မစ္စတာကင်တားနားနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ခုနှစ်ဦး တံခါးပိတ်ဆွေးနွေး


ကိုတိုးကြီး|ဖေဖော်ဝါရီ ၁၈ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဖေ ဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် လက်ပံတောင်းဒေသသို့ ရောက်ရှိပြီး မုံရွာမြို့ ၀င်းယူနတီဟိုတယ် အစည်းအဝေးခန်းမတွင် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူခုနစ်ဦးနှင့် တံခါးပိတ်ဆွေးနွေးသည်။

အဆိုပါခရီးစဉ်အတွင်း လက်ပံတောင်းစီမံကိန်းနယ်မြေအတွင်းရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ သွားရောက် ခဲ့ပြီး ၂၀၁၂ နိုဝင်ဘာ ၂၉ သပိတ်စခန်းဖြိုခွင်းခံရစဉ်က မီးလောင်ဒဏ်ရာများရရှိခဲ့မှုကြောင့် အရေပြား အစားထိုး ဆေးကုသမှုခံယူခဲ့ရသည့် ဆရာတော် ဦးတိက္ခဥာဏ၊ ဆရာတော် ဦးဝိသုဒ္ဓနှင့်အတူ လက်ပံ တောင်းအရေး တက်ကြွလှုပ်ရှားသူ ၀က်မှေးရွာမှ မသွဲ့သွဲ့ဝင်း၊ တုံရွာမှ မစန္ဒာအပါအ၀င် ဒေသခံခုနစ်ဦး နှင့် တံခါးပိတ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။

“လက်ပံတောင်းတောင်စီမံကိန်းရဲ့ သတ္တုသိုက်ဗဟိုချက်မှာရှိတဲ့ တောင်ကြားစေတီနဲ့ လယ်တီသိမ်တော် ကို မရွှေ့ပြောင်းဖို့ မူလအနေအထားအတိုင်း တည်ရှိရေး ကင်တားနားကို ပြောပြတယ်”ဟု ဆရာတော် ဦးတိက္ခဉဏက ကင်တားနားနှင့် တွေ့ဆုံအပြီးတွင် မဇ္ဈိမကို မိန့်ကြားသည်။

မူလအစီအစဉ်အရ ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းပြီးဖြစ်သည့် ၀က်မှေး၊ ဇီးတော၊ ကံတောရွာသစ် နှင့် ဆည်တည်းစီမံကိန်းရွာသစ်များသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် စီစဉ်ထား သော်လည်း အခါမဟုတ် အချိန်ကြာ မိုးရွာသွန်းမှုကြောင့် အစီအစဉ်များ ပျက်ပြယ်သွားသည်။

ကင်တားနားနှင့်တွေ့ဆုံစဉ် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ မသွဲ့သွဲ့ဝင်းက “မီးလောင်ဗုံး ကိစ္စအပါအ၀င် လျော်ကြေးယူထားခြင်းမရှိတဲ့ မြေယာတွေပေါ်မှာ ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတာ၊ နောက်ပြီး သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဒေသခံတောင်သူတွေ လူအခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေကို ဓာတ်ပုံတွေနဲ့တကွ ရှင်းပြလိုက်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ခရီးစဉ်အတွင်း ကင်တားနားသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်း၏ခရီးစဉ်အတွင်း တွေ့ဆုံမှုများနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမှုမရှိ ခဲ့သလို ဒေသခံများနှင့်တွေ့ဆုံမှုများတွင်လည်း မီဒီယာများ ၀င်ခွင့်မပေးဘဲ သီးသန့် တွေ့ဆုံခြင်းဖြစ် သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောက်ရှိလာသည့် ကင်တာနားသည် ရခိုင်ပြည်နယ်သို့ သွား ရောက်ခဲ့ပြီး၊ ရန်ကုန်မြို့တွင်လည်း ၈၈ မျိုးဆက်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ကုလ သမဂ္ဂရုံးတွင်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်ကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုး ရအဖွဲ့တို့ကိုတွေ့ဆုံပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို)ဌာနချုပ်ရှိရာ လိုင်ဇာသို့လည်း သွားရောက်ခဲ့သည်။

ကချင်ခရီးစဉ်မှအပြန်တွင် မန္တလေး၊ တံတားဦးလေဆိပ်မှတစ်ဆင့် လက်ပံတောင်းဒေသသို့ သွားရောက် ခဲ့ပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြီးဆုံးပြီဖြစ်သည်။

Mizzima Burmese

(၇)တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ်ပြုကျင့်ခံရ


ကိုတိုးကြီး| အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

ဂန့်ဂေါ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ
ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင်
မိခင်ဖြစ်သူက ထွက်ဆိုထားသည်။

ထို့ကြောင့် သတ္တမတန်းကျောင်းသူလေးနှစ်ယောက် ညနေ ၆ နာရီက အောင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ပြီး အပင်းချသည့်အခါ လူမြင်ခံ၍ မရသည့်အတွက် ကျောင်း၏
အနောက်တောင်ဘက်အရပ်တွင် ရေကန်နှင့် ပေ ၃၀ ၀န်းကျင်ရှိ ကြက်ဟင်းခါးပင်ချုံအောက်သို့ ကလေးတစ်ဦးကို ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် အခြားကလေးတစ်ဦးကို ရေကန်အနီးမှ
စောင့်ခိုင်းသဖြင့် စောင့်နေရသည်ဟု ဆိုသည်။

ထို့နောက် ကလေးငယ်က အကူအညီတောင်းခံခဲ့ရာမှ အခြားကလေးငယ်တစ်ဦးက သွားရောက်ကြည့်ရှုခဲ့ရာတွင် နှစ်ဦးစလုံးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးမိခင်က ရဲစခန်းတွင် ထွက်ဆိုထားသည်။

Mizzima Burmese

နာဇီခေတ်ပုံစံ သတ်ဖြတ်မှုများကြောင့် မြောက်ကိုရီးယားခေါင်းဆောင် တရားရင်ဆိုင်ရနိုင်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပါအ၀င် မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်တွေဟာ ပြည်သူတွေကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲ ငတ်ပြတ်မှုတွေနဲ့ နာဇီခေတ်ကာလပုံစံ သတ်ဖြတ်မှုတွေမှာ အမိန့်ပေးစေခိုင်းခဲ့တာတွေအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ စုံစမ်းလေ့လာသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကို အပြည်ပြည်ဆိုင်ရာတရားရုံးတင်ဖို့ ကုလသမဂ္ဂကို အကြံပြုနေတဲ့ အကြောင်း ခေါင်းဆောင် ကင်ဂျုံအန်းကို စာရေး အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားက ရာဇ၀တ်မှုတွေအတွက် ကိုယ်ထိလက်ရောက် ကျူးလွန်တာ မဟုတ်ရင်တောင်မှ ဒီရာဇ၀တ်မှုတွေအတွက် သွယ်ဝိုက်တာဝန်ရှိတယ်ဆိုတာကို အသိပေးချင်တယ်လို့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ခေါင်းဆောင် မိုက်ကယ် ကီယာဘီစ် (Michael Kirby)က ဂျီနီဗာမြို့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို မြောက်ကိုရီးယားခေါင်းဆောင်တွေကို လူသိရှင်ကြား စွပ်စွဲအသိပေးတာဟာ အခြေအနေ ပိုဆိုးသွားစေနိုင်ပြီ ကင်ဂျုံအန်းအနေနဲ့လည်း ပိုရန်လိုလာနိုင်တယ်လို့ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက သုံးသပ်သူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ စာမျက်နှာ ၃၇၂ မျက်နှာပါ ကုလသမဂ္ဂရဲ့ စုံစမ်းတွေ့ရှိချက်ကို လုံးဝ ငြင်းဆန်ခဲ့ပြီး အမေရိကန်၊ အီးယူနဲ့ ဂျပန်တို့ရဲ့ လုပ်ဇာတ်တွေကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ညှဉ်းပန်နှိပ်စက်မှု မှတ်တမ်းတွေကို ကင်ဂျုံအန်းအပါအ၀င် နိုင်ငံတော်လုံခြုံရေး၊ အမျိုးသား လုံခြုံရေး ၀န်ကြီးဌာနလို အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ အာဏာရအလုပ်သမားပါတီကို ပြန်ပြီး ပေးပို့ရလို့လည်း ဆိုပါတယ်။

ရာဇ၀တ်မှုတွေကို ကျူးလွန်သူတွေကို နာမည်နဲ့တကွ အတိအကျ ဖော်ပြထားတာ မရှိပေမယ့် သံသယရှိသူ အရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်တွေကို အရေးယူဖို့ ကုလသမဂ္ဂကို တိုက်တွန်းထားပါတယ်။

ဒါတွေ မဖော်ထုတ်ခဲ့လို့ မသိလိုက်ရ မရှိလေအောင် ဖော်ထုတ် မှတ်တမ်းတင်ရတာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

စုံစမ်းတွေ့ရှိချက်ကို မြောက်ကိုရီးယားက ထွက်ပြေးခိုလှုံလာသူတွေ၊ မြောက်ကိုရီးယား ထောင်စောင့်တွေ လူသိထင်ရှား ထုတ်ဖော်ဖွင့်ဆိုချက်တွေ အခြေခံပြီး ၁ နှစ်တာ စုဆောင်း ပြုစုခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

သံဃာတော်များအား ဖိနှိပ်ထားသည့် ပုဒ်မ၂၀/၉၀ ဖယ်ရှားပေးရန် တောင်းဆို


အောင်ကိုဦး|ဖေဖော်ဝါရီ ၁၈ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ အမှတ် (၉) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်က ဆရာတော် သံဃာတော်များ စုပေါင်းလက်မှတ်ထိုး၍ ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသော ပုဒ်မ ၂၀/ ၉၀ ကို ပယ်ဖျက်ပေးရန်နှင့် ခရိုင်သာသနာရေးဦးစီးမှူးအား ဖယ်ရှားပေးရန် သမ္မတအပါအ၀င် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြတောင်းဆိုမည်ဟု မိန့်ကြားသည်။

အဆိုပါဥပဒေသည် သံဃာတော်များအား ဖိနှိပ်ထားသော ဥပဒေဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။ မထူးခြားပါက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

“ဒီဥပဒေက ဦးစောမောင်လက်ထက်က ပြဋ္ဌာန်းထားတာပါ။ သူတို့နေရာမြဲဖို့နဲ့ သူတို့ကို ဖီဆန်တဲ့ သံဃာတွေကို အရေးယူဖို့ လုပ်ထားတဲ့ဥပဒေပါ။ အခု ဒီဥပဒေနဲ့ ပရဟိတလုပ်နေတဲ့ သံဃာတွေနဲ့ ဘ/က ကျောင်းတွေက သံဃာတချို့ကို အရေးယူမှုတွေလုပ်နေတယ်။ အဲဒီလိုလုပ်လို့မရအောင် ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမယ်”ဟု ဆရာတော်ဦးဥတ္တမ (ရွှေကြေးစည်)က မဇ္ဈိမကို မိန့်သည်။

ပုဒ်မ ၂၀/၉၀ သည် ၁၉၉၀ ပြည့်နှစ် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး သံဃာများကို အရေးယူနေသော ဥပဒေဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။

“မဟုတ်တာကိုတော့ မလုပ်နဲ့၊ ဟုတ်တာကိုတော့ လုပ်ရမယ်။ ကြောက်ဖို့မလိုသလို ကြမ်းဖို့လည်း မလိုဘူး။ ဥပဒေဘောင်အတွင်းကနေ လုပ်သွားမယ်။ ခေါင်းကောင်းဖို့ ခန္ဓာကိုယ်ကောင်းရမယ်။ ဒါကြောင့် အားလုံးညီညွှတ်ဖို့ လိုပါတယ်။ ဒီဥပဒေဟာ သာသနာအရေး သံဃာ့အရေးမှာ မရှိသင့်တော့ပါဘူး”ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

လက်ရှိတွင် ခရိုင်သာသနာရေးဦးစီးဌာနက အမှတ် (၉)၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော်ဦးဇဋိလအား ပုဒ်မ ၂၀/၉၀ဖြင့် တရားစွဲဆိုထား၍ ခရိုင်သာသနာရေးမှူးကိုလည်း ဆန္ဒပြသွားမည် ဟု ဆရာတော်များက မိန့်သည်။

Mizzima Burmese

ပညာရေးဝန်ကြီးသစ် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြု


ပညာရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်သည့် ဒေါက်တာ ဒေါ်ခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုနေစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဒုတိယမြောက် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပညာရေးဝန်
ကြီးဌာနအတွက် ခန့်အပ်ခဲ့သည့် ဒေါက်တာခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာ ပြုခဲ့သည်။

ပညာရေးဝန်ကြီး ဖြစ်လာသည့် ဒေါက်တာခင်စန်းရီသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်
ပြီးနောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီး ဖြစ်လာသူဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နှစ်ပေါင်းခြောက်ဆယ်အတွင်း အမျိုးသမီးဝန်ကြီးအဖြစ်
အစိုးရအဖွဲ့တွင် တာဝန်ပေးခံရ ခြင်း ဖြစ်သည်။ ဒေါက်တာ ဒေါ်ခင်စန်းရီသည် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် အသက် ၅၈ နှစ်ရှိ
အိမ်ထောင်မရှိသူ ဖြစ်ပြီး ရှမ်း-ဗမာကပြားဖြစ်ကာ B.Com(A.A), M.Com, D.A.C, Ph.D(Germany) ဘွဲ့များရရှိထားသည်။

၁၉၇၈ မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် ဒေသကောလိပ် (၂)၊ စီးပွားရေးတက္ကသိုလ်တို့တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ခံ ပါမောက္ခချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားသည့် ကိုယ်ရေးရာဇဝင်တွင် ဖော်ပြထားသည်။

Mizzima Burmese

ဂျပန်စစ်ဝါဒ ပြန်လည်ခေါင်းထောင်လာသည်ဟု တရုတ်၏ ပြောကြားချက် ဂျပန်ပယ်ချ


ရိုက်တာ|တိုကျို၊ ဖေဖော်ဝါရီ ၁၇

ဂျပန်နိုင်ငံသည် စစ်ဝါဒဆီသို့သွားနေသည်ဟု တရုတ်၏ဝေဖန်မှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထောက်ဖြစ်သူက ပယ်ချလိုက်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

စစ်အတွင်း သမိုင်းဖြစ်ရပ်များနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေခဲ့သော တရုတ်၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဟုလည်း ဂျပန် ၀န်ကြီးချုပ် လက်ထောက်က ပြောကြားသည်။

စစ်အတွင်း ဂျပန်ကျူးကျော်သိမ်းပိုက်မှု၏ ခါးသီးသောအတွေ့အကြုံ ဖြစ်ရပ်များကို မေ့ပျောက်မရနိုင်သေး သော တရုတ်နိုင်ငံနှင့်ဂျပန်တို့၏ ဆက်ဆံရေးသည် အရှေ့တရုတ်ပင်လယ်တွင်း ကျွန်းများပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် အငြင်းပွားမှုကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ကိုရီးယားနိုင်ငံကို ဂျပန်နိုင်ငံက ၁၉၁၀- ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ကျွန်ပြုထားခဲ့သော သမိုင်းအမွေနှင့် တောင်တရုတ်ပင်လယ်တွင်း ပိုက်နက် အငြင်းပွားမှုကြောင့် ဂျပန်၊ တောင်ကိုးရီးယား ဆက်ဆံရေးမှာလည်း ဆိုးရွားနေခဲ့သည်။

“ဒုတိယကမ္ဘာစစ်ကြီးအပြီး (၆၉) နှစ်ကြာအောင် ဂျပန်နိုင်ငံဟာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ အယူအဆ သဘောထားအပေါ် အခြေခံပြီး ယနေ့ ဂျပန်နိုင်ငံကို ကျွန်တော်တို့ တည်ဆောက်ခဲ့ပါ တယ်” ဟု ၀န်ကြီးချုပ်အာဘေး၏ အယုံကြည်ဆုံးပုဂ်္ဂိုလ်၊ ဂျပန်အစိုးရ၏ ထိပ်တန်းပြောခွင့်ရပုဂ်္ဂိုလ်နှင့် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် “ယိုရှီဟီဒေဆူးဂါး” က ပြောကြားသည်။

“သူတို့ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံ တစ်နိုင်ငံလို့ ပြောတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ကာကွယ်ရေး အသုံးစရိတ် က ၀ ဒသမ ၈ ရာခိုင်နှုန်းပဲရှိတယ်။ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဘတ်ဂျက်က နှစ်စဉ် ၁၀ ရာနှုန်းကျော်နဲ့ နှစ်စဉ်သုံးလာခဲ့တာ နှစ် ၂၀ ရှိခဲ့ပါပြီ၊၊ ဒီလိုနိုင်ငံတစ်ခုက ဂျပန်ကို “စစ်ဝါဒီ” လို့ အခေါ်ခံရ တာတော့ အမှန်တရားနဲ့ လုံးဝလွဲချော်နေပါတယ်” ဟု မစ္စတာဆူဂါးက ပြောသည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က လေကြောင်းကာကွယ်ရေး သတ်မှတ်ချက်ဇုန်အသစ်ကို ကြေညာခဲ့ရာ အငြင်းပွားနေသောကျွန်းများ၏ ဝေဟင်ပိုင်နက်လည်းပါနေသဖြင့် ဆက်ဆံရေးမှာ ပိုမိုတင်းမာလာစဉ်တွင် ဂျပန်ဝန်ကြီးချုပ်အာဘေးသည် ဒီဇင်ဘာလအတွင်းက စစ်အတွင်းကျဆုံးသွားသော ဂျပန်စစ်သူရဲကောင်း များ၏ အငြင်းပွားဖွယ် ဂူဗိမာန်ကို သွားရောက်ဂါရ၀ပြုခဲ့သဖြင့် တင်းမာမှုများ ပိုဆိုးရွားသွားခဲ့သည်။

ထိုဂူဗိမာန်ကို အတိတ်က ဂျပန်၏ စစ်ဝါဒ ပြယုဂ်အဖြစ် ဂျပန်၏အာရှအိမ်နီးချင်းနိုင်ငံများက ယူဆထား ကြသည်။

Mizzima Burmese

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်


ဖယ်ရှားခံသမီးကလေး ကျေးရွာမှ မိသားစုများ ခိုလှုံရာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ယာယီတဲများဖျက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းနေကြစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေး ကျေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စု နေထိုင်သည့် တဲများအား ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်သိမ်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားမရှိသည့် အိမ်ထောင် စု ၅၇ စုအား ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထား ဖျက်သိမ်းပေးရန်နှင့် အကယ်၍ ဖျက်သိမ်းခြင်း မရှိသေးပါက သက်ဆိုင်ရာမှ လာရောက်ဖျက်သိမ်းမည် ဖြစ်ကာ တဲဆောက်သူများအားလည်း တရားစွဲအရေး ယူမည်ဟု ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင် သိန်းမောင်က အောင်သိဒ္ဓိကျောင်း ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက “ဒီနေ့နေ့လယ် ၁၂ နာရီ လောက်က ဦးဇင်းဆီကို ဦးခင်သိန်းမောင်က ဖုန်းဆက်ပါတယ်။ ဒီကျောင်းသားမရှိတဲ့ အိမ်ထောင်စု ၅၇ စုကို ဒီနေ့ညနေ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့နဲ့ တကယ်လို့ ဖျက်သိမ်းမပေးရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်လို့ပြောလို့ ဖျက်သိမ်းပေးလိုက်ပါတယ်။ လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံထဲမှာပဲ ခေါ်ထားပါမယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

ယင်းကဲ့သို့ ထပ်မံသတိပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော်တို့ သတိပေးစာ ထုတ်ပြန်ထားတဲ့ရက်ထက် ကျော်လွန်နေလို့ ဒီနေ့နောက်ဆုံးထားပြီး စောင့်ကြည့်တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက ဆည်မြောင်းပိုင်တဲ့ မြေနေရာပါ။ ဥပဒေအရ ကျူးကျော်တွေကို ဖျက်သိမ်းတရားစွဲလို့ရပေမယ့် သူတို့နစ်နာသွားမှာစိုးလို့ ကျွန်တော်တို့က နှစ်ရက်ထိ စောင့်ပေးတာပါ။ ဒီညနေမှ မဖျက်ပေးရင် ဥပဒေအရပဲ လုပ်မှာပါ”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

သမီးကလေးကျေးရွာမှ နေအိမ်ဖျက်သိမ်းခံ ရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုးကာ နေထိုင်လျက်ရှိပြီး ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် လက်ရှိနေထိုင်နေသည့် ကျူးကျော်တဲများအား အပြီးဖျက်သိမ်းရန် သတိပေးထားသည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖယ်ရှားခံ သမီးကလေး ရွာသားများအား နေထိုင်စရာနှင့် အလုပ်အကိုင်များပေးရန် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားမည်ဟု လာရောက်ပြောဆိုခဲ့ပြီး ရွာသားများက သက်ဆိုင်ရာအစိုးရ၏ မိမိတို့အပေါ် တုံ့ပြန်မှုအား စောင့်ဆိုင်းမည်ဖြစ်ပြီး အကယ်၍ လက်ရှိနေရာမှ အတင်းဖယ်ခိုင်းပါက ၎င်းတို့အနေဖြင့် လိုက်သွားမည်ဖြစ်ကြောင်း ရွာသားအချို့က ပြောကြားကြသည်။

သမီးကလေး ကျေးရွာသားတစ်ဦးက “ဒီမွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို သက်ဆိုင်ရာက ဒီနေရာကနေ အတင်းဖယ်ရှား မောင်းထုတ် လာခဲ့ရင်တော့ ရွေးချယ်စရာ မရှိပါဘူး။ လိုက်သွားရုံပဲ ရှိမှာပါ။ ကျွန်တော်တို့မှာလည်း ဘဝဆိုတာ ရှိပါသေးတယ်”ဟု ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဘုန်းကြီးကျောင်းတွင် ဖယ်ရှားခံသမီးကလေးရွာမှ အိမ်ထောင် စု ၁၃၈ စု နေထိုင်လျက်ရှိကာ လူဦးရေ ၅၃ဝ ကျော်ရှိကြောင်း သိရသည်။

ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုတစ်စုတွင် ပါဝင်သည့် ဦးရွှေမောင်က “ဒီနေ့နေ့လယ်က သက်ဆိုင်ရာက ဖျက်ခိုင်းလို့ ကျွန်တော် ဖျက်ပေးလိုက်ပါတယ်။ တကယ်လို့ ကိုယ်တိုင် မဖျက်ဘူးဆိုရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်ဆိုလို့ ဖျက်ပေးလိုက်ရတာပါ။ လောလောဆယ် အခုဓမ္မာရုံထဲမှာပဲ နေရတယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဆိုသည်။

တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ၎င်းရွာ အမှန်တကယ် တည်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေး ကျေးရွာအနီး ရှိနေသော လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ဟု သိရသည်။ ၎င်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂ဝဝဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေ လှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် အတိအလင်း ရေးထိုးဖော်ပြထားသည်။

ထိုကဲ့သို့သော အချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ် ဆယ်စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာ တည်ရှိခဲ့သော ရွာတစ်ရွာအား ယခုလို အင်အားသုံးဖယ်ရှားမှု ပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာ ဖြစ်နေခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့် တပ်မတော်အကြား အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

အဆိုပါ သမီးကလေးကျေးရွာ ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမီးကလေးကျေးရွာ အပါအဝင် ကျန်တဲ့တိုင်းဒေသ ကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကျူးကျော် ပြဿနာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကပဲ ကိုင်တွယ်ဖြေရှင်း နေတာပါ။ သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ခြင်းတော့ မရှိပါဘူး”ဟု ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။

Eleven Media Group

ဖွဲ့စည်းပုံဥပဒေတွင် လူငယ်ကဏ္ဍ ပိုမိုထည့်သွင်းရေးဆွဲရန် တောင်းဆို


စည်သူမောင်မောင်|ဖေဖော်ဝါရီ ၁၈ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး လူငယ်အခန်းဏ္ဍများ ပိုမိုထည့်သွင်းရေးဆွဲပေးရန် ဧရာဝ တီတိုင်းအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် ပြည်သူ့ရေးရာတာဝန်ခံ ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဧရာဝတီတိုင်းအတွင်း လူငယ်များ က ထုတ်ဖော် တောင်းဆိုလိုက်သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းလမ်းမကျမှုနှင့် အားနည်းချက်များရှိနေခြင်း၊ ပြည် သူလူထုအားလုံးသည် လူအခွင့်အရေး၊ နိုင်ငံရေး အသိပညာဗဟုသုတနည်းပါးခြင်း၊ လူငယ်သည် နိုင်ငံ ရေးတွင် လွတ်လပ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပါဝင်လှုပ်ရှားခွင့်မရှိခြင်း၊ လူအခွင့်အရေးချိုးဖောက်ခံရ မှုများ များပြားနေခြင်း၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် အုပ်ချုပ်ရေးဌာနများနှင့် လွှတ်တော် များတွင် လူငယ်များနှင့် အမျိုးသမီးများ ပါဝင်မှုအားနည်းနေခြင်း”များ ရှိကြောင်းကို လူငယ်ဖိုရမ်တွင် မအိအိခိုင်က ဖတ်ကြားသည်။

ပညာရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော ပြဿနာများ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေ သော ပြဿနာများ၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖြစ်ပေါ်နေသည့် ပြဿနာများ၊ လူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာများ၊ လူငယ်နှင့် နိုင်ငံရေးပြဿနာများ စသည်များကို စာတမ်းဖတ်ကြား ဆွေး နွေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်များတွေ့ဆုံပွဲအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းတွေ့ရှိချက်များကို အလုပ်ရုံဆွေးနွေးပွဲတွင်ဝင်ရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်မြောက် ပြည်သူ့ရေးရာ တာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကဏ္ဍစုံနှင့်သက် ဆိုင်သည့် မေးခွန်းပေါင်း(၅၈)ခုကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့သည်။

Mizzima Burmese

အရံမီးသတ်တစ်ဦးကို ဆဲဆိုမှုဖြင့် NLD ပါတီရပ်/ကျေးဥက္ကဋ္ဌက အမှုဖွင့်


ဇော်ဇော်ထွေး| အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ဖွံ့ဖြိုးရေးရန်ပုံငွေ စီးမံကိန်းများနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ဆောင်နေစဉ် ဆဲဆိုခဲ့သဖြင့် NLD ရပ်ကျေးဥက္ကဋ္ဌတစ်ဦးက အရံမီးသတ်တစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက် အမှုဖွင့်တိုင်တန်းလိုက်သည်။

အဆိုဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ဝေပုလ္လဝိဇယဓမ္မာရုံတွင် NDF ပါတီမှ တိုင်းလွှတ်တော်အမတ် ဒေါက်တာသန်းဝင်း၊ တိုင်းလွှတ်တော်အမတ် ဦးသက်ထွန်းမောင်တို့
ပါဝင်ကာ ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးကြစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် NLD ပါတီမှ ရပ်ကျေးဥက္ကဋ္ဌဖြစ်သူ ဒေါ်ဝါဝါဝင်း အမှတ် (၁၂၇)၊ ဝေပုလ္လ(၃)လမ်း၊ ကျူးကျော်(ဃ)ရပ်ကွက်နေသူက ကျူးကျော်နေအိမ်များ လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးနေချိန်တွင် စက္ကဝတ်
(၃)လမ်းနေ အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက မကျေနပ်သဖြင့် ဆဲဆိုခဲ့သည်ဟု အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့ကြောင့် NLD နှင့် သူမအပေါ် ညစ်ညမ်းစွာ ဆဲဆိုခဲ့သည့် ဦးဝင်းမောင်ကို အရေးယူပေးရန် ဒေါ်ဝါဝါဝင်းက တရားလိုပြုလုပ် တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၁၃၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုမှန်ကန်ပါက ပုဒ်မ ၂၉၄ ဖြင့် တရားစွဲတင်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima Burmese

တပ်မတော်သည်ပြည်သူ့လွှတ်တော်ကို မလွှမ်းမိုးရ ပြည်သူ့လွှတ်တော်ကသာတပ်မတော်ကို လွှမ်းမိုးရမည်


ဖေဖော်ဝါရီလ (၁၂) ရက်နေ့  က ဒို့ရိုးရာစားသောက်ဆိုင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၇ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား၊ ရှမ်းအိုးစည်နှင့် ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင် ပွဲဆုပေးပွဲအခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးအဘဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုနေ့ကြေညာစာတမ်း  အား ဗဟိုအလုပ်အမှုဆောင်အဖွဲ့  ၀င်ဦးထွန်းထွန်းဟိန်မှ ဖတ်ကြား  ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးတင်ဦးက
“အတွေ့အကြုံရှိသလောက် မှတ်မိသလောက်ပြောရရင် လွတ်လပ်ရေးရပြီးနောက်လက်ဝဲ အင်အားစုညီညွတ်ရေးဆိုပြီး ဆွေးနွေးအဖြေရှာခဲ့ကြတယ်။ ပင်ကိုစိတ်တွေက အချင်းချင်းသံသယစိတ်တွေနဲ့ပဲ ပြုလုပ်ခဲ့ကျတော့ ညီညွတ်ရေး ပျက်ပြားပြီး လက်နက်ကိုင်စွဲ ပဋိပက္ခတွေနဲ့ တိုင်းရင်းသားပြည်  သူတွေ ဆင်းရဲဒုက္ခအပေါင်းနဲ့ ဆုံးရှုံးနစ်နာခံစားရတယ်။ ကြိမ် ဖန်များစွာရင်ကြားစေ့ရေးဆွေးနွေး  နေပါလျက်၊ ပြီးခဲ့တဲ့ မ.ဆ.လ ခေတ်အာဏာသိမ်းစစ်အုပ်ချုပ် အာဏာရှင်စနစ်အောက်တွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တွေပြုလုပ်ခဲ့ပါလျက်၊ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့  မဖြေရှင်းပြန်တော့မအောင်မြင်တာ  တွေပဲ ကြုံခဲ့ရတယ်။ ယခုတော့  ကိုယ့်သွေးသားချင်း၊ တိုင်းရင်း သားပြည်သူအားလုံးအကျိုး၊နိုင်ငံ တော်အကျိုးကို မျက်နှာမူထောက် ထာနိုင်ကြဖို့ သတိသံဝေဂတွေနဲ့  အတွေ့အကြုံအဆိုးသံသရာကို မြင်လာပြီဖြစ်သဖြင့် အပစ်အခတ်   ရပ်စဲရေးအောင်မြင်စွာကျင်းပဖို့  နီးကပ်တဲ့ သတင်းကောင်းတွေ  ကြားရသဖြင့် စိတ်သက်သာရာ  ရနေကြရပါတယ်”” ဟုသဘာပတိ မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ယနေ့ အလွန်အရေးကြီးနေသည့်ကိစ္စ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပင်ဖြစ်ကြောင်း၊ ပြည်သူအားလုံးတို့၏ထောက်ခံမှု ကြောင့် အဖွဲ့ချုပ်ကိုယ်စားလှယ် များရွေးချယ်ခံရ၍လွှတ်တော်ထဲ တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုအောင်မြင်စွာဆောင် ရွက်ရန်ကတိပေးထားသည့်အတိုင်း ပြည်သူလူထုအများစုဆန္ဒဖြင့်ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များကိုခြုံလိုက်လျှင်  ဗိုလ်ချုပ်အောင်ဆန်း၏လမ်းစဉ်ဖြစ် သည်။““စစ်တပ်သည်ပြည်သူ့ လွှတ်တော်ကိုဘယ်တော့မှမ လွှမ်းမိုးရ၊ ပြည်သူ့လွှတ်တော်က သာစစ်တပ်ကိုလွှမ်းမိုးရမည်”” ဆိုသည့်သဘောထားကိုဖျက်ဆီး၍၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမည့်အစဉ်အလာကောင်းများ ကိုဖျက်ဆီးကာ၊ တပ်မတော်သာ အမိ၊တပ်မတော်သာအဖဆိုသည့် သဘောထားကိုအခိုင်အမာဆုပ်ကိုင် ထားကြောင်း၊ ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင် နိုင်သည်ဆိုသည့်အချက်များ ထည့်ထားသော်လည်းပြင်၍မရ အောင်တင်းကြပ်ထားခြင်းဖြစ် ကြောင်းပြောကြားသည်။



အာကာဗိုလ်
Hot News Journal

တိုင်းရင်းသားမျိုးနွယ်စု အတိအကျသတ်မှတ်ပြီးမှ သန်းခေါင်စာရင်းကောက်ရန် တောင်းဆို


ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)

တိုင်းရင်းသားမျိုးနွယ်စုအရေအတွက် တိကျမှန်ကန်စွာ သက်မှတ်ပြီးမှ သန်းခေါင်စာရင်း ကောက်ယူဖို့ တိုင်းရင်းသားအဖွဲ့တွေက အစိုးရကို တောင်းဆိုလိုက်ကြပါတယ်။

ဗဟိုသန်းခေါင်စာရင်းကော်မတီက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ သာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရန်ကုန်မြို့ရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေ မနေ့က ဆွေးနွေးညှိနှိုင်းပြီး ပါတီတွေ၊ ကွန်ရက်တွေနဲ့ အန်ဂျီအိုတွေပါဝင်တဲ့ အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ကြေညာချက် ထုတ်လိုက်တာပါ။

တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ဘဲ ဆက်လက် ကောက်ခံ သွားမယ်ဆိုရင် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုကို တားဆီးသွားမယ်လို့ ကချင်ကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်မဲ့သန်းခေါင်စာရင်းမှာ တိုင်းရင်းသား ၁၃၅ မျိုးခွဲထားပြီး တိုင်းရင်းသားတခုချင်းမှာ ပါတဲ့ လူမျိုးစုတွေ ကွဲလွဲမှု ရှိနေတယ်လို့ ချင်းအမျိုးသား ကော်မတီညှိနှိုင်းရေးမှူး ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်မယ့် သန်းခေါင်စာရင်းဟာ တိုင်းရင်းသားအများစုကို ထိခိုက်နေတဲ့အတွက် နိုင်ငံတကာအလှူရှင်တွေကိုလည်း ထောက်ပြကန့်ကွက်သွားမယ်လို့ ကရင်အမျိုးသမီးများဖွံ့ဖြိုးရေးအဖွဲ့ဝင် ဒေါ်ဆူစန်နာလှလှစိုးက ပြောပါတယ်။

မေးခွန်း ၄၁ ခုပါတဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃၀ ရက်နေ့ကစတင်ပြီး ဧပြီ ၁၀ ရက်နေ့အထိ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အဲဒီ လူဦးရေစာရင်းကောက်ခံမှုဟာ နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှုကိစ္စရပ်တွေမှာ မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းဆောင်ရွက်ရာမှာ အခြေခံအချက်အလက်တွေ ရရှိမယ်လို့ ဗဟိုသန်းခေါင်စာရင်းကော်မတီက ထုတ်ပြန်ထားပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese

ရှမ်းပြည်နယ်တွင် ဘိန်းအစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ရန်ပုံငွေလို


မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ထဲမှာ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဖို့ ရန်ပုံငွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး နဲ့ ဘိန်းတောင်သူတွေ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဗဟိုမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့တပ်ဖွဲ့အနေနဲ့ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းကို ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တချို့မှာ ဆောင်ရွက်ခဲ့ပြီးပေမယ့် အခြားဒေသတွေမှာ ဆက်လက်ဆောင်ရွက်ဖို့ ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေတာပါ။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဦစီးပြီး စုံညီဆွေးနွေးပွဲတရပ် ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံ ဗဟိုမူးယစ်ရဲတပ်ဖွဲ့ဝင် ရဲမှူးကျော်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကျနော်တို့ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်ပြီး အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ စုံညီအစည်းအဝေးလုပ်လိုက်တာပါ။ ဆက်လုပ်ဖို့ကတော့ ယူအန်အိုဒီစီက မြန်မာနိုင်ငံလုံးဆိုင်ရာ ၄ နှစ်စီမံကိန်း လုပ်နေတာပေါ့။ လုပ်စရာတွေကတော့ အများကြီးပါ။ အလှူတွေရရင်တော့ လုပ်နိုင်တာပေါ့။ ဒါက အလှူရှင်ရရှိရေးအတွက် အစည်းအဝေးလုပ်တာ။”

ပြီးခဲ့တဲ့နှစ်က ဗဟိုမူးယစ်ရဲတပ်ဖွဲ့နဲ့ ယူအန်အိုဒီစီ (ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး) အဖွဲ့တို့ ပူးပေါင်းပြီး ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့တာမှာ ရှမ်းပြည်နယ် ဟိုပုန်း၊ လွိုင်လင် ၊ ပင်လုံ စတဲ့မြို့နယ် ၃ ခုမှာပဲ ဆောင်ရွက်နိုင်သေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ဧရိယာ အများဆုံးဖြစ်တဲ့အတွက် ဒီစီမံကိန်းကို ရှမ်းပြည်နယ်ထဲမှာ လုပ်ဆောင်နေတာလို့ ရဲမှူးကျော်ဆန်းက ပြောပါတယ်။

အဲဒီစီမံကိန်းအတွက် ယူအန်အိုဒီစီက အမေရိကန်ဒေါ်လာ ၇ သန်းကျခံ သုံးစွဲပေးပေမယ့် ဘိန်းစိုက်ဒေသ အားလုံးကို ကာမိအောင် ထောက်ပံ့နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတကာက ပံ့ပိုးပေးဖို့ လိုအပ်ပြီး နောက်ထပ် မိုးနဲ၊ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေး၊ မိုင်းတုံ စတဲ့မြို့နယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဒုဝန်ကြီးရဲ့ ဆွေးနွေးပွဲက ပြောကြားချက်ကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧရိယာ ဟက်တာပေါင်း ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇၀ ထိ တိုးလာတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးဌာနမှူး ရဲမှူးကြီးတင်အောင်ကလည်း ရှမ်းပြည်နယ်တစ်ခုထဲမှာတင် ဘိန်းအစားထိုးလုပ်ရမယ့်နေရာ ၂၀ လောက်ရှိပြီး ဘတ်ဂျက်က သုံးလေးနေရာစာလောက်ပဲ ရှိကြောင်း၊ စီမံကိန်းက ရေရှည်မတည်တံ့ရင် ဘိန်းကို ပြန်စိုက်ကြမယ့်အကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ဘိန်းအစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ဖို့ အပစ်ခတ်ရပ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့၊ အစိုးရ နဲ့ ယူအန်အိုဒီစီတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ကျိုင်းတုံမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းဆိုင်ဟန်က ဒီဗွီဘီကို ပြောပါတယ်။

အထူးသဖြင့် မိုးနဲ နဲ့ မိုင်းပန် မြို့နယ်ထဲမှာ စံပြဘိန်းအစားထိုးစီမံကိန်းလုပ်ဖို့ ပြောထားခဲ့ကြပေမယ့်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အချက်ပေါင်း ၉ ချက် သဘောတူညီခဲ့ပြီး အဲဒီထဲက ဒေသထဲကွင်းဆင်းလေ့လာခြင်းနဲ့ ဆက်သွယ်ရေးတာဝန်ခံ ထားရှိခြင်းဆိုတဲ့ ၂ ချက်ပဲ ဆောင်ရွက်ခဲ့ပြီး ကျန်တဲ့ ၇ ချက်အကောင်အထည်ဖော်ခြင်းမရှိကြောင်း၊ အဓိကအားဖြင့် အစိုးရဘက်က ဆက်သွယ်လာတာ မရှိသေးဘူးလို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်က ဘိန်းစိုက်ဟက်တာပေါင်း ၅၁,၀၀၀ အထွက် မတ်ထရစ်တန် ၆၉၀ တန် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘိန်းစိုက်ဟက်တာပေါင်း ၅၇,၈၀၀၊ အထွက်၊ မတ်ထရစ်တန် ၈၇၀ ရှိခဲ့တယ်လို့ ယူအန်အိုဒီစီက ထုတ်ပြန်ထားပါတယ်။

DVB Burmese

ဖုန်းလိုင်းတွေကောင်းဖို့ တာဝါတိုင်တွေဆောက်ဖို့ မြေပြဿနာ အစိုးရ ကိုင်တွယ်ဖြေရှင်းရမည်


ဆက်သွယ်ရေးတာဝါတိုင်တွေ စိုက်မယ့် မြေနေရာနဲ့ မြေပိုင်ဆိုင်မှု အရှုပ်အထွေးတွေဖြစ်တာကြောင့် အစိုးရက အဓိကကိုင်တွယ်ဖြေရှင်းရမယ်လို့ Ericsson Myanmar ကုမ္ပဏီဥက္ကဌက ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ ကျင်းပတဲ့ Myanmar Telecom Infrastructure Summit မှာ ပြောဆိုခဲ့ပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီ၂ခု လိုင်စင်ရပြီမို့ တာဝါတိုင်တွေစိုက်ဖို့ မြေငှားရမ်းရမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် သူတွေ စိတ်အေးလက်အေးရှိဖို့ ဥပဒေနဲ့အညီ လုပ်ကိုင်ပေးရေး အရေးအကြီး စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ၂ရက်ကြာ ကျင်းပနေတဲ့ ဒုတိယမြောက် Telecom ထိပ်သီးဆွေးနွေးပွဲကို အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဖြန့်ကျက်ဖို့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏိတွေ။ ပညာရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

လုပ်ငန်းလိုင်စင် ရရှိသွားတဲ့ တယ်လီနော်နဲ့ Ooredoo တို့ လုပ်ငန်းတွေစတင်ချိန်မှာ စီးပွားရေးအခွင့် အလမ်းတွေ အများကြီးပေါ်ပေါက်တာကြောင့် ပြင်ဆင်ထားကြဖို့လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က တိုက်တွန်းခဲ့ပါတယ်။

Ooredoo Myanmar အမှုဆောင်အရာရှိချုပ်က ဆက်သွယ်ရေး လိုင်စင်ရပြီးတာကြောင့် တာဝါတိုင်တွေ ထူထောင်ဖို့ဟာ စိန်ခေါ်မှုဖြစ်နေပြီး ပြည်နယ်နဲ့တိုင်း ဒေသဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းဆောင် ရွက်ကြမယ်လို့ သူမျှော်လင့်တဲ့အကြောင်း ဆိုပါတယ်။

Kamayut Media

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာပြီး အရောင်းအ၀ယ်သွက်နေ

ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအ၀ယ်ပြုလုပ်နေစဉ်

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းကျော်အထိ ပြန်လည် မြင့်တက်လာပြီး ဈေးကွက်အတွင်း၌ အရောင်းအဝယ် သွက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကဲ့သို့ ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက် လာခြင်းမှာ နိုင်ငံတကာရွှေဈေး မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်၌ ယခင်က ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၂ဝဝ ကျော်သာ ပေါက်ဈေးရှိခဲ့သည့် ရွှေဈေးမှာ ယခု ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်းမှစ၍ ပြန်လည်မြင့်တက် လာနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၃၂၇ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်တွင်း၌ တစ်ကျပ်သားလျှင် ကျပ် ၆၆ဝဝဝဝ ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ်နေသည့် အခေါက်ရွှေဈေးမှာ ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်ကျပ်သား ကျပ် ၆၈၉ဝဝဝ ကျော်သို့ ပြန်မြင့်ခဲ့ခြင်း ဖြစ်သည်။

ရွှေဈေးနှုန်းပြန်လည် မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း၌မူ အရောင်းအဝယ်သွက်နေပြီး မြို့တွင်း၌သာမက နယ်ဘက်မှလည်း အဝယ်လိုက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“ရွှေဈေးက အခုနောက်ပိုင်းမှာ အတက်အကျ သိပ်မငြိမ်တော့ ဝယ်ချင်တဲ့သူက ဈေးကျရင်လည်း ဝယ်မှာဖြစ်သလို ဈေးတက်ရင်လည်း ဝယ်ကြမှာပါပဲ။ အခုရွှေဈေးနည်းနည်း ပြန်တက်လာတယ်။ ဈေးကွက်ထဲမှာတော့ ရောင်းလိုအားက တော်တော်များပါတယ်။ အဝယ်ပိုင်းမှာလည်း ဈေးကွက်ပြန်လှုပ်လာတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြည်တွင်းဈေးကွက် အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၈၉ဝဝဝ ကျော်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၅ဝဝဝဝ ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။

Eleven Media Group

ဟင်္သတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ချစ်သူများနေ့ ပန်းစည်းချရာမှ အဆောင်ရှင်ကို ရိုက်နှက်


18-2-2014

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း (မူလွန်) ကျောင်းမှ ဆရာမတစ်ဦး ဖွင့်လှစ်ထားသည့် အမျိုးသမီး ကျောင်းသူ ဘော်ဒါဆောင်ပိုင်ရှင် အလယ်တန်းပြဆရာမမှာ ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခံနေရကြောင်း အရိုက်ခံရသူ ကျောင်းဆရာမ၏ ခင်ပွန်း ဦးနိုင်ရဲဝင်းက ပြောကြားသည်။

အမျိုးသမီးကျောင်းသူ ဘော်ဒါဆောင်တံခါး အနီး၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁ နာရီကျော်က ချစ်သူများနေ့ ရောက်ချိန်တွင် အဆောင်ရှေ့၌ ပန်းစည်းများ လာရောက်ချထားစဉ် အဆောင်ပိုင်ရှင်နှင့် စကားများကာ ကျောင်းသားများက အဆောင်အိမ် အုတ်တံတိုင်းကို ကျော်တက်ပြီး အဆောင်ပိုင်ရှင် အမျိုးသားကို လက်သီးဖြင့် ထိုးကြောင်း၊ အပြန်အလှန် လုံးထွေးနေသဖြင့် အဆောင်ပိုင်ရှင် ကျောင်းဆရာမက ဝင်ရောက်ဖျန်ဖြေစဉ်၊ ကျောင်းသားနှစ်ဦးက အသင့်ပါလာသည့် တုတ်နှင့် အရက်ပုလင်း တို့ဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ရာ အလယ်တန်းပြ ဆရာမ ဒေါ်ကလျာပပစိန်၏ ဦးခေါင်း နောက်ဘက်တွင် ဒဏ်ရာများ ရှိခဲ့သဖြင့် ခြောက်ချက် ချုပ်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထိ ဆေးရုံ၌ ကုသခံနေရကာ ဆေးရုံဆင်းခွင့် မရသေးကြောင်း ၄င်းကဆိုသည်။

ယင်းဖြစ်ရပ်အတွက် ဥပဒေကြောင်းအရ မြို့နယ်ရဲတပ်ဖွဲ့ရုံး၌ တိုင်ချက် ဖွင့်ထားသော်လည်း ကျောင်းသားများဖြစ်၍ ပညာရေးကို ထိခိုက်မည် စိုးရိမ်သောကြောင့် အရေးယူရန်သင့် မသင့် စဉ်းစားလျက် ရှိကြောင်း အရိုက်ခံရသူ ဒေါ်ကလျာပပစိန်က ပြောကြားသည်။

ယင်းကဲ့သို့ ပြစ်မှုမျိုး ထပ်မံမကျူးလွန်ရေး အတွက် မိဘများက တာဝန်ယူ ဆုံးမပေးမည် ဆိုပါက ကျေအေးပေးမည် ဖြစ်ကြောင်းနှင့် ကျောင်းသားမိဘများ ကလည်း တောင်းပန်နေသည့် အတွက် ဆေးရုံဆင်းခွင့် မရသေးသော်လည်း ကျေးအေးပေးရန် စဉ်းစားလျက် ရှိသည်ဟု ၄င်းကဆိုသည်။

ယင်းကျောင်းသားများမှာ ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် နည်းပညာတက္ကသိုလ် ကျောင်းသားများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ကာယကံရှင်များ ကလည်း အမှုဖွင့်ရန် စဉ်းစားနေဆဲ ဖြစ်သည့်အတွက် စောင့်ဆိုင်းပေးထားကြောင်း အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်ဇော်လင်းထွန်းက ပြောကြားသည်။

ရဲနှင့် စစ်တပ် ပါဝင်ပတ်သက်နေသည့် အမှုနှစ်ခု တရားခံဖော်ထုတ်ပေးရေး အစိုးရအဖွဲ့ထံ ကင်တားနား တောင်းဆိုမည်


ရေခဲ(ပြည်)|ဖေဖော်ဝါရီ ၁၈ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်မြို့ န၀ဒေးတံတားအောက်လူသတ်မှုနှင့် ပန်းတောင်းအချုပ်ခန်းအတွင်း အချုပ်သားသေဆုံးမှုတို့နှင့် ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေး၊ နစ်နာသူများကို ပြန်လည်ကုစားခွင့်ရရှိရေး အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက အစိုးရအဖွဲ့ထံ တိုက်တွန်း တောင်းဆိုမည်ဟု ကင်တားနားနှင့် သွားရောက် တွေ့ဆုံခဲ့သူများက ပြော သည်။

န၀ဒေးတံတားအောက် လူသတ်မှုတွင် သေဆုံးခဲ့သူ ဇော်မင်းဦး၏ အစ်မနှင့် အစ်ကိုအပါအ၀င် ပန်း တောင်းမြို့နယ် အချုပ်ခန်းအတွင်း သေဆုံးခဲ့ရသူ ဆလိုင်းသန်းထွန်း၏ဇနီး မမြင့်ဌေးတို့နှင့် လူ့အခွင့်အ ရေး တက်ကြွလှုပ်ရှားသူ ကိုမင်းမင်းတို့အဖွဲ့သည် မစ္စတာကင်တားနားနှင့် ရန်ကုန်မြို့ ကုလသမဂ္ဂရုံး တွင် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ဆုံအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိသားစုတွေတင်ပြတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ နေပြည်တော်မှာ အစိုးရအဖွဲ့နဲ့တွေ့ဆုံ ပြီး အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေး၊ ကုစားခွင့် ပြန်လည်ရရှိရေးတို့အတွက် အကြံပြု တိုက်တွန်းတောင်းဆိုတာမျိုးတွေ ပြုလုပ်သွားမယ်လို့ ကင်တားနားက ပြောပါတယ်”ဟု ကိုမင်းမင်းက ဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ လာမည့်မတ်လတွင် ထုတ်ပြန်မည့် လူ့အခွင့် အရေး အစီအရင်ခံစာတွင်လည်း အဆိုပါအကြောင်းအရာကိစ္စများကို ထည့်သွင်းဖော်ပြသွားမည်ဟု မစ္စ- တာကင်တားနားက ပြောဆိုထားကြောင်း ကိုမင်းမင်းက ပြောသည်။

ကိုဇော်မင်းဦး၏ အစ်မဖြစ်သူ မသီတာဦးကလည်း “ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို မေးတယ်။ အစိုးရကို အကြံပြုမယ်၊ တိုက်တွန်းမယ်၊ တောင်းဆိုမယ်လို့ မစ္စတာကင်တားနားတို့ကတော့ ပြောတယ်။ မောင်လေးဆုံးတာ တစ်နှစ်တောင် ပြည့်တော့မယ်။ အမှုမှန်ကို အမြန်ဆုံး ပေါ်ပေါက်စေချင် ပြီ”ဟု ပြောသည်။

၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ည ၉ နာရီခွဲအချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစားစုံတွဲနှစ်ဦးကို အကြမ်းဖက်သမားသုံးဦးက အကြမ်းဖက်လုယက် လူသတ်မှု တစ်ခု ကျူးလွန်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများလက်ချက်ဖြင့် ကိုဇော်မင်းဦးသေဆုံး ခဲ့ရပြီး ၎င်း၏ချစ်သူ မ----သည်လည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည်။ မ----က သေချင်ဟန်ဆောင် နေစဉ် သူမ၏လက်စွပ်ကို အကြမ်းဖက်သမားများက ချွတ်ယူသွားခဲ့သည်။

အကြမ်းဖက်လုယက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးအချိန်တွင် တံတားအလွန် သောင်ပြင်နှင့်တစ်ဆက် တည်း ကမ်းပါးယံကိုင်းတောထဲတွင် ပုန်းခိုနေသူသုံးဦးကို ရပ်ကွက်နေပြည်သူလူထုမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ ရာ နှစ်ဦးကို လက်ရဖမ်းဆီးမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးရမိသူများ သည် ခလရ(၇၅)တပ်မှ တပ်မတော်သားများဖြစ်သဖြင့် စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်းအချုပ်၌ထား ရှိကာ ယခုအချိန်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ရှိနေသည်။

ထို့အတူ ပန်းတောင်းမြို့နယ် ဒန့်တလွန်အုပ်စု၊ ကြာအင်းရွာနေ ဆလိုင်းသန်းထွန်းကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၃၂၆ အရ ဖမ်းဆီးခဲ့ပြီး လေးရက်အကြာ မေ ၂၃ ရက်တွင် အချုပ်ခန်းအတွင်း ခန္ဓာကိုယ်အနှံ့ ဒဏ် ရာဒဏ်ချက်များစွာဖြင့် သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးခဲ့ခြင်းသည် ရဲကရိုက်က်၍ သေဆုံးခြင်းဟု ထင် မြင်ယူဆသဖြင့် သေသူ၏ဇနီး ဒေါ်မြင့်အေးက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်း များ ပြုလုပ်ထားပြီးဖြစ်သည်။

တရားရင်ဆိုင်ရာတွင် ပန်းတောင်းတရားရုံးနှင့် ပြည်ခရိုင်တရားရုံးက ထိုအမှုကို ပလပ်လိုက်သော်လည်း ပဲခူးတိုင်းတရားလွှတ်တော်က ပန်းတောင်းတရားရုံး၏ ဓမ္မတာအတိုင်း သေဆုံးရခြင်းဖြစ်သည်ဆိုသည့် အမိန့်ကို ပယ်ဖျက်ခဲ့သည်။ ထိုအမှုနှင့်ပတ်သက်၍ အာရှလူ့အခွင့်ရေးကော်မရှင် (AHRC)က အရေးပေါ် ပန်ကြားချက်ကို ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအချုပ်သားသေဆုံးမှုတွင် ပန်းတောင်းစခန်းမှူးကို ဆေးရုံပို့ နောက်ကျသဖြင့် ရဲစည်းကမ်းဥပဒေအရ ရာထူးတစ်ဆင့်ချ ပြစ်ဒဏ်ပေးထားသော်လည်း တရားခံကိုမူ ယခုအချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပေ။

Mizzima Burmese

တပ်မတော်ကသိမ်းယူထားသော မြေများအား ဒုတိယအကြိမ် ပြန်ပေးရာတွင် ကာယကံရှင်များထံ မရောက်ရှိပါက ပြည်ခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမားသပိတ် ပြုလုပ်မည်ဟုဆို


တပ်မတော်ကသိမ်းယူထားသော မြေများအား ဒုတိယအကြိမ် စိစစ်ပေးအပ်လျက်ရှိဆိုသော ဖေဖော်ဝါရီ ၆ ရက်ထုတ် ကြေးမုံသတင်းစာပါသတင်းနှင့် စပ်လျဉ်း၍ အသိမ်းဆည်းခံရသူများထံ အမှန်တကယ် ပေးအပ်ခြင်းမရှိပါက ပြည်ခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမားသပိတ် ပြုလုပ်မည်ဟု သိရသည်။

ယခုတစ်ကြိမ် စုစုပေါင်းမြေ ၁၅၄၈၉၂ ဒသမ ၁၀၂ ဧကအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှတစ်ဆင့် စနစ်တကျစိစစ်၍ မူလသက်ဆိုင်သူများထံ ထပ်မံစွန့်လွှတ်ပေးမည်ဟု ဖေဖော်ဝါရီ ၆ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိထားသည်။

အထက်ပါ ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သတ်၍ ပန်းတောင်မြို့နယ်၊ ဥရှစ်ပင်မြို့မှ လယ်ယာမြေ အသိမ်းဆည်းခံထားရသူ ကိုထွန်းထွန်းက "ပထမအကြိမ်တုန်းကလည်း မြို့နယ်၊ ခရိုင်၊ တိုင်းကို တိုက်ရိုက်မေးတယ် ညွှန်ကြားမထွက်သေးဘူးပြောတယ်။ လွှတ်တော်က တာဝန်ကျေပြီး အစိုးရအဖွဲ့အစည်းတွေက သက်ဆိုင်ရာဌာနတွေက မပေးသေးဘူး။ စစ်တပ်ကပေးတယ်ဆိုရင်လည်း သူတို့ဝန်ကြီးက ပေးဆိုမှပေးနိုင်မယ်။ ၀န်ကြီးက မပေးနဲ့ဆို မပေးနိုင်ဘူးလို့ပြောတဲ့ ဌာနကလူလည်းရှိတယ်" ဟုဆိုသည်။

မူလလယ်ယာမြေပိုင်ရှင်များအနေဖြင့် သိမ်းဆည်းခံရမှု ပုံသဏ္ဍာန်များအလိုက် သက်ဆိုင်ရာဌာနအသီးသီးတွင် လုပ်ကိုင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်၍ တောင်သူလယ်သမားအများစုမှာ ဥပဒေကြောင်းအရ အကျုံးဝင်သော စာရွက်စာတမ်းအထောက်ထားများ ပြသရန်အားနည်းနေပြီး လုပ်ထုံးလုပ်နည်းများကိုလည်း နားလည်မှုမရှိသေးသောကြောင့် ရပ်ကျေးလယ်/စီ အဖွဲ့များ၏ စီမံခန့်ခွဲဆုံးဖြတ်ချက်များကို အားကိုးရမည့် အခြေနေတွင် နစ်နာသူများ ပြန်လည်ရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုလင်းက သုံးသပ်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွက် ဒုတိယအကြိမ် ပြန်လည်ပေးအပ်မည့် မြေစုစုပေါင်း ၁၅၃၁၆ ဒသမ ၃၀၀ ဧကဟု ဖော်ပြထားပြီး ပြည်ထဲရေးအမိန့်ဖြင့် သိမ်းဆည်းမြေ၊ လန (၃၉) ရယူသိမ်းဆည်းမြေ၊ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရယူသိမ်းဆည်းမြေ၊ တပ်အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်ရယူသိမ်းဆည်းမြေ၊ ယခင်ကာလ သိမ်းဆည်းရေးဆောင်ရွက်ဆဲမြေဟု ခွဲခြားပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်လျှောက်ထားရန် ပြင်ဆင်နေသည့်တောင်သူတစ်ဦးက "ပြန်ပေးတယ်လို့သာပြောတာ ရှုပ်ထွေးနေဆဲပဲ၊ ကျွန်တော်တို့လယ်မြေတွေက ဘယ်အမျိုးအစားမှာပါလဲ၊ ပါကောပါလားမသိဘူး။ တိတိကျကျ အာမခံပြီး ဖြေရှင်းချထားပေးတာမရှိရင် အခြားမြို့နယ်က တောင်သူလယ်သမားတွေနဲ့ ချိတ်ဆက်ပြီး တောင်သူလယ်သမားသပိတ်လုပ်မယ်လို့ ရည်ရွယ်ထားတယ်"ဟုဆိုသည်။

ပြည်ခရိုင် ၆ မြို့နယ်အနက် ပန်းတောင်းမြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ပြည်မြို့နယ်တို့မှာ လယ်ယာမြေသိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး ပန်းတောင်းမြို့နယ်အတွင်း သိမ်းဆည်းခံမြေ ၁၉၈၀၀ ဧက ခန့်ရှိကြောင်း တောင်သူလယ်သမားရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့ အစည်းများထံမှ သိရသည်။

Eleven Media Group

ရွှေတိဂုံတွင် နိုင်ငံခြားသားများကို ကျပ်ငွေ ပြောင်းကောက်မည်


မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ နိုင်ငံခြားသားတွေကို ဧည့်ဝင်ကြေး ၁ ယောက် ၈ ဒေါ်လာ ကောက်ခံနေရာကနေ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး ကျပ်ငွေ ၈ ထောင်အဖြစ် ပြောင်းလဲကောက်ခံမယ်လို့ ဂေါပကရုံးက ထုတ်ပြန်ကြေညာပါတယ်။

ရွှေတိဂုံစေတီတော်မှာ ခုလို ဒေါ်လာကနေ ကျပ်ငွေ ပြောင်းလဲကောက်ခံတာဟာ နိုင်ငံခြားသားတွေ က ပေးတဲ့ ဒေါ်လာငွေစက္ကူ အကြွေတွေကို ဟောင်းနွမ်းတယ် ဆိုပြီး လက်မခံချင်တာက အစပြုတာ ဖြစ်နိုင်တယ်လို့ ဧည့်လမ်းညွှန် ဒေါ်မိမိနိုင်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ဒေါ်လာ ၁၀၀ တန်၊ ၅၀ တန်နဲ့ အခြား ဒေါ်လာငွေစက္ကူ တန်ဖိုးကွာခြားတာ၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်ကိုယ်တိုင် ဒေါ်လာ အကြွေတွေ၊ ဟောင်းနွမ်းနေတာတွေကို လက်မခံလိုတာတွေကြောင့်လည်း ပါတယ်လို့ ဂေါပက ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံထဲ နိုင်ငံခြားသားတွေ သွားရောက်လည်ပတ်လေ့ ရှိတဲ့ ပုဂံယဉ်ကျေးမှုဇုန်မှာ ဧည့်ဝင်ကြေး ၁၅ ဒေါ်လာ၊ မန္တလေး နန်းတော်ဝင်း ၁၀ ဒေါ်လာ၊ အင်းဝ ဘုန်းတော်ကြီးကျောင်း ၁၀ ဒေါ်လာ၊ ကျိုက်ထီးရိုး ၆ ဒေါ်လာနဲ့ ဆူးလေစေတီတော် ၃ ဒေါ်လာ ကောက်ခံနေပါတယ်။

DVB Burmese

အစိုးရအား အယုံကြည် မရှိကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ရဲစခန်းသို့ သွားရောက် အဖမ်းခံ



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံကြည် မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ သည် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆန္ဒပြပွဲပြီးနောက် ကိုယ်တိုင်သွားရောက် အဖမ်းခံ ခဲ့သည်။

သွားရောက် အဖမ်းခံခဲ့သူမှာ M.D.C.Fအဖွဲ့မှ ခေါင်းဆောင်ကိုထင်ကျော် ဖြစ်သည်။ ၎င်းသည် ယခုလ ၁၄ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံကြည်မရှိကြောင့် တရားဝင်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စာတင်ခဲ့ပြီး ရဲစခန်းမှ ခွင့်ပြုသော်လည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခွင့်မပြုခဲ့ကြောင်း ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသော်လည်း ဆန္ဒထုတ်ဖော်ရန် တစ်နာရီအလိုတွင် ခွင့်မပြုကြောင်း အကြောင်းကြား လာသောကြောင့် ဆန္ဒထုတ်ဖော်ပြီး ကျောက်တံတား ရဲစခန်းတွင် ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

" ပုဒ်မ ၁၈ကို အယုံကြည်မရှိဘူး။ အယုံကြည်မရှိလို့လည်း ခွင့်မပြုလည်း ပြမှာပဲ။ ပြီးမှ ကိုယ်တိုင်သွား အဖမ်းခံလိုက်မယ်။ ပြည်သူ့အတွက်ဆို ကြိုးစင်တက်ရဲတယ်"ဟု သွားရောက်အဖမ်းခံသူ ကိုထင်ကျော်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၈) ရက် နံနက်ပိုင်းက M.D.C.F အဖွဲ့အပါအ၀င် သမီးကလေးကျေးရွာသူကျေးရွာသူကျေးရွာသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစသည့် အင်အား ၅၀ခန့်သည် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ကာ လူကဲ့သို့ကျင်ကြံနေထိုင်နိုင်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြုတ်ချရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြုတ်ချရေး လူ့အခွင့်အရေးအပြည့်အ၀ရရှိရေးစသည့် ကြွေးကြော်သံများကြွေးကြော်က လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

သတင်း/ဓါတ်ပုံ - ဖိုးလပြည့်

Popular Myanmar News Journal

၁၂ နှစ်နှင့် ၁၆ နှစ် အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်းဖြစ်ပွား



အသက် ၁၂ နှစ်နှင့် ၁၆ နှစ်ရှိ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက်တည်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပထမတစ်မှုမှာ ဒလမြို့နယ်တွင် ၁၂ နှစ်အရွယ် ကလေးငယ်အား ပထွေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ဓမ္မတာမဟုတ်သော နည်းလမ်းများဖြင့်ပါ အဓမ္မပြု ကျင့်ခံထားရသည်ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုတိုင်တန်းထားသည်။

ဖြစ်စဉ်တွင် မိခင်ဖြစ်သူ ကလေးမီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ သွား ရောက်နေစဉ် မွန်းလွဲ ၂ နာရီတွင် နေအိမ်တွင် အိပ်နေသည့် ၁၂ အမျိုးသမီးငယ်ကို ပထွေးဖြစ်သူ အောင်လင်းထွန်း(ခ)အိစွပ် (၃၃)နှစ်က ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့်ပါ သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။

ထို့ပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းကဲ့သို့ပင် ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့် သားမယားပြုကျင့်ခဲ့သည့်အပြင် မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုတိုင်တန်းထားသည်။

ထို့ကြောင့် အောင်လင်းထွန်းကို အရေးယူပေးရန် အဒေါ်ဖြစ်သူက ဖေဖော်ဝါရီ ၁၆ တွင်အမှုဖွင့် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို ဒလမြို့နယ်ရဲစခန်း က (ပ) ၇၀/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဒုတိယဖြစ်စဉ်တစ်ခုမှာ လှည်းကူးမြို့နယ်၊ ဖောင်ကြီး မော့လော့ရေကန်အနီးရှိ ကျောက်ဂူတောအတွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ကျောက်ဂူတောအတွင်း တဲထိုးပြီး မိသားစုနှင့်အတူနေထိုင်နေသည့် အသက် (၁၆)နှစ်အရွယ် မိန်းကလေးမှာ မိသားစုဝင်များ တောထဲသို့ ၀ါးခုတ်သွားစဉ် တဲအရှေ့ဘက် ကိုက် ၁၀၀ခန့်အကွာရှိ ချုံထဲသို့ အပေါ့ သွားနေခဲ့သည်ဟု ဆိုထားသည်။

ထိုအချိန်တွင် အစ်မ၀မ်းကွဲ၏ ခင်ပွန်းတော်စပ်သူ ကျော်လွင်ဦး(ခ)ချက်ဖောင်း (၂၆)နှစ် ရောက်ရှိလာပြီး ပါးစပ်ပိတ်တွန်းလှဲပြီး ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည် ဟု တိုင်တန်းထားသည်။

ထို့ကြောင့် ကျော်လွင်ဦး(ခ)ချက်ဖောင်းအား အရေးယူပေးရန် ဖေဖော်ဝါရီ ၁၆ တွင် အမှုဖွင့်တိုင်တန်း လိုက်သဖြင့် တိုက်ကြီးရဲစခန်းက (ပ)၅၈/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို ပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် စုံစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတဖြစ်ခွင့် ပြဋ္ဌာန်းချက် ပြင်ဆင်ရန် ဦးရွှေမန်း ညွှန်ကြား


သူရဦးရွှေမန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
စစ်အစိုးရ ရေးဆွဲ အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းရေး အပါအ၀င် ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီ သော အချက်များကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ် တော်နာယက သူရ ဦးရွှေမန်း က ဖေဖော်ဝါရီလ ၁၈ ရက်နေ့စွဲ ဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခြေခံမူများ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဥက္ကဋ္ဌ ထံသို့ လိပ်မူ ပေးပို့ခြင်းဖြစ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

သူရဦးရွှေမန်း၏ ညွှန်ကြားချက်တွင် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ခြင်း အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များကို ဦးစွာ လေ့လာ သုံးသပ်အကြံပြုပြီး လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားလာစေရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် ဆွေးနွေး ဖော်ထုတ် ခြင်း၊ တပ်မတော်၏ လက်ရှိ ပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်းရောက်ရှိစေနိုင်သည့် နည်းလမ်း များကို လေ့လာသုံးသပ်ခြင်း၊ ဗဟိုဦးစီးစနစ် များလွန်းနေသည့် ကိစ္စရပ်များကို လျော့ချရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းတို့ကို စဉ်းစား ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး အဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ်  ခန့်အပ်တာဝန်ပေးရာတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှု ညီညွတ်စေရေး၊ ပြည်ထောင်စုဒီမိုကရေစီစနစ် ထွန်းကားရေး၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ၆ လ အလို တွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် ဦးရွှေမန်း၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ဦးရွှေမန်း၏ ညွှန်ကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် အများစုကြိုဆိုလိုက်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ရဲရင့်သော လုပ်ဆောင်ချက်ဟု ဆိုကြသည်။

“ဦးရွှေမန်း ပြောတာတွေက  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ရမယ့် အလုပ်တွေကို မူချပေး တာပေါ့။ အောင်မြင်မယ်လို့ ထင်ပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်´´ ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးကမူ ဦးရွှေမန်း ချမှတ်ထားသော လမ်းညွှန်ချက်များသည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးနှင့် နိုင်ငံ့ ကောင်းကျိုးအတွက် တပ်မတော်အပါအ၀င် အားလုံး စုပေါင်း ဆောင်ရွက်သင့်သည်ဟု တိုက်တွန်း ပြောဆိုသည်။

ဧရာဝတီ

၃၇ တန်ရှိသော ကျောက်စိမ်းတုံး တွေ့ပြီးနောက် ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်မှု ကန့်သတ်


ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်း တစ်ခုတွင် ကျောက်တူးဖော်သော လုပ်သားအချို့ လုပ်ငန်းခွင်ဝင်နေသည်ကို ၂၀၁၃ ဇူလိုင်လက တွေ့ရစဉ် ဓာတ်ပုံ - စိုးဇေယျာထွန်း/ ရိုက်တာ

Browse › Home › မြန်မာ့သတင်း » ၃၇ တန်ရှိသော ကျောက်စိမ်းတုံး တွေ့ပြီးနောက် ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်မှု ကန့်သတ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က ၃၇ တန်ရှိသည့် ကျောက်စိမ်းတုံးကြီး တွေ့ရှိပြီးနောက် ဝေခါမှော် အပါအ၀င် ဖားကန့်ဒေသရှိ ကျောက်မျက်မှော်အချို့တွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများအား ကျောက်တူးခြင်းမပြုရန် ဒေသအာဏာပိုင်များနှင့် တပ်မတော်မှ တားဆီးကန့်သတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဝေခါမှော်နှင့် အနီးဝန်းကျင်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သည့် မှော်များတွင် ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ လုံခြုံရေးအပြည့်ချထားပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်သူများ၊ ရေမဆေးကျောက် ရှာဖွေသူများအား ကျောက်မျက်တူးဖော်ရှာဖွေခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

အခြားမှော်များဖြစ်သည့် ဆိုင်းတောင်၊ ဆိပ်မူ၊ မမုံ၊ မှော်ဆီဇာ စသည့် ကျောက်မျက်လုပ်ကွက်များတွင်လည်း တစ်နိုင်တစ်ပိုင် ကျောက်တူးသူများနှင့် ရေမဆေးကျောက်ရှာသူများအား တားဆီးကန့်သတ်မှုများရှိပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခြင်း၊ ဖမ်းဆီးပြီး မိုးကောင်းမြို့သို့ ပြန်ပို့ခြင်းများ ပြုလုပ်နေကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်မျက်တူးဖော်နေသူများက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများနှင့် လွတ်ကင်းသည့်နေရာမှ ၃၇ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးကို တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေတူးဖော်သူများက တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိပြီးနောက် ကျောက်စိမ်းတုံးကို ဒေသခံရဲတပ်ဖွဲ့နှင့် ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““ကျောက်စိမ်းတုံးကြီးတွေ့ပြီးတဲ့နောက်ပိုင်း ဝေခါဘက်ကို တစ်နိုင်တစ်ပိုင်သမားတွေ အ၀င်မခံတော့ဘး။ မမုံတို့၊ ဆိပ်မူတို့ဘက်မှာလည်း တစ်နိုင်တစ်ပိုင်သမားတွေကို ဒေသခံရဲနဲ့ တပ်မတော်သားတွေ ပေါင်းထားတဲ့အဖွဲ့က ဖမ်းဆီးငွေညှစ်တာတွေလုပ်နေတယ်”” ဟု ဖားကန့်မြို့နယ် ဆိပ်မူတွင်နေထိုင်သည့် ရွှေဘိုဒေသမှ လာရောက်ကာ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများမှာ ကျီးလန့်စာစားဖြစ်နေရပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခံရခြင်း၊ ဖမ်းဆီးပြီး ကားပေါ်တင်ကာ မိုးကောင်းမြို့ သို့ အပို့ခံရခြင်းများ ကြုံတွေ့နေရသည်ဟု ဖားကန့်ဒေသတွင် နေထိုင်သူများက ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များနှင့် ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရန် သတ္တုတွင်းဝန်ကြီးဌာနက တားမြစ်ထားသည်။ လက်ရှိအချိန်တွင်ပင် ဖားကန့်ဒေသ၌ မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်နေထိုင်ပြီး ကျောက်ရှာဖွေသူ တစ်သိန်းခန့်ရှိသည်ဟု ဖားကန့်မြို့ခံများက ပြောသည်။

သို့သော် လက်ရှိအချိန်တွင် အဆိုပါ အခြေခံလူတန်းစား တစ်နိုင်တစ်ပိုင်များကို ဒေသခံရဲတပ် ဖွဲ့နှင့် တပ်မတော်သားများက ပူးပေါင်းဖမ်းဆီးသဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းချီပေးကာ ပြန်လည်ရွေးယူရခြင်း၊  မိုးကောင်းဘူတာရုံသို့ ပြန်လည်ပို့ဆောင်ခံရခြင်း စသည်များကြောင့် တစ်နိုင်တစ်ပိုင်သမားများ အလွန်ဒုက္ခတွေ့နေသည်ဟု ဖားကန့်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

Author: မောင်တာ
7day Daily

အလုပ်ရမည်ဟု စည်းရုံးပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူ နှစ်ဦးကို အမှုဖွင့်ထား



Written by ဇော်ဇော်ထွေး

ရန်ကုန်၊ မဇ္ဈိမ ။ ။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၇ နှစ်ရွယ် အမျိုးသမီးတစ်ဦးကို စက်ရုံအလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ပြီး တိုက်ခန်းတစ်ခုတွင် ပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ နှစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှုဖွင့်
ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈)ရပ်ကွက်၊ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သည့် အသက် ၄ဝ နှစ်ရှိ မိန်းကလေး၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

အမှုမှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အသက် (၁၇)နှစ်ရှိ သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်သွားပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် နံနက် ၁ဝ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက် ရှိလာသည်ဟု ဆိုထားသည်။

ဖေဖော်ဝါရီ ၁၃ ရက်က သူမကို တစ်ရပ်ကွက်တည်းနေ မသဲသဲ (၂ဝ)နှစ်က အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်၊ လစာကောင်း မည်၊ အတူတူအလုပ်လုပ်ရန် စည်းရုံးပြောဆိုသဖြင့် ဗိုလ်တစ်ထောင်ဘုရားသို့ လိုက်သွား ခဲ့သည်ကို သမီးဖြစ်သူက ပြန်လည်
ပြောပြထားသည်ဟု မိခင်ဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် မသဲသဲမှ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ရာ ယာဉ်မောင်း ဦးဝင်းနိုင် (၄ဝ)နှစ် ဆိုသူမှာ ခဲရောင် မော်တော်ယာဉ် တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး အထပ် (၈)ထပ်ရှိ တိုက်(၅)လွှာသို့ သွားရောက်ခဲ့ကာ ထိုအခန်းတွင် အခန်းတံခါး
သော့ပိတ်ခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါအခန်းသို့ရောက်ရှိရာ လွန်ခဲ့သည့် ရက် (၂ဝ)ခန့်က နေအိမ်မှပျောက်သွားသူ ညီမဝမ်းကွဲတော်စပ်သူကို တွေ့ခဲ့ပြီး
ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရကြောင်းနှင့် ဦးဝင်းနိုင်က ၎င်းယာဉ်ဖြင့် တည်းခိုခန်း၊ ဟိုတယ်များသို့ လိုက်လံပို့ဆောင်ပေးနေ သည်ကို မိန်းကလေးက သိရှိရသည်ဟုလည်း ဆိုထားသည်။

ထို့နောက် အဆိုပါ မိန်းကလေးကို ပြည်တန်ဆာအဖြစ် အဓမ္မစေခိုင်းသော်လည်း ငြင်းဆန်ကာ အခန်း၏ အရေးပေါ်လှေကား ထွက်ပေါက်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း တရားလိုက ရဲထံတွင် ပြန်လည်ပြောပြထားသည်။

ထို့ကြောင့်လည်း သမီးဖြစ်သူကို ဖျားယောင်းသွေးဆောင်ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်းနှင့် အခန်းတွင်း ပိတ်လှောင်ခြင်းတို့ ပြုလုပ်ခဲ့သည့် မသဲသဲ နှင့် ဦးဝင်းနိုင် ဆိုသူတို့ကို အရေးယူပေးရန် ကာယကံရှင်၏ မိခင်က အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ)၅၆/၂ဝ၁၄ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံထားရသူများကို ပြစ်မှုပုဒ်မ ၃၇၂/၃၄၁/၁၁၄ တို့ဖြင့် ငြိစွန်းမှုရှိမရှိ ဖမ်းဆီးစစ်ဆေးသွားမည်ဟု ဆိုထားသည်။

မဇ္ဈိမ —

မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ ပြောကြားသည်။

“ထိုင်းနဲ့ မလေးရှားကြားမှာ အပြန်အလှန် ပြောင်းရွှေ့ နေထိုင်သူတွေ ရှိတယ်။ အလုပ် လုပ်နေတဲ့ သူတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ငွေလွှဲ ဝန်ဆောင်မှု ပေးနိုင်ဖို့ အစီအစဉ် ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကနေ သွားပြီး အလုပ် လုပ်တဲ့သူတွေ ရှိတဲ့ အတွက်ကြောင့် တိုက်ရိုက် ငွေကြေး လွှဲပြောင်းနိုင်ဖို့ အတွက်လည်း စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် တယ်လီနော ကွန်ရက်ရှိသော နိုင်ငံများအကြား တိုက်ရိုက် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမျိုး မရှိသေးသော်လည်း လာမည့် ကာလများတွင် ပြုလုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

“ဘယ်တော့လောက် စဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နည်းပညာအရ အခက်အခဲ ဖြစ်နေလို့ မဟုတ်ဘူး။ အခု လောလောဆယ် ဒီနိုင်ငံတွေ ကြားထဲမှာ ငွေလွှဲတယ် ဆိုတာက ရှိနေပြီးသား။ အဲဒါတွေထက် ပိုကောင်းအောင် လုပ်ဖို့ ပြင်ဆင်နေတာပါ။ ပိုပြီး လုပ်နိုင်ပြီ ဆိုရင်တော့ စပါမယ်။ ဒီဟာတွေကို မကျော်နိုင်ပဲနဲ့ ဒီနေ့ စဖို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာရွှေ့ပြောင်း လုပ်သား အများစုရှိရာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဟွန်ဒီ စနစ်ဖြင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများ ရှိသော်လည်း မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်မည် ဆိုပါက ရွှေ့ပြောင်း လုပ်သားများအတွက် အလွန် အကျိုးရှိနိုင်ကြောင်း ကွာလာလမ်ပူရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ကိုမောင်မောင်ဦးက ဆိုသည်။

“အချိန်ကုန် သက်သာသွားမယ်။ အခု ဟွန်ဒီကနေ လွှဲရင် ဒီနေ့လွှဲရင် မနက်ဖြန်မှ ထုတ်လို့ ရတယ်။ မိုဘိုင်းလ် ဖုန်းနဲ့ လွှဲလို့ ရရင် ချက်ချင်း ထုတ်လို့ ရနိုင်တယ်။ အဲဒါ ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

တယ်လီနော မြန်မာက မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်သူများ အတွက် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီး မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် လစာ ပေးချေခြင်း လုပ်ငန်း၊ လူမှု ဖူလုံရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

The Voice Weekly

ဇာတ်လမ်းတွဲ၊ ဖန်တီး မှုအနုပညာ၊ ရိုးရာယဉ်ကျေးမှု အခြေခံရိုက်ကူးမှုနှင့် ပထမဆုံး မြန်မာဇာတ်လမ်းတွဲ အချစ်ကြီးသူများအကြောင်း



နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကျော်သူပါဝင်သရုပ်ဆောင်ခဲ့သည့် " အချစ်ကြီးသူများ" ဇာတ်လမ်းတွဲမှာ နှစ်၂ဝ ကျော် ပြသခွင့်ပိတ်ခံခဲ့ရာက မကြာမီ င်္Family Entertainment က ပြန်လည်ထုတ်လွှင့်လာ ဖွယ်ရှိကြောင်းသိရ၍ ဦးကျော်သူထံ သွားရောက်တွေ့ ဆုံကာ မေးမြန်းဖြစ်ခဲ့ပါသည်။

ဇာတ်လမ်းတွဲ သဘောတရား၏ အရေးပါပုံနှင့် အဓိကကျသော အချက်၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဇာတ်လမ်းတွဲဟုဆိုရမည့် "အချစ်ကြီးသူများ" ဇာတ်လမ်းတွဲ ရိုက် ကူးခဲ့မှုအမှတ်တရများနှင့် ပတ်သက်ပြီး

ဦးကျော်သူက..

" အချစ်ကြီးသူများဇာတ်လမ်းတွဲက အခန်းစဉ် ၅ဝဝ လောက်ရှိမယ်။ ကြာပြီဆိုတော့ မမှတ်မိတော့ဘူး။ တစ်လကျော်လောက် ပြင်ဦးလွင်မှာ သွားရိုက်ရတယ်။

ဇာတ်လမ်းလည်းတအားကောင်းတယ်။ ထုတ်လုပ်သူက တစ်ဦးသတ်သတ်။ သူက ရိုက်ပြီးတော့ မြဝတီကိုပေးတယ်။ အဲဒီလောက်ပဲသိတယ်။ ဆင်ဆာက
ခွင့်မပြုဘူးဆိုတာက အမျိုးသမီးရေးရာက အမျိုးသမီးတွေကိုထိခိုက်တဲ့ အပိုင်းပါတယ်ဆိုပြီး အပိတ်ခံရတယ်။ အခု ပြန်ပြီးထုတ်လွှင့်ခွင့်ရမယ် ဆိုတော့ဝမ်းသာစရာပေါ့။

မှတ်မှတ်ရရကတော့ ဆင်းန်နံပါတ်အဆက်တွေ ပြန်ရိုက်တဲ့အခါ အဆက်က အဝတ်အစား ပြန်ရှာရတာ ခေါင်းတော်တော်စားရတယ်။ အဲဒီဆင်းန်ပေါင်းများစွာကို အဝတ်အစားပိုင်းမှာ အဆက်ရှိရင် သေသေချာချာ ခေါက်ထားရတယ်။ ဖဲရိုက်တဲ့အခန်းလည်းပါတော့ ကျွန်တော်က ဖဲမရိုက်တတ်တော့ တော်တော် လေး အခက်ခဲဆုံးဖြစ်တယ်" ဟု ပြောပြပါသည်။

အဆိုပါ ဇာတ်လမ်းတွဲရိုက်ကူးခဲ့ချိန်၌ ဒါရိုက်တာများ ဖြစ်ကြသည့် ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ဆီက ယုံကြည်မှုအပြည့်အဝရရှိခဲ့သလို ကိုယ်တိုင် ပထမဆုံးဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်ခဲ့ရမှု အတွေ့အကြုံများကိုလည်း ဦးကျော်သူက " ဒီဇာတ်လမ်း တွဲကို မြန်မာပြည်မှာ ကျွန်တော်တို့က ပထမဆုံး စရိုက်တာဖြစ်လိမ့်မယ်။

အဲဒီတုန်းက တရုတ်ကားတွေ လောက် ပဲရှိသေးတယ်။ ကိုရီးယားဆိုတာ ဘယ်မှာလဲ တောင်မသိကြသေးဘူး။ ဇာတ်လမ်းတွဲရိုက်တာက အတွေ့အကြုံသစ်ရချင်လို့ လက်ခံခဲ့တယ်။

ဒါရိုက်တာကလည်း ခင်မောင်ဦး၊စိုးသိမ်းထွဋ်ဆိုတော့ တကယ့်ပညာရှင်ကြီးလည်း ဖြစ်တဲ့အတွက် အပြည့်အဝယုံကြည်တယ်။ ဒီဇာတ်လမ်းတွဲလက်ခံ ရိုက်ကူးတဲ့အခါမှာ တခြားဇာတ်ကားတွေ ကို ငြင်းလိုက်ရတာတွေ ရှိတယ်။ ဇာတ်လမ်းတွဲက သိပ်အန္တရာယ်ကြီးတယ်။ ပရိသတ်ကို တစ်ပိုင်းချင်းဆွဲပြီး ကိုယ့် ဘက်ပါလာအောင် ဆွဲခေါ်ရ တယ်။
တစ်လျှောက်လုံး တန်ပိုမြင့်ပြီး ဇာတ်သိမ်းပိုင်းလည်းကျရော တန်ပိုကျသွားရင် ပရိသတ်ကျေနပ်မှုမရှိရင် အောင်မြင်မှာမဟုတ်ဘူး။

ပရိသတ် တွေဆဲတာခံရလိမ့်မယ်။ ဇာတ် လမ်းတွဲမှာ တန်ပိုအတက်အကျက အရေးကြီးတယ်ဆိုတာ သိလာတယ်။ တစ်ပိုင်းပြီးတစ်ပိုင်း ဆွဲဆောင်လို့ရအောင် စဉ်းစားရတယ်။ဘာဖြစ်သွားတာလဲ၊ ဘာ ဖြစ်မလဲဆိုတဲ့ ပရိသတ်ရင်ထဲ ကမေးခွန်းနဲ့ ကြည့်ချင်တဲ့စိတ်ကို ချိန်ဆတတ်ဖို့အရေးကြီးတယ်" ဟု ရှင်းလင်းပြောပြခဲ့ပါသည်။ ကိုရီးယားရုပ်ရှင်ပွဲတော်သို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့်
ဦးကျော်သူက..

" ကိုရီးယားကို လွန်ခဲ့တဲ့ နှစ် ၂ဝနီးပါးလောက်က ရုပ်ရှင်ပွဲတော်ကို တစ်ခေါက်ရောက်ဖူးတယ်။ ရုပ်ရှင်ပွဲတော်ရောက်တော့ အဲဒီတုန်းက တောင် ကိုရီးယားနိုင်ငံက ပြန်ထူထောင်တဲ့အချိန်ဖြစ်တယ်။ သူတို့နိုင်ငံထောင်တဲ့အခါမှာ အနုပညာအင်အားနဲ့ ကမ္ဘာကသိအောင် လုပ်ခဲ့တယ်။ အစိုးရရော၊ စီးပွားရေးရော၊ လုပ်ငန်းရှင်ရော၊

အနုပညာရှင်ရော လုပ်ခဲ့တယ်။ သူတို့ ပြည်တွင်းဖြစ်ပစ္စည်းကို အနုပညာကနေတစ်ဆင့် ဖြန့်တယ်။ မျိုးချစ်စိတ်လည်း ရှိတယ်။ ဒါကြောင့် နိုင်ငံတကာကို လည်း ထိုးဖောက်နိုင်တယ်။ သို့ သော် နိုင်ငံတကာကိုထိုးဖောက်လို့ရအောင် အဖော်အချွတ်တွေ၊ သောက်စား တာတွေ၊အိမ်ထောင် ရေးဖောက်ပြန် တာကတော့ သူ တို့ယဉ်ကျေးမှုကို ထိခိုက်စေ တယ်။ဒါကိုတော့အတုယူ သတိ ထားရမယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းမှ ကမ္ဘာက မြန်မာ ဆိုတာ စိတ်ဝင်စားလာမယ်၊ သိလာမယ်။

နိုင်ငံခြားသားတွေ မြန်မာလာပြီး မြန်မာလူမျိုးတွေ ငါတို့နဲ့ မခြားနားပါဘူးဆိုရင် တော့ မဖြစ်ဘူး။ ကိုယ့်ယဉ် ကျေးမှု ဓလေ့ထုံးစံကို ထိန်း သိမ်းပြီး ထိုးဖောက်ဖို့အရေး ကြီးတယ်။ မြန်မာ ဇာတ်လမ်းတွဲ အာရှနိုင်ငံအထိ ထိုးဖောက်ဖို့ ဆိုရင် အစိုးရပံ့ပိုးမှုက အရေး ကြီးတယ်။ ရိုက်ကူးမှုမှာ တက္က သိုလ် ဇာတ်ဝင်ခန်း၊ လေဆိပ်၊ သင်္ဘောဆိပ်စတဲ့ နေရာတွေမှာ ရိုက်ခွင့်ပြုဖို့ ကိုယ်တို့ဘက် ကလည်း စည်းကမ်းတကျရှိဖို့ လိုအပ်တယ်" ဟု မြန်မာဇာတ်လမ်းတွဲများအာရှမှသည် ကမ္ဘာသို့ ထိုးဖောက်အောင်မြင်ရန် အကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့၏ ရုပ်သံဇာတ်လမ်းတွဲများတွင် မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းထားကြတာ မြင်တွေ့ရပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးသည့်အခါ မိမိနိုင်ငံနှင့်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထည့်သွင်း ရိုက်ကူးသင့်ကြောင်း ကိုလည်း " ဗီဒီယိုဇာတ်ကားဆိုတာ ဇာတ်ကားတစ်ကား ကြည့်ဖို့ အတွက် ငှားကြည့်ရတယ်။ ဇာတ်လမ်းတွဲကြည့်မယ်ဆိုရင်စောင့် ကြည့်ရတာပဲ။

ဥပမာ ကိုရီးယား ကားတွေဆိုရင်တစ်ပိုင်း၊ နှစ်ပိုင်းလောက် စောင့်ကြည့်ပြီး အခွေ ထွက်လာရင်ဝယ်ကြည့်ကြတယ်။မြန်မာဇာတ်လမ်းတွဲတွေ အခုရိုက်လာကြတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့လိုအပ်တယ်။ မြန်မာ့ယဉ်ကျေးမှုကို မထိန်းသိမ်းဘဲ ဖြစ်ကတတ်ဆန်း ဒေသန္တရတွေ ရိုက်ကူးမယ်ဆိုရင် တော့ကြာရှည်ခံမှာမဟုတ်ဘူး" ဟု
ဦးကျော်သူက သုံးသပ်ပြောကြားခဲ့ပါသည်။

ထူးထူး
Popular Journal

မြန်မာဟာ အာရှဒေသ ဆွဲဆောင်မှုအရှိဆုံးနိုင်ငံ ဖြစ်လာနိုင်


 နိုင်ငံခြားသားခရီးသည် အ၀င်များနေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ မကြာမီ အာရှဒေသတွင်း ဆွဲဆောင်မှုအရှိဆုံးနေရာတခု ဖြစ်လာနိုင်တယ်လို့ စင်ကာပူအခြေစိုက် Sphere Conferences ရဲ့ ဥက္ကဋ္ဌ မစ္စတာ ချူဝီဖေါင်း  (Mr. Chua WeePhong)က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ပထမအကြိမ် မြန်မာ့ဟိုတယ်၊ စားသောက်ကုန်လုပ်ငန်းနဲ့ ခရီးသွားလာရေး လုပ်ငန်း ကုန်စည်ပြပွဲနဲ့ ဖွင့်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

အဲဒီပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က လည်း ၂၀၁၃ မှာ ခရီးသည် ၂ သန်း ၀င်ရောက်ခဲ့ပြီး ၂၀၁၂ နဲ့ နှိုင်းရင် ရာခိုင်နှုန်း ၉၀ ကျော် တိုးတက်လာ တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုလပိုင်းအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်မှုဆိုင်ရာ အစည်းအဝေးတွေနဲ့ ကွန်ဖရင့်တွေ ဆက်ပြီး ကျင်းပဖို့ ရှိနေပါသေးတယ်။

DVB Burmese

ဘန်ကောက် အဓိကရုဏ်း ရဲအရာရှိ ၁ ဦးသေဆုံး


ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဒီနေ့ မနက်က အဓိကရုဏ်းနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ရဲအရာရှိ ၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ရဲတွေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

0,,17324662_303,00ရဲအရာရှိဟာ ခေါင်းကို သေနတ် ထိပြီး ဆေးရုံကို တင်ပို့စဉ်မှာ သေဆုံးခဲ့ပါတယ်။ တခြား ရဲအရာရှိ ၄ ဦးကတော့ ဗုံးစထိမှန်တဲ့အတွက် ဒဏ်ရာရတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

မြို့တော်တွင်း အစိုးရရုံးတွေနားက ဆန္ဒပြသူတွေရဲ့ စခန်းတွေကို ရှင်းဖို့ အာဏာပိုင်တွေက စိတ်ပိုင်းဖြတ် အားထုတ်မှုတွေကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုဝင်ဘာလတည်းက စတင်ခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ရာထူးက ဆင်းပေးရေးနဲ့ လူထုက ရွေးချယ် တင်မြှောက်တာ မဟုတ်တဲ့ ပြည်သူ့ကောင်စီက ဦးဆောင်ပြီး နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ချင်နေကြတာပါ။

လက်ရှိ ၀န်ကြီးချုပ်ဟာ ၂၀၀၆ အာဏာသိမ်းမှုအတွင်း တိုင်းပြည်ကနေ ထွက်သွားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ရုပ်သေးရုပ်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲပါတယ်။

အစိုးရရုံးနားမှာ ဆန္ဒပြသူတွေနဲ့ အရာရှိတွေ အဓိကရုဏ်းဖြစ်ခဲ့လို့ အဓိကရုဏ်း နှိမ်နင်းရေး ဒိုင်းတွေနောက်ကနေ ရဲတွေ ချောင်းမြောင်းနေပုံနဲ့ မျက်ရည်ယိုဗုံးတွေက ထွက်လာတဲ့ အငွေ့တွေကို ထိုင်းရုပ်သံက ထုတ်လွှင့်ပြသပါတယ်။

ပစ်ခတ်မှုကို ဘယ်သူလုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အာဏာပိုင်တွေ ကတော့ ဆန္ဒပြသူတွေကို အပြစ်တင်ထားပါတယ်။

ဘန်ကောက်ဆေးရုံတွေကို စောင့်ကြည့်နေတဲ့ ဧရာဝဏ် ဆေးကုသစင်တာကတော့ ဒဏ်ရာရသူ ၄၄ ယောက် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရဲ ဘယ်နှယောက်နဲ့ အရပ်သား ဘယ်နှယောက် ဒဏ်ရာရတယ်လို့တော့ မပြောခဲ့ပါဘူး။

စွမ်းအင်ဝန်ကြီးဌာနနားက သပိတ်စခန်းတခုက ဆန္ဒပြသူတွေကို ရှင်းလင်းတဲ့ မနက်ပိုင်းက စစ်ဆင်ရေးအတွင်း ဆန္ဒပြသူ အယောက် ၁၀၀ လောက်ကို ဖမ်းထားတယ်လို့ ရဲတွေက ပြောပါတယ်။

ဘန်ကောက်မြောက်ဘက်နဲ့ အလယ်ပိုင်းက အစိုးရရုံးတွေနားမှာ စခန်းချထားတဲ့ သပိတ်စခန်းတွေကို ပြန်သိမ်းယူမယ့် ဘန်ကောက်အတွက် ငြိမ်းချမ်းရေးလို့ နာမည်ပေးထားတဲ့ ဒီရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း အရာရှိ အယောက် ၁ သောင်းခွဲလောက် ပါတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

 DVB Burmese


တပို့တွဲလပြည့်နေ့က အလောင်းတော်ကဿပလိုဏ်ဂူတော် ပွင့်ဟ



[ ကိုပါ၊ ကိုသစ္စာ ၊ မုံရွာ၊ ဖေဖော်ဝါရီ ၁၅ ]

အလောင်းတော် ကဿပတွင် တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော လိုဏ်ဂူတော်အထက် လျောင်းတော်မူစံနန်းတွင် သံဃာတော်များ အား သိမ်ဝင်သိမ်ထွက်ဆွမ်းလောင်းပြီး လိုဏ် ဂူတော်ဟသွားမှုကို ဖူးတွေ့ရကြောင်း ဘုရား ဖူးများထံမှ သိရသည်။

လိုဏ်ဂူတော်ကြားတွင် ညှပ်ပြီး ပူဇော်ထားသည့် ပိုက်ဆံများပြုတ်ကျသွား သည်ကို ဖူးတွေ့ရသူ ရန်ကုန်မှ စာရေးဆရာ ဦးကံဝင်းက ဖိုလ်ဝင်တောင်ဆရာတော် ဦးသု မနအား လျှောက်ထားရာမှ ဘုရားဖူးများ လိုဏ်ဂူဟသွားမှုကို သိရှိကြကြောင်း သိရ သည်။

''တပို့တွဲလပြည့်နေ့ မနက် ၈ နာရီမှာ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှာတစ် ကြိမ်နဲ့ ည ၇ နာရီ ၁၅ မှာ တစ်ကြိမ် တစ် ရက်တည်း သုံးကြိမ် လိုဏ်ဂူတော်ဟသွား မှုကို ဖူးခဲ့ကြရပါတယ်။ အောက်အုန်းပင် ရဟန္တာအစစ်ရှိသော ဂူက ဟသွားခြင်း ဖြစ် ပါတယ်။ ဒီလို လိုဏ်ဂူတော် ကျောက်တုံး တော် ဟခြင်း၊ ဖွင့်ခြင်းမှာ သုံးနှစ်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။ အခုလို ဖူးမြော်ရတာလဲ ကံ ထူးလို့ပါပဲ''ဟု ကပိုင်ရွာမှ ငွေတောင်ဦး စား သောက်ဆိုင်ပိုင်ရှင် ဦးမြအောင်က ပြော သည်။

တပို့တွဲလပြည့်နေ့ နောက်ပိုင်း လပြည့်ကျော်ရက်များတွင် ဘုရားဖူးများ အဝင်များပြီး တစ်နေ့ကားအစီး ၁ဝဝ ကျော် ၂ဝဝ မျှ ဝင်ရောက်မှုရှိကြောင်း၊ မုံရွာဦးညို ဝင်းနှင့် ရောင်းရင်းများ ကားအသင်းမှ ပြေး ဆွဲကြောင်း သိရသည်

။Yangon Media Group

စာပေဟောပြောပွဲ တားမြစ်ခံရမှုကို ဘယ်လို မြင်ကြသလဲ


၂၀၁၅ ရွေးကာက်ပွဲ နီးကပ်လာချိန်တွင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတချို့က စာပေဟောပြောပွဲများ ပြုလုပ်ခြင်းကို ဘာသာရေး အကြောင်းပြချက်ဖြင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။

ပြည်ထောင်စုနေ့ အထမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်မိသားစုများ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမြအေးတို့ ပါဝင်သည့်အတွက် မျိုးချစ်သံဃာတော်များ သမဂ္ဂအဖွဲ့က ကန့်ကွက်ခဲ့သောကြောင့် ပွဲဖျက်သိမ်းပေးခဲ့ရသည်။ အကြောင်းပြချက်မှာ
ဟောပြောမည့်သူများသည် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့်ဟူ၍ ဖြစ်သည်။

ထို့အပြင် စာရေးဆရာမ တဦးဖြစ်သူ မသီတာ (စမ်းချောင်း) သည် မကွေးတိုင်း ပေါင်းတည်မြို့နယ်တွင် စာပေဟောပြောပွဲတခု ပြုလုပ်ရန် စီစဉ်ထားရာ ၄င်းမှာ ရန်ကုန်မြို့ ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် စေတနာ့ ၀န်ထမ်းအဖြစ် လုပ်အားပေးလျက် ရှိသောကြောင့် မြို့ခံ ဘုန်းကြီးတချို့က ၄င်းဟောပြောမည့် စာပေဟောပြောပွဲကို လက်မခံဘဲ လူစားလဲပေးရန် တောင်းဆိုသည့်အတွက် ယင်းစာပေ ဟောပြောပွဲသို့ မသွားရောက်ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တားမြစ်ကန့်သတ်မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်များဖြစ်သည့် ကိုမြအေး၊ မသီတာ (စမ်းချောင်း) နှင့် ရှေ့နေ ဦးကိုနီတို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ၄င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြလိုက်ပါသည်။

ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

အခုလို လုပ်နေတဲ့ပုံစံက တိုင်းပြည်အနာဂတ် မကောင်းနိုင်ဘူးလို့ ကျနော် မြင်တယ်။ ၂၀၁၄ ခုနှစ်ထဲကို စဝင်လာပြီဆိုမှ ဒီကိစ္စတွေက ပေါ်လာတာ။ ၂၀၁၅ ရွေးကာက်ပွဲနီးလို့ ဆိုတာ ကျနော်တို့ ယူဆလို့ ရတယ်။ နောက်တခုက
နိုင်ငံသားတိုင်းမှာ သူ့ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ တာဝန်များဆိုတာ ရှိပြီးသားလေ။ ဖွဲ့စည်းပုံမှာလည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ သို့သော်လည်းပဲ အဲဒါတွေကို အကောင်အထည်ဖော်လို့ မရအောင် ဥပဒေဘောင်အတွင်းက မဟုတ်ဘဲနဲ့ ဥပဒေမဲ့ လုပ်ကိုင်ဆောင်ရွက်လာတဲ့ ကိစ္စတွေကတော့ အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံသားလို့ ပြောရင် ဘာသာလူမျိုးပေါင်းစုံ ရှိကြတာပဲလေ။ အားလုံးဟာ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ပဲ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့ အတူတကွ ပေါင်းစည်းသွားချင်တာ။ ဒါပေမယ့် အခုပြဿနာတွေကြောင့် မြန်မာနိုင်ငံ အနာဂတ်နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကျနော်လည်း စိတ်ပူနေတယ်။

ကျနော်ကတော့ ဒီကိစ္စတွေကို ရိုးရိုးသားသား ဖြစ်လာတယ်လို့တော့ မမြင်ဘူးဗျ။ အထူးသဖြင့် ကျနော်တို့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြီးမှ ဒီကိစ္စတွေက ဒီရေအလား တက်လာတာ တွေ့ရတယ်။ ဒါကတော့ ရိုးသားမှု တခုမဟုတ်ဘူးလို့ မြင်တယ်ဗျာ။ နောက်တခုက ၂၀၁၅ ရွေးကာက်ပွဲနီးလာပြီဆိုတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ်။ လွယ်လွယ်ကူကူနဲ့ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သူတွေ အတွက်ကတော့ ဘာသာရေး လူမျိုးရေးကို အသုံးချပြီး လုပ်မှာပဲလေ။ ဒါတွေကို စုပြီးလိုက်လုပ်နေတာ။ ဒါကြောင့် ဒီကိစ္စက ရိုးသားတယ်လို့ လုံးဝ ပြောလို့မရဘူး။

ကျနော်မြင်တာကတော့ ဘယ်ဘာသာတရားပဲ ဖြစ်ဖြစ် ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်အောင်၊ ထိန်းသိမ်းအောင် ဆိုတာ လုပ်ရမယ့် ကိစ္စပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားဟာ ကျနော် အစ္စလာမ်ဘာသာဝင်တွေ အတွက် အများကြီး အတုယူစရာပါ။ ကျနော်တို့ ဖြစ်ချင်တာက အေးချမ်းစွာ နေထိုင်လိုတဲ့ မည်သည့်ဘာသာဝင်မဆို ဒီနိုင်ငံရဲ့ သစ္စာကို
စောင့်သိရိုသေမယ်။ ဒီတိုင်းပြည်ရဲ့ အကျိုးကိုလည်း ဦးလည်မသုန် ထမ်းရွက်မယ်ဆိုရင် မြန်မာဆိုတဲ့ စိတ်ရှိရင် အဆင်ပြေစွာ
နေထိုင်နိုင်ရမယ်။ မြန်မာနိုင်ငံဟာ အေးချမ်းတဲ့ နိုင်ငံဖြစ်တယ် ဆိုတဲ့ ပြယုပ်ကို တလျှောက်လုံး ပြလာခဲ့ပြီးတော့ ဆက်လက်ပြီး
ထိန်းသိမ်းသွားနိုင်ဖို့ လိုပါတယ်။

မသီတာ (စမ်းချောင်း)

ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိလိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလိုဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှ
လာမဟောတော့ဘူးဆိုပြီးတော့ ဖျက်လိုက်တာ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေက ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန်လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့်
ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။

အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။

နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။
ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲမှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှုဆိုတာက လူတယောက်ချင်းစီပဲလေ။
မိသားစုတခုထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုးဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီလူ့ဘောင်နဲ့ လုံးဝ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင်လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။

ဦးကိုနီ (တရားလွှတ်တော် ရှေ့နေ)

အခုဖြစ်နေတဲ့ ကိစ္စတွေက လုံးဝ ရိုးသားမှု မရှိဘူး။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာက တည်ရှိနေတာ ကြာပြီ။ မြန်မာမင်းများ လက်ထက်၊ တတိယ မြန်မာနိုင်ငံတည်ထောင်ခဲ့တဲ့ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့တာ။ သမိုင်း အထောက်အထားတွေ ရှိပါတယ်။ အစၥလာမ္ဘာသာ ကိုးကြယ္တာ ဘာအျပစ္ရွိလဲ။ ဒါကသူ့ရဲ့ လွတ်လပ်ခွင့်ပဲ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာကို အင်မတန်ကြီးမားတဲ့ ပြစ်မှုတခု ကျူးလွန်ထားသလို ဆက်ဆံနေကြတယ်။ ဒါအင်မတန်မှ ရုပ်ဆိုးတဲ့ ကိစ္စပဲ။

အင်မတန် သဘောကောင်း၊ စိတ်ရင်းစေတနာ ကောင်းပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေကို အထင်သေးစေတဲ့ လုပ်ရပ်ဖြစ်တယ်။ အန်ကယ်ကိုလည်း မွတ်စလင်မိုလို့ တရားမဟောရဘူးတဲ့။ ကျနော်ကလည်း တိုင်းပြည်ကောင်းကျိုး ဖြစ်စေမယ့် တရားကို ဟောမှာ။ မွတ်စလင်ဖြစ်လို့ ဟောခွင့်မရှိဘူးဆိုတော့ ကျနော့်ရဲ့ နိုင်ငံသား Status က ဘယ်ရောက်သွားပြီလဲ။ အလားတူပဲ တခြား အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံသား အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ အဲဒီလောက်ထိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့ လုပ်နေတာဟာ ဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၊ သမ္မတကြီး အပါအဝင် ပြည်ထဲရေး ဝန်ကြီးအပါအဝင် အုပ်ချုပ်ရေးဌာနမှာ တာဝန်ရှိသူများက နည်းနည်းတော့ ဂရုစိုက်ပေးဖို့ ကောင်းပြီ။ ဒီအပေါ်မှာ အာရုံထားပြီးတော့ စောစောစီးစီး တားမြစ်သင့်တယ်။

အခုမြင်ရတာက အစ္စလာမ်ဘာသာကို တိုက်ခိုက်ချင်တဲ့ သဘောထက် နိုင်ငံရေး သဘောတွေ ပါနေတယ်လို့ ဆရာထင်တယ်။ ဒါမျိုးကို လွှတ်ထားပေးမယ်ဆိုရင် ဒီထက် ရှေ့ဆက်ပြီးတော့ ဒီတရားမဟောရ၊ ဟိုတရား မဟောရဆိုတဲ့ ချုပ်ချယ် ကန့်သတ်မှုတွေက ဆင့်ကဲဆင့်ကဲ ပေါ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ တခုပြီးတခု ပေါ်လာနိုင်တယ်။ အခုဖြစ်ရပ်ဟာ တရားမျှတမှုကို လိုလားတဲ့ တကယ့်ဗုဒ္ဓဘာသာနဲ့ မတရားသဖြင့် သူများရဲ့အခွင့်အရေးကို လိုက်ပြီးတော့ တာဆီးပိတ်ပင်နေတဲ့ လူနည်းစု ဘုန်းကြီးတချို့ကြားမှာ ပြဿနာ ဖြစ်လာရင် ဒါဟာ မကောင်းဘူး။ ဘုရား သာသနာတော်ကို အများကြီး ထိခိုက်တယ်။ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေတယ်။ ဒီလိုလုပ်ရဲတယ်ဆိုတော့ သူတို့မှာ ဘာ Background ရှိတယ်ဆိုတာ သေချာစူးစမ်း လေ့လာသင့်တယ်။

ကျနော်တို့ လုပ်ခဲ့တဲ့ မြောက်ဥက္ကလာ ပွဲဟာ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်တာ။ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ကလည်း တရားဝင်ခွင့်ပြုပြီးသား။ အဲဒီတုန်းက တရားဝင် ဟောပြောပွဲတခုကို တရားဝင်လုပ်တယ်။ အဲဒီလို တရားဝင်လုပ်နေတဲ့ ဟောပြောပွဲတခုကို တရားမ၀င်အဖွဲ့တခုက ခြိမ်းခြောက်ပြီးတော့ တရားမ၀င်လုပ်ရပ်တွေ လုပ်နေတာကို အစိုးရက တာဝန်ခံရမယ်။ ဒါတွေကို တားဆီးပေးဖို့ တာဝန်က အစိုးရရဲ့ တာဝန်ပဲ။

ဒီပုံစံတိုင်းသွားမယ်ဆိုရင် ဆရာတို့ရဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီးကြုံရလိမ့်မယ်။ ဒါ မြန်မာနိုင်ငံအတွက် မကောင်းတဲ့ လက္ခဏာပဲ။ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို သွားချင်တယ်ဆိုရင် Discrimination လို့ခေါ်တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ တရားဥပဒေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတဲ့ ကိစ္စတွေ ချုပ်ငြိမ်းသွားဖို့လိုပြီ။

ကျနော်တို့ ပွဲကို နိုင်ငံတော် သံဃာမဟာနယက ဆရာတော်တပါး ကြွလာပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တယ်။ အဲဒီ တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းက ကိုယ်တော်၊ ဘုန်းတော်ကြီး ကိုယ်တိုင် မတတ်နိုင်ဘူး ဖြစ်သွားတယ်။ ဆိုတော့ ဘုန်းကြီးတွေနဲ့ မဆိုင်တဲ့ ကိစ္စတခုမှာ ဘုန်းကြီးတွေ ဝင်ပါနေခြင်းဟာ အမျိုးသားရေး အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အဟန့်အတား ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြတာလို့ပဲ ပြောချင်တယ်။


ဧရာဝတီ

အောင်သိဒ္ဓိကျောင်းဝင်း၌ ခိုလှုံနေရသော သမီးကလေး ရွာခံများ၏ ယာယီတဲများ ထပ်မံအဖျက်ခံရ





ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိကျောင်းဝင်းတွင် ယာယီတဲထိုး နေထိုင်နေသူများ အနက် ကျောင်းသားမရှိသော အိမ်ထောင်စုပေါင်း ၇၅စု၊ လူဦးရေ ၂၀၀ ကျော် နေထိုင်သော ယာယီတဲများကို ဖျက်သိမ်းပေးရန် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြားသောကြောင့် အဆိုပါတဲများ ဖျက်သိမ်းပေးခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

"ဒီနေ့တဲတွေ အပြီးဖျက်ပေးဖို့ ဖုန်းဆက်တယ်။ မဖျက်ပေးရင် မနက်ဖြန် သူတို့အဖွဲ့ လာဖျက်မယ် ဆိုတော့ သူတို့ ဖျက်ရင် ပစ္စည်းတွေ အကုန်ပျက်စီးဆုံးရှုံးမှာ စိုးတာကြောင့် ကိုယ့်တဲကိုယ် ဖျက်ခိုင်းပြီး ကျောင်းဝင်းထဲက ဓမ္မာရုံကို ရွှေ့ခိုင်းခဲ့တာ" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု ဆိုပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ အင်အားသုံး ဖယ်ရှားခံ ရမှုကြောင့် အဆိုပါ ကျောင်းတိုက်တွင် ယာယီလာရောက် ခိုလှုံနေသော လူဦးရေ ၅၀၀ ကျော်ကို ပဲခူးတိုင်းဒေသကြီးမှ ထွက်ခွာပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၆ ရက်နေ့က အကြောင်းကြား ခဲ့သည်။

ယင်းကဲ့သို့ အကြောင်းကြားခဲ့ သောကြောင့် အောင်သိဒ္ဓိကျောင်းတိုက် အတွင်း ယာယီခိုလှုံနေသူ များက ကျောင်းနေအရွယ် ကလေးများ စာမေးပွဲ မပြီးသေးသောကြောင့် ခေတ္တနေထိုင်ခွင့် ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အသနားခံစာ တင်ပြခဲ့ရာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး က ယာယီခိုလှုံနေသူများ အနက် ကျောင်းသား မပါရှိသည့် အိမ်ထောင်စုဝင် ၇၅ စုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။

"ဖယ်ရှားပေးဖို့ သတ်မှတ်ကာလထက် ကျော်နေပါပြီ။ အကယ်လို့ မဖယ်ရှားပေးဘူး ဆိုရင် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်။ ကျောင်းသားပါတဲ့ မိသားစုဝင် တွေလည်း ကလေးတွေ စာမေးပွဲ ဖြေဆိုပြီး တစ်ပတ်အကြာမှာ ဖယ်ပေးဖို့ အကြောင်းကြားထားပါတယ်" ဟု ပဲခူး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ယာယီတဲများ ဖျက်သိမ်းခံရသော မိသားစုဝင်များကို ကျောင်းဝင်း ဓမ္မာရုံနှင့် ဆွမ်းချက်ဆောင်တွင် နေထိုင်ခွင့် ပြုထားပြီး သက်ဆိုင်ရာက ကျောင်းဝင်းတွင်း နေထိုင်ခွင့် မပြုခဲ့ပါက ဥပဒေအတိုင်း ရင်ဆိုင်ကာ ဒုက္ခရောက်နေသူများ ရွှေ့ပြောင်း နေရာမရရှိသရွေ့ ကျောင်း၌ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဆရာတော် အရှင်အဂ္ဂဓမ္မ က မိန့်သည်။

"နေစရာမရှိ ဒုက္ခရောက်နေလို့ DKBA အဖွဲ့က သူတို့ဆီမှာနေဖို့ စီစဉ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူကြီးတွေက ဒီနားမှာ နေစရာမြေ ပန်ပေးခဲ့မယ်ဆို ကရင်ပြည်နယ်ဘက်ကို မပြောင်း ချင်ဘူး။ ဒီနေ့မနက် ပဲခူးမြို့နယ်ထွေ အုပ်ရုံးကို တစ်လလောက် ဆက်နေထိုင်ခွင့် ပြုဖို့ အသနားခံစာ သွားတင်တာ။ နေ့လယ်က ဖုန်းဆက်ပြီးဖယ်ခိုင်းတယ်။ ဆရာတော်သာ မကယ်ရင် ဘယ်သွား နေရမှန်းတောင် မသိတော့ဘူး"ဟု ယာယီတဲ ဖျက်သိမ်းခံရသော မိသားစုများတွင် ပါဝင်သော ကိုကျော်စိန်ဦးက ပြောကြားသည်။

The Voice Weekly

ည ၇နာရီကျော် မှာ ညစာစားရင် ကိုယ်အလေးချိန်တတ် သလား ?



လူတိုင်းလူတိုင်း ညစာစားရင် ၀မယ်လို့ အစွဲရှိနေကြပါတယ်..
ညစာစားတယ် မစားတာထက် ဒီနေ့ကယ်လိုရီဘယ်လောက် များများ စားပြီးပီလဲ ကပို အရေးကြီးပါတယ်။

တစ်နေ့လိုအပ်တဲ့ ကယ်လိုရီထက် ကိုယ်ခနာက အသုံးပြုမဲ့ ကယ်လိုရီ ပိုစားမယ်ဆိုရင် ကိုယ်အလေးချိန်တတ်ပါတယ်။

ကိုယ်လက် လှုပ်ရှားမှု မရှိလို့ကတော့ အဆီပိုတွေ စုဆောင်းပြီးသားပဲနော် …

လူတို်င်းလူတိုင်း တစ်ရက် ၃ကြိမ်စား နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု နည်းပြီး Metabolism Rate ကိုလဲ ပုံမှန်ထိန်းထားနိုင်ပါတယ်။ တကယ်လို ဗိုက်ထဲမှာ အစာမရှိရင် ခနာကိုယ်က ချမ်းသလို ခံစားတတ်ပါတယ်။ အဲဒါ metabolism rate နည်းနေလို့ပါ အဲလိုနည်းရင် ကိုယ်အလေးချိန်ပိုတတ်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ တစ်ရက်ကို ၆ကြိမ်စားပါတယ်.. ။ ကိုယ်တိုင်ကလဲ အစာပိုစားရင် ၀လေ့ရှိပါတယ်။

Breakfast - 200 to 300 cal (9am)
Mid- morning snack - 60 to150 cal (11am)
Lunch - 300 to 400 cal (1pm)
Mid-afternoon snack – 60 to 150 cal (4pm)
Dinner - 300 to 400 cal (7pm)
Late evening snack - 100 to 150 cal (10pm)

တခါတလေ ကျွန်မအရမ်းစားချင်တဲ့အစာတွေ့ရင် လဲစားတယ် (ရေခဲမုန့် ) .. သူငယ်ချင်းတွေကို အရင်လိုက်ခွဲကျွေးလေ့ရှိတယ် ကျန်တာစားတော့ သိပ်မစားဖြစ်ဖူးပေါ့ ..

နောက်တစ်ခု က စားနေတဲ့ အစာကို တစ်ဝက်လျော့စားတာမျိုး၊
ကယ်လိုရီများတာမျိုးဆိုရင် အမြီးသဘောပဲစားလေ့ရှိတယ်။

ညလယ်စာဆို ပန်းသီး တစ်လုံး (သို့) အဆီမပါတဲ့ enlene နို့မှုန့် တစ်ခွက် ဖျော်သောက်တယ်။

အိပ်ချိန်မှာဆို တစ်နာရီကို ၃၇ ကယ်လိုရီ နဲ့ တစ်ရက် ၈နာရီအိပ်ရင် စုစုပေါင်း ၂၉ ၆ ကယ်လိုရီ လောင်းကျွမ်းပါတယ်။ အိပ်နေတဲ့ အချိန်မှာ သွေးထဲမှာ သကြားဓါတ်ကလဲ ပိုပြီးမြင့်တတ်နိုင်တာကြောင့် ညဘက်မှာ ဗိုက်ပြည့်အောင်စားသောက်ခြင်းက ကိုယ်အလေးချိန်တိုးစေပါတယ်။ ဒါကြောင့် ညလယ်စာစားမယ်ဆိုရင် အဆီများတဲ့ မစားသင့်ပါဘူး။ ညစာကို လိုအပ်တာထက် ပိုစားမယ်ဆိုရင် နောက်တစ်နေ့မှာ အားမရှိသလို လေးလံထိုင်းမှိုင်းတတ်ပါတယ်။

ညဘက်မှာ အဆီပိုတွေလောင်ကျွမ်းချင်ရင်တော့ သဘာဝအတိုင်း side effect သိပ်မများတဲ့ Kilo Off 24 hours burner ဆေးကိုလဲ သောက်ပေးနိုင်ပါတယ်။

အားလုံး ရွှင်ပြုံးနိုင်ကြပါစေ။
Myawady News

ဗိုလ်ချုပ်ရုပ်ရှင်နှင့်ပတ်သက်၍ ဇာဂနာ နှင့်အင်တာဗျူး



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရန်ဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ယခု ၂ဝ၁၄ ဖေဖော်ဝါရီ ၁၃ ရက်ဆို နှစ်နှစ် ရှိခဲ့ပြီ။ ရိုက်ကူးရေးနှင့်ပတ်သက်ပြီး ဘာမှမထူးခြား၊ မလုပ်ရှားသေးပေ။ ဇာတ်ညွှန်း ကိစ္စကလည်း အချိန်များစွာကို ကုန်ဆုံးစေခဲ့ပြီးပြီ။ ၂ဝ၁၅ ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မှာ ရုံတင်ပြသနိုင်မလား။ ပြည်သူတွေ ရဲ့အသံများက များသထက်များလာတာ တွေ့ရ၏။

သို့သော် အစအနပင် မတွေ့ရသေး။ ပါဝင် သရုပ်ဆောင်မည့်သူများက မြန်မာလူမျိုး မှန်သော်လည်း ပြည်သူတွေ စိတ်ဝင်စားတဲ့ ဒါရိုက်တာ ထုတ်လုပ်ရေး ဘယ်သူဖြစ်လဲ၊ ဘယ်နိုင်ငံကလဲ၊ ခုချိန်ထိ တိကျပြတ်သားတဲ့အဖြေကမရှိ။

သို့အတွက်ကြောင့် ‘အောင်ဆန်း’ ရုပ်ရှင်ဘယ်တော့ ရုံတင်မလဲဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြစ်သူ ဦးဇာဂနာကို တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ လာမယ့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် မွေးနှစ် မှာ ‘အောင်ဆန်း’ ဆိုတဲ့ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ရုံတင် ပြသနိုင်မလား။

ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လိမ်စရာ မလိုဘူး။ သေချာတာ တစ်ခု ကတော့ အဲဒီနေ့မှာ စရိုက်နိုင်ရင်တောင် ကံကောင်းတယ် လို့ပြောရမယ်။

မေး။ နှစ်တစ်ရာပြည့်မှာ ရုံတင်မယ် လို့ပြောပြီးတော့ စနိုင်ရင်ကံကောင်း တယ်လို့ ပြောရမယ်ဆိုတော့ ဘာ ကြောင့်လဲ။

ဘုတ်အဖွဲ့ဝင်တွေက ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေး ကိစ္စ တွေလုပ်ဆောင်ကြတာပဲ။ တတ်နိုင်သ လောက် လုပ်နေကြတာပဲ။ သို့သော် ကျွန်တော် တို့က နိုင်ငံတကာအဆင့်ကို သွားချင်တယ် ဆိုတဲ့ စိတ်နဲ့ လုပ်ကြတယ်။ သေချာတာတစ်ခုက ကျွန်တော် တို့ ကိုယ်တိုင်က နိုင်ငံတကာ စိတ်မရှိ ကြဘူး။ နိုင်ငံတကာ အမြင် မရှိကြ ဘူး။ နိုင်ငံတကာ ကို သွားချင်တဲ့စိတ်ပဲ ရှိတယ်။

ကျွန်တော်ကိုယ်တိုင် ထောင်ထဲကလွတ်လွတ်ခြင်း သုံးလ အတွင်းမှာ နိုင်ငံ ခြားကို သွားခဲ့တယ်။ ဒီဇာတ်ကားအတွက် ပဲသွားခဲ့တယ်။ တစ်ယောက်တည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ခြမ်းက ရှိတဲ့လူတွေက အတတ်နိုင်ဆုံးလုပ်ကြတယ်။ ဒါပေမဲ့ အားလုံးက နိုင်ငံတကာ အမြင် မဟုတ်ကြဘဲ ပြည်တွင်း အမြင်ပဲဖြစ်ကြတယ်။ နိုင်ငံတကာက လူတွေ နဲ့လည်းတွေ့ရော အားလုံးတစ်ခြားစီဖြစ်သွားတယ်။

မေး။ ရိုးရိုးသာမန်ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားကို ၁၅ ရက်၊ ရက် ၂ဝ နဲ့ အပြီး ရိုက်ကြတယ်။ ဒီဇာတ်ကားက နိုင်ငံတကာထိ ရည်ရွယ်ပြီး ရိုက်မှာဆို တော့ ရိုက်ကူးရေး ရက်အချိန် ဘယ်လောက် ခန့်မှန်းထားပါသလဲ။

အခု ဒီဇာတ်ကားကို နိုင်ငံတကာအထိ ရည်ရွယ်ပြီး ပြမယ်ဆိုရင် အနည်း ဆုံး နှစ်နှင့် ချီပြီးအချိန်ယူသင့်တယ်။ မြန်မာနိုင်ငံမှာလိုမျိုး စပြောပြီး စလုပ် မယ် ၁ဝ ရက်၊ ၁၅ ရက်နှင့် ပြီးမယ်။ အဲလိုမျိုး ရိုက်ကူးရေးမျိုးတော့ မဖြစ်နိုင် ဘူး။ နိုင်ငံခြားကလူတွေက ဗိုလ်ချုပ် အောင်ဆန်းကို အလုံးစုံ မသိဘူး။ ဗိုလ် ချုပ်အောင်ဆန်းရုပ်ရှင်ကိုပဲ ထိုင်ကြည့်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ် အကြောင်းကို အခုမှ ပြန်လေ့လာရင် နောင် ၅ နှစ် လောက်ကျန်ဦးမှာပဲ။

မေး။ မြန်မာတွေ ကိုယ်တိုင်လုပ်ဖို့စဉ်း စားကြတာကနေ ဘယ်လိုဖြစ်ပြီး နိုင်ငံ တကာပြန်ဖြစ်သွားပါသလဲ။

အခု ကျွန်တော်တို့ ဇာတ်ညွှန်းက ပြည်တွင်း အတွက်ဆို အဆင်ပြေတယ်။ နိုင်ငံတကာ ဈေးကွက် ကိုတော့ အဆင် မပြေနိုင်တော့ဘူး။ မပြေနိုင်တော့ဘူးဆိုတာက လည်း အစောကြီး ကတည်းက သိလို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဟာ ကိုယ်လုပ်ရင် ဖြစ်မယ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ ဗိုလ်ချုပ် မို့လို့ လုပ်ရင်ဖြစ် တယ်ဆိုတဲ့ အသိစိတ် နဲ့ လုပ်ကြတယ်။ အဲဒီကနေ တစ်ခါအခု ကိုယ့်ဟာကိုယ် လုပ်ရင် မဖြစ်တော့ဘူးလို့ ဖြစ်လာတဲ့ အခါကျမှ နိုင်ငံတကာ ကို ပြန်ခေါ် တယ်။ ဒါပေမဲ့ အဲဒီ အတွက် နိုင်ငံတ ကာက လူတွေကို ဘယ်သူ့ကိုမှ ကျွန် တော်တို့ ဒုံးဒုံးချ တစ်နိုင်ငံလုံးကို ဘယ်ဒါရိုက်တာ၊ ဘယ်ထုတ်လုပ်ရေး၊ ဘယ် ကုမ္ပဏီ၊ ဘယ်သူနဲ့ လုပ်ပါ့မယ်လို့ တစ် ယောက်မှ မကြေညာရဲ၊ မပြောရဲတော့ ဘူး။

မေး။ ဒီဇာတ်ကားကို ပဲ့ကိုင်မယ့် ဒါရိုက်တာကို ဦးဇာဂနာအနေနဲ့ ရွေးချယ် ရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။

ဒီဇာတ်ကား ဖြစ်ပေါ်လာဖို့က ကျွန်တော် အဖြစ်ချင်ဆုံးအိမ်မက်ပါ။ ကျန်တဲ့ ဘုတ် အဖွဲ့ဝင်တွေမှာ အိမ်မက် ရှိလား မရှိဘူး လားတော့ မသိဘူး။ ၂ဝ၁၄ ခုနှစ် ကတည်း က အင်တာနက် မှာ ဇာဂနာ ဘလော့ဆိုပြီး ဗိုလ်ချုပ် ဇာတ်ညွှန်းကို စရေးခဲ့တယ်။ ဒီအိမ်မက် ဖြစ်ပေါ်လာဖို့ ကြိမ်ဖန် များစွာ ကြိုးစား ခဲ့တယ်။ ဖြစ်လာတဲ့ အခါမှာ နိုင်ငံခြား ကို နိုင်ငံ များစွာ သွားပြီး ဗိုလ်ချုပ်နဲ့ပတ် သက်တာ စုဆောင်းခဲ့တယ်။ ဒါပေမဲ့ အားလုံးက ပြည်တွင်း ကလူတွေနဲ့ပဲ လုပ် ချင်ကြတယ်။ လုပ်ကြည့်ပါ ဆိုပြီးတော့ ကျွန်တော် ကြည့်တယ်။ နှစ်နှစ်ဆိုတဲ့ အချိန်သာ ကျော်လာတယ်။

ဘာမှ ဖြစ်မလာသေးဘူး။ အခုနိုင်ငံခြားသားတွေ ကို ပြန်ခေါ်တဲ့ အခါ မှာ နိုင်ငံခြားသားတွေ ပြောလာတဲ့ စကား လုံးတွေက ကျွန်တော့် ရင်ဘတ်ကို ဆောင့်ကန်ခံလိုက် ရသလိုပါပဲ။ ကျွန်တော်က အစက တည်းက နိုင်ငံခြားသား နဲ့ပဲ ရိုက်စေချင် ခဲ့တာပါ။ ကျွန်တော်ကြိမ်ဖန် များ စွာ ပြော ခဲ့ပါတယ်။ ဒါရိုက်တာတွေ နာမည် လည်း ခဏခဏပြောတယ်။ ဒါပေမဲ့ ကျွန်တော့် စကား မအောင်မြင်ပါဘူး။ မတတ်နိုင်ဘူးလေ။ အခုမှ နိုင်ငံ ခြားက ဒါရိုက်တာ ပြန်ဖြစ်သွားတော့ ကျွန်တော်လည်း နားမလည်တော့ပါ ဘူး။

မေး။ ဇာတ်ကား ရိုက်ကူးနိုင်ဖို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေရော အလုံ အလောက်ရှိလား။ ခန့်မှန်းခြေ ဘယ်လောက်ကုန်ကျနိုင်ပါသလဲ။

တစ်ပြားမှမရှိသေးဘူး။ လှူဒါန်းထားတဲ့ ပိုက်ဆံတွေတော့ ရှိတယ်။ စာရင်း အတိအကျတော့ ကျွန်တော် မသိဘူး။ ခန့်မှန်းခြေဒေါ်လာ သန်း ၃ဝ လောက် ကုန်ကျမယ်။ အဲဒီ ငွေကြေးကိစ္စအတွက် ဒါရိုက်တာ ဒေါ်အိအိခိုင်က ပြည်ပ ဘက်တွေနဲ့ ထိတွေ့ရမှာပေါ့။

မေး။ ၂ဝ၁၅ မှာ ဒီဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားက ဒုတိယ ဗိုလ်ချုပ်မွေးဖွားပြီး ပြည်သူတွေကို အကောင်းဆုံး ခွန်အား တွေပေးနိုင်မယ်လို့ ယုံကြည်ပါသလား။

ကျွန်တော် ဇာဂနာ သာမန်အရပ်သား အနေနဲ့ ပြောမယ်ဆိုရင် ဒီဇာတ်ကား ကို နိုင်ငံတကာက စောင့်ကြည့်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ က ပြည်သူ တွေစောင့်ကြည့် မယ် ဆိုတာတော့ ယုံတယ်။ ကျွန်တော်သာ ဆိုရင် မြန်မာ ပြည်သူတွေ ကျေနပ်အောင် ရိုက်ပြဖို့ ကောင်းတယ်လို့ မြင်တယ်။

နိုင်ငံတကာနဲ့သွားချင် ရင် နိုင်ငံတကာ အကြိုက်တစ်ကား၊ မြန်မာပြည် အကြိုက် မြန်မာ ပြည်သူတွေ အတွက်တစ်ကားရိုက်မယ်။ ဒါက မြန်မာပြည်သူတွေ ရဲ့ မျှော်လင့်ချက်၊ လွတ်လပ်ရေးဖခင်လေ။ သေ ချာ တာ တစ်ခုကတော့ ဗိုလ်ချုပ် အောင်ဆန်းဇာတ်ကား အရာမရောက် ဘူး။ ပုံမပေါ်ဘူး။ ရုံပေါ်မကြည့်ရတော့ဘူးဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရ ရင်တော့ တော်တော် ဝမ်းနည်းစရာ ကောင်းမယ်။

အဲလိုဖြစ်လာ ရင်တော့ ကျွန်တော်လည်း ဖြေသိမ့်လို့ ရမှာမဟုတ်ဘူး။ ၂ဝ၁၅ မှာတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ ဗိုလ် ချုပ်မွေးနေ့ မှာ ပြည် သူတွေ မျှော်လင့်တဲ့ အတိုင်း ပြချင်ရင် တော့ ကိုယ့်ဘာသာ ကိုယ် ရှိတာလေးနဲ့ ထရိုက်မှဖြစ်တော့မယ်။ နိုင်ငံတကာအထိ မရည်ရွယ်ဘဲ မြန် မာပြည်သူတွေ အကြိုက်ကို ထိထိမိမိနဲ့ ဘုတ်အဖွဲ့တွေ ရိုက်နိုင်လောက်ပါတယ်။

မေး။ ဒီဇာတ်ကားအတွက် နှစ်နှစ်ဆိုတဲ့ အချိန်က ကုန်သွားစေတယ်။ ကြန့်ကြာ တဲ့အဓိက အကြောင်းအရာက ဘာလဲ။

‘နိုင်ငံတကာ’ ဆိုတဲ့ နောက်ကို ရောက်သွားတဲ့အတွက်ပါ။

ထူးထူး တွေ့ဆုံမေးမြန်းသည်

Popular Myanmar News Journal