ဝမ်ပေါင် ကုမ္ပဏီတွင် ဒေါ်လာ နှစ်ရာ့လေးဆယ် ရမှသာ လက်ပံတောင်း ဒေသခံများ အလုပ်ဝင်မည်


ကျိုင်းတုံ၊ မတ် ၂၂

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဝင်ရောက် လုပ်ကိုင်ရန်အတွက် ဝမ်ပေါင်ကုမ္ပဏီက စာတွေ့လက်တွေ့ သင်တန်းပေးလျက် ရှိသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ဘွဲ့ရလုပ်သားများက အခြေခံလစာ တစ်လလျှင် အမေရိကန်ဒေါ်လာ နှစ်ရာ့လေးဆယ် ရမှသာ လုပ်ကိုင်မည် ဖြစ်ကြောင်း ဘွဲ့ရ လုပ်သားများက ပြောကြားသည်။

“ဝမ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ပြီးပါပြီ။ မနေ့က (မတ်လ ၂၁ ရက်နေ့) မှာ နောက်ဆုံး တွေ့ဆုံခဲ့တာပါ။ ပြေလည်မှု မရတဲ့အတွက် ဒီနေ့ (မတ်လ ၂၂ ရက်နေ့) က စပြီး ကျွန်တော်တို့ ဒေသခံ ဘွဲ့ရလုပ်သား ၂၃၄ ယောက်လုံး အလုပ် မဆင်းတော့ပါဘူး။ လက်ရှိ သူတို့ပေးတဲ့ လစာက တစ်လမှ မြန်မာငွေနဲ့ တွက်ရင် ကျပ်တစ်သိန်းကျော်လေးပဲ ရတယ်။ လုပ်ရတဲ့ လုပ်ငန်းခွင်က အန္တရာယ်များတယ်။ ဒီငွေနဲ့ဆိုရင်တော့ ဆက်မလုပ်နိုင်ဘူး” ဟု ဖောင်းကတာ ကျေးရွာမှ ဘွဲ့ရလုပ်သား အမျိုးသားတစ်ဦးက ပြောကြားသည်။

လုပ်ငန်းခွင် ဝင်ရောက်တော့ခြင်း မရှိတော့သည့် လုပ်သားများသည် မတ်လ ၂၂ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်းအနီး သတိပဋ္ဌာန် ဝိပဿနာ ကံကြီးအောင် ကျောင်းတိုက်တွင် စုဝေးခဲ့ကာ တောင်းဆိုလိုသည့် အချက်များကို ဆွေးနွေးခဲ့ပြီး လစာတိုးမြင့် ရရှိရေးအတွက် တောင်းဆိုမည့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီသင်တန်းသားတွေကို ခေါ်ကတည်းက ကြော်ငြာမှာ အခြေခံလစာ အမေရိကန်ဒေါ်လာ ၁၂၀ ပဲ ရမယ်ဆိုတဲ့ အချက်နဲ့ ကုမ္ပဏီက ကြော်ငြာခဲ့တယ်။ နောက် ဝန်ထမ်းရွေးချယ်ရေး အဖွဲ့တွေကလည်း လစာငွေကို ကြိုပြောခဲ့တယ်လို့ သိရပါတယ်။ တောင်းဆိုတာကတော့ သူတို့ အခွင့်အရေးပေါ့၊ တောင်းဆိုလို့ ရပါတယ်” ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စာတွေ့လက်တွေ့ သင်တန်းသည် ယခုလ မတ်လ ၂၆ ရက်နေ့တွင် ပြီးဆုံးတော့မည် ဖြစ်ပြီး လုပ်သားများနှင့် ကုမ္ပဏီကြား စာချုပ် ချုပ်ဆိုရတော့မည် ဖြစ်ကြောင်း၊ လုပ်သားများက အမေရိကန် ဒေါ်လာ၂၄၀ ထိ တိုးမြှင့် ရရှိစေလိုခြင်း ဖြစ်ကာ လက်ရှိ ဝမ်ပေါင်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် အထွေထွေ လုပ်သားတစ်ဦး၏ လစာမှာ အမေရိကန်ဒေါ်လာ ၁၁၀ ရရှိနေပြီး ဘွဲ့ရထားသည့် လုပ်သားများ ဖြစ်၍ လစာတိုးမြှင့် ရရှိလိုခြင်း ဖြစ်ကြောင်း ဘွဲ့ရလုပ်သား အများစုက ပြောကြားသည်။

The Voice Weekly

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ


မော်လမြိုင်၊ မတ် ၂၂

ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာ ကျန်တော့သည့် ရှားပါးရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်များ အပါအဝင် ပင်လယ်ပျော်ငှက် တစ်သိန်းကျော်တို့ မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ပင်လယ်ကွေ့ ဖြစ်သည့် အလှပ်ကျေးရွာနှင့် ခင်တန်းကျေးရွာတို့သို့ လာရောက် ဆောင်းခိုကြသည်ဟု ပေါင်မြို့နယ် ခင်တန်းကျေးရွာက ငှက်ထိန်းသိမ်းရေး ခေါင်းဆောင် ဦးနိုင်အေကိုက ပြောကြားသည်။

ဒီလုံး ငှက်များသည် မိုးရာသီအချိန်တွင် ရုရှားနိုင်ငံ အရှေ့မြောက် ဘက်ချူတိုတာတွင် သားပေါက်ပြီး ဆောင်းရာသီတွင် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် လာရောက် ဆောင်းခိုကြကြောင်း၊ ဒီလုံးငှက် ၅၀ ရာခိုင်နှုန်းကျော်သည် မုတ္တမ ပင်လယ်ကွေ့တွင် လာရောက် ဆောင်းခိုကြသည်ဟု Bio-diversity and Nature Conservation Association (Banca) အဖွဲ့က သုတေသန ပြုထားသည်။

ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ငှက်မျိုးစိတ်ပေါင်း ၁၁၃ မျိုးအနက် ၅၁ မျိုးသည် မြန်မာနိုင်ငံတွင် ရှိပြီး ဒီလုံးငှက်သည် မျိုးသုဉ်းရန် အစိုးရိမ်ရဆုံး အဆင့်ရှိသည့် ငှက်မျိုးစိတ် ဖြစ်ခြင်းကြောင့် ယင်းငှက်ကို ဖမ်းဆီးပါက ထောင်ဒဏ် ခုနစ်နှစ်ထိ ကျခံရမည်ဟု ဥပဒေဖြင့် တင်းကျပ်စွာ တားမြစ်ထားကြောင်း ဦးနိုင်အေးကိုက ဆိုသည်။

မုတ္တမ ပင်လယ်ကွေ့ ဖြစ်သည့် ခင်တန်းဒေသကို ငှက်ကြည့်ဇုန်အဖြစ် သတ်မှတ်ပြီးနောက် ငှက်ကြည့် ပညာရှင်များနှင့် ငှက်ကြည့်ရန် ဝါသနာပါသည့် နိုင်ငံခြားသားများ လာရောက်မှုသည်လည်း ၂၀၁၄ ခုနှစ်တွင် ပိုမို များပြားလာကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရေတိမ်ဒေသများသည် လူသားများ အသက်ရှင် ရပ်တည်ရေးအတွက် အရေးပါသည့် ဇီဝမျိုးစုံ မျိုးကွဲများ တည်ရှိခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ပါးစေခြင်းနှင့် သယ်ယူပို့ဆောင်ရေး အပါအဝင် ဂေဟစနစ် ဝန်ဆောင်မှုများကို ပေးသဖြင့် လွန်စွာ တန်ဖိုးရှိသည့် နေရာဒေသများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အရေးကြီး ထိန်းသိမ်းသင့်သည့် ရေတိမ်ဒေသများသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး ဘေးမဲ့တော၊ အင်းလေးကန်၊ မိန်းမလှကျွန်း ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် မုတ္တမ ပင်လယ်ကွေ့တို့ ဖြစ်ကြောင်း ရေတိမ်ဒေသ ထိန်းသိမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကျော်သိန်းက ပြောကြားခဲ့သည်။

ကမ္ဘာအနှံ့အပြားတွင် ရှိသော ရေတိမ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန် ၁၉၇၁ ခုနှစ်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့၌ Ramsar Convention ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည်လည်း ၂၀၀၅ ခုနှစ်တွင် တရားဝင် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ရေတိမ်ဒေသ (Ramsar Site) အဖြစ် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီး ဘေးမဲ့တောကို သတ်မှတ်ပေးခဲ့ကာ မုတ္တမ အလှပ်ကမ်းခြေကို ဒုတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် စီစဉ်လျက် ရှိသည်။

The Voice Weekly

မိမိကိုယ်ကိုဓါတ်ဆီလောင်းမီးရှို့၍သေကြောင်းကြံသူအရေးယူ


၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၈) ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ “ရွက်သစ်ဝေေ၀” စားသောက်ဆိုင်မှစားပွဲထိုးတစ်ဦး မိမိကိုယ်ကို ဓါတ်ဆီလောင်း၍မီးရှို့ခဲ့ကြောင်းသတင်းအရ တောင်ငူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းစားသောက်ဆိုင်တွင် စားပွဲထိုးလုပ်ကိုင်သည့် တောင်ငူမြို့၊ ကေတုမတီမြို့သစ်နေ ကိုမျိုး (ခ) မျိုးမင်းလှိုင် (၂၁)နှစ်သည် ဆိုင်ရှင်ထံ စုဆောင်းအပ်နှံထားသည့်
ငွေအား ပြန်လည်ထုတ်ယူလိုကြောင်း ပြောဆိုတောင်းခံရာမှ အဆင်မပြေသဖြင့် ဆိုင်ရှေ့ရှိမြေကွက်လပ်တွင် အိပ်ယာအခင်းအား ခင်းထိုင်၍ ၁ လီတာဝင် ဓါတ်ဆီဘူးဖြင့် ခန္ဓာကိုယ် ပေါ်သို့လောင်းချ၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုအား အနီးပတ်ဝန်းကျင်ရှိလူများက ၀ိုင်းဝန်း ငြှိမ်းသတ်ပေးခဲ့ရာ ကိုမျိုး(ခ)မျိုးမင်းလှိုင်တွင် ဆံပင်၊ လည်ဂုတ်၊ ရင်ဘတ်၊ နောက်ကျော၊ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့တွင် အရေပြားမီးလောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး တောင်ငူမြို့၊ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသဖြင့် ကိုမျိုး (ခ) မျိုးမင်းလှိုင်အား တောင်ငူမြို့မ ရဲစခန်း (ပ) ၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

အာရှမှ ငါးကြင်းများ အမေရိကမှ မြစ် များတွင် သောင်းကျန်း နေ


အမေရိကမှ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးက ကြိုက်တဲ့သူ ကိုမေးကြည့်ပါ အာရှမှ ငါးကြင်းတွေဟာ အမေရိကရဲ့ မြစ်တွေမှာ ဆယ်စုနှစ် ၄ ခုရှိပြီ ထိုးဖောက် ပြန့် ပွားခြင်း ဖြစ်နေသည် ပါသည်။ ပထမဦး စွာ ဒီအစားကြီးတဲ့ ငါးကြင်းတွေဟာ ရှိသမျှ အပြင်တွေ အကောင်တွေကို စားသုံးသောကြောင့် ဒေသခံ အမေရိကန် ငါးတွေဟာ သေဆုံးပြီး အာရှ ငါးကြင်းတွေဟာ ရှင်သန်နေသည်။
ဒုတိယ အချက်ကတော့ ငါးကြင်းတွေဟာလွယ်ကူစွာ သားပေါက်ဖွားနိုင် သေကြောင့် ပေါက်ဖွားဦးရေ လျှင်မြန်စွာ တိုးလာပါသည်။ တတိယ အချက်ကတော့ ဒေသခံ ငါးများဟာ အာရှ ငါးတွေ လောက် မကြီးမား ပါ။ ထို့ အပြင် ငါးကြင်း များဟာ ကြီးသော ကြောင့်သားရဲ တိရိစ္ဆာန် ရန်မှ ကင်းဝေးနေ ပါတယ်။
ထို့ ကြောင့် အမေရိကမှ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ၀န်ထမ်းများ ဟာ ငါးကြင်းများ ပိုမို ပေါက်ဖွားမှု လျှော့နည်းအောင် လေ့လာ နေပါတယ်။ သုတေသန သမားများဟာ ငါးကြင်းတွေဟာ ကြောက်လန့်လျှင် ခုန်တတ်သော ဓလေ့ကို စတင်ကိုင်တွယ် နိုင်နင်းလာသောကြောင့် နောက်ဆုံးပေါ် စက်မှုပညာနှင့် နှိမ်နင်းရန် စီစဉ်နေပြီး တချို့ သောပညာတွေဟာ ငါးကြင်းများ ကို ထိရောက်စွာ သေစေပြီး ပေါက်ဖွားမှုနှုန်းကို ထိမ်းသိမ်း နိုင်မည်ဖြစ်ပါသည်။
ငါးကြင်းများကို ဖမ်းဆီးဖို့ ငါးမျှား သင်္ဘောများကို ကန်ထရိုက် ပေးသော်လည်း အမေရိကန် အများစု ဟာဒီငါးကို မကြိုက်သော ကြောင့်အခက် တွေ့ နေပါတယ်။ ထို့ ကြောင့် ငါးကြင်းပြန့် ပွားမှုကို ထိန်းသိမ်းဖို့ ဇီဝဗေဒပညာ ရှင်များ ခေါင်းစား လျှက်ရှိ နေပါတယ်။

Myawady News 

တရုတ်နှင့် ထိုင်းသို့ ရာခိုင်နှုန်း ၉၀ တင်ပို့ရမည့် သံလွင်ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခုကို ဖျက်သိမ်းပေးရန် အာဆီယံပြည်သူ့ဖိုရမ်တွင် ဆွေးနွေး


ဇင်ဘိုလွင်၊ သက်ထား၊အေးမြတ်မွန်
မတ် ၂၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံပြည်သူ့ဖိုရမ်တွင် အရပ်ဘက်အဖွဲ့အစည်းများဆွေးနွေးစဉ်

တရုတ်နှင့် ထိုင်းသို့ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများမှ ရာခိုင်နှုန်း ၉၀ အထိ တင်ပို့ရမည့် သံလွင်ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခုကို ဖျက်သိမ်းပေးရန်အတွက် ရန်ကုန်မြို့၌ မတ် ၂၁ ရက်မှ ၂၃ အထိ သုံးရက်ကြာ ပြုလုပ်နေသည့် အာဆီယံပြည်သူ့ဖိုရမ် ဒုတိယနေ့တွင် ထည့်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် သံလွင်မြစ်နှင့် ဆက်စပ်နေသည့် မဲခေါင်မြစ် ဖြတ်သန်းရာ အာဆီယံနိုင်ငံများမှ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများကလည်း အဆိုပါမြစ်ပေါ်တွင် ရေကာတာ တည်ဆောက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ၀င်ရောက် ဆွေးနွေးခဲ့သည်။

သံလွင်မြစ်ပေါ်တွင် အာဆီယံ၌ အကြီးဆုံးဖြစ်လာမည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀၀၀ အထိ ထုတ်လုပ်သွားမည့် တာဆန်း (ခ) မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် စီမံကိန်း ခြောက်ခု တည်ဆောက်သွားရန်ရှိပြီး အဆိုပါစီမံကိန်းများမှာ ကွမ်းလုံ ရေကာတာ၊ နောင်ဖရေကာတာ၊ မန်တောင် ရေကာတာ၊ ရွာသစ်ရေကာတာနှင့် ဟက်ကြီး ရေကာတာတို့ဖြစ်ပြီး အဆိုပါစီမံကိန်းများမှ စုစုပေါင်းလျှပ်စစ်ဓာတ်အား ၁၅၄၆၀ မဂ္ဂါဝပ် အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများမှာ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ မြစ်အထက်ပိုင်းတွင် ရေမြုပ်မှုများ ဖြစ်လာနိုင်ကာ ဒေသခံများ ပြောင်းရွှေ့သွားရနိုင်ကြောင်း၊ လယ်ယာမြေသိမ်းဆည်းခံရမှုများလည်း ရှိနေကြောင်း၊ သံလွင်မြစ်ကို မှီတင်းနေထိုင်ကြသည့် ဒေသခံများ၏ စီးပွားရေးများလည်း ပျက်စီးနိုင်ကြောင်း၊ ဇီဝမျိုးကွဲများနှင့် ရှားပါးမျိုးစိတ်များ ပျောက်ဆုံးသွားနိုင်ကြောင်း၊ စီမံကိန်းများကြောင့် စစ်တပ်အင်အား တိုးချဲ့ချထားမှုများ ရှိလာသည့်အတွက် ငြိမ်းချမ်းရေးထိပါးမည်ကို စိုးရိမ်ကြောင်းစသည့် အချက်များကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် ကရင်မြစ်ကြောင်းစောင့်ကြည့်ရေးအဖွဲ့မှ ဦးစောသာဘိုးက ပြောကြားသည်။

“ဒီဟာတွေကြောင့် ထိခိုက်မှုတွေ ဖြစ်လာရင် အဲဒီပြဿနာတွေကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ။ အစိုးရကလား။ ဒီစီမံကိန်းတွေက လုံးဝ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘာမှလည်း မချပြဘူး။ ဒါကြောင့် ရပ်ပေးဖို့ တောင်းဆိုတာ”ဟု ဦးစောသာဘိုးက ပြောကြားသည်။

အဆိုပါ သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ရပ်ဆိုင်းပေးရန် မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့တွင်လည်း အစိုးရနှင့် သက်ဆိုင်ရာကုမ္ပဏီများသို့ တောင်းဆိုထားပြီး လက်ရှိအချိန်ထိ တုံ့ပြန်မှုတစ်စုံတစ်ရာ မရသေးကြောင်း၊ ကွမ်းလုံရေအားလျှပ်စစ် စီမံကိန်းနှင့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းတို့မှာ လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းနှင့် အဆောက်အအုံအချို့မှာဒေသခံများ၏ မြေယာများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ရွာသစ်ရေကာတာ စီမံကိန်းဧရိယာမှာ လူဦးရေတစ်ထောင်ကျော်ခန့်သာ ကျန်တော့သည့် ကယားပြည်နယ်ရှိ ယင်းတလဲလူမျိုးစု နေထိုင်သော မြေပေါ်တွင်ရှိနေပြီး အဆိုပါ စီမံကိန်းကြောင့် ယင်းလူမျိုးစု ပျောက်ကွယ်သွားနိုင်သည်ဟုလည်း ဦးစောသာဘိုး က ပြောကြားသည်။

ထို့ပြင် မဲခေါင်မြစ်တစ်လျှောက်တွင် တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ရေကာတာများလည်း ရှိနေပြီး အဆိုပါရေကာတာ စီမံကိန်းများကြောင့် ဆိုးကျိုးများစွာ ခံစားနေရကြောင်းနှင့် မည်သည့်ရေအားလျှပ်စစ် စီမံကိန်းမှ မလုပ်သင့်ကြောင်း ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရှင်များ ကလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သံလွင်မြစ်သည် စတုရန်းကီလိုမီတာ ၃၂၄၀၀၀ ရှည်လျားပြီး တရုတ်နိုင်ငံတွင် ၅၃ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၄၂ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ငါးရာခိုင်နှုန်း ရှိနေကာ အဆိုပါမြစ်ပေါ်တွင် မြန်မာနိုင်ငံမှ မှီတင်းနေထိုင်သူ ခုနစ်သန်း ရှိကြောင်း သိရသည်။

ယင်းဖိုရမ်မှ ဆွေးနွေးချက်များကို ဖိုရမ်နောက်ဆုံးနေ့တွင် ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ပြီး အာဆီယံအစိုးရ အသီးသီးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

လိုင်းကားပေါ်၌ စကားများစဉ် ဓါးဖြင့်ထိုးခဲ့သူအား အရေးယူပေးရန်တိုင်တန်း


ရန်ကုန်၊ မတ် ၂၃

၂၂.၃.၂၀၁၄ရက်နေ့ ၁၁၄၅အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးအောင်နိုင်ဦးသည် သင်္ဃန်းကျွန်းစံပြဈေး၌ ရောက်ရှိနေစဉ် အတူနေ
ညီဖြစ်သူ သန်းအောင်သည် ဓါးထိုးခံရ၍ ရန်ကုန်ဆေးရုံကြီးသို့
ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ သန်းအောင်သည် ၀ဲဘက်နောက်ကျောအလယ်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရ
သည်ကို တွေ့ရှိခဲ့ရပါသည်။
ဖြစ်စဉ်အားမေးမြန်းရာ ညီဖြစ်သူသန်းအောင်သည် ကြက်ဘဲဈေး
မှတ်တိုင်မှ ပန်းဘဲတန်းမြို့နယ်သို့ (၁၀၅)ယာဉ်လိုင်းဖြင့်သွားရောက်စဉ် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်အရောက် အသက်ရှုကြပ်သဖြင့်ကားပြူတင်းပေါက်မှန်အားဖွင့်ရာမှခုံချင်းကပ်လျက်
စီးနင်းလိုက်ပါလာသူ အမည်မသိအမျိုးသားတစ်ဦးနှင့်စကားများကာ အဆိုပါအမျိုးသားမှ အသွား(၄)လက်မခန့်ရှိ ခေါက်ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာ
ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ သန်းအောင်အား ဓါးဖြင့်ထိုးခဲ့သူ အမည်မသိအမျိုးသားကို အရေးယူပေးရန် ဦးအောင်နိုင်ဦးမှတိုင်တန်းသဖြင့် တာမွေမြို့မရဲစခန်း
(ပ)၁၅၀/၂၀၁၄၊ ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လှောင်အိမ်ထဲပိတ်မိနေတဲ့တိရိစ္ဆာန်တစ်ကောင်လိုခံစားနေရတယ် လို့ပြောတဲ့ Chris Brown


Chris Brown ဟာသူ့ဘ၀ကို ပြောင်းလဲပစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က Fine China သီချင်းရဲ့အဆိုတော်ဟာ တရားရုံးအမိန်နဲ့ဝင်ရောက်နေရတဲ့ ပြန်လည်ထူထောင်ရေးစခန်းကနှင်ထုတ်ခံရအပြီးမှာ Los Angeles ကအကျဉ်းထောင်တစ်ခုမှာ အကျဉ်းကျခံနေရတာဖြစ်ပြီး ဧပြီ ၂၃ ရုံးချိန်းအထိဆက်ပြီးအဲဒီ့ထောင်မှာနေရမှာဖြစ်ပါတယ်။ သံတိုင်တွေရဲ့နောက်ကွယ်မှာ Chris တစ်ယောက် ၀မ်းနည်းခဲ့ရကြောင်း သူ့သူငယ်ချင်းကိုပြောပါတယ်။

အကျဉ်းထောင်ထဲမှာနေရတာဟာသူ့ဘ၀ရဲ့အဆိုးဝါးဆုံးအတွေ့  အကြုံဖြစ်ပြီး လှောင်ပိတ်ခံထားရတဲ့တိရိစ္ဆာန်တစ်ကောင်လိုခံစားရတယ်လို့ Chris ကပြောကြောင်း အဆိုပါသူငယ်ချင်းက အတင်းအဖျင်း website TMZ.com ကိုပြောပါတယ်။

Chris ဟာအကျဉ်းထောင်ထဲမှာ ဂီတအသစ်တွေရေး၊ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေလုပ်ပြီး အချိန်တွေကုန်ဆုံးစေတာဖြစ်ပါတယ်။

ဒါပေမယ့် Chirs ရဲ့ရှေ့နေက သူနဲ့ Chris နဲ့ Washington D.C မှာပြသနာဖြစ်ခဲ့တဲ့ လူအကြားပုဂ္ဂိုလ်ရေးကျေအေးမှုရရှိဖို့နီးစပ်နေတဲ့အတွက် Chris တစ်ယောက်နောက်တစ်ပါတ်မှာပြန်လွှတ်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

Ref:starpulse.com
Trend Myanmar

လှည်းကူးမှာ အဓမ္မပြောင်းရွှေ့ခံရတဲ့ ရွာသားတွေ သမ္မတထံ စာရေးအကူအညီတောင်း


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့အနီးမှာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်းကအဓမ္မ ပြောင်းရွှေ့ခံခဲ့ရတဲ့ကျေးရွာ ၂ ရွာက ရွာသားတွေဟာမူလရွာတွေမှာ ပြန်လည်နေထိုင်လိုတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာဌာနတွေကို စာရေးသားတောင်းဆိုထားတယ်လို့  ပြောပါတယ်။

သူတို့ကျေးရွာတွေဟာ ရဲမွန်တပ်မြို့မှာ အခြေစိုက်တဲ့ တပ်မ ၁၁ မရောက်ခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝ လောက်ကတည်းက ရှိခဲ့တဲ့ ကျေးရွာတွေဖြစ်တဲ့အကြောင်းနဲ့ သူတို့အဓမ္မပြောင်းရွှေ့ခံရတာကို အစိုးရက ဖြေရှင်းပေးစေလိုကြောင်း လက်ကျိုက်ကျေးရွာသူ ဒေါ်ရီစမ်းက ပြောပါတယ်။

"ကျွန်မတို့ကအရင်ဦးဆုံး ပြောမယ်ဆိုတော့ လူကြီးသူမတွေပြောသွားတာက ဒုတိယကမ္ဘာစစ်ကြီးဖြစ်

ပြီးကတည်းကနေသွားတာ ဒီလက်ကျိုက်ကဟိုတုန်းကတည်းက ဟိုအဖွားကြီးဟိုနားမှာလုပ်လို့ အဲ့ဒီ

အဖွားကြီးလယ်ချောင်တို့ဘာတို့ အမည်တွေတပ်ပြီးထားထားတာပေါ့နော်၊အဲ့ဒါကျွန်မတို့ကလည်း

ဘိုးဘွားတွေကဆင်းသက်ပြီး လက်ကျိုက်မှာပဲနေခဲ့တာ ဒီစစ်တပ်ရောက်လာတယ်ဆိုတာ သူတို့

စစ်တပ်ရောက်လာပြီးတော့ ရွက်ထည်အမိုးလေးနဲ့နေတဲ့အချိန်တုန်းကတည်းက ကျွန်မတို့လက်ကျိုက်

ကမုန့်တွေ၊ဘာတွေလုပ်ပြီးတော့ သွားရောင်းစားဖူးခဲ့သေးတယ် အခုလက်ကျိုက်ရွာဆိုတာလာမပြောနဲ့

ဆိုတော့ ကျွန်မတို့လည်းနားမလည်တော့ဘူး"

လှည်းကူးမြို့နယ်က လက်ကျိုက်ကျေးရွာက နေအိမ် ၄ဝ လောက်ကို တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၉)က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာသားတွေက အနီးနားမှာ ပြောင်းရွှေ့နေထိုင်နေကြတာပါ။ အလားတူ အင်းပတီးကျေးရွာကိုလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက မီးရှို့လိုက်ပြီး ကျေးရွာသားတွေကို ပြောင်းရွှေ့ခိုင်းလိုက်တာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေဟာ တပ်ပိုင်မြေထဲမှာ ဖြစ်တဲ့အတွက် ၁၉၉ဝ လောက်ကလည်း ပြောင်းရွှေ့ခိုင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

ကျေးရွာ ၂ ရွာက ရွာသားတွေဟာ မီးရှို့ခံရတဲ့ ကျေးရွာတွေနားမှာပဲ ရွက်ဖျင်တဲထိုး နေထိုင်နေကြပြီး လူဦးရေ စုစုပေါင်း ၃ဝဝ လောက်ရှိပါတယ်။ သူတို့ဟာ  တပ်မ ၁၁ ပြောင်းလာစဉ်ကလည်း ရော်ဘာခြံစိုက်ပျိုးရေးနဲ့ တပ်ကိစ္စအားလုံးကို ဆောင်ရွက်ပေးခဲ့သူတွေဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အခုလို နေထိုင်စရာဒုက္ခရောက်နေတဲ့ ရွာသားတွေရဲ့ နောက်ဆုံးအခြေအနေအကြောင်း RFA သတင်းထောက် မစန်းမော်အောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

နားဆင်ရန်

RFA Burmese

ဆရာတော် ဦးဝီရသူ ဦးဆောင်သည့် မန္တလေး မ-ဘ-သအဖွဲ့မှ အတုမရှိ သတင်း ဂျာနယ် ထုတ်ဝေမည်


အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မဘသ) မှ အတုမရှိ သတင်း ဂျာနယ် အမည်ဖြင့် သတင်း ဂျာနယ် တစ်စောင်ကို နှစ်သစ်ကူး သင်္ကြန် ပြီးသည့် အချိန်တွင် စတင် ထုတ်ဝေ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက် သစ်ဆရာတော် ဦးဝီရသူက The Messenger သတင်းစာသို့ မိန့်ကြားသည်။ ““အင်းစိန်မှာ ထုတ်နေတဲ့ သာကီသွေး ဂျာနယ် လိုမျိုး ထုတ်ဝေ ဖို့ပါ။ အမျိုးသားရေး သတင်းကို အဓိက ဖော်ပြ သွားမှာပါ။ အမျိုး သားရေးအသိနဲ့ အမျိုသားရေး အမြင်ကို ပြည်သူတွေ မပြတ် အသိပေး ချင်လို့ပါ။ တစ် လကိုနှစ်ကြိမ် ထုတ်ဝေ သွားမှာပါ””ဟု ၄င်းက ပြောသည်။ မကြာမီ ထွက်ရှိမည့် အတုမရှိ သတင်း ဂျာနယ်၏ အယ်ဒီတာ အဖြစ် The Voice သတင်းစာနှင့် RFA သတင်း ဌာနတို့တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ကိုစန်းဦးက တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ သတင်း ထောက်များကိုလည်း အသင့် ခန့်အပ် ထားပြီး ဖြစ်ကြောင်း မ-ဘ-သ အဖွဲ့ မှ သိရသည်။ အဆိုပါ သတင်း ဂျာနယ်ကို လစဉ် လ ဆန်းရက်နှင့် လဆုတ် ရက်များတွင် တစ်လ လျှင်နှစ်ကြိမ် ထုတ်ဝေ မည်ဖြစ်ပြီး၊ မြန်မာ တစ်နိုင်ငံလုံးရှိ မ-ဘ-သ အဖွဲ့အစည်း များမှ တစ်ဆင့် အခ ကြေးငွေဖြင့် ဖြန့်ချိ သွားမည်ဖြစ် ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။ ဆရာတော် ဦးဝီရသူသည် ယခုလ အတွင်း ရခိုင် ပြည်နယ်သို့ သွားရောက်၍ ဒေသခံ လူငယ် များအား မီဒီယာ သင်တန်း ပို့ချသင် ကြားပေးခဲ့ပြီး၊ ယင်းကဲ့သို့ သင်ကြားမှုသည် ယခု ထုတ်ဝေမည့် ဂျာနယ် အတွက် သင်တန်းပေး ခြင်းမဟုတ်ဘဲ ဒေသခံ လူငယ်များ လူမှုကွန် ရက်ကို အပျော်တမ်း အသုံးပြုခြင်း ထက်အကျိုး ရှိရှိ အသုံးပြု တတ်ရန် သင်တန်း ပေးခြင်းသာ ဖြစ်ကြောင်း မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်သည်။

Messenger News Journal

အစိုးရသစ် လက်ထက်တွင် ပြည်ပသို့ မြန်မာ အလုပ်သမား နှစ်သိန်း ၀န်းကျင် တရားဝင် စေလွှတ်ခဲ့


မြန်မာ နိုင်ငံတွင် အစိုးရသစ် တာဝန်ယူချိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အထိ ပြည်ပ နိုင်ငံများသို့ မြန်မာ အလုပ်သမား နှစ်သိန်း ၀န်းကျင်ကို တရားဝင် စေလွှတ်နိုင် ခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

““အရင်အစိုးရ လက်ထက်မှာ ထောင် ဂဏန်းလောက်ပဲ တရားဝင် သွားရတယ်၊ အခု တော့ တရားဝင်က များလာပြီး တရားမ၀င် တာတွေ လျော့နည်း လာပါပြီ””ဟု အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခင်အစိုးရ လက်ထက်တွင် ပြည်ပသို့ မြန်မာအလုပ်သမား ထောင်ဂဏန်းမျှသာ တရားဝင် စေလွှတ်နိုင်ခဲ့၍ တရားမ၀င်မှုများ များပြား နေခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ တရားဝင် စေလွှတ်သူ သိန်းဂဏန်း မျှ ရှိလာ၍ တရား မ၀င်သွားရောက် လုပ်ကိုင်မှုများ လျော့ကျလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း တွင်လည်း အစိုးရ ဌာန ဆိုင်ရာများမှ လုပ်သားပေါင်း (၃၅၀၀၀) ကျော်ကို အလုပ် အကိုင်များ ဖန်တီး ပေးနိုင်ခဲ့ ပြီး၊ ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်သားဦးရေ ဆယ်သိန်း ကျော်အား အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

““အခု နိုင်ငံခြား သွားလုပ်တာများ နေ တယ်ဆိုပေမယ့် ပညာ မတတ်ရင် သွားလုပ်ဖို့ မလွယ်ဘူး။ ပြီးတော့ ဟိုရောက်တော့ အလုပ် ကတော့ ရပါတယ်။ ဒါပေမဲ့ ပြောတဲ့အလုပ် နဲ့ တကယ် လုပ်ရတဲ့ အလုပ်က လွဲနေတာတွေ တော့ရှိနေ သေးတယ်””ဟု မလေးရှားနိုင်ငံ တွင် သွားရောက် အလုပ် လုပ်ကိုင်သူ ကိုသက် ညီက ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ် အကိုင်အခွင့် အလမ်းနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်တွင် အလုပ်အကိုင်ရရှိသူ (၀ ဒသမ ၉၅) သန်းသာ ရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် (၁ ဒသမ ၁၃) သန်း အထိ တိုးတက် လာခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း ၏ ၁၀ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများ၌ သွား ရောက်အလုပ် လုပ်ကိုင်နေကြပြီး၊ ယင်းတို့အ နက် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် UAE နိုင်ငံများတွင် မြန်မာ လူမျိုး များ အများဆုံး သွားရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Messenger News Journal

သုံးသိန်းကျော် ပေးရန်မလို


သမ္မတကြီး ဦးသိန်းစိန်က သုံးသိန်းအထက် လက်ဆောင်ယူလျှင် လာဘ်ပေးလာဘ်ယူ အဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟု အမိန့်ထုတ်လိုက်သည်။ ဝန်ထမ်းတွေက သမ္မတကြီးကို ကျေးဇူးတင်ကြသည်။ သူတို့ ရင်ထဲက အလုံးကြီး ကျသွား၍ ဖြစ်သည်။ စိတ်ထဲလည်း ပေါ့သွားကြသည်။ တော်ပါသေးရဲ့ဟုလည်း ရေရွတ်ကြသည်။

အခုမှ ဂဏန်းငြိမ်သွားသည်။ သုံးသိန်းအောက် ဆိုလျှင် အရေးမယူဘူးဟု ကိုယ့်ဘာသာ တွေးထင်လိုက်ကြသည်။ လက်ပေးလက်ယူ၊ ခြေထောက်ပေး ခြေထောက်ယူသည့် ကိစ္စက ဟိုးအရင်ခေတ် တစ်လျှောက်လုံး စွဲခဲ့ပြီးသွားပြီ။ ဖျောက်ဖျက်ရန် ခက်သည်။ ဝန်ထမ်းတွေကလည်း ကြိုက်ကြသည်။ ပြည်သူများကလည်း ခိုက်ကြသည်။ ဝန်ထမ်းတွေက လက်ဖက်ရည်ဖိုးလေးမှ မတောင်းလိုက်ရလျှင် စိတ်ထဲ ခိုးလုလု ဖြစ်တတ်သလို ပြည်သူတွေကလည်း မုန့်ဖိုးလေးမှ မပေးလိုက်ရလျှင် စိတ်ထဲမကောင်း။ “အို...အားနာစရာကြီး” ဟု ရေရွတ်ကြသည်။

ခေတ်ပြောင်းခါစမှ ယခု အချိန်အထိ ဝန်ထမ်းတွေခမျာ ကျီးလန့်စာစား ဖြစ်ခဲ့ရသည်။ ဘယ်အချိန်များ လာဘ်စားတယ် ဆိုပြီး အရေးယူ ခံရမလဲဟု တွေးလန့် နေကြရသည်။ အစကတော့ သိပ်မဆိုးသေး။ နောက်ပိုင်းတော့ လွှတ်တော်က လူကြီးတွေ အိပ်ရာမှ နိုးပြီး လာဘ်ပေးလာဘ်ယူ ဥပဒေတွေ၊ ဘာတွေ ပြဋ္ဌာန်းလာကြသည်။ ဟိုကော်မရှင်၊ ဒီကော်မရှင်တွေကလည်း တရားရုံးတွေ၊ မတရားရုံးတွေ လိုက်စစ်သည်။ ထို့ကြောင့် ဝန်ထမ်းတွေ ကျီးလန့်စာစား ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ စစ်အစိုးရခေတ် ဆိုလျှင် ဒါမျိုးမဖြစ်ဟု ဆိုကာ အရင်ခေတ်ဟောင်းကို ပြန်တမ်းတသည့် ဝန်ထမ်းတွေလည်း များလှသည်။ ခေတ်ပြောင်းပြီးနောက် ဝန်ထမ်းတွေခမျာ လက်ဆောင်နှင့် ငွေကြေးကို ပုံမှန် ဖောက်သည်တွေဆီကပဲ ယူရဲတော့သည်။ ဒါတောင် ခပ်လန့်လန့် ဖြစ်သည်။ မတော်လို့ တိုင်လိုက်လျှင် ပြုတ်သွားနိုင်သည်။ အရင်တုန်းက လက်ဖက်ရည်ဖိုးနှင့် စေတနာကြေး ပေးနေကြ လူများကလည်း ခေတ်ပြောင်းပြီးနောက် လူပါးဝလာသည်။ တောင်းတိုင်း မပေးတော့။ တိုင်မည်တောမည် လုပ်ပြီး ညစ်တတ်လာကြသည်။

ဟိုးအရင်ခေတ်ကလို ဘယ်လောက်ပေးမှ လုပ်ပေးနိုင်မယ်လို့လည်း မပြောရဲ။ ဂျာနယ်တွေထဲ ပါမှာလည်း ကြောက်ရသေးသည်။ စေတနာ ရှိသလောက်သာ ပေးပါဟု ပြောရသည်။ အချို့ကလည်း တော်တော် စေတနာရှိသည်။ အချို့ လူတွေကလည်း စေတနာ နည်းသည်။ ဒါကြောင့် ရုံးခန်းများတွင် “စေတနာသည် ကံ” ဟူသော စာတန်းကို ချိတ်ထားရခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခုတော့ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ပေါ်တင် တောင်းရဲပြီ။ သုံးသိန်း မပြည့်အောင် တောင်းလျှင် ဘယ်သူ့ကိုမှ တိုင်လို့မရ။ တိုင်ချင်ရာတိုင် ငါတောင်းတာတောင် သုံးသိန်း မပြည့်ဘူးဟု ခါးကော့ ရင်မော့ကာ ပြောနိုင်ပြီ။ အရင်ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တစ်ခါဝင်လျှင် ၂၀၀ ကျပ် ပေးရသည်။ ယခုဆိုလျှင် ဝင်ကြေး ဈေးတက်သွားမည် ထင်သည်။ တစ်ခုခု ဖြစ်လာလျှင် သုံးသိန်းမပြည့်ဟု စောဒက တက်လိမ့်မည်။ သုံးသိန်း မတောင်းဘဲ နှစ်သိန်းလောက် တောင်းသည့် ဝန်ထမ်းကိုပင် ကျေးဇူးတင်စရာ ကောင်းမည့် ပုံစံဖြစ်သည်။

ကမ္ဘာတွင်တော့ မြန်မာနိုင်ငံက လာဘ်ပေးလာဘ်ယူမှု အများဆုံး နိုင်ငံအဖြစ် စာရင်းပေါက်သည်။ နောက်ဆိုလျှင် ထိုစာရင်း ပျောက်သွားတော့မည်။ မြန်မာနိုင်ငံတွင်တော့ သုံးသိန်းအောက်က လာဘ်ပေးလာဘ်ယူမှု မမြောက်ကြောင်း သမ္မတကြီး ကိုယ်တိုင်က အမိန့်စာ ထုတ်ပြီး သက်သေပြလိုက်ပြီဟု ယူဆနေကြသည်။ နောက်ဆိုလျှင် နိုင်ငံတကာက လူတွေ မြန်မာနိုင်ငံမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ချင် လာလိမ့်မည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့လာဘ်ပေးမှု အများဆုံး နိုင်ငံအဖြစ်မှ လျော့ကျသွားတော့မည် ဖြစ်သည်။ သုံးသိန်းအထိသည် လာဘ်ပေးမှု မမြောက်သောကြောင့် ဖြစ်သည်။ သမ္မတကြီး အမြော်အမြင်ကြီး လွန်းသည်ဟု စိတ်ထဲမှ ကျိတ်ကာ ညတိုင်း ထိုင်ကန်တော့ကြသည်။

တကယ်တော့လည်း သုံးသိန်း အထက်က ကြီးကြီးပိုင်းတွေမှာသာ အဖြစ်များသည်။ အငယ်ပိုင်းတွေ ကတော့ သောင်းကြီးပိုင်း လောက်နဲ့သာ ပြီးတာ များသည်။ ဒီအမိန့် သက်ရောက်မှုက အကြီးပိုင်းတွေကိုသာ ထိခိုက်နိုင်သည်ဟု ထင်စရာ ရှိသည်။ ဒါပေမဲ့ အကြီးပိုင်းတွေက နပ်သည်။ ပါးသည်။ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံတွေ ရှိသည်။

ဟိုးအရင် နယ်မြို့ကြီး တစ်မြို့တွင် ပြည်သူ့ဝန်ထမ်း အရာရှိကြီး တာဝန် ထမ်းဆောင်သည်။ ထိုအရပ်တွင် လောင်းကစား ကိစ္စတွေ ဖြစ်ထွန်းသည်။ လောင်းကစား ဒိုင်များက အရာရှိကြီးကို လာဘ်ထိုးသည်။ မရ။ အရာရှိကြီးက မယူ။ တစ်ခွန်း နှစ်ခွန်းပဲ ပြန်ပြောသည်။
“ဒီတစ်ပတ် ပေါက်မယ့် အကွက် ၁၀၀၀ ဖိုး ထည့်ထားလိုက်” ဆိုသော စကားနှင့် “ဒီနေ့ည နိုင်မယ့်အသင်း တစ်သိန်းဖိုးလောက် ထည့်ထားလိုက်ကွာ” ဆိုသည့် စကားများသာ ဖြစ်သည်။
ထိုအရာရှိကြီး အပတ်တိုင်း၊ ညတိုင်း နိုင်လေသည်။ ဒါကြောင့် ယခု သုံးသိန်းအထက် လက်ဆောင်ယူလျှင် လာဘ်စားသည်ဟု သတ်မှတ်မည် ဆိုတော့ အခြား နည်းလမ်းများကို ရှာလိမ့်မည်။ နည်းလမ်းများလည်း ရှိသည်။

တစ်ခါက လူကြီးတစ်ဦး ကားရှိုးရွန်းသို့ သွားရောက် လည်ပတ်သည်။ ရှိုးရွန်း ပိုင်ရှင်ကလည်း ထိုလူကြီးနှင့် ပတ်သက်မှု ရှိနေသည်။ လူကြီးက “ဒီကားလေး လှလိုက်တာ။ ဘယ်လောက်လဲကွ” ဟု သိန်းရာထောင်ချီ တန်သည့် ကားကြီးကို ကြည့်ရင်း မေးလိုက်သည်။ ရှိုးရွန်း ပိုင်ရှင်က “အဘအတွက်ဆိုရင် ဒီကားကို တစ်သိန်းနဲ့ ရောင်းပေးပါမယ်” ဟု ပြောလိုက်သည်။ လူကြီးက “ဒါဆို လည်း နှစ်သိန်းပေးမယ်။ ဒီကားမျိုး နှစ်စီး ငါ့အိမ်ကို ပို့ထားလိုက်” ဟု ပြောသွားသည်။

အချို့ကလည်း ဂေါ့ဖ်ရိုက်ရင်း အရှုံးပေးလိုက်ကြသည်။ အချို့ကလည်း သုံးသိန်းအောက် ဆိုတော့ ၂၉၉,၉၉၉ ကျပ်ကို အကြိမ်ကြိမ် ခွဲပေးမည်ဟု စဉ်းစားကြသည်။

လာဘ်ထိုးနည်းက သူ့နည်းနှင့် သူရှိသည်။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းငယ်တွေ အတွက်တော့ အသက်ရှူ ချောင်သွားသည်။ ဒါပေမဲ့ စည်းကမ်း လိုက်နာမှ ဖြစ်မည်။ သုံးသိန်းတော့ ကျော်လို့ မဖြစ်။ လက်ဆောင်ပေးမည့် လူများကိုလည်း တိုးတိုးတိတ်တိတ် မှာထားရမည်။ နှစ်သိန်းကိုးသောင်း ကိုးထောင့်ကိုးရာ ကိုးဆယ့်ကိုးကျပ် တန်လောက်သာ လုပ်ပါဟု ပြောရမည်။
နောက်ဆိုလျှင် ဆောင်ပုဒ်တွေ ဘာတွေတောင် ပြောင်းလာနိုင်သည်။

“လာဘ်ပေးရန်မလို” ဟူသော စာသားအစား “သုံးသိန်းကျော် ပေးရန်မလို” ဟူသော စာသား ပြောင်းချိတ်လိမ့်မည်။ အခုတောင် ဆိုင်းဘုတ် အပ်ပြီးလောက်ပြီ ထင်သည်။

ဝန်ထမ်းများကတော့ အခု အမိန့်သည် သမ္မတကြီးက ဝန်ထမ်းများ၏ ဘဝကို မြှင့်တင်ခြင်း ဖြစ်သည်ဟု ထင်လိမ့်မည်။ ယခုတော့ သောင်းပိုင်းလောက် ရနေသော ဝန်ထမ်းတွေ ဈေးတက်သွားပြီ။ သုံးသိန်းတန်တွေ ဖြစ်သွားပြီ။ ဝန်ထမ်းတွေကတော့ “သြော်...သမ္မတကြီးက ငါတို့ လခတွေ မလောက်မင ဖြစ်နေတာကို ကူညီတာပဲ” ဟု တွေးကာ ကျေးဇူးတင်သည်။ “သမ္မတကြီး စေတနာကို အသိအမှတ် ပြုသောအားဖြင့် ၂၉၉,၉၉၉ လောက် တောင်းလိုက်ဦးမှပါ” ဟုလည်း တွေးကြသည်။

အချို့ လူတွေကတော့ ငါတို့ အစိုးရဝန်ထမ်း မလုပ်မိတာ နာလေခြင်းဟု တွေးကြသည်။ ပြည်သူတွေ ကတော့ ဖိုးပေးချင်များ ဖြစ်သည်။ အစစအရာရာ ကြပ်တည်းသည့် ခေတ်များကို ဖြတ်သန်းလာခဲ့ရသဖြင့် ကိုယ့်ကိစ္စ တစ်ခုခု အောင်မြင်သွားလျှင် ဆောင်ရွက်ပေးသည့် ဝန်ထမ်းကို ကျေးဇူးတင်သည်။ အမှန်တော့ ဝန်ထမ်းကလည်း ဝန်ထမ်းအလုပ် လုပ်ခြင်းသာ ဖြစ်သည်။ လုပ်ငန်း အောင်မြင်သဖြင့် ဝန်ထမ်းတွေကို လက်ဆောင်ကြီးငယ် ပေးခဲ့ကြသည်။ ဝန်ထမ်းများကလည်း တစ်ခါ ရဖူးသွားလျှင် အရူးအမဲသား ကျွေးမိသလို လုပ်ပေးတိုင်း တောင်းတော့သည်။ စီးပွားရေးသမား အချို့လည်း စီးပွားရေးအကွက် အကွင်းမြင်သည်။ ၁၈၀၀ ကျပ်တန် ဆိုင်တွေ ရှိသလို သုံးသိန်း မကျော်သော ဆိုင်တွေ ဖွင့်ဖို့ ပြင်ဆင်နေကြသည်။ လက်ဆောင်ပစ္စည်း သီးသန့် ရောင်းလိမ့်မည်။ အချို့ပစ္စည်းများ သုံးသိန်းကျော်နိုင်သော်လည်း ဘောက်ချာတွင် လျှော့ရေးလိမ့်မည်။ ဈေးကိုတော့ ပိုယူမည့် သဘောမျိုး ဖြစ်သည်။

နောက်ဆိုလျှင်တော့ ၂၉၉,၉၉၉ ကျပ်နှင့် ပတ်သက်သည့် သတင်းတွေ ကြားလာရနိုင်သည်။ ဂျာနယ်များ၏ ထုံးစံအတိုင်း ၂၉၉,၉၉၉ ကျပ် မပေးနိုင်လို့ ထောင်ကျသူတို့၊ ၂၉၉,၉၉၉ ကျပ်ကြောင့် ဒုက္ခ ရောက်သွားသူများတို့ ခေါင်းစဉ် တပ်ကြလိမ့်မည်။ ဝတ္ထုတွေ ရေးကြမည်။ ဝတ္ထုထဲတွင် ဝန်ထမ်းဖြစ်နေသော မင်းသားက ၂၉၉,၉၉၉ ကျပ်တန် လက်ဆောင်ထင်၍ ယူလိုက်ပြီးမှ စစ်ဆေးရေး ဝင်သောအခါ ဈေးတက်သွားပြီး သုံးသိန်းကျော်နေသဖြင့် အရေးယူ ခံလိုက်ရသော ဇာတ်လမ်း။ ထိုဇာတ်လမ်းကို ရုပ်ရှင်တွေ ရိုက်ကြမည်။ ပြည်သူတွေက ဝန်ထမ်းကို သနားကြ။ မျက်ရည် ဘူးသီးလောက်ကျ။ အကယ်ဒမီတွေ ဘာတွေရ။ ကံကောင်းလျှင် နိုင်ငံတကာအထိ ပေါက်ပြီး မြန်မာ့နည်း မြန်မာဟန် ၂၉၉,၉၉၉ ကျပ်တန် လက်ဆောင်ကိစ္စလည်း ကမ္ဘာကျော် သွားနိုင်သည်။
ဘာပဲဖြစ်ဖြစ် ယခု အချိန်ကတော့ အစိုးရ ဝန်ထမ်းများ ကံဇာတာ အမြင့်ပိုင်းသို့ ရောက်နေလေပြီ။
အားကျစရာ ကောင်းလှပါဘိတောင်း။

စိုပြေ (သံချောင်းပါတီ)
The Voice Weekly 

ဒေါပုံမြို့နယ်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ မတ် ၂၃

၂၂.၃.၂၀၁၄ရက်နေ့ ၁၉၃၀အချိန် ဒေါပုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းရှိ ကုန်သွယ်
လယ်ယာဂိုဒေါင်ဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းအရ သွားရက်စစ်ဆေးရာ ကုန်သွယ်လယ်ယာဝင်းအတွင်းနေထိုင်သူ
ဒေါ်မြင့်သိန်း၊ (ဘ)ဦးညွန့်၏ သွပ်မိုးထရံကာ၊ပျဉ်ခင်း၊ (၁၀)ပေပတ်လည်
ခန့်ရှိ နေအိမ်တံစက်မြိတ်၌ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးမှ
ရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်ဘေးရှိဝါးထရံ(၂)ချပ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၉၃၆အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။
အဆိုပါမီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်မြင့်သိန်းအား
ဒေါပုံမြို့မရဲစခန်း(ပ)၆၇/၂၀၁၄၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။

Myawady News

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြသူတွေ ချီတက်ခရီးစတင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအထက်က မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းဆုံ စီးဆင်းလာတဲ့ ဧရာဝတီမြစ်ဆုံဒေသ။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနဲ့ တရုတ် CPI ကုမ္ပဏီကို ထွက်ခွာသွားဖို့ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများပါတဲ့ ဆန္ဒပြသူ အင်အား ၁၀၀ ကျော်ဟာ ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်မြစ်ဆုံအထိ လမ်းလျှောက်တဲ့လှုပ်ရှားမှုနဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့မနက်ကစပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ကနေ စတင်ထွက်ခွာခဲ့ကြပြီး မြစ်ဆုံအထိ ချီတက်နေကြပါပြီ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အပြီးဖျက်သိမ်းဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က စတင်စုဝေးထွက်ခွာခဲ့ပြီး မြစ်ဆုံအထိ ချီတက်လမ်းလျှောက်ကြရမှာ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ လှည်းကူးမြို့နယ်နားကို ရောက်နေကြပါပြီ။

ဧရာဝတီမြစ်ဆုံ စီမံကိန်း (ချက်ခြင်းဖျက်၊ ချက်ခြင်းဖျက်) ဧရာဝတီ ဖျက်ဆီးသူ ၊ (တို့ရန်သူ၊ တို့ရန်သူ)

ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရေးလိုလားတဲ့အတွက် မြစ်ဆုံအထိ ချီတက်လမ်းလျှောက်ဆန္ဒပြနေကြတာ ဖြစ်တဲ့အကြောင်း ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း တက်ကြွလှုပ်ရှားသူ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

“CPI ကုမ္ပဏီကို ကျနော်တို့ အမိမြန်မာနိုင်ငံကနေပြီးတော့ အပြီးအပိုင်ထွက်ခွာသွားစေချင်တယ်။ မြစ်ဆုံစီမံကိန်းကြီးကို ထာဝရအပြီးအပိုင် ဖျက်သိမ်းစေချင်တယ်။ နောက်တချက်က ကျနော်တို့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီဖြစ်တဲ့အတွက် ကျနော်တို့က အဲဒီအသိနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ကတော့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးဟာ ထာဝရဖျက်သိမ်းသွားမယ်လို့ ယုံကြည်လို့ ကျနော်တို့က လမ်းလျှောက်ပြီိး ဆန္ဒပြဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။”

မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၆ ခုနှစ်တုန်းက တရုတ်အစိုးရနဲ့ မြန်မာစစ်အစိုးရတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာတော့ မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်နေခဲ့တာပါ။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေးတောင်းဆိုနေကြတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေသာမက အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ လူထုလူတန်းစားပေါင်းစုံက ကန့်ကွက်မှုတွေကြောင့် သမ္မတဦးသိန်းစိန်က သူ့ရဲ့သမ္မတသက်တမ်းမှာ ရပ်ဆိုင်းထားမယ်ဆိုပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတုန်းက အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် ကန့်ကွက်မှုတချို့ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါပေမယ့် အခု မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းတွေ ပြန်စတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဆန့်ကျင်ကန့်ကွက်မှုတွေ တကြော့ပြန်ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

CPI ကုမ္ပဏီကတော့ ဧရာဝတီမြစ်ဆုံအထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ (ACHC) နဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်နားရေး ဆန္ဒပြသူတွေကဘက်ကတော့ မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရေးအတွက် သူတို့နဲ့အတူ လမ်းတလျှောက်ပါသွားမယ့်အင်အားတွေကို စုစည်းပြီး မြစ်ဆုံက ဒေသခံတွေနဲ့အတူ ဟောပြောပွဲတွေ ဆက်လုပ်သွားမယ်လို့ ကိုရဲထွဋ်ခေါင်က ဆိုပါတယ်။

“ကျနော်တို့ မြစ်ဆုံရောက်တဲ့အချိန်က အင်အား ၅,၀၀၀ နဲ့ ၇,၀၀၀ ကြားမှာ သတ်မှတ်ထားတဲ့အတွက်ကြောင့် အဲဒီဒေသခံတွေနဲ့ပူးပေါင်းပြီး ဘာလုပ်မလဲဆိုရင် မြစ်ဆုံမှာ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ ဂေဟစနစ် ပျက်စီးနေတဲ့ကိစ္စတွေ၊ နောက်- မြစ်ဆုံမှာ တရုတ်လူမျိုးတွေ တရားမဝင် ဝင်ရောက်ပြီးတော့ ရွှေတူးဖော်နေတဲ့ကိစ္စတွေကို ကျနော်တို့က ပြည်သူလူထုကို ထင်သာမြင်သာရှိအောင် အသိပညာပေး ဟောပြောခြင်းတွေလုပ်မယ်၊ ပြီးရင် CPI ကုမ္ပဏီအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက အပြီးထွက်ခွာသွားဖို့ မြစ်ဆုံဆည် စီမံကိန်းကြီးကို ထာဝရဖျက်သိမ်းနိုင်ဖို့၊ နောက်ပြီးတော့ ပြောင်းရွှေ့ခံရတဲ့ ရွာသူရွာသားတွေကို မူရင်းအရပ်ဒေသမှာ ပြန်လည်နေရာချထားပေးဖို့၊ ပီးခဲ့တဲ့ရက်ပိုင်းက တရားမဝင် ရွှေတူးဖော်လို့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား ၄၁ ယောက်ကို ပြင်းထန်စွာအရေးယူပေးဖို့ တောင်းဆိုသွားမှာပါ။”

ရိုးရာဝတ်စုံနဲ့ မနောပွဲဆင်နွဲနေကြသူ ကချင်ပြည်သူများ။

မတ်လ ၁၂ ရက်နေ့တုန်းကပဲ မြစ်ဆုံမှာရှိတဲ့ ဒေသခံတွေက မြစ်ဆုံဆည်ကို ဆက်ပြီးမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ မြစ်ဆုံဆည်ကြောင့် ဒေသခံကျေးရွာတွေ ဖျက်ဆီးခံခဲ့ရသလို နောက်ထပ် ဖယ်ရှားပေးရမယ့်ရွာတွေအတွက်လည်း ဒေသခံတွေက ကန့်ကွက်နေကြတာပါ။ ဒီလထဲမှာပဲ အောင်မြင်သာ ရွှေ့ပြောင်းစခန်းက ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းမှာ မဲပုံးတွေထားပြီး ကန့်ကွက်တဲ့လှုပ်ရှားမှုကို လုပ်ခဲ့ကြပါသေးတယ်။

မြစ်ဆုံဆည် စီမံကိန်းရပ်နားထားလိုက်ရတဲ့ကာလအတွင်း တနှစ်ကို ဒေါ်လာသန်းပေါင်း ၅၀၀ နှစ်စဉ်ကုန်ကျနေပြီး စီမံကိန်းရပ်ထားခဲ့ရတဲ့ ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) ကျော် ဆုံးရှုံးနေတဲ့အကြောင်း CPI ကုမ္ပဏီက တရားဝင် ပြောထားပါတယ်။

VOA Burmese News

မိုင်းဟုယူဆရသော အထုတ်တစ်ထုတ်တွေ့ရှိ


လားရှိုးမြို့၊ ရပ်ကွက်(၆)ရွှေသံလွင်လမ်းတွင် မိုင်းဟုယူဆရသော မသင်္ကာဖွယ်အထုပ်တစ်ထုပ်ကို မတ်၂၃ရက် နံနက်၇း၀၀နာရီ အချိန်တွင် တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာရပ်ကွက်(၆)ရွှေသံလွင်လမ်း၊ နယ်မြေ(၃)၊အ.လ.က(၂)ကျောင်းအနီး၊ အမှတ်၁၂နေအိမ်ရှေ့ရှိ အများ သောက်သုံးသော ရေအိုးစင်အောက်တွင် မိုင်းဟု ယူဆရသော အထုပ်ကို “ကျွန်တော်ကမနက်ဆိုင်ဖွင့်ပြီးတော့
သန့်ရှင်းရေး လုပ်နေတာ၊ လုပ်နေရင်းနဲ့ အဲဒီရေအိုစင်နားရောက်တော့ ဒီတိပ်အမဲပတ်ထားတာ တွေ့လို့သေ
ချာကြည့်တာပေါ့နော်။ ကျွန်တော်လဲ မသင်္ကာလို့ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားလိုက်တာပါ”ဟု ရေအို
စင်ဘေးတွင် ကွမ်းယာရောင်းသော ငုဝါကွမ်းယာဆိုင်ရှင် ဦးဝင်းမြင့်ကေ ပြာသည်။

“မိုင်းလို့ယူဆရတယ်ပေါ့နော်၊ ဒါပေမယ့်သေချာ စစ်ဆေးဖို့ကို သက်ဆိုင်ရာက ယူသွားတာပါ။ ကိုင်ကြည့်တာတော့ ပေါ့ပေါ့လေးပါ၊ ပလပ်စတစ်ဘူးကို ၀ါယာတိပ်နဲ့ပ တ်ထားတဲ့ပုံစံပါ၊ ပြည်သူတွေ ထိတ်လန့်အောင် လုပ်တာလို့ ကျွန်တော်တော့ ယူဆပါတယ်၊ ကျွမ်းကျင်သူတွေ စစ်ဆေးပြီးရင်တော့ အဖြေသိရမှာပါ”ဟု တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာအထုပ်မှာ အလျားလေးလက်မခန့်၊ လုံးပတ်နှစ်လက်မခန့်၊ ၀ါယာတိပ်အနက်ရောင်ဖြင့် ပတ်ထားပြီး ပုလင်းပုပုံစံရှိကာ ၎င်းကိုသက်ဆိုင်ရာဌာနမှ နံနက်ကိုးနာရီခွဲ အချိန်တွင်ယူဆောင်သွားခြင်းလည်း ဖြစ်သည်။

စိုးမင်းနိုင်
The Myanma Age 

မြေသိမ်းခံလယ်ယာများအတွက် မြန်မာကွန်ဗင်းရှင်းစင်တာရှေ့တောင်းဆို (ဓာတ်ပုံများ)









၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက် နေ့လည်ပိုင်းက ပြည်သူ့ဖိုရမ်သို့ တက်ရောက်လာသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြေသိမ်းခံလယ်ယာများ ပြန်လည်ရရှိရန် မြန်မာကွန်ဗင်းရှင်းစင်တာရှေ့တွင် တောင်းဆိုစဉ်။ ဓာတ်ပုံ - ငြိမ်သစ်ညီ

Mizzima Burmese

NLD တိုင်းရုံးတည်ဆောက်ဖို့ Iron Cross ရန်ပုံငွေဂီတပွဲ ပရိသတ်ထောင်ပေါင်းများစွာ အားပေး၊ ဗိုလ်ချုပ်ရုပ်ပုံများနောက်ခံနှင့် လေးဖြူက အဖေသီချင်းနှင့်ဖျော်ဖြေ (ရုပ်/သံ)



NLD + Iron Cross (IC) Music Show မှ လေးဖြူ သီဆိုခဲ့သည့် အဖေ သီချင်း။

ရန်ကုန်တိုင်း NLD ရုံးချုပ်ရံပုံငွေ ဂီတဖျော်ဖြေပွဲ ( ၂၂ မတ်လ ၂၀၁၄ ခုနှစ် )

တာမွေမြို့နယ်က NLD ပါတီ တိုင်းရုံး ပြုပြင်တည်ဆောက်ရေးအတွက် ရွှေထွဋ်တင်ကွင်းမှာ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာဖွေပွဲကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ပရိသတ် အနည်းဆုံး ၅ထောင်ကျော်လောက်ဟာ ရန်ပုံငွေဂီတပွဲကို အားပေးခဲ့ကြပါတယ်။

နိုင်ငံကျော် ရော့ခ်အဆိုတော်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့က ပရိသတ်ထောင်ပေါင်း များစွာကို ဖျော်ဖြေခဲ့သလို လေးဖြူကလည်း အဖေဆိုတဲ့သီချင်းနဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေနဲ့ ဖော်ပြတင်ဆက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း NLD ရုံးချုပ်အသစ်ကို တည်ဆောက်ဖို့အတွက် ရန်ပုံငွေရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ကျင်းပတဲ့ ဒီဂီတပွဲမှာ ၂၁ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာကိုအသုံးပြုပြီး အတိုက်အခံ ပါတီတစ်ခုအနေနဲ့ အစိုးရတာဝန်တွေ မထမ်းဆောင်ခင် အဆင်သင့်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လာမယ့် ပွင့်လင်းရာသီမှာပြုလုပ်မယ့် ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ ၃ဝ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာမို့ တိုင်းရုံးခန်းတိုးချဲ့မှုက အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာကျင်းပတဲ့ ဒီရန်ပုံငွေ ဂီတပွဲကို ပါတီနာယက သူရဦးတင်ဦးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။ ရန်ပုံငွေပွဲက ရရှိတဲ့ငွေတွေကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာ သွားမယ်လို့ ဆိုပါတယ်။
kamayut media



မန္တလေးမြို့တွင် ဖွဲ့စည်းပုံပြင်ရန် ဆန္ဒပြ





မန္တလေးမြို့မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားတဲ့ ဒီမိုကရေစီ စံနုန်းများနဲ့ မကိုက်ညီတဲ့ ပုဒ်မ ၄၃၆ ၊ ၅၉ ဃ ၊ ၅၉ စ၊ အမြန်ပြင်ဆင်ပေးဖို့ မနက် ၉နာရီက ၄၁လမ်း လမ်း၈၀ နဲ့ ၈၁လမ်းကြားကနေ စတင်ကာ ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။ထို့နောက် လမ်း၈၀ကနေ ၃၇လမ်း ၃၇လမ်းကနေ ၈၂လမ်း ၈၂လမ်းကနေ ၄၁လမ်းထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ- ကျော်ဇေ
DVB TV News

စကားများ ကန်ကျောက် ရာမှ အချုပ်သား တစ်ဦး နှလုံးကွဲအက် သေဆုံး


ခရမ်းမြို့မ ရဲစခန်းတွင် ချုပ်နှောင် ထားသော အချုပ်သား နှစ်ဦး ဘုရား ရှိခိုးစဉ် အချင်း များ ကန်ကျောက် ရာမှ အချုပ်သား တစ်ဦး နှလုံးကွဲအက် သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

မတ်လ (၉)ရက်နေ့၊ ညနေ (၆) နာရီ အချိန်ခန့်က အချုပ်သားများ ဘုရားရှိခိုးနေ ကြစဉ် ကို..... မှာ ဘုရားစာ များကို ကျော်၍ ရွတ်ဆို နေသောကြောင့် အတူ ချုပ်နှောင်ထား သော တရားရုံးမှ စစ်ဆေးဆဲ အချုပ်သား တစ်ဦးက ကို..... ၏ ယာဘက် နံဘေးအား ခြေထောက်ဖြင့် ကန်ကျောက် ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထိုသို့ အချင်း များကြသည်ကို ခရမ်း မြို့မရဲစခန်းမှ တာဝန် ရှိသူတို့က တားဆီး ခဲ့၍ ပြေလည် သွားသော်လည်း ကို..... မှာ ည (၈) နာရီ အချိန်ခန့်တွင် အသက်ရှူသံ ပုံမှန်မဖြစ် တော့သောကြောင့် ဆေးရုံသို့ ပို့စဉ် သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တုံးသော အရာ ၀တ္ထုဖြင့် ထိခိုက် မိခြင်းကြောင့် နှလုံး ကွဲအက်၍ ၀မ်းဗိုက် အတွင်း သွေးထွက် လွန်ကာ သွေးလန့် သေဆုံး ခြင်းဖြစ်ကြောင်း၊ ဖြစ်တတ်သော သဘောအရ သေစေနိုင်သော ဒဏ်ရာ ဖြစ်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံမှ မတ်လ (၂၁) ရက်တွင် ပြန်ခဲ့ကြောင်း သက် ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ထိုသို့ အချုပ်သား အချင်းချင်း သေစေ သည်အထိ မဆင်မခြင် ကန်ကျောက် ခဲ့သူ တရားရုံးမှ စစ်ဆေးဆဲ အချုပ်သားကို အရေး ယူပေးရန် ဒုရဲမှူး သက်စိုးက တရားလို ပြုလုပ် တိုင်တန်းခဲ့ပြီး ခရမ်းမြို့မရဲစခန်း၌ (ပ) ၆၄/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ (က)ဖြင့် မတ်လ (၂၁)ရက်နေ့ ည (၁၀)နာရီ (၂၀) မိနစ် အချိန် အမှုဖွင့်ပြီး အမှုစစ်တရားလိုမှ စစ်ဆေး လျက်ရှိကြောင်း ပထမ သတင်း ပေးချက်အရ သိရသည်။

Messenger News Journal 

အချိန် မည်မျှ ကြာကြာ MH370 လေယာဉ် တွေ့သည် အထိ ရှာဖွေမည်ဟု သြစတြေးလျ ပြော


အိန္ဒိယ သမုဒ်္ဒရာ တောင်ပိုင်းခြမ်းတွင် သြစတြေးလျက ဦး ဆောင်ကာ မလေးရှား လေကြောင်း လိုင်းမှ ပျောက်ဆုံး နေသော MH370 လေယာဉ်ကို ရှာဖွေ လျက်ရှိရာ ယခုအထိ မထူးခြား သေးဘဲ ဖြစ်နေရာ အချိန် မည်မျှ ကြာပါစေ ရှာဖွေရေးများ မလျှော့တမ်း လုပ်ဆောင်သွားမည်ဟု သြစတြေးလျ ဒုတိယ ၀န်ကြီးချုပ်က စနေ နေ့တွင် အာမခံ ပြောကြားလိုက်သည်။

ယခု အပတ် အတွင်း အိန္ဒိယ သမုဒ္ဒရာ ပြင်၏ ခေါင်သီသော အပိုင်းတွင် လေယာဉ် အပျက်အစီး ဟု သံသယ ရှိရသော ရေမျော ပစ္စည်း နှစ်ခုကို ဂြိုဟ်တု ဓာတ်ပုံတွင် တွေ့ရရာ ထိုနေရာသို့ သွားရောက် ရှာဖွေ သော်လည်း ထိုရေမျော ပစ္စည်းကိုပါ တွေ့ရခြင်းမရှိဘဲ လေယာဉ်ပျောက် ပဟေဠိ သည် ပိုကြီးမား သထက် ကြီးမား လာခဲ့ရသည်။

မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ပေကျင်း သို့ ပျံသန်းရန် ကွာလာလမ်ပူ လေဆိပ်မှ ထွက်ခွာပြီး တစ်နာရီခန့် အကြာတွင် လေယာဉ် ကို အဆက်အသွယ် ပြတ်သွားကာ ယခုထိ တိုင် တွေ့ရှိခြင်း မရှိသေး။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦး၊ အမှုထမ်း ၁၂ ဦး ပါဝင် သည်။ ခရီးသည် များထဲတွင် တရုတ် နိုင်ငံသား ၁၅၃ ဦးထိ ပါဝင်သည်။

မတ်လ ၁၆ ရက်နေ့က ရိုက်ကူးထား သော ဂြိုဟ်တု ဓာတ်ပုံတွင် တွေ့ရသော သံသယ ဖြစ်စရာ ရေမျော အပျက် အစီး နှစ်ခုသည် သြစတြေးလျ အနောက်တောင်ဘက် ကီလို မီတာ ၂၅၀၀ တွင်ဖြစ်ပြီး သြစတြေးလျတိုက် နှင့် အန္တာတိက တိုက်ကြား လမ်းတစ်ဝက် နေရာဖြစ်ရာ လွန်စွာ ဝေးလံ ခေါင်သီသည်။ သြ စတြေးလျမှ ရှာဖွေရေး လေယာဉ်များ ထို နေရာကို သွားရန် အသွား လေးနာရီ၊ အပြန် လေးနာရီ ကြာသည်။ ရှာဖွေရေး လုပ်ရန် အချိန် နှစ်နာရီသာ ရကြောင်း သိရသည်။

အိန်္ဒိယ သမုဒ္ဒရာ တောင်ပိုင်းခြမ်း ရှာဖွေရေးကို သြစတြေးလျ ရေကြောင်း လုံခြုံ ရေးအဖွဲ့ (AMSA) က ဦးစီး လုပ်ဆောင်နေ ခြင်း ဖြစ်သည်။ ရေမျော အပျက်အစီး နှစ်ခု တွေ့ရှိရာနေရာသို့ တရုတ်၊ ဂျပန်၊ ဗြိတိန်၊ နော်ဝေတို့မှ စစ်သင်္ဘော များလည်း သွားရောက် လျက်ရှိသည်။ လေယာဉ် များနှင့် သွားရောက် ရှာဖွေသော်လည်း ရေမျော အပျက်အစီး ကို ရှာတွေ့ခြင်း မရှိသေးကြောင်း သိရသည်။

““မတွေ့အချင်း ရက်အကန့် အသတ်မရှိ ကျွန်တော်တို့ ရှာဖွေသွားမှာ ဖြစ်ပါတယ်။ လုံးဝ မတွေ့ဘူးဆိုတော့မှ နောက်တစ်ဆင့် ဘာဆက်လုပ် ရမယ်ဆိုတာ ကျွန်တော်တို့ ဆက်စဉ်းစား ပါမယ်”” ဟု သြစတြေးလျ ဒုတိယ ၀န်ကြီးချုပ် ၀ါရင်းထရပ်စ်က ပြော သည်။

လေယာဉ် ရှာဖွေရေးဧရိယာကို နှစ်ပိုင်း ခွဲထားသည်။ မလေးရှား မြောက်ပိုင်းခြမ်း အာရှတိုက် အလယ်ပိုင်း ကာဇက်စတန်နယ် စပ်ထိ တစ်ပိုင်းနှင့် မလေးရှား တောင်ပိုင်းခြမ်း အိန်္ဒိယ သမုဒ္ဒရာ တောင်ပိုင်း တစ်ခွင်တို့ ဖြစ်သည်။

Messenger News Journal

ရီယိုမြို့တွင်ရဲများကို အကြမ်းဖက်မှု များဖြစ်ပွား နေခြင်းကို ကိုင်တွယ်ရန် စစ်တပ်များ ဘရာဇီး အစိုးရ ချထားမည်


ဘရာဇီး အစိုးရသည် ရီယိုဒီဂျနေရိုး မြို့တော်တွင် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ် ထား၍ အကြမ်းဖက် တိုက်ခိုက် နေခြင်းကို ကူညီ ဖြေရှင်း နိုင်ရန် စစ်တပ်ကို တာဝန်ချထား မည်ဖြစ်ကြောင်း သိရသည်။

ထိုဆုံးဖြတ်ချက်မှာ ရီယိုပြည်နယ် အုပ် ချုပ်ရေးမှူးက သမ္မတအား လာမည့် ကမ္ဘာ့ ဖလားတွင် လုံခြုံရေး တိုးမြှင့်ပေးနိုင်ရန် တောင်း ဆိုခဲ့ပြီးနောက် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ ရီယို မြို့တော်တွင် ကြာသပတေးနေ့က သံသယ ဖြစ်ဖွယ် လူဆိုးဂိုဏ်း များက တိုက်ခိုက် မှုကြောင့် ရဲစခန်းသုံးခုမှ ရဲများ ဒဏ်ရာ ရခဲ့သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများ ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကစ၍ သေဆုံးသူ ရဲအရာရှိ ဦးရေမှာ လေးဦးရှိ သွားပြီဖြစ်သည်။

ရီယိုမြို့တော်မှာ ဘရာဇီးတွင် ဒုတိယ အကြီးဆုံး ဖြစ်ပြီး ကမ္ဘာ့ ဖလားပွဲ ခုနှစ်ပွဲ ကျင်းပ မည်ဖြစ်သည်။ ရီယိုတွင် ရဲများကို တိုက်ခိုက်မှုများ၌ ရဲကားများကို မီးတင်ရှို့ခြင်း၊ ရဲများကို သေနတ်ဖြင့် ချောင်းပစ်ခြင်း များဖြင့် တိုက်ခိုက် နေသည်။

အစိုးရသည် ရီယိုမြို့တော် လုံခြုံရေး အတွက် ပြည်ထောင်စု စစ်တပ် တပ်ဖွဲ့ဝင် ဦးရေ မည်မျှချ ထားမည်ကို ထုတ်ဖော် ပြောကြား ထားခြင်း မရှိသေးပေ။ ရီယိုမြို့တော်သည် လာမည့် ကမ္ဘာ့ ဖလား အပါအ၀င် တောင် အမေရိကတွင် ပထမဆုံး ကျင်းပမည့် ၂၀၁၆ အိုလံပစ်ကိုလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွား မည်ဖြစ်သည်။

Messenger News Journal 

ဝမ်းချုပ်နေစဉ် ရှောင်သင့်တဲ့ အစားအစာများ


ဝမ်းချုပ်နေစဉ်မှာ ရှောင်သင့်တဲ့ အစားအစာတွေကတော့ -----

(၁) ချောကလက်

(၂) ကောက်ညှင်းပေါင်း

(၃) ရေနွေးခါးခါး

(၄) ကြက်သားကင်

(၅) ရေခဲမုန့်

(၆) အသားနဲ့ ပြုလုပ်ထားသော ပီဇာ

(၇) ကိတ်မုန့်ခြောက်

(၈) ပြောင်းဖူးပေါက်ပေါက်

စတာတွေကို ရှောင့်သင့်ပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

အစ္စရေး သို့ဝင်ရန် ခိုးတူး ထားသည့် လှိုဏ်ခေါင်းများ အနက် အရှည်ဆုံး လှိုဏ်ခေါင်းကို ရှာဖွေ တွေ့ရှိ


ဂါဇာ ကမ်းမြောင် ဒေသမှ စစ်သွေးကြွ များက အစ္စရေး နိုင်ငံအောက်ဘက်တွင် တူးထားသည့် မီတာ ရာပေါင်းများစွာ ရှည် သော လှိုင်ခေါင်းတစ်ခုကို အစ္စရေး စစ်တပ်က ရှာတွေ့ခဲ့ကြောင်း သိရသည်။

တွေ့ခဲ့ဖူးသမျှ လှိုင်ခေါင်း များထဲတွင် အရှည်ဆုံး ဖြစ်ပြီး အစ္စရေး အရပ်သားများ ကိုတိုက်ခိုက် ရာတွင် အသုံးပြုရန်ရည်ရွယ် ခဲ့ပုံရကြောင်း စစ်တပ်၏ ပြောခွင့်ရှိသူက ပြော ဆိုခဲ့သည်။ ၎င်းလှိုင်ခေါင်းမှာ ဟိုးယခင် က တည်းကရှိခဲ့သည့် လှိုင်ခေါင်း တစ်ခုသာ ဖြစ်ကြောင်း ဂါဇာ ကမ်းမြောင် ဒေသကို အုပ် ချုပ်နေသည့် ဟာ့မာ့စ်တပ်ဖွဲ့၏ လက်နက်ကိုင် တပ်ခွဲက ဖြေရှင်း ပြောဆိုခဲ့သည်။

အစ္စရေးက ယမန်နှစ် နိုဝင်ဘာတွင် တွေ့ရှိခဲ့သည့် တစ်မိုင် ရှည်သော လှိုင်ခေါင်း ထက်ပင် ယခုတွေ့ရှိသော လှိုင်ခေါင်းက ပိုမို ရှည်လျား ခဲ့သည်။ စစ်သွေးကြွများသည် အစောင့် အကြပ် ထူထပ်သော နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး နိုင်ငံတွင်း ၀င်ရောက် နိုင်ရန်အတွက် လှိုင်ခေါင်းများကို အသုံးပြု ခဲ့သည်။ ၂၀၀၆ခုနှစ်တွင် စစ်သွေးကြွများ သည် လှိုင်ခေါင်း များကို အသုံးပြုပြီး ၀င် ရောက်စီးနင်း မှုများကို ပြုလုပ်ခဲ့ သောကြောင့် အစ္စရေး စစ်သား နှစ်ဦး သေဆုံး ခဲ့ရသည်။

နောက်ဆုံး တွေ့ရှိသော လှိုင်ခေါင်းကို မည်သည့်အချိန်၊ မည်သည့် နေရာတွင် တွေ့ ရှိခဲ့သည်ကို အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ဖော်ပြခြင်း မပြုခဲ့ချေ။ လှိုင်ခေါင်း အား အစ္စရေး ပိုင်နက်အတွင်း ကျူးကျော်ဝင် ရောက်ပြီး အစ္စရေး အရပ်သား များကို တိုက် ခိုက်ရန် ဟာ့မာ့စ် စစ်သွေးကြွများကို ရည်ရွယ် ခဲ့ကြောင်း တပ်ဖွဲ့၏ ပြောခွင်ရှိသူ ဗိုလ်မှူးကြီး ပီတာ လာနာက ပြောဆို ခဲ့သည်။

Messenger News Journal

ဗင်နီဇွဲလား အစိုးရနဲ့ အတိုက်အခံ ဆန္ဒပြသမားတွေကြား ပဋိပက္ခ ပြင်းထန်


ဓာတ်ပုံ - ရိုက်တာ

ဗင်နီဇွဲလားနိုင်ငံ အစိုးရအတိုက်အခံ ဆန္ဒပြသမားတွေထဲက နောက်ထပ် နှစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့အတွက် နှစ်လအတွင်း သေဆုံးတဲ့ ဆန္ဒပြသမား အရေအတွက် မတ်လ ၂၂ ရက်နေ့အထိ ၃၃ ယောက် ရှိသွားပါပြီ။

မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဘလန်ဇီယာမြို့မှာ အသက် ၂၆ နှစ်အရွယ် ဆန္ဒပြသမားကို ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားတယောက်က ရင်အုံကို သေနတ်နဲ့ လှမ်းပစ်ခဲ့ပြီး၊ မတ်လ ၂၁ ရက်နေ့ ညပိုင်းမှာလည်း ဆန်း ခရစ်စတစ်ဘို ဆိုတဲ့ မြို့မှာ အသက် ၃၁ နှစ်အရွယ် ဆန္ဒပြသမားရဲ့ ဦးခေါင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်တာကို အကြောင်းပြုလို့ လမ်းပေါ် ဆန္ဒပြပွဲတွေဟာ ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံး နိုင်ငံရေး မငြိမ်သက်မှုတွေ လည်း ဖြစ်ပါတယ်။ ဆန္ဒပြသမားတွေက သမ္မတ နီကိုလက်စ် မာဒူရို ရာထူးကနေ ဆင်းသွားတဲ့အထိ ဆန္ဒပြသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

DVB Burmese

နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ


နေကြာဆီ စစ်စစ်ကို စားသုံးမယ် ဆိုရင်တော့ လူတွေ၏ ကျန်းမာရေးကို
များစွာ အထောက် အကူပြုစေမှာ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ ကျန်းမာရေး
အကျိုးကျေးဇူးတွေ ကတော့ -------

(၁) အဆစ်ရောင်ရမ်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) ပန်းနာရင်ကျက် ရောဂါအတွက် ကောင်းမွန်စေပါတယ်။

(၃) အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) အာရုံကြော ရောဂါများအတွက် အထူးပင် ကောင်းမွန်ပါတယ်။

(၅) နှလုံးနှင့် ပက်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) ကိုလက်စရောဓာတ်တွေကို လျော့ချပေးနိုင်ပါတယ်။

(၇) အသားအရေ အတွက်လည်း ကောင်းမွန်စေပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

အမေရိကန် အစိုးရ၏ အင်တာနက် သူလျှို လုပ်ငန်းသည် ဒီမိုကရေစီကို ခြိမ်းခြောက် နေဟု ဂူဂဲ ထူထောင်သူ လာရီပေ့ဂ်ျ ပြော


အမေရိကန် အစိုးရ၏ အင်တာနက် ထောက်လှမ်း စောင့်ကြည့်မှု များသည် ဒီမိုကရေစီ ရှင်သန်ရေးကို ခြိမ်းခြောက် နေကြောင်း ဖြင့် ဂူဂဲ ထူထောင်သူ လာရီပေ့ဂ်ျက ဝေဖန် ပြောကြား လိုက်သည်။

““အမေရိကန် အစိုးရဟာ အင်တာနက် ကို နှစ်တွေနဲ့ချီပြီး လျှို့ဝှက် စောင့်ကြည့် နေ ခဲ့တယ်။ ပြည်သူ တွေကို တစ်ခုမှ အသိမပေး ဘူး။ ဒီမိုကရေစီ နိုင်ငံမှာ ဒီလိုမျိုးဖြစ်တာ အ တော် စိတ်ပျက်ဖို့ ကောင်းပါတယ်”” ဟု မစ္စတာ ပေ့ဂ်ျက TED စကားပြော အစီအစဉ်တွင် ပြောကြား သွားသည်။

““အကြမ်းဖက် သမားတွေရဲ့ အွန်လိုင်း လှုပ်ရှားမှု တွေကို စောင့်ကြည့်တဲ့ ကိစ္စကို လျှို့ ၀ှက် ထား တယ်ဆိုရင် ကျွန်တော်တို့ နား လည်ပေး နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထောက် လှမ်းရေးမျိုး လုပ်နေတယ် ဆိုတာကို တော့ ပြည်သူတွေကို အတိုင်း အတာ တစ်ခုအထိ အသိပေး ထားလို့ရနိုင် ပါလျက်နဲ့ အသိမပေး ခဲ့တာဟာ ဒီမိုကရေစီ မဆန်တာ ဖြစ်ပါတယ်”” ဟု မစ္စတာ ပေ့ဂ်ျက ပြောသည်။

အမေရိကန် အမျိုးသား လုံခြုံရေးဌာန (NSA) ၏ ကမ္ဘာတစ်ဝန်း ဖုန်းနှင့် အင်တာနက် သူလျှို လုပ်ငန်း များကြောင့် ကမ္ဘာတစ်ဝန်းမှ အင်တာနက် သုံးသူများသည် ဂူဂဲ၊ ဖေ့စ်ဘွတ်ခ် စသည့် အင်တာနက် ကုမ္ပဏီကြီးများ အပေါ်ပါ ယုံကြည်မှု ကျဆင်း လျက်ရှိသည်။ NSA ၏ လုပ်ရပ်ကြောင့် အင်တာနက် လုပ်ငန်းကြီးများ၊ ဆိုရှယ် မီဒီယာ လုပ်ငန်းများ၏ အနာဂတ်ကို များ စွာထိခိုက် ရသည်ဟု ဖေ့စ်ဘွတ်ခ် တည်ထောင် သူ မာ့ခ်ဇက်ကာဘက် ကလည်း ဝေဖန်ပြော ကြားထား ဖူးသည်။

Messenger News Journal

ကမ္ဘာလှည့် ခရီးသွား ပိုလန် နိုင်ငံသူ ထံမှ ပစ္စည်း လုယက်သူဟု ယူဆရသူ များအား ဖမ်းဆီးရမိ


မတ်လ (၁၀) ရက်နေ့က ပုသိမ် ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ၊ ပုလဲငွေဆောင် ဟိုတယ် တွင် ရောက်ရှိ တည်းခို နေထိုင်သည့် ပိုလန် နိုင်ငံသူ Ms. Kata rzynalJoanna ၊ (၃၇) နှစ်အား ပစ္စည်း လုယက်သူ ဟု ယူဆရသည့် ဆံရှည် (ခေါ်) မြင့်လွင် (၃၆) နှစ်၊ ဖိုးအောင် (၃၉) နှစ် တို့နှစ်ဦးအား မတ်လ (၂၁) ရက် နေ့တွင် ဖမ်းဆီး ပြီးစစ်ဆေး နေကြောင်း၊ ငွေဆောင် ရဲစခန်းမှ ဒုရဲအုပ် မင်းထက်သူက The Messenger သတင်းစာသို့ ပြော သည်။

““အဆင့်ဆင့် လုပ်ဆောင် ထုတ်ဖော် အရေးယူ ရတာဖြစ်တယ်။ ဥပဒေ အတိုင်း ဆက်လက် အရေးယူဆောင်ရွက် သွားမယ်။ ငွေဆောင်လို ဒေသမျိုးတွေမှာ လုံခြုံရေး အင်အား ၀န်ဆောင်မှု အင်အားေ တွကိုလည်း လုံလုံ လောက်လောက် ထားရှိပေး စေချင်ပါတယ်”” ဟု ၄င်းက ဆက်လက် ပြောသည်။

၂၀၁၄ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ (၉း၀၀) နာရီ အချိန်ခန့်တွင် ပိုလန် နိုင်ငံသူ သည် ရွှေဟင်္သာ ဟိုတယ်မှ ကမ်းခြေအတိုင်း တစ်ဦးတည်း လမ်းလျှောက်၍ ပြန်လာစဉ် Silver Coast ဟိုတယ် ရှေ့အရောက်တွင် နောက်မှ လူနှစ်ဦး လိုက်ပါလာကာ မျက်နှာ အားလက်သီးနှင့်ထိုးပြီး လက်ဆွဲအိတ် အပြာ ရောင်အား လုယူ ထွက်ပြေး သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ငွေဆောင် ရဲစခန်းမှ စခန်းမှူးဒုရဲ မှူး တင်မိုးဦးက တရားလို ပြုလုပ်၍ မတ်လ (၁၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင် ၁၄/ ၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက့်ခဲ့ကြောင်း ငွေဆောင်ရဲ စခန်းမှ စုံစမ်းသိရသည်။

ငွေဆောင်မြို့ ------ ရပ်ကွက်၊ --------လမ်း ရှိ --------- ဖုန်းဆိုင်ပိုင်ရှင် ကို -------------က မတ်လ (၂၀) ရက်နေ့၊ နေ့လယ်(၁၂း၄၀)ခန့်တွင် ဖုန်း လာရောက် ပြသူကို မသင်္ကာကြောင်း သက်ဆိုင်ရာ သို့ ဖုန်းဆက် သတင်းပေးသ ဖြင့် ၄င်းဖုန်းအား လာရောက် ပြသသူအား ခေါ်ယူ စစ်ဆေးရာမှ အမှု ကွင်းဆက်များ အား ထုတ်ဖော် ဖမ်းဆီး အရေးယူ နိုင်ခြင်း ဖြစ် ကြောင်း ငွေဆောင် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Messenger News Journal 

အကျိုးရှိမယ့် အားလပ်ရက်များ


Written by  လဲ့ရည်မြင့်
Print Email
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ပြီးသွားပါပြီ။ တစ်နည်းအားဖြင့် ၁၁ နှစ်နီးပါး လေ့လာထားသော ပညာရေး အဆုံးအဖြတ်ခုံရုံး ပေါ်ထွက်ဆိုပြီးခဲ့ခြင်း ဖြစ်သည်။ အချို့က ဖြေဆိုနိုင်လို့ ပျော်ရွှင်ကြသည်။ အချို့က အားမလို အားမရ ဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေ ၁၁ နှစ်စာအတွက် ရင်ဆိုင်ပြီးခဲ့ပြီ။

လာမည့် သုံးလနီးပါးအကြာတွင် စာစစ်ခုံရုံးက အဖြေထွက်မည်။ လူငယ်များအတွက် အောင်စာရင်း မထွက်မီကြား စဉ်းစားစရာ တက္ကသိုလ်အိပ်မက်များ ရှိသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းနှင့်အတူ ဘာသာစကား လေ့လာစရာ ရှိသည်။ တန်ဖိုးရှိသော အချိန်ဖြစ်ရန် လူမှုလုပ်အားပေးတွေ လုပ်နိုင်သည်။ စိတ်ဝင်စားသော ဘာသာရပ်များအကြောင်း ဟောပြောပွဲတွေက တစ်ဆင့်တစ်စိတ် တစ်ပိုင်း မှတ်သားနိုင်သည်။
“တက်ချင်တဲ့ သင်တန်းတွေတော့ အများကြီးပဲ။ စကားပြော သင်တန်းရော၊ ကွန်ပျူတာ သင်တန်းရော” ဟု တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူ မခိုင်မွန်က ဆိုသည်။

တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စားသော အကြောင်းအရာ မတူညီသည့်အပေါ် မြန်မာလူငယ်များအတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးချိန်နှင့် အောင်စာရင်း မထွက်မီကြား ရွေးချယ်စရာများစွာ ရှိသည်။ အထူးသဖြင့် မြို့ကြီးများတွင် အခွင့်အလမ်း ပိုများသည်။

သင်တန်းတက်မည်ဆိုလျှင် ရွေးချယ်စရာ သင်တန်းကျောင်းများစွာ ရှိသည်။ ဘာသာရပ်အလိုက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများ ပုံမှန်ကျင်းပလျက် ရှိသည်။ ပြည်ပ ပညာရေး စိတ်ဝင်စားသူများအတွက် လစဉ် နိုင်ငံတကာ တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့် ဟောပြောပွဲများ ရှိသည်။

သို့သော် အခွင့်အလမ်းများကို ရှာလိုစိတ်လိုသည်။ အခွင့်အလမ်းရှိမည့် နေရာသိမှသာ အခြားသူများထက် တန်ဖိုးရှိသော အားလပ်ချိန် ဖြစ်နိုင်မည်။
နိုင်ငံခြားဘာသာ တက္ကသိုလ် တက်လိုသော မခိုင်မွန်ကမူ အောင်စာရင်း မထွက်မီ အင်္ဂလိပ်နှင့် ဂျပန်ဘာသာ သင်တန်းများ ကြိုတက်မည်ဟု ဆုံးဖြတ်ထားသည်။

ကြားခံဘာသာစကား အခွင့်အလမ်း

မြန်မာလူငယ်များအကြား ကိုရီးယား၊ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးမှု ကြီးမားသော်လည်း စိတ်အဝင်စားဆုံး ဘာသာစကား စာရင်းတွင် အင်္ဂလိပ် ဘာသာစကားက ထိပ်ဆုံးမှာ ရှိနေဆဲပင်။ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်သလို တက္ကသိုလ် ဆက်တက်မည် ဆိုလျှင်လည်း ရှောင်လွှဲမရသောကြောင့် ယခုလို အားလပ်ချိန်များတွင် အင်္ဂလိပ်ဘာသာ သင်တန်းကို အများဆုံး တက်ကြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကလည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်းသူကိုသာ ဦးစားပေး အလုပ်ခန့်သည့်အတွက် ငယ်ရွယ်စဉ်မှာ ဘာသာစကား သင်ထားခြင်းက မမှားနိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ထောက်ခံကြသည်။

သို့သော် ပြည်ပနိုင်ငံတွင် အခြေချမည့်သူများ၊ ပြည်ပတက္ကသိုလ် တစ်ခုခုတွင် ကျောင်းတက်မည့် သူများအတွက် အင်္ဂလိပ် ဘာသာစကားအပြင် သက်ဆိုင်ရာ နိုင်ငံ၏ အသုံးအများဆုံး စကားအနည်းငယ် သင်ထားသင့်သည်။ အထူးသဖြင့် ဂျပန်နိုင်ငံတွင် တက္ကသိုလ် ဆက်တက်မည့်သူ ဖြစ်ပါက ဂျပန်ဘာသာစကား စာမေးပွဲ ဖြေဆိုရန် လိုအပ်သည်။

ပြည်တွင်း တက္ကသိုလ်သာ ဆက်တက်မည် ဆိုလျှင်တော့ အင်္ဂလိပ်ဘာသာ လေ့လာရေးအတွက် သင်တန်းကျောင်းများ စိတ်ကြိုက် ရွေးချယ်ပြီး တက်ထားနိုင်သည်။ ယခုနောက်ပိုင်း ပညာဒါနကျောင်း များစွာလည်း ပေါ်လာပြီး စာအုပ်စာတမ်းကြေးသာ ပေးသွင်း၍ တက်ရောက်နိုင်သည်။

ဘာသာရပ်သင်တန်း ရေစီးကြောင်း

အိုင်စီတီ နည်းပညာခေတ်တွင် လူငယ်များက ကွန်ပျူတာ Software နှင့် Hardware သင်တန်းများထက် Networking နှင့် ဂရပ်ဖစ်ဒီဇိုင်းများကို ပိုနှစ်သက်လာကြသည်။ ဂိမ်းများကို ကိုယ်တိုင် ရေးဆွဲသလို ကာတွန်းပုံရိပ်များကို အသက်သွင်းလိုသူ များလာသည်။ အခြေခံကွန်ပျူတာ သင်တန်း ဆိုသည်မှာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက်သာ ဖြစ်လာသည်။

ထိုနည်းတူ LCCI ကဲ့သို့ စာရင်းအင်းသင်တန်းများ၊ အင်ဂျင်နီယာ ဘာသာရပ် သင်တန်းများ၊ abe ကဲ့သို့ စီမံခန့်ခွဲရေး သင်တန်းများ၊ ပြည်ပတက္ကသိုလ် ဝင်ခွင့်အတွက် SAT၊ IELTS နှင့် TOEFL သင်တန်းများကလည်း အာရုံစိုက်ခံရသော သင်တန်းများ ဖြစ်သည်။

အထူးသဖြင့် ဘာသာရပ်သင်တန်း အများစုသည် အလုပ်အကိုင် အခွင့်အလမ်းပေါ် မူတည်ရွေးချယ်ကြပြီး နှစ်အလိုက် ပြောင်းလဲမှု ရှိနိုင်သည်။ နိုင်ငံ၏ လိုအပ်နေသော လူသားအရင်းအမြစ် ရေစီးကြောင်းအလိုက် ခေတ်စားသော အသက်မွေးဝမ်းကျောင်း သင်တန်းများသာ ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရာတွင် မိမိစိတ်ဝင်စားသော ဘာသာရပ်ကို ရွေးချယ်ပြီးသော်လည်း လက်တွေ့သင်ကြားရာ၌ စိတ်ဝင်စားမှုမရှိ ဖြစ်နေတတ်သည်။ ယင်းကြောင့် ဘာသာရပ်ဆိုင်ရာ ပြင်ပသင်တန်းများကို အခြေခံမှစ ကြိုတင်သင်ယူထားမည်ဆိုရင် မိမိနှင့် ကိုက်ညီမှုရှိ၊ မရှိ ဆုံးဖြတ်သွားနိုင်မည်။ အနည်းဆုံး လေးနှစ်နီးပါး အချိန်ပေးရမည့် တက္ကသိုလ်ပညာရေးကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေသော ကြိုတင် ပြင်ဆင်မှု ဖြစ်သည်။

လူမှုအခြေပြုစိတ် မွေးပေးပါ

လူငယ်ဟူသည် အနာဂတ်ခေါင်းဆောင်ဟု ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များက ဆိုထားပြီးသားပါ။ ယင်းအတွက် ငယ်ရွယ်သော အချိန်တွင် လူမှုပတ်ဝန်းကျင်ကို ဂရုစိုက်သောသူ၊ လူမှုအခြေပြု လုပ်ငန်းကို စိတ်ဝင်စားသူ ဖြစ်လာရန် ပျိုးထောင်ပေးရန် လိုအပ်သည်။

ရပ်ရွာအခြေပြု အဖွဲ့အစည်းများတွင် လုပ်အားပေး ပါဝင်ကူညီရန် တိုက်တွန်းသင့်သည်။ အရပ်ဘက် အဖွဲ့အစည်းများက သင်ကြားပို့ချပေးသော လူငယ်စွန့်ဦးတီထွင် သင်တန်းများ၊ လုပ်အားပေး အဖွဲ့များနှင့် အကူလိုက်ကာ ဒေသန္တရ ဗဟုသုတနှင့် လူသားချင်း စာနာထောက်ထား စိတ်မွေးမြူရန် အားပေးသင့်သည်။
“လူငယ်တွေနဲ့ ကင်းကွာနေတာ ကြာပြီ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကနေ မသိလိုက် မသိဘာသာနဲ့  ပျောက်သွားတာတွေ ပြန်ဖော်ထုတ်ရမယ်” ဟု ပညာရေး အတိုင်ပင်ခံ တစ်ဦးဖြစ်သူ ဦးဇော်မင်းထွန်းက သတိပေး ပြောကြားသည်။

လူမှုရေး လုပ်ငန်းများကတစ်ဆင့် လူငယ်အချင်းချင်း အမြင်ချင်း ဖလှယ်ခြင်းဖြင့် ပညာရှာဖွေနိုင်သည်။ ဘုန်းတော်ကြီး ကျောင်းများတွင် ဖွင့်လှစ် သင်ကြားနေသော ယဉ်ကျေးလိမ္မာ သင်တန်း များကလည်း ထိုရည်ရွယ်ချက်ကိုသာ အခြေခံထားခြင်း ဖြစ်သည်။

ယင်းကြောင့် ပညာရှာမှီးရာတွင် ကျောင်းစာထဲတွင်သာ မရှာဖွေဘဲ ပတ်ဝန်းကျင်မှတစ်ဆင့် သင်ယူပါ။ စာပေဟောပြောပွဲ၊ ဘာသာရပ် ဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ များကိုလည်း လက်လှမ်းမီသလောက် ရှာဖွေသင့်သည်။

ထို့အပြင် နိုင်ငံတကာ တက္ကသိုလ်များက ပညာသင်ဆု ပေးရာတွင် ဒေသအကျိုးပြု လူငယ်များကိုသာ ရွေးချယ်သည့်အတွက် ယင်းလုပ်ငန်းများက တစ်ဆင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသေးသည်။ ပညာသင်ဆု လျှောက်ထားပေးသော အေဂျင်စီ များကလည်း NGO၊ INGO များတွင် လုပ်အားပေး သင်တန်းများခေါ်လျှင် လူငယ်များ ဝင်ရောက် လျှောက်ထားသင့်ကြောင်း အကြံပြုကြသည်။

အားလပ်ချိန်တွင် တက်ရောက်မည့် စိတ်ဝင်စားသည့် ဘာသာစကား သင်တန်းများကို မည်သည့် သင်တန်းကျောင်းတွင် တက်ရမည်ကို ဝေခွဲမရသေးကြောင်း မခိုင်မွန်က ညည်းတွား ပြောဆိုလိုက်သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးထားသော လူငယ်တိုင်းတွင် သုံးလကြာ ကာလတစ်ခုကို စိတ်ကြိုက်စီမံ သုံးစွဲခွင့် ရှိသည်။ သို့သော် သုံးစွဲသူအပေါ် မူတည်ပြီး အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ တန်ဖိုးများလည်း အမျိုးမျိုး ပြောင်းလဲသွားပေဦးမည်။ ယင်းသို့ သုံးစွဲရန် ရွေးချယ်မှုကပင် နောက်ထပ် ထပ်မံလုပ်ဆောင်သွားရဦးမည့် ရွေးချယ်မှုများအတွက် အစပင်ဖြစ်သည်။

The Voice

လူငယ်များနဲ့ အရက်လုံခြုံရေး


ဒီရက်ပိုင်း အတွင်းငယ်သူငယ်ချင်း များ၊ ကျောင်းနေဖက်များ၊ တခြားသောမိတ်ဆွေများနဲ့ စကားပြောဖြစ်ပါတယ်။ အဲဒီ့ အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်း ကပိုများပါတယ်။  မြန်မာပြည်မှာ အရက်တွေဘယ်လိုချက်သလဲ၊ ဘယ်လိုသိုလှောင်သလဲ၊ ဘယ် လိုဖြန့်ဖြူးရောင်းချသလဲစသဖြင့် စုံစီနဖာ ပြောဆိုဆွေးနွေးဖြစ်ကြ ပါတယ်။ အရက်အကြောင်းပြော ဖြစ်သွားတာကလည်း ဒီလိုပါ။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရွယ် မတိုင်မီ အရက်နဲ့အသက်ဆုံးရှုံးခဲ့ ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပိုများလာတဲ့အကြောင်း၊ ဒါ့အပြင်စောစောစီးစီးကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်းအရွယ်ကောင်း စာပေနဲ့အနုပညာသည်များ အကြောင်းကို ပြောရင်းပြောရင်း နဲ့ အရက်စက်ရုံတွေ၊ အရက်ကို ဘယ်လိုချက်ကြသလဲဆိုတာ ကနေ စတယ်လို့ဆိုရင်လည်း မမှားပါဘူး။

ကျွန်တော့်မိတ်ဆွေတစ်ဦး က သူ့ရဲ့အတွေ့အကြုံကိုပြန် ပြောပါတယ်။ တစ်ခါက ကိစ္စတစ် ခုနဲ့ဆက်စပ်လို့ အရက်ချက်စက်ရုံတစ်ခုကို ရောက်သွားပါတယ် တဲ့။ ပထမဆုံးတွေ့ရတာကတော့ အရက်ချက်စက် ရုံအဆောက်အအုံဟာ စနစ်တကျဆောက်ထား တာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။ စက်ရုံရဲ့အပြင်ဘက်မှာတော့မိုး ရွာအစို၊ နေပူအခြောက် အပုံလိုက် ကြီးထားထားတဲ့ ထန်းလျက်ပုံ ကြီးရှိနေတာကိုလည်း မြင်ရပါ တယ်။ ယင်ကောင်တွေတလောင်း လောင်းဖြစ်နေသလို ထန်းလျက် ပုပ်နံ့လိုလို အနံ့ကြီးကိုလည်း တစ်ချိန်တည်းမှာရှူရှိုက်နေရ ပါတယ်။ နောက်မြင်ကွင်းတစ်ခု ကတော့  အရက်ချက်စက်ရုံကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်းတန်းကြီးက မျက်စိတစ်ဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင်မိုး စိုမှာစိုးလို့ အမိုးအကာနဲ့ထား တယ်လို့ပြောပါတယ်။

အရက်ချက်တဲ့စက်ရုံ အ တွင်းဘက်ကိုဝင်ကြည့်တဲ့အခါ အလွန်စိတ်ပျက်စရာမြင်ကွင်း ကတော့ အရက်ဆီပေါင်းခံနေတဲ့ ဧရာမသံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာအိတ်တွေဖွင့်ပြီး ဖြော ခနဲ ဖြောခနဲလောင်းထည့်နေတာ ပါပဲ။ ဓာတ်မြေသြဇာဆိုတာ စိုက် ပျိုးရေးအတွက်သုံးတဲ့ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက်ကိုချက်တဲ့နေရာမှာ ပေါ ပေါလောလောသုံးနေတယ်ဆို တာ ဘယ်လိုမှကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက် ရုံက တာဝန်ရှိတဲ့သူကတော့ သူ တို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ်လောက် ကောင်းကြောင်း၊ ဘယ်လောက် ပြင်းအားရှိကြောင်း ရှင်းပြနေပါ သေးတယ်။

အဲဒီလိုထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့်အရက်ဆီကို ဈေး ကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက်ထားရတယ်လို့ဆို ပါတယ်။ အရက်မှာပါဝင်နေတဲ့ လူကိုအဆိပ်ဖြစ်စေတဲ့ဓာတ်တွေ အခိုးပြန်သွားစေဖို့အတွက်ဖြစ်ပါ တယ်။ နှစ်လပြည့်သွားတဲ့အခါ ကျမှ အရက်ဆီပြင်းအားကိုလိုက် ပြီး ရေသုံးဆ၊ ရေငါးဆစသဖြင့် ရောပြီး ပုလင်းသွတ်တံဆိပ်လှလှ လေးတွေကပ်တဲ့အလုပ်တွေလုပ် ရပါတယ်။ အဲဒါတွေပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ဆိုပါတယ်။သို့သော် ဈေးကွက်တောင်းဆိုမှု ကမြင့်မားနေတဲ့အတွက် အရက် ဆီကို ဂိုဒေါင်ထဲမှာဘယ်တော့မှ နှစ်လကြာအောင်အထိမထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲ ကိုတင်သွင်းလေ့ရှိတယ်လို့လည်း သိရပြန်ပါတယ်။

အဲဒီလို အရက်မျိုးတွေကို သုံးလေးနှစ်ဆိုသလို ဆက်တိုက် သောက်နေတဲ့သူတွေဟာ အသည်းနဲ့ပတ်သက်ပြီး ရောဂါ တစ်ခုခုရကြပါတယ်။ အဓိက ကတော့ ဓာတ်မြေသြဇာကို သုံးတဲ့ အတွက်ကြောင့်ပါ။ ဓာတ်မြေသြ ဇာဆိုတာ အက်စစ်တစ်မျိုးပါ။ လိုအပ်တာထက်ပိုသုံးရင် စပါး ပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအားရှိပါတယ်။ အနုပညာ သည်လောကမှာ တချို့သော အရွယ်ကောင်းတွေဟာ မနက် ကိုးနာရီ၊ ဆယ်နာရီလောက် ကတည်းက စသောက်ကြတယ်လို့ သိရပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကိုရပ်ပါတယ်။ အဲဒီလိုအရက်မျိုးတွေကို မနက်ကတည်းက သောက်သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။

ကျွန်တော်တို့နိုင်ငံက စာ ပေလောကနဲ့ အနုပညာသည် လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော် များများသောက်တတ်ကြတဲ့သူ တွေလည်းဖြစ်ပါတယ်။ ဟိုခေတ် တုန်းကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ ပတ် သက်ရင် နာမည်ကြီးတဲ့သူဖြစ်ပါ တယ်။ ‘ဘရန်ဒီတစ်ပုလင်း’ဆိုတဲ့ ဟာသဝတ္ထုတိုနဲ့ စာပေလောက ထဲစရောက်ခဲ့တယ်လို့ လူကြီးတွေ ပြောတာကြားဖူးပါတယ်။ အရက် အကြောင်းလူကြိုက်အောင် အဖွဲ့ အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာကတောင် ‘‘ကိုဆွေ လူငယ်တွေ အရက်မသောက် သောက်တတ် အောင် သင်ပေးသလို ဖြစ်နေ တယ်’’လို့ ထောက်ပြဆုံးမခဲ့ဖူးပါ တယ်။ ထားပါတော့။ ဆိုလိုချင် တာကဒီလိုပါ။ ဆရာသော်တာ ဆွေဟာ ငယ်ရွယ်စဉ်က အရက် သောက်ကြမ်းခဲ့တယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နဲ့မသေခဲ့ပါဘူး အသက်ကြီးမှဆုံးသွားခဲ့တာပါ။

အဲဒီခေတ်တုန်းက အရက် တွေကသတ်မှတ်ထားတဲ့ နည်း စနစ်တွေအတိုင်း ချက်လုပ်ခဲ့တဲ့ အရက်များဖြစ်နိုင်ပါတယ်။ ဓာတ်မြေသြဇာတွေလှိုင်လှိုင်ထည့်ပြီးချက်ခဲ့တဲ့အရက်တွေတော့ ဖြစ်ဟန်မတူပါဘူး။ တစ်ချိန်တုန်းက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစီလို့ခေါ်တဲ့အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့၊ အိုးဘရန်ဒီတို့၊ မော့ဝီစကီတို့လည်းထုတ်လုပ်ခဲ့ပါသေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ အရက်ဆိုတာ လူကိုဘေးဖြစ်စေတဲ့ အဆိပ်ဓာတ်ပါ တာချည်းပါပဲ။ သို့သော် အဲဒီ အရက်တွေကိုထုတ်လုပ်တဲ့ခေတ် တုန်းက သတ်မှတ်ထားတဲ့အဆင့် အတန်းစံချိန်အတိုင်းထုတ်လုပ်ခဲ့ ကြတာကြောင့် နည်းနည်းတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါ တယ်။

တခြား တိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ စနစ်ကျဖို့ကို လည်း စောင့်ကြည့်နေတဲ့တာဝန် ရှိအဖွဲ့အစည်းများလည်း ရှိပါ တယ်။ ဆိုလိုချင်တာကတော့ Food security လို့ခေါ်တဲ့ စားသုံး ကုန်လုံခြုံရေးကို အမြဲမျက်ခြည် မပြတ်စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာတစ်ခု လောက်တင်ပြရရင် စကော့ တလန်မှာ နာမည်ကြီးစကော့ ဝီစကီများချက်ပါတယ်။  ချက်တဲ့ အခါမှာလည်း ယေဘုယျအားဖြင့် ပြောရရင် အုပ်စပါးတို့၊ ဘာလီ စပါးတို့ကိုသုံးပါတယ်။ ဓာတုဗေဒပစ္စည်းများမသုံးပါ။ မသုံးရပါ။ ဓာတုဗေဒပစ္စည်းလို့ပြောရမယ့် ဟာတစ်ခုကတော့ ‘ယိစ်’လို့ခေါ် တဲ့ တဆေးတစ်မျိုးဖြစ်ပါတယ်။ အဲဒီယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတုပစ္စည်းပါ။သဘာဝ မှိုတစ်မျိုးပါ။ ပြီးတော့ အလွန် သန့်ရှင်းတဲ့၊ သန့်စင်ထားတဲ့ ချောင်းရေ ဒါမှမဟုတ် မိုးရေကို အသုံးပြုပြီးချက်ပါတယ်။ ကြုံရာ ရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းကရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်းမပြုပါဘူး။ မြန်မာ ပြည်မှာလို ဓာတ်မြေသြဇာတွေ ထည့်ပြီးချက်လို့ကတော့ တရား စွဲခံရလို့ အလျော်တွေပေးရတာ များလွန်းလို့ ကုမ္ပဏီပြုတ်ပြီး ထောင်တောင်ကျပါဦးမယ်။ မြန် မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက် ရင် လွယ်လွယ်နဲ့ရနေပါတယ်။ အရက်ကိုစည်းစနစ်တကျ ချက်၊ မချက်ဆိုတာကိုစောင့်ကြည့်တဲ့ စနစ်မျိုး၊ စမ်းသပ်စစ်ဆေးတာမျိုး မရှိတော့ ချက်ချင်သလိုချက်နေ ကြတာပါ။ အဲဒီလိုအရက်မျိုး တွေကို နိစ္စဓူဝသောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာမဆန်းပါဘူး။ ငယ်ငယ် ရွယ်ရွယ်နဲ့မသေတောင်အသက် ငါးဆယ်ကျော်တန်းလောက်ဖြစ် လာရင် အသည်းကို ထိခိုက်လာ တာများလို့ သူများထက်အရင် သွားရဖို့ရှိပါတယ်။

မြန်မာပြည်မှာ အရက်တွေ က အရည်အသွေးလည်းမမှန်၊ ဓာတုပစ္စည်းတွေကြောင့် အဆိပ် အတောက်တွေကလည်း အများ အပြားအရက်ထဲမှာကျန်နေသေး တော့ အရက်သောက်များရင် အသက်တိုတာအမှန်ပါပဲ။ အရက်အကြောင်း နည်းနည်းလောက်ဇာချဲ့ပြောချင်ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ဝီစကီများအကြောင်း သိမှတ်ဖူးသလောက်ပြောချင်တာပါ။ သာမန်ဈေးနှုန်းနဲ့ရောင်းချတဲ့ ဝီစကီများဟာ စက်ရုံကထုတ်ပြီး တာနဲ့ သစ်သားစည်ကြီးတွေမှာ ထည့်ပါတယ်။  ပုလင်းမသွတ် သေးပါဘူး။ အဲဒီစည်ကြီးတွေကို ၂ နှစ်လောက်ဂိုဒေါင်ထဲမှာသိမ်း ထားရပါတယ်။ အရက်ကို ဓာတ် မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်းချက်တာ တောင် အရက်ထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ Toxic လို့ ခေါ်တဲ့အဆိပ်ဓာတ်အမျိုးမျိုး အထွေထွေကျန်ရှိနေပါသေးတယ်။ အဲဒါတွေလျော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲဒီအဆိပ်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ အငွေ့ပြန်ပြီး လေထုထဲကို ရောက်သွားပါတယ်။ သို့သော် အရက်မှန်သမျှ ဈေးပေါသည်ဖြစ်စေ၊ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး၂ နှစ်လောက်သိမ်းထားရပါတယ်။ ဒါကြောင့်မို့ သစ်သားစည်ကြီးတွေထဲမှာ နှစ်ကြာကြာသိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေပိုလျော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီးလာပါတယ်။ ပုလင်းသွတ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပြန်ပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်ကထုတ်လုပ်တဲ့ ဝီစကီတွေမှာ ၁၂ နှစ် အထိကြာအောင် သစ်သားစည်ကြီးတွေထဲမှာသိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာဖြစ်ပါတယ်။ တစ်ခါ အမျိုးအစားအပေါ်မူတည်ပြီး ၁၂ နှစ်၊ ၁၆ နှစ်၊ ၁၈နှစ်၊ ၂၀ နှစ်၊ ၂၅ နှစ်  စသဖြင့်ရှိကြပါတယ်။ ဒီထက်နှစ်ပိုများတဲ့အရက်တွေလည်း ရှိပါသေးတယ်။ စကော့တလန်ပါလီမန်က ပြဋ္ဌာန်းထားတဲ့ အရက်ချက်တာနဲ့ပတ်သက်တဲ့ ဥပဒေတွေထဲမှာအရက်မှန်သမျှ ချက်ပြီးတာနဲ့ သစ်သားစည်ကြီး တွေထဲမှာ အနည်းဆုံး ၂ နှစ်ကာလအထိ မထားမနေရဆိုတဲ့ အချက်ပါပါတယ်။ အဲဒါကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူပါတယ်။

အဆိပ်အတောက်ဖြစ်စေ တဲ့ဓာတ်တွေလျော့ပါးသထက် လျော့ပါးလာလို့ သောက်တဲ့အခါ မှာ လူကိုဥပဒ်ပေးတဲ့နှုန်းလျော့ လာပါတယ်။ သို့သော် သက်တမ်း ရင့်အရက်ဆိုပြီး သောက်ချင် သလိုသောက်နေရင်လည်း အသည်းရောဂါဖြစ်ပါတယ်။ ရောဂါမဖြစ်နိုင်ဘူးလို့ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက် အဆိပ် အတောက်နည်းတဲ့အရက်က ဗော်ဒကာလို့ခေါ်တဲ့အရက်ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှားခွဲထက် နိုင်ငံများမှာ ထုတ်လုပ်ပါတယ်။ သို့သော် ရောင်းအားအပေါ်မူတည်ပြီး လွယ်လွယ်ချက်၊ ဈေးပေါပေါနဲ့ရောင်းကြလို့ အခုရုရှားနိုင်ငံ မှာ ဗော်ဒကာအပေါစားသောက် ကြတဲ့သူများအထူးသဖြင့် ဆင်းရဲ တဲ့သူများ အသက် (၅၀)ကျော် ကျော်မှာ သေဆုံးတဲ့နှုန်းများလာ နေတယ်လို့ဆိုပါတယ်။ အရက် သေစာထဲမှာ အဆိပ်အတောက် အနည်းဆုံးကတော့ စပျစ်သီး ကနေဖောက်တဲ့ဝိုင်အရက်ဖြစ်ပါ တယ်။ သို့သော် ဝိုင်အရက်ဟာ အနောက်နိုင်ငံများကတင်သွင်း တာမို့ အခွန်အကောက်အရ အရှေ့တိုင်းနိုင်ငံများမှာဈေးကြီးပါတယ်။ ဆင်းရဲသားများဝယ်ယူ သောက်သုံးဖို့မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေမယ့် သူ့ကိုလည်း စိတ်ကြိုက် သောက်ချင်သလို သောက်ရင်တော့လူကိုအန္တရာယ် ဖြစ်စေပါတယ်။

အုပ်ချုပ်သူအစိုးရဟာ မြန် မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ် ကြပ်မတ်မတ်စောင့်ကြည့်ဖို့လိုပါ တယ်။ အာဏာပိုင်တွေက ပိုက် ဆံရတိုင်း ဒီအတိုင်းလွှတ်ထား တော့ နောက်ဆုံးမှာစားသုံးတဲ့သူ တွေသာ ဒုက္ခရောက်ရပါတယ်။ စားသောက်ကုန်လုပ်ငန်းအားလုံး ကို စနစ်တကျဖြစ်လာစေဖို့ နည်း နာတွေ၊ ဥပဒေသတွေခိုင်ခိုင်မာ မာရှိဖို့လိုနေပါပြီ။ ဟိုးတစ်နှစ် တုန်းကလည်း လက်ဖက်တွေမှာ ဆိုးဆေးတွေပါတယ်ဆိုပြီး လက်ဖက်တံဆိပ်တော်တော်များများ ရောင်းချခွင့်အပိတ်ခံရပါတယ်။ နောက်တော့ ငါးပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။ အရက်ကိစ္စကိုတော့ အစိုးရက အခုအထိ ဘာမှ မပြောဘဲ၊အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ဆွေမျိုးတွေ ရှယ်ယာပါထားလို့ပဲဖြစ်နိုင်ပါတယ်။ အရက်နဲ့သေခဲ့ရတဲ့ စာပေနဲ့အနုပညာလောကက လူလတ်ပိုင်းအရွယ်ကောင်းတွေကို ပမာထားပြောရတာကတော့ မြင်လွယ်အောင်၊ သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ချက်တဲ့ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တစ်နှစ်တစ်နှစ် ဘယ်လောက်သေနေရတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ အရက် ရောင်းချခြင်းဟာ တော်တော် လေးဖွံ့ဖြိုးလာနေတာအမှန်ပါပဲ။ သို့သော် စိတ်ချရပြီး စနစ်တကျ ရှိတဲ့အရက်ချက်လုပ်ခြင်း မဖွံ့ဖြိုးသေးဘူးဆိုတာကိုလည်း မြင်နေရပါတယ်။ တစ်ဖက်မှာ ကြည့်လိုက်ပြန်တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကိုသုံးပြီး အမြန်ချက်၊ အမြန်ရောင်းတဲ့နေရာမှာတော့ စကော့တလန်က ဝီစကီချက်သူတွေတောင် မြန်မာအရက်ချက်သူတွေကို လိုက်မမီအောင် မြန်မာပြည်မှာ တိုးတက်ဖွံ့ဖြိုးနေပါကြောင်း။

Author: ဇော်မင်း
7Day News Journal

ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေရေး တရုတ်ရေယာဉ်တွေ လက်မလျှော့


မလေးရှားလေယာဉ် MH370 ပျောက်ဆုံးနေတာ ၁၆ ရက် မြောက်နေ့ကို ရောက်လာပေမယ့် တရုတ်ရှာဖွေရေး ရေယာဉ်တွေကတော့ လက်မလျှော့သေးဘဲ နောက်ဆုံးရထားတဲ့ သဲလွန်စကို သဲကြီးမဲကြီး ရှာဖွေနေပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်ဆီကို ဦးတည်တဲ့ လေယာဉ်ဟာ မတ်လ ၈ ရက်နေ့ကတည်းက လမ်းဝက်ကနေ ပျောက်ဆုံးနေခဲ့တာပါ။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ယောက်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက်ပါဝင်ပြီး၊ ခရီးသည်တွေထဲက ၁၅၄ ယောက်ကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ တရုတ်ရှာဖွေရေး ရေယာဉ် လေးစင်းဟာ နိဂိုအစီအစဉ်အတိုင်းပဲ အင်ဒိုနီးရှား အနောက်ပိုင်းက ရေပြင်မှာ ဆက်လက်ရှာဖွေနေပါတယ်။ ဒီနေရာမှာ လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စကို မတွေ့ရရင်တော့ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ဆက်လက် ဦးတည်သွားဖို့ရှိပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက အဲဒီ ရေပြင်ဟာ မတ်လ ၂၀ ရက်နေ့တုန်းက ဂြိုလ်တုကနေ လေယာဉ်ရဲ့အစိတ်အပိုင်းတခုလို့ ယူဆရတဲ့ အရာဝထ္ထုတခုကို ဓာတ်ပုံ ရိုက်ကူးမိခဲ့တဲ့ နေရာဖြစ်ပါတယ်။ တရုတ်ရေတပ်သင်္ဘော ၃ စင်းနဲ့ ရေခဲခွဲ သင်္ဘောတစင်းဟာလည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို အရှိန်နဲ့ ခရီးနှင်နေပြီး မတ်လ ၂၅ ရက်နေ့ကျရင် အဲဒီနေရာကို ရောက်သွားဖို့ ရှိပါတယ်။

လာလောဆယ် ရှာဖွေရေးရေယာဉ်တွေဟာ တရုတ်ဂြိုလ်တုကနေ မတ်လ ၁၈ ရက်နေ့က ရိုက်ကူးခဲ့မိထားတဲ့ အလျား ၂၂ မီတာ အနံ ၁၃ မီတာ ရှိတဲ့ အရာဝထ္ထုကို အာရုံစိုက် ရှာဖွေနေပါတယ်။

ကျွမ်းကျင်သူတွေက ဂြိုလ်တုဓာတ်ပုံက ဖော်ညွန်းတဲ့ အရာဝတ္ထုရဲ့ အရွယ်နဲ့ ပုံစံ အနေအထားဟာ ပျောက်ဆုံးနေတဲ့ ဘိုရင်း ၇၇၇ ရဲ့ တောင်ပံ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

By ဒီဗွီဘီ

သားဖြစ်သူက ဖခင်အား ထိုးကြိတ်နေမှုကို ဝင်ရောက် ဖျန်ဖြေသောမိခင် ကတ်ကြေးဖြင့်ထိုးခံရ



ရန်ကုန်၊ မတ် ၂၂

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၈) ရပ်ကွက်၊ ရတနာမြိုင်လမ်းတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်က နေအိမ်တွင် မူးယစ်ရမ်းကားနေသော သားက ဖခင်ကို ထိုးကြိတ်နေစဉ် ဝင်ရောက် ဖျန်ဖြေသော မိခင်ကိုပါ ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

အဆိုပါ အရက်မူးနေသော အသက် ၂၆ နှစ်အရွယ် ကိုကြည်မင်းဟန်သည် ယင်းနေ့ညက အရက်သေစာ သောက်စားပြီး နေအိမ်ပြန်လာစဉ် မိခင်ဖြစ်သူ ခူးကျွေးသောထမင်း ပန်းကန်အတွင်း ထည့်ပေးသည့် ဟင်းမှာ နည်းသည်ဟုဆိုပြီး ပန်းကန်များ ရိုက်ခွဲနေသောကြောင့် ဖခင်က ဆက်မလုပ်ရန် ဟန့်တားစဉ် “ခင်ဗျားကြီးကို သတ်ပစ်မယ်” ဟုဆိုပြီး ထိုးကြိတ်သောကြောင့် မိခင်က ဝင်ရောက် ဖျန်ဖြေခဲ့ရာမှ အဆိုပါမိခင်ကို ကတ်ကြေးဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း အရက်မူးပြီး ရန်ရှာခံခဲ့ရသော မိဘနှစ်ပါး၏ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်များအရ သိရှိရသည်။
“စက်ဘီးနဲ့ အပြင်က ပြန်လာကတည်းက တော်တော်မူးလာတာ။ ထမင်းစားတော့ ဟင်းနည်းလို့ ပန်းကန်တွေ ရိုက်ခွဲနေလို့ ဆက်မလုပ်ဖို့ပြောတဲ့ ဖအေကို လုံးထွေးသတ်ပုတ်ပြီး ဝင်ဆွဲတဲ့ မအေကို မီးဖိုချောင်က ကတ်ကြေးနဲ့ ထိုးပြီး အိမ်ထရံတွေကိုပါ ရိုက်ဖျက်ခဲ့တာ” ဟု ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကတ်ကြေးဖြင့် ဘယ်ဘက်နားအောက်သို့ ထိုးခံရသော အသက် ၅၆ နှစ်အရွယ် မိခင်ဖြစ်သူမှာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး မတ်လ ၂၀ ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းတွင် သားဖြစ်သူကို အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါ မြို့မရဲစခန်းထံမှ သိရှိရသည်။

အရက်မူးကာ မိဘနှစ်ပါးကို ရန်ရှာခဲ့သော သားဖြစ်သူမှာ အရက်အမြဲ သောက်သုံးကာ မကြာခဏ မိသားစုဝင်များကို ပြဿနာရှာပြီး အော်ဟစ်သောင်းကျန်းကာ နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးတတ်လေ့ ရှိကြောင်း ယင်းရပ်ကွက်တွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ကိုကြည်မင်းဟန်ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက (ပ)၉၉/၁၄၊ ပုဒ်မ- ၃၂၆/၄၂၇ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly

သင်္ကြန်ကာလ ခရီးသွားလက်မှတ်များ မှောင်ခိုရောင်းချမှု ထိန်းချုပ်မည်ဟုဆို




မန္တလေး၊ မတ်၂၂

မြန်မာ့ရိုးရာပွဲတော်များတွင် လူအများဆုံး ပါဝင်ဆင်နွဲလေ့ရှိသော မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ခရီးသွားသူများ စိတ်ချမ်းသာ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး ခရီးစဉ်များ လက်မှတ် မှောင်ခို ရောင်းချမှုများကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ခရီးသွားလက်မှတ် အရောင်းဌာနများထံမှ စုံစမ်းသိရှိရသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလအတွင်း ခရီးသွားသူများ ကြုံတွေ့ရလေ့ ရှိသော ခရီးသွားလက်မှတ် ရရှိရေး အခက်အခဲများကို ဖြေရှင်းပေးလို၍ ယခုကဲ့သို့ ထိန်းချုပ်ပေးခြင်း ဖြစ်ကြောင်း လက်မှတ် အရောင်းဌာနများမှ သိရသည်။
“ပုံမှန်အားဖြင့်တော့မှာတဲ့ အတိုင်းရောင်းပေးတာ။ သင်္ကြန်ကာလ ရောက်ရင်တော့ လိုက်ပါမယ့်သူ မှတ်ပုံတင်ပါမှ ရောင်းပေးတော့မှာ ဖြစ်ပါတယ်” ဟု မန္တလေး အာကာမင်း ခရီးသွားလုပ်ငန်းစု လက်မှတ် အရောင်းဌာန တာဝန်ခံတစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ ရန်ကုန်-မန္တလေး ခရီးသွား လက်မှတ်တစ်စောင်လျှင် ၁၆,၀၀၀ ကျပ်မှ ၁၀,၅၀၀ ကျပ်အတွင်း ရောင်းချပေးလျက် ရှိပြီး သင်္ကြန်ကာလ ရောက်လျှင် တစ်စောင်ကျပ် ၂၀,၀၀၀ ဝန်းကျင် ပေါက်ဈေးအထိ ရောက်လေ့ရှိကြောင်း မန္တလေးမြိုခံတစ်ဦးက ဆိုသည်။

ပုံမှန်အားဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ် ပြေးဆွဲသည့် မော်တော်ယာဉ် လိုင်းပေါင်း ၃၀ ဝန်းကျင် ရှိသော်လည်း သင်္ကြန်တွင်းကာလ ရောက်ပါက အင်အားကြီး မော်တော်ယာဉ်လိုင်း ငါးသင်းခန့်သာ ပြေးဆွဲတော့ပြီး အများစုမှာ ရပ်နားလေ့ ရှိကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။
“ခရီးသွားလက်မှတ် အခက်အခဲ မရှိအောင် စီစဉ်ပေးထားတယ်။ မှောင်ခိုဈေးကွက် လုပ်လို့မရအောင် ယာဉ်လိုင်းတွေနဲ့ မထသ ညှိနှိုင်းပြီး ထိန်းချုပ်သွားဖို့ ရှိပါတယ်” ဟု မန္တလာမင်း ကားလက်မှတ် အရောင်းမန်နေဂျာတစ်ဦးက ရှင်းပြသည်။

မန္တလေး-ရန်ကုန်ခရီးသွား လက်မှတ် ဝယ်ယူလိုသူများ အနေနှင့် ကားကြီးကွင်းနှင့် အခြားနေရာများတွင် ရောင်းချသော မှောင်ခို လက်မှတ်များကို ဝယ်ယူခြင်း မပြုဘဲ တိကျမှန်ကန်သော လက်မှတ် အရောင်းဌာန များတွင်သာ စိတ်ချစွာ ဝယ်ယူသွားလာကြရန် အသိပေးထားသည်။

(သန်းဖေသား)

 The Voice

ဧရာဝတီတိုင်းတွင် စစ်တပ်က တောင်သူ ၂၆ဦးကို အမှုဖွင့်


Written by  စည်သူမောင်မောင်

သာပေါင်း၊ မဇ္ဈိမ။              ။ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဂဠုန်းမင်းကျေးရွာ တောင်သူ ၂၆ဦးကို တပ်သိမ်းလယ်မြေပေါ်တွင် လယ်ဝင်ရိတ်သိမ်းသည်ဟုဆိုကာ ပိုင်နက်ကျူးလွန်မှုဖြင့် ပုသိမ်လေ့ကျင့်ရေး(၆)မှ သာပေါင်ရဲစခန်းတွင် ပ ၃၂/၂ဝ၁၄ ၊ ပုဒ်မ(၃၇၉) အရ မတ်လ ၂ဝရက်က တိုင်းတန်းထားသည်ဟု တိုင်ကြားခံရသည့် တောင်သူများက မဇ္ဈိမကို ပြောသည်။

“ကိုယ့်လယ်ကိုယ်ရိတ်တာကို အမှုဖွင့်ခံထားရတယ်။ စိုက်ပျိုးတုန်းကလည်း ပုဒ်မ၄၄၇၊  ပုဒ်မ၄၂၇ နဲ့ အမှုဖွင့်ခံရတယ်။ အခုရိတ်တော့လည်း ရဲစခန်းမှာ တိုင်ထားပြန်ပြီ။ ကျွန်တော်တို့ ကိုယ်စိုက်ထားတာ သူတို့ဝင်ရိတ်တာမျိုးလည်းမဟုတ်ဘူ။ လယ်ပိုင်ရှင်တွေကော ရိတ်ပေးတဲ့ သူတွေမှာ ကလေးတွေတောင်ပါတယ်”ဟု တိုင်ကြားခံရသူ  ဦးအာစိလတ်က မဇ္ဈိမကို ပြောသည်။

၁၉၉၇-၉၈ မြေလွတ်မြေရိုင်းဖော်ထုတ်ရန်နှင့် တပ်သက်သာချောင်ချိရေး အတွက် သိမ်းဆည်းထားခဲ့သည့် လယ်မြေဧက ၂ဝဝ နီးပါးထဲမှ လယ်မြေဧက ၉၆ ဧကပေါ်တွင် ရိတ်သိမ်းနေသည့် လယ်ပိုင်ရှင် ၈ဦးကို လေ့ကျင့်ရေး (၆)က အမှုဖွင့် တိုင်ကြားခဲ့သည်။

လွန်ခဲ့သည့် ၁၆နှစ်ခန့်က ပုသိမ်မြို့၊ လေ့ကျင့်ရေး(၆)၊ ပမ္မဝတီတပ်စခန်း (ဟိုင်းကြီး)နှင့် ခြေလျင်တပ် (၅၁)တို့က ဂဠုန်းမင်းကျေးရွာမှ လယ်မြေ ၁၉၃.၆၉ ဧကကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

“တစ်ရွာလုံးကို အမှုဖွင့်ထားခံရတယ်။ အခုလည်း ကိုယ်စိုက်ပျိုးတာ ပြန်ရိတ်လို့ ရဲစခန်းမှာ တိုင်ခံထားရတယ်။ ၂၈ ရက်နေ့ သာပေါင်မှာ သွားစစ်ခံရမယ်။ အလုပ်အကိုင်တွေလည်း ပျက်တယ်။ မတရားသိမ်းခံရတယ်။ အခုလည်း မတရားအမှုဖွင့်ခံထားရပြန်ပြီ”ဟု တောင်သူ ဦးကျော်အေးက ပြောသည်။

လယ်သမားများအား အမှတ်(၆)လေ့ကျင့်ရေးတပ်မှ ၅မှု၊ ပမ္မဝတီရေတပ်စခန်းမှ ၁မှုနှင့် ခြေလျင်တပ်(၅၁)မှ ၁မှုဖြင့် တရားစွဲဆိုထားသည်။

မဇ္ဈိမ

ဂီနီနိုင်ငံမှာ ထူးဆန်းတဲ့ ကူးစက်ရောဂါတမျိုးကြောင့် လူ ၅၉ ဦး သေဆုံး


အာဖရိကတိုက် အနောက်ပိုင်းက ဂီနီနိုင်ငံမှာ အနည်းဆုံးလူ ၅၉ ဦးသေဆုံးခဲ့ပြီဖြစ်တဲ့ ထူးဆန်းတဲ့ကူးစက်ရောဂါတမျိုးဟာ အီဘိုလာအဖျားပိုးကြောင့်ဖြစ်တယ်လို့ ဂီနီအစိုးရက မတ်လ ၂၂ ရက်နေ့က ပြောဆိုပါတယ်။

Giriဗိုင်းရပ်စ်ပိုးဟာ အိမ်နီးချင်း ဆီရာရာ လီယွင်နိုင်ငံကို ကူးစက်ပျံ့နှံ့လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လူအချင်းချင်းကူးစက်တဲ့ အီဘိုလာအဖျားရောဂါကို ကာကွယ်ကုသဆေး အခုအချိန်ထိမရှိသေးပဲ ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သေဆုံးကြရတယ်လို့ ဆိုပါတယ်။

ဂီနီနိုင်ငံရဲ့ မြို့တော်နဲ့ နိုင်ငံအရှေ့တောင်ပိုင်းက မြို့ ၃ မြို့မှာ မတ်လ ၉ ရက်နေ့ကတည်းက စတင်ပျံ့နှံ့ဖြစ်ပွားနေတာဖြစ်ပြီး အရင်က ဂီနီနိုင်ငံမှာ ဖြစ်ပွားခဲ့ဖူးခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဂီနီနိုင်ငံနဲ့ ထိစပ်နေတဲ့ ဆီရာရာ လီယွင်နယ်စပ်မှာလည်း အီဘိုလာအဖျားလက္ခဏာတွေဖြစ်တဲ့ အဖျားတက်တာ၊ ၀မ်းလျောတာ၊ အော့အန်တာတွေလည်း ဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အာဏာပိုင်တွေက ပြောဆိုပါတယ်။

အီဘိုလာအဖျားရောဂါနဲ့ ပတ်သက်မှုရှိမရှိ ဆီရာရာ လီယွင်ကျန်းမားရေးဝန်ထမ်းတွေ ရောဂါဖြစ်ပွားတဲ့ နေရာတွေကို သွားရောက်စစ်ဆေးနေပါတယ်။ အီဘိုလားအဖျားရောဂါဟာ လူကနေ လူကို ကူးစက်မြန်တဲ့ရောဂါဖြစ်ပြီး ကွန်ဂိုနိုင်ငံ၊ ယူဂန်ဒါနိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံတွေမှာ အဖြစ်များတာလည်း ဖြစ်ပါတယ်။


DVB Burmese