သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး လွှတ်တော်တွင် ရှင်းလင်း

ဒုဝန်ကြီး ဦးအောင်ထွန်းနှင့် ဦးထွန်းအောင်ကျော်

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံစိတ်ချရတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက လွှတ်တော်မှာ ရှင်းလင်းပြောကြားသွားပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်ကျော်က သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က ပြည်သူတွေ၊ ကျေးရွာတွေနဲ့ လယ်ယာခြံမြေ သစ်တောတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေး လုံခြုံရေး အကာအကွယ်ပေးဖို့ အစိုးရအနေနဲ့ အစီစဉ် ရှိ မရှိ မေးမြန်းခဲ့တာပါ။

ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး စွမ်းအင်ဒုဝန်ကြီးက ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဖောက်လုပ်ထားတာဖြစ်ပြီး သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေ ကြိုတင်စစ်ဆေးစမ်းသပ်ပြီးမှ ပို့လွှတ်တာဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ကြောင်း၊ ပိုက်လိုင်းကို စောင့်ကြည့်နေပြီး မတော်တဆဖြစ်လာရင်လည်း ဒေသခံတွေကို အချိန်မီ သွားရောက် အကာအကွယ်ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖြေကြားသွားပါတယ်။

ဝန်ကြီးရဲ့ ဖြေကြားချက်နဲ့ ပတ်သက်ပြီး ဦးထွန်းအောင်ကျော်က “၀န်ကြီးကတော့ သတင်းအတိအကျ ရထားပါတယ်။ အန္တရာယ်မရှိပါဘူး။ တကယ်လို့ ထပ်ဖြစ်လာရင်လည်း သူတို့အားလုံး အဲဒါကို အားလုံး ပြုပြင်ထားတယ်။ အဲလို ပြောသွားတယ်။ အကာအကွယ်ပေးမယ့်အဖွဲ့တွေနဲ့ အစီအစဉ်တွေ စနစ်တကျ ဆွဲထားတယ်ဆိုပြီး ပြောသွားတယ်။ ဒါပေမယ့် တကယ် ကြီးကြီးကျယ်ကျယ် ပေါက်ကွဲပြီး ဖြစ်လာရင် ၀န်ကြီးပြောသလောက် မလွယ်ဘူးလို့ ထင်တယ်။ အမ်းလမ်းဆိုတာကလည်း ကတ္တရာ ခင်းထားတဲ့ လမ်းမဟုတ်ဘူး။ ဖြစ်တာနဲ့ ချက်ချင်း ၁ နာရီအတွင်း ဘယ်လိုမှ မရောက်နိုင်ဘူး။ ဖြစ်လာပြီး နာရီပေါင်းများစွာ ကြာပြီးတော့မှ နောက်က လိုက်ရမှာ။ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတယ်။ ဖြစ်လာရင်တော့ အဲဒီလမ်းခရီးတွေက သိပ်မလွယ်ဘူး။”

ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုနဲ့ ယိုစိမ့်မှုအန္တရာယ် ရှိနိုင်တယ်ဆိုပြီး ဒေသခံတွေက ပြောလာတဲ့အတွက် လုံခြုံရေးကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ရခိုင်ပါတီအမတ်က လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမ်းမြို့နယ် သပြုချိုင်ကျေးရွာအုပ်စုမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆက်ထားရာနေရာတခုကနေ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှု တခုဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြည့်လေ့လာ အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဦးဝင်းအောင်ကတော့ ဒီပိုက်လိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဒေသခံပြည်သူတွေကို အာမခံချက် ပေးနိုင်လောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောပါတယ်။

“ဥပမာ တရုတ်နိုင်ငံ၊ မက္ကဆီကို နိုင်ငံတို့မှာလို ပေါက်ကွဲတာတို့၊ ရေနံ ယိုစိမ့်တာတို့ ဖြစ်လာခဲ့ရင် နိုင်ငံတော်ကနေပြီး ဘယ်လိုမျိုး အာမခံချက် ရှိရှိနဲ့ လုပ်နိုင်လောက်တဲ့ အခင်းအကျင်းကို အခုထိ မတွေ့ရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဒီတ၀ိုက်မှာနေတဲ့သူတွေ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်နိုင်တယ်။ လူတွေရဲ့ လုပ်ကိုင်စားသောက်မှု၊ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နစ်နာမှု အန္တရာယ်တွေ အင်မတန် ကြီးပါတယ်။ တဖက်မှာ မြေငလျင်နဲ့ ဆက်စပ်ပြီး ဖြစ်လာမယ့် ပြဿနာတွေ ရှိသလို အဲဒီဟာနဲ့ ဆက်စပ်ပြီး အစိုးရက စနစ်တကျ ထုတ်ပြန်ထားတာ မရှိဘူးဆိုတော့ သဘာဝအန္တရာယ်နဲ့ တစုံတခု ရင်ဆိုင်လာရရင် ဒေသခံ တိုင်းသူပြည်သားတွေပဲ ဆုံးရှုံးနစ်နာတာတွေ ရင်ဆိုင်ရမှာပါ။”

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ကီလိုမီတာ ၈၀၀ နီးပါးအရှည်ရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သဘာဝဓာတ်ငွေ့တွေ စတင်ပို့လွှတ်နေတာ ဖြစ်ပါတယ်။

DVB Burmese

အသေခံဗုံးခွဲဖို့ အခိုင်းခံခဲ့ရတဲ့ အာဖဂန် မိန်းကလေးငယ်


အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ဟဲလ်မန်ပြည်နယ်ထဲရှိ နယ်စပ်ရဲစခန်းကို အသေခံဗုံးဖောက်ခွဲပေးဖို့ ဖိအားပေး အခိုင်းခံခဲ့ရတယ်လို့ အသက် ၁၀ နှစ်အရွယ် အာဖဂန်မိန်းကလေးငယ်က ပြောပါတယ်။ နောက်ဆုံးမိနစ်ပိုင်းလေးမှာပဲ သူဟာ ဖောက်ခွဲရေးဝတ်စုံကို ၀တ်ပြီး ရဲကို ခေါ်လိုက်ပါတယ်။ ခုတော့ ရဲတပ်ဖွဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရောက်နေပြီဖြစ်ပါတယ်။

ဆပို့ဇ်မိုင် ဆိုတဲ့ အဲဒီမိန်းကလေးကို ဇန်န၀ါရီ ၆ ရက်နေ့ကတည်းက လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတာပါ။ အဲဒီနေ့ဟာ သူ့ကိုယ်မှာ ဗုံးတွေတပ်ဆင်ထား တာကို တွေ့ခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။

ဆပို့ဇ်မိုင်က “ကျမ အစ်ကို ဇာဟီရာနဲ့ ဂျာဘာလို့ ခေါ်တဲ့ တခြားလူတယောက်က ကျမကို အင်္ကျီဝတ်ပေးပြီးတော့ အသေခံတိုက်ခိုက်ရေးဝတ်စုံကိုလည်း ဆင်ပေး ၀တ်ပေးပါတယ်။ နောက် သူတို့က ကျမကို တခြားအ၀တ်တွေ ပေးပါတယ်။ ကျမကို ပြောသေးတာက အ၀တ်ခြောက်တထည်ကို ၀တ်ပြီး လုံခြုံရေးတပ်ဖွဲ့စခန်းထဲမှာ သွားဖောက်ခွဲခိုင်းတယ်” လို့ ပြောပါတယ်။

တာလီဘန်တပ်မှူးတဦးဖြစ်တဲ့ အစ်ကိုဖြစ်သူက သူ့ကို အားပေးခဲ့တယ်လို့ ဆပို့ဇ်မိုင်က ပြောပါတယ်။

“ကျမ အသေခံဝတ်စုံကို ၀တ်နေရင်းမှာ ကျမ အအေးမိနေသလိုပဲလို့ ကျမအစ်ကိုကို ပြောလိုက်မိတယ်။ အဲဒါ ကျမ ဒါကို မလုပ်ချင်လို့လေ။ ဒါပေမယ့် အစ်ကိုက သွားပြီး တိုက်ခိုက်ရေးလုပ်ဖို့ ကျမကို အားပေးတိုက်တွန်းခဲ့တယ်။ ကျမ သတ်မှတ်ထားတဲ့နေရာဆီ နီးလာတဲ့အခါကျတော့ ဘာဖြစ်မလဲဆိုတာ ကျမ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျမ ချက်ချင်းလိုလိုပဲ ရဲစခန်းနဲ့ ဝေးဝေးကို သွားလိုက်ပြီး ရဲတွေကို လှမ်းအော်လိုက်တာပါ။”

ဟဲလ်မန်ပြည်နယ် ရဲချုပ် ဟာမိဒ် အလ္လာ ဆီဒီချီက သူတို့ အဲဒီမိန်းကလေး ငိုနေတာကို တွေ့ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။
“ဒီမိန်းကလေးက သူ့ကို ကူညီပေးဖို့ အော်ငိုပြီး ပြောနေတာပါ။ နောက် ရဲတွေက အဲဒီနေရာကို ၀ိုင်းထားလိုက်တယ်။ ဆပို့ဇ်မိုင်ရဲ့ အစ်ကိုကတော့ လွတ်သွားပြီလေ။ ကျနော်တို့ ဒီမိန်းကလေးကို ကယ်ဆယ်ခဲ့ပါတယ်။”

တာလီဘန်တွေကတော့ ဒီအစီအစဉ်မှာ ပတ်သက်မှုရှိနေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ ကုလသမဂ္ဂ အစီရင်ခံစာအရဆိုရင် အာဖဂန်နစ္စတန်မှာ ကလေးငယ် ၆၀ ကျော်ကို သောင်းကျန်းသူအဖွဲ့တွေက သူတို့အဖွဲ့ဝင်တွေအဖြစ် စုဆောင်းခဲ့ပါတယ်။ ကလေးအတော်များများကို ဗုံးတွေ ထုတ်လုပ်ဖို့နဲ့ ဗုံးတွေထောင်ဖို့ တာလီဘန်တွေက စုဆောင်းခဲ့တာပါ။

ဒါပေမယ့်လည်း မိန်းကလေးငယ်လေးယောက်ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခိုင်းတာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဗ္ဗဒူလ် အဘစ်က “တာလီဘန်တွေက အသေခံတိုက်ခိုက်မှုတွေနဲ့ မိုင်းထောင်တဲ့ နေရာတွေမှာ ကလေးငယ်တွေကို သုံးတယ်ဆိုတာ ကျနော်တို့ ကြားထားပါတယ်။ ဒါပေမယ့် ခုလို မိန်းကလေးတaယာက်ကို အသေခံတိုက်ခိုက်ဖို့ စေလွှတ်တယ်ဆိုတာကတော့ ဒါ ပထမဆုံးပါပဲ” လို့ ပြောပါတယ်။

အာဖဂန်ရဲတွေဟာ ခုတော့ လွတ်မြောက်သွားတယ်လို့ ယူဆရတဲ့ မိန်းကလေးရဲ့ အစ်ကိုဖြစ်သူကို ရှာဖွေနေပါတယ်။ ဆပို့ဇ်မိုင်ရဲ့ အဖေ အဗ္ဗဒူလ် ဂါဖှောဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဘ၀တိုးတက်ရေးအတွက် ဟဲလ်မန်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ သူ့သမီးလေးကို တာလီဘန်တွေဆီကနေ မကာကွယ်ပေးနိုင်ခဲ့ပါဘူးလို့ သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ ဘ၀တွေက အန္တရာယ်ထဲမှာ နေရတာပါ။ ကျနော် ကိုယ့်ကိုယ်ကိုယ် ကယ်နိုင်ပေမယ့် ကျနော့်သမီးလေးကိုတော့ ကာကွယ် မပေးနိုင်ပါဘူး။”

ဆပို့ဇ်မိုင်ဟာ ခုတော့ ဟဲလ်မန်ဒ်ပြည်နယ်ရဲ့ မြို့တော်ထဲက အကာအကွယ် အစောင့်အရှောက်တွေ စီစဉ်ထားတဲ့ ထိန်းသိမ်းမှုအောက်မှာပါ။

သမ္မတ ဟာမစ်ကာဇိုင်းကတော့ ဒီမိန်းကလေးကို သူ့အိမ်ဆီ ပြန်ပို့ပေးဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ဒါဟာ သင့်တော်ကောင်းမွန်တဲ့ စိတ်ကူးလို့ မယူဆကြောင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဗ္ဗဒူလ် အဘစ်က ပြောပါတယ်။

“ဒီမိန်းကလေးက ဘေးကင်းလုံခြုံမှု မရှိသေးပါဘူး။ သူဟာ ထပ်ပြီး ဓားစာခံ ထပ်ဖြစ်ဦးမှာပဲလို့ သူကိုယ်တိုင် ပြောနေတာပါ။”

ဆပို့ဇ်မိုင်ရဲ့ အဖေကတော့ သူ့ကို တခြားပြည်နယ်တခုမှာ မြေကွက်တကွက် ပေးဖို့ သမ္မတ ဟာမစ်ကာဇိုင်းကို တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ခဏလောက်တော့ နေချင်တယ်လို့ မိန်ကလေးငယ် ဆပို့ဇ်မိုင်က ပြောပါတယ်။

“ကျမ ဒီနေရာမှာ နေချင်ပါတယ်။ ကျမ ပြန်မသွားချင်ဘူး။ တကယ်လို့ ကျမသာ ပြန်သွားရင် သူတို့ ဒီလိုကိစ္စကိုပဲ ထပ်လုပ်ခိုင်းဦးမှာပဲ။ အရင် သူတို့လုပ်ခိုင်းခဲ့တဲ့ အသေခံတိုက်ခိုက်ရေး လုပ်ဖို့ ကျမကို အတင်းခိုင်းဦးမှာပါပဲ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂါယာဝါဇီရီ က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB Burmese

နာဂ ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေ

ရိုးရာအက လေ့ကျင့်နေသည့် နာဂ တိုင်းရင်းသူများ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

နာဂတောင်တန်း ဒေသတွင် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အသိပညာ ပေးမှုများနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာများ ပြုလုပ်ပေးရန် လိုအပ် နေကြောင်း သိရှိရသည်။

နာဂ အမျိုးသမီးများအတွက် လူနေမှု အဆင့်အတန်း၊ အမျိုးသမီးဆိုင်ရာ အခွင့်အရေး ၊ လူ့အခွင့်အရေး စသည်တို့နှင့် သက်ဆိုင် သည့် ပညာပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လဟယ်မြို့နယ် နာဂတောင်တန်းတွင် နေထိုင်သည့် နာဂ တိုင်းရင်းသူ ဒေါ်အလင်းသေး က ဧရာဝတီသို့ ပြောသည်။

“နာဂ ရွာတွေမှာဆိုရင် အမျိုးသမီးတွေအတွက် ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ဘာမှ မရှိဘူး။ ပညာပေးမှုတွေ၊ ကျန်းမာရေးတွေ အတွက် လည်း သူတို့ နားမလည်ကြဘူး”ဟု ဒေါ်အလင်းသေးက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး နာဂတောင်တန်း ဒုံဟီးမြို့နယ် ကြူယန်းလောင်ပ ကျေးရွာမှ မူလတန်းပြ ဆရာမ ဒေါ်ထားငွေကလည်း “နာဂမှာ အမျိုးသမီးတွေကို အမျိုးသားတွေက နှိမ်ပြီး ဆက်ဆံတယ်။ နေရာ မပေးဘူး။ အလုပ်ဆိုရင်လည်း မိန်းကလေးတွေကပဲ လုပ်နေရတယ်။ ပြီးတော့ သူတို့မှာ ဘာဖွံ့ဖြိုးမှုမှ မရှိဘူး။ ကျန်းမာရေးတွေကလည်း ဆိုးရွားတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အခိုင်း အစေ တယောက်လို နေထိုင်ရတယ်”ဟု ပြောသည်။

အမျိုးသမီး အခန်းကဏ္ဍ အားနည်းနေသည့်အပြင် ပညာရေး၊ ဖွံ့ဖြိုးရေး အစစအရာရာ နှောင့်နှေးနေသေးကြောင်း၊ အမျိုးသမီး နှင့် ကလေးငယ်များ ပညာသင်ကြားသည်ကို အမျိုးသားများက မလိုလားကြောင်း၊ အမျိုးသမီးနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းလည်း မရှိကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင် နေတာတောင် ရေခပ်ရတာတွေ၊ ဆန်ဖွတ်ရတာတွေ လုပ်ရတယ်။ မီးဖွားပြီးရင်လည်း နောက်ရက်ဆို အလုပ်ခွင် စဝင်ရပြီ။ ကျမက မနေနိုင်လို့ ဝင်ပြောတာတောင် မမြင်မတော်ရင် ဝင်လုပ်လိုက်လေ ဆိုပြီး သူတို့ အမျိုးသားက ပြောတယ်”ဟု မူလတန်းပြ ဆရာမ တဦးဖြစ်သည့် ဒေါ်မိတုတ်က ပြောပြသည်။

နာဂဒေသတွင် အမျိုးသမီး ကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ၊ လူနေမှု မြင့်မားစေရန် ပညာပေး လုပ်ဆောင်မှုများ လိုအပ်ကြောင်း၊ လက်ရှိတွင် နာဂလူမျိုးများအတွက် အသိဉာဏ် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာပေး လုပ်ငန်း များလည်း မရှိသေးကြောင်း ဒုံဟီးမြို့နယ် ဟရှိတ်လုံခက် ကျေးရွာမှ ဆရာမ ဒေါ်မူမူဝင်းကလည်း ဧရာဝတီသို့ ပြောသည်။

“နာဂမှာက အမျိုးသားဆိုရင် တောင်ယာခုတ်တာ တခုပဲ လုပ်တယ်။ တောင်ယာရှင်းတာ၊ သိမ်းတာ၊ ရေခပ် ဆန်ဖွတ် အစစအရာ ရာ က အမျိုးသမီးတွေပဲ။ ပြီးတော့ အမျိုးသားတွေက အိမ်မှာနေ ဘိန်းရှူနေကြတာပဲ”ဟု ၎င်းက ပြောဆိုသည်။

ယခင် စစ်အစိုးရများ လက်ထက်ကတည်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ယင်း အသင်းအဖွဲ့ကို အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များ၏ ဇနီးများက ဦးဆောင်ခဲ့ရာ လက်ရှိတွင် သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း က ဂုဏ်ထူးဆောင် နာယက အဖြစ် ဆောင် ရွက်လျက် ရှိသည်။

သို့သော် မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက် ၍ ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုကြသည်။

လက်ရှိ နာဂဒေသတွင် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းကြောင့်လည်း လူမှုရေးအဖွဲ့အစည်းများက လာရောက်အကူအညီ ပေးနိုင် ခြင်းများ မရှိကြောင်း၊ ပညာရေး ကဏ္ဍပိုင်းတွင်လည်း လိုအပ်ချက်များ ရှိကြောင်း နာဂ တိုင်းရင်းသားလူငယ် ကိုချင်းမောင်က လည်း ပြောသည်။

“လူငယ်တွေ အသိဉာဏ် ဖွံ့ဖြိုးလာအောင် ပညာပေးမှုတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့ဒေသမှာ အစစအရာရာ နှောင့်နှေးနေတော့ တဖြည်းဖြည်းနဲ့ လုပ်သွားရမှာပေါ့။ အဓိက ပညာရေးနဲ့ အမျိုးသမီးကိစ္စကို ဦးစားပေး လုပ်သွားမှာပါ”ဟု ၎င်းက ဧရာဝတီ သို့ ပြောပြသည်။

ထို့အပြင် နာဂတောင်တန်းတွင် နေထိုင်သည့် တိုင်းရင်းသား အများစု၏ အိမ်ထောင်ရေး အဆင်မပြေမှု ပြဿနာ၊ အိမ်ထောင် ပြိုကွဲမှုများကြောင့် အမျိုးသမီး အများစု နစ်နာနေကြောင်း၊ တရားစီရင်ရေးတွင်လည်း နာဂ ရိုးရာဥပဒေ အတိုင်း စီရင်ဆုံးဖြတ် ကြ သည် ဟုလည်း ဆိုသည်။

နာဂတောင်တန်း ဒေသတွင် နာဂတိုင်းရင်းသား ဦးရေ ၂ သိန်းနီးပါး ရှိပြီး နာဂလူမျိုး အများစုသည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် တို့တွင် နေထိုင် ကြသည်။

Irrawaddy ဧရာဝတီ သတင်း

ဖိုင်ဘာဆက်ကြောင်း၊ မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများ တည်ဆောက်ရန် အတွက် ပြည်တွင်း ကုမ္ပဏီအား လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်


အတွဲ (၁၅)၊ အမှတ် (၅)
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဖိုက်ဘာဆက်ကြောင်း၊ မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများ တည်ဆောက်ရန်အတွက် ပြည်တွင်းကုမ္ပဏီအား လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေးဌာနမှ အဆိုပါလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောင် အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ DWDM ဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ခြင်း လုပ်ငန်းနှင့် GbE IP မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများ တည်ဆောက်ခြင်း လုပ်ငန်း များ အတွက် စက်ပစ္စည်းများ ပို့ဆောင် တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း လုပ်ငန်းများအား ဆက်ကြောင်းများ ဖွင့်လှစ် အသုံးပြုနိုင်သည်အထိ လုပ်ငန်းအပ်နှံ ဆောင်ရွက်လိုကြောင်း အဝေးဆက် သွယ်ရေး ဌာနမှ ကြေညာသည်။ အဆိုပါ လုပ်ငန်း  ဆောင်ရွက်ရန် အတွက် မိုက္ကရို၊ ဖိုင်ဘာ Transmission လုပ်ငန်း အတွေ့အကြုံရှိသော ပြည်တွင်းကုမ္ပဏီများအား ဖိတ်ခေါ်
ထားခြင်း ဖြစ်သည်။

ယင်းပြည်တွင်း ကုမ္ပဏီများ အနေဖြင့် ယခုလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာကျပ်ငွေဖြင့် တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။ တင်ဒါတင်သွင်းရန်နှင့် အသေးစိတ် အချက် အလက် များကို ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ အဝေး ဆက်သွယ်ရေးဌာနတွင် စုံစမ်းနိုင်မည်ဖြစ်ပြီး ဖုန်း ၀၁-၃၇၀၇၂၇ သို့ ဆက်သွယ် မေးမြန်းနိုင်ကြာင်း သိရသည်။ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုများအနက် လုပ်ငန်းအများအပြားအား အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ၀ိုင်ဖိုင် (Wi-Fi)စနစ်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးတွဲ အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ဖိတ်ခေါ်ခဲ့ဖူးကာ မြို့ကြီးများတွင်စတင်ရန် လျာထားကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက် ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုဖုန်း လုပ်ငန်း စသည့် တယ်လီဖုန်းဆိုင်ရာလုပ်ငန်းများ ပါဝင်သကဲ့သို့ အင်တာနက်ဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်သည်ကို တွေ့ရသည်။  ပြည်ပ ဆက်သွယ်ရေး လုပ်ငန်း ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနဆိုင်ရာ လုပ်ငန်းများ၊ စာတိုက် သင်တန်းကျောင်း ဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ထွန်းထွန်း
Internet Journal

စာဖတ်ခြင်း၏အကျိုးကျေးဇူး (နန်းခင်ဇေယျာ ဟောပြောသည်)




လူ့လောကတွင် စာပေပေါ်သည်မှစ၍ လူတို့သည် စာဖတ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ စာကမကွဲပြားသော်လည်း စာဖတ်နည်းကွဲပြားလျှင် စာ၏အဓိပ္ပာယ်နှင့် သိနားလည်မှုလည်းကွဲပြားပါလိမ့်မယ်။ ထို့ကြောင့် စာဖတ်သည့်အခါ မိမိဖတ်သောစာ၏ အနက်အဓိပ္ပာယ်ကို သိနားလည်အောင် ဖတ်မှတ်ရန်လိုအပ်ပါသည်။
“အလိမ္မာစာမှာရှိ” ဆိုရိုးစကားရှိပါသည်။ စာပေကို ဖတ်ရာတွင် အလိမ္မာကိုသိအောင်
ဖတ်ရမှာဖြစ်သလို ၊ သိရုံသာမက ထိုအလိမ္မာသည် မိမိ၌လည်း ရှိရလေအောင် စာကိုဖတ်သင့်ပါသည်။
“စာမတတ်သူ၊ စာမဖတ်သူသည် မျက်စိကန်းနေသူဖြစ်သည်” ဟု ရှေးလူကြီးသူမတို့ဆုံးမစကားကြားဖူးပါသည်။
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ မြန်မာစကားပုံနှင့်အညီ မိမိတို့အား အရာရာကိုသွန်သင်ဆုံးမပေးနေသည့် အရာမှာ စာအုပ်ကောင်းများပင်ဖြစ်ပါသည်။
“ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့်” လို့ ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာလေးကြားဖူးကြမှာပါနော်။ ပညာမရှိသော ဇနီးသည် ၊ မလိမ္မာသော သားသမီးများပင်လျှင် စာပေစကားနေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများပြည့်စုံလာကာ လိမ္မာရေးခြားရှိလာမည်ဖြစ်ပါသည်။ တစ်နေ့တစ်နေ့ အားလပ်ချိန်များကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးချစေချင်ပါတယ်။

“လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် ဒီကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ဒီ့အတွက် ဘယ်လိုလုပ်မည်နည်း????” တစ်နည်းသာရှိသည် …. “စာဖတ်ပါ” ။ နေ့စဉ်စာဖတ်ပါ။

စာဖတ်သည်ဆိုရာ၌ ငြင်းခုန်ဝေဖန်ရန် ၊ တစ်ဖက်လူ မှားကြောင်း သက်သေ သက္ကာယပြရန်သက်သက် အတွက် မဖတ်ပါနဲ့။
ပြောသမျှ ယုံကြည်ရန် ၊ သူဆိုတိုင်း လက်ခံရန် ဖတ်ခြင်းမျိုးလည်း မဖြစ်ပါစေနဲ့။
ပြောစရာဆိုစရာ ရရုံအတွက်လည်း မဖတ်ပါနဲ့။
အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ၊ ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။

စာကိုရည်ရွယ်ချက်နဲ့ ဖတ်ပါ။ မိမိအတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့ အလေ့အထမျိုးမွေးမြူကြစေလိုပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အရည်အသွေး ၊ အရည်အချင်းဆိုသည်မှာ မွေးရာပါ သဘာဝအားအင်များထက် ဖြစ်ချင်စိတ်၊ လုပ်ချင်စိတ်များပေါ်တွင်သာ မူတည်ပါတယ်။ မိမိ က ခေတ်မီနိုင်ငံကြီးတွေမှာ ခေတ်ပညာမသင်ခဲ့ရလို့ ငါ့တိုင်းပြည်ကို ဘာမှ အကျိုးမပြုနိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုး ၊ အင်္ဂလိပ်စာကောင်းကောင်းမတတ်လို့ လောကကို ဘာမှအကျိုးမပြုနိုင်ဘူး ဆိုတဲ့ အယူအဆမျိုး ကို လုံးဝမထားသင့် မယူဆသင့်ပါဘူး။ မြန်မာစာပေသည်လည်း ကမ္ဘာမှာ သေးသိမ် သိမ်နုတ်တဲ့ စာပေ မဟုတ်ဘူးဆိုတာကို ရဲရဲကြီး ယုံကြည်ထားစေချင်ပါတယ်။

သင့်မိသားစု ၊ သင့်ပတ်ဝန်းကျင်၊ သင့်လူ့အဖွဲ့အစည်း ၊ သင့်ရပ်ရွာ ၊ သင့်တိုင်းပြည်ကို ကောင်းကျိုးလည်းပြုချင်တယ် ၊ သင့်မှာ ပစ္စည်းဥစ္စာ ၊ အတတ်ပညာအနေနဲ့ ဘာမှ မယ်မယ်ရရ မရှိသေးဘူးဆိုရင်တောင် အားမလျှော့လိုက်ပါနဲ့…။ သင့်ဘေးမှာ စာအုပ်တွေရှိနေပါတယ်။ ယခုပင် စဖတ်လိုက်ပါ မိတ်ဆွေ ….။

စာအုပ်တစ်အုပ်ဖတ်နေခြင်းသည် အိမ်၏ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါသည်။ စာအုပ်များမှတစ်ဆင့် ထောင်သောင်းချီသော လူတို့၏ ဘဝကို တစ်ထိုင်တည်း သိရမည်။ မြန်မာ့သမိုင်း ၊ ကမ္ဘာ့သမိုင်းများကိုလည်းသိနိုင်မည်။ လူတို့၏ အသက်မွေးဝမ်းကျောင်းမှုပုံစံများ ပြောင်းလဲလာမှုကို သိနိုင်သည်။ ယဉ်ကျေးမှုကို သိနိုင်သည်။ သမိုင်းကျမ်းစာအုပ်များက စာဖတ်သူအား အမြင်ကျယ်စေ၏။

တရားဓမ္မ နှင့် ဘာသာရေးစာပေများကလူကိုယဉ်ကျေးလိမ္မာစေ၏။ ဘာသာရေးအဆုံးအမ စာပေများနှင့် တခြားစာကောင်းပေမွန်များမှ စိတ်နေသဘောထား၊ စိတ်ဓာတ်ကောင်းများ ခိုင်မာတိုးတက်စေ၏။
ကဗျာစာပေများက ကွန့်မြူးသောဥာဏ်ဖြင့်ထူးကဲရှုမြင်တတ်စေ၏။
သဘာဝသိပ္ပံစာပေများက ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေ၏။
ဒဿနစာပေများက စိတ်ကိုတည်ကြည်လေးနက်စေ၏။
ကျန်းမာရေးနှင့်သက်ဆိုင်သော စာပေများဖတ်ရှုခြင်းဖြင့် လူမှုဘဝတိုးတက်မြင့်မားခြင်း၊ ကျန်းမာရေးအသိအမြင် ဗဟုသုတများရရှိစေမည်။
စာမျိုးစုံ ရသစာပေ ၊ ဆောင်းပါး၊ ဝတ္ထု ၊ အတ္ထုပ္ပတ္တိ ၊ သမိုင်း ၊ လုပ်ငန်းခွင်ဆိုင်ရာစာအုပ်မျိုးစုံ၊ အတတ်ပညာဆိုင်ရာ စာအုပ်မျိုးစုံ ၊ ဘာသာရေးစာအုပ်မျိုးစုံ ၊ ဘာသာစကားစာအုပ်မျိုးစုံ စသဖြင့် အားလုံးကို အချိန်ရသရွေ့ အလျဉ်းသင့်သလို ဖတ်ရှုခြင်းဖြင့် ဗဟုသုတ အသိဥာဏ်ပညာ တိုးတက်ပြီး စိတ်ဓာတ်ကောင်းများ ဖွံ့ဖြိုးကာ ဘဝများ ကြီးပွားတိုးတက်မည်မှာ မလွဲပေ။
ဖတ်သောစာများက စာဖတ်သူ၏ စရိုက်လက္ခဏာများအဖြစ်သို့ အသွင်ကူးပြောင်းတတ်၏။ ထို့ကြောင့် ကောင်းကျိုးဖြစ်စေသော မည်သည့်စာပေအမျိုးအစားကိုမဆို ဖတ်သင့်ပါတယ်။ အကောင်းအဆိုး အမြဲဒွန်တွဲလျှက်ရှိတာကြောင့် စာဖတ်တဲ့အခါမှာ စာအုပ်ထဲကအကြောင်းအရာက မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက် မဖြစ်စေဖို့လည်းအရေးကြီးပါတယ်။ စာဖတ်သက်တမ်းကြာလာတဲ့အခါ ဘယ်လိုစာအုပ်မျိုးက ဖတ်သင့်တယ် ၊ ဘယ်လိုစာအုပ်မျိုးက မဖတ်သင့်ဘူးလဲဆိုတာ အလိုလိုသိမြင်လာပါတယ်။ စာဖတ်ခြင်းဖြင့် ဝေါဟာရများကြွယ်လာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာမှာဖြစ်ပါတယ်။ စာကိုဖတ်ရုံတင်မဟုတ်ပဲ ဖတ်ပြီးပါက ပြန်လည်တွေးတောဆင်ခြင် သုံးသပ်တဲ့ အလေ့အထကိုလည်း ပြုလုပ်ခြင်းဖြင့် အရည်အသွေးတိုးတက်ကောင်းမွန်ခြင်း ၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်မြင့်မားလာခြင်း ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုမိုတိုးပွားလာစေပါတယ်။ မိမိဖတ်ပြီးသိတဲ့ အသိဥာဏ်ကိုလည်း တခြားသူတွေကို ပြန်လည်ဝေမျှခြင်းဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။

“ဗာဟုသစ္စဉ္စ သိပ္ပဉ္စ” ဗဟုသုတအကြားအမြင်များခြင်း ၊ အတတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် မင်္ဂလာမည်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သလို စာအုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတက်သောကောင်းမွန်သောဘဝဖြစ်အောင် တည်ဆောက်နိုင်ခြင်းဖြင့် မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံကြပါလိမ့်မယ်။

စာဖတ်ဝါသနာပါသူများ ရှေးမြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့ပါတယ်။
ကုန်းဘောင်ဘုရင်များထဲတွင် “ဘိုးတော်ဘုရား” သည်အလွန်စာဖတ်သူဖြစ်သည်။ ဘိုးတော်ဘုရား၏ ပိဋကတ်တိုက်တွင် ရာဇဝင်ကျမ်းများ၊ ဆေးကျမ်းများ၊ ပျို့ကဗျာလင်္ကာများ၊ နန်းတွင်းဇာတ်တော်များ စသည်ဖြင့် အစုံအလင်ရှိခဲ့ပါတယ်။
ထို့အတူ မင်းတုန်းမင်း၊ ယောမင်းကြီးဦးဘိုးလှိုင် ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း စာအလွန်ဖတ်သူများဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းဆောင်ရွက်ရင်း အားလပ်ချိန်ရရင် ရသလို စာဖတ်လေ့ရှိတယ်လို့ သိရပါတယ်။

စာအလွန်ဖတ်သော ဗိုလ်ချုပ်အောင်ဆန်း က ပညာနှင့်ပတ်သက်၍ သူ၏အမြင်ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။
“ပညာသည် စာအုပ်များထဲ၌သာရှိသည်မဟုတ်။ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ထက်ကောင်းကင်ကြယ်တာရာများသို့ တက်နိုင်စွမ်းရမည်။”

“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်အတိုင်း မောဟအမိုက်မှောင်ကို ဖြိုခွင်းရန်အတွက် အသိဥာဏ်ပညာ အလင်းရောင် ထွန်းလင်းဖို့ လိုအပ်ပါတယ်။ အသိဥာဏ်ပညာ အလင်းရောင်ကို စာဖတ်ခြင်းမှ ရရှိစေပါတယ်။ ဒါကြောင့် စာများများဖတ်ဖို့လိုအပ်ပါတယ်။

အထူးသဖြင့် လူငယ်များသည် မိမိတို့ အနာဂတ်ကို မိမိတို့ကိုယ်တိုင်ဖန်တီးကြရပါမယ်။ ဒါကြောင့် လူငယ်များ ပညာတတ်ဖို့ အရေးကြီးပါတယ်။ စာများများဖတ်ဖို့လိုပါသည်။ စာဖတ်ခြင်းသည် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေပါသည်။ ပညာတတ်မှသာ နိုင်ငံကို ဦးဆောင်နိုင်သူဖြစ်ပါလိမ့်မယ်။

“သင်သည် စာဖတ်ဝါသနာ မပါပဲနှင့် ဘယ်တော့မှ ပညာရှိဖြစ်မလာနိုင်” လို့ ဆင်မြူရယ်ဂျွန်ဆင် ကဆိုခဲ့ပါတယ်။
“စာဖတ်ခြင်းသည် ပြည့်ဝသောလူတစ်ယောက်ဖြစ်စေသည်။ ဆွေးနွေးညှိနှိုင်းခြင်းသည် အသင်ပြင်ထားသောလူတစ်ယောက် ဖြစ်စေ၏။ မှတ်သားခြင်းသည် တိကျသော လူတစ်ယောက်ဖြစ်စေ၏” ဟု ဖရန်စစ်ဘေကွန် က ဆိုခဲ့ပါတယ်။

စာဖတ်ခြင်းသည် ကောင်းကျိုးကိုဖြစ်ထွန်းစေသည်။ ဥပမာ - ဝန်ဇင်းရွာသား လယ်သမားလေး “ငညို” သည် စာဖတ်ဝါသနာကို အကြောင်းပြု၍ ဘုရင်၏မြှောက်စားခြင်းကို ခံရသော ပညာရှိအမတ်ကြီးဖြစ်သွားရသည်။
ဆင်းရဲသား ထင်းခုတ်သမား “အီဗရာဟင်လင်ကွန်း” သည် စာဖတ်ဝါသနာကြောင့်ပင် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်ခဲ့ရသည်။
ရပ်ဆယ်ကွန်းဝဲလ် က “စာဖတ်ပါ။ သင်၏ ကုတ်အင်္ကျီအိတ်ကို ခရီးဆောင်စာကြည့်တိုက်အဖြစ် အသုံးချပါ” လို့ ဆိုခဲ့ပါသည်။
ဆရာကြီး ပီမိုးနင်း က “လက်သမားကောင်း၏ အရင်းအနှီးမှာ စူးဆောက်ကောင်းများဖြစ်သကဲ့သို့ တိုးတက်ကြီးပွားလိုသူတို့၏ အရင်းအနှီးမှာ စာအုပ်ကောင်းများဖြစ်ပေသည်” ဟူ၍လည်းကောင်း ၊ “စိတ်နေသဘောထားတို့ ရင့်သန်ကြီးမြတ်ခြင်းကို ဖြစ်စေသည့် စာအုပ်ကောင်းများကို အမြဲဖတ်မှတ်ရမည်။ ကိုယ်၌အမြဲဆောင်ထားရမည်။ လောကုတ်လောကီ နှစ်ဖြာရေးရာစုံလင်သော ကျမ်းများကို ဖတ်မှတ်ရမည်” ဟူ၍လည်းကောင်း မိန့်ဆိုထားခဲ့ပါသည်။
ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က “ သင့်မှာ စာအုပ်တစ်အုပ်တည်းသာရှိနေလျှင် ထိုစာအုပ်ကိုသာ အထပ်ထပ်အခါခါ အပြန်ပြန်အလှန်လှန်ဖတ်ပါ။ ထို့နောက် စဉ်းစားဆင်ခြင်တွေးခေါ်ပါ” ဟုဆိုပါသည်။

လူ့ဘဝသည် ပညာတတ်ရုံ ၊ အောင်မြင်ကျော်ကြားရုံ၊ ငွေကြေးဓနပြည့်စုံရုံ၊ အခြွေအရံများပြားရုံမျှဖြင့် မပြီးပြည့်စုံနိုင်ပါ။ စိတ်ထားတတ်ဖို့၊ စိတ်ချမ်းသာဖို့လည်း လိုအပ်ပါသည်။ စိတ်ငြိမ်းချမ်းပျော်ရွှင်စေဖို့ စိတ်ထားတတ်ဖို့ စာပေများကလမ်းညွှန်ပေးနိုင်ပါလိမ့်မည်။ ဒါကြောင့် စာဖတ်ဖို့လိုပါသည်။ စာများများဖတ်ပါ။ စာအုပ်များက သင့်အတွေးအမြင် သင့်စိတ်ကူးအိပ်မက်များကို ချဲ့ထွင်ပေးပါလိမ့်မည်။ စာဖတ်ခြင်းဖြင့် မိမိသိလိုသော အကြောင်းအရာများ၊ ပညာရပ်အမျိုးမျိုးနှင့် အချက်အလက်များရရှိသိရှိစေပါသည်။ စာအုပ်စာပေများသည် သုတပေါင်းစုံ ၊ ရသအဖုံဖုံကို ပေးစွမ်းနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် ဘဝအမောများ ခေတ္တခဏပြေပျောက်ပြီးလျှင် ခွန်အားသစ်များ၊ စိတ်ကူးသစ်များ ၊ အကြံဥာဏ်သစ်များ တိုးပွားလာပါလိမ့်မည်။ လူတို့၏အသိဥာဏ်ကို ရင့်ကျက်စေခြင်း၊ အတွေးအခေါ်ကောင်းများ စိတ်ဓာတ်ကောင်းများ အရည်အသွေးကောင်းများကို ရရှိစေနိုင်ပါသည်။ ဘဝကို စိန်ရွှေရတနာတို့ဖြင့် အလှဆင်ခြင်းထက် စာဖတ်ခြင်းရရှိသော အသိဥာဏ်ပညာရတနာဖြင့် အလှဆင်က ပိုပြီးကောင်းမွန်လှပပါလိမ့်မည်။

စာဖတ်ရာတွင် အပျော်ဖတ် (Pleasure Reading) မှ တစ်ဆင့်တက်၍ အမြတ်ဖတ် (Profit Reading) သို့ရောက်အောင်လည်း အားထုတ်ကြရပါမည်။ အပျော်ဖတ် (အပျင်းပြေဖတ်) ကို ဖတ်နေလျှင် ပျော်နေရုံ (အပျင်းပြေနေရုံ) သာရှိ၍ အမြတ်ဖတ် (အနှစ်ဖတ်) ကိုဖတ်မှသာ လူ့ဘဝအတွက် အမြတ်စစ်စစ်ကို ရရှိနိုင်ပေလိမ့်မည်။ ပညာလိုလျှင် စာဖတ်ကြရမည်။ စာဖတ်ပျင်းလျှင်တော့ ပညာရဖို့ လွယ်ကူမည်မဟုတ်ပေ။

ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေသော မည်သည့်ပညာရပ်မဆို စာပေနှင့် ရေးသားမှတ်တမ်းတင်ထားပြီးဖြစ်ရာ အကြောင်းအရာအစုံအလင်ကို စာအုပ်စာပေများမှတစ်ဆင့် အလွယ်တကူသိရှိနိုင်သော အကျိုးကျေးဇူးကို စာဖတ်ခြင်းမှသာ ခံစားနိုင်ပါလိမ့်မည်။

စာဖတ်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဘဝကို ကိုယ်နေသည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်နိုင်သည်။ အသိဥာဏ်ဗဟုသုတများ တစ်နေ့တခြား တိုးပွားလာမည်။ မှန်ကန်သော ခေါင်းဆောင်မှုကို ကောင်းစွာပေးစွမ်းနိုင်လိမ့်မည်။ စာဖတ်ခြင်းဖြင့် အသိဥာဏ်တိုးပွားပြီး ဘဝကြီးပွားတိုးတက်အောင်စွမ်းဆောင်နိုင်ပါလိမ့်မည်။

အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများကို ဖတ်ရှုခြင်းဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် ထိုအိပ်မက်များကို အကောင်အထည်ပေါ်အောင် ကျားကုတ်ကျားခဲ အားထုတ်ခဲ့ရပုံများကို အားတက်ဖွယ် တွေ့ရှိရပေလိမ့်မည်။ စာဖတ်သူအတွက် ပိုမိုသင့်တော် မှန်ကန်သည့် အိပ်မက်သစ်များ မက်ရန်နှင့် ပိုမိုခိုင်မာသော ဘဝလမ်းကြောင်းများ ချမှတ်နိုင်ရန် အတွက် အသိအမြင် အတွေးအမြင်သစ်များ ရရှိစေပါလိမ့်မည်။

အောင်မြင်သော ဘဝတည်ဆောက်နိုင်ရန်အတွက် အသိပညာရှိမှုသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ သို့သော် သိနေရုံသက်သက်ဖြင့် မပြီးပါ။ ထိုအသိတရားကို လက်တွေ့ဘဝ၌ ထိရောက်စွာအသုံးချပြီး အကောင်အထည်ဖော်နိုင်ဖို့လိုပါသည်။ သို့မှသာ စာဖတ်ခြင်းဖြင့် အောင်မြင်သော ဘဝကိုတည်ဆောက်နိုင်ပါလိမ့်မည်။

စာဖတ်ခြင်းသည် စိတ်အစာ ၊ စိတ်အာဟာရဖြစ်စေပြီး စိတ်ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်သကဲ့သို့ ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း တစ်နည်းတစ်ဖုံ အထောက်အကူပြုပါသည်။ စာဖတ်ခြင်းဖြင့် စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်ပျော်ရွှင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ တစ်နည်းအားဖြင့် စာဖတ်ခြင်းသည် တရားအားထုတ်ခြင်းကဲ့သို့ သမာဓိကို ဖြစ်ပေါ်စေနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် သမာဓိ (စိတ်တည်ကြည်မှု) ကိုရရှိပြီး လောဘ ၊ ဒေါသ ၊ မောဟ နှင့် မနာလို ဝန်တိုခြင်းများကို ခေတ္တမျှ ပယ်ဖျောက်နိုင်ပါလိမ့်မည်။ “မိမိ တို့၏ သန္တာန်၌ မနာလိုခြင်းကို ပယ်သတ်နိုင်လျှင် သတ္တဝါတိုင်း ဘေးရန်မရှိမည်မှာ သေချာ၏။ ဒဏ်မရှိမည်မှာသေချာ၏။ စိတ်ချမ်းသာ ကိုယ်ကျန်းမာမည်မှာ သေချာ၏။” လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်ကို နာယူမှတ်သားဖူးပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီး ကျန်းမာကြံ့ခိုင်ဖို့ နေ့တိုင်းပြုစုစောင့်ရှောက်သကဲ့သို့ စိတ်ကျန်းမာစေရန်လည်း စာကောင်းပေမွန်များကို နေ့တိုင်းဖတ်ရှုခြင်းဖြင့် စောင့်ရှောက်သင့်ပါတယ်။ လူကြီးလူငယ်အရွယ်မရွေး မည်သည့်အသက်အရွယ် အပိုင်းအခြားတွင်မှ စာဖတ်ခြင်းနှင့် မကင်းကွာသင့်ပါ။ အဘယ်ကြောင့်ဆိုသော် စာဖတ်ခြင်းသည် ကျန်းမာရေးအတွက် ဆေးကောင်းတစ်လက်ဖြစ်စေသောကြောင့်ဖြစ်ပါသည်။

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နိဂုံးချုပ်ရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိ ပြည်သူများ၏ စာပေဖတ်ရှုလေ့လာမှု နှင့် သက်ဆိုင်နေသည်ဟု ပညာရှင်များက မိန့်ဆိုထားကြပါသည်။ စာဖတ်ခြင်းသည် ကိုယ်ကျန်းမာ စိတ်ချမ်းသာစေရုံမျှမက အသိဥာဏ်ပညာ ဗဟုသုတရရှိစေပြီး ပြည်သူတို့၏ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်စေပါသည်။ ကျန်းမာ၍ အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်သော ပြည်သူများနေထိုင်သည့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။ ဒါကြောင့် စာအုပ်စာပေကို ချစ်မြတ်နိုးကြပါ။ လက်လှမ်းမီသလောက် စာများများဖတ်ကြပါ။ စာဖတ်ခြင်းဖြင့် အသိဥာဏ်ပညာကြွယ်ဝသော တိုင်းပြည်ကအားထားရသည့် အဖိုးတန်လူများဖြစ်ကြပါစေလို့ ဆုတောင်းရင်း …………….. နိဂုံးချုပ်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးအများကြီးတင်ပါတယ်ရှင် …။

နန်းခင်ဇေယျာ
၂၇.၁.၂၀၁၄

(၂၇.၁.၂၀၁၄) နေ့လည် ၁ နာရီတွင် စာအုပ်ဈေးပွဲတော်မှာ “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သူနန်းခင် ဇေယျာ၏ မှတ်သားထားသည့်စာပေဗဟုသုတများကို ပြန်လည်ဝေမျှဟောပြောခဲ့မှုအား Nang Khin Zay Yar ဖေ့ဘုတ်မှပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။ “နန်းခင်က စာပေပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ စာပေကိုချစ်မြတ်နိုးလို့ နန်းခင် ဖတ်မှတ်ခဲ့ရသော စာအုပ်များမှ စာရေးဆရာကြီးများ၏ ရေးသားချက်များကို မှတ်သားပြီး နန်းခင် ရဲ့ စိတ်ဓာတ်ခွန်အားကို မြင့်မားစေခဲ့တဲ့ အတွက် နန်းခင် ရဲ့ မောင်ညီမလေးများကိုလည်း စာဖတ်ခြင်းဖြင့် အသိဥာဏ်ပညာကြွယ်ဝပြီး ထူးချွန်ထက်မြက်စေလိုတဲ့ စေတနာနဲ့ ဒီအစီအစဉ်လေးမှာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ နန်းခင် သိပ်သိ သိပ်တတ်နေလို့ မဟုတ်ရပါဘူးရှင်။ နန်းခင် လည်း ခုမှ ကြိုးစားနေရဆဲ၊ လေ့လာဖတ်မှတ်နေရဆဲ၊ သင်ယူမှတ်သားနေရဆဲပါ။ နန်းခင် ရဲ့ မှတ်သားထားတဲ့ ဗဟုသုတလေးတွေကို ဝေမျှခြင်းသာ ဖြစ်ပါတယ်။ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်လျှက် …….. အစဉ်ကြိုးစားသွားမယ့် နန်းခင်ဇေယျာ။ ”

credit-Nang Khin Zay Yar
Popular Journal

ထိုင်း ဆန္ဒပြပွဲများကြောင့် ဗီဇာသက်တမ်းလွန် မြန်မာ အလုပ်သမားများ အခက်အခဲဖြစ်


ထိုင်းနိုင်ငံ မဲဆောက်မြို့ ဈေးအတွင်း ၂၀၁၂ ခု မေလကုန်ပိုင်းက တွေ့ရသည့် လန်ချားနှင့် ပစ္စည်း သယ်ပို့ အလုပ် လုပ်နေသော မြန်မာ အလုပ်သမား တချို့ (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆန္ဒပြပွဲများကြောင့် ၄ နှစ် ဗီဇာ သက်တမ်း ကျော်လွန်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ် သမားများ အရေး ဆောင်ရွက်ပေးရန် ထိုင်းအစိုးရတွင် အခက်အခက်ခဲများ ရှိနေကြောင်း သိရသည်။

“နိုင်ငံရေး ဆန္ဒပြပွဲတွေကြောင့် ၄ နှစ်ပြည့်ပြီး ဗီဇာသက်တမ်း လွန်နေတဲ့ အလုပ်သမားတွေအတွက် လုပ်ပေးဖို့၊ နှစ်နိုင်ငံ အစိုးရ တွေ အကြား ညှိနှိုင်းပေးဖို့ ခက်နေတယ်”ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် က ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှစတင်၍ လက်ရှိဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် အစိုးရကို ဆန့်ကျင် သည့် ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို ၄ နှစ် ဗီဇာသက်တမ်း ကျော်လွန်သည့် အလုပ်သမားများနှင့် ပတ်သက်၍ အစိုးရက တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိဟု ပြော ဆို နေကြခြင်းသည် မဟုတ်မှန်ကြောင်း၊ နှစ်နိုင်ငံ အစိုးရများ အကြား ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေများကို လည်း နားလည်ပေးရန် လိုကြောင်း အလုပ်သမား ဝန်ကြီးက ပြောဆိုချက်ကို ပြည်ထောင်စု နေ့စဉ် သတင်းစာ ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းထားပေမယ့်လည်း လူမိုက်ဂိုဏ်းတွေ၊ ငွေညှစ်နေတဲ့သူတွေ ရှိတာတွေကိုလည်း ကျနော်တို့ ခံနေ ရ တယ်”ဟု အလုပ်သမား ဝန်ကြီး ဦးအေးမြင့် ပြောဆိုကြောင်းလည်း ဖော်ပြထားသည်။

မြန်မာ- ထိုင်း နှစ်နိုင်ငံ အစိုးရများ ၂၀၀၉ ခုနှစ်အတွင်း သဘောတူခဲ့သည့် နားလည်မှု စာချွန်လွှာ စာချုပ် အရ ၄ နှစ် ဗီဇာ သက်တမ်း ပြည့်သွားသည့် ရွှေ့ပြောင်း အလုပ်သမားများသည် မိခင်နိုင်ငံသို့ ၃ နှစ် ပြန်လည် နေထိုင်ပြီးမှသာ နောက် တ ကြိမ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် အလုပ်လုပ်ပိုင်ခွင့် ရှိသည်ဟု ပါရှိသည်။ သို့သော် ယခုအခါ ပြန်စရာ မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ပင် ဆက်လက် နေထိုင် လုပ်ကိုင်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကိုင်ဆောင်ထားသည့် ယာယီနိုင်ငံကူး လက်မှတ် သက်တမ်းသည် ယခင် ထုတ်ပေး ခဲ့သည့် စာအုပ် သက်တမ်းအရ  ၅ နှစ်ပြီး၊ အလုပ် လုပ်ကိုင်ခွင့် ဗီဇာ သက်တမ်းမှာ ၄ နှစ် ဖြစ်သည်။ ဦးသိန်းစိန် အစိုးရ လက်ထက် ထုတ်ပေးသည့် စာအုပ်သည် ၆ နှစ် သက်တမ်း ဖြစ်ပြီး၊ အလုပ် လုပ်ကိုင်ခွင့် ဗီဇာ သက်တမ်း ၄ နှစ် ဖြစ်သည်။

မြန်မာအစိုးရသည် ထိုအစီအစဉ်အား ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစ၍ စီစဉ်ထားသည့်တိုင် ယနေ့အထိ အကောင်အထည် ဖော်ဆောင် နိုင်ခြင်း မရှိသေးသည့်အတွက်လည်း ဝေဖန်မှုများ ရှိနေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဗီဇာလွန်နေသူများအား ဖမ်းဆီးမှု မရှိစေရန်  မြန်မာအစိုးရက ထိုင်းအစိုး ရကို ပြောဆို ထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဖမ်းဆီးခံနေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင် ငံသားများ က ဧရာဝတီ သို့ ပြောသည်။

“ဗီဇာကုန်တဲ့သူတွေ အတော်များနေပါပြီ၊ တချို့ဆို ၄ လ ကျော် ၅ လ ဖြစ်နေပြီ၊ ဘန်ကောက်ဝန်းကျင်မှာ အဖမ်းခံရသူ တွေ ရှိတယ်၊ တချို့ကလည်း ရှောင်တိမ်းနေကြရတယ်။ အစိုးရကလည်း ဒါတွေနဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းပြတာ၊ ဆောင်ရွက်ပေးတာ ဘာမှ မရှိသေးဘူး ဖြစ်နေတယ်”ဟု ထိုင်းရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT ) မှ အလုပ်သမားများ အရေး ကူညီပေးနေသူ မဦး က ဧရာဝတီသို့ ပြောသည်။

၎ နှစ် ဗီဇာကျော်လွန် သွားခြင်းကြောင့် တရားမဝင် တိမ်းရှောင် နေရသည့် မြန်မာနိုင်ငံသား ဦးရေသည် ဘန်ကောက်ဒေသ တဝိုက်၌ ၁ သိန်းကျော် ရှိကြောင်း၊ တခြားဒေသများတွင်လည်း အများအပြား ရှိသေးကြောင်း၊ တိမ်းရှောင်နေကြသည့် တိုင် ထိုင်းရဲများ၏ ဖမ်းဆီးမှု ခံရသူများလည်း ရှိကြောင်း၊ အလုပ်ရှင်များကလည်း တရားဝင် နေထိုင်ခွင့် လက်မှတ် မရှိသူများ ကို တာဝန်မယူကြောင်း သိရသည်။

“ပထမ လုပ်နေတဲ့ အလုပ်ရုံက လက်မခံတော့ အလုပ်ထွက်လိုက်ရတယ်၊ တခြားနေရာမှာ ပြောင်းလုပ်ဖို့ အတွက်ကျပြန်တော့ လည်း ဗီဇာ သက်တမ်းလွန်နေပြီဆိုတော့ မရဘူး၊ အခုတော့ ကြုံသလို တိမ်းရှောင်ပြီး ရဲမရှိတဲ့ နေရာတွေမှာ ဈေးရောင်းစား နေရတယ်၊ ဘယ်နေ့ အဖမ်းခံရမလဲတော့ မသိဘူး”ဟု ဘန်ကောက်ရှိ အလုပ်သမ တဦး က ဆိုသည်။

ဘန်ကောက်ရှိ ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှု ရှိသော်လည်း ချင်းမိုင်ဒေသ၌ လုပ်ကိုင်နေသည့် ၄ နှစ် ဗီဇာ သက် တမ်း လွန် မြန်မာ အလုပ်သမားများကိုမူ အလုပ် လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ထိုင်းအလုပ် သမားအရာရှိများက ဆောင်ရွက်ပေး ထားကြောင်း၊ သို့သော် ချင်းမိုင်ဒေသမှ တခြား ဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့် မပြုကြောင်း မြန်မာအလုပ်သမား တချို့က ပြော သည်။

“ထိုင်းနိုင်ငံရေး အခြေအနေက မကောင်းတော့ အလုပ်သမားတွေကို မဖမ်းဆီးဖို့ ရဲတွေကို ပြောထားတဲ့အကြောင်း ထိုင်း အ လုပ်သမား ဒု ဝန်ကြီးက ပြောပါတယ်၊ နိုင်ငံရေး တည်ငြိမ်သွားတဲ့အခါမှ ဗီဇာ အသစ်လုပ်ရမှာပေါ့၊ ဒါပေမယ့် တခြား နေရာ ပြောင်းပြီး အလုပ် လုပ်ရင်တော့ အဖမ်းခံရမယ်လို့ ပြောပါတယ်”ဟု ချင်းမိုင်ရှိ မြန်မာ နိုင်ငံသား အလုပ်သမား တဦး က ဧရာဝတီ သို့ ပြောသည်။

ဗီဇာ သက်တမ်း ကုန်တော့မည့် ရွှေ့ပြောင်း အလုပ်သမား တချို့သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် မြန်မာနိုင်ငံသို့ ဗီဇာ သက်တမ်း တိုးရန် ပြန်သွားကြကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၌ လုပ်ကိုင်ခဲ့သည့် အထောက်အထားများအား ရန်ကုန်ရှိ သက် ဆိုင်ရာ ရုံးများသို့ ပို့ဆောင်ထားခြင်း မရှိ၍ အခက်အခဲများ ကြုံနေရ ကြောင်း သိရသည်။

“အဖမ်းခံရမှာ ကြောက်တော့ ငွေကုန်ခံပြီး ရန်ကုန်ပြန်ကြတယ်၊ အထောက်အထားတွေ မပို့သေးတော့ မြန်မာနိုင်ငံ တွင်းမှာပဲ သောင်တင်နေသူတွေလည်း အများကြီးရှိတယ်၊ တချို့ကလည်း မပြန်ဘဲ ဘန်ကောက်တခွင်မှာပဲ ဟိုရှောင်တိမ်း၊ ဒီရှောင် တိမ်း လုပ်နေရတယ်၊ တရားဝင် အလုပ် မလုပ်နိုင်တော့ဘူး၊ အစိုးရ ရဲ့ လုပ်ဆောင်မှုတွေက နည်းလမ်းမမှန် ဖြစ်နေတယ်” ဟု BAT တာ ဝန်ခံ က ပြောသည်။

ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား အရေး ဖြေရှင်းပေးနေသည့် တာဝန်ရှိသူ တဦးက ပြောဆိုရာတွင် ၎င်းတို့ အနေ ဖြင့် ၄ နှစ် ဗီဇာသက်တမ်း ကျော်လွန်သူများအတွက် ဆက်လက် နေထိုင်ခွင့်ရရေးကို ပုံမှန် လုပ်ဆောင်ပေးနေသည် ဟု  ဧရာဝတီသို့ ပြောသည်။
ဗီဇာ ၄ နှစ် ကျော်သူများ အတွက်  ဆက်လက် နေထိုင်ခွင့် ရရေး ဆောင်ရွက်မည့် အစီအစဉ်ကို ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ ဖြစ် သည့် မြဝတီ၊ ရနောင်းနှင့် တာချီလိတ် ဂိတ်များ၌ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရ သည်။

ထိုင်းနိုင်ငံ၌ ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့်ရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်း ခန့် ရှိကြောင်း အလုပ်သမား အရေး ကူညီနေသူများက ပြောသည်။

မြန်မာ အလုပ်သမား အများစုသည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ပင်လယ်စာ စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ စားသောက် ဆိုင် အစရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြရခြင်း ဖြစ်သည်။

Irrawaddy ဧရာဝတီ သတင်း

Myanmar CNN မှာ လူကြည့်များတဲ့သတင်းသီးသန့် ရယူရန် ပြုလုပ်ပုံ

Myanmar CNN မှာ လူကြည့်များပြီး hot ဖြစ်တဲ့သတင်းတွေကို လွတ်မသွားရအောင် ဒီအစီအစဉ်လေးကို လုပ်လိုက်ရတာပါ။ ပြုလုပ်ပုံကတော့ လွယ်လွယ်လေးပါ

အရင်ဆုံး gmail သို့မဟုတ် တစ်ခြား email တစ်ခုခုကို sign in လုပ်ရပါမယ် (email ထဲကို ပို့ပေးမှာမို့လို့ပါ)။ ပြီးရင် https://groups.google.com/forum/#!forum/myanmarcnn ကိုသွားလိုက်ပါ။ ပြီးရင် ပေါ်လာတဲ့စာမျက်နှာမှာ အောက်ကပုံတွေအတိုင်း ကြည့်ပြီး လုပ်သွားပါ။ အဆင်မပြေတာရှိရင် comment မှာ မေးခဲ့ပါ။





ဆိုင်ကယ်သော့ကိုဖျက်နေသည့် မသင်္ကာသူများအား အရေးယူစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုများ ထပ်မံဖော်ထုတ်နိုင်


ရန်ကုန်၊ ဇန်န၀ါရီ ၂၇

၂၂.၁.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့၊
ဝေဘာဂီနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်း
ဆောင်ရွက်စဉ် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စကားဝါလမ်း
ပေါ်၌ မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် ဇေဖြိုး(ခ)ဇေဖြိုးလွင်
နှင့် အရိုး(ခ)အောင်မြတ်(ခ)အောင်မြတ်မင်းတို့(၂)ဦးမှာ XONBO 125 အနက်ရောင်ဆိုင်ကယ်တစ်စီး၏သော့အား ဖျက်နေသည်ကို
တွေ့ရှိရသောကြောင့် စစ်ဆေးမေးမြန်းရာအဆိုပါဆိုင်ကယ်အား ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် (ပ)၂၄/၂၀၁၃၊ ပုဒ်မ၃၇၉ /၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိစစ်ဆေးရာ
ဇေဖြိုး(ခ)ဇေဖြိုးလွင်၊ အရိုး(ခ)အောင်မြတ်(ခ)အောင်မြတ်မင်းနှင့်
မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် မောင်စိန်(ခ)စိန်ဝင်း၊ ထက်ထက်(ခ)ရှိုင်းလင်းထက်တို့(၄)ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္က၀တ်(၃)လမ်းမှ HEMOT-R 125အမျိုးအစားအနက်ရောင်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)
မြို့နယ်၊ (၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့်ကျောင်းလမ်းထောင့်မှ
KENBO 125 အမျိုးအစား အနီရောင်ဆိုင်ကယ်တို့အားလည်းကောင်း၊
ဇေဖြိုး(ခ)ဇေဖြိုးလွင်၊ မောင်စိန်(ခ)စိန်ဝင်းနှင့် ထက်ထက်(ခ)
ရှိုင်းလင်းထက်တို့(၃)ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလနှင့်၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလများအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊
ခေမာ(၂)လမ်းမှ DIAING 125အမျိုးအစားအနက်ရောင်၊ခေမာ(၅)လမ်းမှ
SUMBO 125အမျိုးအစား အနီ/အနက်ရောင်၊ စကားဝါလမ်းမှ
YINXING 110 အမျိုးအစားအနက်ရောင်ဆိုင်ကယ်တို့အားလည်းကောင်း၊
ဇေဖြိုး(ခ)ဇေဖြိုးလွင်နှင့် မောင်စိန်(ခ)စိန်ဝင်းတို့(၂)ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊
ခေမာ(၅)လမ်းမှ KENBO-125အမျိုးအစားအနီရောင်ဆိုင်ကယ်(၁)စီး အားလည်းကောင်း ခိုးယူခဲ့ကြကြောင်းပေါ်ပေါက်သဖြင့် ၎င်းတို့(၄)ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အကြမ်းမဖက်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရခဲ့တာ အနှစ် ၇၀ နီးပါး ရှိပြီဖြစ်ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး မရှိသေးတဲ့ဒဏ်တွေကို ပြည်သူတွေအနေနဲ့ ခံစားနေရတာကြောင့် အကြမ်းမဖက်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာဖို့ အားလုံးကြိုးစားသွားဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံဟောပြောပွဲမှာ အခုလို ပြောခဲ့တာပါ။

ဒါ့အပြင် အားလုံးကလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ပေါ်လာဖို့အတွက် အချိန်ယူရအုံးမှာဖြစ်ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ အဆိုးဆုံးအချက်တွေကို ပြင်ဆင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကို ရောက်နိုင်မယ့်လမ်းပေါ်မှာ လျှောက်နိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရော ဟောပြောပွဲအတွက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အဝေရာမီးပုံပျံကွင်းမှာ လုပ်ဖို့တောင်းဆိုခဲ့ပေမယ့် ရှမ်းပြည်နယ်အစိုးရက အဲဒီ မီးပုံးပျံကွင်းဟာ တပ်မတော် ပိုင်ကွင်းဖြစ်တာကြောင့် ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် ဟောပြောပွဲကို အဲဒီ မီးပုံပျံကွင်းအနီးမှာပဲ ပွဲစင်မြင့်ပြုလုပ်ပြီး ဟောပြောခဲ့ပါတယ်။

RFA Burmese

ပင်စင်စား ဝန်ထမ်းများကို တန်ဖိုးနည်းဖုန်း ခွဲဝေပေးရန် အခက်အခဲရှိဟုဆို


မော်လမြိုင်၊ ဇန်နဝါရီ ၂၆

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက၂၀၁၄ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့တွင် နဝမအကြိမ် ချထားပေးမည့် တန်ဖိုးနည်း ဖုန်းအလုံးရေ ၃၅၀,၀၀၀ အနက် သက်ပြည့် ပင်စင်ခံစား လျက်ရှိသည့် အငြိမ်းစားများအတွက် တန်ဖိုးနည်း WCDMA ဖုန်းအလုံးရေ ၅၀၀၀၀ ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် အခက်အခဲ ရှိခြင်းကြောင့် ဖုန်းခွဲဝေမှုအတွက် အခက်အခဲ ရှိနိုင်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပင်စင်စား ဝန်ထမ်းများကို ဖုန်းခွဲတမ်း ပေးအပ်ရာတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများက တာဝန်ယူ ပေးမည် ဆိုပါကလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ဌာနများမှ ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က သုံးသပ် ပြောဆိုသည်။

“ကျွန်တော်တို့ဆီတော့ ပင်စင်စားတွေအတွက် ဘယ်လို ခွဲဝေပေးရမလဲဆိုတာ စီမံချက် မရောက်သေးဘူး၊ အဓိက အခက်အခဲက ပင်စင်စား ဝန်ထမ်းတွေကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ အခက်အခဲ ရှိတယ်။ အချို့က ပင်စင်ရတာက မော်လမြိုင်မှာ၊ တကယ်တမ်း နေတာက ရန်ကုန်၊ မန္တလေးတို့မှာဆို ဆက်သွယ်ရခက်တယ်” ဟု ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် ဇန်ဝါရီလအတွက် ဖုန်းခွဲတန်း ၁၂၀၀၀ ရရှိထားရာ ပင်စင်စား ဝန်ထမ်းများအတွက် ဖုန်းခွဲတမ်း အလုံးရေ ၂၀၀၀ ပါဝင်ကြောင်းနှင့် ယင်းဖုန်းခွဲတမ်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မည်သို့ ခွဲဝေပေးရမည် ဟူသည့် စီမံချက် ရောက်ရှိလာပါက ပင်စင်စား ဝန်ထမ်းများကို ခွဲဝေပေးမည်ဟု ဒေါက်တာခင်မောင်သွင်က ဆက်လက် ပြောဆိုသည်။

ယင်းဖုန်းကတ်များသည် လစဉ်ဖုန်း ပြောဆိုခ အနည်းဆုံး ၂၅၀၀ ကျပ် သုံးစွဲ ပေးရမည် ဖြစ်ပြီး နှစ်လအတွင်း ကြိုတင်ငွေ ဖြည့်ကတ် ၅၀၀၀ ကျပ်ဖိုး အပြည့်အဝ သုံးစွဲခြင်း မရှိပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ယင်းငွေ ၅၀၀၀ကျပ် ပြည့်သည်အထိ အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ကြောင်းနှင့် ၁၅ ရက်အတွင်း ငွေထမ်မံ ဖြည့်သွင်းခြင်း မရှိပါက အလို အလျောက် ယင်းဆင်းမ်ကတ်လိုင်း ပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

The Voice Weekly Myanmar

NLD ရပ်တည်ချက်နဲ့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်စုရှင်းလင်း


ရှမ်းပြည်နယ် လူထုစည်းရုံးရေး ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင် အချိန်အတွင်းကပဲ တောင်ကြီးမြို့ ဟောပြောပွဲမှာ  ပြည်သူလူထု မေးမြန်းချက်တွေကို ဖြေကြားခဲ့ သလို လက်ရှိ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် လူထု သဘောဆန္ဒကိုလည်း ကောက်ယူခဲ့ပါတယ်။ ဟောပြောပွဲ တက်ရောက်လာသူတွေရဲ့ ပညာရေး၊ လူမှုရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေအပေါ် မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအကြို လူထုစည်းဝေးပွဲတွေကို နိုင်ငံတ၀န်း လိုက်လံဟောပြော နေတာမှာ ဒီကနေ့မှာတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကိုလည်း ဟောပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ ဟောပြောပွဲ တက်ရောက်လာသူတွေရဲ့ မေးမြန်းမှုတွေကို ဆက်တိုက် ဖြေကြားခဲ့ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အစဉ်တစိုက် လက်ကိုင်ထားခဲ့တဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရေးကို အဓိကထား ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“ကျမတို့ရဲ့နိုင်ငံကို ဒီမိုကရေစီလမ်းပေါ် စတင်ကတည်းက မှန်ကန်တဲ့၊ တည်ငြိမ်တဲ့ လမ်းစဉ်ဖြစ်တယ်၊ ဘာမဆို ထစ်ကနဲ ထစ်ကနဲ ပဋိပက္ခနည်းနဲ့ လုံးဝမဖြစ်ဘူး။ အဲဒီတော့ လွှတ်တော်ပြင်ပက ပြင်တယ်ဆိုတာ ကျမတို့ လွှတ်တော်ပြင်ပက လုပ်နေတဲ့ကိစ္စ။ ကွန်ယက်ဆိုတာလည်း လွှတ်တော်ပြင်ပ ကနေ လုပ်နေတာပဲ။ အဲဒီတော့ ကျမက ဒီလိုပြောတာ- တချို့က လွှတ်တော် ပြင်ပကဆိုတော့ ဆန္ဒပြပြီးတော့ လူထုအုံကြွမှုကြီး လုပ်ပြီးတော့ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောကြတာ ရှိတယ်။ အဲဒီလို အဓိပ္ပာယ်နဲ့တော့ မမှတ်ယူပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုဟာ လိုအပ်တဲ့အခါမှာ မိမိတို့ရဲ့ဆန္ဒ ဖော်ထုတ်တာ မပါဘူးဆိုတာ လုံးဝမှားတယ်။ သို့သော်လည်း ကိုယ့်ရဲ့ဆန္ဒ သဘောထားများကို အလွဲသုံးစားတော့ လုပ်မပစ်နဲ့။ အပေါစားဖြစ်သွားအောင် လုပ်မပစ်ရဘူး။ တန်ဖိုးထားရမယ်။ လူတိုင်းလူတိုင်းက တန်ဖိုးထားရမယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားရမယ်။

"ကျမတို့ ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ အင်အားတွေဟာ အင်မတန်မှ အင်အားရှိတယ်။ တန်ဖိုးရှိတဲ့အင်အားတွေကို အလွယ်နဲ့တော့ မသုံးပစ်နဲ့။ တတ်နိုင်သမျှ အေးအေးဆေးဆေးနဲ့ ဥပဒေဘောင်အတွင်းက ပြင်နိုင်ဖို့ကို ကျမတို့ ကြိုးစားသွားမယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ် ကျမတို့ ဘယ်တော့မှ မထားဘူး။ ကျမတို့ အနှစ် ၂၀ ကျော် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တဲ့အခါမှာ တော်တော်များများက ကျမတို့ကို ပြောကြတယ်။ ဒီလိုနည်းနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ရမှာမဟုတ်ဘူး၊ အကြမ်းဖက်တဲ့နည်းနဲ့မှ ရမှာ- ကျမက ပြောတယ်။ ကျမတို့က တော့ ယုံကြည်တယ်လို့- အကြမ်းမဖက်တဲ့နည်းနဲ့ ခံနိုင်ရည်ရှိရင် ရမယ်၊ ဖေဖေပြောခဲ့တဲ့စကားလိုပဲ။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတဲ့ဟာက သတ္တိ။ အဲဒါပဲ ပြောမယ်။

"လုပ်ရဲ လုပ်ရဲရမယ်။ ခံလည်း ခံရဲရမယ်။ ဒါပေမယ့် လုပ်ရဲတယ်ဆိုတာ မှန်တဲ့ ကိစ္စကို လုပ်ရဲတာကိုပြောတာ။ မိုက်မိုက်ကန်းကန်း လုပ်ရဲတာကို ပြောတာမဟုတ်ပါဘူးဆိုတာကို ကျမ သေသေချာချာ ပြောပါရစေ။ ကျမတို့ ပြည်သူလူထုရဲ့အင်အားကိုလည်း ကျမတို့ ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး၊ ကျမတို့ ထိုက်ထိုက်တန်တန်နဲ့ ပြည်သူလူထုကို တန်ဖိုးထားပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကို လိုသလိုတော့ ရှင်းရှင်းလင်းလင်း တင်ပြပြီးတော့ တောင်းခံသွားမှာ ဖြစ်ပါတယ်။”

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး  ပြည်သူ့အင်အားကို လိုအပ်ရင် လိုအပ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပွင့်ပွင့်လင်းလင်း တောင်းခံသွားမယ်လို့လည်း သူမက ပြောခဲ့တာပါ။ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူလူထုရဲ့ သဘောထားကိုလည်း ကောက်ယူခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကြီးမြို့ဟောပြောပွဲ တက်ရောက်လာသူတွေက အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် ပညာရေး၊ လူမှုရေးဆိုင်ရာ လက်ရှိ အစိုးရရဲ့မူဝါဒတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြပါတယ်။
“ကျနော်က ဘာမေးချင်လဲဆိုတော့ အခု လက်ရှိ တက္ကသိုလ်ကျောင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေကို ကျောင်းဆရာ/ဆရာမတွေက အဲဒါတွေကို ပိတ်ထားတယ်။ ဒီလိုမျိုး မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးကာလမှာ ကျနော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လို ပေးစေချင်လဲဆိုတာ ပြောပေးပါ ခင်ဗျ။”

ကျောင်းသားလှုပ်ရှားမှုတွေကို ကျောင်းအာဏာပိုင်တို့က ခွင့်မပြုတဲ့အပေါ် ဒေသခံ ကျောင်းသားတဦးရဲ့ မေးမြန်းချက်ပါ။ ဒေါ်အောင်ဆန်စုကြည်ကတော့ လူငယ် ကျောင်းသားများရဲ့ အင်အားဟာ နိုင်ငံအတွက် သိပ်ကိုအရေးကြီးပြီး ကိုယ့်ရဲ့ ဆန္ဒလုပ်ဆောင်ချက်တွေကို ခွင့်ပြုချက် ရဖို့အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာတတ်တဲ့ အလေ့အကျင့်မျိုး ပျိုးထောင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

“ဆရာမတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အလေ့အထတွေကို လုပ်ယူပါ။ တခါတလေ ဆိုရင် လူငယ်တွေက လှုပ်ရှားမှုလုပ်ချင်တယ်ဆိုရင် ထိုက်ထိုက်တန်တန်လုပ်ပါ။ ကိုယ်နယ်လှုပ်ရှားမှု၊ ကိုယ့်ရဲ့အင်အားတွေကို အပေါစားဖြစ်အောင် မလုပ်နဲ့။ အလွဲသုံးစားမလုပ်နဲ့၊ လူငယ့်အင်အားဆိုတာ မနည်းဘူး။ အဲဒီတော့ အဲဒီဟာကို တန်ဖိုးထားပြီးမှသုံးပါ။ ပြီးတော့ ဆရာ ဆရာမတွေ ကြောက်တတ်တယ် ဆိုရင်လည်း ‘ဆရာတို့၊ ဆရာမတို့ရယ်- ထိုင်ပြီးတော့ ကျနော်တို့ဆွေးနွေးရအောင်ပါ - ကြောက်စရာမလိုပါဘူး’ ဆွေးနွေးပေါ့။ ဆွေးနွေးပြီးတော့မှ အဖြေရှာပေါ့။”

ဒီကနေ့ ညနေပိုင်းမှာကျင်းပတဲ့ တောင်ကြီးမြို့ လူထုဟောပြောပွဲမှာတော့ တောင်ကြီးမြို့ခံတွေ အပါအ၀င် အနီးအနားက ဒေသခံတွေပါ လာရောက်ခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထု ဟောပြောပွဲတွေ ခပ်စိတ်စိတ် ထွက်ပေါ်လာပေမယ်လို့လည်း လက်ရှိ အာဏာရ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ပြည်သူတွေနဲ့ တွေ့ဆုံ ဟောပြောပွဲတွေ မရှိသေးပါဘူးရှင်။

မသိင်္ဂီထိုက် (VOA Burmese News)

မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လိုက်လံ လုယက်သူများကို အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ်ချမှတ်

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (Facebook)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ညအချိန် ဆိုင်ကယ်စီးနင်း၍ သွားလာလျက်ရှိသော အမျိုးသမီးများထံမှ လက်ကိုင်ပိုက်ဆံ အိတ်များကို ဆိုင်ကယ်စီး လူငယ်တစ်စုက လိုက်လံလုယက်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ လုယက်လူငယ်တစ်စုအား အချိန်မီဖမ်းဆီးပြီး တရားစွဲဆိုနိုင်ခဲ့သည့်အတွက် တရားရုံးက ကြားနာစစ်ဆေးပြီးနောက် ယခုလ ၂၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များကို သိးခြားစီးချမှတ်လိုက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက ပြောသည်။

အဆိုပါ ဆိုင်ကယ်စီးလုယက် လူငယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့ည ၈ နာရီက မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာ ဒေါ်ဖြိုးသန္တာသိန်းသည် တာဝန်ချိန်ပြီးဆုံး၍ ဆိုင်ကယ်စီး၍ နေအိမ်သို့ အပြန်လမ်းခရီးတွင် လိုက်ကိုင်ပိုက်ဆံအိတ်အား လုယက်ခံရသည့်အတွက် မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၂/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ည ၁၁ နာရီက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်နေ ပရဟိတ ပညာရေးဒါန ကျူရှင်ဆရာ မ ဒေါ်သီတာဝင်းသည် စာသင်ချိန်ပြီးဆုံး၍ နေအိမ်သို့ ဆိုင်ကယ်စီး၍ ပြန်လာစဉ် သူမ၏ လက်ကိုင်ပိုက်ဆံအိတ်အား ဆိုင် ကယ်စီး လူငယ်တစုမှ လုယက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၀/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ဒေသတွင် အများပြည်သူ အထိတ်တလန့်မှုများမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်ပြီးအမှုများအား အမြန်ဆုံး ဖော်ထုတ်တရားစွဲဆိုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြိးချုပ် ဦးသာအေးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းထံ လမ်းညွှန်မှာကြားခဲ့ရာ ယင်းတာဝန်များအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်း၊ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့် နှင့်အဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ညက ပိုက်ဆံအိတ်များ လိုက်လံလုယက်နေသည့် အုပ်စုဖွဲ့ရမ်းကား လူငယ်တစ်စုအား ပိုက်ဆံအိတ် လိုက်လံလုယက်နေစဉ် သက် သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင်ဖော်ပြထားသည်။

အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ပိုက်ဆံအိတ်များ လိုက်လံလုယက်ယူသည့် လူငယ်လေးဦးမှာ နေလင်းအောင် အသက်(၂၀)နှစ်၊ (ဘ) ဦးမန်းရှိန် တံခွန်တိုင်ကျေးရွာ၊ မုံရွာမြို့နယ်၊ တင်ထွန်းအောင် အသက်(၂၂)နှစ်(ဘ) ဦးကျော်တင်၊ လယ်တော်ကျေးရွာ ၊ မုံရွာမြို့နယ်၊ ရဲအောင် အသက်(၂၀)နှစ်၊ (ဘ) ဦးဆွေဦး တံခွန်တိုင်ကျေးရွာ၊ မုံရွာမြို့နယ်၊ ဆိုသူနှင့် ခင်မောင်တိုး အသက်(၂၀)နှစ်၊ (ဘ) ဦးအောင်လေး နဂါးတွင်းကျေးရွာ၊ မုံရွာမြို့နယ် ဆိုသူတို့လေးဦးဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ လူငယ်လေးဦးအား အမှုစစ်ရဲအရာရှိများက မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရဲစွဲချက်အမှတ် (စွဲ ၆၈၀/ ၂၀၁၃)၊ အရ တရားစွဲဆိုခဲ့ရာ မုံရွာမြို့နယ်တရားရုံးက ပြစ်မှုကြီးဆိုင်ရာ အမှုအမှတ်( ၉၅၄/ ၂၀၁၄)အရ တွဲဘက်မြို့နယ်တရားသူကြီး ဦး တင်အောင်က လက်ခံ၍ ထိုအမှုအား အများပြည်သူတို့၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ကြားနာစစ်ဆေးခဲ့ပြီးခဲ့နောက် ပိုက်ဆံအိတ်များ လိုက်လံလုယက်ကြောင်း ပြစ်မှုထင်ရှားသည်ဟုဆိုကာ နေလင်းအောင်ဆိုသူနှင့် တင်ထွန်အောင်ဆိုသူ နှစ်ဦးတို့အား အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာနရှိ ၀န်ထမ်းတစ် ဦးက အတည်ပြုပြောကြားခဲ့သည်။

ထိုမျှမက မုံရွာမြို့နယ် တရားသူကြီး ဦးခင်မောင်ဝင်း၏ရုံးတော်တွင် ၎င်းလူငယ်လေးဦးအား ကျန်ရှိအမှုများဖြင့် စွဲထားသည့် လုယက်မှုများအပေါ် စီးရင်ချက်မှတ်ရာတွင် (၇)နှစ်တစ်မှု၊ (၄)နှစ်၊ နှစ်မှု၊ဖြစ်ရာ အဆိုပါ ပြစ်ဒဏ်များအား သီးခြားစီကျခံ စေရန် ခွဲခြား၍ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နေလင်အောင်နှင့် တင်ထွန်းအောင်သည် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်တစ်မှု၊ အလုပ်နှင့်ထောင်ဒဏ်(၆)နှစ်တစ်မှု၊ အလုပ်နှင့်ထောင်ဒဏ်(၄)နှစ်၊ နှစ်မှု စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ်(၂၁) ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသူတို့နှင့်အတူ ပိုက်ဆံအိတ်လုယက်နေစဉ် အဖော်အဖြစ်လိုက်ပါကာ ဘေးမှလက် ခုပ်တီး၍ အားပေးခဲ့သူ ရဲအောင်ဆိုသူနှင့် ခင်မောင်တိုးဆိုသူနှစ်ဦးတို့အား အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်ကျခံစေရန် မုံရွာမြို့ နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုက်ဆံအိတ်လိုက်လံလုယက်သူများသည် လုယက်ရရှိလာသည့် ပိုက်ဆံအိတ်အတွင်းမှ တန်းဖိုးကြီးပစ္စည်းများ တစ် စုံတစ်ခုပါလာခဲ့ခြင်းမရှိကြောင်းပြောပြရာ ပစ္စည်းပိုင်ရှင်များကလည်း ဟုတ်မှန်ကြောင်း ပြောပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ်စန်မြို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ မိန့်ခွန်း (အသံဖိုင်)





D-Wave

ဟောင်ကောင်တွင် နိုင်ငံခြားသား အိမ်ကူအလုပ်သမား ထောင်ချီ ဆန္ဒပြ


ဟောင်ကောင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်မှုလို့ အခိုင်အမာပြောနေတဲ့ လုပ်သားဥပဒေ အတော်များများကို ပြောင်းပေးဖို့ ဇန်န၀ါရီ ၂၆ ရက်နေ့က ထောင်နဲ့ချီတဲ့ နိုင်ငံခြားသား အိမ်အကူ အလုပ်သမားတွေ စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဇန်န၀ါရီ ၂၆ ရက်နေ့ ချီတက်မှုမှာ လူ ၄ ထောင်လောက် ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရဲတွေကတော့ စီတန်းမှု အရှိန်အမြင့်ဆုံး အချိန်မှာ လူ ၂ ထောင်လောက် ရှိတယ်လို့ ပြောပါတယ်။

အရင်အပတ်က ဟောင်ကောင်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံအရာရှိတွေကြား ဂယက်ရိုက်ခဲ့တဲ့ အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာကို အလွဲသုံးစား လုပ်ခဲ့တဲ့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီကို အပြစ်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာကို ဟောင်ကောင်အလုပ်ရှင်က ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့လို့ နှိပ်စက်မှု စွပ်စွဲချက်နဲ့ ဟောင်ကောင်ရဲတွေက စုံစမ်းစစ်ဆေးခဲ့ရပါတယ်။

အင်ဒိုနီးရှားသမ္မတကိုယ်တိုင် အိမ်အကူ မိန်းကလေးရဲ့ဖခင်ဆီ ဖုန်းဆက်ပြီး တရားမျှ တစေရမယ်လို့ ပြောခဲ့သလို ဟောင်ကောင်တရားရုံးက အလုပ်ရှင်ကို တရားစီရင်အပြီး ဟောင်ကောင်ဒေါ်လာ ၁ သန်း အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ရတာပါ။

ဟောင်ကောင်မှာ လက်ရှိ ဥပဒေအရ အိမ်အကူတွေဟာ အလုပ်ရှင်တွေနဲ့ တအိမ်တည်း အတူနေရပြီး ပြည်ဝင်ခွင့် သက်တမ်းကုန်ဆုံးဖို့ ၂ ပတ်အလိုမှာ အလုပ်သစ်ရှာဖွေဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကတော့ ဒီဥပဒေကို ပြောင်းဖို့ ဆော်သြခဲ့ကြပါတယ်။

ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်အကူလုပ်သားတွေအတွက် အနည်းဆုံး လုပ်ခလစာ က အမေရိကန်ဒေါ်လာ ၅၁၆ ပါ။

နိုင်ငံခြားသား အိမ်အကူ ၃ သိန်းလောက်ရှိပြီး အများစုက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက လာတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။

DVB Burmese

ဆီလီကာနှင့် ထိတွေ့မိခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေ


ဆီလီကာနှင့် ထိတွေ့မိခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနယ်ပယ်ပေါင်းစုံမှ စမ်းသပ်လေ့ လာထားသော သုံးသပ်ချက် တစ်ခု အရ ဆီလီကာနှင့် ထိတွေ့ခြင်းဟာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေကို မြင့် တက်စေတယ်လို့ အမေရိကန် သုတေ သီများက ဆိုပါတယ်။

အမေရိကန် ကင်ဆာ အဖွဲ့အစည်း မှ သုတေသီ အဲလစ်ဇဘက်ဝါ့ဒ်နှင့် အန်မရွိုင်း တက္ကသိုလ်မှ သုတေသီ များဟာ အမေရိကန်အမျိုးသားများ နှင့် အမျိုးသမီးများအကြား ကင်ဆာ ရောဂါကြောင့် သေဆုံးရခြင်းများတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးရ ခြင်းသည် အဓိကအကြောင်းရင်းတစ် ခုဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့သည် ကင်ဆာဖြစ်စေနိုင်သော အကြီးမား ဆုံးအချက်တစ်ခုဖြစ်ကြောင်း ပြောပါ တယ်။

သို့သော်လည်း ရေဒွန်၊ Asbestors ၊ ဆီလီကာနဲ့ လေထုညစ် ညမ်းခြင်းတို့ ကလည်း ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ခြေကို မြင့်တက်စေပါ တယ်။ ဆီလီကာ ဆိုသည်မှာ ဆောက် လုပ်ရေး၊ သတ္တု တူးဖော်ရေးနှင့် ကုန်ထုတ်လုပ်ရေး စသည့် စက်မှု လုပ်ငန်း များတွင် အသုံးပြုသော အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်တို့တွင် တွေ့ရှိ ရသော သတ္တုတစ်မျိုး ဖြစ်ပါတယ်။ အလုပ်သမား များသည် ဆီလီ ကာကို နည်းလမ်း အမျိုးမျိုးနဲ့ ထိတွေ့ မိနိုင်ပါတယ်။ ဆီလီကာ ပါဝင်သော ပစ္စည်းများကို လွှတိုက်ခြင်း၊ ဖြတ် တောက်ခြင်း၊ ဖြိုခွဲခြင်း ပြုလုပ် သည့်အခါ ဆီလီကာ အမှုန်များကို ရှူရှိုက်မိနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှ လုပ် သား ၂.၂ သန်းဟာ နှစ်စဉ် ဆီလီ ကာအမှုန်တွေနဲ့ ထိတွေ့မိနေပါတယ် လို့ လုပ်ငန်းခွင်လုံခြုံရေးနှင့် ကျန်းမာ ရေးဌာနမှ ထုတ်ပြန်ထားပါတယ်။

Health Digest

မိကျောင်းကန်မြေကို ပြန်မပေးဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနကပြော


အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃ္န်းကျွန်းမြို့နယ် မိကျောင်းကန် မြေနေရာ တွေဟာ တပ်ပိုင်မြေတွေ ဖြစ်ပြီး စစ်မှုထမ်း ဟောင်း အိမ်ရာတွေ ဆောက်လုပ်ဖို့ ရှိတဲ့ အတွက် ပြန်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖေါ်ပြော လိုက်တယ်လို့ သိရပါတယ်။

မိကျောင်းကန် မြေနေရာကိစ္စနဲ့ ပတ်သက်လို့ သင်္ဃ္န်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်ကနေ တဆင့် မေးမြန်းခဲ့တာကို ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ပြန်ဖြေခဲ့တာလို့ ဆိုပါတယ်။

မိကျောင်းကန် မြေနေရာတွေ ကိစ္စကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားချိန်မှာပဲ ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ထုတ်ဖေါ် ပြောဆိုလိုက်တာပါ။

အခုကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ မိကျောင်းကန် မြေကိစ္စ ဆန္ဒပြသူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံ ဒီကနေ့မှာပဲ သွားရောက် တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဒီကိစ္စကို လွှတ်တော်မှာ မကြာခင် တင်ပြဆွေးနွေးမယ်လို့ စုံစမ်းရေး ကော်မရှင်က ပြန်ပြောခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဘီဘီစီကို ပြောပါတယ်။

သင်္ဃ္န်းကျွန်း မိကျောင်းကန် က အိမ်ထောင်စု တထောင် နီးပါး ပိုင်တဲ့ မြေကွက် တွေကို တပ်မတော် မှတ်တမ်းရုံး အတွက် ဆိုပြီး တပ်မ ၂၂ နယ်မြေခံ ငြိမ်ဝပ် ပိပြားရေး အဖွဲ့နဲ့ စစ်ထောက်လှမ်းရေး တွေက ၁၉၉၁ ခုနှစ် ကတည်းက သိမ်းယူခဲ့တာ လို့ ဆိုပါတယ်။

သိမ်းဆည်း ခံရတဲ့ မိကျောင်းကန် မြေနေရာက မြေတွေဟာ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား အပြည့်အစုံ ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

BBC Burmese

ထိုင်းအတိုက်အခံ ခေါင်းဆောင် ပစ်သတ်ခံရ




ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးပွဲမှာ မဲမပေးနိုင်အောင် ကန့်ကွက် တားမြစ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။

ဘန်ကောက်မြို့ ဘန်နားအရပ်မှာ မဲရုံကို ကန့်ကွက်သူ တွေကို သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။

တလက် မကတဲ့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ် တဲ့ စူထင်း ထားရားထင်း သေဆုံး သွားပါတယ်။

နောက်ထပ် ၁ဝ ဦးလည်း ဒဏ်ရာရ သွားတယ်လို့ ထိုင်း ကျန်းမာရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကြိုတင် ဆန္ဒပြပွဲကို ကန့်ကွက် ပိတ်ဆို့မှုတွေ လုပ်လို့ ဘန်ကောက် ခရိုင် ၃ ပုံ ၂ လောက် မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ရပ်ဆိုင်း ခဲ့ရတယ်။

တစ်နိုင်ငံလုံးက ၇၇ ခရိုင်မှာ ၁ဝ ခရိုင် ကျော်က ကြိုတင် မဲပေးပွဲ မလုပ်နိုင်ဘဲ ဖြစ်သွားပါတယ်။

BBC Burmese

လေးပွင့်ဆိုင်တွေ့ဆုံရေး ထပ်မံတောင်းဆိုရန် စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ချင်းပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) / 7day Daily

သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံပွဲ အတွက် ထပ်မံ တောင်းဆိုရန် စဉ်းစားနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

““ဒါ စဉ်းစား နေပါတယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကတော့ လုပ်ရမှာပေါ့””ဟု လေးပွင့် ဆိုင် တွေ့ဆုံမှု အတွက် ထပ်မံ တောင်းဆိုရန် ရှိ၊မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

““ဘယ်ကိစ္စမဆို တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနဲ့ အဖြေရှာပြီး ဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ မိမိအနေနဲ့ကတော့ တွေ့ဆုံ ဆွေးနွေး မှုများကို ကြိုဆိုတယ်။ လက်ခံတယ်။ တကယ်လို့ ထပ်ပြီး ကြိုးစားတောင်းခံ လာမယ်ဆိုရင် မိမိဘက်ကတော့ လက်ခံမှာဖြစ်ပါတယ်”” ဟု ဇန်န၀ါရီ ၂၃ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတအပါအ၀င် လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်များနှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုသည်ဟု ကမ်းလှမ်းချက်ကို အစိုးရအဖွဲ့က ယနေ့အထိ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။ သို့သော် သမ္မတ၏ ဇန်န၀ါရီ ၂ ရက်က ပြောကြားခဲ့သော ရေဒီိယိုမိန့်ခွန်းတွင်မူ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်သော တောင်းဆိုချက်များအတွက် အဖွဲ့အစည်းပေါင်းစုံကို အစဉ် တံခါးဖွင့်တွေ့ဆုံခဲ့ပြီး တစ်ခါတစ်ရံတွင် နိုင်ငံရေးအင်အားစုများ၏ အားမလိုအားမရဖြစ်မှုကို သဘာဝကျသည်ဟု လက်ခံထားကြောင်း ထည့်သွင်းပြောကြားသွားသည်။

““ဒီလိုအခြေအနေတွေအားလုံးကို နိုင်ငံရေးအရှိတရားအနေဖြင့် ခံယူပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်မှုစွမ်းရည် မြှင့်တင်ကြဖို့လည်း တိုက်တွန်းပါတယ်””ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီလည်း ရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာထွက်လာပြီးမှသာ အဆိုပါကိစ္စကို စဉ်းစားသင့်ပြီး နိုင်ငံရေးပါတီများစွာရှိနေသည့်အတွက် ပါတီတစ်ခုတည်းနှင့် တွေ့ ဆုံခြင်းက သင့်တော်၊ မတော်ကိုလည်း စဉ်းစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် စတင်ကမ်းလှမ်းချိန်တွင် ပြန်လည်ဖြေကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုကို သူရဦးရွှေမန်းကသာ ပါဝင်ကူညီမည်ဆိုပါက ကောင်းသည်ဟု ပြောခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲရန် ကြိုးစားရမည်ဟုလည်း ပြောကြားခဲ့သည်။

Author: အိဖြူလွင် ၊ ဥက္ကာကိုကို
7 Day Daily

မိုးကုတ်ဓားပြမှု ကျူးလွန်သူများ ပိတ်ဆို့ရှာဖွေစဉ် မူးယစ်ဆေးသယ်ဆောင်သူများကိုသာ ဆက်တိုက်ဖမ်းမိနေ


မိုးကုတ်မြို့တွင် ဇန်န၀ါရီ ၂၁ ရက်က ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် / 7day Daily

မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်အား ဖော်ထုတ်ရန် ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် မန္တလေးတိုင်းဒေသကြီး  သပိတ်ကျင်းမြို့နယ်အတွင်း ယခုလ ၂၃ ရက်က ကျပ်သိန်းနှစ်ရာနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမှုသုံးမှု ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းနယ်မြေရဲကင်းစခန်း၊ တွင်းငယ်ရဲကင်းစခန်းနှင့် သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်မှ တရားခံဖြစ်သူများအား ဖမ်းမိနိုင်ရေးအတွက် တွင်းငယ်- မိုးမိတ်ကားလမ်းပေါ်ရှိ သစ်ခွဲပင် သစ်ထုတ်လုပ်ရေးစခန်းအနီးတွင် ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေစဉ် ဇန်န၀ါရီ ၂၃ ရက် ညပိုင်းက ငွေကျပ် ၁၉၂ သိန်းကျော်ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူ၊ ဘိန်းမည်းနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်သုံးစီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုအရေးယူခံထားရသည့်သူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ထွက်ဆိုခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင်နေသည့် ဆက်စပ်သူများကိုလည်း ဆက်လက်ဖမ်းဆီးရေး ဆောင်ရွက်နေကြောင်း သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ဇန်န၀ါရီ ၂၁ ရက်က မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြမှုအား ဖော်ထုတ်နိုင်ရေးအတွက် အဆိုပါညမှစတင်ပြီး ယင်လမ်းပိုင်းနေရာတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများအား ရက်ဆက်ပြုလုပ်ခဲ့ရာ ၂၂ ရက်နေ့ ည ၈ နာရီ အချိန်ကလည်း ငွေကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား မိုးမိတ်မြို့ဘက်မှ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

Author: အေးမွန်ရာပြည့်
7 Day Daily

တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု ကတ်ဖြင့် ကျပ်သိန်း တစ်ရာအထိ ကုန်သွယ်ခွင့်ပြု


ကလေး။ ဇန်နဝါရီ ၂၆

နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဦးချင်း တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု ကတ် ( Individual Trading Card- ITC ) များဖြင့် ယခင်က ကျပ်သိန်း၅၀ အထိသာ ခွင့်ပြုရာမှ ယခုအခါ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်၍ ကုန်သွယ်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ် စခန်းများ၏ ကုန်သွယ်မှု အခြေအနေကို လေ့လာရန် ရောက်ရှိစဉ် ကလေးမြို့ ဒေသခံများနှင့် ဇန်နဝါရီလ၂၄ ရက်နေ့က ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်ပြီး တမူးနှင့် ရိဒ် ကုန်သွယ် စခန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ရရှိသည်ဟု ၎င်းက ဆိုသည်။

တမူး နယ်စပ် စခန်းတွင် ITC ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှ စတင် ကုန်သွယ်မှု ပြုခဲ့ရာ လက်ရှိတွင် ITC ကတ် ၁၀၂ခုဖြင့် ကုန်သွယ်မှု ပြုလျက်ရှိကြောင်း၊ ယင်းမှ ပို့ကုန်/သွင်းကုန် တန်ဖိုး စုစုပေါင်း ၂,၁၁၂,၄၅၂, ၄၁၁ ကျပ်ရှိကြောင်း၊ ရိဒ် နယ်စပ် စခန်းတွင်မူ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်မှ စတင်ကာ ယနေ့အထိ ကုန်သွယ်ကတ် ကိုးခုဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ပို့ကုန်/သွင်းကုန် တန်ဖိုး စုစုပေါင်း ၁၅၃,၆၃၀,၈၀၀ ကျပ် ရှိပြီဖြစ်ကြောင်း ယင်းစခန်းများ၏ မှတ်တမ်းများအရ သိရသည်။

ယင်းကုန်သွယ် ကတ်များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင် ထုတ်ပေးခဲ့ခြင်း ဖြစ်ရာ ယခုအခါ တမူး၊ မူဆယ်၊ မြ၀တီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ စစ်တွေ၊ မောင်တော၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြိတ်၊ ကော့သောင်း၊ ရိဒ်၊ ထန်တလန်၊ မောတောင်၊ ထီးခီး စသော နယ်စပ် ကုန်သွယ်စခန်း ၁၅ ခုတွင် ကုန်သွယ်မှု ပြုလုပ်နေပြီး ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ကုန်သွယ် ကတ်ပေါင်း ၅၂၇ ကတ်၊ ပို့ကုန် တန်ဖိုး ၇၅၉,၀၆၂,၆၆၆ ကျပ်၊ သွင်းကုန် တန်ဖိုး ၄,၉၆၈,၁၁၄,၂၅၇ ကျပ်၊ စုစုပေါင်း ၅,၇၂၇,၁၇၆,၉၂၃ ကျပ်ဖြင့် ကုန်သွယ်မှု ပြုနိုင်ပြီး ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်မှုပမာဏမှာ နှစ်စဉ် တိုးတက်လျက်ရှိရာ ယခင်နှစ်က ကျပ် ၁၈ ဘီလီယံ ရရှိခဲ့ကာ ယခုနှစ်တွင် ၂၅ ဘီလီယံ ရရှိရန် လျာထားပြီး ယခုအခါ ဘီလီယံ ၂၀ကျော် ရရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် တမူး နယ်စပ် ကုန်သွယ်စခန်းမှ ဒေါ်လာ ၂၁ ဒသမ ၃၅ သန်း၊ ရိဒ် နယ်စပ် ကုန်သွယ် စခန်းမှ ဒေါ်လာ ၁၅ ဒသမ ၀၇ သန်း ကုန်သွယ်မှု ပြုနိုင်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ကလေးမြို့ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

The Voice Weekly Myanmar

ထားဝယ် အဝေးပြေး ယာဉ်လိုင်းများကို ဖေဖော်ဝါရီ ၁ တွင် စတင်စစ်ဆေးမည်


ထားဝယ်၊ ဇန်နဝါရီ ၂၆

သတ်မှတ် စည်းကမ်းချက်များနှင့် ညီညွတ်မှု မရှိသော အဝေးပြေး ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများမှ မော်တော်ယာဉ်များကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ၍ ထားဝယ် အဝေးပြေး ကားဝင်းတွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနထံမှ သိရှိရသည်။

ထားဝယ်မြို့မှ မြိတ်၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့ ပြေးဆွဲလျက် ရှိသော မော်တော်ယာဉ်များသည် ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်း၊ ယာဉ်မောင်းများ၏ ကျွမ်းကျင်မှုများ လိုအပ်ခြင်းနှင့် မော်တော်ယာဉ် များအတွက် ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများ လိုက်နာမှု အားနည်းနေခြင်းတို့ကို တွေ့ရှိရသဖြင့် စနစ်တကျ စစ်ဆေးကြပ်မတ်ရန် တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး အဖွဲ့ထံသို့ ညွှန်ကြားထားကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့ ရက်စွဲပါ ယင်းညွှန်ကြားချက်စာအရ သိရသည်။
“ယာဉ်မတော်တဆမှုတွေ များလာတဲ့အတွက် အခုလို ကြပ်မတ်စစ်ဆေးဖို့ ဆောင်ရွက်တာပါ” ဟု ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ငြိမ်းက ပြောကြားသည်။

က.ည.န ၏ ယာဉ်မှတ်ပုံတင် သက်တမ်းပြည့်စုံ မှန်ကန်မှု ရှိ/မရှိ၊ ပို့/ဆက်၏ လုပ်ငန်းလိုင်စင် သက်တမ်းပြည့်စုံ မှန်ကန်မှု ရှိ/မရှိ၊ ယာဉ်မောင်းနှင့် စပယ်ယာ လိုင်စင်သက်တမ်း ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ၊ အဝေးပြေး ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအတွက် ယာဉ်မောင်း နှစ်ဦးနှင့် စပယ်ယာတစ်ဦး ရှိ/မရှိ၊ သတ်မှတ် ခရီးစဉ်အတိုင်း ပြေးဆွဲမှု ရ/မရှိ၊ ခွင့်ပြုလုပ်ငန်း အမျိုးအစား မှန်/မမှန် စသည့် အချက်များကို ထားဝယ် အဝေးပြေး ကားကွင်းမှယာဉ်များ မထွက်ခွာမီ ပို့ဆက်၊ က.ည.န၊ ရဲတပ်ဖွဲ့၊ ခရိုင်မ.ထ.သ၊ မြို့နယ် မ.ထ.သ နှင့် ယာဉ်လိုင်း တာဝန်ခံများ ပါဝင်သည့်အဖွဲ့မှ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနထံမှ သိရသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ငွေဒဏ် ၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ချမှတ်မည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှု များပြားလာပါက ယာယီ သို့မဟုတ် အမြဲတမ်း လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူမည် ဖြစ်ကြောင်း၊ ယာယီ သို့မဟုတ် အမြဲတမ်း ယာဉ်လိုင်း ပိတ်သိမ်းခြင်းများကို ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇော်ငြိမ်းက ပြောကြားသည်။

“စည်းကမ်း မလိုက်နာတဲ့ ယာဉ်လိုင်းတွေ အများကြီးပါ။ စည်းကမ်း ဖောက်ဖျက်ရင် တိတိကျကျ ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်” ဟု ထားဝယ် အခြေစိုက် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အချိန် ကြာလာသည့်အခါ စစ်ဆေး အရေးယူမည့်ကိစ္စ ပျောက်ပျက် သွားခြင်းမျိုး မဖြစ်ရန် လိုအပ်ပြီး ပိတ်သိမ်းရန် လိုအပ်သည့် ယာဉ်လိုင်းများအား ပိတ်သိမ်းရန် လိုကြောင်း ၎င်းကထောက်ပြသည်။

ထားဝယ်တွင် ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများ များပြားလာပြီး ခရီးသည်ရရှိမှု လျော့နည်းလာခြင်းနှင့် ယာဉ်မောင်းတစ်ဦး၏ လစာ ထပ်မံပေးရန် အဆင်မပြေခြင်း တို့ကြောင့် အထက်ပါ စည်းကမ်းချက်များတွင် ယာဉ်မောင်းနှစ်ဦး ထားရှိရမည် ဟူသောအချက်ကို ယာဉ်အများစု လိုက်နာနိင်လိမ့်မည် မဟုတ်ကြောင်း ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

၂၀၁၂ ဒီဇင်ဘာလမှ ၂၀၁၃ မတ်လအထိ ယခုကဲ့သို့ စစ်ဆေးမှုများ ရှိခဲ့ဖူးသော်လည်း အရေးယူမှု အပိုင်းတွင် အားနည်းခဲ့ကြောင်း ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။

(Dawei Watch)
The Voice Weekly Myanmar

မန္တလေးတွင် ပိုင်ရှင်မဲ့ သေဆုံးသူ မြင့်တက်


မန္တလေး၊ ဇန်နဝါရီ ၂၆

မန္တလေးမြို့တော်တွင် အာဟာရ ချို့တဲ့မှုကြောင့် ဆေးရုံ တက်ရောက် ကုသ ကြသူများနှင့် ပိုင်ရှင်မဲ့ သေဆုံးသူများ ယမန်နှစ်ကထက် အရေအတွက် ပိုများလာကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေး အသင်းများထံမှ စုံစမ်း သိရှိရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့ အမည်မသိ သေဆုံးသူမှာ တစ်လလျှင် ငါးဦးအထိ ရှိတတ်သော်လည်း ယခု နောက်ပိုင်းမှာ တစ်လလျှင် ၁၀ ဦးခန့် ရှိလာကြောင်း၊ ယခု လက်ရှိတွင် အာဟာရ ချို့တဲ့မှုကြောင့် တက်ရောက် ကုသမှုမှာ ဖျားနာဆောင်တွင် တစ်ဦးနှင့် ပြင်ပလူနာ ဌာနတွင် နှစ်ဦး ရှိကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

အာဟာရ ပြတ်လပ်မှုကြောင့် လမ်းဘေးတွင် သေဆုံးမှုနှင့် ပိုင်ရှင်မဲ့ သေဆုံးမှုများကို သင်္ဂြိုဟ်စရိတ် စိုက်ထုတ်ကာ နာရေးကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း မန္တလေးတောင်ခြေ အနီးရှိ ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောကြားသည်။

ကလျာဏမိတ္တ လူမှုကူညီရေး အသင်းအနေနှင့်၂၀၁၂ ခုနှစ်တွင် ပိုင်ရှင်မဲ့ သေဆုံးသူ ၅၀ ဦးကို သင်္ဂြိုဟ် ပေးခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ဦးရေ ၄၀ ဝန်းကျင် သင်္ဂြိုဟ် ပေးခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

“အများစုက သုဓမ္မာ ဇရပ်တန်းမှာ သေနေတာ၊ ကျုံးထဲ ခုန်ချတာ စတာတွေ များတယ်။ လမ်းဘေးမှာ အာဟာရ ပြတ်ပြီး လဲနေတာ တွေ့ရင်လည်း ဆေးရုံကြီးကို ပို့တယ်” ဟု ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ဆိုသည်။

မန္တလေးဆေးရုံကြီး ပြင်ပလူနာဌာန တာဝန်ကျ လုံခြုံရေး ဝန်ထမ်းများသည် လူစည်ကားရာ နေရာများဖြစ်သည့် ဘူတာရုံ၊ ဈေး၊ ဘုရား၊ ကျုံးဘေး၊ သုဓမ္မာ ဇရပ်တန်း အစရှိသော နေရာများတွင် လူနာများကို ရှာဖွေကာ ဆေးရုံကြီးတွင် ကုသပေးကြောင်း၊ ယင်းလူနာများ ရောဂါ ပျောက်ကင်းသည့်အခါ လူနာကို ပြန်လည် ခေါ်ဆောင်မည့် မိသားစုများ မရှိခြင်း၊ မိသားစု ရှိသော်လည်း လူနာကို စွန့်ပစ်ထားခြင်းတို့ အတွက်ကြောင့် ရောဂါ ပျောက်ကင်းသွားသည့် လူနာများမှာ ပြန်စရာ နေအိမ်မရှိဘဲ ဆေးရုံအနီးတစ်ဝိုက်နှင့် လူစည်ကားရာ နေရာများတွင် တောင်းရမ်း စားသောက် နေထိုင်ကြပြီး ကျန်းမာရေးမကောင်း ပြန်ဖြစ်လာပါက ဆေးရုံသို့ ပြန်လည် တက်ရောက် ကုသခံကြကြောင်း မန္တလေးဆေးရုံကြီး ဆေးနှင့် ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

အဆိုပါ လူနာများ သေဆုံးသွားပါက ပိုင်ရှင်မဲ့အဖြစ် ဆေးရုံက နိုင်ငံတော် စရိတ်ဖြင့် သဂြုင်္ိဟ် ပေးရကြောင်းလည်း ၎င်းထံမှ သိရသည်။

“ကျွန်တော်တို့က ပိုင်ရှင်မဲ့ အသုဘတွေဆိုရင် သင်္ဂြိုဟ်စရိတ် ၁၆,၀၀၀ ကို အသင်းပိုင် ငွေထဲကနေ ထုတ်ယူ သဂြုင်္ိဟ် ရပါတယ်။ အဲဒါကြောင့် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဒါတွေကို လျှော့ပေါ့ ပေးစေလိုတယ်” ဟု မန္တလေးတောင်ခြေအနီး ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ဆိုသည်။

မန္တလေးမြို့သည် အိမ်နီးချင်း နိုင်ငံများနှင့် အချက်အချာကျသည့် စီးပွားရေး မြို့ကြီး တစ်မြို့ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများသောကြောင့် အခြား နယ်ဒေသမှ ပြောင်းရွှေ့လာသူများ နှစ်စဉ် တိုးလာနေသည်ဟု အိမ်ရာတည်ဆောက်မှုများ နှင့်ပတ်သက်သည့် ကျွမ်းကျင် ပညာရှင် အချို့က သုံးသပ် ပြောကြားထားသည်။

The Voice Weekly Myanmar

လူတစ်ဦး ကျန်းမာရေး အသုံးစရိတ် ၁၁ ဒေါ်လာ အစိုးရ တိုးမြှင့်သုံးစွဲမည်


ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။ ။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လူ တစ် ယောက် ၏ ကျန်းမာရေးတစ် နှစ် အသုံးစရိတ်အား အစိုးရမှ ၁၁ဒေါ်လာအထိ တိုးမြှင့်ကျ ခံပေးရန်ရှိကြောင်း ကျန်းမာ ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် က ပြော သည်။

ပြည်သူလူထု၏အိတ်ကပ် မှ ကျန်းမာရေးအသုံးစရိတ် အားလျှော့ချနိုင် ရန်အတွက် လာမည့်နှစ်တွင် လူတစ်ဦး၏ ကျန်းမာရေးအသုံးစရိတ်အား ၁၁ဒေါ်လာအထိ အစိုးရမှကျ ခံပေးရန်အတွက် ကျန်းမာရေး ဘတ်ဂျက်အား ကျပ်သန်းပေါင်း ၆၅ဝကျော်အထိ တောင်းခံထား ကြောင်း ဇန်နဝါရီ၂၆ရက် က မြောက်ဒဂုံဆေးရုံ၌ပြုလုပ်သော ကမ္ဘာ့ဘဏ်၏ ကျန်းမာရေး ကဏ္ဍငွေကြေးထောက်ပံ့မှု အခမ်းအ နားအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံ စဉ် ဝန်ကြီးကပြောဆို ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဖေသက်ခင်က ““မြန်မာနိုင်ငံ မှာ လူတစ်ယောက်ရဲ့ တစ်နှစ် ကျန်းမာရေးအတွက် အသုံးစ ရိတ်က ၁၄ဒေါ်လာလောက်ရှိ တယ်။ အရင်နှစ်တွေကဆိုရင် အစိုးရပိုင်း က နှစ်ဒေါ်လာပဲ ကျခံနိုင်ခဲ့တဲ့အတွက် မနှစ်က စပြီး ကျန်းမာရေး ဘတ်ဂျက် ကို ၄၉ဝအထိတိုးလိုက်တယ်။ ကျန်း မာရေး အသုံးစရိတ်ကိုလဲ ရှစ် ဒေါ်လာ အထိ ပေးနိုင်ခဲ့တယ်။ အခုလာမယ့်နှစ်မှာ ၁၁ဒေါ်လာ အထိ တိုးကျခံပေးနိုင် ဖို့ ဘတ် ဂျက်ကို တိုးတောင်းထားတယ်”” ဟုဆိုသည်။

မြန်မာနိုင်ငံ လူဦးရေသန်း ၆ဝရှိသော်လည်း ပြည်သူရ၅ ရာခိုင်နှုန်းမှာ အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့် ရှောက်မှုအား ခံစားခွင့်မရသည့် အပြင် ကျန်းမာရေးဆိုင်ရာအ သိပညာရေချိန်နှင့် လူဦးရေအ များစုမှာ ဆေးကုသရန် ငွေ ကြေးပိုင်း ဆိုင်ရာတွင် အားနည်း ချက်များရှိနေကြောင်း၊ စရိတ် မျှပေးကျန်းမာရေးစနစ်မှာ အ ပြောလွယ်သလောက် အလုပ် ခက်ခဲနေရာ ပြည်သူ့ကျန်းမာ ရေးအတွက် လုပ်ပေးစရာများ စွာရှိနေကြောင်း၊ ကျန်းမာရေး နှင့်ကုသရေး စနစ်များ အား စနစ် တကျရေးဆွဲရန် လိုအပ်နေ ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောဆိုသွားသည်။

၂၀၁ဝပြည့်နှစ်တွင် ကျန်းမာရေးဘတ်ဂျက်သည် ကျပ်သန်း ၇၀ ဝန်းကျင်သာရှိ ခဲ့ရာမှ တဖြည်းဖြည်းမြင့်တက် လာရာ ၂၀၁၂-၂၀၁၃ဘဏ္ဍဍာ နှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျန်းမာရေးဘတ် ဂျက် ကျပ်သန်း၃၅ဝကျော်တွင် ဝန်ကြီး ဌာန ၏ ဆေးဝယ်ယူမှု မှာ ကျပ်သန်းပေါင်း၁၀ဝ ဝန်း ကျင်အထိအသုံးပြုကာ ပြည်သူ များ၏ ကျန်းမာရေးကဏ္ဍဍမြင့် မားရေးအတွက် ဆောင်ရွက် ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနစာရင်းအရ သိရသည်။

ပြည်သူ့ကျန်းမာရေးအ သုံးစရိတ်အား အစိုးရကတိုး မြှင့်ကျခံပေးမှုနှင့်ပတ်သက်၍  အသည်းအထူးကုဆရာဝန်ကြီး ဦးဇော်ထွန်းရှိန်က ““ပြည်သူရဲ့ ကျန်းမာရေးအသုံးစရိတ်ကို မြှင့် တင်တဲ့ကိစ္စက ကောင်းတဲ့ကိစ္စ ပါ။ ဒါပေမဲ့ ပြည်သူ့ ကျန်းမာ ရေး ကို အသေအချာမြှင့်တင် ချင်ရင် ကျန်းမာရေးတစ်ခုတည်း ကိုကြည့်လို့မရဘူး။ ကျန်းမာ ရေးနဲ့ဆက်နွှယ်နေတဲ့ တခြား ကဏ္ဍဍတွေကိုလဲ အားဖြည့်လုပ် ဆောင်မှရမယ်။ မူးယစ်ဆေး စွဲလို့ ဆေးရုံကကူဖြတ်ပေးတာ က ခဏပဲ။ အမှန် တကယ် မူး ယစ်ကင်းဖို့ဆိုရင် လူငယ်တွေ ကြား မူးယစ်ဆေးတွေ မပြန့် ဖို့တွေကို တခြားဌာနတွေကပါ ဝင်မှရမယ်””ဟု ဆိုသည်။

လက်ရှိမြန်မာနိုင်ငံရှိလူ တစ်ဦး၏ တစ်နှစ်ကျန်းမာရေး အသုံးစရိတ်မှာ ၁၄ ဒေါ်လာ သာ ကျခံသုံးစွဲနိုင်သော်လည်း စက်မှုနှင့် ဆေးပညာဖွံဖြိုးသည့် အမေရိကန်နိုင်ငံတွင် လူတစ် ဦး၏ တစ်နှစ်ကျန်းမာရေးအ သုံးစရိတ်မှာ ဒေါ်လာရှစ်ထောင် ဝန်းကျင် အထိရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်နိုင်ဇော်
Yangon Media Group

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ



ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြား အစားထိုး သုံးနိုင် ပါတယ်။ ပျားရည်ဟာ အရသာ ရှိရုံသာမက အနာ ကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။

ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်း တွေနဲ့ ဖိုင်တိုနျူးထရီး ရန့်တွေ ပါဝင် နေတဲ့အပြင် ကာဗို ဟိုက်ဒရိတ်လည်း ပါဝင် တာကြောင့် စွမ်းအင် ကောင်းကောင်း ရရှိ စေပါတယ်။ ကိုယ်ခံ စွမ်းအား စနစ်ကိုလည်း ကောင်းမွန် စေပါ တယ်။

(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝ အရာ ဖြစ်ပြီး စွမ်းအင်ကို ချက်ချင်း ရရှိ စေပါတယ်။ ပျားရည် မှာပါတဲ့ ကာဗိုလ် ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှု ရရှိ စေပါတယ်။ ပျားရည် မှာပါတဲ့ ကာဗိုလ်ဟိုက် ဒရိတ် ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှု ရရှိပြီး ကြွက်သား တောင့်တင်း ညောင်းညာမှု လျော့ကျ စေပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ မူးဝေ တာမျိုး ကိုလည်း သက်သာ စေပါတယ်။

(၂)လည်ချောင်း နာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာ စေပါတယ်။

(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီး သောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။

(၄)ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရော တွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

(၅)ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ် တာကို လျော့ကျစေနိုင်ပါတယ်။

(၆)ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။

(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြား ခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံး အစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင် ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်း ပေးပါ။ နေ့စဉ် မှန်မှန် သုတ်လိမ်း ပေးပါက တစ်ပတ် အတွင်းမှာ နူးညံ့ပြီး ကြည်လင် တောက်ပတဲ့ အသားအရေကို ရရှိ စေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။

(၈)နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီး နွေးရေကို ရောပြီး သောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေ စနစ် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ် အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင် တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့် သွားအောင် လုပ်နိုင်တဲ့ အထိ အလုံအလောက် မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင် ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

မြ၀တီ

မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရန် ICG တိုက်တွန်း


ရခိုင်ပြည်နယ်၊ ဒုက္ခသည်စခန်းတခုအတွင်းမှ အမျိုးသမီးနှင့် ကလေးတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေချိန်၌ မြန်မာအစိုးရနှင့် လက်တွဲ ဆောင်ရွက်နေသည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က ပွင့်လင်းမြင်သာသည့် စုံစမ်းမှု တခု အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

ဒုချီးရားတန်းရွာ၌ ရဲတပ်ကြပ်ကြီး တဦး သေဆုံးမှု အပါအ၀င် မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇ၀တ်မှု ကျူးလွန်သူ အားလုံးကို မြန်မာ အစိုးရ အနေဖြင့် ထိထိရောက်ရောက် စုံစမ်း အရေးယူပေးရန် ICG က တိုက်တွန်းခြင်း ဖြစ်သည်။

ICG ၏ ယခု သတင်းထုတ်ပြန်ချက်သည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက်ခဲ့သူများ အပါအ၀င် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး မျက်မြင်သက်သေများနှင့် မေးမြန်း ပြောဆိုမှုပြီးနောက် မှတ်တမ်းဓာတ်ပုံ တချို့ပါ ရရှိခဲ့သောကြောင့် ဇန်န၀ါရီလ ၉ ရက်က ၁၃ ရက်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့သည်ကို ယုံကြည်ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

ICG ၏ စုံစမ်းမှုများ အရ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ အကြမ်းဖက်မှု အပေါ် အမှုမှန် ပေါ်လာရေး အမြန်ဆုံး ဆောင်ရွက်မှု ပြုရန် တိုက်တွန်းထားသော်လည်း မြန်မာ အစိုးရက ယင်းဖြစ်ရပ်သည် ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲ ဖြစ်သည်။

ဒုချီးရားတန်းရွာ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇန်န၀ါရီလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

“၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ၅ ဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန်လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကို ခံရသဖြင့် လူစုခွဲ ရှောင်ပေးခဲ့သည်။”

“ယင်းသို့ လူစုခွဲ တိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက် နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက် ရှိပါသည်။

နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံး ကျန်ရစ်ခဲ့သူအား ပြန်လည် ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံ သွားရောက်ခဲ့ရာတွင် တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စု အင်အား ၅၀၀ ကျော်၏ ဝိုင်းဝန်းရန်မူ မှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့် အတွက် မိမိဘက်မှ သေနတ် ၈ ချက်ဖောက်၍ သတိပေးခဲ့သည်”

“ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဘက် ပြည်သူ တစုံတဦး တယောက်မျှ ထိခိုက် သေဆုံးခြင်း မရှိခဲ့ ပါ” ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။

မြန်မာအစိုးရ၏ ယင်းကြေညာချက် ထွက်ပေါ်လာပြီး ၂ ရက် အကြာတွင် ICG က ဒုချီးရားတန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထပ်မံ ဖော်ပြလာခြင်း ဖြစ်သည်။

ICG ၏ သတင်းထုတ်ပြန်ချက်တွင် ပထမဆုံး ပြဿနာ ဖြစ်ပွားခဲ့သည့် ဇန်န၀ါရီလ ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကူးရန် ကြိုးစားနေသည့် မွတ်ဆလင် ၈ ဦး အုပ်စု တစုကို ရခိုင်ဗုဒ္ဓဘာသာ ရွာလူကြီးက ဖမ်းဆီး သတ်ပစ်ပြီး ကျင်းတူး မြှုပ်နှံခဲ့သည်မှာ အထင်အရှား ဖြစ်သော်လည်း မည်သည့်အတွက် ယင်းသို့ သတ်ဖြတ်ရသည်ကို ရှင်းလင်း သဲကွဲမှု မရှိကြောင်း ICG က ဆိုသည်။

ဒုချီးရားတန်းရွာရှိ မွတ်ဆလင်တဦးက သေဆုံးသူတွေကို မြှုပ်နှံထားသည့် သင်္ချိုင်းကို ဖြတ်သွားစဉ် အလောင်းများကို စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ခဲ့သည်ဟု ICG က ရေးသားထားသည်။ အဆိုပါ ဓာတ်ပုံ အထောက်အထားရှိနေသည့် အတွက် ရဲတပ်ဖွဲ့က သတင်းမပေါက်ကြားအောင် ကာကွယ် ကြိုးစားခဲ့သည်ဟု ICG က ဆိုသည်။

၎င်းကြိုးပမ်းမှုတွင် ရဲတပ်ကြပ်ကြီး တဦးအား မွတ်ဆလင် ရွာသားများက ဖမ်းဆီး သတ်ဖြတ်လိုက်သောကြောင့် ပြဿနာ မီးပွား စတင် ဖြစ်ပွားကာ လူသတ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ICG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICG ၏ ထုတ်ပြန်ချက် အရ အဆိုဒေသရှိ ရဲဝန်ထမ်းများသည် ရခိုင်လူမျိုးများ ဖြစ်ပြီး ပြီးခဲ့သည့် သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသဖြင့် ယင်းဒေသခံ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသင့်ကြောင်း ထောက်ပြ ထားသည်။

အခင်းဖြစ်ရပ်အပေါ် စုံစမ်းမှုနှင့် နယ်မြေ လုံခြုံရေး ကိစ္စများ အတွက် ရခိုင်ပြည်နယ် ပြင်ပက ရဲတပ်ဖွဲ့များဖြင့်သာ ဖော်ဆောင် သင့်ကြောင်း ဖြစ်နိုင်ပါက စစ်တပ်က အကူအညီပေးသင့်ကြောင်း ICG က ထောက်ပြသည်။

မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက် ရာဇ၀တ်မှုများကို ကျူးလွန်နေသူများ အပေါ် အပြစ်ပေး အရေးယူမှု လုပ်မည် ဆိုပါလျှင် အစွန်းရောက် လှုပ်ရှားမှုများ အဆုံးသတ်သွားနိုင်ကြောင်း ICG က ဆက်လက် ဖော်ပြထားသည်။

ICG က မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် The Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အစီရင်ခံစာတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပွင့်လင်းလာသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကြံပြုထားသည်။

ICG ၏ စာမျက်နှာ ၃၆ မျက်နှာရှိပါ ယင်းအစီရင်ခံစာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက် သဘောထားများ ပြောင်းလဲ မပစ်နိုင်ခြင်း များသည် ဒေသတွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။

ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအား တရားဥပဒေ စိုးမိုးရေးကို လေးစားရန်၊ လူစုလူဝေးဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စများကို နိုင်ငံတကာ စံချိန်စံနှုန်းမီ ကိုင်တွယ် ဖြေရှင်းရန်နှင့် လူနည်းစုများကို အကာအကွယ် ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း အကြံပြု ထားသည်။

Irrawaddy ဧရာဝတီ သတင်း

ရွာလုံးကျွတ်ခံစားနေရသော အမည်မသိရောဂါ အဖြေရှာရန် ရေညှိများ ဓာတ်ခွဲခန်းပို့


ကော့သောင်း ၊ ဇန်န၀ါရီ ၂၆ ။ ။ ကော့ သောင်းမြို့နယ် အောင် ဘာကျေး ရွာအုပ်စု ညောင်ဝိကျေးရွာတွင် ရွာသားများခံစားနေရသည့် အမည်မသိရောဂါအဖြေရှာရန် အတွက် ကမ်းခြေရှိ ပျက်စီးနေ သည့် ရေညှိများအား ရန်ကုန် မြို့နှင့် ဘန်ကောက်မြို့တို့ရှိ ဓာတ် ခွဲခန်းများသို့ ပေးပို့ထားကြောင်း ညောင်ဝိကျေးရွာသို့ ဆေးသွား ကုသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာခင် မောင်ဝင်းက ပြောကြားသည်။

အကြောင်းရင်းမသိရဘဲ နှာခေါင်း ပူစပ်ပူလောင်ဖြစ် ခြင်း၊ မျက်နှာရောင်ပြီး ပူစပ်ပူ လောင်ဖြစ်ခြင်း၊ တချို့မှာ ယား ယံခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ နှပ်ရည်ကြည်အကျများသူများ တွင် သွေးစေ လးများပါခြင်း၊ မျက်ရည်ပူကျခြင်း စသည့်ဝေ ဒနာများခံစား ခဲ့ရပြီး ရွာသူရွာ သားများ မှာ ဝေဒနာသက်သာ သည့်အခြေအနေ တွင် ရှိနေ သော်လည်း ဖြစ်ပွားရ သည့်အ ကြောင်းအရင်း အား အဖြေရှာ ရန်အတွက် ပင်လယ်ကမ်းခြေ ရှိ ပျက်စီးနေသည့်ရေညှိများ ကို ဓာတ်ခွဲစမ်းသပ်ရန်ပေး ပို့ထား ကြောင်း ဒေါက်တာခင်မောင် ၀င်းက ပြောသည်။

““ရောဂါလက္ခဏာထဲမှာ ခဲဆိပ်လက္ခဏာ မတွေ့ရဘူး။ ညောင်ဝိ မှာ ရှေ့ကမ်းနောက် ကမ်းရှိတာတောင် ရှေ့ကမ်း မှာပဲ ဒီဝေဒနာခံစားရပြီး နောက် ကမ်းမှာတော့ ဘာမှမဖြစ်ဘူး”” ဟု ဒေါက်တာခင်မောင်ဝင်း က ရှင်းပြသည်။

သာမန်ထက်ပိုသည့် သွေး ယားရောဂါတစ်မျိုး၏လက္ခ ဏာ နှင့်တူပြီး ပင်လယ်ကမ်းနားမှ တိုက်ခိုက်သည့်လေကို ရှူမိသည့် အခါ ယင်းရောဂါဖြစ်သည်ဟု ပြောဆိုသည့်အတွက် လေထု အတွင်း မမြင်နိုင်သည့်အမှုန် အမွှားများနှင့် အခိုးအငွေ့တွေ ကြောင့်ဖြစ်နိုင်သကဲ့သို့ ကမ်း ခြေတွင် ယခင်ကထက်ပိုများ ပြီး လာတင်နေသည့်ရေညှိများ ပျက်စီးရာမှ ထွက်လာသည့် အနံ့အသက်တွေကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းင်းက ရှင်းပြ သည်။

““ဒီရောဂါမျိုးက တစ်သက် လုံးဖြစ်နေတဲ့ရောဂါမျိုးမဟုတ် ဘူး။ ကောင်းလိုက် ဖြစ်လိုက် ဖြစ်နေမှာပဲ””ဟု ၎င်းင်းက ရှင်းပြ သည်။

ရွာသူရွာသားများမှာ ဇန် န၀ါရီ ၁၁ရက်တွင် ရောဂါစ ဖြစ်ပြီး ၁၃ရက်တွင် အခြေအနေ ပိုဆိုးလာသည့်အတွက် အောင် ဘာကျေးရွာမှ ကျန်းမာရေးမှူး နှင့်အဖွဲ့က ညောင်ဝိတွင် လူနာ ၁၈၁ဦးကို စပြီး ဆေးကုသမှု ပေးခဲ့ကာ ၂၀ရက်တွင် ကျန်း မာရေးအခြေအနေမှာ စိုးရိမ် လက္ခဏာမတွေ့ရတော့ကြောင်း ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

““ပင်လယ်ပြင်ကတိုက်တဲ့ လေထဲမှာတွေ့ရတဲ့ ရေငွေ့တွေ ကို လက်ဖြန့်ကိုင်ကြည့်တဲ့အခါ ရေငွေ့တွေ လက်မှာမတင်ဘဲ မည်းမည်းအမှုန်တွေ ကပ်ငြိ ပါလာတယ်””ဟု ကျေးရွာရှိအမျိုး သမီးတစ်ဦးက ပြောသည်။

ယင်းကျေးရွာသည် မြန် မာနိုင်ငံတောင်ဘက် စွန်း ကော့ သောင်းမြို့မှ မြောက် ဘက်မိုင် ၆၀ကျော်အကွာတွင် တည်ရှိ ပြီး အိမ်ခြေ ၇၀၊ လူဦးရေ ၂၀၀ ကျော်ဖြင့် တံငါလုပ်ငန်းဖြင့် အ ဓိကအသက်မွေးသောရွာတစ် ရွာဖြစ်သည်။

Dawei Watch / Yangon Media Group

လွှတ်တော်အမတ်တွေကို မြေကွက်တွေခွဲပေးထား




ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရက မြေကွက်တွေ ခွဲဝေ ချပေးထားကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

တောင်ငူ ကေတုမတီ မြို့သစ်မှာရှိတဲ့ မြေလွတ်တွေကို ဖော်ထုတ်ပြီး အနည်းဆုံး ပေ ၆၀ x ပေ ၉၀ မြေကွက် တစ်ကွက်စီ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ချပေးခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စကို ပြည်သူတွေကို အတိအလင်း ထုတ်ဖော် ကြေညာတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

လွှတ်တော်ဆိုတာ အစိုးရအဖွဲ့ရဲ့ လုပ်တာကိုင်တာတွေကို ဝေဖန်ထောက်ပြ ထိန်းကွပ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်တာမို့ အခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေကို မြေကွက်တွေ ချပေးခဲ့တာဟာ လာဘ်ထိုးတဲ့ သဘောမျိုး သက်ရောက်နေတယ်လို့ သတင်းဆောင်းပါးရှင်တစ်ဦး ဖြစ်တဲ့ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ဒီလုပ်နည်းလုပ်ဟန်ဟာ အရင် စစ်အစိုးရ လက်ထက်က လုပ်နည်း လုပ်ဟန်နဲ့ ဆင်တူနေပြီး အဲဒီတုန်းက မြေလွတ်တွေကို ဖော်ထုတ်ပြီး အာဏာပိုင် အသိုင်းအဝိုင်းတွေအကြား၊ စစ်ဗိုလ်ချုပ်ကြီးတွေအကြား ခွဲဝေ ယူခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လုပ်ထုံး လုပ်နည်း မမှန်မှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းဥပဒေတွေ တိတိကျကျ ရေးဆွဲပြီး အရေးယူ ဆောင်ရွက်သင့်တယ်လို့ ဦးစည်သူအောင်မြင့်က ထောက်ပြ ပြောဆိုသွားပါတယ်။

BBC Burmese