ငရုတ်သီးစားခြင်းကြောင့် အသက်ရှည်စေနိုင်ဟု သိပ္ပံပညာရှင်များ ပြောကြား


ခန္ဓာကိုယ်မှာ နာကျင်မှုကို အာရုံခံနိုင်စွမ်းအား ဟန့်တားခြင်းက အသက်ရှည်စေကြောင်း၊ ငရုတ်သီးမှာပါဝင်တဲ့ Capsaicin့ ဒြပ်ပေါင်းက နာကျင်မှုအာရုံခံပရိုတိန်း TRVPI  ကို ဟန့်တားပေးကြောင်း၊ ဒါကြောင့်မို့ ငရုတ်သီးတောင့်တွေနဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ်ဟင်းတွေ ပုံမှန်စားသုံးခြင်းဖြင့် အသက်ရှည်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့တယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီအင်ဒရူးဒီလင်းနဲ့ သုတေသီတွေက ကြွက်တွေကို TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ် လုပ်နိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြီး အဲဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
TRVPI  ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ်လုပ်နိုင်တဲ့ အဲဒီကြွက်တွေဟာ ထူးထူးခြားခြား အသက်ရှည်ကြောင်း ၊ တခြားပုံမှန်ကြွက်တွေထက် ၁၄ ရာခိုင်နှုန်းပိုပြီး အသက်ရှည်တဲ့အပြင် ပိုမိုကျန်းမာကြောင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့နည်းပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည်ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်စရာ မလိုဘဲ အဆီပိုတွေကို လောင်ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက်အရွယ်အိုမင်းလာတဲ့တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်းအပါအ၀င် ဇီဝရုပ်ဖြစ်စဉ်ဟာ အသက်ငယ် စဉ်ကလို ကောင်းမွန်နေတုန်းဖြစ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့တယ်။
သို့ဖြစ်ရာ ခန္ဓာကိုယ်မှာ နာကျင်မှု အာရုံခံနိုင်စွမ်းကို ဟန့်တားခြင်းက လူတွေမှာ နာကျင်မှုသက်သာစေရုံမက အသက်ရှည်ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါနဲ့ အ၀လွန်မှုတို့ကို ကုသရာမှာ အလွန်အသုံးဝင် နိုင်ကြောင်း ဆဲလ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုမှာ ပါမောက္ခ သုတေသီဒီလင်းက ပြောကြားခဲ့တယ်။
ညွန့်လွင် (စက်မှုတက္ကသိုလ်)

Health Updates Journal

ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့


ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင်စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့ထဲမှာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ စတုရန်းပေ ၄၈ သန်း ဧရိယာ ကျယ်တဲ့ ယင်းမြို့မှာ တိုက်တာ အဆောက် အအုံများ အပြင် ကားလမ်းမ ကြီးတွေကိုပါ အဲယား ကွန်း လေအေးပေး စနစ် တပ်ဆင် ဖန်လုံအိမ်ထဲမှာ ထည့်သွင်းထား မှာ ဖြစ်ပါ တယ်။ ပူပြင်းထဲ နွေရာသီ မှာ ဖုံးအုပ် ထားပေးပြီး ဆောင်းရာသီ ရောက်ရင်တော့ အပြင်လေ ရဖို့ အတွက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရှော့ပင် စင်တာ ကြီး တစ်ခုနဲ့ နေအိမ် ရုံးခမ်း တိုက်တာ အဆောက်အအုံပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ပန်းခြံ နဲ့ အပန်းဖြေ စရာ နေရာ မျိုးစုံလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက် ကတော့ ကမ္ဘာလှည့်ခရီးသည် များကို စွဲဆောင် နိုင်တဲ့ နေရာ တစ်ခု ဖြစ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ကို လည်ပတ်သူ ၁ သန်း ကျော် လာရောက် စေဖို့ အတွက် ခန့်မှန်းထား ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

ရှားရှားပါးပါး တရုတ်မနဲ့ ညားတဲ့ ဗိုလ်ချုပ်


 ဆရာကြီးမောင်ထူး ...

          မောင်ရင်ကော်ပရာ ဘဝတုံးက ဒို့တပ်ကိုရောက် လာတဲ့ဗိုလ်လေးကို မှတ်မိသေးလား ဒုဗိုလ်ဘဝမှာတင် ဂွင်မှန်သမျှ မလွတ်တန်းလိုက်ရိုက်နေလို့  သူ့ထက်စီနီယာတွေတောင် လက်ဖျားခါရတဲ့ ဗိုလ်လေးလေ၊ ဘာတဲ့သူ့နာမည်က ဗိုလ်ငွေသိမ်း ဆိုလားဘာလား၊ ပထမတော့ နောက်နေကြတယ် ထင်နေတာ တကယ်နာမည်အရင်းကိုက ငွေသိမ်းတဲ့၊ ငွေမြင်ရင် သူ့အိတ် ထဲ ဖမ်းသိမ်းတတ်တာ ဒို့တပ်ရင်းတစ်ခုလုံး ကလေးကအစသိနေတော့ သူ့မြင်ရင် အိမ်ထောင်သည်လိုင်းက မိန်းမတွေရောကလေးတွေရော ကွယ်ရာမှာပြောပြီး ရယ်နေကြရတဲ့ တစ်ယောက်လေ။    

          ရာထူးတက်ပြီးတပ်ပြောင်းသွားတော့ နောက်တပ်ရင်းမှာ နည်မည်တစ်လုံးထပ်ရသေးတယ်။ ဗိုလ်မှူး သူရငွေသိမ်းတဲ့၊ မဲသ ဝေါနဲ့ စီစီဝမ်တာပန်၊ မောင်ဖိုးကေနဲ့ ဝမ်ခစခန်းတွေကိုတက်သိမ်းလို့ ရခဲ့တာတော့မဟုတ်ဘူး၊ တပ်ရင်းမှူးကတော်ဆီက ဘာ အခွင့်အရေးရမလဲ၊ ဌာနချုပ်တပ်ခွဲအပြင် ဘယ်တပ်ခွဲက ဝင်ငွေကောင်းသလဲ၊ မော်တော်ယာဉ် တပ်ခွဲကိုင်ရင်OK မှာလား။ တပ် ထောက်စတိုကိုင်ရင် အူစိုမှာလား အမြဲတမ်းတွေးတောကြံဆပြီး သူရဖို့အကွက်ကို အမြဲချောင်းနေလို့ တပ်ကကွယ်ရာမှာပေးထားတဲ့ဘွဲ့၊ သူရဖို့ဘဲ စဉ်းစားပြီး၊ သူများကိုပြန်ပေးဖို့မစဉ်းစားတတ်လို့ သူရငွေသိမ်းဆိုတဲ့ဘွဲ့ကိုရခဲ့တာဆိုဘဲ။

          ဒို့တပ်ထဲမှာက လူနပ်ချမ်းသာတွေများတော့ အဲဒီလိုစီးပွားရေးနားလည်တဲ့ ဗိုလ်လေးတွေကရာထူး အတက်မြန်တယ်ကွ၊ မောင်ရင်တို့အခြားအဆင့်တွေ ကျတော့ ဖင်ကျွတ်တက်အောင်လုပ်လဲ တပ်ကြပ်ကြီး ဘဝနဲ့အရိုးထုတ်ရမှာ - ကံသိပ်ကောင်းရင် မောင်ရင့် လက်မောင်းမှာ ကြယ်ပွင့်ပြူးပြူးကြီးတပ်ပြီး၊ အာရ်အက်စ်အိုင်၊ စီကျူ၊ အာကျူ အရာခံဗိုလ်ကြီး ဘဝနဲ့ ဇာတ်သိမ်းရမှာ မဟုတ်ဘူးလား၊ သူတို့ကျတော့ ဗိုလ်ချုပ်တွေဘာတွေတက်ဖြစ်တာမြန်လိုက်တာ မပြောနဲ့တော့၊ မောင်ရင်သိတဲ့ ဒီဗိုလ်လေးက အ ခု ဗိုလ်ချုပ် ငွေသိမ်းဖြစ်သွားပြီမောင်ရေ့...။ ဘာဂွင်တွေမိနေသလဲတော့မသိပါဘူး၊ ငါရုတ်တရက်တွေ့လိုက်ရတာကတော့ တ ရုတ်မကြီးနဲ့ ငြိမ့်နေတယ်ကွ။

ဆရာကြီးမောင်ထူးရေ...

          ဘာမှားသွားလဲတော့ မသိပါဘူးကွာ. အဲဒီ ဗိုလ်ချုပ်က စစ်တပ်မှာနေပြီး ဦးပိုင်တွေဘာတွေကိုင်လိုက်ရရင် ဒီထက်မကထော မှာကြိမ်းသေတယ်။ အခုတော့ဘယ်လိုကဘယ်လို တရုတ်မနဲ့ ညားသွားတာလဲမသိဘူး၊ တရုတ်မနဲ့ညားတယ်ဆိုလို့ အကြီး အကျယ်ကြီး မစဉ်းစားနဲ့၊ မျိုးစောင့်ဥပဒေတွေဘာတွေဆွဲဖို့ ဗိုလ်ချုပ်ဟောင်းတွေ ခါးတောင်းကျိုက်ပြီး ကြိုးစားနေချိန်မှာ ဗိုလ် ငွေသိမ်း အဲဒီလောက်တော့ မအသေးဘူး။ တရုတ်မအကြောင်းကို ပြီးမှရှင်းပြမယ်။ အဲဒီဗိုလ်ချုပ်က တပ်ထဲမှာနေပြီး ဘီလျံနာဖြစ်ချင် နေတာ၊ လိုင်းအဝင်ကမတတ်တော့ စားရဝါးရမဲ့နေရာတွေကို လာဘ်မထိုးနိုင်လို့လားမသိဘူး၊ ဗိုလ်ချုပ်ဖြစ်မှ ဂွင်ကောင်းမဲ့နေရာတွေ မရတော့ဘူး၊ ထင်ပါရဲ့။

          တပ်မှာနေတုန်းကဌာနချုပ်တပ်ခွဲကိုင်တော့ ဘယ်သွားသွား FAWကားပေါ်ကမဆင်းဘူး၊ မင်္ဂလာဆောင်သွားသွား၊ အသုဘ ပို့ပို့၊ သူ့ကလေးတွေ ကျောင်းသွား၊ သူ့မိန်းမဈေးသွား FAW ကားဘဲ၊ အဲဒီ အထုံပါလာလို့လားမသိဘူး၊ ဗိုလ်ချုပ်ဖြစ်တော့လဲ သူ များကို LEXUS မစီးနိုင်လို့ဘဲ တရုတ်ကထုတ်တဲ့ မြန်မာစတေရှင် ဝက်ဂွန်ကြီးတကားကားနဲ့ သွားလာနေရဲ့။

     ဒို့တပ်ထဲမှာ စစ်ဆင်ရေးသွားတဲ့ကားတွေမှတ်မိလားFAW-UANBANနဲ့ AEROLOX

 တရုတ်က သွင်းလာတဲ့ကားအစီးရေ (၅ဝဝဝဝ)လောက် မော် တော်ယာဉ် ဌာနမှာ ဘယ်နေရာကြည့်ကြည့် တရုတ်က မစစောင့်ရှောက်ကြည့်ရှု့အကြွေးပေးထား တယ်ဆိုဘဲ၊ တပ်ထဲရောက်လာကာစ ဆေးကအသစ်၊ နံပါတ်ကအသစ်နဲ့ တရုတ်က စောင့်မကြည့်ရှု့ မစလို့ တရုတ်ကမစတဲ့ ကားဆိုပြီး အထင်ကြီးနေတုန်း၊ တစ်လ လောက်နေတော့ စက်နိုးလို့မရ၊ စပယ်ယာပတ်စ်လဲ မရှိ၊ ပြင်ဖို့ကလဲခက်၊ မော်တော် ယာဉ်မှူးတွေ ခေါင်းကိုက်ရလို့ တရုတ်က အချွန်နဲ့မထားတယ်ဆိုပြီး 'တရုတ်မ'ကား ဆိုပြီး လူတွေနှာခေါင်းရှုံ့ကြတယ်လေ။

          တရုတ်ကစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တော့ ကားကအစ၊ တံတားသံ ဘောင်အဆုံး၊ လမ်းကြိတ်စက်အလယ်၊ အကုန်လုပ်ရောင်းတာ၊ သူ့ရဲ့ အပိုင်ဈေးကွက်က ဒို့ ရွှေဗမာတွေ၊ တရုတ်ဆိုင်ကယ်၊ တရုတ်ကား၊ တရုတ်လေယာဉ်၊ ဒို့မြန်မာပြည်မှာလက် ညှိုးထိုးမလွဲ တရုတ်ပစ္စည်း၊ တရုတ်စက်တွေများလွန်းလို့ တရုတ်စက်ကို တစ်ရက်စုတ် ဆိုပြီး နောက်ပြောင်ခေါ်ကြတဲ့အထိဘဲ၊ သူတို့ရဲ့ဝယ်လက်၊ ဖားက BURMA ARMYဘဲပေါ့။ မှော်ဘီ ၅ဝ၁ လေတပ်စခန်းက အုပ်ခွဲတပ်ကြပ်ကြီး တစ်ယောက်ပြောပြတယ် ဆရာကြီးရဲ့၊ တရုတ်တိုက်လေယာဉ် ဝယ်လာ လာချင်း ဂိုဒေါင်ထဲကထုတ်ပြီးစမ်းပျံကြည့် တာ ပက်လက်ကြီးတက်သွားပြီး ပြုတ်ကျလို့ ဂိုဒေါင်ထဲပြန်ထည့်ပြီး ပြင်နေရဆိုဘဲ၊ တရုတ်က အဲဒီလိုကိုမတာ။

          ငယ်ငယ်ထဲက အစားသန်တဲ့ ဗိုလ်ချုပ်/သူများ တွေသိန်းသောင်းချီထောနေကြပြီးLANDCRUISER တွေစီးနေတဲ့ အချိန်မှာ စက်မှု (၂)ကထုတ်တဲ့ မြန်မာ စတေရှင် ဝက်ဂွန်တရုတ်ကားကြီးကိုဘာရည်ရွယ် ချက်နဲ့ စီးနေတာလဲမသိဘူး။ ဗိုလ်ချုပ်ဖြစ်မှအာရ ကေ မရတော့တာလား။ အဂတိလိုက်စားမှုတိုက်ဖျက်မယ်ထင်လို့ ဆင်းရဲချင်ယောင် ဆောင်နေတာလား၊ သေသေချာချာတော့မသိဘူး ဆရာကြီးရှေCYGNUSတွေ LEXUS တွေ အပြိုင်စီးနေကြတဲ့ ဗိုလ်ချုပ်တွေကြားထဲမှာ တရုတ်ကထုတ်တဲ့ကား၊ တရုတ်က မထားတဲ့ ကားကြီးနဲ့သူ့ကိုတွေ့ရတာ သိပ်မနိပ်ဘူးကွ၊ တပ်ကထွက်မှ ကား အကောင်းစားစီးမယ်နဲ့တူတယ်၊ လောလောဆယ်တော့ တရုတ်မနဲ့ညားနေတယ် ဆရာကြီး....။

          ဟိုဝန်ကြီးတစ်ပါးပြောသလို တရုတ်က ကျေးဇူးရှင်ဆိုတော့ တရုတ်ကားတွေကို ပြည်သူတွေကို ဂျင်းထည့်ပြီးရောင်းဖို့လုပ်တာ ပြည်သူက ဆေးဖော်ကြောဖက်တောင် မလုပ်တော့ ကိုယ့်တပ်ကို ပြန်နင်းပြီး ဗိုလ်ချုပ်တွေကို မဝယ်မနေရခိုင်းတာလဲ ဖြစ်နိုင် တာဘဲ၊ ခိုးရာပါပစ္စည်းတွေကို ပေါ်တင်ဇော်ခင်လုပ်ပြီး ပြောင်ပြောင်တင်းတင်းကိုင်တွယ် သုံးစွဲနေတဲ့ ခေတ်ကြီးမှာ အလွန်ငွေမက်တဲ့ ဗိုလ်ချုပ်ငွေသိမ်း တစ်ယောက်တရုတ်မ ကြီးစီးပြီးတွေ့တွေ့နေရတာ အရမ်းရယ်ချင်လွန်းလို့ ဆရာကြီးကို ပြောပြချင်နေတာ    'တရုတ်မနဲ့ညားတဲ့ဗိုလ်ချုပ်' လို့။

  သင့်ရဲဘော်
အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒ္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၈)

ဆယ်တန်းပြန်ဖြေမဲ့ ရွှေမှုန်ရတီက အောင်မအောင်ကတော့ ကံတရားပါပဲတဲ့



အနုပညာအလုပ်တွေကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှုအပြင် သူမဆီလာသမျှ ကာရိုက်တာတွေကို အလွဲအချော် တစ်စက်ကလေးမျှမရှိစေပဲ အရွယ်နဲ့မလိုက်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ ပေးဆပ်နေခဲ့တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချွတ်ချော်ကျရှုံးခဲ့တဲ့  ရွှေမှုန်ရတီက သူမရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး “ရွှေမှုန် ဆယ်တန်းကို ပြန်ဖြေမှာပါ။ နောင်နှစ်မှာ အောင်မအောင်ကတော့ ကံတရားပေါ့နော်။ ရွှေမှုန်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ”လို့ ဆိုပါတယ်။

ရွှေမှုန်ရတီအနေနဲ့ ခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုလည်း သူမက “ခုကိုမြင့်မြတ် ၊ ဦးညွှန့်မြန်မာညီညီအောင်တို့နဲ့ ဖန်စီကားလေး ရိုက်နေတယ်ပေါ့နော်။ ကာရိုက်တာကတော့ မထူးခြားဘူး။ ဖန်စီလူငယ် ရိုမန့်စ်လေးပဲ။ ဒီတိုင်းရိုးရိုးလေးပါပဲ။  ရုံတင်ကားတွေ အနေနဲ့ကတော့ ရှေ့မှာ အန်ကယ်လေးတို့နဲ့နို့ဘီလူးဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ထားတယ်။ ဒရာမာလေးပါပဲ။ အဲ့ကားထဲမှာ ရွှေမှုန်က ကိုဇေရဲထက်ရဲ့ရည်းစားနေရာကပါ။ ဒီ၂၀၁၄ ထဲမှာ ရုပ်ရှင်ကားကြီးအနေနဲ့လည်း ရွှေမှုန် ၆ကား လက်ခံထားပါတယ်။ ကာရိုက်တာတွေကတော့ မျိုးစုံပါပဲ”တဲ့။

Trend Myanmar

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ


လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးကသေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှည်းကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေပဲ မဟုတ်ပါလား...

အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်နိုင်မလဲ၊ ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ...

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်တယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရတယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ၊ အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား။

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြတယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)

နိုင်းနိုင်းစနေ (Saturday, November 28, 2009)

တော်ပါသေးရဲ့__ဆြာရယ် - ဟာသ




တိုက် ၂လွှာမှာနေတဲ့ အမျိုးသမီးတစ်ဦး အခန့် မသင့်ဘဲ ခြေထောက်ကျိုးသွားရာ

ဆရာဝန် က

သူမ၏ ခြေထောက်အား ကျောက်ပတ်တီး စီးပေးပြီးနောက် သူမအား လှေကားများ မတက်ရန်ပြောကြားပြီး...

၇ လအကြာ မှာ ကျောက်ပတ်တီးကို ဖယ်ရှားပေးလိုက်သော အခါ-

အမျိုးသမီး ။ ။ " ဒါဆို ကျွန်မ လှေကားတက်လို့ ရပြီပေါ့ "

ဆရာဝန် ။ ။ " ရပါပြီ ခင်ဗျာ "

အမျိုးသမီး ။ ။ " အမလေး... တော်ပါသေးရဲ့ဆရာရယ်၊ ကျွန်မတို့ တိုက်က ဓာတ်လှေကားမရှိတော့လေ "

" ကျွန်မ ရေပိုက်ကြီးကို ဖက်တက်ရတာ မောလှပြီ "

" Oိာန် "

__ #Aung_Lay.@ ( မချိုမချဉ်ဟာသများ ) :D


အနုပညာလောကထဲမှာ စိတ်ထားမမှန်တဲ့သူတွေ အများကြီးပဲလို့ဆိုတဲ့ မေမြင့်မိုရ်

 
MRTV-4ရဲ့ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပန်းနုသွေးဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသမီး တစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်ကို အနုပညာအတွေ့အကြုံတွေ၊ ပြီးတော့ မိုးရာသီနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တွေကို မေးဖြစ်ခဲ့တာကတော့

မေမြင့်မိုရ်ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။

ညီမလတ်တလောမှာ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေပါတယ်။ အဲဒီ့မှာညီမက ဘုရင့်မိဖုရားနေရာကနေ သရုပ်ဆောင်ရမှာပါ။ ညီမရိုက်ချင်နေတဲ့ ဇာတ်ရုပ်ပုံစံပါပဲ။ ကိုရီးယား ရာဇဝင်ကားတွေမှာဆို ခေတ်သစ်နဲ့ခေတ်ဟောင်းရောပြီးရိုက်တဲ့ကားတွေရှိတယ်။ မြန်မာနိုင်ငံ မှာလည်း ကိုယ့်ရဲ့မြန်မာရာဇဝင်ဇာတ်လမ်းမျိုး ရိုက်ရမယ်ဆိုတော့ အရမ်းမိုက်ပါတယ်။ ဝမ်းသာ ပါတယ်။ ပျော်လည်းပျော်ရွှင်မိတယ်။ ဒီဇာတ်ကားထဲမှာ မိဖုရားလုပ်ရမယ် ဆိုတော့ ကာရိုက်တာ ပိုင်းနဲ့ ပတ်သက်ပြီး ကိုယ့်အတွက် ခက်ခဲတယ် လို့တော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က အမြဲတမ်း ဇာတ်ရုပ်တွေအပေါ်မှာ အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။

မှော်ကျောက်စာရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေစဉ်အတွင်းမှာရော တစ်ခြားရိုက်ကူးရေးတွေ လက်ခံထားတာ ရှိသလား။

ညီမပန်းနုသွေးSeason-2ရိုက်ဖို့က ဇူလိုင်၉ရက်နေ့မှာရှိမယ်။ ဒီဗီဒီကားရိုက်ဖို့ ရှိပါတယ်။  ပြီးတော့ ကြော်ငြာ၊ အလင်းရောင်ရဲ့ MTV အတွက် မေမြို့မှာ ရိုက်ပေးဖို့ရှိပါတယ်။ နောက်ပြီး ဗီဒီယိုကား တစ်ကား ရိုက်ဖို့ ရှိပါတယ်။

မေမြင့်မိုရ် ရိုက်ထားပြီးတဲ့ ဗီဒီယိုဇာတ်ကားအရေအတွက် ပြောပြပေးပါအုံး။

 ညီမရိုက်ထားပြီးသွားတာကတော့ ၁၅ကားလောက်ရှိပါပြီ။ အဲဒီ့ထဲမှာမှ သုံးကားလောက်ပဲ ထွက်သေးတယ်။

အဲဒီ့၁၅ကားမှာ ညီမလေး မေမြင့်မိုရ်အနေနဲ့ ခေါင်းဆောင်မင်းသမီးနေရာပဲလား။

အရင်တုန်းက ကားတွေမှာ အပြိုင်ပုံစံမျိုးပါပဲ။ အခုနောက်ပိုင်းမှာတော့ ခေါင်းဆောင်မင်းသမီးနေရာကပဲ သရုပ်ဆောင်ရတာ များပါတယ်။

ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်ခွင့်ရလာခဲ့ပြီဆိုတော့ စိတ်ခံစားချက်လေး ပြောပြပါအုံး။

 အရမ်းပျော်ပါတယ်။ ညီမကတော့ ဇာတ်ညွှန်းတစ်ခုရပြီဆိုရင် ညီမနဲ့လိုက်မယ့် ကာရိုက်တာမျိုးပဲဖြစ်ဖြစ်၊ ညီမနဲ့မလိုက်တဲ့ကာရိုက်တာမျိုးဆိုပေမယ့်လည်း ညီမဘက်က အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။ အခက်အခဲတွေ၊ အတိုက်အခံတွေနဲ့ အများကြီးတွေ့ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ညီမက ကိုယ့်ကိုကိုယ်ယုံကြည်မှု အမြဲရှိတယ်။ ပြီးတော့ညီမရဲ့ ကံကိုကအရင်ကတည်းက အလုပ်တစ်ခုအခက်အခဲတွေရှိမှ ပိုပြီးအောင်မြင်တတ်တယ်။ ကိုယ်လုပ်လိုက်တဲ့အလုပ်က ပိုအောင်မြင်လေလေပိုခက်ခဲလေဆိုတော့ ညီမကအဲဒီလိုအခက်အခဲတွေ ရှိတာကိုအရမ်းပျော်တယ်။

အနုပညာအလုပ်တွေပိုလုပ်ခွင့်ရလာသူတစ်ယောက်ဆိုတော့ ကိုယ့်အတွက်လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားတယ်လို့မြင်မိသလား။

အလုပ်တွေကိုပဲပိုလုပ်ဖြစ်တာပေါ့။ အပြင်တွေသိပ်မသွားဖြစ်ဘူး။ သူငယ်ချင်းလည်းအများကြီးမရှိဘူး။ အလုပ်မရှိတဲ့ရက်တွေမှာဆိုလည်း အိမ်ထဲမှာပဲနေဖြစ်ပါတယ်။

မေမြင့်မိုရ်အတွက် ခက်ခဲတဲ့ဇာတ်ရုပ်က ဘယ်လိုမျိုးဖြစ်မလဲ။

 ညီမအခုဆိုရင်ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရတယ်ဆိုတော့ ဆက်တိုက်ရိုက်လာရလေ ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတာများလေလေပဲဆိုတော့ ညီမဘက်ကဘယ်လိုပြောရမလဲ အမြဲကြိုးစားနေတယ်ပေါ့။ ကိုယ်သရုပ်မဆောင်ရသေးတဲ့ အချိန်တွေမှာဆိုရင် သူများတွေသရုပ်ဆောင်တာတွေကို လေ့လာဖြစ်တယ်။ ရုပ်ရှင်တွေကြည့်ပြီး လေ့လာတယ်ဆိုတော့ ညီမဘက်ကအမြဲအတွေ့အကြုံတွေက ရနေတယ်ဆိုတော့ အများကြီးပြင်ဆင်ထားနိုင်တာပေါ့။

မေမြင့်မိုရ်ကဘယ်လိုဇာတ်ရုပ်မျိုးတွေကို ရိုက်ရတာသဘောကျလဲ။

ညီမမလုပ်ဘူးသေးတဲ့ ဇာတ်ရုပ်မျိုးတွေဆို အကုန်လုံးလုပ်ကြည့်ချင်တယ်။ ရိုက်ကြည့်ချင်ပါတယ်။ ညီမက ဒရာမာဘက်ကို ရိုက်ရတာ ပိုအားသန်တယ်လို့ ပြောလို့ရပါတယ်။

မေမြင့်မိုရ်အနုပညာလမ်းကြောင်းပေါ်မှာ တွေ့ကြုံလာရတာတွေရှိရင် ပြောပြပါအုံး။

ညီမဒီအလုပ်ကို စလုပ်ခဲ့စဉ်အချိန်မှာ ကတည်းက အတိုက်အခိုက်တွေ၊ အနှောင့်အယှက်တွေ အမျိုးမျိုးတွေ့ကြုံလာခဲ့ရပါတယ်။ စိတ်ထားမမှန်တဲ့သူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့်ညီမဘက်ကတော့ တွေ့ရင် အမြဲစိတ်ကို မှန်အောင်နေထိုင်ပါတယ်။ ညီမရဲ့စိတ်ကိုက မာနမကြီးတတ်ပါဘူး။ ပျော်ပျော်ပဲနေတတ်ပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ အခါမှာလည်း ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံတာပါ။

မိုးရာသီနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်လေးပြောပြပေးပါအုံး။

 မိုးရွာရင်အိမ်ထဲမှာပဲနေရတာကို ကြိုက်တယ်။ တီဗီကြည့်ရင်း စောင်ခြုံပြီးကွေးနေရတာကို သဘောကျတယ်။ အိပ်ရာထဲရောက်ရင်မိုးသံကြားပြီး အိပ်ရတာကိုကြိုက်တယ်။ ဒါပေမယ့် မိုးရွာထဲမှာအပြင်သွားရတာကို မကြိုက်ဘူး။ ရွှံအရမ်းစင်တတ်လို့လေ။ ငယ်ငယ်ကတည်းက လမ်းလျှောက်ရင်အမြဲရွှံစင်တတ်တာ အခုကြီးလာတဲ့အထိပဲ။ မိုးရွာရင်ရှုတင်တွေ နားလိုက်ရတာ တွေရှိတော့ အလုပ်လုပ်ရတာတော့အနှောင့်အယှက်ဖြစ်ပါတယ်။ ညီမအပြင်သွားနေချိန်မှာ မိုးရွာရင်မကြိုက်ဘူး။

မိုးရာသီအမှတ်တရရှိရင်ပြောပြပေးပါအုံး။

 မိုးရာသီရောက်ချိန်ဆိုရင် ကျောင်းပြန်တက်ရတဲ့အချိန်ဆိုတော့ ငယ်ငယ်တုန်းကကျောင်းတက်ချိန် ကိုတွေးပြီးသတိရမိပါတယ်။

မိုးရာသီမှာဝတ်ဆင်တဲ့ဖက်ရှင်စတိုင်လ်ကရောဘယ်လိုမျိုးလဲ။

 ညီမကပေါ့ပေါ့ပါးပါးလေးပဲဝတ်ဖြစ်ပါတယ်။ ဘောင်းဘီတို၊တီရှပ်နဲ့ မှ အပေါ်ကရှပ်အင်္ကျီအရှည်ကြီး ထုတ်ဝတ်ရတာကိုသဘောကျတယ်။

Trend Myanmar

အမျိုးသားများက လုပ်နေပေမယ့် ဘယ်တော့မှ ဝန်မခံချင်ကြတဲ့အရာ (၉)မျိုး


   
အမျိုးသားအားလုံး (ယောင်္ကျားစိတ်အပြည့်ရှိတဲ့သူများသာ) က အခြားဘယ်သူမှ မသိစေချင်တဲ့ သူတို့အကြောင်းတွေရှိပါတယ်။ မသင့်တော်တဲ့အပြုအမူတွေမဟုတ်ပဲ ဝန်ခံရမှာရှက်ကြတဲ့ သေးမွှားတဲ့ဖြစ်ရပ်လေးတွေပါ။

၁။ ပုံမှန် မျက်နှာဂျီးချွတ်တတ်ကြတယ်။

ဒါယောင်္ကျားအများစုလုပ်တဲ့အရာပေါ့ ဒါပေမယ့် ဝန်မခံတတ်ကြပါဘူး။ သူတို့ ပါးသိုင်းမွှေးရိုတ်ကြတယ် ဒီလောက်ထိပဲ ပြောရင်ပြောကြလိမ့်မယ်။ သူတို့တွေကလည်း အလှကုန်ပစ္စည်းတွေနဲ့ နှုတ်ခမ်းအဆီတွေ ဆောင်ထားတတ်ကြပါတယ်။ ပြီးတော့ ပုံမှန် အလှပြင်ဆိုင်မသွားရင်တောင်မှ အိမ်မှာ ကိုယ့်မျက်နှာလေးကို ဂရုတစိုက်နဲ့ မျက်နှာနူးညံ့စေတဲ့အလှကုန်တွေ အသုံးပြုကြပါတယ်။ သူတို့လည်း အသားအရေကို ဂရုစိုက်ကြပါတယ်... ဒါသူတို့ အမှန်တကယ်လုပ်ကြပါတယ်။

၂။ မိန်းကလေးတွေသောက်တတ်တဲ့အအေးတွေကို မှာသောက်တတ်ကြတယ်။

ယောင်္ကျားလေးတွေကလည်း တချိန်လုံး ဘီယာခပ်အေးအေးကိုပဲ သောက်နေကြတာမဟုတ်ဘူး… တခါတလေ ပေါ့ပါးပြီး ပြင်ပြင်ဆင်ဆင်ရှိတဲ့ ခွက်ကလေးနဲ့ သောက်ရတဲ့အချိုရည်၊ ဝိုင်တွေကိုလည်း မှာသောက်တတ်ကြပါတယ်။

၃။ အမျိုးသမီးတွေနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းနဲ့ ဟာသအချစ်ဇာတ်လမ်းတွေကိုလည်း ကြည့်ကြတယ်။

အမျိုးသမီးတွေပဲ အဓိကမဟုတ်ပါဘူး။ အမျိုးသားတွေကလည်း ခေါင်းအုံးဖက်ပြီး ပေါက်ပေါက်ဗူးနဲ့ ဒီလိုဇာတ်လမ်းတွေကိုလည်း ကြည့်တတ်ကြပါတယ်။ “The Notebook” လို ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေကိုလည်း သူတို့ ညနက်ထိထိုင်ကြည့်တတ်ကြတာ ဘယ်တုန်းက ဝန်ခံဖူးလို့လဲ။

၎။ ငိုကြတယ်။

အမျိုးသားတွေက ဘေးနားမှာ လူတွေများနေရင် သူတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ရည်ကို ဘယ်တော့မှ ကျခွင့်ပေးကြမှာ မဟုတ်ပါဘူး။ သင် လက်ခံချင်မှ လက်ခံပေါ့။ သူတို့ အလွန်ဆုံးမှ ရှိုက်ရုံလောက်ပဲရှိမှာပါ။ နှလုံးသားတစ်ခုလုံးခါဝါချပြီး ငိုပစ်လိုက်တာမျိုးက ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို့လည်း ငိုကြတယ်ဆိုတာကို သင်သိထားသင့်ပါတယ်။

၅။ မြတ်မြတ်နိုးနိုးဖက်ထားတာ ခံချင်ကြတယ်။

ဒီလိုပြောရင် မထူးဆန်းပါဘူးဆိုပြီး သင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ချစ်တဲ့ကောင်မလေးရဲ့ မြတ်မြတ်နိုးနိုးဖက်ထားတာမျိုးကိုလည်း သူတို့နှစ်သက်ကြတယ်… ဆိုလိုချင်တာကတော့ ဖက်တဲ့သူပဲ တချိန်လုံးဖြစ်မနေချင်ဘူး ခံရတဲ့သူလည်း ဖြစ်ချင်တာပေါ့။ အချစ်တွေနဲ့ ခဏခဏပွေ့ဖက်တတ်ကြတဲ့စုံတွဲဟာ ပိုပြီးနီးစပ်ကြပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေတယ်။

၆။ ဈေးဝယ်ထွက်ကြတယ်။

အဝတ်အစားဝယ်တာကတော့ မထူးဆန်းပါဘူး။ ယောင်္ကျားလေးတွေကလည်း အိမ်သာသုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးတွေ ဝယ်တဲ့အကျင့်ရှိကြတယ်။ ဒီလိုပစ္စည်းတွေဝယ်တော့မယ်ဆိုရင်တော့ သူတို့မိဘ၊ ချစ်သူကောင်မလေး တွေကို လိုက်ခဲ့ဖို့ မဖိတ်ခေါ်ဖူးကြပါဘူး။ ဒီကိစ္စဟာလည်း သူတို့ဘဝရဲ့ တစိတ်တပိုင်းမှာ နေရာယူထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

၇။ အခြားယောင်္ကျားလေးတွေရဲ့ ပုံစံတွေကို အကဲခတ်ကြတယ်။

မေးရင်တော့ သူတို့ဝန်ခံမှာ မဟုတ်တာသေချာတယ်။ ဂရုမစိုက်သလိုအေးစက်စက်နေပေမယ့် ကွယ်ရာကနေ သဘောကျတဲ့စတိုင်ကို အကဲခတ်ပြီး မသိမသာအတုခိုးတတ်ကြတယ်။

၈။ ပိုပြီးခန့်ညားသွားအောင် ဗိုက်သားကို ကျုံ့ထားတတ်ကြတယ်။

ဒါကတော့ ရယ်စရာကောင်းပေမယ့် တကယ်မှန်ပါတယ်။ ယောင်္ကျားလေးတွေ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် မမြင်နိုင်တဲ့အင်္ကျီအောက်ကနေ ဗိုက်သားကို ကျုံ့ထားပြီး အသက်ရှူအောင့်ထားကြပါတယ်။ အဖေ၊ အဖိုးအရွယ်ထိ ဖြစ်ခဲ့တဲ့ ရှေးရိုးစဉ်ဆက် ခုချိန်ထိ ယောင်္ကျားတိုင်းလိုလို လုပ်လျက်ရှိကြတဲ့ ရယ်စရာအကျင့်လေးတစ်ခုပါပဲ။

၉။ ကွယ်ရာမှာ အတင်းတုပ်ကြတယ်။

ဘယ်သူက အမျိုးသမီးတွေပဲ အတင်းပြောတယ်ဆိုပြီး ပြောနိုင်လဲ။ သူငယ်ချင်းအုပ်စု အတူထိုင်ကြပြီဆိုရင် ယောင်္ကျားတွေလည်း သူတို့အနီးအနားမှာ ဖြစ်နေတဲ့ အတင်းတွေ ပြောတတ်တယ်ဆိုတာ ယုံလိုက်ပါ။ ဒီအမှန်တရားကို ဘယ်လိုယောင်္ကျားတွေကမှ ဝန်ခံချင်ကြမယ်လို့ မထင်ပါဘူး။

Ref:mensxp.com
Trend Myanmar

ခါးကျိုးသွားသည့် နေမာကို ဘရာဇီးသမ္မတ စာပေး


”ကက်စတယ်လာအိုမှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်းက မင်းမျက်နှာမှာပေါ်နေတဲ့ နာကျင်မှုကို မြင်လိုက်ရတာ ငါ အရမ်းရင်နာမိတယ်။ ဘရာဇီးပြည်သူတိုင်းလည်း ၀မ်းနည်းပက်လက် ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒဏ်ရာရနေတာတောင် သူ့ကိုယ်သူ လဲပြိုခံမှာ မဟုတ်တဲ့ ထိပ်တန်းစစ်သည် တစ်ယောက်ရဲ့ ခွန်အားတောင့်တင်းမှုကို ငါတို့ သိထားပြီးသားပါ။

ဘရာဇီးအသင်း တိုက်ပွဲဝင်နေတဲ့ စစ်မြေပြင်မှာ အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ စစ်သည်ဟာ တိုက်ခိုက်နေတာကို ခဏရပ်တန့်ခဲ့ရပါတယ်။ ဒါပေမဲ့ မင်းဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ၊ ငါတို့ အသက်ဓာတ်အတွက် ပျော်ရွင်မှုတွေ၊ ငါတို့သမိုင်းအတွက် အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးဖို့ ထင်ထားတာထက် စောပြီး မင်းပြန်လာနိုင်လိမ့်မယ်ဆိုတာ ငါတို့ ဘရာဇီး ပြည်သူအားလုံး သိထားကြပါတယ်။ ဘုရားသခင်က မင်းကိုအမြဲ ကာကွယ်ပြီး ခွန်အားတွေ ပေးသနားပါစေ”

ဒါကတော့ ကိုလံဘီယာ ကစားသမား ဇူနီဂါရဲ့ ဒူးတိုက်ချက်ကြောင့် ကျောအောက်ပိုင်း တတိယမြောက်အဆစ် ကျိုးသွားလို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားတဲ့ နေမာအတွက် ဘရာဇီးသမ္မတ ရိုဆက်ဖ်ရဲ့ပေးစာပါ။

Credit : Football Cafe

မန္တလေးမှာ တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ဆောင်ကြဉ်းနိုင်လို့ သမ္မတရုံး သတင်းထုတ်ပြန်



၇ ဇူလိုင် ၂၀၁၄

မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေကနေ လွန်မြောက်သွားတဲ့ အနေအထားမှာ ရောက်နေပြီလို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားတဲ့ မန္တလေးမြို့တော်ကို အကျည်းတန် အရုပ်ဆိုးစေမယ့် အခြေအနေမျိုးမရောက်စေဖို့ ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေရောက်အောင် တာဝန်သိသိနဲ့ ပူးပေါင်းဆာင်ရွက်ပေးခဲ့တဲ့ မန္တလေးမြို့သူမြို့သားတွေ၊ မီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ဆရာတော် သံဃာတော်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်တဲ့ အကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း အခြေအနေကို ထိန်းသိမ်းဖို့ နေ့မအား ညမနား ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်ခဲ့တာကိုလည်း ချီးကျူးထားပါတယ်။

ဒါ့အပြင် အင်တာနက်ပေါ်မှာ သတင်းမှား ကောလဟာလများကို အသိစိတ်ဓာတ်နဲ့ တိုက်ဖျက်ခဲ့သူတွေ၊ မီဒီယာတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ ဖြစ်စေရေး ကူညီပံ့ပိုးနိုင်ဖို့ ကမ်းလှမ်းခဲ့ကြတဲ့ အမေရိကန် အခြေစိုက် Facebook မှ တာဝန်ရှိသူများ၊ Silicon Valley က သက်ဆိုင်သူများကိုလည်း အသိအမှတ်ပြုထားပါတယ်။

လောလောဆယ်မှာ မန္တလးတိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ အချိန်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။ ပဋိပက္ခကြောင့်လူ၂ ဦး သေဆုံးခဲ့ရသလို ၁၄ ဦး ဒဏ်ရာရခဲ့ပြီး တနင်္ဂနွေနေ့အထိ ပဋိပက္ခနဲ့ ပတ်သက်သူ ၁၆ ယောက်ကို ဖမ်းဆီ်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
DVB TV News

ကလေးများ အတွက် နည်းပညာနဲ့ဆိုင်သော အကြံပေးချက်တစ်ချို့


ပြီးခဲ့တဲ့ ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများအတွက် ရေးသားခဲ့ပြီးတော့
ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့ နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

နည်းနည်း စကားစချီပါရစေ။

ထိုကဲ့သို့ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကားတစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့ အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆိုစလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာများလာတဲ့အခါ ညအခါမှာ အိပ်မပျော်တာ၊တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး အာရုံစူးစိုက်မူနဲ့  အ၀လွန်မူ ပြသာနာတွေဖြစ်လာပါတယ်။ ဒါက အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။

လမ်းညွှန်းမူတွေ အနေနဲ့ ...

(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။
(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။

Screen time ကို ဘယ်လို လျော့ချမယ် ?

ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။

- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။
( ဖုန်း၊ နဲ့ အခြား တပ်ပလပ်များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)

- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။

- ကြည့်လိုသည့် တီဗီ အစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။
( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)

- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။

- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။

- မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။

အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။

.

Ref: childhealth

အောင်ဟိန်း (ရိုးရာလေး)

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး


 စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု အသံကြား ရသဖြင့် လန့်နိုးပြီး သားဖြစ်သူ မောင်ချမ်းသာက အိမ်ပေါ်သို့ တက်သွားပြီး အဖေလူ လူဟုပြော၍ ဦးအောင်ဝင်း က တက်ကြည့်ရာ အမည်မသိ လူတစ်ဦး နေအိမ်အပေါ်ထပ်ဝရန်တာမှ ခုန်ချထွက်ပြေး သွားသည် ကိုမြင်တွေ့ ရသဖြင့် သမီးဖြစ်သူ မနီနီအောင်နှင့် မသန်းသန်းစိုး တို့အား မေးမြန်းရာ အမည်မသိတစ်ဦးသည် ၎င်းတို့အိပ်သည့် အခန်းထဲရောက် လာပြီး သမီးဖြစ်သူမသန်းသန်းစိုး၏ လည်ပင်းကို ကိုင်လိုက်စဉ် လန့်နိုးပြီးအော် မည်ပြုစဉ် ပါးစပ်ကိုလက်နှင့်ပိတ်ထား၍ မအော်နိုင်သဖြင့် ဘေးတွင်အိပ်နေသော အစ်မဖြစ်သူ မနီနီအောင်ကို လက်ဖြင့်နှိုးရာ နိုးလာပြီးထလိုက်စဉ် အမည် မသိလူက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

မနီနီအောင်နှင့် မသန်းသန်းစိုးတို့တွင် ဒဏ်ရာများရရှိ ထားသည် ကိုတွေ့ရ၍ ဆေးကုသမှုခံယူရန် စစ်ကိုင်း ပြည်သူ့ ဆေးရုံသို့ ပေးပို့ လိုက်ရသည်။ သို့ဖြစ်ပါ၍ သမီးနှစ်ဦးအားနေအိမ်ပေါ်သို့ တက်ရောက်ပြီး ဒဏ်ရာ ရရှိအောင် ဓားဖြင့်ထိုးသူအား စုံစမ်းဖော်ထုတ်ပေးပါရန် ဖခင်ဖြစ်သူ ဦးအောင်ဝင်းက စစ်ကိုင်းမြို့မ ရဲစခန်းသို့ လာရောက်တိုင် တန်းသဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

ဆဲဗင်းဇူလိုင် တောင်းဆိုချက် အလှမ်းဝေးဆဲ


၁၉၆၂ က ရန်ကုန် တက္ကသိုလ် ကျောင်းသား ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွဲ နှိမ်နင်း ခဲ့တာ ၅၂ နှစ် ရှိခဲ့ပါပြီ။

ဆဲဗင်း ဇူလိုင်လို့ လူသိများတဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက်က ကျောင်းသား ဆန္ဒပြပွဲတွေ ပစ်ခတ် ချေမှုန်း ခံရတာ၊ သမဂ္ဂ အဆောက်အအုံကို ဖြိုချ ဖျက်ဆီး ခဲ့တာ တွေကို အစိုးရ အာဏာပိုင် တွေက ခုထိ တာဝန်ယူ တောင်းပန်မှု မရှိသေး ပါဘူး။

အလားတူပဲ ကျောင်းသားတွေ အစဉ်အဆက် တောင်းဆိုခဲ့တဲ့ ကျောင်းသား ရပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့ကို လက်ရှိ အစိုးရထိ နှစ်ပေါင်း ၅ဝ ကျော် လိုက်လျော ဖြေရှင်းမှု မရှိဘဲ ဖြိုခွဲ ချေမှုန်းမှု တွေပဲ ကြုံတွေ့ ခဲ့ရပါတယ်။

ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် မရှိတာ အပြင် ကျောင်းဆောင် နေခွင့် မရတာနဲ့ တက္ကသိုလ် တွေကို အပြင်ထုတ် ထား တာက အရေးကြီးတဲ့ ကျောင်းသား အခွင့်အရေး ဆုံးရှုံးမှု တွေလို့ ဆဲဗင်း ဇူလိုင် အရေးအခင်း ကို ကြုံတွေ့ လိုက်တဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခ ဟောင်း ဒေါက်တာ ညီညီက ဘီဘီစီကို ပြောကြား ပါတယ်။

ကျောင်းသား တွေ ရသင့်တဲ့ အခွင့်အရေး တွေဟာ အရင်ခေတ် ကထက် ပိုပြီး ဆုတ်ယုတ် လာတယ်လို့လဲ ဒေါက်တာ ညီညီက ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံက ကျောင်းသားတွေ ကမ္ဘာနဲ့ အမီလိုက် နိုင်ဖို့ ကျောင်းသား ရပိုင်ခွင့်တွေ အပြည့်ပေးဖို့ နဲ့ ကူညီ ထောက်ပံ့မှုတွေ အများကြီး လိုအပ်နေတယ်လို့ ထောက်ပြ သွားပါတယ်။

အဆောင် စည်းကမ်း တင်းကျပ်မှုတွေ လျှော့ချရေး တောင်းဆိုရာက ၁၉၆၂ အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲ ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



ကျပ် ၁,၅၀၀ တန်ဆင်းမ်ကတ် အင်တာနက်မက်ဆေ့ခ်ျဖြင့် စတင်လျှောက်ထားနိုင်


MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာမလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုးဘိုင်းဖုန်းမှတစ်ဆင့် တိုက်ရိုက်အင်တာနက်လျှောက် ထားနိုင်သည့် ဝန်ဆောင်မှုကို ဇူလိုင် ၅ ရက်မှစ၍ အသုံးပြုခြင်း ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသည့် နံပါတ်ကို မက်ဆေ့ခ်ျပေးပို့၍ လျှောက်ရမည်ဖြစ်ကြောင်း Call Center က ပြန်လည်ဖြေကြားသည်။
‘‘ဖုန်းထဲကနေ တစ်ခါတည်း လျှောက်လို့ရပြီဆိုတော့ အလုပ် လည်းမရှုပ်တော့ဘူးပေါ့။ ပိုက်ဆံလည်းအပိုမကုန်တော့ဘူး။ ဟို တစ်လောကမှ ကျွန်တော် ဆိုင်မှာအင်တာနက်သွားလျှောက်တာ ကျပ် ၁၄,၀၀၀ တောင်ပေးရတယ်’’ဟု MEC Tel ဆင်းမ်ကတ် အသုံးပြုနေသူ ကိုသူရက ပြောသည်။

အင်တာနက်လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ဖုန်းထဲတွင် အနည်းဆုံး ကျပ်တစ်သောင်းကျော် ရှိရန် လိုအပ်ပြီး SMS နံပါတ် 233 သို့ Open EVDO ဟူသော စာသားပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အင်တာနက်လျှောက်ရာတွင် အဆင်မပြေမှုများရှိပါက သိလိုသည့် အသေးစိတ်အချက်အလက်များကို 1212 နှင့် ရတနာ ပုံတယ်လီဖုန်းစင်တာ နံပါတ် 1876 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရသည်။

7day daily

ဂျာမနီအသင်းကို မှော်ပညာဖြင့် တိုက်ခိုက်မည်ဟုဆို


 ဇူလိုင် ၉ ရက်နေ့ ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဂျာမနီအသင်းဟာ ဘရာဇီးနိုင်ငံရဲ့ ဆီလီကာအိုလို့ခေါ်တဲ့ အောက်လမ်းမှော်ပညာနဲ့ တိုက်ခိုက်ခံရဖွယ် ရှိနေပါတယ်။

“ကျနော်တို့် ဘရာဇီးအသင်းဟာ ကြယ်ပွင့်ကစားသမားနေ မာ မပါဘဲ ဘယ်လိုဟော်ရိုင် ဇွန်တဲမြို့မှာ ဂျာမနီအသင်းကို ဧည့်ခံကစားရမှာပါ။ ဒါပေမယ့် ဘရာဇီးက ဗူးဒူးမှော်ဆရာတွေက ဂျာမနီ အသင်းကို မှော်အတတ်နဲ့ တိုက်ခိုက်သွားမှာပါ။ ကျနော့်ရဲ့ ဂါထာမန္တရားက ဂျိုးအာချင်လိုးရဲ့ အသင်းကို ဟန့်တားသွားမှာပါ။ သူတို့ရဲ့ ထိပ်တန်းကစားသမားတွေရဲ့ ခြေထောက်ကို လှုပ်လို့၊ ပြေးလို့မရအောင် လုပ်ထားပါတယ်” လို့ ရီယိုဒီဂျနေရိုးမြို့က အောက်လမ်းဆရာ ဟီလီယိုဆီးလ်မန်းက ပြောပါတယ်။

ဂျာမနီအသင်းရဲ့ သောမတ်စ်မူလာ၊ မန်နျူရယ်နူအာနဲ့ မတ်စ်ဟမ်းမဲလ်တို့ကို ဗူးဒူးဆရာတွေက သတိပေးထားပါတယ်။

By ဒီဗွီဘီ



ဟုတ်မှဖြီးပါ ဥက္ကဋ္ဌကြီးရာ


 သူငယ်ချင်းရေ....

          မင်းတို့လွှတ်တော်ဥက္ကဋ္ဌကြီးကို လွှတ်တော် စတင်ကျင်းပခါစတုန်းက ငါလေ လွှတ်အထင်ကြီး ထားတာ။ ဒီမိုကရေစီကိုစတင် မီးရှူးသန့်စင်ပေးမယ့် လက်သည်ကြီးတစ်ယောက်လို အားကိုးခဲ့တာကွ။ လွှတ်တော်ကိုတိုက်ရိုက် Live ထုတ်လွှင့် ပြသတဲ့ရက်များကဆို ငါဖြင့် ဘာအလုပ်မှမလုပ်နိုင် ဘူး။ လွှတ်တော်Channel ရှေ့ကနေ မောင်ကြီး မခွာနိုင်ကိုဖြစ်ခဲ့တာ။ နောက်တစ်ခါ အစိုးရအဖွဲ့ တွေကို ပိုင်ဆိုင်မှုစာရင်းစစ်မယ်လို့ ဥက္ကဋ္ဌကြီးက ကြေညာလိုက်တော့ ဒီတခါဖြင့် ကိုယ်ကျိုးနည်းကျ ပြီဆိုပြီး မဆီမဆိုင် လှံဖျားပုစဉ်းနားတာကို ကျီးကန်း က ချီးပါပြီး(ဝန်ကြီးအဖွဲ့အတွက်)စိတ်ပူလိုက်ရသေး တယ်။ ဥက္ကဋ္ဌကြီးကို သူရဘွဲ့ပေးခဲ့တာ ထိုက်တန်တယ် ဘာညာနဲ့ အတွေးနယ်ချဲ့မိသေးတယ်။ သူငယ်ချင်းရာ....

          လယ်သမားတွေရဲ့လယ်မြေတွေကို စစ်တပ်က သိမ်းယူထားတာကို ပြန်ပေးဖို့အဖွဲ့တွေဘာတွေဖွဲ့ ပြီးကွင်းဆင်းစစ်ဆေးဘာညာဆိုတော့ တယ်ဟုတ် ပါလားပေါ့နော်။ ဥက္ကဋ္ဌကြီးကတော့ စစ်တပ်က     လူဝတ်လဲလာတယ်ဆိုတာမေ့များမေ့နေရော့သလား ပေါ့နော်။ ငါတို့သာမန်ပြည်သူတွေ အဲဒီလိုထင်သွား ပြီးအတွေးတွေဝေဝါးဝါးဖြစ်သွားအောင်ကို ဆောက် ရွက်ချက်က ပီပြင်ခဲ့တာ။ တကယ်မဟုတ်ဘဲ တမင် သရုပ်ဆောင်ပြတာဆိုရင်လဲ  အကယ်ဒမီရှော့ဘဲ သူငယ်ချင်း။ အစိုးရရုံးဘက်ကနေလွှတ်တော်ကို ပြဿနာရှာတဲ့ အင်တာနက်ထဲက ဒေါက်တာဆိတ်ဖွားကိစ္စဖြစ်ကာစကဆိုရင် ပွဲကြမ်းချက်ကတော့ လက်လန်တယ်။ ဒေါက်တာဆိတ်ဖွားကိုဖမ်းမိဘို့ အဖွဲ့တွေဘာတွေ ကောက်ဖွဲ့ပစ်လိုက်တာ မအံ့သြဘဲ ကို မနေနိုင်ဘူး သူငယ်ချင်းရဲ့။

          ဒီမိုကရေစီကိုလဲ အိမ်ကမိန်းမ ထက်တောင်ချစ် ပုံရတယ်။ ဥပဒေကြမ်းတွေကလဲ တစ်နေ့တစ်မျိုး မရိုးရဘူး။ ကတ္တီပါဝတ်ရုံကြီးဝတ်ပြီး တစ်နေ့တနေ့ ကျွန်းသားကုလားထိုင်ကြီးပေါ်မှာ ဆန့်ဆန့်ကြီးထိုင် နေရတဲ့ ဒုက္ခကို မငြီးမငြူကိုလုပ်နိုင်တာ။ ဒီမိုကရေစီ အတွေ့အကြုံနုနယ်သေးတဲ့ဆွဲခန့်လွှတ်တော် အမတ် တွေရဲ့ လန်ဘားကျောက်တံတားပြောတာတွေကို ခန္တီပါရမီ အပြည့်နဲ့အိပ်မငိုက်ဘဲနားထောင်တာ တစ် ခုထဲနဲ့တင် ဥက္ကဋ္ဌရာထူးနဲ့ထိုက်တန်နေပြီလို့ ပြောရ မယ် သူငယ်ချင်းရဲ့။

          ဒီမိုကရေစီခေါင်းဆောင်သမ္မတဖြစ်ခဲ့ရင် တောင် သူ့အနေနဲ့ငြင်းစရာကန့်ကွက်စရာမရှိပါဘူး ဆိုပြီး ဒီမိုကရက်တွေပေးတဲ့ အမှတ်တွေကို သိမ်း ကျုံးယူငင်သွားနိုင်ခဲ့တယ်။ သရုပ်ဆောင် Mode ကဝင်လွန်းတော့ ဒီမိုကရက်တစ်ပါတီတစ်ခုက အမျိုး သမီးအမတ်အိုကြီးတပါးကတောင် ဥက္ကဋ္ဌကြီးကို   သမ္မတအဖြစ်ပေါ်တင်ကြီးထထောက်ခံနေခဲ့တယ်။ လွှတ်တော်သက်တမ်း ပထမ (၂)နှစ်ခွဲကတော့အက် ရှင်ဇာတ်ကြမ်းကားတွေလိုဘဲ ကြည့်ရတာမပျင်းရဘူး။ ပရိသတ်ကလည်း အစိုးရကို လွှတ်တော်ထိန်းကျောင်း မောင်းနှင်ပေးနေတယ် ဘာညာနဲ့ ထင်ကြေးတွေ မျိုးစုံပေးပြီး မကြုံစဘူး၊ နိုင်ငံရေးရသစုံကို ခံစားနေ လိုက်ကြတာ နဂိုလာခဲ့တဲ့ ကိုယ့်နေရပ်ဇာတိကိုတောင် မေ့တေ့တေ့ဖြစ်ကုန်ကြပြီ။

သူငယ်ချင်းရေ....

          ရုပ်ရှင်ထဲကစာတန်းထိုးသလိုသုံးနှစ်ကြာသောအခါဆိုစာတန်းကြီးပေါ်လာပြီး တကယ်တန်း ၂ဝ၁၅ ရွေးကောက်ပွဲကနီးကပ်လာတဲ့အခါ ဥက္ကဋ္ဌကြီးရဲ့     ကြွေးကြော်သံကတီးလုံးပြောင်းသွားပြီကွ။ဘာတဲ့ ၂ဝ၁၅ရွေးကောက်ပွဲမှာ NLDကို အပြတ်အသတ် နိုင်ရမယ်လို့ ကြိမ်းဝါးလိုက်တာ။ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ခပ်ဆင်ဆင် တူပြီး။ လာမယ့်ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မြန်မာဘောလုံးအသင်းဖလားရမယ်လို့ ပြောတဲ့လေ ပေါက်မျိုးဖြစ်နေတယ် သူငယ်ချင်းရဲ့။

          ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေကို ဥက္ကဋ္ဌကြီး ကမေ့ပစ်လိုက်တာလား၊ လွှတ်တော်ထဲမှာ ထိုင်နေ တာကြာလို့ ပြည်သူနဲ့ကင်းကွာသွားတာလားမသိဘူး သူငယ်ချင်း။ အပြင်မှာကြံ့ဖွံ့ပါတီဝင်တွေနွေအခါ ဘန်ဒါပင်က ဘန်ဒါရွက်တွေကြွေသလို တဖြုတ်ဖြုတ် ထွက်ပြီး  သူတို့ပါတီကိုကျောခိုင်းသွားကြတာ၊ သန်းခေါင်စာရင်းကောက်ရင်းနဲ့ မသိမသာစာရင်း လုပ်ကြည့်စေချင်တယ်။ ပါတီဝင်ဘယ်နှစ်ယောက် ကျန်သေးသလဲ တိတိကျကျမသိဘဲနဲ့ NLDကို အ ပြတ်အသတ်နိုင်ရမယ်လို့ ထကြိမ်းဝါးလိုက်တာ သွေးရူးသွေးတန်းနဲ့ထအော် သလိုဖြစ်မနေဘူးလား။

          ပြည်သူတွေကမဲပေးတတ်သွားပြီကွ၊ ကြံ့ဖွံ့က ဘာတွေပေးပေး၊ ဘာတွေလုပ်ပြပြ၊ ပြည်သူက အေးအေးဆေးဆေးဘဲ။ ဒါပေမဲ့မဲပေးတဲ့နေ့မှာတော့ သွေးအေးအေးနဲ့ ကြံ့ဖွံ့ကိုနှိပ်ကွပ်ကြမှာ၊ ပေဖြစ်တုံး က တို့ပြည်သူတွေခံခဲ့ရတာလေ။ ရွေးကောက်ပွဲနေ့ မှာမဲပြား ဆိုတဲ့တူနဲ့ ကြံ့ဖွံ့နှိပ်ထားသမျှ လက်စားပြန်ချေမှာ၊ ဥက္ကဋ္ဌကြီးဦးဆောင်ပြီး နောက်ပါတီသစ်တခု နာမည်တမျိုးနဲ့ထူထောင်ပြီး သွေးသစ်လောင်းရင် တောင် သိပ်သေချာတာ မဟုတ်ဘူး။ ဆိုရှယ်လစ်ပါတီ က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစညပါတီ ဆိုပြီး နားလှဲ့ပါးရိုက်လုပ်တာလဲမအောင်မြင်ဘူး။

          နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ၂ဝ၁၅ ရွေး ကောက်ပွဲမှာ မဲရုံတိုင်းကို ကြီးကြပ်ကျင်းပခွင့်ပြုခဲ့ရင် ကြားဖြတ်ရွေးကောက်ပွဲထက်ကို အကြောင်းဆိုး သွားမယ်လို့  ငါပြောရဲတယ်သူငယ်ချင်း။ ပြည်သူကလဲ နှစ် (၅ဝ)ကြာတော့ဓာတ်ပေါက်သွားပြီကွ၊ကြံ့ဖွံ့ဆိုရင် လေသံတောင် ကြားချင်တော့တာမဟုတ်ဖူး။ ရွေး ကောက်ပွဲနီးမှ ပြည်သူကို ဖင်ရက်ဆားဖြူးလာလုပ်လို့ လည်းအလကားပဲ။ အရိုးသားဆုံးရွေးကောက်ပွဲတစ်ခု ကိုသာ အာဏာရပါတီက ဦးစီးကျင်းပပေးခဲ့ရင် အ ဆိုးရွားဆုံးရလဒ်တွေကိုဘဲ ကြံ့ဖွံ့ပါတီရရှိစေရမယ် ဆိုတာ ငါလောင်းရဲတယ် သူငယ်ချင်း၊ ဥက္ကဋ္ဌကြီးရဲ့သင်္ကြန်အမြောက်ကြွေးကြော်သံတွေဖြစ်တဲ့ အစိုးရကို ပိုင်ဆိုင်မှုစစ်ဆိုတဲ့ စကားရယ်၊ လယ်သမားတွေကို လယ်တွေပြန်ရစေမယ်ဆိုတဲ့ ကတိစကားရယ်၊ ဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့ မိန့်ကြားချက်တွေ ရယ်၊ ဒီမိုကရေစီစနစ်ကိုရောက် အောင်သွားမယ်လို့ ပြောခဲ့တဲ့ စကားတွေရယ်၊  လာမဲ့ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌကြီးဦးဆောင်တဲ့ပါတီက အပြတ်အသတ်အနိုင် ရစေမယ်ဆိုတဲ့ ကြိမ်းဝါးသံတွေကို နားထောင်ပြီး ဒီ လိုလေးပြောကြည့်လိုက်ချင်တယ် သူငယ်ချင်း...

''ဟုတ်မှဖြီးပါ ဥက္ကဋ္ဌကြီးရာ'' လို့
အရမ်းသန့်ညွန့်
 ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်(၄)

အစ္စရေးက ဂါဇာကမ်းမြှောင်ကို လေကြောင်းဖြင့် တိုက်ခိုက်၊ ၇ ဦး သေဆုံး


အစ္စရေးအစိုးရက ဟားမတ်စ်တွေရဲ့ ဒုံးကျည်နဲ့ ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့အစောပိုင်းက လုပ်ခဲ့လို့ ဟားမတ်စ်အဖွဲ့ရဲ့ သေနတ်သမား ၇ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရတယ်လို့ အစ္စလာမ်မစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၀၁၂ နယ်စပ်စစ်ပွဲပြီးချိန်ကစရင် လူသေအများဆုံးနေ့ပဲလို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်နဲ့ အာဏာပိုင်တွေ က လေကြောင်း တိုက်ခိုက် မှုကို အတည်ပြုခဲ့ပြီး အစ္စရေးတောင်ပိုင်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဟားမတ်စ်တွေ လွှမ်းမိုးတဲ့ ဂါဇာကနေ အစ္စရေးကို ဒုံးကျည် ၂၅ စီး ပစ်လွှတ်ခဲ့လို့ ဇွန်လလယ်တည်းကစတဲ့ ပစ်ခတ်မှုအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အစ္စရေးတောင်ပိုင်းရပ်ကွက်တွေ တိတ်ဆိတ်မှု ပြန်ရဖို့ လိုသမျှ အားလုံးလုပ်မယ်လို့ အစိုးရအဖွဲ့ကို ဇူလိုင် ၆ ရက်နေ့က ကတိပေးပါတယ်။

လွန်ခဲ့တဲ့အပတ်က အရှေ့ဂျေရုဆလင်မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ် မိုဟာမက်အဘူခူဒါကို အရှင်လတ်လတ် မီးရှို့သတ်မှုကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဒီသတ်ဖြတ်မှုကြောင့် အစ္စရေးနိုင်ငံတွင်း ပုံမှန်အားဖြင့် ငြိမ်သက်နေတဲ့ အာရပ်မြို့တွေမှာပါ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အစ္စရေးအစိုးရကတော့ လူသတ် ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဂျူး ၆ ဦးကို ဖမ်းဆီးထားပါတယ်။

DVB Burmese

တောင်ကြီးတွင် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်း

မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မဟာဓမ္မိကရာမ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ် (ဓါတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်းပွဲ အခမ်းအနား ကို ဇူလိုင်
 ၆ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မဟာဓမ္မိကရာမ ပရိယတ္တိစာ
သင်တိုက်တွင် ပြုလုပ်ခဲ့သည်။

“ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အတင်းအကျပ် တိုက်တွန်းချက်ကြောင့် မဟုတ်သလို၊ ကိုယ်တိုင် သက်ဝင်ယုံ ကြည်လာလို့ လွတ်လပ်သော သဘောဆန္ဒအရ မိသားစုလိုက် ဘာသာကူးပြောင်းရခြင်း ဖြစ်တယ်” ဟု ဘာသာ ကူးပြောင်းသည့် မိသားစုဝင်တစ်ဦးဖြစ်သူ မသိမ့်က မဇ္ဈိမကို ပြောသည်

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ၊ ဒေါ်သိန်းသိန်းညွန့်နှင့်အတူ သားနှစ်ဦး၊သမီး နှစ်ဦး က ခရစ်ယာန် ဘာသာမှ ဗုဒ္ဓဘာသာသို့ ၎င်းတို့ဆန္ဒအလျောက် ကူးပြောင်းရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ဓမ္မပါလ အသင်းဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအရိယဝံသက မဇ္ဈိမကို မိန့်သည်။

“တပည့်တော်တို့ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် ယုံကြည်လို့ လေ့လာဆည်းပူးချင်တယ်ပြောပြီး ဘာသာကူး ပြောင်းဖို့ ဇွန်လကတည်းက လာရောက်လျှောက်ထားခဲ့တယ်၊ ဒီနေ့မှ ပြည်နယ်၊ မြို့နယ် မဟန ဆရာတော် ဘုရားတွေရှေ့မှာ ဘာသာကူးပြောင်းပွဲ ပြုလုပ်ပေးခြင်းဖြစ်ပါတယ် " ဟု ဆရာတော်က မိန့်သည်။





ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်းပွဲ အခမ်းအနား ကို ဇူလိုင် ၆ရက်



အဆိုပါ အခမ်းအနားတွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းသူ မသိမ့်က မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်းကြောင့် မဟုတ်ပဲ သက်ဝင်ယုံကြည်သဖြင့် ကူးပြောင်းရခြင်းဖြစ်သည်ဟု မိသားစုကိုယ်စား ဆရာတော်များထံ လျှောက်ထားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၊ ဓမ္မပါလ အသင်းဥက္ကဋ္ဌ ဆရာတော်၊ ဓမ္မပါလ အသင်းသားများနှင့် ဝံသာနုရက္ခိတ အသင်းသားများ တက်ရောက် ခဲ့သည်။

ကိုးကွယ်ရာဘာသာတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းလိုပါက ဗုဒ္ဓဘာသာအများစုပါဝင်သည့် မှတ်ပုံတင်ရေး အဖွဲ့သို့ သွားရောက်လျှောက်ထားရမည့် အချက်များပါရှိသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းရန် အစိုးရက ကြိုးပမ်းနေသည်။

အဆိုပါဥပဒေကြမ်းသည် လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်ခွင့်ကို ကန့်သတ်ပိတ်ပင် ထားသည်ဟု ဥပဒေပညာရှင်အချို့နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

Mizzima News Daily


ကိုယ်ချင်းဆက် အမြွှာနဲ့ စိတ်ဝင်စားဖွယ်ရာ အချစ်ဇာတ်လမ်း


အေသင်အောင်
အိနိ္ဒယနိုင်ငံမှာရှိတဲ့ ဂန်ဂါနဲ့ ဂျမူနာ အမည်ရ ကိုယ်ချင်းဆက် အမြွှ ညီအစ်မဟာ လက်လေးချောင်း၊ ခြေထောက်သုံးချောင်းနဲ့ အစာအိမ် တစ်ခု တို့ကို ခွဲဝေသုံးစွဲနေပြီး နှလုံးကတော့ တစ်ခုစီ ပါဝင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ချင်းဆက်အမြွှာရဲ့ ချစ်သူဟာ တစ်ဦးတည်းဖြစ်နေတာက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အသက် (၄၅)နှစ်ရှိပြီဖြစ်တဲ့ ကိုယ်ချင်းဆက်အမြွှာကို ပင့်ကူညီအစ်မတွေအဖြစ် ဒေသခံတွေက ခေါ်ဆိုကြပါတယ်။ သူတို့ဘ၀ တစ်လျှောက်လုံးမှာ စိတ်ညစ်စရာ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အချစ်ကို တွေ့ရှိခဲ့တာမို့ ပျော်ရွှင်ကျေနပ် နေကြ တယ်လို့ သိရပါတယ်။

လက်လေးချောင်းနဲ့ ခြေထောက် သုံးချောင်းကို  အစ်မဖြစ်သူနဲ့ ခွဲဝေ သုံးစွဲနေရတဲ့ ဂန်ဂါက ပထမဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ကျွန်မတို့ ညီအစ်မနှစ်ဦးကို မေတ္တာအစစ်အမှန်နဲ့ ချစ်ခဲ့တဲ့သူကို ရင်ထဲမှာအမြဲရှိနေပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဂျမူနာကလည်း ကျွန်မတို့ ဘ၀ကို သူရောက် လာပြီး နောက်မှာ ပျော်ရွှင်မှုတွေ ရရှိလာပါတယ်။ ကျွန်မတို့ဟာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်တာမို့ ကောင်းတာတွေကိုပဲ မျှော်လင့်မိပါတယ်။ ကျွန်မ တို့ အသက်ရှင်နေတဲ့ ကာလမှာ သူနဲ့ နေထိုင်သွားလိုပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။

ဂန်ဂါနဲ့ ဂျမူနာတို့ဟာ သူတို့ချစ်သူဖြစ်သူ အာမတ်အကြောင်းကို ပြောဆိုနေကြခြင်း ဖြစ်ပါတယ်။ ဂန်ဂါနဲ့  ဂျမူနာတို့ဟာ ငယ်စဉ်ဘ၀ ဆေးကုသမှုခံယူဖို့ စီစဉ်ခဲ့ပေမယ့် ဆေးဖိုး မတတ်နိုင်ခဲ့လို့ ဆပ်ကပ်ရုံမှာ ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူတို့ဟာ တစ်ညကို ပေါင် (၂၅)အထိ ရရှိ ခဲ့ပြီး ဆပ်ကပ်ရုံမှာ အချိန်ပိုင်းလုပ်သား အဖြစ် လာရောက်လုပ်ကိုင်ခဲ့တဲ့ အသက် (၃၆)နှစ် အရွယ် အာမတ်နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားခြင်းဖြစ်ပါတယ်။ အာမတ်ဟာ သနားကြင်နာတတ်သူဖြစ်ပြီး ကိုယ်ချင်းဆက်အဩာကို အမြဲတမ်းဖေမကူညီ ခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ရွာလေးတစ်ရွာမှာ အတူ နေထိုင်တာ ခုနစ်လရှိ သွားခဲ့ပြီဖြစ်ပါတယ်။ အာမက်ဟာ လုပ်အားပေးကျောင်းဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်ရင်း ကိုယ်ချင်းဆက်အမြွှာကို  ချစ်ခင် ကြင်နာမှုတွေနဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သိရပါတယ်။

Messenger

အေးစက်နေသော အက်ဆေးတစ်ပုဒ်



(၁)

ဘောင်ဘင်ခတ်နေသော မပြည့်သည့် အိုးနှစ်လုံးကြားတွင် သမီးစာကျက်၍ မရပါ။ ကျောင်းမှန်မှန် တက်၍ သမီးစာမခက်သော်လည်း အဖေအလုပ်မှန်မှန်မလုပ်၍ ဆန်ခက်နေပါသည်။

‘ဘာလို့ကျူရှင်မတက်တာလဲ’ ဟု သူငယ်ချင်းကမေးသည်။ သမီးကဘာမှပြန်မဖြေပါ။

‘နင့်အိမ်က ကျူရှင်ခ တစ်လငါးထောင်တောင် မပေးနိုင်ဘူးလား’ တဲ့။

သမီးသူငယ်ချင်း စမ်းသီတာက မရမကထပ်မေးနေ၍ ဒေါသဖြစ်ဖြစ်နှင့် သမီးပြန်ဖြေလိုက်ရသည်။

‘နင့်အိမ်မှာက နင့်အမေရာ၊ နင့်အစ်မရာ၊ အစ်ကိုနှစ်ယောက်စလုံးရော အလုပ်လုပ်ကြတယ်။ ငါ့မှာက အဖေတစ်ယောက်တည်း လုပ်နေရတာဟဲ့’

‘နင့်အိမ်မှာက နင့်အမေရော၊ နင့်အစ်မရော၊ အစ်ကိုနှစ်ယောက်စလုံးရော အလုပ်လုပ်ကြတယ်။ ငါ့မှာကအဖေတစ်ယောက်တည်း လုပ်နေရတာဟဲ့’

သမီးစကားကြားတော့ သူဘာမှပြန်မပြောတော့ပါ။ နောက်နေ့တွင် သမီးနှင့်စကားမပြောတော့။ သူဘာကြောင့် သမီးကိုစကားမပြောတော့သည်ကို သမီးမသိပါ။ အဖြေမရှာတတ်ပါ။ သမီးမှာတွက်ရ မည့်သင်္ချာတွေ ရှိသေးသည်။ သင်လေချာလေဖြစ်နေသော သင်္ချာကို သမီးနားမလည်ပါ။ သို့သော် မခံချင်စိတ်ဖြင့် ကြိုးစားပါဦးမည်။

အမေကသမီးနှင့် စမ်းသီတာကို ပြိုင်ခိုင်းသည်။ အဖေကမပြိုင်ခိုင်းပါ။

‘ပြိုင်တယ်ဆိုကတည်းက မခံချင်စိတ်ကပါလာပြီ။ သမီးတို့ငယ်သေးတော့ မခံချင်စိတ်ရဲ့နောက်ကွယ် မှာရှိနေတဲ့ မနာလိုဝန်တို မစ္ဆရိယစိတ်တွေ ဒေါသတွေ၊ မာနတွေ ကပ်ပါလာပြီး လူကိုဒုက္ခပေးတော့ တာပဲ။ သမီးပညာရေးကို ထိခိုက်နိုင်တယ်။ ကိုယ့်ဉာဏ်စွမ်းရှိသလောက်သာ မခံချင်စိတ်နှင့် လူမသိ အောင်တိတ်တိတ်လေးကြိုးစား၊ ကိုယ်ကသူ့အပေါ် လိုက်ပြိုင်နေမှန်းသိသွားရင် ရန်သူလိုဖြစ်သွားလိမ့် မယ်’

မေ့မေ့စကားကမူ ဆန့်ကျင်ဘက်ဖြစ်သည်။

‘စာပြိုင်တာကောင်းတဲ့အလုပ်ပဲ သမီး။ သူကအဆင့်သုံးရရင် သမီးက အဆင့်တစ်ရအောင်လုပ်။ သူ့ အကျောတော့မခံနဲ့ သူဘယ်လောက်ပြိုင်နိုင်မလဲပြိုင်စမ်း’

သမီးအသက်ငယ်ပါသေးသည်။ သူတို့လူကြီးတွေ ပြောစကားကိုသိပ်နားမလည်သေးပါ။ အဖေပြော တာမှန်သလား။ အမေပြောတာ မှန်သလားသမီးမသိပါ။

(၂)

‘ကလေးတွေ လိမ္မာရေးခြားရှိသလောက် လူမှုရေးနားလည်သလောက် အဖေ၊ အမေက မသိတတ်ဘူး။ နားမလည်ဘူး နင်တို့တော့ဒုက္ခပဲ’

သမီးကြီးကြီးက ပြောပါသည်။

‘အဖေက ရှုးတူးတူး၊ အမေကကြောင်တောင်တောင် ငါ့တူမလေးကတော့ ဆင်းရဲခြင်းအမှောင်ထဲမှ သနားစရာပဲ’

တစ်ခါတစ်ရံ ရောက်လာတတ်သော နေပြည်တော်မှ လေးလေးတင့်က ပြောပြန်သည်။ အဖေနှင့်အမေ ကို ထိုသို့ပြောသည့်အတွက် သမီးစိတ်ထိခိုက်ရပါသည်။ မိဘဘက်က မခံချင်စိတ်ဖြင့် ပြန်ပြောချင် သော်သမီးပြန်မပြောရဲပါ။ ကြီးကြီးနှင့် လေးလေးတင့်တို့သည် သမီးနှင့်မောင်လေးတို့၏ ကျေးဇူးရှင်ဖြစ် သည်။ သမီးတို့အား ပေးကမ်းထောက်ပံ့သော ကျေးဇူးများစွာရှိကြသည်။

‘နင့်အဖေက အရက်မသောက်တော့ဘူး။ အလောင်းကစား ဝါသနာမပါဘူး။ မိန်းမအပျော်အပါးလိုက် စားတာမရှိဘူး။ ခက်တာက ငွေမရှာတတ်တာပဲ’ သမီး၏ ဘဘတစ်ဦးဖြစ်သော ဦးပါကြီးကသမီးကို မုန့်ဖိုးပေးရင်း ပြောပါသည်။

‘ဒီကောင်က မရှိလေ ခေါင်းမာလေဆိုတဲ့ ကောင်စားပဲ။ ငတ်လေမာနကြီးလေ။ ဒါတွေဟာ ဘဝမှာ အတားအဆီးတွေပဲဟ။ မာနတွေ၊ ယုံကြည်ချက်တွေဆိုတာက ပြုတ်စား၊ ကြော်စားလို့ရတာ မဟုတ် ဘူး။ အလကားဆန်မရှိ၊ အစားကြီး’

တော်ရုံတန်ရုံပြောခဲဆိုခဲသော လေးလေးမျိုးက ဖေကြီးကိုမှတ်ချက်ချသည်။ သူတို့ပြောသလို ဟုတ် လေသည်လားသမီးဉာဏ်မမီပါ။

‘ဘယ်သူတွေ ဘာပြောပြော အဖေကတော့ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်မှာပဲ။ သူများနဲ့မတူတာ ကို ဂုဏ်ယူနေတာ မဟုတ်ဘူး။ လူဆိုတာတစ်ယောက်နဲ့တစ်ယောက် မွေးဖွားကြီးပြင်းလာကြတာ မတူသလို ဘဝမှာဖြတ်သန်းခဲ့ကြရတာလည်း မတူကြဘူး။ သူတို့နဲ့နေလို့သူတို့နဲ့တူရမယ်ဆိုရင် ဘယ် ဟုတ်တော့မလဲ။ အရေးကြီးတာက ကိုယ့်လုပ်ရပ်ဟာ ဘယ်သူ့ကိုမှမထိပါးမိဖို့ မထိခိုက်စေဖို့ပဲ။

အဖေပြောသောစကားကို သမီးနားလည်သယောင်ရှိပါသည်။ အဖေ့သွေးပါ၍လားမသိ။ အဖေ့လိုစိတ် ဓာတ်မျိုးသမီးတွင် ရှိနေ၍အမေနှင့်ခဏခဏ စကားများရသည်။

‘ရုပ်ရော၊ အကျင့်ရော တစ်ထပ်တည်းပဲ။ လူတွေကိုရန်လိုနေတာ ကောင်းတယ်မှတ်နေလား။ စိတ်ကို ကောင်းအောင်ထား’ အမေကအဲ့ဒီလိုပြောတော့ သမီးငိုရသည်။ သမီးဘာတွေမှားနေသလဲဟု ပြန်စဉ်း စားကြည့်သည်။

အဖေမရှိသည့်အချိန်ကို ချောင်းပြီးမှအိမ်ကိုလာလည်ကာ။ အမေကျွေးတာစားပြီး တဟီးဟီးတဟား ဟာနှင့် ယောက်ျားတွေမကောင်းကြောင်း၊ မြိန်ရေရှက်ရေ ပြောတတ်ကြသည့် အမေ့သူငယ်ချင်း ဧည့်သည်တွေအပေါ် သမီးကြည့်မရတာ၊ မကျေနပ်တာ၊ ရန်လိုမိတာအပြစ်လား။

သူတို့သည် အမေ့အား လင်ယောက်ျားအပေါ်မည်သို့မည်ပုံ ဆက်ဆံ၍ကြိုးကိုင်ရမည်ဟု သင်ကြားပို့ချ ပေးကြသည်။ ဈေးဖိုးအားလိုတိုးပိုလျှော့လုပ်၍ ကုလားဖန်ထိုးနည်း၊ လင်ယောက်ျားတို့၏ ဟာကွက် အားနည်းချက်ကိုရှာ၍ ချုပ်ကိုင်နည်းစသဖြင့် မကောင်းသော အတတ်ပညာများ အခမဲ့လမ်းညွှန်ပြသ ပေးကြသည်။

သူတို့စကားများသည် စားကောင်းအောင်ဖားသော စကားလည်းပါသည်။

ဒါကိုမသိရှာသော အမေကပါးစပ်အဟောင်းသားဖြင့် အားကျသလိုလို၊ သဘောကျသလိုလို။ ဒါတွေ ကြားရတော့ သမီးနားခါးသည်။ သူတစ်ပါးအိမ်ထောင်ရေးတွင် ဝင်ရောက်စွက်ဖက်နေသော မိန်းမများ ကိုသမီးမုန်းသည်။ ဖြစ်နိုင်လျှင်အိမ်ကိုမလာစေချင်ပါ။ အတင်းအဖျင်းပြောခြင်းသည် မိန်းမကောင်းများ လုပ်သော အလုပ်မဟုတ်ဟုကြီးကြီးက ဆုံးမဖူးသည်။ အိမ်ထောင်ရှင်မကောင်းဟူသည် မိမိအိမ်တွင် ဝေယျာဝစ္စအလုပ်များဖြင့်သာ အချိန်ကုန်သင့်သည်ဟု ပြောဖူးသည်။

သမီးပြောသော စကားကိုအမေကလက်မခံပါ။ သမီးကိုဗိုက်ခေါက်လိမ်ဆွဲ၍ ဒေါသတကြီးပြောပါသည်။

‘ကလေးက ကလေးလိုနေစမ်း။ လူဆိုရင်မိတ်ဆွေအပေါင်းအသင်းရှိရတယ်။ ပြောသင့်ရင်ပြော၊ ရော သင့်ရင်ရောရတယ်ဟဲ့ မှတ်ထား။ နင့်အဖေသာတစ်ယောက်တည်း အခန်းအောင်းပြီး တလောကလုံးနဲ့ ရန်ဖြစ်ချင်နေတာ။ လူတောသူတောမတိုးတဲ့သားအဖ နင်ကများအမေကို ဟိုဟာမလုပ်နဲ့။ ဒီလူနဲ့မ ပေါင်းပါနဲ့ပြောရအောင် နင်ကအမေလား။ ငါကအမေလား’

အမေရိုက်၍ သမီးမနာပါ။ အမေပြော၍သာ သမီးနာလှပါသည်။ အသည်းခိုက်အောင် နာလှပါသည်။ အသည်းခိုက်အောင်နာလှပါသည်။

‘မိဘကိုပြန်ပြောတဲ့အတွက် ကံကြီးထိုက်မယ်’ တဲ့။

‘နင့်အဖေပြန်လာလို့မေးရင် ဘယ်မှမသွားဘူး။ အိမ်ကိုဘယ်သူမှမလာဘူးပြော။ နင့်အဖေက ယောက်ျားတန်မဲ့ ပစိပစပ်နဲ့ ဆူဆူပူပူလုပ်ဦးမယ်’

လိမ်ညာပြောတာမကောင်းဘူးဟု သင်ကြားပေးခဲ့သော အမေကသမီးကိုညာခိုင်းသည်။

‘မေကြီးဖေကြီးက မှာထားတယ်လေ အာမချောင်နဲ့တဲ့’

ပြောသင့်၊ မပြောသင့်နားမလည်ဘဲ လူထဲသူထဲ ပက်ခနဲပြောတတ်သည့် သမီးမောင်လေးက ထိုသို့ ပြောသောအခါ အမေသည်ကြောက်စရာကောင်းလောက်အောင် ဆွေ့ဆွေ့ခုန်ပါလေတော့သည်။ ငါ့ကိုလူကြားသူကြားထဲမှာ အရှက်ခွဲတယ်ဟုဆိုကာ မောင်လေးကိုရိုက်ပါလေတော့သည်။

‘ကိုယ်မှန်တယ်ထင်ရင် ပြောရဲရမယ်’ ဟူသော အဖေ၏စကားသည် သမီးအတွက်မှားနေပြီလားဟု သံသယဖြစ်မိပါသည်။

အဖေရိုက်သွင်းပေးသည့် အသိတရားကို အမေကမသိမသာ ဆွဲနုတ်သည်။ ကြာတော့သမီးမှာ မုသား စကားကို မပြောချင်ဘဲ ပြောရပါတော့သည်။ ကိုယ်မှန်သည်ကိုသိပါသော်လည်း ရဲရဲတင်းတင်း မပြော ရဲတော့ပါ။ အဆင်မပြေသော ဘဝအပေါ် သိမ်ငယ်ရှက်ရွံ့နေခဲ့သော သမီးသည်ကိုယ့်ကိုယ်ကိုယ် မယုံကြည်စိတ်ဖြင့် အရာရာကိုစိုးရွံ့စွာကြည့်ရင်း ရင်ထိတ်နေရပြီဖြစ်ပါသည်။

သမီးပဉ္စမတန်းတက်သောနှစ်က မြန်မာစာဆရာမက ‘သင်တို့မိသားစု’ အကြောင်း စာစီစာကုံးရေးခိုင်း ပါသည်။ စာစီစာကုံးရေးနည်းကို သမီးသိပ်နားမလည်၍ အဖေ့အားမေးရသည်။ အဖေကပုံဆွဲခြင်းအ ပြင် စာရေးခြင်းဖြင့်ပါအသက်မွေးနေသူဖြစ်၍ မေးရခြင်းဖြစ်သည်။

‘သမီး၏မိသားစုအကြောင်းကို ရေးပေါ့သမီးရဲ့။ အဖေရယ်၊ အမေရယ်၊ မောင်လေးရယ်’

‘အမှန်အတိုင်းရေးရမှာလားဟင်’

သမီး၏စကားကြောင့် အဖေတွေခနဲ ဖြစ်သွားသည်။ တော်တော်ကြာအောင် စဉ်းစားပြီးမှ

‘ဒါက ဒီလိုရှိတယ် သမီး။ လူတိုင်းလူတိုင်းမှာ မိသားစုဆိုတာရှိကြတာချည်းပဲ။ မိသားစုစာရင်းဝင် အဖေတို့၊ သမီးတို့မှာ အနည်းနဲ့အများဆိုသလို ဆင်းရဲကျပ်တည်းမှုနဲ့အတူ ပြဿနာတွေဖြစ်တတ်ကြ တယ်။ ဥပမာ အဖေနဲ့အမေကိုပဲကြည့်လေ။ မျက်နှာချင်းဆိုင်တာနဲ့ စကားများနေကြရတယ်။ ရန်ဖြစ် တယ်ဆိုတာ မကောင်းမှန်းသိပေမယ့် ရှောင်လို့မှမရဘဲ သမီးရယ်။ ဒါတွေနဲ့လုံးချာလိုက်နေတဲ့ အဖေ တို့၊ သမီးတို့အကြောင်း အမှန်အတိုင်းရေးလိုက်လို့ ဘယ်ဖြစ်ပါ့မလဲကွယ်။ မုသားမပါလင်္ကာမချောတဲ့။ တစ်ခုရှိတာက ဒါမျိုးတွေကိုရှောင်လွှဲပြီး ‘သမီးတို့မိသားစုသည် ဥမကွဲသိုက်မပျက်ဖြင့် မိသားစုဘဝ ရှေ့ရေးတိုးတက်စေရန် အားလုံးကကြိုးစားနေကြပါသည်’ ဘာညာနဲ့ရေးပြနိုင်ရမယ်။ အမေကအဖေ့ ကိုအထင်မသေးဖို့ရယ်၊ အဖေကလည်းအမေ့ကို နားလည်ဖို့ရယ်၊ မောင်လေးက မမအပေါ်ရိုသေချစ် ခင်ဖို့ရယ်၊ မမကလည်း မောင်လေးအပေါ်ငဲ့ညှာဖို့ရယ် ဒါတွေအားလုံးပါအောင် စ၊ လယ်၊ ဆုံး ရေးပြနိုင် မယ်ဆိုရင် စာစီစာကုံးကောင်းတစ်ပုဒ်ဖြစ်ပြီပေါ့ကွယ်’

အဖေရှင်းပြနေသော စကားအပေါ် သမီးအနေဖြင့် နားမလည်နိုင်စရာမရှိပါ။ သို့သော်စာစီစာကုံး၏ ပဏာမနိဒါန်းကို ဘယ်လိုစ၍ရေးရမည် ဆိုခြင်းသည်သာ အခက်ခဲဆုံးဖြစ်နေသည်။ သူငယ်တန်း ကျောင်းသူဘဝက ဝလုံးကိုဝိုင်းစက်အောင်ကြိုးစား၍ ရေးခဲ့ခြင်းကို အမှတ်ရလိုက်မိသည်။

‘ဘယ်လိုလဲသမီး။ ရေးဖို့ခက်နေပြီလား။ အစကတော့ ဒီလိုပေါ့သမီးရယ်။ စကားကိုပြေပြစ်အောင် ပြောတတ်သေးရင်စာကိုလည်း ပြေပြစ်အောင် ရေးတတ်ရမှာပေါ့။ တကယ်တော့ စကားပြောဆိုတာ ဟာအဖေတို့နေ့စဉ် ပြောနေတဲ့စကားတွေပဲလို့ဆရာကြီးတစ်ယောက်က ပြောခဲ့ဖူးတယ်။ ကိုယ်ပြော ချင်တဲ့အကြောင်းကို စကားလုံးတွေချိတ်ဆက်ပြီး အကျိုးနဲ့၊ အကြောင်းနဲ့လူတွေနားလည်အောင် ရေးပြနိုင်ဖို့က လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ကြိုးစားရင် ဘာမှမခက်ပါဘူး။ စာများများဖတ်ရမယ်။ ဒါမှ ဗဟုသုတကြွယ်ဝပြီး စာစီစာကုံးထဲမှာ သူ့နေရာနဲ့သူ အံ့ဝင်ခွင်ကျ ထည့်သုံးနိုင်မှာ။ ပြီးတော့စာရေးတဲ့ အကျင့်ကိုလုပ်ရမယ်။ ဒိုင်ယာရီသဘောမျိုး စိတ်ထဲရှိရာတစ်နေ့တာ ကြုံတွေ့ခဲ့ရတာတွေ၊ ခံစားရတာ တွေကို စာအုပ်တစ်အုပ်နဲ့ သတ်သတ်မှတ်မှတ်ရေးတဲ့အကျင့်ကို နေ့တိုင်းမပျက်မကွက် လုပ်ပေးရ မယ်။ ဆုရတဲ့လူတွေရဲ့ စာစီစာကုံးစာအုပ်တွေ အဖေဝယ်ပေးမယ်။ သူတို့ဘယ်လိုရေးတယ်ဆိုတာ အတုယူရမယ်။ ဒါမှသမီးဟာဘယ်လိုစာစီစာကုံးမျိုးကိုမဆို ဘယ်လိုအကြောင်းအရာ ခေါင်းစဉ်တပ် ထား၊ တပ်ထား ရေးပြနိုင်ပြီပေါ့။ သူများတွေအတွက် ခက်တဲ့အကြောင်းအရာဟာ သမီးအတွက်လွယ် သွားပြီ’

‘ဟဲ့ကောင်မလေး စာမကျက်ဘဲ ဘာလုပ်နေတာလဲ’

‘ဟိုဟို ကျက်မလို့ပါ မေမေ။ စာစီစာကုံးမရေးတတ်လို့ အဖေ့ကိုမေးနေတာပါ’

‘ဒါနဲ့အငယ်ကောင်ရော ဘာလုပ်နေလဲ’

‘သားပုံဆွဲနေတယ် မေကြီး’

‘ကြည့်စမ်း တစ်ယောက်ကစာရေးနည်းမေးတယ်။ တစ်ယောက်က စာမကျက်ဘဲ ပုံဆွဲနေတယ်။ စာမေးပွဲကဖင်နားကပ်နေပြီ။ အတတ်ကောင်းတွေ လုပ်နေကြတယ်ပေါ့လေ။ စာရေးတယ်၊ ပုံဆွဲတယ် ဆိုတာ ထမင်းငတ်မယ့် အလုပ်တွေဟဲ့။ ဟဲ့ကောင်မလေး နင့်စာစီစာကုံးနောက်မှရေး၊ စာကိုအရင် ကျက်။ အငယ်ကောင်ဖတ်စာအုပ်ယူပြီး စာကျက်စမ်း’။

ပုံဆွဲစားပွဲသို့ရောက်နေသော အဖေ့အားမေးငေါ့ရင်း အမေကသမီးတို့ကို ဆူနေခြင်းဖြစ်သည်။ ဒေါသ မာန်မာနကြီးလွန်းသော အဖေသည် အရက်ဖြတ်ပြီးကတည်းက အရင်လိုမဟုတ်တော့။ ဘယ်သူက သူ့ကိုဘာပဲလာပြောပြော မသိချင်ယောင်ဆောင်နေတတ်သည်။ သမီးသိသည်ကား အမေသည်သမီး တို့အား ပြောသလိုလိုဖြင့်အဖေအား ရန်စတိုက်ခိုက်နေခြင်းပဲ ဖြစ်သည်။

အဖေ၊ အမေ၏ အရိပ်အကဲကိုသိသော သမီးမောင်လေးက မြန်မာစာ ဖတ်စာအုပ်ကိုယူ၍ ကောက် လှန်ကာတွေ့သည့်စာမျက်နှာကို ကြုံး၍အော်ဆိုနေသည်။

‘စားဝတ်နေရေး ငွေရှာပေး ကျေးဇူးကြီးပေ တို့ဖေဖေ’

‘ဂလောင်’

နောက်ဖေးမီးဖိုချောင်မှ ဒန်အိုးလွတ်ကျသောအသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ အမေ့ လက်ထဲမှ ထမင်းချက်ဒန်အိုးသည် အကြောင်းမဲ့ လွတ်မကျတန်ရာ။

(၃)

ပုံဆွဲစားပွဲ၌ စဉ်းစားနေဟန်တူသော အဖေဖျတ်ခနဲထရပ်လိုက်သည်ကို သမီးမြင်လိုက်ရသည်။

မကြာမီမပြည့်သော အိုးနှစ်လုံးဘောင်ဘင်ခတ်ကြတော့မည်။

ထိုနေ့က မောင်လေးလည်း စာမကျက်ဖြစ်တော့သလို သမီးလွန်စွာရေးချင်နေသော ရေးဖို့ကြိုးစားနေ သော သင်၏မိသားစုအကြောင်း စာစီစာကုံးကို မရေးဖြစ်ခဲ့ပါ။၏

တစ်နေ့နေ့တော့ လှပသည့်ပျော်ရွှင်စရာကောင်းလှသည့် သမီးတို့မိသားစုအကြောင်း စာစီစာကုံးတစ် ပုဒ်ကို ရေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

စံတော်ချိန်သတင်းစာ

ဇွန် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်

အဖေ



အဖေသည် သားသမီးတို့၏ ဥယျာဉ်မှူးဖြစ်သည်။

အဖေသည် သားသမီးတို့၏ စားဝတ်နေရေး၊ ပညာရေးအတွက် အမြဲတစေလှုပ်ရှားရုန်းကန်ရှာဖွေပေး နေရသူဖြစ်သည်။

အဖေသည် သားသမီးတို့၏မှီခိုရာ၊ ခိုကိုးရာ၊ အားထားရာ အရိပ်ကြီးတစ်ခုဖြစ်သည်။

အဖေသည် သားသမီးတို့ကို လမ်းမှန်ညွှန်ပြပေးနိုင်သော အလင်းရောင်ကို ပေးစွမ်းနိုင်သော နေမင်း ကြီးနှင့်တူသည်။

အဖေသည် သားသမီးတို့၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ပြီး လုံခြုံမှုကိုအမြဲတစေပေးနေသူ ဖြစ် သည်။

အဖေသည်သားသမီးတို့၏ ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင်နှင့်တူသည်။

အဖေ၏ မေတ္တာ၊ စေတနာများသည် သားသမီးတို့အတွက် မရှိမဖြစ်အလိုအပ်ဆုံးအရာဖြစ်သည်။ အဖေသေလျှင် အဖေအစားမရနိုင်ဘဲ မိသားစုငြိမ်းချမ်းရေး ပျောက်ကွယ်သွားနိုင်သည်။

အဖေအသက်ရှိစဉ် အဖေ့ကျေးဇူးကို ဆပ်နိုင်ကြပါစေ။

ကျွန်တော်တို့ ဌာနအကြီးအကဲ၏ ရုံးခန်းမျက်နှာစာတွင် ထိုက်ထိုက်တန်တန်နေရာယူထားသော အဖေ့မေတ္တာဘွဲ့စာတန်း၊ အဖေ့ကျေးဇူးတရားကို တသသနှင့်ရှိနေသောပြယုဂ်။

ကိုယ်တိုင်ကိုယ်ကျ အဖေတစ်ယောက်ဖြစ်လာသောအခါ အဖေ့စကားမေတ္တာအနှိုင်းမဲ့ကို ပုံခိုင်းတိုင်း တာမရစကောင်းမှန်း သိလာခဲ့ရပါသည်။

အရေးပေါ်ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ရပ်ကြောင့် ခရီးတစ်ခုသွားဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ၁၀ တန်း ဖြေဆိုထားသော သားငယ်အောင်စာရင်းထွက်သည့်နေ့ဖြစ်နေလည်း ရှောင်လွှဲမရ။ ဇွန် ၆ ရက် ညနေ ၅ နာရီထွက်မည့် မန္တလေးအဆန် အမြန်ရထားပေါ်ရောက်နေခဲ့သည်။ တောင်ငူရောက်ချိန် ည ၁၂ နာရီ သားငယ်ထံမှ ဖုန်းခေါ်သံကိုစောင့်ရင်း ရင်တထိတ်ထိတ်နှင့် ရှိနေသည်။ အနီးဝန်းကျင်မှ ခရီး သွားများ တိတ်ဆိတ်ငြိမ်သက်မှေးစက်နေကြချိန် ကျွန်တော့်မှာ မျှော်လင့်ချက်ကြောင့်တစ်စက်မှ မှေး၍ မရ။ မကြာလိုက်ပါ။ သားငယ်ဆီမှ ဖုန်းဝင်လာသည်။ သိလိုက်ပြီ။ သားငယ်စာမေးပွဲအောင်ပြီ။ သားဂုဏ်ထူးလေးဘာသာပါတယ်အဖေ။ တိုရင်းလိုရှင်းနှင့် ဝမ်းသာအားရဖြင့်ပြောလာသော သားငယ် စကား။ နားစည်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ တစ်မဟုတ်ချင်း ပျံ့နှံ့လျှပ်စီးသလို သိမ့်သိမ့်တုန်သွား သည်။ ဝမ်းသာခြင်းပီတိအဟုန်ကြောင့် တစ်ကိုယ်လုံးနွေးထွေးသွားသည်။ အိပ်၍မရနိုင်တော့ပါပြီ။ ကျွန်တော်မျက်နှာမှာ အပျော်ရိပ်လွှမ်းခြုံထားမှန်း ကိုယ်တိုင်မသိနိုင်လည်း ရထားတွဲစောင့်ကရိပ်မိ သည်။ ဆရာဘာပြုံးနေတာလဲတဲ့။ လတ်တလော မင်္ဂလာသတင်းစကား တွဲစောင့်အား အားပါးတရ ပြောရင်း ရင်ရှင်းလိုက်ရသည်။ ကြားရသူများအတွက် သုတိမင်္ဂလာသတင်းစကား။

ကျွန်တော့်ဘဝ ၁၀ တန်းအောင်ခဲ့စဉ် ငယ်စဉ်ကာလကိုပြေး၍ သတိရလိုက်မိပါသည်။ ထိုအချိန် အဖေ မရှိတော့ပြီ။ ထိုစဉ်က အောင်စာရင်းကို ရေဒီယိုက ကြေညာသည်။ သူငယ်ချင်းတစ်စု ရေဒီယိုနားဝိုင်း အုံနားစွင့်အပ်ကျသံကြားရလောက်သည်။ အောင်ပြီဟု သိလိုက်ချိန်သတိလက်လွတ်နှင့် တစ်မိုင်သာ သာဝေးသောအိမ်သို့ မည်သို့မည်ပုံရောက်သွားမှန်းမသိလိုက်။ အမေသားအောင်ပြီ။ ပြတင်းပေါက်မှ လှမ်းမျှော်နေလျက် မျှော်လင့်တကြီးရှိနေသော အမေအားခုနှစ်အိမ်ကြား အော်ဟစ်၍ စိတ်လွတ်လက် လွတ်လှမ်းပြောဖြစ်နေသည်။

အမေ့ကို သတိထားလိုက်မိချိန် မျက်ရည်တွေတွေကျကာ ရှိုက်သံနှင့် သားအဖကို သတိရလိုက်တာဟု ဝမ်းနည်းဝမ်းသာစကားဆိုလာသည်။ အဖေဆိုသောစကားကြောင့် ကျွန်တော်တွေသွားသည်။ အမေ နှင့်အပြိုင်မျက်ရည်ကျ ငိုခဲ့ရသည်။

အဖေဆုံးစဉ်တုန်းက မျက်ရည်မကျရုံမက ကျိတ်ပြီးပျော်နေခဲ့မိသော ကျွန်တော် ယခု ၁၀ တန်းအောင် မှအဖေ့ကိုသတိရပြီး မျက်ရည်ကျခဲ့ရသည်။ ဝမ်းနည်းပူဆွေးရသည့်အချိန်တွင် ပျော်နေခဲ့ပြီး ပျော်ရ မယ့်အချိန်မှာ အဖေ့ကိုသတိရတမ်းတငိုကြွေးပြီး ယူကျုံးမရဖြစ်နေခဲ့သော ကျွန်တော်လူမိုက်။

ခေတ်ပညာမတတ်ခဲ့သော ဘုန်းကြီးကျောင်းထွက် ကျွန်တော့်အဖေ။ တိုင်းရင်းသားဆေးဆရာဘဝနှင့် နေပူမိုးရွာမရှောင် ပင်ပန်းခဲ့ရသည်မှာ ခေတ်ပညာမတတ်ခဲ့၍ဟု တစ်ထစ်ချစွဲမြဲနေခဲ့သော ကျွန်တော့် အဖေ။ သားသမီးများကို မိမိလိုပင်ပင်ပန်းပန်းမရှိစေလို။ အရိပ်အောက်မှာ “ကလောင်” ကိုင်ရင်း အေးဆေးသက်သာ သိက္ခာရှိရှိနေနိုင်မည့် ခေတ်ပညာတတ်များဖြစ်စေရမည်ဆိုသော သန္နိဋ္ဌာန်ဖြင့် မြေတောင်မြှောက်ပေးခဲ့သော ကျွန်တော့်အဖေ။ ကျွန်တော် ၁၀ တန်းအောင်ချိန် အဖေမရှိ မသိနိုင် တော့ပါပြီ။

အဖေပုံသွန်းထုဆစ်ပေးမှုကို ခံယူခဲ့ရသော ကျွန်တော့်ဘဝ ငယ်ကာလသည် ကျွန်တော့်သားသမီးများ အပေါ်မည်သို့ကျင့်သုံးရမည်ဆိုသည့် သင်ခန်းစာကောင်းကိုရရှိစေခဲ့ပါသည်။ “အိုးဖုတ်သမားထုံး” နှလုံးမူကျင့်သုံးတတ်သော ဘုန်းကြီးကျောင်းထွက်ကျွန်တော့်အဖေ၊ ကျွန်တော်တို့ငယ်ဘဝကို ‘ကြိမ်’ ကိုင်လမ်းညွှန် လမ်းမှန်စေခဲ့သည်။ တစ်ခါတစ်ရံ အဖေ့ကြိမ်ဒဏ်မခံနိုင်တော့ လူငယ်ပီပီအမြင်မကြည် ပြစ်မှားခဲ့မိပါသည်။ အဖေဆုံးတော့ ကျွန်တော်လူပျိုဖော်ဝင်စအရွယ် ရှစ်တန်းကျောင်းသား။ နေရာ မရွေးအချိန်မရွေးသော အဖေ့အကြိမ်မှ လွတ်ပြီကျွတ်ပြီပျော်နေခဲ့ရသည်။

အဇာတသတ်မင်းသား သားလေးမွေးဖွားမှ ဖခင်စိတ်ကိုစာနာတတ်လာသလို ကျွန်တော့်ဘဝမှာလည်း ဤအတိုင်းပင်၊ အသိဝင်ချိန်နှောင်းခဲ့ပြီ။ အဖေ့မေတ္တာနှင့်အတူ အဖေ့ဆီမှသင်ခန်းစာကောင်းတစ်ခုကို ရရှိစေခဲ့ပါသည်။ အဖေနှင့် ကျွန်တော့်ဘဝငယ်ကာလကို ကျွန်တော့်သားသမီးတွေ မဖြစ်စေဖို့ အဖေ့သွန်သင်ဆုံးမမှုက နည်းပေးလမ်းညွှန်မှုပေးခဲ့သည်။ အဖေ့ကြိမ်ဒဏ် တစ်ခါတစ်ရံမခံနိုင်၍ အဖေ့အပေါ် ‘ဝစီကံ၊ မနောကံ’ ပြစ်မှားမိစေခဲ့သော ကျွန်တော့်လိုသားဆိုးကျိုး ကျွန်တော့်သားသမီး တွေကို အဖြစ်မခံနိုင်။ ဤသို့ဖြင့် အဖေ့လက်သုံးအိုးဖုတ်သမားထုံးကို မကျင့်သုံးဘဲ “စမ်းရေစီးအားနှင့် ခဲလုံးလေးများကို ချောမွတ်စေသည့် အနုနည်းကို” သုံးကာ ဆုံးမလမ်းညွှန်လမ်းကြောင်းမှန်ပေါ်တင် ပေးနိုင်ခဲ့သည်။ ဤသည်လည်း အနှိုင်းမဲ့အဖေ့မေတ္တာရိပ်အောက် ပေါက်ပွားလာခဲ့သော နည်းနာတစ်ခု ပင်ဖြစ်ပါသည်။

အဖေ့ကြောင့် ကျွန်တော်လမ်းကြောင်းမှန်ခဲ့သည်။ အဖေ့ကြောင့် အဖေ့မြေးတွေလည်း လမ်းကြောင်း မှန်ပေါ်လျှောက်လှမ်းနေကြပြီ။ အဖေသေဆုံးသွားပြီဆိုငြားလည်း အဖေ့မေတ္တာ၊ အဖေ့အရိပ်အာဝါသ အေးမြမြသည် နှလုံးသားမှာ အစဉ်ကိန်းအောင်းလျက် ထာဝရတည်နေရှင်သန်နေဦးမည်ဖြစ်ပါသည်။

“အဖေများနေ့သို့”

ကြေးမုံသတင်းစာ

ဇွန် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်


ဖြူစင် မွန်မြတ်သော ဆရာဝန်


ယခုတင်ပြမယ့်အင်္ဂလန်နိုင်ငံမှအိုလီဗာဂိုးစမစ်ဟူသည့်ဆေးဆရာဟာငယ်စဉ်တည်းက ဆေးပညာကို
သင်ယူခဲ့သူတစ်ယောက်ပါ။
ဒါပေမယ့်သူဟာ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပြဇာတ်ဆရာအဖြစ်ပါ
ကျော်ကြားလူသိများတဲ့ စွယ်စုံပညာရှင်တစ်ယောက်ပါ။

သူဟာ အနုပညာရှင်ပီသစွာ သနားကြင်နာမှု ၊ ပေးကမ်းရက်ရောမှု
တွေရှိတဲ့ လူတစ်ယောက်ပါ။ဒါကြောင့် သူ့တွင် ပိုလျှံမှုတွေမရှိ
သလောက်ကျပ်တည်းနေတက်ခဲ့ပါတယ်။

တစ်နေ့ သူ့ထံသို့အမျိုးသမီးတစ်ဦး ရောက်လာပြီး သူမ၏ အမျိုးသား
နေမကောင်းနေပါသဖြင့်လိုက်ကြည့်ပေးရန် ပြောပါသည်။ဂိုးစမစ်လည်း
လိုက်သွားခဲ့ပြီး ကြည့်ပေးလိုက်ပါတယ်။ထိုအိမ်မှာ အတော်စုတ်ချာနေပြီး
တော်တော်ဆင်းရဲနေတယ်ဆိုတာ သူခန့်မှန်းမိပါတယ်။ဂိုးစမစ် လည်း
လူနာအားသေသေချာချာစမ်းသပ် ပေးပြီးမေးမြန်းကာ ရောဂါ၏
အကြောင်းအရင်းကို သိလိုက်ပါတယ်။

ဒါကြောင့်အမျိုးသမီးအား ညနေပိုင်းတွင် သူ့အိမ်သို့ ဓာတ်စာလာယူရန်
မှာကြားပြီး ပြန်ခဲ့ပါတယ်။အိမ်ရောက်မှ လိုအပ်သော ဓာတ်စာကို
သေသေချာချာထုတ်ပိုးပြီး ပြင်ဆင်ထားလိုက်ပါတယ်။

ညနေ အမျိုးသမီးရောက်လာပြီး ဓာတ်စာထုတ်ကိုယူကာ ဆေးဖိုးပေးစရာ
မရှိကြောင်း တောင်းပန်ခဲ့ပါတယ်။ထိုအခါ ဆရာ ဂိုးစမစ် က “ကဲ ၊ မိန်းကလေး
ဆေးညွှန်းအထဲမှာပါပြီးသားပါ။ အိမ်ရောက်မှ ကြည့်။ဆေးဖိုးလည်း ပေးစရာမလိုပါဘူး။
ဒီဓာတ်စာမျိုးလည်း ငါ့မှာတော်တော်နဲ့ ရှိမှာမဟုတ်ဘူးကွ။ချက်ချင်းတော့
ငါ့ဆီ ပြန်လာမနေနဲ့အုံး ” ဟုပြောလိုက်ပါတယ်။

ထိုအမျိုးသမီး အိမ်ပြန်ရောက်ကာ ဓာတ်စာထုတ်ကို ဖွင့်လိုက်ချိန်တွင်
ရွှေဒင်္ဂါးပြား ၅၀ ထွတ်လာပါသည်။နောက်ထပ်စာရွက်တစ်ရွက်မှာတော့
“ခံတွင်းတွေ့မယ့် အစာ ၀ယ်စားပေးပါ။ ရောဂါ ကျိမ်းသေပျောက်မှာပါ” ဟု
ရေးထားပါသည်။

အမှန်တော့ ဆင်းရဲလွန်း၍ အဟာရဖြစ်မယ့်အစားအစာ မစား နိုင်သဖြင့်
အဟာရပြတ်ကာ နေမကောင်းနေတာကို ဂိုးစမစ် စစ်ဆေးခန့်မှန်းမိပြီး
ဆင်းရဲတာကိုလည်းသိနေသဖြင့် လူနာအတွက်အကောင်းဆုံး ဓာတ်စာကို
ပေးလိုက်ခြင်းဖြစ်ပါသည်။ ဆေးဖိုးမရနိုင်တာကိုလည်း သူသိပြီးသားဖြစ်ပါသည်။
ရလျှင်လည်း ဒီလောက်ရွှေဒင်္ဂါး အပြား၅၀ တော့မရနိုင်ပါ။လူတစ်ဖတ်သား၏
ဘ၀ကို စာနာနားလည် ဖြည့်ဆီးပေးတဲ့ သူရဲ့စိတ်ထားလေးက အမှန်မြတ်နိုးချင်စရာပါနော်။

သူ့လိုပဲ နောက်ထပ် စိတ်နှလုံးကောင်းတဲ့ ဆရာဝန်တစ်ယောက်ကို တင်ပြပေး
ချင်ပါသေးတယ်။
သူကတော့ ပြင်သစ်ပြည် ၊ ပဲရစ်မြို့မှ ဒေါတ်တာ လူးဝစ်မိုရင်း(Dr.Louis Morin)
(1636 – 1715) ပဲဖြစ်ပါတယ်။သူဟာ ဆင်းရဲသားများအတွက် ဖွင့်ထားတဲ့
ဆေးရုံရဲ့ အကြီးအကဲ တစ်ယောက်ပါ။သူဟာ ချမ်းသာသူတစ်ယောက် မဟုတ်ပဲ
ငွေကြေးကျပ်တည်းနေတက်သူတစ်ယောက်ပါ။ ဒါပေမယ့် ဆေးရုံက သူ့ကို
လစာ ပေးပါတယ်။

အဲဒီ သူရတဲ့လစာငွေတွေ အားလုံးကို ဆေးရုံက ဆင်းရဲ
သားတွေအတွက် ထားတဲ့ အလှူခံသေတ္တာပုံးထဲ ကို အမြဲထည့်တက်ပါတယ်။
ဒီလို လစာငွေတွေ အကုန်လုံးကို ပြန်ပြီး လှူခဲ့တာဟာ (၃၆) နှစ်တိုင်တိုင်
ဖြစ်ပါတယ်။ ကိုကိုယ်တိုင်က ဆင်းရဲပေမယ့် ပရဟိတ အပေါ်ထားတဲ့ သူ့ရဲ့
စိတ်စေတနာနှင့် အကြီးအကဲကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ကို လေးစားမိပါတယ်။
သူငယ်ချင်းတို့ရေ ဒီတစ်ခေါက် အပိုင်းလေးကတော့ လောကကို တစ်နိုင်တပိုင်
အလှဆင်ခဲ့ကြတဲ့ နှလုံးလှ ဆရာဝန်တွေအကြောင်းတင်ပေးလိုက်ပါတယ်။
နောက်ထပ်အပိုင်းများကြမှ လူ့လောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြား
အဖြစ်အပျက်များကို ဆက်လက်တင်ပေးပါမယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Credit:  နေခရမ်း

လမ်းမတော်မှာ အသက် ၈ဝအရွယ် အဖိုးအိုတစ်ဦးကို ကားနဲ့လာပြီး စွန့်ပစ်ခဲ့



သက်ကြီးရွယ်အို ဘိုးဘွားတွေကို တန်ဖိုးထား လေးစားတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ သေသည့်တိုင် ပြုစုစောင့်ရှောက်ကြတာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၈ဝအရွယ် အဖိုးအိုတစ်ယောက်ကို လမ်းမတော် စံပြရုံဘေးမှာ ဇူလိုင် ၃ရက်နေ့ညက စွန့်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။

လမ်းမတော် ၁၂လမ်းထိပ်နဲ့ အနော်ရထာထောင့်မှာ အိမ်ကားတစ်စီး ခဏရပ်ပြီး လူအသွားအလာရှင်းချိန် ၁၁နာရီလောက်မှာတော့ အဖိုးအိုကို စောင်နဲ့ နွားနိုတစ်ထုပ်ချပေးပြီး အရှိန်နဲ့မောင်းထွက်သွားတာကို မြင်တွေ့ခဲ့ရတဲ့ ဦးကျော်စိုးနိုင်က ဒီမြင်ကွင်းဟာ သိပ်ကို ကြေကွဲဖို့ကောင်းတယ်လို့ ပြန်ပြောပြပါတယ်။

မိဘဘိုးဘွားတွေအပေါ် သားသမီးတွေ တန်ဖိုးမထားကြတဲ့ လုပ်ရပ်ဟာ လူသားမဆန်ဘူးလို့လည်း ဆိုပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်ကတော့ စွန့်ပစ်ခံ အဖိုးအိုဟာ စကားကောင်းကောင်း မပြောနိုင်ဘဲ အားပြတ်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရ ဒီလိုစွန့်ပစ်တာ လုံးဝ မဖြစ်သင့်သလို ဘာသာတရားရဲ့ အဆုံးအမဖြစ်တဲ့ မေတ္တာနဲ့ လွဲချော်နေတာမို့ ဒီလိုဖြစ်ရပ် ကြုံခဲ့ရင် အကူအညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လမ်းမတော် ၅ရပ်ကွက်က ပြည်သူတွေရဲ့ အကူအညီနဲ့ အားပြတ်နေတဲ့ အဖိုးအိုကို လိုအပ်တဲ့ ကုသမှုတွေပေးနိုင်ဖို့ ဆေးရုံတင်နိုင်ခဲ့ပါတယ်။


Kamauyut Media

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ


မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။

Marn Htan Myo အမည် ဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ကင်မရာကို ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းများ ဖြန့်ဝေခဲ့ပြီး မန္တလေးတွင်ရောက်ရှိနေသည့် သတင်းထောက်များ၏ ကင်မရာများကိုဖျက်ဆီးပစ်ကြရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။

‘‘ကင်မရာကို ကွမ်းတံတွေး နဲ့ ထွေးတာ၊ တံတွေးနဲ့ ထွေးတာ၊ သဲနဲ့ မှန်ဘီလူးထဲထည့်လိုက်တာ ဒါတွေကတော့ စနစ်တကျလုပ် ထားတယ်လို့ပဲ ယုံကြည့်လို့ရတဲ့ အချက်အလက်တွေ။ ဒါမှမဟုတ်  သူ့မှာ အတွေ့အကြုံရှိပြီးသား။ ဒီ လိုမျိုးတော့ ယေဘုယျယူဆလို့ရ တာပေါ့’’ဟု မဇ္ဈိမသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ ဦးမျိုးသန့်က  ပြောသည်။

ထို့အပြင် သတင်းရယူနေ သည့် သတင်းထောက်များကို စနစ်တကျ မှတ်တမ်းတင်ခဲ့ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်များ တွင်သတင်းထောက်များကို ဓာတ်ပုံနှင့်တကွတင်ပြီး တိုက်ခိုက်ကြရန် လှုံ့ဆော်ခဲ့ကြသည်။

‘‘ဖေ့စ်ဘွတ်ခ်ထဲမှာ ကျွန် တော်တို့ ဓာတ်ပုံဆရာရဲ့ဓာတ်ပုံ ကို ဖြန့်ပြီးတော့ ဒီလူကိုတွေ့ရင် တော့ ၀ိုင်းပြီးတော့ တွယ်လိုက် ကြ၊ နှက်လိုက်ကျလို့ သဘော ရောက်စေတဲ့ အရေးအသားတွေ ဖြန့်ပါတယ်’’ဟု ဧရာဝတီသတင်း ဌာန၏ တာဝန်ခံအယ်ဒီတာဦးရဲ နည်ကပြောသည်။

အခင်းဖြစ်ပွားရာနေရာများ သို့ သွားရောက်သတင်းရယူရာ တွင် ရဲတပ်ဖွဲ့နှင့်အတူ သတင်း လိုက်ယူနေရသည့် အခြေအနေ တွင်ရှိကြောင်း၊ ရဲတပ်ဖွဲ့မရှိသည့် နေရာများတွင် လိုက်လံသတင်း ယူသည့်အခါ လူအုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုမျိုးရှိကြောင်း ဦးရဲနည်ကပြောသည်။

‘‘ရဲတပ်ဖွဲ့အနေနဲ့ သတင်း ထောက်တွေရဲ့ လုံခြုံရေးကို သူတို့နဲ့ အတူတကွရှိနေတဲ့အချိန်မှာ ကာကွယ်ပေးပါတယ်။ အဲဒါကိုကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်။ တာဝန်သိတဲ့အ တွက် လေးလည်းလေးစားပါတယ်’’ ဟု ဦးရဲနည်ကပြောသည်။

အကြမ်းဖက်မှုလုပ်နေသည့် အဖွဲ့အစည်းများက ၎င်းတို့ မဖော်ပြစေချင်သည့်ပုံများကို မီဒီယာများက ဖော်ပြမည် စိုးရိမ်သဖြင့် မီဒီယာကို ပစ်မှတ်ထားကာ ခြိမ်းခြောက်လာကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကပြောသည်။

‘‘အဓိကခြိမ်းခြောက်တာက တော့ သူတို့မကြိုက်တဲ့ သတင်း တွေ ဖော်ပြနေလို့ပဲ။ ကျင့်ဝတ် ညီတယ်၊ မညီဘူးသူတို့ပြောနေ တာမဟုတ်ဘူး။ သူတို့လည်း နားမ လည်ဘူး။ မီဒီယာကျင့်ဝတ်ဆို တာ ဘာလဲဆိုတာ စွပ်စွဲနေတဲ့သူ တွေက မသိဘူး။ ဒါပေမဲ့ သူတို့ စွပ်စွဲနေတာက ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေက ဒီလိုမျိုးဖော်ပြနေ တာ သူတို့မကြိုက်ဘူး’’ဟု ဦးနေ သန်မောင်ကပြောသည်။

သတင်းမီဒီယာများကို ခြိမ်းခြောက်သူများသည် ဖေ့စ်ဘွတ်ခ်တွင်သာမက အီးမေးလ်၊ ဖုန်းစသည်တို့ဖြင့်လည်း ခြိမ်း ခြောက်မှုများ ပြုလုပ်လျက်ရှိ သည်။

ရန်ကုန်အခြေစိုက် 7 Day သတင်းဌာနကိုလည်း အီးမေးလ်မှတစ်ဆင့် မန္တလေးမြို့ခံ အယောင် ဆောင်ကာ ခြိမ်းခြောက်သည့် စာ များပေးပို့ခဲ့သည်။

‘‘မီဒီယာကျင့်ဝတ်တွေ၊ သတင်းစာကျင့်ဝတ်တွေ၊ ဘာတွေလာမပြောမနေနဲ့။ မင်းတို့ သတင်းထောက်တွေ သတ္တိရှိရင် ညဘက်ကျုံးဘေးလာခဲ့။ ကုလားဘက်ပါမယ်တော့မကြံနဲ့။ မန္တလေးသားတွေ အကြောင်းသိစေရမယ်’’ဟု မန္တလေးမှပေးပို့သည့် ပုံစံဖြင့် [email protected] အမည်ဖြင့် အီးမေးလ်ပေးပို့ကာ ခြိမ်းခြောက်ခဲ့သည်။ အုပ်စုတစ်စုက နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ များကို အီးမေးလ်ဖြင့်ဖြစ်စေဖေ့စ် ဘွတ်ခ်မှ တစ်ဆင့်ဖြစ်စေ မကြာ ခဏရေးသားပေးပို့မှုများ လက်ခံ ရှိကြောင်း ကမာရွတ်မီဒီယာမှ ဦး နေသန်မောင်ကပြောသည်။

‘‘ဒီကိစ္စက မြန်မာပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကိုလည်း အကြီးအ ကျယ်ခြိမ်းခြောက်နေတာဖြစ် တယ်။ ပြည်သူအားလုံးရဲ့ သတင်းရပိုင်ခွင့်ကိုလည်း ခြိမ်းခြောက် တာဖြစ်မယ်။ အဲဒီခြိမ်းခြောက် နေတဲ့ လူတစ်စုက တစ်စုတည်း ပဲ။ မြန်မာပြည်မှာ အဲဒီဟာ အစိုး ရသိတယ်။ သူတို့ဖော်နိုင်တယ်။ အဲဒီတစ်စုတည်းကမျိုးစုံပတ်ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတာ။ ဒါအန္တရာယ်ရှိတယ်’’ဟု ဦးနေသန်မောင်ကပြောသည်။

သတင်းမီဒီယာများအား ရည်ရွယ်ချက်ရှိရှိစနစ်တကျတိုက် ခိုက်ခြိမ်းခြောက်မှုများကို နိုင်ငံ တကာရှိသတင်းထောက်များနှင့် မီဒီယာလွတ်လပ်ခွင့် အကာအ ကွယ်ပေးသည့်အဖွဲ့အစည်းများ သို့ အကြောင်းကြားထားကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည် ကပြောသည်။

‘‘ပြည်တွင်းမှာရှိတဲ့ သတင်း စာနဲ့ စာနယ်ဇင်းကိစ္စလုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က လည်း ဒီကိစ္စတွေကို အသိအမှတ် ပြုပြီး သတင်းထောက်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးလုပ် ဖို့မျှော်လင့်ပါတယ်’’ဟု ဦးရဲနည်ကပြောသည်။

မန္တလေးပဋိပက္ခအပါအ၀င် ပဋိပက္ခဖြစ်စဉ်အချို့တွင် သတင်း မီဒီယာများကို သေချာပြင်ဆင် ထားသည့်၊ အကြမ်းဖက်မှုများ စနစ်တကျလေ့ကျင့်ထားသည့် အဖွဲ့အစည်းအချို့က ပြုလုပ်နေသည့်ပုံစံအချို့ကိုတွေ့ရကြောင်း၊ ယင်းကိစ္စများအား အစိုးရအနေဖြင့် ဖိဖိစီးစီးအရေး ယူကိုင်တွယ်သင့်ကြောင်း မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးသီဟစောကပြောသည်။

‘‘အထူးသဖြင့် အကြမ်းဖက် အုပ်စုက သတင်းထောက်တွေကို အတော်ငြိုးနေကြတယ်။ သတင်းထောက်တချို့ကို ဓာတ်ပုံ မှတ်တမ်းရိုက်ယူထားတာမျိုးရှိတဲ့ အတွက် နောက်တစ်ကြိမ်တွေ့ တာနဲ့ ဒုက္ခပေးကောင်းပေးလာ နိုင်တယ်။ ရှေ့တန်းစစ်မြေပြင်လို စွန့်စားသတင်းယူပြီး ပြည်သူကို အဖြစ်မှန်တင်ပြပေးဖို့ ကြိုးစားနေ ကြတဲ့ ကျွန်တော်တို့ရဲ့လုပ်ဖော် ကိုင်ဖက်သတင်းထောက်တွေ အထူးဂရုစိုက်ကြပါ။ ကိုယ့်ကိုယ် ကိုယ်လုံခြုံမှုရှိဖို့က နံပါတ်တစ်ဆို တာ မမေ့ကြဖို့လိုပါတယ်’’ဟု The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ကမာရွတ်မီဒီယာမှ တင်ပြ ထားသည့် သတင်းများ၏ အောက်တွင် လူမျိုးရေး၊ ဘာသာရေး၊ လိင်စသည့်အကြောင်းအရာ များကို အကြောင်းပြုပြီး အမုန်း တရားများ ဖြန့်ဖြူးခြင်း၊ ခြိမ်းခြောက်မှုများပြုလုပ်ခြင်းစသည်တို့ကို ပြုလုပ်သူများကို မှတ်တမ်းတင်ထားခြင်း၊ သုံးစွဲသူ စာရင်းမှ ပယ်ဖျက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းတို့ကို စာရင်းပြုစုပြီး လုံလောက်သည့်အချိန်တွင် အရေးယူနိုင်ရန် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကမာရွတ်မီဒီယာမှ ဦးနေသန်မောင်က ပြောသည်။

7day daily

အမြန်လမ်းတွင် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း မရှိတော့ဟု ယာဉ်မောင်းများပြော



အမြန်လမ်းတစ်နေရာ (ဓာတ်ပုံ – မျိုးမင်းဦး)
အမြန်လမ်းတစ်လျှောက်ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးမှုများကို ယခုနှောင်းပိုင်းတွင် စစ်ဆေးခြင်းမရှိတော့ကြောင်း ခရီးသည်တင်ယာဉ်လိုင်းများမှ သတင်းရရှိသည်။

မေလ ၂၄ ရက်မှစတင်၍ အမြန်လမ်းပေါ်တွင်  မောင်းနှင် နေသော ယာဉ်များ ယာဉ်ကြံ့ခိုင် မှုနှင့် ကိုက်ညီမှုရှိ၊မရှိစစ်ဆေး အရေးယူများကို ဆောင်ရွက်ခဲ့သော်လည်း ဇွန်လအတွင်း  စစ်ဆေးမှုမရှိတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများကပြောသည်။
‘‘အခုနောက်ပိုင်းစစ်ဆေး တာတွေမရှိတော့ဘူး။   ယာဉ် မောင်းကလည်း  ဆင်ခြင်လာတဲ့ အတွက် မစစ်တော့တာဖြစ်နိုင် တယ်’’ဟု JJ (ဂျေဂျေ)မော်တော်ယာဉ်လိုင်းမှ အထွေထွေမန်နေဂျာဦးမြင့်ဦးကပြောသည်။

နေပြည်တော်မှ ရန်ကုန်ပြေး ဆွဲနေသော ယာဉ်လိုင်းများမှာ ယခင်က ယာဉ်ကြံ့ခိုင်မှုများကို  စစ်ဆေးခြင်းကြောင့်  ရန်ကုန်အ ထွက် အမြန်လမ်းထိပ်နှင့် နေပြည်တော် အမြန်လမ်းဂိတ်တို့တွင် ယာဉ်များ တန်းစီစစ်ဆေးခံရ ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်ကြံ့ခိုင်မှုရှိ၊မရှိစစ်ဆေးရာတွင် အမြန် လမ်းရဲတပ်ဖွဲ့၊  မော်တော်ယာဉ် ထိန်းသိမ်းရေးအဖွဲ့၊  ယာဉ်စည်း ကမ်းကြီးကြပ်ရေးကော်မတီများ က စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် စစ် ဆေးခြင်းမရှိတော့ပေ။

‘‘စစစ်ဆေးတဲ့ရက်ပိုင်းက ဆိုရင် သူတို့စစ်ဆေးနေတဲ့နေရာ မှာ ကားတွေ တန်းစီပြီးစောင့်ရ တယ်။  တချို့လည်းငွေပေးပြီး မောင်းသွားကြတယ်။  အခုစစ် ဆေးနေကြတဲ့ ရုံးတွေမရှိတော့ တာ  တစ်ပတ်ကျော်ကြာရှိသွား ပြီ။ စစ်ဆေးတဲ့ဂိတ်တွေမရှိတော့ ဘူးဆိုပေမယ့် ငွေပေးရတယ်၊ မပေးရဘူးဆိုတာကိုတော့  မပြောလိုတော့ပါဘူး။ အရင်စစ်တယ်ဆို တာကလည်း စစ်တဲ့နေရာတွေက ကျဉ်းနေတဲ့အတွက် ကားသမား တွေ အခက်အခဲဖြစ်တယ်’’ဟု ရန်ကုန် – နေပြည်တော်အမြန် လမ်းတွင် မောင်းနှင်နေသော အမည်မဖော်လိုသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် ခရီးသည်များကားပေါ်တွင် အန္တရာယ်ကြုံလာပါက သိထားသင့်သော အ ကြောင်းအရာများကို ယာဉ်ပေါ် ရှိ တာဝန်ရှိသူများက ပြောပြပေး ခြင်းမရှိတော့ကြောင်း ခရီးသည် များက ပြောသည်။

ယာဉ်မောင်းများနှင့်ယာဉ်ပိုင်ရှင်များအားပေးထားသည့် သတိပေးစာတွင် ကားမထွက်မီတွင် တာဝန်ရှိတဲ့သူတစ်ဦးက အန္တရာယ်ကြုံလာလျှင်မှန်ကိုမည်သို့ခွဲရမည်နှင့် ခါးပတ်များကို ပတ်ထားရန် သတိပေးပြောကြားပေးရမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။

ယာဉ်အန္တရာယ်ဖြစ်ပွားမှုများမရှိတော့သည့်နောက်ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ခြင်းမရှိတော့ကြောင်း၊ မိုးတွင်းကာလရောက်ရှိနေပြီ ဖြစ်၍ စစ်ဆေးရန် နေရာများအခက်အခဲကြောင့် ဆောင်ရွက်မှုမရှိခြင်းသာဖြစ်ကြောင်း ယာဉ်ပိုင်ရှင် အချို့ကသုံးသပ်ကြသည်။

‘‘နေပြည်တော်မှာ နေ့တိုင်းစစ်ဆေးနေပါတယ်။ ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိဆိုတာကို ရန်ကုန်မှာကတော့ မသိပါဘူး။ ကားမထွက် ခင်ကားမှာ လူဘယ်နှယောက်ဆံ့လဲဆိုတာကိုပါ စစ်တာပါ’’ ဟု နေပြည်တော်(မထသ)  ဥက္ကဋ္ဌ ဦးဝင်းဆွေကဆိုသည်။

7day daily

ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး အရှင်လတ်လတ် မီးရှို့ခံရပြီးနောက် ပဋိပက္ခများဖြစ်ပွား



ရဲတပ်ဖွဲ့၏ထိန်းသိမ်းခံရစဉ် ရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရသည်ဟု စွပ်စွဲထားသော ပါလက်စတိုင်း−အမေရိကန်ဆယ်ကျော်သက်လူငယ် တာရစ်အဘူခဒါကို မိခင်ဖြစ်သူက ပွေ့ဖက်ထားစဉ် (AHMAD GHARABLI/AFP)
ပါလက်စတိုင်း သား ဆယ်ကျော်သက်တစ်ဦး ဖမ်း ဆီးခေါ်ဆောင်ခံရကာ အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခံရ ကြောင်း အလောင်းခွဲစိတ်စစ် ဆေးမှုရလဒ်များက ဖော်ပြထား စဉ် ၎င်းသတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဂျေရုဆလင်မြို့ အရှေ့ပိုင်းမှ အစ္စရေးနိုင်ငံ မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ဖြစ်ပွားခဲ့သည်။

သိမ်းပိုက်ထားသော ဂျေရု ဆလင်မြို့အရှေ့ပိုင်း ရှူအာဖတ် ဒေသတွင် ဇူလိုင် ၂ ရက် စော စောပိုင်းက မိုဟာမက်အဘူခါဒါ (၁၆) နှစ် ဖမ်းဆီးခံထားရပြီး မကြာမီ ဂျေရုဆလင်မြို့အနောက် ဘက်တောအုပ်အတွင်း မီးလောင် ကျွမ်းထားသော ၎င်း၏ အ လောင်းကို တွေ့ရှိခဲ့သည်။

၎င်းသေဆုံးမှုကြောင့် ဖြစ် ပွားသော ပဋိပက္ခများမှာ အစ္စရေး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ ဖြစ်ပွားခဲ့ပြီး ယင်းမြို့များတွင် လမ်းများပိတ်ထားကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရ သည်။

၎င်း၏ ရုပ်အလောင်းကို ခွဲ စိတ်စစ်ဆေးရာတွင် အဆုပ်ထဲ၌ မီးခိုးများ တွေ့ရှိခဲ့သဖြင့် မီးရှို့ ခံရစဉ် အသက်ရှင်လျက်ရှိသေး ကြောင်း ပညာရှင်များက ဆုံးဖြတ် ခဲ့ကြသည်ဟု ပါလက်စတိုင်းသ တင်းဌာန Maan က ဖော်ပြသည်။

ယင်းကဲ့သို့ ပါလက်စ တိုင်းနှင့် ဆက်ဆံရေး တင်းမာနေ စဉ် အစ္စရေးရဲတပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားဆယ်ကျော်သက်တစ် ဦးကို ရိုက်နှက်ခဲ့သည်ဆိုခြင်းအ ပေါ် အမေရိကန်နိုင်ငံက ရှုတ်ချ လိုက်သည်။

အရှင်လတ်လတ် မီးရှို့ သတ်ခံရသူ၏ ညီဝမ်းကွဲ တာရဇ် အဘူခါဒါ (၁၅) နှစ်သည် ရှုအာ ဖတ်ဒေသတွင် ဇူလိုင် ၄ ရက်က ရဲတပ်ဖွဲ့၏ ရိုက်နှက်ဖမ်းဆီးခြင်း ခံရသည်ဟု မိဘများက အေအက်ဖ် ပီသတင်းဌာနအား ပြောသည်။

—Ref: AFP

7day daily