ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်မည်


ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့ တွင် ချဲလ်ဆီးနှင့် ထိုင်း All Star အသင်းတို့ ကစားမည့် အဆိုပါ ပွဲစဉ်အား ကျပ် ငါးသိန်းခွဲခန့် ဖြင့် ဝန်ဆောင်မှု ပေး၍ ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း သူရိယ အင်တာနေရှင်နယ်မှ ဦးမျိုးဝေတင့်က ပြောသည်။
”ဇူလိုင် ၁၃ ရက်မှာ ကစားမယ့် မန်ယူပွဲက လက်မှတ်ကုန် ပါပြီ။ ချဲလ်ဆီး ပွဲကတော့ ဇွန် ၈ ရက်နေ့လောက် ဆိုရင် ကုန် မယ် နဲ့တူတယ်။ လက်မှတ်က ထိုင်းက Sport Department  ကနေ ဦးရာလူ စနစ် နဲ့ ရောင်းချပေးနေတာပါ” ဟု ၄င်းက ပြော သည်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်ယူ အသင်းမှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း All Star  အသင်းနှင့် လာရောက် ခြေစမ်း မည်ဖြစ်ပြီး ချဲလ်ဆီး အသင်းမှာ ဇူလိုင်လ ၁၇ ရက်နေ့ တွင် ယင်းအသင်းနှင့်ပင် ကစားမည်ဖြစ်သည်။ ယင်းခြေစမ်း ပွဲနှစ်ပွဲ အတွက် မြန်မာနိုင်ငံမှ သွား ရောက်ကြည့်ရှုလို သူများအား ပြီးခဲ့သည့် ဧပြီလ ကတည်းက လက်မှတ် များ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ထို့အပြင် အခြား ပရီးမီးယားလိဂ် အသင်းကြီး ဖြစ်သည့် အာဆင်နယ် အသင်းမှာ ဇူလိုင်လ ၁၄ ရက် နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ အင်ဒိုနီးရှား All Star  အသင်းနှင့် လာရောက်ခြေစမ်း မည်ဖြစ်ကြောင်း၊ လီဗာပူးလ် အသင်းမှာလည်း ဇူလိုင် ၂ဝ ရက် နေ့၌ အင်ဒိုနီးရှား နိုင်ငံ၌ပင် အင်ဒိုနီးရှား All Star အသင်း နှင့် လာရောက် ခြေစမ်း မည် ဖြစ်သည်။
ဘန်ကောက်၌ လာရောက် ခြေစမ်း ကစားမည့် ချဲလ်ဆီး အသင်း၏ ပွဲစဉ်အား သွားရောက် ကြည့်ရှုလို သူများအနေဖြင့် [email protected] သို့ဆက် သွယ်နိုင်ကြောင်း သိရသည်။

popularmyanmar

မြန်မာလုပ်သား ဂျပန်သို့ လွတ်လပ်စွာ စေလွှတ်ခွင့် ရပြီ



ဂျပန်နိုင်ငံသို့ မြန်မာ လုပ်သားများ ကို လွတ်လပ်စွာ စေလွှတ်ခွင့် ရရှိပြီဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ယခင်က ဂျပန်နိုင်ငံသို့ လုပ်သား စေလွှတ်ရာတွင် ဂျပန်နိုင်ငံ အငြိမ်းစား အစိုးရ ဝန်ထမ်း များဖြင့် ဖွဲ့စည်းထားသည့် JITCO (Japan International Cooperation Organization) တစ်ခု တည်းနှင့် သာ လက်မှတ်ထိုး ချိတ်ဆက် ပြီး စေလွှတ်ခြင်းဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် စာချုပ်ပျက် ပြယ်၍ လုပ် သား စေလွှတ်ခြင်းကို ၂ နှစ် ကျော်ကြာ ရပ်နားထားခဲ့သည်။
”JITCO က အရင်ထဲက သူ့ နိုင်ငံထဲကို ဗီဇာတွေ ဘာတွေ ဝင်ရင် သူထောက်ခံပေးမှ အဆင်ပြေတာ များ တယ်လေ။ ဒို့က အရင်ထဲကိုက သူနဲ့ ထိုး ဖူးတယ်လေ။ ဒါပေမဲ့ ပျက်သွားတယ်” ဟု ဦးမျိုးအောင်က ပြောသည်။
ဂျပန်သို့ လုပ်သားများ စေလွှတ် ရာတွင် အကျိုးဆောင် ကုမ္ပဏီ များက ဝန်ဆောင်ခ ပိုမိုတောင်းခံခြင်း၊ စက်ရုံ များမှ လုပ်ခလစာ အပြည့်အဝ မရရှိခြင်း၊ စာချုပ် ချုပ် ဆိုထားသော စက်ရုံတွင် လစာနည်းသဖြင့် တခြား စက်ရုံများသို့ သွားရောက် အလုပ် လုပ်ကိုင်ခြင်းနှင့် ထွက်ပြေးခြင်း စသည့် ကိစ္စရပ်များ ကြောင့် လုပ်သား စေလွှတ်မှု ကို ၂ နှစ် ကျော်ကြာ ရပ်နားထားခဲ့ကာ ယခုနှစ် မေလ ၂ဝ ရက်တွင် JITCO နှင့် နားလည်မှု စာချွန်လွှာ (MoU) ပြန်လည် ရေးထိုးခဲ့သည်။ JITCO နှင့်ဖြစ်စေ၊ အလုပ်ရှင်နှင့် တိုက်ရိုက် ချိတ်ဆက်၍  ဖြစ်စေ ပြန်လည်စေလွှတ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
”အရင်တုန်းက ဗီဇာ အားလုံးကို တော့ JITCO ကိုက နည်းနည်းလေး ထိန်းချုပ်ထားတာပေါ့။ ဒါပေမဲ့ အခုတော့ လွတ်လပ်သွားပြီလေ” ဟု ဦးမျိုးအောင်က ပြောသည်။
လက်ရှိတွင် ဂျပန်သို့ လုပ်သား စေလွှတ်မှုများလည်း စတင်နေပြီ ဖြစ်ပြီး အလုပ်ခေါ်စာများ စတင်ရောက် ရှိနေပြီ ဖြစ်ကြောင်း၊ မိန်းကလေး လုပ်သား စေလွှတ်နိုင်ရန် အတွက် လည်းညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
”စက်ရုံတွေမှာ သူတို့ လူတစ်ရာ ရှိမှ ငါးယောက်လောက်ပဲ ခေါ်ခွင့် ရှိတယ်လေ။ ခုဆို ငါတို့နိုင်ငံက လျှောက်တာ တစ်ရုံဆို သုံးယောက်လောက်ပဲ ရတာလေ။ အမျိုးသမီး က ငါးယောက်  လောက်တော့ သတ်မှတ်ထားတာပေါ့။ ကြည့်မှာပေါ့ အခြေအနေကို” ဟု ဦးမျိုး အောင်က ပြောသည်။
ဂျပန်သို့ လုပ်သားစေလွှတ်ခြင်း နှင့် ပတ်သက်၍ မလေးရှားသို့ လုပ်သား အဓိက စေလွှတ်နေသော မိုးယံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ထင်ကျော်က ”စိတ်ဝင်စားတာပေါ့။ ဂျပန်က သိပ်ကောင်းတယ်။ ဥပဒေတွေ က လုံခြုံမှု ရှိတယ်။ ဒါပေမဲ့ တစ်ခုရှိတာ ဒီကလူတွေက စည်းမရှိ ကမ်းမရှိ ထွက် ပြေးမှာပဲ စိုးရတယ်။ ဟိုဘက်မှာလည်း သေချာတဲ့ ကုမ္ပဏီနဲ့ဆိုရင် ပို့ဖို့ စီစဉ် သွားမှာပါ” ဟု ပြောသည်။
ဂျပန်တွင် မလေးရှား စက်ရုံများကဲ့ သို့ လုပ်သား အမြောက်အမြား ခေါ်ယူမှု မရှိခြင်းကြောင့် လုပ်သားစေလွှတ်ရာ တွင် အခက်အခဲ ရှိသော်လည်း လက် ရှိ ဂျပန် အထည်ချုပ် စက်ရုံများတွင် လုပ်သား လိုအပ်ချက်များ ရှိနေသော ကြောင့် အလုပ်ခေါ်စာ ရရှိသွားသည်နှင့် တစ်ပြိုင်နက် အရည်အချင်း ပြည့်သော လုပ်သားများ စတင် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

popularmyanmar

ပြည်သူများ၏ ဆန္ဒကြောင့် ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှစ၍ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ခဲ့ခြင်းမှာ ပြည်သူများ၏ ဆန္ဒကြောင့် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ဇွန် ၇ ရက်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော အရှေ့အာရှ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့တွင် ပြုလုပ်သော A Special Conversation အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစီအစဉ်တွင် သမ္မတဦးသိန်းစိန်အား ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab က မြန်မာနိုင်ငံတွင် မည်သည့်အတွက်ကြောင့် ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ခဲ့ရ သနည်းဟု မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့တဲ့ ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ အကြိမ်ပေါင်းများစွာ လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ သူတို့တွေ ပါဝင်လာစေချင်လို့ပဲ ဖြစ်ပါတယ်...

''ပြီးခဲ့တဲ့ ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ အကြိမ်ပေါင်းများစွာ လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ သူတို့တွေ ပါဝင်လာစေချင်လို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ထဲက တချို့ဟာ ပါတီတွေထောင်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးတွေ လုပ်နေကြပြီ ဖြစ်ပါတယ်'' ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab၊ သမ္မတဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့အား ဇွန် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-AFP)
''အပစ်အခတ် ရပ်စဲရုံနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကျွန်တော်တို့ ပြောလို့မရပါဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးအပိုင်းတွေ ဆက်လက်လုပ်သွားဖို့ အများကြီး ကျန်ရှိပါတယ်'' ဟုလည်း သမ္မတဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
အဆိုပါ အစီအစဉ်တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ၊ အရှေ့အာရှ စီးပွားရေးဖိုရမ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးများ အကြောင်းကို ပြောကြားသည်

Eleven media group.


၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ယနေ့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါပြီ


၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ယနေ့ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့တွင် အောင်စာရင်းကြည့်ရှု့နေသူများကို တွေ့ရစဉ်။

သတင်းဓါတ်ပုံကို The Voice Weekly မှပြန်လည်ဖော်ပြထားပါသည်။



မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြ



The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ
ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။
The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။ ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။
မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများအနက် မြန်မာနိုင်ငံမှ စာရွက်စာတမ်း အပြည့်အစုံနှင့် သွားရောက်လုပ်ကိုင်သူများ ရှိသလို မလေးအစိုးရ၏ 6D program ဖြင့် အထောက်အထား စာရွက်ရရှိခဲ့ကြသူများ ရှိပြီး ၎င်းပရိုဂရမ်တွင် လျှောက်ထားသော်လည်း မလေးအစိုးရမှ အသိအမှတ် မပြုသူများလည်း ရှိကြောင်းကို မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်သည့် ကိုကျော်မိုးဦးက ''ဒီလောက်လူတွေ အများကြီး မိသွားတယ်ဆိုတာက ကျွန်တော် ထင်တယ်။ တချို့က 6D program လုပ်တုန်းက မှတ်ပုံတင်ဖို့ လျှောက်ထားတယ်။ သူတို့ကိုယ် သူတို့တော့ တရားဝင် မှတ်ပုံတင်ထားတယ်လို့ ထင်တယ်၊ ဒါပေမဲ့ မလေးအစိုးရက လုပ်ထားတဲ့ စာရင်းတွေမှာ သူတို့နာမည် မတွေ့ဘူး။ ဒါကြောင့် သူတို့က တရားမ၀င်ဖြစ်သွားတယ်။ အရင်တုန်းက ဒီလိုမျိုးဖမ်းရင် ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ တချို့ဆိုရင် အဖမ်းခံရရင် စာရွက်မရှိဘူးလို့ ပြောလိုက်တယ်။ စာရွက်ရှိတယ်ဆိုရင် သူဌေးကိုယ်တိုင် လာရွေးရတယ်။ သူဌေးတွေက သိပ်ပြီးလာရွေးပေးတာမျိုး မရှိတော့ သူတို့က ပိုက်ဆံပဲပေးလိုက်တာမျိုးပေါ့။ အခုဖမ်းတာက ပိုက်ဆံပေးလို့ မရဘူးလို့ မလေးမှာကျန်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေက ပြောတယ်'' ဟုThe Daily Eleven သို့ ပြောပြသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးကလည်း ''အကြမ်းဖက်တာက ဘင်္ဂါလီတွေလို့ ကြားတယ်။ သူတို့လူမှားပြီး မလေးတစ်ယောက်က သတ်လိုက်တဲ့အထဲ ပါသွားတယ်။ ဒါကြောင့် မလေးအစိုးရက အသည်းအသန် ဖမ်းနေတာလို့လဲ ကြားပါတယ်။ ဘင်္ဂါလီတွေက မလေးထဲကို ခိုးဝင်နေတာ တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်တဲ့။ အဲဒါတွေကို ပြန်စစ်ထုတ်နေတာလို့လည်း ကြားတယ်'' ဟု ပြော ဆိုသည်။
မြန်မာအစိုးရက သတိထောက်လွှာပေးအပ်ပြီး နောက်ပိုင်းတွင် မလေးရှားရဲများက မြန်မာများကို အပြင်းအထန် ဖမ်းဆီးပြီး အထောက်အထားမဲ့ မြန်မာများအား ပြစ်ဒဏ်ချမှတ်မည်ဟု ပြောကြားခဲ့ရာ မလေးရှားရှိ မြန်မာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ အနေနှင့် မြန်မာလူမျိုးတို့အား ပိုမိုကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားနေကြသည်။

မလေးရှားနိုင်ငံတွင် တရားဝင်စာရင်းများအရ မြန်မာလူမျိုးများ ၃ သိန်းမှ ၅ သိန်းအထိ ရှိနေသည်ဟု ဆိုသော်လည်း ခန့်မှန်းမှုများအရ မလေးရှား၌ မြန်မာလူမျိုး ၂ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။
မလေးရှိ ထိန်းသိမ်းရေး စခန်းများတွင် အစားအသောက်၊ အနေအထိုင် ဒုက္ခရောက်ကြရသည်ဟု ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိခဲ့သူများက ဆိုသည်။

Eleven media မှ ပြန်လည် ကူးယူဖော်ပြသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကျန်းမာရေးကြောင့် အနားယူပြီး ဦးလူမင်း ဥက္ကဋ္ဌ တာဝန်ယူမည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲ


ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဒီနေ့ကစပြီး တာဝန်ထမ်းဆောင်တော့မယ့် ဒု ဥက္ကဋ္ဌဟောင်း ဦးလူမင်း (အကယ်ဒမီ လူမင်း) က သူ့ပရိသတ်ကို သူ အလုပ်များမှာဖြစ်ပေမယ့် အနုပညာပိုင်းမှာ လျော့သွားမှာကို မစိုးရိမ်ကြပါနဲ့လို့ ဧရာဝတီက တဆင့် ပြောလိုက်ပါတယ်။

“ပရိသတ်ကို ဟြေချင်တာက ကျနော် အလုပ်တာဝန်တွေ များလာတဲ့အတွက် အနုပညာ ဖန်တီးမှုတွေမှာ လျော့သွားမှာ မစိုးရိမ်ပါနဲ့၊ ကျနော် အရည်အသွေးကို နှစ်ဆ ဂရုစိုက်မယ်၊ အရေအတွက်ကို လျှော့ပြီး အရည်အချင်းကို နှစ်ဆဖြစ်အောင် တဘက်က ကြိုးစားမှာပါ” လို့ ဦးလူမင်းက ဆိုပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဦးလူမင်းက ဥက္ကဋ္ဌ တာဝန်ကို ယူလိုက်ပြီ ဖြစ်ကြောင်း ဒီနေ့ ရုပ်ရှင်အစည်းအရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာခဲ့တာပါ။

အကယ်ဒမီလူမင်းက “ကျနော် ဒီနေ့ကစပြီး တာဝန် စထမ်းဆောင်မှာပါ၊ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း လုပ်လက်စ အလုပ်တာဝန်တွေကို ကျနော် ဆက်လုပ်ရမှာပေါ့၊ ကျနော် ဥက္ကဋ္ဌ တာဝန်ယူဖို့က အစည်းအရုံးရဲ့ Rule and Regulation အရ ဥက္ကဋ္ဌ အနားယူရင် ဒု ဥက္ကဋ္ဌက တာဝန်ထမ်းဆောင်ရမယ် ဆိုတာလည်း ရှိတယ်၊ အမှုဆောင် အဖွဲ့ဝင် နာယကကြီးတွေ ကလည်း အတည်ပြု ရွေးချယ်ပေးကြတယ်။ ဦးဇင်ဝိုင်းက နိုင်ငံခြားခရီးစဉ် ပြန်လာပြီးကတည်းက ဆေးရုံနှစ်ကြိမ် တက်ရတယ်၊ အခုအချိန်မှာ သူက ခါးလည်း မကောင်းဘူး၊ ဆီးအိမ်လည်း မကောင်းဘူး၊ အလိုလိုနေရင်းနဲ့လည်း ဆီးတွေထွက်ကျ နေတာမျိုး၊ လမ်းလျှောက်ရင်း နဲ့လည်း ခဏခဏလဲကျတယ်၊ မြို့ထဲမှာလည်း ကားပေါ်က ဆင်းလိုက်တာ ခါးမထိန်းနိုင်ဘဲ အရှေ့ကိုစိုက်ပြီး ကားတိုက် မိမလိုတောင် ဖြစ်သွားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

အခုနောက်ပိုင်းမှာ ဦးဇင်ဝိုင်းအနေနဲ့ အာရုံစူးစိုက်လို့ မရတာတွေဖြစ်လာတော့ သူ တာဝန်မကျေမှာ စိုးရိမ်တဲ့အတွက် ကျန်းမာရေးအရ အနားယူတာပါလို့ ဦးလူမင်းက ရှင်းပြပါတယ်။

ဥက္ကဋ္ဌ တာဝန်နဲ့ အနုပညာ လှုပ်ရှားမှုတွေ ဘယ်လိုလုပ်မယ်ဆိုတဲ့ အကြောင်းကိုတော့ ဦးလူမင်းက ဥက္ကဋ္ဌနေရာက တာဝန် ကြီးတဲ့အတွက် ဒီအလုပ်နှစ်ခုကို အဆင်ပြေအောင် အဓိကက Balance ညှိပြီး လုပ်ရမယ်လို့ ဆိုပါတယ်။

“ကိုယ့်ရဲ့ အချိန်တွေကို ညီညီမျှမျှ ခွဲဝေပြီးတော့ နှစ်ဆ လုပ်ရမှာပေါ့” လို့ ဦးလူမင်းက ပြောပါတယ်။

သူ့ရဲ့ ဥက္ကဋ္ဌ သက်တမ်းမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဈေးကွက်ကို ပိုတိုးတက်အောင် လုပ်ဖို့ ကိစ္စတွေလည်း စီစဉ်ထားတယ် ဆိုတဲ့ အကြောင်း၊ လုပ်ရပ်တခုမှာ ရလဒ်က ပိုအရေးကြီးတဲ့အတွက် လုပ်မယ် ဟြေပြီးတော့ ဖြစ်မလာခဲ့ရင် မကောင်းဘူးဆိုတဲ့ အကြောင်း ဦးလူမင်းက ဆိုပါတယ်။

ပြီးတော့ ကောလာဟလတွေနဲ့ ပတ်သက်လို့ ဦးလူမင်းကို ဧရာဝတီက မေးကြည့်ရာမှာ ကိုယ့်လုပ်ရပ်အတွက် ဒီကောလာဟလတွေကို မကြားရ၊ မမြင်ရ၊ မသိရတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလို၏လို့ သူက ဆုတောင်းတယ်လို့ သူက ရှင်းပြပါတယ်။

“ဒါပေမယ့်လည်း ဒီဆုတောင်းက ဘယ်တော့မှ ပြည့်မှာ မဟုတ်တဲ့ ဆုတောင်းပါ၊ ဖြစ်လာရင်လည်း ရင်ဆိုင်ရမှာပဲပေါ့။ လူသားရယ်လို့ ဖြစ်လာရင် ခံစားတတ်တဲ့ နှလုံးသား ရှိတယ်၊ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ရှိတယ်၊ မြင်နိုင်တဲ့ မျက်လုံး၊ ကြားနိုင်တဲ့နား၊ ဟြေနိုင်တဲ့ ပါးစပ်၊ အာရုံခံနိုင်တဲ့ အရာတွေရှိတယ်။ သူ့မှာ အင်အားလက်နက် ကိရိယာတွေ အလုံအလောက် ပါပြီးသားပါ၊ ရင်ဆိုင်ရမှာပေါ့” လို့ ဟြေခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၇ ရက်နေ့ကနေ စပြီး ကျန်းမာရေး အခြေအနေကြောင့် ဦးဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကနေ အနားယူပြီးတော့ အင်တာဗျူးတွေလည်း မဖြေတော့ဘူးလို့ ဧရာဝတီကို ပြောလာပါတယ်။

“ကျနော် ကျန်းမာရေး အခြေအနေကြောင့် အင်တာဗျူး မဖြေတော့ပါဘူး၊ အလုပ်တွေလည်း ရှုပ်နေလို့ပါ။ အဲဒါကြောင့် စာနယ်ဇင်းတွေ အတွက် အဲဒီအကြောင်းကို အစည်းအရုံးမှာ သတင်းထုတ်ပြန် ကြေညာမှာပါ” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။

ဦးဇင်ဝိုင်းဟာ နိုင်ငံခြားခရီးစဉ်က ပြန်လာပြီး ဆေးရုံနှစ်ကြိမ် တက်ခဲ့ရကြောင်း၊ ခါးနာရောဂါနဲ့ ဆီးရောဂါကို ခံစား နေရတဲ့အတွက် ကျန်းမာရေး အခြေအနေကြောင့် တာဝန်လစ်ဟင်းမှာ စိုးရိမ်တဲ့အတွက် အနားယူရခြင်း ဖြစ်ကြောင်း သိရပါတယ်။





ဧရာဝတီပလော့မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

ခွင့်ပြုထားသော အာမခံ လုပ်ငန်း ကုမ္ပဏီများ ဇွန်လကုန်တွင် မဖွင့်ပါက လုပ်ပိုင်ခွင့် လိုင်စင် ပြန်လည် ရုပ်သိမ်းမည်


မြန်မာ့ အာမခံ လုပ်ငန်းကို အစိုးရက နှစ်ပေါင်း ၅၀ ခန့် လုပ်ကိုင်ခဲ့ရာ မေ ၂၅ ရက်က ပုဂ္ဂလိက ကုမ္ပဏီ များသို့ လုပ်ကိုင်ခွင့် ချထား ပေးလိုက်ပြီ ဖြစ်သည်။ လုပ်ကိုင်ခွင့် ရရှိသော အာမခံ ကုမ္ပဏီများ အနေဖြင့် ဇွန်လကုန်တွင် လုပ်ငန်း ဆောင်ရွက်မှု မရှိပါက လုပ်ကိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ သိရသည်။
အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့်ကို လျှောက်ထားသော ကုမ္ပဏီပေါင်း ၁၂ ခုရှိပြီး ကုမ္ပဏီ ငါးခုမှာ မတည် ရင်းနှီးငွေ ပေးသွင်းပြီး ဖြစ်သောကြောင့် လုပ်ကိုင်ခွင့် လိုင်စင် ချထား ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိ ခဲ့ကြသော ကုမ္ပဏီများ အနက်မှ လေးခုမှာ အောင်သစ္စာဦး ကုမ္ပဏီ လီမိတက်၊ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီ၊ နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် ကုမ္ပဏီနှင့် IKBZ အာမခံ အများပိုင် ကုမ္ပဏီ လီမိတက်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ များက အသက် အာမခံ လုပ်ငန်း၊ မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ သံမဏိနှင့် ငွေသား လုံခြုံမှု အာမခံ၊ ငွေရေးကြေးရေး အာမခံများ ပါဝင်သော အထွေထွေ အာမခံ လုပ်ငန်းများကို လုပ်ကိုင် သွားကြမည် ဖြစ်သည်။
IKBZ ကုမ္ပဏီသည် ဇွန် ၈ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး အာမခံ ထားသောငွေကို မြန်မာနိုင်ငံ အာမခံ လုပ်ငန်း ကော်မတီ၏ သတ်မှတ်နှုန်းထား အတိုင်းသာ ပေးရ မည် ဖြစ်သည်။ အကောင်းဆုံး ၀န်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း IKBZ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


မြ၀တီမှ ကူးယူဖော်ပြသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်မတော်တဆဖြစ်ပွားရာမှ၊ ဆွစ်ဇာလန်နိုင်ငံသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံး

ရန်ကုန်-နေပြည်တော် အမြန်ကားလမ်း၏ မိုင်တိုင် ၁၈ဝ/၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ကားနှစ်စီး ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လမ်းဘေးထိုးကျခဲ့သဖြင့် ကားနှစ်စီးပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးကြောင်း အမြန်လမ်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်ပွားမှုမှာ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က အမြန်လမ်း မိုင်တိုင် ၁၈ဝ/ ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ လိုက်ပါလာသော ၁င/---- ဗင်ကား အဖြူရောင်ကို ၉င/---- ပါရာဒိုအမျိုးအစားကားက ကျော်တက်ရာမှ ယာဉ်မတော်တဆ ဖြစ်ပွားကာ လမ်းဘေးထိုးကျခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ယာဉ်နှစ်စီး မတော်တဆ ဖြစ်ပွားမှုကြောင့် ၁င/---- AD Van အမျိုးအစားကားမှ ဒေါ်သင်းသင်းခိုင် (၅ဝနှစ်) နှင့် ဒေါ်ကြည် (၇၅နှစ်) တို့ သေဆုံးခဲ့သည်။ ထို့အတူ ၉င/---- ပါရာဒို အမျိုးအစား ကားမှ ဆွစ်ဇာလန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ပါရာဒိုကားတွင် အင်္ဂလန်နိုင်ငံသား အမျိုးသား တစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပြင် ယာဉ်မောင်း အမျိုးသားတစ်ဦး တို့ လိုက်ပါလာခြင်းဖြစ်ပြီး ၄င်းတို့အနက် ဆွစ်ဇာလန်နိုင်ငံသားမှာ သေဆုံးသွားခြင်း ဖြစ်သည်။ ပါရာဒိုကားတွင် လိုက်ပါလာသော အမျိုးသမီးမှာ ဒဏ်ရာအနည်းငယ် ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေလျက်ရှိရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်။

ထို့အတူ ၄င်းပါရာဒိုကားတွင် လိုက်ပါလာသည့် အင်္ဂလန်နိုင်ငံသား တစ်ဦးကိုလည်း ခုတင် ၁ဝဝဝ ဆေးရုံ၌ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မည်သည့်ထိခိုက်မှုမျှမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အခင်းဖြစ်ပွားပြီး ခုနစ်မိနစ်အတွင်း အနီးရှိ အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမှ တာဝန်ရှိသူများ ချက်ချင်းရောက်ရှိလာကာ ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ပေးခဲ့ကြသည်။ အမြန်လမ်းပေါ်တွင် မောင်းနှင်သွားလာနေကြသော ယာဉ်မောင်းများ အနေဖြင့် မိုးရာသီ ရောက်ရှိလာပြီဖြစ်ရာ မိုးရေများကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်း မောင်းနှင်ကြရန် အမြန်လမ်း တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။



၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်


မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဖြေဆိုထားသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကို အင်တာနက်စာမျက်နှာမှ တစ်ဆင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရှိရသည်။ “အွန်လိုင်းကနေ အောင်စာရင်းကြည့်နိုင်ဖို့ ၀က်ဆိုက်ဒ်ဖွင့်လိုက်တာ ဒီနှစ်က ပထမဆုံးလုပ်တာပါ၊ တစ်နိုင်ငံလုံး အောင်စာရင်းကို ကြည့်လို့ရမယ်၊ လုပ်နေကျပုံစံတိုင်း ကျောင်းတွေမှာ လည်း အောင်စာရင်းကပ် ပေးသွားမှာပါ”ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အင်တာနက်မှ တဆင့် အောင်စာရင်းကြည့်ရှုမည်ဆိုပါက စာမေးပွဲဖြေဆိုခဲ့သော ခုံနံပါတ် အပြည့်အစုံကို ထည့်သွင်းရိုက်နှိပ်ပေးရန် လိုအပ်ကြောင်း သိရှိရသည်။ “အဲဒီဝက်ဆိုဒ်က ဘယ်လောက်စိတ်ချရမှာလဲ ၊ အောင်စာရင်းဆိုတာ စာရွက်လောက်တိကျတာမရှိဘူး၊ ၀က်ဆိုဒ်မှာအောင်တယ်ဆိုပြီးတော့ အပြင်မှာကျတယ်ဆိုရင် ဘယ်လိုရှင်းကြမလဲ၊ဘယ်သူက တာဝန်ခံမှာလဲ ” ဟု တက္ကသိုလ်ဝင်တန်းဖြေထားသူ ကျောင်းသားတစ်ဦးက ပြောသည်။ ပညာရေးဝန်ကြီးဌာနမှ ၀န်ကြီး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံစာစစ်ဌာနမှ အဆိုပါ ၀က်ဆိုက်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဇွန်လ (၇)ရက် ည (၁၂) နာရီ နောက်ပိုင်းမှစ၍ ပညာရေးဝန်ကြီးဌာန၀က်ဆိုဒ်လိပ်စာ (http://www.moemyanmar.net/) တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

iPhone ကို charger ကြိုးမှတစ်ဆင့် hack ခြင်း


ဂျော်ဂျီနာနိုင်ငံက နည်းပညာရှင်တို့ စမ်းသပ်လို့ရတဲ့ ရလဒ် ဖြစ်ပါတယ်။ Mac ကစလို့ iPhone အဆုံး Apple ကုန်ပစ္စည်းအားလုံးကို လုံခြုံရေး ထိုးဖောက် လို့ ရကြောင်း သိရပါတယ်။

နည်းလမ်းကတော့ အားသွင်းတဲ့ ကြိုးကနေ ဖြစ်ပါတယ်။ အားသွင်းတဲ့ ဘက်ထရီကြိုး/ Connector ကနေတစ်ဆင့် Hack တာ ဖြစ်ပါတယ်။ malicious charger ကို အသုံးပြုပြီး Apple ကုန်ပစ္စည်းအတွင်းက အချက်အလက်များ ကို အလွယ်တကူ ယူလို့ရတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် Apple ရဲ့  USB connector နဲ့ ပက်သက်လို့ လုံခြုံရေး အားနည်းချက်ကို Apple တို့ ပြန်လည် Upgrade လုပ်ရန်လိုအပ် တယ်လို့ အကြံပေးထား ကြပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ Black Hat computer security conference မှာ Apple Device အား Hack ပုံဟက်နည်းကို လက်တွေ့ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 https://www.facebook.com/photo.php?fbid=584982304875745&set=a.572785052762137.1073742204.459386844101959&type=1

မလေးရှားမှာ ယနေ့စတင်စုဝေ ဆန္ဒပြပြီ ! - Malaysia Strike

ယနေ့ည မလေးရှားစံတော်ချိန် 8:30 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kalana Jaya Stadium ၌ အတိုက်ခံပါတီခေါင်းဆောင် Dato' Seri Anwar bin Ibrahim (အဏ္ဍဝါ) နဲ့ အခြားအတိုက်အခံပါတီ များစုပေါင်းပြီး Bersih 4.0 ဆန္ဒပြပွဲကို ယနေ့ ကျင်းပနေပြီဖြစ်ပါတယ် ။
အကြောင်းမှာပြီးခဲ့တဲ့ 5.5.2013 မှာကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံလုံးဆိုင်ရာ 13 ကြိမ်မြောက် ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်မခံနိုင်တဲ့ အတိုက်ခံပါတီတွေက ရွေးကောက်ပွဲမဲရေတွက်နေစဉ် မီးပျက်မှု့များ ၊ နိုင်ငံခြားသားများကိုမဲပေးစေခြင်းများ ၊ မဲအရေအတွက်နှင့် မဲပေးခွင့်ရှိသူ ပမာဏ ကွာဟနေမှု့များကြောင့် Dark Election ဟုကြွေးကြော်ကာ ဝတ်စုံမဲများတူညီဝတ်ဆင်ပြီး ယနေ့ပွဲကိုဆင်နွဲကြခြင်းဖြစ်ပါတယ် ။

ယခင်ကဲ့သို့ မြန်မာဆိုင်များတည်ရှိရာ Merdaka ကွင်းမှာလိုမဟုတ်တာကြောင့် ဧဒင်ဥယျာဉ်မှ သတိပေးချက်များ မရေးပေးခဲ့ပဲ မလေးရှား နိုင်ငံရဲ့ ပြည်တွင်း အခြေအနေများကို မြန်မာများအားလုံး သိရှိနေအောင် ယခုလို ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်ပါတယ် ။

လူပေါင်းများစွာဟာ မိုးရွာနေတဲ့ကြားက ဆက်လက် ဝင်ရောက်နေပြီး မလေးရှားနိုင်ငံသားတရုတ်လူမျိုးများကတော့ အောက်ပါသတင်းစာကြောင့် ဒေါသထွက်ကာ အဆိုပါပွဲကိုဝင်ရောက်ဆင်နွဲနေကြခြင်ဖြစ်ပါတယ် ။ Utusan Malaysia သတင်းစာရဲ့ တရုတ်တွေ ဘာထပ်လိုချင်သေးလဲ ဆိုတဲ့ သတင်းစာကြောင့် မလေးရှားရဲ့ တရုတ် လူမျိုးများပိုမိုပါဝင်လာတာကို တွေ့ရမည်ဖြစ်ပါတယ် ။ အောက်ပါသတင်းစာဖြစ်ပါတယ် ။

ယခု အတိုက်ခံခေါင်းဆောင် အဏ္ဍဝါမှ လက်ရှိအစိုးရအား ကန့်ကွက်သွားမည့်အကြောင်းပြောကြားနေပြီးပြီးဆုံးပါက ကျွန်တော်တို့ ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ပါသည် ။
ကျွန်တော်တို့ ယနေ့ မြန်မာနိုင်ငံသား 400000 ကျော်အလုပ်လုပ်ကိုင်နေထိုင်နေကြတဲ့ မလေးရှားနိုင်ငံမှာယခင်ယခင် နှစ်တွေနဲ့မတူတဲ့ အချိန်တွေကို ကျော်ဖြတ်နေတဲ့အကြောင်းနဲ့ မလေးရှားရောက် မြန်မာများသာမက နိုင်ငံတကာရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ ဧဒင်ဥယျာဉ်မှ ဘလော့အနေဖြင့် သတင်းဓာတ်ပုံများ အကြောင်းအရာများကိုဆက်တိုက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။

သတင်းဓာတ်ပုံများနှင့် အပြည့်အစုံကိုတော့အောက်ပါလင့်မှာဆက်လက် ကြည့်ရှု့နိုင်ပါတယ်။
http://www.edinooyin.com/profiles/blogs/4347155:BlogPost:6445189