အသက်(၈)နှစ်အရွယ် ကလေးငယ်ကို အဓမ္မကျင့်သည့် နဝမတန်းကျောင်းသား



ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်(၆၉)ရပ်ကွက် ရာဇဓိရာဇ်လမ်း၌ (၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦးကို အိမ်နီးချင်းနေ နဝမတန်းကျောင်းသားတစ်ဦးက အဓမ္မပြုကျင့် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စစ်ဆေးရာဇဓိရာဇ်လမ်းနေ ဒေါ်………အသက်(၆၀)သည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မ…….(၈)နှစ် ဒုတိယတန်း ကျောင်းသူ၏ မိန်းမကိုယ်၌ သွေးများ ထွက်နေခဲ့သည်ကို တွေ့ရကြောင်း၊ ၄င်းမှ မျှော့ကောင်ဝင်သည်ထင်၍ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဓမ္မပြုကျင့်ခံထားရခြင်းဖြစ်သည်ကို သိရှိရကြောင်း မြေးဖြစ်သူကို မေးမြန်းရာ စက်တင်ဘာလ ၁၈ ရက် ညဦးပိုင်းက အိမ်နီးချင်းနေထိုင်သူ နဝမတန်းကျောင်းသား ထစ်ချုန်း(၁၅)နှစ်က မ…….အား လမ်းအတွင်းရှိ လူမနေသော အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်ပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ထစ်ချုန်းအပေါ် အရေးယူပေးရန် ဒေါ်……က တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းက (ပ) ၃၂၈/၂၀၁၃ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်သက်ဝေက ထစ်ချုန်းအား ရဲစခန်း၌ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆရာတော်ဦးဝီရသူ ၏ စာမျက်နှာမှ ကူးယူပါသည်။

စင်ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရ


စင်ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရ

စင်ကာပူချန်ဂီလေဆိပ် သည် ဗြိတိန်နိုင်ငံအခြေစိုက် Skytrax ကမ္ဘာ့လေဆိပ်ဆုပေးပွဲ ၌ ခရီးသည်များ ရွေးချယ်သော ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆု ကို ၂ နှစ်ဆက်တိုက် ရရှိခဲ့သည်။

ချန်ဂီလေဆိပ်သည် ၂ နှစ် ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ဂုဏ်ပြုခံရခြင်း မှာ ပထမအကြိမ်ဖြစ်ပြီး ၎င်းသည် ကမ္ဘာ့လူကြိုက်အများဆုံး လေ ဆိပ်အဖြစ် ငါးကြိမ်သတ်မှတ်ခြင်း ခံထားရသည်။

Skytarx ကမ္ဘာ့အကောင်း ဆုံး လေဆိပ်ဆုပေးပွဲတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်သည် ဒုတိယဆုရရှိခဲ့ပြီး ဂျာမနီမြူးနစ်လေဆိပ်က တတိယဆုရရှိခဲ့သည်။ ယင်းဆု ပေးပွဲသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀မှ ခရီးသည်ပေါင်း ၁၂ ဒသမ ၈၅ သန်းတို့၏ အဆိုပြုချက်များကို အခြေခံသည်ဟု သိရသည်။

ဗြိတိန်အခြေစိုက် Skytrax အတိုင်ပင်ခံလုပ်ငန်းသည် လေ ယာဉ်ပေါ်တက်ရန် စာရင်းသွင်း ခြင်း၊ ဆိုက်ရောက်ခြင်း၊ ကူး ပြောင်းခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ လုံခြုံရေးနှင့် လူဝင်မှုများမှ ထွက် ခွာသည်အထိ လေဆိပ်ဝန်ဆောင် မှုအတွက် အဓိကလုပ်ဆောင် ချက် ၃၉ ချက်အပေါ် ခရီးသည် များ ကျေနပ်အားရခြင်း ရှိ၊ မရှိ အွန်လိုင်းစစ်တမ်းကောက်ယူခဲ့ ခြင်းဖြစ်သည်။

စင်ကာပူ ချန်ဂီလေဆိပ် သည် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပသော Passenger Ter-minal EXPO ပွဲ၌လည်း နားနေ ချိန် အဆင်ပြေသာယာမှုအတွက် အကောင်းဆုံးလေဆိပ်ဆုကို ရရှိ ခဲ့သည်။ Skytrax ၏ ၂၀၁၄ ကမ္ဘာ့အကောင်းဆုံးလေဆိပ်များ စာ ရင်းတွင် အာရှလေဆိပ်ငါးခုက အဆင့်(၁)မှ (၇)အတွင်း ရရှိခဲ့ သည်။

—Ref: CNA
Myawady News

စစ်တွေက နိုင်ငံတကာ NGO တွေ ရန်ကုန် ပြန်ရောက်


လုံခြုံရေးစိုးရိမ်ရလို့ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေနဲ့ ဌာနေ ဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်လေဆိပ်ကိုပြန်လည် ရောက်ရှိ။ (မတ် ၂၈၊ ၂၀၁၄)

စစ်တွေမြို့မှာရှိတဲ့ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့အစည်းအချို့နဲ့ ကုလသမဂ္ဂအေဂျင်စီရုံးတွေ တိုက်ခိုက်ဖျက်ဆီးခံရတဲ့နောက်၊ ဒီကနေ့မှာတော့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက ၀န်ထမ်းအတော်များများကို သူတို့လုံခြုံရေးအတွက် ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့ကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်တွေမှာ ရုံးခွဲတွေ ဖွင့်ထားတဲ့ အိုင်စီအာစီ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း၊ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ စတဲ့ ကုလသမဂ္ဂရဲ့ အေဂျင်စီနဲ့ အခြားအစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရုံးတွေ ၀န်ထမ်းနေအိမ်တွေနဲ့ ဂိုထောင်တွေကို မနေ့တုန်းက ရာနဲ့ချီတဲ့ လူအုပ်ကနေ ၀ိုင်းဝန်းတိုက်ခိုက်ဖျက်ဆီးမှုတွေဖြစ်ခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့တွေကနေ အဲဒီမှာရှိတဲ့ ၀န်ထမ်းတွေကို ဘေးလွတ်ရာ ရွေ့ပေးခဲ့ ရပြီးတဲ့နောက်၊ ဒီကနေ့မှာတော့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်း အတော်များများကို လေယာဉ်နှစ်စင်းနဲ့ ရန်ကုန်ကို ရွေ့ပြောင်းခေါ်ယူခဲ့ရပါတယ်။ နိုင်ငံခြားသား ၀န်ထမ်းတွေ ပါဝင်သလို၊ မြန်မာဝန်ထမ်းတွေလည်း ပါပါတယ်။ ရန်ကုန်ကို ပြန်လည်ခေါ်ယူ လာရတဲ့အထဲ အိုင်စီအာစီ ၀န်ထမ်းတွေလည်း ပါဝင်တယ်လို့ အိုင်စီအာစီ ရန်ကုန်ရုံးက ဆက်သွယ်ညှိုနှိုင်းရေးမှုး Michael O’Brien က ဗွီအိုအေကို ပြောပါတယ်။

 “အိုင်စီအာစီ ၀န်ထမ်းအားလုံး လုံခြုံဘေးကင်းစွာရှိနေပါတယ်။ ၀န်ထမ်း အတော်များများကို ဒီကနေ့ ရန်ကုန်ကို ပြန်ခေါ်ထားပါတယ်။ ဒါပေမယ် အဲဒီက လုပ်ငန်းတွေကို အခုအချိန်မှာ ယာယီရပ်နားထားပေမယ့်လို့လည်း အချို့ဝန်ထမ်းတွေကို စစ်တွေမှာ ဆက်ထားပါမယ်။ ၀န်ထမ်းတွေ လုံခြုံဘေးကင်းစွာနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ဖြစ်နိုင်သမျှ မြန်မြန် ပြန်စနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ”

လုံခြုံရေးအရ ရန်ကုန်ကို ဒီကနေ့ ရွေ့ပြောင်းခေါ်ယူလိုက်သူအားလုံးဟာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ၀န်ထမ်းတွေဖြစ်ကြပြီး၊ ကုလသမဂ္ဂ ၀န်ထမ်းတွေ မပါသေးပါဘူး။ ဒါပေမယ့် မကြာခင် ရက်ပိုင်းတွေ အတွင်းမှာပဲ ကုလသမဂ္ဂ ၀န်ထမ်းတွေကိုလည်း ရန်ကုန်ကို ခေါ်ယူဖို့ရှိပါတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုလသမဂ္ဂ၀န်ထမ်းအများစုကိုတော့ အခု စစ်တွေဟိုတယ်မှာပဲ ထားပြီး၊ အာဏာပိုင်တွေဖက်က လုံခြုံရေး တိုးမြင့်ယူပေးထားပါတယ်။ သန်းခေါင်စာရင်း ကောက်ခံမှုမတိုင်ခင်မှာ ရခိုင်ပြည်နယ်တွင်းက လုပ်ငန်းအတော်များများကို ယာယီလျှော့ချထာတာမို့။ အခု အခြေအနေကြောင့် လုပ်ငန်းတွေအပေါ် သိသိသာသာ သက်ရောက်ထိခိုက်မှုတော့မရှိဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ လုပ်ငန်းတွေအားလုံး ယာယီရပ်ဆိုင်းထားရပါတယ်။ ဒီအထဲ အိုင်စီအာစီလည်း ပါတယ်လို့ အိုင်စီအာစီ ရန်ကုန်ရုံးက Micheal O’Brien က ပြောပါတယ်။

 “ဟုတ်ပါတယ်။ အဲဒီမှာရှိတဲ့ အခြေအနေတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့ အထိပေါ့။ လတ်တလောမှာတော့ လုပ်ငန်းတွေ ရပ်ထားပါတယ်။ ဒါဟာ ယာယီသဘော ရပ်ထားတာပါ။ ဒီနေ့အထိတော့ စစ်တွေအခြေအနေက လုံခြုံရေးအရ ရှင်းရှင်းလင်းလင်းမဖြစ်သေးပါဘူး။ လုံခြုံရေးအခြေအနေ ကောင်းလာတာနဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ၀န်ထမ်းအချို့တော့ အဲဒီမှာ ရှိပါမယ်။”

ရခိုင်ပြည်နယ်တွင်း လူမျိုး ဘာသာရေး အဓိကရုဏ်းတွေ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်းက ရှိခဲ့တာမို့၊ အနောက်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရော ဗြိတိန်ကပါ သူတို့နိုင်ငံသားတွေကို ငပလီကလွဲပြီး ရခိုင်ပြည်နယ်ဒေသတခုလုံးမှ မလိုအပ်ပဲ သွားလာမှုမလုပ်ဖို့ ခရီးသွား အကြံပြုချက် အရင်ကတည်းက ထုတ်ပြန်ထားပါတယ်။ အခု စစ်တွေကိစ္စ ထပ်ဖြစ်တော့ ဒီအခြေအနေကို ဒီခရီးသွားအကြံပြုချက်မှာ ထပ်မံ ထည့်သွင်း သတိပေးထားတယ်လို့ ရန်ကုန်မြို့ ဗြိတိန်သံရုံး ပြောခွင့်ရသူ Joe Fisher က ဗွီအိုအေကို ပြောပါတယ်။

 “စစ်တွေမှာဖြစ်ခဲ့တဲ့ အခြေအနေအပေါ် တည်ပြီး ခရီးသွားလာမှုအကြံပြုချက်မှာ သတင်းအချက်အလက်တွေ ထပ်ထည့်ထားတာပါ။ ငပလီ အပန်းဖြေစခန်း ကလွဲပြီး ရခိုင်ပြည်နယ်ဒေသတခုလုံးကို မဖြစ်မနေကလွဲလို့ ခရီးသွားလာမှု မလုပ်ဖို့ အကြံပြုထားပါတယ်။ ဒါက အရင်ဒီ မတိုင်ခင်ကတည်းက ခရီးသွားအကြံပြုချက် ဆိုပေမယ့် အခု စစ်တွေက ဖြစ်ရပ်တွေကို အချက်အလက်တွေအနေနဲ့ ထည့်ဖြည့်ထားပါတယ်။ ”

ကုလသမဂ္ဂအေဂျင်စီရုံးတွေနဲ့ NGO ရုံးတွေကို အခုလို တိုက်ခိုက် ဖျက်ဆီးမှုတွေကြောင့်တော့ အခြား ၀န်ထမ်းတွေ နိုင်ငံခြာသားတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ဖျက်ဆီးတဲ့လူအုပ်ကို လုံခြုံရေးတပ်က ပစ်ခတ်နှိမ်နင်းရာမှာ အသက် ၁၁ နှစ်အရွယ် ကလေးမတဦး သေနက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂဖက်ကတော့ သူတို့ဖက် အပျက်အစီးတွေကို စီစစ်နေတုန်းပဲရှိပြီး။ အခြေအနေကိုလည်း အကဲခတ်နေရတုန်းပဲလို့ဆိုပါတယ်။ ဒီနေ့မှာ အခြေအနေတွေ တည်ငြိမ်မှုရှိတယ်ဆိုပေမယ့်၊ တစုံလုံးကို အကဲဖြတ်ဖို့ ခက်နေတုန်းပဲလို့လည်း ကုလသမဂ္ဂ ရန်ကုန်ရုံး တာဝန်ရှိသူတဦး က ပြောပါတယ်။ အခု ဖြစ်ရပ်နဲ့ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာအစိုးရဖက်က ကြေညာထားပါတယ်။

ဒီအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရ၀န်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှုးချုပ်ကျာ်ကျော်ထွန်းတို့ ဟာ ဒီကနေပဲ စစ်တွေမြို့ကို ရောက်ရှိလာကြတယ်လို့လည်း သိရပါတယ်။

VOA Burmese News

တရုတ်သို့ ပင့်မရ၍ ပြင်ဦးလွင်တွင် အဓိဋ္ဌာန် ပြုတည်ထားသော တန်ခိုးကြီးဆုတောင်းပြည့် ပြည်ချစ်ဘုရားကြီး၏ ပရ၀ုဏ်တွင်း မြေတူးဖော်စဉ် ရွှေများတွေ့ရှိ


မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ် ရှိ မဟာ အံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး ၏ ပရ ၀ုဏ် အတွင်း ကျောက်တောင် ကုန်း ကို မြေတူး စက်ဖြင့် တူးဖော် ၍ မြေညှိ ခြင်း လုပ်ငန်း များ ဆောင်ရွက် နေ စဉ် ဒန်ချိုင့် ဟောင်းဖြင့် ထည့်ထား သည့် ရွှေထည် ပစ္စည်း မျိုးစုံ (၂၆)မျိုး၊ စုစုပေါင်း အလေးချိန် (၄၁) ကျပ် သား၊ (၁၂ ပဲနှင့် ၅) ရွေး ကို တွေ့ရှိ ခဲ့ကြောင်း မဟာ အံ့ထူး ကံသာဘုရားကြီး ဂေါပက အဖွဲ့ အတွင်း ရေးမှူး ဦးကျော်ဌေးကို က The Messenger သတင်းစာ သို့ ပြောသည်။

မြေပြုပြင်ရေးလုပ်ရင်းနဲ့ မြေကြီးတွေ ကားပေါ်ကနေ ပြန်ပြုတ်ကျလာတဲ့အခါမှာ ရွှေလို့ယူဆရတဲ့ လက် ၀တ် ရတနာတွေ တွေ့ ရတာပါ။ သေချာမှတ်ကျောက်တိုက်ကြည့် တဲ့အခါကျတော့ ရွှေအစစ်တွေဖြစ်နေတယ် ဟု ၄င်းကပြောသည်။ အဆိုပါ ရွှေထည် ပစ္စည်း များမှာ လွန်ခဲ့ သည့် နှစ်ငါးဆယ် ခန့် က လက်ရာဟုယူဆရ သည့် ရွှေဘယက်၊ ရွှေကြယ်သီး၊ ရွှေလက် ကောက်အစရှိသည့် ရွှေထည်ပစ္စည်း အမျိုးစုံ (၂၆)မျိုးဖြစ်ပြီး၊ ရှေး ဟောင်း ပစ္စည်းမဟုတ် ကြောင်း ၄င်းကဆိုသည်။ အဆိုပါ ရွှေထည်ပစ္စည်းများကို ဗုဒ္ဓ သာသနိကပစ္စည်း အဖြစ် သတ်မှတ်ကာ မဟာ အံ့ထူးကံသာဘုရားကြီး ကိန်းဝပ်ရာ ဂန္ဓကုဋိ တိုက်တော် အတွင်းရှိ ရတနာ ရွှေပန်းခိုင် အလူ မီနီယံပုံးအတွင်း၌ အများပြည်သူ ကုသိုလ် ပွားများနိုင်ရန်ရည်ရွယ်၍ ခင်းကျင်းပြသထား ကြောင်း ဂေါပ ကအဖွဲ့ထံမှ သိရသည်။

မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးသည် တရုတ်နိုင်ငံသို့သယ်ယူရန် ထုလုပ်ပူဇော်ခဲ့သည့် မြန်မာမှုလက်ရာဖြစ်ပြီး၊ တရုတ်နိုင်ငံသို့ သယ်ယူစဉ် ပြင်ဦးလွင်မြို့၊ ယခု ဘုရားကြီး သီတင်းသုံးရာနေရာတွင် မော် တော်ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ရာ မည်သည့် ယန္တရားမှ သယ်ယူပင့်မ၍ မရသောကြောင့် အဆိုပါ နေရာတွင် ပင် ဘုရားတည်ရန်အဓိဋ္ဌာန် ပြုသည့်အခါမှ ပင့်မ၍ရခဲ့သဖြင့် ဆုတောင်း ပြည့်ပြည်ချစ်ဘုရားဟုလည်း နာမည် ကျော် ကြားခဲ့သည်။

The Messenger News Journal

ပရိတ်သတ်က အမှတ်တရ ပစ္စည်းတောင်းရာ အတွင်းခံများ ချွတ်ပြီး လက်ဆောင်ပေးခဲ့သော မော်လ်ဒယ်



တရုတ်မော်ဒယ်တယောက်ရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းပေးပုံ

တရုတ်နိုင်ငံ အင်တာနက်စာမျက်နှာ တခုက အံ့အားသင့်စေတဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းပေးခြင်း မြင်ကွင်း ဖြစ် ပါတယ်။ အသက် ၃၁ နှစ်အရွယ် Gloria ရဲ့ မြင်ကွင်းတွေပါ။

သူ့ဟာ ကျော်ကြားတဲ့ မော်ဒယ်တဦးဖြစ်ပြီး အမှတ်တရ ပစ္စည်းတောင်းတဲ့အခါ သူက ပါလာသမျှ အခုလို ချွတ်ပေးနေတာပါ တဲ့။

Gloria ကတော့ အခုလို သူ့ရဲ့ အမှတ်တရ ပစ္စည်းကို အဆိုပါအမျိုးသားကို ပေးရင်းနဲ့ သူကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ပရိတ်သတ်တွေကတော့ လက်ဆောင်ရတဲ့သူကို ပြုံးပြီးကြည့်နေကြပါတယ်တဲ့။

Gloria ဟာ လူအများကြား ကောလဟလ အများဆုံးဖြစ်စေတဲ့ မော်ဒယ်တဦးလည်းဖြစ်ပါတယ်တဲ့။

Ref: China Daily
Today Myanmar

ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားတွင် မြေညှိရာမှနှစ် ၆၀ ခန့်သက်တမ်းရှိ ရွှေထည်များတွေ့



မန္တလေး၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေညှိခြင်း လုပ်ငန်းများ မတ်လ ၉ ရက်နေ့တွင် လုပ်ဆောင်ရာမှ နှစ် ၆၀ ခန့် သက်တမ်းရှိ ရွှေထည်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက The Voice သို့ ပြောကြားသည်။

အဆိုပါဘုရား တန်ဆောင်တိုင် ပွဲတော်ကျင်းပချိန်တွင် ဆိုင်ကယ်၊ ကား ထားရှိရန်အတွက် ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေတူး စက်ကြီးများဖြင့် မြေညှိနေစဉ် ရွှေထည် ပစ္စည်းမျိုးစုံ ၂၆ မျိုး၊ စုစုပေါင်း အလေးချိန် ၄၁ ကျပ် ၁၂ ပဲ ၅ ရွေးခန့်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။

ယင်းမြေတူးစက်နှင့် ပေ ၅၀ အကွာ မြေပြင်ပေါ်တွင် ဒန်ချိုင့်ဟောင်း တစ်လုံးဖြင့် ထည့်ထားသည့် ရွှေထည်ပစ္စည်း များကိုတွေ့ရပြီး ယင်းရွှေထည် ပစ္စည်းများကို ဂေါပကရုံးတွင် သိမ်းဆည်းထားရှိကာ ဗုဒ္ဓသန္တကပစ္စည်း အဖြစ် သတ်မှတ်၍ မဟာအံ့ထူးကံသာ ဘုရားကြီး ကိန်းဝပ်သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်းရှိ ရတနာရွှေပန်းခိုင် အလူမီနီယံပုံးတွင် ထည့်သွင်းပြီး အများပြည်သူ ကုသိုလ်ယူ သဒ္ဓါပွားများနိုင်စေ ရန်ရည်ရွယ်၍ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း အတွင်းရေးမှူးက ရှင်းပြ သည်။

"နှစ်သက်တမ်းက ၆၀ လောက်တော့ ကြာပြီ။ ဘုရားကြီးရဲ့တန်ခိုးတော်ရယ်၊ ရိုးသားတဲ့ ဝန်ထမ်းတွေကြောင့် ရလိုက်တာပါ။ အမျိုးသမီး အင်္ကျီဝတ်က ကြယ်သီး ၄၄ လုံးပါတယ်။ ရွှေဘီးလည်းပါတယ်။ တချို့ ရွှေဘယက်တွေ ဆိုရင် ကြေမွနေတာတွေ ရှိတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ ဓမ္မရဟိကုန်းတော်၏ အရှေ့ဘက် ကျောက်တောင်ကုန်းကို တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဆက်သွယ်ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်များ၏ သဘောတူညီမှုဖြင့် ပွဲကွင်း မြေညှိတူးဖော်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တန်ဆောင်တိုင်ပွဲတော် မုခ်ဦးအနီး အရှေ့ဘက် ကျောက်ကုန်းဧရိယာမှ စ၍ မြေတူးစက်ကြီးဖြင့် ဗြုန်းကျောက် တူးဖော်ခြင်းလုပ်ငန်း စတင်လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

The Voice Weekly

လေးနှစ်အရွယ် မိန်းကလေးကို ဦးလေးဝမ်းကွဲက သားမယားပြုကျင့်


သန်လျင်မြို့နယ်တွင် ဦးလေး ၀မ်းကွဲတော်သူက လေးနှစ်အရွယ် တူမ၀မ်းကွဲကို သားမယားပြု
ကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းရပ်ကွက်နေ အသက် ၃၀
အရွယ်အမျိုးသမီးသည် အိပ်ရာဝင်ခဲ့ပြီး ၎င်းခြင်ထောင်နှင့် ကပ်လျက်ရှိသည့် ခြင်ထောင်တွင်
အသက် ၄ နှစ်အရွယ်သမီးနှင့် အစ်မေဖြစ်သူတို့ အိပ်ကြသည်။

အမေဖြစ်သူမှာ မြို့ဟောင်း အနောက်ရပ်ကွက်သို့ပွဲကြည့်ရန်သွားခဲ့သဖြင့် အဆိုပါခြင်ထောင်
အတွင်းသမီးဖြစ်သူသာ ကျန်နေခဲ့ပြီး ဆက်လက်အိပ်နေခဲ့ရာက ည ၁၁ နာရီအချိန်ခန့်တွင်
သမီးဖြစ်သူ အော်သံကြား ဖြင့် လန့်နိုးသွားခဲ့သည်။

ထိုသို့လန့်နိုးစဉ် မောင်ဝမ်းကွဲတော်စပ်သူ နိုင်ဦး(ခ)မိခေး(ခ)သရဲ(၂၅ နှစ်)အိမ်ပေါ်မှဆင်းသွားသည်
ကိုတွေ့ရပြီး သမီးဖြစ်သူ အပေါ့သွားချင်ကြောင်းပြောဆိုသဖြင့် အိမ်သာလိုက်ပို့စဉ် သမီး၏
ပေါင်ကြားမှ သွေးများကျ နေသည်ကို တွေ့ရသည်။

သမီးဖြစ်သူကို ကွပ်ပစ်ပေါ်တင်၍ကြည့်ရှုခဲ့ရာ မိန်မအင်္ဂါမှ သွေးထွက် နေသည်ကိုတွေ့ရသဖြင့်
အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲခစန်းက(ပ)၂၁၁/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

မူးမေ့စေတတ်သည့် အရည်တိုက်ကာ သားမယားပြုကျင့်ခဲ့


အင်းစိန်မြို့နယ်တွင် အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူက မူးမေ့စေတတ်သည့် အရည်တိုက်ကာ
သားမယား ပြုကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၃၁ အရွယ် အမျိုးသမီး
တစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ၎င်းနေအိမ်တွင်ရှိနေစဉ် ကား အရောင်းပြခန်းတွင်
အတူလုပ်ကိုင်ဖူးသည့် အမျိုးသမီးနှင့် သိန်းထွန်းဦး(ခ)တင်ထွန်းဦး(၃၀ နှစ်)တို့ရောက်လာပြီး
၎င်းတို့တွင် ဇေ အရက်တစ်လုံးနှင့်အချိုရည်တို့ရောနှောထားသည့် အနီ ရောင်ရေသန့်ဗူးတစ်လုံး
ပါရှိပြီး အဆိုပါရေသန့်ဗူးအတွင်းမှ ရေကို တစ်ဝက်ထည့်ပေးသဖြင့် သောက်ခဲ့ရာ သတိလစ်
လဲကျသွားခဲ့သည်။

မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အိမ်နီးချင်းတို့ ရောက်လာပြီးစကားပြောသံများကြားသဖြင့်
သတိရလာပြီး သိန်းထွန်းဦးမှ သားမယားအဖြစ် ဆက်ဆံသည်ကိုမြင်တွေ့ကြောင်းပြောပြ
သိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။အင်းစိန် မြို့မ ရဲစခန်းက(ပ)၃၀၀/၁၄ ပြစ်မှုပုဒ်မ
၃၇၆/၃၂၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)


ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီ ပွဲစဉ်တွင် ထိုးကြိတ်မှုဖြစ်ပွား (ရုပ်/သံ)



ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီ ပွဲစဉ်တွင် ထိုးကြိတ်မှုဖြစ်ပွား (ရုပ်/သံ) မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်ဖြစ်သည့် ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက် တို့ မတ်လ ၂၈ ရက်နေ့က ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ထိုးကြိတ်မှုဖြစ်ပွားခဲ့သည်။ ပွဲစဉ်ပြီးခါနီး ပင်နယ်တီပေးလိုက်ရပြီးတဲ့နောက် မကျေနပ်မှုကနေစတင်ကာ ရခိုင်ယူနိုက်တက်အသင်း မန်နေဂျာက ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

Mizzima TV

မန်း၌ လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ(၁၈)ဖြင့်အရေးယူ

ကျော်စိုး-မန္တလေး(မြစ်မခ)

မန္တလေး၌ လျှပ်စစ်မီတာခ လျှော့ချရေး ဆန္ဒထုတ်ဖော်ပွဲ၌ပါဝင်သူ ၄ဦးကို မတ်လ(၂၈)ရက်နေ့၌ ချမ်းအေးသာဇံမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း အမှတ်(၈)ရဲစခန်းရှိ တာဝန်ရှိသူများထံမှ သိရှိရသည်။

မတ်လ(၂၇)ရက်နေ့ ညနေပိုင်းကဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်မီတာခလျှော့ချရေးဆန္ဒထုတ်ဖော်ခဲ့ကြရာ ခွင့်ပြုချက်မရပဲ ဆန္ဒထုတ်ဖော်ခြင်းကြောင့် ယခုကဲ့သို့အရေးယူခံရခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူ(၄)ဦးအား ညတွင်းချင်း အမှတ်(၈) မြို့မရဲစခန်းမှတာဝန်ရှိသူများက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ ကျွန်တော်တို့စခန်းကိုရောက်လာတော့ ၄ဦး၊ ကျား(၃)၊ မ(၁)ဖြစ်ပါတယ်၊ ဆန္ဒဖော်ထုတ်သူ လူဦးရေကိုတော့ အတိအကျ မသိရသေးပါဘူး” ဟု အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်သူ(၄)ဦးကို ချမ်းအေးသာဇံမြို့နယ် တရားရုံးသို့ မတ်လ(၂၈)ရက်နေ့က ခေါ်ဆောင်သွားကြောင်း ကိုလည်း ၄င်းက ဆိုသည်။

အဆိုပါ မန္တလေး လျှပ်စစ်မီတာခလျှော့ချရေးအတွက် ခွင့်မတောင်းပဲ ဆန္ဒထုတ်ဖော်သူလေးဦး(ကျား-၃ဦးနှင့်မ-၁ဦး)ကို ပုဒ်မ၁၈ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ငွေဒဏ်အပြင် အမြင့်ဆုံးထောင်ဒဏ်(၆)လအထိ ကျခံနိုင်သည်ဟု ဥပဒေပညာရှင် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

“ပုဒ်မ၁၈နဲ့ အရေးယူခံရမယ်ဆိုရင် ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ်(၆)လ အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင်စိုးထွန်းက ဆိုသည်။

လျှပ်စစ်မီတာခ လျော့ချရေး ဆန္ဒထုတ်ဖော်ပွဲကို မတ်လ(၂၆)ရက်နေ့ ညပိုင်းက ရန်ကုန်၌ လူအင်အား(၃၀) မှလည်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မီဒီယာများမှ တဆင့်သိရှိရသည်။

ဧပြီ(၁)ရက်နေ့မှ စတင်၍ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ် မီတာသုံးစွဲခများမှာ အိမ်သုံး(၁)မှ (၁၀၀)ယူနစ်အထိ (၃၅)ကျပ်၊ (၁၀) မှ (၂၀၀) အထိ (၄၀)ကျပ်၊ (၂၀၁)နှင့်အထက် (၅၀)ကျပ်၊ စက်မှုဇုန်သုံး (၁)မှ (၅၀၀)အထိ (၇၅)ကျပ်၊ (၅၀၁)မှ (၁၀၀၀၀)ထိ (၁၀၀)ကျပ်၊ (၁၀၀၀၀)မှ (၅၀၀၀၀)ယူနစ်အထိ (၁၂၅)ကျပ်၊ (၅၀၀၁)မှ (၂၀၀၀၀)အထိ (၁၅၀)ကျပ်၊ (၂၀၀၀၁)မှ (၃၀၀၀၀)အထိ (၁၂၅)ကျပ်၊ (၃၀၀၀၀)နှင့်အထက်ဆိုလျှင် (၁၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၁)ရက်နေ့မှ စ၍ မီတာခများတိုးမြှင့်ကောက်ခံမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည့်အပေါ်တွင် ယခုကဲ့သို့ လျှပ်စစ်မီတာခလျော့ချရေး ဆန္ဒထုတ်ဖော်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Myit Ma Kha Media Group

၁၅ နှစ်ကျော် မိန်းကလေးကို ဇနီးဖြစ်သူက ဆေးတိုက်ပြီး ခင်ပွန်းဖြစ်သူက အဓမ္မပြုကျင့်



ဒဂုံ ဆိပ်ကမ်းမြို့နယ် တွင် အသက်(၁၅) နှစ် (၉) လ အရွယ် မိန်းကလေးငယ် တစ်ဦး ကို လင်မယား နှစ်ဦး က ဆေးတိုက် ကာ ခင်ပွန်း ဖြစ်သူ က အဓမ္မ ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ ကြောင်းဒဂုံ ဆိပ်ကမ်း မြို့မ ရဲစ ခန်းမှ သိရသည်။

မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့် က နေအိမ် သို့ လိုက်လည် သော (၁၅) နှစ်ကျော် အ ရွယ် မိန်းကလေး တစ်ဦးကို မ...... တို့ လင်မယားကအမျိုးအမည် မသိ ဆေး တစ်လုံးတိုက်ကာ နိုက်ကလပ် တစ်ခု သို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် မတ်လ (၂၅) ရက်နေ့ နံနက် (၃) နာရီ အချိန် တွင် နိုက်ကလပ်မှ မ... ..တို့နေအိမ်သို့ မိန်းကလေး ကို ပြန်ခေါ်လာကြောင်း သိရသည်။ ဆေး အရှိန်ဖြင့် ခေါင်းမှုးကာ အိပ်နေသော (၁၅) နှစ် ကျော်အရွယ်မိန်းကလေးကို မ...........၏ ခင်ပွန်း က အလို မတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ခင်ပွန်းဖြစ်သူ သားမယားပြုကျင့် စဉ် မ...နှင့် ၎င်း ၏ မိခင်ဖြစ်သူ တို့ က ရှောင် တိမ်းပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။ အခု အဓမ္မပြု ကျင့် တယ်ဆို တဲ့လူနဲ့ သူ့ မိန်းမရော၊ ယောက်္ခမကိုရော စစ်ဆေးနေပါ တယ်””ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန် ရှိ သူတစ်ဦး က ပြော သည်။ ယင်းကိစ္စကို အဓမ္မပြုကျင့်ခံရသော (၁၅) နှစ် ကျော်အရွယ် မိန်းကလေး ၏ မိခင်မှ တရားလို ပြုလုပ် တိုင် တန်းခဲ့ပြီး၊ ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်းမှ (ပ) ၁၁၀/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ /၁၁၄ ဖြင့် မတ်လ (၂၆) ရက် နေ့ တွင် အမှုဖွင့် ကာ အမှုစစ် ဒုရဲမှူး ဟန်စိန် (စခန်း မှူး) က စစ်ဆေး ဆောင်ရွက် နေကြောင်း ပထမ သ တင်းပေးချက်အရ သိရသည်။

The Messenger


ရုရှားဆိုယုဇ်အာကာသယာဉ်ကြောင့် ပြင်သစ်လေယာဉ် ဂျာမနီနိုင်ငံသို့ လမ်းကြောင်းပြောင်း.


ရုရှားဆိုယုဇ်အာကာသယာဉ်ကြောင့် ပြင်သစ်လေယာဉ် ဂျာမနီနိုင်ငံသို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပျံ သန်းလာသော Air France လေကြောင်းလိုင်းပိုင် A380 လေယာဉ်သည် ရုရှားဆိုယုဇ် အာကာသယာဉ်ကြောင့် လမ်း ကြောင်းပြောင်း၍ ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်လေဆိပ်သို့ ဆင်းသက်ခဲ့ရသည်ဟု Air France လေကြောင်းလိုင်းက ပြောကြား သည်။

မတ်လ ၂၆ ရက်တွင် ရုရှား ဆိုယုဇ်အာကာသမစ်ရှင် စတင် ပစ်လွှတ်ခြင်းအတွက် ကာဇက် စတန်နှင့် ကာဂျစ္စတန် နှစ်နိုင်ငံလေပိုင်နက်များကို အနည်းဆုံး မိနစ် ၃၀ ကြာ ပိတ်ထားခဲ့သောကြောင့် A380 လေယာဉ်သည် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု Air France ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

A380 လေယာဉ်ခရီးစဉ် သည် မျှော်မှန်းသည်ထက် ပို၍ ကြာရှည်ခဲ့သောကြောင့် ယင်း လေယာဉ်မှူးသည် ပါရီမြို့သို့ ကောင်းစွာဆင်းသက်နိုင်စေရန် ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့လေဆိပ်၌ လောင်စာဆီဖြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Air France လေကြောင်း လိုင်း လေယာဉ်သည် ဂင်းနစ် စံတော်ချိန် ၅ နာရီတွင် ဟမ်းဘာ့ဂ်လေဆိပ်သို့ ဆင်းသက်ခဲ့ပြီး လောင်စာဆီဖြည့်ပြီးနောက် မိနစ် ၉၀ ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွားသည်ဟု ဟမ်းဘာ့ဂ်လေ ဆိပ်က အတည်ပြုပြောကြား သည်။

ရုရှားအာကာသယာဉ်မှူး နှစ်ဦးနှင့် အမေရိကန်တစ်ဦးကို သယ်ဆောင်သွားသော ဆိုယုဇ် အာကာသယာဉ်အား မတ်လ ၂၆ ရက် အစောပိုင်းတွင် ကာဇက် စတန်နိုင်ငံရှိ ဒုံးကျည်ပစ်စင်မှ လွှတ်တင်ခဲ့သည်။

—Ref: Reuters


Myanma Spectrum

အခမဲ့ဆေးခန်း တရားစွဲ ဒဏ်ရိုက်ခံရခြင်းကို ဆန္ဒထုတ်ဖော် မြေနေရာရရှိရေး သမ္မတထံတင်ပြ


ရန်ကုန်၊ မတ် ၂၅

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းကို မြို့နယ် စည်ပင်သာယာက ကျူးကျော်အဖြစ် တရားစွဲခဲ့ခြင်းကို ဒေသခံပြည်သူများက မတ် ၁၆ ရက်တွင် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ပြီး မြေနေရာ အတည်တကျ ရရှိရေးအတွက် နိုင်ငံတော် သမ္မတထံ စာရေး သား ပေးပို့တင်ပြထားသည်။

ယင်းအခမဲ့ဆေးခန်းသည် ဒဂုံမြို့သစ် ဆိပ်ကမ်း (၈၈) ရပ်ကွက်တွင် တည်ရှိပြီး ရွှေသန်လျင် ဆရာတော် အရှင်မေဃိက ဦးဆောင်၍ ဒေသခံများ၊ စေတနာရှင် အလှူရှင်များက ပူးပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ရာ မြေနေရာသည် လက်ရှိအချိန်အထိ နာရေးကူညီမှု အသင်းပိုင်မဟုတ်ဘဲ ကျူးကျော် အဖြစ်သာ ရှိနေသေးသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးက ကျူးကျော်နေသော ဆေးခန်း နေရာအတွက် မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ဆေးခန်းမှ ဒဏ်ငွေ ငါးသောင်း ပေးဆောင် ခဲ့ရသည်။

အဆိုပါ အခမဲ့ဆေးကုခန်း ပတ်ဝန်းကျင်တွင် ဆေးခန်းနည်းတူ အခြား ကျူးကျော်အိမ်များ ရာပေါင်းများစွာ ရှိနေသော်လည်း မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးက ဆေးခန်းကိုသာ ကျူးကျော်အဖြစ် တရားစွဲခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အတွက် ပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များက မတ် ၁၆ ရက်တွင် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးအား ဖယ်ရှားပေးရန်၊ မြေနေရာ အတည်တကျ ရရှိရန် ဆန္ဒပြ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး နောက်နောင် ယင်းပြဿနာမျိုး မပေါ်ပေါက်စေရန်အတွက် မြေနေရာရရှိရေး နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်သည်။

ရွှေသန်လျင် နာရေးကူညီမှု အသင်းသည် နာရေး ကူညီမှုများအပြင် အရေးပေါ် လူနာပို့ဆောင်ခြင်း၊ သွေးလှူခြင်း၊ အောက်ဆီဂျင်ဘူး လှူဒါန်းခြင်း၊ ဆေးဝါးအခမဲ့ ကုသပေးခြင်းနှင့် ဆေးခန်းဖွင့်လှစ်ခြင်း စသည့် လူမှု အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

MH-0123

စစ်သေနာပတိအဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရှိနေနိုင်


သမ္မတဦးသိန်းစိန် လက်ထက် ၃-၃-၂၀၁၂ နေ့တွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးထွန်းနိုင်ရွှေနှင့် ဇနီးတို့ စီးနင်းလာသော မော်တော်ယာဉ်နှင့် ယာဉ်မောင်း အ ရာခံ ဗိုလ်အဆင့် တပ်မတော်သားတစ်ဦးကို ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တွေ့ရစဉ်။

ရန်ကုန်၊ မတ် ၂၇

တပ်မတော်တွင် သက်တမ်းအရှည်ဆုံး ကာကွယ်ရေး ဦးစီးချုပ်အဖြစ် နှစ်ပေါင်း(၂၀)ခန့် တာဝန် ယူခဲ့ပြီး နိုင်ငံ့အကြီးအကဲ အဖြစ်လည်း တပ်မတော်အစိုးရ (နယက) ဥက္ကဋ္ဌ တာဝန်ကို အဆုံးတိုင် ဆုပ်ကိုင်နိုင် ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူသွားသည့် တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ အစိုးရသတင်းစာများမှ ကြေညာခဲ့ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး တစ်ခု တည်းသော လက်နက်ကိုင် တပ်မတော်၏ စစ်သေနာပတိ ရာထူးအဆင့်ဖြင့် ရှိနေနိုင်ကြောင်း တပ်မတော် အကြီးအကဲဟောင်းများ အချို့ထံမှ ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အငြိမ်းစားယူပြီးနောက် နေပြည်တော် နေအိမ်တွင် အေးချမ်းစွာ နေထိုင်လျက် ရှိကြောင်း၊ နေ့စဉ် တရားထိုင်ကြောင်း၊ သတင်းစာ၊ ဂျာနယ်များနှင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုနေရုံမျှမက နေ့စဉ် အင်တာနက်သတင်းများကိုပင် ကြည့်ရှု လေ့လာလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တော်နေအိမ်သို့ ရောက်ရှိခဲ့သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အနှစ်(၂၀) အုပ်စိုးစဉ် ကာလတစ်လျှောက် အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော် ခေါင်းဆောင်များ၏ အလွန်အမင်း ရိုသေလေးစားခြင်း ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် လွှတ်တော်များနှင့် သမ္မတ ဦးသိန်းစိန် အစိုးရ ပေါ်ပေါက်လာချိန်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့ ကျမ်းကျိန် သည့်အခါ အစဉ်အလာအရ တပ်မတော်အစိုးရမှ အာဏာလွှဲအပ်မှု နောက်ဆုံး မိန့်ခွန်းပြောကြားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အများမျှော်လင့် ခဲ့ကြသော်လည်း ၎င်းကလွှတ်တော်သို့ လာရောက်ခဲ့ခြင်း မရှိတော့ဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ယခုဗိုလ်ချုပ်မှူးကြီး) သာလျှင် လာရောက်ခဲ့သည်။ သို့ဖြစ်၍ အနှစ်(၂၀)ခန့် အာဏာဆုပ်ကိုင်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံရေး နောက်ကွယ်မှ အာဏာရှိ ကြိုးကိုင်ခေါင်းဆောင် အဓိက နေရာတွင် ရှိနေမည် ဖြစ်ကြောင်း ဝေဖန် သုံးသပ်မှုများ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစုဝင်များ မန္တလေးမြို့သို့ ဖေဖော်ဝါရီလအတွင်း ရောက်ရှိခဲ့စဉ်၊ ဓာတ်ပုံ-မန္တလေးသားတစ်ဦး


တပ်မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်းစာအုပ်မှ စစ်သေနာပတိဖြင့် ဖွဲ့စည်းပုံကို တွေ့ရစဉ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဖြစ်ခဲ့သော အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်ကို မြန်မာသံတော်ဆင့်မှ သွားရောက် တွေ့ဆုံခဲ့စဉ်က တပ်မတော်တွင် စစ်သေနာပတိ ရာထူးရှိခဲ့ကြောင်း၊ တာဝန်ယူမည်ဆိုက တပ်မတော်ဖွဲ့စည်းပုံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်သေနာပတိ ရာထူးတာဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်ထက် မြင့်သောနေရာမှ နေနိုင်ကြောင်း၊ တိတိကျကျ ပြော၍ မရကြောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်က ထင်မြင်ချက် ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပ်မတော်အစိုးရ ကာလတစ်လျှောက် မည်သည့် အကြောင်းနှင့်မျှ တာဝန်မှ အနားပေးခြင်း မခံရဟု (ယခင်သက်တော်ရှည် ၀န်ကြီးများကဲ့သို့) သတ်မှတ် ပြောကြားခြင်း ခံခဲ့ရသည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း (ဗိုလ်မှူးကြီး အောင်သောင်း)က ““ စစ်သေနာပတိ ဆိုတာကတော့ အင်္ဂလိပ် လက်ထက်တုန်းကပါ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်တုန်းက။ စစ်သေနာပတိဆိုတာက တကယ်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခေါ်တာပါပဲ။ နောက်ပိုင်းကျမှ စစ်သေနာပတိ ဆိုတာကို ပြောင်းလိုက်တာပါ။

အဲဒါကိုတချို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်သေနာပတိလို နေရာမျိုးမှာ ရှိနေတယ်လို့ ပြောနေကြတာ မရှိပါဘူး။ အဲဒါမျိုးက လုံးဝမှားပါတယ်။ ကျွန်တော် ဗိုလ်ချုပ်မှူးကြီးဆီသွားတော့ ထွေထွေထူးထူး မရှိဘူးဗျ။ ဧည့်သည်တွေများနေလို့ ကျွန်တော်တို့က ခဏလေးပဲ။ကျန်းမာချမ်းသာကြောင်းနဲ့ နေကောင်းလား ဒီလောက်လေးပဲ။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာအောင်နေ၊ ညီညီညွတ်ညွတ်လုပ်ကြ၊ အောင်မြင်အောင် လုပ်ကြ။ ဒါပါပဲ””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ထက် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တာဝန်ယူခဲ့သည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လာမည့် ၂၀၁၅ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားပြောဆိုခဲ့ကြောင်း ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မည်ကဲ့သို့ပင် အငြိမ်းစားယူပြီး အနားယူလျက် ရှိပြီဟု ဆိုကြစေကာမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ တပည့်များ ဖြစ်ခဲ့ကြသော လက်ရှိအစိုးရ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရားသူကြီးချုပ် စသည့် နိုင်ငံ့ဦးသျှောင် ရာထူး ယူထားကြသော ယခင်တပ်မတော် အရာရှိကြီးများ တာဝန်ရှိနေသရွေ့ ၎င်းဗိုလ်ချုပ်မှူးကြီး နှစ်ဦး၏ နိုင်ငံရေးသြဇာ တည်တံ့ကြီးမားလျက် ရှိကြောင်း နိုင်ငံရေး လေ့လာသူများနှင့် နိုင်ငံရေး စိတ်ဝင်စားသော ပြည်သူများက ယူဆလျက်ရှိသည်။

ယခုနှစ် ၁၃၇၅ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးမောင်အေး နေအိမ်၌ ကထိန်အလှူ ပြုလုပ် ပြီးနောက် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်၍ ဦးမောင်အေးကို ဂါရ၀ပြု တွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိခဲ့သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိသားစုဝင်များကိုပင် လုံခြုံရေး အစောင့်အရှောက် ပေးထားလျက်ရှိပြီး မတ်လ ၂၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုများ မန္တလေးမြို့သို့ လာရောက်စဉ် ရှေ့ပြေး ရဲတပ်ဖွဲ့ယာဉ်နှင့် အရပ်ဝတ် လုံခြုံရေးများ လိုက်ပါလာကြောင်း မန္တလေးမြို့တော် စည်ပင်အရာထမ်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

MH-0011

ယခုဘဏ္ဍာနှစ်တွင် ကျပ် ၂၂၀ ဘီလီယံကျော် အခွန် ပိုမိုကောက်ခံရရှိ


ရန်ကုန်၊ မတ် ၂၇

ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက် ကျပ် ၂၂၂ ဘီလီယံ အခွန် ပိုမိုကောက်ခံရရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ယင်းသို့ အခွန်ကောက်ခံ ရရှိမှု မြင့်တက်လာခြင်းမှာ အခွန်ထမ်းဦးရေ များပြားလာပြီး ပို့ကုန်သွင်းကုန် ကဏ္ဍများမှ အခွန် ပိုမို ကောက်ခံရရှိလာခြင်းကြောင့် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အရင်နှစ်တွေတုန်းက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေနဲ့ အစိုးရ လုပ်ငန်းတွေဆီက အပြည့်အဝ မရခဲ့ဘူး” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် အခွန် ပိုမို ကောက်ခံရရှိခဲ့သကဲ့သို့ ယခုဘဏ္ဍာနှစ်၏ အခွန်ငွေ လျာထားချက်ထက်လည်း ၁၂၀ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပိုမို ကောက်ခံရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃) က ကျပ် ၄၄၇ ဘီလီယံ ကောက်ခံ ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) ကောက်ခံရရှိမှုမှာ ကျပ် ၆၆၉ ဘီလီယံ ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

The Voice Weekly

အပစ်ရပ်ရေး မပြီးဘဲ နိုင်ငံရေးဆွေးနွေးပါက ပဋိပက္ခများဆီ ပြန်လည် ဦးတည်နိုင်ဟု ကာ/ချုပ်ပြောကြား


နေပြည်တော်၊ မတ် ၂၇

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည် လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခြင်း မရှိဘဲ နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြုလုပ်ပါက လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာ မဆောင်ရွက်ဘဲ နိင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေရင် သဘောထား မတိုက်ဆိုင်မှုတွေကြောင့် မလိုအပ်ဘဲ အချိန် ကြန့်ကြာနိုင်သလို နဂိုရှိပြီးသား ညှိနှိုင်း သဘောတူမှုတွေပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည် ဦးတည်နိုင်တယ် ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သတိပေး ပြောဆိုသည်။

ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ချမှတ် သဘောတူထားသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များက လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောဆိုထားသည်။

ထို့ပြင် နိုင်ငံရေး စားပွဲဝိုင်းနှင့် ငြိမ်းချမ်းရေး ကိစ္စများတွင် တပ်မတော်၏ အခန်းကဏ္ဍ ဆက်လက် ရပ်တည်နေဦးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပြီး ဖြစ်သည်။

တပ်မတော်သည် အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့်အတိုင်း မဏ္ဍိုင်သုံးရပ်ကို အပြန်အလှန် ထိန်းကြောင်းသွားရန် လိုအပ်ပြီး ပြင်ဆင်ရန် လိုအပ်ပါက အခန်း ၁၂ ပါ ဥပဒေ ပြင်ဆင်ရေးတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ တပ်မတော်နေ့ မိန့်ခွန်းတွင် ထပ်လောင်း ပြောကြားခဲ့သည်။

The Voice Weekly

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်၂၀ အတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်


ဆိုးလ်၊ မတ် ၂၇

မြောက်ကိုရီးယားက ဂျပန်နိုင်ငံအထိ ရောက်အောင် ပစ်ခတ်နိုင်သော တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့မှုပြီး နောက်တစ်ရက်တွင် နှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်အဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်သား ၁၅၀၀၀ ခန့် ပါဝင်သော ကမ်းတက် စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ၏ အရှေတောင်ဘက် ကမ်းခြေတွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်တပ်သား ၁၀၀၀၀ ခန့် ပါဝင်သည်။

Twin Dragons ဟု အမည်ပေးထားသော အဆိုပါ ကမ်းတက်စစ်ရေး လေ့ကျင့်မှုသည် ၁၂ ရက်ခန့်ကြာမည် ဖြစ်ပြီး တောင်ကိုရီးယားဘက်မှ မရိမ်းတပ်သား ၃၅၀၀ နှင့် ရေတပ်သား ၁၀၀၀ ခန့် ပါဝင်လေ့ကျင့်လျက် ရှိသည်။

အမေရိကနှင့် တောင်ကိုရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားက ရှုမြင်လေ့ရှိပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုပစ် ဒုံးကျည်များ၊ တာလတ် ပစ်တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့သည်။

တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခြင်းမပြုရန် မြောက်ကိုရီးယားကို ကုလသမဂ္ဂက တားမြစ်ထားပြီး မြောက်ကိုရီးယားသည် ယမန်နေ့က တိုက်ချင်းပစ် တာလတ်ပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးကို ကြာသပတေးနေ့တွင် ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

တောင်ကိုရီးယားတွင် အမေရိကန် တပ်သား ၃၀၀၀၀ ခန့် အမြဲတမ်း တပ်စွဲထားပြီး တောင်ကိုရီးယားနှင့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်လေ့ ရှိသည်။

အမေရိက၏ ရန်လိုမှု အခြေအနေကို မြောက်ကိုရီးယား၏ နျူကလီးယား အဟန့်အတားဖြင့် တုံ့ပြန်မည် ဆိုသည်ကို လက်တွေ့ပြသမည်ဟု ယခုလအစောပိုင်းက မြောက်ကိုရီးယား အမျိုးသားကာ ကွယ်ရေးကော်မရှင်က ခြိမ်းခြောက် ပြောဆိုထားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်တို့အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး သွေးတိုးရောဂါ ခံစားနေရဟုဆို


ရန်ကုန်၊ မတ် ၂၇

ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ဖြစ်ပွားမှုအများဆုံး စာရင်းဝင် မြန်မာနိုင်ငံတွင် လက်ရှိလူဦးရေ၏ ၃၅ ရာခိုင်နှုန်း နီးပါးမှာ သွေးတိုးရောဂါ ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်မန်နေဂျာ ဒေါက်တာတင့်ဆွေလတ်က ပြောကြားသည်။

ငါးပိ၊ ငါးခြောက်နှင့် ဟင်းချိုမှုန့် စားသုံးမှု မြင့်မားခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်ပွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မှော်ဘီနှင့် လှည်းကူးမြို့နယ် တို့မှ လယ်သမားမိသားစု များတွင် သုတေသန တွေ့ရှိချက်များအရ အဆိုပါရောဂါ ဖြစ်ပွားနှုန်း ထက်ဝက်အထိ မြင့်တက်နေကြောင်း ၄င်းက ပြောဆိုသည်။

"ဒေါင်ဒေါင်မြည်တဲ့ လယ်သမားကြီး တွေကို သွေးတိုးစစ်တော့ အယောက် ၁၀၀ မှာ ၅၀ က သွေးတိုးဖြစ်နေတယ်" ဟု ၄င်းက စိုးရိမ်ဖွယ် ပြောကြားသည်။

သွေးတိုးရောဂါ ဖြစ်ပွားသူများသည် သာမန်နေထိုင်သူများထက် ဆီးချို ရောဂါ ကူးပြောင်းနှုန်း ထက်ဝက်နီးပါး ပိုမြင့်ကြောင်း၊ ယင်းအတွက် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ ရှိသူများအတွက် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရန် လိုအပ်ကြောင်း ဒေါက်တာတင့်ဆွေလတ်က ဆက်လက်ပြောဆိုသည်။

အဆိုပါ သွေးတိုးနှင့် ဆီးချို သွေးချိုရောဂါ များသည် မြို့ပြဒေသတွင် ဖြစ်ပွားနှုန်းပိုမြင့်ပြီး ၂၀၀၈ ခုနှစ်ဒေသတွင်း ကျန်းမာရေးဖိုရမ်၌ တင်ပြချက်အရ လူဦးရေ၏ ၄၂ ရာခိုင်နှုန်းတွင် သွေးတိုး လက္ခဏာများ တွေ့ရှိပြီး အရှေ့တောင် အာရှဒေသတွင် ဖြစ်ပွားနှုန်း အများဆုံး ဖြစ်ကြောင်း အဆိုပါဖိုရမ် သုတေသန စာတမ်းအရ သိရှိရသည်။

သွေးတိုးရောဂါ ကာကွယ်ရန် အချိုမှုန့်၊ ငါးပိ၊ ငံပြာရည်များ လျှော့စားပြီး အစားအစာ ပမာဏကို သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း၊ ယင်းအပြင် စားသုံး ရန်မသင့်သော ဆီကြော်အစားအစာများ ကိုရှောင်ကြဉ်သင့်ကြောင်း အထွေထွေ ရောဂါကုဆရာဝန် တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် သွေးတိုး ၊ ဆီးချို သွေးချိုရောဂါ လက္ခဏာများသည် အလုပ်လုပ်နိုင်သော အသက် ၄၀ နှင့် ၆၀ ကြား အသက်အရွယ်များတွင် တွေ့ရသောကြောင့် လူမှုစီးပွားရေး အတွက် ထိခိုက်မှုများစွာ ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက သုံးသပ်သည်။

The Voice Weekly 

ဗင်နီဇွဲလားတွင် အာဏာ သိမ်းရန်ကြံစည်သူ လေတပ် ဗိုလ်ချုပ်သုံးဦးကို ဖမ်းဆီး


ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်နေသော အတိုက်အခံအုပ်စုမှ ဒုတိယခေါင်းဆာင် မာရီယာ ကော်ရီနာ မာချာဒို။  ဓာတ်ပုံ - အေအက်ဖ်ပီဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်နေသော အတိုက်အခံအုပ်စုမှ ဒုတိယခေါင်းဆာင် မာရီယာ ကော်ရီနာ မာချာဒို။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကာရာကက်စ် - သမ္မတ နီကိုးလပ်စ်မာဒူရို၏ ဆိုရှယ်လစ်ဝါဒီအစိုးရကို ဖြုတ်ချပြီး
အာဏာသိမ်းရန် လျှို့ဝှက်ကြံစည်သည်ဟု စွပ်စွဲခံရ သော ဗင်နီဇွဲလားလေတပ်မှ ဗိုလ်ချုပ်သုံးဦး
ကို မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အမည်ဖော်ပြမထားသော ဗိုလ်ချုပ်များသည် အတိုက်အခံ နိုင်ငံရေးသမားများနှင့် အဆက်
အသွယ်ရှိပြီး "တရားဝင် ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရကိုဆန့်ကျင်ပြီး လေတပ်
အတွင်း လှုပ်လှုပ်ရှားရှားတွေဖြစ်နေဖို့ လုပ်ဆောင်နေကြတယ်" ဟု မာဒူရိုက တောင်အမေရိက
နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

"ဒီအုပ်စုဖမ်းခံရတာဟာ အတိုက်အခံ အုပ်စု တွေနဲ့တိုက်ရိုက်ဆက်နွှယ်နေပြီး သူတို့ပြောနေ
ကြတဲ့ စကားတွေအရ ဒီရက်သတ္တပတ်ဟာ နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် အပတ်ဖြစ်
တယ်လို့ဆိုတယ်" ဟု မာဒူရိုက ပြောသည်။

လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့သော ရက်သတ္တ ခြောက်ပတ်ကျော်ကြာ လမ်းမပေါ် ဆန္ဒပြမှု
များ ပေါ်ပေါက်ပြီးနောက် သမ္မတက ပြိုင်ဘက်များကို နျိမ်နင်းမှုများ တိုး၍လုပ် ဆောင်နေသည့်
အချိန်တွင် မာဒူရိုအစိုးရက ပြတ်သားသည့် ခြိမ်းခြောက်မှုကို ပထမဆုံး အကြိမ်အဖြစ် အသိပေး
လိုက်ခြင်းဖြစ်သော မည်သူမျှမျှော်လင့်မထားသည့် ဖွင့်ချချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်သုံးဦးကို စစ်ခုံရုံးသို့ဆင့်ခေါ်ထား သည်ဟု မာဒူရိုကပြောကြားပြီး တပ်သားသစ်
များစုဆောင်းနေသည်ကို အခြားသောအရာရှိများက သတင်းပေးခဲ့သောကြောင့် ၎င်းတို့၏
အကြံအစည်ကို သိရှိရခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အာဏာသိမ်းရန် လျှို့ဝှက်ကြံစည်မှုဖြင့်ဗိုလ်ချုပ်များကို ဖမ်းဆီး အရေးယူမှုသည် ဆိုရှယ်လစ်
အစိုးရ အုပ်ချုပ်သည့် ၁၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း စစ်မက်ရေးရာ
ကျွမ်းကျင်ပညာရှင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဖာနန်ဒိုဖော်လ်ကွန်က ပြောသည်။

သမ္မတ မာဒူရိုနှင့်၎င်းအစိုးရသည် ရာဇ၀တ် မှုများတိုးပွားလာခြင်း၊ ငွေကြေးဖောင်းပွမှု အဆမတန်
များလာခြင်းနှင့် အခြေခံလိုအပ်ချက် ဖြစ်သည့် အိမ်သာသုံးစက္ကူကဲ့သို့ ပစ္စည်းများ ပြတ်လပ်ခြင်းတို့ကြောင့် ဒေါသထွက်နေကြ သောပြည်သူများ၏ ပြုလုပ်နေကြသော
ဆန္ဒပြ တောင်းဆိုမှုများကို နေ့စဉ်နီးပါး ရင်ဆိုင်ဖြေရှင်း နေရသည်။

ရေနံပေါကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံသည် အမေရိကတွင် ကွန်မြူနစ်စနစ်ကျင့်သုံးသော
ကျူးဘားနှင့် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ ရင်းနှီးသည့် ဆက်ဆံရေးများ ရှိနေသည်ကို
လည်း ဆန္ဒပြသူများက မကျေမနပ်ဖြစ်နေကြသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ
နုတ်ထွက် ခဲ့ရပြီး လွှတ်တော်မှာ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိတော့သည့် ထင်ရှား
သည့်အတိုက်အခံအုပ်စု ဒုတိယခေါင်းဆာင် မာရီယာ ကော်ရီနာ မာချာဒိုသည်လည်း
အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒိုင်အို့စ်ဒါဒို ကာဘယ်လိုက
မတ်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။

ပီရူးရှိလီမာတွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဗုဒ္ဓဟူးနေ့တွင် ကာရာကက်စ်သို့ ပြန်လာ
မည်ဟု မာချာဒိုက ပြောကြားပြီး ၎င်း ရောက်ရှိချိန်တွင် အဖမ်းခံရမည်ကိုလည်းစိုးရိမ် သည်ဟု
ဆိုသည်။

"ကျွန်မက ဗင်နီဇွဲလား နိုင်ငံသားတွေရဲ့ ဒုတိယခေါင်းဆောင်ဆိုတော့ ဗင်နီဇွဲလားကို ပြန်လာမယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရသည် ထိ လမ်းမတွေပေါ်မှာ မရပ်မနားဆက်လက် တိုက်ပွဲဝင်သွား
မယ်" ဟု၎င်းကပြောသည်။

မစ္စ မာချာဒိုသည် ဗင်နီဇွဲလားဥပဒေပြု လွှတ်တော်တွင် အတိုက်အခံပါတီ၏ ထင်ရှားသည့်
အမတ်တစ်ဦးဖြစ်ပြီး ဒေသတွင်း အဖွဲ့အစည်းတစ်ခု၏ အစည်းအဝေးတွင် နိုင်ငံတွင်းနိုင်ငံရေး
အကျပ်အတည်းများကို ပြောကြားခဲ့ပြီးနောက် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

(အေအက်ဖ်ပီ)
Myanmar Times

အင်းဝဂိတ်ရပ် မြင်းလှည်းသမားများ ဒဏ်ကြေးကြောင့် အခက်တွေ့


မြင်းလှည်းဂိတ်တွင် ရပ်ထားသော မြင်းလှည်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုးမြင်းလှည်းဂိတ်တွင် ရပ်ထားသော မြင်းလှည်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုး

တံတားဦးမြို့နယ်အတွင်းရှိ အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နိုင်ငံခြားခရီးသွား များကို
လိုက်လံပို့ဆောင်ပေးသည့် မြင်းလှည်း များကို မောင်းနှင်ပို့ဆောင်ပေးသည့် အချိန်များတွင် မြို့နယ်
စည်ပင်သာယာရေးအဖွဲ့က စစ်ဆေးခြင်းမရှိဘဲ ဂိတ်တွင်မြင်းဖြုတ်၍ ရပ်နားထားချိန်မှ လှည်းများ
ကိုစစ်ဆေးပြီး ဒဏ် ငွေရိုက်ကြောင်း၊ ဒဏ်ငွေရိုက်ရာတွင် အခွန် ပြေစာပေးဆောင်ခြင်းမရှိကြောင်း
အဖမ်းခံ ရသူ မြင်းလှည်းသမားများက ပြောသည်။

မြင်းလှည်းစီးရေများပြီး လှည်းဆွဲရသည်မှာ တွက်ခြေမကိုက်ချိန်တွင် ထိုသို့ဒဏ်ငွေအရိုက်ခံရသဖြင့်
ဒုက္ခရောက်ကြရကြောင်း၊ အဆိုပါလာရောက် စစ်ဆေးရာတွင်လည်း လှည်းပိုင်ရှင် များကို ခေါ်ယူ
ခြင်းမရှိဘဲ လှည်းနံပါတ်များ သာကို မှတ်ယူသွားပြီး နောက်ပိုင်းမှ စည်းကမ်း ပျက် မြင်းလှည်းများ
ဒဏ်ကြေးငွေလာရောက် သွင်းဆောင်ရန် စာရောက်လာမှ မိမိ တို့လှည်းပါကြောင်း သိရပြီး
ဒဏ်ကြေးငွေကို လည်း တစ်စီးလျှင် ကျပ် ၅,၀၀၀ ဒဏ်ငွေရိုက် ကြောင်း ဒဏ်ငွေဆောင်ရသူ
ဒေါ်ဌေးဌေးက ပြောသည်။

"လှည်းကို ဘယ်လိုစစ်ဆေးတာလဲ မေးမှလှည်းက မြင်းချေးအိတ်မပါဘူးလို့ပြောတယ်။ လှည်းက
မြင်းချီးအိတ်ပါတယ်ပြောတော့ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ် တံဆိပ်ရိုက်မထားလို့ ပြောတယ်။ အဲဒါ
လည်း ရိုက်ထားပါတယ်။ အဲဒီ နေရာမှာ ကြော်ငြာစာရွက်ကပ်ထားတော့ ပျောက်နေသလိုဖြစ်
ပေမယ့် ဒဏ်ငွေဆောင်ရ မယ်ပြောလို့ ကြောက်ပြီးဆောင်လိုက်ရတယ်။ ဒါပေမဲ့ ပြေစာကို အား
လုံးစုံမှပေးမယ်လို့ ပြောတယ်။ ဒဏ်ငွေပေးဆောင်ရတဲ့ မြင်းလှည်းအားလုံးပေါင်း ၃၉ စီးရှိတယ်"
ဟု ၎င်းက ယခုလ ၂၃ ရက်နေ့က ပြောသည်။

တံတားဦးမြိုကနယ်စည်ပင်သာယာရေးအဖွဲ့ မှ စည်းကမ်းပျက်မြင်းလှည်းများအတွက် ဒဏ်ကြေး
ငွေကို မတ် ၂၀ ရက်နေ့နောက်ဆုံး ထား၍ လာရောက်ပေး ဆောင်ရန်နှင့် လိုက်နာ ခြင်းမရှိပါက
မန္တလေးတိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့များဥပဒေအရ အရေးယူခြင်း၊ဲမင်းလှည်းလုပ်ငန်း
လုပ်ကိုင်ခွင့်ကို ကာလတစ်ခု သတ်မှတ်ပိတ်သိမ်းခြင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အနှေးယာဉ်များ
(မြင်း လှည်း) သက်တမ်းတိုးလုပ်ကိုင်ခွင့် ခွင့်ပြု ပေးမည်မဟုတ်ကြောင်း အကြောင်းကြားစာကို
ပေးပို့ထားကြောင်း သိရသည်။

မြင်းလှည်းများကို ကြံခိုင်မှုရှိအောင်ပြုပြင်ရပြီး အမိုးများကိုလည်း ကောင်းမွန်စွာတပ် ဆင်ထား
ကြောင်း၊ လှည်းကိုလည်းကြံ့ခိုင်မှ နိုင်ငံခြား ခရီးသွားများစီးကြောင်း၊ကြံ့ခိုင်မှုမရှိလျှင် ရပ်ခိုင်းပြီး
နောက်ထပ်တစ်စီးပြောင်းပြီး စီးတတ်ကြောင်း၊ လှည်းကိုကြံ့ခိုင်အောင်ပြုပြင် လဲလှယ်သည့်အတွက်
တံခါးရွက်တွင်ရေးထားသော၂၀၁၃-၁၄ စာတန်းမပါတော့သည်မျိုး ရှိကြောင်း၊ဲမင်းလှည်းကိုလည်း အပြာရောင်နှင့် ပေါ်လစ်ရောင်ကိုသာ ဆေးခြယ်ခိုင်းကြောင်း မြင်းလှည်းသမားဦးတိုးမောင်က
ပြောသည်။

"ဒီနှစ်ကျမှ ၂၀၁၃-၁၄ ဆိုတာရိုက်ပေးတာ ပါ။ အင်းဝမှာ မြင်းလှည်းမောင်းတာ ၁၀ နှစ်ကျော်ရှိပါပြီ။
အခုလိုဒဏ်ငွေ ဆောင်ခိုင်းတာ မလုပ်သင့်ပါဘူး။ တစ်ခါထွက်ရမှ ကျပ် ၆,၀၀၀ ပဲရတာပါ။ အခု
နောက်ပိုင်းတစ်ခါထွက်တာ တောင်မမှန်တော့ဘူး။ တန်ခူးပြီးရင် ဧည့်က မကျ တော့ဘူး။ မြင်းချေး
အိတ်ဆိုတာလည်းတချို့ ဧည့်သည်တွေမကြိုက်ဘူး။ မြင်းမြီးခါရင်နံတဲ့အတွက် မြင်းချေးအိတ်တပ်
ထားတာကိုလည်း မကြိုက်ဘူး။ ကျွန်တော်က ကျန်တာ အကုန်လုံး ပြည့်စုံပါတယ်။ ကြော်ငြာကပ်
ထားတာ ၂၀၁၃-၁၄ စာတန်းကို အုပ်နေတဲ့အတွက် ဆောင်ရတာပါ"ဟု ၎င်းကပြောသည်။

မြင်းလှည်းလိုင်စင်အတွက် လျှောက်ထား လျှင် တစ်စီးကို ကျပ် ၂၅,၀၀၀ ပေးဆောင်ရ ပြီး
တစ်နှစ်လျှင် အခွန်အနေဖြင့် ကျပ် ၆,၂၀၀ ပေးဆောင်ရကြောင်း၊ ယခုအချိန်တွင် တရား ၀င်
မြင်းလှည်းပေါင်း အစီး ၂၀၀ အထိ ရှိနေပြီဖြစ်ကြောင်း ၎င်းတို့က မြန်မာတိုင်း(မ်) ကို ပြောသည်။

Myanmar Times

နတ်နန်းကျေးရွာအုပ်စုအတွင်းရှိ ရွှေမျောပေါင်း တစ်ရာကျော်ရပ်နားထားရ


ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံများသည် ရွှေမျောလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း  ပြုနေရသော ဒေသဖြစ်သော်လည်း ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်သည် ယင်းလုပ်ငန်းများမှာ တရားမဝင်လုပ်ငန်းများဖြစ်သည်ဟုဆိုက ၉.၃.၂၀၁၄ရက်တွင် နောက်ဆုံးထား ရပ်နားခိုင်းခဲ့သည်။

နတ်နန်းဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် အရှင်ခေမာစာရက “နတ်နန်းအုပ်စု အတွင်းမှာရှိတဲ့ ဒေသခံပြည်သူအများ စားဝတ်နေရေးရှာဖွေမှုအပေါ်ကို တရားမဝင် ရွှေမျော လုပ်ကိုင်တယ်ဆိုပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်က တားမြစ်ဖမ်းဆီးခဲ့တယ် ဒါဟာ ဒေသခံပြည်သူ တွေကို စာနာမှုကင်းမဲ့စွာ အနိုင်ကျင့်နေခြင်းဖြစ်တယ် ဒေသခံပြည်သူများ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကိုဆိုက် တော့မယ် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်ဟာ ဦးဇင်းတို့ နတ်နန်းရဲကင်းမှူး စိုးလင်းနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီး သလို ဆရာတပည့်ဖြစ်တယ်လို့လည်း ပြောတယ် ဦးဇင်းတို့က ဒုရဲအုပ်စိုးလင်း လာဘ်စားတာကိုတိုင်းထားတယ် လေ ဒါကြောင့်သူက အခုလိုလုပ်တာပဲ ဒုရဲအုပ်စိုးလင်း နတ်နန်းကထွက်သွားတုန်းက ပြောခဲ့တဲ့စကားရှိတယ် ငါပြောင်းသွားရင် တစ်အုပ်စုလုံးထမင်းငတ်စေရမယ်လို့ပြောခဲ့တယ် အခုခန္တီးခရိုင်အုပ်ချုပ်ရေးမှူးက ရွှေမျော အားလုံးရပ်ခိုင်းတယ် ဒါဆိုသူတို့နှစ်ယောက်ပူးပေါင်းလုပ်တာပဲဖြစ်မယ်”ဟုပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးသည်ရွှေမျောလုပ်ကိုင်လျှက် ရှိသော်လည်း ယခုအခါတွင် နတ်နန်းအုပ်စု အတွင်း၌သာ ရွှေမျောများ ရပ်နားခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စများ မပေါ်ပေါက်မီအချိန်က လက်လုပ်လက်စား ရွှေထုတ်လုပ်သူများထံမှ ကျန်းမာရေးဌာနသုံး လူနာတင်ယာဉ် ဝယ်ယူမယ်ဟုပြောကာ တစ်မျောလျှင် ငွေကျပ် ၅သောင်း မှ ၁သိန်းအထိ လစဉ်ကျေးအဖြင့် ၃လတိတိကို နတ်နန်းရဲကင်းတွင် တာဝန်ထမ်းဆောင်စဉ်က ဒုရဲအုပ်စိုးလင်းက ကောက်ခံခဲ့ပြီး ယခုလူနာတင်ယာဉ် ဝယ်ယူစဉ်တွင် ယင်းကောက်ခံငွေများကို အသုံးမပြုဘဲ ဒေသခံများ၏ ငွေကြေးဖြင့်သာ ဝယ်ယူခဲ့ရသည်။

ယင်းနောက် တိုင်းရဲမင်းကြီးအား သိန်း(၈၀)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးအား လစဉ် သိန်း(၂၀)ပေးရသည်ဟု ပြောပြီး ထပ်မံကောက်ခံခဲ့သည်။ ၎င်းအသုံးပြုရန်အတွက် စက်သုံးဆီများကိုလည်း စက်သုံးဆီ အရောင်းဆိုင်များ၊ စက်မျှောများ၊ သစ်ကုမ္မဏီများတွင် အကြိမ်ကြိမ် တောင်းယူ၍ အသုံးပြုသည့်အပြင် ရောင်းစားခဲ့ကြောင်း ရွှေမျောလုပ်ကိုင်ကျသော ဒေသခံများကပြောသည်။

ချစ်မင်းထွန်း
The Myanma Age

မြောက်ကိုရီးယားမှ ဒုံးကျည် ပစ်ခတ်မှုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ပြစ်တင်ရှုံ့ချ


မတ်လ ၂၈။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ပြစ်တင်ရှုံ့ချခဲ့ပြီး သင့်လျော်သည့် တုံ့ပြန်မှုများကို ပြုလုပ်ရန် စဉ်းစားလျက် ရှိကြောင်းကို ပြောဆိုခဲ့သည်။

လူဇင်ဘတ်၏ ကုလသမဂ္ဂ သံတမန်၊ လုံခြုံရေးကောင်စီ ဥက္ကဌ ဖြစ်သူ ဆစ်လ်ဗီးလူးကပ်စ်မှ မြောက်ကိုရီးယား၏ လုပ်ဆောင်မှုသည် လုံခြုံရေးကောင်စီ၏ လုပ်ဆောင်နိုင်စွမ်းကို စိန်ခေါ်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားမှ တာလတ်ပစ် နိုဒေါင်း ဒုံးကျည် နှစ်စင်းအား ဗုဒ္ဓဟူးနေ့တွင် စမ်းသပ်ပစ်ခတ်ခဲ့သည်။ ၎င်းစမ်းသပ်ပစ်ခတ်မှုမှာ ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် မြောက်ကိုရီးယားမှ ပထမဆုံးအကြိမ်အဖြစ် ပစ်ခတ်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်စမ်းသပ်မှုများကို ကုလသမဂ္ဂမှ တားမြစ်ထားသည်။ ကြာသပတေးနေ့တွင် လုံခြုံရေးကောင်စီမှ တံခါးပိတ် ဆွေးနွေးခဲ့ကြကြောင်း သံတမန်များမှ ပြောဆိုခဲ့သည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် သင့်လျော်သည့် တုံ့ပြန်မှုများကို ပြုလုပ်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ၎င်းတုံ့ပြန်မှုများကို လျင်မြန်စွာ လုပ်ဆောင်သင့်ကြောင်း သဘောတူညီခဲ့ကြသည်ဟု မစ္စလူးကပ်စ်မှ ပြောဆိုခဲ့သည်။

ဒုံးကျည်များကို ပြုံးယမ်းမြောက်ဘက်ရှိ ဆက်ကွန် ဒေသမှ ပစ်ခတ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၏ အရှေ့ပိုင်း ပင်လယ်အတွင်းသို့ မကျမီ မိုင်လေးရာခန့်အထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောဆိုခဲ့သည်။ ၎င်းလုပ်ဆောင်မှုကို နက်ရှိုင်းသော စိန်ခေါ်မှုအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုများနှင့် ချိန်ကိုက်ပြီး မြောက်ကိုရီးယားမှ တာတိုပစ် ဒုံးကျည်များကို လတ်တလော အပတ်များအတွင်း ပစ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀၁၃ ခုနှစ်တွင် နျူကလီးယား စမ်းသပ်မှုပြီးကတည်းက မြောက်ကိုရီးယား အပေါ် စီးပွားရေး ပိတ်ဆို့မှုအား လုံခြုံရေး ကောင်စီမှ ထပ်မံတိုးမြှင့်ထားခဲ့သည်။ ပြုံးယမ်း၏ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုများနှင့် နျူကလီးယား အစီအစဉ်များကြောင့် လုံခြုံရေး ကောင်စီမှ စီးပွားရေး ပိတ်ဆို့မှု အမျိုးမျိုးကို ပြုလုပ်ထားခြင်း ဖြစ်သည်။

REF: BBC
The Myanma Age

အမေမြို့က ဗိုလ်ချုပ်အိမ်


‘ဒီအိမ်လေးမှာ ဗိုလ်ချုပ်က နှစ်ကြိမ်တိုင်တိုင် နေသွား၊ တည်းသွားခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ချုပ်ကိုယ်တိုင် နေသွားဖူးတဲ့အိမ်ဟာအတွင်းပိုင်း လုံးဝပျက်စီးသွားပြီ။ အပြင်မှာလည်း ချုံနွယ်ပိတ် ပေါင်းတွေနဲ့ ကြည့်မကောင်းတော့ပါဘူး ။

နိုင်ငံတော်က ကြီးကြီးမားမား ပြုပြင်ထိန်းသိမ်းပြီး ပြတိုက်သဖွယ် ထားစေချင်တယ်ဗျာ”ဟု အိမ်ကြီး ကို ဆွေးဆွေးမြေ့မြေ့ကြည့် ရင်း ပြောရင်းက သူ့မျက်လုံးတွေက အတိတ်ကို ပြန်ရောက်သွားပုံရသည်။

” ဗိုလ်ချုပ်အောင်ဆန်းက မေမြို့ကို သိပ်ချစ်တာဗျ။ သူ မေမြို့ မှာရောက်နေတုန်း မြို့နယ်လုံးကျွတ် လူထုအစည်းအဝေးပွဲကြီးကို တက်ပြီး ဒီလိုပြောသွားခဲ့တာပါ။

" နယ်ချဲ့ အင်္ဂလိပ်တွေက ခင်ဗျားတို့မြို့ကို သူတို့ မျက်နှာဖြူ စစ်ဗိုလ်တစ်ယောက်ရဲ့အမည်ကိုယူပြီး မေမြို့လို့ နာမည်ပေးခဲ့တယ်။ ကျုပ်ကတော့ မေမြို့လို့ မခေါ်ချင်ဘူး။ မြန်မာတစ် မျိုးသားလုံး ပိုင်ဆိုင်တဲ့ မြို့ဖြစ်လို့ အမေမြို့လို့ပဲ ခေါ်လိုက်ချင်တယ်။ မေမြို့ကို ရောက်တဲ့အခါမယ် အမေ့ရင်ခွင်ထဲ ရောက်ခဲ့ရသလို အေးမြကြည်လင်တဲ့ ခင်ဗျား တို့ရဲ့ မေတ္တာအအေးဓာတ်ကို ခံစားရလို့ အမေမြို့လို့ ထပ်မံပြီး ခေါ်လိုက်ချင်တယ်ဗျာ။ "

ကျွန်တော်တို့ ရောက်နေတဲ့နေရာက မေမြို့၊ မြို့ပတ်လမ်း၊ အိမ်အမှတ် ၁ဝ၆ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လာရောက်နေ ထိုင်တည်းခိုသွားဖူးသော အိမ်ဖြစ်သည်။

ဗိုလ်ချုပ်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ အတွင်း ၁၉၄၆ ခုနှစ်အတွင်း တစ်ကြိမ်၊ ၁၉၄၇ ခုနှစ်တွင် တစ်ကြိမ် မေမြို့သို့ နှစ်ကြိမ်တိုင် လာ ရောက်တည်းခိုသွားဖူးသည်။ ကျွန်တော်က မေမြို့ရောက်တုန်း

”ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်အမွေအနှစ် နေရာတွေလူထုကျယ်ကျယ်ပြန့်ပြန့် မသိသေးတဲ့ ဖြစ်စဉ်တွေအများ ကြီးရှိတယ် ကြားပါတယ်”။ ”သမိုင်းကို ဂဃနဏသိတဲ့သူ အန်ကယ်တို့ လောက်ပဲ ရှိတော့တာပါ။ အန်ကယ် တစ်ရက်လိုက် ပို့ပေးပါခင်ဗျား”ဟု မေတ္တာရပ်ခံချက်အရ ဒီပုဂ္ဂိုလ် ကြီးက လိုက် ပို့နေခြင်း ဖြစ်သည်။

မေမြို့သမိုင်းကို လည်းကောင်း၊ ပြင်ဦးလွင်သမိုင်းကိုလည်းကောင်း၊ အာဂုံနှုတ်ငုံဆောင်နိုင်သူ၊ မေမြို့ ကို ပြင်ဦးလွင် ပြောင်းလိုက်၊ ပြင်ဦးလွင် ကို မေမြို့ပြောင်းလိုက် နောက်တစ်ကြိမ် မေမြို့ကို ပြင်ဦးလွင်ပြောင်းလိုက်၊ သည်ပြောင်းလဲမှုတိုင်းလိုလိုမှာ စဉ်ဆက်မပြတ် ဦး စီးဦးဆောင်ပါဝင်ခဲ့သူ၊ ထိုသူကား စာရေးဆရာကြီး မေမြို့ချစ်ဆွေဖြစ်သည်။

ရှစ်ဆယ့်တစ်နှစ်ဆိုသော အရွယ်နှင့် မမျှအောင် ဆရာကြီးက နုပျိုလို့နေ သည်။ တန်ဖိုးကြီးလှသော သမိုင်းတွေအတွက် နုပျိုနေခြင်းဖြစ်မည်။ ဗိုလ်ချုပ်တည်းခိုနေ ထိုင်သွား ခဲ့သည်ဆိုသော အိမ် ကို ကျွန်တော်တို့ အဖွဲ့ဝင်ကြည့်တော့ အစောင့်ချ ထားသည်ဆိုသော ရဲတပ်ဖွဲ့ဝင်မိသားစု တစ်စုတွေ့ ရသည်။ အထဲမှာ ပရိဘောဂပစ္စည်းများ မရှိေ တာ့။ ပြတင်းတံခါးတွေက ဆွေးမြည့်ပျက်စီးနေပြီ။

ဧက ၅ဝ ကျော်ရှိသည်ဆိုသော ခြံကြီးတစ်ခြံလုံး ချုံနွယ် ပိတ်ပေါင်းများ ပိတ်လို့ ဆို့လို့နေချေသည်။ ဆရာကြီးက လာနေကျမို့ ထင်သည်။ ပီဘိ တိတ်ဆိတ်လွန်းနေသော အိမ်ကြီးသို့အဝင်တွင် ခွေးတစ်ကောင်က သစ္စာရှိစွာ ဟောင်၍ ကြိုသည်။ ကျွန်တော်တို့ ပြန်တော့လည်း အမြီးနှံ့၍ ခြံပေါက်ဝထိ လိုက်ပို့သည်။

အင်္ဂလိပ်သည် ကျွန်တော်တို့ တိုင်းပြည်အား စွန့်လွှတ်ထွက်ခွာမသွားမီ ဤနေရာအား သူတို့ဝန်ကြီးချုပ်အဆက်ဆက် သူတို့တိုင်းပြည်မှာ နေထိုင် ရာလမ်း၏ အမည် အ တိုင်း ဗိုလ်ချုပ်ကိုအထူး အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့် ဤနေရာကို အမှတ် ၁ဝ၊ ဒေါင်းနင်းလမ်းဟု အမည်ပေးသွားခဲ့ ကြောင်း သိရသည်။

သားတွေ သမီးတွေ အ ကုန် လုံး ခေါ်လာပြီး ဒီမှာတည်းသွားဖူးတယ်။ ဗိုလ်ချုပ်ရဲ့နောက်တော်ပါးတွေက မီးဖိုနဲ့ဆက်နေတဲ့ ဒီအနောက်ဆောင်မှာ တပျော်တစ်ပါးနေသွားကြတယ်ဆိုသော အနောက်ဆောင်ကား လုံးလုံးပျက်စီးလို့ နေချေပြီ။ ဆရာကြီး ဦးချစ်ဆွေက ဗိုလ်ချုပ်အောင်ဆန်း စကားကို ဗိုလ်ချုပ်အသံနှင့် ဗိုလ်ချုပ်ပြောသလို ကျွန်တော်တို့ကို တိတိကျ ကျ ပြန်ပြောနေသည်။

”လွတ်လပ်ရေးရပြီးရင် မေမြို့မှာ ဥယျာဉ်လုပ်ကိုင် ရင်း နေသွား ချင်တယ်။ မြေဈေးစုံစမ်းပြီးပြီ။ အိမ် ဆောက်ဖို့ကတော့ မတတ်နိုင်လောက်ေ အာင် ဖြစ် နေတယ်။ ငါးထော င်လောက်နဲ့ ဖြစ်မယ် ဆိုရင်တော့ အမေ့ ဆီ ပြန်တောင်းရမယ်။

””မေမြို့မှာ ဥယျာဉ်လုပ်ဖို့အတွက်တော့ နတ် မောက်က တပည့်တွေကိုခေါ်ပြီးလုပ်မယ်။ နိုင်ငံရေးက အနား ယူတဲ့အခါ ကျုပ်ပိုင် အိုးတစ်လုံး ဖျာ တစ်ချပ် ဘာမှမရှိဘူး။ အခု ကျုပ်နေတဲ့ ပစ္စည်းအားလုံးဟာ ဖဆပလက ပစ္စည်းတွေချည်းပဲ” ဟု ပြောဆိုသွားရာ ရိုးသား လွန်းေ သာ လေးစားဖွယ် ကောင်းလွန်းသော နိုင်ငံတော်ခေါင်းဆောင်ကြီးအား
ပြေးမြင်မိသည်။

တစ်ဆက်တည်းမှာ မကြာသေးမီက ကျွန် တော် ရောက်ရှိခဲ့သော ဟနွိုင်းမြို့က ပြတိုက်တစ်ခု မှာ သူတို့ ခေါင်းဆောင်ကြီးကို နိုင်ငံတကာက ကမ္ဘာ့လှည့်တွေ တစ်နှစ် လူဦးရေ သုံးသန်းလောက် လာရောက်လေ့လာ ဦးညွှတ်ကြတာ ပြန်လည်မြင် ယောင်မိသည်။

ကျွန်တော်တို့ ဗိုလ်ချုပ်ချစ်သော ”အမေမြို့”နေအိမ်မှ ထွက် လာေ တာ့ နေတော်တော်ညိုနေပြီ။ ဆရာကြီးက နောက်နေ့မှာပြစရာပြောစရာ အများကြီးရှိသေးသည်ပြောသည်။ သူနဲ့ လက်ပွန်းတတီး ဖြစ်နေ၍ ခြံဝအထိ လိုက်ပို့ေ သာ ခွေး ကလေးကို နှုတ်ဆက်ရင်း ဆရာကြီးက ”ခင်ဗျားတို့ နောက်နေ့ လိုက်ကြည့်ချင်ရင် စောစောလာကြပါ။ နေဝင်သွား ရင် ဘာမှ လုပ်လို့ မရ တော့ဘူး”ဟု ကျွန်တော်တို့ကို ပြောသည်။

မောင်မောင် (ရန်ကုန်တက္ကသိုလ်)
Popular Myanmar News Journal

Facebook က လူမဲ့လေယာဉ်သုံး၍ အင်တာနက် ထောက်ပံ့ပြီ


Internet.org ဆိုတဲ့ ဝဘ်ဆိုဒ်ကိ ယမန်နှစ်က တည်ထောင်ပြီး Facebook က ဦးဆောင်လို့ တစ်ကမ္ဘာလုံး အင်တာနက် ရရှိဖို့ ကြိုးစား ဆောင် ရွက်နေပြီ ဖြစ် ပါတယ်။ ပထမဆုံး အနေနဲ့ ဖိလစ်ပိုင်နဲ့ ဥရုဂွေးမှာ လူဦးရေ ၃ သန်း အင်တာနက် ရရှိ နိုင်အောင် ဖန်တီးပေးခဲ့ပြီး ဖြစ်ကြောင်း သိရ ပါတယ်။

ယခု ရှေ့ဆက်မယ့် စီမံကိန်းက အခြား အာရှနဲ့ အာဖရိက နိုင်ငံများသို့ ဆက်လက် ဦးတည်ပြီး အင်တာနက် ရရှိရန် ကြိုးပမ်းပေးမှု စနစ်က လူမဲ့ လေယာဉ် နဲ့ဂြိုလ်တု ဖြစ်ပါတယ်။ လူမဲ့ လျှပ်စစ်ဓာတ်အားသုံး မိုးပျံ လေယာဉ် များကို NASA အပြင် အခြားသော အာကသ ယာဉ်ပျံ တည်ဆောက်၊ လည်ပတ်တဲ့ လုပ်ငန်းပေါင်း ၄ ခုကျော်နဲ့ ပူးပေါင်း ထားပါတယ်။ ပြီးတော့ လူမဲ့ လေယာဉ်နဲ့ ကမ္ဘာပတ် လမ်းကြောင်းသို့ ယာဉ်များ လွတ်တင်မှာ ဖြစ်ပါတယ်။ ပြီးတော့ Internet signal ကို ရရှိ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

ကုန်ကျ စရိတ် အသက်သာဆုံး နည်းလမ်းကို ကြိုးစား ယူနေပေပြီး မာ့ခ်ဇူကာဘတ် အနေနဲ့ သုတေသန လုပ်ငန်းများ တိုးမြင့် နေပါ့တယ်။ Google ကလည်း အင်တာနက် တစ်ကမ္ဘာလုံး အသုံးပြုလို့ရအောင် signal ဖမ်းပေမယ့် လေဘောလုံးများ လွင့်တင်မယ့် သတင်း လည်း ထွက်ရှိ နေကြောင်း သိရ ပါတယ်။

ရှင်းလင်းပြသထားသော ဗီဒိယိုကို ကြည့်ရှုရန်  -


.
Ref: mashable
အောင်ခမ်း
International news for Myanmar

မြန်မာဖုန်း အာဆီယံ၌အသုံးပြုနိုင်ရန် စမ်းသပ်နေပြီ


မြန်မာဖုန်း အာဆီယံတွင်အသုံးပြုနိုင်ခွင့် အတွက် မြန်မာ့ဆင်းကတ် ကို ပြည်ပနိုင်ငံ တွင်စမ်းသပ်မှုများ ပြုလုပ်နေပြီ ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

''အပြန်အလှန် သုံးစွဲခွင့်အတွက်ဆွေးနွေးပြီးသွားပါပြီ။ အခု နောက်ဆုံးအဆင့်လို့ ပြောလို့ရမယ့် အနေအထား တစ်ခု အနေနဲ့ မြန်မာ့ဆင်းကတ်တွေကို Roaming စမ်းသပ်နေပါပြီ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအရာရှိတစ်ဦးက ပြောသည်။

စမ်းသပ်မှုများ ပြုလုပ်ရာတွင် ပြည်ပနိုင်ငံများမှာ ဆက်သွယ်ရေးအော် ပရေတာများများပြားသည့်အတွက် ကုမ္ပဏီတစ်ခုချင်းအလိုက် စမ်းသပ် နေရ၍ အချိန်ကြာမြင့်နေခြင်းဖြစ်ကြောင်း ယခုနှစ်အ တွင်းဝန်ဆောင်မှုပေးသွားမည်ဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

''Roaming စမ်းသပ်တဲ့အပိုင်းမှာ ပြည်ပ နိုင်ငံကဖုန်းတွေ ဒီမှာသုံးဖို့ စမ်းသပ်ထားတာ ပြီးသွားပါပြီ။ ကိုယ့်နိုင်ငံကဖုန်းတွေပဲ ကျန်တော့ တယ်။ နိုင်ငံအချို့ကိုတော့ မြန်မာ့ဖုန်းစမ်းသပ် ပြီးသွားပါပြီ။ အချို့ပဲ ကျန်ပါတော့တယ်'' ဟု ၎င်းကပြောသည်။ အသုံးပြုခွင့်ရရှိပါက ဘီလ်စနစ်အသုံးပြုသည့် ဂျီဖုန်းများသာရရှိမည် ဖြစ်ပြီး အာဆီယံနှင့်

မိတ်ဖက် ၄ နိုင်ငံရရှိမည်ဖြစ်သည်။ ငွေကြေး ကောက်ခံမှု နှုန်းထားနှင့် Roaming ရရှိမည့် နိုင်ငံများကို မကြာမီတွင် ထုတ်ပြန်ကြေညာပေး သွားမည်ဟု၎င်းက ဆက်ပြောသည်။

ယင်းသို့ မြန်မာ့ဆက်သွယ်ရေးမှ မြန်မာဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင်အသုံးပြုမှု ဆောင်ရွက်ရာတွင် အချိန်ကြာမြင့်နေမှုများ ရှိနေသော်လည်း ယခုနှစ်အတွင်း ဆက်သွယ်ရေး လုပ်ငန်းကို ဝန်ဆောင် မှုစတင်မည့် ရတနာပုံတယ်လီပို့၊ Telenor Myanmar, Ooredoo Myanmar ကုမ္ပဏီများမှာ ၎င်းတို့ကုမ္ပဏီမှ စတင်ရောင်းချမည့် ဖုန်းများကို ပြည်ပနိုင်ငံ များကိုပါ သယ်ဆောင်အသုံးပြုနိုင်မည်ဟုသတင်းများ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ့ဖုန်းများ ပြည်ပတွင်သယ်ဆောင်အသုံးမပြုနိုင်သော်လည်း ပြည်ပနိုင်ငံအချို့၏ ဖုန်းများမှာ မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်ဆန်းမှ စ၍
လာရောက်သုံးစွဲနိုင်ပြီဟု ဆက်သွယ်ရေးမှ သိရသည်။

အောင်ဇော်
Popular Myanmar News Journal

စင်ကာပူတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအိမ်အကူများ အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၄၅ဝ ရတော့မည်


စင်ကာပူတွင် အလုပ်လုပ်ကိုင်ကြ သည့် မြန်မာအိမ်အကူများအား အနိမ့် ဆုံးလစာ စင်ကာပူဒေါ်လာ ၄၅ဝ (ကန် ဒေါ်လာ ၃၅၃ ဒသမ ၃၈)ကို မုချပေးရ တော့ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စင်ကာပူ နိုင်ငံအစိုးရအဖွဲ့မှ တာ ဝန်ရှိသူများနှင့် စင်ကာပူရှိ အလုပ်သ မားကိုယ်စားလှယ် ကုမ္ပဏီများနှင့် ညှိ နှိုင်းကာ စင်ကာ ပူရောက် မြန်မာအိမ် အကူများအတွက် စည်းမျဉ်းသတ်မှတ် ချက်အသစ်များချမှတ်ရန် စီစဉ်ကြရာ တွင် ထိုအချက်သည် ပထမဆုံးအချက် ဖြစ်သည်။

ဒုတိယအချက်မှာ မြန်မာအိမ် အကူများအား တစ်လလျှင် အနည်းဆုံး အားလပ်ရက် တစ်ရက်ပေးရမည်ဖြစ်ပြီး၊ တတိယအချက်အနေဖြင့် အိမ်အကူ များက အလုပ်သ မား ကိုယ်စားလှယ် ကုမ္ပဏီများသို့ပေးရမည့် ဝန်ဆောင်မှု ငွေကြေးသည် ယင်းတို့ရရှိမည့် လေး လစာ လစာငွေ ထက်မများရဟူ၍ ဖြစ် သည်။ သို့ရာတွင် ယင်းတို့ကိုအတိအကျ အကောင် အထည်ဖော်ရန်မှာမူ လက် ငင်းအခြေအနေတွင် ဖြစ်နိုင်ဦးမည် မ ဟုတ်ကြောင်း စင်ကာပူရှိ အလုပ် သမားကိုယ်စားလှယ် ကုမ္ပဏီများက ပြောသည်။

စင်ကာပူရှိ မြန်မာအိမ်အကူအများ စုမှာ လစာအဖြစ် စင်ကာပူဒေါ်လာ ၄ဝဝ မှ ၄၃ဝ အတွင်းရရှိနေကြပြီး၊ အားလပ်ရက်ဟူ၍မရှိချေ။

ဝန်ဆောင်မှု ငွေကြေးအဖြစ်လည်း မိမိတို့၏ ၈ လစာ နှင့်ညီမျှသော ငွေကို အလုပ်သမားကိုယ် စားလှယ်များအား ပေးနေကြရရာ များ သောအားဖြင့် စင်ကာပူဒေါ်လာ ၃ဝဝဝ ထက်ပိုမိုနေ၏။ အမှန် အားဖြင့်မူ အလုပ်လုပ်ခွင့် ပါမစ်လက်ကိုင်ရှိပြီးသား အိမ်အကူတို့ ကို ရက်သတ္တတစ်ပတ်လျှင် တစ်ရက်မျှ အားလပ်ရက်ပေးရမည်ဖြစ်ပြီး၊ အကယ် ၍မပေးနိုင်ပါက တစ်ရက် စာလုပ်ခအပို ဆောင်းပေးရမည်ဟု ၂ဝ၁၃ ခုနှစ် အစ ပိုင်းကတည်းက သတ်မှတ်ထားပြီးဖြစ် လေ၏။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစိုးရတို့ကမူ သူတို့နိုင်ငံသား အိမ်အ ကူ များအား အနိမ့်ဆုံးလစာအဖြစ် ကန် ဒေါ်လာ ၅ဝဝ နှင့် ၄၅ဝ ပေးရမည်ဟု တောင်းဆိုထားကြပြီး ရက်သတ္တတစ် ပတ်လျှင် အားလပ်ရက် တစ်ရက်ပေး ရမည် ဟု လည်း တောင်းဆိုထားသည်။

အင်ဒိုနီးရှားတို့ကမူ ဝန်ဆောင်မှု ငွေကြေးကို စင်ကာပူဒေါ်လာ ၂ဝဝဝ ထက်မပိုစေရဟု တောင်းဆိုထားကြ သော်လည်း ဖိလစ်ပိုင်တို့ကမူ လုံးဝမ ပေးလိုပါ။ ထို့ကြောင့် ပင်လျှင် မြန်မာ အိမ်အကူများ စင်ကာပူနိုင်ငံတွင် လွန်ခဲ့ သည့် ၂ နှစ်ကထက် ၅ဝ ရာခိုင်နှုန်းမျှပိုမို များပြားလာကြခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူတို့က ဆိုကြသည်။

ယင်းသည် မြန်မာအိမ်အကူ နှစ် သောင်းမှသုံးသောင်းအထိ စင်ကာပူ တွင် များပြားလာခြင်းပင်ဖြစ်တော့သည်။ ”ဒါပေမဲ့ မြန် မာအိမ်အ ကူတွေ ဟာ လေ့ ကျင့်ပေး ထားတာတွေမဟုတ်ကြဘူး ဗျ။ ပြီးတော့လည်း ဝန်ဆောင်မှု စရိတ်က မြင့်တယ်။ ဒါကြောင့်ပဲ အလုပ်မှာ အ ဝင်အထွက်နှုန်း ကမြင့်နေပြန် တယ်”ဟု Best Home အလုပ် သမားအေဂျင်စီ ပိုင်ရှင် တေခွန်ဘန်းက ပြောပါသည်။

”၈ လလောက်အထိသူတို့ဟာ ဝန်ဆောင်မှုငွေကို ပြန်ဆပ်နေရတယ်။ အိမ်ကို တစ်ပြားမှပြန်မပို့နိုင်ကြဘူး။ ဒီတော့ကာ အများစုဟာ လက်မြှောက် ပြီး ပြန်ပြေး ကုန်ကြေ တာ့တာပဲ” ဟု လည်း သူက ဆက်ပြောပါသေးသည်။ မြန်မာအိမ်အကူများသည် ယခင် က တရားမဝင်အလုပ်လုပ်နေကြရသည့် သဘောဆောင်ခဲ့သော်လည်း ယခုအခါ တွင်မူ မြန်မာအစိုးရအနေဖြင့် စင်ကာပူ နှင့် ဟောင်ကောင်တို့သို့ အိမ်အကူများ တရားဝင်အလုပ်လုပ်ခွင့်ကို သဘောတူလိုက်ပြီ ဖြစ်သည်။ ထိုင်ဝမ်အတွက်မူ သဘောတူ ညီချက်မရသေးချေ။

Popular Myanmar News Journal

ရက်ပ်ပါတွေ မနားမနေ ဖြေကြားနေရတဲ့ ကြက်ဖ နဲ့ ကားအက်ဆီးဒင့်


မတ်လ ၁၈ ရက်နေ့က လူမှုကွန် ရက်စာမျက်နှာ တစ်ခုဖြစ် တဲ့ ဖေ့စ်ဘုတ် မှာ တေးသံရှင် ကြက်ဖ ကားတိုက်တယ် ဆိုပြီး ဓာတ်ပုံတစ်ပုံ တွေ့လာရပါတယ်။ ထိုပုံ ကိုတွေ့တွေ့ ချင်းမှာပဲ လူမှုကွန်ရက် သုံးစွဲသူ အများစုက ဝိုင်းဝန်း share ကြရင်းနဲ့ သတင်းက ပိုမို ပျံ့နှံ့သွားတာကြောင့် ကြက်ဖရဲ့ ပရိသတ်များက ကြက်ဖ ဘေး အန္တရာယ် ကင်းစေဖို့ ဝိုင်းဝန်း ဆုတောင်းကြ တာတွေကိုလည်း တွေ့ ရပါတယ်။

ပုံထဲမှာတော့ ကြက်ဖရဲ့ ကားက ခေါင်းတစ်ခြမ်းလုံး ကြေမွနေ ပြီး ကြက်ဖလည်း သတိ လစ်နေတာကို တွေ့ရပါတယ်။ တကယ်တမ်း ဒီပုံက တော့ မြင့်မြတ်၊ ယုန်လေး တို့နဲ့အတူ ကြက်ဖ ပါဝင် ရိုက်ကူး ထားတဲ့ “စနစ်တကျ ဆိုးသွမ်းသူများ” ဆိုတဲ့ ဇာတ် ကား ရဲ့ ဇာတ်ဝင် ခန်း ပဲဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း တစ်ခုကို တေးသံရှင် ယုန်လေးက အမှတ်တရ ဓာတ်ပုံ ရိုက်ကာ သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တစ်ဆင့် တင်ထားရင်းမှ ပျံ့နှံ့ သွားခြင်းလည်း ဖြစ်ပါတယ်။

ဒီပုံနှင့် ပတ်သက်ပြီး ယုန်လေးက “ဒါက ရိုက်ကွင်းပုံမှန်း သိကြပါ တယ်။ အဲဒါကို ဖွချင်တဲ့သူ တွေက ဒီပုံကို Save လုပ်ပြီး ဖွကြ တာ။ ဖေ့စ်ဘုတ်က တစ်ဆင့် အပြင် ကို တဆင့် စကား တဆင့်နားနဲ့ ပွသွား တာ။ မေမြို့က လူတွေတောင် လှမ်း မေးကြတာ ရှိတယ်။ ဖြစ်ချင်တော့ အဲဒီရက် တစ်ဝိုက်မှာပဲ အမြန်လမ်းမှာ လူငယ်လေး တစ်ယောက် က ကား မှောက်တာနဲ့ သွားကြုံတော့ ကြက်ဖ ပုံနဲ့ ရောကုန်ပြီး ကြက်ဖကားတိုက် တယ် ဆိုပြီး ဖြစ်ကုန်ကြ တာ။ တကယ် တမ်းတော့ ဇာတ်ကားထဲ ကပုံပါ”လို့ ပြောပါတယ်။

အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ကြက်ဖ ကလည်း “ယုန်လေးက ရိုက်ကွင်းကပုံတွေ အများကြီးပါပဲ။ အမှတ်တရ တင် ထားတာ။ အဲဒါကို ကျွန်တော်ကား တိုက်တဲ့ ဇာတ်ဝင်ခန်း တစ်ခု ကိုပဲ ရွေး Share ကြပြီးတော့ ဒီကိစ္စက ပွကုန် တာ။ တကယ်တမ်း ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ပုံမှန်အတိုင်း အလုပ်တွေ လုပ်နေပါတယ်”လို့ သူ့ရဲ့ ကောလာဟလ နဲ့ ပတ်သက်လို့ ဖြေရှင်းပါတယ်။

ကြက်ဖ ရဲ့ ကောလာဟလ အတွက် သူ့ပရိသတ်များ စိတ်မပူစေဖို့ ကြက်ဖရဲ့ သူငယ်ချင်း အနုပညာရှင် များကလည်း ကြက်ဖနဲ့တွဲ ရိုက်တဲ့ ဓာတ်ပုံ များကို အဆို ပါကောလာဟလ ဖြစ်ပြီးနောက်ရက်မှာ သူ တို့ရဲ့ဖေ့စ်ဘုတ်စာမျက် နှာတွေက တစ်ဆင့် တင် ပေးလာကြတာကိုလည်း တွေ့ ရပါတယ်။

ရဲရဲ
Popular Myanmar News Journal

ကရင်ပြည်နယ်တွင် ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး


ကရင်ပြည်နယ် ဘားအံမြို့နယ် အိမ်တဲကျေးရွာမှာ မတ်လ ၂၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ကျည်ဆံဟောင်းတလုံးကို ကလေးငယ်တွေက ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။

အိမ်အနီးက လယ်ကွင်းတခုမှာ နွားကြောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မောင်လှကျော်ဟာ မပေါက်ကွဲသေးတဲ့ ၄၀ မမ တလုံးကို တွေ့ရှိပြီး အိမ်ကို ယူလာခဲ့ပြီး အိမ်အောက်မှာ ထုကစားရင်းနဲ့ အဲဒီလက်နက်ကြီး ကျည်ပေါက်ကွဲတဲ့အတွက် မောင်လှကျော်ဟာ ပွဲချင်းပြီး သေဆုံးပြီး သူညီမတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် မကျူကီးနဲ့ အသက် ၅ နှစ်အရွယ် မစုဒါးက ဦးခေါင်းနဲ့ ကိုယ်လက်တွေမှာ ပေါက်ပြဲဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဘားအံမြို့ခံ ဦးပွင့်ဆန်းက ပြောပါတယ်။

ဒဏ်ရာရရတဲ့ ကလေးငယ်တွေကို လက်ရှိ ဘားအံပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

DVB Burmese

ရှမ်းပါတီ ၂ ခု ပူးပေါင်းရေး ကျားဖြူပါတီဝင်များ နှုတ်ထွက်ဖိအားပေး


ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ဆွေးနွေးနေစဉ်

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ကျားခေါင်း အမှတ်တံဆိပ် ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ တပါတီတည်းအဖြစ် ပူးပေါင်းရေးအတွက် ဖိအားပေးတဲ့အနေနဲ့ ရာနဲ့ ချီတဲ့ ကျားဖြူပါတီအဖွဲ့ဝင်တွေ နှုတ်ထွက်ခဲ့ပါတယ်။

ရှမ်းပါတီ ၂ ခု ပူးပေါင်းရေးအတွက် ဖိအားပေးတဲ့အနေနဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်က ကျားဖြူပါတီအဖွဲ့ဝင် တစ်ထောင်လောက် နှုတ်ထွက်ခဲ့တယ်လို့ မိုင်းတုံမြို့နယ် ကျားဖြူပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းမြတ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“တထောင်လောက် နှုတ်ထွက်ပါတယ်ဗျ။ ဒီမတိုင်ခင် မတ်လ ၂၂ ရက်နေ့က ကျနော်တို့ မြို့နယ်ကော်မတီတွေ အစည်းအဝေးလုပ်ပါတယ် ပြီးတော့ ကွင်းဆင်းပြီး သဘောထားမေးတယ်။ အားလုံးက သဘောတူညီမှုရှိတယ်။ တချို့က ဖုန်းဆက်ပြီး နှုတ်ထွက်တယ်လို့ ပြောတယ်၊ ရှမ်းပါတီတွေ ပေါင်းစေချင်တယ်ပေါ့။ အရင်ကလည်း ပြောခဲ့ကြတာဘဲ။ တစောင်ထဲမှာ အားလုံးစုပြီး လက်မှတ်ထိုးတယ်။ မတ်လ ၂၆ ရက်က ပါတီဌာနချုပ်ကို စာတင်လိုက်ပါတယ်။”

သူ့အနေနဲ့ ရှမ်းတပါတီတည်း ပူးပေါင်းစေလိုတဲ့ ဆန္ဒရှိတဲ့အပြင် ကျားဖြူပါတီရဲ့ ၁၄ ပြည် ထောင်၊ ၁၄ ယူနစ် ပါတီမူဝါဒကို သဘောမတူဘဲ ၈ ပြည်ထောင်ကိုသာ ထောက်ခံတဲ့အတွက် နှုတ်ထွက်တာလို့လည်း သူက ဆက်ပြောပါတယ်။

ဒါနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို တောင်ကြီးမြို့ ကလပ်စစ် စားသောက်ဆိုင်မှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ စိုင်းဝင်းမြတ်ဦးက ပြောပါ တယ်။
အဲဒီနေ့က သတင်းစာရှင်းလင်းပွဲမှာ ကျောက်မဲမြို့နယ်က ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်နဲ့ မိုင်းရယ်မြို့နယ်က ပြည်နယ် လွှတ်တော်အမတ် စိုင်းစံဖေ ကလည်း ပါတီကနေ နှုတ်ထွက်ကြောင်း ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ ပါတီနှုတ်ထွက်စာအားလုံးကို မတွေ့ရှိသေးကြောင်း၊ ဒီမိုကရေစီနည်းအရ ဘယ်သူမဆို မိမိဆန္ဒအလျောက် ပါတီဝင်နိုင် ထွက်နိုင်ပါကြောင်း၊ ရှမ်းပါတီ ၂ ခုပူးပေါင်းရေးမှာတော့ ၂ ဘက်ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်း ထားပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။

DVB Burmese

ဝိုင်မက်စ် အင်တာနက်စနစ် နယ်မြို့များအထိတိုးချဲ့ရန် အစီအစဉ်ရှိ


ဝိုင်မက်စ်အင်တာနက်စနစ်ကို အချက်အချာကျသည့် နယ်မြို့များအထိ တိုးချဲ့ဝန်ဆောင်မှုပေးသွားရန် အစီအစဉ်ရှိကြောင်း Red Link ကုမ္ပဏီ က ပြောသည်။

အဆိုပါ ဝန်ဆောင်မှုများကိုဆက်သွယ်ရေးဥပဒေ၏ နောက်ဆက် တွဲနည်းဥပဒေအတည်ပြုပြီးနောက်တွင် စတင်သွားမည်ဖြစ်ပြီး လတ်တလောအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ တွင် ဝန်ဆောင် မှုပေးထားကြောင်းယင်း ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့် ညွန့် က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ် ရေးနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်း ပြီးနောက် လိုင်စင်မရှိဘဲ အင်တာနက် နှင့်သက်ဆိုင်သည့် လုပ်ငန်းများကိုလုပ် ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် လိုင်စင် ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

''အခု လုပ်နေတဲ့ အပိုင်းက ရတနာပုံတယ်လီပို့ရဲ့ အောက်မှာ လုပ် နေတာပါ။ ဒါကြောင့် ကိုယ်ပိုင်သီးသန့် လုပ်လို့မရဘူး။ လုပ်ဖို့အတွက် လိုင်စင် လိုတယ်။ လိုင်စင်ရှိမှ လုပ်ငန်းတိုးချဲ့ လို့ရမယ်။ လောလော ဆယ်နည်းဥပဒေ မပေါ်သေးတော့ ဥပဒေပေါ်တဲ့အထိ လိုင်စင်လျှောက်ဖို့ အတွက် စောင့်ရ ဦးမှာပါ''ဟု ၎င်းက ဆက်ပြောသည်။

Red Link ကုမ္ပဏီသည်ဝိုင်မက်စ် အင်တာနက်ဝန်ဆောင်မှုကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ဝန်ဆောင်မှုအသစ်အား ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည်။ ထို့အပြင် ကြို တင်ငွေဖြည့်ကတ်စနစ်ဖြင့်သုံးစွဲခွင့်ကို ၂ဝ၁၂ ခုနှစ် မတ်လတွင် ဝန်ဆောင်မှုပေးခဲ့သည်။ လက်ရှိ Wimax စနစ်၏ကနဦး တပ်ဆင်ခ ကျပ်လေးသိန်းငါးသောင်းနှုန်းဖြစ်ပြီး Service Plan ၃ မျိုးဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

PN-052
Popular Myanmar News Journal

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ်မညစ်နဲ့


ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင်တွေ ကိုရီးယား အလှကုန်တွေ
ခေတ်စားလာပြီး ယောကျာ်းလေးတွေရော မိန်းကလေးပါ ကိုရီးယား စတိုင်လ်လေးတွေ ပြင်ဆင်
လာကြပါတယ်။
ဒီလို ပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင်
ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီလို့ တော်တော် များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်
အသားအရေကို ဂရုစိုက်ဖို့ မေ့နေကြတယ်။ လူတော်တော် များများက တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ
မည်းညစ်ပြီး အသားအရောင် မညီမညာ ဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ်တို ဝတ်တဲ့
မိန်းကလေးတွေနဲ့ ဘောင်းဘီတို ဝတ်တဲ့ ယောကျာ်းလေးတွေ အတွက်တော့ ပြဿနာ
တစ်ရပ်ပဲပေါ့။ မျက်နှာမှာ မိတ်ကပ် ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင် ဝတ်ထားပေမယ့်
တံတောင်ဆစ်နဲ့ ဒူးခေါင်းက မည်းညစ် နေတော့ ကြည့်လို့ ကောင်းပါ့မလား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်း အကြောင်းရင်း
အကြောင်းရင်း ကတော့ တံတောင်ဆစ်နဲ့ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလို့ ဖြစ်ပါတယ်။
စားပွဲခုံမှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို
ရုတ်တရက် သတိမထားမိလိုက်တဲ့ အကြောင်း လေးတွေကြောင့်ပေါ့။
ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေ ပျောက်ကင်းပြီး လှပတဲ့ အသားအရေကို ရရှိစေဖို့
အခုပြောပြမယ့် ငွေအကုန်အကျ သက်သာပြီး တစ်နေ့ တစ်ကြိမ် ပုံမှန်သာ လုပ်ပေး သွားဖို့
လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ် ကြည့်ပါလား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကို ရောစပ်ပြီး မည်းညစ်နေတဲ့ တံတောင်နဲ့ ဒူးခေါင်းမှာ ငြင်ငြင်
သာသာလေး ပွတ်ပေးပါ။ သံပရာရည်ဟာ သဘာဝ ချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကို
ကြည်လင်စေပြီး အသားညိုနဲ့ ဆားကတော့ အစိုဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။
ဆားကလည်း အံဩစရာ ကောင်းလောက်အောင် အသားအရေကို သန့်ရှင်းစေတဲ့ သဘာဝ
ချေးချွတ် ပစ္စည်း ဖြစ်ပါတယ်။ သကြားညိုက အရေပြား ဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး
အသားအရေကို တောက်ပစေတဲ့ အပြင် ခန္ဓာကိုယ် သွေးလည်ပတ် ခြင်းကိုလည်း
လှုံ့ဆော်ပေးပါတယ်။ သကြားရည်က မျက်လုံး တစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း
တွေကို လျော့နည်း စေပါတယ်။ ဒီအဆင့်တွေ ပြီးသွားတဲ့နောက် အုန်းဆီ အနည်းငယ်ကို
တံတောင်နဲ့ ဒူးခေါင်းမှာ ပွတ်လိမ်းပေးပါ။ အုန်းဆီက အရေပြားမှာ ကုန်ခမ်းသွားတဲ့
ဗီတာမင်တွေကို ပြန်လည် ဖြည့်တင်း ပေးပြီး အရေပြား ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။
တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန် လုပ်ပေး နိုင်ပါတယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာ
ပျောက်ကင်းစေ နိုင်စွမ်း ရှိပါတယ်။ ဈေးနှုန်း သက်သာပြီး နေရာတိုင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့
ပစ္စည်းဖြစ်ပါတယ်။ အာလူး အရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ
ပွတ်လိမ်း ပေးခြင်းဖြင့် အမည်းကွက်တွေကို သက်သာ စေပါတယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်
ပေးမယ်ဆိုရင် သုံးလအတွင်း အမည်းကွက် တွေကို သိသိသာသာ လျော့နည်း စေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းရဲ့
လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံတောင်နဲ့ ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထား ပေးပါ။
ထို့နောက် ရေဖြင့် ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို
နူးညံ့ စေပါတယ်။

Myawady News

ဖိလစ်ပိုင်တွင် ၄၅ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရန် လက်မှတ်ရေးထိုး


လူ ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး နှစ်ပေါင်း ၄၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖိလစ်ပိုင်အစိုးရနဲ့ ဖိလစ်ပိုင် အကြီးဆုံး သူပုန်တပ်ဖွဲ့တို့ဟာ  ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က အစိုးရအိမ်တော်မှာ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ကြပါတယ်။

ppဖိလစ်ပိုင်နိုင်ငံမှာ ဆယ်စုနှစ် ၅ ခုလောက် မွတ်စလင်ခွဲထွက်ရေး သူပုန်တွေ၊ ကွန်မြူနစ်တွေနဲ့ပါ ပြည်တွင်း စစ် ဖြစ်ပွားခဲ့တာကြောင့် စစ်ဖြစ်ပွားတဲ့ဒေသတွေ မှာ ခေတ်နောက်ကျ ကျန်ခဲ့ရပါတယ်။

သဘာဝအရင်းအမြစ် ကြွယ်ဝလျက်နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လည်း မလုပ်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးစာချုပ်အရ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကို ဖြုတ်သိမ်းမှာ ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတွေကို အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရကလည်း သူပုန်တွေ တောင်းဆိုခဲ့တဲ့ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမှာ ဖြစ်ပြီး ဒေသခံတွေရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ အစိုးရနဲ့ အခွင့်အာဏာ ခွဲဝေယူကြမှာ ဖြစ်ပါတယ်။

အခုလို သဘောတူညီချက်ရဖို့ အစိုးရနဲ့ သူပုန်အဖွဲ့တွေဟာ ၁၇ နှစ်ကြာ ဆွေးနွေး ညှိနှိုင်းခဲ့ကြရတာ ဖြစ်ပြီး မလေးရှားနိုင်ငံကလည်း ၂၀၀၁ ခုနှစ်ကတည်းက ကြားဝင်စေ့စပ်သူ အဖြစ် ပါဝင်ခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ အကွီနိုက ဒီပဋိပက္ခမှာ လူပေါင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရတာ ဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်တွေဟာ ဒီအခြေအနေရောက်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့ရတာဖြစ်လို့ ငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်ကလည်း အခုအဆင့်အထိ ရောက်လာတာဟာ နှစ်ဖက်ပြည်သူတွေ ဟာ အတိတ်ကို ပြန်မကြည့်တော့ပဲ အနာဂတ်ကို ရှေးရှုကြလို့သာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မွတ်စလင်သူပုန်အဖွဲ့ကြီးကနေ ခွဲထွက်သွားတဲ့အဖွဲ့ငယ်တွေ၊ အယ်ကိုင်ဒါနဲ့ဆက်စပ်တဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့တွေနဲ့ အစိုးရကို ဆန့်ကျင်နေတဲ့ လူမျိုးစုငယ်တွေဟာ ဆက်လက်တိုက်ပွဲဝင်နေကြတာကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ခြိမ်းခြောက်နေဆဲပဲလို့ ဆိုပါတယ်။

လူဦးရေ ၉၇ သန်း ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်း လောက်ရှိတာ ဖြစ်ပါတယ်။

DVB Burmese

ကင်ဂျုံအန်ဆံပင်ပုံစံအတိုင်း ကျောင်းသားများညှပ်ရန် စည်းကမ်းထုတ်


မြောက်ကိုရီးယားနိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ဆံပင်ပုံစံအတိုင်း တက္ကသိုလ်ကျောင်းသားများ လိုက်ညှပ်ကြရန် ယခုအခါ စည်းကမ်းထုတ်ထားကြောင်း သတင်းများက ဆိုကြသည်ဟု မတ်လ ၂၇ ရက် က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားသော ထိုစည်းကမ်းကို မြို့တော် ပြုံ ယမ်းတွင် လွန်ခဲ့သောနှစ် ပတ်ခန့်ကတည်းက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သောအာရှအသံ (RFA)သတင်းများက ဆိုသည်။ ယခုအခါတွင် ထိုစည်းကမ်းမှာ မြောက်ကိုရီးယားနိုင်ငံ တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်နေပြီ ဖြစ်သည်။ သို့ရာတွင် ထိုဆံပင်ပုံစံလိုက်ညှပ်ရေး စည်းကမ်းနှင့်ပတ်သက်၍ အချို့သူများက သံသယများကို ဖော်ထုတ် ပြောဆိုခဲ့ကြသည်။

“ကျွန်တော်တို့ခေါင်းဆောင်ရဲ့ ဆံပင်ပုံစံဟာ အရမ်းသီးသန့်ဆန်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့မျက်နှာ ပေါက်တွေနဲ့ ဦးခေါင်းပုံစံတွေ ရှိနေကြတာမို့ အဲဒီဆံပင်ပုံစံဟာ လူတိုင်းနဲ့တော့ လိုက်မှာမဟုတ်ပါဘူး” ဟု မြောက်ကိုရီးယားတစ်ဦးက လွတ်လပ်သောအာရှအသံကို ပြောခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံတွင် နေ ထိုင်လျက်ရှိသော မြောက်ကိုရီးယားတစ်ဦးကလည်း မြောက်ကိုရီးယားနိုင်ငံတွင် ထိုဆံပင်ပုံစံမှာ တရုတ် မှောင်ခိုသမားဆံပင်ပုံစံနှင့် ဆင်တူသည်ဟု လူအများက ယူဆကြသဖြင့် လူကြိုက်နည်းလှကြောင်း ပြောခဲ့ သည်။

အချို့ကာလများတွင် မြောက်ကိုရီးယား၌ နိုင်ငံတော်အစိုးရလက်ခံသော ဆံပင်ပုံစံများသာ ညှပ်ခွင့်ရှိပုံရ သည်။ ယခုအခါတွင်လည်း မြောက်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများအတွက် ဆံပင်ပုံစံ ၁၈ မျိုး နှင့် အမျိုး သားများအတွက် ဆံပင်ပုံစံ ၁၀ မျိုးသာ ရွေးချယ်ခွင့်ရှိသည်ဟု ဆိုကြသည်။ ယခင်ကလည်း မြောက်ကိုရီး ယား နိုင်ငံတော်ပိုင်ရုပ်မြင်သံကြား သတင်းဌာနသည် “ကျွန်ုပ်တို့၏ဆံပင်ကို ဆိုရှယ်လစ်ဘ၀ ပုံစံနှင့်အညီ ညှပ်ကြပါစို့” ဟူသော ဆံပင်ရှည် ဆန့်ကျင်ရေး အစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့သေးသည်။

သို့ရာတွင် မြောက်ကိုရီးယားဆံပင်ပုံစံ စည်းကမ်းနှင့် ပတ်သက်၍ သတင်းအချို့တွင် ကွဲပြားမှုများ ရှိနေ သည်။ ဆံပင်ပုံစံများ အပြောင်းအလဲကို ပြုံယမ်းသို့ လတ်တလောကာလတွင် လာရောက်လည်ပတ်ခဲ့ကြ သူများ သတိမပြုမိခဲ့ကြဟု NK News ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံအား ၁၇ နှစ်ခန့် အုပ်ချုပ်ခဲ့သူ ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီသည် ဘူးဖန့် ဆံပင်အထောင်ပုံစံထားခဲ့ပြီး နဂိုအရပ်ထက် ပိုမြင့်သယောင်ထင်ရစေရန် ထိုဆံပင်ပုံစံထားခဲ့ခြင်း ဖြစ် ကြောင်း အချို့ကဆိုသည်။

Mizzima - News in Burmese

အန်ဂျီအိုအဖွဲ့များကို အစိုးရက ကာကွယ်ပေးရန် ကုလသမဂ္ဂ တောင်းဆို


ရခိုင်ပြည်နယ်ရှိ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို မြန်မာအစိုးရက ကာကွယ်ပေးဖို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မတ် ၂၆ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များရဲ့ ဥပစာနဲ့ အဆောက်အဦကို ဆန္ဒပြသူတချို့က အကြမ်းဖက် ဖျက်ဆီးမှု လုပ်ရပ်အပေါ် စိုးရိမ်မိကြောင်း ရန်ကုန် ကုလသမဂ္ဂရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်တာပါ။

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဆက်လက် ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

လူသားချင်း ထောက်ထားစာနာမှု တာဝန်လုပ်ငန်းများ လျော့ကျလာပါက ထိခိုက်နစ်နာလွယ်သောသူများကို အကာအကွယ် ပေးနိုင်မှု ထိခိုက်လာမှာကို အလွန်အမင်း စိုးရိမ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာပိုင်များအနေနဲ့ သင့်လျော်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့နဲ့ ကျူးလွန်သူတွေကို သူတို့ရဲ့ လုပ်ရပ်အပေါ် တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

DVB Burmese

လင်မယားချင်းစကားများရန်ဖြစ်စဉ် လက်သီးဖြင့်ထိုးခဲ့၍ ဇနီးဖြစ်သူသေဆုံး


ရန်ကုန်၊ မတ် ၂၈

၂၇.၃.၂၀၁၄ ရက်နေ့ ၂၂၁၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်နေ ဇော်ဇော်ဦး၊ (၂၈)နှစ်၊ (ဘ)ဦးသန်းမြင့်နှင့် ၎င်း၏ဇနီးဖြစ်သူ မနီနီအေး၊ (၂၄)နှစ်တို့သည် (၈၉)လမ်းထိပ်၌ လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇော်ဇော်ဦးမှ လက်သီးဖြင့်ထိုးခဲ့၍ မနီနီအေးတွင် ယာနားသွေးထွက်ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး
သို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မဆင်မခြင် ပေါ့လျော့စွာပြုလုပ်သူ ဇော်ဇော်ဦး
ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၁၈၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Mister Global 2014 မောင်ကမ္ဘာဆု မြန်မာ ရရှိ

မြန်မာနိုင်ငံကိုယ်စားလှယ် မြတ်သူရလွင်

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပထမဆုံး ကျင်းပတဲ့ မောင်ကမ္ဘာ (Mister Globle) ကို မြန်မာက ရရှိသွားခဲ့ပါတယ်။

Mister Global 2014 ကို မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာနိုင်ငံကိုယ်စားလှယ် မြတ်သူရလွင်က Mister Global 2014 ကို ရရှိခဲ့တာဖြစ်ပါတယ်။
1st Runner-up ကို ကနေဒါ၊ 2nd Runner တောင်ကိုးရီးယား၊ 3rd Runner ဗီယက်နမ်၊ 4th Runner ဖိလစ်ပိုင်နိုင်ငံတွေက အသီးသီး ရသွားခဲ့ပါတယ်။

DVB Burmese

ရုရှရန်ကိုကြံ့ကြံ့ခံရင်ဆိုင်ရန် အိုဘားမား တိုက်တွန်း


အေအက်ဖ်ပီ
ဘရပ်ဆဲလ်၊ မတ် ၂၇

ကရိုင်းမီးယားအား ရုရှစစ်ဘက်က သိမ်းယူမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပ်တည်ရေးအတွက် ဥရောပအား လှုံ့ဆော်ရန် အမေရိကန်သမ္မတ အိုဘားမားက ကြိုးပမ်းခဲ့ပြီးအနောက်နိုင်ငံများနှင့် ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့အကြား အငြင်းအခုန်မှာ စစ်အေးတိုက်ပွဲမှ စွဲကျန်ရစ်သော သဘောတရားရေးအမြင်များ ထိပ် တိုက်တွေ့မှု တစ်ခုဖြစ်ကြောင်းလည်း မှတ်ချက်ချခဲ့သည်ဟု မတ်လ ၂၇ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Palais des Beaux-Arts ပြတိုက်တွင် ပြောကြားခဲ့သော ညနေပိုင်းမိန့် ခွန်းထဲတွင် သမ္မတအိုဘားမားက အမေရိကန်နှင့် ဥရောပ စည်းလုံးညီညွတ်ရေး၊ ရုရှအပေါ် ပိတ်ဆို့အရေး ယူရေးနှင့် အမေရိကန်၏ ပါဝါတိုးတက်ရေးအတွက် ကူညီအားပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

သို့ရာတွင် အမေရိကန်၏ပါဝါဟု ရည်ညွှန်းခြင်းတွင် စစ်အင်အားအသုံးပြုခြင်း မပါဝင်ကြောင်းလည်း အို ဘားမားက ရှင်းလင်းပြောကြားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ယူကရိန်းကိစ္စတွင် ရုရှ၏စစ်အင်အားပြသခဲ့မှုနှင့် ဆန့်ကျင်ဘက် သဘောအသွင်ဆောင်ရန်အတွက် မိန့်ခွန်းပြောရန် နေရာအဖြစ် ဘရပ်ဆဲလ်မြို့ရှိ ပြတိုက်ကို အမေရိကန် က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရုရှ၏ လုပ်ဆောင်မှုသည် ရုရှနိုင်ငံကို သာမက ဥရောပနှင့် အမေရိကန်တို့ နှစ်ပေါင်းများစွာ တည်ဆောက် ထားခဲ့သော နိုင်ငံတကာစနစ်ကိုပါ ထိခိုက်စေနိုင်ကြောင်း အိုဘားမားက အလေးအနက် ထည့်သွင်းပြော ကြားခဲ့သည်။ နိုင်ငံတကာ စနစ်ဆိုသည်မှာ ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီနှင့် နိုင်ငံတကာဥပဒေ တိုး တက်ရေးကို အထောက်အကူပြုလျက်ရှိသော စနစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

“အခုအချိန်ဟာ ထိရောက်မှုမရှိတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ရမယ့် အချိန်မဟုတ်ပါဘူး” ဟု သမ္မတ အိုဘားမားက လူငယ်အများစုပါဝင်သော ပရိသတ်ကို ပြောခဲ့သည်။

“ကမ္ဘာ့ တခြားဒေသတွေက အကျပ်အတည်းတွေလိုပဲ ယူကရိန်းက အခြေအနေအတွက် လွယ်ကူတဲ့ အဖြေတွေ မရှိပါဘူး။ စစ်အင်အားသုံးရေးဟာလည်း အဖြေ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအခိုက်အတန့်မှာ ကျွန်တော်တို့ရဲ့ စံနှုန်းတွေအပေါ် စိန်ခေါ်မှုတွေကို အင်အားတွေ၊ ခံယူချက်တွေနဲ့ ရင်ဆိုင် တုံ့ပြန်ရပါမယ်” ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဘာလင်မြို့တွင် ပြောကြားခဲ့သော အလားတူမိန့်ခွန်းတစ်ခု၏ အဓိကအာဘော်အတိုင်း ပင် ယခုမိန့်ခွန်းထဲတွင်လည်း အိုဘားမားက သတိပေးခဲ့သည်မှာ ယူကရိန်းကိစ္စအား မိမိတို့နှင့် သိပ်မဆိုင် သော အဝေးကပြဿနာဟု ထင်မြင်ဖွယ်ရှိသည့် ဥရောပနိုင်ငံများအား “ကျွန်တော်တို့အနေနဲ့ ဒီလိုစိန်ခေါ်စမ်း သပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အခြားသူတွေကို မှီခိုအားကိုးလို့ မရနိုင်ပါဘူး” ဟု သတိပေး ပြောကြားခဲ့သည်။

Mizzima Burmese