သဘာဝခေါင်းရန်းပန်း ဆံကေသာအားဖြည့်ဆေး


No. 92
(၁)သုံးစွဲပြီးပါက ဆံပင်အရင်းမှအဖျားအထိ အားဖြည့်ပေးသည်။အရွယ်မတိုင်မီ ပေါက်သော ဆံပင်ဖြူများကို ဖုံးစေသည်။
(၂)ဆံပင်အက်ကွဲ၊ပြတ်တောက်ခြင်း၊ ကျွတ်ခြင်းများကို သက်သာစေသည်။ ခေါင်ရန်းပန်းမှ ဤအားဖြည့်ဆေးကိုပြုလုပ်ပုံမှာ
(၁)ရေ (၄၅၀-၅၀၀) ml  ကို မီးနည်းနည်းနှင့်တည်ပါ။
(၂)အခြောက်ခံထားသောခေါင်ရန်း ပွင့်(၂၀-၃၀)ပွင့်ကို ထည့်၍ ပြုတ်ပါ။
(၃)ပူလာလျှင် မီးမျှင်းမျှင်းနှင့်ဆက်တည်ပါ။သို့သော် တပွက်ပွက်ဆူလာသည်အထိ မထားပါနှင့်။ အနည်းငယ်ဆူပြီး အငွေ့ထွက်လာလျှင် မီးဖိုပေါ်မှ ချပါ။ ဆူပွက်သည်အထိ ထားပါက ပန်း၏အာနိသင် ပြယ်သွားနိုင်သည်။
(၄)ပန်းပြုတ်ရေသည် မရမ်းနှင့်ပန်းရောသည် အရောင်ခပ်ရင့်ရင့်ပြောင်းလာသည်။
(၅)ယင်းနောက် ရေခရားသန့်သန့် ထဲတွင် ထည့်ပြီး အအေးခံ၍ တစ်ညသိပ်ထားပါ။
(၆)နံနက်တွင် ဆံပင်လျှော်ပါ။ လျှော်ပြီးလျှင် သုံးနေကျပျော့ဆေးအစား ခေါင်ရန်းပန်းအားဖြည့်ရည်ကို ဦးရေကို ထိအောင် လိမ်းပြီး တဘက် နှင့်ပေါင်းထားပါ။ အနည်းဆုံး (၄၅)မိနစ် သို့မဟုတ် (၁)နာရီ ထားပါ။
(၇)ပြီးလျှင် အရောင်များစင်သွား သည်အထိ ခေါင်းကို ဆေးပါ။ ဦးရေတွင် ယားယံခြောက်သွေ့ခြင်းမရှိဘဲ ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားရပါမည်။
ဆံပင်များသည်လည်းသဘာဝအားဖြင့် အရောင်ဆိုးပြီးသားဖြစ်သည့်အပြင် ဆံပင်ကိုလည်း အားဖြည့်ပေး စေနိုင်သည်။ အ၀တ်အစားများကို စွန်းထေးပေကျံခြင်းမရှိပါ။

ဒေါန
Health Updates Journal

သူငယ်ချင်းများနှင့် တွေ့ဆုံမှုက အမျိုးသားများ၏ ကျန်းမာရေးကို သိသာစွာ အထောက်အကူပြု


No. 92
လေ့လာမှု အသစ်တစ်ခုအရ တစ်ပတ်လျှင် နှစ်ကြိမ်အနည်းဆုံး ရင်းနှီးတဲ့သူငယ်ချင်းအချို့နဲ့ တွေ့ဆုံလေ့ရှိတဲ့ အမျိုးသားတွေမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများသိသာစွာ ကောင်းမွန်စေကြောင်း သိရသည်။ Oxford University  မှ Professor Robin Dunbar  ၏ လေ့လာမှုအရ ပုံမှန်အမျိုးသားတစ်ဦးသည် ၎င်းတို့၏ အားလပ်ချိန်များမှ တစ်ဝက်ခန့်အား သူငယ်ချင်းများနှင့်တွေ့ဆုံလေ့ရှိကြောင်း သိရသည်။ အမျိုးသား (၅)ယောက်လျှင် (၂)နှစ်ယောက်ခန့်မှာ သူငယ်ချင်းများနှင့် တစ်ပတ်လျှင် တစ်ကြိမ်တွေ့လေ့ရှိပြီး၊ ကျန်(၃)ဦးမှာတွေ့ဆုံဖြစ်ရန် ကြိုးစားကြောင်းတွေ့ရသည်။ ယင်းကဲ့သို့ သူငယ်ချင်း (၃) (၄)ဦးခန့် တွေ့ဆုံ၍ ဘောလုံးကစားခြင်းကဲ့သို့ လေ့ကျင့်ခန်းမျိုးလုပ်ခြင်းအားဖြင့် ပိုမိုကျန်းမာ လာစေပြီး၊ နာလန်ထစဆိုလျှင်လည်း မြန်မြန်နာလန်ထကာ၊ ၎င်းင်းတို့၏ ရက်ရောမှုကိုလည်း ပိုမိုမြင့်တက်လာစေသည်ဟု ဆိုသည်။ အကြောင်းမှာ ယခုကဲ့သို့ သူငယ်ချင်းများတွေ့ဆုံစဉ် စိတ်ကျေနပ်မှုပိုမိုရစေသည့် Endorphins  ဆိုသည့် ဟော်မုန်းပိုထွက်သောကြောင့် ဖြစ်သည်။ အမျိုးသားကျန်းမာရေး စောင့်ကြည့်သည့် အဖွဲ့တစ်ခုမှလေ့လာချက်အရ အမျိုးသားများမှာ စီးပွားရေးပြဿနာများနှင့် အခြားပြဿနာများကြောင့် စိတ်ဓာတ်ကျမှုနှင့် မိမိကိုယ်ကို သတ်သေမှုပိုဖြစ်နိုင်သည်ဟု သိရသည်။
ဖိုးသောကြာ
Ref: Netdoctor.co.Uk
Health Updates Journal

အာဟာရထမင်းရည်


(Written by - မြန်မာ့အလင်းအောင်သန်း )

ထမင်းစားသော မြန်မာလူမျိုးတိုင်းသည် ဆန်နှင့် ထမင်းချက်စားလေ့ ရှိသည်။ ဆန်တွင် အာဟာရဓာတ် များစွာပါသည်။ အာဟာရဓာတ်သည် လူကို ခွန်အား ဖြစ်စေသည်။ သွက်လက် ကျန်းမာစေသည်။ ရောဂါဘယကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးသည်။ အာဟာရဓာတ်ကြောင့် ဥာဏ်ရည် ကောင်းမွန်စေ၍ စဉ်းစားဥာဏ်ကို ရင့်သန်စေ၏။ တွေးခေါ်မြော်မြင်ရာတွင် အလွယ်တကူ ချောမောပြေပြစ်စေ၏။ လုပ်ငန်းခွင်တွင် မမောမပန်းဘဲ အလုပ်ကို လုပ်ကိုင်နိုင်၏။

ဤမျှ တန်ဖိုးရှိလှသော အာဟာရဓာတ်ကို ဆန်နှင့် ထမင်းချက်စားရာတွင် ပြည့်ပြည့်၀၀ အသုံးမချကြသည်ကို တွေ့ရသည်။ ဆန်ကို ထမင်းချက်ရာတွင် ဆန်သန့်စင်သွားအောင် ဆေးကြောကြသည်။ ဆန်ကို နှစ်ထပ်လောက် ပွတ်သပ်ဆေးကြောလိုက်သဖြင့် ဆန်တွင်ပါသော အာဟာရဓာတ်များစွာသည် ဆန်ဆေးရေတွင် ပါသွားလေသည်။

ယင်းနောက် ထမင်းအိုးဆူ၍ ထမင်းရည်ငှဲ့ရတော့လည်း ဆန်ထဲက အာဟာရဓာတ်များစွာသည် ထမင်းရည်ထဲတွင် ပါသွားလေသည်။ ယင်းကြောင့် မိမိတို့စားသော ထမင်းတွင် အာဟာရဓာတ်ဆို၍ လေးပုံတစ်ပုံ လောက်သာ ကျန်တော့သည်။ အမှန်ပင် အာဟာရဓာတ် လေးပုံသုံးပုံသည် ဆန်ဆေးရေနှင့် ထမင်းရည်တွင် ပါသွား၍ဖြစ်သည်။

ချက်ပြီးရလာသော ထမင်းကို ငါးပိရည်၊ ကန်စွန်းရွက်၊ တို့စရာလောက်မျှဖြင့် စားသုံးနေရသူအဖို့ အာဟာရဓာတ် ပြည့်ဝရေးမှာ မဖြစ်နိုင်တော့ပေ။ အာဟာရဓာတ် မလုံလောက်သဖြင့် အလုပ်ကို အများနည်းတူ ပင်ပန်းခံ၍ မလုပ်နိုင်တော့ပေ။ အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်သည် အများနည်းတူ ခံနိုင်ရည် ပြည့်ပြည့်၀၀ မရှိတော့ ခံနိုင်ရည် ယုတ်လျော့လာသည်။ အားနည်းလာသည်။ ခံနိုင်ရည် ပျော့ညံ့သူကို ကူးစက်ရောဂါတို့ အလွယ်တကူ ကပ်ငြိနိုင်သည်။ ကူးစက်နိုင်သည်။ ရောဂါပိုးတို့ ခဏအတွင်းမှာ ချင်းနင်းဝင်ရောက်တော့သည်။ ခန္ဓာကိုယ်ကို ရောဂါပိုးတို့က ညှဉ်းပန်း နှိပ်စက်တော့သည်။

ရောဂါရ၍ မကျန်းမာသောအခါ ခန္ဓာကိုယ်သည် ကြုံလှီလာ၏။ ဖျော့တော့လာ၏။ အားအင်ယုတ်လျော့လာ၏။ အစားပျက်၊ အအိပ်ပျက်၊ အနေပျက်လာ၏။

ယင်းသည် အာဟာရဓာတ် ချို့တဲ့မှုကြောင့် ရောဂါဝင်ခြင်း ဖြစ်သည်။ အာဟာရဓာတ် ချို့တဲ့သော ထမင်းကိုစားရာက အလွယ်တကူ ရောဂါဘယ ၀င်ရောက်လာခြင်း ဖြစ်၏။

ယင်းကို ကောက်ချက်ဆွဲကြည့်လျှင် ထမင်းချက်ပြုတ်ရာက အာဟာရချို့တဲ့မှု အစပြုခြင်း၏။ အာဟာရဓာတ် ချို့တဲ့မှု၏ တရားခံသည် ဆန်ရေဆေးသည်က ထမင်းရည်ငှဲ့သည်ထိ စွန့်ပစ်ပစ္စည်း ဖြစ်သွားရသည့် အကြောင်းခံပင် ဖြစ်၏။

ယင်းကို မည်ကဲ့သို့ ကာကွယ်မည်နည်း။ ကာကွယ်ရန် နှစ်နည်းရှိသည်။ ပထမနည်းမှာ ရေခန်းချက်စားရန် ဖြစ်၏။ ယင်းနည်းမှာ Pressure Cooker ရှိသူတို့အဖို့ အဆင်ပြေသည်။ Pressure Cooker မရှိသူတို့ အတွက်လည်း ထမင်းရေခန်းချက်နည်းမှာ ခက်လှသည် မဟုတ်ပေ။ ဆန်နှင့်ရေကို အတိုင်းအဆဖြင့် ထမင်းအိုးတွင် ထည့်ချက်ရန်သာ ဖြစ်၏။

Pressure Cooker ဖြင့် ချက်သည်ဖြစ်စေ၊ ရိုးရိုးထမင်းအိုးဖြင့် ရေခန်းချက်သည် ဖြစ်စေ၊ ဆန်ကို ဆေးကြောသန့်စင်ရာတွင် လိုသည်ထက်ပို၍ ပွတ်တိုက်ဆေးကြောခြင်းကို ရှောင်ကြဉ်ရပါမည်။ ဆန်ကို နှစ်ထပ်ဆေးမည့်အစား သန့်စင်ရုံ တစ်ထပ်ဆေးလည်း ဖြစ်၏။ တစ်ထပ်ဆေးခြင်းဖြင့် ဆန်ဆေးရေတွင် အာဟာရဓာတ်များ များများ ပါမသွားတော့၍ အာဟာရဓာတ် လျော့ပါးမှုကို မထိခိုက်လှပေ။

ဒုတိယနည်းကတော့ ခါတိုင်းလို ထမင်းရည်ငှဲ့ချက်သော နည်းပင်ဖြစ်၏။ ထမင်းရည်၌ ဆန်တွင်ပါဝင်သော အာဟာရဓာတ် တစ်ဝက်လောက် ပါသွားသည်ကို သတိထားမိကြပေမည်။ ယင်းကြောင့် ထမင်းရည်ကို စွန့်ပစ်ပစ္စည်းအစား အာဟာရပစ္စည်းအဖြစ် ပြောင်းလဲနိုင်ဖို့လိုသည်။ ပြောင်းလဲနည်းက ရိုးရိုးကလေးပင်။ ထမင်းရည်ငှဲ့သည့်အခါ သန့်သန့်ခံထားရမည်။ ယင်းနောက် ဆားသင့်ရုံ ထည့်လျက် အအေးခံ၍ဖြစ်စေ၊ ပူပူ ဖြစ်စေ၊ နေ့စဉ် သောက်သုံးရန်ပင် ဖြစ်သည်။

ထမင်းရည် မှန်မှန်သောက်သုံး၍ အကျိုးများပုံသည် အံ့သြထိုက်သည်။ မကြာခဏ ဇာတ်ထိုး၊ ခေါင်းကိုက်သော ရောဂါသည် တစ်လအတွင်း ယူပစ်သလို ပျောက်ကင်းသွားမည်။ မျက်စိအားမကောင်း၍ မျက်မှန်တပ်ရသူသည် တပ်လက်စ မျက်မှန်ဒီဂရီ လျော့သွားမည်။ စင်စစ် ဇာက်ထိုးခေါင်းကိုက်ခြင်းကို ထမင်းရည်က နေ့စဉ်နှင့်အမျှ တတိတိ လျော့နည်းသွားအောင် အာဟာရဖြင့် ကုစားသွားခြင်း ဖြစ်သည်။

ထို့ပြင် ထမင်းရည်သည် ဟင်းတစ်ခွက်လည်း ဖြစ်နိုင်သေးသည်။ ထမင်းရည်ပူပူမှာ နံနံပင်နည်းနည်းနှင့် ကြက်သွန်ပါးပါးလှီးထည့်၊ ကြက်သွန်ဖြူ ဆီချက်နည်းနည်းချက်ကာ ငံပြာရည်၊ ငရုတ်သီးကောင်းမှုန့်တို့ ထည့်လျှက် သောက်ကြည့်ပါက အရသာရှိသော ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်မည် ဖြစ်သည်။

အာဟာရရှိအောင် စားသုံးနိုင်မှသာ ကျန်းမာသန်စွမ်းနိုင်မည်။ ကျန်းမာသန်စွမ်းအောင် မိမိတို့ရရှိသည့် အခွင့်အခါ အခြေအနေအလျောက် အာဟာရဖြစ်အောင် ချက်ပြုတ် စားသုံးနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

Eleven Media Group 

သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်ရှိ အရက်ချက်စက်ရုံ၌ မီးလောင်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀.၁၁.၂၀၁၃ရက်နေ့ ၁၅၂၆အချိန် သာကေတမြို့နယ်၊ စက်မှုလက်မှု
ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်းရှိ YD အရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးသတ်ယာဉ် (၅)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၁၅၃၂အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဂိုဒေါင်မှူးသန့်ဇင်ဝင်း(ဘ)ဦးကျင်ထွေး၊
မြန်မာ့ဂုဏ်ရည်လမ်း၊ စက်မှုလက်မှုရပ်ကွက်၊သာကေတမြို့နယ်နေသူအား စစ်ဆေးရာတွင် အရက်ချက်စက်ရုံဂိုဒေါင်အတွင်း၌ ဂဟေဆော်စဉ် အရက်အဆီများထားရှိသည့်နေရာပေါ်သို့ မီးပွားများကျ၍ မီးလောင်
ခဲ့သဖြင့် တစ်ပီပါလျင်အရက်ဆီဂါလံ (၅၀)ခန့်ပါ ပီပါ(၅)လုံး မီးလောင်ပျက်စီးခဲ့ကာတန်ဘိုးငွေကျပ် (၄၀၀၀၀)ခန့် ဆုံးရှုံးခဲ့၍
ဂိုဒေါင်မှူး သန့်ဇင်ဝင်းအား သာကေတနယ်မြေရဲစခန်း(ပ)၈၂၃/၂၀၁၃၊
ပုဒ်မ ၂၈၅ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှော်ဘီမြို့နယ်၊ ရဲဘော်ဈေးရှေ့တွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသားတစ်ဦးသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန်ထောက်ကြန့်ဘက်မှမှော်ဘီဘက်သို့ ယာဉ်မောင်း သန်းတင့်(စုံစမ်းဆဲ)၊ ကျွန်းကလေးကျေးရွာ၊ လက်ပံတန်း
မြို့နယ်နေသူ မောင်းနှင်လာသည့် ဘ/၂၁၅၄၊ ဟိုင်းလတ်အဖြူရောင် အငှားယာဉ်သည် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရဲဘော်ဈေးရှေ့၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်(၂၅/၄)အနီးတွင် ၄င်း၏ရှေ့မှ စက်ဘီးစီးနင်း နေသူ ဦးဘို(ဘ)ဦးကံညွန့်၊ ကြက်ဖြူကန်
ကျေးရွာ၊ ရှမ်းပိုင်းရပ်၊ မှော်ဘီမြို့နယ်နေသူအား နောက်မှတိုက်မိသဖြင့် စက်ဘီစီးနင်းသူ ဦးဘိုတွင် ဦးခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာ၊ ၀ဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့စဉ် သေဆုံးသွားခဲ့ပါသည်။

အခင်းဖြစ်ရာ၌ ယာဉ်ကိုထား၍ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်မောင်း သန်းတင့်အား မှော်ဘီမြို့မ ရဲစခန်းယာဉ်(ပ)၇၁/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လှိုင်သာယာတွင် ဖောက်ခွဲရေးပစ္စည်းများ နှင့် ဖမ်းမိခဲ့သော တရားခံ၏ ကွင်းဆက်တရားခံ ထပ်မံမိ


ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်က ရန်ကုန်မြို့ လှိုင်သာယာတွင် ဖမ်းဆီးမိသည့် ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦး နှင့် ၎င်းတို့၏ ကွင်းဆက်တရားခံ ကို နိုဝင်ဘာ ၁၅ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်ရှိ ယင်း၏ နေအိမ်တွင် ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိ ရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသူသည် ဘိုဘိုထွန်း (ခ)ဘိုဘိုဖြစ်ပြီး ရန်ကုန်မြို့ တွင်ဖမ်းဆီးမိခဲ့ သူခိုင်နေမင်း(ခ) တင် မောင်၏ညွှန်ကြား ချက်ကြောင့် ဖောက်ခွဲမှုများ ရန်ကုန်မြို့အ တွင်း ပြုလုပ်ရန်အတွက် လက် လုပ်ဗုံးများကို ဝယ်ယူခဲ့သူဖြစ် ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

''ရန်ကုန်က ဖမ်းမိတဲ့သူတွေ နဲ့ ပတ်သက်တဲ့သူက စစ်တွေမှာ နှစ်ဦးရှိတာ၊ တစ်ဦးတော့မိတယ်။ တစ်ဦးတော့လွတ်သွားတယ်''ဟု အဆိုပါရဲအရာရှိက ဆက်လက် ပြောကြားသည်။

ဖောက်ခွဲရေးလုပ်ငန်း လုပ် ကိုင်ရန်အတွက် ဘိုဘိုထွန်းမှ ခိုင် နေမင်းအတွက် ရှာဖွေပေးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများတွင် လက် လုပ်ဗုံးတစ်လုံးနှင့် ကလေးကစား စရာသေနတ်တွင် အသုံးပြုသည့် ယမ်းကတ်များပါဝင်သည်။
အဆိုပါတရားခံကို ရန် ကုန်မြို့သို့လွှဲပြောင်းရန် စီစဉ်နေ ပြီး လတ်တလော အနေဖြင့် စစ် တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ထိန်း သိမ်းထားကာ ယင်းတို့နှင့် ဆက် စပ်သည့် တရားခံတချို့ကိုလည်း ရှာဖွေဖမ်းဆီးနိုင်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။

ဘိုဘိုထွန်း(ခ)ဘိုဘိုအား ရခိုင်အမျိုးသားရေးကိစ္စများကို လုပ်ကိုင်ရန်အတွက်ဆိုကာ ခိုင် နေမင်း(ခ)တင်မောင်မှ စည်းရုံး ခဲ့ပြီး၊ လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်နိုင်သည့်ကိစ္စရပ်များတွင် ခိုင်းစေရန် ကြိုးစားခဲ့ကြောင်း ဘိုဘိုထွန်း၏ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

စိုင်းကိုကို
Yangon Media Group

မြှား​ပစ်ေ​ရွှ​တံ​ဆိပ်​ရ​ရင် ​ကျပ် ​သိန်း ၂၀၀ ​ဆု​ရ​မည်


လာ​မယ့် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ (​ဆီး​ဂိမ်း​ ​ပြိုင်​ပွဲဝင်​မယ့် ​မြှား​ပစ် ​အား​က​စား ​သ​မား​တွေ​အ​နေ​နဲ့ေ​ရွှ​တံ​ဆိပ်​ရ​ရင် ​အား​က​စား​၀န်​ကြီး​ဌာ​န​က ​ပေး​မယ့် ​ဆု​ကြေး​ငွေ ​ကျပ်​သိန်း ၁၀၀၊ ​မြှား​ပစ် ​အ​ဖွဲ့​ချုပ်​က ​ပေး​မယ့် ​ငွေ​ကျပ် ​သိန်း ၁၀၀ ​စု​စု​ပေါင်း ​ကျပ် ​သိန်း ၂၀၀ ​ရ​ရှိ​မယ်​လို့ ​အ​ဖွဲ့​ချုပ်​ရဲ့ ​သ​တင်း​ထုတ်​ပြန်​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။

မြှား​ပစ်​ပြိုင်​ပွဲ​ကို ​လာ​မယ့် ​ဒီ​ဇင်​ဘာ ၁၃ ​ရက်​နေ့​က​နေ ၁၇ ​ရက်​နေ့​အ​တွင်း ​နေ​ပြည်​တော် ၀​ဏ္ဏ​သိ​ဒ္ဓိ ​အား​က​စား​ပြိုင်​ကွင်း​မှာ ​ကျင်း​ပ​မှာ ​ဖြစ်​ပြီးေ​ရွှ​တံ​ဆိပ် ၁၀ ​ခု ​ပေး​အပ်​မှာ ​ဖြစ်​ပါ​တယ်။

အဲ​ဒီ ​ပြိုင်​ပွဲ​မှာ ​မြန်​မာ ​မြှား​ပစ်​အား​က​စား​သ​မား ၁၅ ​ယောက် ၀င်​ရောက် ​ယှ​ဉ်​ပြိုင်​ကြ​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ၂၀၁၁ ​အင်​ဒို​နီး​ရှား​နိုင်​ငံ ​ဆီး​ဂိမ်း​ပြိုင်​ပွဲ​မှာ​တုန်း​က ​မြှား​ပစ်​အ​ဖွဲ့​ဟာေ​ရွှ​တံ​ဆိပ် ၃ ​ခု ​ရ​ရှိ​ခဲ့​ဖူး​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

မျက်နှာပြင် ချက်ချင်းဝင်းလက် တောက်ပြောင်လိုပါလျှင်


စိုထိုင်းသည့် ရာသီဥတုတွင် မျက်နှာကလေး ၀င်းလက်နေစေရန် ပြုလုပ်နိုင်သည်။ လိုအပ်သောပစ္စည်းများမှာ

(၁)မင်သော်ရွက်
(၂)နနွင်းအနည်းငယ်
(၃)ကြက်သီးနွေးရေနွေး တို့ဖြစ်သည်။

(၁)မင်သော်ရွက်ကို ချေ၍လည်းကောင်း၊ ထောင်း၍လည်းကောင်း ပျော့ ဖတ်ဖြစ်အောင် လုပ်ရပါမည်။ ပြီးလျှင်နနွင်းအနည်းငယ်နှင့် သမ အောင်ရောပါ။

(၂) မျက်နှာကိုကြက်သီးနွေး ရေနွေး နှင့်ဆေးကြောပြီး ကနဦးက ပျော့ဖတ်ကို မျက်နှာတစ်ပြင်လုံးကို လိမ်းလိုက်ပါ။

(၃) ၁၅ မိနစ်ခန့်ထားပြီး ရေအေးနှင့်ဆေးခြင်းဖြင့် ထူးခြားလာသည်ကို တွေ့ရပါလိမ့်မည်။

ထူး
Health Updates Journal

အရူးအမူးချစ်မိခဲ့သူများအတွက်သာ သီချင်းရေးကြောင်း တေလာဆွစ်ဖ်ဆို


ချစ်သူဟောင်း အချို့ကို ရည်ရွယ်သော သီချင်းများ ရေးခဲ့ဖူးသော်လည်း ယင်းသည် သူမစိတ်ထဲတွင် အမှန်တကယ် အရူးအမူး ဖြစ်ခဲ့သူများ အတွက်သာဖြစ်ကြောင်း တေလာက ဝန်ခံခဲ့

အရူးအမူးချစ်မိခဲ့သူများအတွက်သာ သီချင်းရေးကြောင်း တေလာဆွစ်ဖ်ဆို
မိမိအနေဖြင့် ထားရှိဖူးသမျှ ချစ်သူတိုင်းအတွက် ရည်စူးပြီး သီချင်းရေးမနေကြောင်း တေလာဆွစ်ဖ်က ပြောကြားလိုက်သည်။ သူမအနေဖြင့် ချစ်သူဟောင်း အချို့ကို ရည်ရွယ်သော သီချင်းများ ရေးခဲ့ဖူးသော်လည်း ယင်းသည် သူမစိတ်ထဲတွင် အမှန်တကယ် အရူးအမူး ဖြစ်ခဲ့သူများ အတွက်သာဖြစ်ကြောင်း တေလာက ဝန်ခံခဲ့သည်။ အသက်(၂၃)နှစ်ရှိ Country ဂီတစတား အဆိုတော်မလေးသည် သီချင်းသီဆိုမှု အတွက်ရော၊ သီချင်းအရေးအသား စွမ်းရည်ကြောင့်ပါ နာမည်ကြီးသူ ဖြစ်သည်။

တေလာက "ကျွန်မ ရေးခဲ့တဲ့ သီချင်းတွေက တကယ့် ရူးရူးမိုက်မိုက် အချစ်ဇာတ်လမ်းတွေ အတွက်ပဲ ဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။ သူမက "ကျွန်မက လူတစ်ယောက်နဲ့ နှစ်ခါလောက် Dateလုပ်ဖူးတယ် ဆိုပါစို့။ သူ့အတွက် ဘာခံစားချက်မှ မရှိရင် ဘာသီချင်းမှ မရေးဖြစ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်လှုပ်ရှားမှု မပါတဲ့ အရာတွေ အများကြီး ဖြစ်ပျက်နေတာပဲလေ။ ဒီအကြောင်းအရာလောက်ကို သံစဉ်တွေနဲ့ သီချင်းတစ်ပုဒ် အားထည့်ဖန်တီးလောက်အောင် မထိုက်တန်ဘူးလို့ ကျွန်မယူဆတယ်"ဟုလည်း ဆိုသည်။

တေလာသည် One Direction အဖွဲ့မှ ဟယ်ရီစတိုင်လ်စ်၊ ဟောလီးဝုဒ် မင်းသားများဖြစ်သည့် ဂျွန်မေယာ၊ ဂျက်ဂါလင်ဟားလ်တို့နှင့် တွဲခဲ့ဖူးသည်။ သူမက ချစ်သူဟောင်း တစ်ဦးအတွက် ရေးဖူးသော သီချင်းသည် ၎င်းအား ရည်စူးသည့် နှုတ်ဆက်စာလွှာအဖြစ် မှတ်ယူနိုင်ကြောင်းလည်း ဆိုသည်။ "အချစ်ရေးတစ်ခု ပျက်သုဉ်းသွားပြီဆိုရင် ကိုယ့်ချစ်သူဟောင်းကို emailပို့ပြီး အရာရာ အဆင်ပြေပါစေလို့ ဆန္ဒပြုပေးလိုက်တဲ့ သဘောမျိုးပဲပေါ့"ဟု တေလာက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

အခိုးခံရတဲ့ဖုန်းများကို အလုပ်လုပ်မှုရပ်ဆိုင်းပေးမယ့် Samsung ရဲ့အစီအစဉ်ကို ငြင်းပယ်ခဲ့ကြ


ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung က အခိုးခံလိုက်ရသော၊ ပျောက်ဆုံးသွားသော စမတ်ဖုန်းများကို အလုပ်လုပ်မှု ရပ်ဆိုင်းပေးမယ့် "kill switch" ကို စမတ်ဖုန်းများမှာ Install လုပ်ဖို့အစီအစဉ် ရှိကြောင်း တင်ပြထားပါတယ်။ Samsung ရဲ့ အကြံပြုချက်အသစ်နဲ့ ပတ်သက်
ပြီး AT&T, Verizon Wireless, United States Cellular Corp., Sprint Corp. နဲ့ T-Mobile US Inc. တို့က ငြင်းဆန်ကန့်ကွက်မှုများ ရှိခဲ့ကြောင်း လည်း သိရပါတယ်။

Kill switch ကိုအသုံးချပြီး အခြားသူတစ်ယောက်ရဲ့ဖုန်းကို Hacker တစ်ယောက်က ပိတ်ပစ်နိုင်တဲ့အတွက် ဒါကအဖြေမှန်တစ်ခု မဟုတ်ကြောင်း wireless industry တစ်ခုက ပြောကြားသွားပါတယ်။ US မှာ သူခိုးသူဝှက် ၃ ယောက်တွင် ၁ ယောက်က ဖုန်းသူခိုးများ ဖြစ်ကြောင်း Federal Communications Commission က ထုတ်ပြန်ထားပါတယ်။ စမတ်ဖုန်းများ
ပျောက်ဆုံးမှုနဲ့ အခိုးခံရမှုကြောင့် ပြီးခဲ့တဲ့နှစ်က $30 billion အထိ ဆုံးရှုံးမှုရှိကြောင်းလည်း သိရပါတယ်။ kill switch က လုံခြုံမှုမရှိပဲ Hack ဖို့လွယ်ကူတဲ့အတွက်ကြောင့် Carrier များက Samsung ရဲ့အကြံပြုချက်ကို
ငြင်းပယ်ရခြင်း ဖြစ်ပါတယ်။

Guide Magazine

ဈေးထဲက အပြေးသည်များ


“ရွှီ...ရွှီ”

ဝီစီသံက ဈေးထဲမှာ တစီစီညံနေသည်။ ပြေးတဲ့သူပြေး။ ပုန်းတဲ့သူပုန်းနှင့် ဈေးတစ်ခုလုံး ကျွတ်ကျွတ်ညံ နေသည်။ ဈေးဗန်းပါသွားပြီဖြစ်သည့် ဒေါ်ချိုအတွက် ဘာမှမထူးတော့။ အိမ်ကိုသာ ပြန်ရတော့မည်။

နံနက် ၃ နာရီလောက်ကတည်းက ဒိုင်ကယူခဲ့သမျှ ပန်းတွေ ခုတော့ ခဲလေသမျှ သဲရေကျရပြီ။ ရပ်ကြည့် နေရုံမှတစ်ပါး သူ့မှာ ဘာတုံ့ပြန်နိုင်စွမ်းမှမရှိ။ အရင်းချည်းပဲ ကျပ် ၃,၅၀၀ ရှိသည်။ ခု သူ့အတွက် အရင်း ရော၊ အမြတ်ရော တစ်ကျပ်မျှပင် မကျန်တော့။ ဒီအတိုင်းဆိုရင် ဒီနေ့အတွက် နေ့ပြန်တိုးနှင့် ထပ်တွေ့ရ ဦးမည်။

သူ တိုက်ကြီးမြို့မဈေးမှာ ဈေးရောင်းလာခဲ့သည်မှာ ရှစ်နှစ်ကျော် ရှိပြီဖြစ်သည်။ ငါး၊ ပန်း၊ ကုန်စိမ်း စသဖြင့် ဒေါ်ချိုရောင်းခဲ့သည့် ရောင်းကုန်တွေက အမျိုးမျိုး။ ဈေးအုပ်ချုပ်သူတွေ အဆက်ဆက် ပြောင်းလဲခဲ့ သော်လည်း ရောင်းကုန် ပြောင်းသွားခြင်းနှင့် နေရာပြောင်းသွားခြင်းမှတစ်ပါး ဒေါ်ချို့ဈေးဗန်းကတော့ မပြောင်းလဲခဲ့။ သားသမီး ရှစ်တန်းကျောင်းသားတစ်ဦးနှင့် ငါးတန်းကျောင်းသားတစ်ဦးရှိနေသည့် ဒေါ်ချို့ အတွက် တစ်ရက်ကို အသားတင်အမြတ် ၃,၀၀၀ မှ မကျန်လျှင် နောက်နေ့အတွက် ထပ်မံ ငွေရင်းထည့် ရန် ခက်ခဲလှသည်။ ခုတော့ စည်ပင်ရုံးထဲ ဒဏ်ငွေသွားဆောင်ရပေဦးတော့မည်။

“မနေ့ကဆိုရင် ကျွန်မ ၁,၈၀၀ ပဲရတယ်။ အိမ်ရောက်တော့ အကြီးကောင်က ကျောင်းမှာလုပ်တဲ့ ကထိန် စရိတ် ၁,၅၀၀ တဲ့၊ ကျန်တဲ့ ၃၀၀ ကျွန်မ ဘာလုပ်ရတော့မလဲ။ ကွမ်းပဲ စားပစ်လိုက်တော့တယ်”

ဒေါ်ချိုပြောပုံက မည်သူ့ကိုမှ အပြစ်တင်နေပုံမျိုးမဟုတ်။ ဖြစ်လေရာဘ၀ ပျော်ပျော်ပဲဆိုသည့် ဘ၀ကို အထာကျနေသည့် မျက်နှာပေးဖြစ်သည်။

ဒေါ်ချိုပင်မဟုတ် တိုက်ကြီးဈေးထဲက မည်သည့် ပျံကျဈေးသည်မဆို ဈေးရောင်း၍ အရင်းမရခြင်းသည် အထူးအဆန်း မဟုတ်တော့ပေ။ သူတို့အတွက် အဓိကပြဿနာမှာ မြို့တော်တစ်ဝန်း သန့်ရှင်း သာယာ စေရမည်ဆိုသည့် မြို့တော်စည်ပင်ဖြစ်သည်။

ပုံမှန်အားဖြင့် တိုက်ကြီးဈေးသည် နံနက် ၅ နာရီလောက်ကတည်းက စတင် လှုပ်ရှားနေပြီဖြစ်သည်။ သို့ သော် ထိုအချိန်တွင် ဈေးဝယ်သူများ မရောက်တတ်ကြသေးပေ။ လွန်ခဲ့သည့် လပိုင်းများက ဈေးဝယ်၊ ဈေးရောင်း ပုံမှန်ဖြစ်နေခဲ့သည့် ပျံကျဈေးကလေးကို အောက်တိုဘာလကုန်ပိုင်းတွင် မုန်တိုင်းတစ်ခု ၀င် မွှေလာခဲ့သည်။ စည်ပင်က ပျံကျဈေးသည်များကို ဖမ်းဆီးခြင်းပင်ဖြစ်သည်။

“အရင်ကတော့ ဘာမှမဖြစ်ဘူး။ ခုတော့ မနက်ဖြန် သူတို့ အဖမ်းခံရဖို့အတွက် ဒီနေ့ကတည်းက အားမွေး ထားရသလို ဖြစ်နေတယ်။ ချေးရ၊ ငှားရလွန်းလို့လည်း လူက သေတော့မယ်။ တစ်ခါဆို ကျွန်မ ထဘီ တောင် ကျွတ်ကျတယ်”

ထိုနေ့က ၀ီစီသံကြားကြားချင်း ဒေါ်ခင်နှင်းအေး ဈေးဗန်းကို ကပျာကယာ ကောက်ယူပြီး ပြေးရန် ပြင် လိုက်သည်။ သို့သော် နောက်ကျသွားပြီ။ စည်ပင်ဝန်ထမ်းက ဗန်းကို လှမ်းဆွဲသည်။ ဗန်းထဲက ငါးတွေ ထွက်ကျလာသည်။ ထိုဝန်ထမ်းနှင့် လုနေရင်း သူ့ထဘီ ကျွတ်ကျတော့သည်။ မထူးတော့ ဈေးဗန်းကို သာ လွှတ်ပေးလိုက်သည်။ ထဘီကိုတော့ အမြန်ကောက်ဝတ်လိုက်ရသည်။ ဘေးနားက ရောင်းဖော် ရောင်းဖက်တွေ သူ့ကိုကြည့်ပြီး ငိုရအခက်၊ ရယ်ရအခက်။

စည်ပင်ကဖမ်းပြီဆိုလျှင် ရပ်ထားသည့်ကားအောက်ဝင်ပုန်းသူပုန်း၊ နီးစပ်ရာဆိုင်တို့၊ အိမ်တို့အပေါ်တက် ပြေးသူက ပြေး။ ဈေးဗန်းများကို အဆင်ပြေရာ ထိုးထည့်။ သို့သော် စည်ပင်က ထိုမျှနှင့် ကျေနပ်ရောင့်ရဲ ပုံမရပေ။ အိမ်ပေါ်တက် ပြေးသူ၊ ပုန်းနေသူ၊ ဈေးဗန်းဝှက်ထားသူများကိုပါမကျန် ဈေးဗန်းများကို လိုက် လံ သိမ်းဆည်းသည်။

ယခင်က ၎င်းတို့ရောက်လာလျှင် ခါးထစ်ခွင်တင်ပြီးရောင်း၊ ဒါမှမဟုတ် ထွက်ပြေးလျှင် လွတ်မြောက်နိုင် သေးသည်။ သို့သော် အခု မရတော့။ ပြေးလျှင် ပြေးသည့်နေရာ၊ ပုန်းလျှင် ပုန်းသည့်နေရာ လိုက်ပြီး မရ ရအောင် သိမ်းတော့သည်။ ပြီးလျှင် လှည်းတစ်စီးဖြင့် သိမ်းဆည်းထားသည့်ဗန်းများ၊ ဟင်းသီး ဟင်းရွက် များ၊ ပန်းစည်းများကို စည်ပင်ရုံးတွင်းသို့ ယူသွားတော့သည်။

“သူတို့က ဈေးစပြီး ရောင်းကောင်းတဲ့အချိန်ဆို ဖမ်းသွားပြီး နေ့လယ် ၁၂ နာရီလောက်မှ ပြန်ထုတ်ပေး တယ်။ အဲ့ဒီအချိန်က ဈေးကွဲနေပြီလေ။ ငါးတွေဆိုလည်း မကောင်းတော့ဘူး။ စည်ပင်ရုံးထဲမှာဆို ဈေး သည်တွေရဲ့ ပစ္စည်းတွေ ပုံနေတာ”ဟု ပျံကျဈေးသည် မခင်စန်းက ပြောသည်။

အကယ်၍ ဈေးသည်များက ပြန်ယူချင်ပါက ပိုင်ဆိုင်မှု ကုန်စည်အနည်းအများအလိုက် ဒဏ်ငွေ ၁,၀၀၀ မှ ၁,၅၀၀ အတွင်း ပေးဆောင်မှ ပစ္စည်းများ ပြန်လည်ရရှိနိုင်သည်။ သို့သော် ယင်းကဲ့သို့ စည်ပင်ကို ပေး ဆောင်ရသော်လည်း ဈေးသည်များအနေနှင့် ချလန်ကဲ့သို့ဒဏ်ငွေဆောင်ဖြတ်ပိုင်း ရရှိခြင်းမရှိဘဲ နောက် နေ့တွင် ဈေးမရောင်းချတော့ပါဟု ခံဝန်လက်မှတ် ရေးထိုးခဲ့ကြရသည်။

ယခုကဲ့သို့ ဖမ်းဆီးနေသော်လည်း ဈေးသည်များအနေနှင့် နံနက်တိုင်း၊ နံနက်တိုင်း ဈေးရောင်းရန် ထွက် လာကြရစမြဲဖြစ်သည်။ ဤမြို့မဈေးကြီး ရှိနေသရွေ့ ပျံကျဈေးသည်များ ငတ်၍မသေနိုင်ဟု ထင်မှတ် ထားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း အထင်အမြင်တွေ ပြောင်းလဲကြရတော့မည်။

အမှတ်(၃) ဈေးရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနှင့် ဘုရားလေးလမ်းကြားတွင်ရှိသည့် တိုက်ကြီး မြို့မ ဈေးကြီးသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်က မီးလောင်ခဲ့ပြီး ပြန်လည်ဆောက်လုပ်ရာတွင် ဈေးသည်များ ကို ပြန်လည် နေရာချထားပေးခဲ့မှု လုပ်ခဲ့သည်။

ထို့နောက် မြို့မဈေးကြီးကို အမှီပြုကာ ပျံကျဈေးသည်များလည်း ပေါ်လာခဲ့သည်။ စည်ပင်က ပျံကျဈေး သည်များအတွက် နေရာသတ်မှတ်ပေးထားသော်လည်း “ပေးထားတဲ့နေရာက ၀ယ်သူမလာဘူး။ ဟိုး ချောင်ထဲမှာ။ မနက်ကတည်းက သွားရောင်း။ မိုးချုပ်တောင်မှ လူတစ်ယောက်၊ နှစ်ယောက် လာတယ်။ ကျွန်မတို့ မွဲသွားမှာပေါ့။ ပြီးတော့ အဲ့ဒီနေရာက ဒီဈေးနဲ့ ဝေးတယ်။ ပျံကျဈေးသည်ဆိုတာ ဈေးမကြီးကို မှီစားရတာဆိုတော့ ဒီဈေးကြီးနဲ့ ဝေးသွားရင် ကျွန်မတို့ စားပေါက်လည်း ပြတ်ပြီ”ဟု ဒေါ်ချိုက ရင်ဆိုင် နေရသည့် ပြဿနာကို ရှင်းပြသည်။

မြို့မဈေးကြီး၏ ပတ်လည် လမ်းနှစ်ဘက်တွင် ပျံကျဈေးသည် ၃၀၀ ခန့်ရှိပြီး စည်ပင်မှ လေလံဆွဲထား သည့် ဈေးလေလံကိုလည်း ကျပ် ၁၀၀ မှ ၁၅၀ ထိ ဈေးကောက်ပေးကြရသည်။ ယခု ဈေးကောက်ပေး ထားပြီး စည်ပင်၏ ဖမ်းဆီးခြင်းကို ခံနေရခြင်းဖြစ်သည်။ ဈေးကောက်အတွက် တစ်ရက်တွင် ကိုးသောင်း ကျော်အထိရရှိပြီး ၎င်းက စည်ပင်ထံမှ သိန်း ၄၆၀ ဖြင့် လေလံအောင်ထားခြင်းဖြစ်သည်။ သို့သော် လက် ရှိတွင် ပျံကျဈေးသည်များကို စည်ပင်က ဖမ်းဆီးနေခြင်းကို စည်ပင်ထံမှ လေလံအောင်ထားသူကလည်း မည်သည့်ပြောဆိုမှုမှ မပြုလုပ်နိုင်ပေ။

ပျံကျဈေးသည် ၃၀၀ ကျော်လောက်သည် နေ့စဉ် သူတို့၏ စားဝတ်နေရေးအတွက် ပြေးပြီးရင်း ပြေးနေရ သည်။ သူတို့အတွက် စည်ပင်ဆိုသည်မှာ ကြောက်စရာ သတ္တ၀ါကြီးအလား ထင်မှတ်နေကြသည်။

အောက်တိုဘာလကုန် ၃၁ ရက်လောက်က စတင်ဖမ်းဆီးခဲ့သည့်အတွက် လတစ်ဝက် ရှိသွားပြီဖြစ်ကာ ၎င်းတို့ နေ့စဉ် ယူနေရသည့် အတိုးမှာလည်း တစ်စတစ်စ များလာနေပြီဖြစ်သည်။

သို့သော် ဤဈေးကြီးမှလွဲ၍ အခြားနေရာတွင်လည်း ရောင်းချရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ လုပ်ချင်ရာ လုပ်နိုင်သည်ဆိုသည့် ယခင်စစ်အစိုးရလက်ကျန်များ၏ စရိုက်သည် ယနေ့ထိရှိနေသေးသလားဆိုသည် မှာ စဉ်းစားစရာပင်ဖြစ်သည်။

“သူတို့လာရင် ကျွန်မတို့က ခွေးပြေး ပြေးနေရတယ်”ဆိုသည့် ပျံကျဈေးသည်တို့၏ ပြောစကားက သူတို့ မည်မျှထိ ခံစားနေရကြောင်း ထင်သာမြင်သာ ရှိလှသည်။

တကယ်တော့ အဆိုပါဈေးသည်များသည် ဈေးထဲက ဈေးသည်များ မဟုတ်ကြတော့ဘဲ အပြေးသည် များသာ ဖြစ်နေတော့သည်။

Written by  မြတ်ကျော်သူ
Mizzima - News in burmese

ဆီးဂိမ်းတွင်ပြည်တွင်း အားကစားသမား ထိခိုက်သေဆုံးပါက အာမခံကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်


အားကစားသမားများမှ ငွေကြေး ထည့်ဝင်ရန်မလိုဘဲ ဆီးဂိမ်း အတွင်း သေဆုံးမှုဖြစ်ပေါ်ပါက မြန်မာ့အာမခံ လုပ်ငန်းမှ လျော်ကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်ဟု သိရသည်။

ပြည်တွင်းအားကစားသမားများ အတွက် အားကစားသမားများ ကိုယ် အင်္ဂါထိခိုက်မှုအာမခံကို မြန်မာ့အာမခံ လုပ်ငန်းနှင့်ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၁ ခုတို့မှ ပူးပေါင်းထည့်ဝင်ပေးမည် ဖြစ်သဖြင့် အားကစားသမားများမှ ထည့်ဝင်ရန်မလိုအပ်ခြင်းဖြစ်သည်။

အားကစားသမားကိုယ်အင်္ဂါ ထိ ခိုက်မှုအာမခံမှာ တစ်ဦးလျှင်ကျပ်သိန်း ၅ဝ ဖြစ်သဖြင့် အားကစားသမား ၁ဝဝ၂ ဦးအတွက်ကျပ်သန်းပေါင်း ၅ဝ၁ဝ အာမခံငွေထားရှိရမည် ဖြစ်သည်။

အားကစားသမားများအတွက် ပုဂ္ဂ လိကအာမခံ ကုမ္ပဏီတစ်ခုလျှင် ထည့် ဝင်ရမည့် ပရီမီယံကြေးမှာ ကျပ် ၈ ဒသမ ၃၅ သိန်းဖြစ်သည်။ အာမခံ သက်တမ်းမှာ ယခုနှစ်နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိဖြစ် သည်။

အားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် သေဆုံးပါက ကျပ် သိန်း ၅ဝ ပေးလျော်မည်ဖြစ်ပြီး ထိခိုက် ပါက ထိခိုက်မှုပေါ်မူတည် ၍ ပေးလျော် မည်ဖြစ်ကြောင်း၊ ဆေးရုံတက်ရလျှင် တစ်ပတ်အများ ဆုံးငါးသောင်းကျပ်နှင့် ၅၂ ပတ်အထိ ပေးချေသွားမည်ဖြစ် ကြောင်း သိရသည်။

ဆီးဂိမ်းတွင် ပြည်တွင်းအားကစား သမားများဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားအမျိုးအစားများ ၃၃ မျိုးရှိပြီး အားကစားသမားအရေအတွက် ကျား ၅၈၅ ဦး၊ မ ၄၁၇ ဦးဖြစ်သည်။

ဝေမာထွန်း

Popular Myanmar News Journal

မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ


ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက် နံနက်၈နာရီမှစတင်ကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တောင်းဆိုခြင်းများကို အလုပ်ရှင်ဘက်မှ လိုက်လျောမှုမပေးမခြင်း သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုဝင်းဇော်ဟိန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ တောင်းဆိုနေတာ အလုပ်ရှင်မနစ်နာပါဘူး။ ပေးနိုင်တဲ့တောင်းဆိုမှုပါ။တနင်္ဂနွေတစ်ရက် စက်ရုံပိတ်ပေးရန်နဲ့ လစာ၂သောင်း တိုးပေးရန်တောင်းဆိုတာပါ။ ဒီနှစ်ချက်မရမချင်း ဒီနေရာကမထပါဘူ။ဆက်လက် မရမချင်းတောင်းဆိုသွားမှာပါ။ အခုချိန်ထိတော့ အလုပ်ရှင်ဘက်က လာရောက်ညှိနှိုင်းမှုမျိုး မရှိသေးပါဘူး။"ဟု ဥက္ကဋ္ဌ ကိုဝင်းဇော်ဟိန်းက ပြောသည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုခြင်း မပြုလုပ်မီ အလုပ်ရှင်ထံ စက်တင်ဘာလ ၁၅ရက်က တစ်ကြိမ်၊ ၂၀ရက်က တစ်ကြိမ်၊ ၂၃ရက်ကတစ်ကြိမ်နှင့် ၂၈ရက်ကတစ်ကြိမ် လေးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒပြဦးဆောင်သည့် အတွင်းရေးမှူး ကိုညီညီဇော်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရန် ပြည်ကြီးတံခွန် မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် တရားဝင်စာတင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ လစာတိုးပေးဖို့ HR က ဆွဲနေပါတယ်။ သြဂုတ်လကတည်းကပါ။နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ရေးဆွဲနေတာပါ။ ၂၀၁၄ဇန်နဝါရီလောက်မှာ ဆွဲပြီးမယ်။ဖေဖော်ဝါရီလလောက်မှာတိုးပေးဖို့ လုပ်သွားမှပါ။ ဒီအတိုင်းကတော့တိုးမပေးနိုင်သေးပါဘူး"ဟု စပါးနှံတာယာစက်ရုံ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ လစာတိုးမြှင့်ပေးရန် စက်ရုံဘက်မှ အလုပ်သမားတွေများသိရှိရန် ကြော်ငြာကပ်ခြင်၊ အလုပ်သမားခေါင်းများအား ခေါ်ပြောခြင်းများ ပြုလုပ်ထားပြီးဖြစ်သော်လည်း တနင်္ဂနွေနေ့တွင် ရုံပိတ်ပေးရန်မှာမူ မဖြစ်နိုင်ဟု ဦးမောင်မောင်က ပြောသည်။

စပါးနှံတာယာစက်ရုံ တွင် အလုပ်သမား၄၂၀ရှိပြီး လက်ရှိတွင် အခြေခံ လစာငွေ ကိုးသောင်း ရရှိပြီး ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်ဟု သိရသည်။

အောင်ကိုဦး - Mizzima - News in Burmese

လမ်းဘေးရှိ ပါဝါမျက်မှန်များကြောင့် မျက်သားနှင့် မျက်စိမြင်လွှာများ ပျက်စီးနိုင်


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

လမ်းဘေးတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ပါဝါမျက်မှန်များကြောင့် မျက်စိအတွင်းရှိ မျက်သားနှင့်
မျက်ကြည်လွှာ ပျက်စီးဆုံးရှုံးနိုင်ကြောင်း မျက်စိအထူး ကုဆေးရုံကြီး မျက်စိစမ်းသပ်ဌာနမှ မျက်စိစမ်းသပ်ဆရာ ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

“မျက်စိ တစ်ဖက်နဲ့တစ်ဖက်က ပါဝါမတူဘူး၊ လမ်းဘေးမှာ အလွယ်တကူရတဲ့ မျက်မှန်တွေကျတော့ နှစ်ဖက်လုံး ပါဝါ တူနေတော့ မျက်စိကို ထိခိုက်တာပါ၊ ပထမဆုံး မျက်လုံးအတွင်းသားကို ထိခိုက်မယ်။ မျက်စိပါဝါ တက်မယ်။ ပြီးရင် မျက်ကြည်လွှာကို ထိခိုက်မယ်”ဟု ဦးဝင်းနိုင်ထွန်းက ဆက်လက်ပြောကြားသည်။

ပါဝါစုံမျက်မှန်များကို ဈေးနှုန်း၅၀၀ကျပ်မှ စတင်ရောင်းချပြီး မှန်အမျိုးအစားကို တရုတ်မှ အများဆုံးတင်သွင်းရောင်းချကြောင်း ပါဝါမျက်မှန် ရောင်းချသူ ဦးဝင်းနိုင်က ပြောကြားသည်။

“ဝယ်သူတွေ စိတ်ကြိုက် ရွေးပြီးမှ ကျွန်တော်တို့က ရောင်းတာပါ။ တစ်ချို့ကလည်း ကိုယ့်မျက်စိပါဝါ ကိုယ်
သိကြတယ်။ မသိတဲ့သူတွေလည်း စမ်းတပ်ကြည့်ပြီး အမြင်ကြည်ရင်ယူသွားကြတာပဲ။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကတော့ ကျွန်တော့တို့လိုဆိုင်တွေကနေ ဝယ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပါဝါမျက်မှန်တက်မည်ဆိုပါက မျက်စိစမ်းသပ်ခန်းတွင် အတိအကျ စမ်းသပ်ခံပြီးမှ မျက်မှန်တပ်ဆင်သင့်ပြီး မျက်စိဝေဒနာများအတွက်ပါ စမ်းသပ်မှုကို ပုံမှန်ခံယူ သင့်ကြောင်း မျက်စိအထူးကုဆေးရုံကြီး မျက်စိစမ်းသပ် ဌာနမှ သိရသည်။

ရေးသားသူ- ကြည်စင်ဝင်းသန့်
တည်းဖြတ်- ဂျူးဂျူးလှိုင်

People power

သူခိုးကြီးညတွင် မေတ္တာအားမာန် ပညာဒါနကျောင်း ဖျက်ဆီးခံရ


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

တောင်ဒဂုံမြို့နယ်၊ ၅၄ရပ်ကွက်၊ ပုဂံလမ်းတွင် NLD ပညာရေးကွန်ရက်မှ တည်ထောင်ထားသော မေတ္တာ
အားမာန် လူမှုအထောက်အကူပြု ပညာဒါန သင်တန်းကျောင်းမှာ ယခုလ ၁၈ရက်နေ့ သူခိုးကြီးညတွင် အဖျက်ဆီးခံခဲ့ရကြောင်း ကျောင်းတာဝန်ခံဦးမြင့်သိန်းက ပြောကြားသည်။

သူခိုးကြီးညဟုခေါ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ညပိုင်းတွင် မေတ္တာအားမာန်ပညာဒါနကျောင်းရှိ စာသင်ဆောင်ဝန်းထရံများ အပါအ၀င် စာသင်ခုံများနှင့် ကျောင်းဆောင်ဆိုင်းဘုတ်တို့ကို ဖျက်ဆီးခဲ့ပြီး လမ်းဘေး မြောင်းထဲသို့ ပစ်ချခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်က မနက် ၆နာရီလောက်မှ ကျောင်းတံခါးဖွင့်ဖို့ လာတော့ စာသင်ခုံတွေ မြောင်းထဲရောက်နေပြီး ကျောင်း ဆိုင်းဘုတ်ကိုလည်း ရှာမတွေ့တော့ဘူး။ ဘယ်သူတွေ ဖျက်ဆီးသွားတယ်ဆိုတာလည်း မသိလိုက် ရဘူး”ဟု ဦးမြင့်သိန်းကဆိုသည်။

ယခုကဲ့သို့ သူခိုးကြီးညကိုအကြောင်းပြပြီး အပျော် သဘောထက် အဖျက်လုပ်ရပ်များ ပိုမိုများပြားလာ
သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေလိုကြောင်း တောင်ဒဂုံ မြို့နယ် NLD ပညာရေးကွန်ရက်မှ အမှုဆောင်ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။

NLD ပညာရေးကွန်ရက်မှ တည်ထောင်ထားသော မေတ္တာ အားမာန် လူမှုအထောက်အကူပြု ပညာဒါန သင်တန်းကျောင်းတွင် ၁၀တန်း သီးသန့် ကျောင်းသား၊ကျောင်းသူ ၃၂ဦးခန့် ပညာသင်ကြားလျက်ရှိပြီး အဆိုပါ သင်တန်းကျောင်းနှင့် ကပ်လျက်ရှိသော အသက်မွေးမှု ပညာသင်တန်း ကျောင်း ကိုလည်း ၂၇-၂-၂၀၁၂ခုနှစ်တွင် အဖျက်ဆီး ခံခဲ့ရဖူးကြောင်း ကျောင်းတာဝန်ခံ ဦးမြင့်သိန်းက ပြောကြားသည်။

ရေးသားသူ- စိုးမင်းအောင်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်

People power

ကျီစု သုသာန်အကျွတ်အလွတ် ပွဲတွင် တစ်နာရီအတွင်း အမဲသားများ ကုန်သွားဟု ဆို


ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ။ ။ ကျီစု သုသာန်၌ ဝေမာနိကများ အား ထမင်းကျွေးမွေးရာ၌ အမဲသား များမှာ တစ်နာရီအတွင်း အားလုံး နီးပါး ကုန်ဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ရက် ညတွင် သေလွန်ပြီးနောက် မကျွတ်မလွတ် ဘဲ ဝေမာနိက ဘဝသို့ ရောက်နေ သူများ ကျွတ်လွတ်စေရန် အ ကျွတ်အလွတ်ပွဲ မကျင်းပမီ တစ် ရက်အလိုတွင် ဝေမာနိကများအား ထမင်းအစားအသောက်များ စား နိုင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု သုသာန်ပတ်လည်တွင် ထမင်းပုံ များနှင့် အတူ အမဲသားများ ထား ပေးခဲ့ရာတွင် ယင်းသို့ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။

''ည ၆နာရီလောက်မှာ လဲ ထူးခြားစွာနဲ့ ဒီသုသာန်နဲ့အနီး တစ်ဝိုက်မှာပဲ မိုးတွေတအားရွာ ခဲ့ပါတယ်။ ည ၇ နာရီမှာ လူကြီး ဝေမာနိကတွေစားဖို့ကို ထမင်းနဲ့ အမဲသားအစိမ်းကို စီစဉ်ပေးပြီး ကလေးဝေမာနိကတွေအတွက် ပဲဟင်း၊ ချိုချဉ်နဲ့ ထမင်းတွေ ကို သုသာန်ပတ်လည်မှာ တစ်ပုံစီ ခြားထားပြီး စီစဉ်ပေးခဲ့ပါတယ်။ ည ၈နာရီလောက်မှာ သွားကြည့် တော့ ထမင်းတွေကတော့ လက် ရာမပျက် ရှိနေပြီး အမဲသားစိမ်း တွေကတော့ အကုန် ကုန်နေတာ ကို တွေ့ရပါတယ်''ဟု ဦးအောင်နိုင်ဝင်း ကပြောသည်။ သုသာန်နှင့်အနီးတစ်ဝိုက် တွင် လူနေအိမ်များမရှိသဖြင့် လူ များယူဆောင်ရန် မဖြစ်နိုင်သကဲ့ သို့ ခွေးနှစ်ကောင်သာရှိသဖြင့် အမဲ သားအားလုံးကိုယူရန်မှာမူ မဖြစ် နိုင်ကြောင်း သုသာန်မှဝန်ထမ်း တစ်ဦးက ပြောသည်။

''မနှစ်ကလဲ အကျွတ်အ လွတ်ပွဲလုပ်တဲ့အချိန်တုန်းက ည မှာပဲ တစ်ခါတည်းအမျှဝေတော့ သုသာန်တစ်ခုလုံး အိမ်မြောင်စုပ် ထိုးသံတွေနဲ့ ဆူညံနေခဲ့ပါတယ်'' ဟု ဦးအောင်နိုင်ဝင်းက ပြော သည်။ နိုဝင်ဘာ၁၉ရက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရှိ ကျီစုသုသာန် ၌ ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှုအသင်း အလှူရှင် များကစုပေါင်း၍ အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲ အမျှဝေပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

လူငယ်နာရေးကူညီမှုအ သင်းဥက္ကဌ ဦးအောင်နိုင်ဝင်းက ''ကျန်ရစ်သူမိသားစုတွေကိုပဲ ကူညီနေသလို ဖြစ်နေပါတယ်။ ကွယ် လွန်သွားပြီး မကျွတ်မလွတ်ဖြစ် နေတဲ့သူတွေကို ကူညီတဲ့အနေနဲ့ အကျွတ်အလွတ်ပွဲကိုလုပ်တာ နှစ်ကြိမ်မြောက် ပါ''ဟု ပြော သည်။ သေလွန်ပြီးနောက် မကျွတ် မလွတ်ဘဲဖြစ်နေသည်များ အမှန် တကယ်ရှိပြီး ယင်းတို့အား အ ကျွတ်အလွတ်ပွဲလုပ်၍ အမျှဝေ ပေးခြင်းဖြင့် ကောင်းရာမွန်ရာဘဝ သို့ ကူးပြောင်းနိုင်သည်ဟု အကျွတ် အလွတ်အမျှဝေပွဲတွင် ပါဝင် သည့် ဝဋ်ကြွေးပြေဆရာတော် ဥူးသိရီ ဓမ္မ က မိန့်ကြားသည်။

ဝဋ်ကြွေးပြေဆရာတော် ဥူးသိရီဓမ္မက ''မွန်ပြည်နယ် ပေါက် တောကျေးရွာမှာ သားကိုရှင်မပြု ပေးနိုင်ခင်မှာ ကွယ်လွန်သွားတဲ့ အမေက အမျှဝေတာကို သာဓု မခေါ်ဘဲ မကျွတ်မလွတ်ဖြစ်ပြီး မိသားစုဝင်တွေကို ဝင်ပူးပြီးပြော ပြတော့မှ သားရှင် ပြု ပွဲပြီး သာဓု ခေါ်ပြီး ကျွတ်လွတ်အောင် ဦးဇင်း ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့ပါ တယ်''ဟု မိန့်ကြားသည်။

''မကျွတ်မလွတ်ဖြစ်နေသော ဝေမာနိကများကို ကျွတ်လွတ်စေ ဖို့ ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးကာ အမျှဝေ သာဓုခေါ် ခိုင်းပါက ဝေမာနိကများဟာ လူ့ ဘဝရဖို့ ပဋိသန္ဒေဝင်ခြင်း၊ ပို၍ မြင့်သော နတ်ခြောက်ဘုံကို ရ ကာ လက်ရှိ ခံစားနေရ တဲ့ မြင်ရက် နဲ့ မစားရခြင်း၊ အဝတ်အထည် မရှိခြင်းအပါအဝင် ဆင်းရဲဒုက္ခ တွေငြိမ်းစေနိုင်ပါတယ်''ဟု ဝဋ် ကြွေးပြေ ဆရာတော်ဥူးသိရီဓမ္မ က မိန့်ကြားသည်။

ငယ်ထွေး(ကလေး) - Yangon Media Group

ဦးနေဝင်း၏ကျန်းမာရေးအတွက်သာ ယတြာနှင့် ကူညီမှုများပြုလုပ်ပေး ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်သည်ဟုစွပ်စွဲကာ အဖမ်းခံခဲ့ရဟု စကြာအောင်ပွင့်ခေါင် ထုတ်ဖော်


ဦးနေဝင်း၏ ကျန်းမာရေးအတွက် ၄င်း၏မြေးများက လာရောက်မေးမြန်းခဲ့ရာ တတ်ကျွမ်းသည့်ပညာရပ်ဖြင့် ကူညီခဲ့ပြီး နောက်ပိုင်း ရင်းနှီးပတ်သက်ခဲ့ရာ မှ နိုင်ငံတော်ပု န်ကန်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ အဖမ်းခံခဲ့ရခြင်းဖြစ် သည်ဟု မကြာမီကပြန်လည်လွတ်မြောက်လာသော ကိုမျိုးမြင့်အောင် (အမှန်ဟောမနော မယစကြာအောင် ပွင့်ခေါင်) က ထုတ် ဖော်လိုက်သည်။

၎င်းအား ၂ဝဝ၂ ခုနှစ် ၃ လပိုင်း တွင် ထောက်လှမ်းရေး ၂၆ မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းက လာရောက်ခေါ် သွားခဲ့ပြီး ဦးနေဝင်းမြေးများနှင့် ပတ် သက်ပြီး နိုင်ငံတော်ပုန် ကန်မှု၊ အာဏာ သိမ်းမှုများဖြစ်ခဲ့ရာ ပါဝင် ပတ်သက်နေ သည်ဟု ပြောခဲ့ကြောင်း ၄င်းကဆိုသည်။

”မဟုတ်ဘူး။ ကျွန်တော့်ကို ဒီနေ့ ထိလည်း နိုင်ငံတော်ပုန်ကန်မှု၊ ယတြာ ချေပါလို့ တစ်ခါမှ မမေးဖူးဘူး။ ကျော် နေဝင်းပါးစပ်ကကိုကျွန်တော် က (ကျော် နေဝင်း) စိတ်တို တတ်တယ်။ နိုင်ငံရေး လုပ်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်က စီးပွားရေးပဲလုပ်မယ်လို့ ပြောဖူးတယ်။ ဒီကိစ္စတွေ ကျွန်တော် လည်း မသိဘူး။ ယတြာတွေဘာတွေချေပေးတာ ကလည်း သူတို့အဖိုး ကျန်းမာရေး၊ လုပ်ငန်းတွေ တိုးတက်ဖို့ ဒီသဘောယတြာပဲပေးတယ်” ဟု ဆရာအောင်ပွင့်ခေါင်က ထိုစဉ်က သူပြန်လည်ဖြေရှင်းခဲ့ပုံကို ပြောသည်။

ထိုသို့မေးမြန်းပြီး နှစ်ရက်အကြာ တွင် အောင်သပြေစစ်ကြောရေးစခန်း၊ ထို မှ အင်းစိန်သို့ပို့ခဲ့ကြောင်းနှင့် သုံးလခန့် အကြာ ထောက်လှမ်းရေး များ ရောက် လာပြီး တရားခံ လုပ်မလား၊ သက်သေ လုပ်မလား ဟု မေးမြန်းခဲ့ကြောင်း ၄င်း က ဆိုသည်။

”သက်သေလုပ်ပေးလို့ရှိရင် ကျွန် တော်တို့နဲ့ပူးပေါင်းပါ။ တရားခံဆိုရင်သိ တယ်မဟုတ်လားတဲ့။ အဲဒီတော့ ဘာ သက်သေလုပ်ရမှာလဲ ပြန်မေးတော့ ဒီအချက် ဒီအချက်ေ တွထွက်ပေးတဲ့။ လွတ်ရင်ပိုကောင်းတာပေါ့လို့ ပြော တယ်။ ကျွန်တော် အနန္တငါးပါးထဲမှာယုံကြည်ကိုးစားနေတာ။ ဒီလိုဖြစ် မှ ပြောဆိုပြီးတော့ ကျွန်တော့်သားတပည့် တွေ ကြိုးစင်တက်ခံရမယ့်ဟာမျိုး မလုပ် နိုင်ဘူး။ ကျွန်တော့်ဆီ သူတို့အဖိုး ကျန်းမာရေးနဲ့လာတယ်။ နိုင်ငံတော် ပုန်ကန်မှု နဲ့မပတ်သက်ရင်ထွက်မယ်။ခုနကမဆိုင် တဲ့ဟာတွေေ တာ့ မထွက်နိုင်ဘူးလို့ ပြော ခဲ့တယ်”ဟု သူကပြောသည်။

သို့ရာတွင် ”ဒါပေမဲ့ အစိုးရသက် သေဖြစ်သွားတယ်”ဟု ၄င်းကပြောသည်။ ၄င်း၏ ယတြာနှင့် အစီအရင်များအရ ဦးနေဝင်းကျန်းမာရေးပြန် လည် ကောင်း မွန်ခဲ့ပြီးနောက် မြေးများက ကျေးဇူးဆပ် သည့်အနေဖြင့် လှူတန်းနိုင်ရန် တစ်လ လျှင်သုံးသိန်း၊ ကားကောင်း တစ်စီးနှင့် ဖုန်းတစ် လုံးပေးခဲ့ကြကြောင်းနှင့် သူ့အ မည်ပေါက်နှင့်ထိုကားမှာ အမှုဖြစ်စဉ်က သိမ်းထားခဲ့ရာယခုတိုင်ပြန်မရသေးဟု ဆိုသည်။

ထို့ပြင်၎င်းအား တရားစွဲဆိုနိုင် ရန်အတွက် ပြုလုပ်ကြရာတွင် ၄င်းနေထိုင် ရာ ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် ရပ်ကွက်ပြည်သူတို့ ပြဿနာဖြစ်ခဲ့ဖူး ပြီး ထိုစဉ်က ရပ်ကွက်မှ မြို့နယ်သို့ တိုင် စာပို့ခဲ့ကြောင်း၊ ထိုစာကို သူ့ထံသို့ တပည့် တစ်ယောက်က ယူလာ၍ ဤအတိုင်း ထားလိုက်ကြောင်းနှင့် ၄င်းအား လာ ရောက် ဖမ်းစဉ်တွင်ထို စာကို ယူသွားကြ ကြောင်း ပြောသည်။

”၅(ည)တပ်ပြီး ရဝတ ဥက္ကဋ္ဌကို မဟုတ်မမှန်တိုင်တယ်ဆိုပြီး အဘ ဘိုး ဘိုးအောင် ၊ အဘဘိုးမင်းခေါင်ဓာတ်ပုံ တွေတွေ့တယ် ဆိုပြီး နောက်တံ ဆိပ်တွေ ငါး၊ ကျား၊ ယပ်တောင်၊ ဓားနှစ်လက်နဲ့ဒေါင်းတံဆိပ်အဲဒါတွေနဲ့ ၁၇/(၂ဝ)နဲ့ ၇ နှစ် ၇နှစ် ၁၄နှစ်လုပ်ပြီး ၂၁ နှစ်ချလိုက် တာ”ဟု သူကဆိုပါ သည်။ ထိုတံဆိပ်များ မှာ အေးနေဝင်းက ကုမ္ပဏီတံဆိပ်ပြုလုပ် ရန်သင့်မ သင့် အကြံလာတောင်းသည့် အရာများသာဖြစ်ပြီး နိုင်ငံတော်ပုန်ကန် မှုနှင့် မသက်ဆိုင်ကြောင်း ၄င်းက ပြော ပါသေးသည်။

”ကျော်နေဝင်းတို့နဲ့ပတ်သက်ပြီး တော့ ထောင်ကျတယ်။ သူတို့ယုံကြည် ကိုးကွယ်တယ်။ သုံးသိန်း၊ ကားနဲ့ဖုန်းပေး တယ်။ နောက်ပြည်ပ ဘီဘီစီ၊ အာရ် အက်ဖ်အေတို့က ဦးနေဝင်းကို ဘာငြိုး တယ် မသိဘူး။ လှူတာ တစ်မတ်ကို တစ်ကျပ်ဖြစ်အောင်လုပ်တော့ကျွန်တော် ထောင်ကျရတာ”ဟု ဆရာအောင်ပွင့် ခေါင်က ဆိုပါသည်။

စိုင်းလမင်း

Popular Myanmar News Journal

ဧည့်စာရင်းလာစစ်သော ဆယ်အိမ်မှူး မဖွယ်မရာပြုလုပ်ပြီး ရိုက်နှက်


ရန်ကုန်၊ နိုဝင်ဘာ ၁၉။

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် ဆယ်အိမ်မှူးသည် ဧည့်စာရင်းစစ်မည်ပြောပြီး အိမ်ရှင်အမျိုးသမီးကို မဖွယ်မရာ ပြုလုပ်ကာ ဘေးမှ ၀င်ရောက်ပြောဆိုသူကို အုပ်စုဖွဲ့ရိုက်နှက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဆယ်အိမ်မှူးသည် နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၁ နာရီတွင် မသီတာစန်းမြနေအိမ်သို့ “ငါကဒီရပ်ကွက်ရဲ့ ဆယ်အိမ်မှူး ဧည့်စာရင်း စစ်မယ်” ဟုပြောကာ မသီတာစန်းမြ၏ ခန္ဓာကိုယ်အား ပွတ်သပ်ကာမဖွယ်မရာ ပြုလုပ် ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ဘေးမှ မသီတာစန်းမြ၏ သူငယ်ချင်းဖြစ်သူ ဦးကျော်မျိုးနိုင်က ၀င်ရောက်ပြောဆိုရာ “မင်းကဘာကောင်မို့လဲ ငါ့အကြောင်းသိမယ်” ဟု ပြောကာ ထွက်သွားခဲ့သည်။

ယင်း ဆယ်အိမ်မှူးထွက်သွားပြီး ခဏအကြာ အဆိုပါ ဆယ်အိမ်မှူး ဦးဆန်းဝင်းနှင့် အမည်မသိ လူနှစ်ဦးတို့ ရောက်ရှိလာပြီး ဦးကျော်မျိုးနိုင် အား ပါလာသောကြိုးနှင့် လက်ပြန်တုတ်၍ ၀ါယာကြိုးများဖြင့် ရိုက်နှက်ကာ ဦးဆန်းဝင်း၏ အိမ်ရှေ့လမ်းမပေါ်တွင် ထိပ်တုံးခတ်ထားခဲ့ကြောင်း၊ နံနက် ၃ နာရီအချိန် မသီတာစန်းမြမှ တစ်ခြားရာအိမ်မှူး တစ်ဦးထံသွားရောက်အကြောင်းကြားမှသာ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းရုံးမှ သိရသည်။

ရှိုက်နှက်မှုကြောင့် ကျော်မျိုးနိုင်တွင် ၀ဲယာပုခုံး၊ ယာလက်မောင်း၊ ကျောကုန်းနှင့်ခြေထောက်တို့တွင် နာကျင်ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသ ကြီး တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဦးဆန်းဝင်းပါ သုံးဦးအား ဒဂုံဆိပ်ကမ်း မမစ (ပ) ၄၀၇/၁၃ ပြစ်မှုပုဒ်မ- ၃၅၄/၃၄၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရေးသားသူ- ဝေဖြိုး
တည်းဖြတ်- အေးငြိမ်းသူ

People power

မြက်ကျွတ်မုန်တိုင်းကြားက တောင်သူများ


လွန်ခဲ့သောငါးနှစ်ခန့်က နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် နာဂစ်ထက်ပြင်းသည့် “မြက်ကျွတ်မုန်တိုင်း”တစ်ခု ထပ်တိုက်မည်ဟု သူတို့နေထိုင်ရာ ရွာများတစ်ဝိုက်တွင် ကောလာဟလများထွက်ပေါ်ခဲ့သည်။

ခေတ်ကာလက ယခုလိုပွင့်လင်းသည့်အချိန်မဟုတ်သလို မိုးလေ၀သသတင်းများလည်း အစိုးရကထုတ်ပြန်ရန် တုံ့ဆိုင်းနေသည့်ကာလဖြစ်သည့်အတွက် ယင်းသတင်းသည် ကောလာဟလလော တကယ်လော သူတို့ဝေခွဲမရဖြစ်ခဲ့ရသည်။

“နာဂစ်ပြီး လပိုင်းပဲကြာတယ်။ လယ်ထဲက ကျွန်တော်တို့ကို မောင်းထုတ်တော့တာပဲ။ အဲဒီတော့မှ နာဂစ်တုန်းကတောင် မြက်ပင်ကျန်တယ်။ ဒီတစ်ခါတိုက်တဲ့မုန်တိုင်းက မြက်ပင်ပါမကျန်ဘူး။ နာဂစ်ပြီး မြက်ကျွတ်မုန်တိုင်းလာမယ်ဆိုတဲ့တဘောင်က မှန်ပါလားဆိုပြီး ပြောနေကြရတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ် တောင်တလုပ်ရွာမှ လယ်သမားဟောင်းကြီး
ဦးတင်အေးကပြောသည်။

သူ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ လယ်မြေများကို နာမည်ကျော်ကုမ္ပဏီများမှ အကျိုးတူလုပ်ဆောင်မည်ဟုဆိုကာ သိမ်းဆည်းသွားကြောင်း ၎င်းကပြောသည်။ ယင်းနေရာတစ်ခုထဲတွင် ဧက ၇၀၀၀ နီးပါးမှ လယ်သမားရာပေါင်းများစွာ လယ်မဲ့ဘ၀သို့ နေ့ချင်းညချင်း ကျရောက်သွားကြောင်း လယ်သမားများကပြောသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း တောင်သူလယ်သမားများမှာ လယ်ယာမြေများကို အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံနှင့်တစ်ဝန်းတွင် ဦးတင်အေးလို မြက်ပင်ပင်ပြန်မရသည့် မြက်ကျွတ်မုန်တိုင်းခံစားနေရသည့် တောင်သူလယ်သမားအများအပြားရှိနေခဲ့သည်။

အစိုးရအဆက်ဆက်က စီးပွားရေးလုပ်ငန်းရှင်များနှင့်ပေါင်းကာ သိမ်းဆည်းခဲ့သော လယ်ယာမြေများအရေးသည် သမ္မတဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင်မှ လူသိရှင်ကြားသိခွင့်ရခဲ့ကြသည်။ လွှတ်တော်အပါအ၀င် ကြားဝင်ဖြေရှင်းရေးအဖွဲ့အချို့ကို အစိုးရသစ်ကခွင့်ပြုခဲ့ပြီး လယ်ယာမြေအငြင်းပွားမှု သောင်မတင်ရေမကျပြဿနာများကို ဖြေရှင်းရန်ခွင့်ပြုခဲ့သည်။

သမ္မတကိုယ်တိုင်က သူသည် လယ်သမားမိသားစုမှ ဆင်းသက်လာကြောင်း မကြာခဏပြောဆိုခဲ့ပြီး လယ်သမားများဘ၀စာနာကြောင်း၊ လယ်ယာမြေပြဿနာများအကြောင်း သူ၏မိန့်ခွန်းထဲတွင် မကြာခဏထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော်လည်း အစိုးရသစ်သည် လယ်သမားအရေးကို ဆောင်ရွက်ရာတွင် လူကြားကောင်းသည့် စကားများနှင့်သာ နှစ်သိမ့်ခဲ့ပြီး တကယ့်လက်တွေ့တွင် ထိထိရောက်ရောက် ဆောင်ရွက်မှုမှာ အားနည်းကြောင်း 7 Day က တွေ့ဆုံမေးမြန်းခဲ့သည့် လယ်သိမ်းခံတောင်သူအချို့နှင့် လယ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

လွှတ်တော်တွင်လည်း လယ်သိမ်းခံပြဿနာများအရေး စုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့စည်းပြီး ဖြေရှင်းရန်ဆောင်ရွက်ခြင်း၊ ထောင်နှင့်ချီသော လယ်ဧကများကို လယ်သမားများထံပြန်ပေးရန် စီစဉ်ခြင်းတို့ကို အစိုးရကလုပ်ဆောင်ခဲ့သည်။ သို့သော်လည်း သိမ်းဆည်းခံ လယ်မြေများနှင့်နှိုင်းယှဉ်ပါက ပြောပလောက်သည့်ပမာဏပင်မရှိပါ။

“သမ္မတရဲ့စာနာထောက်ထားမှုက မိန့်ခွန်းထဲမှာပဲ တွေ့ရတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ရွာမှ လယ်သိမ်းခံ တောင်သူဦးမြင့်အောင်ကပြောသည်။

အစိုးရသစ်၏ လယ်ယာမြေအငြင်းပွားမှု ဖြေရှင်းရေးမူဝါဒကို သံသယရှိသည့်သူများထဲတွင် ဦးမြင့်အောင်တစ်ယောက်တည်းတော့မဟုတ်။ သူနှင့်ဘ၀တူ ဦးတင်အေးတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ ဦးတင်အေးက သူသည် မြက်ကျွတ်မုန်တိုင်းဒဏ်မခံရမီ ရက်သတ္တပတ်အနည်းငယ်အတွင်းက သမ္မတဦးသိန်းစိန်ဖြစ်လာမည့် စစ်အစိုးရ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်နှင့် တွေ့ခွင့်ရခဲ့ကြောင်း ပြောသည်။

လွန်ခဲ့သည့်ငါးနှစ်ကျော်ကာလ နာဂစ်မုန်တိုင်းတိုက်ပြီး လအနည်းငယ်အကြာတွင် သူနေထိုင်ရာ ဒဂုံဆိပ်ကမ်းဆီသို့ ဦးသိန်းစိန်တစ်ယောက် အခြံအရံများနှင့် ရောက်လာခဲ့သည်ဟု သူကပြောသည်။ ထိုစဉ် ဦးသိန်းစိန်က သူတို့လယ်များနှင့် ထိပ်တန်းကုမ္ပဏီတို့ကို ပူးပေါင်းစေကာ အကျိုးတူလယ်ယာမြေစနစ် ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း သူ့အားပြောကြားခဲ့ကြောင်း ဦးတင်အေးကပြောသည်။

“သူပြန်သွားပြီး နောက်နှစ်ရက်လောက်ကြာတော့ တဲတွေဖျက်ပြီး ကျွန်တော်တို့ကို မောင်းထုတ်တော့တာပဲ”ဟု ဦးတင်အေးကပြောသည်။

“အဲဒီအချိန်ကတည်းက မတွေ့ရတာ၊ ကျုပ် အခုတွေ့ရမယ်ဆိုရင်တောင် လိုက်တွေ့ချင်သေးတယ်။ သူပြောတဲ့စကားတွေ လက်ညှိုးထိုးပြီး မေးပြမယ် သူ့ကို။ ကျွန်တော် မဟုတ်တာပြောရင် ကျုပ်ကိုသတ်ပစ်လိုက်။ ခင်ဗျား ဘာတွေပြောသွားလဲ၊ ကျုပ်မေးရမလားလို့”ဟု ဦးတင်အေးက ဒေါသတကြီးဆက်ပြောသည်။

အစိုးရသစ်လက်ထက်တွင် လယ်ယာမြေအငြင်းပွားမှုပြဿနာသည် တစ်စတစ်စကျယ်လောင်လာခဲ့သည်။ ပြီးခဲ့သည့် ၁၄ လတာ ကာလအတွင်း အစိုးရအရာရှိများနှင့် လယ်သမားများအကြား လယ်ယာမြေပြဿနာကို အကြောင်းပြုပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားကာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီပြီး အနာတရဖြစ်သည်အထိ တင်းမာမှုများရှိခဲ့သည်။

လယ်ယာမြေအငြင်းပွားမှုများတွင် အစိုးရဘက်မှ ကိုင်တွယ်ဖြေရှင်းမှုတွင် ဘက်လိုက်မှုများရှိကြောင်းလည်း မကြာခဏဝေဖန်ခံခဲ့ရသည်။ အငြင်းပွားဖွယ်ရာ မြေနေရာများတွင် တောင်သူလယ်သမားများ ၀င်ရောက်စိုက်ပျိုးပါက ရဲတပ်ဖွဲ့မှ လာရောက်အရေးယူမှုများ ပြုလုပ်မှုများရှိသော်လည်း သိမ်းဆည်းခဲ့သည့် အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီများဘက်က အဆိုပါလယ်ယာမြေများအတွင်း ၀င်ရောက်ပါက အာဏာပိုင်များက လျစ်လျူရှုခဲ့ကြောင်း လယ်သမားများကစွပ်စွဲကြသည်။

“ရွှေသံလွင်က လယ်တွေသိမ်းထားတာတွေကို ပြန်ပေးဖို့ စာတင်ပေမယ့် ဘာမှမထူးဘူး။ တောင်သူတွေက ပြည်မက ဆန်ပြန်ဝယ်စားနေရတယ်။ လယ်သမားကိုကျတော့ သူ့လယ်သိမ်းပြီး ကုမ္ပဏီက ပြန်ပြီးသီးစားခချပြီး စိုက်ခိုင်းတယ်”ဟု ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် တောင်သူများထံမှ ရွှေသံလွင်ကုမ္ပဏီက သိမ်းယူထားသည့် စိုက်ပျိုးမြေများ ပြန်လည်ရရှိရေး လှုပ်ရှားနေသူ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၏ အတွင်းရေးမှူး ဦးအောင်ဇော်မြင့်ကပြောသည်။

အစိုးရက သူနှင့်နီးစပ်သူများအား အရေးယူရန်ထက် လယ်သမားများကို အရေးယူရေးသာ အားသန်နေကြောင်း လယ်သမားများနှင့် ၎င်းတို့အရေး ဆောင်ရွက်သူများကပြောသည်။

ဦးတင်အေးနှင့် ဦးမြင့်အောင်တို့လယ်မြေများအနီး နေထိုင်သည့် ဦးမောင်ညိုတစ်ယောက်လည်း လယ်သိမ်းခံတောင်သူတစ်ဦးပင်ဖြစ်သည်။ သူ၏လယ်မြေများ သိမ်းဆည်းခံရမှုအတွက် ကန့်ကွက်မှုများကြောင့် တရားရုံးက ဒဏ်ငွေကျပ်တစ်သောင်း ချမှတ်ခံခဲ့ရသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အဆိုပါအမှုအတွက် တရားရုံးသို့ ရုံးချိန်းအကြိမ် ၇၀ အထိ ချိန်းဆိုခံခဲ့ရကြောင်း သူကပြောသည်။

“စားတာသောက်တာနဲ့ ရှေ့နေခမပါသေးဘူး။ လမ်းစရိတ် တစ်ရက် ၅၀၀ နှုန်းပဲထား။ သုံးသိန်းခွဲလောက် အသားတင်ကုန်တယ်။ လယ်သမားလယ်သိမ်းခံရလို့ ကျပန်းလုပ်စားမယ်ဆိုတာတောင် ရုံးချိန်းသွားနေရတာနဲ့တင် ထမင်းငတ်လောက်တယ်”ဟု ဦးမောင်ညိုကပြောသည်။

ပညာသင်ကြားခွင့်နည်းပါးခဲ့ပြီး ငွေကြေးချို့တဲ့သည့် လယ်သမားများကို လယ်ယာမြေများ လက်လွှတ်ရန်အတွက် ဖိအားပေးမှုများအနက် တရားစွဲဆိုရေးဆိုသည့်အချက်ကိုလည်း အသုံးချလာကြောင်း လယ်ယာမြေအရေးဆောင်ရွက်သူများကပြောသည်။

“အစိုးရက ဒီကိစ္စကိုဖြေရှင်းပေးတာ ဘာမှအားရစရာမရှိဘူး။ တရားခံဖြစ်တဲ့သူကဖြစ်။ ဘ၀ပျက်တဲ့သူကပျက်။ ကော်မရှင်ကလည်း တိတိကျကျ ဘာမှမလုပ်နိုင်သေးဘူး။ လယ်သမားတွေက လယ်မရဘဲ အမှုပဲရင်ဆိုင်နေရတယ်”ဟု တရားစွဲဆိုခံရသည့် လယ်သမားများအား လိုက်လံကူညီပေးနေသည့် ရှေ့နေဦးရောဘတ်စန်းအောင်ကပြောသည်။

သရက်ပင်ချောင်ကျေးရွာ လယ်သိမ်းခံတောင်သူဦးမြတ်မောင်တစ်ကတော့ အထက်က ဘ၀တူလယ်သမားများလို အစိုးရကိုလည်း ဝေဖန်ခြင်းမပြုခဲ့ပါ။ တရားစွဲဆိုခံရရန်လည်း လိုလားမှုမရှိသည့် သူကလယ်မြေများဆုံးရှုံးမှုကို ကိုမောင်ညိုတစ်ယောက်လို ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခြင်းလည်းမပြုပါ။ ကုမ္ပဏီမှပေးသည့် ကရုဏာကြေးကိုလက်ခံရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဆယ်စုနှစ်သုံးခုကြာလုပ်ကိုင်ခဲ့သည့် လယ်မြေများကို စွန့်လွှတ်ရတော့မည်ဖြစ်သည်။

“ကုမ္ပဏီက တစ်ဧက သိန်းအစိတ်ပေးတယ်။ ၁၀ သိန်းကို လက်ငင်း။ ကျန်တာကို နောက်နှစ်လအတွင်းဆိုပြီးပေးတယ်။ ဒါပေမဲ့ ဒီမှာက မြေတစ်ကွက်ကို သိန်း ၂၀၀ လောက်ပေးရတော့ ဒီပိုက်ဆံနဲ့ ဘယ်မှာသွားနေမလဲ”ဟု သူကပြောသည်။

မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးဖြစ်သည့် နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီသေဆုံးပြီး ကန်ဒေါ်လာသန်းချီကာ ပျက်စီးဆုံးရှုံးခဲ့မှုများရှိခဲ့သည်။ ယခင်စစ်အစိုးရက မုန်တိုင်းမတိုက်မီနှင့် မုန်တိုင်းလွန်ကာလများတွင် ပြည်သူများကို ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။

နာဂစ်မုန်တိုင်းအပြီး တိုက်ခတ်နေသည့် “မြက်ကျွတ်မုန်တိုင်း”တွင်တော့ အစိုးရက ပြည်သူများအပေါ် မည်မျှအကာအကွယ်ပေးမည်ဆိုသည်ကို လယ်သမားများနှင့် ၎င်းတို့အရေးဆောင်ရွက်သူများက စိတ်ဝင်စားလျက်ရှိသည်။

“နာဂစ်က လူသိန်းနဲ့ချီပြီး ဒုက္ခရောက်တယ်။ ဒီတစ်ခါ ခင်ဗျားပြောတဲ့ “မြက်ကျွတ်မုန်တိုင်း”က တစ်နိုင်ငံလုံးဒုက္ခရောက်မှာ”ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လယ်သမားများအရေး ဆောင်ရွက်နေသည့် ဦးဝေဠုကပြောသည်။

ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက် - 7Day News Journal

အခွန်ကြွေးကျန် ကုမ္ပဏီများ ဒီဇင်ဘာတွင် မပေးသွင်းပါ က နှစ်ဆပေးဆောင်ရမည်


ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ။ ။ ကြွေးကျန် အခွန်ငွေပေးသွင်းရန် ကျန်ရှိနေသည့်ကုမ္ပဏီများ ယခုနှစ်ဒီဇင် ဘာလအတွင်း လာရောက်မပေး သွင်းပါက ဒဏ်ကြေးငွေအဖြစ် သတ်မှတ်အခွန်ငွေ ထက် နှစ်ဆ ပေးသွင်းရမည်ဖြစ်ကြောင်း အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ သိရသည်။

လက်ရှိကုမ္ပဏီများမှ ပေး သွင်းရမည့် ကြွေးကျန်အခွန်ငွေ များမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်အတွက် ပေးသွင်းရမည့်ကြွေး ကျန်များဖြစ်ပြီး အခွန်ပေးသွင်း ရမည့်ရက်ကို ပြီးခဲ့သည့် ဇွန်လတွင် သတ်မှတ်ထားသော် လည်း လာ ရောက်ပေးသွင်းခြင်းမရှိသည့် ကုမ္ပ ဏီများစွာရှိနေကြောင်း အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌသူရဦးသောင်း လွင်က ပြောသည်။

သူရဦးသောင်းလွင်က ''၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီအခွန်တွေကို မတ်လမှာ အပြီးပေးသွင်းရမှာ ဖြစ်ပေမယ့် သူတို့ စာရင်းပြုစုနိုင်ဖို့အတွက် ဧပြီ၊ မေ၊ ဇွန် သုံးလအချိန်ပေးပြီး ဇွန်လမှာ အပြီးသွင်းဖို့သတ်မှတ် ထားတာပါ။ ဒါကို ကုမ္ပဏီတွေ က အခွန်မပေးရတော့ဘူး။ အခွန် မလိုက်တော့ဘူးထင်ပြီး မပေးဘဲ နေကြတယ်။ အခုအခွန်ကြွေး ကျန်တွေကို အမြန်ဆုံးလာမသွင်း ဘူးဆိုရင် တစ်ဖက်သတ်ဒဏ်ငွေ ခွန်အဖြစ် မနှစ်က အခွန်၅၀၀၀ သွင်းရရင် ဒီနှစ် ၁၀၀၀၀ သွင်း ရမယ်''ဟု ပြောသည်။

လက်ရှိတွင် အခွန်ကောက် ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ မှ ကြွေးကျန် အခွန် ပေးသွင်းရ မည့် ကုမ္ပဏီများ၏ ရုံးတည်နေ ရာစာရင်းများကို မြို့နယ်၊ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးများ နှင့် စာရင်းပြုစု၍ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

လက်ရှိ ကြွေးကျန်အခွန် ငွေ ပေးသွင်းရန်ကျန်ရှိနေသည့် ကုမ္ပဏီများတွင် လက်ရှိနာမည် ကြီးကုမ္ပဏီကြီးများလည်း ပါဝင် ပြီး စုစုပေါင်းကုမ္ပဏီ ၃၀၀၀၀ ကျော် အခွန်ပေးသွင်းရန်ကျန်ရှိ နေသေးကြောင်း သိရသည်။
ဖြိုးလွင်အောင်
Yangon Media Group

အသုံးများသော စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ် အီဒီယံများ (၄)


shoot something down ပယ်ချသည်
အကြံအစည်တစ်ခု၊ အဆိုပြုချက်တစ်ခုကို ပယ်ချသည်။
e.g.
It's best not to shoot ideas down during a brainstorming session. The goal is to generate ideas, not to criticize them.

sky's the limit အကန့်အသတ်မဲ့
တစ်စုံတစ်ခုအတွက် ဖြစ်နိုင်ခြေအကန့်အသတ်မရှိသည့်အခြေအနေမျိုးတွင် သုံးသည်။ ဖြစ်နိုင်ခြေအဆုံးမဲ့ခြင်း။
e.g.
With their commission structure, the sky's the limit to what you can make.

stand one's ground ရပ်တည်ချက်ခိုင်မာသည်
ပြဿနာတစ်ရပ်နှင့်ပတ်သက်၍ မိမိ၏ရပ်တည်ချက်ကိုမပြောင်း၊ ခံယူချက်ကိုမပြောင်းဘဲ စွဲစွဲမြဲမြဲဆုပ်ကိုင်သည်။
e.g.
We tried to change the dress code, but Human Resources stood their ground.

start off on the right foot မှန်ကန်သည့်ခြေလှမ်းတစ်လှမ်းစ
လုပ်ငန်းတစ်ခု၊ ကိစ္စတစ်ခုကို အပြုသဘောဆောင်သည့်နည်းဖြင့်စတင်သည်။ အစပျိုးသည်။
e.g.
We offered them a very generous price on their first order and everything shipped on time. We really started off on the right foot.

start off on the wrong foot ခြေတစ်လှမ်းအမှား
လုပ်ငန်းတစ်ခု၊ ကိစ္စတစ်ခုကို အနှုတ်သဘောဆောင်သည့်နည်းဖြင့်စတင်သည်။ ခြေလှမ်းမှားသည်။
e.g.
I just switched cable companies. They overcharged me for the first month's service. They really started off on the wrong foot.

talk someone into something   နားချသည်
တစ်ယောက်ယောက်အား တစ်ခုခုလုပ်လာအောင် အယုံသွင်းသည်။ နားချသည်။
e.g.
I was hesitant to redesign our website, but my employees talked me into it. I'm glad they did. The new site is much better than the previous one.

talk someone out of something  ဖျောင်းဖျသည်
တစ်ယောက်ယောက်အား တစ်ခုခုမလုပ်စေရန် နားချသည်။ ဖျောင်းဖျသည်။
e.g.
I wanted to make a real estate investment, but my financial adviser talked me out of it.

think big  မြင့်မြင့်ကြံ
အနာဂါတ်ပန်းအတွက် ရည်မှန်းချက်ကြီးကြီး စီမံချက်ကြီးကြီးထားသည်။
e.g.
I'm not content with just opening one or two more stores. I'm thinking big -- I think we can open 10 more stores in the next five years.

think outside the box ဖောက်ထွက်တွေးသည်
ပုံမှန်တွေးရိုးတွေးစဉ်ထဲမှခွဲထွက်ကာ တီထွင်ဖန်တီးသည့်စိတ်ကူးများစဉ်းစားသည်။ အများသူငါစဉ်းစားလေ့မရှိသည့် အကြံအစီများဖြစ်သည်။
e.g.
Creating a completely new product that no one has ever sold before is an example of thinking outside the box.

throw in the towel ပုဝါပစ်တင်သည်။ အရှုံးပေးသည်။
လက်ဝှေ့လောကတွင် ပုဝါမကူရေမရှူတမ်းဟူသည့်စကားရှိသည်။ ပုဝါပစ်တင်ခြင်းသည် အရှုံးပေးသည့်သင်္ကေတဖြစ်သည်။ တစ်ခုခုကိုလက်မြှောက်စွန့်လွှတ်သည်။
e.g.
I was trying to learn Portuguese, but I got frustrated and threw in the towel.

time's up အချိန်စေ့ပြီ
တစ်စုံတစ်ခုအတွက်/တစ်စုံတစ်ယောက်အတွက် ပေးထားသည့်အချိန်စေ့ပြီ။ သူ့ခေတ်ကုန်ပြီ။
e.g.
I think his time's up as the CEO. They're going to replace him as soon as they find a suitable candidate.

under the table   စားပွဲအောက်လမ်းကြောင်း /နားလည်မှု
စီးပွားရေးလောကတွင် လျှို့ဝှက်စွာ(တရားမ၀င်နည်းလမ်းဖြင့်) ဆောင်ရွက်သည့်ကိစ္စတစ်ရပ်။ နားလည်မှုဖြင့်ဆောင်ရွက်သည်။
e.g.
To avoid paying taxes, they paid some of their employees under the table.

up in the air လေထဲမှာပဲရှိသေးသည်။ တိုးလို့တန်းလန်း
တစ်စုံတစ်ခုအားမဆုံးဖြတ်ရသေးခင်အခြေအနေကိုဆိုလိုသည်။
e.g.
We're looking for a test market right now, but nothing has been decided yet. Everything's still up in the air.

upper hand အထက်စီးရ
လူတစ်ယောက်သည် အခြားတစ်ယောက်အပေါ် အသားစီးရသည့်အခြေအနေ၊ အခွင့်အရေးပိုရထားသည့်အခြေအနေဖြစ်သည်။
e.g.
He was more experienced and well respected, so he had the upper hand in the argument.

win-win situation ပျားလည်းစွဲသာရှဥ့်လည်းလျှောက်သာ
နှစ်ဦးနှစ်ဖက်စလုံးအမြတ်ထွက်သည့်အခြေအနေ။ မည်သူမျှမနစ်နာသည့်အခြေအနေ။
e.g.
We were happy to get the contract, and they were happy to get such a good price. It was a win-win situation.

(to) work down to the wire ဆုံးခန်းတိုင်လုပ်သည်။ မပြီးမချင်းလုပ်သည်။
နောက်ဆုံးမိနစ်၊ သတ်မှတ်နောက်ဆုံးရက်မပြီးခင်အထိအလုပ်တစ်ခုကိုလုပ်သည်။ အမေရိကန်မြင်းပြိုင်ပွဲများမှလာသည်။ မည်သည့်မြင်းပန်းဝင်ကြောင်းသိရန်တပ်ထားသော ၀ါယာကြိုးကိုအစွဲပြု၍ဖြစ်လာသည်။
e.g.
The investment bankers need to turn in their report at 9 a.m. tomorrow morning, and they've still got many hours of work left on it. They're going to be working down to the wire.
(to) work out the (or some) kinks --- ဖြင့်ဖြေရှင်းသည်။
ပြဿနာတစ်ခုခုကို ပြန်လည်ပြင်ဆင်ဖြေရှင်းသည်။ မွမ်းမံသည်။
e.g.
The company announced that they will delay the launch of their new product by two weeks. They still need to work out the kinks with their packaging process.
Note: A "kink" is a problem or flaw in a system or plan.

yes man မှန်ပါ့ဘုရားလူစား/အနားပျာ
အထက်လူကြီးခိုင်းသမျှပြောသမျှ သူ့စိတ်တိုင်းကျလိုက်ပြောတတ်သူ၊
 e.g. Don't expect Larry to argue with the boss. He's a yes man.

ဇာနည်(MyWay)
Broken English to Spoken English
British Council Myanmar

လယ်ယာမြေပြန်ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသူ ခေတ်သစ် ပြည်သူ့ပါတီဝင် နှစ်ဦး အဖမ်းခံရ


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်အတွင်းရှိ လယ်သမားများအား လယ်မြေပြန်လည်ရရှိရန် ဆောင်ရွက် ပေးမည်ဟု ဆိုကာ ငွေကြေးရယူ ထား သော ခေတ် သစ်ပြည်သူ့ပါတီဝင်နှစ်ဦး အား ရဲစခန်းမှ ထိန်းသိမ်း ထားသည်ဟု သိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ အရန်ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဝင် ဦးသိန်းတန်က ဖြစ် ရပ်အား စုံစမ်း နေပြီး ဟုတ်မှန်ပါက ပါတီဘက်က လည်း ထိုသို့လုပ်ကိုင်မှုကို လက်ခံသွား မည်မဟုတ်ဟု ပြောသည်။

”သူတို့အနေနဲ့ အမှန်တကယ် ကျူးလွန်ရင် ကျွန်တော်တို့ ပါတီက ထုတ်ပယ် တဲ့အထိ ပြုလုပ်မှာပါ” ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ၄င်းတို့ပါတီအနေနှင့် ကော်မရှင်ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ် နေ သည်ဟု ၄င်းက ထပ်မံဆိုသည်။

ခေတ်သစ် ပြည်သူ့ပါတီသည် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေးကျောင်းတော်သားများ နိုင်ငံရေးအဖွဲ့မှ အသွင်ပြောင်း ထား ခြင်းဖြစ်ကာ ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဖူး သည်။ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးကော်မရှင်က အမှုတွဲပေါင်း ၇ဝဝကျော်ကို လွှတ်တော်သို့ တင် သွင်း ခဲ့သည်။ နိုင်ငံတော် သမ္မတက ထိုအမှု များကို တစ်နှစ်အတွင်း ဖြေရှင်းပေး မည်ဟု လွှတ်တော် သို့ အကြောင်းပြန် ခဲ့ပြီး ၂ဝ၁၃သြဂုတ် ၂ဝရက်မှ အောက် တိုဘာ ၂၅ ရက်နေ့အထိ အမှုပေါင်း ၅ မှု(မြေဧက ၁၉၇၃.ဝ၃) ပြီးပြတ် အောင် ရှင်းလင်း ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ အောက် တိုဘာ ၃ဝ ရက် နေ့က အေ ကြာင်းပြန် ကြောင်း သိရသည်။

စိုင်းလမင်း
Popular Myanmar News Journal

တောင်ငူ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို ဖမ်းမိ


တောင်ငူ၊ နိုဝင်ဘာ ၁၉

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းတွင် လွန်ခဲ့သော တစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ စောထွန်းထွန်းကို တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၃ (တောင်ငူခရိုင်) မှ တာဝန်ရှိသူများ၏ အကူအညီဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

စောထွန်းထွန်းကို ကျောက်ကြီး မြို့နယ် ပဲခူးရိုးမ တောတွင်း တစ်နေရာတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း ကေအန်ယူ တပ်မဟာ ၃ တာဝန်ရှိသူများက ဖမ်းမိခဲ့ပြီး ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ပို့ဆောင်ခဲ့ကာ ယင်းမှ တစ်ဆင့် တောင်ငူခရိုင် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ခရိုင် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါ သံသယရှိသူကို သွားရောက် ဖမ်းဆီးရာတွင် လိုက်ပါခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သံသယရှိသူ စောထွန်းထွန်းသည် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အရှေ့ဘက်ရှိ တောထဲတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ကေအန်ယူတပ်ရင်း တပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း KNU တပ်မဟာ ၃ မှ တပ်ရင်းမှူးချုပ် ဗိုလ်မှူးကြီး စောအယ်ကလူသိန်းက ပြောကြားသည်။

ချမ်းမြေ့တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု မဖြစ်မီ နှစ်ရက်ခန့်တွင် သံသယရှိသူ စောထွန်းထွန်း တည်းခို နေထိုင်ခဲ့ကြောင်း တည်းခိုခန်း မှတ်တမ်းအရ သိရသော်လည်း ယခု ဖမ်းဆီးခံရသူ ဟုတ် မဟုတ်ကိုမူ မသိရှိကြောင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တည်းခိုခန်းပိုင်ရှင် ဦးကျော်ဇင်အောင်က ပြောကြားသည်။

တောင်ငူမြို့အမှတ် (၁၇) ရပ်ကွက် ကန်လမ်းချမ်းမြေ့ တည်းခိုခန်း အပေါ်ထပ် အခန်းအမှတ် (၆) တွင် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၂၉ နှစ် အရွယ် မီးရထားရဲတပ်သား နေမျိုးကျော်နှင့် အသက် ၂၄ နှစ်အရွယ် မယုခိုင်တို့ သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဒေါ်ငြိမ်းသူ ဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း ထံမှ သိရှိရသည်။

KNU စီးပွားရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ KNU တပ်ဖွဲ့ဝင်ဟောင်း စောမြင့်လွင် (ခ) မောထဆိုသူက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် နေရာအချို့တွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ပြုလုပ်ခဲ့သော ဖြစ်စဉ်များတွင် ပါဝင်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်သော်လည်း အဓိက ကြိုးကိုင်သူ တရားခံများကို မဖမ်းမိသေးကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဇော်ဝင်းက ပြောကြားခဲ့သည်။

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက်နေသူ စောထွန်းထွန်းကို ပ-၅၃၅/၂၀၁၃၊ ဖောက်ခွဲ (၃) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ကာ နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့နယ် တရားရုံးသို့ ရမန်ယူရန် ပို့ဆောင်ခဲ့ကြောင်း တောင်ငူ မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၇ ရက်အထိ ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

Beucogen နတ်သမီးလေးလို လှစေချင်


ဒီဖက်ခေတ်ကာလမှာ အသားလှဆေးတွေ တခုပြီးတခု အပြိုင်အဆိုင် ဝင်လာကြတယ်။ အသားလှဆေးတွေထဲမှာ ဂျပန်နဲ့ ကိုရီးယားက လာတဲ့ဆေးတွေက ခေတ်စားလှတယ်။ အသားလှဆေးမျိုးစုံ၊ကြေငြာမျိုးစုံနဲ့ ဝင်လာတဲ့ဆေးတွေထဲမှာ Beucogenခေါ်တဲ့ အသားလှဆေးတမျိုးလည်း တခုအပါအဝင် ဖြစ်ပါတယ်။ Beucogenဆိုတာ Japan ဖော်မြူလာနဲ့ထုတ်ထားတဲ့ အသားလှဆေးတမျိုး ဖြစ်ပါတယ်။3 in 1 formulaနဲ့ ထုတ်လုပ်ထားတယ်။ 3 in 1 formulaဆိုတဲ့သဘောက
၁။အသားအရေကို ကြည်လင်ဝင်းပစေခြင်း၊
၂။အမျိုးသမီးရင်သားတွေကို လှပတင်းရင်းစေခြင်း၊
၃။အင်တီအောက်ဆီးဒင့် အာနိသင်ပါဝင်ခြင်း၊
စတာတွေကို ဆေးတမျိုးထဲမှာ ရစေနိုင်တဲ့သဘော ဖြစ်ပါတယ်။

Beucogen အကြောင်းမရေးခင် အသားအရေလှဆေးတွေမှာ အဓိကပါဝင်တဲ့ collagenအကြောင်း ရှေးဦစွာဖော်ပြပါရစေ။
Collagenဆိုတာ လူ့အရေပြားအတွက် အရေးပါတယ်။ အရေပြားရဲ့ ၇၀ရာခိုင်နှုန်းကို collagenဓာတ်တွေနဲ့ အဓိကတည်ဆောက်ထားတယ်။ ကော်လာဂျင်ဆိုတာလည်း ပရိုတင်း တမျိုးပဲ။ခန္ဓာကိုယ်မှာ ရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းဟာ collagenဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။အရိုး၊အရိုးနု၊အကြော၊အဆစ်စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာလည်း collagenရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။အသားအရေတင်းရင်းပြီး ချောမွေ့နေတာက collagenရဲ့ လုပ်ဆောင်မှုကြောင့်ပါ။ သို့သော် ပြဿနာတခုက အသက် ၂၀ကျော်တာနဲ့ collagenဓာတ်တွေ စတင်ဆုံးရှုံးလာတယ်။ အရေပြားဆဲလ်တွေ စတင် ပျက်ဆီးလာတယ်။ ဒါတင်မကသေးပဲ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခရမ်းလွန်ရောင်ခြည်စတာတွေကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတယ်။ collagen တဖြည်းဖြည်း လျှော့နည်းလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာတယ်။ အသားအရေ တင်းရင်းမှု၊လှပမှု လျှော့ကျလာတယ်။ဒီလိုအခါမျိုးမှာ ဆုံးရှုံးသွားတဲ့ collagenဓာတ် ပြန်လည်ဖြည့်တင်းဖို့ အရေးကြီးလာတယ်။ Beucogen ထဲမှာ ပါဝင်တာက Hydrolysed Marine Collagen (3,000mg)ဖြစ်ပါတယ်။ hydroxprolineပါဝင်တဲ့ ငါးအကြေးခွံက ထုတ်လုပ်ထားတယ်။ ပျက်ဆီးသွားတဲ့ collagenဓာတ်ကို အထိရောက်ဆုံးပြန်လည်ဖြည့်ဆည်းနိုင်တယ်။ Beucogen ကြောင့်ဘဲ အသားအရေ စိုပြေတင်းရင်းစေယုံမက ရင်သားများကို တင်းရစ်ကျစ်လစ်စေသလို အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်။ ဒီဆေးကို ဇီဇဝါကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ တစ်ဗူးမှာ 10gပါဝင်တဲ့ sachetဆေးထုပ် ၁၅ထုပ် ပါဝင်တယ်။

ပါဝင်ပစ္စည်းများ
Hydrolysed Marine Collagen (3,000mg)
L-Arginine (200mg)
L-Lysine (200mg)
Soy Isoflavones (200mg)
Isolated Soy Protein (2,000mg)
Oligo (2,400mg)
Vitamin (50mg)
Soya(2000mg)

တခုချင်းစီရဲ့ အကျိုးအာနိသင်

1.Hydrolysed Marine Collagen (3,000mg)
-မော်လီကျူလာဝိတ်သေးလို့ စုပ်ယူမှု၊ပျံ့နှံ့မှုအားကောင်းတယ်
-ငါးညှီနံ့၊အရသာနည်းပါးတယ်
-အရေးအကြောင်း၊အစက်အပျောက်ကို သက်သာပျောက်ကင်းစေတယ်
-အသားအရည်တင်းရင်းစိုပြေဖို့ အထောက်အကူပြုတယ်

2.L-Arginine (200mg)
ပျက်ဆီးသွားတဲ့ တစ်ရှူးတွေ ပြုပြင်ရာမှာ အဓိကကျတယ်
သွေးလျှောက်အားကောင်းစေပြီး အဆီပိုတွေ ချပေးတယ်
ဒဏ်ရာအမာရွတ်တွေကို လျင်မြနစွာ ပျောက်ကင်းစေတယ်

3.L-Lysine (200mg)
မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉မျိုးအနက် တမျိုးဖြစ်တယ်
တစ်ရှူးတွေ ပြုပြင်ဖို့၊ ကြီးထွားဖို့အတွက် လိုအပ်တယ်
ကိုလာဂျင်အသစ်ဖြစ်ပေါ်ဖို့ ထောက်ပံ့ပေးတယ်
ဒါ့ပြင် ကယ်ဆီယမ်ကို စုပ်ယူအား ပိုကောင်းစေတယ်

4.Soy Isoflavones (200mg)
မဟော်မုန်းဖြစ်တဲ့ အီစတိုဂျင်နဲ့ အလာသဏ္ဍာန်တူတယ်
ဟော်မုန်းပမာဏ ထိန်းညှိပေးသလို ရင်သားတွေကို တင်းရင်းစေတယ်

5.Isolated Soy Protein (2,000mg)
ပရိုတင်းပါဝင်မှုမြင့်မားလို့ ဆဲလ်သစ်ဖြစ်ပေါ်ဖို့ ကူညီပေးတယ်

6.Oligo (2,400mg)
အပင်တွေမှာ တွေ့ရှိရတဲ့ သကြားအစားထိုးတမျိုးဖြစ်လို့ ဆီးချိုဖြစ်သူတွေနဲ့ သင့်တော်တယ်
အူလှုပ်ရှားမှုကောင်းစေတာကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဘူး
ပရိုဘိုင်အောတစ်(အူမှာရှိတဲ့ ကောင်းကျိုးပြုတဲ့ပိုး)တွေကို ရှင်သန်စေသလို အာဟာရစုပ်ယူမှုကို အားကောင်းစေတယ်

7.Vitamin (50mg)
ကိုလာဂျင်စုပ်ယူမှုကို အားပေးတယ်


Beucogenသောက်ပြီး ဘာတွေကောင်းလာနိုင်လဲ

-ဆဲလ်တွေကို ပြုပြင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်စေခြင်း
-အသားအရေ ကြည်လင်ဝင်းပစေခြင်း
-အရွယ်တင်နုပျိုစေခြင်း
-ရင်သားတင်းရင်းလှပစေခြင်း
-အရေးအကြောင်း၊အမာရွတ်တွေ လျှော့ပါးလာခြင်း
-အမည်းစက်၊အဖြူကွက်တွေ ပျောက်ကွယ်လာခြင်း
-ပိုမိုတင်းရင်းလှပတဲ့ အသားအရည်ကို ပိုင်ဆိုင်စေခြင်း
-အသားအရေ ခြောက်သွေ့မှုကိုကာကွယ်ခြင်း
-ဓာတ်တိုးပစ္စည်းများကို ချေဖျက်နိုင်ခြင်း
-သွေးတွင်းအညစ်အကြေးများ ဖယ်ရှားသန့်စင်ခြင်း

ဆေးသောက်ရန် အညွှန်း
ရေတစ်ဖန်ခွက်(140ml)ပမာဏရှိ ရေအေးထဲသို့ Beucogenတစ်ထုပ်ကို ထည့်ဖျော်ပြီး ချက်ချင်းသောက်သုံးပါ။ နေ့စဉ် နံနက်စာမစားမှီနဲ့ ညအိပ်ယာမဝင်မှီ တနေ့ ၂ကြိမ်သောက်သုံးသင့်တယ်။ အသားအရေပုံမှန်ထိန်းသိမ်းလိုပါက နောက်ပိုင်း ညစဉ်တစ်ကြိမ်သောက်ရုံနဲ့ လုံလောက်ပါတယ်။ တစ်လအတွင်း ထူးခြားချက်ကို တွေ့မြင်စေမယ်လို့ ဆိုတယ်။ ကြာလာတာနဲ့အမျှ အသားအရေပိုမိုကောင်းမွန်လာတယ်။အကယ်၍ တစ်လကျော်သည်ထိ ထူးခြားချက်မတွေ့ပါက ဆက်မသောက်ပါနဲ့။ ဆေးသောက်တဲ့အခါ တစ်ရက် လေးထုပ်ထက် ပိုမသောက်သင့်ဘူး။

ဆေးမသောက်ခင် သိထားသင့်သည့် အချက်များ
-အမျိုးသမီးတွေ သောက်သုံးဖို့ သီးသန့်ထုတ်လုပ်ထားတယ်။
-ကလေးငယ်တွေ မသောက်သုံးသင့်ဘူး။
-ငါး၊ပင်လယ်စာနဲ့ ဓာတ်မတဲ့သူတွေ သတိထားပါ။
-ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
-ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါးတယ်။

အသားလှဆေးမှန်သမျှမှာ ထူးခြားချက်တွေ ရှိတယ်
(၁)ဆေးတိုင်းနီးပါးက ဈေးကြီးတယ်
(၂)ဆိုးကျိုးထက် ကောင်းကျိုးရေးတာများတယ်
(၃)ဖတ်ပြီးရင် ကောင်းတယ်ထင်လာတယ်
(၄)နောက်ရက်မှာ မဖြစ်မနေဝယ်ဖို့ ကြိုးစားကြတယ်
(၅)တစ်ဗူးလောက်ကုန်တဲ့အခါ အာနိသင်ကို သိလာတယ်
(၆)ပြောသလောက် မဟုတ်ပါဘူး ထင်လာတယ်
(၇)နောက်ထပ်ကြေငြာကောင်းတာတွေ့ရင် ထပ်စမ်းဖို့ကြိုးစားကြတယ်
(၈)ပိုထူးခြားတာက ဘယ်သူမှ ပိုက်ဆံကုန်တယ်လို့ မထင်ကြဘူး
(၉)သုံးစွဲသူရဲ့၈၀ရာခိုင်နှုန်းမကဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်

အလှအပဟာ လူ့ဘဝမှာ အင်မတန်အရေးကြီးတယ်။ အလှအပနောက်ကို လူကြီးလူငယ်၊ကျားမ မရွေးလိုက်ကြတယ်။ ဆေးတွေထဲမှာ ပိန်ဆေးတို့၊အသားလှဆေးတို့ဆိုတာ ရောင်းအားအကောင်းဆုံးဖြစ်ကြတယ်။ လှဖို့ပဖို့ဆိုရင် ဘယ်လောက်ကုန်ကုန် နောက်မတွန့်ဘူး။ ရှေ့ကိုသာ တိုးသွားကြတယ်။ come and goပဲ။ တခုမကောင်း နောက်တခုပေါ့။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ အလှအပကြိုက်တဲ့အမျိုးသမီးများအတွက် နောက်ထပ်အသစ်ပေါ်လာတဲ့ဆေးတွေကို လက်လှမ်းမီသမျှ ဆက်လက်ဖော်ပြပေးပါမယ်။
"မြန်မာအမျိုးသမီးတိုင်း နတ်သမီးလေးလို လှနိုင်ကြပါစေ"

ဒေါက်တာ အေးမင်းထူး
ဆေးပညာဆိုင်ရာဆောင်းပါးများ

Li Shou Slimming Capsule တရုတ်ပိန်ဆေး သောက်မယ်တွေးရင်


မင်္ဂလာပါဆရာ။ lishou ပိန်ဆေးနဲ့ပတ်သက်ပြီး သိချင်လို့ပါ။ ဆေးဆိုင်ကကောင်းတယ်ဆိုပြီး ပြောလို့သူငယ်ချင်းကဝယ်လာတာပါ။အကောင်းအဆိုးလေးတွေသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေးထားတာက တရုတ်တိုင်းရင်းဆေးဖြစ်တဲ့အတွက် ပြန်လေ့လာရပါတယ်။ ပါဝင်တာတွေကလည်း တရုတ်ရိုးရာherbalကထုတ်တာဖြစ်လို့ ရေးနေကျ ပိန်ဆေးတွေနဲ့ နည်းနည်းကွာခြားပါတယ်။တရုတ်စကားလုံး lishouကို မြန်မာလို "လီရှူံး"လို့ ဘာသာပြန် ခေါ်ရမယ်ထင်ပါတယ်။ တရုတ်ရိုးရာပိန်ဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတယ်။ ဆေးဗူးပုံစံဟာ ၂၀၁၃ဇန်နဝါရီလ နောက်ပိုင်းကစပြီး အနည်းငယ် ပြောင်းလဲလာတာတွေ့ရတယ်။ အရင် နဂါးပုံစံနေရာမှာ တရုတ်အမျိုးသမီးပုံစံဖြစ်လာတယ်။ ဗူးမှာ လိပ်ပြာပုံ ထည့်သွင်းထားတယ်။ ဗူးထဲမှာပါဝင်တာက ဆေးတောင့်ပုံစံဖြစ်ပါတယ်။အာနိသင်နဲ့ ပါဝင်ပစ္စည်းတွေတော့ ပြောင်းလဲမှုမရှိဘူး။

ပါဝင်တဲ့ တိုင်းရင်းဆေး ပစ္စည်းများ
-Tuckahoe(fu ling)
-Lotus leaf
-Bitter Orange Fruit

(1)Tuckahoe(fu ling) (ဖူးလင်မှို)
fu ling(ဖူးလင်)ဆိုတာ Polyporaceaeအုပ်စုထဲမှာပါဝင်တဲ့မှိုတမျိုးပါ။ မှိုဆိုတာထက် အမြစ်နဲ့ပိုတူတယ်။ စားလို့ရတဲ့အမြစ်၊မှိုရဲ့မာကျောတဲ့အပိုင်းကို Tuckahoeလို့ ခေါ်ပါတယ်။ yun ling(ယွန်းလင်)လို့လည်း တချို့ခေါ်ကြတယ်။ china root ၊holenလို့လည်း ခေါ်တယ်။ polyporusအမျိုးအစားထဲပါလို့ poriaတဲ့။ ယူနန်ပြည်နယ်ကထွက်တဲ့ poriaက နာမည်ကြီးတယ်။ဒီလို မှိုမျိုးကို ဇူလိုင်နဲ့စက်တင်ဘာလလတွေမှာ အဓိကတွေ့ရတယ်။ ရတဲ့အပိုင်းကို နေရိပ်တဲ့နေရာမှာ လေသလပ်ပြီး အခြောက်လှမ်းရတယ်။ ပြီးရင် ပါးပါးလှီးပြီးအသုံးပြုကြတယ်။ အာနိသင်က နှလုံး၊အဆုတ်၊ကျောက်ကပ်နဲ့ သရက်ရွက်ကို အားကောင်းစေတယ်။ Serotonin ပမာဏများစေတာကြောင့် အစာစားချင်စိတ်ကို တားဆီးပေးတယ်။ ဗိုက်ပြည့်နေတယ်လို့ ခံစားရတယ်။ နောက်အာနိသင်တမျိုးက ဆီးသွားစေတယ်။ အရောင်ကျစေတယ်။ တိုင်းရင်းဆေးအယူအဆအရ ကင်ဆာကျိတ်အချို့မှာ အသုံးပြုတယ်။ စိတ်ကို ငြိမ်းအေးစေတယ်။ ချိုတဲ့အရသာရှိလို့ တရုတ်ရိုးရာမုန့် အချို့မှာထည့်သွင်းတတ်ကြတယ်။

(2)Lotus leaf(ပဒုမ္မာရွက်)
ပဒုမ္မာကြာပန်းတမျိုးဖြစ်တယ်။ အဓိကအားဖြင့် အူလှုပ်ရှားမှုအားပေးတယ်။ အစာချေဖျက်မှုကောင်းလာတယ်။ ဒါ့ပြင်ပါဝင်တဲ့ nuciferineဓာတ်က အဆီပိုတွေဖယ်ရှားရာမှာ အသုံးဝင်တယ်။ ခါးတဲ့အရသာရှိတယ်။ အသည်း၊သရက်ရွက်ကို အားကောင်းစေတယ်။ တခြားအာနိသင်တွေက သွေးယိုတာ၊သွေးအန်တာ၊သွေးဝမ်းသွားတာတွေကို သက်သာစေတယ်။

(3)Bitter Orange Fruit(လိမ္မော်သီးခြောက်)
အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ ဇီဝဖြစ်ပျက်မှုအားပေးပြီး အဆီပိုတွေလောင်ကျွမ်းစေတယ်။ အင်နာဂျီနဲ့အပူထွက်လာတယ်။ ထွက်လာတဲ့အပူက အဆီပိုတွေကို ဆက်လက်လောင်ကျွမ်းစေပြန်တယ်။တရုတ်တိုင်းရင်းဆေးမှာ လှပဖို့နဲ့ ဝိတ်ကျဖို့ သုံးစွဲခဲ့ကြတယ်။

အွန်လိုင်းမှာ ကြေငြာတာတွေ ဖောက်သည်ချရရင်
(၁-၁၀ရက်အတွင်း)
အဆီပိုတွေဟာ ရေ၊ချွေး၊ဆီး၊ဝမ်းနဲ့အတူပါသွားတယ်။ ဝမ်းထဲမှာ အဆီတွေပါလာတာ တွေ့ရလိမ့်မယ်။
(၁၀-၃၀ရက်အတွင်း)
ဇီဝဖြစ်ပျက်မှုမြန်လာတာနဲ့အမျှ အဆီပိုလောင်ကျွမ်းမှုအားကောင်းလာတယ်။
သိသာထင်ရှားတဲ့ပြောင်းလဲမမှုမျိုး ပိုမို မြင်တွေ့နိုင်တယ်။
(၃၀-၆၀ရက်အတွင်း)
အဆီပိုတွေမရှိတော့သလို အဆိပ်အတောက်တွေ ကင်းစင်သွားတယ်။
ဇီဝဖြစ်ပျက်မှုပုံမှန်ပြန်ဖြစ်လာတယ်။ ကျန်းမာမှုနဲ့လှပမှုကို ခံစားလာရတယ်။

ဆေးညွှန်း
တစ်ခါသောက်တစ်လုံး တစ်နေ့တကြိမ် မနက်စာမစားခင် နာရီဝက်မှာ သောက်ပေးသင့်တယ်။ ဆေးသောက်တဲ့အခါ ရေများများနဲ့သောက်ပေးရတယ်။ ရေများများသောက်တဲ့အခါ ဆေးရဲ့ပူတဲ့အာနိသင်ကို ကာကွယ်ရာရောက်တယ်။ ဆီးများတတ်လို့ အကောင်းဆုံးက ရေနှစ်ဖန်ခွက်(350-500ml)လောက် ကုန်အောင်သောက်ပေးပါ။ ဆေးအာနိသင်၊စုပ်ယူမှု ပိုကောင်းချင်ရင် ရေနွေးနဲ့ သောက်သင့်တယ်။

ဘေးထွက်ဆိုးကျိုး
-ခန္ဓာကိုယ်ပူတာ
-ချွေးအလွန်အကျွံထွက်တာ
-ဝမ်းထဲအဆီပါတာ
-ဆီးသွားတာ
-ခေါင်းမူးတာ
-ရင်တုန်ပန်းတုန်
-အားအင်ကုန်ခမ်း
-ခြေ၊လက် မသယ်ချင်

ဆေးမသောက်သင့်သူတွေ
-သွေးတိုး၊လေဖြတ်၊နှလုံးသွေးကြောကျဉ်းသူ
-အရက်၊ဆေးစွဲသူ
-အသည်း၊ကျောက်ကပ်မကောင်းသူ
-သိုင်းရွိုက်ရောဂါအခံရှိသူ
-ဆီးကျိတ်ကြီးသူ
-မျက်စိရေတိမ်ရှိသူ
-ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်
-အသက်ငယ်သူ(၁၈နှစ်အောက်)
-အသက်ကြီးရင့်သူ(၆၀နှစ်အထက်)

လီရှူံးပိန်ဆေးတောင့်ရဲ့ အသုံးဝင်ပုံကို ဖတ်ကြည့်တဲ့အခါ အဓိကအာနိသင်နှစ်ခုကို တွေ့ရလိမ့်မယ်။
(၁)အစာစားချင်စိတ်ကို နည်းစေတယ်။
(၂)ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး မလိုအပ်တဲ့အဆီပိုတွေ ဖယ်ရှားပေးတယ်။

တကယ့်လက်တွေ့မှာ ပိန်ဖို့ဆိုရင် အစားလျှော့စားဖို့ လိုအပ်ပါတယ်။ ဆေးသောက်သူတိုင်း ဝိတ်ကျမယ် မမျှော်မှန်းသင့်ဘူး။ လုံးဝအာနိသင်မရှိတာလည်း ဖြစ်နိုင်တယ်။ အွန်လိုင်းမှာ တစ်လအတွင်း ၇ပေါင်ကျဆင်းတယ်ဆိုတာလည်း တွေ့ရတယ်။ တချို့ကလည်း ဝိတ်ကျပြီး ၁လနောက်ပိုင်း ဆက်မကျလို့ အာနိသင်မရှိတော့ဘူး ဆိုကြတယ်။ဒါ့ကြောင့် တယောက်နဲ့တယောက်တုံ့ပြန်ပုံ မတူကြဘူးလို့ သိရတယ်။ ဘယ်လိုဆိုဆို တိုင်းရင်းဟာဘယ်လ်ဆေးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးနည်းမယ် ထင်ပါတယ်။ ဆေးဝယ်ပြီးရင်တော့ စမ်းသောက်ကြည့်လိုက်ပါ။ ကောင်းတယ်ဆိုရင်လည်း ဘေးလူကို လက်တို့လိုက်ပေါ့။ အကောင်း၊အဆိုးဆိုတာ ဆရာဝန်ထက် သောက်ဖူးသူသာ ပိုသိပါတယ်။

ဒေါက်တာ အေးမင်းထူး

ကချင်ပြည်နယ် တိုက်ပွဲများ အမြန်ဆုံး အဆုံးသတ်ရန် ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း


ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကချင်ပြည်နယ် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီးတွင် ကေအိုင်အေနှင့် အစိုးရ တပ်မတော် အကြား ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး အဆုံးသတ်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ မစ္စတာဗီဂျေနမ်ဗီးယားက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရ တပ်မတော်နှင့် ကေအိုင်အို တို့က အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ ကြသော်လည်း နမ်လင်းပါ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုသည် ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အလားအလာကောင်းများ မရှိနိုင်သည့်အပြင် နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး ကိုလည်း ထိခိုက်စေနိုင်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က The Voice သို့ ပြောကြားသည်။
“တကယ်ဆို နှစ်ဖက်လုံး ထိန်းထိန်း သိမ်းသိမ်း နေသင့်ပါတယ်၊ ထိပ်တိုက် ရင်ဆိုင်ရမယ့် အနေအထား ဆိုရင်တောင် မျက်နှာ လွှဲသွားသင့်တယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်နေသော ဒေသတွင်းရှိ ဒေသခံ ပြည်သူများနှင့် ဒုက္ခသည်များကို အနီးအနားရှိ ကျေးရွာများသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အတွက်လည်း အခက်အခဲများ ရှိနေကြောင်း မစ္စတာနမ်ဗီးယား၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိကကတော့ အပစ်အခတ် ရပ်စဲရေးကို အခိုင်အမာ မတည်ဆောက်နိုင်သေးလို့ ဒီလို အခက်အခဲလေးတွေ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် နိုင်ငံတော် အစိုးရက ဦးဆောင်ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေတာ ဖြစ်တယ်” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။
နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ နိုင်ငံသားတိုင်း၏ အခွင့်အရေး၊ လုံခြုံ ငြိမ်းချမ်းစွာနှင့် ဂုဏ်သရေရှိစွာ နေထိုင်နိုင်ရေး တို့ကို့ ကေအိုင်အေနှင့် တပ်မတော် နှစ်ဦးနှစ်ဖက်စလုံး လေးစားသင့်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် မစ္စတာနမ်ဗီးယား၏ ထုတ်ပြန်ချက်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ လူမှုအဖွဲ့အစည်း များကိုလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အတွက် ကုလသမဂ္ဂက တိုက်တွန်းထားကြောင်း ဖော်ပြ ထားသည်။

ကချင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နမ်လင်းပါ ကျေးရွာနှင့် ရွာအနီးအနားရှိ ဒေသခံပြည်သူ ၂၃၀၀၀ ကျော် ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။
The Voice Weekly

စစ်တွေမှ ဖမ်းဆီးခံ ကိုဘိုဘိုထွန်းအား ရန်ကုန်သို့ ယူဆောင်


နိုဝင်္ဘာလ ၁၅ ရက်နေ့ ညဥ့် ၁၂ နာရီ အချိန်တွင် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသော ကိုဘိုဘိုထွန်းအား ယမန်နေ့ လေယာဉ်ဖြင့် စစ်တွေမှ ရန်ကုန်သို့ အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။


ကိုဘိုဘိုထွန်းအား နိုဝင်္ဘာလ ၁၅ ရက်နေ့ ညဥ့်အချိန်တွင် ဖမ်းဆီးပြီး မနေ့က ရန်ကုန်သို့ ယူဆောင်သွားကြောင်းကို သူ၏ ညီမ ဖြစ်သူ မခင်ငြိမ်းဝေက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။


“ကျွန်မတို့က မနေ့ကမှ ကျွန်မ အစ်ကိုနဲ့ အဆက်အသွယ်ရတာပါ။ ကျွန်မ အစ်ကိုကို ရန်ကုန်ကို မခေါ်သွားခင်မှ အကြောင်းကြားလာတဲ့ အတွက် အဆက်အသွယ်ရတာပါ။ ၁၅ ရက်နေ့ ညဥ့် ၁၂ နာခွဲမှာ ဖမ်းသွားပြီးကတည်းက အဆက်အသွယ် မရခဲ့ပါ” ဟု သူမက ပြောသည်။


ကိုဘိုဘိုထွန်းတို့အိမ်မှာ တရားသီးစု ရပ်ကွက်၊ ဦးရဲကျော်သူလမ်းတွင် ရှိပြီး ဖမ်းဆီး ခံရပုံနှင့် ပတ်သက်ပြီးလည်း သူမက ယခုလို ဆက်ပြောသည်။


“ ကျွန်မတို့အိမ်ကို ပထမဆုံး အရပ်ဝတ်နဲ့ လူတစ်ယောက် ၀င်လာပါတယ်။ နောက်ထပ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းလှ လိုက်ဝင်လာတယ်။ ဧည့်စာရင်း စစ်မယ်လို့ ပြောတယ်။ အိမ်ပေါ်ကို ခေါ်တင်တော့ ကျွန်မ အစ်ကို ကိုဘိုဘိုထွန်းနဲ့ တွေ့တာနဲ့ ချက်ချင်း လက်ထိပ်ခတ်တယ်။ ကျွန်မတို့က ဘာကြောင့် ဖမ်းသလဲဆိုတော့ ဘာမှ မပြောဘူး။ ဖမ်းဝရမ်းပါသလားလို့ မေးတော့လည်း ဘာမှ မပြောဘဲ တစ်ခါတည်း မေးစရာရှိလို့ပါ ဆိုပြီး ခေါ်ယူသွားပါတယ်” ဟု သူမက ပြောသည်။


ကိုဘိုဘိုထွန်းအား ဖမ်းဆီးသွားခြင်းမှာ ရန်ကုန် လှိုင်သာယာမြို့နယ် ပဒံကျေးရွာ Sky အအေးခန်း ဧည့်ရိပ်သာတွင် နိုဝင်္ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးခံရသော ကိုခိုင်နေမင်း (ခ) တင်မောင် (၃၅-နှစ်) နှင့် ကိုသိန်းညွှန့် (ခ) ဂျပန်ကြီး (၃၀-နှစ်) တို့နှင့် ဆက်စပ်ပြီး ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။


“ ကျွန်မတို့ကို ဘာကြောင့် ဖမ်းသလဲဆိုတာကို သက်ဆိုင်ရာက ဘာတစ်ခုမှ တရားဝင်ပြောကြားတာ မရှိသေးပါဘူး။ ကျွန်မတို့ အပြင်က ကြားရတဲ့ သတင်းအရကတော့ ရန်ကုန် လိုင်သာယာမှာ ဖမ်းခံရတဲ့ လူတွေက ဖြောင့်ချက်ပေးလို့ ဖမ်းတယ်လို့ သိရပါတယ်” ဟု သူမက ဆိုသည်။

ခိုင်နေမင်း(ခ) တင်မောင်(၃၅ နှစ်)နှင့် သိန်းညွန့်(ခ)ဂျပန်ကြီး(ခ)တို့နှစ်ဦးတို့အား လှိုင်သာယာ ပဒံကျေးရွာရှိ Sky အအေးခန်း ဧည့်ရိပ်သာတွင် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ခွဲ ၁ မှ ဒုရဲမှူးမြင့်မောင်မှ တပ်ဖွဲ့ဝင်များနှင့်အတူ ၀င်ရောက်ရှာဖွေစဉ် ဖမ်းမိခဲ့သည်ဟု သိရသည်။
Narinjara
(နိရဉ္စရာ- ၂၀ နိုဝင်္ဘာလ ၂၀၁၃)

အိမ်ခေါင်မိုးတစ်ခုကို စိုက်ခင်းမြေအဖြစ် ဖန်တီး


[ Ref-Daily News ၊ ကျိကျန်း ၊ နိုဝင်ဘာ ၁၉ ]

တရုတ် နိုင်ငံအရှေ့ပိုင်း ကျိကျန်းခရိုင် ရှောင်ရှင်းမြို့ရှိ အိမ်တစ်အိမ်၏ အမိုးပေါ်တွင် စိုက်ခင်းမြေအဖြစ် အသုံးပြုထားသည်ဟု ဆိုသည်။
ခေါင်မိုးပေါ်ရှိ စိုက်ပျိုးမြေ နေရာမှာ စတုရန်းမီတာ ၁၂၀ ကျယ်ဝန်းပြီး ဆန်စပါး၊ ဖရဲသီး နှင့် ဟင်းသီးဟင်းရွက်များကို စိုက် ပျိုးရန် အသွင်ပြောင်းလဲထားသည် ဟု သိရသည်။ စိုက်ခင်းမြေမှာ မြေပြင်မှ ပေ၄ဝအထက်နေရာ တွင်ရှိကြောင်း သိရသည်။

ရှောင်ရှင်းရှိအိမ်သည် လေး ထပ်အဆောက်အအုံဖြစ်ပြီး အိမ် ပိုင်ရှင်၏အမည်မှာ ဖန်ကျူအင်း ဖြစ်သည်။ ဖန်ကျူအင်း၏ အိမ် ခေါင်မိုးပေါ်တွင် စိုက်ခင်းအဖြစ် ဖန်တီးထားမှုက ဒေသခံတို့ကို အ ထူးပင်ဆွဲဆောင်နိုင်ခဲ့ပြီး မစ္စတာ ကျူအင်း၏ ကောက်ပဲသီးနှံများ ကို ရိတ်သိမ်းရာတွင်လည်း ဝိုင်း ဝန်းအကူအညီပေးခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအတော် များများတွင် စားနပ်ရိက္ခာအလုံ အလောက် စိုက်ပျိုးထုတ်လုပ်နိုင် ရေးမှာ အလွန်ဦးနှောက်စားရသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ အ ကြောင်းမှာ လူဦးရေတိုးပွားလာ သည်နှင့်အမျှ စိုက်ပျိုးမြေနေရာ များမှာ ရှားပါးလာသောကြောင့် ဖြစ်သည်။ မစ္စတာဖန်ကျူအင်း၏ ခေါင်မိုးပေါ်မှ စိုက်ခင်းမှာ မြေပြင် စိုက်ခင်းထက်ပင် သီးနှံပိုမိုအထွက် တိုးကြောင်း တွေ့ရှိကြရသည်။

ရှောင်ရှင်းဒေသမှာ လူဦး ရေ ၄ဒသမ၃သန်းရှိသောနေရာ ဒေသဖြစ်ပြီး မစ္စတာကျူအင်း၏ ခေါင်မိုးစိုက်ခင်းမြေမှာ ပထမဆုံး အကြိမ် ဖန်တီးမှုမဟုတ်ဘဲ ဟန် ကျိုးပင်လယ်အော်ရှိ အလျားမိုင် ၆ဒသမ၂မိုင်ရှည်လျားသော ကျာ ရှင်းရှောင်ရှင်းပင်လယ်တံတား မှာ ခုနစ်နှစ်ကြာမျှတည်ဆောက် ခဲ့ရသော တံတားတစ်ခုဖြစ်ကြောင်း သိရသည်။
Yangon Media Group

စကော်ပီယံဂိုဏ်းနှင့် လုံးဝပတ်သက်ခဲ့ခြင်း မရှိဟု ငြင်းဆိုလိုက်သည့် ဦးနေဝင်းမြေးများ


၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက လွတ်မြောက်ခဲ့သူ ဦးအေးဇော်ဝင်း၊ ကိုဇွဲနေဝင်းတို့နှင့် ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့သူ ကိုအေးနေဝင်းနှင့် ကိုကျော်နေဝင်း
တစ်ချိန်က ဘုန်းမီးနေလတောက် ခဲ့သော ရဲဘော်သုံးကျိပ်ဝင်၊ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ စသည့် တာဝန် များကို ထမ်းဆောင်ခဲ့သူ ဦးနေဝင်း၏ သားသမီးမြေးများ ဖမ်းဆီး ခံခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းသည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၁ဝရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ သည်။
ဦးအေးဇော်ဝင်းနှင့် ကိုဇွဲနေဝင်း တို့သည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကာ နိုင်ငံတော်ပုန်ကန် မှုဖြင့် သေဒဏ်ကျခံ နေရသည့် ကိုကျော်နေဝင်းနှင့် ကိုအေး နေဝင်းတို့သည်လည်း အင်းစိန်အကျဉ်း ထောင်မှ ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့ ပြီဖြစ်ပါသည်။ နောက်ဆုံး လွတ်မြောက်လာခဲ့သော ဦးနေဝင်း၏မြေးများဖြစ်သည့် ကိုအေး နေဝင်းနှင့်ကိုကျော်နေဝင်းတို့အား အယ် ဒီတာအဖွဲ့မှ သွားရောက်တွေ့ဆုံမေး
မြန်းခဲ့သည်များအနက် အချို့အား ဖော် ပြအပ်ပါသည်။
► တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာမျိုးကို ဒီနေ့တောင်း ဆိုနေတဲ့အပေါ် ဘာများပြောချင်ပါ လဲ။ ဖြစ်နိုင်ပါ့မလား။
တပ်မတော်ဆိုတာကို မပြောခင် ပြည်ထောင်စုဆိုတဲ့ဟာကို ကျွန်တော်ခံ ယူချက်အရ ပြောချင်တယ်။ ပြည် ထောင်စုဆိုတာ အခု အများပြောနေတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရ မယ်ဆိုတာ အင် မတန် အရေးကြီးတဲ့ စရိုက်လက္ခဏာ တစ်ခုပါ။ အဲဒီထက်ပိုပြီး အရေးကြီးတာ က ကျွန်တော်တို့ နိုင်ငံတော် သီချင်းဖြစ် တဲ့ တို့ဗမာ သီချင်းထဲမှာ ပါသလို ဗမာ ပြည်တစ်ဝှမ်းအကုန် ကိုယ့်အိမ်မှတ်ပါ။ ကိုယ့်ရာမှတ်ပါဆိုတာ ပြည်ထောင်စုပါ ပဲ။ ဆိုလိုတဲ့ သဘောက ရန်ကုန်မြို့မှာ နေတဲ့ ဗမာတစ်ယောက်ကလည်း ကိုယ့် မြို့လို့
ခံယူနိုင်တဲ့ အခြေအနေမျိုး ရှိရ မယ်။ ကရင်တစ်ယောက်၊ ချင်းတစ် ယောက်၊ ရှမ်းတစ်ယောက် စတဲ့ တိုင်း ရင်းသားတွေကလည်း ရန်ကုန်မြို့မှာနေ ရင် ကိုယ့်မြို့လို့ ခံယူနိုင် တဲ့ အခြေအနေ ရှိရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် လူမျိုးရေးအရ ခွဲခြားမှုမရှိဘဲ ညီရင်းအစ်ကို မောင်ရင်းနှမ သဖွယ်ချစ်ချစ်ခင်ခင် နေနိုင်ရပါမယ်။ အဒီလို ဖြစ်လာရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်လာမှာပါ။ ကိုယ့်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မယ်ဆိုရင် ကချင်ပြည် နယ် ဝန်ကြီးချုပ်က ရှမ်းလူမျိုးဖြစ်ချင်ဖြစ် နေမယ်။ မွန်ပြည်နယ်မှာလည်းဝန်ကြီး ချုပ်က စစ်ကိုင်းသား ဖြစ်ချင်ဖြစ်နေ မယ်။ အဲဒီလို ပြည်နယ်စွဲ၊ လူမျိုးစွဲ မ ထားဘဲ သီလ၊ သမာဓိ ရှိရှိ ပြည်နယ် ကောင်းကျိုးကို သယ်ပိုးနိုင်မယ့် သူကို အားလုံး ထောက်ခံကြမယ်ဆိုတဲ့ စိတ် ဓာတ်မျိုး ပေါ်လာရင် ပြည်နယ်တစ်ခု ချင်းဆီကလည်းတိုးတက်ကြီးပွားလာ မယ်။ အဲဒီတော့ ဖက်ဒရယ်တပ်မတော် ဆိုတာ ကလည်း အားလုံး ညီညီညွတ် ညွတ် လုပ်ကြရင် မပေါ်ပေါက်နိုင်စရာ အကြောင်း မရှိပါဘူး။ ဖက်ဒရယ်ပြည် ထောင်စုဆိုတာ ဘယ်လို အဓိပ္ပာယ် ဖွဲ့ကြမှာလဲ။ ကျွန်တော် တို့နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂ဝ မှာ တပ်မတော်မှာ အင်မတန်ကြီးမားတဲ့ အစဉ်အလာတွေ က စိတ်မကောင်းစွာ ပျောက်မသွားတာ တွေ ရှိပါတယ်။ အဲဒါ တိုင်းရင်းသားတပ် ရင်းတွေက ပြောင်းလဲဖွဲ့စည်းတာ ခံ လိုက်ရပါတယ်။ ဥပမာ ချင်းတပ်လိုဟာ မျိုးက တိုင်းရင်းသားတပ်တွေပါ။ ပြည် ထောင်စုအကျိုးအတွက် တိုက်ယူခဲ့ကြ တယ်။ အခု ကချင်ဆိုလည်း ကချင် လက်နက်ကိုင် အဖွဲ့တွေ၊ ရှမ်းဆိုလည်း ရှမ်းလက်နက်ကိုင် အဖွဲ့တွေ စသဖြင့် ညီညီညွတ်ညွတ် ပြန်ဖွဲ့နိုင်ရင် တစ်ခု တည်းသော တပ်မတော်အဖြစ် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အောက် မှာ ပြည်ထောင်စုကို ကာကွယ်သွားမယ် ဆိုတဲ့စိတ်ဓာတ် မွေးနိုင်မယ် ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဆိုတာ   ပေါ်လာပါလိမ့်မယ်။ ဗမာနိုင်ငံ သား တိုင်းရင်းသား တပ်ရင်းတွေ ရှိသ လို အညာဘက်မှာ ရှိတဲ့ တပ်မ (၃၃) လက်အောက်ခံ ခလရ (၄) ဆိုတာ ရှိပါ တယ်။ အဲဒါကိုအရင် က ဂေါ်ရခါး တပ် ရင်း (၄)လို့ ခေါ်ပါတယ်။ အဲဒီ အဝင်မှာ ဂေါ်ရခါး ဓားကောက်(၂) ခုရှိပါတယ်။ အခုတော့ ရှိလားမရှိလား မသိတော့ ဘူး။အဲဒီတော့ ကိုယ့်တိုင်းရင်းသားထဲ မှာမပါတဲ့ ဂေါ်ရခါးလူမျိုးတွေရဲ့ တပ် တောင် ပါနိုင်ခဲ့သေးရင်တကယ် ဖက်ဒ ရယ်ပြည်ထောင်စုတပ်မတော်ကိုတိုင်းရင်း သားတွေဘာကြောင့် မလုပ်နိုင်ရမှာ လဲ။
► အခု လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ က စတင်ပေါ်ပေါက်လာကတည်းက အငြင်းပွားစရာတွေ ရှိပါတယ်။ အဲဒါ ကြောင့် အခြေခံ ဥပဒေထဲမှာ ကောင်း မွန်တဲ့ အချက်တွေ ရှိသလို ပိုမိုကောင်း မွန်အောင် ပြင်သင့်တဲ့ အချက်တွေ ရှိ နေတယ်ဆိုတာကို လက်ခံပါတယ်။ အ ခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးတို့၊ အသစ် ပြန်လည်ရေးဆွဲရေးတို့၊ ဒီအ တိုင်း ထားရေးတို့ဆိုတာက ကျွန်တော် တို့နိုင်ငံမှာ ရှိတဲ့ ပါတီတစ်ခုနဲ့ တစ်ခု သဘောထား ကွဲလွဲနေတဲ့ ကိစ္စဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုက ကိုယ်နေခဲ့တဲ့ အသိုင်းအဝိုင်းက ကြီးတဲ့ အတွက် မြန်မာနိုင်ငံမှာ အခု လှုပ်ရှား နေတဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ ခေါင်း ဆောင်ပိုင်းတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်တဲ့ အနေအထား မှာ ရှိ ပါတယ်။ ဒါကြောင့် ပါတီတစ်ခုဘက်၊ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဘက်ကို ဝင်ရပ်အားပေးပြီး ပုံချထားဖို့ မသင့် တော်ပါဘူး။ အားလုံးမိတ်ဆွေတွေလို မိတ်မ ပျက်နေသွားချင်ပါတယ်။ တစ်မျိုး သားလုံး ညီညီညွတ်ညွတ် ဆောင်ရွက် နိုင်မယ့် ကိစ္စတွေဆို ပြောပြနိုင်ပါတယ်။ လက်ရှိ ပါတီချင်း သဘောထားကွဲလွဲနေ တဲ့ ကိစ္စဖြစ်နေ တာကြောင့် မိသားစုမူအ ရ ဒီကိစ္စကို တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ ကို ငြင်းဆန်ပါတယ်။
► အစ်ကိုတို့က နိုင်ငံရေးအကျဉ်းသား စာရင်းမှာ ထည့်သွင်းပေးဖို့ တောင်း ဆိုခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလို တောင်းဆိုခဲ့တာလဲ။ နိုင်ငံရေး အကျဉ်းသားဆိုတာ ကို ဘယ်လို နား လည် ထားပါသလဲ။
နိုင်ငံရေးအကျဉ်းသားထဲမှာ ထည့် ဖို့ တောင်းဆိုတာထက်စာရင် အကျဉ်း ထောင်ထဲမှာ ရောက်ရှိနေတဲ့ လူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရဲ့ ညွှန် ကြားချက်နဲ့ ဗိုလ်ချုပ်ကြီး သိန်းစိုးတို့ ဦး ဆောင်တဲ့ ကော်မတီဖွဲ့ထားတဲ့အတွက် အင်မတန် လေးစားပါတယ်။ မိသားစု တွေထဲမှာ အကျဉ်းထောင်ထဲ ကျန်ရှိနေ သေးတဲ့ သူတွေရှိရင် သူတို့ဆီကို အ ကြောင်းကြားပြီး စာရင်းပေးကြပါလို့ ကမ်းလှမ်းထားတာ ရှိတဲ့အတွက် တုံ့ ပြန်ပြီးတောင်းဆိုလိုက်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘယ် တုန်းကမှ နိုင်ငံရေး အကျဉ်းသားဆို တာ တစ်ပိုင်းထားဦး၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ နိုင်ငံရေး လုပ်ရ မယ်ဆိုတဲ့ အယူအဆ မျိုးနဲ့ရပ်တည်ခဲ့ တာမျိုးမရှိပါဘူး။ ကိုယ့် အမျိုးသားရေး အကျိုးစီးပွားထိခိုက်လာရင် ကာကွယ် ဖို့က လွဲရင် နိုင်ငံရေးသမားလို့ ခံယူ ထားတာ မရှိပါဘူး။ နိုင်ငံရေး အကျဉ်း သားဆိုတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို သတ်မှတ် ထားတာက ရာနှုန်းပြည့်မဟုတ်ရင် အတော်အတန်ကို သဘောကျနိုင်စရာ အဓိပ္ပာယ်ဖွင့်ဆိုချက်လို့ ယူဆပါတယ်။ ဒါပေမဲ့ လက်ရှိ   နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်ပေး တာက နိုင်ငံရေးအကျဉ်းသားတွေပဲ ကွက်ပြီး မပေးဘဲနဲ့ လွတ်သင့်လွတ်ထိုက် တဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေး မယ်ဆိုရင် တိုင်းပြည်အသစ်တည် ထောင်နေတဲ့ နေရာမှာ လူ့စွမ်းအား အရင်းအမြစ်တွေ အများကြီး ထွက်လာ နိုင်ပါတယ်။
အဲဒါကြောင့် ရာဇဝတ်ပြစ်မှု အရ ပုဂ္ဂိုလ်ရေး နစ်နာမှုရှိတဲ့ လူသတ်မှု၊ ရိုက် မှု၊ မုဒိမ်းမှုလိုမျိုး နစ်နာတဲ့ မိသားစုက တိုင်တန်းစွဲဆိုထားတဲ့ အမှုတွေကလွဲရင် ကျန်တဲ့ အမှုတွေကို လွှတ်ပေးသင့်တယ် လို့ မြင်ပါတယ်။ အဲဒီလို လွှတ်ပေးခြင်း အားဖြင့်လည်း တိုင်းပြည်နဲ့လူမျိုး အတွက် အများကြီးအကျိုးရှိပါလိမ့် မယ်။ ကျန်ခဲ့တဲ့ ရာဇဝတ်ပြစ် မှုကြောင့် ကျခဲ့တဲ့ သူတွေကိုလည်း မကျေနပ်လို့ တရားစွဲတဲ့ မိသားစုအပေါ်ကို ကြည့်ပြီး အမှုအကြီး၊ အသေးပေါ်မူတည်ပြီး လုပ်သင့်ပါတယ်။ ထောင်ထဲမှာကျနေတဲ့ သူတွေကလွန်ခဲ့တဲ့နှစ်တွေမှာ တရား ဥပဒေမဏ္ဍိုင် တိမ်းစောင်းပြီး မရောက် သင့်ဘဲရောက်လာတဲ့သူတွေ ရှိပါတယ်။ ဘယ်လိုဟာမျိုးလဲဆိုရင် အကျင့်ပျက် ခြစားတယ်။ လာဘ်ပေး လာဘ်ယူလုပ် တယ်ဆိုပြီး အရေးယူထားတဲ့သူတွေ ရှိပါတယ်။ သို့သော် ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အကျင့်ပျက်ခြစားတဲ့ သူတွေ အကုန်လုံး အရေးယူခဲ့သ လား ဆိုတဲ့အဖြေကို လူတိုင်းသိပါတယ်။တကယ်လာဘ်စားလို့ အရေးယူတာ လား၊ အစိုးရရဲ့ပေါ်လစီတစ်ခုနဲ့ ငြိလို့ အဖွဲ့အစည်းတစ်ခုလုံးကို ဖယ်ရှား ချင်လို့ လာဘ်စား တဲ့ ပုဒ်မတပ်လိုက် တာလားဆိုတာ လုပ်တဲ့သူတွေနဲ့အလုပ် ခံရတဲ့သူတွေသိပါတယ်။ အဲဒီလိုမျိုး တရားဥပဒေ မဏ္ဍိုင်တိမ်းစောင်းလို့ မရောက်သင့်ဘဲ ရောက်နေတဲ့သူတွေ ရှိ ပါတယ်။ အဲဒါကြောင့် ဒီလို လွှတ်ပေး ခြင်းက နတ်၊ လူသာဓုခေါ်နိုင်မယ့် ကိစ္စ လို့ ထင်ပါတယ်။
ဒီနိုင်ငံရေး အုပ်ချုပ်မှုနဲ့ အစိုးရအနေ အထားတွေအရ စီးပွားရေးဘက်မှာ လည်း နီးစပ်ရာလူတွေသာ အများစု လုပ်ကိုင်ခွင့် ရခဲ့ ရနေဆဲပါ။ အဲဒီလိုပဲ အုပ်ချုပ် မှုဘက်က ပတ်သက်ဆက်စပ် တဲ့ မိသားစုတွေ၊ သားသမီးတွေ၊ တစ်ခါ လုပ်ငန်းရှင်တွေရဲ့ မိသားစု သားသမီးစတာတွေရဲ့ ထင်ရာစိုင်း၊ အနိုင်ကျင့် ဗိုလ် ကျမှုတွေဆိုတာ ဟိုတုန်းက တည်း က ရှိခဲ့သလို၊ အခုထိလည်း မြင်တွေ့ ကြားသိနေရဆဲပါ။အစ်ကိုတို့တုန်းက လည်း စကော်ပီယံဂိုဏ်းအနေနဲ့ ထွက် ပေါ် လာတဲ့သတင်းတွေအပေါ် အမြင် ကို သိချင်ပါတယ်။
ကျွန်တော်တို့နဲ့ ပတ်သက်လို့ဂိုဏ်း တွေဖွဲ့တယ်။ ဆိုးသွမ်းနေတယ်ဆိုတဲ့ ဟာတွေက အဲဒီချိန်တုန်းကအခြေအမြစ် မရှိဘဲနဲ့ ပြောဆိုခဲ့တဲ့စကားတွေ၊ အဲဒီလို စွပ်စွဲပြော ဆိုခဲ့တာတွေက ဥပမာအား ဖြင့် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတုန်းက ရန်ကုန်မြို့အဝင်မှာ ယာဉ်တိုက်မှု ဖြစ်တယ်ဆိုပြီး မြို့အဝင်မှာရှိတဲ့ စစ် တပ်တစ်ခုက ရှင်းပေးလိုက်ရ တယ်ဆိုပြီး အိမ်ကို လှမ်းအကြောင်းကြားပါတယ်။ ဘာလို့ ရှင်းပေးရလဲဆိုရင် ကားတိုက်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ ပါဝင်ကျူး လွန်ခဲ့တာဖြစ်တဲ့အတွက် တပ်ကဖုံးဖုံး ဖိဖိနဲ့ လုပ်ပေးတယ်လို့ အကြောင်းကြား ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ မိဘများကအရမ်းအံ့သြခဲ့ပါတယ်။သူတို့ ပြောတဲ့အချိန် ကျွန်တော်တို့ အားလုံး မန္တလေးကို   ရောက်နေပါတယ်။ရေစကြို ဆရာတော်ဘုရားကြီးကို တိပိဋကဘွဲ့ တံဆိပ် ချီးမြှင့်ခြင်းပွဲကို တက်ရောက်နေ ကြတဲ့ အချိန်ဖြစ်ပါတယ်။ နောက်တော့ ကျွန်တော်တို့မေးလို့ သိရတာကတကယ် ယာဉ်တိုက်မှု  ဖြစ်ပွားတဲ့သူက သူ့ကိုယ် သူ လူကြီးသားသမီးဆိုပြီး ပြောသွား တယ်။ ပြန်စဉ်းစားကြည့်ရင် လူကြီး သား၊ သမီးလို့ ပြောရင်ရတယ်။ ဒီလမ်းထဲ မှာ နေတဲ့ စစ်မဖြစ်ခင်က နန်းရင်းဝန် တစ်ယောက်ရဲ့ မြေးဖြစ်နေတယ်။ သူများ ကြားရင် ယုံထင်ကြောင်ထင်ဖြစ်သွား တာပါ။ ဒါတွေ အကုန်လုံးက တစ်ဖက် က မလိုမုန်းထားတဲ့စိတ်နဲ့ ကောလာ ဟလ လုပ်တာမျိုးတွေ ရှိသလိုကျွန်တော် တို့ မိသားစုကိုကလည်း နေတဲ့ထိုင်တဲ့ ပုံစံက အဘိုးရဲ့ချမှတ်ထားတဲ့ စည်း ကမ်းအတိုင်း နေကြ တယ်။ အဘိုးက နိုင်ငံတော် အခမ်းအနားတွေပဲတက် တက်၊ ဧည့်ခံပွဲပဲ တက်တက် ပြည်သူကို တင်ပြဖို့ မှတ်တမ်းတင်နေတဲ့အတွက် တကယ့်တိုင်းပြည် တာဝန် ထမ်းေ ဆာင်  နေတဲ့ အဘိုးကပဲ လုပ်စရာကိုင်စရာလုပ်တယ်။ မိသားစုတွေကို တီဗွီပဲ ရိုက်ရင်ဖြစ်ဖြစ်၊ ဓာတ်ပုံပဲ ရိုက်ရိုက် မပါဖြစ်အောင် ရှောင်နေရတယ်။ ခရီး သွားလို့ လေ ယာဉ်ပေါ်တက်ရင်တောင် ကင်မရာကိုရှောင်ပြီး သွားရတယ်။ ခြွင်းချက်အားဖြင့် နိုင်ငံတော် အခမ်း အနားတွေမှာ တစ်ဖက်နိုင်ငံက မိသားစု တွေ ပါလာရင်တော့ ရှေ့ထွက် ဧည့်ခံရ တာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ လွတ်လပ်မှု အသီးအပွင့်ကို ခံစားရ တာက ရပ်ကွက်တွေထဲ မှာ ခွေးခြေခုံနဲ့ အကြော်စားရင်တောင် ဘယ်သူမှ မသိ ဘဲနဲ့ လွတ်လွတ်လပ်လပ် စားနိုင်တယ်။ တစ်ဖက်က ကိုယ့်အကြောင်းကို ပုံမှား ရိုက်ပြီးပြောရင် ပြောလို့ရတဲ့ အပိုင်းတွေ ရှိတယ်။ ပြည်သူလူထုက ကျွန်တော် တို့ကို မသိတာများ တယ်။ စကော်ပီယံ ဂိုဏ်းနဲ့ ပတ်သက်လို့ ပြောနေကြတယ်။ အဲဒီအဖွဲ့ ဘယ်လိုဖွဲ့ထားလဲဆိုတာမသိ ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ခုခု လုပ်ချင်ရင် ဂိုဏ်းဖွဲ့ပြီးလုပ်ရ မယ့် အနေအထားမှ မဟုတ်တာ။ တကယ်လုပ်မယ်ဆိုရင် ကိုယ့်နည်းကိုယ့် ဟန်နဲ့လုပ်ရမယ့် အနေအထားပါ။အဲဒီလိုမျိုးဖွဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ အနေအထားကို ပိုလုံခြုံအောင် အလွဲသုံးစားလုပ်ပြီးထွက်လာတဲ့ စကား သံတွေပါ။
► ယတိပြတ် အဖြေကြားသိချင်တာက စကော်ပီယံနဲ့ ပတ်သက်ခဲ့ခြင်း ရှိ မရှိ ဆိုတာပါ။
ယတိပြတ် ပြောနိုင်ပါတယ်။ လုံးဝ (လုံးဝ) ပတ်သက်ခဲ့ခြင်း မရှိပါဘူး။
► နောက်ဆုံး မေးခွန်းအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့သမ္မတ ဖြစ်သင့် တယ်လို့ ထင်ပါသလား။
တကယ်တမ်းဖြစ်လာခဲ့ရင် ဘာမှ မလိုလားစရာ၊ မရှုဆိတ်စရာ မရှိပါဘူး။ ကျွန်တော်ကျေကျေနပ်နပ် ဝမ်းသာဂုဏ် ယူကြောင်း ဆုတောင်းစကားပြောမယ့် အထဲမှာ ပါတယ်။ သို့သော် အားလုံး သိကြတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ က ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော မိသားစု ဖွဲ့စည်းပုံမျိုးကို သမ္မတဖြစ်လို့ မရအောင် ရှိထားပါ တယ်။ တားလည်း တားဆီးထားတယ်။ အဲဒီတော့ နိုင်ငံရေး ဆိုတာက အင်မတန် သိမ်မွေ့ပါတယ်။ ကြိုတင်ဟောကိန်းထုတ်ဖို့လည်း အင်မ တန် ခက်ခဲပါတယ်။ ဒီထက်
ပိုသိမ်မွေ့ တာက သမ္မတဖြစ်နိုင်တဲ့ အနေအထား ပါ။ တစ်တိုင်းပြည်လုံးမှာ Ph.D ရတဲ့ သူ၊ ပန်းချီပညာကျော် စတဲ့သူတွေက ရာနဲ့ ထောင်နဲ့ သောင်းဂဏန်းလောက်ထိ ရှိနိုင်ပါတယ်။ သမ္မတဆိုတာ တစ် ယောက်ပဲ ရှိပါတယ်။ ဒီတစ်ယောက် တည်းရှိတဲ့ သမ္မတရာထူးကို ရဖို့အတွက် ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံး စိုက်ထုတ် ရမှာပါ။ တကယ် သမ္မတဖြစ်ဖို့ ကံပါလာ တဲ့သူက ဘယ်လိုပဲ ပိတ်ပင်တားဆီးမှု တွေ ရှိရှိ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သွား ပါလိမ့်မယ်။ တကယ်သမ္မတဖြစ်ဖို့ ကံမ ပါလာရင် ဘယ်လောက်ပဲ ပံ့ပိုးမှုတွေ ရှိရှိ၊ ဘယ်လောက်ပဲ ဝိုင်းဝန်းကြိုးစား၊ ဘယ်လောက်ပဲ ချီးမြှောက်နေပါစေ ဖြစ် လာစရာ အကြောင်းမရှိပါဘူး။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Popular Myanmar News Journal

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့တရားဝင်ထုတ်ပြန်ထားတဲ့လူမျိုးစု ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ- သီဟ

ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုနေသည့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် နိုင်ငံသားဖြစ်ရေးအစီအစဉ်နှင့်
ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် 7Day News တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်တင်ပြလိုက်ပါသည်။

မေး- ဘင်္ဂါလီတွေ လက်ရှိတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက ဘယ်လိုဆောင်ရွက်ပေးထားပါသလဲ။

ဖြေ- လုပ်မယ့်စနစ်ကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီပဲ လုပ်မှာပါ။ ဒီဥပဒေက တည်ဆဲဥပဒေဖြစ်ပါတယ်။ တည်ဆဲဥပဒေနဲ့အညီပဲ သတ်မှတ်တဲ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့သူတွေ၊ နိုင်ငံသားအဖြစ်လျှောက်ထားတဲ့သူတွေ အရည်အချင်းကိုက်ညီတယ်ဆိုရင် ဥပဒေရဲ့ခွင့်ပြုချက်အတိုင်းပဲ ဖြစ်သွားမှာပါ။

မေး- သူတို့ဘက်က စစ်တမ်းကောက်ယူမှုတွေကို လက်မခံတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ- ၂၀၁၂ ခုနှစ် မေနဲ့ဇွန်လောက်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တွေမှာရှိတဲ့ ဘင်္ဂါလီပေါ့နော်။ လူမျိုးစုနှစ်ခုပြဿနာဖြစ်ပါတယ်။ အဲဒါဖြစ်တော့ ဒေသခံတွေက ခိုးဝင်တဲ့သူ ရှိ၊ မရှိ သိလိုပါတယ်လို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်အပေါ်မူတည်ပြီး စစ်ဖို့လုပ်တာပါ။ တိုတိုပြောရရင်တော့ စစစ်ခါစအချိန်တုန်းကတော့ လက်ခံပါတယ်။ နောက်ပိုင်းကျတော့ သူတို့လူမျိုးတွေက လူမျိုးစုနေရာမှာ ဘင်္ဂါလီလို့ရေးမယ့်အစား ရိုဟင်ဂျာလို့ရေးမယ်ဆိုရင် လက်ခံမယ်ဆိုတာဖြစ်လာပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ လူမျိုးစု ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ဒီလိုထည့်လို့တော့မရဘူးပေါ့။ အဲဒီမှာတင် လုပ်ငန်းကမတွင်ကျယ်ဖြစ်လာတာပါ။ အခုဟာဆိုရင် ကျွန်တော်တို့ မြေပြင်မှာဆင်းကောက်ရင် လက်မခံရင် တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားမှာစိုးတယ်။ ဘာပဲဖြစ်ဖြစ် ယာယီစခန်းတွေမှာနေတဲ့သူတွေအတွက် စားရေးသောက်ရေး ဝေတာတွေရှိတယ်။ သက်ဆိုင်ရာဒေသအာဏာပိုင်တွေရဲ့ စာရင်းဇယားတော့ ရှိပါတယ်။ ကျွန်တော်တို့ကို စာရင်းဇယားပေးပါ။ ပေးတယ်ဆိုရင် ကျွန်တော်တို့မှာ လက်ခံစာရင်းရှိတယ်။လက်ခံစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးလိုက်ရင် လူစိမ်းရှိ၊ မရှိ သိတယ်။ မသေချာရင်လည်း သက်ဆိုင်ရာဒေသကလူကို ခေါ်ပြပြီး အတည်ပြုလိုက်ရင်ရတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့က မြေပြင်မှာဆင်းကောက်ရင် ပြဿနာဖြစ်နိုင်တယ်။ တည်ငြိမ်အေးချမ်းမှုပျက်ပြားနိုင်တယ်။ ဒါကြောင့် မြေပြင်မှာဆင်းကောက်မယ့်အစား စာရင်းတွေ ကျွန်တော်တို့ကိုပေးရင် ဖြစ်နိုင်တယ်ဆိုပြီး ပုံစံတစ်မျိုးပေါ့။ အဲဒါမျိုးကို ကျွန်တော်တို့စဉ်းစားနေပါတယ်။

မေး- သူတို့က ဘာဖြစ်လို့ ရိုဟင်ဂျာလို့ သတ်မှတ်ခံချင်ရတာလဲခင်ဗျ။

ဖြေ- ရည်ရွယ်ချက်ကတော့ သူတို့ပဲသိမှာပေါ့။ ကျွန်တော်တို့ကတော့ မူလစာရင်းဇယားပေါ်မှာ အခြေခံပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

မေး- သူတို့က နိုင်ငံသားဖြစ်ဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ စစ်တမ်းကောက်တာကိုလက်မခံရင် ဒီဇာတ်လမ်းက ဇာတ်မျောကြီးဖြစ်မသွားနိုင်ဘူးလား။ သူတို့ကလည်း ဒုက္ခသည်စခန်းမှာနေတယ်။ နိုင်ငံတကာက အထောက်အပံ့တွေနဲ့ စားနေတယ်ဆိုရင် ပြဿနာက ကြာရှည်မသွားနိုင်ဘူးလား။

ဖြေ- ကျွန်တော့်အပိုင်းက နိုင်ငံသားဖြစ်ရေးကို လုပ်ပေးရမယ့်တာဝန်ရှိတာပေါ့လေ။ အရည်အချင်းနဲ့ကိုက်ညီရင် ကျွန်တော့်အပိုင်းတော့ ကျွန်တော်ဆောင်ရွက်မှာပါ။ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ နဂိုမူရင်းမှတ်တမ်းမှတ်ရာတွေနဲ့ လုပ်ရင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ တောင်းဆိုမှုအရ လူစိမ်းရှိ၊ မရှိ စစ်ပေးပါဆိုလို့ စစ်ပေးရတာပါ။ ဒီအခြေအနေကို ထိုးဖောက်နိုင်အောင်လို့ နည်းမျိုးစုံနဲ့ ကြိုစားရမှာပါ။ တိုးတက်မယ်လို့တော့ထင်ပါတယ်။

မေး- စစ်ဆေးတဲ့အခါမှာ ခိုးဝင်တဲ့သူတွေ့ခဲ့ရင် ဘယ်လိုအရေးယူမလဲ။

ဖြေ- ခိုးဝင်တဲ့သူတွေ့ရင်တော့ တည်ဆဲဥပဒေအရ အရေးယူခံရမှာပေါ့လေ။

မေး- ခိုးဝင်တာများလာတာနဲ့ ပတ်သက်ပြီးတော့ နစကနဲ့ လ၀ကကို လူတွေက လက်ညှိုးထိုးကြတဲ့အခြေအနေတွေရှိပါတယ်။ အဲဒီအပေါ်မှာ ဘာများတုံ့ပြန်ပြောချင်ပါသလဲ။

ဖြေ- များလာတဲ့ဟာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ၁၈၂၄ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်တယ်။ မြန်မာပြည်အနောက်ခြမ်း အင်္ဂလိပ်လက်အောက်ကျတယ်။ မှတ်တမ်းမှတ်ရာတွေအရတော့ အဲဒီမတိုင်ခင် ကျွန်တော်တို့ဆီမှာ အမြဲတမ်းနေထိုင်တဲ့ နိုင်ငံခြားသားမရှိဘူးလို့ ဆိုနိုင်တာပါ။ ၁၈၂၄ ခုနှစ် မြန်မာနိုင်ငံအနောက်ခြမ်း ကိုလိုနီလက်အောက်ကိုရောက်တော့ အဲဒီမှာရှိတဲ့ လယ်တွေလုပ်ဖို့အတွက် လယ်ကူလီတွေငှားရတယ်။ အဲဒီတော့ သူတို့ ဒီဘက်မှာလာပြီး ၀င်ထွက်ခွင့်၊ နေထိုင်ခွင့်၊ အခြေချခွင့်တွေရတယ်။ နောက် ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး သူများလက်အောက်ကျရတာပေါ့ဗျာ။ နှစ်ပေါင်းတစ်ရာလောက် အချုပ်အခြာအာဏာဆုံးရှုံးခဲ့တာပေါ့။ အချုပ်အခြာအာဏာဆုံးရှုံးမှတော့ ကျွန်တော်တို့ပိုင်နက်နယ်နိမိတ်ကို ကျွန်တော်တို့ထိန်းလို့မရဘူးပေါ့။ အဲဒီအခါမှာ ၀င်ကြတယ်၊ ထွက်ကြတယ်။ ဒီမှာနေကြတယ်။ အခြေချတယ်။ ဒီမှာလည်း မျိုးဆက်ပွားတာတွေရှိမယ် စသည်ဖြင့်ပေါ့။ အဲဒီတော့ အလုံးအရင်းနဲ့ စပြီးနေခွင့်ရသွားတာတွေ၊ စပြီးမျိုးဆက်ပွားသွားနိုင်တာတွေ၊ နှစ်ပေါင်းတစ်ရာလောက် အတားအဆီးမဲ့ ၀င်ခွင့်ရသွားခြင်းဟာ ကိုလိုနီရဲ့ဆိုးမွေကြောင့်ပါ။ ဒီနောက်ပိုင်းမှာ မွေးဖွားနှုန်းတွေ များလာတာတွေရှိတယ်။ ဒီတော့ ဘယ်ဝန်ကြီးဌာနကြောင့်လို့ ပြောနေမယ့်အစား သမိုင်းကြောင်းမှာ ဒီလိုပြဆိုထားတယ်ဆိုတာ ကျွန်တော်ကပြောပြတာပါ။ ၀န်ထမ်းဆိုတာကလည်း မိသားစုတွေကနေ ပေါက်ဖွားလာကြတာပဲလေ။ ၀န်ထမ်းတစ်ယောက်ရဲ့ ဂုဏ်ကတော့ ပေးအပ်တဲ့တာဝန်ကို ရိုးသားစွာထမ်းဆောင်ခြင်းဆိုတဲ့ ဂုဏ်ရှိတာပေါ့။ သူ့ဂုဏ်မှ ထိခိုက်ခံရရင်တော့ သူတို့လည်း စိတ်ဓာတ်ကျတာပေါ့ဗျာ။ ဒါကျွန်တော်က ၀န်ထမ်းအားလုံးရဲ့ကိုယ်စားပြောပြတာပါ။ ဘယ်သူတွေ ဘယ်နေရာမှာ မတရားဝင်နေတာတွေ့ရင် ကောင်းတာကတော့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်ပေးဖို့ကောင်းတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့က ပါဝင်ပတ်သက်တဲ့ပုဂ္ဂိုလ်ရော၊ တကယ်ဝင်လာတဲ့သူကိုရော တည်ဆဲဥပဒေအရ ဆောင်ရွက်တာပေါ့။ ဒီလိုမပြနိုင်ဘဲနဲ့ မပြောနိုင်ဘဲနဲ့ဆိုရင် ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်ဆိုရင် အစွပ်စွဲခံရတဲ့သူတွေအတွက် နစ်များနစ်နာမလားလို့ စဉ်းစားကြည့်တာပါ။ ဒါတွေဟာ ပြည်သူရဲ့သားသမီးတွေပဲလေ။ ပြည်သူကပေးတဲ့အခွန်ကိုယူပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့သူတွေဆိုတော့ စေတနာအပြည့်နဲ့ လုပ်နေတဲ့သူတွေ အများကြီးရှိပါတယ်။

မေး- တကယ်လို့ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ပြီး အခွင့်အရေးတွေရသွားရင်ရော ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်သွားနိုင်မယ်လို့၊ ရခိုင်ပြည်နယ်က အရင်ကလိုအခြေအနေ ပြန်ဖြစ်သွားမယ်လို့ ယုံကြည်ပါသလားခင်ဗျာ။

ဖြေ- ဒါကတော့ ကြိုးစားဆောင်ရွက်ရမှာပေါ့ဗျာ။ ကြိုစားဆောင်ရွက်ရမယ့်ကိစ္စတွေပေါ့။ အချိန်ယူရမယ့်ကိစ္စတွေပေါ့။ ရင်ကြားစေ့ရေးလုပ်ငန်းဆိုတာ အချိန်ယူရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

မေး- ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်ပြောချင်တာ ဘာများရှိပါသလဲခင်ဗျာ။

ဖြေ- နိုင်ငံတော်အစိုးရအနေနဲ့တော့ တည်ငြိမ်အေးချမ်းမှုလိုချင်တာပေါ့။ ကျွန်တော်တို့အစိုးရအဖွဲ့ စပြီးတာဝန်ယူကတည်းက ဒီမိုကရေစီဖော်ဆောင်မှု၊ အမျိုးသားရင်ကြားစေ့ရေး၊ လူမှုစီးပွားဘ၀ ဖော်ဆောင်ရေးဆိုတဲ့ ဒီလိုကြွေးကြော်သံတွေနဲ့ နိုင်ငံတော်အစိုးရ ရှေ့ခရီးကိုလှမ်းနေကြတာပေါ့။ ဘာပဲပြောပြော တိုင်းပြည်ထဲမှာ ဒီလိုပဋိပက္ခတွေက ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျွန်တော်တို့ရည်မှန်းချက်တာဝန်တွေကို အထိုက်အလျောက်တော့ အနှောင့်အယှက်ဖြစ်တာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့က အေးချမ်းစေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်။ ပြဿနာတွေမပေါ်စေချင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့လုပ်ငန်းမျိုးပဲ ဖြစ်စေချင်တယ်။ ဒါက ကျွန်တော့်ဆန္ဒပါ။

ကျေးဇူးတင်ပါတယ်။
7Day News Journal