သမ္မတလုပ်ရန် အရည်အချင်း ၁၀၀ ရာခိုင်နှုန်းရှိ


 ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာ မည့်ရွေးကောက်ပွဲတွင် သမ္မတအ ဖြစ် အရွေးခံရန်အတွက် သူ့တွင် ရာနှုန်း ပြည့် အရည်အချင်း  ရှိနေ ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ဇွန်၁၆ရက် နံနက်၁ဝနာရီ  က  San Francisco State University တွင် မြန်မာ တိုင်းရင်း သား မိသားစု များ နှင့် အမေး အဖြေ ကဏ္ဍ၌ သူရဦးရွှေမန်းက ယင်း ကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိ ကန်ရောက် မြန်မာတိုင်းရင်းသား များ၏ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ တိုင်းရင်းသား များမှ အကြံ ပြုချက်များ၊ တောင်းဆိုချက်များ ပြုလုပ်ခဲ့ပြီး အမေး၊ အဖြေကဏ္ဍ တွင် ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်ရေးနှင့် မြန်မာ့ စီးပွား ရေးဦးပိုင် လီမိတက်၏ ထင်သာမြင် သာမရှိသော ဆောင်ရွက်မှုများ ကိုမေးမြန်းခဲ့သည့်အပြင် '၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် သူရဦးရွှေမန်း အနေဖြင့် သမ္မတ အဖြစ် ရွေးချယ်ခံရန် လုံလောက် သော အရည်အချင်းရှိသည်ဟု ယုံကြည်ပါသလား'ဟု မေးမြန်း ရာတွင် 'သူ့တွင် အရည်အချင်း ၁ဝဝ ရာခိုင်နှုန်း ရှိ ကြောင်း' ပြန် လည် ဖြေကြား ခဲ့သည်။


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ''သူရဦးရွှေမန်းက သမ္မတဖြစ်ဖို့ အနီးစပ်ဆုံးပဲ။ ဘာလို့လဲဆိုတော့ ပြည်သူ့ လွှတ်တော် မှာ သူ့လူတွေ ချည်းပဲ။ ဒေါ်စုကတော့ သမ္မတ ဖြစ်ဖို့ ဖွဲ့စည်းပုံက ကန့်သတ်ထား တယ်။ ဦးရွှေမန်းကတော့အဖြစ် နိုင်ဆုံးပဲ။ သမ္မတကို လွှတ် တော် က ပြန်ရွေး မှာဆိုတော့ အလားအလာများတယ်''ဟုပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ''ဦးရွှေမန်း သမ္မတ ဖြစ်မယ်ဆိုရင် ဘာငြင်းစရာလိုလို့ လဲ။ လူထုက မဲပေးပြီး တပ်မတော် ကပါ ထောက် ခံမယ်။ သူ့အသိုင်း အဝိုင်းက လက်ခံမယ်ဆိုရင်ဖြစ် နိုင်ပါတယ်။ သမ္မတ အရည်အချင်း နဲ့လဲပြည့်စုံတယ်။ သမ္မတလုပ်မယ် လို့ဆိုတာဟာ ပြည်သူ ကို အလုပ် အကျွေး ပြုပါ့မယ်လို့ပြောပြီး ဒါ ဟာ စည်းရုံးရေး  လုပ်တာပဲလေ။ ဒါဟာ ကစားပွဲတစ်ခုပဲ''ဟု ပြော သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့ သည် ရက်သတ္တနှစ်ပတ်ကြာ အ မေရိကန်လွှတ်တော် လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ထိုခရီးစဉ် အတွင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သမ္မတအဖြစ် တာဝန်ယူရန် ဆန္ဒရှိကြောင်းလည်း ဗွီအိုအေ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေ ကြားခဲ့ သည်။

မောင်ရဲခေါင်(ဆီလီကွန်လွင်ပြင်) ၊ ဝေမာသိမ့်
Yangon media

လိင်အသားပေးဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား


မင်းသားနှင့်မင်းသမီးတို့၏ ပွင့်လင်းလွတ်လပ်သော ချစ်ရည်လူးသည့်ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံတွင် တစ်နှစ်၊ နှစ်နှစ်အတွင်း ပေါ်ပေါ်ထင်ထင် ကြည့်ရှုကြရလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားမည်မဟုတ်ပါ။ မြန်မာဇာတ်ကားဇာတ်ဝင်ခန်းအချို့ကို
နိုင်ငံခြားဇာတ်ကားများကဲ့သို့ အမြင်မသင့်တော်သော ဇာတ်ဝင်ခန်းများအား ကြည့်ရလိမ့်မည်ဟုလည်း တွေးဆထားကြမည်လည်း မဟုတ်ပါ။

မြန်မာဒါရိုက်တာရိုက်သည့် ဇာတ်ဝင်ခန်း၊ မြန်မာသရုပ်ဆောင်များ၏ သရုပ်ဆောင်ချက်များ ဟုတ်ပါလေစဟု ရင်သပ်ရှုမော အံ့သြရလောက်သည့် လိင်အသားပေးဇာတ်ဝင်ခန်းပါ မြန်မာဇာတ်ကားအချို့ ဗီဒီယိုဈေးကွက်အတွင်း ထွက်ပေါ်လာသည်။ မြန်မာ့ယဉ်ကျေးမှုစံနှုန်းနှင့် နှိုင်းယှဉ်ချိန်ထိုးကာ ကြည့်ရှုသူအများစုက ကန့်ကွက်ကြသည်။ ကြိုဆိုလက်ခံသူအချို့လည်း ရှိသည်။
အသက်မပြည့်သေးသူ မြန်မာမင်းသမီး သရုပ်ဆောင်ထားသော ဇာတ်ဝင်ခန်းအချို့ လူပြောများနေဆဲမှာပင် လင်မယားအတူနေသည့် ဇာတ်ဝင်ခန်းပါ ဇာတ်ကားတစ်ကား ထွက်လာပြန်သည်။ ကြိုဆိုသူ အနည်းစုရှိသော်လည်း ယင်းဇာတ်ကားဖန်တီးသူတို့ ပရိသတ်ကို တောင်းပန်ဖြေရှင်းလာရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဗီဒီယိုဆင်ဆာဖြေလျှော့ပေးမှုအပေါ် အနုပညာဖန်တီးသူများက မယုံမရဲနှင့် မိမိတို့ဖန်တီးချင်သည့် ဇာတ်လမ်းလေးများ သွေးတိုးစမ်းတင်ပြနေရချိန်တွင် လိင်အသားပေးဟုဆိုသော ဇာတ်ကားများ ထွက်ရှိလာခြင်းကြောင့် ရရှိထားသည့် လွတ်လပ်ခွင့်ကို အဆုံးရှုံးမခံနိုင်သူတို့ စိုးရိမ်ပူပန်လာကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာဗီဒီယိုဆင်ဆာအဖွဲ့ကလည်း ယဉ်ကျေးမှုနှင့် မသင့်လျော်သည့် ပြကွက်များကို ပိုပိုတင်းကျပ်တော့မည်ဟု စကားဦးသန်းလာပြီဖြစ်သည်။

“အဲဒါမှမရရင် ခွေကို ဈေးကွက်ထဲက ပြန်သိမ်းတဲ့အထိ အရေးယူပါမယ်။ အိပ်ရာခန်းတွေကို လိုအပ်လို့ထည့်တာကထည့်ပေါ့။ ဒါပေမယ့် မူဝါဒသတ်မှတ်ထားတာကို ကျော်ပြီးရိုက်ရင် ပထမထောက်ညွှန်မယ်။ မရရင်ဒီအခန်းတွေကို ဖြတ်တောက်ရမယ်”” ဟု မြန်မာဗီဒီယိုဆင်ဆာအဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ချင်းက ပြောသည်။

တင်းကျပ်သည့် ဆင်ဆာမူဝါဒဟု မြန်မာအနုပညာရှင်တို့ ပြောဆိုဝေဖန်ခဲ့သော ဆင်ဆာခေတ်သည် လွန်ခဲ့သည့် တစ်နှစ်ခွဲတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ဆင်ဆာအဆီးအတားမရှိတော့သည့်နောက် “ဘယ်လိုကားတွေ ရိုက်လာကြမှာလဲ”” လို့ ပရိသတ် က မေးခွန်းမထုတ်နိုင်သေးခင်မှာပင် သရဲတစ္ဆေဇာတ်ကားများ တရစပ်ထွက်ရှိလာသည်။ ယင်းနောက်မှာတော့ နောက်ခံအချစ် သီချင်းဖွင့်ပြီး ပန်းခြံထဲတွင် ပြေးလွှားနေသော ချစ်သူစုံတွဲများ၊ ပန်းပွင့်လေးပေါ် လိပ်ပြာနား၍ ၀တ်ရည်သောက်သုံးနေသည့် တင်စားချက်ပြကွက်များ နေရာတွင် မြန်မာမင်းသားနှင့် မင်းသမီးတို့ အကြင်နာပေးခြင်း (နှုတ်ခမ်းချင်း ထိတွေ့နမ်းရှုတ်ခြင်း)၊ လင်မယား ခုတင်ပေါ်က ဇာတ်ဝင်ခန်းအချို့ နေရာယူလာသည်။

လွတ်လပ်ခွင့်ပေးလိုက်ချိန်တွင် ယခင်က မရိုက်ခဲ့ရသော ဆင်းရဲမွဲတေသည့် သရုပ်မှန်စရိုက်၊ မီးပြတ်သည့်အကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်သည့်အကြောင်း၊ အစိုးရဌာနပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုစသည်တို့ကို အနုပညာဖြင့် ပြောင်မြောက်အောင် ဖော်ထုတ်သည့်ဇာတ်ကားများ ထွက်မလာခဲ့ဘဲ သရဲကားများနှင့် နမ်းရှုတ်သည့် ဇာတ်ကားများထွက်လာခြင်းမှာ ဆင်ဆာလွတ်လပ်ခွင့် တဖွဖွတောင်းသူတို့ပင် မျက်စိလည်ကုန်သည်။

“ကျွန်မ ဆင်ဆာလွတ်လာခွင့်ရတာနဲ့ ကိုမြအေးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ၀တ္ထုတွေ ဗီဒီယိုရိုက်တယ်။ အောက်ခြေလူတန်းစား မိသားစုဘ၀တွေကို အရင်က မရိုက်ခဲ့ရသမျှ အတိုးချရိုက်ကူးတယ်။ ဒါကို ပရိသတ်ကလည်း အားပေးကြတာတွေ့ရတယ်။ ပရိသတ်တောင့်တတာက ဇာတ်လမ်းဆန်းသစ်တာလို့ ကျွန်မထင်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့၏ ၀တ္ထုများကို ဗီဒီယိုဇာတ်ကားပြန်လည်ဖန်တီးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုသည်။

“အခု မြန်မာကားမှာက နှုတ်ခမ်းချင်းနမ်းလိုက်တာကိုပဲ အနမ်းခံရတဲ့ မင်းသမီးက အသေးစိတ်ပြန်ခံစားပြနေတယ်။ ဒါကို ကလေးတွေအတုယူမှားနိုင်တယ်။ လွတ်လပ်ခွင့်ရလာတဲ့အခါ ရှေ့ဆက်သွားရမှာကို မဟုတ်တမ်းတရားတွေရိုက်ပြီး လွတ်လပ်ခွင့်ကို အဆုံးရှုံးခံကြတော့မှာလား။ ပြောရင်တော့ ခင်ဗျားကြီးက အသက်ကြီးလို့ မရိုက်ရဲတိုင်းပြောတယ် ဖြစ်မယ်။ ကလေးတွေအတွက် စဉ်းစားပါ” ဟု ချစ်တင်းနှောခန်းများ မပါပါက အနုပညာမမြောက်ဆိုသည့် ရှုထောင့်ကို လက်မခံသည့် ဒါရိုက်တာမောင်တင်ဦးကဆိုသည်။

တင်းကျပ်သည်ဆိုသော ဆင်ဆာအချက် ၁၀ ချက်မှ လေးချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လျှော့ပေါ့လိုက်ပြီးနောက် တင်ပြလာသည့် မြန်မာဇာတ်ကားများကို နိုင်ငံတော်မူဝါဒ၊ ကိုးကွယ်သည့်ဘာသာ၊ ပြည်သူတို့၏ အကျင့်စာရိတ္တ၊ တရားဥပဒေစိုးမိုးမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားယဉ်ကျေးမှုတို့ကို ထိခိုက်ခြင်းရှိ၊ မရှိ ယင်းအချက် ခြောက်ချက်အပေါ်အခြေခံ၍ ဆင်ဆာကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ထိုအချက်ထဲက လွတ်ရင်ပြီးရော မောင်နှင့်နှမ၊ သားနှင့်အမိ အတူကြည့်လို့ မသင့်သည့် မြန်မာဇာတ်ကားများ ထပ်မထွက်လာစေရန်အတွက် ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ ရုပ်ရှင်လောကသားအားလုံးက ခါးခါးသီးသီး ကန့်ကွက်နေကြသည်။ ထို့ပြင် နိုင်ငံတကာ ရုပ်ရှင်ဈေးကွက်များကဲ့သို့ အသက် ၁၈ နှစ် အောက်ကလေးများ မကြည့်ရဆိုသည့် အဆင့်သတ်မှတ်သည့်စနစ် (Rating) မှာလည်း မြန်မာ့လူမှုဝန်းကျင်နှင့် လတ်တလောပြုလုပ်ရန် လုံးဝလွယ်ကူဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအပါအ၀င် လောကသားအများစုက ဆိုပြန်သည်။

ထိုသို့ဆိုလျှင် နောက်ထပ်ညစ်ညမ်းပါသည်ဆိုသည့် လင်မယားအတူနေဇာတ်ဝင်ခန်းများ၊ သမီးရည်းစား အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများမပါအောင်၊ အနုပညာဖန်တီးသူများကိုလည်း မပွန်းပဲ့အောင် မည်သို့ဖန်တီးကြမည်နည်း။ အဖြေကို ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌရာထူးကို မကြာမီက ရရှိခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာ ဦးလူမင်းက ပေးပါသည်။

“မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ နေရာမှာ မြန်မာတွေလည်း ချစ်တတ်တာပါပဲ။ ဒါကြောင့် ချစ်ခန်းကြိုက်ခန်းတွေကို သဘာဝကျပြီး အမြင်မရိုင်းအောင်တော့ ဖန်တီးမယ့်သူတွေက ကြိုးစားပေးသင့်ပါတယ်။ “မျက်လုံးလေးကလယ်ကလယ်” ဇာတ်ကားမှာကတည်းက Rating စနစ်လိုနေပြီလို့ ကျွန်တော်ပြောခဲ့ပေမယ့် လတ်တလောလုပ်ဖို့ လုံးဝအဆင်မပြေပါဘူး” ဟု လူမင်းက ပြောသည်။

အသက် ၁၈ နှစ်အောက် ကလေးများမကြည့်ရဟု တံဆိပ်ကပ်နှိပ်လိုက်ပါက အသက် ၁၈ နှစ်အောက်မပြည့်သေးသည့် ထိုကလေးအများစုကပင် ယင်းဇာတ်ကားများကို ရွေးချယ်ကြည့်ရှုသွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မြို့စွန်နှင့် ကျေးလက်နေလူတန်းစားများ ဖြစ်နေပြီး ၎င်းတို့မှာ အခကြေးငွေယူ၍ ပြသကြသည့် ဗီဒီယိုရုံများ၊ လက်ဖက်ရည်ဆိုင်ကြီးများတွင် ပြသသည့် မြန်မာဇာတ်ကားများ ကို အားထားကြည့်နေကြရသည်။

ဆေးလိပ်၊ အရက်တို့ကိုပင် ကလေးငယ်များကို ဖောဖောသီသီရောင်းနေသည့် မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များ မကြည့်ရဟု ဇာတ်ကားများသတ်မှတ်လိုက်ပါက အတိအကျလိုက်နာကျင့်သုံးရေး စိစစ်ကြပ်မတ်ရန်မှာ အတော်ပင်မလွယ်ကူသေးသည့် အလုပ်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ဆိုသည်။

“ကျော်ဆွေသေနတ်ပြောင်းပြန်ထမ်းတာတွေ့ပြီး အားကျပြီး ကျွန်တော်လည်း သေနတ်ပြောင်းပြန်ထမ်းလိုက်တာ တပ်ထဲမှာ အဆူအကြိမ်းခံလိုက်ရတာပဲ။ ဒါဘာကိုပြလဲဆိုတော့ ခင်ဗျားတို့မှာ ပရိသတ်အများကြီးရှိတာပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ယမန်နှစ်က လာရောက်ခဲ့သည့် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ စကားမှာ သမားရိုးကျချစ်ကြိုက်ကွဲညားကို ဆန်းသစ်အောင် လိင်အသားပေးဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးသူတို့ စဉ်းစားသင့်သည့်အချက်ဖြစ်နေသည်။

“မင်္ဂလာဦးညကို ရင်ခုန်အောင် ရိုက်ပြရမယ်ဆိုရင်တော့ အထိတွေ့လေးတွေ၊ အနမ်းလေးတွေပါသင့်တာပေါ့။ ကြည့်တဲ့သူတွေမှာလည်း အကြည်ဓာတ်လေး လိုတယ်လေ။ ခက်တာက လိုတာထက်ပိုပြနေတာပဲ။ စွတ်လုပ်နေရင် ရထားတဲ့ လွတ်လပ်ခွင့်လေး ပြန်ဆုံးရှုံးမှာစိုးတယ်” ဟု ဒါရိုက်တာဝိုင်းက ဆိုသည်။ သို့သော် သူက ဇာတ်ကားများအဆင့် သတ်မှတ်သည့် စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။

“ရေရှည်ကို ကြည့်ပါ။ လတ်တလောအဆင်ပြေအောင် အဲဒီအခန်းဖြတ်ဆိုတာ မလုပ်နဲ့တော့။ နိုင်ငံတကာကို သွားမယ်ဆိုရင် Rating က အကောင်းဆုံးပဲ။ စစချင်းခက်မှာပဲ။ ဘယ်အလုပ်မဆို ခက်မှာပဲ” ဟု ၀ိုင်းက ဆိုသည်။

လောကသားအများစုမှ စိုးရိမ်သလို ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ မပြုလုပ်လိုကြောင်း ဆင်ဆာအဖွဲ့ဝင် ဦးခင်မောင်ချင်းက ကတိပြုသော်လည်း မူဝါဒခြောက်ချက်နှင့် ငြိစွန်းလာလျှင်တော့ နောက်နောင်ညှာတာတော့မည်မဟုတ်ဟု ဆိုသည်


7day News

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်


သရုပ်ဆောင် အဆိုတော် စန္ဒီမြင့် လွင်က အမျိုးသမီးများ ခွဲခြား ဆက်ဆံ ခြင်းကို မကြိုက်ကြောင်း ပြောသည်။
”မိန်းမတွေ မို့လို့ နောက်မှာ ပဲနေရမယ် ဆိုတာမျိုးကို ဒီးဒီ မကြိုက်ဘူး။ ငယ်ငယ်တုန်း က သင်တန်းတွေ တက်ရင် မိန်းကလေး က သတ်သတ် နေရ တယ် ။ ယောက်ျားလေး က သတ်သတ်နေရ တယ်။ တို့ယောက်ျားလေးက ပိုမြင့်တယ် ပြောကြတယ်။ ယောက်ျားတွေ အလုပ် လုပ်နိုင်သလို မိန်းကလေးလည်း အလုပ် လုပ်နိုင် ရမယ်လို့ ထင်တာပဲ။ အဲဒီလိုဖြစ် သင့်တာကြာပါပြီ။ နိုင်ငံတကာမှာလည်း မိန်းကလေးတွေ ရင်ပေါင်တန်းပြီး ရှေ့ ကနေ အမြဲ ရပ်နိုင်တာတွေ ရှိတာပါပဲ”ဟု ၄င်း က ဆိုသည်။
”ဒီးဒီတို့ စဆိုချိန်ကဆိုရင် ပိုဆိုး တယ်။ ဟစ်ဟော့ပ် လိုင်းကိုဆိုတဲ့ မိန်း ကလေး တအား နည်းတယ်။ ဘယ်နေရာ သွားသွား ဟစ်ဟော့ပ် ဆိုရင် အမျိုးသား တွေက များတယ်။ တီးဝိုင်း သမားတွေ လည်းပါတော့ မိန်းကလေးက ဒီးဒီတစ် ယောက်တည်းရယ်။ ခက်ခဲတာပေါ့။ ကိုယ့်သီချင်းကို ကြိုက်မှ ကြိုက်ပါ့မလား။ နယ်ပရိ သတ်တွေ ဆို ပိုဆိုးတယ်။ ဒါပေမဲ့ ပရိသတ်တွေ ကိုယ့်ကို ဆိုစေချင်လို့ကို ငှားတာလေ။ ကိုယ့်သီချင်းကို သိအောင် ဟစ်ဟော့ပ် သီချင်းတွေကို ပရိသတ်တွေ သိအောင် ကြိုးစားပြီး ဆိုလာ ရတယ်။ နောက်ပိုင်း ကျတော့ နယ်တွေမှာ ပွင့် လင်းမြင်သာ ပြီးတော့ ဟစ်ဟော့ပ်ကို ပို ပြီး နားလည် လက်ခံလာကြပါတယ်”ဟု ၄င်းက ပြောသည်။
နေပြည်တော်က ကျောက်မျက်ပြပွဲ မှာ ဖျော်ဖြေဖို့ ရှိသလို နယ်ရှိုးပွဲတွေနဲ့ ဘန်ကောက် မှာလည်း ဖျော်ဖြေရေးသွား ရောက်ဖို့ ရှိကြောင်း၊ လတ်တလော မှာ သူ့ရဲ့တတိယ တစ်ကိုယ်တော် အခွေ အ တွက် သီချင်းတွေ စုနေသလို အတွဲခွေ အတွက်လည်း သီချင်းတွေ ပါဝင်သီဆို ပေးဖို့ရှိကြောင်း စန္ဒီမြင့်လွင်က ပြောသည်။

Popular Myanmar

လူသတ်မှုအကြောင်း အငြင်းပွားရာမှ လူ ၃ ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

လူသတ်မှုနဲ့ပတ်သက်ပြီး စကားများရာက လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်ဆိုတဲ့ နိုင်ငံပိုင်
မြန်မာ့ အလင်း သတင်းစာပါ သတင်းတပုဒ်က စိတ်ဝင်စား စရာပါ။


မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသမှာ ဇွန်လ ၁၂ ရက်နေ့က အင်း အမှတ် ၁၀၄ ရှိ အင်း လုပ်သား စုပေါင်း နေထိုင်ရာ တဲမှာ အင်းလုပ်သား ၄ ဦးကို ထန်းတပင်နေသူ တဦးက စကေဘာနဲ့ ထိုး တဲ့အတွက် အင်း လုပ်သား ၃ ဦးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပြီး နောက် တဦး ကတော့ ဆေး ကုသ ခံယူနေရ ပါတယ်လို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နယ်မြေရဲစခန်းက စကေဘာနဲ့ ထိုးသူကို အမှုဖွင့် အရေးယူထားတယ်လို့ ဆိုတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး စကားများရာက အခုလို လူ ၃ ဦး သေဆုံးသွားလောက်သည်ထိ ဖြစ် သွားခဲ့တာ ဟာ သံဝေဂ ရဖွယ်ပါ။

သတင်းစာအဆိုအရ မည်သည့် လူသတ်မှုလို့ မဖော်ပြပေမယ့် အလားတူ ဖြစ်ရပ်မျိုး နောင်မှာ မဖြစ်ရေး သင်ခန်းစာ ယူတာ၊ သင်ခန်းစာပေးတာမျိုး မှုခင်းကျဆင်းရေး လုပ်ငန်းတွေ တောရော၊ မြို့ပါ ကျယ်ကျယ်
ပြန့်ပြန့် လုပ်ဆောင်သွား သင့်ပါတယ်။

အိမ့်သံစဉ် ~ ဧရာဝတီ

၁၅၀၀ တန် ဆင်း(မ်)ကတ် ၈၀၀၀၀ ကျော် ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန် ၂၀ ရက်ထပ်ချမည်


ရန်ကုန်တိုင်း ဒေသကြီးအတွက်  CDMA 800 MHz ကျပ်၁၅ဝဝတန်ဆင်းမ်ကတ် များကို တတိယအသုတ်အနေဖြင့် အလုံးရေ ၈၀ဝဝဝ ကျော်ရောင်း ချပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။

ဇွန် ၂ဝရက်တွင် တန်ဖိုးနည်း ဖုန်းမဲနှိုက်ရောင်းချမည့် အစီအစဉ်တွင်  CDMA 800 MHz အမျိုးအစား တစ်မျိုးတည်းကိုသာ ရောင်းချပေးမည်ဖြစ်ပြီး ဂျီအက်စ် အမ်နှင့် CDMA 450 MHz  ဆင်းမ် ကတ်များကို ရောင်းချမည်မဟုတ် သေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် အလုံးရေ  ၈၈၂၈၉လုံး အား မြို့နယ်များသို့ ခွဲဝေချ ထား ပေးမည်ဖြစ်ကြောင်း သိရသည်။

''လိုင်းအင်အားရှိတဲ့ပေါ် မူတည်ပြီး ဆင်းမ်ကတ်ကို ချ ထားပေးရတာပါ။ ရန်ကုန်မှာ လိုင်းအင်အားထပ်ချဲ့မှာဖြစ်တဲ့ အတွက် ရှိတဲ့လိုင်းကို ချထားပေး ခြင်းဖြစ် ပါတယ်။ နောက်လတွေ မှာတော့ အလုံးရေတိုးချထားပေး ဖို့ရှိပါတယ်''ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကျပ်၁၅ဝဝ တန်ဆင်းမ်ကတ် များကို စည်ပင်သာယာနယ် နိမိတ်ပြင်ပမြို့နယ် ၁ရမြို့နယ် တွင် အလုံးရေ၂၅၂၈၉လုံး ချထား ပေးသွားမည်ဖြစ်ပြီး မဲစနစ်ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။ ''အရင်လ တွေက မဲထည့် ထားတဲ့သူတွေက ပြန်ထည့်ဖို့ မလို အပ်ပါဘူး။ မဲမထည့်ရသေးတဲ့ လူတွေကလဲ သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူး ရုံးတွေမှာ သွား ထည့် နိုင်ပါတယ်''ဟု အ ဆိုပါတာဝန်ရှိသူက ဆက်လက် ပြောသည်။ ဒုတိယအသုတ်အနေဖြင့် မေ ၂၅ ရက်က ရန်ကုန်တိုင်း ဒေသကြီး အတွက် ခွဲတမ်း ကတ် ရေ ၁၀၁၂ဝဝကျော် ရောင်းချပေး ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
ဖူးပွင့်သော်
Yangonmedia

ချင်းမိုင်တွင် ပြသရန်အတွက် မြန်မာ့ဆင်ဖြူတော်အား ခြောက်လကြာ ငှားရမ်းရန် ထိုင်းအစိုးရ၏ ကမ်းလှမ်းမှုကို ငှားရမ်းရန် အစီအစဉ် မရှိကြောင်း သတင်းထုတ်ပြန်

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြသရန်အတွက် မြန်မာ့ဆင်ဖြူတော်အား ခြောက်လကြာ ငှားရမ်းရန် ထိုင်းအစိုးရ၏ ကမ်းလှမ်းမှုကို ငှားရမ်းရန် အစီအစဉ် မရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Forum for East Asia-Latin America Cooperation Meeting သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul တို့သည် ဇွန် ၁၃ ရက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး သီးခြားတွေ့ဆုံ ဆွေးနွေးစဉ် ထိုင်းအစိုးရမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် "ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ-ထိုင်း သံတမန် ဆက်သွယ်မှု (၆၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာတွင် မြန်မာ့ဆင်ဖြူတော်အား ထိုင်းနိုင်ငံသို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် ထိုင်းပြည်သူများ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း" ထိုင်းဘက်က ကမ်းလှမ်းခဲ့သည်ဟု ဇွန် ၁၈ ရက်က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်းအစိုးရ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းပြည်သူများ မြန်မာ့ဆင်ဖြူတော်အား လာရောက်ကြည့်ရှု နိုင်ရေးအတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည်ဖြစ်ကြောင်းနှင့် ဆင်ဖြူတော် လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကိုလည်း အထောက်အကူ ပြုစေနိုင်ကြောင်း" စသည့်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆင်ဖြူတော် အထီးနှစ်စီး၊ အမခြောက်စီး စုစုပေါင်း ရှစ်စီးရှိကြောင်းနှင့် ဆင်ဖြူတော် ငါးစီးအား နေပြည်တော်တွင် ထားရှိပြီး သုံးစီးအား ရန်ကုန်မြို့တွင် ထားရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနရှိ တိရစ္ဆာန်ဥယျာဉ်များ ဌာနမှ စုံစမ်းသိရှိရသည်။
Eleven

မြန်မာလူမျိုး ၅၀ ကို ကုလသမဂ္ဂ ဒုက္ခသည် လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် မလေးရှားတွင် တရားစွဲ

ဇွန် ၅ ရက်က ဆလာရန်းတွင် မလေးရှားရဲများက အော်ပရာစီဝင်ပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီးစဉ် (ဓာတ်ပုံ-မျိုးညွန့်)

မလေးရှားနိုင်ငံတွင် မြန်မာအယောက် ၅၀ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် မလေးရှားနိုင်ငံ တရားမမှုဆိုင်ရာ တရားရုံးက ဇွန် ၁၇ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း မလေးရှား The Sun အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားရှိ တရားစွဲဆို ခံရသူများက မိမိတို့သည် UNHCR ၏ တရားဝင်ကတ်များကို ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြ ခဲ့သော်လည်း တရားသူကြီး နော်ဟာရတီမိုဟာမက်ယူနွတ်က စွဲဆိုချက်ကို ကြေညာခဲ့သည်။
၎င်းတို့ ကိုင်ဆောင်ထားသော ကတ်များမှာ အတုများဖြစ်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက အတည်ပြုထားပြီး နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁ ရက် သတ်မှတ်ထားကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၉၅၉။ ၁၉၆၃၊ အပိုဒ် ၁၅ (၁) (ဂ)အရ ၎င်းတို့အနေဖြင့် အများဆုံးဒဏ်ငွေ ရင်းဂစ် ၁၀၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ်နှင့် ကြိမ်ဒဏ်ခြောက်ချက်အထိ ချမှတ်ခံရမည် ဖြစ်သည်။
UNHCR တရားရေး အကြံပေး ပုဂ္ဂိုလ်များက ဖမ်းဆီးခံရသူများကို တရားရုံး အပြင်ဘက်တွင် တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း မလေးရှား အရာရှိများက တားမြစ်ခဲ့ကြောင်း သိရသည်။
ကတ်အတု ကိုင်ဆောင်ထားသည် ဆိုသူများနှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း၊ ၎င်းတို့သည် တရားဝင် ဒုက္ခသည်များ ဟုတ်၊ မဟုတ်ကို အတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း UNHCR က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လူဝင်မှု ကြီးကြပ်ရေးဌာန၏ တရားစွဲဆိုရေးဆိုင်ရာ အကြီးတန်း အရာရှိ အဗ္ဗဒူလာတစ်ဟမ်ဇာက UNHCR အနေဖြင့် အဆိုပါ ဆောင်ရွက်ချက်များကို မြို့တော်ကွာလာလမ်ပူရှိ ဂျလန်းဒူတာ တရားရုံးတွင် ယခင်ကပင် လုပ်ဆောင်သင့်ကြောင်း ပြောကြားသည်။
ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေး ဌာန၏ တရားစွဲဆိုရေး အရာရှိ ဆီပူအန်ဝါအာမတ်က အလားတူပုဒ်မဖြင့် နောက်ထပ် မြန်မာ ၁၃၅ ဦးကို ဇွန် ၁၈ ရက်တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။
အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံမှ ကိုဝင်းဌေး ဆိုသူကိုလည်း နေထိုင်ခွင့်ကာလ ကျော်လွန်သောကြောင့် တရားမ ဥပဒေအပိုဒ် ၁၅ (၁) (ဂ)ဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခဲ့ကြောင်း သိရသည်။
ကိုဝင်းဌေးကို ဇွန် ၇ ရက်က ဆလာရန်းဈေးတွင် ဖမ်းဆီးခဲ့စဉ်က အထောက်အထား မှန်ကန်မှု မရှိသည့် စာရွက်စာတမ်းများဖြင့် တွေ့ရှိခဲ့ရကြောင်း ဆီပူအန်ဝါက ပြောကြားသည်။
ဖမ်းဆီးထားသော နိုင်ငံခြားသားများမှာ တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်လာသူများဖြစ်ကြောင်း ဆီပူအန်ဝါက ပြောကြားသည်။

Eleven Media