ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို


 ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍ ဒေသတွင်းအခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများရှိနေသော်လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သားတစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ဆေးစာလည်း ထွက်လာပါပြီ။ အဓမ္မပြုကျင့်တာ မြောက်၊ မမြောက် သေချာသိဖို့ ဓာတုဗေဒရုံးကို ဆက်ပို့ထားတယ်’’ဟု ပြည်နယ်အဆင့်ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူဆရာမတစ်ဦး၏ လက်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဆွဲယူထားဖွယ်ရှိသည့် ဆံပင်အချို့ တွေ့ရပြီး DNA စစ်ဆေးရန် ဓာတုဗေဒရုံးသို့ ပို့ထားကြောင်း သတင်းရရှိသည်။ ပြစ်မှုကျူးလွန်သူများမှာ ဒေသတွင်းအခြေစိုက် စစ်တပ်ရင်းမှ တပ်မတော်သားအချို့ဖြစ်နိုင်ကြောင်း စွပ်စွဲမှုများလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော်လည်း ရရှိထားသော အထောက်အထားများအရ မဖြစ်နိုင်ကြောင်း အမှုစစ်ရဲအရာရှိတစ်ဦးက ပြောသည်။

တပ်မတော်သားများ ကျူးလွန်ခြင်းဖြစ်ကြောင်း စွပ်စွဲနေသူများမှာ ဒေသတွင်းမှ နိုင်ငံရေးပါတီအချို့နှင့် စစ်တပ်မလိုလားသူများဖြစ်ပြီး အမှုမှန်ပေါက်ပေါက်ရေးအတွက် ကြူကုတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ စခန်းမှူး၊ မူဆယ်ကချင်နှစ်ခြင်း အသင်းတော်မှဓမ္မဆရာတစ်ဦး၊ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ ပါဝင်သော  စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဆရာမနှစ်ဦးအသတ်ခံရ သောအမှုကြောင့် ဒေသတွင်းဆူပူ ဆန္ဒပြမှုများမဖြစ်ရန် အစိုးရတာ ၀န်ရှိသူများက မေတ္တာရပ်ခံထား သည်။တာဝန်ရှိသူများက မေတ္တာရပ်ခံထားသော်လည်း သေဆုံးသူ ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မူဆယ်မှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်နေစဉ် လမ်းတစ်လျှောက်မြို့များတွင် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံလူဦးရေထောင်ချီ၍ ဆန္ဒပြနေကြောင်းသတင်း ရရှိသည်။ သေဆုံးသူနှစ်ဦး၏ မိဘများတောင်းဆိုမှုဖြင့် ကချင်နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများ ဦးဆောင်သယ်ယူခြင်းဖြစ်သည်။

‘‘နမ့်ဖက်ကာမှာလည်း လူတွေ ထောင်ချီတယ်။ ကွတ်ခိုင်မှာလည်း စောင့်နေကြတယ်’’ ဟု ဆရာမနှစ်ဦး၏ ရုပ်အလောင်းကိုကားမောင်း၍လိုက်ပို့နေသည့် မူဆယ်နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

 ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မြစ်ကြီးနားနှင့် ဆယ်မိုင်အကွာ ဂျော်ဘွမ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်သင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်မည်ဖြစ်သည်။

အသတ်ခံရသည့် အသက် (၂၀)အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာတို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် ကောင်းခါးကျေးရွာမှ ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးသူများဖြစ်ပြီး ၎င်းတို့တည်းခိုရာ ဘုရားကျောင်း ၀င်းအတွင်း အိမ်ခန်းတွင် သေဆုံးနေသည်ကို ဇန်န၀ါရီ ၂၀ ရက် နံနက်က တွေ့ရကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။‘‘သေဆုံးသွားတဲ့ တစ်ယောက်က ကျွန်တော်နဲ့ အိမ်နီးချင်းပဲ။ သူ့မိဘတွေက ငိုပဲငိုနေကြတယ်’’ဟု သေဆုံးသွားသူတစ်ဦးနှင့် အိမ်နီးချင်းဘာသာရေးဆရာ ဦးနော်တောင်က ပြောသည်။

ယင်းတို့နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသခံစခန်းမှူး၊ KBC အသင်း (မူဆယ်)နှင့် မုံးပေါ်ပြည်သူ့စစ်အဖွဲ့မှ အ ဖွဲ့ဝင်တစ်ဦး စုစုပေါင်း လေးဦးဖြင့် ဖွဲ့စည်းစစ်ဆေးနေပြီး မျက်မြင် တွေ့ရှိချက်အရ ဆရာမနှစ်ဦးမှာ မုဒိမ်းကျင့်ခံရပြီးနောက် တုတ်၊ ဓား၊ လက်နက်များဖြင့် အသတ်ခံရသည်မှာ ထင်ရှားကြောင်း သတင်းရရှိသည်။

http://7daydaily.com/story/29977