အိုဘားမားစောင့်ရှောက်မှုဟု ခေါ်ဆိုကြသည့် ကျန်းမာရေး အာမခံအတွက် စာရင်းသွင်းကြသူအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှု ရှိပြီးဖြစ်သည်ဟု အစီရင်ခံစာများမှဆို


ဇန်နဝါရီ ၁၉။

ဒီဇင်ဘာနောက်ဆုံးကာလများတွင် ကျန်းမာရေး အာမခံအတွက် အိုဘားမားစောင့်ရှောက်မှု အစီအစဉ်အောက်တွင် စာရင်းသွင်းကြသူ အမေရိကန်ဦးရေ နှစ်သန်းကျော်မှာ အလုပ်ရှင်မှ အကုန်အကျခံသည့် အစီအစဉ်များတွင်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်သော်လည်းကောင်း ဝယ်ယူရရှိပြီးသူများဖြစ်ကြောင်း ဝေါစထရိဂျာနယ်မှ သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

အတိုင်ပင်ခံများ၊ ပွဲစားများ၊ အာမခံသူများထံမှ အစောပိုင်း သတင်းအချက်အလက်များအရ ဈေးကွက်အတွင်း အခြားနေရာ များတွင် အာမခံပြီးသော သူများအကြား လူကြိုက်များနေမှုသည် ကျန်းမာပြီး အာမခံ မရှိသေးသော အမေရိကန် သန်းပေါင်းများစွာ၏ ကုန်ကျစားရိတ်ကို ထေမိစေရန် ရည်ရွယ်ကူညီမည့် ဥပဒေကို မေးခွန်းများ ထုတ်လာစေသည်။

စီမံခန့်ခွဲရေး အတိုင်ပင်ခံအဖွဲ့ McKinsey & Co. မှ စစ်တမ်းများအရ အိုဘားမားစောင့်ရှောက်မှု အစီအစဉ်အောက်ရှိ အာမခံအသစ် ဝယ်ယူကြသူများအနက် ၁၁ရာခိုင်နှုန်းသာ အာမခံဝယ်ယူမှု မရှိခဲ့ကြောင်း ၊ စစ်တမ်းမှာ နိုဝင်ဘာနှင့် ဇန်နဝါရီအကြား ဝယ်ယူသူ ၄၅၆၃ ယောက်ကို နမူနာအဖြစ်ကောက်ယူပြီး အခြေခံထားကြောင်း ဝေါစထရိဂျာနယ်မှ သိရှိရသည်။

လူဦးရေပေါင်း ၇၅၀၀ကို အာမခံထားပေးခဲ့သည့် HealthMarkets Inc. အမခံလုပ်ငန်းမှ စာရင်းသွင်းသူများအနက်           ၆၅ယောက်မှာ ရှေးဦးအာမခံများရှိကြောင်း အစီရင်ခံခဲ့သည်။ စာရင်းသွင်းသူများအနက် လူဦးရေ ၁၅ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ပုဂ္ဂလိကအစီအစဉ်များကို ပယ်ဖျက်ခဲ့ပြီး ၄၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ပုဂ္ဂလိက အစီအစဉ်များကို ပြောင်းလဲခဲ့ကြသည်။

ဥပဒေရဲ့ ရည်ရွယ်ချက် တစ်ခုက ကျွန်တော်တို့နိုင်ငံအတွင် အာမခံမရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်ပါတယ်ဟု အာမခံကုမ္ပဏီ Cigna မှ အမှုဆောင်အရာရှိချုပ် ဒေးဗစ် အမ်ကော်ဒနီမှ သတင်းစာများအား ပြောဆိုခဲ့သည်။ တစ်ချို့အာမခံကုမ္ပဏီများမှ အစောပိုင်းအချက်အလက်အရ အာမခံထားရှိလာတဲ့ ဝယ်ယူသူအသစ်များမှာ မျှော်လင့်ထားသည်ထက် လျော့နည်းနေသည် ဟုဆိုသည်။

မီချီဂန်အခြေစိုက် ကျန်းမာရေးဦးစားပေးဌာနမှ စိစစ်ချက်အရ မီချီဂန်ရှိ အာမခံကုမ္ပဏီများမှာ ယမန်နှစ်အတွင်း ပြည်နယ်ရှိ အာမခံမရှိသေးသူ လူဦးရေ ၁.၂ သန်းအနက် လူဦးရေ လေးသိန်းခန့် အာမခံထားရှိကြမည်ဟု မျှော်လင့်ခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာအဆုံးသတ် ကာလတွင် ယခင်ကတည်းက အာမခံထားရှိခဲ့သူများ အများအပြား ပါဝင်သည့် လူပေါင်း ၇၆၀၀၀ သာ စာရင်းသွင်းခဲ့ကြကြောင်း အစီရင်ခံစာမှ ဆိုသည်။

“ကျွန်တော်တို့ အာမခံထားသူတွေ များလာအောင် လုပ်နေတာလား ဆိုတာတောင် မသိတော့ဘူး။ ပိုပြီးတော့ကို ရှုပ်ထွေးလာသလိုပဲ”ဟု မင်နီပိုးလစ်အခြေစိုက် Medica Health Plans မှ ဒုတိယဥက္ကဋ္ဌ ဂျီအော့ဘာတ်ရှ်မှ ဝေါစထရိဂျာနယ် အားပြောကြားသွားသည်။ ဗဟိုကျန်းမာရေး ဝန်ထမ်းများမှ မတ်လ ၃၁ ရက်နေ့မတိုင်ခင်အတွင်း အိုဘားမားစောင့်ရှောက်မှု အစီအစဉ်အောက်တွင် လဲလှယ်ခြင်းအရ အာမခံအတွက် စာရင်းသွင်းသူများထဲတွင် အရေအတွက်မည်မျှ အာမခံရှိပြီးဖြစ်ကြောင်း မသိရှိရသေးဟု ဆိုသည်။

“ကျွန်တော်တို့ဟာ ခြောက်လာတာစာရင်းသွင်းမှုရဲ့ တစ်ဝက်တာကာလကို ရောက်ရှိနေပါပြီ။ စာရင်းဇယားတွေ အပေါ်အခြေခံပြီး အားလုံးခြုံကြည့်တော့ ဒီအပေါ်မှာ စိတ်ဝင်စားမှုကြီးကြီးမားမား ရှိတာကို တွေ့ရပါတယ်။”ဟု Centers for Medicare and Medicaid Services မှပြောရေးဆိုခွင့်ရှိသူ အာရွန်အောလ်ဘရိုက်မှ ပြောကြားသွားသည်။

“အမေရိကန်တွေ အနေနဲ့ ထားရှိနိုင်တဲ့ ကျန်းမာရေးအာမခံတွေကနေ ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာအတွက် လက်လှမ်းမီနိုင်တဲ့ အခွင့်အရေးလှုပ်ရှားမှုတွေ ဖြစ်စေတာပါ”ဟု ဆက်လက်ဆိုသည်။

အားလုံးခြုံငုံသုံးသပ်လျှင် အရွယ်ရောက်ပြီးသူ ၅၅-၆၄ အတွင်းမှာ စာရင်းသွင်းသူအများစုဖြစ်ပြီး ၃၃ ရာခိုင်နှုန်းရှိသည်။ စာရင်းဇယားများအရ နိုင်ငံတွင်း အာမခံထားရှိသူများမှာ ၎င်းတို့၏ ကျန်းမာရေးစရိတ်များအတွက် ထေမိခြင်း မရှိဟု သိရသည်။

အချို့သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စောင့်ဆိုင်းနေရကြောင်း၊ ထောက်ပံမှုမှာ အသက် ၆၅ နှစ်မှ စတင်ကြောင်းသိရှိရသည်။ အရွယ်ရောက်ပြီးသူ လူငယ် ၁၈ နှစ်မှ ၃၄ နှစ်ကြားရှိသူများမှာ စုစုပေါင်းစာရင်းသွင်းမှု၏ ၂၄ ရာခိုင်နှုန်းရှိသည်။ ငယ်ရွယ်ပြီး ကျန်းမာသူများမှာ စံနစ်အတွင်းသို့ ၎င်းတို့ထုတ်ယူသည်ထက် ပိုမိုပေးဆောင်နိုင်သောကြောင့် အအသက်အရွယ် ကြီးသူများအား ထောက်ပံ့ရာတွင် အရေးကြီးကြောင်း သိရှိရသည်။

REF: FoxNews
The Myanma Age

တူရကီနိုင်ငံမှာ အင်တာနက် ထိန်းချုပ်မည့် ဥပဒေမူကြမ်းကို ဆန္ဒပြ


ဓာတ်ပုံ - ရိုက်တာ
တူရကီနိုင်ငံမြို့တော် အစ်တန်ဘူလ်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ဆန္ဒပြသူ အယောက် ၃ ရာလောက် စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ်။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ့် ဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်ပါတယ်။

အင်တာနက် သုံးစွဲသူတွေကို အကြီးအကျယ် စောင့်ကြည့်လေ့လာနိုင်ပြီး တရားရုံး အမိန့်မလိုဘဲ အင်တာနက် စာမျက်နှာတွေကို ပိတ်ချဖို့ အစိုးရကို ခွင့်ပြုမယ့် ဥပဒေမူကြမ်းကို အတည်မပြုမီ လာမယ့်ရက်တွေအတွင်း လွှတ်တော်ထဲမှာ ဆွေးနွေး စကားရည် လုကြမှာပါ။
ဒီဥပဒေကြမ်းဟာ အင်တာ နက်ပေါ်ကအလွဲသုံးစား အမြတ်ကြီးစားလုပ်သူတွေရဲ့ဘေးကနေ ကလေးတွေကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာတွေကို ကာကွယ်ဖို့ ရည်မှန်းတာလို့ တူရကီ အစိုးရက ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ အစ်တန်ဘူလ်မြို့ တပ်ခ်ဆင်မ်ရင်ပြင်မှာ အစိုးရဆန့်ကျင်ရေး ဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ပြီး ဥပဒေမူကြမ်းကို ပယ်ချဖို့ လွှတ်တော်အမတ်တွေကို ဆော်သြပါတယ်။

ရုန့်ရင်းဆန်ခတ် ဖြစ်မှုကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူ အတော်များများကို ဖမ်းဆီးခဲ့ပါတယ်။
DVB Burmese

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံတန်းတွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၁၉

၁၉.၁.၂၀၁၄ရက်နေ့ ၀၉၂၀အချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်း အသောကလမ်း၊ ရွှေလင်းယုန်ဆန်ပွဲရုံရှိ
မြေအောက်ခန်း၌သိုလှောင်ထားရှိသော ဖွဲနုများမှာအပူရှိန်လွန်ကဲရာမှ မီးခိုးများထွက်ကာမီးလောင်မှုဖြစ်ပွါးခဲ့၍ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ
၁၀၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဖွဲ့နုအိတ်(၁၀)အိတ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၂၅၀၀၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပါသည်။

၎င်းမြေအောက်ခန်းအား ဆန်ကွဲ၊ ဖွဲနုရောင်းဝယ်ရေးလုပ်ကိုင်သူ အင်းစိန်မြို့နယ်နေ ဦးကျော်မင်း (ဘ)ဦးလှရီမှ ငှားရမ်းကာ ဖွဲနုများသိုလှောင်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါမီးလောင်မှုဖြစ်ပွါးခဲ့သည့်အတွက် ဦးကျော်မင်းအား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ) ၁၈/ ၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောက်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

စာရေးဆရာ ၄ယောက်ရဲ့ ပုံတူပန်းချီပန်းပု ကိုရီးယား ကုန်စည်ပြပွဲတွင် ထုလုပ်ရေးဆွဲ


ကိုရီးယားနိုင်ငံ ကုန်ပစ္စည်းပြပွဲမှာ မြန်မာစာရေးဆရာတွေရဲ့ ပုံတူ ပန်းချီပန်းပုတွေကို ရန်ကုန်မြို့ MCC ခမ်းမမှာ ၄ရက်ကြာ ပြုလုပ်နေပြီး ဇန်နဝါရီ ၁၉ရက်နေ့မှာတော့ လယ်တွင်းသားစောချစ်ရဲ့ ပုံတူပန်းချီပန်းပုတွေကို ထုလုပ်ခဲ့ပါတယ်။

ပြပွဲ ပထမနေ့မှာတော့ ဆရာမ သန်းမြင့်အောင်၊ ဒုတိယနေ့မှာတော့ စာရေးဆရာချစ်ဦးညိုတို့ရဲ့ ပုံတူပန်းချီပန်းပု ကို လက်တွေ့ထုလုပ်ခဲ့တာဖြစ်ပြီး နောက်ဆုံးနေ့မှာတော့ ဆရာကြီး စည်သူလေးမြိုင်ပုံတူကို ထုလုပ်ရေးဆွဲမယ်လို့ ပန်းပုဆရာ ကျော်ကျော်မင်းက ဆိုပါတယ်။

သူ့ရဲ့ဘဝမှာ ဒီလို လက်တွေ့ပုံတူ ပန်းချီပန်းပု ရေးဆွဲထုလုပ်တာ ပထမဆုံးဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်သလို ပန်းချီပန်းပုဆရာတွေကို ကျေးဇူးတင်တယ်လို့ စာရေးဆရာ လယ်တွင်းသား စောချစ်က ဆိုပါတယ်။

ကိုရီးယားနိုင်ငံထုတ် စားသောက်ကုန်၊ စက်ပစ္စည်း၊ ကားနဲ့ အလှကုန်ပစ္စည်းတွေကို ဇန်နဝါရီ ၂ဝရက်နေ့အထိ ပြသနေတာဖြစ်ပြီး ကိုရီးယားနိုင်ငံသားတစ်ယောက်က ပုံတူပန်းချီကားကို ဒေါ်လာ ၁၅ဝနဲ့ ရေးဆွဲခဲ့ပါတယ်။ ပန်းပုကိုတော့ ကိုယ်တစ်ပိုင်းပုံဆိုရင် ကျပ် ၁ဝသိန်း။ တစ်ကိုယ်လုံးပုံတူဆိုရင် သိန်း ၄ဝ ကုန်ကျတယ်လို့ ဆိုပါတယ်။

ကိုရီးယားနိုင်ငံထုတ် ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းတွေဖြစ်တဲ့ အရိုးနဲ့အကြောကို နှိပ်ပေးတဲ့စက်။ သွေးကြောဖွင့်ပေးတဲ့စက်တွေကိုလည်းပြသခဲ့ပြီး သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တယ်လို့ ပြခန်းပြသနေတဲ့ ဦးထက်မင်းစိုးက ဆိုပါတယ်။
Kamayut Media

ရိုးမရန်ကုန် မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပ၊ ပါဝင်သူ ၂ဆကျော် တိုးမြင့်ခဲ့


ရိုးမရန်ကုန် နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၁၉ရက်နေ့မနက်မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး မနှစ်ထက်က မာရသွန်ပြိုင်ပွဲမှာပါဝင်သူ ၂ဆကျော်လာခဲ့တယ်လို့ ဆိုပါတယ်။

လူ ၂၅ဝဝကျော် ပါဝင်တဲ့ ဒီမာရသွန်ပြိုင်ပွဲကို ရန်ကုန်စည်ပင်နဲ့ FMI ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး အားကစားစိတ်ဓာတ်နဲ့ ကျန်းမာရေးလိုက်စားစေချင်တာကြောင့် စီစဉ်တာဖြစ်တယ်လို့ ဒေါ်ခင်စန္ဒာဝင်းက ဆိုပါတယ်။

နိုင်ငံပေါင်းစုံက နိုင်ငံခြားသား ၅ဝဝကျော်ပါဝင်ခဲ့ ၂ဝ၁၄ မာရသွန်ပြိုင်ပွဲမှာ ၅ကီလိုမီတာ၊ ၂၁ ကီလိုမီတာနဲ့ ၄၂ ကီလိုမီတာဆိုပြီး ၃မျိုး ခွဲထားပြီး ကျောင်းသားကျောင်းသူတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၃ မာရသွန်မှာတော့ ပါဝင်သူ တစ်ထောင်ကျော်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၄၂ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ ကိုဝေလင်းထွန်းက နိုင်ငံခြားသားတွေ ပါဝင်မယ်ဆိုတာ သိတာကြောင့် နှစ်လလောက် ကြိုတင်လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဆု ၂ဝကျော်ကို ချီးမြှင့်ခဲ့သလို ကံစမ်းမဲနဲ့ ဖျော်ဖြေပွဲတွေကိုလည်း သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။
Kamayut Media

ရွှေကျောင်းကြီး ပြန်လည်ထိန်းသိမ်းရေး အမေရိကန် ပညာရှင်များ လေ့လာမည်


ဖြိုး| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။ သမိုင်းဝင် မန္တလေးရွှေကျောင်းတော်ကြီး ပျက်ဆီးယိုယွင်းမှုဇစ်မြစ်ကို အမေရိကန်ပညာရှင်များက ဖေဖော်ဝါရီ ပထမပတ်မှစတင်ကာ လေ့လာမှုပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၁၈ရက်က မဇ္ဈိမကို ပြောသည်။

"အမေရိကန်ပညာရှင်တွေမှာ ပါလာမယ့် လေဆာစကန်နာနဲ့ ရွှေကျောင်းတစ်ခုလုံးကို ဖတ်ပြီးတော့ ဘယ်အချက်တွေကြောင့် ပျက်စီးယိုယွင်းရတယ်ဆိုတဲ့ ဇစ်မြစ်တွေကို ရှာပြီး ထိန်းသိမ်းပြုပြင်ရမယ့် နည်းလမ်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ အဲဒီလေဆာစကန်နာစက်က မြန်မာပြည်မှာ မရှိသေးပါဘူး” ဟု ၄င်းက ပြောသည်။

လေ့လာမှုတွင် ရွှေကျောင်းကြီး၏ ပျက်စီးယိုယွင်းရခြင်းသည် သက်တမ်းကြာမြင့်ခြင်း၊ သဘာဝအလျောက်ပျက်ဆီးခြင်း၊ အင်းဆက်ပိုးမွှားများကြောင့်ပျက်ဆီးခြင်းနှင့် လူများကြောင့် ပျက်စီးရခြင်းဖြစ်စေ စသည့်အကြောင်းအချက်များကို ရှာဖွေမည်ဖြစ်သည်။ တွေ့ရှိသည့် အဖြေများအရ ပြုပြင်ထိန်းသိမ်းမှုများကို လိုအပ်သလို ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့အပြင် ရွှေကျောင်းကြီး မီးဘေးကာကွယ်ရေးအတွက်လည်း ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် အခြားပြည်ပနိုင်ငံများက ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အဖွဲ့လာရောက်မည်ဖြစ်သည်။

လက်ရှိတွင် ရွှေကျောင်းကြီးတစ်ခုလုံး၏ မူလပုံစံအနေအထားများကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် Hand Drawing ဖြင့် မှတ်တမ်းယူခြင်းများကို ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန (DOA) မှ ပညာရှင်များနှင့်အတူ မန္တလေးမြို့မှမြန်မာမှုပညာရှင် တမ္မဝတီ ဦးဝင်းမောင်နှင့် အဖွဲ့ ပါဝင်ကြောင်း သိရသည်။

မန္တလေးရွှေကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန်နိုင်ငံ၏ Ambassadors Fund for the Cultural Preservation မှ ဒေါ်လာငါးသိန်းခန့် ထောက်ပံ့ပေးမည်ဖြစ်သည်။ ထိုသို့ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံမှ ငွေကြေးအပြင် နည်းပညာများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က အဆိုပါရွှေကျောင်းကြီးပြုပြင်ရန်အတွက် လာရောက်လေ့လာသော အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်ကပြောကြားခဲ့သည်။

မန္တလေးရွှေကျောင်းသည် နှစ်ပေါင်းသက်တမ်း ၁၃၀ ကျော်ရှိပြီဖြစ်ပြီး ကုန်းဘောင်ခေတ်၁၉ ရာစုခန့်က မြန်မာမှုအနုပညာ ဗိသုကာလက်ရာ စံပြုကျောင်းကြီးတစ်ကျောင်းဖြစ်သည်။
Mizzima Burmese

လစ်ဗျား စစ်လေယာဉ်တွေ တောင်ပိုင်းဒေသကို ပစ်မှတ်ထား တိုက်ခိုက်


လစ်ဗျား စစ်လေယာဉ်တွေဟာ ဇန်န၀ါရီလ ၁၈ ရက်နေ့က မငြိမ်မသက် ဖြစ်နေတဲ့ တောင်ပိုင်းဒေသကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ပြိုင်ဘက် တိုင်းရင်းသား တိုက်ခိုက်ရေးသမားတွေနဲ့ စစ်သွေးကြွတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေအပြီး သေနတ်သမားတွေက လေတပ် အခြေစိုက်စခန်းတခုကို မွှေနှောက် ပစ်ခတ်ခဲ့လို့ လစ်ဗျားအစိုးရက မြေပြင်တပ်တွေကို ခုလို တန်ပြန်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာပါ။

လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာ ကဒါဖီကို ဖယ်ရှားစဉ်က ကူညီခဲ့တဲ့ လက်နက်အကြီးအကျယ် ပိုင်ဆိုင်တဲ့ ပြည်သူ့စစ်တွေ တိုင်းရင်းသား တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စလာမစ်တွေဟာ လက်နက်ဖြုတ်သိမ်းဖို့ ငြင်းဆန်နေလို့ သူတို့ကို ထိန်းချုပ်ဖို့ လစ်ဗျားအစိုးရက ရုန်းကန် ကြိုးစားနေရပါတယ်။ ဒါကြောင့် အိုပက်အဖွဲ့ဝင် ရေနံရောင်းချတဲ့ လစ်ဗျားနိုင်ငံတွင်း မတည်ငြိမ်မှုတွေ ပြန်ပေါ်ပေါက် လာမှာကို အနောက်အင်အားကြီးနိုင်ငံတွေက စိုးရိမ်နေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ အဗ်ဒူရာဇစ် အယ်လ်ရှာဘာဟိကတော့ အစိုးရတပ်တွေ က လေကြောင်းတိုက်ခိုက်မှုအပြီး လေတပ်အခြေစိုက်စခန်းကို ပြန်ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။ အဲဒီနောက် အထွေထွေ အမျိုးသား ကွန်ဂရက်ရဲ့ ညီလာခံက စစ်တပ်ကို အထွေထွေ တပ်လှန်မှု ထုတ်ပြန်လိုက်တယ်လို့ အစိုးရသတင်းဌာန လာနာကပြောပါတယ်။

မြို့တော်ထရီပိုလီမှာတော့ လုံခြုံရေးတပ်တွေကို အဆင့်အမြင့်ဆုံး တပ်လှန့်ထားတယ်လို့ လုံခြုံရေး ပြောခွင့်ရ တယောက်က ပြောခဲ့ပါတယ်။
DVB Burmese

ဘုရားကျောင်းတွင် တပ်စွဲထားမှု ဒေသခံများ တိုင်ကြားမှုကြောင့် ရုပ်သိမ်း


မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈

ကချင်ပြည်နယ် ချီဖွေမြို့နယ်ခွဲ အတွင်းရှိ ရှန်ကျော်ကျေးရွာ နှစ်ခြင်း ဘုရားကျောင်းတွင် ခ.လ.ရ (၇၄) တပ်ရင်းက တပ်စွဲထားမှုကို ဒေသခံ ပြည်သူများက ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှတစ်ဆင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တိုင်ကြားခဲ့ရာ ယင်းနေရာ၌ တပ်စွဲထားမှုကို ချက်ချက်ဖယ်ရှား ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ညွှန်ကြားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (P.C.G) မှ ဦးလမိုင်ဂွမ်ဂျာက The Voice သို့ပြောကြားသည်။

ရှန်ကျော်ရွာ နှစ်ခြင်း ဘုရားကျောင်းတွင် စစ်တပ်က တပ်စွဲထားသည့်အတွက် ဘုရားဝတ်ပြုရာတွင် စိတ်အနှောင့်အယှက် ဖြစ်ခြင်း၊ ဝတ်ပြုရာချိန်များတွင်သာ အသုံးပြုသည့် ပလ္လင်များ ယူငင် အသုံးပြုခြင်းတို့ကို ပြုလုပ်နေသည့်အပြင် သာမန် သွားလာမှုများတွင်ပါ ခြိမ်းခြောက် စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ရှန်ကျော်နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာက ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့သို့ လာရောက် အကူအညီ တောင်းခံခဲ့ရာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ထပ်ဆင့် တိုင်ကြားပေးခဲ့သဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သတင်းရလျှင်ရချင်း နာရီပိုင်းအတွင်း ဖယ်ရှားစေခဲ့ခြင်း ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက ရှင်းပြသည်။

“ကျွန်တော်တို့ဆီက မြောက်ပိုင်းတိုင်းကို ဖုန်းနဲ့ အကြောင်းကြားလိုက်တဲ့အခါ တာဝန်ရှိသူတစ်ဦးက စိတ်မပူဖို့ ပြောတယ်။ သူတို့တွေက ဖယ်ရှားဖို့ ချက်ချင်း ညွန်ကြားလိုက်တာနဲ့ ဒီညနေ ၃ နာရီကျော်မှ အခြားနေရာကို တပ်ရွှေ့သွားပြီလို့ ဒေသခံတွေဆီက ဖုန်းနဲ့ ပြန်အကြောင်းကြားလာတယ်။ ကျွန်တော်တို့ အကြောင်းကြားတာနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ပေးတယ်” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လျက်ရှိသော တပ်မတော် စစ်ကြောင်းများအနေနှင့် လူနေအိမ်ခြေ အနီးတစ်ဝိုက်နှင့် ဘုရားကျောင်းများတွင် တပ်စွဲခြင်းမျိုး မပြုလုပ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ညွန်ကြားထားပြီး ယင်းကဲ့သို့ ဘုရားကျောင်းများတွင် တပ်စွဲထားမှုအပေါ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့သို့ လာရောက် အကူအညီ တောင်းခံသည့် အသင်းတော် နှစ်ခုရှိပြီ ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ သိရှိရသည်။

ကချင်ပြည်နယ်၌ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်ခန့်မှ စတင်ကာ အဆိုပါ ရှန်ကျော် ဘုရားကျောင်းတွင် တပ်စွဲထားခြင်း ဖြစ်ပြီး ယခုနောက်ဆုံး ခ.လ.ရ (၇၄) လက်ထက်တွင်မှ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ကြောင်း ရှန်ကျော် ဒေသခံများထံမှ ဆက်လက်သိရှိရသည်။

The Voice Weekly Myanmar

တရုတ်ဘက်မှာ သုံးမရတဲ့ ခြေထောက်၊ အသည်း၊ အမြစ်တို့၊ တောင်ပံတို့ ဈေးပေါပေါနဲ့ ဝင်တယ်

“တရုတ်ဘက်မှာ သုံးမရတဲ့ ခြေထောက်၊ အသည်း၊ အမြစ်တို့၊ တောင်ပံတို့ ဈေးပေါပေါနဲ့ ဝင်တယ်။ များသောအားဖြင့် ကတော့ အကင်ဆိုင်တို့၊ ပင်လယ်စာဆိုင် တို့ကိုပဲ အသွားများတယ်။” မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်တင်က ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် ကုမုဒြာ သတင်းဂျာနယ်ပါ
“တရားမဝင် အေးခဲကြက်သား အကင်ဆိုင်တွင် အသုံးအများဆုံး ဟုဆို” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]


စစ်ဆေးရန် လက်ပြတားစဉ် ကားဖြင့်တိုက်မိ၍ ယာဉ်ထိန်းရဲတစ်ဦးသေဆုံး


မန္တလေး၊ ဇန်နဝါရီ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တောင်ဘက်ရှိ ရန်ကုန်-မန္တလေး ကားလမ်းတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးမှာ လိုက်ထရပ် အဖြူရောင် ယာဉ်တစ်စီးကို စစ်ဆေးရန် လက်ပြတားစဉ် အဆိုပါယာဉ် ဝင်ရောက်တိုက်မိ၍ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကျောက်ဆည်မြို့တောင်ဘက် ထနောင်းပင်လှ ကျေးရွာအနီး မန္တလေး-ရန်ကုန် ကားလမ်းတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်အချိန်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် ရဲတပ်ကြပ် ဝင်းတင် ၃၈ နှစ်သည် မန္တလေးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် လိုက်ထရပ် အဖြူရောင်အား ရပ်တန့်စစ်ဆေးရန် လက်ပြထားစဉ် ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရဲတပ်ကြပ် ဝင်းတင်သည် နောက်စေ့ ပေါက်ပြဲဒဏ်ရာများ ရရှိပြီး ကျောက်ဆည် ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ကျောက်ဆည် ဆေးရုံမှ တစ်ဆင့် မန္တလေးဆေးရုံသို့ လွှဲပြောင်း ကုသရန် အသွားတွင် လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။
“မန္တလေး-ရန်ကုန် အမြန်လမ်းဘက်ကို လိုင်စင်မဲ့ကားတွေ မောင်းနှင်တာ ရှိတယ်။ စစ်ဆေးမှုတွေ ပြုလုပ်တယ်။ သူတို့တွေက ရှေ့မှာစစ်ဆေးရေး လုပ်နေတယ်ဆိုရင် ကားကိုထားခဲ့ပြီး လူထွက်ပြေးသွားတာတွေ ရှိတယ်။ တချို့ကျတော့လည်း ယာဉ်မောင်းတွေ လိုင်စင်ရှိမရှိ စစ်ဆေးဖို့တားရင် ထွက်ပြေးတယ်။ လူကိုသက်သက်မဲ့ ဝင်တိုက်တာတွေလည်း ရှိတယ်” ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

မန္တလေး-ရန်ကုန် ကားလမ်းအနီးတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လိုင်စင်မဲ့ ယာဉ်ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လိုက်ထရပ်ယာဉ်မောင်း ဦးခင်မောင်လှကို ကျောက်ဆည် မြို့မရဲစခန်းက ယာဉ် (ပ)၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် စစ်ဆေးအရေးယူလျက် ရှိကြောင်း အဆိုပါရုံးထံမှ သိရသည်။
The Voice Weekly Myanmar

ကျေးရွာ ၁၀ ရွာကို ကျပ်သိန်းနှစ်သောင်းနီးပါး သုံး၍ ဆိုလာစနစ်ဖြင့် မီးပေးမည်


မန္တလေး၊ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ကျပ်သိန်းနှစ်သောင်း နီးပါးသုံးစွဲပြီး ဆိုလာစနစ်သုံးကာ ၂၀၁၄ ခုနှစ် မတ်လကုန်အတွင်း မီးလင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

“အခုလောလောဆယ်တော့ ၃၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ တစ်အိမ်ကို တစ်သိန်းရှစ်သောင်း (ကျပ်) လောက် ကုန်ကျပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင့်ဝါဖြူက ပြောကြားသည်။

အဆိုပါ ကျေးလက် မီးလင်းရေးကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ငါ့သရောက် (ခွဲ)၊ ညောင်ဦးခရိုင်၊ မတ္တရာ၊ ပြင်ဦးလွင်ခရိုင်၊ ပုသိမ်ကြီး၊ မန္တလေးခရိုင် ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မလှိုင်၊ သာစည်၊ မိတ္ထီ လာ၊ ပျော်ဘွယ်၊ ရမည်းသင်းဒေသတို့မှ ကျေးရွာ တစ်ရွာစီလျှင် အိမ်ထောင်စု တစ်ရာအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်း ရှစ်သောင်းကျော် အကုန်အကျခံပြီး အိမ်ခြေပေါင်း ၈၉၇ အတွက် သိန်းပေါင်းတစ်သောင်း ရှစ်ထောင်ကျော် အကုန်ကျခံကာ မတ်လကုန်အပြီး အခမဲ့ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

“မီးလာတပ်ပေးရင်လည်း တစ်ခါတည်း တစ်ရွာလုံး တပ်ပေးပေါ့။ အခုကျတော့ ရတဲ့လူကရပြီး မရတဲ့လူကမရတော့ မကျေနပ်ကြဘူးပေါ့” ဟု မတ္တရာမြို့နယ် တံငါတောင်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၇၈၀ ရှိပြီး မီးလင်းရန် ၁၉၉၆ ရွာကျန်ရှိနေကာ ကျန်ရှိနေသေးသော ကျေးရွာများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးမီးလင်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့် က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသော လုပ်ငန်း ညှိနှိုင်းရေး အစည်းအဝေးတွင် ပြောဆိုထားသည်။
The Voice

မောင်တောတွင် ရဲတပ်ကြပ်ကြီးပျောက်ဆုံးခြင်းကြောင့် ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်


ကေဇူး| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု နှင့် ပတ်သက်၍ ဘင်္ဂလီ ၉ ဦးကို စစ်ဆေးလျှက်ရှိပြီး ထပ်မံဖမ်းဆီးမှုများလည်း ရှိသည်ဟု အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြိုင်က ဇန်န၀ါရီ ၁၉ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

ဖမ်းဆီးစစ်ဆေး ခံရသူများ၏ ပြောဆိုချက်များအရ ထပ်မံဖမ်းဆီးမှုများ ရှိနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဒေသတွင်း တည်ငြိမ်လျှက်ရှိသည်ဟု ဆိုသည်။

“ဖမ်းထားတဲ့အထဲက တချို့ ပြန်လွတ်တာလဲရှိတယ်။ စစ်ဆေးပေါ်ပေါက်မှုအရ ထပ်မံပြီး ဖမ်းဆီးတာလဲရှိတယ် အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူး" ဟု ဦးဝင်းမြိုင်ကပြောသည်။

မောင်တောမြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဒူးချီးရာတန်းကျေးရွာ ဗလီအနီးတွင် ရဲတပ်ကြပ် ယူနီဖောင်းအင်္ကျီကို တွေ့ရှိခဲ့သည်ဟု ဦးဝင်းမြိုင်ကဆိုသည်။

အဆိုပါ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဇန်န၀ါရီ ၁၈ရက်က ဘင်္ဂလီ ၈၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး ကျန်သူများကို ပြန်လည်လွှတ်ပေးကာ အမှုနှင့်သက်ဆိုင်သူဟု ယူဆရသူ ၉ ဦးကို ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့သည် ဟု ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

“သူတို့ပြောတဲ့သူတွေက တချို့လည်း အလွယ်တကူ ခေါ်လို့ရတယ်။ တချို့လည်းမတွေ့ဘူး ပုန်းနေတာတွေရှိတယ် ထပ်လိုက်နေရတယ်" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။

မောင်တောမြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒူးချီးရာတန်း ကျေးရွာတွင် ဘင်္ဂလီအမျိုးသမီး၁၇ ဦးနှင့် ကလေးငယ် ငါးဦး အကြမ်းဖက်သတ်ဖြတ်ခံရသည် ဟု AP သတင်းဌာနတွင် ဖော်ပြခဲ့ပြီး ယင်းသတင်းမှာ မှားယွင်းမှုဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ငြင်းဆိုထားသည်။

“သတင်းဌာနတွေက ဒီလိုသတင်းကို မတိကျဘဲရေးတယ် ၊သံရုံးတွေက အဲဒီသတင်းဌာနတွေကို ကိုးကားပြီး သဘောထားတွေ ထုတ်ပြန်တယ်ဆိုတော့ ကျွန်တော်တို့ကို ကူညီတာနဲ့ မတူတော့ဘူး ကမ္ဘာ့အလယ်မှာ မျာက်နှာပျက်အောင် ကြံရွယ်နေသလိုပဲ။ ဒါကြောင့်သံရုံးတွေ အနေနဲ့လည်း အင်တာနက်က သတင်းတွေကို မယူဘဲ ရခိုင်အရေး သတင်းထုတ်ပြန်ချင်ရင် တိကျအောင် မြေပြင်ဆင်းပြီး လေ့လာပါလို့ ပြောချင်တယ်" ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကဆိုသည်။

အဆိုပါသတင်းဖော်ပြမှုများနှင့်ပြီး ဒေသတွင်းဆူပူမှု မဖြစ်သော်လည်း လုံခြုံရေးများ တိုးမြင့်ချထားရသည် ဟု ဦးဝင်းမြိုင်ကပြောသည်။

“ကျေးရွာတွေဘက်မှာ ဖြစ်တယ်ဆိုပေမယ့် မြို့ပေါ်မှာလည်း စိုးရိမ်မှုတွေတော့ရှိတယ်။ ဒေသက တည်ငြိမ်မယ် ကြံလိုက် ပြန်ဖြစ်လိုက်နဲ့ ဆိုတော့ လူတွေက ဒေသမှာ သိပ်မနေချင်ကြတော့ဘူး” ဟု
မောင်တော အမျိုးသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ဆိုသည်။

ဇန်နဝါရီ ၁၃ရက်က မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ဆယ်အိမ်မှုး ဦးအောင်သန်းတို့သည် ဒူးချီးရာတန်း(ဘင်္ဂလီရွာ)သို့ ရောက်ရှိခဲ့ရာ
ကျေးရွာတွင်းရှိ ဘင်္ဂလီလူအုပ်စု နှင့် တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ကင်းလှည့်အဖွဲ့နှင့် ပိတ်မိကျန်ခဲ့သည်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်က စစ်တွေမြို့ ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
Mizzima Burmese

ဆီးရီးယားနိုင်ငံ ဆင်ခြေဖုံးဒေသခံတွေကို စားနပ်ရိက္ခာ ဖြန့်ချိ


ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ ဆင်ခြေဖုံးက ဒေသခံတွေဆီကို စားနပ်ရိက္ခာ အကူအညီတွေ ဖြန့်ချိမှု ဇန်န၀ါရီ ၁၈ရက်နေ့က ရောက်လာပြီလို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အထီးကျန်ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေအတွက် အသည်းအသန် လိုအပ်ချက်လည်း ဖြစ်ပါတယ်။ အရပ်သားတွေကတော့ အာဟာရချို့တဲ့နေပြီး ဆေးဝါးလည်း ကင်းမဲ့နေပါတယ်။

ကုလသမဂ္ဂရဲ့အကူအညီပေးရေး ခရီးအားထုတ်မှုတွေက ဇန်န၀ါရီ ၁၃ ရက်ကတည်းက သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် ရပ်တံ့နေခဲ့ရပြီး ပိုဘေးကင်းတဲ့လမ်းကြောင်းကနေ လာခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ယာမောက် ပါလက်စတိနီးယန်း ခရိုင်အတွင်း လူ ၁၈၀၀၀ အတွက် ပထမဆုံး ရောက်လာတဲ့ အကူအညီလည်း ဖြစ်ပါတယ်။ အကူအညီ မရောက်ခင် လူ ၁၅ ယောက်ကတော့ အာဟာရ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ ပြီးပါပြီ။

အစ္စရေးနိုင်ငံ တည်ထောင်ခဲ့တဲ့ ၁၉၄၈ ပဋိပက္ခအတွင်း ဒုက္ခသည်အဖြစ် ခိုလှုံလာတဲ့ ပါလက်စတိုင်းလူမျိုး ၅ သိန်းကျော်ဟာ ဆီးရီးယားနိုင်ငံတွင်း နေထိုင်ပါတယ်။

၂၀၁၁ ဆီးရီးယား ပြည်တွင်းစစ် စပြီးနောက်ပိုင်း ယာမောက် ဒေသခံအယောက် ၇ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ပါတယ်။
DVB Burmese

လေထု ညစ်ညမ်းလျက် ရှိခြင်းကြောင့် ဘေဂျင်းပြည်သူများ ကြိုတင်ကာကွယ်ကြရန် သတိပေး


ဘေဂျင်း၊ ဇန်နဝါရီ ၁၆

လေထုညစ်ညမ်းမှု မကြာခဏ ဖြစ်လေ့ ရှိသော တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ယခုတစ်ဖန် ထပ်မံ၍ လေထုညစ်ညမ်းမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် ဘေဂျင်းမြို့ တော်တွင် နေထိုင်သူများ အနေနှင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သွားကြရန် သတိပေးထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့က တရားဝင် လေထု ညစ်ညမ်းမှု တိုင်းတာချက်အရ လက်ရှိဘေဂျင်း မြို့တော်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် အဆ ၂၀ ကျော်အထိ ရောက်ရှိနေသောကြောင့် ယခုကဲ့သို့ သတိပေးခြင်းလည်း ဖြစ်သည်။

ဘေဂျင်းမြို့တော်တွင် မီးခိုးများ ထူထပ်နေခြင်းကြောင့် မိုးမျှော်တိုက်ကြီးများကိုပင် မီးခိုးမြူများဖြင့် ဖုံးလွှမ်းနေပြီး မကောင်းသော အနံ့အသက်များလည်း ခံစား ရှူရှိုက်နေရသည်။

ထို့ကြောင့် အလုပ်လုပ်သူ ဝန်ထမ်းများအနေနှင့် အကာအကွယ် မျက်နှာဖုံးစွပ်များ ဝတ်ဆင်ကြရန်၊ အသက်အရွယ် ကြီးရင့်သူများနှင့် ကလေးများ မိမိအိမ်တွင်း နေထိုင်ကြရန် ဘေဂျင်းမြို့၏ အစိုးရ အာဏာပိုင်များက တိုက်တွန်းထားသည်။

PM 2.5 ဟုခေါ်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လေထုထဲတွင် ရှိသင့်သော အမှုန် ပမာဏ သတ်မှတ်ချက်အရ တစ်ကုဗ မီတာတွင် အမှု ၂၅ မိုက်ခရိုဂရမ်သာ ရှိရမည် ဖြစ်ရာ ယခု ဘေဂျင်းမြို့တော်တွင် တစ်ကုဗမီတာလျှင် အမှုန်ပမာဏ ၅၀၀ မိုက်ခရိုဂရမ်ထိရှိရာ ရှိသင့်သည့် ပမာဏထက် အဆ ၂၀ အထိ ပိုမို များနေခြင်းလည်း ဖြစ်သည်။

ဘေဂျင်းရှိ အမေရိကန် သံရုံးတွင်ရှိသော လေထု ညစ်ညမ်းမှု တိုင်းထွာချက်အရ လေထုတွင်းရှိ အမှုန်ပမာဏသည် ရှိသင့်သည်ထက် ၂၅ ဆထိ ပိုနေသည်ကို တွေ့ရပြီး တရားဝင် တိုင်းတာသည့် ရလဒ်ထက် ငါးဆ ပိုလျက်ရှိသည်။

“လမ်းဟိုဘက်က တိုက်အမြင့်ကြီးကို မမြင်ရဘူး” ဟု ကျန်းဟုခေါ်သော ယာဉ်ကြော ထိန်းသိမ်းရေး လုပ်ဆောင်သူ တစ်ဦးဖြစ်သူက အေဖက်ပီ သတင်းဌာနကို ပြောကြားသည်။

ကျောက်မီးသွေး စွမ်းအင်စက်ရုံများ၊ စက်မှုစက်ရုံများနှင့် သန်းနှင့်ချီသော ကားများကြောင့် တရုတ်နိုင်ငံ မြို့ကြီးများတွင် လေထု ညစ်ညစ်မှုများ မကြာခဏ ဖြစ်လေ့ရှိ ကြောင်း ဘေဂျင်းရှိ BBC သတင်းထောက် မာတင်ပေးရှန့်က ကပြောကြားသည်။

လေ့လာချက်များအရ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် အချိန်မတိုင်မီ သေဆုံးမှု များ ဖြစ်ပွားလေ့ရှိသည်။

ယမန်နှစ်က ဘေဂျင်းမြို့တော်၏လေထုညစ်ညမ်းမှုမှာ အန္တရာယ်ရှိသော အဆင့်အထိ ရောက်ရှိသွားခဲ့ခြင်းကြောင့် တရုတ်အစိုးရ မီဒီယာနှင့် အခြားမီဒီယာများက ဝေဖန် ပြောကြားခဲ့ပြီးနောက် လေထု သန့်စင်ရေး လုပ်ငန်းများ ပိုမိုဆောင်သွားမည်ဟု တရုတ် အစိုးရ အာဏာပိုင်များက ကတိပြုခဲ့ကြသည်။
The Voice Weekly Myanmar

လယ်ယာမြေများအား သဘောမတူပဲ လာရောက်တိုင်ထွာမည်ဆိုလျင်ပြန်လည်တရားစွဲဆိုသွားမည်ဟု ဦးအောင်မြတ်ခိုင်ကပြော


ရန်ကုန်၊ ဇန်န၀ါရီ ၁၉။

လယ်ယာမြေများအား သဘောမတူပဲ လာရောက်မြေတိုင်ထွာမယ်ဆိုရင် မြရွှေဝါကုမ္မဏီ အပါအ၀င် မြေတိုင်ဌာနများအား ပြန်လည် တရားစွဲဆိုသွားရန် အတွက် ပြင်ဆင်ထာပြီးဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ကျီစုအရှေ့ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးအောင်မြတ်ခိုင်က ပြောသည်။

ယင်းလယ်ယာမြေများအား ဇန်န၀ါရီ ၂၀ရက်တွင် လာရောက်၍ မြေတိုင်းထွာရန် စီစဉ်နေသော အဖွဲ့အစည်းများအား လယ်ဧက(၁၁၀)ကိုသာေ မြတိုင်ခွင့်ရှိပြီး ကျန်ဧက(၅၉၃)ဧကကိုတော့ မြေတိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။



ဦးအောင်မြတ်ခိုင်က “အခုလုပ်နေတဲ့လယ်ယာမြေတွေဟာ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ လယ်ယာတွေပါ  အခု ကျွန်တော်တို့က ဘာမှ မသိနားမလည်ဘူး ဆိုပြီးတော့ သူတို့အနိုင်ကျင့်ချင်သလို အနိုင်ကျင့် ခံနေရတာပါ ၂၀ရက်နေ့မှာ လယ်ယာမြေတွေကို လာတိုင်မယ်လို့ သိရတယ် ကျွန်တော်တို့ (၈၄)ဦးပိုင်တဲ့ ဧက(၅၉၃)ဧကကိုတော့ မြေတိုင်မှု ပြုလုပ်ခွင့် မပြုနိုင်ဘူး ကျန်တဲ့ ဧက(၁၁၀)ဧကက သူတို့ပေးတဲ့ ပိုက်ဆံကိုယူပြီးတော့ သဘောတူထားတာ

ဆိုတော့ သူတို့ဘာသာ ဘယ်လိုလုပ်လုပ် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ကျွန်တော်တို့ကတော့ သူတို့ပေးတဲ့ ပိုက်ဆံကို မယူပါဘူး ဒီအတွက် ကျွန်တော်တို့ရဲ့ လယ်ယာမြေကိုတိုင်ထွာခွင့်မပြုနိုင်ပါဘူး”ဟု ပြောသည်။



ယင်းဒေသခံ လယ်သမားအချို့သည် လယ်(၁)ဧကလျှင် (၂၅)သိန်းဖြင့် ပေးချေထားရာ ဧကပေါင်း (၁၁၀)ဧကတွင် ပါဝင်သူများက သဘောတူ လက်ခံခဲ့ပြီး ဦးအောင်မြတ်ခိုင် ပါဝင်သော (၈၄)ဦးတို့ကတော့ သဘောမတူပဲ ကိုယ်ပိုင် လယ်ယာမြေများအဖြင့်သာ လုပ်သွားမည်ဟု ဆိုထားသည်။



ချစ်မင်းထွန်း
The Myanma Age

သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် အားကစားကွင်း ပြန်လည်ရရှိရေး ပထမဆုံးအကြိမ် ဆန္ဒပြ


နန်းမြင့်| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊မဇ္ဈိမ။ ။ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ရပ်ကွက် အပိုင်း ၃ရှိ အားကစားကွင်း ပြန်လည်ရရှိရေးအတွက် လူအင်အား ၁၀၀ ခန့်ဖြင့် ဇန်န၀ါရီ ၁၉ တွင် ယင်းရပ်ကွက် သုဒဿနလမ်း၊ အားကစားကွင်းရှေ့တွင် နေ့လည် ၃ နာရီက ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါအားကစားကွင်းမြေကို ဒေါ်စိုးစိုးမေဆိုသူက စည်ပင်မှ ၂၀၀၂ခုနှစ်အငှားချမြေဂရမ်းဖြင့် ပိုင်ဆိုင်ခဲ့ပြီး ယင်းမြေကို အဆင့်ဆင့်ရောင်းချခဲ့ရာ လက်ရှိတွင် ဦးတင်ထွန်းဦးမှ ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ရပ်ကွက် အပိုင်း၃တွင် နေထိုင်သူ ဦးတင်ထွန်းက “လွန်ခဲ့တဲ့ သုံးလက ဒီအားကစားကွင်းကို ခြံစည်းရိုးလာခတ်တယ်။ အဝီစိတွင်း တူးတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ လာချတယ်။ အလုပ်သမားတွေနေဖို့ တန်းလျားတွေထိုးတယ်။ ခြံစည်းရိုးလာခတ်တဲ့အချိန်မှာ အားကစားကွင်းကို သိမ်းလိုက်ပြီးဆိုတာသိတော့။ ရပ်ကွက်တစ်ခုလုံးမခံမရပ်နိုင်ဖြစ်ပြီ ဒီဆန္ဒဖော်ထုတ်ပွဲဖြစ်လာတာ” ဟုပြောသည်။

ယင်းအားစားကွင်း၏ အကျယ်အ၀န်းသည် တစ်ဧကခန့်ရှိပြီး သင်္ဃန်းကျွန်း ၁၆ရပ်ကွက် အပိုင်း ၃ရှိ အ.မ.က အမှတ် ၂၇ ကျောင်း၊ မာလာမြိုင်လမ်း၊ ဓမ္မာရုံ၊ ကန်ကော်ရိပ်သာလမ်းတို့ အလယ်တွင်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ ကုန်သည်လယ်ယာအသင်းမှ ဘောလုံးအားကစားသမား(ဟောင်း) ကိုတိုးကြီးက “အားကစားကွင်းကို ဒီရပ်ကွက်သားများသာမက ဘေးနားရှိ ရပ်ကွက်သားတွေပါ သက်ဆိုင်ပါတယ်။ ဒီကွင်းကို ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ အတူ ဒီကွင်းကို မရရအောင်တိုက်ပွဲဝင်သွားမယ်” ဟုပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်၊ အပိုင်း ၁၊ အပိုင်း၂ နှင့် အပိုင်း ၄ တို့ရှိ အားကစားကွင်းများကို သိမ်းယူခဲ့ပြီး အပိုင်း ၃ အားကစားကွင်းတစ်ခုသာကျန်ရှိနေကာ အားကစားကွင်းပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ရပ်ကွက်သူရပ်ကွက်သားများက ပြောသည်။

သင်္ဃန်းကျွန်းတွင်နေထိုင်သူ ဦးဇော်ဝင်းက “တစ်ဦးတစ်ယောက်ကိုကြည့်ပြီး ဘောလုံးကွင်းကို ပေးလိုက်မယ်ဆိုရင် ကလေးတွေ စာရိတ္တပျက်ပြားအောင်လုပ်တာနဲ့ အတူတူပဲ စာရိတ္တပျက်အောင်လုပ်တယ်ဆိုရင် အဓိက တရားခံက နိုင်ငံတော် ခေါင်းဆောင်များသာဖြစ်တယ်။ ရပ်ကွက်တိုင်းမှာ ရပ်ကွက် အင်္ဂါရပ်နဲ့ ညီအောင် အားကစားကွင်း ပြန်လည်ဖော်ထုတ်ပေးပါ” ဟုဆိုသည်။

အဆိုပါ ဆန္ဒပြရာတွင် ရပ်ကွက်သူရပ်ကွက်သားများအပါအ၀င် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ အလုပ်သမားသမဂ္ဂအဖွဲ့၊ လူ့ဘောင်သစ်သစ်ဒီမိုကရေစီပါတီသစ် ဥက္ကဌဟောင်းတို့ ပါဝင်ပြီး ၁၆ ရပ်ကွက် အပိုင်း ၃ အားကစားကွင်း ဆိုင်းဘုတ်ကိုလည်းစိုက်ထူခဲ့သည်။ ယင်းဆန္ဒပြခြင်းအား ခွင့်ပြုမိန့်ရရှိထားပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Mizzima Burmese

အာဆတ် ထွက်မပေးဘူးဆို


အာဆတ် ထောက်ခံသူ တဦး
ဆီးရီးယား သမ္မတ ဘရှား အာဆတ် က သူ နုတ်ထွက်ပေးဖို့ ကိစ္စ လာမယ့် ဆီးရီးယား ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေး မှာ မဟုတ်ဘူးလို့ ပြောကြား ကြောင်း ရုရှ သတင်းဌာန တခုက ဖော်ပြ လိုက်ပါတယ်။

အချိန် အကြာကြီး စောင့် ဆိုင်း ခဲ့ရတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခု ရက်ပိုင်း တွင်းမှာ စတင် တော့မှာ ဖြစ်ပါတယ်။

သူတို့ အနေနဲ့ အညံခံ ချင်ရင် စကတည်းက လက်နက်ချ လိုက်ရုံပဲလို့ ရုရှ လွှတ်တော် အမတ် တွေနဲ့ ဒမတ်စကပ်မှာ တွေ့ဆုံရာမှာ မစ္စတာ အာဆတ်က ပြောတယ်လို့လည်း ရုရှ Interfax သတင်း ဌာနက ဖော်ပြပါတယ်။

မစ္စတာ အာဆတ် ဒီလို မပြောခဲ့ပါဘူးလို့ ဆီးရီးယား အစိုးရ သတင်း ဌာန တွေက ပယ်ချ ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မစခင် မစ္စတာ အာဆတ် ထွက်ပေးဖို့ ဆီးရီးယား အတိုက်အခံ တွေက ဟိုတုန်းထဲက တောင်းဆို နေခဲ့ကြတာ ဖြစ်ပါတယ်။
BBC Burmese

ဟောင်ကောင် လမ်းတွေပေါ်မှာ နိုင်ငံခြားသား အိမ်အကူလုပ်သားတွေ ဆန္ဒပြ


ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရဲ့ လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသား အိမ်အကူ လုပ်သားတွေ ဇန်န၀ါရီ ၁၉ ရက်နေ့က ဆန္ဒပြနေကြပါတယ်။

ဟောင်ကောင်အလုပ်ရှင်တွေက ၈ လကြာ နှိပ်စက်တာခံရတဲ့ အင်ဒိုနီးရှား အိမ်အကူလုပ်သား တယောက် အတွက် တရားမျှတမှုကို တောင်းဆိုရင်း လူ၅ထောင်လောက် ဆန်ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ စည်းရုံးသူတွေက ပြောပါတယ်။

အသက် ၂၃နှစ်အရွယ် အီရိဝါနာ ဟာ အလုပ်ရှင်တွေ နှိပ်စက်မှုကြောင့် မျက်နှာ၊ ခြေနဲ့ လက်တွေပါ အပူလောင်ဒဏ်ရာတွေ ခံစားခဲ့ရတယ်လို့ စွပ်စွဲ ထားပါတယ်။
ကျမတို့ဟာ အလုပ်သမားတွေ ဖြစ်တယ် ကျွန်တွေ မဟုတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ကြွေးကြော် ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဟောင်ကောင် ရဲဗဟိုဌာနချုပ်နဲ့ ဟောင်ကောင် ဗဟိုအစိုးရရုံးတွေ ရှေ့မှာ စီတန်းလှည့်လည်ခဲ့ အိမ်အကူလုပ်သားတွေကို ပိုကာကွယ်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

ဆန္ဒပြပွဲကို စီစဉ်သူတွေထဲက တယောက်ကတော့ ဟောင်ကောင်က ရွှေ့ပြောင်းလုပ်သား အိမ်အကူလုပ်သားတွေရဲ့အခြေအနေက ကျွန်တွေလိုပဲ အလွဲသုံးစားလုပ်တာ ခေါင်းပုံဖြတ်တာ ခံရဖို့ သိပ်လွယ်တယ် လုံလောက်တဲ့ ကာကွယ်မှုတွေ ပိုကောင်းတဲ့ အလုပ်အကိုင် အခြေအနေတွေကို လုပ်သားတွေကို ပေးတာ သေချာအောင် လုပ်သင့်တယ် ရွှေ့ပြောင်းလုပ်သား ဆန့်ကျင်ရေး မူဝါဒတွေကို ပယ်ဖျက်သင့်တယ်လို့ပြောပါတယ်။

ဟောင်ကောင် ရဲအရာရှိ ၄ ယောက်နဲ့ အလုပ်သမားရုံးအရာရှိ ၂ ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်က ဆရာဂံ ကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ သွားရောက်ပြီး နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူကို တွေ့ဆုံမှာပါ။ ဒီအမှုကို အကြီးအကျယ် အရေးကြီး အမှုအဖြစ် သတ်မှတ်ထား တယ်လို့ ဇန်န၀ါရီလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရဲတွေက ဖော်ပြပါတယ်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသမှာ အိမ်အကူလုပ်သား ၃ သိန်း ၂ သောင်းနီးပါးရှိပြီး အားလုံးနီးပါးက အမျိုးသမီးတွေဖြစ်ပြီး တ၀က်ကျော်က အင်ဒိုနီးရှား နိုင်ငံသားတွေလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဟောင်ကောင်အလုပ်ရှင်တွေဟာ နိုင်ငံခြားသား အိမ်အကူတွေကို ရုပ်ပိုင်းဆိုင်ရာရော အပြောအဆိုအရပါ ပုတ်ခတ် နှိပ်စက်မှု တွေ အပါအ၀င် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကြာခဏ ကျူးလွန်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
DVB Burmese

New Light of Myanmar သတင်းစာ (၁၉-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကြေးမုံ သတင်းစာ (၁၉-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာ့အလင်း သတင်းစာ (၁၉-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Blogspot ပြုလုပ်နည်း – How to make a blogger website


ကိုယ်ပိုင် blog တည်ထောင်နည်းကို အသေးစိတ် ပုံများနဲ့တကွ သင်ပေးထားပါတယ်။
မြန်မာနိုင်ငံက ကိုယ်ပိုင် blog ထောင်ချင်သူတွေအတွက် သေသေချာချာ ကျကျနန ရေးပေးထားတဲ့ website တစ်ခုပါ။


Myanmar IT မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

စည်းကမ်းမဲ့ဆိုင်ကယ်ကို စစ်ဆေးသူနှစ်ဦးအား ကတ်ကြေးဖြင့်ထိုးသူများ လာရောက်အဖမ်းခံ


စည်းကမ်းမဲ့ရပ်ထားသည့် ဆိုင်ကယ်ကို စစ်ဆေးနေစဉ် ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးက စစ်ဆေးနေသူနှစ်ဦးကို ကတ်ကြေးဖြင့်ထိုး၍ လေထိုးပိုက်ဖြင့်ရိုက်ကာ ထွက်ပြေးသွားပြီး ၁၅ ရက် အကြာတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၉ ရက်မှစ၍ အင်းစိန်မြို့နယ်တွင် ယာဉ်ထိန်းရဲများ၊ စခန်းရဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ အောင်ဆန်း၊ ဒညင်းကုန်းနှင့် စဥ့်ငူရပ်ကွက်တို့မှ ရာအိမ်မှူးများအဖွဲ့သည် အင်းစိန်မြို့နယ်အတွင်းရှိ စည်းကမ်းမဲ့ဆိုင်ကယ်များကို လှည့်လည်ဖမ်းဆီးခဲ့သည်။ ထိုသို့ဆောင်ရွက်စဉ် ဒညင်းကုန်းလမ်းဆုံအနီးရှိ ပြင်စည်မင်းသားကြီးလမ်းမပေါ်၌ စည်းကမ်းမဲ့ရပ်ထားသည့် JLM- 125 အမျိုးအစား ဆိုင်ကယ်တစ်စီးကို တွေ့ရှိသဖြင့် စစ်ဆေးနေစဉ် စစ်ဆေးရေးအဖွဲ့ဝင် ဒုတပ်ကြပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့် (၁) တို့ကို ကတ်ကြေးဖြင့်ထိုးပြီး လေထိုးပိုက်ဖြင့် ရိုက်ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်နေစဉ် ဆိုင်ကယ် ကယ်ရီသမားနှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနသို့ လာရောက်အဖမ်းခံခဲ့ကြပြီး ၎င်းတို့ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ကြသည့် ကတ်ကြေး နှင့် လေထိုးပိုက်တို့ကို အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
သန်းဌေး
7 Day Daily

အမြန်လမ်းတွင် ယာဉ်တိုက်ရာ၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေဆုံး


ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရသည့်ယာဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်
၂၀၁၀ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ချိုသည် အမြန်လမ်းယာဉ်မှောက်မှုတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၃ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ်-၂၇၂/၆ နှင့် ၂၇၂/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးမြင့်ချိုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်  ၁၉၈၈ ခုနှစ်အထိ ဆောက်လုပ်ရေးဝန်ကြီးဖြစ်ခဲ့သည့် ဗိုလ်ချုပ်မြင့်လွင်၏ သားမက်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ကြောင်း လမ်းမတော်မြို့နယ် အမှတ်-၅ ရပ်ကွက်မှ စုံစမ်းသိရှိရသည်။
““ယာဉ်တိုက်မှုဖြစ်တဲ့နေရာနားမှာပဲ ဂူသွင်းသင်္ဂြိုဟ်လိုက်တယ်”” ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းလိုက်ပါလာသောယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ကပ်တုံးများကို ၀င်ရောက်တိုက်မိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး  ၎င်းနှင့်အတူ လိုက်ပါလာသော ကျန်နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။
ယာဉ်မောင်းထွန်းဇော်အား ပေပင်လေးအမြန်လမ်းရဲစခန်းမှ ယာဉ်ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။
သန်းဌေး
7 Day Daily

နိုင်ငံခြားသားနှစ်ဦးက စတိုးဆိုင်မှ ငွေကျပ်နှစ်သိန်းကျော် လိမ်လည်မှုဖြစ်


နိုင်ငံခြားသားနှစ်ဦးက ခုနစ်ရာကျပ်တန် နားကျပ်တံဝယ်ကာ ငွေကိုင်စာရေးမထံမှ ငွေကျပ်နှစ်သိန်းခြောက်သောင်းကျော် လိမ်လည်သွားသောဖြစ်စဉ်တစ်ခု စမ်းချောင်းမြို့နယ်ရှိ စတိုးဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

““ငွေကိုင်စာရေးကို မျက်လှည့်ပြသလိုလုပ်ပြီး ပိုက်ဆံတွေကို ယူသွားတာပါ။ သူတို့ရဲ့ ပုံသဏ္ဌာန်ကို ခန့်မှန်းပြီး တိုင်းရဲတပ်ဖွဲ့ကပါ ရှာပေးနေပါတယ်။ စီစီတီဗီမှတ်တမ်းမရှိတော့ တရားခံရှာရတာ အခက်အခဲရှိပါတယ်””ဟု စမ်းချောင်းမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းအေးကပြောသည်။
စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ Kiddy World ကလေးပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်တွင် ဇန်န၀ါရီ ၁၃ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  အဆိုပါဆိုင်တွင် အရောင်းဝန်ထမ်းသုံးဦးသာရှိနေခိုက် နိုင်ငံခြားသားနှစ်ဦး ရောက်လာပြီး ခုနစ်ရာကျပ်တန် နားကျပ်တံ ၀ယ်ယူကာ ကောင်တာထဲတွင်ထားသော ပိုက်ဆံထုပ်ကို လိမ်ယူသွားခြင်းဖြစ်ကြောင်း တာဝန်ခံစာရေးမကပြောသည်။
““ဆိုင်ထဲကို နှစ်ယောက်ဝင်လာပြီး တစ်ယောက်က နားကျပ်တံဝယ်တယ်။ နောက်တစ်ယောက်က ကျန်တဲ့ဝန်ထမ်းနှစ်ယောက်ကို သူလိုချင်တဲ့ပစ္စည်းတွေကို လိုက်ပြခိုင်းတယ်။ နားကျပ်တံ ၀ယ်တဲ့သူက ကောင်တာထဲက ပိုက်ဆံထုပ်ကို ပေါ်တင်ပဲယူလိုက်ပြီး စည်းထားတာစနစ်မကျဘူးလို့ ပြောပြီး ခပ်တည်တည်နဲ့ စီပေးနေတာ။ သူတို့ ပြန်သွားလို့ ပြန်စစ်ကြည့်တော့ ပိုက်ဆံတွေက ပျောက်နေတာ””ဟု အဆိုပါတာဝန်ခံကပြောသည်။        

ငွေကျပ်သုံးသိန်းရှစ်သောင်းကျော် ထည့်ထားသောအထုပ်ကို ၀န်ထမ်းများရှေ့တွင်ပင်ကိုင်၍ စီပေးခြင်းဖြစ်ပြီး နှစ်သိန်းခြောက်သောင်းသုံးရာတိတိ လိမ်ယူသွားခြင်းဖြစ်သည်။ ပိုက်ဆံလိမ်လည်ခိုးယူသွားသူ နိုင်ငံခြားသားနှစ်ဦးမှာ အိန္ဒိယ(သို့မဟုတ်)ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ က သုံးသပ်ထားပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဦးဆောင်ကာ ရှာဖွေနေဆဲဖြစ်ကြောင်း အမှုစစ်အရာရှိကပြောသည်။ ယင်းဖြစ်စဉ်မှာ နိုင်ငံခြားသားများကို အထင်ကြီးလေ့ရှိသည့် အလေ့အထကြောင့် ပေါ်ပေါ်တင်တင်အလိမ်ခံရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားများ ၀င်ရောက်မှုများပြားနေသည့် ယခုလိုအချိန်တွင် ပိုမိုသတိထားသင့်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
အောင်သစ်လွင်
7 Day Daily

ထော်လာဂျီ၊ တုတ်တုတ်၊ ဂွန်ဒေါင်း၊ ဆိုင်ကယ်တက္ကစီအပေါင်း ဖြည်းဖြည်းမောင်း


မသန်စွမ်းအသင်း၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် နယ်ခရီးစဉ်များကို ထွက်ကြသောအခါ တွေ့ရှိရမြဲလူနာတွေထဲမှာ (Accident) ခေါ်သော မတော်တဆထိခိုက်ဒဏ်ရာများကြောင့် မသန်စွမ်းဖြစ်သွားသူ လူနာများကို အမြဲလိုလို တွေ့ရတတ်ပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ အုတ်ဖို၊ ဟင်္သာတ၊ ဖျာပုံစသော မြို့နယ်တွေကို ရောက်ရှိခဲ့စဉ်က တွေ့ရှိရသည့် မသန်စွမ်းသူများထဲတွင် ယာဉ်တိုက်မှုကြောင့်ဖြစ်သော မသန်စွမ်းသူဦးရေကလည်း မနည်းလှကြောင်း သတိပြုမိသည်။ အထူးသဖြင့်တော့ လမ်းများကကြမ်းကြမ်း၊ ယာဉ်များက ဖြစ်ကတတ်ဆန်းဟု ပြောရလေမည်လား မသိနိုင်တော့ပါ။
နယ်မြို့များမှာ အသုံးများကြသည်က ထော်လာဂျီ(ခေါ်) လယ်ထွန်စက်ကို နောက်တွဲတပ်ယာဉ်မျိုးလည်းရှိသည်။ ထို့နောက် တုတ်တုတ် (ခေါ်)စက်သံက တုတ်တုတ်-တုတ်တုတ်ဟုမည်သဖြင့် (တုတ်တုတ်)ဟု အမည်ပေးထားသော စီးတော်ယာဉ်မှာတစ်မျိုး။ ထိုယာဉ်မျိုး အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း တော်တော်ခေတ်စားဖူးသည်။ ယခုလည်း သုံးနေကျဆဲဖြစ်သည်။ နောက်ထပ်တစ်မျိုးမှာ ဂွန်ဒေါင်းဟုခေါ်သော တရုတ်နိုင်ငံလုပ် ဂွန်ဒေါင်းတံဆိပ်အင်ဂျင်ကို မြန်မာဖြစ်နောက်ဆွဲဘော်ဒီတပ်ယာဉ်တစ်မျိုး။ ထို့နောက်တွင်တော့ တစ်ယောက်စီး၊ နှစ်ယောက်စီး မော်တော်ဆိုင်ကယ်ကို တရုတ်ပြည်ဖြစ် နောက်တွဲတပ် သုံးဘီးတက္ကစီမှာလည်းတစ်မျိုး။
ထိုစီးတော်ယာဉ်အမျိုးမျိုးမှာ အမှန်စင်စစ် စနစ်တကျတည်ဆောက်ထုတ်လုပ်ထားသော ယာဉ်များ မဟုတ်ကြချေ။ ကမ္ဘာ့ မည်သည့်စံနှုန်းမျှ မ၀င်။ မည်သူမှ အသိအမှတ်မပြု။ (Made in Myanmar)ဆိုကြပါတော့။
မြန်မာတွေ မြန်မာပီပီ၊ မြန်မာ့လိုအပ်ချက်နှင့်အညီ စနစ်မကျသော်လည်း မဖြစ်မနေအသုံးချဖို့ ဖန်တီးထားသော စီးတော်မော်တော်ယာဉ်တွေ ဟင်္သာတမြို့သွား ရန်ကုန်-ဟင်္သာတလမ်းမပေါ်မှာဆိုပါက ဂွန်ဒေါင်းသာလျှင် လမ်းမဘုရင်။ လမ်းမပေါ်မှာ ဂွန်ဒေါင်းယာဉ်တွေ တန်းစီနေတတ်သည်။
ကျေးလက်နေပြည်သူတွေကလည်း ထိုစီးတော်ယာဉ်ဂွန်ဒေါင်းကိုသာ ပါဂျဲရိုး၊ လန်ခရုဆာကဲ့သို့ သဘောထားလျက် စီးနေကြရသည်။ ဂွန်ဒေါင်းမော်တော်ယာဉ်များမှာ ဘတ်စ်ကားအရွယ် ဆိုဒ်အတော်ကြီးသည်။ လူရော။ ကုန်ပါတင်နိုင်သည်။ စက်ခေါင်းပိုင်းက တရုတ်အင်ဂျင်။ အဖုံးအကာပါသည်လည်းရှိသည်၊ မပါသည်လည်းရှိသည်။ အများအားဖြင့် အင်ဂျင်ကို ဖုံးမထားတတ်ကြပါ။ နောက်မှ မြန်မာလုပ်သစ်သားကိုယ်ထည် တွဲဖက်ထားသည်။ သစ်သားဘော်ဒီတင် သိန်းနှစ်ဆယ်ခန့် ကုန်ကြသည်တဲ့။
ဟင်္သာတနယ်သားတို့ပြောကြသည်က ဂွန်ဒေါင်းမောင်းစားသူ ဒရိုင်ဘာများ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးတတ်ကြသည်တဲ့။ ၀င်ငွေကောင်းသဖြင့် အသောက်အစားကလည်းမကင်း။ ဂွန်ဒေါင်းအင်ဂျင်တုန်ခါမှု (Vibration) ဒဏ်ချက်ကလည်း ပြင်းထန်လှ၍ မောင်းသူ အတွင်းကလီစာတွေမခံနိုင်သဖြင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးတတ်ကြသည်ဟုဆိုသည်။ ဟုတ်၊ မဟုတ် သုတေသနမရှိ၍ အတိအကျမပြောနိုင်။ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုကိစ္စမှာ တစ်ပိုင်း တစ်ကဏ္ဍ တွေးတောစဉ်းစားရမည်ဟု ထင်ပါသည်။
ဖျာပုံမြို့မှာတော့ သုံးဘီးဆိုင်ကယ်တက္ကစီများ ခေတ်စားသည်။ မြို့အနှံ့ တွေ့မြင်ရသည်။ မော်တော်ဆိုင်ကယ်ကို တရုတ်ဘော်ဒီတွဲထားသော ယာဉ်တစ်မျိုး။ သေချာသည်က ထိုနယ်ဒေသများတွင် ထိုစနစ်တကျထုတ်လုပ်ကုန်မဟုတ်သော မော်တော်ယာဉ်အတု၊ စီးတော်ယာဉ်များ တိုက်မိခိုက်မိပြီး ထိခိုက်ဒဏ်ရာရှိကြသော ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရှင် မသန်စွမ်းသူများကို တွေ့နေရခြင်းပင်။မော်တော်ကားလမ်းများက ကြမ်းကြမ်း။ စီးတော်ယာဉ်များက စနစ်မကျ။
ဟင်္သာတမှာတွေ့ရှိရသော မိန်းကလေးငယ်တစ်ဦးဆိုလျှင် ချောချောလှလှ။ ကလေးနှစ်ယောက်မိခင်။ အသက်အစိတ်သာရှိသေးသည်။ ဂွန်ဒေါင်းတိုက်မိသဖြင့် ခြေထောက်ဖြတ်ထားရသူ။ ကျွန်မတို့နှင့်တွေ့ချိန်မှာ ကျန်ခြေတစ်ဖက်က ကျောက်ပတ်တီးစည်းလျက်ရှိနေဆဲ။ ကျွန်မတို့အသင်းက ကူညီနိုင်သည်မှာလည်း အကန့်အသတ်တွေရှိနေသည်။ ချိုင်းထောက်လိုလျှင် ချိုင်းထောက်ကူညီမည်။ ခြေတုလိုလျှင် ခြေတုရရှိနိုင်ရန် ကူညီမည်။ လတ်လတ်ဆတ်ဆတ် ထိခိုက်ဒဏ်ရာဖြစ်နေသူများအတွက် ဆေးရုံစရိတ်စကမျိုးတော့မကူညီနိုင်။ မြင်ရတွေ့ရ စိတ်မသက်မသာဖြစ်ရတတ်ပါသည်။
ထိုထိုသော နယ်ခရီးစဉ်များ သွားရင်းလာရင်း တွက်ကြည့်မိသည်။ နည်းစနစ်မကျသော မော်တော်ယာဉ်အတုများနှင့် တိုက်မိခိုက်မိခြင်းကြောင့် ဖြစ်နေရသည့် မသန်စွမ်းသူဦးရေအနေဖြင့် မြန်မာပြည်မှာ မည်ရွေ့မည်မျှရှိနေမည်မသိနိုင်ဟုသာ အဖြေရရှိသည်။
ကျွန်မ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ပင်ဘောကျေးရွာမှာ အလုပ်တာဝန်ထမ်းဆောင်ဖူးပါသည်။ ပင်ဘောကျေးရွာမှ မိုးကောင်းမြို့အထိ ထော်လာဂျီနှင့်သွားခဲ့ရသော ခရီးစဉ်ကိုလည်း သတိရမိတတ်သည်။ ထိုစဉ်က ပင်ဘောရွာမှ မိုးကောင်းမြို့အထိ လစာထုတ်ရက်များမှာ အထက်တန်းကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်-သူနာပြုများ၊ သားဖွားဆရာမများအားလုံးပင် ထော်လာဂျီကို စီးနင်းကာသာ ခရီးသွားကြရသည်။ လမ်းတစ်လျှောက်လုံးလည်း ကျေးရွာငယ်များမှ ၀န်ထမ်းအားလုံးလည်း ထိုထော်လာဂျီကိုသာ အားကိုးတကြီးစီးနင်းကြရသည်။
ကျွန်မမှတ်မိသည်ကတော့ ကျွန်မတို့စီးနင်းရသည့်  ထော်လာဂျီစီးတော်ယာဉ်ကြီးသည် အင်ဂျင်က မကြာခဏ ရေဆူပွက်သဖြင့် ချောင်းတွေ့တိုင်း ရေဆင်း၍ခပ်ကာ ရေထည့်မောင်းနေရခြင်းဖြစ်သည်။ ထိုစဉ်က ကျောင်းဆရာကြီးတစ်ဦးက ဟာသနှောပြောခဲ့သည်ကိုလည်း သတိရနေမိသေးသည်။
““ကျုပ်တို့ နွားကြီးကတော့ ချောင်းတွေ့တိုင်း ရေသောက်နေတာပဲဗျို့””ဟူ၏။
နယ်ဒေသများကို လွှမ်းမိုးထားသော မရှိမဖြစ်သုံးစွဲနေရသည့် စနစ်မကျသော စီးတော်ယာဉ်များကား ခေတ်အတော်နောက်ကျနေရုံမက ထိခိုက်ဒဏ်ရာများ မကြာခဏဖြစ်နေစေပြီး လူအပေါင်းတို့ကို မသန်စွမ်းသူဘ၀သို့ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိသွားစေနိုင်နေသည်က ၀မ်းနည်းစရာ၊ ကြေကွဲစရာ။
မြို့တော်ရန်ကုန်မှာတော့ ဇိမ်ခံကားသစ် ကားကောင်းများ၊ လမ်းမများပေါ်အပြည့်အနှက်။ မည်သည့်နေရာမှာ ကားရပ်နားရမည်ပင် မသိနိုင်တော့။ လက်ရှိအနေအထားမှာပင် မြို့တော်ရန်ကုန်၏ လမ်းမများပေါ်မှာ ကားပင်လယ်ကြီးဖြစ်နေသော်လည်း နောက်ထပ် မော်တော်ယာဉ်တွေသွင်းဦးမည်ဟု ကြားနေရပြန်သည်။
တာဝန်ရှိသူတို့သည် နယ်ဒေသများ၌ အမှန်တကယ်လိုအပ်နေသော စနစ်တကျထုတ်လုပ်သည့် မော်တော်ယာဉ်များကို မသွင်းယူဘဲ ဇိမ်ခံမော်တော်ကားများကိုသာ သွင်းယူနေရင်း မြို့တော်ကို မော်တော်ကားပင်လယ်သမုဒ္ဒရာအဖြစ် ရောက်ရှိစေသည်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။
ရန်ကုန်မြို့တော်မှ သူဌေးများကသာ ပါမစ်ကြေးကို ပိုမိုပေးနိုင်၍လေလား။ အမှန်တကယ်လိုအပ်သော ကျေးလက်မှာသုံးစွဲရန် သင့်လျော်သော ထရပ်ကား (Truck car)များကို အဘယ်ကြောင့် မသွင်းလေသနည်း။ တိုင်းပြည်၏ အမှန်တကယ်လိုအပ်ချက်ကို မှန်မှန်ကန်ကန် မမြင်လေရော့သလား။ မမြင်ချင်ယောင်၊ မသိလေဟန်ဆောင်လေရော့သလား။ ကျေးလက်မှလူများက မော်တော်ကားသွင်းခွင့် ပါမစ်ကြေးကို အနည်းငယ်သာ ပေးနိုင်ကြမည်ဖြစ်၍ တွက်ခြေမကိုက်သောကြောင့်လေလား။
သွင်းကုန်ထုတ်ကုန်တာဝန်ရှိသူများ လုပ်စားကိုင်စားစိတ်ဖြင့် မော်တော်ကားများကို တရကြမ်းသွင်းနေကြသည်ဟု သုံးသပ်သူတွေရှိနေသည်။
““လုပ်စားနေတာလေ၊ လုပ်စားနေတာ။ ရှေ့ရေး နောက်ရေး အကျိုးအကြောင်း၊ အဆိုးအကောင်းကို တွက်ခြင်း၊ ချက်ခြင်းမရှိဘဲ ပါမစ်ချ၊ လက်မှတ်ထိုးပြီး လုပ်စားနေတာ””ဟု ဝေဖန်သံတွေ ရှိနေလေ၏။
ဟုတ် ကောင်းဟုတ်မည်။ တိုင်းပြည်၏ အမှန်တကယ်လိုအပ်ချက်နှင့် တလွဲတချော်ဖြစ်နေသည်ကတော့ သေချာသည်။
ကျွန်မတို့ မသန်စွမ်းသူများအသင်းမှာတော့ ရှေ့ခရီးမှာလည်း ထော်လာဂျီ-တုတ်တုတ်- ဂွန်ဒေါင်း-ဆိုင်ကယ်တက္ကစီများ တိုက်မိခိုက်မိပြီး ခြေလက်မသန်စွမ်းဖြစ်ရသူ ကျေးလက်ဒေသပြည်သူတွေကို တွေ့နေ၊ မြင်နေ၊ ကြုံနေရဦးမည်မှာ သေချာသည်။

လမ်းမကောင်းလျှင် ထော်လာဂျီ-တုတ်တုတ်-ဂွန်ဒေါင်း- ဆိုင်ကယ်တက္ကစီအပေါင်း ဖြည်းဖြည်းမောင်းဖို့ တောင်းပန်သည်။ သွင်းကုန်တာဝန်ရှိသူတွေကိုတော့ ကျေးလက်လူထု အမှန်တကယ်လိုအပ်သော မော်တော်ယာဉ်မျိုးကို ဈေးသက်သက်သာသာဖြင့် သွင်းတော်မူကြပါရန် ပြော၍ရချင်မှ ရနိုင်မည်မို့ပါ။
မယ်ငွေဥ
7 Day Daily

ဒုတိယ ကိုယ်ဝန် မီးဖွားပြီးရင် အနုပညာ အလုပ်တွေ ဇောက်ချ လုပ်မယ်ဆိုတဲ့ မေလေး


ဒုတိယကိုယ်ဝန် မီးဖွားပြီးလျှင် အနုပညာအလုပ်များ ပြန်လည်လုပ်ရန် အစီအစဉ်ရှိကြောင်း မိခင်လောင်း ဇင်ဇင်ဇော်မြင့်(မေလေး)က ပြောသည်။

““အနုပညာအလုပ်တွေကို  အခုချိန်မှာ သေချာမလုပ်နိုင်သေးတဲ့အတွက်  ပရိသတ်ကြီးက ခွင့်လွှတ်စေချင်ပါတယ်။ ဒုတိယကလေး မွေးပြီးရင်တော့ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ဖို့  စဉ်းစားထားပါတယ်””ဟု သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကပြောသည်။
ဇင်ဇင်ဇော်မြင့်သည် ဒုတိယကိုယ်ဝန် သုံးလရှိနေပြီဖြစ်ပြီး လက်ရှိအချိန်တွင် စီးပွားရေးအလုပ်များ၊ အနုပညာအလုပ်များမှ အနားယူထားကာ ရင်သွေးလေးကိုသာ ဂရုစိုက်နေသည်ဟု ၎င်းကပြောသည်။
““အပြင်မှာ သားလေးရှိတော့ မိန်းကလေးလိုချင်တယ်။ ဒါပေမဲ့ ကိုယ့်ရင်သွေးကို ဘာပဲရရ ချစ်မှာပါ”” ဟု ဇင်ဇင်ဇော်မြင့်ကပြောသည်။
၎င်း၏ ပထမရင်သွေးလေးမှာ ယောက်ျားလေးဖြစ်ပြီး အသက် သုံးနှစ်ရှစ်လရှိပြီဖြစ်သည်။ အနုပညာအလုပ်မှ အနားယူထားသော်လည်း ပေါ့ပေါ့ပါးပါးရိုက်ကူးနိုင်သည့် ပရိုဂရမ်များနှင့် ဓာတ်ပုံများကိုမူ လက်ခံရိုက်ကူးဖြစ်ကြောင်း ၎င်းကပြောသည်။
7 Day Daily

ကရင်ပြည်နယ် ခရီးစဉ်တွင် ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပေး (အသံဖိုင်ပါသည်)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကရင်ပြည်နယ်ခရီးမှာ ဇန်န၀ါရီ ၁၈ ရက်က ဘားအံနဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာတို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုကို ရှင်းပြခဲ့ပါတယ်။

ဘားအံပွဲကို လူထု ၄ သောင်း၊ လှိုင်းဘွဲ့ပွဲကို ၃ သောင်းလောက်တက်ရောက်ခဲ့ကြပြီး တက်ရောက်ခဲ့တဲ့ ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပေးခဲ့ကြတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကရင်ပြည်နယ်ခရီးဟာ ၁၉၈၉ တုန်းက ပါတီစည်းရုံးရေး ခရီးလိုမျိုး လူထုက ကြိုဆိုခဲ့ကြတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

အပြည်အစုံ နားဆင်နိုင်ပါတယ်။

 
DVB Burmese

ဘန်ကောက် ဆန္ဒပြပွဲ ထပ်မံ ပေါက်ကွဲပြန်

Victory Monument ဆန္ဒပြ နေရာမှာ ပေါက်ကွဲ

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲ တွေ အတွင်း ပေါက်ကွဲမှု ၂ ခု ကြောင့် ၂၈ ယောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ဆန္ဒပြသူတွေ သိမ်းပိုက် ထားတဲ့ Victory Monument မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပုံ အသေးစိတ်ကို မသိရ သေးပါဘူး။

သောကြာ နေ့ကလည်း ဆန္ဒပြ လူအုပ်ထဲ လက်လုပ်ဗုံး ပစ်သွင်းမှု ကြောင့် လူ တယောက် သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ထိုင်း ဝန်ကြီးချုပ် ရင်လတ် ချင်နာဝပ် အစိုးရ နုတ်ထွက် ပေးရေး ဆန္ဒပြ တောင်းဆို နေသူတွေ က ဘန်ကောက်မြို့ အဓိက လမ်းဆုံ တွေကို တနင်္လာ နေ့ ထဲက ပိတ်ဆို့ ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။
BBC Burmese

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် ပြီးဆုံး


ဘားအံ၊ မဇ္ဈိမ။ ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ္ပလီရွာတွင် ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀နာရီမှ ၁၂နာရီလောက်အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲ လုပ်ခဲ့ကြောင်း ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

ကပ္ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ဖူးပြီး ဗိုလ်ချုပ်သွားရောက်ခဲ့စဉ်က ရှိခဲ့တဲ့ ကရင်ခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူ အသက် ၉၄နှစ် အရွယ်ရှိ ဒေါ်နော်ဒါးနဲ့တွေ့ဆုံကာ စကားပြောခဲ့သည်။

ထို့သို့ တွေ့ဆုံအပြီးတွင် ဘားအံမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ဇွဲကပင်ဟိုတယ်၌ နေ့လည်စာစားကာ နေ့လည် ၂နာရီတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

Mizzima Burmese

အစိုးရအရာရှိ လေးဆယ်ကျော်အား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဆိုင်ရာ သင်တန်းပို့ချ


မြန်မာနိုင်ငံရှိ အကြီးတန်းအရာရှိကြီး ၄၄ ဦးအား လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအပါအ၀င် အခြားသော ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများကို သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။

စင်ကာပူနိုင်ငံရှိ လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်း (LKYS) က လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးနှင့် စီမံခန့်ခွဲမှုအရည်အချင်း၊ ခေါင်းဆောင်နိုင်မှု အရည်အသွေးအပါအ၀င် အခြားသော နယ်ပယ်ကဏ္ဍအသီးသီးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အဓိက သင်ကြားပေးနေခြင်းဖြစ်ကြောင်း GE ဖောင်ဒေးရှင်း၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။သင်တန်းတွင် မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံမှ အကြီးတန်းအရာရှိကြီးများ တက်ရောက်ခဲ့ပြီး သမ္မတရုံး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စည်ပင်ဌာနတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

GE ဖောင်ဒေးရှင်းက  ဦးဆောင်ကာ အဆိုပါ အကြီးတန်း စီမံခန့်ခွဲမှုသင်တန်းကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အစိုးရအရာရှိကြီးများအနေဖြင့် မြန်မာနိုင်ငံ  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အဓိကရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း GE ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကို   နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ဇန်န၀ါရီ ၁၃ ရက်မှ စတင်ကာ ပို့ ချခဲ့ပြီး ဇန်န၀ါရီ ၁၇ ရက်ထိ ငါးရက်ဆက်တိုက် သင်ကြားခဲ့သည်။

လီကွမ်ယုပြည်သူ့ရေးရာကျောင်း၌ အုပ်ချုပ်မှုနှင့်  အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆောင်ရွက်သော ပါမောက္ခနှစ်ဦး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် မူဝါဒပြောင်းလဲရေးကို လေ့လာဆန်းစစ်ခြင်း နှင့် အကဲဖြတ်စစ်ဆေးမှု အထူးပြုသော ပါမောက္ခတစ်ဦးနှင့် အာဆီယံလေ့လာမှုစင်တာမှ ဦးဆောင်သုတေသီတစ်ဦးတို့ ပါဝင်သင်ကြားခြင်းဖြစ်သည်။

အာဆီယံနှင့် တောင်အာရှနိုင်ငံတို့မှ အတွေ့အကြုံများနှင့် သင်ခန်းစာများကို အတုယူကာ အဆိုပါသင်တန်းသားများအား အာဆီယံမူဝါဒခေါင်းဆောင်မှုဖိုရမ် (APLF) မှ ချမှတ်ထားသော အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော် သင်ကြားပေးနေကြောင်း သိရသည်။

Author: ဇွဲမာန်
7 Day Daily

ကလေးစစ်သား စုဆောင်းသည့် တပ်မတော်အရာရှိနှင့် စစ်သည်နှစ်ရာကျော်အရေးယူ


အရွယ်မရောက်သေးသူ ကလေးသူငယ်များကို ကိုးနှစ်တာကာလအတွင်း စစ်သည်အဖြစ် စုဆောင်းခဲ့သည့် တပ်မတော်အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးတို့ကို တပ်မတော်စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ ကြောင်း တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးက ပြောကြားသည်။

ဇန်န၀ါရီ ၁၈ ရက်တွင် တပ်မတော် စစ်ကြောရေးဌာနချုပ် (အုတ်ကျင်း)၌ ကျင်းပသည့် ငါးကြိမ်မြောက်ပြုလုပ်သော အရွယ်မရောက်သေးသူကလေးစစ်သားများ မိဘများထံအပ်နှံရေး အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်များကို မမှန်ကန်သောနည်းလမ်းဖြင့် စုဆောင်းခဲ့သည့် အရာရှိနှင့် စစ်သည်တစ်ဦးချင်းစီ၏ ပြစ်မှုအကြီး၊ အသေးကိုလိုက်၍ အချုပ်ကျ ခြင်း၊ နုတ်ထွက်ခွင့်ပေးခြင်းအပြင် ရာထူးတိုးပေးမှု ရပ်တန့်ထားခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းတို့ဖြင့် အရေးယူခဲ့သည်ဟု သတင်းရရှိသည်။

အရေးယူခံထားရသည့် အရာရှိနှင့် စစ်သည်များအနက် အရေအတွက်မည်မျှ မည်သည့်ပုံစံ ဖြင့်အရေးယူခဲ့သည်ကို တပ်မတော်က သတင်းထုတ်ပြန်ခြင်းမရှိပေ။ ကလေးစစ်သား စုဆောင်းခြင်းမရှိစေရန်နှင့် ရှိနေပြီးသား ကလေးစစ်သည်များ နုတ်ထွက်ပေးခြင်းသဘောတူညီချက်စာချုပ်ကို ကုလသမဂ္ဂနှင့် မြန်မာအစိုးရအကြား လက်မှတ်ရေးထိုးမှုမရှိမီကတည်းက တပ်မတော်အတွင်း ၀င်ရောက်လာသော ကလေးငယ်များကို ၂၀၀၄ ခုနှစ်မှစတင်ပြီးစိစစ်ကာ နုတ်ထွက်ခွင့်ပေးခဲ့ကြောင်း တွဲဖက်စစ်ရေးချုပ်ဗိုလ်ချုပ်သန်းစိုးက ပြောကြားသည်။

၂၀၀၄ ခုနှစ်မှ သဘောတူညီချက်စာချုပ်မချုပ်ဆိုမီ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်အထိ ကလေးသူငယ်များကို စစ်သည်အဖြစ်စုဆောင်းခဲ့သော အရာရှိ ၃၁ ဦး၊ စစ်သည် ၁၉၅ ဦး အရေးယူခဲ့သည်။  သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ အရာရှိကိုးဦး၊ စစ်သည် ၃၄ ဦး အရေးယူခဲ့သည်။ ကိုးနှစ်တာကာလအတွင်း ၂၀၀၄-၁၃ အထိ ကလေးစစ်သည် ၈၀၅ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံပေးခဲ့သည်။ တပ်မတော်သို့ တာဝန်ထမ်းဆောင်စဉ်က အသက်မပြည့်မီသော်လည်း နုတ်ထွက်မည့်အချိန်တွင် အသက် (၂၀)ကျော် (၂၇) နှစ်အတွင်းရှိနေသည်ကို တွေ့ရှိရသည်။ အသက်သတ်မှတ်ချက်ကျော်လွန်သော စစ်သည်အချို့က တပ်မတော်အတွင်း တာဝန်ထမ်းလိုသော်လည်း စိစစ်တွေ့ရှိမှုများအရ နုတ်ထွက်ရကြောင်း အခမ်းအနားသို့ တက်ရောက်လာသော မိဘများကပြောသည်။

အချို့စစ်သည်များမှာ တပ်မတော်မှအမှန်တကယ် နုတ်ထွက်လိုသည့် ဆန္ဒရှိသည်ကို တွေ့ရှိရပြီး တပ်မတော်မှအသက်မပြည့်မီ စစ်သားအဖြစ် တာဝန်ထမ်းဆောင်သောသူများတွင် မိမိသဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက်သူများနှင့် တပ်မှပေါ်တာဆွဲခံရသူများလည်း ပါဝင်သည်။ ““ကျွန်မသားလေးက ပုဂံကနေ ရန်ကုန်ကို တက်သွားတုန်းက လမ်းမှာဆွဲခံရတာပါ။ သူဆွဲခံရတုန်းက အသက် (၁၇) နှစ်ပဲရှိ သေးတယ်။ သူနဲ့အဆက်သွယ်ရတော့ သူကသင်တန်းပြီးနေတာ တစ်နှစ်လောက်ရှိပြီ။

ပြန်လာထုတ်လို့ရတယ်ဆိုလို့ ကျွန်မတို့ကဆက်သွယ်ပြီး ပြန်လာထုတ်တာပါ”” ဟု ပခုက္ကူမြို့မှ အသက် (၅၀) အရွယ် မိခင်တစ်ဦးက ပြောကြားသည်။ တပ်မတော်မှနုတ်ထွက်ပြီးသော ကလေးသူငယ်များသည် အသက်ပြည့်၍ မိမိသဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက်လိုသော်လည်း တပ်စည်းမျဉ်းစည်းကမ်းများအရ တပ်မတော်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုပေးခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် တပ်မတော်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အစိုးရကတပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးစစ်သားများ လုံးဝမကျန်ရှိစေရေးစီမံချက်ကို ၁၈ လအတွင်း အပြီးသတ်အကောင်အထည်ဖော်ရန် ကုလသမဂ္ဂနှင့် သဘောတူညီစာချုပ်ချုပ်ဆိုထားသည်။

Author: အိဖြုမွန်၊ ခန့်ထက်
7 Day Daily

ကျူးကျော်တဲများ ရှင်းလင်းရာတွင် တားမြစ်နှောင့်ယှက်သူ ၁၈ ဦး ထပ်မံအရေးယူ


ရန်ကုန်၊ ဇန်နဝါရီ ၁၈

လှိုင်သာယာ-တွံတေး လမ်းမကြီးဘေးရှိ ကျူးကျော်တဲများ ဆောက်လုပ် နေထိုင်သူ များကို ရဲတပ်ဖွဲ့ဝင်များ၊ အနီရောင် လက်ပတ်နှင့် အရပ်ဝတ်များက ဝင်ရောက်ဖယ်ရှား ရှင်းလင်းရာ၌ တားမြစ် နှောင့်ယှက်ကာ ခဲနှင့် ပစ်ခြင်းနှင့် ဆဲဆိုမှုများ ပြုလုပ်ခဲ့သူ ၁၈ ဦးကို ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် ထပ်မံအရေးယူ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ၁၈ ဦးကို ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသဖြင့် ယင်းကဲ့သို့ အရေးယူရခြင်း ဖြစ်ကြောင်း၊ ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် ထပ်မံအရေးယူ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ကျူးကျော်တဲများကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဖယ်ရှားခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆက်လက် ဖျက်သိမ်းခဲ့ရာမှ ကျူးကျော်တဲများတွင် နေထိုင်သူများနှင့် ဝင်ရောက် ဖျက်ဆီးသူတို့ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူခံရသူ ၁၄ ဦးကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၆ ရက်နေ့က တွံတေးမြို့နယ် ခလောက်ချိုက် မြို့မရဲစခန်းက ၁၈ ဦးကို ထပ်မံအရေးယူခဲ့ခြင်း ဖြစ်ကြောင်း တွံတေး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ခလောက်ချိုက် ရဲစခန်းမှာ ၁၈ ဦးလုံးကို ထိန်းသိမ်းထားတယ်။ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကို လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူသွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူ ခံရသူများမှာ လှိုင်သာယာမြို့နယ်မှ သန့်ဇင် (၃၉) နှစ်၊ နိုင်ဝေဇော် (၄၃) နှစ်၊ မောင်ဌေး (၂၂) နှစ်၊ ဦးတိုး (၅၂) နှစ်၊ ထွန်းထွန်း (၄၆)နှစ်၊ မဝသုန် (၂၇) နှစ်၊ ထွန်းထွန်း (၃၆) နှစ်၊ အေးကြိုင် (၄၄)နှစ်၊ တင်အုန်း (၅၁) နှစ်၊ သက်စိုး (၃၂)နှစ်၊ ဇော်လင်း (၃၈) နှစ်၊ လမင်း (၂၅) နှစ်၊ လှဝင်းသန်း (၃၇) နှစ်၊ ချစ်စမ်း (၃၈) နှစ်တို့ ဖြစ်ပြီး ကျန်လေးဦးမှာ ဖျာပုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့မှ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ အရေးယူခံရသူ ၁၈ ဦးကို ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) တို့ဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း တွံတေး မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar

မြန်မာပြည်သူတွေအတွက် တရုတ်ထုတ် E6 ဖုန်း စတင်မိတ်ဆက်


တရုတ်နိုင်ငံထုတ် E6 မိုဘိုင်းဖုန်းကို ရန်ကုန်မြို့ Junction Square မှာ စတင်မိတ်ဆက်လိုက်ပြီး သူတို့ဖုန်းနဲ့ ပတ်သက်လို့ မြန်မာသုံးစွဲသူတွေကြား ဗဟုသုတမျှဝေချင်တာကြောင့် ကျင်းပတာဖြစ်တယ်လို့ ဇန်နဝါရီ ၁၈ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

E6 မိုဘိုင်းလ်ဖုန်းဟာ ဖုန်းလိုင်းဆွဲအားကောင်းပြီး အသုံးပြုရလွယ်ကူစေဖို့ ဆောင်ရွက်ထားတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံထုတ်ဖုန်းဆိုပေမယ့် နိုင်ငံတကာမှာ အသုံးပြုနိုင်တာဖြစ်တယ်လို့ အရောင်းမန်နေဂျာက ဆိုပါတယ်။

E6 ဖုန်းတွေမှာ ဆင်ဆာပါဝင်ပြီး ပုံရိပ်နဲ့အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်မှုရှိသလို ဖုန်းခလုပ်နှိပ်စရာမလိုဘဲ နားမှာ ကပ်လိုက်ရုံနဲ့ ဖုန်းဖြေဆိုနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာကျပ်ငွေ သုံးသိန်းသုံးသောင်းနဲ့ ရောင်းချနေပြီး အပြင်ဆိုင်တွေမှာတော် ၃သိန်းခွဲလောက်ရှိမယ်လို့ ဆိုပါတယ်။

E6 ဖုန်းအရောင်းမြှင့်တင်မှုကို ဖျော်ဖြေရေးတွေနဲ့အတူ နှစ်ရက်ကြာ ကျင်းပမယ်လို့ ဆိုပါတယ်။
Kamayut Media

ကလေးလုပ်သားတွေအတွက် မိုဘိုင်းလ်စာသင်ခန်း လာပြီ၊ ကလေး ၁၂ဝကို သင်ကြားပေးနေ


ကလေးတွေ စာသင်ခန်းဆီမလာနိုင်ရင် ကလေးတွေဆီ စာသင်ခန်းကသွားမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့ My ME အဖွဲ့ဟာ ကလေးလုပ်သားတွေအတွက် မိုဘိုင်းလ်ပညာရေးတစ်ခုကို ဇန်နဝါရီ ၁၈ရက်နေ့ ထူထောင်တဲ့အကြောင်း မိတ်ဆက်လိုက်ပါတယ်။

ပညာမသင်နိုင်ဘဲ လုပ်ငန်းခွင်ဝင်နေရတဲ့ လက်ဖက်ရည်ဆိုင်တွေက ကျောင်းနေအရွယ်ကလေးတွေတွေကို မိုဘိုင်းလ်ရွှေ့လျားစာသင်ခန်းအဖြစ် ကလေး ၁၂ဝကို သင်ကြားပေးနေပြီး ရှေ့ပြေးအစီအစဉ် ၆လကုန်ဆုံးရင် ရေရှည်စီမံချက်ကို ရေးဆွဲသွားမယ်လို့ ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။

မြန်မာအစိုးရက သူတို့ရဲ့ မိုဘိုင်လ်းစာသင်ခန်း အစီအစဉ်ကို ကြိုဆိုအားပေးသလို လက်ဖက်ရည်ဆိုင် ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီးလုပ်ကိုင်ရတာ အဆင်ပြေပြီး အကျိုးရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာတော့ Lucky Seven ဆိုင် ၂ဆိုင်က ကလေးတွေအတွက် လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ကလေးလုပ်သား ပပျောက်ဖို့ဆိုတာ အားလုံးပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံတကာကလည်း ကလေးလုပ်သားသုံးစွဲမှုကို ပြစ်တင်ရှုတ်ချနေမှာမို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။

မိုဘိုင်းလ်စာသင်ခန်းမှာတော့ Level 1,2,3,4 ဆိုပြီး ခွဲခြားထားပြီး စာသင်ခန်းကားကိုလည်း ၁စီးကနေ ၄စီးအထိ တိုးချဲ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ My ME လုပ်ငန်းကို ပြီးခဲ့တဲ့ တစ်လကျော်မှာ စတင်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
Kamayut Media

ပြည်သူတွေကိုတောင်းပန်ရမယ် (၂)


ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ သဘာပတိဖြစ်တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါ်နှင်းနှင်းမွှေးတို့နဲ့ ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးတို့ကဆွေးနွေးထားပါတယ်။

ကျော်စွာမိုး ။  ။   ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်ဖိတ်ကြားထားတဲ့  ဧည့်သည်တွေကတော့ ၁၉၈၈ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို တည်ထောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း
NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တဦးဖြစ် တဲ့ ဆရာကြီးဦးဝင်းတင် သူကလည်းပဲ စာနယ်ဇင်းလောကမှာပဲ တောက်လျှောက်ရေးသားခဲ့တဲ့ သတင်းထောက်၊
သတင်းစာဆရာတဦးလို့လည်းပြောလို့ရပါ တယ်။ နောက်တဦး ကျနော်တို့ ဖိတ်ကြားထားတာကတော့ ထောင်ထဲမှာနှစ်ကြိမ် စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို
ခံရပြီးတော့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ မနှင်းနှင်းမွှေးတို့က ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးဖြစ်ပါတယ်။

မနှင်းနှင်းမွှေးထောင်ထဲမှာ နှစ်ခါဖြတ်သန်းခဲ့ရတော့ အင်းစိန်ထောင်ရယ်၊ နောက်ဘယ်ထောင်မှာနေခဲ့ရသလဲ။

ဒေါ်နှင်းနှင်းမွှေး ။    ။  ကျမတို့က ၉ဝ စက်တင် ဘာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာဆိုတော့ ကျမတို့ အမျိုး သမီး ၅ယောက်ပါတယ်။
 အမျိုးသားအဆောင်ဘက်ကတော့ ရာနဲ့ချီပြီးပါတယ်။  ကျမတို့ကို ရိုက်ပြီးတော့ ပထမတခါ သာယာဝတီအကျဉ်းထောင်ကို ပို့တယ်ပေါ့၊
 အဲဒီ အင်းစိန်ထောင်ကနေပြီးတော့ သာယာဝတီထောင်ကို သွားရာလမ်းတလျှောက်မှာ ရိုက်တယ်ပေါ့နော်။
တနေ့ကုန်လည်း  မစားရ မသောက်ရဘဲနဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့ခြင်း ခံရတယ်ပေါ့။
နောက်တခေါက်ကတော့ ၁၉၉၇ထောင်ကျတဲ့အခါမှာ အင်းစိန်ထောင်မှာ နေရတာပေါ့၊
 ပထမထောင်ကျပြီး နောက်တခေါက်ထောင် ကျတဲ့အချိန်မှာပေါ့နော်။ ထောင်က အခြေအနေဆိုးတာကိုတွေ့ရတယ်။
ကျမတို့ထောင်ကျတဲ့ အခါမှာ အမိန့် မကျမခြင်းပေါ့ ဘယ်သူနဲ့မှ မတွေ့ရဘူး၊  အခန်းနားနီးတွေနဲ့လည်း စကားမပြောရဘူး၊  ဝန်ထမ်းတွေနဲ့လည်း စကားမပြောရဘူး၊
ကိုယ်လိုအပ်တာကိုတော့ပြောပေါ့၊  ဒါပေမယ့် သူတို့ဘက်က ဘာမှဖြည့်ဆည်းပေးတာ မရှိဘူး။
ကျမတို့ ပုံစံခွက်နဲ့ ထမင်းဟင်းကျွေးတာကလွဲပြီးတော့ ကျန်တာကို မရဘူးပေါ့၊ ထောင်ဝင်စာလည်းပို့လို့မရဘူး၊
ဘေးအခန်းတွေနဲ့လည်း စကားပြောခွင့်မရဘူး၊  လမ်းလျှောက်ထွက်လို့လည်း မရဘူး၊ ရေချိုးတဲ့အချိန်မှာလည်း ကမန်းကတန်းချိုးရတာပေါ့၊
ကျမဆို အဝတ်တထည် ကိုယ်တခုနဲ့ ပါသွားတာဆိုတော့ အမျိုးသမီးတွေကြုံ ရတဲ့ ဒုက္ခကို တော်တော် ဆိုးဆိုးဝါးဝါး ခံရတာပေါ့နော်။
အဲဒီအချိန်မှာထောင်ထဲမှာ ကွပ်ပျစ်တို့ဘာတို့လည်း မပေးတဲ့အခါကျတော့ သမံတလင်းပေါ်မှာပဲ ဖျာကြမ်းနဲ့ အင်မတန်အေးတဲ့ဆောင်းတွင်းကို ဖြတ် သန်းရတာပေါ့၊  ဇန်နဝါရီလဆိုတော့။

ကျော်စွာမိုး။     ။ ထောင်ချလိုက် ပြီ  ဆိုပေမယ့်လည်း ထောက်လှမ်းရေးရဲ့  လက်အောက်က မလွတ်ဘူးလို့ပြောကြတယ်၊
နိုင်ငံရေးအကျဉ်းသားတွေ အပြင်ထွက်ပြီးတော့ဆေးကုဖို့  လိုအပ်လာမယ်၊  ကျန်းမာရေး အခြေအနေအရဆေးကုဖို့ လိုအပ်လာမယ်ဆိုရင် ထောက်လှမ်းရေးက ဘယ်လိုမျိုးတာဝန်ယူသလဲ၊
သူတို့ လက်မှတ်ရေး ထိုးပေးရတယ်လို့ကြားတယ်၊  အဲဒါကျတော့ ဘာတွေများ သိမလဲ။

ဒေါ်နှင်းနှင်းမွှေး ။     ။  ကျမကိုယ်တိုင်က အပြင်ကို ထွက်ပြီးတော့ဆေးကုရလောက်တော့ အခြေအနေမျိုးတော့ မရှိခဲ့ဘူးပေါ့လေ၊
မရှိခဲ့ဘူး ဆိုတာက ကျမကတော်ရုံတန်ရုံကိစ္စဆိုရင် ကျမမှာ ရှိတဲ့ဆေးဝါးနဲ့ပဲဖြေရှင်းတာမျိုးပေါ့၊
ဘာဖြစ်လို့လဲ ဆိုရင်ဆေးမှူးတခါခေါ်လို့ရှိရင် အရမ်းကြာတာ၊  အဆင့်ဆင့်တင်ရတယ်၊  ဆရာဝန်ကုသဖို့ လိုလို့ရှိရင်လည်း အဲဒီဆရာဝန်ကို အဆင့်ဆင့်တင်ရတယ်၊
 အရမ်းကြာတဲ့အခါကျတော့ ကျမတို့ ဒီမှာသေစရာ ရှိရင်သေလောက်ပြီဆိုတော့ ကျမတို့ဆေးဝါးတွေ အဆင်သင့်ဆောင်ထားကြတာမျိုးရှိတယ်၊
အဲဒါ ဆိုရင်ထောင်ကဝန်ထမ်းတွေကိုပြောပြီး ယူပြီးသောက်တာမျိုးပေါ့၊
တကယ်တမ်းအပြင်ကိုထွက်ပြီးဆေးကုရတဲ့အခါကျတော့ ကျမတို့နဲ့ အတူတူနေခဲ့ရတဲ့  အမျိုးသမီးတွေမှာဆိုရင် အခက်အခဲတွေဖြစ်ရတယ်၊
အဲဒီလိုပဲထောက်လှမ်းရေးတွေ ခွင့်မပြုလို့ထောင်ထဲမှာ ဆုံးသွားတဲ့လူတွေဆိုရင် အများကြီး ကြုံရတယ်ပေါ့လေ၊
  ဥပမာ ဦးတင်မောင်ဝင်းတို့လို လူမျိုး၊  ဦးစိုးဝင်းတို့လိုလူမျိုး သာမန်ဝမ်းကိုက်ရောဂါ ဆိုတာ အပြင်မှာ အလွယ်တကူပျောက်နိုင်တဲ့ရောဂါ မျိုးလေ၊
သွေးတိုးရောဂါနဲ့ ဆုံးပါးသွားတဲ့ ဦးညိုဝင်း လိုလူမျိုး၊   အဲဒီလိုမျိုး ဆုံးပါးသွားတာထောင်ထဲမှာ အများကြီးပဲလေ၊  လက်ရှိကျမတို့ စာရင်းအတိအကျ ဆိုရင် ၁ဝဝကျော်။
  ရာကျော်ဂဏန်းရှိတယ်ဆိုတာက ဒီထက်ပိုပြီးကောက်ရင်လည်း ဒီထက်ပိုပြီးရှိနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားတဲ့လူတွေလည်း အများကြီးပဲရှိတယ်၊
 မန္တလေးက ဦးမောင်လေးတို့ လူမျိုးဆိုရင် စစ်ကြောရေးစခန်းမှာပဲ လုံးဝမဖြေနိုင်ဘူး မင်းတို့မေးချင်ရာမေး ငါကတော့ မဖြေနိုင်ဘူး၊  ငါရဲ့ ကိုယ်ရေးအကျဉ်းမေးရင်ဖြေမယ်၊  ကျန်တဲ့လူရဲ့အကြောင်းဆိုရင် မဖြေနိုင်ဘူး ဆိုလို့ ရိုက်ပြီး သတ်လိုက်တာပဲလေ။  အဲဒီလို မျိုးတွေ အများကြီးကြုံရတယ်လေ၊
အဲဒီလိုမျိုး စာရင်း မရှိ အင်းမရှိဘဲသေဆုံးသွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိသေးတာပဲ။

ကျော်စွာမိုး ။     ။  အဘကိုယ်တိုင်ကရော ကြုံ ရလား၊  အဘကိုယ်တိုင်ထောင်ထဲမှာနေပြီးတော့ ဗိုက်ခွဲတာတွေပေါ့၊

ဦးဝင်းတင်။     ။  ကျနော်အဲဒီဟာနဲ့ပတ်သက် ပြီးတော့ တဆိတ်လောက်တော့ ပြောပါရစေ။  ခုန မနှင်းနှင်းမွှေးပြောတဲ့ထဲမှာပါလို့ ဖျာနဲ့အိပ်ရတယ်ဆိုလို့။
ကျနော်တို့ဟာ စစ်ကျောရေးထဲမှာပို့တာ ဇန်နဝါရီဆောင်းတွင်းကြီး၊ ဆောင်းတွင်းဆိုတော့ ဗမာပြည်မှာလည်း ချမ်းတာပဲ၊  အဲဒီအချိန်မှာ သူတို့ကဖျာကို မပေးတော့ဘူးဗျ၊
ဖျာကိုသိမ်းယူသွားတယ်၊  တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုသက်ခိုင်က သူ့ကိုယ်သူ အကြောကို ဓားနဲ့ လှီးတယ်၊  ကိုသက်ခိုင်ဓားနဲ့လှီးတယ်ဆိုရော သတင်းက ဘယ်လိုလဲဆိုတော့
 ဓားနဲ့လုပ်တယ်ဆိုရင် သူတို့တွေကို ဆူမှာစိုးလို့ သူတို့ဘယ်လိုလုပ်လဲဆိုတော့ ဝါးနှီးကြောကနေ ဖြတ်တယ်လို့ပြောတယ်၊
 သူတို့က အဲဒါကိုအကြောင်းပြုပြီးတော့  နှီးဖျာတွေ အကုန်လုံး သိမ်းသွားရော၊  ကျနော်တို့ ဖျာမရှိဘဲနဲ့ သမံတလင်းပေါ်မှာ အိပ်ရတယ်၊  သမံတလင်းပေါ်မှာနေရတယ်၊  ဒါကတခု၊
ဆေးရုံတွေ ဘာတွေပို့တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောစရာတွေရှိတယ် ဗိုလ်ခင်ညွန့်ကိုယ်တိုင်ကအစ အထက်အမိန့်ပေးတယ်၊
အထက်အမိန့်ပေးတယ်ဆိုပြီး သူတို့တောင်း ပန်ရမယ့်ထဲမှာ ဒါတွေပါတယ်၊  အထက်အမိန့်ပေးတယ် ဆိုပြီးတော့ သူတို့ကိုယ်တိုင်က ဆိုပါတော့ဗျာ။
 ကျနော်အူခွဲရတယ်ဆိုပါတော့ နှလုံးရောဂါနဲ့ဆေးရုံပို့ရတာရှိတယ်၊  ဆီးကျိတ်ရောဂါနဲ့ဆေးရုံ ပို့ရတာရှိတယ်၊
အဲဒီပို့မယ့်နေရာတွေမှာ မပို့တဲ့ ရက်တွေအများကြီးရှိတယ်။ ကျနော် အူကျလို့ ခွဲမယ့်နေရာမှာ ၁၉၉ဝ ဇန်နဝါရီလမှာ သိသိတာတာ ကြီးကို အူမှာ အဖုပေါက်လာတယ်၊
နောက်ပိုင်းမှာ ကျနော် အိပ်ရာထဲမှာ လဲကျနေတယ်၊  မထနိုင်ဘူး၊  အဲဒါမျိုးဆိုရင် သူက လာစစ်၊  တံခါးဖွင့်ပြီးတော့ လှဲနေတာကိုဆေးထိုးပေးပြီး အဲဒီလိုနဲ့  ၅ နှစ်တိတိ ကြာတဲ့အခါကျမှာ ၁၉၉၅ မှ ကျနော်ကိုထောင်ပို့တယ်၊
၅ နှစ်ဝေဒနာခံစားရတယ်၊  အဲဒါက အကုန်လုံးက ဦးသန်းရွှေတယောက်တည်းပဲ အမိန့်ချတာ မဟုတ်ဘူး၊
သူတို့သူတို့အောက်ခြေကလူတွေ ဗိုလ်ခင်ညွန့်အပါအဝင်အောက်ခြေက လူတွေက သူ့ဟာသူ ဆုံးဖြတ်ပြီးတော့ ဒီလူတော့သေပါစေ၊  ဒီလူတော့ ဘာဖြစ်စေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်လို့ ကျနော်တော့ပြောချင်တယ်။
အဲဒါတွေဟာ ဗိုလ်ခင်ညွန့်ကစပြီးတော့ အကုန်လုံး တာဝန်ရှိတယ်၊   အဲဒီ ဦးသန်းရွှေပေါ်ချည်းပဲ တာဝန်လွှဲလို့မရဘူး။

ကျော်စွာမိုး။     ။  နိုင်ငံရေးလှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ထောက်လှမ်းရေးက အဓိကပဲ မဟုတ်လား။

ဦးဝင်းတင်။     ။ သူတို့တွေအကုန်လုံး တာဝန် ရှိတယ်။

ဒေါ်နှင်းနှင်းမွှေး ။  ။  သူတို့က၊  သူ့အထင်တိုင်း လုပ်နိုင်တယ်ဆိုတာက ဘာပဲပြောပြော သူ့ကို လုပ် ပိုင်ခွင့်ပေးခဲ့တဲ့ခေတ်နဲ့စနစ်နဲ့ အာဏာရဲ့
အကြောင်းရင်းခံကြောင့် ဖြစ်လာတာပေါ့နော်၊  နို့မို့ဆိုလို့ရှိရင် သူက ဒီလူကို ထင်တိုင်းဖမ်းတယ်၊  ထင်တိုင်း သတ်တယ်၊
ထင်တိုင်းထောင်ချတယ်ဆိုတာက သူ့တကိုယ် တည်းအနေနဲ့ လုပ်လို့မရဘူး၊  သူ့ကိုနောက်ကွယ်ကနေ  Force Authorities  ထက်ပိုတဲ့
Over Authorities ပေးထားတဲ့ စစ်အာဏာရှင်စနစ်နဲ့  အဲဒီခေတ် အဲဒီကာလက သူပြောတဲ့အထဲမှာပါတဲ့ အဲဒီခေတ်ရဲ့ ဥပဒေနဲ့ အမိန့်အာဏာတွေကြောင့်ပေါ့နော်၊
ကျမတို့က ဘာမှန်းမသိဘဲနဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ဆိုတဲ့ စစ်အုပ်ချုပ်မှုအောက်မှာ ဖြတ်သန်းခဲ့ရတယ်၊
အဲဒီအောက်မှာထောက်လှမ်းရေးဆိုလို့ရှိရင် သာမန်ပြည်သူတွေအနေနဲ့ အသံ ကြားရုံနဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတယ်၊
 နိုင်ငံရေးသမားတွေဆိုလို့ရှိရင် စိုးရွံ့နေရတယ်၊  ကျမတို့ ဆိုလို့ရှိရင် အိမ်ရှေ့မှာ စစ်ကားရပ်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို  ည သန်ခေါင်ကျော် ၁၂ နာရီ  ၁ ချက် အဲဒီအခါကျမှ  အသံချဲ့စက်တွေဖွင့်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို အိမ်ထဲကို လှည့်ပြီးအော်တယ်၊
အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားရင် ငါ့ကို လာဖမ်းတာလားဆိုပြီးတော့ဖြစ်ရတယ်၊
ဒီ ရပ်ကွက်ထဲ လမ်းထဲတွေ၊  လက်ဖက်ရည်ဆိုင်တွေမှာ ဆိုလို့ရှိရင်  သတင်းပေး ဆိုတဲ့ဟာတွေ မမြင်ချင်မှ အဆုံး၊
ဒီအတွက် နိုင်ငံတော်က ကုန်ကျခဲ့တဲ့စရိတ်တွေ။

ကျော်စွာမိုး။     ။ နောက်တခုက အဘလည်း ပြောသွားတယ်၊  မနှင်းနှင်းမွှေးလည်းပြောခဲ့သလိုပေါ့  ကျနော် သိလောက်ဆိုရင် ၁၆၂ယောက်ရှိတယ်၊
 ၁၉၈၈နောက်ပိုင်းပေါ့၊ ထောင်ထဲမှာနဲ့ ထောက်လှမ်းရေးစခန်းမှာ သေဆုံးသွားတဲ့သူတွေပေါ့၊  ခုနလိုမျိုးဝေဒနာတွေခံစားပြီးတော့၊  ပြီးတော့ ထောင်ကျတဲ့ လူပေါင်းဆိုရင်လည်း
ကျနော်ထင်တယ် ၁၉၈၈၊  ၈၉၊  ၉ဝ တို့ဆိုရင်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ၃ဝဝဝ၊  ၄ဝဝဝလောက်ရှိတယ်လို့ပြောကြတယ်၊  အမြဲတမ်းပေါ့လေ၊
 တလျှောက်လုံးကို တွက်ကြည့် မယ်ဆိုရင် မနှင်းနှင်းမွှေး ဘယ်လောက်လောက် ရှိ မယ်လို့ ထင်လဲ၊  တချို့က ကျတယ်၊  ပြန်လွတ်သွားတယ်၊  အဘကျတော့
တလျှောက်လုံးရှိတယ်လေ၊   သုံးနှစ်နေပြီး ပြန်လွတ်သွားနောက်တခါ အစ်မက ပြန်ဝင်လာတယ်၊  လူသစ်တွေနဲ့ ကျတာရှိတယ်၊
ကျနော်ထင်တယ် ဒီတလျှောက်လုံးမှာ ထောက်လှမ်းရေးကနေ ချခဲ့တဲ့ ဒီနှစ်၂ဝ အတွင်းမှာ ၂ဝဝ၄ပေါ့ သောင်းနဲ့ ချီမလား။

မနှင်းနှင်းမွှေး ။        ။  ဖြစ်နိုင်လောက်ပါတယ်၊  ဘာဖြစ်လို့လဲဆိုတော့ ကျမအတွေ့အကြုံအရဆိုရင် ဒီ ဘိုကလေး အရေးအခင်းဆိုရင် ကရင်တွေကို ဘာမှမသိတဲ့
ကရင်ဟောင်းတွေကို ဖမ်းပြီးတော့ထောင်ထဲမှာ အစာရေစာပြတ်လပ်ပြီး သေအောင် လုပ်ခဲ့တာပဲလေ။  အဲဒီလိုမျိုးဆိုရင် ဒါဟာ ရာနဲ့ချီနေ တာပဲလေ။
နောက်တောင်ငူမှာဆိုလို့ရှိရင် ကျမ အမျိုးသားကတောင်ငူထောင်က ထွက်လာတာကို
သူတို့တောင်ငူထောင်မှာဆိုလို့ရှိရင် KNU နဲ့ပတ် သက်လို့ ဆက်နွှယ်လို့ဆိုပြီး တောင်ပေါ်ဒေသတွေ က ဒီလိုပဲ ကိုယ့်အမျိုးသားတွေကို ဆက်နွယ်ပတ်သက်မှုတော့ ရှိကြတာပေါ့၊  သူတို့ကိုယ်သူတို့ နိုင်ငံရေး ပတ်သက်ပြီးတော့ထောင်ကျတာလို့ ၁၇ (၁) နဲ့ ကျမှန်းမသိ၊  ၁၇ (၂) နဲ့ကျမှန်းမသိ
အဲဒီလောက် ရိုးသားတဲ့ ကရင်တွေထောင်ထဲမှာ ရာနဲ့ချီပြီးရှိတယ်၊   ပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းကောက်တဲ့ အချိန်မှာလည်း သူတို့ကိုယ်သူတို့ နိုင်ငံရေးအကျဉ်း သားမှန်း  မသိတဲ့သူတွေ  အများကြီးပဲ။  ဒီတော့သောင်းနဲ့ချီပြီး ရှိနိုင်ပါတယ်။

ဦးဝင်းတင် ။     ။  ကျနော်ကတော့ ဒီလိုပြော ချင်ပါတယ်။  စာရင်းအင်းတွေတော့ ဒီလောက်မသိဘူး၊  ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အကျဉ်းသား အဖွဲ့အစည်းတွေကို
ကိုင်တာ မဟုတ်လို့၊  လက်သုံး စကားကတော့ မီဒီယာတွေမှာပြောတဲ့စကားကတော့ ၁၉၈၈နောက်ပိုင်းမှာထောင်ကျတဲ့သူတွေ ပြန်ဝင် တာတို့ ထွက်တာတို့ပေါ့။
သောင်းဂဏန်းနဲ့ချီပြီးရှိတယ်၊  အဲဒီသောင်းဂဏန်းနဲ့ချီပြီးရှိတဲ့သူတွေကနေ သူတို့ရဲ့ သားသမီးတွေ မိသားစုနဲ့ဆိုရင် သိန်းဂဏန်းနဲ့ချီပြီးတော့ရှိတယ်၊
အဲဒီလူတွေအားလုံးအတွက်ကို တာဝန် ယူရမယ်၊ တောင်းပန်ရမယ်၊  ခင်ဗျားတို့ရဲ့အကျင့်ဆိုးတွေကိုလည်း ပြင်ရမယ်၊
 အဲ့ဒီလူတွေဘဝ ပြန်လည် ရပ်တည်ဖို့အတွက် လုပ်ပေးရမယ်၊  ကျနော် ကိုးကားတဲ့ ကိန်းကဏန်းကတော့သောင်းဂဏန်းလောက်ပဲ၊
ကျနော့်ဂဏန်းကတော့ သူတို့လို အဖွဲ့အစည်းကိုင် တဲ့ စုဆောင်းတဲ့သူတွေနဲ့ ညီသွားတဲ့အခါကျတော့ ကျနော်လည်း ဝမ်းသာပါတယ်၊
ဘာလို့လဲဆိုတော့ မှန်တဲ့နီးပါး ဖြစ်သွားလို့ပေါ့။

ကျော်စွာမိုး ။     ။  ဒီနေရာမှာနောက်တခုက မနှင်းနှင်းမွှေး ထောင်ထဲကို နိုင်ငံရေး လုပ်တဲ့သူတွေထောင်ထဲထည့်လိုက်တာ မဟုတ်ဘဲနဲ့ထောင်ရွှေ့လိုက်တဲ့ ပုံစံမျိုးပေါ့၊
အဲဒါဟာလည်း တနည်းအားနှင့် နှိပ်စက် မှုတမျိုးပေါ့၊  ဘယ်လိုနှိပ်စက်မှုလည်းဆိုတော့ အကျဉ်းသားကိုသာမကဘဲ အပြင်ကလိုက်ပြီးတော့ အကျဉ်းသားကိုထောင်ဝင်စာတွေ့တဲ့
မိသားစုကိုပါ စီးပွားရေး ချွတ်ခြုံကျအောင်၊  အချိန်ကုန်အောင်၊  ပိုက်ဆံကုန်အောင် အဲဒီလိုမျိုး လုပ်တဲ့ရည်ရွယ်ချက်ပေါ့၊
အစ်မကိုယ်တိုင်ကလည်းထောင်ပြောင်းခံခဲ့ရတာဆိုတော့။

မနှင်းနှင်းမွှေး။     ။  ကျမတို့ အကျဉ်းချပြီးသွားလို့ရှိရင်၊  အမိန့်ချပြီးသွားလို့ရှိရင် နှစ်ပတ်တခါတွေ့ ခွင့်ရတယ်လေ၊  အဲဒီလိုတွေ့ခွင့်ရတဲ့အခါကျတော့ ကျမတို့အိမ်က
ပုံမှန်လာတွေ့တယ်ပေါ့နော်။  ဒါတောင်မှ သာယာဝတီထောင်ဆိုတာ ရန်ကုန်နဲ့အနီးဆုံးထောင်ပေါ့လေ၊  အဲဒီထောင်ကိုရောက်သွားတဲ့ အခါကျတော့ အလွန်ဆုံး တလကို တခါပဲလာတွေ့နိုင်တယ်၊
နောက်ပိုင်း ဒီထက်ဒီထက်ဝေးတဲ့ထောင်ကို သွားလို့ရှိရင် တချို့လူတွေဆိုရင်ထောင်ကသာလွတ် လာတာ တခါမှ ထောင်ဝင်စာ လာတွေ့နိုင်တဲ့သူ မရှိဘူးလေ၊
  ကိုကျော်စွာမိုးတို့လည်း ဒါကိုကြုံဖူးတဲ့အခါ ကျတော့ထောင်ထဲမှာထောင်ဝင်စာတွေ့တယ် ဆိုတာ ပစ္စည်းပစ္စယတခုတည်းအတွက် မဟုတ်ဘူး၊
 ကိုယ့်မိသားစုနဲ့တွေ့တဲ့အခါမှာ ခံစားလိုက်ရတဲ့ စိတ်ခံစားမှုမျိုးပေါ့၊  အဲဒါကိုမြင်ရတဲ့အခါမှာ လူတွေက အကျဉ်းထောင်ထဲမှာ အကျဉ်းခံရတာထက် ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပိုခံစားရအောင် လုပ်တယ်လို့ ကျမကတော့ ယူဆတယ်။

ကျော်စွာမိုး ။     ။    ပြီးခဲ့တဲ့ကာလ တလျှောက်လုံး  ငြိမ်းချမ်းစွာ  ဆန္ဒပြတာ ၁၄၊  ၁၅ နှစ်တွေလည်း ပါ တယ်၊  ပညာတတ် ဆရာဝန်တွေလည်းပါတယ်၊  ရှေ့နေတွေလည်းပါတယ်၊  အင်ဂျင်နီယာတွေလည်း ပါတယ်။
ထောင်ကျတဲ့အထဲမှာပေါ့၊  အဘတို့လို ပါတီခေါင်းဆောင်တွေ ၊  စာနယ်ဇင်းတွေလည်း ပါတယ်ပေါ့လေ။
ဒါဆို တချို့ကပြောကြတယ် လူသားဆန့်ကျင်ရေးပြစ်မှုပေါ့။  အဲဒါနဲ့ဆိုရင် ဘယ်လောက်အထိ ကိုက်ညီမှုရှိလဲ။

ဦးဝင်းတင် ။     ။  ကျနော်ပြောမယ်ဗျ၊  ဒီလို ၂ဝဝ၉  မှာ ဒီကိစ္စတွေ ထွက်လာတာပေါ့ဗျာ၊  အမေရိကားမှာလည်း ထွက်လာတယ်၊  လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ပြောတယ်၊
 ကုလသမဂ္ဂ မှာလည်း ဒီကိစ္စတွေတင်တယ်၊  တင်တဲ့အခါကျတော့ ကျနော်တို့ ဒီလူတွေကို ပြည်သူတရပ်အနေနဲ့တရားစွဲ ရမယ်ပြောတယ်၊
ကျနော်လည်း အများကြီးပြောခဲ့တယ်။  ဒီလူတွေဟာ လူသားဆန့် ကျင်ရေး ပြစ်မှုတွေကို ကျူးလွန်တဲ့သူတွေ ဒီလူတွေကို တရား စွဲရမယ်၊  ဘယ်လိုလူတွေလဲ ဆိုတော့
ဗိုလ်ချုပ်ခင်ညွန့်တို့၊  ဦးသန်းရွှေတို့ ကုန်ကုန်ပြောရရင် ဦးသိန်းစိန်လည်းပါတယ်၊  ဦးသိန်းစိန်လည်း လူသားဆန့်ကျင်ရေးအဖွဲ့ထဲမှာပါတယ်၊

ကျော်စွာမိုး။     ။  ဒါပေမယ့် သူ့အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကို လွှတ်ပေးတယ်လေ။

ဦးဝင်းတင်။     ။  ဒါတပိုင်းပေါ့လေ၊   အဲဒါကလည်း အာပတ်ဆိုတာ ဖြေချင်တိုင်းဖြေလို့ရတာ မဟုတ်ဘူး၊  အာပတ်သင့်တဲ့ ဘယ်လောက်ကြီးတဲ့ အာပတ်ကို
ကျူးလွန်ပြီးတော့ လွတ်သလဲ ဆိုတာလည်း အဲဒါတော့မရဘူးပေါ့၊  ဒါကတော့ မဆိုင်ဘူး ထင်တယ်၊  ဒီလူတွေဟာ အကုန်လုံးပေါ့။
 ၂ဝဝ၉ မှာ ဒီဟာလုပ်တဲ့အခါကျတော့ အမေရိကားမှာလည်းတော်တော်လုပ်ကြတယ်၊  အမေရိကားက ကိုအောင်ဒင်တို့ဆိုရင်တော်တော်လေး ဒီကိစ္စကို အာရုံစိုက်ကြတယ်၊
သူတို့လည်းလိုက်ကြည့်တယ်၊  အမေရိကန် ပါတယ်ပေါ့ဗျာ၊ တော်တော်လေး နိုင်ငံ ၁၃ နိုင်ငံလောက် ပါလာတယ်။
စစ်တပ်ကလည်း ဒါကိုသိတဲ့ အခါကျတော့ ဦးသန်းရွှေတို့ဘာတို့ အကုန်လုံး ကိုပြောင်းလိုက်ပြီးတော့ ဒီပုံစံတွေ မရတော့ဘူး၊
 ကမ္ဘာ ကနေ သူတို့ကို လည်ပင်းညှစ်တော့မယ်ဆိုပြီးတော့ ပြောင်းလိုက်ပြီးတော့ ပြောင်းတဲ့အပေါ်မှာ မူတည် ပြီးတော့ သူတို့ပြောင်းရကျိုးလည်း နပ်ပါတယ်၊
သူတို့လည်း အခုတော့ နည်းနည်းလွတ်သလိုဖြစ်သွားတာပေါ့၊  ဒါပေမယ့် ကျနော့်သဘောကတော့ ဒီ လူသား ဆန့်ကျင်နေတဲ့ ပြစ်မှုတွေဟာ ဒီနေ့အထိရှိနေတုန်းပဲ။
ဒီလူတွေဟာ တာဝန်ရှိတုန်းပဲ၊  ဒီလူတွေဟာ လူသားဆန့်ကျင်မှု ရာဇဝတ်မှုကိုကျူးလွန်တဲ့ လူတွေ ဆိုတာကို သမိုင်းမှာ မှတ်တမ်းဝင်နေတယ်။  သမိုင်း ဆိုကတော့ သူက တရားသူကြီးမဟုတ်တဲ့အတွက် အပြစ်တော့ မပေးနိုင်ဘူးပေါ့၊  သမိုင်းကတော့ မှတ် တမ်းမှာ ဘယ်တော့မှမမေ့ဘူး၊   အဲတော့ သမိုင်းမှတ် တမ်းထဲမှာ ဒီလူတွေဟာအလွန်ကိုဆိုးရွားတဲ့သူတွေ၊  လူသား ဆန့်ကျင်မှု ရာဇဝတ်မှုတွေကို ဆန့်ကျင်တဲ့ သူတွေ အနေနဲ့တော့ မှတ်တမ်းတင် ရှိနေတယ်လို့  ကျနော်ကတော့ အဲလိုမျိုးပြောချင်ပါတယ်။

ကျော်စွာမိုး။     ။  အဘဦးဝင်းတင်၊  မနှင်းနှင်းမွှေး၊  အခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
အခုကျနော် တို့ဆွေးနွေးပွဲကနေပြီးတော့ကောက်ချက်ချကြည့် မယ်ဆိုရင်တော့ ၁၉၈၈နောက်ပိုင်းမှာ နိုင်ငံရေး သမားတွေ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား လူငယ်တွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ပြီးတော့ နှစ်ရှည်လများစွာ ထောင်ချ အကျဉ်းချခဲ့တာကတော့ အဓိကအားဖြင့်  စစ်ထောက်လှမ်းရေးအဖွဲ့လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ။
ဒါပေမယ့် အခုအချိန်ထိ ဘယ်သူ့မှ တာဝန်ရှိသလဲ ဆိုတာကတော့ တိတိကျကျ အမှန်တရားဖော်ထုတ် နိုင်တဲ့အခြေအနေကို ကျနော်တို့မတွေ့ရသေးပါဘူး၊
ဘယ်အချိန်မှာလည်း ဒါကိုဖော်ထုတ်နိုင်မလဲဆိုတာကို လက်ရှိနိုင်ငံရေးအခြေအနေအရ ကျနော်တို့မှာ တိတိကျကျပြောနိုင်တဲ့အခြေအနေ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ၊  အားလုံးပဲကျေးဇူးတင်ပါတယ်။

Irrawaddy ဧရာဝတီ သတင်း

New York မြို့ကို ထိပ်လန့်စေခဲ့တဲ့ မကောင်းဆိုးဝါးကလေးငယ်


ထိပ်လန့်သည်းဖိုရုပ်ရှင် Devil’s Due ရဲ့ ထုတ်လုပ်သူတွေကတော့ New York မြို့မှာသူတို့ရဲ့ရုပ်ရှင်ကို အရောင်းမြှင့်တင်ဖို့ သမိုင်းတွင်တဲ့ စတန့်တစ်ခုကိုပြုလုပ်လိုက်ပါပြီ။

အရောင်းမြှင့်တင်ရေးကုမ္ပဏီ Thinkmodo ဟာလူသားနဲ့တူတဲ့ မကောင်းဆိုးဝါး ကလေးငယ်လေးကိုဖန်တီးပြီး အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ ကလေးထည့်တဲ့လက်တွန်းလှည်းထဲထည့်ကာ New York မြို့ Manhattan အနားတစ်ဝိုက်ကိုလှည့်လည်စေပါတယ်။ လူတွေရဲ့တုန့်ပြန်မှုကိုကြည့်ဖို့အတွက် ကင်မရာတွေကိုလည်းလျှို့ဝှက်တပ်ဆင်ထားတာဖြစ်ပါတယ်။

ဖြတ်သွားဖြတ်လာတွေဟာ ပိုင်ရှင်မဲ့တွန်းလှည်းလေးကိုမြင်တဲ့အခါအနားသွားပြီး ကလေးငယ်ကိုကြည်ပါတယ်။ အဲဒီ့အခါ ကလေးငယ်က ချက်ချင်းထထိုင်၊ မကျေနပ်တဲ့အကြည့်နဲ့ကြည့်၊ မကောင်းဆိုးဝါးသံတွေပြုပြီး အော့အံပါတော့တယ်။

လူတွေရဲ့တုန့်ပြန်မှုကိုတော့ youtube မှာဗီဒီယိုဖိုင် တင်ထားတာဖြစ်ပါတယ်။

ဒီအရောင်းမြှင့်တင်မှုကို အကြိမ်ရေပေါင်း ၂၂ သန်းကြည့်ရှုတဲ့အတွက်အောင်မြင်တယ်လို့ဆိုနိုင်ပါပြီ။

ဗီဒီယိုဖိုင်ကို အောက်က link မှာကြည့်ပါ။
Ref:starpulse


 

Trend Myanmar

ဆံပင်သားကို Chemical နဲ့ထိတွေ့ ပြီးသွားရင်တော့ Treamentလုပ်ပေးဖို့ မမေ့ပါနဲ့လို့ ဆိုတဲ့ Hello beauty saloonမှမချို


ဒီနေ့ခတ် လူငယ်တွေအများစုဟာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံတွေကို ရွေးချယ်တတ်လာကြသလို ကိုယ့်ဆံပင်ကို ဘယ်လို ထိန်းသိမ်းရမယ်၊ ဘယ်လိုပြန်ဂရုစိုက်ပေးသင့်တယ်ဆိုတာတွေကိုလည်း နားလည်သင့်သလောက် နားလည်လာကြပါပြီ။ ဒါ့ကြောင့် ဆံပင်နဲ့ ပတ်သက်ပြီး ကိုယ်သိထားတဲ့ ဗဟုသုတတွေအပြင် ပိုပြီး သိသင့်တာတွေကို သိထားရအောင် ဆံပင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Hello beauty saloonမှမချိုကို သိချင်တာလေးတွေ ကိုမေးမြန်းဖြစ်တဲ့အခါ

၂၀၁၄မှာ လူငယ်တွေရဲ့ ဆံပင်စတိုလ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

၁၆နှစ်အထက်ကနေ ၂၀ကျော်လူငယ်လေးတွေဆို တော်တော်များများ အရမ်းဟော့တာကို တွေ့လာရတယ်။ ဆံပင်ဘေးကို shave လုပ်တာကြတာ။ ပြီးတော့ သူများနဲ့ မတူတဲ့ ကိုယ့်အပြင် နောက်တစ်ယောက်မရှိတဲ့ ဆံပင်ပုံစံစတိုင်လ်မျိုးတွေ လုပ်လာကြတယ်။ အများလုပ်သလို လိုက်မလုပ်ကြတော့ပဲနဲ့ ကိုယ်တစ်ဦးတစ်ယောက်တည်း တီထွင်ထားတဲ့ ဒီဇိုင်းမျိုးတွေ၊ အဲဒါမျိုးတွေကို လုပ်ရဲလာကြတယ်။ လုပ်ချင်လာကြတယ်။ အစ်မတို့ဆီကို လာတဲ့လူငယ်တွေ ကိုယ်တိုင်ကလည်း အဲဒီလိုပုံစံမျိုးတွေပဲ လုပ်ပေးဆိုတာချည်းပဲ တောင်းဆိုလာကြတယ်။

ဆံပင်ပုံစံနဲ့ပတ်သက်ပြီး အရင်ခေတ်နဲ့ မတူတော့ပဲ ကွာခြားသွားတဲ့အရာတွေက ဘာတွေဖြစ်မလဲ။

ဟိုခေတ်တုန်းက ဆံပင်ညှပ်ပြီးသွားတာနဲ့ အိပ်ပြီးလို့ မနက်အိပ်ရာထလာတဲ့ အချိန်မှာလည်း ဆံပင်ပုံစံ ပုံကျနေရမယ်။ လန်တာမျိုးတွေ မကြိုက်ဘူး။ နောက်ထပ်ပြီး ဆံပင်မညှပ်မချင်း ကိုယ်ညှပ်ထား တဲ့ဆံပင်ပုံစံက စညှပ်တုန်းက ပုံစံအတိုင်း ပုံကျနေရမယ်ဆိုတာမျိုးပေါ့။ အခုခေတ် ကျတော့ အရမ်းကိုစတိုင်လ် နောက်ကိုလိုက်တယ်။ စတိုင်လ်နောက်ကိုလိုက်တာဖြစ်တဲ့အတွက်ကြောင့် ဆိုင်မှာပဲ ခေါင်းလျှော်မယ်။ ဆိုင်မှာပဲ ဆံပင်ပုံသွင်းမယ် ဆိုတဲ့အကျင့်ဖြစ်သွားပြီးတော့ ဆံပင်ပုံစံ အဆန်းတွေကို လုပ်လာကြတယ်။ အဲဒီလို ဆံပင်ပုံစံအဆန်းတွေက နောက်တစ်နေ့မနက်မှာ ဘီးဖီးလို့ ရချင်မှရမယ်။ ဒါပေမဲ့လို့ ပုံသွင်းပြီးမှ လှတဲ့ဆံပင်ပုံစံမျိုးတွေ၊ ဆံပင်ကို ထိန်းသိမ်းပြီးမှ ညှပ်လို့ ရမဲ့ ပုံစံမျိုးတွေ ညှပ်လာကြပါတယ်။ ဆံပင်ပုံစံလန်းနေမယ်။ ဒါပေမဲ့ setting လုပ်မှ လန်းမယ်။ နောက်ပိုင်းမှာ ဆံပင်စတိုင်လ်ကို လူတိုင်းက လိုချင်လာကြတယ်။ လုပ်ချင်လာကြတယ်။

အခုနောက်ပိုင်းမှာ ဆံပင်ပုံစံစတိုင်လ်တွေ ခေတ်စားလာကြပြီဆိုတော့ ဆံပင်နဲ့ ပတ်သက်ပြီး ဘာတွေကို ထပ်ပြီးလေ့လာဖြစ်ပါသလဲ။

လေ့လာဖြစ်တာကတော့ အများကြီးပါပဲ။ ဒီအတိုင်းနေလို့ကိုလုံးဝမရတော့တဲ့ အနေအထား ဖြစ်နေတာပါ။ ကိုယ်က နိုင်ငံခြားတွေထွက်တဲ့အခါမျိုးမှာလည်း ထပ်ပြီးတော့ လေ့လာရတယ်။ နိုင်ငံခြားသွားပြီး လေ့လာရင်တော့ ပိုအဆင်ပြေတာပေါ့။ နောက်ပြီး အင်တာနက်ကနေလည်း အဆက်မပြတ် လေ့လာနေရပါတယ်။ ဖက်ရှင်လိုင်းတွေကိုလည်း ကြည့်နေရပါတယ်။ ဒီနေ့လူငယ်တွေဟာ ဘယ်နိုင်ငံမှာ ဘယ်လိုခေတ်စားနေလဲဆိုတာ လေ့လာရပါတယ်။ ကတ်တလောက်တွေကနေ လေ့လာရတယ်။ ဒီမြန်မာနိုင်ငံကို ရက်တိုသင်တန်းအနေနဲ့ နိုင်ငံခြားက ဆရာတွေလာသင်တာမျိုးရှိရင်လည်း သူတို့ဆီမှာ ရက်တိုသင်တန်းကို ကိုယ်ကတက်ပြီး လေ့လာသင့်ရင် လေ့လာရမယ်။ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံးကို လေ့လာနေရမယ်။

ဆံပင်ကာလာပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးတွေ ခေတ်စားလာပါသလဲ။-

ဒီနှစ်မှာဆိုရင် Rainbow ပုံစံမျိုး ခေတ်စားတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ ဆံပင် အလယ်ပိုင်းအရောင်က အငြိမ်ပေါ့။ ဆံပင်အဖျားပိုင်းကို အရောင်မျိုးစုံဆိုးတာမျိုးပေါ့။ တစ်ခြားဆိုင်တွေမှာခေတ်စားမစားတော့ မသိပါဘူး။ အစ်မတို့ဆိုင်မှာတော့ တော်တော်လေးကို ခေတ်စားပါတယ်။

ဆံပင်နဲ့ ပတ်သက်ပြီးဘယ်လိုပြုပြင်ကာကွယ်မှုတွေ လုပ်သင့်တယ်ဆိုတဲ့ message လေးပေးပေးပါ။

စတိုင်လ်ကျလှပဖို့အတွက်ဆိုရင်တော့ ဆံပင်ကတော့လုပ်ရမှာပါပဲ။ စတိုင်လ်ကျဖို့အတွက် ကိုဆေးဆိုးသင့်ရင် ဆိုးရမှာပါပဲ။ Chemical တွေနဲ့ကတော့ မထိတွေ့လို့ လုံးဝမရပါဘူး။ ထိတွေ့ပြီးသွားပြီးရင် တော့ဆံပင်သားအတွက် Treamentလုပ်ပေးဖို့ကိုသာ မမေ့ပါနဲ့။ ကိုယ့်ရဲ့အိမ်မှာပဲ Treatment လုပ်လုပ်၊ ကိုယ့်ရဲ့သုံးနိုင်တဲ့ အင်အားပေါ်မှာ မူတည်ပြီး တော့Treamentလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဓိကပြောချင်တာကတော့ Treament လုပ်ဖို့ပဲပေါ့။


Trend Myanmar

Rubik ကုဗတုံးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပေါင်း ၄၃ ၂၅၂ ၀၀၃ ၂၇၄ ၄၈၉ ၈၅၆ ၀၀၀ ရှိ


Angel on 2014-01-19 10:30    
နာမည်ကျော် ဥာဏ်စမ်းကစားစရာတစ်ခု ဖြစ်တဲ့ Rubik ကုဗတုံးကို အရောင်တူဖြစ်အောင် ဖြေရှင်းနိုင်မယ့်နည်းလမ်းပေါင်း ၄၃ ကွင်တီလီယမ် (1018 ) အရေအတွက်ရှိပါတယ်။ ဆိုလိုတာက ခြားနားတဲ့ အဖြေနည်းလမ်းပေါင်း ၄၃ ကွင်တီလီယမ် ရှိပါတယ်တဲ့။ ဒါဆိုတွက်ကြည့်မယ်ဆိုရင် ခင်ဗျား Rubik ကုဗတုံးကို တစ်စက္ကန့် မှာ တစ်ခါလှည့်လိုက်တာနဲ့ ဒီ ဖြေရှင်းနည်းပေါင်းအားလုံးနဲ့ အရောင်တူအောင် ဖြေရှင်းဖို့  နှစ်ပေါင်း ၁၄၀၀ ထရီလီယမ်  ( ထရီလီယမ် = 10 12 ) ကြာမြင့်နိုင်ပါတယ်။ စကြာဝဋ္ဌာ ပြန့် ကားလာခြင်းသီအိုရီ ယူဆထားတဲ့ ဘစ်ဘန်းကာလအစအတွင်းကတည်းက ဒီကစားနည်းကို ဘက်စုံနည်းလမ်း (နည်းလမ်းတစ်ခုနဲ့  တစ်ခုမတူဘဲ) နဲ့ ရွှေ့ လှည့်ပြီး အရောင်တူအောင် ကစားခဲ့မယ်ဆိုရင်တောင် အခုအချိန်ထိ သင်ပြီးဆုံးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

Trend Myanmar

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ - 2008 Myanmar Constitution

အကျယ်ချဲ့ကြည့်ရန်