ပြည့်တန်ဆာခေါင်း ထွန်းထွန်းနှင့်မဇာလွင်မြင့်တို့ထံ ငွေကျပ်(၃၀၀၀၀)ရယူ၍လည်းကောင်း၊ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ပထွေးဖြစ်သူ ၀င်းနိုင်အား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ဘိုကလေးရဲစခန်းမှ (ပ)၁၆၇/၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆/၃၇၂ ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး၊ ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေသူ မော်လမြိုင်ကျွန်းမြို့နေ သံမဏိ(ခ)ကျော်ချစ်ဦးနှင့်မမေဖူးတို့အား ဘိုကလေးရဲစခန်းမှ (ပ)၁၆၈/၂၀၁၂ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့်လည်းကောင်း၊ ပုသိမ်မြို့၊ ဥမ္မာဒန်္တီ(၁၆)လမ်း၊ အမှတ်(၄၄)နေ ပြည့်တန်ဆာခေါင်းထွန်းထွန်း၏နေအိမ်အား နယ်မြေခံရဲတပ်ဖွဲ့နှင့် ပုသိမ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုတို့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လျှို့ဝှက်စောင့်ကြည့် သတင်းရယူခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းအတိအကျရရှိသဖြင့် ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ဖမ်းဆီးပြီး ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ထွန်းထွန်းနှင့်မဇာလွင်မြင့်တို့အား ၂၀၁၃ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့တွင် အသည်ကြီးရဲစခန်းမှ (ပ)၁၂၃/၂၀၁၃၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပုဒ်မ ၅(၁)/၈(၁) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူနိုင်ခဲ့သည်။

အဆိုပါအမှုများအား အမှုခိုင်မာစွာတည်ဆောက်ပြီး တရားခံဝင်းနိုင်အား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အရ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နှင့် ပုဒ်မ ၃၇၂ အရ ထောင်ဒဏ်(၁၀)နှစ်တို့အား သီးခြားစီကျခံစေရန် ဖျာပုံခရိုင်တရားရုံးမှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၈)ရက်နေ့တွင်လည်းကောင်း၊ တရားခံ သံမဏိ(ခ)ကျော်ချစ်ဦးနှင့်မမေဖူးတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီကျခံစေရန် သြဂုတ်လ(၉)ရက်နေ့တွင်လည်းကောင်း၊ တရားခံ ထွန်းထွန်းအား ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၈(၁)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်နှင့် တရားခံ မဇာလွင်မြင့်အား ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၅(၁)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ်စီကျခံစေရန် ပုသိမ်မြို့နယ်တရားရုံးမှ နိုဝင်ဘာလ(၅)ရက်နေ့ တွင်လည်းကောင်း အမိန့်ချမှတ်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏လမ်းညွှန်မှု၊ ပြည်ထဲရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့မှုများကြောင့် တိုင်ကြားစာပါ ပြစ်မှုကျုးလွန်သူများကို အမှုဖွင့်အရေးယူနိုင်ခဲ့ပြီး ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ရန် UNFC ဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၅

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက တိုက်တွန်း ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဦးနိုင်ဟံသာ အပါအဝင် UNFC ခေါင်းဆောင် သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် UNFC နှင့် NLD တို့အကြား သဘောထား တစ်ထပ်တည်း ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ဒီကိစ္စ (ဖွဲ့စည်းပုံ ပြင်ဆင်ရေး) အပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD အပါအဝင် တိုင်းရင်းသား အဖွဲ့အားလုံး၏ လိုလားချက်မှာ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ဖြစ်ပြီး ယင်းပြည်ထောင်စု ပေါ်ပေါက်ရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လုံးဝမရနိုင်သည့် အပေါ် အားလုံးက သဘောတူကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် လမ်းကြောင်းအတိုင်း ဆောင်ရွက်နေသော်လည်း ပြင်ပ အင်အားစုများမှာ လွှတ်တော်အတွင်း ဝင်မတိုးနိုင်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အနေအထားအရလည်း လွှတ်တော်တွင်းမှ တစ်ဆင့် ပြင်ဆင်ရန် မလွယ်ကူကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ပါတီက ဦးဆောင်ပြီး လူထုသဘောထား ကောက်ခံခြင်းကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် ပြုလုပ်ရာ သဘောဆန္ဒပေးသူ ၉၀ ရာခိုင်နှုန်းကျော်က လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်သည့် နည်းလမ်းကိုသာ ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်ပြေ ချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာ ရပ်ခံစာ ပို့မည်ဟု နိုဝင်ဘာလ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

မန္တလေးတွင် မှုခင်းအဖြစ်များသော နေရာများအလိုက် လုံခြုံရေးတင်းကျပ်


မန္တလေး၊ နိုဝင်ဘာ၂၅

မန္တလေးမြို့တော်တွင် နေ့စဉ် ပစ္စည်းယူ လုယက်မှုများ အဖြစ်များလာသဖြင့် မှုခင်းဖြစ်ပွားသော နေရာများကို အဓိကထား၍ လုံခြုံရေးအင်အား တင်းကျပ်စွာချထား ဆောင်ရွက်လျက် ရှိကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။

လုယက်မှု အများဆုံး ဖြစ်ပွားခဲ့သော အောင်မြေသာစံ မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်တို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် ခရိုင်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ရပ်ကင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းများဖြင့် နေ့စဉ် လုံခြုံရေးအင်အား ၁၀၀ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ မြို့နယ် နှစ်ခုအပြင် မှုခင်း ဖြစ်ပွားမှုများသော နေရာများတွင်ပါ လုံခြုံရေး တင်းကျပ်မည် ဖြစ်ကြောင်း၊ တရားခံများကို အရပ်ဝတ်များဖြင့် ထောင်ခြောက်ဆင်ကာ ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆက်လက် ပြောကြားသည်။

အောင်မြေသာစံမြို့နယ် ၇၈ လမ်း၊ ၃၈ လမ်းထောင့်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ဒေါ်အိအိခိုင်ဇာလင်း ၂၅ နှစ်သည် ညီမဖြစ်သူနှင့် အတူ ဆိုင်ကယ် မောင်းနှင်လာစဉ် အမည်မသိ လူနှစ်ဦး စီးလာသည့် ဆိုင်ကယ်က နောက်မှ ကပ်လိုက်လာကာ ဆိုင်ကယ် နောက်ထိုင်သူ၏ အိတ်ကပ်ကို လှမ်းနှိုက်ရာ မည်သည့်အရာမျှ ပါသွားခြင်း မရှိသော်လည်း မောင်းနှင်လာသည့် အမျိုးသမီး နှစ်ဦး၏ ဆိုင်ကယ်ကို တွန်းလိုက်သဖြင့် ဆိုင်ကယ် လဲသွားကြောင်း၊ အဆိုပါ အမျိုးသမီးနှစ်ဦးက မည်သည့် အတွက်ကြောင့် ထိုသို့ လုပ်သနည်းဟု မေးရာ ယင်းအမျိုးသား နှစ်ဦးက ဆဲဆိုကာ ဒေါ်အိအိခိုင်ဇာလင်းတို့ ညီမနှစ်ဦးကို ပါးရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ခြေဖြင့် ကန်ခြင်းများ ပြုလုပ်ပြီး ၎င်းတို့၏ ဆိုင်ကယ် နံပါတ်ပြားကို ခေါက်ကာ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း အဆိုပါ ညီအစ်မ နှစ်ဦး၏ တိုင်ကြားချက်များအရ မန္တလေး ခရိုင်ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အိအိခိုင်ဇာလင်းသည် မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် (ပ) ၇၈၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၉၄/၃၅၆/၂၉၄/၃၂၃ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
“ညနေပိုင်းဆိုရင် လူငယ်တွေက အရက်သောက်ပြီး မူးယစ်ရမ်းကားတာတွေ ရှိတယ်။ သူတို့လည်း လုပ်မိလုပ်ရာကို လုပ်ကြတယ်” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား ရပ်ကွက်၊ စံနန်းတော် တိုက်တန်း၊ R နေ ဒေါ်လှလှမြင့်သည် နိုဝင် ဘာလ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ခင်ပွန်း ဖြစ်သူနှင့်အတူ နေအိမ်ရှိ ခွေးများကို လမ်းလျှောက် ထိန်းကျောင်းရာမှ နေအိမ်သို့ ပြန်လာခဲ့ပြီး ဒေါ်လှလှမြင့်က ခွေးများကို နေအိမ်နောက်ဖေး ခွေးလှောင်အိမ်အတွင်း ပို့နေစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံ ကြားသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ ဦးခေါင်း ချိုစောင်း ရိုက်နှက်ခံရကာ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိ ဆွဲကြိုးတစ်ကုံး၊ တန်ဖိုး ကျပ်သိန်း ၃၀ ကျော်ခန့်သည် ပျောက်ဆုံး သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဒေါ်လှလှမြင့်၏ ခင်ပွန်း ဖြစ်သူကို မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသလျက် ရှိပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် (ပ)၂၀၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅/၃၈၆ အရ အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုယက်မှု ၇၃ မှု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလမှ အောက်တိုဘာလအထိ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် ၁၄ မှု၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၄ မှု၊ မဟာအောင်မြေ မြို့နယ်တွင် ၁၃ မှု၊ ချမ်းမြသာစည် မြို့နယ်တွင် ခုနစ်မှု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် သုံးမှု၊ အမရပူရ မြို့နယ်တွင် နှစ်မှု၊ ပြင်ဦးလွင် ခရိုင်တွင် ပြင်ဦးလွင်မြို့နယ်တွင် သုံးမှု၊ မတ္တရာ မြို့နယ်တွင် တစ်မှု၊ မိုးကုတ်မြို့နယ်တွင် တစ်မှု၊ ကျောက်ဆည် ခရိုင် ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ စဥ့်ကိုင်မြို့နယ်တွင်တစ်မှု၊ မြင်းခြံခရိုင်တွင် တစ်မှု၊ ညောင်ဦးခရိုင်တွင် တစ်မှု၊ မိတ္ထီလာ ခရိုင်တွင် လေးမှု၊ ရမည်းသင်း ခရိုင်တွင်နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးတွင် နိုဝင်ဘာလအတွင်း ၂၄ ရက်နေ့အထိ လုယက်မှုလေးမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

ဒေါ်​လာ​ဈေး ​နေ့​စ​ဉ် ​တက်​နေ


ဗ​ဟို​ဘဏ်​က ​နေ့​စ​ဉ် ​ထုတ်​ပြန်​ပေး​နေ​တဲ့ ​ရည်​ညွန်း​နိုင်​ငံ​ခြား​ငွေ​လဲ​နှုန်း​က ​ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၂၁ ​ရက်​နေ့​က​စ​လို့ ​နေ့​စ​ဉ် ​အ​တက်​ဘက်​မှာ​ဘဲ ​ရှိ​ခဲ့​တဲ့​အ​တွက် ​အ​မေ​ရိ​ကန် ၁ ​ဒေါ်​လာ​တန်​ဖိုး​က ​ဒီ​နေ့​မှာ​ဆို​ရင် ၉၈၁ ​ကျပ် ​ရှိ​လာ​ပြီး ​တ​နေ့​ကို ​ပျမ်း​မျှ ၁ ​ကျပ်​နှုန်း​လောက်​နဲ့ ​မြင့်​တက်​လာ​နေ​တာ ​ဖြစ်​ပါ​တယ်။

ရည်​ညွန်း ​နိုင်​ငံ​ခြား​ငွေ​လဲ​နှုန်း ​အ​ပြောင်း​အ​လဲ​နဲ့​အ​တူ ​ငွေ​လဲ​ကောင်​တာ​တွေ​မှာ ​ရောင်း​၀ယ် ​နေ​တဲ့ ​ဈေး​နှုန်း​က​လဲ ​လိုက်​ပါ ​ပြောင်း​လဲ​မှု ​ရှိ​ခဲ့​လို့ ​ဒီ​နေ့​မှာ​ဆို​ရင် ​အ​မေ​ရိ​ကန် ၁ ​ဒေါ်​လာ​ရဲ့ ၀ယ်​ဈေး​က ၉၈၃ ​ကျပ်​နဲ့ ​ရောင်း​ဈေး​က ၉၈၈ ​ကျပ် ​ရှိ​နေ​တယ်​လို့ ၀ယ်​ဈေး​နဲ့ ​ရောင်း​ဈေး​က ​ပြီး​ခဲ့​တဲ့​ရက်​ပိုင်း​နဲ့ ​ယှ​ဉ်​ရင် ၁၀ ​ကျပ်​အ​ထိ ​မြင့်​တက်​မှု ​ရှိ​လာ​တယ်​လို့ ​ငွေ​လဲ​ကောင်​တာ​တွေ​က ​ဆို​ပါ​တယ်။

ဈေး​ကွက်​ထဲ​မှာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ​တန်​ဖိုး​က ​အ​ခု​လို ​အ​ပြောင်း​အ​လဲ ​ရှိ​လာ​တာ​ဟာ ​ဈေး​ကွက်​ရဲ့ ​စီး​ပွား​ရေး​စ​နစ် ​သ​ဘော​သ​ဘာဝ​အ​ရ ​အ​တက်​အ​ကျ​ရှိ​တာ ​ဖြစ်​ပေ​မယ့် ​တည်​ငြိမ်​တဲ့ ​ဈေး​နှုန်း ​အ​တက်​အ​ကျ ​ဖြစ်​ဖို့​တော့ ​လို​တယ်​လို့ ​က​မ္ဘော​ဇ​ဘဏ်​ရဲ့ ​ဒု​တိ​ယ​ဥ​က္က​ဋ္ဌ ​ဦး​သန်း​လွင်​က ​ဒီ​ဗွီ​ဘီ​ကို ​ပြော​ပါ​တယ်။

လတ်​တ​လော ​ဈေး​ကွက်​ထဲ​မှာ ​ဒေါ်​လာ​တန်​ဖိုး ​အ​ပြောင်း​အ​လဲ ​ရှိ​လာ​တာ​နဲ့ ​ပတ်​သတ်​ပြီး ​ဦး​သန်း​လွင်​က “​ပို့​ကုန်​တွေ ​များ​လာ​လို့ ​ဖြစ်​မှာ​ပါ။ ​လို​အပ်​ချက်​က​များ​လာ​တော့ ​ပို့​ကုန်​တွေ​များ​လာ​တယ်။ ​အ​ခု​ဆို​ရင် ​ဒေါ်​လာ​လိုက်ဝယ်​ကြ​တယ်။ ​စီး​ပွား​ရေး​ကောင်း​လာ​တော့ ​ပို့​ကုန်​လို​အပ်​ချက်​တွေ ​တက်​လာ​တယ်။ ​ပို့​ကုန်​လို​အပ်​ချက် ​များ​လာ​တော့ ​ဒေါ်​လာ​လည်း ​ဈေး​တက်​လာ​တယ်။ ​လော​လော​ဆယ်​တော့ ​နိုင်​ငံ​ခြား ​ရင်း​နှီး​မြှုပ်​နှံ​မှု ​မ​တည်​ငွေ ​ဒေါ်​လာ​ရှား​ပါး​လာ​ရင် ​ဈေး​အ​လို​လို ​တက်​လာ​တယ်။ ​အ​တက်​မ​ကြမ်း​ဖို့​လို​တယ်။ ​အ​ကျ​မ​ကြမ်း​ဖို့​လို​တယ်။” ​လို့ ​ပြော​ပါ​တယ်။

ဒါ​အ​ပြင် ​အ​နာ​ဂတ်​ကာ​လ​ကျ​ရင် ​ပြည်​တွင်း​မှာ ​နိုင်​ငံ​ခြား​ငွေ​ကြေး​ဈေး​ကွက် (foreign exchange market ​ပေါ်​ပေါက်​လာ​ပါ​က ​ငွေ​တန်​ဖိုး ​အ​တက်​အ​ကျ​က ​နာ​ရီ​ပိုင်း​အ​တွင်း ​ရှိ​လာ​မှာ ​ဖြစ်​လို့ ​အ​ခု​လို ​တ​နေ့​ချင်း​စီ ​အ​တက်​အ​ကျ ​ရှိ​လာ​မှာ ​မ​ဟုတ်​ဘူး​လို့ ​ဦး​သန်း​လွင်​က ​ဆို​ပါ​တယ်။

ငွေ​လဲ ​ကောင်​တာ​တွေ​မှာ ​နိုင်​ငံ​ခြား​ငွေ ​လဲ​လှယ်​နှုန်း​က ​အ​ခု​လို ​နေ့​စ​ဉ် ​အ​ပြောင်း​အ​လဲ ​ရှိ​လာ​တာ​ကြောင့် ​ရောင်း​တဲ့​၊ ၀ယ်​တဲ့​နေ​ရာ​မှာ ​ထိန်း​ပြီး​တော့ ၀ယ်​ရောင်း​လုပ်​ဖို့ ​မှာ​ကြား​ထား​တဲ့​အ​ကြောင်း ​သ​မ၀ါ​ယ​မ​ဘဏ်​က ​အ​ရာ​ရှိ​တ​ဦး ​က​အ​ခု​လို ​ပြော​ပါ​တယ်။

“​ဈေး​တွေ​က ​မ​ငြိမ်​တော့​ဘူး​နော်။ ​မ​ငြိမ်​တော့ ​အ​ရောင်း​အ၀ယ်​ကို ​ထိန်း​ပြီး​တော့ ​ရောင်း​ပါ ၀ယ်​ပါ​လို့​ပဲ ​အစ်​မ​တို့ ​လက်​ခွဲ​တွေ​ကို ​ပြော​ထား​တယ်။ ​ဘာ​ကြောင့်​လည်း​ဆို​တော့ ​အ​ခု​အ​ချိန်​က ​ဈေး​က ​ဘာ​မှန်း​မ​သိ​သေး​ဘူး​ပေါ့​နော်။ ​အ​ခု​ရက်​ပိုင်း​အ​တွင်း​မှာ​တင် ​တ​နေ့ ​နည်း​နည်း ​တက်​သွား​တော့​လေ။ ​ဒီ​ထက်​ပို​တက်​ရင် ​ကိုယ့်​ဘက်​က ​ဖြစ်​မှာ​ဆို​တော့​။ ​မ​ရောင်း​ပေး​လို့​လည်း ​မ​ရ​ဘူး​။ ​အ​ခြေ​အ​နေ​ကို​ကြည့်​ပြီး ​ရောင်း​ချ​ပေး​ဖို့ ​က​လေး​တွေ​ကို ​မှာ​ထား​ပါ​တယ်။”

နိုင်​ငံ​ခြား​ငွေ​ကို ​ထိန်း​ပြီး ​ရောင်း​ချ​ပေး​ဖို့ ​ညွန်​ကြား​ထား​ပေ​မယ့် ​နိုင်​ငံ​ခြား​မှာ ​ဆေး​သွား​ကု​မယ့် ​သူ​တွေ​လို ​မ​ဖြစ်​မ​နေ ​လို​အပ်​တဲ့​သူ​တွေ​အ​တွက် ​အ​ချက်​အ​လက် ​အ​ထောက်​အ​ထား​ပေါ် ​မူ​တည်​ပြီး ​ရောင်း​ချ​ပေး​ပါ​တယ်​လို့ ​သူ​က ​ဆို​ပါ​တယ်။

ဘဏ်​တွေ ​အ​ပါ​အ၀င် ​ပု​ဂ္ဂ​လိ​က​ငွေ​လဲ​ကောင်​တာ​တွေ​မှာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​လဲ​လှယ် ​ရောင်း​၀ယ်​ခွင့်​နဲ့ ​ပတ်​သတ်​လို့ ​နိုင်​ငံ​တော်​ဗ​ဟို​ဘဏ်​က ​လူ​တ​ဦး​ကို ​ဒေါ်​လာ ၁ ​သောင်း​ဖိုး​အ​ထိ ​လဲ​လှယ်​ခွင့်​ပြု​ထား​တာ ​ဖြစ်​ပါ​တယ်။

ပြည်​တွင်း​မှာ ​နိုင်​ငံ​ခြား​ငွေ​ရောင်း​၀ယ်​တာ​ကို ​အ​စိုး​ရ​က ​ထိန်း​ချုပ်​နှုန်း​ရှင်​စ​နစ်​နဲ့ ၂၀၁၂​ခု​နှစ် ​ဧ​ပြီ​လ​က ​စ​တင်​ခွင့်​ပြု​ခဲ့​ပြီး ​ဈေး​ကွက်​ထဲ​မှာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ​နဲ့ ​မြန်​မာ​ကျပ်​ငွေ​ကို ​လဲ​လှယ်​နိုင်​ဖို့ ​စံ​သတ်​မှတ်​ချက်​တ​ခု​အ​နေ​နဲ့ ​နေ့​စ​ဉ် ​ရည်​ညွန်း ​နိုင်​ငံ​ခြား​ငွေ​လဲ​နှုန်း​ကို ​ဗ​ဟို​ဘဏ်​က ​တာဝန်​ယူ ​ထုတ်​ပြန်​ပေး​နေ​တာ ​ဖြစ်​ပါ​တယ်။

By ​သိုက်​ဇင် (ဒီဗွီဘီ)

မဟာနန်းတွင် ပတ်စပို့စာအုပ်မရသူများသံရုံးတွင်သွားရောက်ထုတ်ယူနိုင်


26.11.2013 (မလေးရှား)

မလေးရှားရောက် မြန်မာများမှ မဟာနန်းစားသောက်ဆိုင်တွင် ပါမစ်လျှောက်ထားပြီး ပတ်စပို့စာအုပ် အပ်ထားသည့်သူများထဲမှ ပါမစ်မရရှိပဲ စာအုပ်ပြန်လည်ထုတ်ယူလိုသော သူများအနေဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးတွင် သွားရောက်ထုတ်ယူနိုင်ကြောင်းသိရသည် ။

အကြောင်းမှာ မဟာနန်းစားသောက်ဆိုင်မှ ဆိုင်ပိတ်သွားပြီး၎င်းတို့ထံတွင် ကျန်ရှိနေသော ပါမစ်မကပ်ရသေးသည့် ပတ်စပို့စာအုပ် ၃၁၉ အုပ်ကို မြန်မာနိုင်ငံသံရုံးသို့သွားရောက် အပ်နှံထားကြောင်းသိရသည် ။

သို့ပါသောကြောင့် မဟာနန်းတွင် ပတ်စပို့ ရရှိရန် ကျန်သောသူများ အနေဖြင့် မိမိတို့ နာမည် ၊ မွေးနေ့ ၊ အထောက်အထားတို့ဖြင့် သွားရောက် ရွေးယူနိုင်ကြောင်းသိရသည် ။

Credit to : မလေးရှားရောက်မြန်မာများ

Mobile Banking စနစ် အဆင်သင့်ဟု သမဝါယမဘဏ်ဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၅

တယ်လီဖုန်းဖြင့် ငွေလွှဲခြင်း၊ ဈေးဝယ်ခြင်းတို့ ပြုလုပ်နိုင်မည့် မိုဘိုင်းလ်ဘဏ် စနစ် (Mobile Banking) စတင်ရန် အဆင်သင့် ဖြစ်နေပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက် ရသည်နှင့်တစ်ပြိုင်နက် သမဝါယမဘဏ် လီမိတက် (CB) တွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အင်တာနက်လိုင်း မရပါက မိုဘိုင်းလ်ဖုန်းမှ စာတို (SMS) ပို့ခြင်းဖြင့် ငွေလွှဲခြင်း ပြုလုပ်နိုင်မည့် အဆိုပါစနစ်ကို အကောင်အထည် ဖော်ရန် လွန်ခဲ့သည့် သုံးလခန့် ကတည်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တင်ပြထားပြီး ခွင့်ပြုချက်ရလျှင် အသုံးပြုနိုင်ရန် စမ်းသပ်သုံးစွဲပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ATM (အလိုအလျောက် ငွေထုတ်စက်) တို့၊ POS (Point Of Sale) တို့လိုပဲ။ ဒါက ငွေစုလို့ရမယ်” ဟု ၎င်းကဆိုသည်။

CB ဘဏ်၏ မိုဘိုင်းလ် ဘဏ်စနစ်ကို အသုံးပြုနိုင်ရန် အဆိုပါ ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်၍ ငွေစုခြင်းနှင့် ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်ကာ ငွေစာရင်း မဖွင့်လှစ်ထားသော်လည်း မိုဘိုင်းလ်ဖုန်း ရှိသူများပါ ငွေလွှဲနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ငွေစာရင်း ဖွင့်မထားသူများအတွက် CB နှင့် ချိတ်ဆက်ထားသော အေးဂျင့်များထံတွင် ဘဏ်က ပေးထားသော ကုတ်နံပါတ်ဖြင့် သွားရောက် ငွေထုတ်ယူနိုင်မည်ဖြစ်ကာ အသုံးပြုလိုသူများ အသေးစိတ် သိရှိနိုင်ရန် www.facebook.com/CBBankMobileBanking တွင် ဖော်ပြထားကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ယင်းစနစ်ကြောင့် ငွေလွှဲပြောင်း ပေးပို့ရာတွင် အဆင်ပြေနိုင်သော်လည်း စာရင်းမဖွင့်သူများကို ငွေလွှဲပြောင်းရာတွင် အေးဂျင့်များ နည်းပါးပါက အဆင်မပြေနိုင်ကြောင်း သုတေသန ကောက်ယူမှု လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကဘဏ်များ အကောင်အထည် ဖော်ရန် ပြိုင်ဆိုင်နေကြသည့် မိုဘိုင်းလ် ဘဏ်စနစ်များကို အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းများကို ဗဟိုဘဏ်က ရေးဆွဲထားပြီး ဖြစ်ပြီး ရှေ့နေချုပ် ရုံးနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့၏ မှတ်ချက်များ ရရှိပြီးပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

အောက်တိုဘာ လကုန်ပိုင်းကလည်း ဖုန်း SMS စနစ်ဖြင့် ငွေလွှဲနိုင်မည့် ဖုန်းငွေပေးချေမှု စနစ်ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC TEL)၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ အင်းဝဘဏ် (MEC)၊ MTS (Myanmar Telecommunation Services) တို့ ပူးပေါင်း အကောင်အထည် ဖော်ထားပြီး တရားဝင် မိတ်ဆက်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း CB မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ် ( သတိပေးချက်)


ယခုလက်ရှိ ၂၆.၁၁.၂၀၁၃ (ညနေ ၄ နာရီခွဲ) ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။
ခမ်းမြင့် မြန်မာဆိုင်နောက်ဖက် လမ်းကြားမှာ အရပ်ဝတ်နဲ့ပါ။ ယခုဖမ်းနေတယ်။ လူတိုင်းကိုတော့
မဟုတ်ဘူး အနားကဖြတ်သွားတဲ့ သူတွေကို စစ်ပြီး အထောက်အထား မခိုင်လုံရင် ကားပေါ်ဆွဲတင်
နေပါတယ်။

ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ ၁၅၀၀ ထိတောင်းပါတယ်။
အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ လိုက်ထုပ် ပေးရပါတယ်။
လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။
အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။

သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။

ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။

ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ နေ့စဉ် အလိမ်ခံရနေပါတယ်။
ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင်
အကြံပေး သတိပေး ဒါတွေပဲ လုပ်နေရပါတယ်။

မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ
ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....

ကျေးဇူးတင်ပါတယ်။

(ဓာတ်ပုံ ၊ ကိုကိုအောင်)
နေဇော်လင်း

အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနောင်နောင် facebook လူမှုကွန်ရက်တွင်ဆဲဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ
မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ
နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ
အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ
နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို
ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင်
လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး
ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါ
ပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့်
ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့်
မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု
ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်မျိုး
People power

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး


လတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော်’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။

အကြိုက်ဆုံး ဇာတ်ဆိုတာထက် ဇာတ်လမ်းတွေကိုလည်း မျှတအောင် အဓိက စဉ်းစားကြောင်း ပြောလာတဲ့နေတိုးက.
“တစ်နှစ် စာရိုက်ကူးမယ့် ပုံစံတွေက အချစ်၊ ဒရာမာတွေက များ လား၊ ဒါမှမဟုတ်ရင်လည်း ဟိုးအရင်တုန်းကလို အက်ရှင် တွေပဲ ရိုက်ပေးရ မလား၊ မျိုးစုံတော့ ကျွန်တော်စဉ်းစားပြီး ချင့်ချိန်ရတာပေါ့။ အမြဲတမ်းတော့ အသစ် အဆန်းဖြစ် အောင်တော့ ကြိုးစားကြရတာပဲ။ ကျွန်တော်တို့ ဒီလောက မှာဖြတ် သန်းလာခဲ့ တဲ့ တစ်လျှောက်လုံးမှာ လည်း ဇာတ်လမ်းပုံစံတွေလည်း များနေပြီ။ ဇာတ်အခြေအနေအရ ပရိသတ်တွေ ကြိုက်နှစ် သက်မယ့်ပုံစံတွေ ဒီဟာမျိုးတွေ အဓိကဦးစားပေး ရိုက် ကူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဝါကျွတ်တဲ့အခါမှာလည်း အနုပညာရှင်တချို့ရဲ့ မင်္ဂလာသတင်းကို ကြားနေ ရပြီဖြစ်တဲ့ အတွက် နေတိုးက
“ကျွန်တော့်သတင်းလည်း ကြား ရမှာပါ။ ဘဝမှာ လုပ်ရတဲ့အရာတွေ အများကြီး ကျန်တယ်။ ချစ်ခြင်း တရား၊ ချစ်ခြင်းမေတ္တာဆို တာ လူတိုင်းမှာ ရှိတဲ့အရာပါ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း အချစ်နဲ့ပတ် သက်လို့ ခံစား မှု တွေ အများကြီးရှိပါတယ်။ အချစ်ဆိုတာ ရင်ခုန်ကြည်နူးစရာကောင်း တယ်လို့ပဲ ယူဆ ပါတယ်။ အိမ်ထောင်ရေးဆိုတာ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေး ပေါ့။ သာယာဖြောင့် ဖြူးပြီး အေးချမ်းတဲ့ အိမ်ထောင်ရေး၊ ဒီလိုမျိုးအိမ်ထောင်ရေး ဖြစ်ဖို့အတွက် အေးချမ်းသာယာဖို့ စိတ် ခံစားမှုတွေ တစ်ထပ်တည်းကျတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်” လို့ပြောပါတယ်။

တွယ်တာ
Popular Journal

မီဒီယာနဲ့ဆက်ဆံဖို့ အရာရှိကြီးတွေစိုးရွံ့နေရတဲ့အကြောင်းရင်းတခု

အစိုးရ ၀န်ကြီးဌာနများက တာဝန်ရှိ သူတွေ မီဒီယာနဲ့ ဆက်ဆံဖို့ နောက်တွန့်နေရတဲ့အကြောင်းရင်းတွေက ဘာလဲ။

ဦးရဲထွဋ် (Photo: Simon Roughneen / The Irrawaddy)

အကြောင်းရင်းတွေထဲက တခုကို သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်က အခုလေးတင် သူ့ဖေ့စ်ဘုတ်ကနေ ရှင်းပြလိုက်ပါပြီ - အဲဒါကတော့   လွဲမှားစွာ ကိုးကားရေးသားခံရမှာကို စိုးရိမ်မှု လို့ ဆိုပါတယ်။

တခြားအကြောင်းရင်းတွေကိုတော့ ရေးမထားပါ။
ဖေ့စ်ဘုတ်အမြဲသုံးတတ်သူမို့ ကြုံကြိုက်ရင် ရေးမယ် ထင်ပါတယ်။ သူ နောက်တွန့်ရတဲ့ အကြောင်းရင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Voice Weekly က ကျွန်တော်ကို မှတ်ချက်တောင်းခဲ့ပါတယ်။ အဲဒီ မှတ်ချက်ကို သတင်းရေးတဲ့အခါ အခုလို သတင်းခေါင်းစဉ်တပ်ထားတာကို အွန်လိုင်းမှာဖတ်ရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နောက်တစ်ခါ သတင်းရဲ့ အစခြေဆင်းမှာလည်း အဲဒီသဘောအတိုင်းအခုလိုရေးသားထားပြန်ပါတယ်။

×××× ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်××

အဲဒီသတင်းခေါင်းစဉ်နဲ့ အဖွင့်စာသားဟာ ကျွန်တော်တကယ်ပြောခဲ့တဲ့ မှတ်ချက်စကား၊ အဲဒီစကားအတိုင်း သတင်းရဲ့ စာကိုယ် ထဲမှာ ဖော်ပြထားတာနဲ့ ကွဲလွဲနေပါတယ်။ Voice ရဲ့သတင်းစာကိုယ်မှာက အခုလိုဖော်ပြထားတာကို တွေ့နိုင်ပါ တယ်။

××× “လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု ၎င်းက ပြောဆိုသည်။ ××

ကျွန်တော့်မှတ်ချက်စကားဆိုလိုရင်းက ရှင်းပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်များ ရှိနေ ပြီဖြစ်တဲ့ အတွက် အခြေခံဥပဒေကိစ္စဆွေးနွေးဖို့လုံလောက်ပြီလို့ ( ကျွန်တော်အနေနဲ့ ) ထင်တယ်။ ဒါ့ကြောင့် ကာချုပ်အနေနဲ့ တွေ့၊ မတွေ့ အတိအကျမပြောနိုင်ဖူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ဒါပေမယ့် သတင်းခေါင်းစဉ်နဲ့ အဖွင့်ကိုပဲ ဖတ်လိုက်မယ်ဆိုရင် ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဖို့ မလိုဘူး လို့ယတိပြတ် ပယ်ချလိုက်တဲ့သဘောဖြစ်နေပါတယ်။ ဒါဟာ တနည်းအားဖြင့် လွဲမှားစွာ ကိုးကား ( ရေးသားလိုက်တယ်လို့ ယူဆပါတယ်။

မြန်မာသံတော်ဆင့်ကလည်း ဒီလိုမျိုး လွဲမှားကိုးကားပြီးခေါင်းစဉ်တပ်ခဲ့တဲ့အတွက် နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် Messenger ဂျာနယ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြန်ရှင်းရပါသေးတယ်။ အစိုးရ ၀န်ကြီးဌာနများက တာဝန်ရှိ သူတွေအနေနဲ့ မီဒီယာများနဲ့ ဆက်ဆံဖို့ နောက်တွန့်နေရတဲ့အကြောင်းအရင်းကို ကျွန်တော့်ကို မေးလာတဲ့ အခါတိုင်း လွဲမှားစွာ ကိုးကားရေးသားခံရမှာကို စိုးရိမ်မှုကလည်း အကြောင်းတစ်ခုဖြစ်တယ်လို့ ဖြေခဲ့ဖူးပါ တယ်။

သတင်းခေါင်းစဉ်နဲ့ အဖွင့်စာသားကို စာဖတ်သူစိတ်ဝင်စားအောင် ရေးသားရတယ်ဆိုတာနားလည်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပြောတဲ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုမရှိအောင် ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျင့်ဝတ်နဲ့လည်းညီ နှစ်ဘက်ပြောရဆိုရတာလည်းပိုကောင်းမယ်လို့ မျှော် လင့်မိပါတယ်။

ဧရာဝတီ

မေမြတ်မွန် ရေကူးပြီ


မေမြတ်မွန် ရေကူးတဲ့ video ဖြစ်ပါတယ်။ သူကတင်တော့လည်း ကျွန်တော့်ကိုလည်းတောင်းဆိုတဲ့လူတွေရှိနေတာနဲ့ တင်ပေးလိုက်ပါတယ်။



Credit to မေမြတ်မွန်

Suzuki မှ မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ လှူဒါန်း


(Suzuki မှ လှူဒါန်းသော ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်များကို တွေ့ရစဉ်)

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ အား နိုဝင်ဘာ ၂၅ ရက်က MICC အစည်းအဝေး ခန်းမတွင် ဆူဇူကီး ကုမ္ပဏီမှ မြန်မာအစိုးရသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်အား ဒီဇင်ဘာတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲနှင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည့် အာဆီယံနိုင်ငံ အသီးသီးမှ အကြီးအကဲများ၏ လုံခြုံရေး ယာဉ်တန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Mr.Toshihiro Suzuki က ''လာမည့် ဒီဇင်ဘာတွင် ဆီးဂိမ်း၏ အိမ်ရှင်နိုင်ငံ အဖြစ်သာမက၊ အာဆီယံထိပ်သီး အစည်းအဝေးများ လက်ခံကျင်းပမည့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ အမျိုးသားရေးရာပိုင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် ကြိုဆိုလျက် ကမ္ဘာတစ်ဝန်းက ထောက်ခံအားပေးမှုကို ရရှိထားသော DL650 စနစ် အခြေခံ ရဲသုံးဆိုင်ကယ် အစီး ၁၀၀ ကို လှူဒါန်းနိုင်သည့် အခွင့်အရေးရရှိပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဖြည့်ကူညီခွင့် ရသည့်အတွက် Suzuki မော်တော် ကော်ပိုရေးရှင်းမှ ဂုဏ်ယူဝမ်းမြောက် မိပါတယ်'' ဟု ပြောကြားသည်။

ရဲတပ်ဖွဲ့သုံး Suzuki ဆိုင်ကယ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Eleven Media Group

ကမန် လူဦးရေစာရင်း ဒီဇင်ဘာအတွင်း စကောက်မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကမန် အမည်ခံများ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည့် မြန်မာနိုင်ငံရှိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသား လူဦးရေစာရင်း အတိအကျကို ဒီဇင်ဘာလအတွင်း စတင်ကောက် ယူသွားမည် ဖြစ်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ဦးကျော်ငြိမ်းက ပြောကြားသည်။

ကမန် တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေဘောင် အတွင်းမှ တရားဝင် တောင်းဆို ပေးနိုင်ရန်၊ မြန်မာနိုင်ငံရှိ ကမန် တိုင်းရင်းသားများနှင့် အဆက်အသွယ်များ ရရှိနိုင်ရန် ယင်းသို့ လူဦးရေစာရင်း ကောက်ခံရခြင်း ဖြစ်ကြောင်း၊ လူဦးရေစာရင်း ကောက်ခံမည့် လုပ်ထုံးလုပ်နည်း များကို ရက်သတ္တတစ်ပတ်အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ကမန် တိုင်းရင်းသားများသည် နှစ်သောင်း ဝန်းကျင်သာ ရှိသော်လည်း ကမန် အမည်ခံထားသည့် ဘင်္ဂါလီလူမျိုး သိန်းချီ ရှိနေကြောင်း ရခိုင် တိုင်းရင်းသားများကို မေးမြန်းချက်များအရ သိရှိရသည်။

ကမန်တိုင်းရင်းသား လူဦးရေစာရင်း ကောက်မည့် ကိစ္စသည် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကမန်အမည်ခံကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ထားသည့် ဘင်္ဂါလီများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“တစ်ယောက်ကို ငါးသိန်းလောက် အကုန်ခံရင် ကမန်ဆိုပြီး မှတ်ပုံတင် ရတယ်လို့ ကြားနေရတယ်။ တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများထံမှ ငွေကြေးများယူကာ ကမန် တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ပေးမှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ကမန်လူမျိုး ၇,၇၀၂ ဦး ရှိကြောင်း ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းများကို အခြေခံကာ ယင်းအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန်ဟုဆိုကာ ကမန် တိုင်းရင်းသားများကို သွားလာခွင့်များ တားမြစ်ထားသဖြင့် အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဦးကျော်ငြိမ်းက ပြောကြားသည်။
The Voice Weekly

ယင်လပ်ရှင်နာဝါထရာ အစိုးရ နုတ်ထွက်ရန် ဗန်ကောက်တွင် ဆန္ဒပြသူများက တောင်းဆို


ဗန်ကောက်၊ နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဒုတိယနေ့အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားလျက် ရှိရာ ဆန္ဒပြ လူအုပ်ကြီးသည် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ ဦးတည်သော လမ်းအတိုင်း ချီတက်ကြသည်။

တနင်္ဂနွေနေ့မှ စတင် လှုပ်ရှားခဲ့ကြသော ဆန္ဒပြသူ ၁ဝဝဝဝဝ ခန့်သည် ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ အစိုးရအဖွဲ့ နုတ်ထွက်ရန် တောင်းဆိုကြသည်။

အငြင်းပွားလျက် ရှိသည့် နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကြောင့် ဤလူထုဆန္ဒပြမှုကြီး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

လက်ရှိ ၀န်ကြီးချုပ်၏ အစ်ကိုတော်စပ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို အဂတိလိုက်စားမှု အတွက် မည်သည့် ပြစ်ဒဏ်မျှ ကျခံရမှု မရှိစေဘဲ နိုင်ငံတွင်းသို့ ပြန်လာခွင့် ရရှိစေမည့် ယင်းဥပဒေကြမ်းသည် ယခုလ စောစောပိုင်း၌ အထက် လွှတ်တော်တွင် အတည်မပြုခဲ့ပေ။

သို့သော် ယင်းဥပဒေကြမ်းကြောင့် လမ်းမပေါ်၌ ဆန္ဒပြပွဲများ ပြန်လည် ပေါ်ပေါက် လာစေခဲ့သည်။ နိုင်ငံရေး သဘောထား ကွဲပြားသူများကို ဒေါသ ထွက်စေခဲ့သည်။ နိုင်ငံအတွင်း နိုင်ငံရေး မငြိမ်သက်မှုများ ပြန်လည် တွေ့မြင်လာရမည်ကို စိုးရိမ်လာကြသည်။

ယခင်အတိုက်အခံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်ဟောင်း ဦးစီးသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် တနင်္လာနေ့တွင် အစိုးရရုံးများ၊ စစ်ဌာနချုပ်နှင့် ရုပ်မြင်သံကြားဌာနများသို့ ချီတက်ကြသည်။

တနင်္ဂနွေနေ့တွင် ဗန်ကောက်မြို့ အခြားနေရာများ၌ အစိုးရကို ထောက်ခံသူ ၄ဝဝဝဝ ခန့်ကလည်း ချီတက်ခဲ့ကြသည်။
MOI Webportal Myanmar

ဗဟန်းမြို့နယ်နှင့် ဒဂုံမြို့နယ်များမှ ခိုးမှုများဖေါ်ထုတ်


ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၂.၁၁.၂၀၁၃ရက်နေ့ ၁၃၃၀အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့
မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်ခိုးမှုများ
ကျူးလွန်ထားကြောင်း သတင်းရရှိသူ ထိန်လင်းဦး(ခ)ကောင်းကောင်း(ခ)
အခြောက်မ (ဘ)ဦးစန်းမျိုးဦး၊ အောင်သိပ္ပံလမ်း၊ (၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဇင်မျိုးကျော်(ခ)မျိုးမျိုး(ဘ)ဦးသိန်းထွန်းအောင်၊ ရန်ကြီးအောင်လမ်း၊ (၁၃)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့ (၂)ဦးအား လှိုင်သာယာမြို့နယ်မှဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထိန်လင်းဦး(ခ)ကောင်းကောင်း(ခ)အခြောက်မအား စစ်ဆေးရာ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလရက်မမှတ်မိနေ့ ၂၃၀၀အချိန် ကန်တော်ကြီးပတ်လမ်းတွင် အမျိုးသားတစ်ဦးနှင့် အတူရှိနေစဉ် ၎င်းအမျိုးသားထံမှ HTC အမျိုးအစား ဟန်းဆက် (၁)လုံးအား
ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းကာ ဗဟန်းမြို့မရဲစခန်း(ပ)၄၅၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ထိန်လင်းဦး(ခ)ကောင်းကောင်းနှင့် ဇင်မျိုးကျော်(ခ)မျိုးမျိုး၊
ပြည့်ပြည့်(ခ)မိုးပြည့်(စုံစမ်းဆဲ)၊ မင်းကျော်ဌေး(ခ)နွယ်နီတို့(၄)ဦးသည် ၁၄.၁၁.၂၀၁၃ရက်နေ့ ည ၂၂၀၀အချိန်ခန့် ဒဂုံမြို့နယ်၊ အလုံလမ်းမပေါ်ရှိ အမှောင်ရိပ်တွင် အမျိုးသားတစ်ဦးနှင့် အတူရှိနေကြပြီး ထိန်လင်းဦး(ခ)
ကောင်းကောင်းနှင့် ဇင်မျိုးကျော်(ခ)မျိုးမျိုးတို့မှ ၎င်းအမျိုးသား ၀တ်ဆင်ထားသည့် ၁၅ပဲ၊ ၅ ရွေးရှိ ရွှေဆွဲကြိုး (၁)ကုံးအားဖြုတ်ယူခဲ့ပြီး
ပေါင်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းကာ ဒဂုံမြို့မရဲစခန်း(ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်အရေးယူထားရှိပါသည်။

ဖမ်းဆီးရမိသူ ထိန်လင်းဦး(ခ)ကောင်းကောင်းသည် ၂၀၁၃ခုနှစ်၊(၉)လပိုင်း
ရက်မမှတ်မိနေ့ ၀၁၃၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ အလုံလမ်းမပေါ်ရှိ
မှောင်ရိပ်တွင် အမျိုးသားတစ်ဦးနှင့်အတူရှိနေစဉ် ၎င်းအမျိုးသားထံမှ iphone4 အနက်ရောင်တစ်လုံးအားခိုးယူခဲ့သည့်အပြင် ၎င်းလ ရက်မမှတ်မိနေ့ ၀၂၀၀အချိန် အလုံလမ်းမပေါ်ရှိ မှောင်ရိပ်၌ပင် အမျိုးသားတစ်ဦးထံမှ iphone (၁)လုံး၊၎င်းလရက်မမှတ်မိနေ့ ၂၃၀၀အချိန် အလုံလမ်းပေါ်ရှိ မှောင်ရိပ်၌ပင် အမျိုးသားတစ်ဦးထံမှ SAMSUMG လက်ကိုင်ဖုန်း (၁)လုံးတို့အားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
သဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး ဒဂုံမြို့မရဲစခန်း(ပ)၂၅၃/၂၀၁၃၊
ပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဦးဆွေးဆံမြေ့ လို့ အမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ ပန်ချီကား



နိုင် ငံ ခြား ခ ရီး စဉ် တစ် ခု မှာ
ဒေါ် အောင် ဆန်း စု ကြည် ရုတ် တ ရက်
နေ မ ကောင်း ဖြစ် ပြီး မူး ဝေ အော့
အန် နေ တဲ့ အ ချိန် မှာ မှတ် တမ်း တင်
ထား တဲ့ ပုံ ရိပ် လေး ပါ။
တိုင်း ပြည် အ တွက် ခ ရီး ဆက် နေ ရ
တဲ့ စု မေ မေ ရဲ့ ဒီ ပုံ ရိပ် လေး မြင် ရ
တော့ စိတ် မ ကောင်း ဖြစ် မိ ပါ တယ်။

photo ထင် လင်း ဦး

Credit - Min Myanmar

-----------------

ဦးထင်လင်းဦး ဆီမှာတင်ထားတဲ့ ပို့စ် အရ ....
အဲဒီပန်းချီကားကို ...
တရုတ်ပန်းချီဆရာတဦးက ရေးဆွဲထားပြီး ...

ပန်းချီကားကို

" ဦးဆွေးဆံမြေ့ "...

(အောက်မှာရေးထားတဲ့ တရုတ်စာ) လို့

အမည်ပေးထားကြောင်း သိရပါတယ် ...

Credit- Thein Htike Aung

ဂင်းနစ် စံချိန်တင်နိုင်ရန် ၁၅ နိုင်ငံဖြတ်သန်းလမ်းလျှောက်မည့် အိုင်ယာလန်နိုင်ငံသား မန္တလေးမြို့သို့ ခြေလျင်ခရီး ရောက်လာ



လှိုင်ထွေးအောင်
===============================================
မန္တလေး ၊ နိုဝင်ဘာ ၂၄ ။ ။ အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာနိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

Mr. Mangan Nory မှာ အသက် ၅၆နှစ်အရွယ်ရှိပြီး ၎င်း၏လမ်းလျှောက်ခရီးစဉ်ကို မိခင်အိုင်ယာလန်နိုင်ငံမှ စတင် ထွက်ခွာခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ခြေကျင်ခရီးဖြတ်သန်း လမ်းလျှောက်မည်ဖြစ်ရာ နိုဝင် ဘာ ၆ရက်တွင် ထိုင်းနိုင်ငံမှတစ် ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံအ တွင်း ခြေကျင်လမ်းလျှောက်ခရီး စဉ်ကို မြဝတီမြို့မှ အိန္ဒိယနယ်စပ် တမူးမြို့အထိ သွားရောက်မည်ဖြစ် ရာ မန္တလေးကို မြို့ရွာပေါင်းများစွာ ဖြတ်သန်းရောက်ရှိလာခြင်းဖြစ်သည်။

''နေပြည်တော်ကနေ ရန် ကုန်-မန္တလေးကားလမ်းဟောင်း အတိုင်း မန္တလေးကိုလျှောက်လာ တာပါ။ မနေ့ညက မြစ်သားမြို့ နယ် သာလွန်ကျေးရွာအထိရောက် လာတယ်။ ဒီနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၆နာရီခွဲမှာ သာလွန်က စ ထွက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၆ရက်က ဒီဇင်ဘာ ၄ ရက်အထိ ၂၈ရက်တိုးဗီဇာနဲ့ လမ်း လျှောက်လာတာပါ။ ဒီနေ့အထိ ၁၆ရက် လမ်းလျှောက်ပြီးပြီ။ ၁၂ ရက်အတွင်း တမူးအရောက်သွား မှာပါ။ ကျွန်တော်တို့ ကူညီစောင့် ရှောက် မှု ပြုလုပ်ပေးနေပါတယ်'' ဟု ကမ္ဘာလှည့်ခရီးသည် များ စောင့်ရှောက်ရေး တပ်ဖွဲ့၊ မန္တလေး ဌာနခွဲမှ လိုက်ပါစောင့်ရှောက်သူ ဒုရဲအုပ်ကျော်မင်းက ပြောသည်။

Mr. Mangan Nory သည် ကမ္ဘာ့ဂင်းနစ်လမ်းလျှောက်စံချိန် တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပေါင်း၁၅နိုင်ငံ၊ ကီလို၅၃၀၀၀ ခရီး လမ်းလျှောက်မည်ဖြစ်ရာ ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံ၊ ကီလို၃၈၀၀၀ လမ်းလျှောက်ခဲ့ပြီးဖြစ်သည်။
Yangon Media Group


ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား



ရန်ကုန်၊ နိုဝင်ဘာ ၂၅

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်အပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု ၎င်းကပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရအနေနှင့် လွှတ်တော်အတွင်း ပြင်ဆင်ခြင်းနှင့် ပြည်သူ့ဆန္ဒ ခံယူမည့် ကိစ္စနှစ်ခုအပေါ် ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက သမ္မတကိုယ်စား ပြောကြားသည်။

နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကို ရှောင်လွှဲနေပါက ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။

ဥပဒေ ပြင်ဆင်မှုနှင့် ပြောင်းလဲမှုများသည် လွှတ်တော် အတွင်းတွင် ညှိနှိုင်းရန် အခက်အခဲ ရှိနေမြဲ ဖြစ်သောကြောင့် လွှတ်တော် ပြင်ပတွင် ညှိနှိုင်း ဆွေးနွေးထားရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသည့် မေတ္တာရပ်ခံစာ မရောက်ရှိ သေးသောကြောင့် သမ္မတအနေနှင့် တွေ့ဆုံမည့် အခြေအနေကို အတိအကျ ပြောကြား မရသေးကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်ပြေ ချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာရပ်ခံစာ ပို့မည်ဟု နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ဖုန်းခေါ်ဆိုခလျှော့ချပေးစေချင် (အယ်ဒီတာထံ ပေးစာ)


သို့
အယ်ဒီတာခင်ဗျား

ကျွန်တော်က မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကျောင်းသားတစ်ဦးပါ။ ယခင်တစ်ပတ် ပေါ်ပြူလာနယူးစ်ဂျာနယ်မှာ Telenor Myanmar အမှုဆောင်အရာရှိချုပ်နဲ့ အင် တာဗျူးမေးတာကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာ ဖုန်းခေါ်ဆိုခနှုန်းထားကို ၂၅ ကျပ်နှုန်းထားထက်မပိုတဲ့
နှုန်းနဲ့သာ ကောက် ခံမယ်လို့ ပြောထားတာ တွေ့ရပါတယ်။

၂၅ ကျပ်ဆိုတာ အမြင့်ဆုံးလို့လည်း ပြောသွားပါသေးတယ်။ အဲဒါဆို ကျွန်တော်တို့လို မြန်မာ့ဆက်သွယ်ရေးကနေ ဝယ်ယူထားခဲ့တဲ့ မိုဘိုင်းဖုန်းတွေရဲ့ခေါ် ဆိုခ နှုန်းထားေ တွရော ကျဆင်းပေးဖို့ ရှိသေးလားဆိုတာ သိချင်ပါတယ်။

အခု အသုံးပြုနေတဲ့ ပြည်တွင်း မိုဘိုင်းဖုန်းရဲ့ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ်ဟာ မများလွန်းဘူး လားလို့ လည်း မေး ချင်ပါတယ်။

လွှတ်တော်အစည်းအဝေး တစ်ခုမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ မိုဘိုင်းဖုန်းခေါ်ဆိုခ လျှော့ချပေးဖို့ အစီအစဉ်ရှိ မရှိ ဆိုတဲ့အပေါ် ဆက်သွ ယ်ရေးဒု ဝန်ကြီးဦးသောင်း တင်က လျှော့ချပေးဖို့ရှိ တယ်လို့လည်း ဖြေကြားဖူးပါတယ်။

ဒုဝန်ကြီးပြော တဲ့အထဲမှာ ၁၅ ကျပ်ကနေ ၂၅ ကျပ်အကြား ဖြစ်စေရမယ်လို့တောင် အတိအ ကျပါပါသေးတယ်။

ဒါပေမဲ့ အဲဒါက အခုချိန်အထိ ဖြစ်မလာ သေးပါဘူး။ ဘယ်အချိန်မှာများ မိုဘိုင်းဖုန်းပြောခတွေ သက်သက်သာသာ ဖြစ်ပါမလဲ။

ခုဆို ပြည်ပအော်ပရေ တာတွေက လည်း နောက်နှစ်အတွင်း မှာတင်ပဲ ဖုန်းကတ်တွေ ရောင်းချပေးဖို့ လုပ်သွားမယ်ဆိုတာ သိရတဲ့အခါ ကျွန်တော်တို့လို အစိုးရဆီကနေ ဈေးကြီးပေး ဝယ်ထားရတဲ့ ဖုန်းတွေ အတွက် ဘယ်လိုများဆောင်ရွက်ပေးမှာပါလဲဆိုတာ ပိုသိချင်လာပါတယ်။

နိုင်ငံတ ကာဖုန်းခေါ်ဆိုခနှုန်းတွေ ထက်လည်း များတဲ့အပြင် တစ်ခါတစ်ခါ ဖုန်းပြော ခဖြတ် တောက်လိုက်တာတွေကလည်း ပိုဖြတ်သလားလို့တောင် ထင်ရပါတယ်။

ငါးထောင်ကျပ်တန်တစ်ကတ်ဟာ ခဏလေးပဲသုံးလိုက်ရ သလိုပါပဲ။ ဒီအတွက် ပြည်ပ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ ဝန်ဆောင်မှုမစ သေးခင် ကျွန်တော်တို့ ပြည်တွင်းဖုန်းတွေအတွက် ဝန်ဆောင်ခ၊ ဖုန်းခေါ် ဆိုခ အမြန်ဆုံးပြောင်း လဲပေးဖို့ ပေါ်ပြူလာ ယူးစ်က တစ်ဆင့် တင်ပြတောင်း ဆိုလိုက်ရပါတယ်။

မဟုတ်ရင် ပြည်ပက ဖုန်းအော်ပရေတာတွေ ဝင် လာတဲ့အခါ သူတို့ဖုန်းတွေပဲ လွယ်လွယ်ကူကူဝယ်ပြီး ပြောင်းလဲကိုင် ရတော့ မယ့်အခြေအနေမျိုး ဖြစ်နေပါတယ်။

ဒါမှမဟုတ် ဖုန်းဝယ်ယူစဉ်က တည်းက ဖုန်းစာချုပ်မှာ ငှားရမ်းသုံးစွဲတယ်လို့ပါတာမို့ ပြန်အပ်ပြီး ပိုက်ဆံ ပြန်တောင်းမယ်ဆိုရင်ရော ရနိုင်ပါသလား။ ပြည်တွင်းရဲ့မိုဘိုင်းဖုန်းတွေ သုံးစွဲသူများအတွက် ဆက်သွယ်ရေးအနေနဲ့ ဈေးနှုန်းလျှော့ချပေးဖို့တောင်း ဆိုပါရစေ။

မောင်မင်းခန့်ဦး
မြောက်ဒဂုံမြို့နယ်မှ ကျောင်းသားတစ်ဦး

Popular Myanmar News Journal

ဒီရက်ပိုင်း Facebook တခွင်မှာ ဒီလူသုံးယောက်သတင်း တော်တော်လေး ၀က်ဝက်ကွဲနေပါတယ်..


ကိုတေဇနှင့် ကိုမိုးဟိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇
တက်ရောက်ခွင့် အတူတူ ရရှိခဲ့သူများ ဖြစ်သည်။ အခုတော့
ကိုမိုးဟိန်းက အမေရိကန်မှ မြန်မာပြည်ပြန်လာပြီး ကိုတေဇအား
အရောင်တင်ပေးနေလေရဲ့..
ကိုတေဇကလည်း ကိုမိုးဟိန်းကို ပေါင်ချိန်တွေဆီခေါ်သွားပြီး
အရောင်ပြန်တင်ပေးမည်ဟု တရားဝင်ကြေငြာထားသည်..

ပြီးခဲ့သည့် ရက်ပိုင်းက လမ်းဘေးမှာ ဝေနေသော စာတွေအရ
ဦးအောင်ကိုဝင်းက ကိုမိုးဟိန်းကို ပိုက်ဆံထုတ်ပေးပြီး ပြိုင်ဘက်
ခရိုနီတွေကို ဆော်ပလော်တီးခိုင်းထားသည်တဲ့..

လက်ရှိဦးတေဇ၏ ရုံး အမှတ် ၅ ပြည်လမ်းတွင် တချိန်က
ဦးတေဇ ၊ ဦးအောင်ကိုဝင်း ၊ ဦးအောင်သက်မန်း ၊ ဦးလုလု (ခ)
ဦးဇော်မင်း တို့အတူတကွ တစ်ရုံးထဲထိုင်ပြီး မြန်မာဘီလီယံဂရုပ်
(MBG) ဆိုသော ကုမ္မဏီတစ်ခု ထူထောင်၍ အတူတကွ လုပ်ကိုင်
ခဲ့ကြသူများဖြစ်ပါသည်..
စစ်အစိုးရလက်ထက်တွင် ဦးတေဇရော ဦးအောင်ကိုဝင်းပါ
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အနီးကပ်လူများဟု လူသိများခဲ့သည်..

ခင်ဗျားတို့ အချင်းချင်း ဘာအညိုးအတေးတွေနဲ့ ချနေကြသလဲတော့
ကျုပ်မသိပါ..
ခင်ဗျားတို့ အားလုံးကို ကျုပ်စိန်ခေါ်ချင်ပါတယ်..

(၁) ခင်ဗျားတို့ အခု ချမ်းသာနေသော ငွေကြေးဥစ္စာတွေ ဘယ်လိုရခဲ့
သလဲ ဆိုတာ ပြည်သူကို ချပြရဲပါလား ..
(ကိုတေဇကတော့ သစ်ခုတ်တာပါတဲ့ ဘာများကျန်ပါသေးလဲ ..
ဦးအောင်ကိုဝင်း MAI , Air KBZ , KBZ Bank တို့ကို ဘယ်ကရသော ပိုက်ဆံတွေနဲ့ တည်ထောင်ခဲ့ပါသလဲ..
ကိုမိုးဟိန်း ကုန်ကျစရိတ်များပြီး ရှုံးနေသော ဂျာနယ်လုပ်ငန်းအတွက်
ဘယ်က ပိုက်ဆံတွေနဲ့ လုပ်နေပါလဲ..)

(၂) လက်ရှိ အုပ်ချုပ်နေသော ( အစိုးရ၊ လွှတ်တော် ၊ တပ်) ၊ နောင်
အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ အတိုက်အခံ ဒီအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့
အမှားတွေကို အမုန်းခံပြီး ဝေဖန်ထောက်ပြရဲပါသလား..

(၃) တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ်လိုအပ်နေတဲ့ အရာတွေ
ထဲက တစ်ခုခုကို ပြည်သူတွေအတွက် လုပ်ပေးဖို့ ခင်ဗျားတို့မှာ အစီအစဉ်
ရှိလား..
( စစ်အစိုးရလက်ထက် လူကြီးတွေကြောက်လို့ ဟိုလှူရ ဒီလှူရ လုပ်ရတာတွေ ၊ သူတပါးအကြောင်း အားမနာပ ရေးတာတွေကိုတော့
ပြည်သူအတွက်လုပ်တယ်လို့ မပြောပါနဲ့)

ခင်ဗျားတို့ တကယ်လုပ်ရဲရင် .. ကျုပ်လာပြီး ထိုင်ကတော့မယ်ဗျာ..

Credit-to> ငြိမ်းမောင်

ဘက်လိုက်ခြင်း {သို့} အဂတိ (၄)မျိုး


အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။

ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘက်ကိုလိုက်ခြင်း၊ မပြုသင့်တာကို ပြုခြင်းလို့ ဆိုပါတယ်။ အဂတိတရားတွေကို ကြည့်ရင်

၁။ ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
၂။ ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
၃။ မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
၎။ ဘယာဂတိ = ကြောက်တဲ့အတွက် အဂတိလိုက်ခြင်း

ဆိုတဲ့ ဒီလေးပါးကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအဂတိ တရားတွေဟာ ယေဘုယျအားဖြင့် အချစ်အမုန်းကိုပဲ အခြေခံပြီး ဖြစ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ချစ်ရင်လည်း ဘက်လိုက်တတ်သလို မုန်းရင်လည်းပဲ ဘက်လိုက်တတ်ပါတယ်။ တစ်ချို့လည်း အချစ်အမုန်းကြောင့် မဟုတ်ပေမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်တဲ့အတွက် ဘက်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လည်း ဘက်လိုက်တဲ့ သဘောရှိပါတယ်။ ပုထုဇဉ်တွေဟာ တကယ်တမ်းကျတော့ အလွန်ကြောက်တတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ကြောက်တယ်ဆိုတာကလည်း သီလမလုံခြုံလို့ ကြောက်ကြတာပဲ ဖြစ်ပါတယ်။ သီလလုံခြုံနေတဲ့သူဟာ မဟုတ်တာ ဘာမှ မလုပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေပြီး အပြစ်ကင်းတဲ့ သူတစ်ယောက် ဖြစ်နေတဲ့အတွက် ကြောက်စိတ်ဆိုတာလည်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြောက်တရားကင်းအောင်၊ အဂတိတရား ကင်းအောင် ကိုယ်ကျင့်သီလလုံကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စာပေအဖွင့်တွေမှာ အဂတိတရား လိုက်ခြင်း မလိုက်ခြင်းရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီး

“ အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။
အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်သိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။ ”

လို့ ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။

ဆိုတော့ကား ဘက်လိုက်တတ်ရင် အဂတိတရား ကျူးလွန်ရာ ရောက်တဲ့အပြင် ကိုယ့်အကျိုးတရားတွေလည်း ဆုတ်ယုတ်တတ်တဲ့အတွက် ဘက်လိုက်မှုနဲ့ အကြောက်တရားမှ ကင်းဝေးရအောင် ကိုယ့်ကျင့်တရားကောင်းအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

စာရေးသူ= မနာပဒါယီ အရှင်ဝိစိတ္တ
World Of Wisdom

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်


ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅
နေရာတွင် နိုဝင်ဘာလဒုတိယအပတ်မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီ
ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်က
Tech Space သို့ပြောကြားသည်။

ဦးမျိုးမြင့်ညွှန့်က "နိုဝင်ဘာလ ဒုတိယအပတ်မှာ Wi Fi ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ အခု ရန်ကုန်မှာ ပြိုင်ပွဲပြုလုပ်မယ့် နေရာ
၅ နေရာစလုံး သုံးလို့ရနေပြီ" ဟု Tech Space ၏ မေးမြန်းမှုကိုဖြေကြားခဲ့
သည်။

Red Link မှာ ရန်ကုန်မြို့ရှိပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏအားကစားရုံ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း ၊သိမ်ဖြူ အားကစားရုံ၊
နှင့် MCC ခန်းမတို့တွင် အင်တာနက် Wi Fi အခမဲ့ ဝန်ဆောင်မှုပေးသွား
မည်ဖြစ်သည်။ Red Link ကုမ္ပဏီမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရွှေသံ
လွင် ကုမ္ပဏီတို့နှင့် အတူ ဆီးဂိမ်းစ် ပြိုင်ပွဲ၌ အင်တာနက် Wi Fi အခမဲ့ ဝန်
ဆောင်မှုပေးရန်အတွက် လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီဖြစ်ပြီး ဆီးဂိမ်းစ်
ပြိုင်ပွဲ၏ တရားဝင် Web Site ကိုလည်း Red Link မှတာဝန်ယူလွှင့်တင်ပေး
ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ ၌ အားကစားနည်း ၇ မျိုး လက်ခံကျင်း
ပသွားမည်ဖြစ်ပြီး အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်များ ၊ ကမ်ပိုအားကစားနည်း၊ နပန်းအားကစားနည်း၊ သေနတ်ပစ်၊ အလေးမ၊ ကာယဗလ၊ ဟော်ကီအားကစားနည်းတို့ ပါဝင်မည်ဖြစ်သည်။

အေဝမ်း
TechSpace Journal

အစာအိမ်အနာကြောင့်ဗိုက်အောင့်နေသလား?


အစာအိမ်ကထွက်ရှိတဲ့အစာခြေအင်ဇိုင်း(Pepsin)ကပုံမှန်အခြေအနေမှာ
မထကြွပေမယ့်အက်စစ်အထွက်များလာတဲ့အခါအဲဒီအင်ဇိုင်းကထကြွ
လာတတ်ပါတယ်။အဲဒီအက်စစ်များလာရင်အစာအိမ်နဲ့အူသိမ်နံရံကိုစား
ပစ်လိုက်ပါတယ်။အဲဒီအချိန်မှာခန္တာကိုယ်ကကိုယ်ခံအားကောင်းပြီးအနာ
ကျက်အားကောင်းအောင်လုပ်နိုင်ရင်တော့ဘာမှမဖြစ်ပါဘူး။အဲဒီလိုမလုပ်
နိုင်ရင်တော့အနာဖြစ်ပြီးဗိုက်အောင့်၊ဗိုက်နာဝေဒနာတွေခံစားရတတ်ပါတယ်။

အက်စစ်အထွက်များပြီးဗိုက်နာစေသည့်အခြေအနေများ

စိတ်ဖိစီးမှုများရင်၊သောကများရင်အက်စစ်ထွက်တတ်ပါတယ်။
အစားအသောက်မမှန်ရင်အက်စစ်အထွက်များပြီးအစာအိမ်အနာဖြစ်စေနိုင်
ပါတယ်။နံနက်မိုးလင်းလို့အက်စစ်အထွက်များနေချိန်မှာအစာစားပြီးပြန်
ခြေဖျက်ရပါတယ်။အဲဒီလိုနေ့လည်နဲ့ညတွေမှာလည်းအက်စစ်အထွက်များ
တဲ့အချိန်တွေမှာနေ့လည်စာ၊ညစာပုံမှန်စားပေးရပါမယ်။ညအိပ်တဲ့အချိန်
မှာတော့အက်စစ်အထွက်နည်းသွားပါတယ်။

အစာအိမ်အနာဖြစ်ပြီးဗိုက်အောင့်စေသည့်အခြေအနေများ

အစားအသောက်တွေကိုအပူအစပ်စာ၊အစာကြမ်းကြမ်းမာမာစတာတွေ
စားရင်အစာအိမ်နံရံကိုထိခိုက်စေပြီးရောင်ရမ်းစေပါတယ်။
အစာစားချိန်မမှန်တာကြောင့်အစာအိမ်နံရံရဲ့ကိုယ်ခံအားစနစ်ကောင်းရင်
အနာကျက်စေနိုင်ပါတယ်။ဆေးလိပ်သောက်တဲ့သူ၊ကင်ဆာဆေးမှီဝဲတဲ့သူ
တွေမှာကိုယ်ခံအားစနစ်ကမကောင်းပါဘူး။အဲဒီအချိန်မှာအစာအိမ်အနာ
ဖြစ်တတ်ပါတယ်။မီးလောင်ထားတဲ့သူတွေမှာရေဓာတ်ခန်းခြောက်မှုဖြစ်ပြီး
သွေးပေါင်ကျကာသွေးဝင်မှုနည်းပြီးအစာအိမ်အနာဖြစ်တတ်ပါတယ်။

အစာအိမ်ဝေဒနာမဖြစ်စေရန်ကာကွယ်နည်းများ

ဗိုက်အောင့်၊ဗိုက်နာမဖြစ်စေဖို့အစားအသောက်၊အနေအထိုင်ကိုဂရုစိုက်
ပြီးကာကွယ်ရပါတယ်။
နံနက်စာ၊နေ့လည်စာ၊နဲ့ညစာတို့ကိုအချိန်မှန်မှန်စားပြီးအိပ်ရာဝင်တဲ့အခါ
နွားနို့နဲ့ဘီစကွန်မုန့်ကိုစားတာမျိုးလုပ်သင့်ပါတယ်။အစာကြမ်း၊အစာမာ၊
နဲ့အပူအစပ်စာတို့ကိုမစားသင့်ပါဘူး။
နောက်တစ်ချက်ကအစာစားတဲ့အခါဗိုက်တင်းနေအောင်မစားသင့်ပါ။အ
ကောင်းဆုံးကတော့အစာကိုနည်းနည်းနဲ့မကြာခဏစားပေးသင့်ပါတယ်။
သန့်ရှင်းလတ်ဆတ်ပြီးအိမ်မှာချက်ပြုတ်ထားတဲ့အစားအသောက်တွေကို
စားပေးဖို့လိုပါတယ်။
အလုပ်ကြိုးစားတဲ့သူတွေအနေနဲ့အစာမစားပဲအလုပ်မလုပ်သင့်ပါဘူး။
ဆေးလိပ်နဲ့အရက်ကိုလည်းရှောင်ရပါမယ်။အကိုက်အခဲပျောက်ဆေးတွေ
ကိုမိမိသဘောနဲ့မသောက်သင့်ပါဘူး။အစာစားပြီးမှသောက်သင့်သလို
လိုအပ်ရင်အစာအိမ်ဆေးနဲ့တွဲသောက်သင့်ပါတယ်။

ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
ဆေးပညာဆိုင်ရာဆောင်းပါးများ

Galaxy Grand 2 ကို Samsung မိတ်ဆက်


Tue, 11/26/2013 - 11:08

Samsung Galaxy Grand ထွက်ရှိပြီး တနှစ်ခန့်အကြာတွင် Galaxy Grand 2 ကို Samsung က မိတ်ဆက်ပြသခဲ့သည်။

Galaxy Grand 2 သည် Galaxy Grand ဒီဇိုင်းအတိုင်း အနီးစပ်ဆုံး ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်သော မျက်နှာပြင်ကို အသုံးပြုထားသည်။ Galaxy Grand 2 တွင် WVGA ၅.၂ လက်မ 720p display အသုံးပြုထားကာ quad-core ပရိုဆက်ဆာကို အသုံးပြုထားသည်။

Galaxy Grand တွင် အသုံးပြုခဲ့သော 1.2GHz clock speed ကိုပင် Grand 2 တွင် ထပ်မံ အသုံးပြုထားသည်။ အခြား hardware feature များမှာ 8-megapixel ကင်မရာနှင့် Android 4.3 ကို အသုံးပြုထားပြီး ဘက်ထရီမှာ 2,600mAh ဖြစ်သည်။ သို့ရာတွင် 4G ကွန်ရက်ဖြင့် အသုံးပြုနိုင်ခြင်း မရှိပေ။

Galaxy Grand 2 ကို အဖြူ ၊ အမည်း နှင့် ပန်းရောင် ဟူ၍ အရောင်သုံးမျိုးဖြင့် ရရှိနိုင်ပြီး သတ်မှတ်ထားသည့် နိုင်ငံအချို့တွင် စတင် ရောင်းချ ပေးမည်ဖြစ်သည်။ သို့သော်လည်း ရောင်းချမည့် နိုင်ငံ၊ ဈေးနှုန်းနှင့် ရောင်းချမည့် အချိန်ကို ကုမ္ပဏီက ကြေညာထားခြင်း မရှိသေးပေ။

Ref: CNET
Internet Journal

မ.ထ.သ ယာဉ်လိုင်းများ ကားများတွင် GPS စနစ်တပ်ဆင်ရန် စီစဉ်လျက်ရှိ


လာမယ့် ဒီဇင်ဘာလအတွင်း ကစတင်ပြီး မ.ထ.သ ယာဉ်လိုင်း မှ
ကားများကို GPS စနစ်များ တပ်ဆင်ပြေးဆွဲသွားရန်စီစဉ်ဆောင်ရွက်လျက်
ရှိကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ
(ဗဟို) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။ အဆိုပါ လိုင်းကားများတွင်
GPS စနစ် တပ်ဆင်ခြင်း လုပ်ငန်းစဉ်များ အားဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ
တစ်ခုနဲ့ မ.ထ.သ တို့ပူးပေါင်း လုပ်ဆောင်ရန် စီစဉ်နေကြခြင်းဖြစ်ပြီး ၊ယခင်
ကလည်း ယခုကဲ့သို့ လိုင်းကားများတွင် GPS စနစ်များတပ်ဆင်ရန် နိုင်ငံခြားကုမ္ပဏီများက လာရောက်ညှိနှိုင်းမှုများရှိခဲ့
ဖူးကြောင်းနဲ့ တပ်ဆင် စရိတ်မြင့်မားမှုများကြောင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ခြင်းမရှိကြောင်းလည်းသိရပါတယ်။

လက်ရှိတွင် ညှိနှိုင်းမှုများ ပြီးစီးလို့ GPS စနစ်စတင် တပ်ဆင် တော့
မယ်ဆိုပါက အဆိုပါ စနစ်အသုံးပြုခများကို မော်တော်ယာဉ်ပိုင်ရှင်များက ပေး
ဆောင်သွားရမှာဖြစ်ပြီး လစဉ် ကျပ်တစ်သောင်း ပေးသွင်းရမှာ ဖြစ်တယ်
လို့သိရပါတယ်။ လက်ရှိတွင် GPS စနစ်တပ်ဆင်မောင်းနှင်ရန် မော်တော်
ယာဉ် ပိုင်ရှင်များဘက်ကလည်း သဘောတူထားပြီးဖြစ်ကြောင်း နဲ့ ရှေ့လ
အတွင်း စတင် တပ်ဆင် အသုံးပြုနိုင်ဖွယ် ရှိကြောင်းလည်းသိရပါတယ်။ GPS
စနစ် တပ်ဆင် မောင်းနှင်မှုများကြောင့် လိုင်းကားများအနေနဲ့ ယာဉ်လမ်း
ကြောများကို ကြိုတင်သိရှိနိုင်မှာဖြစ်သလို မတော်တဆမှုများကိုတောင်ကြိုတင်သိရှိလာနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (IA)
TechSpace Journal

Gems of English Conversation


Don't panic me.
ငါ့ကို စိတ်လှုပ်ရှားအောင်မလုပ်နဲ့

Don't push me.
ငါ့ကို ချောက်ချနဲ့

I grew up with that.
ငါအဲဒါနဲ့ ကြီးပြင်းလာတာကွ

I feel the same way.
ငါလည်း ထိုနည်းတူပဲ

I'm restless.
ငါမနေတတ်ဘူး

I've got extra time on my hands.
ငါအချိန်တွေ အရမ်းအားနေတယ်

At my age.
ငါ့အရွယ်နဲ့ဆိုရင်

I'm bored.
ငါပျင်းတယ် မနေတတ်ဘူး

I'm retired.
ငါက အငြိမ်းစား

Sound good to me.
ငါ့အတွက် သင့်တော်တာပေါ့

I've got plenty of time.
ငါ့မှာ အချိန်တွေ အများကြီးရှိပါတယ်

Nothing's important in my life.
ငါ့ဘ၀မှာ ဘာမှအရေးမကြီးဘူး

Don't drive me home.
ငါ့ကို အိမ်ကမနှင်ပါနဲ့

I'm working on it.
ငါဆောင်ရွက်နေတာပါ

What about me.
ငါ့အတွက်ရောထည့်တွက်ပါဦး

I'd like that.
ငါသဘောကျတယ်

I'll be the leader.
ငါခေါင်းဆောင်လုပ်ရမယ်

အားလုံးကိုစေတနာထားလျှက်
မင်းမြတ်အာကာ
25.11.2013
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

မန္တလေးတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေသည့်အချက်များ ဂျပန်ကုမ္ပဏီထောက်ပြ


မန္တလေးမြို့ရှိ မန္တလေး နန်းတော်၊ မီးရထားဘူတာကြီး နှင့် မီးရထားလမ်းများ၊ မန္တလေးတက္ကသိုလ်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းများသည် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားစေသည်ဟု ဂျပန်နိုင်ငံမှ ပညာရှင်များက ထောက်ပြထားကြောင်း သတင်းရရှိသည်။

Nippon Koei Co, Ltd က မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကို လာရောက်လေ့လာခဲ့ပြီးနောက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး မန္တလေးမြို့၏ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုများမှာ ယာဉ်အစီးရေ အလွန်အမင်းများပြား
မှုမရှိသေးသည့်အတွက် ဆိုးဆိုးရွားရွားမရှိသေးဘဲ နံနက်နှင့် ညနေ အလုပ်ဆင်း အလုပ်တက်အချိန်များ တွင်သာ ဖြစ်ပေါ်နေပြီး
ဈေးချိုတော်ဧရိယာ၊ မဟာမုနိဘုရားကြီးဧရိယာ၊ ၇၈ လမ်းမတစ်လျှောက် နေရာများတွင် ဖြစ်ပေါ်နေသည်ဟုဆိုသည်။

ဈေးချိုတော်ဧရိယာနှင့် မဟာမုနိဘုရားကြိုး အနီးတစ်ဝိုက် လမ်းဘေးတွင် ရပ်ထားသော ကား၊ ဆိုင်ကယ်များ၊ ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကြောင့် လမ်းများကိုကျဉ်းသွားစေပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေ၍ အသုံးပြုသည့် ယာဉ်အစီးရေနှင့် မီးပွိုင့်အရေအတွက်မှာ လုံလောက်မှုမရှိသေး၍ တိုးမြှင့်တပ်ဆင်သင့်ကြောင်း၊

မြို့လယ်ဗဟိုသို့ စက်မှုဇုန်မှ သွားလာနိုင်သည့် လမ်းသည် ၇၈ လမ်း တစ်လမ်းသာရှိသဖြင့် နောင်တွင် အခက်အခဲဖြစ်လာနိုင်
ဖွယ်ရှိကြောင်း ထောက်ပြခဲ့သည်။

ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ကားပိုင်ဆိုင်မှုမှာ အချိုးအစားမမျှတသဖြင့် ဘတ်စ်ကား ပြေးဆွဲမှု တိုးချဲ့သင့်ကြောင်း၊ ၂၅၀၀မီတာနှင့် ၅၀၀ မီတာအကျယ်အ၀န်းရှိသည့် ချမ်းမြသာစည်လေဆိပ်ဟောင်းသည် မြို့အရှေ့နှင့်အနောက်ကို ဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေသော ဧရိယာတစ်ခုဖြစ်ပြီး

ယင်းလေဆိပ်သည် ရထားလမ်းနှင့်လည်း နီးကပ်နေသောကြောင့် မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် ချမ်းမြသာစည်လေဆိပ်ဟောင်းကို
ပြန်လည်အသုံးပြုသင့်၊ မသင့်နှင့် မန္တလေးဘူတာကြီးကို ရွှေ့ပြောင်းရန် (သို့မဟုတ်) မီးရထားလမ်းများကို ကောင်းကင်ရထားလမ်းအဖြစ် ပြောင်းဖောက်ရန် အကြံပြုတင်ပြထားကြောင်း သတင်းရရှိသည်။

7Daydaily

ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR) သတင်း


ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR)
ပြန်လည်နေရာသတ်မှတ်ခြင်း(Relocated) နှင့် ပြန်လည်အဆင့်သတ်မှတ်ခြင်း (Readjusted) ပြုလုပ်လိုက်ပါတယ်။
Storm News Update
26-11-2013
5:30 am

TC (05)B LEHAR ဟာ မူလခန့်မှန်းထားတာထက်
(၁) တောင်ဖက်နည်းနည်းပိုရောက်သွားပြီး
(၂) မူလခန့်မှန်းထားတဲ့ Category II (96-110 mph) အဆင့်ရောက်အောင် အားပြင်းနှိုင်သေးတယ်လို့ ခန့်မှန်းပါတယ်။

လမ်းကြောင်းမပြောင်းဘဲ အနောက်မြောက်ဖက်ကိုသာရွေ့ပြီး (၂၈-၁၁-၂၀၁၃) ရက်နေ့မှာ အိန္ဒိယနိုင်ငံ Utar Pradesh ပြည်နယ်ကိုဘဲ ဖြတ်ပါလိမ့်မယ်။
အများဆုံးလေတိုက်နှုန်းအနေနဲ့ခန့်မှန်းတာကတော့ Expected maximum winds
270600 UTC, 95 knots Gust; Gust: 115 knots (၂၇-၁၁-၂၀၁၃ ရက်နေ့လည်(၁၂)နာရီခွဲမှာ လေတိုက်နှုန်း 115 mph, တစ်ခါတစ်ရန် 140 mph)
အထိ တိုက်နှိုင်ပါသေးတယ်။

မြန်မာပြည်ကိုဝင်ဖို့တော့ အခြေအနေ လုံးဝ မတွေ့ရသေးပါ။

ဒေါက်တာထွန်းလွင်

မှတ်ချက် ။ ။ကျွန်တော် ဒီနေ့ မကြာမီ ပေါင်းတည်ကို ဟောပြောပွဲ သွားရမှာအမို့ ရောက်တဲ့နေရာက ကြိုးစားပြီး မုန်တိုင်းသတင်းကို update လုပ်ပေးပါ့မယ်။ ကျွန်တော်တို့အတွက်တော့ စိုးရိမ်စရာ မတွေ့သေးပါ။ ဒါပေမယ့် ကိုယ့်ဧရိယာထဲက မထွက်မချင်း သတင်းကို အမြဲနားဆင်ပေးဖို့လိုပါတယ်။