SIM ကဒ် အခမဲ့ နှင့် ဖုန်းခေါ်ခ ပြား ၈၀ ဖြစ်မည်


ဆက်သွယ်ရေး လုပ်ကိုင်ခွင့်နဲ့ ပက်သတ်ပြီး အပြိုင်အဆိုင်လျှောက်ထားသည့် ကုမ္ဗဏီပေါင်း ၁၂ ခုအနက်မှ ပြင်သစ်အခြေစိုက် Orange ဆက်သွယ်ရေး ကုမ္ဗဏီတစ်ခုမှ ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက စာနယ်ဇင်း မိတ်ဆက်ပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ခန်းမ၌ ကျင်းပ ခဲ့ပါသည်။

၎င်းကုမ္မဏီက မြန်မာ့ဆက်သွယ်ရေး အတွက် လုပ်ပိုင်ခွင့် ရရှိလာပါက (၅) နှစ် အတွင်း တစ်တိုင်းတပြည်လုံး အတွက် ဖြန့်ချိသွားမည်ဟုသိရပါသည်။

ရွေးချယ်ခံရပါက SIM ကဒ်ကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး ခေါ်ဆိုခနှုန်းအဖြင့် ၀.၈ ကျပ် (ပြား ၈၀ ) နှုန်းအဖြင့် သတ်မှတ်ပေးမည်ဟုလည်း သိရပါသည်။

Ref & Credit to Mizzima News in Burmese

ပုဂံအာနန္ဒာဘုရား ဆင်းတုတော်ရှေ့ ကြမ်းပြင်ဖောင်းကြွ လာခြင်းကို ရှေးဟောင်း သုတေသနမှ စောင့်ကြည့် လေ့လာခဲ့


ပုဂံ ရှေးဟောင်းနယ်မြေရှိ အာနန္ဒာဘုရား ဆင်းတုတော်ရှေ့ရှိ ကြမ်းခင်းကြွေပြား ဖောင်းကြွ လာသည် ကို တွေ့ရစဉ်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား (အေဒီ၁၁ရာစု) အတွင်း လိုဏ်ပတ်လမ်း၊ အရှေ့ဘက်ဆင်းတုတော်ရှေ့ ကြွေပြားခင်းကြမ်းပြင် နေရာတချို့သည် သာမန် အနေအထားထက် ဖောင်းကြွလာသည့် အနေအထား ဖြစ်လာရာ ရှေးဟောင်း သုတေသနဌာနမှ စောင့်ကြည့်လေ့လာခဲ့ပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်း တွင် ကြမ်းပြင်အား ဖယ်ခွာကြည့်ခဲ့ကြောင်း သတင်းရရှိသည်။
ဆင်းတုတော်ရှေ့ ကြမ်းပြင်အား ကြွေပြားများ ခင်းကျင်းခဲ့သည်မှာ မြန်မာသက္ကရာဇ် ၁၂၉၀ ခုနှစ် ၀န်းကျင် က ဖြစ်ကြောင်း၊ ဘုရားတွင်း အလှူမှတ်တမ်း တစ်ခုအရ ခန့်မှန်းရပြီး၊ အဆိုပါ ဆင်းတုတော်ရှေ့ ကြွေပြား များ နေရာတချို့ တစ်လက်မခန့် မျက်နှာပြင်ထက် ဖောင်းကြွ တက်နေသည်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ဘုရားဝန်ထမ်း တစ်ဦးက စတင်ပြီး သတိထားမိခဲ့ကြောင်း၊ ထို့နောက် ပုဂံရှေးဟောင်း သုတေသနဌာနအား သတင်းပို့ခဲ့ရာ သုတေသန ဌာနမှ သုံးရက်ကြာ စောင့်ကြည့်ပြီးနောက် ကြမ်းပြင်အား ဖယ်ထုတ် လေ့လာ ခဲ့ကြောင်း သိရသည်။
''ကြွေပြားအောက်က ခင်းထားတဲ့ထုက ခြောက်လက်မလောက် ရှိတယ်။ အဲ့ဒီအောက်က အုတ်တွေရှိတယ်။ ခင်းတာ နှစ်ငါးဆယ် ခြောက်ဆယ် ရှိပြီဆိုတော့ မွကုန်တာ တွေ့ရတယ်။ ပြီးတော့ အဲ့ဒီတုန်းက မဖောက်ထုံး လို ပါခဲ့တဲ့အခါမှာ ခုမှတစ်နည်းနည်းနဲ့ ဖောက်သလို ဖြစ်သွားပြီး မွသွား ပွသွားပြီး ဗိုက်ဖောင်း သလို ဖြစ်သွားတဲ့အတွက် ခုလိုဖြစ်သွားတယ်လို့ ယူဆပါတယ်' ဟု လေ့လာကြည့်ရှုခဲ့သူ ရှေးဟောင်းဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။
ဂေါပက အဖွဲ့မှ အဆိုပါ ကြမ်းပြင်အား အလေးဂရုပြု ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။ အာနန္ဒာဘုရားသည် ပုဂံခေတ်လက်ရာများတွင် အနုပညာလက်ရာ အမြောက်ဆုံး ဘုရား တစ်ဆူဖြစ်ပြီး ပြည် တွင်းပြည်ပ ဘုရားဖူး လေ့လာသူများနှင့် စည်ကားသည့် ဘုရားတစ်ဆူ ဖြစ်သည်။ အိန္ဒိယ နိုင်ငံမှ ပညာရှင်များနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သတင်းရရှိသည်။

From: Eleven Media Group 

အင်တာနက်ပေါ်မှာခေတ်စားနေတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ရဲ့ မိသားစုဓါတ်ပုံလေး


အင်တာနက်ပေါ်မှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ရဲ့ မိသားစုဓါတ်ပုံလေးကို တွေ့ရပြီး ဒီဓါတ်ပုံကို ပရိသတ်တွေက တအားသဘောကျကြပါတယ်။ ဒီဓါတ်ပုံ ရိုက်ကူးတဲ့ ဓါတ်ပုံဝဏ္ဏခွာနီးကို ဒီဓါတ်ပုံ ဖြစ်တည်ခဲ့ရခြင်း အကြောင်းကို မေးကြည့်တော့ "ကျွန်တော်ဒီရက်ပိုင်းထဲမှာပဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်မိသားစုကို City Baby ကြေငြာ ဓါတ်ပုံရိုက်ကူးခဲ့တာပါ။ သူတို့အိမ်ခန်းထဲမှာပဲ သမီးလေးပြေသုဒြာနဲ့ ရိုက်ထားပါတယ်။ ကြေငြာရိုက်ပြီးတော့ အိန္ဒြာကျော်ဇင်ရဲ့တူမလေးနဲ့ အမှတ်တရ ဓါတ်ပုံရိုက်လိုက်တာပါ။ ကျွန်တော်အဲဒီပုံလေးကို သဘောကျလို့ အင်တာနက်ပေါ် တင်ဖြစ်သွားတာပါ" လို့ပြောပါတယ်။

ဓါတ်ပုံ - ၀ဏ္ဏခွာနီး Facebook
popular journal 

ခန့်စည်သူ နဲ့ ဘာညာ သတင်းထွက်နေတဲ့ အိချောပို


မော်ဒယ်လောကနေ ကြော်ငြာတွေ ဇာတ်ကားတွေမှာနေရာရလာတဲ့ သရုပ်ဆောင် အိချောပို ဟာ ဟိုလူနဲ့ လိုလို၊ ဒီလူနဲ့လိုလိုဖြစ်နေတဲ့ လူပျိုကြီးခန့်စည်သူနဲ့ သတင်းထွက်နေပြန်ပါတယ်။ သတင်းထွက်မယ်ဆိုလည်းထွက်ချင်စရာလို့ဆိုရလောက်အောင် ခန့်စည်သူနဲ့တွဲဖက်ပြီး ဇာတ်လမ်းတွေတပူးတတွဲကြီးရိုက်ကူးနေသလို ခန့်စည်သူ ဦးစီးထုတ်ဝေတဲ့   ဖြန့်ချီရေးဇာတ်ကားတွေမှာ အိချောပို ကို ပိုပြီးတွေ့နေရပါတယ်။



ခန့်စည်သူဟာ နန်းမြတ်ဖြိုးသင်း နဲ့လည်း ဘာလိုလိုသတင်းတွေ ထွက်နေသူပါ။အိချောပို ဆိုရင်လည်း အသက် ၂၀ ၀န်းကျင် ငယ်ရွယ်တဲ့ မော်ဒယ်မလေးတစ်ယောက်ပါ။ အိချောပိုဟာ အရပ်မြင့်မြင့်ဒေါင်ကောင်းသလို တောင့်တင်းတဲ့ကိုယ်ခန္ဓာကလည်း ခန့်စည်သူအပါဝင် ပရိတ်သက် ကိုပါဆွဲဆောင်နိုင်ခဲ့ပါတယ်။တချို့ချို့အနုပညာရပ်ဝန်းကတော့ Private  နေရာတွေမှာ သူတို့နှစ်ယောက်ကို တွေ့ရတယ်လို့ဆိုပါတယ်

D.မိုးသား

Samsung Galaxy S II ထက်မြင့်သော S II plus


၂၀၁၁ ခုနှစ် မေလက စတင်ရောင်းချတဲ့ Samsung Galaxy SII က ကမ္ဘာ့ရောင်းအားကောင်း စမတ်ဖုန်းအဖြစ် သူ့ခေတ်သူ့ခါမှာ စံချိန်တင်ခဲ့ ပြီး SII ကို နောက်ထပ် အသက်ဆက်စေမယ့် S II plus ကို ပြန်လည် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
ယခု လက်ရှိ CES မှာ ပြသနေသော စမတ်ဖုန်း ဖြစ်ပြီး ယမန်နှစ် Samsung Galaxy S II ကိုမှ ဗားရှင်းထပ်မြင့်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီလမှာ စတင်ရောင်းချတဲ့ ဖုန်း ဖြစ်ပါတယ်။
Operating System
အဓိက မြင့်ထားတာကတော့ Android OS ဖြစ်ပြီး Jelly Bean 4.1.2 ကို အသုံးပြု ထားပါတယ်။
Processor
ယခင် SII တုန်းကလိုပဲ 1.2GHz dual core processor ကိုပဲ အသုံးပြု ပါတယ်။ RAM ကလည်း 1GB ပဲ ဖြစ်ပါတယ်။
Display
၎.၃ လက်မ super AMOLED ပါပဲ။ မပြောင်းလဲပါဘူး။ 800 x 480 pixel resolution  ကြည်လင်ပြတ်သားမှုအတိုင်းပဲ ဖြစ်ပါတယ်။

Storage
1GB RAM အပြင် built in အနေနဲ့ အရင်အတိုင်း 8GB, 16 GB နှစ်မျိုးနှစ်စား ဖြစ်ပါတယ်။ 64GB အထိ expand လုပ်နိုင်ပါတယ်။
ကင်မရာ
အရင်အတိုင်း 8 megapixel , ရှေ့  2 megapixel ဖြစ်ပါတယ်။ Autofocus, LED flash light တို့ ပါဝင်ပါတယ်။

Connectivity
GPS, Bluetooth 3.0, Wi-Fi, NFC, 3G တို့ ပါဝင်ပြီး 4G support လုပ်မယ့် ဖုန်း မဟုတ်ပါဘူး။

ဒါဆိုရင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရပါဘူး။ ဒီတော့ အတွင်း Software အပိုင်းပဲ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့  ဈေးကလည်း SIII တို့လို မကြီးတာ သေချာနေပါပြီ။ အရင်က ရောင်းခဲ့တဲ့ Samsung Galaxy SII နဲ့ မကွာခြားလှတဲ့ ဈေးနဲ့ မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
-
Ref: pocketling

အသက် ၁၂ဝ ကျော်၊ ရည်မှန်းချက်ရှင်သန်ဆဲ မြစ်နှစ်ယောက်ကို ရှင်ပြုပေးချင်သေးသည်တဲ့


အသက် ၁၂ဝ နှစ်ကျော်ပြီ ဆိုတော့ မျက်စိမှုန် လာသည်။ အသံကို အနည်း
ငယ်ကြားရသည်။ အတိတ်ကို ပြန်လှည့် ကြည့်သည့်အခါ တချို့အကြောင်းအရာ များက ဟိုရောက် သည်ရောက်၊ ဇရာက အတိတ်ကို ဝေဝါးစေသည့် သဘော။ သို့ သော် အရာတိုင်းသည် ဝေဝါးနေခြင်းမျိုး တော့ မဟုတ်။ အချို့သော အတိတ် သည် အလင်းပြန်မှု အားကောင်းသော မှန်တစ်ချပ်လို ကြည်လင်စွာ။
''အဖွား ငယ်ငယ်က စစ်ဖြစ်တော့ အဖွားက ထိန်ကုန်းမှာနေတာ။ ကြောက် လို့ဆိုပြီး အနောက်ဘက် မယ်တော်စုကို နွားလှည်းနဲ့ ပြန်တာ။ အပြန်လမ်းမှာ ဂျပန်တွေက နွားနှစ်ကောင်လုံးရဲ့ နဖား ကြိုးကိုကိုင်ထားတာ။ ပြီးတော့ သေနတ် ကို မိုးပေါ်ထောင်ပစ်ပြီး အကုန်လုံးကို ဆင်းခိုင်းတယ်။ အဖွားနဲ့ အဖွားသမီးက လှည်းပေါ်မှာ စောင်ခြုံကြီးနဲ့။ နွားလှည်း ဆရာက လက်ဟန်ခြေဟန်နဲ့ နေမကောင်း ကြောင်း ရှင်းပြတာ မရဘူး။ စောင်ကို ဇွတ်လှန်တော့မှ အဖွားရော သမီးမှာ ကျောက်ဖြူတွေ ပေါက်နေတာတွေ့သွား တော့ ရန်မပြုတော့ဘဲ ထွက်သွားတယ်။
လူသေအလောင်းတွေတင်ဖို့ လှည်းကို လုတာလေ''ဟု အဖွားက ဆိုသည်။ အဖွား၏အမည်မှာ ဒေါ်မြကြည်။ မြန်မာ သက္ကရာဇ် ၁၂၅၄ ခုနှစ် သတင်း ကျွတ်လဆန်း ၁ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ်၊မယ်တော် စုရွာတွင်မွေးဖွားခဲ့သည်ဆိုတော့ အသက် အားဖြင့် ၁၂၁ နှစ်သို့ပင်ရောက်ပြီ။ အသက်က ၁၂ဝ ကျော်သော် လည်း အမရပူရမြို့နယ်၊ ပေါက်ချိုင်ကုန်း ရွာ၊ ရွာဦးကျောင်းဘေးတွင် အိမ်ကလေး ဆောက်၍ တစ်ဦးတည်း နေသည်။ အဖွားက သီးသန့်သာ နေချင်သည်တဲ့။ မည်သူ့နောက်မှ လိုက်မနေ။ အဖွား၏ မြေး မမူဝင်းမိသားစုက ရွာထဲမှာနေ။ အဖွား၏ ဝေယျာဝေစ္စလုပ် ပေးပြီးလျှင်ပြန်။ အတူလာနေသည်ကို မကြိုက်။ အတင်းနှင်ထုတ်သည်ဟု မမူ ဝင်းက ပြောသည်။
''လေယာဉ်ပေါ်က ဗုံးကြဲချရင် အောက်မှာ လူသေအလောင်းတွေ အ များကြီးပဲ။ ပုပ်စော်ကလည်း နံဟောင် နေတာပဲ။ လင်းတတရုန်းရုန်းနဲ့။ ထမင်း ချက်ရင်တောင်မီးခိုးမထွက်ရဘူး။ ထွက် ရင် လေယာဉ်ပေါ်က ဗုံးကြဲချတယ်။ တော်တော်ဆိုးဆိုးဝါးဝါးပဲ''ဟု အဖွားက ထပ်ပြောပြသည်။ အဖွားပြောသည့် ဒုတိယကမ္ဘာစစ် အတွေ့အကြုံ ဖျတ်ခနဲ အရိပ်တစ်ကွက်။ အဖွားပြောသလိုတော်တော့်ကို ဆိုးရွား ခဲ့လို့လားမသိ စစ်၏အနိဋ္ဌာရုံ ပုံရိပ် အချို့မှာ ယနေ့တိုင် စိမ်းစိုလို့။ အဖွားက အသက် ၁၆နှစ်မှာ အိမ် ထောင်ကျတာလို့ ပြောတော့။ ရှက်သံဝဲ နေသောအသံနှင့် ခပ်ရှက်ရှက်ပြုံးလို့။ ''မောင်နီဆိုတဲ့လူနဲ့ ကလေးနှစ် ယောက်ရတယ်။ ယောက်ျားကတော့ အဖွားအသက် ၃၅ နှစ်အရွယ်မှာ ဆုံး သွားတယ်''ဟု ပြောသည်။
နံဘေးတွင် ရှိနေသော အဖွား၏ မြေးဖြစ်သူ မမူဝင်းက အဖွားက အိမ် ထောင်သုံးဆက်ကျခဲ့သောကြောင့်အိမ် ထောင်ရေးအကြောင်း မေးလျှင် သိပ် မကြိုက် ရှက်တတ်သည်ဟု ဆိုသည်။ အဖွားကတော့ အကြားအာရုံ အထိုက်အလျောက် ချို့တဲ့နေပြီမို့ မြေး ဖြစ်သူ၏ စကားကြားဟန် မတူ။ အဖွား ၏ မျက်လုံးများမှာ ငေးရီမှိုင်းဝေလျက်။ ရသလောက် အသိအာရုံဖြင့် အတိတ်ကို ခြေရာ ပြန်ခံနေသလား မသိ။ မြေး မမူဝင်းက ပထမဦးဆုံး ဦး သိန်းဆိုသူနှင့် အိမ်ထောင်ကျ၊ မသန်း ညွန့်နှင့် ဦးခိုဟူသည့် သားသမီး နှစ်ဦး ထွန်းကား၊ ဒုတိယဦးအောင်ဘနှင့် အိမ် ထောင်ကျ၊ မလှမြိုင်နှင့် ဒေါ်ညို တင်တို့ ကို မွေးဖွား။
နောက်ဆုံးအိမ်ထောင်ရေး မှာ ဦးနီဆိုသူနှင့်။မကုလားမနှင့် မသေး မာတို့ကို မွေးဖွား။ လက်ရှိတွင် မကုလား မ (၆ဝ)နှစ်နှင့် မသေးမာ (၇၅)နှစ်တို့ သာ ကျန်ရှိတော့ကြောင်း ပြောပြသည်။ အဖွားသည် ရွာဦးကျောင်းတွင် တစ်ကိုယ်ရေ နေထိုင်သော်ငြား ဧည့်က တော့ မပျက်။ အသက် ၁၂ဝ ကျော် အ ဖွားအပေါ် တစ်ရွာလုံးက ဂုဏ်ယူမ ဆုံး။ ရွာထဲသို့ ဧည့်လာပြီဆို များသော အားဖြင့် အဖွားထံသို့ပင် ဖြစ်သည်။ အဖွားသတင်းကြားသူများက အဖွားဆီ သို့ စုံစမ်းပြီး လာကြသည်။ လှူဒါန်းကြ သည်။ လစဉ် ၅ ဦးနှင့်အထက် အလှူ ရှင် ရှိသည်ဟု မမူဝင်းက ပြောသည်။ ''သူရတဲ့ပိုက်ဆံ သူ့ဘာသာခေါင်း ရင်းက သေတ္တာလေးထဲ ထည့်ထား တယ်။ တစ်ခါတလေကျွန်မတို့ကို မုန့်ဖိုး ပေးတယ်''ဟု မမူဝင်းက ပြောပြသည်။
အဖွားသည် ရလာသည့် အလှူငွေ များကို သေတ္တာထဲထည့်၍ ကျစ်ကျစ်ပါ သိမ်းထားသည်တော့ မဟုတ်။ ရသမျှ အလှူဆင့်ပွားလှူဒါန်းခြင်းဖြင့် ကုသိုလ် ပွားသည်။ ဘုန်းကြီးကျောင်းတွင် ဘုရား တည်သည်။ ရေအိုးစင်ဆောက်သည်။ ဆက်တီခုံလှူသည်။ ရွာအတွက် လမ်း ဖောက်သည်။ ရွာထိပ်တွင် ဇရပ်တည် သည်။ ''အဖွားကို လှူသမျှငွေ အဖွားက ပြန်လှူနေဦးမှာ''ဟု ကြည်လင်သော မျက်နှာဖြင့် အဖွားက ပြောသည်။အဖွားက သူများအားမကိုးချင် အားနာ၍ ဖြစ်သည်။
''ထလည်း အကူနဲ့ ထိုင်လည်း အကူနဲ့ ဘယ်သူက ရေရှည် လုပ်ပေးချင်မှာတုန်း''ဟု အဖွားက ပြောသည်။ ထို့ကြောင့်ပင် ရွားဦးဘုန်းကြီး ကျောင်းဘေး တစ်ယောက်တည်းနေ သည်။ မနက်လင်းလျှင် လာလှူထား သော မုန့်အချို့(ဘီစကစ်၊ အိုဗာတင်း) တို့ကို မမူဝင်းတို့မိသားစုမှ အားတဲ့လူ လာတိုက်ရသည်။ နေ့လယ် ထမင်းတစ် နပ်သာ စားပြီးညနေစာ လှူထားသည့် မုန့်သာ စားသည်ဟု မမူဝင်းက ပြော သည်။ ကြက်သား၊ ဝက်သား၊ ငါး လုံးဝ စားခြင်း မရှိဘဲ ငါးခြောက်သာ တစ်ခါ တလေ စားသည်ဟု ဆိုသည်။ ညနေ ၅ နာရီကျော်လျှင် ဘုရားဝတ်ပြုပြီး အိပ် သည်ဟု ဆိုသည်။ ထူးဆန်းသည်မှာ အဖွားက ကြက် ကလေးတစ်ကောင်မွေးထားသည်။
နဂို က နှစ်ကောင်မွေးသည်ဟု ဆို၏။ တစ် ကောင်သေသွားပြီး တစ်ကောင်သာ ကျန်သောကြောင့် အဖွားက ကြက်နာ မည်ကို အထီးလားအမလားမသိ မိကျန် ဟုသာ ပေးထားသည်။ အဖွားက ကြက် လေးကို အရမ်းချစ်သည်ဟု အဖွား၏ မြေး မမူဝင်းက ပြောသည်။ မျက်စိ အောက်က အပျောက်မခံ။ ကြက်က လည်း အဖွားခေါ်လျှင် လာသည်ဟု ဆို၏။ ညအိပ်လျှင် အဖွားရင်ခွင်ထဲ ဝင် အိပ်သည်။ ''ကျွန်မတို့က အဖွားကို ဆိတ်မှာစိုးလို့ ကြက်ကို ခဏခဏ ဝှက်ထား ဖူးတယ်။ ကြက်ပျောက်ရင် ငိုတော့တာ ပဲ။ ပြန်မရောက်မချင်း ငိုတာ။ အဲဒီလို အခါမျိုးဆို ကျွန်မကို သုံးလေးရက် လောက်ထိစကားမပြောတော့ဘူး။ အဲဒါ နဲ့ ကျွန်မလည်း နောက်မလုပ်ရဲတော့ ဘူး''ဟု မမူဝင်းက ဆိုသည်။
အဖွားက ကျန်းမာသည်။ ယခု အချိန်အထိ ရောဂါကြီးကြီးမားမား ဖြစ် ခဲ့ဖူးခြင်း မရှိ။ ''စစ်တုန်းက ကျောက်ဖြူ ပေါက်တုန်းကသာ ကြီးကြီးမားမား ရော ဂါဖြစ်ဘူးတာ''ဟု အဖွားက ပြောသည်။ အဖွားအားကျန်းမာရေးဒါနအဖြစ် လစဉ် လာကုပေးသည့် လူငယ်ဆရာဝန်လေး တစ်ဦးရှိသည်။ အဖွားတစ်ခုခုဖြစ်လျှင် ခေါ်တိုင်းလာသည်ဟု မမူဝင်းက ပြော သည်။ ထိုဆရာဝန်လေးမှာ ကိုအောင် ခိုင်ဦး ဖြစ်သည်။ ''ကြီးကြီးမားမားရောဂါမရှိဘူး။ တစ်ခါတလေ အားနည်းတာ။ အစား သိပ်မစားတာလောက်ပဲ ရှိတာ။ အခု ရက်ပိုင်းဆို နေတအားပြင်းတော့ နည်း နည်းနုံးတာလောက်ပဲ ရှိတာ။ သွေး ပေါင်လည်း ကောင်းတယ်''ဟု ဒေါက် တာ အောင်ခိုင်ဦးက ပြောသည်။
အဖွားက အသက် ၁၂ဝ ကျော် နေရသောကြောင့် ကျေနပ်သည်ဟု ဆို သည်။ နောက်ထပ်လည်း လှူချင်သေး သဖြင့် အသက် ဆက်ရှည်ချင်သေး သည်ဟု ဆို၏။ အဖွားတွင်သားသမီး ခြောက်ယောက် မြေးပေါင်းဆယ်ဂဏန်း ကျော်။ မြစ်ဆိုသည်ကား မည်မျှရှိမည်ကို တွက်ဆမရနိုင်တော့။ တချို့တွေ အဝေး တစ်နေရာရောက်သွား၍ ဖြစ်သည်။ အဖွား သက်ရှိထင်ရှား ရှိသေးသည်ကို အချို့မြေးတွေ မြစ်တွေမသိရှိကြတော့။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရောက်ရှိ နေကြပြီဟုမမူဝင်းကပြောသည်။
''တချို့ တွေဆို ရှမ်းပြည်ဘက် ရောက်ကုန် တယ်လို့ ကြားတယ်''ဟု မမူဝင်းက ပြောသည်။ သို့သော် အဖွားအား တီတီ တာတာ ပြောပြီး အဖွားကိုလည်း ချစ်၊ အဖွားကလည်း ချစ်သည့် ကျောင်းနေ အရွယ် မြစ်နှစ်ယောက်ရှိသည်။ ထိုက လေးနှစ်ယောက်မှာ တခြားသူမဟုတ် မမူဝင်း၏သားနှစ်ယောက် ဖြစ်သည်။ ''အဖွားလှူချင်သေးတယ်။ မသေ ချင်သေးဘူး။ ဒီမြစ်နှစ်ယောက်ကို ရှင် ပြုပြီးမှ သေချင်သေပေါ့။ ဖြစ်ချင်ရာ ဖြစ်ပါ။ အဖွားပိုက်ဆံစုပြီး လှူဖို့ ကြိုး စားဦးမယ်''ဟု အဖွားဒေါ်မြကြည်က ပြောသည်။
၁၂၅၄ ခုနှစ်မှ ယနေ့အချိန်ထိဟု ဆိုပါလျှင် အသက် ၁၂၁ နှစ်ထဲမှာပင်။ မြန်မာနိုင်ငံ၏ အသက်ကြီးဆုံး အဖွား အိုဟု ဆိုနိုင်သည်။ ထို့အပြင် ကမ္ဘာ့အ သက်အကြီးဆုံးသူဟုလည်း ဆိုချင် ဆို နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ၁၁၅ နှစ်ဖြင့် ဂျပန်လူမျိုးတစ်ဦးက ဂင်း နစ်မှတ်တမ်းတင်ထားခြင်းကြောင့် ဖြစ် သည်။ မကြာသေးခင်အချိန်က အဖွား ဒေါ်မြကြည်အား ဂင်းနစ်မှတ်တမ်းတင် ဖို့ လူနှစ်ယောက်လာရောက်စစ်ဆေးဖူး သည်ဟု အဖွား၏ မြေး မမူဝင်းက ပြော သည်။
''လူနှစ်ယောက်လာကြည့်သွား တယ်။ ဘယ်သူတွေလည်းတော့ မသိ ဘူး။ ပြောတာတော့ စံချိန်တင်ဖို့ဆိုလား ပဲ။ အဖွားကိုရော သားသမီးတွေကိုရော မြေးတွေမြစ်တွေကိုရော စစ်သွားတယ်။ နောက်တော့ ပြန်မလာတော့ဘူးဟု မမူ ဝင်းက ပြောသည်။ အဖွားဒေါ်မြကြည်သည် ဂင်းနစ် မှတ်တမ်းတင်လျှင် တင်လို့ရနိုင်သည်။ ဂင်းနှစ်မှတ်တမ်းတင်လျှင် အဖွားဒေါ်မြ ကြည် ကမ္ဘာကျော်နိုင်သည်။ ကမ္ဘာ မ ကျော်လျှင်တောင်မှ နိုင်ငံကျော်မည်ဖြစ် သည်။
သို့သော် အဖွားကမူ နိုင်ငံမ ကျော်သည်ဖြစ်စေ၊ ကမ္ဘာမကျော်သည် ဖြစ်စေ အသက် ၁၂ဝ ကျော်ခဲ့ပြီဖြစ် သည်။ စကားကောင်းစွာ ပြောနိုင်နေသည်။ လှူနိုင်တန်းနိုင်နေသေးသည်။ ရည်ရွယ်ချက်တွေ ရှိနေသေးသည်။ မျှော်လင့်ချက်တွေ ရှိနေသေးသည်။ ကမ္ဘာမကျော်လည်း ဘာမှမဖြစ်။ သူ၏ မြစ်နှစ်ယောက်ကို ရှင်ပြုဖို့သာ သူ၏ရည်ရွယ်ချက် ဖြစ်သည်။
ဖိုးလပြည့် - Popular News Journal

ထိုင်းရောက် မြန်မာလုပ်သား လူငယ်များ HIV ကူးစက်ခံရမှုပိုများလာ


ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သား များတွင် HIV/AIDS ရောဂါ တွေ့ရှိ ရမှုမှာ အသက် ၂ဝ ဝန်းကျင်လူ ငယ်ပိုင်းတွင် ပိုများ လာကြောင်း ရတ် ထိုင်းကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ မှ သိရသည်။ ”နဂိုကဆို အသက် ၃ဝ ကျော် ပိုင်းမှာပဲ တွေ့ရှိနေတာက အခု နောက် ပိုင်း အသက် ၁၅ နှစ်ဝန်းကျင် ကိုယ် ဝန်ဆောင်သည်တွေမှာပါ တွေ့လာရပါ တယ်”ဟု ရတ်ထိုင်းမှ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့မှ ဦးအောင်မင်းက ပြောသည်။
၎င်းတို့ တွေ့ရှိရမှုမှာ ကိုယ်ဝန် ဆောင်များ ကိုယ်ဝန်အပ်ရာမှ စစ်ဆေး တွေ့ရှိချက်ဖြစ်သောကြောင့် ကျန်းမာ ရေး စစ်ဆေးမှုမရှိသော သူများတွင် မည်မျှ ရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။
လူငယ်များတွင် ကာလသားရော ဂါဖြစ်ပွား မှုနှုန်းမှာလည်း လွန်ခဲ့သော လေးနှစ်ခန့်က ထက်ပိုမို များပြားလာ ကြောင်းံ HIV/AIDS ရောဂါ တွေ့ရှိပြီး ၎င်းတို့ဆီ ရောက်ရှိ လာသော ရောဂါ ရှင်အများစုမှာ ရောဂါကျွမ်းပြီး သေဆုံး သွားသူများ များပြားကြောင်း ၎င်းက ဆိုသည်။ ရတ်ထိုင်း ကျန်းမာရေး စောင့် ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက HIV/AIDS ဖြစ်ပွား သူဦးရေကို အတိအကျ စာရင်းမသိရှိရကြောင်း၊ သို့သော် လူ ပေါင်း ၃ဝဝဝ ကို စစ်ဆေးပါက ၁ဝ ဦး မှ ၁၅ ဦးခန့်တွင် HIV/AIDSတွေ့ ရှိရ ကြောင်းပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သား များကို ကျန်းမာရေး၊ လူမှုရေး၊ နေထိုင် ရေး ကိစ္စရပ်များကို NGO များက စောင့်ရှောက်ကူညီ ပေးလိုသော်လည်း တရားမဝင်လုပ်သား များပြားမှုသည် ၎င်း တို့အတွက် အဓိကအခက်အခဲဖြစ်နေကြောင်း စမုဆောင်ခရမ် လွှတ်တော်အမတ် Mr.Surajit Ehirawate က ပြောသည်။ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့်ရှိပြီး စမုစခွန်ခရိုင် တွင် ၅ သိန်းခန့်ရှိရာ သုံးပုံ တစ်ပုံသာ တရားဝင်နေထိုင်ကြသူများ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
ဝေယံမိုးမြင့် - Popular News Journal

ဆင်ဖြူငှားရမ်းရေး ထိုင်း လက်မလျှော့သေး



ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂၀၁၀ စက်တင်ဘာ ၂၃ ရက်နေ့က နောက်ဆုံးဖ မ်းဆီးရမိသည့် ဆင်ဖြူ(ဓာတ်ပုံ – ဧရာဝတီ)

ထိုင်း အာဏာပိုင်များက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ငှားရမ်းရေး အတွက် မြန်မာအစိုးရနှင့် ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရ သည်။

ဘရူနိုင်း နိုင်ငံတွင် ကျင်းပမည့် ၀န်ကြီးများ အဆင့် အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးနှင့် ထပ်မံ ဆွေးနွေး မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး Sura pong Towichukchaikulက ပြောကြောင်း ယနေ့ ထိုင်းသတင်းများက ဖော်ပြကြသည်။

မြန်မာအစိုးရ အနေနှင့် ဆင်ဖြူ ငှားရမ်းမည့် ကိစ္စကို ထိုင်းနိုင်ငံသို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆို သည်။

“ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘရူနိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ၀န်ကြီးတွေ အဆင့် အစည်းအဝေး ကျရင် မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့မယ်၊ ဘာပဲ ဖြစ်ဖြစ် ဆင်ဖြူ ငှားရမ်းဖို့ ကိစ္စကို အသေးစိတ် ပြောမယ်၊ ထိုင်းနိုင်ငံကို သယ်ယူရေး ကိစ္စ၊ နေရာ တည်ဆောက်ရေး၊ ထိုင်းအစိုးရအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြည့်ရှုစောင့်ရှောက်ဖို့ ဆွေးနွေးမယ်”ဟု Sura pong က ဆက်ပြောသည်။

မြန်မာအစိုးရက ဆင်ဖြူကို ထိုင်းသို့ မငှားခြင်းမှာ အခက်အခဲ တခုခုရှိနေနိုင်သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တစုံတရာ မထိ ခိုက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် အရှေ့ အာရှ လက်တင် အမေရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်(FEALAC) တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Sura pong Towichukchaikulတို့ သီးခြား တွေ့ဆုံခဲ့စဉ် ဆင်ဖြူ ငှားရန် ကမ်းလှမ်းခဲ့သည်။

ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်လိုသည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ချင်းမိုင်(ခေါ်) ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားသောမြို့လည်း ဖြစ် သည်။

ယင်း ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ထိုင်းနိုင်ငံသားများ အနေနှင့် အဆိုပါ ဆင်ဖြူကို မြန်မာနိုင်ငံသို့ လာ ရောက် ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယခုလ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အထိ သယ်ဆောင်ရေး အတွက် အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းနိုင်ငံသားများက အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် အထူးလေကြောင်း ခရီးစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူ လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးချစ် ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး ခရီးသွား လုပ်ငန်းကို အထောက်အကူ ပြုစေနိုင်ကြောင်း ပြန်လည် တင်ပြထားသည်။

ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထောက်လှမ်းရေးအကြီးအကဲ နှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့ လက်ထက်တွင် ရခိုင်ပြည်နယ်မှ ဆင်ဖြူ ၅ ကောင် ဖမ်းဆီး ရရှိထားသည်။

၂၀၁၀ ပြည်နှစ်တွင် နောက်ဆုံး အကြိမ် ဆင်ဖြူ ၂ ကောင်ကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်း ဒေသတွင် ဖမ်း ဆီး ရမိခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆင်ဖြူများကို ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ်၊ စေတီပြင် ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာအနီးမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည် နယ် ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆင်ဖြူများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဥယျာဉ်နှင့် နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တို့တွင် ထားရှိသည်။

ရှေးယခင် ရှင်ဘုရင်များ လက်ထက်မှ စ၍ အဖြူရောင်ရှိသော ဆင်မျိုးကို ထူးခြားသည့် ကျန်အင် လက္ခဏာများအရ ရတနာ တပါးကဲ့သို့ တန်ဖိုးထားပြီး ဆင်ဖြူတော် ဟု ခေါ်ဆို သုံးနှုန်းကြကြောင်း၊ ဘုန်းတန်ခိုး ကြီးရာကြီးကြောင်းအတွက် ယင်း ဆင်ဖြူရတနာ ကို နှစ်သက် လိုလားကြကြောင်း၊ ဆင်ဖြူ ရရှိသူသည် ဆင်ဖြူရှင် ဘွဲ့ခံယူကြကြောင်း စာပေကျမ်းဂန် မှတ်တမ်း များ၌ တွေ့ရှိရ သည်။

ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင့်နောင် ဘုရင်သည် မြန်မာ သက္ကရာဇ် ၉၂၅ ခုနှစ်က ယိုးဒယားကို ချီတက် တိုက် ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်။ တိုက်ခိုက်ရသည့် အကြောင်းအရင်းမှာ ယိုးဒယား ၌ ဆင်ဖြူ ၄ ကောင်ရှိသည့်အနက် ၁ကောင်ကိုတောင်း ရာ မပေးသဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဘုရင့်နောင်ကို မနိုင်၍ ယိုးဒယားမင်း လက်နက်ချပြီး ဆင်ဖြူများကို ဆက်သအပ်နှင်း ရာ ဘုရင့်နောင်က ဆင်ဖြူများရှင်ဘွဲ့ကို ခံယူခဲ့ကြောင်း မြန်မာ့ စွယ်စုံကျမ်း၌ ဖော်ပြထားသည်။

ဧရာဝတီ

သူလေးလည်း အနုပညာနဲ့ အိမ်ထောင်ရေး လဲလှယ်ပြီ


လက်ထပ်ပြီးရင် အနုပညာအလုပ်တွေ မလုပ်တော့ဘူးဆိုတဲ့ ခင်သဇင် (ဓာတ်ပုံ – ကျော်စွာမြင့်/ Golden Light)

လာမယ့် ၂၃ ရက်နေ့မှာ လက်ထပ်တော့မယ့် ကြော်ငြာမော်ဒယ်လ် ခင်သဇင်ဟာ အိမ်ထောင်ပြုပြီးချိန်မှာ အနုပညာ အလုပ်တွေ မလုပ်တော့ဘူးလို့ ဆိုလာပါတယ်။

“ဇင် အိမ်ထောင်ပြုပြီးရင် အနုပညာအလုပ်တွေ ဆက်မလုပ်တော့ပါဘူး၊ အရင်ကတည်းက ၀ါသနာပါလို့ လုပ်ခဲ့တာ မဟုတ်ဘူးလေ၊ ဘ၀မှာ အမှတ်တရ တခုအနေနဲ့ပဲ လုပ်ခဲ့တာပါ။ အိမ်ထောင်ကျပြီးရင်တော့ အိမ်ထောင်ရှင်မ ကောင်းတယောက် ဖြစ်အောင်ပဲ ကြိုးစားတော့မှာပါ” လို့ ခင်သဇင်က ဧရာဝတီကို ပြောပါတယ်။

အနုပညာ အလုပ်တွေကို ဝါသနာပါလို့ မဟုတ်ဘဲ အမှတ်တရ အနေနဲ့ လုပ်ခဲ့တာဆိုတဲ့ ခင်သဇင်ဟာ ဒေါက်တာ ထူးခြားအောင်နဲ့ ချစ်သူသက်တမ်း ၆ နှစ်အကြာမှာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုး … အိုး … ဟော့တယ်” သီချင်းကို ပရိသတ်တွေ ကြိုက်ကြသလို၊ သီချင်းထဲမှာ သရုပ်ဆောင်ထားတဲ့ ခင်သဇင်ဆိုတဲ့ မော်ဒယ်လ်လေးကိုလည်း သတိထားမိမယ် ထင်ပါတယ်။ သူက ကြော်ငြာတွေ အများအဟြး ရိုက်ကူးထားသလို၊ ဇာတ်ကားတွေလည်း ရိုက်ကူးထားပါတယ်။

နိုင်းနိုင်းနဲ့ htc butterfly ဖုန်းကြော်ငြာ၊ နေတိုး၊ ဉာဏ်လင်းအောင်၊ မယ်လိုဒီ တို့နဲ့ အင်္ကျီကြော်ငြာတွေ ရိုက်ကူးထားပြီး ရုပ်သံလိုင်းတွေမှာ လွှင့်နေပါပြီ။

“ဇင်နဲ့ သူနဲ့ ချစ်သူသက်တမ်း ခြောက်နှစ်ရှိပါပြီ။ ဒီကြားထဲမှာတော့ စိတ်ကောက်လိုက်၊ ရန်ဖြစ်လိုက်၊ ပြန် အဆင်ပြေလိုက် ပေါ့နော်။ အခုတော့ ဇင်တို့ တယောက်ကိုတယောက် နားလည်ပြီး ဘ၀ကို တည်ဆောက်တော့မှာပါ” လို့ ခင်သဇင်က ဆိုပါတယ်။

ခင်သဇင်အနေနဲ့ ဘာကြောင့် “အနုပညာနဲ့ အိမ်ထောင်ရေး လဲလှယ်” လိုက်သလဲ ဆိုတာကိုတော့ ပရိသတ်တွေ စဉ်းစားဖို့ တကွက်ချန်ထား ပေးလိုက်ပါတယ်။

ဧရာဝတီ

သရုပ်ဆောင်မေဇွန်အား လူသတ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ် - Myanmar Crime News


သရုပ်ဆောင်မေဇွန်အား အမိန့်ချမှတ် ပြီးနောက် ခေါ်ဆောင်လာစဉ်
အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရသည့် သရုပ်ဆောင် မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ လ တို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့် ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး...
အဆိုပါ ပြစ်ဒဏ်အပေါ် တရားခံ၏ ရှေ့နေဖြစ်သူ ဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး မေဇွန်က ကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာရယ်၊ အရင်က ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံ တက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲ စစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မ ဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တရားသူကြီးက ဆိုသည်။
အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ ထွက်ဆိုချက်အရ မေဇွန်သည် အိမ်အကူများအား မကြာခဏ နှိပ်စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။
ထို့ပြင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက် လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းများနှင့် အိမ်ဖော်များ အချင်းချင်း ကြက်မွေးဖြင့် ရိုက်ခိုင်းခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ရဲစစ်ချက်များတွင် ဖော်ပြထားသည်။

From: Eleven News

ကျောက်မျက် ရောင်းချပွဲ၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီး ပျောက်ဆုံး

နိုင်ငံတော် ဒုတိယသမ္မတ ဖွင့်လှစ်ခဲ့သည့်အကြိမ် (၅၀)မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲ စတင်ချိန်၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီး
ပျောက်ဆုံးမှုကို ဇွန်လ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း ကျောက်မျက် လုံခြုံရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီ၌ ဖွင့်ပွဲကျင်းပနေစဉ် နိုင်ငံခြားသားများ ဝင်ရောက် လေ့လာနေချိန်တွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ စိန်အသေး ၁၀ ပွင့် ခြယ်ထားသည့် ကျောက်စိမ်း ဆွဲသီးသည် ၃၂ ကာရက်ရှိပြီး အလေးချိန် စုစုပေါင်း ၂၀ ဒသမ ၇၂ ဂရမ် ရှိကြောင်း ယင်းပြပွဲထံမှ သိရသည်။

ယင်းဆွဲသီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အမှုဖွင့်ထားကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲအရာရှိက အတည်ပြု ပြောကြားသည်။

ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီ၏ အရောင်းတာဝန်ခံ ဒေါ်နှင်းဝေကို၏ တိုင်ကြားမှုကို ပထမသတင်းပေးတိုင်ချက် အမှတ် (ပ)/၅၅/၂၀၁၃- ပုဒ်မ ၃၈၀ ဖြင့် ဇမ္ဗူသီရိ မြို့နယ် ရဲစခန်းက လက်ခံထားသည်ဟု ၎င်းကပြောဆိုသည်။

ကျောက်မျက် ရတနာပြပွဲ စတင်ခဲ့သည့်ရက်မှာ ဇွန်လ ၁၅ ရက်ဖြစ်သည်။
ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီသည် ကျောက်မျက် ရတနာပြခန်းပေါင်း ၇၀ အနက် အကြီးဆုံး ပြခန်းသုံးခန်းတွင် တစ်ခန်း
ပါဝင်ပြသထားသည်။

The Voice Weekly