အမရပူရမြို့မဟာ ဂန္ဓာရုံ နာယကချုပ် ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ဘဝနတ်ထံပျံလွန်


မန္တလေး၊ ဒီဇင်ဘာ ၂၆

ပရိယတ္တိ ကျမ်းတတ် အကျော်အမော်များ မွေးထုတ်ပေးရာ အမရပူရ (တောင်မြို့) မဟာဂန္ဓာရုံ စာသင်တိုက် နာယကချုပ် ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော် မူသွားကြောင်း အဆိုပါ မဟာဂန္ဓာရုံ ကျောင်းတိုက်ထံမှ သိရှိရသည်။
“ဒီမနက် ၈ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော် မူပါတယ်။ ငါးရက်ထားပါမယ်၊ တရားပွဲကို သီတဂူ ဆရာတော် အပါအဝင် နိုင်ငံကျော် ဓမ္မကထိကလေးပါးနဲ့ တရားပွဲတွေ လုပ်ပါမယ်။ လောလောဆယ်တော့ ဘယ်မှာ အန္တိမဈာပန လုပ်မယ် မသိသေးပါဘူး” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ခိုင်ရွှေထွန်း ကျောင်းတိုက် ဆရာတော် အရှင်စိန္တိတက မိန့်ဆိုသည်။

သက်တော် ၈၁ နှစ်၊ ဝါတော် ၆၁ ဝါ ရှိပြီဖြစ်သော ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသကို မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ဆီသည်ကျေးရွာတွင် ခမည်းတော် ဦးဖေဘ၊ မယ်တော် ဒေါ်မယ်မတို့က ၁၂၉၂ ခုနှစ်ပြာသိုလဆန်း ၁၄ ရက်နေ့၊ ၁၉၃၀ ခုနှစ် ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့တွင် ဖွားမြင်ပြီး မွေးချင်း ခုနစ်ဦးအနက် ၅ ဦးမြောက် သားရတနာ ဖြစ်သည်။ ၁၃၁၄ ခုနှစ် တန်ခူးလဆန်း ၁၅ ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူကာ အစိုးရက ၁၉၉၁ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် ၁၉၉၆ ခုနှစ်တွင် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တို့ဖြင့် ပူဇော်ဆက်ကပ်ခဲ့သည်။

“ဘုန်းကြီးတို့ထက် ၁၉ နှစ်ကြီးတယ်။ ဘုန်းကြီးမဟာဂန္ဓာရုံမှာ နေစဉ်ကလည်း ဆရာတော် ဦးကုဏ္ဍလထံမှာ စာဝါ လိုက်ခဲ့ရသေးတယ်။ တိုက်တာကြီး တစ်ခုလုံးကို တောင်မြို့ဆရာတော်ကြီး ထားခဲ့တဲ့အတိုင်း တစ်သွေမတိမ်း စီမံအုပ်ချုပ်တော် မူနိုင်ပြီး စာပေကျမ်းဂန်နှံ့စပ်တဲ့ ဘက်စုံတော်တဲ့ ဆရာတော်တစ်ပါး ဆုံးရှုံးရတာပဲလို့ ပြောချင်တာပဲ” ဟု မန္တလေးစက်မှုမြို့သစ် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ဆိုသည်။

The Voice Weekly Myanmar

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်ပါတယ်။

မိတ္တီလာအမတ် တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါဘူး။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“ခါတိုင်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လုံခြုံရေးတွေရယ်၊ နောက်ပြီးတော့ တနေရာကနေ တနေရာသွားမယ်ဆိုရင် ဒေသဆိုင်ရာ လူငယ်တွေ၊ လူကြီးတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့တို့၊ ရဲတို့ကလည်း တာဝန်ယူပြီးလုပ်တော့ သူတို့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစိုးရဘက်က အခမ်းအနားတွေဆိုရင် လာပြီး ကူညီပါတယ်။ ခရီသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဒေသတွေက မသိမသာ တာဝန်ယူပေးတဲ့ ကဏ္ဍတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူငယ် လုံခြုံရေး ခေါင်းဆောင်ပါသွားတဲ့ ကလေးတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းညှိနှိုင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ကျနော်တို့က အစိုးရဘက်ကို ဒေါ်စု လုံခြုံရေးအတွက် သတ်သတ်မှတ်မှတ် လုပ်ပေးပါလို့ မတောင်းဆိုဘူး။ ဒါပေမယ့် သူသွားလေရာ ဒေသတိုင်းမှာ ရှိတဲ့ ရဲတို့၊ အက်စ်ဘီတို့ ထောက်လှမ်းရေးရှိရင်လည်း ထောက်လှမ်းရေးတွေက ၀ိုင်းဝန်းကူညီပြီးတော့ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။”

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈-၈၉ ကာလက သုံးရောင်ခြယ်လူငယ်တွေက တာဝန်ယူခဲ့ပြီး၊ ၁၉၉၅-၉၆ လောက်ကစပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့နဲ့ အန်အယ်လ်ဒီလူငယ်တို့ ပူးပေါင်း တာဝန်ယူခဲ့ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီ လူငယ်တွေကပဲ တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာ မရှိခဲ့ပါဘူး။

By ရွှေအောင် (DVB Burmese)

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရာနှုန်းပြည့် ပြန်ကောင်းပြီ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်) ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့က ခြေထောက်ခွဲစိတ်ထားတဲ့ အနာချုပ်ရိုးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြည်ကြည့်ပြီးနောက် အနာကျက်နေပြီး ကောင်းမွန်စွာ လမ်းလျှောက် နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာတင်မျိုးဝင်းက အဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့ လုပ်ငန်းတာဝန်တွေ ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ခွင့်ပြုလိုက်ပါတယ်။

ဒါကြောင့် အဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် သွားရောက်ဖို့ မူလ စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ် ဇန်န၀ါရီ ၆ ရက်နေ့မှာ သွားရောက်မယ်လို့ မိသားစုဆရာဝန်က အတည်ပြု ပြောကြားပါတယ်။

DVB Burmese

စစ်သူရဲကောင်းဗိမာန်သွားတဲ့ ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ခံရ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe (လယ်) ရာဇကုနီ ဂျပန် စစ်သူရဲကောင်းဗိမာန်သို့ သွားရောက်ဂါရဝပြုပြီးနောက် သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၂၆၊ ၂၀၁၃)

ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စစ်ဝါဒီဆန်တဲ့သင်္ကေတလို့ သတ်မှတ်ထားတဲ့ တိုကျိုမြို့က ဂျပန်စစ်သူရဲကောင်းဗိမာန်ကို ၀န်ကြီးချုပ် Shinzo Abe သွားရောက် ဂါရ၀ပြုခဲ့ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ကြီးချုပ်တဦးအနေနဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက Yasukuni စစ်သူရဲကောင်းဗိမ္မာန်ကို သွားရောက် ဂါရ၀ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ် အခုလို သွားရောက်တဲ့အပေါ် ဂျပန်နယ်ချယ်တွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ချက်ချင်းဆိုသလို ကန့်ကွက်ခဲ့ကြပါတယ်။

ကြာသပတေးနေ့မှာ သူအဲဒီလို သွားရောက်ခဲ့တာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ခံစားချက်ကို စော်ကားဖို့မဟုတ်ဘဲ စစ်အတွင်းကျဆုံးသွားကြတဲ့ ဂျပန် စစ်သည်တွေကို ဂါရပြုဖို့သွားခြင်းဖြစ်တယ်လို့ ၀န်ကြီးချုပ် အာဘေးက နိုင်ငံရေး အရ အရေးပါတဲ့ခရီးစဉ် မဟုတ်ကြောင်း လျော့ပေါ့ ပြောကြားလိုက်ပါတယ်။ အဲဒီ စစ်သူရဲကောင်းဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်ကြောင်း ပြစ်ဒဏ် စီရင်ခံခဲ့ရသူ ၁၄ ဦး အပါအ၀င် ကျဆုံးသွားကြတဲ့ ဂျပန်စစ်သည် ၂ သန်းခွဲအတွက် ဂုဏ်ပြု တည်ဆောက်ထားတဲ့ ဗိမ္မာန်လည်း ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ အခုလို ၀န်ကြီးချုပ်အာဘေး သွားတဲ့ကိစ္စကို အပြင်းထန်ဆုံး ကန့်ကွက်တဲ့အကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး Yoo Jinryong ကလည်း ခေတ်နောက်ပြန်ဆွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။
VOA Burmese News

လှေစီးပြေးသတင်းရေးသူ သတင်းထောက်တွေကို စွဲချက်ရုပ်ဖို့ ကုလတိုက်တွန်း


ထိုင်းတော်ဝင်ရေတပ်မတော်က ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာလှေစီးပြေးတွေကို ကျွန်းတခုပေါ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၀၈။)

လှေစီးပြေးရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှုမှာ ထိုင်းရေတပ်က  ပါဝင် ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ သတင်းထောက်နှစ်ဦးအပေါ် တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဖူးကတ်အခြေစိုက် အဲဒီ သတင်းထောက်နှစ်ဦးကို ထိုင်းအာဏာပိုင်တွေကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ စိုးရိမ်ပူပင်မှုဖြစ်ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Navi Pillay က ပြောဆိုလိုက်တာပါ။ ထိုင်းနိုင်ငံတွင်း သတင်း လွတ်လပ်ခွင့်ဖြစ်စေဖို့ အတွက် သတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ Mr.Morison နဲ့ Ms.Sidasathian တို့ကို စွဲဆိုထားတဲ့အမှုတွေ ပြန် ရုပ်သိမ်းပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်း တောင်းဆိုထားတယ်လို့ Ms.Pillay ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasni က ဂျနီဗာမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းအစိုးရကို ဘန်ကောက်မှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဆက်သွယ် ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။ စွဲဆိုထားတဲ့ အမှုနှစ်ခုအနက် တမှုဖြစ်တဲ့ အသရေဖျက်မှုနဲ့ ပြစ်မှုထင်ရှားရင် သတင်းထောက်နှစ်ဦးဟာ ထောင်ဒဏ် နှစ်နှစ်အထက် ကျခံရနိုင်သလို ကျန် အမှုဖြစ်တဲ့ ကွန်ပြူတာရာဇ၀တ်မှုနဲ့ ပြစ်မှုထင်ရှားရင်လည်း ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေ ကျခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက်အခြေစိုက် Phuketwan အွန်လိုင်းသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့ သတင်းတပုဒ်အတွက် ထိုင်းတော်ဝင် ရေတပ်မတော်က ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေအပေါ် ထိုင်းစစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဒီသတင်းထောက်နှစ်ဦးက ဇူလိုင်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့ကြတာပါ။ ဒီလို တရားစွဲဆိုမှုကို CPJ သတင်းထောက်ကာကွယ်ရေးအဖွဲ့ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ကင်းလှည့်နေတဲ့ ထိုင်းရေတပ်မတော်။
ကင်းလှည့်နေတဲ့ ထိုင်းရေတပ်မတော်။

ထိုင်းတော်ဝင် ရေတပ်မတော်အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့်အစား ဒီသတင်းအချက်အလက်တွေ မှန်ကန်နေသလားဆိုတာကို ရေတပ်မတော်အတွင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင် အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။
VOA Burmese News

ကင်ဆာကို ရင်ဆိုင်နိုင်ခြင်း နှင့် ကူညီထောက်ပံ့မှု


ဒီနေ့ မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ ကင်ဆာရောဂါကို ကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတဲ့ အသက် (၈၀) ကျော် ဆရာဝန်ကြီးတွေက ကင်ဆာကို စောစောသိရှိ၊ စောစောကုသနိုင်ပြီး၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ဖြေရှင်းသွားနိုင်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်း ဆွေးနွေးပွဲမှာ ထောက်ပြအကြံပြုခဲ့ကြပါတယ်။

ဦးဆောင်ဆွေးနွေးကြသူတွေထဲက တဦးဖြစ်တဲ့ အသက် (၈၃) နှစ်အရွယ် အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်အုန်းကြည်က ကင်ဆာရောဂါသည်တွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကင်ဆာရောဂါ စစ်ဆေးစမ်းသပ် ကုသမှုလုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်အားလုံးမှာ စနစ်တကျ တိုးချဲ့ လုပ်ကိုင်ပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။  ဒါ့အပြင် ကင်ဆာဆိုင်ရာ ဆေးဝါးတွေက ငွေကြေးကုန်ကျများလွန်းတာမို့  လူမှု့အဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေလည်း လိုနေသေးတယ်လို့ ဒေါက်တာဒေါ်အုန်းကြည်က ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေး ပညာပေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်အုန်းကြည် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
VOA Burmese News

တက္ကသိုလ်တွေအပေါ် ချုပ်ချယ်မှုကင်းစေလို


ရာဇူး (RASU) ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ဝန်းအတွင်းက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အဓိပတိလမ်း။

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြလာတဲ့ အဆင့်မြင့် ပညာရေး ဆိုင်ရာမူဝါဒများ (မူကြမ်း) ကို ရန်ကုန်တက္ကသိုလ် ဆရာများအသင်းနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသား သမ္မဂတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ အဓိကအားဖြင့် တက္ကသိုလ်တွေကို ဗဟို ဦးစီးချုပ်ကိုင်မှုတွေနဲ့ ဒီမူဝါဒမှ အသက်သွင်း ထားတာကြောင့်လို့ တက္ကသိုလ်ဆရာများအသင်း အတွင်းရေးမှူးက ပြောပါတယ်။
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် တင်ပြပေးထားပါတယ်။

အဆင့်မြင့်ပညာရေးဆိုင်ရာမူဝါဒများ (မူကြမ်း) မှာပါရှိတဲ့ တက္ကသိုလ်မူဝါဒမှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်လည် အသက်သွင်းတဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် ရန်ကုန်တက္ကသိုလ် ဆရာများအသင်းနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသား သမ္မဂတွေက ဒီဇင်လာလ ၂၆ ရက်နေ့အထိ တောက်လျှောက် ကန့်ကွက်နေကြတာလို့ ရန်ကုန်တက္ကသိုလ် ဆရာများအသင်း UTA ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနရဲ့ လက်ထောက်ကထိကလည်းဖြစ်တဲ့ ဒေါက်တာ စိုင်းဆိုင်မျိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ်မှာ ကန့်ကွက်စာပေါ့နော်- မနေ့က ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကနေပြီး ကန့်ကွက်စာထုတ်ပါတယ်။ ကျနော်တို့ ထပ်ထုတ်ပါ့မယ်- ဒီဟာတွေကို၊ တဖက်ကလည်း တက္ကသိုလ်အာဏာပိုင်တွေက ဘာလဲဆိုတော့ ဒီဆရာတွေကို- ကျနော်တို့အသင်းအဖွဲ့တွေကို တနည်းအားဖြင့် ချိတ်ဆက်ပြောဆိုလာတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က သူတို့ချိတ်ဆက်ပုံကို မကြိုက်ပါဘူး။ ကျနော်တို့ကို အသင်းဆို အသင်းအဖွဲ့အနေနဲ့ တရားဝင်ချိတ်ဆက်ဖို့ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ချိတ်ဆက်လာတဲ့ပုံက လူမှုရေးသဘောအရ ခေါ်ပြောတယ်ဆိုတဲ့ ပုံစံမျိုးပဲရှိတယ်လေ။”

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြလာတဲ့ အဆင့်မြင့်ပညာရေး ဆိုင်ရာ မူဝါဒများ (မူကြမ်း) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့က  နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကို ချပြခဲ့တာပါ။

အဲဒီ မူဝါဒ မူကြမ်းမှာပါဝင်တဲ့ တက္ကသိုလ်များ ဗဟိုကောင်စီဟာ တက္ကသိုလ်တွေ အပေါ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ သဘော မသက်ရောက်ဘဲ မူလက အဆင့်မြင့် ပညာရေးဦးစီးဌာနကို ပြန်ပြီး အသက်သွင်းတဲ့သဘော သက်ရောက်နေတာကြောင့် ပညာရေးလောက အသိုင်းအ၀ိုင်းက လက်မခံနိုင်တာ ဖြစ်တယ်လို့ ဒေါက်တာ စိုင်းဆိုင်မျိုးထွန်းက ပြောပါတယ်။

“အဓိက-ကတော့ သူတို့ကတော့ တက္ကသိုလ်များ ဗဟိုကောင်စီဆိုပြီး ဖွဲ့မယ်။ အဲဒီအထဲမှာ ပါမောက္ခချုပ်တွေက ၇၅ % လောက်ပါမယ်။ နောက် ဖွဲ့စည်းပုံထဲမှာ ညွှန်ချုပ်တို့၊ ဒုချုပ်တို့ - ကျနော်တို့ ဖတ်မိသလောက်ပေါ့- အဲဒါတွေ ပါမယ်ပေါ့။ နောက် ကျောင်းသားကိုယ်စားလှယ်တွေထဲက တက်ရောက်ခွင့်ရှိတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ သိပ် အရေးပါတဲ့ပုံ မရှိဘူး။ သူတို့ရေးထားတဲ့ ဟာက… အဲဒီတော့ နောက်တခုထူးခြားတာက ဗဟိုကောင်စီလို့ ပြောပြီးတော့ တက္ကသိုလ်တခုချင်းနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးကောင်စီတွေ မရှိတာတွေ့ရတယ်။ သူက တက္ကသိုလ်ဆိုပြီးတော့ အစုအဖွဲ့ အဲလိုမျိုး၊ တနည်းအားဖြင့်တော့ ဒါက ဘာထူးမလဲ၊ အရင်ပုံစံနဲ့ မထူးဘူးပေါ့ဗျာ။ အရင်က အဆင့်မြင့်ပညာဦးစီးဌာန အသွင်ပြောင်းပြီးတော့မှ တနည်းအားဖြင့် တက္ကသိုလ်တွေကို ပြန်ပြီးတော့ ချုပ်ကိုင်ဖို့ ကြိုးစားတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။”

လာမဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်းမှာ တင်သွင်းဖို့ရှိတဲ့ ဒီမူဝါဒ (မူကြမ်း) ကို ပညာရေးဝန်ကြီးဌာနကလည်း အဆင့်မြင့်ပညာရေးနဲ့ပတ်သက်တဲ့ မူဝါဒကို တင်သွင်းမှာဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ကွန်ယက်က ဦးစီးတဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်ကလည်း မူဝါဒတစ်ရပ်ကို အပြိုင်တင်သွင်းဖို့ ရှိပြီးတော့ ပညာရေးဝန်ကြီးဌာနဘက်က မူဝါဒမှာ ကန့်သတ်မှုတွေ ရှိနေတာလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစည်သူမောင်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ပြဌာန်းတဲ့ ဥပဒေမူကြမ်းက လွှတ်တော်မှာ အပြိုင်တင်မှာပေါ့နော်။ ကျနော်တို့ NIER လို့ခေါ်တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းဆွဲထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ယက်က လွှတ်တော်ကို ရေးဆွဲတင်သွင်းမယ့် ဥပဒေဆိုတာလည်း တဘက်က ရှိလာမယ်၊ ပညာရေးဝန်ကြီးဌာနက ပညာရေး အဆင့်မြှင့်တင်ရေးကော်မတီကဆွဲတဲ့ တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့စည်းရေး မူကြမ်းဆိုတာလည်း ရှိလာမယ်။ ဒီနှစ်ခုကို ယှဉ်တွဲလေ့လာလိုက်တဲ့အခါမှာ ဘာသွားတွေ့ရသလဲဆိုတော့ အခု ပညာရေးဝန်ကြီးဌာနကနေပြီးတော့ ရေးဆွဲ တင်သွင်းတဲ့ ဒီဥပဒေဟာ ကျနော်တို့ လိုချင်တဲ့ Autonomous University ကို ဦးတည်ထားတာ မတွေ့ရတဲ့အပြင် ဗဟိုက ပြန်ချုပ်ကိုင်ဖို့အတွက်ကို ပြန်ပြီးတော့ ပြင်ဆင်ထားတာကို တွေ့ရတယ်။”

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြလာတဲ့ အဆင့်မြင့်ပညာရေး ဆိုင်ရာ မူဝါဒတွေကို ပညာရေး လောက အသိုင်းအ၀ိုင်းက လုံးဝ လက်မခံနိုင်တဲ့အတွက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ဆရာများအသင်းနဲ့ ကျောင်းသားသမ္မဂတွေ အကြား အစည်းအဝေးကျင်းပပြီး ကန့်ကွက်ဖို့တွေ ထပ်မံလုပ်ဆောင်မှာ ဖြစ်တယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။

ဖဆပလ အစိုးရလက်ထက်က တက္ကသိုလ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရှိခဲ့ပြီးတော့ တက္ကသိုလ်တွေဟာ ပညာရေး ၀န်ကြီးဌာနအောက်မှာမဟုတ်ဘဲ သီးခြား ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမဲ့ တော်လှန်ရေးကောင်စီ တက်လာပြီးတဲ့ နောက်မှာ တော့ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေဟာလည်း ဆုံးရှုံးသွားခဲ့ရတာ အခုနောက်ဆုံး သမ္မတဦးသိန်းစိန် လက်ထက်ထိ ဖြစ်တယ်လို့ ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုနေကြတာပါခင်ဗျား။
VOA Burmese News

စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ


လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က ပြဌာန်းတဲ့ စက်မှုဇုန်ဥပဒေဟာ ခေတ်နဲ့မဆီလျော်တဲ့အတွက် ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်ကိုတင်ပြဖို့ ကုန်သည်စက်မှုအသင်းချုပ်က ဒီဇင်ဘာ (၇) ရက်နေ့က ရန်ကုန်မှာ ဆွေးနွေးကြောင်းသိရပါတယ်။ မြန်မာပြည်တိုးတက်ဖွံ့ဖြိုးဖို့ ခက်ခဲနေတာ နှစ်ပေါင်းများစွာ စစ်အစိုးရတွေ ကြီးကြပ်ကွပ်ကဲခဲ့လို့ဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် နိုင်ငံရေးဘောဂဗေဒ ပါမောက္ခ Dwight H. Perkins က မှတ်ချက်ချပါတယ်။ မြန်မာပြည်ကို သွားရောက်လေ့လာခဲ့သူ ဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပြည်လုံးမှာ စက်မှုလုပ်ငန်းထွန်းကားလာအောင် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရတက်လာပြီး ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုပေမယ့် ပေါ်လစီလမ်းစဉ် ညံ့ဖျင်းမှုကြောင့် ဈေးကွက်မပီမပြင်ဖြစ်နေပြီး စက်မှုလုပ်ငန်းတိုးတက်ရေး နှောင့်နှေးကြန့်ကြာခဲ့ရပုံကို ဂျပန်နဲ့မြန်မာ ပညာရှင်အချို့ ကလည်း စာတမ်းတွေပြုစုထားပါတယ်။ လျှပ်စစ်ဓါတ်အားမှန်မှန်မရမှု၊ ကုန်ကြမ်းမလုံလောက်မှု၊ မကြာခဏ စည်းမျဉ်းပြောင်းလဲမှု စတာတွေကြောင့် စက်မှုလုပ်ငန်းကဏ္ဍဟာ မတိုးတက်ဘဲ ရပ်တန့်နေတယ်လို့ ဂျပန်ပညာရှင် တိုရှီဟီရိုကူဒိုး က ဆိုပါတယ်။ ကိုဂျီကူဘိုး၊ အူမဲဇာကီ စတဲ့ ပညာရှင်တွေကလည်း အလားတူ ဝေဖန်သုံးသပ်ကြပါတယ်။

မြန်မာပညာရှင်ထဲမှာတော့ ဈေးကွက်သုတေသနဌာနက ဦးအောင်မင်းနဲ့ ရွှေစင်နန်းတော် စိုက်ပျိုးရေးလုပ်ငန်းက ဦးစံသိန်းတို့ရဲ့  သုတေသနစာတမ်းတွေက ထင်ရှားပါတယ်။ စက်မှုဇုန် (၁၈) ခုကို ၁၉၉၀ မှာ တည်ထောင်ခွင့်ပြုတာမို့ အနှစ် (၂၀) ကျော်နေပါပြီ။ စက်မှုဇုန်ဆိုတာ စက်ရုံအလုပ်ရုံတွေ လုပ်ငန်းအဆင်ပြေဖို့ ရည်ရွယ်တာဖြစ်လို့ အထူးစီးပွားရေးဇုန်နဲ့ ကွာခြားပါတယ်။ အထူးစီးပွားရေးဇုန်ကတော့ ကုန်လှောင်ရုံနဲ့ ပွဲရုံသဘောမျိုးဖြစ်ပြီး နိုင်ငံခြားကုန်သွယ်ရေးကို ဦးစားပေးပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်မှာ စက်မှုဇုန် (၇) ခု ထပ်တိုးလိုက်တဲ့အတွက် စက်မှုဇုန်စုစုပေါင်း (၂၅) ခု ရှိလာပါတယ်။ ဒါပေမဲ့ စက်မှုဇုန်မှာ မြေနေရာယူသူတွေထဲမှာ (၂၀) ရာခိုင်နှုန်းကသာ စက်ရုံတည်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ အသုံးမပြုရသေးတဲ့ စက်မှုဇုန်မြေနေရာ (၈၀) ရာခိုင်နှုန်းမှာ နိုင်ငံခြားအရင်းအနှီးဆွဲဆောင်ဖို့ လိုပါတယ်။

သယံဇာတ ရောင်းစားတာကို ဦးစားပေးတဲ့ စစ်အစိုးရခေတ်မှာ စက်မှုလုပ်ငန်းကဏ္ဍဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၂၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ အာဆီယံ (၁၀) နိုင်ငံထဲမှာ အနည်းဆုံးပါ။ ပုဂ္ဂလိကပိုင်နဲ့ စိုက်ပျိုးရေးကဏ္ဍကို မြေတောင်မြှောက်ပေးရမယ့်အချိန်မှာ အစိုးရက မကြာခဏ စွက်ဖက်နေလို့ မကြီးထွားနိုင်တာလို့ မြင်ကြပါတယ်။ ဈေးကွက်စီးပွားရေးမှာ အရေးပါတဲ့ ပုဂ္ဂလိကလုပ်ငန်းကို ချုပ်ချယ်မှု၊ ခရိုနီအကျိုးစီးပွားမြှင့်တင်မှု နဲ့ အစိုးရစက်မှုလုပ်ငန်း  တိုးချဲ့ မှုဟာ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို နှောင့်နှေးစေပါတယ်။ မဆလ - ဆိုရှယ်လစ်ခေတ်မှာ အစိုးရပိုင်စက်မှုလုပ်ငန်း ငါးရာကျော်သာ ရှိခဲ့ပေမယ့် ဈေးကွက်စီးပွားရေး (၁၀) နှစ် ကျင့်သုံးတဲ့အခါမှာ အစိုးရပိုင်စက်မှုလုပ်ငန်း (၁၀၀၀) ကျော် ရှိလာတာဟာ ဆိုရှယ်လစ်လောင်းရိပ်က မထွက်နိုင်သေးတဲ့ သဘောအဖြစ် ရှုမြင်ကြပါတယ်။

အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လက်ဝါးကြီးအုပ်မှု၊ အခွင့်ထူးခံယူမှုနဲ့ အလွဲသုံးစားလုပ်မှုကြောင့် အစိုးရစက်မှုလုပ်ငန်းတွေ ယိုးယွင်းပျက်စီးရပါတယ်။ အစိုးရပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးဟာ ဦးသိန်းစိန်အစိုးရ အရေးတကြီးလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ မြန်မာ့စက်မှုလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ သယ်ယူပို့ဆောင်ခ ကြီးမြင့်တာလည်း ပါဝင်ပါတယ်။ ဥပမာ ကွန်တိမ်နာတလုံး မလေးရှားက ရန်ကုန်ကိုပို့ရင် ဒေါ်လာ (၁၀၀) သာ ကျပေမယ့် ရန်ကုန်ဆိပ်ကမ်းကနေ စက်မှုဇုန်တခုကို ပို့ဆောင်တဲ့အခါမှာ ဒေါ်လာ (၁၅၀) ကုန်ကျပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းရှိဖို့လိုတယ်လို့ မြင်ကြပါတယ်။ ဗိယက်နမ်ဟာ (၂၀၂၀) မှာ စီမံကိန်းပြီးစီးဖို့ သတ်မှတ်ထားပါတယ်။ မြန်မာ့စက်မှုလုပ်ငန်းရှင်တွေဟာ နိုင်ငံခြားနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှုးကြီးတွေ ကြီးစိုးနေခဲ့တဲ့ အနှစ် (၂၀) ကျော်မှာ ဆိုရှယ်လစ်လည်းမဟုတ်၊ ဈေးကွက်လည်းမဟုတ်ဘဲ အုပ်စုအမျိုးမျိုး ရောစပ်ပါဝင်ခဲ့တဲ့ ရောကျော်စီးပွားရေး ကျင့်သုံးတယ်လို့ အတိုင်ပင်ခံပညာရှင် Stuart Larkin က သုံးသပ်ပါတယ်။ ဦးသိန်းစိန်အစိုးရဟာ ပေါ်လစီလမ်းစဉ်ကို လွတ်လပ်စွာ ချမှတ်နိုင်ပေမယ့် ရောကျော်စီးပွားရေးမှာ ပါဝင်နေသူတွေကတော့ ရှေးမူမပျက်ဆက်ပြီး စခန်းသွားလိုကြတယ်တဲ့။ ရောကျော်စီးပွားရေးစနစ် ကျင့်သုံးပြီး ကိုယ်ကျိုးရှာတဲ့အတွက် ပုဂ္ဂလိက စက်မှုလုပ်ငန်း ကြီးထွားအောင် အစိုးရက လုပ်ဆောင်မပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သယံဇာတ ရောင်းချမှုကို အဓိကထားတဲ့ စီးပွားရေးကို အမွေဆက်ခံလိုက်ရတဲ့ ဦးသိန်းစိန်အစိုးရဟာ အသွင်ကူးပြောင်းရေးကိစ္စမှာ ဗိယက်နမ် နဲ့ တရုတ်ဆီက သင်ခန်းစာယူသင့်တယ်လို့ ဂျပန်ပညာရှင် ကိုဂျီကူဘိုး က အကြံပေးထားပါတယ်။

ရှေ့ နှစ်မှာ ဦးသိန်းစိန်အစိုးရဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာပေမယ့် မြန်မာ့စက်မှုလုပ်ငန်းတွေဟာ အာဆီယံအဆင့်မီဖို့ အများကြီးလိုပါသေးတယ်။ ၂၀၁၅ မှာ စတင်ကျင့်သုံးမယ့် အခွန်တော် ကင်းလွတ်ရေးစနစ်ဟာ မြန်မာကုမ္ပဏိတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်နေတဲ့ အာဆီယံကုမ္ပဏီတွေဟာ ဈေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တာမို့ ပြည်တွင်းဈေးကွက်မှာ မြန်မာကုမ္ပဏီတွေထက် သာနေလိမ့်မယ်လို့ ဆိုပါတယ်။
VOA Burmese News

ရခိုင်ပြည်နယ် အတွင်း ၉၆၉ တရားပွဲများ ကျင်းပ


ရန်ကုန်တိုင်း သံလျင်မြို့နယ် ပါဒကြီး ကျေးရွာ၌ ပြီးခဲ့သည့် မေလ အတွင်းက ၉၆၉ တရားပွဲတွင် ဟောကြားနေသော မြနန်း ဆရာတော် ဦးသဒ္ဓမ္မ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က တိုင်းပြည်၏ အနောက်ဘက် တံခါးကို ကာကွယ်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် “၉၆၉” တရားပွဲများ ကျင်းပနေကြောင်း သိရသည်။

စစ်တွေမြို့တွင် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ ၉၆၉ တရားပွဲများ ကျင်းပနေပြီး ပေါက်တော ၊ ရမ်းဗြဲ ၊ မာန်အောင် ၊ သံတွဲ ၊ တောင်ကုတ် ၊ ဘူးသီးတောင် ၊ မောင်တော ၊ မြေပုံ နှင့် ပုဏ္ဍားကျွန်း မြို့များတွင် ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် ဆရာတော် တပါး ဖြစ်သော မြနန်း ဆရာတော် ဦးသဒ္ဓမ္မက ဧရာဝတီသို့ မိန့်ကြားသည်။

“ရခိုင်ပြည်ကို လှည့်ဟော နေတာ ၁၀ ရက်လောက် ရှိသွားပြီ။ မင်းပြားမှာ မရမာကြီး လူမျိုးတွေကို ရှင်(၁၀၀)ပြုပွဲ လုပ်ပေးခဲ့ တယ်။ ၃ ရက် တရားစခန်းနဲ့ တွဲလုပ် ပေးခဲ့တာ။ မင်းပြား ပြီးတော့ အမ်း ၊ မြောက်ဦး ၊ ကျောက်တော်မှာ ဟောတယ်။ အခု စစ်တွေမှာ ဟောမယ် ။ ပြီးရင် ပေါက်တော ၊ ရမ်းဗြဲ ၊ မာန်အောင် ၊ သံတွဲ ၊ တောင်ကုတ် ၊ ဘူးသီးတောင် ၊ မောင်တော ၊ မြေပုံ ၊ ပုဏ္ဍားကျွန်း မြို့တွေမှာပါ အကုန်လိုက်ဟောမှာ”ဟု မုတ္တမမြို့ မြစေတီ ကျောင်းတိုက်မှ မြနန်းဆရာတော် ဦးသဒ္ဓမ္မက မိန့်သည်။

၉၆၉ အမည်ဖြင့် ဘာသာရေး ဆိုင်ရာ တရားပွဲများ ပြုလုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း ၂၀၁၂ ခုနှစ် အတွင်းက စစ်တွေမြို့၌ ပြုလုပ်ခဲ့သော တရားပွဲများတွင် ဘာသာခြားများကို လက်မခံရန် ၊ အစ္စလမ်များသည် ပြဿနာကို ဖန်တီးနေသည် ဆိုသော ဟောကြားချက်များ ပါဝင်ခဲ့သည့်အတွက် ယင်းဟောပြောမှုမျိုးကို လက်မခံနိုင်ကြောင်း စစ်တွေမြို့အနီး ဒုက္ခသည်စခန်း တခုတွင် နေထိုင်သူ အစ္စလမ် ဘာသာဝင် ကိုအောင်ဝင်း က ပြောသည်။

“တရားကတော့ ဟောလို့ ရတာပဲလေ။ သူတို့ အမျိုးဘာသာ သာသနာကိုပဲ စောင့်ထိန်းဖို့ ပြောမယ်ဆိုရင် ကျနော်တို့ကို ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် မနှစ်က လုပ်ခဲ့သလို ဒီဘင်္ဂါလီ လူမျိုးတွေကို လက်မခံဖို့ ။ အစ္စလမ်တွေက လူမျိုးရေးကို ဖန်တီးနေတယ်။ အစ္စလမ်တွေက ပြဿနာ လုပ်နေတယ်လို့ ထပ်ဟောရင်တော့ မကောင်းဘူး။ တဖက်ကို ထိခိုက် ဟောပြောမယ် ဆိုရင်တော့ ကျနော် တို့ လက်ခံလို့ ဘယ်ရမလဲ”ဟုလည်း ကိုအောင်ဝင်းက ဆိုသည်။

၉၆၉ တရားပွဲများကို အစ္စလမ် ဘာသာဝင် တချို့က စိုးရိမ်မှုရှိသော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ တရားပွဲများကြောင့် မည်သည့် ပြဿနာမှ မရှိနိုင်ကြောင်း ၊ ယခု တရားပွဲများသည် နှစ်စဉ် ပြုလုပ်နေကျ တရားပွဲများ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သတင်း ထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

“တရားပွဲကတော့ သူ့ဘာသာ ဟောတာပဲ။ သတင်း ထုတ်ပေးတာမျိုး မလုပ်ပါဘူး။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးတွေ ဘာတွေလဲ ကျနော် မသိဘူး။ တရားဟောမယ် ဆိုတာပဲ သိတယ်။ ဒီမှာလဲ အမြဲတန်းလည်း လုပ်နေကြတာပဲလေ။ အခုက ဗုဒ္ဓဘာ သာရှိတဲ့နေရာမှာ လုပ်တာ။ မွတ်စလင်တွေ ရှိတဲ့နေရာမှာ လုပ်တာမဟုတ်ဘူး။ တရားပွဲ ရှိလို့လဲ ဒီမှာ ဘာပြဿနာမှမရှိဘူး”ဟု လည်း ဦးဝင်းမြိုင်က ဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့အနေဖြင့် “၉၆၉”တရားပွဲများ ကျင်းပရခြင်းမှာ ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း ငြိမ်းချမ်းရေး ရရှိရန်၊ နှလုံးသားထဲသို့ ဓမ္မအသိဉာဏ် ထည့်ပေးပြီး ကိုယ့်လူကိုယ် လာရောက် ဆုံးမခြင်း ဖြစ်ကြောင်း ၊ ဘာသာခြားများ အနေဖြင့် လည်း ကိုယ့်လူ့ကိုယ် အသိဉာဏ် ပေးဝေရန် လိုအပ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များက
မိန့်ကြားသည်။

“နှလုံးသားထဲကို ဓမ္မ အသိဉာဏ် ထည့်ပေးပြီး ကိုယ့်လူကို ဆုံးမတာ ကာကွယ်တာပေါ့။ တခြား ကာကွယ်နည်း တွေကတော့ အစိုးရပိုင်းက လုပ်လိမ့်မယ်။ အဲလိုဖြစ်ဖို့ ကိုယ့်ဘက်ကလူပဲ ကိုယ်တတ်နိုင်တယ်လေ။ တဖက်လူတွေကိုလည်း အဲလို အသိ ဉာဏ်တွေ ရှိအောင် ထည့်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ သူတို့ဘက်မှာကျတော့ အသိဉာဏ်ပေးဝေမှု အား အရမ်းနည်းတယ်”ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော ဆရာတော်တပါးက မိန့်ကြားသည်။

စစ်တွေမြို့သို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ အရှင် ဉာဏိသာရ ၊ လမ်းပြကြယ် ဆရာတော် ၊ ဘီးလင်းမြို့မှ ငြိမ်းချမ်းရိပ်မြုံ ဆရာတော် ၊ မြနန်းဆရာတော် ဦးသဒ္ဓမ္မက ၊ မြစေတီ ဆရာတော် အပါအ၀င် ဆရာတော် ၇ ပါးခန့် ရောက်ရှိနေကြောင်း သိရသည်။ အများစုမှာ မော်လမြိုင်မြို့တွင် သီတင်းသုံးလျက် ရှိသော ဆရာတော်များ ဖြစ်သည်။

“အချင်းချင်း ကူညီစောင့်ရှောက်ဖို့ရယ်။ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ဟောတာ။ အဲဒီလို ဟောတာဟာ လူမျိုးရေး ခွဲခြားတာ မဟုတ် ဘူး။ တချို့က ကျုပ်တို့ကို လူမျိုးရေး ခွဲခြားတယ်လို့ မြင်တာ။ ပြီးတော့ ၉၆၉ ကို အတင်း တရားခံ လုပ်တယ်။ ၉၆၉ ဆို တာက တလုံးချင်းလည်း အဓိပ္ပာယ် ရှိတယ်။ ပေါင်းရင်လည်း အဓိပ္ပာယ်ရှိတယ်။ တလုံးချင်းက ဘုရား၊ တရား၊ သံဃာဂုဏ် ဖြစ် သလို ပေါင်းချင်း ဆိုရင်လည်း ၂၄ ပစ္စည်း ပဌာန်း ဖြစ်တယ်။ သူတို့လည်း သူတို့ဆိုင်မှာ ၀ယ်ဖို့ ။ သူတို့ စည်းကမ်းရှိဖို့ လုပ်တာပဲ။ သူတို့ အချင်းချင်း သိဖို့ ဒီ(၇၈၆) ဂဏန်းကို ရည်ရွယ်ချက် ရှိရှိ လုပ်နေတာပဲ။ ဘယ်ဗုဒ္ဓဘာသာကမှ သူ့တို့ ဂဏန်းကို ဆန့်ကျင်တာ မလုပ်ဘူး။ ဘာလို့ ဘုန်းကြီးတို့ ၉၆၉ ကိုကျမှ အတင်း တရားခံ လုပ်ချင်နေကြလဲ မသိဘူး”ဟု မြနန်း ဆရာတော် ဦးသဒ္ဓမ္မက မိန့်သည်။

မြန်မာပြည် အနောက်တံခါးကို ကာကွယ် နေကြသော ရခိုင် တိုင်းရင်းသားများနှင့် ရခိုင် သံဃာတော်များကို အသိအမှတ် ပြုသည့် အနေဖြင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ဒကာ၊ ဒကာမများနှင့်တွေ့ဆုံကာ လိုက်လံ တရားဟောခြင်း၊ သံဃာတော်များကို ကန်တော့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၉၆၉ ဦးဆောင် ဆရာတော်များက မိန့်သည်။

“မြန်မာပြည်ရဲ့ အနောက် တံခါးကို သာသနာနဲ့ ကာမှ ရမယ်။ ရခိုင် ပြည်သူပြည်သားတွေကို ဘာသာရေး အသိတရားတွေလည်း ပေးဝေချင်တယ်။ သူတို့ရဲ့ ချစ်ခင် ရင်းနှီးမှုကိုလည်း ရချင်တယ်။ ပြည်မက သူတို့ကို ပစ်ထားတယ်လို့ ခံစားနေကြရတာ။ သူတို့ကို ပစ် မထားဘူး။ လှိုက်လှိုက်လှဲလှဲ ရှိပါတယ် ဆိုတာကို လာပြတာ။ သူတို့ဟာ နိုင်ငံအတွက် ၊ အမျိုးဘာသာအတွက် တံခါးမှူးနဲ့ တူ တယ်ဆိုတဲ့ အကြောင်း ၊ ခံတပ်ဖြစ်တယ် ဆိုတဲ့ အကြောင်း ၊ တံခါးမှူးကောင်းမှ အိမ်အတွင်းက လူတွေ ချမ်းသာရမယ်ဆိုတဲ့ အကြောင်း လာဟောတာ။ ရခိုင်တွေဟာ တံခါးမှူးကောင်းတွေ ဖြစ်တယ်။ တကယ်လည်း ရခိုင်မို့လို့ ကျန်တဲ့ လူမျိုးသာဆိုရင် ကြာပြီ ကုန်တာ”ဟု မြနန်းဆရာတော်က မိန့်ကြားသည်။

ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧရာဝတီ သတင်း

အနာဂတ် စီးပွားရေး ခေါင်းဆောင်များ အတွက် MBA ဘွဲ့ အရေးပါ


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ ရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားသူတစ်ဦး။ မြန်မာကျောင်းသား အများအပြား ထိုင်းရှိ တက္ကသိုလ်များတွင် တက်ရောက်နေကြသည် (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)

မြန်မာနိုင်ငံ၏ စီးပွားရေးသစ်တွင် စီမံခန့်ခွဲသူများအဖြစ်နှင့် ပါဝင်လိုသူများက MBA ခေါ် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိနိုင် မည့် ပုဂ္ဂလိက သင်တန်းကျောင်းများတွင် စာရင်းပေးသွင်းနေကြသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် MBA ဘွဲ့က တက်ရောက်လေ့လာသင့်သည့် ဘာသာရပ်တခု အဖြစ် ကာလကြာမြင့်စွာကပင် ရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အစိုးရက စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်လိုက်သည့် အချိန်တွင် မန်နေဂျာများ သည် ရှိသင့်သည့် အရည်အချင်းများ အားနည်းနေဆဲဖြစ်သည်။

“မြန်မာနိုင်ငံမှာ လူတွေက အတွေ့အကြုံနဲ့ပဲ အလုပ်လုပ်ကြတာများတယ်။ သူတို့မှာ သဘောတရား အားနည်းတယ်။ တိုင်း ပြည်ကို တံခါးဖွင့်လိုက်တဲ့ အချိန်မှာ အရင်တုန်းက လုပ်နေကျအတိုင်း ကျမတို့ လုပ်လို့မရတော့ဘူး။ ကမ္ဘာမှာသွားနေတဲ့ လမ်းအတိုင်း လိုက်ရတော့မယ်” ဟု Business Institute Yangon ၏ ကျောင်းအုပ် ဒေါ်အေးအေးမာ ကပြောသည်။

နိုင်ငံခြားကို သွားရောက် ကျောင်းတက်ရမည့် အစား ပြည်တွင်းမှာသာ သင်ကြားလိုသူ အရေအတွက်ကလည်း တိုးပွား လာသည့် အချိန်တွင် Business Institute Yangon သည် မြန်မာနိုင်ငံ၌ မကြာသေးမီ နှစ်များအတွင်းတွင် MBA သင်တန်း များ စတင်ဖွင့်လှစ် သင်ကြားပေးနေသည့် ပုဂ္ဂလိက ကျောင်းအနည်းငယ်ထဲမှ တခုဖြစ်သည်။

“လုပ်ငန်းခွင်မှာ အတွေ့အကြုံနဲ့ သဘောတရား နှစ်မျိုးလုံးလိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်း အခြေအနေ နဲ့ပတ်သက်တဲ့ နမူနာတွေ လေ့လာဖတ်ရှုဖို့လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းပညာကို မဟာအဆင့်အထိပြီးစီးအောင်လေ့လာထားတဲ့ မန်နေဂျာတွေက ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါတယ်” ဟု ဒေါ်အေးအေးမာ ကဆိုသည်။

မြန်မာနိုင်ငံမှ ပုဂ္ဂလိက သင်တန်းကျောင်းများသည် ဘွဲ့လက်မှတ် ထုတ်ပေးမည့် ထိုင်း၊ ပြင်သစ်၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။

MBA သင်တန်းတက်ရောက်ကြသူ အများအပြားသည် အလုပ်လုပ်ရင်း တက်ရောက်ကျသူများ ဖြစ်သည့်အတွက် သင်တန်းချိန်များကို စနေ၊ တနင်္ဂနွေနေ့များနှင့် ညနေပိုင်းများတွင် စီစဉ်ပေးရကြောင်းလည်း သိရသည်။

MBA ဘွဲ့ရရှိရန်အတွက် သင်တန်းတက်ရောက်နေသူ တဦးဖြစ်သော SR Worldwide Education မှ နိုင်ငံခြားရေးရာ ဒါရိုက်တာ လည်းဖြစ်သည့် မစုမြတ်မွန်က မြန်မာနိုင်ငံမှာ နေထိုင်၍ လက်ရှိအလုပ်ကို ဆက်လက်လုပ်ကိုင်ရင်း ပညာ သင်ကြားချင်ကြောင်း ပြောသည်။

“ကျမ ပြည်တွင်းကပဲဖြစ်ဖြစ် ပြည်ပ ကျောင်း တခုခုကပဲဖြစ်ဖြစ် MBA လို စီမံခန့်ခွဲရေးဆိုင်ရာ အသိမှတ်ပြုဘွဲ့တခု လိုချင်တာကြာပါပြီ။ ဒါပေမယ့် နိုင်ငံခြား မသွားဘဲနဲ့ မြန်မာနိုင်ငံမှာ ကျောင်းတက်ရတာကို ပိုသဘောကျပါတယ်” ဟု သူက ဆိုသည်။

အစိုးရကျောင်းတခုဖြစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန ကလည်း MBA သင်တန်းများ ဖွင့်လှစ်သင် ကြားပေး နေသည်မှာ နှစ် အတန်ငယ်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လက်ခံသောကျောင်းသား အရေအတွက် နည်းပြီး ၀င်ခွင့်ရရှိရေးမှာလည်း ခက်ခဲသည်။ ကျောင်းဝင်ခွင့် အတွက် ကျောင်းသားများသည် Graduate Management Admission Test သို့မဟုတ် GMAT စစ်ဆေးခြင်းကို ဖြေဆိုရန်လိုအပ်သည်။ ထို့ပြင် သင်တန်းချိန်က အချိန်ပြည့်ဖြစ်ပြီး  ၃ နှစ်ကြာ တက်ရောက် သင်ကြားရမည် ဖြစ်သည်။ သို့သော်လည်း သင်တန်းကြေးက အတော်လေး ချိုသာသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက သင်တန်းကျောင်းများတွင် MBA သင်တန်းတက်ရောက်ရန်အတွက် ၀င်ခွင့်လိုအပ်ချက် နည်းပါး သည် မှန်သော်လည်း ကုန်ကျစားရိတ်မှာ ပျမ်းမျှ ၁ နှစ်ခွဲခန့်ကာလအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် ကျသင့် မည် ဖြစ်သည်။

အခြားသော ပုဂ္ဂလိက သင်တန်းကျောင်းတခုဖြစ်သော Myanmar Metropolitan Collage ၏ ကျောင်းအုပ်ဖြစ်သော ဒေါ်ခင်နှင်းစိုးက စီးပွားရေးလုပ်ငန်းတွင် ရှေ့တန်းရောက်လိုသော မြန်မာများအတွက် MBA သည် မရှိမဖြစ် လိုအပ်ချက် တခု ဖြစ်လာနေသည်ဟု ပြောသည်။

“ဒီနေ့ခေတ်မှာ ထိပ်တန်းစီးပွားရေး သမားတွေအပါအ၀င် လူတွေအများအပြား MBA သင်တန်းကြတယ်။ ဘွဲ့ရပြီးတဲ့ လူငယ်တွေလည်း MBA သင်တန်းတွေ စတက်လာကြပါပြီ။ စီးပွားရေးကဏ္ဍမှာ မဟာဘွဲ့လိုချက်က တိုးလာပါတယ်။ အလုပ်ခွင်မှာ ရှိနေပြီးသား လူတွေအတွက်လည်း အဆင့်မြှင့် မွမ်းမံဖို့လိုပါတယ်” ဟု သူကဆိုသည်။

အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးတွင် နှစ်ပေါင်း ၂၀ လုပ်ငန်း အတွေ့အကြုံ ရှိပြီးဖြစ်သော မောရှမ်းသွေး ဆောက် လုပ်ရေး ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်စည်လင်း ကလည်း Myanmar Metropolitan College (MMC) တွင် MBA သင်တန်းတက်ရောက်နေကြောင်းပြောသည်။ နောက်ပိုင်းတွင် သူ၏ ကျွမ်းကျင်မှုများကို လက်ဆင့်ကမ်းပေးနိုင်ရန် အတွက် သင်ကြားရေးပိုင်းသို့ ကူးပြောင်းရန်လည်း သူက ဆန္ဒရှိနေသည်။

“MMC မှာ အွန်လိုင်း MBA အစီအစဉ်ရှိတယ်။ အားရက်တွေမှာတော့ ချထားပေးတဲ့ သင်ခန်းစာတွေ လုပ်ရတယ်။ ကျနော်တို့မှာ ဖိအား သိပ်မများတော့ဘူးပေါ့။ တကယ်လို့ ပြည်ပမှာ သွားသင်မယ်ဆိုရင် အချိန်တွေ အများကြီး ပေးရမယ်။ ကုန်ကျစားရိတ်လည်း များတယ်” ဟု သူက ပြောသည်။

ပြည်တွင်းမှာ တက်ရောက်သင်ကြားနိုင်ပြီဖြစ်သော်လည်း မြန်မာနိုင်မှ ပညာရေးအဖွဲ့အစည်းများ၏ သင်ကြားရေး အဆင့် အတန်းသည် အခြားနိုင်ငံများ၏ နောက်တွင်ကျန်ရစ်နေဆဲဖြစ်သဖြင့် ငွေကြေးတတ်နိုင်သူ အမြောက်အများက နိုင်ငံခြားသို့ သွားရောက်သက်ကြားနေကြဆဲဖြစ်သည်။

ဂျပန်နိုင်ငံမှ International University of Japan တွင် E-business Management ဘာသာရပ် မဟာဘွဲ့အတွက် သွားရောက် ကျောင်းတက်ခဲ့သော ကျောင်းသူတဦးက နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခြင်းအားဖြင့် ဘ၀ အတွေ့ အကြုံများ ရရှိနိုင်ကြောင်းပြောသည်။

“ဒီဘာသာရပ်ကို ကျမ ရွေးချယ်လိုက်ရတာက ၁ နှစ်ပဲ ကျောင်းတက်ရ ပြီးတော့  GMAT စာမေးပွဲလဲ ဖြေစရာမလိုလို့ပါ” ဟု အဆိုပါ ကျောင်းသူကပြောသည်။ ယခုအခါတွင် မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်း ကဏ္ဍတွင် လက်ထောက် မန်နေဂျာ တ ယောက် အဖြစ်လုပ်ကိုင်နေပြီ ဖြစ်သည် ဟုလည်း သူက ထပ်ပြောသည်။

ပညာသင်ထောက်ပံ့ကြေးမရရှိခဲ့သဖြင့် ဂျပန်နိုင်ငံတွင် သူတက်ရောက်ခဲ့သည့် သင်တန်းအတွက် အမေရိကန် ဒေါ်လာ ၂၁၀၀၀ ကျော် ကုန်ကျခဲ့သည်ဟုလည်း သိရသည်။ ထို့ကြောင့်လည်း ကျောင်းသူကျောင်းသား အများအပြားက ကုန်ကျ စားရိတ်သက်သာသော ပြည်တွင်း သင်တန်းကျောင်းများတွင် တက်ရောက်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

“MBA က ဘွဲ့တခု သက်သက်ပဲ မဟုတ်ပါဘူး။ ဘ၀တခုလုံးအတွက် အရေးကြီးပါတယ်။ စိတ်ဝင်စားတဲ့ သူတိုင်း တက် သင့်ပါတယ်။ ဘယ်နေရာကနေ ဘွဲ့ရတယ်ဆိုတာ အရေးမကြီးပါဘူး။ အားလုံးက ကိုယ်ဘယ်လောက် ကြိုးစားသလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်” ဟု မစုမြတ်မွန် ကဆိုသည်။
ဧရာဝတီ သတင်း

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လဒုက္ခသည် စခန်း၌ မီးလောင်မှုဖြစ်ပွား


ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်း၌ ယနေ့မွန်လွဲပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံးပြီး၊ လူ အသေအပျောက် မရှိကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုကို ဒုက္ခသည် စခန်းရှိ လူများနှင့် ထိုင်းမီးသတ် တပ်ဖွဲ့တို့ ၀ိုင်းဝန်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်သည့် အကြောင်းရင်းကို မသိရသေးကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူတချို့နှင့် ထိုင်းအာဏာပိုင်တို့ လာရောက်ခဲ့ကြောင်း ဒုက္ခသည် စခန်းတွင် နေထိုင်သူ တဦးက ဧရာဝတီကို ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅၀ ကျော် အကွာရှိ မယ်လ ဒုက္ခသည် စခန်းတွင် ရပ်ကွက် ၂၂ ခုရှိပြီး လူဦးရေ သောင်းနှင့်ချီနေထိုင်သည့် အကြီးဆုံး ဒုက္ခသည် စခန်းတခု ဖြစ်သည်။
ဧရာဝတီ သတင်း

ပြည်ထောင်စုနေ့ မတိုင်မီ ဘားအံ ညီလာခံ ကျင်းပမည်


ကရင်ပြည်နယ် ဘားအံတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ကြား ဆွေးနွေးမည့် ဘားအံညီလာခံကို ပြည်ထောင်စုနေ့ မတိုင်မီ ပြုလုပ်နိုင်မည်ဟု ၀န်ကြီး ဦးအောင်မင်း၏ ပြောကြား ချက်ကို ယနေ့ထုတ် 7 Day သတင်းစာ၌ ဖော်ပြထားသည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ် လိုင်ဇာနှင့် မြစ်ကြီးနားတွင် လည်းကောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့တွင် လည်းကောင်း အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ကရင်ပြည်နယ် ဘားအံတွင် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ သတင်း

ထိုင်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ယင့်လပ် အစိုးရ လက်မခံ


ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက ဘန်ကောက်မြို့ရှိ ထိုင်း ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးဝင်းတွင်တွေ့ရသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ (ဓာတ်ပုံ – Reuters)

ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့  တင်ပြချက်ကို လက်ရှိ အာဏာရထားတဲ့ အစိုးရက လက်မခံဘူးလို့ မနေ့တုန်းက ရုပ်သံကနေ တဆင့် ထုတ် ပြန် ပြောဆို လိုက်ပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ထိုင်းနိုင်ငံ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ အခြေခံဥပဒေအရ အတည်ပြုထားပြီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဒု ၀န်ကြီးချုပ် ပေါင်ထက်ပ် ထက်ပ်ကန်ချနာ (Pongthep Thepkanjana) က ထိုင်း ရုပ်သံလိုင်း အားလုံးမှာ အရေးပေါ် ကြေညာချက် တရပ် အနေနဲ့ ပြောသွားတာပါ။

“လွှတ်တော်ကို ဖျက်သိမ်းထားပြီဆိုတော့ ထိုင်း အခြေခံ ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရ မယ်၊ ဒါမှ အစိုးရသစ်တရပ် တက်လာပြီး နိုင်ငံအတွက် ပြည်သူတွေလိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လို့ရမယ်”လို့လည်း သူက ပြောဆို ပါတယ်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်း လိုက်မယ်ဆိုရင် အကြမ်းဖက်မှုတွေ ပိုမိုကြီးထွားလာနိုင်တဲ့ အကြောင်းလည်း ပေါင်ထက်ပ် ထက်ပ် ကန်ချနာက ဆက်ပြောပါတယ်။

ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စားပွဲဝိုင်းပေါ်မှာ အတိုက်အခံပါတီ ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောကြားခဲ့ပေမယ့် ဖြစ်မလာဘဲ လွှတ်တော်ကို ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်မယ့်သူတွေ စာရင်းသွားပေးတဲ့ရုံးအနီးမှာ ဆန္ဒပြသူတွေက ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုရေး၊ မှတ်ပုံမတင်ရေး လှုံ့ဆော် ဟောပြောရာကနေပြီးတော့ လုံခြုံရေးယူထားတဲ့ တာဝန်ရှိသူတွေနဲ့ ပြဿနာ စဖြစ် တယ်လို့ သိရပါတယ်။

ပြဿနာ ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူတဦးနဲ့ လုံခြုံရေး ၀န်ထမ်းတဦး သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြထားတယ်။

ဆန္ဒပြ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန်ကတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ယင့် လပ် ရှင်နာဝပ်ကို ထောက်ခံတဲ့ သူနဲ့ ဆန္ဒပြသူတွေကို အပစ်တင်နေကြသူတွေက အကြမ်းဖက်မှုတွေ အပေါ်မှာ တာဝန်ရှိ တယ်လို့ ပြောဆိုမှုကိုတော့ သူ့အနေနဲ့ လက်မခံဘူးလို့ ဆိုကြောင်း ထိုင်းနိုင်ငံ Daily News သတင်းမှာလည်း ပါရှိပါတယ်။

ထိုင်းလုံခြုံရေး တာဝန်ရှိသူ တဦး ပြောပြချက်အရ အတိုက်အခံ ဒီမိုကရက်ပါတီ အနေနဲ့ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတော့ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ အတိုက်အခံ လုပ်သွားနိုင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဒါပေမယ့် မနက်ဖြန် နယ်တွေမှာ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မယ့်သူတွေ စာရင်း ပေသွင်းကြတော့မယ်လို့ သူက ဆက်ပြောတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့နယ်မှာ လက်ရှိ အစိုးရ ပါတီက ၁၁ နေရာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ အခုလဆန်းပိုင်းက စတင်ပြီးတော့ လက်ရှိအစိုးရ နုတ်ထွက်ပေးရေး အတွက် ဆန္ဒပြမှုတွေဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်တက်လာပြီး လက်ရှိအချိန်အထိ နိုင်ငံရေးပြေလည်မူရရှိရေး လမ်းစမပေါ်သေးပေ။

အခုလို ပဋိပက္ခတွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်း ၀န်ကြီးချုပ်ဟောင်း သက် ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီ သတင်း

မြန်မာ စတော့အိတ်ချိန်း ဂျပန် ပါဝင်မည်


၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အစ ဧပြီလတွင် မြန်မာ့စတော့အိတ်ချိန်း ဈေးကွက် စတင်နိုင်ရေး အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း အပြီးသတ် စိစစ်ခြင်း လုပ်ငန်းများ ကြိုတင် လုပ်ဆောင်ရန် ဂျပန်-မြန်မာ သဘောတူညီချက်ကို လာမည့်နှစ် ဧပြီမတိုင်မီ စာချုပ်ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံက ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာက ရှယ်ယာ ၅၁ ရာခိုင်နှုန်း စုစုပေါင်း မြန်မာ ကျပ်ငွေ ဘီလီယံ ၃၀ ဖြင့် စတင်မည် ဖြစ်ပြီး မြန်မာက ၁၆ ဘီလီယံ ထည့်ဝင် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ပြည်တွင်း ကုမ္ပဏီ ၁၀၅ ခုက စတော့အိတ်ချိန်း ဈေးကွက်အတွက် ပြင်ဆင်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာ မောင် မောင် သိမ်း၏ ပြောကြားချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ဧရာဝတီ သတင်း

ဦးသိန်းစိန် အစိုးရက လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးနေဆဲ


အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီသို့ ပြောင်းလဲနေပြီဟု ဆိုသည့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ယင်းကြောင့် ဒီမိုကရေစီ ဖော်ဆောင်နေသည်ဟု ဆိုသည်ကို ယုံကြည်ရန် ခက်ခဲကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ Amnesty International-AI အဖွဲ့ကို ၁၉၆၁ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်တွင် ဖွဲ့စည်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုနှင့် ၁၉၇၈ ခုနှစ်တွင် ကုလသမဂ္ဂ က ပေးအပ်သည့် လူ့အခွင့်အရေးဆု ရရှိခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
ဧရာဝတီ သတင်း

သမ္မတဦးသိန်းစိန်နဲ့ မြေသိမ်းမှုများ (ရုပ်သံ)



လဲနေသူ ထူပေးပါ


မေတ္တတရားဟာ အေးမြခြင်းကိုပေးပါတယ်။ မေတ္တာနဲ့ ဆင်တဲ့ အမြင် မှန်
သမျှသည်၊ ပကတိအေးချမ်းနေပါတယ်။ သူတစ်ပါးကို ချစ်တယ်၊ခင်တယ်၊
သနားတယ်၊ ကြင်နာတယ် ဆိုတာတွေဟာ မေတ္တာကိုပဲ အခြေခံပြီးမှ ဖြစ်
လာတာပါ။

လဲနေသူကိုလည်း မေတ္တာလေးထားပြီး ထူပေးလိုက်ပါ။ လဲနေတဲ့အချိန်၊
နာကျင်မှုခံစားနေရတဲ့အချိန်တွေမှာ မိမိရဲ့မေတ္တာလက်ကလေးသာ လှမ်း
ကမ်းပေးလိုက်ပါက ကိုယ့်ကြောင့် သူ့ မှာ အားတွေရှိလာမယ်၊ ပြုံးလာနိုင်
မယ်။ ကိုယ့်ကြောင့် သူများပြုံးသွားရတဲ့အချိန်လေးဟာ ရင်ထဲမှာ အင်မ
တန်အေးချမ်းသွားပါတယ်။

အားငယ်သူကိုလည်း မေတ္တာလေးထားပြီး အားပေးလိုက်ပါ။ ဖေးမမှု လို
အပ်နေတဲ့အချိန် ကိုယ်က အနားမှာရှိပေးလိုက်ရင် သူတစ်ပါး အတွက်
မဟာခွန်အားကြီးဖြစ်သွားစေပါတယ်။ ကိုယ့်ရဲ့ မေတ္တာစိတ်လေးကြောင့်
သူတစ်ပါးဘ၀ ပျော်ရွှင်လာမယ်၊ ကြည်နူးလာမယ်ဆိုရင် ဘယ်လောက်
ကောင်းလိမ့်မလဲ။ တွေးကြည့်ယုံနဲ့ တင် ပျော်ဖို့ ကောင်းပါတယ်။

ဒါကြောင့်မေတ္တာဆိုတာ ဘ၀ရဲ့အကောင်းဆုံး မြေသြဇာပါပဲ။ မေတ္တာ
သံနှောတဲ့ စကားလေးတစ်ခွန်းကြောင့် နွမ်းနယ်နေတဲ့ဘ၀တွေ၊ သိမ်
ငယ်နေတဲ့ဘ၀တွေ၊ ယိုင်နဲ့ နေတဲ့ဘ၀တွေဟာ ပြန်ပြီး ရှင်သန်လာစေ
ပါတယ်။ မေတ္တာတရားနှင့်သာဆို အလိုရှိတိုင်း ပြီးမြောက် အောင်မြင်
စေနိုင်၏။

True Man

ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်


ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့် ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။

၎င်းအဆင့်မြင့်ခေတ်မီမီးပွိုင့်ကို ယာဉ်ကြောပိတ်ဆို့မှုသက်သာစေရန်အတွက် ဂျပန်နိုင်ငံ JICA မှ ကူညီပံ့ပိုးခြင်းဖြစ်ပြီး
စောင့်ကြည့်အကဲဖြတ်မှုများပြုလုပ်သွားမည်ဖြစ်သည်။

စမ်းသပ်မှုအောင်မြင်ပါက ရန်ကုန်မြို့ရှိ အခြားယာဉ်ကြောပိတ်ဆို့မှုများသည့်နေရာများတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် ရှစ်မိုင်မီးပွိုင့်တွင်တာဝန်ကျသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ''အရင်ကတော့ ကွေ့ကြောကို ဦးစားပေးစနစ်နဲ့လွှတ်ပေမယ့် အခုတော့ တည့်ကြောကို ဦးစားပေးလွှတ်တယ်။ အရင်က မီးပွိုင့်အချက်ပြတိုင်မှာ မီးလုံးတွေက တစ်ဖက်တည်းရှိပေမယ့် အခုစနစ်မှာတော့ အရှေ့အနောက် နှစ်ဖက် စလုံးပါတယ်။ ယာဉ်မောင်းတွေလဲ မီးပွိုင့်အချက်ပြစနစ်ကို အဝေးကနေမြင်နိုင်တဲ့အတွက် ယာဉ်တိုက်မှု အန္တရာယ်လဲ လျှော့နည်းနိုင်တယ်''ဟုပြောသည်။

''ဒီလို ဒစ်ဂျစ်တယ်မီးပွိုင့်တပ်လိုက်တဲ့အတွက် လမ်း ကြောင်းပိတ်ဆို့တာ နည်းသွားရင်ကောင်းပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ရှစ်မိုင်လမ်းဆုံမီးပွိုင့်က ကားတန်းရှည်တုန်းပါပဲ''ဟု အငှားယာဉ်မောင်း ကိုဇော်ဇော်က ပြောသည်။
27-12-2013 (The Union Daily)

နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အားလုံး မလွတ်မြောက်နိုင်သေး


ယခုနှစ် မေလအတွင်းက အကျဉ်းသားများကို လွှတ်ပေးခဲ့စဉ် အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

အစိုးရ အနေနဲ့ ပုဒ်မ ၁၈ လို ဥပဒေ တချို့ကို ပြင်ဆင်တာ၊ ဖျက်သိမ်း တာတွေ မလုပ်ရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အခုနှစ် အကုန်မှာ လွှတ်ပေးမယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိစကား အကောင် အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေ အရလည်း နိုင်ငံရေး အကျဉ်းသား အကုန်လုံး ဒီနှစ်ကုန်မှာ ပြန်လွတ်လာဖို့ မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဧရာဝတီကို ပြောပါတယ်။

“တရားရေးက အမှု တန်းလန်းတွေ၊ အဲဒီ အမှုတွေ မပြတ်ဘဲနဲ့ ဒီနေ့ ရှိသမျှ လွှတ်ပြီးကာမှ ပုဒ်မ ၁၈ နဲ့ ထောင်ကျပြီး ထပ်ရောက် လာမယ်ဆိုရင် ကုန်တယ်လို့ ပြောလို့မရဘူး။ အဲဒီတော့ တရားရေးပိုင်းက ဒီအမှုတွေကို အဲဒီလောက် ကြန့်ကြာနေတဲ့ကိစ္စတွေက ပြ ဿနာ ရှိနိုင်တယ်။ နောက်တခုက နောက်ဆုံး ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား ပမာဏ တော်တော် နည်းသွားပြီ။ ဒါပေမယ့် နည်းသွားတဲ့ အချိန်မှာ အငြင်းပွားစရာ အမှုတွေ ကျန်နေတယ်”လို့ ဦးကိုကိုကြီးက ပြောပြပါတယ်။

အခုအချိန်အထိ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၀ ကျော် ကျန်ရှိနေပြီး ပုဒ်မ ၁၈၊ ၅၀၅(ခ) လို ပုဒ်မ တွေ နဲ့ တရားစွဲဆို ခံထားရတဲ့ လူဦးရေပေါင်း အနည်းဆုံး ၁၈၉ ဦးလောက် ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) ရဲ့ စစ်တမ်း ကောက်ယူချက်အရ သိရပါတယ်။

ဦးကိုကိုကြီးက“နောက်ထပ် နိုင်ငံရေးအကျဉ်းသား ဖြစ်မလာအောင် တချို့ဥပဒေတွေကို ပြင်ဆင်တာ၊ ဖျက်သိမ်းတာတွေ လုပ်ရ တော့မယ်။ အဲဒါမှပဲ သမ္မတ ကတိစကားအတိုင်း ဒီနှစ်ကုန်မှာ လွှတ်နိုင်မှာ၊ အခုတောင် နှစ်က ကုန်တော့ဖို့ ရက်ပိုင်းပဲ လိုတော့တယ် ဆိုတော့ ရိုးရိုးစကားအတိုင်းပြောရရင် ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မကုန်နိုင်ဘူး။ ဟိုဘက်နှစ်ထဲကို ဆက်ပြီး ဆောင်ရွက်ရ မယ့် ကိစ္စတွေ ပါလာပြီ”လို့ ပြောကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အနေနဲ့လည်း လက်ရှိမှာ ပုဒ်မ ၁၈ လို အမှုတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ လွတ်မြောက်နိုင်ဖို့ အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း AAPP အတွင်းအရေးမှူး ကိုတိတ်နိုင်ကလည်း ပြောပါတယ်။

“ကျနော်တို့ နိုင်ငံမှာတော့ တကယ်တမ်း ဆန္ဒပြဖို့ စာတင်လိုက်တဲ့ သူတွေ၊ ဆန္ဒပြနေတဲ့သူတွေကို အကာအကွယ်ပေးရာ မရောက် ဘဲနဲ့ ဘယ်လို ခြိမ်းခြောက်ရမလဲ ဆိုတာမျိုးတွေ၊ ဟန့်တားတဲ့ ကိစ္စမျိုးတွေ၊ အရေးယူတဲ့ ကိစ္စမျိုးတွေကိုပဲ လုပ်ဆောင်နေကြပါတယ်။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ဒီကနေ့ အထိ ဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ အပြင် ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ခံနေရတဲ့သူတွေရဲ့ အမှုကို ပလပ်ပေးဖို့ ကိစ္စတွေကိုလည်း ကြိုးစားနေပါတယ်”လို့ ကိုတိတ်နိုင်က ပြော ဆိုပါတယ်။

လာမယ့် ဇန်န၀ါရီလ ၄ ရက်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေမယ့် ပုဒ်မ ၁၈ လို ဥပဒေကို ပယ်ဖျက် ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း အပါအ၀င် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဆိုပါတယ်။

အများ သဘောတူ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနိုင်ဖို့ ပြီးခဲ့တဲ့ ၂၄ ရက် က သက်ဆိုင်ရာ ဌာနတွေကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ လူသားတွေရဲ့ အခွင့်အရေးကို ခြိမ်းခြောက်နေတာက ပုဒ်မ ၁၈ လို မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် ယင်း ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ အဖွဲ့အစည်းတွေက တောင်းဆို နေကြတာ ဖြစ်တယ်လို့ ကိုတိတ်နိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့က အခုလို လူတွေကို လွှတ်ပေးလိုက်တာနဲ့ မပြီးဘူးဆိုတာကို ပြောပြချင်ပါတယ်။ ဒီလို ဥပဒေတွေ ပုဒ်မ ၁၈ လို၊ ၅၀၅ (ခ) တွေ ရှိနေသမျှတော့ ထပ်ပြီးတော့ ဖမ်းနေမှာပဲ။ ထောင်တွေလည်း ကျနေမှာပဲ။ ဒါကြောင့် ဒီပုဒ်မတွေဟာ မြန်မာနိုင်ငံမှာ ပြည် သူတွေကို အကာအကွယ်ပေး စောင့်ရှောက်ရာ မရောက်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူသားတွေရဲ့ အခွင့်အရေးကို ခြိမ်းခြောက် ရာ ရောက်နေတဲ့အတွက် ဒါတွေကို ဖျက်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆို နေကြတာပါ။

မကြာခင် ရက်ပိုင်းကမှ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက နိုင်ငံတော် သမ္မတ အပါအ၀င် သက် ဆိုင်ရာ ဌာန ၈ ခုကို ပုဒ်မ ၁၈ လို မတရား ဥပဒေတွေနဲ့ ပတ်သက်ပြီး တောင်းဆိုချက် သုံးချက်ကို ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အဲဒီ တောင်းဆိုချက်တွေထဲမှာ နိုင်ငံသားတို့ရဲ့ မူလ အခွင့်အရေးများနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းတွေအရ ဒီမိုကရေစီ နိုင်ငံကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်က နိုင်ငံသား အားလုံးအတွက် အာမခံချက်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူတွေအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်မှုတွေ မလုပ်ဖို့ လိုအပ်ကြောင်း၊ အဲဒီလို ပြုလုပ်မှုဟာ ဒီမိုကရေစီနိုင်ငံနဲ့ မသင့်လျော်ကြောင်း စတဲ့အချက်တွေ ပါဝင် ပါတယ်။

နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့၊ ဒီမိုကရေစီနိုင်ငံ နဲ့ မသင့်တဲ့ နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ် ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တရားစွဲဆိုဆဲ အမှုတွေကို ပလပ် ဖျက်သိမ်းပေးဖို့၊ ထပ်မံဖမ်းဆီး အရေးယူတာတွေကို မပြုလုပ်ဖို့ စတဲ့ အချက်တွေကိုလည်း ထည့် သွင်း ထုတ်ပြန် ထားပါတယ်။

အစိုးရသစ် လက်ထက် ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခြင်း ခံရသော နိုင်ငံရေး အကျဉ်းသားဦးရေ ထပ်မံ တိုးပွားလာနေကြောင်းလည်း နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက ထုတ်ပြန် ကြေညာ ထားပါတယ်။
ဧရာဝတီ သတင်း

အယ်လ်ခိုင်ဒါတို့ဖမ်းထားသူက အိုဘားမားကို အကူအညီတောင်း


(၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံနေရတဲ့ Warren Weinstein က အသက် ၇၂ နှစ် ရှိပါပြီ)
အယ်လ်ခိုင်ဒါက ခရစ်စမတ်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ၁၃ မိနစ်ကြာ ရုပ်သံမှာ သူက အဲဒီလို မေတ္တာရပ်ခံလိုက်တာပါ။

  ပါကစ္စတန်မှာ အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့က ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား Warren Weinstein က သူ့လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ သမ္မတကြီးအိုဘားမားကို တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ထောက်လှမ်းရေး FBI ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီရုပ်သံထဲကလူဟာ အမေရိကန်နိုင်ငံသား Warren Weinstein ဟုတ်မဟုတ် စစ်ဆေးနေဆဲဖြစ်တယ် လို့ ဆိုထားပါတယ်။
ဒီကိစ္စကိုစုံစမ်းအတည်ပြုချက်ယူနေဆဲကာလမှာ မိသားစုဝင်တွေကို ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သူ့ရဲ့လုံခြုံရေး ကျန်းမာရေးတို့အတွက်လည်း အစိုးရက ပူပန်စိုးရိမ်နေဆဲပါပဲလို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

အမေရိကန်အစိုးရပိုင်းအရာရှိတွေကတော့ အစိုးရအနေနဲ့ အယ်လ်ခိုင်ဒါတို့နဲ့ အပေးအယူလုပ်ညှိနှိုင်းဖို့အစီအစဉ်မရှိကြောင်း ပြောလေ့ရှိသူတွေပါ။

ဒါဟာ သူ့ကို ရုပ်သံမှာ မြင်ရတာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က ပြီးခဲ့တဲ့နှစ် မေလမှာ ဖြစ်ပါတယ်။ ရုပ်သံမှာ သူ့ကို တွေ့ရတဲ့အတွက် သူ အသက်ရှင်နေတုန်းပဲ လို့ ယူဆနေကြပါတယ်။

ပထမအကြိမ်ထွက်ပေါ်လာတဲ့ ရုပ်သံမှာတော့ ဂွာတာနာမိုအကျဉ်းစခန်းမှာထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးမှ သူ့ကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ယီမင်တို့ကို အမေရိကန်က ဒုံးကျည်တွေနဲ့တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့လည်း တောင်းဆိုခဲ့ပါတယ်။
 Warren Weinstein အဖမ်းခံရတာ ၂၀၁၁ သြဂုတ်လ ၂၀ ရက်နေ့မှာပါ။
ပါကစ္စတန်မှာရှိတဲ့ သူ့နေအိမ်မှာ သေနတ်သမားတွေကို လာဖမ်းသွားတာဖြစ်ကြောင်း သိရပါတယ်။

ရုပ်သံထဲမှာတော့ သူက တနေ့တနေ့ သူ ဘာဆက်ဖြစ်မယ်ဆိုတာ မသိရဘူး၊ စိုးရိမ်သောကရောက်နေရတယ်၊ မိသားစုဘာဖြစ်နေတယ်ဆိုတာလည်း မသိရဘူးလို့ သူက ပြောထားပါတယ်။
သူ့ကိုဖမ်းထားသူတွေက သူနဲ့ သူ့မိသားစုကို တွေ့ခွင့်ပြုမယ်၊ သို့သော်လည်း အိုဘားမားတို့ဘက်ကလည်း အမေရိကန်ကထိန်းသိမ်းထားတဲ့အယ်လ်ခိုင်းဒါးတွေကို အဲဒီလို ခွင့်ပြုကြောင်း အရင်ဆုံး သဘောတူမှဖြစ်မယ်လို့ ဆိုပါတယ်။

Warren Weinstein ရဲ့ ဇနီးဖြစ်သူက မေရီလန်းပြည်နယ်မှာ နေထိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီ သတင်း

ကျဆုံး နိုင်/ကျဉ်း ၅၄ ဦးကို ဂုဏ်ပြုမယ်


၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ထောက်လှမ်းရေးတွေရဲ့ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားသူတွေထဲက နိုင်ငံရေးအကျဉ်းသား ၅၄ ဦးကို ရန်ကုန်မြို့မှာ ပထမဆုံးအနေနဲ့ ဂုဏ်ပြုပွဲ တခုလုပ်ပါတော့မယ်။

အမေ့ခံ လူသားတွေအတွက် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တို့ ပူးပေါင်းပြီးလာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီထိ ဂုဏ်ပြုပွဲ ကို လုပ်မှာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ကြောရေး စခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ နှီပ်စက်ညှင်းပန်းမှုတွေ
ကြောင့်  သေဆုံးခဲ့ရသူ စုစုပေါင်း ၁၆၂ ဦးရှိတဲ့ အထဲက ပထမဆုံး အသုတ်အနေနဲ့ ၅၄ ဦးကို အခုလို ဂုဏ်ပြုဖို့ စီစဉ်တာလို့ သိရပါတယ်။

ဘဏ္ဍာရေးအခြေအနေအရ ပထမ အသုတ်အတွက် ၅၄ ဦးရဲ့ မိသားစုတွေကို မိသားစု တစုကို ကျပ် ၁၀ သိန်းထောက်ပံ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာတွေလည်း ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော အမေရိကန်အခြေစိုက် NED က လူ ၅ဝ အတွက် ရံပုံငွေ အကူအညီနဲ့ အခြား ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထည့်ဝင်မှုနဲ့ ၅၄ ဦးကို ဂုဏ်ပြုတာဖြစ်ပြီး နောက်ထပ် ကျန်ရှိသူတွေအတွက် ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့ တမိသားစုကို ကျပ် ၁ဝ သိန်း သို့မဟုတ် သဒ္ဒါ ရှိသလို လှူဒါန်းနိုင်တယ်လို့လည်း ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က အခုပထမဆုံး ဂုဏ်ပြုမယ့် ကျဆုံး နိုင်ငံရေးအကျဉ်းသား ၅၄ ဦး ရဲ့ ဓာတ်ပုံတွေကိုလည်း အခုလို ထုတ်ပြန်ထားပါတယ်။







အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

မြစ်ဆုံစီမံကိန်း ပြန်စရန် CPI ကြိုးပမ်း

မြစ်ဆုံ ရေကာတည် တည်ဆောက်ရေး စီမံကိန်း မြင်ကွင်းတခု

သမ္မတ ဦးသိန်းစိန် စတင်တာဝန်ယူချိန် ၂၀၁၁ စက်တင်ဘာတွင်ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံစီမံကိန်း ကို
ပြန်လည် လုပ်ကိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က လူမှုရေး တာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ကြောင်း သိရသည်။

 ဧရာဝတီ မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှု ရှိကြောင်း၊ နိုင်ငံတကာ စံချိန် မီပြီး အကျိုးရလာဒ် များစွာရှိမည် ဖြစ်ကြောင်း၊ CPI ကုမ္ပဏီသည် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်
ဆောင် သည့် နာမည် ရ ကုမ္ပဏီ ၅၀၀ အမည်စာရင်းတွင် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားနေသဖြင့် မြစ်ဆုံ စီမံကိန်း ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ယင်းကုမ္ပဏီ မန်နေဂျာချုပ် လီကွမ်ဟာ၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတရပ်၌ ဖော် ပြ ထားသည်။

ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို ၎င်း၏ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

ကွယ်လွန်သူ စာရေးဆရာ မောင်ဝံသကတော့ သူ မကွယ်လွန်ခင်မှာ မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား ဆိုပြီး ရေးသားခဲ့ဖူးသေးပါတယ်။
ဧရာဝတီ သတင်း

မလေးတရားမ၀င်သွား ဘင်္ဂလီ ၄၅ ဦးဖမ်းဆီးခံရ


မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းမှ တဆင့် လှေဖြင့် တရားဝင် သွားရောက်ရန် စုရုံးနေသည့် ဘင်္ဂလာဒေခ်ျ့မှ ဘင်္ဂလီ အမျိုးသား ၄၅ ဦးကို စစ်တကောင်းခရိုင်၊ ရာခ်ျပူရာမြို့နယ်၊ မာလီကျေးရွာတွင် ဘင်္ဂလာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

မာလီကျေးရွာရှိ ဆိုင်ကလုန်စင်တာ တစ်ခုတွင် စုရုံးနေစဉ် ဘင်္ဂလာရဲက ယနေ့နံနက်က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နေရာအနှံ့ပြားမှဖြစ်ကြောင်း၊ သူတို့သည် လူမှောင်ခိုသမားများ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ တရားမ၀င် ရေလမ်းကြောင်းမှ သွားကြမည့်သူများ ဖြစ်ကြကြောင်း၊ ကျေးရွာသားများ၏ သတင်းပေးချက်အရ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ရဲအရာရှိတစ်ဦးက သတင်းဌာနများသို့ ပြောသည်။

လူမှောင်ခိုသမားမှာမူ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။ ယခုလို ခြောက်သွေ့ရာသီတွင် ဘင်္ဂလီလူမျိုးများသည် ရေလမ်းကြောင်းမှ တဆင့် မလေးရှားကို နှစ်စဉ် ခိုးထွက်လေ့ ရှိကြသဖြင့် ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ပင်လယ် ကမ်းခြေဒေသများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု သိရသည်။
Burmesenews narinjara

ပေါက်တောမြို့ မျိုးစာင့်တရားပွဲ အထူးစည်ကား


(နိရဉ္စရာ- ၂၇ ပေါက်တော ၂၀၁၃)

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် အမျိုးဘာသာ သာသနာ ထိမ်းသိန်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုး ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဟောပြောပွဲတစ်ရပ်ကို ပေါက်တောမြို့ လောကထိပ်ပန် ဘုရားကြီး ရင်ပြင်ပေါ်တွင် ဒီဇင်ဘာလ (၂၆) ရက်ည (၇) နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို မော်လမြိုင်မြို့ ဟိတဓရ ဆရာတော် အရှင်ဝိမလာဘိဝံသနှင့် ဘီလင်းမြို့ ငြိမ်းချမ်း ရိပ်မြုံ ဆရာတော် အရှင်ဓမ္မိက တို့မှ ချီးမြင့်ဟောကြားပေခဲ့ခြင်းဖြစ်ကြာင်းသိရသည်။

ဟောပြောပွဲတက်ရောက်လာသူများကို အရှင်ဓမ္မိကမှ လူမိုက်ကို မပေါင်းနဲ့ ခေါင်းစီးဖြင့်လည်းကောင်း၊ အရှင်ဝိမလာဘိဝံသမှ စောင့်လေမျိုးနွယ် ခေါင်းစီးဖြင့်လည်းကောင်း အသီးသီးဟောပြောချီးမြင့်ခဲ့ကြရာ ရဟန်း ပရိတ်သတ်၊ လူပရိတ်များကအထူးအားရခဲ့ကြသည်ဟုဆိုသည်။

၎င်းပွဲသို့ ပေါက်တောမြို့မှဟောပြောပွဲတက်ရောက်နားထောင်သူ နှစ်ထောင်နီးပါခန့်ရှိခဲ့ပြီး လောကထိပ်ပန် ဘုရားကြီးရင်ပြင်ပေါ်တွင်အုန်းအုန်းကျက်ကျက်စည်ကားခဲ့သည်ဟု တက်ရောက်နားထောင်သူတစ်ဦးမှပြောပြသည်။

အဆိုပါ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောင့်ရေးဆရာတော်များသည်ယခုအခါ ရခိုင်ပြည်နယ် တ၀န်းကို လှည့်လည်ဟောပြောလျက်ရှိကြောင်းသိရသည်။
Burmesenews narinjara

ကုလားပုန်း-ကျောက်ဆောက်ရဲစခန်း ဆက်ကြေးကောက်ဟုဆို


ရမ်းဗြဲမြို့နယ် ကုလားပုန်း-ကျောက်ဆောက် ရဲစခန်းမှ ရဲသားများသည် ၎င်းစခန်းရှေ့ရှိ ချောင်းအတွင်း ဖြတ်သန်းသွားလာနေသော မော်တော်ဘုတ်များ၊ စက်လှေများနှင့် ငါးဖမ်းလှေများမှ တရားမ၀င် ငွေကောက်ခံနေသည်ဟု ဒေသခံများမှ ပြောဆိုသည်။

စက်လှေ တစ်စီးအား အနည်းဆုံး ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀  ထိတောင်းခံကြောင်း၊ ငွေမပါ၍ မပေးနိုင်လျှင် ထွက်ခွင့် မပြုဘဲ ဆိပ်ကမ်းတွင် စက်လှေအား ချည်နှောင်ထားကြောင်း၊ သို့အတွက် ဒေသခံ ပြည်သူများမှာ အထူး ဒုက္ခရောက်နေကြရကြောင်း ပြောသည်။

အထူးသဖြင့် ကျောက်ဖြူမြို့နယ်ဘက်မှ နယ်ကျော်လာသော စက်လှေများကို အဓိက ပစ်မှတ်ထားပြီး ကောက်ခံနေကြောင်း ဆိုသည်။

သို့အတွက် ယခုကဲ့သို့ နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိနေရေးနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက်ကြိုးပမ်းနေချိန်တွင် ယခင်စနစ်ဟောင်းအတိုင်း လက်နက်ပြ အနိုင်ကျင့်နေသော ရဲတပ်ဖွဲ့ဝင်များကို အထက် ရဲတပ်ဖွဲ့ အရာရှိကြီးများက စိစစ်ပြီး အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။
Burmesenews narinjara

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်


ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်
သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင်စုတ်ပြဲကာ ပြည် ပုပ်များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သမီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦးလေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် သမီးငယ်နှစ်ဦးအား သားမယားပြုကျင့်သည့် မောင်တော်စပ်သူကို အရေးယူပေးရန် ကလေး မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၄၃၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်ကို ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြုကျင့်ရန်ကြံစည်သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားထားသည်။ ယင်းတိုင်ကြားမှုကို လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းက (ပ)၄၆၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန် သူအဖြစ် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ယင်းသို့သော အရွယ်မရောက်သေးသည့် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံနေရခြင်းများမှ ကာ ကွယ်နိုင်ရန် ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ပေးရန် လွှတ်တော်တွင် နှစ် ကြိမ်တိုင်တိုင် အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ထို့ပြင် မြန်မာပြည်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းပေးထားသည့် ဥပဒေများမှာလည်း နိုင်ငံ တကာစံနှုန်းဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟုဆိုသော(ZeroTalerance) ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှု များရှိနေသည်။
Mizzima Burmese

သတ်မှတ်ထားသည့် ပင်ရင်းမှတ်ကျောက်နှင့် ကိုက်ညီမှုရှိပါက အကောက်ခွန် သက်သာ/ကင်းလွတ်ခွင့် ရရှိမည်


သီးသန့်စည်းမျဉ်း ကျင့်သုံးမည့် ကုန်စည်စာရင်းမှ ကုန်စည်များကို အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့ရာ၌ ကုန်စည် အမယ်အလိုက် သတ်မှတ်ထားသည့် ပင်ရင်းမှတ်ကျောက် (Origin Criteria)နှင့် ကိုက်ညီမှုရှိပါက ပင်ရင်းနိုင်ငံ ထုတ်ကုန်အဖြစ် အကောက်ခွန် သက်သာ/ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်၏ နောက်ဆက်တွဲ သုံးတွဲတွင် အကောက်ခွန် စည်းဝါးညှိစနစ်(၂၀၀၇) (Harmonized System-HS2007) ဖြင့် သီးသန့်စည်းမျဉ်း (Product Specific Rules-PSR) ကျင့်သုံးသည့် ကုန်စည်စာရင်းကို ပြုစုထားရှိပြီး ကမ္ဘာ့အကောက်ခွန်အဖွဲ့ (WCO)၏ အကောက်ခွန် စည်းဝါးညှိစနစ်ကို ငါးနှစ်တစ်ကြိမ် ပြန်လည် သုံးသပ် ပြင်ဆင်ချက်အရ နိုင်ငံတကာတွင် (HS2007) မှ (HS2012) သို့ ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ရာ ယခင် (HS2007) ဖြင့် သတ်မှတ် ကျင့်သုံးလျက်ရှိသည့် သီးသန့်စည်းမျဉ်း ကျင့်သုံးမည့် ကုန်စည်များစာရင်း (Product Specific Rules-PSR List) ကို (HS2012) သို့ ကူးပြောင်းချိတ်ဆက်မှုအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ အခွင့်အရေးကို အကျိုးရှိစွာ အသုံးချပြီး ကုန်စည်လိုင်းများ၏ သတ်မှတ်ထားသော ပင်ရင်းမှတ်ကျောက် နှင့်အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ကုန်စည် ၂၆၅၂ မျိုး စာရင်းနှင့် သက်ဆိုင်ရာ ပင်ရင်းမှတ်ကျောက်များကို Commerce.gov.mm တွင် ရယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

မလေးရှားရောက် အထောက်အထားမရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်း


6P အစီအစဉ်အရ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံပြီး မြန်မာနိုင်ငံကူး လက်မှတ် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီးနောက် မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှုရှိပါက သက်ဆိုင်ရာမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း EVERFIND SERVICE SDN,BHD မှ အသိပေး ဖော်ပြချက်အား ဒီဇင်ဘာ ၂၆ ရက်က မလေးရှားရောက် မြန်မာများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။ အဆိုပါ EVER FIND SERVICE SDN,BHD က အသိပေး ဖော်ပြချက်အရ မလေးရှားနိုင်ငံမှ Work Permit လျှောက်ထားမှုများအား ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ထားရှိခြင်းကြောင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ပြသနိုင်သူများ၊ မြန်မာနိုင်ငံတွင် နေရပ်လိပ်စာ အတိအကျရှိသူများ အားလုံး မြန်မာနိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာသံရုံးနှင့် EVER FINE ကုမ္ပဏီတို့သို့ အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် မလေးရှားရောက် မြန်မာနိုင်ငံသားများအား အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ EVER FINE ကုမ္ပဏီတွင် မှတ်ပုံတင်ပြီးသူများအား ဒီဇင်ဘာ ၃၀ ရက်မှ ၃၁ ရက်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းများအား မြန်မာသံရုံး၌ အပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး EVER FINE ကုမ္ပဏီသို့ အမြန်ဆုံး ဆက်သွယ်ရန်နှင့် မြန်မာသံရုံးသို့ ကုမ္ပဏီကားများဖြင့် အခမဲ့ကြို/ပို့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံမှ ရောက်ရှိလာသော သတင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်မာသံရုံး၌ မြန်မာနိုင်ငံသား စိစစ်မှုများ ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေး အကြောင်းကြားထားကြောင်းလည်း မလေးရှားရောက် မြန်မာများက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge

ရတနာပုံတယ်လီပို့ အများပိုင် လုပ်ကိုင်ခွင့်ရပြီ


ရတနာပုံတယ်လီပို့ ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုချက်ရထားပြီလို့ သိရပါတယ်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းက “ဦးတို့ကုမ္ပဏီက အစိုးရ ရှယ်ယာပါတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် အများပိုင်လုပ်ဖို့ ခွင့်ပြုချက်ကို ရယူတဲ့အခါ နည်းနည်းကြာခဲ့တယ်။ ဒီဇင်ဘာ ဒုတိယအပတ်မှာတော့ MIC က အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့ ခွင့်ပြုချက်ရခဲ့ပါပြီ၊ ရှယ်ယာတန်ဖိုးကတော့ အရင်ကပြောထားတဲ့ နှုန်းထား ကျပ်တစ်သောင်းပဲ ဖြစ်ပါတယ်။ ရှယ်ယာတွေကိုတော့ ဇန်နဝါရီလထဲမှာ စရောင်းနိုင်ဖို့ ညှိနှိုင်းနေဆဲပဲ” လို့ ပြောတယ်။ ရှယ်ယာတစ်စုကို ကျပ်တစ်သောင်းနဲ့ အများဆုံး ကျပ်သိန်း တစ်သောင်းဖိုးအထိ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အစုရှယ်ယာ သတ်မှတ်ချက်အရ လက်ရှိမှာ ရတနာပုံတယ်လီပို့ ကုမ္ပဏီက နိုင်ငံတော်က ထည့်ဝင်ထားတဲ့ ငွေကျပ် ၂၀ ဘီလျံ ရှိပါတယ်။ အော်ပရေတာ တစ်ဦးအဖြစ် သီးသန့်လုပ်ကိုင် ဆောင်ရွက်တဲ့အခါမှာ ဒေါ်လာ သန်း ၅၀၀ လိုအပ်မှာ ဖြစ်တဲ့အတွက် အများထည့်ဝင်ငွေနဲ့ နှိုင်းယှဉ်ရင် အစိုးရရဲ့ ပိုင်ဆိုင်မှုက နောင်အခါမှာ ငါးရာခိုင်နှုန်းသာ ရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီကို မြန်မာနိုင်ငံသားအားလုံး လူတန်းစာမရွေး ပါဝင်နိုင်မယ့် အဖွဲ့အစည်းဖြစ်အောင် အများပိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ရှယ်ယာထည့်ဝင် ဆောင်ရွက်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည် လက်ခံအောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်တယ်လီဖုန်း တစ်ခုတည်းသာမက ကျန်လုပ်ငန်းတွေဖြစ်တဲ့ Broadband လုပ်ငန်း, Fixed Line, Satellite ဆက်သွယ်ရေးလုပ်ငန်း၊ ဆော့ဖ်ဝဲရေးသား ထုတ်လုပ်ခြင်း လုပ်ငန်းတွေလည်း ရတနာပုံတယ်လီပို့က လုပ်ကိုင်မှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge

ဟာသတွေ လာမပြောနဲ့



ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၂၇-၁၂-၂၀၁၃)














drlunswe

သရက်ဇုန် အဖြစ်ဟုဆိုကာ ပြည်သူများထံမှ မြေသိမ်းပြီးနောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စု ၀န်ကြီးများပိုင်မြေ ဖြစ်သွား


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သစ်တောမြေအဖြစ်မှ  သရက်စိုက်ပျိုးဇုန် အဖြစ် လုပ်ကိုင်ခွင့် ပြုခဲ့သည် ဆိုကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်သာကြီးအုပ်စု အတွင်းရှိ မြေယာ ဧက ၅၀ခန့်ကို ဘိုးစဉ် ဘောင်ဆက် နေထိုင် တောင်ယာလုပ်ကိုင် ဆောင်ရွက်နေသူများထံမှ သိမ်းယူပြီးနောက် ထိုနေရာများကို ပိုင်ဆိုင်သွားသူ များထဲတွင် ပြည်ထောင်စု ၀န်ကြီးများနှင့် ယခင် အစိုးရအဖွဲ့ဝင်များ ပါဝင်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

““သမ္မတကြီးကနေပြီး နေပြည်တော်မှာရှိတဲ့ သစ်တောကြိုးဝိုင်း တွေထဲက အဲဒီနေရာကို သရက်စိုက်ဇုန် လုပ်ဖို့ ခွင့်ပြုလိုက်တယ် ဆိုပြီး ပလပ်ပေးလိုက်တယ်။ အဲဒီညွှန်ကြားချက်အရ ဒီမြေတွေကိုလုပ်တာ”” ဟု ဦးနိုင်ငံလင်းက ပြောသည်။ သိမ်းဆည်းခံခဲ့ရသော မြေများကို ပိုင်ဆိုင်ခွင့် ရရှိသွားသူ များထဲတွင် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ယခင် အစိုးရ လက်ထက် ၀န်ကြီးဟောင်း ဖြစ်သည့် လက်ရှိ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ စသူများနှင့် အခြား ပြည်ထောင်စုဝန်ကြီးများ ပါဝင်နေကြောင်း ဦးနိုင်ငံလင်းက ပြောသည်။ …

ထိုသို့ မြေသိမ်း၍ မြေယာ ပိုင်ဆိုင်မှု ရှိခဲ့ကြသောသူများတွင် မြေသိမ်းယူခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် ကတည်းကပင် ဖြစ်သော်လည်း  ပြည်ထောင်စု ၀န်ကြီးများ ပိုင်ဆိုင်ထားသည့် အဆိုပါ မြေများအနက် အမှန်တကယ် သရက် စိုက်ပျိုးမှု ရှိသည်မှာ မြေအနည်းငယ်တွင်သာ တွေ့ရပြီး ကျန်မြေ အများအပြားမှာ ခြံဝင်း ခတ်ထားမှုသာ ရှိသည်။

မြေသိမ်းမှုကြောင့် ယင်းမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် တောင်ယာစိုက်ပျိုး လုပ်ကိုင်လာသည့် ဒေသခံ ပြည်သူ ရာဂဏန်းကျော် ဘ၀ရပ်တည်မှု အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း၊  မြေသိမ်းမှု ပြုလုပ်ခဲ့သော်လည်း မူရင်း နေထိုင်သူများကို လျော်ကြေးပေးခဲ့ခြင်း မရှိကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

““တောင်သူတွေကတော့ သစ်တော မရှိတော့ပေမယ့် အဲဒီနေရာမှာ နေတုန်းပဲ။ အဲဒီမှာ မနေလည်း သူတို့ နေစရာမရှိဘူး။  သူတို့ အဓမ္မသိမ်းပြီး ခြံစည်းရိုးတွေ ခတ်ထားတဲ့ နေရာတွေမှာတော့ နေလို့မရဘူးပေါ့။ ကျန်တဲ့ နေရာတွေမှာ နေနေကြတယ်””ဟု ဦးနိုင်ငံလင်းက ပြောသည်။

ထိုသူများအတွက် လျော်ကြေး (သို့မဟုတ်) နေရာအစားရရန် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်သို့ တင်ပြသွားရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဦးနိုင်ငံလင်းက ထိုသို့စီစဉ် ဆောင်ရွက်လျက် ရှိသော်လည်း ၎င်းအနေဖြင့် ဖြစ်စဉ်မှာ လယ်ဝေး မြို့နယ် အတွင်း၌ ဖြစ်၍ မိမိမဲဆန္ဒနယ်ဖြစ်သော ဒက္ခိဏသီရိ မြို့နယ်နှင့် ဆက်စပ်နေသော နယ်မြေ အဖြစ် အစားဝင် ဆောင်ရွက်ရခြင်းသာ ဖြစ်ကြောင်းလည်း ပြောသည်။

အဆိုပါ မြေသိမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ““နဂိုကတည်းက လုပ်နေတဲ့ သူတွေ တချို့ကလည်း သူတို့ကိုယ်တိုင်က သစ်တောနယ်မြေ မြေလွတ်မှာ ကျူးကျော်နေတဲ့ သူတွေ ရှိတယ်။ အဲဒါကို သစ်တောတို့ စိုက်ပျိုးရေး လုပ်ကြမယ့် သူတွေကို ချပေးထားတာတော့ ရှိတယ်။ တချို့က ၀င်နေလိုက်ပြီး လျော်ကြေးတောင်းတာလည်း ရှိတယ်။ များသောအားဖြင့် နဂိုကတည်းက လုပ်နေတယ်၊ အထောက် အထားလည်း ရှိတဲ့ လယ်မြေတွေ ဘာတွေဆိုရင် အဲဒီသိမ်းတဲ့အချိန်မှာ ရှိတဲ့ပေါက်ဈေးအတိုင်း လျော်ကြေးပေးတယ်။ နဂိုကတည်းက အစိုးရမြေ၊ သစ်တောမြေမှာ ကျူးကျော်နေတဲ့သူဆိုရင် လျော်ကြေး ပေးတာ မရှိဘူး””ဟုပြောကြားသည်။

မူရင်း နေထိုင်သူများကို မြေသိမ်းစဉ်က လျော်ကြေးပေးအပ်မှု မရှိခဲ့သော်လည်း ချုံနွယ်များ ရှင်းလင်းစေကာ တစ်အိမ်ထောင်လျှင် ကျပ် (၇)သောင်းကို လုပ်ခအဖြစ် ပေးအပ်မှု ရှိခဲ့သည်။

နေပြည်တော်အတွင်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ နေပြည်တော် စတင်တည်ထောင်ခါစက လယ်မြေ တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ၊ ယာမြေတစ်ဧက နှစ်သိန်းခွဲ လျော်ကြေးပေးမှု ရှိသည့် အပြင် အိမ်ဝိုင်း အစားပေးခြင်းနှင့် သီးနှံလျော်ကြေး ပေးခြင်းလည်း ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့  လျော်ကြေးမရဘဲ မြေသိမ်းဆည်းခံရသူများ မည်မျှ ရှိနေနိုင်သည်ကိုမူ အတိအကျ သိနိုင်ရန် စာရင်း ကောက်ယူမှုများ ပြုလုပ် နေကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

လင်းယုန်
Myanmartandawsint Newspaper

ပြည်ခိုင်ဖြိုးသည် တပ်မတော် ထောင်ထားသော ပါတီဖြစ် နောက်ကွယ်တွင် ရည်ရွယ်ချက်များရှိနေ


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယခင်ကြံ့ခိုင်ရေး အသင်းကြီးမှစ၍ ယခု တိုင်အောင် တပ်မတော် ထောင်ထားေ သာ ပါတီတစ်ရပ် အသွင်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး၏ တည်ထောင်သူ များထဲမှ ကျန်ရစ်သူတစ်ဦး ဖြစ်ပြီး ယနေ့ပါတီ၏ သြဇာကြီးသော ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။

ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ကြားတွင် ထုတ်ဖော် ပြောကြား၍ မရသော ကတိက၀တ်များ ရှိနေကြောင်း၊ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော် အကြီးအကဲနှင့် ပြည်ခိုင်ဖြိုး နာယကကြီး တာဝန်ရှိနေစဉ်က ပါတီစုံစနစ်သို့ ပြောင်းလဲ၍ ရွေးကောက်ပွဲများ မကျင်းပမီ အခြေအနေများအတွင်း တပ်မတော် အကြီးအကဲများကို ထမ်း ဆောင်နေသော တာဝန်မှ အငြိမ်းစားပေး၍ ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲများ တာဝန်ကို ပြောင်းလဲ ထမ်းဆောင် စေခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အစိုးရပိုင်း တာဝန်များ ထမ်းဆောင်မည့် သူများကို အစောကြီးကတည်းက ကြိုတင် လျာထားပြီး ဖြစ်ကြောင်း၊တစ်ပြည်လုံး တပ်မတော်သား ကိုယ်စားလှယ်များကို သေချာ စိစစ်ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်မပြုမီ ကိုယ်တိုင် စိစစ်၍ တင်ပြပေးခဲ့ရသူ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်ယူခဲ့ရသည့် သရေစည်သူ ဦးဆန်းဆင့်က ၂၀၁၂ မေလတွင် မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ …

လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံရေး ရေချိန် မြင့်တက်နေချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါလာပြီး အရပ်သားနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ မည်မျှပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံ ကြစေကာမူ တပ်မတော်သား ကိုယ်စားလှယ်များ မပါဝင်ဘဲ ပြင်ဆင်၍ ရနိုင်မည် မဟုတ်ပေ။ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပတ်သက်၍လည်း ““တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ပြည်ခိုင်ဖြိုးကို ထောက်ခံရမယ်၊ ကန့်ကွက်ရမယ် မရှိပါဘူး။ တိုင်းပြည်အတွက် သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို တင်ပြဆွေးနွေး ရွေးချယ်ခွင့် အပြည့်အ၀ ရှိပါတယ်”” ဟုအဆိုပါ တပ်မတော်သား ကိုယ် စားလှယ်များကို စိစစ်ရွေးချယ် ပေးခဲ့သူ ဖြစ်သည့် စစ်ရာထူးခန့်ချုပ်(ငြိမ်း) သရေစည်သူ ဦးဆန်းဆင့်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် တပ်မတော် အကြီးအကဲများ ကိုယ်တိုင် ဦးဆောင်ခဲ့ခြင်းကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေးတွင် အများပြည်သူ မလိုလားသော၊ မနှစ်ခြိုက်သော အပြုအမူ လုပ်ဆောင်ချက် များကို ပြုလုပ်လျက်ရှိသည့် ပါတီကော်မတီများ ရှိနေသော်လည်း အင်အားကြီးစွာ ရပ်တည်နိုင်နေခြင်းနှင့် ပတ်သက်၍လည်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော် အပြန်အလှန် အပေးအယူရှိခြင်း မရှိခြင်းတို့ကို ““ကတိက၀တ် ဆိုတာကတော့ ကန့်သတ် ထားတာတော့ မရှိဘူး။ ပါတီက တပ်မတော်ကြောင့် ပေါက်ဖွား လာတာ။ ဒီအသင်းဟာ တပ်မတော်က လုပ်တာ။ တပ်မတော်က မွေးထုတ်ပေးလိုက်တယ်။ တပ်မတော် ကြောင့် ဖြစ်လာတယ်။ ကန့်သတ်ချက်တော့ မရှိပါဘူး။ မဆုံးနိုင်ဘူး ဆိုတာလည်း မရှိနိုင်ဘူး ဆိုသလိုပေါ့။ ဘယ်တော့ ပြီးမယ်လို့လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အမြဲတမ်း သဟဇာတဖြစ်ပြီး ပေါင်းဖက်နိုင်ဖို့ လိုတာပေါ့။ အဓိပ္ပာယ်က အဲဒီသဘောပဲ ဆောင်တယ်။ သူ့ရဲ့ နောက်ကွယ်မှာ အဲဒီလို ရည်ရွယ်ချက်ကလေးတွေနဲ့ပေါ့။ အဲဒီ သဘော”” ဟု ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ဒီဇင်ဘာ ၂၆ ရက်တွင် ရှင်းပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် တပ်မတော် အစိုးရ၏ နိုင်ငံပိုင် သတင်းစာများ၌ အကျယ်တ၀င့် ဖော်ပြ၍ ဖွဲ့စည်းခဲ့ရာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့မှာ ဗဟို နာယက အဖွဲ့ဖြစ်ပြီး ဗဟိုနာယကကြီးအဖြစ် နိုင်ငံတော် အကြီးအကဲ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗဟိုနာယက အဖွဲ့ဝင်များအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း/ ရေ/ လေ)၊ စစ်ဦးစီး အရာရှိချုပ်(ကြည်း)၊ စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးမှူး (တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး)၊ တိုင်းမှူးများ ပါဝင်ကြသည်။ ကြံ့ခိုင်ရေး စတင် ဖွဲ့စည်းစဉ်က ဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် အမြင့်ဆုံး တာဝန်မှာ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် (အတွင်းရေးမှူး ၃) ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင် (ပညာရေးဝန်ကြီး – ကွယ်လွန်) တို့ဖြစ်ကြသည်။ ကြံ့ခိုင်ရေး အသင်းကို စတင်တည် ထောင်သည့် ၁၉၉၃ ခုနှစ်မှ ယနေ့တိုင် နိုင်ငံရေး နယ်ပယ်တွင် လုပ်ပိုင်ခွင့် ရသူများအဖြစ် ကျန်ရစ်သူများမှာ ပါတီဗဟို အတိုင်ပင်ခံများ ဖြစ်သော ဦးအောင်သောင်း၊ ဦးတင်ထွတ်နှင့် ဦးစိုးသာတို့ သုံးဦးသာ ရှိတော့သည်။

Myanmartandawsint Newspaper

တေးသံရှင် ကောင်းမြတ်အိမ်မှကား ခြိမ်းခြောက်လုယူခံရ၊ ယာဉ်ငါးစီးထက် မနည်း တိုက်ပြီး ချက်ချင်းပြန်မိ


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ဗဟန်းမြို့နယ် ပုလဲကွန်ဒိုဝင်းအနီး ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်က တေးသံရှင် ကောင်းမြတ်၏ မိဘနှစ်ဦး စီးနင်းလာသော နစ်ဆန်း ဆလွန်ယာဉ်ကို အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားပြကာ ခြိမ်းခြောက်လုယူ မောင်းနှင် ထွက်ပြေးခဲ့ရာမှ လမ်းတစ်လျှောက်တွင် အခြားသော မော်တော်ယာဉ် ငါးစီးထက်မနည်း တိုက်မိခဲ့ပြီးနောက် ယာဉ်လုယူသွားသူကို ပြန်လည် ဖမ်းမိကြောင်း ရန်ကင်းမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးနှင့် မျက်မြင် တွေ့သူများထံမှ စုံစမ်းသိရှိရသည်။

ဆလွန်းယာဉ်မှာ ကမ္ဘာအေး လမ်းမပေါ်သို့ ထွက်ရန် စောင့်ဆိုင်းနေစဉ် ယင်းလုယက်သူက အိမ်သုံးဓားဖြင့် ခြိမ်းခြောက်ကာ ယာဉ်ပေါ်တွင်ရှိနေသူ တေးသံရှင် ကောင်းမြတ်၏ မိဘနှစ်ဦးကို ဆင်းခိုင်းခဲ့ပြီး ယာဉ်ကိုလုယူကာ ရန်ကင်းမြို့နယ် စက်မှု (၁) လမ်းမှ စည်ပင်လမ်းသစ်လမ်းသို့ မောင်းနှင်သွားကြောင်း၊ ယင်းသို့ မောင်းနှင်သွားစဉ် အငှားယာဉ်နှစ်စီး အပါအဝင် ယာဉ်ငါးစီးကို တိုက်မိခဲ့ကြောင်း၊ ယင်းနောက် မော်တော်ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ရှေ့ဆက်မောင်း၍ မရသဖြင့် နောက်သို့ ပြန်ကွေ့ရန် ကြိုးစားခဲ့ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ အနီးတွင် ထမင်းဆိုင်ဖွင့်လှစ်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းနောက် မော်တော်ယာဉ် ကွေ့မရဖြစ်ကာ ၎င်းတိုက်မိခဲ့သော မော်တော်ယာဉ် အပါအဝင် အနီးရှိ အခြား မော်တော်ယာဉ် ပိုင်ရှင်များနှင့် ပြည်သူများက ဝိုင်းဝန်းပိတ်ဆို့ခဲ့စဉ် လုယက်သူက ၎င်း၏ ရင်ဝကို ဓားဖြင့်ထောက်ကာ ငြိမ်နေပြီး မည်သည့် စကားတစ်ခွန်းမှ မပြောကြောင်း၊ ရဲများ ရောက်လာစဉ် ၎င်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“သူက ရှေ့က ကားကို တိုက်မိတော့ အတိုက်ခံရတဲ့ ကားက ရပ်လိုက်တယ်၊ ဒါကို သူစီးလာတဲ့ကားနဲ့ ထပ်တွန်းတယ်၊ ကားဘီးက ချော်ပြီး အင်ဂျင်မှာ မီးခိုးတွေ အများကြီး ထွက်လာပြီး သူစီးလာတဲ့ ဆလွန်းကိုတောင် မမြင်ရတော့ဘူး၊ ကားမီးလောင်မှာ ကြောက်လို့ ဘေးနားက ကားတွေပေါ်က လူတွေလည်း ဆင်းပြေးကြတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ကားလုပြေးသူသည် စကားပြန်မပြောဘဲ၊ စိတ်နှင့်လူ မကပ်သကဲ့သို့ ဖြစ်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု ယူဆကြောင်း မျက်မြင် တွေ့ရှိသူနှင့် စစ်ဆေးသူ ရဲအရာရှိတို့က မှတ်ချက်ပြု ပြောကြားသည်။
“ကားကပတ်ပြီး ချာလည်လည်နေတာ မဟုတ်ပါဘူး၊ ကွေ့ဖို့ ကြိုးစားရင်း နှစ်လမ်းသွား လမ်းကျဉ်းထဲမှာ ရှေ့တိုး နောက်ဆုတ် ပဲ ဖြစ်တာပါ၊ သူတိုက်ခဲ့တဲ့ ကားကလူတွေကလည်း လိုက်လာကြပြီး၊ ကားကိုရပ်ဖို့၊ ကားမရပ်ရင် ရိုက်မယ်နှက်မယ်လို့ ဝိုင်းပြောပြီး ကားရပ်ပြီး ဆင်းလာဖို့ ပြောတာကို သူကလည်း ကြောင်နေတယ်” ဟု အဆိုပါ နေရာသို့ စစ်ဆေးရန် ရောက်ရှိသူ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆလွန်းယာဉ် လုယက်သူသည် ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ်သာ လမ်းသစ်တွင် နေထိုင်သည့် ဇော်ဆက်လွင်ဆိုသူ ဖြစ်ကြောင်း၊ ၎င်းကို ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly Myanmar

ကရိန်းကားဖြင့် ဖမ်းဆီးခံရသူတချို့ အာဏာပိုင်များ၏ အမည်ကို အသုံးပြုပြီး အရေးမယူရန် ဖိအားပေးမှုများရှိနေ


ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ ရန်ကုန် တိုင်းဒေသကြီးတွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို ကရိန်း ကားများဖြင့် ဖမ်းဆီးအရေးယူ ရာတွင် ဖမ်းဆီးခံရသူတချို့သည် အစိုးရအာဏာပိုင်များ၏အမည် များကိုအသုံးပြု ကာ အရေးမယူ ရန် ဖိအားပေးမှု များရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းအထူးစစ်ဆေးရေးအ ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်တိုင်းမ်သတင်းစာသို့ ထုတ် ဖော် ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ဖိအားပေးမှု များရှိသော်လည်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ် စည်းကမ်းအ ထူးစစ်ဆေးရေးအဖွဲ့အနေဖြင့် မည်သူ့ကိုမျှ မျက်နှာ သာမပေး ဘဲ အားလုံးကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်မှု များ ပြု လုပ်နေကြောင်း အဆို ပါအဖွဲ့တွင် ပါဝင်သူတစ်ဦး က ပြောသည်။

အဆိုပါအဖွဲ့တွင် ပါဝင် သူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီ ယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ''ကျွန် တော် ကတော့ သမ္မတနဲ့သိတယ်၊ ဘယ်ဝန် ကြီး နဲ့ သိတယ် ဆိုပြီး ပြောတဲ့ သူတွေက နှစ်ရက်ကို တစ်ဦးလောက် ပါနေတယ်။ သူ့ဘာသာ ဘယ်သူနဲ့ ပဲသိသိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ရင်တော့ ဖမ်းမှာ ပဲ''ဟုပြောသည်။

ဖမ်းဆီးခံရသည့်သူများ အနက် အချို့ဖမ်းဆီးခံရသူများ သည် ယခင်အစိုးရလက်ထက် က လူကြီးများ၏အမည်ကိုအ သုံးပြုကာ ယာဉ်ကြောရှင်းလင်း သည့် တာဝန်ရှိသူများအားပြော ဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းက ဆက်လက် ပြော သည်။ အနားယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖြစ်သူ၏ကားကိုလည်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မညီညွတ်သည့်အတွက် မရမ်း ကုန်းမြို့နယ်တွင် နိုဝင်ဘာ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း၊ ၄င်း ၏ကား ကို ကရိန်းကား နှင့်ဆွဲယူ ကာ စမ်းချောင်းမြို့နယ်ရှိ ရှင် စောပုဝင်းသို့ ပို့ဆောင်ခံရသ ဖြင့် ယင်းတို့၏ကားသည်လည်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ သက်ဆိုင် ရာဥပဒေနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း သိရ သည်။

အလားတူပင် နေပြည် တော်မှ ရဲမှူးကြီးတစ်ဦးဖြစ်သူ ဇနီး၏ကားသည်လည်း စည်း ကမ်းဖောက်ဖျက်သည့်အတွက် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရ ကြောင်း သိရသည်။ အဝေးပြေးကုန်ကား မောင်းနှင်နေသည့် ဦးအောင် လှိုင်ဦးက ''အခုလိုမျိုး ဘယ် သူ့ ကိုမှ မျက်နှာမလိုက်ဘဲ အရေး ယူနေတယ်ဆိုတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီဟာကိုဆက် ကျင့်သုံးဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ တော်တော်အောင် မြင်ဖို့လိုအပ်တယ်''ဟု သူ၏အ မြင်ကို ပြောသည်။

ထိုကဲ့သို့ဖမ်းဆီးမှုများပြု လုပ်နေသော်လည်း ယာဉ်ကြော ကျပ်ပိတ်ဆို့မှုသည် အဆိုပါတစ် ခုနှင့် မပြီးကြောင်း၊ သို့ရာတွင် ယခုလုပ်ကိုင်နေသည့် စနစ်တစ် ခုသည်လည်း ယာဉ်ကြောပိတ် ဆို့မှုကို သက်သာစေမည့်နည်း လမ်းတစ် ခုဖြစ် ကြောင်း ယင်း က ဆက်လက်ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ် မောင်းနှင်နေသူတစ်ဦးက ယာဉ် များသည် ဖမ်းဆီးသည့်အချိန် ခဏတွင်သာ ယာဉ်ကြောရှင်း သော်လည်း အဆိုပါအဖွဲ့မရှိ ပါက ယာဉ်များမှာ စည်းကမ်း မဲ့ရပ်နား မှုများ ဆက်လက် ပြု လုပ်မြဲပင်ဖြစ်နေကြောင်း ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း အထူးစစ်ဆေး ရေးအဖွဲ့သည် နိုဝင်ဘာ၈ရက် မှစတင်ကာ မြို့တွင်းရှိ ယာဉ် မရပ်ရအဖြစ် သတ်မှတ်ထား သော၅ရလမ်းတွင် စည်းကမ်း မဲ့ရပ်နားထားသော ယာဉ်များ ကို ကရိန်းကားဖြင့် ဖမ်းဆီးအ ရေးယူမှု များ ပြုလုပ်ခဲ့သည်။ နို ဝင်ဘာလတွင် စတင်ခဲ့သော် လည်း ပြီးဆုံးမည့်အချိန်ကိုမူ ကန့်သတ်မထားကြောင်း သိရ သည်။ ယနေ့အထိ ယာဉ်အစီး ရေပေါင်း တစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူပြီးဖြစ်ကြောင်း၊ ၄င်းတို့ကို ရှင်စောပု ကား ဝင်း တွင် ထားရှိကြောင်း သိရသည်။

နန်းသီတာဝင်း
Yangon Media Group