၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်

ပို့စ်တင်ချိန် - 6/08/2013 12:36:00 AM


မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဖြေဆိုထားသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကို အင်တာနက်စာမျက်နှာမှ တစ်ဆင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရှိရသည်။ “အွန်လိုင်းကနေ အောင်စာရင်းကြည့်နိုင်ဖို့ ၀က်ဆိုက်ဒ်ဖွင့်လိုက်တာ ဒီနှစ်က ပထမဆုံးလုပ်တာပါ၊ တစ်နိုင်ငံလုံး အောင်စာရင်းကို ကြည့်လို့ရမယ်၊ လုပ်နေကျပုံစံတိုင်း ကျောင်းတွေမှာ လည်း အောင်စာရင်းကပ် ပေးသွားမှာပါ”ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အင်တာနက်မှ တဆင့် အောင်စာရင်းကြည့်ရှုမည်ဆိုပါက စာမေးပွဲဖြေဆိုခဲ့သော ခုံနံပါတ် အပြည့်အစုံကို ထည့်သွင်းရိုက်နှိပ်ပေးရန် လိုအပ်ကြောင်း သိရှိရသည်။ “အဲဒီဝက်ဆိုဒ်က ဘယ်လောက်စိတ်ချရမှာလဲ ၊ အောင်စာရင်းဆိုတာ စာရွက်လောက်တိကျတာမရှိဘူး၊ ၀က်ဆိုဒ်မှာအောင်တယ်ဆိုပြီးတော့ အပြင်မှာကျတယ်ဆိုရင် ဘယ်လိုရှင်းကြမလဲ၊ဘယ်သူက တာဝန်ခံမှာလဲ ” ဟု တက္ကသိုလ်ဝင်တန်းဖြေထားသူ ကျောင်းသားတစ်ဦးက ပြောသည်။ ပညာရေးဝန်ကြီးဌာနမှ ၀န်ကြီး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံစာစစ်ဌာနမှ အဆိုပါ ၀က်ဆိုက်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဇွန်လ (၇)ရက် ည (၁၂) နာရီ နောက်ပိုင်းမှစ၍ ပညာရေးဝန်ကြီးဌာန၀က်ဆိုဒ်လိပ်စာ (http://www.moemyanmar.net/) တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။