နာနတ်တောလမ်းတွင် အငှားယာဉ်ပေါ် ဓားထောက်လုယက်သူကို ဖမ်းမိ


ရန်ကုန်၊ ဇန်နဝါရီ ၂

ကမာရွတ်မြို့နယ် နာနတ်တောလမ်းရှိ ရွှေကိန္နရီ အိမ်ရာအနီးတွင် ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခန့်က ကရီနာ အမျိုးအစား အငှားယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားသုံးဦးက ယာဉ်မောင်း၏ ခါးကို ဓားထောက်ကာ ငွေလုယက်ခဲ့သူများဟု တိုင်ကြားခံရသူများအနက် တစ်ဦးကို လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်တွင်နေသူ အသက် ၄၀ ဝန်းကျင်ရှိ ဦးစောဆေးဝါး၏ အငှားယာဉ်ကို စမ်းချောင်းမြို့နယ် မဟာမြိုင် ကားမှတ်တိုင်တွင် လူငယ်သုံးဦးက နာနတ်တော ခုံးတံတားဘက်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယင်းနောက် ကမာရွတ်မြို့နယ် Junction Square အလွန် နောက်ခန်းတွင် ထိုင်နေသူ အမျိုးသားတစ်ဦးက ယာဉ်မောင်း၏ လည်ပင်းကို သိုင်းဖက်ပြီး ယာဉ်ရှေ့ခန်းတွင် ထိုင်နေသူ လူငယ် နောက်တစ်ဦးက အရိုးအသွား ခုနစ်လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ၎င်း၏ခါးကို ထောက်ကာ ပါလာသော ငွေများပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

လုယက်သူများက အငှားယာဉ်ကို နာနတ်တော ခုံးတံတား အောက်ဘက်သို့ မောင်းနှင် ခိုင်းခဲ့သော်လည်း အငှားယာဉ်မောင်းက နာနတ်တော လမ်းဘက်သို့ ချိုးကွေ့ မောင်းနှင်သဖြင့် ယာဉ်ရှေ့ခန်းတွင် ထိုင်နေသူ လူငယ်က ဟန်းဘရိတ်ကို ဆွဲရာမှ ယာဉ်ရပ်တန့်သွားစဉ် ယာဉ်မောင်းက ဓားကို ပြန်လည် လုယက်ခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်း လည်ပင်းကို သိုင်းဖက်ထားသူနှင့် ပြန်လည် လုံးထွေးကာ ခုခံနေစဉ် လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ကျန်လူငယ်နှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ သိရှိရသည်။

အငှားယာဉ်မောင်း ဦးစောဆေးဝါးနှင့် လုံးထွေး သတ်ပုတ်ခဲ့သူဟု တိုင်ကြားခံရသူ စမ်းချောင်း မြို့နယ်တွင် နေထိုင်သူ အသက် ၂၅ နှစ်ရှိ ငပိန် (ခ) ရန်နိုင်ဦးကို ကမာရွတ် မြို့မရဲစခန်းမှ (ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း၊ ကျန်ထွက် ပြေးတိမ်းရှောင်နေသူ ညီညီနိုင် (စိစစ်ဆဲ) နှင့် တဝမ်းပူ (စိစစ်ဆဲ) တို့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
The Voice Weekly Myanmar

မိတ္ထီလာတွင် ညမထွက်ရ အမိန့်ရုပ်သိမ်း


မိတ္ထီလာ ၊ ဇန်န၀ါရီ ၂ ။ ။ မိတ္ထီလာမြို့ တွင် ညမထွက်ရ အမိန့်ကို ရုပ် သိမ်းလိုက်ပြီဖြစ်ကြောင်း မိတ္ထီ လာမြို့မရဲစခန်းမှ သိရသည်။

ဒေသတွင်း ပြန်လည် တည်ငြိမ်လာမှုနှင့် ညမထွက်ရ အမိန့်ကြောင့် စီးပွားရေးလုပ် ငန်းများ ထိခိုက်မှုရှိလာသော ကြောင့် ညမထွက်ရအမိန့်ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၁ရက် ည ၆နာရီမှ စတင်ရုပ်သိမ်းပေး လိုက်ကြောင်း မိတ္ထီလာမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒီဇင်ဘာ ၃၁ရက်ကပဲ ညမထွက်ရအမိန့်ကို ပြန်ရုပ် သိမ်းလိုက်တာပါ။ ဒါပေမဲ့ လုံ ခြုံရေးတွေကတော့ ဆက်ချထား ပါတယ်''ဟု ယင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ညမထွက်ရအမိန့်ကို ရုပ် သိမ်းလိုက်သဖြင့် စီးပွားရေးလုပ် ငန်းများ ပြန်လည် လည်ပတ် လာနိုင်သော်လည်း ဒေသခံလူ မျိုးခြားတချို့မှာ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေသေးကြောင်း မိတ္ထီလာမြို့လယ် ဈေးရောင်း သူတစ်ဦးက ပြောသည်။

''အခြေအနေက တည် ငြိမ်နေပြီဆိုပေမယ့် အထိမခံ နိုင်တဲ့ အခြေအနေမျိုးပဲ ရှိနေ သေးတော့ လူမျိုးခြားတွေက တော့ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး ကြောက်နေကြ တုန်းဖြစ်နေတယ်''ဟု မိတ္ထီလာ မြို့လယ်နာရီစင်အနီး ဈေး ရောင်းသူ ကိုကျော်သူလင်းက ပြောသည်။

ငယ်ထွေး(ကလေး)
Yangon Media Group

ရန်ကုန် နှစ်သစ်ကူးည ပြစ်မှုများအတွက် ၂၇ ဦးကို သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် စစ်ဆေး


ရန်ကုန်၊ ဇန်နဝါရီ ၂

နှစ်သစ်ကူးည အရက်သောက်စား မူးယစ်ရာမှ စကားများ ရန်ဖြစ်ကာ ခိုက်ရန် ဖြစ်ပွားမှုလေးမှုနှင့် ယာဉ်တိမ်းမှောက်မှု သုံးမှုတို့တွင် ပါဝင်ခဲ့သူဟု တိုင်ကြားခံရသူ ၂၇ ဦးကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများတွင် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ ပြစ်မှု ကျူးလွန်မှုများတွင် ရဲဝန်ထမ်းကို သံတုတ်နှင့် ရိုက်မှု၊ ရဲအရာရှိ တစ်ဦးကို မူးယစ်ဆဲဆို ခြိမ်းခြောက်မှုနှင့် ဓားထိုးမှုများလည်း ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်း မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာတစ်ဦးက ပြောကြားသည်။
“နှစ်သစ်ကူးည ၁၂ နာရီ နောက်ပိုင်းကနေ နံနက် ၄ နာရီထိ သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားမှုတွေ ရှိသလို တချို့မြို့နယ်တွေမှာ အပျော်လွန် မူးယစ်ပြီး လူငယ်ချင်း စကားများခိုက်ရန် ဖြစ်ပွားမှုတွေ ရှိပေမယ့် သက်ဆိုင်ရာ ရပ်ကွက်က လူကြီးမိဘတွေက ပြေလည်အောင် ဖြေရှင်းလို့ အမှုမဖွင့်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ် ရပ်ကွက် ဗိုလ်ချုပ် နေဝင်းလမ်းရှိ စားသောက်ဆိုင်ရှေ့တွင် နှစ်သစ်ကူးည နံနက် ၁ နာရီက ဆောင်းဘောက်စ်များဖွင့်ကာ အမျိုးသားခြောက်ဦး အော်ဟစ်ဆူညံ နေသောကြောင့် ရဲတပ်ကြပ်တစ်ဦးက ဆူညံမှုများ မလုပ်ရန် ပြောကြားစဉ် အမျိုးသားငါးဦးက အဆိုပါ ရဲတပ်ကြပ်ကို ဝိုင်းချုပ်ပြီး ကျန်တစ်ဦးက သံတုတ်ဖြင့် ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ ယင်းည ၁ နာရီခွဲခန့်က လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု ရုံးခန်းသို့ ဆာကူရာတာဝါ F & R စားသောက်ဆိုင်မှ ဘားတာဝန်ခံ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အရက် သေစာ သောက်စား မူးယစ်ကာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး နောက်ရဲမှူး၏ ပခုံးပေါ်ရှိ ရာထူးတံဆိပ်ကို ကိုင်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း လသာ မြို့မရဲစခန်းမှ သိရှိရသည်။

ကမာရွတ်မြို့နယ်၊ လှည်းတန်း ပင်မဒေသန္တရ ဆေးခန်းအနီးတွင် ည ၂ နာရီခန့်က လူငယ်အချင်းချင်း စနောက် ပြောဆိုနေစဉ် စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး ဆိပ်ကြီးခနောင်တို အနောက် ရပ်ကွက်တွင် နှစ်သစ်ကူးည လမ်းပေါ် သောက်စားမူးယစ်နေသူ ၁၆ ဦးက နေအိမ် ပြန်လာသော ဇနီးမောင်နှံကို ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

နှစ်သစ်ကူးည ယာဉ်တိုက်မှုများအနက် နံနက် ၁ နာရီခန့်က ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ပုလဲကွန်ဒိုရှေ့တွင် ယာဉ်သုံးစီး မျက်နှာချင်း ဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ သင်္ဃန်းကျွန်း မြို့နယ်ရှိ သာကေတ တံတားအဆင်း ရဲကင်းရှေ့တွင် ယင်းနေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်ရှိ သမိုင်းဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ အမှုများနှင့် ပတ်သက်၍ လူ ၂၇ ဦးကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ကာ အရေးယူလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly Myanmar

သမ္မတ၏ နှစ်သစ်ကူး ရေဒီယို မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားခြင်းသည် ပွင့်လင်းမြင်သာမှု မရှိဟုဆို


ရန်ကုန်၊ ဇန်န၀ါရီ ၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်၌ ရေဒီယိုမှ တစ်ဆင့် ပြည်သူများသို့ ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၎င်း၏ သဘောထား ရပ်တည်ချက် အပိုင်း ၃ ခုကို ပြောကြားရာ၌ ပွင့်လင်း မြင်သာမှု မရှိဟု နိုင်ငံရေး အသိုင်းအ၀ိုင်းများက ဝေဖန် သုံးသပ်လျက် ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် နှစ်သစ်ရေဒီယို မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အပိုင်း ၃ပိုင်း ပြောကြားရာ၌ အပိုင်း ၁ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် နိုင်ငံရေး ဆွေးနွေး ပွဲများအကြောင်း အပိုင်း ၂ ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေရန် လိုအပ်သ လို ပြင်ဆင်ရမည့် အပိုင်းနှင့် အပိုင်း ၃ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှု အကြောင်း စသည်ဖြင့် အပိုင်း ၃ပိုင်းခွဲ၍ ပြောကြားထားခြင်း ဖြစ်သည်။ …

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားရာ၌ ““ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း ၃ခု ရှိတယ်လို့ ရှုမြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ် ကြရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ က ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းတွေ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပါတယ်။ ဒုတိယ အပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ပီပြင်လာ စေရေးအတွက် လိုအပ်တဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ပီပြင်လာစေရေးအတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်းဆိုပြီးတော့ ခွဲခြား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်းဖိုးများ ပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေး ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင် ကြီးမားမှု၊ ဉာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ တတိယပိုင်းကတော့  နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာ နိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် ထားဖြစ်တာမျိုး မဖြစ်ကြ လိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမူများ ကိုင်တွယ် ဖြေရှင်းရာမှာ နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေး ရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်””ဟု ပြောကြားသည်။

ပထမပိုင်းနှင့် ဒုတိယပိုင်း အချက်များကို ငြင်းစရာ မရှိကြောင်း၊ တတိယအပိုင်း ဖြစ်သည့် နိုင်ငံရေး ဦးဆောင်မှု ဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်မှုသည် မည်သည်ကို ဆိုလိုသည်ကို နားမလည်ဟု SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က““ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ ဖြည့်စွက်မယ် ဆိုရင်မှန်တာပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များ အတွက် ဆိုတဲ့ ဟာကတော့ မရှင်းလင်းဘူးလေ။ ဘယ်အတွက် ပြင်ရမယ်ဆိုတာ မရှင်းလင်းဘူး။ နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ၊ ပြီးတော့ လွှတ်တော်က ကော်မတီဖွဲ့ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း အချက်တွေကို လွှတ်တော်တင်မယ့် ဟာကလည်း နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ၊ သဘောတူညီချက်ရမှ လုပ်ရမယ့် သဘော ဖြစ်သွားတယ်။ ဒုတိယပိုင်းမှာတော့ ဒီမိုကရေစီစံနှုန်း ပြည့်မီဖို့ လိုအပ်တယ်ဆိုတော့ ဒီမိုကရေစီနှုန်း ပြည့်မီတယ် ဆိုတာ ဘာလဲပေါ့။ နောက်ဆုံး အပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ် ဆိုတဲ့အချက်က ပွင့်လင်းမှု မရှိဘူး။ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားတာ မရှိဘူး””ဟု ၎င်းက ပြောသည်။

သမ္မတမိန့်ခွန်းများ၌ ““ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အားကစား သမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေ ရရှိအောင် ကြိုးစား ခဲ့ကြတဲ့အတွက် အမျိုးသားရေး တာဝန်ကျေမှု တစ်ရပ်အဖြစ် မော်ကွန်းတင် လိုပါတယ်””ဟု ထည့်သွင်း ပြောကြားသည်။

တင်ဇာအောင်
Myanmartandawsint Newspaper

ကျခံဆဲပြစ်ဒဏ် ၄ပုံ၁ပုံ လျှော့ပေါ့ လွတ်ငြိမ်းခွင့် ကြေညာ


အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၃)
နှစ်သစ်မှာ ပထမဆုံး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီကနေ့ရက်စွဲနဲ့ သမ္မတက ထုတ်ပြန်လိုက်ပေမဲ့လည်း လက်ရှိ ကျန်နေသေးတဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့ မမြင်ဘူးလို့ လက်ကျန် နိုင်ကျဉ်း စိစစ်ရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အမိန့်အတိုင်း သက်ဆိုင်ရာဌာနတွေက စိစစ်ပြီးတော့ လွှတ်ပေးမှာဖြစ်တဲ့အတွက် ဘယ်သူတွေပါလာမယ်ဆိုတာကို အတိအကျမပြောနိုင်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ တချို့ကို ပြန်လွှတ်ပေး ခဲ့ပြီးတဲ့နောက် အခုတစ်ခါ ၂၀၁၄ နှစ်သစ် အတွက် ပထမဆုံး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ကို သမ္မတက ထုတ်ပြန်လိုက်တာပါ။
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးလိုက်တယ်ဆိုတဲ့ အမိန့်အရ သေဒဏ် ချမျတ်ခံ ထားရသူတွေဟာ ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ) ပြောင်းလဲ ကျခံဖို့၊ နှစ်အကန့်အသတ်မရှိနဲ့ ထောင်ဒဏ် တစ်သက်ကျခံနေရ သူတွေ၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေ၊ ထောင်ဒဏ် နှစ် ၄၀ ထိ လျော့ပေါ့ ကျခံစေဖို့နဲ့ ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရသူတွေ အနေနဲ့တော့ သူတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ ကို လျော့ပေါ့ ကျခံစေ ကြရမှာဖြစ်ပါတယ်။

ဒီအမိန့်အရ ဇန်န၀ါရီလ ၃ ရက်နေ့မှာ စ လွှတ်ပေးမှာဖြစ်ပေမဲ့ လွတ်မယ့် အထဲ ဘယ်လိုအကျဉ်းသားတွေ ပါမယ်ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့က နှစ်ကြီးသမားတွေကို လျှော့ပေးတယ်။ နောက်အရင်နှစ်ကြီးတွေထဲက ကျနော်တို့ အခုလိုလေးပုံတစ်ပုံလျော့လိုက်လို့ရှိရင် လွှတ်ရက်နှုတ်လိုက်လို့ လွတ်လာမှာပေါ့ဗျာ။ ဘယ်သူဘယ်ဝါဆိုတာကတော့ အတိအကျပြောလို့မရဘူး။ သူတို့တိုက်ဆိုင်စစ်ဆေးပြီးမှ ဖြစ်လာမှာပါ။ စိစစ်တော့လွှတ်မှာပါ သူတို့။"

အခုအမိန့်အရဆိုရင်တော့ သူတို့တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲကနေ လွတ်လာမယ့်လူ သိပ်ကို နည်းလိမ့်မယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲအောင်က ပြောပါတယ်။

" ကျနော်တို့ ကြားသိရတဲ့ အမိန့်အတိုင်းဆိုရင် ကျနော်တို့ တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေတော့ တစ်ယောက်မှ ပါလာဖို့ မမြင်ပါဘူး ခင်ဗျ။ အဲ့အထဲမှာ ABSDF က ဒုအရာခံဗိုလ် ဆန်းကိုဦးကတော့ ပါလာနိုင်ကောင်း ပါလာနိုင်တယ်ခင်ဗျ။ ကျနော်တို့အနေနဲ့ သူတို့ရဲ့နှစ်တွေ ကိုတော့ ပြန်တွက်ချက်နေပါတယ်။ ဘာလို့ မပါလာနိုင်ဘူးလဲ ဆိုတော့ ပြန်ကြည့်တဲ့စာရင်းအရ ၃၅ယောက်က သူတို့ကို ချထားတဲ့ ပြစ်ဒဏ်တွေက ကျွန်းတွေ၊ နှစ်၂၀တွေ၊ တခြား ၁၀နှစ်တွေ၊ ၁၅နှစ်တွေ၊ နှစ်တွေ အများကြီးချထားတာ ဖြစ်ပါတယ်ခင်ဗျ။ အခုပေးတာက လေးပုံ တစ်ပုံပဲ ပေးတာဖြစ်ပါတယ်။ လေးပုံတစ်ပုံပဲ ဆိုတော့ ဥပမာ ကျွန်းနှစ်ကျွန်း ကျထားတဲ့ သူတစ်ယာက်က နှစ်၄၀ ၂ခါစီလောက်ပဲ ဖြစ်သွားပါ့မယ်ခင်ဗျ အဲ့တော့ သူတို့နေသားတွေနဲ့ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။"

ဒီဇင်ဘာလ ၃၀ ရက်နေ့က အမိန့်အမှတ် ၅၁/၂၀၁၃ နဲ့ သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလို့ လွတ်လာသူက ထောင်ကျ အကျဉ်းသား ၅၀ နဲ့ အချုပ်ကျနေသူက ၁၂ ဦးရှိတယ်လို့ ကိုရဲအောင်က ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီလူတွေ အကုန်လုံးဟာ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တယ်လို့ သူတို့အနေနဲ့ မပြောနိုင်ဘဲ စိစစ်ရေးကော်မတီက တင်ပြထားတဲ့ နိုင်ကျဉ်းက ခြောက်ဦးပဲ ပါပြီးတော့ ကျန်တဲ့လူတွေက ပုဒ်မ ၅၀၅ (ခ) နဲ့ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုနဲ့ စွပ်စွဲပြီး ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ကိုရဲအောင် ကပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အရ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ ပါလာနိုင်ဖို့ အလားအလာ နည်းလှပေမဲ့လည်း ကိုရဲအောင်ကတော့ မျှော်လင့်ချက်ထားဆဲပါ။

"တကယ်လို့ သမ္မတအနေနဲ့ ကျနော်တို့နဲ့ စိစစ်ရေးကော်မတီရဲ့တင်ပြမှု၊ နောက် စိစစ်ရေးက်ာမတီပါတဲ့သူတွေရဲ့ တင်ပြမှုတွေ၊ နောက်တခါ တကယ် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်တယ်။ တိုင်းရင်းသား လူမျိုးတွရဲ့ တင်ပြမှုတွေကိုသာ တကယ်ကို လေးလေးနက်နက် စဉ်းစားမယ်ဆိုရင် သူ့အနေနဲ့ ကျနော်တို့ ကြားထဲတုန်းက လွှတ်ပေးခဲ့သလိုပဲ သူ့ရဲ့ လုပ်ပိုင်ခွင့် ၄၀၁/ ၁ နဲ့ လွှတ်ပေးလို့ရပါတယ်။ ကျနော်တို့ကတော့ မျှော်လင့်ချက် မလျော့သေး ပါဘူးခင်ဗျ။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။ ကြိုးစားနေပါတယ်ခင်ဗျ။"

ကိုရဲအောင်ကိုယ်တိုင် ပါဝင်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဟာလည်း ဆက်ရှိနေဦးမယ်ဆိုတာ ကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးစိုးသိန်းက ပြီးခဲ့တဲ့ နောက်ဆုံးအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ကိုရဲအောင်က ပြောပါတယ်။

" ဇန်နဝါရီလမှာဆိုရင် ကော်မတီ အစည်းအဝေးကို ၂၀၁၄အတွက် ပထမဆုံးအကြိမ်ပြန် စ ကျင်းပတော့မှာပါ။ ဆိုလိုတဲ့သဘောကတော့ဗျာ။ ကျနော်တို့ စိစစ်ရေးကော်မတီ အနေနဲ့ ပေါ်လာတဲ့ အလုပ်တွေကိုပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ပေါ်လာတဲ့အလုပ်တွေကို ဆက်လုပ်နိုင်ဖို့အတွက် တစ်လတစ်ခါ တွေ့ဆုံညှိနှိုင်းမှုတွေ ထားရှိသွားဖို့အတွက် ဆက်လက်ထားရှိသွားမယ်ဆိုတဲ့ဟာကိုတော့ အစည်းအဝေးမှာ ကျနော်တို့ဥက္ကဋ္ဌကပြောသွားပါတယ်။ ဒါက ဆက်ရှိသွားဦးမှာပါ။ အဓိပ္ပါယ်ကတော့ဗျာ ကျနော်တို့ကော်မတီ ဆက်ရှိနေဦးမယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရောက်လာဦးမယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။"

အခုအမိန့်အရဆိုရင် ၂၀၀၄ ခုနှစ်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ အရင် တပ်မတော်ထောက်လှမ်းရေးက အရာရှိတွေ ပြန်လွတ်လာ နိုင်တယ်လို့ ခန့်မှန်းတာမျိုးလည်းရှိပါတယ်
VOA Burmese News

Eleven Media Group ၏ သတင်းထောက်မခိုင် အမှုနှင့် ပတ်သက်၍ လွိုင်ကော်ခရိုင် တရားသူကြီးရုံးသို့ အယူခံတင်သွင်း


လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက်မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုအား ထောင်ဒဏ်ချမှတ်ထားမှုနှင့် ပတ်သက်၍ ဇန်န၀ါရီ ၂ ရက်တွင် လွိုင်ကော်ခရိုင် တရားသူကြီးရုံးသို့ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် (၃/၂၀၁၄) ဖြင့် အယူခံတင်သွင်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၄ အရ ပြစ်မှုဆိုင်ရာ အယူခံတင်သွင်းခြင်းဖြစ်ပြီး အယူခံ တင်သွင်းရာတွင် အမှုဖြစ်စဉ် အကျဉ်းနှင့်အတူ အယူခံ အကြောင်းပြချက် ခြောက်ချက်ဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။  အယူခံ တင်သွင်းချက်များအနက် ‘....လိုပြသက်သေ ဦးအောင်ရှိန် ရုံးရှေ့ထွက်ဆိုရာတွင် “ရုံးရှေ့စွပ်စွဲခံရသူ မနော်ခိုင်ခိုင်အေးချိုမှ ကျွန်တော့်အား Eleven Journal သတင်းထောက်တစ်ဦးဖြစ်ကြောင်း၊ ၎င်းမှကိုယ်တိုင် မိတ်ဆက်စကား ပြောခဲ့ပါသည်။ ကျွန်တော်က လာရင်းကိစ္စပြောပါဟုပြောရာ ကျွန်မက Eleven Journal  Reporter တစ်ဦးဖြစ်ကြောင်းပြောပြီး မခိုင်က ရှေ့နေက ရှေ့နေခ ဘယ်လောက်တောင်းသလဲဟုမေးရာ တရားလိုက ရှင်မေးရမယ့်ကိစ္စ မဟုတ်ဘူးဟု ပြန်ပြောပါသည်” ဟု ထွက်ဆိုပါသည်။

ယင်းအတွက်ကြောင့် အယူခံတရားလိုသည် သတင်းထောက်တစ်ဦး ဖြစ်သည့်အတွက် သတင်းထောက်တို့၏ ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းမှာ ပေါ်လွင်ထင်ရှား နေပါသော်လည်း မူလမြို့နယ် တရားရုံးတော်က ယင်းအချက်နှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းသည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း၊ မှားယွင်းလျက် ရှိနေပါသည်။’ ဟု ထည့်သွင်းထားကြောင်း သိရပါသည်။

ထို့ပြင် “၅။ အယူခံ တရားလိုသည် အယူခံတရားခံ (၂) ထံမှ သတင်းရယူခြင်းနှင့် ပတ်သက်၍ အယူခံတရားခံ (၂)က ဒီအိမ်ကို ဘာအိမ်ထင်လို့လဲဟု လည်းကောင်း၊ ၎င်းခင်ပွန်းမှာ လွိုင်ကော် စ.ရ.ဖ မှ အရာရှိတစ်ဦးဖြစ်ကြောင်းဟု လည်းကောင်း၊ လိုပြသက်သေ ဦးအောင်ရှိန်မှ NLD ပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌ၊ ဂေါပကလူကြီး၊ မှုခင်းရှုထောင့် သတင်းဂျာနယ် (ပြည်နယ်တွဲဖက် တာဝန်ခံ) ဟုပြောဆို၍ ထွက်သွားရန် ပြောဆိုချက်အပေါ် အယူခံ တရားလိုက အယူခံ တရားခံ (၂)အိမ်ပေါ်မှ ထွက်လာခဲ့ရခြင်း အခြေအနေတွင် လိုပြသက်သေ ဒေါ်ပြုံးပြုံးအေး၏ ထွက်ဆိုချက်တွင် အယူခံတရားလိုက အော်ဟစ်ဆဲဆိုကြောင်း ပေါ်ပေါက်ခြင်း မရှိပါ။ ၎င်းအပြင် ကြုံကြိုက်သက်သေ တစ်ဦးဖြစ်သူ ဦးသော်တာသိန်း၏ ထွက်ဆိုချက်ကို အလွယ်တကူ လက်ခံစဉ်းစား၍ အယူခံ တရားလိုအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းသည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း မှားယွင်းလျက် ရှိနေပါသည်။

၆။ အယူခံတရားခံ (၂) သည် ဦးသော်တာသိန်း၏ ညွှန်ကြားချက်အရ ဦးသန့်ဇော်ဝင်းထံ အကြောင်းကြားစာပေးပို့၍ နစ်နာကြေး ငွေသိန်း (၂၀) တိတိကို တောင်းဆိုခဲ့သည်မှာ အငြင်းမပွား ပေါ်ပေါက်ပါသည်။
ယင်းသို့ဆိုလျှင် ဦးသော်တာသိန်း၏ အကျိုးကို ဆောင်ရွက်သော ရှေ့နေမှာ အယူခံတရားခံ (၂)ဖြစ်ပြီး ဦးသန့်ဇော်ဝင်းသည် အယူခံတရားခံ (၂)၏ တစ်ဖက်အမှုသည် (ဆန့်ကျင်ဘက်အမှုသည်) တစ်ဦးဖြစ်သည်မှာ အထင်အရှား ပေါ်ပေါက်ပါသည်။

သို့ဖြစ်ရာ ဦးသော်တာသိန်းဘက်မှ လိုက်ပါဆောင်ရွက်သူ အယူခံတရားခံ (၂) အနေဖြင့် မိမိ၏ အကျိုးဆောင်ခ (ရှေ့နေခ) ကို မိမိ၏ အမှုသည်ဖြစ်သူ ဦးသော်တာသိန်းထံမှသာ ရရှိရန် တာဝန်ရှိပြီး ဦးသန့်ဇော်ဝင်းကဲ့သို့သော တစ်ဖက်အမှုသည် (ဆန့်ကျင်ဘက် အမှုသည်) ထံမှ မိမိ၏ အကျိုးဆောင်ခကို လက်ခံရယူခြင်းသည် ရှေ့နေရှေ့ရပ်များ ထားရှိသည့် ကျင့်ဝတ်နှင့် ညီညွတ်ခြင်းရှိကြောင်း တစ်ထစ်ချ ကောက်ယူနိုင်ခြင်း မရှိသည့် အခြေအနေ ဖြစ်ပါသည်။

ယင်းကဲ့သို့ အခြေအနေတွင် အယူခံတရားလို၏ ပြုမူပြောဆိုပြုလုပ်မှုသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၉ ၏ န၀မ ကင်းလွတ်ချက်တွင် အကျုံးဝင်ပါသော်လည်း မူလမြို့နယ် တရားရုံးတော်သည် အဆိုပါအချက်နှင့် ပတ်သက်၍ ထည့်သွင်းသုံးသပ်ခဲ့ခြင်းမရှိဘဲ အယူခံတရားလိုအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အလုပ်မဲ့ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းသည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း မှားယွင်းလျက် ရှိနေပါသည်။  သို့ဖြစ်ပါ၍ -
-    ဤအယူခံအမှုကို လက်ခံပေးပါရန်
-    မူလရုံးအမှုတွဲအား တောင်းခေါ်၍
-    နှစ်ဖက်လျှောက်လဲချက် ကျယ်ကျယ်ပြန့်ပြန့်ကြားနာကာ
-    မူလလွိုင်ကော်မြို့နယ် တရားရုံးတော်၏ ပြစ်မှုကြီးမှုအမှတ် (၃၆၁၆/၂၀၁၃) တွင်(၁၇-၁၂-၂၀၁၃) ရက်နေ့က အယူခံတရားလိုအပေါ် ချမှတ်သော စီရင်ချက်အမိန့်ကို ပယ်ဖျက်၍ အယူခံတရားလိုအား အမှုမှ အပြီးအပြတ် လွှတ်ပေးပါရန် ရိုသေစွာ    လျှောက်ထားအပ်ပါသည်။” ဟူ၍ အယူခံ တင်သွင်းခဲ့ကြောင်း သိရပါသည်။

အယူခံတင်သွင်းမှုအား လွိုင်ကော်ခရိုင် တရားရုံးက လက်ခံခဲ့ပြီး အယူခံတင်သွင်းခြင်းနှင့် ပတ်သက်၍ သတင်းထောက် မခိုင်အား တရားစွဲဆိုခဲ့သူ ဒေါ်အေးအေးဖြိုးအား ဇန်န၀ါရီ ၁၀ ရက်တွင် ရုံးရှေ့လာရောက်ရန် ချိန်းဆိုထားကြောင်း အမှုအား လိုက်ပါဆောင်ရွက်လျက်ရှိသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးမိုးနှင့် အထက်တန်းရှေ့နေ ဦးဇော်မြင့်ထွန်းတို့ထံမှ သိရသည်။
eleven media group

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် နိုင်ငံရေး ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းများ ဖြစ်နိုင်ကြောင်း သမ္မတဦးသိန်းစိန် သတိပေး


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် နိုင်ငံရေးဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်ပြီး ဖြစ်နိုင်ခြေရှိသည့် လွတ်လပ်ခွင့်များပင် ဆုံးရှုံးသွားနိုင်သည်ဟု သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၂ ရက်က ၂၀၁၄ ခုနှစ်အတွက် ပထမဆုံးပြောကြားသည့် လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းသတိပေးခဲ့သည်။

သမ္မတဦးသိန်းစိန်က ၎င်းသမ္မတအဖြစ် တာဝန်ယူသည့်နေ့မှစကာ တာဝန်ကို ရှောင်လွှဲလိုသည့် လုပ်ဆောင်မှုမျိုး မရှိခဲ့သကဲ့သို့ လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုသည့် အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်ဥာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန်လိုပြီး ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံရေးအကျပ်အတည်း ဖြစ်နိုင်သည်ဟု သတိပေးပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ ယင်းကဲ့သို့ သတိပေးပြောကြားမှုအပေါ် မိန့်ခွန်းပြောကြားခြင်းအတွက် မည်သည့်မှတ်ချက်မျှ ပြောစရာမရှိကြောင်းနှင့် မည်သည့်အချက်မှ ပြောစရာမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ၀င်ရောက်ရွေးချယ်ခွင့်တွင် အဟန့်အတားဖြစ်နေသည့် နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက်လည်း ထည့်သွင်းပြောကြားခဲ့ပြီး မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်ခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေးစေတနာ ရှိပါကြောင်းလည်း ပြောကြားသည်။

သို့သော် ယင်းကဲ့သို့ နိုင်ငံရေးစေတနာ ရှိသော်လည်း တစ်ဖက်ကလည်း မိမိတို့ အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်မည့် အခြေခံမူများရှိရန် လိုလားကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးဦးဆောင်မှုနှင့် ပတ်သက်သော ၀ိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံရေးအကျပ်အတည်း တစ်ခုဆီသို့ ဦးတည်မသွားစေရန် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေရန်လည်း သမ္မတဦးသိန်းစိန်က သတိပေး ပြောကြားသွားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေခံဥပဒေ ပြင်ဆင်မှုများကို လုပ်ဆောင်ရာတွင် မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံသည့် ဆွေးနွေးညှိနှိုင်းမှုများ၊ ထားရှိနိုင်မည့် သဘောထားကြီးမှုများ၊ တောင်းဆိုမှုများကို အပြန်အလှန် နားလည်လက်ခံပေးနိုင်သည့် အခြေအနေများ စသည်တို့က အဆုံးအဖြတ် ပေးသွားလိမ့်မည်ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ယခုလုပ်ဆောင်လျက်ရှိသည့် အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာပြုလုပ်ပြီး များမကြာမီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများကိုလည်း ၀မ်းမြောက်မိကြောင်းလည်း ၎င်းကပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံရေးစေတနာ ရှိသော်လည်း တစ်ဖက်ကလည်း မိမိတို့ အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်မည့် အခြေခံမူများရှိရန် လိုလားကြောင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးအင်အားစု အသီးသီးမှ ကြိုးပမ်းမှုများ ပြုလုပ်နေပြီး အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးချယ်ခံခွင့်ရရေး အဟန့်အတား ဖြစ်နေသည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး အပါအ၀င် ပြင်ဆင်လိုသည့် အချက် ၁၆၈ ချက်ကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြထားသည်။

ယင်းကဲ့သို့ NLD ပါတီ၏ ဖွဲ့စည်းပုံအပေါ် ပြင်ဆင်လိုသည့် အချက်များအပေါ် တင်ပြထားမှု ပြုလုပ်ထားသော်လည်း ၅၉(စ) အပါအ၀င် ပြင်ဆင်လိုသည့် အချက်များ ပြင်ပေးသည်ဖြစ်စေ၊ မပြင်ပေးသည်ဖြစ်စေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း NLD ပါတီဘက်က တရားဝင် ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စုစုပေါင်းအကြံပြုချက် ၃၂၀၀၀၀ ကျော် ရရှိထားပြီး အဆိုပါ အကြံပြုချက်များတွင် အခန်း(၁) နိုင်ငံတော် အခြေခံမူများအခန်းကို ပြင်ဆင်လိုသည့်အပေါ် အများဆုံးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါကော်မတီ အနေဖြင့် လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားရမည်ဖြစ်သည်။

eleven media group

မော်တော်ယာဉ်များ ထုတ်ယူရာတွင် ပစ္စည်းများပျောက်ဆုံးမှု မရှိစေရန် ဆိပ်ကမ်းများအတွင်း ဧရိယာအလိုက် CCTV ကင်မရာများ တပ်ဆင်ပြီး လုံခြုံရေးကင်းမျှော်စင်များ တည်ဆောက်သွားမည်


မော်တော်ယာဉ်များ ဆိပ်ကမ်းအတွင်းမှ ထုတ်ယူရာတွင် ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မရှိရန် ဆိပ်ကမ်းများအတွင်း ဧရိယာအလိုက် CCTV ကင်မရာတပ်ဆင်ပြီး လုံခြုံရေးကင်းမျှော်စင်များ တည်ဆောက်၍ လုံခြုံရေးအင်အား လုံလောက်စွာ ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဆိပ်ကမ်းထဲက မော်တော်ယာဉ်တွေ ထုတ်ယူတဲ့နေရာမှ ပစ္စည်းတွေပျောက်ဆုံးမှု မရှိဖို့ ဆက်လက်ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ဆိပ်ကမ်းအတွင်းထဲမှာ ဧရိယာအလိုက် CCTV တပ်ပြီး လုံခြုံရေးကင်းမျှော်စင်တွေဆောက်ပြီး လုံခြုံရေးအင်အား လုံလောက်စွာချထားပြီး ကြပ်မတ်ဆောင်ရွက်သွားဖို့ ဆိပ်ကမ်းတွေကို ပြောပြီးပါပြီ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

အစိုးရက မော်တော်ယာဉ်များအား အထူးအစီအစဉ်ဖြင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တင်သွင်းခွင့် ပြုခဲ့သည်။ ယင်းသို့ တင်သွင်းခွင့်ပြုခဲ့ရာတွင် မော်တော်ယာဉ်တင် သင်္ဘောတစ်စင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ချိန်မှ မော်တော်ယာဉ်အား လာရောက်ထုတ်ယူသူထံ အပ်နှံပြီးသည်အထိ အဆင့်ငါးဆင့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

ယင်းအဆင့်များမှာ သင်္ဘောပေါ်တွင် မော်တော်ယာဉ်များ၏ အခြေအနေအား ဓာတ်ပုံဖြင့် မှတ်တမ်းတင်ထားရှိခြင်း၊ မော်တော်ယာဉ်အား သင်္ဘောပေါ်မှ ဆိပ်ကမ်းတံတားအတွင်း ထားသိုရန်နေရာသို့ ပို့ဆောင်ခြင်း၊ ဆိပ်ကမ်းတံတား ဂိုဒေါင်သို့ ရောက်ရှိလာသော မော်တော်ယာဉ်များ၏ အခြေအနေအား ဓာတ်ပုံဖြင့် မှတ်တမ်းတင်ထားရှိခြင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆိပ်ကမ်းတံတားနှင့် သင်္ဘောလိုင်းမှ တာဝန်ရှိသူများမှ မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေး၍ Inspection Sheet တွင် ဖြည့်သွင်းပြီး သက်ဆိုင်ရာ အဖွဲ့အစည်းသုံးခုက တစ်စုံစီ ထိန်းသိမ်းထားရှိခြင်းနှင့် မော်တော်ယာဉ် လာရောက်ထုတ်ယူသူအား မော်တော်ယာဉ်နှင့် Inspection Sheet တိုက်ဆိုင်စစ်ဆေး၍ ကျေနပ်မှုရှိလျှင် မော်တော်ယာဉ်အား ထုတ်ပေးခြင်းတို့ဖြစ်သည်။

မော်တော်ယာဉ်အား ထိန်းသိမ်းရန် တာဝန်ရှိမှုအပိုင်းတွင် ယာဉ်အားကုန်တင် ဆိပ်ကမ်းတွင် သင်္ဘောပေါ်သို့ တင်ဆောင်အပ်နှံပြီးချိန်မှ ကုန်ချဆိပ်ကမ်းတံတား မော်တော်ယာဉ် သိုလှောင်ဝင်း ဂိုဒေါင်သို့ ပို့ဆောင်ပြီး သက်ဆိုင်ရာအဖွဲ့မှ စစ်ဆေးလက်ခံပြီးသည်အထိ သင်္ဘောလိုင်းမှ တာဝန်ယူရသည်။

မော်တော်ယာဉ် သိုလှောင်ဝင်း ဂိုဒေါင်တွင် သက်ဆိုင်ရာအဖွဲ့မှ Inspection Sheet ဖြင့် စစ်ဆေးလက်ခံပြီးချိန်မှာစ၍ ယာဉ်လာရောက်ထုတ်ယူသူက Inspection Sheet ဖြင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပြီးသည့် အချိန်ထိ သက်ဆိုင်ရာ ဆိပ်ကမ်းတံတားမှ တာဝန်ယူထိန်းသိမ်းရန် တာဝန်ရှိပြီး၊ မော်တော်ယာဉ်ပိုင်ရှင် (သို့) ၎င်း၏ကိုယ်စားလှယ်မှယာဉ်အား Inspection Sheet နှင့် တိုက်ဆိုင်စစ်ဆေးပြီး ကျေနပ်မှုရှိပါက Inspection Sheet ပေါ်တွင် လက်မှတ်ရေးထိုးကာ မော်တော်ယာဉ်အား လက်ခံပြီးချိန်မှစ၍ အဆိုပါ လာရောက်ထုတ်ယူသူက တာဝန်ယူထိန်းသိမ်းရန် တာဝန်ရှိကြောင်း သိရသည်။

eleven media group

ခေတ်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထိခိုက်နစ်နာ ခဲ့သူများအား နိုင်ငံရေးအဆင့် တောင်းပန်မှသာ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိမည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ တောင်းဆို


ဇန်န၀ါရီ ၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ကျဆုံးနိုင်ငံရေး အကျဉ်းသားများအား ပထမအကြိမ် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြသထားသော ကျဆုံးနိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံများကို တွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းဇော်လင်း)
အသွင်ကူးပြောင်းရေး ကာလအတွင်း မဖြစ်မနေ လုပ်ရမည့် အလုပ်ဖြစ်သည့် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိစေရန်အတွက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထိခိုက်နစ်နာ ခဲ့သူများအား အစိုးရ တာဝန်ရှိသူများက ပြန်လည်တောင်းပန်ရန်နှင့် ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇန်န၀ါရီ ၂ ရက်က ကျင်းပသည့် ကျဆုံးနိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုပွဲတွင် တောင်းဆိုခဲ့သည်။

၁၉၈၈ တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း လူဖမ်းပွဲကြီးများကို ကျင်းပခဲ့ပြီး အဖမ်းဆီးခံရသူများမှာ မဖြစ်မနေ စစ်ကြောရေး စခန်းများကို ဖြတ်သန်းခဲ့ရကြောင်း ဖမ်းဆီးခံခဲ့ရသူများက ပြောကြားသည်။ ထိုစစ်ကြောရေး စခန်းများတွင် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး အချို့မှာ စစ်ကြောရေးတွင် အသက်ပေးလှူ ခဲ့ရသလို၊ မည်သည့်နေရာတွင် ပျောက်သွားမှန်း မသိလိုက်ရသည့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးရှိကြောင်းလည်း AAPP မှ ဦးတိတ်နိုင်က ပြောကြားသည်။ စစ်ကြောရေးစခန်းမှ အကျဉ်းထောင်များ အတွင်းသို့ ရောက်သွားချိန်တွင်လည်း ပြည့်စုံသည့် အစာအာဟာရ မရရှိခဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မခံယူရခြင်းတို့ကြောင့်လည်း အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရပြီး AAPP မှ ရရှိထားသည့် စာရင်းများအရ ၁၇၅ ဦးခန့် ရှိသော်လည်း အမှန်မှာ ထိုထက်မကဟုလည်း ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများ အနေနှင့် ထိုကဲ့သို့ ခံစားခဲ့ရသော်လည်း ထိုအချိန်က တာဝန်ရှိခဲ့သူများနှင့် ယခင်စစ်အစိုးရမှ အသွင်ပြောင်းလာသည့် အာဏာရအစိုးရက နိုင်ငံရေး အကျဉ်းသားဟူ၍ အသိအမှတ် မပြုသည့်အပြင် တည်ဆဲဥပဒေကို ချိုးဖောက်သောကြောင့်သာ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းကိုလည်း ပြောကြားသည်။ ထိုအချိန်က တာဝန်ယူခဲ့သည့် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က မည်သူ့ကို တောင်းပန်ရမည်နည်းဟူသော မေးခွန်းအား ဦးတိတ်နိုင်က အနိမ့်ဆုံးအနေနှင့်ေ သဆုံးခဲ့ရသူများ၏ မိသားစုများကို တိုင်းသိပြည်သိ တောင်းပန်ရန် လိုအပ်သလို၊ ထိုမိသားစုများ၏ ဖျက်ဆီးသွားခဲ့ရသည့် စီးပွားရေး၊ လူမှုရေးများအား ပြန်လည်ထူထောင်ပေးရန် လိုအပ်သည်ဟုလည်း တောင်းဆိုခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေတင် မကဘဲ ၎င်းတို့၏ မိသားစုများလည်း ဒုက္ခကို ခံစားခဲ့ရကြောင်းနှင့် မိသားစုပြိုကွဲ ပျက်စီးသွားခဲ့သည့် သူများလည်း အများအပြား ရှိခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင် အာဏာမရှိတော့သော်လည်း တာဝန်ရှိခဲ့သောကြောင့် တာဝန်ခံမှုရှိရန် လိုအပ်သည်ဟုလည်း ပြောကြားလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း မိမိ၏ အမှားအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိသေးကြောင်းလည်း ပြောကြားလိုက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုများ လိုအပ်သည်ဟူ၍လည်း တောင်းဆိုလိုက်သည်။

ထို့အပြင် အကျဉ်းထောင်အတွင်း ကွယ်လွန်သွားသည့် စာရေးဆရာ မုံရွာတင်ရွှေ၏ သားဖြစ်သူ ဒေါက်တာထွန်းအောင်ရွှေကလည်း အင်းစိန်ဆေးရုံတွင် တာဝန်ကျစဉ် အင်းစိန်ထောင်မှ သေအံဆဲဆဲ လူနာများအား ဆေးရုံထုတ်လာစဉ် သူကိုယ်တိုင် ကုသပေးခဲ့ရသည့် အတွေ့အကြုံများအား ပြောကြားသည်။ ဒေါက်တာထွန်းအောင်ရွှေက “ကျွန်တော်အင်းစိန်ဆေးရုံမှာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်နေစဉ်တုန်းက ၁၉၉၁-၉၂ လောက်မှာပါ။ ကျွန်တော်တာဝန်ကျနေတဲ့ အချိန်မှာ အင်းစိန်ထောင်ကနေ လူနာတစ်ယောက် ရောက်လာပါတယ်၊ ကျွန်တော်နေရာထိုင်ခင်း စီစဉ်ပြီးတော့ လူနာမှတ်တမ်းယူဖို့ ကြည့်လိုက်တော့ ဦးညွန့်ဝင်းဆိုလို့ ကျွန်တော်ပြန်ကြည့်မိပါတယ်။ လူနာကို ကျွန်တော်က ကျွန်တော်သိတဲ့ ဦးညွန့်ဝင်းလားလို့မေးတော့ အန်ကယ်က ထွန်းထွန်း မင်းမှတ်မိမယ် ထင်နေတာလို့ ပြန်ပြောတယ်၊ တကယ်တော့ ဦးညွန့်ဝင်းဆိုတာ ကျွန်တော်ငယ်ငယ်ထဲက ရင်းနှီးနေတဲ့လူပါ။ တွေးကြည့်ပါ၊ ကျွန်တော့်အန်ကယ့်ကို မမှတ်မိတော့ဘူးဆိုတော့ အန့်ကယ်ပုံ ဘယ်လောက်ပြောင်းလဲသွားလဲ ဆိုတာကိုလေ၊ အန်ကယ်လည်ပင်းတစ်ခြမ်းလုံးကလည်း အကျိတ်ကြီးနဲ့ပါ။ အန်ကယ့်ရောက်လာတော့ တော်တော်နှောင်းသွားပါပြီ။ ကုသခွင့် မရတော့ပါဘူး။ ခရမ်းဦးစိန်ဝင်းလည်း အူပိတ်တဲ့ရောဂါနဲ့ ဆေးရုံရောက်လာတယ်၊ အန်ကယ်ရောက်လာတော့ တော်တော်ကို နောက်ကျနေပါပြီ။  ခွဲစိတ်ခန်းတောင် မပို့လိုက်နိုင်ပါဘူး။ အန်ကယ်ဆုံးသွားတယ်။ တကယ်တော့ န၀တက နိုင်ငံရေး အကျဉ်းသားတွေကို မမြင်ရတဲ့သေဒဏ် ချခံခဲ့ရတာပါ” ဟု ပြောကြားသည်။

NLD ပါတီ၏ နာယကဖြစ်သူ ဦးတင်ဦးကလည်း နိုင်ငံရေး အကျဉ်းသားများ အနေနှင့် ယခင်က ဖြစ်ပျက်ခဲ့သည့်အပေါ် အာဃာတတရားများ မထားသော်လည်း တောင်းပန်ခဲ့ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုများ ပိုမိုရလာနိုင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုသည်ဟု ပြောကြားသည်။

၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံအတွင်း လူထုကြားနာပွဲများ ကျင်းပကာ မတရား ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူအား တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး အမျိုးသားပြည်လည်သင့်မြတ်ရေး ရရှိခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား နိုင်ငံတွင်လည်း ဒီမိုကရေစီအစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများနှင့် နစ်နာခဲ့သူများအား အာဏာရအစိုးရက တောင်းပန်ခဲ့ပြီး လျှော်ကြေးငွေများလည်း ပေးအပ်ခဲ့သည်။

eleven media group

အမေရိကန်ရဲ့ကုန်သွယ်ရေး အထူးခံစားခွင့်ရဖို့ မြန်မာ မျှော်လင့်


သမ္မတနှစ်ဦး အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)
အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးမြှင့်လာနေတာနဲ့အမျှ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်းပြည်တွေအတွက် အမေရိကန် ပြည်ထောင်စုက ပေးအပ်လေ့ရှိတဲ့ ကုန်သွယ်မှု အထူးခံစားခွင့်တွေ ရရှိနိုင်ဖို့ မြန်မာနိုင်ငံဘက်က မျှော်လင့်နေပါတယ်။

Generalized System of Preferences (GSP) လို့ ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေး ပေးသင့် မသင့် အတွက်လည်း အင်္ဂါနေ့ကပဲ ၀ါရှင်တန် မြို့တော်မှာ ကြားနာပွဲတစ်ခု ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

မြန်မာအစိုးရရဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုး ကတော့ မြန်မာအစိုးရရဲ့ လိုလားချက်ကို အမေရိကန်က လက်ခံလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အင်္ဂါနေ့က ကြားနာပွဲမှာ တက်ရောက်ခဲ့ကြတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လှုပ်ရှားသူ တချို့ကတော့ အမေရိကန် အစိုးရအနေနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ခိုင်ခိုင်မာမာ မရှိသေးတဲ့အတွက် အထူး အခွင့်အရေးတွေ မပေးသင့်ဘူးလို့ တိုက်တွန်းခဲ့ကြတာပါ။

လတ်တလောမှာတော့ အမေရိကန် ပြည်ထောင်စုက GSP အဆင့်အဖြစ် နိုင်ငံတွေနဲ့ ဒေသပေါင်း ၁၂၇ ခုကို ကုန်သွယ်ရေး အထူး အခွင့်အရေး ပေးအပ်ထားတာဖြစ်ပြီး ဒီနိုင်ငံတွေအနေနဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၅၀၀၀ အထိ အကောက်ခွန်လွတ် တင်သွင်းခွင့် ရကြပါတယ်။

အမေရိကန် အစိုးရကတော့ ဒီအစီအစဉ်နဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေးနဲ့ ၂ နိုင်ငံ ကုန်သွယ်မှုတွေ တိုးမြှင့်ရေးမှာ အထောက်အကူ ပေးနိုင်မလားဆိုပြီး စဉ်းစားနေတာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံကို GSP အဆင့်ပြန်လည် သတ်မှတ်မယ်ဆိုရင် မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်မှု မရှိကြောင်း အတည်ပြုချက် ရယူတာမျိုးလို သတ်မှတ်ချက်တွေ ပါဝင်သင့်တယ်လို့လည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
VOA Burmese News

ဘေရွတ် ဗုံးကွဲမှု လူ ၅ ဦးထက် မနည်း သေဆုံး



ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုမြင်ကွင်း။ (ဇန်နဝါရီလ ၂၊ ၂၀၁၄)
တောင်ပိုင်း ဘေရွတ်က လူခြေထူထပ်တဲ့ ရပ်ကွက်တစ်ခု မှာပေါက်ကွဲမှုဖြစ် တာကြောင့် လူ ငါးဦးထက် မနည်း သေဆုံးသွားပါတယ်။ အဲဒီဒေသဟာဆိုရင် ဟစ်ဇဘိုလာတွေရဲ့ အမာခံနယ်မြေဆိုပြီး လူတွေ သိထားကြတာပါ။

ကြာသပတေးနေ့မှာဖြစ်တဲ့ အဲဒီပေါက်ကွဲမှုအတွင်း လူ ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဟစ်ဇဘိုလာရဲ့ Al-Manar ရုပ်သံမှာတော့ ဗုံးကွဲမှုဖြစ်တဲ့နေရာကို အရေးပေါ်လူနာတင်ကားတွေ အပြေးအလွှား သွားနေကြပြီး၊ အဲဒီက လောင်မြိုက်နေတဲ့ အပျက်အစီးပုံတွေ မြင်ရပါတယ်။ ဘာလို့ ပေါက်ကွဲမှုဖြစ်တာလဲဆိုတာတော့ မရှင်းသေးပါဘူး။

လက်ဘနွမ်အစိုးရအနေနဲ့ကတော့ အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ပွဲတွေ ဆင်နွှဲနေကြတယ်လို့ လက်ဘနွမ်ကျန်းမာရေးဝန်ကြီး Ali Hassan Khalil က သတင်းထောက်တွေကို ပြောပါတယ်။ သတင်းဌာန ရုပ်သံတွေမှာတော့ မီးလောင်ခံထားရတဲ့ ယာဉ်တစင်းကို အနီးနား အဆောက်အဦးက ကျလာတဲ့ အပိုင်းအစတွေ သစ်ရွက်တွေနဲ့ ဖုံးအုပ်နေတာမြင်ရပါတယ်။

လက်ဘနွမ်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း Mohamad Chatah သေဆုံးခဲ့ရတဲ့ ဘေရွတ်မြို့လယ်က ကြီးမားတဲ့ ကားဗုံးကွဲမှုဖြစ်ပြီး တပတ်အတွင်းမှာပဲ အခု ပေါက်ကွဲမှု ထပ်ဖြစ်တာပါ။ အဲဒီတုန်းကသေဆုံးခဲ့တဲ့ Mohamad Chatah ဟာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသူဖြစ်ပါတယ်။

အဲ့ဒီ့အကြိမ်တုန်းက ကြီးမားတဲ့ ကားဗုံးကွဲမှုမှာတော့ ဘဏ္ဍာရေးဝန်ကြီးဟောင်း အပြင် လူငါးဦး သေဆုံးပြီး၊ ၇၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
VOA Burmese News

တရုတ်လေယာဉ်တင် သင်္ဘောစမ်းသပ်လေ့ကျင့်မှုတွေ အောင်မြင် ပြီးဆုံး


တရုတ်လေယာဉ်တင်သင်္ဘော Liaoning
တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကြီး လိုင်အိုနင် (Liaoning)  ဟာ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက်  မူလဆိပ်ကမ်းကို ပြန်သွားပြီဖြစ်ပါတယ်။

တရုတ်ရဲ့ရေတပ်အင်အား ကြီးမားလာမှုကို  အများက စိုးရိမ်နေချိန်မှာပဲ  ပြီးခဲ့တဲ့နှစ်မှာပြုပြင်ပြီးစီးခဲ့တဲ့  လိုင်အိုနင်သင်္ဘောကြီးနဲ့  ပထမဆုံး ခရီးအဝေးဆုံး စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီသင်္ဘောဟာ ပြုပြင်မွန်းမံထားတဲ့ ဆိုဗီယက်လုပ် သင်္ဘောဖြစ်ပြီး တိုက်ခိုက်ရေးဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့သလို လေ့ကျင့်မှုတွေပါ လုပ်ဆောင်ခဲ့တာလို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

၃၇ ရက်ကြာ သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း သတ်မှတ်ထားတဲ့ လေ့ကျင့်မှုတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို စမ်းသပ်မှုတွေကလည်း  စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ရေတပ်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖေါ်ပြထားတာပါ။

လိုင်အိုနင်သင်္ဘောကြီးရဲ့ ကက်ပတိန် Zhang Zheng  ကလည်း သူတို့ဟာ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ သိပ္ပံဆိုင်ရာ သုတေသနတွေ လုပ်ရင်း   လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်မှုတွေနဲ့ အတူ လေ့ကျင့်မှုနဲ့ စမ်းသပ်မှုမျိုးစုံလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

လိုင်အိုနင် သင်္ဘောကို လေကြောင်းကရော ရေကြောင်းက စစ်သင်္ဘောတွေ ရေငုတ်သင်္ဘောတွေခြံရံပြီး စမ်းသပ်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့တုန်းကတော့ ခြံရံပြီးလိုက်ပါလာတဲ့ တရုတ်စစ်သင်္ဘောတစင်းနဲ့ အမေရိကန် ရေတပ်က USS Cowpens တို့ တိုက်မိမလို ဖြစ်ပွါးခဲ့ပေမယ့် အမေရိကန်ဘက်က အမြန်ရှောင်ပေးခဲ့ရတယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။
VOA Burmese News

ဝီဂါအကျဉ်းသားတွေ လွှတ်ပေးမှု တရုတ်ဝေဖန်


၂၀၀၆ခုနှစ်က Guantanamo အကျဉ်းထောင်က လွတ်မြောက်သွားခဲ့သူ ဝီဂါအကျဉ်းသားနှစ်ဦးကို တွေ့ရစဉ်။
ဂွတာနာမိုအကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ၀ီဂါ အကျဉ်းသားသုံးဦးကို ဆလိုဗက်ကီးယားကို ပြောင်းရွှေ့ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက် အပေါ် တရုတ်က ဝေဖန်ပြစ်တင်ပါတယ်။ အခု ဒီလူတွေဟာ ဂွာတာနာမိုမှာ အဖမ်းခံနေရတဲ့ ၀ီဂါ မွတ်ဆလင် ၂၂ ဦးအနက် နောက်ဆုံး ကျန် သူတွေဖြစ်ကြပါတယ်။ သမ္မတ အိုဘားမားအနေနဲ့က အဲဒီ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်မယ်ဆိုပြီး ကတိပေးထားတာပါ။ အဲဒီ ၀ီဂါသုံးဦးဟာ အန္တရာယ်ကြီးပြီး သူတို့ကို တရုတ်လက်ထဲ ပြန်အပ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Qin Gang က ကြာသာပတေးနေ့က ပြောပါတယ်။

သူတို့သုံးဦးဟာ East Turkestan အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့နဲ့ ပတ်သက်သူတွေဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ တရုတ်နိုင်ငံ အနောက်ခြမ်း ဆင်ဂျမ်းပြည်နယ်ကို သီးခြားခွဲထွက်ဖို့ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၀ီဂါ တတ်ကြွလှုပ်ရှားသူတွေဘက်ကတော့ သူတို့သုံးဦးဟာ တရုတ်ပြည်ကို ပြန်ပို့ခံရရင် နှိပ်စက်ညှင်းပမ်းခံရမှာဖြစ်တာကြောင့်၊ အခုလို အမေရိကန်ဖက်က ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း အမေရိကန် ၀ီဂါ အဖွဲ့က Alim Seytoff က ဗွီအိုအေကို ပြောပါတယ်။

၂၀၀၁ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲကာလမှာ သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အကြမ်းဖက်သမားတွေအဖြစ်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ သူတို့ ၂၂ ဦးလုံးကို လွှတ်ဖို့ အမေရိကန် တရားသူကြီးတဦးက အမိန့်ချပါတယ်။ ဒါပေမယ့်လည်း သူတို့ကို ဘယ်ပြန်လွှတ်ရမလဲ ဆိုတဲ့အပေါ်မှာ အမေရိကန် တာဝန်ရှိသူတွေဘက်က ခေါင်းကြီးခဲ့ရပါတယ်။

ဒီ့မတိုင်ခင် လွှတ်ပေးခဲ့တဲ့ ၀ီဂါ ၁၉ ဦးကိုလည်း အခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေချခွင့်ပေးခဲ့တာပါ။
VOA Burmese News

မန္တလေးအကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ ကျော်လွတ်၊ နိုင်ငံခြားသား ၄၀ ကျော်ပါဝင်


မန္တလေး၊မဇ္ဈိမ ။         ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးရာ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မန္တလေးအိုးဘို အကျဉ်းထောင်မှလည်း ပြစ်ဒဏ် ကျခံနေရသူ ၈၈၃ ဦး ပါဝင်ခဲ့သည်။

အဆိုပါ ၈၈၃တွင် အမျိုးသမီး ၂၀၆ဦး၊ အမျိုးသား ၆၇၇ဦး ပါဝင်ကာ ထိုအထဲတွင် နိုင်ငံခြားသား (၄၆) ဦး ပါဝင်ကြောင်း မန္တလေး အိုးဘိုထောင်မှ စုံစမ်းသိရှိရသည်။

“လွတ်ရက်စေ့ခါနီးပြီ ဆိုပေမယ့် ထောင်ထဲမှာအကြာကြီးမနေချင်ဘူး၊ ကျွန်မသားလေးကို ထောင်ထဲမှာ မွေးထားတာ နှစ်လပဲရှိသေး တယ်၊ တစ်ရက်စာ လွတ်တော့လည်း တစ်ရက် ပိုပျော်ရတာပေါ့” ဟု မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်လာသူ မအိအိဖြိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးက ၁/၂၀၁၄ ဖြင့် ဇန်န၀ါရီလ ၃ ရက်အထိ ထောင်အသီးသီးတွင် ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံရသူ အားလုံးသည်
သေဒဏ်ကျခံရသူဖြစ်ပါက ထောင်ဒဏ်တစ်သက် (ရက် အကန့် သတ်မရှိ) ရက်အကန့်အသတ်မရှိ ထောင်ဒဏ်တစ်သက်ကျခံရသူ (သေဒဏ်မှထောင်ဒဏ်၊ ရက်အကန့် အသတ်မရှိ ထောင်ဒဏ်တစ်သက်၊ အပြစ်လျော့ပေါ့ အမိန့်ချမှတ်ခံပြီးသူများ မပါ) ကို ထောင်ဒဏ်
နှစ် ၄၀ နှင့် နှစ် ၄၀ အောက် ကျခံရသူကို ပြစ်ဒဏ်၏လေးပုံတစ်ပုံ ကျခံစေရန် လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်သည်ဟု ဇန်န၀ါရီလ ၂ရက် ညနေ ၆ နာရီတွင် ထုတ်ပြန်လိုက်သည်။

“ လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးကြောင့် အကျဉ်းကျတဲ့သူတွေမပါဘူး ၊ တကယ့် နိုင်ငံရေးအကျဉ်းသားကိုကျတော့ တခြားပုဒ်မတွေ တပ်ထားတာမျိုးဖြစ်နေတာ၊ ဒီနေ့လွတ်လာတဲ့သူတွေထဲမှာလည်း လွတ်ရက် စေ့သူတွေနဲ့ လွတ်ခါနီးသူတွေပဲများတယ်” ဟု မန္တလေးမြို့ က ABSDF ရဲဘော်ဟောင်း ကိုညီညီကျော်က မဇ္ဈိမကိုပြောသည်။

ထို့ပြင် လွတ်မြောက်လာသူများထဲမှ ရပ်ဝေးသို့ပြန်ရမည့်သူများကို အကျဉ်းဦးစီးမှ တာဝန်ရှိသူများက ကားများဖြင့် မန္တလေးဘူတာကြီး
နှင့် ကားဂိတ်များသို့ လိုက်ပါပို့ ဆောင်ပေးကြောင်း သိရှိရသည်။
Mizzima Burmese

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မနှစ်ခုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်


ရန်ကုန်၊ မဇ္ဈိမ ။          ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)ကို ကန့်ကွက်သည့် အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တစ်ချို့အပါအဝင် NLDကို ထောက်ခံသူ ၂၀၀ကျော်က ဆူးလေပန်းခြံအနီးရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့တွင် ဇန်နဝါရီလ ၃ရက် နံနက် ၁၀နာရီခွဲက ဆန္ဒထုတ်ဖော်ခဲ့သည်။

သမ္မတ၊ ဒု-သမ္မတ အရည်အချင်းနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)တွင် ပါရှိသော ပုဒ်မ ၅၉(ဃ)၌ "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေးစသည့် အမြင်များရှိရမည်" ဟု ပါရှိပြီး ၅၉(စ) ၌မူ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါး ပါးသော် လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

ယင်းပုဒ်မနှစ်ခုသည် သမ္မတဖြစ်ချင်သည်ဟု ပြောထားသော ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ရန် အတားအဆီးဖြစ်စေသည့် အဓိကအချက်များဖြစ်နေသည်။

“ပုဒ်မ ၅၉(ဃ)နဲ့ ၅၉(စ)ကို အလိုမရှိလို့ပါ။ ပုဒ်မ ၅၉(ဃ)က ပြည်သူတိုင်းက သမ္မတအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိဘူး။ ဘာကြောင့်ရွေးချယ် ပိုင်ခွင့် မရှိဘူးလို့ ပြောရလဲဆိုရင် စစ်ရေးကို နားလည်ရတယ်ဆိုတဲ့ အချက်ကြောင့် မြန်မာပြည်သူတိုင်းက သမ္မတအဖြစ်ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဒုတိယအချက်က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ တစ်ခြားနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့် သူတို့က ၂၁နှစ်ပြည့်ပြီးရင် ကိုယ်ပိုင်ရပ်တည်ပိုင်ခွင့်ရှိရမယ်။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ အဲဒီအချက်တွေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာပါ”ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် NLDပါတီဝင် ဦးစန်းဝင်းအောင်က ပြောသည်။

ထိုပုဒ်မနှစ်ခုအတွက် ဆန္ဒထုတ်ဖော်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဆန္ဒပြရာ၌ NLDပါတီဝင်တစ်ချို့ အပါအဝင်၊ 1,000 Million Storng For Daw Aung San Suu Kyi in 2015နှင့် သြစတေးလျနိုင်ငံ မဲဘုံးမြို့မှ ပြည်သူများနှင့် NLDကို ထောက်ခံအားပေးသူ တစ်ချို့ ပါဝင်သည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဒေါ်မွေးက“ ဖွဲ့စည်းပုံထဲက သမ္မတအရည်အချင်းတားမြစ်ချက်ကို အန်တီတို့က သဘောမကျလို့ လာရောက်ဆန္ဒပြတာပါ။ ၅၉(ဃ)ကဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လူမျိုး တစ်ယောက်ကို လက်ထပ်ထားတဲ့အတွက် ကန့်သက်ထားတဲ့ ဥပဒေပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းသမီးလည်း ဖြစ်တယ်။ တကယ်တော့ ပြည်သူ့ဆန္ဒပါပဲ သူကမယုံကြည်လောက်တဲ့လူလို့လဲ မယူဆပါဘူး။ သူကိုယုံကြည်တဲ့အတွက် တိုင်းပြည်ကောင်းအောင်လို့ လုပ်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ Facebook မှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမယ်ဆိုလို့ ဒါတော့ ငါတို့လည်းပါသင့်တယ်ဆိုပြီးလာခဲ့တာပါ” ဟု ပြောသည်။

ယင်းဆန္ဒဖော်ထုတ်ရာတွင် ပြည်သူ၂၀၀ခန့်က" ပြည်သူရွေးချယ်တင်မြောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ) ကို အလိုမရှိ" ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ပြည်သူ ၂၀၀ခန့်က မဟာဗန္ဓုလပန်းခြံကို တစ်ပတ်လှည့်ပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။
Mizzima Burmese

ပုဂံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးများအစည်းအဝေး၌ ယခင်ဆုံးဖြတ်ချက်များကို ဆက်ဆွေးနွေးမည်


ရန်ကုန်၊ မဇ္ဈိမ ။         ။ ပုဂံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ယခုလ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခင် ဘရူးနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၃ ကြိမ်မြောက် အစည်းအဝေး ရလဒ်များ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက
ပြောသည်။

ဦးအောင်ထူးက “အစည်းအဝေးမှာ ၂၀၁၅ မှာ ထူထောင်မယ့် အာဆီယံအသိုက်အ၀န်းအောင်မြင်အောင် ထူထောင်နိုင်ရေး၊ ၂၀၁၄ ခုနှစ်မှာ မြန်မာက တာဝန်ယူရမယ့်ကိစ္စတွေအကောင်အထည်ဖော်နိုင်ရေးတွေကို ဆွေးနွေးသွားမှာပါ” ဟု မဇ္ဈိမကို တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။ သို့သော် မည်သည့်အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်ခဲ့သည်ဆိုသော အသေးစိတ်အချက်အလက်များကိုမူ ၎င်းက မပြောကြားခဲ့ပေ။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်ချိန်တွင် အဓိက စိန်ခေါ်မှုမှာ ၂၀၁၅ တွင် တစ်ခုတည်း သော အာဆီယံ အသိုက်အ၀န်း ဖြစ်ပေါ်ရေးအတွက် ပြင်ဆင် အကောင်အထည်ဖော်ရေးပင်ဖြစ်သည်ဟု ပြောကြားသည်။

ယခုကျင်းပမည့်အစည်းအဝေးသည် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်မှစ၍ အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူ အပြီး ပထမဦးဆုံးစတင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးဖြစ်ပြီး  ပြီးခဲ့သည့် လေးလခန့်မှစ၍ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ၎င်းက ပြောသည်။

အာဆီယံဆိုင်ရာအစည်းအဝေးများကျင်းပရန်အတွက် မြန်မာကျပ်ငွေ ၃၃. ၄ ဘီလျံသုံးစွဲရန် လျာထားပြီး သမ္မတရုံးမှ ဘက်ဂျက် ချပေးခြင်းဖြစ်သည်ဟု ဦးအောင်ထူးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဇန်ဝါရီလ ၁၅ ရက်မှ ၁၈ ရက်အထိ ပုဂံမြို့တွင် အာဆီယံနိုင်ငံခြားရေးရာဝန်ကြီးများ အစည်းအဝေး၊ မေလနှင့်
နိုဝင်ဘာလများတွင် နေပြည်တော်တွင် ကျင်းပမည့် ၂၃ကြိမ်နှင့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ အပါအ၀င် အစည်းအဝေးပေါင်းများစွာ ကျင်းပရမည် ဖြစ်သည်။
Mizzima Burmese

ဥပဒေမဲ့ကျူးကျော်နေခြင်းများအပေါ် မဖြေရှင်းဘဲ လက်ပိုက်ကြည့်နေမှုအား နိုင်ငံရေးပယောဂအဖြစ် ဒေသခံများသံသယ၀င်


ပန်းလှိုင်မြစ်ကမ်းနှင့် တွံတေးလမ်းဘေး ၀ဲယာတစ်လျှောက်ရှိ ဥပဒေမဲ့ ကျူးကျော်နေမှုများကို တစ်စုံတစ် ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပေါ်တွင် နိုင်ငံရေးရည်ရွယ်ချက်ရှိနေသလားဟု သံသယ၀င် လာမိကြောင်း ဒေသခံကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံမြေပိုင်ရှင်တို့က ဇန်န၀ါရီ ၂ ရက်က မီဒီယာအ ချို့နှင့် တွေ့ဆုံပြီး ထုတ်ဖော်ပြောကြားလိုက်သည်။

ဒေသခံမြေများပေါ်တွင် တုတ်ဓားလက်နက်များဖြင့် အုပ်စုဖွဲ့ ၀င်ရောက်ကျူးကျော်ခြင်းများ၊ မူလခြံစည်း ရိုးတိုင်များနှင့် ဒေသခံများအပေါ်တိုက်ခိုက်ပြီး ကျူးကျော်နေမှုကို သက်ဆိုင်ရာက ယခုအချိန်ထိ ဖြေရှင်း ဆောင်ရွက်မှုမရှိသည့်အပေါ် ဒေသခံများက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

“မနေနဲ့လို့မပြောဘူး။ စည်းမဲ့ကမ်းမဲ့ဖြစ်နေတာကို ကျွန်တော်တို့ လက်မခံပါဘူး။ အခုဟာက ဥပဒေမဲ့ လူ ဆိုးလူမိုက်တွေ လုပ်တဲ့ဟာမှန်သမျှကို ဒေသခံရွာသားတွေ ခံနေရတဲ့ ဒီမိုကရေစီဖြစ်နေပါတယ်။ နိုင်ငံ တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဟာ ဒီမိုကရေစီနိုင်ငံမှာ မရှိတော့ဘူးလား။ သိချင်တယ်။ ဒီဥပဒေမဲ့လုပ်ရပ် တွေကို လက်ပိုက်ကြည့်နေတော့မှာလား မေးချင်ပါတယ်”ဟု ပဒံရေကျော်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးလှအောင်က ပြောသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်ဝင်ရောက်ခဲ့သော ကျူးကျော်များသည် ယခုအချိန်တွင် ဒေသခံ များကိုပါ မထီမဲ့မြင်ပြုလုပ်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများ ပြုလုပ်လာသည်ဟုလည်း ဒေသခံ ရွာသားများ က ဆိုသည်။ ထို့ပြင် ဒေသခံများပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများပေါ်တွင် အတင်းဝင်ရောက်ကျူးကျော်မှု များ၊ ဒေသခံများ စိုက်ပျိုးထားသည့် သီးနှံစားပင်များအား ဖျက်ဆီးပြီး ၀င်ရောက်ကျူးကျော်မှုများပင် ရှိ လာသည်ဟု ဆိုကြသည်။

အစိုးရပိုင်မြေနှင့် ဒေသခံတို့ပိုင် ခြံဝင်းခတ်ထားသည့်မြေများကိုပါ ခြံစည်းရိုးများ ရိုက်ချိုးဖျက်ဆီး၍ ၀င် ရောက်ကျူးကျော်ထားမှုများလည်း တွေ့ရှိရသည်။

အဆိုပါ ကျူးကျော်သူများတွင် အမှန်တကယ် နေစရာမရှိသဖြင့် ၀င်ရောက်ကျူးကျော်နေသူများအပြင် ပြန်လည်ရောင်းစားရန် စီးပွားဖြစ် ကျူးကျော်နေခြင်းများလည်း ရှိနေသည်။ အဆိုပါကျူးကျော်များသည် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူများက လာရောက်ကျူးကျော်သူများ ဖြစ်သည်။ ယခုကဲ့သို့ ပိုမို ဆိုးရွားသော ဥပဒေမဲ့လုပ်ရပ်များကို သက်ဆိုင်ရာက တစ်စုံတစ်ရာပင် ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း သည် သံသယ၀င်စရာကောင်းနေသည်ဟု အဆိုပါ မီဒီယာတွေ့ဆုံပွဲသို့ လာရောက်ခဲ့သည့် NLD ပါတီမှ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်သိန်းက သုံးသပ်ပြောခဲ့သည်။

“အဖြူရောင်နယ်မြေမှာ အုပ်ချုပ်ရေးယန္တရားက တော်တော်ကို ပျော့ညံ့နေတာပါ။ ဒီလို ဥပဒေမဲ့လုပ်ရပ် တွေက လက်ခံထားလို့ မရပါဘူး”ဟု ၎င်းက ဆိုခဲ့သည်။

ထို့ပြင် ယင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များကို မဖြစ်ခင်ကပင် ကြိုတင်ထားဆီးနိုင်မှုရှိရမည်ဖြစ်ကြောင်း နှင့် အမှန်တကယ် နေစရာမရှိသော အိမ်ခြေရာမဲ့များကိုလည်း စနစ်တကျ နေရာချထားပေးမှု လိုအပ်နေ သည်ဟု မှတ်ချက်ပြုခဲ့သည်။

ထိုသို့ ဥပဒေမဲ့ ကျူးကျော်ဝင်ရောက် နေထိုင်နေသည်ဆိုသည့် ပြောကြားချက်များနှင့် ပတ်သက်၍ အဆို ပါကျူးကျော်များအား စတင်ဦးဆောင်ခေါ်လာသည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လှိုင်သာယာမြို့နယ် တာဝန်ခံ ကိုကျော်ထက်နိုင်ဘက်မှ ပြန်လည်ရှင်းလင်းရာတွင် “ကျွန်တော်တို့က ဒေသခံမြေကွက်တွေ ကို အနိုင်ကျင့်ပြီး မကျူးပါဘူး။ မြစ်ကောလို့ ပေါ်နေတဲ့ မြေနုကျွန်းပေါ်ကိုပဲ ကျူးတာပါ။ အချို့ဒေသခံမြေ တွေဆို ကျွန်တော်တို့ကပဲ မကျူးဖို့ ကာကွယ်ပေးထားပါတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေအ တိုင်းပဲ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမှာပါ”ဟု ဆိုသည်။

ကျူးကျော်ထားမှုများသည် အစိုးရပိုင်သော မြေများပေါ်တွင်သာ ကျူးကျော်ထားခြင်းဖြစ်ကြောင်းနှင့် တွံ့ တေးလမ်းမဘေး ၀ဲယာတစ်လျှောက်ရှိ ကျူးကျော်များမှာ ယင်းတို့အဖွဲ့ဖြင့် လုံးဝ သက်ဆိုင်ခြင်းမရှိ ကြောင်း မဇ္ဈိမကို ပြောထားသည်။

တွံတေး-လှိုင်သာယာတံတားအောက်ရှိ ပန်လှိုင်းမြစ်ဘေး မြေနုကျွန်းများအပါအ၀င် တွံတေးလမ်းဘေး ၀ဲယာ နှစ်ဖက်ရှိ ကျူးကျော်တဲစုစုပေါင်း ခုနစ်ထောင်ကျော်ခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။
Mizzima Burmese

အမြန်ချောပို့လုပ်ငန်း တစ်နှစ် ကျပ်သိန်း ၆၀၀ ဖြင့် ကုမ္ပဏီလေးခုကို လုပ်ခွင့်ပေး


ပြည်တွင်း အမြန်ချောပို့ဝန်ဆောင်မှုများလုပ်ကိုင်ရန်အတွက် ကုမ္ပဏီလေးခုကို တစ်နှစ်လျှင်လိုင်စင် ကြေး ကျပ်သိန်း ၆၀၀ ဖြင့် လိုင်စင်သက်တမ်းသုံးနှစ်အထိ ခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း လုပ်ငန်း လိုင်စင်ရရှိသော ကုမ္ပဏီများအနက်တစ်ခုဖြစ်သော United Courier Services (UCS) ၏ ဒါရိုက်တာ ဦးဝင်းဆန်းထွေးက မဇ္ဈိမကို ပြောသည်။

လိုင်စင်ရရှိထားသော ကုမ္ပဏီလေးခုမှာ United Courier Services (UCS) ၊MGL၊ Royal Company နှင့် SBS အမြန်ချောပို့ကုမ္ပဏီတို့ဖြစ်ပြီး ၂၀၁၄ ဇန်န၀ါရီမှ စတင်လုပ်ကိုင်ခွင့်ရရှိခြင်းဖြစ်သည်။

ဦးဝင်းဆန်းထွေးက “တစ်နှစ်ကို လိုင်စင်ကြေး ကျပ်သိန်းခြောက်ရာကို တစ်နှစ်တစ်ကြိမ်ပေးသွင်းပြီး လုပ်ကိုင်ရမယ်။ ကျွန်တော်တို့ ကုမ္ပဏီက မနှစ်တည်းက စတင်လုပ်ကိုင်ခွင့်ရရှိထားပြီး ဒီနှစ်မှာ တင်ဒါ ပြန်လျှောက်ပြီး တင်ဒါထပ်မံအောင်မြင်တာပါ” ဟု ပြောသည်။

စာတိုက်လုပ်ငန်းတွင် ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ၂၀၁၂ နှစ်လယ်မှ စတင်ကာ ပြည်တွင်းကုမ္ပဏီ သုံးခုဖြစ်သော UCS၊ MGL နှင့် IPay တို့ကို တစ်နှစ်လျှင် ကျပ်သိန်း ၅၀၀ ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ် ကာ ၂၀၁၄ ခုနှစ်တွင်စတင်၍ ကုမ္ပဏီအရေအတွက်နှင့် လိုင်စင်ကြေးများကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

အမြန်ချောပို့လုပ်ငန်းလိုင်စင်ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Royal ကုမ္ပဏီမှ ဒါရိုက်တာ ဦးမင်း မင်းဦးက“ကျွန်တော်တို့ကုမ္ပဏီက ဒီနှစ်မှ တင်ဒါဝင်ပြိုင်ပြီး လုပ်ကိုင်ခွင့်ရရှိတာပါ။ အရင်က အမြန်ချော ပို့လုပ်ငန်းတွေက လုပ်ကိုင်ခွင့်လိုင်စင်မချပေးခဲ့ဘူး။ ခုက တရားဝင် လုပ်ကိုင်ခွင့်အတွက် လိုင်စင်ခေါ် တော့ လုပ်ကိုင်ဖို့အတွက် တင်ဒါလျှောက်ခဲ့တာပါ” ဟုပြောသည်။

ဆက်သွယ်ရး၊ စာတိုက်လုပ်ငန်းအနေဖြင့် ယမန်နှစ်က တင်ဒါအောင်မြင်ကာ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများကို စာတိုက်ရုံးများတွင် ၀န်ဆောင်မှုကောင်တာ နေရာများပေးကာ လုပ်ကိုင်ခွင့်ပြုခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း ခွင့်ပြုပေးရန် ကုမ္ပဏီများဘက်က တောင်းဆိုထားသည်။

ဦးဝင်းဆန်းထွေးက “ကျွန်တော်တို့ အနေနဲ့ ၂၀၁၃ မှာ အမြန်ချောပို့ စလုပ်ပါတယ်။ အဲဒီအချိန်တုန်းက တရားမ၀င်လုပ်နေတဲ့ ကုမ္ပဏီ ၁၀ ခုလောက်ရှိတယ်။ ဒီနှစ်တော့ ဒါမျိုးတွေမလုပ်နိုင်တော့အောင် အရေး ယူပေးဖို့ ၀န်ကြီးဌာနကို တင်ပြထားတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးစာတိုက်လုပ်ငန်းတွင် ၀န်ဆောင်မှု (၁၀) မျိုးရှိသည့်အနက် ပြည်တွင်းအမြန်ချော ပို့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကိုသာ ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး ပြည်ပအမြန်ချောပို့ ၀န်ဆောင်မှုလုပ်ငန်းကိုလည်း ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရန်အတွက် တင်ဒါခေါ်ယူထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။
Mizzima Burmese

ကားအစိတ်အပိုင်းပျောက်ရှနေမှု အပြီးသတ်ဖြေရှင်းပေးမည်ဟု ပို့ဆောင်ရေးဝန်ကြီး ကတိပြု


တင်သွင်းလာသော မော်တော်ကားများ၏ ပါဝင်ပစ္စည်းအစိတ်အပိုင်းများ ပျောက်ရှနေသည်ဟု ပိုင်ရှင် များက မကြာခဏတိုင်တန်းပြောကြားနေမှုများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးသတ် ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်း အောင်က ဇန်န၀ါရီ ၂ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားလိုက်သည်။

ထို့အတွက် မော်တော်ကားပါဝင်ပစ္စည်းအစိတ်အပိုင်းများ စုံလင်ခြင်းရှိမရှိအား ယနေ့ (ဇန်န၀ါရီ ၃ရက်) မှစတင်ကာ တင်သွင်းသူကိုယ်တိုင်ကို ဆိပ်ကမ်းတွင် လာရောက်စစ်ဆေးခွင့်ပြုမည်ဖြစ်ကာ အဆိုပါ ကိစ္စအားဖြေရှင်းရန်အတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အကောက်ခွန်နှင့် စီးပွား/ကူးသန်း ၀န်ကြီးဌာနကိုပါ ဦးဉဏ်ထွန်းအောင်က တောင်းဆိုလိုက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင်က “ကားတင်သွင်းတာနဲ့ပတ်သက်လို့ ပစ္စည်းပျောက်ရှတာ တွေမရှိအောင် အပြီးသတ်ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်ထပ် ဒါတွေဘယ်တော့မှမကြားရအောင် တစ်ခါတည်း အပြီးဆောင်ရွက်မှာပါ။ ဒါကြောင့် တကယ်လို့ ယာဉ်ပိုင်ရှင် ကိုယ်တိုင်သွင်းတဲ့ကားကို သင်္ဘောပေါ်မှာ ပါလာတဲ့ပုံစံကို စစ်ဆေးချင်ရင် ခွင့်ပြုပေးမှာပါ” ဟု ပြောသည်။

ယာဉ်ပိုင်ရှင်ကိုယ်တိုင် ၀င်ရောက်စစ်ဆေးခွင့်ကိုမူ သင်္ဘောမှဆိပ်ကမ်းသို့ချသည့်အချိန်နှင့် ဆိပ်ကမ်းမှ ထုတ်ယူစဉ်အား နှစ်ကြိမ်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပါဝင်ပစ္စည်းကွာဟမှုများရှိပါက ယင်းအချိန်များတွင် တစ်ခါတည်းဖြေရှင်းရန်လိုအပ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော် မြင့်က ပြောသည်။

ဦးကျော်မြင့်က “သင်္ဘောပေါ်ကနေပြီး ဆိပ်ကမ်းက ထုတ်ယူတဲ့အချိန်အထိ အဆင့်ဆင့်ကို ဓာတ်ပုံမှတ် တမ်းနဲ့ ထားရှိပါမယ်။ အားလုံးကို တိုက်ကြည့်စစ်ဆေးပြီး လွဲမှားမှုရှိရင် အပိုင်းလိုက်တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းလုံခြုံရေးကိုလည်း တိုးမြှင့်ပြီးချထားမှာပါ။ ဆိပ်ကမ်းက ထုတ်ယူပြီးမှ ပျောက်ရှမှု ဖြစ်တာကိုတော့ တာဝန်ယူမှာမဟုတ်ပါဘူး” ဟု ပြောသည်။

ယာဉ်နှင့်အတူ ပါဝင်သည့်ပစ္စည်းများ ပျောက်ဆုံးသည်ဟုဆိုသော ဖြစ်ရပ်များ၏ ၅၀ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံ ကားလေလံဈေးကွက်မှ လေလံအောင်ကားများအား သဘောင်္ပေါ်သို့ တင်သည့်အချိန်တွင် လေလံအောင်စဉ်ကဲ့သို့ပါဝင်ပစ္စည်း အထောက်အထားများကို ယာဉ်ပိုင်ရှင်ကိုယ်တိုင်မှ တင်ပြနိုင်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း ဦးကျော်မြင့်က ဆက်လက်ပြောသည်။

ထိုသို့ လေလံအောင်စဉ်နှင့် သင်္ဘောပေါ်သို့တင်ဆောင်စဉ် ပါဝင်ပစ္စည်းကွာဟမှုများပြဿနာများသည် သင်္ဘောတင်စရိတ်လျော့နည်းစေရန် အပိုပစ္စည်းများအား ဂျပန်သင်္ဘောဆိပ်ကမ်း၌ပင် ချန်ထားခဲ့ခြင်း များက အများဆုံးဖြစ်ကြောင်း မော်တော်ယာဉ်ထုတ်လုပ်တင်သွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က ပြောသည်။

ဦးဋ္ဌေးအောင်က “လေလံအောင်တဲ့အချိန်နဲ့ သင်္ဘောတင်တဲ့အချိန်မှာ ပစ္စည်းကွာတဲ့အချက်ကတော့ အချို့ကားတွေမှာက ကားရဲ့အမိုးပေါ်မှာပါတဲ့ပစ္စည်းနဲ့ ရှေ့ဘန်ဘာတွေ သာမန်ကားတွေထက် ရှည် တာမျိုးရှိတယ်။ အဲဒါဆိုရင် သင်္ဘောတင်ခကဈေးကြီး ဒါကြောင့်ဖြုတ်ပြီး ဂျပန်ဆိပ်ကမ်းမှာပဲ ထားခဲ့ရ တာမျိုးရှိတယ်။ ဒါကို ယာဉ်ပိုင်ရှင်တွေက နားလည်ဖို့လိုတယ်” ဟု ပြောသည်။

မော်တော်ယာဉ်တင်သွင်းခွင့်ပေးခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တွင် ၂၃၁,၆၀၈ စီး တင်သွင်းထားကြောင်း ဆိပ်ကမ်းအာဏာပိုင်စာရင်းများတွင် ဖော်ပြထားသည်။
Mizzima Burmese

ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းနှင့် ချင်းပြည်နယ် ခရီးစဉ် ဇန်နဝါရီလ ၆ ရက်နေ့စမည်



ရန်ကုန်၊ ဇန်နဝါရီ ၂

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ရယူရေး လူထု တွေ့ဆုံပွဲများတွက် ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှုများ ပြုလုပ်နေသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့သို့ သွားရောက်မည့် ခရီးစဉ်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မြို့နယ်အသီးသီးရှိ NLD ပါတီဝင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကလေးမြို့မှ ခုနစ်မိုင် အကွာတွင်ရှိသော စံသိုက်ကျေးရွာ ကျောင်းဖွင့်ပွဲသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ယင်းကျောင်းဖွင့်ပွဲသို့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ကြွရောက်မည် ဖြစ်ကြောင်း၊ ယင်းနောက် ချင်းပြည်နယ်သို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း NLD ပါတီဝင်များက ဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဟားခါးမြို့၌ ချင်းလူထုနှင့် တွေဆုံကာ ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းနောက် ကလေးမြို့သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကလေးမြို့၊ စတောင်မ် ဘောလုံးကွင်းတွင် လူထုတွေ့ဆုံ ဟောပြောပွဲ ကျင်းပကာ နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက်နှစ်ဖက်မှ ခြေမနှစ်ချောင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် အထူးကု ဆေးရုံတွင် ခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ရပြီး ခွဲစိတ်ဒဏ်ရာကြောင့် ၁၀ ရက်ခန့် အနားယူခဲ့ရသည်။

ယင်းခွဲစိတ်မှု မပြုလုပ်မီ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၄ ရက်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ် (ရန်ကုန်တိုင်း) ရှိ ပြည်သူများနှင့် လည်းကောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သာယာဝတီလူထုနှင့် လည်းကောင်း တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် မိန့်ခွန်း ပြောကြားခဲ့သည်။
The Voice Weekly Myanmar

အကယ်ဒမီရပြီးနောက်ပိုင်း ဖွေးဖွေးနဲ့ ယွန်းယွန်းတို့ အနုပညာလောကထဲမှာ ဘယ်လိုဆက်ပြီး ရပ်တည်ကြမလဲ


အနုပညာလောကထဲတွင် နာမည်ရ ထင်ရှားလာသူများ အများအပြားရှိသည်။ ယင်းတို့ထဲတွင် နာမည် ကြီး အနုပညာရှင်များအဖြစ် သက်တမ်းကြာရှည်စွာ ရပ်တည် လာကြသူများရှိကြသလို၊ တချို့သည် အနုပညာသက်တမ်းနုစွာဖြင့် ၀င်ရောက်လာကြသော်လည်း အနုပညာလောကထဲတွင် နာမည်ရထင်ရှား လာကြသူများ ရှိကြသည်။ ယင်းတို့ထဲတွင် မျိုးဆက်သစ်အနုပညာရှင်များ အများအပြား ပေါ်ထွက်လို့ နေသည်။

ထို့ကြောင့် ယခုနှစ်တွင်လည်း အနုပညာသက်တမ်း နည်းပါးသော်လည်း ပရိသတ် အားပေးခြင်းကိုခံနေရ သည့် မျိုးဆက်သစ် အနုပညာရှင်နှစ်ဦး ပေါ်ထွက်လို့လာသည်ကို တွေ့မြင်ရသည်။ ယင်းတို့သည် လက်ပံဇာတ်ကားဖြင့် အကယ်ဒမီကိုရရှိခဲ့သည့် ဖွေးဖွေးသည် အနုပညာသက်တမ်း စစချင်းနှစ်မှာပင် ဒါရိုက် တာဝိုင်း၏ တစ်လထိစခန်းသွင်း သင်ကြားပေးမှုများနှင့် သူမ၏ အနုပညာ ဈာန်ဝင်စားမှုများကြောင့် ပရိ သတ်အားပေးခြင်းကို ခံခဲ့ရသည့်အပြင် ယခုနှစ်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

“ဖွေး အကောင်းဆုံးကြိုးစားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖွေးကလည်း ငယ်သေးတဲ့အပြင် အနုပညာ သက်ကလည်း နုသေးပါတယ်။ ဖွေး အကယ်ဒမီရရှိခဲ့ပေမယ့် အနုပညာကြေးကတော့ အရင်တိုင်းပါပဲ။ မတက်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ကလည်း ဒီအနုပညာအလုပ်ကို လုပ်တယ်။ အခုလည်း ဒီအနု ပညာအလုပ်တွေကို လုပ်နေရတာပဲလေ။ ဖွေးရဲ့အနုပညာကို အသိအမှတ်ပြုခြင်းကို ပရိသတ်တွေဆီက ရရှိခဲ့တာကြောင့် ဆက်ပြီးလည်း အကောင်းဆုံး ကြိုးစားနေမှပါပဲ” ဟု အကယ်ဒမီဖွေးဖွေးက ပြောသည်။

ဖွေးဖွေးအနေဖြင့် အနုပညာအလုပ်များကို အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး သူမအနေဖြင့် အနု ပညာလောကတွင် ရေရှည်ရပ်တည်နိုင်ရန် အဘက်ဘက်မှ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကယ်ဒမီရရှိပြီး နောက်ပိုင်းတွင် တချို့သော အနုပညာရှင်များသည် ဇာတ်ကားများ ပိုမိုရိုက်ကူးခွင့်ရရှိ ခဲ့ပြီး တချို့သည် အနုပညာကြေးများကို ပိုမိုတိုးမြှင့်ခြင်းများလည်း ရှိသည်။ သို့သော် တချို့သည် အနု ပညာကြေးများ ယခင်အတိုင်းသာ ဆက်လက်ရှိခဲ့ခြင်းကြောင့် ထုတ်လုပ်သူများ၊ ဒါရိုက်တာများ အဆင် ပြေခဲ့ကြသည်။ ယခုလို အကယ်ဒမီရရှိပြီး နောက်ပိုင်းတွင် အများစုသည် ပရိသတ်များအားပေးမှုကို ပိုမို ရရှိခဲ့သော်လည်း အနုပညာလောက နှင့် တဖြည်းဖြည်း ဝေးကွာမှုများကိုလည်း တွေ့ရှိရပြီး တချို့သည် လုံးဝပျောက်ကွယ်သွားသည်အထိ ရှိကြပြန်သည်။

“သမီးအနေနဲ့ အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်ဖြစ်သွားမှာပါ။ သမီးရဲ့ အနုပညာကြေးတွေကိုတော့ တက်တယ်ဆိုတာမျိုး မရှိပါဘူး။ အကောင်းဆုံး အဆင်ပြေအောင် လုပ်သွားကြမှာပါ။ သမီး ကားတွေ ဆက်ရိုက်မယ် ဆိုပေမယ့် ကျောင်းစာဘက်ကိုလည်း မလစ်ဟင်းရအောင်လို့ လုပ်သွားမှာပါ။ ရိုက်ကူး ရေးအတွက်ကိုတော့ နောက်ပိုင်း တဖြည်းဖြည်း နားရတော့မှာပါ။ ကျောင်းစာတွေလည်း ရှိလာတော့ လေ” ဟု ယခုနှစ်၏ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားတွင် ကလေးသရုပ်ဆောင် အထူးဆုရရှိခဲ့သည့် ယွန်းယွန်း ကပြောသည်။

မြန်မာနိုင်ငံ၏ အကယ်ဒမီပေးအပ်ခဲ့သည့် သမိုင်းတွင် ကလေးသရုပ်ဆောင် အထူးဆုအဖြစ် ပေးအပ်ချီး မြင့်ခြင်းမှာ နည်းပါးခဲ့သည်။ ယခု ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် အထူးဆုဖြစ်သည့် ကလေးဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယွန်းယွန်းသည် တိမ်မင်းသမီး ဇာတ်ကားကို အသက်(၁၀) နှစ် အချိန်တွင်ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုကို ရရှိသည့်အချိန်တွင် ၁၄ နှစ်ရှိပြီဖြစ်သည်။ ယွန်းယွန်းကဲ့သို့ အနုပညာလောကတွင် ပရိသတ် အားပေးမှုများရရှိခဲ့သည့် နာမည်ရ ကလေးသရုပ်ဆောင်များသည် လည်း အနုပညာလောကထဲတွင် ထင်ရှားပြီး လူကြိုက်များကြသည်။

ယင်းတို့သည် ၁၉၅၅ခုနှစ်တွင် ဖိုးပြုံးချိုဇာတ်ကားဖြင့် ကလေးသရုပ်ဆောင် ဆုရရှိခဲ့သည့် ၀င်းမာလေး၊ ၁၉၇၇ တွင် ကလေး သရုပ်ဆောင်ဆုရရှိခဲ့သည့် အောင် ထွန်းလေး (အဖေ တစ်ခုသားတစ်ခု)၊ ၁၉၇၈ ခုနှစ်တွင် မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ဇာတ်ကားဖြင့် ရရှိခဲ့သည့် အင်္ဂလန်စိန်၊ ၁၉၉၉ ခုနှစ်တွင် ရင်ထဲ က ဆောင်းရာသီ ဇာတ်ကားဖြင့် အကယ်ဒမီဆုရရှိခဲ့သည့် အိဖြူစိုးတို့ ဖြစ်သည်။ ယင်းတို့သည် အကယ် ဒမီရရှိခဲ့ပြီးနောက်ပိုင်းတွင် ဇာတ်ကားများကို ရိုက်ကူးခြင်းရှိခဲ့သော်လည်း တဖြည်းဖြည်း အနုပညာလော ကနှင့်ဝေးကွာပြီး ပျောက်သွားခဲ့သည်ကိုလည်း မြင်တွေ့ကြရသည်။

ယင်းတို့ ဆက်လက်မရိုက်ကူးခြင်းကို ပရိသတ်များ စိတ်ဝင်စားလျက် ရှိခဲ့ကြသည်။ ယခုဆုရရှိခဲ့သည့် ယွန်းယွန်းသည်လည်း အနုပညာလောကတွင် ဆက်လက်ပြီး အနုပညာအလုပ်များကို ဆက်လုပ်ခြင်း မလုပ်ခြင်းကို အားလုံးအတွက် စိတ်ဝင်စားမှုများ ရှိနေပြန်သည်။ သို့သော် အနုပညာကို ၀ါသနာပါသူ တစ်ဦးဖြစ်သည့် ယွန်းယွန်းသည် ဆယ်ကျော်သက်ကုန်လွန်ပြီး ပရိသတ်များ၏ မင်းသမီးအဖြစ် မြင်လို သည့်ဆန္ဒများသည် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
Written by  ဘုန်းနေလ-ဒဂုံတက္ကသိုလ်
Mizzima Burmese

Myanmar Ink ရဲ့ လတ်တလော ပန်းချီပြပွဲ

အကြီးကြည့်ရန် ပုံပေါ်တွင် ကလစ်နှိပ်ပါ။


ဧရာဝတီ အင်္ဂလိပ်ပိုင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြခဲ့တဲ့ ပန်းချီကား ဓာတ်ပုံတွေပါ။

ရန်ကုန်မြို့လယ်မှာရှိတဲ့ Myanmar Ink Art Gallery မှာ ပြသထားတဲ့ ပန်းချီပြပွဲတင်ကားများပါ။

ပြခန်းလိပ်စာက အမှတ် ၃၂/၁၊ အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဖြစ်ပါတယ်။

နာမည်ကျော် ဖေညွန့်ဝေ အပါအ၀င် ပန်းချီဆရာအများအပြားရဲ့ လက်ရာ ၂၅ ခု ပါဝင်တဲ့ ဒီပွဲကို သဘက်ခါ စနေနေ့အထိ ပြသထားမယ်လို့ ဆိုပါတယ်။

ဒေါ်လာ ၁၅၀ နဲ့ ၇၀၀ ကြား ရောင်းဈေး သတ်မှတ်ထားတဲ့  ပန်းချီကားများဖြစ်ပါတယ်။

အမျိုးအစားတွေက realism, nudes, landscapes, portraits စသဖြင့် အစုံအလင်ပါပဲ။

လေ့လာဖို့ ခံစားဖို့ ပန်းချီကား ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။














ဧရာဝတီ သတင်း

မွေးနှစ်ကွာသွားသော အမွှာပူးလေး နှစ်စုံ

Myawady News



ဇန်နဝါရီ ၃။

နှစ်သစ်ကူးညက လူအများစု ပျော်ရွင်နေချိန်တွင် အမေရိက၊ ၀ါရှင်တန်ဒီစီမှ မိခင်တစ်ဦးနှင့် တိုရွန်းတိုးမှ မိခင် တစ်ဦးတို့မှာ သူတို့၏ အမွှားပူးကလေးများကို အောင်မြင်စွာမွေးဖွားခဲ့ကြရင်း နှစ်သစ်ကူးခဲ့ ကြရသည်။ သူတို့နှစ်ဦစလုံး တွင် တူညီသည့် ထူးခြားချက်မှာ နှစ်ယောက်စလုံးက အမွှာပူးကိုယ်ဝန်ကို လွယ်ထားခဲ့ကြပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် ၂၀၁၃ခုနှစ်၏ နောက်ဆုံး ကလေးနှင့် ၂၀၁၄ခုနှစ်၏ ပထမဆုံး ရင်သွေးကို မွေးဖွားပေးကြသူများ ဖြစ်လာကြသည်။



ဒီဇင်ဘာ ၃၁ရက်ညက အမေရိကနိုင်ငံ ၀ါရှင်တန်ဒီစီမြို့၊ မဒ်စကားဝါရှင်တန်ဆေး၇ုံတွင် မိခင် ရယ်လန်နီဆန်တို့စ်တို ဟာလင်နိုသည် သူမ၏ကလေး လိုရိန်းရယ်နီဘက်ဂါဇိုဟု အမည်ပေးလိုက်သည့် မိန်းကလေးတစ်ဦးကို စတင်ဖွားနိုင်ခဲ့ သည်။ သူမသည် ၆ပေါင် ၄.၅အောင်စမျှ ရှိသည်။



သူမကိုမွေးပြီးနောက် ဇန်န၀ါရီလ ၁ရက် ၂၀၁၄ခုနှစ် နံနက် ၁၂နာရီ၁မိနစ်တွင် မောင်ဖြစ်သူ ဘ၇န်ဒန်ဖာဒင်န်ဒိုဘက်ဂါဇိုကို ထက်မံ မွေးဖွားခဲ့သည်။ သူသည် ၅ပေါင် ၁၀.၄အောင်စ ရှိသည်။ ကလေးများ၏ ဖခင် ၀ါရန်ဘက်ဂါဇိုက ယခုရင်သွေးများမှာ ဇနီးသည်၏ သားဦကိုယ်ဝန်များဖြစ်ကြောင်းနှင့် သူမကိုကြည့်ရသည်မှာ အလွန် ၀မ်းသာရွှင်လန်း နေသည့်ပုံရကြောင်း အေဘီစီသတင်း ဌာနသို့ ပြောကြားခဲ့သည်။



တိုရန်းတိုးမှ ထရီလီယံတောင်ကြားဆေးရုံတွင်လည်း အမွှာပူးညီအစ်မ နှစ်ယောက်ကို နှစ်ခြားပြီး မွေးဖွားနိုင်ခဲ့သည်။ အမဖြစ်သူ ဂါဘရီလာ ဆယ်လ်ဂွာရိုကို ဒီဇင်ဘာ ၃၁၇က် ၁၁နာရီ ၅၂မိနစ်တွင်မွေးဖွားခဲ့ပြီး ကျန်တစ်ဦးဖြစ်သော ဆိုဖိုရာဆယ်လ်ဂွာရိုကို ဇန်န၀ါရီ ၁ရက် ၁၂နာရီ ၃၈စက္ကန့်တွင် မွေးဖွာခဲ့သည်။ အစ်မဖြစ်သူသည် ၆ပေါင် ၁၆အောင်စရှိပြီး ညီမမှာ ၅ပေါင် ၁၃အောင်စ ရှိသည်။



မိခင်ဖြစ်သူ လင်ဆေးဆယ်လ်ဂွာရိုက ကလေးနှစ်ယောက်သည် လူဘ၀ထဲသို့ ရွှေလက်မှတ် ကိုယ်စီဖြင့် ထူးထူးခြားခြား ရောက်လာပုံ ရကြောင်း ပျော်ရွင်စွာပြောပြခဲ့သည်။



Ref: ABC
မြ၀တီ

မိဘမဲ့ကလေးများကျောင်းနှင့် ဘကကျောင်း လိပ်စာများ


==============================

ပရဟိတလှူဒါန်းချင်သူများအတွက် ကူညီမှု လိုအပ်သောနေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁)ဗုဒ္ဓဓိတာ သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။ ကျွန်တော်တို့ နေထိုင်ရာမြန်မာပြည်မှာလည်းရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေကြဆဲပါ၊အမိအဖမဲ့ ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။ ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက် မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါစို့ဗျာ..။

ရွှေအိမ်စည်စာကြည့်တိုက်မှ ပြန်လည်မျှဝေပါသည်။
မြ၀တီ

မွန်ပြည်နယ် လွှတ်တော်သစ်ရှေ့ အများပြည်သူ ဆန္ဒဖော်ထုတ်ရန် နေရာ ထားမည်




မော်လမြိုင်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်ရုံးသစ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သံလွင် ဥယျာဉ်ပန်းခြံဝင်းအတွင်း ရွှေ့ပြောင်း တည်ဆောက်ရာတွင် အများပြည်သူများ ဆန္ဒဖော်ထုတ်ရန် နေရာတစ်ခုကို ထားရှိပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ရေးရာ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ပြည်နယ် လွှတ်တော်ရုံးသည် ပြည်နယ်အစိုးရရုံး၏ အနောက်ဘက်တွင် တည်ရှိနေလျက်ရှိရာ လွှတ်တော်ရုံးသို့ အများပြည်သူ အဝင်အထွက်ပြုရန် အခက်အခဲများ ရှိသောကြောင့် ယခုလို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်က ချပေးမည့် ကျပ်သိန်း ၄၅၀၀ ကုန်ကျခံ တည်ဆောက်မည့် မွန်ပြည်နယ် လွှတ်တော်တွင် အစည်းအဝေးခန်းမမှာ ကျယ်ဝန်းလာမည် ဖြစ်သဖြင့် အစည်းအဝေးမှ ဆွေးနွေးချက်များ၊ မေးခွန်းများ၊ ဥပဒေကြမ်းများနှင့် အဆိုများကို ဝေဖန်လိုသူ စိတ်ဝင်စားသူ ပြည်သူများ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အသစ်ဆောက်မယ့် လွှတ်တော်က သုံးထပ်အဆောင် တစ်ခုနဲ့ နှစ်ထပ်အဆောင် တစ်ခုဆိုတော့ နေရာကျယ်သွားပြီး။ အခုတော့ သံလွင်ဥယျာဉ်ထဲက စည်ပင်ပိုင် မြေနေရာကို ညှိနှိုင်းနေတယ်” ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ဆိုသည်။

သတ္တမအကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမပုံမှန် အစည်းဝေးအထိ လွှတ်တော်၏ နေရာအခက်အခဲ များကြောင့် လွှတ်တော်တွင် အများပြည်သူ တက်ရောက် နားထောင်ခွင့်များ မရရှိခဲ့သော်လည်း လာမည့် ရှစ်ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် နိုင်ငံရေး ပါတီတိုင်းမှ ပါတီဝင် နှစ်ဦးစီကို တက်ရောက် နားထောင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။

“လွှတ်တော်ရုံးဆိုတာ လူတန်းစား မခွဲခြားဘဲ ပြည်သူတွေနဲ့ အများဆုံး ထိတွေ့တဲ့ နေရာဖြစ်တယ်။ ပြည်သူတွေ့ရဲ့ အခက်အခဲတွေကို သူတို့ မဲပေးထားတဲ့ လွှတ်တော် အမတ်တွေဆီမှာ လာတောင်းဆို ရမယ်။ နောက်ဆုံး သူတို့ အခက်အခဲတွေကို ပြင်ပမှာ ဆန္ဒဖော်ထုတ်လို့ မရရင် လွှတ်တော်ရှေ့မှာ ဆန္ဒဖော်ထုတ်နိုင်အောင် ဆန္ဒဖော်ထုတ်တဲ့ နေရာကို စီစဉ်သွားမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

The Voice Weekly Myanmar

မြန်မာကိုကိုင်လှုပ်ခဲ့သော ဖြစ်ရပ် (၁၀)




----------------------------

- ဆီးဂိမ်းအောင်မြင်စွာကျင်းပခြင်း
နှစ်ပေါင်း ၄၄ နှစ်အကြာမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သော အရှေ့တောင်အာရှ၏ အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဆီးဂိမ်းပြိုင်ပွဲကို နေပြည်တော်ကို ဗဟိုပြု၍ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် စသည့်နေရာများတွင် ဒီဇင်ဘာ ၄ ရက်မှ နောက်ဆုံးနေ့ ဒီဇင်ဘာ ၂၂ ရက်အထိ အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့သောကြောင့် မြန်မာပြည်သူပြည်သားများအတွက် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို နိုင်ငံတကာအဆင့်မီနည်းပညာဖြင့် ဒေသတွင်းနိုင်ငံများ၏ မီဒီယာများရှေ့တွင် အံ့သြသွားအောင် ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် နည်းပညာပေါင်းစပ်တင်ပြနိုင်ခဲ့သည်။

အားကစားရေးရာကျွမ်းကျင်သူများနှင့် ပြည်သူများက မျှော်လင့်ချက်များစွာ မထားသည့်ကြားမှ ရွှေဆု ၈၆ အပါအ၀င် ဆုတံဆိပ်စုစုပေါင်း ၂၀၀ ကျော်ဖြင့် ဆုတံဆိပ် ဒုတိယအများဆုံးရရှိသော နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့သည်။ အားကစားဝန်ကြီးဌာနက ရွှေတံဆိပ်ဆု ၁၀၀ ရရန် မျှော်မှန်းပြီး ၈၆ ခုရရှိကာ ရည်မှန်းချက်မပြည့်မီခဲ့သော်လည်း ထိုရပ်တည်မှုက ပြည်သူများကို ပျော်ရွှင်စေခဲ့သည်။

ထိုဆုတံဆိပ်ရရှိမှုတွင်ရော၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်မှုတွင်ပါ အများစုမျှော်မှန်းထားသည်ထက် ပိုမိုရရှိအောင် စွမ်းဆောင်ပြခဲ့ပြီး ကမ္ဘာကို မြန်မာပြန်လာတော့မည်ဟု အချက်ပြနိုင်သည်။

- ဗုံးရက်သတ္တပတ်
၂၀၁၃ အောက်တိုဘာ ၉ မှ ၂၀ရက်အတွင်း နိုင်ငံတစ်ဝန်းဗုံး ၁၁ နေရာပေါက်ကွဲပြီး မပေါက်ကွဲသေးသော ဗုံးများကို လေးနေရာတွင် တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် ဖြူးမြို့စာကြည့်တိုက်ရှေ့ရှိ ခရီးသည်တင်ယာဉ်ပေါ်၌ ဗုံးတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၁၁ ရက် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း၌ ဗုံးပေါက်ကွဲမှုစကာ ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်၊ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်ဝင်းအအပါအ၀င် ၁၂ ရက်အတွင်း ဗုံး ၁၁ နေရာ ပေါက်ကွဲပြီး တစ်နိုင်ငံလုံးထိတ်လန့်ခဲ့ကြသည်။

ရန်ကုန်တစ်မြို့လုံး လုံခြုံရေးတိုးမြှင့်ထားစဉ်မှာပင် ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သော ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှု၌ အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားရာ စစ်ကိုင်းမြို့၌ အောက်တိုဘာ ၁၅ ရက်တွင် ရွှေပြည်စုံဟိုတယ်စားသောက်ဆိုင်နှင့် ဆွမ်းဦးပုညရှင်အ၀င်လမ်းတို့၌ ပေါက်ကွဲခဲ့သည်။ အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း နမ့်ခမ်းမြို့၌ ဗုံးလေးကြိမ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံးများကိုလည်း လေးနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားခဲ့ရသေးသည်။ ထိုပေါက်ကွဲမှုများကြောင့် သုံးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။

- ပြည်ပအတိုက်အခံများနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ရန်ကုန်သို့ အများဆုံးလာ
၂၀၁၃ ခုနှစ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ပြည်တွင်းသို့ အများဆုံးလာရောက်သော နှစ်တစ်နှစ်ဖြစ်သည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ အစိုးရစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်သည် ပထမဆုံးပြည်တွင်းခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ မြစ်ကြီးနားမှလေကြောင်းဖြင့် နိုဝင်ဘာ ၁၇ ရက် ညပိုင်းကလာရောက်ခဲ့သည်။

ထို့အတူ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးရန် နေပြည်တော်သို့ ဇွန်လ ၉ ရက် ညနေပိုင်းက လာရောက်ခဲ့ကြသည်။

နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာသော ခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးနှင့် အဖွဲ့ဝင်နှစ်ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးအဖြစ် နိုဝင်ဘာ ၂၃ ရက် ညနေတွင် ရန်ကုန်မြို့ကို ရောက်ရှိလာသည်။

UNFC ဒုတိယဥက္ကဋ္ဌ(၁) အေဘယ်တွိဒ်၊ ဒုတိယဥက္ကဋ္ဌ(၂) ဖဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အခြားကိုယ်စားလှယ်နှစ်ဦးတို့ လိုက်ပါလာပြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သည်။

အစိုးရနှင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာအတွင်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်(ခ)ဗိုလ်နှုတ်ခမ်းမွေးသည်လည်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံ၌ ဒီဇင်ဘာလတတိယပတ်အတွင်းက ဆေးကုသမှုခံယူခဲ့သည်။

- ပုဂ္ဂလိကသတင်းစာများ ပြန်လည်ထုတ်ခွင့်ရ
စစ်အစိုးရလက်ထက်တစ်လျှောက်လုံး နှစ်ပေါင်းငါးဆယ်နီးပါး ထုတ်ဝေခွင့်မရရှိခဲ့သော ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်ထုတ်ဝေခွင့်ပြုသည်။ ဧပြီ ၁ ရက်တွင် The Voice ၊ ပြည်ထောင်စုနေ့စဉ်၊ စံတော်ချိန်နှင့် ရွှေနိုင်ငံ စသည့်သတင်းစာလေးမျိုး စတင်ထွက်ရှိခဲ့ပြီး တစ်လခန့်အကြာတွင် ဂျာနယ်ဈေးကွက်၌ အောင်မြင်မှုရရှိထားသော 7 Day Dialy, The Daily Eleven ၊ ရန်ကုန်တိုင်းမ် စသည့်သတင်းစာများ ဆက်တိုက်ထွက်ရှိလာသည်။ သတင်းတင်ဆက်မှုနှင့် အပြင်အဆင်ပိုင်းတွင် စံနှုန်းပြည့်မီသော်လည်း သတင်းစာတိုက်အများစုမှာ အခြေခံစက်ပစ္စည်း၊ အဆောက်အအုံမပြည့်စုံမှု၊ အစိုးရဌာနအချို့၌ သတင်းရယူရန်ခက်ခဲမှု၊ ငွေကြေးအရင်းအနှီးမတောင့်တင်းမှုနှင့် လူသားအရင်းအမြစ်ရှားပါးမှုတို့အပြင် နိုင်ငံပိုင်သတင်းစာနှစ်စောင်က အစိုးရနှင့်နီးစပ်သည့်သတင်းများကို လက်ဝါးကြီးအုပ်ထုတ်ပြန်မှုများရှိနေဆဲဖြစ်၍ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ရေရှည်ရပ်တည်ရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ အရှုံးကိုတောင့်မခံနိုင်၍ ထုတ်ဝေမှုရပ်ဆိုင်းသွားသည့် သတင်းစာအချို့ရှိခဲ့ပြီး သတင်းစာထုတ်ဝေလိုက်ခြင်းကြောင့် စာဖတ်သူအခိုင်အမာရရှိထားသောဂျာနယ်ကို ရပ်တန့်လိုက်သည့် ထုတ်ဝေသူများမှာလည်း မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့်အတွက် မိမိတို့ဂျာနယ်ကို ပြန်လည်ထုတ်ဝေခဲ့ရသည်။ လက်ရှိအချိန်တွင် အစိုးရက ထုတ်ဝေခွင့်ပြုထားသော သတင်းစာပေါင်း ၂၆ စောင်ရှိပြီး ဈေးကွက်တွင် ကိုးစောင်ခန့်သာ ထုတ်ဝေလျက်ရှိသည်။

- အကြမ်းဖက်မှုအများဆုံးဖြစ်သောနှစ်
မိတ္ထီလာတွင် မတ်လ ၂၀ ရက် နံနက်က ဈေးရောင်းဈေးဝယ်ပြဿနာမှ စတင်သော ပဋိပက္ခသည် သုံးရက်တိုင် နေ့ရောညပါ မီးရှို့သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မတ်လ ၂၀ ရက် နံနက် ၉ နာရီခွဲတွင် မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်သို့ ပြွန်ကောက်ကျေးရွာမှ မြေးအဘိုးသုံးဦး ရွှေဆံညှပ်လာရောင်းရာ ရောင်းမှား၊ ၀ယ်မှားဖြစ်ကာ အချင်းများပြီး ဆိုင်မှလူများက ရွှေရောင်းသူကို ရိုက်နှက်ခဲ့ကြသည်။ ထိုသတင်းကိုကြားပြီး အခြားဘာသာဝင်များက ရိုက်နှက်သည်ဆိုကာ မကျေနပ်ဘဲ ဒေါသထွက်နေသော မြို့ခံအချို့က ရွှေဆိုင်တန်းကို ဖျက်ဆီးခဲ့သည်။ ထို့နောက် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ထိုနေ့ညနေပိုင်းတွင် ဟံဇားကျေးရွာမှ ဈေးဝယ်ထွက်လာသော ဆရာတော်ကို အစ္စလာမ်ဘာသာဝင်အချို့က အကြမ်းဖက်မီးရှို့သတ်ဖြတ်ရာမှတစ်ဆင့် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် မိတ္ထီလာအကြမ်းဖက်မှု မီးအဟုန်ပြင်းပြင်းတောက်လောင်တော့သည်။

ထိုကြောင့် မိတ္ထီလာမြို့နှင့်အနီးတစ်ဝိုက်ရှိ မြို့များသို့ပါ ကူးစက်လာခဲ့ပြီး ညမထွက်ရအမိန့်များ ထုတ်ပြန်သည်။ မတ်လ ၂၃ ရက် နံနက် ၁၁ နာရီအချိန်မှသာ စစ်တပ်မှ ၀င်ရောက်ထိန်းသိမ်းနိုင်ခဲ့သည်။ ပဋိပက္ခဖြစ်စဉ် လေးရက်အတွင်း လူလေးဆယ်ကျော်သေဆုံးကာ၊ နေအိမ် ၁၅၀၀ ကျော် မီးလောင်ခဲ့ပြီး လူဦးရေတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

မိတ္ထီလာပဋိပက္ခနှင့်စပ်ဆက်ပြီး မတ်လ ၂၄ ရက်မှ ၂၉ ရက်အတွင်း၌ ပဲခူးတိုင်းဒေသအတွင်းရှိ မြို့နယ်ရှစ်ခုတွင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများဖြစ်ပွားကာ လူနေအိမ်၊ ဈေးဆိုင်နှင့် ဘာသာရေးအဆောက်အအုံတစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့နောက် ဧပြီ ၃၁ ရက်တွင် ဥက္ကံမြို့၌ ဆွမ်းခံကြွလာသော ကိုရင်နှင့် ဘာသာခြားအမျိုးသမီးတစ်ဦး တိုက်ရာမှစတင်ကာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး လူနေအိမ် ၁၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဥက္ကံပဋိပက္ခဖြစ်ပွားခဲ့ပြန်သည်။

မေလတွင် လားရှိုးမြို့၌ အလားတူပဋိပက္ခထပ်မံဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ အဆောက်အအုံ ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင်လည်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုဖြစ်ပွား၍ လူငါးဦးသေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ အကြမ်းဖက်မှုဖြစ်စဉ်တိုင်းတွင် မဖြစ်ပွားမီ အမုန်းတရားပြင်းထန်အောင် လှုံ့ဆော်မှုများရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပေါင်း ၁၄ မြို့၌ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ထိုပဋိပက္ခများကြောင့် လူ ၅၀ ခန့်ကျော် သေဆုံးကာ လူနေအိမ်နှင့် အဆောက်အအုံ စုစုပေါင်းနှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အကြမ်းဖက်မှုမီးများမှာ ပြည်တွင်း၌မပြီးသေးဘဲ မလေးရှားတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာများကို ဘင်္ဂါလီအပါအ၀င် အခြားသူများက အကြမ်းဖက်ခဲ့၍ လူ ၁၅ ဦး သေဆုံးခဲ့သည်။

- မယ်စကြ၀ဠာပြိုင်ပွဲသို့ ၅၂ နှစ်အတွင်း ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နိုဝင်ဘာ ၉ ရက်က ကျင်းပပြုလုပ်ခဲ့သော (၆၁)ကြိမ်မြောက် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်က နှစ်ပေါင်း ၅၂ နှစ်အကြာတွင် ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာအကြာတွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာကိုယ်စားပြုအလှမယ်ကို နိုင်ငံတကာမီဒီယာများက အလေးထားဖော်ပြပေးခဲ့ကာ ဆုတံဆိပ်တစ်ခုခုရရှိရန် ထင်ကြေးပေးခံရသော်လည်း ဆုမရရှိခဲ့ပေ။ ယခုအကြိမ်သည် မြန်မာနိုင်ငံအနေဖြင့် မယ်စကြ၀ဠာပြိုင်ပွဲတွင် စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်၌ ပြုလုပ်ခဲ့သော မယ်စကြ၀ဠာပြိုင်ပွဲတွင်သာ ဆုတစ်ဆုရရှိခဲ့ဖူးသည်။

- ပတ်ဆောင်ဟွာအလွဲနှင့် မြန်မာရေတိမ်နစ်ခြင်း
ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသားဘောလုံးအသင်းနှင့် နည်းပြချုပ်ပတ်ဆောင်ဟွာတို့သည်လည်း ၂၀၁၃ တွင် လူအများမထင်မှတ်သည်များကို လုပ်ပြခဲ့သည်။

၄၄ နှစ်ကြာမှ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့်ရချိန်တွင် အသင်းကို ချန်ပီယံအဖြစ် မျှော်မှန်းထားသော ပရိသတ်များ အံ့အားသင့်ခဲ့သည်မှာ ကစားသမားများနှင့် နည်းပြတို့၏ စွမ်းဆောင်ရည်ကြောင့်မဟုတ်ပါ။ သူတို့၏ မယုံနိုင်စရာအလွဲများကြောင့် ဖြစ်သည်။

အိမ်ရှင်ပရိသတ်ရှေ့တွင် ကမ္ဘောဒီးယားနှင့် အရှေ့တီမောကို ဂိုးပြတ်သွင်းအောင်ပွဲခံခဲ့ပြီး မဟာပြိုင်ဘက် ထိုင်းထံမှ နှစ် ၃၀ အတွင်း သရေတစ်မှတ်ရယူနိုင်ခဲ့သည့် မြန်မာသည် အကြိုဗိုလ်လုပွဲတက်ရန် အကောင်းဆုံးအခွင့်အရေးရခဲ့သည်။ ကြိုတင်သဘောတူထားသည့် ဂိုးကွာခြားချက်ဖြင့်မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့်သာ ဆုံးဖြတ်မည့် စည်းမျဉ်းအရ နောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို အနည်းဆုံးသရေကစားလျှင် အုပ်စုအဆင့်ကလွတ်သည်။

မြန်မာအသင်းပွဲစဉ်တစ်လျှောက်ရနေသည့် ခြေစွမ်းအရ အင်ဒိုကို မနိုင်စရာအကြောင်းမရှိဟု ဘောလုံးနည်းစနစ်ကျွမ်းကျင်သူများနှင့် ပရိသတ်များက ယုံကြည်ခဲ့ကြသည်။

တကယ်ကစားအခါ အရန်ကစားသမားအများစုပါသည့် မြန်မာက အင်ဒိုကို ပထမပိုင်း ၃၆ မိနစ်ကတည်းက ပေးလိုက်ရသည့်ဂိုးကြောင့် လက်မှတ်တစ်စောင်လေးသောင်းနီးပါးအထိ ပေးဝယ်ခဲ့ရသည့် သုဝဏ္ဏကွင်းထဲရှိ ပရိသတ်သုံးသောင်းကျော်နှင့် ရုပ်မြင်သံကြားရှေ့မှ သန်းနှင့်ချီသည့် ပြည်သူများ အသည်းကွဲတော့သည်။ သို့သော် ကိုရီးယားနည်းပြကြီးကတော့ အေးအေးဆေးဆေးပင်။

ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြခဲ့သည့် မြန်မာကစားသမားများ၏ အင်ဒိုနီးရှားနှင့် ပွဲခြေစွမ်းမှာ ညံ့ဖျင်းလွန်းသောကြောင့် ပရိသတ်များ စိတ်ပျက်ခဲ့ရသည်။

ပရိသတ်များ သည့်ထက်ပိုစိတ်ပျက်ရသည်မှာ နည်းပြပတ်ဆောင်ဟွာ၏ဆင်ခြေကြောင့် ဖြစ်သည်။

ပွဲအပြီးတွင် အင်ဒိုကစားသမားများ ပျော်ရွှင်နေခဲ့ပြီး မြန်မာကစားသမားများ ငိုကြွေးသည်ကို နားမလည်အောင်ဖြစ်ခဲ့ရပြီး ထိုအချိန်ကျမှ ပြိုင်ပွဲစည်းမျဉ်းကို သိရှိခြင်းဖြစ်ကြောင်း ပတ်ဆောင်ဟွာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပြိုင်ပွဲစည်းမျဉ်းကို နည်းပြကြီးသိချိန်တွင်တော့ အရာရာနောက်ကျသွားပြီဖြစ်သည်။

အိမ်ရှင်အားသာချက်၊ ပရိသတ်အင်အား၊ အကောင်းဆုံးကစားသမားစုဖွဲ့မှု ပုံစံများဖြင့် ရွှေတံဆိပ်မှန်းထားသည့် မြန်မာအသင်းသည် စည်းမျဉ်းမသိသောကြောင့် ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသည့် အဆိုပါဖြစ်စဉ်သည်လည်း ၂၀၁၃ အတွင်း လူစိတ်ဝင်စားမှုအများဆုံးထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘောလုံးလောကတွင် ရှားရှားပါးပါး အလွဲတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

- ၉၆၉ နှင့် မျိုးစောင့်ဥပဒေ
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဘာသာရေးလှုပ်ရှားမှုတစ်ခု သိသိသာသာထွက်ပေါ်လာသည်။ အစ္စလာမ်ဘာသာဝင်များနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အခြေခံ၍ ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးကို အခြေခံသည်ဟုဆိုသော ၉၆၉ လှုပ်ရှားသူအဖွဲ့များ ပေါ်ပေါက်ခဲ့သည်။ ပြည်တွင်းပြည်ပရှိ ဗုဒ္ဓဘာသာသံဃာတော်အချို့ကလည်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအတွက် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ၉၆၉ လှုပ်ရှားသူများနှင့်ပတ်သက်၍ ကမ္ဘာ့မီဒီယာစာမျက်နှာများတွင် အစွန်းရောက်လှုပ်ရှားမှုဟု ရေးသားဖော်ပြမှုခံခဲ့ရသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၉၆၉ သည် သံဃမဟာနာယကအဖွဲ့၏ စည်းမျဉ်းဥပဒေများနှင့်မညီဟု ပြောကြားခဲ့သည်။ ဘာသာရေးအစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန်နှင့် ဘာသာရေးပဋိပက္ခများကြီးထွားအောင်၊ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သူများကို ဆန့်ကျင်မှုများပြုလုပ်ရမည်ဟု နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

- ရှစ်လေးလုံး ငွေရတုအခမ်းအနားတရားဝင်ကျင်းပ
တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်သော လူထုတောင်းဆိုမှုအရေးတော်ပုံ စတင်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ၏ (၂၅)နှစ်မြောက် အခမ်းအနားကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာကျင်းပနိုင်ခဲ့သည်။

ယင်းအခမ်းအနားကို ယခင်အစိုးရအဆက်ဆက်လက်ထက်က လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ ယခုအစိုးရလက်ထက်တွင်မှ ပထမဆုံးအကြိမ် တရားဝင်ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကာ အထိမ်းအမှတ်အခမ်းအနားသို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များပါ ပါဝင်တက်ရောက်ခဲ့ကြသည်။

ရှစ်လေးလုံးငွေရတု အခမ်းအနား၌ ဆွေးနွေးပွဲများကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များက ပါဝင်ဆွေးနွေးခဲ့ကြကာ သဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်။

- ဆယ်စုနှစ် နှစ်စုနီးပါးအတွင်း ရန်ကုန်တက္ကသိုလ်ပထမအကြိမ်ပြန်ဖွင့်
ပညာရေးလောကတွင် အထူးခြားဆုံးဖြစ်စဉ်အဖြစ် ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ လက်ခံသင်ကြားမှုကို နှစ် ၂၀ နီးပါး ရပ်ဆိုင်းထားသော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ကို ဒီဇင်ဘာ ၅ ရက်၌ ပြန်လည်ဖွင့်လှစ်၍ အဆောင်နေထိုင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုအများဆုံးရရှိထားသော တက္ကသိုလ်နှစ်ခုကို အဆင့်မြင့်ဝိဇ္ဇာ၊ သိပံ္ပ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ထားသူများကို ဦးစားပေးရွေးချယ် တက်ရောက်ခွင့်ပြုလိုက်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Day News Journal