"Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်ထံ Color Change malware ပျံ့နှံ့နေ ဟု ဆို"



Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည် သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက် ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေး သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ phishing ဆိုက်သည် သုံးစွဲသူ များအား နည်းလမ်း နှစ်မျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ဆိုသည်။ ပထမ နည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီ အသုံးပြုခွင့် ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်း များထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။ သုံးစွဲသူက Android ထုတ်ကုန် တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက် အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက် ခံနေရကြောင့် သတိပေးချက် တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက် တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည် Facebook အခြေခံ app များ အတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ် ရှိသည့် code များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း Mashable က ဖော်ပြခဲ့သည်။

INternet Journal

နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေစင်ကြွေးကျန် လုံးဝမရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တရားဝင်ငြင်းဆို


အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်အား ပေးဆောင်ရန် အကြွေး မရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က Tomorrowသို့ တရားဝင် ပြောကြားလိုက်သည်။

“ဒီအပေါ်မှာ ပြောချင်တာက အကြွေးပေးစရာ မကျန်ပါဘူး။ ကြိုက်တဲ့နေရာမှာ သွားစစ်ဆေးကြည့်ပါ။ ရတယ် ကြိုက်တာနဲ့စစ်”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က သြဂုတ်လ(၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၊ ရွှေမိုးယံ ကုမ္ပဏီနှင့် အာရှကမ္ဘာမြေ ကုမ္ပဏီတို့မှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀နီးပါးအထိ ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ဆိုသည့် သတင်းအပေါ်တွင် ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီအစီရင်ခံစာ အဖွဲ့တွေကို သေချာပြန်စိစစ်ပေးပါလို့ ပြောချင်တယ်။ မီဒီယာတွေကလည်း အမြဲတမ်း မှန်အောင်ရေးဖို့လိုတယ်။ သတင်းတစ်ခုကို ရတယ် ဆိုတာနဲ့ ရေးဖို့မသင့်ဘူး”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တန်ပြန် ပြောဆိုခဲ့သည်။

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ရွှေမိုးယံနှင့် အာရှ ကမ္ဘာမြေ ကုမ္ပဏီ၃ခုတို့သည် နိုင်ငံတော်သို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ကျော် ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ် မတ်လ ၁၇ ရက်အထိ ရွှေစင် ၄၆ပိဿာကျော်သာ ပေးသွင်းသည့် အတွက် ရွှေစင်ပိဿာချိန် ၉၆၀နီးပါး ကြွေးကျန် ရှိနေပြီး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ အနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာမှု မရှိသည့် အပြင် ရွှေကြွေးကျန်များ ရှိသော်လည်း အထက်ပါ ကုမ္ပဏီများနှင့် ငါးနှစ်အထိ ထပ်မံ စာချုပ်ချုပ်ဆိုထားခြင်းကြောင့် နိုင်ငံတော် အနေဖြင့် များစွာနစ်နာလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ တစ်ခုမှ ထပ်မံရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

tomorrow

မန္တလေး ပဋိပက္ခဖြစ်စေသည့် သတင်းကိုငွေပေးကာ ဖြန့်ခိုင်းသည်ဆိုသည့် သတင်းအပေါ် ဆရာတော် ဦးဝီရသူ ပြန်လည်ချေပ



မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး သစ်ထူးလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသော သတင်းမှာ ဆရာတော် ဦးဝီရသူမှ ယင်းသတင်းတင်လျှင် ၂၅သိန်းပေးကာ တင်ခိုင်းထားခြင်းဖြစ်သည် ဆိုသော သတင်းနှင့် ပတ်သတ်၍ ဆရာတော်မှ လုံးဝမဟုတ်ကြောင်းနှင့် ၄င်းသတင်းဓာတ်ပုံမှာလည်း ပြန်လည်ပြုပြင်ထားပြီး တင်ထားသည့်ပုံ ဖြစ်ကြောင်းကို မိန့်ကြားခဲ့သည်။

သစ်ထူးလွင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဆရာတော် ဦးဝီသူရမှ သစ်ထူးလွင်အား နေဆန်းညီနောင်၊ မုဒိမ်းမှု သတင်းအား တင်ပေးပါက ငွေကျပ် ၂၅သိန်းပေးမည်ဖြစ်သည့်အပြင် သတင်း ပေါက်သွားပါက နောက်ထပ် ၁၀သိန်းပေးမည်ဟု ဖုန်းဖြင့် ကမ်းလှမ်းသဖြင့် မတင်ပြန်ရင်လည်း အပြစ်တင်ခံရမည် ဆိုးသောကြောင့် တင်ပေးခဲ့ရာ ယခုလို အခြေအနေ အထိ ဖြစ်သွားကြောင်းကို သစ်ထူးလွင် ဖေ့စ်ဘုတ်တွင် ကိုဒီဆိုသော သူမှ ရေးသားတင်ထားခြင်း ဖြစ်သည်။

“သစ်ထူးလွင်ဆိုတာ ဖြူသလား မည်းသလားဆိုတာလည်း မသိဘူး။ သူကနိုင်ငံခြားမှာ နေတာဆိုတော့ ဘယ်လို ဆက်သွယ်လို့ရမယ် ဆိုတာလည်း မသိဘူး။ ပြီးတော့ အဲဒီမှာ ရေးထားတဲ့ ကိုဒီဆိုတာကိုလည်း မသိဘူး။ ရှင်းရှင်းပြောရရင် ဦးဇင်းက ငွေကုန်ခံပြီး ဒီသတင်းကို သူတို့ကို တင်ခိုင်းမလား။ ဦးဇင်းမှာလည်း ဖေ့စ်ဘုတ်ရှိတာပဲ။ ကိုယ်ဟာကို တင်ရင်တောင် သူထက်ပိုပြီး တစ်နိုင်ငံလုံး ပျံ့နှံ့သွားမှာပါ။ သူတို့ကို ဘာလို့တင်ခိုင်းမလဲ။ ငွေလည်းကုန်တယ်။ အလုပ်လည်း ရှုပ်တယ်။ ပြီးတော့ သူတို့တင်ထားတဲ့ ဦးဇင်းနဲ့ ပတ်သက်တဲ့ သတင်းကိုလည်း တွေ့တယ်။ တင်ထားတဲ့ ဓာတ်ပုံက ပြန်ပြုပြင်ထားတဲ့ ဓာတ်ပုံကြီး ဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဦးဇင်းကို မလိုလားတဲ့ သူတစ်ဦးက တိုက်ခိုက်ခြင်း ဖြစ်ပါတယ်”ဟု ဆရာတော် ဦ၀ီရသူမှ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းကို ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း အပေါ် ဆရာတော်အား မလိုလားသော လူတစ်စုမှ မကြာခဏ ဆိုသလို လုပ်ကြံဖန်တီးမှုများ ရှိနေသည်မှာ အကြိမ်ပေါင်း မနည်းကြောင်း ၄င်းကိစ္စများကိုလည်း အချိန်ယူဖြေရှင်းလျှင် ရှေ့ဆက်သွားရမည့် ခြေလှမ်းများ နှေးကွေးတတ်၍ ပြန်လည် ဖြေရှင်းခြင်းကို မပြုလုပ်ကြောင်း အများအမြင်မှာ မည်သူတွေ မည်သို့ပင် လုပ်ဆောင်ပါစေ ဆရာတော် အနေဖြင့် ဂရုမစိုက်ကြောင်းကို ထပ်မံမိန့်ကြားခဲ့သည်။

tomorrow


ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောင်း)၏ အိမ်ထောင်ရေး နောက်ဆက်တွဲ သတင်းများစွာ ထွက်ပေါ်



“ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေတာတော့ တပည့်တော် ရင်နာတယ် ဘုရား” လူမှုရေး စာမျက်နှာ တစ်ခုမှ စတေးတပ်တစ်ခု


မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ဘ၀မှ လူဝတ်လဲကာ အိမ်ထောင်ပြုသွားသော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်နှင့် ပတ်သတ်၍ နောက်ဆက်တွဲ ကောလဟာလများစွာ ပေါ်ထွက်လျက် ရှိနေကြောင်း သိရသည်။

အဆိုပါ ကောလဟာလများမှာ လူမှုရေး စာမျက်နှာ အချို့တွင် ပျံ့နှံ့လျှက်ရှိနေကာ ယင်းနှင့်ပတ်သတ်၍ ဦးစိုးမြင့်နှင့် ယင်း၏ မိသားစုဝင်များအား Tomorrowဂျာနယ်မှ ဆက်သွယ်သော်လည်း အဆက်သွယ် မရခဲ့ပေ။

“လူမှုရေး စာမျက်နှာတွေမှာ ပထမဆုံး တတ်လာတဲ့ စာသားက “ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေလို့ တပည့်တော် ရင်နာတယ် ဘုရား”ဆိုတဲ့ စာသားပါ၊ အဲ့ဒီစကား မြင်ရတာ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်၊ အားလုံးလည်း ၀ိုင်းပြီး ပြောထားကြပါတယ်။ အဲ့ဒီ စတေးတပ် တင်သူဟာ ပရိုဖိုင်းပုံ အမှန်နဲ့ အမေရိကန်ကားမှာ နေထိုင်သူ ဖြစ်ပါတယ်”ဟု အဆိုပါ လူမှုရေး စာမျက်နှာအား တွေ့ရှိခဲ့သူ   အွန်လိုင်း အယ်ဒီတာ ကိုကျော်က ပြောကြားခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ အတည်ပြုနိုင်ခြင်း မရှိသေး သော်လည်းယင်း ကိစ္စများ မှာ လူမှုရေး စာမျက်နှာများတွင် လူသိရှင်ကြား ဖြစ်နေကြောင်း ယင်းကောလဟာလများတွင် ယနေ့ အချိန်ထိ အိမ်ထောင်ဘက် အမျိုးသမီးအား လူသိရှင်ကြား ထုတ်ဖော်မပြခြင်း စသည့် အကြောင်းအရာများ အပေါ်လည်း သံသယ အနေဖြင့် ရှိနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။

ယင်းနှင့်ပတ်သတ်၍ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀တွင် ယုံကြည် ကိုးကွယ်ခဲ့သည့် တပည့် တစ်ဦးမှလည်း “ထူးဆန်းတယ်ပေါ့နော်၊ ကိုယ်တွေက ယုံကြည်ပြီး ကိုးကွယ်လာတာဆိုတော့ မယုံကြည်နိုင်ဘူး၊ ဒါပေမယ့် ပထမတုန်းက ပြောတာ လည်ချောင်း ပြဿနာ၊ ခါးပြဿနာတွေကြောင့် လူဝတ်လဲတယ်လို့ ကြားတယ်၊ သူများတွေက ပြောတယ် အိမ်ထောင်ပြုတယ်ဆိုတာ၊ ကိုယ်တွေ မယုံဘူး၊ အခုဆို ကြားရတာ အတော်လေး စိတ်ညစ်ရတယ်၊ ယူတဲ့ အမျိုးသမီးမှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ ဘာပြောရမှန်း မသိအောင်ကို နှမြောမိပါတယ်၊ ဒီသတင်း မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်”ဟု ပြောပြခဲ့သည်။

tomorrow

ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော် – လက်စောင်းထက်


သမီးတော်တွေဟာ သွားလေရာမှာ ပြောစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ၊ တော်ကြပါပေတယ်။ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော ဒီသမီးတော်တွေနဲ့ ပတ်သက်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့ မလုပ်နဲ့ဆိုပြီး ဆုံးမပဲ့ပြင်ခြင်း လုံးဝမရှိတာပဲ။ သားသမီးတွေအပေါ် အလွန်တစ်ရာမှ သည်းခံ အလိုလိုက်တဲ့ မိဘတွေဖြစ်တယ်။ မိဘတွေ အလိုလိုက်လေလေ သမီးတော်တွေက ဆိုးလေလေ ဖြစ်တယ်။ သမီးတော်တွေကလည်း တစ်ပါးနဲ့ တစ်ပါးက မတည့်ကြလေတော့ ဘယ်သွားသွား ဘာလုပ်လုပ် သမီးတော် တစ်ပါးစီအတွက် ကားဆိုလဲ သီးသန့် တစ်စီးစီ၊ သွားချင်တဲ့ နေရာတွေလည်း သီးသန့်စီ လုပ်ပေးရတယ်။ ခက်တာက သမီးတော်တွေနဲ့ ပတ်သက်ရင် ဘယ်သူမှ မျက်နှာမရပဲ ပြဿနာတွေချည်း ရနေတာပဲ။ သမီးတော်တွေ လာတော့မယ် ဆိုတာနဲ့ လာမဲ့ဒေသက တပ်မှူးတွေရော တပ်မှူးကတော်တွေရော သမီးတော်များကို ပြုစုဆက်ဆံနည်းဆိုတဲ့ အရေးပေါ် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ရတယ်။ သမီးတော်တွေကို ဘာမှပြန်မပြောရ၊ ဘာအကြံမှ မပေးရဆိုတာက အရေးအကြီးဆုံး ဖြစ်တယ်။ မျက်နှာလို မျက်နှာရ လုပ်ပြီး အကြံတစ်ခုခု သွားပေးလို့ကတော့ သေမယ်သာ ကြံပေတော့။ အဲဒီအကြံနဲ့ ဆန့်ကျင်ဖက် ထော်လော်ကန့်လန့်တွေ လုပ်ပြီး ဒုက္ခပေး ပြပါလိမ့်မယ်။

၂၀၀၃ခုနှစ် သင်္ကြန် ကာလမှာတော့ လားရှိုးကို သမီးတော်တွေက ချဉ်ခြင်းတပ်ပါတယ်။ ထုံးစံအတိုင်း မိသားစုလိုက် သင်္ကြန်ပွဲတော်ကို လားရှိုးမှာ ဆင်နွှဲရင်း ညဖက်မှာ ဈေးဝယ်ချင်တဲ့ ချဉ်ခြင်းက ထပ်တက်လာပြန်ရော။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးက စနေပြီဆိုတော့ အရင်ကလို လားရှိုးက မှောင်ခိုခေတ် မဟုတ်တော့ဘူး။ ဘာပစ္စည်းမဆို ရန်ကုန်မှာ ဈေးအပေါဆုံးနဲ့ ၀ယ်လို့ရနေချိန် ဖြစ်ပေမယ့် သမီးတော်တွေကို ဘယ်သူက ဘာပြောရဲမှာလဲ။ ဒီလိုနဲ့ ညခုနစ်နာရီမှာ သမီးတော် တစ်သိုက်ကို လားရှိုးက တရုတ်ကုန်စုံဆိုင် တစ်ခုကို ပို့ပေးရတာပေါ့။ သမီးတော်တွေက ဆိုင်ထဲပစ္စည်း တစ်ခုကို ဆွဲလိုက်၊ ဘေးက ရံရွေတော်တွေက ကားတွေပေါ် သွားတင်ပေးလိုက်နဲ့ ညကိုးနာရီကျော်တဲ့အထိ ဝေသာလီပြည် ဘီလူးဝင်သလို ပစ္စည်းတွေ ကားပေါ်တင်လိုက်ကြတာ ဆိုင်ရှင် တရုတ်ဆို စာရင်းတောင် မှတ်လို့ မနိုင်အောင် ဖြစ်သွားတယ်။ သမီးတော်တွေလဲ ပြန်သွားရော ဆိုင်ရှင်က ယူသွားတဲ့ စာရင်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဈေးဝယ် တာဝန်ခံကိုပြတော့ အဲဒီအရာရှိခမျာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ သူ့လက်ထဲမှာ ပါလာတာက ကျပ်ငါးသိန်း။ သမီးတော်တွေ ၀ယ်သွားတာက ၆၈သိန်း။ လွန်ခဲ့သော ဆယ့်တစ်နှစ်က ဈေးနော်။ ဒီတော့ ဘာလုပ်ရမှန်းမသိပဲ တိုင်းမှူးကို ပြေးပြောရတော့တာပေါ့။ တိုင်းမှူးမှာလည်း အဲဒီလောက် ပိုက်ဆံက မရှိလေတော့ ကြံရာမရတွေဖြစ်၊ ခေါင်းကို တွင်တွင်ကုတ်ရင်း လားရှိုးမှာရှိတဲ့ လေးကောင် ဂျင်ဝိုင်းတွေကို ညတွင်းချင်း ဖမ်းစေဆိုပြီး အကြံကုန် ဂဠုန်ဆားချက် အမိန့်ထုတ်ရတော့တယ်။

ဒါနဲ့ တိုင်းစစ်ဌာနချုပ်က အရာရှိတွေက ရဲကိုမေးပြီး အကြီးဆုံး လေးကောင်ဂျင်ဝိုင်း လုပ်နေတဲ့ အိမ်ကိုဝိုင်းတော့ ထိုသားတွေ အကုန် ထွက်ပြေးကြတာပေါ့။ အမှန်က စကတည်းက လူကိုဖမ်းချင်တာမှ မဟုတ်တာ။ လူကိုဖမ်းမိရင် တရားရုံး တင်ရမှာလေ။ ဖမ်းမိတာတွေက နိုင်ငံတော် ဘဏ္ဍာဖြစ်သွားမှာ။ အခုက ငွေအရေးတစ်ကြီး လိုနေတာ မဟုတ်လား။ ဒီတော့ ဟန်ဆောင်ပန်ဆောင် ဖမ်းမယ် လုပ်ပြတော့ အကုန်လုံး ထွက်ပြေးကြတာ ၀ိုင်းထဲမှာ လောင်းကြေးက ဆယ့်ငါးသိန်းကျော် မိလိုက်တယ်။ ဒါနဲ့လဲ စတိုးဆိုင်မှာ ရှင်းရမဲ့ငွေက မလောက်သေးတော့ ထိုးသားတွေ ထားပစ်ခဲ့တဲ့ ကားနှစ်စီးကို သိမ်းလာခဲ့ရပြန်ရော။ နောက်နေ့မှ အဲဒီကားနှစ်စီးကို ရောင်းလိုက်သလား၊ မူလပိုင်ရှင်တွေကို လည်ပင်းညှစ်ပြီး ပြန်ရွေးခိုင်းသလားတော့ မသိဘူး။ သိန်းငါးဆယ် ထပ်ရလာလို့ အဲဒီငွေတွေနဲ့ စတိုးဆိုင်ကို ရှင်းလိုက်ရတော့တယ်။ သမီးတော်တွေ ဈေးဝယ်ကောင်းလို့ သူ့ဟာသူ လိုင်းကြေးပေးပြီး ဖွင့်နေတဲ့ လေးကောင်ဂျင်ဝိုင်းတောင် မနေရဘူးဆိုပြီး လားရှိုးက လောင်းကစားသမားတွေ လောကမှာလည်း တစ်ခါတည်း နာမည်ကြီးသွားတာပေါ့။ သမီးတော်တွေ ကိုယ်တိုင်တောင် ဒါကို သိမှာမဟုတ်ဘူး။ ဒါကတော့ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးတဲ့ ဇာတ်လမ်းပေါ့ဗျာ။

လာရှိုးမှာ ကဲပြီးတော့ သမီးတော်တွေက ပြင်ဦးလွင်ကို ဆက်ဆင်းကြတယ်။ ပြင်ဦးလွင်မှာတော့ သမီးတော် တစ်ပါးက ညဖက်ဆီးဆော စီးချင်တယ်ဆိုလို့ ကန်တော်ကြီးထဲက ဆီးဆောရှိရာကို အချိန်မတော် လိုက်ပို့ကြရတယ်။ အဲဒီမှာ သူက တစ်ဖက်က ထိုင်လိုက်ရင် တစ်ဖက်က ထိုင်နေတဲ့ ပိန်ပိန်သေးသေး ရံရွေတော် တပ်မှူးကတော်တွေက လေထဲကို မြောက်မြောက်ပြီး တက်သွားတာကို သဘောကျ အရသာခံပြီးမှ ပြန်ပြီး စက်တော် ခေါ်တော်မူတယ်။ နောက်နေ့မနက် မန္တလေးကို အားလုံးကရ ဟတ်ယာဉ်နဲ့ ဆင်းကြပေမဲ့ သမီးတော် တစ်ပါးကတော့ လေယာဉ်မစီးချင်ဘူး။ ကားနဲ့ပဲ မန္တလေးကို ဆင်းမယ်လို့ အမိန့်တော် ချပြန်ရော။ ဒီတော့ ကဗျာကရာ ကားတွေ စီစဉ်ရပြန်တာပေါ့။ အဲဒီ သမီးတော်က ကားနဲ့အဆင်း ပြင်ဦးလွင် နာရီစင်ကြီးရှေ့က တွန်းလှည်းနဲ့ ရောင်းနေတဲ့ မုန့်ဟင်းခါးဆိုင်ကို မြင်တော့ ကားရပ်ပြီး မုန့်ဟင်းခါး နှစ်ပွဲကားပေါ်မှာ ထိုင်ပြီး ဆွဲလိုက်သေးတယ်။

စားသောက်လဲပြီးရော သမီးတော်တွေ လာတိုင်း ကားမောင်း ပို့ရလေ့ရှိတဲ့ ကားဆရာက သမီးတော် အကြိုက် အလိုက်တသိ ဇော်ဝင်းထွဋ်ရဲ့ ရော့အင်ရိုး သီချင်းတွေ အသံအကျယ်ကြီး ဖွင့်လိုက်ချိန်မှာ သမီးတော်က မျက်စိကိုမှိတ်၊ ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ပုတီးကြီးကို တစ်ဂျောက်ဂျောက်နဲ့ စိပ်ရင်း မန္တလာမြို့ကို ကြွချီသွားလေပါရောဗျား။

လက်စောင်းထက်

tomorrow

ဖုန်းယဉ်ကျေးမှု



ဆက်သွယ်ရေးဝန်ကြီးဌာန၏ အစီအမံကြောင့် မြန်မာပြည်သူများ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ အချိန်မရွေးနေရာတိုင်းတွင် တယ်လီဖုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ လူမှုရေး ကိစ္စ၊ စီးပွားရေးကိစ္စများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ကြပါပြီ။ ယခုလက်ရှိ အနေအထားအရ မြန်မာ့ဆက်သွယ်ရေး ဖုန်းများသည်မည်သည့် နေရာကပြောနေသည်။ ပြောသူ၏ဥပဓိရုပ်ပုံသည် မည်သို့ရှိသည်ကို တိတိကျကျ ပုံဖော်နိုင်စွမ်းမရှိသေးပါ။ အသံဖြင့် အလုပ်လုပ်နေရသောအခါတွင် ပြောဆိုသူတို့၏ စကားအရာ ပါးနပ်မှု၊ ယဉ်ကျေးချိုသာမှုသည် အထူးအရေးကြီးလှပါသည်။

တစ်ယောက်စကား တစ်ယောက်နားမှာ

မခါးရအောင် သတိဆောင်၍ျ

မောင်တို့ဆိုလေ ပျားသကာသို့

ချိုလှစေ။ (ရှင်မဟာရဋ္ဌသာရ)

ကိုယ်တွေ့ အဖြစ်အပျက်တို့ကို တင်ပြလိုပါသည်။ ၂၀၀၆ ခုနှစ်၊ ကျွန်တော် ကျောင်းအုပ်ကြီးဘဝဖြင့် နယ်မြို့ကြီး၌ တာဝန်ထမ်းဆောင်နေစဉ် မကွေးတိုင်းပညာရေးမှူးရုံးမှ ဖုန်းဝင်လာရာ ဖုန်းလက်ခံသူ ဝန်ထမ်းငယ်၏ အပြောအဆို မယဉ်ကျေးမှုကြောင့် ဆရာကြီးခမျာ တော်တော်မျက်နှာပူခဲ့ရပါသည်။

နောက်အဖြစ်အပျက်တစ်ခုမှာ ကျောင်းရုံးခန်းနှင့် ဆရာကြီးအိမ်ခန်းကို လိုင်းခွဲဖြင့် ဆက်သွယ်ထားပါ သည်။ တစ်ခုသော ညနေ ၆ နာရီခန့်တွင် Phone Duty ဝန်ထမ်းအား ပြန်နားစေ၍ ဖုန်းဝင်လာပါက ဆရာကြီးလက်ခံပါသည်။ ထိုစဉ်ဝင်လာသော ဖုန်းမှာ . . . . . . “ဟုတ်ကဲ့အမိန့်ရှိပါ။ ဟုတ်ကဲ့ပါ အ.ထ.က (၂) ကပါ။ အခုဖုန်းကိုင်တာဘယ်သူလဲ။ ဟုတ်ကဲ့ ဘာအတွက်ပါလဲခင်ဗျာ၊ အေးငါကဘယ် သူကွ၊ သင်္ဃန်းကျွန်းကဆက်နေတာ ကျောင်းစောင့်အိမ်က တစ်ပေတက်နဲ့ စကားပြောချင်လို့ အခုခေါ် ပေးပါ။” အသံကအပေါ်စီးက မာရေကျောရောနဲ့ ကျွန်တော်လည်း တော်တော်တင်းသွားတယ်။ “ဟုတ် ကဲ့အခုဖုန်းကိုင်တာ ကျောင်းအုပ်ကြီးပါ။ ရုံးချိန်မဟုတ်တဲ့အတွက် အနားမှာခိုင်းစရာလူလည်းမရှိပါဘူး။ နောက်ဒီအချိန်ဆက်လည်း ခေါ်မပေးပါဘူး။ ရုံးချိန်ဆက်ရင်တော့ ဝန်ထမ်းတွေခေါ်ပေးကောင်းခေါ် ပေးပါလိမ့်မယ်” ဆိုပြီးဖုန်းချလိုက်တော့တယ်။ ကျောင်းစောင့်ကိုလည်း ခေါ်ပြီးသတိပေးလိုက်ရပါ တယ်။

အငြိမ်းစားယူပြီးနောက် ရန်ကုန်မှအဖြစ်အပျက်တစ်ခုကို တင်ပြလိုပါသည်။ ည ၉ နာရီခန့်မှာ သမီးဖုန်း သို့ဖုန်းအမှားတစ်ခုဝင်ပါသည်။ တစ်ဖက်ကပြောသော စကားကိုလုံးဝနားမထောင်၊ မူးနေသောအသံ ဖြင့် သူပြောချင်တာတွေ ဇွတ်ပြောနေသည်။ သမီးက ဖုန်းမှားနေပါတယ် ပြောရလည်းမရပါ။ နှစ်မိနစ်၊ သုံးမိနစ်ခြားတစ်ခါ သုံးကြိမ်လောက် ထပ်ဆက်နေပါသည်။ ကြားသော ဖအေလုပ်သူက မကြား ယောင်ပြု၍ မရတော့။ “ကဲ လူလေးမင်းကို ဖုန်းမှားနေတယ်လို့ပြောနေတာ၊ ဘာကြောင့်ခဏခဏ ထပ်ဆက်နေတာလဲ၊ ကဲမင်းကိုသတိပေးလိုက်မယ် ဒီဖုန်းပိုင်ရှင်ဘယ်သူလဲဆိုတာ ငါနာရီဝက်အတွင်း ရှာနိုင်တယ်။ မင်းဘယ်နေရာက ဆက်နေတယ်ဆိုတာ ၄၅ မိနစ်အတွင်းသိအောင်လုပ်နိုင်တယ်။ ဒီတစ်ခါ သည်းမခံတော့ဘူး” ဟု ပြောလိုက်မှ ဖုန်းသံတိတ်သွားပါသည်။

“နှုတ်ချို သျှိုတစ်ပါး” ဖြစ်ပါသည်။ ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်းဖြင့် မိမိတွင်ဘာမျှ မနစ်နာနိုင်ပါ။ လူချစ်လူခင်ပေါများ၍ မိမိ၏အလုပ်အကိုင်များသာ ချောချောမွေ့မွေ့ ပြီးစီးနိုင်မည်သာ ဖြစ်ပါသည်။

‘နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ’ ပါသည်။ ‘အမိယုတ်က နှုတ်သရမ်း၏’ မိမိ၏မယဉ်ကျေးမှု ကြောင့် မွေးမိခင်ပါအစစ်ပါရတော့သည်။

အချို့ဖုန်းပြောသူတို့သည် နားထောင်ရသည်မှာ နားဝင်ချိုလှပေစွ။ တောင်းခံသည့် အကူအညီဖြစ်ပါက ချက်ခြင်းဆောင်ရွက် ပေးချင်စိတ်များပေါ်လာအောင် ‘နှုတ်မှုစွမ်းရည်’ ဖြင့် ပါးပါးနပ်နပ်ပြောဆိုနိုင်ကြ ပါသည်။

ယခုအခါ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး တောရောမြို့ပါ Hand Phone များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ နိုင်ငံကြီးသားပီပီ တရားတော်၏ အဆုံးအမတို့နှင့်အညီ ပီယဝါစာ ပြောဆိုကြမည်ဆိုပါလျှင် . . . .

ကြေးမုံသတင်းစာ

သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်