အီးမေးလ် ဟတ်ခံရခြင်း မှ..


ကျတော်တို့ ပြည်တွင်းမှာ အသုံးများတဲ့ မေးလ် အနေနဲ့ ဂျီမေးလ်ကိုတွေ့ရသည့် နည်းတူစွာ အီးမေးလ် ဟတ်ခံရခြင်းနောက် ဘာတွေ
ပြန်လုပ်ဖို့ လိုသလဲဆိုတာ။ မြင်တွေ့နေရတဲ့ အတိုင်းပဲ Facebook အကောင့်တွေကိုလည်း ဂျီမေးလ်တွေနဲ့ အများဆုံး ၀င်ကြတာမို့
အကောင့်တစ်ခုကို ဆုံးရူံးတာနဲ့ နောက်တစ်ကောက်ကိုပါ ပါနိင်ပြီး လက်လွယ်စပယ် ဆုံးရူံးရတာဟာ ဘယ်ဘက်ကကြည့်ကြည့်
ကောင်းတာကို မတွေ့ရတာမို့ ဟတ်ခံနေရတဲ့ အနေအထားမှာ ကျရောက်နေတဲ့သူတွေအတွက် အတတ်နိင်ဆုံး ပြန်လည်
လုပ်ဆောင် ရယူနိင်မဲ့နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

အကောင့်ကို ပြန်လည် ရယူပါ။

တကယ်လို့ မိတ်ဆွေရဲ့ အကောင့်ကို ဟတ်ခံလိုက်ရပြီးဆိုရင် ဟတ်တဲ့သူတွေဟာ ကိုယ်ရဲ့ အချက်အလက်တွေလောက်ပဲ ရယူသွားမှာ ဖြစ်ပြီး အကောင့် Password ကိုတော့ အမြဲတမ်းတော့ ချိန်းသွားမှာ မဟုတ်ပါဘူး။ ဒီတော့ ပြန်လည် အကောင့်ကို ရယူဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့ "Forgot your password?" ဆိုတဲ့ နေရာကနေပဲ Password ကို reset ကျဖို့ နဲ့
အကောင့်ကို ပြန်ယူဖို့ သုံးရမှာ ဖြစ်ပါတယ်။ ဒီအခါ လုံခြုံရေး မေးခွန်းတွေနဲ့ အီးမေးလ် လိပ်စာကို backup အနေဲ့ အသုံးပြုတဲ့ recover မေးလ်တွေကိုတော့ ပြန် ဖြေဖို့ ရှိပါတယ်။ အဲလိုမှာ ပြန်လုပ်လို့မရရင်တော့ အကောင့်ကို ပြန်ရဖို့ သိပ်မသေချာတော့ပါဘူး။

လွယ်ကူတဲ့ Passwords တွေ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

ဒီအချက်ကတော့ လူတိုင်း သိပြီးကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တကယ်လို့ အဲလို လုပ်ထားပြီးသိတိုင်းအောင် စိတ်ထဲမှာ မကျေနပ်သေးရင် စာလုံးတွေ အများကြီးသုံးပြီး စာလုံးအကြီးတွေရော၊ စာလုံးအသေးတွေရော၊ သင်္ကေတတွေရော၊ စပေ့ဘားတောင် သုံးပြီး ထပ် ထည့်နိင်ပါသေးတယ်။

Setting ကို စစ်ဆေးကြည့်ပါ။

ဟတ်ကာတွေဟာ ကိုယ်ရဲ့ setting တစ်စုံတစ်ရာကို မပြောင်းလဲ နိင်စေဖို့အတွက် ဖြစ်ပါတယ်။ ထိုသို့မှာ မဟုတ်ဘူးဆိုရင်
နောက်တွင် ကိုယ်ရဲ့ အကောင့်ထဲကို သူတို့တွေဟာ လွယ်ကူစွာ ၀င်ရောက် ရရှိနေဦးမှာ ဖြစ်ပါတယ်။ secondary (recovery) ကို တိကျအောင် လုပ်သင့်ပါတယ်။ forward စည်းမျဉ်းတွေကို သုံးထား မထားကိုလည်း စစ်ရပါဦးမယ်။ သို့မဟုတ်ရင်တော့ ကိုယ်ကို ပို့သမျှအီးမေးတွေဟာ သူတို့ဆီကို ရောက်ရှိပြီး ပါသွားနိင်ပါတယ်။

Active login ကို ဖယ်ရှားပါ။

မိတ်ဆွေရဲ့ အကောင့်ကို အခုလက်ရှိ ဘယ်က သုံးနေတယ် ( IP address ) ကို ကြည့်လို့ရတဲ့ Active login ဟာ mail.google.com ရဲ့ အကောင့်ဝင်လိုက်တာနဲ့ ညာဖက် အောက်ဆုံး မှာ ရှိပါတယ်။ Details လိုရေးထားတာကို တွေ့ရပါလိမ့်မယ်။ ဒီ နေရာကို ကလစ်ထောက်လိုက်တာနဲ့ သင့်ဝင်ထားသမျှ တည်နေရာတွေနဲ့ အချိန်တွေ၊ လက်ခံဝင်ရောက်တဲ့ ပုံစံ တွေကိုပါ တွေ့နိင်ပါမယ်။ထို ဇယားပေါ်ရှိ Sign out all other session ဆိုတာကို နှိပ်ပြီး ကိုယ် အကောင့်ကို တစ်ခြားနေရာမှ ၀င်ရောက်နေခြင်း မရှိစေဖို့ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဟာ Password ချိန်းပြီးသွားပြီးဆိုရင်တော့ ပြသနာ ရှိတော့မှာ မဟုတ်ပါဘူး။

အဆင့်ဆင့် ထားရှိခြင်း

တကယ်လို့ သင့်ရဲ့ မေးလ်ဟာ ဟတ်ခံရပြီးဆိုရင် ကာကွယ်ခြင်း ဖြစ်စေဖို့ အကောင့်ကိ ၀င်ဖို့ Password ရိုက်ပြီး ၀င်ပြီးတာနဲ့ ကုဒ်က ဖုန်းကို ပို့တယ်။ ထိုမှ တစ်ဆင့် နောက်ထပ် ကုဒ် ထပ်ထည့်ပြီး ၀င်တဲ့ စနစ်တွေကို လည်း ထောက်ကူနိင်ပါတယ်။ ထို အတွက် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ထားဖို့တော့ လိုပါမယ်။ ဒါဆိုရင်တော့ ဟတ်ကာတွေဟာ သင့်ရဲ့ ဖုန်းကို ရမှာပဲ ဟတ်နိင်တော့မှာ ဖြစ်ပါတယ်။ အခြား ဆိုဒ်တွေကို ကြည့်ပါ။
ကိုယ်ရဲ့ Password ကို အခြား ဆိုဒ်တစ်ခုမှာ ထပ်ပြီး မသုံးထားနိင်စေဖို့ ဖြစ်ပါတယ်။ Facebook လိုမျိုး ဆိုရှယ်ဆိုဒ်မှာ အီးမေးလ် အကောင့်ရဲ့ Password တစ်ခုတည်းကို သုံးထား ရင်တော့ ဟတ်ကာတွေဟာ သင့်ရဲ့ အီးမေးလ် Password ကို အလွယ်တကူ ရှာဖွေနိင်မှာ ဖြစ်ပါတယ်။

မော်လ်ဝဲလ် Scan တွေကို သုံးပါ။

ဟတ်ကာတွေဟာ မောလ်ဝဲတွေကိုသုံးကာ အီးမေးလ်ကို ဟတ်ဖို့ အသုံးပြုနိင်ပါတယ်။ ဒါမှမဟုတ် အတု အယောင် အီးမေးလ် ကိုပဲဖြစ်ဖြစ်သုံးပြီး ဟတ်လာနိင်ပါတယ်။ ဒီအတွက် Avast, Malwarebytes, နဲ့ BitDefender တို့လို ပေါ်ပြူလာ ဖြစ်တဲ့ Scanner တွေလည်း ရှိနေပါတယ်။

Ref: Cnet

အောင်ဟိန်း ( ရိုးရာလေး )

2 NE1 အဖွဲ့ ဖျော်ဖြေမှု လက်မှတ် ဈေးနှုန်းသည် ငွေကျပ် ကိုးသိန်းဖြစ်ပြီး ပွဲစီစဉ်သူ ပြောင်းလဲ


ရန်ကုန်၊ မဇ္ဈိမ။          ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက် ဖျော်ဖြေမည့် ကိုရီးယားနိုင်ငံက K-Pop အဖွဲ့ဖြစ်သည့် 2NE1 အဖွဲ့၏ ဖျော်ဖြေမှု အတွက် ဝင်ကြည့်ရမည့် ရုံဝင်ကြေး အမြင့်ဆုံးဈေးနှုန်းသည် ငွေကျပ်ကိုးသိန်း ဖြစ်သည်ဟု Living Sound Entertainment မှ ပြောခွင့်ဆိုခွင့်ရှိသူMr. Jaw maram က မဇ္စျိမကို ပြောကြားလိုက်သည်။

ယခင်က2NE1 အဖွဲ့၏ ဖျော်ဖြေမှုကို Bo Bo Music Production နှင့် Samsung Myanmar တို့ ပူးပေါင်း စီစဉ်သော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် မအောင်မြင် ခဲ့ခြင်းကြောင့် Living Sound Entertainment မှ ဆက်လက် ဆောင်ရွက်လာခြင်းဖြစ်သည်။ ယင်းအပြင် ယခင်က အွန်လိုင်းပေါ်တွင် နာမည်ကြီးခဲ့သည့် လက်မှတ်ဈေးနှုန်း ၁၅ သိန်းသည်လည်း ကောလဟလသာ ဖြစ်သည်ဟု Living Sound Entertainment မှ ပြောခွင်ဆိုခွင့်ရှိသူMr. Jaw maram က ထပ်မံပြောကြားလိုက်သည်။

အဆိုပါ ဖျော်ဖြေပွဲကို 2NE1 In Myanmar Galaxy Stage အမည်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်အများ ကြိုက်နှစ်သက်နေသည့်အဆိုတော် မိန်းကလေး တစ်ဦးနှင့် ယောကျာင်္းလေးနှစ်ဦး တို့သည်လည်း ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ပေသည်။ ယင်းဖျော်ဖြေ တင်ဆက်မှုတွင် ကိုရီးယားနိုင်ငံမှ 2NE1 အဖွဲ့အပြင် တခြား အကအဖွဲ့ ၅ဝ ခန့် လာရောက် ဖျော်ဖြေမည်ဖြစ် သည်။

“ အစတုန်း ကတော့ သူတို့က စီစဉ်ပေမယ့် ကိုရီးယားဘက်က လိုချင်တဲ့ ပုံစံတွေကို သူတို့ဘက် မလုပ်ပေးနိုင်ဘူး။ ကျွန်တော်လည်း အကုန်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ဖြစ်အောင် လုပ်ဆောင်ပေးတယ်။ ဘာဖြစ် လို့လည်းဆိုတော့ သူတို့လာတာ အောင်မြင်သွားမှ နောက်ထပ် အဖွဲ့တွေ ဆက်လက်ပြီးတော့ လာနိုင်မှာမို့လို့ပါ။ ဒါကြောင့် ဒီ2NE1 အဖွဲ့ လာရောက် သီဆိုတာ အောင်မြင်အောင် ကျွန်တော်က အများကြီး အကုန်အကျခံပြီးတော့ ဆက်လက် လုပ် ဆောင် နေတာပါ။ ဒီပွဲဖျော်ြေုဖမယ့်နေရာကို အတိအကျ မပြောနိုင်သေးပါဘူး။ပွဲနီးမှကြေငြာမှာပါ” ဟုပြော သည်။

ယခုလို ပြည်ပမှ နာမည်ကြီး အနုပညာ အဖွဲ့များ လာရောက် ဖျော်ဖြေကြခြင်းသည် မြန်မာနိုင်ငံကို ပြောင်းလဲစေချင်သည့် ရည်ရွယ်ချက် ဖြစ်ပြီး ယခု ပွဲအောင်မြင်ပါက တခြားနိုင်ငံများမှ အဆိုတော်များလည်း လာရောက်ဖျော်ဖြေကြမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံမှ 2NE1 အဖွဲ့ လာရောက် ဖျော်ဖြေခြင်းသည် သြဂုတ် ၂ ရက်နေ့ ဖြစ်သော်လည်း သုဝဏ္ဏမိုးလုံ လေလုံ အားကစားကွင်း ၌ ဖျော်ဖြေမည် မဟုတ်ဘဲ ရန်ကုန်မြို့ရှိ အထင်ကရ နေရာတစ်ခုတွင် ည ၇ နာရီမှ ၁ဝ နာရီအထိ ကျင်းပသွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများသည် ၂၅ဝဝဝ ၊ ၄ဝဝဝဝ ၊ ၂၅ဝဝဝဝ ၊ ၅ဝဝဝဝဝ ၊ ၇ဝဝဝဝဝ နှင့် ၉ဝဝဝဝဝ တို့ဖြစ်ပြီး Living Sound Entertainment  အွန်လိုင်းတွင် Pre Order အနေဖြင့် စတင် လက်ခံလျက် ရှိပြီး ဇူလိုင် ၂၁ ရက်တွင် လက်မှတ် ရောင်းချမည့် နေရာများကို အသိပေး ကြေညာ သွားမည်ဖြစ် သည်။

Mizzima - News in Burmese

ဥပုသ်ဟူသည်


အဋ္ဌင်္ဂီက ရှစ်ပါးသီလကို ကမ္ဘာစဉ်ဆက် ဘုရားရှင်လက်ထပ်ကစပြီး သာသနာတွင်း၊ သာသနာပ နှစ်ဌာနတို့မှာ သူတော်ကောင်းတို့သီလစောင့်ခြင်း၊ ညစာရှောင်ခြင်း၊ ရတနာ(၃)ပါးတို့၌ ဆည်းကပ်ခြင်းဖြင့် ကျင့်ကြံအပ်တာဖြစ်လို့ ဥပုသ်ရယ်လို့ ခေါ်ရခြင်းဖြစ်တဲ့အကြောင်းကို သီလက္ခန် အဋ္ဌကထာ သာမည ဖလသုတ် အဖွင့်မှာ ဖော်ပြထားတယ်။

ဥပုသ်စောင့်ရာမှာ ဥပုသ်(၃)မျိုး ရှိတယ်။

၁။ နိဂဏ္ဍ- တိတ္ထိတို့စောင့်သော ဥပုသ်- ယူဇနာတစ်ရာအတွင်းမှာရှိတဲ့ သတ္တ၀ါတွေကိုသာ မသတ်ရလို့ သိက္ခာပုဒ် ဆောက်တည်ပြီး စောင့်တဲ့ဥပုသ်ဖြစ်တယ်။

၂။ ဂေါပါလဥပုသ်- သီလဥပုသ်ခံယူပြီး ရတနာသုံးပါးရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို မအောက်မမေ့ဘဲ၊ မပွားများဘဲ ၀တ်ရေး စားရေး အစုစုတို့ကိုသာ ကြံစည်အောက်မေ့ပြီး ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

၃။ အရိယဥပုသ်- ဥပုသ်ဆောက်တည်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတွေကို ဆင်ခြင်စဉ်းစားခြင်း၊ ရတနာသုံးပါး၏ ဂုဏ်တော်တရားတွေကို အောက်မေ့ပွားများခြင်းဖြင့် ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

ဥပုသ်စောင့်တဲ့ နေ့လနှစ်တွေနဲ့ ပတ်သတ်ပြီး စတုက္ကနိပါတ် အင်္ဂုတ္တရပါဠိတော်မှာ (၄)မျိုး ဖော်ပြထားတယ်။

၁။ ပကတိဥပုသ်- (၈)ရက် လပြည့်လကွယ် ဥပုဒ်မျိုးဖြစ်တယ်။

၂။ ပတိဇာဂရဥပုသ်- အကြိုအပို့စောင့်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၃။ အဓိဋ္ဌာန်ဥပုသ်- ရက်လနှစ် ပိုင်းခြားပြီး တည်ဆောက်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၎။ ပါဋိဟာရိယဥပုသ်- အထွက်တစ်ရက်နေ့မှာစောင့်တဲ့ ဥပုသ်ဖြစ်တယ်။

ဥပုသ်နေ့မှာ ရှောင်ကြဉ်ရမည့် အချက်များ

ဘုရားရှင်လက်ထပ်တော်ကတည်းက ရဟန်းတော်တွေကို အခါအခွင့်နဲ့ ပိုင်းခြားပြီး အကပ်ခံရပုံနဲ့ ဘယ်လိုဝတ္ထုကို ဘယ်အချိန်အခါအထိသာ သုံးဆောင်နိုင်ကြောင်းကို ပညတ်တော်မူခဲ့တယ်။ အဲဒီပညတ်ချက်(၄)ပါးဟာ ဥပုသ်သည်တွေနဲ့လည်း သက်ဆိုင်တယ်။

၁။ ယာဝကာလိက- စပါးမျိုး၊ ပဲမျိုး၊ အသီးကြီးကိုးမျိုး စတဲ့ အာဟာရကိစ္စကို ပြီးစေနိုင်တဲ့ ၀တ္ထုဟူသမျှကို အရုဏ်တက်ချိန်က မွန်းတည့်အထိသာ အကပ်ခံကောင်းတယ်။ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၂။ ယာမကာလိက- ဘုရားခွင့်ပြုတော်မူတဲ့ အဖျော်ရှစ်ပါးနဲ့ အနုလောမ အဖျော်တွေကို နေအရုဏ်တက်မှ နောက်အရုဏ်တက်အထိတစ်ယာမ်အတွင်း သုံးဆောင်ကောင်းတယ်။ အကပ်ခံကောင်းတယ်လို့ ပညတ်တော်မူတယ်။

၃။ သတ္တာဟကာလိက- ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ၊ သကြား၊ ကြံသကာ၊ ဆေးငါးပါးတို့ကို တစ်ခါအကပ်ခံထားရင် ခုနှစ်ရက်အထိ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၎။ ယာဝဇိဝိတ- ပြခဲ့ပြီးတဲ့ ကာလိက သုံးပါးနဲ့ ကာလိကမှလွတ်တဲ့ ရေ၊ တံပူကို ချန်ထားပြီး ကြွင်းတဲ့ ဇီးဖြူ၊ ရှိရှား၊ သဖန်းခါးစတဲ့ အာဟာရကိစ္စကို မပြီးစေနိုင်တဲ့ ဆေးဘက်ဝင် အမြစ် အရွက် အသီး အခေါက် စသည်တို့ကို တစ်ခါအကပ်ခံထားရင် အသက်ရှင်နေသမျှ သုံးဆောင်နိုင်တယ်လို့ ပညတ်တော်မူတယ်။

ရေ၊ တံပူတို့ကတော့ ကာလိကလေးပါးလွတ်တယ်။ အကပ်ခံဖွယ်မရှိပါ။ ဥပုသ်သည်တွေအနေနဲ့ကတော့ ယာဝကာလိကကို နေ့လွဲကစပြီး မစားရပါ။ ကျန်သုံးပါး စားနိုင်ပါတယ်။

ဥပုသ်သီလဆောက်တည်ရာမှာ အပိုင်း(၄)ပိုင်းရှိတယ်။

၁။ ဘုရားရှိခိုးတဲ့အပိုင်း

၂။ သရဏဂုဏ် ဆောက်တည်တဲ့အပိုင်း

၃။ သီလတောင်းတဲ့အပိုင်း

၎။ သီလသိက္ခာပုဒ်ကို ဆောက်တည်ပွားများတဲ့အပိုင်းတို့ ဖြစ်တယ်။

သီလကို အဓိဋ္ဌာန်ပြီးလည်း ဆောက်တည်နိုင်သလို ဘုရားရှေ့မှာဖြစ်ဖြစ်၊ ရဟန်းသာမဏေရှေ့မှာဖြစ်ဖြစ်၊ သီလရှိသူ ပုဂ္ဂိုလ်တို့ ရှေ့မှာဖြစ်ဖြစ် ခံယူဆောက်တည်နိုင်တယ်။

သီလကို ဆောက်တည်တဲ့နေရာမှာ အာရုံခြောက်ပါးရှိတဲ့အနက် ဘာပဲမြင်မြင်၊ မြင်သိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာပဲကြားကြား ကြားသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာအနံ့ပဲရရ နံသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

လျှာရဲ့အရသာ ဘာပဲရရ အရသာသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ကိုယ်နဲ့အတွေ့ ဘယ်လိုပဲထိထိ ထိသိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

စိတ်ရဲ့အတွေးအကြံ ဘယ်လိုပဲရှိရှိ တွေးတောကြံစည်စိတ်ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

အ၀တ်အထည်အနားတွေ စုတ်ပြတ်သလို သီလအစ သိက္ခာပုဒ်အဆုံး ပျက်စိးခြင်းဟာ သီလကျိုးပြတ်တယ် မည်တယ်။

အ၀တ်အထည်အလယ်ပေါက်သလို သီလအလယ် သိက္ခာပုဒ် ပျက်စီးခြင်းဟာ သီလပေါက်တယ် မည်တယ်။ နွားပြောက်ကွက်လိုမျိုး ပထမသိက္ခာပုဒ်လုံခြုံ၊ ဒုတိယသိက္ခာပုဒ်ပျက်စီး စသဖြင့် လုံလိုက်၊ ပျက်လိုက် ဆက်တိုက်ဖြစ်နေမှုဟာ သီလပြောက်ကွက်တယ် မည်တယ်။

နွားကြောင်များလို သိက္ခာပုဒ် အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်ရင် သီလပြောက်ကျားတယ်မည်ပါတယ်။

(မှတ်ချက်။ ဦးကျော်ဇေယျရေးသားသော ဥပုသ်ကုသိုလ်စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
MOI Webportal Myanmar

ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဆိုးကျိုးများ



ဆိုရှယ်မီဒီယာတွေနဲ့ အလုပ်တွေရှုပ်ပြီး မအိပ်နိုင်၊ မစားနိုင်ထိတောင် ဖြစ်နေရပြီလား။ သူငယ်ချင်းသစ်တွေ ရတာမှန်ပေမယ့် အာရုံနောက်ရတဲ့ကိစ္စတွေလည်း အရင်ထက် ပိုများလာခဲ့ပြီး မဟုတ်ပါလား။ ဒီတော့ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်တဲ့ ဆိုးကျိုးလေးတွေ နည်းနည်းပြောပြပေးချင်ပါတယ်။ ဒါဆိုရင် ကိုယ်ရှောင်ရမယ့် အရာတစ်ချို့ကို သိသွားတာမို့ ဆင်ခြင်သင့်တာလေးတွေ ဆင်ခြင်နိုင်တာပေါ့။

၁။Facebook နဲ့ Twitter ကို တစ်မိနစ်တစ်ခါလောက် ကြည့်မိနေခြင်းမျိုးဟာ အိပ်ရေးပျက်ပြီး ခေါင်းမကြည်မလင်ဖြစ်စေပါတယ်။

ကိုယ်တင်ထားတဲ့ ပို့စ်မှာ ဘယ်သူတွေ Like လုပ်ထားသလဲ၊ ဘယ်သူတွေ ကွန်မန့်ပေးထားသလဲဆိုတာ သိရဖို့၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးက ဘာတွေများ အသစ်တင်ထားသလဲဆိုတာသိရဖို့ တစ်မိနစ်တစ်ခါ လောက် ၀င်လိုက်ထွက်လိုက်နဲ့ အင်တာနက်သုံးနေခြင်းမျိုးဟာ သင့်ကို အိပ်ရေးပျက်စေတဲ့အပြင် ခေါင်းလည်းကြည်လင်မှုမရှိစေတော့ဘူးဆိုတာ သိထားပါ။ နောက်နေ့ ရုံးသွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ လန်းဆန်းမှုတွေ ပျောက်ဆုံးစေတာ ဘာ့ကြောင့်မှန်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ပါဦး။

၂။အရင်တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကို unfriend လုပ်ပြီး ကိုယ့်ဘာသာကိုယ် အေးဆေးနေနိုင်အောင် လုပ်ပါ။

ရည်းစားဟောင်းတွေနဲ့ facebook မှာ သူငယ်ချင်းဖြစ်နေုတုန်းဆို၇င် သူတို့တင်ထားတဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ကျဉ်းကြပ်ရတာ၊ ဒေါသပေါက်ကွဲရတာမျိုးတွေ ခဏခဏဖြစ်နေတာဟာ သင့်အတွက် ဘယ်လိုမှ မငြိမ်းချမ်းနိုင် တာမို့ သူတို့ကို ကိုယ့်ဘ၀ထဲကရော facebook လို နေရာမျိုးမှာပါ အာရုံနောက်ခံစရာအကြောင်း မရှိပါဘူး။

၃။Instagram က တစ်ခြားသော မိန်းကလေးတွေရဲ့ ဘ၀ကို မနာလိုမဖြစ်မိပါစေနဲ့။

တစ်နေ့တစ်နေ့ ဓာတ်ပုံတွေ မနားတမ်းတင်၊ ရှော့ပင်ထွက်တဲ့ပုံတွေ၊ ဟိုတယ်မှုာ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့ပုံတွေ၊ ပါတီပေးနေတဲ့ပုံတွေ စသဖြင့် အမျိုးစုံတင်နေတဲ့ တခြားသောမိန်းကလေးတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး အော် သူတို့ဘ၀က သာယာလိုက်တာ၊ ငါကျတော့ ဘယ်လိုဆိုပြီး စိတ်ညစ်ခံစရာအကြောင်းမရှိသလို မနာလိုဖြစ်တာမျိုးကိုလည်း ရှောင်ပါ။

၎။Facebook ပေါ်မှာ ပေါက်ကရတွေ မလုပ်ပါနဲ့။

ကိုယ်က ပျော်စေပျက်စေဆိုပြီး ကိုယ့်သူငယ်ချင်းကောင်မလေးနဲ့ တကယ်မဟုတ်ပဲ မိန်းကလေးအချင်းချင်း relationship တင်လိုက်တာမျိုးဆိုရင် ဘယ်သူကမှ သင့်ကို အထာကျလိုက်တာလို့ ထင်မှာမဟုတ်ပါဘူး။ relationship တင်လိုက်၊ ဖြုတ်လိုက်ဖြစ်နေတဲ့သူတွေကို အားလုံးက အာရုံနောက်ရတဲ့ကြားထဲ ဒီလိုပေါက်ကရ လုပ်ခြင်းမျိုးကို ရှောင်ပါ။

၅။ကိုယ်ကြည့်မရတဲ့သူတွေ သူငယ်ချင်းတွေအကြောင်း facebook နဲ့ Twitter ပေါ်မှာ မရေးလိုက်ပါနဲ့။

ကိုယ့်ကြည့်မရတဲ့ ကိုယ့်ရဲ့အခန်းဖော်၊ သူငယ်ချင်း၊ ဒါမှမဟုတ် အလုပ်ထဲက လူတွေအကြောင်း လူတကာသိမယ့် facebook နဲ့ Twitter ပေါ် ရေးလိုက်လို့ကတော့ အခြေအနေတွေ ကောင်းမသွားတဲ့အပြင် ပိုးဆိုးလာစေဖို့ပဲ ရှိတာမို့ ဒါမျိုးတွေရှောင်သင့်ပါတယ်။

၆။ပေါက်ကရဓာတ်ပုံတွေ မတင်ပါနဲ့။

ဟိုပေါ်ဒီပေါ် ဓာတ်ပုံမျိုးတွေ၊ ကြည့်ရဆိုးလွန်းတဲ့ ပေါက်ကရပုံမျိုးတွေ တင်လိုက်ပြီဆိုရင်တော့ ကိုယ့်အလုပ်ရှင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဒီပုံကို မမြင်ပါစေနဲ့လို့သာ ဆုတောင်းပါတော့။ ဒါဟာ သိက္ခာကျရုံတင်မကပါဘူး။ ကိုယ်က ခုမှအလုပ်လျှောက်ထားတဲ့သူဆိုရင်လည်း အလုပ်ရဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခုခေတ်မှာ ကိုယ်အလုပ်ခန့်မယ့် ၀န်ထမ်းရဲ့ faacebook ကို အလုပ်ရှင်တွေကိုယ်တိုင် ၀င်ရောက်ကြည့်ရှုနေလို့ပါပဲ။

၇။ကိုယ်တင်လိုက်တဲ့ အစားအသောက်ပုံဟာ ကိုယ်စားရတဲ့အရသာလောက်တော့ ကြည့်မကောင်းဘူးဆိုတာ မမေ့ပါနဲ့။

ချက်သမျှဟင်းတွေကို ဒိုင်ခံ facebook ပေါ်တင်နေတဲ့သူတွေအတွက် သိထားရမှာက အပြင်မှာ သိပ်အရသာကောင်းပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ဟင်းခွက်ပုံက ဓာတ်ပုံထဲမှာတော့ မြင်ရသူကို ဆွဲဆောင်အားရှိစေမယ်လို့ မထင်လိုက်ပါနဲ့။ ဟင်းခွက်ကို ခပ်မြန်မြန်ကျော်ပစ်လိုက်တာမျိုးပဲ ခံရမှာပါ။

Ref:cosmopolitan.com

Trend Myanmar

ကြမ်းတမ်းတဲ့ဘဝမှ ဘဝကူးကောင်းခဲ့တဲ့ ဦးဘိုခင် ( ဖြစ်ရပ်မှန် ဆောင်းပါး )


ဇူလိုင်လရဲ့ ပထမဆုံးနေ့ရက်လေးမှာ မိုးတွေကလည်း တဖွဲဖွဲရွာနေလေရဲ့။ ဒီနေ့မှာပဲ ကျွန်မအတွက် အမှတ်ရနေမယ့် သနားစရာအဖြစ်အပျက်လေးတစ်ခုက ဆောင်းပါးရေးဖြစ်ခဲ့ရပြန်ပါတယ်။

နိဒါန်းအစပျိုးရရင်တော့ ဇွန်လပိုင်း ၁၅.၆.၂၀၁၄ နေ့လေးတစ်နေ့မှာ အစပျိုးရမှာပါ။ အသင်းသားတစ်ယောက် ကျွန်မဆီ ဖုန်းဆက်လာပါတယ်။ အန်တီ ဦးလေးကြီးတစ်ယောက် ခြေထောက်က လေတစ်ဖက်ဖြတ်နေပြီး ဦးခေါင်းမှာ သွေးတွေနဲ့ လဲနေတယ်။ သူဟာပိုင်ရှင်မဲ့တစ်ယောက် ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူးလို့ ပြောလာပါတယ်။

( ဆောင်းပါးရှင်။   ။ ဒေါ်သန်းသန်းဌေး )

ကျွန်မလည်း ကျန်းမာရေးတာဝန်ယူထားသူတွေနဲ့ ဆေးရုံပို့ပြီး ဆက်လုပ်စရာ၊ ကူညီစရာ ကူညီပေးဖို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ အသင်းဥက္ကဌ ဦးတင့်ဆွေ ကိုယ်တိုင်ကူညီပေးပြီး ဆေးရုံတက်ဆေးကုသပေးပြီး နေစရာမရှိလို့ အဲ့ဒီ ဦးလေးကြီးကို မြို့မသုသာန်ဇရပ်မှာ နေဖို့ ပို့ပေးခဲ့ပါတယ်။

ဆေးဝါးကုသမှုက ခေါင်းမှာချုပ်ရိုးတွေမို့ ဘယ်မှမသွားဖို့ ပြောပေမယ့် ဦးလေးကြီးက ချိုင်းထောက်ကလေးထောက်ပြီး မြို့အနှံ့ ခြေဆန့်လို့ နေပြန်ပါတယ်။ ဦးလေးကြီးရဲ့ အမည်က ဦးဘိုခင်ပါ။ ယခင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းဘဝနဲ့ တစ်ယောက်တည်း ဘဝကို ဆွေမျိုးမရှိ ရင်ဆိုင်ရင်း ခင်မင်တဲ့သူ သနားတဲ့သူ ပေးကမ်းတဲ့ငွေတွေနဲ့ ဘဝကို ကျင်လည်ခဲ့ရပါတယ်။

လေဖြတ်ထားတဲ့ဒဏ်က ဦးနှောက်အာရုံကြောကို ထိခိုက်သွားတယ်ထင်ပါရဲ့။ ပြောသမျှကို သိပ်ပြီး မသိတော့ မမှတ်မိတော့ပါဘူး။ ဦးဘိုခင်ကို တချို့လူတွေက သနားလို့ မုန့်ဖိုးပေးကြတယ်။ ပိုက်ဆံတွေ နည်းနည်းများလာတာနဲ့ ဆေးသမားတွေက အနိုင်ကျင့် ရိုက်နှက်ပြီး လုကြပြန်ပါတယ်။ ပြန်ခုခံနိုင်တဲ့ အင်အားမရှိတဲ့ ဒီဒုက္ခိတ ဦးလေးကြီးကို ခဏခဏ ရိုက်နှက်ကြ၊ လုယက်ကြနဲ့ ဘာမှမသိတဲ့ အာရုံတွေအောက်မှာ သနားစရာပါပဲ။

ကျွန်မတို့အသင်း ဥက္ကဌ အကိုကြီး ဦးတင့်ဆွေကတော့ ဦးလေးကြီး စားဝတ်နေရေး အဆင်ပြေရဲ့လားလို့ အသင်းသားများနဲ့ မကြာခဏ သွားရောက်ကြည့်ရှုပြီး အားပေးကူညီ စောင့်ရှောက်ခဲ့ပါတယ်။ ဒီလိုနဲ့ (၇)ရက်ပြည့်လို့ ခေါင်းက ချုပ်ရိုးဖြည်ဖို့ ဦးဘိုခင်ကို သွားရှာခဲ့ပေမယ့် ဦးဘိုခင်ဟာ ချိုင်းထောက်တစ်ဖက်နဲ့ ခြေဦးတည့်ရာ လျှောက်သွားလို့ နေပါတယ်။ လျှောက်သွားနေတဲ့ ဦးဘိုခင်ကို အသင်းသားတချို့နဲ့ လိုက်ရှာပြီး ဇရပ်ကို ပြန်ခေါ်ဆောင်နေခိုင်းခဲ့ပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ (၁)ရက် (၂)ရက်လောက် အသင်းမှာ အလုပ်တွေများတာနဲ့ သွားမကြည့်ဖြစ်ခဲ့ပါဘူး။

မှတ်မှတ်ရရ ဂျူလိုင်လ (၁) ရက်နေ့ နေ့လည် ၁နာရီ နာရေးတစ်ခုရှိလို့ နာရေးပို့ဆောင်ဖို့ မြို့မသုသာန်ကို လာခဲ့ပါတယ်။ ဇရပ်ပေါ်မှာ ခွေခွေလေး အသက်ကို မဝတဝရှူနေတဲ့ ဦးဘိုခင်ကိုတွေ့လိုက်ရချိန်မှာ စိတ်မကောင်းဖြစ်မိပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ လူဖြစ်ခဲ့ပေမယ့် ဒုက္ခဆင်းရဲခြင်းတွေနဲ့ ဘဝကို ကျင်လည်ခဲ့ရတဲ့ ဦးဘိုခင်ခမျာ ဆွေမျိုး၊ ဇနီး၊ သား၊ သမီးလားဆိုတာ မသိရဘဲ တကိုယ်တည်းနေလို့ ဘာဆိုဘာမှ စုံစမ်းလို့ မရခဲ့ပါဘူး။

ဦးဘိုခင်ကို နာရေးအလောင်းလာတော့မှာဖြစ်တဲ့အတွက် ဇရပ်အနောက်ဖက်ကို အသင်းသူ မသိင်္ဂီနဲ့ ယောင်္ကျားလေးများ ကူညီပြီးရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဦးဘိုခင်ရဲ့ ကိုယ်မှာ ဘောင်းဘီလိုလို တစ်ထည်ကိုတွေ့ရပြီး ခန္ဓာကိုယ်မှာ ဘာအဝတ်မှ မရှိဘဲ အသက်ရှူသံမဝတဝနဲ့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေတာကိုကြည့်ပြီး ကျွန်မ အဝတ်အစား ဝတ်ပေးချင်စိတ်က တားမရလို့ အိမ်ပြန်ယူမယ်ကြံတုန်း မောင်လေးကိုစိုင်းက သူ့ရဲ့အဝတ်တွေ သွားယူမယ်ဆိုလို့ ကျွန်မလည်း ဝမ်းသာပြီး သွားယူခိုင်းခဲ့ပါတယ်။



အဝတ်အစားတွေရောက်လာတော့ ကျွန်မရင်ထဲမှာ အမည်မဖော်နိုင်တဲ့ လှိုင်းတစ်ခု ထသွားခဲ့ပါတယ်။ ဘဝပေါင်းများစွာထဲက ဘဝတစ်ခုမှာ သားအဖများ တော်စပ်ခဲ့လေသလား ၊ ကျေးဇူးများရှိခဲ့လေမလားလို့ တွေးမိလိုက်တာနဲ့ ကျွန်မနဲ့ညီမလေး မသိင်္ဂီနဲ့ နှစ်ယောက် ဦးလေးကြီးရဲ့ အဝတ်အစားတွေကို လဲလှယ်ပေးခဲ့ပါတယ်။

ဘာဆိုဘာမှမသိတော့တဲ့ ဦးဘိုခင်ရဲ့ဘောင်းဘီမှာ ကျင်ကြီးကျင်ငယ်တွေက စိုရွှဲလို့ပါပဲ။ ရွံရှာဖို့ စိတ်မရှိခဲ့တာ ရင်ထဲက ဖြစ်လာတဲ့ မေတ္တာတရားကြောင့်ထင်ပါရဲ့။ အဝတ်အစားလဲ၊ ရေဝတ်ဖတ်၊ စနိုးတာဝါတွေနဲ့ ပေနေတဲ့ မျက်နှာလက်တွေကို သန့်ရှင်းစေပြီး အင်္ကျီအဖြူလေးနဲ့ ပုဆိုးကို ဝတ်ပေးခဲ့မိပါတယ်။



ပြီးတော့ သူ့ရဲ့ပါးစပ်ထဲကို တတ်နိုင်သမျှ ဖြေးဖြေးချင်း အိုဗာတင်းနဲ့ ရေတို့ကို ဖြေးဖြေးချင်းတိုက်ခဲ့ပါတယ်။ ဆာနေတယ်ထင်ပါရဲ့။ မျိုချနေတဲ့ ဦးလေးကြီးရဲ့ပုံက လည်ပင်းတွေလှုပ်နေခဲ့ပါတယ်။ ဖြေးဖြေးချင်း သောက်နေတာတွေ့ရတော့ ဝမ်းသာမိပါတယ်။

ကျွန်မလည်း သူပြန်သတိရလာတာကို ဝမ်းသာပြီး ဦးလေးဦးဘိုခင် ဦးလေးနေကောင်းတုန်းက ဟိုအရင်တုန်းက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်သတိရလို့ ပြောမိတယ်။ ပြီးတော့ ကျွန်မရဲ့ နှုတ်ခမ်းတွေက တားမရဘူး ဦးဘိုခင်ကို သရဏဂုံနှုတ်ကရွတ်ပြီး ဦးလေးပါးစပ်က လိုက်မဆိုနိုင်ရင်တောင် သမီးဆိုသလို စိတ်ထဲက လိုက်ဆိုပါလို့ အကြိမ်ကြိမ်ပြောမိပါတယ်။ လူတိုင်း လူတိုင်း ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ တရားတွေကိုလည်း ပြောနေခဲ့မိပါတယ်။ ကျွန်မဒီလိုတရားတွေ ပြောနေမိတာက လူတစ်ယောက်ရဲ့ နောက်ဆုံးအသက် မထွက်မီ ကြုံတွေ့ရမယ့်ဇောမှာ ကောင်းတဲ့အသံ၊ ကောင်းတဲ့အတွေး၊ ကုသိုလ်အသံ၊ တရားသံတွေကြားပြီး ဘဝကူးကောင်းစေချင်တဲ့ ဆန္ဒနဲ့ သတိလေးရလာခိုက်မှာ ကျွန်မပြောတဲ့ တရားသံ ဦးဘိုခင်ကြားပြီး ကုသိုလ်ဇောတွေကပ်ပြီး ကောင်းမွန်တဲ့ ဘဝကို ကူးပြောင်းဖို့ ရင်ထဲက မေတ္တာအပြည့်နဲ့ ပြောနေမိတာပါ။

နောက်သတိတရ ကျွန်မဘတ်ငွေ ၂၀တန်လေးကို ဦးဘိုခင်လက်ထဲထည့်ပေးပြီး ဦးလေးသွားချင်တဲ့နေရာသွားဖို့ ခရီးစရိတ် သမီးပေးတာပါလို့ပြောပြီး လက်ထဲထည့်ပေးလိုက်တော့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတာတွေ့ရပြီး အိတ်ကပ်ထဲကို လှမ်းထည့်နေတာတွေ့ရလို့ ပိုက်ဆံကိုယူပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးလိုက်ပါတယ်။

ပြီးတော့ သရဏဂုံကို ရွတ်ပြပြီး ဝေဒနာကို ရှုမှတ်ဖို့ပြောတော့ စီးကျလာတဲ့ ဦးဘိုခင်ရဲ့ မျက်ရည်ကို ကျွန်မတွေ့လိုက်ရပါတယ်။ ကျွန်မရင်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိအောင် ခံစားရပါတယ်။ ရှေးဘဝတစ်ခုမှာ ဆွေမျိုးမိဘ တော်ခဲ့လေသလားလို့ တွေးမိပြီး အကောင်းဆုံးလုပ်ပေးချင်မိပါတယ်။ မျက်ရည်ကလည်း မကျမိအောင်ထိန်းထားနေရပေမယ့် ကျွန်မမျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လျှံနေရင်းနဲ့ သူ့ရဲ့မျက်ရည်တွေ ကျွန်မသုတ်ပေးမိပါတယ်။ ဒီလိုနဲ့ အရှေ့က ဇရပ်ထဲမှာ သံဃာတော်တွေရဲ့ အသုဘရှုတရား ပြီးဆုံးသွားတော့ ဆရာတော်တွေကို လျှောက်တင်မိပါတယ်။
ဦးဘိုခင် မသေဆုံးခင် သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ သရဏဂုံလေးတည်ဆောက်ပေးစေလိုကြောင်း လျှောက်တော့ သံဃာတော်တွေက ရွတ်ပေးမယ်ဆိုလို့ ကျွန်မတို့လည်း ဦးဘိုခင်ကို မပြီး သံဃာတွေ အရှေ့မှာ အိပ်စေခဲ့ပါတယ်။ ဆရာတော်တွေကလည်း သရဏဂုံကို လိုက်တည်နိုင်အောင် ငါးပါးသီလကို ဆောက်တည်ခိုင်းပါတယ်။ ကြားတစ်ချက် မကြားတစ်ချက်လားတော့ မသိဘူး ဦးဘိုခင်ရဲ့ မျက်ဝန်းထောင့်မှာ မျက်ရည်ကျလာတာတွေ့လိုက်ရပြန်ပါတယ်။



ကျွန်မလေ ပီတိဖြစ်ရပါတယ်။ မသေခင်အချိန်မှာ သရဏဂုံတည် တရားနာမှုကို ပြုလုပ်ပေးလိုက်ရတာ ဦးဘိုခင် ကံကောင်းတယ်လို့ ကျွန်မဆိုချင်ပါတယ်။ လူတစ်ရာမှာကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ အမျှတွေဝေပြီးတော့ ဦးဘိုခင်ကို နွေးထွေးစွာထားပြီး ဇရပ်မှာရှိတဲ့ ဦးလေးတစ်ယောက်ကို သေချာစောင့်ကြည့်ပေးဖို့မှာပြီး တနေကုန် ပင်ပန်းနေတာမို့ အိမ်ကိုပြန်ခဲ့ပါတယ်။

အိမ်ရောက်တော့ ရေချိုးပြီး ဦးဘိုခင်ပုံတွေရိုက်ထားတာ ပြန်ကြည့်နေတုန်း ဦးဘိုခင်ဆုံးသွားပြီဆိုတာ အကြောင်းကြားလာတဲ့အတွက် ဦးဘိုခင်ကို သင်္ဂြိုလ်ဖို့ သုသာန်ကို ဒုတိယမိ ပြန်လာခဲ့ရပါတယ်။ ညနေ၆နာရီထိုးနေပြီ ဖြစ်ပါတယ်။ အသင်းသားတွေစုံတော့ အားလုံးစိတ်မကောင်း ဖြစ်နေကြတာတွေ့ရပါတယ်။ စစ်မှုထမ်းဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် စစ်မှုထမ်းဟောင်း ဥက္ကဌမှ အမိန့်စာ လာရောက်ပြန်ပေးခဲ့ပါတယ်။

ဦးဘိုခင်ရဲ့ နောက်ဆုံးခရီးကို ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းသူ၊ အသင်းသားများမှ ဝမ်းနည်းကြေကွဲစွာ ဥက္ကဌဦးတင့်ဆွေနဲ့ ကျွန်မအပါအဝင် အသင်းသားများ အခေါင်းထမ်းလို့ မီးသင်္ဂြိလ်တဲ့နေရာကို တရွေ့ရွေ့လှမ်းခဲ့ကြပြီး မီးလောင်စင်ပေါ်သို့ ဦးဘိုခင်အလောင်းကို တင်ပေးပြီး နောက်ဆုံးခရီးကို ကောင်းစွာ ပို့ဆောင်ပေးခဲ့ကြပါတယ်။

မီးခိုးငွေ့တွေနဲ့အတူ ကောင်းမွန်တဲ့ ကုသိုလ်ဇောတချက်မှာ ဘဝကူးကောင်းသွားမယ်လို့ ကျွန်မယုံကြည်ပါတယ်။ နောင်ဘဝတွေများရှိခဲ့ရင် ဒီဘဝလို ဒုက္ခိတဘဝ၊ ကြမ်းတမ်းတဲ့ ဘဝဆိုးနဲ့ ဆင်းရဲခြင်းသောကတွေ မခံစားရပါစေနဲ့လို့ ကျွန်မ မီးခိုးငွေ့တွေကြည့်ရင်း ဆုတောင်းပေးနေမိပါတယ်။ ကောင်းရာသုဂတိလားပါစေ အဘဦးဘိုခင် (ခ) ဦးဘခင်၊ အိမ်အပြန်လမ်းမှာ ကားမောင်းရင်း ကျွန်မဆုတောင်းနေမိပါတယ်။ ဒီလိုဘဝမျိုး ဘယ်ဘဝမှာမှ မကြုံရပါစေနဲ့ အဘရယ် လို့ ဝမ်းနည်းတိတ်ဆိတ်ခြင်းတွေနဲ့အတူ ကျွန်မအိမ်ပြန်ရောက်ခဲ့ရပါတယ်။

ဦးဘိုခင်လို အသက်မဆုံးရှုံးခင် အချိန်လေးမှာ သံဃာတော်တွေရဲ့ သရဏဂုံတည်ဆောက်ပြီး ငါးပါးသီလတော်မြတ်ကို ခံယူရတဲ့အဖြစ်မျိုး ကြုံရခဲပါတယ်။ တခါမှလည်း ကျွန်မဘဝမှာ မကြုံခဲ့ရပါဘူး။ သေဆုံးခါနီးအချိန်လေးမှာ သူဟာ သံဃာတော်တွေရဲ့ တရားသံကိုကြားမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ကောင်းမွန်စွာ ကူးပြောင်းသွားမယ်လို့လည်း ယုံကြည်ပါတယ်။

လူတစ်ယောက်သေဆုံးခါနီး ဇောတစ်ချက်က အရေးအကြီးဆုံးမို့ ကျွန်မတို့ ဆောင်ရွက်ပေးလိုက်ရတာကို ကျေနပ်မိပါတယ်။ ဒီဆောင်းပါးလေးကို ကျွန်မရင်နဲ့ ခံစားခဲ့ပြီး ကျွန်မရဲ့စာဖတ်ပရိတ်သတ်တွေဆီ မျှဝေခံစားပေးနိုင်အောင် ရေးသားလိုက်ရပါတယ်ရှင်။

အများအတွက်ပေးဆပ်နေမယ့်
ဒေါ်သန်းသန်းဌေး
မဇ္ဈိမလူမှုကူညီရေးအသင်း
၁.၇.၂၀၁၄

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


ဧရာမ ဥကြီး တစ်လုံး အင်္ဂလန်မှာ တွေ့ရှိ


အင်္ဂလန်နိုင်ငံ Essex  ပြည်နယ်၊ Halstead မြို့ရှိ Holy Trinity အမည်ရ ကျောင်း တစ်ခုမှာ ထူးခြား ကြီးမားတဲ့ ဥတစ်လုံးကို တွေ့ရှိကြောင်း သိရ ပါတယ်။


ကျောင်း ဝိုင်းတွင်းက တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပါတယ်။ ဥဟာ တမင် ကောလ ဟလ လွင့်ခြင်း မဟုတ်ပဲ မြင်နေကျ အကောင် များရဲ့ ဥ နဲ့ အခွံတူ ပါတယ်။ လေ့လာ သူတို့ရဲ့ စမ်းသပ်ချက် အရလည်း ယင်းဟာ သတ္တဝါ တစ်ကောင်ကောင် ရဲ့ ဥ ဖြစ်ကြောင်း လက်ခံ ယူဆ ထားပါတယ်တဲ့။ အရွယ် အစား ကတော့ ရေအိုးစင် တစ်လုံးစာ ရှိပါတယ်။ ၃ ပေ ပတ်လည် အချင်း ရှိတဲ့ ဥ ဖြစ်ပါတယ်။

အလေးချိန် ကတော့ မသိရ ပါဘူး။ ကျောင်းသားကျောင်းသူ ၂၅၀ ကျော်က မြင်တွေ့ ခဲ့ရပြီး ဆရာ ဖြစ်သူကို သတင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ဆေးမျုများ ပြုလုပ်နေကြောင်း ဆိုပါတယ်။ သတင်းကို Metro.co.uk မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

http://metro.co.uk/2014/07/09/giant-alien-egg-at-school-terrifies-pupils-4792908/

အောင်ခမ်း (www.innewsmyanmar.com)

အွန်လိုင်းပေါ်က သွေးထိုး လှုံ့ဆော်မှုများကြောင့် လှည်းကူးတွင် လုံခြုံရေး တိုးမြှင့်ထား


အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာ များတွင် လှုံ့ဆော်မှုများကြောင့် လှည်းကူးမြို့နယ် အတွက် စိုးရိမ် ပူပန်မှု မရှိစေရန် လုံခြုံရေး တိုးမြှင့် ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မန္တလေးမြို့ ပဋိပက္ခတွင် ပါဝင် ပြဿနာရှာခဲ့ပြီး ရှောင်တိမ်းလာသည်ဟုယူဆရသော ဘာသာခြား အချို့လှည်းကူးမြို့သို့ ရောက်ရှိနေကြောင်း သွေးထိုး လှုံ့ဆော်မှုများ ပါဝင်သော ဖြန့်ဝေမှုများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ကျွန်တော်တို့လည်း ဒီကိစ္စကို သတင်းရယူ စုံစမ်းနေ တာတော့ မထူးခြားသေးဘူး။ လုံခြုံရေး ကတော့ ပိုပြီး တိုးမြှင့်ထားတာပေါ့ ဟု ရန်ကုန်အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီးဝင်းကြည် က The Messenger Media သို့ပြောသည်။ လက်ရှိ အချိန်တွင် လှည်းကူး မြို့နယ်မှူး၊ စခန်းမှူးများ နှင့်ပါ တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး လုံခြုံရေး အနေအထားအရ ဒေသခံများ အနေဖြင့် စိတ်ပူရန် မရှိကြောင်း ၎င်း ကပြောသည်။

ယခင်က လှည်းကူး မြို့နယ်တွင် ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် အတွက် တာဝန် ရှိသူများ ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်မလာ စေရန် လုံခြုံရေး ပြည့်စုံစွာ စီစဉ် ထားပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။ အခု Facebook တွေပေါ်မှာ အခုလို ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ ဒီအခြေအနေတွေကို ထိန်းညှိဆောင်ရွက်ဖို့ အဓိကအုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိ နေပါတယ်။ ဒီတာဝန်ကိုတော့ကျေပွန်အောင် ထမ်းဆောင် ဖို့လိုနေပါတယ် ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က The Messenger Media သို့ ပြောသည်။

ထို့အပြင် မန္တလေးမြို့၌ ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော အချိန်မှ စ၍ လှည်းကူး မြို့နယ် အုပ်ချုပ်ရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် များအား ထူးခြား အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအနေဖြင့် သတိပေးထားခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ယခင်ကလည်း လှည်းကူး မြို့နယ်တွင် ပဋိပက္ခဖြစ်ပွားခဲ့သော အခြေအနေများရှိခဲ့ သောကြောင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့အစည်းများအနေဖြင့် အစည်းအဝေးခေါ် ယူကာ ပါဝင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ၎င်းကဆိုသည်။

The Messenger

မလေးရှားမှာ မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ


ဦးတိုနီ၏ဈာပနအခမ်းအနားတွင် တွေ့ရသည့် ဦးမျိုးပိုင် (ဓာတ်ပုံ - Sakhunna)

မလေးရှားနိုင်ငံမှာ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ အသက် ၄၀ အရွယ် ဦးတိုနီနဲ့ ဇူလိုင် ၉ ရက်နေ့မှာ အသက် ၅၀ အရွယ် ဦးမျိုးပိုင်တို့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။


မနေ့ နေ့ခင်းက ကွာလာလမ်ပူမြို့မှာ ဦးတိုနီရဲ့ နာရေး ဈာပနအခမ်းအနားမှာ ဦးမျိုးပိုင်လည်း လာရောက် ကူညီလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် နေ့ခင်း ၃ နာရီလောက် အိမ်ပြန်သွားပြီးနောက် ညဘက် ၈ နာရီကျော်လောက်မှာ အိမ်ကနေ အောက်ဆင်း ထမင်းသွားစားပြီး အပြန်မှာ သူ အသတ်ခံရတာလို့ ဦးစန်းဝင်းက ပြောပါတယ်။

အသတ်ခံရတဲ့နေရာဟာ ကွာလာလမ်ပူနဲ့ ကီလိုမီတာ ၅၀ ခန့်ရှိ ပွတ်ချွန်းမြို့ မာဂျုချာရာ ဆဲဗင်း အလဲဗင်းဆိုင်လေးနဲ့ မလှမ်းမကမ်းမှာလို့ ဆိုပါတယ်။

လူ ၆ ဦး လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ် ၃ စီးကသူတွေ သတ်ဖြတ်ခဲ့တာလို့ မျက်မြင်တဦးပြောပြချက်ကို ကိုးကားပြီး သူကပြောပါတယ်။

“သူက ဘာပြောလဲဆိုတော့ သူဈေးဝယ်မလို့ ထွက်လာတာတဲ့။ သူ လှမ်းတွေ့လိုက်တာ ကတော့ ၀၀နဲ့ လူကြီးက လမ်းလျှောက်နေတယ်။ နောက်မှာ ဆိုင်ကယ် ၃ စီးမှာ လူ ၆ ဦး ပါတယ်လို့ ပြောတယ်။ အဲဒီလူတွေ အကုန် ဆင်းပြီး ဓားနဲ့ ခုတ်တယ်ပေါ့။ ခုတ်ပြီး ဆိုင်ကယ်နဲ့ တခါတည်း ထွက်ပြေးသွားတယ်လို့ ကျနော်တို့ကို ပြောတယ်”  လို့ ဦးစန်းဝင်းက ပြောပါတယ်။

ဒီနောက် ရဲကို အကြောင်းကြားလိုက်ကြောင်းနဲ့ ရဲတွေရောက်လာတဲ့အခါ အဲဒီ မျက်မြင်သက်သေလည်း မတွေ့တော့ကြောင်း၊ သူ့ကို အမှုပတ်မှာစိုးလို့ ရှောင်သွားတာ ဖြစ်နိုင်ကြောင်း ဦးစန်းဝင်းက ပြောပါတယ်။

ဦးမျိုးပိုင်ဟာ မလေးရှားမှာ အသက် ၂၅ နှစ်လောက် အရွယ်ကတည်းက အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၆ လလောက်ကတော့ မြန်မာပြည်ကနေ ဇနီးနဲ့ သမီး လာလည်သွားသေးတယ်လို့ ဆိုပါတယ်။

အသက် ၄၀ ၀န်းကျင်ခန့်အရွယ် ဦးတိုနီကတော့ ကွာလာလမ်ပူနဲ့ မိုင် ၃၅၀ ခန့်အကွာက ဘာတာဝပ်မြို့မှာ အသတ်ခံခဲ့ရပါတယ်။

အဲဒီကနေ အလောင်းကို ကပုန်းနာရေးကူညီမှုအသင်းအပိုင်နယ်မြေဖြစ်တဲ့ ဂျင်ဂျန်းမြို့ကို သယ်ဆောင်လာပြီး  ဇူလိုင် ၉ ရက်နေ့က သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဈာပနကျင်းပ သင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်ခံရမှု ၂ မှုဟာ မန္တလေးမှာ အဓိကရုဏ်း ဖြစ်ပြီးပြီး ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ   မြန်မာပြည်တွင်း အဓိကရုဏ်းပုံစံ အကြမ်းဖက်မှုတွေ တခုခုဖြစ်ရင် မလေးရှားမှာလည်း လိုက်ပါ ဖြစ်ပွားပြီး မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေ သတ်ဖြတ်ခံရမှုပုံစံလို ဖြစ်နေတယ်လို့ ဦးစန်းဝင်းက ပြောပါတယ်။

ဦးတိုနီ သတ်ခံရတဲ့နေရာမှာ အလားတူ အမှုကြီး ဖြစ်ခဲ့တာ ၃ ခါရှိပြီလို့ ရဲအဖွဲ့က ပြောတယ်လို့ ဆိုပါတယ်။

“မလေးရှားမှာ ပြီးခဲ့တဲ့ အကြမ်းဖက်မှု ၅ လပိုင်း ၃၀ ရက်နေ့ကစပြီး ယနေ့တိုင်ထိက လစဉ်ပေါ့လေ။ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အနည်းဆုံး လူသတ်မှုက ၁ လောင်း ရှိနေတယ်။ အနိမ့်ဆုံး၊ မနှစ်က အကြမ်းဖက်မှုဆိုရင် တဆက်တည်း လူ ၉ ဦးလောက် တန်းသေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် မလေးရှားမှာက အဲဒီအမှုတွေ တခါမှလည်း ပေါ်ပေါက်တာလည်း မရှိဘူး။ ဖမ်းဆီးတာလည်း မရှိဘူး။ အဲဒါကြောင့် လူအားလုံးရဲ့ မျှော်လင့်ချက်ကတော့ နိုင်ငံတော်အစိုးရနဲ့ မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကနေ ပြီးတော့ ဖော်ထုတ်ပေးဖို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနကို ဖိအားပေးစေချင်တယ်။”

ဒီလူသတ်မှုတွေနဲ့ ပတ်သက်လို့ မလေးရှားမှာရှိတဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့   မြန်မာအလုပ်သမားသံအရာရှိ  ဦးရောကို ဆက်သွယ် မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရသေးပါဘူး။

ဒီလဆန်းပိုင်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ရာမှာ  တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန် ထားပါတယ်။

DVB Burmese

အွန်လိုင်းပေါ် သင့်တော်တဲ့လူ ဘယ်လိုရှာကြမလဲ



ယခုခေတ်မှာ အွန်းလိုင်းဝန်ဆောင်မှုကနေ တဆင့် ချစ်သူရှာရတာ သာမန် လိုဖြစ်နေပါပြီ။ အမှန်ဆိုရရင် လွန်ခဲ့တဲ့သုံးနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ချစ်သူစုံတွဲငါးတွဲထဲတွင် တစ်တွဲဟာ အွန်လိုင်းကနေတဆင့်တွေ့ကြတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့စစ်တမ်းတစ်ခုက ဆိုပါတယ်။

ပိုပြီးအံ့သြစရာကောင်းတဲ့အရာက အွန်းလိုင်းကနေထက် အရက်ဆိုင်၊ ကလပ်
(သို့) တခြားလူမှုရေးကိစ္စရပ်တစ်ခုခုကနေ တွေ့ကြတဲ့ ချစ်သူစုံတွဲ ကနှစ်ဆ
များနေတယ် လို့ဆိုပါတယ်။

အကြောင်းအရင်းကတော့ ရှင်းရှင်းလေးပါ။ ဒီနည်းလမ်းက အဆင်ပြေနေ
လို့ပေါ့။
ယနေ့ခေတ်မှာ အွန်လိုင်းပေါ်ချိန်တွေ့ခြင်းဟာ အတော်လေးဖွံ့ဖြိုးတွင်ကျယ်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တယ်။ သင်မလုပ်ကြည့်သေးဘူးဆို အွန်လိုင်းချိန်တွေ့ ၀န်ဆောင်မှု ဘယ်လောက်ကြပ်သိပ်ပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ အံ့သြတကြီး တွေ့နိုင်ပါလိမ့်မယ်။

အထူးသဖြင့် ၀န်ဆောင်မှုကုမ္ဗဏီတစ်ခု ဖြစ်တဲ့ Match.com pre-eminant အွန်လိုင်းချိန်တွေ ၀န်ဆောင်မှုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

ဒါဆိုရင် ဘာကြောင့် ထက်မြတ် အောင်မြင်နေတဲ့လူတွေ ဒီနေ့အွန်လိုင်းမှာ ချိန်တွေ့နေကြတာလဲ။
ပထမဦးဆုံးအနေနဲ့ အွန်လိုင်းချိန်းတွေ့ ခြင်းက တစ်စုံတစ်ယောက်အတွက် အချိန်ပေးမပေးသင့် ဆုံးဖြတ်ချက်မချခင် သူ့အကြောင်းအနည်းအကျဉ်း သိစေတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတွေ့ဆုံခင် အွန်လိုင်းကနေ စကားအရင်ပြောတာက သူနဲ့ပထမဦးဆုံး
အကြိမ်တွေ့ရာမှာ ကြုံရမယ့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့နည်းစေ
တယ်လို့ လေ့လာချက်ကနေ သက်သေပြခဲ့ပါတယ်။

အွန်လိုင်းချိန်တွေ့ခြင်းက မချိန်းတွေ့ခင် ဖြစ်လာတတ်တဲ့ အန္တရာယ် ပြသာနာ တွေကို သိရှိသတိပြုမိစေတယ်။ တစ်စုံတစ်ယောက်နှင့် ပတ်သက်မှုရခဲ့ပြီး သင့်အတွက် အဖော်ကောင်းတစ်ယောက် တကယ်ဖြစ်တယ်ဆိုတာတော့ အသေအချာတွေ့ရတယ်။

နောက်ပြီး တချို့တွေ ထင်ကောင်းထင်နိုင်တဲ့အချက်ရဲ့ဆန့်ကျင်ဘက်က ယျေဘုယျအနေနဲ့ လူုတွေဟာ အွန်လိုင်းပေါ်ဆိုရင် ရိုးသားကြတယ်လို့ သုသေသနက ပြသခဲ့တယ်။

၁၉၉၅ ခုနှစ်ကစတင် တည်ထောင်ခဲ့တဲ့ ၎င်းဝန်ဆောင်မှုဦးဆောင်တဲ့ Match.com စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးတွေ ဖန်တီးနိုင်အောင် အထူးလုပ်ဆောင်ပေးပါတယ်။ ယခုနှစ်ပေါင်းများစွာကြာသည်အထိ သူတို့ဟာ အချစ်အောင်ဘာလေကို ဆွတ်ခူးရရှိစေဖို့ နည်းလမ်းအသစ်သစ်တွေ ရှာဖွေပေးလျက်ရှိနေပါတယ်။

Credit: Trend Myanmar

လွတ်မြောက်နေဆဲ ဖြစ်တဲ့ ရက်စက် ကြမ်းကြုတ်နေသူ နှစ်ဦး


ကရင် တိုင်းရင်းသူ မအဲအား ဘတ်ငွေလေးသန်းကျော် လျော်ကြေး ပေးအပ်ရန် ထိုင်းတရားရုံးက အမိန့်ချ ခဲ့သော်လည်း ထိုင်းနိုင်ငံသား တရားခံ လင်မယားနှစ်ဦးအား ဖမ်းဆီးနိုင်သေးခြင်း မရှိသေးသည့် အတွက် မြန်မာအစိုးရ အနေဖြင့် ထိုင်းအစိုးရထံ ဖိအားပေး တောင်းဆိုသင့်ကြောင်း အလုပ်သမားရေး လှုပ်ရှားနေသူများက The Messenger Media သို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ထိုင်းလင်မယား၏ နှိပ်စက်မှု ခံခဲ့ရသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲအတွက် ဘတ်ငွေ (၄၆၀၃၂၃၃) ကို လျော်ကြေး ငွေပေးအပ်ရမည်ဟု ယခုလ (၃၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ကန်ဖယ်ဖက် ခရိုင်တရားရုံးက အမိန့်ချ လိုက်သော်လည်း တရားခံ လင်မယား နှစ်ဦးအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Human Right And Development Foundation (HRDF) မှ မအဲ အမှုအားရှေ့နေ အဖြစ် ဆောင်ရွက်ပေးနေသူ Ms.Pleda Tongchoumnon က The Messenger Media  သို့ပြောကြား ထားသည်။

““အခင်းဖြစ်တဲ့ အချိန်မှာ တရားခံတွေရှိပြီး နောက်တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်။ သူ့နိုင်ငံ အစိုးရက သူ့နိုင်ငံသားကို ထိထိ ရောက်ရောက် မလုပ်နိုင်ရင် ကိုယ့်နိုင်ငံ အစိုးရက ပြင်းပြင်း ထန်ထန် ထိထိ ရောက်ရောက် ဖိအား ပေးသင့်တယ်။ ကျွန်တော့် အမြင်ရပြောရရင် ဖိအားပေးတာတွေ နည်းလွန်း နေသေးတယ်”” ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ်သမား ရွှေ့ပြောင်း ကွန်ရက်မှ ဦးအောင်ကျော်က The Messenger Media သို့ သုံးသပ် ပြောကြားသည်။


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ ထိုင်းနိုင်ငံ၊ ကမ်ဖိုင်ဖစ်မြို့၊ မဟာချိုင်ရပ်ကွက် အမှတ်၊ (၁၉၃) တွင် ခွေးလှောင်အိမ် အတွင်းတွင် ထည့်သွင်း ပိတ်လှောင် ထားသော (၁၂) အရွယ် ကရင်တိုင်းရင်းသူ မအဲ အား အိမ်မွေးကြောင် တစ်ကောင် ပျောက်၍ လိုက်ရှာနေသော ထိုင်း အမျိုးသမီးတစ်ဦးက တွေ့ရှိ၍ ထိုင်းရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။


မအဲအား ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကြက်တူရွေး ရွာနေ မိဘများက ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ပြီး၊  လက်ရှိအချိန်တွင် ထိုင်းလင်မယား၏ နှိပ်စက်မှုဒဏ်ကြောင့် ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက်မြို့ တွင် မိသားစုနှင့် ကလေး စောင့်ရှောက်ရေး ဂေဟာတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ မအဲ သည် အသက်ခုနစ်နှစ် အရွယ်တွင် မိဘများနှင့် အတူ ဆိုင်းငမ်းရွာရှိ ကြံခင်းတွင် အလုပ် လုပ်နေစဉ် အဆိုပါ ထိုင်းလင်မယားက ဖြားယောင်း ခေါ်ဆောင်သွားပြီး ငါးနှစ်ကျော် ကြာအခန်း ပိတ်လှောင် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ထွက်ပြေးခဲ့သော ထိုင်း လင်မယားကို ထိုင်းအစိုးရ အနေဖြင့် လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ကရင် တိုင်းရင်းသူ မအဲအတွက် ကန်ဖယ်ဖက် ခရိုင်တရားရုံးက ဆေးကုသစရိတ် ဘတ်ငွေ တစ်သန်းကျော်၊ နစ်နာကြေး ဘတ်တစ်သန်း၊ ခန္ဓာကိုယ် နစ်နာကြေး ဘတ်ခြောက်သိန်း၊ မျိုးပွားအင်္ဂါ ပျက်စီးမှု ဘတ်ခုနှစ်သိန်း၊ ရုပ်ရည်ပျက်စီးမှု ဘတ်ခုနှစ်သိန်း၊ လမ်းစရိတ် ဘတ်ငါးသိန်း လျော်ကြေးငွေ ပေးအပ်ရန် ယခု လ (၃၀) ရက်နေ့တွင် အမိန့်ချခဲ့ကြောင်း HRDF စာရင်းများအရ သိရသည်။

““တချို့ကလည်း တရားခံက လာအိုဘက်ကို ထွက်ပြေးသွားတယ် လို့ ပြောကြတယ်။ ဟုတ် မဟုတ် ဆိုတာကိုတော့ ကျွန်တော်တို့ အစိုးရက ဒီအတိုင်း ထိုင်ကြည့်နေလို့တော့ ဘယ်ဖြစ်မလဲ၊ သံတမန် နည်းလမ်းတွေ နိုင်ငံတကာ အစည်းအဝေး ပွဲတွေရဲ့ စိတ်ဝင်စားမှုနဲ့ အတူဖိအားပေး တောင်းဆိုသင့်တယ်”” ဟု ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်မှ အလုပ်သမားရေး အကြံပေး ကိုကျော်ဇော်လင်းက The Messenger Media သို့ ပြောသည်။

အိမ်ရှင် လင်မယားသည် မအဲ အား ခေါင်းကိုနံရံနှင့်  ဆောင့်ခြင်း၊ ခွေးလှောင်အိမ်ထဲတွင် ပိတ်လှောင်၍ ရေနွေးပူဖြင့် လောင်းခြင်း၊ နားရွက်အား ကပ်ကြေးဖြင့် ညှပ်ခြင်း၊ အခန်း ပိတ်လှောင်ပြီး နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော်လည်း ဖမ်းဆီးပြီး ရက်ပိုင်းအကြာတွင် ထိုင်းရဲတပ်ဖွဲ့မှ ထိုင်းလင်မယားအား အာမခံပေး ခဲ့သောကြောင့် အဆိုပါ လင်မယားမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

““ထိုင်းအစိုးရကို တရားခံဖမ်း မိဖို့အတွက် ဒီထက်မက တောင်းဆိုသင့်တယ်။ ကိုယ့်လူမျိုးတွေ သူတစ်ပါးနိုင်ငံမှာ ညှဉ်းပန်း နှိပ်စက်တာ မခံရဖို့လည်း အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက အလေးထား ဆောင်ရွက်သင့်တယ်”” ဟု Labour Right Clinic မှ အလုပ်သမားရေး လှုပ်ရှားနေသူ ဦးချစ်ဦးမောင်က The Messenger Media သို့ ပြောသည်။

လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်မှ အာဏာ သိမ်းထားခြင်းကြောင့် နိုင်ငံတကာမှ ဝေဖန်မှုများ၊ နိုင်ငံတကာမှ ပိတ်ဆို့မှုများ ပြုလုပ်နေကြောင်း၊ ယင်းအတွက်ကြောင့်လည်း ထိုင်းနိုင်ငံ အစိုးရက နိုင်ငံတကာ၏ အမြင် ကြည်လင်မှု ရရှိစေရန် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားအရေးကို ကောင်းမွန်စွာ ဆောင်ရွက်နေသည့် အချိန်နှင့် အချိန်ကိုက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဖိအားပေး တောင်းဆိုနိုင်လျှင် တရားခံအား ဖမ်းဆီးနိုင်မည်ဟု ယုံကြည်ကြောင်း ဦးအောင်ကျော်က ထပ်လောင်းပြောသည်။

““လက်ရှိ ကျွန်တော်တို့ သမ္မတက အာဆီယံဥက္ကဋ္ဌ ရာထူးယူထားတယ်။ ဒီလိုအချိန်မှာ စံပြအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မတရားခံရတဲ့ ကလေးတစ်ယောက် အမှုကို အစည်းအဝေးတွေမှာ တင်ပြပြီး လုပ်ဆောင်ရင် အောင်မြင်မှာပါ။ ကိုယ့် အလုပ်သမား တွေကလည်း ကိုယ့်အစိုးရကို ယုံကြည်မှာပေါ့။ ကိုယ့်နိုင်ငံသား အခွင့်အရေး ကိုတော့ ရအောင် လုပ်သင့်တာပေါ့ဗျာ””ဟု ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်မှ အလုပ်သမားရေး အကြံပေး ဦးကျော်ဇောလင်းက ပြောသည်။

ထိုင်းအစိုးရက အဆိုပါ လင်မယားအား ဖြားယောင်း သွေးဆောင်မှု၊ မတရား ညှဉ်းပမ်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မစေခိုင်းမှု၊ အသက် (၁၅) နှစ်အောက် ကလေးအား လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမား လက်ခံမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ်အနှစ် (၂၀) ကျခံရနိုင်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သိရသည်။

The Messenger

image: thailandnews24

ဆယ့်နှစ်ရာသီခွင်အလိုက် ဒေါသဘယ်လောက်ကြီးတယ်ဆိုတာ သိချင်တယ်ဆိုရင်


Aries March 21- April 20

ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊  လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးဖို့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

Taurus April 21- May 20

ခံစားချက်တွေကို ထိန်းချုပ်တတ်ပြီး ပုံမှန်အားဖြင့် သူတို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ စိတ်ဆိုးတယ်မဆိုးဘူးဆိုတာကို ခန့်မှန်းဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူးဆိုရင်တော့ ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိအောင်ပဲ ကျွဲရိုင်းကြီးတွေလိုပဲ ကြောက်စရာကောင်းပါတယ်။ ဘယ်အချိန်တွေမှာ စိတ်ဆိုးလဲဆိုရင်တော့ သူမဟုတ်တဲ့နေရာမှာ စွပ်စွဲတာမျိုးဆို မခံမရပ်နိုင်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိတ်မှာ မှားခဲ့တဲ့ဖြစ်ရပ်တစ်ခုခုကို တစ်ယောက်ယောက်က သူ့ကို ပြန်စွပေးတယ်ဆိုရင် ခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အားနည်းချက်တွေကို သတိထားပြီး ဆက်ဆံဖို့လိုတဲ့သူတွေပဲ ဖြစ်ပါတယ်။

Gemini May 21- June 29

ပုံမှန်အားဖြင့် ပျော်ပျော်ပဲနေတတ်ပြီး ဖော်ရွယ်တဲ့အကျင့်ရှိသူများ ဖြစ်တဲ့အတွက် စိတ်ဆိုးတယ်ဆိုရင် သူတို့အမူအရာကို ကြည့်ပြီးတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ ဒေါသထွက်လာပြီဆိုရင်တော့  အကြောင်းပြချက်တွေကို နားမထောင်တော့ပဲနဲ့ အော်ဟစ်သောင်းကျန်းတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်တိုင် အားရပါးရ ပြောဆိုကြိမ်းမောင်းနိုင်မှ ကျေနပ်တဲ့အကျင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

Cancer June 21- July 21

ချစ်စရာကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတွေ ဖြစ်သောကြောင့် စိတ်မကောင်းစရာဖြစ်ရပ်မျိုးဆို သူတို့ မနှစ်သက်ပါဘူး။ သည်းခံစိတ်အပြည့်ရှိပြီးတော့ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိသလောက်ပါပဲ။ တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်အောင် တမင်တကာကြံရွယ်ပြီးလုပ်တယ်ဆိုရင်တောင် တိတ်တဆိတ်ရှောင်ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်မဆိုးတတ်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင် ချွေးပြန်ပြီး နှုတ်မှ စကားလုံးတွေလုံးထွေးသွားရင်း တုန်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြပါတယ်။ မျက်ရည်ကျလွယ်ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ရိုးသားမှုတွေကို ကြည့်ပြီးတော့ ချက်ချင်းတောင်းပန်ဖို့ ကြိုးစားတတ်ကြပါတယ်။

Leo July 22- August 21

စိတ်ခံစားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနားမှာရှိတဲ့သူတွေကတော့ အေးစက်ပြီး ဂရုစိုက်တတ်တဲ့အကျင့်မရှိတဲ့သူလို့ပဲ ထင်ကြပါတယ်။ ပွဲတတ်တာမျိုးကို ဝါသနာမပါတဲ့သူဖြစ်ပေမယ့် စိန်ခေါ်တဲ့ကိစ္စရပ်တွေဆို စိတ်ဝင်စားပါတယ်။ ဒေါသထွက်လာပြီဆိုရင် သူတပါး ဂုဏ်သိက္ခာကျတဲ့အထိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြပါတယ်။ အဲဒါကြောင့် သူနဲ့ရန်ဖြစ်ထားတဲ့သူတွေနဲ့ တသက်လုံး ရန်ငြိုးရှိတတ်ပါတယ်။

Virgo August 22- September 21

အများအားဖြင့်တော့ သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေကိုတော့ ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ ပြန်တုံ့ပြန်တတ်ကြပါတယ်။ အော်ငေါက်ဆဲဆိုပြီးတော့ ကိုယ့်ဘေးမှာရှိတဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ စားပွဲခုံ၊ နံရံတွေထိုးလိုက်လို့ ကိုယ့်လက်ကို နာကြင်အောင် လုပ်တတ်ကြပါတယ်။ အဲဒါကြောင့် စကားနိုင်လုပြီးရန်ဖြစ်တဲ့နေရာတွေမှာ မနေမိဖို့ သတိထားရပါမယ်။ ပြီးတော့ တခြားလူတွေရဲ့နှစ်သိမ့်ပေးတာကို ဂရုမစိုက်ပဲနဲ့ သူတို့ရဲ့ အယူအဆကို လေးစားတဲ့အကျင့်လည်း ရှိတတ်ကြပါတယ်။

Libra September 22 – October 22

ဆယ့်နှစ်ရာသီခွင်များထဲမှာမှ ချစ်စရာအကောင်းဆုံးသူများဆိုပြီးတော့ သတ်မှတ်ခြင်းခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘေးနားမှာရှိတဲ့လူအနည်းစုကပဲ သူတို့ဒေါသထွက် စိတ်ဆိုးတာမျိုးကို မြင်ဖူးကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့အကျင့်လည်းရှိကြတယ်။ ဒါပေမယ့် ထွက်ခဲတဲ့ဒေါသမီးတောက်လာပြီ ဆိုရင်တော့ အခြားရာသီခွင်တွေထက် ပိုပြီးဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။

Scorpio October 23 – November 21

တည်ငြိမ်တဲ့အကျင့်စရိုက်တော့ ရှိပေမယ့် တခါတလေ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထွက်လွယ်တဲ့သူပဲလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ကို ပျော်သွားအောင်လုပ်ပေးနိုင်တဲ့သူအနားမှာတော့ ဒေါသမထွက်ဖူးကြပါဘူး။ သူငယ်ချင်းဆိုရင်လည်း ရွေးချယ်ခင်တတ်ပြီး သူတို့အပေါ်မှာဆို အနစ်နာခံတတ်တဲ့စိတ်ဓါတ်အပြည့်ရှိပါတယ်။ သူ့နှုတ်ကထွက်လိုက်တဲ့စကားလုံးတွေဟာ အေးစက်ပြီးအဆိပ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်တွေကို ပြန်တွေးပြီးတော့ သီးမခံတတ်တဲ့အားနည်းချက်တွေကြောင့် သူတို့ကိုသူတို့ ခွင့်မလွှတ်နိုင်ဖြစ်တတ်ကြပါတယ်။

Sagittarius November 22 – December 20

ဒီရာသီခွင်မှာ မွေးတဲ့သူတွေကတော့ ခံစားချက်ကို အပြည့်အဝမထိန်းချုပ်နိုင်ပဲ ခံစားလွယ်တဲ့အကျင့်ရှိကြပါတယ်။ စိတ်ဆိုးလွယ်တဲ့အတွက် မထင်မှတ်ထားတဲ့ဒေါသကြောင့် ဘေးနားကလူတွေ အံ့သြသွားစေနိုင်ပါတယ်။ တခြားလူရဲ့ ချော့မေ့ပြီးပြောဆိုတာကို စောင့်ရင်းနဲ့ ဒေါသကို မြိုသိပ်ထားပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုရင်တောင် အခြားသူကိုပဲ အပြစ်ပုံချပြောတတ်ကြပါတယ်။ ပြီးတော့ ဘယ်တော့မှ အရင်အလျော့မပေးတတ်ကြပါဘူး။

Capricorn December 21 – January 19

လက်တွေ့ဆန်ပြီး နည်းစနစ်ကျကျနေတဲ့သူတွေမို့လို့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေဖြစ်သလို အရှိကိုအရှိတိုင်း ခံစားချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာ မာတဲ့ပုံပေါ်နေပေမယ့် သူတို့ခံစားလွယ်တဲ့အကျင့်ကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကို စိတ်ဆိုးစိတ်တိုနေပေမယ့် စိတ်ကိုလွှတ်ပြီး ဒေါသကိုထိန်းထားတတ်ကြပါတယ်။ ဒါပေမယ့် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အခြားသူတွေ အလန့်တကြားဖြစ်အောင် လုပ်တတ်ပြီး လူတစ်ဦးတစ်ယောက်ကိုပဲ ဒေါသမထွက်ပဲ အနီးအနားမှာရှိတဲ့သူတွေအားလုံး မလုံမလဲဖြစ်တဲ့အထိ စွပ်စွဲပြောဆိုတတ်တဲ့အကျင့်ရှိပါတယ်။

Aquarius January 20 – February 18

သူတို့တွေကတော့ စိတ်ခံစားချက်လွှတ်လိုက်တာမျိုးကို မနှစ်သက်ပဲ ကြင်နာတတ်ပြီး စိတ်ထားမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ ဒေါသထွက်ခဲပါတယ်။ လူမူဆက်ဆံရေးမှာ ကိုယ့်ခံယူချက်နဲ့ အကျင့်စရိုက်တွေ ကောင်းမွန်အောင် ကြိုးစားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ နားလည်မှုလွဲတာမျိုးဖြစ်ရင်တော့ ဒေါသထွက်တတ်ကြပါတယ်။ စိတ်ဆိုးခဲ့တဲ့ဖြစ်ရပ်တွေကို လွယ်လွယ်မမေ့ပဲ အကြာကြီးစိတ်ထဲမှာ မျိုသိပ်ထားတတ်ကြပါတယ်။

Pisces February 19 – March 20

သူတို့တွေရဲ့ အကျင့်စရိတ် အံ့သြဖို့ကောင်းတဲ့အချက်ကတော့ စိတ်ဆိုးပြီးဆိုရင် ပိုပြီးစွဲဆောင်မှုကောင်းကြပါတယ်။ ခံစားတာလွယ်တဲ့အလျောက် သူများကိုလည်း အန္တရာယ်မပြုတတ်ကြပါဘူး။ ဒါပေမယ့် သူများက ထိခိုက်ဖို့ရည်ရွယ်လာပြီဆိုရင်တော့ အားလုံးပြောင်းပြန်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့က ခက်ထန်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတတ်ပြီး ဘေးနားမှာရှိတဲ့လူသို့မဟုတ် ပစ္စည်းအားလုံးကို တုန်ခါသွားအောင် လုပ်ချင်တဲ့စိတ်မျိုးရှိကြပါတယ်။ ဒေါသဖြစ်တယ်ဆိုရင် ရှင်းပြတဲ့အသံကို နားမထောင်ချင်ပဲ တစ်ယောက်တည်းနေချင်တဲ့စိတ်ရှိကြပါတယ်။ ခဏတာစိတ်ဆိုးမှုတွေကို ပြန်တွေးပြီး ခွင့်လွှတ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ အကြာကြီးစိတ်မဆိုးတတ်ကြပါဘူး။

Ref:goodreads.com

Trend Myanmar

ဘယ်တော့မှ မမေ့ဘူး …


သေသောသူ ကြာရင်မေ့ဆိုပေမယ့် မြန်မာပြည်သူတွေအများစု မမေ့နိုင်သေးတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒွေး ကွယ်လွန်ခဲ့တဲ့ ၇နှစ်ပြည့်ပါတော့မယ်။ မီးထိုးမှန်ထိုးဘဝကနေ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မယ် ရုပ်ရှင်ကားမှာ ရှုတင်မန်နေဂျာနဲ့ စတင်လာတဲ့ ဒွေးကို ပရိသတ်ချစ်နေကြတာ သူအကယ်ဒမီရတာထက် ပိုပြီး တန်ဖိုးထားတယ်လို့ မမိုးမိုးက ဆိုပါတယ်။

ဦးလေးဖြစ်သူ မင်းသားကြီး ကျော်ဟိန်းရဲ့ဆန္ဒနဲ့ ရုပ်ရှင်လောကထဲရောက်လာပေမယ့် ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ အောင်မြင်အောင်လုပ်ခဲ့သူပါလို့ ကျန်ရစ်သူဇနီးသည် မမိုးမိုးက ပြောပြပါတယ်။ ပရိသတ်ဆီက ငွေကို လိမ်မယူချင်ဘူးဆိုတဲ့ တာဝန်ကျေဖို့က နံပါတ်တစ်လို့ ဒွေးတစ်ယောက် သဘောပိုက်ထားခဲ့တယ်လို့ ရှင်းပြပါတယ်။

ကိုသားကြီးလို့ မိတ်ဆွေအပေါင်းအသင်းတွေကြား သိကြတဲ့ ဒွေးဟာ ၂ဝဝ၇ ဇူလိုင် ၁၁ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒွေးကွယ်လွန်ခဲ့တာ မူးယစ်ဆေးဝါးကြောင့်လို့ လူပြောများကြပေမယ့် ဒွေးရဲ့ညီ သားညီက သူ့အစ်ကို တကယ်ဆုံးပါးခဲ့ရတာဟာ လူကြီးသွေးလွန်တုပ်ကွေးရောဂါကြောင့်ပါလို့ ဆိုပါတယ်။ ဒွေးမရှိတော့တဲ့နောက်ပိုင်း သူလည်း အနုပညာနယ်ပယ်မှာ အတော်ပဲ ရုန်းကန်ခဲ့ရတယ်လို့ ပြောပါတယ်။

ဇူလိုင်လရောက်တိုင်း ဒွေးကို ရင်ထဲမှာ အမြဲသတိရနေတဲ့ ဒါရိုက်တာ ညိုမင်းလွင်က ၁၁ရက်နေ့ကျရင် ၇နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမှတ်တရအစီအစဉ်လေးတစ်ခု လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒွေးသေဆုံးခဲ့ပြီဆိုတာကို သူ့ရင်ထဲမှာ လက်မခံသေးဘူး၊ သူ့ကို မင်းသားတစ်ယောက်ထက် အစ်ကိုကြီးတစ်ယောက်လို ချစ်ခဲ့ရပါတယ်လို့ ပြောပြပါတယ်။

အမေ့ခြေရာဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီကို ဒွေးရခဲ့ပါတယ်။ အကယ်ဒမီဒွေး ဆုံးပါးပြီးနောက်ပိုင်း အခြားကွယ်လွန်ကြတဲ့ အနုပညာရှင်တွေအတွက် အမှတ်တရတွေ လုပ်ကြတဲ့အချိန် ဒွေးဆိုတာ ဘယ်နေရာမှာလဲလို့ ဇနီးဖြစ်တဲ့ မမိုးမိုး စဉ်းစားမိခဲ့ပါတယ်။ အားလုံးက ဒွေးကို မေ့လိုက်ကြပြီလားဆိုတာ သူစိတ်မကောင်းဖြစ်ခဲ့ပုံရပါတယ်။

ဒွေးရဲ့ညီတစ်ယောက် ဖြစ်ခွင့်ရတာနဲ့တင် ဒီလောကမှာ အသက်ရှင်ရတာ တော်တော်တန်နေပါပြီလို့ သားညီက ပြောပါတယ်။ သေတဲ့အချိန်ထိ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့တာ သူ့အစ်ကိုအတွက် ရင်အနာဆုံးပါပဲတဲ့။

Kamaryut Media

မြနန္ဒာရဲ့ ကြိုးဆွဲဆရာ - ဇာဂနာ



၂၀၁၅မှာ ဘာဖြစ်မလဲ။ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးကား အဘယ်နည်း။ မေးခွန်းတွေက မြှားလို စူးနစ်သည်။
ကျွန်တော့်မှာ ဖြေစရာ စကားမရှိ။ ဖြေဖို့ခက်နေသည်။ အဖြေကို မသိတာလည်း ဖြစ်၏။ ကျွန်တော့်အာရုံတွေက ၂၀၁၅ ဆီမရောက်။ မန္တလေးသို့သာ ရောက်နေသည်။ အောင်ကျော်လည်း မချမ်းအေးနိုင်ပြီ။ အင်ကြင်းတို့လည်း ကြာအုံနှယ် မပွင့်နိုင်တော့။ ဆရာတင်၏ မြနန္ဒာသီချင်းကို ကြိမ်ကြိမ်ဖန်ဖန် ရွတ်မိနေသည်။

“တကယ် ခေတ်ပြောင်းတော့မယ် အမှန် ဧ၀ကံမှာ တဖန် ရွှေမြနန္ဒာ သမ်းသော မန်းရိပ်ခို” တကယ် ခေတ်ပြောင်းပြီလားတော့ မသိ။ မြနန္ဒာမှာ ဒဏ်ရာတွေနှင့်။ မြနန္ဒာမှာ အမာရွတ်တွေ ထင်ခဲ့ပေါ့။

ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာရေး အကြောင်းပြသည့် ပဋိပက္ခတွေ ဖြစ်ခဲ့တာ နှစ်နှစ် ကျော်ပြီ။ ဆက်တိုက် ဆက်တိုက် ဆိုသလိုပင်။ ဖြစ်တိုင်းလည်း ဘာအရေးမှ မကြီးသည့် ပြဿနာကပင် စနေလေသည်။ လူမှုကွန်ရက်ဟု ခေါ်ဆိုသည့် Facebook ကစသော ပြဿနာချည်း ဖြစ်နေ၏။ ရခိုင် ပြည်နယ် တစ်ခုလုံးကို ဟုန်းဟုန်း တောက်စေခဲ့တာလည်း Facebookက စတာပဲဖြစ်သည်။ Facebookကို အတည်ယူပြီး ပြဿနာတွေကို ကြီးထွားစေခဲ့သူတွေ၏ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေသည်ဟု ပြောသာ ပြောနေသော်လည်း ကြိုးဆွဲဆရာကို ယခုထက်တိုင် မတွေ့ရသေးချေ။ အသက်တွေကတော့ သေကုန်ပြီ။

ဒါဆိုရင် မေးချင်သည်။ ၁၉၈၈ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ န၀တ၊ နအဖ အုပ်စိုးနေစဉ်က ဘာကြောင့် ဒီပြဿနာတွေ မဖြစ်ခဲ့သနည်း။ လူတွေရှိလျှင် ပြဿနာတွေရှိရမည်။ ယောက်ျားရှိလျှင် မိန်းမရှိရမည်။ မုဒိန်းမှုဆိုတာ ရှိခဲ့သည်။ ရှိနေသည်။ ရှိလေဦးမည်။ ဒါပေမဲ့ န၀တခေတ် တစ်လျှောက်၊ နအဖခေတ် တစ်လျှောက် မုဒိန်းမှုက စတင်သော ခုလိုပဋိပက္ခကြီးတွေ မဖြစ်ခဲ့ချေ။ (ဒီအချက်ကို အရေးအကြီးဆုံး နေရာမှာထားကာ သဘောပေါက်ကြပေးဖို့ လိုပါသည်)

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ ဒီလိုပြဿနာတွေ ဆက်တိုက်ဆက်တိုက် ဖြစ်ခဲ့တာကလည်း ဒုတိယ စဉ်းစားစရာ ဖြစ်လာသည်။ လူအုပ်နှင့် ပတ်သက်သည့် အခြေခံ စိတ္တဗေဒကို နားလည်သူတွေက လူအုပ်ကို ကောင်းကောင်း အသုံးချနိုင်တာ မမေ့ကြစေချင်။ ဟောပြောပွဲတွေ၊ ဇာတ်စင်တွေ၊ ဂီတပွဲတွေ ရှေ့က လူအုပ်ကြီး၏ ပေါက်ကွဲလွယ်မှုကို သတိချပ်ကြဖို့ လိုသည်။ တစ်ဦး တစ်ယောက်တည်း ဆိုလျှင် မလုပ်ဝံ့သော အလုပ်ကို လူအုပ်နှင့်ဆို လုပ်လေ့ရှိကြ၏။ ခြင်ကိုတောင် မသတ်ဝံ့သော အမျိုးသမီး တစ်ယောက်ကား သူမ၏ နုနယ် လှပမှုနှင့်မှ မလိုက်ဖက်အောင် လူအုပ်ရှေ့မှာ ခေါင်းဖြတ် ရဲခဲ့ဖူးပြီ။

တကယ်တော့ ကမ္ဘာမှာ လူအုပ်နဲ့ပတ်သက်သည့် စိတ္တဗေဒ သဘောကို ပုံစံလေးမျိုးနှင့် ဖွင့်ဆိုသည်။

၁။ ဝေလေလေ လူအုပ်ပုံစံ
ဘာရယ်မဟုတ်၊ သူများတွေနဲ့ ရောယောင်ဝင်ပါလိုက်သည့် သဘောပင်။ အများယောင်လို့ ယောင်အမောင် တောင်မှန်း မြောက်မှန်း မသိသူတွေပင်။

၂။ ၀တ်ကျေတန်းကျေ လူအုပ် ပုံစံ
မပါလျှင် မကောင်းဘူးဟုဆိုကာ ၀င်ရောသူတွေပင်။ သူတို့မှာ ဘာခံစားချက် ခံယူချက်ရှိလို့မှ မဟုတ်။ မပါလိုက်လျှင် အပြစ်တင် ခံရမှာစိုးတာနှင့် ၀င်ပါသူတွေ ဖြစ်၏။

၃။ ဖော်ထုတ်ဖွင့်ဟချင်သည့် လူအုပ်ပုံစံ
ဒါကတော့ ရှင်းသည်။ မီဒီယာ ဖိနှိပ်မှုတွေ ရပ်ပေးဖို့၊ လယ်မြေယာမြေ သိမ်းတာတွေ ပြန်ပေးဖို့ စသည့်စသည့် ပြဿနာတွေကို ရင်ဆိုင်နေရသော သဘောထားတူသူချင်း ပေါင်းမိပြီး အများရှေ့မှာ ဖွင့်ပြရဲသူများ ဖြစ်သည်။ သို့သော် ထိုလူအုပ်သည်ပင်လျှင် ဆန့်ကျင်ဖက် တစ်ခုခုနှင့် ရင်ဆိုင်လိုက်ရပါက ပေါက်ကွဲလွယ်၊ သွေးဆူလွယ် တတ်သည်။ ဒီအချက်ကို သိသူတွေက လူအုပ်ထဲသို့ အဖျက်သမား ထည့်ပေးလိုက်လေ့ရှိသည်။ ထို (အဖျက်သမားအုပ်စု)က ဘေးတီးလိုက်သည်နှင့် အဖျက်လုပ်ငန်းတွေ စလုပ်တော့၏။ သို့ဆိုလျှင် လုံခြုံရေး အဖွဲ့များက အခြေအနေကို ထိန်းသိမ်းရန်ဆိုသော အကြောင်းပြချက်ဖြင့် ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ၊ အမိန့်ထုတ်တာ၊ ကန့်သတ်တာ အားလုံးလုပ်လို့ ရလေပြီ။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၇၄၊ ၁၉၇၅၊ ဦးသန့်၊ အလုပ်သမား အရေးအခင်းတွေကို ပြန်ကြည့်ပါ။ တော်ဝင်နှင့် ယုဇန ရုပ်ရှင်ရုံနှစ်ရုံ ပြာကျခဲ့ဖူးပြီ။ သည့်နောက် ပစ်တော့ခတ်တော့တာပဲ ဖြစ်၏။ ၁၉၈၈ ခုနှစ်တုန်းကရော ကုန်သွယ်ရေးရုံး လူအုပ်ဝိုင်းခဲ့တာ မမေ့သင့်။ ပြီးတော့ တပ်က အာဏာသိမ်းပါလေတော့သည်။

၎။ သရုပ်ဆောင်ကောင်းသည့် လူအုပ်ပုံစံ
သူတို့ဘာမှမဖြစ်။ နောက်လူတွေပါလာအောင် သွေးဆောင်သူများ ဖြစ်သည်။ လူလိမ်တွေလည်း ဖြစ်သည်။ ဒီလိုလူမျိုး ၁၀၀လောက်က စလိုက်သည်နှင့် လူအုပ်ကြီး ပင်လယ်ဝေသွားတတ်သည်။ ၁၉၈၈ခုနှစ်က ရေကန်ကို အဆိပ်ခတ်တယ်ဆိုပြီး အမူအရာတွေ ကောင်းခဲ့တာကြောင့် လူအုပ် ကြီး သွေးဆူခဲ့ဖူးပြီ။ ခုလည်း ရတနာပုံ ရွှေမြို့တော်မှာ အဲသလို အမူပိုသော ပလီတတ်သောသူတွေ ရှေ့ကထွက်လာပြီးမှ လူအုပ်က ရောပါလာတာကို သတိပြုစေချင်သည်။

ဒီတော့ ဒီလို လူအုပ်ပုံစံတွေ၏ စိတ္တဗေဒသဘောကို သိနေသူတွေက လူထုကို မကောင်းသည့် ဘက်က အသုံးချကြသည်။ သတ္တုချလျှင် နစ်နာရသူတွေကား ပြည်သူတွေသာ ဖြစ်သည်။ လှည့်စားခံရပြီး ဘ၀ပျက်တာလည်း ပြည်သူတွေပဲဖြစ်၏။ ပြဿနာ ဖန်တီးသူတွေကတော့ အမြတ်ထုတ်မှာပဲ ဖြစ်၏။

လူယုံသတ်လို့ သေသည်ဆိုသော မြန်မာစကားကို မမေ့သင့်ပါ။ Facebook ပေါ်ကနေ လူတွေ ယုံကြည်လောက်အောင် ဟိတ်ဟန်ကောင်းသော သတင်းစာမျက်နှာ ဖန်တီးတာ လွယ်ပါတယ်။ ထို့အတူ ထိုသတင်း စာမျက်နှာကနေ ပြည်သူတွေ သွေးစိမ်းရှင်ရှင် ပန်းလို့သေအောင် ယုတ်ညံ့တာမျိုးကို သတိပြုကြစေချင်သည်။ သင်ခန်းစာ ယူကြစေချင်သည်။ စိတ်မကောင်းပါဘူးဆိုသော စကားတစ်ခွန်းထဲ အတွက် မလုံမခြုံ ကျီးလန့်စာ စားနေလိုက်ကြရသော ပြည်သူတို့ဘ၀ ပေးလိုက်ရတာ တန်ပါရဲ့လား။

ထို့ထက်ပိုပြီး တိုးလာနိုင်သော အခြေအနေတွေကို တင်ကြို သတိပေးချင်ပါတယ်။ နိုင်ငံရေးသမားများလည်း သတိပြုပေးစေလိုပါသည်။ ပြည်သူတွေလည်း သတိထားစေချင်ပါသည်။ ဒါတွေသည် ကြုံနေကြပဲလေဆိုပြီး ပေါ့ပေါ့ မထားစေလိုပါ။

၁။ မီဒီယာ အားကောင်းလာမှုကို အသုံးချကာ လူတွေ လွယ်လွယ်ယုံစေနိုင်လောက်သည့် ပြဿနာများကို မွှေးတတ်ပါသည်။

၂။ ကိုးကွယ်ရာ ဘာသာရေးကို (အထူးသဖြင့် ဗုဒ္ဓဘာသာ)ကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်သည်။

၃။ စာသင်ကျောင်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။

၎။ အရပ်ဖက် အဖွဲ့အစည်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။

၅။ အစိုးရ၏ အားနည်းသော အင်စတီကျူးရှင်းများကို အသုံးချကာ ပြဿနာမွှေးတတ်ပါသည်။

သို့ဆိုလျှင် ကျွန်တော်တို့ သတိချပ်စရာတွေ များနေတာကို ဂရုပြုမိမည်ထင်ပါသည်။ ရွေးကောက်ပွဲ နီးလာလျှင်ဖြစ်စေ၊ ဓားစာခံလုပ်စရာကိစ္စ ပေါ်လာလျှင်ဖြစ်စေ ပြည်သူကို အသုံးချတာတွေ၊ မျက်စေ့ လျင်လျင်ထားဖို့ လိုပါပြီ။ ကျွန်တော်တို့ တိုင်းပြည် အေးငြိမ်းစေချင်သည်။ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသူတွေကိုလည်း မေတ္တာရပ်ခံပါသည်။ ကိုယ်မွှေးတဲ့မီး ကိုယ့်ကိုပြန်လောင်တော့မှ ဘုရားတလို့ မရနိုင်ပါ။ ခင်ဗျားတို့လက်ကို မြင်ပါတယ်ဗျာဟု ပြောလိုက်ပါရစေ။

ဇာဂနာ

http://www.tomorrow.com.mm/