ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်

ပို့စ်တင်ချိန် - 3/22/2014 02:18:00 PM


ရန်ကုန်၊ မတ် ၂၁

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းရန် သတ်မှတ်ထားသော အချိန်အထိ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသဖြင့် ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ သတင်းပြန်ကြားရေး ဦးသန်းထွန်းက ပြောကြားသည်။

ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြု မပြု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်ဟု နိုင်ငံတော် သမ္မတထံ မတ်လ ၁၇ ရက်နေ့က စာတင် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

“ဒီနေ့အထိ ထင်သာမြင်သာ ရှိတဲ့ တုံ့ပြန်မှုမျိုး မရသေးဘူး။ ရခိုင်တစ်ပြည်နယ်လုံး သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မယ်” ဟု ဦးသန်းထွန်းက ပြောဆိုသည်။

အကြောင်းပြန်ရန် သတ်မှတ်ရက် ကျော်လွန်သွားသော်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူမည် မဟုတ်ဟု အစိုးရက ပွင့်ပွင့်လင်းလင်း ကြေညာပေးမည် ဆိုပါက သပိတ်မှောက်မည့် အစီအစဉ်ကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုရန် ပြည်သူအားလုံးတွင် တာဝန်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူလူထု အားလုံး ပါဝင်လာရန် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား များနှင့် ဆွေးနွေးနေကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

“သန်းခေါင်စာရင်း ကောက်လို့ မဖြေရင် မပါဘဲ ကျန်ခဲ့လိမ့်မယ်။ အကုန်လုံး ပါဝင်အောင်တော့ ဆွေးနွေးနေပါတယ်” ဟု ၎င်းကဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း၊ ယင်းကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ ဖြစ်သည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက်တို့က သဘောထား ကြေညာချက်ကို မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော် သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly