“အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နေရာ ယူလာမှုတွေကို ပေါ့ပေါ့လေး တွေးပြီး လွှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်တာတွေကို လုပ်ဖို့ အားပေး အားမြှောက် လုပ်နေတာတွေကလည်း ပတ်ဝန်းကျင်မှာ ပြည့်နေတာပဲ။ ဝန်းကျင်မှာ ဒါတွေ ရှိနေမှတော့ မပျက်စီးချင်လည်း ပျက်စီးတော့မှာ သေချာတယ်”
ဒေါက်တာသာမာစီလန် (မလေးရှား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ)
မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ အရွယ် ညီအစ်ကိုနှစ်ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟားဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေက ဤကိစ္စကို နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။
ယခုတွေ့ မြင်လိုက်ရသည်က လူသိအောင်လုပ် ပေးလိုက်သည့် ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး လူမသိ သူမသိနိုင်သော ကိစ္စပေါင်းများစွာ နောက်ကွယ်တွင် ရှိနိုင်သေးသည်။ ထိုအဖြစ်အပျက် များသည် ယနေ့ခေတ် လူငယ်များကို ကိုယ်စားပြုနေသည့် စဉ်းစားစရာလည်း ဖြစ်နေသည်။ သူတို့ ဘာတွေ သိနေသလဲ၊ ဘယ်လောက် သိနေသလဲ၊ ဘာကြောင့် သိနေသလဲ ဆိုသည့် အကြောင်းများမှာ မေးစရာကိစ္စများ ဖြစ်လာသည်။
မုဒိမ်းကျင့်ခံရခြင်း၏ ၈၀ ရာခိုင်နှုန်းသည် မိမိ ပတ်ဝန်းကျင်၊ မိမိ သိကျွမ်းသူများနှင့် ပတ်သက်နေကြောင်း မလေးရှားနိုင်ငံ ဆေးပညာအဖွဲ့ (MMA) ဥက္ကဋ္ဌ ဒေါက်တာ သာမာစီလန်က ဆိုပါသည်။
“မုဒိမ်းမှုဆိုတာ သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ ဖြစ်တတ်တဲ့ သဘောရှိတယ်။ ဖြစ်စေတဲ့ အကြောင်းတရားတွေလည်း အများကြီးရှိတယ်။ လိင်စိတ်ကို နိုးကြား တက်ကြွလာစေတဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က စေ့ဆော်တဲ့ တွန်းအားတွေ၊ ဖြစ်နိုင်တဲ့ အနေအထားတွေကို သတိ မမူတာတွေ၊ စူးစမ်းချင်တဲ့ ကလေးတွေရဲ့သဘာဝကို လျစ်လျူရှုထား တာတွေဟာ ကလေးတွေကို ဒီလိုလုပ်အောင် တွန်းပို့နေ သလိုဖြစ်တယ်” ဟု သူက ဆိုသည်။
ကလေးပီပီ စပ်စုခြင်းနှင့် သိချင်စိတ် ပြင်းပြခြင်းတို့ကို လူကြီးတွေက အချိန်မီ မထိန်းနိုင်လျှင် ကလေးများ မဟုတ်သည့်လမ်းသို့ ရောက်သွားနိုင်သည်။ သူပြောသည့် တွန်းအားနှင့် စေ့စော်အား များဆိုသည်မှာ မူးယစ်ဆေး၊ အရက်နှင့် ကလေးများကို အလေးမထား လုပ်ချင်ရာ လုပ်နေသည့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။
“မိဘတွေက အရေးကြီးတယ်။ သူတို့က အရေးပါတဲ့ နေရာမှာ ရှိနေတယ်ဆိုတာ သိတဲ့သူ နည်းတယ်။ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကိုယ်ကျင့်တရား၊ အရှက်နဲ့ သိက္ခာတွေကို သင်ပေးဖို့ အချိန်မရှိဘူး။ သူတို့ကလည်း အဲဒါတွေကို အရေးကြီးမှန်း မသိကြဘူး။ မိသားစုအတွင်း ဒုက္ခတွေ ရောက်ပြီး စီးပွားရေးအဆင် မပြေကြရင် ပိုဆိုးသေးတယ်။ အဲဒီမိသားစုအတွင်း ကြီးပြင်းရတဲ့ သူတွေအတွက် ကတော့ အချိန်မရွေး ပေါက်ကွဲဖို့ အသင့်ဖြစ်နေတတ်တယ်” ဟု ဒေါက်တာ သာမာက ဆိုသည်။
အချို့အချက်များကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်သည်။ ကလေးတွေ ဘာကြောင့် မဟုတ်တာ လုပ်သနည်းဆိုသည့် အချက်တွင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်မနှံ့ခြင်းများကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း တွေ့ရသည်။ ထိုကလေးများကို အချိန်မီ မထိန်းသိမ်းနိုင်လျှင် သို့မဟုတ် လျစ်လျူ ရှုထားလျှင်လည်း ဤအဖြစ်မျိုးများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း သူက ထောက်ပြထားသည်။
မလေးရှား ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဟာမီဒါ ယူနွတ်က ၂၀၁၁ ခုနှစ် မတိုင်မီအထိ ကလေးသူငယ်ဆိုင်ရာ သာမန်ပြစ်မှုဟု သတ်မှတ်ခံရလောက်သည့် အမှုများကို တိုင်ကြားခဲ့ခြင်း မရှိသေးကြောင်း ထုတ်ဖော် ပြောကြားသည်။
သို့သော် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ ကလေးသူငယ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှု ခုနစ်မှုနှင့် ယခုနှစ် စက်တင်ဘာလအထိ ခြောက်မှု ဖြစ်ပွားခဲ့သည်။ ထို ၁၃ မှုစလုံးသည် အသက် ၁၃ နှစ်အောက် မုဒိမ်းမှုများ ဖြစ်နေသည်။
ထိုကဲ့သို့ မကြုံစဖူး မုဒိမ်းမှုများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီရင်ခံစာကလည်း ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ကလေးသူငယ်များတွင် မဟုတ်တရုတ်ပုံများကို အချိန်မရွေး ကြည့်နိုင်သည့် အခွင့်အရေးများ ရနေကြသည်။ အထူးသဖြင့် အင်တာနက်တွင် ပက်ပက်စက်စက် တစ်တစ်ခွခွ ပုံများ၊ ဗီဒီယိုကားများကို မချိန်မရွေး ရယူကြည့်နိုင်သည်။ ထိုသို့ အလွယ်တကူ ကြည့်နိုင်စေရန် အတွက်လည်း မိုဘိုင်းလ် ဖုန်းများ၊ တက်ဘလက်များကို အလွယ်တကူ ဈေးပေါပေါနှင့် ဝယ်ယူ သုံးစွဲနိုင်သည်။ ထို့ကြောင့် ကာမ ရာဂစိတ်များ လူကြီးတွေသာမက ကလေးတွေပါ အချိန်မရွေး ပေါက်ကွဲရန် အားမြှောက်ပြုသလို ဖြစ်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဆိုထားသည်။
“ကျွန်မ ပြစ်မှုကျူးလွန်တဲ့ ကလေးတစ်ယောက်ကို စစ်ဆေးကြည့်တော့ သူက ဟင်ဒီစကားပြော ရုပ်ရှင်ကားထဲမှာ မင်းသမီးက မလုံ့တလုံ အဝတ်အစားလေးနဲ့ ကတာကို ကြည့်ပြီး ဒီလို ကျူးလွန်ဖြစ် သွားတာလို့ ပြောတယ်။ သူက အဲဒီရုပ်ရှင်ကို ကြည့်ပြီး အသက် ၁၂ နှစ် သမီးလေးကိုသွားပြီး မဟားဒယား လုပ်တာ။ အဲဒီလိုလုပ်ဖို့ ကြိုတင် ပြင်ဆင်သွားတာတွေက သူ့မှာ အများကြီးပဲ။ အဲဒီလိုဟာတွေကို ဆောင်ထားရတယ် ဆိုတာကို သူ့အရွယ်လောက်နဲ့ ဘယ်လိုလုပ်ပြီး သိရတာလဲ။ သူက အဲဒီလို လုပ်ရတာတွေ၊ ဆောင်ရန်တွေကို အင်တာနက်ကနေ သိတာတဲ့လေ” ဟု ဒုတိယရဲမင်းကြီး ဟာမီဒါက ဆိုသည်။
ကလေးသူငယ်များသည် အထိန်းအကွပ်မရှိ အင်တာနက်သုံးခွင့်၊ ကြည့်ချင်ရာ ကြည့်ခွင့်များ ရနေသည့်အပေါ် ပြန်လည် စဉ်းစားရန် လိုကြောင်း ဟာမီဒါက ထောက်ပြထားသည်။
“သူတို့ အရွယ်တွေက ဘယ်ဟာက မှားပြီး ဘယ်ဟာက မှန်မှန်းသိမှာ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း သူတို့ ကြည့်ရှုခံစားနေတာ တွေဟာ မကောင်းဘူးလို့ ပြောမယ့်သူလည်း ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ဘာလုပ်နေတယ် ဆိုတာ ဘယ်သူမှ မသိနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဂျိမ်းစ်နာရာဂမ်ကလည်း ကျောင်းများတွင် လိင်ကိစ္စကို အလေးမထားစရာ အသေးအမွှားပမာ သဘောထား နေကြခြင်းကို ပြစ်တင် ဝေဖန်ထားသည်။
“ ကျွန်တော်တို့ သိရတာတွေက လာပြီး တိုင်မှ သိကြရတာ။ လာမတိုင်တဲ့ အမှုတွေလည်း အများကြီးပဲ ရှိနိုင်တယ်။ ဒီလို ဖြစ်တာတွေကို ပြန်ပြီးသုံးသပ်ရင် ကျောင်းတွေမှာ အမျိုးသမီး အခွင့်အရေး ဆိုတာတွေကို ကောင်းကောင်း သင်ကြားခြင်း မရှိသေးဘူးဆိုတာ ထင်ရှားတယ်။ ကျောင်းတွေမှာ အဓိက အရေးကြီးတဲ့ အချက်နှစ်ချက်ကို သင်ဖို့ လိုသေးတယ်။ အဲဒါတွေကတော့ လူ့အခွင့်အရေးနဲ့ လိင်ပညာရေးဆိုတဲ့ ဘာသာရပ် နှစ်ခုဖြစ်ပါတယ်”
“ကျွန်တော် နှစ်ပေါင်း ၃၀ လောက် ကျောင်းသားတွေနဲ့ ထိတွေးဖူးပါတယ်။ အရွယ် မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုတွေ၊ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုမျိုးတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရတယ်”
“ကျွန်တော်တို့ သုတေသန လုပ်ထားချက် အရကတော့ မလေးရှားနိုင်ငံမှာ တစ်ရက်ကို တရားမဝင် ကိုယ်ဝန် ဖျက်ချမှုပေါင်း ၃၀၀ လောက် ဖြစ်လာတာပါပဲ။ ဒီနိုင်ငံမှာက နှစ်ပေါင်း ၂၀ လောက် လိင်ပညာရေး ဆိုတာကို လျစ်လျူရှု ခဲ့ကြတာပါ။ ဘာသာရေးဘက်ကပဲ နည်းနည်းပါးပါး ထိန်းကျောင်းတာလေးတွေပဲ ရှိတယ်”ဟု ဂျိမ်းစ်က ဆိုသည်။
“ရှင်တို့အနေနဲ့ ကလေးတွေကို အွန်လိုင်းပေါ်မှာ ဒီအတိုင်း လွှတ်မထားကြပါနဲ့။ သူတို့ကို စောင့်ကြည့်ပါ။ ဘယ်လိုင်းတွေကို သူတို့ ဝင်ကြည့်နေကြသလဲ။ ကလေးတွေ ဆိုတာ အလွန် စပ်စုစူးစမ်းလို ကြတယ်။ ဒါကြောင့် သူတို့ကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စောင့်ရှောက်ရမယ့် အချိန်မှာ ပစ်ထားလိုက်ရင် ပန်းကောင်း အညွန့်ချိုးခံထားရသလို ဖြစ်သွား နိုင်ပါတယ်” ဟု ဟာမီဒါက ဆိုသည်။
ထိုအချက်ကို ဂျိမ်းစ်ကလည်း လက်ခံသည်။ ဆိုရှယ် မီဒီယာများကို သုံးခြင်းကအစ စောင့်ကြည့်သင့်ကြောင်း သူက ထောက်ခံသည်။ သူက…
“ကလေးတွေကို လွှတ်မထားပါနဲ့ ။ အမှုမဲ့ အမှတ်မဲ့ မထားပါနဲ့။ မိဘတွေ၊ ညီအစ်ကို မောင်နှစ်မတွေက မဟုတ်တာတွေကို အင်တာနက်မှာ ကြည့်နေပြီး၊ အနားမှာ ရှိနေတဲ့ မူကြိုတန်း ကလေးအရွယ်လောက်ကို အလေးထားစရာ မလိုဘူးလို့ ထင်လိုက်ရင် မှားလိမ့်မယ်။ အင်တာနက်ကို မသုံးရဘူးလို့တော့ သွားပြီးမပိတ်ပင် လိုက်ပါနဲ့။ အဲဒါကပိုပြီး ဆိုးသွားလိမ့်မယ်။ အဲဒီနည်းကလည်း မထိရောက်နိုင်ဘူး” ဟု ဆိုသည်။
“ အရွယ်မရောက်သေးတဲ့ ကလေးတွေက လူကြီးတွေ ကိစ္စတွေကို အရမ်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် သူတို့ကို လိင်ကိစ္စနဲ့ ပတ်သက်တာတွေကို ရှင်းပြနိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ချက်က မိဘနဲ့ သားသမီးတွေကြားမှာ နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ်ကြိုးကို ခိုင်မာအောင် ပိုပြီး လုပ်ရမယ်။ ရင်းရင်းနှီးနှီး သားသမီးတွေနဲ့ နေထိုင်ပြောဆိုပြီး လိင်ကိစ္စဆိုတာကို အသေးအမွှားကနေ၊ အလေးထားစရာ ကိစ္စတွေအထိ ရှင်းလင်း ပြောပြနိုင်အောင် ကြိုးစားရမယ်။ ကျောင်းတွေက မပြောရင် သူတို့နဲ့ အနီးစပ်ဆုံးက မိဘတွေပဲ ရှိတာကြောင့် မိဘတွေက ပြောရမယ်။ ဒီလို ရှင်းလင်း ပြောပြနိုင်မှ သူတို့ လမ်းမှားကို ရောက်မသွားမှာပေါ့။ သူတို့ အရွယ်ရောက်လာချိန်အထိ သာယာ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးရင် စိတ်လေတာတွေ၊ တလွဲ သာယာနေတာတွေ မရှိနိုင်ဘူးပေါ့”
“ဥပဒေကြောင်း အရလည်း တားဆီးကာကွယ် ပေးထားဖို့ လိုတယ်။ အရွယ်မရောက်သေးတဲ့ ၁၂ နှစ် အရွယ်လေးတွေ အပြစ်ကျူးလွန်ရင် ဘယ်လို အရေးယူမယ်ဆိုတဲ့ ဥပဒေလည်း ရှိဖို့လိုတယ်” ဟု သူက ဆိုသည်။
မလေးရှားနိုင်ငံ မိဘများ ပညာရေးလှုပ်ရှားအဖွဲ့ (PAGE) ဥက္ကဋ္ဌ နူးဇီမာအဘဒူရာမင် ကလည်း ကျောင်းသားများကို လိင်ပညာရေးနှင့် ပညာပေးရန် အရေးကြီးကြောင်း သဘောတူသည်။ သို့သော် ပျံ့နှံ့နေသော လိင်အသားပေး ပုံများ၊ ဗီဒီယို ဇာတ်လမ်းများ နေရာတိုင်းလိုလိုတွင် အလွယ်တကူ ရရှိနေခြင်းကလည်း ပြဿနာရပ်တစ်ခု ဖြစ်ကြောင်း သူက ထောက်ပြထားသည်။ သူမ အနေဖြင့် ကျောင်းများရှိ ကွန်ပျူတာခန်းများတွင် မလိုအပ်သည့် လိုင်းများသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်ရန် ကြိုတင် ကာကွယ်ရေးစနစ် (Fire-walls) များ တပ်ဆင်ထားရန် အကြံပြုထားသည်။
“ကျောင်းသားတွေကို Facebook မသုံးရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေနဲ့ ပိတ်ပင်စရာတော့ မလိုဘူး။ သူ့အသက်အရွယ် အပိုင်းအခြားနဲ့သာ သုံးခွင့်ပြုသင့်တယ်” ဟုလည်း ဇီမာက ဆိုသည်။ သူက အင်တာနက်ကို ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းတို့သည့် အဖြေ မဟုတ်ကြောင်း လက်ခံထားသည်။
“မိဘတွေအနေနဲ့ အကောင်း၊ အဆိုးကို ခွဲခြားပြီး သဘောပေါက်အောင် ရှင်းပြဖို့ လိုမယ် ထင်တယ်။ အမှား၊ အမှန် ခွဲခြားနိုင်အောင် လေ့ကျင့် သင်ပေးဖို့လည်း လိုလိမ့်မယ်။ အင်တာနက်ကို အသုံးမပြုနဲ့ ဆိုပြီး ပိတ်လိုက်ရင် ဒီနေရာပိတ်၊ အခြားတစ်နေရာ ရောက်သွားမှာပဲ။ ကလေးတွေကို မလုပ်ရဆိုပြီး တားမြစ်မယ့်အစား အကျိုးရှိအောင် ဘယ်လိုသုံးရတယ် ဆိုတာတွေကို လမ်းညွှန် ပြပေးနိုင်ရင် ပိုကောင်းမယ်။ အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီး ကိုယ်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိတာတွေကို ထုတ်လုပ်မှု တစ်ခုခုအနေနဲ့ ရလဒ် ပေါ်လာအောင် သုံးစွဲခိုင်းရင် ပိုကောင်းမယ် ထင်ပါတယ်” ဟူ၍ ပြောကြားချက်သည် ခေတ်သစ် မိဘများနှင့် ဆရာများအတွက် စဉ်းစားစရာ ဖြစ်သည်။
Ref: Rising Cases of Minors Raping Minors, by New Sunday Times, 2013 October
အယ်ဒီတာတစ်ဦး
The Voice Weekly
မလေးရှားနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် လိင်မှုဆိုင်ရာ ဆိုးရွားသည့် အဖြစ်အပျက်များ
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ : မလေးရှားနိုင်ငံ ဒေသဆိုင်ရာ သတင်းစာ တစ်စောင်၏ ဖော်ပြချက်အရ၊ သုံးတန်း တက်နေသော အသက် ကိုးနှစ်အရွယ် မိန်းကလေး တစ်ယောက်သည် အိမ်နီးချင်း ၁၄ နှစ်အရွယ် ကောင်လေး တစ်ယောက်နှင့် မှားယွင်းဖောက်ပြားကာ ကိုယ်ဝန်ရှိလာပြီး သားယောက်ျားလေး တစ်ယောက် ဖွားမြင်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် : အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြား လူငယ် ရှစ်ဦးသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ကွာလာကူဘူဘာရူ မြို့ရှိ လူမနေသော အိမ်ကြီးတစ်လုံးတွင် မုဒိမ်း ပြုကျင့်မှုကြောင့် အဖမ်းခံကြရသည်။
ထိုမုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်းကလေးသည် အခင်းဖြစ်ပွားသည့်နေ့ မတိုင်မီကတည်းက ကျောင်းပြေးပြီး အိမ်ကိုလည်း ပြန်မလာခဲ့ကြောင်း ဒေသဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မိန်းကလေးသည် သူ့အိမ်နှင့် မိုင် ၁၀၀ ခန့်ဝေးသည့် အိမ်ပျက်ကြီးသို့ ရောက်လာပြီး အိပ်စက်နေစဉ် ထိုသို့ မုဒိမ်းကျင့်ခံရခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် : မာလက်ကာမြို့တွင် နေထိုင်သော လေးတန်း ကျောင်းသားနှင့် နှစ်တန်းကျောင်းသား နှစ်ယောက်သည် ပထမတန်း တက်နေသည့် ကျောင်းသူလေး တစ်ဦးကို အတင်းအဓမ္မ ပြုကျင့်နေသည့် ဗီဒီယိုပြကွက်များ လူကြီးများကြည့်သည့် Website တစ်ခုပေါ်သို့ တက်လာသည်။
ထိုညီအစ်ကို နှစ်ယောက်သည် ကျောင်းရှိ ကွန်ပျူတာခန်းတွင် လူကြီးကြည့် ဇာတ်လမ်းများကို ကြည့်ခဲ့ပြီးနောက် ကျောင်းမှ ကောင်မလေးကို အိမ်သို့ ခေါ်သွားပြီး မဟားဒယား ကျင့်ခဲ့ကြောင်း မိန်းကလေး၏ မိခင်က ရဲစခန်းသို့ တိုင်ကြားခဲ့သည်။