မိုးမမှန်သဖြင့် ပုဂံ မြေပဲတောင်သူများ အရှုံးပေါ်


မြေပဲစိုက် တောင်သူတဦး
မိုးမမှန်လို့ မြေပဲ အထွက်နှုန်း ပုံမှန်အနေအထားအောက်လျော့ခဲ့တဲ့ အတွက် ဒီနှစ်မှာ အရှုံး ပေါ်နိုင်တယ်လို့ ပုဂံ အနီးတ၀ိုက်က တောင်သူတွေက ပြောပါတယ်။

ပုဂံအနီးနားက တွင်းသင်း၊ ဇီးအိုရွာတွေမှာ မိုးလေ၀သ မမှန်တာကြောင့် ရိတ်သိမ်းချိန်မှာ မြေပဲအထွက်နှုန်း လျော့ခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

အရင်နှစ်က ၁ တင်းကို ၈ ထောင်ဈေးပေါက်ခဲ့ပေမယ့် အခုချိန်မှာတော့ ၇ ထောင်သာ ပေါက်နေအတွက် အခက်အခဲ ဖြစ်ရသလို ဒီနှစ်မှာတော့ အရင်းကို ကာမိအောင် မနည်းလုပ်ဆောင်ရမယ်လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

“ဒီနှစ်က သိပ်မထွက်ဘူး။ မိုးမကောင်းဘူး။ မိုးလယ်က မကောင်းဘူး။ သူက အသီးအနှံတွေ ပွင့်တဲ့အချိန် မိုးမရရင် ဒီအညှောင့်တွေက မအောင်ဘူး။ အဲဒါကြောင့် မြေပဲတွေက အကုန်တာ။ မြေပဲဆန်သက်သက် ၀ယ်ရင် ၁ တင်းကို သုံးသောင်းကျော်လောက် ကျတယ်။ တော်တော်ကျတယ်။ ကိုယ့်လှည်းပိုင်၊ နွားပိုင်မရှိရင် ငှားရသေးတယ်။ စိုက်တဲ့သူတွေကို ငှားရသေးတာနဲ့ မကိုက်ဘူး။”

မိသားစုအပြင် တခြား အလုပ်သမားတချို့ကို ဌားရလို့ အရင်းက ကြီးမြင့် သလို မိုးမမှန်တဲ့အတွက် မြေပဲဥရာမှာ အစေ့အနေအထားက ပုံမှန်မဟုတ်တဲ့အတွက် ရောင်းချရင် ဈေးကောင်းမရနိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိ မြေပဲဆန် ပေါက်ဈေးက တပိဿာကို ၁၄၀၀ ရှိနေပြီး ရွာအထိ လာရောက်ဝယ်ယူသူတွေ ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။

ဒီအနီးနားက ရွာတွေမှာ မြေပဲ၊ နှမ်းတို့ကို အဓိက စိုက်ပျိုးကြသလို အနီးနားလူတွေက နေ့စားလိုက်တာ၊ ထန်းတက်တဲ့ အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြရတာလည်း ဖြစ်ပါတယ်။
DVB Burmese

X box 360 ဂိမ်းစက်က လေဖြတ်သူများ ကုရာတွင် အထောက်အကူဖြစ်စေ


တရုတ်မှလေ့လာမှုတစ်ခုအရ လေဖြတ်ထားသော ဝေဒနာရှင်များတွင် Kinect games  များကဲ့သို့  လှုပ်လှုပ်ရှားရှားလုပ်ရသည့် ကွန်ပျူတာဂိမ်းများက ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း သိရသည်။ ယင်းလေ့လာမှုအား Sun Yat Sen University  လက်အောက်ခံ First Affiliated Hospital    မှ လေ့လာသူများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းလေ့လာမှုတွင် Xbox 360  အား အသုံးပြု၍ လေဖြတ်ခြင်းကြောင့် ကိုယ်လက်လှုပ်ရှား မှုမမှန်မကန်ဖြစ်နေသည့်သူများကို ကစားစေခဲ့သည်။ ရလဒ်များအရ ကုသမှုပိုင်းတွင် အထောက်အကူ ဖြစ်စေရုံသာမက လေဖြန်းထားသောသူများတွင် လက်များ၏လှုပ်ရှားမှုကို သိသိသာသာပိုကောင်းလာစေပြီး  ဦးနှောက်က ခြေလက်လှုပ်ရှားမှုများကို မှန်မှန်ကန်ကန် မှတ်မိလာစေကြောင်း တွေ့ခဲ့ရသည်။ လေ့လာသူများက ယင်းစက်အား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်လှုပ်ရှားမှု မသန်စွမ်းဖြစ်နေသူများတွင် ကာယကုထုံးအနေဖြင့် သုံးသင့်ကြောင်း အကြံပြုခဲ့သည်။
အ၀င်း
ref:Netdoctor.co.uk
Health Updates Journal

သန်းခေါင်စာရင်းတွင် အမည်မှန် အသုံးပြုပေးရန် ခူမီးမျိုးနွယ်စုများ တောင်းဆို


ရန်ကုန်၊ ဇန်နဝါရီ ၂ဝ။

လာမည့် မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ခူမီး မျိုးနွယ်စုဝင်များ၏ အမည်မှန်ကို
အသုံးပြုပေးရန် ခူမီးချင်းမျိုးနွယ်စုဖိုရမ်၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်)တို့က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

သန်းခေါင်းစာရင်းတွင် အသုံးပြုမည့် ချင်းကုတ်အမှတ်(၄ဝ၅)၌ ပါရှိသည့် ‘ခမီး’ဟူသော အမည်သည်
အခြားသူများက ခေါ်ဝေါ်ခြင်းသာဖြစ်ပြီး ၎င်းတို့မျိုးနွယ်စု၏ အမည်မှန် မဟုတ်၍ လက်မခံနိုင်ကြောင်း
ယင်းကြေညာချက်တွင် ပါရှိသည်။

“သန်းခေါင်စာရင်းမှာ ချင်းလို့ ထည့်သည်ဖြစ်စေ မျိုးနွယ်စု နာမည်ဖြစ်စေ ထည့်လို့ရပါတယ်၊ အားလုံးက ချင်းတွေပါပဲ၊ ခူမီးမျိုးနွယ်စုနာမည်ကို မှားယွင်းမသုံးစွဲဖို့နဲ့ ချင်းမျိုးနွယ်စုအမည် ထည့်သွင်းကြသူ အားလုံးကိုလည်း ချင်းလူမျိုးစာရင်းမှာပဲ ထည့်သွင်းရေတွက်ပေးဖို့ တောင်းဆိုရတာပါ”ဟု ချင်း သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင် က ပြောကြားသည်။

ခူမီးတိုင်းရင်းသားတို့ ကိုယ်ပိုင်လက်ခံ သုံးစွဲလာသည့်အတိုင်း ၎င်းတို့၏ မျိုးနွယ်စုအမည်ကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတထံ ပြီးခဲ့သည့်နှစ်က တောင်းဆိုခဲ့သေးကြောင်း ပလက်ဝမြို့နယ် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်က ပြောကြားသည်။

“ပလက်ဝမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးကနေလည်း ခူမီးမျိုးနွယ်စု အမည်ကို
သတ်ပုံအမှန်ဖြစ်စေဖို့ ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု ဦးစနီအောင် က ပြောသည်။

ချင်းတိုင်းရင်းသားလူမျိုး (၅၃)မျိုးရှိသည့်အနက် ခူမီးမျိုးနွယ်စုဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်
အဓိက နေထိုင်ကြပြီး ပြည်တွင်း ပြည်ပအနှံ့ နေထိုင်သူ ခူမီးမျိုးနွယ်စုဝင်ပေါင်း ခုနစ်သောင်းခွဲခန့်ရှိကြောင်း သိရသည်။

ထက်နောင်နောင်
The Myanma Age

လူငယ်များ နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်ဟု ဒေါ်စုတိုက်တွန်း


ဥာဏ်လှိုင်လင်း| တနင်္လာနေ့၊ ဇန်နဝါရီ ၂၀ရက်၊ ၂၀၁၃ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ ဇန်နဝါရီ ၂၀ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လေ့လာရေးရောက်ရှိလာသည့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များကို နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်သည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နားချိန်တွင် တိုက်တွန်းပြောကြားလိုက်သည်။

“တာဝန်ယူတတ်မှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ လူငယ်တွေမှ တစ်ချိန်တစ်ခါမှာ တစ်ကယ့်နိုင်ငံရဲ့ တာဝန်ကို ထမ်းလို့ရအောင်လို့ လမ်းပွင့်လာမှာ”ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မကြာမီ NLD လူငယ် ညီလာခံ ကျင်းပရန်ရှိပြီး ယင်းသည် လူငယ်များ၏ အရည်အချင်းကို အကဲဖြတ်ရုံသာဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောဆိုခဲ့သည်။

“လူငယ်တွေမှာ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ စမ်းသပ်ဖို့၊ ရှိတဲ့ လူတွေပိုပြီးရှိအောင် မရှိတဲ့လူတွေကို လည်းရှိလာအောင် ကူညီနိုင်ဖို့ပဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။ NLD လူငယ်ညီလာခံကို မူလက ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း လူငယ်အဖွဲ့ဝင် အင်အားစာရင်း ကောက်ယူရာတွင် အခက်အခဲများရှိခဲ့သဖြင့် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် မတ်လအတွင်း ကျင်းပနိုင်ရန် စီစဉ်နေပြီး လက်ရှိတွင် တစ်မြို့နယ်လျှင် အင်အား ၅၀ခန့် စည်းရုံးရရှိရေး ဆောင်ရွက်နေသည်ဟု ဗဟိုလူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်ဦးက မဇ္ဈိမ ကိုပြောထားသည်။ ထို့ပြင် လာမည့် ဖေဖော်ဝါရီ ၁၂ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့၌ ရှမ်းအိုးစည်၊ ရှမ်းရိုးရာ အကပြိုင်ပွဲနှင့် ဖေဖော်ဝါရီ ၁၃ရက် ကလေးများနေ့တွင် စာစီစာကုံးပြိုင်ပွဲများကို ခရိုင်နှင့် မြို့နယ် အသီးသီးတွင် ကျင်းပနိုင်ရေး NLD လူငယ်ကော်မရှင်များ တာဝန်ယူဆောင်ရွက်ရန် ရှိသည်။
Mizzima Burmese

Katy Perry ထံကနေ အချစ်ရေးကိစ္စလမ်းညွှန်ချက်ကိုမျှော်လင့်နေတဲ့ Selena Gomez


Selena Gomez ဟာ Katy Perry ထံကနေ အချစ်ရေးကိစ္စတွေနဲ့ပါတ်သတ်ပြီး လမ်းညွှန်ချက်ကိုမျှော်လင့်နေပါတယ်။

သူမရဲ့တစ်နှစ်ကြာလက်တွဲဖေါ် Justin Bieber နဲ့ပြီးခဲ့တဲ့နှစ်က ပြတ်စဲပြီးတဲ့နောက် ဘာကြောင့်လူမြင်ကွင်းမှာ ယောက်က်ျားတွေ သူမရဲ့ဘ၀နေထိုင်မှုနဲ့အဆင်ပြေနိုင်ဖို့ ရုန်းကန်နေရသလဲဆိုတာ ကိုနားလည်နိုင်ဖို့ လက်တလော John Mayer နဲ့တွဲနေတဲ့ ၂၉ နှစ်အရွယ် Katy Perry ကကူညီအဖြေရှာပေးဖို့ တောင့်တနေတာဖြစ်ပါတယ်။

“စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတွေကြောင့် ယုံကြည်မှုလျော့နည်းရတဲ့ယောက်က်ျားလေးတွေအကြောင်း ကျွန်မသူမကိုတကယ်ပဲပြောပြခဲ့ပါတယ်။ ကျွန်မ ဘ၀နေထိုင်မှုပုံစံကို နားလည်၊ အားပေး၊ ချစ်မြတ်နိုးနိုင်ပြီး အဲဒီ့နေထိုင်မှုဟန်ကြောင့် အနှောင့်အယှက်မဖြစ်တဲ့ လူတစ်ယောက်မှမတွေ့ဖူးသေးပါဘူး” လို့ Seventeen မဂ္ဂဇင်းကိုပြောပါတယ်။

အခုအချိန်မှာတော့ အသက် ၂၀ အရွယ်အဆိုတော် Selena ဟာ Justin Bieber နဲ့ဒီလအစောပိုင်းက ပြန်ပေါင်းထုတ်ခဲ့ပြီး ပြီးခဲ့တဲ့ အပါတ်က California ပြည်နယ်၊ Calabasas က Justin Bieber ရဲ့နေအိမ်ကိုရဲတွေဝင်ရောက်ရှာဖွေတာခဲ့ရတာကြောင့် သူတို့ရဲ့အချစ်ဇာတ်လမ်းအတည်တကျမဖြစ်ခင်မှာ သူမက Justin Bieber ကို ဒေါသထိန်းချုပ်ရေးသင်တန်းတွေတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“သူတို့နှစ်ယောက်ပြန်တွဲမယ်ဆိုရင် သူ့ရဲ့နေပုံထိုင်ပုံတွေကိုပြုပြင်ဖို့ သူမက Justin ကိုပြောပါတယ်” လို့ အတွင်းသိတစ်ယောက်ကပြောပါတယ်။

Ref:starpulse
Trend Myanmar

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေ


မကွေးတိုင်း ပေါက်မြို့နယ်ရှိ သဲချောင်းများတွင် ရေဖြန်း လမ်းပြင်ပေးရင်း စားဝတ်နေရေး ဖြေရှင်းနေသည့် ဒေသခံတချို့ကို ပြီးခဲ့သည့် ၂၀၁၃ သင်္ကြန် ကာလအတွင်း တွေ့ရစဉ်(ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)

မြန်မာနိုင်ငံ အထက်ပိုင်း အပူပိုင်းဇုန် သတ်မှတ် ဧရိယာအတွင်း ပါဝင်သည့် မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ အိမ်ထောင်စု တချို့သည် လွန်စွာ ဆင်းရဲနွမ်းပါးသည့် လူနေမှု ဘ၀တွင် ရှိနေပြီး စားနပ်ရိက္ခာ မလုံလောက်မှုနှင့်လည်း ကြုံတွေ့နေရကြောင်း သုတေသန စစ်တမ်း တခုအရ သိရသည်။

မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသ ၁၆ ခုရှိ အိမ်ထောင်စု ၂၆ ဒသမ ၁ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်နေပြီး  ၁၈ ဒသမ ၅ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP)၊ ကလေး သူငယ် စောင့်ရှောက်ရေးအဖွဲ့ (Save the Children)၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းလေ့လာသည့် စစ်တမ်း၌ ဖော်ပြထားသည်။

စစ်တမ်း လေ့လာမှုများအား ၂၀၁၃ ခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း အပူပိုင်းဇုန် ဒေသများတွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မကွေး၊ မင်းဘူး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ညောင်ဦး၊ နတ်မောက် ကဲ့သို့သော ဒေသ ၁၆ ခုမှ အိမ်ထောင်စုပေါင်း ၂ ထောင်ကျော်ကို ပထမ ဦးစားပေးအဖြစ် ထည့်သွင်း လေ့လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသ စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆင်းရဲနွမ်းပါးမှု အခြေအနေတို့ကို သိရှိနိုင်ရန် ပညာရှင်များက လေ့လာ ဆန်းစစ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အဖွဲ့များက ဆိုသည်။

“အဓိက ကတော့ ဒီဒေသတွေမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေမှာ စားနပ်ရိက္ခာ ဖူလုံမှု အခြေအနေနဲ့ အာဟာရ ဖွံ့ဖြိုးမှုတွေကို လေ့ လာ ခဲ့တာပါ။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကိုတော့ မလေ့လာခဲ့ဘူး။ ဇုန်တွေ ခွဲခြား သတ်မှတ်ပြီး လေ့လာမှုတွေ လုပ်ခဲ့တာကြောင့် ဒေသတွေရဲ့ ပထဝီ အနေအထားအရ တွေ့ရှိချက်တွေက တနေရာနဲ့ တနေရာ တူချင်မှ တူပါလိမ့်မယ်”ဟု ယင်းစစ်တမ်းကို ကောက်ယူခဲ့သည့် WFP ဝန်ထမ်းတဦးဖြစ်သူ Mr.Nicolas Guilltut က ရှင်းပြသည်။

လေ့လာမှုများ ပြုရာတွင် ပထဝီ အနေအထားအရ ကုန်းမြင့်၊ တောင်ကုန်း၊ တောင်တန်း၊ မြေပြန့်ဒေသများဟူ၍ ခွဲခြားခြင်း၊ ဒေသ၏ မိုးရွာသွန်းမှု မိုးရေချိန် အနည်းအများအပေါ် မူတည်ခြင်းတို့ကြောင့် အဆိုပါ ဒေသများသည် ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်လာရခြင်းများ မတူညီရခြင်း ဖြစ်သည်ဟုလည်း သူက ဆိုသည်။

စစ်တမ်း ကောက်ယူခဲ့သည့် လေ့လာတွေ့ရှိချက်များအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မှ ဦးစားပေး အဆင့်များ ခွဲခြားကာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်မိုးလှိုင်က“နိုင်ငံတော်က မြစိမ်းရောင် စီမံကိန်းဆိုတာ ချမှတ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် နေတာတွေ ရှိပါတယ်။ အခု ထွက်လာတဲ့ လေ့လာမှု စစ်တမ်းတွေပေါ် မူတည်ပြီး ဘယ်ဒေသက ဘယ်ကျေးရွာတွေမှာ အကူအညီတွေ အရင်ဆုံးပေးသင့်လဲဆိုတာ စီစဉ်မှုတွေပြုလုပ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။

ဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ၊ United Nation Population Fund(UNFPA)နှင့် International Fund for Agricultural Development(IFAD)စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လမ်းများ ဖောက်လုပ်ခြင်း၊ ရေရရှိရေး စီမံကိန်းများ ဆောင်ရွက်ခြင်း၊ အိမ်ရာများ ဆောက်လုပ်ခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်းများကို ဆောင် ရွက်ပေးလျက် ရှိကြောင်း သူက ဆက်လက်၍ ပြောသည်။

ယခု လေ့လာတွေ့ရှိသော စစ်တမ်းများအရ အပူပိုင်းဇုန်ဒေသ၏ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာ မဖူလုံမှုနှင့် အာဟာရ ချို့တဲ့မှု အခြေ အနေများသည် ဒေသတခုစီ၏ ပထဝီ အနေအထားအရ လေ့လာမှု ပြုလုပ်ထား ခြင်းကြောင့် နိုင်ငံတကာ စံနှုန်းနှင့် နှိုင်းယှဉ်သတ်မှတ် ထုတ်ပြန်၍ မရကြောင်းလည်း Mr.Nicolas Guilltut က ပြောဆိုသည်။

သူက“ဒီအချက်အလက်တွေကို နိုင်ငံတကာ စံနှုန်းနဲ့ ပြောပါဆိုရင် ခက်ခဲပါတယ်။ ဥပမာ စားနပ်ရိက္ခာ ရရှိတဲ့ ပုံစံ၊ ခွဲဝေ အသုံးချနိုင် မှုတွေက ဒေသအပေါ်လိုက်ပြီး ကွာခြားနေတာတွေ ရှိပါတယ်။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ပြောရင်တော့ ထိုင်း၊ ဗီယက်နမ်လို နိုင်ငံ ထက်တော့ နိမ့်နိုင်ပါတယ်”ဟု Mr.Nicolas Guilltut က ဆိုသည်။

ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်တမ်း ကောက် ယူ လေ့လာမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.Nicolas Guilltut က ဆက်ပြောသည်။

ထိုကဲ့သို့ အပူပိုင်းဇုန် ဒေသ၏ စားနပ်ရိက္ခာ ဖူလုံမှု၊ ဆင်းရဲ နွမ်းပါးမှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများကို စစ်တမ်း ကောက်ယူ လေ့လာမှုများ ပြုခြင်းအပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီး စသည့် မြစ်ဝကျွန်းပေါ် ဒေသများတွင်လည်း ၂၀၁၃ ခုနှစ် နှစ် ကုန်ပိုင်းက လေ့လာခဲ့သေးကြောင်း သိရသည်။
Irrawaddy ဧရာဝတီ သတင်း

လေဖြတ်ခြင်းနှင့် သိမှတ်ဖွယ်ရာများ


No. 101
လေဖြတ်ခြင်း သို့မဟုတ် stroke ဟာ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးစီးဆင်းမှုပိတ်ဆို့ခြင်း (သို့မဟုတ်) သွေးကြောပေါက်ခြင်းကြောင့် ဦးနှောက်လုပ်ငန်းစဉ် ရုတ်တရက်ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ဦးနှောက်က သွေးလွှတ်ကြောပေါက်ခြင်း၊ သွေးခဲပိတ်ဆို့ ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ နှလုံးရောဂါပြီးရင် ဒုတိယအဖြစ်အများဆုံး အသက်ဆုံးရှုံးစေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။
၁။ Ischaemic Stroke  – ဒီလေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခုကိုသွားတဲ့ သွေးစီးဆင်းမှုပျက်စီးပြီး အဲဒီအစိတ်အပိုင်း ရဲ့တစ်ရှူးပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။ သွေးခဲပိတ်ဆို့ရခြင်းဟာ နဂိုထဲကရှိပြီးတဲ့သွေးခဲ thrombus   ကသွေးကြောပိတ်ဆို့ခြင်း၊ သွေးကြောတစ်နေရာမှ ရွေ့လာသော သွေးခဲ embolus  ပိတ်ဆို့ခြင်း၊ shock  တစ်ခုခုကြောင့် သွေးစီးဆင်းမှုနည်းပါးသွားခြင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
၂။ Haemorrhagic Stroke  – ဦးနှောက်က သွေးကြောတစ်ခုခုပေါက်ပြီး ဦးနှောက်နဲ့ ဦးခေါင်းခွံကြားမှာ သွေးထွက်ခြင်း(Subarachroid Haemorrhage) သို့မဟုတ် ဦးနှောက်တွင်းမှာ သွေးထွက်ခြင်း (cerebral haemorrhage)  တွေကြောင့် ဖြစ်ရတာပါ။

သတိပေးလက္ခဏာများ
-     ခြေ၊ လက်၊ မျက်နှာများ အထူးသဖြင့် တစ်ဖက်တည်းတွင် ထုံလာခြင်း၊ အားနည်းလာခြင်း၊
-     မျက်နှာ၊ ဦးခေါင်း ငိုက်ငိုက်ကျလာခြင်း၊
-     နားလည်နိုင်စွမ်း လျော့ကျလာခြင်း၊ တွေဝေခြင်း
-     စကားပြောရာတွင် ခက်ခဲလာခြင်း
-     အမြင်အာရုံတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးေ၀၀ါးလာခြင်း
-     ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေလာခြင်း၊
-     ဟန်ချက်ထိန်းနိုင်မှုလျော့ကျခြင်းစတဲ့ ရောဂါလက္ခဏာတွေကို သတိပြု စောင့်ကြည့်ပေးသင့်ပါတယ်
ငြိမ်းအေး
Ref: PTI
Health Updates Journal

ဂျပန်လေကြောင်းလိုင်းမှ စီးပွားရေးကြော်ငြာကြောင့် တောင်းပန်ခဲ့ရ


ဇန်နဝါရီ ၂၀။

ဂျပန်ခရီးသည်တင်ယာဉ်လိုင်း All Nippon Airways (ANA) မှ တနင်္လာနေ့တွင် လူမျိုးရေး ခွဲခြားမှုဆန်သော တီဗွီကြော်ငြာကြောင့် တိုင်တန်းခဲ့ကြသည့် ခရီးသည် တစ်ဦးချင်းစီအား တောင်းပန်ကြောင်း ကြေငြာခဲ့သည်။ တိုကျိုရှိ ဟာနဲဒါးလေဆိပ်မှ နိုင်ငံတကာ လေကြောင်းလိုင်းများ၏ မတ်လအတွင်း အချိန်ဇယားများ အကြောင်းကို အာပေးမြှင့်တင်ရန် ရည်ရွယ်သည့် စက္ကန့်သုံးဆယ်ကြာ တယ်လီဗေးရှင်းကြော်ငြာအား ANAလေကြောင်းလိုင်းမှ စနေနေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။

ကြော်ငြာအတွင်း ANA လေကြောင်းလိုင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးမှ ၎င်းတို့ နိုင်ငံတကာ လေကြောင်းလိုင်း အနေဖြင့် ပုံရိပ်မြှင့်တင်ရန် အကြောင်းကို အင်္ဂလိပ်လို ပြောဆိုဆွေးနွေးနေကြသည်။ တစ်ဦးက “ဂျပန်လူမျိုးတွေရဲ့ ပုံရိပ်ကို ပြောင်းလဲကြစို့”ဟု ပြောကြားချိန်တွင် ရွှေရောင်ဆံပင်အတု နှင့် မဖြစ်နိုင်လောက်အောင် ရှည်လျားသည့် ရာဘာနှာခေါင်းရှည် အတုကို တပ်ဆင်ပြောင်းလဲထားသည့် ကျန်တစ်ဦးမှ “အေး”ဟု ပြန်ပြောခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် အနောက်နိုင်ငံသား လူဖြူအများစုမှာ နှာခေါင်းကြီးကြီး၊ မျက်လုံးပြာပြာနှင့် ရွှေရောင်ဆံပင်များ ရှိကြသည်ဟု ဂျပန်လူမျိုးအများစုမှ ယုံကြည်ကြသည်။ ၎င်းကြော်ငြာသည် ဂျပန်ရှိ  ဆိုရှယ်မီဒီယာများကို အင်္ဂလိပ်ဘာသာဖြင့် သုံးစွဲသူများအကြားတွင် ဂယက်ရိုက်ခဲ့သည်။

ANA မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးမှ “ ကြော်ငြာကြောင့် ခရီးသည်များထံမှ တိုင်ကြားချက်များ ရရှိခဲ့ကြောင်း၊ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၎င်းတို့လေကြောင်းလိုင်းမှ ကြော်ငြာကြောင့် မသက်မသာ ခံစားခဲ့ရတဲ့ ခရီးသည်တစ်ဦးချင်းစီကို တောင်းပန်ပါကြောင်းနှင့် ယခုလို ကိစ္စကို ဖော်ထုတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း” AFP သို့ ပြောကြားသွားသည်။

“’ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြော်ငြာဌာနအကြီးအကဲကို အကြောင်းကြားပြီးပါပြီ။ ဒါပေမဲ့ ဒီကြော်ငြာကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မတို့ မဆုံးဖြတ်ရသေးပါဘူး” ဟုလည်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ပြောင်းရွှေ့နိုင်ငံသားများနှင့် နှိုင်းစာလျှင် ကြီးမားသည့် လူမျိုးစု လွှမ်းမိုးမှုရှိသည့် နိုင်ငံဖြစ်သည်။

REF: AFP
The Myanma Age

အိုင်စီတီနှင့် သက်ဆိုင်သည့် လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုနှင့် Telenor ပူးပေါင်းလုပ်ကိုင်မည်


အတွဲ (၁၅)၊ အမှတ် (၄)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor က ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများကို အိန္ဒိယနိုင်ငံ၏ Wipro Limited နှင့် ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းရပ်များအတွက် အကြံပေးလုပ်ငန်းနှင့် Outsourcing လုပ်ငန်းများကိုလုပ်ကိုင်သည့် Wipro ကုမ္ပဏီနှင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်းက နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာကို ရေးထိုးထားခဲ့ခြင်းဖြစ်ကြောင်း Telenor ၏ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောကြားသည်။

ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် မကြာမီလပိုင်းအတွင်း လုပ်ငန်းများ စတင်လည်ပတ်တော့မည့် Telenor ကုမ္ပဏီနှင့် Wipro ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများမှာ အဆင့်မြင့် တယ်လီဖုန်းကွန်ရက်များကို တည်ဆာက်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။ Telenor အနေဖြင့် ၎င်းတို့ လုပ်ငန်းစတင်လည်ပတ်မည့် အချိန်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ Wipro အပါအဝင် အခြားသော နည်းပညာကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

“မိုဘိုင်းကွန်ရက် တည်ဆောက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မြန်မာကုမ္ပဏီအချို့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို၊ Wipro လိုနိုင်ငံခြား နည်းပညာကုမ္ပဏီတွေနဲ့လည်း အိုင်တီပိုင်းကဏ္ဍတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့လိုပဲ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပိုပြီးတိုးတက်ကောင်းမွန်လာဖို့နဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကိုလည်း ပိုပြီးတိုးချဲ့လိုခြင်းပဲ ဖြစ်ပါတယ်” ဟု Telenor ၏ မြန်မာပြည်ဆိုင်ရာ ရုံးချုပ်မှ အမှုဆောင်အရာရှိချုပ်က ပြောသည်။

မကြာမီအချိန်အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည့် Telenor သည် Wipro Limited အပြင် တရုတ်နိုင်ငံရှိ Huawei Co.,Ltd နှင့်  Erisson မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့်လည်း နည်းပညာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ပြီး လုပ်ငန်းစသည်နှင့် အဆိုပါ ပူးတွဲကုမ္ပဏီများနှင့် စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယုဇနကိုကို
Internet Journal

Pattern Lock မေ့နေသူများအတွက် Factory Reset မချဘဲ Pattern Lock ဖြုတ်နည်း


About The Author- မိုဘိုင်းဖုန်းအသုံးပြုသူများနဲ့ ဆော့ဝဲဆားဗစ်လုပ်ကိုင်နေသူများ အစဉ်ပြေစေဖို့ အလို့ ငှာ ယခု ပို့စ်ကိုရေးသားထားသူ ကိုစိုးဝင်းမှ Pattern Lock Remove Post ကို Myanmar Mobiel Application Store တွင်တင်လိုက်သည်။
ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် Pattern Lock ကျနေသောဖုန်းသည် Root လုပ်ထားသောဖုန်းဖြစ်ရမည် ။ USB Debugging On ထားခဲ့သောဖုန်းဖြစ်ရမည်။
အဲဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ အောက်ကအဆင့်တွေဆက်လုပ်ကြရအောင်။

အရင်ဆုံး ဒါလေး အရင်ဒေါင်းပါ – Download Here

ဒေါင်းပြီးရင်တော့ သင့်တော်ရာနေရာမှာ ဖြည်ထုတ်ပါ .

ဖြည်ထုတ်လို့ ပြီးတဲ့ Folder ထဲဝင်ပြီး လွတ်တဲ့တစ်နေရာရာမှာ SHIFT + RIGHT-CLICK နှိပ်ပြီး ၊ Open Command Window Here ဆိုတဲ့စာသားကို ရွေးပြီး Click လိုက်ပါ

Command Window တက်လာပါလိမ့်မယ် .

နောက်တစ်ဆင့်တက်မယ် .

Pattern Lock ကျနေတဲ့ ဖုန်းကို ပါဝါဖွင့်လျက်ထားပြီး ကွန်ပျုတာနဲ့ ချိတ်ဆက်လိုက်ပါ .

အောက်မှာပေးထားတဲ့ command တွေကို copy ကူးပြီး Command Window ထဲမှာ Paste လုပ်ပါ . ပြီးရင် Enter ခေါက်ပေးပါ

adb shell
cd /data/data/com.android.providers.settings/databases
sqlite3 settings.db
update system set value=0 where name=’lock_pattern_autolock’;
update system set value=0 where name=’lockscreen.lockedoutpermanently’;
.quit

အဲဒါပြီးရင်တော့ စက်ကို Reboot လုပ်လိုက်ပါ .

စက်ပြန်တက်လာအောင်စောင့်ပေးပါ . တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ Pattern Lock က မပြုတ်ပဲ ကျန်နေပါလိမ့်ဦးမယ် . အဲဒီအတွက် နောက်ထပ် Command တစ်ကြောင်းထပ်ရိုက်ပေးရပါဦးမယ်

အောက်မှာပေးထားတဲ့ စာကြောင်း ရိုက်ပြီးသွားရင်တော့ စက်ကို reboot လုပ်စရာမလိုတော့ပါ .
adb shell rm /data/system/gesture.key


သင့် ဖုန်းရဲ့ Pattern Lock ကို စိတ်ထင်သလို ဆွဲကြည့်ပါ ။ Pattern Lock ပြုတ်သွားပြီကိုတွေ့ရပါမယ်။

Lamin Maung
ပို့စ်ရေးသားသူ- ကိုစိုးဝင်း (Mobile Star)

ဆေးခြောက်၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ


No. 101
(၁) နာတာရှည်နာကျင်ကိုက်ခဲဝေဒနာ
အသုံးပြုနေကျ အကိုက်အခဲဆေးများနှင့် မသက်သာတော့သော လူနာများအတွက် ဆေးခြောက်နှင့် ကုသပေးနိုင်သည်။Multiple Sclerosis ရောဂါ၊ ကင်ဆာ ရောဂါတို့ကဲ့သို့ နာကျင်မှုအလွန်ပြင်းထန်သော ဝေဒနာများကို ဆေးခြောက်ဖြင့် သက်သာစေနိုင်သည်။
(၂) ခံတွင်းပျက်ခြင်း
ရံဖန်ရံခါ ခံတွင်းပျက်ခြင်းမဟုတ်ဘဲ ကင်ဆာရောဂါ၊ AIDS  ရောဂါ၊ cystic fibrosis  ရောဂါများကြောင့် ဘ၀အရည်အသွေး ကျဆင်းရလောက်အောင် ခံတွင်းပျက်ပါက ဆေးခြောက်ဖြင့်  အစာစားချင်စိတ်လှုံ့ဆော်နိုင်သည်။
(၃) ဓာတုကုထုံး ဆေးဒဏ်များ
ကင်ဆာရောဂါအတွက် ဓာတုကုထုံး (chemothe-rapy)  ခံယူခြင်းကြောင့် မူးဝေခြင်း၊ အန်ခြင်းတို့ကို သက်သာစေသည်။ သို့သော် ဆေးခြောက်ကြောင့် အိပ်ငိုက်ခြင်း စိတ်အခြေအနေပြောင်းခြင်းတို့ ဖြစ်စေတတ်သည်။
(၄) သူငယ်ပြန်မေ့လျော့ဝေဒနာ
သူငယ်ပြန်မေ့လျော့ဝေဒနာ (dementia)ာကြောင့် ကိုယ်အလေးချိန်တက်လာခြင်း၊ အပြုအမူ မမှန်ခြင်းများကို သက်သာစေသည်။
(၅) အတက်ရောဂါ
အတက်ရောဂါထိန်းဆေးများနှင့် ဆေးခြောက်ကို တွဲသောက်ပါက အတက်ရောဂါ ထကြွနှုန်း  လျော့နည်းစေသည်။
(၆) ရေတိမ်
ရေတိမ် (glaueoma)ကြောင့် မျက်စိအာရုံကြောပျက်စီးပြီး အမြင်အာရုံဆုံးရှုံးခြင်း မဖြစ်စေရန် ဆေးခြောက်ဖြင့်  ကာကွယ်နိုင်သည်။
(၇) ကင်ဆာရောဂါ
ဆေးခြောက်တွင်ပါဝင်သည့် အဓိကအစိတ်အပိုင်း ဖြစ်သော canabinoid  သည် ကင်ဆာရောဂါ ပြန့်ပွားနှုန်း ထိန်းချုပ်နိုင်ပြီး ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
(၈) အယ်လ်ဇိုင်းမားရောဂါ
ဆေးခြောက်တွင်ပါဝင်သည့် ဆေးဖက်ဝင်ပစ္စည်းများသည် ဦးနှောက်တွင်း အနည်ကျသည့် ဖြစ်စဉ်များကို ဟန့်တားပေးနိုင်သောကြောင့် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသနများစွာက တွေ့ရှိထားသည်။
(၉) ဓမ္မတာကိုက်ခဲမှုများ
ဓမ္မတာသွေးပေါ်ခြင်းကြောင့် ၀မ်းဗိုက်နာကျင်ကိုက်ခဲခြင်းကို ဆေးခြောက်အသုံးပြုခြင်းဖြင့် သက်သာစေသည်။ အင်္ဂလန်၏ ၀ိတိုရိယဘုရင်မကြီးသည် ဓမ္မတာမလာခင် နာကျင်ကိုက်ခဲမှုများ သက်သာစေရန် ဆေးခြောက်အသုံးပြုခဲ့သည်။
ဆေးခြောက်သည် အစွမ်းထက် အာနိသင်များရှိသော်လည်း ခန္ဓာကိုယ်ဇီဝကမ္မစနစ်များကို ဆိုးကျိုး သက်ရောက်စေသည်။ သွေးမတိတ် ရောဂါရှိသူများ၊ သွေးကျဲဆေး သောက်နေရသူများတွင် သွေးထွက်လွန်ဝေဒနာများ ဖြစ်ပေါ်စေတတ်သည်။ သွေးချိုပမာဏ မြင့်တက်စေသည်။ သွေးပေါင်ကျသူများ၊ သွေးပေါင် ထိန်းဆေး သောက်နေရသူများတွင် သွေးပေါင်ကျဆင်းတတ်သည်။ အသည်းလုပ်ငန်းများ ကျဆင်းစေသည်။ ခုခံအားကျဆင်းစေသည်။ အန္တရာယ်အရှိဆုံး ဆိုးကျိုးမှာ ဆေးခြောက်စွဲခြင်းဖြစ်သည်။ ဆေးခြောက်ကို မည်သည့် ရောဂါဝေဒနာအတွက် အသုံးပြုသည်ဖြစ်စေမစွဲစေရန် သတိထားသင့်သည်။ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးစီးဆင်းမှုနည်းခြင်း ဖြစ်စေသည့်အတွက် နှလုံးရောဂါ တစ်မျိုးမျိုးရှိသူများတွင် အသုံးပြုရန် မသင့်တော်ပါ။
အာရုံစိုက်ခြင်း၊ သင်ယူခြင်း၊ မှတ်သားခြင်း၊ အစီအစဉ်ဆွဲခြင်းစသည့်စွမ်းရည်များကို အနှောင့်အယှက်ပေးသည့်အတွက် ဦးနှောက်မူမမှန်ခြင်းဖြစ်စေသည်။

ဇော်ကို
Ref: MayoClinic
Health Updates Journal

လက်များကို ပြန်လည်နုပျိုစေမည့် ကုထုံးများ


No. 101
မက်ဒေါနားရဲ့ ရုပ်သွင်က ထာဝရငယ်ရွယ်ချင် ငယ်ရွယ်နေပါမယ်။ ဒါပေမဲ့ သူမရဲ့လက်တွေကတော့ သူမကို သစ္စာဖောက်ပြီး သူမအသက် ၅၀ကျော်ဆိုတာကို ပြသနေပါတယ်။ လက်တွေမှာ ပြသနေတဲ့ကြီးမားလှတဲ့သွေးပြန်ကြောတွေ၊ အရေးအကြောင်းတွေ၊ အစက်အပျောက်တွေက သင့်ရဲ့ပြင်ဆင်ထားတဲ့ အလှအပတွေကို သစ္စာဖောက်မယ့်အနီးကပ်ရန်သူပါပဲ။ ကဲအချိန်တွေကို နောက်ပြန်ဆွဲပြီး လက်တွေကို နုပျိုအောင် ဖန်တီးလိုက်ကြရအောင်။
(၁)လွယ်ကူတဲ့နည်းလမ်းကို ပထမ ဆုံးအသုံးပြုပါ။  Moisturiser   ကောင်းကောင်းက သင်အသက်ကြီးလာတဲ့အခါ အသားအရေခြောက်သွေ့မှုအတွက် အဓိကအဖော်မွန်ပါပဲ။ နေရောင်ခြည်နဲ့ကြာရှည်ထိတွေ့ လာရမှုတွေ၊ ဓာတုပစ္စည်းတွေက လက်ရဲ့ရေဓာတ်ကို ဆုံးရှုံးစေပြီး အသားအရေခြောက်သွေ့ကြမ်းတမ်းမှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းတွေမှာ glycerine, petroleum jelly, landinာ နဲ့ mineral oil  ပါတာတွေကို သုံးခြင်းအားဖြင့် ရေဓာတ်ဆုံးရှုံးမှုကို သက်သာစေရုံသာမက လက်ရဲ့အသားအရည်ကိုလည်း ချောမွေ့နူးညံ့စေပါသည်။
(၂)လေဆာကုထုံးကလည်း အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမည်းစက်တွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသက်အရွယ် ကြီးလာတဲ့ အချိန်မှာ အရေပြားအောက်က အဆီအချို့ကို  ပျော်သွားစေပြီး လက်တွေကို ပိန်သွားစေပါတယ်။ မပူပါနဲ့ အခုအခါ အဲဒီပျောက်ကွယ်သွားတဲ့ အဆီနေရာမှာ အစားထိုးတွေ ထည့် ပြီး လက်ကလေးကို တင်းတင်း ရင်းရင်းနဲ့ ပြန်လှစေနိုင်ပါပြီ။
(၃)ကာဗွန်ဒိုင်အောက်ဆိုက်ဒ် (CO2) ကုထုံးကတော့ အရေပြားဆေးပညာအတွက် အောင်မြင်မှု တစ်ခုပါပဲ။ ရိုးရှင်းတယ်။ လွယ်ကူတယ်။ စိတ်ချရတယ်။ ကျန်းမာရေးအရလည်း အရေပြားကို အသစ် ပြန်လည်ဖြစ်ပေါ်စေပြီး ပြန်လည်ဖွဲ့ စည်းပေးကာ နုပျိုမှုကို ပြန်ရစေတယ်လို့ ထောက်ခံမှုရပြီးဖြစ်ပါတယ်။  ကုသပုံက တကယ်ပဲ လွယ်ကူပါတယ်။ CO2  ကို အရေပြားကို ထိုးသွင်းပေးရုံနဲ့ ခန္ဓာကိုယ်က  O2  ရရှိမှုနည်းနေပြီလို့ အာရုံခံစားရတဲ့ အတွက် သွေးလှည့်ပတ်မှုများစေပြီး အသားအရေအတွက် လိုအပ်တဲ့ O2  တွေ၊ အာဟာရတွေကို ထောက်ပံ့ ပေးကာ ဆဲလ်များပြန် လည်နုပျိုလာစေဖို့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
(၄) လက်အတွင်းသို့ ဖြည့်သွင်းပေး နိုင်တဲ့ ဓာတုပစ္စည်းတွေလည်း ရှိပါသေးတယ်။ Restylane Vital  လို့ ခေါ်တဲ့ဓာတုပစ္စည်းဖြစ်ပြီး ယင်းကို မျက်နှာ၊လည်ပင်းတို့မှာ အသုံးပြုလျက်ရှိပြီး အရေပြားအောက်ကို အနည်းငယ်ထိုးသွင်းပေးရုံနဲ့ သဘာဝအတိုင်းငယ်ရွယ်နုပျိုမှုကို ရရှိစေမှာဖြစ်ပါတယ်။ ကုသမှုကို ပထမဆုံးအကြိမ်မှာ  နှစ်ပတ်အတွင်း သုံးကြိမ်ခန့်သွင်းပေးရပြီး လက်တစ်ဖက်စီကို ၂၅ ကြိမ်ခန့် သွင်းပေးရလေသည်။
အပိန်လေး
ref:Netdoctor.co.uk
Health Updates Journal

ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်


အခုကြော်ထားတဲ့ မြိတ်ကတ်ကြေးကိုက်ကတော့ ဒေါ်ပုမြိတ်မြို့မှာ ၃ လလောက်နေခဲ့စဉ်က အမြဲဝယ်စားဖြစ်ခဲ့တဲ့ ဆိုင်က အတိုင်းကြော်ထားတာပါ။ မြိတ်ကတ်ကြေးကိုက်ကြော်ရန်အတွက် ပင်လယ်စာများကို ကြိုက်နှစ်သက်သလို ထည့်လို့ရပါတယ်။ ပုစွန်၊ ကင်းမွန် ၊ရေဘဝဲ၊ ရှပ်၊ဂုံး၊ကမာ စသည့် ကြိုက်နှစ်သက်သည့် ပင်လယ်စာများကို ရေစင်အောင် ဆေးထားပါ။ ပုစွန်ကို ရေဆေးကာ ခေါင်းများဖြုတ်ထားပါ။ ကင်းမွန်ကိုလဲ အညစ်အကြေးများဖယ်ထုတ်ပြစ်ပြီး သန့်စင်အောင်ဆေးကာ ကြိုက်နှစ်သက်သလို ပုံစံလေးများ လှီးထားပါ။ ပင်လယ်စာများအားလုံး ဆေးကြောသန့်စင်ပြီးလျှင် ဆားအနည်းငယ်ထည့်ကာ နှံ့အောင်နယ်ထားပါ။
ငရုတ်သီးအနှစ်လုပ်ရန်အတွက် ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ညက်အောင်ထောင်းကာ ရေနွေး ထမင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ကာ မပျစ်မကျဲ ဖျော်ထားပါ။ တချို့ က ငရုတ်သီးအကြမ်းဖတ်နဲ့လဲ ကြော်ကြပါတယ်။ ပဲတီပင်ပေါက်များကိုရေဆေးပြီး ဇကာနှင့်ရေပြန်စစ်ထားပါ။ ညှပ်ခေါက်ဆွဲဖတ်များကို ဆီထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပြီး လုံးထွေးပြီးကပ်မနေအောင် မွှထားပါ။

ကြက်သွန်နီကို ပါးပါးလှီးထားပါ။ အားလုံးကြော်ရန် အဆင်သင့်ဖြစ်ပြီဆိုလျှင် ဒယ်အိုးထဲတွင် ဆီအသင့်အတင့်ထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ ကြက်သွန်နီများ နွမ်းလာလျှင် ထောင်းထားသော ငရုတ်သီးအနှစ်ကိုထည့် ပြီးမွှေပေးပါ။ပြီးလျှင် ပင်လယ်စာများကိုထည့်ကာ မွှေပေးပါ။ ဆား၊ ပအုန်းရည် (သို့) ရှာလကာရည်နှင့် ပဲငံပြာရည်အကြည် အနည်းငယ်ဆီထည့်ကာ မွှေပေးပါ။ ပဲငံပြာရည် အပျစ်ကြိုက်လျှင်လည်း အနည်းငယ် ထည့်လို့ရပါတယ်။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ကြော်ချင်လျှင်လည်း ထည့်ကြော်လို့ရပါတယ်။

ပြီးနောက် ပင်လယ်စာများ ကျက်လောက်ပြီဆိုလျှင် ညှပ်ခေါက်ဆွဲဖတ်များကိုထည့်ကာ အထက်အောက် မွှေပေးပါ။ ရေဆေးပြီး စစ်ထားသော ပဲတီပင်ပေါက်ကို ညှပ်ခေါက်ဆွဲဖတ်များမထည့်ခင် ထည့်ပါက နွမ်းလွယ်၍ ညှပ်ခေါက်ဆွဲဖတ်များ ထည့်ပြီးမှ ပဲတီပင်ပေါက်များကို ထည့်ပေးပါ။ အားလုံးနှံ့ပြီဆိုလျှင် အပေါ့အငံမြည်းကြည့် ပြီး ပဲပြုတ်ထည့်ကာ အရသာကောင်းမွန်သော ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်လေး သုံးဆောင်လို့ရပါပြီရှင်။ ကြက်ဥကြော်နှင့် ကြက်သွန်မိတ် တို့လည်း ကြိုက်လျှင်ထည့်လို့ရပါတယ်။ ဒေါ်ပုကတော့ ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်ကြော်စားရင် ကြက်ဥကြော်ထည့်မစားပါဘူး။

အချဉ်အတွက်ကိုတော့ ပဲတီပင်ပေါက်နှင့် ငရုတ်သီးအကြမ်းဖတ်အနည်းငယ်ကို ပအုန်းရည် (သို့) ရှာလကာရည် မမြုတ်တမြုတ်ထည့်ကာ ဆားနှင့်သကြား အသင့်အတင့်ထည့်မွှေ၍ အနည်းဆုံး ၅ နာရီ လောက်ကြာအောင်
ကြို ပြီး စိမ်ထားပေးပါ။ ပဲတီပင်ပေါက်အချဉ်ကို ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်နှင့် တွဲဖက်စားသုံးပါက စားကောင်း၍ လိုက်ဖက်ပြီး အအီလဲပြေစေပါတယ်ရှင်။
ဒေါ်ပုလက်ရာ

မြောက်ဥက္ကလာ မြို့နယ်တရားရုံး မီးလောင်






Mizzima Burmese

TNLA နယ်မြေအတွင်း ဘိန်းခင်းဖျက်ဆီးမှု






Mizzima Burmese

မုံရွာမြို့တွင် မူးယစ်သောက်စားပြီး အုပ်စုဖွဲ့ရိုက်နှက်သူများ ဖမ်းဆီးအရေးယူ


မုံရွာ ဇန်နဝါရီ ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် အရက်သေစာ သောက်စား မူးယစ်ကာ အုပ်စုဖွဲ့ အကြောင်းမဲ့ ရမ်းကားပြီး လမ်းသွား လမ်းလာများအား တုတ်ဖြင့် လိုက်လံ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ ည(၁ဝ)နာရီ(၅ဝ)မိနစ်ချိန်ခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ် ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် ကွေ့ကြီး ရပ်ကွက်နေ သီဟ(ဘ)ဦးရွှေရ၊ သန်းအောင်(ဘ) ဦးကျော်သူအောင်၊ ဖိုးဇော်(ခ)ဇော်ဇော်ဦး(ဘ)ဦးသန်းထီ၊ ပေါက်စ(ခ)ဟိန်းမင်းလတ်(ဘ)ဦးဥာဏ်လင်းထွန်း၊ ဖြိုးစည်သူ(ဘ) ဦးဇော်ဝင်းတို့(၅)ဦးသည် အရက်သေစာ များသောက် စားမူးယစ်ပြီး (၂x၁)လက် သစ်သားတုတ်ကိုင်လျက် လမ်းသွားလမ်းလာများကို လိုက်လံရိုက်သဖြင့် ကိုနောင်(ဘ)ဦးမျိုးမြင့်၊ ငြိမ်းချမ်းမိုး(ဘ)ဦးအောင်ရွှေ တို့နှစ်ဦး သည် ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ ပြင်းထန်းစွာ ဒဏ်ရာရရှိအောင် အုပ်စုဖွဲ့ရိုက်နှက်သူ သီဟ(ဘ)ဦးရွှေရ ပါ(၅)ဦးတို့အား ကိုနောင်၏ ဘခင်ဖြစ်သူမှ ဦးမျိုးမြင့်မှ အမှုဖွင့်တိုင်တန်း သဖြင့် မုံရွာမြို့၊ မြို့မရဲစခန်းမှ (ပ)၂၄/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ -၃၂၆/၃ဝ၇ အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

ထိုင်းဆန္ဒပြမှုအတွင်း သေဆုံးသူ ၉ ဦး ရှိပြီ


ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုဝင်ဘာလကနေ စခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အခုအထိ သေဆုံးသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေ အချင်းချင်း သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးကြဖို့ စစ်တပ်က တိုက်တွန်းထားသလို နောက်ဆုံး ပေါက်ကွဲမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ လုံခြုံရေးအကြီးအကဲက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ နိုင်ငံပိုင် ငွေစုဘဏ်ဆီကို ချီတက်ကြပါတယ်။

အစိုးရရဲ့ အကျင့်ပျက် လာဘ်စားတဲ့ အစီအစဉ်တွေမှာ ငွေထုတ်ပေးတာကို တားမြစ်ဖို့ ချီတက်ရတာလို့ ဆန္ဒပြခေါင်းဆောင်တယောက်က ပြောပါတယ်။

နိုင်ငံပိုင် ငွေစုဘဏ်ဆိုင်ရာ အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ လခ်ခေတ်ခရင်သနွမ်းကလည်း အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်အတွက် ငွေစုဘဏ်ကနေ ဘယ်တော့မှ ငွေမထုတ် ပေးစေရဘူးလို့ ဆန္ဒပြသမားတွေကို အာမခံလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ စပါးဝယ်ယူရေးအစီအစဉ်မှာ ငွေတွေ အကြီးအကျယ် အရှုံးပေါ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အမှု ရင်ဆိုင်နေရပါတယ်။

အဲဒီ အစီအစဉ်မှာ ၀န်ကြီးချုပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အဂတိတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာထားပါတယ်။

စပါးဝယ်ယူရေး အစီအစဉ်ကြောင့် ယင်းလပ် ဦးဆောင်တဲ့ပါတီကို နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပြည်သူတွေက အကြီးအကျယ် ထောက်ခံမှု ရခဲ့ပါတယ်။

တချိန်တည်းမှာပဲ စပါးဖိုး မရသေးတဲ့ လယ်သမားတွေကလည်း လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြမယ်လို့ ကြုံးဝါးနေပါတယ်။

လမ်းလျှောက်ချီတက်သူ အရေအတွက် ကျဆင်းသွားပေမယ့် ဆန္ဒပြသမားတွေဟာ ၀န်ကြီးရုံးတချို့ကို ပိတ်ထားနိုင်သလို ၀န်ကြီးချုပ် ယင်းလပ်လည်း နေရာပြောင်းပြီး ရုံးထိုင် နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇နဲ့ ၁၉ နေ့မှာ ဆန္ဒပြသမားတွေကို အိမ်လုပ် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်မှုအတွင်း ၁ ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

အခုလို ဖြစ်ပျက်နေတာကြောင့် အစိုးရက ကြေညာထားတဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကို ဦးစီး ကျင်းပပေးဖို့ ရွေးကောက်ပွဲကော်မရှင်က ငြင်းဆန်နိုင်တယ်လို့ လေ့လာ သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။

By ဒီဗွီဘီ

မလေးရှားရောက် တရားမဝင် မြန်မာများကို အဖမ်းအဆီးမခံရမီ အထောက်အထား ထုတ်ပေးမည်


ရန်ကုန်၊ ဇန်နဝါရီ ၁၉

မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားများ အဖမ်းအဆီး မခံရမီ နေရပ်ပြန်လိုသည့် တရားမဝင် မြန်မာများကို တရားဝင် အထောက်အထား (Certificate of Identity) ထုတ်ပေး သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်မည် ဖြစ်ပြီး ၂၁ရက်နေ့တွင် တရားမဝင် နိုင်ငံခြားသား အဖမ်းအဆီး စတင်မည်ဖြစ်ရာ သံရုံးက ထုတ်ပေးသည့် တရားဝင် အထောက်အထား (C of I) ဖြင့် နေရပ်ပြန်သူများသည် ဒဏ်ကြေးသာ ဆောင်ရမည် ဖြစ်ပြီး ပြစ်ဒဏ်များ ကျခံရမည် မဟုတ်ကြောင်း မြန်မာသံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ ပြန်လိုသူများသည် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို အပြန်လေယာဉ် လက်မှတ်နှင့် နိုင်ငံကူးလက်မှတ် (သို့) C of I တင်ပြရန် လိုအပ်မည် ဖြစ်သည်။

ဒဏ်ကြေးနှုန်းထားကိုလည်း ဆက် လက် အသိပေးသွားမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်းကြီးဌာနက မြန်မာသံရုံး အပါအ၀င် နိုင်ငံခြားသံရုံးများသို့ အကြောင်းကြားထားကြောင်း ယင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုတွင် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့သုံးဖွဲ့ ပါဝင်မည် ဖြစ်ပြီး တရားမဝင် လုပ်သားလက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများ အားလုံးကို သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ ပြန်လည်ပို့မည် ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး DR. AHMAD Zahid Hamidi က ပြောဆိုထားသည်။

ဖမ်းဆီးခံရသည့် တရားမဝင် လုပ်သားများသည် ထောင်တွင်း ကုန်ကျစရိတ်များနှင့် လေယာဉ်လက်မှတ် ကုန်ကျစရိတ်များကို ကိုယ်တိုင် ကျခံရမည်ဖြစ်ပြီး နေရပ်ပြန်ပို့ခံရသူများသည် မလေးရှားနိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နေရာအချို့တွင် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

The Voice Weekly

ဗိုလ်ချုပ်အောင်ဆန်း ကရင်ရွာသို့ရောက်ရှိစဉ် နေရေး၊ စားရေး တာဝန်ယူခဲ့ဖူးသည့် ကရင်အဘွားအိုကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကပလီကျေးရွာသို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိခဲ့စဉ်က နေထိုင်စားသောက်ရေးကို တာဝန်ယူခဲ့သည့် အသက်(၉၄)နှစ်အရွယ် ကရင်လူမျိုး အဘွားအို ဒေါ်နော်ဒါးအားကရင်ပြည်နယ်သို့  ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနေထိုင်ရာနေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလက ကျရောက်ခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကပလီကျေးရွာသို့ စည်းလုံးရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း  လာရောက်ခဲ့စဉ်က အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နော်ဒါးက ဗိုလ်ချုပ်အောင်ဆန်း၏ စားသောက်ရေးကို တာဝန်ယူခဲ့ရခြင်းဖြစ်သည်။
““ဗိုလ်ချုပ်ဘာစားချင်လဲမေးတော့ ကရင်ရွာကိုရောက်တာဆိုတော့ ကရင်တာလပေါဟင်းစားချင်တယ်ပြောလို့ ကရင်တာလပေါဟင်းကို ချက်ကျွေးရတယ်””ဟု ဒေါ်နော်ဒါးက ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းသည် နေထိုင်ရန်အတွက် ကြီးကြီးကျယ်ကျယ်စီစဉ်ခိုင်းခြင်းမရှိဘဲ ရွာ၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ဘက်ရှိ ပိန္နဲပင်အောက်တွင်ရှိနေသော တန်းလျားပေါ်တွင်သာ အိပ်စက်သွားခဲ့သည်ဟု အသက်(၉၄)နှစ်အရွယ်ရှိ ဒေါ်နော်ဒါးကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်နော်ဒါးတို့ တွေ့ဆုံမှုသည် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား ကျန်းမာရေးဂရုစိုက်ရန်ပြောပြီး အခြားသောအကြောင်းအရာများကို အထူးအထွေ ပြောဆိုခဲ့ခြင်းမရှိဟု ဒေါ်နော်ဒါးက ပြောသည်။

ကပလီကျေးရွာတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ် ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံခဲ့သည့် ကပလီကျေးရွာကို သမိုင်းသံယောဇဉ်အရ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောသို့ ဒေသခံပြည်သူလူထု နှစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ရောက်လာသူများ၏ ၉၉ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ကြသည်။

Author:  ရန်မျိုးနိုင်

7day Daily

ရင်းနှီးမြှုပ်နှံသူအကြိုက် အာရှထိပ်တန်း နိုင်ငံများစာရင်း မြန်မာစတုတ္ထနေရာ၌ ရပ်တည်


ဟောင်ကောင်၊ ဇန်န၀ါရီ-၁၉

ကမ္ဘာကျော် အီကိုနောမစ်သတင်းမီဒီယာအုပ်စု လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အီကိုနောမစ်ကော်ပိုရိတ်ကွန်ရက်က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ မြန်မာနိုင်ငံသည် ထိုင်းနှင့်မလေးရှားကို ကျော်လွန်ကာ ရင်းနှီးမြှုပ်နှံသူအကြိုက် အာရှထိပ်တန်းနိုင်ငံများစာရင်းတွင် စတုတ္ထအဆင့်၌ ရပ်တည်နေကြောင်း သိရသည်။

အီကိုနောမစ်ကော်ပိုရိတ်ကွန်ရက်၏ အာရှစီးပွားရေးရှုမြင်ချက် ၂၀၁၄ အရ ရင်းနှီးမြှုပ်နှံသူများအကြိုက် အာရှနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လိုကြောင်း ဆန္ဒပြုထားသူ ၆၈ ဒသမ ၇
ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး အင်ဒိုနီးရှားနှင့် အိန္ဒိယတို့က တရုတ်နောက်မှ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင် လိုကြောင်း ဆန္ဒပြုသူ ၃၈ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံသူ အကြိုက် နိုင်ငံများစာရင်း၌ စတုတ္ထနေရာတွင် ရပ်တည်နေပြီး ထိုင်းနှင့် မလေးရှားတို့က မြန်မာနိုင်ငံနောက်တွင် အစဉ်လိုက် ရပ်တည်နေသည်။
အလားတူ အာရှစီးပွားရေးရှုမြင်ချက် ၂၀၁၄ တွင် အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများကို စံနှုန်းဖြတ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ နောက်ခံအခြေအနေ တိုးတက်မှုအရှိ ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ထိပ်ဆုံး တွင်ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုကဏ္ဍ နောက်ခံအခြေအနေများ တိုးတက်မှု အပြဆုံးနိုင်ငံအဖြစ် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိ ၇၆ ဒသမ ၇ ရာခိုင် နှုန်းတို့က အမှတ်ပေးထားသည်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍ နောက်ခံအခြေအနေများ တက်ရိပ်အပြဆုံးနိုင်ငံ များစာရင်းတွင် မြန်မာနိုင်ငံ၏အောက်၌ ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့က အစဉ်လိုက်ရပ်တည် နေကြောင်းသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မြန်မာကလာတဲ့ ယာဘားဆေးပြား လေးသောင်းနီးပါး ဘင်္ဂလာမှာဖမ်းမိ


မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ၀င်လာတဲ့ ယာဘားစိတ်ကြွဆေးပြား ၃၉၇၀၀ ကို တက်ကနက် အခြေစိုက် အမှတ်(၄၂) BGB က ဒီကနေ့ မနက်က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

အဲဒီဆေးပြားတွေကို ဒီကနေ့မနက် ၅ နာရီခန့်မှာ နယ်ခြားစောင့်တပ်ဖွဲ့တခု ကင်းလှည့်နေတုန်း နတ်မြစ် အမှတ်(၁) ဂိတ်အနီးမှာ လူငယ်တစ်ဦးကို စစ်ဆေးဖို့ရပ်တန့်စဉ်မှာ ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ပြောပါတယ်။

လူငယ်ကတော့  ယာဘားအထုပ်ကို ပစ်ချပြီး ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ ယာဘားဆေးပြား အရေအတွက၃၉၇၀၀ ကတော့ လက်ရှိ ကာလတန်ဖိုး ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသုံး တာကာငွေ တစ်ကုဋေ၊ တစ်ဆယ့်ကိုးသိန်း၊ တစ်သောင်းဖိုး ရှိတယ်လို့ ရဲက ပြောပါတယ်။

Narinjara နိရဉ္စရာ

လှိုင်သာယာမြို့နယ်တွင် ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၁၂)ဦး ဒဏ်ရာရ


ရန်ကုန်၊ ဇန်န၀ါရီ ၂၀

၂၀.၁.၂၀၁၄ ရက်နေ့ ၀၅၅၀အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းအတိုင်း ထန်းတပင်မြို့နယ်ဘက်မှ လှိုင်သာယာမြို့နယ်ဘက်သို့ ယာဉ်မောင်းသန်းအောင်(ဘ)ဦးစံသိန်း၊ ထန်းတပင်မြို့နယ်နေသူ
မောင်းနှင်လာသော ၂ခ/---- ဒိုင်နာအဖြူရောင် ရွှေရန်ကုန်ခရီးသည်တင် ယာဉ်သည် မိုင်တိုင် အမှတ် ၅/၅ အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးသို့တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်(၁၂)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံတွင် အတွင်း/အပြင်လူနာများ(မစိုးရိမ်ရ)အဖြစ်
တင်ပို့ကုသခဲ့ရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းသန်းအောင်အား သောင်ကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဘဏ်ေအရအတြက် တိုးလာပေမယ့် ၀န်ဆောင္မှု အားနည်းနေဆဲ


ကမ္ဘောဇဘဏ် ATM စက်တွင်ငွေထုတ်ယူနေသူတဦး (ဓာတ်ပုံ- ရိုက်တာ)
လက်ရျွိမန္မာနိုင်ငံမွာ ဘဏ်ေအရအတြက် တိုးမ်ားလာနေပမယ့် ငြေကြး တောင့်တင်းမှု နည်းပါးနေသးတာကြောင့် ဘဏ်ဝန်ဆောင္မှုပေးတဲ့အပိုင်းမွာ အားနည်းခ်က်တြေ အမ်ားကြီး ရွိနေသးတယ္လိျု့မန္မာနိုင်ငံဘဏ္မ်ားအသင်းရဲ့ ဥက္ကဋ္ဌ ဦးသိန်းထြန်းကျေပာပါတယ်။

ဇန္န၀ါရီ ၁၈ ရက်နျေ့မန္မာနိုင်ငံဘဏ္မ်ားအသင်းရုံးမွာ က်င်းပတဲ့ ထြန်းဖောင်ဒေးရွင်း စာပေဆုပေးပဲမြွာ သတင်းထောက်တြေကို သူက ခုလိျုေပာလိုက္တျာဖစ္ပါတယ်။
လက်ရွိ အျေခအေနမွာ နိုင်ငံပိုင္ဘဏ် ၂၀ ၊ ပုဂ္ဂလိကဘဏ္နဲ့ ဘဏ္ခဲပြေါင်း ၄၀၀ ကော််၊ နိုင်ငျံခားဘဏ်ရုံးခြဲ ၂၅ ခုအထိ ဖြင့်ထားနိုင်ပျြီဖစ်ပေမယ့် ငြေရးကြေးရေး ဥပေဒ မေပ်ါထြက် သေျးခင်း၊ နိုင်ငျံခားဘဏ္လုပ်ငန်းတြေ လုပ္ခြင့်မရေသျးခင်းနဲ့ ပုဂ္ဂလိကဘဏ္တြ နည်းပညာ အားနည်ျးခင်း စတာတြေကြာင့် ၀န်ဆောင္မှုပိုင်းမွာလည်း ကောင်းကောင်း တိုးတက်အောင် မလုပ်နိုင်သေးဘူးလို့ သူက ရွင်ျးပပါတယ်။
DVB Burmese

ဧရာဝတီ မြစ်ကြောင်း သဲသောင် ပိုထွန်း


ညောင်ဦးမြို့နယ် ပုဂံမြို့နားက ဧရာဝတီ မြစ်ပေါ်မှာ သောင်တွေ ပိုထွန်းလာတဲ့အတွက် ရေကြောင်း သွားလာရေးမှာ အခက်အခဲဖြစ်ရတယ်လို့ စက်လှေမောင်းတဲ့သူတွေက ပြောပါတယ်။

တနှစ်ထက်တနှစ်ပိုမို သောင်တွေပိုထွန်းလာတဲ့အတွက် ဧရာဝတီမြစ်ပေါ်မှာ မြစ်ပြင်ပေါ်မှာ ရေလမ်းကြောင်းနဲ့ ပတ်သက်ပြီး လမ်းပြမောင်းနှင်ဖို့ ၀ါးလုံးရှည်ရှည်တွေကို ထိုးစိုက်ပြီး အမှတ် အသားအတိုင်း မောင်းနှင်ရတာဖြစ်ပါတယ်။

ညောင်ဦးမြို့နယ် ကျားပါးစပ်နဲ့ ပုလင်းရွာအနီးက မြစ်ပြင်မှာ သောင်ထွန်းတာ ပိုမိုဆိုးဝါးသလို ခရီးသွားလာရာမှာ ရေတိမ်ပိုင်းကို ရှောင်ကွင်း သွားလာရပြီး အချိန်ပိုပေးရတယ်လို့ ပုဂံ ဗူးဘုရား မြစ်ဆိပ်က စက်လှေဆရာတွေက ပြောပါတယ်။

သဲသောင်တွေ ပိုထွန်းလာတဲ့အတွက် မြစ်ကြောင်းတွေ ကျဉ်းသွားပြီး ခရီးသွားလာရာမှာ အခက်အခဲ ဖြစ်ရကြောင်း စက်လှေဆရာ တဦးဖြစ်တဲ့ ကိုသီဟက အခုလို ရှင်းပြပါတယ်။

“အရင်ဆို ဒီဘက်တည့်တည့်သွားလို့ရတယ်။ အခု နွေရာသီဆို ပိုဆိုးပြီ။ နွေရာသီဆို အကုန်လုံး သောင်တွေ ဖြစ်ပြီ။ အခုနောက်ပိုင်း ပိုပိုဆိုးလာတယ်။ မြစ်ကြောင်းရှင်းတာ ပုဂံမှာ တခါမှ လုပ်ပေးတာ မတွေ့ဖူးဘူး။”

ဒီလိုဖြစ်ရတာဟာ သစ်တောပြုန်းတီးမှုကြောင့် ပို့ချတဲ့ နှုန်းတွေ ပိုမိုများပြားလာရတာ ဖြစ်သလို ဒီပုဂံ အနီးတ၀ိုက်မှာ ပို့ချလာတဲ့ နှုန်းတွေကို တူးဖော်တာမရှိတဲ့အကြောင်း၊ သင်္ဘောတွေက ခရီးသွားလာရာမှာ ပိုမို အခက်အခဲ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက အရာရှိတဦးကတော့ သောင်ထွန်းတာ ပိုများလာတာ မှန်ကန်သလို တိုင်းက အသုံးပြုဖို့ ငွေကြေး မပေးတဲ့အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ အခုလို ပြောပါတယ်။

“လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် တိုင်းရုံးတို့၊ မန္တလေးတိုင်းရုံးတို့၊ အစိုးရအဖွဲ့က ချပေးမှ လုပ်လို့ရမှာ။  စဥ့်ကူအထိ ရေးကြောင်းကောင်းပါတယ်။ ရေကြောင်းကြပ်တယ်ဆိုတာက ရေးနည်းလာတဲ့အခါ တစီးကိုတစီး ကျော်တက်တာတို့၊ အပြိုင်ဖြစ်လာမှသာ ရေကြောင်းပိတ်ဆို့မှုတွေ ဖြစ်တတ်တယ်။ မဟုတ်ရင်တော့ ၇ ပေ၊ ၈ ပေ အနက်တော့ ရှိပါတယ်။”

သဲသောင်ပြင်မှာ လာရောက်ပြီး နေ၀င်ချိန်ကို လာကြည့်တဲ့ နိုင်ငံခြား ဧည့်သည်တဦးကတော့ နှုန်းပို့ချတဲ့အကြောင်းအရင်းကို သိရှိရခြင်း မရှိပေမယ့် ဒီလို အနေအထားက စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။

“ဒါဟာ သဘာဝ အစိတ်အပိုင်းတခုဖြစ်ပေမယ့် မထိန်းချုပ်နိုင်ပါဘူး။ အနယ်တွေ ဘယ်က လာသလဲဆိုတာကို ခရီးသွားတယောက်အနေနဲ့ မသိနားမလည်ပါဘူး။ ဒါပေမယ့် လူတွေနဲ့ ရင်းနှီးနေတဲ့ မြစ်ပြင်ကို ထိန်းသိမ်းမှုကို အသေချာမြင်ချင်ပါတယ်။”
DVB Burmese

မောင်တောတွင် ကျေးရွာအချို့လုံခြုံရေး တိုးမြှင့်ရန် လိုအပ်ဟုဆို


မောင်တော၊ ဇန်န၀ါရီ ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ဒုချီးရား တန်းကျေးရွာအနီးမှ ရခိုင်တိုင်းရင်းသား ကျေးရွာများ လုံခြုံရေး အားနည်းမှုအပေါ် ဒေသခံများ စိုးရိမ်နေကြသဖြင့် လုံခြုံရေး အပြည့်အဝ ချပေးရန် လိုအပ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

ဒုချီးရားတန်း ကျေးရွာအနီး ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကင်းချောင်း၊ ခရေမြိုင်၊ ရွှေရင်အေး စသည့် ရခိုင်တိုင်းရင်းသား ကျေးရွာတို့မှ အမျိုးသမီးများနှင့် ကလေးငယ်များသည် ယင်းနေရာတွင် မနေဝံ့သဖြင့် လုံခြုံရေး အားကောင်းသည့် မောင်တောမြို့နယ် လေးမိုင်ကျေးရွာသို့ ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း ရွှေရင်အေး ကျေးရွာမှ ဦးစောသိန်းလှက ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာအနီးတွင် လုံခြုံရေး တင်းကျပ်ထားသော်လည်း ရခိုင်တိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေး အားနည်းနေကြောင်း၊ ကျေးရွာများမှ အရွယ်ကောင်းသည့် အမျိုးသားများမှာ ကင်းစောင့်နေရကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကျေးရွာများသည် ၂၀၁၂ ခု သြဂုတ်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အကြမ်းဖက် မီးရှို့ခံခဲ့ရသဖြင့် အလားတူ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း၊ လုံခြုံရေးအင်အား အပြည့်အဝ ချထားပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရွှေရင်အေးကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သားဖြစ်သူတို့ မောင်တောမြို့သို့ ဟင်းသီး၊ ဟင်းရွက်ရောင်းရန် သွားရာတွင် ဘင်္ဂါလီအချို့က တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းခြင်း ခံခဲ့ရပြီး ဗလီဆရာဟု ယူဆရသူ တစ်ဦးက ဝင်ရောက် ဟန့်တား၍ အသတ်မခံခဲ့ရကြောင်း ကာယကံရှင်ဖြစ်သူ ဒေါ်မချမ်းက ပြောကြားသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်ဦးမှူးနှစ်ဦး ပါဝင်သည့် အဆိုပါ လုံခြုံရေးအဖွဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီများ၏ တိုက်ခိုက်ကိုမှု ခံရသဖြင့် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန် သေနတ်တစ်လက် ပျောက်ဆုံးနေပြီး ငါးရက်ကျော်ကြာအထိ ရှာဖွေမတွေ့သေးကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူပေါင်း ၈၀ ကျော်ကို စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

(ခင်မောင်အေး)
The Voice Weekly Myanmar

ဧရာဝတီတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၁၃ ခု တိုးချဲ့


ပုသိမ်၊ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာနအသစ် ၁၃ ခုကို တိုးချဲ့ ခွင့်ပြုလိုက်ကြောင်း တိုင်းဒေသကြီး ပညာရေးရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးဝင်းမောင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လျှောက် ထားသူ ၆၃,၈၆၅ ဦးရှိသည့်အတွက် စာစစ်ဌာန ၁၆၂ခု တွင် ဖြေဆိုရမည်ဖြစ်ရာ ပြင်ပဖြေနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ခြောက်ကျောင်းမှ ဖြေဆိုမည့် ကျောင်းသားများ အနေနှင့် သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန များတွင် ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်အရ စာစစ်ဌာနများ တိုးချဲ့ ချထားပေးခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများ ပေါများပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စာစစ်ဌာနများရှိသော အခြားရပ်ရွာ ဒေသများသို့ သွားရောက် ဖြေဆိုကြ ရခြင်းကြောင့် ကျောင်းသားများနှင့် မိဘများမှာ နေရေး၊ စားရေး၊ သွားရေး၊ လာရေး အခက်အခဲများ ဖြစ်ပေါ်သည်သာမက ကျောင်းသားများ လုံခြုံမှုရှိစေရေး လိုက်ပါ ဆောင်ရွက်ပေးရသည့် ဆရာ၊ ဆရာမများမှာပါ အခက်အခဲများစွာ ကြုံတွေ့ခံစားရကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။

“ကိုယ့်သားသမီးတွေ ကိုယ့်ဒေသမှာပဲ ဖြေခွင့်ရတော့မှာမို့ ဝမ်းသာရပါတယ်။ ပုသိမ်ကို သွားဖြေရတာ ကျောင်းသားတစ်ယောက်ကို သုံးလေးသောင်းလောက် ကုန်ပါတယ်။ စရိတ်မတတ်နိုင်လို့ မဖြေခဲ့ရတဲ့ ကျောင်းသားတွေလည်း ပြန်ဖြေလို့ ရပြီပေါ့ဗျာ” ဟု ယခုနှစ် စာစစ်ဌာနခွင့်ပြုမိန့် ကျသည့် ရှောပြာကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ဆိုသည်။

စာစစ်ဌာနများ တိုးချဲ့ခွင့်ပြုလိုက်သဖြင့် ကိုယ့်ကျောင်း၊ ကိုယ့်ဆရာနှင့် ကိုယ့်တပည့်များ ဖြစ်နေကြ၍ ဖြေဆိုရာတွင် မသမာမှုများ မပေါ်ပေါက်စေရေး၊ မေးခွန်းထုတ်ယူခြင်း၊ အဖြေလွှာများ ပေးပို့ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်းများတွင် အန္တရာယ်ကင်းရှင်း လုံခြုံမှု ရှိစေရေးတို့အတွက် အဆင့်ဆင့်သော တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အငြိမ်းစား မြို့နယ်ပညာရေးမှူး ဆရာကြီးတစ်ဦးက ပြောကြားသည်။

၂၀၁၃-၁၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၂ရက်နေ့တွင် စတင်ဖြေဆိုကြရမည်ဖြစ်ရာ မြန်မာ တစ်နိုင်ငံလုံးတွင် ဖြေဆိုရန် လျှောက်ထားသူ ၅၈၈,၄၇၃ ဦးရှိပြီး စာစစ်ဌာန ၁၂၈၅ ခု ဖွင့်လှစ် ဖြေဆိုစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရှိရသည်။
The Voice Weekly Myanmar

စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ


တနင်္လာနေ့၊ ဇန်နဝါရီ ၂ဝရက်၊ ၂ဝ၁၄ခုနှစ်။

ပင်လယ်ဘူး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့၊ မြို့မရပ်ကွက်တွင် စာချုပ်ချုပ်ဆိုပြီး ထီပေါက်ကိန်းရှိသည်ဟု ဟောပြောသည့် ဗေဒင်ဆရာအဖွဲ့ကို နှစ်ဆယ့်ငါးကျပ်တန် အခွန်တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းဆီးအရေးယူလိုက်သည်ဟု ပင်လယ်ဘူးမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂ဝ တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ဗေဒင်၊ လက္ခဏာဟောပြောသူများသည် ယာဉ်အမှတ် ၃က၊ ၂၁၂၉ ဘင်ကားအဖြူရောင်းဖြင့် ပင်လယ်ဘူးမြို့ အတွင်းရှိ လူနေရပ်ကွက်များသို့ လှည့်လည်၍ ဟောပြောခြင်း၊ ဟောစာတမ်းများ ရောင်းချခြင်း ပြုလုပ်နေချိန်တွင် ပင်လယ်ဘူးမြို့မရဲစခန်း ခေတ္တရဲစခန်းမှူး ရဲအုပ်အောင်အောင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နှစ်ဆယ့် ငါးကျပ်တန်အခွန်တံဆိပ်ခေါင်းများကို အတုပြုလုပ်၍ ဟောစာတမ်းများ ရေသားကာ အများပြည်သူမှ ယုံကြည်အောင် လိမ်လည်ပြောဆိုပြီး ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့ရခြင်းဖြစ်သည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ အခွန်တံဆိပ်ခေါင်း အတုဖြင့် ဗေဒင်၊ လက္ခဏာ လိမ်လည်ဟောပြောနေသူများသည် ဒေါပုံမြို့က ကိုထက်လင်းအောင်၊ ကောလင်းမြို့ မီးရထားဝင်းနေ ကိုမြင့်မြတ်အောင် ဆိုသူနှင့် ၎င်းယာဉ်အား လိုက်လံမောင်းနှင်ပေးခဲ့သူ ရွှေညောင်မြို့နေ ဦးကျော်သန်း ဆိုသူတို့ဖြစ်သည်။

ထီပေါက်ကိန်းရှိသည်ဟုဆိုကာ အခွန်တံဆိပ်ခေါင်းအတုဖြင့် စာချုပ်ရေး၍ လိမ်လည်ဟောပြောပြီး ဒေသခံပြည်သူများထံမှ ငွေကြေးဥစ္စာများကို လိမ်လည်ရယူနေသည့် ဗေဒင်၊ လက္ခဏာ ဆရာများကို ပင်လယ်ဘူးမြို့မရဲစခန်းက(ပ) ၉၊၂ဝ၁၄ ပြစ်မှု ပုဒ်မ ၄၂ဝ၊ ၄၆၇၊ ၁၁၄ အရ ဇန်နဝါရီ ၁၈ရက် ညနေ ၅ နာရီက အမှုဖွင့်အရေးယူခဲ့သည်။

ကိုတိုးကြီး
Mizzima Burmese

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး


ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်တစ်ထောင် ဆေးရုံတွင် အမျိုးသမီးငယ်တစ်ဦး ရောက်ရှိနေ သည်ဟု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(နေပြည်တော်)က သွားရောက်တွေ့ဆုံခဲ့ရာမှတစ်ဆင့် အတင်းအဓမ္မစေခိုင်းသူကိုသိရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုရိုက်နှက်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်မတိုင်ခင်က ပဲခူးတိုင်းရှိနေအိမ်မှ နေပြည် တော်သို့ ကုန်တင်ကားဖြင့်လိုက်ပါထွက်ပြေးခဲ့ရာ နေခြည်အေးဆိုသူအမျိုးသမီးတစ်ဦးနှင့် တွေ့ရှိပြီး လိုက်ပါသွားခဲ့သည်။

ထို့နောက် တစ်လခန့်အကြာတွင် ပြည့်တန်ဆာလုပ်ရန်အတွက် ကားတစ်စီးပေါ်သို့ ထည့်ပေးလိုက်ပြီး နောက်ပိုင်းနေပြည်တော် သပြေကုန်း၊ ညဈေးတန်းတွင်နေထိုင်ရကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ရာနေရာ များသို့ နေခြည်အေးက ထည့်ပေးတတ်သည်ဟု အမျိုးသမီးငယ်က လူကုန်ကူးအဖွဲ့ကို ပြောပြသည်။

ပဲခူးတိုင်းဒေသကြီးမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေ အနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေသူအား ၂၀၁၄ခုနှစ် ဇန်န ၀ါရီလ ၁၈ ရက်တွင် နေပြည်တော် ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှု ဖြင့် အရေးယူထားကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းပေး ပို့ချက်ရ သိရသည်။

အမျိုးသမီးငယ်သည် ပြည့်တန်ဆာ မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုသော်လည်း နေခြည်အေးက အတင်းအဓမ္မလုပ်ခိုင်းစေခဲ့ပြီး နောက်ဆုံးတွင် ပရုတ်လုံးကြီး နှစ်လုံးကို ကြိတ်ကာ ရေဖြင့်သောက်ခဲ့ကာ သန္ဓေတားဆေးကိုပါ သောက်ခဲ့သည့်အတွက် လေးရက်ခန့်မေ့မြောနေရာမှ ဇန်န၀ါရီ ၁၇ ရက်တွင်မှ ဆေးရုံပေါ်တွင်ပြန်လည်သတိရလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းသူ မနေခြည်အေး၊ (၂၇)နှစ်၊ ပန်းလှိုင်(၂)လမ်း၊ သာယာကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်တွင် အမှတ်(၁)မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက ၎င်း၏မိဘများထံ တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်သည်။

ရဲလင်းထွဋ်
Mizzima Burmese

အခြေခံလုပ်သား ရှစ်ရာကျော်ကို အလုပ်အကိုင်ပြပွဲတွင် တိုက်ရိုက် အလုပ်ခန့်


ရန်ကုန်၊ ဇန်နဝါရီ ၁၉

အခြေခံ လုပ်သားများအတွက် အဓိကထား၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွင် နှစ်ရက်အတွင်း လူပေါင်း ၁၇၀၀ ကျော် လာရောက် လျှောက်ထားသည့်အနက် ရှစ်ရာကျော်ကို တိုက်ရိုက် အလုပ်ခန့်လိုက်ကြောင်း အဆိုပါမြို့နယ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အခွင့်အလမ်းပြပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်ကျင်းပပြီး နှစ်ရက်အတွင်း အခြေခံ လုပ်သားပေါင်း ၁၇၄၂ ဦး လာရောက် လျှောက်ထားရာ ၎င်းတို့ကို အလုပ်ရှင်က တိုက်ရိုက် တွေ့ဆုံ မေးမြန်းကာ လုပ်သား ရှစ်ရာကျော်ကို အလုပ်ခန့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

လုပ်သား ရှစ်ရာကျော်ကို အထည်ချုပ်တွင် အလုပ်ပေးရန် အများဆုံး ခေါ်ယူရန်ဖြစ်ပြီး ထီးစက်ရုံ၊ CP ကုမ္ပဏီ၊ UPG ကုမ္ပဏီ စသည့် လုပ်ငန်းများတွင် အလုပ်ပေးခြင်း ဖြစ်ကြောင်း၊ အလုပ်လျှောက်လွှာ တင်ထားသူများကိုလည်း ဆက်လက် စစ်ဆေးကာ အလုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

စက်ချုပ်၊ အထည်အရည်အသွေး စစ်ဆေးသူ၊ အလုပ်ကြပ်တို့ကို စက်ရုံသို့ ခေါ်ဆောင်ကာ လက်တွေ့ စစ်ဆေးမှုများ ပြုလုပ်၍ အလုပ်ခန့်မည်ဖြစ်ကြောင်း စံပယ်ပွင့် အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူ ဒေါ်နှင်းလဲ့လဲ့ဝေက ဆိုသည်။

အလုပ်အကိုင်ပြပွဲတွင် ပြည်တွင်း အလုပ်အကိုင်နှင့် ပြည်ပ အလုပ်အကိုင်ဟု နှစ်ပိုင်းခွဲခြား ကျင်းပမည် ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် ပြပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဝန်ဆောင်ခ အခမဲ့ဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်ပ အလုပ်အကိုင် ပြပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ရက်နေ့တို့တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကို သုခစုစံ ကုမ္ပဏီနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ လှိုင်သာယာမြို့နယ် အမှတ် ၆၊ ၆ ရပ်ကွက်၊ ကျန်စစ်သားလမ်းမကြီးရှိ သုခစုစံ သင်တန်းကျောင်းတွင် ကျင်းပခြင်း ဖြစ်သည်။

အလုပ်အကိုင်ပြပွဲတွင် အထည်ချုပ်စက်ရုံ ၁၀ ရုံခန့်နှင့် အခြားလုပ်ငန်းများမှလည်း လာရောက် ပြသခဲ့ကြပြီး ပြခန်း ငါးဆယ်ခန့် ပါဝင်သည်။

The Voice Weekly Myanmar

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ကာမလိမ်လည်မှုဖြင့် တိုင်ကြား


ကလေး၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမှတ်(၂၂၈) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မိုးဝင်းအောင်က ကာမ လိမ်လည်ရယူသည်ဟုဆိုကာ ၎င်းကို အရေးယူပေးရန် ပဲခူးမြို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကေသီစိုးက ဇန်နဝါရီလ ၁၆ ရက်နေ့က လာရောက် တိုင်ကြားခဲ့ကြောင်း ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပဲခူးမြို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေသီစိုး ၂၅ နှစ်သည် ၎င်းတပ်ရင်းမှူးနှင့်အတူ ကလေးမြို့ ရှင်းဟုန် တည်းခိုခန်း အခန်း အမှတ် (၃၀၇) သို့ လာရောက် တည်းခိုကြပြီး လက်ထပ် ပေါင်းသင်းမည်ဟု ယုံကြည်အောင် ပြောဆိုသဖြင့် အတူနေထိုင် ခဲ့ကြကြောင်း၊ နံနက် မိုးလင်းသောအခါ လက်မထပ်နိုင်ကြောင်း ပြောသဖြင့် လာရောက် တိုင်တန်းခြင်း ဖြစ်ကြောင်း ဒေါ်ကေသီစိုး၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းရဲအရာရှိက ရှင်းပြသည်။

ရဲစခန်းသို့ လာရောက် တိုင်တန်းသော်လည်း ရဲအရေးပိုင်သော အမှု မဟုတ်သည့်အတွက် မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက် ထားရန် ပြောဆိုခဲ့ကြောင်း အထက်ပါ ရဲအရာရှိက ပြောကြားသည်။
“မုဒိမ်းကျင့်တာ မဟုတ်ဘူး။ နှစ်ဦးသဘောတူ ဖြစ်ခဲ့ကြပြီးမှ ကာမကို လိမ်လည် ရယူခဲ့တာဆိုတော့ ရဲက အရေးမပိုင်ဘူး” ဟု ကလေးမြို့နယ်ရဲမှူး စိုးမြင့်က ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၁၇ ဖြင့် ဆောင်ရွက်နေကြောင်း သိရပြီး အသေးစိတ် သိရှိရန် ကလေးမြို့နယ် တရားရုံးသို့ သွားရောက် မေးမြန်းရာတွင် ပြန်လည် ဖြေဆို၍ မရသေးကြောင်း တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အမှတ်(၂၂၈) ခြေလျင် တပ်ရင်းမှူးထံသို့ သွားရောက် မေးမြန်းရာ ရှေ့တန်းသို့ သွားနေသည် ဖြစ်၍ မတွေ့ခဲ့ရဘဲ ညနေ ၆ နာရီခွဲ အချိန်တွင် ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာ တွေ့ဆုံခွင့် မရခဲ့ဘဲ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း၊ ဖြစ်စဉ် တိတိကျကျ သိလိုလျှင် တနင်္လာနေ့တွင် လာရောက်ရန်အတွက် အဆိုပါ ဌာနချုပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကလေး-တီးတိန်သွား ကားတစ်စီးကို အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် တပ်မတော် သားနှစ်ဦးက သေနတ်ဖြင့် ချိန်ကာ ငွေတောင်းခံခြင်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း ကလေးမြို့ ပြည်သူ့ ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly Myanmar

ရန်ကုန်တက္ကသိုလ် ကာယဗလမောင်နှင့် အလှမယ်ရွေးချယ်


တင်မောင်ဦး (အလုံ)၊ ရန်ကုန်၊ ဇန်န၀ါရီ-၁၉

ရန်ကုန်တက္ကသိုလ် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် ကာယဗလမောင်၊ ကာယအလှမယ် ပြိုင် ပွဲနှင့် Mr.Yangon University & Miss Yangon University ရွေးချယ်ပွဲကို ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC)၌ ကျင်းပသည်။

ရှေးဦးစွာ အငယ်တန်း အလှမယ်ပြိုင်ပွဲ ကို ကျင်းပရာ ကာယအလှမယ် ၁၁ ဦးတို့က နောက်ခံတေးဂီတနှင့်အတူ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ပြေပြစ်ချောမွေ့မှုကို ပြသကြသည်။

ထို့နောက် အကြီးတန်းကာယအလှမယ် ပြိုင်ပွဲကို ကျင်းပရာ ကာယအလှမယ် ၁၁ ဦးတို့က နောက်ခံတေးဂီတနှင့်အတူ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ပြေပြစ်ချောမွေ့မှုကို ပြသကြသည်။ ယင်းနောက် ဗိုလ်လုပွဲတွင် အငယ်တန်း ကာယအလှမယ် ပထမဆုကို မနေရည်ဝင်းလဲ့ကလည်းကောင်း၊ ဒုတိယဆုကို မမြသက် ထူးကလည်းကောင်း၊ တတိယဆုကို မ၀ဿန်ဆည်းဆာကျော် က လည်းကောင်း ရရှိကြပြီး အကြီးတန်း ကာယအလှမယ် ဗိုလ်လုပွဲ၌ ပထမဆု မမေရီသက်ထားက လည်းကောင်း၊ ဒုတိယဆုကို မနန္ဒာဝင်းလတ်က လည်းကောင်း၊တတိယဆုကို မယမင်းအေးကလည်းကောင်း ရရှိကြသည်။

ဆက်လက်၍ Mr.Yangon University & Miss Yangon University ရွေးချယ်ပွဲတွင်ကာယဗလမောင် မောင်ဒီစိုင်းနောင်နှင့် မောင်ထန်ခန့်သွောင် တို့ကလည်းကောင်း၊ အငယ်တန်း ကာယအလှမယ် မနေရည်ဝင်းလဲ့နှင့် အကြီးတန်း အလှမယ် မမေရီသက်ထားတို့က လည်းကောင်း ရရှိကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီ မှ တာဝန်ရှိသူများက ဆုရရှိသူများနှင့် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုလွှာနှင့်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

စံတော်ချိန် သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၂၀-၁-၂၀၁၄) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Mobile Guide Journal ( Vol-2, Issue-38 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





The Voice Weekly ( Vol-10, No-1 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မူးယစ်ဆေးဝါးများဖမ်းဆီးရမိ


ရန်ကုန်၊ ဇန်န၀ါရီ ၂၀ ၁၉.၁.၂၀၁၄ရက်နေ့ ၁၄၀၀ အချိန် မူးယစ်တပ်ဖွဲ့စု၊ ရန်ကုန်မှတပ်ဖွဲ့ ၀င်များသည် သတင်းအရ သက်သေ များနှင့်အတူ တာမွေမြို့နယ်ရှိ United Living Mail ကုန်တိုက်ရှေ့တွင် စောင့်ဆိုင်းနေစဉ် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်နေ တင်ထွန်းဝင်း (ဘ)ဦးမောင်မောင်မှာ ရောက်ရှိလာသည်ကိုတွေ့ရှိရ သဖြင့် ပုဏ္ဏားကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်ထား သည့် အနက်ရောင်သားရေခေါက်ပိုက်ဆံ အိတ်အတွင်းမှ ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား(၁၀)ပြားစီပါ (၄)ထုပ်၊ အ၀ါရောင်ပလပ်စတစ်စဖြင့်ထုတ်လျက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၁)ပြား၊ စုစုပေါင်း(၄၁)ပြား၊ အဖြူရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျက် မူးယစ်ဆေးဝါး ICE ဟုယူဆရသော ပုံဆောင်ခဲငယ်များ(၀.၆၅)ဂရမ်ခန့်စီပါ(၂)ထုပ်၊ စုစုပေါင်း (၁.၃)ဂရမ်ခန့်တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါ မူးယစ်ဆေးဝါးများအား တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ ရပ်ကွက်နေသူ ညီညီ(စုံစမ်းဆဲ)ထံမှ ယူဆောင်လာကြောင်းသိရှိရသဖြင့် ညီညီ၏နေအိမ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ ၎င်းမှာနေအိမ်တွင်မရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ ယင်းသို့ မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တင်ထွန်းဝင်းနှင့်ညီညီ တို့(၂)ဦးအား တာမွေမြို့မရဲစခန်း မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်အမှုဖွင့်အရေးယူကာ ထွက်ပြေး တိမ်းရှောင်နေသူညီညီအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကိုးကန့်တွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ဓာတ်အား ထုတ်မည်


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ကိုးကန့်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန် စက်မှုဇုန် စီမံကိန်း စတင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – မေခ / ဧရာဝတီ)

ကိုးကန့်ဒေသတွင် ရေအားလျှပ်စစ်ဖြင့် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး လျှပ်စစ်မီး ရရှိနိုင်ရန် စီစဉ်နေကြောင်း ကိုးကန့်အထူး ဒေသ(၁) ဦးစီး အဖွဲ့မှ ဥက္ကဌ ဦးပယ်ဆုံချိန်က ပြောသည်။

ကိုးကန့်ဒေသ တခုလုံးအတွက် ချားဟို၊ စီဖာဟော်၊ ကျွင်းဖား ရေအားလျှပ်စစ် စက်ရုံ ၃ ခု တည်ဆောက်သွားရန် စီစဉ်ထားပြီး အဆိုပါ ရေအားလျှပ်စစ် စက်ရုံများမှ ကိုးကန့်ဒေသ ကျေးရွာ၂၆ ရွာကို မီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

“အခုက တရုတ်ကနေ ဝယ်သုံး နေရတာပေါ့။ ဒါပေမယ့် လောက်ကိုင်လောက်ပဲ ဝယ်သုံးနိုင်တယ်။ တောင်ပေါ်ရွာတွေ မသုံးနိုင် သေး ဘူး။ သုံးနိုင်ဖို့အတွက် အခုလို စီစဉ်နေတာပါ”ဟု ဦးပယ်ဆုံချိန် က ပြောပြသည်။

တည်ဆောက်မည့် ရေအားလျှပ်စစ် စက်ရုံများ အတွက် ရေလှောင်ကန် တည်ဆောက်ရန် မူလကတည်းက စီစဉ်ထားကြောင်းနှင့် အဆိုပါရေ လှောင်ကန် ၃ ခုအတွက် ခန့်မှန်းကုန်ကျငွေမှာ တရုတ်ယွမ်ငွေ သိန်း ၁၂၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရ သည်။

“ရေလှောင်ကန် ဆောက်ဖို့အတွက် တောင်ပေါ်က ရေကို ရေလှောင်နိုင်ဖို့၊ ချားဟိုဆို တောင်ပေါ်က ရေကို လှိုင်ခေါင်း ၁.၇ မီတာ ဖောက်ပြီး အဲဒီကနေ ရေကို လှောင်ကန်ထဲ ရောက်အောင် လုပ်နေပါတယ်။ ဒီရေလှောင်ကန် ဆောက်ပြီးပြီဆိုရင် ဒေသတွင်း သောက် ရေ၊ သုံးရေ အတွက်ကိုပါ ဒီရေကန်ထဲကရေနဲ့ ပေးဝေသွားမှာပါ”ဟုလည်း ဦးပယ်ဆုံချိန်က ဆက်ပြောသည်။

ကိုးကန့်ဒေသဦးစီး အဖွဲ့က အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကိုးကန့်ဒေသ တခုလုံး လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“၂၀၁၁ ကနေဆို အခုနှစ်အထိ ၄ နှစ်တာ ပြီးဆုံးသွားပြီပေါ့။ ဒီ အတောအတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး အပိုင်းကို အထူး လုပ်ဆောင် ဖြစ်ခဲ့တယ်။ အခုဆို လားရှိုးဘက်ကနေ လောက်ကိုင်ဘက်ကိုလာတဲ့ လမ်းပိုင်းကို ပြင်ဆင်တဲ့ အပိုင်းက ပြီးစီး သလောက် ရှိနေပါပြီ။ ဒါက ကျနော်တို့တာဝန်ယူနေတဲ့ ပထမ ၅ နှစ်အတွင်း လုပ်ဖြစ်ခဲ့တယ်။ လျှပ်စစ်မီးက နောက် ၅ နှစ် အတွက် စီစဉ်ထားတာပါ”ဟု ဦးပယ်ဆုံချိန်က ဆိုသည်။

စီမံကိန်း အရ ပထမဆုံး တည်ဆောက်နေသည့် ချားဟို ရေအားလျှပ်စစ်မှ လျှပ်စစ်မဂ္ဂါဝပ် ၅၀၀၀၊ ဒုတိယ တည်ဆောက်မည့် စီဖာဟော် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၆၅၀၀၊ ကျွင်းဖား ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၅၀၀ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။

လောက်ကိုင်မြို့ခံ ကိုသန်းဦးက“အခု ကျနော်တို့က တရုတ်ကနေ လျှပ်စစ်မီး ဝယ်သုံးနေရတာ။ တလကို မကျဘူးဆို အိမ်သုံးဆို ယွမ် ၁၀၀ ကျော် ကျတယ်။ ပြောရရင် မြန်မာငွေနဲ့ဆို တလကို ကျပ် တသောင်း ကျော် ကျပါတယ်။ တယူနစ်ကို သူတို့က ၁၀ ယွမ် ကျော် ကောက်တယ်။ သုံးတဲ့အပေါ် မူတည်တယ်။ တယူနစ် ၁၀ ယွမ်ဆို မြန်မာငွေနဲ့ဆို ၁၀၀ ကျော် ကျတာပေါ့”ဟု ပြောဆိုသည်။

လောက်ကိုင် အပါအဝင် ကိုးကန့်ဒေသရှိ ကျေးရွာ ၂၆ ရွာသည် တရုတ်နိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲနေရပြီး အများစုမှာ သုံးစွဲနိုင်ခြင်း မရှိဘဲ တချို့ကျေးရွာများသာ ၀ယ်ယူ အသုံးပြုကြကြောင်း၊ ကျေးရွာ အားလုံး၏ ၂၀ ရာခိုင်နှုန်း ခန့်သာ လျှပ်စစ်မီး ဝယ်ယူ သုံးစွဲနိုင်ကြောင်း သိရသည်။

ယခု ၅ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းသည် ကိုးကန့်ဒေသတွင် မကြာမီ အကောင်ထည်ဖော်မည့် စက်မှုဇုန် များကိုပါ လျှပ်စစ်မီး လုံလောက်စွာ ပေးသွားနိုင်မည် ဖြစ်ကြောင်း ကိုးကန့်ဒေသ ဦးစီးအဖွဲ့က ပြောသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို ကိုးကန့် ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုးကန့်ဒေသဦးစီး အဖွဲ့မှ ကိုယ့်အား ကိုယ်ကိုး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ

မြန်မာနယ်စပ်ကိုသွားမယ့် ပါကိစ္စတန် အကြမ်းဖက်သမား ၃ ဦးကို ဘင်္ဂလားရဲက ဖမ်းဆီး


(နိရဉ္စရာ- ၂၀ ဇန်န၀ါရီလ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရဲတပ်ဖွဲ့က မြန်မာနယ်စပ်အနီးမှာ တည်ရှိတဲ့ တက်ကနက်မြို့ကို ဒက္ကားမြို့ကနေ သွားဖို့ကြိုးပမ်းတဲ့ ပါကိစ္စတန် နိုင်ငံက အကြမ်းဖက်သမားတွေလို့ ယူဆရသူ (၃) ကို ဖမ်းဆီးလိုက်တယ်လို့ banglanews24 သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့သုံးဦးဟာ ပါကိစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ TTP ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး ယမန်နေ့ညနေ ၁၀ နာရီက ဒက္ကာမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးကတော့ မေဟ်မူဒ် (၂၆)နှစ်၊ အိုစမာန် (၂၃) နှစ်နဲ့ ဖောခရူလ် ဟာဆန် (၅၀) နှစ်တို့ ဖြစ်ကြတယ်လို့ banglanews24 သတင်းက ပြောပါတယ်။

သူတို့ဆီက လက်လုပ်ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေပါဝင်တဲ့ အထောက်အထားတွေ  သိမ်းဆည်း ထားတဲ့ လပ်ပတော့ ကွန်ပျူတာတစ်လုံးကိုလည်းသိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မေဟ်မူဒ်နဲ့ အိုစမာန်ဆီက နိုင်ငံကူးလက်မှတ်ကို မတွေ့ရပေမဲ့ ဖောခရူလ် ဟာဆန်ဆီကတော့  ဗီဇာကုန်နေတဲ့ နိုင်ငံကူးလက်မှတ်တခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲအရာရှိက ပြောဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။

တအာင်းဒေသအတွင်း ဘိန်းခင်းများ ဖျက်ဆီး


တအာင်းဒေသအတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က ဘိန်းစိုက်ခင်းတွေကို လိုက်လံ ဖျက်ဆီးနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း/ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မန်တုံမြို့နယ်အတွင်း ကျေးရွာတွေမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို တီအန်အယ်လ်အေက ဇန်န၀ါရီ ၁၅ ရက်နေ့ကစပြီး လိုက်လံ ဖျက်ဆီးနေတာပါ။

ဘိန်းခင်းတွေ လိုက်လံဖျက်ဆီးနေတဲ့ တီအန်အယ်လ်အေ အရာရှိတဦးက “ဒါက ၂ လသားအရွယ်လောက်ရှိပြီ။ နောက် ၂ လလောက်ဆို အသီးသီးပြီး အပွင့်ပွင့်ပြီး အဆီထုတ်လို့ရပြီ။ ပြီးခဲ့တဲ့နှစ်က ဒီနယ်မြေကို ကျနော်တို့ မရောက်ဘူး။ လူအင်အားအရရော၊ အချိန်အရရော ကျနော်တို့ နယ်မြေ ဟိုဘက်အခြမ်းမှာပဲ ဖျက်တယ်။ ဒီနှစ်က ကျနော်တို့ လူကြီးတွေရော၊ အထက်က ညွှန်ကြားချက်အရရော တပြေးညီလာရောက် ဖျက်ဆီးခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် တိုင်းဒေသအတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ဧကပေါင်း ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တီအန်အယ်လ်အေ တပ်မတော်က စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားဟိုးပ္လါင်က ပြောပါတယ်။

“တအာင်းဒေသမှာ စစ်ပြေးနေတဲ့ တောင်သူတွေက ၂၀၁၂ ဘိန်းစိုက် ဧကပေါင်း ခန့်မှန်းခြေက ၃၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိတယ်။ တီအန်အယ်လ်အေက မနှစ်က မူးယစ်ဆေး စိုက်ပျိုးနေတဲ့ တောင်သူတွေရဲ့ ဘိန်းခင်တွေ ဧကပေါင်း ၃၀၀၀ ကျော်ရှိတယ်။”

၂၀၁၃ ခုနှစ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ၅၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားမှာ လူထုပရိသတ်ရှေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် တအာန်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကိုလည်း ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း ၇၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်ခဲ့တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) ကတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၃ ခုနှစ်မှာ ၁၃ ရာခိုင်နှုန်း တိုးလာပြီး ဘိန်းထုတ်လုပ်မှုဟာလည်း ၂၆ ရာခိုင်နှုန်း၊ တန်ချိန် ၈၇၀ လောက် ပိုထွက်ခဲ့တယ်လို့ ၂၀၁၃ ဒီဇင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးအစီအစဉ်အရ လူ ၁ သောင်းခွဲလောက်ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အမှုတွေနဲ့ ၃ နှစ်အတွင်း ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့်  လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အောင်မြင်မှုမရသေးတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဘိန်း ဒုတိယအများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ကုလသမဂ္ဂက သတ်မှတ်ခံထားပါတယ်။

DVB Burmese

The Irrawaddy Weekly ( Vol-1, No-3 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Weekly Eleven News Journal အတွဲ(၉) အမှတ်(၁၅)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ငါးနှစ်အတွင်း မူးယစ်ဆေးပြား ၉၃သန်းကျော် ဖမ်းဆီးမိ


ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးပြား ၉၃ ဒသမ ၆ သန်း ဖမ်းဆီး ရရှိခဲ့ကြောင်း မြန်မာ-အိန္ဒိယ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဆေးပြားအများစုမှာ အိန္ဒိယနယ်စပ်မှ တရားမဝင် သယ်ဆောင်လာသည့် ဆူဒိုအက်ဖီဒရင်း ပါဝင်သော အအေးမိ ပျောက်ဆေးပြားများ ဖြစ်သည်။

မြန်မာနိုင်ငံ လူငယ်ထုများကြားတွင် စိတ်ကြွ ရူးသွပ်ဆေးပြား သုံးစွဲမှု ပြဿနာများကို ၁၉၉၆ ခုနှစ်မှ စတင်ရင်ဆိုင်နေရပြီး ဆေးပြား ချက်လုပ်ရာတွင် ပါဝင်သည့် ဓာတုပစ္စည်းများကို အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်း၊ လာအိုနှင့် အိန္ဒိယနိုင်ငံတို့မှတစ်ဆင့် မြန်မာပြည်တွင်း ဝင်ရောက်လျက် ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်း ဆေးပြား စုစုပေါင်း ၂၂ ဒသမ ၀၉ သန်း၊ အက်ဖီဒရင်း ၇၀ ဒသမ ၅ ကီလိုနှင့် ဆူဒိုအက်ဖီဒရင်း အမှုန့် ၄၇ ဒသမ ၀၇ ကီလို ဖမ်းဆီးရမိကြောင်းလည်း ယင်းဆွေးနွေးပွဲမှ စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar

အစိုးရ အရာရှိများကို GE ဖောင်ဒေးရှင်းနှင့် လီကွမ်ယုကျောင်း ပူးပေါင်းသင်တန်းပေး


ရန်ကုန်၊ ဇန်နဝါရီ ၁၉

အမေရိကန်အခြေစိုက် GE ဖောင်ဒေးရှင်းနှင့် လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းတို့ ပူးပေါင်းကာ မြန်မာအစိုးရ အရာရှိများ အရည်အသွေး မြှင့်တင်နိုင်ရန် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေး ဘာသာရပ်များကို ဇန်နဝါရီလအတွင်း သင်ကြားခဲ့ကြောင်း GE ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

အာဆီယံ မူဝါဒခေါင်းဆောင်မှု အစီအစဉ် (ASEAN Policy Leader Forum) ၏ အစိတ်အပိုင်းအဖြစ် မြန်မာအစိုးရ အရာရှိ ၄၄ ဦးကို နေပြည်တော်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ အကြီးတန်း စီမံခန့်ခွဲရေး သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

အခြေခံ အဆောက်အဦနှင့် စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းအင်ဝယ်ယူရေး သဘောတူညီမှုများ၊ အခြေခံ အဆောက်အဦ စီမံကိန်းအပေါ် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း (Infrastructure Project Risk Anlaysyis)၊ လာဘ်ပေးလာဘ်ယှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိရေး၊ အခြေခံ အဆောက်အဦ စီမံကိန်း အကဲဖြတ်မှုနှင့် ဘဏ္ဍာရေး၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဖက်စပ်လုပ်ငန်းများ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အပိုင်းတွင် ဦးဆောင်မှု စသည့် အကြောင်းအရာများကို လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ ထုတ်ပြန်ချက်အရ ရှိရသည်။

“ဒီသင်တန်းက အကြီးတန်း အစိုးရ အရာရှိတွေကို အာဆီယံ ဒေသတွင်းက အရေးကြီးတဲ့ သင်ခန်းစာတွေကို သင်ယူခွင့် ရစေပြီးတော့ ရေရှည် တိုင်းပြည်ဆက်လက် ဖွံ့ဖြိုးရေးမှာ အသုံးချ သွားနိုင်ပါလိမ့်မယ်” ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဆိုသည်။

GE ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံများကို နည်းပညာပိုင်း ကူညီခြင်း၊ ကျန်းမာရေး ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်းကိုလည်း ဆောင်ရွက်နေသည်။

ယင်းအပြင် GE ဖောင်ဒေးရှင်းသည် ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ အလုပ်သမားရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များကို တစ်ကမ္ဘာလုံးတွင် ကူညီ ဆောင်ရွက်နေသည်။
The Voice Weekly Myanmar

လမ်းတွေကို ပြင်မှာလား၊ စိတ် အမူအကျင့်တွေကို ပြင်မှာလား


ဘတ်စ်ကားများ ပြည့်ကြပ်နေသည့် ရန်ကုန်မြို့လမ်းမတခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက် ကျနော်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက် စာ Social Visa နဲ့ သွားတဲ့ အတွက် သတင်း ၈ ပတ်ကြာခဲ့တယ် ဆိုပါတော့။ အဲဒီသတင်း ၈ ပတ်အတွင်းက နေ့ရက် အတော်များများဟာ တနေရာနဲ့ တနေရာ သွားရင်း လမ်းပေါ်မှာ ကုန်ဆုံးခဲ့ရပါတယ်။ အဲဒီလို မြန်မာနိုင်ငံက လမ်းမတွေပေါ် သွားရင်းနဲ့ အောက်ဖေါ်ပြပါ လမ်းပေါ်က အမှား တွေကို ကျနော်မြင်ခွင့်ရခဲ့ ပါတယ်။

အဝေးပြေး ကားလမ်းပေါ်က အမှားတွေကို မပြောခင် အားလုံး နေ့စဉ်ကြုံတွေ့ မြင်သိနေရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေကို အရင်ဆုံးလေ့လာ ကြည့်ရအောင်ပါ။ ရန်ကုန် နိုင်ငံတကာလေဆိပ်ကို လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ ပထမဆုံး ကြုံရတာက လေယာဉ်ကွင်းနဲ့ မြို့ထဲ ပြေးတဲ့ လေယာဉ်ကွင်း ရထားတို့၊ လေယာဉ်ကွင်း ဘတ်စ်ကားတို့ ရန်ကုန်မှာ မရှိသေးတဲ့ ကိစ္စ။ ဒီတော့ ဈေးကြီးတဲ့ တက္ကစီကိုပဲ အားကိုးရတာပေါ့။


စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ရန်ကုန်က တက္ကစီတွေရဲ့ အပြင်အဆင် ကိုလည်း ကြည့်ပါဦး။ နော်ဝေးက တက္ကစီနဲ့ မယှဉ်နဲ့၊ ဘန်ကောက်က တက္ကစီနဲ့ ယှဉ်ရင် တောင် အတော် ကျန်နေခဲ့ပြီ။ တိုင်းပြည်က ဆင်းရဲနေဆဲ ဖြစ်လို့ ကားကောင်းကောင်း မတင်သွင်းနိုင်သေးတာ၊ လမ်းကောင်း ကောင်း မဖေက်လုပ်နိုင်သေးတာကိုတော့ ထားလိုက်ပါတော့။ ဒါပေမယ့် ကားဆရာတွေရဲ့ ဧည့်ဝတ်မကျေမှု၊ ဧည့်သည်ကို ဘယ် လိုဆက်ဆံရမယ် ဆိုတဲ့ အခြေခံမူလေးတောင် မသိမှုတွေ အတွက်တော့ စိတ်ပျက်သွားမိ ပါတယ်။

တက္ကစီပေါ် ရောက်ရောက်ချင်း ထိုင်ခုံ ခါးပတ် ပတ်ဖို့ပြင်တဲ့ လူကို “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်”လို့ တက္ကစီ ဆရာက စပြောပါတယ်။ တကယ်က ဒီမှာတော့ အဲဒီလောက်ထိ စည်းကမ်း မကျပ် သေးဘူး၊ ထိုင်ခုံခါးပတ် မပတ်ရင် အရေး ယူတာမျိုး မရှိသေးဘူး။ ဒါကြောင့် ပတ်စရာမလိုဘူး စသဖြင့် ရှင်းပြသင့်တယ် ထင်ပါတယ်။

ပြီးတော့ ရန်ကုန်က တက္ကစီသမားတိုင်း လိုလို ကွမ်းစား၊ ဆေးလိပ်သောက်တာ တွေ့ရပါတယ်။ လမ်းဆုံ မီးပွိုင့်မှာ ကားရပ်ရင် ကားတံခါးကို ဟပြီး ကွမ်းသွေး ထွေးကြပါတယ်။ မြို့လယ်ခေါင် ကတ္တရာလမ်းမကြီး ပေါ် “ဗြစ်” ဆိုပြီး ဒီအတိုင်း ထွေးချလိုက် တာပါ။ “ကားဆရာ ကြည့်လုပ်နော်။ နောက်က ဆိုင်ကယ် ၀င်တိုက်မိမယ်။ ရဲ နဲ့တိုးရင် ဒုက္ခရောက်နေဦးမယ်” ဆိုပြီး ပြောမိပြန် ပါတယ်။ ဒီတော့ ကားဆရာက “ခင်ဗျားမြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” ဆိုတဲ့ စကားလုံးကို အသံနဲ့မပြောတော့ဘဲ မျက် လုံး၊ မျက်ခုံးနဲ့ ပြပါတယ်။

မြို့လယ်ရောက်တော့ အခြေနေက ပိုဆိုးပါတယ်။ လူကူး မျဉ်းကြားမှာ လူတွေဖြတ်ကူး နေတာကို မြင်ရဲ့ သားနဲ့ ကားဟွန်း အဆက်မပြတ်တီးပြီး အရှိန်နဲ့ မောင်းဝင်ပါတယ်။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” လို့ ထပ်အပြောခံရမှာ စိုးတဲ့ အတွက် ဘာမှထပ် မပြောတော့ပါ။ မှတ်တမ်းမှတ်ရာနဲ့ တင်ပြနိုင်ဖို့ အတွက် ကင်မရာအလုပ်ကိုသာ အာရုံစိုက်ရ ပါတော့ တယ်။

ရန်ကုန်ကနေ နယ်မြို့တွေသွားတဲ့အခါမှာလည်း လေယာဉ်တွေ၊ ရထားတွေထက် ကားလမ်းကိုသာ လူတွေ အဓိကထား သွားကြတာ တွေ့ရပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေး၊ မန္တလေး-တောင်ကြီး၊ တောင်ကြီး-ရန်ကုန် ခရီးစဉ်တွေ အားလုံးကို ကျနော် ဘတ်စ်ကား စီးပြီး သွားခဲ့ပါတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့ အတိုင်း တိုင်းပြည်က ဆင်းရဲနေ ဆဲ မို့ လမ်းတွေ ကောင်းကောင်း မပြင်နိုင်သေးတဲ့ ကိစ္စကို အပြစ်တင်စရာ မရှိပါ။

ဒါပေမယ့် လမ်းအခွန် ကောက်တဲ့ စနစ်ကတော့ တိုင်းပြည် ဆင်းရဲတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အခု ပြင် အခု ရနိုင်တဲ့ ငွေကုန်ကြေးကျ မများတဲ့ လုပ်ငန်းစဉ်လို့ ထင်မိပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေးလမ်း တွေမှာ ကျနော်ပဲ အိပ်ငိုက် နေလို့လား မသိပါ၊ မြို့ဝင်ကြေး ကောက်တာမျိုး မတွေ့မိပါ။ ကုမ္ပဏီတွေက ဆောက်လုပ်ထားတဲ့ အဝေးပြေးလမ်း Toll ဂိတ်တွေမှာ လမ်းခွန် ကောက်တာကိုတော့ တွေ့မိပါတယ်။

ကိုယ်က နောက်မှာ ထိုင်တာ ဆိုတော့ ကားဆရာနဲ့ ဂိတ်ဆရာ ဘာတွေ ပြောမှန်းမသိပါ။ နော်ဝေးနဲ့ ထိုင်းမှာ တွေ့ဖူးသလောက် ကတော့ Toll ဂိတ်မှာ ဘာမှပြောစရာ မလိုပါ။ ကားကြီး ဘယ်လောက်၊ ကားငယ် ဘယ်လောက်၊ ကျသင့်တဲ့နှုန်းကို ပေးရင် ဂိတ် တခါး ပွင့်မယ်။ လက်မှတ်ရမယ်။ အားလုံး ကွန်ပျူတာ စနစ်နဲ့ထိမ်းချုပ်ထားတယ်။ ဒီလို နားလည်ထားပါတယ်။

ဒါပေမယ့် မန္တလေးကနေ တောင်ကြီး၊ တောင်ကြီးကနေ လင်းခေးမြို့ဆီသွားတဲ့ ခရီးစဉ်တွေမှာတော့ ဘတ်စ်ကားကြီး တွေ အစား ဗင်ကားလို့ ဒေသခံတွေက ခေါ်တဲ့ လူ ၄ ယောက်စီး တက္ကစီလို ကားမျိုးကို စီးမိပါတယ်။ ကားသမားဘေး က ရှေ့ခုံမှာ ထိုင်ခွင့်ရတော့ ကားသမား ပြောသမျှ၊ ကားသမားလုပ်သမျှ အကုန်မြင် နေရပါတယ်။ စဥ့်ကူ၊ ကျောက်ဆည်၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ အေးသာယာ၊ တောင်ကြီး အထိ မြို့တိုင်းမှာ မြို့ဝင်ကြေး ၃၀၀ ကျပ်စီ ပေးတာ တွေ့ရပါတယ်။

အလားတူ ဟိုပုန်း၊ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့အ၀င်တွေမှာလည်း ၃၀၀ ကျပ်စီ ပေးရပါတယ်။ ဒါပေမယ့် ၅၀၀ တန်ပေးလိုက်ရင် ပြန် မအမ်းတော့ပါ။ ၃၀၀ အတွက်လည်း ဘာလက်မှတ်မှ မရပါ။ “ဘာလို့ ငွေလက်ခံဖြတ်ပိုင်း မတောင်းတာ လဲ” ဆိုပြီး ကားဆရာကို ကျနော်က မေးတော့ “အလုပ်ရှုပ်ပါတယ်ဗျာ။ အဲဒါ တောင်းနေရင် ကား အကြာကြီး ရပ်နေရလိမ့်မယ်” လို့ဖြေပါတယ်။

အင်း မြို့ဝင်ကြေး ကောက်တဲ့ ဂိတ်တွေမှာ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် အခွန်ပြေစာ မပေးနိုင်သေးတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ နောက်တခါ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် တနေ့တနေ့ ကားဘယ်နှစ်စီး ဒီဂိတ်ကနေ ဖြတ်သွားတယ် ဆိုတာကိုလည်း ဘယ်သူကမှ အသေချာ မှတ်တမ်းတင်ထားပုံ မရပါ။

ကား ဘယ်နှစ်စီး ဖြတ်တယ် ဆိုတာ မှတ်တမ်း မရှိဘဲနဲ့ ဂိတ်ကြေး ဘယ်လောက်ရတယ် ဆိုတာကို ဘယ်လို တွက်ချက်သလဲ။ ဒီဂိတ်မှာ တာဝန်ယူတဲ့ သူတွေ ပြောတဲ့အတိုင်းပဲ မြို့တော်ဝန်တို့၊ အခွန်ဝန်ကြီးဌာနတို့၊ ကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီးဌာနတို့က လက်ခံလိုက်တာပဲလား။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူး နဲ့တူတယ်” လို့ ထပ် အပြောခံရဦးမယ့် ကိန်းပါပဲ။

ထားတော့။ တိုင်းပြည်က ဆင်းရဲနေဆဲ ဆိုတော့ ကွန်ပျူတာစနစ် မလုပ်နိုင်သေးတဲ့ အတွက် ဒါတွေကို စိစစ်ဖို့ မဖြစ်နိုင် သေး ဘူး ပေါ့။ ဒါပေမယ့် ကွန်ပျူတာစနစ်နဲ့ အသေအချာ ထိမ်းချုပ်ထားတဲ့ တောင်ကြီးမြို့ဝင်ခါနီး ပုဂ္ဂလိကပိုင် Toll ဂိတ်မှာလည်း အလားတူ အဖြစ်ကို ကြုံရတော့ ကျနော် အတော်အံ့သြသွားရ ပါတယ်။ Toll ဂိတ် တွေရောက်တိုင်း ပေးနေကျ အခကျေးငွေကို ကားဆရာက ထုတ်ပေးတာ ကျနော် မြင်လိုက်ရပါတယ်။

“ဟာ အစ်ကိုကြီးကလဲ၊ အချင်းချင်းတွေကို ပိုက်ဆံလာပေး နေပြန်ပြီ။ ပိုက်ဆံ မယူဘူး။ ပြန်လာမှ မုန့်ဝယ်လာခဲ့လေ”လို့ Toll ဂိတ်ကောင်တာ ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက ပြန်ပြောပါတယ်။ ကျနော့် နားကို ကျနော် မယုံလို့ ကောင် မလေး ရှေ့က ကွန်ပျူတာကို အသေအချာလှမ်းကြည့် ပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ ဘာတွေ ပေါ်နေမှန်း ကောင်းကောင်း မမြင်ရပါ။ ပြီးတော့ ဘေးမှာ CCTV ကင်မရာတွေကော မရှိဘူးလား ဆိုပြီး ကျနော် လိုက်ကြည့်ပေမယ့် ဘာမှ မတွေ့ရပါ။

ကျနော့် နားနဲ့ မျက်စိအာရုံတွေ ချွတ်ယွင်းနေတာတော့ မဟုတ်လောက်ပါဘူး။ Toll ဂိတ်စနစ်နဲ့ အကောက် ၀န်ထမ်းတွေ၊ ကား သမားတွေရဲ့ တာဝန်ယူမှု၊ ကိုယ်ကျင့်သိက္ခာတွေက ဘယ်လိုမျိုးကြီးလဲ။ ဒါပေမယ့် ဒါကို လွဲချော်ခြင်း တခု၊ ကိုယ်ကျင့်သိက္ခာ ခြ စားခြင်းတခု၊ လာဘ်စားမှု တခုဖြစ်တယ်လို့ ကားသမားရော၊ Toll ဂိတ် ၀န်ထမ်းတွေကပါ ရှုမြင်ထားပုံ မရပါဘူး။

“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” လို့ ခဏခဏ အပြောခံနေရတဲ့ ကျနော်တဦးတည်းကသာ ဒီလိုမြင်နေတာ ဖြစ် ပုံရပါတယ်။

ထားတော့။ နယ်စွန်နယ်ဖျား မို့လို့ ဒီလို လွဲချော်နေတာ ဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံး ဒီလို လွဲနေတာ မျိုးတော့ မဟုတ်လောက်ပါဘူး လို့ တွေးရင်း ရှမ်းပြည်ကနေ ကျနော် ပြန်လာခဲ့ပါတယ်။ မန္တလေးကို မ၀င်ခင် စစ်ကိုင်း တောင်ရိုး ပေါ်က ပြန်အဆင်း၊ ဧရာဝတီမြစ်ကူးတံတား (အရင် အင်းဝတံတား) ဘေးက သတိပေး ဆိုင်းဘုတ်တွေကိုမြင်ရတော့ နောက်ထပ် ထူးခြားချက် တခု ကို တွေ့လိုက်ရ ပြန်ပါတယ်။

“ဌာနဆိုင်ရာ မော်တော်ယာဉ်မှန် မမှန် စစ်ဆေးလိုပါသဖြင့် မော်တော်ယာဉ်များ ခေတ္တရပ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” တဲ့။ တမျိုးကြီး ပါလား။ နော်ဝေးမှာရော၊ ထိုင်းမှာပါ ဒီလိုမျိုး သတိပေးချက် မတွေ့ မိပါဘူး။ အသေအချာ ပြန်ဖတ်ကြည့်တော့ “ဌာနဆိုင်ရာ တံဆိပ်များ အယောင်ဆောင် တပ်ဆင်၍ လမ်း/ တံတား၊ ဂိတ်ကြေးများ မပေးဘဲ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနေလို့” ဒီလို မေတ္တာရပ်ခံရတာပါ တဲ့။

ဆိုလိုတာက ဌာနဆိုင်ရာကား ဆိုရင် တံတားကြေး၊ ဂိတ်ကြေး ပေးစရာ မလိုဘူးပေါ့။ ဘာကြောင့်လဲ။ ဒီ ကားတွေက မြေနဲ့ မထိ ဘဲ၊ လမ်းနဲ့မထိဘဲ လေပေါ်မှာ မောင်းသွားလို့လား။ လမ်းခွန်ကောက်တာပဲ။ ဘယ် ကားဖြစ်ဖြစ် လမ်းပေါ် ဖြတ်တဲ့ ကားမှန်သမျှ ကောက်ရမှာပေါ့။ ကွန်ပျူတာစနစ်ထဲမှာ ဌာနဆိုင်ရာကားဆိုရင် စခရင် (Screen) မှာ မပေါ်ဘဲ ကိုယ်ဖျောက် စနစ်နဲ့ ဖြတ်သွားလေရော့ သလား။ တခြား နိုင်ငံတွေက ကွန်ပျူတာ စနစ်နဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ စနစ် မတူကြဘူးလား။

အင်း လမ်းပေါ်က အမှားတွေ အတွက် လမ်းကိုပဲ အရင်ပြင်ရ မလား၊ မြို့ဝင်ကြေးကောက်တဲ့ ဂိတ်စနစ် ကိုပဲ အရင်ပြင်ရ မလား။ Toll ဂိတ်တွေက ကွန်ပျူတာစနစ်ကိုပဲ အရင်ပြင်ရ မလား။ ဒါမှမဟုတ် တာဝန်ကျ ၀န်ထမ်းတွေ၊ ကားသမားတွေ၊ လူတွေရဲ့ စဉ်းစားပုံ Mindset ကိုပဲ အရင်ပြင်ရ မလား။

“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” ဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး ဝေဖန်သမျှကို မျက်စိမှိတ်စွတ်ငြင်း လေ့ ရှိတဲ့ အမူအကျင့်ကိုပဲ အရင်ပြင်ရ မလား။ မန္တလေး-ရန်ကုန် အမြန်လမ်းပေါ် ပြေးနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း ကျနော် စဉ်းစားနေမိပါတယ်။     ။
Irrawaddy ဧရာဝတီ သတင်း