တောင်ကိုရီးယား ထိပ်တန်းကော်ပိုရေးရှင်း တစ်ခုဖြစ်သော SK အုပ်စု မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းဖြင့် စတင်ဝင်ရောက်




တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကော်ပိုရေးရှင်း တစ်ခုဖြစ်သော SK အုပ်စုသည် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းဖြင့် စတင်ဝင်ရောက်လာကြောင်း သတင်းရရှိသည်။

SK Group Construction (Myanmar) Co.,Ltd ရုံးခွဲဖွင့်လှစ်ရန် လျှောက်ထားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၁၃ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

SK သည် တောင်ကိုရီးယားမှ အကြီးဆုံး ကော်ပိုရေးရှင်း ငါးခုအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး လုပ်ငန်းနယ်ပယ် အများအပြား လုပ်ကိုင်သော နယ်ပယ်စုံလုပ်ငန်း (Conglomerate-Chaebol) တစ်ခုဖြစ်သည်။ ၎င်းကော်ပိုရေးရှင်းသည် စွမ်းအင်၊ ဓာတုပစ္စည်း၊ တယ်လီကွန်မြူနီကေးရှင်း၊ ကုန်သွယ်ရေး၊ ၀န်ဆောင်မှု၊ လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် သင်္ဘောလိုင်း လုပ်ငန်းများကို အဓိက လုပ်ကိုင်လျက် ရှိသည်။

SK အုပ်စုတွင် လုပ်ငန်းပေါင်း နှစ်ရာကျော်ရှိပြီး နိုင်ငံပေါင်း ၄၀ ကျော်ရှိ လုပ်ငန်းပေါင်း ၇၀ ကျော်ကိုလည်း ထိန်းချုပ်ထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ရုံးခွဲ ၁၂၀ ခန့်အထိ ဖွင့်လှစ်ထားပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

SK အုပ်စုအောက်တွင် SK Holdings၊ SK Innovation၊ SK Telecom၊ SKC၊ SKC Solmics၊ SK Chemical၊ SK C&C၊ SK Networks၊ SK Gas၊ SK Communication၊ SK Broadband၊ SK Hynix၊ SK Securities၊ SK E&C၊ SK Energy၊ SK M&C၊ SK E&S၊ SK Telesys၊ SK Shipping၊ SK Telink၊ Walkerhill၊ SK Wyverns စသည့်ကုမ္ပဏီများ ရှိသည်။ အဆိုပါ ကုမ္ပဏီများအနက် SK Telecom ၏ ADRs သည် နယူးယောက် စတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

SK Telecom သည့် ကမ္ဘာ့ပထမဦးဆုံး အနေဖြင့် CDMA 1X EV-DO နည်းပညာဖြင့် 3G ဆက်သွယ်ရေး ၀န်ဆောင်မှုကို စတင်ပေးအပ်နိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး DMB Satellite စနစ်၊ ကမ္ဘာ့ပထမဦးဆုံး 3.5 Generation HSDPA ၀န်ဆောင်မှုတို့ကို ပေးအပ်နိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။

SK အုပ်စုကို ၁၉၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေစိုက်ထားသည်။ ၂၀၁၁ ခုနှစ် စာရင်းများအရ ၀င်ငွေအမေရိကန်ဒေါ်လာ ၉၉ ဘီလျံခန့် ရရှိခဲ့ပြီး အသားတင်ဝင်ငွေ ၁ ဒသမ ၅၁ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တောင်ကိုရီးယား အခြေစိုက် ထိပ်တန်းကော်ပိုရေးရှင်းကြီးများဖြစ်သော Samsung၊ LG၊ Hyundai၊ Posco စသည့် ကုမ္ပဏီများ ၀င်ရောက်ခဲ့ပြီးဖြစ်ကာ ယခု SK လည်း စတင်ဝင်ရောက်လာခြင်း ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ အကြီးဆုံး လေဆိပ်ဖြစ်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တောင်ကိုရီးယား အခြေစိုက် Incheon Airport Consortium က တည်ဆောက်ခွင့် ရရှိခဲ့ပြီး လေးနှစ်တာအတွင်း အပြီးတည်ဆောက်ရမည် ဖြစ်သည်။

(SK အုပ်စု၏ ရုံးအဆောက်အအုံ တစ်ခုကို တွေ့ရစဉ် (photo:en.wikipedia.org))
Eleven Media Group

ဒိုင်ယာနာရဲ့ မသေဆုံးမီ ၂ နှစ် အတွင်း အချစ်သစ်တွေ့ခဲ့ရတဲ့ အကြောင်းကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဒိုင်ယာနာ ဆိုတဲ့ ရုပ်ရှင်ကားကို ရုံတင်ပြသတော့မည်


ပြီးခဲ့တဲ့ ၁၆ နှစ်ကျော်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့တဲ့ ဗြိတိသျှ တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ မသေဆုံးမီ ၂ နှစ် အတွင်း အချစ်သစ်တွေ့ခဲ့ရတဲ့ အကြောင်းကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဒိုင်ယာနာ ဆိုတဲ့ ရုပ်ရှင်ကားကို လာမယ့် ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ 

ဒီဇာတ်ကားမှာ အမေရိကန် Lost ရုပ်သံဇာတ်လမ်းတွဲမှာ အီရတ် ထောက်လှမ်းရေး ဆာယိ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Naveen Andrews က ဒိုင်ယာနာရဲ့ အချစ်သစ် နှလုံး ခွဲစိတ်ဆရာဝန် အဖြစ် အားဖြည့်သရုပ်ဆောင်ထားပါတယ်။ ဒိုင်ယာနာအဖြစ် သရုပ်ဆောင်သူကတော့ မင်းသမီး Naomi Watts ဖြစ်ပါတယ်။
BBC Burmese

လောဂျစ်တွေ သတိထား (Beware of Logic)




(၁)
လောဂျစ် (Logic)။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်တွင် ကျောင်းနေစဉ်က သင်ရသည်။

"ဗျိုင်းသည်ဖြူသည်။ ထုံးသည်ဖြူသည်။ ထို့ကြောင့် ထုံးသည် ဗျိုင်းဖြစ်သည်"

"ကျီးသည်မည်း၏။ မီးသွေးသည်မည်း၏။ ထို့ကြောင့် မီးသွေးသည် ကျီးဖြစ်၏"

ထိုလောဂျစ်များသည် မှားကြောင်းဆရာမက ထောက်ပြခဲ့သည်။

(၂)
အင်္ဂလိပ်တို့၏ စုန်းဟုတ်မဟုတ် စစ်ဆေးသောနည်းတွင် စုန်းယိုးသူကို ရေထဲချသည်။ ၁၅ မိနစ်ကြာတော့ ပြန်ဆယ်သည်။

မသေရင်စုန်း၊ မီးရှို့သတ်သည်။ သေရင်စုန်းမဟုတ်။ အပြစ်က လွတ်သည်။

ကြောက်စရာကောင်းသော လောဂျစ်ဖြစ်သည်။ နှစ် ၂၀၀ ကျော်ကြာမှ ထိုစီရင်ချက် မှားနေသည်ကို သိသည်။

ပြင်သစ်လူဝီဘုရင်၏ မိဖုရား Marie Antoinette (၁၇၅၅-၁၇၉၃) သည် ပြင်သစ်တော်လှန်ရေး ဖြစ်နေစဉ် လမ်းပေါ်တွင် ဘာတွေအော်နေတာလဲဟု သူမ၏ အထိန်းတော်များကို မေးသည်။ "လူတွေက ပေါင်မုန့်တောင်းနေတာပါ။ ငတ်နေကြလို့" ဟု အထိန်းတော်က ပြောသောအခါ "အတော်အတဲ့ လူတွေပဲ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့" ဟု ပြောဖူးသည်။

ထိုလောဂျစ်များကို အကန့်အသတ်ကြောင့်ဖြစ်သော လောဂျစ်မှားများဟု ဆိုသည်။ မိမိသိသော ဘောင်အတွင်းမှ တွေးတောရရှိသော လောဂျစ်သာ ဖြစ်သည်။

(၃)
ထိုလောဂျစ်မှားကြောင်း မသင်လည်း တတ်ပါသည်။ လူ၏ ဥာဏ်ရည်ဥာဏ်သွေး (Human Intelligence) သည် ဆင်ခြင်ခြင်းဖြင့် တိုးတက်သလို ဆင်ခြင်ရာမှလည်း ဥာဏ်ရည်ဥာဏ်သွေး တိုးတက်လာသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဗုဒ္ဓအဘိဓမ္မာများကို ဖတ်ရသည်။ သင်ရသည် ဘုန်းတော်ကြီး ကျောင်းများတွင် တရားတွေ နာကြရသည်။

ခုံတော်မောင်ကျဘမ်းလို စာအုပ်တွေကို ဖတ်ရသည်။ စကားတောင်စားကို ဖတ်ရသည်။ ၅၅၀ နိပါတ်တော်၊ အီစွပ်ပုံပြင်များသည် ဥာဏ်ရည်ဥာဏ်သွေးကို ဆင်ခြင်တွေးခေါ်နိုင်သည့်ဘက်ကို ဦးတည်သည်။

ပုံပြင်များစွာတွင် ဒဿနတွေ ပါသလို လောဂျစ်တွေ ပါသည်။

ဗုဒ္ဓဘုရားရှင် လက်ထက်ကပါ။ သိဉ္စည်းဆရာကြီးကို တပည့်များက ပြောသည်။

"ဆရာကြီးဗုဒ္ဓရဲ့ တရားတွေဟာ အင်မတန် ကောင်းမွန်မှန်ကန် သင့်မြတ်တယ်။ ဒါကြောင့် လူလိမ္မာများစွာဟာ ဗုဒ္ဓဂေါတမနောက်ကို လိုက်သွားကုန်ကြပြီအရှင်၊ ဘယ်လိုလုပ်ကြမှာလဲ" ဒီလိုမေးတော့ ရဟန်းကြီးက ရယ်သတဲ့။

"တပည့်တို့ လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်သူက များပါသလဲ"

"လူမိုက်က များပါတယ်"

"ဒါကြောင့် မင်းတို့မပူကြနဲ့။ ငါ့နောက်မှာလည်း တပည့်တွေများစွာ ရှိနေကြမှာပါပဲ"။ ၎င်းသည် လောဂျစ်ဖြစ်သည်။

အမှားအမှန်ကို ဆိုလိုသည် မဟုတ်။ ဒါဆိုရင် နောက်ဆက်တွေးကြည့်ပါ။ လူမိုက်အရေအတွက်တွေ များသည်။

ဆရာကြီးတွင် တပည့်တွေ များမည်။ ထို့ကြောင့် ဆရာကြီးသည် လူမိုက်ဖြစ်သည်။

သိဉ္စည်းဆရာကြီးကိုယ်တိုင် လူမိုက်တို့၏ ဆရာကြီးအဖြစ် မိမိကိုယ်မိမိ ခံယူကြောင်း သူ့စကားအရ သိနိုင်ပါသည်။

ဒီတော့ ဗုဒ္ဓ၏ မင်္ဂလာတရားကို ရှုနိုင်သည်။

"လူမိုက်ကို ပေါင်းသင်းရင် မင်္ဂလာ မရှိဘူး။ ပညာရှိကို ပေါင်းသင်းမှ မင်္ဂလာ ရှိမယ်"

မှန်သည်။ ထို့ကြောင့် မှန်ကန်သော လောဂျစ်ကိုရဖို့ ဆင်ခြင်ရန် လိုအပ်သည်။

(၄)
သို့သော် နိုင်ငံရေး နယ်ပယ်တွင် စကားအသုံးအနှုန်းတွေကို ပြင်ဆင်ကာ လူတွေကို လှည့်စားသည်။ ဥပမာ-

"ပြည်နယ်တွင် ပညာရေး တိုးတက်မှုအတွက် လုပ်ဆောင်ရာ အထက်တန်းကျောင်း အရေအတွက် ရာခိုင်နှုန်း ၂၀၀ တိုးမြင့်လာကြောင်း တွေ့ရသည်"။ ထိုသတင်းမျိုးကို ဖဆပလ လက်ထက်က တွေ့ရသည်။

အမှန်မှာ မူလက အထက်တန်းကျောင်း တစ်ကျောင်းသာ ရှိနေသော ပြည်နယ်တွင် ကျောင်းနှစ်ကျောင်း ဖြစ်လာကြောင်း ရေးနိုင်ပါသည်။ သို့သော် မရေးပါ။

ရာခိုင်နှုန်း ၂၀၀ တိုးတက်လာသည်ဟုရေးကာ လှည့်စားပါသည်။

မိုးလေ၀သကလည်း ကြေညာသည်။

ရွာရန်ရာခိုင်နှုန်း ၅၀ ဖြစ်ပါသည်တဲ့။ တကယ်တော့ "ရွာချင်ရွာမယ် မရွာချင်နေမယ်" ဟု ပြောသည်နှင့် တူသည်။

မကြာသေးမီက ဒေါက်တာဆိတ်ဖွားကို ရှာဖွေသည်။ (ကျွန်တော်လည်း နေပြည်တော်တွင် သွားရောက်အစစ်ခံရ ပါသည်)

ဤတွင် အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက "ကျွန်တော်မဟုတ်ပါ။ ကျွန်တော့်လက်အောက် ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဟု ရဲရဲကြီး အာမခံသွားခဲ့သည်။

"ကျွန်တော်မဟုတ်ပါ" ဆိုသော စကားကို ဘယ်သူမဆို ပြောနိုင်ပါသည်။ ဒါပေမဲ့ "ကျွန်တော့်လက်အောက်က ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဆိုတာကိုတော့ စဉ်းစားစရာ ဖြစ်လာပါသည်။ ဘယ်အကြီးအကဲမှ မိမိဝန်ထမ်းဘာ ဆိုတာကို အတိအကျ မပြောနိုင်ပါ။ အမေရိကန်တို့၏ လျှို့ဝှက်ချက်ကို နာဆာမှဝန်ထမ်း ကွန်ပျူတာကျွမ်းကျင်သူ Edward Snowden သည် စုဆောင်းရယူခဲ့သည်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့သည်။ ဒါကို အမေရိကန်တို့ မသိပါ။

မန္တလေးမှ ရဲစခန်းက အဖြစ်ကို ကြည့်ပါ။ ဆရာသည် တပည့်ကို နေရာတကာမှာ တာဝန်မခံနိုင်ပါ။ ထိုပုဂ္ဂိုလ်က သူတို့တစ်ယောက်မှ မဟုတ်ကြောင်း အတိအကျ ပြောနိုင်လျှင် ဆိတ်ဖွားသည် သူဖြစ်ရမည်ပေါ့။ ကျွန်တော်စွပ်စွဲသည် မဟုတ်ပါ။ လောဂျစ်ကို တင်ပြနေခြင်း ဖြစ်သည်။

(၅)
တစ်ခုတော့ ပြောလိုပါသည်။

စက်တင်ဘာ ၁၂ ရက်ထုတ် Daily Eleven သတင်းစာပါ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြားဘဏ် ငွေစာရင်း၊ အကောင့်ငါးခုနှင့် ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က Facebook စာမျက်နှာတွင် ရှင်းလင်းထားရာ အစိုးရအနေဖြင့် နိုင်ငံပိုင် ငွေများအား ပြည်ပတွင် လုံးဝအပ်နှံထားခြင်း မရှိကြောင်း ကမ္ဘာ့ဘဏ်ကလည်း ယင်းကိစ္စ မှန်ကန်မှု မရှိသည်ကို သတင်းထုတ်ပြန်ရန်ရှိကြောင်း ဖော်ပြထားသည်။

ထိုအချက်အလက်သည် သူ၏တင်ပြချက်ဖြစ်၍ လောဂျစ်သဘောအရ လက်ခံရပေမည်။

သို့သော် "ဒီလောက်များတဲ့ငွေတွေ ပြည်ပဘဏ်တွေမှာ (အပ်ထားတာကို)မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးအရ အရေးယူပိတ်ဆို့ နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုက မသိဘဲ နေပါ့မလား။ ဒီထက်နည်းတဲ့ ငွေစာရင်းတွေတောင် ရှာဖွေပြီး ပိတ်ဆို့နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ BIC လို NGO ကတောင် သိနိုင်ရင် အီးယူဘာကြောင့် မသိတာလည်း စဉ်းစားကြည့်ပေါ့" တဲ့။ ဤလောဂျစ်ကတော့ မှားပါသည်။

အမေရိကန် အစိုးရတို့ အီးယူတို့ မသိတာနဲ့ BIC လို NGO က သိတာကို ဆက်စပ်လို့ မရပါဘူး။

အချို့ကိစ္စကို တစ်ရပ်ကွက်လုံး သိကြပေမယ့် သမီးတို့အဖေ မသိတာမျိုးတွေ အများကြီးပါ။

မိဘနှစ်ပါးသာ သိပေမယ့် တစ်ရပ်ကွက်လုံး သိချင်မှ သိပါမည်။ ရပ်ကွက်ထဲက ဆိုက်ကားသမား မောင်တိုးသည် မြန်မာစကား ကျွမ်းကျင်သည်။ အေဘီစီဒီလောက်တော့ တတ်သည်။ သို့သော် အိုဘားမားက မင်္ဂလာပါဟုသာ ပြောနိုင်သည်။ ကကြီးခခွေး တတ်ပါ့မလား။ အိုဘားမားသည် အမေရိကန် သမ္မတကြီးပဲ ကကြီးခခွေးလောက်တော့ တတ်မှာပဲဟု မပြောနိုင်ပါ။

မြန်မာစကား ရှိသည်။ "ဆန်ခိုးမမိ ဖွဲခိုးမိတဲ့" နည်းတာကို သိပေမယ့် များတာမသိတာ ဘာမှမဆန်းပါဘူး။

(၆)
လောကကြီးမှာ မသိတာ မတတ်တာ အများကြီးပါ။ ပုံပြင်လေးတစ်ခုကို ပြောလိုသည်။

တစ်ခါက ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးသည် လှေစီးကာ တစ်ဖက်ကမ်းသို့ ကူးသည်။ အခွင့်အခါရတုန်း တရားဟောမည်ဟု စိတ်ကူးကာ လှေသမားအား "မင်းဘုရားသခင်ကို သိလား"

"မသိပါအရှင်"

"ယေရှု ခရစ်တော်ကိုရော"

"မသိပါသခင်"

"ဒါဆို မယ်တော်မာရီကိုရော"

"မသိပါ"

"အင်း မင်းအတော်ခက်တဲ့ကောင်ပဲ မသိတာတွေ အများကြီးပဲ"

ဤတွင် မိုးသည်းထန်စွာ ရွာလာ၍ လေပြင်းတိုက်လာသည်။

"အရှင်ရေကူးတတ်လား"

"မတတ်ပါ"

"လှေကမှောက်တော့မယ်။ ကျွန်တော့် အင်္ကျီစကို သေသေချာချာ ဆွဲထားပါ။ မှောက်တဲ့လှေ ခိုစီးပြီးသွားမယ်။ ကျွန်တော့်ကို အသာဆွဲထား" လှေမှောက်သွားသည်။ သူတို့နှစ်ယောက် မှောက်သောလှေကို ခိုတွဲကာ ကမ်းကိုရောက်ခဲ့ကြသည်။

လောကမှာ မသိတာတွေ အများကြီးပါ။ အမေရိကန်နှင့် အီးယူတို့ကို အရမ်းအထင် မကြီးသင့်ပါ။

မြန်မာပြည်သူများလည်း သိတာတွေ အများကြီးပါ။ တစ်နှစ်တစ်နှစ် ဓာတ်ငွေ့ရောင်းရသော ဒေါ်လာဘီလျံ ဘယ်လောက်ရှိသလဲ။ သိသူတွေတော့ ရှိပါမည်။ အီးယူနှင့် အမေရိကန်တို့ မသိဘူးလို့တော့ မယူဆပါ။ (ဒါကတော့ ယူဆချက်သာ ဖြစ်သည်။ လောဂျစ်မဟုတ်ပါ)

စကားစ သတ်ပါတော့မည်။

အတွေးများကို မိမိသိသော ဘောင်အတွင်းမှ တွေးကြသည်။ မိမိကို သင်ကြားပေးသောကျောင်း (Institution) မှ ရရှိသော လောဂျစ်များဖြင့် ဆင်ခြင်ကြသည်။ ထိုဆင်ခြင်မှုသည် နှစ်ပေါင်း ၅၀ ကျော်အထိ အမြစ်စွဲနေကြသည်။

"ငါနှင့်မတူ ငါ့ရန်သူ" ဟူသော အတွေးမျိုးသည် မင်းအစိုးရ အားလုံးတွင် ရှိတတ်ကြသည်။ အမှန်တော့ နိုင်ငံသားအားလုံးတွင် တူညီသော ရည်ရွယ်ချက် ရှိသည်။ နိုင်ငံတော် တိုးတက်ဖို့ပါ။

ကမ္ဘာသား အားလုံးတွင်လည်း တူညီသော ရည်ရွယ်ချက် ရှိသည်။ ကမ္ဘာကြီး တိုးတက်ဖို့ပါ။

"ငါခေါင်းဆောင်ဖြစ်လို့ ငါပြောတာ မှန်တယ်" ဆိုသည့်ခေတ်ကို ထားပစ်ခဲ့ပါ။

မှန်ကန်စွာ ဆင်ခြင်တတ်ပါစေ။

(အခြေခံပညာ အထက်တန်းအဆင့် န၀မတန်း အတန်းတင် စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများကို မတ်လအတွင်းက တွေ့ရစဉ်)
(ဆောင်းပါးရှင်-ဒေါက်တာခင်မောင်ညို)
Eleven Media Group

့မြန်မာ-ထိုင်းနယ်စပ်မျဉ်းတိုင်းတာရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်မည်



နှောင့်နှေးကြန့်ကြာနေတဲ့ မြန်မာ နဲ့ထိုင်း နှစ်နိုင်ငံ နယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို ပြီးပြတ်အောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရဲ့ နှစ်နိုင်ငံ နယ်စပ် တိုင်းတာရေးဆွဲရေးအစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူ ထောက်ခံခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

ဒါ့ပြင် ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ရေး၊ နယ်စပ်ကျော် မူးယစ်ဆေး မှောင်ခို လုပ်ငန်း ချေမှုန်းရေးတွေ ပူးတွဲဆောင်ရွက်ဖို့လည်းသဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တည်ဆောက်ရေး စီမံကိန်းကို ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စား လာအောင် နှစ်နိုင်ငံ ပူးပေါင်းပြီး အရှိန်မြှင့်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်က အလေးပေးပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ထားဝယ် စီမံကိန်းဟာ ထိုင်းနိုင်ငံအတွက် အရှေ့အလယ်ပိုင်း နဲ့ ဥရောပ ကို ကုန်စည်တွေ တင်ပို့ဖို့အတွက် အဓိက ဂိတ်တံခါးအဖြစ် ထိုင်းအစိုးရက ရှုမြင်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၆)ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နဲ့ ထိုင်း ဒုကာကွယ် ရေး ၀န်ကြီး တို့ နှစ်ဦး ပြောဆိုခဲ့ကြတဲ့အသံ ဆိုပြီး ထွက်ပေါ်လာခဲ့တဲ့  အသံဖိုင်တစ်ခုမှာ - ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အောင်မြင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခရာကျတယ် လို့ ပြောဆိုထားပါတယ်။

မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ မနေ့က ထိုင်းခရီးစဉ်ဟာ အဲဒီအသံဖိုင် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ထိုင်းခရီးစဉ်ဖြစ်ပါတယ်။
RFA Burmese

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ သမ္မတလက်မှတ်ရေးထိုး အတည်ပြု



လွှတ်တော်ကနေ တင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အခုလို ဥပဒေအတည်ဖြစ်သွားတဲ့အတွက် အဂတိလိုက်စားမှုတွေနဲ့ နာမည်ပျက်နေတဲ့နိုင်ငံအတွက် နာမည်ကောင်းဖြစ်အောင်ပြန်လုပ်ဖို့ အခွင့်အလမ်းပေါ်လာပြီဖြစ်သလို၊ ဒီအတွက်လည်း သမ္မတကို ကျေးဇူးတင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီသစ်ပါတီ ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူဆိုတာ ငွေပေးတာလေးပဲပါမှာကိုး၊ တကယ်တန်းကျတော့ ခန္ဓာကိုယ်ပေးခြင်းပေါ့ ဒီလိုနည်းနဲ့ ယူခြင်းလည်းပါတာကိုး၊ ဒါကြောင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်ရင် ဒီအမည်ကိုမှတ်ချက်ပေးခဲ့တဲ့ သမ္မတရဲ့အမျှော်အမြင်ကို ကျနော်ချီးကျူးပါတယ်၊ သမ္မတကြီးက အခုချိန်မှာ ဒီဥပဒေကို အာဏာတည်မြဲတဲ့အမိန့် ထုတ်ပြန်လိုက်တယ်ဆိုတာကတော့ ကျနော်တို့တိုင်းပြည်အတွက် အကျင့်ပျက်နေတဲ့ တရားသူကြီးတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ပြောရရင် ဒီနေ့ ၁၅ဝဝ ဖုန်းကို အလွဲသုံးစားလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို အရေးယူနိုင်တော့မှာဖြစ်တဲ့အတွက် ဒီနေ့ထုတ်ပြန်တာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျနော်ကြိုဆိုထောက်ခံပါတယ်”

ဒီဥပဒေကို ပြီးခဲ့တဲ့နှစ်တွေမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးဆိုတဲ့အမည်နဲ့ လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ပြီး၊ နောက်ပိုင်းမှာတော့ သမ္မတရဲ့အကြံပြုချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် သတ်မှတ်ခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။
RFA Burmese

အားတစ်ခါသွင်းရင်တစ်လအသုံးခံမယ့် Nokia 108


ဘယ်လိုရည်ရွယ်ချက်နဲ့များထုတ်တယ်ဆိုတာ မသိပေမယ့် တန်ဖိုးနည်းဖုန်း
ကြိုက်သူတွေအတွက် တော့ရွေးချယ်စရာဖြစ်လာအုန်းမှာပါ။ပြိုင်ဘက်တွေက
အမိုက်စားဖုန်းတွေအပြိုင်အဆိုင်ထုတ်နေတဲ့ အချိန် Nokia ကအမှတ်မထင်
ယခုလိုချပြလိုက်တဲ့် အတွက်အနည်းငယ်တော့စိတ်ဝင်စားမိတာတော့အမှန်
ပါပဲ။ဈေးနှုန်းအနေအထားကလည်း လူတိုင်းကိုင်နိုင်မယ့် အနေအထားပါ။

မျက်နှာပြင်အရွယ်အစား ၁.၈လက်မသာရှိတဲ့ အဆိုပါဖုန်းဟာ touchscreen
အနေနဲ့လည်းအသုံးပြုလို့ရသလို အရင်လက်ဟောင်း Nokia ဒီဇိုင်း Keypad
တွေနဲ့အသုံးပြုလို့အဆင်ပြေအောင်လည်းဖန်တီးပေးထားပါတယ်။

Network အနေနဲ့ 2G Connection speed အသုံးပြုနိုင်မှာဖြစ်ပြီး ကင်မရာ
အနေနဲ့ VGA resolution သာအသုံးပြုလို့အဆင်ပြေစေမှာပါ။ဖျော်ဖြေမူပိုင်း
အနေနဲ့ FM radio နားဆင်အသုံးပြုနိုင်မှာဖြစ်ပြီး သာမန်ဖုန်းတွေလို File
တွေကို အလွယ်တကူ bluetooth ကနေ Sharing လုပ်နိုင်မှာပါ။

Dual-SIM အသုံးပြုနိုင်မှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ ဘက်ထရီတစ်ခါအား
သွင်းထားပါက Standby အနေနဲ့ ၃၁ ရက်အထိအသုံးပြုနိုင်ပါတယ်။အဲဒီရဲ့ 
အားသာချက်က ခရီးဝေးသွားရတဲ့သူတွေ၊လျှပ်စစ်မီးမရတဲ့ ဒေသတွေမှာ
နေထိုင်သွားလာသူတွေအတွက်တော့ ရွေးချယ်စရာဖြစ်လာမှာပါ။

အရောင်အသွေးစုံစုံလင်လင်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်း ၂၉ဒေါ်လာ (၁၈ပေါင်)နဲ့ဖြန့်ချိရောင်းချပေးမယ်လို့ဆိုပါတယ်။ တန်ဖိုးနည်း ဖုန်း အမျိုးအစားဖြစ်တယ်ဆိုပေမယ့် Branded ဖြစ်နေတာက အခြား
တန်ဖိုးနည်းဖုန်းတွေ အတွက်တော့ မျက်ခုံးလှုပ်စရာဖြစ်လာမယ့် ဖုန်းတစ်
လုံးလို့မြင်မိပါတယ်။

Ref:Gadget
TechSpace Journal

ကျောက်သင်ပုန်းကွန်ပြူတာ တွဲလျက်ပါ Asus နောက်ဆုံးထွက် Padafone


ထိုင်ဝမ်အခြေဆိုက် Asus တို့ ယခု ရက်ပိုင်းလေးတင် အသစ်မိတ်ဆက်ပေး လိုက်တဲ့ Padafone ဖြစ်ပါတယ်။ Asus Padafone Infinity လို့ အမည်ပေး ထား ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလက ပထမဆုံး မျိုးဆက် Asus Padafone ထွက်ရှိ ခဲ့ပြီးသွားပါပြီ။ ယခု Infinity မှာတော့ အများကြီး ထူးခြားလာတာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ မကြာမီ ထွက်ရှိတော့မှာပါ။ တရားဝင် မိတ်ဆက် ပြသ ခဲ့ပြီး ဖြစ်ပါတယ်။ ဖုန်း အနေနဲ့ပဲ သုံးနေရုံမက၊ Tablet အနေနဲ့ပါ အသုံးပြု လို့ရအောင် Dock Tablet ပါရှိပြီး Notebook လိုသုံးချင်သေးရင် ကီးဘုတ် သက်သက် ဝယ်နိုင် ပါသေးတယ်။ GSM ဆင်းကဒ်ထည့်သုံးနိုင်တဲ့ ဖုန်းပါ။

Tablet က အမှန်တော့ Dock Station တစ်မျိုးပါပဲ။ ဖုန်းကို ထည့်လိုက်ရုံနဲ့ ၁၀.၁ လက်မ ကျယ်တဲ့ မျက်နှာပြင်ကနေ Tablet လိုမျိုး အသုံးပြုလို့ ရအောင် ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး ထွက်ရှိ စဉ်က အမေရိကန်ဒေါ်လာ ၈၅၀ ကျော်တောင် ရှိခဲ့ပါတယ်။ 64 GB ဗားရှင်းဆိုရင် ကန်ဒေါ်လာ ၁၀၀၀ ကျော်တောင် ရှိပါတယ်။ ဒီတစ်ခါတော့ အရည် အသွေးမြင့်မားလာမှုအပြင် ဈေးနှုန်းကလည်း သက်သာ သွားပါတယ်။ ဖုန်းကိုပဲ အရင်လေ့လာရအောင်။

၎.၃ လက်မ အရွယ် HD resolution Display အသုံးပြု ထားပါတယ်။ Processor 2.2 GHz Quad Core Qualcomm Snapdragon 800 ကို အသုံးပြုထားပြီး နောက်ဆုံးထွက် အဆင့်မြင့်စမတ်ဖုန်း များနဲ့ ယှဉ်လို့ ရပါတယ်။ RAM လည်း 2GB ပါ။ Internal 64 GB ဗားရှင်းတော့ မထွက် ရှိတာ့ပါဘူး။ 16 GB နဲ့ 32 GB ဗားရှင်း ထွက်ရှိမှာ ဖြစ်ပါတယ်။ micro SD ကဒ်ထည့်ဖို့ slot ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ ကင်မရာက 13 Megapixel ပါ။ f2.0 rear camera ဖြစ်တာမို့ HTC One ရဲ့  Ulta pixel နည်းပညာ နဲ့အတူတူပဲလို့ ဆိုပါတယ်။ ရှေ့ ကင်မရာ ကတော့ 2 Megapixel ပါ။ Android 4.2 Jelly Bean နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Navigation နဲ့ အခြားသော Software/Feature များပါဝင်နေပါသေးတယ်။ ဖုန်းတပ်ဆင်မယ့် Tablet ကတော့ အရင်ကလို ၁၀.၁ လက်မ ဝန်းကျင် ပဲ ဖြစ်မှာပါ။ တိုက်နေနီယမ် အနက်ရောင်၊ ပလက်တီနမ် အဖြူရောင် ဆိုပြီး အရောင် ၂ မျိုးနဲ့ထွက်ရှိမှာ ဖြစ်ပါတယ်။ ဖုန်းချည်းသက်သက် ဝယ်မယ် ဆိုရင်တော့ 16 GB ကို ကန်ဒေါ်လာ ၆၄၀၊ 32 GB ကိုတော့ ကန်ဒေါ်လာ ၇၁၀ သတ်မှတ်ထားပါတယ်။

Infinity Station Dock လို့ခေါ်တဲ့ Tablet ကို ထပ်ဝယ်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂၄၀ ကုန်ကျအုံးမှာပါ။ ဒေါ်လာ ၂၄၀ တန် Tablet က ဘယ်လို Feature တွေ ပါရှိမယ်ဆိုတာကို ဖော်ပြ မထားသေး ပါဘူး။ 16 GB Padafone တစ်စုံဝယ်မယ် ဆိုရင် ကန်ဒေါ်လာ ၈၈၀ လောက်တော့ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း ငွေကျပ် ၈သိန်းခွဲလောက် ပေါက်ဈေးရှိနိုင်မယ့် စမတ်ဖုန်း+ကျောက်သင်ပုန်း ကွန်ပြူတာ တစ်စုံပါ။ ၄ သိန်းခွဲတန်ဖုန်းတစ်လုံးနဲ့ ၃ သိန်းခွဲ တန် ကျောက်သင်ပုန်း ကွန်ပြူတာ တစ်လုံး ဝယ်မယ်လို့ စိတ်ကူးရှိရင်တော့ တစ်မျိုးပေါ့။ ဖုန်းကောင်းကောင်းကိုင်ပြီး Tablet လိုမျိုး Feature အစံသုံးချင်ရင်တော့ Asus Padafone Infinity နဲ့လည်း လုံလောက် နိုင် ပါတယ်။
.
Ref: androidcommunity
TechSpace Journal
အောင်ခမ်း (TSJ team)


ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်လုပ်ငန်း Nestle မြန်မာဈေးကွက်တွင် ထုတ်လုပ်ရောင်းချမည်




ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Nestle Myanmar Co.,Ltd ကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၁၆ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာဈေးကွက်အတွင်း ရောင်းချနေသည့် Nestle ထုတ်ကုန်များသည် ထိုင်းနိုင်ငံမှတစ်ဆင့် ၀င်ရောက်နေခြင်း ဖြစ်သည်။

Nestle သည် ကလေးအစားအစာ၊ ရေ၊ မုယောစပါးနှင့် ပြုလုပ်သော အစားအစားများ၊ ကော်ဖီ၊ ယိုမျိုးစုံ၊ ဂျုံနှင့်ပြုလုပ်သော အစားအစာများ၊ နို့နှင့်ပြုလုပ်သော အစားအစာများ၊ ရေခဲမုန့်၊ သရေစာနှင့် တိရစ္ဆာန် အစားအစာများ အဓိက ထုတ်လုပ်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၂၉ ခုရှိကြောင်း သိရသည်။

၎င်း၏ထင်ရှားသည့် အမှတ်တံဆိပ် အချို့မှာ Nespresso၊ Nescafe၊ Kit Kat၊ Smarties၊ Nesquik၊ Stouffer's၊ Vittel၊ Maggi၊ MILO စသည်တို့ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ ဖြစ်သည်။

Nestle သည် ကမ္ဘာ့နိုင်ငံပေါင်း ၉၀ နီးပါးခန့်တွင် စက်ရုံပေါင်း ၄၅၀ ကျော်ရှိပြီး ဈေးကွက်အလားအလာ ကောင်းမွန်လာသော မြန်မာနိုင်ငံတွင်လည်း စက်ရုံတည်ထောင်ရန် စီစဉ်လာခြင်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ Vevey မြို့အခြေစိုက် Nestle ဖြစ်လာမည့် ကုမ္ပဏီများဖြစ်သော Anglo-Swiss Condensed Milk Company ကို ၁၈၆၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Farine Lactee Henri Nestle ကို ၁၈၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး Nestle and Anglo-Swiss Condensed Milk Company ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိ Nestle ၏ အစုရှယ်ယာ အများစုကို ကမ္ဘာ့အကြီးဆုံး အလှကုန် လုပ်ငန်းဖြစ်သော L'Oreal က ပိုင်ဆိုင်ထားသည်။

လက်ရှိ Nestle ၏ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၃ ဘီလျံရှိပြီး Financial Time သတင်းစာ၏ သတ်မှတ်ချက်အရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများစာရင်းတွင် အဆင့် ၉ ရရှိထားသည်။ ၂၀၁၂ ခုနှစ် အတွင်းဝင်ငွေ Swiss Francs ၉၂ ဒသမ ၁၈ ဘီလျံ ရရှိထားပြီး အမြတ်ငွေ Swiss Francs ၁၀ ဒသမ ၆၁ ဘီလျံ ရရှိထားသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် စားသောက်ကုန်နှင့် အဖျော်ယမကာ ကုမ္ပဏီများဖြစ်သော Coca Cola၊ Pepsi၊ Unilever စသည့်ကုမ္ပဏီများ စက်ရုံတည်ထောင်ပြီးဖြစ်ကာ Heineken၊ Carlsberg၊ Beer Chang၊ Pokka စသည့်ကုမ္ပဏီများလည်း စက်ရုံများတည်ထောင်ရန် ဆောင်ရွက်လျက်ရှိသည်။

(ပြင်သစ်နိုင်ငံရှိ Nestle စားသောက်ကုန် စက်ရုံတစ်ရုံကို တွေ့ရစဉ် (Photo: www.fdbusiness.com))
Eleven Media Group

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲကျင်းပဖို့ စီစဉ်




လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမှာဖြစ်သလို မြို့တော်ခန်းမ ရှေ့ကနေ ပြည်သူ့ဥယျာဉ်အထိ လမ်းလျှောက်ချီတက်ပွဲလည်း ကျင်းပမယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အပစ်ရပ်အဖွဲ့အစည်းတွေသင့်မြတ်ရေးနဲ့ ပြည်သူတွေ ကြားထဲ ပဋိပက္ခတွေနည်း သွားရေးအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုသက်ဇော်ဝင်းက ပြောပါတယ်။

“ဒီနှစ်အတွက် အစီအစဉ်နှစ်ခုခင်ဗျ၊ တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်ဖို့ရာရယ်၊ လွတ်လပ်ငြိမ်းချမ်း မျှတလမ်း မတူလက်များတွဲကြဖို့ ဆိုတာရယ် နှစ်ခုခင်ဗျ၊ တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်ဖို့က အစိုးရနဲ့ တခြား ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေတဲ့ အဖွဲ့အစည်းတွေကို ရည်ရွယ်ပါတယ်၊ နောက်ထပ်တစ်ခုက ပြည်သူတွေကို ရည်ရွယ်ပါတယ်၊ ပြည်သူတွေအချင်းချင်းထဲမှာ မယုံသင်္ကာမှုတွေ၊ မယုံကြည်မှုတွေ၊ ပြည်သူထဲမှာဖြစ်နေတဲ့ ပဋိပက္ခတွေက ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်ရဲ့ဒီမိုကရေစီဖြစ်စဉ်အတွက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်မို့ ပြည်သူတွေအားလုံး ဒီမိုကရေစီဖြစ်စဉ်အတွက်ကို အထောက်အကူပြုစေဖို့ မတူလက်တွေတွဲပြီးတော့ ကျနော်တို့လုပ်ထားပါတယ်”

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ပြည်သူဥယျာဉ်မှာ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဒီနေ့ ညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။

မနှစ်တုန်းက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်လမ်းလျှောက်ပွဲအတွင်း ဦးဆောင်ခဲ့သူ ၉ ဦးကို သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ခွင့်ပြုချက်မယူပဲစီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အခုချိန်ထိ အမှုဖွင့်တရားစွဲဆိုထားဆဲဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်၊ မော်လမြိုင်မြို့တွေအပြင် စစ်ဘေးဒုက္ခသည် စခန်းတွေဖွင့်လှစ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာလည်း ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
RFA Burmese

မိန်းမတို့ဘုန်း ဆံထုံး လက်ကိုင်ထားကြသူများ


ဂင်းနစ်စံချိန်ဝင် ကမ္ဘာပေါ်က ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာဟာ တရုတ်နိုင်ငံ ဟွမ်လုံရွာဖြစ်ပါတယ်။ ရွာရဲ့ ပတ်ပတ်လည်ဟာလည်း တောင်တန်းတွေ ဝိုင်းရံနေပြီး သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် တောင်တွေကို ထွင်းပြီး စိုက်ပျိုးထားတဲ့ လှေကားထစ် စိုက်ခင်းတွေရဲ့ အလှဟာ ရှုလို့မဆုံးအောင် သာယာလှပပြီးတော့ အဲဒီ ဟွမ်လုံရွာ ကလေးဟာလည်း ထူးဆန်းတဲ့ ဓလေ့ထုံးစံတွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အဲဒီရွာမှာနေထိုင်ကြတဲ့ လူမျိုးစုကို ယောင် လူမျိုးစုလို့ခေါ်ကြပြီး အနီရောင်ယောင် လူမျိုးစုဆိုရင် ပိုပြီးလူသိများပါတယ်။ ဘာကြောင့်ဆိုရင် သူတို့ဟာ အဝတ်အစား အနီရောင်ကိုသာ ဝတ်ဆင်ကြတာမို့ပါ။ ပြီးတော့လည်း ရှည်လျား မည်းနက်ပြီး သန်မာလှတဲ့ ဆံပင်တွေကြောင့်လည်း နာမည်ကျော်ပါသေးတယ်။ အဲဒီရွာမှာ အိမ်ခြေ ၇၀ခန့်သာ ရှိတဲ့ လူနည်းစု ယောင် တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာပေမဲ့ အိမ်တိုင်းမှာရှိတဲ့ အမျိုးသမီးတိုင်းဟာ ရှည်လျားလှတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း ဆံပင်ရှည်ဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်ဆိုပြီး မြတ်နိုး တန်ဖိုးထားကြတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးတိုင်းဟာ ဆံပင်ရှည်ရှည်တွေဖြစ်ပြီး အရှည်ဆုံး ဆံပင်ဟာ ၂မီတာ( ၆ပေခွဲ) လောက်ကို ရှိပြီး ဆံပင်တွေကို ဖြန့်ချလိုက်ရင် မြေပြင်နဲ့ ထိနေအောင်ကို ရှည်လျားသန်စွမ်းကြပါတယ် လို့ သိရပါတယ်။


တောင်ပတ်လည်ဝိုင်း တိမ်တွေဆိုင်းတဲ့ လှေကားထစ်စိုက်ခင်းများ
ဟွမ်လုံရွာက ယောင်အမျိုးသမီးတွေရဲ့ဘဝမှာ ဆံပင်ရှည်ဟာ အလွန်အရေးပါတဲ့ဘဝရဲ့ အစိတ်အပိုင်းအဖြစ် ခံယူကြတာကို တွေ့ရမှာပါ။ သူတို့ဟာ တစ်သက်မှာ တစ်ကြိမ်သာ ဆံပင်ဖြတ်ခွင့်ရှိကြပြီး အဲဒီအချိန်ဟာလည်း သူတို့အသက် ၁၆နှစ်ကနေ ၁၈နှစ်ကြား အိမ်ထောင်ပြုခါနီးအချိန် ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ဆံစုတွေကိုတော့ သူတို့ရဲ့ မိခင်ကို ပေးအပ်ပါတယ်. မိခင်တွေက အဲဒီဆံပင်စုတွေနဲ့ ဆံထုံးတုတွေ ဆံပင်အလှဆင် ဆံထုံးတွေ လုပ်ကြပြီး အမျိုးသမီးတွေရဲ့ ဆံပင်တွေကို ထုံးဖွဲ့ရာမှာ ထိုဆံထုံးတုလေးတွေ ထည့်သွင်းပြီး ထုံးနှောင်ကြပါတယ်။ တစ်ချို့တွေကတော့ မူလဆံပင်ရှည်တွေနဲ့သာ ထုံးကြပြီး အချို့ကတော့ ဆံပင်တုတွေနဲ့ ရောပြီး ထုံးဖွဲ့ကြပါတယ်။ ဟွမ်လုံရွာမှာ အမျိုးသမီးပေါင်း ၁၀၀ကျော်ခန့်ရှိပြီး သူတို့အားလုံးဟာ ရှည်လျားတဲ့ဆံပင်ရှည်တွေ ရှိပေမဲ့ နေ့ခင်းအလုပ်လုပ်ချိန်တွေမှာတော့ ဆံပင်တွေကို ခေါင်းပေါ်မှာ ထုံးထားလေ့ရှိပါတယ်။ အဲဒီလို ထုံးရာမှာလည်း အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး အခြေအနေအလိုက် ဆံပင်ကို ထုံးဖွဲ့ပုံ ကွဲပြားကြပါတယ်။

အိမ်ထောင်မရှိသူ အပျိုလေးများရဲ့ ဆံထုံး

အိမ်ထောင်မရှိသေးတဲ့ ငယ်ရွယ်သူ အမျိုးသမီးတွေကတော့ ခေါင်းပေါ်မှာ ထုံးထားတဲ့ ဆံပင်ကို အခြားသူတွေ မမြင်နိုင်ဖို့ အပြာရောင် ပုဝါလို အစ တစ်ခုခုနဲ့ ဖုံးအုပ်ထားတတ်ကြပြီး သူ့နဲ့ လက်ထပ်တဲ့သတို့သားဟာလည်း မင်္ဂလာဆောင်တဲ့နေ့မှသာ ဆံပင်ရှည်ကို ပထမဦးဆုံး မြင်တွေ့ခွင့် ရတယ်လို့ဆိုပါတယ်။ တကယ်လို့များ တစ်စိမ်းယောက်က်ျားလေး တစ်ယောက်ယောက်ဟာ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးရဲ့ ဆံပင်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ပုဝါစနဲ့ ဖုံးထားခင်မှာ မြင်တွေ့လိုက်ပြီဆိုရင် အဲဒီ အမျိုးသမီးလေးရဲ့ မိဘတွေအိမ်မှာ သားမက်အဖြစ်နဲ့ ၃နှစ်လောက် နေထိုင်ကြရတယ်လို့ ထူးထူးဆန်းဆန်း ဓလေ့ထုံးစကို တွေ့ရပါတယ်



အိမ်ထောင်ရှိသူအမျိုးသမီးတို့ရဲ့ ဆံထုံးပုံ


အိမ်ထောင်ရှိသူတွေကတော့ ဆံပင်ရှည်တွေကို လင်ပန်းတစ်ချပ်လို ခေါင်းပေါ်မှာ ခပ်ပြားပြား အနေအထားနဲ့ ထုံးဖွဲ့ထားလေ့ရှိပါတယ်။

သားသမီးရှိပြီးသား အမျိုးသမီးတွေ ကတော့ ဆံထုံးရှေ့မှာ ပေါင်မုန့်လုံးလေးလို အလုံးလေး ဖြစ်နေအောင် ထုံးဖွဲ့လေ့ရှိကြပါတယ်






နွေနဲ့ ဆောင်းရာသီတွေမှာ ယောင်မျိုးနွယ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံပင်တွေကို ဂျင်းဂျန်းမြစ်ထဲမှာ လျှော်ကြ ဆေးကြပါတော့တယ်။ သူတို့ရဲ့ ဆံပင်တွေကို လျှော်ကြရာမှာတော့ ခေတ်ပေါ် ခေါင်းလျှော်ရည်တွေနဲ့ ခေါင်းလျှော်ကြ တာမျိုး မဟုတ်ပါဘူး။ သူတို့အတွက် အကောင်းဆုံး ခေါင်းလျှော်ရည်ကတော့ ဆန်ဆေးရည်ကို ရက်အနည်းငယ်ထားပြီး အချဉ်ဖောက်ကာ အခြားသော ဆေးဘက်ဝင် ပစ္စည်းနဲ့ ပေါင်းစပ်ထားတဲ့ သဘာဝ ခေါင်းလျှော်ရည်သာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ရင် ဆံပင်တွေ နက်မှောင် သန်စွမ်းတယ်လို့ ကြားခဲ့ဖူးတာဟာ ယောင်အမျိုးသမီးတွေ လက်တွေ့ သုံးတဲ့နည်းမှန်း ခုမှသာ သိခွင့်ရပါတော့တယ်။ သူတို့ကလည်း သူတို့ဆံပင်တွေ ရှည်လျားမည်းနက် လှပသန်စွမ်းရတဲ့ လျှို့ဝှက်ချက်ဟာလည်း ၂ရက် သို့မဟုတ် ၃ရက်တစ်ကြိမ် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကြောင့်လို့ ဆိုကြပါတယ်။

အစောပိုင်းနှစ်တွေကတော့ ရွာရဲ့ ဓလေ့ထုံးစံအရ အိမ်ထောင်ရှိ အမျိုးသမီးတွေရဲ့ လင်ယောက်ျားနဲ့ သားသမီးတွေကလွဲလို့ သူတို့ရဲ့ ဆံပင်ရှည်တွေကို အပြင်လူတွေ မမြင်မတွေ့ရအောင် ထိမ်းသိမ်းထား ခဲ့ရတာကြောင့် အခြားသော ပြင်ပ တစ်စိမ်းသူတွေ ဘယ်သူကမှ အဲဒီအမျိုးသမီးတွေရဲ့ လွတ်လွတ်လပ်လပ် ဖြန့်ချထားတဲ့ ဆံကေသာအလှကို မမြင်တွေ့ခဲ့ကြဖူးပါဘူး။ ဒါပေမဲ့ ခုခေတ်မှာတော့ ဓလေ့ထုံးစံတွေ အနည်းငယ် လျော့ချလိုက်ပြီဖြစ်လို့ ဆံပင်တွေ ဖြန့်ချထားတာကို တစ်ခြားလူတွေကလည်း မြင်တွေ့ခွင့် ရလာတာနဲ့အတူ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတွေရဲ့ အလှကလည်း ပိုပြီး နာမည်ကျော်လာခဲ့ပါတယ်။ ကျော်ကြား လာတဲ့ဆံပင်ရှည်နဲ့အတူ အမျိုးသမီးတွေဟာ တစ်ခြားသူတွေရှေ့မှာ ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံ တတ်လာကြပါပြီ။ ဟွမ်လုံရွာသူတို့ သီချင်းဆိုပြီး ကခုန်ကြတဲ့အခါ လှပရှည်လျားတဲ့ ဆံပင်ရှည်တွေဟာ လေပေါ်မှာဝေ့ဝဲနေပြီး ပျံသန်းနေသတဲ့သို့ ရှိပါတယ်။ ဆံပင်ရဲ့အလှကျက်သရေ နာမည် ကျော်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေဟာ အဲဒီရွာတွေကို မကြာခဏ သွားရောက်လေ့ ရှိပါတယ်။ သူတို့ နေထိုင်တဲ့ ရွာကိုလည်း ဆံပင်အရှည်ဆုံး အမျိုးသမီးတွေရဲ့ရွာလို့ ထူတိုင်းက အသိအမှတ်ပြု ခေါ်ဆိုလာကြပါတယ်။


ယောင် မျိုးနွယ်စု အမျိုးသမီးတွေဟာ ဆံပင်ရှည်ကို တမြတ်တနိုး တန်ဖိုးထားရခြင်း အကြောင်းထဲမှာ ဆံပင်ရှည်ဟာ သူတို့လူမျိုးတွေအတွက် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြ တာကြောင့်လည်း ဖြစ်ပါတယ်။ ဆံပင်ရှည်လာလေ ကံကောင်းလာလေလို့ ယုံကြည်ကြ ပါတယ်။ ဒါကြောင့်လည်း မိန်းမတို့ဘုန်း ဆံထုံးဆိုတာ ဟွမ်လုံရွာသူတွေ အတွက်တော့ လက်ကိုင်ထားစရာ စကား ဖြစ်နေမှာ အသေအချာပါဘဲရှင်။

ချော ( အစိမ်းရောင်လွင်ပြင် )

ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်



ကမ္ဘာပေါ်မှာ အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်ခန့်
ဒေါပုံမြစ်အတွင်းမှာ နစ်မြုပ်နေ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နစ်မြုပ်နေတဲ့
ခေါင်းလောင်းတော်ကြီးကိုတော့ လာမယ့် လပိုင်းအတွင်း ကျိုက်ထီးဆောင်း
ဆရာတော် ဘုရားကြီးရဲ့ ကမကထ ပြုမှုနဲ့ ပြန်လည် ရှာဖွေ ဆည်ယူ
တော့မှာ ဖြစ်ပါတယ်။

ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးနဲ့ ဆံတော်ရှင်များ သာသနာ့ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘုရားကြီး ၂ ပါးတို့ရဲ့ ကမကထပြု
ဆောင်ရွက်မှုနဲ့ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ် အတွင်းမှာ နစ်မြုပ်နေတဲ့ ကြေးသွန်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည် ရှာဖွေဆည်ယူ တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျိုက်ထီးဆောင်း စေတီတော်ကျောင်း တိုက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခေါင်းလောင်း တော်ကြီး ကိုတော့ ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်မှာ မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံစေတီ ရင်ပြင်တော် ပေါ်သို့ ကပ်လှူ ပူဇော်ခဲ့ကာ သက္ကရာဇ် ၉၄၇ ခုနှစ်မှာ ပေါ်တူဂီ နယ်ချဲ့ ဒီဘရစ်(ခေါ်) ငဇင်ကာရဲ့ သင်္ဘော ၂ စီးနဲ့ လုယူ သယ်ဆောင်မှုကြောင့် ရန်ကုန်နဲ့ သံလျင်မြို့ကြား၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ နစ်မြုပ်ခဲ့ ရတာ ဖြစ်ပါတယ်။

အခုလို နစ်မြုပ်ခဲ့တဲ့ ခေါင်းလောင်းတော်ကြီး ဟာဆိုရင် အမြင့် ၁၂ တောင်၊ အကျယ် ၁၈ တောင်နဲ့ အလေးချိန် ပိဿာပေါင်း ၁ သိန်း ၈ သောင်းခန့် ရှိတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၄၀၀ ကျော်ခန့် နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကို နိုင်ငံတကာမှ သုတေသန အဖွဲ့များက လာယူ ရှာဖွေ ဆည်ယူမှုများ ရှိခဲ့သလို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ မှာတော့ အမေရိကန်မှ လွှတ်တင် ထားတဲ့ နာဆာ Land Sat-7 ဂြိုလ်တုမှာ ခေါင်းလောင်းတော်ကြီး နစ်မြုပ်နေတဲ့ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ တည်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါ
တယ်။ ဒါကြောင့် အခုလို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆည်ယူရေး လုပ်ငန်းများကို လာမယ့် လပိုင်းအတွင်းမှာ ဆောင်ရွက်
တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆည်ယူရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး သီးခြား အလှူငွေ ကောက်ခံတာမျိုး မရှိဘဲ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ဆီသို့ ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့ အလှူငွေ များကိုသာ လက်ခံ သွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြင်ပစေတနာ အလှူရှင်များ အပြင် ဇေကမ္ဘာ မိသားစုမှ ဆည်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင် လှူဒါန်းမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ယူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွား မှာဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရွှေတိဂုံ စေတီတော် ကုန်းတော် အပေါ် အောင်မြင်စွာ ဆည်ယူနိုင်ရေး အတွက် အထူး မျှော်မှန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Mrtv-4

တိုက်စားခံအိုးအိမ်များ




ညဥ့်သန်းခေါင်ယံအချိန်၊ တစ်ရွာလုံးတိတ်ဆိတ်နေသော်လည်း ရွာတွင်အိပ်ပျော်နိုင်သူမရှိ။ ဧရာဝတီမြစ်ရေ၏ ကမ်းပါးများကို တိုက်စားနေသည့်အသံက ဦးလှအေးတို့မိသားစုမြေနေရာကို ၀ါးမျိုတိုက်စားရန် ခြိမ်းခြောက်နေသည်။

“၀ုန်း”ခနဲအသံကြီးက ညဥ့်သန်းခေါင်ယံတွင် ကျယ်လောင်စွာ မြည်ဟီးသွားသည်။ ရွာသူရွာသားများ လက်နှိပ်ဓာတ်မီးကိုယ်စီဖြင့် ထလာကြပြီး ၁၂ တောင်ကျော်ခန့် ကမ်းပါးပြိုသွားသော နေရာများကို ဓာတ်မီးများဖြင့် ထိုးကြည့်ကြရင်း ထိတ်လန့်စွာ တစ်ယောက်တစ်ပေါက် စကားပြောသံများက ဆူညံသွားသည်။ ဦးလှအေး မြေနေရာအပါအ၀င် မိသားစုသုံးစုနေထိုင်ရာ မြေနေရာများကို ဧရာဝတီမြစ်ရေက မိနစ်ပိုင်းအတွင်း တိုက်စားနှစ်မြှုပ်ပစ်လိုက်ပြီ။ သည်အဖြစ်အပျက်က ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်ပေါ်ရှိ ကျွန်းများပေါ်တွင် နေထိုင်လုပ်ကိုင် စားသောက်နေသူများ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ရင်ဆိုင်နေရသော အဖြစ်အပျက်များစွာထဲကတစ်ခုဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ဧရာဝတီမြစ် ရေကြောင်းပြောင်းခြင်း၊ မြစ်ရေတက်လာခြင်းတို့ကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျွန်းများပေါ်တွင် နေထိုင်ကြသော ကျေးရွာအုပ်စုများ
ကမ်းပါးပြို၍ စိုက်ပျိုးမြေများ၊ နေထိုင်စရာမြေနေရာများ ဆုံးရှုံးရခြင်းဒုက္ခနှင့် ရင်ဆိုင်နေကြရသည်။

“ဒီတစ်ခါပါနဲ့ဆို “ဦး”သက်တမ်းတစ်လျှောက် ကမ်းပါးပြိုလို့ ပြောင်းရွှေ့ရတာ ရှစ်ကြိမ်ရှိသွားပြီ”ဟု ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းအုပ်စု၊ ဒါန်ကုန်းသစ်ကျေးရွာတွင် နေထိုင်သူ အသက်(၇၉)နှစ်အရွယ် ဦးမြင့်ကျော်ကပြောသည်။

ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ပေါ်ရှိ ကျွန်းများပေါ်တွင် ရွာပေါင်းတစ်ရာကျော် မှီတင်းနေထိုင်နေကြပြီး ယခင်နှစ်များတွင် ကမ်းပါးပြိုမှုဘေးအန္တရာယ်များ ကြုံခဲ့ဖူးသော်လည်း ယခုနှစ်လို ဆိုးဆိုးရွားရွားမရှိခဲ့။ ယခုတော့ ရွာသုံးရွာလုံး ရေအောက်ရောက် ပျောက်ကွယ်သွားသည်အထိ ရင်ဆိုင်နေကြရသည်။ ကမ်းပါးပြိုသည့်အထဲတွင် မိမိတို့အိမ်ပါမသွားရန် ကြိုတင်ဖျက်၍ လွတ်ရာသဲသောင်ပြင်များတွင် ပုံထားကြရပြီး ယာယီတဲများထိုး၍ ဖြစ်သလိုနေထိုင်နေကြရသော မိသားစုများစွာ တွေ့ရမည်ဖြစ်သည်။

“ပြောင်းရွှေ့ဖို့ စရိတ်ကလည်း မတတ်နိုင်၊ စိုက်ပျိုးမြေလည်းမရှိတော့ ၀င်ငွေလည်းမရှိဘူး။ ဒီလိုပဲ ရှိတာလေးတွေရောင်းပြီး စားသောက်နေကြရတယ်”ဟု ရွာသာညွန့်ကျေးရွာမှ ဦးလှမြင့်ကပြောသည်။

ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုတွင် တစ်ရွာလုံးမှ နွားခြောက်ကောင်သာကျန်တော့ပြီး စားဝတ်နေရေးအတွက် ကျန်ခိုင်းနွားများကိုပင် အသားဈေးဖြင့် ရောင်းချကြရသည်။ ခိုင်းနွားတစ်ကောင်လျှင် ကျပ်ခုနစ်သိန်းမှ ဆယ်သိန်းအထိ ပေးဝယ်ရပြီး အသားဈေးဖြင့် ပြန်ရောင်းမည်ဆိုပါက ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲသာရသည်။

“ဟိုဘက်ကျွန်းမှာ မြေ၀ယ်ထားတာရှိတယ်။ ပြောင်းဖို့မရှိတော့ မပြောင်းနိုင်သေးဘူး။ နောက်ပြီး အဲဒီနေရာကလည်း ဘယ်လောက်တည်မြဲမယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးလှအေးကပြောပြသည်။

အခြားကျွန်းပေါ်တွင် မြေ၀ယ်ပြောင်းရွှေ့နေထိုင်သူများကိုလည်း သက်ဆိုင်ရာမှ အိမ်ထောင်စုဇယားများ ပြောင်းမပေးခြင်း၊ စိုက်ပျိုးမြေများဟုဆိုကာ အိမ်ဆောက်ခွင့် ပိတ်ပင်ခံရခြင်း၊ ဆောက်ပြီးအိမ်များကိုလည်း ဖယ်ရှားခိုင်းခြင်းမျိုးလည်း ထပ်မံကြုံတွေ့ရပြန်သည်။

ရေနံချောင်းနေဦးလှအေးတို့သာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဥ့်ကူ၊ မတ္တရာ၊ ပုသိမ်ကြီး၊ ငါန်းဇွန်၊ မြင်းခြံမြို့နယ်များရှိ ဧရာဝတီမြစ်ဘေးတွင် နေထိုင်သော ရွာများသည် တစ်နှစ်ထက်တစ်နှစ် မြစ်ကမ်းပါးပြိုသည့်ဒဏ်ကို ရင်ဆိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းရွာအနေဖြင့် မြစ်ကြောင်းမည်ကဲ့သို့ ပြောင်းမည်ကိုလည်း မမှန်းဆနိုင်ခြင်းကြောင့် သက်ဆိုင်ရာရေကြောင်းထိန်းသိမ်းရေးဌာနများမှ မြစ်ကြောင်းတစ်ကြောင်းတည်း ဖြစ်စေရေး
ထိန်းသိမ်းပေးရန်အတွက် မျှော်လင့်နေကြသူများလည်းရှိသည်။

ယင်းကဲ့သို့ မြစ်ကမ်းပါးရေတိုက်စားမှုသည် ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်များတွင် အဖြစ်များလေ့ရှိပြီး ကမ်းပါးမြေမာသော သံလွင်မြစ်သည် ယင်းမြစ်များထက် ကမ်းပါးပြိုမှုနှုန်းနည်းပါးကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသောင်းလွင်ကပြောသည်။

မိုးရာသီနှင့် နွေရာသီကာလများသည် မြစ်ရေစီးမှုပမာဏ တူညီသောကြောင့် ကမ်းပါးများသည် နွေအခါ၌ ခြောက်သွေ့နေပြီး မိုးရာသီအ၀င်၌ မြစ်ရေ ရုတ်တရက် အများအပြားစီးဆင်းမှုကြောင့် ခြောက်သွေ့ကမ်းပါးများ ပြိုကျရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းအောင်ကပြောဖူးသည်။

မြစ်ကမ်းပါးပြိုကျမှု ရေရှည်ဖြစ်စေပါက လယ်မြေများဆုံးရှုံးမှုကို ဖြစ်ပေါ်ရုံသာမက မြစ်ကြမ်းပြင်ထုထည်မြင့်မားလာပြီး မြစ်တိမ်ကောမှုကိုလည်း ဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။

နွေရာသီတွင် မြစ်များ၏အလယ်၌ သဲသောင်များထွန်းခြင်းဖြင့်လည်း မြစ်ရေစီးကြောင်း ပြောင်းလဲစေသောကြောင့် မြစ်ကမ်းပါးများပြိုကျမှုကို ဖြစ်ပေါ်စေကြောင်း ရေအရင်းအမြစ်ညွှန်ကြားရေးမှူး ဦးသောင်းလွင်က နွေအခါတွင် ဖြစ်ပေါ်တတ်သော မြစ်ကမ်းပါးပြိုမှုကိုပြောသည်။

“သောင်တွေက ထွန်းသင့်တဲ့နေရာမှာမထွန်းဘဲ တစ်ဖက်သတ်ဖြစ်နေရင်တော့ တစ်ဖက်မြစ်ကမ်းပါးကို ရေဦးကထိုးမှာပဲ။ အဲဒီအခါကျရင် ကမ်းပြိုမှာပဲ။ အဓိက မြစ်ရေလမ်းကြောင်း မကောင်းတာနဲ့ ကမ်းပါးကိုထိခိုက်မှာပဲ”ဟု ယင်းကပြောသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် တိုက်ရိုက်ထိခိုက်နိုင်သော မြစ်ချောင်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေ ပြုပြင်ရန်အတွက် လူတို့လုပ်ဆောင်မှုကြောင့် ပျောက်ဆုံးနေသော မြစ်ဝှမ်းလွင်ပြင်များကိုလည်း ပြန်လည်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဦးဝင်းမျိုးသူကပြောသည်။ မြစ်ဝှမ်းလွင်ပြင်ဆိုသည်မှာ မြစ်ချောင်းများရေလျှံချိန်တွင် အလိုအလျောက် ရေစီးနိုင်သည့် သဘာဝအလျောက်ဖြစ်ပေါ်နေသော အင်းအိုင်များကိုဆိုသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံရှိ မြစ်များပျက်စီးမှုကြောင့် ကမ်းပါးတွင်နေထိုင်သော ပြည်သူများ မြေနေရာများဆုံးရှုံးနေမှုအပေါ် မြစ်ကြောင်းထိန်းသိမ်းရေးဌာနက သောင်တူးလုပ်ငန်းနှင့် မြစ်ကြောင်းများထိန်းသိမ်းမှုလုပ်ကိုင်ရန်အတွက် တရုတ်နိုင်ငံထုတ် သောင်တူးသဘောင်္နှင့် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းသုံးသင်္ဘော ၁၉ စီးကို အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် အကုန်အကျခံ ၀ယ်ယူထားသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်များတွင် ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခင်က သောင်တူးနှင့် အထောက်အကူပြုရေယာဉ် ၁၀ စီးသာရှိခဲ့ပြီး ယခုအခါ အသစ်ထပ်မံဝယ်ယူထားသော ၁၉ စီးမှာ စက်တင်ဘာလတွင် ရောက်ရှိလာသောကြောင့် စုစုပေါင်း ၂၉ စီးရှိပြီဖြစ်သည်။ သို့သော် သောင်တူးစက်များမှာ လာမည့်ပွင့်လင်းရာသီ ရေနည်းကာလများတွင်မှ လုပ်ငန်းများလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ယင်းဌာန၏တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလောလောဆယ်တွင် ကျွန်းများပေါ်၌နေသော ကျေးရွာအုပ်စုများအနေဖြင့် ကမ်းပါးပြိုမှုဘေးအန္တရာယ်နှင့် ဆိုးရွားစွာရင်ဆိုင်နေရသော်လည်း ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်း
လုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာက လာရောက်ကြည့်ရှုခြင်းမရှိသေးသလို အခြားလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ အင်န်ဂျီအိုများ လာရောက်ခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ကချင်ပြည်နယ်အရေး၊ လက်ပံတောင်းအရေး၊ အခြေခံဥပဒေအရေး မကြာခဏပွတ်တိုက်မှုဖြစ်နေသော ဘာသာရေးပြဿနာ၊ မြေယာပြဿနာစသော အရေးပေါင်းများစွာထဲတွင် သဘာဝပတ်ဝန်းကျင်ယိုယွင်းရာမှ မြစ်၊ ချောင်းများ တိုက်စားသွား၍ အိုးမဲ့၊ အိမ်မဲ့ဖြစ်ရသော ဦးလှအေးတို့ကဲ့သို့ မြစ်ကမ်းနားနေ ပြည်သူများ၏ အသံကိုကြားသူ၊ ဘ၀ကိုစာနာသူက နည်းလွန်းလှသည်။

ဓာတ်ပုံ- ညီညီဇော်
7Day News Journal

ကိုစတာကွန်ကော်ဒီယာ နစ်မြုပ်အပျော်စီးဇိမ်ခံသင်္ဘောကြီးအား ပြန်လည်ဆယ်ယူ


ကိုစတာကွန်ကော်ဒီယာအပျော်စီးသင်္ဘောကြီးသည် ဂီလီယိုကျွန်းကမ်းလွန်၌ ၂၀၁၂ခုနှစ် ဇန်နဝါရီ၁၄ရက်က တိမ်းမှောက်သွားခဲ့သည်။ သင်္ဘောဆယ်ယူရေးကို ယခုနှစ် စက်တင်ဘာ၁၆ရက်တွင်စတင်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ၁ရရက်တွင် သင်္ဘောကြီးကိုတည့်မတ်နိုင်ခဲ့သည်။ ''သင်္ဘောကို ပြန်လည်တည့်မတ်တဲ့လုပ်ငန်းဟာလုံးဝပြီးသွားပါပြီ။ သင်္ဘောကို တည့်တည့်မတ်မတ်ထောင်နိုင်ခဲ့ပါပြီ''ဟု ပြည်သူ့ကာကွယ်ရေးအေဂျင်စီမှ ဖရန်ကိုဂါဘရီးလီကပြောခဲ့သည်။ အဆိုပါအဖွဲ့မှာ သင်္ဘောဆယ်ယူရေးလုပ်ငန်းကိုကြီးကြပ် ခဲ့သည်။
Yangon Media Group

သတိ ! ဆေးကြောင့် ဘေးမဖြစ်ဖို့ လိုသည်


တီဘီဆေးများသောက်နေရာမှ  အပူငြိမ်းစေရန်ရည်ရွယ်၍  ဗမာဆေးကို တွဲသောက်ချိန်တွင် ကိုအောင်သူ အ တွက် ထင်မှတ်မထားသည့် ပြဿနာ တစ်ခု ဖြစ်ေ ပ်ါလာခဲ့ သည်။ တစ်လနီးပါး နေမကောင်းဖြစ်နေသောကြောင့် လို အပ်သည့်ကျန်းမာရေးစစ်ဆေးမူများ ပြု လုပ်ပြီးချိန်တွင် ဆရာဝန်က တီဘီဆေး များ စတင်ေ သာက်စေခဲ့သည်။ သို့သော် တီဘီဆေးဒဏ်ကို ကိုအောင်သူမခံနိုင်၊ ခန္ဓာကိုယ်တွင်း အမြဲတမ်းပူနေသော ကြောင့် အပူငြိမ်းစေသည့် တိုင်းရင်း ဆေး ကို သောက် သုံးမိသောအခါ သူ့ ခန္ဓာကိုယ်တွင် ပြောင်းလဲမူတစ်ခုကို သူ စတင်သတိထားမိခဲ့သည်။
”ဆီးလုံးဝမသွားတော့ဘူး၊ တီဘီ ဆေးသောက်ရင် ဆီးများများသွားရ တယ်လေ။ ဗမာဆေးသောက်ပြီး က တည်းက ဆီးမသွားတော့လို့ လူကနေ လို့လည်းမကောင်းေ တာ့ဘူး”ဟု ကို အောင်သူက သူ့ဖြစ်စဉ်ကို ပြောပြသည်။ အင်္ဂလိပ်ဆေးနှင့် ဗမာဆေးတွဲ သောက်ခြင်းကြောင့် ခန္ဓာကိုယ်ကို ထိ ခိုက်သည့် အဖြစ်မျိုး ဖြစ်ခဲသော်လည်း အင်္ဂလိ ပ်ဆေးများ ကြိတ်ထည့်ထားသော ဗမာဆေးနှင့်တွဲသောက်မိပါက ဆေးအ သုံးလွန်ကာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်ဟု အထွေထွေရောဂါ ကု ဆရာဝန် ဒေါက်တာဝင်းသိန်းက ပြောသည်။
”ဗမာဆေးစစ်စစ်ဆိုရင် ဖြစ်ခဲ တယ်။ပြဿနာမရှိဘူး။ဒါပေမဲ့ အင်္ဂလိပ် ဆေးရောပြီးသား ဗမာဆေးတစ်ခုကို ထပ်သုံးလိုက်ရင်တော့ ဆေးဆေးချင်း ထပ်ပြီးတော့ အစာအိမ်နာတာတို့၊ ရင် တုန်တာတို့၊ မောတာတို့ ဖြစ်တယ်။ ဥလနမိသျန ပေါ့”ဟု ဒေါက်တာဝင်းသိန်း က ပြောသည်။ တိုင်းရင်းဆေးဆရာအချို့က စက် ထရင်၊ ဆာဖာ စသည်တို့ကိုအပူငြိမ်း သည်ဟု သတ်မှတ်ကြပြီး အချို့ကအဆို ပါ ဆေးများကို ကြိတ်ထည့်လေ့ရှိ ကြောင်း၊ အဆိုပါ ဆေးများသည် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပြီး ဆီး နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။ ကိုအောင်သူကတော့ သူ့အခြေ နေကိုသူရိပ်စားမိ၍ နှစ်ရက်ခန့်သောက် ပြီး ဗမာဆေးကို သူရပ်လိုက်သည်။ ထိုသို့ရပ်လိုက်ေ သာ အခါ သူ့ခန္ဓာကိုယ် သည် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ကိုအောင်သူကဲ့သို့ပင် အလားတူ ဖြစ်ရပ်မျိုးခံစားခဲ့ရသူက ရွှေပြည်သာ တွင် နေထိုင်သည့် ကိုသက်ပိုင် ဖြစ် သည်။ကိုသက်ပိုင်သည် အဆုတ်ရောဂါ ကြောင့် အသက် ရှူမကြာခဏ ကျပ်တတ် သည်။ အသက်ရှူကျပ်၍ အင်္ဂလိပ် ဆေးသောက်ပြီး ခဏအကြာအဆုတ် ရောဂါနှင့် ပတ်သက်သည့် ဗမာဆေး နှစ်မျိုး ထပ်သောက် လိုက်သော အခါ ပို၍ အသက်ရှူကျပ်လာသည်။ ထိုအခါ အထွေထွေရောဂါကု ဆရာဝန်ထံ သူ ပြေးရတော့သည်။ ”မျက်နှာတွေပါ ပြာနှမ်း လာတာ။အဲဒီ တုန်းက ဆို သေပြီေ တာင်ထင်တာ”ဟု ကိုသက်ပိုင်က ပြန်ပြောပြသည်။ အမှန်တကယ်တော့ သူစိတ်လောသွားခြင်းဖြစ်သည်၊ သတိမမူ ဂူမမြင်ဟု ဆိုလည်းရမည်ထင်သည်။ အင်္ဂလိပ် ဆေးက ချက်ချင်းအာနိသင် မပြ၍ ပျောက်ချင်ဇောဖြင့် သောက်လိုက်ခြင်း ဖြစ်သည်ဟု သူက ဝန်ခံပါသည်။ ကို သက်ပိုင်ရော ကိုအောင်သူေ ရာ နှစ် ယောက်စ လုံးပင် ရောဂါ ကိုပျောက်ချင် ဇောအားကြီးသည်။ ထိုအချက်ကလည်း သူတို့နှစ်ယောက်အတွက် မမေ့နိုင်သည့် သင်ခန်းစာပေးခဲ့ခြင်း ဖြစ်သည်။
”ဆရာဝန်က ဆေးတစ်လုံးထိုးပေး လိုက်တယ်။ ဖြစ်စဉ်ကိုပြောပြလိုက်တော့ နောက်တစ်ခါ ဗမာဆေးနဲ့အင်္ဂလိပ်ဆေး ကိုတွဲမသောက်ဖို့ ၊သောက်မယ်ဆိုရင် လည်း အင်္ဂလိ ပ်ဆေးပတ်လည်တဲ့ အ ချိန်မျိုးမှာမှ သောက်ဖို့သတိပေးတယ်”ဟု ကိုသက်ပိုင်က ပြောပြသည်။ ထိုကဲ့သို့သောလူနာမျိုး၊ ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို သူ၏ဆရာဝန် သက်တမ်း တစ်လျှောက်အမြဲတမ်းကြားနေရ ကြောင်း ဒေါက်တာဝင်းသိန်းက ဆိုသည်။ဆေးကိုသုံးလိုက်လို့ ပြဿနာ တက်မှန်းသိလို့ ရပ်လိုက်တယ်ဆိုရင် ဒါ ပြဿနာမရှိဘူး။ မသိဘဲ ဆက်သုံးရင် ပွိုင်စင် (Poison) ဖြစ်သွားနိုင်တယ်။ အဲဒါဆိုရင်တော့ အသက်အန္တရာယ် ရှိတယ်”ဟုဒေါက်တာဝင်းသိန်းက ပြော သည် ။ ထိုသို့ ပွိုင်စင်ဖြစ် ပါက ကျောက် ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်အလုပ် မလုပ်တော့ခြင်း စသည့်နောက်ဆက်တွဲ ပြသနာများလည်း ကြုံတွေ့ရနိုင်သည်။
ဈေးကွက်ထဲတွင် ထိုသို့ အင်္ဂလိပ် ဆေးကြိတ်ထည့်ထားသော ဗမာဆေး များရှိနေဆဲဟု သိရသော်လည်း တိုင်း ရင်းဆေးဆရာတစ်ဦးဖြစ်သည့် ဦးမြင့်ဦး ကမူ ထိုသို့ရော စပ်ဆေးများ ရှိသည်ဟု မကြားရတော့ဟု ပြောသည်။ ”လွန်ခဲ့တဲ့ လေးငါးနှစ်လောက် ကတော့ ဒီလိုရောတာတွေကြားဖူးတယ်။ အကိုက်ခဲပျောက်ဆေး တစ်မျိုးဆိုရင် အဲလိုမျိုးတွေ ရောထားလို့ ထုတ်လုပ် ခွင့်ပိတ်ခံခဲ့ရတယ်”ဟု ဦးမြင့်ဦးက ပြော သည်။ လေးဘက်နာရောဂါပျောက်ဆေး တွင် စတီးရွိုက်များထည့်ထားခြင်း၊ အ ကိုက် အခဲပျောက်ဆေးတွင် အက်စပရင် များကြိတ်ထည့်ထားခြင်း၊ ခေါင်းကိုက် ပျောက်ဆေးတွင် ဘီဆစ်များထည့် ကြိတ်ထားခြင်း စသည်တို့ ရှိခဲ့ဖူးသည်ဟု အထက်ပါပုဂ္ဂိုလ် တို့က ဆိုသည်။ ထိုသို့ပြုလုပ်ခြင်းမှာလည်း ရောဂါ ကို ယူပစ်သကဲ့သို့ပျောက်စေလို၍ ဖြစ် နိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။
”ဒီလိုဆေးတွေရောကြိတ်ထည့် တယ်ဆိုတာလည်း ဝိသမလောဘသား တွေလုပ်တာပါ။ တိုင်းရင်းဆေးဆရာ စစ်စစ်တွေက မလုပ်ပါဘူး”ဟု ဦးမြင့်ဦး က ဆိုသည်။ တိုင်းရင်းဆေး စစ်မှန်ပါက ပမာဏ များကြောင်း ၊ အချို့ဆေးများမှာမူ ပမာဏနည်းနည်းဖြင့် ယူပစ်လိုက်သလို ပျောက်ကင်းသွားကြောင်း၊ သို့သော် ယခုနောက်ပိုင်းတွင်မူ တိုင်းရင်းဆေး ဆရာများက သဘာဝ သစ်ဥသစ်ဖုများ ဖြင့်ဆေးကိုအကျစ်လျစ်ဆုံး ဖြစ်အောင် စီမံထုတ်လုပ်လာကြကြောင်း ၎င်းက ဆိုသည်။ တိုင်းရင်းဆေးထု တ်လုပ်ပါ ကလိုင် စင်လျှောက်ထားရပြီး ထုတ်လုပ်သည့် ဆေးဝါးများကိုလည်း တိုင်းရင်းဆေး ဦးစီးဌာနတွင် မှတ်ပုံတင်ရကာ၊ ဆေး ဘူးနှင့် ဆေးထုပ် တွင် ပျောက်ကင်း သည့်ရောဂါ၊ သုံးစွဲရန်အညွှန်းနှင့် ပါဝင် သည့်ပစ္စည်းနှင့် တိုင်းရင်းဆေးယာယီ မှတ်ပုံတင်နံပါတ်များကို ထည့်သွင်းရေး သားရသည်။
တိုင်းရင်းဆေးထုတ်လုပ်ခွင့်မှတ် ပုံတင် လျှောက်ထားစဉ်ကပင် တံဆိပ်၊ စာသား၊ ထုတ်လုပ်မည့်ပုံစံနှင့် ဆေးနမူ နာများကို နေပြည်တော် တိုင်းရင်းဆေး ဦးစီးသို့ တင်ပြကာ ခွင့်ပြုချက်ယူရသည်။သုံးနှစ်တစ်ကြိမ်မှတ်ပုံတင်ပြန်လျှောက်ရကာ ဆေးများကို ပြည်လည်စစ်ဆေးပြီး ယာယီ မှတ်ပုံတင်ချပေးသည်ဟု သိရသည်။ ကျွန်တော်ကတော့ ဈေးကွက် ထဲကဆေးတွေကိုပါ ယူစစ်တာ သိပ်သ ဘောကျတယ်။ အဲလိုရောနှောတာတွေ တွေ့ရင် ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူပေါ့”ဟု ဦးမြင့်ဦးက ပြောသည်။သို့သော် မည်သည့်ဆေးပင်ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနများတွင် မှတ်ပုံမတင် ထားဘဲ ဈေးကွက်အတွင်းရောက်ရှိနေ သည်ကိုလည်း သတိပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
”အင်္ဂလိပ်ဆေးဆိုရင်လည်း နယ်စပ်ကဝင်လာတဲ့ ဆေးတွေရှိနေတာပဲ။ ဒီဆေးတွေရဲ့ စစ်မှန်မှုနဲ့ အရည်အသွေးကိုလည်း သတိပြုသင့်တယ်”ဟု ၎င်းက သုံးသပ်ပြော သည်။ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ ဆေးဝါးရောင်းချသည့်ဆေးဆိုင် များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေး ဝါးအတု၊ စံမမီဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက် ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည် ။
၂ဝ၁၁/ ၂ဝ၁၂ စာရင်းများအရ တိုင်းရင်းဆေးဝါးအမျိုးပေါင်း  ၇၉၅၁ မျိုးမှတ်ပုံတင်ထားပြီး တိုင်းရင်းဆေး ထုတ်လုပ်သူ ၁၃၇၈ ဦးကို ဆေးဝါးထုတ် လုပ်ခွင့် လိုင်စင်ချပေး ထားကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ ကိုသက်ပိုင်က တော့ အင်္ဂလိပ်ဆေးသောက်ထားပြီး နောက်ပိုင်းတွင် ယခင်ကကဲ့သို့ ဗမာ ဆေးတစ်မျိုး မျိုးကို သတိလက် လွတ် သောက်သုံးဖြစ်တော့မည် မဟုတ်ပါ။မိရိုးဖလာ တိုင်းရင်းဆေးကို ယုံကြည် အားထားမှုလည်း လျော့သွားမည် မဟုတ်။
”အချိန်ခြားသောက်ဖို့တော့ စိတ်ထဲအမြဲတမ်းမှတ်ထားတယ်၊ လေးနာရီ လောက်ခြားသောက်ရင် ပြဿနာမရှိ ဘူးလေ”ဟု ကိုသက်ပိုင်က ဆိုသည်။
မေဇင်ဝင်း၊ မြတ်ဆုငြိမ်း
popularmyanmar

အီရန်က ကြောင်တစ်ကောင်အား အာကာသသို့ စေလွှတ်မည်



အီရန် နိုင်ငံက ပါရှန်းကြောင်တစ်ကောင် အား အာကာသတွင်းသို့ စမ်းသပ် စေလွှတ်သွားမည်ဖြစ်ကြောင်း သိ ရသည်။
ပါရှန်းကြောင်လိုက်ပါသော အာကာသခရီးစဉ်ပြီးပါက လူလိုက် ပါသော ယင်းအာကာသခရီးကို ၂၀၂ဝပြည့်နှစ်တွင် အကောင်အ ထည်ဖော်နိုင်ရန် မျှော်လင့်လျက် ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီ ယာတွင် ဖော်ပြသည်။

၁၉၆ဝပြည့်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ဆို ဗီယက်ပြည်ထောင်စုတို့၏ အာ ကာသအစီအစဉ်များတွင် ခွေးများ နှင့် မျောက်များသည် အာကာသ အတွင်းလိုက်ပါခြင်းဖြင့် ထင်ရှား ခဲ့ရာ အီရန်တို့၏ကြောင်ကလည်း ခွေးများနှင့် မျောက်များ၏ခြေရာ များနောက်ကို တစ်ထပ်တည်းလိုက် မည့်အနေအထားပင်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အီရန်နိုင်ငံ Kavoshgar အာကာသယာဉ်ဖြင့် ကြောင်လိုက်ပါမည့် အစီအစဉ် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တိရစ္ဆာန်အခွင့်အရေးအုပ်စုများ က ချက်ချင်းလိုပင် ကန့်ကွက်မှုပြု ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ ၏ ထိပ်တန်းအရာရှိ မိုဟာမက် အီဘရာဟီမီက လာမည့်နှစ် မတ် လမတိုင်မီ အာကာသခရီးအစီ အစဉ်ကို ဆက်လက်လုပ်ဆောင် သွားရန် ပြောကြားခဲ့သော်လည်း မူလအစီအစဉ် လုပ်ဆောင်ရန် သတ်မှတ်ထားသည့်ရက်ကို တရား ဝင်ရှင်းလင်းပြောကြားခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အာကာသယာဉ်နှင့် လိုက်ပါရန် တိရစ္ဆာန်အများအပြားကို စမ်းသပ် ခဲ့ပြီးနောက် ပါရှန်းကြောင်သည် အာကာသခရီးတာဝန်အတွက် အထူးသင့်လျော်သည့်တိရစ္ဆာန် ဖြစ်ကြောင်း အီဘရာဟီမီက ပြော ကြားခဲ့သည်။
မစ္စတာအီဘရာဟီမီ၏ အာကာသခရီးစဉ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် တိရစ္ဆာန် အခွင့်အရေးဆိုင်ရာအုပ်စုများထံ မှ ဒေါသတကြီးတုံ့ပြန်သံထွက် ပေါ်လာခဲ့ကြောင်း သိရသည်
Yangon Media Group

မိဘမဲ့ကလေးများအတွက် အခမဲ့သင်ကြားပေးမည့် မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း ပေါ်ပေါက်လာ


မြန်မာပြည် ဗုဒ္ဓဘာသာမိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်း (MBOA) မှ ကြီးမှူးပြီး မန္တလေး MRG မိုဘိုင်းဖုန်း အထူးပြုပြင်နည်း သင်တန်းကျောင်းနှင့် ပူးပေါင်းကာ မိဘမဲ့ကလေးဂေဟာများမှ မိဘမဲ့ကလေးများအတွက် မိုဘိုင်းပြုပြင်နည်းသင်တန်းအား ၁၀၀ ရာခိုင်နှုန်း အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းအား မိုဘိုင်းဖုန်းဆိုင်များအတွက် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်နှင့် မိဘမဲ့ကျောင်းသားများ ဘဝအာမခံချက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မန္တလေး MRG မှ သိရသည်။


အဆိုပါသင်တန်းတွင် Mobile Phone Software ပိုင်းဆိုင်ရာပြုပြင်နည်း၊ Mobile Phone Hardware ပိုင်းဆိုင်ရာ ပြုပြင်နည်းများအား အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နံနက် (၈) နာရီမှ ညနေ (၆း၃၀) အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Softwrae သင်တန်းအား တန်းခွဲတစ်ခုတွင် (၁၀) ဦးနှုန်းဖြင့် တန်းခွဲ ၃ခု၊ Hardware သင်တန်းအား တန်းခွဲ တစ်ခုလျှင် (၁၅) ဦးနှုန်းစီဖြင့် တန်းခွဲ (၂) ခု ဖွင့်လှစ်သွားမည်ဟု သိရသည်။ သင်တန်းကာလမှာ နှစ်လကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်အား သင်တန်းတက်ရောက်ချိန် ၇၅ ရာခိုင်နှုန်းနှင့် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Examination စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်သူများကိုသာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်သူများကိုလည်း နောက်တစ်ကြိမ်တန်းခွဲတွင် ပြန်လည် လက်ခံသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါ သင်တန်းသို့ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်ရှိ မည်သည့်မိဘမဲ့ကလေးဂေဟာများမှ မိဘမဲ့ကလေးမဆို တက်ရောက်နိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသူသည် သင်တန်းအပတ်စဉ် တစ်ခုအတွက် သင်ရိုးတစ်ခုစီကိုသာ လျှောက်ထားနိုင်မည် ဖြစ်ကာ သင်ရိုးနောက်ထပ် တစ်ခုကိုလည်း ဆက်လက်တက်ရောက်ခွင့်ပေးမည်ဟု သိရသည်။ လျှောက်ထားလိုသူများအတွက် အနည်းဆုံးပညာအရည်အချင်း အလယ်တန်း အဆင့်ရှိသူဖြစ်ရမည်ဖြစ်ပြီး မှတ်ပုံတင် မိတ္တူ တစ်စောင်၊ CV Form၊ Passport 3 ပုံ၊ သက်ဆိုင်ရာမိဘမဲ့ဂေဟာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အတူ (MBOA) တည်ရှိရာ မူလငါးစို့တိုက် ပြည်ကြီးမျက်ရှင်ကျောင်းတိုက်၊ လမ်း (၃၀ x ၆၂) ထောင့်၊ မန္တလေးမြို့၊ ဖုန်း-၀၉-၉၁၀၀၅၉၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဟု သိရသည်။

ကောင်းမြတ်ထွန်း၊ မန္တလေး


ဘရာဇီးလ်တွင် စင်ပေါ်မှ ဆွဲချခံရသည့် Beyoncé


စက်တင်ဘာလ (၁၅) ရက်နေ့၌ ဘရာဇီးလ်တွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ တစ်ခုတွင် Beyoncé သည် စတေ့ခ်ျစင် အတွင်းဘက်သို့

သွားရောက် ဖျော်ဖြေခိုက်တွင် ပွဲခင်းထဲမှ ပရိတ်သတ် တစ်ဦးသည် အလွန် စိတ်လှုပ်ရှားလာကာ Beyoncé ၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ကာ ပွဲခင်းထဲသို့ ဆွဲချခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသည်။

လုံခြုံရေးများ ရောက်ရှိလာပြီး သူမအား ကာကွယ်ပေးခဲ့သဖြင့် ဆက်လက်ပြီး သီဆို ဖျော်ဖြေနိုင်ခဲ့ပါသည်။ သီချင်းသီဆို ဖျော်ဖြေပြီးနောက် Beyoncé သည် ထိုဆွဲချခဲ့သည့် ပရိတ်သံထံသို့ သွားခဲ့ပြီး ထိုသူ၏ အမည်ကို မေးမြန်းခဲ့ပြီး သူမကလည်း ချစ်ခင်ပါကြောင်း သွားရောက် ပြောကြားခဲ့သည်။
Myawady News


ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်


ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ကျိုက် ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပက မိန့်ကြားသည်။
သတ္တမ သင်္ဂါယနာတင်သည့်အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကိုထိုး၍ အမျှအတမ်းဝေမည်ဖြစ်သည့် အ တွက်ကြောင့် ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီး အဆိုပါ   ခေါင်း လောင်းကိုဆယ်ယူရန်  နိုင်ငံတော်အကြီးအကဲများကလည်း သဘောတူလက်ခံကြောင်း လိုအပ်သည့်ကိစ္စများကို ကူညီ မည်ဟုပြောကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။
”ပဉ္စမသင်္ဂါယနာ မန္တလေးမှာတင်ခဲ့ပြီးပြီ။ ဆဋ္ဌမသင်္ဂါ ယနာ ရန်ကုန်မှာတင်ခဲ့ပြီးပြီ၊ နောင် သတ္တမသင်္ဂါယနာ တင်တဲ့အခါကျရင် ဒီခေါင်းလောင်းကြီးကို ထိုးမလို့၊ သောင်း တိုက်စကြဝဠာအထိ၊ အဲဒီအခါကျရင်တော့ရှေးတုန်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ နေထိုင်တဲ့နိုင်ငံပဲ။ ဒါမျိုးတွေ ပေါ်ပေါ်ထွန်းထွန်း အခက်အခဲတွေကနေ   အောင်မြင်   ကျော်လွှားတယ်ဆိုရင် တိုင်းပြည်ရော ဘာသာသာသနာ ရော လူမျိုးရောအားလုံး ကုသိုလ်တွေ လိုက်ဖက်ညီအောင် ဖွံ့ဖြိုးလာမယ်၊ ကုသိုလ်တွေ …စည်ပင်ဖွံ့ဖြိုး သလို တိုင်းပြည်တွေပါ အားလုံးစည်ပင် ဖွံ့ဖြိုးတိုးတက်မယ်၊ နယ်မြေအစိုးရ  မင်း ရာဇာတွေလည်းပဲ မင်းကောင်းမင်းမြတ် တွေ ပေါ်ထွန်းမယ်၊စီမံခန့်ခွဲအုပ်ချုပ်မင်း ပြုတဲ့သူတွေ၊ အဲဒီထဲမှာ ထင်ရှားတာ တော့ ခေါင်းလောင်းကြီးရဲ့ဒါယကာ၊ရွှေတိဂုံဘုရားကြီးရဲ့ဒါယကာ ဓမ္မစေတီမင်း ကြီး လုပ်ရတာ၊ အဲဒီအလုပ်ဆိုတော့ အဲဒါနဲ့ ညီမျှတာ အောင်မြင် မှုရရင် ရွှေ တိဂုံဘုရားကြီးရဲ့ ကုန်းတော်ပေါ်ရောက် ရင် ဝမ်းမြောက်စရာလည်းရှိမယ်၊ အဲဒါ  ကြောင့် ဒီက  အဖုံဖုံ အင်အားကြီးသလို ကမ္ဘာအထိပါ အကြောင်းဆက်နေ တယ်၊ ကောင်းဖို့ပါ”ဟု ဆရာတော်က ခေါင်း လောင်းဆယ်ယူရသည့် အကြောင်းရင်း နှင့်အကျိုးဆက်ကို မိန့်ကြားသည်။
လက်ရှိတွင် ယင်း ဓမ္မစေတီခေါင်း လောင်းသည် သန်လျင်မြို့အနီး ပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာတွင် ရှိသည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက ခန့် မှန်းပြောဆိုေ နသော်လည်း တိကျသည့် တည်နေရာ အထောက်အထား တစ်စုံ တစ်ရာ မရရှိသေးပေ။ ဆရာတော်အနေ ဖြင့်လည်း ယခု ထိုခေါင်းလောင်းကို ဒိဋ္ဌ  ပြန်လည်ဆယ်ယူရ ရှိနိုင်မည်ဟု မဆိုလို ကြောင်း၊ ကံအလုပ်သည် ဒိဋ္ဌပြောဆို၍ မရ၊ ခြွင်းချက်ရှိကြောင်း မိန့်သည်။
”ဘုရားဂုဏ်၊တရားဂုဏ်၊ သံဃာ့ ဂုဏ်ကြောင့် အခြေခံထားပြီး လုပ်ကြည့် မယ်။ အခုချိန်ထိ ပြောဆိုကြတဲ့အထဲမှာ ငါလုပ်လို့ရမယ်လို့မပြောသေးဘူး။ ပြော ကြတာ အပြင်က ပြောကြတာ။ ဒီကဆံ တော်ရှင်တွေလည်း သူများလုပ်လို့ မရ တာလုပ်လို့ရကြတယ်။ကျိုက်ဓနုတ်ဘု ရားကြီးလည်း ခဏခဏပြိုတယ်၊အခက် အခဲတွေကို လည်း အောင်မြင်တယ်။ ဒီ ခေါင်းလောင်းကြီးလည်း ရနိုင်ပါတယ်။ ဒါကတော့ သူတို့ပြောတာ။ ဒီက အမြင် ကတော့ ဘာမဆို လောကကံကိစ္စဆို တာ အမြဲ ခြွင်းချက်ထား တယ်။ ရနိုင် အောင်ကြိုးစား၊ နည်းအမျိုးမျိုးသာသနာ မှာ ရှိတယ်။ ကုသိုလ်နဲ့တော့အကြောင်း ခံရတယ်။ အဲဒီ နည်းလမ်းများနဲ့ လုပ် ဆောင်ရမယ်။ သို့သော်အခုချိန်ထိ မလုပ် သေးဘူး။ မလုပ်သေးတာ။ လိုချင်တဲ့ပုံစံ ကိုမဖြစ်သေးဘူး”ဟု ဆရာတော်က မိန့် သည်။
ထိုကုန်ကျစရိတ်များအတွက် ဇေ ကမ္ဘာကုမ္ပဏီမှ တာဝန်ယူမည်ဟု သိရ သည်။ ယခုအချိန်တွင် ခေါင်းလောင်းကြီး နှင့်ပတ်သက်သည့် သမိုင်းစာတမ်းအ ထောက် အထားများကို စုဆောင်းလေ့ လာနေကြောင်း၊ ပွင့်လင်းရာသီရောက် မည့် ဝါကျွတ်ဝါပအချိန်တွင် လုပ်ငန်း စတင်နိုင်ခြေရှိကြောင်း၊ ဆရာတော် အနေဖြင့် ခေါင်းလောင်း ဆယ်ယူသည့် လုပ်ငန်းကို ကူညီလိုသူ၊ လုပ်အားပေးလို သူများကိုလည်း သတ်မှတ်သည့် စည်း ကမ်းချက်များ လိုက်နာပါက လက်ခံ မည်ဟု  ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။
ကျိုက်ထီးဆောင်းဆရာတော်သည် ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော် ပြိုပျက် ထိခိုက်ပျက်စီးခြင်းကို  ပြုပြင်ရာ မှ အကြောင်းဆက်ကာ ယခု ခေါင်း လောင်းကြီးအား ဆယ်ယူရန် အဓိဋ္ဌာန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းနောင်
popularmyanmar

ဆေးလိပ်တစ်လိပ်ချင်း ရောင်းလျှင် ရန်ကုန်တွင်ဖမ်းမည်



၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင် စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေကြီး လွှတ်တော် အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေ အသက်ဝင်စေရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ်၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
စတင်ဖမ်းဆီးမည့် ရက်ကိုမူ အသေးစိတ် ပြောကြားခြင်းမရှိသေးပေ။

ဆေးလိပ်များကို အလိပ်လိုက် ရောင်းဝယ်နေမှု များသည် ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုး များကို ပိုမိုကျယ်ပြန့် လာစေသောကြောင့် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။
"အလိပ်လိုက်ရတော့ လွယ်လွယ်ကူကူပဲ တွေ့တဲ့နေရာမှာ သောက်နေကြပါတယ်" ဟု ၄င်းကဆိုသည်။

ဆေးလိပ်ရောင်းဝယ်မှုကို ထိန်းချုပ်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အတွက် အဓိကကျသော အနာဂတ်လူငယ် များအတွက် ကောင်းမွန်သော အလားအလာများ ရှိလာနိုင်မည် ဖြစ်ကြောင်း ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းကျော်က ပြောကြားသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် ဆေးလိပ် အလိပ်လိုက် ရောင်းချခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင်သာ ဆေးလိပ် တစ်လိပ်ချင်း ရောင်းဝယ်မှု ပြုလုပ်နေကြောင်း ၄င်းကဆိုသည်။

"ရောင်းတဲ့သူ ကတော့ ရောင်းမှာပဲ၊ ဆေးလိပ်သောက်တာ ထိန်းချုပ်ချင်ရင် အစိုးရရဲ့ ဆေးလိပ်ကုမ္ပဏီတွေ လိုင်စင်ချ ပေးမှုကို ပြင်သင့်တယ်" ဟု ပန်းဘဲတန်း မြို့နယ်တွင် နိုင်ငံခြားဖြစ် စီးကရက် အမျိုးမျိုးရောင်းချသူ တစ်ဦးကဆိုသည်။

ယင်းသို့ ဆေးလိပ်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းဝယ်မှုကို တားဆီးခြင်း၊ အများပိုင်ဧရိယာ များတွင် ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်ခြင်း အပြင် ဆေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သွင်းကုန်ဆိုင်ရာ အခွန်စနစ် နှင့် ဆေးလိပ်ထုတ်လုပ်သော ကုမ္ပဏီ များကို အခွန်မြှင့်တင်ခြင်း ပြုလုပ်မှသာ ထိထိရောက်ရောက် ထိန်းချုပ်ရာ ရောက်မည် ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သုံးသပ်ကြသည်။

"စင်ကာပူဆို ဆေးလိပ် ကုမ္ပဏီတွေ အခွန်အများကြီးသွင်းရတော့ ဆေးလိပ် ဈေးကြီးတယ်။ ကျွန်တော်ဆို ဝယ်မသောက်နိုင်လို့ ဆေးလိပ်ပြတ်သွားတယ်" ဟု စင်ကာနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ အသက် ၂၄ နှစ် အရွယ်ရှိ ကိုငြိမ်းမောင်က ဆိုသည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေ အသက်ဝင်စေရေး ပြည်နယ်အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်း အဆိုတင်သွင်းခဲ့ခြင်း အပေါ် ယင်းသို့ ပြန်လည်ဆွေးနွေးခြင်း ဖြစ်သည်။

ဆေးလိပ်တစ်လိပ်ချင်း ရောင်းချသူများကို ပထမကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအထိ အပြစ်ပေးနိုင်ပြီး ဒုတိယအကြိမ် ဖမ်းဆီးမိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ် တစ်သိန်းအထိ အရေးယူနိုင်ကြောင်း ၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေတွင် ဖော်ပြ ပါရှိသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် စီးကရက်ဘူးများတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ ရောင်းချခြင်းမပြုရ၊ စီးကရက် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု ဖော်ပြ ထားသော်လည်း ယင်းအပေါ်ရောင်းချသူများ ရော၊ သောက်သုံးသူများပါ အလေးအနက် ထားခြင်း မရှိသဖြင့် ထိရောက်ခြင်းမရှိပေ။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေး ဥပဒေတွင် အသက်၁၈ နှစ် မပြည့်သူများကို ဆေးလိပ်ရောင်းချခြင်း၊ စာသင်ကျောင်းများ အနီးတွင် ဆေးလိပ်ရောင်းချခြင်း၊ အခွန်ဆောင်ထားသည့် အမှတ်အသား မပါဝင်သော ဆေးလိပ်များကို ရောင်းချခြင်း၊ အသက် ၁၈ နှစ် မပြည့်သောသူ များကို မရောင်းရဟူသည့် သတိပေး စာသား မပါသောဆေးလိပ်များ ရောင်းချခြင်းတို့ကို ပထမအကြိမ် ဖမ်းဆီး ရမိပါက ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ် သုံးသောင်းအထိ အရေးယူနိုင်ပြီး ဒုတိယအကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ အပြစ်ပေး အရေးယူနိုင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၆ ခုနှစ် ကတည်းက ထုတ်ပြန် အတည်ပြုပြီးဖြစ်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း ထိန်းချုပ်ရေးဥပဒေ အသက်ဝင်စေရန် အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

ပြည်တွင်းတွင် ရောင်းချနေသည့် ဆေးလိပ်များတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် Red Ruby ၊ Premium Gold ဆေးလိပ်များကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ထုတ်လုပ်နေခြင်း ဖြစ်ပြီး ဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်လာသည့် နာမည်ကျော် London စီးကရက် မှာလည်း မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်နှင့် လန်ဒန်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေခြင်း ဖြစ်သည်။
The Voice Weekly

ဒီပဲယင်း လုပ်ကြံမှု ပြောစရာ အကြောင်းမရှိဟု ဦးခင်ညွန့်ဆို



မိသားစု လုံခြုံရေးကို အာမခံမည် ဆိုလျှင် ဒီပဲယင်း အရေးအခင်းနှင့် ပတ် သက်သမျှအားလုံး ဖွင့်ချမည်ဟု အင် တာနက်လူမှု ကွန်ရက်စာမျက်နှာအချို့၌ ပျံ့နှံ့နေမှုမှာ ၄င်းပြောဆိုထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ငြင်းဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း အင်တာ နက် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အနောက်နိုင်ငံတစ်ခုမှ သံရုံးကိုယ်စား လှယ်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံစဉ် မိ သားစု လုံခြုံရေးအာမခံချက်ရှိက ဒီပဲ ယင်းအရေးအခင်းကိုဖွင့်ချမည်ဟု ပြော ခဲ့ကြောင်း ပျံ့နှံနေမှုနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ်က သွားရောက် တွေ့ ဆုံမေးမြန်းရာ ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။
”ဘယ်သူ့မှလည်း မပြောဖူးဘူး။ အဲဒီလို ပုဂ္ဂိုလ်လာတယ်ဆိုတာလည်း မရှိဘူး။ နောက်ပြီးတော့ အဲဒီ Subject  (အကြောင်းအရာ)ကို ပြောစရာအ ကြောင်းလဲမရှိဘူး”ဟု ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်က ပြောသည်။
ထို့အပြင် ၄င်းက တိုင်းပြည်ရှုပ် ထွေးမှုဖြစ်လာနိုင်သည့် ယင်းအကြောင်း အရာကို မဆွေးနွေးလိုကြောင်းနှင့် တိုင်းပြည်အေးအေးချမ်းချမ်းနှင့် တည် တည်ငြိမ်ငြိမ်ဖြစ်ရန် သာ မြင်လိုကြောင်း ထပ်မံဖြည့်စွက် ပြောသည်။

မိသားစု လုံခြုံရေးကို အာမခံမည် ဆိုလျှင် ဒီပဲယင်းအရေးအခင်းနှင့် ပတ် သက်သမျှ အားလုံးဖွင့်ချမည်ဟု အ နောက်နိုင်ငံသံရုံး ကိုယ်စားလှယ်တစ်ဦး နှင့် လျှို့ဝှက်ေ တွ့ ဆုံစဉ် အငြိမ်းစားဗိုလ် ချုပ်ကြီး ခင်ညွန့်က ပြောကြားကြောင်း၊ စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့် သူ အများအပြားရှိကြောင်းလည်း ပြော ကြားသည်ဟု အဆိုပါ အင်တာနက်စာ မျက်နှာတွင် စတင်ဖော်ပြထားသည်။
”အားလုံးက ပြောချင်နေကြပြီ လေ၊ အဲဒီအချိန်တုန်းကတော့ အထက် အမိန့်အရ လုပ်ခဲ့ကြတာလေ။ မှား တယ်၊ မှန်တယ်၊ လုပ်သင့်တယ်၊ မလုပ် သင့်ဘူး ပြန်ဝေဖန် ပိုင်ခွင့်မှ မရှိတာ၊ ခိုင်း တာလည်း လုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလိုနဲ့ အပြင်ကို ကောလာဟလလွှင့်တာ ခံရတယ်။ အဲဒါတွေက နောက်ကျော ဓားနဲ့ထိုးလိုက်တာပဲ၊ ကိုယ့်ကို သမိုင်း တရား ခံဖြစ်အောင် ထိုးကျွေးလိုက်တာ၊ ဒါဘယ်သူကမှ မခံနိုင်ဘူးလေ။ ကိုယ့် သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အ မည်းစက် ကြီးဖြစ်နေမှာလေ။ အားလုံး ဖွင့်ချချင်နေကြတယ်။ တစ်ခုပဲရှိတယ်။ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ်”ဟု ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်က   ပြောသည်ဟု ဆို ကာ ယင်းသတင်းတွင် ဖော်ပြထား သည်။
”ဒါ လူရှုပ်လူပွေတွေလုပ်တဲ့ အ လုပ်။ နိုင်ငံရေး နားလည်တဲ့သူတွေ တကယ့်အတတ်ပညာရှင်တွေကျတော့ ကြည့်လိုက်တာနဲ့ သိတယ်။ ဒီပုဂ္ဂိုလ်ဟာ ဒီလိုပြောပါ့မလား ဆိုတာ ဝေဖန်ပိုင်း ခြားလို့ရတယ်” ဟု အထက်ပါ စာပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြန် လည်ပြောဆိုသည်။
ဒီပဲယင်းအရေးအခင်းမှာ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သော အဖွဲ့သည် မြန်မာပြည် အလယ် ပိုင်းစစ်ကိုင်းတိုင်း အတွင်း လူထုစည်းရုံး ရေးခရီးစဉ်လှည့်လည်စဉ် ဒီပဲယင်း မြို့ အနီးကျည်ရွာအရောက်၌ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်  သည်။ ဒေါ်အောင်ဆန်းစု ကြည်မှာ ၄င်း စီးနင်းလာသည့် ကားမှ ကားမောင်း သူ၏ အကူအညီဖြင့်လွတ်မြောက်ခဲ့ပြီး ရေဦးမြို့သို့အရောက်၌ အာဏာပိုင်များ ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထိုစဉ်က လုပ်ကြံတိုက်ခိုက်ခံရမှု ကြောင့် NLD ပါတီဝင်အမြောက်အမြား သေကျေဒဏ်ရာ ရရှိခဲ့သည်ဟု သတင်း များ ထွက်ပေါ်ခဲ့သော်လည်း အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် လူ ၄ ဦး သေဆုံးပြီး ၅ဝ ဦးကျော် ဒဏ်ရာ ရရှိခဲ့ သည်ဟု ပြောဆိုခဲ့သည်။ ယင်းတိုက် ခိုက်ခံရမှုပြီး နောက်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် ဦးတင်ဦး တို့အား နှစ် ရှည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
P-News
popularmyanmar

ဆွာဇီလန်ဘုရင်၁၄ယောက်မြောက်ဇနီးအဖြစ်၁၈နှစ်အရွယ်အလှမယ်နှင့်လက်ထပ်မည်


များစွာဝေဖန်ခံနေရသည့် ပါလီ မန်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း အလိုတွင် ဆွာဇီလန်ဘုရင်အမ် ဆွာတီ(၃)က ၎င်း၏၁၄ယောက် မြောက်ဇနီးအဖြစ် ၁၈နှစ်အရွယ် ပြိုင်ပွဲဝင် အလှမယ်လေးတစ်ဦးကို ရွေးချယ်ထားကြောင်း နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

''ကျွန်တော်အတည်ပြုနိုင် တာကတော့ ဘုရင်ဟာ သူနဲ့စေ့ စပ်ထားတဲ့ မိန်းကလေးအမည်နဲ့ နိုင်ငံကို မိတ်ဆက်ပေးလိုက်ပါပြီ'' ဟု လတ်ဒ်ဇစ်ဇီနီနန်းတော်အုပ် ချုပ်ရေးမှူး တင်မသီအမ်တက် တွားက ပြောကြားခဲ့သည်။ ဆာ ဟာရအောက်ပိုင်း အာဖရိက၏ နောက်ဆုံး သက်ဦးဆံပိုင်ဘုရင် အသက်၄၅နှစ်အရွယ်ရှိ အမ်ဆွာ တီသည် သီတင်းပတ်အကုန်က Reed Dance ကျူရိုးနီအကပွဲ တွင် ဆင်းဒစ်စဝါဒီလာမီနီနှင့်မိတ် ဆက်ပေးခဲ့သည်ဟု အမ်တက် တွားက အေအက်ဖ်ပီသို့ ပြော ကြားခဲ့သည်။ သူမသည် တော်ဝင် သင်္ကေတတစ်ခုအဖြစ် ၎င်း၏ဦး ခေါင်းတွင် ကျူရိုးများဝတ်ဆင်ခဲ့ သည်။

ဘုရင်နှင့်စေ့စပ်ထားသည့်အမျိုးသမီးငယ်သည် လွန်ခဲ့သည့် နှစ်ကမှ အမ်ဘာဘိန်းရှိစိန့်ဖရန်ဆစ် အထက်တန်းကျောင်းမှ အောင် မြင်ထားသူဖြစ်ပြီး Miss Cultural Heritage အလှမယ်ပြိုင်ပွဲမှ နောက် ဆုံး ဆန်ခါတင်တစ်ဦးဖြစ်သည်။ ပြိုင်ပွဲအနိုင်ရသူ၏အမည်ကို စက် တင်ဘာ၂၈ရက်တွင် ကြေညာ မည်ဖြစ်သည်။

တောင်ပေါများသောဘုရင် ပိုင်နိုင်ငံလေး၏ ၁ဒသမ၂သန်း သောပြည်သူများမှာ စားဝတ်နေ ရေးအတွက်ရုန်းကန်နေရစဉ် အိမ် တော်၏ အသုံးအစွဲ လက်ဖွာမှု ကြောင့် ဘုရင်များဝေဖန်ခံနေရ သည်။ ပြည်သူ ရာခိုင်နှုန်း၇ဝမှာ ဆင်းရဲမှုမျဉ်းအောက် ရုန်းကန် နေကြရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသော်လည်း ဘုရင် ၏ပုဂ္ဂလိကပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်း၂၀ဝခန့်ရှိသည်ဟု သိရသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ရန်ကို လည်း စွဲစွဲမြဲမြဲဆန့်ကျင်နေသည်။နိုင်ငံရေးပါတီများကိုပိတ် ပင်ပြီး ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် လောင်းများကိုလည်း ရိုးရာအ စဉ်အလာခေါင်းဆောင်များ ရွေး ချယ်ထားသောကြောင့် ရွေးကောက် ပွဲများမှာ အတုအယောင်သာဖြစ် သည်ဟု ဝေဖန်သူများကဆိုသည်။
Yangon Media Group

ဖက်ရှင် အဆန်းကြီး ထွင်ပြန်တဲ့ လေဒီဂါဂါ



ပြီးခဲ့တဲ့ အပတ်တုန်းက လန်ဒန်မှာ ပြုလုပ်တဲ့ ပွဲ တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဆပ်ပြာဘူဘောင်းလေးတွေကို အော်တိုလေမှုတ်ပြီ ထုတ်ပေးနိုင်တဲ့ ၀တ်စုံ ကို ၀တ်ဆင်ပြီး ပွဲတက်လာခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ ပရိသတ်တွေကို ဂါဂါက စိတ်မပျက်စေခဲ့ပါဘူး ။ သူမ ၀တ်စုံက အားလုံး မျက်စီထဲမှာ ထူးခြားနေလို့ ပါပဲ။

ပြီးတော့ H0les ကုမ္မဏီထုတ် ရောင်ပြန်ဖြာနေတဲ့ kaleidoscope မြင်ကွင်း ရှိတဲ့ မျက်မှန်လှလှကိုလည်း တပ်ဆင်ခဲ့ပါသေးတယ်။

Ref: DailyMail
MM Social Sky

မိုးကျရွှေကိုယ်တွေ နေရာရဆဲ



မြန်မာနိုင်ငံတွင် နောက်ဆုံးတည်ထောင်ခဲ့သည့် မြို့တော်သစ်နေပြည်တော်ရှိ အခမ်းနားဆုံး ခေတ်သစ်မြန်မာ့အဆောက်အအုံများအနက် တစ်ခုဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၁ မတ်လ ၃၀ ရက်က သမ္မတသစ်ဦးသိန်းစိန် ပထမဆုံးမိန့်ခွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလဖြစ်သော ထိုရက်ကပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းအပြီး မြန်မာနိုင်ငံတွင် ရာစုနှစ်ထက်ဝက်ကျော်ကြာ လွှမ်းမိုးထားသော စစ်အုပ်ချုပ်ရေး အမှန်တကယ် အဆုံးသတ်သွားလေပြီလားဆိုသည့် မေးခွန်းသည် ပြည်တွင်းပြည်ပရှိ စောင့်ကြည့်သူများအကြား အငြင်းပွားဖွယ်ရာပုစ္ဆာတစ်ခု ဖြစ်ခဲ့သည်။

“စစ်အုပ်ချုပ်ရေး အမှန်တကယ် အဆုံးသတ်သွားခဲ့လေပြီ”ဟု မျှော်လင့်သူများ အားတက်လောက်စေသည့် လုပ်ဆောင်မှုမျိုး အစိုးရသစ်ကလုပ်ပြနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်၏ ထိပ်ပိုင်းအရာရှိဟောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်သည် အရပ်ဝတ်ပြောင်းလဲကာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်းတွင် ယခင်တပ်မတော်အစိုးရများလက်ထက် လုပ်ဆောင်ခဲ့ပုံများမှ ခွဲထွက်ခဲ့သည့် ဆောင်ရွက်မှုများကြောင့် ပြည်တွင်းပြည်ပလက်ခုပ်သံများကို သူ၏အစိုးရအဖွဲ့ရရှိခဲ့သည်။

သို့သော်လည်း အငြင်းပွားစရာဖြစ်နေသည့် တပ်မတော်အရာရှိကြီးများအား အစိုးရ၀န်ကြီးဌာနများရှိ အဆင့်မြင့်ရာထူးနေရာများသို့ တိုက်ရိုက်ခန့်အပ်သောစနစ်ကိုတော့ ယခင်တပ်မတော်အစိုးရများနည်းတူ အစိုးရသစ်က ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။

လွန်ခဲ့သောတစ်နှစ်ခန့်တွင် 7Day ဂျာနယ်က ပညာရှင်အချို့နှင့် အစိုးရအရာရှိဟောင်းအချို့အား တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါတိုက်ရိုက်ခန့်စနစ်ကြောင့် အောက်ခြေ၀န်ထမ်းများ လုပ်ငန်းခွင်အတွင်း ကြိုးစားလိုစိတ် ကျဆင်းလာခြင်းကို “အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ”အမည်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ဖူးသည်။

ယင်းဆောင်းပါးထွက်ပေါ်လာပြီးနောက် ယင်းစနစ်အပေါ် ထောက်ခံသူများရော ကန့်ကွက်သူများပါ 7Day သို့ ဆက်သွယ်ကာ ရင်ဖွင့်ခဲ့ကြသည်။ ထောက်ခံသူများက အစိုးရဌာနများအတွင်း ရောက်ရှိနေသည့် တပ်မတော်အရာရှိဟောင်းအများစုဖြစ်သည်။

ကန့်ကွက်သူများက တိုက်ရိုက်ခန့် တပ်မတော်အရာရှိဟောင်းအချို့၏ မနှစ်သက်စရာအပြုအမူနှင့် စွမ်းဆောင်ရည်ကို ကိုယ်တွေ့ကြုံခဲ့ရသည့် အစိုးရ၀န်ထမ်းများဖြစ်သည်။

ကြားဖြတ်နေရာပေးသည့်စနစ်တွင် အားနည်းချက်ရှိကြောင်း ဝေဖန်သူများထဲတွင် နိုင်ငံ၏ဒုတိယအဆင့်အမြင့်ဆုံး အကြီးကဲဖြစ်သည့် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းလည်း အပါအ၀င်ဖြစ်သည်။ သူက ကြားဖြတ်စနစ်ကြောင့် မူလ၀န်ထမ်းများ စိတ်ဓာတ်ကျဆင်းစေပြီး ၀န်ကြီးဌာနလုပ်ငန်းများ အထိုက်အလျောက်ကျဆင်းသွားနိုင်ကြောင်း မိန့်ခွန်းတစ်ခုတွင် ထောက်ပြသတိပေးခဲ့ဖူးသည်။

သို့သော်လည်း အစိုးရသစ်လက်ထက်တွင် ယင်းတိုက်ရိုက်ခန့်စနစ်ကို ကျင့်သုံးနေဆဲဖြစ်သည်။ 7Day မှရရှိသော အချက်အလက်များအရ အစိုးရသစ်လက်ထက်တွင် တပ်မတော်အရာရှိ ၉၀ ဦးထက်မနည်းကို ပြည်ထောင်စုဝန်ကြီးဌာနများ၏ အဆင့်မြင့်ရာထူးများဆီသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။ အဆိုပါအရေအတွက်မှာ ရရှိခဲ့သော စာရင်းဇယားများအရသာဖြစ်ပြီး အမှန်တကယ် အပြောင်းအလဲပြုလုပ်ခဲ့သည်မှာ ယခုထက်ပိုမိုများပြားနိုင်သည်။

သမ္မတရုံး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး စသည့်ဌာနများမှအစ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ ရထား စသည့်ဌာနများအလယ်၊ ဗဟိုဘဏ်၊ ယဉ်ကျေးမှု စသည့်ဌာနများအဆုံးဆီသို့ ဖြစ်သည်။ တိုက်ရိုက်ခန့်သည့် ရာထူးများမှာ ပြန်တမ်းဝင်အရာရှိပေါက်စ ဦးစီးအရာရှိအဆင့်မှ ဦးစီးဌာနများ၊ လုပ်ငန်းဌာနများ၏ ထိပ်ဆုံးရာထူးများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးရာထူးများအထိဖြစ်သည်။

၎င်းတို့အား ၀န်ကြီးဌာနတာဝန်များကို မထမ်းဆောင်မီ ဌာနနှင့်ကိုက်ညီမှုရှိစေရန် သီးသန့်သင်တန်းပေးခြင်း ရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုချက်မရခဲ့ပါ။

အတိတ်တွင်လည်း အဆိုပါစနစ်၏အားနည်းချက်ကြောင့် ကိုးရိုးကားရားနိုင်သော ဖြစ်စဉ်အချို့ရှိခဲ့သည်။ သဘောသဘာဝမတူသည့် လုပ်ငန်းများကို ဦးစီးလုပ်ဆောင်စေခြင်းဖြင့် ဦးစီးလုပ်ကိုင်ရသူရော လုပ်ငန်းများပါ စွမ်းဆောင်ရည်ကျဆင်းမှုများ အများအပြားရှိခဲ့ကြောင်း အစိုးရဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသူအချို့က ပြောသည်။ ဥပမာ တိုက်ခိုက်ရေးတွင်ကျွမ်းကျင်သည့် တပ်မတော်အရာရှိကို အားကစားကဲ့သို့ဌာနမျိုးတွင် ဦးစီးစေခြင်းမျိုး ဖြစ်သည်။

ဝါရင့်အားကစားဆောင်းပါးရှင်နှင့် ဝေဖန်သုံးသပ်သူ ဦးခင်မောင်ထွေးကတော့ မြန်မာ့အားကစား ပြန်လည်ဦးမော့လာစေရန် အမှန်တကယ်ဆန္ဒရှိပါက အားကစားဌာနများအတွင်း ကျွမ်းကျင်မှုမရှိသော တပ်မတော်သားအရာရှိများ၊ အရပ်သားအရာရှိများ ခန့်အပ်ခြင်းကို ပြန်လည်စဉ်းစားသင့်ပြီဟုဆိုသည်။

သူက ယခုလိုပြောသည်။ “အခု အား/ကာမှာဆိုရင် တပ်မတော်အရာရှိကြီးငယ်တွေ တွေ့တယ်။ တချို့လည်းပဲ အားကစားကိုဝါသနာပါတယ်။ အားကစားကို ကျွမ်းကျင်တယ်။ အားကစားပေါ်မှာ စေတနာရှိတယ်။ တချို့ကျတော့လည်း အားကစားမကျွမ်းကျင်ဘူး။ စေတနာတော့ရှိတယ်။ အားကစားဆိုတာ စေတနာရှိရုံနဲ့မရဘူး။ ကိုယ်တိုင်ကျွမ်းကျင်မှ ဖြစ်တာ”

တပ်မတော်အစိုးရလက်ထက်တွင် အစိုးရဌာနများရှိ ပညာရှင်အများအပြားသည် အဆိုပါစနစ်ကို လက်မခံနိုင်သောကြောင့် ပြည်ပသို့ထွက်ခွာခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများဆီသို့ ကူးပြောင်းခဲ့ကြကြောင်း အမည်မဖော်လိုသည့် အစိုးရ၀န်ထမ်းဟောင်း မြို့ပြစီမံကိန်းပညာရှင်တစ်ဦးကပြောသည်။

“အဲဒီအချိန်(တပ်မတော်အစိုးရအုပ်ချုပ်သည့်ကာလ)တုန်းက သူတို့ (တပ်မတော်အရာရှိများ) လုပ်နိုင်တယ်ဆိုပြီး နေရာဝင်ယူတာတွေ အများကြီးပဲ။ အခု အပြောင်းအလဲကာလမှာ တကယ်လုပ်မယ်ဆိုတော့ အရင်အစိုးရက အရေးတောင်မလုပ်ခဲ့တဲ့ ပညာရှင်တွေ ပြန်ခေါ်ရတာပေါ့။ တချို့က အမှန်ဝန်ခံလာပြီး အကြံတောင်းတာတွေတောင်ရှိတယ်”ဟု အစိုးရသစ်လက်ထက် စီမံကိန်းများကူညီလုပ်ဆောင်ပေးနေသည့် အဆိုပါပညာရှင်ကပြောသည်။

အဆိုပါစနစ်ကို အစိုးရဌာနများအတွင်းရှိ ပညာရှင်များက အမြဲတစေဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၄၅ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် လူသိများသည့် မိုးလေ၀သပညာရှင်ဦးထွန်းလွင်ကလည်း အဆိုပါစနစ်မှာ “အလွန်ကို အဓိပ္ပာယ်မရှိတဲ့ကိစ္စ။ တိုင်းပြည်ကို ဘယ်လိုမှအကျိုးမရှိတဲ့ကိစ္စ”ဟု ယမန်နှစ် အောက်တိုဘာလအတွင်းက 7Day နှင့် တွေ့ဆုံခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

သို့သော် နေရာတိုင်းအဆိုးချည်းပဲတော့ မဟုတ်ဟု ဌာနပြောင်း တပ်မတော်အရာရှိဟောင်းများနှင့် တွဲဖက်လုပ်ကိုင်ခဲ့ဖူးသည့် အစိုးရ၀န်ထမ်းအချို့ကပြောသည်။ ရာထူးအာဏာကိုပြသည့် ဌာနပြောင်းမိုးကျရွှေကိုယ်များကြောင့် အောက်ခြေ၀န်ထမ်းများ စိတ်ပျက်စရာများ ကြုံတွေ့ရသလို အပြောင်းအလဲများနှင့်အတူ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ထူးချွန်သည့် ဌာနပြောင်းအရာရှိများလည်းရှိသည်ဟု ၎င်းတို့ကဆိုသည်။

ဆယ်စုနှစ်တစ်ခုကြာ ဌာနပြောင်းအရာရှိများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တွဲဖက်လုပ်ကိုင်ဖူးသူတစ်ဦးက တပ်မတော်အရာရှိဟောင်းများသည် စီမံခန့်ခွဲရေးပိုင်းတွင် ထူးချွန်သော်လည်း နည်းပညာ၊ အတတ်ပညာနှင့် လုပ်ထုံးလုပ်နည်းပိုင်းများတွင် မိခင်ဌာနမှ ရာထူးတက်လာသူများလောက် မထူးချွန်ကြောင်း ၎င်း၏အတွေ့အကြုံကိုပြောသည်။

တပ်မတော်မှ ရွှေ့ပြောင်းလာသူများ ကြားဖြတ်နေရာဝင်ယူသောကြောင့် အောက်ခြေ၀န်ထမ်းများအကြား စိတ်ဓာတ်ပျက်ပြားခြင်းသည် တပ်မတော်အစိုးရနှင့် ပနံသင့်သည်ဟု အများကမြင်ကြသည့် ၎င်းတို့ဌာနအတွင်းတွင်ပင်ရှိကြောင်း အဆိုပါအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းက ပြောသည်။

“မြန်မာနိုင်ငံမှာက မြို့နယ်ပေါင်း ၃၃၀ လောက်ပဲရှိတယ်။ အဲဒီနေရာတွေမှာ မြို့နယ်မှူးအဖြစ်မှန်းထားတဲ့ ဒုဦးစီးတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ၁၉၉၇ လောက်မှာ တပ်က အရာရှိ ၈၀ လောက် ဌာနထဲဝင်လာတယ်။ သူတို့ထဲက တော်တော်များများပဲ မြို့နယ်မှူးဖြစ်ကုန်တယ်။ ပင်စင်ယူတဲ့အထိ ဒုဦးစီးဘ၀ကနေ ရာထူးမတက်လို့ စိတ်ပျက်သွားတဲ့သူတွေ အများကြီးပဲ”ဟု ၎င်းကပြောသည်။

ဝေဖန်မှုများရှိသော်လည်း အဆိုပါစနစ်အပေါ် ကာကွယ်ပြောဆိုသူများရှိကြသည်။ ၎င်းတို့ကတော့ အစိုးရ၀န်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်၊ ထမ်းဆောင်နေဆဲ အရာရှိများဖြစ်သည်။

တပ်မတော်အရာရှိများသည် အများထင်သလောက် စွမ်းဆောင်ရည်မနိမ့်ကျဟု ၎င်းတို့ကဆင်ခြေပေးသည်။ လက်ရှိအခြေအနေအရ တပ်မတော်သည် စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တပ်မတော်အရာရှိများသည်လည်း ကောင်းမွန်စွာ လေ့ကျင့်မှုခံယူထားသူများဖြစ်သောကြောင့် ယင်းစနစ်သည် လက်ရှိအချိန်တွင် ကျင့်သုံးနေရခြင်းဖြစ်နိုင်ကြောင်း 7Day မှ တွေ့ဆုံမေးမြန်းခဲ့သည့် ၀န်ကြီးဌာနများအတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိသုံးဦးစလုံးက ဖြေကြားသည်။

“တပ်ကပဲဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် ကောင်းတာ၊ ဆိုးတာက လူတစ်ဦးချင်းနဲ့ပဲဆိုင်မယ်ထင်တယ်။ ဘယ် Institution နဲ့ပဲယှဉ်ယှဉ် တပ်ကမနိမ့်ခဲ့ဘူး။ တကယ့်လေ့ကျင့်သင်ကြားမှုတွေ လုပ်ခဲ့ရတယ်။ ၀ါသနာနဲ့ အလုပ်နဲ့ မကိုက်လို့ မလေ့လာတာတွေကြောင့် မအောင်မြင်တဲ့ဌာနပြောင်းအရာရှိတွေလည်း ရှိမယ်။ အောင်မြင်တာတွေကိုလည်း ချန်ထားလို့မရဘူး”ဟု အစိုးရဌာနအတွင်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဆဲ အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးကပြောသည်။

တပ်မတော်အရာရှိများသည်လည်း နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သောကြောင့် အစိုးရ၏၀န်ကြီးဌာနများအတွင်း ၀င်ရောက်တာဝန်ထမ်းဆောင်သည်မှာ လိုအပ်ချက်အရဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အငြိမ်းစားဗိုလ်မှူးတစ်ဦးကပြောသည်။

“ကျွန်တော်တို့က စီမံခန့်ခွဲရေးပိုင်းပဲ ပိုများတယ်။ စီမံအုပ်ချုပ်ရေးပိုင်းမှာက တပ်ကပိုစနစ်ကျတယ်။ ဒါတွေက ဌာနအတွက်ရော၊ တိုင်းပြည်အတွက်ပါ ပိုကောင်းတယ်။ ပြီးတော့ တပ်ဆိုတာက အထက်အမိန့်အတိုင်း ပြောင်းဆိုပြောင်းရတာပဲ”ဟု အဆိုပါ အငြိမ်းစားဗိုလ်မှူးကပြောသည်။

သို့သော်လည်း လုပ်နည်းကိုင်နည်းအမှားများနှင့် ဌာနပြောင်းအရာရှိအချို့ကြောင့် အောက်ခြေ၀န်ထမ်းများ စိတ်ပျက်ရခြင်း၊ လုပ်ငန်းမတွင်ကျယ်ခြင်းများ ရှိနိုင်ကြောင်း ၎င်းတို့သုံးဦးစလုံးက ၀န်ခံသည်။

ကောင်းခြင်း၊ ဆိုးခြင်းနှင့် ကြိုက်ခြင်း၊ မကြိုက်ခြင်းများအကြား အငြင်းပွားနေပြီး လေထီးတပ်သား(သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးသည့်ဓလေ့မှာ စစ်အုပ်ချုပ်ရေးအမြစ်တွယ်ခဲ့သော ကာလတစ်လျှောက် မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုတစ်ခုပုံစံ ထွန်းကားခဲ့ပြီးဖြစ်သည်။

စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့ပြီး တပ်မတော်အရာရှိဟောင်း အများစုပါဝင်သည့် အရပ်သားအစိုးရသစ်လက်ထက်တွင် တပ်မတော်အရာရှိများအား အရပ်ဘက်ဌာနများသို့ တိုက်ရိုက်ရွှေ့ပြောင်းခန့်ထားခြင်းကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အမှန်တကယ်အဆုံးသတ်ခဲ့ခြင်း ရှိ၊ မရှိတော့ အငြင်းပွားနေဆဲ ဖြစ်သည်။ တပ်မတော်အရာရှိကြီးများသည်လည်း အရပ်ဝတ်ဖြင့် ဌာနဆိုင်ရာများဆီသို့ ပြောင်းရွှေ့ရောက်ရှိနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် နိုင်ငံခြား ဘာသာ စကား ညနေ သင်တန်းများ ဖွင့်လှစ်မည်


လူ့စွမ်းအား အရင်းအမြစ်ဖွံ့ ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်) တွင် နိုင်ငံခြား ဘာသာစကား ညနေသင်တန်းများ ဖွင့်လှစ်မည်ဟု သတင်း ရရှိသည်။   ဖွင့်လှစ်မည့် ဘာသာစကား သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ် (ဘာသာပြန်၊ စကားပြန်)၊  ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများ အတွက် သီးသန့်) တို့ ဖြစ်သည်။   သင်တန်းသို့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာလ ၂၄ ရက်တွင် စတင်လက်ခံမည်ဟု သိရပြီး နောက်ဆုံး လက်ခံမည့်နေ့မှာ  စက်တင်ဘာလ ၂၇ ရက်ဖြစ်သည်။  အင်္ဂလိပ်ဘာသာအတွက် သတ်မှတ်ထားသည့်  သင်တန်းသားဦးရေ ပြည့်ပါက လျှောက်လွှာ လက်ခံမည် မဟုတ်ဟု သတ်မှတ်ထားသည်။   အသေးစိတ် သိရှိလိုသူများ အနေဖြင့် ဖုန်း-၀၁-၅၁၄၃၇၂ (လိုင်းခွဲ-၈၀၉) သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်သည်။
  ကိုဟိန်း


ညောင်ပင်လေးဈေးရှိ ကုမ္ပဏီရုံးခန်းအဲယားကွန်းမှ ၀ါယာရှော့ဖြစ်ကာ ယနေ့နံနက်က မီးလောင်မှုဖြစ်ပွား



လမ်းမတော်မြို့နယ်၊ညောင်ပင်လေးဈေး၊
တိုက် A ၊ (၄)လွှာ၊ အခန်းအမှတ်(---)ရှိ
------- Co.Ltd ရုံးခန်းအတွင်းယနေ့နံနက့် ၁၀း၀၀ အချိန်က အဲယားကွန်းမှ
ဝါယာရှော့ဖြစ်ကာမီးစတင်လောင်ကျွမ်းခဲ့ကြောင်းYangon Policeမှသိရသည်။
မီးလောင်မှုကြောင့် ဖိုက်ဘာတံခါး(၁)ချပ်၊
ကွန်ပျူတာ UPS (၁)လုံးတို့ အားကူးစက်လောင်ကျွမ်းခဲ့ပြီး
မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့
သဖြင့် ၁၀၁၇ အချိန်တွင်မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁)သိန်းခန့်ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲသူ အဆိုပါကုမ္ပဏီမန်နေဂျာ ဦ----
အား လမ်းမတော်မြို့မရဲစခန်း(ပ)၁၈၂/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Popular Myanmar News Journal

လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာ ခင်ဝင့်ဝါ သွားရောက်လှူဒါန်းမယ်

Miss Supranational 2013 ပြိုင်ပွဲမှာ Title ဆု ၄ ဆု ရခဲ့တဲ့ ခင်ဝင့်ဝါ (ဓာတ်ပုံ – ခင်ဝင့်ဝါ facebook မှ)
Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆု ၄ ဆု ရရှိခဲ့တဲ့ ခင်ဝင့်ဝါဟာ မြန်မာပြည်သူတွေကို သူကတိပေးခဲ့တဲ့အတိုင်း မြန်မာပြည်က လိုအပ်ချက်ရှိနေတဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲကို ဝင်ပြိုင် ပြီးကတည်းက သမီးမှာ တခါမှ မကြုံဘူးတဲ့ အတွေ့အကြုံ အသစ်တွေလည်း ရခဲ့ပါတယ်။ မြန်မာ ပရိသတ်တွေ ပေးတဲ့ ဆုကိုလည်း တန်ဖိုး အရမ်းထားပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံတွင်းမှာ တကယ်လိုအပ်နေတဲ့ ဒေသတွေ၊ တကယ်လိုအပ်နေတဲ့ လိုအပ်ချက်တွေဆီကို ကိုယ်တိုင်သွားပြီး လှူမှာပါ။ နေရာတွေကိုတော့ အခု အချိန်မှာ အတိအကျ မပြောနိုင်သေးတာ ခွင့်လွှတ်ပါ” လို့ အသက် ၁၉ နှစ်အရွယ် Miss Myanmar ခင်ဝင့်ဝါက ပြောပါတယ်။

ဒီနှစ် ထဲမှာ တခြား Miss ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ မရှိသေးတဲ့ ခင်ဝင့်ဝါဟာ ဘီလာရုစ် မှာကျင်းပတဲ့ Miss Supranational 2013 ပြိုင်ပွဲမှာMiss Internet၊ Most Beautiful Girl in the World၊ People Choice Award နဲ့ Face of Miss Supranational စတဲ့ ဆုလေးဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေကို ဇောက်ချ လုပ်သွားမှာ ဖြစ်သလို၊ ဒုတိယနှစ် ရုက္ခဗေဒ တက်နေတာ ဖြစ်တဲ့အတွက် ပညာရေး ဘက်ကိုလည်း အားမလျှော့ဘဲ ဆက်ကြိုးစားသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ပညာရပ်တွေကိုလည်း ဆက်လက် ဆည်းပူးမှာဖြစ်သလို၊ လူမှုရေး လုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေမှာလည်း အချိန်ပေး ဆောင်ရွက်မှာဖြစ်တယ်လို့ ဧရာဝတီ သတင်းကနေ တဆင့် သူ့ ပရိသတ်ကို ပြောလာပါတယ်။

ကြမ်းတမ်းတဲ့ ဘဝခရီးကို သူ့အနေနဲ့ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းပြီး နိုင်ငံ အတွက် ဂုဏ်ယူနိုင်တဲ့ သူဖြစ်အောင် ကြိုးစားမယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

“သမီးကတော့ ဘဝမှာ ရိုးရိုးသားသားနဲ့ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ပါတယ်။ ညီမ ဝါသနာပါတဲ့ အနုပညာနဲ့ လူမှုရေးတွေကို တွဲပြီးလုပ်သွားချင်တယ်။ အားလုံးကိုလည်း ငြိမ်းချမ်းစေချင်ပါတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံကိုယ်စားပြု Miss တယောက်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး နိုင်ငံကို အကျိုးပြုပေးသွားမှာ ဖြစ်တယ်လို့ ခင်ဝင့်ဝါက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ခင်ဝင့်ဝါဟာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အတွက် အလှဓာတ်ပုံတွေ ရိုက်ကူးပေးနေရတဲ့ ကိစ္စတွေနဲ့ မအားလပ်အောင် ဖြစ်နေတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသူများကို အရေးယူမည်


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်းသို့ အပ်နှံခြင်းနှင့် အသက် ၁၈ နှစ် အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်ထိန်းသိမ်းစေခြင်း ဖြစ်သည်ဟု သိရသည်။ ယခုအခါ ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် ယခင်ထိန်းသိမ်း လူဦးရေ ၃၀ ကျော်မှ ယခုအခါ ၁၀၀ ကျော်အထိ ဖြစ်လာကြောင်း၊ အဆိုပါ တောင်းရမ်းသူများအား နှစ်သိမ့်ဆွေးနွေးခြင်း၊ တောင်းရမ်းစားသောက်ခြင်း မပြုရန် ပညာပေးခြင်းတို့ကို ပြုလုပ်ပြီး ပြန်လွှတ်ပေးသည်ဟု သိရသည်။

"ပထမအကြိမ်တော့ ခေါ်ဆောင်ထိန်းသိမ်းမယ်။ နှစ်သိမ့်ပညာပေး ဆွေးနွေးပြီးတော့ ပြန်လွှတ်ပေးမယ်။ အဲဒီလို ပြန်လွှတ်ပေးပြီးမှ နောက်တစ်ကြိမ် ပြန်တောင်းရင်တော့ ဥပဒေနှင့်အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရေးယူရာ၌ အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက်သူများ ဖြစ်ပါက ၎င်းတို့အား အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိဘထံ ပြန်လည်အပ်နှံပြီးသူများ ပြန်လည်တောင်းရမ်းခြင်းမျိုး ဖြစ်ပါက တောင်းရမ်းသူများကို အရေးမယူဘဲ မိဘအား အရေးယူမည်ဟု သိရသည်။
Myawady News

အောင်မင်္ဂလာ အဝေးပြေးမှ ကယ်ရီမောင်းသမားနှင့် အဖော်ဖြစ်သူက ခရီးသည်ကို ထိုးကြိတ်လုယက်

ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသသို့ ပြေးဆွဲနေသော အဝေးပြေး ခရီးသည်ယာဉ်များ ထွက်ခွာရာ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း အနီးတွင် အခြေပြုနေသော ဆိုင်ကယ် ကယ်ရီမောင်းသမားနှင့် အဖော်ဖြစ်သူက ခရီးသည် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ ငွေနှင့် ပစ္စည်းများ လုယက်ထွက်ပြေးခဲ့မှု စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီက မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ရဲအရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ်ရှိ ဦးမင်းသူအောင်က အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့သို့ သွားရန် အဆိုပါ ဆိုင်ကယ်ကယ်ရီကို ငှားရမ်းစီးနင်းခဲ့ရာ တံတားဖြူ အနီးတွင် ဆိုင်ကယ်မောင်းသူ၏ သူငယ်ချင်း အမျိုးသားတစ်ဦးက လိုက်ပါလာခဲ့ကြောင်း၊ ယင်းနောက် ၎င်း၏သူငယ်ချင်းက အပေါ့သွားချင်ကြောင်း ပြောသဖြင့် လမ်းသွယ် အတွင်းသို့ ဝင်ရောက်ပြီး ဆိုင်ကယ်ရပ်၍ ခရီးသည် အမျိုးသားကို မြေပြင်တွင် ထိုင်ခိုင်းပြီးနောက် ဆိုင်ကယ်မောင်းသူက ခရီးသည်ကို လက်သီးနှင့် မျက်နှာကို ဆင့်ထိုးပြီး ငွေနှင့် ပစ္စည်းများကို လုယက်ကာ ဆိုင်ကယ်ကို မောင်းနှင် ထွက်ပြေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းသူများက ခရီးသည်များကို လုယက်မှုများ မကြာခဏ ဖြစ်ပွားသည်ဟု ကြားသိရပြီး ဇူလိုင်လမှစ၍ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းသို့ ဆိုင်ကယ်များ ဝင်ခွင့်မပြုကြောင်း ယင်းယာဉ်ရပ်နား စခန်းဝင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လုယက်ထွက်ပြေးသူ အမျိုးသားနှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းက (ပ)၇၄၀/၁၃၊ ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
The Voice Weekly

ဖားအသွင်နဲ့ ကလေးငယ် (Frog-Like Baby)


ကလေးငယ်ရဲ့ အသွင်သဏ္ဍာန်ကတော့ တကယ့် ဖားတစ်ကောင် အတိုင်းပါပဲ။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မျက်စိလုံးပြူးပြူး၊ လည်တိုင်လဲ မရှိပါဘူး။

သူ့ကို ကိုယ်ဝန်ဆောင်စဉ်တုန်းက ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်ပြီး မွေးဖွား
ခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အရင်ကလေးတွေတုန်းကအတိုင်း ကိုးလကြာကိုယ်ဝန်ဆောင်ပြီးမွေးဖွားခဲ့ပေမဲ့ ယခုလို အသွင်ပြင်နဲ့ မွေးဖွား
လာတဲ့အတွက် သူတို့အဖို့ ထူးထူးခြားခြား ဘာမှ မခံစားရပါဘူးလို့ ဖခင်ဖြစ်
သူက ပြောကြားခဲ့ပါတယ်။

၂၀၀၆ ခုနှစ်တုန်းက နီပေါနိုင်ငံမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တခု အဖြစ်
ဖြစ်ပျက်ခဲ့ပြီး၊ အဆိုပါ ကလေးငယ်မှာ မွေးဖွားပြီး ၁နာရီခွဲခန့်အကြာမှာ
သေဆုံးသွားခဲ့ပါတယ်။

AkaRy ( MM Social Sky)

Credit To >အမေ့အိမ်

အိမ်ထောင်စု နှစ်ရာကျော်ကို လျှပ်စစ်မီးရရန် အမျိုးသမီးခြောက်ဦး စွမ်းဆောင်မည်



အိန္ဒိယနိုင်ငံရှိ Barefoot ကာလိပ်တွင် နေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့် ပညာရပ်ကို သင်ယူခဲ့သော အမျိုးသမီး ခြောက်ဦးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အိမ်ထောင်စု ၂၃၀ ကို လျှပ်စစ်ရရှိရန် ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MDRI-CESD) ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးများသည် အိန္ဒိယနိုင်ငံတွင် ခြောက်လကြာ ပညာသင်ယူပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး တစ်လအတွင်း၌ လျှပ်စစ် ထုတ်လုပ်ရေး အတွက် အမေရိကန်ဘဏ်က လှူဒါန်းမည်ဖြစ်ကာ ကျေးရွာအတွက် လိုအပ်သည့် ပစ္စည်းများကို အိန္ဒိယနိုင်ငံက ပေးပို့ပေးမည် ဖြစ်ကြောင်း MDRI-CESD အဖွဲ့က ထုတ်ပြန်ထားသည်။

“သူတို့က စာတတ်စရာ မလိုဘူးလို့ ပြောတယ်ဆိုပေမယ့် စာမတတ်ရင် မဖြစ်ဘူး။ သူတို့က တပ်ဆင်တဲ့နည်း မသင်ခင် အရင်ဆုံး အခေါ်အဝေါ်တွေ သင်ပေးတယ်” ဟု ယင်းနေစွမ်းအင်သုံး လျှပ်စစ်ပညာကို သွားရောက် သင်ယူသူ ဒေါ်ကြင်ရီက မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယင်းအမျိုးသမီး ခြောက်ဦးတွင် မူလတန်းအဆင့်နှင့် စာမတတ်သူများ ပါဝင်ပြီး ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် နေထိုင်သူများ ဖြစ်သည်။

၎င်းတို့သည် နေစွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်သည့် (Solar Energy) ပညာကို Barefoot ကောလိပ်တွင် ခြောက်လတာ သင်ယူခဲ့ခြင်း ဖြစ်ကြောင်း MDRI-CESD အဖွဲ့ထံမှ သိရသည်။

လာမည့်နှစ်များတွင် ကျေးလက်ဒေသရှိ အမျိုးသမီးများကို ယခုကဲ့သို့ ခေါ်ယူရန် သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် Barefoot ကောလိပ်ကဲ့သို့ တိုင်းပြည် အကျိုးပြု သင်တန်းများ ပေါ်ပေါက်လာရန် မျှော်လင့်ကြောင်း လပြည့်ဝန်း ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့တွင် ပါဝင်လျက်ရှိသူ ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်းအမြင်ကို ပြောကြားသည်။

“မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ချီးမြှင့်တဲ့အနေနဲ့ ဒီအမျိုးသမီး ခြောက်ဦးကို တစ်ဦးကို တစ်သိန်းနှုန်းနဲ့ ချီးမြှင့်ပါတယ်” ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ဆိုသည်။

ထို အမျိုးသမီး ခြောက်ဦးမှာ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့က သက်လတ်ပိုင်း အရွယ်ရှိပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က သွားရောက် သင်ယူ သင်ကြားခဲ့သည်။ ထို့ပြင် Barefoot ကောလိပ်သည် စာပေပိုင်း ဆိုင်ရာတွင် အားနည်းသူများကို ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ သွားရောက် သင်ကြားနိုင်ရန် အိန္ဒိယအစိုးရက ပညာသင် ထောက်ပံ့ပေးခြင်း ဖြစ်သည်။
The Voice Weekly

ကလေးတွေ ကို ကယ်ကြပါ




ကျွန်တော် ဟာ Calsome Quaker ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ အနှံ့ မြို့များစွာမှာရှိတဲ့ အစိုးရကျောင်းများ၊ဘက ကျောင်းများနဲ့ မိဘမဲ့ကလေးကျောင်း များစွာ ( ၂၅၀ ကျော် ) ကို ၃ နှစ် ကာလအတွင်းသွားရောက်ခဲ့ပြီး Calsome ခွက်ဆင့်ကစားနည်း နဲ့ ဥာဏ်ရည်ထက်မြက် သွက်လက်စေမယ့် Edutainment program တွေကို စီစဉ်ပေးလျက်ရှိပါတယ်..

အဲ့ဒီမှာ ဝမ်းနည်း စိတ်မကောင်း ရင်လေး စရာ ဖြစ်ရပ်တွေနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်......
တစ်ခြားမဟုတ်ပါ... နယ်မြို့ကျောင်း အကုန်လုံးမှာ ရှိတဲ့ မုန့်စားတန်းတွေ နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဆင်ခြေဖုံး ကျောင်း မုန့်စားတန်းတွေ မှာ ဒီနေ့ ထက်ထိ အခုလို မုန့်ပဲသရေစာတွေ ကို ကလေး ထောင်သောင်းပေါင်းများစွာ စားနေခဲ့ရ/စားနေကြရဆဲ ဖြစ်ပါတယ်...မုန့် တစ်ချို့နဲ့ မိတ်ဆက်ပေးပါ့မယ်..
ပုံ ရဲ့ ဗယ် အပေါ် ကမုန့် ကို အာနီ လျှာနီ လို့ ခေါ်ပါတယ်..ရောင်းဈေး တစ်ထုပ် တစ်ပြား ကို တစ်ဆယ်ကျပ် ဖြစ်ပြီး ဝယ်ရင်း ၈ကျပ်ခွဲ အမြတ် တစ်ကျပ်ခွဲ ကျန်ပါတယ်..စားရင် ရမယ့်အကျိုးကျေးဇူးကတော့ သူ့မုန့်နာမည် အတိုင်း ၂၀၀ % နီရဲနေဖို့ အာမခံပါတယ်.ဘာဆိုးဆေးတွေနဲ့ ဘာဆေးသကြားတွေ ကို ဘယ်လိုနေရာမှာ ဘာနဲ့လုပ်ထားမှန်းလုံးဝ မသိရ.....
ဗယ် အောက် က မုန့် ကိုတော့ ဂျူးချောင်း/အစပ်ချောင်း လို့ ခေါ်ပြီး ညာအပေါ်ထောင့် က မုန့်ကို အစပ်ပြားလို့ခေါ်ပါတယ်...ရောင်းဈေး၅၀ ကျပ်မှာ ဝယ်ရင်း ၃၈/၄၀ ရှိပါတယ်.....
သူ့ အနံ့အရသာ ကတော့ ရာဘာဖိနပ်ကို နန်းပြား ဆွဲ ထားလိုက်လို့ ပါးလွှာနေတဲ့အပေါ် သေအောင်စပ်ရင်ပြီးရော ဆိုတဲ့ အစပ်မှုန့်တွေဖြူးထားပြီးတဲ့သကာလမှာ အထုပ်ဖွင့်ဖောက်ဖောက်ခြင်း ထောင်းခနဲ ထွက်လာတဲ့ အနံ့ နဲ့ တင် ဒီမုန့် စားကောင်းရင် စီးလာတဲ့ဖိနပ်နဲ့ ပါးသာရိုက်သွားဆိုတဲ့ အရသာပါ ( ကျွန်တော် ကိုယ်တိုင် ရှူကြည့် ဝါးကြည့် ဖူးတာပါ.အနံ့ နဲ့ အရသာကြောင့် ၅ စက္ကန့် ထက် ပိုမဝါးနိုင်လို့ ထွေးထုတ်ခဲ့ရပါတယ် )
ညာ အလယ် က မုန့်တွေ ကတော့ ၂၅ ကျပ်တန် ဂျယ်လီ နဲ့ ကြယ်ပုံ ဆေးသကြား ခဲတွေပါ...
ညာ အောက် က မုန့် ကြတော့ ၅၀ တန် ဟင်း အနေနဲ့ တစ်ချို့ ကလေးတွေက ထမင်း နဲ့ တွဲ စားကြပါတယ်တဲ့ .....
နောက်ထပ် ဆေးလိပ်ဗူး ပုံစံနဲ့ ဆေးသကြားချောင်းတွေရော အထုပ် ကို အပြင်ကနေ ကြည့်လိုက်တာနဲ့ လက်သည်းခွံ လောက်ရှိတဲ့ အချိုမှုန့်ခဲတွေ မြင်နေရတဲ့ မုန့်မျိုးစုံတွေ အများကြီးရှိပါသေးတယ်....
အများအားဖြင့် က တရုတ်နယ်စပ်က လာတယ်လို့သိရပါတယ်....

လက်ရှိ private school တွေနဲ့ ယှဉ်လျှင် အစိုးရကျောင်းတက်နေကြရတဲ့ ကလေးတွေဟာ တစ်နိုင်ငံလုံး မှာ ၉၀% နှုန်း အထက်ရှိပါတယ်.....

ကျွန်တော် က ကျန်းမာရေး ပညာရှင် / အစားအသောက် ကျွမ်းကျင် ပညာရှင် မဟုတ်ပေမယ့် အနာဂတ် မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ထုဆစ်ပေးကြမယ့် လူငယ်တွေဟာ ဒီလိုမုန့်မျိုးတွေစားပြီးကြီးပြင်း လာကြရမယ်သာဆိုလျင်ဖြင့်.........

ကိုရွှေကျော်
Myawady News