၁၅ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ဖတ်ရှုပါ။




ပြင်သစ်အသင်း၏ လေ့ကျင့်ရေးကွင်းသို့ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်ဖြင့် ထောက်လှမ်းခဲ့သည့် ဖြစ်ရပ်အား ဖီဖာ စုံစမ်းစစ်ဆေးမည်


အောင်ငြိမ်းသွေး
ဘရာဇီး၊ ဇွန် ၁၅
ဟွန်ဒူးရပ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် ပြင်သစ်အသင်း၏လေ့ကျင့်ရေးကွင်းသို့ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်ဖြင့် ထောက်လှမ်းခဲ့မှုကို ဖီဖာမှ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။
ဘိုတာဖိုဂိုအသင်းပိုင် ဆန်တာခရုဇ်ကွင်းတွင် ပြင်သစ်အသင်းလေ့ကျင့်ခန်းပြုလုပ်နေစဉ် ကင်မရာ တပ်ဆင်ထားသော မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များ ဝေဟင်တွင် တွေ့ရှိခဲ့ရသည့်အတွက် ပြင်သစ်နည်းပြ ဒက်ချမ့်က စုံစမ်းစစ်ဆေးပေး ရန် ဖီဖာသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုလေယာဉ်များကို တွေ့ရှိခဲ့ရသည့်အတွက် ပြင်သစ်အသင်းသည် လေ့ကျင့်ခန်းအစီအစဉ်ကို ပြီးဆုံးသည်အထိ မပြုလုပ်ပဲ ရပ်နားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ဒက်ချမ့်သည် ၎င်းတို့အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာအချက်အလက်များ ပွဲမတိုင်မီပေါ်ထွက် လာမည်ကို စိုးရိမ်လျက်ရှိနေသည်။
ဒက်ချမ့်က “မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်တွေကို ပိုပိုပြီးအသုံးပြုလာကြပါတယ်။ ဒါကို ဖီဖာအနေတဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဒီလိုကျူးကျော်ဝင်ရောက်ပြီး စုံစမ်းထောက်လှမ်းတာမျိုး ထပ်ပြီး မမြင်တွေ့ချင်တော့ပါဘူး။ ဒါပေမယ့် ဒီလိုအချိန်မှာ ဒီလိုကိစ္စမျိုးတွေကို တားဆီးဖို့ဆိုတာ အလွန်ခက်ခဲပါတယ်” ဟု ပြောသည်။
ဒက်ချမ့်၏စွပ်စွဲချက်များနှင့် ပတ်သက်၍ ဟွန်းဒူရပ်စ် သတင်းထောက်ကလည်း ၎င်းတို့ နိုင်ငံအသင်းမှာ ရိုးသားမှုအပြည့် ရှိကြောင်းနှင့် ထိုလုပ်ရပ်ကို ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်
Ref: dailymail
Mizzima Sport News

စီရော်နယ်ဒိုကို တားဆီးရန် အထူးပြင်ဆင်ထားခြင်းမရှိဟု ပိုဒေါလ်စကီး ပြောကြား


အောင်ငြိမ်းသွေး
ဘရာဇီး၊ ဇွန် ၁၅
ပေါ်တူဂီနှင့်ယှဉ်ပြိုင်ရမည့် ပွဲစဉ်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား စီရော်နယ်ဒိုကို တားဆီးနိုင်ရန် အထူးပြင်ဆင် ထားခြင်းမရှိကြောင်း ဂျာမနီအသင်း၏ တိုက်စစ်ကစားသမား ပိုဒေါလ်စကီးက ပြောဆိုလိုက်သည်။
ပေါ်တူဂီအသင်းနှင့် ဂျာမနီအသင်းတို့သည် ယနေ့ည ၁၀ နာရီခွဲတွင် အရီနာဖွန်တီနိုဗာကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ စီရော်နယ်ဒိုသည် မူလက ဒဏ်ရာများဖြင့် ရုန်းကန်နေရသည့်အတွက် ထိုပွဲစဉ်တွင်ပါဝင်နိုင်ရန် သေချာခြင်း မရှိခဲ့သော်လည်း အချိန်မီပြန်လည်သက်သာလာခဲ့သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက အထူးခြေစွမ်းပြခဲ့ပြီး ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက်လည်း ဆွီဒင်နှင့်ဒုတိယအကျော့ Play off ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့်စီရော်နယ်ဒိုသည် ပြိုင်ဘက်များအတွက် အထူးသတိထားရမည့်သူဖြစ်သော်လည်း ဂျာမနီအသင်းက ၎င်းအတွက် အထူးပြင်ဆင်ထားခြင်းမရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ပိုဒေါလ်စကီးက “ကျွန်တော်တို့အသင်းဟာ ပေါ်တူဂီအသင်းနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေတာပါ။ ကစားသမားတစ်ဦးတစ်ယောက် အတွက် လေ့ကျင့်ပြင်ဆင်နေတာ မဟုတ်ပါဘူး။ စီရော်နယ်ဒိုဟာ အလွန်ထူးချွန်တဲ့ကစားသမားပါ။ ကျွန်တော်တို့အတွက် အလွန်အန္တရာယ်ရှိတဲ့ ကစားသမား ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ အသင်းပါ။ ကိုယ့်အသင်းရဲ့ပုံစံအတိုင်းအကောင်းဆုံးကစားနိုင်ခဲ့မယ်ဆိုရင် ဒီပွဲကို အနိုင်ရပါလိမ့်မယ်” ဟု ပြောသည်။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည့် ပိုဒေါလ်စကီးက ပေါ်တူဂီနှင့်ပွဲတွင် စံချိန်တင် ဂိုးရလဒ်ရရှိအောင်ကစားမည်ဟုလည်း ဆိုခဲ့သည်။ “အခုအချိန်မှာ အုပ်စုကနေ တက်ရောက်နိုင်ဖို့ အာရုံစူးစိုက်ထားပါတယ်။ ပေါ်တူဂီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ဒါပေမယ့် ဒီပွဲစဉ်မှာ စံချိန်တင် ဂိုးရလဒ်နဲ့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ” ဟု ပြောသည်။
ထို့အပြင် ၎င်းက ဘရာဇီးနိုင်ငံ၏အပူချိန်ကြောင့် တစ်ပွဲလုံးပြေးလွှားကစားနေရန် မဖြစ်နိုင်သည့်အတွက် ပါးပါးနပ်နပ်ဖြင့် အင်အားကို ချွေတာကစားရန် အသင်းဖော်များအား တိုက်တွန်းခဲ့သည်။
ရည်ညွှန်း ဂိုး
Ref: goal


Mizzima Sport News 

ပြည်သူက သခင် အစိုးရက အစေခံ



ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး စနစ်မှာ ပြည်သူက အရှင်သခင် ဖြစ်တယ် ဆိုတာကို ကျွန်တော် အမြဲ ပြောလေ့ ရှိပါတယ်။ ကျွန်တော်က အဲဒီလိုပြောလေ့ ရှိတိုင်း ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော်ပြောတဲ့ စကားကို သတိထား ပြောသင့်ကြောင်း၊ အန္တရာယ်ရှိကြောင်း သတိပေးလေ့ ရှိပါတယ်။

ကျွန်တော်က တော့ ပြည်သူ ကသခင်၊ အစိုးရက ကျွန် ဆိုတာကို ထပ်ခါ တလဲလဲပဲ အမြဲပြော ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ နိုင်ငံ သမိုင်းကြောင်း ခေတ်အဆက် ဆက်မှာ အုပ်ချုပ်သူ လူတန်းစား က မြန်မာ တစ်ပြည်လုံးကို သူတို့သာ ပိုင် ဆိုင်ပြီး အရှင်သခင်အဖြစ်နဲ့ အမြဲတမ်း လုပ်ခဲ့၊ ဆောင်ရွက်ခဲ့၊ ထင်သလို ခြယ် လှယ်ခဲ့လို့ပါ။ ဟိုအရင် ပဒေ သရာဇ် ခေတ်တုန်းက ဘုရင်ဆိုတာ တိုင်းပြည် ရဲ့ အရှင်သခင်လို့ ယူဆခဲ့ကြပါတယ်။ ဒီမြေ၊ ဒီရေကို ဘုရင်က ပိုင်တယ်။

တိုင်း သူပြည်သားတွေဟာ ဘုရင် ရဲ့ ကျေး ကျွန် ဖြစ်တယ်။ ဘုရင့် အစေခံ၊ အမှုထမ်းတွေ ဖြစ်တယ်။ အဲဒီလို ယူဆခဲ့ကြပါတယ်။ ရှေးယခင် ပဒေသရာဇ် ခေတ်က ဘုရင် တွေဟာ သူတို့က ဒီနိုင်ငံရဲ့ အရှင် သခင် ဖြစ်တယ်။ တိုင်းသူပြည်သားတွေက ဘုရင့်ရဲ့ ကျွန်တွေ ဖြစ်တယ်လို့ သတ် မှတ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့ ခေါ် ဝေါ်သုံးစွဲတဲ့ အခါမှာ ကျေးတော်မျိုး၊ ကျွန်တော် မျိုးလို့ ခေါ် ဝေါ်သုံးစွဲပါတယ်။ ဘုရင်ကို အရှင်သခင် အဖြစ် သတ်မှတ် ပြီး ဒီမြေ၊ ဒီရေ၊ ဒီလေကို ဘုရင်က ပိုင် ဆိုင်တယ်၊ ဘုရင်က ပေးသနားလို့ ဘုရင့် ကျေး ဇူးတွေကြောင့် ငါတို့ကလယ်ယာ တွေကို လုပ်ကိုင် စားသောက်နေ ရတာ၊ ဘုရင်က ခွင့်ပြုထားလို့ ငါတို့တွေက အမှု ထမ်းနေရတာ အစရှိသဖြင့် ဘုရင် ကို ကျေးဇူး တင်ကြပါတယ်။ ဒါဟာ မြန်မာ နိုင်ငံမှာ မကဘူး။

ကမ္ဘာ တစ်ဝန်းလုံး လည်း ဒီသဘော ဒီသဘာဝ မျိုး ဖြစ်ခဲ့ပါ တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဗမာ အသုံးအနှုန်း မှာ ကျွန်တော်၊ ကျွန်မ စသည်ဖြင့် သုံးစွဲနေကြတာပါ။ အခုချိန် ထိ ကျွန်တော်၊ ကျွန်မလို့ သုံးစွဲနေတာ ဟာ ရှေး ပဒေသရာဇ် ဘုရင်တွေခေတ် အ ဆက်ဆက် သုံးစွဲလာတဲ့ အသုံး အနှုန်းဖြစ် ပါတယ်။

မြန်မာပြည် သမိုင်းကိုကြည့်မယ် ဆိုရင် ဒီမိုကရေစီ ထွန်းကားပါတယ် ဆို တဲ့ အင်္ဂလိပ်တွေ မြန်မာပြည်ကို ဝင် ရောက် သိမ်းပိုက် အုပ်ချုပ်တဲ့ အချိန် ကာလတုန်း က လည်း အင်္ဂလိပ် အုပ်ချုပ် သူတွေကို မြန်မာတွေက ”သခင်ကြီး” လို့ခေါ်ရပါတယ် ။မြန်မာတိုင်းရင်းသား တွေကို သူတို့တွေက ”လူကလေး မောင် မင်း”လို့ ခေါ်ပါ တယ်။ ဒါဟာလည်း ဘာ ကိုပြသလဲ ဆိုရင် သူတို့ အုပ်ချုပ်တဲ့ သူ တွေက သခင်တွေ၊ မြန်မာတိုင်းရင်း သားတွေက ကျွန်တွေ အဲဒီလိုမျိုး သဘော ထားခဲ့တာပါ။

ဒါကြောင့်လည်း တို့ဗမာ အစည်းအရုံး လိုမျိုး အသင်း အဖွဲ့မျိုး ပေါ်လာပြီး သခင် မျိုးဟေ့ တို့ဗမာဆိုပြီး ကြွေးကြော် ခဲ့တာပါ။ ဆိုလိုချင်တာ ငါတို့ မြန်မာ တိုင်းရင်းသားတွေက သခင်တွေ ဒီမြေ၊ ဒီရေရဲ့ အရှင် သခင်တွေ။ ဒါကြောင့် မို့ ဒီမြေကို ငါတို့ပိုင်တယ် ဆိုတဲ့ သဘော သက်ရောက်မှုမျိုး နဲ့ ကြွေးကြော်ခဲ့ ကြတာ ပါ။

တက္ကသိုလ် ကျောင်းသားတွေ ရဲ့ အ မျိုးသားရေး လှုပ်ရှားမှုမှ ထပ်ဆင့် အ မျိုးသားရေး စိတ်ဓာတ် ပြင်းထန်လာတဲ့ အခါမှာ မြန်မာပြည်သည် တို့ပြည်၊ မြန် မာစာသည် တို့စာ၊ မြန်မာ စကားသည် တို့စကား အစရှိသဖြင့် မြန်မာ ပြည်သူလူ ထုကို လှုံ့ဆော်တဲ့ ကြွေးကြာ်သံနှင့် အတူ အမျိုးသား စိတ်ဓာတ်၊ အမျိုးသား ကျောင်း များလည်း ပေါ်ပေါက် လာခဲ့ပါ တယ်။

အဲဒီ အမျိုးသား ကျောင်းနှင့်အတူ နောက်ပိုင်း တို့ဗမာ အစည်းအရုံး ဆိုတာ လည်း ပေါ်ပေါက် လာခဲ့ပါတယ်။ တို့ဗမာ အစည်းအရုံး မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေ ရဲ့ နာမည် ရှေ့မှာ သခင် ဆိုပြီး ထည့်သွင်း ဖော်ပြလေ့ ရှိပါတယ်။ ကျွန်တော်တို့ မြန် မာနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ကြီး၊ တိုင်းပြည်ရဲ့ အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း ဟာ သခင်အောင်ဆန်း ဘဝ နဲ့ တို့ဗမာ အစည်းအရုံးရဲ့အတွင်းရေးမှူး ဖြစ်ခဲ့တယ်။

အဲဒီတုန်းက သခင် အောင် ဆန်းတို့၊ သခင်နု တို့၊ သခင်စိုးတို့၊ သခင် သန်းထွန်း တို့ အစ ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ငါတို့ ဗမာတွေဟာ ဒီနိုင်ငံရဲ့ သခင်တွေ ဖြစ်တယ် ဆိုတာမျိုးကို ကြွေးကြော်ဖို့အ တွက် ငါတို့ဟာ သခင်၊ မင်းတို့ ဗြိတိသျှ တွေက ငါတို့ကျွန် ဆိုပြီး အဲဒီလို ကြွေးကြော်ပြီးတော့မှ တို့ဗမာ အစည်းအရုံး ကို ဝင်ရောက် ပြီးတော့ အားကောင်း မောင်းသန် မောင်းနှင် လာခဲ့ကြတာပါ။

အဲဒီလိုမျိုး နဲ့ မြန်မာနိုင်ငံမှာ သခင်အောင် ဆန်း၊ သခင်နု အစရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်လို့ လွတ်လပ်ရေး ရရှိခဲ့ပါ တယ်။ အင်္ဂလိပ် ဆီက လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ကာလ ကို ဆယ်နှစ်လောက် ဖြတ်သန်းခဲ့ ရပါတယ်။

အဲဒီ ဆယ်နှစ်တာ ကာလအတွင်းမှာ တော့ အထိုက် အလျောက် ပြည်သူ့ အုပ်ချုပ်ရေး၊ ပြည်သူတွေက အာဏာ ပိုင်တဲ့ စနစ်တွေ ပေါ်ထွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ဝဲ၊ လက်ယာပြဿ တွေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြဿနာ တွေ၊ Ideology လို့ခေါ်တဲ့ ပြဿနာတွေ၊ တိုင်းရင်း သား ပြဿနာတွေ အများကြီး ပေါ်ပေါက် လာခဲ့ပါတယ်။

အဲ့ဒီပြဿနာ တွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ နိုင်ငံ ရေးသမားတွေ ကြိုးစားနေတဲ့ ကြားက ဗိုလ်ချုပ်ကြီးနေဝင်း ကနေပြီးတော့ မြန် မာနိုင်ငံကို လက်နက် အားကိုးနဲ့ အဓမ္မ အာဏာ ရယူသိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီ အချိန်ကာလက စပြီး မြန်မာနိုင်ငံဟာ စစ်တပ်လက်အောက် ကို ရောက်ရှိ ခဲ့ပါ တယ်။

တဖြည်းဖြည်း နဲ့ ဘယ်လိုဖြစ်လာ သလဲ ဆိုရင် မြန်မာနိုင်ငံ မှာ စစ်တပ်ဗိုလ် ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ် အစရှိတဲ့ ပုဂ္ဂိုလ် တွေဟာ မြန်မာပြည်မှာ လူတန်းစား အလွှာ တစ်ခုဖြစ် လာပါတယ်။ အဲ့ဒီပုဂ္ဂိုလ် တွေဟာ မြန်မာပြည်မှာ အုပ်ချုပ်သူလူ တန်းစား ဖြစ်လာပြီး သူတို့တွေဟာ အ ရှင်သခင်၊ သူတို့သဘောတွေဖြစ် လာ ပါ တယ်။ ပညာရေးနိမ့် ပါးနေတဲ့ မြန်မာ နိုင်ငံမှာ ဒီမြေ ဒီရေ ဒီလေ ပြည်သူတို့ ပိုင်တယ်။

ပြည်သူက အရှင်သခင် ဆိုတဲ့ သဘော သဘာဝကို နှိမ်ကွပ်ပစ်တဲ့၊ နှိမ် နင်းမှု မျိုးစုံပြုလုပ်ပြီး မြန်မာပြည်မှာ စစ် တပ်က အရှင်သခင်၊ ပြည်သူပြည်သား တွေက ကျွန်ဆိုတဲ့ ပုံစံမျိုးနဲ့ မြန်မာနိုင်ငံ ဟာ စစ်တပ် ရဲ့စစ်ပဒေသရာဇ် ခေါ်ရမ လား၊ စစ်အာဏာရှင် စနစ်လို့ခေါ်ရမ လား၊ စစ်တပ်က အလုံးစုံ လွှမ်းမိုးချုပ်ကိုင် ပြီး ထင်သလို ခြယ်လှယ်တဲ့ ကာလ ပေါ် ပေါက်ခဲ့ပါတယ်။

အဲ့ဒီကာလ က ၁၉၆၂ ခုနှစ် ကစပြီး အခု ချိန်ထိပါပဲ။
စစ်အုပ်ချုပ်ရေး စနစ်ကို အပိုင်း ပိုင်းကြည့်မယ် ဆိုရင် ၁၉၆၂ ခုနှစ် ဗိုလ် ချုပ်ကြီးအာဏာ သိမ်းပြီးစ အခြေအနေ တော်လှန်ရေး ကောင်စီခေတ်၊ နောက် ၁၉၇၄ ခုနှစ် က စတင်ခဲ့တဲ့ ဖွဲ့စည်းပုံ အ ခြေခံဥပဒေ၊ ဗိုလ်ချုပ်ကြီး နေဝင်းရေး ဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အတူ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် နောက် ၁၉၈၈ ခုနှစ် နောက်ပိုင်း နဝတ၊ နအဖ ခေတ် စစ်အုပ်ချုပ်ရေး အစရှိသ ဖြင့် ကျွန်တော် တို့ တွေ့နိုင်မှာ ဖြစ်ပါ တယ်။ အဲဒီလို ခေတ် အဆက်ဆက်ကို ကြည့်မယ်ဆိုရင် အဆိုး ဝါးဆုံး အချိန်က တော့ နဝတ၊ နအဖ ခေတ် စစ်အုပ်ချုပ် ရေး ပါပဲ။

အဲဒီမှာ ရှိရှိသမျှ စစ်ဗိုလ်ချုပ် တွေကို အဘလို့ ခေါ်ရပါတယ်။ အဘ လို့ ခေါ်ပြီးတော့မှ အဲဒီ စစ် ဗိုလ်ချုပ်တွေ ဘယ်ပဲသွားသွား ဝန်ထမ်းတွေ အားလုံး က လက်အုပ်ချီပြီး ကြိုဆိုကြ ရပါတယ်။ အဲဒါက ဘာကိုဆိုလို လဲဆိုရင် အဲဒီစစ် ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်တွေ က နိုင်ငံရဲ့အ ရှင်သခင်တွေ ဖြစ်နေပြီး ဘုရင်ကြီးတွေ လို ဖြစ်နေပြီး ကျန်တဲ့ တိုင်းသူပြည်သား တွေ ကျွန်အစေခံတွေ လို ဖြစ်နေပါ တယ်။ ဒါဟာလည်း တမင်တကာ ပုံဖျက် ရိုက်ချိုးထားတဲ့ အခြေအနေ တစ်ရပ်လို့ ကျွန်တော် ရှုမြင် သုံးသပ်ပါတယ်။

ဒါဟာ တကယ်ကို စိတ်မချမ်းသာဖွယ်ရာ အ ချက်ပါ။ ၁၉၉ဝ ရွေးကောက်ပွဲမှာ လူ ထုခေါင်းဆောင်၊ ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တစ်တိုင်းပြည်လုံး ကျွတ် အုန်းအုန်း ကျွက်ကျွက် အနိုင်ရ ခဲ့ပါတယ်။ အဲ့ဒီ အခြေအနေမှာ စစ်အာဏာရှင်တွေ က အာဏာကို ဆက်လက် ကိုင်စွဲလိုတဲ့ အ တွက် အနိုင်ရ ပါတီကို အာဏာလွဲ မပေး ဘဲ အာဏာကို ဆက်လက် ထိန်းသိမ်းထား ပြီး မြန်မာပြည်ကို ဆက်လက် အုပ်ချုပ်ခဲ့ ပါတယ်။ အဲ့ဒီလို အုပ်ချုပ်ရင်း ၁၉၈၈ ခုနှစ် ကနေ ၂ဝ၁ဝ ခုနှစ် ထိအောင် ရောက်ရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ကနေ ၂ဝ၁ဝ ခုနှစ် အတွင်း စစ်အာဏာ သိမ်းအစိုးရဟာ မြန်မာပြည်ကို ထစ်ခနဲ ခြယ်လှယ်၊ မြန်မာပြည် မှာရှိတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေကို သူပိုင် ပစ္စည်းသဖွယ် လက် ညိုးထိုး ရောင်းစားပြီး သူတို့ရဲ့ ကိုယ်ပိုင် ပစ္စည်းအဖြစ်နဲ့ စိတ်တိုင်းကျ ခြယ်လှယ် ခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ တူသလဲ ဆိုရင် အိမ်တစ်အိမ် ကိုဓားပြ ဝင်တိုက်ပြီး အဲ့ဒီ ဓားပြက ထင်တိုင်းရမ်း၊ ထင်တိုင်းကြဲ၊ ထင်တိုင်း လုတဲ့ ပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။

အာဏာ သိမ်းထားတဲ့ စစ်တပ်က ပြည် သူကို ထင်သလိုခြယ် လှယ်နေ တဲ့ ပုံစံ ပြန်ဖြစ်လာပြီး စစ်တပ် ကနိုင်ငံရဲ့အရှင် သခင်ပုံစံမျိုး ဖြစ်လာပါတယ်။ တချို့ တွေက အဲဒီပုံစံကို စစ်အုပ်ချုပ်ရေး လို့ ခေါ်ပေမယ့် ကျွန်တော် ကတော့ စစ် သက်ဦး ဆံပိုင် အုပ်ချုပ်ရေး စနစ်လို့ ပိုပြီး တော့ ခေါ်ချင်ပါတယ်။ ဒါမျိုးနဲ့ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို စိတ်တိုင်းကျ ရေးဆွဲ ပြီး ပြည်သူတွေကို ဓားမိုးပြီး အတည်ပြု စေခဲ့တယ်။

ဒီလို ၂ဝ၁ဝ ရွေးကောက်ပွဲ ကို ပြုလုပ်ခဲ့ပါတယ်။ ၂ဝ၁ဝ ရွေး ကောက်ပွဲ မှာလည်း မဲလိမ်၊ မဲခိုး၊ မဲမသ မာမှုတွေလို့ နာမည်ကြီးတဲ့ ကမ္ဘာမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ အဆိုးရွားဆုံး မဲ ဓားပြ တိုက်မှုတွေလို ပြုလုပ်ပြီးတော့ ပြောင် ပြောင် တင်းတင်း သမ္မတနေရာ၊ လွှတ် တော် ဝန်ကြီးနေရာ ဝင်ယူခဲ့ပါတယ်။ အဲဒီလို ဝင်ယူခဲ့ပြီး မြန် မာပြည် ကို ခေတ် သစ်၊ စနစ်သစ် လို့ ခေါ်ဆိုဖို့ ကြိုးစားခဲ့ ကြပါတယ်။

ဒါပေမဲ့ ပြဿနာတွေ ပြေ လည်မသွားပါဘူး ။နိုင်ငံတကာရဲ့ ရှုတ်ချ မှုတွေ၊ ပြည်သူထုရဲ့ ကဲ့ရဲ့မှုတွေ၊ ရှုတ်ချ မှုတွေကြောင့် နိုင်ငံတကာ ပြည်သူ လူထု ရဲ့တံတွေး ကွက်ကြားမှာ ပက်လက် မျောသွားတဲ့ အစိုးရ လိုဖြစ်ခဲ့ပါတယ်။ အဲဒီ အခြေအနေကို အဖတ်ဆယ်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ပွဲတွေလုပ်၊ ဒေါ်အောင်ဆန်းစုကြည် ကို ကတိတွေပေး၊ ပြည်သူတွေရဲ့ ထောက်ခံ မှု အပြည့် ရထားတဲ့ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ ထောက်ခံမှုတွေကို အသုံးချပြီး တော့ နိုင်ငံတကာရဲ့ထောက်ခံမှုကို ရယူ ဖို့ကြိုးစားခဲ့ပါတယ်။

ကြားဖြတ်ရွေး ကောက်ပွဲကို ၂ဝ၁၂ ခုနှစ် ဧပြီလမှာ ပြု လုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင် တဲ့ ပြည်ခိုင်ဖြိုး ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က အဓိက ယှဉ်ပြိုင်ရာ မှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့တယ်။

အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်ပြိုင်ခွင့်ရှိ တဲ့ နေရာ ဟာ ၄၄ နေရာမှာ ၄၃ နေရာ က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင် ရရှိပါတယ်။ ဆိုလိုချင်တာက ၉ဝ ရာခိုင်နှုန်း အနိုင် ရရှိပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က လွှတ်တော်ထဲကို ဝင်ရောက် လာခဲ့ပါတယ်။ ဒီလိုအခြေအ နေမှာလည်း ပြည်သူတွေ ကြားထဲ နိုင်ငံ ရေး နိုးကြားမှုတွေ၊ နိုင်ငံရေး တက်ကြွမှု တွေ၊နိုင်ငံရေး နဲ့ ပတ်သက် တဲ့ ဆောင် ရွက်မှုတွေ ပိုမို ဖြစ်ထွန်းလာခဲ့ပါတယ်။

ထို့အတူ ဒီမိုကရေစီ အုပ်ချုပ်ရေး၊ ပြည် သူ့အစိုးရ စသည်ဖြင့် ပြောဆိုမှုတွေ ပိုမို များပြားလာခဲ့ပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ တစ် တွေက ဒီမိုကရေစီ အုပ်ချုပ်ရေး ပြည် သူ့အစိုးရဆိုတဲ့ စကားလုံးနဲ့ ပတ်သက် ပြီး ရှင်းလင်းချက်တွေ၊ ပြောဆိုချက်တွေ လည်း ပိုမိုပြောကြား ဖို့ လိုအပ်လာခဲ့ပါ တယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေး ဒီမိုကရေ စီဟာ ဂရိဘာသာ စကားကနေ ဆင်း သက်လာပြီး DEMO= ပြည်သူ၊ KRATOS = အာဏာ ”ပြည်သူ့အာဏာ” ဆိုတဲ့ အဓိပ္ပာယ် ပေါက်ပါတယ်။ ဒါကို ပြည်သူ့ အာဏာ သို့မဟုတ် ပြည်သူ့ အုပ်ချုပ်ရေး စနစ်လို့ အဓိပ္ပာယ် ဖွင့်ပြတာပါ။

ပြည်သူ့ အုပ်ချုပ်ရေးရဲ့ အဓိပ္ပာယ် အမှန်က ပြည် သူ့စိတ်တိုင်းကျ ကိုယ်စားလှယ် တွေက တိုင်းပြည်ကို စီမံမယ် ဆိုတဲ့ အဓိပ္ပာယ် ပါ။ တကယ်တမ်း ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ်ရေး ဆိုတာ အယူအဆ သစ် မ ဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဘီစီ ၃ဝဝဝခန့်က အေသင်မြို့ပြနိုင်ငံတော် မှာ စတင် ကျင့်သုံး ပြီးသားပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝဝဝ၊ ၄ဝဝဝ ခန့် လို့ပြောမယ် ဆိုရင် အခုအချိန်က ပြန်ပြီး ရေတွက်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ၊ ၆ဝဝဝ ခန့် ကတည်းက တည်ရှိပြီးသား အယူ အဆ ပါ။

အဲဒီ အယူအဆကို ပြန်ပြီးတော့ အ သက်သွင်း လာကြပါတယ်။ အဲဒီ အယူအ ဆရဲ့အဓိက အချက်ကတော့ ပြည်သူ့ဆီ က အာဏာ လာတယ် ပြည်သူတွေက အာဏာ အရှင်သခင် ဖြစ်တယ်။ အစိုးရ ဆိုတာ က ပြည်သူ့ရဲ့ အစေခံ ဝန်ထမ်းပဲ ဖြစ်တယ် ဆိုတာကို ထောက်ပြတာပါ။ အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ယောက် မြောက် သမ္မတဖြစ်တဲ့ အေဗရာဟန်လင် ကွန်းရဲ့ နာမည် အကြီးဆုံး မိန့်ခွန်းကို ကိုးကားပြီး ပြောမယ်ဆိုရင် Government By The People For The People Of The People ပြည်သူ့ အစိုးရ၊ ပြည်သူ့ အတွက် အစိုးရ၊ ပြည်သူတွေရဲ့ အစိုးရ လို့ဘာသာပြန် လို့ရပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့ စဉ်အခါက မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီးတွေက လွတ်လပ်ရေး ကြေ ညာ စာတမ်းကို ရေးဆွဲခဲ့ပါတယ်။ လွတ် လပ်ရေး ကြေညာ စာတမ်း စာပိုဒ် ၅ မှာ အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။ ”ငါတို့နိုင်ငံ တော်ကြီးသည် မည်သူတစ် ဦး တစ်ယောက် တစ်ဖွဲ့ တစ်သင်း၏ အ မွေ အနှစ် မဟုတ်၊ မည်သူတစ်ဦး တစ် ယောက်၏ တစ်ဖွဲ့ တစ်သင်း၏ ပုဂ္ဂလိက ပိုင် ပစ္စည်းမဟုတ်၊

မည်သူ တစ်ဦးတစ် ယောက် တစ်ဖွဲ့ တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုး ခံစားအပ်သော နိုင်ငံ မဟုတ်၊ အတိတ် ကာလကလည်း ကောင်း၊ ယခုမျက်မှောက်တွင် လည်း ကောင်း ၊နောင်လာ လတ္တံသော အနာ ဂတ်ကာလ၌ လည်းကောင ငါတို့ ပြည် ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင် ကြသော ကြီးငယ်ဝေး နီးကား မခြား၊ သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ တို့၏ အမွေအနှစ် အပိုင် ပစ္စည်း အကျိုး ခံစား ရာ ဖြစ်သည်” ဟု ဖော်ပြ ထားပါ တယ်။

အဲဒီ လွတ်လပ်ရေး ကြေညာစာ တမ်းကို ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံကို ပြည်သူ လူထုက ပိုင်ဆိုင်တယ်။ မြန်မာ နိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူ လူထုတွေ ရဲ့ အပိုင် ပစ္စည်း၊ ပြည်သူလူထု တွေရဲ့ အပိုင်၊ ဒီမြေ၊ ဒီရေရဲ့ အရှင် သခင် ဖြစ်တာကို ဖော်ပြထား တာတွေ့ရပါတယ်။ မည်သည့်နိုင်ငံမှာ မဆို၊ မည်သည့် လုပ် ငန်းမှာ မဆို၊ မည်သည့် အဖွဲ့အစည်း မှာ မဆို အဲ့ဒီနိုင်ငံ၊ အဲဒီ လုပ်ငန်း၊ အဲဒီအဖွဲ့ အစည်းကို စီမံခန့်ခွဲဖို့ အတွက် ဝန်ထမ်း တွေ ငှားရလေ့ ရှိပါတယ်။

အိမ်တစ်အိမ် မှာ ဆိုရင်လည်းပဲ အိမ်တစ်အိမ် ကို စီမံခန့် ခွဲဖို့၊ ကုမ္ပဏီတစ်ခု မှာဆိုရင်လည်း ကုမ္ပဏီ ကို စီမံခန့်ခွဲဖို့၊ လုပ်ငန်း တစ်ခုမှာဆိုရင် လည်း လုပ်ငန်း တစ်ခုမှာ စီမံခန့်ခွဲဖို့ ဝန် ထမ်းတွေ ထား ရှိရလေ့ ရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာ ဆိုရင်လည်းပဲ အဲဒီနိုင်ငံကို စီမံခန့်ခွဲဖို့ အတွက် ဝန်ထမ်းတွေ ထားရှိ ရပါတယ်။ အဲဒီ ဝန်ထမ်းတွေ ကတော့ အစိုးရ အဖွဲ့ပါပဲ။ အဲဒီ အစိုးရ အဖွဲ့ ဆိုတာက ပြည်သူတွေရဲ့ ဝန်ထမ်းပါပဲ။ ပြည်သူတွေ ဆိုတာ အစိုးရရဲ့ အလုပ်ရှင် တွေပါပဲ။

ဒါကြောင့်မို့ စကားကို ရှင်းရှင်း နဲ့ ပြတ်ပြတ်ပြော ရမယ် ဆိုရင် ပြည်သူက အရှင်သခင် အစိုးရက ကျွန်လို့ ကျွန် တော်က ပြောတာပါ။ ဒီစကားကို ဘာ ကြောင့်ပြတ်ပြတ် နဲ့ပြောရသလဲ ဆိုရင် တစ်ခါတုန်းက ကျွန်တော့် မိတ်ဆွေ တစ် ယောက်ကသူ့ရဲ့မိတ်ဆွေ ကဝန်ကြီးတစ်ပါး ဖြစ်ခဲ့တယ်လို့ ကျွန်တော့်ကို ပြောပါ တယ်။ ကျွန်တော်က သူ့ကိုပြန်မေးခဲ့ပါ တယ်။

ဝန်ကြီး တစ်ပါးလား၊ ဘုန်းကြီး တစ်ပါး လားလို့ မေးခဲ့ပါတယ်။ သူက ဝန်ကြီး တစ်ပါးလို့ ကျွန်တော့် ကိုပြန်ဖြေ ပါတယ်။ ကျွန်တော်က သူ့ကို ပြန်ပြော လိုက်ပါတယ်။ တစ်ပါး ဆိုတာက မြင့်မြတ်တဲ့ သူတွေ ကိုပြောတာပါ။ အကယ်၍ ကိုယ့်ထက် နိမ့်ကျတဲ့လူ ဆိုရင် တစ်ပါးလို့ မပြောပါဘူး။ ဝန်ကြီး ဆိုတာက ပြည်သူ တွေရဲ့ဝန်ထမ်းဖြစ်တဲ့ ပြည်သူ့ ရဲ့အစေခံ ဖြစ်တယ်။

ဒါကြောင့်မို့လို့ ဝန်ကြီး တစ်ယောက်လို့ ပြောချင်ပြော ဒါမှမဟုတ် ပြည်သူတွေထက် နိမ့်ကျတဲ့အတွက် တစ်ကောင်လို့ ပြောချင်ပြော အဲဒီလို သူ့ကိုပြော ဖို့ ပြန်ပြော လိုက်ပါတယ်။ အဲဒီ အခါမှာ သူက ကျွန်တော့်ကို အဲဒီလို မပြောပါနဲ့ကွာ။ ငါတို့တစ်တွေ အဖမ်းခံ နေရဦးမယ် လို့ပြောပါတယ်။ အခုအချိန် ထိပြည်သူတွေ ကြားထဲမှာ အကြောက် တရားတွေ လွှမ်းမိုးနေဆဲပါ။

ရန်ကုန်မြို့ နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ မြို့ထဲ ရွာထဲကို အ ဆောင် အယောင်တွေနဲ့ ဝင်လာ မယ်။ ရွှေတွေ ငွေတွေနဲ့ ဝင်လာမယ် ဆိုလို့ရှိ ရင် ရွာသူ ရွာသားတွေက အမြဲတမ်း ငါတို့ထက် ကြီးမြတ်တဲ့ သူတွေပဲလို့ ထင် မြင်ယူဆကြပါတယ်။ အဲဒီအခါမှာ အာ ဏာပိုင်တွေ အနေနဲ့ သူတို့က အာဏာ ကို အလွဲသုံးစား ပြုလေ့ ရှိပါတယ်။ ဒါက မြန်မာပြည်မှာ ဖြစ်လေ့ ရှိတဲ့သဘာဝပါ။

တိုင်းသူပြည်သားတွေ တိုင်းရင်း သား တွေရဲ့ ပညာရေးချို့တဲ့မှု၊ ဒါ့အပြင်အစဉ် အဆက်က ဖိနှိပ်ခံခဲ့ရတော့ နင်းပြားဘဝ ရောက်ရှိနေမှု၊ ကိုယ့်ကိုယ်ကို ဒီနိုင်ငံရဲ့ အရှင်သခင် ဖြစ်တယ် ဆိုတာ မသိမှုတွေ ကြောင့် အဲဒီလို ဖြစ်တာပါ။ တကယ်ကျ တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့တွေ၊ ထို့အပြင် သမ္မတနဲ့ အစိုးရ အဖွဲ့တွေဆိုတာ တိုင်းပြည် ရဲ့ဝန်းထမ်းတွေပါ၊ ပြည်သူတွေရဲ့ ဝန် ထမ်း အစေခံတွေပါ။

တကယ်တမ်း အဲဒီ လိုမျိုးကို သိသာအောင် လို့ ကျွန်တော် တို့က အခေါ်အဝေါ် အသုံးအစွဲ ကို ပြု ပြင်ရမယ်လို့ ထင်ပါတယ်။ ဥပမာအား ဖြင့် ”ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆိုတဲ့ စကားက ဘာကိုပြနေသလဲ ဆိုရင် ဒီရပ် ကွက်ထဲက လူတွေကို ဒီလူပုဂ္ဂိုလ်က အုပ်ချုပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ရှိပါ တယ်။

ဒီထက် ပိုပြီးတော့ ကောင်းမွန်တဲ့ စကားလုံးကို ရှာရပါမယ်။ ဥပမာ အားဖြင့် ရပ်ကွက်ရေးရာ စီမံခန့်ခွဲသူ၊ မြို့နယ်ရေးရာ စီမံခန့်ခွဲသူ အစရှိသဖြင့် ခရိုင်ရေးရာ စီမံခန့်ခွဲသူ၊ တိုင်းရေးရာ စီမံခန့်ခွဲသူ၊ နိုင်ငံရေးရာ စီမံခန့်ခွဲသူ အစရှိသဖြင့် သုံးရင် အဆင်ပြေပါလိမ့် မည်။

အဲဒါမှ မဟုတ်ဘဲနဲ့ တကယ့်ကို အပြောင်းအလဲ လိုချင်တယ်။ ပြည်သူတွေ ရဲ့စိတ်ထဲမှာ ငါတို့တွေဟာ အရှင်သခင် တွေဖြစ်တယ်။ ဒီလူတွေဟာ ငါတို့တွေရဲ့ ဝန်ထမ်းတွေပဲ။ ငါတို့တွေရဲ့ အစေခံတွေ ပဲဆိုတာကို ပိုပြီးတော့ သိစေချင်တယ်။

ဒီမိုကရေစီ စနစ်ကို ပိုပြီးတော့ ပီပြင် လာစေချင်တယ် ဆိုပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး လို့ ခေါ်မယ့် အစား ရပ်ကွက် အစေခံကျွန်၊ မြို့နယ် အုပ်ချုပ် ရေးမှူး လို့ခေါ်မယ့် အစား မြို့နယ်အစေခံ ကျွန်၊ ခရိုင် အုပ်ချုပ်ရေးမှူး လို့ခေါ်မယ့် အစား ခရိုင် အစေခံကျွန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်လို့ ခေါ်မယ့် အစား ပြည်နယ်နှင့် တိုင်းဒေသကြီးရဲ့ အစေခံကျွန် အဖွဲ့ ခေါင်းဆောင် နိုင်ငံ တော် သမ္မတ လို့ ခေါ်မယ့် အစား နိုင်ငံ တော် သမ္မတ လို့မခေါ်ဆိုဘဲ နိုင်ငံတော် ကျွန်အစေခံ အဖွဲ့ခေါင်းဆောင် အစရှိ သဖြင့် ခေါ်ဝေါ် သုံးစွဲသင့်ပါတယ်။ ထို့ ပြင် နိုင်ငံတော် အစိုးရ အဖွဲ့လို့ ခေါ် မယ့် အစားနိုင်ငံတော် ကျွန်အစေ ခံအဖွဲ့ အစရှိသဖြင့် ခေါ်ဝေါ်သင့်ပါတယ်။

အဲဒီလို ပုံစံမျိုးကို အမေရိကန် ပြည်ထောင်စုမှာ တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဝန်ကြီး ဆိုတဲ့ အသုံးအနှုန်းကို မသုံးပါဘူး။ ဝန်ကြီး ဆိုတဲ့အစား Secretary ခေါ်တဲ့ အတွင်း ရေးမှူး ဆိုတဲ့ အသုံးအနှုန်းကို သုံးပါ တယ်။

Minister ဆိုတဲ့ ဝန်ကြီး ဆိုတဲ့ အသုံးအနှုန်းဟာ ထီးနန်း၊ နတ်နန်း ဆန်နေပါတယ်။ ဝန်ကြီး ဆိုတာက တစ် ချိန်တုန်းက ပဒေသရာဇ်ခေတ် က ထီးနန်း သဘာဝအရ ပေါ်လာတဲ့ အသုံးအ နှုန်း မို့လို့ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင် Secretary of State နိုင်ငံခြား ရေး ဝန်ကြီးလို့ ဘာသာပြန် ရမှာပါ။

Secretary of State တိုက်ရိုက်ဘာ သာပြန်ရမယ် ဆိုရင်တော့ နိုင်ငံရေး ဆိုင် ရာအတွင်းရေးမှူး လို့ ဘာသာပြန် ရမှာ ပါ။ ဥပမာ Secretary of Defence ကာကွယ်ရေး ဆိုင်ရာ အတွင်းရေးမှူး မြန်မာပြည် မှာတော့ ကာကွယ်ရေးဝန် ကြီးလို့ ခေါ်ပါတယ်။ အစရှိသဖြင့် အ မေရိ ကန်ပြည်ထောင်စုမှာ ဆိုရင် ဝန်ကြီး ဆိုတဲ့ အသုံးအနှုန်း Minister ဆိုတဲ့ အသုံးအနှုန်း ကို မသုံးပါဘူး။

ဒါက ဘာ ကိုပြနေလဲ ဆိုရင် အမေရိကန်ပြည် ထောင်စုမှာ အသုံးအနှုန်း ကအစ ဂရု စိုက်တယ် ဆိုတဲ့သဘောကို ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ကလည်းပဲ ဒီမိုကရေစီ ပြည်သူ့ အုပ်ချုပ် ရေးစနစ်ကို ပီပြင်စေလို့ ရှိရင် ကျွန်တော် တို့တွေက နေ့စဉ် အသုံး အနှုန်းတွေက အစ ဂရုစိုက် ရတာဖြစ်ပါတယ်။ ပြည်သူ တွေက သခင်ဖြစ်တယ်။

အစိုးရက အစေခံဖြစ်တယ်ဆိုတဲ့ သဘော သဘာဝ ကို ပီပြင်စေဖို့ အတွက် အဲဒါတွေကို ဂရု စိုက်နိုင်မယ်ဆိုလို့ ရှိရင် ပြည်သူတွေကြား ထဲမှာ ပိုမို စိတ်အား တက်ကြွမှုတွေ ဖြစ် လာနိုင်ပါတယ်။ ပြည်သူတွေက ငါတို့ တွေဟာ သခင်ပဲ ဆိုတာကို သိမြင်ပြီး တော့ ရဲရဲတင်းတင်း ကိုပြောနိုင်ရမှာ ဖြစ်သလို အုပ်ချုပ်ရေးမှူး၊ ဝန်ကြီး၊ သမ္မတ စတဲ့ ပုဂ္ဂိုလ်တွေက လည်း နေ့ စဉ် ဖော်ပြ မှုတွေ ခေါ်ဝေါ် သုံးစွဲမှုတွေအရ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်မနေဘဲ ငါတို့ တွေက ဒီနိုင်ငံရဲ့ အစေခံတွေပါလား ဆို တာကို အမြဲ အမှတ်ရနေမှာပါ။

ဒါ ကြောင့်မို့လို့ ကျွန်တော် တို့တွေ အနေနဲ့ လက်ရှိ ခေါ်ဝေါ်နေတဲ့ အသုံးအစွဲတွေ သမ္မတ ဝန်ကြီး အစရှိတဲ့ အသုံးအစွဲတွေ ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူးတွေ အစား အစေခံကျွန် ဆိုတဲ့ အသုံး အစွဲကို ခေါ် ဝေါ်သုံးစွဲခြင်း အားဖြင့် ဒီမိုကရေစီ စနစ် ကို ပိုမို ပီပြင်လာစေရန် အတွက် နိစ္စဓူဝ ဘဝတွေမှာ ဒီမိုကရေစီ စနစ်ကို ပိုမိုပီ ပြင်လာစေရန် အ တွက် ပြုလုပ် သင့်ပါ ကြောင်း အလေးအနက် တိုက်တွန်းလိုပါ တယ်။

မျိုးရန်နောင်သိန်း
Popular Myanmar News Journal

ရန်ကုန်မြို့တွင် အာဟာရ ပြတ်လပ်သော ရောဂါခံစား နေရသည့် စွန့်ပစ် လူနာ နေ့စဉ် (၅)ဦးခန့် အထိ ရှိနေ




ရန်ကုန်မြို့တွင် အာဟာရ ပြတ်လပ်သော ရောဂါခံစားနေ ရသည့် သက်ကြီး စွန့်ပစ်လူနာမှာ နေ့စဉ် ငါးဦးခန့် အထိရှိ နေကြောင်း အဆိုပါ လမ်းဘေး လူနာ များကို တာဝန်ယူ၍ ဆေးရုံသို့ ပို့ဆောင်ပေး နေသော သွေးမေတ္တာ ပရဟိတ သွေး အလှူရှင် အသင်းမှ ဥက္ကဋ္ဌ ဦးမြတ်ကျော်က The Messenger သတင်းစာသို့ ပြောသည်။
အဆိုပါ လူနာများကို ၎င်း တို့၏ ဆွေမျိုး သားသမီးများက စွန့်ပစ်ထားကြခြင်း ဖြစ်ပြီး အများစုမှာ အသက် (၅၀) မှ (၆၀) အတွင်း ရှိသူ များဖြစ်ကြောင်း သိရသည်။ နေ့တိုင်း ငါးယောက်၊ ခြောက်ယောက်လောက် ပုံမှန် ဆက်သွယ်တယ်။ ကျွန်တော်တို့ဘက် ကတော့ ဆေးရုံကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ ပို့ပေးနိုင်တယ် ဟု ၎င်း က ပြောသည်။

ယင်းကဲ့သို့ ဆေးရုံသို့ ပို့ဆောင်ရာတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း ဖြစ်ပြီး ဆေးကုသမှု ကုန်ကျ စရိတ်ကို နိုင်ငံတော် က ကျခံလေ့ ရှိကြောင်း သိရသည်။ အကယ်၍ အဆိုပါ လူနာသည် မိမိ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ပြုလုပ်နိုင်ပါက ဆေးရုံက လူနာစောင့် အဖြစ် တာဝန်ယူပြီး လူနာ၏ ရောဂါအခြေ နေဆိုးရွား ပါက အဆိုပါ ပရဟိတအသင်းမှ တာဝန်ယူ စောင့်ရှောက် ပေးကြောင်း သိရသည်။

ကျွန်တော် တို့ကို လမ်းဘေးမှာ စွန့်ပစ်လူနာ ရှိတယ်လို့ ဆက်သွယ် လာတိုင်း ဆေးရုံ ပို့ပေးတာ မဟုတ်ဘူး။ ကာယကံရှင်က အမှန် တကယ် ဆေးရုံတက်ချင်မှ ပို့ဆောင်ပေးတာပါ။ ဆေးရုံမှာ သက်သာသွားပြီး နောက်ပြန်စရာ နေရာလည်း မရှိတဲ့သူတွေ ဆိုရင်တော့ သန်လျင်မှာ ရှိတဲ့ သဘာဝ တရား ရိပ်သာကို ပို့ဆောင်ပေးတယ် ဟု အဆိုပါ အသင်း အတွင်းရေးမှူး ဦးဝင်းအောင် က ပြောသည်။

ယင်းကဲ့သို့ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော လူနာများကို တွေ့ရှိပါက သွေးမေတ္တာ ပရဟိတ အသင်းသို့ ဆက်သွယ်နိုင်ပြီး ဖုန်း ၀၉-၃၁၄၃၃၉၁၇ သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း သိရသည်။ အဆိုပါ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော လူနာများသည် မိသားစု စီးပွားရေး မပြေလည်သောသူများ ဖြစ်ကြပြီး မိမိ နေအိမ်ကို ပြန်ရန်ပင် မမှတ်မိကြသူ များလည်း ရှိသည်။ အများစုမှာ ဈေးများ၊ ဘူတာရုံ များနှင့် ကားဂိတ်များတွင် စွန့်ပစ်ခံရမှု ပိုမို များပြားကြောင်း သိရသည်။

Messenger News Journal

လူရွှင်တော်၊ သရုပ်ဆောင်ဒါရိုက်တာ ကုသိုလ်ကွယ်လွန်



လူရွှင်တော်၊ သရုပ်ဆောင်ကုသိုလ်သည် ဇွန်လ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဖြင့် ကွန်လွယ်သွားကြောင်း သတင်းရရှိသည်။

ဦးကုသိုလ်ရုပ်အလောင်းကို နာရေးကူညီမှုအသင်းက ယနေ့ညနေပိုင်းတွင် ဆေးရုံ၌ သွားသယ်ကာ ရေခဲတိုက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေက အတည်ပြုပြောကြားသည်။



7Day Daily

အင်္ဂလန်အသင်းဟာ ပွဲဦးထွက်မှာ အီတလီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့နောက်ပိုင်း ရှေ့တန်းတိုက်စစ်မှူး ၀ိန်းရွန်းနီအပေါ် ဝေဖန်ပြောဆိုမှုတွေ ပိုပြီးတိုးပွားလာပါတယ်။




ရွန်နီဟာ ရှေ့တန်းတိုက်စစ် ဘယ်ဘက်ခြမ်း နေရာသစ်အတွက် ရုန်းကန်နေရပြီး ခြေစွမ်း မပြနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် နည်းပြဟော့ဒ်ဆန်ကတော့ ရွန်နီဟာ စတာရစ်ခ်ျရဲ့ ခြေပဂိုးအတွက် အကွက်ဆင်ပေးနိုင်ခဲ့ပြီး သူဟာနေရာစုံမှာ ကစားနိုင်တယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။

အလားတူ အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာလည်း ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ ဝေဖန် ပြောဆိုမှုတွေ တိုးပွားနေပေမယ့် အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ့် ခြေစွမ်းပြနိုင်ခဲ့တယ် ခြေစွမ်းတက်လာဖို့ ရှိသေးတယ်လို့ ချေပပြောဆိုပါတယ်။ ဒါ့အပြင် ဘောလုံးကွင်းဟာ ကပ်စီးစီးဖြစ်နေပြီး ချော်နေတဲ့အကြောင်းနဲ့ အပူချိန်မြင့်နေတယ်လို့လည်း ပြောပါတယ်။

DVB Burmese

ဝှိုင်း (why)မလာရဆိုတဲ့ ဘလိုင်း (blind)ပဓာနနယ်မြေ



(တစ်)
တစ်ချက်လည်းမဟုတ်။ နှစ်ချက်လည်းမဟုတ်။ သုံးချက်တိ တိကြီးများတောင်မှခင်ဗျ။ ဘုတ်.. ဘုတ်.. ဘုတ်တဲ့။ဟုတ်ပ။ မိုးဦးလေဦး မုတ် သုံလေမြူးတူးလိုက်လို့ပေလား မပြောတတ်။ မန္တလေးရင်ကွဲ သရက်ပင်ကြီးပေါ်ကနေ မိုးပေါက်ကလေးတွေခိုနေတဲ့ သရက်သီးမှည့်သုံးလုံးမြေကြီးပေါ် ဆင့်ကဲဆင့်ကဲ  ပြုတ်ကျလာလိုက်တာ များမဆွက ပြောခဲ့တဲ့အတိုင်းပါပဲ ဘုတ်ဘုတ်ဘုတ်တဲ့။ သြော်.. စုံနံ့ သာမြိုင်မှာဖြင့် မိုးရဲ့ရနံ့ သင်းပျံ့ စပြုခဲ့ပါလေပြီ။

‘‘အဆွေမြေခွေး.. သရက် သီးတွေ ဘယ့်နှာကြောင့်.. မြေ ကြီးပေါ်ပြုတ်ကျရသတုံးဗျာရဲ့’’

 မိုးအေးအေးမှာ ဖားသား ချဉ်စပ်ကလေးနဲ့ ဝီစကီအကောင်း စားကလေးနဲ့ မြေခွေးရဲ့ ဂူပေါက် ဝက ကျွန်းသားငုတ်တိုစားပွဲကြီး မှာထိုင်ရင်း တောင်ပြောမြောက် ပြော စကားကောင်းနေခဲ့ကြတုန်း အခိုက် မလှမ်းမကမ်းက မန္တလေး ရင်ကွဲသရက်ပင်ကြီးအပေါ်ကနေ သရက်သီးမှည့်သုံးလုံးဆက်တိုက် ဆိုသလို  ကြွေကြွေပြီးကျလာ လိုက်တာ။  ဘုတ်.. ဘုတ်.. ဘုတ်.. တဲ့။ တောရဲ့ဧည့်သည် ဆရာကြီးဂျက်ဘယ့်နှာမှမနေနိုင်တော့ တာ ကြောင့်တောရဲ့ဦးသျှောင်မြေခွေး မောင်ကို မေးခွန်းကလေးမေးကြည့်မိခဲ့လိုက်တာပါ။ ဟုတ် တယ်လေ။သရက်သီးတွေ ဘာကြောင့်မြေကြီးပေါ်ပြုတ်ကျ။

‘‘ဟာဗျာ.. အာစရိဂျက်က လည်း ငါမသိခက်ချေရော့မယ် လေးလို့ ပြုတ်ကျတာပေါ့ဗျ’’

မြေခွေးရဲ့အဖြေကိုကြားပြီး ခွက်ထိုးခွက်လန် ရယ်နေမိတဲ့ ဂျက်ကို ရယ်သံဆုံးတဲ့အထိ မြေ ခွေးကကြည့်နေခဲ့တာခင်ဗျ။ ပြီး တော့မှ ဂျက်ကိုမေးခွန်းထုတ်တာ ပါ။ စာတတ်ပေတတ်ဆိုပြီး မလှောင်ပါနဲ့တဲ့။  တိရစ္ဆာန်တွေမို့ အသိဉာဏ်ချို့တဲ့ပါတယ်တဲ့။ ဘာကြောင့် ပြုတ်ကျရသလဲရှင်းပါတဲ့။

အဲသမှာ ဂျက်လည်း အကွက်ကလေးနည်းနည်းဆိုက်လာတာနဲ့ ဆာအိုက်ဇက်နယူတန် (sir iSAAC Newton)ဆိုတဲ့ ဗြိတိသျှသိပ္ပံပညာရှင်တစ်ယောက်ရှိခဲ့ ဖူးတဲ့အကြောင်း၊ အရာဝတ္ထုတွေ အောက်ကို ပြုတ်ကျတာဟာ ဘာကြောင့်လို့ စေ့ငုတွေးဆခဲ့တဲ့ အကြောင်း၊ သို့နှင့် ကမ္ဘာမြေကြီးမှာ ဆွဲအားရှိတယ်လို့ ဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်း၊  ကမ္ဘာ့ဆွဲအား ကနေ လွတ်သောအခါ အရာဝတ္ထု တို့ မြေသို့မကျတော့ကြောင်းဆိုတာတွေကို ဖတ်ထားသမျှ၊ မှတ်ထားသမျှ ပြောထည့်ချလိုက်တာ မြေခွေးမင်းငြိမ်ကျသွားသဗျ။ ဘာကြောင့်.. ဘာကြောင့်.. ဘာ ကြောင့်လို့ဆိုပြီး တွတ်တွတ်တွတ် တွတ်နဲ့ကို ရွတ်နေခဲ့ပါသေးတယ်။ပြီးမှ..

‘‘လူတွေဟာ.. ဘာကြောင့် လို့စဉ်းစားကြတယ်နော်’’ တဲ့။

‘‘ဘာကြောင့်ဟာ.. လူ့လော ကရဲ့အသက်ပဲ ကိုမြေခွေးရဲ့.. ဘာကြောင့် နေ့နဲ့ညဖြစ်တာလဲ..ဘာကြောင့် ပင်လယ်ရေငန်တာ လဲ.. ဘာကြောင့် ဂျပန်တွေအရပ် ရှည်လာတာလဲ.. ဘာကြောင့် ညအခါ သစ်ပင်အောက်မှာ အသက်ရှူကျပ်တာလဲ.. ဘာကြောင့် သီပေါမင်းပါတော်မူတာလဲ.. ဘာကြောင့် ဘီလ်ဂိတ်ချမ်းသာတာလဲ.. ဘာကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာလဲ.. အကျိုးနဲ့အကြောင်း ဆက်စပ်တွေးခေါ်သမှုပြုရပါတယ်အဆွေ.. ဘာကြောင့်ဆိုတာကို အလေးထား.. ဘာကြောင့်ဆိုတာကို အဖြေရှာနိုင်ပါသဖြင့် ဆောင်ရန်၊ ရှောင်ရန်ကလေးတို့.. ပေါ်ပေါက်လာကြကာ.. လူသားတို့တိုးတက်လာကြရကြောင်းပါ’’

သို့ကလို ထို့လိုနဲ့ ကျွန်ုပ်ဂျက် ကွမ်းခြံကုန်းက ရှည်ရှည်လျား လျား ထွေထွေပြားပြား ရှင်းပြ လိုက်လေသောအခါ မြေခွေးမင်း တလေးတစားနဲ့ အတွေးပွားသွား ပုံရပါတယ်။

‘‘စုံနံ့သာမြိုင်အတွင်း၌ ဘာ ကြောင့်ကို ရှင်သန်ကြီးထွားအောင်လုပ်ဆောင်ကြစေ’’ဟူသတတ်’’

(နှစ်)

ပေါက်ပင်ပေါက်ပင်

ရွှေပေါက်ပင်

ပေါက်ပင်ဘာလို့ကိုင်း

ရတယ်။

ဗျိုင်းနားလို့ကိုင်းရတယ်။

ဗျိုင်းဘာလို့နားရတယ်။

ငါးပေါ်လို့နားရတယ်။

ငါးဘာလို့ပေါ်ရတယ်။

ကျွဲလူးလို့ပေါ်ရတယ်။

ကျွဲဘာလို့လူးရတယ်။

ဖြုတ်ကိုက်လို့လူးရတယ်။

ဖြုတ်ဘာလို့ကိုက်ရတယ်။

မိုးရွာလို့ကိုက်ရတယ်။

မိုးဘာလို့ရွာရတယ်။

ဖားအော်လို့ရွာရတယ်။

ဖားဘာလို့အော်ရတယ်။

မြွေကိုက်လို့အော်ရတယ်။

မြွေဘာလို့ကိုက်ရတယ်။

ငါ့ဝမ်းပူစာ

မနေသာလို့ကိုက်ရတယ်။

အဲသဟာ မြေခွေးကလိုချင် တယ်ဆိုတာနဲ့ ကျွန်ုပ်ဂျက်ကွမ်းခြံ ကုန်းကူးပေးလိုက်တဲ့ ကဗျာ ကလေးပါ။ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုပြစမ်းပါလို့ တောင်းဆို သမှုပြုလာတဲ့အတွက် နှစ်ခေါက် တောင်မှ ရွတ်ပြခဲ့ရပါသေး။

‘‘ဒါဟာ.. Reasoning P-ower ပဲ ဆရာကြီးဂျက်ရဲ့ ကျုပ်သဘောပေါက်သွားပြီ။ ဘာကြောင့်ဆိုတာကို အဖြေရှာကြတာပါကလား။ စုံနံ့သာမြိုင်မှာလည်း အဖြေဆိုတာ ရှိရပေမှာပ’’

တောရဲ့ဦးသျှောင်မြေခွေး မောင်ကြီး အနို့နှယ်တက်ကြွလို့ နေလေတာမို့ တစ်နေ့သားမှာဖြင့် ကျွန်ုပ်က ဘာကြောင့်ကိစ္စကလေး စကားဆက်မိလေသဗျ။

‘‘အနို့.. အဆွေမြေခွေး ခင် ဗျားရဲ့ ရောင်းရင်းအကောင် ဘလောင်တချို့အကြောင်းမေးပါရစေ။ ဥပမာ ကျားဗျာ.. ကျားကို ခင်ဗျားလခပေးထားတာ တစ်ရက်ကို အသားငါးပိဿာနှုန်းနော်.. ဟုတ်ပြီ.. အဲသဟာဆို တစ်လမှ အသားပိဿာချိန် ၁၅၀ လောက်ရတဲ့ကျားက ဘာကြောင့် စုံနံ့သာမြိုင်တောထဲမှာ.. ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးသုံးလုံး ပိုင်ဆိုင်နေရတာတဲ့တုံးဗျာ’’

    မြေခွေး ယင်း၊ ၎င်း၊ ဘာကြောင့်ကို အဖြေရကျပ်သွားပုံရသဗျ။ နှာခေါင်းကို ပွစိပွစိလုပ်နေရုံကလွဲပြီး ဘာမှပြန်မဖြေတော့ဘူး။

 ‘‘ကဲ.. နောက်ထပ် ဘာ့ ကြောင့်တစ်ခု ဆက်လိုက်ဦး မယ်.. ခင်ဗျားရဲ့ လက်ရုံးကြီး.. ဆင်။ ဆင်ကို ခင်ဗျားခွင့်ပြုထားတာ တစ်ရက် ငှက်ပျောဆယ်ဖီး။ ကြံဆယ်စည်း.. ဟုတ်သနော် သဟာဆို.. အဲသည့်ဆင်က  ဘယ့် နှာလုပ်ပြီး ဘာကြောင့်စုံနံ့သာမြိုင် အတွင်းမှာပြေးဆွဲနေတဲ့ အပျံစားမှန်လုံကားကြီးတွေ အစီးတစ်ရာလောက်ပိုင်ဆိုင်ရသတုံးဗျာ’’

သည်တစ်ခါမှာလည်း မြေ ခွေးအဖြေရထပ်ပြီး ကျပ်သွားပုံပါ ပဲခင်ဗျ။ မြေကြီးကို သူ့လက်သည်း နဲ့ တဗြီးဗြီးကုတ်ခြစ်လို့သာနေ တော့တာပါ။

‘‘ကဲ.. ဘာကြောင့် လက်စနဲ့ ဆက်ပြီး ဘာကြောင့် လိုက်ကြရ အောင်.. ခင်ဗျားရဲ့ရောင်းရင်းကြီး ခြင်္သေ့.. သူလည်း တစ်ရက်ရပိုင် ခွင့်က အသားဆယ်ပိဿာပါ။ အနို့သော်.. သတင်းသဲ့သဲ့ကြားရ တာက ခင်ဗျားအကောင်ခြင်္သေ့ နိုင်ငံရပ်ခြားက ဘဏ်ထဲမှာ သွား အပ်ထားတာ ဒေါ်လာကိုသန်းနဲ့ ချီပါလေသတဲ့.. အဲသဟာ ဘာ ကြောင့်’’

  မြေခွေးသူ့ရှေ့လက်ကို မြှောက်ကာ လက်သည်းနဲ့သူ့ပါး သူတဗြင်းဗြင်းကုတ်နေပြန်သဗျ။ ဘဇာသို့ ပြန်ဖြေရမယ်ဆိုတာကို မသိတတ်နိုင်တော့တဲ့ပုံစံမျိုးပါ။

‘‘အဲ.. ရှိသေးတယ်။ ခင်ဗျား ရဲဘော်မိကျောင်း မိကျောင်းကို ခင်ဗျားခွင့်ပေးထားတာက သဖန်း ပင်ဆိပ်ကမ်းဝန်းကျင်တစ်ဝိုက်က သားကောင်များအား ဆာသရွေ့ စားစေ ဟုတ်သနော်.. အနို့သော် ယခု မိကျောင်းပိုင်ဆိုင်သော ဧရာမမြေကွက်ကြီးတွေက စုံနံ့ သာမြိုင်တောထဲမှာ အကွက်တစ်ရာနီးပါးတောင်မှ ရှိတယ်ဆိုပါ့.. အဲသဟာ ဘာကြောင့်’’

မြေခွေး သစ်ငုတ်တိုကြီးပေါ် မှာ မေးစေ့ကိုတင်ပြီး ငြိမ်နေတာ ပဲ။ ဘာမှကို မပြောတော့တာပါ။

ဂျက်လည်း အခွင့်အခါကြုံ တာနဲ့ စကားတွေမှ တော်တော့ကို ဆက်ပြောနေမိတာပါ။ တောင် ကိုရီးယားလည်းပါရဲ့။ ထိုင်းလည်း ပါရဲ့။ ပြင်သစ်လည်းပါရဲ့။ အမေ ရိကန်လည်းပါရဲ့။ အဲသမှာ အစိုး ရမလုပ်ခင်က ကိုယ်ပိုင်ပစ္စည်း တွေကို ပြထားကြရတဲ့အကြောင်း။ အစိုးရဖြစ်ပြီးမှ မတရားပိုင်ဆိုင် တိုးပွားလာခဲ့သော် ဘာကြောင့်ဟူ ၍ ရှင်းပြရတဲ့အကြောင်း။

‘‘အိမ်း.. စကားတွေရှည်ပါ တယ်.. ဂျက်ရာ’’တဲ့။

မြေခွေးဆောင့်ကြောင့်ထ, ထိုင်ပါတယ်။ မျက်နှာလည်း တော်တော့ကို မကောင်းပါဘူး။ သမ်းတော့တစ်ချက်ကလေးသမ်းသဗျ။

‘‘ဂျက်ပြောတဲ့.. ဘာကြောင့် ကို အဖြေရှာရင်.. တစ်ကောင့် တစ်ကောင်ကိုက်ကုန်ကြတော့ မှာပေါ့.. စုံနံ့သာမြိုင်ညီညွတ်ရေး ပြိုကွဲတော့မှာပေါ့။ အကောင်ကြီး ပြီး အမြီးရှည်သူတွေကြားမှာ.. ဘာကြောင့်ဆိုတာ မလိုဘူးဂျက် ရာ.. တို့တွေက တိရစ္ဆာန်တွေပဲ ဥစ္စာ.. လူမှမဟုတ်တာ.. အဲ.. ဘာကြောင့်လို့ လုပ်ချင်ရင်လည်း ဂျက်ရွတ်ပြတဲ့ တိရစ္ဆာန်ကဗျာ ကလေးထဲကလို ငါ့ဝမ်းပူစာမနေသာလို့ဟူ၍သာ အဖြေပေးပါလေ’’တဲ့။

သြော်.. တိရစ္ဆာန်ကမ္ဘာမှာ အကျိုးအကြောင်းမရှိတဲ့။  အဘယ်ကြောင့်မလို။ ဘာကြောင့် မသုံး။ ဝှိုင်း(why) တရားအစစ်ကို ဘလိုင်း (blind) တားမြစ်ထားရာ နယ်မြေပါပေတကားတမုံ့။    ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်)
7day daily

အာဖရန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ မဲပေးခဲ့တဲ့ လူ ၁၁ ဦးကို တာလီဘန်တွေ လက်ချောင်းဖြတ်


အာဖရန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီး အိမ်ပြန်သွားတဲ့ လူ ၁၁ ယောက်ကို တာလီဘန်တွေက ဖမ်းဆီးပြီး လက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဟရတ်မြို့က ဆေရုံးတရုံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသားတွေကို သွေးထွက်နေတဲ့ လက်တွေကို ပတ်တီးပတ်ထားလျက် တွေ့ရပါတယ်။ လက်ချောင်း အဖြတ်ခံရတဲ့ အမျိုးသား တယောက်က အိမ်အပြန်မှာ တာလီဘန်က ဖမ်းခေါ်သွားပြီး လက်ချောင်း ဖြတ်ခံရတယ်လို့ ပြောပြပါတယ်။

ဇွန်လ ၁၄ ရက်နေ့က သမ္မတ ရွေးကောက်ပွဲမှာ အာဖဂန် သန်းနဲ့ချီပြီး မဲပေးခဲ့ကြပါတယ်။ လက်ရှိသမတ ဟာမစ် ခါဇိုင်းကို ဆက်ခံမယ့် သမ္မတကို ရွေးချယ်တာ ဖြစ်ပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာပဲ အာဖဂန်ကနေ နိုင်ငံခြား တပ်တွေ အားလုံးနီးပါး ရုပ်သိမ်းသွားတော့မှာ ဖြစ်လို့ အသစ်တက်မယ့် သမ္မတဟာ တာလီဘန် အန္တရာယ်နဲ့ တိုင်းပြည် စီးပွားရေး၊ အဂတလိုက်စားမှု၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ခက်ခက်ခဲခဲ ကိုင်တွယ်ရဖွယ် ရှိပါတယ်။

သမ္မတ ရွေးပွဲမှာ တာလီဘန် ဆန့်ကျင် တိုက်ခိုက်ရေးသမား အပ်ဗဒူလာ အပ်ဗဒူလာနဲ့ ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်အဖြစ် တာဝန်ထမ်းဖူးတဲ့ အက်ရှ်ရတ်ဖ် ဂန်ဒီတို့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ သမ္မတ ရွေးပွဲမှာ တယောက်မှ ၅၀ ရာခိုင်နှုန်းကျော် အနိုင်မရခဲ့တဲ့ အတွက် မဲအများဆုံးရတဲ့ သမတလောင်းနှစ်ယောက်က ဒုတိယအကျော့ ယှဉ်ပြိုင်တာဖြစ်ပါတယ်။

မဲပေးသူ ၁၂ သန်း ရှိပြီး မဲရုံပေါင်း ၆၃၆၅ ရုံ ဖွင့်ခဲ့ပါတယ်။ မဲပေးသူ ၇ သန်းကျော် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ ဇူလိုင်လ ၂ ရက်နေ့ကျရင် ကြေညာဖွယ် ရှိပါတယ်။


DVB Burmese

တောင်ကိုရီးယားအသင်းနဲ့ ရုရှားအသင်းတို့ ယှဉ်ပြိုင်စဉ် ဆိုးလ်မြို့မှာ အားပေးဖျော်ဖြေမယ့် Psy



ဆိုးလ်- ကမ္ဘာကျော်အဆိုတော် Psy သည် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့ ယှဉ်ပြိုင်နေစဉ်အတွင်း ဆိုးလ်မြို့ COEX စင်တာ၌ တောင်ကိုရီးယားအသင်းအတွက် အားပေးဖျော်ဖြေသွားမည်ဟု ဂန်းနမ်ခရိုင်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့သည် ဇွန်လ ၁၈ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ တောင်ကိုရီးယား ဘောလုံးအသင်းသည် ဇွန်လ ၂၃ ရက်တွင် အယ်လ်ဂျီးရီးယားအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်တွင် ဘယ်လ်ဂျီယမ်အသင်းနှင့် ယှဉ်ပြိုင် မည်ဖြစ်သည်။

Psy သည် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့ယှဉ်ပြိုင်စဉ် ဇွန်လ ၁၈ ရက်တွင် ဖျော်ဖြေသွားမည်ဟု YG Entertainment က အတည်ပြုပေး  ခဲ့သည်။

Psy သည် ၂၀၀၂ ခုနှစ်တွင် 'Champion'၊ ၂၀၀၆ ခုနှစ်တွင် 'We Are The One' နှင့် ၂၀၁၀ ပြည့်နှစ်တွင် 'Once More, Korea'အပါအဝင် ကမ္ဘာ့ဖလားသီချင်းအချို့ ထွက်ရှိခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် Psy ၏ 'Hangover' အမည်ရ သီချင်းသစ်ထွက်ရှိခဲ့ပြီး ယူကျု့ဘ်တွင် ကြည့်ရှုသူပေါင်း ၅၇ သန်းကျော်သွားပြီဖြစ်သည်။ Psy သည် လာမည့် ဩဂုတ်လတွင် 'Daddy' အမည်ရ သီချင်းသစ်ထွက်ရှိရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

—Ref: Lollipop
7day daily

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ဘရာဇီးသို့ အနုပညာရှင်အချို့သွားရောက်




ကမ္ဘာ့ဖလားဘောလုံး ပွဲများ လက်ခံကျင်းပလျက်ရှိရာ ဘရာဇီးနိုင်ငံသို့ မြန်မာအနုပညာ ရှင်အချို့သွားရောက် အားပေး လျက်ရှိကြသည်။

ဘရာဇီးနိုင်ငံသို့ ရောက်ရှိနေသူများမှာ နာမည်ကြီးမင်းသား ပြေတီဦး၊ မော်ဒယ်အောန်ဆိုင်း နှင့် Let's Go ရုပ်သံအစီအစဉ်အ ဖွဲ့သားများဖြစ်သည့် လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး၊ နန်းသူဇာ၊ Bobby Soxer ၊ နန်းမြတ်ဖြိုးသင်းနှင့် ဒါရိုက်တာ ၀င်းလွင် ထက်တို့ဖြစ်ကြသည်။

ပြေတီဦးသည် ဘရာဇီးနိုင်ငံ သို့ ဇွန်လ ၆ ရက်က သူငယ်ချင်း များနှင့်အတူ သွားရောက်ခဲ့ပြီး ကမ္ဘာဖလားဘောလုံးပွဲဖွင့်ပွဲနှင့် ပွဲစဉ်အချို့ကို ကြည့်ရှုခဲ့ကြောင်း ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က ပြောသည်။ ပြေတီဦးသည် ဇွန်လ ၁၅ ရက်တွင် ပြန်ရောက်မည်ဖြစ် သည်။

မြ၀တီတွင် ပြသလျက်ရှိ သော Let's Go ရုပ်သံအစီအစဉ် ၏ အဖွဲ့သားများမှာ ကမ္ဘာဖလား ဘောလုံးပွဲများနှင့် ဘရာဇီးနိုင်ငံ၏ အထင်ကရမြို့သုံးမြို့သို့   လှည့် ပတ်ကာ ရိုက်ကူးရေးများပြုလုပ် ၍   Let's Go အစီအစဉ်တွင် ပြန်လည်ထုတ်လွှင့်ပြသရန် သွား ရောက်ကြခြင်းဖြစ်သည်။

ထို့အတူ မော်ဒယ် အောန် ဆိုင်းသည် ကမ္ဘာ့ဖလားပွဲကျင်းပ ရာ ဘရာဇီးသို့ ဇွန်လ ၁၄ ရက်က ထွက်ခွာသွားပြီး ၎င်း၏ကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် သွား ရောက်နေပြီဖြစ်ကြောင်း လေ ဆိပ်မှပုံကိုဖော်ပြကာ အသိပေးထားသည်။

7day daily

ဘင်္ဂလားဒေ့ရှ် သတင်းဌာန စွပ်စွဲမှုကို နယ်ခြားစောင့် တပ်ဖွဲ့ငြင်း


ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်က ဇွန်လ ၁၂ ရက်တွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်သစ်ခုတ်သမားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲရေးသားထားပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ထိုသတင်းကို ငြင်းဆိုထားသည်။ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
ဘင်္ဂလားဒေ့ရှ်သစ်ခုတ် သမားကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇွန်လ ၁၂ ရက်ကပစ် ခတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာန The Daily Star ၏ စွပ်စွဲရေးသားချက်ကို မြန်မာဘက်ကငြင်းဆန်လိုက်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့ဖြစ်သည့် နတ်ကျောက်စာရီတွင် ဘင်္ဂလားဒေ့ရှ်  သစ်ခုတ် သမားသည် အဆိုပါရက် နေ့လယ်၁ နာရီခွဲခန့်တွင် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဘင်္ဂလား ဒေ့ရှ်မီဒီယာတွင်ရေးသားခဲ့သည်။

The Daily Star ၏စွပ်စွဲချက် ကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက ငြင်းဆန်လိုက်ပြီး ယင်းကဲ့သို့ပစ်ခတ်မှုမျိုးမရှိခဲ့ကြောင်း 7 Day ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။

The Daily Star ၏သတင်း တွင် တိုက်ခိုက်ခံခဲ့ရသည့် သစ် ခုတ်သမားသည် ကော့ဘဇားဆေး ရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သော်လည်း စိုးရိမ်စရာ အခြေအနေမရှိကြောင်း ဆရာဝန်၏ ပြောစကားများကို ကိုးကားပြီး ရေးသားထားသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်  နယ်ခြားစောင့်တပ်များသည် မေလအတွင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။

ယင်းဖြစ်ရပ်များ  ဖြစ်ပွား အပြီး ရက်ပိုင်းအတွင်း နှစ်နိုင်ငံ လုံခြုံရေး အရာရှိများကနေပြည် တော်တွင် နယ်စပ်ကိစ္စများဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် နယ်စပ်ဒေသများ၌  ပြီးခဲ့သည့် မေလအတွင်း ဖြစ်ပွားခဲ့သည့်ဖြစ် စဉ်များကဲ့သို့ အလားတူ ထပ်မံ မဖြစ်ပွားစေရေးအတွက် လိုအပ် သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန်နှင့် နယ်စပ်ဒေသ တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့်စပ်လျဉ်းသည့် အသိပညာပေး  အစီအစဉ်များ ဆောင်ရွက်ကြရန် အပါအဝင် အချက်ကိုးချက်ကို  သဘောတူ ထားသည်။

7day news journal

ရန်ကုန်-လားရှိုး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၊ တစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ


တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ခရီးသည်ယာဉ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မိုးထက်)
ရန်ကုန်နှင့် လားရှိုးပြေး ဆွဲသည့် တက်လမ်းခရီးသည်တင်ယာဉ်သည် သီပေါမြို့အနီးတွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည် အမျိုးသားတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သီပေါမြို့မရဲစခန်းမှ သတင်းရရှိ သည်။

 လားရှိုးမြို့မှ ရန်ကုန်သို့ ထွက်လာစဉ် ပြည်ထောင်စုလမ်း မကြီးပေါ်၌ မေလ ၁၁ ရက် နံနက် က အိမ်စီးကားတစ်စီးအား ၀င် တိုက်ကာ အရှိန်လွန်၍ လမ်းဘေး သို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်း အပါအ၀င် ခရီးသည် ခြောက်ဦးဒဏ်ရာရ ခဲ့ကာ အမျိုးသားတစ်ဦးသေဆုံး ခဲ့ကြောင်း သီပေါမြို့မရဲစခန်း မှူး ဒုရဲမှူးသိန်းလှိုင်က ပြော သည်။

‘‘မောင်းတဲ့ အရှိန်များပြီး အိမ်စီးကားကို ၀င်တိုက်တာ။ အိမ်စီးကားကတော့ ဘာမှမဖြစ် ဘူး။ ဒီဘက် ကားလမ်းတွေက လမ်းဘေးတွေမှာ ချောက်တွေ များတော့ တက်လမ်းက ချောက် ဘက်ကျပြီး အခြေအနေဆိုးသွား တာ။ ယာဉ်မောင်းလည်း ဒဏ်ရာ ပြင်းလို့ ဆေးရုံမှာပဲ ရဲအစောင့်အ ရှောက်နဲ့ ထားတယ်’’ ဟု ၎င်းက ပြောသည်။

 ဒဏ်ရာရသူ ခြောက်ဦးအနက် ဒဏ်ရာပြင်းထန်သည့် ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦးမှာ မန္တလေးဆေးရုံကြီးတွင် ကုသနေပြီး အဆိုပါအမှုကို သီပေါမြို့နယ်ရဲစခန်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day daily

စစ်တွေတွင် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်လုယူသော ဘင်္ဂါလီတစ်ဦးကိုဖမ်းဆီး


ဇွန်လ ၁၄ ရက်နံနက်က ဇောပူရာကျေးရွာနေ အမျိုးသမီး တစ်ဦးဝတ်ဆင်ထားသည့်ရွှေဆွဲ ကြိုးကို အသက် (၂၁)နှစ်အရွယ် ဘင်္ဂါလီတစ်ဦးက လုယူထွက်ပြေး ခြင်းဖြစ်သည်။ ၎င်းကို ရဲတပ်ဖွဲ့ ဝင်များနှင့် ဒေသခံများဝိုင်းဖမ်းခဲ့ ရကြောင်း စစ်တွေမြို့မရဲစခန်းမှူး ဒုတိယရဲမှူးသန်းလှိုင်က ပြော သည်။

‘‘ထွေထွေထူးထူးပြဿနာ တော့ဘာမှမဖြစ်ပါဘူး။ ဆွဲကြိုး ကိုလုပြီး သူ့ရွာဘက်ကိုပြေးတာနဲ့ လိုက်ဖမ်းကြတာ။ ဆွဲကြိုးကို လည်းပြန်ရပါတယ်။ လုယက်မှု နဲ့အမှုဖွင့်ထားပါတယ်’’ဟု ၎င်းက ဆိုသည်။

ဆွဲကြိုးလုပြေးသူမှာ စစ်တွေမြို့ ခဝါဒိန်ကျေးရွာတွင်နေထိုင်သူ ဖြစ်ပြီး ၎င်းကို စစ်တွေမြို့မရဲစခန်း တွင်ထိန်းသိမ်းထားကာ လုယက် မှုဥပဒေပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

7day daily

ကချင်လူငယ်လက်ဝှေ့သမား အင်ဒိုနီးရှားမှာ အောင်ပွဲခံ



အာရှရဲ့ အကြီးဆုံး သိုင်းပေါင်းစုံ လက်ဝှေ့အဖွဲ့တစ်ခုဖြစ်တဲ့ One Fighting Championship ကနေ ကြီးမှူးကျင်းပတဲ့ လက်ဝှေ့ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံက အန်ဆန် အောင်လဟာ အီဂျစ်က Mahmoud Salama ကို ပထမအချီမှာတင် အနိုင်ထိုးနိုင်ခဲ့ပါတယ်။

Era of Champions လို့ခေါ်တဲ့ ဒီပြိုင်ပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဇွန်လ ၁၄ ရက် စနေနေ့ညက ကျင်းပတာ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်မှာ နေထိုင်နေတဲ့ အန်ဆန် အောင်လဟာ မစ်ဒယ်ဝိတ်တန်းမှာ ထိုးတာပါ။

ဒီနိုင်ပွဲကတဆင့် နောက်ထပ် အာရှချန်ပီယံပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်သွားဖို့ ရှိတယ်လို့ အန်ဆန်အောင်လက ပွဲအပြီးမှာ ဘီဘီစီကို ပြောပါတယ်။

အရင်တုန်းက အန်ဆန်အောင်လနဲ့ မေးမြန်းခဲ့တဲ့ ဘီဘီစီ မိုဘီဂျီနို အစီအစဉ်ကိုလည်း ပြန်လည် ဝေမျှလိုက်ပါတယ်။

BBC Burmese

သရေခေတ္တရာ မြို့ဟောင်းတွင် တယ်လီနော တာဝါတိုင် ဆောက်လုပ်ခြင်းကို ရှေး/သု တားမြစ်



ပြည်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် သရေခေတ္တရာမြို့ဟောင်း ရွှေတံခါးကွက်သစ် အတွင်းရှိ ကုန်းအမှတ် (၁၁) တောင်ဘက် ကိုက် ၁၀၀ ခန့်တွင် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော ကုမ္ပဏီက ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မှုကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက တားမြစ်ခဲ့ကြောင်း သရေခေတ္တရာမြို့ဟောင်း ထိန်းသိမ်းရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ကျော်က ပြောကြားသည်။

ခွင့်ပြုချက် မရှိဘဲ တာဝါတိုင် ဆောက်ရန်အတွက် မြေကျင်း တူးနေသည့်အတွက် သုံးကြိမ်တိုင် နှုတ်ဖြင့် တားမြစ်ခဲ့သော်လည်း လိုက်နာမှု မရှိသောကြောင့် တရားဝင် စာထုတ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် ဇွန်လ ၁၁ ရက်နေ့က တားမြစ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“၁၅ ပေ ပတ်လည်၊ အနက်က ရှစ်ပေလောက် ရှိတယ်။ တယ်လီနောက မြန်မာနိုင်ငံက ကုမ္ပဏီတွေကို ကန်ထရိုက်ပေးပြီး ဆောက်ခိုင်းတာ။ စည်ပင်ကတော့ ခွင့်ပြုချက် ပေးလိုက်တယ်။ ယဉ်ကျေးမှု နယ်မြေထဲမှာ လုပ်မယ်ဆိုရင် ဌာနရဲ့ သဘောထားမှတ်ချက် ရမှလုပ်ရမှာ။ ဖောင်ဒေးရှင်းတင် ရှစ်ပေလောက် ဆိုကတည်းက အပေါ်မှာ အလေးချိန် ဘယ်လောက် ရှိမယ်ဆိုတာ မသိနိုင်ဘူး” ဟု ၎င်းက ကန့်ကွက်ရသည့် အကြောင်းကို ရှင်းပြသည်။

တယ်လီနောမြန်မာသည် တာဝါတိုင် တည်ဆောက်မည့် ကုမ္ပဏီနှစ်ခုဖြင့် မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုထားကာ တားမြစ်ခံရသည့် နေရာမှာ တယ်လီနောမြန်မာနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီတစ်ခုက တာဝါတိုင် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် အသိပေးခဲ့သောကြောင့် ဆောက်လုပ်ရေးများကို ရပ်ဆိုင်းပြီး လုပ်ငန်းခွင်ကို ပိတ်ထားကြောင်း၊ ယင်းကိစ္စအတွက် တာဝန်ရှိသူများက တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီကို ပြန်လည် ဆန်းစစ်လျက် ရှိပြီး စည်းကမ်း ဖောက်ဖျက်သည်ကို တွေ့ရှိရပါက သင့်လျော်သော တုံပြန်ဆောင်ရွက်မှုများကို ပြုလုပ်မည်ဟု ၎င်းက ပြောဆိုသည်။

ဆယ်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မည့် နေရာမှာ သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ထိန်းသိမ်းထားသည့် နယ်မြေ (Protection Zone) တွင် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း တာဝါတိုင် ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ် ဇူလိုင်လက ယင်းနေရာကို ရွေးချယ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ရှေးဟောင်းဇုန် နယ်မြေဖြစ်၍ လက်ခံခဲ့ခြင်း မရှိခဲသဖြင့် တာဝါတိုင် ဆောက်လုပ်ရန် လျာထားမှု ရပ်ဆိုင်းခဲ့ဖူးသည်။

The Voice Weekly

ဦးအံ့မောင် သမ္မတအကြံပေး မဟုတ်ဟု နိုင်ငံတော်သမ္မတရုံး ရှင်းလင်း



ရန်ကုန်၊ ဇွန် ၁၄

မဟာသန္တိသုခကျောင်းတိုက် ချိတ်ပိတ် အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ သာသနာရေး ဦးစီးဌာနက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင် ရှင်းလင်းခဲ့သူ ဦးအံ့မောင်သည် နိုင်ငံတော်သမ္မတ၏ အကြံပေး မဟုတ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ရှင်းလင်း ပြောဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဦးအံ့မောင် ပါဝင်ခြင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုသာ ကိုယ်စားပြု လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတကို ကိုယ်စားပြု ရှင်းလင်းခဲ့ခြင်း မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

သန္တိသုခကျောင်းတိုက်အရေးနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် အွန်လိုင်းစာမျက်နှာများတွင် ဦးအံ့မောင်ကို နိုင်ငံတော်သမ္မတ အကြံပေးဟု ဖော်ပြ သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍ The Voice က အတည်ပြု မေးမြန်းရာတွင် အထက်ပါအတိုင်း ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ ဦးအံ့မောင်သည် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်သော သန္တိသုခကျောင်းတိုက် ချိတ်ပိတ်အရေးယူခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အရေးယူမှုကို မတရားဟု ယူဆလျှင် ကြိုက်ရာ တရားရုံး၌ တရားစွဲဆိုနိုင်ကြောင်း၊ ပီနန်ဆရာတော်ကြီး မဟာသန္တိသုခကျောင်းတိုက်၌ အေးအေးချမ်းချမ်း သတင်းသုံးနိုင်ကြောင်း သမ္မတရုံး တာဝန်ရှိသူအချို့က လျှောက်ထားမှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ဘဲ ယင်းသို့ လျှောက်ထားသူနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။

ပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးရာ မဟာသန္တိသုခ (စင်ကာပူ ပီနန်ကျောင်း) ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်သံဃာ့နာယက ဆရာတော်များ၊ သာသနာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ကို ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

ယင်းတို့အထဲမှ လန်ဒန်ဆရာတော် ဦးဥတ္တရ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကယားဆောင်မှူးတို့ အပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲစေပြီး တာမွေမြို့နယ် တရားရုံး၌ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော်ကလည်း သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာများကို ယင်းသို့ လူဝတ်လဲ အကျဉ်းချထားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ပြန်လာပြီး ဥပဒေနှင့်အညီ ဖြေရှင်းသွားမည် ဖြစ်ကြောင်း မီဒီယာများသို့ မိန့်ကြားထားသည်။

The Voice Weekly

အဖေဆိုသည်မှာ





ပုတ္တံ ပါတိ ရက္ခတီတိ ပိတာ။
Father means a protector of his own children.
အဖေဆိုတာ သားသမီးတွေကို ကာကွယ်ပေးတဲ့သူပါ။ အဖေရှိနေရင် လုံခြုံတယ်။ အဖေရှိရင် ဘေးကင်း တယ်။ အဖေရှိရင် ဘယ်သူမှ လာအနိုင်မကျင့်ရဲဘူး။ အဖေရှိနေရင် ခွန်အားတွေအလိုလိုရှိလာတယ်။ ဘာဖြစ်လို့လဲဆိုရင် အဖေဟာ သားသမီးကို ရှေ့ကနေမားမားမတ်မတ် ကာကွယ်ပေးထားလို့ပါ။

ပုတ္တံ ပိယာယတီတိ ပိတု။
Father means a lover of his own children.
သာသမီးတွေကို ချစ်မြတ်နိုးတဲ့အတွက်ကြောင့် အဖေလို့ခေါ်တယ်။ အဖေဟာ ပင်ပန်းစွာနဲ့ အလုပ် မှ ပြန်လာခဲ့သော်လည်း သားသမီးမျက်နှာလေးကို မြင်လိုက်ရတဲ့အခါ အမောစိတ်တွေပြေပြီး ချစ်စိတ်   တွေဝေကြရပါတယ်။

သော ပိတာ ယောတု ပေါသကော။
Father means a supporter of his own children.
သားသမီးဇနီးမယားတွေကို ရှာဖွေကျွေးမွေးတာ အဖေပါ။ ကိုယ့်သားသမီးကို ၀မ်းဝအောင် ရှာဖွေကျွေးမွေး ရတယ်။ ခါးလှအောင် အ၀တ်ဆင်ပေးရတယ်။ ဘ၀လှအောင် ပညာတွေ သင်ပေးရတယ်။ ကိုယ့်သားသမီး ကို လမ်းမှားမရောက်အောင်၊ လိမ္မာယဉ်ကျေးအောင် ပြုံး၍ တစ်ဖုံ၊ အမုန်းခံ၍တစ်မျိုး ဆိုဆုံးမတတ်တယ်။  အဖေ့ခေါင်းထဲမှာ သားသမီးတွေကို ဘယ်လို အမွေတွေပေးမလဲဆိုတာပဲ တွေးတယ်။ တစ်မိသားစုလုံးရဲ့ တာဝန်တွေကို ပုခုံးပေါ်ထမ်းကာ ကြမ်းတမ်းတဲ့ဘ၀လမ်းကို လျှောက်လှမ်းနေတာ အဖေပါ။
ဒါပြင် ဖြောင့်မှန်တဲ့ မျိုးရိုးအမွေအနှစ်တွေကိုလည်း ထိမ်းသိမ်းတတ်အောင် သင်ပေးပါတယ်။ လောကမှာ ရှိတဲ့ အဖေအများစုကတော့ သားသမီးပေါ်ထားတဲ့စိတ် တူကြပါတယ်။ အချို့တာဝန်မကျေတဲ့ အဖေတွေ လည်း ရှိပါတယ်။ တာဝန်မကျေသော်လည်းပဲ သူရှိနေတာနဲ့ကိုပဲ ဘယ်သူမှ လာမစော်ကားရဲပါ ဘူး။ သားသမီးကို ချစ်တဲ့စိတ်ကလည်း သူ့ရင်ထဲမှာ ကိန်းအောင်းနေပါတယ်။

ဒါကြောင့် အဖေရှိသေးတဲ့သူရော အဖေမရှိတော့တဲ့သူရော အဖေနေ့မှာ အဖေ့ကို သတိရပေးပါ။ အဖေကို ကျေးဇူးဆပ်ပေးပါ။ နွေးထွေးတဲ့ မေတ္တာလေးတွေ ပြန်ပေးပါ။ အဖေ့စကားလိုက်နာတဲ့အနေနဲ့ လူကောင်းဖြစ်အောင်ကျိုးစားပါ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အင်းစိန် တိ/မွေးကုဝင်း ဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များကိုယ်တိုင် ဖျက်သိမ်း



အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် ဘူတာရုံလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် မြေပေါ်ရှိ အငှားဆိုင်ခန်း ၂၇ ခန်းကို ဆိုင်ပိုင်ရှင်များကိုယ်တိုင် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက စတင်ဖျက်သိမ်း ဖယ်ရှားပေးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောကြားသည်။

“သူတို့တော့ အဖျက်မခံဘူး။ ကိုယ့်ဟာကိုယ်ပဲ ရသလောက် ဖျက်ယူရတာပေါ့” ဟု ယင်းနေရာတွင် ၁၅ နှစ်ခန့် ဆိုင်ခန်းဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ကားဘော်ဒီပြင်ဆိုင်၊ သံပန်းသံတခါးဆိုင်၊ ကုန်စုံဆိုင် စသည်တို့ အပါအဝင် ဆိုင်ခန်းများကို ဇွန်လ ၁၃ ရက်နေ့ည နောက်ဆုံးထား ဖယ်ရှားပေးရန်၊ ဖယ်ရှားခြင်း မရပြုပါက အင်အားသုံး ဖယ်ရှားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိ/မွေးကု ဦးစီးဌာနက ထုတ်ပြန် ကြေညာထားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်းများကို ဖယ်ရှားရန် မေလ ၃၀ ရက်နေ့က နောက်ဆုံးအကြိမ် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက ဖယ်ရှားရန် စတင် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း တိ/မွေးကု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာမြင့်ဆွေက ဆိုသည်။

ဆိုင်ခန်း ငှားရမ်းသူများကို နောက်ဆုံး နေထိုင်သည့် လ ၂၀ ကို ငှားရမ်းမယူဘဲ အခမဲ့ နေထိုင်ခွင့် ပြုထားခဲ့ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြေနေရာတွင် နေထိုင်သည့် အိမ်ထောင်စု ၆၀ ကျော်မှာ ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲ ရှိသဖြင့် ၂၀၁၅ ခုနှစ်အထိ အချိန်စောင့်ပေးရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေး ဝန်ကြီးဌာနသို့ အသနားခံစာ တင်ပြခဲ့သော်လည်း ဝန်ကြီးဌာနက လက်မခံခဲ့ကြောင်း နေထိုင်သူများက ဆိုသည်။

“ရွှေ့ ပေးဖို့ ပြောနေတာတော့ ကြာပြီ။ ဒီလိုပဲ ပေပြီး နေလာတာ။ ဒီညတော့ မရွှေ့လို့ မရတော့ဘူး။ ဝင်းထဲမှာ ဝန်ထမ်းတွေ စုထားတယ်။ လုံထိန်းတွေရော ချထားတယ်။ တကယ်ဖျက်မယ် ထင်တယ်” ဟု သံပန်းသံတံခါး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အဆိုပါ ဆိုင်ခန်းများကို ၁၉၈၈ ခုနှစ်ကတည်းက စာချုပ်စာတန်းများဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ တရားဝင် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်ပြီး ငှားရမ်းစာချုပ်အရ နှစ်ဦးနှစ်ဖက် စာချုပ်ရပ်စဲရန် သဘောတူညီမှု မရှိခဲ့ပါက စာချုပ်ပျက်ပြယ်မှု မရှိကြောင်း၊ ယင်းအတွက်ကြောင့် ယခု ဖယ်ရှားခိုင်းခြင်းမှာ စာချုပ်ပါ သဘောတူညီချက်များနှင့် ညီညွတ်မှု မရှိကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

The Voice Weekly

သာကေတ (၇) ရပ်ကွက် မီးလောင်မှု အမျိုးသားတစ်ဦး တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာရ




ရန်ကုန်၊ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ် (၇) ရပ်ကွက် အောင်သပြေ အရှေ့ (၅) လမ်းတွင် ဇွန်လ ၁၄ ရက် နံနက် အစောပိုင်းက အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးမှုတွင် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မီးလောင်မှုတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တင်ပို့ကုသထားပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ညာဘက်လက်နှင့် ပခုံးတို့ မီးလောင်ခံရကြောင်း ယင်းဌာနထံမှ သိရှိရသည်။

နံနက် တစ်နာရီမထိုးမီ မိနစ် ၃၀ အလိုက အလျားပေ ၂၀၊ အနံပေ ၄၀ သွပ်မိုးအုပ်ညှပ် တစ်ထပ်အိမ်၌ မီးအားမြှင့်စက် အပူလွန်ကဲပြီး ရေခဲသေတ္တာတွင် အသုံးပြုသော Safe Guard မီးဖြတ်တောက်နိုင်ခြင်း မရှိဘဲ ရေခဲသေတ္တာမှ စတင် လောင်ကျွမ်းခဲ့ကြောင်း အဆိုပါ မီးလောင်မှုကို စစ်ဆေးခဲ့သည့် မီးသတ်အရာရှိများ၏ အတည်ပြုချက်အရ သိရှိရသည်။

“ကျွန်တော်တို့ ရောက်တော့ အိမ်သုံးလုံးလောက် ကုန်နေပြီ။ ၇ မိနစ်အတွင်းကို အခြားအိမ်တွေကို မီးထပ်မကူးအောင် အမြန်ဆုံး ငြှိမ်းသတ်ခဲ့ပါတယ်” ဟု သာကေတမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ အထောက်အကူပြုယာဉ် လေးစီး၊ တိုင်းကြက်ခြေနီယာဉ် တစ်စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်နှင့် ကြက်ခြေနီ ၅၀ ကျော်တို့ဖြင့် ၇ မိနစ်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသော အိမ်မှ အသက် ၆၃ နှစ်အရွယ် ဦးအေးမြင့်ကို (ပ) ၃၄၁/၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သာကေတနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

Blood pressure and Anemia သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ



Low BP သွေးဖိအားနည်းတာနဲ့ Anemia သွေးအားနည်းတာ မတူပါ။ ၂ မျိုးလုံးကနေ ခေါင်းမူးတာကို ဖြစ်စေနိုင်တယ်။ ဖြစ်နေတာတိကျမှ ဆေးနည်းညွှန်တာသင့်ပါမယ်။ ဘာလို့ ဖိအားကျနေသလဲ။ ဘာလို့ သွေးအားနည်းလဲ ခွဲသိရပါမယ်။

သွေးယိုရင် သွေးအားနည်းမယ်။ တိုင်းကြည့်ရင် BP ကျနေမယ်။ လူက နေမကောင်းဖြစ်မယ်။ သွေးလဲ မယိုတော့၊ ဆေးလိုတာကုလိုက်ရင်လဲ သွေးဖိအားပြန်ကောင်းမယ်။ ဒါပေမဲ့ လူက မကောင်းသေးတာ ဖြစ်တတ်တယ်။ အဲဒါ သွေးအား ဆက်နည်းနေသေးတာပါ။

ဒါကို နားလည်ဘို့ Anemia “သွေးအားနည်းတာ” နဲ့ Blood pressure “သွေးဖိအား” ဆက်စပ်တာလေး နဲနဲသိဘို့လိုတယ်။ သွေးဖိအားကို တချို့က “သွေးပေါင်ချိန်” လို့ ခပ်လွယ်လွယ်ခေါ်တာ နုတ်ကျိုးနေကြတယ်။ “သွေးဖိအား” ဆိုမှ မှန်တယ်။ အရေအတွက်၊ ပမာဏ၊ အတိုင်းအတာတွေကိုပြောရင် ကိန်းဂဏန်းတွေရဲ့ နောက်မှာ (ယူနစ်) တခုခု ထည့်ပြောရတယ်။

(ယူနစ်) ဆိုတာ
“အရပ် ၅ ပေ ၂ လက္မရှိတဲ့ မွေးလူနာ ရောက်လာတယ်။ ကိုယ်အပူချိန် ၉၈့၆ ဒီဂရီ F ဖါရင်ဟိုက် နဲ့ နှလုံးခုန်နှုန်း 80/min ရှိတယ်။ သွေးဖိအား တိုင်းတော့ 100/70 mmHg ရှိတယ်။ ကြာနေလို့ 5% Dextrose 500 cc ထဲမှာ သားအိမ်ညှစ်အား ကောင်းတဲ့ဆေး Oxytocin 2 ml တလုံးထည့်ပြီး သွင်းပေးတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်္ဘာ ၂၇ ရက် ည ၁၁ နာရီ ၃ဝ မိနစ်မှာ သူမွေးလိုက်တဲ့ ကလေးက ၅ ပေါင် ၈ အောင်စ လေးတယ်။ ကလေးခေါင်းက ၃၂ စင်တီမီတာရှိတယ်။”

ဒီမှတ်တမ်းထဲမှာ ‘ယူနစ်’ တွေ အမျိုးမျိုးတွေ့ရပါမယ်။ ‘ပေ’၊ ‘လက္မ'၊ ‘ဖါရင်ဟိုက်’၊ ‘mmHg’, ‘ml’ စတာတွေ။ သွေးဖိအားကို mmHg ဆိုတာနဲ့ မှတ်သားပါတယ်။ mm ဆိုတာ မီလီမီတာ၊ Hg ဆိုတာ (မာကျူရီ)။ သွေးဖိအားတိုင်း ကရိယာမှာ မာကျူရီ ခေါ်တဲ့ ပြဒါးပါပြီး၊ ဖန်ပြွန်လေးမှာ ရေးမှတ်ထားတာတွေက မီလီမီတာတွေမို့ (မီလီမီတာ-မာကျူရီ) ဆိုပြီးရေးရတာ ဖြစ်ပါတယ်။ ‘ပေါင်’ နဲ့ မဟုတ်ပါ။

သွေးဖိအား အနည်း-အများကို BP နဲ့ တိုင်းရပေမဲ့၊ သွေးအားအနည်း-အများကိုတော့ လူကို ကြည့်လိုက်ရင် အသားအရေ ဖြူဖွေးနေတာ မြင်ရမယ်၊ ခေါင်းမူးတယ်၊ အလုပ်လုပ်ရင်မောတယ်၊ စသဖြင့် (ကွန်ပလိန့်) လုပ်မယ်။ ဓါတ်ခွဲခန်းမှာ သွေးစစ်မှ တိတိကျကျသိရလိမ့်မယ်။ အဖြေထွက်ရင် Hb (ဟီမိုဂလိုဘင်) ဘယ်လောက် ရှိတယ်ဆိုတာပါလာမယ်။
• မွေးစကလေး = 17-22 gm/dl
• ကလေး = 11-13 gm/dl
• လူကြီး-ယောက်ျား = 14-18 gm/dl
• လူကြီး-မိန်းမ = 12-16 gm/dl

လူကြီးတယောက်မှာ သွေးထုတည် ၅ (၄့၇) လီတာ ရှိတယ်။ Drip ပုလင်း ၁ဝ ပုလင်းပေါ့။ လူ့သွေးဆိုတာ ကြည့်ရင်တော့ အရည်၊ သေသေခြာခြာစစ်ရင် အရည်ထဲမှာ အခဲတွေလဲပါတယ်။ အခဲဆိုတာတွေက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုံတွေ ဖြစ်တယ်။ အချိုးအဆက အခဲ ၄၅% နဲ့ အရည် ၅၅%။ သွေးရဲ့အလုပ်က အာဟာရနဲ့ အောက်စီဂျင်တွေကို သယ်ပို့ပေးတာနဲ့ မလိုတာတွေကို ပြန်စွန့်တာလဲလုပ်ပါတယ်။ အပူချိန်ကိုလဲ ထိန်းညှိပေးသေးတယ်။ နောက်ပြီး ရောဂါဘယတွေကို တိုက်ထုတ်တာမှာလဲ သူပါသေးတယ်။

“တောင်ပေါ်-မြေပြန့်၊ တမြေထဲနေ-တရေထဲသောက်၊ တသွေးထဲ-တသားထဲ” ဆိုတာ အင်မတန်ကောင်းလှတဲ့ နိုင်ငံရေး (စလိုဂင်) ဖြစ်ပါတယ်။ ကွာတာလေး ထောက်ပြရင် တမျိုး မထင်ကြပါနဲ့။ အမြင့် နေရသူတွေမှာ သွေးပိုကြတယ်။ သူတို့မှာ သွေး ၁ လီတာကနေ ၁့၉ လီတာ ပိုရှိကြတယ်။ ပြောခဲ့သလို အောက်စီဂျင် သယ်ပို့တာ လုပ်ရတော့ အထက် ရောက်လေ လေပါးလေမို့၊ လိုတာ လုပ်နိုင်အောင် ပိုတာ ဖြစ်လာစေပါတယ်။

နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နေတာက လက်ထဲမှာ စပရင်ထည့်ပြီး လက်မောင်းကြွက်သား သန်မာအောင် လုပ်နေသလိုဘဲ။ ညှစ်လိုက်၊ လျှော့လိုက်။ မီးသတ်ပိုက်ကနေ ရေပန်းသလိုမဟုတ်ပါ။ ညှစ်တဲ့အခါ နှလုံးအဆို့ရှင်တွေ ဖွင့်တာ-ပိတ်တာနဲ့ နှလုံးထဲက သွေးတွေက လှိုင်းတွေလိုဖြစ်တော့ နှလုံးခုန်သံဆိုတာ ဖြစ်လာစေတယ်။ ဗိုက်ထဲက ကလေး နှလုံးခုန်သံကို Doppler ကရိယာနဲ့ နားထောင်တော့ ကိုယ်ဝန် ၉-၁ဝ ပါတ် ရှိမှသာ ကြားနိုင်ပေမဲ့၊ သန္ဓေသား ၅ ပါတ် ကတည်းကနေ နှလုံးစခုန်တယ်။ သေဆုံးတဲ့အထိ မရပ်မနား ခုန်နေတယ်။

အဲလို နှလုံးက ညှစ်ထုတ်တဲ့အခါ သွေးတွေကနေ သွေးလွှတ်ကြောနံရံအပေါ်မှာ သက်ရောက်နေတဲ့အား ဘယ်လောက် ရှိလဲ တိုင်းတာကို သွေးဖိအားလို့ ခေါ်လိုက်တယ်။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာပါ။ နှလုံး တခါ ခုန်တာမှာ နှစ်ခါ ပြောင်းတယ် ပြောရမှာဘဲ။ နှလုံးညှစ်ချိန်မှာ ရှိတဲ့အားက များတာပေါ့။ မညှစ်တဲ့ချိန်မှာလဲ နည်းပေမဲ့၊ ဖိအားက ရှိနေတာမို့ သုညတော့ မဟုတ်ဘူး။ အပေါ်ဂဏန်းကို Systolic pressure နဲ့ အောက်ဂဏန်းကို Diastolic pressure လို့ ခေါ်တယ်။

သွေးဖိအားကို သက်ရောက်စေတာတွေက အလွန့်အလွန်များတယ်။ ကြီးတာက စရရင် ကမ္ဘာ့ဆွဲအား၊ ကျား-မ၊ အသက်၊ လှုပ်ရှားမှု၊ စတာတွေ အားလုံးထဲမှာ သွေးအားနည်းတာနဲ့ တိုက်ရိုက်ဆိုင်တာတွေက သွေးအပျစ်-အကျဲနဲ့ သွေးထုတည်။

သွေးအားနည်းတာဆိုရင် အစာအာဟာရ ပြည့်ဝ-မျှတအောင်စားတာက ဆေးထက် ပိုထိရောက်တာလဲရှိပါတယ်။ သွေးအားနည်းတာကို ယေဘုယျ သံဓါတ်ပါတဲ့ ဆေး-အစာလိုတယ်။ Iron သံဓါတ်ပါတာမျိုး၊ ဥပမာ Ferrous sulfate, Ferrous fumarate, Furamin BC, Obimin စားဆေး။ သွေးဖိအားဆိုတာ တချို့မှာ ပုံမှန်ကိုက နည်းနေတာလဲ ရှိတတ်တယ်။ နည်းနေလို့ ဘယ်လိုမှ မနေရင် စိုးရိမ်စရာမရှိပါ။ အတူနေပြီး ခေါင်းကိုက်တာဟာ Viagra လိုဆေးမျိုး သောက်ထားရင် ဖြစ်ပါတယ်။

လူတယောက် ဘာလို့ သွေးအားနည်းရလဲ။ လွယ်လွယ်လေးပြောရရင် သွေးယို-သွေးသွန်လို့ပါ။ (သွားဖုံး၊ နှာခေါင်း၊ ဆီးထဲ-ဝမ်းထဲ) ဘယ်ကပါပါ၊ (အနာ-ဒဏ်ရာ၊ မီးဖွါး၊ ကလေးပျက်၊) ဘာကြောင့်ထွက်ထွက်၊ သွေးအားနည်းမယ်။ အခု ထွက်ရင် အခု သွေးအားနည်းမယ်။ ဖြစ်နေတာကြာသူတွေမှာ နာတာရှည် သွေးအားနည်းတာ ဖြစ်မယ်။ ဒီလူနှစ်ဦး မတူကြဘူး။

ဆိုပါစို့ လူတယောက်ကနေ သွေး ၂ ပုလင်းစာ၊ ၁ လီတာလောက် ယိုထွက်-ကုန်ခမ်းသွားမယ်။ သူ့မှာ နေကောင်းတုံးက ၁ဝ ပုလင်း ရှိခဲ့တော့ ၈ ပုလင်းဘဲ ကျန်တော့မှာပေါ့။ ချက်ချင်း သွေးဖိအားကျတော့မယ်။ ပြောခဲ့သလို ကွန်ပြူတာထက် ကောင်းတဲ့ သမမျှတနေစေအောင် စီမံမှုစနစ် Homeostasis ကနေ အရည်ထုထည်ကို ၁ဝ ပုလင်းစာ ပြန်ရှိလာအောင် အပြင်းအထံ ကြိုးပမ်းတော့တယ်။

သွေးထုထည်ကို သုံးမျိုးကနေ အဓိကလုပ်ပေးတယ်။ နှလုံးသွေးထုတ်နိုင်စွမ်း၊ သွေးထုထည်နဲ့ တစ်ရှူးတွေရဲ့ စိမ့်ထွက်နိုင်စွမ်းတွေက သံကြိုးကွင်းဆက်တွေ ဖြစ်တယ်။ သွေးပမာဏ ကျသွားရင် နှလုံးကထုတ်နိုင်တာ လျှော့လို့ ရင်းစားပြန်ရအောင် တစ်ရှူးထဲက အရည်တွေကို ထုတ်သုံးတယ်။

အရည်တွေကို သွေးထဲ စုပ်ယူလို့ ထုထည်တော့ ပြည့်ပါရဲ့ သွေးနီဥတွေကို အချိန်မီထုတ်မပေးနိုင်သေးတာမို့ အခဲကနည်း အရည်ကများလို့ သွေးကျဲတယ်ဆိုတာ ဖြစ်လာတယ်။ ရေရောတဲ့ ယမကာသောက်ရသလို အရက်သမားမမူးပါ။ သွေးအား နည်းသူကတော့ မူးလိမ့်မယ်။ အလုပ်ပုံမှန်မလုပ်နိုင်၊ လှုပ်ရှားရင် မောလွယ်မယ်။

သွေးထုထည် တိုးလာတာနဲ့ သွေးဖိအားလိုက်တက်လာမယ်။ သွေးဖိအားကို ထိန်းညှိတဲ့ တခြားရှုတ်ထွေးတဲ့ အစီအမံ တွေကလဲ လိုက်လုပ်ပေးတယ်။ တချိန်မှာတော့ BP တိုင်းကြည့်ရင် (နော်မယ်လ်) ဖြစ်လာလိမ့်မယ်။ ခက်တာက သူ့ကိုယ်က ပုံမှန် မရောက်သေးပါ။ ဘာတွေလိုသေးလဲ၊ ဘာတွေဖြစ်ကုန်တာလဲ။

သွေးနီဥရဲ့ ပင်မတာဝန်က သွေးကို သန့်အောင်လုပ်ပေးတာ ဖြစ်တယ်။ အသက်ရှူတဲ့ထဲက အောက်စီဂျင်ကို သွေးနီဥမှာ ပါတဲ့ (ဟီမိုဂလိုဘင်) နဲ့ သွားပေါင်းပေးရတယ်။ လူတယောက်ရဲ့ သွေးတစက် (၁ စီစီ) ထဲမှာ သွေးနီဥပေါင်း ၅ သန်း၊ အဖြူ ၅ ထောင်ကနေ ၁ သောင်း၊ သွေးမှုံ ၂ သိန်းကနေ ၃ သိန်းပါတယ်။ သွေးအရည်ပိုင်း (ပလာစမာ) ထဲမှာ အာဟာရအပြင် ဓါတ်ဆားတွေလဲ ပါသေးတယ်။ သွေးအားနည်းနေသူဟာ လူပုံလူပမ်း မပိန်ရင်တောင် လေးချိန်က လျှော့နေမယ်။ ကိုယ်အလေးချိန်ရဲ့ ၁၁ ပုံ ၁ ပုံက သွေးကြောင့် လေးတာဖြစ်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်တာမို့ လေးပါတယ်။

ဒါ့ကြောင်း သွေးယိုလို့ သွေးအားနည်းနေသူကို သွေးသွင်းတာ အကောင်းဆုံးဖြစ်တယ်။ Drip သွင်းတာဟာ အရေးပေါ်သာ ကောင်းပြီး၊ သွေးထုထည်ကိုတော့ များလာမှာမို့ (ပရက်ရှာ) တက်လာပေမဲ့ သွေးကျဲနေမယ်။ ဆေး၊ အာဟာရတွေနဲ့ ကုစားရင် အချိန်ယူရလိမ့်မယ်။ ကြားထဲကာလမှာ လူမမာသာ ဖြစ်နေအုံးမယ်။ ခြေလက် အေးစက်နေမယ်။ မျက်နှာတွေ၊ နုတ်ခမ်းတွေ ဖြူရော်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ မြန်နေမယ်။ လိုတာ မီအောင် နှလုံးက ပိုလုပ်ပေးနေရလို့ပါ။

နေကောင်းတုံးကလို ရှိသမျှသွေးက တကိုယ်လုံး အနှံ့ ညီတူ-မျှတူ မဝေနိုင်ဘူး။ စိတ်ဝင်စားဘို့ ကောင်းတာက ဗဟိုကျတာ အရေးပါတာတွေကိုသာ ဦးစားပေးရတော့တယ်။ ခြေဖျား-လက်ဖျား၊ နားရွက်နားတွေထက် နှလုံး၊ ဦးနှောက် ကျောက်ကပ်တွေကို မျက်နှာလိုက်တယ်။ “အကျိုးစီးပွါး ဝိရောဓိ ဖြစ်တယ်” ဆိုတာ နိုင်ငံရေးနဲ့ စီးပွါးရေးမှာသာ ရှိတာ မဟုတ်ပါ။ ဇီဝကမ္မဗေဒမှာလဲ ရှိတာဘဲ။

Dr. တင့်ဆွေ

Anemia (အနီးမီးယား) သွေးအားနည်းရောဂါ



Haemoglobin နည်းတဲ့သူ ရဲ့နေထိုင် စားသောက်ရမဲ့ပုံလည်း ပြောပြ ပေးပါဆရာ။

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥ ရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘုယျခေါ်နိုင်တယ်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်) နည်းနေသည်လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်)ဟာ ပုံမှန်အားဖြင့် ကလေးများမှာ ၁၁ မှ ၁၂၊ အမျိုးသမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားများမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတယ်။ ခဏတာသွေးအားနည်းခြင်းနဲ့ နာတာရှည်သွေးအားနည်းခြင်း၊ နဲနဲဆိုးခြင်းနဲ့ များများဆိုးခြင်း ဆိုပြီးရှိတယ်။

အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာ၊ ဒီလက္ခဏာတွေ ရှိနေရင် သွေးအားနည်းနေပြီလို့ သိနိုင်တယ်။

အစားအစာထဲမှာပါတဲ့ သံဓါတ်အပြင် အခြားဓါတ်တွေနဲ့ ပရိုတင်းတွေကို သုံးပြီး (ရိုးတွင်းခြင်ဆီ)က သွေးနီဥကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာထဲမှာ ဒီဓါတ်တွေနဲသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

လစဉ် ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိရင်၊ မစားနိုင်လို့-မစားတတ်လို့ အာဟာရနဲသူတွေ၊ အစားအစာ ရွေးလွန်းသူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn's Syndrome ဆိုတဲ့အူရောဂါတွေရှိရင်၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေရှိရင်၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ အေအိုင်ဒီအက်စ်၊ (ရူမတွိုက်) အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအားနည်းနိုင်ပါသေးတယ်။

အများဆုံးကတော့ သံဓါတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓါတ်ပါတဲ့ အစားအစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်နိုင်အောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။

သွေးအားကောင်းဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ်တကူ ဝယ်ရပါတယ်။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီး တယောက်ကို သံဓါတ်ပါ စားဆေး (၃)လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါ။ သွေးအား ကောင်းစေတဲ့ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုးထုတ်တယ်။ Iron တမျိုးထဲ၊ Iron နဲ့ Folic acid တွဲ၊ Vitamin B, C ပါ ရောထားတာလဲရှိတယ်။ (အရင်က ဗမာပြည်မှာ ဖြူရာမင် ဘီစီ)။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက်သာတယ်။ သံဓါတ်ဆိုတော့ သံချေးနံ့ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြားအုပ်ဆေး ထုတ်တယ်။ ဆေးမမြိုတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ တချို့ကြ သံဓါတ်က ဝမ်းချုပ်တတ်လို့ ဝမ်းလွယ်အောင် အစားအစာကို သေခြာ ရွေးစားသင့်တယ်။ သင်္ဘောသီး၊ မန်ကျီးမှည့် ဖျော်ရည်၊ ကန်ဇွန်းရွက်၊ မြန်မာဘယဆေးများကလည်း အသုံးဝင်လှပါတယ်။

သံဓါတ်ထိုးဆေးဆိုတာ Imferon Iron Dextran Injection ညိုမဲမဲ ခပ်ပြစ်ပြစ်ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက် ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသားထူထူနေရာမှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုးအပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။ ဆေးထိုအပ်က သိပ်မကျဉ်းရ-မတိုရဘူး။ ဆေးထိုးပြီး မချေရဘူး။ အမဲကွက်ဖြစ်နေမှာစိုးလို့။ Drip ပုလင်းထဲ ဆေးထည့် သွင်းတာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့်လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။

သံဓါတ်အပြင် (ဖေါလစ်အက်စစ်) Folic acid ခေါ် Folate ခေါ် Vitamin B 9 နဲတဲ့ သွေးအားနည်းရောဂါဆိုတာ ရှိတယ်။ သာမန်အချိန်မှာ 400 mcg နို့တိုက်နေရင် 500 mcg ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစား အစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ်မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်စတဲ့ အသီးအရွက်စိမ်းများ၊ အစေ့အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာအဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။ Folic acid ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာပါ ဦးနှောက်-အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့သွေးအားနဲရောဂါပါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နဲနေရင် Injection Vitamin 12 ထိုးပေးရမယ်။ များသောအားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန်ထိုးပေးရမှာလဲရှိတယ်။ B-12 ဟာ သွေး အတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသဲ၊ ကောက်နှံများ (မနက်စာအဖြစ်စားတဲ့အစာတွေ)၊ ငါး၊ အမဲသား၊ (ရောဂတ်) ဒိန်ချင်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။

ဆရာဝန်ပေါက်စတွေကို ဝါရင့်တွေက သင်ပေးသလို လူနာတွေက ဆရာဝန်ကို သင်ပေးတာလဲရှိတယ်။ ဆေးထိုးတဲ့အခါ ဗီတာမင် ဘီအုပ်စုကို ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။ တချို့လူနာက ဆေးထိုးတာ မနာမှ ဒီဆရာဝန် လက်ကောင်းတယ်လို့ သတ်မှတ်သလို၊ တချို့ကြ ဆေးက နာလဲမနာဘူး၊ စွမ်းပုံမရဘူးလို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ)ကောင်းချင်ရင် လူနာ့ အထာ သိဘို့လိုတယ်။

လူတယောက်မှာ အစဉ်အမြဲ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥအသစ်ပေါင်း ၁့၅ မီလီယန် ကို ရိုးတွင်းခြင်ဆီက ထုတ်ပေးနေပါတယ်။

Bone marrow (ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့်တူတဲ့ Leukemia (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ်လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ်လုပ်ပြီး သေခိုင်းတတ်တယ် မဟုတ်လား။

အချို့ဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ Hemolytic anemia ဆိုရင် ပေးနေတဲ့ဆေးဝါးတွေကို ဆန်းစစ်ပြီး ရပ်သင့်ရင် ရပ်ပစ်ရမယ်။ (စတီရွိုက်) ဆေး လိုချင်လိုပါမယ်။ Spleen (ဘေလုံး) ထုတ်ချင် ထုတ်ပေးရမယ်။

Autoimmune disorders ခေါ် ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့ ခံနိုင်ရည်စနစ်ကြောင့် ဖြစ်ရတာဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။

Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာအတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။

အိပ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်းတာဟာ သွေးဆင်း-သွေးထွက်များနေလို့ဖြစ်ရင် အကြောင်းရင်းကိုလည်း ကုသပေးရပါမယ်။ လိပ်ခေါင်းကသွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန် နည်းနေတာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်းသူတွေ မနဲမနောရှိတယ်။

သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင်ကုန်ခမ်း မောပမ်းလွယ်မယ်၊ နှလုံးက ပိုပြီးခုန်ရလို့ Arrhythmia နှလုံးခုန်မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ congestive heart failure နှလုံးအရွယ်ကြီးလာနိုင်တယ်။ သွေးဖိအားကျပြီး အသက်ဆုံးသွားနိုင်တယ်။

Anemia သွေးအားနဲတာနဲ့ Blood Pressure (ပရက်ရှာ) နဲတာ မတူတာကို ခွဲသိထားစေချင်တယ်။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ (ပရက်ရှာ) တိုင်းရင်တော့ နဲနေတာကို တွေ့ရမယ်။ ရက်ကြာကြာ သွေးအား နဲနေသူကို (ပရက်ရှာ) တိုင်းရင် ပုံမှန်ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနဲည်းနေနိုင်တယ်။ ဘာ့လို့လဲဆိုတော့ သွေးဖိအားဆိုတာ သွေးထုထည်နဲ့ ဆိုင်တာ။ လူတိုင်း သွေးထုတည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနဲသူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထားတဲ့ဆေးတို့၊ အရက်တို့လို အာနိသင်နဲနေရတယ်။ ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနဲနေသူကို သွေးမသွင်းဘဲ၊ တခြား D5, NS, DNS, RL သွင်းဆေးတွေ သွင်းပေးတာ အကြောင်းမထူးဘူး။ ဆီးပိုသွားတာဘဲရှိမယ်။

Blood Transfusion သွေးသွင်းကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေအတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥဆိုတာ ရက် ၉ဝ-၁၂ဝ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ် ဖြစ်နေကြတာ။ ဒါ့ကြောင့် သွေးလှူရှင်တဦးဟာ ရက် ၁၂ဝ ဒါမှမဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံရင်) စိတ်ချလက်ချ လှူနိုင်ပါတယ်။

သွေးအားနည်းရောဂါကို ပညာတော့ ပေးနိုင်ပါရဲ့၊ (ရဖြူဂျီ) လူနာတွေက အာဟာရလဲ စုံအောင်မစားနိုင်၊ ဆေးလဲအပြင်က မဝယ်နိုင်ကြပါ။ ဆေးခန်းကနေလဲ တခါလာမှ ၂ ရက်စာကနေ ၅ ရက်စာထက် ပိုမပေးနိုင်ပါ။ စားနိုင်-သောက်နိုင်-ဝယ်နိုင်တဲ့ဘဝကို မြန်မြန်ကြီး ရောက်ကြပါစေ။

• Anemia and Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ http://dts-medicaleducation.blogspot.com/2011/01/anemia-and-blood-pressure.html

Dr. တင့်ဆွေ

မောင်တောမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ရှာဖွေစစ်ဆေး


 ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေ ရှိ၊ မရှိကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့အထိ မြန်မာနယ်စပ် နယ်မြေ အမှတ် ၃၊ ၇၊ ၉ တို့မှာ စစ်ဆေးမှုအရ အိမ်ထောင်စု ၁၇၀ ကျော်နဲ့ လူဦးရေပေါင်း တစ်ထောင်ကျော်ကို စစ်ဆေးခဲ့တယ်လို့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။

မောင်တောနယ်စပ်မှာ တရားမ၀င် နေထိုင်သူတွေ ရှိ၊ မရှိကို န.စ.က အဖွဲ့တွေ မဖျက်သိမ်းခင်က တစ်နှစ်မှာ ၁ ကြိမ်လောက် စစ်ဆေးခဲ့ပေမယ့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်းမှာ အခုစစ်ဆေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese


သမ္မတကြီးတိုက်တဲ့ရေ


 ဖြောင်း ဖြောင်း . . . .ဖြောင်း ဖြောင်း

 လက်ခုပ်တီးလိုက်စမ်း ရွှေသီးရေ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် လေးဦးက ပီအာရ်စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးပါဘူးလို့ အမျိုးသားလွှတ်တော်ကို တင်ပြ။မဲခွဲဆုံးဖြတ်ဖို့ မတ်တတ်ရပ်ဆိုတော့လည်း ထိုင်ရာက မထဘဲတပ်မတော်သား ကိုယ်စားလှယ်အားလုံး ကန့်ကွက်မဲပေးခဲ့တယ်တဲ့။ တပ်မတော်သားတွေ ဒီလိုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလာတာ တို့က လက်ခုပ် လက်ဝါးတီးပြီး ကြိုဆိုရမှာပေါ့။ ဒါပေမဲ့လည်း တို့လက်ခုပ်တီးလို့ မဆုံးခင်မှာပဲ အမျိုးသားလွှတ်တော်မှာ ပြည်ခိုင်ဖြိုးတို့ ညီညာမှုနဲ့ ပီအာရ်ကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပုဒ်မ ၄၃၆ပြင်ဖို့ အလွန့်အလွန် လက် တွန့်နေခဲ့တဲ့ ပြည်ခိုင်ဖြိုးက ပီအာရ်ကို  အလျင်အမြန် အကောင်အထည်ဖော်ဖို့ ကြိုးစားလာတာကို ဆက်စပ်ကြည့်တော့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များ အလွန်အမြော်အမြင်ကြီးပါလားလို့ ခေါင်းညိတ်မိလိုက်တယ်။ သူတို့မှာ သမိုင်းသင်ခန်းစာကရှိခဲ့တာကိုး ရွှေသီးရဲ့။

၁၉၉၀ ပြည့်ရွေးကောက်ပွဲ ကာလတွေတုန်းက အကြောင်း လေးမင်းတို့ မမီလိုက်လို့ ပြန်နွှေး လိုက်ဦးမယ်။ ၁၉၈၈ မှာ တပ်မ တော်က အာဏာကိုလွှဲယူတယ်။ တပ်က အာဏာသိမ်းတာ လုံးဝ မဟုတ်ဘူးနော်။ လက်ရှိအုပ်ချုပ် သူအစိုးရကိုယ်တိုင်စစ်တပ်လက် ထဲ အာဏာကို ထိုးထည့်ပေးလိုက် တာကွ။ အဲဒီအာဏာလွှဲစစ် ကောင်စီမှာပါတဲ့ စစ်ဗိုလ်ချုပ်ကြီး တွေရဲ့ ဆရာ့ဆရာတွေက မဆလရဲ့ကိုယ်ပွား တစညပါတီကို ထောင်တယ်။ အဲဒီတစညလို့ခေါ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မဆလရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ဆက်ခံရတယ်။ တစညပါတီအင်အား ဘယ်လောက်တောင့်တင်းခဲ့သလဲဆိုရင် အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ၊ တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီနဲ့ လူငယ်စည်းလုံးညီညွတ်ရေးပါတီဆိုပြီး ပါတီကြီးသုံးခု ပါထပ်ခွဲလိုက်သေးတယ်။ မဆလရဲ့ ရန်ပုံငွေတွေဟာ ပြည် သူ့ဘဏ္ဍာတွေဖြစ်တယ်ဆိုပြီး တစညပါတီရဲ့ ရပ်တည်မှုနဲ့ ဘဏ္ဍာငွေအပေါ်မှာ အဲဒီအချိန် က ဒီ/ငြိမ်းပါတီဥက္ကဋ္ဌကြီး ၀န် ကြီးချုပ်ဟောင်း ဦးနုက တရားစွဲ ဖို့ထိ စီစဉ်ခဲ့တယ်။ အာဏာရစစ် ကောင်စီ(န၀တ)ကိုလည်း တစညရဲ့ ပြည်သူပိုင်ပစ္စည်းအလွဲသုံးမှုမှာ ထိမ်ချန်မှုနဲ့ တရားစွဲမယ်လို့ ကြေညာခဲ့တယ်။ ပြောရရင် တစညပါတီဟာ စစ်တပ်ကျောထောက်နောက်ခံပြုထားပြီး အင်အားအလွန်တောင့်တင်းတဲ့ ပါတီတစ်ခုအဖြစ် နိုင်ငံရေးပါတီတွေ ကြားမှာ ရပ်တည်ခဲ့တယ်။

သို့သော်လည်း ၁၉၉၀ ရွေး ကောက်ပွဲမှာတော့ တစညပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်။ ဒီမှာတင် စစ်တပ်ရဲ့ အနေအထားက လှုပ်သွားတယ်။ မဆလရဲ့ ကိုယ်ပွား တစညကို အားကိုးထား ရာက ရွေးကောက်ပွဲရလဒ်က မှန်းထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတဲ့ အခါ စစ်တပ်အနေနဲ့ ဘာဆက် လုပ်မလဲဆိုတဲ့ အနေအထား ရောက်သွားတယ်။ နောက်တော့ လည်း မထူးဇာတ်ခင်း မျက်နှာ ပြောင်တိုက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ငြင်းတော့တာပဲ။ ဟိုအ ကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အာဏာကို ဆုပ်ကိုင်လိုက်တော့တယ်။ သူတို့ရဲ့ ဆရာရင်းတွေဖြစ်တဲ့ တစညပါတီကိုပါ လျစ်လျူရှုလိုက်တော့တာပါပဲ။ ဒီမှာတင် စစ်တပ်ကျောထောက်နောက်ခံမဲ့သွားတဲ့တစညပါတီဟာ ကျားသေတစ်ကောင်လိုဖြစ်သွားတော့တယ်။

ဒီလိုဆိုရင် ၂၀၁၅ အလွန် ပြည်ခိုင်ဖြိုးရဲ့ အခြေအနေက ဘယ်လိုလဲ။ ပုံမှန်အတိုင်းဆိုရင် တော့ အင်န်အယ်လ်ဒီကို ရှုံးမှာပဲ လေ။ အဲဒီအချိန်မှာ ကာချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ဘာ ဆက်လုပ်မှာလဲ။ စစ်တပ်ကကျောထောက်နောက်ခံပေးထား တယ်ဆိုတဲ့ နာမည်ပျက်ကို ဆက်ပြီးယူထားမှာလား။ ၁၉၉၀ တစည ပါတီ ကို နောက်ခံပေးထားစဉ်က တစညပါတီရဲ့ ထိပ်တန်းခေါင်း ဆောင်တွေအားလုံးဟာ လာဘ် ပေးလာဘ်ယူတွေ၊ ခြစားမှုတွေ၊ နိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားမှု တွေမှာ န၀တခေတ် ပုဂ္ဂိုလ်ကြီး များလို နာမည်ပျက်ရှိခဲ့တာ မဟုတ်ဘူး။ ဒါတောင်တစ်ချိန်မှာ စစ်တပ်ရဲ့ ထောက်ခံမှုလျော့ကျ သွားသေးရင် ပြည်ခိုင်ဖြိုးခေါင်း ဆောင်တွေရဲ့ န၀တ၊ နအဖ ခေတ်လုပ်ရပ်တွေအပေါ် တပ်မ တော်က ဘယ်နှနှစ်ကြာအောင် နာမည်ပျက်နဲ့ ခေါင်းခံရမှာလဲ။ တပ်မတော်ဘက်က ဒီအချက် တွေမစဉ်းစားလာနိုင်ဘူးလား။

ရွှေသီးရေ . . .ငါကြားဖူး တာ တစ်ခုရှိတယ်။ ဘယ်သူ လာလာ ငါ့ဆရာ။ ဘယ်သူ သွားသွားအလကားတဲ့။ လုပ်ပိုင်ခွင့်မရှိ၊ အာဏာမရှိတော့တဲ့ အခြေအနေမှာ ဘယ်တပည့်တပန်းက ရေရှည်ဆက်ပြီး လက်တို လက်တောင်းလုပ်ပေးဦးမှာလဲ။ ဒီလိုအတွေးတွေနဲ့ပဲ ပီအာရ်စနစ်ကို ၂၀၁၅အမီအရေးတကြီး တင်သွင်းလာကြတာဖြစ်မယ်။ ဒါမှသာပဲ ပီအာရ်ရဲ့ကျေးဇူးကြောင့် လွှတ်တော်မှာ ကိုယ်စားလှယ်တချို့တစ်ဝက်နဲ့ ဟန်မပျက် နေနိုင်ကြမှာ မဟုတ်လား။ ပါတီ ဆက်လက်ရပ်တည်ဖို့ လွယ်မှာ မဟုတ်လား။

ရွှေသီးရေ . . . ခုချိန်က အရမ်းကို ရှုပ်ထွေးနေတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အသိဉာဏ်ရှိတဲ့လူတွေ၊ နိုင်ငံကိုချစ်တဲ့ လူတွေအားလုံး ကြိုးစားနေကြချိန်မှာပဲ ၄၃၆ မပြင်ရေး ကန့်ကွက်မှုတွေ၊ ဘာသာရေး သွေးထိုးမှုတွေ၊ လွှတ်တော်တွင်း လူများစု အားကိုးနဲ့ လုပ်ကြံမှုတွေ၊ ဒိုင်ဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အ၀ါ၊ အနီကတ် ခဏခဏနှိုက်နေတဲ့ မြင်ကွင်းတွေ တွေ့ရတော့ တို့ပြည်သူတွေပိုပြီး အသိဉာဏ်ရှိဖို့၊ ညီညွတ်ဖို့ လိုလာပြီလို့ ဆင်ခြင်မိတယ်။ ဒါ့အပြင်   ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့ထားတဲ့ကော်မရှင်က မဲခွဲဆုံးဖြတ်လိုက်တယ်ကြားရတော့ နိုင်ငံရေး ပုရောဟိတ်ကြီးတွေကို ပြန်ပြီး သတိမိရတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင် မီ ဒီမိုကရေစီဆိုတာ အပေါ်က လာတာလား၊ အောက်ကလာ တာလား၊ လူပြောင်းမူပြောင်းတို့၊ လူမပြောင်းမူပြောင်းတို့ အကြီး အကျယ်စကားတွေပြောပြီး လွှတ် တော်နိုင်ငံရေးကို ဇောင်းပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ခုချိန်မှာ တပ်မ တော်ကို၊ လွှတ်တော်ကို၊ အစိုးရကို ပေးဖို့ အကြံတွေများ ကုန်နေကြသလား။

မတူတာတွေ ဖယ်ထားပြီး တူတာတွေ တွဲလုပ်မယ်ဆိုတဲ့ ခပ်ချိုချိုစကားလုံးတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်ထဲရောက်လာခါကျမှ ခုဘယ်ဟာတွေက တူလို့ တွဲလုပ် ကြမှာလဲ။ ပုဒ်မ ၄၃၆ လား၊ မတူ ဘူးကွာ ခဏဖယ်ထား၊ ပုဒ်မ ၅၉ (စ) မတူဘူး၊ ခဏဖယ်ထား၊ ၂၅ ရာခိုင်နှုန်း မတူသေးဘူး၊ ဖယ်။ တကယ်တော့ အဲဒီဖယ်ထားတာတွေ က နံစော်ညစ်ပတ်နေတဲ့ အမှိုက် တွေ။ အဲဒါတွေ ဘေးမှာ ဖယ်ပုံ ရင်း၊ ပုံရင်း အမှိုက်ပုံကြီးဖြစ်လာ တာကို မရှင်းဘဲ အမှိုက်ပုံဘေးနား မှာရပ်ပြီး သန့်ရှင်းသော အစိုးရ ဖြစ်အောင် လုပ်နေပါတယ်ဆို တော့ စဉ်းစားသာကြည့်တော့ ရွှေသီးရေ။

ငါကတော့ အဲဒီမတူတာတွေဖယ်၊ တူတာတွေ လက်တွဲလုပ် မယ်လို့ကြားရတိုင်း လူရိုးလူအေး တစ်ယောက် ဆီနဲ့ရေလဲခံရတဲ့ ပုံပြင်လေးသွားသတိရမိတယ်။ မင်းကြားဖူးပြီးသား ဖြစ်မှာပါ။ တစ်ခါက ဆီသည်တစ်ယောက်နဲ့လူလည်တစ်ယောက်  ဇရပ်တစ်ခု မှာ ဆုံမိသတဲ့။ လူလည်က သူ့မှာပါလာတဲ့ ဆီးဖြူသီးကို လောကွတ်လုပ်ပြီး ကျွေးသတဲ့။ ဆီးဖြူသီးဖန်တန်တန်ကို မစားဖူးတဲ့ ဆီသည်ကလည်း စားကြည့်တာပေါ့။ ပြီးမှ ဟိုလူလည်က သူမှာပါလာတဲ့ ရေကို တိုက် တော့တာ။ ဆီးဖြူသီးစားပြီးရေသောက်တော့ ချိုသွားတာပေါ့။  ဒါကိုမသိတဲ့ ဆီသည်လူရိုးက ‘‘ဟာခင်ဗျားရေက တယ်ချိုပါလား’’လို့ ပြောသတဲ့။ ဒီမှာတင်လူလည်လူလိမ်က ဘယ်တော ဘယ်တောင်ကရတဲ့ရေ၊ ဘာပျောက်တယ်၊ ညာပျောက်တယ်၊ဘာကောင်းတယ်ဆိုပြီး လုပ်ပါ လေရော။ ဟိုဆီသည်ကလည်း လူရိုးလူအဆိုတော့ ယုံကြည်ပြီး သူ့မှာပါတဲ့ ဆီနဲ့ လူလည်ရဲ့ ရေကို လဲလိုက်ပါလေရော။

ရွှေသီးရေ . . .တို့တွေလည်း မိဘပြည်သူများခင်ဗျာဆိုတဲ့ ဆီး ဖြူသီးလေးစားပြီး ဒီမိုကရေစီ အ  သွင်ကူးပြောင်းရေးဆိုတဲ့ ရေလေး သောက်မိတာနဲ့ပဲ တို့ရဲ့ ဆန္ဒ အစစ်အမှန်ကို သူတို့စိတ်ကြိုက် လုပ်ချင်တာလုပ်ခွင့်နဲ့များ အလဲခံလိုက်ရပြီးလားလို့ စိုးရိမ်မိတော့တာပါပဲ။

7DAY DAILY

ကြည့်မြင်တိုင်(စံပြ) ငါးဈေးပြင်ပ ပျံကျဈေးသည်များ မပြောင်းရွေ့လျှင် ဒေသန္တရ ဥပဒေဖြင့် အရေးယူမည်ဟုဆို



ကျော်စွာဝင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗဟို (စံပြ) ငါးဈေးပြင်ပ နှင့် အနီးပတ်ဝန်းကျင်လမ်းများတွင် တရားမ၀င်ငါးရောင်းနေကြသည့် ပျံကျဈေးသည်များကို
ရွှေပိတောက်ငါးဈေးသို့ ပြောင်းရွေ့ခြင်းမပြုလျှင် ဒေသန္တရ ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဈေးများဌာနမှူး ဦးစံရွှေထွန်းက မဇ္ဈိမကို
ပြောသည်။

“စံပြ ငါးဈေးထဲမှာရောင်းတာ ပြဿနာမရှိဘူး။ ဈေးပြင်ပ နတ်စင်လမ်းနဲ့ အခြားလမ်းတွေမှာ တရားမ၀င် ငါးရောင်းတဲ့ အဖွဲ့တွေရှိပါတယ်။ အရင်ကပြောင်းဖို့မပြောခဲ့ဘူး။ ပေးစရာမရှိလို့။ အခုရွှေပိတောက် ငါးဈေးလည်း ဖွင့်ပြီ အခုနေရာလည်း ပေးဖို့ရှိလို့ ပြောင်းဖို့ပြောတာပါ။ မပြောင်းရင် ပထမဆုံး ဥပဒေနဲ့ အရေးယူမှာပါ”ဟု ဦးစံရွှေထွန်းကဆိုသည်။

အဆိုပါ ဗဟို(စံပြ)ငါးဈေးတွင် တရားမ၀င်ရောင်းချနေသည့် ပျံကျဈေးဆိုင်ပေါင်း ၄၉ ဆိုင်ရှိပြီး ရန်ကုန်မြို့တွင်း တိုးတက်လာမည့် ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် ရည်ရွယ်ကာ
ခေတ်မီတည်ဆောက်ထားသည့် ရွှေပိတောက်ငါးဈေးသို့ ပြောင်းရွေ့ခိုင်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးဌာန ဌာနမှူးက ဆိုသည်။

ဗဟို (စံပြ) ငါးဈေးတွင် လုပ်ကိုင်နေသော ပွဲရုံပိုင်ရှင်ဦးထွန်းထွန်းဝင်းက "ဒီနားကလူတွေက ဗဟို ငါးဈေးကို မှီခိုနေရတဲ့လူတွေပါ။ ငါးခြစ်ဈေးကွက်လုပ်ငန်းလုပ်ကိုင်ဖို့ ဗဟို စံပြငါးဈေး
အတွင်းပိုင်းက လက်မခံခဲ့ဘူး။ ဒါကြောင့် ပြင်ပမှာလုပ်တာပါ။ ဆိုင်ခန်းမပိုင်ဆိုင်တဲ့လူတွေများစွာရှိပါတယ်။ စားဝတ်နေရေး ကြပ်တည်းနိုင်ပါတယ်။ ကျွန်တော်က ဟိုမှာလည်း ဆိုင်ခန်းဝယ်ထားတော့
အထက်က ညွန်ကြားတဲ့အတိုင်း လိုက်နာရမှာပါ”ဟု ပြောသည်။

ပြောင်းရွေ့ရမည့် ရွှေပိတောက်ငါးဈေးသည် ၈.၁၁၂ ဧက ကျယ်ဝန်းပြီး ဈေးရုံ ရှစ်ရုံပါဝင်ကာ ဈေးရုံ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၆၀ ပါဝင်တည်ဆောက်ထားသည်။ ယင်းအပြင် ဈေးဝယ်လာသူများ အဆင်ပြေစေရန်အတွက် ၂၈၅ x ၂၀၀ ပေရှိ ကားပါကင်တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး ဆိုင်ခန်းတစ်ခန်းလျှင် ၁၈ x ၁၁ပေကျယ်ဝန်းရှိသည်။

ဆိုင်ခန်းတစ်ခန်း တန်ဖိုးမှာ ကျပ်သိန်း ၂၅၀ နှင့် သိန်း ၃၀၀ သတ်မှတ်ထားကာ အရစ်ကျဝယ်ယူစနစ်အပြင် ပျံကျဈေးရောင်းသူများကိုမူ ၎င်းတို့ လက်ရှိငှားရမ်းနေရသည့် ဈေးထက် လျော့ကာ ငှားရမ်းပေးနိုင်ရန် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနနှင့် ဈေးသာယာရေးအဖွဲ့မှ စီစဉ်နေသည်ဟု ဦးစံရွှေထွန်းက ပြောသည်။

Mizzima Burmese

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထိုင်းဘဏ်များ၏ ATM စက်များ၌ ငွေထုတ်ယူမည်ဆိုပါက ထိုင်းရဲများကို သတိပြုရန် တာချီလိတ်ပြည်သူများအား CNCMC မှ သတိပေး


တာချီလိတ်မြို့မှ မိဘပြည်သူများခင်ဗျာ--------
ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၄)ရက် နံနက်ပိုင်း(၁၁း၃၀)ချိန်တွင် ကိုစည်သူအောင်ဆိုသည့် လူငယ်သည် မယ်ဆိုင်မြို့ရှိ K-Bank ရှေ့တွင်ATM Box၌ ဘတ်ငွေငါးသောင်းထုတ်ယူနေစဉ် နောက်မှထိုင်းရဲနှစ်ဦး ရောက်ရှိလာပြီး ၎င်းအား Vigo ကား အမဲပေါ်သို့ တင်ခေါ်သွားပြီး ဘတ်ငွေ(၂)သောင်း တောင်းယူသွားကြောင်း ကော်မတီသို့အကြောင်းကြားခဲ့ပါသည်။



ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ကော်မတီဝင်တစ်ဦးဖြစ်သူ ကျွန်တော် ဦးစည်သူမောင်မှ  ကိုစည်သူအောင်အား ထိုင်းကားနံပါတ်နှင့် ရဲများ၏မျက်နှာ ပုံသဏ္ဍန်၊ Name Plateပြားများအား မှတ်မိပါသလားဟု မေးမြန်းရာ မမှတ်မိကြောင်း ဖြေဆိုခဲ့ပါသည်။

၎င်းမှထိုင်းရဲများမှာ မျက်မှန်အမဲများ တပ်ဆင်ထားခြင်းကြောင့် မျက်နှာများလည်း မမှတ်မိနိုင်ဟုဖြေဆို ခဲ့ခြင်းကြောင့် ကော်မတီမှ မည်သို့မျှ မတတ်နိုင်ခဲ့ပါခင်ဗျာ ။

အလားတူ ဖြစ်စဉ်မျိုး ဖြစ်ခဲ့ပါက မိမိတတ်စွမ်းနိုင်သမျှ ကားနံပါတ်၊ ယာဉ် အမျိုးအစား ထိုင်းရဲများ၏ အင်္ကျီရင်ဘတ်ရှိ အမည်များအား တတ်နိုင်သလောက် မှတ်သားထားစေပြီး ၎င်းတို့ ခေါ်ဆောင်ရာ နောက်သို့ မလိုက်စေရန်နှင့် မဖြစ်မနေလိုက်ရမည် ဆိုပါကလည်း မယ်ဆိုင်မြို့ရဲစခန်းသို့ ခေါ်ဆောင်သွားစေရန် အတတ်နိုင်ဆုံးပြောပြပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီသို့အကြောင်းကြား လာကြပါရန် အသိပေးနိုးဆော်အပ်ပါသည်ခင်ဗျာ ။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ် )
Caring and Negotiating Committee for Myanmar Citizens
In Mae Sai, Thailand ( CNCMC )
Facebook: https://www.facebook.com/groups/thmaesaiworker

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net

ကမ္ဘာ့ဖလား အုပ်စု စီပွဲစဉ် ဥရုဂွေးနှင့် အီတလီတို့အနိုင်ရ



Brazil မှာ ကစားနေကြတဲ့ ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲတွေမှာ အုပ်စု C နဲ့ အုပ်စု D က အသင်းတွေ စနေနေ့မှာ ကစားနေကြပါတယ်။

မကြာခင်ကပဲပြီးသွားတဲ့ အင်္ဂလန်နဲ့ အီတလီပွဲမှာ အီတလီက ၂ ဂိုး အင်္ဂလန် ၁ ဂိုးနဲ့ အင်္ဂလန်အသင်း ရှုံးသွားပါတယ်။ အင်္ဂလန်အသင်းဖက်မှာ ကမ္ဘာ့အတွေ့အကြုံ မရင့်တဲ့ လူငယ်ကစားသမားတွေများပါတယ်။

အီတလီအသင်းဖက်ကလည်း ဝါရင့် ဂိုးသမား ဘူဖွန် ခြေကျင်းဝတ် ဒဏ်ရာ ရထားတဲ့အတွက် ဝင်မကန်နိုင်ပါဘူး၊ စနေနေ့ အစောပိုင်းက
ကန်ကြတဲ့ အုပ်စု C က Colombia နဲ့ Greece ပွဲတုန်းကတော့ Colombia အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ Greece အသင်းဖက်က ဂိုးသွင်းဖို့ အခွင့်အလမ်းတွေ တော်တော်များများရခဲ့ပေမဲ့ တဂိုးမှ ဝင်အောင် မသွင်းနိုင်ခဲ့ပါဘူး။

အုပ်စု D က Uruguay နဲ့ Costa Rica ပွဲမှာတော့ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ခါဖြစ်ဖူးတဲ့ Uruguay က Costa Rica ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ စနေနေ့နောက်ပိုင်းကျရင်တော့ ဂျပန်နဲ့ Ivory Coast တို့ ကန်ကြဖို့ရှိပါတယ်ရှင်၊

ဗွီအိုအေ (မြန်မာဌာန)

စပိန်အသင်းကပေးတဲ့ ဘ၀နေထိုင်မှုလမ်းညွန်



အုပ်စုအဖွင့်ပွဲစဉ်မှာ ဟော်လန်ကို စပိန်အသင်း အရှက်တကွဲ ရှုံးပြီးတဲ့နောက်မှာ စပိန်အသင်းအပေါ် ဝေဖန်ချက်တွေ လျှံထွက်လာပါတယ်။ စပိန်သတင်းစာတွေကလည်း သူတို့အသင်းကို ရစရာမရှိအောင် အပြစ်တင်ခဲ့တာ တွေ့ရပါတယ်။ အယ်ဒိုမန်ဒို သတင်းစာက ''ကိုယ်ကျိုးနည်းရလေခြင်း''ဆိုတဲ့ ခေါင်းစဉ်ရဲ့ စပိန်အသင်း ရှုံးပွဲကို ပုံဖော်ခဲ့ပြီး ကာဆီးလက်စ်ရဲ့ ဒူးထောက်၊ ခေါင်းငိုက်စိုက်ကျနေတဲ့ပုံကို အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် EL Pais သတင်းစာကလည်း ''မြေခသွားတဲ့ ချန်ပီယံ''လို့ ဝေဖန်ခဲ့ပါတယ်။ ဒီပွဲမှာ (၅)ဂိုး သွင်းခံရတာဟာ စပိန်အတွက် (၁၉၆၃)ခုနှစ် နောက်ပိုင်း နိုင်ငံတကာပွဲစဉ်တွေမှာ ငါးဂိုးနဲ့အထက် ပေးခဲ့ရတဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် တတိယမြောက် အဆိုးရွားဆုံးရလဒ်ပါပဲ။ ဒါပေမဲ့ စပိန်ဟာ ပြီးခဲ့တဲ့ (၆)နှစ်အတွင်း ယူရိုပြိုင်ပွဲ နှစ်ရပ်ဆက် ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ဖလား လက်ရှိချန်ပီယံအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ အသင်းပါ။

ပြီးခဲ့တဲ့ (၆)နှစ်အတွင်း စပိန်အသင်း ဗိုလ်စွဲခဲ့တုန်းက လက်ခုပ်သံတွေ ဆူညံ့ခဲ့ပြီး လက်ခုပ်တီးတဲ့သူတွေထဲမှာ အခုလို ဝေဖန်နေတဲ့သူတွေ အများကြီး ပါတာပေါ့။ စပိန်လို ကမ္ဘာလုံးချီ အောင်မြင်ခဲ့တဲ့ အသင်းတောင် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရရင် ဝေဖန်ခဲ့ရတာဆိုတော့ သာမန်လူသားတစ်ယောက် ဝေဖန်ခံရတာ မဆန်းပါဘူး။ မြင်တတ်မယ်ဆိုရင်တော့ ဘောလုံးပွဲတွေဟာ ဘ၀အတွက် မှတ်သားစရာတွေချည်းပါပဲ။ ဒီအဖြစ်အပျက်ကတော့ ကျွန်တော်တို့ သင်ယူသင့်တာကတော့ လက်ခုပ်သံ၊ ဝေဖန်သံတွေကို ဖက်တွယ်မနေဘဲ ကိုယ့်အလုပ်ကို အကောင်းဆုံး အားစိုက်လုပ်ဖို့ပါပဲ။

@z (ရိုးရာလေး)

ပီအာရ်ကော်မရှင်မှ ဒီချုပ်ကိုယ်စားလှယ်များ နုတ်ထွက်


အမျိုးသားလွှတ်တော် တွင် အတည်ပြုလိုက်သည့် အ ချိုးကျကိုယ်စားပြုစနစ် (PR) နှင့်
ပတ်သက်၍ အကောင်အထည် ဖော်မည့်အချိုးကျကိုယ်စားပြု စနစ်ကော်မရှင်မှ


အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် အားလုံးနုတ်ထွက်လိုက်ကြောင်း သတင်းရရှိသည်။

‘‘လွှတ်တော်က အဆိုကို အနိုင်ရသွားတဲ့အခါမှာ PR နဲ့ ပတ်သက်ပြီး Design ဆွဲဖို့ကော်မ ရှင်ဖွဲ့တယ်။ အဲဒီအဖွဲ့မှာ ဆွေး နွေးတဲ့ လူတွေအားလုံးကိုထည့် ထားတယ်။ ကျွန်တော်တို့က မပါနိုင်ဘူးဆိုပြီး ထွက်ခွင့်တင် လိုက်တာ’’ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသ ကြီးမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

အဆိုပါ ကော်မရှင်တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၃၆ ဦးအပါအ၀င် လူပုဂ္ဂိုလ် ၄၀ ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံထားသော ဒီချုပ်ကိုယ်စားလှယ် ငါးဦးစလုံး က ပါတီမူဝါဒနှင့် မကိုက်ညီသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

ထိုကော်မရှင်မှ နုတ်ထွက် ခွင့်ပြုရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသို့ တင်ပြခဲ့ပြီးနောက် ဇွန် ၁၃ ရက်တွင်   အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုလိုက် ကြောင်း ၎င်းကပြောသည်။

‘‘ကြက်ဟင်းခါးသီးက ဘယ် အိုးနဲ့ ချက်ချက်ခါးမှာပဲလေ။ အိုး ပြောင်းချက်လို့ ချိုလာတာမှ မဟုတ်တာ’’ဟု ကော်မရှင်မှ နုတ် ထွက်ရသည့်အကြောင်းကို ဦး အောင်ကြည်ညွန့်က ဥပမာပေးရှင်းပြသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်က အချိုးကျမဲပေးစနစ်နှင့် ပတ်သက် ၍ NDF မှ ဒေါ်ခင်ဝိုင်းကြည်က အဆိုတင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ် ရာတွင် တပ်မတော်သားကိုယ် စားလှယ်များနှင့် NLD ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့သော် လည်း ပြည်ခိုင်ဖြိုးပါတီအမတ် အားလုံးက ထောက်ခံသဖြင့် အဆိုမှာ အတည်ဖြစ်သွားခဲ့သည်။

အချိုးကျကိုယ်စားပြုစနစ် နှင့်ပတ်သက်၍ လာမည့်သီတင်းပတ်တွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Daily

PR စနစ် ကျင့်သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့်ကြားမှ ဆောင်ရွက်လာပါက အပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြယ်သွားနိုင်ဟုပြော


PR စနစ်အား ပြည်နယ်များတွင် ကျင့်သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့်ကြား
မှ ဆောင်ရွက်လာပါက လက်ရှိဖော်ဆောင်နေသည့် တစ်နိုင်ငံလုံး
ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြယ်သွားနိုင်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)  ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်အား အမှန်တကယ် ကျင့်သုံးမည်ဆိုပါကPR  စနစ်သည် အလကားဖြစ်သွားမည်ဖြစ်ပြီး မလိုအပ်တော့ကြောင်း၊ တိုင်းရင်းသားပါတီအားလုံး၊ NBF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သဘောထားသည် ဖက်ဒရယ်စနစ်ကိုသာ လိုအပ်ကြောင်း၊

 မိမိတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လုပ်သွားမည့်ကိစ္စတွင်  PR  စနစ်သည် မိမိတို့အတွက် ဘာအကျိုးမှမရှိကြောင်း၊ အကယ်၍ ဖက်ဒရယ်စနစ်သို့ မရောက်ခင်စပ်ကြားတွင် PR  စနစ်ကျင့်သုံးရန် လိုအပ်လာပါက ဖွံ့ဖြိုးပြီးတိုင်းဒေသကြီး ခုနစ်ခုတွင်သာ ဆောင်ရွက်သင့်ကြောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

  ထို့အပြင် PR  စနစ် ကျင့်သုံးခြင်း ဖော်ဆောင်နေမှုသည် အဆုံးစွန်ထိရှိလာပါက လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင်ရန်အတွက် စဉ်းစားရမည့်အနေအထားသို့ ရောက်ရှိလာနိုင်ပြီး လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေမှုလည်း ပျက်ပြယ်သွားနိုင်ကြောင်း ဦးစိုင်းစောသန်းမြင့်က ဆက်လက်ပြောကြားသည်။   “လက်ရှိ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီးလုံးဝပျက်ပြားသွားမယ်လို့ လုံးဝမြင်တယ်။

ဒါ့အပြင် တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘာပဲဖြစ်ဖြစ် အားလုံး ခံယူချက်ချင်းတူတယ်ပေါ့နော်။ တကယ်လို့ PR  စနစ်ကို ကျွန်တော်တို့ ခုနစ်ပြည်နယ်မှာ ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ပါတီကလည်း အားလုံးကန့်ကွက်မယ့်အပြင် အဲဒီကန့်ကွက်လို့ မဖြစ်လာဘူးဆိုရင် လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်လာနိုင်ဖို့ အစီအစဉ်မရှိဘူးလို့ ယူဆတယ်။

  တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့အစီအစဉ်ပါ ကျွန်တော်တို့ ပျက်သွားမယ်လို့ လုံးဝယုံကြည်တယ်” ဟု ဦး စိုင်းစောသန်းမြင့်က ပြောကြားသည်။

 အလားတူ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသည် လက်ရှိလာမည့် ဖက်ဒရယ်ပြည်ထောင်စုအတွက်သာမက လာမည့် ဒီမိုကရေစီနိုင်ငံအတွက် အဓိကအချက်ဖြစ်ကြောင်း ဦးစိုင်းစောသန်းမြင့်က ဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) တွင် အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားပါတီ ၂ဝ ပါဝင်ပြီး ယခင်ကတည်း က PR စနစ်အား လက်မခံကြောင်း ကြေညာထားသည့်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၎င်းတို့အဖွဲ့၏ PR  စနစ်အပေါ် သဘောထားအမြင်ကိုလည်း ထုတ်ပြန်ထားသည့် အဖွဲ့လည်းဖြစ်သည်။

 NBF အနေဖြင့် အဖွဲ့ဝင်တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ပြည်မနှင့် အခြားဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရည်ရွယ်၍ အဖွဲ့ဝင်ပါတီများမှ ကိုယ်စားလှယ်များပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ကို တည်ထောင်ထားကြောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

Eleven Media Group