ဂျာမနီမှ ဆရာဝန်များ နားရောဂါ အခမဲ့ လာရောက်ကုသမည်


နားအကြားအာရုံ ထိခိုက်နေသူများကို ဂျာမနီနိုင်ငံသား နားရောဂါအထူးကု ဆရာဝန်နှစ်ဦး လာရောက်၍ အောက်တိုဘာလ ၂၈ ရက်မှ ၃၁ ရက်အထိ အခမဲ့ ဆေးကုသမှု ပေးမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်က The Voice သို့ ပြောကြားသည်။

နားစည်ပေါက်ခြင်း၊ ပြည်ယိုခြင်း၊ နာတာရှည် နားပြည်ယိုခြင်း၊ အလယ်နား အရိုးခိုင်ရောဂါ၊ နားလေးခြင်း၊ မွေးရာပါ နားလေးခြင်း၊ အာရုံကြော ချို့တဲ့နားလေးခြင်း ဝေဒနာရှင် များသည် အောက်တိုဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးတွင် လာရောက်စာရင်းပေး သွင်းနိုင်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

"ခွဲစိတ်ခကတော့ အခမဲ့ပါပဲ။ ဒါပေမဲ့ တချို့နားကြားပစ္စည်း ကိရိယာတွေ အတွက်တော့ လူနာရှင်တွေက ပေးရမယ်" ဟု အထူးကုဆရာဝန် ဒေါက်တာ ဝင်းထိုက်ကြည်က ဆိုသည်။

အဆိုပါ ဆေးကုသမှု အစီအစဉ်တွင် နားအရိုး ခိုင်ခြင်းနှင့် နားအရိုးတု တပ်ဆင် ခြင်းတို့၌ လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းသွားမည် ဖြစ်ပြီး ယင်းပစ္စည်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၅၀ တန်ဖိုး ရှိကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး တာဝန်ရှိသူများထံက သိရသည်။

ဂျာမနီ နားအထူးကု ဆရာဝန်ကြီး များသည် ၂၀၁၀ ပြည့်နှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် အခမဲ့ ဆေးကုသမှု အစီအစဉ် စတင်ခဲ့ပြီး ယခုအကြိမ် လာရောက် ဆေးကုသခြင်းသည် ငါးကြိမ်မြောက် ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

နျူကလီးယာပစ္စည်း၊ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် ရောင်ခြည်ထုတ် ကိရိယာတွေကို အသုံးပြုနေတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ ဦးစီးဌာနမှာ မှတ်ပုံလာတင်ကြဖို့နဲ့ လုပ်ငန်းလိုင်စင် လုပ်ကြဖို့ ကြေငြာချက် ထုတ်ပြန်


သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနလက်အောက်က အနုမြူစွမ်းအင်ဦးစီးဌာနဟာ
ပြည်တွင်းကို ရောက်ရှိအသုံးပြုနေကြတဲ့ နျူကလီးယာပစ္စည်း၊ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် ရောင်ခြည်ထုတ် ကိရိယာတွေကို
အသုံးပြုနေတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ ဦးစီးဌာနမှာ မှတ်ပုံလာတင်ကြဖို့နဲ့
လုပ်ငန်းလိုင်စင် လုပ်ကြဖို့ ကြေငြာချက် ထုတ်ပြန် ညွှန်ကြားလိုက်ပါတယ်။ တကယ်လို့ ညွှန်ကြားချက်ကို မလိုက်နာရင် အနုမြူစွမ်းအင်ဥပဒေ
ဖော်ပြချက်အရ ထောင်ဒါဏ် (၃) နှစ် နဲ့ ထောင်ဒါဏ် (၇) နှစ် နဲ့ ငွေဒါဏ်တွေ
ကျခံရမယ်ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။ နျူကလီးယားနဲ့ ဆက်စပ်ပစ္စည်းတွေ ဆိုတာဟာ လက်ရှိ ဆေးရုံတွေမှာ အသုံးပြုနေတဲ့ X-ray စက်တွေ၊ CT Scanner စက်တွေ၊ C–arm နဲ့ PET- CT အပါအ၀င် အနုမြူ ဓာတ်ရောင်ခြည် အသုံးပြုစက်တွေပါဝင်တယ်လို့ သိရပါတယ်။

DVB TV News

မန္တလေးရွှေနန်းတော်တွင် ဘုရင်မင်းနှစ်ဆက် နန်းသုံးအဆောင်အယောင်နှင့် အဆင်တန်ဆာ အပြည့်အစုံ ထားရှိမည်



မန္တလေး ကျုံးမြို့ရိုးအတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်တွင် မင်းနှစ်ဆက် အဆင်တန်ဆာချင်း တူသည့် မင်းတုန်းမင်းနှင့် သီပေါမင်းနှစ်ပါး လက်ထက်က နန်းသုံး အဆောင်အယောင်နှင့် အဆင်တန်ဆာများ အပြည့်အစုံ ထားရှိရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့ခံ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နှင့် အဆိုပါလုပ်ငန်း ဆောင်ရွက်မည့် တာဝန်ရှိသူတို့က ပြောကြားသည်။

မြနန်းစံကျော် ရွှေနန်းတော်တွင် ယင်းကဲ့သို့ထားရှိရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ညွှန်ကြားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)အပြင် မြန်မာမှုဗိသုကာ ပညာရှင်များ နှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှတာဝန်ရှိသူ တစ်ဦးကဆိုသည်။
ယင်းကဲ့သို့ မြနန်းစံကျော်ရွှေနန်းတော် အတွင်း နန်းဆောင်အလိုက် အဆောင်အယောင် အဆင်တန်ဆာနှင့် နန်းသုံးပစ္စည်းများ ထားရှိခြင်းအတွက် ကုန်ကျစရိတ်များ ကို မန္တလေးတိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြနန်းစံကျော် ရွှေနန်းတော် တည်ဆောက်ခြင်း မူလရည်ရွယ်ချက်မှာ အဆောင်များ တည်ဆောက်၍ ယင်းအဆောင်အလိုက် နန်းသုံးအဆင်တန်ဆာနှင့် အဆောင်အယောင်များကို ထားရှိလိုခြင်းဖြစ်ပြီး ယင်းကဲ့သို့ ထားရှိခြင်းသည် ကောင်းမွန်သော အကြောင်းတရားတစ်ခု ဖြစ်ကြောင်း မန္တလေးမြို့ခံ မြန်မာမှုဗိသုကာ ပညာရှင် တမ္ပဝတီဦးဝင်းမောင်က ဆိုသည်။

အဆိုပါ မြနန်းစံကျော် ရွှေနန်းတော် အတွင်း ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀ဝ၁ ခုနှစ်ခန့်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းခေတ် နန်းဝတ်နန်းစား များကို ထားရှိကာ အဆိုပါ နန်းတော်သို့ လာရောက်လည်ပတ်သူ များကို သတ်မှတ် ငှားရမ်းခပေး၍ ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့် လုပ်ဆောင် ခဲ့ဖူးပြီး နောက်ပိုင်းတွင် ယင်းကုမ္ပဏီက ဆက်လက် မလုပ်ကိုင်တော့ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

မြနန်းစံကျော် ရွှေနန်းတော်သည် မန္တလေးမြို့၏ သတ္တဌာန ခုနစ်ဌာနတွင် တစ်ဌာနအပါအဝင် ဖြစ်ကာ မင်းတုန်းမင်းတရားကြီး တည်ထားခဲ့သော နန်းတော်ဖြစ်ပြီး အမရပူရ နေပြည်တော်မှ မန္တလေး ရတနာပုံ နေပြည်တော်သို့ ပြောင်းရွှေ့ စံမြန်းတော်မူခဲ့သော ပထမဆုံးနန်းတော် ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးဒဏ်ကြောင့် မီးသင့်ခဲ့၍ ယခုတစ်ဖန် အသစ်ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် အဆိုပါရွှေနန်းတော်၌ ဘုရင်မင်းနှစ်ဆက်၏ အဆောင်အယောင်နှင့် အဆင်တန်ဆာ အနည်းငယ်သာ ထားရှိသည်။

The Voice Weekly

မောင်တော နယ်စပ်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဆီကနေ လက်နက်တွေ ဖမ်းဆီးရမိ သတင်းနှင့် ပတ်သတ်ပြီး


ရခိုင်ပြည်နယ် မောင်တော နယ်စပ်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဆီကနေ လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ ရဲဌာနတာဝန်ရှိသူတွေနဲ့ 
ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိ ရဲမှူးတဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ လူတွေကို ဖမ်းဆီးရမိခဲ့ခြင်းမရှိပေမယ့် လုပ်သေနတ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့
ပြောပါတယ်။ မောင်တော ရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်ပတ်သက်တဲ့ နယ်မြေ မဟုတ်သလို အလှမ်းဝေးတဲ့အတွက် အဲဒီဒေသက နယ်မြေခံရဲတပ်ဖွဲ့ကသာ အသေးစိတ် သိနိုင်မယ်ဖြစ်တယ်လို့ လည်း ပြောဆိုပါတယ်။
မောင်တောမြို့ နယ် ငခူရနယ်မြေဘက်မှာ စက်တင်ဘာလ ၁၀ ရက်
နောက်ပိုင်းမှာ ဓားပြတွေ ၀င်ရောက်လာရာမှာ သတင်းရလို့ ကင်းပုန်း ၀ပ်နေတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီးတော့ ထွက်ပြေးသွားတာဖြစ်တယ်လို့ မောင်တောင်မြို့ခံ တဦးကတော့ ပြောပါတယ်။
လက်လုပ်သေနတ်၊ ဓား လှံတွေ၊ လှေတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ဓားပြတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်တွေဖမ်းမိတယ်ဆိုတဲ့
သတင်းတွေကို မသိရှိကြောင်းဖြေကြားခဲ့ပါတယ်။
DVB TV News

လတ်တလောဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ သဘောထားထုတ်ပြန်ချက်




ယနေ့ကာလသည် မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်သည်။ တိုင်းရင်းသား ဒေသအသီးသီးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။
ယခုလိုအချိန်မျိုးတွင် တိုင်းပြည်နေရာအနှံ့ ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သတ်၍ ကျွန်ုပ်တို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် ပြင်းထန်စွာရှုံ့ချသည်။
ထို့အတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်ရင်း လမ်းမများ ပေါ်တွင်လည်းကောင်း၊ အကျဉ်းထောင် ရဲဘက်စခန်းများတွင်လည်းကောင်း၊ တောတွင်းနယ်စပ်ဒေသ အသီးသီးတွင်လည်းကောင်း ကျဆုံးခဲ့ရ သည့် များစွာသော ရဟန်းရှင်၊ လူ၊ ပြည်သူအပေါင်း၏ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းပင်ဖြစ်သည်၊
အထူးသဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နစ်နာဆုံးရှုံးမှု၊ ထိတ်လန့်နေရမှုများသည် စနစ်တကျစီစဉ်ထားသော အကြမ်းဖက်မှုများပင်ဖြစ်သည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး ကြိုးပမ်းနေမှုများ ပျက်ပြားစေရန်၊ ပြည်သူများ အကြား လုံခြုံမှုကင်းမဲ့စေရန် ဖန်တီးနေခြင်းဖြစ်သည်ဟု ရှု မြင်သည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် တိုင်းရင်းသားပြည်သူတရပ်လုံး နှင့်အတူ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေး၊ လူ့အခွင့်အရေး ဦးတည်ချက်များကို တစိုက်မတ်မတ်ကိုင်စွဲရင်း အကြမ်းဖက်မှု မှန်သမျှကို ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ထုတ်ပြန် ကြေငြာလိုက်သည်။

၈၈ မျိုးဆက်
(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

The 88 Generation Peace and Open Society မှကူးယူဖော်ပြသည်။

Messenger News Journal

မန္တလေးစည်ပင်နယ်နိမိတ် လိုင်စင်သက်တမ်း မတိုးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော်ကျန်


မန္တလေး၊ အောက်တိုဘာ ၁၅

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း သတ်မှတ်ကာလ ကျော်လွန်သည် အထိ လိုင်စင်သက်တမ်း တိုးခြင်း မရှိသေးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန စာရင်းများအရ သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည့် လုပ်ငန်းများအတွက် လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း တိုးရန် ကျန်ရှိ လုပ်ငန်းများတွင် စားသောက်ဆိုင်လုပ်ငန်း အများစု ပါဝင်ကြောင်း အဆိုပါဌာန ထံမှ ထပ်မံသိရသည်။

"ကျန်နေတဲ့ လုပ်ငန်း တော်တော်များများက ဆိုင်နေရာ ပြောင်းသွားတာတို့ ဒဏ်ငွေ မဆောင်ချင်လို့ ထွက်ပြေးသွားတာမျိုး တို့ရှိတော့ အခုချိန်ထိ အရေးယူဖို့ ကြန့်ကြာနေ သေးတာပါ။ လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို သုံးကြိမ်အထိ ဒဏ်ရိုက်မယ်။ သုံးကြိမ် ပြည့်သွားရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမယ်" ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

သတ်မှတ်ကာလအတွင်း မပြုလုပ်ပါက လုပ်ငန်းလုပ်ဆောင်ခွင့်ကို ရပ်ဆိုင်းမည် ဖြစ်ပြီး လုပ်ငန်းရပ် ဆိုင်းခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ အရ ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းထိ သို့မဟုတ် ထောင်ဒဏ်သုံးလ၊ ဒဏ်ကြေးငွေ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းထိ (သို့) ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားကြောင်း၊ လုပ်ငန်းပိတ်သိမ်း ခံရ၍ ပြန်လည် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး နေ့စဉ်သတင်းစာ များတွင် အမည်ပျက်စာရင်း ထည့်သွင်းကြေညာမည်ဟု သတ်မှတ်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

"ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သက်တမ်းတိုးဖို့ မေ့မေ့သွားတယ်။ ပထမတစ်ကြိမ် ဒဏ်ငွေဆောင် လိုက်ရကတည်းက သက်တမ်း သွားတိုးထားလိုက် တာပါ။ လုပ်ငန်းပိတ်သိမ်း ခံရရင် ပြန်စဖို့က မလွယ်ဘူး" ဟု အောင်မြေသာစံမြို့နယ် အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သတ်မှတ်ကာလ ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလ ၁၁ရက်နေ့အထိ စာရင်းများအရ လိုင်စင်သက်တမ်း တိုးသူ ၁၂,၀၀၀ နီးပါးသာရှိပြီး အမှန်တကယ် သက်တမ်းတိုးရမည့် လုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော်ရှိကာ လိုက်နာမှုမရှိသည့် အတွက် ပိတ်သိမ်းခံရသည့် လုပ်ငန်းပေါင်း ၉၀၀ နီးပါး ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

(ခန့်ခန့်)
The Voice Weekly

ဘုရားစင်ကို ဘုရားစင်လို့ မခေါ်ကောင်းဘူးတဲ့လား


* ဘုရားကို စင်လေးနဲ့ တင်ပြီးကိုးကွယ်တာကို ဘုရားစင်...*

* ဘုရားကို အခန်းတစ်ခန်း သီးသန့်ဖွဲ့ပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားခန်း *

* ဘုရားကို ကျောင်းဆောင်လေး တစ်ဆောင်သီးသန့် ထားပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားကျောင်း...* အသီးသီး ခေါ်ဆိုကြပါတယ်...။



ခုခေတ်တော့ တချို့ က ဘုရားစင်လို့ မခေါ်ကောင်းဘူး... နတ်စင်နဲ့ အခေါ်အဝေါ်တူနေလို့ ဘုရားကျောင်းလို့ ခေါ်ရမယ်... ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာပါတယ်...။

ဒီနေရာမှာ ပြောစရာရှိတာက အခန်းတစ်ခန်း သီးသန့်ထားပြီး ကိုးကွယ်တဲ့ အခန်းလေးနဲ့၊ အဆောင်လေးတစ်ဆောင် သီးသန့် ဆောက်ပြီး ကိုးကွယ်တဲ့ ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီလေးတွေကိုတော့ ဘယ်သူမှ ဘုရားစင်လို့ ခေါ်မှာ မဟုတ်ပါဘူး၊ ဘုရားခန်း၊ ဘုရားကျောင်း...လို့ပဲ ခေါ်ကြမှာပါ။

သို့သော်လည်း တချို့ အိမ်များမှာ ကျယ်ကျယ်ဝန်းဝန်းနေရာ မရှိတဲ့ အတွက် ဘုရားရှင်ကို စင်လေးနဲ့ပဲ တင်ပြီး ပူဇော်ကြရပါတယ်၊ ဒါမျိုးကျတော့ ဘုရားစင်လို့ပဲ ခေါ်ကြမှာပါ...။

တကယ်တော့ ဘုရားစင်၊ ဘုရားကျောင်း၊ ဘုရားခန်းဆိုတာတွေဟာ အမည်ပညတ်မျှ သာဖြစ်ပြီး အနှစ်သာရကတော့ ကိုးကွယ်ဆည်းကပ်မှုသာဖြစ်ပါတယ်။ ကိုယ်က နေရာကျယ်ကျယ် မရှိလို့ စင်လေးနဲ့ပဲ ကိုးကွယ်ထားပြီး၊ အမည်ကိုလည်း ဘုရားစင်လို့ပဲ ခေါ်ပါတယ်၊ ဒါပေမယ့် ဘုရားကို သက်ရှိထင်ရှား ဘုရားလို့ပဲ စိတ်မှာမှန်းပြီး ဆွမ်း၊ ပန်း၊ ရေချမ်း အမြဲမပြတ် ဆက်ကပ်လှူဒါန်းနေမယ်...ဆိုရင်...

* သမေ စိတ္တေ သမံ ဖလံ... ကြည်ညိုတဲ့ စိတ်တူတဲ့ အတွက် တူညီတဲ့ အကျိုးပေးမှာပါ...*

ဘုရားကို စင်နဲ့ ကိုးကွယ်ထားတယ်၊ ခေါ်တာတော့ ဘုရားစင်လို့ မခေါ်ဘူး၊ ဘုရားကျောင်းလို့တော့ ခေါ်ပါရဲ့၊ ဒါပေမယ့် ဘုရားကို ဆွမ်းမှ မှန်မှန် မကပ်ဘူးဆိုရင်... ဘာအကျိုးမှ ရမှာမဟုတ်ပါဘူး။

ဘုရားစင်လို့ပဲ ခေါ်ခေါ်၊ ဘုရားကျောင်းလို့ပဲ ခေါ်ခေါ်၊ ဘုရားခန်းလို့ပဲ ခေါ်ခေါ် တကယ်ကြည်ညိုတဲ့ အနှစ်သာရကသာ အဓိကကျပါတယ်၊ အခေါ်အဝေါ်ဟာ အပေါ်ယံ ပညတ်မျှသာ ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးအတွက် သိပ်ပြီးအထောက်အပံ့ မဖြစ်လှပါဘူး။

လိုရင်းကတော့ ......
အခန်းနဲ့ ကိုးကွယ်ရင် ဘုရားခန်း...
အဆောင်နဲ့ ကိုးကွယ်ရင် ဘုရားကျောင်းဆောင်...
စင်နဲ့ ကိုးကွယ်ရင် ဘုရားစင်... ခေါ်နိုင်ပါတယ်..။

ဘယ်လိုပဲ ခေါ်ခေါ် ကုသိုလ်စိတ်နဲ့ ဆည်းကပ်ပူဇော်မှုသာ လိုရင်းပါ...။


( အရှင်တေဇာနန္ဒ - ရွှေဘုန်း - 3. Oct. 2013 )
worldofwisdom

ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲသူ ရဲ တပ်ဖွဲ့ဖော်ထုတ်ပြီ


ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် (Traders) တွင်ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ၀င်များကိုတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှုနှင့် အလုံမြို့နယ် Western Park 2 စားသောက်ဆိုင်တွင် တွေ့ရှိသည့် မပေါက်ကွဲသေးသော ဗုံးနှင့် ပတ်သက်၍ ဘီးလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိထားသူ စောမြင့်လွင်(ခ) မောထ က လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ထုတ်ဖော်လိုက်သည်။

“စောမြင့်လွင်က သံသယရှိတဲ့သူ မဟုတ်ဘူး။ စောမြင့်လွင်ကို ကျနော်တို့ ဖမ်းထားပြီးပြီ။ သူပဲ ခွဲတာ”ဟု ရန်ကုန်တိုင်း ရဲမှူးကြီး သိန်းလွင်က ဧရာဝတီ ကိုပြောသည်။

စောမြင့်လွင် အသက် ၂၅ နှစ်၊ အဖေနာမည် ဦးကိုညွန့် သည် ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ကရင်ပြည်နယ် ဘီးလင်းမြို့၌ နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းသည် ၉/ဖပန (နိုင်) ၀၂၂၅၇၆ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း လည်း ရန်ကုန်တိုင်း ရဲမှူးကြီး က ပြောဆိုသည်။

Western Park 2 စားသောက်ဆိုင်တွင် ထိုင်သွားခဲ့သည့်သူများကို ရဲတပ်ဖွဲ့က သံသယဖြင့် မေးမြန်းခဲ့ ခြင်းသာဖြစ်ပြီး ပေါက် ကွဲ စေတတ်သည့် ပစ္စည်းယူလာသည့် ပိုင်ရှင်သည် စောမြင့်လွင်သာ ဖြစ်ကြောင်း၊ အခြားပေါက်ကွဲမှုများနှင့် ပတ်သက်၍ လည်း ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ စောမြင့်လွင်သည် ယခင်က ကရင်ပြည်နယ် ဖာပွန်ဒေသ၌ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်သား လုပ်ခဲ့ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

“သူက အရင်တုန်းကတော့ KNU မှာတော့ တာဝန်ကျေ စစ်သား လုပ်ခဲ့တာပေါ့။ အခုကတော့ သူ့ကို ခိုင်းတဲ့အဖွဲ့တော့ ရှိတာ ပေါ့။ ခိုင်းတဲ့အဖွဲ့ကို ကျနော်တို့ သိတော့ သိထားပြီးပါပြီ၊ ဒါပေမယ့် သေချာအောင်တော့ အတည်ပြုနေပါတယ်”ဟု ရဲမှူးကြီး သိန်းလွင်က ပြောပြသည်။

စောမြင့်လွင်အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့်လုပ်သည်ကို မသိကြောင်း၊ သူ့နောက်မှ ခိုင်းစေသူများက ရည်ရွယ်ချက် ကို သိမည်ဖြစ်ပြီး မကြာမီ သတင်းစာ ရှင်းလင်းပွဲလုပ်၍ အသိပေးသွားမည်ဖြစ်သည်ဟုလည်း ရဲမှူးကြီး က ဆက်ပြောသည်။

စောမြင့်လွင်သည် KNU တွင် စစ်သားလုပ်ခဲ့ဖူးသည်ဟူသော ရဲမှူးကြီး၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် KNU သို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ကုန်သည်ကြီးများ ဟိုတယ် ဗုံးဖောက်ခွဲမှုအပါအ၀င် ပေါက်ကွဲမှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသူ ၃ ဦး ရှိပြီး ၄င်းတို့က ၀န်ခံထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေ ၏ ပြောကြားချက်ကို ယနေ့ထုတ် ရန်ကုန် တိုင်းမ် နေ့စဉ် သတင်းစာတွင်လည်း ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ည ညဥ့်နက်ပိုင်းက ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး တည်းခိုနေသည့် အမေရိကန်နိုင်ငံသူ တဦး ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်း၌ ရန်ကုန်မြို့ အလုံမြို့နယ် Western Park 2 စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသော ဗုံးတလုံး တွေ့ရှိမှု ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာတွင် လူ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုကို ကျူးလွန်သူဟု သံသယရှိသူ စောထွန်းထွန်း၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး အပူတပြင်း ရှာဖွေဖော်ထုတ်နေကြောင်း မြန်မာ့ရုပ်မြင်သံကြားက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗုံးကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက် က စစ်ကိုင်းမြို့ပေါက်ကွဲမှု ၂ ခုနှင့် မန္တလေးတွင် ဗုံးတွေ့ရှိမှုများနှင့်ပတ်သက်၍လည်း လုံခြုံရေးတပ်ဖွဲ့များက အပူတပြင်း စုံစမ်းဖော်ထုတ်နေ သည် ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခု ဗုံးကွဲမှုများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဗြိတိန် နိုင်ငံများကလည်း မြန်မာပြည်တွင်းရှိ ၎င်းတို့ နိုင်ငံသားများအား လုံခြုံ ရေး သတိပေးချက် များကို ထုတ်ပြန်ထားသည်။

အမေရိကန်၏ ယနေ့ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင်း ယခုပေါက်ကွဲမှုဖြစ်စဉ်များသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ် ထား လုပ်ဆောင်သည်ဟု အတိအကျ မပြောနိုင်သော်လည်း ပေါက်ကွဲမှု၊ ဗုံးဖော်ထုတ် တွေ့ရှိမှုများနှင့်ပတ်သက်၍ Improvised Explosive Devices (IEDs) (လက်လုပ်ဗုံး)ကို အသုံးပြုထားသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်ရောက်ရှိနေကြသည့် အမေရိကန် နိုင်ငံသားများအနေဖြင့် အများပြည်သူစုဝေးတတ်သည့် ဘတ်စ် ကား မှတ်တိုင်၊ ပန်းခြံ၊ ဈေး စသည့်နေရာများသို့ သွားလာရာတွင် သတိထားကြရန်၊ မသင်္ကာဖွယ် တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပို့ပြီး အဆိုပါနေရာများမှ ဝေးရာသို့ထွက်ခွာရန် ကြေညာချက်၌ သတိပေး တိုက်တွန်းထားသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို ဆက်သွယ်ကြရန်လည်း ကြေညာချက်တွင် ပါရှိသည်။

လတ်တလော မြန်မာနိုင်ငံတွင်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး နေပြည်တော်၌ ကျင်းပနေသည့် လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသားများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ခေါင်းအေးအေးနှင့် စဉ်းစားနိုင်စွမ်းရှိကြောင်း၊ အများသူငါ ထိတ်လန့်ရန် ရည်ရွယ်သည့် ထောင်ချောက်တွင်း မ၀င်မိစေရန် လိုအပ်ကြောင်း ယမန်နေ့ က သတင်းထောက်များနှင့် တွေဆုံစဉ် သတိပေး ပြောဆိုထားသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်း ဖြေရှင်း ရေး ကြိုးပမ်းအားထုတ်နေကြချိန်၊ တိုင်းရင်းသား ဒေသအသီးသီးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်များ ကြိုးပမ်း နေချိန် လတ်တလော ရန်ကုန်နှင့် မြို့တချို့တွင် ဗုံးများပေါက်ကွဲမှု၊ ဗုံးများတွေ့ရှိမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

irrawaddy

ဦးမိုးသီးဇွန် မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်မည်


ကောင်းမြတ်ကျော်

ရန်ကုန် ၊ အောက်တိုဘာ ၁၅။ ။ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွင်တရားဝင် ပါတီဝင်အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဦးမိုးသီးဇွန် သည် မြန်မာနိုင်ငံ သားအဖြစ် ပြန်လျှောက်ထား ကြောင်း ပါတီတည်ထောင်ခဲ့သူ ဦးမိုးသီးဇွန်က ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြော သည်။

လူ့ဘောင်သစ်ပါတီကို အောက်တိုဘာလအတွင်းက တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ရန် ဆောင်ရွက်နေချိန် တွင် ဦးမိုးသီးဇွန်က ပြောကြား ခဲ့ခြင်းဖြစ်ပြီး ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးပါက အမေရိ ကန်နိုင်ငံသား အဖြစ် ခံယူထား သည်ကို စွန့်လွှတ်ကာပါတီအလုပ် များကို ဆက်လက်လုပ် ကိုင်မည် ဟု လည်း ယင်းက ထပ်မံဖြည့်စွက် ပြောသည်။

ဦးမိုးသီးဇွန်က''ကျွန်တော် အခု မြန်မာနိုင်ငံသားပြန် လျှောက်နေပါပြီ။ ရပြီဆိုရင် အ ချိန်ပြည့်ပါတီဝင်အနေနဲ့ လုပ် နိုင်မယ်။ လောလောဆယ်ပါတီ အကြံပေးအဖြစ် လုပ်နေပါတယ်။ ပါတီမှတ်ပုံတင်ကျပြီဆိုတာနဲ့ အမေရိကန်နိုင်ငံသားကို စွန့်လွှတ် ပြီး ဒီနိုင်ငံသားခံပြီး ပါတီအလုပ် တွေ ဆက်လုပ်မယ်။ ကျွန်တော် ဒီနိုင်ငံမှာမွေးတာ အထောက်အ ထားတွေ အခုထိရှိပါသေးတယ်'' ဟုပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် က ''ကျွန်တော်တို့ မကြာခင် ပါတီညီလာခံပြန်လုပ်ပါမယ်။ အဲဒီ့အချိန်ကျရင် ကိုမိုးသီးပြန် ပါမယ်လို့ ယုံကြည်တယ်။ အရင် ဆုံးမှတ်ပုံတင်ပြီး တရားဝင်ပါတီ အဖြစ်ရပ်တည်ဖို့လိုတယ်။ နောက် ပြီးပါတီတည်ဆောက်ရေးလုပ် ငန်းတွေလဲ လုပ်ရဦးမယ်''ဟု ပါတီ တွင် ဦးမိုးသီးဇွန်ပြန်လည်ပါဝင် လာမှုနှင့်ပတ်သက်၍ ရန်ကုန် တိုင်းမ်သတင်းစာ၏မေးမြန်းမှု ကိုပြောသည်။

ဦးမိုးသီးဇွန်သည် ၁၉၈၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအတွင်း ရေးမှူးအဖြစ် ဆောင်ရွက်နေ ရာမှ လူ့ဘောင်သစ်ဒီမိုကရက် တစ် ပါတီကို ၁၉၈၈ခုနှစ်အောက်တို ဘာ ၁၄ရက်တွင် ဦးဆောင် တည်ထောင်ခဲ့ပြီး တရားဝင်နိုင် ငံရေးပါတီအဖြစ် ရပ်တည်ခဲ့ သည်။

ယင်းနောက်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်ခဲ့ရပြီး စစ် အစိုးရ၏ ဒီမိုကရေစီအင်အား စုများကို နှိပ်ကွပ်ခဲ့စဉ် ၁၉၉၁ခု နှစ်တွင် ပါတီမှာလည်း ထိုင်းနိုင် ငံသို့ ပြောင်းရွှေ့အခြေစိုက်ရပ်တည် ခဲ့ကာ ယင်းကိုယ်တိုင်မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF)) သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ရောက်ရှိခဲ့ပြီး ယင်းနိုင်ငံ သားအဖြစ်ခံ ယူကာ အစိုးရသစ် လက်ထက်တွင် ပြည်တွင်းသို့ပြန် လာ၍ ဒီမိုကရေစီအင် အားစု များနှင့်တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ပြီး ယခုအခါ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှတ်ပုံပြန်တင်ရန်ကြိုးစားချိန်တွင် အမြဲ တမ်းပါတီဝင် အဖြစ်လုပ်ကိုင်နိုင် ရန် မြန်မာနိုင်ငံသားအဖြစ်ပြန် လည်လျှောက်ထားရန် စီစဉ်ထား ခြင်းဖြစ်ကြောင်း သိရသည်။
Yangon Media Group

မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီး ဗုံးတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး ခေါ်ယူစစ်ဆေးမှု နောက်ဆက်တွဲသတင်း


မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီး ဗုံးတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး ခေါ်ယူစစ်ဆေးနေတဲ့ မလေးရှားနိုင်ငံသူ Mrs. Nikol နဲ့ အောင်အောင်တို့ကို ဗုံးနဲ့ဆက်စပ်မှုမရှိဘူးလို့စစ်ဆေးတွေ့ရှိတာကြောင့် ကျင့်အက် ၁၆၉ အရ အပြီးပြန်လည်လွှတ်ပေးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံကသိရပါတယ်။
စစ်ဆေးခံရသူနှစ်ဦးဟာ ယနေ့ည(ဒါမှမဟုတ်) မနက်ဖြန်မှာ ရန်ကုန်သို့ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
The Modern News Journal

ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ် လူ၈၅ဦးသေ



ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များ အများ ဆုံးလာရောက်ရာမြို့ဖြစ်သော ဆီဘူမြို့၌ အောက်တိုဘာ၁၅ရက် က ရဒသမ၁မဂ္ဂနီကျုအင်အားရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်း ဆုံးလူ၈၅ဦး သေဆုံးခဲ့ပြီး ငလျင် လှုပ်ခတ်ခဲ့သော နယ်မြေတစ်ဝိုက် တွင် အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဆီဘူမြို့ ငါးဈေးတစ်ခု၌ လူလေးဦးသေဆုံးခဲ့ပြီး ကျန်တစ် ဦးမှာ ငါးဈေးအနီးတွင် သေဆုံးခဲ့ ခြင်းဖြစ်ကာ ကလေးငယ်တစ်ဦး မှာလည်း ကြောက်လန့်တကြား ထွက်ပြေးကြသော လူအုပ်များ ကြား နင်းပိသေဆုံးခဲ့သည်ဟု သိ ရသည်။ အဆိုပါငလျင်သည် ဒေသစံတော်ချိန် ၈နာရီ၁၂မိနစ် ( 0012 GMT ) တွင် ဘာလီလီဟန် ဒေသအရှေ့ဘက်သုံးမိုင်(၅ကီလို မီတာ)အကွာ မြေအောက်အနက် ၁၂မိုင်(ကီလိုမီတာ၂၀)မှ စတင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

သတင်းဓာတ်ပုံများတွင် ဖော်ပြချက်အရ ဘုရားကျောင်း အိုကြီးများ၊ အဆောက်အအုံသစ် များနှင့် တက္ကသိုလ်တစ်ခုပါ ပြိုကျ ပျက်စီးခဲ့သည်ကိုတွေ့ရပြီး အဓိက ကားလမ်းမတချို့မှာလည်း ပျက် စီးခဲ့လေသည်။ ပြည်တွင်းသတင်း ဖော်ပြချက်များအရ ဆီဘူမြို့ဆေး ရုံကြီးများတွင် ငလျင်ကြောင့်ထိ ခိုက်ဒဏ်ရာရသူများနှင့် ပြည့်နှက် နေပြီး ဆေးရုံများမှာလည်း ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုများရှိ ခဲ့သည်ဟု သိရသည်။

ထို့အပြင် အစိုးရသက်ဆိုင် ရာ အာဏာပိုင်များမှာလည်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဖုန်း လိုင်းများ၊ ပြတ်တောက်နေသော ကြောင့် အခင်းဖြစ်ရာနေရာများ သို့ အချိန်မီရောက်ရှိနိုင်ခြင်းမရှိ ခဲ့ဟု သိရသည်။ပစိဖိတ်ဆူနာမီစောင့်ကြည့် ရေးစင်တာသည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ဆူနာမီဖြစ်ပေါ်နိုင်သည့် အခြေအနေကို ကြေညာထားခဲ့ ခြင်းမရှိပေ။ ဘာလီလီဟန်ဒေသ တွင် နေထိုင်သူလူဦးရေမှာ ၁၈၅၀၀ ခန့်ရှိသည်ဟု မြို့တော်အစိုးရ ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရှိရ သည်။
Yangon Media Group

Argyle မိုင်းတွင်းမှ ထွက်ရှိသည့် အနီရောင်စိန်ပွင့် အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ရောင်းချနိုင်ခဲ့




Wednesday, 16 October 2013

Rio Tinto စိန်ရောင်းဝယ်ရေး ကုမ္ပဏီသည် ယခုနှစ်၏ ပန်းရောင် စိန်များ ရောင်းချပွဲတွင် Argyle မိုင်းတွင်းမှ ထွက်ရှိသော အနီရောင်စိန်တစ်ပွင့်ကို အမေရိကန် ဒေါ်လာ ၂သန်းဖြင့် စံချိန်တင် ရောင်းချခဲ့ကြောင်းနှင့် ပြည်ပမှဝယ်ယူသူများသည် ရောင်းချပွဲအတွင်း စိန်ဒါဇင်ပေါင်း များစွာကို ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ရောင်းချပွဲအတွင်း အနီရောင်စိန်ပွင့် အပါအဝင် ပန်းရောင်နှင့် အပြာရောင် စိန်ပွင့် စုစုပေါင်း ၆၄ ပွင့်ရောင်းချနိုင်ခဲ့ပြီး ယင်းရောင်းချမှုသည် Rio ကုမ္ပဏီ အတွက် စံချိန်တင် ရောင်းချမှု တစ်ရပ် ဖြစ်စေခဲ့သည်။

၁ ဒသမ ၅၆ ကာရက်ရှိ အဆိုပါအနီ ရောင်စိန်ပွင့်သည် Argyle မိုင်းတွင်းမှ ထွက်ရှိသော အခြားစိန်များထက် တစ်ကာရက်လျှင် အမြင့်ဆုံး ဈေးနှုန်းအထိ ရရှိခဲ့သည်။

စိန်ဝယ်ယူသူများသည် အမြင့်ဆုံးဈေး အမေရိကန် ဒေါ်လာ ၂ သန်းအထိ ပေးခဲ့ပြီး အခြားသော စိန်များကို အမေရိကန် ဒေါ်လာ ၁ သန်းအထက်အထိ ပေးခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ထိပ်တန်း ကျောက်မျက်ရတနာ ကုမ္ပဏီ ဒီဇိုင်နာများ၊ စုဆောင်းသူများနှင့် ကျောက်မျက် ပညာရှင်များ၏ ဝယ်လိုအား မြင့်မားခဲ့မှုကြောင့် စိန်ပွင့် အများ အပြားသည် တင်ဒါမခေါ်မီ ခန့်မှန်းထားသော ဈေးထက် ဈေးနှုန်းအမြင့်ဆုံး ရရှိခဲ့ကြောင်း Rio Tinto စိန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဂျိမ်း-မက်စ်လီဘာဟာ က ပြောကြားသည်။ Argyle မိုင်းတွင်းသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံး ပန်းရောင်စိန်ပွင့် ၉ဝ ရာခိုင်နှုန်းခန့် ထွက်ရှိပြီး ကမ္ဘာ့တန်ဖိုး အကြီးမားဆုံး စိန်များထွက်ရှိရာ မိုင်းတွင်းလည်း ဖြစ်ကြောင်း သိရသည်။
Myawady News

စောစောအိပ်တတ်သူလား၊နောက်ကျမှအိပ်တတ်သူလား?


သင်ဟာအစောစောအိပ်တတ်သူလား၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်သူ
လား။သင့်ရဲ့အိပ်စက်မှုပုံစံဟာသင့်ရဲ့ကျန်းမာရေးကိုညွှန်းဆိုနေပါတယ်။
အိပ်ချိန်ပေါ်မူတည်ကာသင့်ရဲ့ခါးအတိုင်းအတာ၊မျိုးပွားနိုင်ခြေ၊နာကျင်မှုအ
ဆင့်နဲ့ကင်ဆာဖြစ်နိုင်ခြေကိုပြောင်းလဲသွားစေပါတယ်။မိမိရဲ့ကိုယ်ရည်ကိုယ်
သွေးပေါ်မှာတောင်ပြောင်းလဲမှုရှိနိုင်ပါတယ်။
ဆစ်ဒနီနဲ့လီဗားပူးမှသုတေသီတွေကလူပေါင်း၂၀၀ ကျော်ရဲ့ကိုယ်ရည်
ကိုယ်သွေးနဲ့အိပ်စက်တဲ့အကျင့်ကိုမေးမြန်းကာသုတေသနပြုလုပ်ရာမှ
အောက်ပါတို့ကိုတွေ့ရှိခဲ့ပါတယ်။ခန္တာကိုယ်မှာရှိတဲ့တုံ့ပြန်မှုတိုင်း၊ဟော်မုန်း
မျိုးရိုးဗီဇပြောင်းလဲမှုအစရှိတဲ့အားလုံးအပေါ်ဇီဝနရီ ကပဲထိန်းချုပ်ထားပါ
တယ်။ဒီဇီဝနရီကပဲ သင့်ကိုစောစောထတတ်အောင် သင့်ကိုနောက်ကျမှအိပ်
ရာထပြီးညအချိန်ထိအလုပ်လုပ်အောင်ပြုလုပ်ပေးပါတယ်။
စောစောအိပ်တတ်တာ၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်တာတွေကို
Period-3 ခေါ်တဲ့မျိုးရိုးဗီဇ ဂျင်းကဆုံးဖြတ်ပေးပါတယ်။သိပ္ပံပညာရှင်တွေလေ့
လာမှုပြုလုပ်ရာမှာ Long version နဲ့ Short version ဆိုတဲ့မျိုးရိုးဗီဇ ဂျင်း
ရှုထောင့်နှစ်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ်။Long version ရှိတဲ့သူတွေဟာစော
စောအိပ်တတ်သူတွေဖြစ်ပြီး Short version ရှိသူတွေဟာဇီးကွက်လိုမျိုး
နောက်ကျမှအိပ်တတ်သူတွေဖြစ်ပါတယ်။
မိဘတစ်ယောက်ဆီမှ Period-3 မျိုးရိုးဗီဇဂျင်း Two version ကို ရရှိကြပါ
တယ်။Long version နှစ်မျိုးစလုံးရတဲ့သူ ဒါမှမဟုတ် Short version နှစ်မျိုး
စလုံးရရှိသူတွေဟာစောစောအိပ်တတ်တဲ့အကျင့် ဒါမှမဟုတ် နောက်ကျမှ
အိပ်တတ်တဲ့အကျင့်ကိုလွန်လွန်ကဲကဲရရှိသွားတတ်ပါတယ်။ဒါပေမယ့်များ
သောအားဖြင့် မိဘတစ်ယောက်ဆီက Version တစ်မျိုးစီသာရတတ်လေ့ရှိ
ပါတယ်။
အောက်ပါတို့ဟာ စောစောအိပ်တတ်သူ ဒါမှမဟုတ် နောက်ကျမှအိပ်တတ်
သူရဲ့ကျန်းမာရေးအကျိုးသက်ရောက်မှုအပေါ်နောက်ဆုံးသုတေသနပြုလုပ်
ရာမှရရှိထားတဲ့အဖြေတွေပါ။
-စောစောအိပ်တတ်သူများပိုမိုပင်ပန်းတတ်
ဒီမျိုးရိုးဗီဇတွေဟာအိပ်စက်မှုအပေါ်ဖိအားပေးတတ်ပါတယ်။ဒါ့အပြင်
ဇီဝနရီဟာလည်းအိပ်ချိန်၊ထချိန် တွေကို ထိန်းချုပ်ထားပါတယ်။စောစော
အိပ်တတ်သူတွေမှာအိပ်စက်မှုဖိအားဟာ ပိုပြီးမြန်မြန်တည်ဆောက်နိုင်တာ
ကြောင့်ပုံမှန်အတိုင်းအလုပ်လုပ်ပြီးနောက်ပိုင်းမှာ မြန်မြန်မောပန်းလွယ်
တတ်ပါတယ်။

-နောက်ကျမှအိပ်တတ်သူများပိုမိုဆာလောင်တတ်
စောစောအိပ်တတ်သူတွေဟာအိပ်ရာထပြီးနာရီဝက်အတွင်းနံနက်စာ
စားသုံးတတ်ပါတယ်။နောက်ကျမှအိပ်တတ်သူတွေဟာ ညဘက်အလုပ်
လုပ်တတ်တာကြောင့်ညလယ်စာစားသုံးတတ်ကြပါတယ်။နောက်ကျမှအိပ်
တတ်သူတွေဟာ ည၈နာရီနောက်ပိုင်းမှာပုံမှန်စားနေကျထက်ကယ်လိုရီနှစ်
ဆခန့်ပိုမိုစားသုံးတတ်ပါတယ်။ညဘက်စားတဲ့အစာတွေမှန်သမျှဟာနေ့ခင်း
လိုဝမ်းဗိုက်ပြည့်တင်းအောင်စားသုံးတာမဟုတ်ဘဲအစားလွန်ကျူးပြီး ကိုယ်
အလေးချိန်တိုးလာတတ်ပါတယ်။ဦးနှောက်ကိုဗိုက်ပြည့်တင်းတဲ့အကြောင်း
အချက်ပြတဲ့လက်ပတင်ဟော်မုန်း လျေ့နည်းတာကြောင့် လည်းဖြစ်ပါတယ်။
ဒါအပြင်နောက်ကျမှအိပ်တတ်သူတွေဟာမနက်အလုပ်သွားဖို့အိပ်ရာစော
စောထရတဲ့အတွက်ပ်ပန်းနေတတ်ပါတယ်။လေ့လာမှုတစ်ခုအရ အိပ်ချိန်
နည်းသူတွေဟာကာဗိုဟိုက်ဒရိတ် အထူးသဖြင့်သကြားဓာတ်ကို ၃၅ မှ၄၀
ရာခိုင်နှုန်းထိပိုမိုစာသုံးတတ်တယ်လို့သိရပါတယ်။
မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအရ နောက်ကျမှအိပ်တတ်သူတွေဟာ
စောစောအိပ်တတ်သူတွေထက်ကိုယ်အလေးချိန်အများကြီးပိုများနေတာ
ကိုတွေ့ရှိခဲ့ပါတယ်။

-နောက်ကျမှအိပ်တတ်သူများပိုမိုဟောက်တတ်
ညဘက်မှာအစာစားထားတာတွေဟာနောက်ကျမှအိပ်တတ်သူတွေရဲ့
ကျန်းမာရေးကိုထိခိုက်စေပါတယ်။ပန်ဆာဗေးနီးယား တက္ကသိုလ် မှလေ့
လာချက်အရနောက်ကျမှအိပ်တတ်သူတွေဟာကောင်းတဲ့ကိုလက်စထရော
(HDL)အဆင့်နိမ့်တာကိုတွေ့ရှိရပါတယ်။နောက်ကျမှအိပ်တတ်သူတွေဟာ
များသောအားဖြင့်ဟောက်တတ်လေ့ရှိပြီးဟောက်တာကြောင့်အိပ်ရာမှနိုး
လာတတ်ပါတယ်။ဒါ့အပြင် နောက်ကျမှအိပ်တတ်သူတွေမှာစိတ်ဖိစီးမှုဟော်
မုန်းအဆင့်တွေလည်းမြင့်တတ်နေတာကြောင့်ဟောက်တာကိုပိုမိုဖြစ်ပေါ်စေ
တတ်ပါတယ်။

-စောစောအိပ်ရာဝင်တတ်သူများကင်ဆာဖြစ်နိုင်ခြေမြင့်မား

လေ့လာမှုအချို့အရစောစောအိပ်တတ်သူတွေမှာသားမြတ်နှင့်အူမကြီး
ကင်ဆာလိုမျိုးတစ်ချို့ကင်ဆာတွေဖြစ်နိုင်ခြေမြင့်မားတယ်လို့သိရပါတယ်။
ဒီကင်ဆာရောဂါတွေဟာ Period-3 မျိုးရိုးဗီဇ Long version နဲ့စပ်ဆက်
နေတာကြောင့်လို့ဆိုပါတယ်။စောစောအိပ်တတ်သူအများစုဟာLong version အမျိုးအစားနှစ်ခုကိုသယ်ဆောင်ထားတတ်တာကြောင့်ပါ။ဒါ့အပြင်
အိပ်စက်မှုကိုအားပေးတဲ့ မယ်လတိုနင် ဟော်မုန်းဟာမှောင်နေတဲ့အချိန်မှာ
အထွက်များပြီး အလင်းရောင်ရှိချိန်မှာ အထွက်နည်းတာကြောင့်ပါ။စောစော
အိပ်တတ်သူတွေဟာအိပ်ရာစောစောထတတ်တဲ့အတွက်အလင်းရောင်နဲ့
ထိတွေ့မှုပိုမိုများပြီးမယ်လတိုနင် အထွက်နည်းတာကြောင့်ပါ။မယ်လတိုနင်
ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိပြီးကင်ဆာကိုလည်းကာကွယ်ထား
နိုင်တာကြောင့်လို့လေ့လာမှုအချို့ကအကြံပေးထားပါတယ်။ဒါပေမယ့်ည
ဘက်မှာအလင်းရောင်နဲ့အလုပ်လုပ်နေတာကြောင့် မယ်လတိုနင် ထုတ်လုပ်
မှုလည်းရပ်တန့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုထားတာကြောင့်တိတိ
ကျကျအဖြေရဖို့လေ့လာမှုအများအပြားလုပ်ဖို့လိုအပ်နေသေးတယ်လို့
ဆိုထားပါတယ်။

-နောက်ကျမှအိပ်တတ်သူများမှတ်ဥာဏ်အားနည်းနိင်
အိပ်ရာဝင်နောက်ကျတဲ့အတွက်အိပ်ရေးမ၀တာဖြစ်တတ်ပါတယ်။အိပ်
စက်ရာမှာအိပ်စက်တဲ့အဆင့်အမျိုးမျိုးရှိပါတယ်။အိပ်ရာဝင်နောက်ကျပြီး
အလုပ်သွားဖို့မနက်စောစောထရတဲ့အတွက်အိပ်စက်မှုနောက်ဆုံးအဆင့်
ကိုမရောက်ရှိတော့ပါဘူး။အဲဒီနောက်ဆုံးအဆင့်ဟာမှတ်ဥာဏ်ကိုထိခိုက်
တတ်ပါတယ်။ဒီအဆင့်ဟာတစ်နေ့တာလုံးရဲ့အတွေ့အကြုံကိုပြန်လည်မှတ်
မိစေပြီးမှတ်ဥာဏ်အတွက်ကောင်းမွန်စေတာကြောင့်ပါ။

-နောက်ကျမှအိပ်တတ်သူများပျော်ရွင်တတ်သော်လည်းစိတ်ကျနိုင်ခြေမြင့်မား
ခြုံပြီးပြောရမယ်ဆိုရင် နောက်ကျမှအိပ်တတ်သူတွေဟာပိုမိုပျော်ရွင်
တတ်ပါတယ်။လူပေါင်း၈၀၀ ကျော်ကိုပြုလုပ်ထားတဲ့လေ့လာမှုအရစောစော
အိပ်တတ်သူတွေဟာစိတ်ထိန်းချုပ်နိုင်စွမ်းပိုမိုကောင်းမွန်တယ်လို့တွေ့ရှိ
ခဲ့ရပါတယ်။လူပေါင်း၁၀၀ကျော်ကိုပြုလုပ်တဲ့နောက်ထပ်လေ့လာမှုတစ်ခု
အရလည်းသူတို့ဟာညှိနှိုင်းလွယ်ကြပြီးဖြောင့်မတ်သူတွေဖြစ်ကြပါတယ်။
အမှားအမှန်ကိုခွဲခြားနိုင်တယ်လို့သိရပါတယ်။နောက်ကျမှအိပ်တတ်သူတွေ
မှာမူပုံမှန်မဟုတ်တဲ့တစ်ခြားနည်းလမ်းတွေနဲ့ပိုမိုတွေးတောတတ်ကြပါတယ်။
နောက်ကျမှအိပ်တတ်သူတွေဟာစိတ်ကျဝေဒနာဖြစ်နိုင်ခြေမြင့်မားတယ်လို့
အိပ်စက်မှုဆိုင်ရာကျွမ်းကျင်သူတွေကဆိုပါတယ်။

-နောက်ကျမှအိပ်တတ်သူများနာကျင်မှုဝေဒနာပိုခံစားရနိုင်
နောက်ကျမှအိပ်တတ်သူတွေဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုမရှိတာ
ကြောင့်နာကျင်မှုဝေဒနာကိုပိုမိုခံစားနိုင်တယ်လို့အမေရီကန်နိုင်ငံမှသုတေ
သီတွေကတွေ့ရှိခဲ့ပါတယ်။မနက် ၄နာရီလောက်မှာခန္တာကိုယ်သဘာဝအ
တိုင်းရောင်ရမ်းမှုကိုတွန်းလှန်နိုင်တဲ့ပစ္စည်းတွေအများအပြားထုတ်လုပ်လိုက်
တဲ့အတွက်အဆစ်ရောင်တာ၊အဆစ်ကိုက်တာနဲ့ အဆစ်တောင့်တင်းတာတွေ
သက်သာသွားပါတယ်။စောစောအိပ်တတ်သူတွေဟာဒီအကျိုးကျေးဇူးကိုရ
ရှိစေနိုင်ဖို့အတွက်အချိန်မှီအိပ်ရာနိုးလာတတ်ပေမယ့်နောက်ကျမှအိပ်တတ်သူတွေအိပ်ရာထတဲ့အခါဒီအကျိုးကျေးဇူးတွေမရနိုင်တော့ပါဘူး။
အိပ်စက်ချိန်ဟာမျိုးရိုးဗီဇဂျင်းကြောင့်ကွဲပြားကြပေမယ့်အသက်အရွယ်ပေါ်
မူတည်ပြီးတော့လည်းပြန်လည်ပြောင်းလဲနိုင်ပါတယ်။အသက် ၁၀နှစ်ကျော်
လာရင်အိပ်ရာဝင်နောက်ကျပြီး အိပ်ရာထတာလည်းနောက်ကျတတ်ပါတယ်။
အမျိုးသားတွေမှာ ၂၀ နဲ့ ၂၁ နှစ်အရွယ်ထိ၊အမျိုးသမီးတွေမှာ၁၉နှစ်ဝန်းကျင်
အထိ ဒီလိုဖြစ်စဉ်တွေဖြစ်တတ်ပါတယ်။ဆယ်ကျော်သက်အရွယ်ကျော်လွန်
ပြီးရင်အမျိုးသားတွေဟာအမျိုးသမီးတွေထက်အိပ်ရာဝင်နောက်ကျသွား
တတ်ပါတယ်။အိပ်ချိန်ပြောင်းလဲတာတွေဟာလည်း Sex ဟော်မုန်းအီစထရို
ဂျင်နဲ့ တက်စတိုစတီရုန်းတို့နဲ့လည်းသက်ဆိုင်ပါတယ်။ဒီဟော်မုန်းတွေ
ခန္တာကိုယ်ထဲမှာလျော့နည်းလာရင်အိပ်ရာဝင်ပိုစောတတ်ပါတယ်။ဒီပြောင်း
လဲမှုဟာအထူးသဖြင့်အမျိုးသမီးတွေ မီးယပ်သွေးဆုံးပြီးနောက်ပိုင်းအီစထ
ရိုဂျင်ကျဆင်းသွားချိန်မှာဖြစ်တတ်ပါတယ်။

-နောက်ကျမှအိပ်တတ်သူတွေက ဘာကြောင့်စောစောအိပ်တတ်သူတွေကို
လက်ထပ်သင့်ပါသလဲ။
အသက်ရှည်တဲ့အိမ်ထောင်သည်တွေဟာနောက်ကျမှအိပ်တတ်သူတွေ
နဲ့စောစောအိပ်တတ်သူတွေ ဖြစ်ပါတယ်။သင့်အိမ်ထောင်ဖက်ရဲ့အိပ်စက်မှု
အမူအကျင့်ကိုလိုက်လျောနိုင်ရင်တခြားကိစ္စတွေမှာလည်းတစ်ယောက်နဲ့
တစ်ယောက်နားလည်မှုရှိနိုင်တာကြောင့်ပါ။တစ်ယောက်ရဲ့အကျင့်ကိုတစ်
ယောက်ကပိုမိုသည်းခံနားလည်နိုင်တဲ့အတွက်ကြောင့်ပါ။

ဒေါက်တာခင်မိုးမိုး
By- Good Health

နယ်စပ်ဝင်ပေါက်များအား လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေဟု နယ်/လုံဝန်ကြီးပြော


ရန်ကုန်၊ အောက်တိုဘာ ၁၅။

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးလေးခုတွင် ဗုံးတွေ့ ရှိမှုများနှင့် ဗုံးပေါက်ကွဲမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်နိုင်သည့် နယ်စပ်ဝင်ပေါက်များအား လုံခြုံရေး တိုးမြှင့်ကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက People Power သတင်းစာသို့ ပြောကြားသည်။

“၀င်နိုင်တဲ့ လမ်းကြောင်းတွေကတော့ အများကြီးပဲ၊ ဒီ လက်နက်ခဲယမ်းကိစ္စက ဘယ်လိုလူတွေ အသုံးပြုတတ် တယ်ဆိုတာ ရှင်းပါတယ်၊ အထူးသဖြင့်တော့ သောင်း ကျန်းသူတွေ နေရာကနေ လာနိုင်ပါတယ်၊ အဲလိုလာနိုင်တဲ့ အတွက် နယ်စပ်အ၀င်အထွက်လမ်းကြောင်းတွေမှာ ယာဉ် စစ်ဆေးတာတွေ၊ လူစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်၊ နောက်ပြီး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် လူဝင်လူထွက်တွေကို စောင့်ကြည့်ဖို့ မှာကြားထားပါတယ်”ဟု ၀န်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဗုံးများ ၀င်ရောက်လာနို နိုင်သော လမ်းကြောင်းများမှာ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်၊ အိန္ဒိယမြန်မာနယ်စပ်၊ထိုင်းမြန်မာနယ်စပ်၊ တရုတ်နယ်စပ်၊ မြ၀တီ၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်စသည့် လမ်းကြောင်း များမှ ၀င်ရောက်လာနိုင်ကြောင်း၊ လက်ရှိတွင် ဘာသာရေး
ပွဲတော်ရက်များ နီးကပ်လာပြီ ဖြစ်သောကြောင့် လုံခြုံရေးကို အစီအမံချကာ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ များအနေဖြင့် တိုင်းဒေသကြီးအတွင်းတွင် လှည့်ကင်း၊ ရပ်ကင်း များအပြင် ဒေသခံမြို့နယ် စခန်းများ၌ နယ်ထိန်းအဖွဲ့များ ထားရှိကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကေအမ်ယူ၊ ကေအမ်အမ်လ်အေမှ ဗိုလ်ကြီးတစ်ဦးက လက်ရှိဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး တိုင်းရင်းသားများနှင့် အစိုးရ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်နေခြင်း နိုင်ငံရေးအပြောင်းအလဲများကို မလိုလားသော အဖွဲ့အချို့က လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် ဘာသာရေးအဆောက်အအုံများဖြစ်သော ဘုန်းကြီးကျောင်း၊စေတီဘုရားများအပြင် အစ္စလာမ် ဘာသာရေးအဆောက်အအုံများ၊ ခရစ်ယာန် ဘာသာရေး အဆောက်အအုံများ၊ ဟိန္ဒူဘာသာရေးအဆောက်အအုံများ၊ အစိုးရစာသင်ကျောင်းများအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အစီအစဉ်ညွှန်ကြားချက်များအရ လုံခြုံရေးတိုးမြှင့်ကာ စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် ဘာသာရေး၊ နိုင်ငံရေး မည်သည့်ရည်ရွယ်ချက်ကြောင့် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်နေခြင်းကို ခန့်မှန်းရ မလွယ်ကူသေးကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ရေးသားသူ- နီတိုး၊ ရဲကိုကို
တည်းဖြတ်သူ- နီတိုး

People power

ဗုံးပေါက်ကွဲမှုဖြစ်စဉ် များလာသောကြောင့် ရန်ကုန်ဘူတာကြီးတွင် အရပ်ဝတ်လုံခြုံရေးအင်အားတိုးမြှင့်


ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ နှင့် အခြားသောမြို့ များတွင် ဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိ နေမှုကြောင့် တစ်နေ့လျင် ခရီးသည်ဦးရေ  ၉သောင်းခန့် သွားလာလျက်ရှိသော ရန်ကုန်မြို့  ဘူတာကြီးတွင် အရပ်ဝတ် လုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ကြောင်း ရထားရဲတပ်ဖွဲ့ အမှတ်(၁၃) တပ်ခွဲ ရန်ကုန်မီးရထား ရဲစခန်းမှ သိရသည်။
အရပ်ဝတ်လုံခြုံရေး အင်အားတိုးချဲ့ ချ ထားရာတွင် ရန်ကုန်မြို့   မြို့ ပတ်ရထား နှင့် ရထားလမ်းတစ်လျောက်ရှိ လမ်းဘူတာများတွင် ၂၄ နာရီ Round လှည့်ကာ တာဝန်ချထားကြောင်း အမှတ် (၁၃)  ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ပြောသည်။

“လက်ရှိအခြေအနေကြောင့် ကျွန်တော်တို့ အနေနဲ့  ရဲယူနီဖောင်းနဲ့ကော အရပ်ဝတ် လုံခြုံရေး အင်အားကိုပါ တိုးမြှင့် ချထားတယ်။ လှည့်ကင်းတွေကို အင်အားကော၊ အချိန်ကောပါ တိုးမြင့်ထားပါတယ် ကျွန်တော်တို့ချထားတဲ့ လုံခြုံရေး အင်အားကိုကျွန်တော်တို့ အနေနဲ့ တာဝန်အရ ပြောပြလို့ မရပါဘူး”ဟု အောင်ကျော်ဦး က ဆိုသည် ။

ယင်းကဲ့သို့ မကြာခဏ ဗုံးတွေမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အထက်မှ ယခင်ထက်လုံ ခြုံရေးအင်အား တိုးမြင့်ရန် တာဝန်ပေးအပ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

“ဒီဖြစ်စဉ်မတိုင်မီထဲက ကျွန်တော်တို့တွေ လုပ်နေရတာ ရှိပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့ အခါမှာ ကျွန်တော်တို့တွေ ပိုပြီးတော့ လုပ်လာရတယ်။ အဲ့တာကြောင့်ကျွန်တော်တို့ တပ်ခွဲမှူးကနေပြီးတော့ လုံခြုံရေးတွေကို တိုးမြင့်ချ ထားဖို့တာဝန်ချထားတဲ့ ကင်းတွေကိုစစ်ဖို့ ခေါ်ပြောတာတော့ ရှိပါတယ်’’ဟု အမှတ်(၁၃) ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိများကြောင့် ရန်ကုန်တိုင်း ဒေသကြီးအား နိုင်ငံတော်အဆင့် လုံခြုံရေးသို့ တိုးမြင့်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရန်ကုန်တိုင်းဒေသကြီး အနေဖြင့်လည်း ဗုံးအန္တရာယ်အား သတိထားရန် သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ အသိပေးထုတ်ပြန်ထားစဉ်အတွင်း အောက်တိုဘာလ  ၁၅ရက်နေ့ များတွင် ရန်ကုန်မြို့ နှင့်စစ် ကိုင်းတိုင်းဒေသကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
နှင်းနွယ်
themyanmaage

ကမ္ဘာ့ဖလား ခြေစစ်ပွဲ(ဥရောပဇုန်) အကျဉ်းချုပ်



၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်နောက်ဆုံးခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက်မှာဘော့စနီးယားအသင်းဟာ ဂိုးကွာခြားချက်နဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့သလို နာမည်ကြီး အင်္ဂလန်လည်း တိုက်ရိုက်ခြေစစ်ပွဲအောင်သွားခဲ့တာပါတယ်။ နောက်ဆုံးပွဲစဉ်မှာ
ပေါ်တူဂီအသင်း အသင်းနိုင်ပွဲ ရခဲ့ပေမယ့် လိုအပ်သလောက် ဂိုးမပြတ်ခဲ့သလို ရုရှားအသင်းကလည်း သရေတစ်မှတ် ရခဲ့တာကြောင့် ရှုံးထွက်ပွဲစဉ် ကစားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ရလဒ်၊ တိုက်ရိုက်ခြေစစ်ပွဲအောင် အသင်းတွေနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမယ့် အသင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံးပွဲစဉ်ရလဒ်များ

ဆိုက်ပရပ် 0 - 0 အယ်ဘေးနီးယား

ဂရိ 2 - 0 လစ်ခ်ျစတိန်း

လစ်သူရေ။နီးယား 0 - 1 ဘော့စနီးယား

အဇာဘိုင်ဂျန် 1 - 1 ရုရှား

အစ္စရေး 1 - 1 မြောက်အိုင်ယာလန်

ပေါ်တူဂီ 3 - 0 လူဇင်ဘတ်

နော်ဝေ 1 - 1 အိုက်စလန်

ဆွစ်ဇာလန် 1 - 0 စလိုဗေးနီးယား

ဟန်ဂေရီ 2 - 0 အန်ဒိုရာ

ရိုမေးနီးယား 2 - 0 အက်စ်တိုးနီးယား

တူရကီ 0 - 2 ဟော်လန်

လတ်ဗီးယား 2 - 2 ဆလိုဗက်ကီးယား

ဘူလ်ဂေးရီးယား 0 - 1 ချက်

ဒိန်းမတ် 6 - 0 မော်လ်တာ

ဆားဗီးယား 5 - 1 မက်ဆီဒိုးနီးယား

အိုင်ယာလန် 3 - 1 ကာဇတ်စတန်

ဆွီဒင် 3 - 5 ဂျာမနီ

ဖာရိုးကျွန်းစု 0 - 3 သြစတြီးယား

အီတလီ 2 - 2 အာမေးနီးယား

ပြင်သစ် 3 - 0 ဖင်လန်

စပိန် 2 - 0 ဂျော်ဂျီယာ

ဆန်မာရီနို 0 - 8 ယူကရိန်း

မွန်တီနီဂရိုး 2 - 5 မော်လ်ဒိုဗာ

အင်္ဂလန် 2 - 0 ပိုလန်

ဘယ်ဂျီယံ 1 - 1 ဝေးလ်

စကော့တလန် 2 - 0 ခရိုအေးရှား

တိုက်ရိုက်ခြေစစ်ပွဲအောင်အသင်းများနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမယ့် အသင်းများ

*ဘယ်ဂျီယံ ခရိုအေးရှား

*အီတလီ ဒိန်းမတ်

*ဂျာမနီ ဆွီဒင်

*ဟော်လန် ရိုမေးနီးယား

*ဆွစ်ဇာလန် အိုက်စလန်

*ရုရှား ပေါ်တူဂီ

*အင်္ဂလန် ယူကရိန်း

*စပိန် ပြင်သစ်

*ဘော့စနီးယား ဂရိ
(*)တိုက်ရိုက်ခြေစစ်ပွဲအောင် အသင်းများ

ခြေစစ်ပွဲတွင် ဂိုးအများဆုံး သွင်းယူခဲ့တဲ့ကစားသမားများ

ဗန်ပါစီ 11ဂိုး

ဒီဇီကို 10ဂိုး

အိုင်ဘီစီဗစ် 8ဂိုး

အိုဇဲလ် 8ဂိုး

ရွန်နီ 7ဂိုး

ဇော်ထွန်း(ရိုးရာလေး)

အစိုးရတပ်နှင့် RCSS/ SSA တို့အကြား တိုက်ပွဲများ တည်ငြိမ်စပြုခြင်းသည် ဒေသခံပြည်သူများ ပူးပေါင်းမှုကြောင့်ဟု ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆို

အစိုးရတပ်မတော်နှင့်  RCSS/ SSA   တို့အကြား တိုက်ပွဲများဆက် တိုက်ဖြစ်ပေါ်နေသည့်အပေါ် ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုများနှင့် နှစ်ဖက်အဖွဲ့အစည်း များအကြား မေတ္တာရပ်ခံခဲ့သည့် အတွက် လတ်တလော ဖြစ်ပွားနေ သည့်တိုက်ပွဲများ တည်ငြိမ်စပြု လာပြီဖြစ်ကြောင်း နှစ်ဖက်တိုက် ပွဲများရပ်စဲရေးအတွက်ဆောင် ရွက်နေသည့် ကွန်ဟိန်းမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်နန်းဝါနုထံမှ သိရ သည်။

ဒေါ်နန်းဝါနုက ''နှစ်ဖက် တိုက်ပွဲကတော့ အခုတော့ငြိမ် နေတယ်။ စိတ်ချရတဲ့အနေအထားတော့ မရှိသေးဘူးလို့တော့ သိရတယ်။ ကျွန်မလဲဝန်ကြီး ဦးအောင်မင်းတို့ကော၊RCSS/ SSA   တို့ဘက်ကတာဝန်ရှိတဲ့သူ တွေကိုရော ဆက်ပြီးမတိုက်ကြ ဖို့မေတ္တာ ရပ်ခံထားတဲ့ စာတွေပို့ ထားပါတယ်။ အခုလိုတိုက်ပွဲ တွေငြိမ်သွားတာလဲ ဒေသခံ ပြည်သူတွေက ကျွန်မတို့ကိုယ် စားလှယ်တွေနဲ့ပူးပေါင်းလာတဲ့ အတွက်ကြောင့်ပါ။ သူတို့ကသာ တိုက်ပွဲတွေကြားက ကျွန်မတို့ ဆီသတင်းတွေ အချိန်မီမ ပို့ရင် ကျွန်မတို့လဲ ကျွန်မတို့တတ်နိုင် တဲ့ဘက်က ကူညီနိုင်မှာတောင် မဟုတ်ပါဘူး။ အခုလိုသတင်း တွေအချိန်မီပေးနိုင်တဲ့အတွက် ကျွန်မနှစ်ဖက်စလုံးကို စာတွေ ပို့ပြီး အကူအညီတောင်းခဲ့တယ်။ ပြည်သူတွေနဲ့၊ သက်ဆိုင်ရာတာ ဝန်ရှိသူ တွေနဲ့ ချိတ် ဆက် နိုင်ခဲ့ တာပါ''ဟု ပြောသည်။

ထိုသို့ အမြန်ဆုံးအပစ် ရပ်ရန်ကူညီပေးခဲ့ကြသည့် သက် ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အချိန်မီသတင်းများပေးပို့ခဲ့ သည့် ပြည်သူများနှင့် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါ တီကွန်ဟိန်းမြို့နယ်ပါတီဝင်များ ကိုကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ပြောသည်။ အစိုးရတပ်မတော်နှင့်RCSS/ SSA တို့ကြား စက်တင် ဘာ ၃၀ ရက်မှ စတင်ကာတိုက် ပွဲများဖြစ်ပေါ်ခဲ့ပြီး အောက်တို ဘာ ၁၀ ရက်တွင်လည်းကောင်း၊ အောက်တိုဘာ ၁၁ ရက်တွင် လည်းကောင်း၊ အောက်တိုဘာ ၁၂ရက် တွင်လည်း ကောင်း တိုက် ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ သည့်အတွက် နှစ်ဖက်တိုက်ပွဲ များဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ပွဲများကြောင့် စက်တင်ဘာ ၃ဝရက်ကဒေသခံ ရွာသူရွာသား ၁၃ဝကျော်နေ ရပ်စွန့်ခွာထွက်ပြေးကြရကြောင်း၊ ထို့အပြင် စက်တင်ဘာ ၁၀ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်များ တွင်ဖြစ်ပွားသော တိုက်ပွဲများ ကြောင့် ကျေးရွာသုံးလေးရွာမှ ဒေသခံ ရွာသူရွာသားများနေ ရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးသော ဒုက္ခရောက် နေသည့် ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်ခန့်ရှိနိုင်ကြောင်း၊ လက် ရှိတွင်မိသားစုများကွဲပြားလျက်ရှိ နေပြီး ပါတီဝင် များမှစာရင်းများပြုစု ကောက်ခံလျက်ရှိသည်။

ဝေမာသိမ့်
yangonmedia

မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ် အတွင်း ဘိလပ်မြေ ဝယ်လိုအား ၁ဝ ရာခိုင်နှုန်း မြင့်တက် လာဖွယ်ရှိ




Wednesday, 16 October 2013

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် အတူ စီးပွားရေး အခြေခံ အဆောက်အအုံ တည်ဆောက်မှု အပိုင်းများ မြင့်တက်လာ နေခြင်းကြောင့် ဘိလပ်မြေ ဝယ်လိုအားမှာ လည်းလာမည့် ငါးနှစ်အတွင်း ၁ဝ ရာခိုင်နှုန်း မြင့်တက် လာနိုင်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ခန့်မှန်း ပြောကြားခဲ့သည်။

အဆိုပါ ဘိလပ်မြေ ဝယ်လိုအား မြင့်တက်လာမှုကို ဖြည့်တင်းနိုင်ရန် လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဘိလပ်မြေ စက်ရုံအသစ် ကိုးရုံအထိ ရှိကြောင်း၊ ပြည်တွင်း၌ ဘိလပ်မြေ စက်ရုံများမှ ဘိလပ်မြေ သုံးစွဲမှု၏ သုံးပုံတစ်ပုံခန့်သာ ထုတ်လုပ်နိုင် သေးကြောင်း၊ ယင်းအတွက် ပြည်တွင်း ဘိလပ်မြေ ဈေးကွက်ရရှိရေး အရှေ့တောင်အာရှ ဘိလပ်မြေ ကုမ္ပဏီကြီး များ ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။

''ပြည်တွင်းမှာ အဆောက်အအုံ တည်ဆောက်မှု တွေများလာတယ်။ ဘိလပ်မြေ သုံးစွဲမှု မြင့်တက် လာတာကို ထုတ်လုပ်နိုင်မှု အပိုင်းလိုက် မဖြည့်နိုင် ဖြစ်လာတယ်။ အိမ်နီးချင်းနိုင်ငံ တွေက တင်သွင်းရတဲ့ အဆင့်အထိ ဖြစ်လာတယ်။ ဒီတော့ စရိတ်ကြီး တာပေါ့။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရင် ပိုကောင်းတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အခြေစိုက် Siam Cement (ဆင်တံဆိပ် ဘိလပ်မြေ)နှင့် အင်ဒိုနီးရှား နိုင်ငံ အခြေစိုက် Semen Indonesia တို့ မြန်မာနိုင်ငံတွင် ဘိလပ်မြေ စက်ရုံများ တည်ဆောက်၍ ဘိလပ်မြေ ထုတ်လုပ်ရန် လုပ်ဆောင်လျက် ရှိနေကြောင်း၊ Siam Cement ကုမ္ပဏီမှ အမေရိကန် ဒေါ်လာသန်း ၃၈၈ တန် ဘိလပ်မြေ စက်ရုံ တည်ဆောက်မည် ဖြစ်ပြီး Semen Indonesia ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ တန် ဘိလပ်မြေ စက်ရုံများ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း အစိုးရပိုင် ဘိလပ်မြေ စက်ရုံသုံးရုံနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ ၁၂ ရုံ အထိရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ ထုတ်လုပ်နိုင်မှု ပမာဏ ၄ ဒသမ ဝ၂ သန်း ရှိကြောင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘိလပ်မြေ စက်ရုံသစ် ကိုးရုံသည် ၂ဝ၁၅ ခုနှစ် တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းပြီး ယင်းစက်ရုံများ ပြီးစီးပါက ဘိလပ်မြေ တန်ချိန် တစ်နှစ်လျှင် ၁ဝ ဒသမ ၅၃ သန်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

ဆိုတေး ဆေးရုံဆင်းရပြီ


ဇူလိုင်လ ၁၄ ရက်ကတည်းက ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ ကားတိမ်းမှောက်မှုကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရတဲ့ တေးသံရှင် ဆိုတေးဟာ ဒဏ်ရာသက်သာလာတာကြောင့် ယနေ့မနက် ၅ နာရီကဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့ ဆိုတေးကို ဆေးကုသပေးခဲ့သူ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာဦးခင်မောင်လွင်ကပြောပါတယ်။

ဓာတ်ပုံ---္ခဒေါက်တာဦးခင်မောင်လွင်
The Modern News Journal

တရားမဝင် တင်သွင်းမှုများတွင် အရက် ဘီယာနှင့် ဆီများ အများဆုံးဖြစ်




Wednesday, 16 October 2013

ပြည်တွင်းသို့ တရားမဝင် တင်သွင်းမှုများတွင် အရက်၊ ဘီယာနှင့် ဆီများသည် အဓိက ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းတရားမဝင် သွင်းကုန်များတွင် အရက်နှင့် ဘီယာသည် အခွန် ၅ဝ ရာခိုင်နှုန်း ဆောင်ပြီးမှသာ တင်သွင်းရသော ကုန်ပစ္စည်းများ ဖြစ်သည်။ ယင်းကုန်စည်များကို နည်းမျိုးစုံ အသုံးပြု၍ တင်သွင်းမှုများ ရှိနေပြီး ယခုအချိန်တွင် တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှု များကြောင့် ဖမ်းဆီး ရမိသော ကုန်ပစ္စည်းများမှာ ငွေကျပ် ဘီလီယံချီ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ကုန်ပစ္စည်း တင်သွင်းမှုများသည် ယခုနောက်ပိုင်း အချိန်တွင် ပိုမိုများပြား လာခြင်းမှာ မိုဘိုင်းလ်တင်း အဖွဲ့များ၏ ပိုမိုစိစစ်ကြပ်မတ် လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ပြည် တွင်း ကုန်ပစ္စည်း တင်သွင်းမှုများ အရ ပို့ကုန်၊ သွင်းကုန် တင်ပို့ရာတွင် ကုန်သည်များ အဆင်ပြေစေပြီး ပို့ကုန်တန်ဖိုး မြင့်တက်လာစေရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စည်းမျဉ်း စည်းကမ်းများ လျှော့ချပေးမှုများ ရှိနေပြီး ကုန်သည်များသည်လည်း တရားဝင် အခွန်ဆောင်ပြီးမှသာ တင်သွင်းသင့်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းရာတွင် တရားမဝင် သွင်းကုန်များကို နယ်စပ်ဂိတ်များ အပြင် ရေလမ်းကြောင်းမှ အများအပြား တင်သွင်းနေပြီး ထိုတရားမဝင် ပစ္စည်းများသည် ခွင့်ပြု ထားသော ကုန်ပစ္စည်း အမည်များနှင့် လွဲချော် တင်သွင်းမှုများသာ အဓိက ဖြစ်သည်။ ထို့ပြင် တရားဝင် ခွင့်ပြုထားသော အရေအတွက်ထက် ပိုမိုတင်သွင်း သောကြောင့်လည်း တရားမဝင် ပစ္စည်းများကို အများဆုံး ဖမ်းဆီးရရှိခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ

ဗုံးဖောက်ခွဲသူများကို ပြတ်ပြတ်သားသားရှုတ်ချ


အယ်ဒီတာ့အာဘော် ကဏ္ဍ

ဗုံး ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေသည်ကိုတွေ့ရသည်။ယင်းနှင့်ပတ်သက် ပြီး ရန်ကုန်မြို့ကို နိုင်ငံတော်အဆင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

ဗုံးခွဲမှုတွေက ရန်ကုန်တိုင်းဒေသကြီး အပါ အဝင် ပဲခူးတိုင်းဒေ သ ကြီး တောင်ငူ ၊ ညောင်လေး ပင်၊ ဖြူးမြို့နယ်တို့တွင်လည်း လက်လုပ်မိုင်း၊ ဗုံးများ ဆက် တိုက်ပေါက်ကွဲခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ အောက်တိုဘာ ၁၃ရက်ကဆိုလျှင် ရန်ကုန် တိုင်းဒေသကြီး တစ်ခုတည်းတွင် အင်းစိန်မြို့နယ်နှင့် သာ ကေတတို့တွင် တစ်ရက်တည်း နှစ်ကြိမ်ဗုံးပေါက်ကွဲခဲ့ သည်။

နောက်တစ်နေ့တွင် မန္တလေးမြို့၌ မပေါက်ကွဲသေး သော ဗုံးတစ်လုံးကို အချိန်မီ ရှင်းလင်းဖောက်ခွဲပစ်ခဲ့ရ ပြီး ထိုနေ့ညတွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် တွင် ထပ်မံဗုံးပေါက်ကွဲခဲ့ပြန်သည် ။ အောက်တိုဘာ ၁၅ ရက်တွင်လည်း စစ်ကိုင်းမြို့ တည်းခိုခန်းတစ်ခုတွင် ဗုံး ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းသို့ ဗုံးဖောက်ခွဲမှုများနှင့်ပတ်သက်ပြီး နိုင်ငံ ရေးကစားလိုသော တတိယအင်အားစုတစ်ခုက ဖောက်ခွဲ မှုများ ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု KNU/KNLA မှ ဗိုလ်ကြီးစောမိုးဇက်ဆိုသူက သုံးသပ်ပြောဆိုထားသည် ကိုလည်း တွေ့ရသည်။

ယခုလို ဗုံးပေါက်ကွဲမှုများ မဖြစ် ပေါ်မီအချိန်ကပင် မြန်မာနိုင်ငံအတွင်း ဆီးဂိမ်းပွဲကာလ တွင် ထိုသို့ ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်သည် ဟူသော ကောလာဟလ သတင်းများလည်း ထွက်ပေါ်နေခဲ့သည် ကို တွေ့ရသည်။

ယင်းနှင့်ပတ်သက်ပြီး အစိုးရဝန်ကြီး တစ်ဦးကတော့ ဆီးဂိမ်းပွဲအတွက် ဘာမျှစိုးရိမ်စရာမလို ဟု ပြောကြားထားသည်ကိုလည်း တွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ဗုံးပေါက်ကွဲမှုများ ယခုလို ဆက်တိုက်ဖြစ်ပေါ်နေ သည်မှာ မြန်မာနိုင်ငံသမိုင်းတစ် လျှောက်လုံးတွင် ဘယ်သောအခါကမျှ မဖြစ်ပေါ်ခဲ့ဖူး ချေ။ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် ပိုင်းတွင်မှ ထိုသို့ဖြစ်ပေါ်လာသည်ဖြစ်ရာ ထိုသို့ပြုလုပ် နေသူများသည် အမှန်ပင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးကို မလိုလားသဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေ ခြင်းကတော့ ထင်ရှားလှသည်။ ထိုသူတို့သည် မြန်မာ နိုင်ငံ၏ ပုံရိပ်ကောင်းများကို တမင်သက်သက် ဖျက်ဆီး ချေမှုန်းလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေသည်ဆို ခြင်းမှာ ထင်ရှားသိသာလှသည်။

ဒီဘက်ပိုင်းတွင် အစိုးရသည် နိုင်ငံရေးအရ အမြင် မတူကွဲပြားသော အတိုက်အခံအဖွဲ့အစည်းများ၊ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း စား ပွဲဝိုင်းထိုင်ကာ အဖြေရှာနေသည်ကို တွေ့ရ သည်။ ယခင် က ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားများကို လည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး အမျိုးသားအကျိုးစီးပွား အတွက် လမ်းဖွင့်လုပ်ဆောင် နေစေသည်ကိုတွေ့ရသည်။

ဆိုရလျှင် အစိုးရနှင့်ယခင် က အတိုက်အခံများဖြစ်ခဲ့ကြသော အဖွဲ့အစည်း များ ပင်လျှင် တိုင်းပြည်ကောင်းကျိုးဟူသော ခေါင်းစဉ်အောက် တွင် မတူတာ ညှိ လုပ်နေကြချိန်တွင် ယခုလို အရုပ်ဆိုး အကျည်းတန်သော အကြမ်းဖက်လုပ်ရပ်မျိုး လုပ်ကိုင်နေ ကြသူများသည် မည်သည့်အဖွဲ့အစည်း၊ မည်သို့သော ပုဂ္ဂိုလ်များပင် ဖြစ်စေကာ မူ ပြည်သူလူထုတစ်ရပ် လုံးက ပြတ်ပြတ်သားသား ရှုတ်ချကြမည်မှာ အမှန်ပင်ဖြစ်သည်။

ထိုကဲ့သို့ပင် ပြည်သူလူထု၏ လုံခြုံမှုကို တိုက်ရိုက် ခြိမ်းခြောက်နေသော၊ နိုင်ငံ၏ ပုံရိပ်ကို ပုံပျက်ပန်းပျက် ဖြစ်စေလိုသော အကြမ်းဖက်ဖောက်ခွဲ သူများကို ကျွန်ုပ် တို့ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာမှလည်း ပြတ်ပြတ် သားသား ရှုတ်ချလိုက်ပါကြောင်း။

အယ်ဒီတာ

အောက်တိုဘာ ၁၅၊ ၂၀၁၃
Yangon Media Group

ဇလွန်မြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား




ဇလွန်မြို့ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျောင်းသား/သူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်တန်းအဆင့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၅ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးမှာ ဇလွန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နေ့လယ် မုန့်စားကျောင်းဆင်းချိန်တွင် ကျောင်းမုန့်ဈေးတန်းမှ ရောင်းချသော ခေါက်ဆွဲသုတ်၊ ကြာဆံသုပ်နှင့် ရေခဲထုပ်များကို စားသုံးကြပြီးနောက် ညနေပိုင်း စာမေးပွဲမဖြေခင် အချိန်တွင် ကျောင်းသား၊ သူ ၃၂ ဦး မူးဝေအော့အန် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ယသလုလင် လူနာတင်ယာဉ် ကူညီရေး အသင်းပါ ရောက်ရှိကူညီခဲ့ကြကြောင်း၊ သုံးဦးကို ဆေးရုံပို့ခဲ့ရပြီး ကျန် ၂၉ ဦးအား ကျောင်းသို့ မြို့နယ်ကျန်းမာရေး ၀န်ထမ်းများ လာရောက်ကုသ ပေးခဲ့ကာ လက်ရှိတွင် အားလုံး၏ ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတက်ရသည့် သုံးဦးနှင့် နောက်ထပ်ငါးဦး စုစုပေါင်း ရှစ်ဦးသာ စာမေးပွဲ မဖြေလိုက်ရဘဲ ကျန်ကျောင်းသား/သူအားလုံး စာမေးပွဲ ဖြေဆိုခဲ့ရကြောင်း၊ စာမေးပွဲ မဖြေဆိုဖြစ်ခဲ့သူများကို ပြန်လည်ဖြေဆိုခွင့် ပြုမည်ဖြစ်ကြောင်း အ.ထ.က (ဇလွန်) ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

ဇလွန်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာကျော်ဗိုလ်ထက်က "အသုပ်နဲ့ ရေခဲချောင်းကို တွဲစားတဲ့သူရော၊ တစ်ခုချင်း စားတဲ့သူတွေပါ မူးဝေ၊ အော့အန်၊ ဗိုက်အောင့်တာတွေဖြစ်တာ တွေ့ရပါတယ်။ ၀မ်းလျှောတာတော့ မရှိပါဘူး။ သုံးဦးက သွေးပေါင်ကျပြီး အော့အန်တာ များတဲ့အတွက် ဆေးရုံတက်ခိုင်း ခဲ့တာပါ။ ဒီသုံးဦးကို ၂၄ နာရီ စောင့်ကြည့်သွားမှာပါ။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ ကျောင်းကိုသွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ အားလုံး စိုးရိမ်စရာ မရှိပါဘူး။ အစာအဆိပ် သင့်တယ်လို့ပဲ ယူဆပါတယ်" ဟု မွန်းလွဲ ၃ နာရီခွဲခန့်က ဖြေကြားခဲ့သည်။

ဇလွန်ဆေးရုံတွင် အစာအဆိပ် သင့်မှုကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသော ကျောင်းသားတစ်ဦးအား တွေ့ရစဉ်
Eleven Media Group

ဟိုတယ်တွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ဒုဝန်ကြီး သတိပေး




မနေ့က ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လုံခြုံရေးကို ပိုမိုသတိထားဖို့ ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေကို ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်) နဲ့ ပန်ဒါဟိုတယ်မှာတွေ့ဆုံစဉ် ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“ပြည်ပကလာမယ့်သူတွေကလည်း ဒီမှာမတည်ငြိမ်ဘူးဆိုတဲ့ ကောလာဟာလမျိုးတွေရမယ်၊ ကျနော်တို့ရဲ့ တိုးတက်မှုတွေဟာ နှောင့်နှေးသွားနိုင်ပါတယ်၊ ကျနော်တို့လုပ်သမျှတွေဟာ မအောင်မြင်ဘူး၊ အောင်မြင်အောင်လုပ်နေပေမယ့်လို့ အဲလိုအဖျက်လုပ်ငန်းလေးတွေ ဝင်လာတဲ့အတွက် ကျနော်တို့က စိတ်မကောင်းစရာဖြစ်ပါတယ်၊ နောက်ပိုင်းမှာလည်းပဲ ဟိုတယ်လုပ်ငန်းရှင်ကြီးများကို ဒီလိုအကျပ်အတည်းတွေ ဖြစ်လာတဲ့အချိန်မှာ မိမိတို့ဟိုတယ်ရဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေရဲ့ ဟိုတယ်ပဲဖြစ်ဖြစ် အားလုံးတစ်ယောက်နဲ့ တစ်ယောက် စည်းလုံးညီညွှတ်ဖို့လိုပါတယ်”

ကုန်သည်ကြီးများဟိုတယ်မှာ ဗုံးဖောက်ခွဲတဲ့သူတွေကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ခုလိုဖြစ်စဉ်မျိုးကို နမူနာယူပြီး ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေအားလုံး လုံခြုံရေးကို ပူးပေါင်းလုပ်ဆောင်ကြဖို့ကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက အခမ်းအနားမှာ ပြောပါတယ်။

“ဒီမှာရှိတဲ့ ဟိုတယ် GM များ၊ ဟိုတယ်လုပ်ငန်းရှင်များအနေနဲ့ ကိုယ့်ရဲ့ Housekeeping တွေကိုလည်း သန့်ရှင်းရေးလုပ်တဲ့အခါမှာ ဒီဟာကို ကျနော်တို့သင်ခန်းစာယူပြီးတော့မှ အပေါ်ယံလေးတင် သန့်ရှင်းရေးလုပ်တာမဟုတ်ဘဲနဲ့ ကျနော်တို့ သေသေချာချာ စောင့်ကြည့်ပြီးတော့မှာ မသင်္ကာတာတစ်ခုခုတွေ့လို့ရှိရင် သက်ဆိုင်ရာကို သတင်းပို့ဖို့လိုပါတယ်၊ ခုတလောဖြစ်တဲ့ဖြစ်စဉ်တွေမှာ ကြည့်မယ်ဆိုလို့ရှိရင် ကျွတ်ကျွတ်အိတ်အမဲထဲထည့်ပြီး သုံးသွားတာတွေ့ရပါတယ်၊ ဒါမျိုးတွေတွေ့လို့ မသင်္ကာလို့ရှိရင် သက်ဆိုင်ရာကို သတင်းပို့ပြီးတော့မှလုပ်ဖို့ လိုပါလိမ့်မယ်”

ကုန်သည်ကြီးများဟိုတယ်မှာ ဗုံးပေါက်စဉ် ဒဏ်ရာရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီးကို ဆေးဝါးကုသဖို့ ထိုင်းနိုင်ငံကို ပို့လိုက်ပြီလို့လည်း သိရပါတယ်။
RFA Burmese

ကျိုက်ထီးရိုး စေတ်ီပွဲတော်ကာလ မရောက်မီ ဘုရား ပရိဝုဏ်အတွင်း မိုင်းရှာဖွေမှုများပြုလုပ်ပြီး လုံခြုံရေးတစ်ရာကျော်ဖြင့် အချိန်ပြည့်စောင့်ကြည့်မည်




လာမည့် ကျိုက်ထီးရိုး စေတီတော်ပွဲတော်ကာလမရောက်မီ ဘုရားပရ၀ုဏ်အတွင်း မိုင်းရှာဖွေမှုများနှင့် လုံခြုံရေးအင်အား တစ်ရာကျော်တို့ဖြင့် အချိန်ပြည့် စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေမှုကြောင့် ဘုရားပွဲတော်ကာလတွင် ဘုရားဖူးလာ ပြည်သူများ စိုးရိမ်စိတ်များ မရှိစရန်အတွက် လုံခြုံရေးအပိုင်းကို ယခင်ကထက် ပိုမို တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ "ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး ရှာဖွေစစ်ဆေးမှုတွေ တိုးမြှင့်ပြီး လုပ်နေပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးပွဲတော် ကာလအတွင်းမှာလည်း အချိန်ပြည့် CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်သွားမယ်။ မသင်္ကာတဲ့ သူတွေတွေ့ရင် စစ်ဆေးမယ်။ ပွဲတော်ကာလ မတိုင်ခင်မှာလည်း ဘုရားပရ၀ုဏ်တစ်ခုလုံးမှာ မိုင်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်။ ဒါ့အပြင် ပွဲတော်ကာလမှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ လုံခြုံရေးအင်အား တစ်ရာကျော်နဲ့ ဆောင်ရွက်သွားပါမယ်" ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ရက် နံနက် ပိုင်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် လုံခြုံရေးဆောင်ရွက်မှုကို မြို့နယ် ရပ်ကွက်အသီးသီး၌ ကော်မတီများ ဖွဲ့စည်းထားပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကျိုက်ထီးရိုးစေတီတော်၌ လာမည့် သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားအနေကဇာတင်ခြင်း အခမ်းအနား၊ ဆွမ်းကပ်ပွဲနှင့် ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးနုဝင်းက အောက်တိုဘာ ၁၅ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ယမန်နှစ်က ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမြော်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group

သွားဖုံးသွေးယို၊ နှာခေါင်း သွေးလျှံခြင်းများ ဖြစ်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ





သွားဖုံးသွေးယိုခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဟာ ယေဘုယျအားဖြင့် တူသယောင် ရှိပေမဲ့ တစ်ခုနဲ့တစ်ခု အကြောင်း သက်ဆိုင်မှု ရှိပါတယ်။

ထိခိုက်ဒဏ်ရာရလျှင် နှစ်ခုလုံး ယှဉ်ပြီး တွေ့နိုင်တယ်။ တချို့က သွားတိုက်တာ ကြမ်းလို့ သွေးယိုတယ်။ တချို့က သွားရောဂါကြောင့် သွေးယိုတယ်။

နှာခေါင်း သွေးလျှံတာ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။ နေပူထဲ မျောက်ရှုံးအောင် ဆော့တော့ အတွင်း အပူချိန်တက်ပြီး၊ အပူရှပ်တဲ့ လက္ခဏာ အဖြစ် နှာခေါင်း သွေးလျှံတာ တွေ့ရတယ်။

ပုံမှန်အားဖြင့် သွားဖုံး သွေးယိုခြင်းကို ခြောက်လမှာ တစ်ကြိမ်လောက် သွားဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။ သွားခြေမှာ ကျောက်ဖြစ်ခြင်းနဲ့ သွားဖုံးရောင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွားဖုံးများကြားမှာ သွားချိုးငြိတွယ် နေပါက သွားဖုံးရောင်ခြင်းဖြစ်ပြီး သွား ကျွတ်ထွက်သွားနိုင်တယ်။ ကလေးငယ်များ သွားလဲချိန်မှာ အရေး မကြီးပေမဲ့ လူကြီးသွားဘဝ ရောက်လာရင် ဗက်တီးရီးယားကြောင့်၊ သွားပိုးကြောင့် သွားဖုံးရောင်ပြီး သွားယိုင်နဲ့ လာကာ သွားခိုင်မာမှု လျော့စေတယ်။ တချို့ကတော့ နှပ်ညှစ်ရင် နှာခေါင်းသွေး ယိုနိုင်သလို၊ သွားဖုံးသွေး ယိုတတ်တယ်။

နာတာရှည် သွားဖုံးရောဂါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ပြီး အချို ကြိုက်တတ်တယ်။ ကာဗိုဟိုက်ဒရိတ်ကို မွမ်းမံပြင်ဆင်ထားတဲ့ ဘီစကွတ်၊ ကိတ်မုန့်၊ မုန့်အချိုတွေကို အလွန်အမင်း မစားသင့်ပါဘူး။ အစားအစာနဲ့ သောက်ရေမှာ ဖလူရွိုက် မပါရင်လည်း မဖြစ်သလို များလို့လည်း မဖြစ်ဘူး။ အပင်ရဲ့ ဓာတ်မြေသြဇာက ဘေးထွက်ပစ္စည်း အနေနဲ့ သဘာဝမြေသြဇာ ထွက်ရှိတာမှာ ဖလူရွိုက်ပါတယ်။ ဖလူရွိုက်ဟာ သွားများ အပေါက်ဖြစ်ခြင်းကို လျော့စေတယ်။ သောက်သုံးရေထဲပါရင် အဆိပ်အတောက် ဖြစ်နိုင်တယ်။ ဒါကြောင့် သွားပေါက်ခါစ ကလေးငယ်တွေ သွားတိုက်ရင် စနစ်တကျ တိုက်သင့်တယ်။ လက်လွတ်စပယ် လူကြီး သွားတိုက်တံနဲ့ အတင်းထိုးနှံခြင်း၊ တိုက်ခြင်း မလုပ်ရ။ နေ့စဉ် သန့်စင်တဲ့ ရေခြောက်ခွက်သောက်ပါ။ နွယ်ချိုဝါးရင် သွားနဲ့သွားဖုံး သန့်ရှင်း စင်ကြယ်စေပြီး ခံတွင်းမှာ မလိုလားတဲ့ ဗက်တီးရီးယားများ ပေါက်ပွား စေခြင်းကို ဟန့်တားပေးတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ အသီးအနှံများမှာ ပန်းသီး၊ ကတွတ်သီး၊ သဖန်းသီးနဲ့ ချယ်ရီသီးကဲ့သို့ အသီးအနှံမှာ ဗီတာမင်စီ ကြွယ်ဝတယ်။ ယင်းတို့ဟာ ကျန်းမာတဲ့ သွားဖုံးနဲ့ သွားများ ဖြစ်စေရန် အထောက်အပံ့ ဖြစ်စေတယ်။ ဗီတာမင်စီဟာ သွေးခဲ ဓာတ်ပစ္စည်း ၁၂ မျိုး ထွက်ရှိလာဖို့ လှုံ့ဆော်နိုင်တာမို့ နှာခေါင်းသွေးလျှံ ရောဂါမှာလည်း အဓိက သောက်သုံးသင့်တဲ့ အာဟာရ ဖြစ်ပါတယ်။

ဆောင်သင့်တဲ့ အရာများမှာ ထမင်းစားပြီးတိုင်း အသီးအနှံ တစ်မျိုး စားပေးပါ။ ပန်းသီး အကောင်းဆုံး ဖြစ်တယ်။ အသီးအနှံစားခြင်းဖြင့် တံတွေးထုတ်မှု များလာပြီး အယ်လကာလိုင်း ဖြစ်လို့ ဗက်တီးရီးယား များကြောင့်ဖြစ်တဲ့ အက်စစ်ဓာတ်ကို ချေဖျက်ပေးတယ်။ အက်စစ်ဓာတ်ဟာ သွားပိုးစားခြင်းကို ဖြစ်စေတယ်။ ဆိုဒီယမ်လာနိုင်းဆာဖိုက် ပါရှိတဲ့ သွားတိုက်ဆေးဟာ ပါးစောင် အမြှေးကို ပါးလွှာစေပြီး သွားဖုံးတစ်သျှူးများ ထိခိုက်မှု ဖြစ်စေတယ်။ ကယ်လ်ဆီယမ်အောက်ဆိုဒ် ဆေးလုံးကို သွားတိုက်ဆေးပေါ် ညှစ်ချ သွားဖုံးကို တိုက်စေခြင်းဖြင့် သွားဖုံး ခိုင်မာစေတယ်။ ဗီတာမင်စီပါတဲ့ ဆေးဝါးတချို့မှာ သကြားအုပ်ထားပါက ဝါးစားတဲ့ အခါ ကြွေလွှာထိခိုက်စေပြီး သွားဖုံးကျန်းမာရေးကို အဟန့်အတား ဖြစ်စေတယ်။ အရည်အသွေး ကောင်းမွန်တဲ့ အီလက်ထရွန်နစ် သွားပွတ်တံ သုံးပါ။ နေ့စဉ် ခံတွင်းကျန်းမာရေး အတွက် သွားကြားညှပ် ကြိုးနဲ့ သဘာဝ လက်ဖက်စိမ်း ခံတွင်းသန့်ဆေးရည် အသုံးပြုပေးရမယ်။ နေ့စဉ် လက်ဖက်စိမ်း အဆီနဲ့ လေးညှင်းဆီ တစ်စက်စီကို ရေနွေးနွေးမှာထည့်ပြီး အာလုတ်ကျင်းသင့်တယ်။ အချို့ ခံတွင်းသန့်ရှင်း ဆေးရည်များ သုံးနိုင်တယ်။ ရှားစောင်းလက်ပပ်ပါတဲ့ သဘာဝ သွားတိုက်ဆေး၊ တမာသွားတိုက်ဆေးများ သုံးနိုင်တယ်။ သွားဆရာဝန်နဲ့ ပြပါ။ နှာခေါင်းသွေးလျှံသူများ နှာခေါင်းမညှစ်ရ။ နား နှာခေါင်း လည်ချောင်း အထူးကုနဲ့ ပြသင့်ပါက ပြရမယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)

ဗုဒ္ဓဂယာ ဘုရားဖူးခရီးသွားများ ခရီးသွား အာမခံထားရှိနိုင်ပြီး ထားရှိသည့် ယူနစ်နှင့် ထိခိုက်မှုပေါ် မူတည်၍ ကျပ်ငါးသိန်းမှ ကျပ်သိန်းတစ်ရာ အထိ ပြန်လည်ပေးလျော်မည်




ဗုဒ္ဓဂယာ ဘုရားဖူးခရီးသွားများ အနေဖြင့် ခရီးသွား အာမခံထားရှိနိုင်ပြီး ထားရှိသည့်ယူနစ်နှင့် ထိခိုက်မှုပေါ်မူတည်၍ ကျပ်ငါးသိန်းမှ ကျပ်သိန်းတစ်ရာအထိ ပြန်လည် ပေးလျော်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ခရီးသွားအာမခံမှာ မြန်မာ့အာမခံလုပ်ငန်း စတင်တည်ထောင်သည့် ကာလမှစ၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဗုဒ္ဓဂယာအတွက် အာမခံထားရှိမှုကို ၂၀၀၈ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ပိုင်းမှစ၍ ပြန်လည် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်းပြည်ပမှ ခရီးသွားများအနေဖြင့် ခရီးသွား အာမခံထားရှိရာတွင် မိမိတို့၏ ခရီးစဉ်အလိုက် တစ်ယူနစ်အတွက် ငွေငါးရာကျပ် ပေးသွင်းရမည်ဖြစ်ပြီး ယူနစ် ၂၀ အထိ အာမခံ ထားရှိနိုင်မည်ဖြစ်ကာ ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက လျော်ကြေးငွေအဖြစ် တစ်ယူနစ်အတွက် ကျပ်ငွေ ငါးသိန်း ပြန်လည်ပေးလျော်ရန် သတ်မှတ် ထားပြီး ဆရာဝန်၏ ထောက်ခံချက်အပေါ် မူတည်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် နိုင်ငံခြားခရီးသွား ၀င်ရောက်မှုမှာ ငါးသိန်းနီးပါးအထိရှိပြီး ထိုင်း၊ ကိုရီးယားနှင့် ဂျပန်လူမျိုးများ ၀င်ရောက်မှုများလျှက်ရှိရာ ခရီးသွား အေဂျင်စီများအနေဖြင့် မိမိတို့ ၀န်ဆောင်မှု ပေးလျှက်ရှိသည့် ခရီးသွားများ သွားရောက်မည့် ခရီးစဉ်အတွက်ကိုလည်း အာမခံများ ထားရှိပးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်သည့် ခရီးသွားများအား တွေ့ရစဉ်(ဓာတ်ပုံ - မြတ်သစ်)
Eleven Media Group

နနွင်း၏ သတ္တိဂုဏ်အင်





မြန်မာ့ ဆေးကျမ်းနှင့် အိန္ဒိယ ဆေးကျမ်းများ၌ နနွင်းသည် အမျိုးသမီးများ၏ အဆင်းတန်ဆာ ဖြစ်သည်ဟု ဆိုထားသည်။

နနွင်းမှာ ချင်းနှင့် အုပ်စုဝင် အတူတူပင် ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Curcuma longa ဟု ခေါ်ဆိုသည်။ ချင်းနှင့် နှိုင်းယှဉ်လျှင် အဝါရောင် များသောကြောင့် တချို့က Yellow Ginger ဟု ခေါ်ကြသည်။ အင်္ဂလိပ်လို Turmeric Indian Scffron ဟုလည်း ခေါ်ကြသည်။ နနွင်းကို အိန္ဒိယနိုင်ငံ၌ ဘီစီ ၆ဝဝ ခန့် ကတည်းက ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုခဲ့ကြသည်။ နောက်ပိုင်း အိန္ဒိယရိုးရာ တိုင်းရင်းဆေး ပညာ၌ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

နနွင်းမှုန့်သည် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှတစ်ဆင့် ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့ ရောက်ရှိခဲ့သည်။ နနွင်းကို အရှေ့တိုင်း နိုင်ငံများက ပိုမို အသုံးပြုကြသည်ကို တွေ့ရသည်။ နနွင်းမှာ (၉၆) ပါး ရောဂါများကို သက်သာပျောက်ကင်းနိုင်သည်။ (၉၆) ပါးရောဂါကို ပါဠိလို ဆနဝုတိဟု ခေါ်သောကြောင့် နနွင်းကို ဆနွင်းဟုလည်း ခေါ်ကြသည်။ နနွင်း အမျိုးအစား ခုနစ်မျိုး ရှိသည်။ နနွင်းဝါ၊ နနွင်းဖြူ၊ နနွင်းနက်၊ နနွင်းခါး၊ နနွင်းပြာ၊ နနွင်းနွယ်နှင့် သစ်နနွင်းတို့ ဖြစ်ပါသည်။

နနွင်း၏ ဂုဏ်သတ္တိများမှာ အရောင်ကျစေနိုင်သော သတ္တိ၊ နှလုံးသွေးကြော ကျဉ်းသူများ နှလုံးသွေးကြော ပိတ်ပြီး ရုတ်တရက် သေဆုံးခြင်းမှ ကာကွယ်နိုင်သော သတ္တိ၊ ရောဂါပိုးမွှားများကို ကာကွယ်တွန်းလှန်နိုင် သောသတ္တိ၊ ကင်ဆာရောဂါကို ကာကွယ်နိုင်သော သတ္တိ၊ ဗက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများကို ကာကွယ် နှိမ်နင်းနိုင်သော သတ္တိ၊ ဆီးချို၊ သွေးချိုရောဂါကို ထိန်းညှိပေးနိုင်သော သတ္တိနှင့် ဆီးကျိတ်ရောဂါကို ကာကွယ် ပေးနိုင်သော သတ္တိတို့ ဖြစ်ပါသည်။ ။

ဆိုရီယွန်

ထိုင်းရောက် မြန်မာလုပ်သားတွေကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမည်



ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်အစား နိုင်ငံသားတိုင်းကိုထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်ကို လာမယ့်အောက်တိုဘာလ ၂၁ ရက်နေ့ကနေစပြီး အစားထိုးထုတ်ပေးတော့မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းမြန်မာအလုပ်သမားအရေး အစည်းအဝေးကနေ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရေး သံအရာရှိ ဦးကျော်ကျော်လွင်က အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံကူးလက်မှတ် အနီရောင်တွေနဲ့ပဲ ထုတ်တော့မယ်၊ ၁၁ ရက်နေ့နောက်ပိုင်းဆိုရင် အဲဒါနဲ့ထုတ်တော့မယ်၊ အနီကတော့ နိုင်ငံတကာသွားလို့ရတဲ့ ပတ်စ်ပို့ဖြစ်သွားပြီ၊ အဲဒါကတော့ လူကြီးတွေရဲ့ ပေါ်လစီပဲလေ၊ ခိုင်ခိုင်မာမာနဲ့ သွားလို့ရအောင် လုပ်ပေးတာဖြစ်မှာပေါ့”

ဒါကြောင့် မြန်မာအလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်ရဖို့  ကိုယ့်အလုပ်ရှင်ကတဆင့် အလုပ်သမားရုံးတွေကိုသွားပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ တင်သွင်းရမှာဖြစ်ကြောင်း၊ မြန်မာသံရုံးက အဲဒီအချက်အလက်တွေကို မြန်မာနိုင်ငံက သက်ဆိုင်ရာဌာနကိုပို့ပြီး အတည်ပြုထုတ်ပေးရမှာဖြစ်တဲ့အတွက် စာရင်းသွင်းတဲ့ကိစ္စကို အလုပ်သမားတွေဘက်က အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့  ဦးကျော်ကျော်လွင်က ပြောပါတယ်။

ဒီအစီအစဉ်အရ ထိုင်းပင်လယ်ကမ်းခြေ ၂၂ မြို့က မြန်မာရေလုပ်သားတွေအတွက်လည်း လှည့်လည်ဆောင်ရွက်ပေးနိုင်တဲ့ mobile team တွေ ဖွဲ့စည်းပြီး ပတ်စပို့စ်သွားရောက်ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ယာယီပတ်စပို့်စ်နဲ့ အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားဦးရေ ၁၇ သိန်း လောက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ၄ နှစ်ဗီဇာသက်တမ်း ကျော်လွန်နေသူတွေအတွက် ဗီဇာသက်တမ်းနဲ့ တရားဝင်အလုပ်လုပ်ခွင့် work permit သက်တမ်းတိုးပေးဖို့ နယ်စပ်စခန်း ၅ ခုဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ထီးခီး၊ မောတောင်နဲ့ ကော့သောင်းမြို့ တွေမှာ နိုဝင်ဘာလဆန်းကနေ စပြီးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
RFA Burmese


တရားမ၀င် ၀င်ရောက်မှု တားဆီးရေးပါဝင်သည့် ရခိုင်တိုင်းရင်းသားတို့၏ တင်ပြချက်ကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ သူရဦးရွှေမန်း တောင်းဆို

ရခိုင်တိုင်းရင်းသားများ တောင်းဆိုထားသည့် တရားမ၀င် ၀င်ရောက်မှု တားဆီးရေး အပါအ၀င် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို အစိုးရက အမြန်ဆောင်ရွက်ပေးရန် သူရဦးရွှေမန်းက သမ္မတထံသို့ အောက်တိုဘာ ၁၅ ရက်က သ၀ဏ်လွှာ ပေးပို့လိုက်သည်။

“စောလျင်စွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမှုလျော့ပါးကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုများရှိလာနိုင်မည်” ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အဖွဲ့အစည်းများက စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေးဗဟိုခန်းမ (IBC) တွင် “ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မိသားစုတွေ့ဆုံပွဲ” အမည်ဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှ ရခိုင်တိုင်းရင်းသားများ၏ တင်ပြချက်များကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ ယခုကဲ့သို့ သ၀ဏ်လွှာပို့ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မိသားစုများနှင့်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအ၀င် ရခိုင်သားများက နယ်စပ်လုံခြုံရေး အားနည်းနေခြင်းကြောင့် တပ်မတော်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့ပေးရန် အဓိက တောင်းဆိုခဲ့သည်။ သို့သော် သ၀ဏ်လွှာတွင် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် မပါဝင်ပေ။

သူရဦးရွှေမန်းက ပို့မည့် သ၀ဏ်လွှာကို သမ္မတထံ မပို့မီ အောက်တိုဘာလ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမတ်များအား ဖတ်ပြခဲ့သေးသည်။

သ၀ဏ်လွှာတွင် “လွှတ်တော်အနေဖြင့်လည်း လွှတ်တော်နှင့်သက်ဆိုင်သည့် ကိစ္စများအား စောလျင်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်သည်”ဟုလည်း ထည့်ရေးထားသည်။

ရခိုင်တိုင်းရင်းသားများနှင့် စက်တင်ဘာ ၂၉ ရက်က တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက စတင်ဖိတ်ကြားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်များက ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆိုခဲ့ကြကာ တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးက နယ်မြေလုံခြုံရေးနှင့် ပတ်သက်သည့် အားနည်းချက်များကို တင်ပြကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး၊ လူမှုရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို တင်ပြခဲ့ပြီး န.စ.က ဂိတ်များ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်မြေ တည်ငြိမ်မှု မရှိသည့် အခြေအနေများကို တင်ပြခဲ့သည်။

“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ မြို့နယ်အသီးသီးမှာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”ဟု ဦးဇော်အေးမောင်က ယင်းတွေ့ဆုံပွဲ တွင် တောင်းဆိုထားသည်။
Mizzima - News in Burmese

မန္တလေးမြို့တွင် ချို့တဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား၍ လှူဒါန်းမှုများ ရှိလာ




မန္တလေးမြို့တွင် ချို့တဲ့သူ ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား လှူဒါန်းမှုများ ရှိလာကြောင်း သိရသည်။

၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား မီးရထား တိုက်ခန်းဆိုင်များရှေ့တွင် ညစဉ် ၇ နာရီမှ ၉ နာရီအထိ စေတနာ့ ၀န်ထမ်းများက ချို့တဲ့ကလေးများကို ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ "ပလက်ဖောင်းပျိုးခင်း" ဟု အမည်ပေးထားသည့် အဆိုပါ အခမဲ့ ပညာဒါနတွင် သူငယ်တန်းမှ ဒသမတန်းအထိ ပညာသင်ကြား ပေးနေခြင်းဖြစ်ကာ ကလေးများ၏ ကျောင်းစရိတ်၊ စာရေးကိရိယာ၊ အ၀တ်အစားများ အတွက်ပါ အကုန်ကျခံ တာဝန်ယူပေး နေသော်လည်း အလှူခံခြင်း မရှိကြောင်းနှင့် လာရောက်လှူဒါန်း မှုများကိုသာ လက်ခံကြောင်း ကလေးများကို ယဉ်ကျေးလိမ်မာ၊ နေထိုင်နည်း၊ အကျင့်စာရိတ္တဆိုင်ရာ လိမ်မာရေးခြား ရှိစေရန် သင်ကြားပေးသည့် ဆရာတော် အရှင်ကုမုဒမှ မိန့်ကြားသည်။

"သက်တမ်းက ငါးနှစ်လောက် ရှိပြီ။ မီးရထား ရဲဝန်ထမ်းတစ်ဦးက အရင်ဦးဆောင်ပြီး ဘူတာကြီး တစ်ဝိုက်က လေလွင့်ကလေးတွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ခေါ်ယူသင်ကြားပေး၊ ကျောင်းထားပေးရင်းနဲ့ အခု ကလေး ၃၃ ယောက်မှာ ဆယ်တန်းတစ်ယောက်၊ ကိုးတန်းနှစ်ယောက်တောင် ရှိပြီ။ ဆယ်တန်းရောက်နေတဲ့ ကလေးဆိုရင် ဒီပလက်ဖောင်းပျိုးခင်း စထောင်ကတည်းက သင်ကြားပေးခဲ့တဲ့ သူပါ။ ဒကာကြီးက မီးရထား ရဲဝန်ထမ်းစောင့်ရင်း နိုင်သလောက်လုပ်တဲ့ သဘောဖြစ်လို့ ဘူတာကြီး ပလက်ဖောင်းဘေးမှာပဲ သင်ကြားပါတယ်။ တစ်ဆင့်စကားနဲ့ ကလေးတွေအတွက် လာရောက်လှူဒါန်းမှုတွေ များလာတယ်" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မိဘမှ ကျောင်းထားရန် အခက်အခဲ ဖြစ်နေသည့် ကလေးများ၊ လေလွင့်ကလေးများ၊ ဘူတာကြီး တစ်ဝိုက်တွင် လုပ်ကိုင်စားသောက်နေသည့် ဆင်းရဲချို့တဲ့သည့် ကလေးများကို ပညာသင်ကြားပေးရင်း စာရိတ္တပိုင်းဆိုင်ရာ တိုးတက်လာစေရန် အတွက်လည်း ရည်ရွယ်၍ သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား ချို့တဲ့ကလေးများအား သင်ကြားပေးနေသော ပလက်ဖောင်း စာသင်ဝိုင်းအား တွေ့ရစဉ်
Eleven Media Group

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက် လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်




မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိရှိကြရန်နှင့် အဆိုပါ ပေါက်ကွဲမှုများသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ယူဆနိုင်ဖွယ် မရှိသော်လည်း လူစည်ကားရာ ဒေသများ၊ ပွဲလမ်းသဘင်များတွင် ရောက်ရှိနေပါက မိမိ၏ ပတ်ဝန်းကျင်အား သတိထား စောင့်ကြည့်ကြရန် အဆိုပါ သတိပေးစာတွင် တိုက်တွန်းထားသည်။

ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်း ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် ပန်းခြံများ၊ ဈေးများနှင့် ကားမှတ်တိုင်များ၌ အထူးဂရုပြုကြရန်လည်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် သံသယဖြစ်ဖွယ် ကိစ္စရပ်များအား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြား၍ ထိုနေရာမှ ပြောင်းရွှေ့ကြရန် အမေရိကန် သံရုံးက အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လုံခြုံရေး ၀န်ဆောင်မှုဖြစ်သည့် Smart Traveler Enrollment Program (SETP) တွင် www.Travel. State.Gov မှတစ်ဆင့် စာရင်းပေးသွင်းသင့်ကြောင်း ပြောကြားထားပြီး အင်တာနက် အသုံးပြုရန် ခက်ခဲပါက နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင် စာရင်းပေးသွင်းရန် တိုက်တွန်းထားသည်။

အဆိုပါ သတိပေးချက်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရပြီး အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်အတွင်း ဒိန်းမတ်အစိုးရရဲ့ အကူအညီနဲ့ ချင်းအမျိုးသားတပ်ဦး CNF က ကွန်ပျူတာတွေ စတင်တပ်ဆင်နေပြီလို့ သိရပါတယ်။




ချင်းပြည်နယ်က ကျောင်းသား၊ ကျောင်းသူတွေ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်မယ်လို့  အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ထည့်သွင်းချုပ်ဆိုခဲ့တဲ့အတွက် ဆောင်ရွက်နိုင်တာဖြစ်ပြီး၊ မြို့နယ် ၅ ခုက အထက်တန်းကျောင်း ၅ ကျောင်းမှာ ကွန်ပျူတာတွေ တပ်ဆင်ပေးနေတာလို့ CNF ဆက်ဆံရေးရုံးတာဝန်ခံ ပူးရာလ်နှင်က RFA ကို ပြောပါတယ်။

“အိုင်တီခေတ်နဲ့အညီ ကွန်ပျူတာနဲ့ အကျွမ်းတ၀င်ဖြစ်ဖို့နော်၊ အဲဒါတော်တော်လည်း အရေးကြီးတယ်လို့ ယူဆလို့ ကျနော်တို့တပ်ဆင်ပေးတာ၊ ဒါပေမယ့် ချင်းပြည်နယ်တစ်ခုလုံးမပေးသေးဘူး၊ အဓိကအားဖြင့် တွန်းဇံ၊ တီးတိန် အထက ၁၊ ၂၊ ဖလမ်း အထက ၁၊၂၊ ဟားခါး အထက ၁၊ ၂၊ ၃၊ ထန်တလန် အထက အဲဒါပဲ ပေးသေးတယ်’’

ပထမသုတ်အနေနဲ့ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့ကအထက်တန်းကျောင်းတွေမှာ တပ်ဆင်ပေးလိုက်ပြီး၊ ဒုတိယသုတ်အနေဖြင့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်က အထက်တန်းကျောင်းတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။

ဒိန်းမတ်အစိုးရနဲ့ သဘောတူညီချက်အရ အထက်တန်းကျောင်းပေါင်း ၃၀ မှာ ကွန်ပျူတာ ၉၀၃ လုံး၊ ဂြိုဟ်တုစနစ်သုံး အင်တာနက်ဆက်သွယ်စက် ၃၅ လုံး၊ လျပ်စစ်မီးစက်နှင့် ဒိုင်နမိုအလုံး ၃၀ တပ်ဆင်မှာဖြစ်ပါတယ်။ ကွန်ပျူတာတွေတပ်ဆင်ဖို့ သစ္စာဦးကုမ္ပဏီက တင်ဒါရထားတယ်လို့ ဆိုပါတယ်။

RFA Burmese

စီးပွားရေးအရ တွက်ခြေကိုက်နေပြီး အသုံးပြုသူနှုန်း မြင့်တက်လာသည့် ရန်ကုန်-ကျိုက်ထီးရိုး အဲယားကွန်း အမြန်ရထား နေ့ရက် (သို့မဟုတ်) ပြေးဆွဲချိန်များ တိုးမြှင့်မည်




စီးပွားရေးအရ တွက်ခြေကိုက်နေပြီး အသုံးပြုသူနှုန်းမှာ မြင့်တက်လာသည့် ရန်ကုန်-ကျိုက်ထီးရိုး အဲယားကွန်း အမြန်ရထား ခရီးစဉ်အား နေ့ရက် (သို့မဟုတ်) ပြေးဆွဲချိန်များကို တိုးမြှင့်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၇ ရက်က စတင်ပြေးဆွဲခဲ့သော ရန်ကုန်-ကျိုက်ထို-ရန်ကုန် ခရီးစဉ်ကို စနေ၊ တနင်္ဂနွေများတွင် ပြေးဆွဲလျက် ရှိနေပြီး ဖွင့်လှစ်သည့်နေ့မှစ၍ အသုံးပြုသည့် ခရီးသည် အရေအတွက်မှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေလျက်ရှိကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အောက်မြန်မာပြည် အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

လက်ရှိတွင် ပွင့်လင်းရာသီချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုး ဘုရားဖူး သွားရောက်မည့် သူများမှာလည်း အများအပြား ရှိနေခြင်းတို့ကြောင့် ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲခြင်း သို့မဟုတ် နေ့ရက်ကို တိုးမြှင့်ပြေးဆွဲခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်မျိုးက ဆိုသည်။

လက်မှတ်ခ အနေဖြင့် ရန်ကုန်မှ ကျိုက်ထိုသို့ ကျပ် ၃၅၀၀ ဖြစ်ပြီး နိုင်ငံခြားသား ဆိုပါက အမေရိကန် ၁၀ ဒေါ်လာ ကောက်ခံနေကြောင်း သိရသည်။

လူဦးရေ ၃၃၀ ကျော် တင်ဆောင်နိုင်သော ခရီးစဉ်အတွင်း ကြား၌ ပဲခူး၊ ဝေါနှင့် သိမ်ဇရပ်ဘူတာ သုံးခုတွင်သာ ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ် ကြာချိန်မှာ ၄ နာရီခွဲခန့် ကြာမြင့်ကြောင်း သိရသည်။

ရထားခရီစဉ်တွင် နိုင်ငံခြားသား ခရီးသွားများလည်း စီးနင်းအသုံးပြုနိုင်မည် ဖြစ်သောကြောင့် ရထားနဲ့ လုံခြုံရေးအတွက်လည်း စီစဉ်ထားသည်ဟု သိရပြီး ရထားပေါ်တွင် ၀န်ထမ်းဦးရေ ၁၃ ဦး လိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအတွက် ပတ်စ်ပို့ ပြသ၍ ကြိုတင်လက်မှတ် ၀ယ်နိုင်ကြောင်းနှင့် ပြည်တွင်းခရီးသွားများ အနေဖြင့် ရန်ကုန်ဘူတာ အထက်တန်းရက် ကြိုတင်လက်မှတ်ရုံတွင် တနင်္လာမှ သောကြာအထိ ငါးရက်ကြိုတင်၍ ခရီးသွားမည့်သူ အပါအ၀င် လူတစ်ဦးလျှင် ငါးစောင်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား/ထောက်ခံစာတို့ကို ပြသ၍ ၀ယ်ယူနိုင်ကြောင်း၊ လက်ကျန် လက်မှတ်များကိုမူ ရထားမထွက်မီ ၁၅ မိနစ်အလို အချိန်အထိ ခရီးသွားမည့်သူကိုယ်တိုင် တစ်ဦးလျှင် တစ်စောင်နှုန်းဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်-ကျိုက်ထိုသို့ ပြေးဆွဲနေသော အဲယားကွန်း ရထားအား တွေ့ရစဉ်
Eleven Media Group

ဗုံးကွဲမှုတွေအပေါ် စိုးရိမ်စိတ် မလွန်ကဲကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး




ဗုံးဖေါက်ခွဲမှုတွေနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ဖန်တီးတဲ့ထောင်ချောက်ထဲ ရောက်မသွားဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးရပ်နားချိန်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့ ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့ ဒါပေမဲ့ ကျမကတော့ယုံကြည်တယ်၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်၊ ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ်ရှားရှားဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲမဝင်သွားဖို့ပဲပေါ့၊ တမင်စိတ်လှုပ်ရှားအောင်၊ တမင်လန့်အောင်လမ်းလွဲအောင် အဲလိုလုပ်တာဆိုတော့ ဒီထောင်ချောက်ထဲမဝင်သွားဖို့ပါပဲ၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ရပါတယ်၊ သတိတော့ထားရမှာပေါ့၊ ဒါပေမဲ့ စိုးရိမ်မှုလွန်ကဲနေလို့လဲ ဘယ်ကောင်းပါ့မလဲ”

မနေ့ညပိုင်းက ရန်ကုန်မြို့ Traders ဟိုတယ် ၉ ထပ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသူ တစ်ဦးဒဏ်ရာရခဲ့ပြီး မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်အနီးမှာ ဗုံးတစ်လုံးတွေ့ရှိခဲ့ပါတယ်။ အလားတူ ဒီနေ့မနက်အစောပိုင်းကလည်း စစ်ကိုင်းမြို့ ရွှေပြည့်စုံတည်းခိုခန်းမှာ ဗုံးပေါက်ကွဲခဲ့သလို စစ်ကိုင်း ဆွမ်းဦးပုညရှင်ဘုရားမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ Western Park စားသောက်ဆိုင်မှာ မနေ့က ဗုံးတစ်လုံးတွေ့ရှိခဲ့ပါ တယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သာကေတမြို့နယ် မာန်ပြေရပ်ကွက် အမှိုက်ပုံအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးရှိခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုတွေကြောင့် အစိုးရက တနိုင်ငံလုံး လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RFA Burmese

ဘီလီယံနာတွေဘာဖုန်းသုံးသလဲ




Business Insider မှစာရေးဆရာတစ်ဦးဖြစ်သူ Cork Gaines က Twitter မှာ ဘီလီယံနာတစ်ဦးဖြစ်တဲ့ Dallas Cowboys ရဲ့ President နဲ့ General Manager ဖြစ်သူ Jerry Jones ကယခုတိုင် ခေါက်ဖုန်းကလေးသုံးစွဲနေတဲ့ပုံကို တင်ခဲ့ပါတယ်။ဒါကြောင့် ဘီလီယံနာများဟာ ရိုးရိုးသာမန်ခေါက်ဖုန်းတွေပဲသုံးစွဲတုန်းရှိနေသေးပြီး အဲဒိအတွက် လူအများက စိတ်ဝင်တစားရှိခဲ့ကြပါတယ်။အလားတူစွာပဲ ခေါက်ဖုန်းသုံးနေတဲ့ ကမ္ဘာကျော်များစွာရဲ့ပုံများစွာကိုလည်းစုစည်ပေးထားပါတယ်။

TechSpace Journal
Nyein Chan(TSJ Tech Team)



ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ



Wednesday, 16 October 2013

နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေး ကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည် နားနေဆောင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ မြို့နယ် အခွန်လွတ် ဈေးခြံစည်းရိုး အနီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံ အောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင် ကျောက်တံတား မြို့နယ် ကုန်သည်ကြီးများ ဟိုတယ် အခန်းအမှတ် ၉၂၁ ၌ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသူ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ)မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာ လာသည့် ဇေယျာဟိန်းယာဉ် လိုင်းပေါ်၌ တွေ့ရှိရသော ကြွပ်ကြွပ်အိပ်နှင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ ချမ်းမြေ့တည်း ခိုခန်း အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များတွင် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ရာ အဆိုပါ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေး အတွက် ပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၁၆ လမ်းနှင့် လမ်း ၈ဝ ထောင့် စားသောက်ဆိုင် တစ်ဆိုင်တွင် မိုင်းတွေ့သည့်ဖြစ်စဉ်နှင့် ယနေ့ နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် ရွှေပြည့်စုံ တည်းခိုခန်း အပေါ်ဆုံး တတိယထပ် စားသောက်ခန်း ပေါက်ကွဲမှုနှင့် နံနက် ၅ နာရီ ၄၅ မိနစ် ခန့်တွင် စစ်ကိုင်းမြို့ ဆွမ်းဦး ပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် တရားဥပဒေ စိုးမိုးရေး အဖွဲ့များက ပြည်သူ လူထုနှင့် ပူးပေါင်း ဖော်ထုတ် ဆောင်ရွက်လျက် ရှိသည်။


အဆိုပါ ဖြစ်စဉ်များတွင် ပြည်သူလူထု၏ အားတက်သရော ဝိုင်းဝန်း ကူညီမှုဖြင့် ဖော်ထုတ် ရရှိသူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရားခံ ပေါ်ပေါက်ခြင်း မရှိသေးသည့် ဖြစ်စဉ်များကိုလည်း ပြည်သူလူထု၏ ပူးပေါင်း ကူညီမှု များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီ

ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံ ခရီးသွားသတိပေး အမေရိကန်ထုတ်ပြန်


VOA News, 16October 2013  —-   မြန်မာနိုင်ငံမှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ ဗုံးတွေ ဆက်တိုက် တွေ့ရှိ ပေါက်ကွဲနေတာကြောင့် အမေရိကန် နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးက သတိပေး နှိုးဆော်ထားပါတယ်။
အခုလိုမျိုး ခရီးသွားသတိရှိကြဖို့ နှိုးဆော်လိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki က အခုလို ပြောကြားခဲ့ပါတယ်။
“အိမ်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲခဲ့မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက္ခဏာ အခုအချိန်မှာ မတွေ့ရသေးပေမဲ့ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံတဝှမ်း ခရီးသွားနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သတိရှိရှိနဲ့ သွားလာကြဖို့ ရန်ကုန် အမေရိကန်သံရုံးက တိုက်တွန်းတယ်” လို့ သူက ပြောသွားတာဖြစ်ပါတယ်။
အများပြည်သူ အသွားအလာများတဲ့ ဈေး၊ ပန်းခြံ၊ ဘတ်စ်ကားမှတ်တိုင်လို နေရာမျိုးတွေမှာ အထူး သတိရှိကြဖို့လည်း သတိပေးချက်မှာ နှိုးဆော်ထားပါတယ်။
နိုင်ငံခြားခရီးသည်တွေ အတည်းများတဲ့ ရန်ကုန်မြို့က Traders ဟိုတယ်မှာ တနင်္လာနေ့ ညပိုင်းက ဗုံးကွဲတာမှာ အမေရိကန် အမျိုးသမီးတယောက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိပြီးတဲ့နောက် အင်္ဂါနေ့မှာပဲ အခုလို သတိရှိကြဖို့အတွက် အမေရိကန်သံရုံးက ဆော်သြလိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အလည်သွားတဲ့ အမေရိကန်အမျိုးသမီး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ခရီးသွားသတိပေးချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန် အမေရိကန်သံရုံးအနေနဲ့ ဒေသခံ အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်မှုရှိပြီး၊ နောက်ထပ် တိုက်ခိုက်နိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ရတဲ့ သတင်း အချက်အလက်မျိုးတွေ သူတို့မှာ ရမထားဘူးလို့ ဒေသခံ အာဏာပိုင်တွေဘက်က  ပြောတဲ့အကြောင်းလည်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးရဲ့ နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အခုရက်ပိုင်းတွေမှာ တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပေါက်ကွဲမှုကြောင့် ၂ ယောက် သေဆုံးခဲ့ပါတယ်။ အခုလို ဗုံးကွဲမှုတွေနဲ့ ဆက်စပ်လို့ မသင်္ကာသူ ၃ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပေမဲ့ အသေးစိတ် ထုတ်ဖော်ပြောခြင်းတော့ မရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)

အလှအပဆိုင်ရာအသုံးဝင်သော မန်ကျည်းသီး




အသားအရေ၀င်းလက်စေရန်
မန်ကျည်းနှစ်လက် (၁)ဆုပ်ကိုယူပြီး ရေ (၁၀၀)မီလီနှင့်ပျစ်လာသည်အထိရောနယ်ပါ။ အမာရွတ်များ၊ အမှတ်များရှိသည့်နေရာကို ပွတ်ပါ။ ခြောက်အောင်ထားပြီး ရေနှင့်ဆေးပါ (သို့) မန်ကျည်းနှစ်နှင့် နနွင်းအနည်းငယ်ကို ရေနှင့်ရော၍ မျက်နှာတွင် မိနစ် (၂၀)ထားပြီးမှ ရေနွေးနှင့်ဆေးပါ။

ဆားဝက်ခြံများကို ဆေးကြောရန်
မန်ကျည်းနှစ်ကို ရှောက်ရည်၊ ပျားရည်လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှင့်ရောပြီး သေချာစွာမွှေပါ။ ဆားဝက်ခြံရှိသည့်နေရာကို လိမ်းပြီး (၁၅)မိနစ်ထားပြီးမှ ရေနွေးနှင့်ဆေးပါ။

မျက်နှာပေါင်းတင်ရန်
မန်ကျည်းနှစ်ကို ရွှေချီမှုန်၊ ဂျုံ၊ ပျားရည်နှင့်ရော၍ မျက်နှာတွင်လိမ်းပြီး မိနစ် (၂၀)အခြောက်ခံပြီး ရေ နွေးနှင့်ဆေး၍ နှိပ်နယ်ပေးပါ။

ချေးချွတ်ရန်
မန်ကျည်းနှစ်ကို သကြား၊ မုန့် ဖုန်ဆိုဒါရော၍လိမ်းပြီး ချေးချွတ်နိုင် သည်။


toner အဖြစ် အသုံးပြုရန်
မန်ကျည်းနှစ်နှင့် နှင်းဆီရည် ရောပြီးဝါဂွမ်းနှင့်တို့လိမ်းပါ။ ရေဓာတ်ဖြည့်ပေးသောအကောင်းဆုံး ဆေး (၁)လက် ဖြစ်သည်။

ဒေါန
Myawady News

မျက်စိကွယ်စေတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ




မျက်စိကွယ်စေတဲ့ အမြင်အာရုံကို ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းကတော့ အတွင်းတိမ်လို့ခေါ်တဲ့ glucomay ဖြစ်ပါတယ်။ ဒီရောဂါဟာ မြင်လွှာ (retina) မှာ အစပျိုးတဲ့ ရောဂါဖြစ်ပြီး စောစောစီးစီး မကုသနိုင်ရင် မျက်စိကွယ်သွားနိုင်ပါ တယ်။

Institute of glucoma ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Dr. Devinder Sood က “အိန္ဒိယ တိုက်ငယ်မှာကိုပဲ အတွင်းတိမ်ရောဂါရှင် ၁၂သန်းရှိနေပါတယ်။ ဒါဟာ ကမ္ဘာ့အတွင်းတိမ်ဆိုင်ရာ ရက်သတ္တပတ် ဖြစ်တဲ့ စက်တင်ဘာ၂၃ကနေ ၂၉ အတွင်းမှာ သတိပေးနေတဲ့ အကြောင်းအရာ တစ်ရပ်ပါပဲ”လို့ ပြောကြားထား ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံနဲ့ အာရှတိုက်မှာ ဖြစ်ပွားမှုဟာလူ ၂.၆%ရှိနေပါတယ်။ ဒီရောဂါမှာ အမြင်အာရုံကြောဟာ ပျက်စီးယိုယွင်းပြီး မျက်လုံးထဲမှာ ဖိအားတွေ များပြားလာတာ ဖြစ်ပါတယ်။ အခြား မျက်လုံးရောဂါတွေထက် ပိုမိုဆိုးရွားပြီး မျက်စိအကွယ်နိုင်ဆုံး ရောဂါတစ် ရပ်ဖြစ်ပါတယ်။ ဒီရောဂါကြောင့် မျက်စိကွယ်သွားပြီဆိုရင် ဘယ်လိုမှ အမြင်အာရုံ ပြန်မရနိုင်တော့တဲ့အတွက် စောစောစီးစီး ကုသမှုခံယူဖို့ လိုတယ်လို Dr. Devinder Sood က ရှင်းပြခဲ့ပါတယ်။

အဖြစ်နိုင်ဆုံးကတော့ မျက်စိစစ်ဆေးမှုကို အသက်၃၅နှစ်ကျော်လာတာနဲ့ မကြာမကြာ မျက်စိအထူးကု ဆရာဝန်နဲ့ ပြသဖို့ပါပဲလို့ Dr. Devinder Sood က အကြံပြုထားပါတယ်။


ငြိမ်းအေး
ref: IANS
Myawady News

ဘီးလင်းတွင်ဖမ်းဆီးခံရသူ သုံးဦးက ဖောက်ခွဲမှုများ ကျူးလွန်ကြောင်း ဝန်ခံ



မွန်ပြည်နယ်ဘီးလင်းတွင် အောက်တိုဘာ ၁၅ရက်ကဖမ်းဆီးရမိသည့် ဗုံးဖောက်ခွဲမှုတရားခံဟု ယူဆရသူ သုံးဦးက ၎င်းတို့ဖောက်ခွဲမှုများကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ဝန်ကြီး ချုပ် ဦးမြင့်ဆွေက အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲ လုပ်ငန်းအကြိုညှိနှိုင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဦးမြင့်ဆွေက''ထရိတ်ဒါး အပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါပြီ။ သူတို့တွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှု တိုင်းမှာ သူတို့သုံးဦးပါဝင်ပတ် သက်ခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင် နှောင့်နှေးအောင်ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်''ဟု ပြောသည်။

ယခုဖမ်းဆီးရမိသောသူ သုံးဦးမှာ ရက်ပိုင်းအတွင်း ဆက် တိုက်ဖြစ်ပွားနေသော ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများနှင့်ဆက် နွှယ်ပတ်သက်သောသူများဖြစ် ပြီး ၎င်းသုံးဦးအား ဘီးလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကာ ထိုမှတစ်ဆင့် ရန်ကုန်သို့ ခေါ်ဆောင် လာပြီး အောက်တိုဘာ၁၅ရက်က စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးမြင့်အေးက''သူတို့ကို ဘီးလင်း ကနေ ဖမ်းဆီးရမိခဲ့တာပါ။ လော လောဆယ်တော့ ဖမ်းဆီး ရမိတဲ့ သူ သုံးယောက်ကို စစ်ဆေးနေ တယ်။ သူတို့တွေ သုံးယောက်က လတ်တလောဖြစ်ပွားနေတဲ့ ပေါက် ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ် သက်ဆက်နွှယ်မှုတွေရှိတယ်''ဟု ပြောသည်။

၎င်းတို့သုံးဦးသည် ထရိတ် ဒါးဟိုတယ် အခင်းဖြစ်ပွားရာအ ခန်းတွင် အောက်တိုဘာ၁၂ရက် မှ ၁၃ရက်အထိ တည်းခိုနေထိုင် သွားကြောင်း၊ ၎င်းတို့၏ပုံသဏ္ဌာန် များကို သက်ဆိုင်ရာတာဝန်ရှိသူ များက စီစီတီဗွီကင်မရာမှ မှတ် တမ်းရ ယူနိုင် ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့အား စစ် ဆေးဆောင်ရွက်မှုများမှတစ်ဆင့် ကျန်ဆက်နွှယ်ပတ်သက်သည့် တရားခံများကိုလည်း ဆက်လက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယခုဖမ်းဆီးရမိသူများမှာ စောမြင့် လွင် ၂၆နှစ်၊ ကရင်ပြည် နယ် ဖာပွန်မြို့တွင် နေထိုင်သူ နှင့် အခြားနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ အား သထုံခရိုင်ရဲတပ်ဖွဲ့မှူးပါဝင် သောအဖွဲ့နှင့် ရန်ကုန်တိုင်းရဲအ ထူးဖမ်းဆီးရေးတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။  အောက်တိုဘာ ၉ရက်မှ၁၅ ရက်အထိ ရန်ကုန်၊ ဖြူး၊ တောင် ငူ၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဗုံး ပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုအရေ အတွက်မှာ စုစုပေါင်း ၁ဝလုံးခန့် ရှိကြောင်း သိရသည်။

ကျော်မြတ်ဇံ ၊ ညီသစ်လူ
yangonmedia

စန္ဒီ ၁၅၀၀ ကွယ်လွန်....




R.I. P

အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။စန္ဒီရဲ့မိခင်က´´
သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွား
ုပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို
သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမ
ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါ
တယ်။စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ ။

Sunday Journal