ပျော်ဘွယ်တွင် စာရေးဆရာ ၃ ဦးကို စာပေဟောပြောခွင့်ပိတ်

မောင်စိန်ဝင်း(ပုတီးကုန်း)၊ ညီပုလေး၊ ဦးဘုန်း(ဓာတု)

မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးက နာမည်ကြီး စာရေးဆရာ ၃ ဦးကို ပျော်ဘွယ်မှာ စာပေဟောပြောခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ပျော်ဘွယ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဦးဘုန်း (ဓာတု)နဲ့ ညီပုလေးတို့ ဟောပြောပါတယ်။

၆ ရက်နေ့မှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပျော်ဘွယ်မြို့နယ် စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေကို ခေါ်ယူပြီး စာရေးဆရာတွေရဲ့ ဟောပြောချက်ဟာ ဗဟုသုတမပါသလို နိုင်ငံရေး ပါတီတွေအတွက် မဲဆွယ်ပေးတာ ဖြစ်တဲ့အတွက် ခွေထုတ်ခွင့်မပြုသလို နောက်နောင် ဒီစာရေး ဆရာ ၃ ဦးပါရင် စာပေဟောပြောပွဲ လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ သတိပေးချက်ကို စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုအောင်လှမျိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ၄ ရက်နေ့ လုပ်တယ်ဗျ။ ၆ ရက်နေ့ကျတော့ ကျနော်ရယ် ကော်မတီက တယောက်ရယ်၊ နာယက ထဲက ၂ ယောက်ရယ်၊ ကျနော့်ဆရာ တယောက်ရယ်၊ ကျနော့်အဖေကို ခေါ်ပြီးတော့ ဒီပွဲက အသိပညာ ဗဟုသုတလည်း မပါဘူးပေါ့။ နိုင်ငံရေးပါတီ မဲဆွယ်ပွဲကြီးပေါ့ အဲဒါကြောင့် ခွေကို ထုတ်ခွင့်မပေးနိုင်ဘူး။ နောက် ဒီစာရေးဆရာ ၃ ယောက်ပါရင် နောက်နှစ်တွေမှာ ခွင့်ပြုခွင့်မပေးဘူးပေါ့။”

ဒီလို ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး စာရေးဆရာ ညီပုလေးကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်သလို နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီလို အတွေးအခေါ်တွေနဲ့ ကျနော်တို့ ရှေ့ဆက် ဘယ်လိုသွားကြမလဲ။ ရှက်စရာကောင်းပါတယ်၊ ဒီလိုလုပ်တယ်ဆိုတာ။ ကျနော့်တို့ အခွင့်အရေးပိတ်ပင်တာဗျ။ လူထုရဲ့ ခံစားချက်အခွင့်အရေးပိတ်ပင်တာ။ စကားလုံးအကြီးကြီးနဲ့ပြောရင် လူ့အခွင့်အရေး ချိုးဖောက်တာပေါ့။”

ဒီလို တားမြစ်ခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ ကန့်ကွက်တိုင်ကြားဖို့ မရှိသလို ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကာ ဖိတ်ကြားထားတဲ့ နေရာတွေမှာတော့ ဟောပြောသွားမယ်လို့ ဆိုပါတယ်။

အရင်က စာပေဟောပြောပွဲတွေ လုပ်ဆောင်ရာမှာ မကွေးတိုင်းမှာတော့ တင်းကြပ်မှုတွေ ရှိခဲ့ဖူးတယ်လို့လည်း ဆရာ ညီပုလေးက ပြောပါတယ်။

DVB Burmese

ဗီယက်နမ်တွင် ကြက်ငှက်တုပ်ကွေးကြောင့် ၁ ဦး ထပ်မံသေဆုံး


ဗီယက်နမ်နိုင်ငံမှာ H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် နောက်တဦး သေဆုံးသွားတယ်လို့ အစိုးရက ဒီနေ့ အတည်ပြုပါတယ်။

ဒါဟာ ဒီနှစ်အတွင်း H7N9 ဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးမှု ဖြစ်ပါတယ်။

အရင်လက ဘာကြောင့်မှန်းမသိဘဲ ကြက်တွေ သေဆုံးနေတဲ့ ရွာတရွာကနေ ဘဲတကောင်ကို ၀ယ်ပြီး ချက်စားဖို့ ခုတ်ထစ်ခဲ့တဲ့ အမျိုးသားတဦး နေထိုင်မကောင်း ဖြစ်ပြီး သေဆုံးခဲ့ပါတယ်။

ဗိုင်းရပ်စ် ပျံ့နှံ့တဲ့ အခြေအနေ စိုးရိမ်စရာ ဖြစ်နေလို့ ဗီယက်နမ်အာဏာပိုင်တွေ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေလည်း ကြက်၊ ဘဲ မွေးမြူရေးခြံတွေကို စစ်ဆေး သုတ်သင်နေပြီး တရုတ်နိုင်ငံကနေ ၀င်ပေါက်တွေမှာ စစ်ဆေးရေးဂိတ်တွေကို ဖွင့်ထားတယ်လို့ မီဒီယာတွေကို အစီရင်ခံပါတယ်။

ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီးက “ကြက်ငှက်ဘဲ အရောင်းအ၀ယ်တွေ၊ ကုန်ကူးတာတွေကို ပိတ်ဖို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေပါတယ်။ဗီယက်နမ်နိုင်ငံထဲကို သွင်းတဲ့ ကြက်သားနဲ့ ဘဲသားတွေမှာ ဗိုင်းရပ်တွေ ပါလာနိုင်တာကိုလည်း သေသေချာချာ စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ဗီယက်နမ်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှု ၂ ခု ရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ကူးစက်မှု ၁၁၂ ခု ရှိခဲ့ပြီး ၅၇ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းကစလို့ H7N9 ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်နေလို့ ကမ္ဘာလုံးချီ ရောဂါကပ်ဘေး မဖြစ်ရအောင် စဉ်ဆက်မပြတ် သတိနဲ့ စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

H7N9 ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ မနှစ် မတ်လမှာ ပေါ်ပေါက်ခဲ့ပြီး တရုတ်ပြည်မကြီး၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ ကူးစက်မှု ၁၇၀ ဖြစ်ခဲ့ပြီး လူ ၅၀ ၀န်းကျင် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကူးစက်မှုတွေ အားလုံး တော်တော်များများမှာ ကြက်သား၊ ဘဲသား၊ ဒါမှမဟုတ် တခြားငှက်တွေကနေ လူဆီကို ကူးစက်မှု ဖြစ်ပြီး လူအချင်းချင်း ကူးစက်တဲ့ အထောက်အထားတွေကိုတော့ အခုအချိန်အထိ မတွေ့ရသေးပါဘူး။

DVB Burmese

သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း (ပုဒ်မ ၃၇၇)


ပုဒ်မ ၃၇၆ လူအများစု သိပြီးဖြစ်ပေမဲ့ ပုဒ်မ ၃၇၇ အကြောင်းသိတဲံသူနဲသေးတဲ့အတွက် ရှင်းပြချင်ပါတယ် ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း ယောကျာ်းအချင်းချင်း ပြုကျင့်ခြင်း ၊ တိရိစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေတခု ဖြစ်သည်။

အခြားဆက်စပ်အကြောင်းအရာများ



ဥပဒေအကြောင်းသိကောင်းစရာ

စက်ရုံကြို/ပို့ယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိခဲ့သဖြင့် (၂)ဦးသေ (၁၉)ဦးဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၁၃.၂.၂၀၁၃ရက်နေ့ ၂၁၀၀ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်းနှင့် ရွှေလီလမ်းဆုံအနီးတွင် ရတနာလမ်းအတိုင်း ရှမ်းလေး(ခ)အငယ်လေး(စုံစမ်းဆဲ)မောင်းနှင်လာသော ည/---- BM အထည်ချုပ်စက် ရုံကြို/ပို့ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ အမည်မသိ အမျိုးသားမောင်းနှင်လာသော KENBO 125 ဆိုင်ကယ်တို့ တိုက်မိခဲ့ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြပါသည်။

အဆိုပါယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ အထည်ချုပ် အလုပ်သမ(၁၈)ဦးနှင့် ဆိုင်ကယ်စီးနင်းလာကြသည့် အမျိုးသား(၃)ဦးတို့
မှာ ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရ
ပါသည်။

ဒဏ်ရာရသူများအနက် ယာဉ်ပေါ်ပါ မနီနီဝင်းနှင့် ဆိုင်ကယ်မောင်းနှင်သူ အမည်မသိအမျိုးသားတို့(၂)ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ် အလုပ်သမ (၁၇)ဦးမှာ ပြင်ပလူနာများအဖြစ်လည်းကောင်း၊ ဆိုင်ကယ်နောက်တွင်လိုက်ပါစီးနင်းခဲ့ကြသည့် အမျိုးသား(၂)ဦးမှာ အတွင်းလူနာအဖြစ်လည်းကောင်း ကုသလျက်ရှိပါသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း
ယာဉ်(ပ) ၅/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်လှစ်ကာ အခင်းဖြစ်စဉ်ကထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ်မောင်း ရှမ်းလေးအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့


ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့ဈေးကွက်မှာထိပ်တန်းနေရာကိုရယူထားတဲ့ Rakuten ကုမ္ပဏီက၀ယ်ယူလိုက်ကြောင်းသိရှိရသည်။

အဆိုပါ Viber Media ကိုဝယ်ယူဖို့အတွက်အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံကို Rakuten သူဌေး Hiroshi Mikitani ကအကုန်အကျခံခဲ့ပါသည်။ Rakuten ဟာနာမည်ကြီး Online Shopping Website တစ်ခုဖြစ်ပြီးလက်ရှိမှာဂျပန်နိုင်ငံရဲ့ဈေးကွက်ကိုစိုးမိုးထားပါသည်။

Viber ကိုအသုံးပြုသူ ၃၀၀မီလီယံရှိကာ Rakuten ကိုအသုံး ပြုသူက ၂၀၀ မီလီယံရှိပြီး သူဌေးဖြစ်တဲ့ Mikitani က Rakuten ကိုပိုမိုအောင်မြင်အောင်ပြု လုပ်ဖို့အတွက် Viber ကိုဝယ်ယူ လိုက်တာဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး Mikitani က “ မိမိတို့ Messaging စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆို ရင်ကိုယ်တိုင်လုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ Rakuten သုံးတဲ့ Customer တွေအနေနဲ့ Viber Messages ကနေတစ် ဆင့်မိမိတို့ပစ္စည်းကို မှာယူမယ်ဆိုရင်တော့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” လို့ပြောကြားသွားခဲ့ပါသည်။

ထက်ပြီး Viber ရဲ့ Chief Executive ဖြစ်သူ Marco က “Rakuten နဲ့ပူပေါင်းလိုက်ခြင်းဟာကုမ္ပဏီရဲ့လက်ရှိအနေအထားကိုပိုမိုကောင်းမွန်အောင်ပြုလုပ် နိုင်မှာဖြစ်ပြီး Application တိုးတက်ဖို့ကို Free Voice Calls နှင့် Message အတွက်သာမက Digital Content အတွက်ပါလုပ် ဆောင်သွားနိုင်မှာဖြစ်တယ်” လို့ပြောခဲ့သည်။

သိပ်မကြာသေးတဲ့အချိန်က Viber ဟာ Messaging Application ကို Computer တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Skype ကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

Viber ကို Rakuten ကမတ်လကုန်လောက်မှာလုံးဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုစလုံး ကပြောကြား ထားခဲ့သည်။

Wai Phyo Aung (TSJ Team)
TechSpace Journal

တပ်သိမ်းမြေပေါ်တွင် အဆောက်အဦများ တိုးချဲ့ဆောက်


ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ကုတင် ၇၀၀ ဆံ့ စစ်ဆေးရုံအတွက် သိမ်းဆည်းထားတဲ့ မြေယာတွေ အနက်က ပြန်လည်ပေးအပ်ဖို့ ရှိနေတဲ့ အဆောက်အဦမရှိသေးတဲ့ မြေယာတွေပေါ်မှာ အဆောက်အဦတွေ တိုးချဲ့ဆောက်လုပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်က သိမ်းဆည်းထားပြီး အဆောက်အအုံ ဆောက်လုပ်ထားခြင်း မရှိတဲ့ မြေတွေကို ပြန်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်ပန်းမြို့ကို လာရောက်စဉ်က ညွန်ကြားထားပေမယ့် ဒီမြေယာတွေထဲမှာ အခု အဆောက် အဦတွေ တိုးချဲ့ဆောက်လုပ်လာ တယ်လို့ အောင်ပန်းမြို့ခံတွေ က ပြောပါတယ်။

တပ်မတော်က မြေဧက ၂၀ နီးပါး သိမ်းဆည်းထားတာဖြစ်ပြီး အဲဒီမြေနေရာတွေမှာ အဆောက်အဦတွေ ဆောက်လုပ်နေတယ်လို့ အောင်ပန်းမြို့ခံ ဒေါ်ချိုမြိန်ဦးက ပြောပါတယ်။

“၂၈ ရက် ၈ လပိုင်း ၂၀၁၃ ခုနှစ်က သူတို့ မြေလွတ်တဲ့နေရာမှာ ဖောင်ဒေးရှင်းချလိုက်တယ်။ ပေ ၈၀ ပတ်လည် အဆောက်အဦ ၃ လုံး၊ ပေ ၁၀၀ ပတ်လည်က အဆောက်အဦ ၄ လုံးချတယ်။ ပေ ၁၀၀ ပတ်လည် တဖက်ပိတ်က ၄ လုံးလောက်ဆောက်တယ်။ ၁၁ လပိုင်း ၆ ရက်နေ့မှာ ဒု-သမ္မတ လာမယ်ဆိုပြီး ဆောက်လက်စ အဆောက်အဦးတွေကို ဘက်ဖိုးတွေနဲ့ ညတွင်းချင်း ထိုးဖြိုတယ်။ ကာလပေါက်ဈေး သိန်း ၁၀၀၀ ဖိုးလောက်ရှိတယ်။ ဒုသမ္မတ လာပြီးတော့နောက်ပိုင်း ၂၀ ရက်နေ့မှာ ဖောင်ဒေးရှင်းပြန်ချပြီး ပေ ၈၀ ပတ်လက် အဆောက်အဦတွေ ပြန်ဆောက်တယ်။ မြေလွတ်တဲ့နေရာတိုင်းမှာ အခုလက်ရှိ ဆောက်နေတယ်။ ပြန်ပေးရမယ်ဆိုတာ သိနေတော့ ကုတင် ၇၀၀ ဆံ့ထက် မလိုအပ်ဘဲ ပိုဆောက်နေတယ်။”

အောင်ပန်း-တောင်ကြီး ကားလမ်းမဘေး တဖက်တချက်မှာ ရှိတဲ့ ဧကပေါင်း ထောင်ချီတဲ့ သစ်တောခြံ၊ ဂေါ်ရခါးသီးခြံနဲ့ စိုက်ပျိုးမြေတွေကို အမှတ် ၃ ပညာရေးကျောင်းနဲ့ ကုတင် ၇၀၀ ဆံ့ စစ်ဆေးရုံ တည်ဆောက်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ ကျော်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဆောက်အဦတွေ တိုးချဲ့ဆောက်လုပ်တာဟာ မဖြစ်သင့်သလို မြို့ဧရိယာကို ချဲ့ထွင်ဖို့ မြေနေရာဟာ အဲဒီနေရာပဲ ရှိတယ်လို့ အောင်ပန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ် ကိုလင်းမောင်မောင်က ပြောပါတယ်။

တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပေမယ့် အဆောက်အဦ မဆောက်လုပ်တဲ့ လစ်လပ် ကျန်ရစ်တဲ့ မြေတွေကို စစ်တပ်က အရာရှိတွေနဲ့ နီးစပ်သူတွေထံက အခကြေးငွေကောက်ယူကာ မြေယာတွေပေါ်မှာ စိုက်ပျိုး လုပ်ကိုင်စေခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်



DVB Burmese

ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၉/၁-၂)အကြား၊ တံတားအမှတ် (၁၄၀/၁)ဇဟားချောင်းတံတားအနောက်ဘက်ချောင်းဘေးတွင် သွေးစွန်းနေသောပီနံအိတ် အထုပ်(၁)ထုပ်အား တွေ့ရှိရသဖြင့် ဖြူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဦးခေါင်းမပါ ကိုယ်လုံးတီးအမျိုးသမီးအား ခြေလက်များကြိုးတုတ်လျက်တွေ့ရှိသဖြင့် ဖြူးမြို့မရဲစခန်း(ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးခဲ့သည်။
မှုခင်းရဲတပ်ဖွဲ့သည် အဆိုပါ ခေါင်းဖြတ်အသတ်ခံရသည့်သေဆုံးသူအမျိုးသမီးနှင့်ပတ်သက်၍ စုံစမ်းနေစဉ် ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နေ မစန်းစန်းက ၎င်းင်း၏ညီမဖြစ်သူ မသန်းထွေးကို လွန်ခဲ့ သော(၁)နှစ်ခန့်မှစ၍ မတွေ့ရကြောင်း သိရှိရသဖြင့် ကျောက်တံခါးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် မသန်းထွေး၏ နိုင်(၂)ပုံစံအား တောင်းယူ၍ နိုင်(၂)ပုံစံမှ လက်ဗွေနှင့် အလောင်းမှ ရယူထားသောလက်ဗွေတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှ သေဆုံးသူအမျိုးသမီးမှာ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ အောင်ဇေယျရပ်ကွက်နေ မသန်းထွေး(၄၁)နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သေဆုံးသူနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူမသန်းထွေးသည် တောကျွဲအင်းမြို့ ဇာတိဖြစ်ပြီး အသက်(၁၆)နှစ်အရွယ်ခန့်တွင် ညောင်လေးပင်မြို့နေ ကိုစိုးလွင်နှင့် အိမ်ထောင်ကျခဲ့ရာ သားတစ်ဦး မွေးဖွား၍ အိမ်ထောက်သက် ၇ နှစ်ခန့်တွင် အိမ်ထောင်ကွဲခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဘားအံမြို့သို့ သွားရောက်၍ ဈေးရောင်းစဉ် ဆိုက်ကားသမားတစ်ဦးနှင့် ထပ်မံငြိစွန်းခဲ့ပြီး တစ်လခန့်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ မေလခန့်တွင် တောကျွဲအင်းမြို့သို့ အပြီးပြန်ပြောင်းလာခဲ့ပြီး အစ်ကိုဖြစ်သူ ကိုခိုင်ဝင်း၏နေအိမ်တွင် နေထိုင်ကြောင်း၊ ၎င်းင်းနောက် သားဖြစ်သူ၏ ရှင်ပြုအလှူတွင် ခင်မင်ရင်းနှီးခဲ့သူ တောကျွဲအင်းမြို့နေ ဦးတင်စိုးနှင့် ဒေါ်မိမိလေး နေအိမ်တွင် နေထိုင်ခဲ့ကြောင်း၊ ဘားအံမြို့မှ ပြောင်းရွှေ့လာစဉ် ငွေကျပ်သိန်း(၃၀)ခန့်နှင့် ရွှေထည်ပစ်္စည်း အချို့ပါလာခဲ့ကြောင်း၊ ပါလာသောငွေများကို အတိုးအပွားရရှိရန် ဦးတင်စိုး၊ ဒေါ်မိမိလေးတို့ထံတွင် အတိုးပေးခဲ့ကြောင်း၊ ၎င်းင်းနောက်ပိုင်း မသန်းထွေးသည် ဦးတင်စိုး၏နေအိမ်၌ ညအိပ်ညနေ နေထိုင်စဉ် ဦးတင်စိုးနှင့်ငြိစွန်းခဲ့ကြောင်း သိရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်၍ ဆက်လက်စုံစမ်းခဲ့ရာ ဦးတင်စိုးသည် ငွေတိုးပေးသည့်လုပ်ငန်း လုပ်ကိုင်ပြီး မသန်းထွေးနှင့် တရင်းတနှီးနေထိုင်ကာ လူမှုရေးအရ ငြိစွန်းမှုရှိကြောင်း စုံစမ်းသိရှိရသည်။
သို့ဖြစ်၍ မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ၁၀-၂-၂၀၁၄ ရက်နေ့ ည ၉ နာရီ အချိန်တွင် ဦးတင်စိုး၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ အခင်းဖြစ်အရပ်တွင် သိမ်းဆည်းရမိခဲ့သည့် သက်သေခံ ပစ္စည်းများနှင့်တူညီသည့် ဇာဖြင့်ပြုလုပ်ထားသောကြိုး(၃)ပိုင်း၊ အဖြူရောင်ခေါင်းအုံးစွပ်(၁)ခု၊ ဓါး ၂ ချောင်း၊ လော်ဂျားဆိုင်ကယ်ဘက်မှန် ပြောင်းလဲတပ်ထားသည့် အဖြူရောင်ဂျဲလမတ်အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ၀၉ xxxxx ဖုန်းနံပါတ်ပါ CDMA ဖုန်းအနက်ရောင်(၁)လုံး၊ အလောင်းထည့်သောအိတ်နှင့်အမျိုးအစားတူ ဆန်(၃)တင်းဆန့် ပီနံအိတ်(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဦးတင်စိုးအား အမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဦးတင်စိုး၏ဇနီးဖြစ်သူ ဒေါ်မိမိလေးမှာ ၁၀-၂-၂၀၁၃ ရက်နေ့တွင် ဖခင်၏နှစ်ပတ်လည်ဆွမ်းကျွေးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ဦးတင်စိုး တစ်ဦး တည်းရှိနေစဉ် ၁၂-၂-၂၀၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် မသန်းထွေးမှာ စက်ဘီးဖြင့် နေအိမ်သို့ ရောက်ရှိလာပြီး ထမင်းအတူစားခဲ့ကြောင်း၊ ၎င်းနောက် မသန်းထွေးနှင့်အတူအိပ်ခဲ့ကြောင်း၊ နောက်တစ်နေ့ ၁၃-၂-၂၀၁၃ ရက်နေ့ နံနက် ၀၆၀၀ အချိန် အိပ်ယာထသောအခါ မသန်းထွေးက ၎င်းမှာ နှစ်လုံးထီရှုံးထားသောကြောင့် ထပ်မံ ကစားရန် ငွေ(၃)သိန်းတောင်းခံခဲ့ရာမှ စကားများရန်ဖြစ်စဉ် ဦးတင်စိုးက အနီးရှိထမင်းစားပွဲဘေးတွင်ထားသော ဓါးဦးချွန်ဖြင့် မသန်းထွေး၏ လည်ပင်းအားခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် လည်ပင်းအား ဆက်၍လှီးဖြတ်ခဲ့ပြီး မသန်းထွေး၏ ၀ဲဘက်လက်တွင် ၀တ်ဆင်ထားသော ရွှေလက်ကောက်(၄)ကွင်း၊ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေဆွဲသီး(၁)ခု၊ နား၌၀တ်ဆင်ထားသော နားကပ်(၁)ရံ၊ ၀ဲဘက်လက်ခလယ်တွင် ၀တ်ဆင်ထားသော လက်စွပ်(၁)ကွင်းတို့ကို ဖြုတ်ယူခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မသန်းထွေး၏အလောင်းမှ အင်္ကျီနှင့်ထမီအားချွတ်၍ အ၀တ်တန်းမှ အ၀ါရောင်နိုင်လွန် ကြိုးဖြင့် ချည်နှောင်ခဲ့ပြီး ပလပ်စတစ်အိတ်မဲဖြင့်ထည့်ကာ ၎င်းအိတ်အား အဖြူရောင်ပီနံအိတ်အတွင်း ထပ်မံ ထည့်ခဲ့ကြောင်း၊ မသန်းထွေး၏ဦးခေါင်းနှင့် သွေးများစွန်းပေနေသော ပီနံအိတ်အဖြူ(၂)လုံး၊ သုံးဘီး ကားရောင်ထမီ(၁)ထည်နှင့် အပြာရောင်ရှပ်အင်္ကျီ(၁)ထည်၊ ခေါင်းအုံးစွပ်နှင့် ခြေသုတ်ခုံတို့အား ကြွပ်ကြွပ်အိတ်အတွင်းသို့ထည့်ခဲ့ကြောင်း၊ ၎င်းနာက် အထုပ်(၂)ထုပ်ကို နေအိမ်နောက်ဘက်အပေါက်တံခါး ဘေးတွင်ထားရှိ၍ ည(၇)နာရီအချိန်ခန့်တွင် အဆိုပါအထုပ်(၂)ထုပ်အား ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန်-မန္တလေးလမ်းအတိုင်း ဖြူးဘက်သို့မောင်းနှင်ခဲ့ကြောင်း၊ မိုင်တိုင်အမှတ်(၁၃၈/၁)အနီးတွင် ဦးခေါင်းပြတ် ထည့်ထားသည့်အိတ်အား ကားလမ်း၏ ယာဘက်ခြမ်းသို့ ဆိုင်ကယ်ပေါ်မှနေ၍လည်းကောင်း၊ မိုင်တိုင်အမှတ် (၁၃၉/၁)အရောက်တွင် လာလမ်းသို့ပြန်ကွေ့ကာ တံတားအနီး၌ ဆိုင်ကယ်အားရပ်ပြီး ဆိုင်ကယ်ဂွကြားရှိ ကိုယ်လုံးထည့်ထားသောအထုပ်အား မြောင်းအတွင်းသို့လည်းကောင်း စွန့်ပစ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ထိုသို့စွန့်ပစ်စဉ် မသန်းထွေး၏ ကိုယ်လုံးထည့်ထားသောအထုပ်အား တွန်းချခဲ့ရာတွင် အရှိန်ဖြင့် ဆိုင်ကယ်နှင့်လူလဲကျခဲ့ကြောင်း၊ ထိုသို့လဲကျသွားသဖြင့် ၎င်းစီးလာသော ကတ္တီပါဖိနပ် နီညိုရောင်(၀ဲဘက်) ၁ ဖက်၊ ဆိုင်ကယ် ၀ဲဘက်နောက်ကြည့်မှန်၊ ဆိုင်ကယ်ရှေ့ခြင်းထဲ၌ ပါလာသော ရေသန့်ဘူး ၁ ဘူး၊ တရုတ်နိုင်ငံလုပ် ဓါတ်အားသွင်း ဓါတ်မီး အနက်အနီစင်း ၁ ခု၊ ဆိုင်ကယ်ပေါ် ပစ္စည်းများချည်နှောင်ရာတွင် အသုံးပြုသည့်မျှော့ကြိုး ၁ ချောင်းတို့ ကျကျန်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး နောက်တစ်နေ့တွင် ပဲနွယ်ကုန်းသို့ စာစောင်သွားဝယ်စဉ် ကျန်ရှိနေသည့် ဆိုင်ကယ် ယာဘက်နောက်ကြည့်မှန်အား ဖြုတ်ပစ်ပြီး လမ်းဘေးသို့လွင့်ပစ်ခဲ့ကြောင်း၊ နောက်နှစ်ရက်ခန့်အကြာတွင် ကညွတ်ကွင်းမြို့၊ ဈေးအပြင်ရှိ(ကုလားဝတုတ်) ဆိုင်မှ နောက်ကြည့်မှန်တစ်စုံအား ၂၅၀၀ိ/-ဖြင့်ဝယ်ယူပြီး ပြန်လည်တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့နေ ဦးတင်စိုး(၅၉)နှစ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ရဲလုပ်ငန်းများပြည့်စုံအောင် ဆောင်ရွက်၍ ထိရောက်ပြစ်ဒဏ်ရရှိစေရေးအတွက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မုံရွာတွင် ဗိုလ်ချုပ်မွေးနေ့ လူငယ်များက ပဲပြုတ်နှင့် နံပြားကျွေး


ကိုတိုးကြီး|ဖေဖော်ဝါရီ ၁၄ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် (၉၉)နှစ်မြောက်သောမွေးနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ လူငယ်လေးများ စုပေါင်းကာ ဗိုလ်ချုပ်ကြိုက် သည့် စားတော်ပဲပြုတ်နှင့် နံပြားကို မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီးနေရာတွင် စတုဒိသာကျွေးမွေး လှူ ဒါန်းကြသည်။

နံပြားအချပ်ရေ တစ်ထောင်ကျော်နှင့် စားတော်ပဲပြုတ် ကိုးပြည်ခန့်ကို စတုဒိသာ ကျွေးမွေးဧည့်ခံခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မုံရွာ) လူငယ်တာဝန်ခံ ဦးပေါက်က ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ နေရာအနှံ့တွင် ဗိုလ်ချုပ်မွေးနေ့အမှတ်တရပွဲများ ကျင်းပခဲ့ကြသလို ကလေးများနေ့ကိုလည်း နိုင်ငံနှင့်အ ၀ှမ်း ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အား “ကြည်ရေ..ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်”ဟု ရေးသားခဲ့သည့် စာသားလေးသည် သမိုင်းဝင်စာသားအဖြစ် တည်ရှိနေခဲ့ပြီး ပြည်သူအားလုံးကို မျိုးချစ် စိတ်နှိုးဆွနေသကဲ့သို့ မျိုးဆက်သစ်လူငယ်ထုအကြားတွင်လည်း ရင်ထဲ အမှတ်တရဖြစ်ခဲ့သည်။ ထို့အ တွက် နှစ်စဉ် ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း ပဲပြုတ်နှင့်နံပြားကို စတုဒီသာအလှူလုပ်ခြင်း၊ သူငယ်ချင်းများ၊ မိသားစုများ ၀ိုင်းဖွဲ့စားခြင်းများ အလေ့အထရှိလာသည်။

အထက်အညာဒေသ၏ဂုဏ်ဆောင် မဟာဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်ကြီးအား တည်ထား ကိုးကွယ်ခဲ့သည့် ပထမဗောဓိတစ်ထောင်ဆရာတော် အဂ္ဂမဟာသတ္တမဇောတိက ဘန္တဓ္ဒဥူးနာယဓ၏ မွေးနေ့သည်လည်း ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်ပင် ဖြစ်သည်။

Mizzima Burmese

ဝေလငါးများကို အာကာသထဲမှ ရေတွက်သည့်နည်းသစ်ကို သိပ္ပံပညာရှင်များတီထွင်


ဘီဘီစီ|လန်ဒန်၊ ဖေဖော်ဝါရီ ၁၃

ဝေလငါးများကို အာကာသထဲမှနေ၍ ရေတွက်နိုင်သည့် နည်းလမ်းသစ်တစ်ခုကို သိပ္ပံပညာရှင်များက သရုပ်ပြခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုနည်းစနစ်တွင် သမုဒ္ဒရာမျက်နှာပြင် အနီးတွင်ရှိကြသည့် နို့တိုက်သတ္တ၀ါ ဝေလငါးများကို အလို အလျောက် အာရုံခံရှာဖွေနိုင်ရေးအတွက် ပုံရိပ်ပြတ်သားမှု အလွန်ကောင်းမွန်သော ဂြိုဟ်တုရုပ်ပုံများနှင့် ရုပ်ပုံဆိုင်ရာ ကွန်ပျူတာဆော့ဖ်ဝဲများကို အသုံးပြုထားသည်။

အာဂျင်တီးနားနိုင်ငံ ကမ်းရိုးတန်းအနီး Golfo Nuevo ရေထုထဲရှိ ဝေလငါးများကို ရေတွက်ကာ အစမ်းရေ တွက်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ရုပ်ပုံများကို လူများကိုယ်တိုင် စစ်ဆေးရှာဖွေကာ ဝေလငါးများကို ခွဲခြားရွေးထုတ်ရာတွင် တွေ့ရှိရသည့် ဝေလငါးကောင်ရေ ၏ ၉၀ ရာခိုင်နှုန်းခန့်ကို အလိုအလျောက် စနစ်က ရှာဖွေပေးနိုင်ခဲ့သည်။

ယခု စမ်းသပ်မှုသည် ယခင်က ပြုလုပ်ခဲ့သည့် ဂြိုဟ်တုနည်းပညာသုံး ကြိုးပမ်းမှုများထက် အလွန်တိုး တက်လာခြင်း ဖြစ်ပြီး၊ စုစုပေါင်း ဝေလငါးကောင်ရေ ခန့်မှန်းသည့် နည်းလမ်းကို တော်လှန်ပြောင်းလဲ ပစ်နိုင်ခဲ့သည်ဟု ဆိုသည်။

လောလောဆယ်ကာလတွင် ဝေလငါးကောင်ရေ ရေတွက်ခြင်းကို ကမ်းခြေနေရာ တစ်ခုခုတွင် သင်္ဘော တစ်စင်း၏ ကုန်းပတ် တစ်ခုပေါ်မှ သို့မဟုတ် လေယာဉ်တစ်စင်းပေါ်မှ ပြုလုပ်လေ့ရှိသည်။

ဝေလငါးကောင်ရေ ရှာဖွေရေတွက်မှုကို အလိုအလျောက် ဂြိုဟ်တုဖြင့်ပြုလုပ်ပါကရေတွက်မှုမှာ သမုဒ္ဒရာ ၏ များစွာ ပိုမိုကျယ်ပြောသော နေရာများအထိ ကာမိပြီး ကုန်ကျစရိတ်မှာလည်း သက်သာသည်။

လေ့လာမှုတွင်Digita lGlobe ၏ WorldView-2 စနစ်ကို အသုံးပြုခဲ့သည်။WorldView-2 စနစ်သည် ယနေ့ခေတ်တွင် အသုံးပြုနေကြသည့် ကမ္ဘာဂြိုဟ်လေ့လာရေးစနစ်များအနက် အစွမ်းအထက်ဆုံးသော စနစ်များထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည်။

Mizzima Burmese

တောင်ငူ မြို့မဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ဆုံးရှုံး

တောင်ငူမြို့ မြို့မဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်လွင်၊ တောင်ငူ)

ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီ အချိန်ခန့်က တောင်ငူမြို့ မြို့မဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံးနီးပါး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဈေးဆိုင်ပေါင်း ထောင်ဂဏန်းနီးပါးနှင့် ပစ္စည်းပေါင်းများစွာ လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့မဈေးကြီး၏ မင်္ဂလာ(၁)၊ (၂)ရုံနှင့် ကြားဆိုင်ခန်းများ၊ ရတနာ(၁)၊ (၂)ရုံနှင့် ကြားဆိုင်ခန်းများ၊ ဈေးရုံ (၁)၊ (၂)၊ (၃)၊ (၅)၊ (၆)ရုံ၊ ၁၆-A ရုံ၊ B ရုံ၊ (A)၊(B)နှင့်(E)
ရုံများအား ကပ်လျက်ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ရာ ဈေးဆိုင်ပေါင်း ထောင်ဂဏန်းနီးပါးနှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်းများစွာ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဈေးရုံတစ်ရုံကို ဆိုင်ခန်း ၁၀၀ ၀န်းကျင်လောက် ရှိတယ်။ အခုလောင်သွားတာ ဈေးကြီးအနောက်ဘက်ခြမ်း တစ်ခုလုံးပဲ။ ဈေးကြီး အရှေ့ဘက်ခြမ်းက ၁၅ ရုံ၊ စံပြရုံနဲ့ C ရုံတို့လောက်ပဲ ကျန်တော့တယ်။ ဒါတောင် ကျန်ခဲ့တဲ့ ဈေးရုံတွေကို မီးဟပ်သေးတယ်။ ဈေးကြီးပိတ်ချိန်လည်း ဖြစ်နေတာ။ ဈေးအတွင်းထဲမှာ မီးလောင်တော့ အလွယ်တကူ ငြိမ်းသတ်ဖို့ မလွယ်ဘူး။ မီးက အတွင်းပိုင်းမှာ လှိုက်ပြီးလောင်သလို ဖြစ်သွားတာ” ဟု မြို့မဈေးကြီး အရှေ့ဘက် ဆိုင်ခန်းများတွင် ဈေးရောင်းသူတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုမှာ ညနေ ၆ နာရီ ၀န်းကျင်မှ ည ၁၀နာရီ ၀န်းကျင်ခန့်အထိ လောင်ကျွမ်းမှု အားကောင်းခဲ့ပြီး တောင်ငူခရိုင်အတွင်း မီးသတ်ယာဉ်များ၊ ပဲခူးခရိုင်မှ မီးသတ်အကူယာဉ်များ၊ နေပြည်တော်မှ မီးသတ်ကားများနှင့် မြို့ခံများ၊ ဈေးသူဈေးသားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနယ်မြေခံ စစ်တပ်၊ ရဲအင်အားများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည ၁၁ နာရီဝန်းကျင်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး မီးလောင်ကျွမ်းမှုအား ဆက်လက်ငြှိမ်းသတ်နေကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ မည်သည့်နေရာက စတင်လောင်ကျွမ်းပြီး မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကို ည ၁၁ နာရီခွဲဝန်းကျင်အထိ မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး မီးအား ဆက်လက်ငြှိမ်းသတ်နေကြောင်း သိရသည်။

Eleven Media Group

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုတင်းကျပ်အောင် လုပ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအားပြင်ဆင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လာအောင် ကြိုးစားမည်ဟု ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးကော်မတီ ပြောကြား

ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့ ၈၈ ရုံးခန်းတွင်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

တင်းကျပ်သည့် ဥပဒေများဖြင့် ပြဌာန်းထားသည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ပိုမိုတင်းကျပ်အောင် လုပ်ထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် လာအောင် ကြိုးစားမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးတွင် ပြုလုပ်သော အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ် ၃၅ ဦးပါဝင်သော ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရန်အတွက် အားလုံးပါဝင်သည့် ပြည်ထောင်စု ညီလာခံတစ်ရပ်ကို ခေါ်ယူနိုင်ရန် လိုအပ်ကြောင်း၊ ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီအနေဖြင့် အဆိုပါ ညီလာခံ ဖြစ်ပေါ်လာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွန်းအားပေးသွားမည် ဖြစ်သည်ဟု ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

ဦးမင်းကိုနိုင်က “ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ပြန်ပြီးတော့ ပြင်ရေးဆိုတာ ပါလာပါပြီ။ အဲဒီ ပြင်ဆင်ရေးအတွက် ဘယ်ပုံဘယ်နည်း သွားကြမလဲ ဆိုတဲ့အခါ တစ်ဆက်တည်းပေါ့လေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်ပါဆိုရင် တစ်မျိုးသားလုံးပြန်ပြီး စုမိမယ့် ပြည်ထောင်စုညီလာခံ တစ်ခုတော့လိုပြီလို့ သုံးသပ်မိကြပါတယ်။ အဲဒီတော့ အနိမ့်ဆုံးတော့ စတိတ်ဟိုဒါခေါ်တဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအရ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရောက်နေတဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လိုက်လံရှင်းပြပြီးတော့ အဲဒီ ပြည်ထောင်စု ညီလာခံဟာ ဘယ်လိုဖြစ်သင့်သလဲ ဘယ်သူတွေ ကိုယ်စားပြုပြီးတော့ တက်ရောက်သင့်သလဲ၊ ဆွေးနွေး ဆုံးဖြတ်ရမယ့်ပုံစံဟာ ဘယ်လိုမျိုး ဖြစ်သင့်သလဲဆိုတာ ကျွန်တော်တို့စပြီးတော့ လိုက်လံထိတွေ့ပြီးတော့ သဘောထားတွေ ယူပါတော့မယ်”ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြင်းပယ်နေသည့်သူများ ရှိနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်ကြည့်ပါက ဖွဲ့စည်းပုံမပြင်ဘူးဆိုသည့် လူအရေအတွက်သည် အင်မတန်နည်းကြောင်း၊ အမှန်တရားနှင့် တရားမျှတမှုကို အမှန်တကယ် လိုလားသည့် ပြည်သူများ တိုင်းရင်းသား အင်အားစုများသာ စုမိဖို့သာ လိုအပ်ကြောင်း၊ ယင်းသို့ စုမိသည့်နေ့သည် ဖွဲ့စည်းပုံကို အများဆုံးပြောင်းနိုင်သော နေ့ပဲဖြစ်ကြောင်း၊ ပြည်ထောင်စုညီလာခံ ကျင်းပရေးသည်လည်း နောက်လာမည့် နှစ်ဆန်းထက်နောက်ကျလို့ မရကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

“၂ဝ၁၅ ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ဖြတ်သန်းချင်တယ်ဆိုရင် နိုင်ငံရေး ကျေလည်မှုတစ်ခုတော့ အနည်းဆုံး ရရလိမ့်မယ်။ နိုင်ငံရေး ကျေလည်မှုဆိုတာက နိုင်ငံရဲ့ ကျွန်တော်ဆိုလိုတာနော် အာဏာသုံးရပ်ထဲမှာ ပါချင်ပါမယ် မပါချင် မပါဘူးနော်။ အဲဒီနိုင်ငံရေး အင်အားစုတွေဟာ။ သူတို့ဟာ အာဏာသုံးရပ်ထဲ မပါပေမယ့် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ကျေလည်မှု ယူရပါလိမ့်မယ်။ အဲဒါမှသာ ၂ဝ၁၅ ဟာ ချောချောမွေ့မွေ့နဲ့ငြိမ်း ငြိမ်းချမ်းချမ်း ဖြတ်သန်းလို့ရမှာပါ။ အဲဒီအတွက်ကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ရှင်းလင်းပြီးတော့ အများစုကသဘောတူထားတဲ့ အခြေအနေတစ်ခု ရောက်အောင်တော့ ကျွန်တော်တို့ ကြိုးစားပါ့မယ်”ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင်ရန်ခက်ခဲသည်ဟု ပြောဆိုနေမှုများ ရှိကြောင်း၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း လက်ရှိဖွဲ့စည်းပုံပြင်ဆင် ရေးလုပ်ထုံးလုပ်နည်းများ အတိုင်းဖြစ်ကြောင်း၊ သို့သော် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ပိုမိုတင်းကျပ်အောင် လုပ်ဆောင်ထားသည်ဟု ဦးကိုကိုကြီးကရှင်း ပြသည်။

“၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်းပဲ အခုလိုဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ။ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမယ်။ ပြီးတော့မှ ဆန္ဒခံယူပွဲမှာ ထက်ဝက်ကျော်က ထောက်ခံရမယ်ဆိုပြီး တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေ လုပ်ထားပါတယ်။ သို့သော် အဲဒါတောင်မှ အခု ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ နှုန်းယှဉ်ကြည့်မယ်ဆို ရင် ၂ဝဝ၈ ဖွဲ့စည်းပုံက ရွေးကောက်ခံကိုယ် စားလှယ် ၇၅ ပဲရှိပါတယ်။ ၇၄ ဖွဲ့စည်းပုံက တစ်ရာရာခိုင်နှုန်းစလုံးဟာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရွေးကောက်ခံ ကိုယ်စားလှယ်တွေပါ။ ၇၄ ဖွဲ့စည်းပုံမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၁ဝဝ ထဲက ၇၅ ကိုဆိုလို တာဖြစ်ပြီးတော့ ၂ဝဝ၈ဖွဲ့စည်းပုံမှာကတော့ ရွေးကောက်ခံ ၇၅ ထဲမှာမှ ၇၅ ကျော်ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ၇၄ ထက်ကို တင်းကျပ်အောင် လုပ်ထားတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ အဲဒီပြဋ္ဌာန်းချက်တွေ အားလုံးဟာ ပြည်သူတွေနိုင်ငံရေးေ ခါင်းဆောင်တွေ ရဲ့ သဘောတွေ မပါဘဲနဲ့ တစ်ဖက်သတ်ပြဋ္ဌာန်း ထားတာဖြစ်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် အကဲဆတ်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသည် အကျပ်အတည်းကာလကို ရောက်ရှိနေကြောင်း၊ နိုင်ငံကို တည်ငြိမ်အေးချမ်း စေချင်ပါက နိုင်ငံတွင် အကျပ်အတည်းဖြစ်နေသည့် အခြေအနေကို ကျော်လွှားချင်သည့် စိတ်ရှိပါက ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ထားသည့် အကန့်အသတ်များ၊ အဟန့်အတားများကို ကိုယ့်ဘာသာကိုယ် ကျော်လွှားလို့ရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အကျပ်အတည်း ဖြစ်နေသည်ဆိုသည်ကို လက်ရှိတာဝန်ထမ်း ဆောင်သူများကိုယ်တိုင်သိကြောင်း၊ ယင်း အသိကို လေးလေးနက်နက်သိအောင် ဝိုင်းဝန်းတွန်းအားပေးနေကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးတွဲကြေညာချက်တွင်လည်း ငြိမ်းချမ်းသည့် နည်းလမ်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားသွားမည်ဟု ပါဝင်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ဒီနေ့ဒီအချိန်မှာလည်းပဲ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေပါအချက် အလက်တွေကိုပဲ အသေစွဲကိုင်ပြီးတော့ အဲဒီ ဥပဒေဘောင်အတိုင်းပဲ လုပ်လို့ရမယ် ဒီထက်ကျော်လို့ လုပ်လို့မရဘူးဆိုတဲ့ အခြေအနေ မျိုးတွေကို ကျွန်တော်တို့က သမိုင်းကြောင်း အထောက်အထားတွေနဲ့ နှိုင်းယှဉ်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း ဒီပြုပြင်ပြောင်းလဲရေးမှာ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်လာအောင် ကျွန် တ်ာတို့ ကြိုးစားရမှာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ညီလာခံပေါ်ပေါက်ရေးကိစ္စ ကို ကျွန်တော်တို့ညီလာခံဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဦးကိုကိုကြီး က ဆက်လက်ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးအဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့ အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများအားလုံးအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုညီလာခံ ပေါ်ပေါက်ရေးစသည့် ဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်လာအောင် အတတ်နိုင်ဆုံးကြိုး စားဆောင်ရွက်သွားမည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။


Eleven Media Group

မိုက်ကရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) အသစ် Satya Nadella


Ref : DailyMail, Wiki

အခုရက်သတ္တပတ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးသတင်းကတော့ စိတ်သဘောထား ပြည့်ဝမယ့် အသွင်သဏ္ဌာန်ရှိတဲ့ အိန်္ဒိယနွယ်ဖွား နဒီလာဟာ ကမ္ဘာ့ အထင်ရှားဆုံး ကွန်ပျူတာကုမ္ပဏီကြီးမှာ အမှု ဆောင် အရာရှိချုပ် အသစ်ဖြစ်လာခဲ့လို့ ပါပဲ။

နဒီလာကို မိုက်ကရိုဆော့ဖ် ဥက္ကဋ္ဌ ဘီလ်ဂိတ်ကိုယ်တိုင်က ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ ၀ါရင့်အမှုဆောင် အရာရှိတွေက ဘီလ်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှအပြစ်မပြောခဲ့ကြပါဘူး။ ဒါကလည်း ၀န်ထမ်းရွေးချယ် မှုမှာတော့ ဘီလ်ဂိတ်က သိပ်ပြီး မအောင်မြင်ဘူးဆိုတာ သိထားလို့လဲ ဖြစ်နိုင်ပါတယ်။ အခု ခန့်အပ်လိုက် တဲ့ စီအီးအိုအသစ်ဟာ ကုမ္ပဏီမှာ လုပ်သက် နှစ် ၂၀ ကျော်ရှိတယ် ဆိုတာကလွဲရင် ထင်ထင်ရှားရှား မှတ်တိုင်တစ်ခုမှ ရှိမနေခဲ့ပါဘူး။တီထွင်ဖန်တီးမှုဉဏ်အနည်းငယ် လျော့ပါးတဲ့ စီးပွားရေးသမားသက်သက် စတိဗ်ဘောမားကို ခန့်အပ်စဉ်ကတည်းက အထင်ကရ သတင်းစာတွေရဲ့ အယ်ဒီတာတွေက ထင်မြင်ချက် မျိုးစုံပေးခဲ့တဲ့အတိုင်းပါပဲ။ မိုက်ကရိုဆော့ဖ်ဟာ စီးပွားရေးဗျူဟာရှိပြီး ထုတ်ကုန်အသစ် မရှိလေတော့ ဟို တစ်ခါ ဝေဖန်သလိုပဲ ကျည်ဆန်မပါတဲ့ တိုက်လေယာဉ်ကြီးကို ရှေ့တန်းစစ်မျက်နှာပြင် ခေါ်မိလျက်သား ဖြစ်နေမလားလို့ ထင်မြင်ချင်စရာပါ။

အသက် ၄၇ နှစ်အရွယ် အိန်္ဒိယနွယ်ဖွား နဒီလာဟာ မထင်မရားဆိုပေမယ့် ဘွဲ့တွေက မခေလှတဲ့အထဲ မှာတော့ ပါဝင် ပါတယ်။ မန်ဂိုရီတက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာနဲ့ ဘွဲ့ရပြီး အမေရိကန်မှာ ကွန် ပျူတာသိပ္ပံဘွဲ့ကို ဘွဲ့လွန်အဆင့်အထိ ရယူနိုင်ခဲ့ပြီးမှ ချီကာဂို တက္ကသိုလ်မှာ MBA ဆက်တက်ခဲ့တဲ့ သူပါ။ Sun Microsystem ကနေတစ်ဆင့် မိုက်ကရိုဆော့ဖ်နဲ့ ချိတ်မိပြီး အခုချိန်မတိုင်ခင်မှာ Cloud Computing ပိုင်းမှာ ၀ါရင့်အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ အေးချမ်းတဲ့ မိသား စုကလေးကို ပိုင်ဆိုင်ထားပြီး သားသမီး သုံးဦး ထွန်းကားပါတယ်။

လပေါင်းများစွာ အဖေပျောက်ရှာတဲ့ သားတစ်ယောက်လို ယောက်ယက်ခတ်ခဲ့ရပြီး အသစ်ရရှိလာတဲ့ တိုက်ပွဲဝင် ခေါင်းဆောင်သစ်ဟာဒါပဲလားဆိုပြီး ကုမ္ပဏီက၀န်ထမ်းတွေ စိတ်ပျက်သွားနိုင်စရာအကြောင်း ရှိပါတယ်။ ဒါပေမဲ့ ဘီလ်ဂိတ်ကတော့ နဒီလာကို နွေးနွေးထွေးထွေး နှုတ်ဆက်ကြိုဆိုခဲ့ပါတယ်။

နဒီလာဟာ စီးပွားရေးအမြင်နဲ့ စီမံအုပ်ချုပ်ရေးအပိုင်းမှာလည်း ပိုင်နိုင်သူဖြစ်ပါတယ်။ တကယ့် ခေါင်း ဆောင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေ၊ နည်းပညာကျွမ်းကျင်မှုတွေ၊ စီမံ ခန့်ခွဲပုံတွေဟာ အနာဂတ် မိုက်ကရိုဆော့ဖ်အတွက် လိုအပ်နေတဲ့ အရာတွေ ဖြစ်ပါတယ်လို့ ဘီလ်ဂိတ်က သူ့ငါးချဉ်ကို သူချဉ်ပြခဲ့ပါတယ်။

တိမ်တွေတိုင်းသာ မိုးရွာချမယ်ဆိုရင်တောင် ဘီလ်ဂိတ်နဲ့ စတိဗ်ဘေားမားတို့ မပါဝင်တော့တဲ့ မိုက်ကရို ဆော့ဖ်ဟာ မိုးထဲ ရေထဲကိုရောက်ဖို့ အကြောင်းမရှိပါဘူး။ အဲဒါပေမဲ့ နဒီလာတက်ခဲ့ဖူးတဲ့ တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကတော့ နဒီလာကို ကြားတောင် မကြားဖူးဟုပင် ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ပါတယ်။ နဒီလာကတော့ အချက်အလက် (Data) ရှာဖွေစုစည်းမှု ကဏ္ဍမှာ Google ကို မိုက်ကရိုဆော့ဖ်ရဲ့ Bing နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့သူ တစ်ယောက်ပါ။ အနာဂတ်ကမ္ဘာဟာ အချက်အလက်တွေအပေါ် မူတည်နေပါ တယ်။ သူက ကန့်လန်ကာ နောက်ကွယ်က ကြိုးကိုင်သူ တစ်ယောက်မျှသာ ဖြစ်တဲ့အတွက် သူ့ကို သိပ် မသိကြတာလို့လည်း ဆိုပါတယ်။

ကျော်ကြားခြင်း၊ မကျော်ကြားခြင်း ဆိုတာ ထုတ်ကုန်ရဲ့အောင်မြင်မှု ရှိ၊ မရှိ နဲ့ သက်ဆိုင်နေလိမ့်မယ်လို့ ထင်ပါတယ်။ Google News ကို ဖန်တီးတဲ့သူဟာလဲ နဒီလာလို အာရှသားပါပဲ။ Google ရဲ့ ဉဏ်ကြီးရှင် ၄၅ ယောက်ထဲမှာ ပါဝင်ပြီး လျှို့ဝှက်စွာနေထိုင်ပေမယ့် လူသိများပါတယ်။ အဲဒီလိုပါပဲ Gmail ကို ဖန်တီး ခဲ့တဲ့သူနဲ့ အိုင်ဖုန်းကို ဒီဇိုင်းဖော်ခဲ့တဲ့ ဒီဇိုင်းနာ ... သူတို့တွေဟာ ခပ်ကွယ်ကွယ် အနေအထားမှာ ရှိပေ မယ့် ထုတ်ကုန်တွေက ခမ်းနားလှပါတယ်။ နဒီလာဟာ မိတ်ဆက်စကား စတင်ပြောတဲ့အချိန်မှာ အနာဂတ် ကမ္ဘာကို စီးဆင်းမယ့် သတင်းအချက်အလက်တွေ အကြောင်းကို ပြောဆိုသွားခဲ့ပါတယ်။ တကယ်လို့ သူ့ကို Google က ကြံစည်နေတဲ့ Google Operation System အကြောင်းမေးလိုက်ရင် ဘယ်လိုများ ဖြစ်သွားမှာပါလိမ့် ..။

လူတိုင်းက သူ့ရဲ့ ၂၀၁၄ ခုနှစ် အကြောင်းကို သိချင်နေပါတယ်။ အဲဒီ သိချင်မှုတွေထဲမှာ ပြိုင်ဆိုင်မှု ပြင်း ထန်တဲ့ နည်းပညာလောကထဲမှာ ဘယ်တော့များ နုတ်ထွက်သွားမှာလဲ ဆိုတဲ့ မေးခွန်းတွေလဲ ပါဝင်ကောင်း ပါဝင်နိုင်ပါ တယ်။

Mizzima - News in Burmese

အစိုးရအပါအ၀င် အဖွဲ့အစည်းများ၏ ပိုလျှံငွေများကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခြင်း မပြုဘဲ မတ် ၃၁ ရက် မတိုင်မီ တိကျစွာပြန်လည် အပ်နှံရမည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား


အစိုးရအပါအဝင် အဖွဲ့အစည်းများ၏ ပိုလျှံငွေများကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခြင်း မပြုဘဲ မတ် ၃၁ ရက် မတိုင်မီ တိကျစွာ ပြန်လည်အပ်နှံရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အရအသုံးစာရင်းများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လာရောက်ရှင်လင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ တောင်းခံချိန်တွင် သက်ဆိုင်ရာဌာန အဖွဲ့အ စည်းများက အမှန်တကယ် သုံးစွဲကုန်ကျငွေ အတိအကျကိုသာ တွက်ချက်တောင်းခံကြရန်နှင့် မလွှဲရှောင်သာသော အကြောင်းများကြောင့် ပိုလျှံငွေ ပေါ်ပေါက်ခဲ့ပါက ယင်းပိုလျှံငွေကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခွင့်မရှိဘဲ ပြန်လည်အပ်နှံကြရန် ဖြစ်ကြောင်း ကြိုတင်ညွှန့်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

ထြို့ပင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ပိုလျှံငွေပြန်လည် အပ်နှံမှုများကို ယခင်နှစ်များကဲ့သို့ ဘဏ္ဍာနှစ်ကုန်ဆုံးပြီးသည့် အချိန်အထိ အကြိမ်ကြိမ် အပ်နှံမှုများ မဖြစ်ပေါ်စေရန်အတွက် ပထမအကြိမ် အပ်နှံခြင်း ကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နှင့် ဒုတိယအကြိမ်အဖြစ် အပ်နှံခြင်းကို ၂ဝ၁၄ခုနှစ် မတ် ၃၁ ရက်တွင် တိကျစွာ ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ အပ်နှံကြရာတွင် ဝန်ကြီးဌာနများမှ ပိုလျှံငွေစာရင်းများအား အကြိမ်ကြိမ် အပ်နှံခြင်းမပြုဘဲ သတ်မှတ်ထားသော နေ့ရက်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန များက လက်အောက်ခံ အဖွဲ့အစည်းများအား စုစည်းပေါင်းချုပ်၍ အပ်နှံကြရန် ညွှန့်ကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများတွင် ပိုလျှံငွေပြန်လည် အပ်နှံရခြင်း အကြောင်းအရင်းများမှာ ၂ဝ၁၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့ အစည်းများသည် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲနိုင်သည်ဟု ဖော်ပြထားသောကြောင့် လွှဲပြောင်းသုံးစွဲရန် အခက်အခဲရှိသဖြင့် လည်းကောင်း၊ ဖြည့်စွက်ခွင့်ပြုငွေကို ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးမှ ခွင့်ပြုခဲ့သဖြင့် သုံးစွဲရမည့် အချိန်ကာလ နည်းသွားသဖြင့် အသုံးစရိတ်များကို အပြည့်အဝ သုံးစွဲနိုင်ခြင်း မရှိသဖြင့် လည်းကောင်း ပိုလျှံငွေများ ပေါ်ပေါက်ရခြင်း ဖြစ်သည်ဟု ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

Eleven Media Group

သီလ၀ါစီးပွားရေးဇုန် ရှယ်ယာ ကျပ်ငွေ ၂၁ ဘီလီယံဖိုး ရောင်းပေးမည်


ဦးဆက်အောင်

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ၄၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ရထားတဲ့ မြန်မာ သီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီဟာ မကြာခင်မှာ ၁ စုကို ကျပ် ၁ သောင်းတန် ရှယ်ယာ အရေအတွက် ၂ သန်းကျော် ရောင်းချပေးတော့မယ်လို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အထူးဇုန် စီမံခန့်ခွဲရေး ညှိနှိုင်း အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာပါ။
စုစုပေါင်း တန်ဖိုး ကျပ်ငွေ ၂၁ ဘီလီယံဖိုး အစုရှယ်ယာ ရောင်းပြီးရင်လည်း နောက်ပိုင်း လိုအပ်ရင် အများပြည်သူကို ထပ်ပြီး ရောင်းပေးသွားဦးမယ်လို့ သူက ဆိုပါတယ်။

ဂျပန်နဲ့ မြန်မာဖက်စပ် အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကို ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

မြန်မာဘက်က ၁၀ ရာခိုင်နှုန်းကို စီမံခန့်ခွဲမှုကော်မတီက ပိုင်ဆိုင်ပြီး ၄၁ ရာခိုင်နှုန်းကိုတော့ မြန်မာ သီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီက ပိုင်ဆိုင်တယ်လို့ ဦးဆက်အောင်က ရှင်းပြခဲ့ပါတယ်။

DVB Burmese

စစ်တွေရောက် မစ္စတာကင်တားနား ကန့်ကွက်ခံရ

စစ်တွေကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ - ထွန်းနိုင်)

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ်စစ်တွေ မြို့ကိုသွားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနား စစ်တွေလေဆိပ်ကို ရောက်ရှိချိန်ကစပြီး သွားရာလမ်းတလျှောက်မှာ ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲ ဦးအောင်သူ ရခိုင်အမျိုးသမီးများကွန်ရက်အဖွဲ့ဝင် ဒေါ်ညိုအေးက ပြောပါတယ်။
“လေယာဉ်ကွင်းမှာ တကြိမ်၊ နောက်တကြိမ်က စစ်တွေထောင်ရှေ့မှာပါ။ စစ်တွေ ဟိုတယ်ရှေ့နဲ့ ရဲတပ်ရင်းရှေ့မှာ သူ့ကို ကျမတို့ မလိုအပ်ဘူးဆိုတဲ့ အကြောင်းကို ၅ နေရာခွဲပြီး ဆန္ဒပြခဲ့တာပါ။ သူ ကျမတို့ ရခိုင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး ဒီတခေါက်နဲ့ဆိုရင် ၉ ကြိမ်ရှိပြီ။ နောက်ပြီး သူဝင်လာတဲ့ အကြိမ်တိုင်း အကြိမ်တိုင်းမှာ ဘယ်နေရာသွားသွား သူက ဘင်္ဂါလီတွေပဲ ကြည့်တယ်ဆိုတော့ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်အနေနဲ့ပေါ့နော်၊ သူရဲ့ ဘက်လိုက်မှုကို ကျမတို့ ကန့်ကွက်တယ်။ မလိုအပ်ဘူးပေါ့နော်။ ၈ ကြိမ်မြောက်ကတည်းက ကျမ သူ့ကို ပြောပြီးပြီ။”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် လယ်ပိုင်းမှာ ရခိုင်ဒေသခံတွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် သတ်ဖြတ်မီးရှို့မှုတွေဖြစ်ပြီး လူပေါင်း ၁ သိန်းကျော် ဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။
ကုလသမဂ္ဂက ရခိုင်တွေနဲ့ အချင်းများနေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတွေအဖြစ် ရည်ညွှန်းတာ၊ နိုင်ငံသားအဖြစ်ပေးဖို့ တိုက်တွန်းနေတာတွေအပေါ် ရခိုင်တိုင်းရင်းသားတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့ စစ်တွေထောင်နဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကင်တားနားနဲ့ တွေ့ဆုံမှုအတွက် ဆွေးနွေးပြောဆိုချက်တချို့နဲ့ပတ်သက်ပြီး အာအန်ဒီပီ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက အခုလို ပြောပါတယ်။
“ကျနော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင်းရယ်၊ လက်ရှိ ပဋိပက္ခဖြစ်နေတဲ့အပိုင်း တွေအပေါ်မှာ သူတို့ ချဉ်းကပ်တာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပထမပိုင်း ချဉ်းကပ်မှုတွေဟာ မှားယွင်းနေခဲ့တယ်ဆိုတဲ့ အပိုင်းတွေကို ထောက်ပြတာပေါ့။ ထောက်ပြတဲ့အချက်တွေက ကျနော်တို့ ပြောတာက ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေက တဖြည်းဖြည်း လူနည်းစုဖြစ်သွားပြီးတော့ ဘယ်နိုင်ငံတကာအဖွဲ့အစည်းရဲ့ ထောက်ထားညှာတာမှုမှ နှစ်ပေါင်းများစွာ မရခဲ့ဘူးဗျာ။ အဲဒီအချိန်က အုပ်ချုပ်တဲ့ အစိုးရရဲ့ တကယ့် စောင့်ရှောက်မှုလည်း မခံခဲ့ရဘူး။ အဲဒီမှာ ကျနော်တို့ အခွင့်အရေးတွေ များကြီးဆုံးရှုံးခဲ့ရတယ်။ အဲဒါတွေကို ကျနော်တို့က ထောက်ပြတယ်။”

မစ္စတာကင်တားနားဟာ သူမြန်မာနိုင်ငံကို မရောက်လာခင် ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်အောင် မြန်မာအစိုးရက လုပ်ဆောင်ပေးထား ချက်တွေကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ပြောထားပါတယ်။

မစ္စကင်တားနားဟာ ရခိုင်ပြည်နယ် ခရီးစဉ်ပြီးရင်တော့ ကချင်၊ ကရင်နဲ့ စကိုင်းတိုင်း လက်ပံတောင်းဒေသကို သွားရောက်ဖို့ရှိနေသလို အစိုးရတာဝန်ရှိသူတွေ ပါလီမန် နဲ့ တရားရေး၊ ဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာတော့ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်ပွဲလုပ်ပြီး ပြန်ထွက်ခွာမှာဖြစ်ပါတယ်။
မစ္စကင်တားနားဟာ မြန်မာနိုင်ငံကိုလာတာ ဒါ န၀မ အကြိမ်မြောက်ပြီးပြီး သူ့ရဲ့မြင်တွေ့ ချက်တွေအပေါ် အစီရင်ခံစာ ရေးသားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လမှာ ထုတ်တင်ပြသွားမယ်လို့ ကင်တားနားက ပြောပါတယ်။

DVB Burmese

ရွှေဆိုင်တချို့ ရွှေကို ဂရမ်နဲ့ စတင် ရောင်းချ

ရွှေဆိုင်တချို့ ရွှေကို ဂရမ်နဲ့ စရောင်း

မြန်မာနိုင်ငံက ရွှေဆိုင်ပေါင်း ၄၀ ရာခိုင်နှုန်းလောက် ပါဝင်တဲ့ မြန်မာ ရွှေဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ MGD က ရွှေကို နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့ ကျပ် ပဲ ရွေး စနစ်ကနေ ဂရမ် အလေးချိန် စနစ်နဲ့ ပြောင်းပီး ဒီကနေ့စလို့ ရောင်းချနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဂရမ်စနစ်နဲ့ ရောင်းချတာ ဖြစ်ပါတယ်။

ဒီလိုဂရမ်နဲ့ ရောင်းချတဲ့ စနစ်ကို မြန်မာနိုင်ငံက တခြားရွှေဆိုင်တွေမှာ လည်း နောက်ပိုင်းမှာ လက်ခံကျင့်သုံး လာလိမ့်မယ်လို့ MGD ကုမ္ပဏီ ဥက္ကဌ ဦးခင်မောင်ဟန် က ပြောပါတယ်။

ရွှေလောကက လူတွေကတော့ ဒီစနစ်ဟာ ရှေ့မှာ တွင်ကျယ်လာမယ်လို့ တချို့က ခန့်မှန်းသလို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ တချို့က ဝေဖန်နေကြပါတယ်။

BBC Burmese

ဘယ်လ်ဂျီယမ်မှာ ညင်သာစွာ အသက်ထွက်ခွင့်ပြု


ကလေးငယ်တွေကို အရွယ်မရွေးပဲ အသက် ထွက်ခွင့် ပြုတာ ဘယ်လ်ဂျီယမ်နိုင်ငံ ပထမဆုံးဖြစ်
ဘယ်လ်ဂျီယမ် နိုင်ငံမှာ ရောဂါကျွမ်းနေတဲ့ ကလေးတွေကို ဘယ်အရွယ်မဆို သေချိန် မတိုင်ခင်မှာ ညင်ညင်သာသာနဲ့ အသက် ထွက်ခွင့် ပြုမယ့် ဥပဒေတရပ်ကို ပါလီမန်မှာ မဲခွဲ အတည်ပြုလိုက်ကြပါတယ်။

၂၀၀၂ခုနှစ်ကစလို့ အရွယ်ရောက်သူတွေကို စာနာစိတ်နဲ့ အသက်ထွက်သွားစေခွင့် ပြုထားတဲ့ ဥပဒေကို ထပ်တိုးချဲ့ ပြဌာန်းရေးနဲ့ ပတ်သက်လို့ ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းတော်ရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ပါလီမန်မှာ တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ညင်ညင်သာသာနဲ့ အသက်ထွက်သွားအောင် လုပ်မယ့် ကလေးဟာ ဆေးဆက်ကုလို့ မရတော့ပဲ ဝေဒနာ မပြတ်ခံစားနေရသူ ဖြစ်ရမယ်။ နိုးနိုးကြားကြား အသိစိတ် ရှိနေပြီး ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်လို့ အဲဒီ ဥပဒေထဲမှာ ဖေါ်ပြထားပါတယ်။

လူထု စစ်တမ်း ကောက်ယူမှုတွေ အရ ဒီ ဥပဒေသစ်ကို ဘယ်လ်ဂျီယမ် နိုင်ငံသားအများစုက ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

Antwerp တက္ကသိုလ် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဌာနရဲ့ ဥက္ကဌ ပါမောက္ခ Willem Lemmens ကတော့ ဒီဥပဒေသစ်ကြောင့် ဆရာဝန်တွေအတွက် တာဝန် ပိုကြီးလာနိုင်တယ်လို့ ပြောပါတယ်။

BBC Burmese

၄၁၃ ။ ပုဒ်မ ၄၁၂ အရ ရေးပေါ်အခြေ အနေ ကြောညာသည့်ကိစ္စရပ်နှင့် ပတ်သက်သည့်ဥပဒေ


တိုင်းပြည်အတွင်းပြည်တွင်းမငြိမ်မသက်မှုများဖြစ်ပေါ်လျင် ကျင့်သုံးနိုင်သည့်အမိန့် ဥပဒေ

(ခ) နိုင်ငံတော် သမ္မတ သည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ်ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကို လည်းကောင်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့်သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကိုလည်းကောင်း သတ်မှတ်ပေးရမည် ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦး ကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

ဥပဒေအကြောင်းသိကောင်းစရာ

HIV ပိုး ရှိမရှိ သေချာစေလို နှင့် HIV ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဟာ သက်တမ်းစေ့ မနေရဘူးလား (အမေးအဖြေ)


မေး။    ။ ကျွန်​​တော် လိင်​အကာအကွယ်​မဲ့ ​၆ ပတ်​​နေပြီး သွေးစစ်​တာ ​negative ပဲ။ စစ်​ပြီး ၄ ရက်​​လောက်​ကြာ​တော့ တကိုယ်​လုံးယား​နေတယ်​။ တချို့​နေရာက တစ်​ခါတစ်​ခါ ဆူးသလိုဖြစ်​​နေတယ်​။ ကိုယ်​ယားတာ တပတ်​​လောက်​ရှိပြီ မ​ပျောက်​ဘူး။ အနီဖု​လေး​တွေလည်း ထွက်​တယ်။ လည်း​ချောင်းက တခါတခါနာတယ်​။ တခါတခါ မနာဘူး။ အသား​တွေလည်းနီတယ်။ ကုတ်​လိုက်​ရင် အနီဆင်းဖြစ်​​နေတယ်​။ ညဆို​ချွေးပြန်​တယ်​။ ကျွန်​​တော်​က အရက်​လည်း တအား​သောက်​တယ်​။ အဲ့ဒါ HIV လား၊ အရက်​​ကြောင့်လား။

ဖြေ။    ။ လိင်အကာအကွယ်မဲ့ ဆက်ဆံပြီး ၆ ပတ်နေလို့ စစ်ရင် အဖြေမှန် မရတတ်ပါဘူး။ တကယ်တော့ ၃ လ - မှ ၆ လ ကြာမှ စစ်သင့်တာပါ။ အခု စစ်ထားတဲ့ Negative ဆိုတာကို အတည်ယူလို့ မရသေးပါဘူး ခင်ဗျာ။

အခု ပြောပြတဲ့ အရေပြားယားယံတာ၊ အနီဖုတွေထတာ၊ လည်ချောင်းနာတာတွေက အရက်သောက်တာ များရင် ဖြစ်တတ်ပါတယ်။ ရာသီဥတုကြောင့်လည်း allergic reaction ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ HIV ရဲ့ ကူးစက်တဲ့ လက္ခဏာ မဟုတ်ပါဘူး ခင်ဗျာ။

အကြံပြုချင်တာကတော့ နောက် ၃ လ သို့မဟုတ် ၆ လနေရင် သွေးပြန်စစ်စေချင်ပါတယ်။ ကွန်ဒုံးနဲ့ အကာအကွယ်သုံးပြီး လိင်ဆက်ဆံတာ HIV သာမက အခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ၊ လိင်အင်္ဂါ ကြွက်နို့၊ ရေယုံ၊ ဂနို၊ ဆစ်ဖလစ် စတဲ့ ပိုးတွေကိုပါ အကာအကွယ်ဖြစ်စေပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ ခင်ဗျာ။

မေး။    ။ HIV ရှိတဲ့ ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားလာတဲ့ ကလေးတယောက်ရဲ့ အသက်ရှင်ရာခိုင်နူန်း ဘယ်လောက်ရှိပါသလဲ။ ကလေးဆီသို့ ရောဂါမကူးအောင် ကာကွယ်လို့ရတယ်ဆိုပြီး ကလေးမွေးပြီး ၂ နှစ်လောက်ဆို ကလေးသေဆုံးတာ တွေ့ဖူးပါတယ်။ ဒါဆို ကလေးကမွေးလာလည်း လူ့သက်တမ်းစေ့ မနေရဘူးလား။

ဖြေ။    ။ HIV ပိုးရှိတဲ့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်နိုင်ခြေက ၂၅-၃၀% ရှိပါတယ်။ ဘယ်အချိန်တွေမှာ ကူးနိုင်လဲဆိုတော့ -
၁) ကိုယ်ဝန်ဆောင်ချိန်- အချင်းမှ တဆင့်ကူး
၂) မွေးဖွားချိန်- သွေး၊ မွေးလမ်းကြောင်းမှ တဆင့်ကူး
၃) နို့တိုက်ချိန်- နို့ရည်မှ တဆင့်ကူး

ဒီအချိန် ၃ ခုလုံးမှာ ကလေးကို မကူးသွားအောင် စနစ်တကျ ကာကွယ်ရင် ကလေးဆီ လုံးဝ မကူးစက်အောင် တားဆီးနိုင်ပါတယ်။

စနစ်တကျဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကျန်းမာအောင် ဂရုစိုက်တာ မွေးဖွားရင် သာမန်မမွေးဘဲ ဗိုက်ခွဲမွေးတာ၊ မမွေးမီ ART ဆေးသောက်တာ မိခင်နို့ စနစ်တကျတိုက်တာ တတ်ကျွမ်းတဲ့ ဆရာဝန်/ဆရာမတွေနဲ့ ပြသတာ.. အားလုံး ပါဝင်ပါတယ်။

စနစ်တကျ မကာကွယ်နိုင်ရင်တော့ ကလေးဆီ HIV ပိုး ကူးစက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ ကာကွယ်နိုင်တာ မြို့နေရာတွေမှာပဲ ရှိပါတယ်။ နယ်တွေ ကျေးရွာတွေမှာ စနစ်တကျ မကာကွယ်နိုင်သေးပါဘူး။

မွေးလာတဲ့ ကလေးမှာ HIV ပိုးကူးစက်ခံရရင် အသက်ရှင်သန်မှုက ကလေးကို ပြုစုတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ HIV ပိုးရှိပြီး အသက် ၁၄ နှစ်အထိ အသက်ရှင်တဲ့ ကလေးမျိုးကို တွေ့ဖူးသလို၊ မွေးပြီး ၆ လလောက်နဲ့ ဆုံးပါးသွားတဲ့ ကလေးမျိုးကိုလည်း တွေ့ဖူးပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်ဆိုတာက မိဘတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေ အားလုံး ပါဝင်ပါတယ်။

ဒီလောက်နဲ့ကျေနပ်မယ်ထင်ပါတယ်

လမင်းကို
HIV Information for Myanmar

မြန်မာမင်းသမီး ထိပ်စုဖုရားကြီး သာမန်အရပ်သားဘဝဖြင့် နေထိုင်ဆဲ


စောရူထီ့-၁၉-၁၁ -၂၀၁၃

ရန်ကုန်ရှိ အသင့်အတင့်သာရှိသောတိုက်ခန်း၌ မြန်မာ့နောက်ဆုံးဘုရင်၏ မြေးမတော်သည် ရိုးရိုးရှင်းရှင်း နေထိုင်လျက်ရှိပြီး အိမ်နီးချင်းတို့ကပင် သတိမပြုမိကြချေ။

အသက် ၉၀ အရွယ် မင်းသမီး ထိပ်စုဖုရားကြီး (ပုံ) က ဘုရင်ခေတ် အဆင့်အတန်းအချို့ကို သူမမိသားစုက ထိန်းသိမ်းခဲ့ချိန် သူမ၏ငယ်ဘဝနေ့များမှာ ယခုအခါ မှုန်ပြပြသာရှိတော့ကြောင်း ပြောခဲ့သည်။

ဗြိတိသျှကိုလိုနီစနစ်က သူမ၏အဘိုး သီပေါမင်းကို ၁၈၈၅ ခုနှစ်၌ နန်းချပစ်ခဲ့သည်။ ဆယ်စုနှစ်များနှင့်ချီ ကြာခဲ့သော စစ်အုပ်ချုပ်သူတို့က ဘုရင့်မိသားစုကို အများပြည်သူမြင်ကွင်းမှ ဖျောက်ထားခဲ့ကြသည်။

သူတို့က မိမိတို့အား ထူးခြားသူအဖြစ် မလိုလားကြောင်း အင်တာဗျူးအတွက် ပန်းရောင်ခြုံပုဝါကို အထူး လွှမ်းထားသည့် မင်းသမီးက ပြောခဲ့သည်။ သူမသည် နှစ်ပေါင်း ၆၀ သာမန်အရပ်သားဘဝဖြင့် နေထိုင်ခဲ့ကြောင်း AFP သို့ ပြောခဲ့သည်။

မြန်မာအများစုက ဘုရင်အကြောင်း မေ့ပျောက်နေခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။ ဒုတိယဝန်ကြီးသည် အိန္ဒိယမှ မြန်မာသို့ သီပေါမင်း၏ ရုပ်ကြွင်းကို ပြန်လည်သယ်ယူရေး လှုပ်ရှားမှုတစ်ခုကို ဦးဆောင်နေသူ ဖြစ်သည်။

စောရူထီ့
မူရင်း- Myanmar Princess Lives Ordinary Life; The New Paper. 12.11.2013 (03:00).
ဟစ်တိုင်

ကန်ကြီးထောင့် ပေပင်ကျေးရွာမှ ကျောင်းသား ၃၂ဦး အစာအဆိပ်သင့်



စည်သူမောင်မောင်| သောကြာနေ့၊ ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ပုသိမ်၊ မဇ္ဈိမ။ ။ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ပေပင်ကြီးကျေရွာ ပေပင်ကြီး အထက်တန်းကျောင်ခွဲတွင် ဆယ်တန်းကျောင်းသား ၃၂ဦး ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၈နာရီက ထမင်းနှင့် ဘဲဥငံပြာရည်ချက်စားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

"“တစ်ယောက် အန်တာကိုမြင်တော့ နောက်ကျောင်းသားတွေမြင်ပြီး လိုက်ပြီးတော့၊ အော့ရယ်အန်ရယ်ဖြစ်ကုန်တာ၊ ညက စာကျက်ထားတော့ အားနည်းနေတာကြောင့်လည်း ဖြစ်တာ၊ ကျောင်းသားတိုင်းတော့မဖြစ်ဘူး၊ ဖြစ်တဲ့ ကျောင်းသားတွေကို ပုသိမ်ကို ဆက်ပို့ပြီး ကုပေးထားတယ်"ဟု ပေပင်ကြီး အထက်တန်းကျောင်းခွဲမှ ဆရာဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

ကျောင်းသား ၁၆ဦး၊ ကျောင်းသူ ၁၆ဦး အစာအဆိပ်သင့်ခဲ့ပြီး ကျောင်းသား ၁၀ဦးနှင့် ကျောင်းသူ ၅ဦးကို ပုသိမ်ဆေးရုံတွင် သွားရောက် ဆေးကုသထားရသည်ဟု ဆရာဦးစိုးနိုင်က ပြောသည်။

ပေပင်ကြီး အထက်တန်းကျောင်းခွဲတွင် ဆယ်တန်းကျောင်းသားများကို ဇန်နဝါရီလ(၁)ရက်မှ စတင်ပြီး ကျောင်းအိပ်ကျောင်းစားလုပ်ကာ ည(၁၁)နာရီအထိ စာကျက်ကာ နံနက် ၅နာရီတွင် အိပ်ယာထပြီး ထပ်မံစာကျက်ရသည်။ ထိုသို့ ကျောင်းတွက် စာကျက်သည့် ကျောင်းသားများကို ကျောင်းမိဘများက အလှည့်ကျ နံနက်စာ ချက်ကျွေးရပြီး ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၆နာရီတွင် ထမင်းနှင့် ဘဲဥငံပြာရည်ချက် စားကာ နံနက် ၈နာရီတွင် မူးဝေ၊ အော့အန်ခြင်းဖြစ်သည်။

"ရွာမှာလည်း ဖြစ်တော့ ဆရာဝန်တွေ ရောက်လာတယ်၊ သူတို့လည်း ကုပေးတယ်။ တချို့ ကလေးတွေကိုတော့ ပုသိမ်ဆေးရုံပို့ ပြီးဆက်ကုနေတယ်"ဟု ပေပင်ကြီးကျေးရွာမှ ဦးစံဝင်းက မဇ္ဈိမကို ပြောသည်။

ကန်ကြီးထောင်မြို့ နယ်၊ ပေပင်ကြီးအထက်တန်းကျောင်းခွဲ အစာအဆိပ်သင့်မှုဖြစ်ပြီး ပုသိမ်ပြည်သူ့ဆေးရုံသို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းပညာရေးမှူးများ၊ ကန်ကြီးထောင့်မြို့နယ် တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့သည်။

Mizzima - News in Burmese

လမ်းမဘေး တဲထိုးနေရသော သမီးကလေးကျေးရွာ အိမ်ထောင်စုဝင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တပ်ပိုင်နယ်မြေတွင် ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှား ခဲ့သောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်နေရသူများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ပဲခူးတိုင်းဒေသကြီး၊ အောင်သိဒ္ဓိ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာက သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာပေါင်းလေးခုရှိ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်မှာ ဖယ်ရှားခဲ့ကြောင်း၊ အဆိုပါ လူ ၇၀၀ ကျော်မှာ နေရာမရှိသောကြောင့် လမ်းဘေးတွင် ယာယီတဲများ ဆောက်လုပ် နေထိုင်လျက်ရှိပြီး ကလေးငယ်အချို့နှင့် သက်ကြီးရွယ်အိုတို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ကျောင်းဝင်းထဲမှာ သမီးကလေးကျေးရွာ အပါအဝင် အခြားရွာကသူတွေအပါ လူဦးရေ ၅၀၀ ကျော် ယာယီတဲထိုးပြီး နေနေတယ်။ မြေကြီးပေါ်မှာ အကာမလုံဘဲ နေရတာကြောင့် ကျန်းမာရေး ထိခိုက်တဲ့ သူတွေရှိတယ်။ အခုရက်ပိုင်းတွင်း ရန်ကုန်က ကျန်းမာရေး စောင့်ရှောက်အဖွဲ့ လာပြီး စစ်ဆေးတော့ ဝမ်းရောဂါပိုး တွေ့ရှိသူ အယောက်သုံးဆယ်ကျော်လောက် ရှိတယ်လို့ပြောတယ်။ တခြားဖျက်သိမ်းခံရတဲ့ ရွာတွေမှာလည်း ဝမ်းရောဂါ ဖြစ်နေတယ်လို့ ကြားသိရတယ်” ဟု သမီးကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာက ပြောကြားသည်။

သမီးကလေးကျေးရွာ၊ အင်းမတီးကျေးရွာ၊ လက်ကျိုက်ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့ကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ နေအိမ်များ ဖယ်ရှားခံရသဖြင့် လမ်းဘေးတွင် ယာယီတဲထိုး နေထိုင်ပြီး အလှူရှင်များ လာရောက် လှူဒါန်းမှသာ စားသောက်ရကြောင်း အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ အနီးတွင် ယာယီတဲထိုး နေထိုင်လျက်ရှိသော ဒေါ်ကာလီကျေးရွာ မိသားစုဝင်များထံမှ သိရှိရသည်။

“တပ်မြေဆိုပြီး အတင်းဝင်ဖျက်လို့ အမြန်လမ်းဘေး တက်နေတာကို စည်ပင်က ထပ်မောင်းထုတ်တယ်။ အခု အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ က ခြံတစ်ခြံမှာ ခြံပိုင်ရှင် ခွင့်ပြုချက်နဲ့ ခေတ္တနေခွင့်ရပေမယ့် မြေကြီးပေါ်မှာ တာပေါ်လင်စခင်းပြီး နေရတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ မကြာခဏ ဖျားနာပြီး ဝမ်းရောဂါပါ ဖြစ်နေကြတယ်။ လာလှူတဲ့ ဆန်သုံးလေး ပြည်ကို လူ ၉၀ လောက်က ဝေငှပြီး စားနေရတာကြောင့် အာဟာရချို့တဲ့ပြီး လူတော်တော်များများ နေမကောင်း ဖြစ်နေတယ်” ဟု ဖယ်ရှားခံခဲ့သည့် ဒေါ်ကာလီကျေးရွာသား ဦးသောင်းရွှေက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ လာရောက်ကာ ယာယီခိုလှုံနေသော မိသားစုဝင် ၁၅၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်ကို အလှူရှင်များက နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိပြီး ယာယီခိုလှုံ နေထိုင်သူများအတွက် နေ့စဉ် စားသောက်စရိတ် ငွေကျပ် ခြောက်သောင်းကျော် ကုန်ကျကြောင်း အဆိုပါ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

“ရန်ကုန်က ဒေါက်တာ သိန်းလွင်တို့အဖွဲ့ ကျောင်းကို တစ်ရက်လာသွားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပေမယ့် ဒီမှာက ဆေးပေးခန်း မရှိဘူး၊ အရေးအကြောင်း တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်ရတယ်။ တစ်နေ့ကဆို ဗိုက်ကြီးသည်တစ်ဦး လမစေ့ဘဲ ဗိုက်နာနေတာမျိုး ဖြစ်သေးတယ်” ဟု အောင်သိဒ္ဓိကျောင်းတွင် ယာယီ ခိုလှုံနေသူ ကိုကျော်စိန်ဝင်းက ပြောကြားသည်။

အဆိုပါ နေအိမ် ဖယ်ရှားခံရသောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်သူများတွင် ကျန်းမာရေး ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အခက်အခဲများကို စောင့်ရှောက် ကူညီပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၈၈ မျိုးဆက် လူထုဆက်ဆံရေးဌာနမှ ဒုတာဝန်မှူး ဦးဉာဏ်လင်းက ပြောကြားသည်။

The Voice Weekly

ပါကစ္စတန်တွင် ရဲများ စီးနင်းလာသည့် ဘတ်စ်ကား ဗုံးခွဲ တိုက်ခိုက်ခံရ ၁၁ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ


အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၃

အကြမ်းဖက်သမားများ မကြာခဏ ဗုံးခွဲ တိုက်ခိုက်လေ့ရှိသော ပါကစ္စတန်နိုင်ငံတွင် ပါကစ္စတန်ရဲများ စီးနင်းလာသော ဘတ်စ်ကားကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးသွားပြီး ၄၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်တောင်ပိုင်း မြို့တစ်မြို့ ဖြစ်သော ကရာချိတွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲလေ့ကျင့်ရေး စင်တာမှ ထွက်ခွာလာသော ရဲအများစုပါသည့် ဘတ်စ်ကားကို ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်ထားသော ကားတစ်စီးဖြင့် တိုက်ခိုက်၍ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

သေဆုံးသူများနှင့် ဒဏ်ရာ ရသူများတွင် အများစုမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ အဆိုပါ ဘတ်စ်ကားပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် စီးနင်း လိုက်ပါသွားကြောင်း ပါကစ္စတန် ရဲအရာရှိ မိုဟာမက် အစ်က်ဘယ်လ်က ပြောကြားသည်။
ကရာချိမြို့သည် ပါကစ္စတန်နိုင်ငံတွင် အကြီးဆုံး မြို့ဖြစ်သကဲ့သို့ ဥပဒေစိုးမိုးမှု အကင်းမဲ့ဆုံး ဖြစ်သည်။

ကရာချိမြို့နေ အဓိက လူမျိုးစုများ၊ နိုင်ငံရေး ဂိုဏ်းဂဏကွဲများနှင့် ဆက်စပ်နေသော ရာဇဝတ် ဂိုဏ်များနှင့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များစွာ သေဆုံးခဲ့ရသည့် မြို့လည်းဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် ယာဉ်အပိုင်းအစများဖြင့် ပြန့်ကျဲနေသည့် မြင်ကွင်းကို ဒေသခံ ရုပ်မြင်သံကြားတွင် ပြသ သွားသကဲ့သို့ ကရာချိမြို့၏ ဂျင်နဆေးရုံသို့ လူသေ အလောင်း ၁၁ လောင်း ရောက်ရှိလာပြီး ဒဏ်ရာ ရရှိသူများတွင် ရဲအရာရှိ ၁၀ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန်များက ပြောကြားသည်။

ယခု ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းများကမျှ တစ်စုံတစ်ရာ ဝန်ခံ ပြောကြားခြင်း မရှိသေးပေ။

တနင်္ဂနွေနေ့ကလည်း ဆိုင်ကယ် စီးနင်းလာသော လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ် တစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့သည်။
The Voice Weekly

ဗင်နီဇွဲလားအစိုးရ ဆန့်ကျင်ရေး ကျောင်းသား ဆန္ဒပြပွဲ ကျောင်းသားနှစ်ဦး ပစ်သတ်ခံရ


ကရာကတ်၊ ဖေဖော်ဝါရီ ၁၃

ဗင်နီဇွဲလားနိုင်ငံ ကရာကတ် မြို့တော်၌ အစိုးရ ဆန့်ကျင်ရေး ကျောင်းသား ဆန္ဒပြပွဲများ ပြုလုပ်နေပြီး ကျောင်းသား နှစ်ဦး ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရ လိုလားသော တက်ကြွလှုပ်ရှားသူ တစ်ဦးနှင့် ကျောင်းသား တစ်ဦးတို့ သေဆုံးသွားကြောင်း အစိုးရ အရာရှိများက ပြောကြားသည်။

ထို့အပြင် ဗင်နီဇွဲလား နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများတွင် လူပေါင်း ၂၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဗင်နီဇွဲလား စီးပွားရေး အခြေအနေ ဆိုးရွားနေခြင်းနှင့် နိုင်ငံတွင်း အကြမ်းဖက်မှုများ တိုးပွား နေခြင်းတို့ကြောင့် သမ္မတ နီကိုလတ်မာဒူရိုမှာ ပြစ်တင် ဝေဖန်ခံနေရပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရသည်။

စပိန် ဦးဆောင်သော တပ်ဖွဲ့ဝင်များ မြို့တော်သို့ ဦးတည် ချီတက်လာသည်ကို ဗင်နီဇွဲလား ကျောင်းသားများက ခုခံ တွန်းလှန်ခဲ့သည်ကို အထိမ်းအမှတ် ပြုထားသည့် ဗင်နီဇွဲလား လူငယ်နေ့ (အောင်ပွဲနေ့) အကြိမ် (၂၀၀) မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ကျောင်းသားများ ဖမ်းဆီးခံရသည်ကို မကျေနပ်ခြင်းကြောင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းသား လှုပ်ရှားမှုတွင် အတိုက်အခံ ခေါင်းဆောင်များလည်း ပူးပေါင်း ပါဝင်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လက်ယာ အစွန်းရောက်များက အကြမ်းဖက်မှုများ ကျူးလွန်ကြသည်ဟု ဗင်နီဇွဲလား အမျိုးသားညီလာခံ ဥက္ကဋ္ဌ ကဘဲလိုကို ပြောကြားခဲ့သော်လည်း ကျောင်းသားများကို အစိုးရ လိုလားသူများက စတင် ရန်စခဲ့ခြင်း ဖြစ်ကြောင်း အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ မာရီယာက ပြောကြားသည်။

“အကြမ်းဖက်မှုတွေက ထွက်ပေါက် မဟုတ်ပါဘူး။ လူများစုက အဲဒါတွေကို ငြင်းပယ်မယ်လို့ ယုံကြည်ပါတယ်” ဟု အတိုက်အခံ ခေါင်းဆောင် ဟန်ရစ်က မှတ်ချက်ပြုသည်။

ဗင်နီဇွဲလား တက္ကသိုလ်များတွင် လုံခြုံမှု ကင်းမဲ့နေခြင်း၊ ထိန်းသိမ်းခံထားရသော ကျောင်းသားများ ပြန်လွတ်ရေး၊ တိုင်းပြည် စီးပွားရေး အကျပ်အတည်း ပေါ်ပေါက်နေခြင်းကို ဖြေရှင်းရေး စသည်တို့ကို ကျောင်းသားများက တောင်းဆိုထားသည်။

ယင်းကဲ့သို့သော စီးပွားရေးရာ ကျပ်တည်းမှု ပေါ်ပေါက်နေခြင်း၊ နိုင်ငံခြား ငွေကြေး ပဋိပက္ခ ဖြစ်ပွားနေခြင်းကို ကိုင်တွယ်နိုင်ရန် သမ္မတ မာဒူရိုကို အထူးအာဏာဖြင့် အုပ်ချုပ်ပိုင်ခွင့် တစ်နှစ် ခွင့်ပြုလိုက်သည်။

ဗင်နီဇွဲလားနိုင်ငံသည် ရေနံကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း အဓိက စားသုံးကုန်များ ဖြစ်သော သကြား၊ ဟင်းချက်ဆီ၊ အိမ်သာသုံး စက္ကူ စသည့် ပစ္စည်းများ ပြတ်လပ်နေပြီး စီးပွားရေး ကျပ်တည်းမှုနှင့် ကြုံတွေ့နေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

မလေးရှားတွင် ဒုက္ခသည်အဖြစ် ခံယူလိုသူ မြန်မာအများဆုံးဟုဆို


Anxious Rohingya refugees from Myanmar waiting for news on their temporary stay permits at UNHCR's Kuala Lumpur office. http://www.unhcr.org/41b9b7c84.html

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးက Datuk Seri Mohamed Aziz ၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မလေးရှားနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၁၀၈၅၀ ဦးအနက် မြန်မာနိုင်ငံသား ၇၅၈၂ ဦး ရှိကြောင်း ၎င်းက၂၀၁၃ ခုနှစ် သြဂုတ်လထိ ပြုစုထားသည့် စာရင်းများအရ အခြေခံကာ ပြောဆိုသည်။

ကွာလာလမ်ပူမြို့တော်ရှိ UNHCR ရုံးက ဒုက္ခသည်အဖြစ် လျှောက်ထားသူ များကို စိစစ်ပြီး နိုင်ငံခြားသားပေါင်း ကိုးသောင်းကျော်ကို ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခဲ့ကြောင်း၊ မလေးရှားနိုင်ငံက ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး သဘောတူစာချုပ် ချုပ်ဆိုမထားသော်လည်း UNHCR လက်မှတ်ရှိသူကို လူသားချင်း စာနာသောအားဖြင့် ဖမ်းဆီးခြင်း မရှိဟု Datuk Seri Mohamed Aziz က ဆိုသည်။

ဒုက္ခသည်တို့၏ စားဝတ်နေရေး၊ လုံခြုံရေးကို တာဝန် မယူနိုင်သောကြောင့် ကုလသမဂ္ဂ၏ ၁၉၅၁ နှင့် ၁၉၆၇ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သော ဒုက္ခသည်များ လက်ခံရေးဆိုင်ရာ သဘောတူ စာချုပ်များကို မလေးရှား အစိုးရက လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
The Voice Weekly

မန္တလေးတွင် ကျင်းပသော ခွင့်ပြုချက်ရ ပွဲများအတွက် လိုအပ်ပါက လုံခြုံရေးအင်အား ချပေးမည်


မန္တလေး၊ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း ဒေသကြီးအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်သဘင်ပွဲများ ပြုလုပ်ခွင့်နှင့် ပွဲမိန့် ရရှိထားပြီး လုံခြုံရေးအင်အား လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ တရားဝင် စာတင်တောင်းပါက လုံခြုံရေး စီမံချက် ရေးဆွဲကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ခင်အောင် The Voice သို့ ပြောကြားသည်။

အဆိုပါ ပွဲစီစဉ် ကျင်းပမည့်သူများ အနေနှင့် ပွဲမိန့် ရရှိပါက လုံခြုံရေး အင်အားအတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ စခန်းထံသို့ တရားဝင် စာတင်ပြီး တောင်းပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းတို့ ပူးပေါင်းကာ လုံခြုံရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရဲမှူး ခင်အောင်က ရှင်းပြသည်။

မန္တလေးမြို့တော်တွင် ရှိုးပွဲ၊ ရပ်ကွက် ဓမ္မာရုံ ဘုရားပွဲများ ပြုလုပ်မှု နည်းသွားရခြင်းမှာ ပွဲလုံခြုံရေးကို ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား လုံလောက်စွာ မရှိခြင်းကြောင့် မှုခင်းဖြစ်ပွားမှု များပြားသဖြင့် ပွဲမိန့်မရသည့် ဖြစ်စဉ်များ ရှိကြောင်း မန္တလေးမြို့ ဒေသခံများက တညီတညွှတ်တည်း ပြောဆိုကြသည်။

“ကျွန်မတို့ ရပ်ကွက်ဆိုရင် ဒီနှစ် ဓမ္မာရုံ ဘုရားပွဲမှာ ပွဲမပါဘူး၊ မနှစ်က ရန်ဖြစ်လို့တဲ့ လုံခြုံရေးမှ မပေးတာ။ ပွဲဆိုတာကတော့ ရန်ဖြစ်တာပါ၊ ရပ်ကွက် လူကြီးကလည်း ပြောတယ်။ ပွဲငှားမယ့်သူက လုံခြုံရေးကို နိုင်အောင်လုပ်နိုင်ရင်ငှား၊ ဖြစ်လာတဲ့ ပြဿနာ ရှင်းလို့ ပြောတယ်။ မနှစ်ကဆိုရင် ပွဲက မပြီးသေးဘူး ရန်ဖြစ်လို့ ပွဲကို ရပ်ပစ်ရတာ” ဟု ချမ်းအေးသာစံ မြို့နယ်ရှိ ရွှေယဉ်မွန် ရပ်ကွက်တွင် နေထိုင်သူ ဒေါ်စန်းသီတာက ဆိုသည်။

မန္တလေးမြို့တော်တွင် ပျော်ပွဲရွှင်ပွဲ၊ ရှိုးပွဲ၊ ပါတီပွဲများ ပြုလုပ်ရန်အတွက် ပွဲစီစဉ်သူများသည် ပွဲလုံခြုံရေးအတွက် သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ တရားဝင် စာတင်၍ တောင်းခံခြင်း မရှိသဖြင့် နယ်မြေ ရဲစခန်းများသည် လှည့်ကင်း ဆောင်ရွက်သည့်အခါ သွားရောက် ကြည့်ရှုပေးမှုများ ပြုလုပ်ကြကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူများထံမှ သိရသည်။

“ဇာတ်ပွဲတွေကို လုံခြုံရေး အနေနဲ့ သီးသန့် ပေးထားတာတော့ မရှိဘူး၊ သက်ဆိုင်ရာ နယ်မြေမှာ ဇာတ်ပွဲတွေ၊ တရားပွဲတွေ ရှိရင်တော့ သွားပြီး လှည့်ကင်း၊ စောင့်ကြည့်တာတွေတော့ လုပ်ပေးတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

ယင်းကဲ့သို့ ပွဲများ ကျင်းပပါက ပွဲလုံခြုံရေးအတွက် သီးသန့် လုံခြုံရေးအဖွဲ့ကို ငှားရမ်းပြီး တစ်ဦးလျှင် တစ်နာရီ ၃၀၀၀ ကျပ်ပေး၍ ငှားရမ်းကြကြောင်း အင်ပါယာ နှစ်သုံးဆယ်ပြည့် ရှိုးပွဲ စီစဉ်သည့် ကိုမျိုးက ပြောကြားသည်။

“ကျွန်တော်ကတော့ လုံခြုံရေးအတွက် ရဲစခန်းကို စာတင်တာမျိုးတော့ မရှိပါဘူး။ ပွဲမိန့်ကျကတည်းက နယ်မြေ ရဲတွေ ခဏ လာကြည့် ပေးတာ မျိုးတော့ ရှိတယ်။ အပြင်လုံခြုံရေး အဖွဲ့ကိုတော့ ငှားလိုက်တယ်” ဟု ၎င်းက ဆိုသည်။

ပွဲလုံခြုံရေးအတွက် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွင် စာတင်တောင်းပါက နယ်မြေ ရဲစခန်းသည် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြကာ စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သီတာအေး ရပ်ကွက်တွင် ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း၌ ကပြသည့် မင်းမင်းဦး ဇာတ်ပွဲတွင် လူငယ်များ အချင်းချင်း ရန်ဖြစ်၍ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ထိုင်းတွင် အကျဉ်းကျနေသည့် မြန်မာ ၆၀၀ ကျော် လွတ်မြောက်


ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်ခဲ့တယ် လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ပြောကြားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒုဝန်ကြီးက ပြောခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။

သူ့အနေနဲ့ အစိုးရက မြန်မာအကျဉ်းသားအရေး ထိတွေ့မှု မရှိလို့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ အခွင့်အရေး ဆုံးရှုံးနေတာတွေ လွှတ်တော်မှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီက အကျဉ်းသားတွေ ကျနော့်ကို ရေးလာတဲ့စာကို လွှတ်တော်မှာ တင်ပြခွင့်ရတယ်။ နံပါတ် ၁ ကတော့ ဒီမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြည်ထဲရေး ၀န်ကြီးတွေ ဖြေတဲ့အရာနဲ့ တကယ်အပြင်မှာ ဖြစ်တဲ့ အချက်တွေ ကွဲလွဲနေတယ်။ အဲဒီအပြင် ထိုင်းမှာရှိတဲ့ မြန်မာအကျဉ်းသားတွေကို ချိုးနှိမ်ထားတယ်။ ဥပမာ – သူတို့ရေးတဲ့ စာအရ အလုပ်လုပ်ရင် မြန်မာတွေက ထိုင်းအကျဉ်းသားတွေနဲ့ မတူပဲ ပိုလုပ်ရတယ်။ အစားကျွေးတဲ့ အခါမှာ အရေအတွက်ရော အရည်အချင်းရော မြန်မာအကျဉ်းသားတွေက ညံ့ဖျင်းတာ စားရတယ်။ နောက် ကျန်းမာရေးတဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ထိုင်းတွေနဲ့မတူဘူး၊ မြန်မာတွေကို အခွင့်အရေးချိုးနှိမ်ထားတယ်။ နောက်တခုက ဆရာဝန်ဆီမှာ ဆေးကုတဲ့ အခါမှာလည်း မြန်မာအကျဉ်းသားတွေက ထိုင်းအကျဉ်းသားတွေလို့ ကုသခွင့် မရဘူး။ အဲဒီလိုပဲ ပညာရေးလေ့လာမှုတွေမှာလည်း ဒီအတိုင်းပဲပေါ့။ ဒီလိုဟာတွေ ဖြစ်နေတဲ့ အကြောင်းအရင်းတွေ ထဲမှာ အဓိကတော့ မြန်မာသံရုံးရဲ့ ထိတွေ့မှုပေါ့၊ ပုံမှန်ထိတွေ့မှု မရှိဘူး။ မြန်မာမဟုတ်တဲ့ အခြား နိုင်ငံသံရုံးတွေက အကျဉ်းသားတွေနဲ့ ထိတွေ့တော့ သူတို့ အခွင့်အရေးတွေ ပိုရတာပေါ့။”

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေးစာချုပ် ချုပ်ဆိုထားတာ မရှိသေးတဲ့အတွက် မြန်မာအကျဉ်းသားတွေ လွတ်မြောက်ရေး မလုပ်ပေးနိုင်တာ ဖြစ်ပြီး ဒီလွှတ်တော်သက်တမ်းအတွင်း စာချုပ် အကောင်အထည်ပေါ်လာအောင် တနည်းနည်းနဲ့ ကြိုးပမ်းလုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ဦးသိန်းညွှန့်အနေနဲ့ ဒီမေးခွန်း လွှတ်တော်ထဲ မေးနိုင်ဖို့ အချက်အလက်တွေကို စာနယ်ဇင်းဆရာ ကိုဇော်သက်ထွေးထံက ရယူခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စ ကိုဇော်သက်ထွေးကို မေးကြည့်တော့ ထိုင်းထောင်တွေထဲ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၁ သောင်းလောက် ရှိတယ်လို့ ပြောပါတယ်။

“ကျနော့်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ထိုင်းအကျဉ်းထောင်ကနေပြီးတော့ ထိုင်းနိုင်ငံက အကျဉ်းထောင် ၂၀ မှာ ရှိတဲ့ မြန်မာအကျဉ်းသားတွေရဲ့ စာရင်းကို သူတို့ ပြုစုပေးတယ်။ သူတို့က နည်းနည်းလွတ်လပ်ပုံပေါ်ပါတယ်။ ကျနော့်ဆီကို အဲဒီ စာရင်းရောက်လာတော့ နှစ်ကြီးကျတာ ၃၀၀၀ လောက်ရှိတယ်။ နှစ်သေးကျတာက ၇၀၀၀ ထောင်လောက်ရှိတဲ့အတွက် ထိုင်းမှာ မြန်မာအကျဉ်း ၁၀၀၀ လောက်ရှိတယ်။”

ကမ္ဘောဒီးယားအစိုးရဟာ ထိုင်းထောင်တွေထဲ အကျဉ်းကျနေတဲ့ သူ့နိုင်ငံသားတွေနဲ့ အဆက်မပြတ် ထိတွေ့မှုရှိတဲ့အတွက် အခုဆို ထိုင်းထောင်တွေထဲ ကမ္ဘောဒီးယားနိုင်ငံသားတွေ မရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ် မြန်မာအကျဉ်းသား လွှတ်ဖို့ ရှိပေမယ့် ထိုင်းနိုင်ငံရေး အခြေအနေကြောင့် လွတ်မလာပါဘူး။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့် နှစ်နိုင်ငံအကျဉ်းသား လဲလှယ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ မြန်မာအစိုးရ ကြိုးပမ်း လုပ်ဆောင်သင့်ကြောင်း လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ကိုယ်ဝန်ဆောင်သူငယ်ချင်းကိုသတ်၊ ကလေးကို သားအိမ်ထဲက ထုတ်ယူပြီး သူမကလေးအဖြစ် မွေးစားခဲ့တဲ့ မိန်းမ


အသက် ၃၉ နှစ်အရွယ် ၊ ဂျူလီကိုရေး ဆိုသူ မိန်းမတစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် သူငယ်ချင်းဖြစ်သူ ဒါလိန်းဟေးနက်စ် ကို သတ်ပြီး ဗိုက်ထဲက ရှစ်လသားအရွယ် ကလေးလေးကို ထုတ်ယူခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုရေးဟာ သူမ သူငယ်ချင်းကို ရိုက်ပုတ်ကာ သေတဲ့အထိ လည်မျိုညှစ်သတ်ခဲ့တယ်လို့  စွဲချက်တင်ခံထားရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုရေးတစ်ယောက် ကိုယ်ဝန်ပျက်ကျပြီး သုံးလအကြာမှာ ဖြစ်ပွားခဲ့တာပါ။

ဟေးနက်စ်ရဲ့အလောင်းကို သူမတိုက်ခန်း အ၀တ်ဗီရိုထဲ ထည့်ဖွက်ထားတာကို ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လမှာ ရဲတွေက တွေ့ ရှိခဲ့ရပြီး လည်ပင်းမှာ လျှစ်စစ်ဝါယာကြိုးနဲ့ ရစ်ပတ်ညှစ်သတ်ခံထားရတဲ့ သဲလွန်စတွေ တွေ့  ရှိခဲ့ရတာပါ။

ဟေးနက်စ်ရဲ့အလောင်းဟာ ၀မ်းဗိုက်ပွင့်နေပြီး မမွေးဖွားရသေးတဲ့ ကလေးဟာ ပျောက်ဆုံးနေခဲ့ပါတယ်။

ကိုရေးဟာ အခုထိ ဟေးနက်စ်ကို သတ်ခဲ့တဲ့အမှုမှာ သူမ လုံးဝမပါဝင်ခဲ့ကြောင်း ငြင်းဆိုနေပေမယ့် ၊ ဂျူရီ လူကြီးတွေရဲ့ နှစ်ရက်နဲ့ ၁၀ နာရီကြာမြင့်တဲ့ သုံးသပ်မှုအပြီးမှာ Worcester အထက်တရားရုံးက ပထမအဆင့် လူသတ်မှုအဖြစ် စွဲချက်တင်ခဲ့ပါတယ်။

ကိုရေးရဲ့ ရည်းစားဖြစ်သူ အဲလက်စ် က သူ့ ရည်းစား ကိုယ်ဝန်ရှိနေတာကို သိရှိခဲ့ပြီး ၊ ဒီ ကလေးလေးကို အိမ်ခေါ်လာတဲ့အချိန်မှာ သူ့ ကလေး လို့ ထင်နေမိခဲ့ကြောင်း သက်သေထွက်ဆိုခဲ့ပါတယ်။

အင်္ဂါနေ့ မှာ ကိုရေးအမှုကို စီရင်ချက်ချမှာဖြစ်ပြီး သူမ ရဲ့ ရှေ့ နေတွေကတော့ အယူခံဝင်ဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ဟေးနက်စ်ရဲ့ ၀မ်းဗိုက်ထဲက ခွဲထုတ်ယူခဲ့တဲ့ ကလေးဟာ သက်ရှိထင်ရှားရှိနေပြီး အခုဆို အသက်လေးနှစ်အရွယ် ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီကလေးမလေးကို သူမရဲ့ အဖေ (ဟေးနက်စ်ရဲ့ ရည်းစား) က စောင့်ရှောက်ထားပါတယ်။

Trend Myanmar.

အစိုးရက လွယ်လွယ်လေးကို ခက်အောင် လုပ်လိုက်တာပဲ

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) က ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု ရရှိရေး အတွက် စစ်အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား တပ်မတော် တဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ရရှိထားပါတယ်။

SSA-S ဟာ မြန်မာနိုင်ငံ အတွင်း စစ်အစိုးရကို တော်လှန်ခုခံနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက အင်အားကြီး တပ် ဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။

SSA-S ခေါင်းဆောင် အဖြစ် လူသိများတဲ့ ဦးယွက်စစ်က SSA-S တပ်ပိုင်းဆိုင်ရာမှာ ဒု ဗိုလ်ချုပ်ကြီး ဖြစ်ပြီး နိုင်ငံရေး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှာတော့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်မှာ ကျရောက်တဲ့ ရှမ်းပြည်နယ် အမျိုးသားနေ့ကို RCSS/SSA ရဲ့ ဌာနချုပ် ဖြစ်တဲ့ လွယ်တိုင်းလျန်း တောင် ကုန်းပေါ်မှာ ကျင်းပခဲ့ပြီး အဲဒီနေ့မှာပဲ RCSS/SSA ရဲ့ စစ်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒုက္ခသည်တွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင် ဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ကျော်ခ က သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။     ။ မကြာသေးခင်က လော်ခီးလာမှာ ကျင်းပသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံမှာ RCSS/SSA က လက်မှတ် မထိုးတာမှာ တခြား အဖွဲ့တွေနဲ့ ဘာများ ကွဲပြားနေတာ ရှိလို့လဲ။

ဖြေ။      ။ လက်မှတ် မထိုးရတဲ့ အကြောင်းရင်း ကတော့ ကျနော်တို့ရဲ့ ပေါ်လစီ အရ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ချင်း လာပြီးတော့ စည်းရုံး စေချင်တယ်။ ရှမ်းပြည်က သွားတဲ့ အဖွဲ့တွေကြတော့ တဖွဲ့ချင်း မဟုတ်ဘဲနဲ့ အဖွဲ့ငယ်လေးတွေပေါ့နော်။ လူမျိုးစုလေးတွေနဲ့ပဲ သွားရတယ်၊ ရှမ်းပြည်နယ် တပြည်နယ်လုံးကို ကိုယ်စားပြုတဲ့ တဖွဲ့တည်းရဲ့ အနေနဲ့ မဟုတ်လို့ လက်မှတ် မထိုးဘူး။

မေး။     ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ RCSS/SSA အနေနဲ့ ဘာဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိလဲ။

ဖြေ။      ။ RCSS အနေနဲ့ ကတော့ အချက် ၂ ချက် ရှိတယ်၊ အပစ်အခတ် ရပ်စဲရေး စစ်ရေး ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဆုံးဖြတ် ချက် ချလို့ ရတယ်။ နိုင်ငံရေး ကိစ္စနဲ့ ပတ်သက်လာလို့ရှိရင် ရှမ်းပြည် ပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို ယူရမှာ ဖြစ်တယ်။

မေး။     ။ လာမယ့် ဘားအံ ဆွေးနွေးပွဲမှာရော RCSS/SSA ကို ဘယ်လို မျှော်လင့်လို့ ရနိုင်မလဲ။

ဖြေ။      ။ လာမယ့် ဘားအံ ဆွေးနွေးပွဲကလည်း လော်ခီးလာလို ဆက်ပြော ဆွေးနွေးနေမယ် ဆိုလို့ရှိရင် သိပ်ပြီးတော့ အကြောင်း ထူးမှာ မဟုတ်ဘူး၊ အမှန်ကတော့ ဒီအပစ်အခတ် ရပ်စဲရေးဆိုတာ လုပ်ရင် လွယ်လွယ်လေးပါ။ အစိုးရက လွယ်လွယ်လေးကို ခက်အောင် လုပ်လိုက်တာပဲ။ စောင့်ကြည့် ရဦးမယ်။ သူတို့ ဆွေးနွေးမယ့် အချက်အလက်တွေ သိပြီးမှ ဆုံးဖြတ်လို့ရမယ်။

မေး။     ။ အစိုးရဘက်က ပြောတဲ့ အထဲမှာ တိုင်းရင်းသားတွေ အနေနဲ့ အခွန် မကောက်ရဘူး၊ လူသစ် စုဆောင်းတာ မလုပ်ရဘူး၊ လက်နက်၊ လူအင်အား စာရင်း ပေးရမယ်၊ ပြည်သူ့စစ် တပ်ဖွဲ့တွေကို မတိုက်ခိုက်ရဘူးဆိုတဲ့ အချက်တွေဟာ SSA အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်မလား။

ဖြေ။      ။ မြန်မာအစိုးရနဲ့ ဆွေးနွေးတုန်းက ဒါတွေ မပါဘူး။ သဘောတူညီချက်တွေလည်း မရှိခဲ့ဘူး။ ဒါတွေဟာ နောက်ပိုင်းမှ ပေါ်လာတဲ့ ဟာတွေ။ ဒါတွေက သဘောတူထားခြင်း မရှိဘဲနဲ့ သူတို့ဟာ သူတို့ ပြောလာတဲ့ အတွက်ကြောင့် ရှေ့လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဘယ်လို လုပ်သွားကြမလဲ၊ အခက်အခဲတွေ ရှိတယ်။ လူသစ် မကောက်ရတာတို့၊ ပြည်သူ့စစ်တွေ မထိခိုက်ရတာ တို့ ဆိုတာတွေဟာ နောင်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်ပြီး ဆွေးနွေးရန် အတွက် ဖြစ်တယ်။ အခု အချိန်ကတော့ အပစ်အခတ် ရပ်စဲရေး ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒါတွေ လာပြောရင်တော့ မရဘူး။

မေး။     ။ အစိုးရနဲ့ လုပ်နေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မြန်မာ့ တပ်မတော်ရဲ့အခန်းကဏ္ဍက ဘယ်လောက် အရေးပါတယ်လို့ မြင်လဲ။

ဖြေ။      ။ အဆင့် နှစ်ဆင့် ရှိတယ်။ အခုကတော့ ပထမ အဆင့်အနေနဲ့ ဦးသိန်းစိန် အစိုးရနဲ့ပဲ ဆွေးနွေး နေကြသေးတယ်။ နောက် ပြီးတော့ အစိုးရ စစ်တပ်နဲ့ RCSS နဲ့ ပြဿနာ ဖြစ်နေတာတွေဟာလည်းပဲ ဦးသိန်းစိန် အစိုးရရဲ့ အပေါ်မှာ တာဝန် ရှိတယ်။ စစ်တပ် ဟာ အမှန်အားဖြင့် အစိုးရရဲ့လက်အောက်မှာ ရှိရမယ်။ အခု ဖြစ်နေတဲ့ ပုံစံကတော့ ဦးသိန်းစိန် အစိုးရက ပြောပေမယ့်လည်း စစ် တပ် က နားမထောင်ဘူး။ အဲဒါက ဘာကြောင့် ဖြစ်နေတယ် ဆိုတာလည်း နားမလည်ဘူး။ ကျနော်တို့က စိုးရိမ်တယ်။ ဥပမာအားဖြင့် တခု ပြောရမယ် ဆိုရင် ဦးသိန်းစိန် ဆီကို RCSS ကနေပြီးတော့ မဲခေါင် မြစ်ကမ်းမှာ ဧက ၅၀၀၀ မြေနေရာ တောင်း ထားတာ ရှိတယ်။ ဦးသိန်းစိန်ကလည်း ပေးတယ်။ ပေးပြီးတော့ တြိဂံတိုင်းမှူးကို ပေးကြောင်း လက်မှတ် ထိုးဖို့ပြောတဲ့ အခါကြ တော့ အခုအချိန် အထိ တြိဂံတိုင်းမှူးက လက်မှတ်ထိုး မပေးဘူး။ မပေးရခြင်း အကြောင်းပြချက်ကတော့ တောင်းထားတဲ့ ဒီနယ်မြေ တွေဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ပုဂ္ဂိုလ်တွေနေတဲ့ နေရာ ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကလည်း အဲဒီ့ နယ်မြေမှာ လှုပ်ရှား နေ တုန်းပဲ ရှိတယ်။ အဲဒါကိုပဲ အကြောင်းပြချက် လုပ်ပြီးတော့ မပေးဘဲ နေတယ်။ ဒါဟာ အဓိပ္ပာယ် မရှိဘူး။ အကယ်၍ အဲဒီ နေရာဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ လူတွေ ရှိနေတယ် ဆိုလို့ရှိရင် အဲဒီလူတွေ အတွက် လမ်းပိတ်လိုက်တဲ့ သဘောတောင် ဖြစ်ပြီး သွားလာ ရတာတောင် ခက်ခဲဦးမယ်။

မေး။     ။ ဒါဆိုရင် အစိုးရနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေဟာ ရင်လေးစရာတွေ ဖြစ်နေပြီလား။

ဖြေ။      ။ အဲဒါကတော့ အစိုးရပေါ်မှာ မူတည်တယ်။ နိုင်ငံရေး လမ်းစဉ်တွေဟာ ရှောရှောရှူရှူနဲ့ ရှေ့ရောက်အောင် သွားနိုင်မလား၊ မသွားနိုင်ဘူးလား ဆိုတာ အစိုးရ လုပ်ရပ် အပေါ်မှာပဲ မူတည်တယ်။

မေး။     ။ လာမယ့် RCSS လူကြီး ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌက ပါဝင်ပြီး အရွေးချယ် မခံတော့ဘူးလို့ ပြောထားတာ ရှိတယ်။ တဖက် မှာလည်း ဥက္ကဋ္ဌကြီးကို ထောက်ခံနေကြတဲ့ လူတွေ ရှိနေတယ် ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ။

ဖြေ။      ။ ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ် အတိုင်းပဲ ကျင့်သုံး ပါတယ်။ ၄ နှစ် တကြိမ် ရွေးကောက်ရမယ့် ထုံးတမ်းတွေ ရှိခဲ့တယ်။ ဒီနှစ်ကြတော့ သူတို့အရာရှိတွေ အချင်းချင်းထဲက ပြန်ရွေး ကြဖို့၊ လူသစ် ပါဝင်လာနိုင်အောင် ဆိုပြီးတော့ လမ်းဖွင့်ပေး ထား တယ်။ တကယ်လို့ ရွေးလို့ မရဘူး၊ ရှိကို မရှိဘူး ဆိုပြီး တာဝန် ပြန်အပ် လာလို့ ရှိရင်တော့ မတတ်နိုင်ဘူး၊ လက်ခံရမှာပဲ။

မေး။     ။ အကယ်၍များ အရွေးချယ် မခံတော့ဘူး ဆိုရင် ဥက္ကဋ္ဌ လက်ထက်မှာ လုပ်ကိုင်ထားတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေဟာ အခြေအနေ ပျက်ပြား သွားနိုင်လား။

ဖြေ။      ။ အဲဒါကလည်း ခန်းမှန်းလို့ အတိအကျ ပြောလို့တော့ မရဘူးပေါ့။ ဘာလို့လဲ ဆိုတော့ ဥက္ကဌ အသစ် တက်လာလို့ ရှိရင် ဆုံးဖြတ်ချက်က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာပဲ မူတည်တယ်။

မေး။     ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ပွဲတွေမှာ RCSS ဘက်က စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ထောင်ဖို့ ပြောထားတာ ရှိတယ်။ အဲဒါက ဘယ်အဆင့်အထိ အကောင်အထည် ဖော်ပြီးပြီလဲ။

ဖြေ။      ။ ရှမ်းတောင်တန်း ဆိုတဲ့ ကုမ္ပဏီတခု တည်ထောင် ပြီးပြီ၊ အဲဒါက ၀န်ကြီး ဦးအောင်မင်း အကူအညီကြောင့် ဖြစ်လာတဲ့ ကုမ္ပဏီပေါ့။ ဒါပေမယ့် လက်တွေ့ ပိုင်းကြတော့ အကောင်အထည်ဖော်လို့ မရဘူး ဖြစ်နေတယ်။ ဥပမာ ပြရမယ် ဆိုလို့ ရှိရင် မိုင်းကန် မှာ သတ္ထုတွင်း တူးဖို့ ခွင့်တောင်းတဲ့ အခါကြတော့လည်း အခုအချိန် အထိ စစ်တပ်က ခွင့် မပေးသေးဘူး။ နေပြည်တော် က ခွင့်ပေးပြီး သတ္ထုတွင်း ဝန်ကြီးဌာန ဆိုင်ရာက ပုဂ္ဂိုလ်တွေလည်းပဲ အဲဒီ နေရာကို လာပြီးကြည့်ဖို့၊ သတ်မှတ်ပေးဖို့ အဲဒီနယ်ကို ဝင်ဖို့ရန် အတွက် စစ်တပ်က ခွင့် မပေးဘူး။ အခုအချိန်အထိ ဘာမှ အကောင်အထည် ဖော်လို့ မရသေးဘူး။ ကုမ္ပဏီကတော့ သတ္ထုတွင်း တူးတာရယ်၊ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကုန်ကူးတာတို့ တခြား အမျိုးမျိုးပေါ့၊ ဖြစ်နိုင်တဲ့ ဟာကို လုပ်မယ်ပေါ့။ ဒါပေမယ့် အခု အခြေအနေ ကတော့ ဘာမှ လုပ်လို့ မရသေးဘူး။ စစ်တပ် ကတော့ ဘာအကြောင်း ပြချက်မှတော့ မရှိဘူး။ သူတို့ ဆိုလိုတာကတော့ လက်နက် မချရင် ပေးမလုပ်ဘူး။

မေး။     ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေထဲက ဘယ်နှစ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ပြီလဲ။

ဖြေ။      ။ ပထမ အချက်ကတော့ ဆက်ဆံရေး ရုံးတွေ ဖွင့်တာ။ ဒုတိယ အချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ဘောင် ချဖို့ရန် အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတဲ့ အဆင့် ရှိပါတယ်။ အဲဒီ နှစ်ခုပဲ ရှိပါသေးတယ်။ အားလည်း သိပ်နည်းနေသလို အချိန် လည်း ကြန့်ကြာနေတယ်။

မေး။     ။ SSA ရဲ့ ရှေ့တန်း နယ်မြေတွေနဲ့ အစိုးရ စစ်တပ် ရှေ့တန်း နယ်မြေတွေဟာ ဆက်စပ် နေတယ်။ အဲဒီမှာရော စစ်မြေပြင် ဆက်ဆံရေးတွေက ကောင်းမွန်နေပြီလား၊ အပစ်အခတ် တည်ငြိမ်ပြီး နှစ်ဘက်တပ်တွေ နားလည်မှုရနေတဲ့ အခြေအနေကို ရောက် နေပြီလား။

ဖြေ။      ။ အပစ်အခတ် ရပ်စဲရေး ဆိုတာ အစိုးရနဲ့ RCSS တို့ တဘက်နဲ့ တဘက် ကျေကျေ လည်လည် နားမလည် ကြသေးဘူး။ အပတ်အခတ် ရပ်စဲပြီးလို့ လက်မှတ် ထိုးလိုက်တာနဲ့ တကယ်တမ်း ပစ်ခတ် နေတာတွေ အကုန်လုံး ရပ်စဲ ရမယ်။ မျက်နှာချင်းဆိုင် တွေ့နေလည်းပဲ တယောက်နဲ့ တယောက် မပစ်ရဘူး အဲလိုမျိုးပဲ ဖြစ်သင့်တယ်။ တချို့မြို့တွေမှာ ဆိုလို့ ရှိရင် ဆက်ဆံရေး ရုံးတွေ ဖွင့်ထားတာ ရှိတယ်။ တကယ်လို့သာ လှုပ်ရှားမှုတွေ ရှိနေမယ် ဆိုလို့ ရှိရင် အဲဒီ ဆက်ဆံရေး ရုံးတွေကို ပြောကြားမယ် ဆိုလို့ ရှိရင် ဘယ်လိုမှ ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး။ အပစ်ရပ် ဆွေးနွေးမှု သဘောတူ ခဲ့ကြတုန်းက RCSS/SSA ရဲ့တပ်တွေက ကျေးလက် တောရွာတွေမှာ ရှိတယ်။ မြို့ထဲမှာ ဆိုလို့ ရှိရင် အစိုးရ စစ်တပ်တွေ ရှိမယ်။ တကယ်လို့ တောရွာတွေကို စစ်ကြောင်း ထွက်မယ်တို့ ဘာတို့ ဆိုလို့ ရှိရင် ဆက်ဆံရေးရုံးကို အကြောင်းကြားပါ ဆိုပြီးတော့ သဘောတူ ထားကြတယ်။

မေး။     ။ SSA ရဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ ဆိုရင် UWSA “၀” တပ်ဖွဲ့တွေ၊ PNLO ပအို့ဝ် တပ်ဖွဲ့တွေနဲ့ SSPP/SSA ရှမ်းမြောက် တပ်ဖွဲ့တွေ ရှိနေတော့ သူတို့နဲ့ ဆက်ဆံရေး ကရော အခြေအနေ ဘယ်လို ရှိလဲ။

ဖြေ။      ။ ဒီအဖွဲ့တွေနဲ့ ကြတော့ အမြဲတမ်း ဆက်သွယ် နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအဖွဲ့တွေဟာ အမှန်ကတော့ ရှမ်းပြည်သားတွေပဲ ဖြစ်တယ်။ အဖွဲ့ မတူလို့ တခြားစီ ဖြစ်နေပေမယ့်လည်း ရှမ်းပြည်သား အချင်းချင်း ညီညွှတ်မှု ရအောင် ဆိုပြီးတော့ အမြဲတမ်းပဲ ဆွေးနွေး ပြောဆို ကြပါတယ်။

မေး။     ။ UWSA ခေါင်းဆောင်ပိုင်းတွေနဲ့ RCSS/SSA ခေါင်းဆောင်ပိုင်းတွေ ကြားမှာရော ဆက်ဆံရေးတွေ ကောင်းကြလား။

ဖြေ။      ။ အချင်းချင်းတော့ တွေ့ဆုံ ပြောဆိုခြင်း မရှိသေးဘူး။ ဒါပေမယ့် အောက်ဆင့်က အဆက်အသွယ် တွေတော့ ရှိပြီ။

မေး။     ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဘက်မှာ ဆိုရင် RCSS က မူဘောင်တွေ သေသေသပ်သပ် ချထားတာတွေ ဖတ်ရှု ရ တယ်။ ၂၀၁၂ အောက်တိုဘာ လပိုင်းက ဆိုလို့ ရှိရင်လည်း RCSS ၊ UNODC နဲ့ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူထားတဲ့ အချက် ၉ ချက် ရှိခဲ့တယ်။ အဲဒီ အချက်တွေထဲက ဘယ်နှစ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ပြီလဲ။

ဖြေ။      ။ ကျနော်တို့က စေတနာမှန်နဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းချင်လို့ လက်ကမ်းတဲ့ အတွက်ကြောင့် သူတို့ (UNODC) လည်း လာပြီးတော့ လုပ်တယ်။ သဘော တူညီချက်တွေ ရတယ်။ ဒါပေမယ့် အစိုးရ စစ်တပ်က ခုချိန်ထိ ဘာမှ လာပြီးတော့ လက်တွဲ လုပ်ချင်း မရှိသေးဘူး။ ဒီတော့ အဲဒီ ၉ ချက်ထဲမှာ တချက်မှ အကောင်အထည်ဖော်လို့ မရသေးဘူး။ RCSS က မူးယစ်ဆေးဝါး ပပျောက်ရေး ၆ နှစ် ပေါ်လစီ ချထားတာဟာ၊ အစိုးရနဲ့ UNODC လာရောက် ပူးပေါင်း ဆောင်ရွက်လို့ ရှိရင်တော့ ဒီ ၆ နှစ် အတွင်းမှာ အောင်မြင် နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ချထားခြင်း ဖြစ်တယ်။ အဲဒီဘက်က လာရောက် မပူးပေါင်းဘူး ဆိုလို့ရှိရင် အကောင်အထည်ဖော်ဖို့ ပြီးစီးနိုင်မှာ မဟုတ်ဘူး။

မေး။     ။ လွယ်တိုင်းလျန်းမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အရေးအတွက်ရော ဘာတွေ စီမံထားလဲ။

ဖြေ။      ။ ဒီဒုက္ခသည် ပြဿနာက လွယ်တိုင်းလျန်းမှာမှ မဟုတ်ဘူး။ တခြား နေရာတွေမှာလည်း ဒုက္ခသည်တွေ အများကြီး ရှိတယ်။ စစ်ဖြစ်တဲ့ အတွက်ကြောင့် အများကြီး ဒုက္ခရောက် ကြတယ်။ သူတို့ရဲ့ ဒုက္ခတွေကို ကယ်ဆယ်ချင်လို့ ငြိမ်းချမ်းရေးဖြစ် အောင် ကြိုးစားနေတာ။ ငြိမ်းချမ်းရေး ရပြီ နိုင်ငံရေး ပြဿနာ ပြေလည်ပြီ ဆိုလို့ရှိရင် သူတို့လည်း သူတို့အိမ် ပြန်ရုံပဲ။

မေး။     ။ သက်တမ်း တဝက်ကျော် ကြာလာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အပေါ်မှာရော ဥက္ကဋ္ဌကြီး အနေနဲ့ ဘယ်လို သုံးသပ်လဲ။

ဖြေ။      ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်လို့ ယူဆရမှာပေါ့။ ပထမ အချက် အနေနဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆိုရင် အတော် အောင်မြင်မှု ရလာတယ်၊ ဒုတိယ အချက်ကတော့ နိုင်ငံတကာက မကောင်းမြင် ထားတဲ့ဟာတွေ၊ အထင်မှားထားတဲ့ ဟာတွေလည်းပဲ အတော်လေး ဖျောက်ဖျက် ပစ်နိုင်တယ်။ အခုဆိုလို့ ရှိရင် အကောင်း မြင်လာတာ များတယ်။ ဥက္ကဋ္ဌ အနေနဲ့ ဆိုရင်တော့ ဦးသိန်းစိန်ကို တိုင်းပြည် အပေါ် စေတနာရှိတဲ့ ပုဂ္ဂိုလ် တိုင်းပြည် အပေါ်မှာ ပြောင်းလဲ တိုးတက်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင်တယ်။

မေး။     ။ လက်ရှိ အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာရော ဘယ်လို မြင်မိလဲ။

ဖြေ။      ။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ထဲမှာ ဒီမိုကရေစီ အယူအဆ ပြန့်ပွားအောင် ပထမဆုံး အုတ်မြစ်ချတဲ့ ပုဂ္ဂိုလ် တဦးလို့ မြင်တယ်။ နိုင်ငံကို တကယ် တိုးတက် ပြောင်းလဲ စေချင်တယ်၊ ဒီမိုကရေစီကို လက်ကိုင် ကျင့်သုံးစေချင်တဲ့ စေတနာ ရှိတယ်လို့ မြင်တယ်။ လက်ရှိ အစိုးရနဲ့ လက်တွဲပြီး လုပ်ကိုင်ခြင်းဟာ တဘက်နဲ့ တဘက် ပိုပြီးတော့ နားလည်မှု ရလာအောင် ဒီမိုကရေစီ သွားတဲ့ နေရာမှာ ပိုပြီးတော့ လက်တွဲနိုင်အောင် လုပ်နေတယ်လို့ မြင်တယ်။

မေး။     ။ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး RCSS အနေနဲ့ အရင်တုန်းက ဝေဖန် ကန့်ကွက် ခဲ့ဖူးတယ်၊ အခု လက်ရှိ အချိန်မှာရော ဘယ်လို သဘောထား ရှိပါလဲ။

ဖြေ။      ။ နိုင်ငံ တနိုင်ငံရဲ့ တိုးတက် ပြောင်းလဲမှုဟာလည်း အခြေခံ ဥပဒေ အပေါ်မှာ မူတည်တယ်။ ပြည်သူ အများစုဟာ ဒီအခြေ ခံ ဥပဒေက ဒီမိုကရေစီ လမ်းစဉ်နဲ့ မညီဘူး၊ ပြောင်းလဲ စေချင်တယ် ဆိုလို့ရှိရင် ပြောင်းစေချင်တယ်။ ၂၀၀၈ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ လမ်းစဉ်နဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြုပြင် စေချင်တယ်။

မေး။     ။ RCSS အနေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပူးပေါင်းသွားဖို့ဆိုရင် အဲဒီမှာ ကိုယ်မကြိုက်တဲ့ ဘယ်လို အချက်တွေက အခက်အခဲတွေ ရှိမလဲ။

ဖြေ။      ။ သူတို့ရဲ့ အခြေခံမူပေါ်မှာ မူတည်တယ်။ ရှမ်းပြည်ပဲ ဖြစ်ဖြစ်၊ ကရင်ပြည်ပဲ ဖြစ်ဖြစ်၊ ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့က တဖွဲ့တည်းပဲ ရှိရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီ ရှမ်းပြည်ထဲမှာ ရှိတဲ့ တခြား အဖွဲ့လေးတွေကို လက်ခံလိုက်တော့ အကုန်လုံး ရှုပ်ကုန်တော့ မဝင်နိုင်ဘူးပေါ့။

မေး။     ။ SSA တခုလုံးမှာ ဆိုလို့ ရှိရင် တပ်အင်အား စုစုပေါင်း ဘယ်လောက် ရှိမလဲ။

ဖြေ။      ။ အဲဒါကတော့ နိုင်ငံရေး ဆွေးနွေးြ့ပီးတဲ့အခါကြမှ အတိအကျ သိလိမ့်မယ်။

မေး။     ။ ပြီးခဲ့တဲ့နှစ် ရှမ်းပြည်နယ် အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားမှာ အင်အား ၅ ထောင်ကျော်လောက် သုံးသွားတာ တွေ့ရတယ်၊ ဒီနှစ်ကတော့ အဲဒီလောက် မများဘူးပေါ့။ ဒီလောက်ကြီးတဲ့ တပ်အင်အားတွေ၊ တပ်မိသားစုတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ထိန်းချုပ်လဲ၊ သူတို့ ဒီလို ရပ်တည် နိုင်အောင် အတွက် ဝင်ငွေတွေက ဘယ်ကနေ ရနေလဲ။

ဖြေ။      ။ ထိန်းချုပ်တာကတော့ ထုံးတမ်း အစဉ်အလာတွေ အရ ဗုဒ္ဓဘာသာကို အခြေ တည်ပြီးတော့ ထိန်းချုပ်လာခြင်းပဲ ဖြစ် တယ်။ စားဝတ်နေရေး အတွက် ကြတော့ ရှမ်းပြည်နယ်ထဲမှာ သဘာဝက ပေးတဲ့ အာဟာရတွေ အများကြီး ရှိတယ်၊ အဲဒါတွေက စားဝတ်နေရေး အတွက် ပြေလည် သွားတယ်၊ နောက်ပြီးတော့ အခွန်အကောက်တွေလည်း ရှိတယ်။

မေး။     ။ အခွန်အကောက်တွေ ဆိုတာက ဘယ်လို နေရာမျိုးတွေမှာ ကောက်တာလဲ။

ဖြေ။      ။ ကားတွေပြေးတဲ့ ကားလိုင်းတွေဆီကလည်း အခွန် ကောက်တယ်၊ ကျွဲကုန်သည်၊ နွားကုန်သည်တွေဆီကလည်း အခွန် ကောက်တယ်။ နောက်ပြီးတော့ သစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္ထုတူးတဲ့ ကုမ္ပဏီတွေ၊ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေဆီကလည်း သူ့အချိုးအစားနဲ့ သူ့အင်အားနဲ့ သူကောက်တယ်၊ အမျိုးမျိုးပေါ့။     ။

ဧရာဝတီ

ပြည်ပအလုပ်အကိုင်ပြပွဲ ပြည်ပအလုပ်ရှင်များက မြန်မာများကို တိုက်ရိုက်ရွေးခေါ်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

နိုင်ငံခြား အလုပ်ရှင်များ တိုက်ရိုက် ရွေးခေါ်မည့် ပြည်ပ အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့တော်၌ မတ်လတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

ယင်းအလုပ်အကိုင်ပြပွဲတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဟောင်ကောင်တို့မှ နိုင်ငံခြား အလုပ်ရှင်များ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အေးဂျင့်များ လာရောက်ကာ မြန်မာလုပ်သားများကို ရွေးချယ် ခေါ်ယူမည် ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်က လူ ၄၀ ခန့်၊ ဟောင်ကောင်က အလုပ်ရှင်နှင့် အေးဂျင့် ၂၀ ခန့် လာရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ပ အလုပ်အကိုင်ပြပွဲကို မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ကျင်းပမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများလည်း ပါဝင်ပြသမည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
“လူပေါင်း နှစ်ထောင်လောက်ကို အလုပ်ပေးနိုင်မယ်လို့ မျှော်မှန်းထားတယ်” ဟု ဦးမင်းလှိုင်က ဆိုသည်။

ပြည်ပတွင် အလုပ်လုပ်ရန် ရွေးချယ်ခံရသူများကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြပြီး အမြန်ဆုံး သွားရောက်ခွင့် ရရှိအောင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်း အလုပ်အကိုင် ပြပွဲကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား

(ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)

ကြံ့ခိုင်ရေးပါတီက လူကြီးမင်းတယောက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ပြောရဲဆိုရဲရှိစွာ ပြောဆိုသွားခဲ့ မဲဆွယ်သွားခဲ့တယ်ဆိုတဲ့ အချက်အလက်တချို့ မီဒီယာထဲ ရောက်လာပါပြီ။
သူက သူရဦးအေးမြင့်ပါပဲ။

လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ အဲသလို မဲဆွယ်သွားတယ် ဆိုတဲ့ ရေးသားချက်တွေ မှန်ကန်တယ် ဆိုရင်တော့  ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်ကိုင်တော့မှာလားလို့ မေးသူက မေးပါလိမ့်မယ်။

သူရဦးအေးမြင့်ပြောသွားတာကတော့ ... လာမယ့်နှစ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်မယ်ဆိုရင် ယှဉ်ရဲပါတယ် တဲ့။
သူက သူရဘွဲ့ ရရှိခဲ့ခြင်းဟာ တိုက်ပွဲအတွင်း ဗိုက်မှာ ဒဏ်ရာရတဲ့အထိ တိုက်ခဲ့လို့ဖြစ်ပါတယ် တဲ့။
သက်သေပြတဲ့အနေနဲ့ သူ့ဗိုက်ကို လှန်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကျည်ဆံက ဗိုက်ကို ထိလို့ တော်သေးတာပ။
တင်ပါးတို့ ဘာတို့ သွားထိခဲ့ရင်တော့ .... အင်း.... ။

တင်ပါးတို့ ဘာတို့ သွားထိခဲ့ရင်လည်း သူရဘွဲ့ ရမှာပါပဲ၊ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ နည်းနည်းပါးပါးတော့ ရေးဦးမှ ဆိုပြီး အခုလို ရေးလိုက်ပါပြီ။

ရေးချင်တာကတော့ သူရခဲ့တယ်ဆိုတဲ့ သူရဘွဲ့အကြောင်း မဟုတ်ပါ၊ စစ်တိုက်ဖူးတယ်ဆိုတဲ့အကြောင်းပါ။

စစ်တိုက်ဖူးတယ်၊ အခြေခံဥပဒေထဲကစကားလုံး ငှားသုံးရရင် စစ်ရေးအတွေ့အကြုံ ရှိတယ် ဆိုတော့ တပမ်းသာတာပေါ့လေ။
အနည်းဆုံး ညွှန်ချုပ်၊ ညွှန်မှူး အော်တိုမစ်တစ် ဖြစ်နိုင်တယ်၊ အများဆုံး သမ္မတဖြစ်နိုင်တယ် မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်က စစ်မတိုက်ဖူးဘူး၊  စစ်ရေးအတွေ့အကြုံ ရှိဘူး ဆိုတော့ တပမ်းရှုံးသလို ဖြစ်နေပါတယ်။
အဲဒါကြောင့် ဘေးကနေ တွေးကြည့်မိသူတွေက ... အထက်မှာ ဆိုခဲ့သလိုပဲ ... ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား ဆိုပြီး မေးခွန်းထုတ်နိုင်တယ်မဟုတ်လား။


 (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ) - သူရဦးအေးမြင့်ကြီးက သူ့ဗိုက်ကို လှန်ပြပြီး သို့ကလို ပြောခဲ့ခြင်း ရှိမရှိ ဆိုတာကတော့ ကိုယ်တိုင် တရားဝင် ငြင်းဆိုခြင်း၊ မငြင်းဆိုခြင်း မရှိသေးပါဘူး။
ဗိုက်ကြီးကိုလှန်ပြခြင်းက လက်ဝါးထောင်ပြခြင်းထက်တော့ သိမ်မွေ့မယ်၊ ပိုပြီးလည်း ကြည့်လို့ကောင်းမယ်လို့ ယူဆရပါတယ်။ ကြည့်ပျော်ရှုပျော်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်မတိုက်ဖူးဘူး ဆိုပြီး သူရဦးအေးမြင့် ပြောဆိုကြောင်း   ဖေဖော်ဝါရီ ၁၅ ရက်စွဲတပ် သံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတာပါ။

 ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ - ၂ သူရဦးအေးမြင့်သို့ အိတ်ဖွင့်ပေးစာ ဆိုတဲ့ ဆောင်းပါးမှာ ဆောင်းပါးရှင် ချင်းတွင်းချစ်ဆန်းက ရေးထားပါတယ်။


   နိုဝင်ဘာ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်မှာ သူရဦးအေးမြင့် အဲသလို မိန့်ခွန်းချွေခဲ့တာလို့ သူက ရေးထားတာပါ။

ဒီလိုသာ ပြောဆိုခဲ့ရိုးမှန်ရင်တော့ မြန်မာပြည်မှာ ဝန်ကြီးတွေက ခေသူမဟုတ်တွေပါလားလို့ ဆိုရမှာဖြစ်ပါတယ်။

The Irrawaddy