သင်အားနာတတ်ပါသလား



(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော
အားနာခြင်းမျိုး စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။ ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။ တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။ “စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့  တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်” ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။ လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ လူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ဝန်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။ ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။ မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟုထင်ပါသည်။

(၃) သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့်အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။ သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။ သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက် အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်… ..........................စသည့် စသည့် နည်းမမှန်သော အားနာမှုကြောင့် မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။ ထို့ကြောင့် နည်းမှန် လမ်းမှန် အားနာသင့်ကြပေသည်ဟု ဖတ်ဖူးသမျှစာထဲမှမှတ်မိသမျှကောက်နှုတ်ရေးသားလိုက်ပါသည်။

credit ရွှေအိမ်စည်

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန်




၁။ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။
----------------------------
ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျိုး ထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာ
တွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို ထိရောက်တဲ့အကျိုး မရရှိစေတဲ့ အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။

၂။ကုလားဆီးဖြူသီးအသုံးပြုပါ။
--------------------
ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကိုပါးပါးလှီးကာ နှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာမနက်ရောက်မှလျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

၃။ဆီပုံမှန်လိမ်းပါ။
------------------
အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့ အပြင် အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့်
စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။

၎။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။
--------------------------------------
ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်
ခြင်းမှရှောင်ရပါမယ်။ အကယ်လို့စားကျင့်ရှိနေရင်တောင်အနည်း
ငယ်လျော့စားပေးပါ။ တချို့အစားအစာတွေဟာဆံသားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူမြန်စေပါတယ်။
_____________________________

အိဖြူ(ဆေးဝါးတက္ကသိုလ်)
By-Good Health


စစ်တပ်၏ ဂေါက်ကွင်းစီမံကိန်းကြောင့် နမ့်စန် လယ်မြေများ ဆုံးရှုံး


ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဂေါက်ကွင်းလုပ်မယ့် စီမံကိန်းကြောင့် ရွာသားပိုင် လယ်ယာမြေတွေ အသိမ်းခံရမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

ခိုလမ်မြို့နယ်ခွဲ ၀မ်ဖွီးကျေးရွာ အုပ်စုထဲမှာရှိတဲ့ သူတို့လယ်ယာမြေတွေမှာ ၂၀၁၄ – ၁၅ ခုနှစ်ကစပြီး ဆက်လုပ်ခွင့်မရှိတော့ဘူးလို့ အာဏာပိုင်တွေက ပြောတဲ့အတွက် အိမ်ထောင်စုပေါင်း ၁၀၀ ကျော် ပူဆွေးဒုက္ခရောက်နေတယ်လို့ မြေဆုံးရှုံးတဲ့ထဲ ပါဝင်သူ ဦးကျောင်းဝဏ္ဏက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်မြေ ၁၀ ဧက အကုန်လုံးရှုံးပြီ။ တောင်ယာရော၊ ခြံရော၊ လယ်ရော အကုန်ပါတယ်။ ခြံသွားလို့မရတော့ဘူး၊ ရဲဘော်တွေ စောင့်နေကြတယ်။ ဘယ်မှာမှ လုပ်စားစရာမရှိတော့ဘူး၊ အကုန်လုံး ဒုက္ခရောက်တယ်။ ရပ်ကွက် ၆ က အကုန်လုံးပဲ။”

အဲဒီက မြေလွတ်မြေရိုင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ခုတ်ထွင်ရှင်းလင်းပြီး ထွန်ယက်စိုက်ပျိုးခဲ့တာမှာ အခြေတည်စပြုတဲ့အခါ စစ်တပ်က ပိုင်တယ်လို့ ဒီလမှာ သူတို့အားလုံး သိရတယ်လို့ ဦးကျောင်းဝဏ္ဏက ဆက်ပြောပါတယ်။

အာဏာပိုင်တွေက ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က ရွာသားအားလုံးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ဆင့်ခေါ်ပြီး အဲဒီမြေပေါ်မှာ လုပ်ကိုင်စားသောက်ခွင့်မရှိဘူးလို့ တားမြစ်ချက်သိရှိပါကြောင်းနဲ့ အတင်းဝင်ရောက်စိုက်ပျိုးရင် အရေးယူခံရမယ်ဆိုတာကိုလည်း သိရှိပါကြောင်း လက်မှတ်ရေးထိုးခိုင်းတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် ဆုံးရှုံးမြေယာနဲ့ သီးနှံလျော်ကြေးကိစ္စ၊ အစားထိုးမြေကိစ္စ ဘာမှ ပြောမသွားကြောင်း၊ ဒါကြောင့် ရွာသားတွေ အားလုံးနီးပါး လက်မှတ်မထိုးဘဲ ပြန်ခဲ့ကာ မြို့နယ် ကျားဖြူပါတီဆီ သွားရောက်ပြီး အကြံဥာဏ်တောင်းခဲ့တယ်လို့ ပြောပါတယ်။

ကျားဖြူပါတီကလည်း လိုအပ်တဲ့အချက်အလက်တွေ စုစည်းပြီး မတ်လ ၁၇ ရက်နေ့မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးကို စာတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကောက်ခံရရှိတဲ့ စာရင်းတွေအရ လယ်ယာမြေဆုံးရှုံးမယ့် ရွာသားတွေဟာ ရပ်ကွက် ၆၊ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၄ က ဖြစ်ပြီး စုစုပေါင်း ၁၃၀ ဦးရှိကာ အသိမ်းခံရမယ့်မြေဧက ၈၀၀ ကျော် ပါဝင်တယ်လို့ ခိုလမ်မြို့နယ် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရွာသားတွေမှာ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသူရော၊ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က အစိုးရက ရှမ်းလက်နက်ကိုင်အဖွဲ့တွေကို ဖြတ်လေးဖြတ် (ရိက္ခာ၊ သတင်း၊ လမ်းပန်းဆက်သွယ်ရေး၊ စစ်အင်အား) ပြုလုပ်ရာမှာ ယခုနေရာနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ နားပွဲကျေးရွာအုပ်စုကနေ အတင်းအကြပ် ပြောင်းရွှေ့လာရတဲ့ စုစည်းရွာသားတွေလည်း အများစု ပါဝင်တယ်လို့ ဦးစိုင်းထွန်းလွင်က ဆက်ပြောပါတယ်။

တိုင်းပြည်အခြေအနေ ပြောင်းလဲမှုကြောင့် ရွာဟောင်းမှာ ပြန်နေလို့ ရပြီဆိုပေမယ့် ဘ၀ကို အစကနေ ပြန်ထူထောင်ဖို့ရာ မလွယ်ကူကြောင်း ဦးကျောင်းဝဏ္ဏက ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

သရက်ချောင်းမြို့နယ်တွင် ထူးခြားဖြစ်စဉ် မြွေ နှင့် နာနတ်ပင်



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ်ရှိ သရက်ချောင်းကျောင်းကြီး၊ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ အောက်ထပ် တွင်ရှိသော ဘုရားအနီးတွင် စပါးအုံမြွေကြီးတစ်ကောင် တွေ့ရပြီး ယင်း ကျောင်းဝင်းအတွင်း တစ်ခြားထူးဆန်းမှုတစ်ခုမှာ နာနတ်ပင်တစ်ပင်သည် နာနတ်ဖူး (၅၅)ဖူးခန့် ထွက်ရှိကာ ၄င်း ကျောင်းဝင်းအတွင်းရှိ ခြံထဲတွင် ပေါက်ရောက်နေကြောင်းကို လည်းတွေ့ ရှိရပါသည်။
ဖြစ်စဉ်မှာ ၄င်း စပါးအုံမြွေကြီးသည် တပေါင်းလပြည့်နေ့မတိုင်ခင် တစ်နေ့တွင် ကျောင်းဝင်း အနီးလမ်းပေါ်၌ သွားလာ လှုပ်ရှားနေသည် ကို တွေ့ရသဖြင့် ဘေးကင်းသည့်နေရာသို့ သွားရောက်ရန် မောင်းထုတ် ခဲ့ကြပြီး ချုံဘုတ် တစ်ခုထဲသို့ ၀င်သွားကာ ပျောက်ကွယ် သွားပြီးနောက် နောက်တစ်နေ့ တပေါင်းလပြည်နေ့ နံနက် (၄း၃၀) နာရီ အချိန်ခန့်တွင် ကျောင်းတော် အတွင်းရှိ ဓမ္မာရုံ၌ သံဃာတော်များ မေတ္တာပို့ အမျှဝေနေကြပြီး ဘုရားဝတ်ပြု နေစဉ်တွင် ၄င်း မြွေသည် သံဃာတော် များအကြား လာရောက်ရစ်ပတ် နေပြီးနောက် ဘုရားကိုယ်ပေါ်သို့ တက်သွားပြီး ဘုရားကိုယ်ပေါ်တွင် ဆက်လက်ရစ်ပတ်ကြောင်း သိရှိရပါသည်။
၎င်း တပေါင်းလပြည့်နေ့ မတိုင်ခင်ရက်များ အတွင်းမှာ မကြုံစဖူး ပေါက်ရောက်နေသည့် နာနတ်ပင် တစ်ပင်သည် နာနတ်ဖုးအသေး (၅၅)ဖူးခန့် ထွက်ရှိနေကြောင်း ကျောင်းထိုင်ဆရာတော် ကမြွတ်ကြား ခဲ့ပါသည်။ လာရောက်ကြည့်ရှု သူများကလည်း ၄င်းဖြစ်စဉ်မှာ ထူးခြားမှု တစ်ခုဖြစ်ကြောင်း မှတ်ချက်ပေး ကြပါသည်။
ထို တပေါင်းလပြည့်နေ့တွင် တပ်မတော် တပ်ရင်းတစ်ခု၏ အလှူပြု လုပ်သည့် နေ့လည်းဖြစ်ကြောင်း သိရှိရပါ သည်။ ယခုအချိန်တွင် ယင်းဘုန်းတော်ကြီးကျောင်းသို့ ၄င်းဖြစ်စဉ်အား လာရောက်ကြည့်ရှု သူများပြား နေကြောင်း သတင်းရရှိပါသည်။
MOI Webportal
 Digital Life Journal

ဘန်ကောက်အရေးပေါ် အခြေအနေ ရုပ်သိမ်း


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လလောက်တုန်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကိုင်တွယ်နိုင်ဖို့ ပြဌာန်းထားတဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ထားတာကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လျော့ကျလာနေတဲ့ အခုချိန်မှာ ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရတာကတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ နည်းပါးလာတာနဲ့ ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေရေး နှစ်ရပ်စလုံးအတွက် အခုလို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ထိုင်းအကြီးတန်း အရာရှိတွေက ပြောပါတယ်။

အတိုက်အခံ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ချိန် နိုဝင်ဘာလက စလို့ နိုင်ငံရေး အကြမ်းဖက်မှုတွေကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ရသလို ရာပေါင်းများစွာသော လူတွေလည်း ဒဏ်ရာ ရခဲ့ပါတယ်။

တချိန်က ဆန္ဒပြသူတွေက ဘန်ကောက်မြို့ နေရာ အတော်များများကို သိမ်းပိုက်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ ဘန်ကောက်မြို့ထဲက ပန်းခြံကိုပဲ အဓိကထား နေရာယူထားကြတာပါ။

ဝန်ကြီးချုပ် ယင်းလတ် ရာထူးက ဆင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပြီး သူမရဲ့ အစိုးရဟာ လွန်လွန်ကျွံကျွံ အကျင့်ပျက်နေတယ်လို့လည်း ပြောဆိုကြပါတယ်။

အရေးပေါ် အခြေအနေ သတ်မှတ်ထားတာကနေ ဗုဒ္ဓဟူးနေ့မှာတော့ တခြား သိပ်မပြင်းထန်လှတဲ့ အထူးဥပဒေ  ပြည်တွင်း လုံခြုံရေး အက် ဥပဒေနဲ့ အစားထိုးမယ်လို့လည်း အရာရှိတွေက ပြောပါတယ်။ ဒီဥပဒေ အသစ်ကတော့ ဆန္ဒပြသူတွေကို ကိုင်တွယ်တဲ့နေရာမှာ လုံခြုံရေးအဖွဲ့တွေအနေနဲ့ ညမထွက်ရ အမိန့်တွေ၊ လုံခြုံရေး စစ်ဆေးရေး စခန်းတွေနဲ့ တခြား ကန့်သတ်ချက်တွေကို သုံးဖို့ ဆက်ပြီး ခွင့်ပြုထားတာ ဖြစ်ပါတယ်။

VOA

MH370 လေယာဉ်ကို ရှာဖွေနေမှုအား အမေရိကန်စစ်သင်္ဘော ရုပ်သိမ်း




Tuesday, March 18, 2014

ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းခရီးစဉ်အမှတ် MH370ကို လိုက်လံရှာဖွေနေသော တိုက်ရေယာဉ်ကို ပြန်လည် ခေါ်ယူလိုက်ပြီဟု အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။ ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် တစ်ပတ်ကျော် ကြာလာသည်အထိ သတင်းအစအန ရှာမရဘဲ ပျောက်ကွယ်နေရာ နိုင်ငံပေါင်း (၂၆)နိုင်ငံက ဖြစ်နိုင်ခြေရှိသော နေရာ
များတွင် ဖြန့်ကျက် ရှာဖွေနေသည်။ အမေရိကန် ရေတပ်မှ USS Kidd ဖျက်သင်္ဘောသည်လည်း အဆိုပါ ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း တနင်္လာနေ့မှ စတင်ကာ လုပ်ငန်းဆောင်
တာများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
လေယာဉ်သည် မလေးရှားမှ တရုတ်သို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့သော်လည်း လမ်းကြောင်းပြောင်းလဲသွားနိုင်သည့် အခြေအနေကြောင့် ကျယ်ပြန့်စွာ ဖြန့်ကျက်ရှာဖွေနေရဆဲ ဖြစ်သည်။ MH-60 ရဟတ်ယာဉ်တစ်စင်း တင်ဆောင်ထားပြီး ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် ဖျက်သင်္ဘော USS Kiddသည် တစ်ပတ်လုံးလုံး လေယာဉ်ပျံ၏ သဲလွန်စများကို ခုတ်မောင်းလှည့်လည် ရှာဖွေနေခဲ့သည်။ USS Kiddအနေဖြင့် စတုရန်းမိုင် (၁၅၀၀၀)ထိ ကျယ်ပြန့်သော ရေပြင်ကို ပိုက်စိပ်တိုက် ရှာဖွေပြီးနောက် တစ်စုံတစ်ရာ သတင်းအချက်အလက် မရရှိတော့သဖြင့် လုပ်ငန်းစဉ် ရုပ်သိမ်းလိုက်ကြောင်း ပင်တဂွန်က ကြေညာသည်။
အစောပိုင်းက USS Kiddနှင့်အတူ အခြားအမေရိကန် ရေတပ်သင်္ဘော တစ်စင်းသည်လည်း ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သေးသည်။ လတ်တလောတွင်မူ အမေရိကန်သည် ရေတပ်သင်္ဘောများ စေလွှတ်ခြင်း မပြုတော့ဘဲ P-3 Orion လေယာဉ်ဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချာ့ခ်ဟေဂယ်လ်က ရေတပ်သင်္ဘောများ ပြန်လည် ခေါ်ယူခဲ့သော်လည်း အမေရိကန် အနေဖြင့် MH370 လေယာဉ်ကို ရှာဖွေရေး ကဏ္ဍကို အပြည့်အဝ ဆက်လက်အာရုံစိုက်နေမည်ဟု ကတိပြုထားခဲ့သည်။
Planet Myanmar Network

အငှားယာဉ်မောင်းထံမှ ငွေနှင့်ဖုန်းဟန်းဆက်လုယက်ခဲ့ကြသည့်အမှုမှ ပြစ်မှုကျူးလွန်သူ(၁)ဦးကို ဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၁၈

၁၃.၃.၂၀၁၄ ရက်နေ့၂၁၀၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်
နေ အငှားယာဉ်မောင်း ဦးနိုင်ဦးသည် ၎င်း၏အငှားယာဉ်ဖြင့် သာကေတ
မြို့နယ်၊ ရှုခင်းသာလမ်းအတိုင်းမောင်းနှင်လာစဉ်(၅)ကွေ့မှတ်တိုင်အနီး
အရောက် အမျိုးသား(၂)ဦးမှနောက်ဘက်(၂)မှတ်တိုင်ခန့်သို့ငှားသဖြင့် တင်ဆောင်ကာယာဉ်အား ပြန်ကွေ့ပြီးမောင်းနှင်လာခဲ့ရာ ၁၀/တောင် (၁၃)ရပ်ကွက်အရောက်တွင် အဆိုပါအမျိုးသားများမှ ခရေပင်လမ်းထဲသို့
ကွေ့ဝင်ကာရပ်တန့်ခိုင်းပြီး ဦးနိုင်ဦး၏မျက်နှာကို ပုဆိုးဖြင့်အုပ်ကာ
ငွေတောင်းသဖြင့် ငွေကျပ်(၂၆၀၀၀)ကိုပေးလိုက်ရကြောင်း၊ ကားပေါ်မှ
ဆင်းပြေးခဲ့သော်လည်း ၎င်းအမျိုးသားများမှလိုက်လာပြီး လက်သီးဖြင့်
ထိုးခဲ့ကြကြောင်း၊ ဦးနိုင်ဦး၏ဖုန်းကိုလည်းတောင်းသဖြင့် SIMကဒ်ဖြုတ်ကာ ဖုန်းဟန်းဆက် အားပေးလိုက်ရကြောင်း၊ ၎င်းအမျိုးသားများထိုးကြိတ်ခဲ့
သဖြင့် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ၀ဲနှုတ်ခမ်းနာ ကျင်၊ဦးခေါင်းနာကျင်
ဒဏ်ရာများရရှိခဲ့ကြောင်းကိုဦးနိုင်ဦးမှတိုင်တန်းခဲ့၍ သာကေတနယ်မြေ ရဲစခန်း (ပ)၁၅၈/ ၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ပါသည်။

ယင်းကဲ့သို့ အခင်းဖြစ်ပွားသည်ကို သတင်းရရှိသည်နှင့်တပြိုင်နက် သာကေတနယ်မြေရဲစခန်းမှ လှည့်ကင်းရဲတပ်ဖွဲ့ဝင်များသည်
ပြစ်မှုကျူးလွန်သူများထွက်ခွာရာလမ်းကြောင်းသို့ လိုက်ပါစုံစမ်းဖော်ထုတ်
ဖမ်းဆီးခဲ့ရာ ၁၄.၃.၂၀၁၄ရက်နေ့၀၃၅၀အချိန်တွင် ပြစ်မှုကျူးလွန်သူ
ကျော်သူဟိန်း(၁၈)နှစ်၊ (ဘ)ဦးသန်းဝင်း၊ (၆)ရပ်ကွက်၊ သာကေတမြို့နယ်
နေသူကို သာကေတမြို့နယ် ၁၀/တောင်၊၁၄/ရပ်ကွက်အတွင်း၌ ဖမ်းဆီး
ရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးချက်များအရ အဆိုပါပြစ်မှုကို နိုင်ကြီး(ခ)ရဲလင်းထွန်း (စိစစ်ဆဲ)နှင့်အတူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး လုယူရရှိ သည့် ငွေများနှင့် ဖုန်းဟန်းဆက်တို့ကို နိုင်ကြီး(ခ)ရဲလင်းထွန်းမှ
ယူဆောင်သွားကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကမ္ဘာပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းမှ နောက်ဆုံးရေခဲပြင်ကြီးလည်း အရည်ပျော်ပြီ




အေအက်ဖ်ပီ

ကမ္ဘာကြီး ပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းကျွန်းမှ နောက်ဆုံး ရေခဲပြင်ကြီးမှာ စတင်အရည် ပျော်လျက်ရှိနေပြီး မြင့်တက်နေသော ပင်လယ်ရေ မျက်နှာပြင်တွင်းသို့ တန်ချိန် သောင်းနှင့်ချီကာစီးဝင်လျက် ရှိသည်ဟု သိပ္ပံပညာရှင်များအား ကိုးကားကာ အေအက်ဖ်ပီသတင်း တစ်ရပ်၌ ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် နောက်ပိုင်းမှစတင်ကာ အပူချိန် မြင့်တက်လာခြင်းက ဂရင်းလန်းကျွန်း အရှေ့မြောက်ပိုင်း ကမ်း ခြေသို့ စီးဆင်းသည့် ရေခဲမြစ် အရည်ပျော်လာစေရန် လွယ်ကူစေခဲ့သည်ဟု Nature Climate Change ဂျာ နယ်တွင် သိပ္ပံပညာရှင်များက ရေးသားဖော်ပြထားသည်။

ရေခဲစမ်းချောင်းဟု လူသိများသည့် ယင်းရေခဲမြစ်မှာ အလွန်ကြီးမားလှသော ချိုင့်ဝှမ်းကြီးအတွင်းမှ ရေခဲတုံး ကြီးများကို ပင်လယ်ထဲသို့ သယ်ဆောင်သွားသည်။ ယခင်အချိန်များ၌ ယခုကဲ့သို့ ရေခဲတုံးများ မျောပါစီးဆင်း မှုကို ပင်လယ်ဝရှိ ရေခဲတုံးကြီးများက အတိုင်းအတာတစ်ခုအထိ ဟန့်တားထားနိုင်ခဲ့သည်။

သို့ရာတွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အပူချိန် သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ပုလင်းဖုံးနှင့်တူသော အဆိုပါ ရေခဲတုံးကြီးများ ပျောက်ကွယ်ခဲ့ရပြီး ရေခဲမြစ်စီးဆင်းမှုကို အရှိန်တိုးမြင့်စေခဲ့သည်ဟု သုတေသန ပညာရှင်များက ၎င်းတို့၏စာတမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။

Mizzima - News in Burmese

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့


အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
           
‘‘အိမ်ကို မီးရှို့တာက အိမ်ပိုင်ရှင်ရဲ့သမီးပါ။ သူက အရက်စွဲနေတာ။ သူ့အမေကို အရက်ဖိုးတောင်းတာမရလို့ အိမ်ကိုမီးရှို့ခဲ့တာပါ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအကြောင်းရင်းကို အတည်ပြု ပြောကြားသည်။
         
အဆိုပါနေအိမ်တွင် မိသားစုခြောက်ဦးနေထိုင်ပြီး အိမ်ထောင်ဦးစီးအမျိုးသားကြီးမှာ လေဖြတ်နေသူတစ်ဦးဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်မှ လူများက ကယ်တင်ခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
           
ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ကို မီးရှို့ခဲ့သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးကို ဟားခါးမြို့နယ်ရဲစခန်းမှ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Author: ဇွဲဉာဏ်
7day Daily



ထောင်ပေါင်းများစွာသော လူရိုးတွေနဲ့ လုပ်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း



ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့မှာ ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူးလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်းလိုက်ပြီဆိုတာနဲ့ ကြောချမ်းအောင် ခံစားရပါလိမ့်မယ်။ စစ် နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့ အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။

ဒီ Chapel (ခရစ်ယာန် ဘုရားရှိခိုးကျောင်းအသေး)ကို ပိုလန်၊ Czermnaရွာ ခရစ်ယာန်ဘုန်းကြီးက တည်ဆောက်ခဲ့တာပါ။ Silesia စစ်ပွဲတွေ၊ နှစ် ၃၀ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားတွေ၊ ပြည်သူတွေနဲ့ ပလိပ်ရောဂါ၊ ကာလ၀မ်းရောဂါတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ အရိုးတွေနဲ့ တည်ဆောက်ထားတာပါ။

ကယ်တင်ခြင်းတပ်နဲ့ သေခြင်းကို မမေ့ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆပ်ကပ်တဲ့ စားပွဲပေါ်မှာတော့ ရွာသူကြီးရဲ့ ဦးခေါင်းခွံနဲ့ ကျည်ဆံတွေအပြည့်နဲ့ အရိုးခေါင်းတွေကို တင်ထားပါတယ်။

Credit to Trend Myanmar

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အကျယ်ချုပ် ချထားခြင်း မရှိဟုဆို


KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို KIO အဖွဲ့က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG အဖွဲ့ဝင် ဦးခွန်အောင်က The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်ကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လက မတ်လ ၆ ရက်နေ့မှ စတင်ကာ အကျယ်ချုပ် သဘောဖြင့် စောင့်ကြည့်နေကြောင်း ပြည်တွင်းအွန်လိုင်း မီဒီယာအချို့တွင် ရေးသား ဖော်ပြမှုများနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်အဖြစ် လုပ်ဆောင်လျက် ရှိပြီး KIA စစ်ဦးစီးချုပ်က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ဦးခွန်အောင်က ပြောကြားသည်။

“ဗိုလ်ချုပ်က ကျန်းမာရေး မကောင်းလို့ ထိုင်းကို ဆေးသွားကုတာပဲ ရှိပါတယ်။ အခု ပြန်ရောက်နေပါပြီ။ ကျန်တာတွေက သတင်းမှားတွေပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ အကျယ်ချုပ် ချထားသည် ဆိုသည့် သတင်းမှာ ကချင်လူထုနှင့် တပ်မတော်ကြား သွေးခွဲခြင်း ဖြစ်ပြီး ဟုတ်မှန်ခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

“ကိုးရက်နေ့ကတောင် ကချင်မှာ သန်းခေါင်စာရင်း ကောက်ဖို့ ကိစ္စ ဆွေးနွေးခဲ့ပါသေးတယ်။ အကျယ်ချုပ် ချတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ၁၉၈၀ ပြည့်နှစ်များတွင် မန္တလေး တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ကချင်လွတ်လပ်ရေး တပ်မတော်သို့ တပ်သားအဆင့်မှ ဝင်ရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ် ဂွမ်မော်သည် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး ညီလာခံများသို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာလအတွင်း ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သော ကချင်လက်နက်ကိုင် ခေါင်းဆောင်ဖြစ်ကာ NCCT အဖွဲ့ဝင်အဖြစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း အပြီးသတ် ရေးဆွဲနိုင်ရေးကို ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly

ဒိန်ချဉ်သည် ဖွံ့ဖြိုးဆဲ ကလေးများနှင့် ကယ်လ်ဆီယမ် လိုအပ်သူများ အတွက် လိုအပ်သော အစာဖြစ်


ဒိန်ချဉ်သည် ပရိုတင်းများစွာပါဝင်ကာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါရှိခြင်းကြောင့် ကြီးထွားဖွံ့ဖြိုးဆဲ ကလေး ငယ်များနှင့် အစားအစာမှ ထပ်မံ၍ ကယ်လ်ဆီယမ် လိုအပ်သူများအတွက် ကောင်းမွန်ပါကြောင်း

အာဟာရ ဓာတ်များဆိုင်ရာ ပညာရှင်ကြီးတစ်ဦးက ပြောကြား ခဲ့ကြောင်းသိရသည်။ ပရိုဘိုင်အိုတစ်ခေါ် ဗက်တီးရီးယား များပါသောဒိန်ချဉ်သည် အစာအိမ်အတွက် ကောင်းမွန်စေပြီး ဝမ်းနှင့်ပတ်သက်သော ရောဂါများဖြစ်သည့် ဝမ်းချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း ရောဂါများကို ထိန်းချုပ်ပေးနိုင်သည်။

ထို့အပြင် အသက်အရွယ် ကြီးလာပါက အများဆုံး ဖြစ်ပွားနိုင်သည့် အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်ပွားနိုင် ခြင်းမရှိစေရန်နှင့် သွေးပေါင်ချိန် တည်ငြိမ်အောင် ထိန်းပေးနိုင်စေရန် ဒိန်ချဉ်ကို သောက်သုံးပေးပါက အ ထက်ပါ ဝေဒနာများကြုံတွေ့နိုင်ခြင်းမှ ကာကွယ်ပေးနိုင် မည်ဖြစ်သည်။ ဒိန်ချဉ်သည် ကျန်းမာရေးအတွက် အလွန် အထောက်အကူပြုနိုင်ပြီး မှန်မှန်စားသုံးပါက သက်ရှည်ကျန်းမာစေသည့် အရင်းအမြစ် တစ်ခုဖြစ်ကာ စားသုံးသူများအတွက် ပရိုတင်းကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အသားဓာတ်ကို အလုံအလောက် ပေးနိုင်သော အစားအစာ တစ်မျိုးဖြစ်ကြောင်း သိရသည်။

ဲမြ၀တီ

မူးယစ်ဆေးဝါးနှင့် လက်နက်သယ်ဆောင်သူ နှစ်ဦးကို ဖမ်းဆီး


အဖွဲ့အစည်းတခုကို အမည်ခံပြီး မူယစ်ဆေးဝါးနဲ့ လက်နက်သယ်ဆောင်သူ ၂ ဦးကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အမည်ခံပြီး လက်နက်နဲ့ မူးယစ်ဆေးဝါး သယ် ဆောင်သူ နှစ်ဦးကို ဘားအံမြို့နယ် သံလွင်တံတားမှာ မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကနေပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေကို ရှာဖွေစစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

“ပြောရရင်တော့ ဘယ်အဖွဲ့ကမှမဟုတ်ဘူး ယောင်ဝါးတွေပေါ့။ သာမန်အရပ်သားတွေပါ။ မူးယစ်ဆေးဝါးကတော့ စိတ်ကြွဆေးအပြား ၅၀ နဲ့ လက်နက်မျိုးစုံ ၄ လက် အသေးတလက်နဲ့ အကြီး ၃ လက်ပေါ့။ သယ်တာကတော့ စောဇင်ဘိုနဲ့ စောလာဒင်(ခေါ်) စောမျိုးအောင်။”

ဖမ်းဆီးရမိတဲ့ စောဇင်ဘိုနဲ့ စောလာဒင် (ခေါ်) စောမျိုးအောင်ကို လက်နက်ဥပဒေပုဒ်မ ၁၉ (က) နဲ့ မူးယစ်ဆေးဝါပုဒ်မတွေနဲ့ အမူဖွင့်ထားတယ်လို့ အဲဒီရဲ့အရာရှိကပဲ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ စောလာဒင်(ခေါ်)စောမျိုးအောင်ဟာ လက်ရှိ KNU/KNLA ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင်ရဲ့ သမီး နော်ကပေါ်ထူးရဲ့ စီးပွားရေးတာဝန်ခံသာဖြစ်ပြီး အဖွဲ့တခုလုံးနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသီက ပြောပါတယ်။

“သူက ကပေါ်ထူးကူမ္ပဏီရဲ့ စီးပွားရေးတာဝန်ခံ၊ နာမည်က ဘင်လာဒင် သူက ဆရာမ ကပေါ်ထူးရဲ့လူပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးကောင်စီတခုလုံးနဲ့ ပတ်သက်တယ်လို့ ပြောလို့ ဘယ်ရာမလဲ။ သူကုမ္ပဏီနဲ့ပဲ ပတ်သက်တယ်။ အဲဒီကုမ္ကဏီက ငြိမ်းချမ်းရေကောင်စီအတွက် ဘာမှ အကျိုးမရှိတာ။ သူတို့ဟာသူတို့ပဲ လုပ်စားကြတာ။ သူတို့က ကုန်သွယ်ရေးလုပ်တာပေါ။”

DVB Burmese

တရုတ်တွေဆိုတာ အဘိုးအဘွားသင်္ချိုင်း အလွန်တန်ဖိုးထားတယ်၊ ကျွန်မတို့သင်္ချိုင်းမြေကျတော့---


မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ သံလွင်ရေလယ်ခေါင်းဆေးကျွန်း ပေါ်၌ ၂၀၁၄ မတ်လ ၁၄ ရက် နံနက် ၁၀ နာရီအချိန်တွင်သံလွင် မြစ်တည်တံ့ခိုင်မြဲရေး ဆုတောင်း ပွဲတစ်ခုကို တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ် လူငယ်များနှင့် မြန်မာမြစ်ချောင်းများကွန်ရက် အဖွဲ့က ဦးဆောင်ကျင်းပပြုလုပ် ခဲ့ကြသည်။

မတ်လ၁၄ရက်သည်အပြည် ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်း သိမ်းရေးနှင့်ရေကာတာဆန့်ကျင် ရေးနေ့ဖြစ်သည့်အတွက် သံလွင် ရေလယ်ကျွန်းပေါ်၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားလူငယ် များနှင့်အတူ ဘာသာကြီး ၄ ခုမှ ကိုယ်စားလှယ်ကြီးများကပါတက် ရောက်ဆုတောင်းပေးကြကြောင်း သိရသည်။

သံလွင်မြစ်ရေလယ်သဲခုံပြင် ကြီးပေါ်တွင် ကိုယ်စားလှယ်တိုင်း ရင်းသားညီအစ်ကို မောင်နှမများ က သံလွင်မြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများနှင့် ပတ်သက်ပြီး ကောင်းကျိုးဆိုးပြစ်များကို ကြို တင်ခန့်မှန်းနိုင်ရန် ဒေသအလိုက် သဘာဝအရင်းအမြစ်များ၊သဘာဝ သယံဇာတများဆိုင်ရာ အတွေ့ အကြုံတို့ကို ရှင်းလင်းပြောကြား ကြရာ ““ကျွန်မကတော့ ကချင် ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွာပြောင်းရွှေ့ခံ ခဲ့ရတဲ့ မြစ်ဆုံဒေသခံတစ်ဦးပါ။ ကုမ်္ပဏီတွေက ပြောပါတယ်။ ဒီ မြစ်ဆုံစီမံကိန်းကို ၈၀ ရာခိုင်နှုန်း ဒေသခံတွေကသဘောတူလို့ခုလို ရေကာတာလုပ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့သဘော တူလို့ ရွာပြောင်းခဲ့တာ မဟုတ်ပါ ဘူး။ ကျွန်မတို့အပေါ်ကျရောက် နိုင်တဲ့ အမျိုးမျိုးအဖက်ဖက်က ပြဿနာတွေ၊ အန္တရာယ်တွေကို ကြောက်လို့ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့သဘောနဲ့ ပြောင်းရွှေ့ခဲ့ကြရတာပါ””ဟု ပြော ကြားသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းဧရိယာတွင် ပါဝင်သည့် သူ  ၏ရွာဟောင်းလေးကို မစွန့်ခွာချင် သော်လည်း အခြေတကျရှိသည့် ရွာဟောင်းလေးနှင့်အတူအိမ်မွေး တိရစ္ဆာန်များကိုပါ စွန့်ခွာထားခဲ့ရ  ကြောင်း ဆက်လက်ပြောကြား ရာ ““အခု ကျွန်မတို့ ၃ နှစ်ကျော် ပြီ။ ကိုယ်နေတဲ့ရွာဟောင်းကို ပြန် ၀င်ခွင့်မရှိဘူး။ လူတွေကပြောင်း ပြီးပြီ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကျွဲနွား တွေ၊ တိရစ္ဆာန်တွေက ခုထိ အဲဒီ မှာပဲရှိနေသေးတယ်။ ကိုယ့် ကျွဲ၊ နွားတွေကို သွားမောင်းမယ်။သွား ကောက်မယ်ဆိုရင်လည်း မ၀င်ရ ဘူး။ သတ်မှတ်နေရာဖြစ်လို့ မ၀င် ရဆိုတာ ရှိပြန်တယ်။ သက်ဆိုင် ရာကို အကြောင်းကြားပြီး ကျွန်မ တို့ခွင့်တောင်းတယ်။ ခွင့်တောင်း တော့ နေ့ချင်းပြန် ကောက်လို့ တော့ရတယ်တဲ့။ ညသွားအိပ်ပြီး စောင့်လို့ မရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လယ်လုပ်တဲ့ကျွန်မတို့ နွားတွေက ရိုင်းကုန်ပြီ။အဲဒီနေရာ မှာ အိပ်ပြီးမှသာ မကောက်ရင် ဘယ်လိုမှ ကောက်လို့မရတော့ ဘူး။ နောက်ပြီး သူတို့စမ်းသပ်တူး ဖော်ထားတဲ့ကျင်းတွေထဲမှာကျွန်မ တို့ ကျွဲ၊ နွားတွေကျပြီး သေခဲ့တာ လည်း အများကြီးပဲ။ ဒါပေမဲ့ခုထိ ကျွဲ၊နွားတိရစ်္ဆာန်တွေကိစ်္စ ကျွန်မ  တို့ကို ဆောင်ရွက်ပေးတာ မရှိခဲ့ ဘူး””ဟု ဆိုသည်။

နိုင်ငံတော်သီချင်းထဲက ““ဒါ တို့ပြေ၊ ဒါတို့မြေ ဒို့ပိုင်တဲ့မြေ””လို့ သူမကိုယ်တိုင် ကျောင်းသူဘ၀က မာန်ပါပါ သီဆိုခဲ့ဖူးမည်ဖြစ်သော် လည်း တကယ့်လက်တွေ့တွင် အဘိုးအဘွားသေလို့ မြုပ်စရာ မြေမရှိဘဲ  အခက်တွေ့ခဲ့ရပုံကို ဆက်လက်ပြောကြားရာတွင်သူတို့ တရုတ်တွေဆိုတာအဘိုးအဘွား တွေရဲ့ သင်္ချိုင်းကို အလွန်တန်ဖိုး ထားကြပါတယ်။ အထွတ်အမြတ် ထားကြပါတယ်။ ကျွန်မတို့ရွာက သင်္ချိုင်းမြေ အစားထိုးတဲ့နေရာမှာ ကျတော့ ကျွန်မတို့ကို သင်္ချိုင်း မြေမပေးဘူး။ ကျွန်မတို့ ပြောင်း ရွှေ့လာတာ ၃ နှစ်ကျော်၊ ၄ နှစ် ဆိုတော့ကျွန်မတို့မှာလည်းအဘိုး အဘွားတွေသေတာ ရှိတာပေါ့။ လူသေအလောင်းကို ဘယ်မြှုပ်ရ မှန်းမသိဘူး။ သင်္ချိုင်းမြေမရှိဘူး။ သူတို့ကပြောတယ်။ ပိုက်ဆံပေး ရင် သင်္ချိုင်းပေးမယ်ပေါ့။ ကျွန်မ တို့မှာ ပိုက်ဆံကလည်း မရှိဘူး။ ဒီတော့ ကုမ်္ပဏီက တစ်လကို လူ တစ်ယောက် ဆန် ၇ပြည် ခွဲတမ်း ပေးတာရှိတယ်။အဲဒီထဲက ၅ပြည် ကိုပဲထုတ်ပြီး သင်္ချိုင်းမြေကို ပြန် ၀ယ်ရတာပေါ့။ ခုချိန်ထိ မ၀ယ် နိုင်သေးဘူး။ အထ မမြောက် သေးဘူး။ အဲဒီလိုပြဿနာတွေ ရှိ နေတယ်””ဟု ပြောသည်။

စီးပွားရေးစီမံကိန်းကြီးများ ကြောင့် ပြောင်းရွှေ့ခံရွာသားများ အားကိုးရာမဲ့နေချိန်တွင် အစိုးရ ပိုင်းတာဝန်ရှိသူတချို့၏ နွယ်မြက် သစ်ပင်ဆေးဖက်ဝင်နိုင်သည့်ကတိ သစ္စာစကားများနှင့် ပတ်သက်ပြီး ဆက်လက်ပြောကြားရာ“ရွာဟောင်း မှာတုန်းက သက်ဆိုင်ရာကပြော ပါတယ်။ မင်းတို့ရွာတွေကိုပြောင်း ရွှေ့တဲ့အခါကျရင်မြေတွေအဆင် သင့်ပဲ။ ရေလည်းအဆင်သင့်ပဲ။ လမ်းပန်းဆက်သွယ်ရေးကအစ ကောင်းတဲ့နေရာမှာ မင်းတို့ကို လုပ်စားခိုင်းမယ်ဆိုပြီး ကတိတွေ ပေးခဲ့တယ်။ တကယ်ရွှေ့ပြောင်း တဲ့အခါမှာ အဲဒီကတိဥစ္စာက တခြားစီဖြစ်နေတယ်။ ၃၊၄ နှစ် ရှိနေပြီ။ လယ်သမားတွေ လယ် မလုပ်ရတော့ဘူး။ ကျွဲ၊ နွားတွေ ကလည်း ဟိုမှာကျန်ခဲ့ပြီ။ ကျွန်မ တို့ ဘာမှ မတတ်နိုင်လို့ သက် ဆိုင်ရာကို စာတင်ပြီး အကူအညီ တောင်းကြတယ်။ အခုလက်တွေ့ ဘာမှ လုပ်မပေးဘူးပေါ့နော်။ သူ တို့ထုတ်ပေးတဲ့ ဆန် ၇ ပြည်ကိုပဲ စားနေရပါတယ်။ အခုတော့ ပိုက်ဆံလည်းမရှိ လုပ်စားဖို့ လယ် မြေလည်းမရှိ။ ကျွဲ၊ နွားတွေကို လည်း ပြန်ယူလို့မရ။ အားလုံး အလုပ်လက်မဲ့တွေဖြစ်ပြီး ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ဒုက္ခရောက်နေကြ ရတဲ့ ကျွန်မတို့ကို ၀ိုင်းဝန်းကူညီ ပေးကြပါ။ ဧရာဝတီကို ၀ိုင်းဝန်း ကူညီပေးကြပါလို့ တောင်းဆိုချင် ပါတယ်””ဟု ရွာပြောင်းရွှေ့ခံ ကချင်တိုင်းရင်းသူတစ်ဦးက ပြော ကြားသည်။

ယင်းအခမ်းအနားကိုဦးဆောင် ကျင်းပသည့် မြန်မာမြစ်ချောင်း များကွန်ရက်ကို  ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့၊ သံလွင်ချစ်သူ၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံးနှင့် ကရင်မြစ်ချောင်း များစောင့်ကြည့်ရေးအဖွဲ့ အပါ အ၀င် အဖွဲ့ ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။

ပွင့်ဆန်း(ပုပ္ပါး)
BY HOTNEWS

ဆူးလေဘုရားအနီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူ ၃၀ ကျော်ကို ဖမ်းဆီး


ရန်ကုန်၊ မတ် ၁၇
ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရား အနီးတစ်ဝိုက်တွင် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသူ ၃၀ ကျော်ကို ကျောက်တံတား မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်ရှိ ရဲစခန်းတို့တွင် ဖမ်းဆီး အရေးယူထားကြောင်း အဆိုပါ ရဲစခန်းများထံမှ သိရှိရသည်။
နိုင်ငံခြားငွေများကို တရားဝင် ခွင့်ပြုထားသော ငွေလဲကောင်တာများတွင် လဲလှယ်နိုင်ရန် ဆောင်ရွက်ထားသော်လည်း ကျောက်တံတား မြို့နယ်ရှိ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မဟာဗန္ဓုလပန်းခြံ၊ ဧမာနွေလ ဘုရားကျောင်း အနီးတစ်ဝိုက်တို့တွင် ကမ္ဘာလှည့် ခရီးသည်များထံမှ နိုင်ငံခြားငွေများကို တရားမဝင် ရောင်းဝယ် နေမှုများ ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာမှ နိုင်ငံခြားငွေ တရားမဝင် လဲလှယ်သူ ၃၃ ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများကို ကျောက်တံတား မြို့မ ရဲစခန်းတွင် ၃၀ ဦးနှင့် ပန်းဘဲတန်း မြို့မ ရဲစခန်းတွင် သုံးဦး ဖမ်းဆီးခဲ့ပြီး ခြေချုပ်နှင့် ခံဝန်အက် ဥပဒေဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သက်ဆိုင်ရာမြို့မ ရဲစခန်းများထံမှ စုံစမ်း သိရှိရသည်။
“နိုင်ငံခြားငွေ လဲလှယ်သူ အချို့က ဧည့်လမ်းညွှန်လည်း လုပ်တာ ရှိတယ်။ နိုင်ငံခြားသားတွေကို ပြည်တွင်းခရီးစဉ် ကားလက်မှတ်တွေ ဈေးပိုတင်ရောင်းတာ၊ မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်ရာကနေ ငွေအလိမ်ခံရတယ်တို့ ရဲစခန်းကို ခဏခဏ လာတိုင်တာတွေ ရှိတယ်။ နေ့တိုင်း တစ်ပတ်ကို သုံးလေးယောက် မိနေကျ။ အခု တစ်ပတ်တည်း ၃၃ ဦး ဖမ်းမိတာက ဖမ်းဆီးရမိမှု အများဆုံးပဲ” ဟု ကျောက်တံတား မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ဆူးလေဘုရားအနီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်နေသူများ အနက် အချို့မှာ နိုင်ငံခြားသားများ အပြင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ပြီး ပြန်လာသူများက ၎င်းတို့ထံတွင် ပါလာသော နိုင်ငံခြားငွေ များကို လာရောက် ရောင်းဝယ်ရာတွင် ငွေကြေး လိမ်လည်မှုများ ပြုလုပ်လေ့ ရှိကြောင်း နိုင်ငံခြားငွေ ရောင်းချခဲ့သူများထံမှ သိရှိရသည်။
“မလေးရှား ငွေတွေ ပါလာလို့ ဧမာနွေလ ဘုရားကျောင်းနားမှ လာရောင်းတုန်းက ရဲရှိလို့ မြန်မြန်လုပ်ဆိုပြီး မလေးရှားငွေ ရောင်းရတဲ့ သုံးသိန်းပေးပြီး သူတို့က ထွက်သွားတာ။ ပေးခဲ့တဲ့ တစ်ထောင်တန် သုံးအုပ်ကို ပြန်စစ်တော့ တစ်အုပ်မှာ အရွက် ၈၀ တည်း ပါတယ်။ အဲဒီလူတွေ လိုက်ရှာတာ မတွေ့တော့ဘူး” ဟု မလေးရှားနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သော အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ရှင်းပြသည်။
ဆူးလေဘုရားအနီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများမှာ အုပ်စုဖွဲ့ လုပ်ကိုင်လေ့ ရှိပြီး ငွေကြေး လိမ်လည် ခံရသူများ တိုင်ကြားလာသောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့နှင့် အထူး မှုခင်းနှိမ်နင်းရေး အဖွဲ့တို့က ပူးပေါင်းကာ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
The Voice

ရေများများသောက်လျှင် ဝိတ်ကျသည်ဆိုခြင်းကို အတည်မပြုနိုင်ဟုဆို




အမေရိကန် အာဟာရ ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာဘာ့သ် ကစ်ချင်က ရေများများ သောက်ခြင်းသည် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေသည်ဆိုသော ဆိုရိုးနှင့် ပတ်သက်ပြီး အလေးအနက် သုတေသနပြု လေ့လာခဲ့သည်။

ရေသောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်သည်ဆိုသော အယူအဆကို မှန်ကန်သည်ဟု အတည်ပြုနိုင်စရာ အထောက်အထား မရှိကြောင်း ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။ အမေရိကန် အာဟာရ ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာဘာ့သ် ကစ်ချင်က ရေများများ သောက်ခြင်းသည် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေသည်ဆိုသော ဆိုရိုးနှင့် ပတ်သက်ပြီး အလေးအနက် သုတေသနပြု လေ့လာခဲ့သည်။
သူမက ရေများများ သောက်သည့်အခါ ခန္ဓာကိုယ်တွင် ကယ်လိုရီ လောင်ကျွမ်းမှု ပမာဏ ယောင်ယောင်လေးမျှ တိုးတက်လာသည်ကို အသိအမှတ် ပြုခဲ့သည်။ သို့သော်လည်း ယင်းသည် ကိုယ်အလေးချိန် လျှော့ချနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် လက်ခံနိုင်လောက်စရာ မရှိကြောင်း မှတ်ချက်ပြုသွားသည်။ သူမက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းရန်အတွက် ရေသောက်သင့်ကြောင်း တိုက်တွန်းခဲ့သော်လည်း တစ်နေ့လျှင် ရေ(၈)ခွက်မျှ သောက်ပါက ကိုယ်အလေးချိန် လျော့ကျနိုင်ကြောင်း ပြောဆိုမှုများသည် ယုံတမ်းသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အလာဘားမား တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ ကစ်ချင်က “ရေများများသောက်တာက ခန္ဓာကိုယ် အလေးချိန်ကို ကျဆင်းသွားစေတယ်ဆိုတာ အင်မတန် နည်းပါးတဲ့ အထောက်အထားလောက်ပဲ ရှာတွေ့တယ်။ ပြောရမယ်ဆိုရင် ဒါဟာ ကိုယ့်ဖာသာ လိုရာဆွဲ တည်တံ့နေစေတဲ့ ယုံတမ်းတစ်ခုပါပဲ”ဟု ဆိုသည်။ သူမက “ရေများများသောက်တာ မကောင်းဘူးလို့ ကျွန်မလုံးဝ မပြောဘူးနော်။ ဒါပေမဲ့ ခုချိန်ထိ ရေများများသောက်လို့ ကယ်လိုနီ နည်းနည်းလေး ပိုပြီး လောင်ကျွမ်းနိုင်ကြောင်း ပြသနိုင်တဲ့ သုတေသန စမ်းသပ်ချက် တစ်ခုပဲ တွေ့ဖူးသေးတယ်။ ဒါကလည်း ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ သိပ်ကို ထိရောက်တဲ့ ပမာဏမျိုးတော့ မဟုတ်ဘူး”ဟု ရှင်းပြခဲ့သည်။
ဒေါက်တာကစ်ချင်က “လူတွေက အရည်များများ သောက်သင့်တာတော့ အမှန်ပါပဲ။ ရေချည်းသက်သက် ဖြစ်ဖို့ မလိုပါဘူး။ ရေသောက်လိုက်လို့ အဆီတွေ ပိုပြီးပျော်ဝင်ကျေပျက်သွားတာ၊ အစာစားချင်စိတ် နည်းသွားတာမျိုး ဖြစ်နိုင်တဲ့ ဘာအထောက်အထားမှလည်း မရှိဘူး။ ဒါကြောင့် ရေများများ မသောက်ချင်တာလည်း ပြဿနာ မဟုတ်ဘူး။ ဥပမာ လူတွေက ကော်ဖီဟာ ရေဓာတ်ဖြည့်ဆည်းနိုင်တယ်လို့ မထင်ကြဘူး။ ဒါပေမဲ့ ကော်ဖီသောက်ခြင်းဟာလည်း ရေဓာတ်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်စွမ်း ရှိပါတယ်”ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

ခြေထောက် ကိုက်ခဲခြင်း (Foot aches) အတွက် အလွယ်ကုသနည်းများ



ခြေထောက် (foot) တစ်ချောင်းမှာ အရိုးပေါင်း ၂၆ ခု၊ အဆစ်ပေါင်း ၃၃ ဆစ်၊ အရွတ်ပေါင်း ၂၀၇၊ ကြွက်သားပေါင်း ၁၉ ခုနဲ့ ခြေထောက် တစ်ခုဖြစ်ဖို့ တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့ အကြောမျှင်ပေါင်း များစွာ ပါရှိပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၈၀၀၀ မှ ၁၀၀၀၀ ကြား ခြေလှမ်းလေ့ ရှိတာကြောင့် ခြေဖဝါးပေါ်မှာ ကျရောက်တဲ့ ဖိအားဟာ သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ထက် ပိုပြီး များလေ့ ရှိတတ်ပါတယ်။ ဒါ့အပြင် မိမိနဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်တာကြောင့် ခြေထောက် နာကျင်တတ်ပါတယ်။ ခြေထောက် နာကျင်တာ သက်သာတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ခြေထောက်ကို မြှင့်တင်ထားပါ

သင်အိမ်ရောက်တာနဲ့ ထိုင်ပြီး ခြေထောက်ကို မြှောက်ထားပါ။ သွေးလှည့်ပတ်မှု ကောင်းအောင် ခြေချောင်း လေ့ကျင့်ခန်း လုပ်ပါ။ ခန္ဓာကိုယ်ရဲ့ ၄၅ ဒီဂရီလောက် ရောက်အောင် ခြေထောက် မြှောက်ထားပြီး မိနစ် ၂၀ ခန့် ဖြေလျော့ထားပါ။ (ခွေးခြေခုံပေါ် ခြေထောက် တင်ထားပါ)

ဆားရည်စိမ်ပါ

ခြေထောက်တွေ ညောင်းနေရင် အကောင်းဆုံး နည်းလမ်းဟာ ဆား ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် နှစ်ဇွန်းစာကို ရေနွေးဇလုံ တစ်ခုထဲ ထည့်ပြီး သင့်ခြေထောက်ကို ခဏ စိမ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်ဆေးပြီး ခြေထောက်ကို အခြောက်ခံကာ Moisturiser ခရင်မ်လိမ်းပြီး နှိပ်ပေးပါ။

အပူတစ်လှည့် အအေးတစ်လှည့် အသုံးပြုပါ

ရေချိုးဇလုံပေါ် ထိုင်ပြီး သင့်ခြေထောက်ကို ဘုံပိုင်ရေအောက်မှာ မိနစ်အနည်းငယ် ထားပါ။ ရေနွေး တစ်မိနစ်၊ ရေအေး တစ်မိနစ်ကို တစ်လှည့်စီ ဖွင့်ပြီး နောက်ဆုံး ရေအေးနဲ့ အဆုံးသတ်ပါ။ အပူအအေး မညီမျှတဲ့ ရေကြောင့် ခန္ဓာကိုယ် စနစ်အားလုံး လန်းဆန်းစေနိုင်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးလှည့်ပတ်မှု ပြဿနာ ရှိနေရင် သင့်ခြေထောက်ကို အပူချိန် လွန်လွန်ကဲကဲနဲ့ မထိတွေ့စေပါနဲ့။

အနှိပ်ခံပါ

ခြေထောက်ကို နို့စို့ကလေးငယ်တွေ လိမ်းတဲ့ အဆီ (Baby Oil) ကို အသုံးပြုပြီး အနှိပ်ခံပါ။ ခြေဖဝါး တစ်ခုလုံးကို နှိပ်ပါ။ ခြေချောင်းတွေကို အသာအယာ ဖျစ်ညှစ်ပြီး ခြေဖဝါးပေါ်မှာ စက်ဝန်းပုံသဏ္ဌာန် ဖိပြီး နှိပ်ပေးပါ။ ခြေဖဝါး arch နေရာကို သင့်လက်မနဲ့ မာနိုင်သမျှ မာမာ ဖိဆွဲနိုင်ရင် အကောင်းဆုံးပါ။

ရေခဲကပ်ပါ

ရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီး မိနစ်အနည်းငယ်ကြာမျှ သင့်ခြေဖဝါးနဲ့ ခြေချင်းဝတ်ကို ပွတ်ပေးပါ။ ရေခဲကြောင့် ရောင်ရမ်းမှု လျော့စေပြီး ထုံသွားတာကြောင့် နာကျင်တာ သက်သာသွားနိုင်ပါတယ်။ ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး အရက်ပြန် ဒါမှမဟုတ် ရှလကာရည်နဲ့ ပွတ်ပေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ခြေဖဝါးနဲ့ ခြေထောက်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အကိုက်အခဲ သက်သာသွားနိုင်ပါတယ်။ နေ့ခင်းပိုင်းမှာ ခြေထောက်တွေ တောင့်တင်းပြီး ကြွက်တက်တတ်ရင် သင့်လက်တွေကို တုန်ခါလှုပ်သလိုမျိုး ခြေထောက်ကို လှုပ်ပေးပါ။ တစ်ကြိမ်ကို ခြေထောက်တစ်ဘက်ပဲ လှုပ်ပြီး ခြေချောင်းတွေကို အပေါ်အောက် ကွေးဆန့်ပါ။ သင်ဟာ အချိန်အကြာကြီး မတ်တတ်ရပ် နေရရင် အဲဒီနေရာ ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ လမ်းလျှောက်နေပါ။
ခြေထောက်တစ်ဖက်ကို ခွေးခြေပေါ်တင်ပြီး အနားပေးတာ ဒါမှမဟုတ် မကြာခဏ ခြေလှမ်းလှမ်းတာတွေ လုပ်ပါ။ ခြေထောက်တောင့်တာ သက်သာအောင် ဖိနပ်ချွတ်ပြီး ထိုင်ခုံပေါ် ထိုင်ကာ ခြေထောက်ကို ဆန့်တန်းထားပါ။ ခြေချင်းဝတ်မှ ခြေထောက်ကို Direction တစ်ဘက်သို့ ၁၀ ကြိမ်လှည့်ပြီးနောက် Direction တစ်ဖက်ကို ၁၀ ကြိမ်စီ လှည့်ပေးပါ။ ခြေချောင်းတွေကို အောက်ဘက် စိုက်နိုင်သလောက် စိုက်ပြီးနောက် အပေါ်ဘက်ကို လှန်နိုင်သလောက် လှန်ပါ။ ၁၀ ကြိမ် ထပ်မံပြုလုပ်ပြီး ခြေချောင်းတွေ အားလုံးကို ဆုပ်ကိုင်ပြီး အရှေ့နောက် ဆွဲပါ။ ခြေဖဝါးကို နှိပ်နိုင်အောင် ဖိနပ်ချွတ်ပြီး တင်းနစ်ဘောလုံး ဒါမှမဟုတ် ဂေါက်သီး ဘောလုံးပေါ် ခြေဖဝါးလှိမ့်ပေးပါ။

ခြေဖဝါးသက်သာအောင်

အောက်ခံ Sole ပြားထူတဲ့ ဖိနပ်စီးပါ။ Sole ပြားပါးတဲ့ ဒေါက်မြင့်ဖိနပ်တွေ မစီးပါနဲ့။

ဒေါက်မြင့်ဖိနပ် ပြောင်းလဲစီးပါ

ဒေါက်မြင့်ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားတွေ တောင့်တင်းပြီး ခြေထောက် ညောင်းညာတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ ဒေါက်နိမ့် ဖိနပ်ကို တစ်လှည့်စီ စီးပါ။

ဖိနပ်ဝယ်ရင် ညနေပိုင်းမှာ ဝယ်ပါ

ခြေဖဝါးဟာ နေ့ခင်းပိုင်းမှာ ကျယ်ပြန့်လာတတ်တဲ့ အတွက် ညနေပိုင်း ခြေထောက် သွေးကျတာ အတွက်ပါ နေရာ ပေးနိုင်တဲ့ ဖိနပ်ဝယ်ပါ။ မတ်တတ်ရပ်စဉ်မှာသာ ဖိနပ်ကို တိုင်းပြီး ဖိနပ်မဝယ်ခင် နှစ်ဖက်စလုံး စီးကြည့်ပါ။ ခြေထောက်တစ်ဖက်က တခြား တစ်ဖက်ထက် ကြီးနေရင် ကြီးတဲ့ ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ကို ဝယ်ပါ။

ဆရာဝန်နဲ့ ဘယ်အချိန် ပြရမလဲ

- သင့်ခြေထောက်ဟာ တစ်နေ့လုံး နာကျင်နေရင်
- ရှူးဖိနပ်စီးလို့ မရနိုင်အောင် နာကျင်နေရင်
- မနက်ပိုင်းမှာ လမ်းလျှောက်လို့ မရအောင် နာကျင်နေရင် ခြေထောက်မှာ ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်တာဟာ သွေးလှည့်ပတ်မှု နည်းတာ၊ ဆီးချိုရောဂါ သွေးအားနည်းတာ၊ သိုင်းရွိုက်ရောဂါ၊ အရက်မူးလွန်တာ ဒါမှမဟုတ် တခြား ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြပါ။

ဇော်ဂျီဇီဝက-တိုင်းရင်းဆေး မှ ပြန်လည်မျှဝေပါသည်။

ဒေါက်တာခင်မိုးမိုး
by Good Health

ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်


လန်ဒန်၊ မတ် ၁၈

"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသော ဓာတ်ပုံကိုလည်းယင်းမျက်နှာဖုံးတွင်ပင်
ဖေါ်ပြထားပြန်သည်။

ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီအဟောက်သတင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့်သတင်းစာအဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေခဲပြင်အောက်တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကိုလည်းဖော်ပြခဲ့ဖူးသည်။

Popular Myanmar News Journal

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့် ဥပဒေ အတည်ပြု


သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင်ဦးရေရဲ့ ၁ ရာခိုင်နှုန်းက ကန့်ကွက်ရင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းကို ပြည့်သူလွှတ်တော်က မတ်လ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

၁ ရာခိုင်နှုန်းက နည်းလွန်းသလို သိပ်မခက်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက အမြဲတမ်း အတိုင်ခံရဖို့များပြီး စစ်ဆေးဖို့ကလည်း ငွေကုန်ကြေးကျများသလို အချိန်ကုန်တဲ့ အတွက် ၁ ရာခိုင်နှုန်းနဲ့ မဖြစ်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်တွေက ကနဦးက ပယ်ချခဲ့တာပါ။

ဒါပေမယ့် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တင်သွင်းလာရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဦးစွာမဲဆန္ဒရှင်ရဲ့ လတ်မှတ်တွေဟာ အဂတိကင်းမကင်း စစ်ဆေးရမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ရှင်းပြပါတယ်။

ဒီနောက် အကြောင်းအရာကို စစ်ဆေးပြီးသေချာပေမယ့် လွှတ်တော် ကိုယ်စားလှယ်ကို ရပ်နားခွင့်မရှိဘဲ သက်ဆိုင်ရာ ဒေသမှာ မဲပေးပိုင်ခွင့်ရှိသူ တ၀က်က မဲလာရောက်ပေးကာ လူထုဆန္ဒခံယူပြီးမှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စုံစမ်းရေးအဖွဲ့က လုပ်ကြံတိုင်ကြားတဲ့အကြောင်း သိရှိရပါက ကော်မရှင်အနေနဲ့ တိုင်ကြားသူတွေကို တရားစွဲသွားလို့ ရတယ်လို့ သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကို အမျိုးသား လွှတ်တော်မှာ အတည်ပြုရမှာ ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ထပ်မံအတည်ပြုရမှာ ဖြစ်တဲ့အတွက် နောင်လာမယ့် လွှတ်တော်ရောက်မှသာ ဒီဥပဒေကို အတည်ပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေကို အရင်ကတည်းက တင်သွင်းခဲ့ပေမယ့် လွှတ်တော်က ဆိုင်းငံ့ထားပါဆိုပြီး အစိုးရကို ပို့ပေးခဲ့ပေမယ့် ပြန်လည်ပေးပို့လာတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



DVB Burmese

မီတာခ နှုန်းထားသစ် အမတ်အများစု ထောက်ခံ


သမ္မတ ဦးသိန်းစိန်အစိုးရဟာ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အရင် မီတာခ တိုးနှုန်း တွေအစား ထပ်ပြီးလျော့ချထားတဲ့ မီတာခနှုန်းထားအသစ်တွေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ရာမှာ အမတ်အများစုက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

အခု အသစ်တင်ပြလိုက်တဲ့ မီတာခနှုန်းထားတွေကတော့ အိမ်သုံးယူနစ် ၁၀၀ အထိ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀၊ ယူနစ် ၂၀၀ အထက် ကျပ် ၅၀ နှုန်း၊ စက်မှုနဲ့ စီးပွားရေးလုပ်ငန်းသုံး ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ် ၅ ထောင်အထိ ၁၀၀ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်းအထိ ၁၅၀ ကျပ်နဲ့ ယူနစ် ၂ သိန်းအထက် ၁၂၅ ကျပ်အဖြစ် ပြန်လည် လျော့ချ သတ်မှတ်ထားပါတယ်။

ခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ နှစ် ကျပ်ငွေ ၁၂ ဘီလီယံလောက် အရှုံးပေါ်နေဦးမယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်အမတ်တွေကို ပြောပါတယ်။

ဒီ နှုန်းထားအသစ်တွေကို လာမယ့် မတ် ၁၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျရင် အတည်ပြုပေးမယ်လို့ သိရပါတယ်။

DVB Burmese 

အယ်ကိုင်ဒါအဖွဲ့နှင့်ပူးပေါင်းမည့် အမေရိကန်ကျောင်းသား ဖမ်းဆီးခံရ


အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ကောလိပ်ကျောင်းသားတဦးဟာ အယ်ကိုင်ဒါ တပ်ဖွဲ့တဖွဲ့ကို ပူးပေါင်းဖို့ ထွက်လာစဉ် အမေရိကန်-ကနေဒါနယ်စပ်မှာ မတ် ၁၇ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ မွေးဖွားပြီး အစ္စလာမ်ဘာသာပြောင်းထားသူ အသက် ၂၀ အရွယ် Nicholas Teausant ဟာ ကနေဒါနိုင်ငံကတဆင့် ဆီးရီးယားနိုင်ငံကို သွားရောက်ဖို့ ဖြစ်ပါတယ်။

သူဟာ တပ်မှူးတဦးအဖြစ်နဲ့ အီရတ်-ဆီးရီးယား အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေး တပ်ဖွဲ့မှာ ပါဝင်ဖို့ စီစဉ်ထားပြီး နိုင်ငံတကာသတင်းကြီးတွေမှာ ပါဝင်ချင်တယ်လို့ ဆိုပါတယ်။

အီရတ်-ဆီးရီးယားအစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးတပ်ဖွဲ့ဟာ အရွယ်အစား သေးငယ်ပေမယ့် အစွမ်းထက်ပြီး နိုင်ငံခြားသားတိုက်ခိုက်ရေးတပ်သား အများအပြားကို ဆွဲဆောင်နေတဲ့ အယ်ကိုင်ဒါတပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

သမ္မတ ဘာရှားအယ်လ် အာဆက်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေပြီး ဆီးရီးယား သူပုန်အချင်းချင်းကိုလည်း ပြန်တိုက်နေတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။

သူဟာ လော့အိန်ဂျလစ် မြေအောက်ရထားလိုင်းကို ခရစ်စမတ်နေ့အကြိုနေ့ ဒါမှမဟုတ် နှစ်သစ်ကူးနေ့မှာ ဖောက်ခွဲချင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သူဟာ ပြစ်မှုထင်ရှားရင် အများဆုံးထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ပေးဆောင်ရနိုင်ပါတယ်။

DVB Burmese

စေတီ ကိုးကွယ်တယ် ဆိုတာ


တစ်နေ့ နိုင်ငံခြားသားတစ်ယောက်သည် ရွှေတိဂုံစေတီကို ကြည့်ပြီး ဗမာတစ်ယောက်ကို မင်းတို့တွေ အုတ်နဲ့လုပ်ထားတဲ့ ဒီစေတီတွေကို ကိုးကွယ်တယ် ကန်တော့တယ်ဆိုရင် အိမ်သာတွေလည်း အုတ်နဲ့လုပ်ထားတာပဲ၊ ဒါတွေကို ဘာလို့ မကန်တော့တာလည်းတဲ့။
အမေးခံရတဲ့သူကလည်း ဘာပြောရမှန်း မသိတော့၊ ဘာသာရေးလိုက်စားတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို မေးလိုက်တော့ - သူက နိုင်ငံခြားသားကို ပြန်ပြီး မေးလိုက်တယ်

"ခင်ဗျားမှာ အမေ နဲ့ ညမ ရှိလား၊ နောက်ပြီး မိန်းမလည်းရှိလားတဲ့"

သူကရှိတယ်ပေါ့၊ ဒါနဲ့ ဟိုကပြန်မေးတယ်

"သူတို့တွေက မိန်းမခြင်းတူကြတယ်နော်၊
ဒါပေမယ့် ခင်ဗျားအိပ်တော့ ဘယ်သူနဲ့ အိပ်လည်းတဲ့"

၊ နိုင်ငံခြားသားလည်း ဖြေရခက်သွားတယ် - ပြီးတော့ ဆက်ပြီးပြောလိုက်တယ်

"အေ အဲဒီလိုပဲ သူ့နေရာနဲ့သူပဲ အမေကို အမေနေရာမှာထား မိန်းမကို မိန်းမနေရာထားရတယ်။ သွားမရောနဲ့တဲ့။ စေတီဆိုတာ ဘုရားကို ရည်စူးပြီး ကိုးကွယ်ဖို့ လုပ်ထားတာ၊ အိမ်သာက အိမ်သာတတ်ဖို့ လုပ်ထားတာ" ဆိုပြီးပြောလိုက်တယ်။

( မှတ်ချက်။ ။ အဖြေဟာ လိုရင်း တိုရှင်း နဲ့ ဘာသာခြားများကို မြင်သာထင်သာအောင်တာ ဖြေဆိုထားခြင်းဖြစ်ပါသည်။ )

- ဒါကို (the-eXistence) ကျွန်တော့ အဖေ ပြန်ပြောပြတာပါ။ ဘယ်သူက ပြန်ဖြေထားတာလည်းဆိုတာတော့ အသိအကျ မသိပါ။ ဒေါက်တာမင်းတင်မွန် ရဲ့ တရားပွဲမှာ နာကြားရခြင်းဖြစ်ပါတယ်။

World0fWisdom

Air Myanmar Aviation Services ကုမ္ပဏီက ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များအား ရေနံရှာဖွေရေး လုပ်ငန်းများတွင် ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်မည်



Air Myanmar Aviation Services ကုမ္ပဏီက ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များအား ရေနံရှာဖွေရေး လုပ်ငန်းများတွင် ငှားရမ်းခြင်း လုပ်ငန်းအား လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

လက်ရှိအချိန်တွင် Air Myanmar Aviation Services ကုမ္ပဏီသည် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံရှာဖွေရေး လုပ်ငန်းများတွင် ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များအား ငှားရမ်းခြင်း လုပ်ကိုင်နိုင်ရန် ရဟတ်ယာဉ်သုံးစီးအား ၀ယ်ယူထားကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ် အမျိုးအစားများမှာ AS 350 B3 ရဟတ်ယာဉ်နှစ်စီးနှင့် Agusta Westland 139 ရဟတ်ယာဉ်တစ်စီးတို့ ဖြစ်ကြောင်း သိရသည်။

"Air Myanmar Aviation Services ကုမ္ပဏီအနေနဲ့ ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံ ရှာဖွေရေးလုပ်ငန်းတွေမှာ ရဟတ်ယာဉ်နဲ့ လေယာဉ်ငယ်တွေကို ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်ဖို့ ရဟတ်ယာဉ်သုံးစီး ၀ယ်ထားပြီး မကြာခင် လုပ်ငန်းစတင်နိုင်ဖို့ ရှိပါတယ်။ ကမ်းလွန်ရေနံရှာဖွေရေးကို မစမီမှာ ကုန်းတွင်း ရေနံရှာဖွေရေးတွေမှာ အရင်လုပ်ကိုင်သွားမယ်" ဟု Air Myanmar Aviation Services ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ကမ်းလွန်ရေနံရှာဖွေရေး လုပ်ငန်းများတွင် ရဟတ်ယာဉ်နှင့် လေယာဉ်များ ငှားရမ်းသည့်လုပ်ငန်း လုပ်ကိုင်မည့် Air Myanmar Aviation Services ကုမ္ပဏီသည် ထူးကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ကြောင်း လေကြောင်းလိုင်း အသိုင်းဝိုင်းမှ သတင်းရရှိသော်လည်း Air Myanmar Aviation Services ကုမ္ပဏီမှ တာဝန်ရှိသူက ထူးကုမ္ပဏီနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ထူးကုမ္ပဏီ အုပ်စုသည် မြန်မာနိုင်ငံတွင် သစ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ရှာဖွေတူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်းများ အပါအ၀င် လုပ်ငန်းပေါင်းစုံအား လုပ်ကိုင်လျက်ရှိသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းပိုင်းလုပ်ကွက် ကမ်းလွန်လုပ်ကွက်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ကာ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့်အတူ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပူးပေါင်းပါဝင်ရမည်ဟု သတ်မှတ်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိ ဆောင်ရွက်ဆဲ ဆောင်ရွက်မည့် Major Development Projects များအဖြစ် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေနံရှာဖွေရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

Eleven Media Group

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း ၁၀ ချက်


17.3.2014
ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင်ရဲ့အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အောက်ပါအကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။
၁။ ကိုယ်ဟန်အနေအထားမမှန်ရင် ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင်ထိန်းသိမ်းဖို့ အရေကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ ကိုယ်ဟန်အနေအထားမမှန်ရင် တင်းတောင့်နေတတ်တဲ့အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်အနေအထား မှန်ကန်ဖို့ သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာဖိစီးမှုကြောင့် ခေါင်းကိုက်တာအတွက်တော့ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးတာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။
၂။ စိုစွတ်တဲ့အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တဘက်တစ်ထည်ကိုစိမ်ပြီး ရေညှစ်ပါ။ ပြီးရင်နာကျင်နေတဲ့နေရာပေါ်အုပ်ထားပါ။
၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ပုံစံကတော့ မျက်စိတွေရဲ့နောက်ဘက်နားမှာ နာကျင်မှုခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။
၎။ ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက်အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ်နားပေးဖို့လိုအပ်ပါတယ်။
၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေဆီကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာတတ်ပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ပခုံးတွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။
၆။ အစာမစားဘဲ နေတာဟာလည်းခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့်အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။
၇။ ရေများများသောက်ပါ။ ရေဟာခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ်အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပါ။
၈။ လဲလျောင်းနေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကိုဖြေလျှော့အနားရစေပြီး ခေါင်းကိုက်သက်သာစေပါတယ်။
၉။ အကိုက်အခဲပျောက်ဆေးတွေက ခေါင်းကိုက်သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏခေါင်းကိုက်တိုင်း အကိုက်အခဲပျောက်ဆေး အမြဲလိုလိုသောက်နေတာက မကောင်းပါဘူး။ သင့်မှာ အစာအိမ်နာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေးသောက်ပါ။
၁၀။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေကတော့ သူတို့စားတဲ့အစာတွေကို မှတ်တမ်းထားဖို့လိုပါတယ်။ တချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

ဆေးပညာဆိုင်ရာဆောင်းပါးများ


အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်


အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ၊ မျက်နှာပေါ်မှာ တင်းတိပ်လို အကွက်ပေါ်တာ စတဲ့ အိုမင်းစေတဲ့ အချက်တွေ ကင်းဝေးပြီး အရွယ်မရွေး နုပျိုလှပနေစေဖို့ အောက်ပါနည်းသုံးသွယ်ကို အမြဲ လိုက်နာသင့်ပါတယ်။

(၁) အရိပ်
ထဲမှာ နေပါ

နေပူထဲမှာ နေတဲ့အခါ အသားအရေကို အရေးကြောင်းဖြစ်စေတာ အပြင် မျက်စိကျိန်းကာ မျက်မှောင်ကြုတ်ထားတာကြောင့် မျက်ဝန်းထောင့်နဲ့ မျက်ဝန်းအောက်တွေမှာ အရေးကြောင်းထင်နိုင်ခြေ များပါတယ်လို့ ဘော့စတွန်ရှိ အရေပြား အထူးကု ရာနီလာက ဆိုပါတယ်။ ဒါကြောင့် နေပူဒဏ် မရစေမယ့် အရိပ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်က တက်လိုက်၊ ကျလိုက် မကြာခဏ ဖြစ်နေရင် အရေပြား လျော့တွဲကျနိုင်ခြေ များပါတယ်။ အသားအရေကလည်း တင်းရင်းမှု မရှိတတ်ပါဘူး။ ဒီလိုမဖြစ်စေဖို့ ပိန်အောင် လျှော့နေရင်တောင် အစားအသောက်ကို အလွန်အမင်း လျှော့တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်းသာ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။

(၃) ရာသီမရွေး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာက အသားအရေကို စိုပြည်တင်းရင်းစေတဲ့နည်းပါ။ တကယ်လို့ အပြင်ထွက်ရမယ်ဆိုရင် နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။

ကြယ်စင်

By Good Health
photo>>www.facebook.com/ahlapanews

နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ

photo-internet

အမ်းမရိတ်
နှစ်ပေါင်း ၅၀ ကျော်မျှ တောင်းရမ်းစားသောက်ခဲ့သော အသက် ၁၀၀ အရွယ် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်းသေဆုံးချိန်၌ ငွေကြေးအများအပြားနှင့် အဆောက်အအုံ လေးခုချန်ထားခဲ့ကြောင်း အမ်းမရိတ် သတင်း တစ်ရပ်တွင် မတ်လ ၁၆ ရက်က ဖော်ပြထားသည်။
အိုင်ရှာဟု အမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဆွေးမျိုးသားချင်း မရှိသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်များသို့ပေးအပ်ရန် အိမ်နီးနားချင်း တစ်ဦးသို့ ပြောဆိုခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ သိရှိခဲ့ရခြင်း ဖြစ်သည်။
အနှစ် ၅၀ကျော် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုခဲ့သည့် ပင်လယ်နီဆိပ်ကမ်း မြို့ ဂျက်ဒါရှိ အဆောက်အအုံလေးလုံးနှင့် ငွေကြေးတို့၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၃သန်း ရှိသည်ဟု အာရဗျသတင်းစာ Okaz မှ ခန့်မှန်းထားသည်။
“သူ့မှာ ငွေသားချည်း ကန်ဒေါ်လာ တစ်သန်းကျော်လောက် ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံ လေးခု လည်း ရှိပါသေးတယ်” ဟု ၎င်းမသေဆုံးမီ နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သည့် အိမ်နီးနားချင်းက ပြော ကြားခဲ့သည်ဟု Okaz တွင် ဖော်ပြထားသည်။
“သူမသေခင်မှာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိုင်ဆိုင်သမျှတွေပေးဖို့ ကျွန်တော့်ကို မှာခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့ ဂုဏ်ပုဒ်ကိုထောက်ပြီး အကုန်လုံးကို ပေးသွားမှာပါ၊ လိုအပ် တာတွေကို အမြန်ဆုံးဆက်လက် လုပ်ဆောင်သွားပါမယ်” ဟုလည်း ၎င်း အိမ်နီးနားချင်းက ပြောကြားခဲ့သည်။


Mizzima - News in Burmese

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် မလေးရှားလေယာဉ် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်


အိုင်ဘီတီ
ဆိုက်ဘာ အကြမ်းဖက်သမားများက “ကုတ်နံပါတ်” အမျိုးမျိုးအား အသုံးပြုကာ မလေးရှား ပျောက်ဆုံးလေ ယာဉ် MH 370 ၏ လေယာဉ်တွင်းဖျော်ဖြေမှုနှင့် လုံခြုံရေး ဆော့ဖ်ဝဲကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဗြိတိန်မှအကြမ်းဖက် ဆန့်ကျင်ရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်ဟု အိုင်ဘီတီ သတင်း တစ်ရပ်၌ မတ်လ ၁၇ ရက်တွင် ဖော်ပြထားသည်။
ဘိုးရင်း ၇၇၇ ၏ မြန်နှုန်း၊ ဦးတည်ရာနှင့် ပင်လယ်ရေပြင်အမြင့် ပျံသန်းမှု အနေအထားတို့အား သေးငယ် သော ရေဒီယို အချက်ပြကိရိယာကို အသုံးပြုကာ ပြောင်းလဲနိုင်သည်ဟု ယူကေပြည်ထဲရေးရုံး၏ အကြံ ပေးဟောင်းတစ်ဦးဖြစ်သူ ဆယ်လီလီဗက်စလီက ပြောကြားလိုက်သည်။
ဘိုရင်း ၇၇၇ ၏ လည်ပတ်ပုံစနစ်ကို ကောင်းမွန်စွာ သိရှိသူတစ်ဦးမှ လေယာဉ်ပျံသန်းမှုကို ရည်ရွယ်ချက် ရှိရှိဖြင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများမှ စဉ်းစားခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြော ကြားလိုက်ခြင်း ဖြစ်သည်။
ပျောက်ဆုံးနေသည့် ဘိုးရင်း ၇၇၇ မှာ ဆိုက်ဘာပြန်ပေးဆွဲခံရသော ကမ္ဘာ့ပထမဆုံး လေယာဉ်တစ်စင်း ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။“ပျံသန်းနေတဲ့ လေယာဉ်ကို လျှပ်စစ်ထိန်းချုပ် ကိရိယာတစ်ခုနဲ့ ထိန်းချုပ်ခြင်းဟာ အလွန်ကို သပ်ရပ်လှပတဲ့ အစောဆုံးသော အစီအစဉ်တစ်ခု ဖြစ်တယ်လို့ ကျွန်မ ပြော ချင်ပါတယ်” ဟု ၎င်းက ယူကေအခြေစိုက် ဆန်းဒေးအိတ်စ်ပရက်သို့ ပြောကြားခဲ့သည်။
ထို့အတူ တစ်စုံတစ်ဦးက လေယာဉ်ကို လေယာဉ်ပေါ်ရှိ ခုံတစ်ခုံမှ သို့မဟုတ် အဝေးမှ“လှည့်ဖျားထိန်းချုပ်” သည့် အထောက်အထားများလည်း ထွက်ပေါ်လာလျက်ရှိသည်ဟု လီဗက်စလီက ဆိုသည်။
“ရှုပ်ထွေးတဲ့ စက်မှုပညာကို ကောင်းကောင်းနားလည်တဲ့ တစ်ယောက်ယောက်က စီစဉ်နေတာလည်း ဖြစ်နိုင်ပါတယ်။ လေယာဉ်က လေထုထဲကို ရောက်သွားတဲ့အချိန်မှာ အချက်ပြတာတွေ၊ လေယာဉ်မောင်း နှင်ရာမှ ပြုလုပ်နေကျ လုပ်ငန်းစဉ်တွေကို အမိန့်ပေးတာ၊ ကုတ်နံပါတ် ထည့်သွင်းတာတွေကို ပြုလုပ်နိုင်ပါ တယ်” ဟုလည်း ၎င်းက ဆိုသည်။
ဆိုက်ဘာတိုက်ခိုက်မှုဟု ဆိုနိုင်သည့် အခြားအကြောင်းအရင်း တစ်ခုမှာမူ ဘိုးရင်း၏ လုံခြုံရေးစနစ်အပေါ် စိုးရိမ်မှုရှိသည်ကို ယခင်က ဖော်ပြခဲ့ပြီး လေယာဉ်အတွင်းပိုင်းရှိ တချို့အစိတ်အပိုင်းများကို ပြောင်းလဲခွင့်ပြု ရန် အမေရိကန်ဖက်ဒရယ် လေကြောင်းအုပ်ချုပ်ရေးသို့ ခွင့်ပြုချက် တောင်းခံခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်၊ သြ ဂုတ်လတွင်လည်း ဘိုးရင်း ၇၇၇ လေယာဉ်များကို လုံခြုံရေးအပိုပစ္စည်းများ တပ်ဆင်ခွင့်ပြုရန်လျှောက်ထား မှုများ ရှိခဲ့သည်။

Mizzima - News in Burmese


မလေးရှားလေယာဉ်ပျောက်ကိစ္စ မြန်မာပြည်က ထူးဆန်းတဲ့ သတင်းတခု


မလေးရှားလေယာဉ်ပျောက်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ရုံးက ရုံးအဖွဲ့မှူး ကိုဇော်မင်းဆီကို တယ်လီဖုန်း သတင်းတခု ထူးထူးဆန်းဆန်း ဝင်လာတယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။



စိတ်ဝင်စားစရာ ကောင်းတာမို့ မူရင်းအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်းဝင်လာတာတော့နည်းနည်းဆန်းတယ်
အခုတစ်ကမ္ဘာလုံးကအသည်းအသန်ရှာနေတဲ့
မလေးရှားလေယာဉ် ပင်လယ်ထဲထိုးကျသွားသည်ကို
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန်တလီမြို့နယ်ခွဲ ထဲက
နံ့သာကျွန်း (ကျွန်းနံ့သာ)မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ချို့က
အဲ့ဒီနေ့တုန်းက လေယာဉ်တစ်စီးပင်လယ်ထဲထိုးကျသွားတာ
မြင်လိုက်ရကြောင်း ကျွန်နော့်ဆီကို ဖုန်းဝင်လာတယ်..
Confirm ဖြစ်မဖြစ် ဟုတ်မဟုတ်ဆိုတာထက် အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့
သတင်းတစ်ခုဖြစ်လို့ ရှာနေသူတွေအတွက် အသုံးဝင်လိုဝင်ငြား
သတင်းတစ်ခုအဖြစ် တင်ပြလိုက်ပါတယ်....ခက်တာက တစ်ဆင့်ဖုန်းဖြစ်နေတော့
တိုက်ရိုက် Contact ရဖို့ ကျနော်ကြိုးစားကြည့်တာ မရဘူးဖြစ်နေတယ်...




အိမ့်သံစဉ် ~
irrawaddy

ကချင်ပြည်နယ်မှ လူသတ် တရားခံပြေး မန္တလေးတွင် သေနတ်တစ်လက်နှင့် ဖမ်းမိ


မန္တလေး၊ မတ် ၁၇

ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့် ဒေသတို့တွင် ကျောက်တူးရာမှ ခွဲတမ်း မျှတစွာ မရသဖြင့် လူသတ်ပြီး ထွက်ပြေးလာသူ လေးဦးအနက် တစ်ဦးကို ပစ္စတို သေနတ် တစ်လက်ဖြင့် မန္တလေးမြို့တော်တွင် မတ်လ ၁၇ ရက်နေ့ နံနက်၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး စိန်ထွန်းက ပြောကြားသည်။

ယင်းသို့ လူသတ်ပြီး ပစ္စတိုသေနတ် တစ်လက်ဖြင့် မန္တလေး မြို့တော်သို့ ထွက်ပြေးလာသူမှာ ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်တို့တွင် ဦးဘရန်အောင် အဖွဲ့နှင့်အတူ ကျောက်တူးသမား ငါးဦးဖြင့် ကျောက်တူးစဉ် မတ်လ ၁၂ ရက်နေ့က အလေးချိန် ၇၀ ပိဿာရှိ ကျောက်စိမ်းတုံး တစ်တုံးကို ရရှိခဲ့ရာ ဦးဘရန်အောင်က ဝေစု မျှမျှတတ မပေးခဲ့သဖြင့် မတ်လ ၁၃ ရက်နေ့ ည ၉ နာရီတွင် ကျောက်တူးသူ သုံးဦးနှင့်အတူ ဦးဘရန်အောင်ကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ရုံးက နယ်မြေ ရဲတပ်ဖွဲ့ဝင်များဖြင့် လှည့်ကင်း ဆောင်ရွက်စဉ် ယင်းနေ့ နံနက်ပိုင်းက တံခွန်တိုင် ရပ်ကွက် မြောက်ဥယျာဉ် အဝင် လမ်းထိပ်တွင် မသင်္ကာဖွယ်ရာ သူတစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူ စစ်ဆေးရာ ၎င်းထံမှ ပစ္စတိုသေနတ် တစ်လက်၊ ကျည်သုံးတောင့် တွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဦးဘရန်အောင်ကို သတ်ပြီး ယင်းအိပ်ရာပေါ်တွင် တင်ထားသည့် ပွိုင့် ၃၂ ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်သုံးတောင့်၊ ငွေ ၄၅ သိန်းတို့ကို ယူဆောင်ပြီး မန္တလေးသို့ ထွက်ပြေး တိမ်းရှောင်လာရာ ကျန်သုံးဦးမှာ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ်သို့ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း၏ ထွက်ဆိုချက်အရ သိရသည်။

၎င်းသည် တပ်မတော်တွင် တာဝန် ထမ်းဆောင်နေရာမှ ထွက်ပြေးလာသူ ဖြစ်သည်ဟု ထွက်ဆိုသဖြင့် ၎င်းထွက်ဆိုချက် မှန်ကန်မှု ရှိ မရှိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးဘရန်အောင်ကို သတ်သွားသူ လေးဦးကို သေဆုံးသူ၏ အစ်ကိုဖြစ်သူက သတင်းပေး တိုင်ကြားသဖြင့် ဖားကန့် ရဲစခန်းက (ပ) ၂၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး လက်နက် တွေ့ရှိမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန် ရဲစခန်းက အမှုဖွင့် အရေးယူရန် စစ်ဆေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ထပ်မံ ပြောကြားသည်။

The Voice Weekly

နိုင်ဂရု(ပ်) ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာ ကလပ်တွင် ရိုက်နှက်ခံရဟုဆို


မရမ်းကုန်းမြို့နယ်ရှိ ကလပ်တစ်ခုတွင် အရက်သောက်နေစဉ် ကားဖြင့်ရောက်လာသည့် လူငါးဦးက ၀င် ရောက်ရိုက်နှက်ခဲ့သည်ဆိုကာ နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာ၏ အမှုဖွင့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မတ်လ ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာဖြစ်သူ ဦးမျိုးဇော်သောင်းနှင့် ကုမ္ပဏီမှဝန်ထမ်းဖြစ်သူ အောင်မျိုးထွန်းတို့သည် နံနက် ၃နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ကန်ရိပ်သာလမ်းရှိ Brave Bar ကလပ်တွင် ဘီယာသောက် ခဲ့ကြသည်ဟု ဆိုထားသည်။

ထိုအချိန်တွင် အရက်မူးနေသည့် အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသား ငါးဦး (စုံးစမ်းဆဲ)တို့ ရောက်ရှိလာပြီး အကြောင်းမဲ့ ဆဲဆိုကာ ၀ိုင်းဝန်းထိုးကြိတ် ကန်ကျောက်ကြသဖြင့် ကြောက်လန့်၍ ထွက်ပြေးခဲ့သည်ဟု တရားလိုက ဆိုသည်။

အဆိုပါ လူများမှာ ကလပ်အ၀င်ဝထိ လိုက်လံထိုးကြိတ်ခဲ့ကြပြီး ကလပ်လုံခြုံရေး ၀န်ထမ်းများက ၀ိုင်းဝန်း ဖြန်ဖြေသဖြင့် ရန်ပွဲပြီးဆုံးသွားသည်ဟုလည်း ရဲထံတွင် ပြောပြထားသည်။

ထို့ကြောင့် ဦးမျိုးဇော်သောင်းတွင် ဦးခေါင်းဝဲဘက်နောက် ကွဲရှဒဏ်ရာ တစ်ချက်၊ ရှေ့အပေါ်သွား တစ် ချောင်းကျိုး၊ ခါးဝဲဘက်နှင့် ကျောတွင် နာကျင်ဒဏ်ရာ၊ နှုတ်ခမ်းအပေါ်အောက် ဖူးရောင်ဒဏ်ရာ၊ နှာခေါင်း ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိထားသည်ဟုလည်း တရားလိုက ဆိုသည်။

ယင်းအပြင် ကုမ္ပဏီမှ ၀န်ထမ်းဖြစ်သူ အောင်မျိုးထွန်းတွင် ၀ဲပါးပွန်းဒဏ်ရာ၊ ဦးခေါင်း နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ၀ိုင်းဝန်း ထိုးကြိတ်သူများမှာ Surf အနက်ရောင်ကားဖြင့် ရောက်ရှိလာသူများဖြစ်ကြောင်း လုံခြုံ ရေးဝန်ထမ်းများက ပြောပြသိရှိထားသည်ဟုလည်း ရဲထံတွင် ထည့်သွင်း ပြောပြထားသည်။

ထို့ကြောင့် ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့် အမျိုးသား ငါးဦးကို အရေးယူပေးရန် ကုမ္ပဏီဒါရိုက်တာက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၂၉၄/၃၂၅/၁၁၄ တို့ဖြင့် အရေးယူရန် စုံစမ်းဖော်ထုတ်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသဖြင့် ဒဏ်ရာရ


ရန်ကုန်၊ မတ် ၁၈

၁၈.၃.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ခရေ(၃)လမ်း၊ တိုက်အမှတ်-- နေ မ----- သည် ၎င်း၏မိဘများ နေထိုင်ရာ တောင်ငူမြို့သို့ပြန်လိုကြောင်း ပြောသည်ကို ယောက္ခမ ဖြစ်သူတို့မှ မပြန်ရန်တားမြစ်ခဲ့သဖြင့် စိတ်ဆိုးကာ နေအိမ်တိုက်ခန်း (၆)လွှာ၊ ၀ဲဘက်ဘေးပြူတင်းပေါက်မှ အောက်သို့ခုန်ချခဲ့ရာ (၃)လွှာရှိ ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေညီထပ်ရှိ ကားဂိုဒေါင်သွပ်မိုးပေါ်သို့ကျပြီး သွပ်မိုးပေါက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ပါသည်။

ထိုသို့ခုန်ချခဲ့သည့်အတွက် မ---- တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခါးနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သူ မ--- အား ပိတောက်ချောင်း နယ်မြေရဲစခန်း (ပ)၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို



ရန်ကုန်၊ မတ် ၁၇

အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများအနက် အသက် ၂၀ အောက် အကျဉ်းသား ခုနစ်ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါ အကျဉ်းထောင်ရှိ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ အကျဉ်းသား ၁၀ ဦးအနက် သုံးဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် အတွက် ခုနစ်ဦးသာ ဖြေဆိုကြောင်း၊ အသက် ၂၀ အောက် အကျဉ်းကျ ခံနေရသူ မောင်ဟိန်းထက်၊ မောင်ဂျူလိုင်မိုး၊ မောင်ဟန်ဝင်း၊ မောင်မျိုးလွင်ဦး၊ မောင်မျိုးအောင်နှင့် မောင်မျိုးညွှန့်ဦးတို့ ဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ တာဝန်ခံ ဦးကျော်ဌေးက ပြောကြားသည်။

အခြေခံပညာ အထက်တန်း တက်ရောက် သင်ကြားနေချိန် ထောင်ဒဏ် ကျခံနေရသော ကျောင်းသား အကျဉ်းသားများ၏ ပညာသင်ကြားမှု အခွင့်အရေး မဆုံးရှုံးစေရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ဗဟိုအကျဉ်းထောင်နှင့် အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ရန်ကုန် (မြောက်ပိုင်း) ခရိုင် ပညာရေးမှူးရုံးတို့ ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ တာဝန်ခံက ရှင်းပြသည်။

“ဒီလို (အကျဉ်းထောင်တွင်း စာမေးပွဲ ဖြေဆိုခွင့်) ကို တစ်နိုင်ငံလုံး အကျဉ်းထောင်တွေမှာ တစ်ပြေးညီ အကောင်အထည်ဖော် ကျင့်သုံးနိုင်ပြီ ဆိုရင် လူ့အခွင့်အရေး စံနှုန်းအရရော နိုင်ငံသား အခွင့်အရေး စံအရပါ အသိအမှတ် ပြုလောက်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အင်းစိန်ထောင်ရဲ့ ဆောင်ရွက်မှုကိုလည်း ကြိုဆိုပါတယ်” ဟု စာရေးဆရာ တစ်ဦးလည်း ဖြစ်သူ အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က မှတ်ချက်ပြု ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းသားများကို စာသင် စာကျက်ရန် စားဝတ်နေရေး၊ သွားလာရေးတို့ကို ဆောင်ရွက်ပေးကြောင်း၊ အင်းစိန် အကျဉ်းထောင်တွင် အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်းကို ဖွင့်လှစ် ထားရှိပြီး ပညာသင်ကြားနေချိန် ထောင်ဒဏ် ကျခံနေရသူ အခြေခံပညာ အလယ်တန်း ကျောင်းသား ကျောင်းသူများကို ပညာ ဆက်လက် သင်ကြားခွင့် ပေးခြင်းနှင့် စာမေးပွဲ ဖြေဆိုခွင့် စီစဉ်ပေးထားကြောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူများကို အင်းစိန်မြို့နယ် ပညာရေးမှူးရုံး၏ အစီအစဉ်ဖြင့် အထက်တန်းပြ ဆရာ၊ ဆရာမများက အကျဉ်းထောင်တွင်း ဝင်ရောက်ကာ ပညာ သင်ကြားပေးကြောင်း၊ ထောင်တာဝန်ခံ အရာရှိ၏ အစီအစဉ်ဖြင့် ဆရာတစ်ဦးက အနီးကပ် သင်ကြားပေးကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရှိရသည်။

အင်းစိန် ဗဟိုအကျဉ်းထောင်တွင် မတ်လ ၁၇ ရက်နေ့အထိ စာရင်းအရ အကျဉ်းသားနှင့် အချုပ်သား အပါအဝင် စုစုပေါင်း ၆၅၀၀ ကျော် ရှိကြောင်း၊ စာမေးပွဲ ဖြေဆိုသူ အကျဉ်းသား ခုနစ်ဦး ရှိကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရှိရသည်။

The Voice Weekly

အမေရိကန်သမ္မတကတော် တရုတ်နိုင်ငံ သီတင်းတပတ်ကြာသွားမည်



အမေရိကန် သမ္မတကတော် Michelle Obama ဟာ သီတင်းတပတ်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အဖြစ် မိခင်နဲ့သမီး ၂ ယောက်တို့နဲ့အတူ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်ခွာဖို့ ရှိပါတယ်။

ခရီးစဉ်အတွင်းမှာတော့ ပညာရေးကိစ္စကို ဦးစားပေးမှာဖြစ်သလို ၂ နိုင်ငံကြား သဘောထားကွဲလွဲနေတဲ့ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေလည်း ပါဝင်မယ့်အကြောင်း သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း သဘောထား ကွဲလွဲနေတဲ့ကိစ္စတွေကို အစိုးရတွေ အချင်းချင်း တိုက်ရိုက်ပြောဆိုနေတာကြောင့် သမ္မတကတော်အနေနဲ့ ဒီကိစ္စတွေကို အဓိက အာရုံစိုက်နေဖို့ မလိုတဲ့အကြောင်းလည်း အိမ်ဖြူတော်ရဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes က တနင်္လာနေ့မှာပဲ ပြောဆိုသွားပါတယ်။

ခရီးစဉ်အတွင်းမှာတော့ အမေရိကန် သမ္မတကတော်ဟာ ဘေဂျင်းတက္ကသိုလ်နဲ့ တရုတ်နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ချန်ဒူးမြို့က အထက်တန်းကျောင်း တကျောင်းကို သွားရောက် လည်ပတ်မှာဖြစ်သလို တရုတ်သမ္မတ Xi Jinping ရဲ့ ဇနီးဖြစ်သူ Peng Liyuan နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ၊ သမီး ၂ ယောက်တို့နဲ့အတူ တရုတ်နိုင်ငံက နာမည်ကျော် မဟာတံတိုင်းကြီး၊ Terra Cotta ရှေးဟောင်း စစ်သည်တော် ရွှံ့ရုပ်တုတွေနဲ့ ပန်ဒါဥယျာဉ် တွေကိုလည်း သွားရောက် ကြည့်ရှုဦးမှာပါ။

တချိန်က အမေရိကန် သမ္မတကတော် တဦးအဖြစ် Laura Bush ရဲ့ ၂ဝဝ၈ ခုနှစ် တရုတ်နိုင်ငံခရီးစဉ်မှာတော့ မြန်မာနိုင်ငံက စစ်အစိုးရအပေါ် ဖိအားပေးဖို့ ပြောခဲ့ဖူးသလို ၁၉၉၅ ခုနှစ်က ကုလသမဂ္ဂရဲ့ အမျိုးသမီးညီလာခံကို တက်ရောက်ခဲ့တဲ့ သမ္မတကတော်ဟောင်း Hilary Clinton ဟာဆိုရင်လည်း တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းဖို့ ပြောဆိုခဲ့ဖူးပါတယ်။

VOA

အဝေးပြေးယာဉ်လိုင်း အချို့ ဧပြီလအတွက် ကြိုတင် လက်မှတ် စတင်လက်ခံ




ရန်ကုန်၊ မတ် ၁၇

နှစ်သစ်ကူး ရက်ရှည် ရုံးပိတ်ရက် ဧပြီလအတွင်း အဝေးပြေးခရီးစဉ် ကြိုတင် လက်မှတ်များကို ယာဉ်လိုင်းအချို့ စတင် လက်ခံလျက် ရှိပြီး ယာဉ်စီးခ နှုန်းထားများ ပြောင်းလဲခြင်း မရှိကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ စုံစမ်း သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ ဝန်းကျင်ကတည်းက ကြိုတင် လက်မှတ်များ စတင် လက်ခံခြင်း ဖြစ်ပြီး မှာယူသည့် အရေအတွက် အတိအကျ မပြောနိုင်သော်လည်း ကြိုတင် မှာယူသူ များပြားကြောင်း ရန်ကုန်-ထားဝယ် ပြေးဆွဲနေသော ရွှေထားဝယ် ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကြိုတင်လက်မှတ် မှာယူမှု များပြားသောကြောင့် ယာဉ်စီးရေ ပိုမို ပြေးဆွဲမည် ဖြစ်သော်လည်း လက်မှတ်ခ နှုန်းထားများကိုမူ ပုံမှန်နှုန်း အတိုင်းသာ ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် ကြိုတင် မှာယူမှု စတင် လက်ခံနေသော JJ Express ယာဉ်လိုင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောဆိုသည်။

“ပုံမှန်ထက် နှစ်ဆတိုး ပြေးဆွဲမယ်။ ဘွတ်ကင် လုပ်တဲ့ လူတွေလည်း တစ်ခါတည်း လက်မှတ်ဖြတ်ရင် ပိုအဆင်ပြေမယ်” ဟု ၎င်းကဆိုသည်။

နှစ်သစ်ကူး ပိတ်ရက်အတွင်း အချို့ အဝေးပြေး ယာဉ်လိုင်း များမှာ ဈေးနှုန်း မြင့်တက်လေ့ ရှိကြောင်း နှစ်စဉ် ရန်ကုန်မြို့မှ မကွေးမြို့သို့ ပြန်လေ့ရှိသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

“ဂိတ်တွေကတော့ မတက်ဘူးပဲ ပြောတာပေါ့။ ဂိတ်နားမှာ ရှိတဲ့ မှောင်ခိုတွေက တက်တာ။ အဲဒီတော့ ဂိတ်က လိုက်တက်တယ်” ဟု ၎င်းကဆိုသည်။

JJ Express ယာဉ်လိုင်းသည် မန္တလေးခရီးစဉ် ကြိုတင် လက်မှတ်များကို မတ်လ ၁၅ ရက်နေ့မှ စတင် လက်ခံပြီး နေပြည်တော် ခရီးစဉ်အတွက် မတ်လ ၂၀ ရက်နေ့တွင် စတင် လက်ခံမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်-မော်လမြိုင် ပြေးဆွဲသော ရောင်နီထွန်း ယာဉ်လိုင်း၊ ရန်ကုန်-စစ်တွေ ပြေးဆွဲသော ကြံတိုင်းအောင် ယာဉ်လိုင်းများမှာလည်း မတ်လ ၂၀ ရက်နေ့တွင် ကြိုတင် လက်မှတ် စတင် လက်ခံမည် ဖြစ်ကြောင်း ယင်းယာဉ်လိုင်းများထံမှ သိရသည်။

The Voice Weekly

မပြောင်းလဲသေးတဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာ



နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာရဲ့ ချီးကျူးပြောဆိုမှုတွေ ခံနေရတဲ့  မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်တန်းဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေကတော့ အရင်ကထက် ပိုဆိုးလာတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေ ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ်အတွင်းက နမ့်ဖတ်ကာ ကျေးရွာလေးမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာဟာ အရင်ကလို ပုန်းလျှိုးဝှက်လျှိုး လုပ်ငန်းတခုမဟုတ်တော့ဘဲ ပေါ်ပေါ်တင်တင် ရောင်းဝယ်နေကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီးတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တချိန်က စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် ပွင့်လင်းလာတာနဲ့ အမျှ အပြင်ပန်းမျက်နှာစာမှာ မျှော်လင့်ချက်တွေ အကောင်းမြင်စရာတွေရှိနေပြီး၊ ကမ္ဘာတဝှမ်းကလည်း ရင်းနှီးမြှုပ်နှံမှုတွေ အလျှင်အမြန် လုပ်လာနေပါတယ်။

ဒါပေမဲ့ ကျေးလက်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာတော့ ပြည်သူတွေဟာ ဆင်းရဲမှုဒဏ်တွေကို ခံနေရတုန်းပဲဖြစ်သလို မူးယစ်ဆေးပြဿနာဟာလည်း ပြောင်ပြောင်တင်းတင်း နဲ့ ထိန်းချုပ်လို့မရဘဲဖြစ်လာနေပါတယ်။ ရှမ်းပြည်နယ်ဘက်မှာဆိုရင် မနက်စောစောမှာကိုပဲ မူးယစ်ဆေးဝါးသုံးစွဲနေကြတာကို တွေ့နေရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက နမ့်ဖတ်ကာရွာမှာ ဘိန်းစွဲတာတွေဟာ အကြီးအကျယ်ဖြစ်နေပြီး၊ ရွာမှာရှိတဲ့ လူဦးရေ ၈ ထောင်ရဲ့ တဝက်လောက်ဟာ မူးယစ်ဆေးသုံးစွဲသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မူးယစ်ဆေးကြောင့် သား ၂ ယောက် ကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်လိကတော့ ကျန်တဲ့သားတစ်ယောက်ကို ဆုံးရှုံးရမှာကိုလည်း သူမက စိုးရိမ်နေပြီး၊ မူးယစ်ဆေးသုံးနေတာတွေ ရပ်သွားအောင် ဘာမှမလုပ်တဲ့အပေါ်မှာလည်း မယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။

“အရင်တုန်းကတော့ လျှို့လျှို့ဝှက်ဝှက်လုပ်ကြပြီး လူတိုင်းက အိမ်တွေမှာ ဝှက်ထားတတ်ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်ကစပြီး မူးယစ်ဆေးရောင်းတဲ့သူတွေဟာ သင်္ချိုင်းတွေမှာ အကြောက်အလန့်မရှိ ရောင်းနေသလိုမျိုး ဗြောင်ပဲ ရောင်းလာနေပါတယ်။”

ရန်ကုန်မြို့မှာတော့ အခြေအနေတွေက တက်ရိပ်ပြနေပြီး ပြီးခဲ့တဲ့ ၂ဝ၁၁ စစ်တပ်ကနေ အရပ်သားအစိုးရကို ပြောင်းလဲလာပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုတွေဟာ အလျှင်အမြန်စီးဝင်လာနေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ အခုနှစ်မှာ ၇.၅ ရာခိုင်နှုန်းအထက် ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ရှမ်းပြည်နယ်ဘက်မှာတော့ တိုးတက်မှု အရိပ်အယောင်တွေ မတွေ့ရသေးဘဲဖြစ်နေပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရတော့ မြန်မာနိုင်ငံက လူဦး ၄ ပုံ ၁ ပုံကျော်ဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်ထက်နိမ့်တဲ့ အခြေအနေမှာရှိနေပြီး၊ အသက် ၅ နှစ်အောက် ကလေးငယ် ၃ ပုံ ၁ ပုံဟာ အဟာရချို့တဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေး (UNODC) ရုံးရဲ့ အရာရှိ Jason Eligh က ပြောပါတယ်။

“ကျေးလက်ဒေသတွေကို သွားကြည့်လိုက်ပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေသစ်က လူတွေရဲ့ လူမှုဘဝတွေအပေါ် ဘာတွေ အကျိုးထူးလာစေသလဲဆိုတာကို မေးကြည့်လိုက်ပါ။ လုံးဝကို မတူတဲ့ အဖြေရပါလိမ့်မယ်။”

ဒါပေမဲ့ စီးပွားရေးတိုးတက်မှုရဲ့ အကျိုကျေးဇူးကိုမခံရတဲ့ တိုင်းရင်းသားကျေးလက်ဒေသတွေက ဆင်းရဲသားတောင်သူတွေဟာ ထမင်းနပ်မှန်အောင် စားရဖို့အတွက် နဂိုအတိုင်း ဆက်ပြီးတော့ ဘိန်းစိုက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၁၉၉၉ ခုနှစ်မှာ ကျဆင်းခဲ့ပေမယ့် အခုအခါမှာ ပြန်ပြီးတော့ မြင့်တက်လာနေပါတယ်။ အာရှဈေးကွက်ဝယ်လိုအားကြောင့် မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်မှာ ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

“ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဘာကြောင့်အရေးပါနေရတာလဲ၊ ဒါက ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိလို့ဆိုတာ ထင်ဟပ်နေပါတယ်။ ဘိန်းစိုက်ပျိုးတာတမျိုးတည်းလုပ်စရာရှိတဲ့သူတွေဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အခံရဆုံးဖြစ်ပြီးတော့ ရေတိုကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးအမြတ်တွေကို ရရှိမှာမဟုတ်ပါဘူး။”

အဲဒီလို နယ်စပ် ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အုပ်ချုပ်ကြတာဖြစ်ပြီး၊ အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဘိန်းစိုက်ပျိုးမှုတွေကို နှိမ်နှင်းနေပြီး ဒါတွေကို ပြသွားချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဘိန်းလုပ်ငန်းကနေ ပိုက်ဆံတွေရနေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အစိုးရက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ပဲ လုပ်ဆောင်နေတာကြောင့် ဒါတွေကို ဘာမှကြားဝင်ဆောင်ရွက်တာမျိုးမရှိပဲ၊ ဘိန်းခင်းတွေလည်း ပိုပြီးတော့ များလာနေတယ်လို့ ပြောပါတယ်။

နမ့်ဖတ်ကာရွာလို အစိုးရအုပ်ချုပ်တဲ့ဒေသမှာတောင်မှ အဂတိလိုက်စားမှုတွေကြောင့် ဘိန်းတိုက်ဖျက်မှုလုပ်ငန်းတွေကို ဘာမှလုပ်ဆောင်ခြင်းမရှိပဲဖြစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတက်လာနေတဲ့တချိန်တည်းမှာပဲ နိုင်ငံနေရာ အတော်များများမှာတော့ အခြေအနေတွေဟာ ဘာမှမပြောင်းလဲဘဲ အရင်လိုပဲ ဆက်ရှိနေတုန်းပဲဖြစ်ပါတယ်။

VOA

သန်းခေါင်စာရင်းနှင့် စပ်လျဉ်းပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ ထုတ်ပြန်


သန်းခေါင်စာရင်းကောက်ခံရာမှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ လူမျိုးတခုက အစ္စလာမ်သာသနာဝင် ဖြစ်ပါက ကိုးကွယ်တဲ့ဘာသာမှာ အစ္စလာမ်လို့ ဖြေဆိုပြီး လူမျိုးနေရာမှာ မိမိ တိုင်းရင်းသား လူမျိုးစုအမည်တခုတည်းကို ဖြေကြားဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့က အသိပေးလိုက်ပါတယ်။
သန်းခေါင်စာရင်းပုံစံ လူမျိုးစုများ ဂဏန်းသင်္ကေတစာရင်းတွင် ပါဝင်ခြင်း မရှိတဲ့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကတော့ ကိုးကွယ်တဲ့ဘာသာမှာ အစ္စလာမ်လို့ ဖြေကြားပြီး လူမျိုးမေးခွန်းတွင် မြန်မာ/ ဗမာ မွတ်စလင်လို့ ဖြေကြားခြင်း မပြုဘဲ မိမိတို့ လူမျိုးစု အမည်မှန် တခုတည်းကိုသာ ဖြေကြားပြီး အခြားဟူသော ကုတ် ၉၁၄ မှာ ထည့်သွင်းစေရန် အထူး သတိပြုဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်း ကောက်ခံရေးအဖွဲ့က မေးမြန်းတဲ့ မေးခွန်း ၄၁ ခုကို ကြိုတင် လေ့လာ ပြင်ဆင်ထားဖို့ ပြည်ပကို ရောက်ရှိနေတဲ့ အိမ်ထောင်စုဝင်တွေရဲ့ အချက်အလက်ကိုလည်း ထည့်သွင်း စာရင်းကောက်ယူမှာ ဖြစ်သလို မိသားစုဝင်တဦးက ဖြေကြားပေးဖို့ စတဲ့ သန်းခေါင်းစာရင်းနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ကုလသမဂ္ဂရဲ့ ကူညီမှုနဲ့ စံနှုန်းအတိုင်း ကောက်ယူမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုဘူးလို့လည်း သူက ပြောပါတယ်။

သန်းခေါင်စာရင်းကို ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်နေ့ကနေ ဧပြီ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။ ဝေးလံတဲ့တချို့ဒေသတွေမှာတော့ သန်းခေါင်စာရင်းတွေ စတင် ကောက်ခံခဲ့ပြီး တချို့ဒေသတွေမှာ ကောက်ယူပြီးစီးနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ရခိုင်ပြည်နယ်မှာတော့ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ဘင်္ဂလီတွေက ရိုဟင်ဂျာလို့ ထည့်သွင်းလာရင် လက်မခံဖို့ ရခိုင်လူမျိုးတွေက အစိုးရကို ဖိအားပေးတဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

အစိုးရက အခုကောက်ခံမယ့် သန်းခေါင်စာရင်း  (Census)နဲ့ အိမ်ထောင်စု လူဦးရေစာရင်း မတူကြောင်းနဲ့ လူဦးရေနဲ့ အိမ် အကြောင်းအရာကို လူမျိုးဘာသာ မခွဲခြားဘဲ ကောက်ခံမှာ ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

 ဒါ့အပြင်  အိမ်ထောင်စုဇယား (ပုံစံ ၆၆/၆) ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ နိုင်ငံသားကတ်ရထားသည် ဖြစ်စေ၊ မရသေးသည် ဖြစ်စေ အားလုံးကို စာရင်း ကောက်ယူမယ်ဆိုတာကိုလည်း  ထပ်တလဲလဲ ရှင်းပြထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
DVB Burmese

အရေပြားပေါ်မှာအကြောပြတ်တဲ့အရာတွေကြောင့် စိတ်ညစ်နေသလား


18.3.2014

ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ဗိုက်မှာ အကြောပြတ်တဲ့အရေး အကြောင်းတွေ ပေါ်လာလေ့ရှိပါ တယ်။ အဓိကဖြစ်စေတဲ့အကြောင်းက တော့ မျိုးရိုးဗီဇက အဓိကပါဝင်ပါ တယ်။ လူတိုင်းလူတိုင်းကလည်း အရေးအကြောင်းပေါ်ပုံခြင်း မတူကြ ပါဘူး။ သင့်ရဲ့အသားအရောင်ကို လိုက်ပြီး ပန်းရောင်၊ နီညို၊ အညိုက နေ အညိုမှောင်မှောင်ထိဖြစ်နိုင်ပြီး အချိန်ကြာလာတဲ့အခါ အဖြူရောင် အကြောင်းတွေပဲ ကျန်ခဲ့နိုင်ပါတယ်။

အဲဒီလိုအရေးအကြောင်းတွေ ပြလာပြီဆိုရင် စောစောကုနိုင်လေ ကောင်းလေပါပဲ။ လေ့လာသူများ ကတော့ အစပျိုးချိန်မှာ ကုသရင် ကုသမှုကို တုံ့ပြန်မှုအကောင်းဆုံး ဖြစ်ကြောင်း ပြောတယ်။ ကုသမှုမှာ အရေးကြီးဆုံးကတော့ ရေဓာတ်ထိန်း ထားနိုင်ဖို့ပါပဲ။ အရေပြားမှာ ရေဓာတ် ပြည့်ဝနေမှသာ ပျော့ပျောင်းပြီး ဆွဲ ဆန့်မှုဒဏ်ကို ခံနိုင်ရည်ရရှိမှာ ဖြစ်ပါ တယ်။ ကိုကိုးထောပတ်သို့မဟုတ် Shea ပင်မှရသောအဆီပါဝင်သည့် Moisturizer ကို တစ်ရက်သုံးကြိမ် မှ လေးကြိမ်ထိ ရင်သား၊ ၀မ်းဗိုက်၊ ပေါင်နဲ့တင်ပါးထဲသို့ စိမ့်ဝင်သွားသည် အထိ ညင်သာစွာ နှိပ်နယ်ပြီး လိမ်း ပေးသင့်ပါတယ်။ ဂျုံစေ့အတွင်း ဗီဇ မှ ထုတ်ယူထားသောအဆီသည် တိကျသောအချက်အလက်များမရှိ သော်လည်း အကြောပြတ်မှုကို သက် သာစေတယ်လိုဆိုတယ်။ ဂလိုင်ကော လစ် အက်ဆစ်ကလည်း ကော်လာ ဂျင်ပိုများလာစေပြီး အရေပြားကို ကျုံ့ဆန်နိုင်မှု ပိုကောင်းစေကာ အကြောပြတ်မှုကို သက်သာစေပါ တယ်။ ဗီတာမင် C ကလည်း ကော် လာဂျင်ပိုထွက်စေပြီး အကြောပြတ်မှု ကို သက်သာစေတဲ့နည်းတစ်ခုဖြစ်ပါ တယ်။

ဂလိုင်ကောလစ်အက်ဆစ်နဲ့ တွဲသုံးရင် ပိုကောင်းပါတယ်။ ဗီတာ မင် C သောက်မယ်ဆိုရင်တော့ 500mg ကို တစ်ရက်သုံးကြိမ်သောက် သင့်ပါတယ်။ retinoid (ရက်တီနွိုက်) ပါသောဆေးများ-ယင်းဆေးများက လည်း ကော်လာဂျင်ပိုများစေပြီး သက်သာစေပါတယ်။ ရက်တီနွိုက်ပါ တဲ့ဆေးအချို့ကတော့ ရက်တီနော၊ ထရီ တီနွိုင်း၊ ရီနိုဗာ၊ ဒစ်ဖာရင်စတာ တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ တော့ ယင်းဆေးများသုံးခြင်းကို ရှောင် သင့်ပါတယ်။ လေဆာကုထုံး - ယင်း နည်းကတော့ အသုံးများလျက်ရှိပြီး ယင်းက နောက်ကျသောအဆင့်များ ဖြစ်သည့်ဖြူသွားသောအချိန်၌ပင် ပျောက်ကင်းစေနိုင်ပါတယ်။

ပြည်မြန်မာ



စင်ကာပူသွားမည့်သူများ သတိထားပါ



ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီတောင်းတဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင
်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။

ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ်ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်လာနိုင်တာပါ။

စင်ကာပူအထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။

လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။

ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီးတစ်ယောက်ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်းများအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက ဆိုပါတယ်။ သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေတုန်းပါပဲ။

ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီးထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူလက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။

စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်ကုန်တာ မနည်းဘူးလို့ သိရပါတယ်။

Myanmar Online News

ဘာပဲပြောပြော အဖြစ်များလို့ အသုံးဝင်တဲ့နည်းလေးပါ - ကြို့ထိုးတာ ရပ်တန့်အောင်


18.3.2014

သင်ဟာ အလုပ် အတွက် Interview ဖြေ နေစဉ် ဒါမှ မဟုတ် Meeting အခန်း ထဲဝင် နေစဉ်မှာ ကြို့ထိုးနေတာ မရပ်မနားဖြစ်နေရင် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။

(၁) လျှာထုတ်လိုက်ပါ လေကို ကြာကြာရှူသွင်းနေစဉ်မှာ လျှာကို အပြင်ထုတ်နိုင်သလောက် ထုတ် လိုက်ပါ။ အသံအိုးတစ်ခုနဲ့တစ်ခုကြားက အပေါက်တွေကို လှုံ့ဆော်သလိုဖြစ်သွား ပြီးကြို့ထိုးတာသက်သာသွားနိုင်ပါတယ်။

(၂) သကြားအနည်းငယ် စားပါ သင်ရဲ့လျှာနောက်ဘက်ကို သကြား အနည်းငယ်ဖြူးလိုက်ပါ။ သကြားမှုန့်တွေ က သင့်လည်ချောင်းအတွင်းမှ အာရုံ ကြောတွေကို လှုံ့ဆော်ပေးတာကြောင့် ဝမ်းဗိုက်အတွင်း ကန့်လန့်ကြွာကက်သား (Diaphragm) တွေ Relax ရရှိစေနိုင်တဲ့ အတွက် ကြို့ထိုးတာ သက်သာသွားနိုင် ပါတယ်။

Yoyarlay