ဆေးဖက်ဝင်အောင် ဘယ်လိုပြင်ဆင်မလဲ


ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုနှိမ်နင်းနိုင်သော အာနိသင်များရှိသည်။ ကြက်သွန်ဖြူ၏ ဆေးဖက်ဝင်အာနိသင်အများစုသည် ဆာလဖာဒြပ်ပေါင်းများမှ ရရှိခြင်းဖြစ်ပြီး ဓာတ်တိုးဆန့်ကျင် (antioxidant) အာနိသင်ကိုပါ ပေးစွမ်းနိုင်သည်။ တစ်ပတ်လျှင် ကြက်သွန်ဖြူ ခြောက်မွှာနှင့် အထက်စား ပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ များကို ကာကွယ်ပေးနိုင်သည်။
တစ်နေ့လျှင် ကြက်သွန်ဖြူတစ်မွှာခန့် ထည့်စားပေးပါ။ ကြက်သွန်ဖြူကို ထောင်း၍ဖြစ်စေ၊ စိတ်၍ဖြစ်စေ ပြင်ဆင်ပြီးဆယ်မိခန့်ထားပေးပါက အာနိသင်အပြည့်အ၀ရရှိစေသည်။
သံလွင်ဆီ
သံလွင်ဆီ၏ အဓိကကောင်းကျိုးမှာ အကျိုးပြုကိုလက်စထရော (HDL)ကိုမြှင့်တင်ပေးပြီး ဆိုးကျိုးပေး ကိုလက်စထရော (LDL)ကို လျှော့ချပေးသည်။ သံလွင်ဆီကို စားပွဲတင်ဇွန်း(၁)ဇွန်းခန့်နေ့စဉ် ထည့် စားပေးပါ။ သံလွင်ဆီဝယ်ယူလျှင် “virgin”၊“ extra virgin”၊ “ cold pressed ”စသည့် အညွှန်းစာတမ်း ပါဝင်သော အဆီများကို ရွေးချယ်ဝယ်ယူပြီး ကြိတ်၍ထွက်လာသော သံလွင်ဆီ၏ အာနိသင်အပြည့်အ၀ ရယူစားသုံးပါ။ “Light ”၊ “Extra Light ”စာတမ်းပါသော အဆီများသည် ပျော်ရည်များ (solvents)များရောနှောပါဝင်ပြီး အပူပေး ထုတ်လုပ်ရသောကြောင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပျက်စီးသွားစေသည်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းတွင် sulforaphane ကဲ့သို့ ဆာလဖာဒြပ်ပေါင်းများ ပါသောကြောင့် ကင်ဆာဆန့်ကျင် အာနိသင်ရှိသည်။ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ နှင့် အူမကြီးကင်ဆာများမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ပန်းဂေါ်ဖီစိမ်းကို (၃)မိနစ်မှ (၄)မိနစ်ခန် ရေငွေ့ပေါင်းခံပြီး sulforaphane ဒြပ်ပေါင်းများစွာ ထွက်ရှိအောင် ပြင်ဆင်ပါ။
ဇော်ကို
Ref: RD
Health Updates Journal

ကဖင်းဓါတ်၏ စိတ်ဝင်စားဖွယ် အချက်များ


ကဖင်းဖယ်ထားခြင်းသည် ကဖင်းကင်းမဲ့ခြင်းမဟုတ်
ကဖင်းဓါတ် ဖယ်ထုတ်ထား (decaffinated)ဟုဖော်ပြထားသည့် ဖျော်ရည်များတွင် ကဖင်းပမာဏ (၈.၆) မီလီဂရမ်မှ (၁၃.၉) မီလီ ဂရမ်အထိပါတတ်သည်။ ကဖင်းဓါတ် ဖယ်ထားသည်ဆိုသည့် ဖျော်ရည်အအေးကို ငါးခွက်မှ ဆယ်ခွက်အထိ သောက်ပါက ကဖင်းပါသည့်ကော်ဖီ တစ်ခွက်မှ နှစ်ခွက်သောက်ခြင်းနှင့် ညီမျှသည်။

မိနစ်ပိုင်းအတွင်း အာနိသင်ပြသည်
ကဖင်းဓါတ် ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီးသည်နှင့် မိနစ် (၃၀) မှ တစ်နာရီအတွင်း သွေးတွင်းကဖင်း ပမာဏ အမြင့်ဆုံးရောက်ရှိသည်။ သွေးတွင်းကဖင်းပမာဏ၏ ထက်ဝက်ကို သုံးနာရီမှ ငါးနာရီအတွင်း ဆီးထဲသို့စွန့်ပစ်ပြီး ကျန်ထက်ဝက် ကို (၁၄) နာရီအတွင်း စွန့်ပစ်သည်။

ကဖင်း၏အာနိသင်ခံစားရပုံ ကွဲပြားသည်
ကျား/မ၊ လူမျိုးနှင့် သန္ဓေတားဆေးအသုံးပြုပုံတို့ကိုပင်မူတည်၍ လူတစ်ဦးနှင့်တစ်ဦး ကဖင်းဓါတ် အာနိသင်ခံစားရပုံ ကွဲပြားသည်။ အမျိုးသမီးများ၌ ကဖင်းအာနိသင် ကုန်ဆုံးမှုမြန်သည်။ သန္ဓေတား သောက်ဆေး အသုံးပြုသူအမျိုးသမီး များတွင်မသောက်သုံးသူများ၏ သုံးပုံတစ်ပုံနှုန်းဖြင့်သာ ကဖင်းဓါတ် ချေဖျက်နိုင်သည်။

ကော်ဖီနက်လေ ကဖင်းနည်းလေ
အနက်ရောင် ကော်ဖီတွင် ကဖင်းဓါတ်ပိုပါမည်၊ ပိုပြင်းမည်ဟု ထင်ရသော်လည်း အနက်ရောင်ရရှိရန် ကော်ဖီစေ့လှော်သည့် ဖြစ်စဉ်၌ ကဖင်းဓါတ်များ လောင်ကျွမ်းကုန်သောကြောင့် ကဖင်းအာနိသင်လျော့ နည်းလေ့ရှိသည်။

ကဖင်းဓါတ်ကို အပင် (၆၀) ကျော်၌ တွေ့ရသည်
ကဖင်းကို ကော်ဖီစေ့သာမက လက်ဖက်ရည်၊ ကိုကိုးစေ့ စသည်တို့တွင်လည်း တွေ့ရသည်။ အပင်မျိုးစုံ၏ အရွက်၊ အစေ့၊ အသီးများတွင် ကဖင်းဓါတ်ပါဝင်နိုင်ပြီး အနည်းအ များပမာဏသာကွာခြားသည်။
ဇော်ကို
Ref:Shape
Health Updates Journal

သင့်ခန္ဓာကိုယ်၏ နှုန်းထားများ


- ဦးနှောက်ထဲတွင် အတွေးပေါင်း ၂၀၀၀ခန့် နေ့စဉ်ဖြစ်ပေါ်သည်။ အာရုံကြော ဆဲလ်တစ်ခုနှင့်တစ်ခု တစ်စက္ကန့်အတွင်း ငါးကြိမ်မှ အကြိမ် (၅၀) အထိဆက်သွယ်နိုင်ပြီး သတင်းအချက်အလက်ပေးပို့မှု အလျင်မှာ တစ်နာရီမိုင် (၂၇၀) နှုန်းဖြစ်သည်။
- လူတစ်ဦးတွင် နှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် (၆၀) မှ (၁၀၀) အထိရှိနိုင်သည်။ လူတစ်ဦး၏ ခန္ဓာကိုယ်သွေးကြောများကို ဆက်ကြည့်ပါက မိုင်ပေါင်းတစ်သိန်းခန့်ရှိမည်ဖြစ်ပြီး ထိုသွေးကြောများအ တွင်းသို့ နှလုံးကနေ့စဉ်ညှစ်ထုတ်ပေးနေသည့် အကြိမ်ရေအတိုင်း တွက်ကြည့်ပါက သွေးဂါလန်ပေါင်း (၂၀၀၀) ခန့်ရှိသည်။
- ကိုယ်လက်လှုပ်ရှားမှုပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းမရှိပါက နေ့စဉ်အသက်ရှူသည့်အကြိမ်ရေ ၂၅၀၀၀ ခန့်ရှိသည်။
- မျက်လုံးလှုပ်ရှားမှု ပြုလုပ်ပေးသည့် ကြွက်သားများသည် တစ်နေ့လျှင် အကြိမ်ရေ ၁၀၀၀၀၀ ခန့်လှုပ်ရှားသည်။ တစ်မိနစ်လျှင် (၁၅) ကြိမ်ခန့် မျက်တောင်ခတ်ပြီး တစ်နေ့တာ နိုးထနေချိန်တွင်း ၁၅၀၀၀ ကြိမ်ခန့် မျက်တောင်ခတ်သည်။
- တစ်စက္ကန့်လျှင် သွေးနီဆဲလ်ပေါင်း သုံးသန်းခန့်အသစ်ထုတ်လုပ်ပေးနေပြီး တစ်နေ့လျှင် (၂၆၀) ဘီလီယံ အထိ ထုတ်လုပ်ပေးနိုင်သည်။
- ကျောက်ကပ်တစ်နေ့တာ သန့်စင်ပေးရသည့် သွေးပမာဏမှာ (၅၀) ဂါလန်စာမျှရှိသည်။
- လူ့ခန္ဓာကိုယ်၏ အရိုးများအားလုံး၏ ၀.၀၃ ရာနှုန်းကို နေ့စဉ်အ သစ်လဲလှယ်သည်။ တစ်နှစ်လျှင် အရိုးအားလုံး၏ (၁၀) ရာခိုင်နှုန်းခန့် အသစ်ဖြစ်သည်။
- ကျန်းမာသည့်လူတစ်ယောက်သည် တစ်နေ့လျှင်ခြေလှမ်း ၈၀၀၀ မှ ၁၀၀၀၀ ခန့်လှမ်းလေ့ရှိသည်။ ထိုလူ အသက် (၇၀) ရောက်လျှင် ကမ္ဘာလုံးကို လေးပတ်မျှ လျှောက်နိုင်လောက် သည့် ခြေလှမ်းများလှမ်းခဲ့ပြီးဖြစ်လိမ့်မည်။
- လူ့အရေပြားမှ တစ်နေ့လျှင် ဆဲလ် သေပေါင်း သန်း(၅၀)ခန့်ကွာကျစွန့်ပစ်သည်။
ဇော်ကို
Ref:RD
Health Updates Journal

မှဲ့ခြောက် ပျောက်ကင်းစေဖို့ လွယ်ကူသက်သာ အိမ်တွင်း ဆေးနည်းကောင်းများ


မှဲ့ခြောက်ဟာ ပိုင်ဆိုင်ထားရသူရော၊ မြင်ရသူအဖို့ပါ စိတ်မချမ်းမြေ့စေတဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ မှဲ့ခြောက်ဟာ ဆယ်ကျော်သက်တွေရော၊ သွေးဆုံးပြီးစ အမျိုးသမီးတွေမှာပါ အဖြစ်များပါတယ်။ မျက်နှာတစ်ပြင်လုံးနဲ့ နှာခေါင်းပတ်လည်မှာ မှဲ့ခြောက်ပေါက်တတ်ပါတယ်။ အဖြစ်အများဆုံး အရေပြားအမျိုးအစားကတော့ အဆီပြန်တတ်တဲ့ အရေပြားပဲဖြစ်ပါတယ်။ ဂရုမစိုက်ရင် ၀က်ခြံတွေ ထူလပြစ် ထလာစေပါတယ်။ သက်သာစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးလို ပါတယ်။
၁။ဗာဒံစေ့scrub
ဗာဒံစေ့ကို ကျိတ်ချေပြီး besan လို့ခေါ်တဲ့ အဆီနဲ့မွှေပေးပါ။ ရလာတဲ့ အနှစ်ကို နေ့စဉ် လိမ်းပြီးမျက်နှာသစ်ပေးပါ။ နှာခေါင်းကို အထူးသဖြင့် ပွတ်လိမ်းပေးပါ။
၂။မုန့်ဖုတ်ဆိုဒါအနှစ်
မုန့်ဖုတ်ဆိုဒါကို ရေသန့်အနည်းငယ်နဲ့ ရောစပ်ပါ။ ရလာတဲ့ ခရမ်ပုံစံကို မျက်နှာပေါ်မှာလိမ်းပြီး ၂၅ မိနစ်လောက်ထားပေးပါ။ ပြီးသွားရင် ရေကျက်သီး နွေးလေးနဲ့ သစ်ပေးပါ။
၃။လီမွန်ရည်
လီမွန်ရည်ကို သကြား အနည်းငယ်နဲ့ ရောစပ်ပြီး ပျစ်ပျစ်လေးဖျော်ပေးပါ။ အဲဒါကို မှဲ့ခြောက်ပေါက်နေတဲ့ နေရာတစ်ဝိုက်ကို လိမ်းပေးပါ။ နေ့စဉ်လိမ်းပြီး မျက်နှာပုံမှန်သစ်ပေးမယ်ဆိုရင် မှဲ့ခြောက်ပျောက်ကင်းတဲ့ အပြင် အသားအရည်ဟာ တောက်ပလာစေပါတယ်။
၎။နှင်းဆီရည်
နှင်းဆီပွင့်လေးတွေကနေ ထုတ်ထားတဲ့ နှင်းဆီရည် (rose water)ကို အလှကုန်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ အဲဒီနှင်းဆီရည်ဟာ အရေပြားက မှဲ့ခြောက်တွေကို ပျောက်ကင်းစေပြီး အမည်းစက်တွေကို လျော့ကျစေပါတယ်။ လီမွန်ရည်နဲ့ရောစပ်ပြီး နေ့စဉ်လိမ်းပေးလို့ ရပါတယ်။
၅။ပျားရည်မျက်နှာဖုံး
ပျားရည်ကို အခြေခံထုတ်ထားတဲ့ မျက်နှာဖုံး mask တွေဟာ အဆီပြန်ခြင်းကို သက်သာစေပြီး မှဲ့ခြောက်တွေကို ပျောက်ကင်းစေပါတယ်။ သူဟာအရေပြားကိုရေဓာတ် ဖြည့်ပေးပြီး အရေပြားက ချွေးပေါက်ငယ်တွေကို ကျဉ်းစေပါတယ်။
သန့်စင်
ref;ANI
Health Updates Journal

လေယာဉ်ခရီးသွားအပြီး အိပ်ရေးမပျက်ရအောင်


စိတ်ဖိစီးမှုများကို အိမ်မှာထားခဲ့ပါ။
ခရီးသွားသည့်အခါ အိပ်ရေးပျက်ခြင်းကြောင့် ဖိစီးမှုဟော်မုန်းများ ပိုထွက်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေသည်။ နဂိုကတည်းက စိတ်ဖိစီးနေလျှင် အိပ်ရေးပျက်သည့်အခါ စိတ်ဖိစီးမှု ပိုဖြစ်စေသည်။
ရေများများသောက်ပါ။
အမြင့်ပေ များများ၌ ပျံသန်း ခရီးသွားခြင်းသည် ရေဓာတ်ခန်း ခြောက်စေပြီး နွမ်းနယ်စေသည်။ အရက်နှင့် ကော်ဖီများသည် ရေဓာတ်ခန်းခြောက်စေပြီး အိပ်ပျော် သည့်ပုံစံကိုပါ ပြောင်းလဲစေသောကြောင့် ခရီးသွားစဉ်ရှောင်ကြဉ်ပါ။
မိမိသွားမည်ဒေသ စံတော်ချိန်ကို မသွားခင်ကတည်းက ကြိုတိုက်ထားပါ။
ကွန်ပျူတာနှင့် လက်ပတ်နာရီ အချိန်များအားလုံး ပြင်ထားပါ။ စံတော်ချိန်ပြောင်းလဲမှုကို ခန္ဓာကိုယ်က အမီမလိုက်နိုင်သေးသော်လည်း နာရီကို မကြာခဏကြည့်ပေးခြင်းဖြင့် ဒေသစံတော်ချိန်အတိုင်း ခန္ဓာကိုယ်ကို အမြန်ဆုံး လိုက်လျောညီထွေဖြစ်စေသည်။
အပူအစပ်အစားများ ရှောင်ပါ။
ပရိုတင်းကြွယ်ဝသော အစားအစာများနှင့် အပူအစပ် အရသာကဲသော အစာများသည် နိုးနိုးကြားကြားဖြစ်စေသည်။ ထို့ကြောင့် ခရီးဝေးသွားပြီး အိပ်ပျော်သင့်သော အချိန်၌ အိပ်မရဘဲ ဖြစ်စေသည်။
ဆူညံသံလျှော့ပါ
ပြင်ပအသံ မ၀င်ရောက်စေမည့် နားကျပ်များတပ်ထားပါ။ သီချင်းတိုး တိုးဖွင့်အိပ်ပါ။
ဗိုက်ဆာလျှင် အောင့်မထားပါနှင့်
ဆာလောင်မှုသည် အိပ်မပျော်စေရန် အနှောင့်အယှက် ပေးသည်။ တစ်ကြိမ်တည်း အမြောက်အမြား မစားဘဲ နည်းနည်းနှင့် ခဏခဏ စားပါ။
အိပ်ဆေးမသုံးပါနှင့်။
အိပ်ဆေးကြောင့် လေယာဉ်ပေါ်တွင် အလွန်အမင်း အိပ်မောကျစေပြီး ခြေထောက်လှုပ်ရှားမှု နည်းသည့်အတွက် သွေးခဲမှု ဖြစ်စေတတ်သည်။
ညဘက်တွင် လေယာဉ်ခရီး မစပါနှင့်။
မိမိအိပ်ပျော်နေကျ ညအချိန်ကို လေယာဉ်ပေါ်အိပ်၍ လိုက်ပါခြင်းဖြင့် နောက်နေ့တွင် လန်းဆန်းနေမည်ဟု ယူဆစရာရှိသော်လည်း ဒေသစံတော်ချိန် ပြောင်းလဲခြင်းကြောင့် နောက်နေ့တွင် မအိပ်နိုင်ဘဲ အိပ်ရေးပျက်တတ်သည်။ အရှေ့ အရပ်သို့ လေယာဉ်ခရီးသွားပါက လေယာဉ်ခရီးစဉ် နေ့ခင်းဘက်ပြီး ဆုံးမည့် လေယာဉ်လိုင်းကို ရွေးချယ်ပါ။ အနောက်အရပ်သို့ ခရီးသွားပါက မနက်ခင်း လေယာဉ် ပြန်ဆင်းမည့်အချိန်ကို ရွေးချယ်ပါ။

သီဟ
Ref: Men’s Health
Health Updates Journal

ဦးနေဝင်းနဲ့ တခုသောခရစ်စမတ်


အင်းယားလိတ်ဟိုတယ် ဂီတဖျော်ဖြေပွဲတခုကို ဦးနေဝင်းကြီး အရောက်သွားပြီး သွားကဲခဲ့ ပွဲကြမ်းခဲ့ဖူးပါတယ်။

သွားကဲတယ်ဆိုတာ သွားရောက် ကခုန်တာမျိုး၊ မိုက်ခဲပြီး ကာရာအိုကေဆိုတာမျိုး မဟုတ်ပါဘူး။
ပတ်မကြီးထိုးဖောက်ခဲ့တာပါ။ ဖြစ်ချင်တော့ အဲဒီနေ့က ခရစ်စမတ်ကာလ။
အနှစ်လေးဆယ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့ဒီအကြောင်းက ဒီနှစ်ခရစ်စမတ်ကာလမှာ အွန်လိုင်းထဲ အသေးစိတ် ရောက်လို့လာပါပြီ။ ခါတိုင်းတော့ တဆင့်စကားတဆင့်နားနဲ့ ကြားသိခဲ့ရတာများတယ်မဟုတ်လား။

ဒီရက်ပိုင်း အဆိုတော်ကြီးဆက်မော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်ပြောပြ ရေးပြထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။


"မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း"

Christmasရောက်လာတိုင်း အမြဲသတိရတဲ့ ကျနော့ကိုယ်တွေ့မှတ်တမ်းလေးတခုကိုတင်ပြပါရစေ....။

ဒီလိုပါ..၁၉၇၅လောက်က အင်းယားလိပ်ဟော်တယ်မှာ အထူးအစီအစဉ်အဖြစ် ခရစ်စမတ်အကြိုဖျော်ဖြေရေးမှာ ကျနော်တို့ELF အဖွဲ့နဲ့ ဧည့်သည်တော်တီးဝိုင်း Electronic Machine တို့တီးခတ်ရမှာဖြစ်ပါတယ်။
ထူးထူးခြားခြား အဲဒီနှစ်က ဖျော်ရေးကိုအပြင်ရေပန်းရှိရာဘက်ရင်ပြင် (ဦးနေဝင်းအိမ်ကိုမြင်နေရပြီး အင်းယားရေပြင်သာခြားတယ်)မှာကျင်းပပါတယ်။

ည ၈နာရီခွဲ လောက်မှာပွဲစလို့ ပွဲဦးထွက် ELF အဖွဲ့က ကျနော်နဲ့ Tetkatho အေးမောင် သီဆိုပြီးကြပြီ ၁၁နာရီလောက်မှာ ပထမပိုင်းကျနော်တို့နားချိန်မှာ E. Machine ဖျော်ဖြေပါတယ်။

သိတ်မကြာပါ...ဘော်ဒါကြီး စိုင်းထီဆိုင်ရဲ့ Killing me softly အင်္ဂလိပ်လိုဆိုနေချိန် drum အသံ ပါမလာတော့လို့ ကြည့်လိုက်တော့ Drummer ကိုကျော်ဆွေဟန်ကို လူ တယောက်က ဆင်းခိုင်းပြီး သူက တက်ထိုင်လိုက်ကိုအမှောင်ထဲမှာတွေ့ရပါတယ်၊ အမူးသမားထင်တာပေါ့...

ဒါပေမဲ့ မီးထိုးသမား ကိုကျော်ဟိန်း(ရုပ်ရှင်မင်းသားမဟုတ်)က ဦးနေဝင်းနဲ့တူတယ်ဆိုပြီး မီးများအားလုံးဖွင့်ချလိုက်တော့ တကယ့် ဦးနေဝင်းပါဘဲ....Drumstick ကိုကိုင်ထားပြီး၊ ပြောလိုက်တာကတော့"ငါတို့က တိုင်းပြည်အတွက်အလုပ်လုပ်နေတာကို မင်းတို့ကဒီမှာစောက်ကမြင်းကျောထနေကြတယ်" ဆိုပြီး Drum Tom Tom ကိုထိုးဖောက်ဖျက်စီးပြစ်လိုက်တယ်။

Sound Engineer ကိုအောင်ဇော်လူ ကအသံတွေကိုပိတ်ဖို့စင်ပေါ်တက်လာတာကို "မင်းကလူမိုက်လား"ဆိုပြီး ဆံပင်ကိုဆွဲပြီး ရင်ဘတ်ကိုထိုးပါတယ်၊
နောက်တယောက်နိုင်ငံခြားသားတယောက်(UN ရုံးမှလို့ပြောပါတယ်)ကစင်ပေါ်တက်လာပြီ၊
Christmas မှာဒီလိုမလုပ်ဖို့တားတာကို ဦိးနေဝင်းက ဒီလူရဲ့အောက်ပိုင်းကိုကန်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။

ဦးနေဝင်းရောက်ပြီးမှ ဦးစန်းယု၊ ဦးတင်ဦးနဲ့တခြားကောင်စီဝင်များရောက်လာတာတွေ့ရပါတယ်။

ဒိအပြင် စင်နောက်မှာရှိနေတဲ့ ပွဲတာဝန်ခံ ဇနီးမောင်နှံကိုလည်း ဒီနေရာမှာရှိရမလားဆိုပြီး ပါးရိုက်ခဲ့တယ်။

ကိုအောင်ဇော်လူကိုတော့ MI တင်ဦးက လမ်းသရဲလားလို့မေးပြီးလက်ထိပ်ခပ်တော့ ၊သူက လမ်းသရဲမဟုတ်ကြောင်း၊ သူ့အဖေနာမည်ပြောတော့မှ ဦနေဝင်းကချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။

ကျနော်တို့လည်း ထွက်အပြေးဟော်တယ်ထဲမှာတခါ ၁၀ပေ အကွာလောက် ဦနေဝင်းနဲ့က "Get out, get out" ဆိုပြီးအော်ငေါက်နေတယ်။

ဝတ်ထားတာကလည်း စစ်အင်္ကျီဆဝယ်တာအဟောင်း၊စစ်ဘောင်းဘီအဟောင်း၊ ခြေညှပ်ဖိနပ်နဲ့ပါ။ သူ့ရဲ့Bodyguard များကတော့ စင်ပေါ်တက်ပြီး စက်များကိုကန်ချခဲ့ကြတယ်။

ပွဲလာတဲ့လူတွေနဲ့ကျနော်တို့ကတော့ ကဗာကြီးပျက်သလား အောက်မေ့ရတယ်၊ ဘာမှမကြောက်ပါဘူး ကျည်ဇံတွေအနောက်ကလိုက်လာမှဘဲကြောက်တာပါ။
ဘယ်ရမလဲ အသကုန် သွန်ခဲ့ရတဲ့ Christmasအကြိုညပေါ့... ။

ဦးနေဝင်းဘာကြောင့်အဲဒီလောက်စိတ်ဆိုးသွားလည်းဆိုတော့....(အတွင်းလူတယောက်ရဲ့ပြောပြချက်အရ) ကျနော်တို့ဒီဘက်မှာတီးနေတဲ့အချိန်မှာသူနဲ့ကောင်စီဝင်တို့ သူ့အိမ်မှာစုစားသောက်ရင်းနဲ့တပ်မတော်ရှေ့တန်းတိုက်ပွဲကအကျအဆုံးများနေတာတွေကိုကြည့်ပြီး ဒေါသထွက်ထွက်ရတာကတကြောင်း၊
သတင်းရုပ်ရှင်ခဏနားတဲ့အချိန်မှာ အင်းယားကန်တဖက်က ကျနော်တို့ဆိုတီးသံတွေကြားတော့မှ သူ့သားသမီးကိုသတိရတယ်၊ မေးကြည့်တော့ အိမ်မှာမရှိကြဘူး၊ အရက်ကလည်းသောက်ထားတယ်၊
အဲဒီမှာရှိမယ်ထင်ကိုယ်တိုင် Mazda Jeep မောင်းပြီး တယောက်ထဲထွက်လာတယ်။
ကောင်စီလူကြီးများကတားတယ်မရ...

Motor vehicle ပုလိပ်တယောက် က ဟော်တယ်အဝင် ကားမောင်းမြန်လို့(ဦးနေဝင်းမှန်းမသိ)တားတယ်၊အထိုးခံလိုက်ရတယ်(သံခမောက်ကိုလမ်းမမှာတွေ့ခဲ့ရတယ်)
လက်မှတ်စောင့် ဦနေဝင်းမှန်းမသိ၊ လက်မှတ်သွားတောင်းလို့ ဦနေဝင်းလက်သီးစာမိသွားတယ်လေ....ဒါပါဘဲလေ...

အားလုံးအတွက်သိထားရအောင်၊ ခရစ်စမတ်လက်ဆောင်လေးပါ....အားလုံးကိုချစ်ခင်လေးစားပါတယ်။

ဖေါ်ပြပါပုံလေးကတော့ အဲဒီညကဖျော်ဖြေခဲ့တဲ့ "ELF"ဖြစ်ပါတယ်။
 left to right- Gordon (Drums),Zeyar Chan Htoon (rhythm),Fred Chan Htoon (Bass), Reggie Ba Oo (Tetkatho Aye Maung)(lead), Peter Paw( Keyboard ).

ကျန်တဲ့ပုံကတော့ မခေါ်ဘဲ မမျှော်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြီးရဲ့ပုံလေ....
Merry Christmas and a bright happy new year!!!!!

ဧရာဝတီ သတင်း

ရေစကြိုတွင် ဆောက်လုပ်ရေးလုပ်သား ၃ ဦး ဓာတ်လိုက် သေဆုံး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် မအူဈေးရွာ ခေါ် ကမ်းနားရွာမှာ ဦးစိုးဝေအိမ်ဝိုင်း အတွင်း တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင် သံတိုင်တွေထောင်မတ်စဉ် ဓာတ်လိုက်ခံရလို့ ၃ ဦး သေဆုံးသွားပါတယ်။
ဓာတ်ပုံ - aungyesagyo

ဒီနေ့မနက်ပိုင်း အိမ်ရှင်ဦးစိုးဝေ (၆၀ နှစ်) အပါအ၀င်၊ အလုပ်သမား ကိုထွန်းမြင့် (၄၃နှစ်)၊ ကိုအောင် (၁၈ နှစ်) နဲ့ ကိုအောင်ကို (၂၅ နှစ်) တို့ သံတိုင်တွေ စိုက်ထူကြစဉ် အထက်မှာ သွယ်တန်းထားတဲ့ လျှပ်စစ် ကြေးနန်းကြိုးနဲ့ ထိမိပြီး ၄ ဦး လုံး ဓာတ်လိုက်ခံရတာလို့ ဒေသခံ ကိုကျော်ငွေက ပြောပါတယ်။

သူတို့ကို မအူတိုက်နယ်ဆေးရုံကို ချက်ချင်းပို့ဆောင် ကုသခဲ့ပေမယ့် ကိုအောင်ကို တယောက်ပဲ အသက်ရှင်ကျန်ရစ်ပြီး ကျန်သုံးဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်နယ်ဆရာဝန် ဒေါက်တာ ကျော်မျိုးက “ဓာတ်လိုက်တဲ့အတွက် ဒဏ်ရာတော့ မတွေ့ဘူးဗျ။ မနက် ၁၀ နာရီခွဲကျော်ကျော် လောက်မှာ အလောင်း ၃ လောင်းနဲ့ ဓာတ်လိုက်လူနာ ၁ ယောက်ရောက်ရှိလာပါတယ်။ ဓာတ်လိုက်တဲ့လူနာ ၁ ယောက်ကတော့ သက်သာပြီး ဆေးရုံက ဆင်းသွားပြီ” လို့ ပြောပါတယ်။

ဒီအမှုကို မအူတိုက်နယ်ရဲစခန်းက သေမှုသေခင်းအဖြစ် အမှုဖွင့် စစ်ဆေးနေတယ်လို့ ကိုကျော်ငွေက ပြောပါတယ်။
DVB Burmese

မှောင်ခိုကုန်ကူးသည့် ဥမင်လှိုင်ခေါင်း တရုတ်ရဲ တွေ့ရှိ


တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်က ရဲတွေဟာ မှောင်ခိုကုန်ကူးတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းကို ဟောင်ကောင်နဲ့ နယ်စပ်နားမှာ ရှာတွေ့ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနက ဒီဇင်ဘာ ၂၄ ရက်က အစီရင်ခံပါတယ်။

ကွမ်တုံပြည်နယ်နဲ့ ဟောင်ကောင်ကြား နယ်စပ်မြစ်ရဲ့ မြစ်ကမ်းပါးအောက်မှာ ကင်းလှည့်နေစဉ် ဒီဇင်ဘာ ၁၉ ရက်က အဲဒီဥမင်ကို ရဲတွေက တွေ့ခဲ့တာလို့ စီစီတီဗွီက ကြေညာပါတယ်။

ရှင်းကျန်းဒေသဟာ ကွမ်တုံရဲ့ စီးပွားရေး အချက်အချာ ဖြစ်သလို ဟောင်ကောင်နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

ဥမင်အ၀င်ဝကို ဘီယာသေတ္တာတွေ၊ မြေကြီးတွေနဲ့ ဖုံးအုပ်ထားပြီး ထွက်ပေါက်ကိုတော့ မြစ်ကမ်းပါးက ၃ မီတာမြင့်တဲ့ ကျူပင်တွေနဲ့ ဖုံးကွယ်ထားပါတယ်။

ဥမင်ဟာ ပေ ၁၂၀ လောက် ရှည်ပြီး အမြင့် ၃ ပေနီးပါး၊ အကျယ် ၃ ပေလောက်ရှိပြီး တကြိမ်မှာ လူတယောက်ပဲ သွားနိုင်ပါတယ်။

ဥမင်အနားက ကားဂိုဒေါင်တခုဆီ ဦးတည်နေပါတယ်။ ဆောက်လုပ်နေဆဲဖြစ်ပြီး တူးဖော်ရေး လွန်သွားတွေနဲ့ သံမဏိပိုက်တွေကို ဥမင်တွေထဲမှာ တွေ့တယ်လို့ ရဲတွေက ပြောကြောင်း စီစီတီဗွီက ပြောပါတယ်။

ဥမင်တွင်းက စက်သီးတွေကြောင့် မှောင်ခိုကုန်ကူးဖို့ ဖြစ်ကြောင်း ပြနေတယ်လို့ ကွမ်တုံနယ်စပ် ရဲတပ်ဖွဲ့က လီအန်ကျူက ပြောပါတယ်။ ဒီ အမှုကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
DVB Burmese

ဗိုလ်ချုပ်ကြီး စောလားဘွယ် ဆေးကုသမှု ခံယူနေရ


ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာခံစားရ တဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

Saw Lar Bwelလက်ရှိ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး သူနဲ့အတူ လိုက်ပါတဲ့ ဒီကေဘီအေတပ်ဖွဲ့ရဲ့ ဆက်ဆံရေးနဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးမောင်လေးက အခုလို ပြောပါတယ်။

“သူ့လည်ချောင်းနာလို့ အခု ခန္ခာကိုယ်စစ်စေးမှုတွေ လုပ်နေတယ်။ အဖြေကတော့ ထွက်သေးဘူး။ အခြေအနေကတော့ လောလောဆယ်ကတော လည်ချောင်းနာနေတယ်ဆိုတော့ စကားတော့ ပြောလို့မရဘူး။ စကားပြောမရတာကလွဲလို့ ကျန်တဲ့ အခြေအနေတွေကတော့ ကောင်းပါတယ်။ အခြေအနေ မကောင်းဘူးဆိုရင်တော့ စင်ကာပူကို သွားဖို့ရှိပါတယ်။ ”

ကျန်းမာရေးကိစ္စကြောင့် စင်ကာပူနိုင်ငံကို ဆေးကုသမှု ခံယူမယ်ဆိုရင်တော့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကနေပြီး နိုင်ငံကူးလက်မှတ်ရရှိရေးအတွေက် စီစဉ်ဆောင်ရွက်ပေးမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“သူရဲ့ကျန်းမာရေးကိစ္စကိုတော့ ကျနော်တို့ ဒီရန်ကုန်အရောက် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နောက် ဒေသဆိုင်ရာ တိုင်းနဲ့ မြန်မာငြိမ်းရေးစင်တာကနေပြီး အားလုံးဝိုင်းပြီးကူညီပါတယ။် ဆေးကိစ္စတွေကိုလည်း အကုန်လုံး စီစဉ်ပေးပါတယ်။ ဒေါက်တာဆိုင်မွန်သာလည်း အနီးကပ် ကြီးကြပ်ပြီး လုပ်နေပါတယ်။”

သူ့ရဲ့ ကျန်းမာရေး အခြေအနေ အသေးစိတ်သိရဖို့ ဒေါက်တာ ဆိုင်မွန်သာကို ဆက်သွယ်ခဲ့ပေမယ့် ခရီးသွားနေတဲ့အတွက် ဆက်သွယ်မှု မရရှိခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ နေ့က ကျင်းပတဲ့ ၁၉ နှစ်မြောက် ဒီကေဘီအေ တပ်မတော်နေ့ စစ်ရေးပြပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အစိုးရက ဖိအားပေးချိန်မှာ လက်မခံဘဲ အစိုးရကို ပြန်လည်တိုက်ခိုက်တဲ့ တပ်ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
DVB Burmese

ရခိုင်ကမ်းနီးပင်လယ်ပြင်တွင် တန်းကေးသင်္ဘောကြီးများ ၀င်ရောက် ငါးဖမ်းမူများကြောင့် ရခိုင် ရေလုပ်သားများ အခက်ကြုံ


(နိရဉ္စရာ- ၂၆ ဒီဇင်ဘာ ၂၀၁၃)

ရခိုင်ပင်လယ်ပြင် ကမ်းနီးဒေသများထိ ရန်ကုန်မြို့မှလာသော တန်းကေး ငါးဖမ်းသင်္ဘောကြီးများက ၀င်ရောက် ငါးဖမ်းနေမူကြောင့် ဒေသခံအတွင်းက ရေလုပ်သားများမှာ လုပ်ကိုင် စားသောက်၍ မရတော့သော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်း ရေလုပ်သားများက ပြောသည်။

မြေပုံမြို့နယ် ကျွန်းသာယာနှင့် ပြင်ဝန်း အနီးရှိ ပင်လယ်ပြင်တွင် ရန်ကုန်မှ လာသော တန်းကေးငါးဖမ်း သင်္ဘော ကြီးများက ၀င်ရောက် ငါးဖမ်းနေကြောင်း၊ ထိုသို့ ငါးဝင်ဖမ်းနေသဖြင့် ဒေသအတွင်းက စက်လှေငယ်များဖြင့် တပိုင်တနိုင် လုပ်ကိုင်စားသောက်နေသော ရခိုင် ရေလုပ်သားများမှာ အထူးအခက်ကြုံနေကြရကြောင်း ကျွန်းသာယာမှ ရေလုပ်သားကြီး တစ်ဦးဖြစ်သူ ဦးလှစောဖြူက ပြောသည်။

“ တစ်နေ့ တစ်နေ့ကို အစီး ၂၀ ကနေ ၃၀ ထိ ကမ်းနီး ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ငါးဝင်ဖမ်းပါတယ်။ အခုဖမ်းနေပါတယ်။ သူတို့က သင်္ဘောကြီးတွေနဲ့ ၀င်ဖမ်းတော့ ကျွန်တော်တို့က လုပ်ကိုင်စားသောက်လို့ မရတော့ပါ။ ကျွန်တော်တို့မှာ ချထားတဲ့ ပိုက်တွေ၊ အာထောက်ပိုက်တွေ၊ မျှောပိုက်တွေ၊ ငါးမျှားချိတ်တွေ အကုန် လုံးက သူတို့ ဆွဲတဲ့ အထဲမှာပါသွားတယ်။ အခု အရမ်းအခက်အခဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။

ကျွန်းသာယာ ပြင်ဝန်းပိုက်ဆိပ် အနီးတွင် တောင်ကြီး မော်ဂွင်ဟု ဒေသခံများ ခေါ်ဆိုသော ကမ်းနီး ပင်လယ်ပြင်မှာ ဒေသခံများ လုပ်ကိုင်စားသောက်နေသော နေရာ ဖြစ်ကြောင်း၊ ယခု ယင်းနေရာတွင် ယခုအခါ ရန်ကုန်မှ လာသော တန်းကေး သင်္ဘောကြီးများဖြင့် နေ့စဉ်ဆိုသလို ပိုက်ကြီးများဖြင့် ၀င်ဆွဲနေသည်ဟု သူက ဆိုသည်။

“ အခု ငါးဖမ်းနေတဲ့ တန်းကေးတွေက ကမ်းဝေးမှာ ငါးဖမ်းခွင့်ရတဲ့ သင်္ဘောတွေ ဖြစ်ကြပါတယ်။ သူတို့က ခုလို ကမ်းနီးကို လာပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ငါးဝင်ဖမ်းခွင့် မရှိပါ။ ကျွန်တော်တို့ သိရသလောက် အနည်းဆုံး ရေမိုင် ၁၂ မိုင်မဟုတ်ရင်၊ ၁၅ မိုင် အကွာမှာ ဖမ်းရပါတယ်။ အခုတော့ ကမ်းခြေနဲ့ ကပ်ပြီး ငါးတွေကို ပိုက်ကြီးတွေနဲ့ဆွဲပြီး ဖမ်းနေတဲ့ အတွက် ငါးတွေ ရှားသွားသလို သူတို့ကို မယှဉ်နိုင်တဲ့ အတွက် ဒေသခံတွေက ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါ” ဟု ယင်းက ဆိုသည်။

ဒေသခံများ လုပ်စားနေသော စက်လှေများမှာ သေးငယ်သဖြင့် ရန်ကုန်မှလာသော သင်္ဘောကြီးများ အနားသို့ပင် မကပ်နိုင်ဟု သူက ဆိုသည်။

တခြား ရေလုပ်သား တစ်ဦးဖြစ်သူ ဦးအောင်ကျော်စိန်ကလည်း ၎င်းရန်ကုန်က လာသော သင်္ဘောများသည် ကမ်းနီးတွင် ငါးဝင်ဖမ်းစဉ် သူတို့ သင်္ဘောအမည်နှင့် နံပတ်များကို အ၀တ်စများဖြင့် ဖုံးအုပ်ထားသည်ဟု ဆိုသည်။

“ သူတို့က ခွင့်ပြုချက်မရှိဘဲ ၀င်ဖမ်းတယ်ဆိုတာက သေချာပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ကမ်းနီးကို ၀င်ပြီး ငါးဖမ်းရင် သူတို့ရဲ့ သင်္ဘောနံပတ်တွေ၊ နာမည်တွေကို လူတွေ မမြင်ရအောင် အ၀တ်စတွေ၊ မိုးကာတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ခုလို ဖမ်းနေတာက ကြာနေပါပြီ။ ဒေသခံ ရေလုပ်သားတွေမှာ အားကိုးစရာ မရှိဘဲ  ဖြစ်နေကြရပါတယ်“ ဟု ယင်းက ဆိုသည်။

ယခုကဲ့သို့ ရန်ကုန်မှ လာသောတန်းကေး သင်္ဘောကြီးများမှ  ရခိုင်ကမ်းနီး ပင်လယ်ပြင်တွင် ငါးများ ၀င်ရောက် ဖမ်းဆီးနေမူကြောင့် ဒေသခံ ရေလုပ်သားများ အခက်ကြုံနေရသည်မှာ  မြေပုံမြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ပေါက်တော၊ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်တို့ တွင်လည်း အခက်ကြုံနေကြရသည်ဟု ၎င်းက ပြောကြားသည်။

ဒေသခံများ လုပ်ကိုင် စားသောက်နေသော ရခိုင်ပင်လယ်ပြင် ကမ်းနီးဒေသတွင် အခြား တိုင်းဒေသကြီး တစ်ခုမှ ငါးဖမ်းသင်္ဘောကြီးများဖြင့် နေ့စဉ်နှင့် အမျှ ၀င်ရောက် ငါးဖမ်းနေသဖြင့် ဒေသခံများ အခက်ကြုံနေရသော်လည်း  ရခိုင်ပြည်နယ် အစိုးရမှ  တစ်စုံတစ်ရာ ၀င်ရောက် တားမြစ် ဖြေရှင်းပေးခြင်းမျိုး မရှိသေးကြောင်း မြေပုံမြို့မှ လူမူရေး လုပ်ရှားနေသူ ဦးကျော်ရွှေက ဆိုသည်။

ရခိုင်ပြည်နယ်နယ် အစိုးရ ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်အား အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ဖုံးမှ တဆင့် ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပထမဦးဆုံး အစည်းအဝေးတွင် သတင်းရယူမည့် မီဒီယာသမားများ အဆင်ပြေစေရေး စီစဉ်ထားရှိ


မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန် ဆောင်ရွက်ရာတွင် ပထမဦးဆုံး ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ASEAN Foreign Minister’s Meeting Retreat, AMM (Retreat) ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပုဂံမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပရာတွင် သတင်းရယူကြမည့် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် နိုင်ငံခြား သတင်းထောက်များ အသင်း (Foreign Correspondents’ Club) အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးရဲနိုင်(အထွေထွေမန်နေဂျာ) ဝ၆၇-၃၆၁၃၇၊ ဝ၆၇-၄၁၂၁၁၉၊ ဝ၉-၈၃ဝ၆၃၅၈ သို့ လည်းကောင်း၊ ဦးလှိုင်မြင့် (ညွှန်ကြားရေးမှူး) ဝ၆၇-၄၁၂၁၂၆၊ ဝ၉-၄၉၂ဝ၅ဝဝ၄ [email protected] သို့ လည်းကောင်း ဆက်သွယ်၍ အမည်စာရင်း ပေးပို့ကြရမည်ဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ကတ်များ ထုတ်ပေးမည်ဖြစ်သည်။ နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် ဗီဇာလျှောက်ထားရာတွင် နီးစပ်ရာ သံရုံးများမှတစ်ဆင့် လျှောက်ထားကြရမည် ဖြစ်သည်။ ပြည်တွင်း ပြည်ပမှ သတင်းထောက်များ အနေဖြင့် သတင်းထောက်ကတ် လျှောက်ထားရယူရန် လျှောက်လွှာပုံစံအား ASEAN Webportal ဖြစ်သော www.asean2014,gov.mmevents ခေါင်းစဉ်အောက်ရှိ asean 2014 summit, more detail, ASEAN Foreign Minister’s Meeting Retreat, AMM (Retreat) တွင် ဗီဇာပုံစံကို download ရယူနိုင်ပါသည်။ အဆိုပါ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ သတင်းထောက်ကတ် ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုပါက ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးလှိုင်မြင့် (ညွှန်ကြားရေးမှူး) ထံသို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge

နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက မြန်မာနိုင်ငံမှ သွားရောက်ကူညီနိုင်ရေး ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းမည်


ဒေသတွင်း နိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက မြန်မာနိုင်ငံမှ သွားရောက်ကူညီနိုင်မည့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “နိုင်ငံတကာမှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်အောင် အဖွဲ့ဖွဲ့စည်းမယ့် အစီအစဉ်တွေ လုပ်ဖို့ရှိပါတယ်” ဟု ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။ မြန်မာနိုင်ငံမှ ပြည်ပတိုင်းပြည်များတွင် ကြုံတွေ့ခဲ့သည့် သဘာဝဘေးအန္တရယ်များတွင် လူအားဖြင့် ကူညီပေးခြင်းမှာ ဖိလစ်ပိုင်တွင် ကြုံတွေ့ခဲ့သည့် မုန်တိုင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံမှ အထူးကုဆရာဝန် ကိုးဦးပါဝင်သည့် ဆေးအဖွဲ့မှ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။ ထိုဖိလစ်ပိုင်ခရီး အတွေ့အကြုံကိုရယူ၍ ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများသို့ပါ ကျန်းမာရေးဆိုင်ရာ အကူအညီများပေးနိုင်ရန် လေ့ကျင့်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင်းတွင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား ၂၀၀ ဝင်ရောက် ယှဉ်ပြိုင်မည်


(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အထိ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် မသန်စွမ်း အားကစားသမားများ စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။ အဆိုပါ စခန်းသွင်း လေ့ကျင့်ကြမည့် ပြိုင်ပွဲဝင် မသန်စွမ်း အားကစားသမားများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်မှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက ''မြန်မာနိုင်ငံမှာ (၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲထဲက စံချိန်စံညွှန်းကောင်းတဲ့ ကလေးတွေနဲ့ မျိုးဆက်သစ် အားကစားသမားတွေကို ရွေးချယ်ပြီး စခန်းသွင်း လေ့ကျင့်ပေးနေပါတယ်။ ဒီဇင်ဘာ ၂၇ ရက်ကျရင် နေပြည်တော်ကို ပြောင်းရွှေ့ လေ့ကျင့်ကြမှာပါ'' ဟု မြောက်ဒဂုံ မသန်စွမ်းအားကစားရုံ၌ ရှင်းပြခဲ့သည်။ (၇)ကြိမ်မြောက်  မသန်စွမ်း အားကစား ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားနည်း ၁၂ မျိုးမှာ မြားပစ် အားကစားပြိုင်ပွဲ၊ ပြေးခုန်ပစ် အားကစားပြိုင်ပွဲ၊ ဘိုစီယာ (ပီတန်းနှင့်ဆင်တူ) အားကစားပြိုင်ပွဲ၊ ခုနစ်ယောက် တစ်သင်း ဘောလုံး အားကစားပြိုင်ပွဲ၊ ငါးယောက်တစ်သင်း ဘောလုံးအားကစားပြိုင်ပွဲ၊ ဂိုးလ်ဘော အားကစားပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲ၊ ရေကူးအားကစားပြိုင်ပွဲ၊ စစ်တုရင် အားကစားပြိုင်ပွဲ၊ ဘော်လီဘော အားကစားပြိုင်ပွဲ၊ ဝှီးချဲဘတ်စကက်ဘော အားကစားပြိုင်ပွဲ၊ အလေးမ အားကစားပြိုင်ပွဲများ ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံမှ မသန်စွမ်း အားကစားသမား ၂ဝဝ ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်ချုပ်သူနည်းပြ ၇ဝ ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge

ရိဒ်ရေကန်အနီး ပြည်ထောင်စုရိပ်သာ ယခုလကုန်တွင် ဖွင့်မည်


ချင်းပြည်နယ်ရှိ ရိဒ်ရေကန်သို့ လာရောက်လည်ပတ်သော ခရီးသွားများ နားခိုနိုင်ရန် တည်ဆောက်နေသော ပြည်ထောင်စုရိပ်သာကို ယခုလကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားလိုက်သည်။ အဆိုပါ ရိပ်သာအား ရိဒ်ရေကန်အနီး ၂ ဖာလုံ အကွာတွင် တင်ဝင်းထွန်း ကုမ္ပဏီမှ တည်ဆောက်နေခြင်းဖြစ်ပြီး ချင်းပြည်နယ် အနောက်မြောက်ဘက်စွန်းတွင် တည်ရှိပြီး အိန္ဒိယ မြန်မာနယ်စပ်နှင့် ပိုနီးပြီး ချင်းပြည်နယ် တီးတိန်မြို့ကိုဖြတ်ကာ တီးတိန်မှ ၃၂ မိုင် ကွာဝေးကြောင်း သိရသည်။ ဦးကျော်ငြိမ်းက “သူတို့က တည်ဆောက်ပြီးသွားရင် ပြည်နယ်အစိုးရကို လွှဲပြောင်းပေးခဲ့မှာပါ။ ပြည်နယ်အစိုးရ ကပဲ ပိုင်ပါတယ်။ အခုလို စီစဉ်တာကလဲ လာရောက်လည်ပတ်သူတွေ နားခိုနိုင်အောင်ပါ” ဟု ပြောသည်။ အဆိုပါ ရိပ်သာတွင် ခရီးသည် ၄၀ နီးပါး တည်းခိုနိုင်မည်ဖြစ်ပြီး၊ ရိဒ်ရေကန်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်ဦးရေမှာ များပြားလျက်ရှိကာ အိန္ဒိယ နိုင်ငံသားများအပြင် အနောက်နိုင်ငံသားများ လာရောက်မှု များပြားနေကြောင်း သိရသည်။ ရိဒ်ရေကန်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အသည်းပုံ သဏ္ဍာန် ရေကန်တစ်ခု ဖြစ်သည့်အပြင် ချင်းလူမျိုးများက ပြည်နယ်အမျိုးသား သင်္ကေတအဖြစ် သတ်မှတ်ထားပြီး ချင်းပြည်နယ်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသည်များ၏ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းရေကန်မှာ ဧရိယာ ၈၃၂ ဧကကျယ်ဝန်းပြီး ဧက ၅၄၀ ကို ကြိုတင်ကာကွယ်တောအဖြစ် သတ်မှတ်ထားကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးရုံးမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge

ကုမ္ပဏီများ အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် ဥပဒေပြင်မည်



ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ မှတ်ပုံတင်ဥပဒေကို ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါ ဥပဒေသည် ကိုလိုနီအစိုးရ လက်ထက်ကတည်းက ရေးဆွဲထားသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ပြီ ဖြစ်ခြင်းကြောင့် လက်ရှိ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ ဦးအောင်နိုင်ဦးက “ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းတွေကို မိမိတို့နေအိမ် အွန်လိုင်းကတစ်ဆင့် တင်လို့ရအောင် ပြင်ဆင်နေပါတယ်။ လုပ်ငန်းအဆင့်တွေကြောင့် အွန်လိုင်းက တင်လို့မရတာပါ။ အဲဒါတွေကို ပြင်ဆင်နေပါတယ်” ဟု ပြောသည်။ လက်ရှိတွင် အဆိုပါ ဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ဦးအောင်နိုင်ဦးက “ADB က ငွေကြေးအပြင် နည်းပညာပိုင်းကို အကူအညီပေးတယ်” ဟု ထပ်မံ ပြောသည်။ အဆိုပါကုမ္ပဏီများ မှတ်ပုံတင်ဥပဒေကို လာမည့် ၂၀၁၄ ခုနှစ် မေလ၌ ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ပို့ကုန်လုပ်ငန်းရှင် ဦးမြင့်နိုင်က “ပြည်တွင်းကို နိုင်ငံခြား ကုမ္ပဏီတွေလဲ အခုအနေအထားအရဆိုရင် တော်တော်များများ ဝင်လာတယ်လို့ မြင်တယ်။ အွန်လိုင်းက တစ်ဆင့် လုပ်လို့ရမယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်ရှိ ပြည်တွင်း ကွန်နက်ရှင်ကလဲ သိတဲ့အတိုင်းပဲ။ ရုံးမှာလုပ်တာက ရက်ပိုင်းနဲ့ရပြီးတော့ အွန်လိုင်းနဲ့လုပ်မှ လနဲ့ချီပြီးကြာမှာ စိုးရတယ်” ဟု သုံးသပ်ပြောသည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို သုံးရက်နှင့်အပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge

ရန်ကုန်အိမ်ငှားဈေးကွက် ဈေးနှုန်းများ မြင့်တက်


ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ရပ်ကွက်အများစုတွင် အိမ်ငှားရမ်းမှု ဈေးကွက် အခြေအနေ ကောင်းနေပြီး ဈေးနှုန်းများလည်း မူလထက်မြင့်မားနေကာ ပွဲစားများ ခြေချင်း လိမ်နေကြကြောင်း အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင် မြို့နယ်များအတွင်းမှ စုံစမ်းသိရှိရသည်။ ထို့ကြောင့် မူလက ကျပ် ၅ဝဝဝဝ မှ ကျပ် ၇ဝဝဝဝ ခန့်ရှိသော အိမ်ခန်းတစ်ခန်း ငှားရမ်းခမှာ ကျပ်တစ်သိန်းကျော်သို့ နှစ်ဆနီးပါး တက်သွားပြီး အိမ်ငှားသူများမှာ လည်း ဈေးမြင့်မားသည့်တိုင်အောင် အပြိုင်ငှားရမ်းနေကြခြင်း ဖြစ်သည်။ ''မနက်ကတင် အိမ်လာကြည့်ဖို့ ပြောတယ်၊ ညနေကျတော့ အိမ်သွားကြည့်တာ မရတော့ဘူး။ အခြားတစ်ဦးက ယူသွားပြီ၊ မနက်နဲ့ ညနေတောင် မှ အခြေအနေက အဲ့ဒီလိုဖြစ်နေတယ်'' ဟု အိမ်ငှားရန် ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြောသည်။ ထိုသို့ အငှားဈေးကွက် သွက်ခြင်းကြောင့် ယခင်လို ကာလရှည်စာချုပ်များ ချုပ်ဆိုငှားရမ်ခြင်း မပြုကြတော့ဘဲ အများစုသည် ခြောက်လစာချုပ်ဖြင့် ငှားရမ်းနေခြင်း ဖြစ်ကြောင်း၊ အချို့သော အိမ်များတွင် အထပ်ခိုးများကိုပင် မတန်တဆဈေးဖြင့် ငှားနေရပြီး အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုခန်းတစ်ခန်း ပါရှိသော ကွန်ဒိုတိုက်များ တွင် တစ်ခန်းလျှင် တစ်ဦးစီ ကာလတို စာချုပ်များချုပ်၍ အခန်းရှင်က ငှားရမ်းနေကြောင်း ကြည့်မြင်တိုင်မြို့နယ် အတွင်းမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge

လာမယ့် ထိုင်းရွေးကောက်ပွဲ အကန့်အသတ်မရှိ ရွှေ့ဆိုင်း


ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန် လာမယ့် ဇန်နဝါရီ ၂ ရက်နေ့ကျင်းပမယ့် ထိုင်း ရွေးကောက်ပွဲကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်း လိုက်တယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

ဆန္ဒပြမှုတွေ ဆက်လက်ရှိနေပြီး ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေတဲ့ အတွက် အခု လို ရွှေ့ဆိုင်းတာဖြစ်ပြီး နိုင်ငံရေးတစုံတရာ ငြိမ်သက်တဲ့အခါမှသာ ရွေးကောက်ပွဲ ရက်ကို
ကြေညာမယ်လို့လည်း ထိုင်း သတင်းစာမျက်နှာတွေက ဒီကနေ့ ရေးသားကြပါတယ်။

ယင်းလတ်အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေနဲ့ အတူ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် က ပါလီမန်ကို ဖျက်သိမ်းပြီး လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ကို ရွေးကောက်ပွဲတွေ ကျင်းပပေး မှာဖြစ်ပြီး အဲဒီနေ့ထိ ဝန်ကြီးချုပ် တာဝန်ကို ဆက်လက် ယူထားတယ်လို့ ပြောဆိုထားတာပါ။

ဒါကို ဒီမိုကရက်တင်ပါတီ ခေါင်းဆောင်တွေက မကျေနပ်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝေ့ချာချိဝနဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒီမိုကရက်တစ် အမတ်ဟောင်း ဆုထက်ကတော့ လာမယ့် ရွေးကောက်ပွဲဟာ လူဗြိန်း ကြိုက်စကားတွေ ပြောပြီး သက်ဆင်မိသားစု ကိုယ်ကျိုးရှာတဲ့ ဖွေ့ထိုင်းပါတီအနိုင်ရအောင် စီမံတဲ့
ရွေးကောက်ပွဲ လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဆုထက်ပ်က  ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေကို ဟောပြောနေချိန်မှာ အခုလို
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ထွက်လာတာပါ။

ဝန်ကြီးချုပ် ယင်းလတ်က ထိုင်းရွေးကောက်ပွဲ  ကော်မရှင် က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတယ် လို့
ကြေညာလိုက်ပေမယ့် သူ့ အနေနဲ့ လုပ်စရာ ရှိတာတွေကို ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ပြောဆိုထားပါတယ်။


အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

အကောက်ခွန်မဲ့ ပစ္စည်း ၁၁ ရက်အတွင်း သိန်း ၁၅ဝ ကျော်ဖိုး သိမ်းဆည်း


ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်က ဆိပ်ကမ်းတွေကနေ တရားမဝင်တင်သွင်းတဲ့ အကောက်ခွန်မဲ့ ကုန်ပစ္စည်း
တွေ ဖမ်းနေတာ ၁၁ ရက်တာအတွင်း ကျပ် သိန်း ၁၅ဝ ကျော်ဖိုး သိမ်းဆည်းမိတယ်လို့ သိရပါတယ်။


 ဓာတ်ပုံ- ကြေးမုံ

ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ပစ္စည်းကျပ် ၂၅၄ သိန်းကျော်ဖိုး ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများ မှ ၁၁ ရက်အတွင်းဖမ်းမိကြောင်း အကောက်အခွန်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ကြေးမုံ သတင်းစာက ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေထဲမှာ အလှကုန်ပစ္စည်း၊ တရား မ၀င်ဆေးဝါး၊ ကော်ဖီမှုန့်၊ စီစီတီဗွီ ကင်မရာ၊ လက်ပတ်နာရီ၊ Exhaust Fan တွေ ပါဝင်ပြီး အကောက်အခွန်မဲ့ ဥပဒေနဲ့ အရေးယူထားရာ အမှု တွဲ ၁၁ မှုခန့် ရှိတယ်လို့လည်း ကြေးမုံသတင်းစာ စာမျက်နှာက ဆိုပါတယ်။

“၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင် ဘာ ၃၀ ရက်အထိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် သင်္ဘော ဆိပ် များ မှ စုစုပေါင်းအမှုတွဲ ၂၄၁ မှုဖြင့် စုစုပေါင်းခန့် မှန်း တန်ဖိုး ၁၂၁၇၄ ဒသမ ၅၁ သိန်းခန့် နှင့် နယ် စပ် ၀င်ပေါက်များ မှ အမှုတွဲ စုစု ပေါင်း ၂၈၃ မှု၊ ခန့်မှန်းတန်ဖိုး ၁၇၅၉၁ ဒသမ ၇၈ သိန်းခန့် စုစုပေါင်း အမှုတွဲ ၅၂၄ မှု၊ ခန့်မှန်းတန် ဖိုး ကျပ် ၂၉၇၆၆ ဒသမ ၂၉ သိန်းခန့်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကာ အကောက်ခွန် ဥပဒေ များ အရ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်” လို့လည်း သတင်းမှာ ဆက်ဖော်ပြထားပါတယ်။



အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

ကမ္ဘောဒီးယား မြေယာ တက်ကြွလှုပ်ရှားသူ ဆက်လက်တိုက်ပွဲဝင်

ယွမ်းဘိုဖာ

အသက် ၃၀ ရှိပြီဖြစ်တဲ့ ယွမ်းဘိုဖာက ကမ္ဘောဒီယားနိုင်ငံ မြေယာသိမ်း လှုပ်ရှားမှုရဲ့ရှေ့တန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ နောက်မှာတော့ ကမ္ဘောဒီးယားမှာ မကြာခင်က ဖြစ်ခဲ့တဲ့ မြေသိမ်းယူမှုတွေအတွက် ဒေါသထွက်နေကြတဲ့ ကန့်ကွက်ဆန့်ကျင်သူ ၃၀၀ လောက်ရှိပါတယ်။

အဲဒါက လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ကန့်ကွက် ဆန္ဒပြမှုဖြစ်ပြီး အဲဒီမှာ ယွမ်းဘိုဖာကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တရားရုံးချုပ်က သူ့ကို အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။

သူလွတ်လာတဲ့အချိန်မှာ ထောက်ခံအားပေးသူတွေကြောင့် ပျော်ရွှင်နေတဲ့ ကလေး တယောက် မိခင်ဖြစ် ယွမ်းဘိုဖာက “ကျမက ထောက်ခံအားပေးသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျမတို့ရွာက လူတွေနဲ့ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေကို ကျေးဇူးတင်ချင်ပါတယ်။ ကျမ က အဲဒါကို မေ့မှာမဟုတ်ပါဘူး။ ရှင်တို့ကို သိပ်ကျေးဇူးတင်ပါ တယ်” လို့ ဆိုပါတယ်။

ယွမ်းဘိုဖာက မြေယာအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဘိုအန်းကတ် အမျိုးသမီး                တက်ကြွ လှုပ်ရှားသူ ၁၃ ယောက်ထဲမှာ ၁ ယောက်အပါအ၀င် ဖြစ်ပါတယ်။

မကြာခင်နှစ်တွေက အရင်က ဘိုအန်းကတ်ရေကန်ကနေ ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ကွန်ဒိုတွေနဲ့ တခြားအဆောက်အဦတွေအတွက် ၂၀၀၇ ခုနှစ်ကတည်းက အတင်းနေရာ ဖယ်ခိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကတော့ ယွမ်းဘိုဖာကို  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူလို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး သူ့ရဲ့အဖွဲ့ဝင်တွေကို အရေးယူ ဆောင်ရွက်ကြဖို့ တောင်းဆိုပေးခဲ့ပါတယ်။

“ကျမ လွတ်လာတဲ့အတွက် ပျော်ပါတယ်။ ကျမက ကမ္ဘောဒီးယားက မြေယာတွေကနေ နှင်ထုတ်နေတာတွေကို ဆန့်ကျင် တိုက်ပွဲဝင်သွားမှာပါ။ ကျမက လှုပ်ရှားမှုတွေ အားလုံးမှာ ပါဝင်မှာ ဖြစ်ပြီး ကျမ ထောင်ထဲ ပြန်ရောက်သွားနိုင်ပေမယ့် တနိုင်ငံလုံးမှာ မြေတွေ သိမ်းယူနေတဲ့ အမှုအခင်းတွေအတွက် တိုက်ပွဲဝင်သွားမှာပါပဲ။ ကျမ အသက်သေတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ အဲဒါ ကျမရဲ့ ဆုံးဖြတ်ချက်ပါပဲရှင်။”

လူ့အခွင့်အရေးအုပ်စုတွေကတော့ ယွမ်းဘိုဖာကို တရားစွဲဆိုထားတာတွေဟာ နိုင်ငံရေး အခြေခံနဲ့ လုပ်တာဖြစ်တယ်လို့ ပြောနေကြတာ ကြာပါပြီ။ သူတို့က သူ့ကို စွဲဆိုထားတာတွေဟာ မှားယွင်းနေပြီး သူဟာ သူရဲ့လှုပ်ရှားမှုတွေကြောင့် ဦးတည်တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် သက်သေအထောက်အထား မရှိပေမယ့် ဒီနှစ် ဇွန်လထဲမှာ ကမ္ဘောဒီယား အယူခံတရားရုံးက သူ့ကို အပြစ်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

တရားရုံးချုပ်က ဒီနှစ် နိုဝင်ဘာလထဲမှာ သူ့ကို လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ယာယီသာ ဖြစ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်တာပါ။

သူ့အမှု အယူခံတရားရုံးကို ပြန်တင်ပေးခဲ့ပြီး သူဟာ အမှု ပြန်လည်စစ်ဆေးတာကို ခံယူရပါလိမ့်မယ်။

ဘိုဖာကို ထောင်ထဲ ပြန်ပို့နိုင်တယ်လို့ စိုးရိမ်နေတဲ့ လူအခွင့်အရေးအုပ်စုဝင် ချန်စ၀ပ်က “အဲဒါက ပုံမှန်လွှတ်ပေးတာ မဟုတ်တဲ့အတွက် သူကို ပြန်ဖမ်းဖို့က လွယ်ပါတယ်။ တကယ်လို့ သူမှာ အပြစ်မရှိဘူးဆိုရင် တရားရုံးချုပ်က သူ့အမှုကို အယူခံတရားရုံးကို လွှဲပြောင်းမပေးသင့်ပါဘူး။ ကျနော်တို့ သူ့အတွက် စိုးရိမ်ပါတယ်။ အယူခံတရားရုံးက သူ့ကို အချိန်မရွေး ပြန်ဖမ်းနိုင်ပါတယ်။ အဲဒါဟာ သူအတွက် ကံကောင်းတာတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။

တရားရုံးရဲ့ အပြင်ဘက်မှာတော့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရတဲ့ လူအုပ်ကြီးဟာ အပျော်နဲ့ ဒေါသတရားတွေ ရောထွေးပေါက်ကွဲနေပါတယ်။

ဘိုအန်းကတ်အုပ်စုရဲ့ခေါင်းဆောင် တက်ပ်ဝန်နီကတော့ သူရဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်သူရဲ့ လူ့အဖွဲ့အစည်းအတွက် စူးစူးနစ်နစ် ဆောင်ရွက်မှုအတွက် ချီးကျူးခဲ့ပါတယ်။

“သူ ရှိနေတာက ကျမတို့က တိုင်းပြည်ရဲ့မြေနေရာတွေက နှင်ထုတ်နေမှုတွေကို တခါ ပြန်ပြီး တိုက်ပွဲဝင်ဖို့ ကျမတို့ လူ့အဖွဲ့အစည်းကို မျှော်လင့်ချက်အသစ် ရှိလာစေပါတယ်ရှင်။”

သူ့သမီးအတွက် ဆုတောင်းပေးနေတဲ့ ဘိုဖာရဲ့ အမေ အသက် ၆၀ အရွယ် ဆာဘိုဆော့က “ကျမက ဒီ တရားရုံးကို သူအပေါ် စွဲဆိုထားတဲ့အမှုကို တရားဝင် ရုပ်သိမ်းပေးလို့ စေချင်ပါတယ်ရှင်” လို့ ဆိုပါတယ်။

ယွမ်းဘိုဖာကတော့ ပြန်ပြီး တရားရင်ဆိုင်ဖို့ စောင့်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၄၀၀ ကျော် နေထိုင်ခဲ့ရပြီးတဲ့အချိန်မှာ သူက သူ့ဘ၀အတွက် နည်းနည်းမှ မပူပင်တော့ပါဘူး။

“ကျမက အစိုးရကို လူတွေကို အတင်းအကျပ် နှင်ထုတ်နေတာ အမျိုးသမီးအခွင့်အရေး တွေကို အကြမ်းဖက် ချိုးဖောက်နေတာတွေကို ရပ်ဆိုင်းဖို့ အကြောင်းကြားစာ ပေးပို့ ထားပါတယ်။ သူတို့ လူ့အခွင့်အရေးကို လေးစားရမယ်လေ။”

ဘိုရင်းနောင်းက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တော်ကနေ သတင်းပေးပို့ ထားပါတယ်။
DVB Burmese

အီရတ် ခရစ်စမတ်ည ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၄ ဦး သေဆုံး

Photo by Reuters

အီရတ်နိုင်ငံရဲ့မြို့တော် ဘဂ္ဂဒက်က ခရစ်ယာန်တွေ စုဝေးရာ နေရာတွေကို ဒီဇင်ဘာ ၂၅ ရက်က ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၄ ယောက် သေဆုံးခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့တောင်ပိုင်း အာဒိုရာခရိုင်မှာ ခရစ်စမတ်ပွဲတော်အပြီး ခရစ်ယာန် ဘုရားကျောင်းနားမှာ ကားဗုံး ၁ လုံး ပေါက်ကွဲလို့ လူတချို့ သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ခရိုင်တွင်း ခရစ်ယာန်တွေ အများစု နေထိုင်ရာဒေသက လူထူတဲ့ ဈေးတခုမှာ ဗုံး ၂ လုံး သီးခြားစီ ပေါက်ကွဲခဲ့လို့ တခြား လူ ၆ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက်က ပြောပြီး ဒီတိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

ရှီးယားအစ္စလာမ်ဂိုဏ်းဝင် ၀န်ကြီးချုပ် နူးရ် အယ်လ် မာလီကီးအစိုးရကို အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆွန်နီအစ္စလာမ့်ဂိုဏ်းဝင် အမာခံတွေ တိုက်ခိုက်နေကြလို့ အီရတ်နိုင်ငံတွင်း အကြမ်းဖက်မှုတွေ မြင့်တက်နေပါတယ်။

ဒီနှစ်ကတော့ ၅ နှစ်ကျော် ကာလအတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်သလို ဒီနှစ် အတွင်း တိုက်ခိုက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေခဲ့ရပါတယ်။

ဒီနှစ်အတွက် ခရစ်စမတ်အကြိုညဟာ ခရစ်ယာန်တွေအတွက်သာမက ရှီးယားအစ္စလာမ်ဂိုဏ်းဝင်တွေရဲ့ အထွဋ်အမြတ်နေ့နဲ့လည်း တိုက်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရက်သတ္တပတ်ထဲမှာ ရှီးယားအစ္စလာမ်ဂိုဏ်းဝင်တွေရဲ့ ဘာသာရေးပွဲကို ဦးတည်သွားတဲ့ ဘုရားဖူးတွေကို ကားဗုံးတွေ ပစ်ခတ်မှုတွေနဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူအတော်များများ သေဆုံးခဲ့ပါတယ်။
DVB Burmese

မလေးတွင် မြန်မာအလုပ်သမား ၉၇ ဦး၏ အသက်အန္တရာယ် စိုးရိမ်နေရ

ဓာတ်ပုံ - maung maung ဖေ့ဘုတ်

မလေးရှားနိုင်ငံ ဆာဘားဆာရ၀ပ်ပြည်နယ်ရှိ မီရီ(Miri) ဆိပ်ကမ်းမြို့ ရှင်းရန်းသင်္ဘောကျင်း စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၉၇ ဦးဟာ အင်ဒိုနီးရှားအလုပ်သမားတွေက ရန်ပြု တိုက်ခိုက်မှုကြောင့် ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးနဲ့ အလုပ်ဌာနတခုတည်းမှာ လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှားအလုပ်သမားတွေ အချင်းများရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ နေအိမ်တန်းလျားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့ ဖျက်ဆီးပြီး လိုက်လံ ရန်ပြုတဲ့အတွက် ဂိုထောင်ထဲမှာ ပုန်းအောင်းနေထိုင်နေရတာ ဖြစ်ပါတယ်။
လတ်တလော အခြေအနေကို ဂိုထောင်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့ မြန်မာအလုပ်သမား ဦးတင်ဦးက “မနက်က ကျနော်တို့ကို လူစုခွဲဖို့အတွက် လုံခြုံရေးနဲ့ စက်ရုံက အရာရှိတွေက လာပြီး ကားပေါ်တက်ဖို့ အာဏာနဲ့ လူအင်အားနဲ့ လာပြီး ခြိမ်းခြောက်ပါတယ်။ အကုန်လုံးက ကားပေါ်မတက်ဘဲ ဒီနေရာမှာပဲ ထိုင်စောင့်နေကြတယ်” လို့ ပြောပါတယ်။

လက်ရှိ နေထိုင်စားသောက်နေရတဲ့ အခြေအနေကို ဦးတင်ဦးက “ကျနော်တို့ အခက်အခဲတွေက အများကြီးပါ။ အစားအသောက်တွေ ခက်ခဲနေပါတယ်။ နေရတာ အိပ်ရတာလည်း သတင်းစာစက္ကူတွေ ခင်းပြီး အိပ်နေရပါတယ်။ ဒီ ဂိုထောင် ကလေးထဲကနေ ဘယ်နေရာမှ မသွားရဲပါဘူး။ အပြင်တွေလည်း မထွက်ရဲပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အသက်အန္တရာယ်က စက္ကန့်တိုင်း စက္ကန့်တိုင်း၊ မိနစ်တိုင်း မိနစ်တိုင်းမှာ တော်တော်ကြီး အန္တရာယ်လည်း ရှိနေပါတယ်ဗျာ။”

ဒီဇင်ဘာ ၂၃ ရက်ကနေ ဒီနေ့အထိ ဂိုထောင်ထဲမှာ ပုန်းအောင်းနေထိုင်နေကြရတဲ့ အလုပ်သမား ၉၇ ဦး ကိစ္စကို မြန်မာသံရုံးက လတ်တလော ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံး အလုပ်သမား ကိုယ်စားလှယ် ဦးစိုးဝင်း က အခုလို ပြောပါတယ်။

“မြန်မာပြည်က ပို့တဲ့ အေဂျင်စီကို ခေါ်ထားပါတယ်။ သူတို့နဲ့ အတူတူ သွားဖို့ စီစဉ်နေပါတယ်။ ကျနော်တို့ သိရတာက မနေ့ကမှ သိရတယ်။ မလေးအာဏာပိုင်တွေနဲ့ ကျနော်တို့ ဆက်သွယ်နေပါတယ်။ ဆာဘားဆာရ၀ပ်ပြည်နယ်ဘက်က သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်နေတယ်။ ဘယ်အချိန်လောက် သွားဖြစ်မလဲဆိုတော့ မြန်မာပြည်က လာတဲ့လူတွေအပေါ် မူတည်မယ်။ မြန်မာပြည်ကလာတဲ့ လူနဲ့ အေဂျင်စီနဲ့ သံရုံးနဲ့ ပေါင်းပြီး သွားဖို့ စီစဉ်ထားပါတယ်။”

မြန်မာအလုပ်သမား ၉၇ ဦးထဲက အများစုက မြန်မာပြည်ကို ပြန်ချင်နေကြပြီး ကုမ္ပဏီပိုင် ဂိုထောင်တခုတွင် စုစည်း နေထိုင်ကာ စားသောက်ရေးအတွက် ကုမ္ပဏီမှ ပေးတဲ့ ထမင်းစား ကူပွန်များသုံးပြီး စားသောက်နေကြရကြောင်း သိရပါတယ်။

မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။
DVB Burmese

SEA Games ဆုရ ကစားသမားများကို နိုင်ငံတော်သမ္မတ ဂုဏ်ပြုမည်




ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူ နိုင်ခဲ့ကြသည့် လက်ရွေးစင် ကစားသမား များကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဂုဏ်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန လူထုပညာ ဌာနခွဲ ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ယင်းဂုဏ်ပြုပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရ ကစားသမားများ၊ နည်းပြများနှင့် အသင်းအုပ်ချုပ်သူ များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများက ပြိုင်ပွဲ ကျင်းပအပြီး တစ်ပတ်အတွင်း ဂုဏ်ပြုခြင်းလည်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

ဆုတံဆိပ်ရ ကစားသမားများ အနေနှင့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သမ္မတကြီး ကိုယ်တိုင် ချီးမြှင့်သည့် ဂုဏ်ပြုပွဲအတွက် နေပြည်တော်သို့ ပြန်သွားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အနောက်တိုင်း လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်တို့က ဆုရကစားသမား အချို့ထံမှလည်း သိရသည်။

အားကစားနည်း ၃၃ မျိုးဖြင့် ကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကစားသမားနှင့် အုပ်ချုပ်သူ ၁၂၄၈ ဦးဖြင့် အများဆုံး ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု တို့ ရရှိခဲ့ကာ နိုင်ငံအလိုက် ဒုတိယနေရာ ရပ်တည် နိုင်ခဲ့သည်။

SEA Games ပြိုင်ပွဲဟု အမည် ပြောင်းလဲပြီးနောက် ကျင်းပသည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေနှင့် ပထမဦးဆုံး အကြိမ် နိုင်ငံအလိုက် ဒုတိယနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့် ရွှေတံဆိပ် အရေအတွက် မှာလည်း ပြိုင်ပွဲသမိုင်း တစ်လျှောက် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly Myanmar

တစ်ချိန်တုန်းက ဆေးသမားဖြစ်ခဲ့ဖူးတဲ့ အိုဘားမား



ယနေ့ အမေရိကန် သမ္မတ အိုဘားမား ဆိုတာ တစ်ချိန်တုန်းက ဆေး သမား ဖြစ်ကြောင်း ဆိုပါတယ်။

Marijuana လို့ခေါ်တဲ့ ဆေးခြာက်သုံး ဆေးလိပ်ကို အလွန်ကြိုက်နှစ်သက် ခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းတက်စဉ်က သာမန် သောက်သုံး သူ ကျောင်းသားတွေထက်တောင် သောက်သုံးခဲ့ကြောင်း ဆိုပါတယ်။ သူ့ရဲ့  နာမည်ပြောင်ကိုလည်း Barack Oganja လို့ အမည်ပေး ထားပါတယ်။

ပုံမှာ မြင်တွေ့နေရတာ ကတော့ အိုဘားမား ရဲ့  ၁၉၈၀ ကျော် ခုနှစ်များက ဓာတ်ပုံ ဖြစ်ကြောင်း ဆိုပါတယ်။

.
Ref: dyknow
အောင်ခမ်း

တိုက်ခိုက်ရေး အသင့်အနေအထား ရှိရန် မြောက်ကိုရီးယား စစ်တပ်ကို ကင်ဂျုံအန် တိုက်တွန်း



ပြုံယမ်း၊ ဒီဇင်ဘာ ၂၅

မြောက်ကိုရီးယား စစ်တပ်ကို တိုက်ခိုက်ရေး အသင့်အနေအထား ရှိအောင် အဆင့်မြှင့်တင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်း ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းတွင် ဖော်ပြထားချက်ကို ကိုးကား၍ CNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေးတော်သူ၊ မြောက်ကိုရီးယားတွင် နံပါတ်နှစ် ခေါင်းဆောင်ဟု ယူဆခံထားရသူ ဂျန်ဆောင်သိတ်ကို သေဒဏ် ချမှတ်လိုက်ပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်နေစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် မြောက်ကိုရီးယား ပူးတွဲ တပ်ဖွဲ့အမှတ် (၅၂၆) တွင် ကျင်းပသော ခရစ္စမတ်ပွဲသို့ တက်ရောက်ရာတွင် တိုက်ခိုက်ရေး အသင့် အနေအထားတွင် ရှိကြရန် တိုက်တွန်း လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ တပ်ဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံ၏ အနောက်ဘက်တွင် ရှိသော Nampo ဆိပ်ကမ်းမြို့တွင် အခြေစိုက်သောတပ် ဖြစ်ကြောင်း တောင်ကိုရီးယား ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားနေချိန်တွင် ရန်စတိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကတို့က သတိပေး ထားသည်။

တောင်ကိုရီးယား ရှေ့တန်း အစောင့်တပ်ဖွဲ့များသို့ အင်္ဂါနေ့က သွားရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး ကလည်း တောင်ကိုရီးယား စစ်တပ်ကို လုံခြုံရေး အသင့်အနေအထား ရှိရန် တိုက်တွန်း ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားရဲ့ ရန်စ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်" ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးက ပြောကြားသည်။

The Voice Weekly Myanmar

သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်လိုပါလျှင်



26.12.2013

အများစုက အိမ်ထောင်တစ်ခု တည်ထောင်ရမှာကို စိုးရွံ့နေကြတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ကျပြီးနောက် သဟဇာတမဖြစ်မှု ၊ ပြဿနာရှုပ်ထွေးလာမှုတွေ ဖြစ်လာမှာကို ကြောက်ကြလို့ပါပဲ။
ဒီလူတွေကတော့ အိမ်ထောင်တစ်ခုအတွက် မရှိမဖြစ် သိထားရမယ့် ဒီအချက်(၅)ချက်ကို မေ့လျော့နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ရအောင်။

(၁) နွေးထွေးပါ ။

ဆယ်စုနှစ်တစ်စုအကြာ အိမ်ထောင်သက်တမ်းရလာတဲ့အခါ လင်မယားတွေမှာ သူတို့ရဲ့ ကြင်စဦးဆက်ဆံရေးမျိုး ပျောက်ဆုံးလာတတ်ကြပါတယ်။ စိတ်ကျေနပ်စရာကောင်းတဲ့ ဆက်ဆံရေး မရှိတော့တဲ့အခါ အချိန်အတော်ကြာ မေ့ထားတဲ့ စိတ်ကူးယဉ်ဆန်မှု၊ နူးညံ့မှုတွေကို ပြန်လည်အသုံးချရ ပါတော့မယ်။ သူမဆီကိုသွားပါ။ သူမရဲ့လက်ကလေးကိုကိုင်ပြီး ဒီနေ့ သူမဘာတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ မေးပါ။ ဒီလိုမျိုးကြင်နာတဲ့ အမူအရာတွေဟာ သင်တို့နှစ်ဦးကြား ဆက်သွယ်မှုကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ အကျင့်တစ်ခုဖြစ်တဲ့အထိ စွဲစွဲမြဲမြဲလုပ်ဆောင်ပေးနေရင် သူမဟာ ပျော်ရွှင်မှုကို ပြန်လည်ရရှိလာနိုင်ပါလိမ့်မယ်။

(၂) ကျေးဇူးတင်တတ်ပါ။

သင့်ရဲ့ အပြုအမူတွေက တစ်ဖက်သတ်မဆန်နေဖို့ လိုအပ်ပါတယ်။ ၀တ္တရားရှိလို့ လုပ်ပေးတာမျိုးပဲလို့ မှတ်ယူနေမယ့်အစား သူမရဲ့ဂရုစိုက်မှုတွေကို တန်ဖိုးထားပါ။ သူမကို ပျော်ရွှင်စေနိုင်တဲ့သူဟာ သင်ဖြစ်နိုင်တယ်ထင်လို့ တစ်ဒါဇင်လောက်ရှိတဲ့သူတွေကနေ သင့်ကို ရွေးချယ်ထားတယ်ဆိုတာ မမေ့ပါနဲ့။ အပြန်အလှန်လေးစားခြင်းနဲ့ ကျေးဇူးသိတတ်ခြင်းဟာ အိမ်ထောင်တစ်ခုရဲ့ အစာအဟာရပါပဲ။

(၃) စိတ်ခံစားတက်ကြွှမှုနှင့် ရှင်သန်ပါ။

စိတ်လှုပ်ရှား တက်ကြွရတဲ့ အခိုက်အတန့်လေးတွေကို သူမအတွက် ပြုလုပ်ပေးပါ။ အိမ်ထောင်အများစုဟာ ဒီလို စိတ်ထက်သန်တက်ကြွတဲ့ အခိုက်အတန့်လေးတွေ ဆုံးရှုံးသွားတဲ့အတွက် သက်တမ်းကုန်ဆုံးသွားရပါတယ်။ ဒီလို ခဏတာလေးတွေဟာ ရတာလွယ်သလောက် ဆုံးရှုံးတာလည်းမြန်ပါတယ်။ ဒါဆို ဘာကြောင့်များ ဒီအခိုက်အတန့်လေးတွေ ပြန်ယူလို့မရနိုင်ရမှာလဲ။ ရမ္မက်ဆန်တဲ့ ဒီလိုခဏတာ အပြုအမူလေးတွေက သူမအတွက်လည်း စိတ်လုံခြုံမှု ရစေတယ်လေ။

(၄) အဓိက အရာကို ခွဲခြားသိပါ။

ပြည့်စုံတဲ့ဘ၀ဆိုတာမရှိပါဘူး။ မျှော်လင့်ထားတဲ့အရာ အတော်များများ ဖြစ်မလာနိုင်တဲ့အခါမှာ အိမ်ထောင်ရေးကို သွားပြီး အပြစ်မြင်မိတာမျိုးဖြစ်တတ်ပါတယ်။ မျှော်လင့်ထားတာနဲ့ ထပ်တူမကျတော့တဲ့အခါမှာ လက်ထပ်မှုကို အမှားလို့ယူဆပြီး နောက်ထပ်ဘ၀အသစ်တစ်ခုကို ရှာဖွေချင်မိကြပါတယ်။ လူနှစ်ဦးရဲ့ မြင့်မြတ်တဲ့ပေါင်းစည်ခြင်း တစ်ခုတည်ဆောက်မယ်ဆိုတဲ့ အတွေးဟာ တစ်ဦးကိုတစ်ဦး ဘယ်အခြေအနေမှာမဆို မြဲမြံစွာ လက်ခံထားနိုင်ရပါမယ်။ နှစ်ဦးသား လက်ထပ်ချိန်က ဒီကတိစကားတွေကို မေ့ပစ်လိုက်ကြတာဟာ ၀မ်းနည်းစရာ အကောင်းဆုံးအပိုင်း ပါပဲ။ ပျော်ရွှင်စေဖို့ ၄၂လက်မ LCD တီဗွီကြီးမလိုပါဘူး။ အဲဒီအစား သင့်အိမ်ထောင်ဖက်ရဲ့ ချစ်ခင်တဲ့ မျက်ဝန်းတွေကိုပဲ ဂရုတစိုက်ကြည့်ပါ။ သူရှိနေရာဟာ ကောင်းကင်ဘုံကြီး တည်ရှိနေရာပါပဲ။

(၅) ရိုးရှင်းစွာ ပျော်ရွှင်နိုင်အောင်ကြိုးစားပါ။

အိမ်ထောင်ရှင်များအတွက် အကောင်းဆုံးနေထိုင်မှုဘ၀ဟာ လိုအင်ဆန္ဒတွေ ပြည့်နေတဲ့ ဇိမ်ခံဘ၀ကြီး မဟုတ်ပါဘူး။ စားသောက်ဆိုင်ကောင်းတွေမှာ အပတ်စဉ် ညစာထွက်စားမယ့်အစား သင့်ဇနီးနဲ့ မီးဖိုထဲမှာ အတူချက်ပြုရတာကို ပိုပျော်ရွှင်သင့်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ ဘ၀မှာ ပျော်ရွှင်နိုင်အောင် ကြိုးစားတာမျိုးကသာ သင်တို့ရဲ့အိမ်ထောင်ရှင်ဘ၀ကို အမှန်တကယ် ချမ်းမြေ့စေမှာပါ။

Ref:mensxp
မြ၀တီ

အန္တရာယ်ရှိ အဆောက်အအုံများ ပြန်မဆောက်ပါက စာရင်းမှပယ်ဖျက်မည်



ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရန်ကုန်မြို့တွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံ (DB) များ နေရာတွင် ပြန်လည် တည်ဆောက်ခြင်း မရှိပါက အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအဆောက်အအုံများကို အသစ်ဆောက်လုပ်မည် ဆိုပါက ပြန်လည် တည်ဆောက်မည့် ပုံစံကို ရန်ကုန် စည်ပင်ဌာနသို့ လာရောက် တင်ပြရမည့် ကြေညာချက်ကို ထုတ်ပြန်တော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြန်လည် တည်ဆောက်ရေးအတွက် တင်ပြချက်များကို သုံးလ သို့မဟုတ် ခြောက်လအထိ စောင့်ဆိုင်းရန် သတ်မှတ်ထားပြီး ဆောက်လုပ်ခြင်း မရှိပါက အန္တရာယ်ရှိ အဆောက်အအုံ ဆောက်လုပ်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ် ခံထားရပါက ပြန်လည် တည်ဆောက်ရာတွင် ပေ ၅၀ အောက် အကျယ်အဝန်းတွင် ယာဉ်ရပ်နားနေရာ ထည့်သွင်းရန် မလိုသော အခွင့်အရေးများ ရှိကြောင်း၊ သို့သော်လည်း အဆောက်အအုံဟောင်း၏ အခန်းပိုင်ရှင် တစ်ဦးဦးက ကန့်ကွက်ပါက ဆောက်လုပ်ရန် အခက်အခဲများ ဖြစ်ပေါ်ရကြောင်း ကျောက်တံတားမြို့နယ်နေ ဆောက် လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“အန္တရာယ်ရှိ အဆောက်အအုံမှာနေတဲ့ အခန်းပိုင်ရှင် တစ်ဦးကအသစ် ပြန်ဆောက်ပြီးရင် ဘယ်လို အခန်းမျိုးကို လိုချင်တယ်၊ မရရင်မဆောက်နဲ့လို့ ပြောတာတွေ ရှိတယ်။ ပိုင်ရှင်လေးဦးမှာတစ်ဦး လောက် ညှိနှိုင်းမရရင်တောင် ဆောက်ခွင့် မရှိဘူး” ဟု ၎င်းကပြန်လည် တည်ဆောက်ရေး၏ အခက်အခဲကို ရှင်းပြသည်။

အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်ခံရပါက ပြန်လည် ဆောက်လုပ်ရာတွင် မြေညီထပ်ကို ယာဉ်ရပ်နားနေရာအဖြစ် ထည့်သွင်း ဆောက်လုပ်ရမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ် ထားသော်လည်း ပြန်လည် တည်ဆောက်မှု မပြုနိုင်သည့် အဆောက်အအုံ ၁၀၇ လုံးရှိပြီး အစိုးရဌာနပိုင် ၂၇ လုံးနှင့် ပုဂ္ဂလိကပိုင် ၈၀ လုံး ဖြစ်ကြောင်း YCDC မှ သိရသည်။

အဆိုပါ အဆောက်အအုံများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မတိုင်မီ ၆၄ လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ၃၄ လုံးနှင့် ၂၀၁၃-၂၀၁၄ ယခု ဘဏ္ဍာနှစ်အတွင်း ကိုးလုံး သတ်မှတ်ခဲ့သည်ဟု ယင်းဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly Myanmar

မီးလာအောင် လုပ်မပေးနိုင် သည့်အတွက် ဖိလစ်ပိုင်ဝန်ကြီး နုတ်ထွက်စာတင်


မနီလာ၊ ဒီဇင်ဘာ ၂၅

တိုင်ဖုန်းမုန်တိုင်း တိုက်ခိုက်ခံရသော ဒေသများတွင် လျှပ်စစ်မီး ပြန်လည်မှန်ကန်စွာ ရရှိရေးကို ခရစ္စမတ်အကြိုည မတိုင်ခင် အောင်မြင်အောင် လုပ်ဆောင်ပေးမည်ဟု ကတိပေးထားသော်လည်း မစွမ်းဆောင် နိုင်သော ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီး နုတ်ထွက်စာ တင်လိုက်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ၏ အတည်ပြုချက်အရ AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

စွမ်းအင်ဝန်ကြီး ဂျရီချိုပတ်တီလာက နုတ်ထွက်စာကို နိုင်ငံတော်သမ္မတ ထံသို့ တင်ထားပြီ ဖြစ်ကြောင်း သမ္မတ ဘင်နစ်နိုအကွီနို၏ ပြောရေးဆိုခွင့်ရ အရာရှိ အက်ဒ်ဝင်လာစီယာဒါက ပြောကြားခဲ့သည်။\

ဟိုင်ယန်မုန်တိုင်းကြီး ဝင်သွားပြီးနောက် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သော နေရာများကို မီးပြန်လင်းအောင် လုပ်ပေးမည်ဟု ဝန်ကြီးဂျရီချိုပတ်တီလာ က ပြောကြား ထားသော်လည်း သတ်မှတ်ကာလ ခရစ္စမတ်မတိုင်ခင် အချိန်တွင် လုပ်ငန်းပြီးစီးအောင် မလုပ်ဆောင်ပေး နိုင်သော မြို့သုံးမြို့ ကျန်သေးသည့်အတွက် ရာထူးမှ နုတ်ထွက်ပေးခြင်း ဖြစ်သည်။

သို့သော် စွမ်းအင်ဝန်ကြီးသည် မုန်တိုင်း၏ အဖျက်စွမ်းအား ကြီးမားခဲ့သော်လည်း ချီးကျူးဖွယ် ကောင်းသော လုပ်ရပ် တစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတပြောခွင့်ရ အရာရှိ လာစီအာဒါက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်တွင် နိုဝင်ဘာလ ၈ ရက်နေ့က ဝင်ရောက်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ကာ ၂၀၀၀ ခန့်ပျောက်ဆုံးခဲ့ရသည်။

ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်များ ရှိနေသည်ဟု ဖိလစ်ပိုင် အစိုးရက နိုင်ငံတကာ အလှူရှင်များကို မေတ္တာရပ်ခံ ထားပြီး ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် တို့က ပြန်လည်ထူထောင်ရေး အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ကူညီမည်ဟု ကတိကဝတ် ပြုထားသည်။

သဘာဝဘေးဒဏ် စောင့်ကြည့်ရေး အေဂျင်စီက ပါဝါပြတ်တောက်မှုများ ပြည်နယ်အနှံ့တွင် ရှိနေသေးပြီး မုန်တိုင်းဒဏ် ခံလိုက်ရသည့် ဒေသများတွင် အဓိက ဖြစ်ပွားနေကြောင်း သတိပေးထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍများ တွင်လည်း ကြီးကြီးမားမား ထိခိုက်မှုများ ရှိခဲ့သည်။ ကောက်ပဲသီးနှံများ ဆုံးရှုံးရ သည်သာမက စိုက်ပျိုးမြေများလည်း ပျက်စီးနေသဖြင့် ဖိလစ်ပိုင် စိုက်ပျိုးရေးကဏ္ဍ ကိုလည်း ဝိုင်းဝန်း ကူညီကြပါရန် FAO အဖွဲ့က နိုင်ငံတကာကို ပြောကြားထားသေးသည်။

ကတိတာဝန် ကျေပွန်ရန် ပျက်ကွက်ခဲ့သော ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးသည် အစိုးရကို နုတ်ထွက်စာ တင်ထားသော်လည်း ပြည်သူကို တောင်းပန်စကား ပြောကြားသည်ကိုမူ သတင်းများတွင် မတွေ့ရပေ။

The Voice Weekly Myanmar

ခရစ္စမတ် ဝတ်ပြုကိုးကွယ်သည့် အီရတ်ဘုရားကျောင်း ဗုံးခွဲခံရ၊ ၁၄ဦး သေဆုံး


ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၅

ခရစ္စမတ်ကာလ အီရတ် ခရစ်ယာန်များ ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်း တစ်ကျောင်းကို ပစ်မှတ်ထားသော ဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အီရတ် ခရစ်ယာန်ဘာသာဝင် အနည်းဆုံး ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအရာရှိ များကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဘဂ္ဂဒက်မြို့တော် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူလည်း ၃၀ ဦးကျော် ရှိသည်ဟု သတင်းရင်းမြစ်များက အတည်ပြု ပေးသည်။

ဝတ်ပြုကိုးကွယ်ပြီးနောက် ပြန်ထွက် လာကြသည့် ခရစ္စမတ် ဆင်နွှဲသူများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းက တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ကိုလည်း အတိအကျ မသိရှိရ သေးပေ။

"သူတို့ဟာ ဘာသာတရား ခေါင်းစဉ်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုရင် ယခု တိုက်ခိုက်မှုဟာ အစ္စလာမ် ဘာသာရေးရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်" ဟု ဘဂ္ဂဒက်မြို့တော် စိန့်ဂျိုးဇက် ဘုရားကျောင်း၏ သာသနာ့ အာဏာပိုင်က AFP ကိုပြောကြားသည်။
"ဘုရားရှိခိုးကျောင်း ဆိုတာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးရဲ့နေရာပါ။ စစ်ပွဲ မဟုတ်ပါဘူး" ဟု ဘုရားကျောင်းမှ ဘာသာရေးခေါင်းဆောင် ကာချာက ပြောကြားသည်။

အီရတ်နိုင်ငံတွင် ခရစ်ယာန် လူဦးရေ သည် ၂၀၀၃ ခုနှစ် နောက်ပိုင်း၌ သိသာစွာ နည်းသွားခဲ့သည်။
၂၀၀၃ခုနှစ် အမေရိကန် ဦးဆောင်သည့် ကျူးကျော်မှုက အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချနိုင် ခဲ့သော်လည်း အီရတ်နိုင်ငံသည် သူပုန်သူကန်များနှင့် နိုင်ငံခြား တပ်များ တိုက်ခိုက်ကြရာ စစ်တလင်း ဖြစ်သွားခဲ့ပြီး ခရစ်ယာန် လူနည်းစုများသည် ကြားညပ် ခဲ့ရုံသာမက ၄င်းတို့ကို ပစ်မှတ်ထား ရန်ပြုမှုများပင် ကြုံလာရသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာတွင် ဘဂ္ဂဒက်ရှိ ကယ်တင်ခြင်းမယ်တော် ဘုရားကျောင်းကို တိုက်ခိုက်ခဲ့ရာ ခရစ်ယာန် အီရတ် ၄၄ ဦးနှင့် ဘုန်းတော်ကြီးနှစ်ပါး သေဆုံး ခဲ့ရသည်။

အီရတ်တွင် ၂၀၀၃ မတိုင်ခင်က ခရစ်ယာန် တစ်သန်းမှ တစ်သန်းခွဲကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း ယခုအခါ ငါးသောင်းအောက်ပင် ကျဆင်းနိုင်သည်ဟု ခန့်မှန်းကြသည်။

The Voice Weekly Myanmar

အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး သံသယ ဖြစ်နေ သလား



မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ သွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။

သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ ချင်းလည်း မတူညီ နိုင်ပါဘူး။

မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း

တချို့ မိန်းကလေးတွေက အသန့် ကြိုက်လွန်း တာကြောင့် ကြော်ငြာ ကောင်းတဲ့ မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ဖယ်ရှား လိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ် နိုင်တော့ဘဲ ပိုးဝင် လွယ်စေပါတယ်။

အဖြူဆင်းများခြင်း

အဖြူဆင်းများ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါတယ်။

အဖြူဆင်းခြင်းနှင့် ပိုးစွဲကပ်ခြင်း

မိန်းမကိုယ်မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်းတဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။ ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

Tip

- အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ

- အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။

- မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ

- ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ

- Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။

မြ၀တီ

ယနေ့ Boxing Day ပါ။ လက်ဝှေ့ထိုးတဲ့နေ့မဟုတ်ဘူးနော်



ခရစ်စမတ်ပွဲတော်ကြီးကိုကျင်းပတဲ့ ဒီဇင်ဘာလ၂၅ရောက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၆(ယနေ့)ကို Boxing Day ဟုသတ်မှတ်ပါသည်။

Boxing လို့ပြောတာက လက်ဝှေ့ကိုပြောတာမဟုတ်ပါဘူး။ Box လို့ခေါ်တဲ့ဘူးကလေးကိုပြော တာပါ။ Christmas Box လို့လဲခေါ်ပါတယ်။ ခရစ်စမတ်ပွဲတော်ပြီးနောက်တစ်ရက်မှာ သူဌေး သို့မဟုတ် အလုပ်ရှင်ကသူ့ဝန်ထမ်းတွေ သူ့အိမ်ကအလုပ်သမားတွေ သူတို့နဲ့အရောင်းအဝယ်လုပ်သူတွေကို လက်ဆောင် လေးတွေကို ဘူးလေးတွေထဲမှာလှလှပပထုတ်ပိုးပြီးပေးတာပါ။ ဘဏ်ပိတ်ရက်လည်းဖြစ်ပါတယ် United Kingdom ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိကနဲ့ မော်လတာအပါအဝင် ဓနသဟာရဝင် နိုင်ငံအတော်များများမှာ ကျင်းပကြပါတယ်။ ဩစတြေးလျနိုင်ငံမျာဆိုရင် အစိုးရရုံးပိတ်ရက်ပါ။

တောင်အာဖရိကနိုင်ငံမှာ Boxing Day ကို Day of Goodwill၊ အိုင်ယာလန်မှာ St.Stephen's Day၊ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်အပါအဝင်ဥပရောပနိုင်ငံအတော်များများမှာ ခရစ်စမတ်ရဲ့ဒုတိယနေ့လို့ ခေါ်ကြပါတယ်။ မိသားစုတွေ shopping ထွက်ကြတဲ့နေ့လည်းဖြစ်ပါတယ်။

တစ်ချို့တွေနောက်ပြောင်ပြီးပြောကြသလို ခရစ်စမတ်ပွဲတော်မှာ အပျော်ကျူးအကုန်အကျများပြီး နောက်နေ့မှာလင်မယားတွေ Boxing ချကုန် ကြတဲ့ရက်ဆိုတာမဟုတ်ပါဘူး။

သူလဲထူးမြတ်တဲ့နေ့ရက်တစ်ခုပါ။

The Mirror Daily

မိဘပြည်သူများမှ သတင်းပေးခဲ့သဖြင့် လူပြန်ပေး/လုယက်မှုမှ တရားခံများအား ဖမ်းဆီးရမိ၊ ကျန်တရားခံများဖမ်းဆီးရမိရေး သတင်းပေးစေလို




ရန်ကုန်၊ ဒီဇင်ဘာ ၂၆

တွံတေးမြို့နယ်၊ တွံတေးမြို့မရဲစခန်း (ပ) ၄၀၁/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၆၅/ ၃၉၄ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသော
တရားခံ ကျင်စိမ်း(ခ) ကျော်ဝင်းစိန်၊ ကထီး(ခ)သူရဇော်ဦး၊ သံပါးစပ်(ခ)စိုးမင်းဦးတို့အား ဖမ်းဆီးရမိရေး သတင်းပေးကြပါရန် YangonPolice (facebook) ၌ ၁၅.၁၁.၂၀၁၃ ရက်နေ့တွင်
ဖော်ပြအကူအညီ တောင်းခံခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၂၆.၁၁.၂၀၁၃ ရက်နေ့တွင် ထွက်ပြေးတရားခံ သံပါးစပ်(ခ)စိုးမင်းဦး အားဖမ်း ဆီးရမိခဲ့ပြီး ကျန်ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံ ကထီး(ခ)သူရဇော်ဦးနှင့်
ပတ်သက်၍ ပြည်သူတစ်ဦးမှ သတင်းပေးပို့မှုအရ ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ မြ၀တီခရိုင်ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဒုရဲမှူးအောင်ထူးအဖွဲ့မှ ၂၅.၁၂.၂၀၁၃ ရက်နေ့တွင် မြ၀တီမြို့၌ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုမှ ထွက်ပြေးတရားခံ ကထီး(ခ)သူရဇော်ဦးအား
အမြန်ဖမ်းဆီးရမိခဲ့ခြင်းမှာ မိဘပြည်သူများမှ သတင်းပေးခဲ့၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းပေးပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့်
မှတ်တမ်းတင်ထားရှိပါသည်။ နောင်တွင်လည်း မိဘပြည်သူများမှ ရဲတပ်ဖွဲ့နှင့်လက်တွဲ၍ ရဲနှင့်ပြည်သူတစ်သားတည်းဖြစ်စေရေး ကူညီသတင်းပေးပူးပေါင်းဆောင်ရွက်ပေးကြပါရန်
မေတ္တာရပ်ခံဖော်ပြအပ်ပါသည်။

တရားခံကထီး(ခ)သူရဇော်ဦးအား ကူညီဖမ်းဆီးပေးသည့် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရဲတပ်ဖွဲ့အားလည်း အထူးကျေးဇူး
တင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်တွင် သားအမိ(၂)ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် မင်္ဂလာဒုံမြို့မရဲစခန်း
(ပ) ၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုမှ ထွက်ပြေးတိမ်းရှောင်
နေသည့်တရားခံ မွန်လေး (ခ)လွင်မျိုးသူအား ဖမ်းဆီးရမိရေး သတင်းပေးနိုင်ပါရန် ၂၃.၁၂.၂၀၁၃ရက်နေ့က တရားခံ၏
မှတ်တမ်းဓါတ်ပုံနှင့်အတူ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များနှင့်တကွ ဖော်ပြထားရှိခဲ့ပါသည်။

တွံတေးမြို့မရဲစခန်း(ပ)၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၆၅/၃၉၄အမှုမှ ကျန်ရှိထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ကျင်စိမ်း(ခ)
ကျော်ဝင်းစိန်(၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ ပတ္တမြားလမ်း၊ ကမ်းနားအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ် နှင့် မင်္ဂလာဒုံမြို့မရဲစခန်း
(ပ) ၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုမှတရားခံမွန်လေး (ခ)လွင်မျိုးသူ၊
၂၅နှစ်၊ ၁၀/မဒန(နိုင်)၁၁၀၃၇၄၊ (ဘ)ဦးအုန်းရွှေ၊ ကော့ပရံကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ် တို့အားလည်းအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး
ဆောင်ရွက်လျှက်ရှိသဖြင့် မိဘပြည်သူများမှလည်း ကူညီသတင်းပေး
ကြပါရန် တရားခံများ၏ဓါတ်ပုံ၊ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များ
နှင့်တကွထပ်မံဖော်ပြ တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၆၃၅၁၄၈ (မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၆၃၅၀၇၄(မင်္ဂလာဒုံမြို့မရဲစခန်း)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)။


Yangon Police

တစ်ရက်ဝင်ငွေ ကျပ် ၇,၀၀၀ ရှိသင့်ကြောင်းအဆို လွှတ်တော်သို့တင်သွင်းရန် ကြိုးပမ်းနေ


အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး နှင့် အခြေခံလူမှုဘ၀ကုန်ကျစရိတ် စစ်တမ်းအရ လုပ်သားတစ်ဦး၏ တစ်နေ့ဝင်ငွေသည် အနည်းဆုံးကျပ် ၇၀,၀၀၀ ရှိသင့်သည်ဟုဆိုနိုင်ကြောင်း အဆိုပါစစ်တမ်းကို ကောက်ယူခဲ့သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)၏ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါစစ်တမ်းအား ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ရှမ်း၊ ကယား၊ ကချင်နှင့် ကရင်စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ၁၁ ခုရှိ မြို့နယ် ၄၆ မြို့နယ်မှ အခြေခံမိသားစုများ အားကောက်ယူခဲ့ခြင်းဖြစ်ကာ မိသားစုသုံးဦးပါဝင်သော အိမ်ထောင်ဦးစီးတစ်ဦး ၏ တစ်နေ့တာဝင်ငွေကို လက်ရှိအခြေခံ စားကုန်အချို့၏ ဈေးနှုန်းများအပေါ်အခြေပြုတွက်ချက်ထားခြင်းဖြစ်ကြောင်း ဦးအောင် လင်းက ပြောကြားသည်။

ယင်းက “မိသားစုသုံးဦးကို အခြေခံတွက်ချက်ထားပါတယ်။ သုံးဦးမှာ တစ်ဦးအလုပ်ရှိပြီး ဇနီးတစ်ဦးနဲ့ မူလတန်းကျောင်းသားတစ်ဦးကို အခြေခံပြီးတော့ ဒီသုံးဦးရဲ့ တစ်နေ့တာစားသောက်မှုကုန်ကျစရိတ် ရယ်၊ တစ်လတာ နေထိုင်မှုကုန်ကျစရိတ်ရယ်ကို ပြုစုပေးထားပါတယ်”ဟု ပြောသည်။

အဆိုပါစစ်တမ်းနှင့်တကွ အလု သမား သမဂ်္ဂအဖွဲ့ချုပ်(ယာယီ)မှ ထုတ်ပြန်ထားသည့် အလုပ်သမား များနှင့်ဆိုင်သည့် တောင်းဆိုချက် ၁၃ ချက်ကို လာမည့် ပထမအကြိမ်လွှတ်၊ န၀မပုံမှန်အစည်းအဝေး သို့ တင်သွင်းနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။

အဆိုပါစစ်တမ်းကောက်ယူရာတွင် ရန်ပုံငွေအခက်အခဲအရ လက်လှမ်းမမီသော တိုင်းရင်းသားဒေသ အချို့ ကျန်ရှိခဲ့ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ)၏ တာဝန်ရှိသူများကပြောသည်။

အမည်မဖော်လိုသူ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက “တစ်နေ့ကို ၇,၀၀၀(ကျပ်)ဆိုတာတော့ များပါတယ်။ သပိတ်မှောက်တဲ့ အလုပ်သမားတွေ တောင် ၄,၀၀၀(ကျပ်) လောက်ပဲ တောင်းကြတာ လေ။ ၅,၀၀၀(ကျပ်)လောက်ဆို ရင်တောင် ဖြစ်နိုင်ပါသေးတယ်။ ၄,၀၀၀ (ကျပ်)ကိုတောင် လုပ်ငန်း ရှင်တွေဘက်က သိပ်မပေးချင်သလိုဖြစ်နေတယ်။ သိပ်တော့မလွယ်ဘူးထင်ပါတယ်” ဟု မဇ္ဈိမ၏ သဘောထားမှတ်ချက်တောင်းခံမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အနည်းဆုံး အခကြေးငွေဥပဒေသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခ ကြေးငွေ ဥပဒေပုဒ်မ ၁၊ အပိုဒ်ခွဲ(ခ)အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

Mizzima Burmese

ခြေင်္သေ့ထိန်း Kevin နှင့် လျှို့ ဝှက်ချက်



Zoologist တစ်ဦးဖြစ်တဲ့ Kevin Richardson ဟာ ခြေင်္သေ့ပဲ ထိန်းနိုင်တာ မဟုတ်ပါဘူး။ မိကျောင်း၊ ကျားသစ်၊ ဝံပုလွေ၊ မြွေတို့အပြင် အခြားသော တိရစ္ဆာန်ပေါင်းများစွာနဲ့လည်း ရင်းရင်းနှီးနှီးနေနိုင်သူ ဖြစ်ပါတယ်။

အခြား လူများလို တုတ်၊ဓား၊ သံကွင်း၊ ပုဆိန်တို့လို လက်နက်ကို အသုံးမပြု ပါဘူး။ သူ့လက်နက်ကတော့ နှလုံးသားပဲလို့ ဆိုပါတယ်။ တိရစ္ဆာန် တစ်ကောင်ကို စချဉ်းကပ်ဖို့အတွက် သူ့အနေနဲ့ မျက်လုံးကို အရင်ကြည့်ပြီး စိတ်ဆိုးလား၊ ရန်လိုလား၊ သိမ်မွေ့လားဆိုတာတွေကို မျက်လုံးကြည့်ပြီး ဆုံးဖြတ် သွားတာ ဖြစ်ပါတယ်။

တိရစ္ဆာန်အနေနဲ့လည်း သူ့ကိုကြည့်လိုက်ရင် ရန်လိုစိတ်ပျောက်ပြီး တရင်း တနှီး နေရလောက်တဲ့အထိကို ရင်းနှီးသွားပါတယ်။ ခြေင်္သေ့တွေနဲ့ ညဘက်တွေလည်း အတူတူအိပ်ပါတယ်။ အတူတူ ကစားပါတယ်။ သွားပါတယ်။ သူ့ကို အချို့ ကလည်း မိုက်ရူုးရဲတယ်လို့ ဆိုကြပါတယ်။ ယနေ့အချိန်အထိတော့ ဘယ်တိရစ္ဆာန်မှ သူ့ကို မတိုက်ခိုက်သေးပါဘူး။

တောရိုင်းသတ္တဝါများနဲ့ ရင်းရင်းနှီးနှီးနေထိုင်တဲ့ Kevin ကို ခြေင်္သေ့ချစ်သူ လို့လည်း ပြောစမှတ်ပြုကြောင်း သိရပါတယ်။
--
Ref: rarafacts
အောင်ခမ်း ( ရိုးရာလေး )
Yoyarlay

ရိုးရိုးလေးပါ…..



တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထား နှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေကသူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

credit:စာပေရိပ်မွန် စာအုပ်စင်

SEA Games ဖွင့်ပွဲပိတ်ပွဲ ပါဝင်ခဲ့သည့် ကျောင်းသား ၈၀၀၀ ကျော်ကို GSM ဆင်းမ်ကတ်များ အခမဲ့ပေး




ရန်ကုန်၊ ဒီဇင်ဘာလ ၂၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၈၀၀၀ ကျော်ကို GSM ဆင်းမ်ကတ် တစ်ခုစီ အခမဲ့ ပေးခဲ့ကြောင်း ယင်းပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ တာဝန်ခံ ဦးအောင်ဆန်းဦးက ပြောကြားသည်။

SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူများသည် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်းတွင် နှစ်လနီးပါးခန့် စခန်းသွင်း လေ့ကျင့်ခဲ့ရသော ကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက GSM ဆင်းမ်ကတ်များ၏ ကုန်ကျစရိတ်ကို အကုန်ကျခံ၍ ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းမိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ဒီဇင်ဘာလ ၂၃ရက်နေ့က ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၁၅၀၀ တန် GSM ဆင်းမ်ကတ်များ ဖြစ်ကြောင်း ဖုန်းရရှိခဲ့သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် တတိယနှစ် ကျောင်းသူတစ်ဦးက ဆိုသည်။

GSM ကတ်တွေတော့ ရပါတယ်။ ဒါပေမဲ့ စာချုပ်တော့ မပေးဘူး။ တကယ်လို့ ကတ်ပျောက်၊ ကတ်ပျက် ဖြစ်သွားရင် SEA Games အတွက်ပေးတဲ့ ကတ်လို့ပြောပြီး ပြန်လျှောက်ရုံပဲလို့ ပြောတယ်” ဟု ဖုန်းရရှိ ခဲ့သူ ကျောင်းသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိသည့် (၇) ကြိမ်မြောက် မသန်စွမ်း SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ (၂၇) ကြိမ်မြောက် SEA Games တွင် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၈၀၀၀ ကျော်အနက် စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်ကို ရွေးချယ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်ကြမည် ဖြစ်ကြောင်း SEA Games ဖွင့်ပွဲပိတ်ပွဲ တာဝန်ခံ ဦးအောင်ဆန်းဦးက ပြောဆိုသည်။

၁၅၀၀ တန် GSM ဆင်းမ်ကတ်များ၏ လက်ရှိ ပြင်ပပေါက်ဈေးသည် ကျပ်တစ်သိန်းခန့် ရှိသည်။

The Voice Weekly Myanmar


လူသတ်ပြီး အဖမ်းခံရခြင်းသည် ကောလာဟလဖြစ်ဟု ရဲရင့်အောင်ထွက်ဆို




ရန်ကုန်၊ ဒီဇင်ဘာ ၂၅

“လွမ်းလွန်းလို့” သီချင်းပိုင်ရှင်အဆိုတော် ရဲရင့်အောင်သည် Night Club တွင်လူသတ်မှုဖြစ်ပြီး အဖမ်းခံရ သည်ဆိုသည့် ကောလာဟလသည် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ယင်းသို့ထွက် ပေါ်လာခြင်းအပေါ် အဆိုတော်ရဲရင့်အောင်က “အဆိုပါသတင်းသည် မှားယွင်းနေခြင်းဖြစ်ပြီး လူသတ်ဖို့ ထက် ပုရွက်ဆိတ်တစ်ကောင်သတ်မိလျှင် နှစ်ရက်အထိ အိပ်မပျော်သူပါ” ဟု ၎င်း၏ဖေ့စ်ဘွတ်စာမျက် နှာတွင် ပရိသတ်များကို ရှင်းလင်းပြောကြားထားသည်။

“အခုထွက်နေတဲ့သတင်းက မဟုတ် ပါဘူး။ ပထမ လူသတ်တဲ့ပုံနဲ့ တင်လိုက် တယ်။ အဲဒါကို ဘယ်သူမှ မယုံတော့ ရပါတယ်။ တစ်ယောက်ကပဲ တင်လိုက်တာပါ။ ဒီသတင်းက မဟုတ်ပါဘူး။ အခု ကျွန်တော် ဘာမှမဖြစ်ပါဘူး အေးဆေးပါပဲ” ဟု အဆိုတော်ရဲရင့်အောင်က ပြောသည်။

ယင်းသည် ဒီဇင်ဘာ ၂၈ ရက်တွင် ထွက်ရှိမည့် အဆိုတော်သားသားနှင့် အတွဲ သီချင်းအဖြစ် သီဆိုထား သည့် “အမုန်း ဒိုင်ယာရီ” စီးရီးထဲက “ရပါတယ်ထွက်သွားပါ” သီချင်းကို ဂီတပုံစံနှစ်မျိုးဖြင့် အပြောင်း အလဲဖြစ်အောင် သီဆိုထားခြင်းဖြစ်သည်။ ၎င်းသီချင်းကို MTV အဖြစ် အက်ရှင်ပုံစံရိုက်ကူးကာ နောက် ဆုံးရဲဖမ်းသွားသည့် ဟာသပုံစံအဖြစ် ဇာတ်လမ်းဆင်ရိုက်ကူး ထားခြင်းမှ လူသတ်နေသည့်ပုံနှင့် ရဲဖမ်း သွားသည့်ပုံကို တင်လိုက်ခြင်းဖြစ်သည်။

အဆိုတော်ရဲရင့်အောင်သည် လားရှိုးတွင် သီချင်းဆိုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်သို့ပြန် ရောက်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် မကွေးမြို့၌ ထပ်မံသီချင်း သွားဆိုမည်ဖြစ်သည်။ ယခုထွက်ပေါ်လာ သည့်သတင်းများကြောင့် နယ်တွင်သီချင်းဆိုခဲ့သည့် ရဲရင့်အောင်သည် ပွဲစီစဉ်သူများနှင့် ယင်းကိစ္စကို ရှင်းလင်းရသည်အထိ ဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမသို့ပြောသည်။

ယင်းအပြင် ထိုကိစ်္စကို မသိကြသူများ၊ ပရိသတ်များ၏ ဖုန်းဆက်မေးမြန်းချက်များ၊ ဖေ့စ်ဘွတ်တွင် မေး မြန်းမှုများကိုလည်း ဖြေရှင်းနေရကြောင်း ထပ်မံပြောကြားလိုက်သည်။ ယခုလို ကောလာဟလမထွက်ခင် အချိန် တွင် ယင်း၏နာမည်ဖြင့် ဖေ့စ်ဘွတ်အ ကောင့်အတု ထွက်ပေါ်ခဲ့ခြင်းကြောင့် ပရိသတ်များ အထင် အမြင် မလွဲရန်အတွက် လည်း ရှင်းလင်းမှုများရှိခဲ့သည်။

ယင်းသည် “ငါ့နေရာ” တေးသီချင်း ဖြင့် ပရိသတ်ကြား စတင်ရောက်ရှိခဲ့ပြီး အတွဲခွေများတွင်လည်း ပါဝင် သီဆိုခဲ့ခြင်းဖြစ်ကာ “လွမ်းလွန်းလို့” VCD တွင် ဟာသသရုပ် ဆောင်ကျင်ဝှက်ကို ထည့်သွင်းရိုက်ခဲ့ခြင်း ကြောင့် လူငယ်ပရိသတ်များ ကြိုက်နှစ်သက် ခြင်းကို ရရှိခဲ့သည်။

အဆိုတော်ရဲရင့်အောင်သည် နယ်များတွင် ရှိုးပွဲများသီဆိုနေပြီး ဒီဇင်ဘာ ၂၈ ရက်၌ “အမုန်းဒိုင်ယာရီ DVD အခွေအတွက် အဆိုတော်သားသားနှင့်အတူ Junction Square Outdoor တွင် ညနေ ၆ နာရီမှ စတင်ကာ ပရိသတ်များဖြင့် တွေ့ဆုံပြီး လက်မှတ်ရေးထိုးရောင်းချမည်ဖြစ်သည်။ ယင်းအပြင် ဒီဇင်ဘာ ၃၁ ရက်တွင် မျှော်စင်ကျွန်းတွင်ပြုလုပ်မည့် Beach party တွင်လည်း သီချင်းဆိုမည်ဖြစ်သည်။

၎င်းသည် ရွှေ FM ၏ လေးနှစ်ပြည့် အခမ်းအနားတွင် “လွမ်းလွန်းလို့” သီချင်းဖြင့် ပရိသတ်တောင်းဆိုခြင်း အများဆုံးဆုကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

Mizzima Burmese

တောင်ငူမြို့မှာ ခရစ်စမတ်နေ့က အသံဗုံးတွေ့ရှိ၊ Water Bottle နည်းနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်က ဖောက်ခွဲရှင်းလင်းခဲ့ (ရုပ်/သံ)



ဒီဇင်ဘာ ၂၅ရက် နေ့နေ့လည် ၁၂း၃၀ အချိန်က တောင်ငူမြို့ (၁၉) ရပ်ကွက်၊ ကန်လမ်း၊ ဆေးရုံကြီးမြောက်ဘက်ဘေး ဆေးရုံဝန်ထမ်းလိုင်းခန်းရှေ့ ရေမြောင်းဘောင်ပေါ်မှာ မသင်္ကာဖွယ်အထုပ်တထုပ် (ROXZY 150 တံဆိပ်ပါ စက္ကူဘူးအဖြူရောင် အလျား၈လက္မ အနံ၃လက္မ၊ ဂတ်စ်မီးခြစ်အပြာရောင်၊ တိပ်အနက်ရောင်နဲ့ ပတ်ထား)ကို တွေ့ရှိပြီး သက်ဆိုင်ရာက အမှတ်(၉၁၁) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းကို အကြောင်းကြားခဲ့ပါတယ်။

နေ့လယ် (၂း၄၀)နာရီမှာ အမှတ်(၉၁၁)စအရ ဗုံးကျွမ်းကျင်သူ တပ်ကြပ်ကြီး ကျော်စွာက ရေဗူး Water Bottle နည်းနဲ့ ဖောက်ခွဲရှင်းလင်းရာ အဖြူရောင်မီးခိုးနဲ့ ပေါက်ကွဲသံ ထွက်ပေါ်ပြီး အထိအခိုက်မရှိ ရှင်းလင်းနိုင်ခဲ့ပါတယ်။

ခြောက်လှန့်ရုံ အသံသာမြည်ပြီး ဒေသန္တရ လက်လုပ်မိုင်းသဖွယ်ပြုလုပ်ထားတဲ့ မိုင်းအတုသာဖြစ်ကြောင်း သက်ဆိုင်ရာ ကျွမ်းကျင်သူများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

ရိုက်ကူး- မင်းထက်ကျော်(တောင်ငူ)

DVB Burmese


DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ


ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောကြားသည်။

ဗိုလ်ချုပ် စောလားပွယ်သည် ကင်ဆာရောဂါ ကုသရန်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဆေးရုံကို ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ကင်ဆာလို့ပဲ သိပါတယ်။ အသေးစိတ်ကို မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဗိုလ်ချုပ် စောလားပွယ်၏ ကင်ဆာရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် လိုအပ်သဖြင့် အစိုးရက နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေကြောင်း MPC ထံမှ သိရသည်။

ဗိုလ်ချုပ် စောလားပွယ်၏ ရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် အစိုးရ အကူအညီ လိုအပ်သောကြောင့် ပြည်တွင်းရှိ ဆေးရုံသို့ တက်ရောက် ကုသခြင်း ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။
“ကင်ဆာအကျိတ် ဖြစ်နေတာ ကြာပါပြီ။ အခုမှ ပြည်ပသွားကုဖို့ လုပ်တာပါ။ ဂျပန်နဲ့ စင်ကာပူ တစ်ခုခုကို သွားကုမှာပါ” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် စောလားပွယ်မှာ ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်၍ DKBA ကို ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။
DKBA နှင့် အစိုးရတို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသော်လည်း အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ထားရှိမှုကို လက်မခံကြောင်း ငြင်းဆိုထားသည်။

The Voice Weekly Myanmar

မြန်မာတပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်အစိုးရက ဇန်နဝါရီလတွင် စတင်လေ့ကျင့်ပေးမည်


သမ္မတဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် မြန်မာ့တပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်အစိုးရက လေ့ကျင့် သင်တန်းပေးမည့် အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်က The Voice သို့ ပြောကြားသည်။

အဆိုပါ လေ့ကျင့်မှုကို နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး အချိန်နှစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယင်းအတွက် ဦးဆောင် လေ့ကျင့်မည့် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဘက်အရာရှိအချို့ မြန်မာနိုင်ငံသို့ ရက်ပိုင်း အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာတွေကို Class Room Training အနေနဲ့ ပြုလုပ်မှာပါ” ဟု ဗြိတိန် သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာ့တပ်မတော် အဆင့်မြင့် အရာရှိများကို ဗြိတိန်က လေ့ကျင့်ပေးမည့် အစီအစဉ် အပါအဝင် မြန်မာ-ဗြိတိန် စစ်ဘက် ထိတွေ့ ဆက်ဆံမှုအပေါ် စိုးရိမ် ပူပန်မှုမပြုရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မစ္စတာ အင်ဒရူးပတ်ထရစ်က တိုက်တွန်း ပြောကြားထားသည်။

အဆိုပါ လေ့ကျင့်မှုအတွက် ပိုမိုကျယ်ပြန့်သည့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ကာကွယ်ရေးကို စီမံခန့်ခွဲခြင်း လေ့ကျင့်ရေး အစီစဉ် (MDWSC) တွင် မြန်မာ့တပ်မတော်မှ ပါဝင်စေလိုကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Mr. Philip Hammond က သမ္မတဦးသိန်းစိန်၏ လန်ဒန် ခရီးစဉ်အတွင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ထိပ်တန်း အရာရှိများကို လေ့ကျင့်မည့် အစီအစဉ်တွင် ဗြိတိန် ကာကွယ်ရေး အကယ်ဒမီနှင့် Cranfield တက္ကသိုလ်တို့ ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း Telegraph သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် ပူးပေါင်းမှု ပိုမိုမြှင့်တင်ရန် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ်သည် ဇွန်လဆန်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံခဲ့ သည်။

MDWSC သင်တန်းသည် အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရေစီ အလေ့အထများ ဖွံ့ဖြိုးရေးတွင် ကာကွယ်ရေး စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထူးပြု သင်တန်းတစ်ရပ် ဖြစ်ကြောင်း၊ စစ်ဘက် အရာရှိများနှင့် လုံခြုံရေးကဏ္ဍတွင် တာဝန် ထမ်းဆောင်နေသည့် အရပ်ဘက် အရာရှိများအတွက် ဖွင့်လှစ်ခြင်း ဖြစ်ပြီး ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန၏ စိစစ်ခွင့်ပြုချက်အရသာ တက်ရောက်ခွင့်ရှိသည့် သင်တန်းတစ်ခု ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly Myanmar

ရေစကြိုမြို့ နယ်မှာ လုပ်သားလေးဦး ဓာတ်လိုက်ရာ သုံးဦးသေဆုံး



မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် မအူဈေးရွာခေါ် ကမ်းနားရွာတွင် ဦးစိုးဝေ အိမ်ဝိုင်း အတွင်း တိုက်ဆောက်လုပ်နေရာမှ သံပင်များ ထောင်မတ်စဉ် လျှပ်စစ်ကြေးနန်းကြိုးများ နှင့်ထိမိပြီး လုပ်သားလေးဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။

၂၀၁၃ခု ဒီဇင်ဘာ ၂၆ ရက်နံနက်ခင်းတွင် အိမ်ရှင်ဦးစိုးဝေ(၆၀နှစ်)အပါအ၀င်၊ လုပ်သားကိုထွန်းမြင့်(၄၃နှစ်)၊ ကိုအောင်(၁၈နှစ်) နှင့် ကိုအောင်ကို(၂၅နှစ်) တို့ စည်းမျဉ်းတိုင်ထူရန် သံပင်များစိုက်ထူကြစဉ် အထက်မှာသွယ်တန်းထားသော လျှပ်စစ် ကြေးနန်းကြိုး အား ထိမိပြီး လေးဦးလုံး ဓာတ်လိုက်ခံလိုက်ရသည်။

အဆိုပါ ဓါတ်လိုက်ခံရသူများကို မအူတိုက်နယ်ဆေးရုံသို့  ချက်ခြင်းပို့ ဆောင် ကုသခဲ့သော်လည်း မောင်အောင်ကို တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပြီး ကျန်သုံးဦးစလုံး သေဆုံးခဲ့ကြသည်။

တိုက်နယ်ဆရာဝန် ဒေါက်တာအောင်မြတ်က အသက်ရှင်ကျန်သူကိုအောင်ကို ကိုအတွင်း လူနာအဖြစ် ကုသပေးနေရကြောင်း ပြောပြပါသည်။

ယင်းအမှုကို မအူတိုက်နယ်ရဲစခမ်းမှ သေမှုသေခင်း အဖြစ်အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းလည်းသိရပါသည်။

ငွေရည်ဆန်း