မော်ဒယ်သူဇာမောင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု နေဒွေးမှရှင်းလင်း

ပို့စ်တင်ချိန် - 7/15/2014 03:23:00 AM



ဇူလိုင် ၁၃ ရက်ထုတ် အိုအေစစ်ဂျာနယ်တွင် မော်ဒယ်လ် သူဇာမောင်၏ အင်တာဗျူးနှင့် တွဲဖက်အသုံးပြုထားသည့် ဓာတ်ပုံများကြောင့် သရုပ်ဆောင်နေဒွေးနှင့် မော်ဒယ်သူဇာမောင်တို့ကို အထင်လွဲမှားစရာကိစ္စဖြစ်ခဲ့သည်ဟု သရုပ်ဆောင်နေဒွေးကပြောသည်။၎င်းတို့နှစ်ဦးသည် အနုပညာမောင်နှမသာဖြစ်ပြီး မည်သို့မျှမသက်ဆိုင်ကြောင်း နေဒွေးကထပ်မံပြောကြားသည်။


“ ကျွန်တော်တို့နှစ်ယောက်စလုံးက အရမ်းခင်တဲ့သူငယ်ချင်းတွေပါ။ အခုလိုမျိုးပါလာတာ နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။ ဂျာနယ်ဘက်ကလည်း အကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ပုံထည့်လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အပြစ်ပြောလို့မရပါဘူး။ ပရိတ်သတ်တွေ အထင်မလွဲစေချင်တဲ့အတွက် ကျွန်တော်ကဖြေရှင်းတာပါ။ အဲဒီမွေးနေ့ပွဲကိုလည်း ကျွန်တော်တစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ တခြားသရုပ်ဆောင် မင်းသားတွေလည်း လာပါတယ်။” ဟု ၎င်းကပြောသည်။

ဇူလိုင် ၇ ရက်က M3 ၌ကျင်းပပြုလုပ်သည့် မော်ဒယ်သူဇာမောင်၏ မွေးနေ့ပွဲတွင် အိုအေစစ်ဂျာနယ်မှ မေးမြန်းခဲ့သည့် မေးခွန်းတစ်ချို့၌ သူဇာမောင်သည် ၎င်း၏မွေးနေ့ပွဲသို့ တက်ရောက်စေချင်သည့် သူလည်းလာသည်။
သူ့ကိုကိတ်မုန့်လည်း ခွံ့ကျွေးလိုက်သည်ဟု ဖြေကြားထားသည့် အင်တာဗျူးအောက်တွင် သရုပ်ဆောင်နေဒွေးပုံကို ထည့်သွင်းထားခြင်းကြောင့် ပရိသတ်များနှင့် အနုပညာ အသိုင်းအဝိုင်းများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။

မော်ဒယ်သူဇာမောင်၏ မွေးနေ့ပွဲတွင် နေဒွေး ၊ သတ္တိ ၊ နေယံစသည့်အမျိုးသားသရုပ်ဆောင် များနှင့် အမျိုးသမီးသရုပ်ဆောင်များ အပါအဝင် မော်ဒယ်များစွာလည်း တတ်ရောက်ခဲ့ကြသည်။

Mizzima Burmese