Satellite အင်တာနက်စနစ်အသုံးပြုရန်အတွက် ပြည်ပ ဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ဟုဆို

ပို့စ်တင်ချိန် - 9/25/2013 08:16:00 PM

ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုများ၌ Satellite ဝန်ဆောင်မှုကို အသုံးပြုလိုပါက ပြည်ပဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ပြောသည်။


နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ Satellite အင်တာနက်စနစ်အတွက် အင်ဂျင်နီယာချုပ်၊ ပြည်ပဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ကြောင်း၊ အခြားစနစ်များဖြစ်သည့် E1, Fiber, ADSL စနစ်များကို အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်မန်နေဂျာများထံသို့ လိပ်မူပြီးလျှောက်ထားနိုင်သည်ဟု ဆိုသည်။ မိုဘိုင်းအင်တာနက်စနစ်အတွက် အင်ဂျင်နီယာချုပ၊် မိုဘိုင်းဆက်သွယ်ရေးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာရုံးများတွင် လျှောက်ထားနိုင်ကြောင်းသိရသည်။

ပြည်တွင်း၌ E1, Fiber, ADSL Wireless Broadband Satellite နှင့် မိုဘိုင်းအင်တာနက်စနစ်များကို အသုံးပြုလျက်ရှိသည်။ Satellite အသုံးပြုရန်အတွက် အမြန်နှုန်း 128 Kbps မှ 1 Mbps အထိ ရရှိမည်ဟုဆိုသည်။ လက်ရှိအသုံးပြုမှု၌ မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုမှုအများဆုံးဖြစ်ကြောင်း CDMA 450 MHz မိုဘိုင်းဖုန်းမှလွဲ၍ ကျန်မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ်အသုံးပြုနိုင်ကြောင်း သိရသည်။


လက်ရှိ GSM နှင့် WCDMA မိုဘိုင်းအင်တာနက်အတွက် Short Message Service (SMS) မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ အင်တာနက်စနစ် ဝန်ဆောင်မှုစတင်ပေးစဉ်ကာလတွင် တယ်လီဖုန်းလိုင်းပေါ်မှ ချိတ်ဆက်အသုံးပြုရသည့် Dial Up စနစ်ကို အသုံးပြုခဲ့ကြောင်း၊ တယ်လီဖုန်းလိုင်းအပေါ်တွင် Dial Up စနစ်ကို အမြင့်ဆုံးအသုံးပြုနိုင်သည့် 64 Kbps အမြန်နှုန်းကိုသာ အသုံးပြုနိုင်ခဲ့သည်ဟု ဆိုသည်။ အင်တာနက်စနစ်နှင့် ပတ်သက်သည့်စီမံကိန်းကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်တွင် အစိုးရအဖွဲ့အစည်းများ၌ စတင်အသုံးပြုနိုင်ခဲ့ပြီး အများပြည်သူအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က အထက်ပါတွေ့ဆုံခြင်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူတစ်ရာလျှင် ခုနစ်ဦး အင်တာနက်ဆက်သွယ်ရေးစနစ်ကို သုံးစွဲနိုင်ရန်ရည်မှန်းထားကြောင်း သိရသည်။


ထွန်းထွန်း