အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြသူနှစ်ဦး စစ်ခွေးတိုက် ပို့ခံရ

ပို့စ်တင်ချိန် - 11/04/2015 07:01:00 AM

ရြန်ကုန်မြို့၊ အင်းစိန်ထောင် အဝင်ဝကို တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့အတွက် အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ထောင်တွင်းပြစ်ဒဏ်ပေးတဲ့ စစ်ခွေးတိုက်ကို ဒီနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ၇ ယောက် အစာငတ်ခံတိုက်ပွဲဝင်နေတဲ့အတွက် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့လည်း ပါဝင်လာတာလို့ သိရပါတယ်။

သူတို့ကို စစ်ခွေးတိုက်ဆီ ပို့လိုက်တယ်လို့ သိရတဲ့အကြောင်း ကိုနိုင်ဇော်ကြည်ဝင်းရဲ့ မိခင် ဒေါ်ခင်ကြည်က RFA ကိုပြောပါတယ်။

"ကိုတင်ထွဋ်ပိုင်က ၂ ရက်နေ့ အရင်စဝင်တယ်၊ အင်းစိန်ထောင်က စစ်ခွေးတိုက်ကို ခေါ်သွားတယ်တဲ့၊ ဒီနေ့မနက် ၇ နာရီမှာ ကျမသားအငယ်ကောင် နိုင်ဇော်ကြည်ဝင်းကို ခေါ်သွားတယ်၊ ဒီအတိုင်းကြီးပေါ့နော် ခါးဝတ်ခါးစားနဲ့ပဲ သူတို့နေတဲ့တိုင်ကနေပြီးတော့ အဲ့ဒီ စစ်ခွေးတိုက်ကို မနက်က ၇ နာရီက ခေါ်သွား တယ်ပေါ့နော်"

ကိုတင်ထွဋ်ပိုင်ဟာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်းကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ပစ်လို့ သေဆုံးသွားရတဲ့ကိစ္စအတွက် အမှုမှန်ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ အတွက် နှစ်ရှည်ထောင် ချခံထားရတာဖြစ်ပါတယ်။

ကိုနိုင်ဇော်ကြည်ဝင်းက အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြတာတွေမှာ ကူညီခဲ့တဲ့အတွက် တရားစွဲခံနေရတာ ဖြစ်ပါတယ်။

သာယာဝတီထောင်မှာ အစာငတ်ခံတိုက်ပွဲဝင်နေတဲ့ ဗကသများအဖွဲ့ချုပ်ဝင်တွေကတော့ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမျိုးမြတ်စံ၊ ကိုဖြိုးဓန၊ ကိုဆွေလင်းထွန်း၊ ကိုမာနော်၊ ကိုကျော်စွာလင်းတို့ ဖြစ်ပါတယ်။ သူတို့ကိုလည်း တစ်ယောက်တစ်နေရာစီ သီးခြားခွဲထားတယ်လို့ သိရပါတယ်။

Credit --> http://www.rfa.org/burmese/news/two-students-dog-cell-11032015101627.html