မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၀ဝ ကျော်အနက် ရိုဟင်ဂျာဆိုသည့် လူမျိုးစုမည်သည့်အခါကမှမရှိခဲ့


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ၌ ကျင်းပသည့် (၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေဆထွညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ပြောကြား

(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နှင့် မြောက်ကို ရီးယား နိုင်ငံတို့၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းများကို အရေးယူဆုံးဖြတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံဖြတ်ချက်အချို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်က ကန့်ကွက်ပြောကြားမှု များပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အဆိုမူကြမ်းများကို အရေးယူဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂသတင်းဌာနမှ နိုဝင်ဘာ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့်အစည်းအဝေးသတင်းမှတ်တမ်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေတိုး တက်ကောင်းမွန်လာမှုကို ကိုယ်စားလှယ်အဖွဲ့က တခဲနက်ကြိုဆိုခဲ့ကြပါကြောင်း "DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMAR AS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY- SPECIFIC TEXTS" ခေါင်းစီးဖြင့် အလေးပေးဖော် ပြထားသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းနှင့်ပတ်သက်၍ တတိယကော်မတီ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင်ဆွေးနွေးပြောကြားသူအချို့က မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် စီးပွား ရေးနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုကြိုဆိုခဲ့ကြပြီး အနာဂတ်တွင် မြန်မာနိုင်ငံအတွက် အလားတူအဆိုမူကြမ်းအား တတိယကော်မတီတွင် တင်သွင်းမှုကို အဆုံးသတ်ကြရန် တောင်းဆိုခဲ့ကြကြောင်း လည်းသိရသည်။ အဆိုမူကြမ်းကို ကော်မတီကမဲမခွဲဘဲ အတည်ပြုချမှတ်ပြီးနောက် ယင်းဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲ တမ်းကိုယ်စားလှယ် ဦးကျော်တင်က ဆုံးဖြတ်ချက်တွင်ပါရှိသည့် ရိုဟင်ဂျာလူနည်းစုဟူသည့် စကားအသုံးအနှုန်းကို ယခင်ကာ လများအတိုင်း ဆန့်ကျင်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသားလူမျိုးစု ၁၀ဝ ကျော် နက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့်အခါကမျှ မရှိခဲ့ပါကြောင်း။ အကြမ်းဖက်မှုများပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား လူမျိုးဘာသာမခွဲ ခြားဘဲ အရေးယူဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ကို အရေးကြီးဆုံးအချက် အဖြစ် တင်ပြလိုပါကြောင်း၊ မကြာခင်က မြန်မာနိုင်ငံသို့ အိုအိုင်စီအဖွဲ့၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန်၊ ပြည်သူလူထု အကာအကွယ်ပေးရန်နှင့် လူ့အခွင့် အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား အပြည့်အဝ လေးစားလိုက် နာစေရေး ဆောင်ရွက်ရန်တို့အတွက် အာမခံကြောင်း ကို နိုင်ငံတော်အစိုးရက ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း။ ကိုးကွယ်ယုံကြည်မှု မတူညီသူအချင်းချင်း စေ့စပ်ဆွေးနွေးမှုများ အားပေးမြှင့်တင်ရန်နှင့် လူသားချင်းစာ နာထောက်ထားမှု အထောက်အပံ့များ ကို ပေးအပ်ရေးတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတော်အစိုးရ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အိုအိုင်စီအဖွဲ့လာရောက် ခွင့်ပြုခြင်းမှာ မြန်မာနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု အခြေအနေအရပ်ရပ်ကို ယခုထက် ပိုမိုကောင်းမွန်လာစေ ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ဆက်ဆံရေးအတွက် အသင့်ရှိသည်ကိုမြန်မာ နိုင်ငံက ပြသ ခဲ့ခြင်းဖြစ်ပါကြောင်း။

မြေယာပိုင်ဆိုင်မှုအခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာလှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များ ရယူ အသုံးပြုမှုကဲ့သို့သော တည်ဆဲဥပဒေအောက်တွင်ရှိသည့် လုံခြုံရေးအခြေအနေများနှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ထည့်သွင်းစဉ်းစားသွား မည်ဖြစ်ပါကြောင်း။ နိုင်ငံတစ်နိုင်ငံတည်းကို ရွေးချယ်၍ ညီလာခံတွင် တရားဝင်တင်ပြပြီးဆုံးဖြတ်ချက်ချမှတ်မှုကို ကန့်ကွက် ပါကြောင်း၊ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစောင့်ကြည့်ရေး အစီရင်ခံစာအဖွဲ့(UPR) သည်သာ နိုင်ငံတိုင်း တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အခြေအနေများကို မျှတစွာဖြေရှင်းရမည့် တစ်ခုတည်းသော စောင့် ကြည့်သည့် ယန္တရားဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် အားပေး မြှင့်တင်ခြင်းလုပ်ငန်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားအတိုင်း လိုက်နာဆောင်ရွက်ပြီး အဖွဲ့ ဝင်နိုင်ငံများ၏ ဆောင်ရွက်မှုစွမ်းရည် ခိုင်မာအားကောင်းလာစေရန် စစ်မှန်သော စေ့စပ်ဆွေးနွေးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှု အခြေခံများပေါ်တွင် အခြေခံသင့်သည်ဟုလည်း မိမိတို့ယုံကြည်ပါကြောင်း။ ကော်မတီ ဆုံးဖြတ်ချက်မူကြမ်း ပါ မြန်မာတစ်နိုင်ငံတည်း၏ အရေးကိစ္စကို တင်ပြခြင်းအား ကုလသမဂ္ဂ၏ စုံစမ်း စစ်ဆေးမှုအောက်တွင် ဆက်လက်ထားရှိခြင်းမပြုသင့်ပါကြောင်း၊ ကုလသမဂ္ဂအထူးသံတမန်၏ တရားဝင်လေ့လာ စုံစမ်းမှုကို အဆုံးသတ်ရန်အချိန်ကျရောက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ အနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ လူ့အခွင့်အရေးမြှင့်တင် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီဖော်ဆောင် မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း ကတိကဝတ် ပြုထားမှုကို ကြိုဆိုသည်ဟု ဖော်ပြထားသည်။
MOI Webportal Myanmar

စင်ကာပူနိုင်ငံ တနိုင်ငံစာရှိတဲ့ ရေခဲပြင်ကြီး အန္တာတိကတိုက်မှ ကွဲထွက်လာ


အရှည် ၂၁ မိုင်၊ အကျယ် ၁၂ မိုင်ရှိတဲ့ ရေခဲပြင်ကြီးဟာ အန္တာတိကတိုက် ပိုင်းအိုင်လန် ပင်လယ်ကွေ့ကနေ ကွဲထွက်လာတဲ့ပုံတွေကို အမေရိကန်အမျိုးသားအာကာသအေဂျင်စီ (နာဆာ)က နိုဝင်ဘာလ ၂၄ ရက်နေ့က ပြသခဲ့တယ်။

ရေခဲပြင်ကြီး မကွဲထွက်ခင်ကပုံတွေနဲ့ ကွဲထွက်လာပြီး အာကာသဓာတ်ပုံတွေ
ကို ပြသခဲ့ပါတယ်။

ဒီအက်ကွဲမှုကို ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက နာဆာရဲ့ “အော်ပရေးရှင်း အိုင့်စ်ဘရစ်ခ်ျ” အဖွဲ့က သတိထားမိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ဇူလိုင်လပုံတွေမှာတော့ ရေခဲပြင်ကြီးဟာ သိသိသာသာ ကွဲထွက်လာခဲ့ပါတယ်။

အခုအချိန်မှာ ဘီ-၃၁ လို့ခေါ်တဲ့ ရေခဲပြင်ကြီးဟာ ကုန်းမြေကနေ သပ်သပ်ကွဲထွက်လာပြီး ရွှေ့လျားနေပါတယ်။

သိပ္ပံပညာရှင် တစ်စုဟာ စတုရန်းကီလိုမီတာ ၇၀၀ရှိတဲ့ ရေခဲမျက်နှာပြင်ကြီး ဘယ်အရပ်မျက်နှာဘက်ကို ရွေ့လျားမယ်ဆိုတာ ဂြိုလ်တုကပေးတဲ့ အချက်အလက်တွေနဲ့ လိုက်လံတွက်ချက်နေကြပါတယ်။

DVB TV News
ဒီဗွီဘီ

တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းရန် စည်းရုံးခေါ်ဆောင်လာသူအား ဖမ်းဆီး


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်သာယာတောင်ရပ်ကွက် မိတ္ထီလာ-မန္တလေး ကားလမ်း၌ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့စု (မိတ္ထီလာ)မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ နိုဝင်ဘာ ၂၁ ရက်တွင်

ယာဉ်အမှတ် ၁ခ/......မှန်လုံယာဉ်အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရုတ်ပြည်၌ အလုပ်လုပ်ရန်၊ တရုတ်အမျိုးသားများနှင့်လက်ထပ်ယူရန် လိုက်ပါလာသည့်

မိတ္ထီလာမြို့နေ မ..... (၃၉) နှစ်ပါ နှစ်ဦးအားတွေ့ရပြီး ၎င်းတို့အား မိတ္ထီလာမြို့နယ် ပြည်သာယာရပ်ကွက်နေ မ.....(၃၄)နှစ်မှ စည်းရုံးခေါ်ဆောင်လာကြောင်း သိရသဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၃)နယ်မြေ ရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။

The Mirror Daily

ဇနီးဖြစ်သူအိမ်ပေါ်မှဆင်းသည်ကိုမကျေနပ်၍ သမီး ၂ ဦးအားဓါးဖြင့်ထိုးပြီး ကိုယ်တိုင်ဆွဲကြိုးချသေ


နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂၃-၁၁-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သပြေ၀ ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ မိတီ်္ထလာအမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းကျေးရွာနေ မင်းဦး(၃၀)နှစ်မှ သမီးများဖြစ်သည့် မသင်းနုဝေ(၆)နှစ်နှင့်မမေမြတ်နိုးဦး(၉)နှစ်တို့အား ဓါးဖြင့်ထိုးခဲ့သဖြင့် မသင်းနုဝေမှာ ၀ဲရင်အုံထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း၊ မမေမြတ်နိုးဦးတွင် ၀ဲရင်အုံထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိပြီး မင်းဦးမှာလည်း နေအိမ်ထုတ်တန်း၌(၅)မူးလုံးခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးလျက်ရှိကြောင်းတွေ့ရှိရသဖြင့် မိတီ်္ထလာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။ စုံစမ်းချက်အရ မင်းဦးသည် ဇနီးဖြစ်သူနေအိမ်မှဆင်းသွားသည်ကိုမကျေမနပ်ဖြစ်ကာ သမီး(၂)ဦးအား ဓါးဖြင့်ထိုး၍ ကိုယ်တိုင်လည်းကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသောကြောင့် မင်းဦးအား မိတီ်္ထလာ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့်လည်းကောင်း၊ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Myawady News

ထားဝယ်စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ လုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့မှုကြောင့် မြန်မာလုပ်သားများ အခက်တွေ့နေ


(ထားဝယ်စီးပွားရေးဇုန် အတွင်းရှိ လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်)
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ စီမံကိန်း အဓိက တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီသည် နိုဝင်ဘာ ၂၁ ရက်တွင် စီမံကိန်း လုပ်ငန်းခွင်မှ နောက်ဆုံးထား ထွက်ခွာနေပြီး ထိုင်းလုပ်သား အများစုမှာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနေပြီး ဆိုက်အတွင်းရှိ မြန်မာလုပ်သားများကိုမူ ကျန်ရှိသည့် အလုပ်ခွင်သို့ ရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်တွင် လုပ်ငန်းခွင်အမှတ် J.1973 (Early Township တွင် လုပ်ကိုင်နေသော အလုပ်သမားများကို အလုပ်ခွင်မှ ရပ်ဆိုင်းလိုက်သဖြင့် အခြားဆိုက်သို့ ရွှေ့ပြောင်းပေးရမည် ဖြစ်သော်လည်း ရွှေ့ပြောင်းပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် အလုပ်ရပ်ဆိုင်းခဲ့မှုအတွက် အလုပ်သမားများ ရရှိမည့် လုပ်ခကျန်ငွေနှင့် အလုပ်ရပ်ဆိုင်းသည့်အတွက် နစ်နာကြေး ရရှိလိုကြောင်း အလုပ်သမားများမှ လက်မှတ်ထိုး၍ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့သို့ အသနားခံ တင်ပြခဲ့ကြောင်း သိရသည်။

"နိုဝင်ဘာ ၂၀ ရက်ကစပြီး ဦးတို့ကို အလုပ်ဖြုတ်ခဲ့တယ်။ ၁၃ နဲ့ ၁၆ ကီလိုမီတာဆိုက်က အလုပ်သမား ၁၂၀ ကိုပါ။ ၁၈ ရက်က ဦးတို့ကို ITD ဆိုက်က အလုပ်သမား တာဝန်ခံက အလုပ်ခွင် ရပ်နားတော့မယ်။ ဒါပေမဲ့ ဦးတို့ကို အခြားအလုပ်ဆိုက် ပြောင်းပေးမယ်ဆိုပြီး လာပြောပါတယ်။ ဦးတို့ကို ပြောင်းပေးမယ့် အလုပ်ဆိုက်က ဦးတို့ကို လက်ရှိနေထိုင်ရတဲ့ အခြေအနေအတိုင်း မလုပ်ပေးနိုင်ဘူး ပြောပါတယ်။ ဦးတို့ရစရာရှိတဲ့ ဒီလအတွက် လစာငွေကို ပေးဖို့ပြောတော့ နောက်လ ၆ ရက်နေ့မှ ပေးနိုင်မယ်လို့ ပြောတယ်။ ပြောင်းပေးမယ့် အလုပ်ဆိုက်မှာ အရင်လို ထောက်ပံ့မှုတွေ ပေးရင်တော့ ဆက်လုပ်မယ်။ မပေးရင်တော့ ဦးတို့အတွက် နစ်နာကြေးလို ချင်တယ်။ အခု လက်မှတ်ထိုးပြီး တောင်းဆိုထားတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှ လာရောက်လုပ်ကိုင်နေသည့် အလုပ်သမား ဦးသိန်းစိုးက ပြောကြားခဲ့သည်။

အလုပ်သမားများ အလုပ်ခွင်မှ ရပ်နားမှုနှင့် ပတ်သက်၍ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ "မြန်မာအလုပ်သမားများကို အလုပ်ဖြုတ်ခြင်း မရှိပါဘူး။ ညှိနှိုင်းနေဆဲပါ။ ရှေ့ဆက်သွားမယ့် အစီအစဉ်တွေ ရှိသေးတယ်။ လောလောဆယ်တော့ ကုမ္ပဏီက သုံးလပဲ နားမှာပါ" ဟု ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။

Eleven Media Group

ကမ္ဘာ့ခေါင်းဆောင်တို့ထဲ အဆင်းရဲဆုံး သမ္မတကြီး


တောင်အမေရိကတိုက်၏ အရှေ့တောင်ဘက်၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့အကြား၌ မြန်မာဘောလုံးပရိသတ်တို့နှင့် မစိမ်းလှသော နိုင်ငံတစ်ခုရှိသည်။ ဗိုလ်သံပေါက်အောင် ခေါ်လိုသူတချို့က 'ယူရူဂွိုင်း'ဟု ခေါ်တတ်သော်လည်း အသံထွက် အမှန်က'ဥရုဂွိုင်း' ဖြစ်ပြီး မြန်မာအသံထွက် 'ဥရုဂွေး' နှင့် အတော်နီးစပ်ပါသည်။ ယင်းနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၅ သမ္မတသက်တမ်းအတွက် ၂၀၀၉ ခု နိုဝင်ဘာ ၃၀ ရက်၌ ရွေးကောက်ပွဲအနိုင်ရ သမ္မတမှာ José Mujica ဖြစ်သည်။ သူ့အမည်ကို ဂျို့စ်မူဂျီကာဟု အသံထွက် ခေါ်မိနိုင်သော်လည်း နိုင်ငံတကာတွင် အများသိ အမည်မှန်မှာ 'ဂျိုဆေးမူဖီကာ' ဖြစ်ကာ သူ့နိုင်ငံသားများက 'ဂျိုဆေးဖူဖီကာ'ဟု စပိန်အသံထွက်ဖြင့် ခေါ်သည်ကတော့ ပိုမှန်လိမ့်မည် ထင်သည်။

၁၉၃၅ ခုနှစ်တွင် မွေးဖွားသော သမ္မတကြီး မူဖီကာသည် ၁၉၆၀ ခုနှစ်တွင် ကျူးဘားတော်လှန်ရေး၏ လှုံ့ဆော်မှုကြာင့် လက်ဝဲပြောက်ကျား တပ်ဖွဲ့ဝင်ဖြစ်လာပြီး ၁၉၇၀ ပြည့်နှစ်အထိ ယင်းဘ၀တွင် ကျင်လည်ခဲ့သည်။ သူသည် အစိုးရ၏ ဖမ်းဆီးခြင်းကို လေးကြိမ်ခံခဲ့ရပြီး ၁၉၇၁ခုနှစ်၌ နိုင်ငံရေး အကျဉ်းသားအဖြစ်မှ လွတ်မြောက်ခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ပြန်လည်ဖမ်းဆီးခံရပြီး ဤအတောအတွင်း ရဲက သေနတ်ဖြင့် ခြောက်ကြိမ်ပစ်ခတ်ခြင်း ခံခဲ့ရသည်။ ၁၉၇၃ ခုနှစ် စစ်တပ်အာဏာ သိမ်းသောအခါ စစ်အကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့ခြင်းခံရပြီး ယင်းထောင်၌ ၁၄ နှစ် နေခဲ့ရသည်။ ၁၉၇၀ ခုနှစ်များအတွင်း ရေတွင်းထဲသို့ချပြီး လှောင်ထားသည်မျိုး အပါအ၀င် ဆိုးရွားစွာ ချုပ်နှောင်မှု နှစ်နှစ်ခန့် ခံခဲ့ရသည်။ ထောင်ထဲတွင် နောင်သူနှင့်အတူ 'တူပါမာရိုး' ပါတီကို အတူတည်ထောင်ပြီး အတူတွဲလုပ်ကြမည့် ခေါင်းဆောင်များနှင့် ဆုံတွေ့ခဲ့သည်။ ၁၉၈၅ခုနှစ်တွင် ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာသောအခါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ နောင်ဒီမိုကရေစီစနစ် အသားကျ လာသောအခါ သူနှင့်တူပါမာရိုးပါတီ ခေါင်းဆောင်များ အခြားလက်ဝဲခေါင်းဆောင်များကိုပါ ဆက်သွယ်ပေါင်းစည်းပြီး မုဖ်မင့်အော့ဖ် ပေါ်ပြူလာ ပါတီစီပေးရှင်း ပါတီကို တည်ထောင်ခဲ့သည်။

ဂျိုဆေးမူဖီကာသည် ၁၉၉၄ ရွေးကောက်ပွဲတွင် ဥပဒေပြုအမတ်၊ ၁၉၉၉ ၌ အထက်လွှတ်တော်အမတ်၊ ၂၀၀၅ ခုနှစ်တွင် မွေးမြူစိုက်ပျိုးနှင့် ငါးလုပ်ငန်းဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မဲဆန္ဒ ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရကာ သမ္မတဖြစ်လာသည်။ သူသည် ၂၀၀၅ ခုနှစ်တွင် တူပါမာရိုး ပါတီဝင်တစ်ဦးဖြစ်ပြီး ယခု အထက်လွှတ်တော်အမတ် ဖြစ်နေသည့် လိုရှားတိုပိုလန်စကီးနှင့် လက်ထပ်ခဲ့သည်။ သမ္မတကြီးသည် ဥရုဂွေး ခေါင်းဆောင်များအတွက် နိုင်ငံတော်က စီစဉ်ပေးထားသော ဇိမ်ခံအိမ်မျိုးမှာ နေထိုင်မည့်အစား မြို့တော်မွန်တီဗီဒီယို၏ အပြင်ဘက် ဖုန်ထူသော လမ်းကလေးအဆုံးရှိ သူ့ဇနီး၏ လယ်တောအိမ်ကလေး၌ နေထိုင်ရန် ရွေးချယ်ခဲ့သည်။ သူတို့ ရေတွင်းမှရေကိုခပ်ကာ အ၀တ်လျှော်ပြီး အိမ်ပြင်ဘက်တွင် လှန်းထားသည်ကို ဓာတ်ပုံမှာ မြင်ကြရသည်။ သမ္မတကြီးတို့ ဇနီးမောင်နှံသည် မြေကိုကိုယ်တိုင် ပြုပြင်ကာ ပန်းများ စိုက်ပျိုးကြသည်။ သူ့ဘ၀ဟန်ပန်က သူ့မဲဆန္ဒရှင်များ၏ ဘ၀နှင့် အတော်နီးစပ်တူညီပြီး နိုင်ငံတကာ aခါင်းဆောင်များနေထိုင်ပုံနှင့် သိသိသာသာ ကွာခြားနေသည်။

အထူးခြားဆုံးအချက်မှာ သမ္မတကြီးက ဒေါ်လာ ၁၂၀၀၀ နှင့်ညီသော သူ့လစာ ရာခိုင်နှုန်း ၉၀ ကိုမယူဘဲ လှူဒါန်းခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူသည် ကမ္ဘာပေါ်တွင် 'အဆင်းရဲဆုံး သမ္မတ'အဖြစ် နိုင်ငံတကာက ကင်ပွန်းတပ် အသိအမှတ်ပြုလာကြသည်။ 'ကျုပ်က ခပ်ကြောင်ကြောင် အဘိုးကြီးပုံတော့ ပေါက်နေလိမ့်မယ်။ ဒါပေမဲ့ ဒါကလွတ်လပ်တဲ့ ရွေးချယ်မှုပဲဗျာ'ဟု သမ္မတကြီးက ဆိုသည်။ သူက သူ့လစာ ရာခိုင်နှုန်း ၉၀ ကို ဆင်းရဲသားပြည်သူနှင့် လုပ်ငန်းရှင်ငယ်များသို့ လှူဒါန်းခြင်းဖြစ်သည်။ ထိုသို့ လှူဒါန်းလိုက်သည့်အတွက် သူ့ကျန်လစာမှာ ဥရုဂွေးပြည်သူများ၏ ပျမ်းမျှလစာ ဒေါ်လာ ၇၇၅ နှင့် ညီမျှသွားသည်။ ၂၀၁၀ ပြည့်နှစ်၌ သူ့ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို ကြေညာသောအခါ ဒေါ်လာ ၁၈၀၀ သာရှိပြီး ယင်းမှာသူ ပိုင်ဆိုင်သော ၁၉၈၇ မော်ဒယ်လ် ဗောက်စ်ဝက်ဂွန်ဘီတဲလ် မော်တော်ကားတန်ဖိုး ဖြစ်သည်။ ယခုနှစ်တွင် သူကဇနီးပိုင်မြေ၊ ထွန်စက်နှင့် အိမ်တို့၏ တန်ဖိုးထက်ဝက်စီကို ထည့်ပေါင်းလိုက်၍ ဒေါ်လာ တစ်သိန်းတစ်သောင်းငါးထောင်အထိ တိုးတက်လာခဲ့သည်။ ယင်းသည်ပင် လက်ရှိ ဒုသမ္မတဒါနီလိုအက်စ်တိုရီ၏ ပိုင်ဆိုင်မှု၏ သုံးပုံနှစ်ပုံ၊ ယခင် သမ္မတ၏ ပိုင်ဆိုင်မှုထက် သုံးပုံတစ်ပုံသာ ရှိသည်။

သမ္မတကြီးက'ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်ဆင်းရဲတယ်လို့ မခံစားရဖူးပါဘူးဗျာ။ တကယ်ဆင်းရဲတာက အကုန်အကျများတဲ့ နေထိုင်မှု ဘ၀ပုံစံအတွက် လောက်ငအောင် ရှာရင်းက ပိုပိုလိုနေတဲ့ လူတွေပဲဗျ'ဟု ဆိုသည်။ 'ဒါက လွတ်လပ်ခြင်းဆိုတာပါပဲ။ ခင်ဗျားမှာ ပိုင်တာများများစားစား မရှိတော့ဘူးဆိုရင် အဲဒီပိုင်သမျှတွေကို တည်တံ့အောင် တစ်ဘ၀လုံး ကျွန်လိုရုန်းရတာမျိုးလည်း မလိုတော့ဘူး။ အဲဒီအခါကျ ခင်ဗျားအတွက် ကိုယ်ပိုင်အချိန်တွေ ပိုရလာလိမ့်မယ်'ဟု သူကဆိုသည်။ ဥရုဂွေးသမ္မတကြီးက ၂၀၁၂ ဇွန်လတွင် လုပ်ခဲ့သည့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကွန်ဖရင့် (ယူအင်န်စီအက်စ်ဒီ)ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာမှာ 'ကျွန်တော်တို့တွေ တစ်နေ့ခင်းလုံးလိုလိုပဲ ဆင်းရဲမှုက ရုန်းထွက်နိုင်ဖို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရအောင် လုပ်ရမှာဆိုတာချည်း ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဘာတွေစဉ်းစားနေကြတာလဲ။ ကျွန်တော်တို့က ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကြီးပွားနေမှုနဲ့ စားသုံးရမှု ပုံစံတွေကို လိုချင်နေကြတာလား။ ကဲ တစ်ခုမေးမယ်။ တကယ်လို့များ အိန္ဒိယက အိမ်ထောင်စုတွေ ကားပိုင်တဲ့အချိုးဟာ ဂျာမနီနဲ့ တူတူလောက် ဖြစ်သွားမယ်ဆိုရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ။ ကျွန်တော်တို့အဖို့ အောက်ဆီဂျင် ကျန်ပါဦးမလား'ဟု မေးခွန်းထုတ်ခဲ့သည်။ နိုင်ငံတကာ ခေါင်းဆောင်များကိုလည်း အစွန်းရောက် ဖွံ့ဖြိုးလိုမှု ဥပါဒါန် စွဲကပ်နေကြသည်ဟု စွပ်စွဲလိုက်၏။

မဲဆွယ်ကာလကတည်းက နက်ကတိုင်မစည်းဘဲ ၀တ်စုံဝတ်တတ်သူ၊ ဘာသာမဲ့အဖြစ် ဘာမှမကိုးကွယ်သူ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းများစိုက်စားပြီး လယ်တောအိမ်မှာနေပြီး လစာ၏ ရာခိုင်နှုန်း ၉၀ ကို အမြဲလှူနေသူ သမ္မတကြီး မူဖီကာကို သူလုပ်သမျှ အများကကျေနပ် ထောက်ခံနေကြသည်တော့ မဟုတ်ပါ။ ကိုယ်ဝန် ၁၂ ပတ်အထိ ပဋိသန္ဓေ ဖျက်ချခွင့်ကို ယခင်သမ္မတလို ဗီတိုသုံးပြီး မပိတ်ပင်မှု၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ၀န်ဆောင်မှု တိုးတက်မလာမှုတို့အတွက် ဝေဖန်ခံရသည်မျိုး ရှိသည်။ သို့သော် ဥရုဂွေးဥပဒေအရ ၂၀၁၄ ခုတွင် သမ္မတပြန်ရွေးခွင့် မရှိသည်မှာ သေချာနေသော အသက် ၇၇ နှစ်အရွယ် သမ္မတကြီးက များစွာ ပူပန်မည့်ပုံ မပေါ်ချေ။

ဒါတင်မက သမ္မတကြီးကို နိုင်ငံတော်သမ္မတ အိမ်တော်မှာမနေဘဲ လယ်တောအိမ်မှာနေပြီး တိုင်းပြည်ကို အရှက်ခွဲရကောင်းလားဟု အတိုက်အခံကပင် ပြောသံမကြားရ။ ထို့ပြင် နိုင်ငံတကာတွင် ထူးခြားခွဲထွက်သည့် မိန့်ခွန်းမျိုး ပြောခြင်းအတွက်လည်း ပြည်တွင်းပြည်ပက အပြစ်တင်သံ ဝေဖန်သံကို မကြားရချေ။ ကံအကောင်းဆုံးအချက်က သူ့လစာ၏ ရာခိုင်နှုန်း ၉၀ ကို လစဉ် လှူဒါန်းနေသည့်တိုင် ထိုသို့လှူဒါန်းမှုမှ ဆင်းရဲ သားများနှင့် လုပ်ငန်းရှင်ငယ် ကလေးများ အကျိုးရှိနေခြင်းကို ကန့်ကွက်သူ မရှိသည့်အပြင် ထိုလှူဒါန်းမှုကို နိုင်ငံရေးတိုက်ကွက် ဖြစ်သည့်ဟု သဘောထားမည့် နိုင်ငံရေးပြိုင်ဘက် (သို့မဟုတ်) သူလစာ လှူဒါန်းနေမှု များက မိမိတို့လစာ ယူနေရသူများ၏ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်နေသည်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေပြောမည့် လုပ်ဖော်ကိုင်ဖက်တို့ကို မကြုံရဘဲ လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ လှူဒါန်းခွင့်ရခြင်း ဖြစ်သည်။

ကျွန်တော့်ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ဆိုကြပေမယ့် 'ကျွန်တော်ကတော့ ဆင်းရဲတယ်လို့ မခံစားရဘူး။ မရောင့်ရဲနိုင်သူတွေသာ ဆင်းရဲနေတာ'ဟု ပြောနိုင်စွမ်းသော၊ ဘာသာမဲ့ဆိုသော်လည်း သန္တုဿကောစ-တင်းတိမ်ရောင့်ရဲလွယ်၊ သုဘရောစ-မွေးမြူလွယ်၊ အပ္ပကိစ္စောစ-အမှုကိစ္စနည်းပါး၊ သလ္လဟုက၀ုတ္တိ-၀န်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိ ဆိုသည့်ချမ်းသာကို နားလည်ခံစားနေသော သမ္မတကြီးမှာ ကျွန်တော်တို့အားလုံးအတွက် အဘက်ဘက်က ရှုမြင်အားကျစရာ ဖြစ်နေပါတော့သည်။

(လွတ်လပ်ပေါ့ပါးစွာ နေထိုင်သော ဥရုဂွေးသမ္မတကြီး ဂျိုဆေးမူဖီကာ)
Written by - မောင်လွင်မွန် (ကသာ)
Eleven Media Group

တရုတ် ရေနံပိုက်လိုင်း ပေါက်ကွဲမှု လူ ၄၀ ကျော်သေဆုံး


ဘေဂျင်း၊ နိုဝင်ဘာ ၂၂

တရုတ်နိုင်ငံ ကွမ်ဒေါင်း ဆိပ်ကမ်းမြို့ရှိ ရေနံပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးသွားကြောင်း ဒေသခံ အာဏာပိုင်များ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် လမ်းများ ပျက်စီးသွားပြီး ကားများ တိမ်းမှောက်သွားကာ မီးခုံးလုံးကြီးများ ပေါ်ထွက်လာသည်ကို ဓာတ်ပုံများတွင် ဖော်ပြထားသည်။

သောကြာနေ့ ညနေပိုင်းအထိ နောက်ဆုံး ရရှိထားသည့် သတင်းများအရ သေဆုံးသူပေါင်း ၃၅ ဦးထိ ရှိပြီး ၁၆၆ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

တရုတ်အစိုးရပိုင် Sinopec ကုမ္ပဏီ၏ ရေနံပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားနေသည်ကို အလုပ်သမားများက ပြင်ဆင်ရန် ကြိုးပမ်းရာမှတစ်ဆင့် သောကြာနေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကွမ်ဒေါင်း မြူနီစီပယ် အစိုးရအဖွဲ့က ပြောကြားသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် လွန်စွာဝမ်းနည်းကြောင်း၊ သေဆုံးသွား သူများ၏ မိသားစုဝင်များကို ကူညီ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး တိုင်းပြည်ကိုလည်း တောင်းပန်ကြောင်း Sinopec ကုမ္ပဏီ ဥက္ကဋ္ဌ ဖူချန်ယူက ပြောကြားသည်။
“မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။ အားလုံးကို ရှင်းလင်း အသိပေး သွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း ဘေးအန္တရာယ် ကင်းရှင်းမှု မှတ်တမ်းများမှာ ဆိုးရွားလျက် ရှိပြီး စီးပွားရေး လုပ်ငန်းရှင်များက လာဘ်ငွေပေးခြင်းဖြင့် စည်းကမ်း သတ်မှတ်ချက်များကို ရှောင်ရှားလေ့ရှိကာ ဥပဒေ လိုက်နာမှုလည်း လျော့ရဲလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနစ်အတွင်း လုပ်ငန်းခွင် မတော်မဆ ဖြစ်ရပ်များကြောင့် လူပေါင်း ၂၈,၀၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံး ခဲ့ရကြောင်း တရုတ်အစိုးရပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

The Voice Weekly

အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းရန် စည်းရုံးခေါ်ဆောင်လာသူအား ဖမ်းဆီး


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်သာယာတောင်ရပ်ကွက် မိတ္ထီလာ-မန္တလေး ကားလမ်း၌
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မိတ္ထီလာ)မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ နိုဝင်ဘာ ၂၁ ရက်တွင် ယာဉ်အမှတ် ၁ခ/......မှန်လုံယာဉ်အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရုတ်ပြည်၌ အလုပ်လုပ်ရန်၊ တရုတ်အမျိုးသားများနှင့်လက်ထပ်ယူရန် လိုက်ပါလာသည့် မိတ္ထီလာမြို့နေ မ..... (၃၉) နှစ်ပါ နှစ်ဦးအားတွေ့ရပြီး ၎င်းတို့အား မိတ္ထီလာမြို့နယ် ပြည်သာယာရပ်ကွက်နေ မ.....(၃၄)နှစ်မှ စည်းရုံးခေါ်ဆောင်လာကြောင်း သိရသဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၃)နယ်မြေ ရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။
The Mirror Daily

အမျိုးသားရေးထောင်ချောက် နှင့် ဒေါ်အောင်ဆန်းစုကြည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည်မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးသာမကကမ္ဘာကလေးစားရသော
ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မိထ္ထီလာအရေး၊ ရခိုင်အရေး ကိစ္စများနှင့် ပက်သက်၍တချို့ က ဗုဒ္ဒဘာသာအပေါ်ကာကွယ်ရန် ပျက်ကွက်သည် ဟူ၍ လည်းကောင်း၊ အမျိုးစောင့်ဥပဒေကို ကန့်ကွက်သည်ဟူ၍လည်းကောင်း

စွတ်စွဲဝေဖန်ကြသည်ကို အခြေခံပညာနည်းသော နယ်ဒေသများနှင့် လူမှု့ရေးဝက်ဆိုဒ်များတွင် အချို့ သည်ရည်ရွယ်ချက်ရှိရှိဖြင့် စာဖြန့်ဝေခြင်း၊ ၀ါဒဖြန့် မှိုင်းတိုက်ခြင်းများ လုပ်ဆောင်လျှက်ရှိကြသည်။

ဘာသာရေး နှင့် ပက်သက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်အချို့ မှာ မဖြစ်မနေသိသင့်သည်ဟု ယူဆ၍
အောက်ပါပြဋ္ဌာန်းချက်များကို ဖော်ပြအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁။ အရ အောက်ပါပုဂ္ဂိုလ်များသည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ-

(စ) နိုင်ငံရေး ကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း၊
ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေငြာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ။ဟူ၍ ပြဋ္ဌာန်းသည်။

သို့ဖြစ်ပါ၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာသာရေး၊ကိစ္စအတွက် အာမခံခြင်း၊ ကာကွယ်ပြောဆိုခြင်းများ ပြုလုပ်ပါက

ဥပဒေနားမလည်သော နိုင်ငံသားများ သဘောကျမည်ဖြစ်သော်လည်း တကယ်တန်း ပါတီဥက္ကဌတာဝန်ယူထားသော သူမအနေဖြင့်
ပြောဆိုပါကလက်ရှိ ဖွဲ့စည်းပုံအရ ပုဒ်မ ၂၁၂ (စ)အရ နောက်တစ်ကြိမ်
ရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွားနိုင်သည်။

ဤအချက်ကို မသိရှိသည့်နိုင်ငံသားတို့အပေါ် အခွင့်အရေးယူလျှက်
အခြားတဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အားဘာသာရေး နှင့် လူမျိုးရေးအရထိုးနှက်သောစာများ ဖြန့်ဝေခြင်း၊ ပြောဆိုခြင်း
များကိုရည်ရွယ်ချက်ရှီရှိ ပြုလုပ်လာသည်ကို တွေ့ရသည်။

အခြေခံဥပဒေနားမလည်သော ၊ မဖတ်ဖူးသော ပြည်သူများနှင့် သံဃာတော်မျာသည် အဆိုပါ မှိုင်းတိုက်မှုများကို အမြင်မှား၊ အထင်မှားခဲ့ပြီးယှဉ်ပြိုင်ဖက်များ၏ နို်င်ငံရေးအရအသုံးချမှုခံနေကြရသည်မှာ လက်တွေ့ပင်ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သဘောထားကို ထုတ်ပြောလျှင် ပုဒ်မ ၂၁၂(စ) အရ စွပ်စွဲရန် အရန်သင့် ရှိနေသည်။ မည်သည့်အဖွဲ့အသင်းမှ စွပ်စွဲမည်ကိုလည်း အလွယ်တကူစဉ်းစား သိရှိနိုင်သည်။

အကယ်၍ ယခုကဲ့သို့ ဥပဒေအားလိုက်နာပြီး ဆက်လက်၍ဘာသာရေး
ကိစ္စတွင် ချိန်ဆ ပြောဆိုခြင်းမရှိပါက ပြည်သူများအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်အပေါ် နားလည်ပေးနိုင်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအားသေချာကျနစွာ ဖတ်ရှူ့ လေ့လာရန် လိုအပ်သည်။

သို့မှသာ အာဏာရူးများ၏ နိုင်ငံရေးလှည့်ကွက်တွင် အသုံးချခံရခြင်းမှ
ရှောင်ရှားနိုင်မည် ဖြစ်သည်။

ထို့ပြင် ပုဒ်မ ၄၀၇။ (ဃ) အရ

နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ညိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရ-

(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း

အရ အကယ်၍ ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က '' ကျမလဲ မြန်မာလူမျိုး ၊ ဗုဒဘာသာပါဘဲ ရှင်၊

အမျိုးစောင့်ဥပဒေကို ထောက်ခံပါတယ်ရှင့် ။ '' ဟု ဆိုသော် ကြိုတင်ကြံစည်ထားသော အာဏာရူးဝိုင်းတော်သားများမှ

ဒါမှ ဒို့မေမေ ကွ၊ ဟေး ဒါမှ အောင်ဆန်းစုကြည် ဟေး ဟူ၍လည်းကောင်း ၊ အခြားတဖက်တွင် ဒါ ဘာသာရေးကို ခုတုံးလုပ်ပြီး

လူထုထောက်ခံမှုကို ရအောင်ယူတာဘဲ ပုဒ်မ ၄၀၇ (ဃ) အရ ပါတီပါဖျက်သိမ်းရသည်အထိ ပြင်းထန်စွာ

ပြဋ္ဌာန်း ထားသည်ကို မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေကို ဖတ်ရှူ့ ဖူးခြင်းမရှိသော ဘာသာရေး

စိတ်ဓါတ်ပြင်းထန်သည့် ဘုန်းတော်ကြီးများ၊ တမင်သွေးထိုး လှုံ့ဆော်သူများကြောင့် စကားကျွံရပါသော ဘုန်းတော်ကြီးများ၊ ရှင်လူ ပရိတ်သတ်နိုင်ငံသားများသည်လည်း နိုင်ငံရေးအရ ဆင်ထားသော ထောင်ချောက်ကြီးကို ရှောင်ရှားနိုင်ရန်မှာ

၂၀၀၈ အခြေခံဥပဒေအား ဖတ်ရှူ မှ သာ ဖြစ်ပါလိမ့်မည်။

ပုဒ်မ ၃၆၄ အရ

နိုင်ငံရေး ကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေး၊ ကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်
သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာ၇န်အကြောင်းရှိသော အပြုအမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။


အထက်ပါ ပြဋ္ဌာန်းချက်အရ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ဘာသာရေးနှင့် ပက်သက်၍သော်လည်းကောင်း၊
လူမျိုးရေးနှင့် ပက်သက်၍ သော်လည်းကောင်း

မြန်မာနှင့် ဗုဒဘာသာ ဘက်မှ ပြောဆိုပါက နဂိုကမှ ကြည်ညိုလေးစားရင်း
ဖြစ်သော မြန်မာနိုင်ငံသားများနှင့် လူထုခေါင်းဆောင်သည် အခြားအကွက်ဆင်ဖမ်းချင်သူများ၏ အကွက်အတွင်းသို့ဝင်ရောက်၍ အဆင်မပြေလျှင်ပြစ်ဒဏ်ပါ ကျရောက်နိုင်သော အမျိုးသားရေး
ထောက်ချောက် အတွင်းသို့ပင် ကျရောက် ပျက်စီးနိုင်ကြောင်း သုံးသပ်ရနိုင်သည်။

မွန်ပြည်နယ်၊ဘီးလင်းမြို့ နယ်တွင် ၊ လူထုခေါင်းဆောင်ဖြစ်သူအား ဘာသာရေး နှင့် လူမျိုးရေးအရ ထိုးနှက်သည့် စာများဖြန့်ဝေထားပြီး အချို့ မှာ ဒေါ်အောင်ဆန်းစုကြည်အား သည်တချီလဲပြီ ဟု အာဘောင်အာရင်း
သန်သန်ဖြင့် မှိုင်းတိုက်နေသည်ကိုလည်း ကြားသိရသည်။

အချို့ မှာ သံဃာတော်များနားသို့ ပေါက်အောင် ဒေါ်စုအနေဖြင့် ဘာသာရေး ကာကွယ်ပေးမှု ပျက်ကွက်သည်ဟူ၍လည်းကောင်း၊ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည်ဟူ၍လည်းကောင်း

စသည်ဖြင့် ပြောဆိုမှိုင်းတိုက်မှုများရှိနေသည်ကို ကြားသိရသည်။

၂၀၁၅ မှာ နီးလာပြီဖြစ်သည်။ ပြည်သူလူထုအားပေးမှုအများဆုံးရှိသော ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သည်။

နိုင်ငံရေးအရ ထိုးနှက်ချက်များ တွင် အခြေခံဥပဒေနားမလည်သော
ရိုးသားသော ပြည်သူလူထုနှင့် ဘုန်းတော်ကြီးများအား အခွင့်အရေးယူပြီး
ထောင်ချောက်ဆင်ထားသည့် အမျိုးသားရေးထောင်ချောက်အား
ကျော်လွှားနိုင်၇န်မှာ မြန်မာတမျိုးသားလုံးသည်

မိမိတို့နှင့်ဆိုင်သော ၂၀၀၈ အခြေခံဥပဒေကို မဖြစ်မနေ ဖတ်ရှူ လေ့လာရန်
လိုအပ်သည်။

၂၀၀၈ အခြေခံဥပဒေ မှာ မူကြမ်းရေးဆွဲစဉ် အတည်မပြုမီကပင်
ပြည်သူအားလုံး၏ မျက်စိရှေ့ သို့ရောက်ရန် ချပြရှင်းပြမှုပျက်ကွက်ခဲ့သည်။ ထို့ ပြင် အတည်ပြုပြီး နှစ်နှစ်အကြာ၂၀၁၀ ခုနှစ် မေလ ကမှ အုပ်ရေ ၅၀၀၀ သာ ထုတ်ဝေခဲ့သည်။

ထို့နောက် ၂၀၁၂ တွင် အုပ်ရေ ၁၀၀၀၀ ထပ်မံထုတ်ဝေသည်။ ထုတ်ဝေသည့်အရေအတွက်နှင့် နိုင်ငံသားအားလုံးအချိုးမှာ

မမျှတသည်ကလည်း ပြည်သူတို့ အခြေခံဥပဒေလေ့လာရန် အခက်အခဲကို ဖြစ်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားတို့အနေဖြင့် နိုင်ငံရေးအရ ဆင်ထားသော
ထောင်ချောက်များအတွင်းသို့ သက်ဆင်းမသွားစေ၇န် လည်းကောင်း၊
နိုင်ငံရေးလုပ်စားသူများ ၏ လှည့်ကွက်တွင် အသုံးချခံမဖြစ်စေ
ရန်သော်လည်းကောင်း

ဆန္ဒပြုလျှက် ၂၀၀၈ အခြေခံဥပဒေအား ပြည်သူအများသိရှိအောင် ကူညီ ဖြန့်ဝေပေးနိုင်ပါစေကြောင်းဖြင့်


ဒေါက်တာခင်နိုင်ဦး

Posted From ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

ဟင်းနု နယ်ရွက်မှ ရရှိသော ကျန်းမာရေး အကျိုး ကျေးဇူးများ


(၁) သွေတိုး ရောဂါ ရှိသူ များအတွက် အထူး ပင်ကောင်းမွန် ပါတယ်။

(၂) ကင်ဆာ ရောဂါ ကိုလည်း ကာကွယ် နိုင်ပါတယ်။

(၃) အသား အရေကို လှပ စေပါတယ်။

(၄) အရိုး များကို သန်မာ စေပါတယ်။

(၅) အမြင် အာရုံ ကိုလည်း ကြည်လင် စေပါတယ်။

(၆) ခန္ဓာ ကိုယ်တွင်း ရောဂါ များကို သက်သာ စေနိုင် ပါတယ်။

(၇) အားအင် များလည်း ပေးစွမ်း နိုင်ပါတယ်။

(၈) အဆီ ကိုလည်း ကျစေ နိုင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ကျုံးအတွင်း အမျိုးသမီးတစ်ဦးရေနစ်သေဆုံး


နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂၃-၁၁-၂၀၁၃ ရက်နေ့ ၀၇၂၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ လမ်း(၈၀)(၁၇-၁၈)လမ်းကြား ကျုံးအတွင်းလူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ အောင်မြေသာစံ အမှတ်(၂) နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူသွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေး ချက်အရ သေဆုံးနေသူမှာ မရွှေဇင်ဖြိုး(ခ)စကီ(၂၀)နှစ်ဖြစ်ကြောင်း၊ ဖုန်းဆက်ရန်ထွက်ခွာ သွားရာမှ ပြန်လည် ရောက်ရှိလာခြင်းမရှိကြောင်း၊ မိခင်ဖြစ်သူဒေါ်ခြူး(၅၈)နှစ်၏ပြောပြချက်အရ သိရှိရပြီး ခန္ဓာကိုယ်ပေါ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရသောကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ကာ အောင်မြေ သာစံ အမှတ်(၂)နယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၆၃/၂၀၁၃) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
MOI Webportal Myanmar

အကျဉ်းကျ ထောက်လှမ်းရေးဟောင်းများကို နိုင်ငံရေးအကျဉ်းသား သတ်မှတ်မည်မဟုတ် ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၃

တပ်မတော်အစိုးရ လက်ထက်တွင် အကျဉ်းချခံခဲ့ရသော ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် မသတ်မှတ်ရန် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ယင်းကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

ကမာရွတ်မြို့နယ်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) ၌ နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သော (၁၀) ကြိမ်မြောက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရေး အတွက် နိုင်ငံရေးအကျဉ်းသား များကို စိစစ် ပေးနေသော်လည်း အကျဉ်းထောင်များ အတွင်းရှိ ထောက်လှမ်းရေးဟောင်း ၂၁ ဦးကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ် မည်မဟုတ်ကြောင်း ၄င်းကရှင်းပြသည်။
"နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ဦးစားပေးနေပါတယ်၊ ထောက်လှမ်းရေးတွေ ကိုတော့ သာမန်လူတွေလို နှစ်ရှည်လများ ကျနေတဲ့သဘောနဲ့ စဉ်းစားဖို့ ဆုံးဖြတ်လိုက်ပါတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ ထောက်လှမ်းရေးများကို နိုင်ငံရေးအကျဉ်းသား များဟု သတ်မှတ်ခြင်း မရှိသော်လည်း လူသားချင်းစာနာမှုဖြင့် သီးခြားလွှတ်ပေးရန် အတွက် နိုင်ငံတော် သမ္မတထံသို့ အကြံပြုလွှာ ပေးပို့သွားမည် ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ၂၀၁၃ ခုနှစ် မကုန်မီ လွှတ်ပေးမည်ဟု ကတိပြု ပြောဆိုထားသော်လည်း လက်ရှိအနေအထားတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အစိုးရက ဖမ်းဆီးနေသည့်အတွက် ထပ်မံ အကျဉ်းကျ ခံရသောကြောင့် အကျဉ်းသား ၁၇ ဦး ထပ်မံ တိုးမြင့်လာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ ဦးဘိုကြည် ကပြောကြားသည်။
"ဒီရက်ပိုင်းအတွင်း တိုးလာတဲ့ အကျဉ်းသားတွေကို စိစစ်ပြီးနိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထား ပါတယ်" ဟု ၄င်းကဆိုသည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို ၁၂ ကြိမ် လွှတ်ပေးခဲ့ပြီး အကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက်ခဲ့ကာ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား ၈၀ ကျော် ကျန်ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ ထုတ်ပြန်ချက် များအရ သိရသည်။

မြန်မာနိုင်ငံ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကလည်း အကျဉ်းကျ ထိန်းသိမ်းခံနေရသော ထောက်လှမ်းရေးတပ်မှူး များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည်က နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင် များကို ဖမ်းဆီး ခဲ့ပြီးနောက် တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။
The Voice Weekly

ခိုးစားတော့ ခွေးဟောင်၊ လုပ်စားတော့ မိုးခေါင်


သက်သက်မိုးသူ

ပူပြင်းနေသော နေမင်းကို အန်တု၍ ပီကေတစ်ရှုးအပါအဝင် မုန့်မျိုးစုံထည့်ထားသည့် ကော်ခြင်းတောင်း အပြာရောင်လေးအား လည်ပင်းတွင် စွပ်ကာ အဝတ်အစား ခပ်နွမ်းနွမ်းဝတ် ဆင်ထားပြီး မျက်နှာညှိးငယ်စွာဖြင့် ထိုင်နေသော အသက်၄၀ဝန်းကျင်အရွယ်ခန့် ရှိသည့် ဈေးသည် တစ်ဦးသည် ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသော ကူးတို့ဆိပ်ခံဘော တံတားအနီးတွင် ထိုင်နေသည်။

ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသော ကူးတို့ဆိပ်ခံဘောတံတားနှင် ကူးတို့ပေါ်တွင်ခရီးသည်များအကြား မိသားစု စားဝတ်နေရေးအတွက် ကူးတို့နှင့်ဆိပ်ခံတံတားကမ်းအကပ်အခွာတွင် အသက်အန္တရာယ်ကို မမှုနိုင်ဘဲပျားပန်းခတ်မျှလှုပ်ရှားရုံးကန် ရောင်းချနေကြသော ဈေးသည် များ၏ အသံများသည် တိတ်ဆိတ်နေသည်။

ပန်းဆိုးတန်း-ဒလကူးတို့နှင့်ဆိပ်ခံ ဘောတံတားတွဲများပေါ်တွင်
ဈေးရောင်းချသူများကိုတစ်ပတ် ကြိုတင်ကာသတိပေးထားပြီး
နိုဝင်ဘာလ ၂၁ရက်နေ့တွင် စတင်အရေးယူခဲ့ခြင်းကြောင့်
ဖြစ်သည်။

“ကျွန်တော်တို့ ခုဒီသဘောင်္ပေါ်မှာ ဈေးရောင်းချခွင့် မရှိတော့ဘူး
ဆိုတော့ ကျွန်တော့်ကို မှီခိုနေတဲ့ မိသားစုစားဝတ်နေရေးအတွက် ဘယ်လို ဖြေရှင်းရမလဲ မသိတော့ပါဘူး။ နေ့သွင်းကြေးတွေလည်း ဘယ်လိုပေးရမလဲ မသိတော့ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ဒလ
မြို့နယ်မှ ပန်းဆိုး တန်း-ဒလကူးတို့ပေါ်တွင် မုန့်မျိုးစုံ လာရောက်
ရောင်းချနေသူ ဦးနီ(အမည်လွှဲ) က ပြောကြားသည်။

ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသော ကူးတို့နှင့်ဆိပ်ခံတွဲပေါ်များ
ပေါ်တွင် ဈေးရောင်းချနေသူများအား နိုဝင်ဘာလ၂၁ရက်နေ့မှ စတင်ကာ ပြည် တွင်းရေကြောင်းပို့ဆောင်ရေးဌာန၏ ဥပဒေများ အတိုင်းအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပန်းဆိုးတန်း-ဒလ
လက်မှတ် အရောင်းဌာနမှ မန်နေဂျာ ဦးအေးမြင့်က
ပြောကြားသည်။

“ကျွန်တော်တို့လည်း လူသားချင်း ကိုယ်ချင်းစာပါတယ်။
အရင်က ကျွန်တော်တို့ ရည်ရွယ်တာက ခရီးသည်တွေလည်း စားသောက်ရတာ လွယ်ကူအောင်လို့ ဈေးသည်တွေကို စနစ် တကျ လေးရောင်းချစေချင်တာ မလိုက်နာကြတော့ ခုလိုတွေ
ဆောင်ရွက်ရတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။

ကူးတို့နှင့် ဆိပ်ခံဘောတံတားပေါ်တွင် ဈေးရောင်းချခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ယင်းကူးတို့ပေါ်တွင် မှီခိုရောင်းချ
နေသော ဈေးသည် ၂၀၀ ကျော်၏ မိသားစု စားဝတ်နေရေး
အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဒလဆိပ်ကမ်းတွင်
ရှိသော သမဝါယမမှ ကူးတို့ပေါ်တွင် ရောင်းချနေသော ဈေးသည်
များကို အတိုးနှုန်းသက်သာသော ချေးငွေများဖြင့် ချေးဌားကာ
ရောင်းချနေရသောကြောင့် ယင်းချေးငွေများ ပြန်ဆက်ရန်
အတွက် အခက်အခဲများစွာနှင့်လည်း ကြုံတွေ့နေရကြောင်း
ကူးတို့ပေါ်တွင် စာရေးကိရိယာ ရောင်းချနေသော ကိုတင်ဝင်းနိုင်က ပြောကြားသည်။

“ခုကျွန်တော်တို့ ဈေးသည်တွေ တော်တော်လေး အခက်
အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ငုံးဥကြက်ဥရောင်းတဲ့သူတွေ
လည်း မနေ့က ပုပ်ကုန်တဲ့ သူတွေလည်း ရှိတယ်။ ငွေချေးပြီး ရင်းရတဲ့သူတွေဆိုတော့ ခုဆိုရင် စားဖို့ထက် အကြွေးတင်နေ တာကို ပြန်ဆက်ဖို့ အရင်ပူနေရတယ်” ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

ကူးတို့ပေါ်တွင် ရောင်းချနေသော ဈေးသည်အများစုသည် တစ်ဦးရောင်းချ၍ ရရှိသော ငွေများကို အချင်းချင်းအပြန်
အလှန် လှည့်ပတ်ကာ ရင်းနှီး ရောင်းချနေကြသူများဖြစ်ပြီး
ကူးတို့ပေါ်တွင် စည်းကမ်းတကျ ရောင်းချသူများကို ပြန်လည်
ရောင်းချခွင့်ပေးစေလိုကြောင်း ကူးတို့ပေါ်တွင် ရာင်းချနေသော
ဈေးသည်များ ကပြောကြားသည်။

“ ဒီသဘောင်္ကြီးက အန်တီတို့ရဲ့ ထမင်းအိုးကြီးပါ။ ခုလို မရောင်း ရတော့ဘူးဆိုတော့ အန်တီတို့ ဘယ်သူကို အားကိုးရမလဲ။
ဒီပေါ်မှာ အရင်း လေး ငါးထောင်လောက်နဲ့ ရင်းပြီး ရောင်းလို့ ရပေမယ့်အပြင် ဈေးတွေကို မတိုးနိုင်ဘူး။ အန်တီတို့က နှစ်ပေါင်း ၄၀ လောက်ရှိပြီ။ ဒီမှာ ရောင်းနေတာဖြစ်လို့ အပြင်ဈေးတွေမှာ
လည်း မရောင်းတတ်တော့ဘူး” ဟု ကူးတို့ပေါ်တွင် နှစ်ပေါင်း
၄၀နီးပါး အထည်ရောင်းချနေသူတစ်ဦးက ပြောကြားသည်။

ကူးတိုနှင့် ဆိပ်ခံဘောတံတားများ ပေါ်တွင်ဈေးရောင်းချခြင်းကို တားမြစ်ရခြင်းသည် ဈေးသည်များ၏ အသံများ ဆူညံခြင်း၊
ဈေးသည်များ ဘက်မှ ခရီးသည်များအပေါ် မချေမငံပြန်လည်
ပြောဆိုဆက်ဆံခြင်း၊ စည်းကမ်းတကျမရောင်းချခြင်းတို့ကြောင့်
ဖြစ်ပြီး သတ်မှတ်ထားသည့် ရက်မှစတင်၍ ဈေးရောင်းချနေသူ
များ၏ ပစ္စည်းများကို ဆိပ်ကမ်းမကပ်မီအထိ သိမ်းဆည်းထား မည် ဖြစ်ကာမရောင်းချရန် သတိပေးမည် ဖြစ်ကြောင်း၊ ဒုတိယ အဆင့်အဖြစ် ဒဏ်ငွေကျပ်၅၀၀၀ ကောက်မည်ဖြစ်ကြောင်း လက်မှတ်အရောင်းဌာနမန်နေဂျာ ဦးအေးမြင့်က ပြောကြား
သည်။

“ဈေးသည်တွေက ဆူတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့်
လည်း သူတို့ တစ်ဝမ်းတခါးဆိုတော့လည်း ပြန်ပြီး ရောင်းခိုင်း
စေချင်ပါတယ်။ စည်း ကမ်းမရှိတဲ့ ဈေးသည်တွေကို အရေးယူပြီး စည်းကမ်းတကျ ရောင်းခိုင်းစေချင်တယ်” ဟု ပန်းဆိုးတန်းမှ ဒလကူးတို့ နေ့စဉ်ပုံမှန် စီးနင်းနေသူ တစ်ဦးက ပြောကြားသည်။

ပန်းဆိုးတန်း-ဒလကူးတို့ တွင် နေ့စဉ်ုပည်တွင်းခရီးသည်
နှစ်သောင်းကျော်စီးနင်းပြီး နိုင်ငံခြားသားခရီးသည် ရှစ်ဆယ်
နီးပါးခန့် စီးနင်းလျက် ရှိကြောင်း ပြည်တွင်းရေကြောင်း
ပို့ဆောင်ရေးဌာနမှ သိရသည်။

“ကျွန်တော်တို့ကို ပြန်ပြီးရောင်းချခွင့်ပေးပါ။ ကူညီပေးမယ့်
သူတွေလည်း မရှိပါဘူး။ စည်းကမ်းမရှိတဲ့ သူတွေမရှိဘူးလို့ မပြောလိုပါဘူး။ စည်းကမ်း မရှိတဲ့သူတွေကို သီးသန့်အရေး
ယူပြီးတော့ ကျွန်တော်တို့ကို ရောင်းချခွင့်ပေးပါ။ မှီခိုနေတဲ့ သားသမီးလေးတွေအတွက် ဒီမှာမှ မရောင်းရရင် ဒုက္ခရောက်ရပါလိမ့်မယ်”ဟု ဦးနီ(အမည်လွှဲ) က ပြောကြားသည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေးကို စီမံချက်များဖြင့် ဆောင်ရွက်
နေမှုများ ရှိနေသော်လည်း ယင်းကဲ့သို့ ဆောင်ရွက်နေမှုများ
သည် ဆင်းရဲနွမ်းပါး သူများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေ
နိုင်ကြောင်း ဈေးသည်အများစုက တညီတ
People power

ဖောက်ခွဲရေးလက်နက်ကိရိယာများ ဖမ်းဆီးရမိ


မန္တလေး နိုဝင်ဘာ ၂၀ ရက်

လက်လုပ်ဗုံးအပါအဝင် လက်နက်ကိရိယာပစ္စည်းမျိုးစုံ တပ်ဆင် စုဆောင်းထားသော ဂိုဒေါင်တစ်ခုနှင့် နေအိမ်တစ်ခုမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဖမ်းခံရသူ လူငယ် လူလတ်နှစ်ဦးလုံးမှာ မူဆလင် အစ္စလာမ်များဖြစ်နေကြောင်း တွေ့ရှိရသည်။

၎င်းတို့မှာ ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီ (၃၇)နှစ် (ဘ) ဦးအောင်သန်း (၁၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် ကိုသိန်းတန် (ခ) ရှရီ၊ (၂၉)နှစ် (ဘ) ဦးခင်မောင် (၂၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ မေမန်ဂျမာအသ်တိုက်တန်း၊ အခန်း (၁၂) တို့ဖြစ်ပြီး ကိုသိန်းတန် (ခ) ရှရီ၊ ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ကိုင်သူ၏နေအိမ်မှ
၁။ ဂျင်ဂလိလက်နက် (၁၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊
ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီပိုင်သောဂိုဒေါင်အတွင်းမှ
၁။ နှစ်ခွချွန် ခရင်းခွ (၁၂)ချောင်း၊
၂။ လှံတစ်ချောင်း၊
၃။ ဓားဦးချွန်မျိုးစုံ (၅)ချောင်း၊
၎။ ဓာတ်ဆီစိမ်ထားသည့် ပုလင်းကွဲများ သံတိုသံစများထည့်ထားသော ကော်ဇလုံ (၁)လုံးနှင့် ပီနံအိတ် (၁)လုံး၊
၅။ ပုလင်းကွဲများ သံတိုသံစများရောထောင်းရာတွင်အသုံးပြုသည့် သံငရုတ်ဆုံ (၁)ခုတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမ်းပျော့ကြိုး (၁၅)ကိုက်ပါ ကြိုးခွေ (၄)ခွေ၊ မိုင်းအဆင့်ပြုလုပ်ထားသော ပိုက်လုံး (၇)လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို အမှတ် (၈) ရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရသည်။

အမှတ် (၈) ရဲစခန်း= 02-36994

ဦးဝီရသူ (မစိုးရိမ်)

သားအမိချင်း စကားများရန်ဖြစ်ရာမှ အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ခုတ်သူ


အင်းစိန်မြို့ နယ် အောင်ဆန်းရပ်ကွက် သီဟိုဠ် ကျောင်းလမ်းနေ အသက် (၂၉)နှစ်ရှိ မောင်ဝေဇော်အောင်သည် နိုဝင်ဘာ ၁၆ ရက်က မိခင် ဒေါ်ညိုနှင့် စကားများရာ မိခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဇေယျာမင်းအား သွားရောက်တိုင်ကြားစဉ် မောင်ဝေဇော်အောင်သည် မိခင်ဖြစ်သူနောက်သို့ ဓားကိုင်ဆောင်ပြီး လိုက်လာပြီး ရုံးခန်းအတွင်းသို့ဝင်ကာ တာဝန်ထမ်းဆာင်နေသူ အုပ်ချုပ်ရေးမှူးအားဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွား၍ ရဲတပ်ဖွဲ့ဝင်များ၊ ဆယ်အိမ်မှူးများက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

ပြည်သူ့ဝန်ထမ်းတစ်ဦး တာဝန် ထမ်းဆောင်နေစဉ် ပြင်းထန်စွာ ဒဏ်ရာရရှိအောင် ဓားဖြင့်ခုတ်၍ ရာဇဝတ်မှု ကျူးလွန်သူတစ်ဦးအား အင်းစိန်မြို့မရဲစခန်းက ပုဒ်မ-၃၃၃ ဖြင့် ဖမ်းဆီးအရေးယူထားသည်။
ဓားဖြင့်အခုတ်ခံရသူမှာ ဦးခေါင်း၊ နားရွက်၊ လက်များတွင် ဒဏ်ရာ ၁၄ ချက်ရရှိသွားပြီး အင်းစိန်ဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

The Mirror Daily

ဟီးနိုးကား လမ်းဘေး ထိုးကျပြီး တိုက်မိသဖြင့် ဈေးဆိုင် အဆောက် အအုံပျက်စီး


ဇီးကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ နယ် မြောက်ဘက်သုံးမိုင်အကွာရှိ ဝက်စာပိုးကျေးရွာအုပ်စု ညောင်ဇင် ရွာထိပ် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) အကြားတွင် နိုဝင်ဘာ ၂၂ ရက်ညနေ ၅ နာရီ ၄၅ မိနစ်က ပြည်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမြင့်(၂၈ နှစ်) သရက်တောလမ်း နတ်တလင်း မြို့နေသူ မောင်းနှင် လာသော၂ဂ/... ဟီးနိုးမော်တော်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျသွားရာ ဇီးကုန်း မြို့နယ် ဝက်စာပိုးကျေးရွာအုပ်စု ညောင်ဇင် ရွာနေ ဈေးရောင်သူ ဦးအောင်သိန်း(၆၂ နှစ်)များရရှိသွား၍ ပြည်မြို့ ပြည်သူ့ ဆေးရုံးအတွင်းလူနာ အဖြစ်ပို့ထားပြီးဈေးဆိုင်အဆောက်အအုံမှာ လည်း ထိခိုက်ပျက် စီးခဲ့ သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဇီးကုန်းရဲစခန်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

ILO ILO ရုပ်ရှင်ကား စင်ကာပူရုပ်ရှင် နိုင်ငံတကာဆု ဆွတ်ခူး


စင်ကာပူနိုင်ငံမှ ရိုက်ကူးခဲ့သော ILO ILO မှာ golden Horse Film Awards ဒါရိုက်တာဆုနှင့် ဇာတ်လမ်းဆုအပါအ၀င် လေးဆု ဆွတ်ခူးခဲ့သည်။

စင်ကာပူမိသားစုတစ်ခုနှင့် အိမ်ဖော်လာလုပ်သော ဖိလစ်ပိုင်အမျိုးသမီး ထရီဆာ တို့အကြား ဖြစ်ပေါ်လာသည့် သံရောဇဉ်ကို အခြေခံသည့် ဇာတ်လမ်းဖြစ်ပြီး ပြသချိန် ၉၉ မိနစ်ရှိသည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဒါရိုက်တာ Anthony Chen နှင့် မင်းသမီး Yeo Yann Yann တို့အပါအ၀င် ရုပ်ရှင်အဖွဲ့သားအားလုံးကို Facebook မှတစ်ဆင့် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

ကျွဲကောသီး၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀


ကျွဲကောသီးဟာ Citrus အနွှယ်ဝင်ဖြစ်ပြီး အောက်ပါ အာဟာရတန်ဖိုးနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။ ကျွဲကောသီး တစ်ခွက်စာ (၁၉၀ ဂရမ်) မှာ ပါဝင်တဲ့ ကျန်းမာရေး တန်ဖိုးတွေက ဗီတာမင်စီ (တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၁၉၃ ရာခိုင်နှုန်း)၊ ပိုတက်စီယမ် (တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၁၂ ရာခိုင်နှုန်း)၊ အမျှင်ဓာတ် (တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၈ ရာခိုင်နှုန်း) တို့ ဖြစ်ကြပါတယ်။

(၁) ဆီးလမ်းကြောင်း ပိုးဝင်မှုကို သက်သာစေပါတယ်

ရေအများအပြား သောက်တာနဲ့ ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်တာတွေက ဆီးလမ်းကြောင်း ပိုးဝင်မှုကို တွန်းလှန်နိုင်အောင် ကူညီနိုင်တဲ့ ထိရောက်တဲ့ နည်းတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်စီ အများအပြား ပါဝင်တဲ့ ကျွဲကောသီးဟာ ကိုယ်ဝန်ဆောင်ချိန် အတောအတွင်း ရောင်ရမ်းမှုကို တွန်းလှန်နိုင်ပါတယ်။ ဗီတာမင်စီက ဆီးလမ်းကြောင်းရှိ ဘက်တီးရီးယား ကြီးထွားပြန့်ပွားမှုကို လျော့ကျစေပြီး ဆီးထဲက အက်စစ် ဂုဏ်သတ္တိကို မြင့်တက်စေပါတယ်။

(၂) အနာကို မြန်မြန်ကျက်စေပါတယ်

ခွဲစိတ်ကုသမှု ခံယူထားတဲ့အခါ ဗီတာမင်စီ များများပါဝင်တဲ့ ကျွဲကောသီးနဲ့ တခြား အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေကို စားသင့်ပါတယ်။ ဗီတာမင်စီဟာ အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင် ဖြစ်ပေါ်မှုမှာ ပါဝင်တဲ့ အင်ဇိုင်းအကူ ဖြစ်သလို အရေပြားရဲ့ ဆွဲဆန့်အားကို ကောင်းမွန်စေကာ အနာကျက် မြန်စေပါတယ်။

(၃) သွားနှင့် ခံတွင်းကို ကျန်းမာစေပါတယ်

သွားဖုံး သွေးထွက်တာနဲ့ သွားဆုံးရှုံးတာက ဗီတာမင်စီ ချို့တဲ့လို့ ဖြစ်ရတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကော်လာဂျင်က အရေပြား ဖြစ်ပေါ်ရေးအတွက် အရေးပါရုံသာမက သွားနဲ့ သွားဖုံးတွေ ကျန်းမာစေဖို့လည်း တည်ဆောက်ပေးပါတယ်။

(၄) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဗီတာမင်စီဟာ ခန္ဓာကိုယ်ထဲမှာ သံဓာတ် စုပ်ယူရေးကို ကောင်းမွန်စေတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် သံဓာတ် ဖြည့်စွက်ဆေး မှီဝဲနေရင် လိမ္မော်ရည် သောက်ပေးပါ၊ ဒါမှမဟုတ် အသားနဲ့အတူ ဗီတာမင်စီ များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ဒီအာဟာရဓာတ် နှစ်ခုစလုံးဟာ အူထဲကို တစ်ချိန်တည်း အတူတူ ရောက်ရှိနိုင်ပါတယ်။

(၅) အအေးမိတာနဲ့ တုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဗီတာမင်စီက ပဋိပစ္စည်းရဲ့ လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပေးရာမှာ အလွန်အရေးပါသလို ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေလို ပြင်ပရန်သူတွေကို တွန်းလှန်ပေးနိုင်တဲ့ ကိုယ်ခံအား ဆဲလ်တွေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူစနစ်ဆိုင်ရာ ပြဿနာတွေ မရအောင် ကာကွယ်ပေးနိုင်တာပါ။

(၆) သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်

ကျွဲကောသီးကို စားသင့်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုက ပိုတက်စီယမ် ပါဝင်မှု မြင့်မားလို့ပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ သွေးတိုးတာကို လျော့ကျစေပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီးနဲ့ မာလကာသီးတို့ဟာ ပိုတက်စီယမ် ပေါများစွာ ပါဝင်တဲ့ သစ်သီးတချို့ ဖြစ်ပါတယ်။

(၇) အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

လေ့လာမှုအရ အစားအသောက်ကနေ ပိုတက်စီယမ် များများရရင် အရိုးသိပ်သည်းဆကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

(၈) ခြေထောက်ကြွက်တက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သင်က မကြာခဏ ခြေထောက် ကြွက်တက်တဲ့ ဝေဒနာ ဖြစ်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပိုတက်စီယမ်ကို ပိုမို လိုအပ်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သား ဆွဲဆန့်မှုနဲ့ နာ့ဗ်ကြောအချင်းချင်း ဆက်သွယ်မှုမှာ မရှိမဖြစ် အရေးပါနေပါတယ်။

(၉) အူမကြီးရဲ့  လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်

ကျွဲကောသီးမှာ အမျှင်ဓာတ် အများအပြား ပါဝင်ပြီး အူလှုပ်ရှားမှုကို ပုံမှန် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်

ကျွဲကောသီးမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် ထိန်းချုပ်ရေးမှာ အရေးပါတယ်ဆိုတာ သင် သိပါရဲ့လား။ အမျှင်ဓာတ် များများပါတဲ့ အစာတွေက အစာအိမ်ထဲမှာ ခပ်ကြာကြာ ရှိနေပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ အစာကို ကြာကြာ ဝါးစားရလေလေ၊ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိလေလေ ဖြစ်ပြီး အစာကို အလွန်အကြူး မစားမိအောင် ရှောင်ရှားနိုင်လေလေ ဖြစ်ပါတယ်။ ကျွဲကောသီးဟာ ကယ်လ်စီယမ်နဲ့ ပရိုတင်းပါတဲ့ အသီးလည်း ဖြစ်ပါတယ်။

ကြယ်စင်
Good Health

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရင်း နားဆင်ဖို့ အကောင်းဆုံး သီချင်း ၁၀ ပုဒ်


ကိုယ်ကာယလေ့ကျင့်ခန်းကိုလူကြီး၊လူငယ် အသက်အပိုင်းအခြားမရွေးကစားလာကြတာကိုတွေ့ ရပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေကိုသီချင်းသံစဉ်နဲ့ စည်းချက်ညီညီလိုက် ကစားရင် ပေါ့ပါးသွက်လက်ပြီးစိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းနိုင်စေမှာပါ။ ဒီတော့ ဒီဂျေ ခရစ် လောဟွန် (DJ Chris Lawhorn) ရွေးချယ်ပေးထားတဲ့ အင်တာနေရှင်နယ် သီချင်း ၁၀ပုဒ် နဲ့  တက်တက်ကြွကြွ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်လိုက်ကြပါစို့ ။

သီချင်းစာရင်း-

Belinda Carlisle – Mad About You
Rick Ross – Hustlin’
Herman’s Hermits – I’m Into Something Good
Ultravox – Dancing With Tears In My Eyes
Bruce Springsteen – Two Hearts (Live)
Huey – Pop, Lock, & Drop It
The Smiths - You Just Haven’t Earned It Yet, Baby
Coldyplay – In My Place
The Dave Clark Five – Bits and Pieces
Starship – We Built This City

ဒီ၁၀ပုဒ် အပြင် ကိုယ်ကာယလေ့ကျင်ခန်းဆော့ကစားသူတွေ အကြိုက်နှစ်သက်ဆုံးနဲ့  နားဆင်လို့  အကောင်းဆုံး သီချင်းအဖြစ်ရွေးချယ်ခံရတာကတော့ Kelly Clarkson ရဲ့  I Do Not Hook Up ဆိုတဲ့ သီချင်း ပဲဖြစ်ပါတယ်။

Trend Myanmar

တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် ပထမနှစ်သင်တန်းများ ဒီဇင်ဘာ ၅ ရက်တွင် ဖွင့်မည်


ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီကရီ ကောလိပ်၊ ကောလိပ်အသီးသီး၏
ပထမနှစ် သင်တန်းများကို ဒီဇင်ဘာ ၅ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမနှစ် သင်တန်းဝင်ခွင့်ရသူများ စာရင်းကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် အသီးသီး တွင် ကြေညာထားသည်။

ဒုတိယနှစ်နှင့် အထက် သင်တန်းများအားလုံးကို ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးတွင် ဖွင့်လှစ်မည်ဖြစ်သည်။

MOI Webportal Myanmar

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုတွင် မီးလောင် ဒဏ်ရာ ပြင်းထန်စွာရရှိသော သံဃာရှစ်ပါးကို ဂုဏ်ပြုမည်


မုံရွာ၊ နိုဝင်ဘာ ၂၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ ဝက်မှေးရွာဟောင်းရှိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည့် သပိတ်စခန်း ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် လက်ပံတောင်း တောင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရမှု၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် သံဃာရှစ်ပါးအား ဗုဒ္ဓကုရဆု (ဘုရားလောင်း သူရဲကောင်းဆု) ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း ဆရာတော် ဝီရသူက မိန့်ကြားသည်။
“သပိတ်စခန်း ဖြိုခွင်းခံရမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ချီးမြှင့်တာပါ။ သံဃာရှစ်ပါးကိုတော့ ဘုရားလောင်း သူရဲကောင်းဆု ချီးမြှင့်ပြီး ကျန်တဲ့ သံဃာတွေကိုလည်း ဂုဏ်ပြု ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နဲ့ ဝတ္ထုငွေတွေ ပေးအပ်ဖို့ စီစဉ်ထားပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဝက်မှေး ရွာဟောင်းတွင် ပြုလုပ်မည့် သပိတ်စခန်း ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဒဏ်ရာရရှိခဲ့သည့် မန္တလေး၊ မုံရွာ၊ ပခုက္ကူမြို့မှ သံဃာတော်များကို ပင့်ဖိတ်သွားမည် ဖြစ်ပြီး နိုဝင်ဘာလ၂၄ ရက်နေ့တွင် မန္တလေးမှ သံဃာတော်များ ဝက်မှေးရွာဟောင်းသို့ ရောက်ရှိ လာမည် ဖြစ်ကာ ဆရာတော်များနှင့် ညှိနှိုင်းပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝက်မှေးရွာမှ မသွဲ့သွဲ့ဝင်းက ပြောကြားသည်။
“သပိတ်စခန်း ဖြိုခွင်းခံခဲ့ရတဲ့ တစ်နှစ်ပြည့်မှာ ဆန္ဒထုတ်ဖော်ဖို့တော့ အစီအစဉ် မရှိပါဘူး။ အခုလို အထိမ်းအမှတ်ပွဲလေးပဲ ရွာဟောင်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ” ဟု ၎င်းကဆက်လက် ပြောကြား သည်။

သံဃာတော်များအား ချီးမြှင့်မည့် ဆုတံဆိပ်တွင် ဘုရားအလောင်း မျောက်မင်း ဘဝပုံကို သစ်သားဖြင့် သရုပ်ဖော်သွားမည် ဖြစ်ပြီး ဘုရားအလောင်း မျောက်မင်းဘဝ ဘုရင့် ဥယျာဉ်တော်အတွင်း ဝင်ရောက်ကြစဉ် ဘုရင့်တပ်က လက်နက်များဖြင့် ဝိုင်းသည့်အခါ၊ ခါးတွင် နွယ်ကြိုးချီ၍ ခုန်ကူးပြီး တစ်ကိုယ်စာ လိုသဖြင့် ၎င်းကိုယ်တိုင် သစ်ကိုင်းကို ဆွဲ၍ တံတားသဖွယ် ခင်းပေးပြီး မျိုးနွယ်တူအဖွဲ့ သားများကို ဖြတ်သန်း သွားလာစေကာ အသက်စွန့်ခဲ့သည့် မျောက်မင်းကို ပုံဖော်သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား လာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း သံဃာတော်များနှင့် ဒေသခံများက သပိတ်စခန်းများ ဖွင့်လှစ်၍ လက်ပံတောင်းတောင်အရေး တောင်းဆို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ ရာ နိုဝင်ဘာ ၂၉ ရက်နေ့ တန်ဆောင်မုန်း လပြည့်နေ့တွင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရပြီး ယင်း ဖြိုခွင်းမှုတွင် ပြင်းထန်စွာ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဦးတိက္ခဉာဏ၊ ဦးပညာဝုဓ၊ အရှင်ရာဇိန္ဒ၊ အရှင်ဝိသုတ၊ အရှင်သုစိတ္တ၊ အရှင်ခေမာဝုဓ၊ ကိုရင်သဇ္ဇနတို့အား ဂုဏ်ပြု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

The Voice Weekly

နွားကျောင်းသားများ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့ နယ်အတွင်းရှိ ရွှေလင်းချောင်း နွားစားကျက်မြေနှင့် မိုးကုတ် စားကျက်မြေ အတွင်း နွားဝင်ကျောင်းသော လူငယ်၇ဦးအား ထောင်ဒဏ် ချမှတ်ခံရခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် ဆန္ဒဖော်ထုတ် မည် ဖြစ်ကြောင်း ဦးဆောင်သူ ဦးဝင်းမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ညောင်တုန်းမြို့ နယ် တရားရုံးမှ နွားကျာင်းသား ၇ဦးကို ပိုင်နက်ကျူးလွန်မှု၊ သီးနှံဖျက်ဆီးမှု တို့ဖြင့် ထောင်ဒဏ် ၃လစီ ချမှတ်ခဲ့ခြင်းအား ဆန့်ကျင်ကန့် ကွက်ပြီး ပြန်လည်ပြင်ဆင်ပေးရန်အတွက် ခရိုင်တရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားမည်ဖြစ်ပြီး ပြန် လည်မပြင်ဆင်ပေးပါက သံဃာအပါး၁၀၀ကျော်အပါအ၀င် ကျေးရွာ၁၁ ရွာမှ ဒေသခံနှစ်ထောင်ကျော်စုပေါင်း ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လွတ်လွတ်လပ်လပ် နွားကျောင်းဖို့ အထက်ကလည်း ခွင့်ပြု ပေးထားပြီးပြီ။ သက်သက်လုပ်ကြံပြီးတော့ ကလေးတွေကို ထောင်ထဲပို့  လိုက် တာ။ အမိန့်ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို စာတွေပို့ပြီး တောင်းဆိုသွား မှာပါ။ မရရင် တော့ ဆန္ဒဖော်ထုတ်မှာပါ ”ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေလင်းချောင်းစားကျက်မြေအတွင်း နွားကျောင်းနေသော နွားကျာင်းသား၎ ဦးနှင့် မိုးကုတ်စားကျက်မြေအတွင်း နွား ၀င်ကျောင်းသော နွား ကျောင်းသား ၃ဦးအား ပဲစိုက်ခင်း အတွင်း နွားများဝင်ရောက်စားသည်ဟုဆိုကာ ဦးသန်းမင်းစိုးနှင့် ဦးစိန်ညွန့်တို့မှ ပိုင်နက်ကျူးလွန်မှု၊ သီးနှံဖျက်ဆီးမှု တို့ဖြင့် ညောင်တုန်းရဲစခန်းသို့  ပြီးခဲ့သည့် ဇန်န၀ါရီ (၂)ရက်နေ့တွင် တိုင်ကြား အမှုဖွင့်ခဲ့သည်။

“ခုဆိုရင် ဒီအမှုကို ရင်ဆိုင်နေရတာ တစ်နှစ်ပြည့်တော့မယ်။ ပိုက်ဆံတွေလည်းကုန်တယ်။ ဒီကလေးနှစ်ယောက်က ဆင်းရဲတော့ စားဝတ် နေရေးအတွက်ကတော့ ကိုယ်ဟာကိုယ်ပဲ ရှာစားရတော့မယ် ကျွန်တော်ခလေးတွေကို ထောင်ချလိုက်တာ ဘယ်လိုမှကိုနားမလည်နိုင်ဘူး ”ဟု ကြက်လျှာကုန်း ကျေးရွာမှ ထောင်ကျသူနှစ်ဦး၏ဖခင်ဖြစ်သူ ဦးထွန်းလှက ပြောကြားသည်။

ရွှေလင်းချောင်းစားကျက်မြေသည် ၂၀၁၂နှစ် ၁၀လပိုင်းက မြို့ နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ရာအိမ်မှူးဦးတင်ဝင်းမှ မည်သူမဆို လွတ်လပ်စွာ နွားကျောင်းပိုင်ခွင့် ရှိကြောင်း ကြေငြာထားသည့် စားကျက်မြေဖြစ်ဖြစ်ပြီး မိုးကုတ်စားကျက်မြေသည် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လွတ်လပ်စွာ နွားကျောင်းခွင့် ပေးထားသော စားကျက်မြေ ဖြစ်သည်။

“ပြည်သူလူထုဆိုတဲ့အတိုင်း အထက်ကလူတွေက ထုတာကိုပဲ ခံနေရမှာလားဗျာ။ လူထုတွေကလည်း ထုလွန်းလို့ မာနေပါပြီ။ အဖြစ်မှန်တိုင်းပေါ်ဖို့တော့ လုပ်ဆောင်သွားမှာပါ”ဟု ဦးဆောင်သူ ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေလင်းချောင်း စားကျက်မြေသည် ညောင်တုန်းမြို့နယ် မြေစာရင်း၏ ထုတ်ပြန်ချက်အရ ၁၉၈ဧက ကျယ်ဝန်းပြီး ကြောင်လျှာကုန်းကျေးရွာ၊ ညောင်ပင်စု ကျေးရွာ၊ သခွပ်ချောင်းကျေးရွာ၊ ၀ါးတောကျေးရွာ၊ သဲကုန်းကျေးရွာ၊ ပေါက်တောကျေးရွာနှင့် ကျွဲကျောင်းကျေးရွာတို့မှ ကျွဲနွားများ စားသုံးနေသော စားကျက်မြေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စည်သူဖြိုး

People power

အမှုမှန်ပေါ်ပေါက်ရန်အတွက်စစ်ဆေးပေးပါရန်တိုင်ကြားခြင်း (ပေးစာ)


ကျွန်မသည် (၂. ၁၁. ၂၀၁၃) ရက်နေ့က ယာဉ်တိုက်မှုဖြင့် သေဆုံးသော မောင်အောင်စိုးဦး၏ မိခင်အရင်းဖြစ်ပါသည်။ထိုနေ့က မောင်အောင်စိုးဦးသည် နံနက်ပိုင်း ပိုက်မှလာသောရေကို ကျောက်စည်ထဲသို့ ရေဆွဲထည့်နေစဉ် မျိုးဝင်းအောင်၊ အောင်ဟိန်း တို့မှ သင်ပုန်းဆည်သို့ ငါးမျှားသွားရန်ခေါ်သဖြင့် လိုက်ပါသွားခဲ့ပါသည်။ ညနေ ၆ နာရီအချိန်ခန့်တွင် သရက်အုပ် အလွန် ၌ ဆိုင်ကယ်ချင်းတိုက်မိကြောင်း ကျွန်မ၏သားမှာ ၄င်းနေရာ၌ပင် သေဆုံးသွားကြောင်းကို ဖုန်းဖြင့် မောင်အောင်ဟိန်းမှ သူ၏မရီးဖြစ်သူထံ အကြောင်းကြားခဲ့ပါသည်။

သေဆုံးသူနှင့်လူနာများအား ရန်အောင်မြင်နာရေးကားဖြင့် (၁) ဦးလှဝင်း (၂)ဦးဘူးသီး (၃) ကိုသိန်းထွန်းအောင် (သေဆုံးသူ၏ယောက်ဖ) တို့ ၃ ဦးသယ်ယူခဲ့ပါသည်။၎င်းကားပေါ်တွင် အခင်းဖြစ်ချိန်က ဆိုင်ကယ်မောင်းလာသူမှာ မျိုးဝင်းအောင် ဖြစ်ပြီး အလယ်မှထိုင်သူမှာ အောင်ဟိန်းဖြစ်၍ နောက်ဆုံးမှစီးလာသူမှာ ကျွန်မ၏သား အောင်စိုးဦးဖြစ်သည်ဟု သိရပါသည်။ ၄င်းကားပေါ်တွင် လိုက်ပါလာသူ ဦးလှဝင်းမှာ ၄င်း၏မိန်းမဖြစ်သူနှင့် မျိုးဝင်းအောင်တို့မှာ အမျိုးများတော်စပ်သဖြင့် အမှန်တကယ် ဆိုင်ကယ်မောင်းလာသူမှာ မျိုးဝင်းအောင်ဖြစ်သော်လည်း သေဆုံးသူအောင်စိုးဦးစီးသည်ဟု လိမ်ညာထွက်ဆိုရန် တိုင်ပင်နေသည်ကို ကိုသိန်းထွန်းအောင်မှ ကြားသိခဲ့ရပြီး ရင်ခွဲရုံသို့ အလောင်းပို့သောအခါမှာလည်း သေဆုံးသူမှာ ဦးလှဝင်းမှ ၄င်း၏ယောက်ဖတော်စပ်ကြောင်း လိမ်ညာပြောဆို၏ ရင်ခွဲရုံသို့ ပေးပို့ခဲ့ပါသည်။ အလယ်တွင်ထိုင်သူအောင်ဟိန်းမှာ ခါးကျိုးပြီး အူခွဲစိတ်ရပါသည်။ ဆိုင်ကယ်မောင်းသူ မျိုးဝင်းအောင်မှာ ဒူးတစ်ဖက် ဂုံညင်းရိုးကွဲသည်ဟုသိရပါသည်။ နောက်ဆုံးတွင်စီးနင်းလာသူ ကျွန်မ၏သား အောင်စိုးဦးသည် နေရာ၌ပွဲချင်းပြီးသေဆုံးသည်ဟု သိရှိရပါသည်။

သေဆုံးသူ အောင်စိုးဦးတွင် ဇနီးဖြစ်သူ စောစန္ဒာလင်း(ခ) မိစံနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ပါသည်။ ဆိုင်ကယ်မောင်းသူမျိုးဝင်းအောင်မှာ ကျွန်မ၏ချွေးမ စောစန္ဒာလင်း(ခ) မိစံ၏ ဦးလေးဝမ်းကွဲတော်စပ်ပါသည်။ ကျွန်မသား၏ နာရေးရက်လည် (၈.၁၁.၂၀၁၃) ရက်နေ့ပြီးဆုံးသည့် အချိန်က ချွေးမဖြစ်သူမှာလည်း သေဆုံးပုံအား ရေရေရာရာ ပြောပြနိုင်ခြင်းမရှိသည့်အတွက် အလည်တွင်ထိုင်၍ ဒဏ်ရာရရှိ သွားသော မောင်အောင်ဟိန်းအား သွားရောက်မေးမြန်းသောအခါမှ မျိုးဝင်းအောင်မှာ ဆိုင်ကယ်စီးလာသူဖြစ်ပြီး သေဆုံးသူ ကျွန်မသားမှာ နောက်ဆုံးမှလိုက်ပါလာသည်ဟု တိတိကျကျသိခဲ့ရပါသည်။

မောင်အောင်ဟိန်းမှပြောပြသည်မှာ သင်ပုန်းဆည်မှာ ငါးမျှားသည်။ ညနေပြန်လာသောအခါ အောင်စိုးဦးမှ မောင်းသည်ဟု သိခဲ့ရပြီး ဆိုင်ကယ်ချိန်းကြိုးပျက်သဖြင့် ဆိုင်မှာဝင်ရောက်ပြင်ဆင်နေစဉ် မျိုးဝင်းအောင်နှင့် အောင်ဟိန်းတို့မှ အရက်သောက်ကြပြီး၊ အောင်စိုးဦးမှာ မိန်းမနှင့်ပြန်လည်ပေါင်းသင်းသည်မှာမကြာသေးသည့်အပြင် စည်းခုံကြီးရပ်ကွက်ရ၌ခံဝန်ကတိဖြင့် အရက်မသောက်ရန် လက်မှတ်ထိုးထားသူဖြစ်သောကြောင့် အချိုရည်တစ်ဘူးနှင့် ပေါင်မုန့်တစ်လုံးသာ စားသည်ဟု သိရပါသည်။ အရက်ဆိုင်မှ စားသောက်ပြီးအထွက်တွင် သေဆုံးသူအောင်စိုးဦးက \"မင်းတို့အရက်သောက်ထားတာ မူးနေပြီ၊ ငါမောင်းမည်\" ဟု ပြောသောအခါ မျိုးဝင်းအောင်မှ \"ငါ့ဆိုင်ကယ်အကြောင်း ငါပဲသိတယ် ၊ မမောင်းနဲ့\" ဟုဆိုပြီး ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းခဲ့ပါသည်။ မျိုးဝင်းအောင်မှ ဆိုင်ကယ်မောင်းပြီးနောက် ထွက်လာကြရာ သရက်အုပ်မရောက်ခင် ပေတရာ မော့တက်လေးတွင် ဆိုင်ကယ်ချင်းတိုက်မိ၍ ကျွန်မသား အောင်စိုးဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။ မောင်အောင်ဟိန်းမှ \"အောင်စိုးဦးစီးရင် ဒီလိုဖြစ်မှမဟုတ်ဘူး ၊ မျိုးဝင်းအောင် အရက်သောက်ပြီးစီးလို့ ဒီလိုဖြစ်ရတာ၊ အောင်စိုးဦးကိုအရမ်းသနားတယ်\" ဟုပြောပြသဖြင့် ကျွန်မ ဇာတ်လမ်းစုံသိခဲ့ရပါသည်။ အိမ်နီးချင်းများကလဲ အောင်ဟိန်းကို လူနာလာမေးသောအခါ အောင်ဟိန်းက အထက်ပါပြောခဲ့သည့် အတိုင်းပင် ပြောပြခဲ့ပါသည်။

(၁၆. ၁၁ ၂၀၁၃) နေ့တွင် မောင်အောင်ဟိန်း ၏ ဇနီးဖြစ်သူ စန္ဒာထွေးမှ ကျွန်မအိမ် သို့ ရောက်ရှိလာပြီး မောင်အောင်စိုးဦး အရက်သောက်စား မူးရူးပြီး ကိုယ်တိုင်စီး၍ သေဆုံးသွားကြောင်း လိမ်လည်ထွက်ဆိုရန်အတွက် အမှန်တစ်ကယ် ဆိုင်ကယ်မောင်းသူ၏ အမ မမြရီမှ လာရောက် ပြောကြား သည့်အပြင် သေဆုံးသူ ဇနီး စောစန္ဒာလင်း၏ ဦးလေးတော်စပ်သူ ဦးလှဝင်း မှလဲ အလယ် တွင်ထိုင်၍ လိုက်ပါလာသော အောင်ဟိန်း ၏ နေအိမ်သို့ သွား ရောက်ပြီး ယခုအမှုအား အမှန်အတိုင်း မပြောရန် ၊ ပြောခဲ့လျှင် လျော် လည်းလျှော်ရမည် ၊ ထောင်လည်းကျမည် ဟု ခြိမ်းခြောက် စကားပြောခဲ့ ကြောင်း ပြောပြသဖြင့် ကျွန်မ သိခဲ့ရပါသည် ။

အထက်ပါကိစ္စရပ်များအား အဖြစ်မှန်ကို ဖုံးကွယ်၍ လိမ်လည် ထွက်ဆို နေကြ သည်ဟု ကျွန်မသိရသဖြင့် အမှုဖွင့်ထားသော အမှတ် (၁) ရဲစခန်းကို သွား ရောက်စုံစမ်း ခဲ့ပါသည် ။ ထိုနေ့က စခန်းမှုး နှင့် မတွေ့ခဲ့ရသဖြင့် (၂၁.၁၁.၂၀၁၃) နေ့တွင် ထပ်မံသွားရောက်ခဲ့ရာ စခန်းမှုးနှင့် တွေ့ဆုံ ခဲ့ရပြီး အမှုကို အမှန်အတိုင်းပေါ်ပေါက်ရန် စစ်ပေးမည်ဟု ပြောပြပါသည်။ စခန်းမှ ပြန်လာပြီး အဖြစ်အပျက် အမှန်အတိုင်း ထွက်ဆိုသူ မောင်အောင်ဟိန်း အိမ်သို့ ထပ်မံသွားရောက်သော အခါ အခြား တစ်ဖက်မှ တိုက်ခဲ့သောဆိုင်ကယ်မှ တရားစွဲထားတယ်ထင်လို့ အမှန်အတိုင်း ထွက်မည်ဟု ပြောခဲ့ကြောင်း ၊ ယခုအခါ ထိုသို့ မဟုတ် သဖြင့် ဆေးရုံမှ ထွက်ဆိုထားသည့် အတိုင်း လိမ်လည်၍ ထွက်ဆို မယ် ၊ အမှန်အတိုင်းမပြောနိုင်ဘူး ၊ ကြိုက်သလိုလုပ် ဟု ပြောပြပါသည်။

ကျွန်မသားဖြစ်သူ အောင်စိုးဦးမှာ အရက်သေစာ သောက်စားခြင်း မရှိသည့် အပြင် အမှန်တစ်ကယ် ဆိုင်ကယ်မောင်းခဲ့ခြင်းမရှိဘဲ အသေဆိုးဖြင့် သေရသည့်  ကိစ္စ တွင် ကျွန်မ၏သားအား အရက်သေစာ သောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းသည်ဟု လိမ်လည်ထွက်ဆိုနေကြသဖြင့် နေ့စဉ်နှင့် အမျှ ရင်ထဲတွင် ခံစားနေရပါသောကြောင့် အမှုမှန် ပေါ်ပေါက်ရန် အတွက် စစ်ဆေးပေးပါရန် တိုင်ကြားရခြင်းဖြစ်ပါသည်။

တိုင်ကြားသူ
ဒေါ်မြတ်မွန် (ဘ) ဦးမြင့်သန်း
၉/စကတ (နိုင်) ၀၁၁၆၉၉
စက်ကြီးဆည်မြောင်း ၊ ၀န်ဇင်းရပ်ကွက်
မိတ္ထီလာမြို့

သစ်ထူးလွင်

သိန်း(၁၅၀၀)ဆုထီပေါက်သော်လည်း ထီလက်မှတ်ပျောက်နေ


ကသာ နိုဝင်ဘာ - ၂၄

ကသာခရိုင်၊ ၀န်းသိုမြို့နယ်၊ မယ်ဇလီကျေးရွာအုပ်စု၊ မယ်ဇလီကျေးရွာနေ ဒေါ်နှင်းနွယ်ဦးသည် (၂၉၈)ကြိမ်အောင်ဘာလေထီ သိန်း (၁၅၀၀)ဆုပေါက်သော်လည်း ထီလက်မှတ် ပျောက်ဆုံးနေကြောင်း သိရသည်။

၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက် ၀န်းကျင်ခန့်က အသက်(၂၀)ခန့် လူငယ် (၂)ဦး မှ ဆိုက်တွဲ (နံပါတ်မသိ) ဖြင့် သီချင်းဆို၍ ရွာစဉ်လှည့်လည် ထီရောင်းချသူများထံမှ ဓ -၈၆၅၅၄၈ ဂဏန်းအပါအ၀င် (၅)စောင်တွဲထီအား တစ်စောင်လျှင် (၈၀၀ိ/-)ကျပ်နှုန်းဖြင့် (၄၀၀၀ိ/-)ကျပ်ဘိုးထီထိုးခဲ့သည်။

၎င်းထီလက်မှတ်အား အောင်ဘာလေထီဖွင့်ပြီးသော်လည်း ထီပေါက်စဉ်ဖြင့် မတိုက်ဖြစ်ခဲ့ဘဲ ထီလက်မှတ်ရောင်းသူများက (၄-၁၁ ၂၀၁၃)ရက် နှင့် (၇-၁၁-၂၀၁၃) ရက်တို့တွင် လာရောက် မေးမြန်းကြောင်း အိမ်နီးနားချင်းများမှ ပြောပြခဲ့သည်။ ၁၀-၁၁-၂၀၁၃ ရက်နေ့တွင် ၄င်းထီရောင်းချသူများမှ ထီလက်မှတ် ထီ ပေါက် မပေါက်တိုက်ပေးမည်၊ ယခုလည်း (၂၉၉)ကြိမ်ထီလက်မှတ် အစောင် (၂၀)အား လက်ဆောင်ပေးခဲ့သည်။

(၂၉၈)ကြိမ် ဓ-၈၆၅၅၄၈ ပါသော ထီ (၅)စောင်အား မသိအောင်ယူဆောင်ပြီး ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်သွားခဲ့သည်။

ထီရောင်းချသူများ ထွက်သွားပြိး သတိရချိန်တွင် (၂၉၈)ကြိမ် ဓ-၈၆၅၅၄၈ ပါ ထီလက်မှတ်များ မရှိတော့ ကြောင်း သိရပြီး ဆွေမျိုးမိသားစုနှင့် တိုင်ပင်၍ ထီပေါက်စဉ်ဝယ်၍ ထီတိုက်သောအခါ သိန်း (၁၅၀၀)ဆုပေါက်မှန်း သိရသည်။

သို့ဖြစ်၍ ၀န်းသိုမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထိန်မင်း ထံ အကူအညီ တောင်းခံပြီး အရေးယူဆောင်ရွက်ပေးနိုင် ပါရန် အောင်ဘာလေသိန်းဆုဌာနသို့ အောင်ဘာလေ သိန်း (၁၅၀၀) ဆု ထုတ်ပေးခြင်းအား တားမြစ်အရေးယူပေးနိုင်ပါရန် တိုင်တန်းထားကြောင်း သိရှိရသည်။

ငြိမ်းငြိမ်း( ကသာ)

MOI Webportal Myanmar

ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း နေပြည်တော်တွင် လူစုလူဝေးဖြစ်မည်ကို ပြည်ထောင်စုဝန်ကြီးစိုးရိမ်


နေပြည်တော်- ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကျင်းပမည့်ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှ ပရိသတ်များကို ရထား၊ ကားဖြင့် နေပြည်တော်သို့လာရောက်ရန် စီစဉ်ပေးမည်ဖြစ်သော်လည်း နေပြည်တော်တွင် လူစုလူဝေးကြီးဖြစ်မည်ကိုမူ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက စိုးရိမ်လျက်ရှိသည်။

ထိုကဲ့သို့ စိုးရိမ်စိတ်ကြောင့် ရထားများကို ဘောလုံးပွဲစဉ်နှင့် အချိန်ကိုက်ပြေးဆွဲပေးရန် နိုဝင်ဘာ ၂၂ ရက်က သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီကို မှာကြားသွားခဲ့သည်။ “ဒီမှာသောင်တင်ကျန်ရစ်ခဲ့ရင်တော့ နေပြည်တော်မှာ တော်တော်အန္တရာယ်များသွားနိုင်ပါတယ်”ဟု ဇေယျာသီရိအားကစားရုံတွင် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေး၌ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်နှင့်မန္တလေးမှ ထွက်ခွာလာမည့်ရထားများကို နေပြည်တော်သို့ ဘောလုံးပြိုင်ပွဲမစတင်မီ နှစ်နာရီခန့်ကြိုတင်ရောက်ရှိရန် အချိန်ကိုက်ဝင်လာရန် လိုအပ်သကဲ့သို့ နေပြည်တော်မှ ပြန်လည်ထွက်ခွာမည့် ရထားများမှာလည်း ဘောလုံးပွဲတွင် အချိန်ပို၊ ပင်နယ်တီများရှိလာနိုင်၍ ပြန်ထွက်ခွာချိန်ကို နာရီနှင့်သတ်မှတ်ခြင်းထက် ပွဲပြီးမှသာ ထွက်ခွာသင့်ကြောင်း ပြောကြားခဲ့သည်။

ပုံမှန်အချိန်သတ်မှတ်ပြီး ထွက်ခွာလျှင် ဘောလုံးပွဲပြီးချိန်နှင့် တိုင်ပင်လွဲပြီး နေပြည်တော်၌ ပရိသတ်များသောင်တင်နေမည်ကို ၀န်ကြီးကစိုးရိမ်ခြင်းဖြစ်သည်။

“သူခိုးကြီးညကလည်း တော်တော်ပျက်စီးသွားတယ်”ဟု ၀န်ကြီးကပြောသည်။

ဆီးမီးဖိုင်နယ်ကို မြန်မာဘောလုံးအသင်း တက်ရောက်မည်ဟု ယုံကြည်ထားသည့်အတွက် ရန်ကုန်နှင့်မန္တလေးမှ ပရိသတ်များလာရောက်အားပေးနိုင်ရန် ရထား၊ ကားများဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက တရားဝင်ကြေညာထားသည်။

သို့ရာတွင် ဧည့်သည်ပရိသတ်များနှင့် ဒေသခံပရိသတ်များ စုစည်းမိပြီး အနုတ်သဘောဆောင်သောဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေခြင်းဖြစ်သည်။

7Day News Journal

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဆင်းနင်းခံရ၍ သေဆုံး


ပဲခူးမြို့၊ အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင်၊ အနောက်တောင်ဘက်(၇)မိုင်ခန့် အကွာ ၀ါးမရမ်းကျေးရွာအုပ်စု၊ ဆက်ချောင်းကျေးရွာတွင် (၂၂.၁၁.၂၀၁၃) နေ့ ည(၁၂း၃၀)အချိန်ခန့်တွင် ဆင်းနင်း၍ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ် ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ(၂၂.၁၁.၂၀၁၃)နေ့ည (၁၂း၃၀ )အချိန်ခန့်၌ ဆက်ချောင်းကျေးရွာနေ ဒေါ်ကျင်မေ ရာဘာခြံတွင်နေပြီး အလုပ်လုပ်ကိုင် လျှက်ရှိသော အလုပ်သမား အောင်မြတ်(၂၀)နှစ်၊(ဘ)ဦးမျိုးတင့်၊ ဗမာ/ဗုဒ္ဓနှင့် ၄င်း၏ ဇနီးဖြစ်သူ မကေသီမြင့်(၂၀)နှစ်၊(ဘ)ဦးမင်းညွှန့်၊ဗမာ/ဗုဒ္ဓတို့(၂) ဦးသည် ရာဘာခြံထဲရှိ ၀ါးတဲတွင်အိပ်ပျော်နေစဉ် “၀ုန်း”ဟူသော အသံကြားရသဖြင့် အောင်မြတ်မှာ အိမ်ယာ မှနိုးပြီး အပေါ်သို့မော့
ကြည့်ရာ အမြင့်(၉)ပေခန့်နှင့်(၇)ပေခန့်ရှိ ဆင်(၂)ကောင်အား တွေ့ရှိရသဖြင့် အောင်မြတ်မှာ တဲဘေးရှိ လျှိုအတွင်းသို့ထွက်ပြေးသွားခဲ့ပါသည်။

၎င်း၏ဇနီးဖြစ်သူမှာ အခင်းဖြစ်နေရာတွင်ကျန်ရှိနေခဲ့ပြီး၊ ည(၁း၀၀) အချိန်တွင် အောင်မြတ် နေအိမ်တဲသို့ ပြန်လည်ရောက်ရှိ၍ ၄င်း၏ဇနီး အားရှာဖွေရာ ဇနီးမှာတဲ၏ဘေး မြေကြီးပေါ်တွင် တွေ့ရှိရပြီး ဆင်းနင်းမှု ကြောင့် ၀ဲဘက်မျက်လုံးထွက်ဒဏ်ရာ၊ ယာဦးခေါင်းဖူးရောင်ညိုမဲဒဏ်ရာ၊ ၀ဲဝမ်းဗိုက်ညိုမဲ ဒဏ်ရာတို့ ရရှိခဲ့ပြီး ၀ဲဝမ်းဗိုက်ညိုမဲ ဒဏ်ရာကြောင့် သေဆုံး သွားခဲ့ပါသည်။

မကေသီမြင့်၏ ကိုယ်ဝန်(၇)လခန့်မှာ ပျက်စီးသွား၍ ၄င်း၏အသက်ပါ သေဆုံးသွားခဲ့သဖြင့် ပဲခူးဆေးရုံသို့ ပို့အပ်ထားလျှက်ရှိပါသည်။

အဆိုပါ ဖြစ်ရပ်အား ဒုရဲအုပ် ဇော်ဇော်မောင်မှ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံး ခြင်းဟုတ်/မဟုတ် စစ်ဆေးပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၃အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin


ဘုရားကြီးမြို့ KTVတစ်ခုမီးလောင်ကျွမ်း


ပဲခူးမြို့နယ်၊ ဘုရားကြီး ရဲစခန်းအပိုင်၊ ပဒေသာ(၂)ရပ်ကွက်၊ မင်းလမ်းနေ ဦးသောင်းအေး(၆၂)နှစ်၊ (ဘ)ဦးစိန်အေး၏ မြို့မစားသောက်ဆိုင်နှင့်KTVဆိုင်တွင် (၂၃.၁၁.၂၀၁၃)နေ့ ည(၆း၀၀)အချိန်ခန့်ကမီးလောင်ကျွမ်းမှုတစ်ခုဖြစ် ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြို့မစားသောက်ဆိုင်သည် သစ်သားညှပ်၊ အုပ်ကာ၊ သွပ်မိုးဖြင့် တည်ဆောက်ထား သော အခန်းအမှတ် R5မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၄င်းအခန်းနှင့်ကပ်လျှက် ဖြစ်သော စတိုခန်း၊ စက်ပစ္စည်းထိန်းချုပ်ခန်း၊ လူနေခန်း R3၊R4အခန်းများပါ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးညွှန့်မှာ ခေါင်မိုးအထက်(၄)ပေခန့်အထိ မြင့်တက်သွားပြီး တိုင်းမီးသတ်ဦးစီးမှူး ရဲသူရိန် လှမြင့်ဦးစီး၍ ဘုရားကြီးမီး သတ်ဌာနမှ မီးသတ်ကား(၂)စီး၊ ဝေါမီးသတ်ဌာနမှ မီးသတ်ကား(၂)စီး၊ ပဲခူးမီး သတ်ဌာနမှ(၄)စီး စုစုပေါင်းမီးသတ်ကား(၈)စီးနှင့် မီးသတ်သန္ဂေ/အရန်အင်အား(၃၆)ဦးတို့ရောက်ရှိခဲ့ပြီး မီးငြိမ်းသတ်ခဲ့ရာ ည(၆း၄၅)အချိန်တွင်မီးငြိမ်းသွားခဲ့ပြီး ကာလတန်ဖိုးငွေ စုစုပေါင်း(၁၆၅၀၀၀၀ိ/)(ဆယ့်ခြောက်သိန်းငါးသောင်း)ကျပ်ခန့် ပျက်ဆီးဆုံးရှုံးသွားပြီး လျှပ်စစ်အား မဆင်မခြင်သုံးစွဲသူ ဦးသောင်းအေးအား ဘုရားကြီးရဲစခန်းမှ (ပ)၁၅၅/၂၀၁၃ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅(မီးကိုပေါ့လျှော့စွာ သုံးစွဲမှု ကြောင့် မီးလောင်ကျွမ်းခြင်း)အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

မန္တလေးတွင် လုယက်မှုသုံးမှု ဆက်တိုက်ဖြစ်၊ အမှုနှစ်မှုမှ တရားခံများ အချိန်ပိုင်းအတွင်း ဖမ်းမိ


မန္တလေး၊ နိုဝင်ဘာ ၂၃

မန္တလေးမြို့တော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့က နေရာသုံးနေရာ၌ လုယက်မှု သုံးမှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အချိန်ပိုင်းအတွင်း အမှုနှစ်မှုမှ တရားခံများကို ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက် (၆၃x၃၁) လမ်းထောင့် နယူးစီပီလိုင်း ဈေးတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် သားငါးရောင်းသူ၏ ပိုက်ဆံအိတ်အား အမျိုးသမီးနှစ်ဦးက ဆိုင်ကယ်ဖြင့် ဆွဲယူထွက်ပြေး သွားသဖြင့် သတင်းအရ နယ်မြေခံ ရဲစခန်းက လိုက်လံ စုံစမ်းစစ်ဆေးရာ ယင်းနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၂၆x၆၃ လမ်းထောင့်၌ ပိုက်ဆံအိတ် လုယူ ထွက်ပြေးသွားသည့် အဆိုပါ အမျိုးသမီး နှစ်ဦးကို သက်သေခံ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းပြစ်မှု ကျူးလွန်သူ မယဉ်တိုး ၂၂ နှစ်နှင့် မစန္ဒာ ၃၈ နှစ်တို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းက (ပ) ၄၆၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ ထပ်မံသိရှိရသည်။

ယင်းအပြင် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်နေ ဒေါ်ဝါဝါထွေး ၄၂ နှစ်သည် ၆၆ လမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်လာစဉ် ဆိုင်ကယ် စီးလာသူ အမျိုးသားနှစ်ဦးက ၎င်း၏ ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးသွားခဲ့ပြီး အဆိုပါ တရားခံများအား တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ မြင့်မြတ်ကောင်း (၂၂ နှစ်) နှင့် ချမ်းမြေ့သိန်း (၂၄ နှစ်) တို့ကို အောင်မြေသာစံမြို့နယ် အမှတ်(၁) ရဲစခန်းက (ပ) ၂၀၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် စစ်ဆေးနေကြောင်း နယ်မြေခံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မဟာအောင်မြေမြို့နယ် (၆၆x၄၀) လမ်းထောင့်တွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မခင်မာမြင့် ၃၆နှစ် (တောင်သူ)၊ နောင်ချိုမြို့နယ် နေသူသည် လမ်းဘေးတွင် ဖုန်းဖြင့် ဂိမ်းကစားနေစဉ် လော့ဂျား ပန်းဆီရောင် ဆိုင်ကယ် စီးလာသည့် အမျိုးသားနှစ်ဦး ၎င်းအနီးသို့ ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှ စီးလာသူက မခင်မာမြင့်၏ လက်ကိုင်ဖုန်းအား ဆွဲယူ ထွက်ပြေး သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဖုန်းဆွဲယူ ထွက်ပြေးသွားသူ နှစ်ဦးအား မဟာအောင်မြေ မြို့မရဲစခန်းတွင် (ပ) ၇၇၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိပြီး တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးသည့် ယင်းအမှုကို စုံစမ်းဖော် ထုတ်နေကာ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မျက်မြင်သက်သေများ အနေနှင့်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မန္တလေးမှာက ဆိုင်ကယ်မောင်းရင်းနဲ့ကို ကြုံရင်ကြုံသလို ပိုက်ဆံအိတ်ကို ဆွဲပြီးပြေးတယ်။ ဆွဲကြိုး ဖြတ်ပြေးတယ်။ လူရှုပ်တဲ့နေရာတွေ၊ ဈေးတွေမှာ ဆိုရင် ခဏခဏ ကြားနေရတယ်။ ပိုက်ဆံအိတ် ပျောက်လို့ ရဲစခန်းကို သွားပြီး အမှုဖွင့်တယ်။ နောက်ပိုင်း ဘာထူးလဲလို့ မေးတယ်။ ဘာမှမထူးဘူး” ဟု ပိုက်ဆံအိတ် လုယက်ခံရမှု ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သော အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

The Voice Weekly

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား အထူးအသိပေး အပ်ပါသည်။ (အရေးပေါ် သတင်း)


ဒီနေ့ (၂၄.၁၁.၂၀၁၃) တနင်္ဂနွေနေ့ နေ့လည် ၁ နာရီကျော်မှ စတင်၍ ကေအယ်ကို
တာရာယာ မိုင်ဒင်းဖက် နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အချုပ်ကား ထိုးထားပြီး
ရဲများ စည်ပင်များ မှ ခရီးသွားသူများကို စစ်ဆေးနေပါတယ်။
လမ်းသွားရင်း အမှိုက်ပစ်တာတွေ ဆေးလိပ်သောက်တာတွေ (ဆေးလိပ်တို စွန့်တာတွေ)
ကွမ်းတွံထွေး ထွေးသူတွေကို စစ်ဆေးပြီး ဒဏ်ငွေရိုက် ၊ အထောက်အထား ဘာမှ မရှိရင်
ကားပေါ်ခေါ်တင် စတာတွေ လုပ်နေပါတယ်။
ကွာလာလမ်ပူရှိ စားသောက်ဆိုင်များကိုလည်း ဆိုင်လိုင်စင် ၊ နှင့် စည်ပင်လိုင်စင်
အထောက်အထားများ စစ်ဆေးမည်ဟု ခန့်မှန်းရပါတယ်။
ယခုလက်ရှိ တာဝန်ရှိသူများမှ လမ်းတစ်လျှောက် ဆိုင်များ ခရီးသွားသူများကို
ဓာတ်ပုံ မှတ်တမ်းမှာ ရိုက်လံရိုက်ကူးနေပါတယ်။
(ယခုလက်ရှိ ၃း၁၅ မီနစ် အချိန်တွင် ပြီးဆုံးသွားပါပြီ)
သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။
ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။
ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ နေ့စဉ် အလိမ်ခံရနေပါတယ်။
ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင်
အကြံပေး သတိပေး ဒါတွေပဲ လုပ်နေရပါတယ်။
မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ
ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....
ကျေးဇူးတင်ပါတယ်။

နေဇော်လင်း

အနည်းဆုံးလုပ်ခ တစ်ရက် ၅၆၀၀ ကျပ်ပေးရန် လုပ်သားများတောင်းဆို လုပ်ငန်းရှင်များ ၂၀၀၀ ကျပ်သာ ပေးလို


ရန်ကုန်- လက်ခစားလုပ်ငန်းများ (CMP)မှ အလုပ်သမားအများစုက အခြေခံလုပ်ခလစာကို တစ်ရက်လျှင် ၅၆၀၀ ကျပ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။

အနည်းဆုံးအခကြေးငွေ နည်းဥပဒေထွက်ရှိပြီးနောက် နှုန်းထားသတ်မှတ်နိုင်ရန် ကော်မတီများဖွဲ့စည်းခဲ့သည်။

ထို့နောက် နှုန်းထားသတ်မှတ်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တို့အား သီးခြားတစ်လှည့်စီ တွေ့ဆုံခဲ့ပြီးနောက် အစိုးရကထပ်မံ၍ လုပ်ငန်းတူမှ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် (CMP) လုပ်ငန်းကို ဦးဆုံးအဖြစ် နိုဝင်ဘာ၂၂၊ ၂၃ ရက်တို့တွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးမှုတွင် အထည်ချုပ်လုပ်ငန်းများမှ လုပ်သားများက တစ်ရက်လျှင် အခြေခံလစာငွေ ကျပ် ၂၅၀၀ မှ ၅၀၀၀ ကျော်အထိ သတ်မှတ်ပေးရန်
တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များက အခြေခံလစာငွေ တစ်ရက်လျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျော်အထိ သတ်မှတ်ပေးရန် ပြန်လည်တောင်းဆိုခဲ့သည်။

“အလုပ်ရှင်တွေဘက်ကတော့ ၀င်ဝင်ချင်း နှစ်ထောင်ပေးမယ်။ သူတို့အလုပ်အပေါ် ကြိုးစားရင်ကြိုးစားသလောက်ပေးမယ်။ အလုပ်သမားတွေဘက်ကလည်း ၀င်ဝင်ချင်း ဘာပဲဖြစ်ဖြစ် ငါးထောင်လောက်လိုချင်တယ်။ ငါတို့ကတော့ အလုပ်သမားတွေအတွက် သူတို့ဘ၀လူနေမှုဖူလုံတဲ့ပုံစံမျိုးပဲ ပေးချင်တယ်။ အလုပ်သမားက လေးထောင်တောင်းလို့ ကြားကနေ သုံးထောင်လို့သတ်မှတ်ပေးလို့မရဘူး။ အဲဒီလိုသတ်မှတ်ရင် အလုပ်ရှင်တွေဘက်ကလည်း မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ”ဟု ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကပြောသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ရက်က ပြုလုပ်ခဲ့သည့် အထည်ချုပ်လုပ်ငန်းမှအပ အခြားလက်ခစားလုပ်ငန်းများဖြစ်သည့် အအေးခန်း၊ ဖိနပ်၊ ဆံပင်တု စသည့်စက်ရုံများမှ အလုပ်သမားအများစုက အနိမ့်ဆုံးအခြေခံလုပ်ခလစာငွေ တစ်ရက်လျှင် ၄၅၀၀ မှ ၅၆၀၀ ကျပ်အထိ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး လက်ရှိပြည်တွင်းလုပ်သားများအတွက် အနည်းဆုံးအခြေခံလစာငွေ နှုန်းထားထွက်ရှိနိုင်ရန် ဆွေးနွေးမှုတွင် အလုပ်ရှင်၊ အလုပ်သမား အပြိုင်ညှိနှိုင်းဆွေးနွေးလျက်သာရှိသေးပြီး အနည်းဆုံးလုပ်ခလစာနှုန်းထား အတည်ပြုသတ်မှတ်နိုင်ရန် ဒုတိယအဆင့်သာ ရှိသေးသည်။

လုပ်သားများအနေဖြင့် တစ်ရက်လျှင် လုပ်ခလစာငွေ ကျပ် ၅၆၀၀ တောင်းဆိုရခြင်းသည် လက်ရှိကုန်ဈေးနှုန်းအခြေအနေပေါ်မူတည်၍ စားဝတ်နေရေးပြေလည်ရန်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အခြေခံလုပ်ခလစာနှုန်းထားသတ်မှတ်ရန် နည်းဥပဒေထွက်ရှိပြီး သုံးလအကြာတွင် စတင်ခဲ့ပြီး အဆင့်ငါးဆင့်ဖြင့် သတ်မှတ်ထားသည်။ ထို့အပြင် လက်ရှိလုပ်သားများ ရရှိနေသည့် လုပ်ခလစာဝင်ငွေနှုန်းနှင့် တစ်နေ့ကုန်ကျလျက်ရှိသည့် ကုန်ကျငွေသိရှိနိုင်ရန် စစ်တမ်းကောက်ခံမှုကို နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူများ ဖွဲ့စည်းထားသည့် မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ (MDR)အဖွဲ့သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)နှင့်ပူးပေါင်း၍ စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်မှုပုံစံနှင့်ပတ်သက်၍ (MIRD)အဖွဲ့မှ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာအောင်သူငြိမ်းက “အလုပ်သမားနဲ့ သူ့မိသားစု လူတန်းစေ့နေနိုင်တဲ့ လစာပေါ့။ ဒါတွေတွက်ချက်ဖို့ စဉ်းစားသင့်တယ်။ မိသားစုဆိုတဲ့နေရာမှာ အနည်းဆုံးလေးယောက်လောက်လို့ မှန်းပြီးတွက်ပါတယ်။ အာဟာရချို့တဲ့မှုမျိုးမဖြစ်အောင် ဆင်းရဲတွင်းက လွတ်မြောက်အောင်အတွက်လည်း စဉ်းစားဖို့လိုပါတယ်”ဟု ဆိုသည်။
7Day News Journal

HIV/AIDS နောက်ဆုံးရသတင်း


• UNAIDS ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ရဲ့နောက်ဆုံးအစီရင်ခံစာအရ အရှေ့ဥရောပနဲ့ ဗဟိုအာရှဒေသတွေမှာ ၂ဝဝ၆ ကနေတွက်ရင် ၁၃% တိုးလာနေတယ်။
• အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသတွေမှာ ၂ဝဝ၁ နဲ့စာရင် HIV ပိုးတွေသူလူနာသစ် ၂ ဆ တိုးလာခဲ့တယ်။
• ယောက်ျား+ယောက်ျား လိင်တူဆက်ဆံသူတွေ၊ မူးယစ်ဆေးထိုးသူတွေ၊ လိင်နဲ့အသက်မွေးသူတွေဟာ လေ့လာမှုတွေလုပ်ရာမှာ ဖုံးကွယ်နေကြလို့ အခက်အခဲရှိတယ်။ သူတို့ကနေ ဆေးကုသမှုယူရတာမှာလဲ တားဆီးမှုတွေ ရှိနေတယ်။
• ဦးစားပေးတိုင်းပြည် ၁ဝ ခုထဲမှာ ကလေး ၁ဝ ယောက်မှာ ၃ ယောက်သာ ဆေးရနေတယ်။ ၂ဝ၁၂ နှစ်ထဲမှာ ပိုးရှိတဲ့ အသက် ၁၅ နှစ်အောက်ကလေးပေါင်း ၆၄၇ဝဝဝ သာဆေးရနေတယ်။
• ကလေးတွေဆေးရရှိမှုဟာ ၃၁-၃၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၁၄% တက်လာပါတယ်။
• လူကြီးတွေ ဆေးရရှိမှုဟာ ၆၁-၆၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၂၁% တက်လာပါတယ်။
• အသက် ၅ဝ ကျော်တွေမှာ ပိုးတွေ့ရှိမှုတိုးလာနေတယ်။ တကမ္ဘာလုံးမှာ အသက် ၅ဝ ကျော် ပိုးရှိနေသူ ၃့၂-၃့၉ သန်း ရှိတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူအသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်းလာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံးသေဆုံးခဲ့ရတယ်။
• ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့နိုင်ငံတွေမှာ ဆေးရရှိသူအရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။
• HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူစုစုပေါင်း ၃၅့၃ (၃၂့၂ - ၃၈့၈) သန်း ရှိတယ်။ ၁့၆ (၁့၎ - ၁့၉) သန်းမှာ AIDS နဲ့ဆိုင်တဲ့ရောဂါတွေရှိနေကြတယ်။

အင်္ဂလန်နိုင်ငံမှာ
• HIV ပိုးရှိနေသူပေါင်း ၉၈၄ဝဝ ယောက်ထုက ၂၁၉ဝဝ ယောက်ဟာ သူတို့မှာ ပိုးရှိနေတာကို မသိကြ။
• မနှစ်ကထက် ၁% တိုးလာတယ်။
• ၂ဝ၁၂ နှစ်ထဲမှာ လူနာသစ်ပေါင်း ၆၃၆ဝ ရှိလာတဲ့အထဲက ၄၇% ဟာ ရောဂါနောက်ပိုင်းအဆင့်ရောက်လာမှ ပိုးရှိနေတာကိုသိကြရတယ်။
• ပိုးရှိနေသူတွေထဲက ၄၅% ဟာ လိင်တူဆက်ဆံသူတွေဖြစ်တယ်။ ၂၈၈ဝ ယောက်ထဲမှာ လိင်တူယောက်ျားက အများဆုံးဖြစ်တယ်။
Dr. Tint Swe

ဦးအောင်မင်း(ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း) မှ အများပိုင်ကိုမြေကို သိမ်းဆည်းထားရာမှ ရပ်ကွက် ပြည်သူများနှင့် အငြင်းပွားမှုဖြစ်ပွား


ဦးအောင်မင်း(ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း) မှ အများပိုင်ကိုမြေကို သိမ်းဆည်းထားရာမှ ရပ်ကွက် ပြည်သူများနှင့် အငြင်းပွားမှုဖြစ်ပွား

မြစ်ကြီးနားမြို့၊ အေးမြသာယာ ရပ်ကွက်တွင် ယခင်အစိုးရ လက်ထက်က ဆေးပေးခန်း မြေနေရာ အဖြစ်သတ်မှတ်ခဲ့သော မြေယာအား လက်ရှိအစိုးရ တက်ရောက်ရန် ကူပြောင်းစဉ်ကာလအတွင်း ဦးအောင်မင်း(ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း) မှ ၄င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်သူပိုင် ဆေးပေးခန်းမြေနေရာအား တရားမ၀င်သိမ်းပိုက်ခဲ့သည်။

ထိုမြေနေရာအား ဦးထွန်းကျော်(ပမ္မတီး အုပ်ချုပ်ရေးမှူး)အား ခြံစည်းရိုးများ ကာရံစေကာ ပုပ္ပလိကပိုင်ပြုလုပ်ပြီး ရောင်းချရာ မှ ရပ်ကွက်နေ ပြည်သူများနှင့် ယနေ့ ၂၃.၁၁.၂၀၁၃ရက် ၊ နေ့လည်ခင်းတွင် အငြင်းပွားမှုများ ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိ ဖြစ်သွားနေသော ပြသနာများကို သက်ဆိုင်ရာ အစိုးရ အဖွဲ့ကလဲ တိကျသော ဖြေရှင်းချက်ကို မဖြေရှင်း နိုင်သေးကြောင်းလဲ သိရှိရပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (မြစ်ကြီးနား)

by Thit Htoo Lwin

လုပ်သားပြည်သူများ၏ ယာဉ်စီးခ မှန်ကန်စွာဖြင့် စီးနင်းသွား လာနိုင်ရေး (ပေးစာ)


ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် ၊ အင်းစိန်လမ်းမ ၊ဘာတာမှတ်တိုင် ၊ ရှိမီးသတ်ဦးစီးဌာန (လှိုင်မီးသတ်စခန်း)မှ ၀န်ထမ်းတစ်ဦးပါ။

ကျွန်တော်နေထိုင်ရာ သမိုင်းလမ်းဆုံမှနံနက် အလုပ်ဆင်းလျှင် ၃မှတ်တိုင်အကွာ ဘာတာမှတ်တိုင်(အင်းစိန်လမ်း) ကို ဘတ်စ်ကားခ (၅၀ ကျပ်) ဘဲပေးရပါတယ်။ နေ့လည်ထမင်းစားချိန်အိမ်ပြန်စားရင်လဲ (၅၀ ကျပ်) ပါပဲ။

ဒါပေမယ့် ညဖက် ၆ နာရီခွဲခန့် လှိုင်မီးသတ်မှ သမိုင်းလမ်းဆုံမှတ်တိုင်သို့ ၅၀/ကျပ် ရိုးရိုး လိုင်းကားများစောင့်စီးရာမှ (ယဉ်လိုင်းအားလုံးမှ) စပယ်ယာများက ၅၀ ခရီးကို ၁၀၀ ကျပ်တောင်းပါတယ်။

၅၀ ခရီးကို ၁၀၀ တောင်းလို့ပြောတဲ့သူရှိရင်စပယ်ယာမှရိုင်းစိုင်းစွာအော်ဟစ်ငေါက်ငမ်းပါတယ်။
''ခင်ဗျားတို့ကိုမတက်ခင်တည်းက ဟိုနားဒီနား ၁၀၀ ပြောပြီးသား ၊ မစီးနိုင်ရင်ပြန်ဆင်း'' စသည့်ဖြင့်ပြောဆိုပါတယ်။ ခရီးသည်များမှာလည်း တနေ့လုံးအလုပ်ပင်ပန်းပြီးပြန်လာသူ လက်လုပ်လက်စားနှင့်ဝန်ထမ်းများဖြစ်ကြကာ စကားနဲရန်စဲ သဘောမျို့း ၁၀၀ ပေးစီးနေကြရသည်မှာ လချီ ရှိပါပြီ။ ထို့ပြင်အလုံ ၊ ကြည့်မြင်တိုင်ဘက်မှလာသောမှော်ဘီ ၊ တိုက်ကြီး ဟိုင်းလတ်ကားများမှာလည်း ၅၀ ခရီးကို ၁၀၀ ၊ ၁၀၀ ခရီးကို ၂၀၀ ယူနေကြသည်မှာ ၅ နှစ်ခန့် ရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ၅၀ ခရီးကို ၂၀၀ စတင်ယူနေကြပြီ ဖြစ်ပါတယ်။

သို့ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်လိုင်းကား ၊ ဘတ်စ်ကားဖြင့် ခရီးသွားလာ နေကြသော လုပ်သားပြည်သူများ၏ ယာဉ်စီးခ မှန်ကန်စွာဖြင့် စီးနင်းသွားလာနိုင်ရေး သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

        ခရီးသည်ဝန်ထမ်းတစ်ဦး
        (လှိုင်မီးသတ်စခန်း)
        အင်းစိန်လမ်းမကြီး
        ၁၂ ရပ်ကွက် ၊ လှိုင်မြို့နယ်
        ရန်ကုန်မြို့

by Thit Htoo Lwin

မောပန်းခြင်းပြဿနာ


နေ့စဉ်နေ့တိုင်း ၂.၂ သန်းပမာဏရှိတဲ့ အမေရိကန်လူမျိုးများက မောပန်းခြင်း ဝေဒနာကိုခံစားနေရပါတယ်။ အများစုက အလုပ်မနိုင်တဲ့အတွက် အလုပ်အကြွေး တင်ခြင်းကြောင့်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တရားခံအစစ်ကတော့ မိမိတို့ရဲ့နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်များဖြစ်တဲ့ ဘာတွေစားတယ်၊ ဘယ်လို အိပ်တယ်၊ ဘယ်လောက်စိတ်ဓါတ်ကျလွယ်တယ် စတာတွေပဲဖြစ်ပါတယ်။

လိုအပ်တဲ့ စွမ်းအင်အလုံအလောက်မရနိုင်ခြင်းကြောင့် မောပန်းလွယ်ပါတယ်။ ဥပမာ- နေ့လည်စာကို အဟာရပြည့်ဝတဲ့ ပါစတာခေါက်ဆွဲ ၊ ပူပူနွေးနွေးစားနိုင်တဲ့ တရုတ် အစားအစာမျိုးမစားဘဲ အသင့်စားနိုင်တဲ့ ကျန်းမာရေးမညီညွတ်တဲ့ မုန့်ပဲသရေစာစားခြင်းမျိုး၊ အိပ်ရာဝင်နောက်ကျခြင်းမျိုးကို ရှောင်ကျဉ်ရပါမယ်။ အစားအသောက်အလေ့အထဟာ နေ့စဉ်လှုပ်ရှားမှုကဏ္ဍမှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။

- မနက်စာစားပါ ။ တကယ်လို့ သင်ဗိုက်မဆာနေဘူးဆိုရင်တောင် အိမ်ကမထွက် ခင် မနက်စာ အဆာပြေတစ်ခုခုကို မဖြစ်မနေစားပါ။

- (၃)နာရီ (သို့) (၄)နာရီခြားတစ်ကြိမ် အစာစားပါ။ အဓိကအစားအစာ မဟုတ်တောင် အဆာပြေတစ်ခုခုစားပါ။

- အမျှင်ဓါတ်ပါတဲ့ အစားအစာမျိုး (ဥပမာ- ပြောင်းဖူး၊ပဲနက်စေ့၊ပန်းသီး) စတာတွေကို နေ့စဉ်အစားသောက်ထဲပါအောင် စားပေးပါ။

- ဦးနှောက်ကိုအားဖြစ်စေသော ငါးကြီဆီကဲ့သို့အရာမျိုးစားပေးပါ။

- ရေဓါတ်မဆုံးရှုံးအောင်နေပါ။

- ညနေခင်းဘက်မှာ ကဖင်းဓါတ်ပါတဲ့ အရာမျိုးသောက်သုံးပါ။

ဒီလိုမျှတတဲ့ အဟာရဓါတ်နဲ့ လုံလောက်တဲ့အိပ်ချိန်ကို ရရှိမယ်ဆိုရင်တော့ မောပန်းတယ်လို့ခံစားနေရတာတွေ သက်သာသွားမှာပါ။ စိတ်ဓါတ်ကြံ့ခိုင်ဖို့လဲ လိုအပ်ပါတယ်။

Ref: Web MD
Trend Myanmar

ဆံကေသာကို နက်မှောင်ပြီး တောက်ပလာစေမယ့် လက်တွေ့နည်းများ


ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်း...တွေ ရှိပါတယ်။ သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။

နည်းလမ်း (၁)
~~~~~~~

- အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ကြာ ထည့်ထားပါ။

- အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။

- အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

- တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၂)
~~~~~~~~

- နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

- စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေထည့်ပြီး အားလုံးကို နှံ့အောင် သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းပြီး အခြောက်ခံထားပါ။

- နှစ်နာရီကြာတဲ့အခါ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၃)
~~~~~~~~

- နွာနို့က ဆံပင်ဖြောင့်စင်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ နွားနို့ကို ဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ပြီး ဆံပင်ပေါ်ကို ဖျန်းပေးပါ။

- အဲဒီနောက် ဆံပင်ကို ရှမ်ပူနဲ့ လျှော်ပါ။

- ဆံပင်တွေ ရေစိုနေတုန်းမှာ ညင်သာစွာ ဘီးနဲ့ဖြီးပါ။

နည်းလမ်း (၄)
~~~~~~~~

- သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ဆံသားအားလုံးအနှံ့ လိမ်းပေးကာ ဦးရေပြားကို ညင်သာစွာ နှိပ်နှယ်ပေးပါ။

- အဲဒီနောက် တဘက်နဲ့ ခေါင်းပေါင်းပြီး နာရီဝက်ကြာမှ ခေါင်းလျှော်ပါ။

- ဆံသားကို တောက်ပြောင်စေရုံ သာမက အရှည်မြန်စေပါတယ်။

ဒီနည်းလမ်းတွေထဲက တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါက ဆံသားဖြောင့်စင်း စေပါတယ်။

Thanks to ချိုးငှက်

မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် SEA Games က အထောက်အကူ ဖြစ်မည်ဟု သူရဦးရွှေမန်းဆို


နေပြည်တော်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် SEA Games ပြိုင်ပွဲသည် ပြောင်းလဲလျက်ရှိသည့် မြန်မာ့ဒီမိုကရေစီ အရေးတွင် အထောက်အကူတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် လက်ရွေးစင် ကစာသမားများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ နိုဝင်ဘာလ ၂၃ ရက်က ပထမဦးဆုံးအကြိမ် လာရောက် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

SEA Games ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကာ ပြောင်းလဲလျက်ရှိသော မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကို အထောက်အကူ ပြုကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ရန် စိတ်ဓာတ်၊ စည်းကမ်း အားလုံး ပြောင်းလဲရန် လိုအပ်ပြီ ဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထုကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက ထလော့ မြန်မာဟု နိုးကြားပေးစေနိုင်သည်ဟု ၎င်းကပြောဆိုခဲ့သည်။

လက်ရွေးစင် ကစားသမားများ အနေနှင့် မည်သည့်ကိစ္စမဆို အောင်နိုင်စိတ်ထက် အားကစား စိတ်ဓာတ်ဖြင့်သာ အနိုင်မခံ အရှုံးမပေးဘဲ စည်းကမ်းရှိရှိ တရားမျှတစွာ ယှဉ်ပြိုင်သင့်ကြောင်း၊ မြန်မာ တစ်မျိုးသားလုံးအတွက် အောင်မြင်မှုများ ရရှိအောင် ကြိုးစားပေးစေ လိုကြောင်းလည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ မြန်မာနိုင်ငံ အနေနှင့် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာမှ အဆင့်သုံးအတွင်း ရရှိရန် ပြင်ဆင်ထားကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ ယခုပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဖြည့်စွက် ပြောကြားသည်။

The Voice Weekly

ဆိုင်ပိုင်ရှင်မှ ဆိုင်အလုပ်သမား အရွယ်မရောက်သေးသော မိန်းကလေးငယ်အား ခိုးမှုကျုးလွန်ခိုင်းသောဖြစ်ရပ် ဖြစ်ပွား


ဟင်္သာတ၊ နိုဝင်ဘာ ၂၄။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဦးပါရဲစေတီတော် ဈေးဆိုင်တန်းတွင် ဆိုင်ပိုင်ရှင်မှ ဆိုင်အလုပ်သမားအရွယ်မရောက်သေးသော မိန်းကလေးငယ်ကို တခြားဆိုင်မှ ပစ္စည်းများကို ခိုးယူစေရန် ခိုင်းစေမှု (၁၇-၁၁-၂၀၁၃) တော်သလင်းလပြည့်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တော်သတလင်းလပြည့်နေ့ည၌ ဒေါ်ဝင်း အသုတ်ဆိုင်ပိုင်ရှင်သည် သူ၏ဆိုင်အလုပ်သမား အရွယ်မရောက်သေးသော မိန်းကလေးငယ်ကို ဆိုင်ခန်းတစ်ခန်းကျော်ရှိဆိုင်မှ ပစ္စည်းများကို ခိုးယူရန် ခိုင်းစေခဲ့ကြောင်း သိရသည်။

ခိုးယူခံရသောဆိုင်သည် တာဝန်ရှိသူများကိုတိုင်ကြားခဲ့သဖြင့် တာဝန်ရှိသူများမှ မသင်္ကာသူများကို စစ်ဆေးမေးမြန်းခဲ့ရာ အရွယ်မရောက်သေးသော မိန်းကလေးငယ်က မိမိအား ဆိုင်ပိုင်ရှင်မှ ခိုးယူခိုင်းသောကြောင့် ခိုးရခြင်းဖြစ်ကြောင်း၊ ခိုးရာပါပစ္စည်းများကိုလည်း ဆိုင်ပိုင်ရှင်၏နေအိမ်တွင်ပင် ထားရှိကြောင်း (၂၂-၁၁-၂၀၁၃)နေ့တွင် ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူများသည် အသိသက်သေများလိုက်ပါလျှက် အဆိုပါခိုးမှုကျုးလွန်ရန်ခိုင်းစေခဲ့သော ဆိုင်ပိုင်ရှင်၏နေအိမ်သို့ သွားရောက်ရှာဖွေရာတွင် ခိုးရာပါပစ္စည်းများကို ဆိုင်ပိုင်ရှင်၏နေအိမ်အတွင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုင်ပိုင်ရှင်မှလည်း မိမိသည် ကလေးငယ်အား ခိုးမှုကျုးလွန်ရန် ခိုင်းစေခဲ့ကြောင်း တာဝန်ရှိသူများရှေ့မှောက်တွင် ၀န်ခံထွက်ဆိုခဲ့သည်။

ထိုဆိုင်ခန်းများတွင် ပစ္စည်းပျောက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး၊ ဘုရားကြီးပရ၀ဏ်အတွင်းရှိ အလှူခံပုံများလည်း မကြာခဏပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။ အရွယ်မရောက်သေးသော ကလေးငယ်အား ခိုးမှုကျုးလွန်ရန် ခိုင်းစေခြင်းကြောင့် ကလေးငယ်၏ အကျင့်စာရိတ္တကို ရိုက်ချိုးဖျက်ဆီးရာရောက်စေသဖြင့် တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် အရေးယူသင့်ကြောင်း မြို့ခံများက ပြောဆိုသည်။

(ပေးပို့သူ- ဟင်္သာတ မီဒီယာအဖွဲ့)

by Thit Htoo Lwin