FATF ငွေကြေးခ၀ါချမှု စောင့်ကြည့်ခံ ၉ နိုင်ငံစာရင်းထဲ မြန်မာပါဝင်


ကိုသားညွန့်ဦး
19.02.2014

ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေအတွက် တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ကျန်ရှိနေဆဲ ဖြစ်တယ်ဆိုပြီး၊ ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ FATF က ဖော်ပြလိုက်ပါတယ်။

ဒါပေမဲ့လည်း ဒီလုပ်ငန်းတွေ တိုက်ဖျက်နိုင်ရေးအတွက်  ဥပဒေအတည်ပြုနိုင်ရေးကိစ္စကို မကြာခင်လတွေအတွင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ လွှတ်တော် ဥပဒေမူကြမ်း ကော်မတီကတော့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ရန်ကုန်ဗွီအိုအေရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။

The Financial Action Task Force ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ရဲ့ အခု ဖေဖော်ဝါရီလအတွင်း လုပ်ခဲ့တဲ့ စုံညီ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ငွေကြေးဆိုင်ရာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့တာပါ။ စာရင်းထဲမှာ အဆိုးဆုံးကတော့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့ စောင့်ကြည့်ရမယ့် စာရင်းထဲမှာတော့ မြန်မာနိုင်ငံ အပါအ၀င် ၉ နိုင်ငံ ရှိပါတယ်။ ဒေသတွင်းမှာဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်ပါတယ်။

ဒီလို စောင့်ကြည့်စာရင်း ထုတ်ပြန်ခံရတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအတွက်တော့ အနည်းငယ် တွန့်ဆုတ်သွားစရာ ရှိပါတယ်။ မြန်မာလွှတ်တော်ထဲမှာတော့ ငွေကြးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် ဥပဒေကြမ်း ပြင်ဆင်နေတာရှိပြီး အခုလအတွင်း အတည်ပြုနိုင်ဖို့ လျာထားပေမဲ့ နိုင်ငံတကာ စံနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေရတာကြောင့် ကြန့်ကြာနေတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဘရှိန်က ဗွီအိုအေကို ပြောပါတယ်။

“Program Ministry ကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ကလည်း ဒီဥပဒေကို ပြုစုနေတာ ကြာပါပြီ။ အဲ့ဒီလို ပြုစုတဲ့အခါ UNODC တို့ရဲ့ အကူအညီတွေကိုလည်း အရင်က ယူပြီးတော့ ပြုစုတာပဲ။ ဒါပေမဲ့ ကျနော်တို့ အခု ပြုစုထားတဲ့ဥပဒေမှာ UNODC က လိုချင်တဲ့ အချက် ၁ ချက်၊ ၂ ချက်လောက် ကျန်နေတယ်ဆိုပြီးတော့ မနေ့က UNODC က ကိုယ်စားလှယ်တယောက်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရယ်၊ တခြား Program Ministry လည်းပါတယ်၊ တခြားပညာရှင်တွေလည်း ပါတာပေါ့လေ။ ကျနော်တို့နဲ့ ဆွေးနွေးညှိနှိုင်းကြတယ်။”

မေး။          ။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေက အခြေအနေ ဘယ်လိုရှိလဲခင်ဗျ။ နှစ်ဘက် လွှတ်တော်နဲ့ အစိုးရနဲ့ ကြားထဲမှာ မူကြမ်းက တူသွားပြီလား။
ဖြေ။           ။ “လွှတ်တော်နဲ့ အစိုးရကြားထဲမှာ ကြီးမားတဲ့ အငြင်းအခုံဖြစ်မှုတော့ ဒီဥပဒေနဲ့ပတ်သက်လို့ မရှိပါဘူး။ ဟို Program Ministry က တင်လာတဲ့ဟာတွေကို ကျနော်တို့ပြည်သူတွေကြားမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတဲ့အခါ Program Ministry ကလည်း လက်ခံပြီးတော့ ဆောင်ရွက်ပေးပါတယ်။”

ဒါပေမဲ့လို့လည်း ဒီဥပဒေကြမ်းကို အခု လွှတ်တော်အစည်းအဝေး သက်တမ်းအတွင်းမှာပဲ အတည်ပြုနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဦးဘရှိန်က ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ မေးမြန်းဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့၊ ချက်ချင်း တုံ့ပြန်ဖြေကြားမယ့်သူ မရှိပါဘူး။

FATF အနေနဲ့ မြန်မာနိုင်ငံကို ငွေကြေးအရ အန္တရာယ်ရှိတဲ့ စောင့်ကြည့်နိုင်ငံစာရင်းထဲ ထည့်သွင်းထားတာဟာ အခုဆိုရင် သုံးနှစ်ဆက်တိုက် ရှိပြီလို့လည်း သိရပါတယ်။ စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို (ဘောဂဗေဒ) ကတော့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရဖို့တော့ မြန်မာနိုင်ငံဘက်က လိုအပ်နေတယ် မြင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ငန်းတွေ ကြီးကြီးမားမား အခြေအနေတော့ ပြည်တွင်းမှာ မမြင်ရဘူးလို့ ပြောပါတယ်။

“အခုဟာက အရေးကြီးတာကတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြီးတော့ ဘယ်လောက် အရေးယူ ဆောင်ရွက်သလဲဆိုတာ ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာကတော့ ခ၀ါချရလောက်အောင် ကြီးမားတဲ့ ငွေမည်းပုံစံက သိပ်များများစားစား မမြင်မိပါဘူး။ ခက်တာက မြင်ဖို့လည်း သိပ်တော့ မလွယ်ဘူးပေါ့လေ။ နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး နည်းနည်းပါးပါး ရှိတယ်။ ဒီလောက်ပဲမြင်တယ်။ နောက် အကြမ်းဖက်မှုကလည်း မြန်မာနိုင်ငံထဲမှာက အကြမ်းဖက်မှုရယ်လို့ ကြီးကြီးမားမား လုပ်ငန်းတွေပေါ့နော် အဲ့ဒါကလည်း မရှိတဲ့အခါကျတော့ အကြမ်းဖက်ကို ထောက်ပံ့တဲ့ အခြေအနေမျိုးလည်း ကြီးကြီးမားမား မရှိဘူးလို့ နားလည်ပါတယ်။”

မေး။          ။ ဟုတ်ကဲ့။ အဓိကထောက်ပြတဲ့ အချက်ကတော့ အဲ့ဒါပါပဲ။ အဓိကကတော့ ဒီလုပ်ငန်းတွေ မဖြစ်အောင်လို့ လုပ်နိုင်တဲ့စနစ်ပေါ့နော်။ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။ အခုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတာတော့ ရှိပါတယ်။ ဥပဒေတရပ် ထွက်လာဖို့ပေါ့။ အဲတော့ တကယ်တမ်း ဒီလို ငွေကြေးခ၀ါချမှုတွေ၊ ခုန ပြဿနာမျိုးတွေ ဟန့်တားနိုင်ဖို့ဆိုရင် ဒီလွှတ်တော်ထဲက ဥပဒေအပြင်ပေါ့ တခြား ဘာတွေများ လိုအပ်ဖို့ ရှိပါသလဲ။
ဖြေ။           ။ “ဒီဥပဒေအပါအ၀င်ပေါ့လေ အများအားဖြင့်ကတော့ မြန်မာနိုင်ငံကို ဝေဖန်လေ့ ဝေဖန်ထ ရှိပြီးတော့ ဖြစ်တတ်တာကတော့ လက်တွေ့ အကောင်အထည် ဖော်ရာမှာ အားနည်းတယ်ပေါ့နော်။ လက်တွေ့ အကောင်အထည်ဖော်ရာမှာ ဆိုကြပါစို့ ၀န်ထမ်းအားဖြင့် နော် နောက်တခါ လက်တွေ့မှာ ဟုတ်လား enforcement ပေါ့ လက်တွေ့ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့ဟာမှာ အားနည်းတယ်ဆိုတဲ့ဟာမှာ အားနည်းတယ်ဆိုတာလည်း ဆွေးနွေးကြပါတယ်။ အဲတော့ ဒီဥပဒေနဲ့အတူ လက်တွေ့ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေပေါ့လေ ဥပမာ ငွေအလွှဲအပြောင်းတွေဆိုရင်လည်း ခြေရာခံနိုင်မယ့် အခြေအနေမျိုးတွေ၊ နည်းပညာတွေ ၀န်ထမ်းတွေ၊ ၀န်ထမ်းတွေရဲ့ စွမ်းရည်မြင့်မားမှုတွေ ဒါတွေပါ လိုအပ်တယ်လို့ ယူဆပါတယ်။”

FATF ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် ကြိုးစားဆောင်ရွက်မှုတွေ ရှိတာကိုတော့ အသိအမှတ်ပြုထားပါတယ်။ လက်တွေ့ အကောင်အထည်ဖော်မှုပိုင်းမှာ လုံလောက်တဲ့ တိုးတက်မှုတွေ ဖြစ်မလာခဲ့ဘူးလို့ ထောက်ပြထားပါတယ်။

အထူးသဖြင်တော့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေကို ဥပဒေအရ ကိုင်တွယ်အပြစ်ပေးဖို့၊ ငွေကြေးစနစ်ဆိုင်ရာ စောင့်ကြည့် အရေးယူမှုတွေလုပ်ဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ ငွေကြေးစီးဆင်းမှုတွေ ရှိဖို့ ဆိုတဲ့ အချက်တွေ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတာ တွေ့ရပါတယ်။
voanews

အိမ်ထောင်ရေး ကောင်းစေချင်လျှင်



Wednesday, February 19, 2014

ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား??? အိမ်ထောင်ရေးအဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား” ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။

မိမိတို့ ဗုဒ္ဓဘာသာတွေက တော်တော်ဆိုးသည်။ လောကီမင်္ဂလာတွေ၊ ဗေဒင်တွေကို တော်တော်အားကို ကြသည်။ အိမ်ဝယ်မည်ဆိုလဲ ဗေဒင်မေးသည်၊ အိမ်ထောင်ပြုမည်ဆိုလဲ ဗေဒင်မေးသည်။ ယောကျာ်း အလုပ်ရှုပ်၍ အိမ်ပြန်နောက်ကျလဲ တောထင်တောင်ထင် ဗေဒင်မေးသည်၊ နောက်ဆုံး ကိုယ်ချစ်သူ ကိုယ့်နဲ့ စကားများရင်တောင် ဗေဒင်မေးသည်။

ကိုယ့်ယောကျာ်း အိမ်ကပ်အောင် ဗေဒင်ဆရာက ဘာလုပ်ပေးမည်နည်း??? အောက်လမ်းဆိုသည့် မကောင်းသည့် အတတ်ပညာနှင့်လား?? ဒါဆိုရင် ကိုယ့်ယောကျာ်း အကုသိုလ်ကံများနေသည့် အချိန်ဆို ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ သို့သော် ကိုယ်ချစ်သည့်သူကို အောက်လမ်းနှင့် ပြုစားရက်ပါလား????

ဒါဆို ယတြာချေသည့် နည်းလော??? ဆိုလိုသည်က ဘယ်ဂြိုဟ်တိုင်တွင် ဘာကပ် ဘာလှူစသည့် နည်းလော?? သိပ္ပံခေတ်လူသား တစ်ယောက်အနေနှင့် စမ်းစစ်ကြည့်သင့်သည်။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များတွင် အရဟံအစ ဘဂဝါအဆုံး ကိလေသာကုန်ခန်းအောင် လုပ်သည့် နည်းတွေပင်၊ ပူလောင်အောင် လုပ်သည့် နည်းမပါ။ မြတ်ဗုဒ္ဓက ဟောထားသည်။ “အတ္တဟိအတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ ဒါဆို ဘယ်လိုလုပ်မည်နည်း??? မိမိ၏ ကံ၊ဥာဏ်၊ ဝီရိယကိုသာ အားကိုးသင့်သည်။

မိမိယောကျာ်း အိမ်ကပ်၊ သစ္စာရှိအောင် ကံအနေနှင့် မိမိကိုယ်တိုင် သစ္စာရှိသင့်သည်။ ကံကို ဖြည့်ကျင့်ပြီးလျှင် ဥာဏ်ကူ၍
(၁) သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။
(၂) နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။
(၃) တစ်ဦးစကားကိုတစ်ဦး ဂရုစိုက်နားထောင်ရမည်။ လေးစားမှုအပြန်လှန်ရှိရမည်။
(၄) ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။
(၅) မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။
(၆) အိမ်ထောင်ရေး နိုင်နင်းရမည်။
(၇) စာများများဖတ်၍ သွက်လက် ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)

၁။ သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။

ယောကျာ်းလေးများသည် မည်မျှချောမောနေပါစေ ညစ်ပတ်လျှင် မကြိုက်။ သေသေသပ်သပ်နှင့် သန့်သန့်ရှင်းရှင်းရှိလျှင် သဘောကျကျသည်။ ဆိုလိုသည်က မည်မျှချောမောပါစေ အစားစားလျှင် ပေတလူးခါနေလျှင် မကြိုက်ကြပေ။ မည်မျှချောပါစေ ညစ်ညစ်ပတ်ပတ်နေလျှင် သဘောမကျပေ။ ပါးတွင် မိတ်ကပ်မည်မျှ လိမ်းလိမ်း တစ်နေ့တစ်ခါမှ ရေမချိုးတတ်လျှင် သဘောမကျ။

၂။ နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။

မိန်းကလေးဖြစ်ပြီး နှုတ်ကြမ်းလျှာကြမ်းနှင့် ဆဲဆို၍ ရန်တွေ့တတ်လျှင် မည်သူမှ သဘောမကျ။

၃။ တစ်ဦးစကားကို တစ်ဦး ဂရုစိုက်နားထောင်တတ်ရမည်။ လေးစားမှု အပြန်လှန်ရှိရမည်။

ထိုအချက်လဲ အလွန်အရေးကြီးသည်။ ယောကျာ်းလေး တော်တော်များများသည် ကိုယ်ဖြစ်ချင်သည့် အရာကို တကူးတက မပြောတတ်။ နေ့စဉ် ပြောဆိုနေကျ စကားများတွင် ပြောပြောတတ်သွားသည်။ ဥပမာ-- တစ်ဦးနှင့် တစ်ဦး ပြောဆိုနေကျအတိုင်းတွင်ပင် ငါအခုသလော အလုပ်တွေပင်ပန်းတယ်ကွာဆို၍ ညှပ်ပြောတတ်သည်။ ထိုအရာကို ဂရုစိုက် နားမထောင်တတ်ပဲ အလုပ်မှ ပြန်ရောက်၍ ဟိုလိုက်ပို့ ဒီလိုက်ပို့ခိုင်းလျှင် မကြိုက်တော့ပေ။

၎။ ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။

ထိုအရာတော့ လူတိုင်းနားလည်သည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဘာမှ မပြောသည်က ကောင်းသည်။ ထိုစကားကို နောက်နေ့မှပြောလဲ နောက်မကျ။ ထိုသို့မှ မဟုတ်ပဲ ပြဿနာဖြစ်ဖြစ်ခြင်း ဒေါနှင့်မောနှင့် ပြောလျှင် တစ်ဦးသိက္ခာတစ်ဦးချ၍ ပြောဆိုတတ်လာသည်။ ပြဿနာဖြစ်လာလျှင် နောက်နေ့မှ ပြောရအောင်ကွာဆို၍ နောက်ဆုတ်လိုက်တာ အကောင်းဆုံ ဖြစ်သည်။

၅။ မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။

မိမိအိမ်ထောင်ဖက်၏ မိသားစု၊ သူငယ်ချင်းတွေကြားတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။ မိသားစုကြားတွင် ကိုယ့်အိမ်ထောင်ဖက် မျက်နှာရအောင်၊ အပေါင်းသင်းတွေကြားတွင် မျက်နှာရအောင် နေတတ်ရမည်။ ဆိုလိုသည်က မိသားစုဆိုလဲ ကိုယ့်အိမ်ထောင်ဖက် အဖေအမေကို နှုတ်ပြောချိုသာစွာ၊ ယဉ်ကျေးစွာဖြင့် နေကောင်းလား၊ ဘာလား နှုတ်ဆက်တတ်ရမည်။ ကိုယ့်အိမ်ထောင်ဖက် အိမ်သွားလျှင် အိမ်မှုကိစ္စတွေကို ကိုယ်နိုင်ရာ ကူညီပေးတတ်ရမည်။ အပေါင်းသင်းတွေကြားဆိုလဲ အတတ်နိုင်ဆုံး ချုပ်ချယ်တာကို ရှောင်သင့်သည်။ အပေါင်းသင်းတွေကြားထဲ “ရှင့်ကို ဘာမလုပ်နဲ့ ပြောထားတယ်မလား၊ ကျွန်မမကြိုက်ဘူးလေ” စသည့် နှစ်ကိုယ်ကြား ပြောသင့်သည့် ပြဿနာကို အများကြားတွင် မပြောသင့်။

၆။ အိမ်ထောင်ရေး နိုင်နင်းရမည်။

မိန်းကလေး တစ်ယောက်အနေနှင့် မချက်တတ် မပြုတ်တတ်ရင်တောင် ခိုင်းတတ်အောင်တော့ သင်သင့်သည်။ ဆိုလိုသည်က ကြက်သားဈေး၊ ဟင်းရွက်ဈေးတွေ အခုဆို ဘယ်လောက်ဆိုတာ၊ ဘယ်လိုချက်လျှင် ဘယ်လို အရာသာထွက်မယ်ဆိုတာ စသည်တို့ကို သိသင့်သည်။

၇။ စာများများဖတ်၍ သွက်လက် ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)

မည်သည့် ယောကျာ်းလေးမှ နုံအအဆို မကြိုက်။ ကိုယ့်အိမ်ထောင်ဖက်၏ အလုပ်တွေကို အကြံပေးတတ်အောင် စာများများ ဖတ်သင့်သည်။ ထိုသို့ မဟုတ်ပဲ တစ်ခုခုဆို ကျွန်မလဲ မသိဘူး၊ ကျွန်မလဲ မသိဘူးဆို အကြံပေးနိုင်သည့် သူငယ်ချင်းများနှင့် အပြင်မှာပင် အချိန်ကုန်မည်ဖြစ်သည်။

အထက်ပါ အချက်တွေနှင့် ပြည့်စုံလျှင် မည်သည့် ယောကျာ်းလေးမှ အိမ်မကပ်ပဲမနေ။ အိမ်၌ ပျော်အောင်ထားလျှင် အိမ်ကပ်မည်သာ။ ထိုသို့ ပြည့်စုံသားနှင့် သစ္စာဖောက်လျှင် သင် အတိတ်က သစ္စာဖောက်ခဲ့လို့ သစ္စာဖောက်ခံရလို့ပင်။ ကိုယ်ကောင်းသားနှင့် သစ္စာဖောက်သည့်လူကို ဝမ်းနည်းကြေကွဲနေစရာ မလိုပေ။ ရေစက်ချ၍ အမျှဝေလိုက်ယုံပင်။

(လွမ်းတေး)

ပျိုမေတို့သိစေဖို့

ဘားကောင်စီမှာ အစိုးရကနေရာယူတာလုံးဝမသင့်တော်ပါဘူးဟု ဒေါ်အောင်ဆန်းစုကြည်ကပြော


19/2/2014

မြန်မာနိုင်ငံမှရှေ့နေများနှင့် ဗြိတိန်နိုင်ငံအခြေစိုက်နိုင်ငံတကာ ရှေ့နေများကောင်စီမှ ကိုယ်စား လှယ်များသည်နိုင်ငံတကာကျင့် ထုံးများနှင့် ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်မှုများခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်ရှိကုမုဒြာဟိုတယ် တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၁၅) ရက်နေ့အထိကျင်းပခဲ့ ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲသို့တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်း ရေးကော်မတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တက်ရောက်ခဲ့ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က “ဘားကောင်စီဆိုတာလွတ်လပ်ရ မယ်၊အခုဆိုရင်ကျွန်မတို့အနေနဲ့ ဥပဒေစိုးမိုးရေးအတွက် စင်တာ တွေဖွင့်ဖို့ကြိုးစားနေပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရကနေ အုပ်ထိန်းဖို့လုံးဝမလိုလားဘူးဆို တာ ကျွန်မတို့ပြောထားပါတယ်။ အဲဒီတော့ ဘားကောင်စီတွေမှာ လည်း အစိုးရအုပ်ချုပ်ရေးပိုင်းက နေပြီးတော့နေရာယူထားတယ်ဆို တာ လုံးဝမသင့်တော်ဘူးလို့ ကျွန်မကတော့မြင်တယ်။ ဒါကြောင့် ကျွန်မတို့လုံးဝအားမ ပေးပါဘူး။ ကျွန်မတို့ရဲ့ဥပဒေ ပညာရှင်များ၊ရှေ့နေကြီးများအနေ နဲ့လည်း ဒီဟာတွေကို တွန်းလှန် ကြပါလို့တိုက်တွန်းပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံက တရားရုံးတွေမှာ လေ့လာကွင်းဆင်း မှုအရပြဿနာတွေဟာ အတူတူပဲ ဖြစ်ကြောင်း၊ ဒါကြောင့်ထပ်ပြီး ကွင်းဆင်းလေ့လာတာတွေမလုပ် တော့ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တာ ၀န်ယူထားသည့်တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော် မတီနှင့် နိုင်ငံတကာရှေ့နေများ ကောင်စီတို့ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။

မျိုးကျော်
The Hot News Weekly.

ဗြိတိသျှစာကြည့်တိုက်၏ မြန်မာပိုင်းဆိုင်ရာ သမိုင်းမှတ်တမ်းရှားပါးဓာတ်ပုံများရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်တွင် ခင်းကျင်းပြသနေ


ရန်ကုန် ဖေဖေါ်ဝါရီ ၁၉

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်တစ်ခုဖြစ်သော ဗြိတိသျှစာကြည့်တိုက်တွင် စုဆောင်းထားသည့် မြန်မာပိုင်းဆိုင်ရာ အထောက်အထား သမိုင်းမှတ်တမ်းအချို့ကို ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ခင်းကျင်းပြသထားသည်။

မြန်မာ့ရှေးအကျဆုံး ဓာတ်ပုံခေတ်အကြောင်းနှင့် ရှားပါးဓာတ်ပုံ ၂၇ ပုံ အပါအ၀င် ပြကွက်ပေါင်း ၄၆ ကွက် ပြသထားပြီး မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည် ။ ပြပွဲပြီးစီးသွားပါကလည်း ယင်းပြကွက်များကို ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ဆက်လက်ထိမ်းသိမ်းထားမည်ဟု သိရသည်။

ကျော်ရဲလင်း

ဓာတ်ပုံ အောင်နိုင်စိုးးး(ကစ္ဆပ)
Myanma Spectrum

အရောင်စုံ လှပနေသော- Popeye ရွာ



တောင်ဥရောပ- မော်လတာနိုင်ငံရေပိုင်နက် မြေထဲပင်လယ်ကျွန်းစုထဲက Anchor Bay မှာ ရှိတဲ့ ရွာလေး တစ်ရွာ ဖြစ်ပါတယ်။

ရောင်စုံများနဲ့လှပပြီး တစ်ရွာလုံးကို သစ်သားနဲ့ပဲ ဆောက်လုပ်ထား တာ ဖြစ် ပါတယ်။ ၁၉၇၉ ခုနှစ်ကတည်းက တည်ရှိလာပြီး ဆွေးမြေတဲ့ သစ်လုံးများနဲ့ ရွာ (amshackle wooden village) လို့တင်စားခေါ်ဝေါ်ကြ ပါတယ်။

ယင်းရွာရဲ့  လှပမှုကြောင့် ပြတိုက်ပမာ ဖြစ်နေပါပြီ။ ကမ္ဘာလှည့်ခရီးသွား များအတွက် အဓိက လာရေက်လည်ပတ်စရာ နေရာ တစ်ခုအဖြစ် ထားရှိပါတယ်။ လူအင်အား ၁၆၀ နဲ့ ၇လကြာ တည်ဆောက်ခဲ့တဲ့ ရွာ ဖြစ်ပါ တယ်။ ကမ်းစပ်မှာ တည်ရှိပြီး တံငှာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း ပြုကြပါတယ်။ ရွာရဲ့  သဘာဝအတိုင်း လှပနေမှု ကြောင့် ကမ္ဘာတစ်လွှား ရုပ်ရှင်ရိုက်ကူးသူ အများအပြား လာရောက်လေ့ ရှိကြောင်း သိရပါတယ်။
---
Ref:wiki
အောင်ခမ်း (ရိုးရာလေး)


အမေရိကန်မှာ ကြောင်တစ်ကောင်ကို မြို့ တော်ဝန်အဖြစ် ခန့်အပ်ထား



ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက်နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေမယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရရှာပါတယ်။

ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွားပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါ တယ်။ ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိ မှတ်တမ်းစာရင်းထဲလည်း တကယ် ထည့်ထားရပြီး Talkeetna မြို့ တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့ တစ်ခု ဖြစ်လာပါတယ်။
--
Ref:wiki
အောင်ခမ်း (ရိုးရာလေး)


Telenor Group အာရှဒေသဆိုင်ရာ ငွေကြေးဝန်ဆောင်မှု အကြီးအကဲ Mr.RoarBjaerum နှင့် တွေ့ဆုံခြင်း


Written by  ရဲဇွန်အောင်

မိုဘိုင်းလ် ငွေပေးချေမှုစနစ်များ၊ ကမ္ဘာတစ်ဝန်းတွင် ခေတ်စားနေသည့် မိုဘိုင်းလ် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သော 5th Annual Mobile Payment & e-Commerce  အခမ်းအနားသို့ တက်ရောက်လာသည့် တယ်လီနောအာရှမှ ငွေကြေးဝန်ဆောင်မှုဌာန အကြီးအကဲ Mr.RoarBjaerum ကို တွေ့ဆုံမေးမြန်း၍ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice  :  မိုဘိုင်းလ် ငွေပေးချေမှုစနစ် (Mobile Payment) ဆိုတာဘာပါလဲ။ အဲဒါကို အရင်ဆုံး သိချင်ပါတယ်။

RB  :  လောလောဆယ် ကမ္ဘာပေါ်မှာ သုံးစွဲနေတဲ့ ပုံစံတွေက အမျိုးမျိုး ရှိပါတယ်။ အကုန်လုံးကတော့  ပိုက်ဆံကို ကိုင်တွယ် သုံးစွဲတာထက် ပိုမိုထူးခြားတဲ့ Innovation တွေပေါ့။ ဈေးကွက်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး Mechanism တွေက မတူတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်ဘဏ်တွေ ပေးနေတဲ့ ဝန်ဆောင်မှုထက် ပိုလွယ်ကူ ထိရောက်တယ်။ ဘဏ်ဝန်ဆောင်မှုတွေကို မသုံးနိုင်တဲ့ လူတွေလည်း ငွေကြေး ဝန်ဆောင်မှုတွေ (Finincial Services) ကိုသုံးနိုင်အောင် ရည်ရွယ် လုပ်ကြတာပါ။

Voice  :  ဘယ်လို အမျိုးအစားတွေ ရှိသလဲ။ လက်ရှိ ကမ္ဘာပေါ်မှာ ဘယ်လို မိုဘိုင်းလ် ငွေပေးချေမှု စနစ်တွေကို အသုံးပြုနေကြပါသလဲ။ တယ်လီနောကရော ဘယ်လို ဝန်ဆောင်မှုတွေကို ပေးနေလဲ။

RB  :  တယ်လီနောအနေနဲ့က ဈေးကွက် ၁၁ ခုတောင် ရှိနေတာကြောင့် ဈေးကွက်တိုင်းမှာ မိုဘိုင်းလ် ငွေပေးချေမှု နည်းလမ်း တစ်ခုခုနဲ့တော့ ဆက်စပ် လုပ်ကိုင်နေရတာပါပဲ။ ဥရောပမြောက်ပိုင်းက နိုင်ငံတွေမှာ ဆိုရင်တော့ ဒီဝန်ဆောင်မှုတွေကို ဆက်သွယ်ရေး အော်ပရေတာ တစ်ခုချင်းစီက လုပ်တာ မဟုတ်ဘဲနဲ့ ကုမ္ပဏီတစ်ခုက အော်ပရေတာ အားလုံးရဲ့ Card တို့ Cash တို့လို Payment Services တွေကို စုပေါင်းပြီး တာဝန်ယူ လုပ်ကိုင်တာမျိုးပါ။ Mobile Payment ဝန်ဆောင်မှုတွေကို အော်ပရေတာတွေအစား သီးခြားကုမ္ပဏီ တစ်ခုက လုပ်ကိုင်ပေးတာမျိုးပေါ့။ ဥပမာ ပြရမယ်ဆိုရင် ဘတ်စ်ကား လက်မှတ်တို့၊ မော်တော်ယာဉ် Toll Gate ဖြတ်တာတို့၊ မော်တော်ယာဉ် Parking ကြေးပေးတာတို့ကို ဒီမိုဘိုင်းလ်ဖုန်းကနေ ပေးလို့ရအောင် လုပ်ထားတာမျိုးပါ။
ထိုင်းမှာကျတော့ PayPal လိုမျိုး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်။ သူတို့ ဝန်ဆောင်မှုကို သုံးစွဲတဲ့ သူတွေရဲ့ Online မှာအရောင်းအဝယ် လုပ်တဲ့ ကိစ္စတွေ အားလုံးအတွက် Payment တွေကို ကြားခံအနေနဲ့ တစ်ဆင့်ခံငွေချေ ပေးတယ်။ ဒါကတော့ မိုဘိုင်းလ်ကို အခြေခံထားတဲ့ Online Payment Services တစ်မျိုးပါပဲ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့၊  ပါကစ္စတန်တို့၊ နောက် မြန်မာနိုင်ငံမှာလည်း စဉ်းစားထားတာက ခုနကပြောခဲ့တဲ့ Online Payment တို့ ဘာတို့ မဟုတ်ဘဲနဲ့ Bill ပေးတဲ့ဝန်ဆောင်မှု၊ ပိုက်ဆံပေးချေတဲ့ ဝန်ဆောင်မှုပေါ့။ ဥပမာ-နယ်က လူတစ်ယောက်က မြို့ပေါ်တက်ပြီး ရေဖိုး၊ မီးဖိုးချေရမယ်ဆိုရင် အဲဒီအစား မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့် ပေးချေနိုင် တာမျိုးပေါ့။ ပါကစ္စတန်မှာ လေးနှစ်လောက် နေခဲ့ဖူးတော့ အဲဒီကိစ္စတွေကို တော်တော်လေးကို နားလည်ထားပါတယ်။ အဲဒီမှာဆိုရင် တယ်လီနောက Agent သုံးသောင်းခွဲလောက် ခန့်ထားတယ်။ အဲဒီ Agent တွေကနေတစ်ဆင့် ကိုယ်ပေးချေချင်တဲ့ အရာကို ဥပမာ-ရေဖိုး၊ မီးဖိုးစသည်ဖြင့်ပေါ့ ပြောပြပြီး ပေးချေခိုင်းလို့ရတယ်။ အဲဒီလိုမျိုး Bill Payment Services မျိုး လုပ်ပေးထားတယ်။

Voice  :  Bill Payment Services မှာ Agent တွေက ပြည်တွင်းက စိတ်ပါဝင်စားတဲ့ ဥပမာ စတိုးဆိုင် ပိုင်ရှင်လေးတွေလို လုပ်ငန်းရှင်လေးတွေလား။ ဒါမှမဟုတ် တယ်လီနောက တိုက်ရိုက်ခန့်ထားတဲ့ ဝန်ထမ်းတွေလား။

RB  :  ပါကစ္စတန်မှာကျတော့ တယ်လီနောရဲ့ ငွေဖြည့်ကတ်တွေ ဖုန်းကတ်တွေ ရောင်းတာမျိုး လုပ်နေတဲ့ Agent တစ်သိန်းကျော်လောက် ရှိတယ်။ အဲဒီထဲကမှ သုံးသောင်းခွဲလောက်ကို ရွေးယူပြီးတော့ လေ့ကျင့်ပေးထားတယ်။ ပြီးတော့ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှုတွေကို ပေးနိုင်အောင် လေ့ကျင့်ပေးတယ်။ Agent ဆိုတာကလည်း တယ်လီနောရဲ့ ဖုန်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းနေတဲ့ ကွမ်းယာဆိုင်လေးတွေ၊ မုန့်ဆိုင်လေးတွေ၊ စတိုးဆိုင်လေးတွေပေါ့ လေ။ သူတို့ကနေတစ်ဆင့် မိုဘိုင်းဖုန်းကနေ Bill တွေပေးတာမျိုး၊ ငွေလွှဲတာမျိုး၊ ပိုက်ဆံ စုတာမျိုး၊ လစာပေးတာမျိုးတွေကိုပါ တစ်ဆင့်လုပ်ပေးတယ်။ နောက်ပြီး Microfinance လို အသေးစား ငွေချေးတာတို့၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အထိပါ လုပ်ပေးပါတယ်။ တခြားဝန်ဆောင်မှုတွေကိုလည်း ထပ်ပြီး တိုးချဲ့သွားလို့ ရသေးတယ်။ ဒါကျတော့ Mobile Banking ပေါ့လေ။

Voice  :  ငွေလွှဲပေးတာ၊ ပိုက်ဆံစုတာ၊ လစာပေးတာနဲ့ Microfinance တွေ ဝန်ဆောင်မှု ပေးတယ်လို့ ပြောသွားတယ်နော်။ အဲဒီတော့ Moblie ပေါ်ကနေ တကယ့်ငွေသားကို ဘယ်လို ကိုင်တွယ်ကြသလဲ။ ဥပမာပေါ့လေ လစာထုတ်ပေးတဲ့ ဝန်ဆောင်မှု ဆိုပါစို့။ ဘဏ်တစ်ခုကနေ လစာထုတ်တဲ့ ဝန်ဆောင်မှု ရယူထားသူတွေလိုမျိုး တယ်လီနော Agent တွေဆီကနေ ငွေသားနဲ့ သွားထုတ်လို့ ရတယ်လို့ ဆိုလိုတာလား။

RB  :  ဟုတ်ပါတယ်။ ထုတ်ယူလို့ ရပါတယ်။ ဥပမာ တစ်ခုအနေနဲ့ပေါ့လေ။ ကျွန်တော်က Agent ကနေတစ်ဆင့် ပိုက်ဆံပို့မယ်။ ဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင် ပိုက်ဆံယူလာပြီးပဲ ဖြစ်ဖြစ်။ ဖုန်းထဲမှာ  ပိုက်ဆံ ကြိုဖြည့်ထားပြီးပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ပိုက်ဆံယူလာပြီး ပို့မယ်ဆိုရင် ကိုယ်က Agent ကိုပိုက်ဆံပေးမယ်။ မှတ်ပုံတင်နံပါတ် ဘယ်လောက်၊ ဖုန်းနံပါတ် ဘယ်လောက်ပေါ့၊ ဘယ်သူဘယ်ဝါဆီ လွှဲပေးပါပေါ့။ အဲဒါဆိုသူက ပိုက်ဆံ လွှဲပေးလိုက်မယ်။ ကိုယ်က ကိုယ်လွှဲချင်တဲ့သူကို ကြိုပြောလိုက်ရုံပဲ။ ဘယ်လောက် ပမာဏကို လွှဲလိုက် ပြီ။ ကိုယ့်အနီးအနားက Agent ဆီကို ပိုက်ဆံသွားထုတ်ရုံပဲ။ ပါကစ္စတန်မှာဆိုရင် ဒီငွေလွှဲ ဝန်ဆောင်မှုက လစဉ်သုံးစွဲသူကတော့ ခြောက်သန်းလောက် ရှိပြီးတော့ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံလောက် အထိပုံမှန် လွှဲပြောင်းပေးပို့မှုတွေ ရှိတယ်။

ပါကစ္စတန်မှာ လုပ်နေတဲ့ ဝန်ဆောင်မှုကို Easy Paisa လို့ နာမည်ပေးထားတယ်။ တယ်လီနောအနေနဲ့ ဒီဝန်ဆောင်မှုတွေကို ပေးတာက ဘဏ်တွေနဲ့ ယှဉ်ပြိုင်ပြီးလုပ်တာ မဟုတ်ဘူး။ ဘဏ်ဝန်ဆောင်မှုကို အသုံးမပြုနိုင်တဲ့ လူတွေအတွက်ကို ဘဏ်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်တာပါ။ ပါကစ္စတန်မှာဆိုရင် Tameer Microfinance Bank နဲ့ ပူးပေါင်းပြီးလုပ်တယ်။ သူတို့အကူအညီကို ယူပြီးတာ့မှလုပ်တာ။ ဘာဖြစ်လို့လဲဆိုတော့ Finincial Inclusion လို ကျွန်တော်တို့ ဆိုထားတယ်။ လူတွေအားလုံး ရရှိနိုင်တဲ့ ဝန်ဆောင်မှုမျိုးပေါ့။ ဘဏ် အကောင့်ရှိပြီးသား လူတွေကို ဆွဲယူတာမျိုး မဟုတ်ဘဲနဲ့ ဘဏ် Account မရှိသေးတဲ့သူ ဘဏ်ဝန်ဆောင်မှုတွေကို အသုံးမပြုနိုင်သေးတဲ့ သူတွေကို အသုံးပြုလာနိုင်အောင်လို့ မိုဘိုင်းလ် အော်ပရေတာ တစ်ယောက်အနေနဲ့ အကူအညီ ပေးတာပါ။

Voice  :  အာရှဒေသတွင်းမှာ တယ်လီနောရဲ့ Mobile Banking ဒါမှမဟုတ် Mobile Payment စနစ်ကို သုံးစွဲနေတဲ့ အသုံးပြုသူ အရေအတွက် ဘယ်လောက်ရှိလဲ။

RB  :  သုံးစွဲသူဘယ်လောက် ရှိလဲဆို ကိုးသန်းလောက်ရှိမယ်။ ဒါပေမဲ့ ပါကစ္စတန်မှာကျတော့ ခုနပြောသလို ငွေချေတဲ့ ဝန်ဆောင်မှုမျိုး၊ ဘင်္ဂလားဒေ့ရှ်မှာကျတော့ အဲဒါနဲ့ နည်းနည်းဆင်တဲ့ ဝန်ဆောင်မှုမျိုး ရှိတယ်။ ထိုင်းလိုမျိုး နည်းနည်းပိုပြီး တိုးတက်တဲ့ နိုင်ငံမျိုးမှာကျတော့ Online မှာ အရောင်းအဝယ် လုပ်ကြတဲ့အတွက် Online ငွေချေစနစ်မျိုးပေါ့။ မလေးရှားမှာကျတော့ နိုင်ငံခြားကို ပိုက်ဆံပို့တယ်။ အဲဒါမျိုးတွေ အမျိုးမျိုးရှိတယ်။ နိုင်ငံအလိုက် လိုအပ်ချက်ပေါ် မူတည်ပြီး မတူညီတဲ့ ဝန်ဆောင်မှုတွေကို ပေးနေရပါတယ်။

Voice  :  မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေက မဖွံ့ဖြိုးသေးဘူး။ မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှု ဆိုတာကလည်း အခုမှစဖို့ ပြင်ဆင်တုန်း။ တယ်လီနောအနေနဲ့ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို မကြာခင်မှာ စတော့မှာဆိုတော့ မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှုတွေ စတင်နိုင်ဖို့ ဘာတွေ လိုအပ်မလဲ။ တယ်လီနောအနေနဲ့ ဘယ်လို ဝန်ဆောင်မှု အမျိုးအစားမျိုးကို အဓိကထား လုပ်သင့်တယ်လို့ထင်လဲ။

RB  :  မြန်မာနိုင်ငံမှာကတော့ ဘဏ်လုပ်ငန်း ဆိုတာကလည်း ဖွံ့ဖြိုးတိုးတက်စ ဖြစ်သလို ATM ဆိုတာကလည်း နည်းနည်းလေးပဲ ရှိသေးတယ်။ ဘဏ်တွေကလည်း ကြိုးစားနေတုန်းပဲ။ တယ်လီနော ဆိုရင်လည်း အခုမှ (Mobile Banking ကို) စဖို့ ကြိုးစားနေတုန်းပဲ ရှိသေးတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရသေးတဲ့ သူတွေကို ဘဏ်တွေနဲ့အတူ ဝန်ဆောင်မှု ပေးဖို့အတွက် တယ်လီနောက ရည်ရွယ်ထားပါတယ်။ ဒီလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် အချိန်ယူရပါဦးမယ်။ လူတိုင်း ဘဏ်ဝန်ဆောင်မှုကို ရရှိနိုင်အောင် ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ ဒါက တယ်လီနောမှ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ရေစီးကြောင်း တစ်ခုလိုကို ဖြစ်နေတာ။ လောလောဆယ် တယ်လီနောအနေနဲ့က မြန်မာဈေးကွက်ထဲမှ ဘယ်လို လိုအပ်ချက်တွေ ရှိနေမလဲ ဆိုတာကို လေ့လာနေပါတယ်။

အဓိက ရည်ရွယ်တာတော့ ဘဏ်တွေကို အသုံးမပြုနိုင်သေးတဲ့ လူတွေအတွက် ဘာလိုအပ်ချက်တွေ ရှိနေလဲ ဆိုတာကို လောလောဆယ် လေ့လာနေပါတယ်။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ Mobile Banking ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေ အများအပြား ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း အောင်မြင်တာက ဆယ်ခု၊ ၁၅ ခုလောက်ပဲ ရှိပါတယ်။ ဘယ်လို လုပ်ငန်းတွေမှာ အောင်မြင်နေလဲဆိုတော့ ပိုက်ဆံပို့ပေးတာ (Money Transfer)၊ လစာပေးတာမျိုး၊ ကုမ္ပဏီတစ်ခုကနေ တစ်ခုကို ငွေပေးချေတာမျိုး၊ နောက်အစိုးရကနေမှ ပြည်သူတွေကို ငွေပေးချေတာမျိုးတွေ ဖြစ်တဲ့ လူမှုဖူလုံရေး စရိတ်ပေးတာမျိုးတို့၊ ကျန်းမာရေး အာမခံအတွက် ပိုက်ဆံပေးတာမျိုးတို့ အဲဒါမျိုးတွေပဲ အောင်မြင်နေပါတယ်။ ဒါကြောင့်မို့လို့ တယ်လီနော အနေနဲ့ အခုလောလောဆယ် မြန်မာနိုင်ငံထဲမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေလဲဆိုတာကို လေ့လာနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

Voice  :  မြန်မာလိုနိုင်ငံမျိုးမှာ Mobile Payment စနစ်က ဘာကြောင့် လိုအပ်တာလဲ။ သင့်တော်တဲ့ Mobile Payment စနစ်တစ်ခုခုကို အသုံးပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲ။ ဘယ်လိုကဏ္ဍတွေ ဖွံ့ဖြိုးလာနိုင်လဲ။

RB  :  မေးခွန်းကတော့ တကယ်ကောင်းတဲ့ မေးခွန်းပါပဲ။ တယ်လီနော အနေနဲ့က လူတိုင်းဟာ ပြီးပြည့်စုံတဲ့ ငွေကြေး ဝန်ဆောင်မှုတွေကို သုံးစွဲနိုင်သင့်တယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ပုံမှန် ဘဏ်လုပ်ငန်း အသုံးပြုခွင့်ရရင် ဘာတွေပြောင်းလဲ တိုးတက်လာမလဲ ဆိုတာကို လေ့လာမှုတစ်ခု လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ ဘာတွေတွေ့ရလဲဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာတယ်။ နိုင်ငံတော်ရဲ့ GDP တိုးတက်လာတယ်။ နောက်တစ်ခုက လူတစ်ဦးချင်းစီရဲ့ ဘဝအာမခံချက်တွေ တိုးတက်လာပြီး လုံခြုံမှု ပိုရှိလာတယ်။ ဒါကြောင့်မို့လို့လည်း ပိုက်ဆံ ပေးချေတာမျိုးတို့၊ ငွေလွှဲပေးတာမျိုးတို့ တယ်လီနောက Financial Inclusion ကိုအခြေခံထားပြီး Mobile Banking လုပ်ငန်းတွေကို လုပ်ဆောင်နေတာပါ။ ဒါက ရေရှည်ကာလမှာ ရရှိနိုင်တဲ့ အကျိုးအမြတ်ပါ။ လတ်တလောရနိုင်တဲ့ အကျိုးအမြတ်က ဘာလဲဆိုတော့ အရင်က ပါကစ္စတန်က ကျွန်တော့်အသိ တယ်လီနော သုံးစွဲသူ တစ်ယောက်က Bill ပေးဆောင်ဖို့အတွက် သူ့ရွာကနေ လေးနာရီလောက် ခရီးသွားပြီး ပေးဆောင်ရတယ်။ ပြီးရင် ဟိုမှာက Bill ဆောင်ဖို့ စောင့်ရသေးတယ်။ အချိန်တွေ အများကြီး ဆုံးရှုံးတယ်။

Easy Paisa ဆိုတဲ့ Mobile Payment System ကိုသုံးတော့ အချိန်နှစ်မိနစ်ပဲ ကုန်တယ်။ နောက်ပြီး ကိုယ်က အရေးပေါ် ငွေတွေဘာတွေ လွှဲပို့ချင်တယ် ဆိုရင်လည်း ချက်ချင်း လွှဲပေးနိုင်တယ်။ ဒါက ခုချက်ချင်းမြင်နိုင်တဲ့ ရေတို အကျိုးကျေးဇူးပါ။ ငွေပေးချေမှု စနစ်တွေက ပထမအဆင့်လို့ ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ ငွေစုတာတွေ၊ အာမခံလုပ်ငန်း ဝန်ဆောင်မှုတွေကိုပါ လုပ်ကိုင် ခံစားလာကျရင် ကျွန်တော်တို့ ရည်ရွယ် ထားတဲ့ Financial Inclusion ဖြစ်လာဖို့ပါ။

Voice  :  တယ်လီနော SIM Card တွေ စရောင်းမယ့်အချိန်မှာ Mobile Banking စနစ်ပါလာမှာလား။

RB  :  SIM Card စရောင်းတဲ့အချိန်မှာ Mobile Banking စနစ် ပါ မပါကို ကျွန်တော် အတိအကျ ကတိမပေးနိုင်သေးပါဘူး။ တစ်ကမ္ဘာလုံးမှာ မိုဘိုင်းလ် ဘဏ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အများကြီးပါ။ တကယ်တမ်း အောင်မြင်တာက နည်းနည်းလေးပါ။ စတယ်ဆိုတာက လွယ်တယ်။ တယ်လီနောက ဒီမှာပေးမယ်ဆိုရင် တကယ်ရပ်တည်ပြီး ကျန်ခဲ့တဲ့ အောင်မြင်တဲ့ ကုမ္ပဏီတွေထဲမှာပဲ ပါချင်ပါတယ်။ အချိန်ယူဖို့အတွက် အဓိက အကြောင်းအရင်း နှစ်ခုရှိတယ်။ ဒီဈေးကွက်ကို နားလည်အောင် အသေးစိတ် လေ့လာမှုတွေ လုပ်ရမယ်။ နောက်တစ်ခုကတော့ တစ်ယောက်တည်းလုပ်မှာ မဟုတ်ဘဲနဲ့ Local Partner တွေနဲ့ ပေါင်းပြီးတော့ အကောင်းဆုံးတွေ ပေးနိုင်ဖို့အတွက် ကြိုးစားရဦးမယ်။ Mobile Banking ဝန်ဆောင်မှုတွေ ပေးဖို့ကတော့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးတူများကို အသုံးပြုမည်ဟုဆို




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများကို ထည့်သွင်း အသုံးပြု သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုကြောင်း စစ်တွေ မြို့မှ အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ စစ်တွေမြို့မှ အစ္စလာမ် ဘာသာဝင် ၅၀ ကျော်နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ဦးခင်ရီက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘာသာစကား အခက်အခဲနှင့် လုံခြုံရေး အခြေအနေ များကြောင့် သန်းခေါင်စာရင်း စာရင်းကောက်အဖွဲ့တွင် ဘင်္ဂါလီများကို ထည့်သွင်း အသုံးပြုခြင်း ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုခြင်း ဖြစ်ကြောင်း အဆိုပါ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ရှင်းပြသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်းမှ မြို့မိမြို့ဖများကို ဦးခင်ရီက စစ်တွေ ဟိုတယ်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် အဖွဲ့အစည်းများကြားတွင် လက်ခံနိုင်အောင်၊ ကျေကျေ လည်လည် ဖြစ်အောင် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် သက်ဆိုင်ရာ ဘာသာစကား ကျွမ်းကျင်သူများ ဖြစ်သည့် လူမျိုးတူသူများကို အသုံးပြုရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း ဦးခင်ရီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြုလုပ်သည့် သန်းခေါင်စာရင်း ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
“လုံခြုံရေးနဲ့ အတတ်နိုင်ဆုံး မသွားဖို့ စီမံထားတယ်။ အမျိုးတူနဲ့ ကောက်တယ်ဆိုရင် လုံခြုံရေး မလိုဘူး။ လုံခြုံရေး ပြည့်ပြည့်ဝဝချပြီး ကောက်တယ်ဆိုရင် ကိန်းဂဏန်း တိတိကျကျ ရတဲ့နေရာမှာ ခက်ခဲတာပေါ့” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက စစ်တွေမြို့ရှိ ရခိုင်မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်များကိုသာ ရှင်းပြခဲ့ပြီး ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးတူသူများကို ထည့်သွင်း အသုံးပြုမည်ဆိုသည့် ကိစ္စကို ပြောဆိုသွားခြင်း မရှိကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
“ဘင်္ဂါလီ အချင်းချင်းသာ သန်းခေါင်စာရင်း ကောက်ခိုင်းရင် လူဦးရေစာရင်း အတိအကျရမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

စင်ကာပူ တက္ကသိုလ်များနှင့် ရန်ကုန်၊ မန္တလေးတက္ကသိုလ်တို့ကြား ဥပဒေသင်ကြားရေးဆိုင်ရာ ပူးပေါင်း




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် ဥပဒေရေးရာ မဟာဌာနနှင့် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်၏ ဥပဒေ သင်တန်းကျောင်းတို့က ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့၏ ဥပဒေ ပညာဌာနများနှင့် သင်ကြားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ စင်ကာပူ-မြန်မာတက္ကသိုလ်များ၏ ဥပဒေရေးရာ သင်ကြားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ ရေးထိုးရန်အတွက် စင်ကာပူနိုင်ငံ ဥပဒေနှင့် ပညာရေးဆိုင်ရာ ဝန်ကြီး Indranee Rajah သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရောက်ရှိနေကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနနှင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနနှင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တို့တွင် စင်ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ် ဥပဒေရေးရာ မဟာဌာန ဌာနမှူး Simon Chesterman၊ စင်္ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်၏ ဥပဒေ သင်တန်းကျောင်း ပါမောက္ခ Yeo Tiong Min နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စောပြုံးနိုင်တို့က လက်မှတ် ရေးထိုးကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စင်ကာပူ-မြန်မာ တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက်မှုသည် ယင်းတက္ကသိုလ်များအကြား ဥပဒေ ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်၊ သင်ရိုးညွှန်းတမ်းများ ဖလှယ်မှု ပြုလုပ်ရန်၊ ကျောင်းသားများ အပြန်အလှန် သွားရောက် လေ့လာခွင့်ရရှိရန်၊ သုတေသနနှင့် ဥပဒေရေးရာ သင်ကြားနည်းများ အဆင့်မြှင့်တင်ရန်အတွက် ဖြစ်သည်ဟု စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားကြောင်း CNA သတင်းဌာနက ဖော်ပြသည်။

တက္ကသိုလ်များအကြား သဘောတူလက်မှတ် ရေးထိုးရန်အတွက် စင်ကာပူနိုင်ငံ ဥပဒေနှင့် ပညာရေးဆိုင်ရာ ဝန်ကြီး Indranee Rajah ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင် အပါအဝင် သမ္မတ အကြီးတန်းအကြံပေး အရာရှိများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း စင်္ကာပူနိုင်ငံ ဥပဒေနှင့် ပညာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

ထိုင်းဝန်ကြီးချုပ်ကို တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲမည် ပြစ်မှု ထင်ရှားလျှင် နုတ်ထွက်ရဖွယ်ရှိ



ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈

ဆန်စပါး စိုက်ပျိုးရေး အမတော်ငွေဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာကို တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုရန် အစီအစဉ်ရှိပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ် ရှိကြောင်း ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းက ကြေညာခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းလပ်အစိုးရ၏ ဆန်စပါးရေးရာ မူဝါဒသည် အကျင့်ပျက် ခြစားမှုများ ဖြစ်နိုင်ပြီး ဘဏ္ဍာရေးအရ ဆုံးရှုံးမှုများ ဖြစ်နိုင်သည်ဟု သတိပေးချက်များကို ယင်းလပ်က လျစ်လျူရှုခဲ့သည်ဟု အမျိုးသားအဆင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။

တရားစွဲဆိုမှုကို ခုခံရန်အတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ယင်းလပ်ကို ဆင့်ခေါ်ထားပြီး ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ထိုင်းအစိုးရ၏ ဆန်မူဝါဒသည် လယ်သမားများကို ဈေးကွက်ပေါက်ဈေးထက် ပိုရအောင် လုပ်ဆောင် ပေးထားသည့် အစီအစဉ်ဖြစ်ကာ ယင်းအစီအစဉ်ကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ဒေါသ ထွက်ခဲ့ကြသည်။

ယင်းစနစ်သည် အကျင့်ပျက် ခြစားမှု များကို ဖြစ်စေကြောင်း၊ ပြည်သူ့ဘဏ္ဍာများ ပိုမိုကုန်ကျကြောင်းနှင့် မရောင်းရသောဆန်များ ပုံနေစေကြောင်း မလိုလားသူများက ထောက်ပြကြသည်။

အဓိကရုဏ်းရဲများနှင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ မြို့တော် ဘန်ကောက်တွင် ထိပ်တိုက် တိုက်ခိုက်မှုများ ဖြစ်ခဲ့ရာမှ ရဲတစ်ဦးနှင့် လူတစ်ဦး သေဆုံးကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားသည့် သတင်းထွက်လာပြီးနောက် ဝန်ကြီးချုပ်ကို တရားစွဲဆိုမည့် ထုတ်ပြန်ချက် ထွက်လာခြင်း ဖြစ်သည်။

ယင်းလပ်အစိုးရကို မနှစ်သက်သူများက ၎င်းသည် အစ်ကိုကြီးဖြစ်သူ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လက်ရှိအစိုးရကို နောက်ကွယ်မှ ကြိုးကိုင်နေကြောင်း ယုံကြည်ကြသည်။

လူကြိုက်များသော ပေါ်လစီများဖြင့် အခွန်ထမ်း ပြည်သူများ၏ ပိုက်ဆံကိုသုံးကာ ကျေးလက်နေ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ဝယ်ယူကြောင်း သက်ဆင်အုပ်စုကို မလိုလားသူများက စွပ်စွဲထားကြသည်။

ထိုင်းနိုင်ငံတွင် အတိုက်အခံ များကလည်း အစိုးရ အဆောက်အအုံများကို ဝင်သိမ်းခြင်း၊ ရွေးကောက်ပွဲကို သပိတ်တားခြင်းစသည့် လမ်းမပေါ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ပါလီမန် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသည်။

၎င်းတို့က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးမှသာ ရွေးကောက်ပွဲ လုပ်သင့်ကြောင်း ထောက်ပြထားကြပြီး ၎င်းတို့ ဖွဲ့စည်းမည့် ပြည်သူ့ကောင်စီက ကြားဖြတ်အစိုးရအဖြစ် တာဝန်ယူသင့်သည်ဟု တောင်းဆိုထားကြသည်။

The Voice Weekly

စတော့အိတ်ချိန်းပေါ်ပေါက်လာပါက မြန်မာ့ရွှေအစုရှယ်ယာများကို ပြည်သူများဝယ်ယူနိုင်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉။

ပြည်တွင်း၌ စတော့အိတ်ချိန်းဈေးကွက်တစ်ခုပေါ်ပေါက်လာပါက မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီအနေဖြင့် စတော့အိတ်ချိန်းဈေးကွက်ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီးပါက ၄င်းတို့၏အစုရှယ်ယာများကို ပြည်သူများကိုထုတ်ရောင်းသွားမည်ဖြစ်သည်။

မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသည့်စံနှုန်းများနှင့်ကိုက်ညီစေရန် လုပ်ဆောင်ထားပြီး အစုရှယ်ယာတစ်စုလျှင်  ကျပ်တစ်သိန်းသတ်မှတ်ထားကြောင်း၊ လက်ရှိတွင် အစုရှယ်ယာ ၃၀၀၀၀ ကို ကုမ္ပဏီအဖွဲ့များအားရောင်းချပေးထားပြီး ရှယ်ယာ ၂၅၀ စုဝယ်ယူလျှင် ဒါရိုက်တာအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ၄င်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်ဟန် ကပြောကြားသည်။

ထိုသို့ရောင်းချရာတွင် ပြည်တွင်းကို ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ကြောင်းနှင့် ဝယ်ယူပြီးရှယ်ယာများကို လွတ်လပ်စွာ ရောင်းချခွင့် သို့မဟုတ် လွှဲပြောင်းခွင့် ရှိကြောင်း
၎င်းကပြောသည်။

အဆိုပါ စတော့အိတ်ချိန်းကို ဂျပန်နိုင်ငံဒိုင်ဝါကုမ္ပဏီနှင့် တိုကျိုစတော့အိတ်ချိန်းဘက်မှ မတည်ရင်းနှီးငွေ မြန်မာကျပ်ငွေ ၃၂ ဘီလီယံ ထည့်ဝင်မည်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ဂျပန်ဒိုင်ဝါကုမ္ပဏီနှင့် တိုကျိုစတော့အိတ်ချိန်းက ၄၉ ရာခိုင်နှုန်း နှင့် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ပူးပေါင်းပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ကိုထိုက်
The Myanma Age

ဂူဂယ်လ်မှ အလုပ်သမား ၂၀၀ အတွက် ဆန်ဖရန်စစ္စကိုတွင် ရုံးခန်းဖွင့်လှစ်မည်။


ဖေဖော်ဝါရီ ၁၈။

မကြာမီ အချိန်အတွင်း ဆန်ဖရန်စ္စကိုတွင် ဂူဂယ်လ် အင်ဂျင်နီယာများ အများအပြားကို တွေ့ရှိရတော့မည် ဖြစ်သည်။ Financial Times မှ သတင်းအရ ဝဘ်ကုမ္ပဏီ ဂူဂယ်လ်မှ မြို့အတွင်း ကြီးမားသော အဆောက်အအုံ တစ်လုံးကို အလုပ်သမားများ ရုံးခန်း နေရာအဖြစ် ထားရှိရန် ငှားရမ်းခဲ့ကြောင်း သိရှိရသည်။

စတုရန်းပေး ၃၅၀၀၀ ကျယ်ဝန်းသော အဆောက်အအုံသည် အလုပ်သမား ၂၀၀ အတွက် လုံလောက်သော ပမာဏ ဖြစ်သည်။ သတင်းများအရ ဂူဂယ်လ်မှ လတ်တလော ဝယ်ယူထားသည့်  Nest Labs, SlickLogin, Boston Dynamics ကုမ္ပဏီများမှ နည်းပညာဆိုင်ရာ အင်ဂျင်နီယာများအတွက် အလုပ်လုပ်ရန် ရုံခန်းပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သော နှစ်များအတွင်း ဂူဂယ်လ်မှ ကုမ္ပဏီ အချို့ကို ဝယ်ယူမှု ပြုခဲ့ပြီး တနင်္လာနေ့က အစ္စရေး ကုမ္ပဏီ SlickLogin ကို ဝယ်ယူခဲ့သည်။ ၎င်းကုမ္ပဏီသည် ဝဘ်ဆိုက်များပေါ်တွင် စမတ်ဖုန်းများနှင့် ကြိမ်နှုန်းမြင့် အသံများကို အသုံးပြုပြီး သက်သေခံ အထောက်အထား မှတ်တမ်းများကို မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးပေးသော ကုမ္ပဏီ ဖြစ်သည်။ ဇန်နဝါရီလ အတွင်းက နည်းပညာသုံး အပူချိန်တိုင်းတာ ကိရိယာ၊ မီးခိုးငွေ့ရှာ ကိရိယာနှင့် ကာဗွန်မိုနော့ဆိုက် တိုင်းတာသည့် ကိရိယာများကို တီထွင်ခဲ့သည့် ကုမ္ပဏီကို ၃.၂ ဘီလျံ ဒေါ်လာဖြင့် ဝယ်ယူခဲ့သည်။ ဒီဇင်ဘာလ အတွင်းကလည်း သဘာဝ ပတ်ဝန်းကျင်ကို အတုယူပြီး စက်ရုပ်များ ထုတ်လုပ်သည့် Boston Dynamic ကုမ္ပဏီကို ဝယ်ယူထားခဲ့သည်။

ဂူဂယ်လ် ကုမ္ပဏီသည် ဆန်ဖရန်စစ္စကို တောင်ပိုင်းဈေးလမ်း ပတ်ဝန်းကျင်တွင် ရုံးခန်းတစ်ခု ရှိထားပြီး ဖြစ်သော်လည်း ၎င်းနေရာတွင်ပင် ထပ်မံပြီး ရုံခန်းဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု Financial Times မှ သတင်းများက ဆိုသည်။ ဂူဂယ် ဌာနချုပ်မှာ ဆီလီကွန်ဗယ်လီတွင် တည်ရှိပြီး ယင်းနေရာရှိ အခြားသော ရုံးခန်း အဆောက်အအုံများကိုလည်း ရယူထားသည်။

ပြီးခဲ့သော နှစ်များတွင် Twitter, Pinterest နှင့် Yammer စသည့် နည်းပညာဆိုင်ရာ ကုမ္ပဏီများအချို့မှ ဆန်ဖရန်စစ္စကိုတွင် ရုံခန်းကြီးများကို ဖွင့်လှစ်ခဲ့ကြသည်။

REF: CNET
the myanmar age

အသံဖြင့် Password ဖွင့်နိုင်မည့် နည်းပညာ ဖန်တီးသည့်ကုမ္ပဏီကို Google ဝယ်ယူ



အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်

Passwordတွင် နံပါတ်များ ရိုက်သွင်းသည့်အစား အသံကို မှတ်သားစေသည့် စနစ်မျိုး တီထွင်နေသည့် နည်းပညာ ကုမ္ပဏီ တစ်ခုကို Googleက သိမ်းသွင်းဝယ်ယူလိုက်ကြောင်း သိရသည်။ အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်။ SlickLoginက အဆိုပါ အရောင်းအဝယ်နှင့် ပတ်သက်ပြီး ငွေရေးကြေးရေး စာရင်းဇယားများကို အများသိရှိအောင် ဖော်ပြရန် ငြင်းဆန်ထားခဲ့သည်။

ထို့အပြင် Googleကလည်း အဆိုပါ လုပ်ငန်းသိမ်းပိုက်မှုနှင့် ပတ်သက်ပြီး AFP၏ ဆက်သွယ်မေးမြန်းမှုကို တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ချေ။ "SlickLoginကို အစပြုခဲ့တယ် ဆိုတာက လက်ရှိလုံခြုံရေး စံနှုန်းသတ်မှတ်ချက်တွေက ရှုပ်ထွေးလာတာ၊ စိတ်ပျက်စရာ ဖြစ်လာတာတွေ ကြုံနေရလို့ပါ။ ကျွန်တော်တို့ သူငယ်ချင်း (၃)ယောက်ကို အရူးလို့ ထင်သူတွေတောင် ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပိုကောင်းတဲ့ အခြေအနေတွေ ပေါ်ပေါက်လာမယ်ဆိုတာ သိနှင့်ပြီးသားပါ"ဟု အဖွဲ့ဝင်(၃)ဦး စတင်တည်ထောင်သည့် ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

သတင်းများက တဲလ်အဗစ်ဗ်မြို့တွင် နေထိုင်သော SlickLogin ပညာရှင်(၃)ဦးလုံး Google၏ ဝန်ထမ်းမား ဖြစ်လာပြီး လုံခြုံမှုဆိုင်ရာ ဝန်ဆောင်မှုဌာနသစ် တစ်ခုအဖြစ် အလုပ်လုပ်သွားလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။ ယခုနည်းပညာသစ်သည် လူတစ်ဦး၏ အသံကို ကွန်ပျူတာ စနစ်ဖြင့် ဖမ်းယူအာရုံခံကာ အသံ၏ အနေအထားအလိုက် တုံ့ပြန်နိုင်စွမ်းကို ဖော်ဆောင်ပေးမည် ဖြစ်သည်။ ယင်းစနစ်သည် Google၏ Andriod OSကို အသုံးပြုနေသည့် စမတ်ဖုန်းများတွင် အကျုံးဝင် အဆင်ပြေလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
င်္From Planet

အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton


ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

သူမရဲ့ မွေးနေ့ ပါတီကို West Hollywood ရဲ့ Greystone Manor ကလပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပန်းရောင်တောက်တောက်ဝတ်စုံနဲ မွေးနေ့ ပါတီကို တက်ရောက်လာခဲ့တာပါ။ အစ္စရေးလူမျိုး ဒီဇိုင်နာ Alon Livne ရဲ့ ၀တ်စုံဟာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို လှပပေါ်လွင်စေခဲ့ပါတယ်။

အနီရောင်ကော်ဇော်လျှောက်လမ်း မှာ ဓာတ်ပုံဆရာတွေက တဖျပ်ဖျပ်ရိုက်ကျတဲ့အခါမှာ Paris Hilton ဟာ သူမရဲ့ စကတ်ကို ခဏခဏ ဖြန့် ပြီး ရှည်သွယ်တဲ့ ခြေထောက်အလှနဲ့ နေလောင်ခံထားတဲ့ ဘီကီနီဝတ်စုံအရာ လေးကိုပါ လှစ်ဟပြနေခဲ့တာပါ။ ဒါပေမယ့် ဆိုးရွားတာတစ်ခုကတော့ Paris Hilton ဟာ အတွင်းခံဘောင်းဘီ ၀တ်ဆင်လာခြင်းမရှိဘဲ သူမခန္ဓာကိုယ်အောက်ပိုင်းအတွင်းသားတွေကို ပေါ်ပေါ်ထင်ထင် လှစ်ဟပြခဲ့တာပါ။

သူမဖက်ရှင်ကို သူမကိုယ်တိုင်သဘောကျနေတဲ့ Hilton ကတော့ “ ဒီဝတ်စုံက The Runaway ဖက်ရှင်ရှိုးက ဂါဝန်ဝတ်စုံလေးပါ။ ဒီဝတ်စုံလေးကို ကျွန်မမွေးနေ့ မှာ ၀တ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီဝတ်စုံက ဘာဘီမင်းသမီးဝတ်စုံလေးကျနေတာပါပဲ” လို့ US Weekly သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟောလီးဝုဒ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Paris Hilton ဟာ ဒီဇိုင်နာ Livne ကို Instagram က တစ်ဆင့် ချီးကျုးစကားဆိုခဲ့ပါသေးတယ်။

Trend Myanmar

ချစ်သူတွေ လမ်းခွဲဖို့အထိ ဖြစ်သွားတတ်တဲ့ အမှား ၅ မျိုး


ကိုယ့်ချစ်သူနဲ့ လမ်းခွဲရတယ်ဆိုတာမျိုးဟာ အင်မတန်နာကျင်စရာ ကောင်းလွန်းတာပါ။ ကိုယ့်ကို မချစ်တော့လို့၊ နောက်တစ်ယောက် အသစ်ရသွားလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ လမ်းခွဲပေးလိုက်ရတာမျိုး မဟုတ်ဘဲ ဘာမှ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတစ်ချို့ကြောင့် ချစ်သူနှစ်ဦး လမ်းခွဲရတဲ့အထိ ဖြစ်သွားရတာမျိုးတွေ အများကြီးရှိနေပါတယ်။ ခုလို မီဒီယာစနစ်တွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေကြောင့် လမ်းခွဲရတဲ့ အတွဲတွေ ပိုတောင်များလာပါတယ်။  ဒီလို ပြတ်သွားပြီးဖြစ်တဲ့ အတွဲအများစုကို ဘာ့ကြောင့် ဒီလိုဖြစ်သွားရသလဲဆိုတဲ့ မေးခွန်းတွေအပေါ် သူတို့အားလုံးရဲ့အဖြေတွေကို ပြန်လည်စစ်ထုတ်လိုက်တဲ့အခါ

၁။ဖေ့စ်ဘွတ်ခ်မှာပဲဖြစ်ဖြစ်၊ တခြားဆိုရှယ်နက်ခ်ဝက်တွေမှာ ရည်းစားဟောင်း၊ ချစ်သူဟောင်းတွေနဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို ရှောင်ပါ။ သူငယ်ချင်းတွေ ပြန်ဖြစ်သွားပြီဆိုရင်တောင် ကိုယ့်ချစ်သူ ကောင်လေး၊ ကောင်မလေးသိရင် ဘယ်လိုခံစားရမလဲဆိုတာ ထည့်တွေးပေးပါ။ ဒါ့အပြင် ကိုယ့်ရည်းစားဟောင်း အကြောင်းကိုလည်း လက်ရှိတွဲနေတဲ့ ချစ်သူကို ပြောပြတာမျိုး၊ နှိုင်းယှဉ်တာမျိုး ရှောင်ရမှာပါ။ ရည်းစားဟောင်းက ကိုယ့်ကိုစိတ်ဝင်စားတော့တာလည်း မဟုတ်ဘဲနဲ့ ငါ့ကို သူ့စိတ်ထဲရှိနေဦးမယ် ဆိုတဲ့ အတွေးမျိုးတော့ လုံးဝမတွေးလိုက်ပါနဲ့။ ဟိုကပြန်ပြီး ဆိုရှက်နက်ခ်ဝက်မှာ ကိုယ်တင်တဲ့ပို့စ်တွေကို လိုက်ခ်လေး လုပ်လိုက်လို့ ဖီးလ်တက်နေမယ်ဆိုရင် သူ့လှည့်ကွက်ထဲ ပြန်ဝင်မိနေပြီလို့သာ ပြောချင်ပါတယ်။ ကိုယ့်မှာလည်း ရည်းစားသစ်နဲ့မို့ အဟောင်းနဲ့ ပြန်အီတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ ကိုယ့်ချစ်သူနဲ့ကိုယ်ကြားမှာ ပြဿနာဖြစ်စေမယ့် အချက်တစ်ချက်ပါပဲ။

၂။တစ်ခုခုဆို ဘာမဟုတ်တာလေးတွေနဲ့ ကိုယ့်ချစ်သူအပေါ် အပြစ်မတင်မိပါစေနဲ့။ ဒါလေးတောင် မသိဘူးလား။ ဒါလေးတောင် မလုပ်နိုင်ဘူးလား။ မင်းက ဒီလိုဟာမျိုးတွေ ကြိုက်တယ်။ ဦးနှောက်သုံးပါလား။ ကလေးတောင် စဉ်းစားတတ်တယ်။ အဲ့လောက်မရူးစမ်းပါနဲ့ စတဲ့ စကားလုံးမျိုးတွေ ကိုယ့်ချစ်သူကို ပြောဖူးပါသလား။ တစ်ခါမဟုတ်နှစ်ခါမဟုတ် အမြဲတမ်းလိုလို ကိုယ်စိတ်အလိုမကျတိုင်း သူ့ကို အပြစ်တင်နေကျဆိုရင်တော့ သူ့ခမျာ ဘယ်လိုခံစားရရှာမလဲဆိုတာ တွေးကြည့်ပေါ့။ သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့တဲ့အပြင် ငါ့ကို ဘယ်တော့မှ သည်းမခံဘူးဆိုတဲ့ အတွေးမျိုးလည်း ၀င်သွားပြီပေါ့။

၃။ကိုယ့်ချစ်သူကို သူများတွေထက် အချိန်ပိုပေးပါ။ သူငယ်ချင်းတွေနဲ့ရှိချိန်က ကိုယ့်ချစ်သူနဲ့ အတူတူရှိချိန်မျိုးထက် ပိုများနေပြီဆိုရင် သူ့ဘက်က တွေးစရာတွေ ဖြစ်လာပါလိမ့်မယ်။ ငါ့ကို သူ့သူငယ်ချင်းတွေလောက် မချစ်လို့လားဆိုတဲ့ အတွေးမျိုး ၀င်သွားပြီဆိုရင်တော့ ဒါဟာဖျောက်ရခက်တဲ့ အရာဆိုတာ မမေ့ပါနဲ့။

၎။ချစ်သူနဲ့ မုန့်ထွက်စားတဲ့အခါ၊ တစ်ခုခုဝယ်တဲ့အခါမျိုးတွေမှာ ကိုယ်ဒီတစ်ခါရှင်းထားလို့၊ နောက်တစ်ခါ သူ့ကို ရှင်းလိုက်လို့ ပေါ်တင်ပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ့်မှာ ပိုက်ဆံနည်းနေရင် ကိုယ့်အခြေအနေကို ကိုယ့်ချစ်သူကို ပြောပြထားပါ။ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်ဆီမှာ ပိုက်ဆံရှိရက်သားနဲ့ ကပ်စေနည်းနေတာမျိုးဆိုရင်တော့ ဒါဟာ ကိုယ့်ချစ်သူ ကိုယ့်ကို အထင်သေးသွားစေမယ့် အကြောင်းရင်းတစ်ခုပါပဲ။ ဒါ့အပြင် တစ်ခုခုလုပ်တော့မယ်ဆိုရင် ကောင်မလေးက ကောင်လေးကို လုပ်ပေးပါလားလို့ မပြောခင်ကတည်းက ကိုယ်က ဒါလေး ကိုယ်လုပ်ပေးလိုက်မယ် ဆိုတာမျိုး ဖြစ်နေပါစေ။ အလိုက်သိပါ၊ မတွက်ကတ်ပါနဲ့။

၅။သူနဲ့ရည်းစားစဖြစ်တဲ့နေ့၊ ဘယ်နေ့မှာ ခရီးအတူတူသွားခဲ့တာ၊ ဘယ်နေ့မှာ လက်စွပ်ဆင်တူ ၀ယ်ခဲ့ကြတာ စတဲ့နေ့စွဲလေးတွေကို တတ်နိုင်သလောက် မှတ်ထားပါ။ ဘယ်သူမဆို ဒီလိုအမှတ်တရနေ့လေးတွေကိုတော့ ကိုယ့်ချစ်သူကို သိစေချင်ကြတာချည်းပါပဲ။ အားလုံးမေ့နေတာမျိုးဆိုရင်တော့ ဒါဟာ ချစ်သူကြားက မကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်လာဖို့ အစဆိုတာ သတိရလိုက်ပါ။
Trend Myanmar

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အချက် (၇) ချက်


ယောင်္ကျားအများစုဟာ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူ အမျိုးသမီးတွေအပေါ်မှာ ရစ်တတ်ကြတယ်၊ ဘာက ဘယ်လို အပြစ်ရှာတတ်ကြပေမယ့် တစ်ခါတစ်လေ သူတို့ကိုယ်တိုင် ကိုယ့်ရည်းစား ဒီနေ့ဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်မထားဘူးဆိုတာမျိုးကိုတောင် သတိမပြုမိတတ်ကြပါဘူး။ မချစ်လို့ ဒီလို သတိမပြုမိတာမျိုး မဟုတ်ပေမယ့် ကိုယ့်ချစ်သူအတွက် အာရုံဘယ်လောက်ထားထားလဲ၊ ဘယ်လောက်အသေးစိတ်သလဲဆိုတာမျိုးဟာ အမျိုးသမီးတွေ တကယ်လိုချင်တဲ့ အရာတွေပါပဲ။ ဒါ့ကြောင့် အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အရာတွေကို ပြောပြပေးလိုက်တယ်နော်။

၁။ ကောင်မလေးက ပိုက်ဆံအိတ် အပြောင်းအလဲ လုပ်ထားတာမျိုး။
ကိုယ်က တစ်သက်လုံးမှာမှ ပိုက်ဆံအိတ်တစ်အိတ်ပဲ စွဲကိုင်တတ်တဲ့သူဆိုရင်တော့ ထားပါတော့လေ။ ပိုက်ဆံအိတ်ကို မကြာခဏ ပြောင်းကိုင်တတ်တဲ့သူဆိုရင်တော့ သူတို့ဒါကို သတိမပြုမိတာ သေချာပါတယ်။

၂။ကိုယ့်ချစ်သူက ခြေသလုံးမွှေး ရိတ်ထားလား၊ မရိတ်ထားဘူးလား ဆိုတာမျိုး။
ကိုယ်က ခြေသလုံးမွှေးရိတ်တတ်သူလား၊ ရိတ်လေ့ ရိတ်ထ မရှိသူလားဆိုတာတောင် သူတို့သိဖို့ မလွယ်ပါဘူး။

၃။အဲ့ဒီညက သူမ မိတ်ကပ်လိမ်းထားလား၊ မလိမ်းထားခဲ့ဘူးလား ဆိုတာမျိုး။
ဟိုညက သူနဲ့အပြင်သွားတုန်း ကိုယ်မိတ်ကပ်လိမ်းထားလား၊ မလိမ်းထားဘူးလားဆိုတာမျိုး သူတို့အတွေးထဲမှာ သိပ်မရှိတတ်ပါဘူး။ ကိုယ်က လိမ်းမထားခဲ့ရင်တောင် လိမ်းထားတယ်မလားလို့ အတင်းဇွတ်ပြန်ငြင်းတတ်တာမျိုးပါ။

၎။ကိုယ့်ကောင်မလေး ဖိနပ်သစ်ပြောင်းစီးထားသလား ဆိုတာမျိုး။
တစ်ခါတစ်လေ ကိုယ်က ဖိနပ်အသစ်လေးနဲ့မို့ ချစ်သူမေးတာမျိုး ခံချင်တယ်။ သူတို့က ဒါကို သတိမပြုမိဘူး။ အဲ့ဒီအခြေအနေမျိုး အတွဲတွေတိုင်း ရင်ဆိုင်ဖူးမှာပါ။ မိန်းကလေး သဘာဝ ဖိနပ်သစ်လေးနဲ့ လှလိုက်တာလို့ အပြောခံချင်ရင်တောင် သူတို့ကို အရင်အသိပေးရမယ့် အခြေအနေဖြစ်သွားတတ်ပါတယ်။

၅။သူမ အရင်ထက်ပိန်သွားသလား၊ ၀လာသလား ဆိုတာမျိုး။
ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်းရှိနေချိန် ကိုယ်ပိန်သွားသလား၊ ၀လာသလားဆိုတာမျိုး မေးလိုက်ရင် သူတို့ရဲ့ အဖြေက တွေ့နေကျမို့လို့ သတိမထားမိဘူး ဆိုတာချည်းပဲ လာပါလိမ့်မယ်။ အမှန်တော့ ဒါကို သူတို့ သတိမပြုမိကြတာပါ။

၆။ကောင်မလေး နှုတ်ခမ်းနီရောင် အပြောင်းအလဲ လုပ်ထားသလား ဆိုတာမျိုး။
ကိုယ်က နှုတ်ခမ်းနီဆိုးတတ်သူဆိုရင်တော့ ချစ်သူက ကိုယ်ဘယ်အရောင်တွေ ဆိုးတတ်သလဲဆိုတာ သိကို သိထားရမှာပါ။ ဒါပေမယ့် ချွင်းချက်အနေနဲ့ ကိုယ်နှုတ်ခမ်းနီရောင် ပြောင်းဆိုးလာတာကို သတိထးမိတဲ့ ချစ်သူဆိုရင်တော့ အမှတ်ပိုပေးလိုက်တော့နော်။ တွေ့ရခဲလို့ပါ။

၇။သူမ ဘောင်းဘီအသစ် ၀တ်ထားသလားဆိုတာမျိုး။
ဂျင်းဘောင်းဘီဆိုတာမျိုးက တစ်ထည်နဲ့တစ်ထည် ဆင်တူနေတတ်ပေမယ့် ဘောင်းဘီအသစ်ဝတ်ထားတာကို သိနေတဲ့သူမျိုး ဆိုရင်တော့ သူဟာ သင့်အပေါ် တော်တော်လေး ဂရုစိုက်တဲ့ ယောင်္ကျားပါပဲ။

Ref:cosmopolitan.com
trend myanmar

ကိုယ်အလေးချိန် ပိုကျစေမယ့် သောက်စရာ


လက်ဖက်ရည်ကြမ်း သောက်ရင် ကျန်းမာရေးအတွက် ဘယ်လိုဘယ်လို ကောင်းကြောင်း ကျန်းမာရေး အကျိုးရလဒ်အကြောင်းတွေကို ဖတ်ရှုကြပြီးဖြစ်မှာပါ။ လက်ဖက်ရည်ကြမ်းဟာ အစွမ်းထက် သောက်စရာ တစ်မျိုးပါ။ လက်ဖက်ရည်ကြမ်း သောက်တာနဲ့ ပတ်သက်ပြီး သေသေချာချာ သုတေသနပြုထားတဲ့ လေ့လာမှုစာတမ်းတစ်စောင်ဟာ အမေရိကန်နိုင်ငံထုတ် Clinical Nutrition ၂၀၁၃ခုနှစ် ဒီဇင်ဘာလထုတ် ဂျာနယ်မှာ ဖတ်ရပါတယ်။

အမေရိကန် လက်ဖက်ရည်ကြမ်းကောင်စီ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အဲ့ဒီ့စာတမ်းအရ ရေနွေးကြမ်း၊ ဆေးလက်ဖက်ရည်ကြမ်း တွေမှာ ကဖိန်းဓာတ်နဲ့အတူ အဆီကျစေပြီး အားတိုးစေတဲ့ catechins ဓာတ် ပါဝင်ပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီ့ ဓာတ်ပေါင်းတွေဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်ပေါ့။

ဒီသုတေသန စာတမ်းရဲ့ ၂၀၀၉ခုနှစ်မှာ ပြုစုမှတ်တမ်းတင်ထားချက်အရ အစားကိုမလျှော့ဘဲ ပုံမှန်စားပေမဲ့ ကဖိန်းဓာတ်ပါတဲ့ လက်ဖက်ရည်ကြမ်း သောက်သူတွေဟာ ၁၂ပတ်အတွင်း ကိုယ်အလေးချိန်ကျသွားပါတယ်။ ၂၀၁၁ခုနှစ် စာတမ်းမှာတော့ catechin ဓာတ်ကြွယ်ဝတဲ့ လက်ဖက်ရည်ကြမ်းဟာ ၂၄နာရီအတွင်း ၁၀၀ ကယ်လိုရီ ကိုသုံးစွဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတော့ သင့်အတွက် ကျန်းမာရေးအကျိုးလဲရှိ၊ ကိုယ်အလေးချိန်လဲ လျော့ကျသွားစေမယ့် လက်ဖက်ရည်ကြမ်းကို ပုံမှန်မှီဝဲသင့်ပါတယ်။

Ref:womenshealthmag.com
trend myanmar

ကချင်ပြည်နယ်တွင် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၀ ဦးနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသည့် တရုတ်နိုင်ငံသား သုံးဦးအား ဗန်းမော်ထောင်တွင် ထိန်းသိမ်းထား



ကချင်ပြည်နယ် မန်စီမြို့နယ်၊ နန့်ဟင်နှင့် နန့်ကောက်ကျေးရွာဝန်းကျင်တွင် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်စဉ် တိုက်ပွဲကာလအတွင်း ဖမ်းမိထားသည့် သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၀ ဦးနှင့် ယင်းဒေသတွင်းရှိ သံတံတားကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသည့် တရုတ်နိုင်ငံသားသုံးဦးကို ဗန်းမော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး မန်စီတရားရုံးတွင် အမှုဆက်လက်စစ်ဆေးနေကြောင်း ဗန်းမော်ခရိုင်မှ အစိုးရတာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

ယင်းသို့ မြန်မာနိုင်ငံအတွင်း သစ်ခိုးထုတ်စဉ် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၁၀ ဦးမှာ နိုင်ငံအတွင်းသို့ ၀င်ရောက်ရန် အထောက်အထား တစ်စုံတစ်ရာ မပါရှိခြင်းကြောင့် လ.၀.က ဥပဒေ၊ သစ်တောထွက်ပစ္စည်းများ တရားမ၀င်ခိုးထုတ်သည့် ၄၂ (ခ)တို့ဖြင့် လည်းကောင်း၊ ကျန်တရုတ်နိုင်ငံသား သုံးဦးကို လ.၀.က ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများဖြင့် မန်စီတရားရုံးတွင် တရားရင်ဆိုင်နေရကြောင်း သိရသည်။

ဗန်းမော်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦးက “မန်စီ လ.၀.က ကို မန်စီမြို့နယ်အခြေစိုက် ခလရ ၃၁၉ က ဖေဖော်ရီ ၄ ရက်ည ၈ နာရီမှာ လွှဲပါတယ်။ မန်စီတရားရုံးမှာ ယမန်ယူပြီး ဗန်းမော်ထောင်မှာ ခေတ္တထိန်းသိမ်းထားပါတယ်။ အမှုကတည်ဆောက်ဆဲ အဆင့်ပဲ ရှိသေးတယ်။ ဘာနဲ့စွဲချက်တင်မှန်း မသိပေမယ့် သစ်တောဌာနနှင့် အခြားဌာနတွေကလည်း သက်ဆိုင်ရာ ဥပဒေတွေနှင့် တရားစွဲဆိုဖို့ ရှိတယ်လို့တော့ သိရတယ်” ဟု ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းမှ ဖေဖော်ဝါရီ ၁ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲဖြစ်စဉ်တွင် တရုတ်နိုင်ငံသား ၁၀ ဦး၊ သစ်ကား ၂၁ စီးနှင့် သစ်တန်ခန့်မှန်းတန် ၇၀ ခန့်ကို ဖမ်းဆီးရမိခဲ့ပြီး သစ်များကို တိုင်းတာဆဲဖြစ်သောကြောင့် အဆိုပါ တရုတ်နိုင်ငံသား ၁၀ ဦးကို စွဲချက်တင်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း ဗန်းမော်ခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းက “ကျွန်တော်တို့ဌာနက သစ်တောဥပဒေ ၄၂ (ခ)နဲ့ အရေးယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ သစ်တွေက တမလန်းသစ်တွေဖြစ်ပြီး တိုင်းတာဆဲဖြစ်နေလို့ စွဲချက်မတင်ရသေးပါဘူး။ ၄၂(ခ) ဥပဒေက တားမြစ်ရာပါသစ်ဖြစ်ပြီး ထောင်နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်နှစ်သောင်းဖြစ်စေ နှစ်မျိုးစလုံးကိုဖြစ်စေ ပြစ်ဒဏ်ချလို့ ရပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် သစ်မှောင်ခို ခိုးထုတ်မှုများ နယ်မြေမအေးချမ်းစဉ် ကာလအတွင်း ပိုမိုများပြားလာပြီး ယခုအချိန်တွင်လည်း တပ်မတော်မှ ဖမ်းမိထားသော သစ်များမှာ ခန့်မှန်းခြေ တန်ထောင်ချီရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် တိုင်းတာသယ်ယူရန် အခက်အခဲဖြစ်နေကြောင်း သစ်တောဌာနမှ စုံစမ်းသိရသည်။

Eleven Media Group

ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်းသင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအားရုံးထုတ်



ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်းသင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာရှိ ကိုဇော်လတ်အပါဝင် ကျေးရွာသားများအား ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၈ ရက် ကျည်တောင်ကန်ရဲစခန်းမှ (ပ) အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃/၂၉၄/၁၁၄ ပုဒ်မ တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဝဲကြီးကျေးရွာသား ကိုဇော်လတ်က “ကျွန်တော်တို့ကို အခုရမည်းသင်းထောင်ကို ပို့လိုက်တယ်။ ပျဉ်းမနားအချုပ်ထဲမှာ ဖြစ်တဲ့ဟာက မောင်နိုင်ဆိုတဲ့ လူကနေ စဖြစ်တာ။ မူးယစ်ဆေးကိစ္စကြောင့် ဖြစ်တယ်။ အဲဒီဆေးကြောင်တဲ့လူကို လူမြင်ကွင်းမှာ ရဲတွေရိုက်တာကို ကျန်တဲ့အချုပ်သားတွေက လူသားချင်း စာနာထောက်ထားပါလို့ ၀ိုင်းအော်တာ။ အဲဒါနဲ့ အချုပ်သားတွေက ဆူကြတယ်။ ကျွန်တော်တို့ ၀ဲကြီးသားတွေက မပါဘူး။ အခန်းထဲမှာရှိတဲ့ သူတွေကို မလုပ်ကြနဲ့လို့ ပြောလည်းမရဘူး။ ကျွန်တော်တို့ အခန်းထဲမှာက ၅၇ ယောက်ရှိတယ်။ ကျွန်တော်ဆက်ပြောရင် ကျွန်တော့်ကို သူတို့ဝိုင်းရိုက်မှာကြောက်လို့ မပြောတော့ဘူး။ ကျွန်တော်တို့ကို ဇန်န၀ါရီ ၄ ရက်က နိုင်ငံတော်သီချင်းဆိုတာကိုလည်း ၀ဲကြီးသားတွေပါတယ်လို့ ပြောတယ်။ အမှန်ကမပါဘူး။ အဲဒီနေ့က ဖြစ်ပွားမှုမှာ သေနတ်မှန်တာက နှစ်ယောက်ရှိတယ်။ ဒဏ်ရာရတာက ဆယ်ယောက်ကျော်တယ်” ဟု ပြောကြားသည်။

ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ယခင်အမှုဖွင့်စဉ်က အမှုသုံးမှုဖြင့် ဖွင့်ဆိုထားသော်လည်း ယခုအခါတွင် အမှုအမှတ် (ပ)၉၁၄/၁၃ ပြစ်မှုပုဒ်မ ၃၃၃/၃၄၂/၂၉၄/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှ သိရသည်။

“ပျဉ်းမနားအချုပ်ထဲမှာ စဖြစ်တော့ ကျွန်မက အိပ်နေတာ။ သေနတ်သံကြားတော့မှ နိုးတယ်။ သေနတ်သံကို အရင်ကလည်း တစ်ခါမှ မကြားဘူးဘူး။ အရမ်းလန့်သွားတယ်။ အဲ့ဒီနေ့က အချုပ်ထောင်ထဲမှာ မီးရှို့တယ်လို့ စွပ်စွဲတဲ့ ၁၂ ယောက်ထဲမှာ ကျွန်မပါတယ်လို့ ထည့်ထားတယ်။ အမှန်တကယ်တော့ ကျွန်မမပါဘူး။ အဲဒီနေ့က ကျွန်မလည်း ရဲတွေရဲ့အရိုက် ခံခဲ့ရတယ်။ သေနတ်မှန်တာက သူတို့ကပြောတော့ တစ်ယောက်ထဲလို့ပြောတယ်။ အမှန်တော့ နှစ်ယောက်မှန်တယ်။ တစ်ယောက်က ပုခုံးကိုမှန်တယ်။ နောက်တစ်ယောက်က ဘယ်ဘက်ပါးရိုးကို မှန်တယ်” ဟု ၀ဲကြီးကျေးရွာမှ အချုပ်ကျသူ ဒေါ်ဝင်းကြည်က ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မရဲစခန်း အချုပ်ထောင်တွင် ဆူပူမီးရှို့မှု၌ ပါဝင်သည်ဟု ယူဆရသော အချုပ်သား ၁၈၆ ဦးအား ဖေဖော်ဝါရီ ၁၅ ရက်တွင် ရမည်းသင်းထောင်သို့ ပို့ဆောင်ခဲ့ပြီး အမှုရင်ဆိုင်နေရသော အချုပ်သားများအား သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် အမှုစစ်ဆေးရန် ရမည်းသင်းထောင်မှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ပထမဦးဆုံးအကြိမ်အဖြစ် ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ရုံးထုတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ဇွဲကပင်အသင်းပိုင်ရှင်ကို အရေးယူရန် ဥပဒေမရှိသေးဟု စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌဆို




ရဲရင့်ဌေး|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့သော ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဋ္ဌေး၏ အမှုကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ တိုင်ကြားလာပါက အရေးယူရန်အတွက် ဥပဒေမရှိသေးဟု မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်း သိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးကမဇ်္ဈိမသို့ ပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်ပွဲတွင် ကွင်းလယ်ဒိုင် ဦးလှမင်းအနေဖြင့် ဆုံးဖြတ်ချက်အမှားများ ပြုလုပ်ခဲ့သည်ဟု ဦးလှဋ္ဌေးကစွပ်စွဲကာ ပါးရိုက်ခဲ့ခြင်းဖြစ်ပြီး ဒိုင်ကော်မတီက စည်းကမ်းထိန်းသိမ်းရေးကိုတိုင်ကြားရန် စီစဉ်နေသည်။“လောလောဆယ်တော့ စည်းကမ်း ထိန်းသိမ်းရေးကို တိုင်ချက်မရောက်သေးပါဘူး။ တိုင်ချက်ရောက်လာရင်လည်း ဘယ်လိုဥပဒေနဲ့ အရေးယူ ရမလဲဆိုတာ မသိသေးဘူး။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှာ ဥပဒေလည်း မရှိသေးဘူး။ ဒီကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါ။ တိုင်ကြားလာရင်တော့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်မှာပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဦးခင်မောင်ထွေးက ပြန်လည်ဖြေကြားသည်။

Mizzima - News in Burmese

Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်


19.2.2014

အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူတာတွေမှာ ကိုယ့် Facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။

အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီတစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။

အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူတာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး သင့်အကောင့်ထဲကို Log In ဝင်လိုက်ပါ။

ဘယ်နေရာက ဘယ်ကွန်ပျူတာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။

ပြီးရင် ညာဘက် အပေါ်ထောင့်က စက်သွားလေးကို နှိပ်လိုက်ရင် Menu လေးတစ်ခု ကျလာပါလိမ့်မယ်။

အဲ့ထဲက Account Setting ကိုသွားပါ။

ထို့နောက် ဘယ်ဘက် အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ။

အဲ့ဒီမှာ သင် Log In ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။

End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ် ဆိုရင် သင်ဝင်ထားသမျှ စက်တွေအားလုံးမှာ Log Out လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အဆင်ပြေကြပါစေ ...

( နှိုင်းရင့်နွေ )


ရေသန့်ဘူးအတွင်းရှိ အက်စစ်သောက်မိသူသေဆုံး



ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

အသက် ၂၃ နှစ် အရွယ် အမျိုးသားတစ်ဦး အက်စစ်သောက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးသွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူသည် တွံတေးမြို့နယ် ခလုတ်ကျေးရွာတွင် နေထိုင်သည့် ကျော်စိုး (၂၃)နှစ်ဖြစ်ပြီး၊ စိတ်ပေါ့သွပ်နေ သူတစ်ဦး ဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁နာရီက နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဘက်ထရီအိုးသုံးရန် အတွက် ရေသန့်ဘူးဖြင့် ထည့်ထားသော အက်စစ်များကို သောက်သုံးမိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ ကုသနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးမေးမြန်းချက်အရ သိရှိထားသည်။

ထိုကြောင့် အလောင်းကို တွံတေးဆေးရုံသို့ ပြန်လည်ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးသွားခဲ့ခြင်း ဟုတ် မဟုတ် ဆက်လက်စစ်ဆေးပေးရန် ဒု-ရဲအုပ်သိန်းဇော်ဦးက တရားလိုပြုလုပ်တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို တွံတေးရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒု-ရဲမှူးသန်းတင့်က ဆက်လက်စစ်ဆေးလျက်ရှိသည်။

Mizzima

အခြားတစ်ဖက်မှ အသံ



(Written by: ချစ်ဝင်းမောင်)

ဒီကရေစီဆိုသည်မှာ “မတူကွဲပြားမှုများကို လက်ခံခြင်း” ဖြစ်သည်။ တစ်နည်းအားဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဖြင့် အတူတကွ နေထိုင်ခြင်းဖြစ်သည်။ ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာကတော့ “ဗဟုဝါဒ” ဟု တွင်တွင်သုံးခဲ့ဖူးသည်။ ဒီမိုကရေစီတွင် “အသံ” ပေါင်းစုံရှိသည်။ အသံတွေ ပေါင်းစုံနေသဖြင့် တစ်ခါတစ်ရံ ဆူညံနေတတ်သည်။ ဟိုကတစ်သံ၊ ဒီကတစ်သံ၊ ဒီမိုကရေစီ၏ သဘောသဘာဝမှာ ဤအတိုင်းဖြစ်သည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းထဲမှာ အသံတစ်သံတည်းပဲ ထွက်ခွင့်ရှိနေလျှင် ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီ။

လွန်ခဲ့သည် နှစ်ပေါင်း ၅ဝ ကာလအတွင်း ကျွန်တော်တို့သည် အသံတစ်သံတည်းကိုသာ ကြားခွင့်ရခဲ့သည်။ အာဏာရှင်စနစ်ဖြင့် ကြီးစိုးအုပ်မိုးသော လူ့အဖွဲ့အစည်းများတွင် အသံများများ ကြားခွင့်မရပါ။ အထက်ကညွှန်ကြားသော၊ မိန့်မှာသော အသံတို့ကိုသာလျှင် လူ့အဖွဲ့အစည်းက လက်ခံချင်ချင် မခံချင်ချင် မျိုသိပ်လက်ခံကြရသည်။ အခြားတစ်ဖက်က အသံကို ထွက်ခွင့်မရအောင် အာဏာဖြင့် ပိတ်ပင်ထားကြသည်။ သူရဲကောင်းဆန်ဆန် အံတုအသံပြုသူ တချို့တလေမှာ အာဏာရှင်တို့၏ ရက်စက်သော ကွပ်နှိပ်မှုကို ခံကြရလေသည်။

ယခု ကျွန်တော်တို့ ထိုက်သင့်သလောက် အသံထွက်ခွင့် ရကြလေပြီ။ သမ္မတကြီးကလည်း ဘိသိက်ခံမိန့်ခွန်းမှာပင် “မိမိတို့နှင့် အယူအဆ မတူသူများကိုလည်း မတူသည်များကို ဘေးဖယ်၍ တိုင်းပြည်အတွက် အတူတစ်ကွ လက်တွဲသွားမည်” ဟုပြောခဲ့သည်။ သည်လိုနှင့် ၂ဝ၁၂ အလွန် မြန်မာနိုင်ငံရေးမှာ အသံစုံလာသည်။ နောက်ကွယ်မှာ ဘယ်လိုနိုင်ငံရေးဗျူဟာတွေ ချထားသည် မသိနိုင်သော်လည်း ကမ္ဘာကြီးကတော့ “မြန်မာ့နွေဦး” ဟု ကင်ပွန်းတပ်ခဲ့သည်။ အာရှမှာရော၊ ကမ္ဘာမှာပါ ခေါင်းထောင်ထလာသော တရုတ်၏ အင်အားပါဝါကို ထိန်းညှိဖို့ မြေပြင်အနေအထား (Geopolitic) ကို ကြည့်လိုက်သောအခါ တစ်ကိုယ်တော် စူပါပါဝါ အမေရိကန်သည် မြန်မာနိုင်ငံကို တွေ့ရှိလိုက်သည်။ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆင်းရဲနွမ်းပါးပြီး အထီးကျန်အပစ်ပယ်ခံ နိုင်ငံထဲသို့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်ခု၏ သမ္မတသည် Air Force One လေယာဉ်ကြီးနှင့်အတူ ဆင်းသက်ဝင်ရောက်လာခဲ့သည်။

ပြောင်းသွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၅ဝ ကျော် နွံနစ်နေခဲ့သော ဤတိုင်းပြည်ကြီးမှာ တစ်နှစ်၊ နှစ်နှစ်အတွင်း မယုံနိုင်စရာ အပြောင်းအလဲတွေ ရှိခဲ့ပါပြီ။ ယခင်က အသံထွက်ခွင့်မရ၊ မျက်စိမှိတ်၊ နားပိတ်ခံထားရသော အခြေအနေမှ “အသံပေါင်းစုံ” ဆူဆူညံညံ ထွက်လာခဲ့ပါပြီ။ အတိုက်အခံဟု ခေါ်တွင်သော၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းဟု စွပ်စွဲထားသော သူတို့ထံမှ အသံတွေကို ကြားရပါပြီ။ ထိုအသံများကို အဓိက သယ်ဆောင်ပေးသည်မှာ “မီဒီယာ” ဖြစ်သည်။ သမ္မတကြီးကိုယ်တိုင်ကလည်း မီဒီယာများ လွတ်လွတ်လပ်လပ် ရေးသာပြောဆိုခွင့်ကို အားပေးခဲ့သည်။

အတိုက်အခံ အင်အားစုတချို့ လွှတ်တော်ထဲ ရောက်လာသည်။ ဟိုယခင် ရော်ဘာတံဆိပ်တုံးလွှတ်တော် မဟုတ်တော့။ လွှတ်တော်ထဲမှာ ရဲရဲပြော၊ ရဲရဲဝေဖန်သူ (တစ်ဦးစ၊ နှစ်ဦးစ) ပေါ်လာသည်။ သို့သော် ပထမဦးဆုံး ပေါ်ထွက်လာသည့် လွှတ်တော်သည်လည်း မျှော်လင့်ထားသလောက် အလုပ်မဖြစ်။ မလုပ်၊ မရှုပ်၊ မပြုတ် ကိုယ်စားလှယ်၊ ရေလိုက်ငါးလိုက် ကိုယ်စားလှယ်၊ လက်ညှိုးထောင်ခေါင်းညိတ် ကိုယ်စားလှယ်တွေသာ အများစု နေရာယူထားသည်။ ဘာပဲဖြစ်ဖြစ် အသံတစ်သံတည်းထွက်သောလွှတ်တော် မဟုတ်တာတော့ သေချာလာသည်။

အသံတွေ များများထွက်ခွင့် ရလာသောအခါ ပြဿနာတွေ ပိုများလာသည် ထင်ရသည်။ တကယ်တော့ ပြဿနာတွေက နဂိုကတည်းက များပြီးသား။ အသံတစ်သံတည်း ထွက်ခွင့်ရခဲ့စဉ် အမိန့်ပေး၊ အာဏာပေးစနစ် ထွန်းကားစဉ်က ဖန်တီးခဲ့သော ပြဿနာတွေက အသံပေါင်းစုံ ထွက်ခွင့်ရသောအခါ လူထုရှေ့မှောက် ရောက်လာခြင်းဖြစ်သည်။ မြစ်ဆုံ၊ လက်ပံတောင်း၊ ကျောက်ဖြူ အစရှိသည့် တရုတ်၏ စီးပွားရေးနယ်မြေ ချဲ့ထွင်မှုခြေရာကြီးများ၊ မိမိနိုင်ငံထဲ ကတုတ်ကျင်းလာရောက်တူးနေသူများ ဘွားခနဲ ပေါ်လာသည်။ မတရားစာချုပ်များ၊ အဖိုးတန်ရတနာများကို အောက်ဈေးဖြင့်နှိုက်ယူမှုများ ပေါ်လာသည်။ သည်ဖြစ်ရပ်အားလုံး လူထုအသံထွက်ခွင့် မရခဲ့စဉ်က ကိုယ့်ဖို့တစ်ခုတည်းသာကြည့်ပြီး ကိုယ်ကျိုးရှာခဲ့သူလူတစ်စု၊ အာဏာရှင်တစ်စုက လုပ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယခုတော့ “စာချုပ်” တွေကျန်နေပြီ။ သဘောတူညီချက်တွေ၊ ကတိတွေစာရွက်ပေါ်မှာ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သူတို့ကတော့ “စာချုပ်” ကို ကိုင်ထားပြီ။ ဘာပြောချင်သေးလဲ။ မြစ်ဆုံကိစ္စတွင် သမ္မတကြီးသည် “မိမိ၏ သမ္မတသက်တမ်းအတွင်း ဤစီမံကိန်းကို ရပ်နားသည်” ဟုပဲ ပြောထားသည်။ နောင်တက်လာမည့် သမ္မတက ဆက်ရှင်းဟု သောင်မတင်ရေမကျ လုပ်ထားသည်။ ဒါ့ကြောင့်လည်း စာချုပ်ကိုင်ထားသည့် တရုတ်ဘက်က ပြန်စဖို့ မကြာခဏ သွေးထိုးလာနေခြင်းဖြစ်သည်။ တရုတ်နှင့် မုံရွာလက်ပံတောင်း ကြေးနီစီမံကိန်းသည်လည်း ဟိုတချိန် အသံထွက်ခွင့်မရစဉ်က စာချုပ်ချုပ်ခဲ့ကြတာဖြစ်သည်။ ပွင့်လင်းမြင်သာမှု ဘာမျှမရှိခဲ့။ ယခုတော့ ရှင်းမရသည့် အကျိုးဆက်ကို ဒေသခံတွေရော၊ အာဏာပိုင်တွေပါ ခံစားနေရသည်။

နိုင်ငံအတွက် အလွန်နာကျင်ဖွယ်ကောင်းသော စီမံကိန်းတစ်ရပ်မှာ ကျောက်ဖြူ-ကူမင်း မဟာဗျူဟာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီးဖြစ်သည်။ ယခု ထိုပိုက်လိုင်းကြီး ပြီးသွားပြီ။ မြန်မာ့ပင်လယ်ကြမ်းပြင်ကထွက်သော ဓာတ်ငွေ့တွေကို ယူနန်ပြည်နယ်သားတွေ သုံးစွဲနေကြပြီ။ တရုတ်တို့သည် ထိုပိုက်လိုင်းကြီးမျှသာ မဟုတ်ပါ။ ကျောက်ဖြူမှ ကူမင်းအထိ ရှည်လျားသော ရထားလမ်းစီမံကိန်းကိုပါ ရေးဆွဲစာချုပ် ချုပ်ဆိုထားခဲ့သည်။ ထိုဖြစ်ရပ်တွင် ပြည်သူတို့၏ သဘောတူညီချက်မပါ။ စာချုပ်ချုပ်ဆိုစဉ်က ပြည်သူတွေမှာ အသံထွက်ခွင့်မရ။ တရုတ်သည် အနာဂတ်စီးပွားရေး မဟာဗျူဟာကို စနစ်တကျ အကောင်ထည်ဖော်ရန် အလို့ငှာ အနောက်ဘက်တံခါးကို ဖွင့်ဖို့ကြိုးစားခဲ့သည်။ ဤမဟာဗျူဟာ အကောင်အထည်ပေါ်လာလျှင် အနောက်အာရှနှင့် အာဖရိက၊ ဥရောပ စီးပွားရေးမျက်နှာစာကို ချိတ်နိုင်မည်ဖြစ်သလို စစ်ရေးအရလည်း မဟာဗျူဟာမြောက် အနေအထားကို ရရှိသွားမည်။ သူတစ်ပါးနိုင်ငံက မဟာဗျူဟာကျကျ စဉ်းစားပြီး စာချုပ်တွေ ချုပ်ခဲ့သည်ကို မလည်မဝယ် စစ်အာဏာရှင်တစ်စုက သဘောထားကြီးစွာ လက်မှတ်ရေးထိုးခဲ့သည်။

ယခုတော့ သည်အကျိုးဆက်တွေကို ခံစားနေရပြီ။ နိုင်ငံ၏ ပြဿနာများစွာသည် ယခင်စစ်အာဏာရှင်စနစ်၏ ဆိုးမွေများဖြစ်နေသည်။ လယ်သိမ်း၊ မြေသိမ်း ပြဿနာတွေလည်း ယခင်စနစ်ဟောင်းက ဖြစ်ခဲ့သော ကိစ္စတွေဖြစ်သည်။ ဘာကြောင့်ယခုမှ ဆူဆူညံညံအသံတွေ ထွက်လာရသနည်း။ ဘာကြောင့်ယခုမှ၊ ဟိုမှသည်မှ မကျေနပ်မှုတွေ ဆန္ဒပြမှုတွေ ဖြစ်လာရသနည်း။ ဟိုတစ်ချိန် စစ်အာဏာရှင်ခေတ်က အသံထွက်ခွင့် မရခဲ့ကြသောကြောင့်ဖြစ်သည်။ အာဏာရှင်တို့သည် အခြားတစ်ဖက်က အသံများကို နားထောင်လေ့ မရှိကြပါ။ အခြားတစ်ဖက်က အသံများကို နားထောင်သည့် အလေ့အထ မရှိသရွေ့ ဒီမိုကရေစီဟု မခေါ်ဆိုထိုက်သေးပါ။

Eleven Media Group

နိမ့်ကျခံစားမှုနဲ့ လူ့တန်ဖိုး


နိမ့်ကျခံစားမှုနဲ့ လူ့တန်ဖိုး

(Written by: တင့်ခိုင်)

အတန်းထဲတွင် အဆင့် (၁) ရသဖြင့် ဆရာမက သမီးငယ်ကရုဏာကို ဆုပေးလိုက်သည်။ ထိုဆုဖြစ်သော ဘော့ပင်လေးကိုကိုင်ကာ သမီးငယ်သည် ကျွန်တော့်ရင်ခွင်သို့ ပြေးဝင်လာသည်။ ကျွန်တော်က "ငါ့သမီးက သိပ်တော်တာပဲ" ဟုပြောပြီး သမီးငယ်၏ ပါးနှစ်ဖက်ကို အားရပါးရနမ်းသည်။ ဒါသည်ပင် ကျွန်တော်ပေးလိုက်သော ဆုတစ်ဆုဖြစ်သည်။

သမီးငယ်ထပြန်သွားသောအခါ ကျွန်တော်စဉ်းစားကြည့်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူများ တစ်ပြည်လုံး လူတစ်သိန်းဝင်ဖြေသည် ဆိုကြပါစို့။ ထိုအထဲမှ အတော်ဆုံး ၁၀ ယောက်ကိုရွေးပြီး ဆုပေးလိုက်သည်။ သို့ဆိုပါလျှင် ကျန် ၉၉၉၉၀ သည် မတော်သူများ ဖြစ်သွားပြီလား။ တစ်သိန်းမှာ ဆယ်ယောက်ကိုသာ ထူးချွန်ပြောင်မြောက်သူအဖြစ် 'စံ' ထားပြီး ချီးမြှောက်လိုက်ခြင်းဖြင့် မရည်ရွယ်ပါဘဲလျက်နှင့် ကျန်လူအများစုသည် အသုံးမကျသော၊ အရာမရောက်သော လူ့အန္ဓများ အလိုလိုဖြစ်သွားပေလိမ့်မည်။

လူ့တန်ဖိုးသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံးရသည်နှင့် မည်သို့ပတ်သက် ဆက်စပ်နေပါသနည်း။ ပညာရေးနှင့် ဆက်စပ်သူများ စဉ်းစားရန်လိုပြီ။ ပြဋ္ဌာန်းစာကိုမကျက်၍ စာမေးပွဲကျသည်။ အမှတ်နည်းသည်။ ပြဋ္ဌာန်းစာကို '၏-သည်' မလွဲ ကျက်မှတ်ဖြေဆိုနိုင်သဖြင့် ဆေးတက္ကသိုလ်၊ ရေကြောင်း၊ UFL တို့ကို တက်ခွင့်ရသည်။ အဆိုပါကျောင်းသား နှစ်မျိုးနှစ်စားတို့တွင် မည်သည့်အရာက ကွာနေပါသနည်း။ IQ လား၊ ကြိုးပမ်းအားထုတ်မှုလား၊ လူ့တန်ဖိုးသည် ထိုကျက်မှတ်နိုင်မှုအပေါ် အခြေခံပါသလား။ ဤကိစ္စကို လူတိုင်းစဉ်းစားကြမည်မဟုတ်ပါ။ သို့ရာတွင် ပညာရေးကို ပြောင်းလဲတော့မည်ဆိုသောအခါ ဤကိစ္စသည် ထည့်သွင်းစဉ်းစားရမည့် ကိစ္စဖြစ်သည်။ လူငယ်တစ်ယောက်၊ ကျောင်းသားတစ်ယောက်၏ အနာဂတ်တက်လမ်းကို ပိတ်ဆို့ပစ်လိုက်သော မည်သည့်ပညာရေးစနစ်ကိုမှ မပြဋ္ဌာန်းသင့်ပါ။

ကလေးတိုင်းသည် တန်ဖိုးရှိပါ၏။ မိမိကိုယ်ကိုယ် တန်ဖိုးမရှိဟူသော အသိစွဲငြိသွားခဲ့ပါလျှင် သိမ်ငယ်ခံစားမှု၊ နိမ့်ကျခံစားမှုများ ၀င်လာမည်။ ထိုအခါ ထိုကလေးသည် အနာဂတ်တွင် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် အပေါင်းလက္ခဏာ မဆောင်နိုင်တော့ပါ။ စိတ်ပညာဘာသာရပ်တွင် inferiority complex သည် လူသားတစ်ဦး၏ဘ၀ကို ရိုက်ချိုးပစ်လိုက်သော၊ မလိုလားအပ်သော စိတ်ခံစားမှုတစ်ခုဖြစ်သည်။ ဆယ်ကျော်သက်အရွယ်လူငယ်များတွင် မကြာခဏတွေ့မြင်နေရသော ကလန်ကဆန်လုပ်မှုများ၊ မကျေနပ်မှုများ၊ ပေါက်ကွဲမှုများနှင့် ရန်လိုမှုများသည် ထိန်းချုပ်၍ မရနိုင်သော သိမ်ငယ်ခံစားမှုများနှင့် မပြည့်စုံမှုများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။

ကျောင်းသားလူငယ်တစ်ဦး၏ နောက်ကွယ်တွင် သူ့မိသားစုဘ၀လေးတစ်ခုရှိသည်။ ထိုဘ၀မှန်ကို လက်ခံပြီးကြီးပြင်းရန် လိုသည်။ ထိုအခါ ကလေးနှင့်တိုက်ရိုက်ဆက်စပ်နေသော အိမ်နှင့်ကျောင်းသည် ကလေးမိမိကိုယ်ကိုယ် မိမိယုံကြည်စိတ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားသောစိတ် ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးရန် တာဝန်ရှိလာသည်။ ယနေ့ကျောင်းများသည် ကလေးငယ်တစ်ဦး၏ လူ့တန်ဖိုးကို မည်မျှအသိအမှတ်ပြုကြပါသနည်း။ စာသင်ကျောင်းတစ်ကျောင်းသည် သူ့ရင်ခွင်ရှိ ကလေးများကို လူ့သိက္ခာရှိမှု၊ မိမိကိုယ်ကို လေးစားယုံကြည်မှုတို့ ပြည့်ဝအောင် မြေတောင်မြှောက်ပေးရန် တာဝန်ရှိသည်။

သိမ်ငယ်စိတ်ဝင်နေသူတစ်ဦးသည် မိမိကိုယ်ကိုမိမိ ယုံကြည်မှုမရှိတော့။ ကိုယ့်သိက္ခာ ကိုယ့်တန်ဖိုးကိုလည်း ထားရကောင်းမှန်းမသိတော့ပါ။ ထို့ကြောင့် အောင်မြင်မှုနှင့် ဝေးကွာသွားတတ်ပါ၏။
ပုဂ္ဂိုလ်ရေးတန်ဖိုးဟူသည် မိမိကိုယ်ကို တန်ဖိုးမဲ့သူဟု ထင်နေသူအချို့အတွက်သာမဟုတ်၊ လူ့အဖွဲ့အစည်းဝင်အားလုံးနှင့် ပတ်သက်နေသော အချင်းအရာဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းကြတော့မည်ဆိုသောအခါ အရေးတကြီးလိုအပ်လာသည်မှာ ပုဂ္ဂိုလ်ရေးရာတန်ဖိုးဖြစ်သည်။ လူတိုင်းသည် မိမိကိုယ်ကိုယ်တန်ဖိုးရှိသူဟု ယုံကြည်လက်ခံပြီး အခြားခံလူများကိုလည်း တန်ဖိုးရှိသူများအဖြစ် သတ်မှတ်လက်ခံနိုင်ပါမှသာ ဤလူ့ဘောင်လောကကြီးသည် ငြိမ်းချမ်းသာယာလာမည်။ အသားအရောင်၊ လူမျိုး၊ ဘာသာများနဲ့ လူ့တန်ဖိုးကိုသတ်မှတ်ပြီး ခွဲခြားဆက်ဆံနေသော လူ့အဖွဲ့အစည်းတစ်ခုသည် မည်မျှပင် ဒီမိုကရေစီဟု အော်ဟစ်အော်ဟစ်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမဟုတ်ပါ။ လူ့တန်ဖိုးအစစ်ကို နားလည်နိုင်စွမ်းမရှိသောသူများက လွှမ်းမိုးနေမှုကြောင့်ပင် ထိုသို့ဖြစ်နေခြင်းဖြစ်သည်။ လူ့တန်ဖိုးကို အကဲဖြတ်မှုနှင့် စပ်လျဉ်း၍ လုံးဝတရားမျှတမှုမရှိသော စနစ်ကြောင့်ပင် ဤသို့ဖြစ်နေခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခုကို တဖြည်းဖြည်းပြောင်းလဲရယူဖို့ဟု ဆိုရာတွင် အဓိကအားဖြင့် ပညာရေးပညာရှင်တို့လိုသည်။ အာဏာရှိသူတို့သည် ထိုသူတို့ကို ယုံယုံကြည်ကြည် အပ်နှံရမည်ဖြစ်သည်။ မိမိကိုယ်တိုင် ကမ္ဘာကြီးကို ခေတ်မီမီမကြည့်တတ်သူများသည် ပညာလူ့အဖွဲ့အစည်းကို မြင်နိုင်လောက်သော ကိုယ်ရည်ကိုယ်သွေးမရှိပါ။ ကိုယ်ရည်ကိုယ်သွေး အဆင့်မမီသူများသည် နိုင်ငံ၏ကံကြမ္မာကို ဖန်တီးသူများ၏နေရာတွင် မနေသင့်ပါ။ ထိုသို့သောနေရာတွင် ရောက်နေခြင်းဖြင့် သူလည်းအရာမရောက်သလို၊ နိုင်ငံ၏ အနာဂတ်သည်လည်း မရေမရာ မသေမချာဖြစ်နေတတ်ပါ၏။

ယနေ့ကလေး၊ လူငယ်ကျောင်းသူ ကျောင်းသားများသည် အနာဂတ်လူ့အဖွဲ့အစည်းသစ်ကို စီမံဖန်တီးကြရမည့် ဗိသုကာလေးများဖြစ်သည်။ သူတို့ကို မှန်ကန်စွာ ကြီးပြင်းနိုင်ရန်လိုသည်။ သူတို့ဘ၀တွင် ကြုံတွေ့ရင်ဆိုင်ရမည့် အတားအဆီး အခက်အခဲဟူသမျှတို့ကို ကျော်လွှားပြီး အောင်မြင်မှုကို သိမ်းပိုက်နိုင်ရန်လိုပါသည်။ သည့်အတွက် ဘ၀ကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်မည့် စိတ်အင်အားရှိရန် လိုပါသည်။ သိမ်ငယ်စိတ်၊ နိမ့်ကျစိတ်များဝင်နေသာ ကလေးငယ်တစ်ဦးတွင် ရင်ဆိုင်နိုင်သော စိတ်အရည်အချင်း မရှိနိုင်ပါ။

အဆိုးဆုံးမှာ တာဝန်ရှိသူများကိုယ်တိုင်က လူမမယ်ကလေးအပေါ် လူမျိုးအရ၊ ဘာသာအရ၊ အသားအရောင်အရ၊ ရုပ်ရည်အရ၊ မိဘဆွေမျိုးအသိုက်အ၀န်းအရ ခွဲခြားဆက်ဆံလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါကလေး၏ ရင်တွင်း၌ inferiority complex သည် ချက်ချင်းပေါ်လာတော့သည်။ ထိုသိမ်ငယ်ခံစားမှုသည်ပင် ကလေး၏ အနာဂတ်ကို ရိုက်ချိုးပစ်လိုက်ပါ၏။

လူပင်ဖြစ်သော်လည်း အပယ်ခံဘ၀၊ အနှိမ်ခံဘ၀၊ တန်ဖိုးမဲ့ဘ၀လူသားများအဖြစ် သတ်မှတ်ခြင်းခံရသည့်အခါ အကြမ်းဖက် ရန်လိုတိုက်ခိုက်မှု၊ ဆက်ဆံရေးမတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးပျက်ပြားမှုတို့ ဖြစ်ပေါ်လာသည်။
မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်မျိုးနွယ်ပင်ဖြစ်ပါစေ လူသားဟူသမျှသည် တန်ဖိုးရှိသည်သာဖြစ်သည်။ လူမျိုးရေးအမြင်ကျဉ်းမှု၊ ဘာသာရေးအယူသည်းမှုများကို အကြမ်းဖက်နည်းဖြင့် အပြုတ်တိုက်၍ ရနိုင်မည်မဟုတ်။ သြဇာရှိသူ၊ သြဇာကြီးသူများက နှစ်သိမ့်ပညာပေးမှု တဖြည်းဖြည်း ပြုပြင်ပေးမှ ရမည်ထင်ပါသည်။ ပုဂ္ဂိုလ်ရေးတန်ဖိုး၊ တစ်နည်းဆိုသော လူ့တန်ဖိုးဆိုသည်က မွေးရာပါ ကိုယ်ပိုင်လက္ခဏာများဖြင့် ရှိသူကရှိပြီး မရှိသူက မရှိဟူ၍ မဖြစ်စကောင်းပါ။ လူအဖြစ်မွေးလာပြီးကတည်းက လူ့တန်ဖိုးက ပါပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ ကလေးသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။ ကျောင်းသည် ဗိသုကာကောင်းများ မွေးထုတ်ရာနေရာဖြစ်သည်။ မိဘနှင့်ဆရာများသည် ကလေးတစ်ယောက်၊ အနာဂတ်ပညာလူ့အဖွဲ့အစည်းတွင် အရာရောက်သော လူသားတစ်ဦးဖြစ်လာစေရန်အတွက် သူတို့ကို မိမိကိုယ်မိမိ ယုံကြည်စိတ်ရှိလာအောင် ကိုယ့်သိက္ခာကိုကိုယ် လေးစားစိတ်တို့ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးရမည်။ သို့မှသာ ယနေ့အချိန်၌ ဆင်းရဲတွင်းနက်နေသော မြန်မာနိုင်ငံသည် တစ်နေ့တွင် တန်းမီ၊ အဆင့်မီနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

Eleven Media Group

အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အမျိုးသမီးငယ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တစ်ရပ်ကွက်တည်းနေသူ အသက် ၂၀ အရွယ် မသဲသဲက အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဆိုကာ အတူတူ အလုပ်လုပ်ရန် ပြောဆိုပြီး ဗိုလ်တထောင်ဘုရားသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ခေါ်ဆောင်သူ အမျိုးသမီးက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အသက် ၄၀ အရွယ် ဦးဝင်းနိုင် မောင်းလာသော မော်တော်ယာဉ်ဖြင့် ၎င်းတို့နှင့်အတူ လိုက်ပါခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုရှိ ရှစ်ထပ်တိုက်၊ ငါးလွှာသို့ ရောက်ရှိကာ အခန်းတံခါး သော့ပိတ်ခံရကြောင်း အဆိုပါ အမျိုးသမီးငယ်က ၎င်း၏ မိခင်ကို ပြောပြချက်များအရ သိရှိရသည်။

ယင်းနောက် ၎င်းသည် ရက် ၂၀ ခန့်က ပျောက်ဆုံးနေသော အသက် ၁၇ နှစ်အရွယ် ၎င်း၏ ညီမဝမ်းကွဲကို ပြန်လည် တွေ့ရှိပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း ခံနေရသည်ကိုပါ တွေ့ရှိရကြောင်း၊ ဦးဝင်းနိုင် ဆိုသူက ၎င်း၏ယာဉ်ဖြင့် တည်းခိုခန်း၊ ဟိုတယ်ခန်းများသို့ လိုက်လံ ပို့ဆောင်ကြောင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသည်ကို အမျိုးသမီးငယ်က ငြင်းဆန်ကာ အခန်း၏ အရေးပေါ်လှေကား ထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း၏မိခင်က ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းထံ တိုင်ကြားခဲ့သည်။
“ကောင်မလေးကို ခေါ်သွားတဲ့ နေရာတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ စုံစမ်းနေပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင် တာဝန် ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမျိုးသမီးငယ်ကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း၍ အခန်းတွင်း ပိတ်လှောင် ချုပ်နှောင်ခဲ့သူ မသဲသဲနှင့် ဦးဝင်းနိုင်တို့ကို (ပ) ၅၆/၁၄၊ ပုဒ်မ ၃၇၂/၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဗေဒင်ကိစ္စ ငြင်းခုံစဉ် စည်ပင် အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်း အသက် ၃၀ အရွယ် ကိုအရှည်ကြီးက ယူလာသော အရှည်တစ်ပေခန့်ရှိ ဝါးရိုးတပ်ဓားဖြင့် ဗေဒင်ဆရာ ကိုထိုးခဲ့ပြီး သီဟဆိုသူက ကိုအရှည်ကြီးထံမှ ဓားကိုလုကာ ဗေဒင်ဆရာကို ထပ်မံထိုးခဲ့သဖြင့် ဘယ်လက်ချောင်းများတွင် ပြတ်ရှဒဏ်ရာများနှင့် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗေဒင်ဆရာ၏ တူဖြစ်သူ တိုင်တန်းချက်အရ သိရှိရသည်။

အဆိုပါ ဗေဒင်ဆရာမှာ မန္တလေးမြို့ အမရပူရမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တူဖြစ်သူ စည်ပင်ဝန်ထမ်း နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဓားထိုးခံရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗေဒင်ဆရာမှာ ရရှိခဲ့သော ဒဏ်ရာများကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသနေရပြီး ဒဏ်ရာအခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ယင်းကဲ့သို့ ဗေဒင်ဆရာကို ဓားဖြင့်ထိုးသူဟု တိုင်ကြားခံရသူနှစ်ဦးကို (ပ) ၇၈/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

ဆက်သွယ်ရေး အော်ပရေတာများ စည်းကမ်းချိုးဖောက်လျှင် အဆင့်သုံးဆင့်ဖြင့် အရေးယူမည်




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

လိုင်စင်ချထားပေးပြီး ဖြစ်သဖြင့် မကြာမီ ယှဉ်ပြိုင်မှုများ စတင်တော့မည့် ပြည်တွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဈေးကွက်တွင် လုပ်ကိုင်ခွင့်ရ အော်ပရေတာများ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်လျှင် အဆင့်သုံးဆင့်ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပေးထားတဲ့ ကတိတွေအတိုင်း မလုပ်နိုင်ရင် ကျွန်တော်တို့မှာ အရေးယူနိုင်တဲ့ နည်းလမ်းသုံးခုရှိတယ်။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ နည်းဥပဒေမှာလည်း အသေးစိတ် ပါဝင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်သွယ်ရေးဥပဒေနှင့် လိုင်စင် ထုတ်ပေးစဉ်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် အော်ပရေတာများကို ပထမအဆင့် အနေနှင့် သတိပေးသွားမည် ဖြစ်ပြီး ဒုတိယ အဆင့်တွင် ဒဏ်ရိုက်ခြင်းနှင့် နောက်ဆုံးအဆင့် ဆက်သွယ်ရေးလိုင်စင် ရုပ်သိမ်းခြင်းအထိ ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ၎င်းကဆိုသည်။

ဝန်ဆောင်မှု ညံ့ဖျင်းခြင်း အပါအဝင် စည်းကမ်း မလိုက်နာသည့် ဆက်သွယ်ရေး အော်ပရေတာများကို ပေးဆောင်ရမည့် ဒဏ်ကြေးနှင့် ပြစ်ဒဏ်အသေးစိတ်ကို မကြာမီထွက်ရှိမည့် ဆက်သွယ်ရေး နည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရှိရသည်။
“သူတို့ဒီမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက နည်းတာမှ မဟုတ်တာ။ ဒီတော့ အော်ပရေတာတွေက လိုင်စင်သိမ်းတဲ့ အထိတော့ လုပ်မယ်မထင်ပါဘူး” ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေမြင့်က ဆိုသည်။

နိုင်ငံတကာတွင်လည်း သီးခြား လွတ်လပ်သော ဆက်သွယ်ရေး ညွှန်ကြားမှု အဖွဲ့အစည်းများက သက်ဆိုင်ရာ အော်ပရေတာများ၏ ဝန်ဆောင်မှု ညံ့ဖျင်းပါက ဒဏ်ကြေး မြင့်မြင့်မားမား ချမှတ်၍ ပြင်းထန်စွာ အရေးယူလေ့ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

လွှတ်တော် အမတ် ရုပ်သိမ်းခြင်း ဥပဒေ ဦးရွှေမန်းကို ဖြုတ်ချဖို့လား


ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း (ဓာတ်ပုံ – Reuters)

သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကြားမှာ အာဏာ ပြိုင်ဆိုင်မှု တွေ၊ အကွဲအပြဲတွေ တောက်လျှောက် ရှိနေတာမို့ အစိုးရဘက်က လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ  ပြဋ္ဌာန်း ပေးဖို့ အတင်းအကျပ်  ဖိအားပေးနေတာက အစိုးရ မကြိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို ဖြုတ်ချဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ အထူးသဖြင့် လွှတ်တော်နာယက သူရ ဦးရွှေမန်းကို အမတ်အဖြစ်က ပြန်လည် ရုပ်သိမ်းဖို့ ရည်ရွယ်ချက် ရှိလေမလား ဆိုပြီး လွှတ်တော် ကိုယ်စားလှယ် တချို့က သုံးသပ်မေးခွန်းထုတ်လာပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး တခုဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို လွှတ်တော်က အမြန်ဆုံး ပြဋ္ဌာန်း ပေးဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံ အိုင်ဆောင် အမှတ် ၂ မှာ ကျင်းပ တဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ညှိနှိုင်းဆွေးနွေးပွဲမှာ တောင်းဆို လိုက်ပါတယ်။

ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တာက တကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်စေဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၇ ဖြစ်တဲ့ “ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများ၊ တာဝန်မှ ပြန်လည် ရုပ်သိမ်း ခြင်း ဆိုင်ရာ ကိစ္စများနဲ့ ပတ်သက်၍ လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းရမည်´´ ဆိုတဲ့ ဥပဒေရှိနေတာကြောင့် တကြောင်း အဲဒီဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ် လို့ ဦးတင်အေးက လွှတ်တော် ကိုယ်စားလှယ် တွေကို ပြောဆို ပါတယ်။

လတ်တလော အနေအထားမှာ သမ္မတ၊ ဒုသမ္မတနဲ့ အစိုးရ၀န်ကြီးတွေ အပါအ၀င် အုပ်ချုပ်ရေး ယန္တရားက ထိပ်တန်း ခေါင်းဆောင်တွေကို လွှတ်တော်က စွပ်စွဲ ပြစ်တင် ဖြုတ်ချနိုင်တဲ့ အခွင့်အရေးရှိပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြုတ်ချနိုင်တဲ့ ဥပဒေ မရှိသေးတာမို့ ဒီဥပဒေပြဋ္ဌာန်းပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့အစိုးရဘက်က အတင်း အကျပ် လုပ်ဆောင်လာတာက ဘာရည်ရွယ်ချက်ရှိသလဲဆိုတာ စဉ်းစားစရာဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ် ပါတယ်။

ဒီမိုကရေစီ နည်းလမ်း အရ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် ထိန်းကျောင်းရမှာဖြစ်ပေမယ့် မြန်မာ့နိုင်ငံရဲ့ မပီပြင်တဲ့ ဒီမိုကရေစီ စနစ်မှာတော့ အာဏာပြိုင်ဆိုင်မှုတွေနဲ့ ပုဂ္ဂိုလ်ရေး အာဃာတတွေကြောင့် ဥပဒေတွေက တဖက်နဲ့ တဖက် တိုက်ခိုက်တဲ့ လက်နက်တွေ၊ အပြန်အလှန် ကာကွယ်ကြတဲ့ ဒိုင်းတွေ ဖြစ်လာပါတယ်။

ဦးရွေမန်း ဦးဆောင်တဲ့ လွှတ်တော်က လုပ်ဆောင်ချက်တွေက အခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတဦးသိန်းစိန် အစိုးရက တောက်လျှောက် ပြောဆိုနေသလို ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ကလည်း  အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ပြုပြင် ပြောင်းလဲရေး တွေက ဥပဒေနဲ့အညီ လုပ်ဆောင်ရမယ်လို့ အမြဲတစေ ဝေဖန်ထောက်ပြ နေပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း´´ ပြဋ္ဌာန်းဖို့ ဆွေးနွေးလာချိန်မှာတော့ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ကြားက နိုင်ငံရေး အကွဲ အပြဲနဲ့ အာဏာလွန်ဆွဲပွဲကို ပိုပြီး ထင်သာ မြင်သာ ရှိစေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း”  ဆွေးနွေးစဉ် သမ္မတဦးသိန်းစိန် ဘက်တော်သား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ သူရဦးရွှေမန်း ဘက်တော်သား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် တွေအကြား တဦးနဲ့ တဦး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက် ဝေဖန်ခဲ့ကြပြီး အစိုးရရုပ်မြင်သံကြား၊ သတင်းစာတွေမှာ အဲဒီဖြစ်စဉ်အကြောင်း အသေးစိတ် ထုတ်ပြန်ခဲ့ပါတယ်။

အခြေခံဥပဒေမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တိုင်ကြားလာရင် အဲဒီမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးပြီး  မဲဆန္ဒခံယူပွဲ ကျင်းပရမယ်၊ မဲဆန္ဒရှင် ထက်ဝက်ကျော်ရဲ့ ဆန္ဒမဲနဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ တာဝန်ကနေ ပြန်ရုပ်သိမ်းနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။

ဦးရွှေမန်း အပါအ၀င် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အမတ်တွေအားလုံးက လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ အမတ်တာဝန်က ရုပ်သိမ်းဖို့ တိုင်တန်းရမယ့် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း ဆိုတာ အင်မတန် နည်းတဲ့ အရေအတွက်မို့ အဲဒီအတိုင်း ဥပဒေပြဋ္ဌာန်းလိုက်ရင် တိုင်တန်းမှု တွေ လုပ်လာရင် နိုင်ငံရေး မတည် ငြိမ်မှု တွေ ဖြစ်လာမယ်၊ လွှတ်တော်ကိုယ်စားလှယ် တွေ အလုပ်ပျက်မယ်ဆိုပြီး ဥပဒေကြမ်းကို မဆွေးနွေးဖို့၊ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ ဆက်ဆွေးနွေးဖို့ တိုက်တွန်းခဲ့ကြပေမယ့် သူတို့တိုက်တွန်းချက်တွေက အရာမထင်ခဲ့ပါဘူး။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကြမ်း ပြဋ္ဌာန်းဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီကြားမှာ ဆွေးနွေးမှုတွေရှိနေပေမယ့် ပြဋ္ဌာန်းဖို့တော့ မလွယ်ကူသေးပါဘူး။

ဒါပေမယ့် ဒီလွှတ်တော်သက်တမ်းမကုန်ခင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တော့ အဲဒီဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းရမှာဖြစ်ပြီး အဲဒီဥပဒေသာ အသက်ဝင် အတည်ဖြစ်လာရင် အစိုးရအနေနဲ့ သူတို့မကြိုက်တဲ့ အမတ်တွေကို ဖြုတ်ချဖို့ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုန်းကို စည်းရုံးပြီး ဖြုတ်ချနိုင်တဲ့ အခွင့်အလမ်းတွေ ရလာပါ့မယ်။

သမ္မတဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားမှာ ထင်သာမြင်သာရှိတဲ့ မသင့်မြတ်မှုတွေရှိနေတာမို့ ဦးရွှေမန်းကိုတောင် အဲဒီဥပဒေနဲ့ လွှတ်တော်အမတ်အဖြစ်က ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ဦးရွှေမန်းက နေပြည်တော် ဇဗ္ဗူသီရီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဇဗ္ဗူသီရိမြို့နယ် ဆိုတာကလည်း အစိုးရ၀န်ထမ်း တွေ တော်တော်များများရှိနေတဲ့ မြို့နယ်ပါ။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေ ပြဋ္ဌာန်းပြီးလို့ ဇဗ္ဗူသီရိမြို့နယ် က မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ဦးရွှေမန်းကို မကြိုက်လို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလာရင် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆန္ဒခံယူပွဲ ကျင်းပရမှာဖြစ်ပါတယ်။ ဆန္ဒခံယူပွဲ က ထွက်ပေါ်လာမယ့် ရလာဒ်က ဦးရွှေမန်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးပါ လိမ့်မယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဦးက “ ဒါတွေကို စိန်ခေါ်မှုလို့ လက်ခံတယ်။ ကိုယ့်သိက္ခာ ကိုယ်ယုံတယ်။ ကျနော်တို့လုပ်နေတာ လွှတ်တော်ကြီးမှာ ဘာအခွင့်အရေး မှ မရှိပါဘူး။  ဦးရွှေမန်းနဲ့ ဦးသိန်းစိန်ကြားမှာ ပဋိပက္ခ ရှိသည်ပဲ ထားဦးတော့ နိုင်ငံအတွက် လုပ်မှာလား၊ မကျေနပ်မှု ကို အခြေခံပြီး လုပ်မှာလား၊ ဘာကိုရည်စူးပြီး လုပ်ကြမှာလဲ။ လွှတ်တော်ဘက်ကတော့ ဒီဥပဒေ (လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ) မရှိခင်ကတည်း အစိုးရကို စွပ်စွဲပြစ် တင်လို့ရတဲ့ အခွင့်အရေး ရှိခဲ့တာပဲ။ မလုပ်ခဲ့ဘူး။ ဒီခေတ်ကြီးမှာ ခေတ်သစ်၊ စနစ်သစ် ဒီနိုင်ငံကို ပြောင်းလဲနေတဲ့ အချိန်မှာ ကိုယ့်ပါတီက တင်လိုက်တဲ့ လွှတ်တော်၊ ကိုယ့်လွှတ်တော်က တင်လိုက်တဲ့ အစိုးရ ဘယ်သူ့ကိုမှ ဖြုတ်မချင်ဘူး။ ရာဇ၀င် ရိုင်းတယ်။ ဖြစ်လည်း မဖြစ်ချင်ဘူး။ ဒါကြောင့်မို့ ဒါတွေကို အားလုံး ရှောင်ရှားတယ်။ ဘယ်တော့မှ အယုံအကြည် မရှိ အဆို တင်သွင်းရမှာ မျိုးကို ရှောင်ရှားမယ်။ အဲဒါကို တဖက်က ဒီဥပဒေ (လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေ)နဲ့ လုပ်လာပြီဆိုရင်တော့ လုပ်ပေါ့။ တိုင်းပြည်က ဆုံးဖြတ်လိမ့်မယ်´´ လို့ သုံးသပ်ပြောဆိုပါတယ်။

ဧရာဝတီ

ကြက်ဥစားရင် ပါဏာတိပါသာကံ ထိုက် မထိုက်



တချို့က ကြက်ဥကို အသက်မရှိသေးဘူးလို့ ယူစတယ်၊ ဗုဒ္ဓရဲ့ အဆိုအမိန့် အရ ဒီကြက်ဥလေး သန္တန်  ပေါ်လာပြီဆိုကသေးက ဒီထဲမှာ ဝိညင်လေးရှိနေပြီ။ ဒီကြက်ဥလေး ပုပ်မသွားအောင် အသက်က ထိန်းသိမ်း စောင့်ရှောက်တယ်။ အကောင်မပေါ်သေးတာနဲ့ အသက်မရှိဘူးဆိုတာ မဟုတ်သေးဘူး။

 ကြက်ဥလေးဟာ မိခင် ကြက်မကလည်း ဝပ်ပေးတယ် ဒါနဲ့ တဖြည်းဖြည်းရင့်လာတော့ အကောင်ဖြစ်လာတယ်။ အဲ့ဒီဖြစ်လာဖို့ အခြေခံ မျိုစေ့ရှိကသေးက အသက်ရှိတယ်လို့ ပြောရမယ်။ ဒါကို ကြက်ဥစားရင် ပါဏာတိပါသာကံ ထိုက်လားလို့ ဆိုရင်၊ သတ္တဝါလို့လည်းယူစမယ် - သတ္တဝါလည်းဟုတ်နေပြီးသားပဲ၊ အသက်လည်းရှိတယ်၊ သေစေလိုတဲ့ စိတ်လည်းရှိမယ် - သေအောင်လို့လည်းလုပ်မယ် - သေလည်း သေတယ် ဒီလို ၅ချက်နဲ့ ကိုက်ရင်တော့ ပါဏာတိပါသာကံ မြှောက်တယ်လို့ ပြောရမယ်။ သတ္တဝါလို့ မယူစဘူး အသက်မရှိဘူးဆိုပြီ စားမယ်ဆိုရင်တော့ သေမူတော့ဖြစ်တယ် ဒါပေမဲ့ ပါဏာတိပါသာကံ မြှောက်စေတဲ့ အင်္ဂါ ၅ ရပ်တော့ မပြည့်စုံဘူးလို့ပဲ ပြောရမယ်။

(အရှင်ဒေါက်တာနန္ဒမာလာဘိဝံသ)

D-eXistence မှ "မိဘနှင့် သားသမီးအကြား မှန်ကန်သော အမြင်များ တရားတော်" မှ  ကောက်နှုတ်တင်ပြပါသည်။ (36:42 Min)
World Of Wisdom

ရန်ကုန်မြို့ မအူကုန်းလမ်းကျယ်တွင် သင်္ကန်းဝတ်တစ်ဦး ဆူပူမှု ဖြစ်ပွား



၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်းခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

ဆံပင်ပုံစံတကျ ညှပ်ထားသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆင်မြန်းရသည့် သင်္ကန်းဝတ်စုံကို အသေအချာ ၀တ်ဆင်ထားပြီး မအူကုန်းလမ်းကျယ်ပေါ်ရှိ တူဒေးလဘက်ရည်ဆိုင်အနီးမှာ အချိန်နှစ်နာရီနီးပါးခန့် ကြာအောင် ကားတစ်စီး၏ ဘော်နတ် အင်ဂျင်ဖုံးပေါ်တွင်ထိုင်၍ အော်ဟစ်ဆူပူနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ဆိုပါတယ်။

"အဆွရ် အဇန်ပေးတဲ့အချိန်လေ။ ညနေ (၅) နာရီ မတ်တင်း လောက်ပေါ့။ ပြေးလာပြီးတော့ အဲ့ဒီကားပေါ် တက်ထိုင်လိုက်တယ်။ ပြီးတော့ အော်ဟစ်နေတယ်။ သူ့ကို ကယ်ပါ။ သူ့ကို ၀ိုင်းလုပ်နေတယ်။ အနိုင်ကျင့်နေတယ်လို့ တော်တော်ကြာကို အော်ဟစ်နေတယ်။ ကတုံးတုံးမထားဘူး။ ဆံပင်အရှည်နဲ့။ ကြည့်တဲ့သူတွေများလာတော့ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းကို သင်္ကန်းစကို ခြုံတင်ပြီး ဆံပင်တွေကို အုပ်လိုက်တယ်။ လက်အုပ်ချီတာကို လူမြင်အောင် ခေါင်းပေါ်တင်ပြီး လက်အုပ်ချီထားပြီးတော့ ပွဲခံတယ်။ ဘေးကနေ အော်ဟစ်နေလို့ ရေဗူးနဲ့ ရေတိုက်နေတာလဲ ရှိတယ်။ သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ တော်တော်ကို ပွဲခံလာလို့ အင်္ကျီလဲပေးဖို့ လာပေးတဲ့သူလဲ ပေးတယ်။ ရဲစခန်းကိုလည်း လူတော်တော်များများက ဖုန်းဆက်ပြီး အကြောင်းကြားတာကို ရောက်မလာဘူး။ လူများလာလေ ပိုပြီး အော်ဟစ်လေ လုပ်နေတယ်။ မွတ်စလင်မ်ရပ်ကွက်ဆိုတော့ ကြည့်နေတဲ့သူအများစုက မွတ်စလင်မ်တွေ ဖြစ်နေလို့ ပြဿနာတွေ ပေါ်မလာအောင် လူစုကို အချင်းချင်း ခွဲခိုင်းနေရတယ်။ ဖြတ်သွားတဲ့ ကားတွေကလည်း ရပ်ကြည့်တော့ ပိတ်ဆို့ကုန်တာပေါ့။" ဒေသခံတစ်ဦးက သတင်းရယူနေတဲ့ အလင်းမျက်ဝန်း စီဂျေကို ပြောပြတာ ဖြစ်ပါတယ်။

အဆိုပါပုဂ္ဂိုလ်မှာ မိမိကိုယ်မိမိ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေမှုကြောင့် ဒေသတွင်း အာဏာပိုင်များက ထိန်းသိမ်းရန် အချိန်အတော်ကြာအောင် ခက်ခဲနေခဲ့ကြတယ်လို့ ပြောဆိုသူများလည်း ရှိနေသလို၊ အမှန်တကယ်ပင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်း၏ ဆွေမျိုးရင်းခြာတစ်ဦးလည်း ဖြစ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ ဒေသခံများက အလင်းမျက်းဝန်း၏ စီဂျေများကို ပြောပြကြပါတယ်။

အချိန်အတော်ကြာပြီးနောက် ၎င်းအား တက္ကစီအငှားယဉ်တစ်စီးဖြင့် တာမွေရဲစခန်းမှ ရဲအရာရှိများလိုက်ပါ၍ တင်ဆောင်သွားပြီးနောက် တာမွေရဲစခန်းတွင် ခေတ္တအနားယူပြီး၊ ယခင်စစ်ထောက်လှမ်းရေးဟောင်းများ စုရုံးလေ့ရှိခဲ့သည့် ခင်ညွန့်ကျောင်းဟု လူသိများသော တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းသို့ အဆိုပါသင်္ကန်းဝတ်အား သွားရောက်ပို့ဆောင်ပေးခဲ့ရာ ကျောင်းထိုင်ဘုန်းကြီးမှ ငြင်းဆိုခဲ့သောကြောင့် တာမွေမြို့နယ်ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးနောက် စိတ္တဇ္ဇဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ပြီး သတင်းကွင်းဆက် ပြတ်တောက်သွားခဲ့ရကြောင်း လေ့လာသူ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မအူကုန်းရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကတော့ "စစ်ထောက်လှမ်းရေးဆိုတာ စီပွားရေးသမားလိုလည်း နေတတ်တယ်။ ဘုန်းကြီးလိုလည်း ဟန်ဆောင်တတ်တယ်။ အရူးလိုလည်း နေတတ်တယ်။ အခု သူ ဘာလို့ မွတ်စလင်မ်အများစုရှိနေတဲ့ ဒီနေရာကိုမှ လာပြီး ဒီလိုလုပ်သွားရလဲဆိုတာ စဉ်းစားကြည့်ရင် အဖြေသိပါတယ်။ လုပ်ပြီးတော့ ရဲစခန်းမှာ မစစ်ဆေးဘဲ ဆံပင်အရှည်ကြီးနဲ့ ဘုန်းကြီးမဟုတ်တဲ့လူမှန်းကို သိသိကြီးနဲ့ ဘုန်းကြီးကျောင်းကို ပို့တယ်ဆိုတာလဲ ဘာသဘောလဲ စဉ်းစားစရာပဲ။ နောက်ပြီး ဆေးရုံကိုပို့တယ်ဆိုတာရော ဟုတ်ရဲ့လား။ ဘယ်လောက် ယုံကြည်ရမှာလဲ။ ဒီလိုတွေ လာလုပ်နေတာက ပရောဂတွေ ၀င်လာစေဖို့ ရည်ရွယ်ရှိနေတယ်ဆိုတာ ထင်ရှားလွန်းတယ်။ ဒီလိုလုပ်လို့ ဒေသခံ လူမျိုး ဘာသာစုံက စိတ်အနှောက်အယှက် ဖြစ်သွားရတယ်။ သူ့ကို ဘယ်ကိုပို့လိုက်တယ်၊ ဘာလုပ်လိုက်တယ်ဆိုတာ ထင်သာမြင်သာရှိဖို့ လိုမယ်။" စီဂျေများမှတဆင့် အလင်းမျက်ဝန်း၏ ဆက်သွယ်မှုကို ဦးညီညီက ပြန်လည် ဖြေကြား ပြောဆိုခဲ့ပါတယ်။

ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းရဲ့ သားမက်ဖြစ်ပြီး စီးပွားရေးသမားအသွင် ဟန်ဆောင်၍ ယခင်ကတည်းက မအူကုန်းရပ်ကွက်အတွင်း ၀င်ရောက်ကာ သတင်းရယူခြင်းများရှိခဲ့တဲ့ အဆိုပါပုဂ္ဂိုလ်မှာ ဒေသခံအချို့နှင့်လည်း ရင်းနှီးသူဖြစ်ကာ အစ္စလာမ်ဘာသာရေး အဆောက်အအုံများဖြစ်သော ဗလီနှင့် ဘာသာရေး စာသင်ကျောင်းများအတွင်းသို့လည်း ၀င်ရောက်လေ့ရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ယခုလို မအူကုန်းရပ်ကွက်အတွင်း အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ နေရာတွေမှာ ဘုန်းကြီးများအသွင်ဆောင်၍ လာရောက်ဆူပူခြင်းများဟာ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းကလည်း သင်္ကန်းဝတ်နှစ်ဦးမှ မအူကုန်းလမ်းကျယ်အတွင်း ဆူပူရမ်းကားခဲ့လို့ အထိတ်တလန့် ဖြစ်ခဲ့ရဖူးသော်လည်း ဒေသခံများက အစ္စလာမ်ဘာသာဝင် အများစုဖြစ်တာကြောင့် အခြေအနေကို ငြိမ်းချမ်းစွာနဲ့ ထိန်းသိမ်းလိုက်နိုင်တယ်လို့ သိရပါတယ်။

မကြာခင်အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအကြို စည်းရုံးရေးခရီးစဉ်များ စတင်တော့မှာဖြစ်ပြီး၊ အာဏာရှင်အစိုးရများ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒ သက်ဆိုးရှည်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့ပြီး၊ တိုင်းရင်းသား နိုင်ငံသားအများစု ကိုးကွယ်ရာ ဘာသာတရားများအား (၄%) သာရှိသော လူနည်းစုများသဖွယ် ပုံဖော်ခဲ့သော်လည်း မကြာခင်မှာတော့ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့မှ ဦးဆောင်သည့် နောက်ဆုံးပေါ်နည်းပညာများဖြင့် လိမ်ညာခြင်းနည်းပါးစေရန် လုပ်ဆောင်၍ ကောက်ယူမည့် သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမှု အစီအစဉ်အား စတင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်များနှင့် နီးကပ်လာချိန်တွင် ယခုလို ဘာသာရေးနည်းလမ်းဖြင့် မှိုင်းတိုက်၍ ဖျက်လိုဖျက်စီးဖြစ်စေရန် လုပ်ဆောင်မှုများအား မလိုသူများက အကြမ်းဖက်သမားများအား အသုံးချ၍ နိုင်ငံအနှံ့တွင် လုပ်ဆောင်လာနိုင်ဖွယ်ရှိလို့ သတိပြု၍ နေထိုင်သင့်ကြောင်း၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အနေအထိုင်ကို အထူးဂရုစိုက်၍ ဆင်ခြင်နေထိုင်သင့်ကြပါကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုနေကြပါတယ်။

အလင်းမျက်ဝန်း ရန်ကုန်သတင်းအဖွဲ့

 ဓာတ်ပုံရှင်းလင်းချက်
» ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မအူကုန်းလမ်းကျယ်ပေါ်မှ မြင်ကွင်းများ (ဓာတ်ပုံ - မျက်ဝန်းစီဂျေများ)
http://www.teol-mm.info/2014/02/blog-post_9002.html

အ၀တ်ကိုယ်တိုင် ချုပ်ပါ


Open Source printer ပါတဲ့။ ကိုယ်ဘာကို ဗမာလို တွေးတော့ ရက်ကန်းစင်လို့ပေါ့။ သိုးမွှေးဇာထိုးတဲ့ စက်တစ်မျိုးပါပဲ။ သို့ပေမဲ့ လူလုပ်အားပါ စရာမလိုပါဘဲ ကိုယ်အချိုးအစား အတိုင်းအတာတွေကို ဆော့ဝဲလ်ထဲ ရိုက်ထည့်ကာ အနည်းငယ် ထိန်းပေးရုံပါပဲ။

ဆိုင်က၀ယ်ဝတ်တဲ့ အ၀တ်တွေကဈေးကြီးနိင်ပါတယ်။ ဒါပေမဲ့ ဒီလိုကိုယ်ဘာကိုယ် စက်နဲ့ ကိုယ်အကျီ င်္ ကိုယ်ထိုးဖို့ကြတော့လည်း ဘယ်သူမှ
စိတ်ရှည်လောက်မှာ မဟုတ်ပါဘူးနော့။

အဆိုပါစက်တန်ဖိုးကဖြင့် ဒေါ်လာ ၇၅၇ အောက်ကျသင့်မှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့ ကိုယ်တိုင် သိုးမွှေးချည်ထည်တွေကို ထိုးနိင်ပြီး ဒီလို ထိုးနိင်ဖို့ကိုလည်း ဆော့ဝဲလ်တွေနဲ့ ပြုလုပ်ထားပါတယ်။ ကိုယ်ပိုင်
အ၀တ်အစားတွေကို လျှင်မြန်စွာနဲ့ လွယ်ကူစွာ ပြုလုပ်နိင်ပြီး အချို့ပုံစံပြားနဲ့ ရက်ချည်အချို့ သာလိုအပ်မှာ ဖြစ်ပါတယ်။

ဝါသနာရှင် ဒီဇိုင်းနာများသည်လည်း သူတို့ရဲ့ ကိုယ်ပိုင် ဖန်တီးမူတွေကို ဝေမျှနိင်ပါတယ်။ ဒီလို ကိုယ်ပိုင်ပြုလုပ်မူတွေဟာ တစ်ချို့သော တစ်စုံတစ်ယောက်အတွက် အကောင်းဆုံး လက်ဆောင်တစ်ခုတောင် ဖြစ်စေနိင်ပါတယ်။

Aung Heine
Smart Pro Journal


ချစ်သောမျက်စိဖြင့်သာ


ချစ်နိုင် (စိတ်ပညာ)

‘‘သူတစ်ပါးတို့၏ ကြမ်းတမ်းဝန်တို မလိုသောစကားတို့ကို နှလုံးမသွင်းအပ်၊ သူတစ်ပါး၏ ကောင်းသောအမှု၊ မကောင်းသောအမှု၊ ပြုမပြုကိုမကြည့်ရှု မဆင်ခြင်ရာ၊ မိမိ၏ကောင်းသောအမှု၊ မကောင်းသော အမှုပြုမပြု ကိုသာလျှင် ကြည့်ရှုဆင်ခြင်ရာ၏။’’
ဂေါတမဗုဒ္ဓ(၅၆၃-၄၈၃ ဘီစီ)ဓမ္မပဒ-၅၀
‘ကိုအောင်ရေ’
‘ဗျာ ကိုဝိုင်း’
‘သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ လုံးချင်းစာအုပ်လောကမှာ ယခင်အစိုးရများ လက်ထက်က စာပေစိစစ်ရေး ရှိနေလို့ မထွက်ဖြစ်၊ မထုတ်ဝေခဲ့ရ၊ မရေးနိုင်တဲ့ စာပေမျိုးစုံဟာ ယနေ့အခါမှာ ရေတံခွန်စီး ကျသလိုပဲ၊ ပေါပေါ လှိုင်လှိုင်ကြီးကို သွန်ချပြီး ထွက်နေကြတာဗျနော် ‘မှန်တယ် ကိုဝိုင်းရေ၊ အရည်အသွေး အရည်အချင်း တိုးတက် သလား ဆုတ်ယုတ်သလားဆိုတာ ယခုအချိန်မှာ သုံးသပ်ဖို့စောသေးပေမယ့် အရေအတွက်ဘက်မှာ ဘုံးပေါ လအော ထွက်နေကြတာကတော့ လွတ်လပ်ခွင့်အပြည့်အဝပေးလိုက်တဲ့ နိုင်ငံတော်အစိုးရရဲ့ အပြုသဘော၊ ကောင်းမွန်တဲ့ သဘောထားဆိုတာ အသိအမှတ်ပြုကြရမှာပါ’
‘သုတစာပေတွေ တစ်နှစ် နှစ်နှစ်ကာလအတွင်း သိသိသာသာ ကျယ်ပြန့်အားကောင်းလာပေမယ့် ကလေး စာပေ၊ လူငယ်စာပေ၊ သိပ္ပံဆိုင်ရာစာပေနဲ့ ပညာရပ်ဆိုင်ရာအဆင့်မြင့် သုတေသနစာပေများကတော့ အားရစရာမရှိလှသေးပါဘူးဗျာ’
‘ဒါလည်းမှန်ပါတယ်။ အခုမှ စဖွင့်တာဆိုတော့ နောင်လေးငါးနှစ်မှာသုတစာပေ စာကောင်းပေကောင်းတွေ နောက်ထပ် အများကြီးထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်’
‘ကိုအောင်ရေ ရသစာပေဘက်ကကြည့်ရင်လည်း ပြဇာတ်ဆိုတာကွယ်ပျောက်သလောက်ဖြစ်နေပြီ။ ဇာတ် သဘင်ရဲ့ ကျဆင်းသွားခြင်းနဲ့အတူစင်တင်ပြဇာတ်များ အားနည်းသွားခဲ့သလို အရေးဘက်မှာလည်း ပြဇာတ် စာပေဟာ ခေတ်တိမ်ပြီး တိမ်ကောလုနီးနီးအခြေအနေဆိုက်လာတာ စိတ်မကောင်းစရာပဲ’
‘ဒါကတော့ စာဖတ်သူတွေရဲ့ အားပေးမှုအဆုံးအဖြတ်ပါ’
‘ကဗျာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်မတတ်ဘူး။ ကိုယ်တိုင် မဖွဲ့တတ် မစပ်တတ်တာကြောင့် အကဲမဖြတ် တတ်ပါဘူး။ စာပေမြတ်နိုးသူစာဖတ်သူတစ်ယောက်အနေနဲ့ တင်ပြရရင်တော့ ကဗျာတော်တော်များများဟာ စာဖတ်သူကို ဆွဲဆောင်အား နည်းပါးကြတယ်။ဂနဝ္ထ င်ကဗျာရေးဖွဲ့ပုံပဲဖြစ်ဖြစ်၊ မော်ဒန်၊ ပို့စ်မော်ဒန်ပုံစံပဲဖြစ်ဖြစ်၊ စာဖတ်သူကို စိတ်ဝင်စားအောင်၊ဖတ်ချင်အောင် ဆွဲဆောင်မှုနဲ့ ခံစားမှုရသတစ်ခုခုပေးဖို့ အောင်မြင်တာရှား တယ်။ ဒါကလည်း ကဗျာဆိုတဲ့ စာပေအဖွဲ့အနွဲ့ရဲ့ သဘောက ရတနာလိုပဲ အဖိုးတန်ပြီး ရှားပါးခက်ခဲတဲ့ အရာ ဆိုတာ နားလည်ပါတယ်။ အပုဒ်တစ်ရာရေးပေမယ့် စာဖတ်သူနားစွဲစေလောက်အောင်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ရဖို့ရာ ခက်ခဲပါတယ်လေ’
‘ဟုတ်တာပေါ့’
‘ရသစာပေဘက်မှာ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ ထွက်နေကြတာကောဘယ်လိုအခြေအနေရှိသလဲ’
‘ပုံမှန်လို့ ကြားရတာပဲ’
‘ရွှေဥဒေါင်း၊ ပီမိုးနင်းစတဲ့ စာအုပ်များ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊တက္ကသိုလ်ဘုန်းနိုင်၊ ဗန်းမော်တင်အောင်၊ ခင်နှင်းယု၊ ခင်ဆွေဦးတို့ရဲ့ယခင်က အကြိမ်ကြိမ်ထုတ်ဝေခဲ့ဖူးတဲ့ စာအုပ်ကောင်းများလည်း စာရွက်ကောင်း ကောင်း၊ အဖုံးကောင်းကောင်း၊ စာအုပ်အရည်အသွေးကောင်းကောင်းနဲ့ ပြန်လည်ထွက်ရှိကြတာ တွေ့ရသဗျ နော်’
‘မြန်မာစာပေရေစီးကြောင်းရဲ့ အတိတ်ခရီးကို မသိလိုက်မမီလိုက်တဲ့ ယနေ့ခေတ်လူငယ်တွေအတွက် စာဟောင်း ပေဟောင်း စာကောင်းပေကောင်းတွေကို စေတနာထားပြီး အခုလိုပြန်လည် ထုတ်ဝေပေးကြသူတွေ ကိုကျေးဇူးတင်စရာပဲ’
‘စာပေထုတ်ဝေရေးလုပ်ငန်းဟာ အမြတ်အစွန်းငွေကြေး သက်သေ တစ်ခုတည်းကို ရည်ရွယ်ရှေးရှုလုပ်လို့ မအောင်မြင်ဘူးဗျ။ စာဖတ်သူများအတွက် အမျိုး၊ ဘာသာ၊ သာသနာအကျိုး၊ စာပေအကျိုးကို ရှေးရှုရည်ရွယ်ပြီး ထုတ်ဝေမှ တာရှည်ခံတယ်။ ရေရှည်အောင်မြင်ပါတယ်။’
‘ကိုဝိုင်းပြောတာ မှန်တယ်၊ ဟံသာဝတီစာပေတိုက်၊ မြန်မာပြည်စာပေတိုက်၊ ပုဂံ၊ နံ့သာ၊ နှလုံးလှ၊ ပါရမီ၊ ရာပြည့်၊ မြ၀တီ၊ ဂုဏ်ထူး၊ တူဒေး၊စိတ်ကူးချိုချို၊ အားမာန်သစ်၊ စာပေလောက၊ လောကသစ်၊ လူထု၊ ပန်းရွှေပြည်၊ ဓူဝံအစရှိတဲ့ စာပေတိုက်များဟာ စာကောင်းပေကောင်းအချို့ကိုငွေကြေးအမြတ်မရနိုင်မှန်းသိလျက်နဲ့ တမင်အရှုံးခံပြီး ပုံနှိပ်ထုတ်ဝေတာတေ ရှိခဲ့ကြတယ်ဗျ’
‘စာကောင်းပေကောင်းဆိုတာ ရေးသူကလည်းရေးမှ၊ ထုတ်ဝေသူလည်းရှိမှ စာကောင်းပေကောင်းကို ဖတ်ရှုအားပေးကြတဲ့ ပရိသတ်လည်းရှိပါမှဗျနော်’
‘ရေးသူအချို့က လွန်ခဲ့တဲ့အနှစ် ၂၀ ကာလလောက်အတွင်း ဝတ္ထုတို၊ ဝတ္ထုရှည် စာအုပ်ကောင်းတွေ ပေါ်ထွက် တာ နည်းရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအကြောင်းရင်းက စာပေစိစစ်ရေး ဆိုတာကြီး ရှိနေလို့ပါ ဆိုပြီး အကြိမ်ပေါင်းများစွာ အပြစ်ဆိုလက်ညှိုးထိုးပြီး ယိုးမယ်ဖွဲ့ခဲ့ကြတာဗျ။ စာပေစိစစ်ရေးကမတည်းဖြတ်၊ မဖြတ်တောက်တော့ပါဘူး။ ရေးချင်ရာရေး၊ရေးချင်သလိုရေး၊ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူ၊ ကိုယ်ထုတ်ဝေ တာ ကိုကိုယ်တာဝန်ယူ၊ ဒီမိုကရေစီအခွင့်အရေးအရ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဝေခွင့်များ၊ လက်ရှိအစိုးရကခွင့်ပြုပေးလိုက်ပါပြီ။ ကဲ-ယခင်အစိုးရလက်ထက်က စိစစ်မှု၊ တားဆီးမှု၊ပိတ်ပင်မှု အားလုံးကိုပယ်ဖျက်ရုပ်သိမ်းလိုက်ပါပြီ။ သို့သော် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်လောကမှာ အဲသလို ပြောင်းလဲခြင်းကြောင့် သိသာတဲ့ရသစာပေကောင်းများ ထွက်ပေါ်လာခြင်းတော့ မတွေ့မိသေးဘူး။’
‘ကိုအောင်ပြောတာ စိတ်ဆန္ဒအစွဲပါနေတယ်။ ခင်ဗျားထွက်သမျှ ဝတ္ထုရှည်စာအုပ်တွေကို အကုန်ဖတ်တာ လည်းမဟုတ်ဘဲနဲ့ စကားကိုလွန်အောင်မပြောသင့်ဘူး။ ယခင်စာပေစိစစ်ရေးရှိခဲ့စဉ်ကလည်း နိုင်ငံနဲ့လူမျိုးကို အကျိုးထိခိုက်စေမှာဆိုရင် ဖြုတ်တယ်၊ တိုင်းရင်းသားအချင်းချင်းချစ်ခင်စည်းလုံးမှုကို ထိပါးနိုင် တယ်ဆိုရင်ဖြတ် တယ်။ ရသစာပေကျဆင်းပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖိနှိပ်ခဲ့တာမှမဟုတ်ဘဲ၊ စာပေစိစစ်ရေးကို ရမယ်ရှာပြီး ရန် လုပ်နေစရာတော့ မလိုပါဘူး။ သို့သော် စာပေစိစစ်ရေးမရှိတော့တဲ့နောက်ပိုင်း လက်ရှိကာလမှာ ရသစာပေ ဘက်မယ် သိသိသာသာ ထူးခြားတဲ့ကောင်းကျိုးတော့ မတွေ့ရသေးဘူး။ ဒီသဘော မဟုတ်လား’’
‘မှန်တယ် ကိုဝိုင်းရေ၊ ဝတ္ထုရှည်စာအုပ်တစ်အုပ်ထဲမှာ ထားဝယ်သားတွေ ဘယ်လိုဆိုးတယ်ဆိုတာ ရေးထား တာကို တွေ့လိုက်မိသဗျ။ စာပေစိစစ်ရေးသာရှိရင် ဒါမျိုးကိုဖြုတ်ပစ်ခဲ့လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ထားဝယ်သား တွေဖတ်မိရင် ဒီဝတ္ထုရေးဆရာကို စိတ်ဆိုးကြမှာပဲ။ ဝတ္ထုတစ်ပုဒ်ထဲမှာ ဇာတ်ကောင်ရဲ့အဖေဟာ သာစည်မှာ တော်တော်ကြီး ဒုက္ခရောက်ခဲ့ရတယ်တဲ့။ သာစည်သားများဟာ တစ်ယောက်မှ မကောင်းပါဘူး ဆိုတာမျိုး၊ သာစည်နယ်ကို ချိုးနှိမ်ပုတ်ခတ်တဲ့စာသားတွေ အာဃာတနဲ့ ရေးထားတာ တော်တော်များများ တွေ့ရတယ်။ ဒါလည်း ဒီမိုကရေစီအခွင့်အရေးမို့ လွတ်လပ်စွာရေး ခွင့်ရလာတာနဲ့ ဟိုကလော် ဒီခတ်လုပ်တဲ့ လက္ခဏာပဲ၊ ဟိုချော် ဒီချော်ဖြစ်တာ သူ့ဘာသာသူတောင်မှ သိပုံမရပါဘူး’
‘ဘယ်သူရေးတဲ့ ဘယ်ဝတ္ထုများလဲဗျာ’
‘မပြောတော့ပါဘူး။ လူတစ်ဖက်သား ထိခိုက်နစ်နာစေမှာကို မလိုလားပါဘူး။ သူရေးတဲ့ဝတ္ထုဟာ အမျိုးသား စာပေဆုပေးထိုက်သလား အဆင့်ဆင့်ဆန်ခါတင်စဉ်းစားကြရတဲ့အထိ ကောင်းနေပါတယ်။ သို့သော်အခု ကျွန်တော်တင်ပြသလို ဝတ္ထုကြောင်းအရ မလိုအပ်ဘဲ အရပ်ဒေသတစ်ခုခုရှိ ပြည်သူများကို စိတ်အနှောင့် အယှက် ဖြစ်စေလောက်အောင် စာပေထဲမှာ ထိပါးပုတ်ခတ်တာ ပါနေတဲ့အတွက် ဆုမရရှာဘဲ ပျောက်ကွယ် သွားခဲ့ရပါတယ်’
‘အလို- စာနဲ့ ပေနဲ့ အက္ခရာတင်တဲ့ အရေးအသားစာလေးတစ်ကြောင်းနှစ်ကြောင်း၊ တစ်ပိုဒ် နှစ်ပိုဒ် ဒေါသသင့် တာနဲ့တင် နတ်သုဒ္ဓါမှန်ပါလျက်မစင်တစ်စက် ပါဝင်စွက်လို့ ပျက်ယွင်းရသလို နစ်နာရရှာတာပဲနော်’
‘ကိုဝိုင်းရေ၊ နေ့စဉ်ဖတ်နေတဲ့ သတင်းစာတွေမှာရော အပတ်စဉ်ဖတ်နေတဲ့ ဂျာနယ်တွေမှာရော၊ ရာဇဂိုဏ်း၊ ဓမ္မဂိုဏ်း၊ ဒေါသသင့်တဲ့ဆောင်းပါး တွေ၊ သဘောထားပါတဲ့ခေါင်းစီးတပ်ပုံတွေ၊ ကာတွန်းတွေ တော်တော် များများကို တွေ့နေရတယ်ဗျာ။ အမုန်းနဲ့ ဒေါသနဲ့ မာနအာဃာတနဲ့ ရေးတာသားတာဟူသမျှ ချဉ်ချဉ် ခါးခါး အရသာဆိုးရွားတာ ခံစားနေကြရပါတယ်။ လောကဝန်းကျင်ကို အဆိပ်သင့်စေတာပဲဗျ’
‘အစိုးရကို ဆော်ရရင် ပြီးရော၊ ဝန်ထမ်းတွေကို တီးရရင် ပြီးရော၊မှန်တာရော မှားတာရော ရောချပြီး နာနာ ဆော်လေကောင်းလေ၊ တီးလေကောင်းလေဆိုတဲ့ မူဝါဒမျိုးနဲ့ သတင်းစာအယ်ဒီတာအချို့၊ ဂျာနယ် အယ်ဒီတာ အချို့ လွဲချော်နေတာတော့ ကိုယ်တိုင်ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြုပြင်ကြမှ တော်မယ် ထင်တာပဲ’
‘ပညာရှိသတိဖြစ်ခဲပေါ့လေ။ ငါသိတယ်၊ ငါတတ်တယ်၊ ငါတော်တယ်ထင်တဲ့အထင်အတွေးက သွေးနား ထင်ရောက်ပြီး ဘဝင်မြင့်နေတာ မိမိကိုယ်ကိုသတိမထားမိပါဘူး။ စာဖတ်ပရိသတ်ကတော့ သိတာပေါ့။ မပြည့်တဲ့အိုးလေး ဘောင်ဘင်ခတ်နေရှာပြီဆိုတာ။ မာနရယ်၊ အာဃာတရယ် ပေါင်းလိုက်တော့ သူက မိမိနဲ့ သူတစ်ပါးကို မိမိနဲ့ရန်သူလို့ ထင်မှတ်မှားနေတာပဲ’
‘ကိုအောင်ပြောတာမှန်တယ်။ သူတစ်ပါးကို ရန်လုပ်မှ ပုတ်ခတ်ရမှ၊တိုက်ခိုက်ချိုးနှိမ်ရမှ၊ ချေမှုန်းဖယ်ရှားပစ်ရမှ၊ ငါနဲ့ငါသာနှိုင်းစရာထင်နေလို့ပါ။ တကယ်တော့ အမေရိကန်ပြည်ထောင်စု ကမ္ဘာပေါ်မှာအောင်မြင်တယ် ဆိုတာဟာ ဒီမိုကရက်တစ်ပါတီချည်းကောင်းလို့လည်း မဟုတ်ဘူး။ ရီပတ်ဘလီကင် ပါတီချည်းတော်လို့လည်း မဟုတ်ဘူးဗျ။ ဘယ်ပါတီကဘယ်သမ္မတပဲ တက်တက်၊ ကိုယ့်ပါတီက ရွေးကောက်ပွဲ မှာရှုံးခဲ့ရင် နိုင်တဲ့ပါတီမှ သမ္မတကိုလည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံ့အကြီးအကဲ အဖြစ်ရိုသေတယ်။ လေးစားတယ်။ လိုက်နာ တယ်။ နာခံတယ်။ ယခု ကျွန်တော်တို့မြန်မာ ပြည်မှာရှိတဲ့ မီဒီယာအချို့ရဲ့သဘောထားမှာ ငါတို့အုပ်စု ငါတို့ အသင်းအဖွဲ့မဟုတ်ရင်တော့ ရန်သူလို့ သဘောထားပြီး ရှုတ်ချပုတ်ခတ်နေမယ်။ အုပ်ချုပ်သူ မှန်မှန် မှားမှား၊ ကောင်းကောင်းဆိုးဆိုး၊ ရွှံ့ပုပ်ရည်နဲ့မပြတ်တမ်းပက်နေမယ်။ ထိုးနှက်တိုက်ခိုက်နေရမယ်ဆိုတဲ့ လုပ်ရပ်မျိုးတွေ တွေ့နေရတယ်’
‘တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်ကောင်းကျိုးအတွက်ဆိုရင် အဲသလိုအယ်ဒီတာမျိုး၊ ဘာမဆိုကတ်ဖဲ့ရေးပြီး ကလော်မှာပဲဆိုတဲ့ ဆောင်းပါးရှင်မျိုး၊အပြစ်မရှိအပြစ်ရှာပြီး (သတင်းအတည်ဖြစ်ဖြစ် မဖြစ်ဖြစ်) ကာတွန်းဆွဲပြီး ဟားပစ်မှာပဲဆိုတဲ့ ကာတွန်းဆရာမျိုးဟာ အမြင်မှန်ရတဲ့တစ်နေ့မှာနောင်တတစ်ဖန်ပူပန်စိတ်ဆင်းရဲကြရမှာပဲ။ ငါဟာ အပြုသဘောပြောသင့်၊ရေးသင့်၊ ဆွဲခဲ့သင့်ပါလျက်နဲ့ အဖျက်သဘောတွေကို ၂၀၀၈ ခုနှစ်မှ ၂၀၁၃ခုနှစ် အထိ လွဲချော်မှားယွင်းမိခဲ့တယ်။ ပြည်သူတွေကို စည်းလုံးအောင်၊ထက်သန်တက်ကြွအောင်၊ ချစ်ခင် ညီညွတ်အောင်၊ အားတက်ပျော်ရွှင်အောင်၊ ပြုစုပျိုးထောင်မြှင့်တင်ပေးရမယ့်အစား ငါဟာ ငါ့နာမည် ကျော်ကြား ရေး၊ ငါမှငါကွ ထင်ပေါ်အောင်မြင်ရေးအတွက် ပြည်သူလူထုကိုစိတ်ပျက်အောင်၊ စိတ်ဓာတ် ကျဆင်း အောင်၊ ယုံကြည်မှုပျက်ပြားအောင်၊ အစိုးရနဲ့ပြည်သူ၊ ဝန်ထမ်းနဲ့လူထု၊ အထင်သေး၊ အထင်လွဲ၊ စိတ်ဝမ်း ကွဲပြား အောင်၊ မေတ္တာတရားခေါင်းပါးပြီး အမျက်ဒေါသနဲ့ မလိုမုန်းထား စိတ်များတိုးပွားအောင် လှုံ့ဆော်ဆွဲဆောင်ခဲ့ မိလေ တယ်။ ငါမှားလေစွ၊ ငါအကုသိုလ်တရားတွေ ပြုမိမှားလေစွလို့ တစ်နေ့နေ့မှာ နောင်တရကြရပါလိမ့်မယ်’
‘Us and Them ငါနဲ့သူတို့ သူစိမ်းတစ်ရံ၊ ပြဒါးတစ်လမ်းသံတစ်လမ်းလို့အယူလွဲကို မှတ်ယူစွဲနေသမျှ ရပ်တည်ချက်မှားနေဦးမှာပဲ။ အသင်းအဖွဲ့တူတူ-မတူတူ၊ ဝါဒတူတူ-မတူတူ၊ ပါတီတူတူ-မတူတူ၊ ငါတို့အားလုံး ဟာWe ပြည်ထောင်စုသားတွေ၊ မြန်မာပြည်သားတိုင်းရင်းသားတွေ၊ ပြည်သူတွေ ရွေးကောက်တင် မြှောက်ထား တဲ့ အစိုးရဟာ (အချို့အချက်များကိုကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) ငါတို့အစိုးရ၊ ငါတို့ရဲ့ နိုင်ငံအကြီး အကဲဆိုတဲ့ သဘောထားအမြင်မျိုး ရှိနေကြဖို့လိုပါတယ်။ နေရာတကာ အတိုက်အခံ လုပ်နေရန် မဟုတ်ဘူး။ အရာရာမှာ ဆန့်ကျင်ကွဲလွဲနေဖို့ မသင့်ဘူး။ အထူးသဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိစ္စမှာ တရားဝင် နိုင်ငံတော်အစိုးရကို အပြည့်အဝထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ဒါဟာ ပြည်သူ့နီတိပါဗျာ’
‘လက်နက်ကိုင်အဖွဲ့အစည်းများကိုတောင် ယခင်က ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြရာမှ တစ်စားပွဲတည်း မျက်နှာ ချင်းဆိုင်ပြီး ရင်းရင်းနှီးနှီးဆွေးနွေးနေတဲ့ အချိန်ရောက်လာပြီ။ တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖက်ကို တစ်ဖက်အထင်သေးစကား၊ မုန်းစေမျက်စေမည့် စကားမျိုးတွေကို မပြောမိ မရေးမိစေဖို့၊ ကုန်းချောကုန်းတိုက် သလို High Light မလုပ်မိစေဖို့သတင်းစာ၊ ဂျာနယ်တာဝန်ခံအယ်ဒီတာမင်းများကို လေးလေးစားစား ပန်ကြား မေတ္တာရပ်ခံချင်ပါတယ်ဗျာ’
‘ဘယ်သူမှတော့ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ လူဟာလူပါပဲ။ အကောင်းရော အဆိုးပါရှိကြတဲ့ လူချည်းပါပဲ။အပြစ်မရှာဘဲ မေတ္တာနဲ့ကြည့်မြင်ကြရမှာ မဟုတ်လား။ မီဒီယာများအားလုံးက ချစ်သောမျက်စိဖြင့် ကြည့်နိုင်ကြပါစေ။ ဒါမှသာ အနာဂတ်ဟာ လှပသာယာမှာပါ။ သွေးခွဲတာ၊ ဘေးတီးတာ၊ သပ်လျှိုတာ၊ နောင်ဂျိန်ဆိုင်းတီးပေးတာ မျိုးတွေ တော်ကြ ပါတော့။ တော်လောက်ပါပြီ’။

MOI Webportal Myanmar