လက်နက် တရားမဝင် သယ်ဆောင်သည့် မြောက်ကိုရီးယားသင်္ဘော ဒဏ်ငွေ ဒေါ်လာ ခြောက်သိန်း ပေးဆောင်


ပနားမားစီးတီး၊ ဖေဖော်ဝါရီ ၈

ကျူးဘားနိုင်ငံမှ လက်နက်များ တင်ဆောင်လာသည်ကို ထုတ်ဖော် ကြေညာခြင်း မရှိဘဲ ပနားမား တူးမြောင်းကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြောက်ကိုရီးယားသင်္ဘောကို ပနားမား အာဏာပိုင်များက ဒဏ်ငွေ ဒေါ်လာ ၆၉၃,၃၃၃ ချမှတ်လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံက ဒဏ်ငွေများကို စနေနေ့တွင် ပေးချေလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

ဒဏ်ငွေ ပေးဆောင်ရန် မူလက သတ်မှတ်ထားသည့် ပမာဏမှာ ဒေါ်လာ တစ်သန်း ဖြစ်သော်လည်း ပမာဏ လျှော့ချမှုများ လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယား အစိုးရအဖွဲ့က ဒဏ်ငွေ ဒေါ်လာ ၆၉၃,၃၃၃ ကို ပေးချေလိုက်ပြီ ဖြစ်ကြောင်း တူးမြောင်း အုပ်ချုပ်ရေးမှူး ဂျော့က ပြောကြားသည်။

“သူတို့တွေက လက်ငင်း ငွေသားပဲ ပေးချေသွားတာပါ။ သင်္ဘော လွတ်လွတ်လပ်လပ် ခုတ်မောင်းလို့ ရပါပြီ” ဟု ၎င်းက ပြောကြားသည်။

ကာရေဘီယံဒေသနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ထားသည့် တူးမြောင်းတွင်း မြောက်ကိုရီးယားသင်္ဘော Chong Chon Gang ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာနိုင်သည်ဟု သံသယ ရှိခြင်းကြောင့် ဇူလိုင် ၁၀ ရက်နေ့တွင် ရပ်တန့် စစ်ဆေးခဲ့သည်။
သို့သော်လည်း သင်္ဘောပေါ်ရှိ ကွန်တိန်နာ ၂၅ လုံးအတွင်း ကျူးဘား စစ်လက်နက် ပစ္စည်းများ ထည့်သွင်း သယ်ဆောင်လာသည်ကို ပနားမား အာဏာပိုင်များ ရှာဖွေ တွေ့ရှိခဲ့ပြီး မစ်-၂၁ တိုက်လေယာဉ် နှစ်စင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ဒုံးပျံများနှင့် အမိန့်ပေး ထိန်းချုပ်ရေး ယာဉ်များ သယ်ဆောင် လာသည်ကို တွေ့ရှိရသည်။

အဆိုပါ စစ်လက်နက် ပစ္စည်းများမှာ ဟောင်းနွမ်းနေပြီဖြစ်သော လက်နက်များဖြစ်ပြီး ပြန်လည် ပြင်ဆင်မှု လုပ်ဆောင်ရန် မြောက်ကိုရီးယားနိုင်ငံသို့ တင်ပို့ခြင်း ဖြစ်ကြောင်း ဟာဗာနာနှင့် ပြုံယွမ်တို့က ပြောကြားသည်။

မြောက်ကိုရီးယား သင်္ဘောပေါ်တွင် သကြားအိတ်ပေါင်း ၂၀၀,၀၀၀ ကျော် တင်ဆောင်လာပြီး လက်နက်များကို သကြားအိတ်များအောက်တွင် ဖုံးဝှက် သယ်ဆောင်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော လက်နက်များ သယ်ဆောင်လာမှုသည် မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုကို ချိုးဖောက်ခြင်း ဟုတ်မဟုတ် လာရောက် စစ်ဆေးပေးရန် ကုလအဖွဲ့ကို ပနားမား အာဏာပိုင်များက တောင်းဆိုခဲ့သည်။

ပနားမား အာဏာပိုင်များက ထိန်းသိမ်းထားသည့် မြောက်ကိုရီးယား သင်္ဘောသား ၃၅ ဦးအနက် ၃၂ ဦးကို ပြီးခဲ့သည့် လအတွင်း ပြန်လွှတ်ပေးခဲ့ပြီး သင်္ဘော ကပ္ပတိန်၊ ပထမ အရာရှိ၊ နိုင်ငံရေး အတွင်းရေးမှူးတို့ကို လက်နက် မှောင်ခို တင်သွင်းမှုဖြင့် တရားစွဲဆိုထားသည်။

The Voice Weekly

NLD ရွေ့လျား ဆေးကုသမှု ပြုလုပ်ရန် စီစဉ်နေ


NLD အမျိုးသား ကျန်းမာရေး ကွန်ရက် ရန်ပုံငွေပွဲ၌ မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ရွေ့လျား ဆေးကုသမှုဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ် နေကြောင်း သိရသည်။

ရွေ့လျား ဆေးကုသမှုကို မကြာခင်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ကော့မှူး မြို့နယ်တွင် စီစဉ်ထားကြောင်း၊ ရွေ့လျား ကုသမှုတွင် ခွဲစိတ်မှုများလည်း ပါမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တွင် လည်း ကျန်းမာရေး ဝန်ဆောင်မှုကို လုပ်ဆောင်နေကြောင်း NLD အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားသည်။

“လက်ရှိမှာ ဆရာဝန် ၃၀ ကို ဆရာဝန်အသင်းနဲ့ ချိတ်ဆက်ပြီး သင်တန်းတွေ ပေးနေပါပြီ။ ရွေ့လျား ဆေးကုသမှုကို တနိုင်ငံ လုံး အတိုင်းအတာဖြင့် ပြုလုပ်သွားဖို့ ရှိပါတယ်။ အသေးစား ခွဲစိတ်မှုတွေပါ လုပ်သွားမှာပါ”ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ကျန်းမာရေး ဝန်ဆောင်မှုအနေဖြင့် အထူးကုဆရာဝန် ၂၀ ခန့်၊ အထွေထွေ အထူးကု ဆရာဝန် ၃၀ ခန့် ဖြင့် ကုသပေးနေပြီး တိုင်း ဒေသကြီး သုံးခုနှင့် ပြည်နယ်များရှိ အမြို့မြို့အနယ်နယ်ကို သွားရောက်ကုသပြီး ဆေးပညာပေးမှုများလည်း ပြုလုပ်နေကြောင်း လည်း ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပသည့် ကျန်းမာရေး ကွန်ရက်ရန်ပုံငွေပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။

ယင်း ရန်ပုံငွေပွဲကို တက်ရောက်လာသည့် NLD ဥက္ကဌ ဒေါ်ဆောင်ဆန်းစုကြည် က“မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အစွမ်းအစကို အပြည့်အဝ သုံးဖို့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ်နေတဲ့ နိုင်ငံအတွက်၊ ကိုယ်နေတဲ့ ကမ္ဘာအတွက် အပြည့်အဝ သုံးနိုင်ဖို့ အတွက် ကျန်းမာရေး ကွန်ရက်ကို တည်ထောင်ရတာပါ”ဟု ရန်ပုံငွေပွဲတွင် ပြောကြားသည်။

ကျန်းမာရေး ဘက်မှ လုပ်ပေးနိုင်သည့် ပုဂ္ဂိုလ်များနှင့် ကျန်းမာရေးကိုလိုအပ်သည့် ပုဂ္ဂိုလ်များကို ဆက်နွယ်ပေးသည့် ကွန်ရက် ဖြစ် ကြောင်း၊ ပညာရေး ကွန်ရက်လည်း ဖွဲ့စည်းခဲ့ကြောင်း၊ ကျန်းမာရေး ကွန်ရက်သည် အများ၏ စေတနာပေါ်အခြေခံပြီး ထူထောင် ခဲ့ ကြောင်း ဒေါ်ဆောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသား ကျန်းမာရေး ကွန်ရက်ကို ၂၀၁၃ ခုနစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုဖြင့် စတင်ဖွဲ့စည်း ခဲ့ပြီး ၂၀၁၃ ခုနစ် ဧပြီ လကုန်မှစတင် ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုရန်ပုံငွေပွဲတွင် အနုပညာရှင်များ ဖြစ်ကြသည့် ဟန်ထွန်း၊ Rဇာနည်၊ G လတ်၊ သအို၊ လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ဆုန်သင်းပါရ်၊ ချစ် သုဝေ နှင့် သီးလေးသီး၊ ဂေါ်ဇီလာ တို့ကလည်း ပါဝင် ဖျော်ဖြေခဲ့သည်။

ဧရာဝတီ

ထိုင်း ၀န်ကြီးချူပ်ဟောင်း သက်ဆင်နှင့် ထိုင်းအစိုးရ ၀န်ကြီးတချို့ ရန်ကုန်တွင် တွေ့မည်


ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလက ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို မစ္စတာ သက်ဆင် အတာရေ လောင်းနေစဉ် (ဓာတ်ပုံ – Thaksin / Facebook)

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို လက်ရှိ ထိုင်း ဒု ၀န်ကြီးချူပ် အပါအ၀င် ထိုင်း အစိုးရ ၀န်ကြီးများက လာရောက် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း နိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Pongthep Thepkanchana နှင့် ထိုင်း နိုင်ငံ လူမှု့ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေး ၀န်ကြီး ဌာနမှ အကြီးအကဲ ပ၀ီနာ ဟောင်စကူး အပါအ၀င် လူဦးရေ ၃၀ ခန့်က ၀န်ကြီးချူပ်ဟောင်း မစ္စတာ သက်ဆင်ကို တွေ့ဆုံမည် ဖြစ်သည် ဟု ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသည့် http://www.ryt9.com အင်တာနက် သတင်း စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။

ထိုင်း ၀န်ကြီးချူပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ ချက်ထရီယံ ဟိုတယ်(Hotel Chatrium)တွင် ရောက်ရှိနေ ထိုင်လျက် ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ပါရှိသည်။

ထိုင်း ဒု ၀န်ကြီးချူပ်နှင့် အဖွဲ့က မစ္စတာ သက်ဆင်ကို တွေ့ဆုံမည့်ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်ကို ယင်းသတင်း၌ ဖော်ပြထားခြင်း မရှိပေ။

သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ပြီး လတ်တလော ကာလအထိ ထိုင်း အစိုးရကို နုတ်ထွက်စေရန် ဆန္ဒပြနေသည့် အချိန်နှင့် တိုက်ဆိုင် နေသည်။

ထိုင်း လုံခြုံရေး တာဝန်ရှိသူ တဦးက မစ္စတာ သက်ဆင်သည် အိမ်နီးချင်း နိုင်ငံများတွင် နေထိုင်၍ ဆန္ဒပြပွဲများကို အနီးကပ် စောင့်ကြည့်နေပြီး ယခုလ ၇ ရက်နှင့် ၈ ရက်တွင် စင်ကာပူ နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည်ဟု သတင်း ရရှိကြောင်း ဧရာဝတီသို့ ပြောသည်။

မစ္စတာ သက်ဆင်၏ ယခုခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထိုင်း နိုင်ငံတွင် လတ်တလော ဖြစ် ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

သတင်းများ အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆန္ဒပြမှုများ နည်းပါးသွားပြီး ဖြစ်သော်လည်း ထိုင်းအစိုးရနှင့် တောင်သူ လယ်သမားများ အကြား ဖြစ်ပွား နေသည့် ဆန် အကြွေး ပြဿနာကို အတိုက်အခံ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန် က ကူညီရန် စီစဉ်နေကြောင်း သိရသည်။
လက်ရှိ အစိုးရ တာဝန်ယူထားသည့် သက်ဆင်၏ ညီမဖြစ်သူ ၀န်ကြီးချုပ် ယင့်လတ်က အတိုက်အခံ အဖွဲ့အစည်းများ၏ ဆန္ဒပြမှု အပြင် တောင်သူလယ်သမားများ၏ ဆန္ဒပြမှုကိုလည်း ရင်ဆိုင်နေရသည်။

မစ္စတာ သက်ဆင် ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာ နိုင်ငံတွင် ထိုစဉ်က အာဏာ ရယူထားသည့် စစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေး လုပ်ငန်းတွင် ငွေ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်တွင် ထိုင်း အစိုးရက ယခင် စစ်အစိုးရ အာဏာပိုင်များကို ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၄၅ သန်းခန့် ချေးပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ် နိုင်ငံပြီးလျှင် မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး မြှုပ်နှံလုပ်ကိုင်သည့် နိုင်ငံ ဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက မစ္စတာ သက်ဆင်သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ အာဆီယံ အနာဂတ် အပါအဝင် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သည့်နှစ် ဧပြီလက မြန်မာနိုင်ငံသို့ တိတ်တဆိတ် ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြင်ဦးလွင်တွင် တွေဆုံခဲ့ကြောင်း ၎င်း၏ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

မစ္စတာ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် အာဏာ အလွဲသုံးစား လုပ်မှု၊ အကျင့်ပျက် ခြစားမှု စသည့် စွပ်စွဲချက်များဖြင့် ထိုင်း စစ်တပ်၏ အာဏာ သိမ်းယူမှုကို ခံခဲ့ရပြီးနောက် ဒူဘိုင်း၊ မွန်တီ နီဂရိုး၊ ပြင်သစ်၊ ဗြိတိန် နိုင်ငံများသို့ လှည့်လည် သွားလာ နေ ထိုင်ခဲ့သည်။

မစ္စတာ သက်ဆင်သည် ၎င်းအပေါ် စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်ရန် ထိုင်း တရားရုံးချုပ်မှ ဆင့်ခေါ်ထားမှုကို ခံထားရ သည့် အပြင် အတိုက်အခံ ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက ၀ရမ်းထုတ်ခြင်း ခံထားရသည့် မစ္စတာ သက်ဆင် ကို ဖမ်းဆီး၍ ထိုင်း တရားဥပဒေ အတိုင်း ရင်ဆိုင် ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမဖြစ်သူ ၀န်ကြီးချူပ် ယင့်လတ် ရှင်နာဝပ် အာဏာ ရှိစဉ်က တိုက်တွန်းခဲ့ဖူးသည်။

ဧရာဝတီ

အရက်သောက်ရင်း စကားများရာမှ ဓါးထိုးမှုဖြစ်


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေး တိုင်းဒေသကြီး၊ သရက်မြို့နယ်၊ အုတ်ရှစ်ကုန်း ရွာနေ ဦးကျော်လေး(၄၄)နှစ်သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာ တည်းနေ ယောက်ဖဖြစ်သူ လှမင်းထွန်း (၂၉)နှစ်မှာ ဓါးထိုးခံရ၍ဆေးရုံရောက်နေကြောင်း သိရှိရသဖြင့် သွားရောက် ကြည့်ရှု ခဲ့သည်။ ဖြစ်စဉ်မှာ လှမင်းထွန်းသည် တစ်ရွာတည်းနေ ဝင်းအောင်(၄၈)နှစ်၏နေအိမ်၌ အရက် အတူသောက်စားပြီး စကား များရာ ဝင်းအောင်မှ ဓါးဖြင့်ထိုးခဲ့၍ လှမင်းထွန်းတွင် ယာတံတောင် တွင်ပြတ်ရှဒဏ်ရာ၊ ယာ လက်မောင်းနှင့် ရင်ညွန့် အလယ် ထိုးသွင်းဒဏ်ရာ များရရှိခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် ဝင်းအောင် အား ဘော်နယ်မြေရဲစခန်း (ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar

ရာမလက်က ရုန်းမထွက်နိုင်တဲ့ ညနတ်သမီးများ


မြဝတီမြို့က ပျော်တော်ဆက် လုပ်ငန်းတခုတွင် တွေ့ရသည့် မိန်းကလေးများ (ဓာတ်ပုံ – ဧရာဝတီ)

“ရာမတလုံးလောက် တင် (ရှူ) ပြီးရင် လူက ပေါ့ပါးသွားတယ်၊ အိပ်ငိုက်တာ မရှိဘူး၊ လူလည်း လန်းလန်းဆန်းဆန်း ဖြစ်သွားတယ်၊ ဧည့်သည်တွေနဲ့ ဆက်ဆံရေးလည်း ပိုအဆင်ပြေတယ်” လို့ အသက် ၂၂ နှစ်အရွယ် သက်ထားက စားပွဲပေါ်မှာရှိတဲ့ ဆေးလိပ်ခွက်ကို ပွတ်သပ်နေရင်း ပြောပြပါတယ်။

ပိန်ပိန်သွယ်သွယ်နဲ့ ခပ်ညိုညို အသားရောင်ရှိတဲ့ သက်ထားက ပျော်တော်ဆက် လုပ်ငန်းလောကထဲကို ရောက်လာတာ ၅ နှစ် ကျော်ပြီလို့ဆိုပါတယ်။ အခု သူအလုပ်လုပ်နေတဲ့ ဆိုင်က ၂၄ နာရီဖွင့်တာကြောင့် အိပ်ရေးပျက် ခံနိုင်အောင် စိတ်ကြွဆေးကို သုံးတာလို့ ပြောပါတယ်။

ရာမ (မြင်းဆေး) ခေါ်တဲ့ စိတ်ကြွဆေးပြားကို မီးရှို့ပြီး ထွက်လာတဲ့ အခိုးအငွေ့ကို ရှူရ ရှိုက်ရတာလို့ ပြောပါတယ်။ ဒီဆေးကို ရှူလိုက်ရင် အိပ်ငိုက်ခြင်း မရှိတော့သလို၊ လူလည်း လန်းဆန်းတက်ကြွလာပြီး ပုံမှန်သုံးစွဲခြင်းအားဖြင့် ဗိုက်သားတွေ ကျစ်လာတဲ့ အတွက် ခန္ဓာကိုယ် အလှကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သူကယုံကြည် နေပါတယ်။

ဧည့်သည် အားလပ်ချိန်တွေမှာ အိမ်သာ၊ ဒါမှမဟုတ် ဆိုင်နောက်ဖေးက လေလုံတဲ့ နေရာတွေမှာ ရှူဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်တွေကလည်း လိင်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်းသိပေမယ့် အလုပ်အတွက် အထောက်အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူးလို့လည်း သိရပါတယ်။ ဆိုင်မှာ ပျော်တော်ဆက် မိန်းကလေး အယောက် ၂၀ ရှိတဲ့ အထဲက သက်ထား အပါအဝင် ၈ ယောက် လောက်က ရာမကို သုံးစွဲကြတယ်လို့ဆိုပါတယ်။

သက်ထား က “ဧည့်သည်များများ လာရင် လာသလို အခန်းတက်ရတယ်၊ အိပ်ငိုက်နေလို့ရှိရင် ဧည့်သည်က ဆက်ဆံရေး မပြေလည်ဘူးဆိုပြီး ဆိုင်ရှင်ကို တိုင်လို့ရင် ဆိုင်ရှင်က နောက်တယောက် ပြောင်းပေးလိုက်တယ်၊ အဲဒီအခါ ကိုယ် တက်ထားတဲ့ အခန်းခက မရတော့ဘူး၊ အဲဒါနဲ့ အိပ်မငိုက်အောင် ရာမကို သုံးဖြစ်သွားတာ” လို့ စိတ်ကြွဆေး သုံးဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။

သူတို့အတွက်ကတော့ စိတ်ကြွဆေးက ဝယ်လို့မခက်ပါဘူး၊ ဆိုင်ကယ် တက္ကစီသမားတွေကို အဝယ်ခိုင်းလို့ရသလို၊ ဖုန်းဆက် လိုက်ရုံနဲ့ လာပို့နေကြ သူတွေလည်းရှိပါတယ်။ မြဝတီမြို့ပေါ်မှာတော့ မြင်းဆေး တလုံးရဲ့ ပျမ်းမျှဈေးက ကျပ် ၃၀၀၀ ပါ။ မြဝတီမြို့နဲ့ နီးတဲ့ သင်္ဃန်းညီနောင်မှာဆိုရင် တလုံးကို ကျပ် ၂၅၀၀ ပဲ ပေးရတယ်လို့ မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

စိတ်ကြွဆေး သုံးတဲ့ ဧည့်သည်တချို့ လာရောက်ပျော်ပါးရင်လည်း အခန်းထဲမှာပဲ အတူတကွ သုံးဖြစ်ကြပြီးတော့ အဲဒီလိုမျိုး အကြိုက်တူတဲ့ ဧည့်သည်တွေနဲ့ ဆုံရင် နှစ်ဦးနှစ်ဘက် ဆက်ဆက်ရေးလည်း ပိုပြီးကောင်းတယ်လို့ သက်ထားက ပြောပြ ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ သက်ထားရဲ့ သူငယ်ချင်း ပိုးအိဖြူ ကတော့ စိတ်ကြွဆေးကို သူကိုယ်တိုင် မသုံးစွဲသလို သူငယ် ချင်းတွေ သုံးစွဲတာကိုလည်း အားမပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးတွေ သုံးစွဲပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ ကာမ ဆက်ဆံရတဲ့ အခါမှာ ငရဲကျသလိုပဲလို့ ဆိုပါတယ်။

“မူးပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ နေ (ကာမဆက်ဆံ) တာတောင် အလွန်ဆုံး နာရီဝက်ပဲ။ ရာမသုံးလာတဲ့ လူတွေနဲ့အခန်း တက်ရင် တနာရီနဲ့လည်း မပြီးဘူး။ ပိုက်ဆံသာ ပြန်အမ်းလိုက်ချင်တယ်” လို့ စိတ်ပျက်ဟန်နဲ့ ပိုးအိဖြူက ရှင်းပြပါတယ်။

ဆိုင်ကိုလာတဲ့ ဧည့်သည် အများစုဟာ အရက်၊ ဘီယာ သောက်သုံးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လိင်အင်္ဂါကို သဘာဝလွန် ကြီးထွားဆေးတွေ သုံးထားတဲ့ ဧည့်သည်ကလွဲရင် တခြားဧည့်သည် အမျိုးအစားတွေကို ရွေးချယ်ခွင့် မရှိဘူးလို့ ပိုးအိဖြူက ရှင်းပြပါတယ်။

ရာမသုံးပြီး လုပ်ငန်းခွင်ဝင်တာကို သဘောမကျတဲ့ ပိုးအိဖြူလည်း အိပ်ငိုက်လို့ ဆက်ဆံရေး ပျက်ကွက်တဲ့ အတွက် ဧည့်သည်က လူစားလဲခိုင်းတာ၊ တခါတရံ အနိုင်ကျင့် ရိုက်နှက်ခံရတာတွေ အထိ ကြုံတွေ့ခဲ့ရဘူးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အိပ်ငိုက်တဲ့ဒဏ် ခံနိုင်ဖို့ ကော်ဖီနဲ့ လက်ဘက်သုပ်ကို အားပြုခဲ့ကြောင်း၊ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်း ဧည့်သည် ပြတ်ချိန်တွေကို အိပ်ချိန်အဖြစ်ထားကြောင်း ပြောပါတယ်။

“ဧည့်သည်များများရမှ တရက်ကို တသောင်း ဝန်းကျင်လောက်ရတာ၊ ရာမသုံးရင် ပိုက်ဆံ မကျန်တော့ဘူးလေ။ အခု ဒီဆိုင်မှာ ရာမ သုံးတဲ့လူ မှန်သမျှလည်း ပိုက်ဆံမစုနိုင်ကြဘူး။ တချို့ဆို အကြွေးပါ တင်သေးတယ်” လို့ ပိုးအိဖြူက ရှင်းပြပါတယ်။

စိတ်ကြွဆေးတွေကို တဆိုင်တည်းနေ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ သုံးစွဲနေတာ နေ့စဉ်တွေ့မြင်ရကြောင်း၊ သုံးပြီးရင် နှစ်ည၊ သုံးညလောက်အထိ မအိပ်ဘဲ အလုပ်လုပ်နေကြလို့ ဒီမြင်ကွင်းကို မမြင်လိုတဲ့ အတွက် သက်ထား အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖြောင်းဖျ ပြောဆိုပေမယ့် မအောင်မြင်ကြောင်း စိတ်မသက်သာဟန်နဲ့ သူက ဆက်ပြီး ပြောပြပါတယ်။

သက်ထားနဲ့ ပိုးအိဖြူတို့ဟာ တနယ်တကြေးဆီက လာပြီး ဒီမှာ အလုပ်အတူတူလုပ်ကြတဲ့ သူတွေဖြစ်ပေမယ့် ညီအစ်မ အရင်းလို တယောက်နဲ့ တယောက် ဖေးမကူညီမှုတွေ ရှိကြတယ်လို့ သူတို့ နှစ်ယောက်စလုံးက ဆိုပါတယ်။ မတူညီတဲ့ ဒေသတွေက လာကြတဲ့ သူတို့နှစ်ဦးဟာ လုပ်ငန်းချင်းတူသလို ဆင်းရဲတာချင်းနဲ့ ရိုးသားမှုတွေကလည်း တူညီတာကို တွေ့ရပါတယ်။

သက်ထား အပါအဝင် တဆိုင်တည်းနေတဲ့ သူ့သူငယ်ချင်းတွေ စိတ်ကြွဆေးပြား သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောပြနေတဲ့ ပိုးအိဖြူကို သက်ထားက ဗွေယူဟန်မရှိဘဲ ဘေးကနေ ရီကျဲကျဲနဲ့ ထိုင်ကြည့် နေပြီး ပိုးအိဖြူရဲ့ ဖန်ခွက် ထဲကို ကိုကာကိုလာ အချိုရည်ကိုတောင် ထပ်ဖြည့်ပေးလိုက်ပါသေးတယ်။

သူတို့ နေထိုင်လုပ်ကိုင်နေကြတဲ့ မြဝတီမြို့ပေါ်က ပျော်တော်ဆက် ရုံတွေဟာ ရာမလို့ခေါ်တဲ့ မြင်းဆေး သုံးစွဲမှုတွေနဲ့ ကင်းတဲ့ ရုံ ရှားတယ်လို့ ဆိုပါတယ်။ သက်ထားက ဒီဆိုင်ကို မရောက်ခင်မှာ ကတည်းက မြဝတီမြို့ပေါ်မှာရှိတဲ့ တခြားပျော်တော် ဆက်ရုံ သုံးရုံမှာ လုပ်ခဲ့ဘူးတယ်လို့သိရတယ်။ အဲဒီနေရာတွေမှာကတည်းက ဒီစိတ်ကြွဆေးကို သုံးခဲ့ဘူးတာလို့ သူက ဆိုပါတယ်။

“မြို့ပေါ်မှာရှိတဲ့ ဒီလိုနေရာတွေကတော့ ဒါနဲ့ ကင်းတဲ့နေရာ ဆိုတာမရှိဘူး၊ သမီးလည်း မသောက်ရ မနေနိုင်အောင်တော့ မဟုတ်ပါဘူး၊ သူက သုံးပြီးလို့ အရှိန်ပြေသွားရင် ကိုယ်လက်တွေ နာတာမခံနိုင်ဘူး၊ အဲဒါကြောင့် အရှိန် ပြန်တင်ရင်းတင်ရင်းနဲ့ ရက်ဆက် သွားတာ။ ဟိုတလောက ရွာပြန်သွားတော့ တလလောက် လုံးဝမသုံးဖြစ်ဘူး၊ နေနိုင်တယ်။ ဒီမှာက အလုပ်နဲ့ ကျတော့ မရဘူးလေ” လို့ သက်ထားက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ စားသောက်ဆိုင် အမည်ခံနဲ့ မြို့ခံ အာဏာပိုင်တွေဆီမှာ ဖွင့်လှစ်ခွင့်ရထားတဲ့ လိင်ဖျော်ဖြေရေးရုံ ၁၀၀ ကျော် ရှိပြီး အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တားမြစ်မှုတွေ မလုပ်တဲ့အပြင်၊ လိင်အလုပ်သမတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂရုစိုက်တာ မရှိကြပါဘူး။

သက်ထားက မြဝတီကို မရောက်ခင်မှာ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့က လိုင်စင်မဲ့ လိင်ဖျော်ဖြေရေး ရုံတွေမှာ လုပ်ခဲ့ဖူးသူပါ။ ထိုင်းနိုင်ငံ ရဲတွေရဲ့ တင်းကြပ်မှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲခွင့်မရသလို၊ ဧည့်သည်နဲ့ ဆက်ဆံတဲ့ အခါ ကွန်ဒုံသုံးဖို့နဲ့ ကူးစက်တတ်တဲ့ အခြေအနေနဲ့ ရောဂါတွေအကြောင်းကို ပြည်ပမှရောက်နေတဲ့ အဖွဲ့အစည်းတချို့က ရက်ပျက်ကြေး ပေးပြီး သင်ပေးကြတယ်လို့ သူ့အတွေ့အကြုံကို သက်ထားက ရှင်းပြပါတယ်။

တရားဝင် လိုင်စင်နဲ့ ဖွင့်လှစ်တဲ့ လိင်ဖျော်ဖြေရေး ရုံတွေ မဟုတ်ပေမယ့် မဲဆောက်ဆေးရုံကြီးက အပတ်စဉ် တနင်္လာနေ့တိုင်း သွေးစစ်ခြင်း၊ မိန်းမကိုယ် သန့်ရှင်းရေး လုပ်ငန်းများ ခေါ်ယူစစ်ဆေးခြင်းတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

“ဟိုမှာက ကျန်းမာရေးကို အမြဲတမ်း မစစ်မနေရ စစ်ပေးနေတော့ ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သိနေတော့ အလုပ်မှာ မပျော်လည်း စိတ်ရှင်းတယ်။ အခု မြဝတီမှာက ဘာမှမလုပ်ပေးတဲ့ အပြင် သွေးစစ်ဖို့ ခွင့်တောင်းရင်တောင် ရက်ပျက်ခ ၅ သောင်း ပြန်လျော်ရတယ်။ ကိုယ့်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း ကိုယ်မသိတော့ တခါတလေ အားငယ်မိတာပေါ့” လို့ သက်ထားက စိတ်မသက်မသာဟန်နဲ့ ရှင်းပြပါတယ်။

အရင်က လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်လိုကြတဲ့ မြန်မာ မိန်းကလေးတွေဟာ တဘက်နိုင်ငံ မဲဆောက်မြို့မှာ သွားလုပ် ကြရပေမယ့် နောက်ပိုင်း ထိုင်းအာဏာပိုင်တွေရဲ့ တင်းကြပ်မှုတွေ ရှိလာတာကြောင့် ၂၀၁၀ နောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် အတိုးချ လုပ်ကိုင်လာတဲ့ မြဝတီမြို့ပေါ်က ရုံတွေကို ပြန်ပြောင်းလာကြတာပါ။

မြဝတီမြို့ပေါ်မှာ လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအတွက်တော့ ထိုင်းနိုင်ငံက ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခွင့်အရေးမျိုး မရနိုင်ကြပေမယ့် စိတ်ကြွဆေး သုံးတတ်တဲ့ လိင်အလုပ်သမတွေ အတွက်တော့ လွတ်လပ်စွာ သုံးစွဲခွင့်တွေ ရရှိနေပါတယ်။

အနီရောင် မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ ပျော်တော်ဆက် ရုံတွေထဲက မီးရောင်တွေ အောက်မှာတော့ သစ်လွင်တဲ့ အဝတ် အစားတွေ ဝတ်ဆင်ပြီး ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လိင်အလုပ်သမလေးတွေ ရှိနေတယ်။ တချို့ကတော့ ရာမလက်က ရုန်းထွက်ဖို့ကို မေ့နေကြဆဲ ဖြစ်ပါတယ်။

ဧရာဝတီ

အီကြာကွေး စားသုံးမှု သတိပြု


ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၃

လူအများ စားသုံးလျက် ရှိသော အီကြာကွေး ထဲ၌ ရောင်းပန်း လှရန် အတွက်

မိုးနီးယား (MX3) ဟုခေါ်သော ဓာတု ဆေးဝါး တစ်မျိုးအား သုံးစွဲကာ ကြော်လှော် ရောင်းချမှုများ ရှိကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ် ခိုင်က ပြောကြားသည်။

ဒီလိုဖြစ်တဲ့ နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာ ဖြစ်တာ။ ဆရာတို့ကို လူ တွေက အဲဒီဆိုင်က အီကြာကွေး တွေက သေးစော်နံလို့ ဆိုပြီး တိုင်တယ်။ ဆရာတို့ သွားစစ်တဲ့ အခါ ကျတော့ သေးစော် နံမှာပေါ့ မိုးနီးယား (MX3) ကို ထည့်သုံးထား တာကို မိုးနီးယား ဆိုတဲ့ ဓာတုဆေးဝါး တစ်မျိုးကို အီကြာကွေးတို့ အခြား ကြော်တဲ့ နေရာတွေမှာ ထည့်သုံး မယ်ဆိုရင် အဲဒီဆေးက အခြားပွ ဆေးတွေ သုံးတာထက် ပိုပွတယ်။

အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါ ထည့်သုံး ကြတယ်။ အဲဒါကို သုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။ အခုဟာက တရား လွန်လာတယ်။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော စိတ်နှင့် အလုပ် လုပ်နေကြတယ် ဟု ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ၀ိဿမလော ဘသမားများ မတော်စီးပွား ရှာကာ ပြုလုပ် ရောင်းချခြင်းကြောင့် စားဖို့ အသက်ရှင် နေသည်ဟု မဖြစ် ရစေပဲ အသက်ရှင်ဖို့ စားရသည် ဖြစ်စေ လိုသောကြောင့် ကျန်းမာရေး အတွက် ဂရုစိုက်ကာ စားသောက် စေလိုကြောင်း ဦးဗအုပ်ခိုင် ၏ မှာကြားချက် အရ သိရှိရသည်။

အဆိုပါ မိုးနီးယား (MX3) သည် ရေခဲစက်နှင့် အဲယားကွန်း များတွင် သုံးသည် မိုးနီးယား အမျိုးအစား ဖြစ်ပြီး ယင်းကဲ့သို့ အသုံးပြုထားသော အစားအစာ ရောဂါ ဝေဒနာ ရရှိနိုင်ပြီး ရေရှည် စားသုံးပါက ကင်ဆာ ရောဂါများ ရရှိနိုင်ကြောင်း အဆိုပါ ပုဂ်္ဂိုလ် ပြောကြားချက် အရ သိရသည်။

ဖြိုးအောင်
မြ၀တီ

ထိုင်းရောက် ဗီဇာကုန် အလုပ်သမားများကို စတင်ဖမ်းဆီး (ရုပ်/သံ)


၎ နှစ်ဗီဇာ သက်တမ်းကုန်နေပြီ ဖြစ်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နယ် တဝှိက်နဲ့ ပြည်နယ်တော်တော်များများမှာ စတင်ဖမ်းဆီးနေပြီ ဖြစ်တဲ့အကြောင်း ရုပ်သံ မှတ်တမ်းဖြစ်ပါ တယ်။




ဧရာဝတီ

ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာချင်နေမှန်း ဘယ်လိုသိနိုင်မလဲ


          မာနအလျောက် နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ သင့်တို့နှစ်ဦးမှာ တကယ်လို့များ သူ့အနေနဲ့ သင့်ဆီပြန်လာချင်ရင် သိသာထင်ရှားတဲ့ အပြုအမူတွေနဲ့ ပြန်လာမယ်လို့ ထင်သလား။ ဘယ်လာပါ့မလဲ။ သံယောဇဉ်မပြတ်နိုင်ပေမယ့် သူ့မှာလည်း မာနလေးနဲ့ပဲလေ။

          ဒီတော့ သူ့ရဲ့ မထင်မရှားအပြုအမူလေးတွေကနေ တဆင့် သူ့စိတ်သဘောထားကို အကဲဖမ်းလို့ရပါတယ်။ အဲဒီအပြုအမူလေးတွေကတော့ -

(၁)     သင့်ရဲ့ social network မှာ မွှေနှောက်နေတတ်ပါ လိမ့်မယ်။

          ရုတ်တရက်ကြီးဆိုသလိုပဲ သင့်ရဲ့ wallပေါ်မှာ သူ့ရဲ့ခြေရာလက်ရာတွေ ရှုပ်ယှက်ခတ်လာပါလိမ့်မယ်။ သင့်ရဲ့ တစ်ယောက်တည်းပုံတွေမှန်သမျှ သူ့like တွေနဲ့ပြည့်နေပါလိမ့်မယ်။ သူကတော့ ရေကို အရောင်ရှိလား စမ်းသပ်နေသလိုပါပဲ။ သင့်ကို အပြင်မှာ လူချင်းတွေ့ဖို့ ပြန်မကြိုးစားခင်မှာ social ကနေပြီး သင့်ရဲ့ ခြေလှမ်းတွေ ၊ အလားအလာတွေကို အကဲခတ်နေပုံရပါတယ်။ သူ့ဘက်က ဒီလိုလှုပ်ရှားမှုမျိုး တွေ့လာရပြီ ဆိုရင်တော့ သင့်ကိုပြန်လည် ရယူချင်နေကြောင်း ရာခိုင်နှုန်း ၆၀ လောက်သေချာနေပါပြီ။

(၂)     ပျော်စရာအတိတ်တွေကို ပြန်လည်တူးဆွနေပါလိမ့်မယ်။

          သူရဲ့ အသိုင်းအ၀ိုင်းက ပြန်ကြားရတဲ့ စကားသံတွေ ၊ သူ့ရဲ့ စတေးတပ်က စကားအသွားအလာ တွေကို ကြည့်ရတာ လွန်ခဲ့ပြီးတဲ့ အမှတ်ရစရာတွေကို တူးဆွနေသလိုဖြစ်နေပါလိမ့်မယ်။ ဥပမာ “ငါတို့ milkshake လုပ်ဖို့ ကြိုးစားခဲ့ဖူးကြတာ မှတ်မိနေမလား” စသဖြင့်ပေါ့။ ဒီလိုစာသားမျိုး တွေ့မိမယ်ဆိုရင်တော့  သင့်ကိုပြန်လည် တမ်းတနေကြောင်း ၈၀ ရာခိုင်နှုန်းလောက်ကို သေချာသွားပါပြီ။

(၃)     မျက်နှာချင်းဆိုင်ဖို့ ပြန်ကြိုးစားပါတော့မယ် ။

          သူ့ကို သူတို့အဆောင်ဘက်က ကန်တင်းတွေမှာ အမြဲတမ်းမြင်နေရပြီလား။ သင့်ရဲ့ BIO lab အခန်းထဲကိုရော အကြောင်းမရှိ အကြောင်းရှာပြီး လာတတ်နေပြီလား။ အတန်းတစ်ချိန်နဲ့တစ်ချိန်ကြား နားတဲ့အခါ ကော်ရစ်တာမှာ ယောင်လည်လည်လုပ်နေပြီလား။ ကျောင်းဆင်းချိန် ၊ အလုပ်ဆင်းချိန် သင့်ကားနားအထိတောင် ရောက်နေပြီဆိုရင်တော့ ကံတရားအရ မတော်တဆ တွေ့နေရတာ မဟုတ်တော့ပါဘူး။ သင့်ဆီက အနည်းငယ်အခွင့်အရေး ရတာနဲ့ မျက်နှာချင်းဆိုင်ဖို့ ကြိုးစားတော့မှာပါ။ ဒါဆိုရင်တော့ ရာနှုန်းပြည့်သင့်ကို ပြန်ပြီး ပိုးပမ်းတော့မယ့် အနေအထားပါပဲ။

(၄)     နောက်ဆုံးတနည်းကတော့ အကြံကုန် ဂဠုန်ဆားချက်ပေါ့။

          သင့်ရဲ့ သ၀န်တိုစိတ်ကို နှိုးဆွဖို့ရာ တခြားမိန်းကလေးတွေနဲ့ သင့်ရှေ့လာပြီး အရောတ၀င် နေပြပါ လိမ့်မယ်။ ဒါဆိုရင်တော့ ပြုံးပြီးတော့သာ ကြည့်ပေးလိုက်ပါ။ ဒါကသင့်ကို ရွဲ့ချင်တဲ့သူ့ရဲ့ ကလေးဆန်ဆန် အတ္တမျိုးသာဖြစ်ပြီး သူ့စိတ်ထဲတကယ်တမ်းရှိနေတာ သင်ဖြစ်ကြောင်း အခိုင်အမာ သေချာသွားပြီပေါ့။

          ဒီအချက်လေးတွေကို သူ့ဆီမှာ တွေ့ရပြီဆိုရင်တော့ သင့်ရဲ့ ရည်းစားဟောင်းက သင့်ကို ပြန်လည်ရယူချင်နေပြီလို့သာ မှတ်လိုက်ပါ။ အားလုံးပဲ မှန်ကန်တဲ့ ချစ်သူကို ရွေးချယ်နိုင်ကြပါစေ။

Ref:seventeen.com
Trend Myanmar

အကောင်ရေ ပိုလျှံနေလို့ ခြင်္သေ့စာကျွေးခံရတဲ့ သစ်ကုလားအုပ်လေး Marius


ကျောင်းသား၊ ကျောင်းသူငယ်လေးတွေ အတွက်တော့ ကြောက်ရွံ့ထိတ်လန့်စရာ အခါသမယပါပဲ။ လုံးဝအတိ နေကောင်းတဲ့ ခြင်္သေ့စာ ကျွေးဖို့အတွက် Marius အမည်ရှိ သစ်ကုလားအုပ်တစ်ကောင်ဟာ ကလေးအုပ်ရှေ့မှာပဲ အပိုင်းပိုင်းခုတ်ခံခဲ့ရပါတယ်။


၂နှစ်သား သစ်ကုလားအုပ်လေး Marius ကို ကယ်ဆယ်ဖို့အတွက် လူ ၂၀၀၀၀ ကျော်ဟာ အွန်လိုင်းကနေ အသနားခံစာမှာ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ဒိန်းမတ်နိုင်ငံ၊ Copenhagen ဆိပ်ကမ်းမြို့ တိရိစ္ဆာန်ရုံ ၀န်ထမ်းဟာ ၀က်အူသေနတ်နဲ့ Mariusကို ပစ်သတ်ခဲ့ပါတယ်။ ပြီးတော့ ကလေးငယ်တွေရဲ့ တစ်တောင်အကွာလောက်မှာပဲ  Marius ကို ခြင်္သေ့စာမကျွေးခင် ပိုင်းဖြတ်ခဲ့ပါတော့တယ်။


သားပေါက်နှုန်း များသွားတာကို တိုက်ဖျက်ဖို့ဆို ဒီလိုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ လူတွေရှေ့မှာ ခုလိုခွဲစိပ်ပြတာ ပညာပေးဖြစ်ကြောင်း တိရိစ္ဆာန်ရုံက ပြောခဲ့ပါတယ်။ ဒါပေမဲ့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက Marius ကိုသတ်ပစ်ခဲ့မှုအပေါ် ပြစ်တင်ပြောဆိုခဲ့ပြီး ဥရောပရဲ့ ထိပ်တန်း တိရိစ္ဆာန်ရုံတစ်ခု အနေနဲ့ ဒီလိုလုပ်တာဟာ ရက်စက်ရာရောက်လွန်းတယ်လို့ ပြောဆိုခဲ့ကြပါတယ်။



Ref:dailymail.co.uk
Trend Myanmar

မျက်နှာပေါ်မှာ စက္ကူအိပ်စွပ်ပြီး ရုပ်ရှင်ဖွင့်ပွဲတက်ခဲ့တဲ့သရုပ်ဆောင် Shia LaBeouf


သရုပ်ဆောင် Shia LaBeouf ဟာ အညိုရောင်စက္ကူအိပ်ကို ခေါင်းမှာစွပ်ပြီး ဂျာမဏီမှာလုပ်တဲ့ သူ့ရဲ့ရုပ်ရှင်ဖွင့်ပွဲ ကိုတက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက လူမြင်ကွင်းတွေကနေ အနားယူပြီလို့ကြေငြာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ်သရုပ်ဆောင် ဟာ တနင်္ဂနွေနေ့ည ဘာလင်မြို့မှာလုပ်တဲ့ ‘Nymphomaniac’ ရုပ်ရှင်ရဲ့ကော်ဇောနီရုပ်ရှင်ဖွင့်ပွဲမှာ သူ့ရဲ့မျက်နှာကိုဖုံးကွယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့စက္ကူအိပ်ရဲ့မျက်လုံးနှစ်လုံးနေရာမှာ အပေါက်နှစ်ပေါက်ဖေါက်ထားပြီး “ကျွန်တော်နာမည်မကြီးတော့ပါဘူး” လို့အဓိပ္ပါယ်ရတဲ့စာကို အနက်ရောင်စာလုံးကြီးတွေနဲ့ရေးထားတာဖြစ်ပါတယ်။

Transformers ဇာတ်ကားရဲ့သရုပ်ဆောင်ဟာ ဒီရုပ်ရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကနေမထွက်ခွာမီ တစ်နာရီအလိုမှာ ကြေငြာချက်တစ်ခုကိုထုတ်ပြန်ဖို့စိတ်အားထက်သန်နေခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ရှင်အတွက် လိင်အသားပေးခန်းမှာ သရုပ်ဆောင်ရတာ သက်တောင့်သက်သာဖြစ်ရဲ့လားလို့မေးမြန်းတဲ့အခါ Shia က သူနဲ့တွဲဖက်သရုပ်ဆောင်သူ Stacy Martin ကိုဦးစွာဖြေကြားစေခဲ့ပါတယ်။

အချိန်အနည်းငယ်ကြာ တွန့်ဆုတ်နေအပြီးမှာ အောက်သွားတစ်ချောင်းကျိုးနေပြီး မသပ်မရပ်ဖြစ်နေတဲ့ သရုပ်ဆောင်က အနားယူသွားပြီဖြစ်တဲ့ပြင်သစ်ဘောလုံးသမား Eric Cantona ရဲ့နာမည်ကြီးစကားလုံးတွေနဲ့ မီဒီယာတွေရဲ့ မလိုလားအပ်တဲ့ စိတ်ဝင်စားမှုအကြောင်းကိုပြန်ဖြေပါတယ်။

“စင်ရော်ငှက်တွေ ငါးဖမ်းလှေနောက်ကလိုက်တာဟာ ဆာဒင်းငါးတွေပစ်ချမယ်လို့ သူတို့ထင်နေလို့ပါ။ ကျေးဇူးတင်ပါတယ်” လို့ပြန်ဖြေပါတယ်။


Shia ဟာသူ့ရဲ့ ရုပ်ရှင်ဇတ်ကားအတို ‘HowardCantour.com’ ဟာ Daniel Clowes ရဲ့ graphic ၀တ္ထုတိုတွေဖြစ်တဲ့ ‘Justin M. Damiano’ ကိုခိုးချထား တယ်လို့စွပ်စွဲခံရတဲ့အတွက် တောင်းပန်လိုက်ရပြီးနောက် ဇန်န၀ါရီလမှာ လူမြင်ကွင်းတွေကိုစွန့်ခွာပြီလို့ကြေငြာခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ကျွန်တော့်ရဲ့အနုပညာပိုင်းဆိုင်ရာကိုတိုက်ခိုက်ခဲ့မှုတွေကြောင့် ကျွန်တော်လူသိရှင်ကြားဘ၀ကနေ အနားယူပါတော့မယ်” လို့ twitter မှာရေးခဲ့ပါတယ်။

“ကျွန်တော့်ကို အားပေးခဲ့တဲ့သူတွေကို မေတ္တာပို့ပါတယ်။ ဖန်တီးမှုတွေကိုရပ်တန့်လိုက်ပါပြီ” လို့လဲရေးခဲ့ပါတယ်။

Ref:starpulse.com
Trend Myanmar

ဒဂုံဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့နှင့် တောင်သူများ ပဋိပက္ခဖြစ်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၃) ရပ်ကွက်ရှိ လယ်မြေများပေါ်တွင် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူ ၁၅၀ ခန့်က ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခြံစည်းရိုး လာရောက်ခတ်ရာမှ လယ်ပိုင်ရှင် မိသားစုနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင် ကြုံတွေ့သူများထံမှ စုံစမ်းသိရှိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့ အပါအဝင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီမှ ဝန်ထမ်း ၁၀၀ ခန့်သည် ကွင်းအမှတ် ၄၄၂ (တာပသွန်ကွင်း) ကို ခြံစည်းရိုးတိုင်များ လာရောက် ခတ်နေစဉ် လယ်ပိုင်ရှင် ဦးချစ်လှိုင်က လာရောက် ဟန့်တားခဲ့ရာ အရပ်ဝတ် ဝန်ထမ်းများက ကိုယ်ထိလက်ရောက် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပိုင်ရှင်၏ မိသားစုနှင့် လယ်နီးချင်းများ ထပ်မံလာရောက် ဟန့်တားရာ နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကြောင်း တောင်သူများက ပြောကြားသည်။

“ကားခြောက်စီးနဲ့ ရောက်လာပြီး ခြံတိုင်တွေ စိုက်ဖို့လုပ်တာ။ မင်းတို့နားကို ဘယ်သူမှ မကပ်စေနဲ့၊ ကပ်လာရင် ရိုက်လို့ သုံးပွင့်နဲ့ ရဲမှူးက ရဲတပ်သားတွေကို အမိန့်ပေးတယ်။ သွားတားတဲ့ လယ်ပိုင်ရှင်ကို လည်ပင်းညှစ်တယ်။ ဒါကို သမီးဖြစ်သူက မြင်တော့ မခံနိုင်လို့ သွားဆွဲတယ်။ သူ့ကိုလည်း အုတ်ခဲနဲ့ ခေါင်းကို ရိုက်လိုက်တယ်” ဟု မျက်မြင် တစ်ဦးဖြစ်သူ ဦးတိုက်စံက ပြောကြားသည်။

ယင်းနောက် အနီးအနားလယ်များမှ လယ်သမား ၄၀ ခန့် ထပ်မံရောက်ရှိ လာခြင်းကြောင့် ခြံစည်းရိုး ခတ်ခြင်းကို ဆက်လက် မပြုလုပ်တော့ဘဲ နံနက် ၉ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်နှင့် ကုမ္ပဏီ ဝန်ထမ်းများ ပြန်သွားခဲ့ကြောင်း၊ ပဋိပက္ခကြောင့် လယ်သမားငါးဦး ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ မအေးအေးခိုင်မှာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသ ခံနေရကြောင်း ၎င်းက ပြောကြားသည်။

ယခုအခင်းဖြစ်သည့် လယ်မြေ အပါအဝင် လယ်မြေ ၅၂ ဧကကို ကောင်းမြန်မာအောင် ကုမ္ပဏီသို့ အစိုးရ ဝန်ကြီးတစ်ဦးက နှစ် ၆၀ အငှားချထားပေးခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ၂၀၁၃ ခုနှစ် မေလအတွင်းက လာရောက် ပြောကြားခဲ့ပြီး လယ်သမားများကို လယ်မြေအတွင်းမှ ဖယ်ရှား ခိုင်းခဲ့သော်လည်း ဖယ်ရှားပေးခြင်း မရှိသဖြင့် လယ်ပိုင်ရှင် ဦးချစ်လှိုင် အပါအဝင် လယ်သမား ၁၅ ဦးကို တရားစွဲဆိုထားပြီး အမှုမှာ ပြီးပြတ်ခြင်း မရှိသေးကြောင်း လယ်သမားများက ပြောဆိုသည်။
“ပြီးခဲ့တဲ့ တစ်လလောက်ကလည်း ပထမအကြိမ် ခြံလာခတ်သေးတယ်၊ ကျွန်မတို့က အမှုဆုံးဖြတ် ချက်ချပြီးမှ သူတို့လုပ်ငန်းတွေ ဆက်လုပ်ဖို့ ပြောတော့ အသာတကြည်ပဲ ပြန်သွားတယ်။ မနက်ဖြန်မှာလည်း ရုံးချိန်းရှိတယ်” ဟု လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မဇာနည်မော်က ပြောကြားသည်။

အဆိုပါ လယ်မြေများမှာ ဘိုးဘွားများ လက်ထက်ကတည်းက အဆင့်ဆင့် လွှဲပြောင်း လုပ်ကိုင်ခဲ့သည့် လယ်မြေများ ဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သိမ်းယူခဲ့သော်လည်း ၂ နှစ်ခန့် အကြာတွင် မူရင်း လယ်သမားများထံသို့ ပြန်လည် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့သဖြင့် လယ်လုပ်ကိုင်ခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်ကြောင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထားများ ရှိကြောင်း တောင်သူတစ်ဦးက ထပ်မံရှင်းလင်း ပြောဆိုသည်။

နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် မေးမြန်းမှသာ ပြန်လည် ဖြေဆိုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က
The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အဆိုပါ ရိုက်နှက်ခံရမှု ဖြစ်စဉ်အတွက် အမှုဖွင့် တိုင်ကြားသွားမည်ဟု လယ်သမားများက ပြောဆိုသော်လည်း အခင်းဖြစ်ပွားသည့်နေ့ ညနေ ၅ နာရီအထိ လာရောက် တိုင်ကြားခြင်း မရှိသေးကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းထံမှ သိရသည်။

The Voice Weekly


တောင်သူလယ်သမား

မော်ဒယ်မိခင်ထံသို့ ပေးစာ


သို့
ဒေါ်တင်မိုးလွင်
Talents & Models

မှ
သတင်းစာဆရာတစ်ဦး
အကြောင်းအရာ ။ ။ သင်တန်းသားသစ်များလက်ခံပါရန် လျှောက်ထားခြင်း။

ဒေါ်တင်မိုးလွင်ခင်ဗျား

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး လေးစားစွာစာရေးသားအပ်ပါသည်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ အပြောအဆို၊ အနေအထိုင်မတတ်သေးသည့် သတင်းထောက်လူငယ်များအတွက် ယဉ်ကျေးစွာစကားပြောဆိုဆက်ဆံနည်း၊ သင့်တင့်လျောက်ပတ်စွာ သွားလာနေထိုင်နည်း၊ ၀တ်စားဆင်ယင်နည်း သင်တန်းကို မေတ္တာဖြင့်
ဖွင့်လှစ်ပေးလိုကြောင်း ဒေါ်တင်မိုးလွင် ပြောဆိုသည်ကို ဖတ်ရပါသည်။ လူငယ်များအတွက် အားတက်မိသည့်အပြင် ဒေါ်တင်မိုးလွင်၏ စေတနာကိုလည်း အထူးကျေးဇူးတင်မိပါသည်။

ပြီးခဲ့သည့်တစ်ပတ်လုံးလုံး မြန်မာနိုင်ငံအနှံ့အပြား အပြောအဆို၊ အနေအထိုင်မတတ်သေးသည့် သတင်းထောက်များကို ကျွန်တော် စာရင်းလိုက်ကောက်ပါသည်။ သင်တန်းတက်လိုစိတ် ရှိ၊ မရှိ သူတို့ဆန္ဒများကိုလည်း မေးမြန်းပါသည်။ သတင်းထောက်များကလည်း သူတို့အားနည်းချက်ကို သူတို့သိကြောင်းနှင့် သင်တန်းတက်ဖို့ ဆန္ဒရှိကြောင်း ပြောနေကြပါသည်။

အမျိုးသမီးသတင်းထောက်များကတော့ အပြောအဆို၊ အနေအထိုင် သင်တန်းထက် ကြောင်လမ်းလျှောက်နည်း (Cat Walk)ကို ပိုစိတ်ဝင်စားပုံရပါသည်။

သို့သော် ယခုစာကိုရေးသားနေခြင်းမှာ သတင်းထောက်များကို သင်တန်းအပ်ဖို့မဟုတ်ပါ။ ကျွန်တော်နှင့်စကားပြောခဲ့သော အနေအထိုင်၊ အပြောအဆိုမတတ်သည့် သတင်းထောက်များအားလုံးက တညီတညွတ်တည်းပြောကြပါသည်။ ယခုသင်တန်းကို သူတို့ အလွန်အမင်းတက်ချင်သည့်တိုင် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် သူတို့ထက် သင်တန်းပိုမိုလိုအပ်နေသူများကို အနစ်နာခံဦးစားပေးလိုသည်ဟု ဆိုပါသည်။

သတင်းထောက်များက ယခုသင်တန်းကို အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က ပိုလိုအပ်နေတာကြောင့် သူတို့အနစ်နာခံပြီး နောက်အသုတ်မှတက်ပါမည်ဟု ပြောကြပါသည်။ ၀န်ကြီးများက အသက်အရွယ်ပိုမိုကြီးရင့်ပြီး ဘ၀၏စတုတ္ထအရွယ်ကို ရောက်နေပြီဖြစ်သည့်အတွက် နောက်ဆုံးအခွင့်အရေးအဖြစ် သူတို့ကိုဦးစားပေးလိုကြောင်း လူငယ်သတင်းထောက်များက ပြောပါသည်။ အပြောအဆိုမတတ်ကြသည့်တိုင် သဘောထားကြီးကြသော သတင်းထောက်များဖြစ်ပါသည်။

ကျေးဇူးပြုပြီး ဒေါ်တင်မိုးလွင်အနေဖြင့် ၀န်ကြီးအချို့ကို လက်ခံသင်ကြားပေးစေလိုပါသည်။ လွှတ်တော်က ဘတ်ဂျက်ချမပေးသည့်တိုင် သင်တန်းအတွက် လိုအပ်သည့် အဖိုးအခများကိုလည်း ပြည်သူပြည်သားများက သူတို့၏ချွေးနှဲစာများဖြင့် အားတက်သရော ထောက်ပံ့ကြမှာ ဖြစ်ပါသည်။

ဝန်ကြီးများ သင်တန်းတက်သည့်အတွက် အလုပ်အကိုင်ပျက်ကွက်မှာကိုလည်း သမ္မတကြီးထံ ကျွန်တော် တင်ပြပေးဖို့ရှိပါသည်။ “မိဘပြည်သူများ ခင်ဗျာ”ဟု နှုတ်ဆက်လေ့ရှိသည့် သမ္မတကြီးကလည်း ၀န်ကြီးများ အပြောအဆို နေထိုင်နည်းသင်တန်းကို သဘောတူလိမ့်မည်ဟု ယုံကြည်ပါသည်။

သင်တန်းမှာ စကားပြောသင်တန်း(Speaking)ကို သင်ပေးစေချင်ပါသည်။ အင်္ဂလိပ်စကားပြောမဟုတ်ပါ။ မြန်မာစကားကို ချောမွေ့အောင်ပြောနည်းဖြစ်ပါသည်။

သင်တန်းသားများကိုမလွှတ်ခင် ကြိုတင်သတိပေးထားချင်တာ တစ်ခုရှိပါသည်။ သင်တန်းသားများထဲမှာ ခပ်ဆိုးဆိုးကြမ်းကြမ်းတစ်ယောက် ပါနေသည်။ လက်ရဲဇက်ရဲရှိပုံလည်းရသည်။ စိတ်ထွက်လျှင် ရိုက်ချင်နှက်ချင်ရှိပါသည်။ သင်တန်းအခန်းထဲမှာ ဗလတောင့်တောင့်လုံခြုံရေး ၃-၄ ယောက် ကြိုတင်ခေါ်ထားဖို့ အကြံပြုချင်ပါသည်။ ငယ်စဉ်က ကျောင်းထဲမှာ သူများပေတံချိုး၊ ကျောက်သင်ပုန်းခွဲ၊ မုန့်လုစားသူမျိုး ဖြစ်နိုင်ပါသည်။ ကြိုတင်လုံခြုံရေးယူထားရန် သတင်းပို့ခြင်းဖြစ်ပါသည်။

သင်တန်းမှာ ဒေါ်တင်မိုးလွင်ပြောသလို ၀တ်စားဆင်ယင်မှုကို သင်ဖို့လိုလိမ့်မည်ဟု ကျွန်တော် မထင်ပါ။ ဒေါ်တင်မိုးလွင်ပြောသည့် နေရာအချိန်နှင့်ကိုက်ညီအောင် ၀တ်စားဆင်ယင်ခြင်းကို ၀န်ကြီးများ အလွန်ပင်ကျွမ်းကျင်ပြီးဖြစ်လို့ပါ။ ဘယ်အချိန်မှာ ဘောင်းဘီဝတ်ရမည်။ ဘယ်အချိန်မှာ ဘောင်းဘီချွတ်ပြီး တိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်းရမည်ကို သူတို့ကောင်းကောင်းသိကြပါသည်။

သို့သော် တစ်ခုတော့ ကြိုတင်သတိပေးလိုပါသည်။ ၀န်ကြီးများအား သင်တန်းသင်ချိန်မှာ မော်ဒယ်သင်တန်းများကိုတော့ ရပ်နားထားဖို့လိုပါလိမ့်မည်။ မော်ဒယ်လူငယ်အများစုက လိမ္မာရေးခြားရှိကြသည့်တိုင် စပွန်ဆာရှာသူ တစ်ဦး၊ နှစ်ဦးပါလာပြီး “အဘ”တို့နှင့် တွေ့သွားလျှင် ဒေါ်တင်မိုးလွင် ခေါင်းခဲရပါလိမ့်မည်။

ယဉ်ကျေးစွာစကားပြောဆိုနည်းကိုသာ ဦးစားပေးသင်ကြားစေလိုပါသည်။ ၀န်ကြီးအချို့ ကြမ်းတမ်းစွာပြောဆိုသည့်အတွက် သူတို့နှင့်ထိတွေ့သည့် ပြည်သူများမှာ စိတ်ဒဏ်ရာ (Mental Trauma) ခံစားနေကြရပါသည်။ သူတို့ကြောင့် စိတ်ဒဏ်ရာရသူ ပြည်သူများကို နှစ်သိမ့်ကုစားဖို့ ကျွမ်းကျင်သူဆရာဝန်များနှင့် တိုင်ပင်နေကြရပါသည်။

သင်တန်းကို စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ အမြန်အကြောင်းပြန်ပေးစေလိုပါသည်။ ၂၀၁၅ မတိုင်မီ အလျင်စလိုလုပ်ရမှာ ဖြစ်ပါသည်။ အကယ်၍ Talents & Models က လက်မခံနိုင်လျှင် နိုင်ငံတစ်ဝန်းမှာ မူလတန်းကလေးငယ်များအတွက် ဖွင့်လှစ်နေသည့် “ယဉ်ကျေးလိမ္မာ”သင်တန်းမှာ သူတို့ကို အပ်နှံရမှာဖြစ်သည်။ သို့သော် ကလေးငယ်များကို အကျင့်ဆိုးများ ကူးမှာစိုးသည့်အတွက် ဒေါ်တင်မိုးလွင်ထံ အကူအညီတောင်းရခြင်းဖြစ်ပါသည်။ မတတ်သာမှသာ “ယဉ်ကျေးလိမ္မာ”သို့ပို့မည်ဟု ဆုံးဖြတ်ထားပါသည်။

ယခုသင်တန်းပြီးသွားလျှင် ဒေါ်တင်မိုးလွင်အနေနဲ့လည်း ကုမ္ပဏီနာမည်ကို Talents, Models & Ministers ဟု ပြောင်းလဲခေါ်၍ရမည်ထင်ပါသည်။

ချစ်ခင်လေးစားစွာဖြင့်
သတင်းစာဆရာတစ်ဦး

စာကြွင်း-သင်တန်းသားများကို ရိုက်နှက်ဆုံးမနိုင်ပါသည်။ အားမနာပါနှင့်။ ။

ရေးသားသူ- ရဲမိုး

7Day News Journal

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု လက်နက်ကိုင်အဖွဲ့ ပါဝင်သည်ဟုဆို


မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေဆိုင် နှစ်ဆိုင်ကို တစ်ပြိုင်နက် ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သည့် တရားခံများထဲတွင် ပါဝင်သည်ဟု ယူဆရသူ နှစ်ဦးကို ဖေဖော်ဝါရီလ၂ရက်နေ့က ခေါ်ယူ စစ်ဆေးနေရာ သံသယရှိသူ တစ်ဦး၏ ယောက်ဖဖြစ်သူ သက်သေ ထွက်ဆိုချက်အရ လက်နက်ကိုင် အဖွဲ့မှလည်း ပါဝင် ပတ်သက်နေသည်ဟု သိရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဓားပြတိုက်မှုတွင် ရှမ်းလူမျိုး နှစ်ဦး ပါဝင်ပြီး ယင်းနှစ်ဦးထံမှ လက်နက်များ ရရှိခဲ့ကာ ဝေစုအဖြစ် ရွှေတစ်ပိဿာ ရရှိလာခဲ့ကြောင်း ပြောပြခဲ့သည့် သံသယရှိသူ၏ ယောက်ဖဖြစ်သူက မိုးကုတ်မြို့နယ် တရားရုံးရှေ့ ကြိုတင် ထွက်ဆိုချက်အရ အထက်ပါအတိုင်း သိရကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“အခုစစ်ဆေးနေတဲ့ အချိန်မှာ သံသယရှိသူရဲ့ ထွက်ဆိုချက်တွေက အမှန်ပြောလိုက်၊ မပြောလိုက် ဖြစ်နေတာ၊ အဲဒါကြောင့် မိုးကုတ်မြို့နယ် တရားရုံးမှာ သက်သေဖြစ်တဲ့ သူ့ရဲ့ ယောက်ဖကို ကြိုတင် ထွက်ဆိုခိုင်းရတာ ဖြစ်တယ်။ အဲဒီထဲက ရှမ်းလူမျိုး နှစ်ဦးလည်းပါတယ်။ သူတို့ဆီက လက်နက်တွေ ရခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။

မိုးကုတ်မြို့ရွှေဆိုင် နှစ်ဆိုင်ကို ဓားပြတိုက် ကျူးလွန်ခဲ့သူ ၆ ဦးထဲမှ ယင်းအမှု၌ ပါဝင်သူဟု ယူဆရသူတစ်ဦးကို ဖေဖော်ဝါရီလ၂ ရက်နေ့တွင် ကချင်ပြည်နယ် တနိုင်းမြို့တွင် ဖမ်းဆီးရမိပြီး ၎င်းက ဓားပြတိုက်ခဲ့သည့်အကြောင်း ဇနီးဖြစ်သူကို ဖုန်းဆက်၍ ပြောရာမှ ခြေရာခံ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကာ မိုးကုတ်မြို့မှ တစ်ဦးကိုလည်း ပိတ်ဆို့ ရှာဖွေရေးများ ပြုလုပ်နေရာမှ မသင်္ကာသူအဖြစ် ထပ်မံ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးကုတ်မြို့၊ ရှောလီဝိုင်းအုပ်စု၊ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေး အတွင်းရှိ “မီလျံ” ရွှေဆိုင်နှင့် “နဂါး” ရွှေဆိုင်သို့ ဇန်နဝါရီလ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မျက်နှာဖုံး အုပ်ထားသူ ၆ ဦးသည် ပစ္စတိုလက်နက် သုံးလက်ခန့်နှင့် လက်ပစ်ဗုံး တစ်လုံး ကိုင်ဆောင်ကာ ယင်းရွှေဆိုင် နှစ်ဆိုင်အတွင်း လူခွဲ ဝင်ရောက်ပြီး မှန်ကောင်တာများ ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားခဲ့ကာ လာရောက် ကြည့်ရှုသည့် ဈေးအတွင်း မှန်ဆိုင်မှ ဒန်းဗဟာဒူးသည် သေနတ်ထိမှန် သေဆုံးပြီး မီလျံ ရွှေဆိုင်ရှင်၏ သမက်ဖြစ်သူသည် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာ ရရှိသွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းတွင် ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ယာဉ်တန်းရှေ့တွင် ချိန်ကိုက်မိုင်း ပေါက်ကွဲမှု၊ မိုးကုတ်မြို့နယ်ရှိ ရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက်မှု မိုးကုတ်- မိုးမိတ် နယ်စပ်ရှိ နယ်ခြားစောင့် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့ဝင်ရောက် ပစ်ခတ် မီးရှို့မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများ ဆက်စပ်မှု ရှိမရှိ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

The Voice Weekly

မင်းခေါင်ကျေးရွာ မီးလောင်မှုတွင် သမီးငယ်ကို ကယ်ထုတ်ရန် ကြိုးစားသည့် မိခင် သေဆုံး

မီးလောင်ပြင်ကိုကြည့်ရှုနေသော မိခင်ဆုံးရှုံးခဲ့သည့် ကလေးငယ်နှင့် ရွာခံအချို့ ဓာတ်ပုံ - မျိုးမင်းဦး

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မင်းခေါင်ကျေးရွာတွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၅ နာရီခန့်က ထမင်းဟင်းချက်ပြုတ်ရာမှ မီးလောင်ရာ နေအိမ်အပေါ်ထပ်တွင် (၇)နှစ်အရွယ် သမီးငယ် ရှိသည်အထင်ဖြင့် ကယ်ရန်ကြိုးစားခဲ့သည့် မိခင်တစ်ဦးသေဆုံးခဲ့သည်။

““မီးစလောင်တာ နံနက် ၄ နာရီ ၅၅ မိနစ်ပါ။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးပြီး မိသားစု သုံးစု၊ ၁၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပါတယ်။ မီးလောင်နေတုန်း အသက်(၃၈)နှစ်အရွယ် အမျိုးသမီးက နေအိမ်အပေါ်ထပ်မှာ အဒေါ်တွေနဲ့အိပ်တဲ့ သမီးလေးရှိတယ်ဆိုပြီး ကယ်ဆယ်ဖို့သွားရင်း မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာရရှိတာမရှိပါဘူး။ မီးဘေးဒုက္ခရောက်နေသူတွေကို မင်းခေါင်ကျေးရွာထဲက ဆွေမျိုးသားချင်းနေအိမ်တွေမှာ စောင့်ရှောက်ထားပါတယ်””ဟု မင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

ထမင်းအိုးတည်ရာမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ကပ်မိုးကပ်ကာ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး၊ ကပ်မိုးထရံကာ မြေစိုက်အိမ်တစ်လုံး၊ မီးဖိုဆောင်နှင့်ကပ်လျက် နွားစာတဲတစ်လုံး မီးလောင်ဆုံးရှုံးသည်။ မိခင်သေဆုံးခဲ့သော်လည်း ကလေးငယ်မှာ အိမ်အပြင်သို့ ရောက်နေ၍ ဘာမှမဖြစ်ခဲ့ပေ။

မီးလောင်ရာသို့ ချောင်းဦးမြို့နယ် မီးသတ်ဌာနမှ မီးသတ်ကားနှစ်စီး၊ ခင်မွန်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ မီးသတ်ကားတစ်စီး၊ သန္ဓေမီးသတ်ရှစ်ဦး၊ အရန်မီး သတ် ၅၀ ဦး နှင့် ဒေသခံများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။

Author:  မျိုးမင်းဦး
7day Daily

ဓါးနဲ့ ထိုးပြီး ချစ်သက်သေပြတဲ့ ဇနီးမောင်နှံ


၉.၂.၂၀၁၄ရက်နေ့၂၃၃၀အချိန် စက်ဆန်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ကြည်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် လင်မယား (၂)ဦး၊ မိမိကိုယ်ကို ဓါးဖြင့်ထိုးကြသဖြင့် ဒဏ်ရာများ ရရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့တွင် ၀မ်းဗိုက်များ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီရရှိ ထားသည်ကို တွေ့ရှိရသည်ဟု Yangon Police အင်တာနက် စာမျက်မှာ ဖော်ပြထားပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၎င်းတို့(၂)ဦးသည် အရက်သေစာ သောက်စား ထားကြပြီး စကားများကြရာမှ တစ်ဦးကို တစ်ဦးမည်မျှ ချစ်ကြကြောင်းကို သက်သေပြမည်ဟုဆိုကြကာ ခင်ပွန်းဖြစ်သူမှမိမိကိုယ်ကို ၀မ်းဗိုက်အား ဓါးဖြင့်ထိုးခဲ့သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဇနီးဖြစ်သူမှလည်း မိမိကိုယ်ကိုဝမ်းဗိုက်အားဓါးဖြင့်ထိုးခဲ့သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ကိုယ်စီရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့(၂)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူလျက်ရှိပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို ဓါးဖြင့်ထိုးခဲ့ကြပြီး သေကြောင်းကြံစည်ခဲ့ကြသူ ဇနီးမောင်နှံ(၂)ဦးအား စက်ဆန်းနယ်မြေရဲစခန်း (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Police သတင်းအရ သိရှိရပါသည်။

thithtoolwin

ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များကို တပတ်အတွင်း ဖယ်ရှားခိုင်း

သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရစဉ်က

ရွာဖျက်ခံလို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးကျေးရွာသားတွေကို အစိုးရက ဘုန်းကြီးကျောင်းကနေ တပတ်အတွင်း ဖယ်ရှားပေးဖို့ ညွှန်ကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် တပ်ပိုင်မြေမှာ သမီးကလေးကျေးရွာတည်တာဟာ ကျူးကျော်ဆောက်လုပ်တယ်ဆိုပြီး လွန်ခဲ့တဲ့ရက်ပိုင်းက  အင်အားသုံးပြီး အိမ်ခြေတွေကို ဖျက်ခဲ့လို့ အိမ်ဖျက်ခံရသူတွေဟာ ပဲခူးမြို့ရှိ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။

သူတို့ဟာ ဘုန်းကြီးကျောင်းမှာ မခိုလှုံခင်က ပဲခူးတိုင်းအတွင်းရှိ လမ်းနံဘေးမှာ တဲထိုးနေကြပေမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေက ထပ်မံဖယ်ခိုင်းလို့ ဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာဖြစ်ပြီး အခု ထပ်မံ ဖယ်ခိုင်းခံခဲ့ရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

အောင်သိဒ္ဓိ ကျောင်းထိုင် ဘုန်းတော်ကြီးကတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကို ဆက်လက်ခိုလှုံခွင့်ပြုဖို့ သက်ဆိုင်ရာကို တင်ပြမယ်လို့ ဆိုပါတယ်။

ကျောင်းပရ၀ုဏ်ထဲမှာ ကျောင်းသားနဲ့ ကျောင်းသားမိဘအပါအ၀င် စုစုပေါင်း လူဦးရေ ၅၀၀ လောက် ခိုလှုံနေကြပြီး အစိုးရအနေနဲ့ သူတို့အတွက် နေစရာတခု သတ်မှတ်ပေးသင့်တယ်လို့ ခိုလှုံနေသူတဦးက ပြောပါတယ်။

လှည်းကူးမြို့နယ် လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက ဒီမြေတွေဟာ အရင်တုန်းက စီးပွားရေးသမားတွေက တရားမ၀င်ဝယ်ယူပြီး ဆင်းရဲသားတွေကို အခမဲ့ လာနေဖို့ ပေးခဲ့ကြောင်း၊ အဲဒီနောက် ရပ်ကွက်တည်ပြီး တရားဝင်မြေဖြစ်အောင် ကစားခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် မြေယာအရေးဆောင်ရွက်သူတွေ၊ ဆင်းရဲသားတွေနဲ့ မီဒီယာတွေဟာ စီးပွားရေးသမားတွေရဲ့ အသုံးချခံလိုက်ရတဲ့ အကောင်းဆုံးသင်ခန်းစာကြီးအဖြစ် သူက ရည်ညွှန်းပြောဆိုခဲ့ပြီး ကြားထဲက  ဆင်းရဲသားတွေက ခံလိုက်ရတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေ ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး အခု ထပ်မံဖယ်ရှားခိုင်းခံရတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ကျွဲတဲကျေးရွာအပါအ၀င် ကျေးရွာအချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်သိမ်းဆည်းပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By သာနိုးဝေ (ဒီဗွီဘီ)


ရေအိုးအား လှံဖြင့်လက်တည့်စမ်းပစ်ရာ ကလေးငယ်ထိမှန်သေဆုံး


၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၈ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာထောင်ကျေးရွာတွင် ကလေးတစ်ဦးလှံထိုးမိ၍ သေဆုံးနေကြောင်း သတင်းအရ လယ်ကိုင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာထောင်ကျေးရွာနေ သောင်းထွန်း(၂၉)နှစ်သည် လှံကိုင်၍ နေအိမ်မှ ထွက်လာခဲ့ပြီး တစ်ရွာတည်းနေ ကိုသန်းဇော်နေအိမ်ရှေ့အရောက်တွင် အိမ်ထရံ၌ကပ်၍တင်ထားသည့် ရေအိုးအား လှံဖြင့်လက်တည့်စမ်းပစ်ရာ ရေအိုးအားမထိဘဲ အိမ်ထရံအားဖေါက်၍ အိမ်ထဲရှိ ထရံအနီးတွင် အိပ်ပျော်နေသော မျိုးမင်းခိုင်(၆)နှစ်အားထိမှန်ကာ နောက်ကျောဝဲဘက်လက်ပြင်အောက်၌ စူးနစ်ဒဏ်ရာရရှိသေဆုံးသွားကြောင်းသိရှိရသဖြင့် လှံအားမဆင်မခြင်ပေါ့ဆစွာသုံးစွဲသူ သောင်းထွန်းအား လယ်ကိုင်းနယ်မြေရဲစခန်း(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဝန်ကြီး ဦးအုန်းမြင့် အလိုမရှိ အောင်လံမြို့ခံများ ဆန္ဒပြ


ပြီးခဲ့တဲ့ ဇန်န၀ါရီလ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာ ကောက် ကျေးရွာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အောင်လံမြို့ခံ ၁ ထောင် နီးပါး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိ၊ ပြည်သူကို ပါးရိုက်ချင်တဲ့ ၀န်ကြီး အလိုမရှိ အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး အောင်လံမြို့ တွင်း လှည့်လည် ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးမြင့်က ပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၈ အလိုမရှိ၊ ဒီမိုကရေစီဖွံ့ဖြိုးရေး ဒို့အရေး၊ ပါတီစုံစနစ် ဆန့်ကျင်သူ ဒို့ရန်သူ အစရှိတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြဖို့ ဖေဖော်ဝါရီ ၅ ရက်နေ့က သက်ဆိုင်ရာ ရဲစခန်းဆီ စာတင်ခဲ့ပေမယ့် ရဲစခန်းက ခွင့်မပြုခဲ့ပေမယ့် ဒေသခံတွေက ဆန္ဒပြခဲ့ကြတာလို့ ဦးအေးမြင့်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က သစ်ရာကောက် ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ်မှာ “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲ သွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ” လို့ ပြောကြားခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြည်သူလူထုတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး အရေးယူမှုတွေ လုပ်ဆောင်ဖို့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် လွှတ်တော်အမတ် ဦးအောင်စိုးက ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပါတယ်။

ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကတော့  ၀န်ကြီး ဦးအုန်းမြင့်ကို အရေးယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်နိုင်ရေးအတွက် လုံလောက်တဲ့ အချိန်ပေးဖို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

By ဒီဗွီဘီ

ချစ်သုဝေတို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်.







အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီက မှော်ဘီရှိ
အရှင်ဆေကိန္ဒကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာတော်များကို သင်္ဃန်းလှူဒါန်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ်ကာ တရားနာယူခဲ့ကြပါတယ်။

ဒီအလှူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

(ဓာတ်ပုံကူညီပေးသော ချစ်သုဝေအား အထူးကျေးဇူးတင်ရှိပါသည်။)

P.060
Popular Journal

ထားဝယ်ဒေသမှ လယ်သိမ်းဆည်းခံတောင်သူများ အာဏာပိုင်နှင့် ကုမ္ပဏီများကို ကျိန်စာတိုက်


ထားဝယ်ဒေသမှ လယ်သိမ်းဆည်းခံတောင်သူများ အာဏာပိုင်နှင့် ကုမ္ပဏီများကို ကျိန်စာတိုက်

ထားဝယ်မြို့မှ လယ်သိမ်းဆည်းခံ တောင်သူလယ်သမားငါးဆယ်ခန့်က ၎င်းတို့ လယ်ယာမြေများအပေါ်တွင် လာရောက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အာဏာပိုင်များကို ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိန်စာတိုက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နေသော လယ်သမား ဦးကြူလွင်၏ လယ်ကွင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းခံ လယ်ယာမြေများအတွက် နစ်နာကြေးများနှင့် စီမံကိန်းဆောင်ရွက်ခြင်းမရှိသေးသော လယ်ယာများကို လယ်ယာမြေလုပ်ကိုင်ခွင့် ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုသည့်အပြင် ကန်ထရိုက်ကုမ္ပဏီများက ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသောကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။

အဆိုပါ  လယ်မြေများကို ထားဝယ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွက် ၁၉၉၀ပြည့်နှစ်တွင် သိမ်းဆည်းသည်ဟု သိရ ပြီး သိမ်းဆည်းခံတောင်သူများအား လယ်သုံးဧကတွင် ပေ ၆၀x ၄၀ မြေကွက်တစ်ကွက်သာ ပြန်လည်ပေးအပ်သဖြင့် မကျေနပ်ကြကြောင်း လယ်သမားများပြောသည်။

အဆိုပါ ပြန်လည်နေရာချထားမည့် နေရာသည် ချောင်ကျခြင်း၊ ရေ၀ပ်နေရာဖြစ်ခြင်း၊ လယ်တစ်ဧကတွင် အဆိုပါမြေကွက် ရှစ်ကွက် ရနိုင်ခြင်းတို့ကြောင့် လယ်သမားများက ပိုမိုအဆင်ပြေသောနေရာတွင် ပေ ၆၀ x ၈၀ မြေကွက်များ ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း  သတင်းရရှိသည်။

လယ်သမား ၆၀ ကျော်နှင့် တာဝန်ရှိသူတို့ မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် ပြန်လည်ပေးအပ်မည့် မြေကွက်များကို လက်ခံသူ ခြောက်ဦးရှိခဲ့ပြီး လက်မခံသူများကို တရားရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်သိန်းက ပြောကြားကြောင်း သတင်းရရှိသည်။

““အဓိကကတော့  သိမ်းဆည်းခံလယ်သမားတွေကို ကူညီမယ့်သူမရှိတော့ဘူး။ ဒါကြောင့် နေမင်းနဲ့ လမင်းကို အကူအညီတောင်းခံရတဲ့သဘောပေါ့။ ကျွန်မတို့ကို အပြင်မှာ ဖိနှိပ်လို့ရပေမယ့် ကျွန်မတို့ လယ်သမားတွေရဲ့ စိတ်ခံစားမှုကို ဘယ်သူကမှ ထိန်းချုပ်လို့မရဘူး။ ဒါကြောင့် ခံစားချက်တွေကို ဖွင့်ချတာပေါ့။ တကယ်လည်း ခံစားရလို့ပါ”” ဟု လယ်မြေများ သိမ်းဆည်းခံထားရသော ဒေါ်ရွှေစင်ယုက ပြောကြားသည်။

အဆိုပါလယ်သမားများက သိမ်းဆည်းခံလယ်မြေများအတွက် ဖျက်ဆီးသော အာဏာပိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများသည် သံသရာအဆက်ဆက်၊ ဆွေမျိုးခုနစ်ဆက်တိုင်အောင် ဘေးဒုက္ခအမျိုးမျိုး၊ စိတ်သောကအမျိုးမျိုးရပါစေဟု ကျိန်စာတိုက်ပြီး သေရာမပါသော မြေများ သိမ်းယူခြင်းကြောင့် တမလွန်ဘ၀တွင် မြေစောင့်သရဲများ ဖြစ်ပါစေဟု ဆုတောင်းခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘ၀အဆက်တိုင်း ခရိုနီ၊ အာဏာပိုင်များ နိုင်ထက်ပြုခြင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းခဲ့သည်။          

လက်ရှိတွင် ဆန္ဒပြကန့်ကွက်နေသော လယ်မြေများ၌ ပြည့်စုံမင်းဟိန်း၊ တင်အောင်၊ Super Local ကုမ္ပဏီများ အပါအ၀င်  ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခုက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပေ ၆၀၊ ပေ ၄၀ လမ်းများ ဖောက်လုပ်နေသည်။

သိမ်းဆည်းခံ  တောင်သူလယ်သမား ၁၀၀ စီ ပါဝင်သော  ဆန္ဒပြမှုများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ အတွင်း ပြုလုပ်ခဲ့သည်။ ယင်းကျိန်စာတိုက်ပွဲသည် ထားဝယ်ဒေသရှိ သိမ်းဆည်းခံတောင်သူလယ်သမားများအနေဖြင့်  ပထမဆုံး ပြုလုပ်ခြင်းဖြစ်သည်။

Author:  စိုးမိုးအောင်
7day Daily

NLD ကျန်းမာရေးကွန်ရက် ရန်ပုံငွေဂီတပွဲ ကျပ်သိန်းရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၉

အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှု အကောင်အထည်ဖော်ရန် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပသော အမျိုးသား ကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ကျပ်သိန်း ရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိခဲ့ကြောင်း အဆိုပါကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။

အရေးပေါ် လူနာတင်ကားအတွက် Ever Green Auto Group ကလှူဒါန်းခဲ့ပြီး ငွေကျပ် သိန်းရှစ်ရာကို တက်ရောက်လာသူများက လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသားကျန်းမာရေး ကွန်ရက်သို့ ဒေါ်လာတစ်သောင်း ငါးထောင်တန် TOYOTA HI-ACE အရေးပေါ် အသက်ကယ် သူနာတင်ယာဉ် တစ်စီးကို ဂျပန်နိုင်ငံမှ မစ္စတာ OKAZAKI က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။
“တစ်စီးကို ခွဲစိတ်ခန်း အသေးစားလုပ်မယ်။ နောက်တစ်စီးကို အသက်ကယ် သူနာတင်ယာဉ် လုပ်မယ်။ ရန်ပုံငွေက ခွဲခန်းလုပ်မယ့် ကားအတွက် ပစ္စည်းဝယ်နိုင်မယ်။ အသက်ကယ် သူနာတင်ယာဉ် အတွက်တော့ ပစ္စည်းတွေက အရမ်းဈေးကြီးတာကြောင့် အချိန်တော့ ကြာဦးမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် အမျိုးသား ကျန်းမာရေးကွန်ရက် အဖွဲ့ဝင် ဆရာဝန်များကို အရေးပေါ် အသက်ကယ်ယာဉ် အသုံးပြု နည်းသင်တန်းများ ပေးအပ်ထားပြီး ဖြစ်ကြောင်း ယင်းကွန်ရက် အဖွဲ့ဝင်များထံမှ သိရှိရသည်။

အမျိုးသား ကျန်းမာရေး ကွန်ရက်သည် နယ်လှည့် ဆေးကုသမှု လုပ်ငန်းများကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် အရေးပေါ် အသက်ကယ် ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့ရန် စီစဉ်နေခြင်း ဖြစ်သည်။

The Voice Weekly


ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေး အလွဲသုံးစားမှု ပါတီသို့ တိုင်ကြားစာ ရောက်ရှိ

ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ဆက်သွယ်ရေး ၀န်ကြီးဟောင်း ကြံ့ခိုင်ရေးပါတီအမတ် ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေးအလွဲသုံးစားမှု ပြုလုပ် ခဲ့မှုနှင့်ပတ်သက်၍ ပြည်ထောင် စုကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းသို့ တိုင်ကြားစာအချို့ရောက်ရှိခဲ့ကြောင်း ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

ဦးသိန်းဇော်သည် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ချိန်က နိုင်ငံတကာမှ ဖုန်းခေါ်ဆိုမှုများကို ပြည်ပ ကုမ္ပဏီအချို့နှင့် ပူးပေါင်း ၍ ငွေကြေး အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးမျှ အစိုးရ ဘဏ္ဍာငွေထဲသို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း တိုင် ကြားစာတွင် ပါရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့ရာတွင် လတ်တလောအနေဖြင့် ပါတီက အရေးယူ ဆောင်ရွက်ရန်နှင့် စုံစမ်းစစ်ဆေးရန် မရှိသေးကြောင်း ၎င်းကပင် ဆက်လက်ပြောကြား သည်။

“အခုက တစ်နွယ်ငင် တစ်စင်ပါပုံစံမျိုးဖြစ်နေတယ်။ တည်ငြိမ်တဲ့ အစိုးရ တက်လာရင်တော့ ဒီကိစ္စတွေက ရှင်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း
“အဓိကတော့ မလေးရှားမှာပါ၊ မြန်မာပြည်ကိုခေါ်တဲ့ ဖုန်းကတ် တွေက တရားဝင်လိုင်း နဲ့ ခေါ်ရင် ဈေးကြီးလို့ မှောင်ခိုင်ကတ် တွေနဲ့ အများစုက ခေါ်ကြတယ်၊ အဲဒါတွေက သူတို့ပေါင်းပြီး လုပ်တာ”ဟု ပြောကြားသည်။

ဦးသိန်းဇော်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖျြိုးရေးပါတီ ဗဟိုအလုပ်အ မှုဆောင်တစ်ဦး ဖြစ်ကာ မြစ်ကြီးနားမြို့ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

People power

တန်ဖိုးနည်းခရောင်းလမ်းပေါ်မှာလှိမ့်နေဆဲ အိမ်မပိုင်သောဂေါ်လီများ


”လာပြန်ပြီလား၊ ဒီတန်ဖိုးနည်း အိမ် ရာ၊ ဘယ်မှာလဲ တန်ဖိုးနည်း၊ တန်ဖိုးနည်း ဆိုတာ ဘာကိုပြောတာလဲ။ အခု ဂျာနယ် တို့ သတင်းစာတို့မှာ ဖတ်ရတာက သိန်း ၂ဝဝ လောက်ပေါက်နေတဲ့ တန်ဖိုးလား၊ မဝယ်နိုင်ပါဘူး”ဟုကြည့်မြင်တိုင်မှ အထည် ဆိုင်ဖွင့်ထားသော ဒေါ်စန်းရီက မာန် အပြည့်ဖြင့် ပြောသည်။နိုင်ငံတော်မှ အများပြည် သူများ ဈေးနှုန်းသက်သာစေ ရန် ရည်ရွယ်၍ အိမ်ရာစီမံကိန်းများဖြင့် အရစ်ကျရောင်း ချပေးရန် စီစဉ်နေသည့် စီမံကိန်းတစ်ခုနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မှတ် ချက်ပြုနေသည်။ သို့သော် သူ့အတွက် တော့ အံ့သြဝမ်းသာသွားနိုင်မည့်သတင်း စကားတစ်ခု မဟုတ်ပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ် နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ရပ်ကွက်၊ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ နေ အိမ်တိုက်ခန်းများ ရောင်းချ ရန်လျှောက်လွှာခေါ်ယူထားသည်။ လေးခန်း တွဲ ရှစ်ထပ်တိုက်ခန်း ၁၄ လုံးပါဝင်သည့် အိမ်ရာစီမံကိန်းနှင့် အဆိုပါ အိမ်ရာစီမံ ကိန်းကို အရစ်ကျစနစ်ဖြင့် ရောင်းပေးမည် ဟု အားပါးတရသတင်းပေးနေသည့် ခင် ပွန်းသည်၏စကားကိုဆုံးအောင်နားမထောင် ချင်တော့ပါဟု ဒေါ်စန်းရီက ပြောသည်။

အရင်တုန်းကတော့ တန်ဖိုးနည်း အိမ်ရာဆိုသည့် သတင်းကြားတိုင်း ဘယ် ဈေးလဲဘယ်တော့ရောင်းပေးမှာလဲ၊ ဘယ် မှာလဲ၊ စသည့်မေးခွန်းများဖြင့် မေးခွန်း များကို အငမ်းမရမေးရင်း အိမ်တစ်လုံးပိုင် ဆိုင်ချင်သည့် သူ၏ စိတ်ကူးတွေသည် အဖြေစကားများ ကြားလိုက်ရသည်နှင့် မိုက်မဲရူးသွပ်မိလေခြင်းလို့ နောင်တရမိ သည်မှာ အခါခါဟု သူက ဝန်ခံသည်။

ဟုတ်ပါသည် သူမ၏အမေးကို ပြန် လည်ဖြေကြားပေးသည့် စကားတိုင်းတွင် သိန်းတစ်ရာအောက် ရောက်သည်ဟူ၍ မရှိခဲ့။ သိန်းတစ်ရာဆိုသည့် စကားပင် မကြားခဲ့ဖူး။ သူမတို့မိသားစုသုံးယောက် ပေါင်းလခသည် သုံးသိန်းသာသာရှိပြီး ထို ဝင်ငွေထဲမှ အိမ်လခ၊ ရေဖိုး၊ မီတာခ စသည်တို့ကို အဓိကထားပြီး အခြားအသုံး စရိတ်များ ကို ခြစ်ခြစ်ကုတ်ကုတ်သုံးစွဲ၍ အိမ်ပိုင်လေးတစ်လုံး ဝယ်ရန်အတွက် ဆယ်စုနှစ်မက စုဆောင်းလာသည့် ငွေ ကြေးသည် ထိုတန်ဖိုးနည်း၊ တန်ဖိုးမျှတ စသည့် အိမ်ရာ များ ပေါ်ပေါက်လာသည့် တိုင် သူမ၏အိပ်မက်တွေ အကောင် အထည် မဖော်နိုင်သေး။

ယခုမြို့တော်စည်ပင်မှ ရောင်းချ ပေးသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း နှင့်ပတ်သက်၍ မြို့တော်စည်ပင်မှ အကြီး တန်းအရာရှိ တစ်ဦးက ရှင်းပြသည်မှာ ဗိုလ်ဗထူး အိမ်ရာအား ဘဏ်စနစ် သို့ မဟုတ် အရစ်ကျစနစ်ဟူ၍ စနစ်နှစ်မျိုး သတ်မှတ်ထားပြီး မိမိနှစ်သက်သည့် ပုံစံ ဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။အဆိုပါ ဗိုလ်ဗထူး အိမ်ရာ၏ ဈေး နှုန်းများမှာ ပထမအမျိုးအစား Tyep A တွင် ၉၇၂ စတုရန်းပေရှိကာ ကျပ် ၃၄၇ သိန်း၊Tyep B တွင် ၈၇၇ စတုရန်းပေ ရှိကာ ကျပ် ၃၂၉ သိန်းသတ် မှတ်ထား သည်။ ဒုတိယအမျိုးအစား Tyep A တွင် ၆၁၄ စတုရန်းပေရှိပြီး ကျပ် ၂၅၅ သိန်း၊ Tyep B သည် ၅၆၅ စတုရန်းပေရှိပြီး ကျပ် ၂၃၇ သိန်းရှိသည်ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

”အဲလိုဈေးတွေက များလို့ တော်တန်ရုံ ငါတို့တွေတောင် မဝယ်နိုင်ဘူး။ ဒါမို့လို့ မိသားစုတစ်လဝင်ငွေ သုံးသိန်းကနေငါးသိန်းရှိရမယ်လို့ ပြောထားတာ။ ဒါပေမဲ့ ဒီလိုဝင်ငွေ တကယ်ရှိတယ်ဆို ရင်တောင် ထမင်းမစားဘဲဝယ်မှရမှာ”ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းသို့ တန်ဖိုးမျှတ၊ တန်ဖိုးနည်း စသည့် ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အ သင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က တန်ဖိုးမျှ တအိမ် ရာသည် ကျပ်သိန်းနှစ် ရာသုံးရာစသည်ဖြင့်သတ်မှတ်၍ရနိုင်သော် လည်း အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာ၏ ဈေးသတ်မှတ် ချက်သည် ကျပ်သိန်း ၁ဝဝ အောက်တွင် သာ ရှိသင့်သည်ဟု ဆို၏။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆို သည်နှင့် ရန်ကုန်မြို့တွင် အခြေချနေထိုင် နိုင်ရန်အတွက် စိတ်ဝင်စားသူများက ဒုနဲ့ ဒေး။ စီးပွားရေး အချက်အချာကျသည့် ဤမြို့တော် တွင် နေစရာတစ်နေရာစာကို လက်လုပ်လက်စား ဝန်ထမ်းများအနေဖြင့် အိမ်ငှားဘဝ၊ အဆောင်ငှားနေရသည့်ဘဝ စသည့်ဘဝများထဲမှလွတ်မြောက်ရန် အိမ် ပိုင်တစ်ခုမျှော်မှန်းကြသည့်ပြည်သူအများ အပြား။

ယင်းကဲ့သို့ မျှော်မှန်းနေသည့် ကို ဇော်ဝင်းနိုင်ကလည်း ”သာမန်လူတန်း စားအတွက် တန်ဖိုးနည်းအိမ်ရာဆိုတဲ့ သတင်းက ကြားမိရုံလောက်ပဲ ရှိမယ်။ တော်ရုံတန်ရုံ လက်လှမ်းမမီလောက်ဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိအကောင် အထည်ဖော်တဲ့ အနေအထားမှာတောင် မမီနိုင်သေးဘူး”ဟု ဒေါပုံမြို့နယ်တွင် နေ ထိုင်သူ ကိုဇော်ဝင်းနိုင်က ဆိုသည်။

နိုင်ငံတော်မှ စီမံချက်ဖြင့် လုပ် ဆောင်ပေးနေသော စီမံကိန်းများအ တွက် အိမ်ပိုင်တစ်ခုရလိုသည့် ပြည်သူ များ အမှန်တကယ်ပိုင်ဆိုင်သည်က မေး ခွန်းများသာ။ စီမံချက် တွင် တစ်လဝင်ငွေ သုံးသိန်းမှ ငါးသိန်းဝန်းကျင် ရှိရမည်ဆို သည့်အနေအထားမှာဘယ်လိုမှ မဖြစ်နိုင် သည့် အခြေအနေတစ်ခုပင် ဖြစ်သည်။

ယခု ဗိုလ်ဗထူးတွင်တော့ သိန်းနှစ် ရာအထက်ဈေးရှိနေသော်လည်း အဆို ပါအိမ်ရာဝယ်ယူရန်အတွက် လျှောက် လွှာတင်သူမှာ တစ်သောင်းပင်ကျော်နေ ပြီဖြစ်သည်။ ယင်းသို့လျှောက်လွှာအလု အယက်တင်နေသူများတွင် အကောင် အ ထည်မဖော်သေးသည့်စီမံကိန်းအတွက် ရွှေရောင်စိတ်ကူးကိုယ်စီ ရှိနေကြသည် ဟု မြို့တော် စည် ပင်မှ အကြီးတန်းအရာရှိ တစ်ဦးက သူ၏အမြင်ကို ပြောပါသည်။

”ခက်တာက လူတွေက အစိုးရက ရောင်းရင်ဈေးသက်သာတယ်။ပြန်ရောင်း ရင်မြတ်မယ်များထင်နေတဲ့ သဘောလား တော့မသိဘူး”ဟု ၎င်းက ပြောသည်။

မြို့တော်စည်ပင်မှ ဗိုလ်ဗထူးအိမ်ရာ နှင့်ပတ်သက်၍ စည်းကမ်းချက်များတွင် တိုက်ခန်း ဝယ်ယူထားသူတို့ ကိုယ်တိုင် နေထိုင်ရမည်။ငှားရမ်းခြင်း၊ တစ်ဆင့် လွှဲ ပြောင်း ရောင်းချခြင်းလုံးဝ မပြုလုပ်ရန်၊ အခါ အားလျော်စွာစစ်ဆေးတွေ့ ရှိပါက တိုက်ခန်းအား ဌာနမှ ပြန်လည်ယူမည် ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစည်း မျဉ်း စည်းကမ်းအရပါ အရေးယူဆောင် ရွက်သွားမည်ဟု ပါရှိသော်လည်း လက်ရှိ ဝယ်ယူရန် လာရောက်လျှောက်ထားသူ များသည် တစ်ဆင့်ပြန်လည် ရောင်းချ ရန်ကိုရှေးရှု၍ လာရောက်လျှောက်ထား သူများကြောင်း မြို့တော်စည်ပင်မှ သိရ သည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ နှင့်ပတ်သက်၍ မြို့တော်စည်ပင်မှ အကြီး တန်းအရာရှိတစ်ဦးက ”မြို့တော်ဝန်က အိမ်ရာစီမံကိန်းတွေသည် နေစရာမရှိတဲ့ သူတွေ ဝယ်နိုင်အောင် ဆောင်ရွက်ပေးနေ တာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ဆင်းရဲသားတွေ မဝယ်နိုင်ဘူး”ဟု သူ၏အမြင်ကို ဆိုသည်။ ထိုအိမ်ရာစီမံကိန်းများသည် ကား ပါကင်၊ ဓာတ်လှေကား စသည်များကို ထည့်ဆောက်ရန် စီစဉ်ခြင်းသည် စရိတ် ပို၍ တက်ကာ အိမ်ရာဈေးနှုန်း မြင့်စေရန် အကြောင်းများဖြစ်ပြီး နေစရာမရှိ၍ တန် ဖိုးနည်းအိမ်ရာများကို မျှော်လင့်ထားသူ များအဖို့ အဆိုပါ အချက်များထက် တကယ် တမ်းတန်ဖိုးနည်းရန်သာလိုသည်ဟု ဆိုသည်။

ယင်းသို့ ပြည်သူများ မျှော်လင့်နေ သော တန်ဖိုးနည်းအိမ်ရာများနှင့် ပတ် သက်၍ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က မှတ် ချက်ပေး သည် မှာ ပြည် တွင်း၌ ရောင်းချနေသော တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ၏ဈေးနှုန်းများသည် သာမန် တိုက်ခန်းများနှင့်ယှဉ်မည်ဆိုပါက ၎င်းတို့၏ တစ်ပေပတ် လည် ဈေးနှုန်း များသည် များသည်ဟုယူဆ၍ရနိုင်ကြောင်း၊ ထို့ပြင် ရောင်းချမှုစနစ်မှာလည်း ပြည်ပနိုင်ငံများ ကဲ့သို့ စနစ်တကျဖြစ်သင့်သည်ဟု ဆိုပါသည်။

”အများကြီးတော့ မဝေဖန်ချင်ပါ ဘူး။ စင်ကာပူတို့ဘာတို့မှာဆိုအဆောက် အအုံဆောက်ပြီးပြီ။ အဲဒီမှာ အရစ်ကျ သွင်းပြီးတော့ လူကတက်နေလို့ရတယ်။ အဲဒီတော့ ငှားရမ်းခက သက်သာသွား တယ်။ တကယ်နေချင်တဲ့သူ တကယ်နေ စရာမရှိတဲ့ အခက်အခဲ ရှိတဲ့သူတွေ ငှား ရမ်းခပေးမယ့်အစား အရစ်ကျပေးသွင်း သွားရတဲ့ ကာလ တစ်ခုလောက်ကြာရင် ဒီတိုက်ခန်းကိုပိုင်သွားတာပေါ့”ဟု ၎င်းက ပြောသည်။ ထို့အပြင် ပြည်တွင်း၌ ရောင်းချ ပေးနေသောပုံစံမှာ အဆောက်အအုံ မစ တင်မီက ပင် ငွေ သွင်းနေရသောကြောင့် စနစ်ပိုင်းတွင် လွဲနေသည်ဟု ထပ်မံသုံး သပ်ပြသည်။

ယခင်အစိုးရလက်ထက်က မြန်မာ နိုင်ငံတွင်တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း ၇ ခု အကောင်အထည်ဖော်ပေးခဲ့ပြီး အဆိုပါ စီမံကိန်းမှာလည်း ကန်ထရိုက် ယူ၍ ဆော က်လုပ်ပေးသူများ၏ စနစ် တကျဆောက်လုပ်ပေးမှုမရှိခြင်း၊ မူလ မြေပိုင်ရှင်များကလည်း နေရာဖယ်ပေး ရာတွင် ပြဿနာများရှိခဲ့သည့်အတွက် အင်အား သုံးဖြေရှင်းရခြင်း စသည့် အား နည်းချက်များကြောင့် တဲတိုက်စီမံကိန်း မှာ ရည်ရွယ်ချက်ကောင်းမွန်ခဲ့သော် လည်း ပီပြင်စွာအသက်ဝင်မှုမရှိခဲ့ပေ။

”အခုအနေအထားမှာတော့ တဲ တိုက်စီမံကိန်းတွေလုပ်ဖို့ဆိုတာ မဖြစ် နိုင်တော့ဘူး။ အစိုးရက မြေသိမ်း တာ တောင်ြ ပဿနာတွေဖြစ်နေတာ။ ဒီ တော့ စည်ပင် ပိုင်မြေမှာပဲလုပ်ရ တယ်”ဟု မြို့တော်စည်ပင်မှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။ ၎င်းကပင် ဆက်လက်၍အကောင် အထည်ဖော်မည့် ဗိုလ်ဗထူးအိမ်ရာသည် လည်း စီမံကိန်းအတွက် လုံလောက် သော ဘတ်ဂျက်မရှိသည့်အတွက် ကန်ထရိုက် ပေးကာ ဆောက်ရခြင်းဖြစ် ပြီး ဗိုလ်ဗထူးမှပေါ် ထွက်လာမည့်အခန်း ၄၄၈ ခန်းကို ကန်ထ ရိုက်မှသာ ရောင်း ချပေးမည်ဟု ပြောသည်။ ထိုအိမ်ရာ အတွက် မြို့တော်စည်ပင်မှ အကျိုး အမြတ်တစ်စုံ တစ်ရာရယူထားခြင်း မရှိဘဲ အခန်းရောင်း ချပေးပြီးမှ သာလျှင် အခန်းဝယ်ယူထားသူများထံမှ မြေငှား ရမ်းခအဖြစ် တစ်လလျှင် ကျပ်နှစ်ရာခန့် သာကောက်ယူသွားမည်ဟု ပြောသည်။

တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာစသဖြင့် စီမံကိန်းများက နာမည် အမျိုးမျိုးပေါ်ထွက်လာသော်လည်း ¤င်း တို့ပေးမည့် အဆောက်အအုံ ခိုင်ခိုင် မာ မာနှင့် ပြည့်ပြည့်စုံစုံဖြင့် ပြန်လည် တောင်းသည့်တန်ဖိုးကမျှတသည်။ သို့ သော် လက်ရှိချိန်အထိ အမှန်တကယ် အိမ်တစ်လုံးလိုလားနေသည့် လူများမှာ ဒီ့ထက်မက တန်ဖိုးနည်း၍ ခွဲဝေပေးရ သည့် အရစ်ကျစနစ်ဟုခေါ်သော စရိတ် စကများ ဒီ့ထက်မကလျော့နည်းမည်ကို သာ မျှော်လင့်နေကြသည်မှာ မလွဲပေ။

လူတိုင်း၏အိပ်မက်ထဲတွင် အိမ် တစ်လုံးပိုင်ဆိုင်ချင်သည့်စိတ်ကူးတစ်ခု ကတော့ ရှိကြသည်။ ယခုကဲ့သို့ တန်ဖိုးနည်းအိမ်ရာ စသဖြင့်အစိုးရ၏စီမံကိန်းများစွာကို မျှော် လင့်နေကြသူများထဲတွင် လက်ရှိမီးရထား တွင်တာ ဝန်ထမ်းဆောင်နေသည့် ဖခင် ကြောင့် ဝန်ထမ်းအိမ်ရာတွင် ပူပင်စရာမရှိ နေခွင့်ရထားပေမယ့် ဤလိုင်းခန်းမှ ဖယ် ပေးရမည်ဆိုလျှင်၊ အိမ်တစ်လုံးမရှိသည့် သူတို့ မိသားစုအတွက် စိတ်ပူပန်မိ ကြောင်း သားဖြစ်သူမောင်လင်းထက်က ”မိန်းမမယူချင်တော့ဘူးဆိုတာကလည်း အိမ်ပိုင် မရှိလို့။ ကိုယ်တောင် အဖေအ လုပ်မရှိတော့ရင် မိသားစုလိုက်ဘယ်မှာ သွားနေရမှန်းမသိတဲ့ အနေအထားမှာ အလုပ်ကြိုးစားပြီးပဲဖြစ်ဖြစ် မိဘအတွက် အိမ်ပိုင်နဲ့ ထားနိုင်အောင်တော့ ကြိုးစား မယ်”ဟု ¤င်း၏ခံစားချက်ကို မာန်ပါပါ နှင့်ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေအရ လုပ်ခ လစာများမှာလည်း အာဆီယံနိုင်ငံများနှင့် ယှဉ်လျှင် လွန် စွာနည်းပါးနေသေးသည်။ ထို့ကြောင့် အစိုးရမှချပေးသော အိမ်ရာစီမံကိန်းများ မှာ အခြေခံလူတန်းစားများ၊ အမှန်တ ကယ်ပင် နေစရာတစ်ခုလိုလားသူများ အတွက် မမျှော်မှန်းနိုင်သေးသည့် အိပ် မက်တစ်ခုပင်။ထိုအိပ်မက်များ အသက်ဝင်နိုင် ရန်အတွက် အခြေခံလူတန်းစားများမှာ ၎င်းတို့၏လုပ်ခလစာငွေကို ပိုမိုရရှိရန် မျှော်မှန်းနေလျက်ရှိသည်။ ၂ဝ၁၄ ခုနှစ် အတွင်း လုပ်ခလစာ များကို အာဆီ ယံ ဒေသတွင်းနိုင်ငံများနှင့် တစ်ပြေးညီဖြစ် စေရန်အတွက် အနည်းဆုံးအခကြေးငွေ ဥပဒေကိုအမြန်ဆုံး အကောင်အထည် ဖော်ရန် ဆောင်ရွက်လျက်ရှိသည်။

”အခု ဝင်ငွေနဲ့ အိမ်ငှားဘဝမှာ တောင် လုံးလည်ချာလည်လိုက်နေတာ ဒီအိမ်ရာစီမံကိန်းတွေ သတင်းကြားမိ တယ်။ လက်လှမ်းမမီဘူးသိတယ်။ ဒါပေမဲ့လည်း အိမ်ပိုင်လေး လိုချင်တော့ သတင်းကြားတိုင်းနားတော့ စွင့်မိသား။ ဘယ်လိုမှတော့ မဖြစ်နိုင်ပါဘူးဗျာ” ဟု စာရင်းကိုင်လုပ်နေသူ ကိုထွန်းလင်းက ပြောရင်း မိမိစီးပွားရေး မိမိဝင်ငွေဖြင့် သာလည်ပတ်နေရသည့်မိသားစု အခြေ အနေကို စိတ်ပျက်စွာဖြင့် ဆိုသည်။

အထက်ပါ ပုဂ္ဂိုလ်ညည်းမည်ဆို လည်းအမှန်ပင်။ အိမ်ပိုင်ရှိသူများမှာ ပူပင်ကြောင့်ကြမှုမရှိသော်လည်း အိမ်ငှား ဘဝဖြင့် သာကျင်လည်နေရသူများ အတွက် အိမ်ငှားခ မြင့် တက်ခြင်း၊ အိမ် ငှားနေရန် နေရာရှာဖွေရခြင်း စသည် ဖြင့် အခက်အခဲမျိုးစုံက ၆ လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ခါဆိုသလို ခြောက် လှန့်မြဲ စိန်ခေါ်မြဲ။ ယင်းသို့သော အနေအ ထားတွင်အိမ်ရာစီမံကိန်းများကို သင့်တင့် သောနှုန်းထားတစ်ခုအဖြစ် ရောက်ရန် စောင့်ဆိုင်းနေကြသည်။

အခြေခံလူတန်းစားများ အိမ်တစ် လုံးပိုင်ဆိုင်ရန် ရည်ရွယ်ထားသည်ဆို သည့်အိမ်ရာစီမံကိန်းများတွင် အိမ်တစ် လုံးအား အမြင့်ဆုံးသိန်းတစ်ရာဝန်းကျင် ခန့် ဈေးသ တ်မှတ်ပေးရန်၊ ကနဦးငွေ သွင်းခြင်းကိုလည်း ၁ဝ သိန်းခန့်သာ ထား ပေးသင့်သည် စသဖြင့် မျှော်မှန်းထင် ကြေးပေးသူများလည်းရှိသည်။

အိမ်ပိုင် ရန်စောင့်ဆိုင်းနေ သူများ ထဲမှ အင်းစိန် တွင်နေထိုင်ပြီး စက်ချုပ်လုပ်ငန်း လုပ် ကိုင်သူ မငြိမ်းငြိမ်းက ”သာမန်လူတန်းစား နေနိုင်အောင် ဈေးတစ်ခု သတ်မှတ်ပေး သင့်တယ်။ အဲဒါတောင် အိမ်မှာရှိတဲ့ မိသားစုအကုန်လုံးရဲ့ဝင်ငွေကို မျှပြီးပေးရ တာ။ မရှိတဲ့လူတွေအတွက် တစ်လကို စားစရိတ် အပြီးအစီးကနေ တစ်သိန်းပိုလျှံ ဖို့ဆိုတာ မနည်းစုမှရမှာ”ဟု ၎င်း အတွက် စိတ်ဝင်စားဟန်မရှိသော စီမံကိန်းအ ကြောင်းကို စက်ချုပ်ရင်းဆိုသည်။

မြန်မာနိုင်ငံတွင် အမှန်တကယ်လို အပ်နေသော နေစရာရရှိစေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းများမှ လုပ်ဆောင်ချက်များဖြင့် ဆောင်ရွက် လျက်ရှိရာ လူမှုဖူလုံရေးဦးစီးဌာနမှလည်း ၎င်းတို့၏ ဥပဒေသစ်တွင် အိမ်ရာစီမံ ကိန်းကို ထည့်သွင်းရေးဆွဲခဲ့ပြီး အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။ သို့သော် ၎င်းတို့အနေဖြင့် တိုင်း ဒေသကြီးအစိုးရ၏ ထောက်ခံချက်၊ မြေ နေရာပေးမှု၊ ခွင့်ပြုမိန့်စသည်တို့ကို ရရှိမှ သာလျှင် ယင်းစီမံကိန်းမှာ စတင်အသက် ဝင်လာမည်ဖြစ်သည်ဟု သိရသည်။

လူမှုဖူလုံရေးမှ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဖြစ်လာပါက လူ မှုဖူလုံရေးအဖွဲ့ဝင်ထားသည့်သူများအ တွက် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မယ့် အနေအထားမှာ လက်ရှိအိမ်ရာစီမံကိန်း များထက်တော့ အနည်းငယ်မျှော်လင့် ချက်ရှိသည်။ သို့သော် ယင်းစီမံကိန်းမှာ လည်း လိုအပ်ချက်များစွာ ရှိနေသေးသ ဖြင့် ပြည် သူများမှာ မျှော် လင့်ရသည့် ဘဝကပင်တက်နိုင်ဦးမည်မဟုတ်သည်မှာ မလွဲပေ။ မည်သူမျှ အိမ်နှင့်မကင်းနိုင်။ သို့ သော် ဘန်းစကားတစ်ခုဖြစ်သော ‘အိမ် မပိုင်ရင် ဂေါ်လီမလုပ်နဲ့’ ဟူ သည်က အခြား အဓိပ္ပာယ်တစ်ခုကိ ရည်ညွှန်းသော် လည်း လက်ရှိအချိန်တွင်တော့ ထိုစကား က မြို့ပြနေပြည်သူများကို ရည်ညွှန်းပါ သည်ဟု ထင်သည်။

အိမ်မပိုင်သော ဘဝများဆိုသည်က အငှားတစ်နေရာရာ နေရာတစ်ခုအတွက် ပင် စားဝတ်နေရေး ခယောင်းလမ်းပေါ် လိမ့်နေရသော ဂေါ်လီလုံးများပင် မဟုတ်ပါ လား။ ယင်းသို့ စီမံချက်များစွာ၊ မေးခွန်း ပေါင်း များစွာ၊လိုအပ်ချက်များစွာ၊ များ စွာသောရှုပ်ထွေးမှု၊ မြင့်မားမှု စသည့် စကားလုံးများထဲတွင်ပင် ပြည်သူများ၏ လိုအပ်ချက် လိုလားချက်များကို နိုင်ငံ တော်အစိုးရဆီသို့ တောင်းခံလျက်ရှိ သည်။ နိုင်ငံတော်အစိုးရမှလည်း ဖြည့် ဆည်းပေးနေပါသည်။ သို့သော် …

ထိုကဲ့သို့သော များစွာသော လူသား တို့၏ မျှော်လင့်ချက်ထဲမှ အထည်ဆိုင်ဖွင့် ထားသော ဒေါ်စန်းရီက တဖြည်းဖြည်း တရိပ်ရိပ်နှင့် ခြောက်သောင်းမှ တစ်သိန်း အထိ တက်လာသော အိမ်ငှားခဖြင့်သာ စာချုပ်ဆက်ချုပ်၍ နေထိုင်ရတော့မည် ဟုပြောရင်း ဈေးဝယ်ကိုသာ အပြုံးနှင့် ဆီးကြို၍ ”ဘယ်သူမဆို ကိုယ့်အိမ်ပိုင် နဲ့ နေချင် တာပဲလေ။ တော်ပါပြီ တကယ့် တန်ဖိုးနည်းနဲ့ရောင်းပြီဆိုမှပဲ ဝယ်တော့ မယ်”ဟု ဆိုသည်။ ပြည်သူများ လိုလားနေသည့် အိမ်မျှော်လင့်ခြင်း အိပ်မက်များမှာ အိမ်ပိုင် အမှန် တကယ်မရရှိသေးသူများ အဖို့ ကြီးမားနေသေးသော မျှော်လင့်ချက်ကြီးပင် ….။

ဝေမာထွန်း၊ အိမ်စည်စိုးစံ၊ ခိုင်နွယ်ဦး
Popular Myanmar News Journal

ဖွဲ့စည်းပုံပြင်ရေး တရားမျှတစွာ လုပ်မည်ဟု အန်အယ်လ်ဒ်ီနှင့် ၈၈ မျိုးဆက် ပူးတွဲကြေညာ


အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်စေဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကြေညာချက်ထဲမှာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစတင်ပြီး ဒီနေ့အထိ စဉ်ဆက်မပြတ် လက်တွဲ ကြိုးပမ်းလှုပ်ရှားနေကြသည့် ဒီမိုကရေစီအင်အားစုတွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် အရေးကြီးတဲ့ အခုအသွင်ကူး ပြောင်းရေးကာလမှာ ပိုမိုပူးပေါင်းအဖြေရှာနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်အဖြစ် အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနဲ့ ဦးမြအေးတို့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အခုလို ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

လယ်သိမ်းသူကို ရုပ်/သံဗီဒီယိုဖိုင်နဲ့တိုင်လို့ တရားစွဲခံရ


ဖေဖော်ဝါရီလ ၉ ရက် (လပွတ္တာ)

ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဂုံညှင်းတန်း ကျေးရွာအုပ်စုက လယ်သမားတွေဟာ သူတို့လယ်တွေကို ဦးသန်းအေးဆိုသူက အတင်းအဓမ္မ ၀င်ရောက်ထွန်ယက်ပြီး လုယူသွားတဲ့ကိစ္စကို အာဏာပိုင်တွေ သိစေလိုတဲ့အတွက် ရုပ်/သံဗီဒီယိုရိုက်ကူးပြီး တိုင်ကြားခဲ့ရာမှာ တရားစွဲဆိုခံနေရကြောင်း သိရပါတယ်။

ဂုံညှင်းတန်း ကျေးရွာအုပ်စု လိပ်သစ်ကျေးရွာက လယ်သမားတွေရဲ့လယ်တွေကို လိပ်သစ်ကျေးရွာနေ ဦးသန်းအေးက အကြွေးနဲ့သိမ်းယူပြီး လူအင်အားနဲ့ အဓမ္မ၀င်ရောက်စိုက်ပျိုးတဲ့ ကိစ္စတွေကို ရုပ်/သံ ဗီဒီယိုရိုက်ကူးပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချု့ပ်အပါအ၀င် တိုင်းအဆင့်
ဌာနဆိုင်ရာများ၊ လပွတ္တာခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန စသဖြင့် ဌာနပေါင်း (၂၆) ခု ထံ ပေးပို့တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

အဲ့လိုတိုင်ကြားတဲ့အတွက် ဦးသန်းအေးက လပွတ္တာမြို့နယ်တရားရုံးမှာ တရားလိုပြုလုပ်ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ လယ်သမား ၁၄ ဦးကို ၂၀၁၃ ခုနှစ် မေလကနေ စတင်တရားစွဲဆို ခဲ့တဲ့အတွက် တိုင်ကြားသူလယ်သမားတွေ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“ကျနော်တို့ကို တရားစွဲတာက ၂၀၁၃ ခုနှစ် မေလကပါ။ ကျနော်တို့က လယ်တွေ မတရား အကြွေးနဲ့ အသိမ်းခံရတာကို အထက်ကလူကြီးတွေ သိရှိပြီး ဖြေရှင်းပေးနိုင်အောင် တင်ပြကြတာပါ။ ဦးသန်းအေးကို အသရေဖျက်တာ မဟုတ်ပါဘူး။ ဗီဒီယိုဖိုင်မှာပြောထားတာတွေအကုန်လုံး အမှန်တွေ ချည်းပါပဲ။ အခုက တိုင်ကြားတဲ့ဟာကို အထက်လူကြီးတွေက ဘာမှဖြေရှင်းပေးတာ မခံစားရဘဲ တိုင်ကြားလို့ တရားစွဲတာပဲ ခံလိုက်ရတယ်”ဟု တရားစွဲဆိုခံနေရသည့် လိပ်သစ်ကျေးရွာမှ ဦးအောင်ဆွေက Myanmar News Now ကို ပြောပါတယ်။

တရားစွဲခံနေရသူတွေကတော့ လိပ်သစ်ကျေးရွာမှ ဦးခင်ဇော်၊  ဦးအောင်ဆွေ၊ ဦးဖိုးစိန်ကြီး၊ ဦးစိန်ကုလား၊ မမိုးမိုး၊ မတင်တင်စိန်အပါအ၀င် ၁၄ ဦးဖြစ်ပြီး အဲဒီထဲက ၁၃ ဦးက ဦးသန်းအေးရဲ့ လယ်သိမ်းတာခံထားရတဲ့ လယ်သမားတွေ ဖြစ်ပါတယ်။

“ကျနော်တို့မိသားစုမှာ လယ် ၁၈ ဧက ရှိတယ်။ ကျနော့်ညီ နေထွန်းက ဦးသန်းအေးဆီမှာ လူငှားလုပ်ရင်းနဲ့ အကြွေးတင်တယ်။ အဲဒါ ကျနော့် အဖေဆီလာတောင်းတော့ အကြွေးအတွက်ဆိုပြီး အဖေက ဦးသန်းအေးကို လယ် ၆ ဧက ထိုးပေးလိုက်တယ်။ ၂၀၁၂ ခုနှစ်မှာ အဖေဆုံးသွားရော ဦးသန်းအေးက ဒီလယ်တွေအကုန်လုံး သူ့ကိုရောင်းထား ပါတယ်ဆိုပြီး အတင်းဝင်လုပြီး ၀င်ထွန်တာ။ အဲဒီလယ်တွေကို ရောင်းခဲ့တာ လုံးဝမရှိပါဘူး။ ဒီကနေ့အထိလည်း ကျနော်တို့ မြေခွန်ပြေစာ ထမ်းဆောင်နေပါတယ်။ ဒီလို မတရားလုပ်ခံရလို့ တိုင်တာကို ကျနော်တို့ကို တရားစွဲတာ”လို့ တရားစွဲခံနေရတဲ့ ဦးဖိုးစိန်ကြီးက ပြောပါတယ်။

တရားစွဲခံထားရသူတွေထဲမှာ လိပ်သစ်ကျေးရွာက မမိုးမိုးနဲ့ မတင်တင်စိန်တို့ ညီအစ်မ ၂ ဦးဟာ ဗီဒီယို ရုပ်သံဖိုင်နဲ့ တိုင်ကြားသူတွေထဲမှာ မပါဝင်ပေမယ့် ဦးသန်းအေးရဲ့ တရားစွဲဆိုတာ ခံနေရပါတယ်။

“ကျမတို့ ညီအစ်မ ၂ ယောက်က ဦးသန်းအေးကိုတိုင်တဲ့ ရုပ်/သံဗီဒီယိုထဲမှာ လုံးဝမပါပါဘူး။ အဲဒါကို ကျမတို့ညီအစ်မကိုလည်း မဆီမဆိုင် ထည့်ပြီး တရားစွဲထားတယ်။ ကျမတို့မှာ ငတ်တလှည့် ပြတ်တလှည့်နဲ့ တရားရင်ဆိုင်နေရတာ အရမ်းဒုက္ခရောက်နေပါတယ်။ ကူညီနိုင်သူတွေ ကူညီပေးကြပါဦး”လို့ မမိုးမိုးက ပြောပါတယ်။

လက်ရှိမှာ ဒီအမှုကို လပွတ္တာမြို့နယ်တရားရုံးက လက်ခံစစ်ဆေးပေးနေပြီး ဒီလ ဇန်န၀ါရီ ၁၁ ရက်နေ့ကို ရုံးချိန်း သတ်မှတ်ပေးထားပါတယ်။

“ကျနော်တို့က လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ဂုံညှင်းတန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်ဆီကို တင်ပြတယ်။ ဒီမှာသူက ဘာပြောလဲဆိုတော့ မင်းတို့ ရုပ်/သံ ဗီဒီယို ရိုက်ပြီး လူကြီးတွေဆီ တိုင်ကြ။ အဲဒါဆို ပိုထိရောက်တယ်လို့ပြောတယ်။ အခုကျတော့ ဒါတွေ သူမသိပါဘူး။ သူဘာမှ အကြံဥာဏ်မပေးခဲ့ပါဘူးလို့ ဗြောင်လိမ်နေတယ်။ ကျနော်တို့က တောသားတွေ။ ဒီလို ဗီဒီယိုဖိုင်နဲ့ တိုင်တာတွေဘာတွေ သိတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူး အကြံပေးတဲ့အတိုင်း လုပ်ခဲ့ကြတာ”
“နောက်ပြီးတော့ ကျနော်တို့တိုင်တဲ့ ဗီဒီယိုခွေကို ဦးသန်းအေးက လပွတ္တာမြို့ကိုသွားရင်း လမ်းမှာကောက်ရလာတယ်လို့ ပြောတယ်။ သူကောက်ရလာတဲ့အခွေကို ဖွင့်ကြည့်တော့ သူ့ကိုတိုင်တဲ့အခွေဖြစ်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲတာလို့ ပြောတယ်။ ဒါက လမ်းမှာကောက်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့က ဌာနဆိုင်ရာတွေကို ပေးတာ။ လမ်းမှာ ချကြဲခဲ့တာမဟုတ်ဘူး။ ကျနော်တို့ ပေးပို့တဲ့ ဌာနဆိုင်ရာတခုခုက ဦးသန်းအေးကို ပေးလိုက်တာလို့ပဲ ကျနော်ထင်တယ်”လို့ တရားစွဲခံနေရတဲ့ လယ်သမားတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ လယ်ယာမြေကိစ္စတွေကို အကြောင်းပြုပြီး လယ်သမား ၅၀၀ ကျော် တရားစွဲခံခဲ့ရပြီး ၂၅၀ ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရကြောင်း လယ်သမားအရေး လှုပ်ရှားတဲ့ လူမှုကွန်ရက်အဖွဲ့တွေထံက သိရပါတယ်။

thithtoolwin


လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း


လာဂို့၊ ဖေဖော်ဝါရီ ၈

နိုင်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ်ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်းလိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။

လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေသည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးတို့ကို ထိန်းသိမ်းလိုက်ပြီး လူခေါင်း နှစ်ခုကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့သည်။

သွေးများ ပေနေသည့် လူခေါင်း နှစ်ခုအပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာကို အစိုးရ အရာရှိများက သိမ်းဆည်း ရရှိခဲ့သည်။

“ဟိုတယ်တွင်းကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ်နားက ဈေးသွားတိုင်း ကျွန်တော်တွေ့တယ်။ သူတို့တွေက ညစ်ပတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူတတ်ကြတယ်။ လူသား ရောင်းတာကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံတစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါက ပြောကြားသည်။

လူသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှန်း မသိဘဲ စားသုံးမိခဲ့သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးမှာ တုန်လှုပ် ချောက်ချားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ကန့်ကွက် ပြောကြားလျက်ရှိသည်။

“ဒီနှစ်အစောပိုင်းက ဟိုတယ်ကို ကျွန်တော် သွားခဲ့တယ်။ အသားတစ်တုံးကို ၂ ပေါင်ခွဲ ကျတယ်ဆိုတော့ ကျွန်တော် တော်တော် အံ့သြသွားတယ်။ အဲဒါတွေက လူသားနဲ့ လုပ်ထားတာဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလိုမျိုး အစားအသောက်တွေကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည်မဖော်လိုသူ သင်းအုပ်ဆရာက ပြောကြားသည်။

လူသားစားသည့် သတင်းများ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ်စားသည့် အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာမူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

The Voice Weekly

လက်ဖက်ရည်ဆိုင်တွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူတစ်ဦး ဖမ်းဆီးရမိ



ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ တစ်ဦးကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဖမ်းဆီး ရမိလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ညနေ ၃ နာရီခွဲအချိန်တွင် တာမွေ လမ်းမကြီးပေါ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်သို့ ၀င်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် လက်ဖက်ရည်ဆိုင်အတွင်း စားပွဲခုံတွင် ထိုင်နေသူ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်/အရှေ့ ရပ်ကွက်နေ မောင်မောင်လွင် (၄၅)နှစ် ဖုန်းပြင်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ သည်။

ထို့ကြောင့် ၎င်းဝတ်ဆင်သည့် အင်္ကျီလက်ရှည် ၀ဲဘက်အိတ်ကပ်အတွင်းမှ အပြာရောင်တိပ်အပိုင်းဖြင့် ပတ် လျက် ငွေကျပ်ငါးသောင်းတန်ဖိုးရှိ စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား စီပါသည့် အအေးစုပ်ပိုက်နှစ်ချောင်းကို တွေ့ ရှိခဲ့သည်။

ယင်းအပြင် ငွေကျပ် ငါးသောင်းကိုး ထောင်ရှစ်ရာတန်ဖိုးရှိ WY ဟုယူဆရသည့် မူးယစ်ဆေးဝါး ၂ ဒသမ ၉၉ဂ ရမ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြု သည့် ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ထို့ကြောင့် မောင်မောင်လွင်ကို အရေးယူပေးရန် ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဗဟန်း ရဲစခန်းက မယ (ပ) ၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။



Mizzima

ငါးနှစ်ကျော်အအတွင်း စားသုံးရန်မသင့်သည့် အစားအစာနှင့်ဆေးဝါး သိန်း ၅,၀၀၀ ကျော်ဖိုး မီးရှို့ဖျက်ဆီး



ဖြိုး|ဖေဖော်ဝါရီ ၁၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သိမ်းဆည်းရရှိသော စားသုံးရန်မသင့်သည့် အစားအစာနှင့် ဆေးဝါးများကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအထိ ငါးနှစ်ကျော်အတွင်း ကျပ် သိန်းငါးထောင်ကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့် ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

“အထူးသဖြင့် စားအုန်းဆီနဲ့ သက်တမ်းလွန်ဆေးဝါးတွေ အများဆုံး စစ်ဆေးတွေ့ရှိရတယ်။ အဲဒါတွေကို ဓာတ်ခွဲခန်းခွင့်ပြုချက်အရ စားသုံးရန်မသင့်ဆိုရင် မီးရှို့ဖျက်ဆီးပစ်တယ်”ဟု ၎င်းက ပြောသည်။

အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် စားသုံးရန်မသင့်သော အစားအစာနှင့် ဆေးဝါးများကို မန္တလေးမြို့ရှိ ဈေးကြီးများတွင် ရောင်းချနေသော ဆိုင်များကို ရှောင်တခင်စစ်ဆေးခြင်း များ ဆောင်ရွက်ကာ သိမ်းဆည်း ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ဆေးခြင်းမှ ရရှိလာသော နမူနာအစားအစာနှင့် ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေးဦးစီးဌာနတွင် ဓာတ်ခွဲစမ်းသပ်ကာ စားသုံးရန် မသင့်ဟု အတည်ပြုရရှိလာသော အစားအသောက်နှင့် ဆေးဝါးများကို ခြောက်လတာအတွင်း သိမ်း ဆည်း၍ ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဖျက်ဆီးခဲ့သော ပစ္စည်းများမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံး သူအကာအကွယ်ပေးရေးအဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနတို့ ပူးပေါင်းကာ မြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေးများကို ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်ခြင်းမှ သိမ်းဆည်းရရှိသော ပစ္စည်းများဖြစ်သည်။

အဆိုပါ စားသုံးရန်မသင့်သည့် အစားအစာအများစုသည် မန္တလေးမြို့ပြင်ပမှ ၀င်ရောက်လာသည့် အစား အစာများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသည်။

အများပြည်သူ ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်မည့် စားသုံးရန်နှင့် အသုံးပြုရန် မသင့်သည့် အစားအစာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို ရောင်းချနေသည်ကို တွေ့ရှိပါက အထက်ပါဌာနနှစ်ခုကို တိတိကျ ကျ ဖော်ပြတိုင်ကြားနိုင်ကြောင်း သိရသည်။

Mizzima

လက်ပံတောင်းမှာ လယ်ယာမြေ လျော်ကြေး သိန်း ၇၀၀၀ ကျော် ထုတ်ပေး


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မြေယာစွန့်လွှတ်ခဲ့ရတဲ့ ဒေသခံ တောင်သူတွေကို
မြေယာထောက်ပံ့ကြေး ကျပ်ငွေ သိန်း ၇၀၀၀ ကျော် ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်
ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။


 လက်ပံတောင်း ကြေးနီစီမံကိန်း (ဓာတ်ပုံ- မန်းသားလေး / ဧရာဝတီ)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လယ်မြေ ၁ ဧကလျှင် ကျပ် ၁၂ သိန်း၊ ယာမြေ (ဦးပိုင်ပေါက်) ၁ ဧကလျှင် ကျပ် ၈ သိန်း၊ ယာမြေ (ဦးပိုင် မပေါက်) ၁ ဧကလျှင် ကျပ် ၃ သိန်းနှုန်းတွေနဲ့ ထုတ်ပေးနေတာဖြစ်ပြီး  တောင်သူ ၃၆၉ ဦး၊ မြေဧက ၁၀၇၉ ဒသမ ၃၅ ဧက အတွက် ကျပ်ငွေ ၇၀၂၆ ဒသမ ၇၂ သိန်း ထုတ်ပေးပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို မြေယာလျော်ကြေးငွေတွေ ပေးဖို့အတွက် လက်ပံတောင်းစုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး အစီရင် ခံစာအရ အကောင်အထည်ဖော်ရေး ကော်မတီက လုပ်ဆောင်တာလည်းဖြစ်ပါတယ်။

အရင်ကလည်း မြေယာလျော်ကြေး ပေးမှုတွေမှာ အငြင်းပွားမှုတွေဖြစ်ခဲ့လို့ သိသိသာသာအောင်မြင်မှု မရှိခဲ့ တာတွေလည်း ဖြစ်ခဲ့ပါတယ်။

တချို့သတင်းတွေအရ မြေယာလျော်ကြေး လက်မခံတဲ့ ဒေသခံ လယ်သမားတွေလည်း ရှိတယ်လို့ သိရပြီး သူတို့အဆိုအရ လက်ငုတ်လက်ရင်း မူလ လယ်ယာမြေတွေမှာပဲ ဆက်လက်စိုက်ပျိုးသွားလိုတာကြောင့် လို့ ဆိုနေကြပါတယ်။
The Irrawaddy by အိမ့်သံစဉ်

ဧရာဝတီမြစ် တစ်လျှောက် ဆေးကုပေးမည့် ဒုတိယမြောက် ဆေးကုသင်္ဘော ဂျာမနီ လှူဒါန်းမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ဧရာဝတီမြစ်အတွင်း လှည့်လည်၍ ဆေးကုသရန် ဂျာမနီအစိုးရက ဒုတိယမြောက် ဂျာမနီ ဆေးကုသင်္ဘော (Swimming Doctors 2) ကိုလှူဒါန်းမည် ဖြစ်ပြီး ယင်းအခမ်းအနားကို ဂျာမနီ ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကတော်ဖြစ်သူ Ms.Daniela Schadt တက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ ပြောရေး ဆိုခွင့်ရှိသူ Ms. Alexandra Bautz က The Voice သို့ပြောကြားသည်။

ဧရာဝတီမြစ်ကြာ တစ်လျှောက် တည်ရှိနေသည့် ကျေးလက်ဒေသ များရှိ ပြည်သူများကို ဆေးကုသပေးရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရန်အတွက် အဆိုပါ ဆေးကုသင်္ဘောကို ဂျာမနီ အစိုးရက လှူဒါန်းခြင်း ဖြစ်ပြီး၊ သင်္ဘော မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဆေးကုစရိတ်က တစ်ယောက်ကို မြန်မာငွေတစ်ထောင်ရှိရင် ရပါပြီ၊ ဆေးကုသမှုတွေအပြင် ဆေးဝါးတွေပါ အထောက်အပံ့ ပေးပါတယ်” ဟု ၎င်းကဆိုသည်။

ယခု အသစ်မိတ်ဆက်မည့် ဂျာမနီ ဆေးကုသင်္ဘောသည် ဒုတိယမြောက် သင်္ဘောဖြစ်ပြီး၊ ပထမဦးဆုံး ဆေးကုသင်္ဘော (Swimming Doctor 1) ကို ၂၀၁၀ ပြည့်နှစ်ကပင် စတင်မိတ်ဆက်၍ ဧရာဝတီ မြစ်အတွင်း လှည့်လည်၍ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

ယင်းသင်္ဘောသည် ဆေးကုသမည့် ခရီးစဉ်တစ်ခု (တစ်လ) လျှင် ဧရာဝတီ မြစ်ကြောင်းအတွင်း သုံးပတ်ကြာ နေထိုင်ပြီး သင်္ဘောလုပ်သားများနှင့် ဆရာဝန်များ အနားယူရန်အတွက် ရန်ကုန်ဆိပ်ကမ်းတွင် တစ်ပတ်ကြာ ကမ်းကပ်၍ အနားယူလေ့ ရှိကြောင်း Ms. Alexandra Bautz က ဆိုသည်။

ယင်းသို့ ဧရာဝတီ မြစ်ကြောင်းအတွင်း လှည့်လည် ဆေးကုရခြင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို မှီခိုနေထိုင် နေရသည့် ဒေသခံ ပြည်သူ နှစ်သန်းရှိပြီး၊ ယင်းပြည်သူများအတွက် ကျန်းမာရေး ဝန်ဆောင်မှုနှင့် ဆေးဝါးဆိုင်ရာ အကူအညီ ပေးမှုများသည် မရှိသလောက် ဖြစ်နေသောကြောင့် ဒေသတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို အဓိက ကုသမှုပေးရန် ဂျာမနီ အစိုးရက ကူညီပေးခြင်း ဖြစ်ကြောင်း အဆိုပါ သင်္ဘောတည်ဆောက်ရေး စီမံကိန်း အရာရှိ Patrick Meyer က ပြောကြားသည်။

ဂျာမနီသမ္မတ၏ ဇနီးဖြစ်သူ Ms. Daniela Schadt သည် မြန်မာနိုင်ငံ သို့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး၊ ၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းသံရုံးက ထုတ်ပြန်ထားသည်။
The Voice Weekly

သမိုင်းတစ်လျောက် အဆိုးရွားဆုံး အာကာသယာဉ်ပျံ အက်ဆီးဒန့်



Space Shuttle Columbia အမည်ရ အာကသယဉ်ပျံနဲ့ ကမ္ဘာ့အပြင် ခရီးနှင်ပြီး ၁၆ ရက်အကြာမှာ ပေါက်ကွဲ မှုကြောင့် အားလုံး ပွဲချင်းပြီး ကွယ်လွန်ခဲ့ကြပါတယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့က ဖြစ်ခဲ့ ပါတယ်။ အာကာသ ယဉ်ပျံ အက်ဆီးဒန့် သမိုင်းမှာ အဆိုးရွားအဆုံး အက်ဆီးဒန့် တစ်ခုဖြစ်ပြီး
ယနေ့တိုင် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခုအဖြစ် ကျန်ရှိနေပါသေးတယ်။ ကွယ်လွန်သူ စုစုပေါင်း ၇ ဦး စလုံး ဖြစ်ပါတယ်။

ယင်းအက်ဆီးဒန့် ဖြစ်ပွားပြီးနောက် အာကာသယဉ်ပျံနှင့် သွားလာမှု လုံခြုံရေး ပိုမို အဆင့်မြင့်သွားပြီး နာဆာကို သင်ခန်းစားကြီး တစ်ခု ရစေခဲ့ပါတယ်။ ကမ္ဘာ့လူသားများအတွက် အသက်ပေးသွားတဲ့ သူရဲကောင်း အဖြစ် နာဆာမှ ယနေ့တိုင် အသိအမှတ်ပြုဂုဏ်တင်ထားပါတယ်။ ယခု ၂၀၁၄ ဖေဖော်ဝါရီလမှာ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်ခဲ့ ပါပြီ။ အဲ့ဒီက ရတဲ့ သင်ခန်းစာကြောင့် နာဆာအပြင် တရုတ်၊ ရုရှား တို့အတွက်ပါ အာကာသ သွားလာမှု အတွက် ပြင်ဆင် သတိထားစရာ ဖြစ်စေခဲ့ ပါတယ်။

သူတို့ရဲ့  မိသားစုဝင်များစွာ ကြေကွဲကျန်ရစ်ပြီး သားသမီးအရေအတွက် စုစုပေါင်း ၁၂ ဦး ရှိပါတယ်။ အငယ်ဆုံးကလေးဟာ အသက် ၁၆ နှစ်ရှိပြီ ဖြစ်ပြီး အကြီးဆုံးကတော့ ၃၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ကလေး များအတွက် ကျောင်းစရိတ်ကို နာဆာမှ ထောက်ပံ့နေရကြောင်း သိရပါ တယ်။
--
Ref: Nasanews
အောင်ခမ်း (www.innewsmyanmar.com)