ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား


သာလွန်ဇောင်းထက်| October 31, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ဖြစ်လာပြီး သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ဒုတိယတိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “တိုင်းပြည် အတွက် အလုပ်ကြိုးစားသူ” ဖြစ်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုမည့် နေရာတွင် ပါဝင်လိမ့်မည် ဟု ထင်မြင်ကြောင်း၊ အသက် ၆၀ ပြည့်ပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

“အသက် ၆၀ ပြည့်သွားရင် ဖြစ်နိုင်ခြေရှိတယ်လို့ မှန်းကြည့်နေကြတာပေါ့။ ကာယကံရှင် လုပ်မယ်၊ မလုပ် ဘူး ဆိုတာလည်း ဒါမျိုးတွေလည်း ပါဦးမှာပေါ့။ တွက်ရင်တော့ မှန်းလို့ရပါတယ်။ လူကြီးတွေ အားလုံးက အလုပ်ကို ကြိုးစားကြတဲ့သူတွေ ဆိုတော့၊ တိုင်းပြည်အတွက် အသက်ငယ်တုန်းမှာ အထောက်အကူပြုတဲ့ နေရာမှာ ကြိုးစားကြမယ့် သူတွေဆိုရင်တော့ သူလည်းပါမယ်” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ဆိုသည်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ် ၁၉ ကျောင်းဆင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစား ယူရမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အနိုင်ရရှိရေး အသည်းအသန် ကြိုးပမ်းရဦးမည်ဖြစ်ပြီး ယခု ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေးအာဏာ ပြိုင်ဆိုင်မှု နှင့် အကွဲအပြဲများကြောင့် နိုင်ငံရေး ရှုပ်ထွေးနိုင်ကြောင်း နိုင်ငံရေးစောင့်ကြည့် သုံးသပ်သူများက ယူဆနေကြသည်။

လတ်တလော အနေအထားတွင်ပင် မဲဆန္ဒရှင် ပြည်သူများအကြား အသိအမှတ်ပြုခံလာနေရသည့် သမ္မတဦးသိန်းစိန် ဆက်လက်တာဝန် ထမ်းဆောင်မည် မထမ်းဆောင်မည်မှာ မရေရာသေးဘဲ ကြံ့ခိုင်ရေး ပါတီ၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သော သူရဦးရွှေမန်း ကလည်း သမ္မတရာထူး ထမ်းရွက်ချင်သည်ကို လူသိရှင်ကြား ဗြောင်ထုတ်ပြောထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီက လုံလောက်သော အမတ်နေရာများ အနိုင်ရရှိလျှင်သော်မျှ မည်သူ ဒု သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခံရမည်မှာ မသေချာပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေရာအများစုတွင် အနိုင်ရရှိနိုင်မည်ဟု ထင်မြင်ယူဆရပြီး သမ္မတရာထူးကို ယှဉ်ပြိုင်ရွေးချယ်ခံရန် ဒု သမ္မတရာထူးအတွက် မဲဆန္ဒရှင် အများ အပြားက ထောက်ခံနှစ်သက်ကြသော ဒေါ်အောင်ဆန်းစုကြည်ကို အမည်စာရင်း တင်သွင်းနိုင်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မိသားစုအတွင်း နိုင်ငံခြားသား ခံယူထားသူများ နိုင်ငံတော် အကြီးအကဲ ဖြစ်ပိုင်ခွင့်မရှိဟု ပြဌာန်း ထားသောကြောင့် နိုင်ငံခြားသား သား ၂ ဦး၏ မိခင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်နိုင်ခြေ မသေချာပေ။
ထို့ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယသမ္မတ မှာ သမ္မတဖြစ်နိုင်ခြေ အများဆုံး ဖြစ်နေသောကြောင့် အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆန္ဒရှိပြီး လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရွေးကောက်တင်မြှောက်မခံရဘဲ အလိုအလျောက် နေရာရပြီးဖြစ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် များက အမည်စာရင်းတင်သွင်းမည်ဆိုပါက အကောင်းဆုံး အခြေအနေဖြစ်နေသည်ဟု တပ်တွင်းအသိုင်းအဝိုင်းက ယူဆနေကြကြောင်း ဧရာဝတီက မေးမြန်းပြောဆို ခဲ့သောသူများ အရ သိရှိရသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း အထက်ပါ သုံးသပ်ချက်ကို သဘောတူ သည်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်မတော်ဘက်က တင်မယ်ဆိုရင်တော့ သမ္မတဖြစ်နိုင်ခြေ များတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မဟုတ်ပါဘူး၊ တပ်မတော်က တင်မယ့် ဒုတိယသမ္မတက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ အလားအလာ အများဆုံးပဲ။ သူက သမ္မတဖြစ်ဖို့ ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းက အလိုအလျောက်ရထားပြီးသား´´ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တပ်မတော်အရာရှိဟောင်း လည်းဖြစ်သူ ဦးလှဆွေကမူ အငြိမ်းစား တပ်မတော်အရာရှိများ သမ္မတ၊ ၀န်ကြီးကဲ့သို့သော နိုင်ငံရေးရာထူးရယူမည့် အစဉ်အလာ တရပ် ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကတင်မြှောက်မယ့် ဒုတိယ သမ္မတဖြစ်ဖို့ အလားအလာ မြင်နေ ရတယ်။ ကျနော့်အမြင်ကတော့ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ၊ လေချုပ်တွေ၊ ရေချုပ်တွေကို ပြည်ထဲရေး၊ ကာကွယ်ရေးတို့လောက်ပဲ ကောင်းတယ်။ ကျန်တာတွေက အရပ်သား ပညာရှင်တွေကို ခန့်သင့်တယ်။ ပေးသင့်တယ်။ အဲလိုမြင်တယ်။ တပ်မတော် ဘက်က ဒုတိယသမ္မတကိုယ်စားလှယ် တယောက် အဆိုပြု ခွင့်ရှိနေတယ်။ တဖက်မှာလည်း သမ္မတကလည်း တပ်မတော်ဘက် အရာရှိတွေကို ၀န်ကြီးတွေအဖြစ် ခန့်ခွင့်ရှိတယ်။ ကျနော် အဲဒါကို သဘောမကျဘူး” ဟု ဦးလှဆွေက ဆိုသည်။

Irrawaddy

Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂)


Urinary tract ဆီးလမ်းကြောင်းဆိုတာ Kidneys ကျောက်ကပ်နှစ်ခု၊ ကျောက်ကပ်ကနေဆီးအိမ်ထဲဝင်တဲ့ Ureters ဆီးပြွန်နှစ်ခု၊ ဆီးအိမ်တခုနဲ့ Urethra ဆီးထွက်ပြွန်တခုတွေကိုစုပေါင်းခေါ်တာ ဖြစ်တယ်။ ဆီးထွက်ပြွန်ရောင်တာကို Urethritis ခေါ်တယ်၊ ဆီးအိမ်ရောင်တာကို Cystitis ခေါ်ပြီး၊ ကျောက်ကပ်ရောင်တာကို Pyelonephritis လို့ ခေါ်တယ်။ Prostate ယောက်ျားဆီးကျိတ်၊ Epididymis ယောက်ျားအစိ၊ မွေးလမ်းရောင်တာမျိုးနဲ့ ဆက်စပ်နေသေးတယ်။

ဆီးအောင့်ရောဂါ ၁၈% တိုးလာနေတယ်။ ၂ဝ၁၈ ခုနှစ်ရောက်ရင် သန်းပေါင်း ၂၃ဝဝ ဒီရောဂါ ခံစားကြရနိုင်တယ်လို့ မြောက်-ကရိုလိုင်းနား၊ ဆေးတက္ကသိုလ် သုတေသနတခုကဆိုလိုက်ပါတယ်။ တောင်အမေရိကားမှာ ၃ဝ%၊ အာဖရိကမှာ ၂ဝ့၅%၊ အာရှမှာ ၂ဝ%၊ မြောက်အမေရိက ၁၆% နဲ့ ဥရောပမှာ ၂့၅% ဒီရောဂါ ဖြစ်တာတိုးလာနေတယ်။

ဆီးလမ်းကြောင်းရောင်တာကို ၈ဝ% ဖြစ်စေတဲ့ ဗက်တီးရီးယားကတော့ Escherichia coli (အီး-ကိုလိုင်) ဖြစ်တယ်။ Colon (ကိုလုံ) ခေါ်တဲ့ အူမကြီးထဲမှာနေတဲ့အကောင်ဖြစ်ပါတယ်။ Klebsiella, Pseudomonas, Enterobacter, Proteus, Staphylococcus, Mycoplasma, Chlamydia, Serratiaနဲ့ Neisseria ဆိုတာတွေကလဲ ဖြစ်နိုင်ပါတယ်။ Fungi မှိုတွေရဲ့နာမည်တွေက Candida နဲ့ Cryptococcus တွေဖြစ်ပြီး Parasites ပါရာဆိုက်ကတော့ Trichomonas, Schistosomaတွေ ဖြစ်ကြတယ်။

ဆီးလမ်းကြောင်းရောင်တာဟာလိင်ဆက်ဆံလို့ မကူးစက်နိုင်ဘူးလို့ ယူဆသူများပေမဲ့ လေ့လာချက်တချို့ကတော့ ဆက်ဆံတာရှောင်နေဘို့ အကြံပေးထားတယ်။ (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ ပိုးတွေကြောင့် ဆီးလမ်းကြောင်းရောဂါ ရတယ်ဆိုတာမဟုတ်ဘူးလို့ အငြင်းပွါးသူမရှိပါ။ Gonorrhea (ဂနိုးရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီယား) ပိုးတွေကလိင်ဆက်ဆံရာကနေကူးစက်တယ်။

ဘယ်လိုလူတွေမှာပိုဖြစ်သလဲ။
ဆီးအသွားနည်းရင်၊ ဆီးလမ်းမှာတခြားရောဂါတခုခုရှိနေရင်၊ ဥပမာကျောက်ကပ်ကျောက်၊ ဆီးထွက်လမ်းကျဉ်းတာ၊ ဆီးအကျိတ်ကြီးတာနဲ့ ဆီးလမ်းပုံမှန်မဖြစ်တာတွေဖြစ်တယ်။ ဆီးပိုက်ထည့်ရသူ၊ ထည့်ထားရသူ၊ကိုယ်ဝန် မရစေအောင် သုံးတဲ့ Diaphragm သားအိမ်ဝအဖုံးထည့်သူ၊အဖေါ်ယောက်ျားကသုံးတဲ့ (ကွန်ဒွမ်) မှာသုက်ပိုးသေဆေးသုက်ပိုးသတ်ဆေးပါရင်၊ဗက်တီးရီးယားသွေးထဲပိုးရောက်နေသူတွေမှာကျောက်ကပ်ကိုပိုးရောက်လာနိုင်တယ်။ ဆီးကျိတ်ရောင်၊ ကျားအစိရောင်နဲ့ ဂရင်ဂျီနာတွေကပိုးလဲရောက်လာနိုင်တယ်။

ဆီးသွားလမ်းကြောင်းတိုလို့ အမျိုးသမီးတွေမှာဆီးလမ်းကြောင်းရောင်တာပိုဖြစ်တယ်။ အိမ်ထောင်ကျကာစ (အတူနေဘူးကာစ)ဆီးအောင့်တာကို Honeymoon cystitis ခေါ်တယ်။ ဆီးထွက်ပေါက် အဝဟာစအိုနဲ့ မွေးလမ်းအဝတွေနဲ့သိပ်နီးကပ်တယ်။ သန့်ရှင်းရေးလုပ်ရင် လက်ကိုရှေ့နေနောက်ဘက်ဆီသာတလမ်းသွားလုပ်ပါ။

Uncomplicated cystitis ရိုးရိုးဆီးအိမ်ရောင်တာအတွက်
• Amoxacilin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်၊ဒါမှမဟုတ်
• Augmentin 500-875mg တနေ့ ၃ ကြိမ်၊ ၃ ရက်၊ ပေါင်း ၄-၅ ရက်၊ဒါမှမဟုတ်
• Azithromycin 1 gmတခါတည်းသောက်ပါ၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်၊ဒါမှမဟုတ်
• Co-trimoxazole (Septrin) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်၊ (ဆီးအိမ်ရောင်တာ ပြန်ပြန်ဖြစ်သူကြာကြာဆက်သောက်ရမယ်။ ) ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။
• Levofloxacin 250mg တနေ့ ၁ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်၊ဒါမှမဟုတ်
• Norfloxacin 400mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Ofloxacin 200mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်

ဆိုးဝါးသူတွေကို
• Ampicillin 1 gram IV ၆ နာရီခြား + Gentamicin IV ထိုးပါ၊ ဒါမှမဟုတ်
• Ciprofloxacin 200-400mg IV ၁၂ နာရီ ၁ ခါထိုးပါ၊ ဒါမှမဟုတ်
• Imipenem 500mg IV ၆ နာရီခြားထိုးဆေးတွေပေးမယ်။
• Levofloxacin 250 to 500mg IV ၆ နာရီခြားဒါမှမဟုတ်
• Piperacillin-tazobactam 3.375 grams IV ၆ နာရီခြားထိုး၊ ဒါမှမဟုတ်

Gonococcal urethritis (ဂနိုရီးယား) ပိုးကြောင့်ယောက်ျားဆီးပြွန်အဝရောင်ခြင်း၊ မိန်းမသားအိမ်အဝရောင်ခြင်း၊ ကျား-မအာခေါင်ရောင်ခြင်း၊
• Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ်
• Cefixime 400 mg ၁ ပြား၊ + Azithromycin 1 g ၁ ပြားဒါမှမဟုတ်
• Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ်
• Levofloxacin 250 mg ဒါမှမဟုတ်
• Ofloxacin 400 mg ၁ ပြား။
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက် (Chlamydia infection မဟုတ်တာမသေခြာရင်)သောက်ပါ။
• ဆီးထွက်ပြွန် ခဏခဏရောင်သူတွေကိုMetronidazole 2 grams တခါတည်း+ Erythromycin 800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။

Complicated Gonorrhea ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊
• Penicillin G 10 million units IV daily x 5 days;
• Ceftriaxone 1 Gm IV daily x 5 days;
• Ciprofloxacin 500 mg BD x 5 days;
• Levofloxacin 500 mg OD x 5 days;
• Endocarditis နှလုံးသားရောင်ရင် Ceftriaxone 1 Gm BD IV x 3 weeks

Penicillin မတည့်ရင်
• Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ်
• Levofloxacin 250 mg တနေ့ ၁ ပြား၊
• Spetinomycin 1 Gm IM ထိုးဆေး၁လုံး။

Chlamydia trachomatis ပိုးကြောင့် ဆီးလမ်းရောင်သူတွေကို
• Azithromycin 1 g x ၁ ရက်၊
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ x ၇ ရက်

သိပ်ဆိုးသူတွေကိုဆေးရုံတင်ကုရတတ်တယ်။ ဥပမာ Pyelonephritis ကျောက်ကပ်ရောင်တာ။ သွေးကြောထဲကနေ ဆေးပေးရတတ်တယ်။ လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝပိုးသေဆေး တမျိုးမကလိုမယ်။ ဆေးကို လက္ခဏာ သက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။ လက်မှတ်မလိုဘဲဝယ်လို့ရတဲ့ ဆေးတွေကပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesicနာတာကိုသက်သာစေတယ်။ ရေ-အရည် များများသောက်ပါ။ ဆီးသွားချင်တာကိုထိန်းမထားပါနဲ့။ Cranberries or Blueberries juice သစ်သီးရည်အစစ် သောက်ပါ။ သကြားမများစေနဲ့။ Pineapple နာနတ်သီးစားပါ။ Vitamin C ဗီတာမင် စီသောက်ပါ။

ဖြစ်တဲ့ မိန်းကလေးအသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာကောင်းတယ်။ ၇ ရက် လိင်မဆက်ဆံရ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးတပြိုင်တည်းဆေးကုပါ။ ကာကွယ်ဘို့က Latex condoms ကွန်ဒွမ် သုံးပါ။ လိင်ဆက်ဆံပြီးရင်ပဋိဇီဝဆေးတကြိမ်သောက်ပါ။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။ Septrin800 mgဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်သောက်ပါ။

ပိုးသေဆေးတွေအပြင် ဆီးပူတာသက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ နာတာသက်သာအောင် Hyoscine (Spasmogin or Buscopan) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ ခံစားနေရတာတွေ သက်သာပေမဲ့ ဆေးပါတ်စေ့ပါစေ။

Dr. Tint Swe

ဝက်ခြံထွက်သူများအတွက် ပင်စိမ်းရွက်


ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။
ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။


ပင်စိမ်းရွက် တိုနာ ......
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
Kayan Times

ဖိလစ်ပိုင်နိုင်ငံမှ 3လက်အဒေါက်ဖိနပ်နဲ့ ပြေးရတဲ့အပြေးပြိုင်ပွဲ


ဒီပွဲလေးမှာ ယောကျာ်း ၊ မိန်းမ ၊ လူကြီး ၊ လူငယ်မရွေး
ဝင်ပြိုင်နိုင်ပြီး ပြေးလမ်းကတော့မီတာ 500အရှည်ရှိပြီး
စည်းကမ်းကတော့ 3လက်မဒေါက်ဖိနပ်စီးပြီးသာအပြေးပြိုင်ရမှာဖြစ်ပါတယ်။

Scientist Myanmar

အနုပညာရှင် တစ် ယောက် အနေ နဲ့ စီးပွားရေးမှာ အထောက် အကူဖြစ်တယ် ဆိုတဲ့ လွင်မိုး


အောက်တိုဘာ ၂၄ မှ ၂၆ ရက် နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပပြု လုပ်တဲ့ Myanmar Water Expo 2013 ပြပွဲမှာ သရုပ် ဆောင် လွင်မိုး ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့Wa Minn Group of Companies ရဲ့ Kubota Johkasoa Waste Water Treatment Plant ကိုပါ ပြသခဲ့ပါတယ်။

ဒီပြပွဲနဲ့ ပတ်သက်ပြီး လွင်မိုးက “ဒီနေ့ပြပွဲမှာ ရေဆိုး သန့်စင်စက်၊ မိသားစု တစ်ခုစာပဲဖြစ်ဖြစ် Shopping Mall တစ်ခုလုံး ပဲဖြစ်ဖြစ် အဲဒီကထွက်လာ တဲ့ ရေဆိုး ၊ ရေညစ် တွေ အကုန်လုံးကို သန့်စင်ထားတဲ့ စက်ပါ။ ဒီစက် ကို မြန်မာပြည်မှာ တပ်ဆင် ထုတ်လုပ်ဖို့ အတွက်နှစ် ဆန်းပိုင်းလောက် ဆို တပ်ဆင်ထုတ် လုပ်သွားမှာပါ” လို့ပြောပါတယ်။

စီးပွားရေးကို အခြေချ လုပ်ဖြစ် နေတဲ့ အတွက် အနုပညာရှင်တစ် ယောက် အနေနဲ့ စီးပွားရေး အလုပ် တစ်ခုကို အထောက်အကူ အများကြီး ဖြစ်စေ တယ်လို့ ပြောပြတဲ့ လွင်မိုးက
“အခုက စီးပွားရေး ဘက်ကို ဦးစားပေးလုပ် လာတော့ အနုပညာ ဘက်ကို လုပ်တာ နည်းသွားပြီပေါ့။ လူဆိုတာ ကိုယ့် ဘာသာ သိပြီး သဘောထား တတ်ဖို့ လို ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန် ရွေးချယ် ဖို့လည်း လိုပါတယ် ။အရင်က အနုပညာ သမား တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခု စီးပွားရေး လုပ်တဲ့အချိန် မှာ စီးပွားရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက် အလက်တွေကို လေ့လာဖို့၊ တစိုက်မတ်မတ် ကြိုးစားလုပ်ဖို့ လိုပါ တယ်။ ကြိုးစား အားထုတ်ဖို့က နေ ရာတိုင်း နဲ့ဆိုင်ပါတယ်။ အနုပညာ ပဲဖြစ်ဖြစ်၊ စီးပွားရေး ပဲဖြစ်ဖြစ် ကြိုးစားရမှာပဲ။ ဒါပေမဲ့ နားလည်တတ် ကျွမ်းအောင် လေ့လာဖို့လည်း လိုအပ် ပါတယ်။ အနုပညာ သမား တစ် ယောက် ဖြစ်တော့ လူချစ်လူခင်ပေါတယ်။ ကုန်ပစ္စည်း တစ်ခုကိုပြောတဲ့ ဆို တဲ့နေရာမှာ သူများတွေထက် ပိုပြီး ထိရောက်မှု ရှိတယ်။ သွား လာ လုပ်ကိုင်တဲ့ နေရာမှာ သာမန် လူတွေထက် ပိုပြီး Customer တွေက ကိုယ့် ကိုပိုပြီး ယုံကြည်မှု တွေပို ထားတဲ့ သဘော ရှိတယ်။ ဒီလို ယုံကြည်မှု ထားတဲ့ အပေါ်မှာ ကိုယ့် အနေနဲ့ က ဒီထက် ပိုပြီးပြည့်စုံ ကောင်း မွန်တဲ့ ဝန်ဆောင်မှု၊ မှန်ကန်မှု၊ ကောင်းတဲ့ Image တွေကို ရေရှည် ထိန်းသိမ်းနိုင်အောင် ပြန်ပြီး လုပ် ပေးဖို့လည်း လိုပါတယ်” လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular Journal

ဘုရင့်နောင် ခုံးကျော်တံတား တစ်စင်း စတင်အသုံးပြုခွင့်ပြု










ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းမှ ဂုံးကျော်တံတား တစ်စင်းအား စတင်အသုံးပြုနေသည်ကို အော်တိုဘာလ ၃၁ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

၎င်းစီမံကိန်းတွင် ခုံးကျော်တံတား ၂ စင်း ဆောက်လုပ်နေပြီး ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားတစ်စင်းအား စတင်အသုံးပြုခြင်းဖြစ်ကာ သမိုင်းလမ်းဆုံမှ လှိုင်သာယာသို့ သွားသော လမ်းမပေါ်ရှိ တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ စတင်အသုံးပြုသွားမည်ဖြစ်သည်။

Mizzima - News in Burmese 

မြန်မာ့ဆန်တင်ပို့မှု ၃၈ ရာခိုင်နှုန်း ကျဆင်း


မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ မနှစ်ကနဲ့နှိုင်းစာရင် ၃ဂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကဖြန့်ချိတဲ့ နယူးယောက်မြို့ အခြေစိုက် International Business Times နိုင်ငံတကာ စီးပွားရး အင်တာနက် အွန်လိုင်းသတင်းစာမှာ ဖော်ပြချက် အရဆိုရင် ပြီးခဲ့တဲ့ ဧပြီလကနေ အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုတင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ဟာ ၄ သိန်းခွဲပဲရှိပါတယ်။

အရင်နှစ် အဲဒီကာလအတွင်းမှာတော့ တန်ချိန် ၇ သိန်း ၃ သောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်း ဆန်တန်ချိန် ၁ သန်းခွဲလောက် တင်ပို့မယ်လို့ မြန်မာအစိုးရရဲ့ မူလခန့်မှန်းထားချက်နဲ့ အဆမတန်ကွာခြားနေပြီး အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် အများဆုံးတန်ချိန် ၇ သိန်းခွဲလောက်အထိပဲ တင်ပို့နိုင်မှာဖြစ်လို့ ရည်မှန်းချက်ကို ဘယ်လိုမှ မမှီနိုင်တော့ဖူးလို့ ပညာရှင်တွေကပြောပါတယ်။

မြန်မာပြည်မှာ ရာသီဥတုဆိုးဝါးလို့ စပါးထွက်ကျဆင်းခဲ့သလို စိုက်ပျိုးရေးစံနစ်ကလည်း ခေတ်နောက်ကျနေပြီး ဆန်စက်တွေရဲ့ ကြိတ်ခွဲမှု အရည်အသွေးကလည်း ညံဖျင်းလှတယ်လို့ဆိုပါတယ်။

ဒီအတောအတွင်း ကမ္ဘာပေါ်က ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံတွေဖြစ်ကြတဲ့ အန္ဒိယနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ ဆန်တွေအမြောက်အများ ရောင်းဖို့ရှိနေတဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ပိုလျှံနေတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းရဲ့ အစီရင်ခံစာတစောင်မှာ မြန်မာပြည်မှာ လျှပ်စစ်စွမ်းအား မလုံလောက်မှုနဲ့ လမ်းပန်းပို့ဆောင်ရေးခက်ခဲမှုစတဲ့ ပြသနာတွေကြောင့် သွားရောက်ရင်းနှီးမယ့်သူတွေ တုံ့ဆိုင်းနေကြတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese

တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ


တောင်ငူ၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန်လာပြီး ရေကြီးမှုကြောင့် တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ် စုပေါင်း ၃၀ ကျော်မှ လူရှစ်ထောင် နီးပါးမှာ ရေဘေးဒုက္ခသည် စခန်းပေါင်း ၂၁ ခုတွင် ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ တောင်ငူမြို့ပေါ်တွင် ရေဘေး ဒုက္ခသည်စခန်း ၁၃ ခု၊ ကျေးရွာပေါင်း ၁၁ ရွာ၊ ရပ်ကွက်ငါးခုမှ အိမ်ထောင်စု ၁၂၁၆ စု၊ လူဦးရေ စုစုပေါင်း ၅၁၁၂ ဦးကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ အထက်တန်း ကျောင်းအချို့တွင် နေရာချထားပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရေဘေးသင့် အိမ်ထောင်စုများကို လိုအပ်သော ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ရေတာရှည်မြို့နယ် ဆွာမြို့နှင့် ရေတာရှည်မြို့တို့ရှိ ကယ်ဆယ်ရေးစခန်းပေါင်း လေးခုတွင် ရပ်ကွက် ကျေးရွာပေါင်း ၁၄ ခုမှ အိမ်ထောင်စုပေါင်း ၂၅၀ ကျော်၊ လူဦးရေ စုစုပေါင်း ၂၀၀၀ နီးပါးကို နေရာ ချထားပေးရကြောင်းနှင့် အောက်တိုဘာလ ၃၀ ရက်နေ့မှစတင်ကာ ရေဘေးသင့် အိမ်ထောင်စုဝင်များကို ထမင်းထုပ်များ၊ သောက်ရေသန့်နှင့် လိုအပ်သော ဆေးဝါးပစ္စည်းများကို ကူညီထောက်ပံ့ လှူဒါန်း ပေးနေကြောင်း ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာကျော်ကျော်က ပြောကြားသည်။
“သာဂရမှာက အောက်တိုဘာလ ၂၉ ရက်နေ့မှ ရေစဝင်တာ။ လက်ရှိမှာ ကျေးရွာအုပ်စု ခြောက်စုက အိမ်ထောင်စုပေါင်း ၂၂၀၊ လူဦးရေ စုစုပေါင်း ၁၀၀၀ နီးပါးကို သာဂရမြို့ သားတော်လှ ဘုရားဓမ္မာရုံ အပါအဝင် ကယ်ဆယ်ရေးစခန်း လေးခုမှာ နေရာချထား ပေးပါတယ်” ဟု သာဂရကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုကြောင့် တောင်ငူမြို့၊ ရေတာရှည်မြို့၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာများတွင် စစ်တောင်းမြစ်ရေ ဝင်ရောက်ခဲ့ပြီး ဆွာမြို့နှင့် သာဂရမြို့ကြား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ရေအနက် နှစ်ပေခန့် ရေကျော်ခဲ့သည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများထံမှ စုံစမ်းသိရှိရသည်။

စစ်တောင်းမြစ် ရေကြီးရေလျှံမှုကို ဆွာချောင်းတမံ ဖောက်ချသည်ဟု ကောလာဟလများ ထွက်ပေါ်လာခြင်းကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့ည ၁၀ နာရီ အချိန်မှာစတင်ကာ စစ်တောင်း မြစ်ကမ်းပါးရှိ လူနေအိမ်ခြေအချို့ ရေဘေးလွတ်ရာ ဆွာမြို့ပေါ်သို့ ရွှေ့ပြောင်း နေထိုင်နေကြကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဆွာမြို့ စက်ရုံကျောင်းတိုက် ဓမ္မာရုံတွင် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၁၂၀၀ ခန့် ခိုလှုံ ရောက်ရှိနေကြောင်း ဆွာမြို့ခံတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သုံးရက်ဆက်တိုက် မိုးရွာသွန်းမှု စံချိန်တင်ခဲ့ခြင်းကြောင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန်ကာ ၆၇၅ စင်တီမီတာသို့ ရောက်ရှိနေကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

တောင်ငူမြို့ပေါ်တွင် ယခုနှစ် မိုးရာသီကာလတွင် တတိယအကြိမ် မြစ်ရေ ဝင်ရောက်လာခြင်း ဖြစ်ပြီး ယခုတစ်ခေါက်မြစ်ရေ တက်ခြင်းသည် အလွန်မြန်ဆန်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန် တက်လာသည့် ပုံသဏ္ဌာန်မှာ ဝါးလုံးထိုး မြင့်တက်လာခြင်း ဖြစ်ကြောင်း တောင်ငူမြို့ ကြက်သျှာစွန်းရပ်နေ အသက် ၄၆ နှစ်အရွယ် ဒေါ်အေးက ပြောဆိုသည်။
“ရေတက်တာမြန်တော့ ကလေးတွေကို ရေလွတ်ရာ ရွှေ့ချိန်မှာ ကလေးတစ်ယောက် ရေနစ်တယ်။ သိတာမြန်လို့ ကိုယ်ကျိုးမနည်းတယ်။ အိမ်အောက်မှာက ရေအနက် ခုနစ်ပေလောက် ရှိမယ်ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ပထမပတ်က တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေ စိုးရိမ်မှတ် ကျော်လွန် ရောက်ရှိခဲ့မှုကြောင့် တောင်ငူခရိုင် အုတ်တွင်း၊ ရေတာရှည် မြို့နယ်နှင့် တောင်ငူမြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာပေါင်း ၃၀၀ ကျော်မှ လူဦးရေ ၂၀၀၀၀ နီးပါးကို ရေဘေးဒုက္ခသည်စခန်း ၁၉ ခု ဖွင့်လှစ်၍ ရက်ပေါင်း ၂၀ ခန့် နေရာချထား ပေးခဲ့ရကြောင်း တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

ဇေယျာကို (တောင်ငူ)

The Voice Weekly

ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို


ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရသင့်ရထိုက်တဲ့ အစုရှယ်ရာငွေသိန်းပေါင်းနှစ်သောင်းကို သိက္ခာရှိစွာသတင်းစာထဲကနေ ကြော်ငြာပြီး တောင်းတာပျက်ကွက်ခဲ့တဲ့အတွက် မလွှဲမရှောင်သာလို့ တရားစွဲလိုက်တာပါ”ဟု ဦးရောဘတ်စန်းအောင် မှ ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်စိုးမမမင်းက ပြည်မြို့တွင်သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့သည်ကို မူယာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အထက်ကခိုင်းသည်ဟုဆိုကာ ရပ်ကျေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ပြည်မြို့တရားရုံးက စက်တင်ဘာလ ၂၆ရက်တွင် ဒဏ်ငွေသုံးသောင်းအမိန့်ချခဲ့သေးသည်။

“ရပ်ကျေးဥပဒေနဲ့ တရားစွဲခံခဲ့ရတယ်။ ပြည်သူတွေ အကုန်သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းတာ ပါ။ ရပ်ကွက်လူကြီးကလည်း အထက်ကခိုင်းလို့ မလုပ်မဖြစ်လုပ်ရတယ်ဆိုပြီး လာတောင်းပန်တယ်။ ပညာပေးတဲ့ပုံနဲ့ နိုင့်ထက်စီးနင်းလုပ်ပြီးတရားစွဲတယ်”ဟု ဒေါ်စိုးမမမင်းက ပြောသည်။

ဒေါ်စိုးမမမင်းအား တရားရုံးကဒဏ်ငွေသုံးသောင်းချပြီးနောက်ပိုင်း အောက်တိုဘာလ ၁၄ ရက်က ဦးဝင်း မြင့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က ပထမအကြိမ်ရုံးချိန်းတွင် လွှတ်တော် အမတ် ဦးဝင်းမြင့်က လာရောက်ခြင်းမရှိသဖြင့် နိုဝင်ဘာလ ၁၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်ဟု ဒေါ်စိုး မမမင်းက ပြောသည်။

ဦးဝင်းမြင့်အား ယခုကဲ့သို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အခုလွှတ်တော်ရောက်နေတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် STRANDဟိုတယ်နှင့် KTV လုပ်ငန်းကိစ္စကိုလည်း ကိုယ်ရေးကိုယ်တာဖြစ်သောကြောင့် ဖြေကြားလိုခြင်း မရှိဟုဆိုသည်။

Written by  ရေခဲ(ပြည်)

Mizzima - News in Burmese

မောင်တောမြို့ပေါ်ရပ်ကွက် မီးရှို့ရာတွင် ပါဝင်သူ ၆၈ ဦး ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံရ


၂၀၁၂ခုနှစ် ဇွန်လ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုဖြစ်စဉ်တွင် မောင်တောမြို့ပေါ်ရပ်ကွက် ဗိုလ်မှူးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ အိုင်အင်န်ဂျီအိုဝန်ထမ်း နှစ်ဦး အပါအ၀င် ၆၈ ဦးကို အောက်တိုဘာ ၃၀ ရက်က ဘူးသီးတောင်မြို့နယ်၊ တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး ငါးဦးကို တရားသေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်မှူးရွာမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၇၄ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးသို့ ၂၀၁၂ခုနှစ် ဇူလိုင်၂၀ တွင် စွဲချက်တင် တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုကြီးအမှတ် ၃၃၈/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။
အဆိုပါ ၇၄ လေးဦးအနက် ၆၈ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ  ၄၃၆ အရ ထောင်ဒဏ်ငါးနှစ်စီ၊ အမျိုးသမီးတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆/၁၁၄အရ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးမှာ ပြစ်မှုထင်ရှားခြင်းမရှိသည့်အတွက် တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခြင်းခံရသည့် တရားခံများတွင် မောင်တောမြို့ရှိ အိုင်န်အန်ဂျီအို အဖွဲ့အစည်းများဖြစ်သည့် အေစီအက်ဖ်(ACF) မှ အီဗြာဟိန်း (ခေါ်) စောမြင့်နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (AZG)မှ ဇာဖောဟူဆောင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ဆုံးဖြတ်သည့်အမှုမှာ ပြီးခဲ့သည့် ၂၀၁၂ ဇွန်လက ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ခရိုင်/မြို့နယ်တရားရုံးများတွင် တရားစွဲဆိုထားသည့် မူလအမှုများအနက် နောက်ဆုံးအမှုဖြစ်ကြောင်းလည်း သိရသည်။

7DAY DAILY

ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကောက်မည်


၂၀၁၄  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ   ပြည်ပ ဒုက္ခသည်စခန်းတွေက လူဦးရေစာရင်းတွေလည်း ပါနိုင်အောင် ဒေသခံ အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေ ဘယ်လောက်ရှိနေပြီးလဲဆိုတာ သိရဖို့  ၂၀၁၄ ခုနှစ် မတ်လမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်တွေထဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပြင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့  ဒုက္ခသည်တွေစာရင်းပါ ထည့်သွင်း ကောက်ယူသွားမယ်လို့  လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

ပြည်ပဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် အခုလို ပြောပါတယ်။

“ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ၂ နည်း ၂ လမ်းနဲ့ ကောက်မယ်။ ပြည်တွင်းမှာ သူတို့ရဲ့ မိသားစုတွေ သန်းခေါင်စာရင်းကောက်တဲ့အခါမှာလည်း အဲဒါတွေကို ဖော်ထုတ်ပြီး ကောက်သွားပါ့မယ်။ နောက်တခုက နိုင်ငံခြားမှာ ရှိတဲ့ သက်ဆိုင်ရာ သံရုံးတွေကတဆင့် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး စာရင်းကောက်သွားမယ်။ အဲဒီစာရင်းတွေကို နောက်ပိုင်း ပြန်ပြီး ကွဲပြားမှုရှိမရှိ ဖြေရှင်းပြီး ထုတ်ပြန်မှာပါ။ ပြည်တွင်းဒုက္ခသည်စခန်းတွေကိုတော့ ပြည်တွင်းမှာပဲ ကောက်မှာပေါ့။ ပြည်ပဒုက္ခသည်တွေကိုတော့ သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကောက်မှာပါ။”

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် ရက်ကိုတော့  ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်ည သန်းခေါင်ယံအချိန်ကနေ စတင်မှာ ဖြစ်ပြီး  ဧပြီ ၁၀ ရက်နေ့အထိ ၁၁ ရက်ကြာ ပြုလုပ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီကာလအတွင်း  မြန်မာနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မည်သူကိုမဆို သန်းခေါင်စာရင်း ကောက်ခံသွားမယ်လို့ဆိုပါတယ်။

“အဲဒီအချိန်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရော၊ နိုင်ငံခြားသားတွေရော၊ မည်သည့်လူမျိုး လူတန်းစားမဆို မှတ်ပုံတင် ရှိရှိမရှိရှိ၊ စာရင်းရှိရှိ မရှိရှိ၊ ပတ်စပို့နဲ့လာလာ ဗီဇာနဲ့လာလာ ဘယ်လိုလူမျိုးကိုမဆို မြန်မာနိုင်ငံမှာရှိသူ တယောက်မကျန် ကောက်ယူသွားမှာ ဖြစ်ပါတယ်။”

ပြည်ပရောက် မြန်မာတွေအတွက်တော့ သက်ဆိုင်ရာနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးတွေက ဆောင်ရွက်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာစရာမလိုဘဲ စာရင်းပေးနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ကုလသမဂ္ဂရဲ့ အကူအညီနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး  တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကြက်ကောက်နိုင်ဖို့အတွက် မူလတန်းပြဆရာမ ၁ သိန်းနဲ့ ဦးစီးကြီးကြပ်သူ ၂ သောင်းလောက်ကိုလည်း  လေ့ကျင့်ထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို  ၁၉၇၃မှာ ၁ ကြိမ်၊ ၁၉၈၃ ခုနှစ်မှာ ၁ ကြိမ် နောက်ဆုံး ကောက်ယူခဲ့ဖူးပါတယ်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်ရဲ့ လူဦးရေ ၂၈ သန်းလောက်ရှိပြီး  ၁၉၈၃ ခုနှစ်မှာတော့  ၃၈ ရှိသန်းနဲ့ လက်ရှိ လူဦးရေ သန်း ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

by မျိုးဇော်လင်း (ဒီဗွီဘီ)

သူရိယအလင်းဂျာနယ် စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်


ပြည်တွင်း အပတ်စဉ်ထုတ် သူရိယအလင်းဂျာနယ်ရဲ့ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သူရိယအလင်း ဂျာနယ်ဟာ မကြာသေးခင်ကမှာ  လူတစုက ညအချိန်မတော် ဂျာနယ်တိုက်ကို ၀င်ရောက်စီးနင်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ဂျာနယ် ဖြစ်ပါတယ်။

ဒီဂျာနယ်မှာ ရေးသားဖော်ပြထားချက်တွေဟာ အချက်အလက် မပါဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ များလို့ အခုလို သဘောထားထုတ်ပြန်ရတာလို့ ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“အမြင်သဘောထားတွေကို ရေးခွင့်ရှိပါတယ်။ ဒါပေမယ့် တချို့ဟာတွေက ပုဂ္ဂိုလ်ရေးတွေနဲ့ နိုင်ငံရေး တိုက်ခိုက်မှုလိုဟာမျိုးတွေ အဲဒါတွေက မီဒီယာထဲမှာ ဂျာနယ်လစ်ဇင် အသွင်မျိုးလို့ ထင်နေ၊ ယူဆနေကြတယ်။ ဒါက အခြားနိုင်ငံမှာ ရင့်ကျက်တဲ့ စာဖတ်သူတွေက ရွေးချယ်တတ်မယ်။ ဒါပေမယ့် မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဘယ်က မှန်ကန်တဲ့ သတင်းအချက်အလက်လဲ၊ ဘယ်ဟာက အမြင်သဘောထားလဲ  ဆိုတာမျိုးကို စာဖတ်သူက သိပ်မသဲကွဲတဲ့ အချိန်မျိုးမှာ ရောထွေးပြီးတော့ ဂျာနယ်လစ်ဇင်ကို အစိုးရရဲ့ ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ထင်မြင်မှုမျိုးတွေ အားကောင်းလာမှာကို စိုးရိမ်တာပါ။”

စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့  သူတို့ ဆိုလိုတဲ့ ဂျာနယ်ဟာ  မကြာခင်ကမှ ထုတ်ဝေမှု ရပ်သွားတဲ့ သူရိယအလင်းနဲ့  အသစ်ထုတ်ဝေလာတဲ့ သူရိယနေ၀န်းဂျာနယ် ၂ ခုစလုံးလို့လည်း ပြောပါတယ်။

ဂျာနယ်လစ်ကွန်ရက်ရဲ့ ကြေညာချက်မှာတော့  ကျင့်ဝတ်မညီပဲ ရေးသားမှုတွေကြောင့် သတင်းမီဒီယာလောကအပေါ် လူအများ ယုံကြည်ကိုးစားမှု လျော့နည်း ကျဆင်းလာစေနိုင်တဲ့ အကြောင်းနဲ့ သတင်းမီဒီယာနယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှုနဲ့ နိုင်ငံရေး အကျိုးအမြတ် ရရှိအောင်လုပ်ဆောင်တာတွေကို ဆန့်ကျင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

သူရိယနေ၀န်းဂျာနယ်ရဲ့  အယ်ဒီတာချုပ် ဦးမိုးဟိန်းကတော့ ဂျာနယ်လစ်ကွန်ရက်ရဲ့ သဘောထား ထုတ်ပြန်ချက်ကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။

“အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ ဩဇာကရော၊ ကျနော့်ကို ပြောတဲ့ ပုဂ္ဂိုလ်တွေကရော ကင်းလွတ်ရဲ့လား။ သူတို့ကို ကိုယ်စားပြုပြီး ကျနော့်ကို မေးနေတာလားဆိုတာ မေးမယ်။ သူရိယ အလင်းနဲ့ သူရိယနေ၀န်းသည် ကမ္ဘာ့စာနယ်ဇင်း၊ အမေရိကန်တို့လို၊ အင်္ဂလန်တို့လို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်ကိုပဲ ကျနော်တို့ စံလုပ်ထားတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရတဲ့ တနေ့မှာ မြန်မာပြည်ရဲ့ စာနယ်ဇင်းကျင့်ဝတ်သည် ကမ္ဘာ့စာနယ်ဇင်း ကျင့်ဝတ်နဲ့ တသားတည်း ဖြစ်စေရမယ်။ အဲဒီမတိုင်ခင် စပ်ကြားကာလမှာ ကျနော်တို့ကို သူတို့တိုင်းချင်တဲ့ ပေတံနဲ့ လာပြီးတိုင်းလို့ရှိရင်တော့ ကျနော်တို့ဘက်ကနေ ဒါကို အသိအမှတ်မပြုနိုင်ဘူးဗျ။”

အောက်တိုဘာလထဲမှာပဲ သူရိယအလင်းဂျာနယ်ဟာ ထုတ်ဝေသူက ဆက်လက် မထုတ်ဘဲ ရပ်နားလိုက်ပြီးတဲ့နောက် အယ်ဒီတာချုပ်က သူရိယနေ၀န်းနာမည်နဲ့ ဂျာနယ်တစောင် ထပ်ထုတ်နေတာ ဖြစ်ပါတယ်။
စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားများ အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းကြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

by ဒီဗွီဘီ 

တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်


နိုဝင်ဘာ ၁၀ ရက်၌ စတင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများကိုခွင့်ပြုမည်မဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်မကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တိုဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။

၎င်းက “သည်တစ်နှစ်တော့ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားတွေ မထည့်ဘူး၊ အရင်နှစ်ကလည်း ကျွန်တော်တို့ လောင်းကစားပွဲအနေနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ သတ်မှတ်ပေးတာကို သတ်မှတ်ချက်ဘောင်ကျော်ပြီးတော့ လောင်းကစားဝိုင်းတွေက ပုံစံပြောင်းပြီးလုပ် ဆောင်လာတာတွေရှိခဲ့တယ်”ဟုဆိုသည်။

ပြီးခဲ့သည့်နှစ်က ယင်းကဲ့သို့သတ်မှတ်ချက်ဘောင်ကျော်ပြီးလုပ်ကိုင်သည့် လောင်းကစားဝိုင်းများကို ပြည်နယ်အစိုးရကပွဲမပြီးခင် ပိတ်သိမ်းခိုင်းခဲ့သည်ဟုလည်း ဦးတင်ဝင်းကဆိုသည်။ ယခုနှစ်တွင် လောင်းကစားမှုများကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ၊ ကုမ္ပဏီဆိုင်ခန်းများ၊ ဈေးရောင်းပွဲတော်၊ အစားအသောက် ဆိုင်တန်းများ၊ အ၀တ်အထည် ဆိုင်တန်းများသာပါဝင်မည်ဖြစ်သည်ဟုလည်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်မကော်မတီက သိရသည်။

လောင်းကစားဝိုင်းများပါဝင်ခွင့်မပြုခြင်းနှင့်ပတ်သက်ပြီးတောင်ကြီးဒေသခံ ဒီမိုအရပ်ဘက်လူ့အဖွဲ့အစည်း မှကိုခွန်ခမ်းကောင်က “ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ လောင်းကစားဝိုင်းတွေ လုံးဝမပါဝင် သင့်ပါဘူး၊ အဝေးမှာရှိတဲ့ရွာက တောင်သူတွေ၊ တောင်ကြီးမြို့ပေါ်ကသူတွေ အတော်များများက သူတို့ စုဆောင်းထားတဲ့ ငွေကြေးတွေယူလာပြီး လာလည်တတ်ကြတယ်၊ လည်ရာကနေပြီးတော့ လောင်း ကစားဝိုင်းတွေကြောင့် အိမ်ပေါင်၊ ယာပေါင်တွေဖြစ်နေတာ နှစ်စဉ်ကြားနေရပါတယ်” ဟု မဇ္ဈိမကိုပြော သည်။

ယင်းသို့ လောင်းကစားဝိုင်းများ ခွင့်ပြုမပေးခြင်းကြောင့် ရန်ပုံငွေရရှိမှုအခက်အခဲအနည်းငယ်ရှိသည်ဟု မီးပုံးပျံ ပုံသဏ္ဍာန်အကဲဖြတ်အမှတ်ပေးဒိုင်ဖြစ်သူ ဦးသန်းဇော်က ဆိုသည်။

၎င်းက “သည်တစ်နှစ်က လောင်းကစားဝိုင်းတွေပေးမထည့်တော့ ရန်ပုံငွေအင်အားအနေအထားအရ အခက်အခဲတော့ရှိတာပေါ့၊ ဒါပေမဲ့လည်း လူကြီးတွေကမဖြစ်ဖြစ်အောင် လုပ်ဆောင်မယ်ဆိုပြီးတော့ သနိ္နဋ္ဌာန်ချထားတယ်” ဟု ဆိုသည်။

၂၀၁၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဘဏ္ဍာရေးလုပ်ငန်းကော်မတီမှ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူမှုတွင် လုပ်ငန်းခြောက်မျိုးပါဝင်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ငန်း တင်ဒါမပါ ၀င်ပေ။

Written by  ဂျွန်ချစ်ငြိမ်း

Mizzima - News in Burmese

အစ္စလမ်မစ်သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်


ရန်ကုန်၊ အောက်တိုဘာ ၃၀။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်ရွာအနီး၊ သစ်တောကြိုးဝိုင်း အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အစွန်းရောက် အစ္စလမ်မစ် သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက People Power သို့ ဆက်သွယ်ပြောကြားသည်။

ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်ဆက်နေသော နယ်စပ် နေရာဖြစ်သည့် ယင်းသစ်တော ကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀၀၀ကို Moon as star (ကြယ်နှင့်လ) ကုမ္ပဏီမှ နှစ်၃၀ မြေအဌားစာချုပ်ဖြင့် ဌားရမ်းလုပ်ကိုင်ရန် သစ်တော ဝန်ကြီးဌာနသို့ လျှောက်ထားကြောင်း ၎င်းကရှင်းပြသည်။

“ဘာသာခြား ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့် ပေးလိုက်မယ်ဆို ထိုင်းနိုင်ငံဘက်က အစ္စလာမ်မစ်စစ်သွေးကြွ သူပုန်တွေ လာရောက်တောခိုမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်" ဟု မောတောင်ရွာသားများ၏
စိုးရိမ်မှုကို ၎င်းက ကိုးကား၍ ပြောဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းအတွက် စိုက်ပျိုးမြေအဖြစ် ဖန်တီးလိုခြင်းဖြစ်ပြီး ဒေသခံများကို ကန်ထရိုက်စနစ်ဖြင့် ပြန်လည်လုပ်ကိုင်စေမည် ဖြစ်ကြောင်း Moon as star (ကြယ်နှင့်လ)ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်သန်းဦးက ရှင်းလင်းပြောဆိုသည်။

“အစ္စလာမ်မစ် စစ်သွေးကြွ သူပုန်ကိစ္စက မဟုတ်ပါဘူး။ စီးပွားရေး ပြိုင်ဘက်တွေက လွှင့်တဲ့ ကောလဟလတွေပါ” ဟု ၎င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်စလင်သူပုန်များသည် ထိုင်းအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်လျက်ရှိသော်လည်း ယနေ့ထိငြိမ်းချမ်းရေး မရသေးဘဲ ထိုင်းနိုင်ငံမှ သီးခြားခွဲထွက်ရန် တောင်းဆိုမှု ပြုလုပ်နေဆဲဖြစ်သည်။

ဇေနွေထွန်း၊သန့်တေဇ

People power

ဓာတ်အားခ အပြောင်းအလဲကြောင့် မီးခိုးသုံးမှု ပိုများလာနိုင်


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ်လိုက်သည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားသည်
သင့်တင်မျှတသော်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းနှင့် အများ ဓာတ်အားခတိုးမြှင့်
ပေးဆောင်ရန်ရှိသည့်အတွက် တရားမ၀င်နည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲခြင်း (သို့) မီးမှောင်ခို
မှု ပိုများလာနိုင်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကျိုးသက်ရောက် မည့် ပြင်ဆင်
သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းထားများမှာ အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် ပုံမှန်
၃၅ ကျပ်ဈေးနှုန်း၊ ၁၀၁ ယူနစ်အထက် ကျပ် ၅၀ နှုန်း၊ စီးပွားရေး လုပ်ငန်းသုံး ပါဝါမီတာများအတွက်
တစ်ယူနစ် လျှင် ကျပ် ၁၀၀ နှုန်း၊ ယူနစ် ၅,၀၀၀ နှင့် အထက် ကျပ် ၁၅၀ နှုန်းဖြစ်ပြီး အစိုးရဌာန များ
အနေဖြင့် သုံးစွဲမှုမည်မျှရှိသည်ဖြစ်စေ ရုံးသုံးတစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းနှင့် စက်မှုလုပ်ငန်းသုံး
ကျပ် ၁၀၀ နှုန်းဖြစ်သည်။

"တရားမ၀င်နည်းလမ်းနဲ့ မီးခိုးသုံးတာတွေ အမြဲတမ်းဖြစ်နေတာပါ။ အရေးယူဆောင်ရွက် တာတွေ
လည်း ရှိပါတယ်။ အခုသတ်မှတ်လိုက် တဲ့ ဈေးနှုန်းက မျှတပါတယ်။ ပြည်သူလူထုကို ထိခိုက်မှု
မရှိနိုင်ပါဘူး။ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကတော့ အနည်းနဲ့ အများ ပိုပေးရမယ့်
သဘောပေါ့။ ဒါကြောင့် တရားမ၀င်နည်းလမ်းနဲ့ မီးခိုးသုံးတာတွေ ရှိလာနိုင်တဲ့အတွက် ကျွန်တော်
တို့ဘက်ကလည်း လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပြင်ဆင် ထားပါတယ်" ဟု ရန်ကုန်တိုင်း
ဒေသကြီးမှ တိုင်း လျှပ်စစ်အင်ဂျင်နီယာချုပ်ဖြစ်သူ ဦးထွန်း ကြွယ်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ လျှပ်စစ်ဓာတ်
အားထုတ်လုပ်လျက်ရှိရာ ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း
ရှိပြီး တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံခန့် နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ပေး နေရကြောင်းလည်း ၎င်း
က ပြောကြားသည်။

"ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဈေးနှုန်းကြောင့် မီးမှောင်ခိုသုံးတာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါပေမဲ့
ကြာကြာမခံပါဘူး။ ဘာလို့ဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးပဲဖြစ်ဖြစ်၊ ဖြန့်ဖြူးရေးပဲဖြစ်ဖြစ် ပုဂ္ဂလိ
ကရင်းနှီးမြှုပ်နှံသူ တွေ ၀င်လာတဲ့အခါ တရားမ၀င်သုံးတာမျိုး တွေ လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။
အခုသတ် မှတ်လိုက်တဲ့ ဈေးနှုန်းက လောလောဆယ်အနေ အထားအရ မျှတပါတယ်။ ရှေ့လျှောက်
တက်ဖို့ပဲ ရှိတယ်" ဟု ပုဂ္ဂလိကဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့်Myanmar Central
Power ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇေယျသူရမွန်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိထုတ်လုပ်မှုစရိတ် သည် ရေအားလျှပ်စစ်ဖြင့် တစ်ယူနစ် ကျပ် ၅၀ မှ ကျပ် ၇၀၊
ကျောက်မီးသွေး ကျပ် ၁၀ နှင့် သဘာဝဓာတ်ငွေ့သုံး ကျပ် ၁၃၀ နှုန်းကျသင့် ပြီး လက်ရှိပြင်ဆင်သတ်
မှတ်လိုက်သည့် ဈေးနှုန်းအရ အစိုးရအနေဖြင့် တစ်ယူနစ်လျှင် ၁၂၅ ကျပ်ဖြင့်သာ ရောင်းရသည့်
အတွက် အမြတ်မရှိနိုင်ဘဲ ဈေးရင်းအတိုင်းလောက်သာဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ် အားကို အရှုံးခံဖြန့်ဖြူးပေးနေသည်ဆိုသော် လည်း
စမ်းချောင်းမြို့နေသူတစ်ဦးဖြစ်သူ ဦးသူရမျိုးကမူ "၀န်ကြီးဌာနက နစ်နာနေရပါတယ်လို့ လျှပ်စစ်က
လူကြီးတွေဆိုပေမယ့် မီးမှောင်ခို သဘောနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး မီတာခ အတိုးအလျှော့
လုပ်နေတာကို မီဒီယာတွေက ဖော်ထုတ်သင့်ပါတယ်။ တစ်ချိန်လုံးအေးနေအောင် ဖွင့်ထားတဲ့ စူပါ
မားကက်ကြီးတွေ မီတာခ ဘယ်လောက် ဆောင်နေသလဲဆိုတာမျိုး သိဖို့ လိုနေပါတယ်" ဟု
ပြောကြားသည်။

ယခင်အစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် သည့်
အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးက ၂၀၀၆ ခုနှစ်၊ မေလတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ
ပြင်ဆင်သတ်မှတ်ခဲ့ပြီး အစိုးရ သစ် လက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် နောက်တစ်ကြိမ် လျှပ်
စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံ၌ မြို့ပေါင်း ၃၉၆ မြို့ရှိသည့် အနက် ၂၂၄ မြို့သည် လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်သော်လည်း
ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသည့်အနက် လျှပ်စစ်ဓာတ် အား မရရှိသေးသည့် ကျေးရွာပေါင်း
လေးသောင်းကျော် ကျန်ရှိနေသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်း သာ
လျှပ်စစ်ဓာတ်အား ရရှိနေသေးသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးတွင် ပုဂ္ဂလိကကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်နေ
သော်လည်း လျှပ်စစ်ဓာတ်အား တစ်ဆင့် ထုတ်လုပ်ရောင်းချရေးအတွက် ဈေးနှုန်းသတ်မှတ်ရေး
အခက်အခဲများရှိနေ သည်ဟု သိရပြီး ပုဂ္ဂလိကဓာတ်အားထုတ်လုပ်ရေးစနစ်မှ အများပြည်သူသို့
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချရာတွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌
တစ်ယူနစ်လျှင် သုည ဒသမ ၂ ဒေါ်လာ (၁၉၄ ကျပ်)၊ စင်ကာပူ နိုင်ငံ၌ သုည ဒသမ ၂၆ ဒေါ်လာ
(၂၅၂ ကျပ်)၊ ထိုင်းနိုင်ငံ၌ သုည ဒသမ ၁ ဒေါ်လာ (၉၇ ကျပ်) နှုန်း အသီးသီးရှိကြပြီး မြန်မာနိုင်ငံ၌
လက်ရှိဖြန့်ဖြူးပေးနေသော ဈေးမှာ တစ်ယူနစ်လျှင် သုည ဒသမ ၀၆ ဒေါ်လာနှုန်းဖြစ်သည်။

အောင်ရှင်

မြန်မာတိုင်း(မ်)

ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ


မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။

မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်နေတဲ့ Doing Business Report ခေါ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး အခြေပြနိုင်ငံများစာရင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီနှစ်ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့အခြေအနေတွေ အပေါ်မုတည်ပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဖို့၊ စရိတ်စက ကြီးမားလွန်းပြီး၊ လုပ်ငန်းထူထောင်ဖို့ အဆင့်တွေကလည်း ခက်ခဲကြာမြင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ဖို့ ၇၂ ရက်လောက်ကြာမြင့်ပေမယ့် စင်္ကာပူနိုင်ငံမှာ သုံးရက်တောင်မကြာဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် ဥပဒေဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးရဦးမှာဖြစ်သလို လုပ်ငန်းကန်ထရိုက်ဆိုင်ရာကိစ္စတွေမှာလည်း တီမောနိုင်ငံထက် နည်းနည်းပဲသာတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

RFA Burmese

ငွေစက္ကူအတုနှင့် အတုထုတ်သည့် စက်နှစ်လုံးဖမ်းဆီးရမိသည့်အမှုမှ ကျူးလွန်သူများကို CID မှ တရားစွဲရန် စီစဉ်

တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် အောက်တိုဘာလအတွင်း ငွေစက္ကူအတုကျပ်သိန်းငါးဆယ်နှင့် ငွေစက္ကူအတု ထုတ်သည့် စက်နှစ်လုံး ဖမ်းဆီးရမိသည့်အမှုတွင် ကျူးလွန်သူများကို တရားရုံးသို့ တရား စွဲဆိုတင်ပို့နိုင်ရန် စီစဉ်နေကြောင်း အင်းစိန် CID ရဲတပ်ဖွဲ့မှ သိရှိရသည်။

ယင်းအမှုတွင် ကျူးလွန်သူများကို အောက်တိုဘာ ၁၃ ရက်တွင် တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို CID ရဲတပ်ဖွဲ့မှ ကိုင်တွယ် စစ်ဆေးလျက်ရှိသည်။ ဖြစ်စဉ်မှာ တာမွေမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် တောင်ဒဂုံမြို့နယ်နေ မလွင်လွင်ခိုင်(ခ) သိမ့်သိမ့်ထံမှ တစ်ထောင်ကျပ်တန် ငွေစက္ကူအတု (၄၁၀)ရွက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မျိုးသူရထံမှ ငွေကျပ် ၄ သိန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် တောင်ဥက္ကလာပမြို့နယ်နေ မျိုးသူရနေအိမ်ကို ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတမ်းပါ တစ်ထောင်တန်ငွေစက္ကူအတု (၁၉၉၇)ရွက်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အင်းစိန် CID ရဲတပ်ဖွဲ့မှ တောင်ဥက္ကလာပမြို့နယ်နေ ကွင်းဆက်တရားခံ မျိုးသူရနှင့် ခင်ဇော်ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ထောင်တန်ငွေစက္ကူအတု (၂၆၃၄) ရွက်၊ ငွေစက္ကူအတုပြုလုပ်သည့် စက်နှစ်လုံးနှင့်အတူ ဆက်စပ်ပစ္စည်းများကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ငွေစက္ကူအတုစုစုပေါင်း (၅၀၄၃) ရွက်ဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ယင်းအမှုကို တာမွေမြို့မရဲစခန်းမှ (ပ) ၄၅၁/၁၃ ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၁၀၅/၁၀၆ ဖြင့်အမှုဖွင့်ခဲ့ပြီး အင်းစိန် CID ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။
Eleven Media Group

ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ


အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။

အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://jenniferdewalt.com/

အောင်ခမ်း (TSJ Team)
TechSpace Journal

တောင်တွင်းကြီးတွင် ရေနံချက်ဖို မီးလောင်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၂) ရပ်ကွက်၊ စစ်အခြေခံလေ့ကျင့် ရေးတပ်အနီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၃၀ ရက် မွန်း တည့် ၁၂ နာရီ ၄၅ မိနစ်အချိန် ခန့်တွင် စစ်အခြေခံလေ့ကျင့်ရေး တပ်၏အရှေ့ဘက် တောင်တွင်း ကြီး-ငမင်ရွာသွားကျောက်ချော လမ်း၏တောင်ဘက်၊ ကိုက် ၂၀၀ ခန့်အကွာ ရှားတောအတွင်း ကို အာကာ ၃၄ နှစ်ပိုင် ရေနံချက်ဖို ရေနံချက်သည့်နေရာတွင် ရေနံ ချက်ဖို ၂ ခုရှိပြီး အမှတ် (၂) ရေနံချက်ဖိုအနီးရှိ အမှတ် (၁)၊ အမှတ် (၂) ရေကန်မှ ဆီစစ်ကန် သို့ ဆက်သွယ်ထားသည့် ပိုက် လိုင်း ၂ လိုင်းတွင် ရေနံချေးများ ပိတ်နေသောကြောင့် ဆေးကြော ရန်အတွက် ပိုက်လိုင်းအတွင်းသို့ ကော့စတစ်ဓာတုဆေးမှုန့်အရေဖြင့် ရော၍ အမှတ် (၁) ရေကန် အတွင်းသို့ မောင်းတင်ခဲ့ရာ ရေနံ ချက်ဖို အမှတ် (၂) အတွင်းသို့ ဆက်သွယ်ထားသည့် ဘားမလုံ ၍ ကော့စတစ်နှင့် ရေနံစိမ်းများ ရောနှောသွားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ နေ့လယ် ၂ နာရီအချိန် တွင် မီးညွန့်ကြိုးကာ ညနေ ၃ နာရီအချိန်ခန့်တွင် မီးလုံးဝငြိမ်း သွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ရေနံစိမ်း ချက်ဖိုတစ်ဖိုပျက်စီး ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၁၁ သိန်း ၆ သောင်း ၈ ထောင် မီးလောင် ဆုံးရှုံးခဲ့ သည်။ ယင်းမီးလောင်ရာနေရာ သို့ တပ်မတော်သားများ၊ ရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာဌာန၀န်ထမ်း များ၊ ဒေသခံပြည်သူအင်အား ၁၅၀ ခန့်တို့မှ မီးသတ်ကား ၆ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှု ကြောင့် လူနှင့်တိရစ္ဆာန်သေဆုံး ထိခိုက်မှုမရှိကြောင်း သိရသည်။ ၎င်းမီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ရေနံချက်ဖိုပိုင်ရှင် ကိုအာကာ ၃၄ နှစ်ကို တောင် တွင်းကြီးမြို့မရဲစခန်းက (ပ)၂၀၂ /၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ထားပြီး အမှုကို ဆက် လက်စစ်ဆေးနေကြောင်းသတင်း ရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
HOT NEWS

စားနပ်ရိက္ခာစာရင်း၌ ပုရစ်များကို ထည့်သွင်းခြင်း


မြစ်ဧရာသည်စီးချင်သလိုစီးဆင်နေ ပေ၏။ မြစ်ကျိုးအင်များလည်းပေါ်ချင်သလို ပေါ်နေ၏။ ရေလယ်ကျွန်းများလည်း သောင်းထွန်းချင်သလိုထွန်းနေကြပေရာ သဘာဝပတ်ဝန်းကျင်သည်လျစ်လျူရှုထား သည့်အတိုင်းဖြစ်ချင်သလိုဖြစ်နေချေတော့ ၏။
တရုတ်နိုင်ငံလုပ်အင်ဂျင်စက်သံများ  သည်ကသာမြို့နယ်တစ်ဝိုက်ဧရာဝတီမြစ်  ၀န်းကျင် ရေလယ်ကျွန်းများ၌ ညစဉ် စည်ကားနေသည်မှာ ပွဲတော်ကြီးအလား မှတ်ရ၏။ မာကျူရီမီးလုံးကို မြန်မာ့နည်း  မြန်မာ့ဟန်ဖြင့်ရိုက်ခွဲပြီး နန်းကြိုးဝါယာရှော့စ် ရိုက်သောစနစ်ဖြင့် ဂဟေတို့သလိုတဗျင်း ဗျင်းထွန်းလင်းတောက်ပနေသော မီးအရောင်ကို ဖလံပိုးအနွယ်ဝင်ပုရစ်များ အတော်ပျော်ကြ၏။ ငွေရောင်ပလတ်စတစ်   ပိတ်ကားအကြည်ကိုဝင်တိုးသော ပုရစ် အုပ်များ ထောင်သောင်းချီ၍ မီးရောင်  ညှို့ငင်ဆွဲအားကြောင့် အရှိန်မထိန်းနိုင်ဘဲ  ခံတောင်း၊ တင်းတောင်းထဲသို့တဝေါဝေါ  တဗျောဗျောဝင်သွားကြ၏။ အပေါ်ပုရစ် ကအောက်ပုရစ်ကို ဖိနင်းရင်းခန်္ဓာကြွေကြ လေတော့၏။ ဤသည်ကား ကသာမြို့   နယ်ရှိ သီတင်းကျွတ်ပြီးခါစ မိုးအကုန် ဆောင်းအ၀င်ညဥ့်အခါသမယ၏ပုရစ် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းခွင် မြင်ကွင်းတည်း။
ကျန်းမာရေးမျက်လုံးဖြင့်ကြည့်လျှင် ပုရစ်၌ မီတာမင်ဘာဓာတ်ပါမှန်းမသိ။ ပရို တိန်းဓာတ်၊သတ္တုဓာတ်ပါသလားနားမလည်။သို့ပေသော်လည်း ကမ္ဘာ့စားနပ်ရိက္ခာ စာရင်း၌ပုရစ်ဟူသော စားစရာကို ထည့်သွင်းရန်အချိန်တန်ပြီလော။ ပုရစ်  မုဆိုးများကိုလည်း စာနပ်ရိက္ခာနှင့် သက်ဆိုင်သောနေ့မျိုး၌ဆုတွေဘာတွေပေး ၍ ဂုဏ်ပြုသင့်ပြီလော။ ပုရစ်အများဆုံး  ထုတ်လုပ်ပေးနိုင်သူကို နိုင်ငံအကြီးအကဲ များက အတုမရှိကြီးကျယ်လွန်းသော မုဆိုးဟူ၍ (မဟာအတုလလုဒ်္ဒက) ဘွဲ့ထူး  များ၊ ရွှေတံဆိပ်များအပ်နှင်းသင့်ပြီလော။ ပုရစ်တောင်းကြီးတောင်းငယ်အသွယ်သွယ်  ကို စက်လှေများဖြင့်တင်ဆောင်ပြီး ရှမ်း၊ ရိုးရာဆန်ဆန် (ကမ်းသာမီးခွက်ဈေး)သို့ ဦးတည်ခုတ်မောင်လာသော ဝေလီဝေလင်း  မြင်ကွင်းမှာမဟာဆန်ဆန်ကြည်နူးဖွယ်ရှိ လိုက်ပေစွ။
“ပုရစ်ကိုရေဖြင့်ပြုတ်၊ မပုပ်အောင်ကြံ
မဟန်ရင်ရေခဲရိုက်၊ ခပ်မိုက်မိုက်ဉဏ်
မြီးနှစ်ခွပါရင်ချန်၊ ခပ်မြန်မြန်ဖယ်၍ထား
(ဥများပါလေသကွဲ့) စားသုံးသူအ၀ယ် ကောင်းဆောင်းပုရစ်များ”ဟုသာ စာချိုး လိုက်ချင်၏။ ပုရစ်မတို့သည်တိရစ်္ဆာန်ပီပီ ၀တ်လစ်စလစ်ဖြစ်နေရှာသော်လည်း သူ့သဘာဝအလျောက်ကြည့်ကောင်းပေ ၏။ (ထင်သာမြင်သာစကားဖြင့်ခပ်ကြွား ကြွားတင်ပြရလျှင်) ရေကူးဝတ်စုံဝတ်ဆင် ထားသော မယ်စကြ၀ဠာလောင်းလျာ မလေးများကဲ့သို့ခန့်ညားချက်မှာ ကမ်းကုန်  လှ၏။ Two Piece မျှပင် မ၀တ်ဆင်ဘဲ လှရှာသော ပုရစ်မတို့ကို ကသာမြို့ခံလူထု ကအတော်အားပေးကြ၏။ ပုရစ်ကြော်နှင့်  ချဉ်ပေါင်ဟင်းသည် ဆုတံဆိပ်သယ် ဆောင်တတ်သော အလှမယ်နှင့် မော်တော်ကားလေးကဲ့သို့အတော်လိုက် ဖက်ညီကြောင်း၊ အနှီပုရစ်မသည်တရုတ်  သွေးမပါဘဲလူကြိုက်များရခြင်းမှာ ဗိုက်ထဲ ၌ ဥများပါ၍ဖြစ်ကြောင်း သိရ၏။ (ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ၊ ပုရစ်ဥပါတွဲ) ဟုဆိုရမလိုလိုပင်။
သူဌေးကုမ္ပဏီ၌ (အထီးနှင့်အမ) အလုပ်လျှောက်လျှင် (အမ)များသာနေရာ  ယူသကဲ့သို့ပုရစ်မသည်ပုရစ်ထီးထက် (၅)  ကျပ်ခန့်ဈေးပိုရ၏။ ကသာမြို့ရှိ လက်ရှိ ကုန်ဈေးနှုန်းဇယားအရပုရစ်အကောင် (၁၀၀) လျှင်၊ (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်နှုန်းပေါက်ဈေးရှိ၏။ ကြက်၊ ၀က်၊ ဆိတ်သား၊ မြစ်ထွက်ငါးနှင့် ငါးချဉ်ရောင်း သူများခမျာ (ယင်မောင်း) နေရရှာ၏။ ဘာကြောင့်ရယ်မသိ။ ဂွဒ်သလား (မဂွဒ် သလား) မဆိုတတ်။ သန်း (၆၀) သော မြန်မာ့လူဦးရေသည်သားကြီး၊ ငါးကြီး၊ ပုစွန်ကြီးများကို သိပ်မစားကြ။အထူးသဖြင့်  ကျွဲသား၊ နွားသားကို ရှောင်ကြဉ်ကြ၏။ မိမိတို့ပါးစပ်ဖြင့် စားသုံးမိပါက ငရဲင (အုံကြီးတတ်သည်ဟုယုံကြည်တော်မူကြ ၏။ ကျေးဇူးရှင်ကျွဲနွားဆိုသည်မှာ ကျေးဇူး   ရှင်ပါစပ်ဖြင့်သာထိုက်တန်သဖြင့် (ပြည် ထောင်စုအဆင့်ကျေးဇူးရှင်) ဟုခေါ်ဝေါ် ပေထသော နိုင်ငံသို့မှောင်ခိုတောလမ်းမှ တစ်နည်း (အေးခဲအမဲသားအသွင်ဖြင့်တစ် ဖုံ) ပေးပို့ဆက်သနေ၏။
စားစရာရှားပါးချိန်၌ စွန့်ဦးတီထွင် သူများ၏ ကျေးဇူးတော်ကြောင့် ပုရစ်ဆို သော သတ်္တ၀ါသည်အစားထိုးရိက်္ခာအဖြစ်   ပေါ်လာရခြင်းမှာ ဂုဏ်ယူအားတက်စရာ   ကောင်း၏။ ကမ်္ဘာ့စားနပ်ရိက်္ခာပြဿနာ  ဖြေရှင်းနည်းအသစ်အဖြစ်မျှဝေစရာကောင်း ၏။ ပုရစ်အထွက်နှုန်းမြင့်မားလာစေရန် သုတေသနပြုလုပ်သည့်ပါရဂူအဆင့်ရှိ ပညာရှင်များက ပုရစ်စာတမ်းဖတ်ကြားခြင်း၊  ပုရစ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပတော်  မူခြင်း၊ ပုရစ်မွေးမြူရေးကေဒါစခန်းများ ဒေသအသီးသီး၌ ဖွင့်လှစ်မျိုးထောင်ပေး ခြင်း၊ နိုင်ငံတကာသို့ပုရစ်သုတေသနပညာ   တော်သင်များငွေကြေးအကုန်ကျခံ၍စေ လွှတ်ခြင်း၊ ပုရစ်များနိုင်ငံခြားမတင်သွင်း  ခြင်း၊ ပုရစ်စပယ်ရှယ်လစ်ဘွဲပေးရန် တက္ကသိုလ်များတိုးချဲ့ဖွင့်လှစ်ခြင်းပြုလုပ် သင့်သည်ဟုလေဗျောက်အိုးထင်တော်မူ  ၏။
မြန်မာနိုင်ငံသို့ခေတ်္တအလည်အပတ်  ရောက်ရှိနေသော စပိန်မလေးတစ်ဦးနှင့်   လေဗျောက်အိုးဆုံဖူး၏။ ဧရာဝတီမြစ်ရိုး  တစ်လျှောက်ပလတ်စတစ်ကောက်၍သန့် ရှင်းပေးနေ၏။ မြန်မာ့သဘာဝပတ်ဝန်း ကျင်ချစ်မြတ်နိုးသောစပိန်သူလေးသည် ဧရာဝတီထွက်ငါးကြော်ကိုမစားပါ။ ပုရစ် ကြော်ကြွေးလျှင်လည်းစားမည်မထင်ပါ။ လေဗျောက်အိုးကလည်း စပိန်သူလေးကို  အားကျ၍ ငါးကြော်၊ ဖားကြော်၊ ကြက် ကြော်၊ ဆိတ်သားကြော်လုံးဝ (လုံးဝ) မစားသုံးဘဲနေလာသည်မှာ အတော်ကြာ ပါပြီ။ သို့ပေသိ အဲဒီအရာများ မစား ဘဲနေရှာသော်လည်း (ပုရစ်ကြော်စားတာ ဟာဖြင့်) နှစ်အတော်များများတောင်ကြာ ခဲ့ပါပြီ။ ကမ္ဘာ့စားနပ်ရိက္ခာစာရင်း၌ ထည့် သွင်းလတ္တံဖြစ်နေသောပုရစ်ဟူသော စားစရာသည်ကိန်းခန်းကြီးလွန်း၏။
နရသီဟပတေ့ (တရုတ်ပြေးမင်း) ပွဲတော်အုပ်ဟင်းခွက် (၃၀၀) ၌ ပုရစ် ကြော်မပါခဲ့သည်မှာ လေဗျောက်အိုးတို့ အဖို့ (မျက်မှောက်ခေတ်မဟာအထူး အခွင့်အရေး) ဖြစ်တော်မူလေသတည်း။

လေဗျောက်အိုး
HOT NEWS

ဂက်စ်တွေတရုတ်စာချူပ်မိ၊လက်ခကြီး၊လျှပ်စစ်ခတက်


 
RFA Burmese
လျှပ်စစ်အား ပိုထုတ်နိုင်ရင် မီတာခပြန်လျှော့မယ်လို့ပြော

လျှပ်စစ်မီတာသုံးစွဲခတွေကို လာမယ့်နိုဝင်ဘာလကစပြီး နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်တွေလျော့နည်းခဲ့ရင် ဓါတ်အားသုံးစွဲခတွေကို ပြန်လည်လျှော့ချပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေကို ဒီနေ့ပြောကြားလိုက်ပါတယ်။

“ဓါတ်အားတွေထုတ်လုပ်လို့ ကုန်ကျစရိတ်တွေများရင် ဒီလိုပဲတက်မယ်၊ ဒါပေမယ့် ဒီတက်တာသည် နောက်ထပ်ထပ်တက်ဖို့တော့ အလားအလာမရှိတော့ဘူး၊ ကျနော်တို့နိုင်ငံက ဂက်စ်တာဘိုင်တွေ ထွက်လာမယ်၊ ရေအားတွေ ထွက်လာမယ်ဆိုလို့ရှိရင် ဓါတ်အားခတွေ ပြန်လည်လျော့သွားမှာဖြစ်ပါတယ်”

အိမ်သုံးမီတာသုံးစွဲမှု ယူနစ်တစ်ရာအထက်ကို ၃၅ကျပ်ကနေ ၅၀ကျပ်အထိ၊ လုပ်ငန်းသုံးမီတာသုံးစွဲမှု ယူနစ်ငါးထောင်အောက်ကို ၇၅ကျပ်ကနေ တစ်ရာအထိ ၊ ယူနစ်ငါးထောင်အထက်ကို ကျပ်၁၅၀ အထိ ပြောင်းလဲကောက်ခံမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဝေရေးအဖွဲ့က အခုလိုမီတာခတွေ တိုးမြှင့်ကောက်ခံမှာဟာ ဓါတ်အားထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်တွေကာမိအောင်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တွေကတော့ ခုလိုဈေးနှုန်းမြှင့်လိုက်ပေမယ့် မီးမလာတာတွေ မကြာခဏဖြစ်နေမယ်ဆိုရင် ကုန်ထုတ်လုပ်မှုက အရင်လိုပဲ ကျဆင်းနေဦးမှာဖြစ်တယ်လို့ ပြောကြပါတယ်။

ရှက်တတ်လာပြီ မြန်မာပြည်
===============

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (SEA GAME) ဖွင့်ပွဲ အခမ်းအနား ကို ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြုဖွင့်လှစ်မည်ဖြစ်သည်။

နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ် ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက် ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင်တယ်လေ။ မီးစက်ပဲ သုံးမယ်။ ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်းအနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။

ဧရာဝတီ




လွှတ်တော်ကဆိုင်းငံ့သော်လည်း ဓာတ်ငွေ့သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ရခိုင်တွင် တည်ဆောက်မည်

(နိရဉ္စရာ- ၃၀ အောက်တိုဘာ ၂၀၁၃)

ဓာတ်ငွေ့ထွက်သော်လည်း သုံးခွင့်မရသဖြင့် လျှပ်စစ်မီး ပေးနေရသော စစ်တွေမှ ဒီဇယ်သုံး မီးစက်ကြီး။

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့  ပြောင်းရွှေ့ တည်ဆောက်မည့် အစိုးရ၏ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ အစီအစဉ်အား လွှတ်တော်တွင် ကန့်ကွက်မူကြောင့် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းမှ ဆိုင်းငံ့သော်လည်း ယခုနှစ် အကုန်တွင် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ခုကို ကျောက်ဖြူမြို့တွင် တည်ဆောက် သွားမည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်သော လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနှင့် စွမ်းအင်ဝန်ကြီး  ဦးဇင်ယော်အောင်တို့၏ ကျောက်ဖြူ ခရီးစဉ်တွင် ထိုသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ ၀န်ကြီးတွေက ကျောက်ဖြူမြို့မိ မြို့ဖတွေ၊ လူမူ အထောက်အကူအပြုအဖွဲ့က တာဝန်ရှိသူတွေကို လေဆိပ် ဧည့်ရိပ်သာမှာ ခေါ်ယူတွေ့ဆုံ စဉ်မှာ ပြောသွားတာပါ။ ၀န်ကြီးက လွှတ်တော်ကနေ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ရခိုင်ကို ရွှေ့မယ့် ကိစ္စကို ဆိုင်းငံ့ထားပေမယ့် ရခိုင်လူထု အနေနဲ့ စိုးရိမ် အားမငယ်ဖို့နဲ့ နိုင်ငံတော် သမ္မတက ဆုံးဖြတ်ပြီးသား ဖြစ်တဲ့ အတွက် မီဂါဝပ် ၅၀ ပေးနိုင်တဲ့ သဘာဝ ဓါတ်ငွေ့သုံး စက်ရုံကို မဖြစ်မနေ အကောင်အထည်ဖေါ် တည်ဆောက်သွားမယ်လို့ ပြောဆိုသွားပါတယ်” ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

ယခု ကျောက်ဖြူတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံမှာ မွန်ပြည်နယ်မှ ပြောင်းရွှေ့ တည်ဆောက်မည့် စက်ရုံလား၊ (သို့မဟုတ်) အသစ်တည်ဆောက်မည့် စီမံကိန်းလား ဆိုသည်ကိုမူ ၀န်ကြီးများက သဲသဲကွဲကွဲ ရှင်းလင်း ပြောကြားသွားခြင်း မရှိကြောင်း သိရသည်။

ကျောက်ဖြူ လူမူကွန်ယက်မှ တာာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးလှမြင့်ကျော်က အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ယခုနှစ်ကုန်ပိုင်း ဒီဇင်္ဘာလတွင် စတင်တည်ဆောက်သွားမည်ဟု ၀န်ကြီးများက ပြောဆိုကြောင်း ပြောကြားသည်။

စက်ရုံ တည်ဆောက်မည့် မြေနေရာကို ကျောက်ဖြူအနီးရှိ ဂုံးရှိန် ကျေးရွာနှင့် ကံ့ကော်တော ဘုရားအကြား မြေ (၅၄) ဧက သတ်မှတ်ထားကြောင်း ဦးသန္တာမောင်က ဆက်ဆိုသည်။

ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချခြင်းဖြင့်  အစိုးရ အနေဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီသော ၀င်ငွေများ ရရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရရှိခြင်း၊ ရရှိသည့် လျှပ်စစ်မီးမှာ ဒီဇယ်သုံး အင်ဂျင်များမှ ထုတ်လုပ်သဖြင့် မီတာခ တယူနစ်ကို ၅၀၀ ကျပ်ထိ ပေးဆောင်နေရခြင်းတို့ကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မူများ တိုးပွားလာနေရာ လက်ရှိ အစိုးရမှ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်နေသော ဓာတ်ငွေ့သုံး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် ပြောင်းရွှေ့တည်ဆောက်ရန် ပါလီမန်တွင် တင်ပြခဲ့သည်ဟု သိရသည်။

သို့သော်လည်း မွန်ပြည်နယ် မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက် ခဲ့သဖြင့် အဆိုပါ အစီအစဉ်ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ယင်း၏ နာယက သူရ ရွှေမန်းမှ ဆိုင်းငံ့ ထားလိုက်သည်ဟု သိရသည်။

မြန်မာ အစိုးရမှ နိုင်ငံတော်အဆင့် ခေတ်မှီ လျှပ်ဓါတ်အား ပေးစက်ရုံ အများအပြားကို နိုင်ငံအတွင်း တည်ဆောက်ရန် စီစဉ်နေရာ ကနဦး အစီအစဉ်များထဲတွင် ရခိုင်ပြည်နယ် အတွက် စက်ရုံတစ်ရုံမှ မပါဝင်ကြောင်း သိရှိရသည်။

မြန်မာ အစိုးရသည် ကမ္ဘာဘဏ် အကူအညီဖြင့် မွန်ပြည်နယ် သထုံမြို့တွင် ၁၀၆ မီဂါဝပ် ထုတ်လုပ်နိုင်မည့် အမေရိကန် ဒေါ်လာ ၁၄၀ သန်း တန် ခေတ်မီ လျှပ်စစ်ဓါတ်အား ပေးစက်ရုံ တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ၎င်းစီမံကိန်းအတွက် မြန်မာ အစိုးရ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ် တာဝန်ရှိသူများနှင့် ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

အလားတူ မွန်ပြည်နယ်မှ မော်လမြိုင်မြို့တွင် EXIM Bank of China ၏ ချေးငွေမှ အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၁ သန်းနှင့်ညီမျှသော ယွမ်ငွေဖြင့် မော်လမြိုင်တွင် ၅၀ မီဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် စီစဉ်ထားသည်။ ၎င်းစက်ရုံအား နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ရန် လွှတ်တော်သို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာပေးပို့ရာ ကန့်ကွက်မူများ ပေါ်ပေါက်ခဲ့သဖြင့် လွှတ်တော် ဥက္ကဌက ဆိုင်းငံ့ခဲ့သည်။

၎င်းပြင် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျောက်ဆည်နှင့် မြင်းခြံမြို့တို့တွင်လည်း ရခိုင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ် ဓါတ်အားပေး စက်ရုံများ တည်ဆောက်သွားမည်ဟု တရားဝင် ကျေညာ ထားသည်။ ၎င်းစီမံကိန်း (၂) ခုအတွက် မြန်မာ့ လျှပ်စစ်ဓါတ်အားလုပ်ငန်း၊ စွမ်းအင် ၀န်ကြီးဌာနမှ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြုပ်နှံမူများအား ဖိတ်ခေါ်ထားသည်။
၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ရခိုင်လူထုက ယခုလို ပိုစတာများဖြင့် လူပ်ရှားမူ ပြုလုပ် တောင်းဆိုခဲ့ကြသည်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ရခိုင်လူထုက ယခုလို ပိုစတာများဖြင့် လူပ်ရှားမူ ပြုလုပ် တောင်းဆိုခဲ့ကြသည်။

ကျောက်ဆည်ဒေသတွင် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးရန် Gas Engine Generator ဌားရမ်းရန် စီစဉ်နေပြီး မြင်းခြံဒေသတွင် ရခိုင်က ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် Combined Cycle Power Plant ( CCPP) တည်ဆောက်ပြီး Independent Power Producer (IPP) စနစ်ဖြင့် ဓာတ်အား ထုတ်လုပ်ပေးမည်ဟု သိရသည်။

ယင်းအပြင် အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီ အကူအညီဖြင့်  ဧရာဝတီတိုင်း ငရုတ်ကောင်း ကျေးရွာတွင်လည်း  ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ ၎င်းစက်ရုံ တည်ဆောက်ရန် အတွက် ၎င်းအိန္ဒိယ ကုမ္ပဏီမှ  မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း၊ လိုအပ်သော ကွင်းဆင်းလေ့လာမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းပြင် ဂျပန်မှ မှာယူ တင်သွင်းသော ဓါတ်ငွေ့သုံး တာဘိုင်ဒါ စက်ကြီးများကိုလည်း ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးအတော်များများတွင် တည်ဆောက်ထားပြီ ဖြစ်ကြောင်း သိရသည်။

သဘာဝ ဓါတ်ငွေ့ အလျှံအပယ် ထွက်ရှိပြီး မီတာခ တယူနစ်ကို ကျပ် ၅၀၀ ထိ ပေးနေရသော၊ လျှပ်စစ်မီး မရ၍ ဖွံ့ဖြိုးတိုးတက်မူ နောက်ကျဆုံး ဖြစ်နေရသော ရခိုင်ပြည်နယ် အတွက်မူ စက်ရုံ တစ်ရုံမှ  တည်ဆောက်ရန် ကနဦး အစီအစဉ်ထဲတွင် မပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရမှ ရခိုင်အတွက် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ပေးရန် စီစဉ်လာကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာနှင့် မေးမြန်းခန်း တစ်ခုတွင် ပြောဆိုသည်။

“ လက်ရှိ အစိုးရက ၂၀၁၄-၂၀၁၅ မှာ ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ရရှိစေရမယ်လို့ အာမခံထားပါတယ်။ ကျနော်တို့က ဒီ ရခိုင်မှာ လျှပ်စစ်မီး ရရှိရေးကို အကြိမ်ကြိမ် တင်ပြ တောင်းဆိုထားတာကြောင့် အစိုးရဘက်ကလည်း ခုလို ကတိက၀တ်တွေကို ပေးလာတာ ဖြစ်ပါတယ်။ ကျနော်ကတော့ သူတို့ တကယ် လုပ်ပေးမယ်လို့ ယုံကြည်ထားပါတယ်။ လက်တွေ့ လုပ်ပေးမလား၊ မလုပ်ပေးဘူးလားဆိုတာကိုတော့ သတိထား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အခရာ အကျဆုံးမှာ ဈေးဈေးပေါပေါဖြင့် လျှပ်စစ်မီး အလုံအလောက် ရရှိရေး ဖြစ်သဖြင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ အနေဖြင့် အမှန်တကယ် လိုလားပါက သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ရခိုင်မြေပေါ်တွင် အမြန်ဆုံး တည်ဆောက်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားများက  ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။

ကာချုပ်ရုံး အရေးပေါ် စည်းဝေး အထူးလျှို့ဝှက်စွာ ပြုလုပ်


ယနေ့ ၂၀၁၃ ခုနှစ် အောက်တို့ဘာ ၃၀ နံနက် ၈နာရီမှ ၉ နာရီ ၃၀ အထိ မြန်မာနိုင်ငံ နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးစစ်ဦးစီးဌာန အဆောက်အုံ (…………………) တွင် အရေးပေါ် အထူး အစည်းဝေးတရပ်ပြုလုပ်နေကြာင်းသတင်းရရှိသည်။။ ၄င်း အစည်းဝေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ် ဥက္ကဌကြီး ဦးရွှေမန်း ၊ ငြိမ်းချမ်းရေး စန်တာမှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ကြီး ခင်ရီ။ ပြည်ထောင်စုဝန် ဦးစိုးသိန်း …ကြံခိုင်ဖွတ်မှ ဦးဌေးဦး ၊ ဦးအောင်သိန်းလင်း ဦးအောင်သောင်း ၊ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေ ၊ ပဲခူးတိုင်း ၀န်ကြီး ဦးဥာဏ်ဝင်း နိုင်ငံခြားရေးဝန်ကြီး ဦး ၀ဏ္ဏမောင်လွင် တို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။ သို့သော် တပ်မတော် ဘက်မှ ကာကွယ်ရေး ဦးစီးချုပ် ရာထူး အဆင့်ရှိသူနှင့် ကာကွယ်ရေး ၀န်ကြီး တက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ အရာရှိ ၁၁ ဦးတက်ရောက်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာ ထိုင်ခုံများတွင် ပြည်ထဲရေး ၀န်ကြီး ကိုကို ပါဝင်ကြောင်း အတည်ပြုနိုင်ပါသည်။

ဆွေးနွေးပွဲအကြောင်းရာများတွင်
(၁) လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသမှ စစ်ပွဲများအား စစ်အင်အားထပ်မံဖြည့်သွင်းရန်
(၂) လိုင်ဇာတွင် ပြုလုပ်နေသော အစည်းဝေး၏ လုပ်ကိုင်ဆောင်ရွက်မှုများအား နိုင်ငံတော် တည်ဆဲဥပဒေအရ တရားဝင်မဟုတ်ကြောင်း သံတမန်နည်းဖြင့်ထုတ်ပြန်
(၃) ငြိမ်းချမ်းရေးစန်တာ၏ လုပ်ငန်းဆောင်တာများအားပြန်လည်စီစစ်ပြီး ပရိုဂရမ်အသစ်များထပ်မံထည့်သွင်းဖြည့်စွက်ရန်တို့ ဖြစ်ကြသည်။
ဆွေးနွေးပွဲရလဒ်အရ… (၁)လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသစစ်ပွဲများအစား တပ်မတော် စစ်ရေးလေ့ကျင်နေသော နယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်တာများဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ကြသည်။ လိုအပ်ပါက တိုင်းမှုး တိုင်းဝန်ကြီးတို့၏ အခွင် အာဏာအရမဟုတ်ပဲ ကကကြီး နှင့် ကကလှမ်းတို့မှ တိုက်ရိုက် ကွပ်ကဲဆောင်ရွက်ကာ အိမ်နီးချင်းတရုတ်နိုင်ငံ၏ စစ်ရေးအကူညီများကိုပါ ရယူ ဆောင်ရွက်ကြရန် သဘောတူကြသည်။
(၂) လိုင်ဇာတွင် ကျင်းပပြုလုပ်နေသော အစည်းဝေးသည် အဆိုပါ တရားမ၀င်အဖွဲစည်းများ၏ အလွတ်သဘောတွေ့ဆုံမှုများဖြစ်ကြောင်းနှင့် တည်ဆဲဥပဒေအရ နိုင်ငံတော် အကြီးကဲ(သို့မဟုတ်) မြန်မာ့ စစ်ဘက်ဆိုင်ရာ အကြီးကဲ တို့အားဖိတ်ခေါ်ထားခြင်းမရှိပဲ မိမိတို့၏ ဥပဒေ အပြင်ဘက်မှ လက်နက်ကိုင် အဖွဲ့များသာ ဆွေးနွေူးပွဲပြုလုပ်ကာ ငြိမ်းချမ်းရေး ထိခိုက်ပြက်ပြားစေနိုင်ကြောင်း အသွင်ဆောင်သော သဘောသက်ရောက်သော အစည်းဝေးဖြစ်ကြောင်းအား နိုင်ငံတော်၏ မိတ်ဆွေများဖြစ်ကြသော နိုင်ငံတကာ သံတမန်များသို့ သံတမန်နည်းလမ်းဖြင့်တင်ပြ ဆောင်ရွက်ကြရန်ဖြစ်သည်။
(၃) မြန်မာ ငြိမ်းချမ်းရေး စန်တာ၏ လုပ်ငန်း အကောင်ထည်ဖေါ်မှုများတွင် အချို့သော ကိစ္စ အပိုင်းလိုက် တပ်မတော် အရာရှိများနှင့် စနစ်တကျ တိုင်ပင် ပြီး လက်ရှိ တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြသော တပ်မတော် အကြီးကဲများ၏ လမ်းညွန်မှုများအား လိုက်နာရန်နှင့် လိုအပ်ပါက တပ်မတော်မှ ယာယီတာဝန်တခု ပေးအပ်သော အဖွဲ့စည်းတခု ထပ်မံ ဖွဲ့စည်း ဖြည့်တင်းကာ ၄င်းအဖွဲ့စည်း၏ ဦးဆောင် လမ်းညွန်မှုအား ခံယူရန် သဘောတူကြသည်။
အဆိုပါ အစည်းဝေးသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသ လွှတ်တော်တို့မှ သိရှိခြင်း မရှိပဲ အရေးပေါ် ခေါ်ယူ တွေ့ဆုံးစည်းဝေးခဲ့သော အာရုံတက် အစည်းဝေး ဖြစ်ကြောင်း လဲသိရသည်။
အစည်းဝေးသည် လွန်ခဲ့သော ၂၂ မိနစ်အကြာမှပင် ပြီးဆုံးသွားကြောင်း သိရသည်။

သတင်းရေးချိန် အောက်တို့ဘာ ၃၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ် ၂၀၁၃ ခုနှစ်

သတင်းဖြစ်ရပ်မှန် ခိုင်လုံပါသည်

ဂိုလ်ရှယ်လေး

ဖယောင်းတိုင်မီးကြောင့် ဝေဘာဂီမြို့သစ်တွင် မီးလောင်



ရန်ကုန်၊ အောက်တိုဘာ ၃၁
မြောက်ဥက္ကလာပမြို့နယ်၊
ဝေဘာဂီမြို့သစ်၊ သုနန္ဒာပတ်လမ်းရှိ
နေအိမ်တွင်ယနေ့နံနက် ၀၈း၄၅အချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းYangon Policeမှသိရသည်။
မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ အထောက်အကူပြုယာဉ်(၆)စီး၊ မီးသတ်ယာဉ်
(၂၅)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက်၀၈၅၅အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ
နေအိမ်အတွင်းရှိ တိုင်းရင်းဆေး ဖေါ်စပ်ရာတွင်အသုံးပြုသော
တောင်ဆိတ်ဆီများထည့်ထားသည့် ပုံးပေါ်တွင်တင်၍ ဖယောင်းတိုင်မီး
ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီးမီးစွဲလောင်ခဲ့သဖြင့် နေအိမ် (၂)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၃၉)သိန်းခန့်ဆုံးရှုံးခဲ့သဖြင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ဒေါ်-----အား ဝေဘာဂီနယ်မြေရဲစခန်း
(ပ)၃၀၉/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။ဓါတ်ပုံ -Yangon Police

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ


ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလတွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင်ဘာလတွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)
The Voice Weekly

စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး


ရန်ကုန်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ်အရောင်းဆိုင် ၁၀ ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

ယင်းဆေးလိပ် အရောင်းဆိုင်များသည် စာသင်ကျောင်း၏ ကိုက်တစ်ရာ ပတ်လည်တွင် တည်ရှိသော ဆိုင်များဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် သတိပေး ပိတ်သိမ်းမှုပြီးပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအတိုင်း အရေးယူသည်အထိ ဆောင်ရွက်ရန် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ပိတ်သိမ်းခိုင်းသည့် ဆိုင်များတွင် ‘အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို ဆေးလိပ် လုံးဝမရောင်းပါ’၊ ‘ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်’ ဆိုသည့် စာတန်းပါ စတေကာများကို ကပ်ခဲ့ကြောင်း၊ တစ်ပတ်တစ်ကြိမ် လိုက်လံ စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။
“ဥပဒေအရ အရေးယူမယ် ဆိုရင်တော့ ပထမဆုံး ပညာပေးတဲ့အဆင့် အရင်လုပ်သင့်တာပေါ့” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က အကြံပြု ပြောဆိုသည်။

ဆေးလိပ် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ ဆေးလိပ်သောက်ခွင့် မရှိသော နေရာများတွင် ကျောင်း ပတ်ဝန်းကျင်လည်း ပါဝင်သည့်အတွက် ကျောင်းအုပ်များကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များရှိရာ ကျောင်း ပတ်ဝန်းကျင်တွင် ဆေးလိပ်ရောင်းနေသောဆိုင် မရှိစေရန် ကျောင်းအုပ်များကလည်း ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးခန်းမနှင့် ရုံးခန်းများတွင် ဆေးလိပ် သောက်သုံးမှုကို တားမြစ်ထားကြောင်း၊ ပထမအဆင့် ကျူးလွန်ပါက ပညာပေးခြင်း၊ အုပ်ထိန်းသူထံ သတိပေးခြင်းတို့ ပြုလုပ်နိုင်ပြီး ဒုတိယအဆင့် ထပ်မံကျူးလွန်လျှင် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူ ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
The Voice Weekly

Squamous cell carcinoma အရေပြားကင်ဆာ


နေရောင်နဲ့တွေတာများတဲ့ ဦးခေါင်း၊ လည်ပင်း၊ လက်၊ ကိုယ်အထက်ပိုင်း၊ ခြေထောက်တွေမှာ အဖြစ်များတယ်။ အမာရွတ်ကနေလဲ ဆက်ဖြစ်နိုင်တယ်။ ဆိုးတာနဲ့ သိပ်မဆိုးတာဆိုပြီးရှိတယ်။ တိုးတာ-ပွါးတာ နှေးတယ်။ အရေပြား ကင်ဆာထဲမှာ ဒုတိယအများဆုံးဖြစ်တယ်။ အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။ အသားအရေမဲသူတွေမှာ ပိုဆိုးတယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။ အသားစဖြတ်ယူစစ်ဆေးမှ ရောဂါအမည်တပ်နိုင်တယ်။

အဆင့် (၁) = 2 cm (0.8 inches) အချင်းထက်ပိုမကြီးသေးဘူး။ ဘေးကတက်စေ့တွေမှာလဲ ကင်ဆာဆဲလ်မရှိသေးဘူး။
အဆင့် (၂) = 2 cm (0.8 inches) အချင်းထက်ပိုကြီးလာပေမဲ့ ဘေးကတက်စေ့တွေမှာလဲ ကင်ဆာဆဲလ်မရှိသေးဘူး။
အဆင့် (၃) = တက်စေ့၊ အရိုး၊ ကြွက်သားတွေမှာ ကင်ဆာဆဲလ်တွေတွေ့လာပြီ။
အဆင့် (၄) = အသဲ၊ အဆုပ်တွေအထိရောက်နေပြီ။

တည်နေရာ၊ အရွယ်အစားနဲ့ အဆင့်အရကုသရတယ်။
ခွဲစိတ်ထုတ်ပြစ်မယ်။ ရိုးရြိးခွဲနည်း၊ လေဆာနဲ့ခွဲနည်းအပြင် Moh's micrographic surgery ခွဲနည်းဆိုပြီးရှိတယ်။ ဒါ့အပြင် Cryosurgery နည်းနဲ့ Electro dessication and curettage နည်းတွေလဲရှိသေးတယ်။
ဓါတ်ကင်နည်းကို ခွဲဘို့ခက်တာအတွက်သုံးတယ်။
ခွဲစိတ်ပြီးနောက်မှာ ကင်ဆာဆေးပေးတာလိုက်ရတာလဲရှိတယ်။ ဓါတ်ကင်ပြီးနောက်လိုက်ရတာလဲရှိတယ်။
တခြားကုသနည်းတွေက စမ်းသပ်ဆဲသာရှိသေးတယ်။
ဘေးအထိပြန့်နေသူတွေမှာ ၅ နှစ်သက်တမ်းရှည်သူ ၃၄% ရှိတယ်။
သေးသေးနဲ့ နေရာမှာကွက်ဖြစ်တာဆိုရင် ၉ဝ-၉၉% ပျောက်နိုင်တယ်။

Dr. Tint Swe

ဒေသခံများအတွက် လျော်ကြေးငွေကိစ္စ မပြေလည်သေးသည့်တိုင် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဧရာဝတီမြစ်ဖြတ် စီမံကိန်းအသစ်တစ်ခု ထပ်မံပြုလုပ်ရန် ပြင်ဆင်လျက်ရှိ


၂၀၁၀ ပြည့်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်း ရေနံချောင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းမှယာမြေပျက်စီးခဲ့သည့် ဒေသခံတောင်သူများအတွက် လျော်ကြေးငွေကိစ္စများ ပြေလည်အောင် မဖြေရှင်းရသေးသည့်တိုင် ဧရာဝတီမြစ်အားဖြတ်၍ အရံပိုက်လိုင်းအသစ်တစ်ခု ထပ်မံတည်ဆောက်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

အဆိုပါ အရန်ပိုက်လိုင်းအား အောက်တိုဘာ ၂၈ ရက်တွင် စတင်အကောင်အထည်ဖော်ရန် ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ ပိုက်လိုင်း မြစ်အောက်ကြမ်းပြင်အတွင်း စတင်ဝင်ရောက်ရာ ပွင့်ဖြူမြို့နယ် ခုံစုကျေး ရွာအနီးတွင် အောက်တိုဘာ ၂၅ ရက်က မြေတူးမှုများ လာရောက်ပြုလုပ်ခဲ့သော်လည်း မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် သတ်မှတ်ရက်အတွင်း လုပ်ငန်းဆက်လက် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

''ပထမအကြိမ်တုန်းက လျော်ကြေးပေးထားတဲ့ ဧရိယာထက် ပိုပျက်စီးခဲ့တဲ့ ယာမြေတွေအတွက် အဆင်ပြေမှုမရသေးလို့ နောက်တစ်ကြိမ်ထပ်မလုပ်ဖို့ ယာရှင်တွေက ၀ိုင်းပြောတော့ လျော်ကြေးပေးမှာပါလို့ စကားပြန်က တစ်ဆင့်ပြောသွားတယ် အရင်တစ်ကြိမ်က ပျက်စီးမှုတွေအတွက် အခုနှစ် သြဂုတ်လပိုင်းအပြီး ရှင်းပေးမယ်ပြောခဲ့ပေမယ့် အခုထိ ဘယ်သူမှ လျော်ကြေး ထပ်မရသေးဘူး အခု စီမံကိန်းအသစ်အတွက်က ကျွန်တော်တို့ရွာ က တောင်သူခုနှစ်ဦးရဲ့ ယာမြေ ရှစ်ဧကလောက် ပျက်စီးခဲ့ပါတယ်'' ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ ကိုဇော်ဇော်က ပြောကြားသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မြစ်အောက်ခြေသို့ ပိုက်လိုင်း လိုဏ်ခေါင်းစတင် ဖောက်ရာ ရေနံချောင်းမြို့နယ် ၀က်မစွတ် ကျေးရွာအနီးတွင် အောက်တိုဘာလလယ်ပိုင်းက လမ်းများပြုပြင်ခြင်း ပိုက်လုံးများ ချထားခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း မြစ်ရေ အနည်းငယ် ပြန်လည်တက်လာခြင်းကြောင့် လုပ်ငန်းများ ဆိုင်းငံ့ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၂ ခုနှစ်က မကွေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ်များအတွက် စာသင်ကျောင်းဆောင်များ လာရောက်တည် ဆောက်ခဲ့စဉ်က နေပြည်တော်မှ ပိုက်လိုင်း တာဝန်ခံများက ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးလျင် မြေယာဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှုများအား သီးသန့် တစ်ခေါက်ထပ်မံစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သော်လည်း လာရောက်စစ်ဆေးမှု မရှိခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် မုံကန်ကျေးရွာမှ ပိုက်လိုင်း ဖြတ်သန်းခံရသော်လည်း လျော်ကြေးငွေမရရှိ၍ တိုင်ကြားခဲ့သည့် တောင်သူနှစ်ဦးအား မမှန်သတင်းပေး တိုင်ကြားမှုဖြင့် တရားစွဲဆိုခံထားရကြောင်း ကာယကံရှင်များထံမှ သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စကုမြို့နယ် ဧရာဝတီမြစ်ကမ်းအနီး တည်ဆောက်သည်ကို တွေ့ရစဉ်
Eleven Media Group

ဝင်ငွေကောင်းတဲ့ မြက်ပင်


ဦးဝင်းမြင့်

တစ်ခါစိုက်ရင် အနည်းဆုံး ခြောက်နှစ်ရိတ်သိမ်းနိုင်တဲ့ မြက်အမျိုးအစားဖြစ်ပါတယ်။

စနစ်တကျစိုက်ရင် တစ်ဧက တစ်နှစ်ပတ်လုံးထွက်နှုန်းဟာ တန်ချိန် ၁၅၀ ရတယ်။ မဲဆောက်မိတ်ဆွေ ကျောင်းဆရာ (အငြိမ်းစား) တစ်ဦးက စပါးစိုက်နေကြမြေ ၆ ဧကကို စပါးမစိုက်တော့ဘဲ မြက်စိုက်ပြီး ရောင်းစားနေပါတယ်။ သူစိုက်ခင်းကတော့ စနစ်တကျ မစိုက်နိုင်တဲ့အတွက် အနည်းဆုံးတစ်ဧကမှာ တစ် နှစ်ကို ၇၅ တန်လောက်ထွက်တယ်လို့ ရှင်းပြပါတယ်။ ၄၅ ရက်ကနေရက် ၆၀ ကြားတစ်ကြိမ် ရိတ်သိမ်းနိုင် တာဖြစ်ပါတယ်။ ရိတ်သိမ်းပြီးမြက်ကိုစဉ်းပြီး တစ်ကီလိုကို ၃ ဘတ်နှုန်း (တစ်ပိသာကျပ် ၁၅၀ ) နဲ့ နွားမွေး သူတွေကို ရောင်းစားနေပါတယ်။ ရိတ်သိမ်းပြီး မြက်ကိုစနစ်တကျ သိမ်းဆည်းမယ်ဆိုရင် ခြောက်လအထိ ထားနိုင်ပြီး ကျွဲနွားတွေကို ကျွေးနိုင်ပါတယ်။ စိုက်နည်းက ကြံစိုက်နည်းနဲ့ သိပ်မကွာပါ။ ရိတ်သိမ်းတဲ့ အခါ မှာလည်း ကြံပင်လိုပဲ အရင်းကနေ ခုတ်ယူရပါတယ်။

မြန်မာနိုင်ငံအနေနဲ့က စပါးစိုက်တာထက်စာရင် ဒီမြက်အမျိုးအစားကို စိုက်ပြီးကျွဲနွား မွေးရောင်းမယ်ဆို ရင် ပိုပြီးတွက်ခြေကိုက်မှာ သေချာပါတယ်။

အခုအခါ ထိုင်းနိုင်ငံမှာ ဒီမြက်အမျိုး အစားကနေ ဘိုင်အိုဂဲက်စ်ထုတ်လုပ်ပြီး လျှပ်စစ်မီးနဲ့ မီးဖိုချောင်သုံး ဂဲက်စ် အယ်လ်ပီဂျီ ထုတ်လုပ်ဖို့ကို ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၁၀ စီမံကိန်းအရ လျှပ်စစ်မီးမဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ် နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်။ မြက်စိုက်ဧက ၁ သန်း ၂ သိန်းလိုအပ်ပါတယ်။ လျှပ်မီး တစ်မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ မြက်စိုက်ဧက ၄၀၀ လိုတယ်။ လျှပ်စစ်စက်ရုံအတွက် ဘတ်ငွေသန်း ၁၀၀ (အ မေရိကန်ဒေါ်လာ ၃ သန်းခွဲခန့်) ကုန်ကျမှာဖြစ်တယ်။ အဲဒီကုန်ကျငွေတွေကို အတိုးနှုန်း ၇ ဒသမ ၃ ရာ ခိုင်နှုန်းနဲ့ ချေးယူပြီး ရင်းနှီးမယ်ဆိုရင်တောင် လျှပ်မီးရောင်းရငွေ၊ ဘိုင်အိုဂဲက်စ်ရောင်းရငွေနဲ့ စွန်ပစ်မြက် ပင်မှ မြေသြဇာထုတ်လုပ်မှုက ပြန်ရငွေအားလုံး ပေါင်းလိုက်ရင် ခြောက်နှစ်အတွင်း အရင်းကြေမယ်လို့ ထိုင်းစွမ်းအင် ၀န်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒေသအလိုက် ထိုင်းပြည်သူတွေ လုပ်ဆောင်မယ်ဆိုရင် ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ၂၀ ရာခိုင်နှုန်းငွေ ထုတ်ပေးမယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ နေပီယားပါ့ခ်ချော့တ်ခ် ၁ မြက်လို့ခေါ်ပါတယ်။နေပီယားပါ့ခ်ချော့တ်ခ် ၁ မြက်အမျိုးအစားကို ထိုင်းနိုင်ငံမှာ ကျွဲနွားအစာအဖြစ် ရည်ရွယ်ပြီး၊ ထိုင်းနိုင်ငံ အရှေ့မြောက်အရပ်မှာရှိတဲ့ နခေါန်ရတ်ခ်ျစီမား တိရစ္ဆာန်အစာဖွံ့ဖြိုးရေး သုတေသနဌာနက နိုင်ငံခြားမြက်မျိုးကို ထိုင်းနိုင်ငံနဲ့သင့်လျော်တဲ့ အမျိုးအဖြစ် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မဲဆောက်မြို့က မြ၀တီနယ်စပ် ဂိတ်တစ်ဖက်ခြမ်းမှာရှိတဲ့တွက် မြန်မာနိုင်ငံက လေ့လာချင်သူတွေကျောင်း ဆရာ (အငြိမ်းစား) မြက်ခြံကို လာရောက်လေ့လာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်လေ့လာပြီးတင်ပြလိုက်တာ ဖြစ်ပါတယ်။
Mizzima - News in Burmese

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု ၁၁ လပြည့် အထိမ်းအမှတ်အဖြစ် ဒေသခံများ ဆန္ဒပြ

လက်ပံတောင်းတောင်ဒေသခံများ အောက်တိုဘာ ၂၉ ရက်က ဆန္ဒပြနေစဉ်

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံများက အောက်တိုဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြသူများကိုအကြမ်းဖက်နှိမ်နင်းမှု ၁၁လပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေးအပါအ၀င် အချက် ၇ ချက်ကို အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီမှ ၄ နာရီအထိ တုံရွာထိပ်မှ ဆက်ဆံရေးရုံးရှိသည့် ဆည်တည်း-ဇီးတောရွာသစ်အထိ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ဒေသခံများ ဆန္ဒပြရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မီးလောင်ဗုံး အကြမ်းဖက်တရားခံများ ဖော်ထုတ်အရေးယူပေးရေး၊ ဇီးတောကျေးရွာ ဘုန်းကြီးကျောင်း အကြမ်းဖက်မှု တရားခံများ ဖော်ထုတ်အရေးယူပေးရေး၊ ဒေသခံ၊ လွှတ်တော်နှင့် သမ္မတကြီးတို့အား လိမ်ညာမှုများ ပြုလုပ်နေသော လုပ်ငန်းဖော်ဆောင်ရေးကော်မတီ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်များ ကျော်လွန်လုပ်ဆောင်မှုများ ချက်ချင်းရပ်၊ ဥပဒေမဲ့ အကြမ်းဖက်မှုများ မြေယာတွင်း သီးနှံဖျက်ဆီးမှုများ အရေးယူပေးရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဝန်းကျင် ပတ်ပတ်လည်တွင် ရဲကင်းများ တည်ဆောက်ခြင်း သံဆူးကြိုးများ ကာရံခြင်းတို့ကို စက်တင်ဘာလကုန်မှစ၍ ပြုလုပ်လျက်ရှိရာ လက်ပံတောင်းတောင်ဝန်းကျင် ကျေးရွာများက တားမြစ်ရန် ကြိုးစားရာမှ အောက်တိုဘာ ၆ရက်တွင် လက်ပံတောင်း ဒေသခံကျေးရွာများနှင့် ဒေသအာဏာပိုင်များ တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

''ဒေသခံတောင်သူတွေအနေနဲ့ လျော်ကြေးယူမထားတဲ့ ယာမြေတွေထဲ ရဲကင်းတွေ ဖယ်ပေးဖို့၊ စိုက်ခင်းသီးနှံတွေကို ရဲကင်းဆောက်ရင်း သံဆူးကြိုးကာရင်း မဖျက်ဆီးဖို့၊ ခြံစည်းရိုးတွေဖယ်ပေးဖို့၊
ပြည့်သူ့ဆန္ဒကို အမှန်တကယ် ဖော်ဆောင်ပေးဖို့ အချက် ၄ ချက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ရေရာတဲ့ အဖြေမရဘဲ အထက်ကို တင်ပြပေးပါ့မယ်လို့ပဲ ပြောပါတယ်။ မီးလောင်ဗုံး အကြမ်းဖက် နှိမ်နင်းတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် တရားခံလည်း ဖော်ထုတ်မပေးပါဘူး''ဟု ဒေသခံတောင်သူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအား အမှုကျေအေးခွင့် မပြုတော့


ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်းများအနေဖြင့် အမှုကျေအေးခွင့်တင်ရာတွင် လက်ခံတော့မည်မဟုတ်ဘဲ ကျေအေးခွင့် ရရှိမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၃၀ ရက် ပြောကြားသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်၌ ဒဏ်ရာရရှိသူကို တာဝန်သိစွာ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးသည့် ယာဉ်မောင်းများအနေဖြင့် တရားရုံးတွင် ကျေအေးခွင့်ရရှိနိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

အလားတူ တိုက်ပြီးထွက်ပြေးခဲ့သည့် ယာဉ်မောင်းများအနေဖြင့် ကျူးလွန်ခဲ့သည့် ဥပဒေအတိုင်း ပြစ်ဒဏ်ခံရမည့်အပြင် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးခဲ့တဲ့ ယာဉ်မောင်းတွေ အများစုကလည်း ခရီးသည်တင်ယာဉ်တွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ ဒီယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေကလည်း ကိုယ်ရေးအချက်အလက်တွေ၊ မှတ်တမ်းတွေကို တိတိကျကျ မယူထားတဲ့အတွက် ကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့အခါမှာလည်း နှောင့်နှေးမှုတွေ ရှိပါတယ်။

တချို့ယာဉ်မောင်းတွေဆိုရင် လိုင်စင်မရှိဘဲ မောင်းနှင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျေအေးခွင့်တင်တဲ့အခါမှာ သေချာ စစ်ဆေးနေတယ်။ တိုက်ပြေးယာဉ်မောင်းတွေက ကျေးအေးခွင့် တင်လာရင်တော့ ထိရောက်စွာ အရေးယူဖို့ တရားရုံးက တာဝန်ရှိသူတွေကို မှတ်ချက်ပေးသွားမယ့်အပြင် ကျေအေးခွင့် လုံးဝပေးမှာလည်း မဟုတ်တော့ပါဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၁၁၆၄၉ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုတစ်ခုမှ ပျက်စီးခဲ့သော ယာဉ်တစ်စီးကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group