ယာဉ်ထိန်းရဲ နှင့် ခရီးသည်တင်ယာဉ်မောင်း အပြန်အလှန်သတ်ပုတ်



ယနေ့ နံနက် ၉နာရီခန့် အချိန်တွင် သင်္ဃန်းကျွန်း စံပြဈေးမီပွင့်တွင် ယာဉ်ထိန်းရဲ နှင့် ၃၉ ဝါဆိုဦးခရီးသည်တင် ယာဉ်မောင်းတို့ အပြန်အလှန် သတ်ပုတ်ဖြစ်ပွားကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် People Power သတင်းထောက်ကြည်ပြာက သတင်းပေးပို့သည်။
ဖြစ်ပွားပုံမှာ အဆိုပါခရီးသည်တင်ယာဉ်သည် တောင်ဒဂုံမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာရာ စံပြဈေးမီးပွိုင့်အရောက် မီးဝါဖြတ်မောင်းစဉ် ယာဉ်ထိန်းရဲမှတားဆီးရာ ယာဉ်မောင်းကရှေ့တွင်ရပ်တန့်မည်ဟု လက်ပြပြောဆိုပြီး ဆက်မောင်းခဲ့ကြောင်း၊ ထို့နောက် ယာဉ်ရပ်တန့်စဉ် ယာဉ်ထိန်းရဲမှ သံတုတ်ကိုင်ဆောင်လာကာ ကားသော့ဆွဲလုရာမှ စတင်ကာ စကားများရန်ဖြစ်ခဲ့ကြောင်း သတင်းပေးပို့သည်။
ယင်းသို့စကားများစဉ် ယာဉ်မောင်းက စတင်ထိုးကြိတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲမှလည်းပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၊ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ နှုတ်ခမ်းပေါက်ပြဲကာ သွေးထွက် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းရဲမှာလည်းမှာလဲ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းပေးပို့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး မိနစ် ၂၀ကျော်ကြာတွင် သင်္ဃန်းကျွန်းရဲစခန်းမှ ရဲမှူးသက်ထွန်းအဖွဲ့ဦးဆောင်သည့် အင်အား၁၅ယောက် မှာ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
Credit: People power

ဗုံးပေါက်ကွဲမှုတွေ အပေါ် အနုပညာရှင်တွေက ဒီလိုမြင်ကြတယ်

မစပ်စုတို့ ရွှေပြည်ကြီးမှာ မကြာခင် ၀ါလကင်းလွတ် သီတင်းကျွတ် အခါသမယကို ရောက်ပါတော့မယ်။ ဒီလိုအချိန်မျိုးဆို  မစပ်စုတို့ ငယ်ငယ်တုန်းကတော့ ဗြောက်အိုးဖောက်သံ၊ မီးရှူးမီးပန်းသံ စတာတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတာဟာ သီတင်းကျွတ် အခါသမယကို နီးလာပြီဆိုတဲ့ နိမိတ်ပြ ပုံရိပ်တွေထဲက တခုပေါ့လေ။ အခုတော့ အသံတွေ ကြားတော့ ကြားရပါရဲ့၊ အသံကလည်း ခင်ဆင်ဆင်တော့ တူပါရဲ့၊ ဒါပေမယ့် အဲဒီအသံက ဗုံးပေါက်ကွဲသံ ဖြစ်လို့နေတာပါပဲ။ ဟိုနေရာလည်း ဗုံး၊ ဒီနေရာလည်း ဗုံးနဲ့ တဗုံးတည်း ဗုံးနေလိုက်တာ မြန်မာပြည် အနှံ့အပြား တော်တော် ခရီးရောက် နေတယ်လို့ ဆိုရမှာပါပဲ။ နောက်ဆုံး facebook ထဲမှာပါ ဗုံး ရောက်လာလိုက်တာ သူနဲ့ပတ်သက်တဲ့ ကဗျာ စာသားလေးတွေ ပြည်သူတွေရဲ့ ရင်တွင်းဖြစ် ခံစားချက် လေးတွေတောင် တွေ့နေရပြန်ပါတယ်၊ တော်တော် ပေါက်တဲ့ ဗုံးလို့ ပြောရမလိုပဲ။ တချို့ကလည်း “စင်ကာပူလို ဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်ထားရာက ဘယ့်နှယ် ဘဂ္ဂဒက်မြို့လို ဖြစ်အောင် လုပ်ရလေခြင်း” လို့ လှောင်ပြောင် သရော်ထားလေရဲ့။

ထားပါတော့လေ။ မကြာခင်မှာ ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားရာသီကို ရောက်လာတော့မယ်။  မြန်မာနိုင်ငံကို စိတ်ဝင်စား မျက်စိကျနေတဲ့ နိုင်ငံခြားသားခရီးသွားတွေ အလုံးအရင်းနဲ့ ၀င်လာတော့မယ်။ ဒါထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အပြိုင်အဆိုင် ၀င်လာနိုင်ဖို့ ဆိုင်းပြင်း နေကြတယ်။ ဒါတွေ ဒါတွေအပြင် ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံက တာဝန် ယူရတော့မယ်။ အဆိုးဆုံးကတော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီးလည်း နီးလို့လာနေပြီ။ ဒီလိုမျိုး အခါသမယမှာ ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကတော့ တော်တော်ဆိုးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ဒီလိုမျိုးဖြစ်နေတဲ့ အနေအထားတွေအပေါ် အနုပညာရှင်တွေရဲ့ သုံးသပ် ဝေဖန်မှု တွေကို မစပ်စုက မေးမြန်းစပ်စုထားပါတယ်။

အဆိုတော် သံသာဝင်း

အခုလို ဖြစ်နေတာတွေ အကုန်လုံး ဘာကြောင့် ဖြစ်တယ်ဆိုတာကို တာဝန်ရှိတဲ့သူတွေက သေသေချာချာ စိစစ်ဖို့လိုပါတယ်။ စိစစ်တယ် ဆိုတာက တကယ့် အဖြေမှန်တခု ဘယ်သူက လုပ်တယ်၊ ဘယ်သူကြောင့်  ဖြစ်တယ်ဆိုတာကို တိတိကျကျ ဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျမတို့ဆီမှာ သီတင်းကျွတ် ဆိုရင် အားလပ်ရက် အစီအစဉ်တွေမှာ အရင်ကဆိုရင် ဗြောက်အိုးတွေ ဖောက်တယ်၊ ကလေးတွေ သွားချင် လာချင်ကြတဲ့ အချိန်မှာ ဖြစ်တော့ လူတွေအကုန်လုံးက ထိတ်လန့် နေကြရပါတယ်။ သွားချင်တဲ့နေရာလည်း မသွားရ၊ လူတွေရဲ့ စိုးရိမ်ထိတ်လန့်မှု သောကတွေလည်း များတယ်။ နောက် တကယ့် ဆီးဂိမ်းလို ပွဲအကြီးကြီးတွေလည်း ရှိတဲ့အခါကျတော့ လူတွေရဲ့ လုံခြုံမှုက အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ အစိုးရကနေ ဒါကိုဖော်ထုတ် အရေးယူပေးဖို့ အရေးကြီးပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ သိပ်မကြာသေးတဲ့ ကာလတွေ တုန်းကလည်း ကျမတို့ဆီမှာ ဗုံးတွေ ပေါက်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ဘာကြောင့်ဖြစ်တယ် ဆိုတဲ့ အဖြေရယ်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်တယ်ဆိုတဲ့ အဖြေရယ်ကို တိတိကျကျ မဖော်ထုတ်ပေးခဲ့ဘူး။ ကျမတို့ဆီမှာ ပြဿနာတခု ဖြစ်ပြီ ဆိုရင် ပြဿနာရဲ့ အရင်းအမြစ်က ဘာကြောင့်ဆိုတဲ့ အဖြေကို ထုတ်ပေးခဲ့တယ်ဆိုတာ ဘယ်တော့မှ မသိခဲ့ရဘူး။ အခုလည်း အဲဒီလိုမျိုးပဲ ပြီးသွားမယ်ဆိုရင်တော့ ကျမတို့ ပြည်သူတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိနိုင်ပါဘူး။ အထူးသဖြင့် ဆီးဂိမ်း လုပ်မယ်။ ဒီမှာ နိုင်ငံခြားသားတွေရှိမယ်။ နိုင်ငံခြားသားတွေ အာရုံစိုက်ကြမယ်။ ကျမတို့လို အနုပညာရှင်တွေ သွားကြ လာကြမယ် ဆိုတဲ့ အချိန်မှာ လူတိုင်းက ကိုယ့်ရဲ့ လုံခြုံမှုကို အားလုံး စိုးရိမ်နေကြတာချည်းပါပဲ။ နောက် ကိုယ့်နိုင်ငံရဲ့ ပုံရိပ်လည်း ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဘယ်သူလုပ်တယ် ဆိုတာကို သေချာ မပြောနိုင်ဘဲနဲ့ ဟိုလိုလို ဒီလိုလို ဟိုလူ့ လက်ညှိုးထိုး၊ ဒီလူ့ လက်ညှိုးထိုး ဆိုရင်တော့ မကောင်းပါဘူး။ နောက် တခုက ပြည်သူတွေကို အာရုံလွဲအောင် သက်သက် လုပ်တာမျိုးဆိုရင်တော့ ဒီလောက်နဲ့ ရပ်သွားရင်တော့ ကောင်းပါမယ်။

လူရွှင်တော် ဇာဂနာ


ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ်လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြတာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင်လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မ၀င်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြလို့ ပြောလိုက်ပါရစေ။



သရုပ်ဆောင် ထွန်းအိန္ဒြာဗို


အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောသလိုပါပဲ။ ဒါကို လိုက်ပြီး ယောင်မသွားဖို့ပေါ့။ သူတို့က အထိတ်တလန့် ဖြစ်အောင် လုပ်တာ။ ဒီလို လုပ်တဲ့ သူတွေရဲ့ ရည်ရွယ်ချက်တွေ မအောင်မြင်ဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ဒါ ထိတ်လန့်စရာ မဟုတ်ဘူး။ ကျမတို့ ကိုယ် သွားစရာရှိတာ ဆက်သွားဖို့ပါပဲ။ သူတို့လိုချင်တဲ့ ထောင်ချောက်ထဲ မရောက်ဖို့ပါပဲ။ ပြည်သူတွေအားလုံးက ခေါင်းအေးအေး ထားပြီး စဉ်းစားကြရမယ်လို့ အမေစုပြောသလိုပါပဲ။ ကျမတို့ အဲဒီလိုပဲ သွားရမှာပါပဲ။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)


ကျနော့် အနေနဲ့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ ငြိမ်းချမ်းရေးပဲ ဖြစ်စေချင်တယ်။ ဘယ်လို အကြောင်းကြောင်း ကြောင့် ဒီလို အကြမ်းဖက်တာကိုမှ မလိုလားပါဘူး။ ဗုံးတွေ ထောင်တယ်။ ဟိုနေရာမှာ ပေါက်တယ်၊ ဒီနေရာမှာ ပေါက်တယ်။ ဒါဟာ တိုင်းပြည် အေးချမ်းမှု မရှိဘူးဆိုတဲ့ နိမိတ်ကို ဆောင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကနေ လာတဲ့ ဧည့်သည်တွေ အားလုံးကို မလာရဲအောင် လုပ်တာပါ။ အဲဒီလို လုပ်ချင်းအားဖြင့် ဘာကြောင့် လုပ်သလဲဆိုတာကို စဉ်းစားလို့ မရဘူး။ ဒါပေမယ့် ပြည်သူ တယောက်အနေနဲ့ သုံးသပ်တာကတော့ အဲဒီလို နိုင်ငံခြား ဧည့်သည်တွေ လာတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတာဟာ ကောင်းသော လက္ခဏာပေါ့။ ဒီ ကောင်းသော လက္ခဏာကို မလိုလားလို့ ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာကို မကြိုက်ဘူး။ တကယ် သူတို့ ထောင်ချင်ရင် သူတို့ လိုလားတဲ့နေရာကို ရောက်အောင် ထောင်ကြပါ။ ဘာမှ မဆိုင်တဲ့ နေရာတွေမှာ ထောင်ခြင်းကို ကန့်ကွက်တယ်။ ရှုတ်ချတယ်။ လိုလည်းမလိုလားဘူး။ ကြိုက်လည်း မကြိုက်ဘူး။ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ လုပ်လုပ် ဒါဟာ မလုပ်သင့်တဲ့ အလုပ်တခု လို့ပဲ ယူဆပါတယ်။

သရုပ်ဆောင် ဝေဠုကျော်


မဖြစ်တာတော့ အကောင်းဆုံးပါပဲ။ ဖြစ်အောင် လုပ်တဲ့သူတွေ အနေနဲ့လည်း မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေအပေါ်မှာ ဒီလို အဖျက်အမှောင့်လုပ်ငန်းတွေ နဲ့တော့ တိုင်းပြည်ကြီး မပျက်စီး စေချင်ပါဘူး။ အားလုံး လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်စွာနဲ့ပဲ သွားနိုင်စေချင်ပါတယ်။ တခုခု လုပ်ချင်တယ်ဆိုရင် ထိပ်တိုက် ရင်ဆိုင်ပေါ့။ ဒီလိုကြီး နောက်ကနေပြီး အပြစ်မရှိတဲ့ ပြည်သူတွေ အပေါ်မှာ လိုက်ပြီးတော့ အန္တရာယ်ပေးတဲ့ အလုပ်မျိုးကိုတော့ မလုပ်စေချင်ပါဘူး။



လူရွှင်တော် အရိုင်း


ပြည်သူတွေ ထိတ်ထိတ်လန့်လန့် ဖြစ်နေရတာ ဘယ်ကောင်းပါ့မလဲ။ ဒီ ဖြစ်ရပ်တွေက ဘယ်လိုတွေ ဆက်စပ်ပြီး ဖြစ်တာလဲ။ ဖျက်ဆီးဖောက်ခွဲချင်တဲ့ သူတွေကပဲ တမင်တကာ ဖန်တီးတာလား၊ ဒါမှမဟုတ် အခြေအနေ အကြောင်းအရာ တခုအပေါ်မှာပဲ မူတည်ပြီးတော့ ဒီအကျိုးဆက်တွေ ဖြစ်လာတာလားဆိုတာ ရှာဖွေ ဆန်းစစ်လေ့လာမှပဲ သိရတော့မှာပဲ။ ခန့်မှန်းခြေနဲ့ ကျနော် တို့က ဒီလိုမျိုးတော့ ဖြစ်နိုင်တယ်ဟေ့ ပြောရမှာလည်း ဒီကာလက တော်တော်လည်း ကျပ်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ ဖျက်ဆီးရေးသမားတွေ ဖောက်ခွဲရေး သမားတွေက၊ တိုင်းပြည်နဲ့ ဆန့်ကျင်နေတဲ့ သူတွေက လာပြီး မိုင်းထောင်တာပါ၊ ဗုံး ထောင်တာပါ ဆိုပြီး ပြောလို့ရတယ်။ အခုကျတော့လည်း တော်တော်များများ အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး ရယူဖို့ ဆောင်ရွက် နေကြပြီဆိုတော့ ဒီကာလမှာ ဒါကြီးက ဒီလူတွေလုပ်တာပါလို့ လက်ညှိုးထိုးဖို့က ရာခိုင်နှုန်း သိပ်နည်းသွားပြီလေ။ အဲဒီတော့ ဒီလူတွေမှ မလုပ်လည်း ဘယ်သူတွေ လုပ်မှာလဲ ဆိုတာကျတော့လည်း သိပ်ဗလိုင်းကြီး ဆန်လွန်းသွားပြီလေ။ တိုင်းပြည်အတွက်ကို ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ကျီးလန့်စာစား မဖြစ်ရအောင်အတွက် လုပ်ဖို့ကိုပဲ အဓိက ဦးတည် စေချင်ပါတယ်။ အဲဒီလိုမျိုးပဲ လုပ်ကြပါလို့ ကျနော်တို့က ပြောချင်တယ်။

irrawaddy

ကမ္ဘာကျော် Pepsi နှင့် Coca-cola အချိုရည် ကုမ္ပဏီကြီးများမှ လွယ်ဟိန်း ကုမ္ပဏီတစ်ခုလုံးအား အပြတ်ဝယ်ယူရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့မှုကို လွယ်ဟိန်းမှ ပယ်ချခဲ့


ကမ္ဘာကျော် Pepsi နှင့် Coca-cola အချိုရည် ကုမ္ပဏီကြီးများမှ လွယ်ဟိန်း ကုမ္ပဏီတစ်ခုလုံးအား အပြတ်ဝယ်ယူရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့မှုကို လွယ်ဟိန်းမှ ပယ်ချခဲ့သည်။ သို့သော် Pepsi နှင့် Coca-cola အချိုရည် ကုမ္ပဏီကြီးများသည် ပြည်တွင်း လုပ်ငန်းရှင်အချို့ကို ရှယ်ယာအနည်းငယ် ထည့်ဝင်စေသည့် စနစ်ဖြင့် ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာနိုင်ခဲ့ကြသည်။ ထိုသို့ ၀င်ရောက်လာသည့်အတွက် လွယ်ဟိန်းကုမ္ပဏီအနေဖြင့် ၎င်းတို့နှင့် မည်သို့ယှဉ်ပြိုင် ရပ်တည်နေရသည်၊ ရေရှည်တွင် မည်သို့ယှဉ်ပြိုင် ကြမည်ဟူသော အကြောင်းအချက်များကို လည်းကောင်း၊ ယင်းအပြင် ဦးအိုက်ထွန်း ခေါင်းဆောင်သည့် တရုတ်ကုန်သည် အဖွဲ့သည် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ပတ်သက်နေသည်ဟူသော သတင်းထွက်ပေါ်မှုများကို လည်းကောင်း စသည်တို့ကို သိရှိနိုင်စေရန် လွယ်ဟိန်းကုမ္ပဏီ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - Pepsi နဲ့ Coca-cola တို့က လွယ်ဟိန်းကို အပြတ်ဝယ်ဖို့ ကြိုးစားခဲ့သေးတယ် ဆိုတာနဲ့ ပတ်သက်လို့ သိချင်ပါတယ်။

ဖြေ - ဟုတ်ပါတယ်။ လေးကြိမ်၊ ငါးကြိမ် လောက်အထိ ကမ်းလှမ်းခဲ့တယ်။ ဆွေးနွေးခဲ့တယ်။ သူတို့က အပြတ်ဝယ်မှာ ကျွန်တော် မရောင်းခဲ့ဘူး။ ဒါပေမဲ့ သူတို့ အနေနဲ့ကတော့ အခြား ပြည်တွင်း လုပ်ငန်းရှင်အချို့ကို ရှယ်ယာအချို့ ပါဝင်ခိုင်းပြီး ၀င်လာပါတယ်။ သူတို့က ၉၀၊ ၉၅ ရာခိုင်နှုန်း၊ ပြည်တွင်း လုပ်ငန်းရှင်က ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း အနေအထားပေးပြီး ၀င်လာတဲ့သဘောမျိုးပါ။

မေး - Pepsi နဲ့ Coca-cola ၀င်လာတော့ လွယ်ဟိန်းအနေနဲ့ ဘယ်လို ရပ်တည်နေရလဲ။

ဖြေ - လဲမသွားအောင် ရှင်သန်နိုင်ရေးအတွက် အဓိကထား လုပ်နေပါတယ်။

မေး - ရေရှည်ဆိုရင် ပြိုင်နိုင်ပါ့မလား Pepsi , Coca-cola တို့နဲ့ ရေရှည် ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ - ရေရှည်မှာ ကိုယ်မြှုပ်နှံနိုင်တဲ့ အရင်းအနှီးအား တစ်ခုတည်းနဲ့မရတော့ဘူး။ အဲဒီအတွက် ကမ္ဘာ့နံပါတ်တစ် ရေကုမ္ပဏီရယ် ဂျပန်နိုင်ငံရဲ့ ထိပ်တန်း အချိုရည်ကုမ္ပဏီ စာရင်းမှာပါတဲ့ ကုမ္ပဏီတစ်ခုရယ် အဲဒီကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းပြီး လုပ်ဖို့စီစဉ်နေတယ်။ ဒီလိုပေါင်းပြီး ရေရှည်မှာ ပြိုင်မယ်။ ထုတ်ကုန်အသစ်တွေ ထပ်ထုတ်ဖို့ပြီး ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားတယ်။

မေး - အရင်းအနှီးဆိုအားဆိုတော့ လက်ရှိလွယ်ဟိန်းက တစ်ဦးတည်း မြှုပ်နှံတာလား အခြားရှယ်ယာရှင် ပါသေးလား။

ဖြေ - မပါဘူး၊ တစ်ဦးတည်း မိသားစုပိုင် ကုမ္ပဏီပါ။

မေး - ဒေါက်တာစိုင်းဆမ်ထွန်းဟာ တရုတ်လူမျိုးစပ်တယ်၊ တရုတ် ၁၀၀ အဖွဲ့မှာ ပါဝင်နေတယ်ဆိုတဲ့ သတင်းထွက်နေတာနဲ့ ပတ်သက်ပြီးလည်း သိချင်ပါတယ်။

ဖြေ - ကျွန်တော်ဟာ ရှမ်းလူမျိုးစစ်စစ် တစ်ယောက်ပါ။ တရုတ်သွေး တစ်စက်ပါတယ်လို့ ပြနိုင်ခဲ့ရင် အခုရှာထားသမျှ စည်းစိမ်အကုန်လုံး ပေးပါ့မယ်။ ကျွန်တော့်ဇာတိက မူဆယ်ဘက်ကပါ။ လက်ရှိလည်း လားရှိုး မူဆယ်ဘက်မှာ ဆွေမျိုးတွေ ရှိပါသေးတယ်။ မေးလို့ တွေ့လို့ရပါတယ်။

မေး - တရုတ်အဖွဲ့နဲ့ ပတ်သက်တာကရော။

ဖြေ - အဲဒီအဖွဲ့ကို ဦးအိုက်ထွန်းက ဥက္ကဋ္ဌအနေနဲ့ ဦးဆောင်တာပါ။ ဒီအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေက ရှယ်ယာတွေထည့်ပြီး လုပ်ငန်းလုပ်ကြတယ်။ အဖွဲ့ဝင်တွေစုပြီး ခရီးသွားတာတွေလည်း လုပ်တယ်။ ပြည်ပနိုင်ငံစုံက ကုန်သည်အဖွဲ့တွေ လာရင်လည်း လက်ခံတွေ့ဆုံတယ်။ ဦးအိုက်ထွန်းက ပရောဂျက်ရှာပြီး ပရောဂျက်ရရင် ရှယ်ယာဝိုင်းထည့်ပြီး လုပ်နေကြတာတော့ သိတယ်။

မေး - ရှမ်းလူမျိုးဖြစ်ပြီး ဘာလို့ တရုတ်အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ အဖြစ်လုပ်ကိုင်ခဲ့တာလဲ။

ဖြေ - အဲဒီအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ လုပ်ခဲ့တာမှန်ပါတယ်။ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် လောက်အထိ လေး၊ ငါးနှစ်အတွင်းမှာ ကျွန်တော်အစည်းအဝေး ၁၀ ကြိမ်လောက်တော့ တက်ဖူးတယ်။ ကျွန်တော့်ကို လုပ်ဖို့ပြောလို့ လုပ်တာ။ အစည်းအဝေး တက်တာကလည်း ခရီးသွားဖို့ရှိတယ်။ လိုက် မလိုက်မေးတယ်၊ နောက် ပြည်ပက အဖွဲ့တွေလာရင် လက်ခံတွေ့ဆုံပေးဖို့ ခေါ်တာမျိုးပါ။ ကျွန်တော် အဲဒီကို လုံးဝမသွားတာ အခုဆို ငါးနှစ်လောက်ရှိပြီ။ လုံးဝ အဆက်အသွယ် ပြတ်နေတဲ့အတွက် ထွက်လိုက်ပြီလို့ ပြောလို့ရတယ်။ ပြီးတော့ ဒုတိယ ဥက္ကဋ္ဌကလည်း ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ တရုတ်ထဲကလည်း နှစ်ယောက် သုံးယောက်လောက် ဒုတိယ ဥက္ကဋ္ဌအဖြစ် လုပ်နေတာတွေရှိတယ်။

မေး - အဲဒီ အဖွဲ့ထဲမှာရော ဦးအိုက်ထွန်းရှာပေးတဲ့ ပရောဂျက်တွေထဲမှာရော ရှယ်ယာပါထားသေးလား။

ဖြေ - ကျွန်တော် ဒီနေ့အထိ တစ်ပြားမှ အဲဒီအဖွဲ့မှာ ရှယ်ယာမထည့်ခဲ့ဘူး။ လက်ရှိ ဦးအိုက်ထွန်းရဲ့ အခြား စီမံကိန်းတွေမှာလည်း လုံးဝရှယ်ယာမပါဘူး။ တစ်ပြားမှကို မပါတာ။ တစ်ခါမှလည်း မထည့်ဖူးဘူး။ သူတို့က ရှယ်ယာ ထည့်ဖို့လည်း ကျွန်တော့်ကို တစ်ခါမှ မခေါ်ဖူးဘူး။ သူတို့တွေ ဘာပရောဂျက်ရလို့ ဘယ်လောက် မြတ်လဲဆိုတာလည်း မသိဘူး။ ကျွန်တော် အစည်းအဝေးသွားတုန်းကလည်း သူတို့ခရီးသွားရင် လိုက် မလိုက်နဲ့ ပြည်ပဧည့်သည် လက်ခံတွေ့ဖို့အတွက်ပဲ သွားဖူးတာမို့ မသိတာ။

မေး - အဲဒီတရုတ်အဖွဲ့ထဲမှာ အားလုံး တရုတ်တွေချည်းပဲလား ပြည်ပက ငွေတွေကိုယူပြီး မြှုပ်နှံတာရော ရှိပါသလား။

ဖြေ - ကျွန်တော် လွန်ခဲ့တဲ့ ငါးနှစ်လောက်က သွားတုန်းကတော့ တရုတ်တွေအပြင် အိန္ဒိယနဲ့ ပါကစ္စတန်တွေလည်း ပါတာတွေ့ရတယ်။ ပြည်ပကငွေတွေ ပါ၊ မပါကတော့ ကျွန်တော် အတိအကျမသိဘူး။

မေး - တရုတ်အဖွဲ့ဆီကိုလာတဲ့ ပြည်ပကုန်သည် အဖွဲ့တွေက ဘယ်နိုင်ငံတွေက လာတာများလဲ။

ဖြေ - ကျွန်တော် ကြားသိရသလောက်တော့ တရုတ်နိုင်ငံကအစ နောက် ရုရှားလို နိုင်ငံအဆုံး နိုင်ငံစုံက လာကြတယ်။

မေး - အဲဒီတရုတ်အဖွဲ့က ဘယ်မှာ မြှုပ်နှံနေလဲ။

ဖြေ - သူတို့တွေ ရှယ်ယာထည့်ပြီး ပိုင်ဆိုင် လုပ်ကိုင်နေတဲ့ စီမံကိန်းတွေ အများကြီးရှိတာတော့ သေချာသိတယ်။ စီမံကိန်း ဘယ်နှစ်ခုဆိုတောတော့ အတိအကျမသိဘူး။

မေး - အဲဒီအဖွဲ့ကို လုပ်ငန်းရှင်တွေ ကြားထဲမှာ ပြည်တွင်း ပြည်ပက ရလမ်းမပြနိုင်တဲ့ ငွေတွေကို ငွေကြေးခ၀ါချပေးတဲ့ အဖွဲ့လို့တာင် မြင်နေကြတာရှိတယ်။ ငွေကြေးခ၀ါချတာ ရှိ၊ မရှိ သိနိုင်မလား။

ဖြေ - ကျွန်တော့်ကို ရှယ်ယာလာထည့်ပါလို့လည်း တစ်ခါမှ မခေါ်ဖူးသလို အဲဒီအဖွဲ့နဲ့ကျွန်တော် လုံးဝ အဆက်သွယ်ပြတ်နေတာ ကြာပြီဖြစ်လို့ ငွေကြေးခ၀ါချတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီမှာ တိကျတဲ့ သက်သေအထောက်အထား မရှိတဲ့အတွက် ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ တရုတ်အဖွဲ့က ငွေကြေးခ၀ါချမှု ရှိချင်လည်းရှိနိုင်တယ်။ မရှိချင်လည်း မရှိနိုင်ဘူး။

မေး - လွယ်ဟိန်း ကုမ္ပဏီအနေနဲ့ အခွန်ထမ်း ၅၀၀ ဦးစာရင်းမှာ ပါမလာဘူး။ အဲဒီတော့ လွယ်ဟိန်းက နိုင်ငံတော်ကို အခွန်ဆောင်ထားမှု ရှိ၊ မရှိ သိလိုပါတယ်။
ဖြေ - ဆောင်ထားပါတယ်။ မနှစ်က တစ်နှစ်စာ ပေးသွင်းတဲ့နေရာမှာ အချိန်နောက်ကျသွားတဲ့အတွက် အခွန်ထမ်းစာရင်းမှာ မပါလာတာပါ။ ကျွန်တော် ၁၉၉၂-၉၃ ကစပြီး အခုအချိန်အထိ ကျပ်သိန်းပေါင်း ၆၀၀၀၀ နီးပါး ဆောင်ထားပြီးပါပြီ။ လာမယ့်နှစ်အတွက်လည်း အခွန်ငွေကျပ် သိန်း ၅၀၀ ကြိုတင် ပေးဆောင်ထားပါတယ်။ အခွန်ရှောင်တာ မဟုတ်ပါဘူး။

မေး - လွယ်ဟိန်း ကုမ္ပဏီအနေနဲ့ အများပြည်သူကို ဘာများ ပြောကြားလိုသေးလဲ သိပါရစေ။

ဖြေ - ကျွန်တော်ပြောလိုတာ ၂၀၁၄ ခုနှစ်မှာ လွယ်ဟိန်း ကုမ္ပဏီအနေနဲ့ အလုပ်အကိုင်သစ် ၁၅၀၀ အထိထပ်ပြီး ဖန်တီးပေးဖို့ ရှိတယ်။ စက်ရုံသစ်တွေ ဆောက်နေပါပြီ။ ကမ္ဘာကျော် အချိုရည် ကုမ္ပဏီတွေနဲ့ ရေရှည် ယှဉ်ပြိုင်နိုင်အောင် လုပ်နေတယ်။ လက်ဝါးကြီးအုပ် လုပ်ငန်းရှင်လည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ ရှမ်းစစ်စစ်ပါ။ တရုတ်သွေး တစ်စက်ပါတယ်လို့ပြနိုင်ရင် ရှာထားသမျှ စည်းစိမ်အားလုံး ပေးပါ့မယ်။


Eleven Media Group

ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ဗုံး ၃ ကြိမ်ကွဲ၊ ၁ ဦး သေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ခမ်းမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းနှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဗုံးကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့နယ်ရဲစခန်းက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက နမ့်ခမ်းမြို့တွင် ဗုံးတလုံး စတင်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၇ နာရီ နှင့် ၇ နာရီခွဲတွင် နမ့်ခမ်းမြို့လယ်ဘုရားအနီးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၁ ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်သဖြင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး ကျန် ဒဏ်ရာရသူ ၅ ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြောင်း သိရှိရသည်။

“ပေါက်ကွဲမှု ဖြစ်တဲ့အတွက် တယောက်သေသွားတယ်။ ဒဏ်ရာရတဲ့ အထဲက တယောက်ကို နမ့်ခမ်း ဆေးရုံကို ပို့လိုက် ပါပြီ။ ကျန်တဲ့သူတွေက ပွန်းရာ ပဲ့ရာလောက်ပဲဆိုတော့ ဆေးရုံသွားဖို့ မလိုဘူး´´ ဟု နမ့်ခမ်းရဲစခန်းမှ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့လယ်ခေါင်ရှိ ကားလမ်းကို ကာရံထားသော အုတ်ခုံ တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဗုံးမှာ ချိန်ကိုက်ဗုံး ဟု ယူဆရကြောင်း၊ အသေးစိတ်ကို တပ်မတော်အင်ဂျင်နီယာတပ်က ဆက်လက် စစ်ဆေး လျက်ရှိ ကြောင်း နမ့်ခမ်းရဲစခန်းမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ နမ့်ခမ်းမြို့နယ်များတွင် ဗုံးပေါက်ကွဲမှု ၉ ကြိမ်၊ ဗုံးတွေ့ရှိမှု ၃ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရှိရသည်။

irrawaddy

စစ်ကိုင်းမြို့နှင့်မန္တလေးမြို့တို့တွင် ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို စီစီတီဗွီကင်မရာများမှ တစ်ဆင့်ခြေရာခံဖော်ထုတ်နိုင်ပြီဟုသိရ



အောက်တိုဘာ ၁၄ ရက်နှင့်၁၅ရက်က မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင် ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို ရွှေဘဲစားသောက်ဆိုင်နှင့်ဆွမ်းဦးပုညရှင် ဘုရားတို့ရှိ စီစီတီဗွီ ကင်မရာများမှတစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းသို့ခြေရာခံ ဖော်ထုတ်ရမိခြင်းကြောင့် ကနဦးမသင်္ကာ၍ ခေါ်ယူမေးမြန်းနေသူနှစ်ဦးကို အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ရှိရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု၊စစ်ကိုင်းမြို့ရှိရွှေပြည့်စုံဟိုတယ်နှင့် ဆွမ်းဦးပုညရှင်ဘုရားဗုံးပေါက်ကွဲမှုများကို ကျူးလွန်ခဲ့သူနှစ်ဦးမှာ ဇော်လတ်မောင်နှင နေတိုးဆိုသူတို့ဖြစ်ကြောင်း၊အဆိုပါ ကျူးလွန်သူနှစ်ဦးမှာ အောက်တိုဘာ ၁၃ ရက်တွင်ရွှေပြည့်စုံ ဟိုတယ်မှဆွမ်းဦးပုညရှင် ဘုရားသို့သွားရောက်ကာ မွန်းလွဲပိုင်း၌ ရွှေဘဲစားသောက်ဆိုင်တွင်နေ့လယ်စာ စားသုံးခဲ့ကြောင်းမှတ်တမ်းများတွင် တွေ့ရသည်။

"ဆွမ်းဦးပုညရှင်ဘုရားကစီစီတီဗွီမှတ်တမ်းကို စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ကနေ ရရှိခဲ့တာ။ နောက်ပြီးသူတို့ဟာ ဘယ်သူတွေပါ ဆိုတာကိုလည်းရန်ကုန်ပေါက်ကွဲမှု ကျူးလွန်တဲ့သူက ဖော်ထုတ်ခဲ့တယ်။ မသင်္ကာဖွယ်အကောင်းဆုံးဖြစ်တဲ့ကနဦး ခေါ်စစ်ဆေးတဲ့သူနှစ်ဦးဟာ စစ်ဆေးလိုက်တဲ့အခါဖြစ်နိုင်ခြေ နည်းတာကြောင့် ရွှေဘဲစားသောက်ဆိုင် စီစီတီဗွီမှတ်တမ်းကို အရင်ရက်တွေက မှတ်တမ်းတွေအထိလိုက်လံကြည့်တော စစ်ကိုင်းက ရရှိတဲ့အချက်တွေနဲ့ တူနေတာ သွားတွေ့ရတယ်။ အဲဒါနဲ့ခုံနံပါတ်၁၄ ကို ပြန်စစ်လိုက်တော့ကြေးနန်းကြိုးကိ တွေ့ရတာ"ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စစ်ကိုင်း၊မန္တလေးနှစ်နေရာလုံးကို ဗုံးထောင်တာကအောက်တိုဘာ ၁၃ ရက် တစ်ရက်ထဲဖြစ်ပြီးရွှေဘဲစားသောက်ဆိုင်က ခုံအောက်မှာ ချိတ်ထားခဲ့တဲ့ ကြေးနန်းကြိုးက မသေချာတာကြောင့်အောက်ကို ပြုတ်ကျသွားတဲ့သဘောပဲ။ မဟုတ်ရင်တော့ စစ်ကိုင်းမြို့မှာ ပေါက်ကွဲပြီး မန္တလေးမှာပါ ပေါက်ကွဲဖို့ပါ။ သူတို့ ဗုံးတပ်ဆင်သွားတ ခုံနံပါတ်မှာ ထိုင်ခဲ့တဲ့ နှစ်ယောက်ကတော့ ကံမကောင်းတာပေါ့။ ခုသူတို့ကို ပြန်လွှတ်ပေးပြီးပါပြီ။ သူတို့ကလည်းခုဖြစ်စဉ်ကို နားလည်ပါတယ်။ အမှန်တကယ် ကျူးလွန်တဲ့ သူနှစ်ဦးထဲက ဇော်လတ်မောင်ကို ဘီးလင်းမှာ ဖမ်းမိပြီလို့ သိရတယ်။ နေတိုးကတော့ လွတ်မြောက်နေဆဲပါ"ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင်အဆိုပါကျူးလွန်ခဲ့သူနှစ်ဦး စီးနင်းခဲ့သော အဖြူရောင်ယာဉ်အမှတ်(၆ဂ/၅၉၄၈)အမြန်လမ်းမကြီးမှဖြတ်သန်းသွားချိ န်ကို မှတ်တမ်းရှာဖွေ၍ ဖမ်းဆီးရမိရန် ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

EMG
News of Myanmar

တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင်လှုပ်ရှားသည့် ဆရာဝန် ခေါ်ယူ စစ်ဆေးခံရ



တောင်တွင်းကြီးမြို့တွင် လှုပ်ရှားလျက်ရှိသော ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာမုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှု (မုန့်တိုက်ပွဲ) ကို ဦးဆောင် လှုပ်ရှားမှုကြောင့် တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေကို တောင်တွင်းကြီး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးကြောင်း ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

တောင်တွင်းကြီး ရဲစခန်းက စခန်းမှူးသည် မုန့်တိုက်ပွဲနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းလိုသည်ဟု အကြောင်းကြားသဖြင့် သွားရောက် တွေ့ဆုံရာ မုန့်တိုက်ပွဲကို မည်သည့်အချိန်က စတင်လုပ်ဆောင်ခဲ့ကြောင်း၊ လက်ကမ်း စာစောင်များကို မည်သည့်နေရာတွင် ရိုက်နှိပ်ကြောင်း၊ မည်သူက ရိုက်နှိပ်ကြောင်းတို့ကို မေးမြန်းခဲ့ကြောင်း ၎င်းကပြောကြားသည်။
“အမှုစစ်သလို စစ်တာဗျ။ မုန့်အကြောင်း၊ ကလေးတွေကို ဘယ်လိုပညာပေးကြောင်း မေးတာမဟုတ်ဘူး။ ဘယ်သူက ရိုက်ပေးတယ်၊ အဖေနာမည်က ဘယ်သူ၊ ဘယ်နေရာမှာ ရိုက်တယ်၊ အဲ့ဒါတွေ မေးတာဗျ၊ သူတို့ကို အသိမပေးလို့ လို့ ပြောတယ်။ ကျန်းမာရေး အသိပညာ ပေးတာပါ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင် ဝေတာလည်း မဟုတ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လှုပ်ရှားမှုကိုတော့ ရပ်မှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

တောင်တွင်းကြီးမြို့တွင် လက်ကမ်း စာစောင်ပေါင်း ၄၅၀၀ အပြင် ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်၊ ဆင်ပေါင်ဝဲ၊ မင်းဘူး၊ စကု၊ စလင်း၊ ပြည်၊ နတ်တလင်း၊ မြင်းမူ၊ မန္တလေး၊ ကျောက်ဆည်နှင့် လားရှိုးမြို့များတွင် အဆိုပါ လှုပ်ရှားမှုကို စိတ်ပါဝင်စားသည့် ဒေသခံများက ဖြန့်ဝေပေးခြင်း ဖြစ်ပြီး အခြားမြို့များကလည်း လက်ကမ်းစာစောင် ဖြန့်ဝေပေးရန်အတွက် ကမ်းလှမ်းချက်များလည်း ရှိကြောင်း ၎င်းကပြောကြားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့တွင် တောင်တွင်းကြီးမြို့၌ ကျောင်းသားမိဘ ခြောက်ရာကျော်ကို အစားအသောက်များနှင့် ပတ်သက်သော ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

မုန့်တိုက်ပွဲ ဆိုသည်မှာ ဈေးကွက်အတွင်းရှိ အန္တရာယ်ရှိသော အဆိပ်မုန့်များကို မြန်မာ့ရိုးရာ မုန့်များဖြင့် တိုက်ထုတ်ဖယ်ရှား ရှင်းလင်းပစ်သော တိုက်ပွဲ ဖြစ်ကြောင်း၊ ဦးတည် တိုက်ခိုက်ရမည့် ရန်သူသည် ကလေးများကို တမြေ့မြေ့နှင့် လူမျိုးတုံးအောင် သတ်ဖြတ်ရန် ကြိုးပမ်းနေသော ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် မုန့်များ ဖြစ်ကြောင်း မုန့်တိုက်ပွဲ လက်ကမ်းစာစောင်တွင် ပါရှိသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ တောင်တွင်းကြီးမြို့နယ် ဆရာဝန်ကြီးက ပြောကြားသဖြင့် မုန့်တိုက်ပွဲ အခေါ်အဝေါ်အစား ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာ မုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှုဟု ပြောင်းလဲ သုံးစွဲမည်ဖြစ်ပြီး လက်ကမ်း စာစောင်များကိုလည်း ပြန်လည် ပြင်ဆင် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“သူတို့က လက်ကမ်းစာစောင်ကို သေချာမဖတ်ကြလို့ပါ။ အစအဆုံး ဖတ်ကြည့်ရင်တော့ နားလည်မှာပါ။ မေတ္တာရပ်ခံချက်ကို လက်ခံတဲ့အနေနဲ့ လက်ကမ်း စာစောင်တွေကို အသစ်ပြန်ရိုက်မှာပါ” ဟု ၎င်းကဆိုသည်။

တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံက သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေသည် သပိတ်ကျင်းမြို့ တွင် ခြောက်နှစ်၊ တောင်တွင်းကြီးမြို့တွင် ခုနစ်နှစ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အစားအသောက်များ၏ အန္တရာယ်ကို ဘောင်အတွင်းက လုပ်ဆောင်ခဲ့သော်လည်း လက်တွဲကူညီမည့်သူ မရှိသဖြင့် ယင်းအတွင်းရေးမှူး ရာထူးကို လွှဲအပ်၍ ကျန်းမာရေးဝန်ထမ်း တစ်ဦး၏ တာဝန်အရ မဟုတ်ဘဲ အပြင်လူ တစ်ဦးအနေဖြင့် ဝတ္တရားအရ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာမုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှု (မုန့်တိုက်ပွဲ) ကို ၂၀၁၃ စက်တင်ဘာလက တောင်တွင်းကြီး မြို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် နေရာအနှံ့အပြားတွင် လှုပ်ရှားမှုကို စိတ်ပါဝင်စားသည့် ဒေသခံများကြောင့် လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး ပညာပေးမှုများကို လုပ်ဆောင်လျက် ရှိနေသည်။

The Voice Weekly

Adidas လည်း စမတ်နာရီထုတ်ပြီ



Adidas အားကစား ပစ္စည်း ကုမ္မဏီလည်း စမတ်နာရီ ထုတ်လုပ် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၉၉ ပါ။ ဈေးတော့ကြီးပါတယ်။ ဈေးအဲ့လောက်ကြီးရအောင် ဘာတွေ ဘာသလဲ ဆိုတာ လေ့လာကြည့်တဲ့အခါမှာတော့ -

သူက အခြား မိုဘိုင်းဖုန်းတွေနဲ့တော့ Syns လုပ်လို့ မရပါဘူး။ နာရီရဲ့  မျက်နှာပြင် Display မှာပဲ လိုအပ်တဲ့ Information အစုံအလင် ပြသစေဖို့ ဖြစ်ပါတယ်။ GPS ပါဝင်ပါမယ်။ Heart rate sensor လို့ခေါ်တဲ့ နှလုံးခုန်နှန်းကို ထောက်လှမ်းပေးမယ့် စက် ပါဝင်ပါမယ်။ ပတ်ထားတဲ့ လက်ရဲ့  သွေးကြောတွေကိုပါ ထောက်လှမ်းပြီး ကျန်းမာရေး အခြေအနေကို report လုပ်ပေးပါတယ်။ Earphone ပါလို့ တပ်ဆင်လိုက် ရင်လည်း အပြေး အားကစား နည်းပြ တစ်ယောက်အနေနဲ့ လိုက် လံကြီးကြပ်ပေးမယ့် အသံကို ကြားရမှာပါ။ အကယ်၍ အဲ့လိုမဟုတ်ပဲ သီချင်းနားထောင်ချင်ရင်လည်း ရပါတယ်။

ရသမျှ သတင်းအချက်အလက်အားလုံးကို ကွန်ပြူတာထဲလည် ပြန်ပို့ပေးနိုင် ပါတယ်။ အချိန်ကိုပဲ ပြတဲ့ နာရီ မဟုတ်တော့ပါဘူး။ Nike က ထုတ်တဲ့ Fuel Band ထပ်လည်း function ပိုစုံသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ Adidas ရဲ့ ပထမဆုံး စမတ်နာရီကို မကြာခင် ဈေးကွက်ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:engadget
Aung Kham ( TSJ Team )
TechSpace Journal

စီမံကိန်းမှမိုင်းခွဲသည့်ဒဏ်ကြောင့် လယ်တီဆရာတော်ဘုရား သိမ်ပျက်ဆီးမည့် အခြေအနေကြုံတွေ့နေရ



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု ပြဿနာ များအား ဖြေရှင်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အား ဖွဲ့စည်းခဲ့ကာ ဒေသခံပြည်သူများ နစ်နာမှု မရှိစေရေးရန် အစီရင်ခံစာတစ်ရပ်အား ထုတ်ပြန်ခဲ့သော်လည်း ယခုလက်ရှိတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာပါ အချက်အချို့ အား ဖောက်ဖျက်၍ လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်းအား လုပ်ဆောင်နေသည့် အပြင် စီမံကိန်း မှ မိုင်းခွဲသည့်ဒဏ်ကြောင့် လယ်တီဆရာတော်ဘုရားကြီး သိမ်ပျက်ဆီးမည့် အခြေအနေနှင့် ကြုံတွေနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် သိမ်နှင့် သာသနိက အဆောက်အုံများကို မူလအတိုင်း မပျက်ဆီးစေဘဲ ရွှေပြောင်းပြီးမှသာ စီမံကိန်းအား ဆက်လုပ်ရမည်ဟု ပါရှိသော်လည်း ယင်းအစီရင်ခံစာပါ အချက်အလက်အတိုင်း လိုက်နာမှုမရှိသည့်အတွက် ဒေသခံများက တောင်းဆိုမှုများဖြစ်ပေါ်လျက်ရှိပြီး လက်ပံ့တောင်းတောင် စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဒေသပြည်သူတို့ ၏အသံများအား နားထောင်သင့်ကြောင်း လက်ပံ့တောင်းတောင် လယ်တီသိမ် မဖျက်သိမ်းရေးအတွက် လမ်းလျောက်ဆန္ဒပြသူ ကိုစည်သူက ပြောသည်။

“ကျွန်တော်တို့ နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင်ဝန်ကြီး သာသနာရေးဝန်ကြီးနဲ့ က လယ်တီဆရာတော်ကြီးရဲ့ သိမ်နဲ့ သာသနိက အဆောက်အုံကို မူလအတိုင်း ထားပေးဖို့ လွှတ်တော်ကို တင်မယ့်အချိန်မှာ လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်းတွေကို စနေတယ်။ လုပ်ငန်းသုံး မိုင်းတွေကို ခွဲနေတယ်။ နဂိုထဲက ဆရာတော်ဘုရားကြီး သိမ်ရှိတဲ့မြေနေရာဟာ မြေသားမရှိဘဲနဲ့ အဲ့ဒီလိုခွဲတဲ့ အတွက်ကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်ဟာ ဒီမိုင်းဒဏ်တွေကြောင့် ပြိုသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်”ဟု ကိုစည်သူအောင်က ဆိုသည်။

စီမံကိန်းအား လုပ်ပိုင်ခွင့် ရရှိထားသော မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ၏ အချက်ပါ စည်းကမ်းချက်များအား လိုက်နာသင့်ပြီး စည်းကမ်းချက်အတိုင်း လိုက်နာမှု မရှိခဲ့ပါက ဒေသခံပြည်သူ သံဃာတော်များနှင့် လယ်တီသိမ်အရေး လုပ်ရှားသူတွေများ လက်ပံ့ တောင်းတောင်အရေး လုပ်ရှားသူများ အားလုံး ပူးပေါင်းတောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာတစ်စောင်ကို ထုတ်လိုက်ပြီဆိုရင် ထုတ်လိုက်ရုံနဲ့ ဒါကပြီးမသွားဘူး စုံစမ်း စစ်ဆေးရေးက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆိုရင်လည်း လူထုနဲ့ တွေဆုံပြီးတော့ လာပြီးပြောသွားတာ ရှိတယ်။ “လယ်တီသိမ်နဲ့ သာသနိက အဆောက်အုံတွေကို မပျက်ဆီးအောင် ရွှေ့ပြောင်းပေးဖို့ သူအာမခံတယ်”လို့ ပြောထားတယ်။ အဲလိုပြောထားတဲ့ အခါမှာ တစ်ဖက်မှာကျတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာပါအတိုင်း မလုပ်ဘဲနဲ့  စည်းကမ်းချက်တွေကို ချိုးဖေါက်ပြီး လုပ်နေတာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်လူတွေက မသိတာလား မသိချင်ယောင် ဆောင်နေတာလား တကယ်လို့ မသိဘူးဆိုရင်လည်း အစီရင်ခံစာပါ အချက်တွေကို ဖောက်နေတယ်ဆိုတာ အဲ့ဒီကိုသွားရောက် စစ်ဆေးစေချင်တယ်’’ဟု ကိုစည်သူအောင်က ဆိုသည်။

လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်း ပြဿနာသည် ၂၀၁၂ ခုနှစ်အောက်တိုဘာလမှ စတင်ကာ ယခု၂၀၁၃ ခုနှစ် အောက်တိုဘာလ အထိ ပြီးဆုံးခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုဖြစ်ပေါ်နေသော ပြဿနာများနှင့် စီမံကိန်းပါ အချက်အချက်လက်များအား ဖောက်ဖျက်နေသည်ကို လာရောက်ကြည့်ရှုခြင်း မရှိပါက ယင်းအား မိမိတို့ အနေဖြင့် သွားရောက်တွေဆုံရမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောစကားအရ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ တွေ့စဉ်က လက်ပံတောင်းတောင် အစီရင်စာ အချက်အလက်များအပေါ် မိမိလုံးဝ တာဝန်ယူကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်များ အကောင်ထည်ဖော် တာဝန်ယူရမည်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

နှင်းနွယ်

ဓာတ်ပုံ – ထက်နောင်နောင်
themyanmaage

သျှမ်း/မြောက် နမ့်ခမ်းမြို့တွင်ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲတစ်ဦးသေ နှစ်ဦးဒဏ်ရာရ by သျှမ်းသံတော်ဆင့်(ဟွမ်ဟွမ်)



သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့မြို့လယ်ဘုရားကျောင်းအနီးတွင်ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာ လူတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

“မနေ့ည၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက်၇း၀၀ နာရီနဲ့၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ဒီမနက် ပထမတလုံးပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီးပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံးကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ်ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟုအခင်းဖြစ်ပွားမှုတွင်မြင်တွေ့ရသူ စိုင်းအိုက်လှကပြောသည်။

ဗုံးပေါက်မှုကြောင့်ထိခိုက်ဒဏ်ရာရသွားသည့် အသက်၁၅ နှစ်အရွယ်ကလေးမှာ ပေါက်တိုက်ရပ်ကွက်နေ ပါ့နန်းနွမ်း၏သား စိုင်းအိုက်ဖွန်ဖြစ်ပြီး ၀မ်းဗိုက်နှင့်မေးတို့တွင် ဒဏ်ရာရရှိသွားကြောင်းယခုသတင်းရေး နေချိန် (မနက်၉း၃၀ ) အချိန်တွင်နမ့်ခမ်းပြည့်သူ့ဆေးရုံမှ မူစယ်ပြည့်သူ့ဆေးရုံသို့အရေးပေါ် ပို့ဆောင် ခွဲစိတ်ကုသနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်တဲန်မ ရပ်ကွက်နေ မိုင်းဝီး ရွာသားတရုတ် လူမျိုးအသက်(၅၀)ကျော် အမျိုးသားမှာမူ ဘယ်လက်မောင်း ဒဏ်ရာရရှိကြောင်း၎င်းက ဆိုပါသည်။

“ကျမတို့မြို့ ကဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ တစ်ည နဲ့တစ်ရက်တောင် ဗုံးသုံးလုံးပေါက်ကွဲတယ်။ ပေါက်တဲ့နေရာကလဲ တနေရာနဲ့တနေရာ သိပ်မဝေးဘူး။ ကျမတို့ ကလေးကို ကျောင်းမလွှတ်ရဲတော့ဘူး။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ်ဒါအင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဘဲ၊ ကျမတို့ပြည်သူတွေကဘာအပြစ်ရှိလဲ။ ဘာဖြစ်လို့ မြို့လယ်ခေါင်မှာ လာဖောက်ခွဲရတာလဲ။ ဘယ်လိုဦးနှောက်နဲ့အလုပ်လုပ်နေတာလဲ ”ဟု နမ့်ခမ်းမြို့နေ ပါ့နန်းအောင်အေးက ၄င်း၏ခံစားချက်အားဖွင့်ဟပြောဆိုသည်။

ဗုံးသုံးလုံးစလုံးသည်မြို့လယ်ဘုရားကျောင်းအနီး ပြည်ထောင်စု လမ်းမ ပေါ်တွင်ပေါက်ကွဲခဲ့ပြီး ကိုက် ၂၀၀အတွင်း တွင်သာ ပေါက်ကွဲခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုသတင်းရေးနေချိန်တွင်နမ့်ခမ်းမြို့အတွင်းနေရာအနှံ့အပြားဗုံးရှင်းလင်းရေးဟုဆိုကာ မြန်မာစစ်သားများလှုပ်ရှားနေကြောင်း၊ လမ်းကြိုလမ်းကြားအမှိုက်ပုံများတွင်ပါမကျန် စစ်ဆေးကြည့်ရှုနေကြောင်းစိုင်းအိုက်လှ က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။ဗုံးမပေါက်ကွဲမီယမန်နေ့ ညကလည်း အစိုးရ၏စစ်တပ်များသည်မြို့လယ်ဘုရားကျောင်းတွင် လာရောက်တည်းခိုကြကြောင်း ဒေသခံများကပြောပါသည်။

by သျှမ်းသံတော်ဆင့်(ဟွမ်ဟွမ်)

အစားအစာ ပြတ်လပ်နေသော ဆီးရီးယားများ ခွေးသားစားနိုင်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ ခွင့်ပြု



ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြား ပိတ်မိနေသည့် ဆီးရီးယား နိုင်ငံသားများ အစားအစာ ပြတ်လပ်မှုမှ သက်သာစေရန် ခွေးသား၊ ကြောင်သားစသည့် ယခင်က တားမြစ်ထားသည့် အသားများကို စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အမိန့်ထုတ်ပြန်ခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစားအစာ ငတ်မွတ်မှုကို တွန်းလှန်နိုင်ရန် ခွေးသား၊ ကြောင်သားနှင့် မြည်းသားများ စားသုံးနိုင်သည်ဟု ဆီးရီးယား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဗီဒီယိုသတင်းတွင် ထုတ်ပြန်လိုက်သည်။

ဒမတ်စကတ်မြို့ ဆင်ခြေဖုံးဒေသရှိ အတိုက်အခံများ သိမ်းပိုက်ထားသော မူဒါမီယ ဒေသအတွင်း အစာရေစာ ပြတ်လပ်မှုများ ပေါ်ပေါက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့သော ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဒေသများသို့ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးပို့ခွင့်ပြုရန် ကူညီကယ်ဆယ်ရေး အေဂျင်စီများကလည်း ဆီးရီးယား အစိုးရအဖွဲ့ကို တောင်းဆိုထားသည်။

အစ္စလာမ် ဘာသာရေး အယူအဆအရ စားသောက်ရန် မသင့်ဟု ယူဆထားသော အသားများကို ဒမတ်စကတ်မြို့တော် ဂေါ့တာ စိုက်ပျိုးရေးဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအကြား ပိတ်မိနေသူများ စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အိဒ်အယ်အဟာ ဘာသာရေး ပွဲတော်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် အကူအညီများ ပေးအပ်ရန် တစ်ကမ္ဘာလုံးကို တောင်းဆိုကြောင်း ဘာသာရေး ခေါင်းဆောင်များက ပြောကြားလိုက်ပြီး အခြေအနေများ ဆက်လက်ဆိုးရွားလာပါက အသေကောင်များကိုပါ စားသောက်ရန် လိုလာလိမ့်မည်ဟု ပြောကြားသည်။

ယင်းကဲ့သို့သော ခွင့်ပြုချက် ပေးမှုသည် ဆီးရီးယား ပဋိပက္ခတွင်း ပထမဆုံးအကြိမ် မဟုတ်ဘဲ အလတ်ပိုမြို့နှင့် ဟွန်းမြို့များ၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားစဉ်ကလည်း ယင်းကဲ့သို့သော အမိန့် ထုတ်ပြန်ထားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများသို့ အစားအစာနှင့် သောက်သုံးရေများ ထောက်ပံ့ကူညီခြင်းကိုလည်း ဆီးရီးယား ဓာတုလက်နက်များ ဖျက်သိမ်းရေးကဲ့သို့ပင် ဦးစားပေးသင့်ကြောင်း ကူညီကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားသည်။

အကူအညီများ အရေးပေါ် လိုအပ်နေသည့် ဒေသတွင်းသို့ ထောက်ပံ့ရေး ယာဉ်တန်းများ ဝင်ရောက်ခွင့် မပြုသော်လည်း ဓာတုလက်နက် စစ်ဆေးရေးမှူးများကို လွတ်လပ်စွာ သွားလာခွင့် ပြုထားခြင်းမှာ အဓိပ္ပာယ်မရှိသည့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့ Medecins Sans Frontieres မှ ညွှန်ကြားရေးမှူး ခရစ်စတိုဖာက ဝေဖန် ပြောကြားသည်။

The Voice Weekly

SEA Games ကာလ ရန်ကုန်မြို့တွင်း ငါးနေရာ WIFI အခမဲ့သုံးနိုင်မည်



(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ခုနစ်မျိုး လက်ခံကျင်းပမည့် ရန်ကုန်မြို့တွင်း ငါးနေရာတွင် နိုဝင်ဘာလ တတိယပတ်မှ စတင်၍ ကြိုးမဲ့ အင်တာနက်စနစ် (WIFI) အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းအင်တာနက် ဆက်သွယ်မှု ဝန်ဆောင်ပေးမည့် Red Link ကုမ္ပဏီမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

အသုံးပြုနိုင်မည့် နေရာများမှာ ကမ်ပို (ဂျပန်ရိုးရာ ကိုယ်ခံပညာ) ပြိုင်ပွဲ ကျင်းပမည့် သုဝဏ္ဏ အားကစားရုံ၊ အလေးမနှင့် ဟော်ကီပြိုင်ပွဲ ကျင်းပမည့် သိမ်ဖြူကွင်းနှင့် အားကစားရုံ၊ ကာယဗလပြိုင်ပွဲ ကျင်းပမည့် မြန်မာကွန်ဗင်းရှင်း စင်တာ၊ သေနတ်ပစ် ပြိုင်ပွဲ ကျင်းပမည့် မြောက်ဒဂုံ သေနတ်ပစ်ကွင်း၊ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကျင်းပမည့် သုဝဏ္ဏ အားကစားကွင်းတို့ ဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းအပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ရွှေတိဂုံစေတီတော်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင်လည်း ပြည်သူများ WIFI အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်၌ အင်တာနက် အမြန်နှုန်း ရရှိရေးအတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ယူ လုပ်ဆောင်လျက်ရှိရာ SEA Games ကာလအတွင်း WIFI စနစ် အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် Red Link ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားပြီး နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် SKY Net ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည်။
The Voice Weekly

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်၊ တရုတ်နိုင်ငံ လေယာဉ် တည်ဆောက်မှု နည်းပညာနှင့် စက်မှု ကော်ပိုရေးရှင်းနှင့် NORINCO ကုမ္ပဏီတို့သို့ သွားရောက် လေ့လာ






တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး အောင်ချိန်တို့ လိုက်ပါလျက် အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက ပေကျင်းမြို့ရှိ သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်သို့ သွားရောက် လေ့လာကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်မှ Political Commissar Major General Xia Xiaopeng နှင့် တာဝန်ရှိသူ များမှ ကြိုဆိုကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဧည့်ခန်းမ၌ Major General Xia Xiaopeng မှ သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ် ဖွင့်လှစ် သင်ကြား လေ့ကျင့်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ကျောင်း အဆောက်အအုံ ရှေ့တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် သံချပ်ကာ တိုက်ယာဉ်များနှင့် လေ့ကျင့်မောင်းနှင်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့သည်။

ယင်းမှ ဆက်လက် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ပေကျင်းမြို့ တရုတ်နိုင်ငံ လေယာဉ် တည်ဆောက်မှု နည်းပညာနှင့် စက်မှုကော်ပိုရေးရှင်း (CASIC) အမှတ် (၃) ဌာနခွဲသို့ ရောက်ရှိပြီး တာဝန်ခံ Mr. Gao Fulai နှင့် အဖွဲ့မှ ကြိုဆိုကြသည်။ ယင်းနောက် ရှင်းလင်းဆောင် အတွင်း တာဝန်ရှိသူများမှ စက်ပစ္စည်း ထုတ်လုပ်မှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြ၍ ပြခန်းအတွင်း ခင်းကျင်းပြသမှုများကို လိုက်လံ ကြည့်ရှု ကြသည်။ ထို့နောက် ရုံးအဆောက်အအုံ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းမှ ဆက်လက် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၂ နာရီတွင် ပေ ကျင်းမြို့ရှိ NORINCO ကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Zhao Gang နှင့် အဖွဲ့မှ ကြိုဆို ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား ကုမ္ပဏီ ဧည့်ခန်းမတွင် Mr.Zhao Gang မှ ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ NORINCO ကုမ္ပဏီမှ ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး နေ့လယ်စာ သုံးဆောင်ပြီးချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NORINCO ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Zhao Gang တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
Ministry of Defence

ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား




ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁၆ ရက် ည ၉ နာရီအချိန်တွင် ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်နှင့် မပေါက်ကွဲသေးဘဲ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

"သူက KNU အဖွဲ့ကို ၀င်လိုက်ထွက်လိုက်ပါပဲ။ တပ်သားလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦးလို့ ပြောတယ်။ ဆက်စပ် စစ်ဆေးကြည့်တဲ့အခါမှာ သူက KNU ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာသာပြန်တဲ့ သူလို့လည်း ထွက်ဆိုထားပါတယ်။ ဒါကတော့ သူ့ဘက်က ပြောတာပဲ ရှိပါသေးတယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

စောမြင့်လွင်၏ ထွက်ဆိုချက်နှင့် ပတ်သက်ပြီး KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ စုံစမ်းမှုများအရ ၎င်းသည် KNU တပ်ဖွဲ့ဝင် မဟုတ်ကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က The Daily Eleven သို့ ပြောကြားသည်။

"ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင် လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့ သူပြောနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိ သိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး"ဟု ပဒိုသောသီဘွဲ့က ဆိုသည်။ ထို့အပြင် ယခုဗုံးပေါက်ကွဲရာ နေရာများသည် KNU တပ်ဖွဲ့ဝင်များ အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်သည့် နေရာများ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရှိဖို့တွေကိုတော့ လိုလိုလားလားရှိတယ်ဗျ။ အဲ့လို လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့ကလည်း ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပဲ။ အဲဒီ တွေ့ဆုံဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေကတော့ သွားနေတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ အားမလိုအားမရ ဖြစ်တာလေးတွေတော့ ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့် လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု ပြည်တွင်းမှာ ဗုံးပေါက်နေတဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာတဲ့အခါမှာ အထက်အရာရှိတွေကို အသိပေးပြီးမှ သွားလာကြတာပါ" ဟု ပဒိုသောသီဘွဲ့က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က "ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြုလုပ်ခဲ့တဲ့ သူတွေကတော့ KNU တပ်ဖွဲ့ထဲကလို့ ပြောလို့ရပါပြီ။ သူတို့ဘက်ကတော့ ငြင်းချင် ငြင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သွားလာလှုပ်ရှားမှုတွေ၊ ဘယ်လို လှုပ်ရှားခဲ့တာတွေ၊ သွားခဲ့တဲ့ လမ်းကြောင်းတွေ၊ ကားနံပါတ်တွေ၊ လူတွေကို ခိုင်လုံတဲ့အထောက်အထားတွေ၊ အပြည့်အစုံရရှိနေပါပြီ" ဟု အောက်တိုဘာ ၁၆ ရက် ည ၉ နာရီတွင် ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့သော ဖြစ်စဉ်များမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုးဆိုသူဖြစ်ပြီး ယင်းအဖွဲ့တွင် ဗိုလ်အဆင့်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

အဆိုပါ နေတိုးဆိုသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဗုံးဖောက်ခွဲရာတွင် ယာဉ်မောင်းအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဇော်လတ်မောင် အသက် (၄၂)နှစ် ဗမာ၊ ဗုဒ္ဓဘာသာကိုလည်း အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် ဘီလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးထားသူ စောမြင့်လွင်ကို တွေ့ရစဉ်
Eleven Media Group

သုံးသိန်းဝန်းကျင်စမတ်ဖုန်းစိတ်ဝင်စားသူတွေအတွက်


ခွန်နေ(AMMG)

လက်ရှိပေါက်ဈေး ၂၇၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်ဝန်းကျင်ရှိတဲ့ စမတ်ဖုန်း
တွေကိုဈေးနှုန်းအလိုက် စွမ်းဆောင်ရည်ဇယားနဲ့ တကွ ဖော်ပြပေးလိုက်ပါ
တယ်။

HTC Desire X - 270000 Ks
Galaxy S2 Plus-280000 Ks
Sony Xperia T-282000 Ks
Lenovo S820 - 270000 Ks
Huawei P6 - 313000 Ks

TechSpace Journal

Marriage Advice (2) သီတင်းကျွတ်ရင် ဖတ်စေချင်




သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလဲရှိတယ်။ မိဘစကားနားမထောင်ရင် ဆရာဝန့်စကားလဲ လိုက်နာမယ်တော့ မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေ တိုးလာပါပြီ။ ဆရာဝန့်စကားလဲ နဲနဲလေးဖြစ်ဖြစ် နားထောင်ကြည့်ကြပါ။

(က) လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
၁။ (ဂနိုရီးယား)
၂။ (ဆစ်ဖလစ်)
၃။ (ကလာမိုင်ဒီးယား)
၎။ လိင်လမ်း-ရေယုံ
၅။ (ထရွိုင်ကိုမိုးနပ်စ်)
၆။ (ရှန်ကာရွိုက်)
၇။ LGV (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
၈။ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
၉။ အသဲရောင် (ဘီ)
၁ဝ။ HIV/AIDS ခုခံအားကျရောဂါတွေဖြစ်ပါတယ်။

သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါမပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်းမသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။

(ခ) လက်မထပ်ခင် သွေးအုပ်စုစစ်ခြင်း
“အေ-ဘီ-အို” သွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ Rh-ve ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ စိုးရိမ်စရာ မရှိပါ။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေရင်တော့ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

ကလေးအတွက် အန္ကရာယ်ရှိမယ်။ မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပြီး သွေးအားနည်းမယ်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အသားဝါရောဂါရမယ်၊ ဦးနှောက်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။ ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီးမကြာခင်လဲ သေနိုင်တယ်။ မွေးလာတဲ့ကလေးမှာ သွေးရောဂါရမယ်ဆိုရင် သွေးလဲတာ လုပ်ရတယ်။

လူတွေမှာ Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ (အာရ်အိတ်ခ်ျ) အနုတ်ရှိသူတွေက အာရှမှာက ပိုများတယ်။ Rh -ve ကိုယ်ဝန်ဆောင်ကို Rhogam ဆေးထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် မိခင် ၉၉% မှာ Anti-Rh (အင်တီဘော်ဒီ) တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာနဲ့ မွေးပြီး ၇၂ နာရီအတွင်းပေးတယ်။ ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေက များနေပြီမို့ ဒုတိယကိုယ်ဝန် ဖြစ်နေတဲ့ အထဲကကလေးကို ဆိုးဆိုးဝါးဝါးတိုက်ခိုက်တော့မယ်။ မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။

(ဂ) ခေတ်လူငယ်တွေအတွက် အကြံပေးချက်
ကူးစက်ရောဂါတွေနဲ့ သွေးအုပ်စုအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေ ဖြေနေတာကြာလာတော့ ကနေ့မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
• ရာသီ မမှန်သူတွေ OG ပြပါ။
• မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင်လဲ လုပ်ပေးနိုင်ပါတယ်။
• သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာ ကာကွယ်ဆေး ထိုးထားပါ။
• တယောက်ယောက်မှာ (ဘီ) ပိုးရှိနေရင် ကျန်တဲ့သူ (ဘီ) ကာကွယ်ဆေးထိုးပါ။
• အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ကြရင် သူများတွေထက် ပိုဂရုစိုက်ပါ။
• ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ နောက်မှ ဆရာဝန်ကိုလှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
• လက်မထပ်ခင်က တားဆေး၊ အရေးပေါ်တားဆေး၊ ဖျက်ဆေး သောက်ထားဘူးရင် ကိုယ့်ကျန်းမာရေးရာဇဝင်ကို မမေ့ပါနဲ့။
• တခုခုဖြစ်ရင် ယုံကြည်စိတ်ချတဲ့ ဆရာဝန်ကိုရှာပါ။ ဆရာဝန်ကတော့ ကျေးဇူးပြုပြီး မညာပါနဲ့။
• ယောက်ျားလေးများလဲ ဆက်ဆံရေးကိစ္စတွေမှာ အားနည်းချက်ရှိနေတယ်ဆိုရင် ဆရာဝန်ကိုမေးဘို့ မရှက်ပါနဲ့။
• ကိုယ်ဝန်မယူချင်သေးရင် ကိုယ်ဝန်တားနည်း-တားဆေးတွေကို စနစ်တကျသုံးတတ်ဘို့ ကြိုတင်သိထားပါ။

ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး ဥာဏ်ပညာ ထက်မြက်ထူးချွန်တဲ့၊ စိတ်ထားလဲကောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို မွေးထုတ်ပေးကြပါ။ ဒါမှ ကနေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်း ကယ်တင်နိုင်မဲ့သူတွေ ပေါ်ပေါက်လာပါမယ်။ အားကိုးပါရစေ။

ဒေါက်တာတင့်ဆွေ

Clean Master (Cleaner) v3.8.2 Apk



October 16 ရက်နေ့ကအသစ်ထွက်လာတဲ့ဗားရှင်းလေးပါ
ကျွန်တော်တို့ စက်တွေထဲမှာ မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်
စက်ကိုလုံးဝပေါ့သွားစေပါတယ်။

App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင်
စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင်
တော့မှားသွားမယ်။

အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။

Task killer ကလည်း လုံးဝထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။
သုံးကြည့်ပါ အပြောနဲ့  လက်တွေ့ ယုံသွားစေရမယ်။လိုချင်ရင်တော့
အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

download

မောင်(စွယ်စုံကျမ်း)

ပျူမြို့ဟောင်း ၃ ခု ယူနက်စကိုအဖွဲ့ လာရောက်စစ်ဆေးတော့မည်




ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးခုကို UNESCO ကုလသမဂ္ဂ ယဉ်ကျေုးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုဖို့ အဲဒီကော်မတီက လာမယ့် ၂၄ရက်နေ့မှာ မြို့ဟောင်းတွေကို လာရောက်စစ်ဆေးမယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ် ဇွန်လမှာ UNESCO က အတည်ပြုမှာဖြစ်တယ်လို့ ပျူမြို့ဟောင်း ၃ မြို့ မူကြမ်းပြုစုရေးကော်မတီ ဥက္ကဌ နဲ့ ရှေးဟောင်းသုတေသနပညာရှင် ဦးစန်းဝင်းက ပြောပါတယ်။

“၁၉၉၆ ဝန်းကျင်မှာ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းတဲ့အခါကျတော့ ပုဂံရဲ့အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားတာပေါ့နော်၊ ၂ဝဝ၉ ခုနှစ်မှာ ပြန်လည်ပြီးတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဗဟိုကော်မတီကို မြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပေးဖို့ ကျနော်တို့က ထပ်မံပြီးတော့ အဆိုပြုလိုက်တာ၊ ကျနော်တို့ စစ်ဆေးတွေ့ရှိချက်တွေကို နောင်နှစ်ဇွန်လလောက်မှာ ကျင်းပမယ့်ညီလာခံမှာ မြန်မာနိုင်ငံက ဒီမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုကြောင်း သူတို့သတ်မှတ်ချက် ထုတ်ပေးမှာဖြစ်ပါတယ်”

အဲဒီ မြို့ဟောင်း ၃ ခုကတော့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က ဗိဿနိုး၊ စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်က ဟန်လင်းမြို့ဟောင်း၊ ပဲခူးတိုင်း ပြည်မြို့နယ်က သရေခေတ္တရာမြို့ဟောင်းတို့ ဖြစ်ပါတယ်။

RFA Burmese

သရီးဒီ ပရင်တာနဲ့ ထုတ်လုပ်တဲ့ ပလတ်စတစ် ပစ္စည်း


သရီးဒီ ပရင်တာနဲ့ ထုတ်လုပ်တဲ့ ပလတ်စတစ် ပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

အခုအခါမှာတော့ ပလတ်စတစ်အမှုန့်အစား သတ္တုအမှုန့်တွေကို သရီးဒီ ပရင်တာမှာ အသုံးပြုပြီး ဂျက်လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ တခြား သတ္တုစပ် အစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဥရောပ အာကာသ အေဂျင်စီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သတ္တုမှုန့်ကို အသုံးပြုပြီး ရောကက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ အတွက် သရီးဒီ ပရင်တာနဲ့ ထုတ်လုပ်တဲ့အခါ အလေ့အလွင့် နည်းပြီး ကုန်ကျစရိတ် သက်သာမှာဖြစ်တယ်လို့ ဆိုပါတယ်။
BBC Burmese

ဘဏ္ဍာရေးနှင့်ငွေကြေးတွင် အနှောင့်အယှက်ကြုံနိုင်ပြီး အစိုးရနှင့်တပ်တွင်း အပြောင်းအလဲကြုံမည်ဟု နက္ခတ်ဗေဒင်ပညာရှင်များဆို


ရေးသားသူ- ဥက္ကာကိုကို၊ ပြည်သိမ်း

၂၀၁၃ ခုနှစ်၏ နှောင်းပိုင်းကာလတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် အကောက်ခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ အနှောင့်အယှက်ပြဿနာများစွာ ပေါ်ပေါက်လာနိုင်ပြီး အစိုးရ၀န်ကြီးဌာနအချို့တွင် ရာထူးနေရာအပြောင်းအလဲများ ဖြစ်ပေါ်မည်ဖြစ်ကာ နိုင်ငံ့စီးပွားရေး ကျဆင်းလာနိုင်ကြောင်း နက္ခတ်နှင့်ဗေဒင်ပညာရှင်ကြီးများက ဟောကိန်းထုတ်လိုက်သည်။

အောက်တိုဘာ ၁၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လအရိပ်ဖျော့ကြတ်သည့်ဖြစ်စဉ်၊ လာမည့် နိုဝင်ဘာ ၃ ရက်တွင် နေအပြည့်ကြတ်သည့်ဖြစ်စဉ်နှင့် နိုဝင်ဘာ ၂၆ ရက်တွင် ဗုဒ္ဓဟူးဂြိုဟ်နှင့် စနေဂြိုဟ်တို့ နီးကပ်စွာ ပူးယှဉ်စစ်ထိုးသည့်ဖြစ်စဉ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် စိတြကြယ်နက္ခတ်မှ လခြမ်းသဏ္ဍာန် လမင်းကိုထွင်းဖောက်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်မည်ဖြစ်သည်။

ယင်းဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတို့အပေါ် အနည်းနှင့်အများ ရိုက်ခတ်မှုရှိနိုင်ပြီး အထူးသဖြင့် ဘဏ္ဍာရေးနှင့် စီးပွားရေးနယ်ပယ်၊ အိမ်ခြံမြေဈေးကွက်တို့ကို အနှောင့်အယှက်ပေးလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုကဆိုသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ဖြစ်ပေါ်မည့် လအရိပ်ဖျော့ကြတ်သည့်ဖြစ်စဉ်သည် ကြည်လင်ဝင်းပသည့် လမင်းကို အရိပ်ပါးပါး ခေတ္တမျှဖုံးလွှမ်းခြင်းသာ ဖြစ်သည့်အတွက် အနှောင့်အယှက်မရှိနိုင်ဟု နက္ခတ်သိပ္ပံပညာရှင်က ပြောသည်။

သို့သော် နိုဝင်ဘာ ၃ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ ၁၆ မိနစ်တွင် ပေါ်ပေါက်မည့် နေအပြည့်ကြတ်မှုဖြစ်စဉ်မှာမူ နိုင်ငံအုပ်ချုပ်ရေးကဏ္ဍမှ အုပ်ချုပ်သူများအတွက် စိတ်အနှောင့်အယှက်သောကများရမည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ၎င်းဖြစ်စဉ်သည် တူရာသီခွင်အတွင်း ဖြစ်ပေါ်မည်ဖြစ်ကာ နေကြတ်ချိန်တွင် ဗုဒ္ဓဟူးဂြိုဟ်မှာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဖောက်ပြန်သွားလာ၍ ပါဝင်ပတ်သက်မှုရှိနေကြောင်း သိရသည်။

“တိုင်းပြည်ရဲ့ ဘဏ္ဍာရေးပိုင်း၊ ငွေကြေးပိုင်းဆိုင်ရာမှာ ကြီးမားတဲ့အတိုက်အခံဖြစ်ရပ်တွေ ဖြစ်ပေါ်နိုင်တယ်။ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးအကဲတွေရဲ့ အခန်းကဏ္ဍ အပြောင်းအလဲနဲ့ ကံအညံ့ကြုံနေမယ်။ နေကြတ်တဲ့နေ့ကနေပြီး ၂၀၁၃ နှစ်ကုန်အတွင်း ထူးခြားနိုင်ပါတယ်”ဟု ဦးဇေယျာကိုက ဟောကိန်းထုတ်သည်။

ယခုရက်ပိုင်းအတွင်း အောက်တိုဘာ ၁၈ ရက်တွင် တနင်္ဂနွေဂြိုဟ်အပြောင်းအလဲရှိပြီး လကုန်ပိုင်းတွင် သောကြာဂြိုဟ်အပြောင်းအလဲနှင့် အင်္ဂါဂြိုဟ်မှာ မကြာမီကပင် ပြောင်းလဲထားခြင်းကြောင့် ယခုရက်ပိုင်းအတွင်း တပ်မတော်တွင် အရာရှိပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ရှိနိုင်ကြောင်း၊ အောက်တိုဘာ ၁၈ ရက်မှစ၍ အောက်တိုဘာ ၃၁ ရက်အတွင်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုကဟောထားသည်။

“အုပ်ချုပ်သူအကြီးအကဲ၊ ဗိုလ်ချုပ်အဆင့်၊ တိုင်းမှူးအဆင့်တွေ အပြောင်းအလဲရှိတယ်။ ရာထူးခန့်ထားမှုနဲ့ အပြောင်းအရွှေ့တွေ ဒီရက်ပိုင်းအတွင်း ဖြစ်ကိုဖြစ်မယ်”ဟု ဆရာစံဇာဏီဘိုကပြောသည်။

တပ်ပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ ဖြစ်ပေါ်သော်လည်း တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းလိမ့်မည်မဟုတ်ဘဲ စီးပွားရေးနှင့်ပတ်သက်၍ ယခုကာလများအတွင်း ကောင်းသည့်အလားအလာ တစ်ခုမျှမမြင်သေးကြောင်း၊ ဗေဒင်ကိန်းခန်းအရ စီးပွားရေးလုပ်ငန်းများတွင် ယုတ်လျော့မှုများ ကြုံတွေ့နေရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စီးပွားရေးပိုင်းက တိုးလာဖို့ထက် ယုတ်လျော့လာမှာကိုပဲမြင်တယ်။ အရောင်းအ၀ယ်စီးပွားရေးတွေ ခက်ခဲလာတာမျိုး မကြာခင်ကြုံတွေ့ရမယ်။ နောက်နယ်စပ်စီးပွားရေးကအစ၊ ကုန်သွယ်ရေးအဆုံး ခါတိုင်းလို ဖွံ့ဖြိုးလာမှုမျိုးမမြင်ဘူး။ ဂြိုဟ်အနေအထားတွေ မကောင်းဘူး”ဟု ဆရာစံဇာဏီဘိုက ဆက်လက်ပြောသည်။

နိုဝင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၈ မိနစ်တွင် ဖြစ်ပေါ်မည့် ဗုဒ္ဓဟူးနှင့် စနေဂြိုဟ်တို့ နီးကပ်စွာ ပူးယှဉ်စစ်ထိုးသည့်ဖြစ်စဉ်မှာ နှစ်ပေါင်းသုံးဆယ်ကြာမှ နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ ပေါ်ပေါက်တတ်ပြီး နိုင်ငံ၏အုပ်ချုပ်ရေးပိုင်းကို ကိုယ်စားပြုမည့်ဖြစ်စဉ်ဟု ဆိုသည်။

ထိုဖြစ်စဉ်ကြောင့်ပင် ဘဏ္ဍာရေးရာ၊ အခွန်ရေးရာကဏ္ဍများတွင် အခွန်ကောက်ခံမှုစနစ်နှင့်ပတ်သက်၍ ပဋိပက္ခများ၊ ပြည်သူလူထု၏ မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ကြီးမားသည့်ဆန္ဒဖော်ထုတ်မှုမျိုးအထိ ဖြစ်လာနိုင်ခြေရှိကြောင်း ဦးဇေယျာကိုကဟောသည်။

“ကမ္ဘာမှာရှိတဲ့ အိမ်ခြံမြေအခွန်စနစ်ကြောင့် လွှတ်တော်မှာ ထူးထူးခြားခြား ထောက်ပြဆွေးနွေးမှုတွေ၊ ပညာရှင်တွေက နိုင်ငံတကာစံနှုန်းနဲ့ ထောက်ပြတာတွေဖြစ်လာပြီး ပြန်ပြောင်းလဲရမယ့် ဖြစ်ရပ်တွေဖြစ်ပေါ်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၂၉ မိနစ်တွင် ကန်ရာသီအတွင်း စိတြနက္ခတ်ကြယ်က အလင်းအား ၄၀ ရာခိုင်နှုန်းရှိသည့် လခြမ်းသဏ္ဍာန်လမင်းကို ထွင်းဖောက်သည့်ဖြစ်စဉ် ပေါ်ပေါက်မည်ဖြစ်ပြီး စိတြကြယ်နက္ခတ်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရယူခဲ့သည့် ဇာတာအရ ဘဏ္ဍာရေးနှင့် အကောက်ခွန်ကိစ္စရပ်များကို ကိုယ်စားပြုလျက်ရှိသည့်အပြင် ထိုအချိန်၌ ကန်ရာသီအတွင်း အင်္ဂါဂြိုဟ်တည်ရှိနေသောကြောင့် အစိုးရအတွင်းရှိ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်ကြီးများ၏ ငွေကြေးဆိုင်ရာ ပြဿနာကိစ္စရပ်များ ထူးခြားစွာပေါ်ပေါက်နိုင်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ရာဇ၀တ်မှုထူပြောမည့် အခြေအနေရှိပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများ၊ လူသတ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း၊ မီးဘေးနှင့်ပတ်သက်၍ အထူးဂရုပြုကြစေလိုကြောင်း ဆရာစံဇာဏီဘိုကအကြံပြုသည်။

စီးပွားရေးနှင့်ပတ်သက်၍ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ အိမ်ခြံမြေကစားသူများ ဆုံးရှုံးမှုများနိုင်ကြောင်း ဟောကိန်းထုတ်ပါသည်။

အချုပ်အားဖြင့် သုံးသပ်ရပါက ယခုအောက်တိုဘာမှ နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့်အကောက်ခွန်ကိစ္စရပ်များ၌ အနှောင့်အယှက်များစွာ ကြုံတွေ့နိုင်ခြင်း၊ တပ်မတော်နှင့် အစိုးရ၀န်ကြီးဌာနအချို့တွင် နေရာအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ရာထူးကြီးမြင့်သူများတွင် ငွေကြေးပြဿနာများ ပေါ်ပေါက်လာနိုင်ခြင်း၊ အကောက်ခွန်ကိစ္စရပ်များကို နိုင်ငံတကာနှင့်လျော်ညီစေရန် ပြင်ဆင်ရခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းတို့ကဟောကိန်းထုတ်သည်။

စီးပွားရေးနှင့်ပတ်သက်၍ အဆိုးအညံ့ဘက်သို့ ကြုံတွေ့ရဖွယ်ရှိပြီး အိမ်ခြံမြေဈေးကွက် ကမောက်ကမဖြစ်မှုများ ပေါ်ပေါက်လာနိုင်သည်။

မီဒီယာနယ်ပယ်တွင် ထုတ်ဝေရေးနှင့် ရုပ်သံထုတ်လွှင့်မှုများအကြား ပြင်းထန်သည့် အတိုက်အခံပြဿနာရပ်များ ပေါ်ပေါက်မည်ဖြစ်ပြီး ထင်ပေါ်သည့်စာရေးဆရာ၊ ထုတ်ဝေသူတို့နှင့် အစိုးရပိုင်းကြားတွင် ကြီးမားသည့်ပြဿနာရပ်များ ပေါ်ပေါက်လာနိုင်ကြောင်း ဦးဇေယျာကိုကဆိုသည်။ ။


ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ဗုံးကွဲမှုဖြစ်ပွါး



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ခေါင် မြို့လယ်ဘုရားကျောင်း မိုခမ်းရပ်ကွက်အနီးပွဲခင်းကွင်းခေါ် ပန်ပွဲကွင်းတွင် အောက်တိုဘာလ ၁၆ ရက် ည ၁၀ နာရီ မိနစ် ၅၀ က ဗုံးတလုံး ပေါက်ကွဲခဲ့ပါသည်။

ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ် မသိရှိရသေးပါ။

ထူးခြားချက်မှာ ဗုံးမပေါက်ကွဲမှီ တစ်နာရီ (ည ၉ နာရီအချိန်ခန့်) ကစ၍ နမ့်ခမ်းမြို့လယ်မှ နောင်တိန်း ကူးတို့ဆိပ်အသွားလမ်းအား အစိုးရ၏စစ်တပ်က နေရာကြိုကြား ကြိုကြား လုံခြုံရေး
ယူထားသည် ကိုတွေ့ရကြောင်း နမ့်ခမ်းမြို့ခံများကပြောပါသည်။

သျှမ်းသံတော်ဆင့်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အိမ်ခြေ ၁၈လုံး မီးလောင်





မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်စိုက်ကွင်းအရှေ့ပိုင်း ၁၁လမ်း အကွက်အမှတ် ၄၁၀ ရပ်ကွက်တွင် အောက်တိုဘာလ ၁၆ရက် နေ့လည် ၃နာရီ ၁၅မိနစ်က မီးလောင်ကျွမ်းခဲ့သည့် နေရာအား မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)
၄၁၀ ရပ်ကွက် နေအိမ်တစ်လုံးတွင် ကလေးငယ်က ဗျောက်ဖောက်ကစားရာမှ စတင်ကာ အိမ်ခြေ ၁၈လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၅စု၊ လူဦးရေ ၈၈ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသောကြောင့် ထိုရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားရသည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

Mizzima - News in Burmese

လာမယ့်နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် နောက်ထပ် နိုင်ငံအသင်း ၇ သင်း ထပ်မံ ခြေစစ်ပွဲ အောင်ခဲ့ကြပြီ


လာမယ့်နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် နောက်ထပ် နိုင်ငံအသင်း ၇ သင်း ထပ်မံ ခြေစစ်ပွဲ အောင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဥရောပဇုန်မှာ အသင်းကြီးတွေဖြစ်တဲ့ လက်ရှိချန်ပီယံ စပိန်၊ အင်္ဂလန်၊ ရုရှားတို့ အပြင် ဘော့စနီးယားကလည်း ပထမဆုံး အကြိမ်အဖြစ် ခြေစစ်ပွဲ အောင်လာခဲ့ပါတယ်။

တောင်အမေရိက ဇုန်မှာတော့ ချီလီနဲ့ အီကွေဒေါ နိုင်ငံတို့ကလည်း နောက်ဆုံး ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေ ဖြစ်လာပါတယ်။

အမေရိကန် အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဇုန်မှာတော့ ဟွန်ဒူရပ်စ် အသင်းလည်း ခြေစစ်ပွဲအောင်ခဲ့ပြီး မက္ကဆီကိုကတော့ နယူဇီးလန်နဲ့ ပြန်လည် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
BBC Burmese

ပြည်သူတွေ ဘာကြောင့်အာဆီယံဥက္ကဋ္ဌရာထူး စိတ်မ၀င်စားတာလဲ


ရေးသားသူ- အေးသူစံ

တစ်ချိန်က အပယ်ခံတိုင်းပြည်က အခုတော့ ဒေသဆိုင်ရာ ခေါင်းဆောင်ဖြစ်လာပြီဟု အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာက ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်တွင် လွှဲပြောင်းရာယူပြီးနောက် နိုင်ငံတကာမီဒီယာက သတင်းဖော်ပြကြသည်။

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံဥက္ကဋ္ဌဖြစ်လာခြင်းက ပြုပြင်ပြောင်းလဲမှုများကြောင့် နာမည်ကောင်းရလာသော သမ္မတဦးသိန်းစိန်အစိုးရအတွက် သံတမန်ရေးဆိုင်ရာဆုတစ်ဆု ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူနိုင်ခဲ့ခြင်းအတွက် အစိုးရသစ်မှာ ဟန်မဆောင်နိုင်အောင် ဂုဏ်ယူဝမ်းမြောက်၊ ကျေနပ်နေချိန်တွင် ပြည်သူအများစုမှာ အာဆီယံဥက္ကဋ္ဌရာထူး၊ ထိုတာဝန်ကြောင့်ရလာမည့် အကျိုးကျေးဇူးတို့နှင့်ပတ်သက်၍ မသိကိန်းများစွာဖြစ်နေသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ရယူခဲ့သော်လည်း အာဆီယံအသင်းကြီးအကြောင်းကို ပြည်သူလူထုသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ပြောကြားသည်။ ထိုအချက်ကပင် လူထုစိတ်ဝင်စားမှု လျော့နည်းခြင်း၏ အဓိကဖြစ်သည်။

သာမန်ပြည်သူ ၁၀ ဦးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့်ပတ်သက်၍မေးမြန်းရာ မသိသလို စိတ်လည်းမ၀င်စားကြဟု ဖြေသည်။

အာဆီယံ၏ ရည်ရွယ်ချက်ကိုက နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းရေးကို ဦးတည်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ နည်းပါးပြီး ပြည်သူများ စိတ်ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း အာဆီယံရေးရာသင်တန်းများ ပို့ချနေသူ သံလွင်နိုင်ငံရေးအင်အားစုမှ ဦးဇော်မင်းကျော်ကပြောကြားသည်။

အစိုးရသည် အာဆီယံနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရုံသာရှိပြီး ယင်းစာချုပ်ပါ အကျိုးခံစားခွင့်များကို အောက်ခြေပြည်သူလူထုအထိ သိရှိအောင် ဆောင်ရွက်ထားခြင်းမရှိခြင်းကြောင့် ပြည်သူများ အာဆီယံကိုမသိရှိခြင်းမှာ မထူးဆန်းကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

“တီဗီသတင်းမှာ သမ္မတပြောသွားတဲ့ အာဆီယံအကြောင်းတွေ တစ်လုံးမှနားမလည်ဘူး။ ပြီးတော့ အာဆီယံအသိုက်အ၀န်းဆိုတာလည်း ကျွန်မ မသိဘူး။ အခု ကျွန်မကလေးနှစ်ယောက်ရဲ့ ကျူရှင်စရိတ်၊ ကျောင်းစရိတ်၊ ကုန်ဈေးနှုန်းနဲ့ ယောက်ျားရဲ့ တက္ကစီမောင်းလို့ရတဲ့ ပိုက်ဆံကမလောက်ဘူး။ အခု သမ္မတက အာဆီယံဥက္ကဋ္ဌဆိုတော့ ကုန်ဈေးနှုန်းတွေကျအောင် သူမလုပ်ပေးနိုင်ဘူးလားလို့ သိချင်တယ်”ဟု မင်္ဂလာတောင်ညွန့် စံပြဖဆပလရပ်ကွက်ကနေ ဒေါ်စိုးစိုးမော်ကပြောပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားအား အလှည့်ကျော်၍ မြန်မာနိုင်ငံက ရယူလိုကြောင်း သမ္မတဦးသိန်းစိန်အစိုးရက အာဆီယံကို ၂၀၁၂ တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

၂၀၀၆ ခုနှစ်က ဥက္ကဋ္ဌတစ်ကြိမ်ဖြစ်ခွင့်ကို အမေရိကန်၊ ဥရောပသမဂ္ဂမိတ်ဖက်နိုင်ငံများ အပါအ၀င် နိုင်ငံတကာဖိအားပေးမှုကြောင့် အဆင်သင့်မဖြစ်ဟုဆိုကာ လက်လွှတ်ခဲ့ရသော မြန်မာအတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပြီးတွင် ဥက္ကဋ္ဌရာထူးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘာလီတွင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများက မြန်မာကို ယုံကြည်စွာ ဥက္ကဋ္ဌရာထူးပေးရန် ဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်းမရှိ၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းဆိုသည့် အာဆီယံပဋိညာဉ်ကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေလေ့ရှိသည့် အာဆီယံနိုင်ငံများမှာ အတိတ်က မြန်မာပြည်သူလုထုနှင့် နီးစပ်မှုမရှိကြပါ။ ထို့အပြင် မြန်မာအစိုးရက ဥက္ကဋ္ဌရာထူးမရမီ လပိုင်းအတွင်းကမှ အာဆီယံမိတ်ဆက်အကြောင်းအရာများကို အစိုးရပိုင်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ခြင်းမှာလည်း ထိရောက်မှုမရှိခဲ့ပါ။

“လူထုက ၀ါဒဖြန့်ချိပြန်ကြားရေးဆိုတာနဲ့ပဲ တစ်လျှောက်လုံးဖြတ်သန်းခဲ့ရတဲ့အတွက် သူတို့ပြောတာဆိုတာ စိတ်မ၀င်စားဘူး။ မဆိုင်သလိုနေတယ်။ ဒါကြောင့်ပါ”ဟု ဦးရဲထွန်းက ပြောကြားသည်။

“အာဆီယံနဲ့ပတ်သက်ပြီး တီဗီကလွှင့်တယ်ဆိုတာတောင် မသိပါဘူး။ အခု စိတ်ဝင်စားတာက ကျွန်တော်တို့ရပ်ကွက်တွေ မီးအရမ်းပြန်ပျက်တယ်။ အခုနှစ်လအတွင်းမှာကို တော်တော်ပျက်တယ်။ မီးမပျက်တာကြာပြီ။ မီးပြန်ပျက်တာကို ဘယ်လိုမှမနေနိုင်ဘူး။ မီးလေးတော့ ပုံမှန်ပြန်လာစေချင်တယ်”ဟု သာကေတမြို့နယ်နေ ကွမ်းယာရောင်းသူ ကိုအောင်ချိုကပြောကြားသည်။

ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေးပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အရေး စသည့်ပြဿနာပေါင်းများစွာကို ရပ်ဆိုင်းဖြေရှင်းနေဆဲအချိန်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ခြင်းက ပြည်သူအပေါ် ထပ်မံ၍ ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကဆိုပါသည်။

ဥက္ကဋ္ဌဖြစ်သည့်အတွက် ထိပ်သီးအစည်းအဝေးအပါအ၀င် အစည်းအဝေးပေါင်းတစ်ထောင်နီးပါး အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ထုတ်ယူသုံးစွဲရမည့် ရင်းမြစ်များစွာ လိုအပ်မည်ဖြစ်သည်။

“ကျခံသုံးစွဲရမယ့် Resource တွေအတွက် အစိုးရယန္တရားက အဆင်သင့်မဖြစ်သေးတော့ လိုအပ်တဲ့ငွေကြေး၊ နည်းပညာ ဒါတွေပြည့်စုံဖို့အတွက် ဘတ်ဂျက်ကသုံးရမှာပဲ။ ဒါကို ပြည်သူက မျှဝေခံစားရမှာ”ဟု ၎င်းကပြောကြားသည်။

အာဆီယံ၏မူဝါဒသည် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ထံ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိချင်မှရှိမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာကျင့်သုံးခြင်းနှင့် နိုင်ငံတကာတွင် ၀င်ဆံ့ခြင်းတို့သာ အမြတ်ထွက်မည်ဖြစ်ကြောင်း ဗဟုအဖွဲ့မှ ဦးတင်မောင်သန်းက ပြောကြားသည်။

“အာဆီယံဥက္ကဋ္ဌဖြစ်မို့လို့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြီးဆုံးသွားမယ်လို့ မျှော်လင့်နေတာကတော့ အလွန်အကျွံမျှော်လင့်တာပဲဖြစ်တယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ ၂၀၁၅ မှာ အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဖြစ်လာတဲ့အခါ ဖွံ့ဖြိုးပြီးသား စင်ကာပူ၊ မလေး၊ အင်ဒိုလိုနိုင်ငံတွေက အခွင့်သာနိုင်တယ်။ ကျွန်တော်တို့ မြန်မာမှာ ရောင်းစရာ ဘာမှသိပ်မရှိဘူး။ ခံရဖို့များတယ်”ဟု ဦးဇော်မင်းကျော်ကဆိုသည်။

အာဆီယံဥက္ကဋ္ဌရာထူးသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုမှုတစ်ခုကို ရယူခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းအတွင်း နိုင်ငံများကို ဦးဆောင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ထိပ်သီးနိုင်ငံကြီးများနှင့် အစည်းအဝေးအစီအစဉ်များကို ဦးဆောင်ရေးဆွဲခြင်း စသည့်အခွင့်အရေးတို့ကို မြန်မာကရရှိမည်ဖြစ်သည်။

ယင်းအချက်ကို အခွင့်ကောင်းယူ၍ စီးပွားရေးအကျိုးအမြတ်ထွက်အောင် အစိုးရဆောင်ရွက်နိုင်ပါက ပြည်သူကို တိုက်ရိုက်မဟုတ်သည့်နည်းဖြင့် အကျိုးပြုရာရောက်ကြောင်း ဦးဇော်မင်းကျော်ကသုံးသပ်သည်။

အစည်းအဝေးသို့ လာရောက်ကြသည့် အင်အားကြီးနိုင်ငံများထံမှ ရေတိုကာလအကျိုးရှိသည့် အထောက်အပံ့အကူအညီများရအောင် အစိုးရအနေဖြင့် ပါးနပ်စွာစည်းရုံးနိုင်ခြင်းကသာ ပြည်သူအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

မြန်မာတွင်ပေါများသည်မှာ လုပ်အားခနှင့် လုပ်သားများသာဖြစ်ခြင်းကြောင့် လုပ်သားအင်အားကို အခြေပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နိုင်ရန် အစိုးရကကြိုးပမ်းပေးခြင်းဖြင့် ပြည်သူထံ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် “ငြိမ်းချမ်းကြွယ်ဝသော လူ့အသိုင်းအ၀ိုင်းသို့ စုစည်းမှုဖြင့် ရှေ့ဆက်ကြပါစို့”ဆောင်ပုဒ်ဖြင့် အာဆီယံအသင်းကို ဦးဆောင်မည်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော အာဆီယံအဖွဲ့ဖြစ်စေရန် ကြိုးစားမည်ဖြစ်ပြီး ၂၀၁၅ တွင် ပေါ်ပေါက်လာမည့် အာဆီယံအသိုက်အ၀န်းအတွက် ရည်မှန်းချက်များ ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု သမ္မတက ပြောကြားသည်။

သို့သော် အာဆီယံနိုင်ငံများထဲတွင် မြန်မာက စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်နေ၍ တန်းတူဖွံ့ဖြိုးတိုးတက်ရန် ဥက္ကဋ္ဌသက်တမ်းတစ်နှစ်အတွင်း များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြောကြားထားသည်။

“အကောင်းဘက်က မျှော်လင့်ရတာကတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို နိုင်ငံတကာက ဖိအားပေးလာနိုင်သလို ဥက္ကဋ္ဌဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့သဘောထားနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ ဒါပေမဲ့လည်း ဥက္ကဋ္ဌသက်တမ်းဟာ တစ်နှစ်ပဲဖြစ်တဲ့အတွက် အများကြီးတော့ပြောင်းလဲမှာမဟုတ်ပါဘူး”ဟု ဦးဇော်မင်းကျော်ကပြောကြားသည်။

အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ တည်းခိုနေထိုင်စရာဟိုတယ်များ မပြည့်စုံသေးခြင်း၊ ရှိထားသည့် ဟိုတယ်အခန်းခနှုန်းထားများ ဈေးနှုန်းကြီးမြင့်နေခြင်းနှင့် ညီမျှသောဝန်ဆောင်မှုကို ပြန်မရခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များကအစ မြန်မာဘာသာဖြင့်သာ ရှိနေသေးခြင်း စသည့်အခြေခံအဆောက်အအုံပိုင်းတွင်လည်း မပြည့်စုံသေးကြောင်း လေ့လာသူများက ဆိုကြသည်။ “အာဆီယံဥက္ကဋ္ဌဆိုတာ အစည်းအဝေးတွေ ဒီမှာအိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ်လို့တော့ သိတယ်။ ကျန်တာတော့ သိပ်စိတ်မ၀င်စားဘူး။ သိလည်းမသိပါဘူး။ ကျွန်တော်ရှင်းရှင်းပြောရရင် ဆီးဂိမ်းတောင် သိပ်စိတ်မ၀င်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက အင်တာနက်လိုင်းတွေမြန်ဖို့နဲ့ အင်တာနက်သုံးခတွေ ဒီထက်ဈေးလျှော့ချပေးဖို့ပါ”ဟု အသက်(၂၃)နှစ်အရွယ် ဒုတိယနှစ်ဥပဒေကျောင်းသား ကိုရန်နိုင်မောင်ကပြောသည်။

ဘရူနိုင်းနိုင်ငံတွင်မူ အလှည့်ကျဥက္ကဋ္ဌရာထူးအတွင်း လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့ပြီး မြန်မာအလှည့်တွင်ရော နိုင်ငံအတွက် ဘာလုပ်နိုင်မည်လဲဆိုသည်က အဓိကမေးခွန်းဖြစ်သည်။

အထက်ပါအချက်များအားလုံး ပြည့်စုံအောင် ဖြေရှင်းနိုင်ရန် အချိန်များစွာမကျန်တော့ပါ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာပင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာ စတင်ထမ်းဆောင်ရတော့မည့်အတွက် ဖြစ်သည်။ ။

Photo- VINCENT THIAN/ AP
7Day News Journal


ပြည်သူတွေက သူ့အပြောလေးကိုသိတယ်


လက်ထဲမှာတွေ့တဲ့ သေနတ်နဲ့ချိန်ပြီး ငြိမ်ငြိမ်နေဆိုတဲ့ လက်တွေ့ခေတ်ကတော့ အတိတ်ရဲ့ စစ်အာဏာရှင်စနစ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ခုခေတ်က မီဒီယာတွေ ကလည်းပြော၊ ပြည်သူတွေက လည်းပြော၊ နိုင်ငံတော်အစိုးရက လည်းပြော၊ လွှတ်တော်က လည်းပြော၊ ပါတီတွေ အဖွဲ့အစည်းအသီးသီးက လည်းပြော ဆိုတော့ လက်တွေ့ခေတ် မဟုတ်တဲ့ အပြောခေတ်လို့ ဆိုလေမလားတောင်မသိ။ လက်ဖက်ရည်ဆိုင် ထိုင်မိတော့လည်း “သူ့အပြောလေးက” ဘယ်လိုပဲတဲ့လေ။

ဘာပဲပြောပြော ယခင်လက်တွေ့ခေတ် ထက်တော့ ယနေ့အပြောခေတ်ကို ကြိုဆိုလိုက်ပါတယ်။ သူ့ဘာသာသူ စာပေဟောပြောပွဲမှာပဲ ပြောပြော၊ လွှတ်တော်ထဲမှာပဲ ပြောပြော၊ အရက်ဆိုင်ထဲမှာပဲ ပြောပြော နိုင်ငံရေးဆိုတာကို ပြောနေပြီဆိုရင် ဒီနိုင်ငံ အသက်ဝင်လာပြီ။ ဒီပြည်သူတွေ ဒီမိုကရေစီကို မျက်ကွယ်မပြုလို့ ပြောနေကြတာ ဒီလိုပဲမြင်ပါတယ်။ ဝမ်းလည်းဝမ်းသာ မိပါတယ်။
အရေးကြီးတာက လက်တွေ့ရဲ့အစ သဘောတရားက အလုပ်ရဲ့အစ အပြောကဆိုသလို ပြောတဲ့အတိုင်း လုပ်လာတာနဲ့အမျှ ဒီနိုင်ငံတစ်နေ့ ရှေ့ရောက်လာမယ်လို့ ယုံကြည်နေမိတဲ့ အထဲမှာ ကျွန်တော်လည်း အပါအဝင် ပါပဲ။ အခုလို ဆောင်းပါးရေးနေတာလည်း ဝင်ပြောနေတာပါပဲ။ တစ်ခုတော့ရှိပါတယ်။ “စကားစကား ပြောပါများ၊ စကားထဲကဇာတိပြ” တဲ့။ ကျွန်တော်တို့အပြောတွေ အတွက် ကျွန်တော်တို့ တာဝန်ယူဖို့ တွေလည်း တစ်ပါတည်း ရှိလာပါတယ်။ အပြောမတော် တစ်ခွန်းပါတဲ့။ နိုင်ငံကျော်တွေ ပြောတဲ့ စကားဆိုရင်တော့ နိုင်ငံကျော်တစ်ခွန်း ပဲပေါ့။

ဂျာနယ်တစ်ခုများ ဆိုရင် အဲဒီနိုင်ငံကျော်တစ်ခွန်း တွေကို စာမျက်နှာ တစ်ခုမှာ နေရာပေးပြီး အပတ်စဉ် ကြော်ငြာပေးပါတယ်။
“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်။ ဘယ်တော့မှ မိုးပေါ် ထောင်မဖောက်ဘူး။ ဒီတစ်ခါ ဆူဆူပူပူ လုပ်မယ့်သူတွေ မသက်သာဘူးသာ မှတ်ကြပေတော့”
“ဘယ်သူပဲ တားတား မြစ်ဆုံကိုတော့ ဆက်လုပ်သွားရမှာပဲ”
“လယ်သမားတွေ အကြွေးကျေရအောင် ထမင်းတစ်နပ် လျှော့စားကြ”
“ပြည်သူတွေက လျှပ်စစ်မီးမလင်းရင်လည်း ဖယောင်းတိုင်လေး ထွန်းထားစေချင်တယ်”
“တရုတ်က ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်”
“ရွှေလက်နဲ့ခေါ်တုန်း မလာရင် ကျည်ဆန် ပေးရလိမ့်မယ်” တဲ့။
သူ့အပြောလေးတွေကို သမိုင်းဝင်စေချင်လို့နဲ့ တူပါရဲ့။
ဒီလိုနိုင်ငံကျော်တစ်ခွန်း တွေဟာ ဘယ်အထိ လွှမ်းမိုးပါသလဲဆိုရင် အနုပညာရှင် ကိုဇာဂနာတို့ ဟာသစကား တွေတောင် ဒီအချိန်မှာ နားထား ကြရပါတယ်။ ကျွန်တော်မရိုမသေ ပြောမိသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ။ ဆိုချင်တာ ကတော့ ပြည်သူရှေ့မှာ စကားပြောရပြီဆိုရင် ထင်သလို မပြောစေချင်တဲ့ စေတနာနဲ့ ဖော်ပြမှုလို့ မှတ်ယူစေချင်ပါတယ်။ ဒီလိုပြောခဲ့တဲ့ လူတွေရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာကို ကျွန်တော် လျှော့မတွက်ရဲပါဘူး။ တကယ်လည်း လုပ်နေရင်း ပြောမိမှားတွေလည်း ရှိပါတယ်။ အလုပ်ရှိရင် အမှားရှိတတ်သလို ပါပဲ။
ပြည်သူတွေဟာ သိကြပါတယ်။ ဒီအထဲမှာ ဘယ်သူကတော့ တိုင်းပြည်အပေါ်မှာ တကယ့်စေတနာမှန်နဲ့ လုပ်တော့နေတာပဲ၊ ဘယ်သူ ဘယ်ဝါကတော့ ဘယ်ခြောက်ကာ ညာလှမ်းနေသူ၊ နောက်က အရိပ်ကြီးကိုပဲ အလုပ်အကျွေးပြုနေသူ၊ ဘယ်သူကတော့ ဘယ်အချိန် ဘယ်တော့ နောက်ပြန်လှည့်လို့ရမလဲ အမြဲစဉ်းစားနေသူ၊ ဘယ်သူကတော့ စိတ်ကောင်းကို မရှိတဲ့သူ၊ သူကတော့ အကျင့်ပျက်ခြစားမှု လုံးဝကို ကင်းရှင်းသူ ဆိုတာတွေပါပဲ။ ပြည်သူတွေ မညံ့ကြပါ။
မကြာသေးခင်က ဆိုရင် ပညာရေးဝန်ထမ်းတစ်ဦးကို ခွင့်မဲ့လေးရက် ပျက်ကွက်မှု၊ ၄၃ ရက် ကျောင်းနောက်ကျမှုနဲ့ ဝန်ကြီးဌာနက အလုပ်ထုတ် လိုက်ပါသတဲ့။ ပြည်သူတွေကတော့ ဟုတ်ပါ့မလား မောင်ကာဠုရယ်တဲ့။ ယခင် တရားစပြီးစွဲတုန်းက ရှစ်လေးလုံး အရေးတော်ပုံ ကျင်းပရန် တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ သွားတက်မှုဆိုတော့ အလုပ်တခြား အထုတ်တခြား ဖြစ်သွားပါတယ်။ ခွကျတာက ပြည်နယ်တစ်ခုက ပညာရေးဝန်ထမ်း ကိုတော့ ၁၁ နှစ်ဆက်တိုက် ပျက်ကွက်ခဲ့တာတောင် ရာထူး တိုးပေးလိုက်တယ် ဆိုပဲ။
“ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုလိုက်၊ ပုဒ်မ ၁၈ နဲ့ပဲ အထဲကို ရောက်လိုက်နဲ့…”
သူတို့မှာ နိုင်ငံရေးပွဲ သွားတက်လို့ ထုတ်တယ်လို့လည်း မပြောရဲရှာဘဲ ထမင်းရေပူလျှာလွှဲ ဇာတ်ခင်းလိုက်ရတဲ့ အခါမှာတော့ ဆရာ ဆရာမသမဂ္ဂများ ရဲ့ ကြေညာချက်တွေနဲ့ ရင်ဆိုင် နေရပါတယ်။ ပြည်သူတွေက သိကြပါတယ်။ မိုးကြိုးပစ် ထန်းလက်ကာတဲ့ အကျင့်တွေ ပါမနေကြပါနဲ့။ မိခင်ဌာနမို့ မိခင်စိတ်မျိုးသာ ထားရှိနိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။ ဝန်ထမ်း အခွင့်အရေး ဆိုတာလည်း ပြည်သူ့အခွင့်အရေး ပါပဲ။ ခွင့်မယ့်လေးရက် ပျက်လို့ ကျောင်းထုတ်တာ ကမ္ဘာမှာလည်း မရှိ။ မြန်မာမှာလည်း မကြားဖူးတော့ ပြည်သူတွေနားထဲမှာ ဆူးတွေ ဝင်သွားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတော့လည်း ပြည်သူတွေက ဘယ်နည်းဘယ်ပုံ ရေးဆွဲထားတဲ့ ဥပဒေပဲဆိုတာ သိကြပါတယ်။ ပြည်သူတွေဖြစ်တဲ့ အလျောက် ပုဒ်မပေါင်း ၄၅၇ ခု အကြောင်းကို ရေစုန်ရေဆန် မသိနိုင်ဘူး ဆိုပေမယ့် ပုဒ်မ ၅၉ (စ) ကို မေးကြည့်ပါ။ ဒက်ခနဲ နေအောင်ကို သူတို့က သိကြပါတယ်။ ဒါဘယ်သူ့ကို ဘယ်လိုမှပါမရအောင် ပုဂ္ဂိုလ်ရေး မစ္ဆရိယစိတ်နဲ့ ရေးထားတာ ပြည်သူထောက်ခံထားတဲ့ ဥပဒေ ဆိုပြီး ပြည်သူကို လွှဲပြောနေတာ။ တမင် အကြောင်းတွေ ပြနေတာ။ ဒါကို သူတို့တကယ် ပြင်ပေးလိုက်ရင်တော့ တကယ် စိတ်သဘောမှန်သူတွေ အဖြစ် သတ်မှတ်နိုင်သလို ပြင်မပေးဘဲ မတည့်ချင်ယောင် ဆောင်ပြီး၊ မညီချင်ယောင် ဆောင်ပြီး ချန်ထားခဲ့မယ် ဆိုရင်တော့ တကယ့်ကို သမိုင်းအမည်းစက်ကြီးပါပဲ ဆိုတာ မိဘပြည်သူတွေ သိကြပါတယ်။
ပြည်သူတွေ ယုံကြည်မှုနည်းနေတာကတော့ နှစ်ငါးဆယ်ဖိနှိပ်မှုတွေဟာ များပြားခဲ့လို့ပါပဲ။ ဒါကြောင့်လည်း ယုံကြည်မှု တည်ဆောက်နေတာ အမျိုးသားပြန်လည် သင့်မြတ်ရေး စကားတွေကို ပြောနေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ မိဘပြည်သူလို့ ပြောင်းလဲခေါ်ဝေါ်တဲ့ အပေါ်မှာ ကြိုဆိုလိုက်ကြရသလို အတိတ်က ခေါင်းဆောင်တွေရဲ့ ပြည်သူကို နှိပ်စက်ခဲ့တဲ့ အမှားတွေအတွက်ရော ဝမ်းနည်းကြောင်း၊ စိတ်မကောင်း ဖြစ်မိပါကြောင်း၊ တောင်းပန်ကြောင်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆို စေလိုတဲ့ ဆန္ဒတွေ ကိန်းအောင်းနေရုံမျှမက ရင်ဖွင့်ပြောဆိုလာကြတဲ့ အခမ်းအနားတွေကိုပါ အထင်အရှား တွေ့မြင်လာရပါတယ်။ အခုတော့ ဒါတွေကို သင်ခန်းစာ ယူကြရမယ် ဆိုတော့ ပြည်သူတွေက မိမိတို့မှားခဲ့တာကို သင်ခန်းစာ ယူကြရမလိုပါပဲ။ စဉ်းစားစရာပါ။
ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာရတဲ့ သမိုင်းသင်ခန်းစာ တွေကို ပြည်သူက ယူရမယ် ဆိုရင်တော့ နယ်ချဲ့ခေတ်က နယ်ချဲ့ကို ဆန့်ကျင်တော်လှန် သပိတ်မှောက်ခဲ့တဲ့ သခင်ဖိုးလှကြီး တို့ကပဲ မှားခဲ့သလို သင်ခန်းစာမျိုး ယူကြရမှာလားတော့ မပြောတတ်ပါ။ ရှစ်လေးလုံးနဲ့ ပတ်သက်ပြီး မိမိအစိုးရ အဖွဲ့ဝင်တွေကို သီးသန့် မိန့်ခွန်းပြောရာမှာ သင်ခန်းစာယူဖို့ ထည့်ပြောနိုင်ရင်တော့ ဒီစကားဟာ တကယ့်ကို ကွက်တိပါပဲလို့ ပြောရမှာပါ။ ပြည်သူကို ပြောတယ်ဆိုရင်တော့ အဲဒီအချိန်က ဖြစ်ပျက်သမျှ မိဘပြည်သူတွေ ထိခိုက် ခံစားမှုတွေ အားလုံးအတွက် စိတ်မကောင်း ဖြစ်မိပါကြောင်းကို ထည့်ပြောနိုင်ရင်တော့ ပီတိကိုစား အားရှိသွားကြမှာ မိဘပြည်သူတွေပါပဲ။
ဒါပေမဲ့ နိုင်ငံရေး ဆိုတာကလည်း မထင်တာတွေပါ ဖြစ်တတ်တော့ ဒီနေ့မဟုတ်ရင် မနက်ဖြန်များ ပြောလာမလား ဆိုတာကတော့ မသိတတ်နိုင်ပါ။ သူ့အရင်က နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မရှိဘူးလို့ ခံယူထားရာ ကနေ နိုင်ငံရေးအကျဉ်းသားတွေကို ၂၀၁၃ ခုနှစ်ကုန်မှာ နောက်ဆုံးထားပြီး တစ်ယောက်မကျန် လွှတ်ပေးမယ် ဆိုသလို ပြောင်းလဲ လာနိုင်ပါတယ်။
လောလောဆယ်မှာတော့ ဒေါ်နော်အုန်းလှကို ထောင် ၂ နှစ်ချခဲ့တဲ့ ဂယက်က အတော်ပဲ ရိုက်ခတ်နေပါတယ်။ အစာငတ်ခံ တိုက်ပွဲဝင်နေတဲ့ ကာယကံရှင် အပေါ်မှာ ပြည်သူတွေဟာ စာနာနားလည်မှု နဲ့အတူ ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုလိုက်၊ ပုဒ်မ ၁၈ နဲ့ပဲ အထဲကို ရောက်လိုက်နဲ့ပဲ သံသရာ လည်နေပါတယ်။ မိဘပြည်သူတွေဟာ ဒီသံသရာက လွတ်မြောက်သင့်ပါပြီ။
သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမိုးသီးဇွန်တို့ကို လေဆိပ်မှာ ပိုစတာတွေ ကိုင်စွဲပြီး ခွင့်ပြုချက်မတောင်းဘဲ ကြိုဆိုခဲ့တာ တွေဟာ ဒီပုဒ်မ ၁၈ နဲ့ မငြိတော့ဘူးလား ဆိုတဲ့ မေးခွန်းများရဲ့ အဖြေကိုတော့ အမေးနွားကျောင်းသား အဖြေ တေမိဘုရားလောင်း လုပ်နေသလိုပါပဲ။
၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံမှာ ပုဒ်မပေါင်း ၂၃၄ ခုရှိပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံမှာ ပုဒ်မပေါင်း ၂၀၉ ခုရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ပုဒ်မပေါင်း ၄၅၇ ခုရှိတော့ ရှေ့မှာရေးဆွဲတဲ့ ဥပဒေနှစ်ခု ပေါင်းတာတောင် ၄၅၇ ခု မပြည့်နိုင်လောက်အောင် ပုဒ်မတွေ များလွန်းနေတာ တွေ့ရပါတယ်။ သေချာစိစစ် ကြည့်လိုက်တော့ ရှေ့နဲ့နောက် အမြီးနဲ့အမောက် မတည့်တာတွေ၊ လွဲနေတာတွေ ဖောင်းပွနေတာတွေ ရှိတယ်လို့ အသံတွေ ထွက်နေပါတယ်။
ပမာအားဖြင့် ပုဒ်မ ၃၈(က)မှာ- နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်လို့ ဆိုထားပြီး ပုဒ်မ ၁၂၀(ခ) မှာတော့ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည် ဆိုတော့ ရှေ့နောက်မညီ ဖြစ်နေပြီး အလားတူဖြစ်စဉ်တွေ နဲ့အတူ ဥပဒေစံနှုန်း၊ နိုင်ငံရေး စံနှုန်းတွေနဲ့ မညီညွတ်တဲ့၊ ယုတ္တိဗေဒဆိုင်ရာ စံနှုန်းဆိုင်ရာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့အချက်တွေကို ထောက်ပြ ပြောဆိုလာတာတွေ တွေ့နေရပါ တယ်။ သူ့အပြောလေးက ပြင်မယ်ဆိုတော့လည်း ပြည်သူတွေက တကယ်ပဲလား၊ အဟုတ်ပဲလား ဆိုတဲ့ မေးခွန်းနဲ့အတူ စောင့်ကြည့်လျက်ပါပဲ။
ပြည်သူတွေဟာ “၁၉၆၂ က ဖြိုခွဲခြင်းခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မကြာသော တစ်နေ့မှာ ကျွန်တော်တို့ ပျော်ပျော်ပါးပါး အုတ်မြစ်ချပွဲ ကျင်းပရအောင်” လို့ ၁-၉-၁၉၈၈ မှာပြောပြီး ၁၈-၉-၁၉၈၈ မှာ တပ်မတော်လက်ကို အာဏာအပ်ပြီး ဆင်းသွားတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ စကားကို မမေ့တတ်သလို “၁၉၉၀ မေလ ရွေးကောက်ပွဲပြီးတာနဲ့ တပ်မတော်ဟာ စစ်တန်းလျားပြန်ပြီး မူလတာဝန်ကိုသာ ထမ်းဆောင်မယ်” ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ စကားကိုလည်း သတိတရ ရှိနေကြတာပါ။ “ခွင့်လွှတ်နိုင်ပါတယ်။ ဘယ်တော့မှ မမေ့နိုင်ပါဘူး”တဲ့။
“သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရ ဖြစ်ရမယ်”၊ “သူမ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေကို ပြင်ပေးမယ်” “ဘာသာရေးဆန်တဲ့ အဓိကရုဏ်းရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတယ်” ဆိုခဲ့တာတွေ ကို ပြည်သူတွေက စောင့်ကြည့်လျက်ပါ။ “ပြည်သူ့အစိုးရ တို့အစိုးရ” လို့ ကြွေးကြော်ဖို့လည်း အသင့်ပါပဲ။ လက်တွေ့ အကောင်အထည် ပေါ်လာတာနဲ့ အမျှ ပြည်သူ့လက်ခုပ်သံ တွေလည်း တစ်ခဲနက် ပေါ်ထွက်လာမှာကတော့ မလွဲရေးချ မလွဲပါပဲ။
ဌေးအောင်ကို
thevoicemyanmar

တက္ကသိုလ်များ တောထုတ်ပြီးနောက်ဝယ်



ရေးသားသူ- နေလင်းထွန်း၊ခိုင်ခိုင်စိုး

စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးအတွက် အဆိုးဝါးဆုံးများထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံး၍ လွင်တီးခေါင်ပြင်များတွင် တက္ကသိုလ်အဆောက်အအုံများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

ကျောင်းသားလူငယ်များ စုစည်းမိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးရှိလာချိန်တွင် မြို့တွင်းရှိ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မြို့ပြင်ရှိ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်လာအောင် ဆောင်ရွက်မည့် အရိပ်လက္ခဏာများ အခုထိမတွေ့ရသေးပါ။

အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ ဆွေးနွေးညှိနှိုင်း အဖြေရှာနေသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)၏ ပြုပြင်ပြောင်းလဲရေး စီမံချက်များတွင်လည်း လက်ရှိကျောင်းသားများ အဓိကရင်ဆိုင်နေရသည့် တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံးနေသည့် အခက်အခဲအား ဖြေရှင်းရန် နည်းလမ်းဖော်ထုတ်ထားခြင်း မရှိသေးပေ။

စစ်အစိုးရသည် သူတို့အတွက် လုံခြုံရေးရှုထောင့်တစ်ခုတည်းသာကြည့်၍ မြို့ပြင်သို့ တက္ကသိုလ်နှင့်ကောလိပ်များပို့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နေရာထိုင်ခင်း၊ ခရီးသွားဝန်ဆောင်မှုတို့ကို လျစ်လျူရှုခဲ့ခြင်း၏ အကျိုးဆက်သည် ခေတ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်စေမည့်အချက် ဖြစ်နေသည်။

ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပြုပြင်ပြောင်းလဲမှုများ မည်မျှဆောင်ရွက်သည်ဆိုစေ ကျောင်းနေမပျော်သော ကျောင်းသားများအတွက် ထိရောက်သောပညာရေး ဖြစ်လာစေရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

“သင့်တင့်တဲ့ပို့ဆောင်ရေးနဲ့ အခြားဝန်ဆောင်မှုတွေ အားနည်းတာက အဓိကပြဿနာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာတွေအနေနဲ့ ညံ့ဖျင်းပြီး ရှည်ကြာတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် အိမ်၊ ဒါမှမဟုတ် ကျောင်းရောက်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်”ဟု စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့သည့် မြန်မာသတင်းအချက်အလက် နည်းပညာကုမ္ပဏီ (MIT)၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန(၁၂)အောက်၌ တက္ကသိုလ်၊ ကောလိပ်(၁၇၀)နီးပါး တည်ထောင်ထားပြီး အများစုမှာ မြို့ပြနှင့် အလှမ်းဝေးသောနေရာတွင် တည်ဆောက်ထားခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာများအတွက် အချိန်ကုန်၊ လူပန်းဒဏ်ကို ခံစားနေကြရသည်။ တက္ကသိုလ်နှင့် ကောလိပ်များ တောထုတ်ခဲ့ခြင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် စစ်အစိုးရလက်ထက်တွင် ဖြစ်ပါသည်။ ၁၉၉၆ ကျောင်းသားများ၏ ဆန္ဒပြမှုများအလွန်တွင်မူ မြို့တွင်းရှိ တက္ကသိုလ်အများစုကို ပိတ်ခဲ့ကာ တက္ကသိုလ်များ မြို့ပြင်ပို့သည့်အပြင် ကျောင်းသားများမစုမိစေရန် အဝေးသင်ပညာရေးစနစ်ကို ပိုမိုအားစိုက်တီထွင်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် စသည့်မြို့တွင်းတက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ကျောင်းသားအရေအတွက် လက်ခံမှုကိုမူ အကန့်အသတ်ရှိနေဆဲဖြစ်၏။

“အဆောင်မှာနေတာ ၁၃ ယောက်ရှိတယ်။ တစ်လတစ်သောင်း ပေးရတယ်။ မပျော်ဘူး။ အဆောင်နဲ့ ကျောင်းက ဝေးတယ်။ တုတ်တုတ်နဲ့ သွားရတယ်။ မနှစ်က ကျပ်တစ်ရာပဲ ပေးရတယ်။ ဒီနှစ်က ကျပ်နှစ်ရာပေးရတယ်”ဟု မအူပင်တက္ကသိုလ်မှ အဝေးသင်ပထ၀ီဝင်ဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကပြောသည်။

တက္ကသိုလ်၊ ကောလိပ်များသည် မြို့ပြနှင့်ဝေးကွာခြင်းကြောင့် ကျောင်းကြို၊ ပို့ယာဉ် မစီးနိုင်သော ကျောင်းသား၊ ကျောင်းသူများ ခရီးစရိတ်ကုန်ကျမှုများခြင်း၊ ကျောင်းသွား၊ ကျောင်းပြန်ချိန် တစ်ရက်လျှင် အနည်းဆုံးသုံးနာရီကြာမြင့်ခြင်း၊ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ကျန်းမာရေးကိစ္စများတွင် အချိန်မီကုသနိုင်မှုမရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဆိုသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒဂုံတက္ကသိုလ်ကျောင်းသူတစ်ဦး မြွေကိုက်ခံရမှုမှာ ဆေးရုံကို အချိန်မီအရောက်မသွားနိုင်ခဲ့လို့ သေဆုံးခဲ့ရဖူးပါတယ်။ တက္ကသိုလ်ဆေးပေးခန်းဆိုတာ အမည်ခံသာရှိပြီး ဆေးမရှိ၊ ဆရာဝန်မရှိ၊ သူနာပြုမရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အားကိုးလောက်စရာမရှိပါဘူး”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။

ပညာရေးပြုပြင်ပြောင်းလဲရေး စီမံချက်ရေးဆွဲသော တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးကို ဦးစားပေးစဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ထောက်ပြကြသည်။

“ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတော်ရဲ့ တက္ကသိုလ်ဝင်ခွင့်မူဝါဒကို ပြောင်းလဲဖို့လိုသလို လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး လုပ်ပေးရမှာပါ။ ကျောင်းအာဏာပိုင်တွေအနေနဲ့ ကျောင်းသားတွေကို ဆက်ဆံရာမှာ လုံခြုံရေးအမြင်နဲ့ ဆက်ဆံမယ့်အစား နိုင်ငံအတွက် အင်အားဆိုတာကို သဘောထားပြီး ကျောင်းသားတွေရဲ့အမြင်နဲ့ ခံစားမှုကို နားလည်တဲ့ အုပ်ချုပ်ရေးမျိုးလုပ်ရမှာပါ”ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောသည်။

လက်ရှိ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပုံမှန်ဘွဲ့ကြိုသင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက်သည် တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး အဝေးသင်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူဦးရေ သုံးသိန်းတစ်သောင်းကျော်ရှိသည်။

အချိန်ပြည့်တက်ရောက်ရသော ဘွဲ့သင်တန်းတက်ရောက်သူဦးရေနှင့် အချိန်ပိုင်းတက်ရောက်ရသော အဝေးသင်တက်ရောက်သူဦးရေ ကွာခြားမှုမြင့်မားနေခြင်း၏ အဓိကအချက်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုတို့ကြောင့်ဖြစ်သည်။

“ကျောင်းသွားဖို့ သားကို မနည်းရိုက်နေရတယ်။ ကျောင်းကလည်း ဘာမှပျော်စရာမရှိဘူးလေ။ ကျွန်တော် ဂျပန်မှာတက်တုန်းက တက္ကသိုလ်က မြို့နဲ့ မိုင် ၅၀ ဝေးတယ်။ ဒါပေမဲ့ လူနေစရာ၊ ပန်းခြံ၊ ခရီးသွားဝန်ဆောင်မှုတွေပြီးမှ ကျောင်းဖွင့်တယ်။ အဲဒီတော့ မြို့နဲ့ နီးခြင်း၊ ဝေးခြင်းက ပြဿနာမရှိတော့ဘူး”ဟု နည်းပညာတက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသော ကျောင်းသားဖခင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်၏ အုပ်ချုပ်မှုကြောင့် လုံးဝနီးပါးပျက်စီးခဲ့ပြီး တက္ကသိုလ်နယ်မြေတွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်မှု မရှိတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်မေလတွင် ဗြိတိန်နိုင်ငံ၌ ကျင်းပသော မြန်မာ့ပညာရေးမူဝါဒဆွေးနွေးပွဲသို့ ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင် ဝေဖန်ထားသည်။

အစိုးရသစ်သည် အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးခြင်း၊ တက္ကသိုလ်အချို့အား အဆင့်မြင့်စင်တာများအဖြစ် သတ်မှတ်ခြင်း၊ ပညာသင်နှစ်တိုးမြှင့်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

“စာအုပ်ထဲမှာပဲ ပြောင်းနေတာပါ။ တကယ်မပြောင်းဘူး။ ဘတ်ဂျက်တော့ပြောင်းတယ်။ အရင်ကမရဖူးတဲ့ အသုံးစရိတ်ရတယ်။ ပညာရေးက အစကတည်းက ထိန်းချုပ်လို့ရအောင် ခွဲထုတ်ထားတော့ ပြန်စုစည်းဖို့မလွယ်ကူး။ အချိန်ယူရမယ်။ ကျွန်တော့်ကျောင်းမှာကတော့ ကျောင်းသားတွေ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ”ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းကပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်းလက်ထက်၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှစ်ဦးအား အပြောင်းအလဲပြုလုပ်ထားသလို ပြည်ထောင်စုဝန်ကြီးအား အပြောင်းအလဲပြုလုပ်ရန် သတင်းများထွက်ပေါ်နေပြီး လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်စေလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသော ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR)၏ အဆင့်မြင့်ပညာရေးအား လေ့လာဆန်းစစ်ခြင်းအပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စနစ်၊ တက္ကသိုလ်သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ၊ အရည်အသွေးအာမခံခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ ပညာရပ်ဆိုင်ရာ ပစ္စည်းကိရိယာများလိုအပ်ချက်၊ သုတေသနဆောင်ရွက်နိုင်မှု၊ နည်းပြအရာရှိများ ခန့်ထားမှု၊ အသိအမှတ်ပြုမှု၊ လစာ၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့ရအလုပ်သမားများဆိုင်ရာ အချက်အလက်၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စသည့်အချက်များကို လေ့လာဆန်းစစ်၍ ထောက်ခံအကြံပြုချက်များ တင်ပြထားသည်ကို တွေ့ရသည်။

သို့သော် အဆင့်မြင့်ပညာရေးတွင် အဓိကအကျုံးဝင်သူများဖြစ်သော ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်နှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေမည့် လိုအပ်ချက်များ လေ့လာဆန်းစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

“ကိုယ့်သားသမီးတွေ ကျောင်းသွားတဲ့အခါမှာ ပြုံးပြုံးလေးသွားပြီး ကျောင်းပြန်လာတဲ့အခါမှာ ပြုံးပြုံးလေးပြန်လာတာ တွေ့ချင်မြင်ချင်ကြမယ်လို့ ကျွန်တော် နားလည်၊ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ရှည်ရှည်ဝေးဝေး မျှော်လင့်ရမှာတွေရှိပါတယ်။ လက်တွေ့ကျကျ ကိုယ့်သားသမီး ကျောင်းသွားရဲတာ ပြုံးပြုံးလေးပြန်လာတာ၊ အဲဒီလို အနီးစပ်ဆုံးဖြစ်လာအောင် ပြုပြင်ရမှာတွေ
ရှိနေပါတယ်”ဟု မကြာသေးမီက ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသော ဒေါက်တာစန်းလွင်က ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ်များအားပြောသည်။

တက္ကသိုလ်တွင် ဘွဲ့ရရှိရန် နှစ်နှင့်ချီနေ၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဘွဲ့လက်မှတ်ရရှိရေး ကြိုးပမ်းနေရသော ပညာရေးမှသည် တက္ကသိုလ်များ သီးခြားလွတ်လပ်၍ အသက်ဝင်လာပြီး တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေး ဦးတည်သော ပညာရေးသို့ အလျင်အမြန် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ။

ဓာတ်ပုံ- နစ်ကီ
7Day News Journal