နိုင်ငံရေး အကျဉ်းသား ၄၀ ကျော် လွှတ်ပေး


အင်းစိန် အကျဉ်းထောင် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်းမှ နိုင်ငံရေး အကျဉ်သား ၄၁ ဦး နှင့် အသက်မပြည့်သေးသည့် ကလေး စစ်သား ၃ ဦးတို့သည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။

“ကျနော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတဲ့ ၄၁ ယောက် ဒီကနေ့ ပြန်လွတ်လာတာပါ။ ကျန်တဲ့ ၃ ဦးက ကလေးစစ်သားဟောင်းတွေလို့ သိရတယ်” ဟု နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။

သူက ဆက်လက်ပြီး “ဒါပေမယ့် အခြား ၃ ယောက်ကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုမထားပါဘူး။ ကျနော်တို့ ကော်မတီနဲ့ အဲဒီ ၃ ဦးကိစ္စ ကြိုတိုင်ပင်ထားတာလည်း မရှိပါ” ဟု ပြောသည်။

ဒီဇင်ဘာ ၇ ရက်နေ့က နောက်ဆုံးကျင်းပခဲ့သော သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်း ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသား  စိစစ်ရေး ကော်မတီ၏ အစည်းအဝေးတွင် အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် အဖွဲ့များက ကိုယ်စားလှယ် ကော်မတီဝင်များက အပြန်အလှန် ညှိနှိုင်းပြီး ၄၁ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် သမ္မတထံ  တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ လွတ်မြောက်လာသူများမှာ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီငြိမ်းလင်း အပါအ၀င် ၁၁ ဦး၊ ပဲခူး အကျဉ်းထောင်မှ ဦးဝင်းချို အပါအ၀င် ၆ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၄ ဦး၊ ပုသိမ် အကျဉ်းထောင်မှ ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး၊ ဘာအံ အကျဉ်းထောင်မှ ၁ ဦး၊ တောင်ငူ အကျဉ်းထောင်မှ ၁ ဦး၊ မြစ်ကြီးနား အကျဉ်းထောင်မှ ၁ ဦး၊ မန္တလေး အကျဉ်းထောင်မှ ၁ ဦး၊ တောင်ကြီး အကျဉ်းထောင်မှ ၁ ဦး၊ ဘူးသီးတောင် အကျဉ်း ထောင်မှ ၁ ဦး၊ သထုံ အကျဉ်းထောင်မှ ၁၀ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က တင်ပြလိုက်သည့် စာရင်းထဲတွင် ထည့်ထားသော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုဖြင့် တရားရင်ဆိုင်နေရသည့် ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ မပါဝင်သေးကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို ယနေ့ ထပ်မံ လွှတ်ပေးလိုက်သော်လည်း အကျဉ်းထောင်များတွင် လက်ကျန် ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၄၄ ဦးကျန်ရှိနေသေးပြီး ပုဒ်မ ၁၈ ကဲ့သို့ တရားစွဲဆိုမှုများဖြင့် အမှုရင်ဆိုင်နေရဆဲ ၂၀၀ ခန့် ရှိနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။

လွတ်မြောက်လာသူများ အထဲတွင် ပါဝင်သည့် လယ်သမားအရေး လိုက်ပါကူညီပေးနေသူ ဦးဝင်းချိုက “ဒီနေ့ ဆီးဂိမ်းကြောင့်ပဲ လွှတ်လွှတ်၊ ဘာကြောင့်ပဲ လွှတ်လွှတ် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်တယ်လို့ မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သမ္မတက လွှတ်ပေးလိုက်၊ သမ္မတ တပည့်တွေက ပြန်ဖမ်းလိုက်နဲ့ သံသရာလည်နေလို့ပါ အခုလည်း ကျနော် ပြောပြချင်တာက သမ္မတကိုလည်း ကျေးဇူး မတင်ချင်တော့ပါဘူး။ ပြည်ထဲရေးက သူတွေရော၊ ရဲတွေကိုရော မမုန်းချင်တော့ပါဘူး။ သမ္မတကလည်း လွှတ်မြဲအတိုင်း လွှတ်၊ ပြည်ထဲရေးကလည်း ဖမ်းမြဲအတိုင်း ဖမ်း၊ ကျနော်တို့ကလည်း လုပ်မြဲအတိုင်း လုပ်နေမှာပါလို့ပဲ ပြောပြချင်ပါတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု အနောက်နိုင်ငံ ခရီးစဉ်များအတွင်း ကတိပေး ပြောဆိုခဲ့သည်။

“ကျနော့်အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ယခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းတွင် လူသိရှင်ကြား ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ထိုကဲ့သို့ ကတိပေးစကား ပြောဆိုခဲ့သေးသော်လည်း ယခု နှစ်ကုန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိစေရဟူသည်မှာ ခက်ခဲနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။

“ဖြစ်နိုင်ဖို့ ခက်ပါတယ်။ နိုင်/ကျဉ်း ကုန်စေချင်ရင်တော့ အမူရင်ဆိုင်ဆဲ သူတွေကိုပါ လွှတ်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသည့် ပုဒ်မ ၁၈ စသည့် ကိစ္စများကိုလည်း ဆွေးနွေးပြောဆိုမှုများ ရှိကြောင်း၊ တရားရင်ဆိုင် နေရဆဲသူများကိုလည်း ပြန်လွှတ်ပေးရန် ဆွေးနွေးမှုများ ရှိသည်ဟုလည်း သိရသည်။

ထို့အပြင် ရှမ်းပြည် တပ်မတော် RCSS/SSA ၏ တပ်မဟာ (၂၄၁) တပ်မှူး ဒု ဗိုလ်မှူးကြီး ခွန်ကျော် ခေါ် သံချောင်းအား နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ရေး ကော်မတီအဖွဲ့အတွင်း သဘောထား ကွဲလွဲနေကြောင်းလည်း စုံစမ်းသိရှိရသည်။

၎င်းသည် တချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ၌ ဖြစ်ပွားခဲ့သော ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားများ သတ်ဖြတ်မှု ကိစ္စတွင် အဓိက တာဝန်ရှိသူတဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသား တပ်မတော်သားဟောင်းများက ပြောဆိုထားကြသည်။

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီး ညီလာခံ (World Innovation Summit for Health) သို့ တက်ရောက်နေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရန် လိုအပ်နေကြောင်း ယမန်နေ့က ပြောဆိုသည်။
ဧရာဝတီ သတင်း Myanmar News

ဘင်္ဂလားဒေ့ရှ်အစိုးရက အတိုက်အခံပါတီခေါင်းဆောင်ကို ကြိုးပေးကွပ်မျက်ရန် ခေတ္တဆိုင်းငံ


ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးက အတိုက်အခံ Jamaat-e-Islami ပါတီခေါင်းဆောင် အဗ္ဗဒူကာဒါမော်လာကို ၁၉၇၁ခုနှစ်က နိုင်ငံတွင်း
ဖြစ်ပွားခဲ့သည့် လွတ်လပ်ရေးတိုက်ပွဲကာလများအတွင်းက ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအတွက် ကြိုးပေးကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သော်လည်း ယနေ့နံနက် ၁၀နာရီခွဲအထိ ဆိုင်းငံထားခဲ့သည်။
နောက်ဆုံးအယူခံ ပယ်ချခံခဲ့လျှင် လွတ်လပ်ရေရပြီးနောက်ပိုင်း နိုင်ငံရေး
သမားတစ်ဦးကို ပထမဆုံးအကြိမ် ကြိုးပေးခံရခြင်းဖြစ်လာနိုင်သည်။

မော်လာ ၆၅နှစ်ကို အင်္ဂါနေ့ည 18း00GMT တွင် ကြိုးပေးရန် သတ်မှတ်ခဲ့ကြောင်း၊ လူထုက ကြီးမားသည့် ကန့်ကွက်ပွဲဖြင့် မော်လာကို
ထောင်ဒဏ်တစ်သက်မှ သေဒဏ်ပြောင်းလဲရန် ဆန္ဒပြတိုက်တွန်းပြီးနောက် ဗဟိုတရားရုံးက စက်တင်ဘာလတွင် သူ၏ ပစ်ဒဏ်ကို ပြောင်းလဲ
သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မော်လာ၏ ရှေ့နေ ရှီရှာမူနီးရ်က ဆိုသည်။

ဒုတိယတရားရေးဝန်ကြီး ကွမ်ရူလ်အစ္စလာမ်က အာဏာပိုင်များသည် မူလက မော်လာကို အင်္ဂါနေ့ညက ကြိုးပေးရန်စီစဉ်ခဲ့ပြီး သူကိုယ်တိုင်က သမ္မတ၏ခွင့်လွတ်မှု တောင်းခံရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

မော်လာသည် ၁၉၇၁ခုနှစ်တွင်း ပြည်တွင်းစစ်ပွဲကာလများအတွင်း အဓမ္မပြုကျင့်မှုများ၊ လူသတ်မှုများ ကျူးလွန်ခဲ့သည်သာမက လက်နက်မဲ့ ဘင်္ဂါလီပြည်သူပေါင်း ၃၅၀ခန့်ကို သတ်ဖြတ်ခဲ့သည်ဟူသော စွတ်စွဲချက်ဖြင့် သေဒဏ်ခံခဲ့ရခြင်း ဖြစ်သည်။

အမေရိကန်အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့နှင့် ကုလသမဂ္ဂ၏ လ္ဂတ်လပ်သော ရှေ့နေနှင့် တရားသူကြီးများ ညီညွတ်ရေး အထူးအဖွဲ့က
မော်လာ၏ အမှုသည် သုံးသပ်အယူခံဝင်ခွင့်ကင်းမဲ့နေပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ဆိုသည်။

ထိုမျှမက ဇန်န၀ါရီ ၅ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် မကျေမနပ် ဖြစ်နေသည့် လက်ရှိကန်ကွက်သူများအပေါ် အကြမ်းဖက်မှုများမြင့်တတ်လာကာ နိုင်ငံရေးသမားများကို
သေဒဏ်ပေးသည့် အလေ့အထိ ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ လက်ရှိအစိုးရကို ဆန့်ကျင်သူများ၊ ကန်ကွက်သူများနှင့် ရဲတပ်ဖွဲ့ဝင်အများ အကြားဖြစ်ပွားသည့် အဓိကရုဏ်းကြောင့် လူပေါင်း ၂၂၄ဦး သေဆုံးခဲသည်။

မော်လာကို အတွက် စီရင်ချက်အပေါ် အေအက်ဖ်ပီ သတင်းဌာနက ဒုတရားရေးဝန်ကြီး အစ္စလာမ်ကို ကွပ်မျက်မှုများ အဆုံးသတ်သွားစေမည့် အခြားအကြောင်းအရင်း မရှိဘူးလားဟု မေးမြန်သည့်အပေါ်
အစ္စလာမ်က သူတို့ကရော ဆက်ဒမ်ဟူစိန်ကို မသတ်ဘဲထားခဲ့လို့လားဟု ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

Ref: AFP
The Myanma Age

လုပ်ပွဲ ဖန်တီးသည်ဟု ထိုင်းလက်ဝှေ့အဖွဲ့ စွပ်စွဲထား


မင်းသန့်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။ နေပြည် တော်တွင်ပြုလုပ်လျက် ရှိသော လက်ဝှေ့ပွဲစဉ်များတွင် လက်ဝှေ့ သမားတချို့မှာ အသာစီးကထိုး သတ်ကာ အနိုင်ရနိုင်ရန်မျှော်မှန်း ခဲ့သော်လည်း ပွဲပြီးရလဒ်တွင် ရလဒ် ပြောင်းပြန်ဖြစ်ပေါ်နေခြင်းကြောင့် ဝေဖန် ချက်များထွက်ပေါ်လျက် ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၉ရက် ကယှဉ်ပြိုင် ခဲ့သော အမျိုးသမီးလက်ဝှေ့ ၅၇ ကီလိုတန်း တွင် အင်ဒိုနီးရှားဆီးဂိမ်း ၌ငွေရခဲ့သူ ထိုင်းလက်ဝှေ့မယ် Tassamalee သည် ဖိလစ်ပိုင်လက်ဝှေ့ မယ်အား အသာစီးမှထိုးသတ်နိုင် ခဲ့သော်လည်း အရှုံးဖြင့်ရင်ဆိုင်ခဲ့ ရသည်။

ယင်းအပေါ် Tassamalee က''ရှုံးမယ်လို့တောင် မထင်မိဘူး။ ဒီပွဲမှာ ဘယ်လို ထိုး သွားလဲဆိုတာ ပရိသတ်အမြင်ပါပဲ။ ပထမတစ်ပွဲ မှာ ကျွန်မကောင်းကောင်း မထိုး နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ အ ကောင်းဆုံး ထိုးနိုင်ခဲ့ပါတယ်''ဟု ပြောသည်။

Tassamalee သည် ဆီးဂိမ်း ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ယခုနှစ်နှင့် ဆိုလျှင် (၅)ကြိမ်မြောက် ဖြစ်ပြီး ယင်းအတန်း တွင် မြန်မာ မှ နွယ်နီဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကာ ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်လက် ဝှေ့မယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Tassamalee ရှုံး နိမ့်ခဲ့ခြင်းအပေါ် ထိုင်းလက်ဝှေ့ အဖွဲ့က လုပ်ပွဲဟု ခေါင်းစဉ်တပ်ထားကာ မြန်မာမှ နွယ်နီဦး အနိုင်ရရန် လုပ်ပွဲဖန်တီး ခြင်းဟု စွပ်စွဲထားသည်။

ထိုင်းလက်ဝှေ့လက်ထောက် မန်နေဂျာ Somyot Julsen က Tassamalee မပါ လျှင် နွယ်နီဦး အလွယ်တကူနိုင်လိမ့်မည်ဟု စွပ် စွဲခဲ့သည်။

(၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ လက်ဝှေ့ပြိုင်ပွဲတွင် စည်းမျဉ်းအသစ်များချမှတ်ယှဉ်ပြိုင်လျက်ရှိပြီး ခေါင်းစွပ်အကာများစွပ်ကာယှဉ် ပြိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာလက် ဝှေ့အဖွဲ့ချုပ်၏စည်းမျဉ်းများအ တိုင်း ယှဉ်ပြိုင်ခြင်းဖြစ် ပြီး ၁ဝမှတ် ပေးသည့်စနစ်မှာ ဆီးဂိမ်းပြိုင်ပွဲ များတွင် ပထမဦးဆုံးဖြစ်သည်။

Yangon Media Group

အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ယာဉ်တိုက်မှု ယာဉ်ပိုင်ရှင်က တစ်ဦးလျှင် ကျပ်တစ်သိန်းစီ နစ်နာကြေးပေး


မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သော မထသ (ဗဟို) လက်အောက်ရှိ အမှတ် (၄၈) အထူးယာဉ်လိုင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့မှုအတွက် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ယာဉ်ပိုင်ရှင်က နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါယာဉ်မှာ ဒီဇင်ဘာ ၅ ရက်က မြောက်ဥက္ကလာပမြို့နယ်အတွင်း မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းအတိုင်း မောင်းလာစဉ် ဘရိတ်ပေါက်ကာ လက်ယာဘက်လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးလေးဦးအား ၀င်တိုက်မိရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
““အဲဒီဖြစ်စဉ်မှာ အမျိုးသမီးသုံးဦးသေဆုံးခဲ့မှုအတွက် ယာဉ်ပိုင်ရှင်က နစ်နာကြေး ငွေသုံးသိန်းအပြင် နာရေးယာဉ်ငှားရမ်းခအနေနဲ့ ကျပ်တစ်သိန်းခွဲကျော် ကူညီခဲ့ပါတယ်””ဟု မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးမှာ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံမှ ပြန်ဆင်းသွားကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူများအတွက် ရန်ကုန်တိုင်းဒေသကြီး မထသက အကူငွေ စုစုပေါင်း ကျပ်ခြောက်သိန်း ထပ်မံပေးအပ်ခဲ့သည်။
““ယာဉ်ပိုင်ရှင်အနေနဲ့ နစ်နာကြေးပေးတာကို နည်းတယ်၊ များတယ် မပြောလိုပါဘူး။ နစ်နာကြေးအပြင် အခြားထောက်ပံ့မှုတွေလည်း ပေးရင်ပေးမှာပါ””ဟု မထသဗဟိုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားစေခဲ့သော (၄၈)အထူး ယာဉ်မောင်းအား မရမ်းကုန်းမြို့ နယ် ယာဉ်ထိန်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကာ ပုဒ်မ-၃၀၄ (က)ဖြင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ လူသုံးဦး တစ်ပြိုင်နက်သေဆုံးခဲ့သောဖြစ်စဉ်မှာ မထသ (ဗဟို) လက်အောက်ရှိ ခရီးသည်တင်ယာဉ်လိုင်းများအနက် ယာဉ်တိုက်မှုဖြစ်ပွားကာ လူသေဆုံးခဲ့သည့် မှတ်တမ်းများတွင် အဆိုးရွားဆုံးဖြစ်ကြောင်း မထသ(ဗဟို)ထံမှ သတင်းရရှိသည်။

7 Day Daily

နိုင်ငံခြားအရက်များ မြေလျှိုးပြီး ဈေးနှုန်းက မိုးပျံ


မြန်မာပြည်မှာ ထုတ်သော Grand Royal၊ မြန်မာဘီယာ၊ အေးသာယာ ဝိုင်တို့သာ အရောင်းစင်ပေါ်မှာ ကျန်သည်။ နိုင်ငံခြား အရက်နှင့် ဝိုင်များ ရှာမရတော့ (ဓာတ်ပုံ – Al Jazeera)
မြန်မာနိုင်ငံသို့ သိန်းနှင့်ချီ ရောက်လာကြမည့် ကမ္ဘာလှည့်ခရီးသည်များ သာမက ပြည်တွင်းသောက်သုံးသူများအနေဖြင့် လတ်တလော တွေ့ကြုံနေရသည့် ခေါင်းခဲစရာ ပြဿနာမှာ ဝိုင်နှင့် အရက် ရှားပါးမှု ဖြစ်သည်။ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဈေးဆိုင်များတွင် ပစ္စည်းများ ပျောက်ဆုံးသွားပြီး မှောင်ခိုဈေးကွက်ဖြစ်ထွန်းသွားကာ ဈေးအဆမတန် ပေးဝယ်နေရပြီဖြစ်သည်။

လတ်တလော တရားမဝင် တင်သွင်းသော ပြည်ပသွင်းကုန်ပစ္စည်းများကို တင်းကျပ်စွာ ချုပ်ကိုင်နေသော စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ Mobile Team မိုဘိုင်းစစ်ဆေးရေးအဖွဲ့ဟု လူသိများသော ရှောင်တခင် ဝင်ရောက် စစ်ဆေးနိုင်သောအဖွဲ့က လက်လီ ရောင်းချနေသော ဆိုင်များထိပါ လိုက်လံစစ်ဆေးသိမ်းဆည်းနေသည့်အတွက် နိုင်ငံတကာ အမှတ်တံဆိပ် ဘီယာများ၊ ၀ိုင်များနှင့် အရက်များ ပြတ်လပ်သွားခြင်းဖြစ်သည်။

အရက်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများကို ၀င်ရောက်ရှာဖွေစစ်ဆေးခြင်းသည် တရားမ၀င် ကုန်ပစ္စည်း တင်သွင်းခြင်းများကို တားဆီးနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ပြောသော်လည်း ဖြန့်ချိသူများကမူ ယင်းလုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများ ပွင့်လင်းမြင်သာမှု မရှိဟု ဆိုနေကြသည်။

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က Al Jazeera သတင်းဌာနသို့ “တရားမ၀င်ကုန်သွယ်မှုက တိုးလာတော့ အစိုးရရဲ့ ကုန်သွယ်ခွန်ကနေရရှိမယ့် ၀င်ငွေကို ထိခိုက်စေ ပြီး တော့ ကျနော်တို့ရဲ့ စားသုံးသူကာကွယ်ရေး လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီးဖြစ်စေတဲ့အတွက် ဒီကိစ္စကို ကျနော်တို့ ကိုယ်တိုင်ပဲဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်” ဟု ပြောဆိုသည်။

၁၉၉၅ ခုနှစ်ကစ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်သူများကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး နှင့် အခြားစားသောက်ကုန် အချို့တင်သွင်းခြင်းကို ကန့်သတ်ပိတ်ပင်ထားခဲ့သည်။ ဟိုတယ်ကြီးအချို့ကိုသာ ရွေးချယ်၍ အစိုးရက လိုင်စင်ချထားပေးခဲ့သည်။

သို့သော် လက်လီဖြန့်ချီရောင်းချသူများနှင့် စားသောက်ဆိုင်များက ထိုလိုင်စင်များနှင့် ကန့်သတ်ချက်များကို ရှောင်လွှဲခဲ့ ပြီး စားသုံးသူဈေးကွက်သို့ ရောင်းချနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အစိုးရကလည်း မျက်စိမှိတ်၍ မသိယောင်နေခဲ့သည်။ ဟိုတယ်လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော တင်သွင်းသူများကလည်း ကုန်ပစ္စည်းရရှိရေးအတွက် ကာလရှည်ကြာစွာ ရှိနေခဲ့ပြီး ဖြစ်သော မှောင်ခို လမ်းကြောင်းကို အသုံးပြုကြသည်။ မှောင်ခိုဈေးကွက်က နိုင်ငံခြားဝိုင်များနှင့် ယမကာများကို လက်လီဖြန့်ချီရောင်းချသူများနှင့် စားသောက်ဆိုင်များအတွက် အမြောက်အများ တင်သွင်းပေးခဲ့သည်။

အစိုးရ၏ အရေးယူဆောင်ရွက်မှုသည် နိုင်ငံခြားမှ တင်သွင်းလာသည့် အရက်ဝယ်ယူလိုသူများကို ထိခိုက်မှု မရှိနိုင်ကြောင်း ဦးသန်းအောင်ကျော် ကပြောသည်။ “ကျနော်တို့က ဟိုတယ် အချို့ကို လွတ်လပ်စွာ ၀ိုင်တင်သွင်းခွင့်ပြုထားပါတယ်။ ဒါကြောင့် လက်ရှိအနေအထားကို ဆိုးဆိုးဝါးဝါး ထိခိုက်မှုမရှိနိုင်ပါဘူး” ဟု သူက ဆိုသည်။ ထို့ပြင် လေဆိပ်ရှိ အကောက်ခွန်လွတ်ဆိုင်များသည်လည်း အရက် အမြောက်အများ တင်သွင်းခဲ့ကြပြီး ဖြစ်မည်ဟု သူက ထပ်ပြောသည်။

သို့သော်လည်း အဆိုပါဆိုင်များ နှင့် ဟိုတယ်များသည် အရည်အတွက် နည်းပါးပြီး စားသုံးသူဈေးကွက်နှင့်လည်း ဝေးကွာနေသည်။ စားသောက်ဆိုင်များတွင် နိုင်ငံခြားအရက်များ ဆက်လက်ရောင်းချဆဲ ရှိနေသူများသည်လည်း နောက်ဆုံး လက်ကျန်ပုလင်းများ ကို ချရောင်းနေကြသည်ဟုလည်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးနောင်နောင်ဟန် က ကမ္ဘာလှည့်ခရီးသွား တိုးလာလာသည်နှင့်အမျှ ဝိုင်နှင့်အရက်ဝယ်လိုအားသည်လည်း ထောက်ပံ့နိုင်သည်ထက် များစွာ ပိုလာလိမ့်မည်ဟုပြောသည်။ “အစိုးရက ဒါကို အလျှင်အမြန် ဖြေရှင်းပေးဖို့လိုနေပြီလို ကျနော်ထင်ပါတယ်။ အခုဆိုရင် စူပါမားကက်တွေနဲ့ ဆိုင်တွေက နိုင်ငံခြားအရက်တွေကို သိမ်းသွားကြပြီ။ ဆီးဂိမ်းကျင်းပနေတဲ့ လက်ရှိအချိန်မျိုးမှာ ခရီးသွားလုပ်ငန်းအတွက် ဒါက မဖြစ်သင့်ပါဘူး” ဟု သူက ဆိုသည်။

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ မိုဘိုင်းစစ်ဆေးရေးအဖွဲ့က သံသယရှိသော တရားမ၀င် တင်သွင်းကုန်ပစ္စည်းဖြန့်ချီမှုများကို တားဆီးအရေးယူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း စက်တင်ဘာလမှ စ၍ အရက်များကို စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ဒေါ်လာ သိန်းနှင့်ချီ၍ တန်ဖိုးရှိသည့် နာမည်ကြီး အမှတ်တံဆိပ် ၀ိုင်နှင့် အရက်များ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

စက်တင်ဘာလအတွင်း ရန်ကုန်ရှိ ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းတခုဖြစ်သော Greenline Myanmar Group မှ ၀ီစကီ၊ ဘီယာ နှင့် ၀ိုင် ပုလင်းပေါင်း ၈၉၀၀၀ နီးပါး သိမ်းဆည်းခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်ဟု Al Jazeera သတင်းက ဆိုသည်။

အောက်တိုဘာလ နှောင်းပိုင်းကလည်း အရက်နှင့် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကြီးတခုဖြစ်သော Quarto Products ၏ ရန်ကုန်မှ ကုန်လှောင်ရုံကို ၀န်ကြီးဌာနတခုမှ အထူးအဖွဲ့က ၀င်ရောက်စစ်ဆေးသည့်အခါ ၀ိုင် ပုလင်း ၃၀၀၀၀ နှင့် ဘီယာသံဗူး ၂၄၀၀ သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ က အမေရိကန် ဒေါ်လာ ၆၂၀၀၀၀ ခန့်တန်ဖိုးရှိသည့် ၀ိုင်များ တရားမ၀င် တင်သွင်းခဲ့သည်ဟု ၀န်ကြီးဌာနက သံသယရှိကြောင်းလည်း သတင်းက ဆိုသည်။

နာမည်ကျော် ဆူပါမားကတ် City Mart Holding ၏ လက်အောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချသူဖြစ်သော Premium Products ကို တရားမ၀င် ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ မိုဘိုင်းစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၆ ရက်နေ့မှ စ၍ City Mart ဆိုင်များ အားလုံးတွင်လည်း အရက် ရောင်းချခြင်း ရပ်ဆိုင်းသွားသည်။

မိုဘိုင်းစစ်ဆေးရေးအဖွဲ့က ကုန်လှောင်ရုံကို စစ်ဆေးနေချိန်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ City Mart စူပါမားကက် ၁၅ ဆိုင်ကျော်၊ City Express မီနီ မားကက် ၂၆ ဆိုင်နှင့် Ocean စူပါစန်တာ ၅ ခုတွင် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်၍ အရက် အရောင်း ရပ်ဆိုင်းလိုက်ကြောင်း City Mart ၏ ကြေညာသည်။

Premium Distribution သည် မြန်မာနိုင်ငံသို့ တင်သွင်းသော ၀ိုင် ပမာဏ၏ တ၀က်ကျော်ကို ဖြန့်ဖြူးရောင်းချပေးနေသည်။ စစ်ဆေးသူများက ရန်ကုန်ရှိ ကုမ္ပဏီ၏ သိုလှောင်ရုံ ထဲသို့ ရောက်ရှိနေသော ၀ိုင်ပုလင်း ၉၀၀၀၀ ခန့်နှင့် တန် ၃၀ ရှိသော စားသောက်ကုန်ပစ္စည်းများ မည်သို့ရောက်ရှိလာသည်ကို သိရှိနိုင်ရန် အားထုတ်ခဲ့ကြသည်။

နိုင်ငံခြားဖြစ် အရက် အမျိုးမျိုးကို တင်သွင်းလာသူ အမြောက်အများက ပေးသွင်းခဲ့ကြခြင်းဖြစ်ပြီး မည်သို့ရောက်ရှိလာသည်ကို မစစ်ဆေးရသေးကြောင်း Premium Products ၏ ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ကို ပစ္စည်းပေးသွင်းတဲ့သူတွေက ဘယ်လိုနည်းလမ်းနဲ့ ဒီပစ္စည်းတွေကို တင်သွင်းလာတယ်ဆိုတာ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းသွင်းတဲ့ ကုမ္ပဏီက တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဆိုရင် ကျနော်တို့က သူတို့ဆီက ၀ယ်မှာပဲလေ။ ဒါကြောင့် သူတို့ရဲ့နောက်ခံလမ်းကြောင်းတွေကို ကျနော်တို့ မသိပါဘူး။ သူတို့ဆီက ၀ယ်ယူတာ တရားဝင် သလား မ၀င်ဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စားသုံးမှု မြင့်မားပြီး အမြတ်အစွန်း အကြီးအကျယ်ရရှိနေစေသော အရက်နှင့် ဝိုင်ကဲ့သို့ ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်ရှိသည်မှာ တပ်မတော်က ပိုင်သော ဦးပိုင်ကုမ္ပဏီဖြစ်ကြောင်း ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်များနှင့် လုပ်ငန်းရှင်အများအပြားက ဆိုကြပြီး မိုဘိုင်းအဖွဲ့သည် “သူတို့ကိုကျတော့ မထိရဲ”ဟု ဝေဖန်နေကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင် လေးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဆန္ဒစောသွားသည့်အတွက် ဈေးကွက်တခုလုံးကို ထိခိုက်စေခဲ့ကြောင်း ပြောသည်။

“ဒါက ညင်ညင်သာသာ ကိုင်တွယ်သင့်တဲ့ ကိစ္စပါ။ အစိုးရအနေနဲ့ ကုန်ပစ္စည်းတင်သွင်းသူတွေ၊ လက်လီရောင်းချသူတွေ အတွက် အချိန် လုံလုံလောက်လောက် ပေးရပါမယ်။ နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးကျိုးသက်ရောက်မှုတွေက ကုန်သည်တွေက ဈေးကွက်ကို ကစားတော့မယ်၊ ဈေးနှုန်းတွေ တက်လာမယ်၊ မှောင်ခိုဈေးကွက်လည်း ကြီးထွားလာပါလိမ့်မယ်။ အရေး အကြီးဆုံးအချက်က အတုအယောင်ပစ္စည်းတွေကြောင့် ကျန်းမာရေးဘက်ကိုလည်း ထိခိုက်သွားနိုင်ပါတယ်”သူက ဆိုသည်။

“ဈေးကွက်က လည်ပတ်နေတာ ၁၅နှစ်ကျော်ပါပြီ။ တကယ်လို့ အစိုးရက တရားမ၀င်ကုန်စည်တွေကို စစ်ဆေးချင်တယ် ဆိုရင် အရက်တခုထဲကိုပဲ ကွက်ပြီး မလုပ်သင့်ပါဘူး။ တရားမ၀င် ၀င်ရောက်နေတဲ့ တခြားကုန်ပစ္စည်းတွေ ရှိပါတယ်။ ဥပမာပြောရရင် လိုင်စင်မရှိဘဲ တင်သွင်းနေတဲ့ ဆေးဝါးပစ္စည်းတွေပါ” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မည်သို့ဆိုစေ စူပါမားကက်များက အရက်ပုလင်းများကို စင်ပေါ်မှ ဖယ်ရှားလိုက်ကြပြီး ၀ိုင်အရောင်းဆိုင်များလည်း ပိတ်သွားသည့် အချိန်တွင် စားသောက်ဆိုင်များ များနှင့် ဝယ်ယူသောက်သုံးသူများအတွက် အခက်ကြုံကြရပြီဖြစ်သည်။

“မြန်မာပြည်မှာ ထုတ်တဲ့ Grand Royal တို့၊ မြန်မာဘီယာတို့၊ အေးသာယာဝိုင်တို့ပဲ အရောင်းစင်ပေါ်မှာ ကျန်တော့တယ်။ နိုင်ငံခြားအရက်နဲ့ ဝိုင်တွေ ဆိုင်တွေမှာ ရှာမရတော့ဘူး။ ဒါပေမယ့် အိမ်နားက ဆိုင်တချို့ ဒိုင်လျှိုရောင်းတော့ ဝယ်လို့ရသေးတယ်” လို့ စမ်းချောင်းမြို့နယ်က စားသုံးသူတဦးဖြစ်သည့် ကိုကျော်လင်းက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်က စားသောက်ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ဝင်းကလည်း “လူအများဆုံး သောက်တာက ဘလက်တို့၊ ရက်ဒ်တို့၊ ချီးဗတ်စ်တို့၊ ဟိုင်းကော်မရှင်နာတို့ပေါ့။ ကျနော် အများဆုံး ဝယ်တဲ့ ဆိုင်က လမ်းမတော် ဒိုင်မှာပါ။ မြေနီကုန်းကလည်း ဝယ်ပါတယ်။ သူတို့က ပစ္စည်း စိတ်ချရတယ်။ ဒါပေမယ့် ဈေးတွေက ပိုမြောက်သွားပြီ။ အရင်ကထက် တလုံးကို ၅ ထောင်ကနေ ၁ သောင်းခွဲလောက် ဈေးပိုကြီးသွားပြီ” ဟု ပြောဆိုသည်။

ဧရာဝတီ သတင်း Myanmar News

ဆောင်းရာသီ တွင် အသားအရေ လှပ စိုပြေစေရန်

Pyay Myanmar

ဒီဇင်ဘာလ(၁၃)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 170


သင် ရေးခြစ် သည့် ပုံက ပြောပြ နေသော သင့် အကြောင်း

ပြည်မြန်မာ

ပြည်သူ့ခေတ် ဂျာနယ် (12-Dec-2013)


မွန်းတည့်နေ ဂျာနယ် (8-Dec-2013)


အိုဘားမားတို့ နယ်ဆင်မန်ဒလဲလား အသုဘမှာ Selfie အလှဓာတ်ပုံရိုက်ကြ


ပုံမှာ မြင်တွေ့ရသလိုပါပဲ။ တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မန်ဒဲလား ရဲ့  အသုဘမှာ Selfie ဓာတ်ပုံ ရိုက်နေကြတဲ့ အိုဘားမားတို့ကို ယခုလို မြင်တွေ့ ရပါတယ်။

အမေရိကန် သမ္မတ အိုဘားမား နဲ့ အတူ ဗြိတိန်နဲ့ ဒိန်းမတ် နိုင်ငံ ဝန်ကြီးချုပ် ၂ ဦးတွဲလျက်ပါရှိနေမှုကို ယခုလို မြင်တွေ့ ရပါတယ်။ ယင်းဓာတ်ပုံကို အမိအရ ရိုက်ကူးလိုက်သူကတော့ AFP သတင်းဌာနမှ သတင်းထောက် တစ်ဦး ဖြစ်ပြီး အင်တာနက်ပေါ် ရောက်ရှိချိန်မှာတော့ ပြောစရာ၊ ဟာသ လုပ်စရာ ဖြစ်လို့သွားပါတယ်။ အိုဘားမား ရဲ့  အမျိုးသမီး မီရှယ်အိုဘားမား မျက်နှာထားဟာလည်း ထူးခြားလို့နေပါတယ်။

မန်ဒဲလား အသုဘ မှာ တွေ့ရတဲ့ အလွဲလေး တစ်ခုက အင်တနက်ပေါ် မှာ ပြန့်နှံ့သွားတာ နာရီပိုင်း အတွင်းပါပဲ။ အိုဘားမားအနေနဲ့ ယင်းဓာတ်ပုံနဲ့ ပက်သက်လို့ ဘာမှ ပြောဆိုခြင်း မရှိသေးကြောင်း သိရ ပါတယ်။
.
Ref: mashable
Yoyarlay

မြန်မာကနူး လှေလှော်အဖွဲ့ ရွှေသုံးခုနှင့် ကြေးတစ်ခု ဆွတ်ခူး


(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ လှေလှော် အဖွင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁ဝရက် နံနက် ၈နာရီတွင် စတင် ကျင်းပခဲ့ပြီး အဖွင့် ပထမနေ့တွင် ပြိုင်ပွဲ အမျိုးအစား လေးမျိုး စတင်ယှဉ် ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူး နိုင်ခဲ့သည်။
ပထမ ပွဲစဉ်အဖြစ် ကနူး တစ်ယောက်လှော် (C1) အမျိုးသား မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အပါ အဝင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့်အင်ဒိုနီးရှား စုစုပေါင်း ပြိုင်ပွဲဝင် နိုင်ငံငါးနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာမှ ဝင်းထိုက်က အင်ဒိုနီးရှား ကစားသမား Spensstuber Mehue ကို မီတာ ၅ဝဝ လောက်တွင် အပြတ်အသတ် အသာရထားပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှား ကစားသမားမှာ အမီ လိုက်လာခဲ့ နိုင်သဖြင့် ပွဲစဉ်မှာ ပိုမိုကောင်းမွန် လာခဲ့သော်လည်း ဝင်းထိုက်က အမှားအယွင်း မရှိ လှော် ခတ်နိုင်ခဲ့ပြီး နှစ်စက္ကန့်ကျော် အသာဖြင့် လှေလှော် ပြိုင်ပွဲအတွက် ပထမဆုံး ရွှေတံဆိပ်ကို မြန်မာနိုင်ငံ အတွက် ဆွတ်ခူး ပေးနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အင်ဒိုနီးရှားက ငွေတံဆိပ်၊ ဖိလစ်ပိုင်မှ ကြေးတံဆိပ် ရရှိခဲ့သည်။

အရင် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရခဲ့ဖူးပေမယ့် ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပရိသတ် ရှေ့မှောက်မှာ ရွှေတံ ဆိပ်ဆု ရယူခဲ့ရတာ ဆိုတော့ အရင် ပျော်တာတွေထက် အဆပေါင်းများစွာ ပိုပျော်ပါတယ်။ ကြိုးစားရကျိုး နပ်ပါတယ်။ နိုင်ငံနဲ့ အဖွဲ့ချုပ်ရဲ့ ကျေးဇူးကို ဒီဆုတံဆိပ်နဲ့ ဆပ်ခွင့် ရတယ်လို့ထင်ပါတယ်''ဟု ကနူးလှေ လှော်ကစား သမား ဝင်းထိုက်က ရွှေတံဆိပ်ဆု ဆွတ်ခူးအပြီး သူ၏ ခံစားချက်အား ပြောသည်။

ဒုတိယ ပွဲစဉ်အဖြစ် ကယက် လေးယောက်လှော် (k 4) အမျိုးသမီး မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ပြိုင် ပွဲဝင် ခြောက်နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြင့်မြင့်သန်း၊ သင်းသင်းကြူ၊ နော်အား လယ်ရှီး၊ အေးမိခိုင် တို့ပါဝင်သော မြန်မာ ကယက်လှေလှော် အဖွဲ့မှ သုည ဒသမ ၆ စက္ကန့် အသာဖြင့် ဗီယက်နမ် အသင်းအား အနိုင် ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ ကယက်လှေလှော် အားကစားမယ် သင်းသင်းကြူ မှ ပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် ရာသီဥတု အခြေအနေကြောင့် လေ့ကျင့်ရေးမှာ စံချိန်လောက် ကောင်းမွန်ခဲ့ခြင်း မရှိ သော်လည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည့် အတွက် ဝမ်းသာကြောင်းကို ''အရမ်းပျော်နေပါတယ်။ ရာသီဥတုက လေနဲနဲ တိုက်နေတော့ လေ့ကျင့်တုန်းကလောက် စံချိန်ကောင်း မရခဲ့ပေမယ့် ရွှေတံဆိပ် ရ ခဲ့တဲ့အတွက် ပျော်ပါတယ်'' ဟု ပြောသည်။

တတိယ ပွဲစဉ်တွင် ကယက် လေးယောက်လှော် (k 4) အမျိုးသား မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ထိုင်းအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး အင်ဒိုနီးရှား အသင်းက ငွေတံဆိပ်၊ မြန်မာ အသင်းက ကြေးတံဆိပ်ရရှိခဲ့သည်။

ပထမနေ့ နောက်ဆုံးပွဲစဉ် အဖြစ် ကနူး နှစ်ယောက်လှော် (C 2) အမျိုးသား မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမဆုံး ပွဲစဉ်တွင် တစ်ယောက်လှော်ပြိုင်ပွဲ ရွှေတံဆိပ် ရရှိထားသော ဝင်းထိုက်နှင့် စိုင်း မင်းဝေတို့ အတွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ နေရာမှ အင်ဒိုနီးရှား အသင်းကို ၂ ဒသမ ၂၁၆ စက္ကန့် အသာဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံ အတွက် လှေလှော်ပွဲစဉ်တွင် တတိယမြောက် ရွှေတံဆိပ်အဖြစ် ရယူ ပေးခဲ့သည်။ အဆိုပါပွဲစဉ်၏ တတိယကြေး တံဆိပ်ကို ဗီယက်နမ် အသင်းမှ ရရှိခဲ့သည်။

ဝင်းထိုက် နှင့် တွဲဖက်ကာ ရွှေတံဆိပ် ရယူခဲ့သော စိုင်းမင်းဝေမှာ ယခုပြိုင်ပွဲ အမျိုးအစား တစ်မျိုးကိုသာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ကနူးလှေလှော် အားကစားကို ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ် ပြိုင် ခဲ့ခြင်းဖြစ်သည်။ ကနူးကယက် လှေလှော်ပွဲစဉ် များကို ယနေ့တွင် ရပ်နားထားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် မီတာ ၅ဝဝ နှင့် မီတာ ၂ဝဝ ပြိုင်ပွဲများကို ဆက် လက်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

မြ၀တီ

သတိပြုရတော့မည့် အိမ်နီးချင်း


ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခများက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့် သော်လည်းကောင်း၊ ထူးခြားမှုများက အချိန်ကြာမြင့်လာ သောအခါ ရိုးအီသွားပြီး သတင်း မဟုတ်တော့ဟု ယူဆ သောကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။

ထိုင်းသည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံယဉ်ကျေးမှု အချို့ တူညီမှုရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် အယုဒ္ဓယကို ချီတက်သိမ်းပိုက်ရာမှ ယဉ်ကျေးမှုဓလေ့အချို့ ပြည်တွင်းသို့ ပျံ့နှံ့ခဲ့ပါသည်။ ဤသို့ ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့် ယဉ်ကျေးမှုက မည်သည့်နိုင်ငံတွင် စတင်သည် ဆိုသောအချက်က သမိုင်းကြောင်း အထောက်အထား ခိုင်လုံမှသာ သက်သေပြနိုင် ပေတော့မည်။ ရှေး ယခင်က ယဉ်ကျေးမှု မူပိုင်ခွင့် ဟူသည် အရေးမကြီးဟု ထင်ရသော်လည်း ယခုအခါ အရေးကြီးလာပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် နီးကပ်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ပို၍ သိသာလာပါသည်။

ယခု ၂၀၁၃ ဒီဇင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် မုတ္တမမြို့တွင် မြေကျင်းတူးရာမှ ၁၃ ရာစုလက်ရာ မြေအိုးဟောင်းများ တူးဖော်ရရှိခဲ့ကြောင်း သတင်းများ တွေ့ရပါသည်။ သမိုင်းကြောင်းအရ တွံတေး၊ ပဲခူး၊ မုတ္တမမြို့ တို့သည် စဥ့်ထည်များဖြင့် အိုးမြို့တော်ဟု အရှေ့တောင် အာရှနိုင်ငံများတွင် ကျော်စောပြီး ဖြစ်ပါသည်။ မုတ္တမမြို့မှ မုတ္တမအိုးများသည် သီးခြား ကွဲထွက်နေသော ဟန်ပန်နှင့် ထင်ရှားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ရှေးဟောင်းပစ္စည်းများ သဖွယ် ထင်မှတ်မှား ဖော်ပြခြင်း ခံနေရပါသည်။

တစ်ချိန်က ဆိုရှယ်လစ်ခေတ် မှသည် ယနေ့အထိ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ ထားစဉ်က မြန်မာ့သယံဇာတ တော်တော်များများသည် ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် ရောက်ရှိသွားခဲ့သည်။ တန်ဖိုးရှိသော်လည်း တန်ဖိုးမသိ သောကြောင့် သော်လည်းကောင်း၊ ဈေးပိုရ၍ သော်လည်းကောင်း မြေအောက်မှ ရသမျှ ရှေးဟောင်းပစ္စည်းများသည် ထိုင်းနိုင်ငံသို့ တရား မဝင် ရောက်ရှိရာမှ နိုင်ငံတကာ အမြင်တွင် ထိုင်းရိုးရာ ရှေးဟောင်းအမွေအနှစ် များဟု ထင်မှတ်မှားခဲ့ရခြင်း ဖြစ်ပါသည်။

စီးပွားရေး ပိတ်ဆို့ခံရပြီးနောက် မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် ကုန်သွယ်ရာမှ မြန်မာနိုင်ငံအတွက် သယံဇာတ ဆုံးရှုံးမှု သိသိသာသာ တွေ့ရသော်လည်း ယဉ်ကျေးမှုဆုံးရှုံးမှုက တရိပ်ရိပ်နှင့် ပို၍ ကြီးမားလာနေသည်ကို သတိပြုမိသူ နည်းနေပါသည်။ သယံဇာတ ဖြစ်သော ကျွန်းသစ်များ၊ ကျောက်မျက်များ အားလုံးသည် ထိုင်းနိုင်ငံမှ ထွက်ရှိသယောင်ဖြင့်သာ ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိခဲ့သည်။ ပို့ကုန်ပစ္စည်း မှန်သမျှ ထိုင်းနိုင်ငံမှ ထွက်ရှိသယောင် Made in Thailand တံဆိပ်ကပ် ခဲ့ရသည့်အတွက် မြန်မာတို့ နစ်နာခဲ့ရပေါင်း များပြီ။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် စီးပွားရေးပိတ်ဆို့မှုများ ဖြေချလိုက်ချိန်တွင် မြန်မာ့သယံဇာတက ကုန်သလောက် ရှိနေပြီး ထိုင်းနိုင်ငံအတွက်မူ အကျိုးအမြတ်များစွာ ကျန်နေခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မူပိုင်ခွင့်ဆုံးရှုံးမှု ဖြစ်ရပ်များစွာ ရှိနေပါ သေးသည်။ ကယားပြည်နယ်မှ ကယန်း(သို့မဟုတ်) ပဒေါင်လူမျိုးများ သည်လည်း သာဓကတစ်ခု ဖြစ်ပါသည်။ ရေမြေဒေသ အရသော်လည်းကောင်း အကြောင်းကြောင်းကြောင့် သော်လည်းကောင်း မြန်မာတိုင်းရင်းသား လူမျိုးစုဝင် ကယန်းလူမျိုး များသည် ထိုင်းနယ်စပ်သို့ ရောက်ရှိ အခြေချနေထိုင် ခဲ့ကြသည်။ လည်ပင်း ကြေးကွင်းစွပ်သော ထူးဆန်းသည့် ဓလေ့ကို အကြောင်းပြု၍ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပဒေါင်လူမျိုးများကို လေ့လာစရာ တစ်ခုအဖြစ် ထည့်သွင်းပြီး ၄င်းတို့ တိုင်းရင်းသားဖြစ်သယောင် ဖော်ပြမှု များလည်း ရှိနေပါသည်။ ဤသို့ဖြင့် ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးသော်လည်း မြန်မာတိုင်းရင်းသား ကယန်းလူမျိုးတို့ မှာမူ အထူးအဆန်း သတ္တဝါသဖွယ် နှိမ်ချ ဆက်ဆံခံရမှုများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် လျှောက်ထားသော်လည်း နိုင်ငံတွင်းမှ ထွက်ခွာခွင့်ကို မပေးသလို၊ မြန်မာအစိုးရက ပဒေါင်ဒုက္ခသည် များကို နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် တောင်းဆိုသော်လည်း ဂရုမစိုက်ခြင်း မျိုးများနှင့် ကြုံတွေ့နေရသည်။ မိမိတိုင်းရင်းသား ဖြစ်ပါလျက်နှင့် သူများနိုင်ငံက ခေါင်းပုံဖြတ်ပြီး ရုံသွင်းပြ စားနေသော ဖြစ်ရပ်မျိုးမှာ နာကြည်းဖွယ် ကောင်းလှသည်။

ထို့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့ က ဂျပန်နိုင်ငံသို့ Miss International ၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဂုဏ်ရည်အေးကျော် က မြန်မာ့ရိုးရာ ကိန္နရာဝတ်စုံဖြင့် ဝတ်ဆင် အလှပြခဲ့သည်ကို ထိုင်းလူမျိုးများ က ၄င်းတို့၏ ရိုးရာဝတ်စုံ ဖြစ်သည်ဟု ဝေဖန်ကြသည် ကိုလည်း သိမြင်ရပါ သည်။ စည်းပုံ၊ လက်ကျပ် တန်ဆာများနှင့် မြန်မာ့ရိုးရာ ဝတ်စုံဖြစ်သော်လည်း ထိုင်းရိုးရာ ဟုသာ နိုင်ငံတကာက ရှုမြင်နေကြပြီး မြန်မာဝတ်စုံဟု လက်မခံနိုင်ဘဲ ရှိနေကြ သည်ကိုလည်း သိရပါသည်။ ဤသို့ဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အချို့ကို ထိုင်းယဉ်ကျေးမှု အဖြစ် နိုင်ငံတကာက ထင်မှတ်မှားမှုများ များပြား လာသည်မှာ သိသိသာသာ မြင်တွေ့လာရပါသည်။

မူပိုင်ခွင့် ရရှိခြင်းသည် နိုင်ငံ၏ ယဉ်ကျေးမှုတွင်သာမက အဘက်ဘက်တွင် အရေးကြီးပါသည်။ အားကစားဘက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာ မွေထိုင်းဟုခေါ်သော လက်ဝှေ့ကစားနည်းတို့ ကွာခြားမှု သိသာစွာ မရှိသော်လည်း နိုင်ငံတကာကို ကျယ်ပြန့်အောင် လုပ်နိုင်မှုခြင်း မတူညီသည်ကို သတိပြုသင့်ပါသည်။ ထိုင်းတို့က ကျယ်ပြန့်စွာ ပြုလုပ်နိုင်ပြီး နိုင်ငံတကာ အားကစားကို ထိုးဖောက်နိုင်ခဲ့သည့် အတွက် ခရီးသွားလုပ်ငန်း ကို မြှင့်တင်ခဲ့ပြီး နိုင်ငံဝင်ငွေ တိုးတက်စေနိုင် ခဲ့ပါသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို မွေထိုင်းဟု ထင်မှတ်မှားနေခြင်း ကြောင့် မြန်မာ့ရိုးရာ အားကစားတစ်ခု နိုင်ငံတကာအမြင်တွင် တိမ်မြှုပ်သွားစေနိုင် ပါသည်။

များမကြာမီ ၂၀၁၅ သို့ရောက်တော့မည်။ ၂၀၁၅ သည် ရွေးကောက်ပွဲ ကြီးကြောင့် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူများ ရင်ခုန်ရမည့် ခုနှစ်တစ်ခု ဖြစ်ပါသည်။ သို့သော် ၂၀၁၅ ဒီဇင်ဘာ ၃၁ တွင် စတင် အသက်ဝင်မည့် AFTA ဟုခေါ်သော အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို မေ့လျော့ နေကြသည်။ မိမိဒေသထွက် ပို့ကုန်များကို လွတ်လပ်စွာ တင်ပို့ခွင့်က အလွန်ကြီးမားသော စီးပွားရေး အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူတို့ မျက်စိပွင့် နားဖွင့်ရန် လိုပါသည်။

မိမိနိုင်ငံပိုင် မျိုးရင်း သဘာဝထွက်ကုန် များကို မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် အရေးကြီးပါသည်။ စိန်တလုံး သရက်မျိုးရင်း၊ ရွှေဘိုပေါ်ဆန်း မျိုးရင်း၊ သနပ်ခါး၊ ရှားပါး သစ်ခွ မျိုးစိတ်အချို့ စသော ဒေသတွင်း မျိုးရင်းများသည် အခြားနိုင်ငံတွင် မရှိသော မိမိနိုင်ငံပိုင် မျိုးရင်းများ ဖြစ်ပါသည်။ မိမိနိုင်ငံပိုင် မျိုးရင်းဖြစ်ပါလျက်နှင့် အိမ်နီးချင်းနိုင်ငံက ပိုင်ဆိုင်သယောင် မှတ်ပုံတင် မူပိုင်ခွင့် လျှောက်ထားခဲ့ပါလျှင် မြန်မာတို့ ဆုံးရှုံးနစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါသည်။ ပညာရှင်များ အနေနှင့်လည်း ဤအကြောင်းအရာ များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည်ဟု ထင်ပါသည်။ ကြိုတင် ပြင်ဆင်သင့်သည် များလည်း ပြင်ဆင်ရန် အချိန်တန်ပါပြီ။ လက်နှေးနေပါက မိမိနိုင်ငံ၏ မူပိုင်ခွင့်များ ဆက်လက် ဆုံးရှုံးနေရပါလိမ့်မည်။

ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေး အဘက်ဘက်တွင် မြန်မာနိုင်ငံ မူပိုင်ခွင့်များ ဆုံးရှုံးနေပြီး ထိုင်းနိုင်ငံပိုင် အဖြစ် ပုံမှားရိုက် ခံနေရခြင်းက ရေရှည်တွင် ကြီးမားသော ထိုးနှက်မှု ဖြစ်လာနိုင်ပေသည်။ ဤသို့ဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသည် သေချာ စောင့်ကြည့်ရမည့် နိုင်ငံတစ်ခု ဖြစ်လာသည်မှာ ငြင်းမရသော အချက်ပင် ဖြစ်ပါတော့သည်။

The Voice Weekly Myanmar

Mizzima Newspaper Vol.2 No.44.


PlanetEvening(11-Dec-2013)


မျက်နှာမှာ အလံပုံစံငယ် ဆေးခြယ်အားပေးမှု ခေတ်စားလာ


မြန်မာဘောလုံးလက်ရွေးစဉ် အသင်းနှင့် အရှေ့တိမော ဘောလုံး အသင်းတို့ ကန်သည့် ဒီဇင်ဘာ ၉ ရက်နေ့က သုဝဏ္ဏ အားကစားကွင်း အနီးတွင် မျက်နှာပြည့် ဆေးခြယ်နေသူတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ကျင်းပရာ ရန်ကုန် သုဝဏ္ဏအားကစားကွင်း အနီးမှာ မြန်မာနိုင်ငံတော် အလံနဲ့ အာဆီယံ နိုင်ငံတွေရဲ့ အလံပုံစံတွေကို မျက်နှာဆေးခြယ်ခြင်း (Face Painting) လုပ်ပေးနေသူ တချို့ကို တွေ့ရပါတယ်။

အရင်က မြန်မာ ဘောလုံးပရိသတ် အများစုဟာ ဘောလုံးကွင်းထဲကို နိုင်ငံတ်ာအလံ သယ်ဆောင်လာပြီး ကိုယ့်ကို ပေးလာမယ့် ဘောလုံးအသင်းရဲ့ အင်္ကျီတွေကို ဝတ်ဆင် အားပေးဖို့ လာလေ့ရှိခဲ့ကြ ပေမယ့်၊ အခု နောက်ပိုင်းမှာတော့ မျက်နှာ၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ နိုင်ငံတော် အလံပုံစံတူ ဆေးခြယ်တာ၊ နိုင်ငံတော် အလံပုံစံနဲ့ ဆီးဂိမ်း အမှတ်အသား တံဆိပ်ပါတဲ့ ဝတ်စုံတွေ ဝတ်တာ၊ “မြန်မာ” ဆိုတဲ့ စာတန်းတွေပါတဲ့ နဖူးစည်းတွေ၊ လက်ပတ်တွေနဲ့ နိုင်ငံတော် အလံပုံစံ ကပ်ခွာတွေကို ဝတ်ဆင် အသုံးပြုလာတာတွေ ခေတ်စားလာပါတယ်။

ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်း ကာတွန်းဆရာနဲ့ ပန်းချီဆရာတွေ စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ Together Social Network က မြန်မာ အမျိုးသားအသင်းရဲ့ ပွဲစဉ်ရှိတဲ့ နေ့တိုင်း သုဝဏ္ဏ အားကစားကွင်း အနီးမှာ မျက်နှာ ပန်းချီ ဆေးခြယ် ပေးနေတယ်လို့ သိရပါတယ်။

သူတို့အဖွဲ့က မျက်နှာ ပန်းချီ ဆေးခြယ်လိုတဲ့ ဘောလုံး ဝါသနာရှင် ပရိသတ်တွေကို မျက်နှာပြည့် အလံပုံစံ ပန်းချီ တခုကို
၁၀၀၀ ကျပ်၊ အလံပုံစံငယ် ပန်းချီတခုကို ၅၀၀ ကျပ်နဲ့ ရေးခြယ်ပေးနေတာပါ။

“ကျနော်တို့တတွေ မြန်မာအသင်း ဘောလုံးပွဲစဉ် ရှိတဲ့နေ့တိုင်း ဆွဲပေးတယ်၊ မြန်မာနိုင်ငံ အလံ ဆွဲကြတဲ့ သူတွေချည်းပါပဲ။ ကျန်တဲ့ အလံပုံစံ ဆွဲတဲ့သူတော့ အခုထိ မရှိသေးဘူး။ မြန်မာအလံကို ပါးမှာ ပုံစံအသေးနဲ့ ဆွဲတာတွေ ရှိသလို မျက်နှာပြည့် ဆွဲကြတာတွေလည်း ရှိတယ်” လို့ Together Social Network က ကာတွန်းနိုင်လင်းက ဧရာဝတီကို ပြောပါတယ်။

အဲဒီလို ပန်းချီရေးခြယ်ရာက ရရှိလာတဲ့ ငွေတွေကို ယဉ်ကျေးမှုတက္ကသိုလ်ရဲ့ သာရေးနာရေး ကိစ္စတွေမှာ အသုံးပြုဖို့ ရန်ပုံငွေအဖြစ် ထားရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒီအတိုင်း အားပေးရင်လည်း ရတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံမှာ လုပ်တဲ့ပြိုင်ပွဲမှာ နိုင်ငံတော်အလံကို မျက်နှာပေါ်မှာ ဆွဲထားပြီး၊ မြန်မာအသင်းက ပွဲစဉ်တွေမှာ ဝတ်တဲ့ အနီရောင် ဝတ်စုံမျိုးဝတ်ပြီး ဘောလုံးကွင်းမှာ အားပေးရတာ ပိုပြီးတော့ သဘော ကျတယ်။ စိတ်လည်း တက်ကြွတယ်” လို့ မျက်နှာမှာ နိုင်ငံတော် အလံပုံစံ ပန်းချီ လာရောက်ခြယ်သ နေတဲ့သူ တဦးက ပြောပါတယ်။

မြန်မာ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုကြတဲ့ ဘောလုံးဝါသနာရှင် ပရိသတ်တွေကို ပန်းချီ ရေးခြယ်ပေးနေတဲ့သူ ကိုယ်တိုင် ကလည်း သူ့ရဲ့ မျက်နှာနဲ့ လက်တွေမှာ နိုင်ငံတော်အလံ ပုံစံတွေကို ရေးခြယ်ထားပါသေးတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားပွဲစဉ်နေ့က ဆိုရင် မျက်နှာပန်းချီ လာပြီးခြယ်သတဲ့သူ ၅၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
သူတို့အဖွဲ့က မြန်မာအသင်း ပွဲစဉ်ရှိတဲ့နေ့တိုင်း နေ့လယ် ၂ နာရီ ကနေ ဘောလုံးပွဲစတဲ့ အချိန်အထိ ရေးဆွဲပေးနေတာပါ။

ဘောလုံးပြိုင်ပွဲတွေ ကျင်းပရာ သုဝဏ္ဏ အားကစားကွင်း ထဲမှာလည်း မြန်မာနိုင်ငံတော် အလံပုံစံငယ် ကပ်ခွာ၊ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမှတ်အသားပါ ကပ်ခွာ၊ “မြန်မာ” ဆိုတဲ့စာတန်းပါ အင်္ကျီတွေနဲ့ နဖူးစည်းတွေကို ဈေးသည်တွေက အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။

ဧရာဝတီ သတင်း Myanmar News

New light of Myanmar သတင်းစာ 11.12.2013


ကြေးမုံ သတင်းစာ 11.12.2013


မြန်မာ့အလင်း သတင်းစာ 11.12.2013


တခြားနိုင်ငံများတွင် မလုပ်သင့်သော ရိုင်းရာကျသည့် အပြုအမူများ


(၁) ဂျပန်တွင် မုန့်ဖိုးမပေးပါနှင့်
များသောအားဖြင့် စားသောက်ဆိုင်၊၀န်ဆောင်မှုပေးသောလုပ်ငန်းများနှင့် ဟိုတယ်များသည် ချွင်းချက်တွင်ပါဝင်ပါတယ်။ ဒါပေမယ့် မပေးတာ ပိုကောင်းပါတယ်။
အဲ့လိုမျိုး Tip Money ပေးလိုက်တာ အဆင့်နှိမ်လိုက်တဲ့ သဘောသက်ရောက်လို့ပါ။

(၂) ရုရှားမှာ မသိတဲ့လူကို ပြုံးမပြသင့်ပါ။
ကျနော်တို့မြန်မာလူမျိုးအများစုကတော့ မသိတဲ့သူကိုဆို ပြုံးပြတတ်တာ ထုံးစံတစ်ခုပါပဲ။ ဒါပေမယ့် ရုရှားမှာတော့ အဲ့လိုမဟုတ်ပါဘူး။ တော်တော်လေးကိုရင်းနှီးတဲ့သူကိုမှ
ပြုံးပြတဲ့ ထုံးစံရှိပါတယ်။ အကယ်လို့သာ ပြုံးပြမိရင် သူတို့အနေနဲ့ ယုန်ထင်ကြောင်ထင် ဖြစ်သွားနိုင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပေါ့

(၃) အိန္ဒိယမှာ ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
အိန္ဒိယထုံးတမ်း အစဉ်အလာ ယုံကြည်မှုတွေအရ ဘယ်ဘက်လက်က မသန့်ရှင်းဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာမျိုးဖြစ်ဖြစ်၊ တစ်ခုခုလှမ်းပေးတာမျိုးဖြစ်ဖြစ်
သူများက လှမ်းပေးလို့ယူတာမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) တရုတ်ပြည်မှာ ပန်းကန်ထဲက အစားအသောက်ကို ကုန်စင်အောင်မစားပစ်ပါနဲ့။
တရုတ်ပြည်မှာ တစ်ယောက်ယောက်က ထမင်းဖိတ်ကျွေးတဲ့ အခါမှာ ပန်းကန်ထဲအကုန်ပြောင်အောင် စားလိုက်တယ်ဆိုတာဟာ သူတို့ဆီမှာ အိမ်ရှင်က လောက်အောင်မဧည့်ခံတာ (ဒါမှမဟုတ်) စားစရာအလုံအလောက်မရှိလို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေကတော့ အိမ်ရှင်ထည့်ကျွေးတာကို အကုန်ကုန်အောင်စားမှ မရိုင်းတာဆိုတဲ့ အဓိပ္ပါယ်ရှိပေမယ့် သူတို့ဆီမှာတော့ အဲ့လိုမဟုတ်ပါဘူး။
စားပြီးလို့ပန်းကန်ထဲမှာ နဲနဲလေး ချန်ထားခြင်းက ကိုယ်ဗိုက်ဝပြီဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေသလို ချက်ပေးတဲ့ စာဖိုမှုးကိုလည်း ချီးကျူးရာ ရောက်ပါတယ်။

(၅) နော်ဝေးမှာ ကားမောင်းရင် ဟွန်းမတီးပါနဲ့။
ရန်ကုန်မှာတော့ ဟွန်းမတီးရဇုန်တွေ သတ်မှတ်ထားပေမယ့် ဘဲဥလစ်ရင်လစ်သလို တီးနေကြတာပါပဲခင်ည။ နော်ဝေးမှာတော့ ဟွန်းတီးတယ်ဆိုတာ အရေးပေါ်အခြေနေမျိုးမှာမှ တီးပါတယ်တဲ့။ တခြားအချိန်မှာတီးတာမျိုးကတော့ သူတို့အယူအဆနဲ့ ရိုင်းရာကျပါတယ်တဲ့။
ဒါပေမယ့် ဟွန်းဆိုတာ လိုအပ်လို့ ကားတိုင်းမှာ ထည့်ပေးထားတာပဲလေ။

(၆) နှုတ်ဆက်တဲ့ စကားကို ပြင်သစ်မှာ ပြောဖို့ မမေ့ပါနဲ့
ပြင်သစ်မှာတော့ “Bonjour” လို့ အခုစတွေ့တဲ့သူကို ပြောသင့်ပါတယ်။ ပြင်သစ်မှာမှ မဟုတ်ပါဘူး။
စတွေ့တွေ့ချင်းနှုတ်ဆက်လိုက်တာဟာ လူတိုင်းနဲ့ နွေးထွေးမှု ရစေပါတယ်။

(၇) ဂျာမနီမှာစကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်မထားပါနဲ့
တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားတာ ရိုင်းရာကျပါတယ်။ သူများပြောတဲ့ စကားကို အလေးစိုက်နားမထောင်တဲ့ သဘောလည်းသက်ရောက်စေလို့ပါ။

SQUAR

Credit :ပုဂံအွန်လိုင်းမီဒီယာ

ငါး ဦးလျှင် လေးဦး က လက်မထပ် ခင် လိင် ကိစ္စ အတွေ့ အကြုံ ရှိ


လက်ထပ် ထိမ်းမြား ခြင်း မပြု မှီ မှာ ပင် အမျိုး သမီး ငါး ဦး လျှင် သုံး ဦး က သူတို့  ၏
အပျိုစင် ဘ၀ ကို ဘ၀ ကြင် ဖော် မဟုတ် သည့် အခြား တစ်ယောက် နှင့် မျှဝေခဲ့ ကြောင်း
နှင့် ငါး ဦး လျှင် လေးဦး က မူ ကြင်ဖော် သို့  မဟုတ် အခြား တစ်ယောက် နှင့် မျှ ဝေခဲ့
ကြောင်း FNG ၏ လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရ သည်။

ရန်ကုန် ၊ မန္တလေး နှင့် နေ ပြည် တော် မြို့  များ တွင် ပြု လုပ် သည့် FNG ၏ ” လက်
မထပ် မှီ အပျိုစင် ဘ၀ ထိမ်းသိမ်းနိုင်မှု ” စစ်တမ်း တွင် ရန်ကုန် မြို့  မှ ၂၄ ဦး ၊ မန္တလေး
မြို့  မှ ၁၅ ဦး နှင့် နေ ပြည် တော် မှ အမျိုး သမီး ရှစ် ဦး က သူတို့  ၏ အတွေ့ အကြုံ များ
ကို မျှ ဝေခဲ့ ကြသည်။

နိုဝင်ဘာလ အတွင်း က လက်ထပ် ထိမ်းမြှား မှု ပြု ခဲ့ သည့် ကွန်ပျုတာ ဆော့ဖ်ဝဲ နည်း
ပညာရှင် အသက် ၂၅ နှစ် အရွယ် အမျိုး သမီး တစ်ဦး က ” လက်မထပ် ခင် ရည်းစား ငါး
ယောက် ထား ဖူး ပြီး ငါး ယောက် လုံး နဲ့  အတူ လိင် ဆက်ဆံ ခဲ့ ဖူး ကြောင်း FNG ကို
ပြောသည်။

စစ်တမ်း တွင် ဖြေ ဆို သည့် အမျိုး သမီး များ ၏ ထက် ၀က် ခန့် မှာ လက်မထပ် ခင်
လိင်ကိစ္စ  အတွေ့ အကြုံ ရှိ ဖူး ရာ ဉ် နှစ် ယောက် ထက် ပင် ပိုမို သည် ဟု  အဖြေပေး
ခဲ့ ကြသည်။

 ရန်ကုန် မြို့  မှ ဖက်ရှင် နဲ့  အလှ အပ ရေးရာ မဂ္ဂဇင်း မှာ တာဝန် ရှိ သူ တစ်ဦး က မူ
” မိန်း ကလေး တွေ လက်မထပ် ခင် လိင်ကိစ္စ  အတွေ့ အကြုံ က သိပ် ပြီး တော့
အဆန်း ကြီး တော့ မဟုတ် တော့ ပါ ဘူး ၊ တစ်ချို့  တွေ ဆို တစ်ပြိုင် တည်း ရည်း
စား နှစ် ယောက် ထား တာ တို့  (ဘွိုင်းဖရန့် ) ရည်စား နှစ် ယောက် နဲ့  အတူ  အိပ် တာ တို့ 
တောင် ရှိ တယ်” ဟု ပြောသည်။

မြို့  ပြ ယဉ် ကျေး မှု နှင့် အလှမ်း ဝေး သည့်  နယ် မြို့  များ တွင် မူ မိန်းကလေး ဆယ်
ဦးလျှင် ရှစ်ဦး က သူတို့  ၏ အပျိုစင် ဘ၀ ကို ထိမ်းသိမ်း နိုင် ကြောင်း ဖြေကြားခဲ့သည်။

ရန်ကုန် မြို့  မှ ဆရာ ၀န် တစ်ဦး က မူ လစဉ် အသက် ၁၈ နှစ် မှ ၂၈ နှစ် အရွယ် အမျိုး
သမီး ဆယ် ဦးခန့် မှာ ကိုယ်ဝန် ဖျက် ချ ရန် အတွက် လာသည် ဟု သိရသည်။

ရန်ကုန် မြို့  ရှိ ဆေးဆိုင် များ တွင် သန္ဓေတားဆေး ၊ လိင် အကာအကွယ် များ မှာ ထိပ်
တန်း ၁၀ စာရင်း ၀င် ရောင်း အကောင်း ဆုံး ဖြစ်သည်ဟု သိရသည်။

freedomnewsgroup

မောင်တောနယ်စပ် ညမထွက်ရအမိန့် (၁၀) ကြိမ်မြောက် ဆက်လက်ထုတ်ပြန်

ပြီးခဲ့သည့်နှစ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၁၀ ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၈ ရက်က ဆက်လက်ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

““ဒီနှစ် ဒီဇင်ဘာ ၈ ရက်ဆိုရင် မောင်တောနယ်စပ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ တစ်နှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကြောင့် အရင်တုန်းက မြို့ပေါ်မှာ လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ ဒေသခံ တိုင်းရင်းသားလူငယ်တွေအကြား အချိန်လွန်သွားလာနေတဲ့ကိစ္စနဲ့ အခင်းဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒေသအခြေအနေအရ ညမထွက်ရအမိန့် ဆက်မထုတ်လို့မဖြစ် ဖြစ်နေပါတယ်””ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခု ဆက်လက်ထုတ်ပြန်သည့် မောင်တောနယ်စပ် ညမထွက်ရအမိန့်မှာ ယခင်အတိုင်း ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ညမထွက်ရအမိန့်ကိုလည်း ယခင်အတိုင်း ဆက်လက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခဲ့ရာ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်တတ်သည့် မြောက်ဦးမြို့ နယ်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

7 Day Daily

ဘိန်းနှင့် စိတ်ကြွဆေးဖြတ်လိုက အရေးယူခြင်း မခံရအောင် တာဝန်ယူမည်

ဘိန်းဖြူနှင့် စိတ်ကြွစွဲနေသူများကို ဥပဒအရ အဖမ်းမခံရအောင် တာဝန်ယူ ဆေးဖြတ်ပေးမည်ဟု လူငယ် အားမာန်အဖွဲ့ဝင် ကိုအောင်မျိုးလွင်က ပြောသည်။

“ဒီကိုလာတဲ့အခါ ပစ္စည်းမူးယစ်ဆေးဝါးတော့ လုံးဝ သယ်မလာနဲ့ အဖမ်းမခံရဖို့ တာဝန်ယူတယ် အပြင် မှာဆေးသုံးစွဲပြီးမှ လာလည်းရတယ် တာဝန်ယူတယ် ပစ္စည်းသယ်မလာဖို့ပဲ လိုတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးပေးတယ်။ မူးယစ်ဆေးဖြတ်တော့မယ်လို့ ဆုံးဖြတ်ထားသူဆိုရင် စာရင်းသွင်း၊ ဒီ မှာရှိတဲ့ ဆေးခန်းမှာ စစ်ဆေးပြီး ရွာသာကြီးဆေးရုံအထိ တာဝန်ယူပြီး လိုက်ပို့ဆောင်ပေးတယ်”ဟု ပြော သည်။

မူးယစ်ဆေး သုံးစွဲနေသူများ ဆေးဖြတ်လိုပါက ဥပဒေအရ အဖမ်းမခံရအောင် တာဝန်ယူ ဆောင်ရွက်ပေးပြီး ဆေးဖြတ်မည်ဆိုပါက အုပ်ထိန်းသူတစ်ယောက်က တာဝန်ယူကာ လူငယ်အားမာန်အဖွဲ့ထံ အကူအ ညီ တောင်းခံနိုင်သည်။

လူငယ့်အားမာန်အဖွဲ့သည် ဘိန်းစွဲပြီး ဆေးဖြတ်ထားသူအားလုံး အသင်းဝင် ၉၀၀ ကျော်ရှိပြီး အားလုံးက လုပ်အားပေး ဆောင်ရွက်လျက်ရှိသည်။ လူငယ့်အားမာန်အဖွဲ့က ဆေးဖြတ်ရန် အတင်း တိုက်တွန်းမည်မဟုတ်ဘဲ ဆေးဖြတ်ရန် ဆန္ဒရှိပြီး ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ရမည်ဟု ဆိုသည်။

ဘိန်းစွဲသူ၊ စိတ်ကြွဆေး စွဲလမ်းသူများသည် အမှန်တကယ် ဆေးဖြတ်မည်ဆိုလျှင် ဆေးရုံသို့ ၁၄ ရက် တက်ရောက် ကုသရမည်ဖြစ်သည်။ ဆေးရုံတက် ကုသမှု ကုန်ကျစရိတ်များမှာ မိမိဘာသာ အကုန်ကျခံ ကုသရမည်ဖြစ်ပြီး ကုန်ကျစရိတ် ခန့်မှန်း သုံးသောင်းကျပ်ဝန်းကျင် ရှိသည်။

“ခုဆိုရင် တော်တော်များများက စိတ်ကြွဆေးပြားကို ပိုပြီးသုံးစွဲလာတယ်။ ဘိန်းဖြူသုံးစွဲသူထက် ပိုများ တာပေါ့၊ သုံးစွဲရတဲ့ ဈေးနှုန်းကလည်း ကွာတယ်၊ တစ်လကို ကျွန်တော်တို့ ဆေးဖြတ်ပေးနေရသူ ခြောက် ဦးကနေ ဆယ်ဦးအထိ ရှိပါတယ်”ဟု လူငယ့်အားမာန်အဖွဲ့ ခေါင်းဆောင် ကိုဖိုးခွားက ပြောသည်။

ရွာသာကြီးဆေးရုံတွင် ကုသပြီးပါက ပထမအဆင့်အနေဖြင့် စံပြဆေးရုံနှင့် ရွာသာကြီးဆေးရုံများတွင် ဘိန်းဖြတ်ဆေး (မတ်သဒုံး)ကို နေ့စဉ် အခမဲ့ သောက်သုံးနိုင်သည်။ ဆေးစွဲလမ်းသည့် စိတ်ကို မဖြတ်နိုင် သေးပါက အချိန်အကန့်အသက်မရှိ မတ်သဒုံးဆေးရည်သောက်သုံးပြီး စိတ်ဖြေနိုင်သည်။ ဒုတိယအဆင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထပ်မံရရှိပြီးမှ မတ်သဒုံးဆေးဖြတ်ရန် ဒုတိယအကြိမ် ရွာသာကြီးဆေးရုံတွင် ကုသမှုခံရသည်။

မူယစ်ဆေးဝါးသုံးစွဲနေသူများ အမှန်တကယ် ဆေးဖြတ်မည်ဆိုလျှင် ဖုန်း ၀၁-၅၀၂၈၉၃၊ ၀၁၅၃၂၁၇၁၊ ၀၉-၇၃၀ ၉၁၅၂၁ သို့ ဆက်သွယ်နိုင်သည်။

Mizzima Burmese

B.Tech သင်တန်း ရပ်နားရန် ပညာရေးလုပ်ငန်း အဖွဲ့ ဆွေးနွေး

နည်းပညာ တက္ကသိုလ် များတွင် သင်ကြားနေသော B.Tech သင်တန်းများကို ရပ်နားပြီး သင်ရိုး ညွှန်းတမ်းများ ပြောင်းလဲ ရေးဆွဲရေးကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် ဖွဲ့စည်းထားသော ပညာရေးမြှင့်တင် အကောင် အထည်ဖော်ရေး ကော်မတီ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ အစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။
နည်းပညာဘွဲ့ တစ်ခု ဖြစ်သော B.Tech သင်တန်းများကို နိုင်ငံတကာ တက္ကသိုလ်များတွင် သင်ကြားခြင်း မရှိဘဲ မြန်မာနိုင်ငံ တွင်သာ သင်ကြား နေခြင်းကြောင့် ယင်းသို့ဖျက်သိမ်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီလှငယ်က ပြောဆိုသည်။ B.Tech သင်တန်းကို ဖြုတ်ရန် စီစဉ်ထားသော်လည်း ယခင် အောင်မြင်ထားပြီး ဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး သတ်မှတ်ချက်အတွက် စိုးရိမ်မိသောကြောင့် နည်းပညာတက္ကသိုလ် ပညာရေး ပြောင်းလဲမှု များကို အချိန်ယူ ညှိနှိုင်းရမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။
လက်ရှိအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများသည် တတ်မြောက်မှု အရည်အသွေး နိမ့်ကျပြီး ပြင်ပလုပ်ငန်းခွင် များတွင် ကွင်းဆင်းလုပ်ကိုင်နိုင်မှု အားနည်းနေကြောင်း၊ ယင်းကြောင့် လက်ရှိ နည်းပညာတက္ကသိုလ် များတွင် သင်ကြားနေ သော AGTI၊ B.Tech နှင့် B.E သင်ရိုးညွှန်းတမ်း များကို ပြန်လည် ပြင်ဆင်သွားရန်လည်း လိုအပ်ကြောင်း အစိုးရရုံးအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ထောက်ပြ သုံးသပ်သွားသည်။
"အရေးကြီးတာ ကျောင်းသားတွေရဲ့ အရည်အချင်းကို ယူမလား။ စာသင်နှစ်ကို ယူမလား။ လုပ်ငန်းရှင်တွေ ကတော့ B.E (အင်ဂျင်နီယာဘွဲ့) တွေက သုံးမရဘူးလို့ ပြောကြတယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။ ယင်းသို့ အင်ဂျင်နီယာဘွဲ့ရ များ၏ အရည်အချင်းများ ကျဆင်းခြင်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း များနှင့် နည်းပညာတက္ကသိုလ် များ၏ ပညာရေးစနစ် များကိုလည်း မကြာခဏ ပြောင်းလဲမှုများကြောင့် ဖြစ်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ်ပါမောက္ခ (ငြိမ်း) တစ်ဦးက ပြောဆိုသည်။
ယခုလအတွင်း နိုင်ငံတစ်ဝန်း နည်းပညာတက္ကသိုလ် များ၏ အောင်ချက် ရာခိုင်နှုန်း မြှင့်တင်ခဲ့ခြင်းအပေါ် ယခင်ကျရှုံး ခဲ့သော AGTI နှင့် B.Tech ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော်က သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို ပြန်လည် ဖြေဆိုခွင့် တောင်းဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ တစ်ဝန်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အားလုံး ၆၁ ခုရှိကြောင်း ၂၀၁၂ ခုနှစ် ပညာရေးဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly Myanmar

လူ့ဂုဏ်သိက္ခာ ချိုးနှိမ်ရန် သံခြေချင်းများကို အသုံးပြုသောအခါ


ခြေချင်းပြုတ်ပြီး ၁၃ နှစ်ကျော်ကျော်ကြာ အခုထိ အိပ်မက်မက် လိုက်တိုင်း ထောင်အပြင်မှာလို့ တစ်ခါမှမမက်ဘူး။ မက်တိုင်းလည်း ခြေချင်းပါတယ်။ အခု အပြင်ရောက်လို့ တစ်နှစ်ကျော်တဲ့ အထိ အိပ်မက်မက်တိုင်း ခြေချင်းပါတုန်း” မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း အကျဉ်းထောင် လက်စွဲ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော သံခြေချင်း ခတ်ထားခြင်းကို ၁၁ နှစ်တိတိ ခံစားခဲ့ရပြီး ထောင် ၂၃ နှစ်နီးပါး ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဂျော်လီထွန်းက ပြောပြခြင်းဖြစ်သည်။
အကျဉ်းထောင် အတွင်း ပြစ်ဒဏ်ကျ အကျဉ်းသား တစ်ဦး ပြစ်မှုထပ်မံကျူးလွန်ခြင်း၊ ထောင်ပြောင်းရွှေ့ခြင်းတို့ပြုလုပ်ပါက ခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ပြစ်မှုအရွယ်အစားအလိုက် အန္တရာယ်ပေးနိုင်သည့် အကျဉ်းသားကို သံခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့မှာ နိုင်ငံတကာ အကျဉ်းထောင်များတွင်လည်း ကျင့်သုံးလေ့ရှိသည်။
မြန်မာနိုင်ငံတွင် သံခြေချင်းကို ဓာတ်ပုံသမိုင်းအရ ကိုလိုနီခေတ်တွင် ဆရာစံကို သူပုန်မှုဖြင့် ကြိုးပေးစဉ်က ခြေချင်းခတ်ထားခဲ့ကြောင်း မှတ်သားရသည်။ မဆလခေတ် ၁၉၈၀ နောက်ပိုင်းတွင် ပြည်ထဲရေး ၀န်ကြီးဟောင်းဦးဘိုနီ လက်ထက်၌ နောက်ဆက်တွဲ ညွှန်ကြားချက်အမိန့်တို့ဖြင့် သံခြေချင်းခတ်သည့် စနစ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာခဲ့သည်။ ပြစ်ဒဏ်ကျ အကျဉ်းသားများကို အကျဉ်းထောင်အတွင်း လူမသိသူမသိ နောက်ထပ်အချုပ် အနှောင်တစ်ခု သဖွယ် သံခြေချင်းခတ်သည့်စနစ်ကို လူ့အခွင့်အရေးလှုပ်ရှားသူများအပါအ၀င် အကျဉ်းသားအများစုက မရှိစေလိုကြပေ။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်နေပါသည်ဟု အစိုးရကပြောနေသည့် ယနေ့အချိန်တွင် အများအတွက် တက်ကြွလှုပ်ရှားဆောင်ရွက် သူများကို သံခြေချင်းခတ် ရုံးထုတ်သည့်ပုံရိပ်များ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းအပေါ် တက်ကြွလှုပ်ရှားသူများက မနှစ်မြို့ကြပါ။
“ကျွန်တော်က အဲသည်စနစ်ဖျက်စေချင်တာ။ လူကို သက်သက်အရှက်ခွဲတာ။ ၁၉၉၀ စာဥစစ်ဆင်ရေးအပြီး နိုင်ကျဉ်းတွေကို ထောင်ရွှေ့တော့ ပိုဆိုးတာပေါ့။ ဆံပင်ရိတ်ပြီး သံခြေချင်းနဲ့ အင်းစိန်ထောင်ကနေ ဘူတာထိ လမ်းလျှောက်ခိုင်းခဲ့တာ။ သံကြိုးတွဲချည်ထားသေးတာ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဇာဂနာက ပြောသည်။ ပြစ်ဒဏ်ကျအကျဉ်းသား၏ ခြေချင်းဝတ်နှစ်ဖက်တွင် ပတ်လည်သံကွင်းတစ်ကွင်းစီကို အထက်သို့ သံကွင်းသုံးကွင်းဖြင့် တွဲချိတ်ထားသော ယင်းသံကွင်းများကို တစ်ပေခန့်ရှိ သံချောင်းနှစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ ယင်းသံချောင်းနှစ်ခုကို ထိပ်မှသံကွင်းကြီးတစ်ခုဖြင့် ချိတ်ဆက်ဝရိန်ဆော်ထားပြီး ယင်းသံကွင်းကို အကျဉ်းသားကကိုင်၍ သွားလာလှုပ်ရှားမှုပြုရခြင်းဖြစ်သည်။
ဒေါက်ခတ်ခြင်းမှာ သံခြေချင်းခတ်ထားသည့် ခြေထောက်နှစ်ချောင်း၏ ခြေကျင်းဝတ်နေရာမှ သံကွင်းနှစ်ခုကို ပြစ်ဒဏ်အနည်းအများပေါ်မူတည်၍ အရှည် ၆ လက်မမှ ၁၈ လက်မအထိ အရွယ်အစားအမျိုးမျိုးရှိသည့် သံချောင်းများဖြင့် ကလန့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ သံခြေချင်းအပြင် ဒေါက်ပါခတ်ထားခံရသည့် အကျဉ်းသားမှာ ဘဲသွားသာသွားနိုင်ပြီး ခက်ခဲစွာလမ်းလျှောက် ရသည်။ ထောင်တွင်းတွင် အလွန်တရာဆိုးသွမ်းသော အကျဉ်းသားများအတွက် ရည်ရွယ်ထားသည့် ခြေချင်း၊ ဒေါက်ခတ်ပြစ်ဒဏ်ကို ထောင်အာဏာပိုင်များက လိုသလိုသုံးစွဲပြီး ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များ၊ အထက်အမိန့်ညွှန်ကြားချက်များဖြင့် အကျဉ်းသားများကို ပြစ်ဒဏ်ပေးလေ့ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။ ထို့အပြင် အကျဉ်းသားများထံမှ ကြားပေါက်ငွေရလိုသည့် အကျင့်ပျက်ဝန်ထမ်းများကလည်း ခြေချင်းဒေါက်များကို အသုံးချပြီး အပိုဝင်ငွေ ဖန်တီးလေ့ရှိကြောင်း ၎င်းတို့ကပြောသည်။ ၁၉၉၉ ခုနှစ် မြန်မာနိုင်ငံအကျဉ်းထောင်သို့ ICRC ၀င်လာချိန်တွင်တော့ နှစ်ရှည်လများ အိပ်မက်ဆုံးသဖွယ် ခံစားခဲ့ရသည့် သံခြေကျင်းအချုပ်အနှောင် ပြုတ်သွားသည့်နေ့ကို ဦးဂျော်လီထွန်းမမေ့နိုင်ပါ။
 “ခြေချင်းပြုတ်သွားတဲ့နေ့က ကျွန်တော့်ကိုကြည့်ပြီး ထောင်ဝန်ထမ်းတွေကအစ မျက်ရည်ကျကြတယ်။ ကျွန်တော့်မိန်းမဆို ခြေချင်းမရှိတော့တဲ့ ကျွန်တော့်ကိုတွေ့တော့ သိန်း ၁၅၀၀ ဆယ်စုလောက်ပေါက်သွားတဲ့မျက်နှာလို ဖြစ်သွားတယ်”ဟု ဦးဂျော်လီထွန်းက မျက်ရည်များကျရင်းဆိုသည်။ အကျဉ်းထောင်များအတွင်း ထပ်မံပြစ်မှုကျူးလွန်သည့်သူများကို အကျဉ်းထောင်လက်စွဲဥပဒေအရ ဥပဒေနှင့်အညီအရေးယူရန်လိုအပ်ပြီး လူမဆန်သည့် ပြစ်ဒဏ်များချမှတ်ခြင်းကို လုံးဝပယ်ဖျက်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP-B)မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။ သူသည်လည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျခံနေရစဉ်အတွင်း သံခြေချင်းနှင့် ဒေါက်အခတ်ခံရကာ လူမဆန်သည့်နှိပ်စက်မှုများ ခံခဲ့ရကြောင်းရှင်းပြသည်။ “အခတ်ခံရတဲ့အပြင် ကျွန်တော်တို့ကို နှစ်ပတ်လုံးပေါ့။ မနက်မိုးလင်းရင် တစ်နာရီ သူတို့ပြောတော့ လေ့ကျင့်ခန်းလို့ဆိုတယ်။ ပုံစံမောင်းတယ်။ ပုံစံဆိုတာ ခွေးဝပ်ဝပ်ရတယ်။ ပြီးရင် သူတို့က ပုံစံ၊ ပုံစံကြီးဆိုပြီး အော်တယ်။ ပုံစံဆိုရင် ခွေးဝပ်ဝပ်၊ ပုံစံကြီးဆိုရင် ပတပ်ရပ်။ အဲလိုနေရတယ်။ အဲဒါ ခြေချင်းဒေါက်နဲ့လုပ်ရတာ။ နှစ်ပတ်တိတိလုပ်ရတယ်။ မနက်တစ်နာရီ၊ ညနေတစ်နာရီ”ဟု သူကြုံရသည့် လူမဆန်သည့် ညှဉ်းပန်းမှုများအကြောင်း ဦးဘိုကြည်ကပြောသည်။ သို့သော် နှိပ်စက်မှုများက ဒီတင်မရပ်။
 “အဲလိုလုပ်နေတဲ့အချိန်မှာ သူတို့ စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ကျွန်တော်တို့ပုံစံကို မကြိုက်ဘူးဆိုရင် တံခါးဖွင့်ပြီး ထုတ်ရိုက်တယ်”ဟု ဦးဘိုကြည်ကပြောသည်။ အင်မတန်ဆိုးသွမ်းသည့် ရာဇ၀တ်သားကို သံခြေချင်းခတ်ပါက ကန့်ကွက်စရာမရှိပါ။ အများပြည်သူအတွက် ဖိနှိပ်ထားသည့် စနစ်နှင့်ဥပဒေတို့ကို ကန့်ကွက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဆိုသူများကိုမူ လူသားဂုဏ်သိက္ခာ ထိခိုက်အရှက်ရစေသော သံခြေကျင်းကို ပို၍မသုံးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။ “ခြေကျင်းဆိုတာ လုံခြုံရေးကိုမူတည်ပြီး ထောင်အာဏာပိုင်တွေက ဘယ်လိုလူခတ်သင့်တယ်။ မခတ်သင့်ဘူးဆိုတာ သုံးသပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Jia Manual ကို ပြန်ပြီးတော့ ပြင်ဆင်သင့်တယ်။ ကိုဂျော်လီထွန်းတို့လိုလူကို နှစ်ရှည်လများခတ်ထားတာကျတော့ ဒါဟာ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်တာ။ ထောင်ထဲမှာ ထပ်ပြီးအနိုင်ကျင့်တာသက်သက်ပဲ”ဟု ကိုယ်တိုင်သံခြေကျင်းခတ်ခံရပြီး အကျဉ်းကျခဲ့ရဖူးသည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက ပြောသည်။
ကိုလိုနီခေတ်က ရေးဆွဲ ထားသော အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားများအတွက် ယနေ့ခေတ်အထိ ခေတ်မီအသုံးဝင်နေသေးသော်လည်း ပြန်လည်ပြင်ဆင်ရန် အချက်များလည်း ရှိလာပြီဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အကျဉ်းထောင်လက်စွဲဥပဒေကို ပြန်လည်ပြင်ဆင်ရေးသားနေပြီဟု လွှတ်တော်တွင်း လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က ဆွေးနွေးပြောကြားသွားသည်။ အစိုးရသစ်လက်ထက်တွင် အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို မတရားရိုက်နှက်ညှဉ်းပန်းမှုများ လျော့ပါးသွားကြောင်းနှင့် အစားအသောက်များ ၀၀လင်လင်စားသောက်ရသည်ဟု အပြောင်းအလဲဆန်သည့်သတင်းများ ထွက်ပေါ်လာသော်လည်း သံခြေကျင်းဒေါက်ခတ်ပြစ်ဒဏ်ကို ပယ်ဖျက်လိုသူတို့၏ ဆန္ဒမပြည့်ဝသေးပါ။
အကျဉ်းထောင်သည် ပြစ်မှုကျူးလွန်သူတို့အတွက် ပြန်လည်ပြုပြင်ရေးစခန်းတစ်ခုအဖြစ် နိုင်ငံတိုင်းတွင်ရှိသည့်နေရာတစ်ခု ဖြစ်သည်။ သို့သော် လူသားဆန်သည့် ပြစ်ဒဏ်မျိုးတော့ ဖြစ်ဖို့လိုသည်။

7 Day News Journal

အသက်ဘယ်လောက် ရှည်မလဲဆိုတာ အရေပြားက ပြောလိမ့်မယ်


"လက်ရှိ အသက်ထက် နုပျိုတဲ့ အမျိုးသမီးတွေဟာ သက်တူရွယ်တူ ပေမယ့် အတွန့်အလိပ်များ သူတွေထက် နှလုံးရောဂါနှင့် လေဖြတ်ရောဂါ အဖြစ်နည်းလေ့ ရှိပါတယ်" လို့ လေ့လာချက် အသစ်တစ်ခု အရ ဖော်ပြခဲ့ ပါတယ်။
သိပ္ပံပညာရှင် များဟာ အမျိုးသမီးပေါင်း ၂၆၀ အား နှလုံး ရောဂါဖြစ်နိုင်ခြေ များတဲ့ အုပ်စုနှင့် နည်းတဲ့အုပ်စု ၂ စုခွဲပြီး လေ့လာ ဆန်းစစ်ရာမှ တွေ့ရှိခဲ့ တာဖြစ်တယ်။ သိပ္ပံပညာရှင် များက နေလောင်ဒဏ်ကြောင့် မျက်နှာ အရွယ်မတိုင်မီ အိုမင်းလာမှု လက္ခဏာများကို အမျိုးသမီးတွေ ရဲ့ မျက်နှာနှင့် လက်မောင်းအတွင်းဘက် အပေါ်ပိုင်းရှိ အရေး အကြောင်း အတွန့်များကို လေ့လာဆန်းစစ် ခဲ့ကြပါတယ်။
တွေ့ရှိချက်အရ မျက်နှာမှာ အတွန့်အရစ်နည်းလေ ပို၍ နုပျိုပုံပေါက်တဲ့ အပြင် သွေးတိုးရောဂါနှင့် နှလုံး ရောဂါဖြစ်နိုင်ခြေ နည်းပါး ပါတယ်။ သွေးတိုးရောဂါဟာ မျက်နှာ အရေပြားပေါ် အရေးအကြောင်းနည်း ရုံတင်သာမက မျက်ခွံတွေတွဲကျတာ မျက်နှာအစ်/ဖောင်းမှုလည်း နည်းတာ တွေ့ရပါတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေးဗစ်ဂန်း က ရှင်းပြပါတယ်။
အမျိုးသားတွေမှာ သီးသန့်ခွဲ လေ့လာရာမှာတော့ အရေးအကြောင်းပေါ်တာနဲ့ သွေးတိုး ရောဂါမှာ သက်ဆိုင်မှု မရှိဘူးလို့ ဆိုတယ်။ ဒါပေမယ့် အသက်ရှည်တဲ့ မိသားစု မှ အမျိုးသားတွေဟာ သက်တူရွယ်တူ အမျိုးသားတွေထက် ပိုပြီး နုပျိုကြောင်း တွေ့ရပါသတဲ့။
Health Digest

မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


၈. ၁၂. ၂၀၁၃ရက်နေ့၊ည(၇း၄၅) အချိန်မြိတ်ခရိုင်ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအုပ်ချိုလွင်နှင့် တပ်ဖွဲ့ဝင် များသည်သတင်းအရသက်သေများ နှင့်အတူ မြိတ်မြို့၊ကန်ခေါင်း ရပ်ကွက်၊သစ္စာလမ်း၊အမှတ်(၄၀၁)နေ သူရမိုး(ခ) တရုတ်(ခ) ဂျာမာ လူဒင်၏ နေအိမ်သို့ဝင်ရောက် ရှာဖွေခဲ့ရာ တရားခံ သူရမိုး (ခ) တရုတ်(ခ) ဂျာမာလူဒင် နှင့်တကွ နေအိမ် အတွင်းမှ ဘိန်းစာမှုန့်(၁၃၄)ထုပ်သိမ်းဆည်း ရမိခဲ့သဖြင့်သူရမိုး(ခ) တရုတ်(ခ) ဂျာမာ လူဒင်အားမြိတ်မြို့ရဲစခန်းမယ(ပ) ၆၆/၂၀၁၃မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရှိ ရသည်။
မြိတ်ပုလဲမြေ

တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း


၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ကားကိုဆက်မောင်း၍  သာကေတ  အေးနန္ဒာ တည်းခိုခန်းအနီး အရောက်  ကားရပ်သဖြင့်  ဆင်း၍ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ပြုစဉ်  ဖုန်းကို  လုယူရိုက်ခွဲကာ  မနုနုထွေး  ၀တ်ဆင်ထားတဲ့  စိန်လက်ကောက်  (၁)ကွင်းကို  ဆွဲချွတ်လုယူ  မောင်းနှင်သွားသည့်အတွက်  မနုနုထွေး  က  ၉.၇.၂၀၁၃ ရက်နေ့မှာ  သာကေတနယ်မြေရဲစခန်းမှာ  အမှုဖွင့်ခဲ့ရာ  ၎င်းရဲစခန်း (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သတင်း တစ်ပုဒ်  ပါရှိခဲ့ပါသည်။ …..။

အဆိုပါ  သတင်းနဲ့  ပတ်သက်လို့  ကာယကံရှင် အောင်နိုင်ဦးက  ၄င်းနဲ့  မနုနုထွေးတို့ဟာ ၂၀၀၃/၂၀၀၄ ခုနှစ် ကတည်းက  သမီးရည်းစားဖြစ်ခဲ့ပြီး  မနုနုထွေး  ယခုလုပ်ကိုင်နေတဲ့  H2O  အမည်ဖြင့်  Decoration  လုပ်ငန်းကို  နှစ်ဥိးသား  အတူလုပ်ကိုင်ခဲ့ ကြောင်း၊ ၄င်းနောက်  မိဘများ“  သဘောဆန္ဒအလျောက်  လုပ်ငန်းခွဲထွက်လုပ်ကိုင်ခဲ့သော်လည်း  H2O  လုပ်ငန်းမှ  ငွေကြေးပစ္စည်း တစ်စုံတစ်ရာ  မယူခဲ့ကြောင်း …. ၆.၇.၂၀၁၃ ရက်နေ့  ကိုအောင်နိုင်ဦးသည်  ၄င်းအလုပ်ရုံတွင်  သူငယ်ချင်း  ဗိုလ်ကြီး ကျော်ကျော် ထွေးနဲ့  စကားပြောနေစဉ်မှာပင်  မနုနုထွေးက  ဗိုလ်ကြီး  ကျော်ကျော်ထွေးထံ  ဖုန်းဖြင့်  ထမင်းစားဖိတ်ခဲ့လို့  အောင်နိုင်ဦးလည်း  လိုက်သွားပြိး  အပြန်မှာ  ဗိုလ်ကြိး ကျော်ကျော်ထွေး၊ မနုနုထွေးနှင့်အတူ  ကိုအောင်နိုင်ဦး မောင်းသည့်ကားနဲ့  ပြန်လည်ခဲ့ကြောင်း၊ တာမွေက  ဘရိုက်စတား  ဆံပင်ညှပ်ဆိုင်မှာ  အောင်နိုင်ဦး  ဆံပင်ညှပ်တဲ့ အချိန်မှာလည်း  မနုနုထွေးတို့  ၂ ဥိးလည်း  ထိုင်စောင့်နေ ခဲ့ကြောင်း၊ ၄င်းနောက် အောင်နိုင်ဦးဟာ  ဗိုလ်ကြိး ကျော်ကျော်ထွေးကို  လိုက်ပို့ပြီး  မနုနုထွေးနဲပပြန်လည်စဉ်မှာပင်  လက်ထပ်ယူရန် ပြောဆိုရင်း  သန်လျင်ဘက်  ရောက်ကာ  စကားအခြေအတင်ဖြစ်ပြီးပြန်လ်ာစဉ်  သန်လျင်တံတားအဆင်းအရောက်  ကားရပ်စဉ် မနုနုထွေးမှ  ကားပေါ်မှ  ဆင်းပြီး  ၄င်းကို ရိုက်နေတယ်ဟု  အော်သဖြင့်  ၀ိုင်းကြည့်နေတဲ့လူအုပ်ကို  ရှင်းပြပြီး  မနုနုထွေးအား  ကားပေါ်ခေါ်တင်သည့်အခါ  မလိုက်ဘဲ  ဆက်အော်နေသဖြင့်  ထားခဲ့ပြီး  ကားကိုမောင်းလာခြင်းဖြစ်ကြောင်း  ၄င်းဖြစ်စဉ်အား မနုနုထွေးမှ  ချဲ့ကားပြီး  တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတိုင်ချက်မှာပါတဲ့  လုယူသွားတဲ့  စိန်လက်ကောက်ဟာလည်း  အောင်နိုင်ဦးက  မွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့  လက်ကောက်ဖြစ်ကြောင်း သိရှိရပါသည်။

မနုနုထွေးက  ဘယ်လိုဘဲ  စွပ်စွဲတိုင်ကြားခဲ့သော်လည်း  ဖြစ်စဉ်ကို  ရဲတပ်ဖွဲ့က  စစ်ဆေးပြီး ဥပဒေရုံးအဆင့်ဆင့်ကို  အကြံညာဏ် တောင်းတဲ့အချိန်မှာတော့  စွပ်စွဲချက်ဟာ  မမှန်ကန်ဘဲ  သာမန်စကားများရန်ဖြစ်မှု ပုဒ်မ ၃၅၄/၅၀၆/၃၂၃/၄၀၃ နဲ့ဘဲ  အကြံပြုခဲ့ တယ်လို့  သိရှိရကာ  သာကေတတရားရုံးမှာ  ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်းနှင့်  စိန်လက်ကောက်  လုယူသွားကြောင်း  မမှန်ကန် တိုင်ကြားတဲ့  မနုနုထွေးကို  ကိုအောင်နိုင်ဦးက  ပုဒ်မ ၂၉၄/၃၂၃/၅၀၀ ဖြင့်  ပြန်လည် တရားစွဲဆိုထားကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရပါသည်။
thit htoo lwin

ယမ်းငွေ့ဝေဆဲ မန်စီနယ်


အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွားနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြား တပ်များနေရာယူထားမှုမှာ တစ်ဖက်နှင့်တစ်ဖက် တစ်မိုင်ခန့်သာကွာဝေးနေသည်။ ယင်းကြောင့်ပင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွဲပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

ဖန်ခါးကုန်းစစ်ရှောင်စခန်း
ဗန်းမော်မြို့အစွန်ရှိ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် အသက် ၆၇ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် ဦးအင်ခွန်နော်တစ်ယောက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ သူကဲ့သို့ တိုက်ပွဲများကြောင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးဒုက္ခသည်ပြည်သူများကို လ၀ကမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဦးအင်ခွန်နော်မှာ အောက်တိုဘာလနှောင်းပိုင်းက မုန်းဒိန်ပါကျေးရွာတွင် အစိုးရနှင့် ကေအိုင်အေတို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။

“လက်နက်ကြီးသံတွေ တ၀ုန်းဝုန်းနဲ့ ရွာထဲမှာ ယာလုပ်နေရင်းက ထွက်ပြေးလာရတော့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပေါ့”ဟု ဦးအင်ခွန်နော်က သူ့အတွေ့အကြုံကိုပြောပြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်ပြောကြားချက်များမှာ ကွဲပြားနေပါသည်။

အစိုးရဘက်က မန်စီမြို့နယ်တွင် စစ်ဆင်ရေးပြုလုပ်ခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို တပ်မတော်ကရှင်းလင်းခြင်းဖြစ်ပြီး ကေအိုင်အေတပ်ဘက်က အထက်၏အမိန့်ကိုမလိုက်နာဘဲ စတင်ပစ်ခဲ့ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်တိုဘာလ မြစ်ကြီးနားဆွေးနွေးပွဲအတွင်း နှစ်ဖက်သဘောတူညီခဲ့သည့် အရေးပါသော အများပြည်သူသုံးလမ်းများ ပြန်ဖွင့်နိုင်ရန် ကေအိုင်အေဘက်မှ တပ်သားများ နောက်ဆုတ်ပေးခဲ့သော်လည်း အစိုးရတပ်က သတ်မှတ်လမ်းကြောင်းအတိုင်း မ၀င်လာသည့်အတွက် မလွှဲမရှောင်သာ တိုက်ပွဲများပြန်လည်ဖြစ်ပွားရသည်ဟု ကေအိုင်အေဘက်မှ တုံ့ ပြန်ထားသည်။

ထို့အပြင် ယခုတိုက်ပွဲများဖြစ်ပွားရာ ဒေသများသည် ကေအိုင်အေတပ်များတည်ရှိရာ နယ်မြေများဖြစ်ပြီး အစိုးရတပ်များမ၀င်လာရန် ဆွေးနွေးပွဲတိုင်း၌ ပြောကြားထားခဲ့ကြောင်း ကေအိုင်အေဘက်ကလည်းဆိုပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုပြုလုပ်လာပြီး တိုက်ပွဲအရှိန်လျှော့ရန် သဘောတူထားကြပါလျက် မန်စီနယ်တစ်ဝိုက်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းအပေါ် ပြည်သူများလည်း မျက်စိလည်လျက်ရှိသည်။ ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကိုယ်တိုင် ပထမဆုံးအကြိမ် ရန်ကုန်မြို့သို့လာရောက်ပြီး အစိုးရတာဝန်ရှိသူအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သောကြောင့် ယုံကြည်မှုပိုခိုင်မာလာအောင် ကြိုးပမ်းနေပါလျက် မရပ်တန့်သောတိုက်ပွဲများက ပဟေဠိဖြစ်စေသည်။

ကချင်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသတွင်း အဖွဲ့အစည်းများကမူ ယခုဖြစ်ပွားသောတိုက်ပွဲများကြောင့် အစိုးရဘက်မှ နယ်မြေစိုးမိုးမှုပိုမိုရရှိပြီး၊ ကေအိုင်အေတပ်များကို နယ်စပ်ဘက်သို့ ဖိတိုက်သည့်ပုံစံဖြစ်နေကြောင်း သုံးသပ်ကြသည်။

ထို့အပြင် အစိုးရနှင့်ကေအိုင်အို မေလဆွေးနွေးပွဲက သဘောတူညီခဲ့သည့် စစ်ရှိန်လျှော့ချရေး၊ တိုက်ပွဲများထပ်မံမဖြစ်ပွားရေးတို့ကို နှစ်ဖက်စလုံးမှ ချိုးဖောက်သည့် သဘောဖြစ်အောင် ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း ၎င်းတို့ကသုံးသပ်ကြသည်။

“ဆွေးနွေးပွဲတွေ ရှည်နိုင်သမျှရှည်အောင် ဆွဲဆန့်ပြီးလုပ်။ နယ်မြေစိုးမိုးရေးဝင်လုပ် နယ်စပ်ကိုတွန်းပို့၊ နောက်ဆုံးမလှုပ်သာတော့မှ လည်ပင်းညှစ်ပြီးအဖြေတောင်းမယ့် သဘောလို့မြင်တယ်”ဟု ကချင်အရေးစောင့်ကြည့်သူတစ်ဦးကဆိုသည်။

ဆွေးနွေးပွဲရလဒ်များအပေါ် ထိခိုက်မည်စိုးရိမ်သဖြင့် မြန်မာ့တပ်မတော်မှ ကေအိုင်အိုထိပ်ပိုင်းသို့ တရားဝင်အကြာင်းကြားပြီးမှ တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားခဲ့သော်လည်း အောက်ခြေကမလိုက်နာလိုသဖြင့် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

“ရဲတပ်ဖွဲ့လက်လှမ်းမမီတဲ့ ဒေသတွေမှာ မှောင်ခိုလမ်းကြောင်းတွေတားမြစ်ဖို့ တပ်မတော်ကတာဝန်ရှိတယ်။ ဒီလိုလုပ်တာ အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေတွေအကျိုးကို အတော်နစ်နာစေတယ်လို့ သိရတယ်။ သူတို့ရဲ့အပေါ်က ညွှန်ကြားချက်ကိုကြားရပါတယ်။ အောင်ခြေကမလိုက်နာလို့ဖြစ်ရတာ”ဟု ဆိုပါသည်။

ယခုလတ်တလော တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ဒေသများသည် သဘာဝသယံဇာတများစွာရှိပြီး မဟာဗျူဟာကျသည့်နေရာများ ဖြစ်နေသည်ဟုလည်း ကချင်အရေးလေ့လာသူများကဆိုပါသည်။

ကေအိုင်အေ တပ်ရင်း ၂၇ မှ အရာရှိတစ်ဦးကမူ“နယ်မြေစိုးမိုးရေးလုပ်ချင်လို့လို့မြင်တယ်။ စီးပွားရေးအရပိတ်ချင်ရင် နယ်စပ်ဂိတ်ဘက်ကို ပိတ်နိုင်တာပဲ”ဟု တိုက်ပွဲများဖြစ်ပွားနေရခြင်းအပေါ် သူ့အမြင်ကိုပြောပြသည်။

ပြီးခဲ့သည့် တစ်လကျော်ကာလအတွင်း မန်စီမြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ် မန်ဝိန်းကြီးဒေသ လဂတ်ယန်စခန်း၊ ဗန်းမော်မြို့ဝန်းကျင်ရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိအချိန်တွင် မန်စီမြို့နယ်တွင် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုနှင့် တပ်ရင်း ၁၅ ရင်းခန့် လှုပ်ရှားနေသည်။ ကေအိုင်အေဘက်မှလည်း တပ်ရင်း ၁၊ ၁၂ နှင့်၂၇ တို့လှုပ်ရှားလျက်ရှိသည်။

နှစ်ဖက်တပ်များမှာ နီးကပ်လွန်းသည့်အပြင် စစ်ရေးလှုပ်ရှားမှုများရှိသဖြင့် အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။

“ကျွန်တော်တို့ကတော့ စစ်ပြေးဒုက္ခသည်တွေ အချိန်မရွေးထပ်လက်ခံနိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဖန်ခါးကုန်းစစ်ရှောင်စခန်း တာဝန်ခံဒူဝါဇော်ဘောက်ကပြောသည်။

အစိုးရနှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ခုအတွင်း စစ်ရှိန်လျှော့ချရန်၊ ရှေ့တန်းပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Mointaring Committe)များ ဖွဲ့စည်းသွားကြရန် သဘောတူညီခဲ့ကြသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်နိုင်မှုမရှိသေးပေ။

သိန်းနှင့်ချီသည့် စစ်ရှောင်ဒုက္ခသည်များအပါအ၀င် ပြည်သူအားလုံးအတွက် စာရွက်အပေါ်မှ နှစ်ဖက်သဘောတူညီချက်များကို အမှန်တကယ်လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း ကချင်စစ်ပွဲငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်နေသူများက အကြံပြုပြောဆိုပါသည်။

“နှစ်ဖက်သဘောတူတဲ့အချက်တွေကို အပြင်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့က အရေးကြီးပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCU)မှ ဦးအင်ရှန်ဆန်အောင်ကပြောသည်။

ရေးသားသူ- အောင်ခိုင်၊ မရန် ။
7 Day News Journal

ဖောင်ကြီး သင်တန်း လုံးဝ ဖျက်သိမ်းသင့်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာတချို့ဝေဖန်


ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။ နှစ်ပေါင်း ၅ဝခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်အာဏာရှင်များ၏ မူဝါဒများကို ရိုက်သွင်းပေးသော ဗဟိုဝန် ထမ်းတက္ကသိုလ် (ဖောင်ကြီးသင် တန်း)အား လုံးဝဖျက်သိမ်းသင့် နေပြီဟု ပညာရေးအသိုင်းအဝိုင်း မှ ဆရာတချို့က ဝေဖန်ပြော ကြားလိုက်သည်။

လက်ရှိဗဟိုဝန်ထမ်းတက္က သိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ညီ ညွတ်မှုမရှိတော့သဖြင့် ပြုပြင် ပြောင်းလဲရန် စီစဉ်လျက် ရှိသော် လည်း ယင်းတက္ကသိုလ်ကို တက် ရောက်ဖူးသည့် ပညာရေးဝန်ကြီး ဌာနမှဆရာများကမူ ယင်းသို့ပြန် လည်ပြုပြင်မည့်အစား လုံးဝဖျက် သိမ်းသင့်ကြောင်း၊ ယင်းတက္ကသိုလ် မှာ နိုင်ငံတော်၏ဘဏ္ဍာငွေများ အလဟဿဖြစ်နေသည့်နေရာ ဖြစ်ကြောင်း သိရသည်။

''ဒီသင်တန်းက သူတို့ ကောင်းကြောင်းတွေပဲ ပြောတဲ့ နေရာပါ။ ဆရာ တက်တုန်းက တော့ စိတ်မဝင်စားလို့ သင်နေရင် အပြင်ပဲထွက်နေတာ။ သင်ရိုးတွေ ပြန်ပြောင်းမယ်ဆိုရင်လဲ နောင် တက်လာမယ့်အ စိုးရတွေ ကောင်း ကြောင်းတွေ ပဲပါနေဦးမှာ။ တကယ် တမ်းက အဲ့ဒီလို သင်တန်းတွေအ စား ဆရာတွေအတွက် လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးတည့်တဲ့သင် တန်းတွေစီစဉ်ပေးရင် ပိုကောင်း ပါတယ်။ အဲ့ဒီသင်တန်းတက်ရင် တစ်လဆိုရင် အနည်းဆုံး ငွေတစ် သိန်းကတော့ ကုန်ပြီးသားပဲ။ အဲ့ ဒီနေရာက ဝန်ထမ်းအကျိုးဖြစ် ထွန်းတာထက် နိုင်ငံ့ဘဏ္ဍာဆုံး ရှုံးတဲ့နေရာဖြစ်နေတယ်''ဟု အ ရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာန မှ ဆရာတစ်ဦးက ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ ကို ပြုပြင် ပြောင်းလဲမည် ဆိုပါက လက်ရှိ ယင်းတက္ကသိုလ်တွင် သင်ကြားပေး နေသည့်သူများ၏ ဆန္ဒသဘော ထားများကိုပါ အကြံဉာဏ်ရယူ သင့်ကြောင်း၊ တက်ရောက် ရမည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ၏ သင်ယူလိုသည့် အကြောင်း အရာများကို ထည့်သွင်းပေးစေ ချင်ကြောင်း တက္ကသိုလ်ဆရာ တချို့က ဆိုသည်။

ဒဂုံတက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ လက်ထောက်ကထိက တစ်ဦးက ''ပြင်မယ်ဆိုရင် တကယ် လုပ်နေတဲ့သူတွေ မေးဖို့လိုတယ်။ ကျွန်တော် တို့နိုင်ငံ မှာ ဖြစ်နေတာ က အစိုးရဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း ကိုရောထား တာပဲ။ ကျောင်းဆရာ နဲ့ ဆရာဝန်ဆိုတာက အစိုးရဝန် ထမ်းမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းပါ။ ပြည်သူစာမတတ်ရင် ကျွန်တော် တို့ တာဝန်၊ ပြည်သူ မကျန်းမာ ရင် ဆရာဝန်တာဝန်ပဲ။ ဘယ်သူ တွေရဲ့ ဩဇာလွှမ်းမိုးမှုမှမခံစေ ရဘူး။ ဒီအတွက် ဖောင်ကြီးသင် တန်းဆိုတာမျိုးလဲ မလိုအပ် ဘူး။ ပြည် သူတွေ အတွက် ကောင်းကျိုး ဖြစ်အောင်လုပ်ပေးဖို့ ဝန်ထမ်း စွမ်းဆောင် ရည် မြှင့်တင်ပေးတဲ့ သင်တန်းမျိုးတွေပဲ လိုအပ်တယ်။ အခုက ဖောင်ကြီး မတက်ရင် ဝန် ထမ်းမဖြစ်ဘူးဆိုတဲ့ သတ်မှတ်ချက် ကြီးကရှိနေတယ်။ မတက်ချင်လဲ တက်ကြရတာပဲ''ဟုပြောသည်။

အောင်သက်ကို
Yangon Media Group

သမိုင်းထဲကရန်ကုန်တက္ကသိုလ် ပြန်လည်နိုးထချိန်


ကံ့ကော်နှင့် စိန်ပန်းတို့ဖူးပွင့်ရာ တက္ကသိုလ်ကျောင်းတော်ကြီးသည် စစ်အာဏာရှင်ခေတ်အလွန် ယခုပြန်လည်နိုးထခွင့်ရရှိလိုက်ပါပြီ။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဝတ်ပြုကျောင်းနှင့် အင်းလျားကန်ရေပြင်တို့သည် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အသင့်ကြိုဆိုနေကြလေပြီ။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ စာပေပညာရှင်ဆရာဇော်ဂျီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စီးပွားရေးပညာရှင် ရော်နယ်ဖင်ဒလေတို့ကဲ့သို့ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၊ အောင်မြင်၊ ကျော်ကြားသူများကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်သည် ဆယ်စုနှစ် နှစ်စုနီးပါး အသက်မဲ့သွားခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရက ပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်၏။

သစ်လွင်လှပသော အဓိပတိလမ်းမပေါ်တွင် နုနယ်ပျိုမျစ်သော ကျောင်းသား၊ ကျောင်းသူများ၏ လှုပ်ရှားမှုကို ဟိုနားတစ်စ၊ သည်နားတစ်စ မြင်တွေ့နေရသည်။

“ဂုဏ်ယူပါတယ်။ ပျော်တာပေါ့။ မထင်ထားဘူးလေ။ ဒီလိုမျိုးဖြစ်လာမယ်လို့။ အနှစ် ၂၀ နီးပါးလောက် ပိတ်ထားတယ်။ သမီးတို့နှစ်မှ ပြန်ဖွင့်တယ်။ လျှောက်တဲ့သူများတဲ့ထဲမှာ ၀င်ခွင့်အမှတ်လည်း မီသွားတယ်ဆိုတော့ အရမ်းပျော်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်သင်တန်း တက်ရောက်နေပြီဖြစ်သော မယမုံဖူးသော်က ပေါ့ပါးတက်ကြွစွာပြောသည်။

ကျောင်းဖွင့်စအချိန်ဖြစ်၍ ကျယ်ဝန်းသော ရန်ကုန်တက္ကသိုလ်နယ်မြေတွင် သက်ဝင်လှုပ်ရှားမှု နည်းပါးနေသေးသော်လည်း စာသင်ခန်းများတွင် စာသင်ကြားနေကြပြီဖြစ်သလို အဆောင်များတွင်လည်း ကျောင်းသား၊ ကျောင်းသူအချို့ရောက်ရှိနေသည်။

နာမည်ကျော်မာလာဆောင်နှင့် သီရိဆောင်တို့ကတော့ အတိတ်ကကျောင်းသူဆောင်များအဖြစ်မှ စာသင်ကြားဆောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး အင်းလျားဆောင်နှင့် ရတနာဆောင်တို့တွင် ဆရာမများရှိနေခြင်းကြောင့် တစ်ချိန်က ကျောင်းသားဆောင်များဖြစ်သော ဒဂုံဆောင်နှင့် ရွှေဘိုဆောင်တွင် ကျောင်းသူများကို လက်ခံထားရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော ပဲခူးဆောင်အပါအ၀င် စစ်ကိုင်းဆောင်၊ အင်းဝဆောင်၊ သထုံဆောင်၊ ပင်းယဆောင်တို့သည် ကျောင်းသားအဆောင်များအဖြစ် ရှိနေသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အငွေ့အသက်ကို ထိတွေ့ခံစားနိုင်ကြလေပြီ။ အဆောင်နေကျောင်းသားများဘ၀ကို ကိုယ်တိုင်ဖြတ်သန်းရတော့မည်ဖြစ်၏။

“ကိုလိုနီခေတ်ကတည်းကရှိနေတဲ့ တက္ကသိုလ်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပဲခူးဆောင်မှာနေသွားတယ်။ ပညာတတ်တွေ အများကြီးမွေးထုတ်ခဲ့ဖူးတယ်လို့ သိထားတယ်။ ဦးချစ်ဆိုင်နာမည်ကြီးတာလည်း သိတယ်”ဟု အိမ်မဲမြို့မှ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာသင်ယူခွင့်ရရှိထားသော မောင်မြတ်သူရဟိန်းက ပင်းယဆောင်ရှိ အိပ်ခန်းခုတင်တွင်ထိုင်ရင်း ပြုံးရွှင်စွာပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအား အဆောင်လက်ခံရန် ကျောင်းဖွင့်ချိန်မတိုင်မီ နှစ်ပတ်အလိုတွင် ကြေညာခြင်းကြောင့် ပြင်ဆင်ချိန်အားနည်းသည်။ ဆောက်လုပ်ရေးလုပ်သားများကို နေရာအနှံ့မြင်တွေ့နေရပြီး စာသင်ဆောင်၊ အဆောင်နှင့် လျှောက်လမ်းများကို အလျင်အမြန် ပြင်ဆင်မွမ်းမံနေကြသည်။

ထို့အပြင် စာသင်ခန်းနှင့် အဆောင်ခန်းများ နေရာချထားမှုသည် အတည်မဖြစ်သေးသလို အဆောင်လခနှင့် ထမင်းလခတို့ကို တိတိကျကျ သတ်မှတ်ပြောဆိုခြင်းမရှိသေးကြောင်း ကျောင်းသား၊ ကျောင်းသူများကပြောသည်။

စစ်အုပ်ချုပ်ရေးကာလ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့ကြိုနှင့် အဆောင်နေကျောင်းသားများ လက်ခံမှုရပ်ဆိုင်းလိုက်ခြင်းကြောင့် စာသင်ခန်းနှင့် အဆောင်များသည် ဖုန်အလိမ်းလိမ်းနှင့် ယိုယွင်းပျက်စီးမှုဒဏ်ကို နှစ်ပေါင်းများစွာကြုံတွေ့ခဲ့၍ အချိန်ယူပြင်ဆင်ရန် လိုအပ်နေသည်။

“ဆရာတို့ကတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ခြောက်သွေ့သွားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို မြင်ရတိုင်းစိတ်မချမ်းသာဘူး။ အဆောင်တွေနဲ့ စာသင်ခန်းတွေ ပိတ်ထားတယ်။ တစ်ချိန်က စည်စည်ကားကားနဲ့ တက်တက်ကြွကြွရှိခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားအဆောင်တွေက ဖုန်တွေနဲ့ဖြစ်နေတယ်။ စိတ်မချမ်းသာဘူး။ ပြန်ဖွင့်မယ်ဆိုတော့ ပီတိဖြစ်ပါတယ်။ တစ်ချိန်တုန်းကရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်း ပြန်ရရှိမယ်လို့ ယူဆပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ဒီထက်ပိုစည်ကားလာမယ့် နေ့ရက်တွေကို ဆရာတို့ မျှော်လင့်နေပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သော မြန်မာစာဌာန၊ အငြိမ်းစားတွဲဖက်ပါမောက္ခ ဦးမျိုးသန့်ကပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိလာပြီးနောက် ၁၉၄၉ ခုနှစ်၊ ဇူလိုင်လမှစ၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ချက်ဥပဒေဖြင့် ရန်ကုန်တက္ကသိုလ်သည် သီးခြားကိုယ်ပိုင်အုပ်ချုပ်သည့် တက္ကသိုလ်ဖြစ်လာသည်။

၁၉၄၀ မှ ၁၉၅၀ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှဒေသတွင် အကျော်ကြားဆုံးတက္ကသိုလ်တစ်ခုဖြစ်သလို အာရှဒေသတွင် ထိပ်တန်းအဆင့်ရှိနေခဲ့ပြီး ဒေသတွင်းကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် ဆိုရှယ်လစ်လူ့ဘောင်ဦးတည်ချက်ဖြင့် ရန်ကုန်တက္ကသိုလ်ကို ဗဟိုအစိုးရချုပ်ကိုင်မှုအောက်သို့ သွတ်သွင်းခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပံ္ပတက္ကသိုလ်အဖြစ် အမည်ပြောင်းလဲစေခဲ့ပြီး ဆေးပညာ၊ စီးပွားရေး၊ ပညာရေး စသည့်ပညာရပ်များကို တက္ကသိုလ်အောက်မှ သီးခြားစီခွဲထုတ်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် တက္ကသိုလ်စည်းမျဉ်းစည်းကမ်းများ မမျှတမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ရက်စက်စွာသတ်ဖြတ်နှိမ်နင်းခဲ့သလို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံလည်း ဖြိုခွဲခံခဲ့ရသည်။

ထို့နောက် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတို့ ဖြစ်ပေါ်ခဲ့ကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ အခန်းကဏ္ဍ ကြီးမားနေခြင်းကြောင့် စစ်အာဏာရှင်တို့သည် ရန်ကုန်တက္ကသိုလ်၏ပုံရိပ်ကို မှေးမှိန်လာသည်မှ လုံးဝပျောက်ကွယ်သွားသည်ထိ ဖန်တီးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီးနောက် ဦးသိန်းစိန်အစိုးရသက်တမ်း ၂ နှစ်တွင် အကြီးမားဆုံး ပညာရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ထူးချွန်ကျောင်းသားများလက်ခံ၍ ဘွဲ့ကြိုမှ ပါရဂူဘွဲ့ရရှိသည်အထိ ပြုစုပျိုးထောင်သွားရန် ကြေညာခဲ့သည်။

ပထမအကြိမ်ကြေညာစဉ်က တက္ကသိုလ်တစ်ခုလျှင် ဘာသာရပ် ၂၀ အတွက် ၁၅ ဦးစီဖြင့် တက္ကသိုလ်စာမေးပွဲရမှတ် အကောင်းဆုံးရရှိထားသော ကျောင်းသား၊ ကျောင်းသူ ၃၀၀ လက်ခံရန်ဖြစ်သည်။ သို့သော် အချို့ဘာသာရပ်များတွင် လျှောက်ထားသူ သိသိသာသာနည်းပါးနေခြင်းကြောင့် ၀င်ခွင့်လျှောက်လွှာ ထပ်မံဖိတ်ခေါ်ရမည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားဦးရေလက်ခံမှုကို ဝေဖန်လိုက်ခြင်းကြောင့် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၅၀ ဦးထိ တိုးမြှင့်ခေါ်ယူရန် ထပ်မံကြေညာခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်သည်။

ဒီမိုကရေစီကူးပြောင်းစ မြန်မာနိုင်ငံ၏အသီးအပွင့်အဖြစ် သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်တွင် မျိုးဆက်သစ်ကျောင်းသားများ လွတ်လပ်စွာပညာသင်ယူရန် အခွင့်အလမ်းဖြစ်ပေါ်မှုသည် ကျောင်းသားနှင့်မိဘများ ပညာရေးအပေါ် ပိုမိုစိတ်အားထက်သန်စေခဲ့သည်။

“နိုင်ငံတကာအဆင့်အတန်းမီအောင် နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်သင်ကြားပေးမယ်။ တကယ်တတ်တဲ့ပညာရှင်တွေ မွေးထုတ်ပေးမယ်။ အဲဒီလို သတင်းတွေကြားတယ်လေ။ အဲဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ ဒီကိုလာရကျိုးနပ်မယ်လေ။ ကြိုးစားရင်ကြိုးစားသလောက် ဖြည့်ဆည်းပေးမယ့်အစီအစဉ်ရှိတော့ ပျော်ပြီးတော့လာတာပါ။ နောက်ပိုင်းအခြေအနေတွေကတော့ စောင့်ကြည့်ရမှာပေါ့”ဟု ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သော မော်လမြိုင်မြို့မှ ကျောင်းသူတစ်ဦး၏ဖခင်ကဆိုသည်။

ပညာရေးဝန်ကြီးဌာန၏အစီအမံများသည် မြန်ဆန်၍ ပြောင်းလဲမှုများရှိနေခြင်း၊ မူဝါဒချမှတ်ဆောင်ရွက်မှု အားနည်းခြင်းတို့အပေါ် ပညာရှင်များက ဝေဖန်မှုရှိနေပြီး အချိန်ယူဆောင်ရွက်ရမည်ဟု သုံးသပ်ကြသည်။

“အချိန်တော့ယူရမယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ပုံရိပ်ကို ပြန်ဖော်ရမှာပေါ့။ အဆင့်အတန်းမြင့်လာဖို့ ဆရာတွေပေါ်မှာလည်း မူတည်တယ်။ ကျောင်းသားတွေပေါ်မှာလည်း မူတည်တယ်။ အစိုးရက အခွင့်အလမ်းတွေဖွင့်ပေးဖို့လည်း အရေးကြီးတယ်။ တက်ညီလက်ညီဖြစ်လာရင်တော့ ရန်ကုန်တက္ကသိုလ်က ပြန်ရှင်သန်လာမယ်။ သင်ကြားရေးအဆင့်အတန်းတွေ မြင့်လာမယ်။ အရင်ကလို နိုင်ငံတကာအဆင့်အတန်းကို ပြန်ရလာမှာသေချာပါတယ်။ ဒါပေမဲ့ ကြိုးစားရမှာပေါ့”ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကပြောသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လိုက်သော်လည်း ကျောင်းသားဦးရေ ကန့်သတ်လက်ခံမှုကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း လှုပ်ရှားသက်ဝင်မှု ရုတ်ခြည်းပြောင်းလဲနိုင်မည် မဟုတ်သေးပေ။ သို့သော် တစ်နှစ်ပြီးတစ်နှစ် ကျောင်းသားဦးရေ တိုးမြှင့်လာမည်ဖြစ်သလို တက္ကသိုလ်အုပ်ချုပ်သူများ၏ စွမ်းဆောင်ရည်များသည် လေးနှစ်ကြာကာလတွင် ရန်ကုန်တက္ကသိုလ်၏အသွင်သဏ္ဍာန်ကို သိသာထင်ရှားစေမည်ဟု ၎င်းကသုံးသပ်သည်။

ရန်ကုန်တက္ကသိုလ်၏အနာဂတ် ပိုမိုရှင်သန်ခိုင်မာလာစေရန် တက္ကသိုလ်အုပ်ချုပ်သူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် အစိုးရတို့၏ လှုပ်ရှားဆောင်ရွက်မှုများက အဆုံးအဖြတ်ဖြစ်စေမည်ဟု ပညာရှင်များကသုံးသပ်သည်။ တစ်ချိန်က ဂုဏ်သိက္ခာမြင့်မားခဲ့သော ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်သတင်းနှင့်အညီ နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူမှုခေါင်းဆောင်များ ပြန်လည်မွေးထုတ်ပေးနိုင်မည်လား။ မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ စောင့်မျှော်ကြည့်ရှုနေကြသည်။

ရေးသားသူ- နေလင်းထွန်း
7 Day News Journal

အာ​ဏာ​ရှင်​စ​နစ်​ကြောင့် ​မြန်​မာ့​ကျန်း​မာ​ရေး ​အ​ဆိုး​ရွား​ဆုံး​ဖြစ်​ခဲ့​ကြောင်း ​ဒေါ်​စု​ပြော


ကာ​တာ​နိုင်​ငံ ​ဒို​ဟာ​မြို့​မှာ ​ကျင်း​ပ​နေ​တဲ့ ​က​မ္ဘာ ​ကျန်း​မာ​ရေး ​ဆန်း​သစ်​တီ​ထွင်​မှု​ဆိုင်​ရာ ​ထိပ်​သီး​ညီ​လာ​ခံ (WISH ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ပြော​ဆို​ခဲ့​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​က ​အ​ကောင်း​ဆုံး ​ကျန်း​မာ​ရေး ​ပြု​စု​စောင့်ေ​ရှာက်​မှု​စ​နစ်​ကို ​နိုင်​ငံ​ကို ​နှစ်​ပေါင်း ၆၀ ​ခန့် ​အုပ်​ချုပ်​ခဲ့​တဲ့ ​ကို​လို​နီ​အ​စိုး​ရ​ဆီ​က​နေ ​လက်​ခံ​ရ​ရှိ​ခဲ့​သ​လို ​လွတ်​လပ်​ရေး​ရ​ပြီး​တဲ့​နောက် ​အ​စိုး​ရ​က ​အဲ​ဒီ​အ​မွေ​ပေါ်​မှာ ​ဆက်​လက်​တည်​ဆောက်​ခဲ့​ကာ ​ကျန်​မာ​ရေး​စောင့်ေ​ရှာက်​မှု​မှာ ​မြန်​မာ​ဟာ ​ဒေ​သ​တွင်း​မှာ ​အ​ကောင်း​ဆုံး​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။

ဒါ​ပေ​မယ့် ၁၉၆၀ ​နောက်​ပိုင်း ​စစ်​အ​စိုး​ရ ​အာ​ဏာ​ရ​ပြီး​တဲ့​နောက်​မှာ​တော့ ​ဒီ​အ​မွေ​ဟာ ​ပျောက်​ပျက်​သွား​ပြီး ​က​မ္ဘာ​မှာ ​ကျန်း​မာ​ရေး​စောင့်ေ​ရှာက်​မှု ​အ​ဆိုး​၀ါး​ဆုံး​နိုင်​ငံ​တွေ​ထဲ​က ​တ​နိုင်​ငံ ​ဖြစ်​ခဲ့​တယ်​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။
တိုင်း​ပြည်​ဟာ ​ဆင်း​ရဲ​ပေ​မယ့် ​သ​ဘာဝ​သံ​ယံ​ဇာ​တ ​အ​ရင်း​အ​မြစ်​တွေ ​အ​များ​ကြီး ​ရှိ​သ​လို ​ကောင်း​မွန် ​သင့်​တော်​စွာ ​အ​သုံး​ပြု​နိုင်​ရင် ​အ​နာ​ဂတ်​မှာ ​ချမ်း​သာ​နိုင်​တဲ့​အ​ကြောင်း​နဲ့ ​ဒီ​အ​ထဲ​မှာ ​လူ​သား​အ​ရင်း​အ​မြစ်​က ​အ​ဖိုး​တန်​ဆုံး ​ဖြစ်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

ဆယ်​စု​နှစ်​များ​စွာ ​မြန်​မာ​ရဲ့ ​ကျန်း​မာ​ရေး​စောင့်ေ​ရှာက်​မှု​ကို ​ညံ့​ဖျင်း​စွာ ​ပုံ​သွင်း​ခဲ့​သ​လို ​ပြည်​သူ​တွေ​က ​ပ​စ္စည်း ​အ​ရင်း​အ​မြစ်​မ​ရှိ​တာ​ကို​သာ​မ​က ​ကောင်း​မွန်​တဲ့ ​စီ​မံ​ခန့်​ခွဲ​မှု ​မ​ရှိ​ခဲ့​တာ​ကို ​ခံ​စား​ရ​တာ​ဟာ ​နှစ်​ပေါင်း ၅၀ ​အာ​ဏာ​ရှင် ​အုပ်​ချုပ်​မှု​ရဲ့ ​ရ​လဒ်​လို့​လည်း ​ပြော​ပါ​တယ်။
က​လေး​သူ​ငယ် ​အ​သေ​အ​ပျောက်​နှုန်း​ဟာ​လည်း ​မြန်​မာ​နိုင်​ငံ​မှာ ​အ​ရမ်း​ကို ​မြင့်​မား​နေ ​တယ်​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​က ​သူ​နာ​ပြု​တွေ​ဟာ ​တ​ကယ့်​ကို ​စိတ်​ရှည်​ပြီး ​ဂ​ရု​ဏာ​ကြီး​တဲ့​အ​တွက် ​က​မ္ဘာ​တ၀န်း​က ​တန်​ဖိုး​ထား​တယ်​လို့​လည်း ​ဆို​ပါ​တယ်။
အ​ရင်​ဆယ်​စု​နှစ်​တ​ခု​လုံး ​တိုင်း​ပြည်​အ​တွင်း​က ​ယုံ​ကြည်​ချက်​ကြောင့် ​အ​ကျ​ဉ်း​ကျ​ခံ​နေ ​ရ​တဲ့​သူ​တွေ​ကို ​ကူ​ညီ​ဖို့ ​ကြိုး​စား​ခဲ့​သ​လို ​ဆေး​၀ါး​အ​ထောက်​အ​ပံ့​နဲ့ ​စိတ်​ပိုင်း​ဆိုင်​ရာ ​အ​ထောက်​အ​ပံ့​တွေ ​ပေး​ခဲ့​တဲ့​အ​ကြောင်း ​ဒီ​လို ​လုပ်​ဆောင်​ရာ​မှာ ​အ​ခက်​အ​ခဲ​တ​ခု​က ​အ​ကူ​အ​ညီ ​ကို ​ယူ​ဖို့ ​သူ​တို့​ကို ​တိုက်​တွန်း​ရ​တဲ့​ကိ​စ္စ ​ဖြစ်​တယ်​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ဒီ​ကို ​ရောက်​နေ​တာ​ဟာ​လည်း ​တိုင်း​ပြည်​က ​အ​ကြီး​ဆုံး ​ရန်​ကုန်​ပြည်​သူ့​ဆေး​ရုံ​ကြီး​ကို ​ပြန်​လည် ​ပြု​ပြင် ​မွမ်း​မံ​ရေး ​စီ​မံ​ကိန်း​မှာ ​ပါဝင်​တဲ့​အ​တွက် ​ဖြစ်​တယ်​လို့ ​ဒီ​ထိပ်​သီး​ဆွေး​နွေး​ပွဲ​မှာ ​တက်​ရောက်​နေ​တဲ့​သူ ​တွေ​က ​မြန်​မာ​ပြည် ​ကျန်း​မာ​ရေး​စောင့်ေ​ရှာက်​မှု​မှာ ​အောင်​မြင်​မှု​ရ​အောင် ​ကြိုး​ပမ်း​ချက်​တွေ​ကို ​စိတ်ဝင်​စား​ဖို့ ​မျှော်​လင့်​တဲ့​အ​ကြောင်း​လည်း ​ပြော​ပါ​တယ်။

မိ​ခင်​ဟာ​လည်း ​သူ​နာ​ပြု​တ​ဦး​ဖြစ်​သ​လို ​အဲ​ဒီ​အ​ချိန်​တုန်း​က ​အ​ဘိုး​အ​ဘွား​တွေ​က ​သူ​နာ​ပြု​အ​ဖြစ် ​လုပ်​ဆောင်​တာ​ကို ​သ​ဘော​မ​တူ​ခဲ့​သ​လို ​ငယ်​ရွယ်​တဲ့ ​အ​မျိုး​သ​မီး​အ​ဖြစ် ​မ​သင့်​တော်​ဘူး ​တွေး​ထင်​ခဲ့​ပေ​မယ့် ​အ​ကောင်း​ဆုံး ​သူ​နာ​ပြု​တ​ဦး​ဖြစ်​အောင် ​ကြိုး​စား​ခဲ့​တယ်​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ထည့်​သွင်း​ပြော​ဆို​ခဲ့​ပါ​တယ်။

က​မ္ဘာ​တ​လွှား ​ကျန်း​မာ​ရေး​စောင့်ေ​ရှာက်​မှု ​မြှင့်​တင်​ရေး​ရဲ့​ပ​မာ​ဏ ​ခြေ​လှမ်း​အ​ဖြစ် ​ရည်​ရွယ် ​လုပ်​ဆောင်​နေ​တဲ့ ​ဒီ​ဇင်​ဘာ ၁၀ ​ရက်​နေ့ ​က​မ္ဘာ့ ​ကျန်း​မာ​ရေး ​ဆန်း​သစ်​ထီ​ထွင်​မှု​ဆိုင်​ရာ ​ထိပ်​သီး ​ညီ​လာ​ခံ​မှာ ​အ​စိုး​ရ၊ ​စီး​ပွား​ရေး​ခေါင်း​ဆောင်၊ ​ပ​ညာ​ရှင်​နဲ့ ​ကိုယ်​စား​လှယ် ၅၀၀ ​ကျော် ​တက်​ရောက်​ပြီး ​ရင်​ဆိုင်​နေ​ရ​တဲ့ ​က​မ္ဘာ​ကျန်း​မာ​ရေး ​စိန်​ခေါ်​မှု​တွေ​ကို ​ဖြေ​ရှင်း​ဖို့ ​နည်း​လမ်း​တွေ​ကို ​ဆွေး​နွေး​ကြ​တာ ​ဖြစ်​ပါ​တယ်။

ဒီ​နှစ် ​ဆွေး​နွေး​ပွဲ​မှာ​တော့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ​ချုပ်​ရဲ့ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​လည်း ​ပါဝင်​တက်​ရောက်​နေ​ပြီး ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ကျန်း​မာ​ရေး​စောင့်​ရှာက်​မှု ​စ​နစ် ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ဆိုင်​ရာ ​စိန်​ခေါ်​မှု​တွေ​အ​ကြောင်း ​ဆွေး​နွေး​ဖို့ ​ရှိ​နေ​ပါ​တယ်။

ဒီ ​ဆွေး​နွေး​ပွဲ​ကို ​တက်​ရောက်​ဖို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့​အ​တူ ​အန်​အယ်လ်​ဒီ​ပါ​တီ​ရဲ့ ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဒေါက်​တာ​အောင်​မိုး​ညို​လည်း ​လိုက်​ပါ​သွား​တာ ​ဖြစ်​ပါ​တယ်။ ​ဒါ​ပြင် ​သီ​တ​ဂူ​ဆ​ရာ​တော် ​အ​ရှင်​ဥာ​ဏိဿ​ရ​လည်း ​ဒီ​ဆွေး​နွေး​ပွဲ​ကို ​တက်​ရောက်​ခဲ့​ပါ​တယ်။
ကာ​တာ​ပ​ညာ​ရေး​၊ ​သိ​ပ္ပံ​နဲ့ ​လူ​မှု ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​အ​ဖွဲ့​က WISH ​အ​ဖွဲ့​ကို ​စု​စည်း ​တည်​ထောင်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

By ​ကို​ထွေး​(ဒီဗွီဘီ)

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ တာဝန်မကျေသေးပါ


၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းထားသော လွှတ်တော်များ အသက်ဝင်လာသည်မှာ သုံးနှစ်နီးပါးခန့်ရှိလာပြီဖြစ်သည်။ ပြည်ထောင်စုအဆင့်လွှတ်တော်များဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စသည့်လွှတ်တော်သုံးရပ်၏ လုပ်ဆောင်ချက်များသည် ပြည်ထောင်စုအစိုးရအဖွဲ့ကို ကောင်းစွာစောင့်ကြည့်ထိန်းညှိပြီး အပြန်အလှန်ထိန်းကျောင်းကာ (Checkand Balance) ၊ ဥပဒေပြုတာဝန်များကို သက်တမ်းနှင့်စာလျှင် တာဝန်ကျေအောင် ဆောင်ရွက်လာနိုင်သည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များက ထိုကဲ့သို့ဆောင်ရွက်နိုင်သော်လည်း သီးခြားလွတ်လပ်ခွင့်ဖြင့် တည်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကမူ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ကောင်းစွာစောင့်ကြည့်ထိန်းညှိခြင်းမလုပ်နိုင်သေးဘဲ ဥပဒေပြုမှုများကိုလည်း အခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကိုပင် ကောင်းစွာအသုံးချနိုင်ခြင်း မရှိသေးကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် လွှတ်တော်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကသုံးသပ်ဝေဖန်ကြသည်။

“ပြည်နယ်၊ လွှတ်တော်တွေ အားနည်းတယ်လို့ ပြောနေရတာ အဓိကကတော့ ၀န်ကြီးချုပ်တွေဟာ လွှတ်တော်ဥက္ကဋ္ဌတွေထက် ရာထူးကြီးနေတာဗျ။ ဆိုလိုတာက သူတို့တွေက စစ်တပ်ကလာတဲ့သူတွေဆိုတော့ ၀န်ကြီးချုပ်ကို လွှတ်တော်ဥက္ကဋ္ဌတွေက မလွှမ်းမိုးနိုင်တဲ့သဘောဖြစ်နေတယ်”ဟု အမျိုးသားဒီမိုကရစီပါတီသစ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကပြောသည်။

ယခင်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ အများအပြားအား ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များ၏ ၀န်ကြီးချုပ်များအဖြစ် တာဝန်ပေးခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအများစုမှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများပါဝင်ပြီး တပ်မတော်၏ အစဉ်အလာအရ ရာထူးကြီးသူများကို ရာထူးငယ်သူများက ထောက်ပြဝေဖန်ရန် နောက်တွန့်ကြောက်ရွံ့နေသည်ဟု ထင်မြင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့ကသုံးသပ်သည်။

“အရင်က စစ်တပ်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ တော်တော်များများက ၀န်ကြီးချုပ်တွေ ဖြစ်နေကြတယ်။ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေးပေါ့။ တခြားတိုင်းတွေကျတော့လည်း ၀န်ကြီးဟောင်းတွေ။ သူတို့နဲ့ သက်ဆိုင်ရာလွှတ်တော်တွေရဲ့ဥက္ကဋ္ဌတွေကလည်း တပ်ဘက်ကပဲများတယ်။ ၀န်ကြီးချုပ်တွေထက် ရာထူးနိမ့်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ရတော့ စစ်တပ်အမူအကျင့်တွေအရ ပြန်မလှန်ရဲတဲ့သဘောပေါ့ဗျာ”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ဆောင်ချက်များမှာ အရေအတွက်သာရှိပြီး ထိရောက်မှုအားနည်းနေသဖြင့် လွှတ်တော်လုပ်ငန်းများအပေါ် အားရကျေနပ်မှုမရှိသေးကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။

လုပ်ဆောင်ချက်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပမှုမှာပင် ယခုသုံးနှစ်အတွင်း နည်းပါးလှသည်။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာ အများဆုံးအဖြစ် ကိုးကြိမ်အစည်းအဝေးခေါ်ပြီး ရှမ်းတွင်ခြောက်ကြိမ်သာခေါ်ခဲ့ပြီး အနည်းဆုံးဖြစ်သည်။ (ကျန်လွှတ်တော်များအစည်းအဝေး ခေါ်ယူမှုဇယားတွင် ကြည့်ရန်)

“လွှတ်တော်ကျင်းပတာနဲ့ပတ်သက်ပြီး ကျေနပ်အားရတဲ့အဆင့်တော့ မရှိသေးပါဘူး။ ပြည်နယ်လွှတ်တော်အနေနဲ့လည်း တွေ့ဆုံခေါ်ယူမှု တော်တော်နည်းတယ်။ အရေးကြီးကိစ္စဖြစ်မှပဲ တွေ့နေရတယ်။ အဆိုတစ်ခုတင်လာရင်လည်း အဲဒီအပေါ်မှာ ကျေကျေလည်လည် အားရကျေနပ်အောင် ဆွေးနွေးနိုင်တဲ့အဆင့် မရှိသေးဘူး”ဟု ရှမ်းပြည်နယ်လွှတ်တော်မှ ပင်လောင်းမဲဆန္ဒနယ် အမှတ်(၂)ကိုယ်စားလှယ် ဦးခွန်အောင်နိုင်ဦးကပြောသည်။

ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို သီးခြားစီခွဲခြားကျင့်သုံးကြပြီး အပြန်အလှန်စောင့်ကြည့်ထိန်းညှိခြင်းကို လုပ်ဆောင်ကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးသော နိုင်ငံများတွင်လည်း ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဥပဒေပြုလွှတ်တော်များသို့ တိကျစွာခွဲဝေပေးထားသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြည်နယ်တိုင်းဒေသကြီးများကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကိစ္စရပ်များအတွက် သီးခြားလုပ်ပိုင်ခွင့်ပေးထားပြီး သက်ဆိုင်ရာလွှတ်တော်များမှ အစိုးရအဖွဲ့များကို စောင့်ကြည့်ထိန်းညှိခြင်း လုပ်ဆောင်နိုင်မှသာ အောက်ခြေသို့ ပွင့်လင်းမြင်သာသည့် ဆောင်ရွက်ချက်များ ရောက်ရှိနိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ လွှတ်တော်အနေနဲ့ အစိုးရကို ထိန်းကျောင်းနိုင်ဖို့နေနေသာသာ တင်ထားတဲ့မေးခွန်းတွေကိုတောင် ပြီးပြတ်အောင် အစိုးရကဖြေမပေးသေးဘူး။ လာဖြေတော့လည်း ဝေ့လည်ကြောင်ပတ်တွေပြောနေတယ်။ လွှတ်တော်က သဘောတူချမှတ်လိုက်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်တာ အရမ်းအားနည်းပါတယ်။ ဒါဟာ ထိန်းကျောင်းမှုမရှိလို့ ဒီလိုဖြစ်နေတာပါ။ အခုဆို အစိုးရအဖွဲ့က လွှတ်တော်ကို ဂရုမစိုက်ချင်သလိုတောင်ဖြစ်နေပြီ”ဟု ဦးကျော်ကလည်းဆိုသည်။

သက်ဆိုင်ရာအစိုးရအဖွဲ့များကို အပြန်အလှန်ထိန်းကျောင်းနိုင်ရန်အတွက် လွှတ်တော်များကိုကိုင်တွယ်သော ဥက္ကဋ္ဌများ၏ ရဲဝံ့မှု၊ ဥပဒေပိုင်းဆိုင်ရာပိုင်နိုင်မှုနှင့် အကြောက်တရားကင်းစင်မှုတို့အပေါ်တွင် မူတည်နေသည်။

သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများ၏ အရည်အသွေးပိုင်းနှင့်ပတ်သက်၍ “အစိုးရကို ပြန်ပြီးထောက်ပြပြောဆိုဖို့ဆိုတာ လွှတ်တော်ဥက္ကဋ္ဌတွေအပေါ် အများကြီးမူတည်တယ်။ အခုပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာဆိုလည်း ဥက္ကဋ္ဌတွေက အရည်အသွေးပြည့်တော့ အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းညှိနိုင်တယ်။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာဆို ဧရာဝတီတိုင်းလွှတ်တော်က အားအကောင်းဆုံးဖြစ်ခဲ့တယ်။ အခုဥက္ကဋ္ဌပြောင်းသွားတော့ သူလည်း တခြားလွှတ်တော်တွေလို ငြိမ်သွားတာပါပဲ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ၏အမြင်ကိုပြောသည်။

သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်စေရေး ဆောင်ရွက်မည်ဆိုသော ပြောဆိုချက်နှင့်အတူ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသော ဦးသိန်းစိန်အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် အောက်ခြေရှိ ၀န်ထမ်းအချို့လိုက်ပါခြင်းမရှိသဖြင့် ထိရောက်သော ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခြင်းမရှိပေ။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောက်ခြေအထိ ထိရောက်စွာ ဆောင်ရွက်နိုင်မှုမရှိသည့် အကြောင်းရင်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာအစိုးရအဖွဲ့အား အပြန်အလှန်ထိန်းကျောင်းမပေးနိုင်သည့်ကိစ္စလည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း ကိုယ်စားလှယ်အချို့ကသုံးသပ်ကြသည်။

“လွှတ်တော်ကသာ အစိုးရအဖွဲ့ကို ကောင်းကောင်းထိန်းကျောင်းမှုမလုပ်နိုင်ရန် အောက်ခြေမှာရှိတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အများကြီးထိခိုက်နိုင်တယ်။ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးပါမယ့်လို့ ကတိပေးထားတဲ့ကိစ္စကို လက်တွေ့လုပ်ပေးခြင်းမရှိဘူး။ အဲဒီတော့ လွှတ်တော်လည်း သိက္ခာကျတယ်။ လွှတ်တော်ကို ထွေ/အုပ်ကအစ မလေးစားဘူး။ သူတို့စိတ်ထဲမှာ လွှတ်တော်က သူတို့ထက်နိမ့်တယ်လို့ ယူဆတဲ့သဘောဖြစ်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။

အစိုးရအဖွဲ့ကို လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းနိုင်ရန်အတွက် လွှတ်တော်တွင်း ဖွဲ့စည်းထားသောကော်မတီများမှာ အရေးပါပြီး လိုအပ်သည့်ကော်မတီများကို ဖွဲ့စည်းရန်လိုသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် တစ်နိုင်ငံလုံးလွှတ်တော်များအနက် ကော်မတီအနည်းဆုံးလွှတ်တော်ဖြစ်နေကြောင်း ဒေါက်တာညိုညိုသင်းကဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအား ဥပဒေပြုခွင့်ပေးထားသည့် အခြေခံဥပဒေ ဇယား ၂ ပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာလွှတ်တော်များအနေဖြင့် အပြည့်အ၀အသုံးချနိုင်ခြင်း မရှိသေးဘဲ တည်ဆဲဥပဒေများနှင့် ငြိစွန်းနေသဖြင့် အခက်အခဲများလည်းရှိနေသည်။

“ဇယား ၂ မှာပါတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ ပြည်ထောင်စုအစိုးရကို ကြောက်နေရတဲ့သဘော တွေ့နေရတယ်”ဟု ဒေါက်တာညိုညိုသင်းကပြောသည်။

အခြေခံဥပဒေဇယား၂ တွင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များ၏ ဥပဒေပြုခွင့်ရှိသည့် ကိစ္စရပ်များကို ပြဋ္ဌာန်းထားပြီး ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ သဘာဝသယံဇာတတွင်းထွက်များ တူးဖော်ရေး၊ စီမံကိန်းကြီးများ ပြုလုပ်ခြင်းလုပ်ငန်းများမှအပ အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အခြေခံဥပဒေပါ အခွင့်အရေးအရ အတိုင်းအတာတစ်ရပ်အထိ လွတ်လပ်စွာလုပ်ဆောင်နိုင်ခွင့် ရှိသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သြဇာခံသဖွယ် ဆောင်ရွက်နေခြင်းသည် ယခင်စနစ်ဟောင်းတွင် ကျင့်သုံးခဲ့သည့်ပုံစံမျိုးဖြစ်နေသည်ကို တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအတွင်းရှိ ၀န်ကြီးများမှာလည်း လုပ်ပိုင်ခွင့်မည်မည်ရရမရှိဘဲ အချို့ဒေသများတွင် ၀န်ကြီးချုပ်များက ၀င်ရောက်စွက်ဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းပေးရန် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြည်သူ့လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်လုပ်ပိုင်ခွင့်တချို့ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက လွှမ်းမိုးစွက်ဖက်နေတာ တွေ့နေရပါတယ်။ အောက်ခြေက မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းအဆင့်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက ၀န်ကြီးတွေကမခန့်အပ်ရဘဲ ပြည်ထောင်စုတိုက်ရိုက်ခန့်အပ်နေတာတွေဟာ မဖြစ်သင့်ဘူး။ ၀န်ကြီးချုပ်တချို့ကလည်း ၀န်ကြီးတွေရဲ့လုပ်ပိုင်ခွင့်တာဝန်ကို လွှမ်းမိုးချုပ်ကိုင်နေတာလည်းရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဆောင်ရွက်မှုအပေါ် ဦးကျော်ကသုံးသပ်ရာတွင် “၀န်ကြီးချုပ်က အရင်တုန်းက ရာထူးကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တော့ အဲဒီအရှိန်အ၀ါတွေကို ခုချိန်ထိ သုံးနေတုန်းပဲ။ ၀န်ကြီးတွေက ရုပ်သေးလိုဖြစ်နေတယ်။ ကြိုးဆွဲက ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပေါ့”ဟု ဆိုသည်။

ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သည့်စနစ်ကို တိုင်းရင်းသားများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ကြိုက်နှစ်သက်ခြင်းမရှိဘဲ လူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော်များမှတစ်ဆင့် တင်မြှောက်ခြင်းကိုသာ လိုလားကြသည်။

တိုင်းဒေသကြီးနှင့် လွှတ်တော်များ၌ ပြဋ္ဌာန်းအတည်ပြုလိုက်သောဥပဒေများကို သက်ဆိုင်ရာအစိုးရအဖွဲ့များက လိုက်နာခြင်းအားနည်းပြီး လွှတ်တော်အတွင်းပေးအပ်ခဲ့သော ကတိများကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမှုမရှိသလောက်နည်းပါးသည်။ ထိုကြောင့် လွှတ်တော်အပေါ် အစိုးရအဖွဲ့က လွှမ်းမိုးနေသကဲ့သို့ ဖြစ်နေကြောင်း တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို အခမဲ့စောင့်ရှောက်မှုပေးရန်နှင့် ဆင်းရဲနွမ်းပါးသောကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကလေးသူငယ်များအား အာဟာရတိုက်ကျွေးရေးအဆိုများအား သက်ဆိုင်ရာဝန်ကြီးများကန့်ကွက်သဖြင့် အဆိုများရှုံးနိမ်ခဲ့ရကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မှ ငွေစက္ကူများတွင် အမျိုးသားခေါင်းဆောင်ကြီး၏ပုံကို ထည့်သွင်းရိုက်နှိပ်ရန်အဆိုမှာလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရဘက်မှ လာရောက်ဖြေရှင်းပြီး ရှုံးနိမ်ခဲ့သည်။

“ဒီလိုတွေဖြစ်နေတယ်ဆိုတာ အဓိကက အခြေခံဥပဒေအားနည်းမှုပေါ့။ အခြေခံဥပဒေကိုပြင်မှ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်တွေ၊ အာဏာခွဲဝေမှုတွေကို သေချာပြန်လုပ်နိုင်မှာ”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက သူ၏အမြင်ကိုပြောသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောက်ခြေတွင်ထိရောက်ရန်နှင့် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား စောင့်ကြည့်ထိန်းညှိမှုများ ပြုလုပ်နိုင်ရေးနှင့် လွှတ်တော်လုပ်ငန်းများ ပီပြင်စေရေးတို့အတွက် လွှတ်တော်ဥက္ကဋ္ဌများ အရည်အချင်းပြည့်ဝရန်လိုသကဲ့သို့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်များနှင့် အစိုးရအဖွဲ့များအား လုပ်ပိုင်ခွင့်နှင့် ဥပဒေပြုခွင့်များ ပိုမိုတိုးမြှင့်ပေးရန်လိုကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။

“ဥပဒေပြုခွင့်၊ ပြဋ္ဌာန်းခွင့်တွေကို ပိုပေးရမယ်။ အစိုးရအဖွဲ့ ရွေးချယ်ဖွဲ့စည်းခွင့်တွေကို ပြည်နယ်လွှတ်တော်ကို ပေးသင့်တယ်”ဟု သူရဦးအောင်ကိုက သဘောထားမှတ်ချက်ပြုသည်။

လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းချုပ်ထားဖို့ဆိုတာထက် အမတ်တွေတော်တော်များများက အစိုးရအဖွဲ့ဝင်ဖြစ်နေကြတယ်။ ဒါဟာ အားနည်းချက်တစ်ခုပါပဲ။ အမတ်များတဲ့ လွှတ်တော်တွေ ပိုအဆင်ပြေလိမ့်မယ်။ လုံးဝထိန်းချုပ်ထားနိုင်တယ်လို့တော့ မဆိုချင်ဘူး”ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အမတ်ဦးစိုးထွေးကပြောသည်။
7 Day News Journal