ဒီအခါကို လွမ်းတယ်



(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)

"မီတာခတွေ တက်လိုက်တာတော်"

အရာရှိကတော် ဒေါ်ကြော့က အိမ်ရှေ့မှ အော်နေသည်။ ခင်မောင်ကျော် ပိုက်ဆံတောင်းလိုက် ကတည်းက ဒေါ်ကြော့အသံ ထွက်လာခြင်း ဖြစ်သည်။

"အမေက ပိုက်ဆံတောင်းလိုက်ရင် တစ်ခုခုပြောပြီ"

"ခင်မောင်ကျော်၊ မင်းတို့မီတာခတွေ တက်တော့ ငါ့မှာလည်း မလောက်မင မဖြစ်အောင် ချွေတာရမှာပေါ့"

"ဒါကတော့ အမေရယ်။ လူတိုင်း လျှပ်စစ်ရအောင် လုပ်တာ။ ပုဂ္ဂလိကကို လွှဲရတယ်လေ။ ဘယ်ကုမ္ပဏီကမှ အရှုံးခံ မရောင်းဘူး အမေရဲ့။ နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်ဓာတ်က အရေးကြီးတယ်။ ဒါဟာ မောင်းနှင်အားလို့ခေါ်တယ် အမေရဲ့"

"ဒါတွေ လာပြောမနေနဲ့၊ နင့်အဖေ မောင်းနှင်အားကတော့ အရက်ပဲ။ နင်ကလည်း ဘီယာသောက်တတ် လာတယ်။ နင်တို့ပေးတဲ့ ပိုက်ဆံနဲ့ မီတာခနဲ့ ဘယ်လိုကာမိမှာလဲ။ ပိုက်ဆံထပ်ရှာဦး"

"အမေကလည်း ကျွန်တော်က စာအုပ်တွေ ၀ယ်ရတယ်။ ကွန်ပျူတာ ဒီခေတ်ကြီးမှာ ကွန်ပျူတာတတ်မှ စာတတ်တယ်တဲ့။ နောက်ပြီး အင်္ဂလိပ်စာလည်း တတ်ရတယ်။ ပညာတတ်ဖြစ်ချင်ရင် ကွန်ပျူတာရော အင်္ဂလိပ်စာကော တတ်ဖို့လိုတယ် အမေရဲ့"

"အင်း နင်တို့သားအဖ ပြောလိုက်ရင် ချောလို့။ အိမ်မှာပိုက်ဆံ မရှိဘူး"

"အမေကလဲ၊ ဒါဆို အဖေ့ဆီ လာပေးထားတဲ့ ဟိုဘလက်လေး ယူသွားမယ်နော်။ ဆိုင်သွားသွင်းလိုက်မယ်"

"နင့်အဖေ ဆူနေဦးမယ်"

"အမေကလဲ။ အဖေက ဘလက်မှ မသောက်တာဘဲ၊ ရက်ဒ်လောက် သောက်တာ၊ ဗီရိုထဲမှာ ရက်ဒ်သုံးပုလင်းတောင် ရှိသေးတယ်"

"ဒါဆိုလည်း ပိုတဲ့ပိုက်ဆံ အမေ့ကိုလာပေး၊ မင်းဘီယာ မသောက်ခဲ့ ရဘူးနော်"

"တစ်ခါတလေ ခင်ဇော်တို့တိုက်လို့ သောက်တာပါ အမေ။ အမေက မီတာခ တက်တာကိုပဲ စကားထဲ ထည့်ပြောနေသေးတယ်"

"ပြောရတာပေါ့အေ။ မီတာက တစ်ရာယူနစ်ထက်ကျော်ရင် တစ်ယူနစ်ကို ၅၀ ပေးရမယ်တဲ့"

"ကျွန်တော်တို့ရုံးက နိုင်ငံခြားသားတွမ်က ပြောတယ်။ မီတာတက်တာ ဘာမှမများ သေးဘူးတဲ့။ သူတို့ ဖိလစ်ပိုင်မှာဆို တစ်လကို ဒေါ်လာ ၂၀၀ လောက် ပေးနေရတယ်တဲ့"

"အရင်က ၄၅ ပြား နောက်ပြား ၆၀ ပေးခဲ့ရတယ် သားရဲ့၊ တစ်ယူနစ်ရဲ့ ဈေးနှုန်းက အဆမတန် တက်သွားလို့ ပြောနေရတာ"

"ဒါတော့ ဟုတ်တယ်။ ကျွန်တော်တို့ နိုင်ငံက နှစ် ၅၀ လုံး လျှပ်စစ်မီး ကောင်းကောင်းမရဘူး။ နောက်ပြီး လူဦးရေ ရာခိုင်နှုန်း ၄၀ ကျော်ကျော်ဟာ လျှပ်စစ်မီး မရှိကြဘူးတဲ့။ ဒီရာခိုင်နှုန်း ၄၀ ဟာလည်း တောနေလယ်သမား တောင်သူလယ်သမား ဦးကြီးတွေပဲတဲ့"

"ဒီလိုမီတာခနဲ့ သူတို့ဒီတစ်သက် လျှပ်စစ်မီး မသုံးရပါဘူး။ မင်းအဖေနိုးလာရင် ပြောနေဦးမယ်။ သွားတော့"

"ဘာတွေပြောမလဲ မိန်းမ"

ဦးသိန်းအောင်ဇော်သည် အိမ်ရှေ့ခန်းထဲ ၀င်လာသည်။ "မင်းတို့ပြောတာ အကုန်ကြားရတယ်။ ခင်မောင်ကျော် မင်းငါ့အရက်ကို သွားရောင်းဖို့ ယူသွားတယ် မဟုတ်လား"

"ဟုတ် ဟုတ်ကဲ့"

"ပြန်ထားစမ်း"

"အဖေက ရက်ဒ်ပဲ သောက်တာ၊ ဒါက ဘလက်ပဲ အဖေရဲ့"

"ငါသွားကန်တော့စရာ ရှိသေးတယ်။ မင်းပြန်ထားလိုက်"

"ဟုတ်ကဲ့"

ခင်မောင်ကျော်သည် ကုပ်ကုပ်နှင့် အခန်းထဲဝင်ကာ ဘလက် အရက်ပုလင်းကို ပြန်ထားလိုက်သည်။

သူပြန်ထွက်လာတော့ အဖေကြီးကို ပြောသည်။

"အဖေ သားပရိုဂရမ်မင်းစာအုပ် ၀ယ်ရမယ်။ အဲဒါ တစ်သောင်းလောက် ကျမယ်"

"မင်း ဟိုနေ့က လာကန်တော့တဲ့ထဲမှာ မုန့်ပုံးနှစ်ပုံးတောင် ပါတယ်မဟုတ်လား။ အဲဒါရောင်းလိုက်"

"]ဒါက တစ်သောင်းမပြည့်ဘူး ထင်တယ်"

"ဦးဂျမ်း ထည့်ရောင်းလိုက်ပေါ့"

ဒေါ်ကြော့က "မုန့်ပုံးတော့ မရဘူး။ ဆရာတော် သွားကန်တော့ဖို့ ဖယ်ထားတာ" ပြီးတော့ ဒေါ်ကြော့က ဆက်ပြီး "သားရယ်၊ နောက်တစ်ပတ်မှဝယ်၊ မားကတ်တင်းက လာတဲ့အခါ အရက်ပုလင်း ပါလာမယ်၊ ဒီတော့မှ ရောင်းပေါ့"

"သီတင်းကျွတ်မှာ အရက်ပုလင်း သိပ်မလာဘူး။ မင်းမမျှော်လင့်နဲ့။ ငါတို့ရုံးက ပေးထားတဲ့ ၁၅၀၀ တန်ဖုန်းကို သွားရောင်းပါလား"

"ရှင်ပဲပြောတယ်။ ကတ်ချိုးထားလို့ ရှစ်သောင်းပဲ ရမှာမို့ မရောင်းနဲ့ဦးဆို" ခင်မောင်ကျော်က ၀င်ပြောသည်။

"ကဲ အဖေ၊ သားပဲ သွားရောင်းလိုက်မယ်။ မိုဘိုင်းရှော့ပ်က ကောင်လေးတွေနဲ့ သားရင်းနှီးတယ်"

"အေး၊ မင်းဆိုင်ကိုရောက်ရင် ဆော်ဒါတစ်ဘူးနဲ့ ချိစ်တစ်ထုပ်ကိုပါ ဆွဲခဲ့"

"ငါ့အတွက် Diet Coke လည်း ၀ယ်ခဲ့"

ဒေါ်ကြော့က မှာနေပြန်သည်။

ဘ၀သည် အင်မတန် မောစရာ ကောင်းသည်။ "ကံကောင်းပေလို့ ဦးသိန်းအောင်ဇော်က နေရာကောင်းလေး ရထားလို့" ဟု ဒေါ်ကြော့စဉ်းစားနေသည်။

လခတော့ မက်စရာ မဟုတ်။ သို့သော် အပေးအယူတွေ လုပ်လို့ရသည်။

"ရှင့်တပ်ထဲက သူငယ်ချင်းကိုအောင်တင် ရေနံရောက်နေတယ်ဆို"

"အေး၊ ငါတို့ Batch တစ်ခုထဲက အောင်တင် ရေနံကို ရောက်နေတယ်လို့ ကြားတယ်"

"ရှင်သွားပြီး ရေနံချေးလေး ဘာလေး တောင်းပါလား"

"အေး ငါလည်း စဉ်းစားနေတာ။ ရေနံချေးကိုတော့ ပေးနိုင်ပါတယ်"

ဒေါ်ကြော့စီမံခန့်ခွဲ၍ရသော ရေနံချေးကို ရောင်းစားရာ သိန်း ၆၀ ကျော်မြတ်သည်။ အမှန်မှာ ဒေါ်ကြော့ကို ရေနံချေး မြင်ဖူးသလားဟု မေးကြည့်ပါ။ ဒေါ်ကြော့မမြင်ဖူးပါ။ မြင်ဖူးစရာလည်း မလိုပါ။ ပါမစ်ကို လက်လွှဲရောင်းလိုက်ရုံသာ ဖြစ်သည်။

ဒေါ်ကြော့တို့လို့ ဗိုလ်ကတော် တစ်ဖြစ်လဲ အရာရှိ ကတော်များသည် တစ်ယောက်ကိုတစ်ယောက် သတင်းအချက်အလက် ဖလှယ်ကြသည်။

"မင်းယောက်ျား သူငယ်ချင်း တောင်ငူဘက် ရောက်နေပြီ"

ဒါကိုသိလျှင် ဒေါ်ကြော့တောင်ငူကို လိုက်သွားသည်။ ပါမစ်မြေ တစ်ကွက်တော့ လွယ်လွယ်ကူကူပင် ရသည်။ အရောင်းအ၀ယ်ကိုတော့ ရန်ကုန်မှာပင် စောင့်လုပ်သည်။ သိန်းတစ်ရာလောက် မြတ်သည်။ မြတ်မှဖြစ်မည်။ ကြည့်လေ စရိတ်တွေကလည်း အင်မတန် တက်တယ်။ သားက ကားလိုချင်လို့ ဟွန်ဒါဖစ်လေး ၀ယ်ပေးလိုက်ရသည်။ ခုတော့ ၁၀ သိန်းကျော် ရှုံးသည်။
ကားရောင်းလို့မြတ်တဲ့ခေတ် ကုန်သွားပြီ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က QQ3 (သူတို့က ကြူကြူသင်းဟု ခေါ်သည်) တစ်စီးရ၍ ရောင်းစားလိုက်ရာ သိန်း ၆၀ ကျော် မြတ်သည်။ ခုတော့ အဲဒီကားတွေ ရှုံးနေသည်ဟု ကြားရပြန်သည်။ သားကားဟာ ဓာတ်ဆီမစား ပေမယ့်လည်း ဓာတ်ဆီဖိုးက အတော်များသည်။ အရင်ခေတ်ကလို ဓာတ်ဆီတန်းစီတဲ့ခေတ်ကို လွမ်းမိသေးသည်။ ဘယ်လောက်တန်းစီရစီရ အမြတ်နှင့် ကားစီးနိုင်သည်။ ဟင်းလျာဝယ်နိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ FM ရေဒီယိုက မေဆွိသီချင်းလေး လာနေသည်။ "ဒီအချိန်ကို လွမ်းတယ်" တဲ့။

Eleven

ထောင်ချောက်ပမာ



ညောင်ဦးလေဆိပ်အသွား လမ်းမကြီးသို့ အဖြတ်တွင် ရန်ကုန်-ညောင်ဦး အမြန်ဘတ်စ်ကားနှင့် ဆလွန်းကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားစဉ်
ခုတလော စိတ်မကောင်းစရာ သတင်းတွေ မကြာခဏ ကြားခဲ့ရသလို ဆင်ခြင်တွေးတော မိတာတွေလည်း ရှိလာတယ်ခင်ဗျ။
လတ်တလော ကြားလိုက်ရတာက ပုဂံညောင်ဦးလေဆိပ်မှာ ၀င်ထွက်သွားလာ နေသူတိုင်း သိကျွမ်းခင်မင်နေတဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုက အလုပ်သမားတစ်ဦး ယာဉ်တိုက်မှုဖြစ်လို့ ရုတ်တရက် ဆုံးပါးသွားတဲ့ သတင်း။
လေဆိပ်က ၀န်ထမ်းတွေ၊ ဧည့်လမ်းညွှန်တွေ၊ ကားသမားတွေ အားလုံးက သူ့ကိုပဲလှော်လို့ပဲ လူသိများပါတယ်။ တိုင်းရင်းသားကလည်းဖြစ် လူကလည်းရိုးဆိုတော့ အားလုံးလိုလိုက သူ့ကို ခင်ကြတယ်။ အခင်းဖြစ်တဲ့ ညနေပိုင်းက ထူးထူးခြားခြား ကိုပဲလှော် ကားကြုံလိုက်လာတယ်။ သူက ကား၊ ဆိုင်ကယ်အကြုံနဲ့ လိုက်လေ့မရှိပါဘူး။ အဲဒီနေ့ကမှ တိုက်တိုက်ဆိုင်ဆိုင် သူကားကြုံလိုက်လာတယ်။ ဖြစ်ချင်တော့ သူလိုက်ပါလာတဲ့ ကားက လေဆိပ်သွားဖို့ လမ်းမကြီးကိုအဖြတ် ရန်ကုန်-ညောင်ဦး အမြန်ဘတ်စ်ကားက လမ်းမကြီးအတိုင်းအလာ ၀င်တိုးမိပါတယ်။ ကိုပဲလှော် နေရာတင် ပွဲချင်းပြီးပါပဲ။ တက္ကစီယာဉ်မောင်းလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်။
အခင်းဖြစ်အရပ် ကျွန်တော်ရောက်သွားတော့ ထုံးစံအတိုင်း ပြောဆိုနေကြသံတွေ ကြားရတာပေါ့။
"အဲဒီကားကြီးတွေက မြို့ထဲမောင်းတာကို ဘယ်တော့မှ အရှိန်မလျှော့ဘူး"
" ဥပဒေအရဆိုရင် လမ်းမကြီးကလာတဲ့ ယာဉ်က အမှန်။ ဖြတ်ကွေ့တဲ့ယာဉ်က အမှားပေါ့"
"မဟုတ်ဘူး။ နှစ်ဖက်လုံးမှားတယ်။ ကားကြီးကလည်း လမ်းမှန်ဆိုပေမယ့် ဒီလောက်အရှိန်ကြီးနဲ့ မမောင်းသင့်ဘူး။ တက္ကစီကလည်း စောင့်ပြီးရှင်းမှ မောင်းသင့်တယ်"
အမျိုးမျိုး ဝေဖန်သံတွေ ကြားရပြီးတဲ့ နောက်မှာတော့ ဘယ်သူမှ  အငြင်းမပွားတဲ့ အချက်တချို့ သုံးသပ် ပြောဆိုတာလေးတွေ ရှိလာတာ သတိထားမိတယ်။
"အ၀ိုင်းပတ်ရှိရင် ဒါမျိုးမဖြစ်နိုင်ဘူး။ ဒီနေရာက အ၀ိုင်းပတ်လိုတယ်"
လိုအပ်ချက်တွေများ ရှိနေမယ်ဆိုရင်တော့ဖြင့် နစ်နာဆုံးရှုံးမှုတွေဟာ နိုင်ငံနဲ့ချီလို့ ဖြစ်ဖြစ်၊ နေရာဒေသအလိုက် ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းပဲ ဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာ မထင်မှတ်တဲ့၊ မမျှော်လင့်တဲ့ အခါမျိုးမှာ ဆင်မထားတဲ့ ထောင်ချောက်ပမာ တိုးဝင် ကြုံတွေ့မိကြမှာကို စိုးရိမ်မိကြောင်း . . . . .
"ယာဉ်ထိန်းအမြဲတမ်း မထားနိုင်ရင်တောင် အချက်ပြမီးရှိရင် ဒီလောက်မဆိုးဘူး"
"လမ်းလယ်ကျွန်းက ထန်းပင်အရွက်တွေနဲ့ သစ်ပင်တွေနဲ့ဆိုတော့ ရုတ်တရက် တစ်ဖက်ယာဉ်ကြောက ကား၊ ဆိုင်ကယ်ကို မမြင်ရချင်ဘူး။ ဒါကို ဂရုပြုသင့်တယ်" စသဖြင့်ပေါ့။
           
(၂)
နောက်စိတ်မကောင်းစရာတစ်ခုက ပစ္စည်းဥစ္စာ ဆုံးရှုံးတာ။ ကျွန်တော့်အသိတွေ၊ မိတ်ဆွေတွေ ပါတယ်။
ဖြစ်ပုံက ညောင်ဦးမြို့ကနေ ပုဂံဘက် သွယ်တန်းထားတဲ့  11 KV ဓာတ်အားလိုင်းကြိုးဟာ နေအိမ်တွေပေးဖို့ သွယ်တန်းထားတဲ့ ဓာတ်အားကြိုးပေါ် ပြုတ်ကျသွားတယ်။အကျိုးဆက်အနေနဲ့ နေအိမ်၊ တည်းခိုခန်း၊ လက်ဖက်ရည်ဆိုင် တချို့ရဲ့ အိမ်သုံးမီတာ၊ ပါဝါမီတာ၊ တီဗွီ၊ အပေါ်စက်၊ အောက်စက်၊ ရေခဲသေတ္တာ၊ ရေပူရေအေးပေးစက်၊ မီးအားမြှင့်စက်၊ အဲယားကွန်း စတာတွေ  အပူရှိန်လွန် ပျက်စီးကုန်တယ်။ တချို့ ကျပ် ဆယ့်လေးငါးသိန်းမက ဆုံးရှုံးသွားရတယ်။ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေက မီးတွေထတောက်လို့ အထိတ်တလန့်ဖြစ် ငြှိမ်းရသတ်ရနဲ့ အတော်လေး ထိတ်လန့်သွားတယ်။
"ကျွန်တော်တို့ နစ်နာဆုံးရှုံးမှုအတွက် ဘယ်သူက တာဝန်ယူမလဲ"
"အကယ်၍ အဲဒီနေ့က မပြောကောင်း မဆိုကောင်း မီးများလောင်ခဲ့ရင် တရားခံက ဘယ်သူလဲ"
မေးခွန်းတွေက ထွက်လာတယ်။ မကြာသေးမီကဘဲ အမျိုးသမီးကြီးတစ်ဦး လျှပ်စစ်မီး သုံးစွဲရာမှာ စနစ်တကျမရှိ ၀ိုင်ယာရှော့ဖြစ်လို့ မီးလောင်မှု ဖြစ်တယ်ဆိုပြီး ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံခဲ့ရတာလည်း ရှိနေတယ်။ဆိုတော့ကာ နှိုင်းယှဉ်ဝေဖန် သုံးသပ်ပြောဆိုသံတွေ နားနဲ့ မဆံ့အောင် ကြားခဲ့ရတယ်ခင်ဗျ။
(၃)                
တစ်လောက အစည်းအဝေးတစ်ခုမှာ နိုင်ငံရေးသမားတစ်ယောက် ပြောတာလေး မှတ်မှတ်ရရ ရှိလိုက်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စတာတွေနဲ့ ပတ်သက်လို့ပါ။ ဒါပေမဲ့ ကဏ္ဍ တော်တော်များများနဲ့လည်း စပ်ဆိုင်နေတယ်ထင်လို့ ရင်ထဲ စွဲမှတ်ထားမိတယ်။
သူက မြို့ပြစီမံကိန်းတွေ၊ လမ်း၊ တံတား၊ ဈေးတည်ဆောက်ရေး စီမံကိန်းကြီးတွေမှာ E သုံးလုံးနဲ့ညီအောင် နိုင်ငံတကာမှာ တည်ဆောက် အကောင်အထည်ဖော်လေ့ ရှိပါသတဲ့။
ပထမ E က Engineering ပါ။ မြို့ပြတွေ၊ လမ်းတံတားတွေ၊ ဈေးကြီးတွေ တည်ဆောက်တဲ့အခါ အလျင်စလို၊ နေ့ချင်း၊ အားချင်း တည်ဆောက်တာမျိုးမဟုတ်ဘဲ စနစ်တကျနဲ့ ကားရပ်ရမယ့်နေရာ၊ မရပ်ရတဲ့နေရာ၊ မိုင်နှုန်း ကန့်သတ်ချက်၊ အချက်ပြမီး၊ မီးပွိုင့် တပ်ဆင်ရမယ့်နေရာ၊ လူသွားလမ်း၊ လမ်းဆုံလမ်းခွ ရှိသင့်ရှိထိုက်တဲ့ အထောက်အကူပြု ပစ္စည်းအဆောက်အအုံ၊ အမှတ်အသား၊ ရေနုတ်မြောင်း ရှိရမယ့်နေရာ၊ အမှိုက်စွန့်နေရာ၊ လျှပ်စစ်မီး သွယ်တန်းရမယ့်နေရာ စတာတွေကို အစီအစဉ်တကျ အစစအရာရာ အဆင်ပြေ ချောမွေ့အောင် စီစဉ်ဆောင်ရွက်လေ့ ရှိတယ်လို့ဆိုပါတယ်။
ဒုတိယ E က Education ပါ။ Engineering ပညာအရ စနစ်တကျတည် ဆောက်ထားတဲ့မြို့၊ လမ်း၊ တံတားကို ပြည်သူတွေ၊ သုံးစွဲသူတွေ စနစ်တကျ သုံးစွဲတတ်အောင် ပညာပေးတဲ့စနစ်ပါ။ Engineering အားနည်းချက်ရှိတဲ့ နေရာမှာ ဘယ်လိုပဲ ပညာပေး၊ အရေးယူမှုတွေ ဆောင်ရွက်နေနေ အောင်မြင်ဖို့ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့မြို့ရဲ့ ဈေးဝန်းကျင် ရှုပ်ထွေးနေမှုမျိုးဟာ ဒီသဘောပါပဲ။

တတိယ E ကတော့  Enforcement ပါ။ အရေးယူမှုအပိုင်းပါပဲ။  Engineering ပိုင်းအရ စနစ်တကျ ဆောင်ရွက်ထားမယ်။ Education အရ ပညာပေးမှုတွေလည်း လိုအပ်သလို ဆောင်ရွက်ပေးထားမယ်။ ဒီကြားထဲမှ စည်းကမ်း မလိုက်နာမှု၊ ချိုးဖောက်မှုတွေ လုပ်လာမယ်ဆိုရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှု Enforcement လုပ်ကြတယ်ဆိုပြီး မှတ်သားရပါတယ်။
ကျွန်တော်တို့မြို့ အပါအ၀င်၊ နိုင်ငံအတွင်းမှာက အားချင်းတည်ဆောက် တိုးချဲ့လိုက်တဲ့ မြို့တွေ၊ လမ်းတွေ၊ တံတားတွေ၊ ဈေးတွေ၊ စီမံကိန်းကြီးတွေ ရှိနေတော့ကာ စောစောက ဆိုခဲ့သလို Engineering ,Education, Enforcement ဆိုတဲ့ အချက်သုံးချက်နဲ့များ  ညီညွတ်မှု မရှိခဲ့ဘူး။ လိုအပ်ချက်တွေများ ရှိနေမယ်ဆိုရင်တော့ဖြင့် နစ်နာဆုံးရှုံးမှုတွေဟာ နိုင်ငံနဲ့ချီလို့ ဖြစ်ဖြစ်၊ နေရာဒေသအလိုက် ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းပဲ ဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာ မထင်မှတ်တဲ့၊ မမျှော်လင့်တဲ့ အခါမျိုးမှာ ဆင်မထားတဲ့ ထောင်ချောက်ပမာ တိုးဝင် ကြုံတွေ့မိကြမှာကို စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

Eleven

ဘီးလင်းမြို့ ကန်သာယာရပ် NLD ပါတီဝင်များ နုတ်ထွက်ရန် ဆုံးဖြတ်


ဈာန်မိုးသစ်

ဘီးလင်း ၊ နိုဝင်ဘာ ၁ ။ ။ မွန်ပြည် နယ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၏ ငွေကြေးအလွဲသုံးမှု၊ ဒီမို ကရေစီနည်း လမ်း တကျ ရွေးချယ် ခြင်း မရှိမှုနှင့် နှိမ်ချခွဲခြားဆက် ဆံခံနေမှုလုပ်ရပ်များအပေါ် ကန် သာယာရပ် ကွက်မှNLD ပါတီ ဝင်များက သည်းခံ နိုင်စွမ်းမရှိ သဖြင့် အောက်တိုဘာ ၃၁ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် ရပ်ကွက် ပါတီရုံးခန်း၌ အစည်း အဝေးပြု လုပ်၍ စုပေါင်းနုတ်ထွက်ကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ရပ်ကွက်NLD ပါတီဥက္ကဋ္ဌ ဒေါ်ယင်းမာ မြင့်က မြို့နယ် ပါတီတာဝန်ရှိသူ များ၏လုပ်ရပ်များကို ရှင်းလင်း တင်ပြခဲ့ပြီး ရပ်ကွက်ပါတီ ဒုဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကော်မရှင် အဖွဲ့ ရွေးချယ်စဉ် ကပင် နည်းလမ်း မကျခဲ့သောလုပ်ရပ်များ၊ အလွဲ သုံးစားပြုထား သည့် ငွေကြေးကိစ္စ များကို အစည်းအဝေးတက်ရောက် လာသူများအား တင်ပြခဲ့သည်။

ရပ်ကွက်အမှုဆောင်ကော် မတီဝင် ဦးချစ်ကိုနှင့် ဦးဟန်ထွေး တို့က ပါတီအတွင်း ဒီမိုကရေစီ လမ်းစဉ်နှင့် သွေဖည် လုပ်ဆောင် နေသော ကိစ္စရပ်များကိုလည်း ကောင်း၊ ရပ်ကွက်ပါတီအတွင်း ရေးမှူးက ပါတီဥက္ကဋ္ဌ ၏ ငွေစာ ရင်းရှင်းတမ်းကို မကျေနပ်၍ ပါတီ တာဝန်ရှိသူ အဆင့်ဆင့်ထံ ကန့် ကွက်တင်ပြသော် လည်း အောက် ခြေပါတီ ဝင်များ၏ ဆန္ဒကိုလျစ် လျူရှုနေသော ကိစ္စရပ်များကို ရှင်း လင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက် လာသောပါတီဝင်များက မြို့နယ် အဆင့်ပါတီဝင် များ၏ လုပ်ဆောင် နေမှုများအပေါ် မိမိတို့၏မကျေ နပ်ချက်များကို တင်ပြကြပြီး ရှေ့ ဆက်ရပ်တည်မည့် ကိစ္စရပ်များ ကို သဘောထားတောင်း ခံမှုပြု လုပ်ရာ တက်ရောက် လာကြသော ပါတီဝင်များက ပါတီဝင်အဖြစ် မှ နုတ်ထွက်၍ ပါတီဆိုင်းဘုတ်ကို အခြားသူများအား လွှဲပြောင်းပေး အပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Yangon Media Group

ချစ်သူမိန်းကလေးမရှိ၍ စိတ်ဓာတ်ကျလျက်ရှိသော လူငယ်တစ်ဦး ယောင်္ကျားအင်္ဂါ ဖြတ်တောက်


တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်၊ ဂျီဇင်းမြို့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သော
အသက် ၂၆နှစ်အရွယ်ရှိ “ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စိတ်ဖိ စီးမှုခံစားရလျက်ရှိရာ ၎င်း၏
ယောင်္ကျားအင်္ဂါ အား အသုံးမ၀င်ဟုဆိုကာ ဖြတ်  တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင်
ဖော်ပြသည်။

“ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စက်ရုံတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင် ရလျက်ရှိသော
ကြောင့် မိန်းကလေးတစ်ဦးဦးနှင့် တွေ့ဆုံ ကြုံကြိုက်မည့် အခွင့်အရေးမရှိခြင်းနှင့်စပ်လျဉ်း၍ စိတ်ဖိစီးမှု ခံစားရ လျက်ရှိရာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီ နေအိမ် သို့ပြန်ရောက်ခဲ့ရာတွင် ၎င်း၏ ယောင်္ကျားအင်္ဂါအား အသုံးမ၀င်ဟုဆိုကာ ဖြတ်တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင် ဖော်ပြသည်။

“ရန်ဟူ”သည် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆရာဝန်များက ယခုကဲ့သို့ ကုသ၍ မရကြောင်းနှင့် ၎င်းဖြတ်တောက်ခဲ့သော အစိတ်အပိုင်းအား ပြန်ယူခိုင်းရာ စက်ဘီးဖြင့် ပြန်ယူခဲ့သော်လည်း ယင်းအစိတ်အပိုင်းမှာ သွေးမရှိဘဲ အချိန်အတန်ကြာ ခဲ့ပြီဖြစ်၍ ပြန်လည်ဆက်စပ်ကုသ၍ မရနိုင်တော့ကြောင်း ပြောကြားခဲ့သည်။

လူပန်းအိမ်

People power

အချိုဓာတ်ကို လွန်ကဲစွာ မစားသုံးမိပါစေနှင့်


အချိုဓာတ်ကို လွန်ကဲစွာစားခြင်းဖြင့်
ယောင်တိယောင်ဝါးဖြစ်ခြင်း၊ စဉ်းစား၍ မရခြင်း
မောပန်းခြင်း သို့မဟုတ် အစာစားပြီးတိုင်း အိပ်ချင်ခြင်း
အစာစားပြီးတိုင်း လေများလည်ခြင်း
ခေါင်းကိုက်ခြင်း
အဆစ်နာခြင်း
ဝမ်းချုပ်ခြင်း
ဝမ်းလျှောခြင်း
အရေပြားပြဿနာများ
ဓာတ်မတည့်ခြင်းလက္ခဏာများ ဖြစ်ပေါ်ခြင်း
စိတ်ခံစားမှုမြင့်မားလွန်းခြင်း၊ နိမ့်ကျ ခြင်း(ဥပမာ စိတ်ဆိုးခြင်း၊၀မ်းနည်းခြင်း၊ အင်အားစိုက်ထုတ်မှုအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းစသည်)
အချိုဓာတ်လွန်ကဲစွာစားသုံးခြင်းသည် အရက်သောက်သူတို့နှင့် အလားတူနောက်ဆက်တွဲအကျိုးဆက်များ ဖြစ်လာနိုင်သည်။ အရက်၊ သကြားအလွန်အကျွံစားသုံးသူတို့တွင် ကျောက်ကပ်၊ အသည်း၊ အစာအိမ်နှင့်အူသိမ်များကို ထိခိုက်စေသည်။ ရေဓာတ်ခန်းခြောက်ခြင်း၊ Electrolyte  ပမာဏမညီမျှခြင်း၊ အစာအိမ်ရောင်ရမ်းမှုပြဿနာ၊ ကောင်းစွာအိပ်စက်မှုမပြုနိုင်ခြင်း စသည့်ရလဒ်များကို ဖြစ်စေသည်။
အချိုဓာတ်ခန္ဓာကိုယ်တွင်းသို့ စီးဆင်းလာသည်နှင့် Acetaldehyde ခေါ်အဆိပ်အတောက် (၁)မျိုး ထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။ အရက်နာကျသူတို့တွင် ကျရောက်တတ်သောလက္ခဏာများနှင့်အလားတူဖြစ်သည်။ သို့ဖြစ်၍ အချိုကြိုက်တတ်သူများအနေနှင့် ချင့်ချိန်စားသုံးသင့်ပါသည်။

ဒေါန

Health Updates Journal No. 89

Facebook သည် လူမှုဆက်ဆံရေး၏ နိမိတ်ပုံများ အထင်ဟပ်ဆုံး နေရာဖြစ်လာ


Facebook သည် အချစ်ရေး အကွဲအပြဲ ဇာတ်လမ်းများကို ကြိုတင် နိမိတ်
ဖတ်နိုင်သည့် စွမ်းရည်မျိုး ရှိလာပြီဟု သုတေသီများက တင်စားပြော
ကြားလိုက်သည်။ သုတေသီများသည် Facebook ဝက်ဘ်ဆိုက် သုံးစွဲသူများ
အနက် (၁.၃)သန်းခန့်၏ မှတ်တမ်းမှတ်ရာများကို လေ့လာကာ အချစ်ရေး အဆင်မပြေသည့်အခါ ကြိုတင် နိမိတ်ထင်လာတတ်ကြောင်း ကောက်ချက်
ချခဲ့သည်။

ဥပမာအားဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး In a Relationshipဟု သတ်မှတ်
ထားရာမှ It's Complicatedဟု ပြောင်းလဲလိုက်မှုမျိုးသည် လူတစ်ယောက်၏ လူမှုဘဝကို ကြိုတင် အရိပ်ထင်စေကြောင်း ပညာရှင်များက ထောက်ပြခဲ့
သည်။

အမှန်တကယ် အချစ်ရေး မပြိုကွဲခင် Facebookတွင် မိမိတို့၏ အတွင်းစိတ်
များကို လူအများက အရိပ်အမြွက်မျှဖြစ်စေ ထုတ်ပြလာတတ်ကြောင်း သိရှိရသည်။

ကွန်နဲလ် တက္ကသိုလ်တွင် ပြုလုပ်သော သုတေသန ရလဒ်တစ်ခုက Facebookနှင့် Social Mediaများအပေါ် လူအများ မှီတွယ်မှု ပိုမို
အားကောင်းလာသည်နှင့်အမျှ အတွင်းရေး ခံစားချက်များကို သွန်ထုတ်ရန် အသုံးများလာကြောင်း ညွှန်ပြလျှက်ရှိသည်။

ထို့အပြင် စုံတွဲတစ်တွဲနှင့် တိုက်ရိုက်သိကျွမ်းမှု မရှိသည့်တိုင် ယင်းတို့နှင့် ဆက်စပ်သူငယ်ချင်းများထံမှတစ်ဆင့် ထိုစုံတွဲ၏ လားရာအခြေအနေ
ကောင်းမကောင်း ဆိုသည်ကိုပါ ခန့်မှန်းလာနိုင်လိမ့်မည်ဟု ယင်းတက္ကသိုလ်
မှ လူမှုဆက်ဆံရေး ပညာရပ်ဆိုင်ရာ သုတေသီများက ကောက်ချက်
ချခဲ့သည်။ ယခုသုတေသန စစ်တမ်း၏ နောက်ကွယ်မှ ပညာရှင်များက Facebookတွင် လူတစ်ဦး၏ စိတ်ခံစားချက် အရိပ်အကဲသည် ဆက်စပ်နေသည့် မိသားစုနှင့် မိတ်ဆွေများထံ အလွယ်တကူ ပျံ့နှံ့တတ်ကြောင်း ရှင်းပြခဲ့သည်။

သုတေသီများက Facebookတွင် သူငယ်ချင်း တစ်ဦး၏ ကြားခံသူငယ်
ချင်းများ ရောနှောနေခြင်းထက် နယ်ပယ်အသီးသီး ခွဲထားခြင်းက ဆက်ဆံရေး ပိုမိုခိုင်မြဲစေကြောင်းလည်း ဆိုသည်။ ထို့အပြင် Social Networkများ၌ တစ်ဦးချင်း ဆက်ဆံရေး ခိုင်မြဲမှုထက် မိမိ၏ အမှန်တကယ် ရင်းနှီးကျွမ်းဝင်သူ အရေအတွက် ချိတ်ဆက်မှု ကျယ်ပြန့်ခြင်းကလည်း ပိုမိုအရေးပါသည့် ညွှန်ကိန်း ဖြစ်လာကြောင်း ပညာရှင်များက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

ဦးရုက္ခစိုးနှင့် မီးစက်သံ တဒုန်းဒုန်း


ညဘက် ပျင်းပျင်းရှိသည်နှင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသား ဦးရုက္ခစိုး စံမြန်းရာ သစ်ပင်ကြီးဆီသို့ ရောက်လာသည်။ အသံပေးကြည့်သည်၊ ဦးရုက္ခစိုးကား မရှိ။ သစ်ပင်ကြီးက မှောင်အတိ။

ဖိုးရှုပ်။     ။ ဘယ်များ သွားနေပါလိမ့်ကွာ။ ဦးရုက္ခစိုးဟာ ရန်ကုန်ရောက်လာမှ တော်တော်လေး ခြေများနေတယ်။

ကြွက်စုတ်။     ။ အေးလေကွာ … ချင်းမိုင်မှာတုန်းကမှ တွေ့ရမယ့်သူဆိုလို့ ငါတို့ပဲ ရှိတာဆိုတော့ ဘယ်အချိန်တွေ့ချင် တွေ့ချင် ဒွိုင်ဆူထေ့တောင်ပေါ် သွားလိုက်တာနဲ့ တွေ့ရတာပါ။

ရုက္ခစိုးတို့မည်သည် သူ့ကို တလိုက်သည်နှင့် ဘယ်လောက် အလှမ်းကွာဝေးနေပါစေ ကြားနိုင်သော သဘောရှိ၏ (ယုံချင်ယုံ မယုံချင်နေ … ကိုတာတေ၏ ဦးရုက္ခစိုးကတော့ ၎င်းအတိုင်းဟုမှတ်) ထို့ကြောင့် သူ့ကို အမည်ခေါ် တ, နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်ရှေ့တွင် လက်ညှိုးထောင်ကာ ကိုယ်ရောင် လင်းစေလိုက်သဖြင့် ရုတ်တရက် ဘွားခနဲ ပေါ်လာလေတော့သည်။

ဖိုးရှုပ်။     ။ ဟာ … မီးလာပြီဟေ့။

ရုက္ခစိုး။     ။ နင့်ကြီးတော်ကြီး မီးလာရမှာလား၊ ငါလာတာဟဲ့ ငါလာတာ။

ဖိုးရှုပ်။     ။ သြော် ဦးရုက္ခစိုးကိုယ်က လင်းတာကိုး … သိပါဘူးဗျာ … မီးများလာတာလားလို့။

ကြွက်စုတ်။     ။ ဘယ်တွေ လျှောက်သွားနေတာလဲ ဦးရုက္ခစိုးရယ် … ကျနော်တို့မှာ ရှာလိုက်ရတာ။

ရုက္ခစိုး။     ။ ရှာလိုက်ရတာတွေ ဘာတွေ လာလုပ်နေသေးတယ်၊ ငါလက်ညှိုးထောင်လို့ မင်းတို့ မြင်ရတာများ။ ခုနကလည်း ဘာတဲ့ … ငါ့ကို ရန်ကုန်ရောက်မှ ခြေများသလေး ဘာလေးနဲ့။

ကြွက်စုတ်။     ။ အဟဲ … ဦးရုက္ခစိုးကို ရုက္ခစိုးဆိုတာမေ့ပြီး အတင်းပြောမိတာ ဆောရီးနော်။

ကြွက်စုတ်က မျက်နှာချိုသွေးလိုက်သည်။

ဖိုးရှုပ်။     ။ အဲဒါ ထားပါဦး … ဦးရုက္ခစိုးက ဘယ်တွေ လျှောက်သွားနေတာလဲ။

ရုက္ခစိုး။     ။ ဘယ်သွားရမလဲကွ …။ ဒီမှာက မီးခဏခဏ ပြတ်လို့ မီးစက်နှိုးတဲ့ ဟိုတယ် သစ်ပင်တွေဆီ သွားနေနေတာ။

ကြွက်စုတ်။     ။ ရုက္ခစိုးက မီးလိုလို့လားဗျာ။ အမှောင်ထဲတောင် မြင်ရတာပဲဟာ။

ရုက္ခစိုး။     ။ နားမလည်ဘဲ လာမဝေဖန်နဲ့ … ဒီရုက္ခစိုးက ခေတ်ရုက္ခစိုးကွ။ မီး မရှိရင် အသက်မရှင်ချင်ဘူး … အဲလေ … လျှပ်စစ်မီးနဲ့မှ လုပ်လို့ရတဲ့ အလုပ်တွေက ရှိသေးတယ်။ ဒီပုံနဲ့ဆိုရင်တော့ ငါ့အလုပ်တွေ နှောင့်နှေးကုန်တော့မှာပဲ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးက ဘာအလုပ်တွေ လုပ်နေလို့ လုပ်ငန်းနှောင့်နှေးမှာလဲဗျ။

ရုက္ခစိုး။     ။ မုခစာအုပ်မှာ အချိန်နဲ့ တပြေးညီ ဓာတ်ပုံတွေ တင်ရမယ်၊ စားရင်စားတဲ့အကြောင်း၊ သွားရင်သွားတဲ့ အကြောင်း၊ ဘယ် သူငယ်ချင်းတွေနဲ့ ဘယ်လို ဆုံနေတယ် ဆိုတဲ့အကြောင်း … ခုမှ သတိရတယ် လာစမ်းပါဦး … မင်းတို့ နှစ်ယောက်နဲ့ ဓာတ်ပုံလေး တွဲရိုက်ဦးမှပဲ။

ပြောပြောဆိုဆို ဦးရုက္ခစိုးက သူ့ စမတ်ဖုန်းလေးကို ဖွင့်နေသည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးတော့ မုခစာအုပ် ရောဂါ စွဲနေပြီ။

ကြွက်စုတ်။     ။ ဒါဆို ပြန်ကြားရေး ဝန်ကြီးလောက်တော့ အေးအေးဆေးဆေး လုပ်လို့ရပြီ။

တယောက်ပေါက် နှိပ်ကွပ်နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားကို မမှုသည့်အလား ဦးရုက္ခစိုးက နှစ်ယောက်ကြားဝင်ကာ ဓာတ်ပုံကို ပြောင်းပြန် ကြိုးစား၍ ရိုက်နေလေသည်။ သို့သော် မီးမလာသောကြောင့် မှောင်နှင့်မည်းမည်း ဖြစ်နေရာ စမတ်ဖုန်းတွင် အရုပ်မထင် ဖြစ်နေပြန်သည်။ ရုက္ခစိုး၏ ကိုယ်ရောင်ကိုယ်ဝါကလည်း ပြချင်တိုင်း ပြလို့မရ၊ အထက်နတ်ကြီး များ၏ အညိုငြင် ခံရနိုင်သည်။

ထိုစဉ် မီးက ဖြတ်ခနဲ ပြန်လာသည်၊ နှစ်ယောက်နှင့် တပါးတို့မှာ “ဟေး” ဟု အော်မည် ကြံကာရှိသေး မီးက အားမပြည့်သဖြင့် မလင်းချင် လင်းချင် ဖြစ်နေသောကြောင့် အားမလို အားမရ ဖြစ်နေရသည်။ ဦးရုက္ခစိုး ဓာတ်ပုံ တပုံ ရိုက်ပြီးချိန်တွင် မီးက ပြန်ပြတ် သွားတော့သည်။

ကြွက်စုတ်။     ။ ဒါနဲ့များ ဆီးဂိမ်းအိမ်ရှင် လုပ်ဦးမတဲ့၊ ဒီပုံနဲ့တော့ အရှက်တွေ ကွဲဦးမယ်။

ကြွက်စုတ်က အားမလိုအားမရ ရေရွတ်လိုက်သည်။

ရုက္ခစိုး။     ။ အဲဒါပဲ … မင်းတို့က အဆိုးမြင်မယ် ဆိုတာချည်းပဲ။ သတင်းတွေမှ မဖတ်တာ။ ဆီးဂိမ်းဖွင့်ပွဲမှာ အစိုးရမီးကို လုံးဝ မသုံးဘဲ မီးစက်ကြီးတွေနဲ့ ဖွင့်မှာကွ။ နိုင်ငံတကာမှာ ဘယ်သူမှ မလုပ်သေးတဲ့ အသစ် … အသစ် … သဘောပေါက်။

ဖိုးရှုပ်။     ။ အစိုးရမီးကို လုံးဝ မသုံးဘူးဆိုတော့ ဆီးဂိမ်းကို တာဝန်ယူ ကျင်းပမယ့် အစိုးရက သူ့အီးပီစီကို ယုံကြည်မှု မရှိတဲ့ သဘောပေါ့နော်။

ကြွက်စုတ်။     ။ မီးစက်ကြီးတွေနဲ့ ဖွင့်ပွဲလုပ်မှာဆိုတော့ အဲဒီမီးစက်ကြီးတွေက ထွက်တဲ့ အပူငွေ့တွေ၊ အသံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်တော့ ထိခိုက်တော့မှာပဲ။

ဖိုးရှုပ်။     ။ ဟုတ်တယ် … တကယ်ဆိုရင် ဟိုအကြံပေး ပရောဟိတ်ကြီး ပြောတဲ့ နည်းကိုပဲ သုံးသင့်တာ၊ လျှပ်စစ်မီး မရှိရင် ဖရောင်းတိုင်ထွန်း ဆိုတာလေ။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တယောက်တပေါက် ထင်ကြေး ပေးနေသည်ကို ဦးရုက္ခစိုး ဂရုမစိုက်အား၊ ရိုက်ထားသည့် ဓာတ်ပုံ တပုံကို မုခစာအုပ်ပေါ် ကြိုးစား တင်နေသည်။ သို့သော် ကွန်နက်ရှင် ပြတ်တောင်း ပြတ်တောင်းကြောင့် ဓာတ်ပုံက ဆံ့တငင်ငင် ဖြစ်နေပြန်သည်။

ရုက္ခစိုး။     ။ တောက် … ကွာ … ဖုန်းက ဘတ္ထရီ ကုန်တော့မယ် ပုံက မတက်သေးဘူး။

ကြွက်စုတ်။     ။ အဲဒါ ပြောတာပေါ့ ဦးရုက္ခစိုးရဲ့ ဆီးဂိမ်းက တလပဲ လိုတော့တယ်၊ အခုထိ ကွန်နက်ရှင်က မကောင်း၊ မီးက ပြတ်တောင်း ပြတ်တောင်းနဲ့ နိုင်ငံတကာ ရှေ့မှာ ဘယ်လို မျက်နှာသွားပြမလဲ။

ရုက္ခစိုး။     ။ မင်းတို့တွေက အတွေးအခေါ်တွေ တော်တော် ညံ့သေးတာပဲ။ ဒီလိုပွဲမျိုးမှာမှ ကမ္ဘာမှာ မြန်မာဟေ့လို့ ပြရအောင် လူကြီးမင်းတွေက တမင် စီစဉ်ထားတာ … သဘောပေါက် …၊ လျှပ်စစ်မီးမရှိရင် အင်ဗာတာသုံး၊ အင်ဗာတာ အားကုန်ရင် မီးစက်သုံး၊ မီးစက်ဆီကုန်ရင် ဖရောင်းတိုင်ထွန်းမှာပေါ့။

ဖိုးရှုပ်။     ။ တက်မရှိရင် လက်ထိုးလှော်မယ် ဆိုတဲ့စကားကို မီးမလာရင် မီးစက်နဲ့ ထွန်းမယ်လို့ ပြောင်းရတော့မယ် ထင်တယ်။

ရုက္ခစိုး။     ။ ဒါပေါ့ကွာ … ခေတ်နဲ့အညီပေါ့။ ဖုန်းဘတ္ထရီ အားကုန်မှာစိုးရင် မိုဘိုင်းအားသွင်းစက်ကလေး ဝယ်ထားလို့ပါ ဖြည့်လိုက်။ အဲဒါ တို့ မြန်မာ။ ငါတောင် မဝယ်ထားမိလို့ အခု ဖုန်းက အားကုန်တော့မယ်။

ကြွက်စုတ်။     ။ အင်တာနက် ကွန်နက်ရှင် မကောင်းရင်ကော ဘယ်လိုလုပ်ရမလဲ။

ရုက္ခစိုး။     ။ အဝိုင်းလေး လည်နေတာကြည့်ရင်း တရားမှတ်ပေါ့ကွ …၊ ကုသိုလ်တောင် ရသေး။

ဦးရုက္ခစိုးကို ဖိုးရှုပ်ကော ကြွက်စုတ်ပါ နိုင်အောင် မပြောနိုင်တော့သောကြောင့် ပါးစပ်ပိတ်ပြီး ခေါင်းတခါခါ လည်တခါခါ နှင့်သာ ကြည့်နေရတော့သည်။

ရုက္ခစိုး။     ။ ကဲကဲ ဘာမှ စိတ်ပျက်မနေကြနဲ့ … ငါတိုင်ပေးမယ် လိုက်ဆိုကြ … အခု မြန်မာပြည်ရဲ့ ဆီးဂိမ်းဆောင်ပုဒ်ကို ငါကိုယ်တိုင် ပြောင်းမယ်။

ဖိုးရှုပ်။     ။ ဆီးဂိမ်းဆောင်ပုဒ်ကို ပြောင်းရအောင် ဦးရုက္ခစိုးက အကြီးအကဲလား။

ရုက္ခစိုး။     ။ အကြီးအကဲတော့ မဟုတ်ဘူးပေါ့ကွာ … ဒါပေမယ့် အကြီးအကဲကို ပြောပြီးသား၊ သူကလည်း သဘောတူတယ်။ လွှတ်တော်မှာ တင်ပေးမယ်တဲ့။

ကြွက်စုတ်။     ။ လုပ်ချင်ရာသာ လုပ်တော့ ဦးရုက္ခစိုးရေ … ကျနော်တို့လည်း မြန်မာပြည်ထဲ ပြန်ရောက်နေမှတော့ မီးစက် ကြည့် ကရတော့မှာပေါ့။

ရုက္ခစိုး။     ။ မှန်တယ် … မင်းလည်း စကားပုံကို ခေတ်နဲ့ လျော်ညီအောင် ပြင်တတ်လာပြီပဲ။ အဲဒီတော့ အကျင့်ရအောင် လိုက်ဆိုထားကြ … ဆီးဂိမ်းမှာ အားကစားပွဲတွေ ကြည့်တဲ့အခါမှာ အဲဒီဆောင်ပုဒ်ကို လည်ချောင်းကွဲအောင် အော်ရမှာ။

ထို့နောက် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ဦးရုက္ခစိုး သင်ပေးသည့်အတိုင်း တသဝေမတိမ်း လိုက်အော်ကြရင်း လည်ချောင်းကွဲ အသံနာ၍ ၂ ရက်ခွဲခန့် အိပ်ရာထဲ လဲကြလေတော့သတည်း။

စာဖတ်ပရိသတ်များ အနေဖြင့် ဆီးဂိမ်းအမီ လေ့ကျင့်နိုင်ရန် အောက်ပါ ဆောင်ပုဒ် အတိုင်နှင့် အဖောက်ကို မျှဝေ ပေးလိုက်ပါသည်။

ရုက္ခစိုး။     ။ မီးစက်သံ တဒုန်းဒုန်း …။

ရှုပ်/ ကြွက်။     ။ တို့မြန်မာကို တူရင် တုကြ …။

ဧရာဝတီ

ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေသော အန္တရာယ်


အောက်တိုဘာ ၃၁ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ် တော် အစည်း အဝေးတွင် လက်ရှိနေပြည်တော်နယ်မြေ စီမံကိန်းများ၊ ဘဏ္ဍာရေး အသုံးစရိတ်များနှင့် ဝန်ကြီး ဌာနများ၏ အသုံးစရိတ် များ ပြန်လည်သုံးသပ်သင့် ကြောင်း ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ယင်းဆွေးနွေးချက်များထဲတွင် နေပြည်တော် ကောင်စီနယ်မြေ ရေပေးဝေရေးအတွက် ကျပ်သိန်း ၁၃၀၀၀ ကျော် သုံးစွဲရန်အပါအဝင် သမဝါယမဝန်ကြီး ဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သွားလာစရိတ် (စက်သုံးဆီစရိတ်)ကျပ်ကိုးသန်းတောင်း ခံမှုနှင့် မန္တလေးအခြေခံပညာ ဦးစီးဌာနမှ ဧည့်ခံကျွေး မွေးစရိတ် ကျပ်သိန်း ၅၀၀ သုံးစွဲမှုတို့ ပါဝင်သည်ကို တွေ့ရသည်။

ယင်းနှင့်ပတ်သက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြဆွေးနွေးခဲ့ရာတွင် နေပြည်တော်ကောင်စီနယ်မြေတစ်ခုတည်းတွင် ရေပေးဝေမှု နှင့် လမ်းလုပ်ငန်းများအတွက် သုံးစွဲရန် ဘဏ္ဍာငွေထပ် မံ တောင်း ခံထားရာ ပြည်ထောင်စုနယ်မြေတစ်ခုတည်း တွင် နိုင်ငံတကာအဆင့် တိုးတက်နေပြီး ကျန်နေရာများ က ဒုံရင်းအတိုင်း ဖြစ်နေမည်ဆိုပါက နိုင်ငံတိုးတက်မှု အပေါ် မေးခွန်းထုတ်ထားပြီး ထိုသို့သုံးစွဲရန် သင့် မသင့် ပြည်ထောင်စုလွှတ်တော်သို့ ဘတ်ဂျက်ဖြတ်တောက် ရန် တင်ပြဆွေးနွေး ထားသည်ကို တွေ့ရသည်။

ယင်း အပြင် အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိများသည် ယခင် အစိုးရလက် ထက်က အကျင့်အတိုင်းပင် ခရီးစဉ်ယာဉ် တန်းဖြင့် တသီတတန်းကြီး သွားလာနေမှုအပေါ် မေး ခွန်းထုတ်ထားသည်ကို တွေ့ရသည်။

ဆိုရလျှင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအပါအဝင် အစိုးရ၏ မူဝါဒများသည် အပြောနှင့်အလုပ် တခြားစီ ဖြစ်နေသည်ကို ထိုဆွေးနွေးချက်များ က ဖော်ပြနေ သည် ကို တွေ့မြင်နိုင်သည်။ ထို့အပြင် ယခုကဲ့သို့ အစိုးရဝန် ကြီးဌာနများ ၏ ပြုမူကျင့်ကြံနေမှုသည် အစိုးရအဖွဲ့ တစ်ခု၏ မူဘောင်နှင့် မတူညီဘဲ သာမန်အင်န်ဂျီအို အချို့၊ အိုင်အင်န်ဂျီအိုအချို့ ပုံစံမျိုးပေါက်နေ သည်ကို တွေ့နိုင်ပေသည်။ အင်န်ဂျီအိုအချို့နှင့် အိုင်အင်န်ဂျီ အိုအချို့တို့ သည် စီမံကိန်းများကို ဖော်ဆောင်ရာတွင် ရရှိတောင်းခံလာသည့် ဘတ်ဂျက် များကို ခွဲဝေအသုံး ပြုရာ၌ ရာခိုင်နှုန်း ၇၀ သည် ဝန်ထမ်းစရိတ်၊ စား သောက် စရိတ်များတွင် အသုံးပြုပြီး ထိုမှကျန်သည့် ရာ ခိုင်နှုန်း ၃ဝကိုသာ စီမံကိန်းများတွင် အသုံးပြုသည်ဟူ သော ဝေဖန်ချက်မျိုးရှိဖူးပါသည်။

ကမ္ဘာကျော်အလှူ ရှင်ကြီးတစ်ဦးဖြစ်သည့် ဘီလ်ဂိတ်၏ အင်န်ဂျီအိုတစ်ခု သို့ လှူလိုက်သော အလှူငွေအချို့သည် ထိုသို့သော စာရင်းဇယားမပြနိုင်သည့် အနေအထားမှာပင် ပျောက် ချင်းမလှ ပျောက်သွားခဲ့သည့်သာဓက ရှိခဲ့ဖူးပါသည်။

ယခုအခါတွင်လည်း မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ဝန်ကြီးဌာနအချို့၏ ရန်ပုံငွေတောင်းခံမှု၊ သုံးစွဲမှုနှင့် အလေအလွင့်ပြဿနာများကို မည်သို့ ထိန်းကျောင်း စိစစ်မည်လဲဟူသော ပြဿနာ သည် မြန်မာနိုင်ငံ ၏ ပြု ပြင်ပြောင်းလဲမှုကာလအတွင်း နိုင်ငံဖွံ့ဖြိုးရေးတွင် အဓိက ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခုဖြစ်နေသည် ကို ပြည်ထောင်စု လွှတ်တော် ဆွေးနွေးချက်များက ဖော် ပြနေပါကြောင်း။

အယ်ဒီတာ

နိုဝင်ဘာ ၁၊ ၂၀၁၃
Yangon Media Group

လိုင်ဇာ သဘောတူညီချက်လက်မှတ်ထိုးပွဲမှာ က်ကို တက်ရောက်လာတဲ့ အဖွဲ့ ၁၈ ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလွဲပြီး ကျန်တဲ့ အဖွဲ့ ၁၇ ဖွဲ့ လက်မှတ်ထိုးပြီး


လိုင်ဇာ သဘောတူညီချက်လက်မှတ်ထိုးပွဲမှာ တွေ့ရတဲ့ ကေအဲန်ယူ နဲ့ ဒီကေဘီအေ ခေါင်းဆောင်တွေ၊ အခုသဘောတူညီချက်ကို တက်ရောက်လာတဲ့ အဖွဲ့ ၁၈ ဖွဲ့အနက် အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလွဲပြီး ကျန်တဲ့ အဖွဲ့ ၁၇ ဖွဲ့ လက်မှတ်ထိုးပြီးဖြစ်ပါတယ်။
RCSS ဘက်ကတော့ ကျန်ခဲ့တဲ့ ခေါင်းဆောင် အချင်းချင်း ပြန်တိုင်ပင်ဦးမယ်လို့ ဆိုပါတယ်။

BBC Burmese

တတိယလိင် ခွင့်ပြုမည်ဟု ဂျာမနီထုတ်ပြန်


မွေးဖွားစဉ် လိင်အင်္ဂါနှစ်မျိုးစလုံး ပါဝင်လာသည့် ကလေးငယ်များကို အမျိုးသားလည်းမဟုတ် အမျိုးသမီးလည်း မဟုတ်သော တတိယလိင်အဖြစ် မှတ်ပုံတင် ခွင့်ပြုမည်ဟု ဂျာမနီနိုင်ငံက ထုတ်ပြန် ကြေညာလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကလေးမိဘများ အနေနှင့် မွေးစာရင်း စာရွက်တွင် မည်သည့်လိင်အမျိုး အစားမျှ ရေးသားရန် မလိုဘဲ ကွက်လပ်ချန်ထားခွင့် ရှိမည်ဖြစ်ပြီး ရလဒ်အဖြစ် ဆုံးဖြတ် ရခြင်းမရှိသေးသော လိင်အမျိုးအစားသစ် ထွက်ပေါ်လာမည် ဖြစ်သည်။
လိင်အင်္ဂါ နှစ်မျိုးလုံးပါဝင်သည့် ကလေးငယ်များကို လိင်အင်္ဂါပြောင်း ခွဲစိတ် ကုသရာတွင် မိဘများ အလျင်စလို ဆုံးဖြတ်ချက် မချမိစေရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။
ယင်းကဲ့သို့သော လိင်အင်္ဂါ နှစ်မျိုး လုံးပါဝင်သည့် ဂျာမနီနိုင်ငံသား ၂၀၀၀ ခန့် ထိရှိပြီး အထီး၊ အမ Chromosone လက္ခဏာနှစ်ရပ်လုံး ရှိနေကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ကလေးငယ်များကို မှတ်ပုံတင်နိုင်ရန်အတွက် မိဘများအနေနှင့် လိင်အင်္ဂါ သတ်မှတ်ချက်ကို အလျင်အမြန် ဆုံးဖြတ်ရခြင်းကြောင့် အခက်အခဲများ ပေါ်ပေါက်လျက်ရှိသည်။
အချို့သော ခွဲစိတ်ကုသမှုများတွင် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ များကို တတ်နိုင်သမျှပြောင်းလဲပေးပြီး လိင်အမျိုးအစား တစ်မျိုးမျိုးဘက်သို့ ရောက်ရှိစေရန် ရည်ရွယ် လုပ်ဆောင်လေ့ရှိသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများ ကြောင့် ဂျာမနီနိုင်ငံ၌ မကျေနပ်မှုများ ပေါ်ပေါက်လျက်ရှိပြီး ဖြစ်ရပ်တစ်ခုတွင် လိင်အင်္ဂါနှစ်မျိုးလုံး ပါဝင်သူ တစ်ဦးကို ဆရာဝန်က ခွဲစိက်ကုသလိုက်ပြီး မည်သည့် လိင်အဖြစ်ကိုမျှ ရောက်ရှိခြင်းမရှိသလို စိတ်ဒဏ်ရာများ ရရှိနေကြောင်း လူနာတစ်ဦးက ပြောကြားသည်။
ဂျာမနီ နိုင်ငံကူး လက်မှတ်များတွင် အမျိုးသား M နှင့် အမျိုးသမီး F ဟု လက်ရှိသတ်မှတ်ထားရာမှ မကြာမီအချိန် အတွင်း တတိယလိင် X ဟူသော ဖော်ပြချက်များ ပါဝင်လာမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားသည်။ ယင်းကဲ့သို့ ပြောင်းလဲလိုက်ခြင်းကြောင့် လက်ထပ်ထိမ်းမြားမှု များနှင့် လက်တွဲဖော် ဥပဒေများတွင် မည်ကဲ့သို့ အကျိုးသက်ရောက်လာမည်ကို ရှင်းလင်းစွာ မသိရသေးပေ။
လက်ရှိ ဥပဒေများအရ ထိမ်းမြားမှု ဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးကြား ပူးပေါင်းမှုဟု ဖော်ပြထားပြီး လက်တွဲဖော် ဆိုသည်မှာ လိင်တူစုံတွဲများကြား ပူးပေါင်းမှု ဟု ဖော်ပြထားသည်။

thevoicemyanmar

ဒီကနေ့ ကစားမယ့် Premier League ပွဲစဉ်တွေ အတွက် ပွဲကြိုခန်းမှန်းချက်


ဒီကနေ့ ကစားမယ့် Premier League ပွဲစဉ်တွေ အတွက်
ဘီဘီစီရဲ့ ဘောလုံး သုံးသပ်သူ Mark Lawrenson ရဲ့ ပွဲကြိုခန်းမှန်းချက်တွေကတော့ ဒီလိုပါတဲ့..

Newcastle v Chelsea 0-2
Fulham v Man Utd 0-2
Hull v Sunderland 1-1
Man City v Norwich 3-0
Stoke v Southampton 2-1
West Brom v Crystal Palace 2-0
West Ham v Aston Villa 1-1
Arsenal v Liverpool 1-1

BBC Burmese

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်း




ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသော တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် Krosa အမည်ရှိ တိုင်ဖုန်းမုန်တိုင်း သည် နိုဝင်ဘာ ၄ ရက်နေ့ နောက်ပိုင်းတွင် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

တစ်နာရီ မိုင် ၅၀ လေတိုက်နှုန်းရှိသော အဆိုပါမုန်တိုင်း လမ်းကြောင်း ပြောင်းသွားသဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းမှ ကင်းလွတ် သွားသောကြောင့် တောင်သူလယ်သမားများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

တိုင်ဖုန်းမုန်တိုင်းသည် ဗီယက်နမ် မြောက်ပိုင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်မည်ဟု ယခင်က ခန့်မှန်းထားပြီး ယခုအခါ ဗီယက်နမ် အလယ်ပိုင်း ကုန်းတွင်းဒေသ၊ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ တောင်ပိုင်း ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်းခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က “ဟိုရက်တွေက ရွာတဲ့မိုး ကြောင့် စပါးပင်တွေ မိုးမိပြီး မြေစိုက်ကုန်လို့ မိုးဆက်ပြီး မရွာအောင် ဆုတောင်းနေရတာ၊ အခုလို မိုးမရွာတော့ဘူးဆိုမှပဲ သက်ပြင်းချနိုင်တော့တယ်” ဟု ဆိုသည်။

မုန်တိုင်း အရှိန်ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့နှင့်အနောက်)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးနှောင်းကာလ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ရိတ်သိမ်းခါနီး စပါးခင်းများနှင့် ရိတ်သိမ်းပြီးစ ကောက်လှိုင်းများ ပျက်စီးခဲ့ရကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

The Voice Weekly

ပုဂံတွင် လေးနေရာ အင်တာနက် အခမဲ့အသုံးပြုနိုင်



မြန်မာနိုင်ငံ၏ ခရီးသွား ဝင်ရောက်မှု အများဆုံး နေရာတစ်ခုဖြစ်သော ပုဂံဒေသ၏ အထင်ကရ နေရာလေးခုတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် Red Link ကုမ္ပဏီက ဆောင်ရွက်ပေးထားကြောင်း ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

ပုဂံဒေသသည် နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းဒေသ ဖြစ်ခြင်း၊ နိုင်ငံခြား ခရီးသွားများ အများဆုံး ဝင်ရောက်ခြင်းတို့ကြောင့် ခရီးသွားများ အဆင်ပြေစေရန် နည်းပညာ အလှူတစ်ခုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံ တန်ခိုးကြီး ဘုရားများဖြစ်သော ရွှေဆံတော်ဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် ပုဂံ-ညောင်ဦး လေဆိပ်တို့တွင် စီစဉ်ပေးထားပြီး လူတစ်ဦးလျှင် 64 KB မှ 128 KB အထိ မြန်နှုန်းရရှိရန် စီစဉ်ပေးထားကြောင်း ၎င်းကရှင်းပြသည်။
“အခုနောက်ပိုင်း အင်တာနက် သုံးတဲ့လူ အရမ်းများလာတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လုပ်ပေးတော့ အရမ်းကောင်းပါတယ်” ဟု နယ်သတင်းထောက်တစ်ဦးက ပြောကြားသည်။

Red Link ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ Public Area များတွင် Wifi အသုံးပြုနိုင်ရန် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ရွှေတိဂုံ စေတီတော်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်တို့ကို လတ်တလော ရည်ရွယ်ထားပြီး SEA Games အားကစားပြိုင်ပွဲအမီ နေရာနှစ်နေရာခန့် အသုံးပြုနိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Red Link ကုမ္ပဏီသည် ရန်ကုန်နှင့် ငွေဆောင်ကမ်းခြေ တို့တွင်လည်း SEA Games ကာလအတွင်း အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်နေသည်။

The Voice Weekly

ကေအိုင်အို ဒု-ဥက္ကဌဟောင်း ဒေါက်တာ တူးဂျာ ပါတီ တည်ထောင်ခွင့်ရ ပါတီ အင်အားစုဆောင်းရေး နှင့် စည်းရုံးရေး စတင်လုပ်ဆောင်နေပြီဖြစ်



၂၀၁ဝပြည့် နှစ် အထွေထွေရွေးကောက်ပွဲ တွင် ပါတီတည်ထောင်ခွင့်မရခဲ့ သည့် ဒေါက်တာ တူးဂျာဦးဆောင် သည့်ပါတီက ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ပါတီဝင်အင် အားစုဆောင်းရန်အတွက် စည်း ရုံးရေး လုပ်ငန်းများ ကို စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။ ယခုအချိန်တွင် ပါတီကိုအ ဖွဲ့ဝင် ၁ရဦးဖြင့် မှတ်ပုံတင်ထား ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့တင်ပြရမည့် ပါတီ ဝင်ဦးရေ  ၅ဝဝ ကိုလည်း သုံးလ အတွင်း စုစည်းကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမနမ်တူးဂျာက ''ပါတီစည်းရုံးရေးကို မြစ်ကြီးနား အပါအဝင် တနိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်စတဲ့မြို့တွေမှာ စတင်လုပ်ဆောင်နေပါပြီ''ဟု ပြောသည်။ ပါတီစည်းရုံးရေးလုပ် ဆောင်ရာတွင် ၎င်းတို့နှင့်ဝါသ နာတူသည့်သူများ၊ အများအား ဖြင့် မည်သည့်ပါတီကိုမျှမဝင် ရောက်ရသေးသူများကိုစုစည်း သွားမည်ဖြစ်ကြောင်း၊ ပါတီသို့ အမျိုးသား၊ အမျိုးသမီး၊ လူမျိုး ဘာသာ အကန့်အသတ်မထားဘဲ ဝင်ရောက်နိုင်ကြောင်းသိရသည်။

ပါတီသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရုံးစိုက်မည် ဖြစ်ပြီး အခြားနေရာဒေသများ သို့လည်း ပါတီဝင်အင်အားစုစည်း သွားရန် လုပ်ဆောင်နေကြောင်း၊ ထိုအတွက် ပါတီဝင်ပုံစံများကို လည်းရိုက်နှိပ်နေပြီဖြစ်ကြောင်း၊ ပါတီဝင်ကြေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှသတ် မှတ်ထားသော အနည်းဆုံးငါးရာ ကျပ်ဖြင့် ဝင်ရောက်စေမည်ဖြစ် ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်ဒီမိုကရေ စီပါတီ၏အလံသည် အစိမ်းရောင် နောက်ခံတွင် ကြယ်ဖြူတစ်လုံး ပါဝင်ကြောင်းနှင့် အစိမ်းရောင် သည် ကချင်ပြည်နယ်ကိုကိုယ် စားပြုပြီး ကြယ်ဖြူသည် ၎င်းတို့ ၏ပါတီကိုကိုယ်စားပြု ခြင်းဖြစ် ကြောင်း၊ ပါတီ၏ အမှတ်တံဆိပ် ကို ကချင်တိုင်းရင်းသားတို့၏ရိုး ရာဖြစ်သော ငှက်မင်းသင်္ကေတ ဖြင့်သတ်မှတ်ထားကြောင်း ယင်း ကဆက်လက်ပြောသည်။ ဒေါက်တာမနမ်တူးဂျာ က''ကချင်ပြည်နယ်ရဲ့အကျိုး၊ ပြည်သူအကျိုးနဲ့ ပြည်ထောင်စု အေးချမ်း သာယာရေး ကို လုပ် ဆောင်သွားမယ်။ ဒေသရဲ့ပညာ ရေး၊ ကျန်းမာရေးစတာတွေကိုလဲ ဘယ်ပါတီနဲ့မဆို ပူးပေါင်းလက် တွဲသွားဖို့အဆင်သင့်ပါ''ဟုပြော သည်။

ပါတီကို ဒေါက်တာတူးဂျာ အပါအဝင် နိုင်ငံရေးလုပ်ဆောင် လိုသူ ၁ရဦးတို့ဖြင့် ဩဂုတ်၂၈ ရက်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး အောက်တိုဘာ ၃ဝရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ပါတီတည် ထောင်ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

နန်းသီတာဝင်း
yangonmedia

မှတ်တိုင် (၅၉) အလွန်


အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လျှင် အချက်အလက်အားဖြင့် အများအပြား ရှိနိုင်သည် ဆိုသော်လည်း အများစုအာရုံပြုသော အချက်မှာ နှစ်ခုသာရှိသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။
နံပါတ် (၁) မှာ ဖက်ဒရယ်အရေး ဖြစ်ပါသည်။ ဤသည်မှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်နေသောကိစ္စ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Power Sharing? Resource Sharing ပင် ဖြစ်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို သာမန်အားဖြင့် ပထမဆုံး သက်တမ်းအတွင်းတွင် မပြုသင့်ဟူသော အယူအဆများ ရှိသည့်တိုင် အစိုးရအဖွဲ့မှပင် အရဲစွန့်၍ ပြင်ဆင်သည့်ကိစ္စကို အစပျိုးလိုက်သည်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်ပင် သမ္မတကြီးအနေနှင့် သူ၏ ပထမသက်တမ်း အတွင်းမှာပင် လက်နက်ပြဿနာကို အဆုံးသတ်ရန် အာသီသ ပြင်းပြနေသည့်အလျောက် အခြေခံဥပဒေ ပြင်ဆင်ရေးကို အရဲစွန့်၍ ဖွင့်ဟလိုက်သည်ဟု ယူဆနိုင်ပါသည်။
တပ်မတော် အနေနှင့်လည်း ပြင်ဆင်ရေးအဆို လွှတ်တော်တွင်း ရောက်သည်မှ အစပြု၍ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီများတွင်ပါ ပူးပေါင်း ပါဝင်နေသည်ဖြစ်ရာ ပြင်ဆင်ရေးအား မူအရ သဘောတူသည်ဟု ဆိုနိုင်ပါသည်။သို့ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော လိုက်လျောမှု အားလုံးကို တပ်မှ သဘောတူပေးရန် အလားအလာရှိသည်ဟု ယူဆနိုင်ပါသည်။ သို့သော် ဒို့တာဝန် အရေးသုံးပါးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခြိမ်းခြောက်နိုင်သော ကိစ္စများကိုမူကား သဘောတူပေးရန် အခက်အခဲ ရှိနိုင်သည်ဟု မျှော်လင့်နိုင်ပါသည်။ ဤတွင် ဆိုခဲ့ပါအတိုင်း လိုက်လျောနိုင်သည်များကို လိုက်လျောပေးခြင်းဖြင့် တပ်အနေနှင့် တစ်ဆင့်ချင်း Liberalization လုပ်ခြင်းကို ဥပမာကောင်း တစ်ခုအဖြစ် ပြနိုင် ပါလိမ့်မည်။ ၂၅ ရာခိုင်နှုန်း ကိစ္စနှင့် ကာ/လုံ ကိစ္စများကိုမူကား ဝေဖန်မှုအချို့ ရှိသည့်တိုင် လက်တွေ့ သဘောတွင် အလှမ်းဝေးပါ သေးသည်။
နံပါတ် (၂) မှာ သမ္မတအရည်အချင်း သတ်မှတ်ချက် ဖြစ်ပါသည်။ ပြင်ဆင်ရေးကို သံကုန်ဟစ်သည့် အခြေခံ အကြောင်းအရင်းမှာ လူထု၏ ထောက်ခံမှုကို အများဆုံးရထားသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် ကန့်သတ်ထားသည်ဟု ယူဆထားကြသော ပုဒ်မ (၅၉) ကို မနှစ်သက် ကြသည်ကလည်း အကြောင်းတစ်ခု ဖြစ်ပါသည်။ လူထုသည် သာမန်အားဖြင့် အခြေခံဥပဒေ အကြောင်းကို နီးစပ်သည်တော့ မဟုတ်ကြပါ။ ထို့ကြောင့် ကောင်း၏၊ ဆိုး၏ ဆိုသည်ကိုလည်း သာမန်အားဖြင့် တိတိပပ ဝေဖန်နိုင်သည်တော့ မဟုတ်ပါ။ ဥပဒေသမား ဆိုသူတိုင်းပင် (နိုင်ငံရေးအား အထူး စိတ်ဝင်တစား မရှိပါက) နားလည်နိုင်သည်မျိုး မဟုတ်သောကြောင့် အခြေခံလူထုက နားမလည်သည်မှာ မဆန်းလှပါ။
သမ္မတရာထူး ရမှသာ အုပ်ချုပ်ရေး ကဏ္ဍများတွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်မည် ဆိုသည်မှာ ယထာဘူတကျသော အဆိုဖြစ်ပါသည်။ သို့သော်လည်း မသေချာမှုများ မိုးမွှန်နေသည့် ကာလတွင် အကြောင်း အမျိုးမျိုးကြောင့် ပုဒ်မ (၅၉) ကို ပြင်ဆင်ခွင့် မရခဲ့သော် နောက်ဆက်တွဲ အနေနှင့် အားသာချက်၊ အားနည်းချက်တို့ မည်သို့ ရှိလာနိုင်သည်ကို အကြမ်းဖျင်း လေ့လာလို၍ ယခုစာစုကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။
၁။ ပါတီတည်ဆောက်ရေး ရှုထောင့်
Power Separation သဘောတရားအရ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်သည် သီးခြားစီ ရှိရသည်မျိုး ဖြစ်သည်။ လက်ရှိပုဒ်မ (၆၄) တွင်လည်း “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့ မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဆိုထားသည်။ ထိုသို့ ကင်းကင်းရှင်းရှင်း နေခြင်းမှာ သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်ကို မလျော်ကန်သော ပုံစံဖြင့် ပါတီ အကျိုးစီးပွားအတွက် အသုံးမချနိုင်ရန် သော်လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင် ရောထွေးမနေစေရန် လည်းကောင်း ခွဲခြားထားခြင်း သဘောမျိုးဖြစ်သည်။ ဤသည်မှာ သမ္မတစနစ် (Presidential) ၏ ဝိသေသတစ်ခုလည်း ဖြစ်ပါသည်။ ယေဘုယျအားဖြင့် သမ္မတ ဖြစ်သူသည် မိမိ၏ ပါတီတွင်း လှုပ်ရှားမှုများတွင် လုံးဝ ကင်းရှင်းရမည်ဖြစ်သည်။ (သို့သော် နိုင်ငံတော်သမ္မတကြီး အနေနှင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ တာဝန်ယူခဲ့သည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။)
ယနေ့ NLD သည် အင်စတီကျူးရှင်း သဘောအရ ဝေဖန်မှုများစွာ ခံနေရသော အနေအထားတွင် ရှိပါသည်။ မာမာချာချာ အတိုက်အခံပါတီ ဖြစ်အောင် NLD ကို များစွာ တည်ဆောက်ရဦးမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အလွန် NLD မှာ အားကောင်းသော ပါတီကြီးနေရာတွင် ဆက်၍ ရှိမရှိဆိုသည်မှာ လူတိုင်း စိတ်ဝင်စားသော မေးခွန်းဖြစ်သည်။ NLD အနေဖြင့်လည်း ယခုအချိန်တွင် Capacity အရ ယခုလောက်သာ ဖြစ်ရခြင်းမှာလည်း ဖြတ်သန်းမှုအရ သဘာဝကျပါသည်။ ဒီလောက်ကျန်အောင်ပင် မနည်း ရုန်းကန်ခဲ့ရသည်လည်း ဖြစ်ပါသည်။ သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် NLD ၏ အင်စတီကျူးရှင်း ခိုင်မာရေးအတွက် များစွာ ဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတရာထူးကို ရယူနိုင်ခြင်းသည် NLD ၏ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေးဆိုင်ရာ များကို (မျက်နှာစာမှ) ဆောင်ရွက်နိုင်ရန် အကန့်အသတ်သဘော ဖြစ်သွားနိုင်ပါသည်။
၂။ တိုင်းရင်းသားများ ရှုထောင့်
ဤအချက်မှာလည်း များစွာ စိတ်ဝင်စားစရာ ကောင်းသောကိစ္စဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဗျူဟာ များသည် လွှတ်တော်တွင်း မဝင်မီနှင့် ဝင်ပြီးနောက်ပိုင်းတွင် များစွာ ပြောင်းလဲမှုများ ရှိလာသည်ဟု ပြောဆိုမှုများ ရှိပါသည်။ လက်တွေ့ ပိုဆန်လာသည်ဟု သတ်မှတ်မှုများ ရှိလာပါသည်။ လက်တွေ့နှင့် သဟဇာတ ဖြစ်လာသည်ဟု ဆိုကြပါသည်။ တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် အများခန့်မှန်းချက်နှင့် ကွဲလွဲသည်မှာ လွှတ်တော်နိုင်ငံရေးတွင် အခြားသော တိုင်းရင်းသား ပါတီငယ်များဖြင့် ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးကို ထိန်းကျောင်းလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း လက်တွေ့တွင်ကား ပြည်ခိုင်ဖြိုး ထိပ်ပိုင်းနှင့် ပူးပေါင်းပြီး တိုင်းရင်းသား ပါတီအချို့၏ ဝေဖန်မှုကို ရခဲ့ရသည်မျိုး ဖြစ်နေပါသည်။
တစ်ချိန်တည်းတွင်ပင် တိုင်းရင်းသားများ (အချို့) မှ ငြိုငြင်သည့် မှတ်ချက်စကားများ ကိုလည်း ကြားလာရပါသည်။ တိုင်းရင်းသားအရေး အချို့တွင် ပါသင့်သလောက် မပါဟူသော စွပ်စွဲမှုများ ရှိလာပါသည်။ သမ္မတ ရာထူးအတွက် တပ်နှင့် ထိပ်တိုက်တွေ့နိုင်သည့် ကိစ္စများကိုရှောင်ပြီး တိုင်းရင်းသား ကိစ္စများတွင် နှုတ်ပိတ်နေသည်ဟု ခပ်ရမ်းရမ်း စွပ်စွဲမှုမျိုး ကြုံလာခဲ့ပါသည်။ တစ်နည်းအားဖြင့် ယင်းအမြင်များသည်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားသော မျှော်လင့်တန်ဖိုး ကြီးမားခြင်း၏ ဘေးထွက်ဆိုးကျိုးဟု ဆိုနိုင်မည် ထင်ပါသည်။ ယင်းသဘောများကို ကချင်ဒေသနှင့် ရခိုင်ဒေသများတွင် တွေ့ရမည်ဖြစ်ပြီး ပြီးခဲ့သည့် စင်ကာပူ ခရီးစဉ်တွင် ယင်းအသံဗလံ အချို့ကို ကြားခဲ့ရသည် များလည်း ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုသဘောထားမှာ Statesman နေရာဖြစ်သည်။ အမျိုးသားခေါင်းဆောင် (National Leader) နေရာ ဖြစ်သည်။ သို့သော် ပါတီနိုင်ငံရေး လမ်းကြောင်း လျှောက်လှမ်းရသောအခါ မိမိပါတီ၏ အကျိုးကို ဆောင်ကြဉ်းလာရသည် ဖြစ်၍ မလွဲသာ မရှောင်သာ အခြားသော တိုင်းရင်းသားပါတီများနှင့် အကျိုးစီးပွား ယှဉ်ပြိုင်ရသည့် အနေအထားသို့ ရောက်လာပါသည်။အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင်ပါ ရွေးကောက်ပွဲ ဝင်ကြသည့်ကိစ္စကို ဝေဖန်ခံရမှုများ ရှိခဲ့ပါသည်။ သမ္မတရာထူးကို လိုချင်ကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုပြီးသောအခါ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် အချို့အပေါ် “သမ္မတရာထူးနှင့် အလဲအလှယ် လုပ်သည် ဆိုသည်အထိ အမြင်စောင်းသည်များ ရှိလာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း Statesman နေရာမှ ပြောသင့် ပြောထိုက်သည်ကို ပြောသည့်တိုင် အကျိုးစီးပွားအရ ပွန်းပဲ့ရသူတို့အတွက် မေးငေါ့စရာ အကွက်ရသွားခြင်းသာ ဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးတွင် NLD ၏ အစပိုင်း မူမှာ ငွေရတု ထုတ်ပြန်ချက်အရ ပြင်ဆင်ရေးဟု နားလည်မိပါသည်။ သို့သော် တိုင်းရင်းသား ပါတီအချို့က အသစ်ဆွဲရေးကို ဇောင်းပေးလာသော အခါတွင် ပြင်ဆင်ရေးအပြင်၊ အသစ်ဆွဲရေးကိုပါ ပူးတွဲ၍ အသံပြောင်းလိုက်ရသည်။ ပါတီတွင်းတွင်ပင် သဘောထားနှစ်ရပ် ရှိနေသောကြောင့် ပြောင်းသည်ဟု မှတ်ချက် ပြုသည်များလည်း ရှိသည်။ ယင်းအဖြေအတွက်လည်း လူထုဆန္ဒဆိုသည်ကို လွှဲချလိုက်ရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း NLD ကို ဝေဖန်မှုများ ကြားလာရပါသည်။
ဤတွင် စာရေးသူအနေဖြင့် နားလည်မိသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား အင်အားစုတို့၏ အသံကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အနေအထားမျိုး ဖြစ်ပါသည်။ ညှိနှိုင်းဖော်ဆောင်ခြင်း သဘောကို ဆောင်ရပါမည်။ ဒီမိုကရက်တစ် အင်အားစုတို့၏ စည်းလုံးမှုကို အလေးထားရမည့် အခြေအနေလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြင်/သစ် ပြဿနာအတွက် လူထုဆန္ဒဆိုသည်ကို ခေါင်းစဉ် တင်ရခြင်းမှာ လိုအပ်ချက်အရလည်း ဖြစ်နိုင်ပါသည်။ တစ်ဦး၊ တစ်ဖွဲ့ ဆန္ဒကြောင့် ဆိုသည်ထက် အများလက်ခံနိုင်သော အဖြေအတွက် ချဉ်းကပ်နည်း တစ်ခုအနေဖြင့် သုံးခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်က ဒီမိုကရေစီ ပါတီအတွင်းမှာပင် ဒီမိုကရေစီ မဆန်လှဟူသော မှတ်ချက်မျိုးကလည်း ရှိနိုင်သေးသည်။ သို့ဖြစ်ရာ ထိုလုပ်ရပ်အတွက် မဟာဗျူဟာ သဘောအရ မမှားပါဟု ဆိုချင်ပါသည်။ သို့သော် နည်းဗျူဟာ အရတော့ “ဘယ်လို လုပ်မှာလဲ၊ လုပ်လို့ ရပါ့မလား၊ လူထုကို ဆွဲသွင်းချင်တာလား၊ လူထုအားကို သုံးချင်တာလား” စသဖြင့်တော့ ထင်ချင်စရာ ဖြစ်သွားပါသည်။ ဤတွင် ဆိုချင်သည်မှာ NLD အနေဖြင့် Street Politic ကို လုံးဝ လိုလားမည် မဟုတ် ဆိုသည်မှာ ယုံမှားစရာ မရှိသောကြောင့် လူထုအား ဆိုသည်ကို အဓိပ္ပာယ်ကောက် မမှားရန်တော့ လိုပါသည်။ သို့သော် စိုးရိမ်သူတို့ကို မှားသည်ဟုလည်း မဆိုသာပါ။ နိုင်ငံရေးဟူသည် အချက်အလက်ပေါင်းများစွာ နှီးနွယ်နေသောကြောင့် ရှုထောင့်အပေါ် မူတည်၍ အဖြေအမျိုးမျိုး ဖြစ်နိုင်ပါသည်။ သို့သော် ယနေ့အခါ ယင်းလူထုဆန္ဒပွဲ ဆိုသည်များကပင် ပြင်ဆင်ရေးကို အလေးသာနေသည်ဟု ပြောဆိုမှုများ ရှိလာပါသည်။
Politician တို့ သဘာဝမှာ အလုပ်ဖြစ်ရေးအပြင် မိမိကို လူအများ လက်ခံရေးမှာလည်း အရေးကြီးသည်။ ထို့ကြောင့် ရဲဘော်ရဲဘက် အင်အားစုတို့၏ မျက်နှာကြည့်ရသည်များ ရှိသည်။ သို့ဖြစ်ရာ လူကြိုက်များရေး မလိုသော၊ လက်တွေ့နိုင်ငံရေး တစ်ခုတည်းကိုသာ အာရုံပြုနိုင်သော Statesman တို့နှင့် မဟာဗျူဟာ အမြင်တူခဲ့သည့်တိုင် နည်းဗျူဟာအမြင် ကွဲသည်များ ရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် Statesman ရှုထောင့်နှင့် Politician ရှုထောင့်တို့ အကြားညှပ်ရသည့် သဘောမျိုး ရှိတတ်ပါသည်။ သမ္မတရာထူးကို အကြောင်းပြုသောအခါ ထိုအညပ်မှာ ပိုကြီးလာတော့သည်။
၃။ အရှိနိုင်ငံရေး လိုအပ်ချက် ရှုထောင့်
မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ လည်းကောင်း၊ ပထဝီနိုင်ငံရေးအရ လည်းကောင်း စုစည်းရန် ခက်ခဲစေသော သဘာဝမျိုး ရှိသည်။ လူမျိုးစု များပြားလွန်းခြင်း ၊ သမိုင်းနှင့်ချီသော လူမျိုးရေး ပြဿနာများ ရှိခြင်း၊ ကမ္ဘာ့ ဆူပါပါဝါအရ ပြိုင်ဘက်သဖွယ်ဖြစ်သော နိုင်ငံကြီးများ အကြားတွင် ရှိခြင်းတို့သည် မြန်မာနိုင်ငံကို စုစည်းရန် ခက်ခဲသော အနေအထားမျိုးကို တွန်းပို့ နေပါသည်။ ယင်းအချက်တို့သည် ယနေ့ ဒီမိုကရေစီ တည်ဆောက်ရေးကို စိန်ခေါ်နေသော အချက်များလည်း ဖြစ်ပါသည်။
လူမျိုးစုကွဲပြားမှု များလွန်းသော နိုင်ငံများတွင် ဒီမိုကရေစီ တည်ဆောက် ရသည်မှာ သာမန်ထက် ပိုခက်ခဲကြောင်း ပညာရှင်များက ဆိုပါသည်။အလားတူ ကမ္ဘာ့ဆူပါ ပါဝါအရ ပြိုင်ဘက် နိုင်ငံများအကြား ရှိခြင်းမှာလည်း အနေအထိုင် မတတ်လျှင် ပဲလှော်ကြား ဆားညှပ်သကဲသို့ ဖြစ်နိုင်ပါသည်။ အမေရိကန်-တရုတ် ပါဝါ ကစားမှုသည် မြန်မာနိုင်ငံအပေါ် များစွာ သက်ရောက်မှု ရှိသည်မှာ ထွေထွေထူးထူး စဉ်းစားရန် မလိုသောကိစ္စ ဖြစ်ပါသည်။ မြင်သာအောင် ဆိုရလျှင် တရုတ်အစိုးရနှင့် အဆင်ပြေစဉ်က တရုတ် နယ်စပ်ရှိ လက်နက်ကိုင် ပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ခဲ့ပါသည်။ အလားတူပင် ထိုင်းအစိုးရနှင့် အဆင်ပြေချိန်တွင်လည်း ထိုင်းနယ်စပ်ရှိ လက်နက်ကိုင် ပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်မည်မှာ အသေအချာဖြစ်သည်။ ဤသည်မှာ ပထဝီ နိုင်ငံရေး၏ သက်ရောက်မှု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ကံဆိုးသည်မှာ ယင်းနှစ်နိုင်ငံလုံးနှင့် တစ်ပြိုင်နက်တည်းတွင် မဟာဗျူဟာ မိတ်ဖက်ဖြစ်ရန်ကား မလွယ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်နိုင်ငံတို့ကား ဆူပါပါဝါ မျှခြေ၏ တစ်ဖက်စီက ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်ခုနှင့် အဆင်ပြေလျှင် နောက်တစ်ခုနှင့် စင်းလုံးချော အဆင်ပြေရန်ကား မလွယ်တော့။ ဤကား နိုင်ငံ၏ ကံကြမ္မာပင်ဟု ဆိုရမည် ဖြစ်သည်။
ယင်း အခြေအနေအောက်တွင် နိုင်ငံ၏ စည်းလုံးမှု၊ တိုင်းရင်းသား ရင်ကြားစေ့မှုကို စဉ်းစားကြည့်လို ပါသည်။ စည်းလုံးမှု၊ ညီညွတ်မှု ဆိုသည်ကား ယုံကြည်မှုတို့ ‘အမှတ်တစ်ခု’ သို့ လာရောက် စုဆုံကြခြင်းသာ ဖြစ်ပါသည်။အဆိုပါ ‘အမှတ်တစ်ခု’ ဆိုသည်ကား ဘုံအကျိုးစီးပွားလည်း ဖြစ်နိုင်သလို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ်ရှိ ပုဂ္ဂိုလ်ရေး ယုံကြည်မှုလည်း ဖြစ်နိုင်သည်။ ပင်လုံစာချုပ်ကို ပြုလုပ်နိုင်ခဲ့သည် ဆိုသည်မှာ တိုင်းရင်းသားတို့၏ ဘုံအကျိုးစီးပွားကြောင့် ဖြစ်သည့်တိုင် ဗိုလ်ချုပ်အောင်ဆန်း အပေါ်ထားသော ပုဂ္ဂိုလ်ရေး ယုံကြည်မှုကို အခြေခံထားသည်လည်း ပါပါသည်။ သို့ဖြစ်ရာ အင်အားစုများကို စုစည်းနိုင်သည့် ‘ဆုံမှတ်တစ်ခု’ ရှိရန်မှာ ယနေ့ နိုင်ငံ၏ အရှိအနေအထားအရ လိုအပ်ချက်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ထိုဆုံမှတ်အတွက် ဖြစ်နိုင်ခြေ ရှိသူများမှာ များများစားစား ရှိလှသည် မဟုတ်ပါ။ သို့ဖြစ်ရာ ရှားရှားပါးပါး ရှိသူအချို့ကို ယင်းဆုံမှတ်တစ်ခု နေရာသို့ ရောက်စေချင်သည်။ သို့သော် သမ္မတဖြစ်မှ ထိုဆုံမှတ်နေရာကို ရောက်နိုင်သည်မျိုး တော့လည်း မဟုတ်ပါ။
၎။ ဆန့်ကျင်ဘက်အုပ်စု ရှုထောင့်
ဤသည်မှာ ပေးထားချက်ဟု လူပြောများသော အရာတို့၏ ခွင့်ပြုနိုင်ခြေဘက်မှ စဉ်းစားခြင်း ဖြစ်သည်။ သမိုင်းကြောင်းနှင့် များစွာ သက်ဆိုင်နေသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။
ယနေ့ကား ပုဒ်မ (၅၉) နှင့် ပတ်သက်၍ ပြင်ဆင်ခွင့်ရနိုင်/မရနိုင် ဆိုသည်မှာ အတပ် မပြောနိုင်သေးသော ကိစ္စဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီးက ပုဒ်မ ၅၉ ပြင်ဆင်ရေးကို ကြိုးပမ်းမည်ဟု ဆိုသည့်တိုင် တချို့ ပါတီကြီးများက တစ်ဦးတစ်ယောက်အတွက် မပြင်နိုင်ဟု ခပ်ပါးပါး ဆိုမှုများလည်း ရှိနေပါသည်။ အချို့ ပါတီတို့ကမူ ပုဒ်မ ၅၉ (စ) ကို ပြင်မပေးနိုင်ကြောင်း တည့်တည့် ပြောခြင်းများလည်း ရှိနေပါသည်။ သို့ကြောင့်ပင် NLD အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည် ဆိုဦးတော့၊ သမ္မတရာထူးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သော အခြားတစ်ယောက်ကို ရွေးချယ်ထားသင့်သည် ဟူသော အကြံပြုချက်များကို ကြားနေရသည်လည်း ဖြစ်ပါသည်။
ဤတွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီး ပြောခဲ့သော ‘ညွန့်ပေါင်း’ ဟူသော စကားကို ကြားယောင်မိလာပါသည်။ ထိုစဉ် ညွန့်ပေါင်းဟူသော စကားကို ကြားစဉ်က ကောင်းကောင်း နားလည်သည်တော့မဟုတ်။ ပါလီမန် (Parliamentary system) သဘောမျိုး မဟုတ်ဘဲ ဘာကြောင့် ညွန့်ပေါင်းရမှာလဲ ဟူ၍ နားရှုပ်မိဖူးသည်။ သို့သော်လည်း ပုဒ်မ (၅၉) ကို မပြင်နိုင်ပါက ဖြစ်လာနိုင်သည်ကို မျှော်ကိုး၍ ခေါင်းဆောင်နှစ်ဦးအကြား အပေးအယူများလား ဟူ၍တော့ ယနေ့အချိန်တွင် နားလည်မိပါသည်။ သေချာပေါက်တော့ အတပ်မပြောရဲပါ။ သို့သော်လည်း ပုဒ်မ (၅၉) ကို နောက်ဆုံး ပြင်ခွင့်မရပါက ညွန့်ပေါင်းဆိုသည်မှာ အကောင်းဆုံး တုံ့ပြန်နိုင်သည့် နည်းလမ်း တစ်ခုတော့လည်း ဖြစ်နိုင်ပါသည်။ ယနေ့ အနေအထား အရပ်ရပ်အရ ဤသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံးဟုလည်း ယူဆစရာ ရှိပါသည်။
သို့သော် Electoral System Design အရ ဖြစ်နိုင်ခြေ တစ်ခုတော့ ရှိသည်။ လက်ရှိ FTPT အစား ပါတီများအကြား Power Balance ကစားနိုင်သည်ဟု ယုံကြည်လောက်သော တစ်စိတ်တစ်ပိုင်း PR ကို ပြောင်းနိုင်လျှင် ပုဒ်မ (၅၉) ကို ဖွင့်ပေးနိုင်ခြေတော့ ရှိသည်။ တစ်စိတ်တစ်ပိုင်း PR သည် ပုဒ်မ (၅၉) အတွက် ထွက်ပေါက်ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် လက်နက်ကိုင်အရေးအတွက် မဖြစ်မနေ ဖွင့်ပေးရမည့် တံခါးတစ်ချပ် ဖြစ်သည့်တိုင် အစိုးရအနေနှင့် စွန့်စားမှုများစွာ ယူထားသောကိစ္စဟု ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဖြစ်နိုင်ခြေဘက်က စဉ်းစားလျှင် တိုင်းရင်းသားအရေး အတွက် တစ်ဆင့်တက် ကျေနပ်ဖွယ်ရာများ ရှိလာနိုင်သည်ဟု မျှော်လင့်နိုင် သော်လည်း ပုဒ်မ (၅၉) အရေးမှာကား စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။ ထိုထက် များများစားစား မျှော်လင့်ရန်မှာ မဖြစ်နိုင်သေးပါ။
ပေါ်လင်းဦး

thevoicemyanmar

ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၀၀ ကို အင်းစိန်ထောင်သို့ ထပ်ရွှေ့

ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့ ကိုးမိုင် အကျဉ်းထောင်ရှိ အကျဉ်းသား ၁၀၀ ဦးကို ရန်ကုန်မြို့တော်ရှိ အင်းစိန်ထောင်သို့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

ပြောင်းရွှေ့ ခံရသူများတွင် အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ပတ်သက်သူ၊ လှုံ့ဆော်သူနှင့် နှစ်ရှည်ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများ ပါဝင်ကြောင်း ၎င်းကဆိုသည်။
“အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေအရ လုပ်တာပါ။ လူစုခွဲတဲ့ သဘောပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အကျဉ်းသားများကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် အကျဉ်းသားများ၏ မိသားစုဝင်များက ကော့သောင်းမြို့ တော်ဝင် သင်္ဘောဆိပ်သို့ သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း၊ သို့သော်လည်း ယင်းနေ့ညတွင် ပြောင်းရွှေ့ခြင်းမပြုဘဲ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တောင်ကြီး သင်္ဘောဖြင့် ခေါ်ဆောင် သွားကြောင်း ကော့သောင်းမြို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောဆိုသည်။

အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများတွင် ထောင်အာဏာပိုင်များ ပါဝင်ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ ဖြစ်စဉ်များကို ပြည်ထောင်စု တရားသူကြီးချုပ်က ကော့သောင်း အကျဉ်းထောင်သို့ လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘာကြောင့် ပြောင်းတယ် ဆိုတာကိုတော့ မသိရဘူး။ တရားသူကြီးချုပ် မလာခင် ရွှေ့တယ်ဆိုတော့ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ အဖြစ်မှန် ပေါ်မှာစိုးလို့ ခြေရာလက်ရာဖျောက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု ဦးသန်းထွန်းက ထပ်မံပြောဆိုသည်။

ယခုပြောင်းရွှေ့မှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း အကျဉ်းသား ၁၂၀ ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့က အကျဉ်းသား ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင် ဆူပူဆန္ဒပြမှုများကို လုံခြုံရေး ဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ကော့သောင်း ကိုးမိုင် အကျဉ်းထောင်တွင် အကျဉ်းသား ၆၀၀ ကျော် ရှိသည့်အနက် မော်လမြိုင် အကျဉ်းထောင်ကို အကျဉ်းသား ၁၂၀ ရွှေ့ပြောင်းခဲ့ပြီး ယခုအင်းစိန် အကျဉ်းထောင်ကို အကျဉ်းသား ၁၀၀ ထပ်မံရွှေ့ပြောင်းခြင်း ဖြစ်သည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိ




ဟိန်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက်တွင် အဆုံးသတ်ကာ ရန်ကုန်မြို့သို့ နံနက် ၉နာရီအချိန်က ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လေဆိပ်သို့ ရောက်ရှိချိန်တွင် လူ(၃၀၀)ကျော် လာရောက်ကြိုဆိုကြပြီး "အမေစု သမ္မတ ဖြစ်ရမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရမည်" ဟု ကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥရောပနောက်ဆုံးခရီးစဉ်ဖြစ်သော အီတလီခရီးစဉ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Emma Boninoနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာစစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက် ကမ္ဘာကိုကျွန်မပေးချင်တဲ့ သတင်း စကားကတော့ အလွန်ကို ရိုးရှင်းပါတယ်။ ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုတာပါပဲ။ အားလုံးအနေနဲ့လည်း သတိပြုမိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးဆို ရင်စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အခွင့်ထူးခံတဲ့နေရာတစ်နေရာက ဆက်လက်ရရှိနေဦးမှာပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၈ရက်က အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်သည့် ပုဒ်မကို ပြင်ဆင်မှသာ ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲဖြစ်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အေက်တိုဘာလ ၂၄ရက်က ပြောကြာခဲ့သေးသည်။

သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံ သားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိခြင်းကို ပြင်ဆင်ရန် သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွင်း ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် မြောက်အိုင်ယာလန်နိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်းတို့ပြုလုပ်ခဲ့ကာ အင်္ဂလန်နိုင်ငံ Sandhurst Military Academyတွင် အမှာစကားပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပနိုင်ငံများကို တတိယအကြိမ် သွားရောက်သည့် ခရီးစဉ်ကို အောက်တိုဘာ ၁၈ရက်မှ စတင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ မြောက်အိုင်ယာလန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အီတလီနိုင်ငံများသို့ ၁၅ရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။

သူမ၏ ခရီးစဉ်တွင် သူမ၏ ကိုယ်ရေးအရာရှိများဖြစ်သော ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့အပြင် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ အောက်လွှတ်တော်အမတ် ဦးနိုင်ငံလင်းတို့ လိုက်ပါခဲ့သည်။

ယခုသွားရောက်ခဲ့သော ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်ပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဥရောပသို့သွားရောက်သော ခရီးဖြစ်ပြီး ၂၀၁၂ခုနှစ် ဇွန်လတွင် ပထမဆုံးအကြိမ်၊ ၂၀၁၃ခုနှစ် စက်တင်ဘာ တွင် ဒုတိယအကြိမ်အဖြစ် သွားရောက်ခဲ့သေးသည်။
===========================
ပုံအညွှန်း

ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်အား နိုဝင်ဘာလ ၂ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၈ရက်မှစတင်ကာ တတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားကာ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခဲ့သည်။

Mizzima - News in Burmese

ဆယ်စုနှစ်အလွန် မြန်မာ့ပညာရေး


ပညာရေးကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များ များစွာရှိနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။
နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ နှုတ်မှထွက်သော စကားများ၏ နောက်ကွယ်တွင် တာဝန်ယူမှု တာဝန်ခံမှုများ ဆက်လက်ပါ ဝင်လာမည်လားဟု မျှော်လင့်ရပါသည်။
ရာစုနှစ်ထက်ဝက် အုပ်ချုပ်သူအစိုးရ အဆက်ဆက်၏ လွယ်လင့်တကူ ပြောင်းလဲခဲ့သော ပညာရေး မူဝါဒများကြောင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဟပ်ထိုးလဲခဲ့ရသည့် မြန်မာ့ပညာရေးသည် ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်မှုကြောင့် အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး ယန္တရား သိသိသာသာ အားကောင်းလာသည်ကို တွေ့မြင်ရသည်။
သို့သော် ပညာရေးမူဝါဒ ရေးဆွဲနေသည်မှာ အထက်အရာရှိပိုင်း ဖြစ်ပြီး စီစဉ်ဆုံးဖြတ်ချက် ပေးသူမှာလည်း အဆင့်မြင့် ရာထူးခံများသာ ဖြစ်နေသေးသည်။ နှစ်ရှည်စီမံချက်များ ရေးဆွဲစဉ်၊ မူဝါဒတစ်ခု အကောင်အထည် ဖော်စဉ်နှင့် စီမံကိန်းတစ်ခု ရေးဆွဲစဉ် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ကို အောက်ခြေ အရာရှိအဆင့် တစ်နည်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် အနီးကပ် ထိတွေ့ကြုံနေရသူ ဆရာ၊ ဆရာမများ မရရှိသေးပေ။
ယင်းကြောင့် ပညာရေးစနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အခရာကျခဲ့ပြီး ပညာရေး လွတ်လပ်ခွင့်ကို ခေတ်အဆက်ဆက် ကျောင်းသား၊ ကျောင်းသူတိုင်းက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ခေတ်အဆက်ဆက် ပညာရေးသမိုင်း
လွတ်လပ်ရေးရပြီး နောက်ပိုင်း လူသိအများဆုံး ပညာရေး ပြုပြင်ပြောင်းလဲမှုများသည် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည်။
အထူးသဖြင့် ၁၉၉၂-၁၉၉၃ ခုနှစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စာတမ်းကို မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အသေးစိတ် ရေးဆွဲခဲ့သည်။
အဆိုပါ စာတမ်းသည် ယခုအစိုးရသစ်လက်ထက် ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်နေသည့် ဘက်စုံလွှမ်းခြုံသော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ်နှင့် သဏ္ဌာန်တူကြောင်း ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
၁၉၉၃ ခုနှစ် မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေးစာတမ်း ရေးဆွဲပြီး နောက်ပိုင်းတွင် ၁၉၉၈ ခုနှစ်၌ ပညာရေး မြှင့်တင်မှုများ ပြန်လည် စတင်ခဲ့ပြန်သည်။ ယင်းအစီအစဉ်ကို အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်း (၂၀၀၀-၂၀၀၃) ဟု သတ်မှတ်ခဲ့ပြီး ပညာရေးကဏ္ဍ စီမံအုပ်ချုပ်ရေးပိုင်း အပါအဝင် ပြောင်းလဲမှုများ ထပ်မံဆောင်ရွက်ခဲ့သည်။
သတိပြုရမည်မှာ အဆိုပါ အထူးလေးနှစ် စီမံကိန်းသည် ၁၉၉၃ ခုနှစ်က ပြုလုပ်ခဲ့သော မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စာတမ်းအပေါ် မူတည် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အစိုးရ၏ မူဝါဒအတိုင်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ယင်းစာတမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ရှင်းပြသည်။
ယင်းနောက်ပိုင်းတွင် ထပ်မံဆောင်ရွက်ခဲ့သည့် နှစ် ၃၀ ရေရှည် ပညာရေး စီမံကိန်းသည်လည်း အဆိုပါစာတမ်းကို အခြေခံခဲ့ခြင်း မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါ ပညာရေး ပြောင်းလဲမှု စနစ်ဟောင်းများအရ မြန်မာ့ပညာရေးတွင် လှိုင်းတံပိုး အထန်ဆုံး နှစ်ကာလများသည် ယင်း ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် ကြားကာလတစ်ဝိုက် ဖြစ်ပြီး လက်ရှိ မြန်မာ့ပညာရေး နိမ့်ကျနေခြင်းသည် အပြောင်းအလဲများသော အစိုးရမူဝါဒ များကြောင့်ဟု လုပ်သက်ရင့် ပညာရေး ဝန်ထမ်းများက ယူဆကြသည်။
လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်သည် နှစ် ၃၀ စီမံကိန်း၏ ပထမနှစ်တို ငါးနှစ် စီမံကိန်းတွင် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာနက အဆိုပါ စီမံကိန်းအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားရန် စီစဉ်ထားသည်။
“ဒီနှစ်ရှည် စီမံကိန်းမှာလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့ ပြောင်းလဲမှုတွေ မထည့်ရင် အရင်အဆင်မပြေခဲ့တဲ့ ပညာရေး မြှင့်တင်မှုတွေအတိုင်း ကျရှုံးသွားနိုင်တယ်” ဟု လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။
ဂီယာတင်ဦးမည့် ပညာရေး
“တန်ဖိုးကြီးမားသော ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင် ယဉ်ကျေးမှု အနုပညာ တန်ဖိုးများကို အခြားယဉ်ကျေးမှုများက ကျူးကျော် ဝင်ရောက် ဖျက်ဆီးလာလျှင် ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းသိမ်း မြှင့်တင်နိုင်တဲ့ မြန်မာ့ပညာရေး ဖြစ်ဖို့” ဟု အဆိုပါ ပညာရေး ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတကြီးက ထပ်မံ ပြောကြားသွားခဲ့သည်။
ယင်းသို့သော ပညာရေးစနစ် ဖြစ်ရန် အရေးတကြီး လိုအပ်ကြောင်းကိုလည်း ၎င်းက ပထမဆုံးအကြိမ် အသိပေး ပြောကြားသွားသည်။
သို့သော် လက်တွေ့တွင်မူ မြန်မာ့ပညာရေးကို ကျောင်းသူ၊ ကျောင်းသူများ ကိုယ်တိုင် အားလျော့နေကြပြီး ဆရာ၊ ဆရာမများက အလိုမကျ ဖြစ်နေသေးသည်။
“ဒီကဘွဲ့ရပြီးလည်း ဘာမှသုံးလို့မှ မရတာ။ ရထားတဲ့ ဘွဲ့လက်မှတ် ပျောက်သွားတာတောင် ပြန်မရှာချင်တော့ဘူး” ဟု မြန်မာနိုင်ငံတွင် အဝေးသင်တက္ကသိုလ် ဘွဲ့ရရှိပြီး မလေးရှားနိုင်ငံတွင် MBA ဘွဲ့ သင်ကြားရယူခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရရှိထားသော ဘွဲ့လက်မှတ်အပေါ် ၎င်းကဲ့သို့ သဘောထားရှိသူ လူငယ်ဦးရေသည် မြန်မာနိုင်ငံတွင် ရေတွက်မကုန်အောင် ကျန်ရှိနေသေးသည်။ တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာနှင့် စိတ်ဝင်စား သင်ယူလိုသည့်ဘာသာ ကွာခြားချက်ရှိသော လူငယ်များစွာလည်း ရှိနေသေးသည်။
ယင်းအပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသော လူငယ်များ၊ အခြေခံပညာတွင် လေးတန်း၊ ရှစ်တန်းနှင့် ကျောင်းထွက်ကာ မိသားစု ဝမ်းရေးအတွက် လှုပ်ရှားနေသော ကလေးသူငယ်များအတွက် ပညာဆက်လက် သင်ယူခွင့် မူဝါဒများ ပညာရေး ဝန်ကြီးဌာနက ချမှတ်ပေးရန် လိုအပ်နေသည်။
ယခုအချိန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်နေသည့်အတွက် အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများစွာကို ကျောင်းပြင်ပ ရောက်ရှိနေသော လူငယ်များ တက်ရောက်ရန် မူဝါဒများ ချမှတ်ကာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ရမည့် အချိန်ကာလလည်း ဖြစ်သည်။
သို့သော် ပညာရေးဝန်ကြီးဌာနက ဆက်လက်ထွက်ရှိမည့် ပညာရေးဆိုင်ရာ ဥပဒေများကို စောင့်ဆိုင်း နေကြရသည်။ ကျန်ရှိနေသေးသော အဆင့်မြင့် ပညာရေး ဥပဒေ၊ အမျိုးသား ပညာရေး ဥပဒေ အပါအဝင် အခြားပညာရေးဆိုင်ရာ ဥပဒေများစွာ ထွက်ရှိပါမှ ပညာရေး ဝန်ကြီးဌာန၏ စီမံကိန်းများ အကောင်အထည် ဖော်မည်ဆိုလျှင် အချိန်ပိုကြာမည်။ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ပြိုင်ချိန် နောက်ကျသွားမည်။ အမီပြေးရမည့် အချိန်တွင် တစ်ဆင့်ထပ်နှိမ့်၍ မရတော့ပါ။
“လတ်တလော ပြောင်းလိုက်ရင် သိသာသွားမယ့် ပညာရေးစနစ်တွေ ရှိတယ်။ အဲဒါတွေကို အရင်ပြောင်းလိုက်ရင် ဆယ်စုနှစ်အထိ အချိန်ယူစရာ မလိုတော့ပါဘူး” ဟု ပျိုးပင်ပညာရေး ဖောင်ဒေးရှင်း၏ ပညာရေး တာဝန်ခံ ဦးအောင်ကျော်သိန်းက ပြောကြားသည်။
လက်ရှိ ပညာရေးစနစ်တွင် လတ်တလော ပြောင်းလဲပစ်ရမည့် အပိုင်းတွင် စာမေးပွဲစနစ်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်နှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေး အသုံးစရိတ်ကို အဆများစွာ ထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရေး လေ့လာစောင့်ကြည့်သူများက အကြံပြုထားသည်။
ထပ်မံ၍ ပြုပြင်ရမည့် အပိုင်းများစွာ ကျန်ရှိနေပါသေးသည်။ ပညာရေးစနစ်အတွက် အဓိက မူဝါဒ ပြင်ဆင်ရမည့် အပိုင်းသည် ပညာရေး ဝန်ကြီးဌာနသာဖြစ်ပြီး လက်တွေ့အကောင်အထည် ဖော်ရမည့် ပုဂ္ဂိုလ်များမှာ ဆရာ၊ ဆရာမများသာ ဖြစ်သည်။
ယင်းကြောင့် ပြုပြင်ပြင်ဆင်ပေးရမည့် ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများကို လုံလောက်သော လစာငွေကြေး၊ စွမ်းဆောင်ရည် သင်တန်းများဖြင့် အရေးတကြီး ပြန်လည် ကြီးကြပ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ထိုနည်းတူ အဆင့်မြင့် ကဏ္ဍတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ် သော သုတေသန လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်ထားသော အာမခံချက်ရှိသော ဘွဲ့လက်မှတ်များပေးရန် အမြန်ဆုံး ပြင်ဆင်ထားသင့်ကြောင်း ပညာရေး လေ့လာ စောင့်ကြည့်သူတိုင်းက သုံးသပ်ကြသည်။
ယင်းလိုအပ်ချက်များကို အကောင်အထည် မဖော်ဘဲ ပညာရေး ပြောင်းလဲမှုများ ဆောင်ရွက်လျှင် ထိရောက်မှု မရှိသော ပညာရေးစနစ်သစ် တစ်ခုသာ ပေါ်ပေါက်လာပြီးယခင် ၁၉၉၀ ခုနှစ် နှောင်းပိုင်း ပညာရေး မြှင့်တင်မှုများအတိုင်း ကျရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းရပါသည်။
အထူးသဖြင့် လူပြောင်းတိုင်း မူဝါဒ မပြောင်းလဲသင့်သော ကဏ္ဍသည် ပညာရေးကဏ္ဍပင် ဖြစ်ရာ ပညာရေးဆိုင်ရာ အဆင့်မြင့် အရာရှိများ မည်သို့ပင် ပြောင်းလဲစေကာမူ တိကျခိုင်မာသော မူဝါဒ မပြောင်းလဲရန် အလွန်အရေးကြီးလှသည်။
သမ္မတကြီးကိုယ်တိုင် ပညာရေးစနစ် အားနည်းချက်များကို ဝန်ခံပြီး ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းကာ နိုင်ငံကို တန်းဖိုးထားချင်စိတ်ရှိသော လူငယ်များ ပေါ်ပေါက်လာမည့် ပညာရေးစနစ် တစ်ခုကို အကောင်အထည် ဖော်နေသည့်အတွက် အလားအလာကောင်းများ ထပ်မံတွေ့မြင် လာမည်ဟုလည်း မျှော်လင့်ရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် မြန်မာ့ပညာရေးအတွက် စိန်ခေါ်မူများစွာ ရင်ဆိုင်နေရပြီး လာမည့် ဆယ်စုနှစ်အတွက် ကြိုတင်ခန့်မှန်း တွက်ဆရန်ပင် ခက်ခဲသည့် အချိန်ကာလတစ်ခု ဖြစ်နေသည်။
ပညာရေးလောက အပြောင်းအလဲ၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ပညာရေး မျိုးဆက်တစ်ဆက်ကို တွက်ယူရသည့်အတွက် လာမည့် ဆယ်စုနှစ်လွန် နှစ်များကိုသာ ဆက်လက် စောင့်ကြည့်ရပါဦးမည်။
လဲ့ရည်မြင့်

thevoicemyanmar

ငွေလေးထောင် လက်ခံသူ အမျိုးသမီး ပြည့်တန်ဆာပုဒ်မဖြင့် တရားစွဲခံရဟုဆို



ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့တွင် အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက ငွေကျပ်လေးထောင် လာရောက်ပေးမှုကို လက်ခံခဲ့သည့် အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပြည့်တန်ဆာ ပုဒ်မဖြင့် ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူ မအေးမြလင်းက ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးအေးမြင့်သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဆူးလေဘုရား ဂေါပကအဖွဲ့ဝင် (အစ်ကိုဝမ်းကွဲ တော်စပ်သူ) ဦးဟုတ်ကြည်ထံ လစဉ် မုန့်ဖိုးကို လာရောက် တောင်းခံစဉ် အစ်ကိုမှာ အလုပ် မအားသေးသဖြင့် စောင့်နေခဲ့ကြောင်း၊ ယင်းနောက် ဖရဲသီး စားချင်သောကြောင့် ဘုရားပေါ်မှဆင်းပြီး လမ်းလျှောက်ခဲ့ရာ မြို့တော်ခန်းမရှေ့တွင် လူငယ်တစ်ဦး ရောက်ရှိလာပြီး ငွေလေးထောင်ကျပ် ကို လာပေးခဲ့ကြောင်း၊ အစ်ကိုဖြစ်သူက ပေးခိုင်းသည်ဟု တွေးထင်ကာ လက်ခံခဲ့ပြီးနောက် အိမ်ပြန်ရန် ဆူးလေကားဂိတ်သို့ လာစဉ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းက ရှင်းပြသည်။

ကားဂိတ်သို့ ပြန်လာစဉ် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကားပေါ်တင်ကာ စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် (ပ)၃၇၃/၁၃၊ ပြည့်တန်ဆာပုဒ်မ ၃(က) (ခ) ဖြင့် အမှုဖွင့်ကာ ကျောက်တံတားမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိပြီး အင်းစိန် အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားကြောင်း ၎င်းကထပ်မံပြောကြားသည်။
“အရင်က သူကကြက်သားရောင်းတယ်။ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တယ်။ အသိတွေ ဆေးရုံတက်ရင် လူနာစောင့် လိုက်ပေးတယ်။ ရပ်ကွက်ထဲ သူနေထိုင်ခဲ့တဲ့ တစ်လျှောက် ပြစ်မှု တစ်စုံတစ်ခု မရှိခဲ့ဘူး။ အခုဒီလို ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခံရတယ်ဆိုတော့ ယုံတောင် မယုံနိုင်ဘူး” ဟု အဖမ်းခံရသူ အမျိုးသမီးနှင့် တစ်အိမ်တည်း ငှားရမ်းနေထိုင်သူ ဒေါ်ဇာနည်ထွန်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် မြို့မရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ရဲကျင့်ထုံး အက်ဥပဒေ ပြဋ္ဌာန်းချက်များ အရ ပြစ်မှုကျူးလွန်သူဟု သတင်းရရှိသူကို ဖမ်းဆီးအရေးယူရာတွင် သက်သေခံပစ္စည်းနှင့် သက်သေခံလူများ ခိုင်လုံစွာ ပါရှိမှသာ အမှုဖွင့် ဆောင်ရွက်နိုင်ကြောင်း၊ ယခုပြည့်တန်ဆာ ပုဒ်မဖြင့် အဖမ်းခံရသူ အမျိုးသမီးမှာ ကျောက်တံတားမြို့နယ်အတွင်း ပြည့်တန်ဆာ လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ရှာဖွေ စစ်ဆေးခဲ့ပြီး သက်သေ ခိုင်လုံသောကြောင့် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်ကြိုင်က ပြောကြားသည်။
“သတင်းရရှိမှုကြောင့် တာဝန်အရ ရှာဖွေစစ်ဆေးပေမယ့် သက်သေ မခိုင်လုံဘူးဆိုရင် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒီအမှုကိစ္စကတော့ ကျွန်တော်တို့ ကျောက်တံတား ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးခြင်း မဟုတ်ပါဘူး။ သက်သေ အထောက်အထား အခိုင်အလုံ ရှိပါတယ်” ဟု ယင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားပေါ်တွင် ပြည့်တန်ဆာများက ဘုရားဖူးပုံစံဖြင့် ပျော်ပါးရန် ဆွဲဆောင်မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ တိုင်ကြားမှုများ ရရှိပြီး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် ၃၀ ဦးခန့် ဖမ်းဆီးအရေးယူပြီး ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိ ရသည်။

ပြည့်တန်ဆာ လုပ်ကိုင်သူကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များက သက်သေ အထောက်အထား ရယူရန် ငွေစက္ကူများကို ကြိုတင် မှတ်တမ်းတင်ထားပြီးနောက် သက်သေအဖြစ် ဆောင်ရွက်မည့် အမျိုးသားမှတစ်ဆင့် ပြည့်တန်ဆာကိုပေးကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

thevoiceweekly

Facebook ပေါ်မှ ဓာတ်ပုံများကြောင့် Software ပညာရှင်တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်
အိန္ဒိယ နိုင်ငံမှ Software ပညာရှင် တစ်ဦးသည် Facebookပေါ်မှ ဓာတ်ပုံများကြောင့် မိမိကိုယ်ကိုယ် ကြေကွဲဖွယ် အဆုံးစီရင်သွားရှာကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းနှင့် ဇနီးဖြစ်သူ ဆန်ဒါဟာရာတို့သည် ဘာသာမတူကြချေ။ ချန်နိုင်းတွင် နေထိုင်သော ဆန်ဒါဟာရာနှင့် လက်ထပ်ရန် ချန်ဒန်က ရည်ရွယ်ခဲ့သော်လည်း ၎င်း၏ မိသားစုက လုံးဝ သဘောမတူဘဲ တားဆီးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချန်ဒန်သည် ချန်နိုင်းရှိ ခရစ္စယာန် ဘုရားကျောင်း တစ်ခုတွင် ဆန်ဒါဟာရာ၏ အလိုအတိုင်း လက်ထပ်ခဲ့ပြီး ယင်းအစီအစဉ်ကိုမူ မိသားစု မသိအောင် လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း ဆန်ဒါဟာရာက မင်္ဂလာပွဲ ဓာတ်ပုံများကို Facebookပေါ်တွင် လွှင့်တင်လိုက်သည့်အခါ ချန်ဒန်၏ ဝမ်းကွဲညီအစ်ကို တစ်ဦးက စတင်သတိပြုမိသွားသည်။ ထိုမှတစ်ဆင့် သတို့သားဖြစ်သူ ချန်ဒန်၏ မိသားစုကို အသိပေးခဲ့သည်။ ထိုအခါ ချန်ဒန်၏ မိဘများက သားဖြစ်သူကို ချက်ချင်း ဆက်သွယ်ကာ ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့သလို ၎င်း၏ အသိမဲ့မှုကြောင့် မိမိတို့ အလွန် နာကျင်ခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ မိဘများထံမှ ခါးသီးသော စကားလုံးများကြောင့် ဝမ်းနည်းသွားသော ချန်ဒန်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်သော နည်းလမ်းကို ထွက်ပေါက်အဖြစ် ရွေးချယ်လိုက်ရှာသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့သည့် လူသေမှုနှင့် ပတ်သက်ပြီး ရဲများက Facebookပေါ်မှ ဓာတ်ပုံများသည် အဓိက အကြောင်းရင်းဟု မှတ်ချက်ချခဲ့သည်။ စနေနေ့ မင်္ဂလာပွဲ အပြီးတွင် နောက်တစ်နေ့၌ ချန်ဒန်သည် အခန်းထဲမှ ထွက်မလာတော့ချေ။ ဆန်ဒါဟာရာက အခန်းထဲ ဝင်ရောက်ရှာဖွေရာ သေတမ်းစာ တစ်စောင်ရေးခဲ့ပြီး ဆွဲကြိုးချ သတ်သေထားသည့် ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့သည်။ ချန်ဒန်က မိမိသည် ဇနီးကို အလွန်ချစ်မြတ်နိုးသော်လည်း Facebookပေါ်မှ ဓာတ်ပုံများကို ဖယ်ရှားပေးရန် ဆန်ဒါဟာရာက ငြင်းဆန်သည်ကို စိတ်ပျက်ကြောင်းနှင့် ဘဝကို ရှေ့မဆက်လိုကြောင်း ရေးသားထားသည်ဟုလည်း ရဲများက ပြောဆိုသွားသည်။

Planet Myanmar

ဘာထင်နေလဲ ...


မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။

နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”

“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”

နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”

နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”

နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့

“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”

“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”

“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”

“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”

“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”

“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”

သေးထွက်ရီရသောဟာသများ

သ၀န်ကြောင်တဲ့ ခင်ပွန်း


မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။

ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။

ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ...။
ခင်ပွန်း - ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။

နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။

အိမ်ရောက်တဲ့အခါ
သူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့

"သားရေ .. မင်းအမေ ဘယ်မှာလဲကွ"လို့ မေးလိုက်ပါတယ်။

"သား - မသိဘူး .. အဖေရဲ့။ ကြိတ်စက် တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားလေရဲ့''

cr >> funny world

အင်တာဗျူး



ညီမလေး...အသက်ဘယ်လောက်ရှိပီလဲ

ဟုတ်ကဲ့...၂၅ နှစ်ပါရှင့်

...တော်လိုက်တာ သမီးက....မနက်ဖန်အလုပ်စဆင်းတော့နော်

ဟေ့ကောင်.....မင်းအလှည့်

ဟုတ်ကဲ့..

သီပေါမင်းမှတ်ပုံတင်နံပါတ်ကိုသိလား..

."" ဂျာ"""""

ဦးမောင်ကြီး

cr >> ဟာသနန်းတော်

လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့ က တိုက်ခိုက်ရေးယာဉ်နှင့် လက်နက်များ ရုရှား နှင့် တရုတ်ထံမှ ထပ်ဝယ်မည်


ရန်ကုန်၊ နိုဝင်ဘာ ၁ ။        ။ လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့အ နေဖြင့် တိုက်ခိုက်ရေးယာဉ်နှင့် လက်နက်များကို ရုရှားနှင့်တရုတ် တို့ထံမှထပ်မံဝယ်ယူသွားရန် စီ စဉ်ထားကြောင်း ပြည်ထဲရေးဝန် ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်  သတင်းစာသို့ ထုတ်ဖော်ပြောသည်။

ယင်းကဲ့သို့ဝယ်ယူရာတွင် နိုင်ငံတော်ဘတ်ဂျက်မှ ဝယ်ယူသွား မည်ဖြစ်ပြီး ယင်းရဲတပ်ဖွဲ့နှစ်ခုအ တွက် လိုအပ်သည့်ရေယာဉ်များ၊ လက်နက်ခဲယမ်းများ၊ နည်းပညာ မြင့် လုံခြုံရေးသုံး စက်ပစ္စည်း များ နှင့် အခြားလိုအပ်သည့်ပစ္စည်း ကိရိယာ များကို ယခုနှစ်အတွင်း ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ''နိုင်ငံတော်လုံခြုံရေးအတွက် အ ဓိကဝယ်ယူတာပါ။ နှစ်ဖက်ဆွေး နွေးမှုတွေလုပ်နေတယ်။ လိုအပ် တဲ့ တိုက်ခိုက်ရေး၊ ကာကွယ်ရေး မှာ ထိရောက်တဲ့၊ နည်းပညာမြင့် တဲ့ပစ္စည်းတွေကိုပဲ ဝယ်ယူမှာ ပါ။ ဘယ်လောက်တန်ဖိုး ဝယ်မလဲဆို တာတော့ စိစစ်တုန်းပဲ''ဟု ပြော သည်။ ယင်းကဲ့သို့ ရေကြောင်း၊ လေကြောင်းရဲတပ်ဖွဲ့သည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အသစ် ထပ်မံဖွဲ့လိုက်သော အဖွဲ့အစည်း များဖြစ်ပြီး ယင်းဌာနများ ရှိအဆင့် မြင့်အရာရှိကြီး အတော်များများ သည် တပ်မှပြောင်းလာသူများ ဖြစ်ကြောင်း သိရသည်။

ကျော်မြတ်ဇံ

လိုင်စင်တစ်ခု ကားနှစ်စီးပွားယူ မှုများရှိနေ


ရန်ကုန် ၊ နိုဝင်ဘာ ၁ ။ ။ မော်တော် ယာဉ်လိုင်စင်ကိစ္စများ ကို ဆောင် ရွက်ပေး မည်ဟုဆိုကာ လိုင်စင် အတုများကို လိမ်လည်ဆောင် ရွက် ခြင်းနှင့် လိုင်စင်ပွားယူဆောင် ရွက်နေမှုများရှိနေကြောင်း ကား ဝယ်ရောင်းလောကမှ သိရ သည်။ မော်တော်ယာဉ် မှတ်ပုံတင် လိုင်စင် အတု ပြုလုပ်ဆောင်ရွက် ခြင်းများကို နေရာတစ်ခုသို့ချိန်း ဆို၍ (သို့မဟုတ်) အိမ်အရောက် လိုက်ပါ၍ ခဲခြစ်ဆောင်ရွက်ပေး မည် စသည်ဖြင့် လိမ်လည် မှုများ ရှိနေပြီး ဝှီးတက်အတု၊ ဖောင်း ကြွနံပါတ် ပြား အတု တို့ဖြင့် လည်း ဆောင် ရွက်ပေးခြင်းများရှိသကဲ့သို့ ကညနရုံးမှယာဉ် နံပါတ်နှင့် ဖောင်း ကြွနံပါတ်ပြားများကို တရားဝင် ရယူကာ ပြည်ပမှတရား ဝင်တင် သွင်းလာသည့် Without ယာဉ် များတွင် ကပ်၍ ဆောင် ရွက်နေ ကြောင်း ကညန ရုံးချုပ်မှ သိရ သည်။

ယင်းအပြင် လိမ်လည်သူ များမှာရုံးခန်းသဖွယ်ဖွင့်၍ ကညန စာရွက်စာတမ်း များနှင့် ထင်ယောင် ထင်မှားဖြစ်စေရန် ပုံစံတူရိုက်နှိပ် ပြီး ခဲခြစ်များ ကပ်ခြင်းနှင့် ယာဉ် မှတ်ပုံတင်စာအုပ် သဏ္ဌာန် ပြုလုပ် ခြင်း တို့ဖြင့် ငွေကြေးလိမ်လည် မှုများ ရှိနေ ကြောင်း ကညနက ပြောသည်။

''တချို့ဆိုရုံးခန်းတွေ ဖွင့် ပြီးတော့ လိမ်နေတာတွေရှိတယ်။ ဖောင်းကြွနံ ပါတ်ပြားတစ်ခုကို ကားတိုင်းကို လျှောက်လျှောက် ပြပြီးလိမ်နေတယ်''ဟု ကညန(နေ ပြည်တော်)ရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြော သည်။ ဈေးသက်သာပြီး ကားစီး ချင်သူများ အနေဖြင့် ယာဉ်လိုင် စင်အတုပြု လုပ် သူ ပွဲစားများနှင့် ချိတ်ဆက်၍ ယင်းတို့ဝယ်ယူရ မည့် ယာဉ်မိုဒယ်အမျိုး အစားကို စုံစမ်းပြီးနောက် နယ်စပ်မှတရား မဝင်တင်သွင်းလာသည့် Without ယာဉ်တစ်စီးဝယ်ယူကာ ယခုကဲ့ သို့ လိုင်စင်ပွား များပြု လုပ်နေခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ယာဉ်လိုင်စင်ပွဲစား တစ်ဦးက ပြော သည်။

''ဒီဈေးကွက်က မြန်မာနိုင်ငံ မှာအကြီးကြီးဖြစ်နေပြီ။ အဓိက တော့ ရန်ကုန်ပဲ။ ကျွန်တော်တို့ဆီ မှာ လိုင်စင်ကပ်ပြီးသားကားတွေ ရှိတယ်။ တချို့က ကားလိုင် စင် တစ်ခုတည်းကို နှစ်စီးလုပ်ထားတာ မျိုးပေါ့။ ဥပမာ ၂ဝဝ၇ ဟွန်ဒါ ဖစ်တစ်စီး လိုင်စင်နဲ့ရှိ တယ်ဆို ရင် သူနဲ့ အမျိုးအစားအရောင်တူ အတွက် လိုင်စင်၊ ကား၊ နံပါတ် ပြားအပြီးအစီး သိန်း၃ဝလောက် ပေးရတယ်'' ဟု ယင်းကပြောသည်။ ယင်းသို့ လိမ်လည်နေသူ များကို ထိရောက်စွာအရေးယူရန် သက်ဆိုင်ရာမှ စုံစမ်းစစ် ဆေးသွား မည်ဖြစ်ကြောင်း ကညနကပြော သည်။
Yangon Media Group
မာန်ယုကျော် ၊ ငယ်ထွေး

မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုသစ် GSM နှင့် WCDMA ဖုန်းများအားလုံး အသုံးပြုနိုင်မည်


ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်သည့် ဝန်ဆောင်မှု အသစ်လေးမျိုးကို CDMA ဖုန်းများမှအပ GSM နှင့် WCDMA ဖုန်းများအားလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာဌာန ဒုတိယ အင်ဂျင်နီယာချုပ် ဦးကိုကိုအောင်က ပြောကြားသည်။

အဆိုပါ GSM နှင့် WCDMA ဖုန်းများအတွက် ဝန်ဆောင်မှုအသစ်ကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း CDMA ဖုန်းများတွင် အသုံးပြုနိုင်ရန် ငွေကြေးပိုင်း၊ နည်းပညာပိုင်း ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“CDMA ဖုန်းတွေကလွဲရင် ဘယ်လောက်တန် ဖုန်းပဲဖြစ်ဖြစ် ဝန်ဆောင်မှု အသစ်ကို အသုံးပြုလို့ ရပါတယ်” ဟု ၎င်းကရှင်းပြသည်။

ဝန်ဆောင်မှုသစ် လေးမျိုးဖြစ်သည့် ဖုန်းပြောစဉ် တခြားဖုန်းတစ်ခု ဝင်လာပါက မိမိကိုယ်စား ပြန်လည် ဖြေကြားပေးခြင်းအတွက် တစ်လ ၅၀၀ ကျပ်၊ မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်းအတွက် တစ်လ ၉၀၀၀ ကျပ်၊ Voice Mail Services အတွက် တစ်လ ၁၀၀၀ ကျပ်နှင့် ဖုန်း စက်ပိတ်ထားစဉ် Miss Call များ လက်ခံပေးခြင်းအတွက် ၁၀၀၀ ကျပ်နှုန်းဖြင့် ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။
The Voice Weekly

ဆင်ဖြူတော်နင်း၍ ဆင်ဦးစီးသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၂

၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့
ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊ တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဖြစ်ပြီး ၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာ(စွယ်စုံအထီး)ဆင်အား
သေဆုံသူဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက်
လေ့ကျင့်ပေးနေစဉ် ၀၇၃၀အချိန်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

သာသနာရေးဝန်ကြီး သတင်းသမားတွေနဲ့တွေ့မယ်


SATURDAY, NOVEMBER 2, 2013

ဗဟိုအစိုးရ သာသနာရေးဝန်ကြီးက သတင်းစာဆရာတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီကနေ့  (နိုဝင်ဘာ ၂ ရက်နေ့) နေ့လယ် ၁းဝဝ နာရီ ရန်ကုန်မြို့ သာသနာရေးဝန်ကြီးဌာနရုံးမှာ တွေ့ပါမယ် တဲ့။

ပြောဆို ရှင်းလင်းမယ့် အကြောင်းအရာကတော့ "သာသနာရေးဆိုင်ရာ ကိစ္စရပ်များ" ပါ။

သတင်းဌာန အများအပြားကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
ဝန်ကြီး ဘာတွေပြောမယ်ဆိုတဲ့ အသေးစိတ် အကြောင်းအရာက  ညနေပိုင်းမှာ အင်တာနက်သတင်း စောင့်ဖတ်ရင် သိရမယ်လို ထင်ပါတယ်။

Irrawaddy

ဘဟားမားမှ ကြောက်စရာ ရေလွှာလျှောစီး

ဘဟားမားနိုင်ငံမှာ ရှိတဲ့ Mayan Temple ရေလွှာလျှောစီးကန် တစ်ခုမှာ ဖြစ်ပါတယ်။

ရေလွှာလျှောစီးကို ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မာယာဗိသုကာ ကျောင်းဆောင် ကနေ ပြုလုပ်ထားပေးပါတယ်။ ပေ ၆၀ အမြင့်လောက်ကနေ လျှောဆင်းပြီး တစ်နာရီ ၃၅ မိုင်နှုန်းလောက် မြန်ပါတယ်။ ကန်ထဲမှာ အသားစား ငါးမန်းများ မွေးမြူထားတဲ့အတွက် ချောစီးရင် ငါးမန်းတွေကို အနီးကပ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူသွားတဲ့ ပိုက်လိုင်းကို မှန်နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ လုံခြုံ ရေး စနစ် အပြည့်အဝ ထားရှိပြီး ရေလွှာချောစီး ကန်မှာ ငါးမန်းများ မွေး ထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသွားများ အတွက် လည်ပတ်စရာ နေရာ တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။


ံHonestly Credit to --
Ref: weirdworld
International news for myanmar

ရယ်ခြင်း၏ ကောင်းကျိုးများ


(၁) နှလုံးကျန်းမာရေး ကောင်းမွန်စေသည်
- ရယ်မောခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်သကဲ့သို့ အထောက်အကူပြုသည်။ ထို့ကြောင့် နှလုံးသွေးကြောများထံ သွေးစီးဆင်းမှုကောင်းမွန်ပြီး နှလုံးဖောက်ပြန်မှု (heart attack) မဖြစ်အောင် ကာကွယ်ပေးသည်။

(၂) စိတ်ကျရောဂါသက်သာစေသည် -ရယ်ခြင်းကြောင့် အင်ဒိုဖင်(endorphn)ဟော်မုန်းများ ထွက်လာပြီး စိတ်ခံစားမှုကောင်းမွန်စေသောကြောင့် စိတ်ကျရောဂါကို သက်သာစေသည်။

(၃) ခုခံအားကောင်းမွန်စေသည်
- ရယ်ခြင်းသည် ဖိစီးမှုဟော်မုန်း (stress hormones) များ လျော့ကျစေပြီး T.cell ဟုခေါ်သည့် ခုခံအား ဆဲလ်တစ်မျိုးကို များပြားလာစေသောကြောင့် ကိုယ်ခံအားကောင်းမွန်လာစေသည်။

(၄) နာကျင်မှုသက်သာစေသည်
-ရယ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဟော်မုန်းအများအပြားထွက်ရှိလာပြီး ယင်းဟော်မုန်းများ၏ အာနိသင်ကြောင့် နာကျင်မှုကို ခံနိုင်ရည်ရှိလာစေသည်။

(၅) မှတ်ဉာဏ်ထက်သန်စေသည်
-ကျွမ်းကျင်သော၊ အတွေ့အကြုံရင့်ကျက်သော ကျောင်းဆရာများသည် ဟာသနှော၍ စာသင် တတ်ကြသည်။ စာသင်ကြားနေစဉ် ရယ်စရာ အကြောင်းအရာ ကလေးများ အခိုက်အတန့် အားဖြင့် ပြောပေးခြင်းသည် စာသင်သား၏ ဦးနှောက်ကို ကောင်းမွန်စွာ အနားရစေပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေသည်။

(၆) ကလီစာများ လှုပ်ရှားသန်မာစေသည်
-ရယ်လိုက်သည့်အခါတိုင်း ရင်ဝမ်းခြားကြွက်သား (diaphragm) ၊ ၀မ်းဗိုက်ကြွက်သား၊ အသက်ရှူလုပ်ငန်း ကြွက်သားများနှင့် မျက်နှာကြွက်သားများ အလုပ်လုပ်ရသည်။ ထို့ကြောင့် ကြွက်သားများ ပိုမိုပျော့ပျောင်းစေပြီး ကလီစာများပါလိုက်လံလှုပ်ရှားရသည့် အတွက် သွေး စီးဆင်းမှုကောင်းမွန်စေသည်။


Health Updates Journal No. 89

Allergic Rhinitis အလာဂျီ နှာခေါင်း


နှာခေါင်းခဏခဏ ခြေပါတယ်။ ခုဆို ၂နှစ် ပြည့်ပါတော့မယ်။ မနက်အိပ်ရာကနိုးရင် နှာအရမ်းစီးပါတယ်။ ဆေးခန်းသွားလဲ ခဏပါဘဲ။ ဆရာဝန်တွေပြောတာကတော့ အလက်ဂျိတ် (အလာဂျီ) ပါတဲ့ဆရာ။ ဘီတာမင်စီ ဆွဲ (စွဲ) သောက်ခိုင်းပါတယ်။ ဆေးခန်းကပေးတဲ့ဆေးတစ်ချို့နဲပေါ့ ဒီမှာက ဘာသာတွေကလဲ မတူဘူးဆရာ။ အလုပ်တစ်ဖက်နဲ့ အရမ်းဆိုးပါတယ်။ သမီးအလုပ်က ဆားဗစ်ဆိုတော့ ပိုဆိုးပါတယ်။ ဆရာကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာလဲ ပြောပြပါ။ ဆရာရဲ့ ဝတ်ဆိုက်ကို ခုမှတွေ့ရလို့ပါ။ တစ်ကယ်လဲ ဝမ်းသာပါတယ်။ သမီးရဲ့နှခေါင်းခုဆို ပိုစီးလာတယ် ဆရာ။ ညဆိုအိပ်မရဘူး။

(အလာဂျီ) စာ ၈ ပုဒ်ရေးထားတယ်။ ဒွါရခြောက်ပေါက်နဲ့ အာရုံခြောက်ပါး၊ ကာမဂုဏ်တရားတွေထဲက နှာခေါင်းက ဂန္ဓာရုံဆိုတဲ့ အနံ့တွေကိုပြတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ဆေးပညာမှာတော့ နှာခေါင်းက ဖြစ်စေတဲ့ ရောဂါတွေထဲမှာ အနံ့ကို ကောင်းကောင်းမသိတာ ရောဂါဖြစ်သလို၊ အနံ့မတည့်တာလဲ ရောဂါဘဲ။

ဆေးပညာကို နည်းနည်းလောက် တီးမိခေါက်မိသူတိုင်း မတည့်တာ (အလာဂျီ) လို့ သိကြတယ်။ ယားတာ၊ အရေပြားမှာ နီရဲလာတာမျိုးကို (အလာဂျီ) လို့ ခေါ်လေ့ရှိတယ်။ ဒါက အခြေခံလက္ခဏာ အမှန်ပါဘဲ။ မေးတဲ့သူက နှာခေါင်းမှာ လက္ခဏာတွေ ပေါ်နေတာမို့ Allergic rhinitis အလာဂျီ နှာခေါင်းရောင်ခြင်းလို့ ဆေးစာကခေါ်တယ်။ Pollenosis နဲ့ Hay fever လို့လဲ ခေါ်သေးတယ်။ Pollen ခေါ်တဲ့ ဝတ်မှုန်ဝတ်ဆံ ခေါ်တဲ့ ဖုံမှုံ့တွေကြောင့်ဖြစ်ရလို့ ခေါ်တာပါ။

(အလာဂျီ) ဖြစ်စေတေဲ့ အရာကို (အလာဂျင်) ခေါ်တယ်။ ဒါမျိုးတခုခု ကိုယ်ထဲဝင်လာရင် ခန္ဓာကိုယ်ကနေ ခုခံအားအတွက် (အင်တီဘော်ဒီ) ဆိုတာ ထွက်လာစေတယ်။ ဆေးစာတွေ ရေးပြနေတာ စိတ်မရှုတ်ပါနဲ့။ ဆေးကို ပြောတဲ့အခါ ပိုနားလည် လွယ်စေချင်လို့ပါ။ (အင်တီဘော်ဒီ) ကနေ (မတ်စ်-ဆဲလ်) ဆိုတဲ့ သွေးဖြူဥကို သွားပေါင်းလိုက်တဲ့အခါ (ဟစ်တမင်း) ဆိုတဲ့ ဓါတ် ထွက်လာစေတယ်။ (ဟစ်တမင်း) ကြောင့် ယားတာ၊ ရဲတာ၊ ရောင်တာတွေ ဖြစ်လာရတယ်။ ဖြစ်တာ တခါနဲ့ တခါ မတူတတ်ပါ။ အဖုအပိန့်တွေ ထွက်မယ်။ တချို့မှာ မျက်ခွံရောင်မယ်။ နားအပြင် နှာခေါင်းမှာပါလာဖြစ်တယ်။ အစားနဲ့ မတည့်သူဆိုရင် လည်ချောင်းမှာလာဖြစ်လို့ နှာချေပြီး၊ ယားတာ၊ ရောင်တာဖြစ်လာမယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာနဲ့ ဆင်တူပေမဲ့ ဒီဟာပိုကြာရှည်ပြီး ဥတုရာသီလိုက် ဖြစ်တတ်တယ်။ အတော်လည်း အဖြစ်များတယ်။ မျိုးနဲ့ရိုးနဲ့လဲ ဖြစ်တတ်တယ်။ ပါတ်ဝန်းကျင်နဲ့ မသင့်တာလည်းပါတာပေါ့။ အမျိုးအစား ၂ မျိုးခွဲနိုင်တယ်။ ဥတုကြောင့်ဖြစ်တာနဲ့ ဥတုမရွေးဖြစ်တာ။ ကံဆိုးသူတွေမှာ နှစ်မျိုးလုံး တွဲနေတတ်သေးတယ်။ တချို့ဆိုရင် နာတာရှည် ရောဂါအနာနဲ့ပါ တွဲနေတတ်တယ်။ ဥပမာ နှင်းခူနာ၊ ပန်းနာ၊ (မိုင်ဂရင်း)၊ စိတ်ကျရောဂါ။

ဆေးအမျိုးအစား (၃) မျိုး အားကိုးနိုင်ပါတယ်။ Antihistamines (အင်တီ-ဟစ်တမင်း)၊ Steroids (စတီရွိုက်)၊ Decongestants (ဒီကွန်ဂျက်စ်တင့်) ဆေး။ ၃ မျိုးလုံး လိုနိုင်တယ်။ အိမ်မှာသုံး၊ ခရီးသွား ဆောင်ထားဘို့အတွက် ဆေးတွေနဲ့ အရေးပေါ်ဖြစ်လို့ ကုပေးရတဲ့ ဆေးတွေလည်းရှိတယ်။ ဗမာပြည်မှာ (Chlorpheniramine) Burmeton (ဘာမီတွန်) စားဆေး၊ ထိုးဆေး လူတိုင်းလိုလိုသိတယ်။ အိပ်ချင်စေတယ်။ နောက်ပေါ် Cetirizine ကို ဆောင်ထားပါ။ 5 mg, 10 mg ဆိုပြီးလာတယ်။ တနေ့ ၁ ပြားရတယ်။ ကလေးဆို အလေးချိန်အလိုက် တဝက်၊ လေးပုံတပုံပေးပါ။ ဒီဆေးက သိပ်မအိပ်ချင်ဘူး၊ ပိုထိရောက်တယ်။

(အင်တီ-ဟစ်တမင်း) ဆေးဆိုတာ ခန္ဓာကိုယ်ကနေ သူနဲ့မတည့်တာကို တုံ့ပြန်လို့ဖြစ်ရတဲ့ လက္ခဏာတွေကို ပြောင်းပြန် ဖြစ်အောက် လုပ်ပေးတာမို့၊ ခန္ဓာကိုယ်အလိုကို ဆန့်ကျင်စေတာ ဖြစ်နေတယ်။ အကြာကြီး သောက်ရတာ ဘေးထွက်-ဆိုးကျိုးတွေ များစေမယ်။

(ကော်တီဇုံး = စတီရွိုက်) ဆေးကိုတော့ အလွယ်မသုံးသင့်ဘူး။ ချက်ချင်းဆိုသလို သက်သာမယ်။ ဒါပေမဲ့ သူပါမှ ရမှာမျိုးကိုတော့ မပေးလို့မဖြစ်ဘူး။ နှာခေါင်း၊ မျက်စိ၊ အရေပြားမှာဖြစ်တာတွေအတွက် လိမ်းဆေး၊ ထည့်ဆေးတွေရှိတယ်။ တကိုယ်လုံးကို သက်ရောက်စေချင်ရင် စားဆေးပေးတယ်။ (ကော်တီဇုံး) ထဲက အများဆုံး ပေးတတ်ပြီး ဝယ်လို့လည်း လွယ်တာက Prednisolone ဖြစ်တယ်။ များသောအားဖြင့် ၅ မီလီရမ် ဆေးပြား။ အရမ်းတော့ မသောက်ရပါ။ (အင်တီ-ဟစ်တမင်း) ဆေးတွေပေးနေရင်း မသက်သာမှ တွဲပေးတယ်။ ပေးရင်လဲ ဆေးကို များများပေးရာကနေ တဖြည်းဖြည်း လျှော့လျှော့ပေးရတယ်။

Spray ပန်းဆေးတွေကလည်း (အင်တီ-ဟစ်တမင်း)၊ (စတီရွိုက်)၊ ဆားရည်၊ (ဒီကွန်ဂျက်စတင့်) အမျိုးမျိုး ရှိတယ်။ (ဒီကွန်ဂျက်စတင့်) ဆိုတာက (အလာဂျင်) ကြောင့် သွေးကြောလေးတွေ ကျဉ်းနေလို့ သွေးတွေ ဖေါင်းများနေတာကို လျှော့အောင် လုပ်ပေးတဲ့ဆေးပါ။ မျက်စဉ်း၊ နှာခေါင်းထဲ ပန်းဆေးတွေလည်းရှိတယ်။ သွေးတိုး ရှိရင် သတိထားရတယ်။
Dr. Tint Swe

Life အသက်ရှိပြီဆိုတာ ဘယ်တော့လဲ (၂)


“သက်ရှိ” ဆိုတာ အင်္ဂါ (စွမ်းဆောင်ရည်) ငါးရပ်ရှိရမယ်။
၁။ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားမှုရှိခြင်း၊
၂။ အရာပစ္စည်းတွေနဲ့ စွမ်းအင် (အင်နာဂျီ) ရယူနိုင်ခြင်း၊
၃။ ပါတ်ဝန်းကျင်ကိုတုန့်ပြန်နိုင်စွမ်းရှိခြင်း၊
၎။ မျိုးပွါးနိုင်စွမ်းရှိခြင်း နဲ့
၅။ သမမျှတအောင်နေတတ်ခြင်း။

ဒီအခြေခံသဘောနဲ့ ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှုကို ဆက်စပ်လေ့လာပါမယ်။ သူတို့နှစ်ခု တွေ့ဆုံပေါင်းစပ်မှု ဖြစ်တာနဲ့ ငါးမျိုးလုံးအစွမ်းတွေရှိပြီလို့ ဆိုနိုင်တယ်။

ဇီဝဗေဒအလိုအရ Conception ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှု ဖြစ်ပြီဆိုကတည်းက မိခင်လောင်းရဲ့ ကိုယ်ခန္ဓာနဲ့ အတူတူ မဟုတ်တော့ပါ။ ရှင်းအောင်ပြောရရင် လူဆိုတာ ဦးနှောက်နှစ်ခု၊ လက် လေးချောင်း၊ ခြေလေးချာင်း မပါရှိဘူး မဟုတ်ပါလား။ သန္ဓေသားဟာ အာဟာရအတွက် မိခင်ကိုမှီတည်နေမှာပေမဲ့ သူ (မိခင်) ပြုသမျှနုရမဲ့ ဓားစာခံသဘော မဟုတ်ပါ။

၅-၆ ပါတ်ရှိပြီဆိုရင် အထဲက ကလေးဟာ အာဟာရဓါတ်ကို ကျေချက်နေပြီ၊ စွန်ထုတ်မှုတွေလုပ်နေပြီ၊ လှုပ်ရှားနေပြီ၊ ကြီးထွားလာနေပြီ။ ၂၁ ရက်သန္ဓေသားဟာ နှလုံးစခုန်ပြီ။ သူ့ကိုယ်ပိုင် သွေးအမျိုးအစားနဲ့သူရှိပြီ။ မအေနဲ့ တူချင်မှ တူမယ်။ ရက် ၄ဝ ရှိရင် ဦးနှောက်လှိုင်းကို EEG နဲ့စမ်းလို့ရလာပြီ။

ခေတ်ပေါ် (မော်လီကူလာ ဇီဝဗေဒ) အရ အသက်ဆိုတာ Conception ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှုဖြစ်ပြီ ဆိုကတည်းကနေ စတယ်လို့ (မေယို-ကလင်းနစ်) မျိုးဗီဇဌာနအကြီးအကဲ ဒေါက်တာ (ဟေမီး ဂေါ်ဒွန်) ကပြောပါတယ်။

ဆေးသိပ္ပံပညာအရ လူတယောက် အသက်ရှင်နေ-မနေကို Spontaneous heart rhythm အလိုအလျှောက် နှလုံးခုန်မှုနဲ့ Brain waves ဦးနှောက်လှိုင်းကိုကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ဥပမာ မကွယ်လွန်မီက အင်္ဂါအစိတ်အပိုင်းလှူထားတဲ့သူ မတော်မဆမှုဖြစ်ပြီး သေပြီလား၊ မသေသေးဘူးလားကို အဲဒီ ၂ ချက်နဲ့ဆုံးဖြတ်ပြီးမှသာ လှူထားတဲ့အင်္ဂါကို ဆရာဝန်ကနေ ထုတ်ယူခွင့်ရှိပါတယ်။

ဆရာဝန်တိုင်းက ဆေးပညာဖခင်ကြီးရဲ့အဆိုအမိန့်ကို (ဟစ်ပိုခရေးတီးစ်) ပဋိညာဉ်လို့သတ်မှတ်ပြီး၊ ဆိုကြရတာထဲမှာ -
“ကျွန်ုပ်သည် ဘယ်သောအခါမှ မည်သူ့ကိုမှ တောင်းခံလာစေကာမူ သေစေမည့်ဆေးကိုပေးမည်မဟုတ်ပါ။ ထို့ပြင် အကြံပေးမည်လည်း မဟုတ်ပါ။ အလားတူ အမျိုးသမီးတဦးကို ကိုယ်ဝန်ပျက်စေမည့် ဆေးနည်းကိုလဲ ပေးမည်မဟုတ်ပါ။”

တရားဥပဒေဆိုတာ နိုင်ငံတခုနဲ့တခု မတူပါ။ ဘာသာရေးအကန့်အသတ်တွေလဲ ဘာသာတရားတခုနဲ့တခု မတူပါ။ ဆေးပညာဆိုတာကတော့ ရှိရှိသမျှမှာ အတူတူသာဖြစ်ပါတယ်။
Dr. Tint Swe

Cancers ကင်ဆာ ကျဆုံးပါစေ


• ၂ဝဝ၈ စာရင်းအရ တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ရသူပေါင်း ၇့၆ သန်းရှိခဲ့တယ်။ စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၃% ရှိပါတယ်။
• ယောက်ျားတွေနဲ့ မိန်းမတွေမှာ ဖြစ်တာရော သေရတာပါ မတူပါ။
• သေရသူတွေထဲက ၃ဝ% မှာ လူနေမူပုံစံ မပြောင်းလဲနိုင်ကြလို့ဖြစ်တယ်။
- (၁) ကိုယ်အလေးချိန် (ကိုယ်ခန္ဓာ ထုထည်) များလို့၊
- (၂) အသီးအရွက် အသီးအနှံ စားတာနည်းလို့၊
- (၃) ကိုယ်လက်လှုပ်ရှားမှုနည်းလို့၊
- (၄) ဆေးလိပ်သောက်လို့နဲ့
- (၅) အရက်သောက်လို့ဖြစ်တယ်။
• ဆေး-ဆေးလိပ်ကြောင့် ကင်ဆာသေနှုန်း ၂၂ %ရှိတယ်။ အဆုပ်ကင်ဆာတခုတည်းဆိုရင် ၇၁% ရှိတယ်။
• ဗိုင်းရပ်စ်ကြောင့်ဆက်ဖြစ်တဲ့ကင်ဆာ HBV/HCV (ဘီပိုး-စီပိုး) နဲ့ HPV (ကြွက်နို့) တွေဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေမှာ ကင်ဆာနဲ့သေရတာရဲ့ ၂ဝ% ရှိတယ်။
• ကင်ဆာနဲ့သေရတာအားလုံးရဲ့ ၇ဝ%ဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေကဖြစ်တယ်။
- အဆုပ်ကင်ဆာ = ၁့၃၇ သန်း၊
- အစာအိမ်ကင်= ၇၃၆ဝဝဝ၊
- အသဲကင်ဆာ = ၆၉၅ဝဝဝ၊
- အူမကြီးကင်ဆာ = ၆ဝ၈ဝဝဝ၊
- ရင်သားကင်ဆာ = ၄၈၅ဝဝဝ၊
- သားအိမ်ဝကင်ဆာ = ၂၇၅ဝဝဝ ယောက်ဆုံးဖြစ်တယ်။
• ကင်ဆာဆိုတာ ဆဲလ်လေးတခုကနေစတယ်။ မျိုးဗီဇဆိုင်ရာက အဆင့်ဆင့်ပြောင်းသွားလို့ဖြစ်တယ်။ ပြောင်းကာစမှာ သိရင် ကံကောင်းတယ်။ သိအောင်လုပ်ပြီးဆေးစနစ်တကျကုသရင် အသက်တွေ အများကြီးကို ကယ်တင်နိုင်မယ်။
• ရူပ-ကင်ဆာဖြစ်စေနိုင်တာတွေ = ခရမ်းလွန်ရောင်ခြည်နဲ့ ဓါတ်ရောင်ခြည်၊
• ဓါတု-ကင်ဆာဖြစ်စေနိုင်တာတွေ = မီးခံပြားမှုံ၊ ဆေးလိပ်၊ အစာထဲက (အက်ဖလက်-တောက်ဆင်)၊ အာဆင်းနစ် (စိန်)၊
• ဇီဝ-ကင်ဆာဖြစ်စေနိုင်တာတွေ = ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ပါရာဆိုက်။
• ကင်ဆာကို စောစောသိအောင် သားအိမ်ဝကင်ဆာအတွက် PAP test လုပ်ရမယ်။ မပြည့်စုံတဲ့နေရာမှာ Visual inspection with acetic acid (VIA) နည်းလုပ်နိုင်တယ်။ ရင်သားကင်ဆာအတွက် Mammography ရင်သား ဓါတ်မှန် လုပ်သင့်တယ်။
• ရင်သားကင်ဆာ၊ သားအိမ်ဝကင်ဆာ၊ ခံတွင်းကင်ဆာနဲ့ အူမကြီး ကင်ဆာတွေက စောစောသိရင် ပျောက်အောင်အထိ ကုသနိုင်တယ်။
• ကလေးတွေမှာဖြစ်တဲ့ လူကီးမီးယားနဲ့ လင်ဖိုးမားတွေ အပြင် လူကြီး ကျားအစိ ဆာကိုးမားက ပြန့်တာများပေမဲ့ စနစ်တကျ ကုသရင် အလားအလာ အများကြီးကောင်းတယ်။ ပျောက်နိုင်တယ်။
• ကင်ဆာကို ပျောက်အောင်မကုနိုင်၊ စင်အောင်လုပ်မပေးနိုင်ပေမဲ့ သက်သာအောင်လုပ်တဲ့နည်း Palliative care ကနေ ခံစားရတာတွေကို အများကြီးသက်သောစေတယ်။
• လူမှုရေးနဲ့ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးတာတွေက လူနာကို များစွာသက်သာရာရစေတယ်။
Dr. Tint Swe